Thursday, April 29, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၃)

ကြာပဒုံမှာ နာရီတလုံးနှင့် လက်စွပ်တကွင်း နောက်ထပ်လိုချင်နေသူဖြစ်လေရာ ၀မ်လန်းက ဤသို့ ပြောလိုက် သောအခါ နောက်ထပ်အတိုက်အခံ မလုပ်တော့ဘဲ ငြိမ်၍သွားလေ၏ ထိုအခါ ၀မ်လန်း က ဥသြမယ် ဘက်သို့လှည့်၍ "ဟိုအကောင့်ဆီကို မင်းကသွားပြောစမ်း မယ်သစ်မှာ ကုမရနိုင်တဲ့ ရောဂါကြီး တခု ရှိနေတယ်လို့ ဒီရောဂါမရွံ့ဘူး မကြောက်ဘူးဆိုရင်တော့ ယူနိုင်တယ်လို့ ဒါမှမဟုတ် သူ့ကို မယူချင် တော့ဘူး ဆိုရင်လဲ တခြားတယောက်ရှာပေးမယ်လို့ အဲဒါမင်းကသွား ပြောစမ်းကွယ်"ဟု ခိုင်းစေ လိုက်လေသည်။

ထို့နောက် ၀မ်လန်းသည် အနီးတွင်ရပ်နေကြသော ကျွန်မကလေးများကို တယောက်ပြီး တယောက် ကြည့်လျက် မောင်စစ်သားအတွက် သင့်တော်မည့် ကျွန်မကလေးကို ရှာဖွေ၍ နေလေ၏ ထိုအခါ ကျွန်မ ကလေး များသည် ရှက်ကြောက်ခြင်းကြီးလှသည်ဖြစ်၍ မနေတတ် မထိုင်တတ်ဖြစ်ကာ မျက်နှာ ကလေး များကို ငုံ့၍ ထားကြလေ၏ ၎င်းတို့အနက် အသက် ၂၀ခန့်ရှိ ပြီထင်ရသော အရပ် ထောင်ထောင် မောင်းမောင်း မိန်းခလေးတယောက်ကမူ ခစ်ခနဲရယ်လိုက်ရင်း။ "မှန်လှပါ ဒီကိစ္စကို ကျမ စမ်းကြည့် စမ်းချင် ပါတယ် သူဌေးကြီးရှင့် ဒီလူဟာဒါလောက်တောင် ကြောက်စရာ ကောင်းတယ်လို့ ကျမ မထင်ပါဘူး" ဟု ပြောဆိုလေ၏။

သို့ဖြင့် ၀မ်လန်းမှာ အလုံးကြီးကျသွားလျက် ထိုမိန်းခလေးအား မောင်စစ်သားထံ ဥသြမယ်နှင့် အတူ စေလွှတ် လိုက်ရလေ၏ ထိုအချိန်အထိ မယ်သစ်မှာ ၀မ်လန်း၏ ခြေထောက်များကို ဘက်မြဲဘက်၍ ထားလေ ၏။ ကြာပဒုံမှာ မယ်သစ် အပေါ်တွင်ကြီးစွာ ဒေါသထွက်၍နေလေရာ ထိုင်ရာမှထပြီး စကား တလုံးမျှ မပြောဘဲ အဆောင်ထဲသို့ ၀င်သွားလေ၏။

ဝမ်လန်းသည် မိမိ၏ ခြေထောက်များကို ဘက်ထားသည့်မယ်သစ်အား ညင်သာစွာ ဆွဲ၍ မလိုက်လေ၏ မယ်သစ် မှာ ၀မ်လန်းရှေ့၌ ခေါင်းကလေးကို ငုံ့၍ရပ်လေ၏ မျက်နှာကို သတိထား၍ ကြည့်မိသည့်အခါ ဖြူဖွေးသော အသားကလေးများမှာ များစွာနုနယ်လှသည့်အဖြစ်ကို တွေ့မြင် ရလေ၏ နှုတ်ခမ်းများမှာ နီရဲ နေလျက် သွေးရောင်လွှမ်း၍နေလေ၏ ၀မ်လန်းမှာ သနားလှသည်ဖြစ် ၍ ယုယကြင်နာသည့် အသံဖြင့်။

"ကိုင်း မင့်သခင်မကြီး ဒေါသဖြစ်နေတုန်း တရက်နှစ်ရက်လောက်တော့ ရှောင်နေလိုက် ခလေးရေ့ ဟိုအကောင် ကိုလဲ အမြင်မခံနဲ့ မြင်နေရင် ဂွကျနေအုံးမယ်"ဟု ပြောလိုက်ရာ မယ်သစ်သည် မျက်လွှာ ကလေး ကို ပင့်လက် ၀မ်လန်းအား အလွန် ချစ်ခင်နှစ်သက်လှသော ကြည့်ခြင်းဖြင့် ကြည့်ရာက ငြိမ်သက်စွာ ထွက်ခွါကွယ်ပျောက်၍ သွားလေ၏။

တဏှာရူး မောင်စစ်သားသည် ၀မ်လန်း၏အိမ်တွင် တလခွဲမျှနေလေ၏ ထိုတလခွဲအတွင်း ၀မ်လန်း ပေးစား ထားသော ကျွန်မကလေးနှင့် ပေါင်းသင်းနေထိုင်လျက် အထက်က အမိန့်ကျလာ သဖြင့် သူ့စစ်တပ် နှင့် အတူ ပြောင်းရွေ့ထွက်ခွာ၍ သွားလေ၏ ၎င်းတို့ပြောင်းရွှေ့ထွက်ခွာသွား သောအခါ ကျွန်မကလေးကို ထားခဲ့ လျက် ၀င်းဝ၎င်းတို့ စခန်းချသွားရာ အဆောင်များမှာ နွားတအုပ်ဝင်ရောက် ဖျက်ဆီး သွားဘိ သကဲ့သို့ ညစ်ပတ်ပေကျံယိုယွင်းပျက်စီး၍ ကျစ်ရစ်ခဲ့လေ၏။

တဏှာရူး မောင်စစ်သားသည် ထိုအိမ်ကြီးမှထွက်ခွာသွားတော့မည်ရှိသောအခါ သေနတ်ကိုထမ်း၍ အားလုံး ရှေ့တွင် ရပ်ရာက။
"ခင်ဗျား တို့ဆီ ကျုပ်ပြန်ရောက်မလာတော့ဘူးဆိုရင် ကျုပ်အဘေအတွက် မြေးကလေး တယောက် ထားပစ်ခဲ့ တယ်ဗျို့ တခြားလူတွေဆိုရင် ရောက်ရာအရပ် တလနှစ်လ ကလေး နေရတုန်း ဘယ်ကျုပ်လို ခလေး တယောက် ထားပစ်ခဲ့နိုင် မလဲ ကျုပ်ကတော့ စစ်သားမို့လို့ ဒီနေရာမျိုးမှာ တဘန်း သာသွားတယ် သူထွက်သွား ပေမဲ့ သူချပစ်ခဲ့တဲ့မျိုးစေ့ကို နောက်ကရေလောင်း ပျိုးထောင် ပေးမဲ့လူက အဆင်သင့် ဟား- ဟား- ဟား-ဟား"ဟု ရယ်ရင်း သူ့စစ်တပ်နှင့်အတူ ထွက်ခွာ၍သွား လေ၏။

သုံးဆယ်နှစ်


တဏှာရူးမောင်စစ်သား ထွက်ခွာသွားသောအခါ ပျက်စီးယိုယွင်း၍ ကျန်ရစ်ခဲ့သော အဆောင် အယောင် များကို လက်သမားများခေါ်၍ ပြင်ဆင်ရလေ၏ ပန်းပင်များက အသစ်စိုက်ပျိုးရလေ၏ ရေကန် ကလေးများကို အမှိုက်သရိုက်ဆယ်၍ အသစ်ပြုပြင်ရလေ၏ တနှစ်အတွင်းတွင် အိမ်ကြီးမှာ မူလကအတိုင်း ပြန်လည် စိုပြေတင့်တယ်လှပလျက် နတ်ဥယျာဉ်ကြီးတခုသဖွယ် ဖြစ်လာပြန်လေ၏
တဏှာရူး မောင်စစ်သားပေါင်းသင်း၍ ထားပစ်ခဲ့သော ကျွန်မခလေးအား ၀မ်လန်းသည် မောင်စစ်သား ၏ မိခင် အခန်းသို့ ပို့ထားလျက် ထိုမိန်းမကြီး၏ ဝေယျာဝစ္စကို ပြုလုပ်စေလေ၏။

ဝမ်လန်း စိတ်ဧချမ်းသာယာ သွားရသောကိစ္စတခုကား အဆိုပါကျွန်မကလေးသည် သားယောကျာ်း ကလေး မမွေးဘဲ မိန်းမလေးတယောက်သာ မွေးဖွားခြင်းဖြစ်လေ၏ ယောကျာ်းကလေးသာ မွေးခဲ့ ချေသော် ဆွေအခွင့်အရေး မျိုးအခွင့်အရေးများနှင့် စပ်လျဉ်း၍စကားပြောရမည့် ကိစ္စများပေါ်ပေါက် လာဘွယ် ရှိလျက် ယခုမူမိန်းခလေးသာ မွေးသဖြင့် ကျွန်မ က မွေးသော ကလေးသာဖြစ်သွားပြီးလျှင် ၀မ်လန်း အတွက် တာဝန်ကြီးတခုလည်း ပေါ့၍သွားလေတော့၏။

သို့သော် ၀မ်လန်းသည် တခါတည်းပစ်ပစ်ခါခါကား မလုပ်ရှာပေ ကျွန်မကလေးအား အကယ်၍ ၎င်း၏ ယောက္ခမ မိန်းမသူကြီး ကွယ်လွန်ခဲ့သည်ရှိသော် ထိုယောက္ခမကြီးနေခဲ့သည့် အခန်းနှင့် အိပ်ရာ ခုတင် များကို အပိုင်စား ပေးမည်ဖြစ်ကြောင်းနှင့် ဂတိပေးထား၏ ထိုမျှမက ငွေများပင်လည်း ပေးပေသေး၏ ကျွန်မ ကလေးလည်း ကျေကျေနပ်နပ် ပင် ရှိလျက်၊ ငွေများကို ပေးသောအခါ၌မူ လက်မခံဘဲ။

"ဒီငွေတွေကို ကျမနောက်အိမ်ထောင်ပြုတဲ့အခါ ခန်းဝင်ပစ္စည်းအဖြစ်တင်ဘို့ သခင်ကြီးဆီမှာဘဲ သိမ်းထား စေချင် ပါတယ် သခင်ကြီးနောက်ပီးတော့လဲ ကျမကို လယ်သမားတယောက်ယောက်နဲ့ ဘဲဖြစ်ဖြစ် ရှာဖွေပေးစား စေလိုပါတယ် သခင်ကြီး"ဟု ပြောဆိုလေ၏ ထိုအခါဝမ်လန်းက အလိုရှိ သည့်အတိုင်း ဆောင်ရွက် ပေးမည်ဟု ဂတိပြုလေ၏ ဤသို့ ဂတိပေးမိရင်း ဆင်းရဲသောကျွန်မ ကလေး၏ အဖြစ် ကိုကြည့်ကာ တခါကမိမိလည်း ဆင်းရဲသားကျွန်မကလေး အိုလင်ကိုလာ၍ တောင်းခဲ့ရသည့်အဖြစ်ကို ပြန်တွေးမိ လျက် အိုလင်ကိုပြန်ပြောင်း သတိရမိရင်း ရင်ထဲ၌ဆို့၍လာ လေ၏
"အေးအေး ဟိုဘိန်းစားမကြီး သေရင် မင်းကိုငါယောကျာ်းတယောက် ရှာပေးစားပါမယ် ဒီမိန်းမကြီး သေဘို့ လဲ သိပ်မဝေးလှတော့ပါဘူး"
ထို့နောက် နေ့ရက်တွေရွေ့လျား၍ လာခဲ့လေ၏၊ တနေ့သ၌ ကျွန်မကလေးသည် ၀မ်လန်းထံ ရောက် လာပြန်ပြီ။

"ကိုင်း-ကတိအတိုင်း ဆောင်ရွက်ပေးပါတော့ သခင်ကြီးကျမယောက္ခမတော့ ညကအနိစ္စရောက် သွားပါပြီ ကျမဘဲ ခေါင်းသွင်းထားခဲ့ပါပြီ"ဟု ပြောဆိုလေ၏
ဤတွင် ၀မ်လန်းမှာ ထိုကျွန်မကလေးနှင့် သင့်တော်မည့် ယောကျာ်းတယောက်ကို စဉ်းစား စိတ်ကူး ရှာဖွေ ရလေ၏ သို့စိတ်တွေးကြည့်သည့်အခါ တခါက "ချင်း"သေဆုံးရသည့် ကိစ္စတွင် လက်သယ် တရားခံ ဖြစ်ခဲ့ဘူးသော လယ်လုပ်သားတယောက်ကို ပြေး၍မြင်မိလေ၏။

"အဆုံးမတော့ တမင်သက်သက် သေပါစေတော့လို့ လုပ်တာမဟုတ်ပါဘူး ဒင်း-အလုပ်နားမလည် လို့ ချင်း က နားလယ်အောင် တက်လုပ်ပြရင်း သူ့ဘာသာ သူသေကံရောက်ရတာဘဲ"ဟု တွေးရင်း ထိုသူနှင့် ပေးစားရန် ကြံရွယ်လျက် လူတယောက်ကို လယ်ထဲသို့စေလွှတ်ပြီး သူငယ်ချင်းကို အခေါ် ခိုင်းလိုက် လေ၏။

ထိုသူငယ်ရောက်လာသောအခါ ၀မ်လန်းသည် မိမိမိန်းမတောင်းလာစဉ်က သူဌေးကတော်ကြီးထိုင် ၍ မိမိတို့ကို စကားပြောခဲ့ဘူးသော နေရာတွင်ပင် သွားထိုင်လျက် ထို ၂ ယောက်ကို မိမိရှေ့သို့ ခေါ်ယူလေ၏ ၂ ယောက် အတူလာ၍ ရပ်နေကြသောအခါ ၀မ်လန်းက။
"ကဲ-အဲဒါ မင်းမိန်းမဘဲဟေ့ ဒီသူငယ်မလေးဟာ ငါဦးလေးသားနဲ့တော့ ညားပီးပီ မင်းယူချင်ရင် ယူ နိုင်တယ်" ဟုပြောလိုက်ရာ လယ်သမားကလေးမှာလည်း မိမိအခြေအနေအလိုက် ထိုမိန်းမမျိုး ထက် သာလွန်သော မိန်းမတယောက်ကို မရနိုင်တော့သည့်အတိုင်း ကျေးဇူးတင်စွာနှင့်ပင် ပေါင်းသင်းပါမည်ဟု ပြောဆို လေ၏။

ထိုကိစ္စ ပြီးစီးသွားသောအခါ ၀မ်းလန်းသည် မိမိအဖြစ်ကို မိမိပြန်လည် တွေးတောနေလေ၏၊ လူ့ဘ၀၌ လိုအင်ဆန္ဒကို တောင်တသည့်အတိုင်း မယွင်းမသွေရရှိခံစားခဲ့ရသူမှာ မိမိပင်ဖြစ် သည်ဟု တွေးတောမိ၏၊ ယခုအခါ မိမိမှာဆင်းရဲသား လယ်သမားတယောက်ဘ၀က ထောက်တခုန်မင်ခဲ့သော ဆန္ဒအတိုင်း ယခုအခါ အစစအရာရာ ပြည့်စုံ၍နေချေပြီ ပိုက်ဆံလည်း ချမ်းသာခဲ့ပြီ မိမိနေလိုသော အိမ်ကြီး၌လည်း နေနိုင်ခဲ့ပြီ၊ သားတွေ သ္မီးတွေ မြေးတွေနှင့်လည်း သိုက်သိုက်ဝန်းဝန်းကြီး နေထိုင်ရပေပြီ၊ အသက်လည်း ၆၅-နှစ်သို့ နီးနေလေပြီ၊ မိမိတွင် လူအိုတို့ဘာဝ ဧဧချမ်ချမ်း စိတ်ဧလက်ဧ နေဘို့သာရှိတော့၏၊ သား အငယ်ဆုံး ကို နေရာချပြီး သည့်နောက်၌ကား မိမိမှာတာဝန်ကြီးကြီးမားမား တခုမျှရှိတော့မည်မဟုတ်ပေ။

သို့သော် ၀မ်လန်းမှာ မိမိတွေးထင် မှန်းဆသည့်အတိုင်း သုခချမ်းသာကို မရရှိနိုင်သေးပေ၊ တဏှာရူး မောင်စစ်သား တို့လူစု လာရောက်မွှေနှောက်သွားခြင်းမှာ "ငိုချင်ရက်လက်တို့" ဆိုဘိ သကဲ့သို့ နဂိုရ်ကမှ သင့်မြတ်ခြင်း မရှိခဲ့သော နန်းဝင်နန်းအင် ညီနောင် ၂ယောက်၏ ဇနီး ၂ ယောက်အကြားမှ မီးပွား ရန်စနက် ကို လေပင့်၍ ပေးသွားသလို ဖြစ်လေ၏ ။

ဆက်ရန်
.

No comments: