Thursday, September 29, 2011

ရွှေစင်ဦး ရဲ့ တောင်ရောက်မြောက်ရောက် (၅) နဲ့ Save the Irrawady

 ရွှေစင်ဦး ရဲ့ တောင်ရောက်မြောက်ရောက် လည်း ....  ချစ်ချစ်ကြီး ရဲ့ ကား အရေး... ရွှေစင်ဦး ရဲ့ ဧရာဝတီ အရေး မှာ နစ်မြုတ်နေလို့ ပေါ်မလာရတာ အတော်ကြာခဲ့ပေါ့....

>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး ၏ ကျွန်းဦးတည့်သန်လျက်ခုံ အပိုင်း (၆)

ဦးဝိဇယ ဆိုသောကြောင့် ဘုန်းကြီးလား၊ ဦးပဉ္စင်းလေးလားတော့ မထင်ပါလေနှင့်။ မြန်မာဘုရင်များ လက် ထက်က စပြီး မျိုးရိုးလိုက် ဆက်ခံလာခဲ့ကြသော ပုပ္ပားမြို့ သူကြီးမင်း ဦးစံဂုဏ်သည် သူ၏ သမီး များကို မြန်မာပီပီ နာမည်တွေ ပေးခဲ့သည်။ မ၀ံသာ၊ မကုမာ၊ မသိင်္ဂီ၊ မသော်တာဟူသော နာမည်တွေ ပေးခဲ့ သလို မြေးကိုလည်း ၀ိဇယဟု နာမည်သခဲ့ခြင်းဖြစ်ပါသည်။

>>>ဆက်ဖတ်ရန်>>> >>

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁၆)

ဗိုလ်ချုပ်ရေးခဲ့တဲ့ အဖိုးရွှေလရောင်

မြို့လုလင်သာတဲ့ ကွန်းဆီက၊ တို့သခင်စာဖွဲ့လို့ ညွှန်းလိုက်ရဲ့၊
"ကေသာရယ်... ဒါနဲ့ လွမ်းကြပေရော့ကွာ"
မြို့သူကြီးရယ်လို့၊ တစ်မျှို့ချီးလောက်ပေရဲ့၊ တို့ထီးနေတမျှ ပေပ၊ ရွှေလရောင်ဗိုလ်ဝင်ခံလို့။
ဟိုအရင်တဖန်၊ စစ်အင်ခင်းလို့ရယ်... ကျင်းခဲ့ဗျူဟာ၊
ဓာတ်ကောလီအခါမရတာမို့၊ မြန်မာများဘုန်းသမ္ဘာ၊ ရှုံးပါပေါ့ ကံတစ်မျိုး။
မင်းထက်မှာ၊ ခင်းလက်မသာယာနှင့်၊ ဗမာ-ဗမာခြင်းတောင်မှ၊
>>>ဆက်ဖတ်ရန်>>> >>

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၂၃)

"ဟာနီ က ကလေးကို စင်တိန့်ပေါင်ပေါ်တွင် တင်ပေးလိုက်သည်။ ဆက်လက်၍လည်း စင်တိန် ကလေးကို နို့တိုက်၍ ရအောင် ၀ိုင်းဝန်းကိုင်တွယ် ကူညီပြသပေးရာ အဆင်ပြေသွားသည်။ နို့စို့နေသော ကလေး၏ လက်သီးဆုပ် ကလေးကို စင်တိန်က ကိုင်ကြည့်လိုက် ဖြေကြည့်လိုက်နှင့် လုပ်နေသည်။ လက်ချောင်း ကလေး များက နီရဲပြီး လက်သည်းခွံကလေးများက စပါးစေ့ခန့်သာ ရှိသည်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, September 28, 2011

ဒဂုန်ခင်ခင်လေး ၏ ကျွန်းဦးတည့်သန်လျက်ခုံ အပိုင်း (၅)

ကြက်မောက်တောင်ဆည်ကြီးသို့

ကျောက်ပန်းတောင်းမြို့၏ တောင်ဘက် ၆ မိုင်ကွာ အရပ်၌ နာမည်ကျော် ကြက်မောက်တောင်ဆည်ကြီး တည်ရှိပါသည်။ ငွေပေါင်း သိန်း ၃၅၀ အကုန်ခံ၍ နိုင်ငံခြား ပါရဂူများ အစီအမံနှင့် နှစ်ပေါင်းအတော်ကြာ လုပ်ဆောင် ခဲ့ရသော ဤကြက်မောက်တောင်ဆည်ကြီး၏ သတင်းကား သတင်းစာများ၌ အခါမပြတ် ဖတ်ရှုခဲ့ ကြရသောကြောင့် လူတိုင်းသိကြပြီး ဖြစ်ကြသော နာမည်ကျော် ဆည်ကြီးဖြစ်ပါသည်။

စာရေးသူသည် ကျောက်ပန်းတောင်းဘက်သို့ ရောက်လာလေတိုင်း ဤကြက်မောက်တောင်ဆည်ကြီးကို ၀င်၍ ၀င်၍ ကြည့်လေ့ရှိပါသည်။ ပြီးခဲ့သည့်နှစ်က တစ်ကြိမ် ရောက်ရှိစဉ်၌ ရေများဆည်ထဲသို့ ၀င်နေပြီ။ ယခင်နှစ် က ရေတွေ ထုတ်ပစ်ခဲ့ရပြီးမှ ရေသစ်မလာ မိုးမရွာ၍ ရေနည်းခဲ့ရခြင်းဖြစ်သည်။ နောက် မိုးပြန်ရွာ တော့လည်း ရေက ထင်သလောက် ပြည့်မလာ၊ တစ်ဝက်တစ်ပျက်လောက်သာ ရှိသေးသည်။ ဆည် ထဲက ရရှိသော ငါးကလေးကြော်များတောင် စားခဲ့ရ မြည်းခဲ့ရဖူးသေးသည်။

သို့သော် ဒီနှစ်မှာတော့ ရေများ ဆည်ထဲတွင် အတော်ပဲ ပြည့်နေပြီဖြစ်၍ ကြည့်ကွင်းရှုကွက်များလည်း အရင် ထက် လှပနေပါပြီဟု ပြောကြသဖြင့် သည်တစ်ခေါက်လည်း ရောက်အောင်ပဲ သွားခဲ့ပါသည်။ ကျောက်ပန်း တောင်းမြို့ပေါ်မှ ကျောင်းနေဘက် သူငယ်ချင်းမကြီးများ၊ အခြား အသိမိတ်ဆွေများလည်း တပျော်တပါး လိုက်ကြသည်ဖြစ်ရာ ကျောက်ပန်းတောင်းမြို့အုပ်မင်း ဦးသန်းမောင်တို့ ဇနီးမောင်နှံက ထရပ်ကားကြီး တစ်စင်းနှင့် ဂျစ်ကားတစ်စီး၊ ကား ၂ စီး ဦးဆောင် လိုက်ပို့၍ ထွက်လာခဲ့ကြပါသည်။

ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် နယ်နိမိတ်အတွင်း ၀င်မိလျှင်ပင် အလုပ်သမား တန်းလျား ဟောင်း အိမ်ဟောင်း များကို တွေ့ရသည်။ ဆည်ကြီး တည်ဆောက်ပြီးစီးပြီဖြစ်၍ အလုပ်သမား များများ စားစား မရှိ တော့ဘဲ ဆည်ကြီးကို ကြည့်ရှုစောင့်ရှောက်သော ဌာနဆိုင်ရာ လက်ရှိ လုပ်သားများ လောက်သာ ရှိတော့ သည်။

နိုင်ငံခြား ရုရှားလူမျိုး ပါရဂူများ လာရောက်နေထိုင်ကြစဉ်က သူတို့အတွက် ဆောက်လုပ်ထားရသော အိမ် ကြီးများ ရှိရာ ၀ိုင်းကြီးမှာလည်း လက်ရာခြေရာမပျက် လူမနေသည့်တိုင် သည်အတိုင်း အလှပြထား ဘိ သကဲ့ သို့ တွေ့မြင်ရသည်။ မှန်ပြတင်းများ၊ လေ၀င်ပေါက်များ၊ စားပွဲခန်း၊ အိပ်ခန်း၊ ဧည့်ခန်း၊ ရေချိုးခန်း၊ မီးဖိုခန်း၊ အိပ်ခန်း စသည်ဖြင့် ... အဆင့်အတန်းမြင့်မြင့် အနောက်နိုင်ငံ အိမ်ပုံစံများ ဆောက်လုပ် ပေးထားရသည်။ ယခု သည်အိမ်များ၌ လူမနေကြသဖြင့် ကြာရှည်ပစ်ထားရမည်ဆိုက ပျက်စီး ဆွေးမြေ့ ကုန်မည်ကို နှမြော မိသည်။ အိမ်ရာဆောက်လုပ်သူတို့ ပစ္စည်းရှားခိုက် တန်ရာ တန်ဖိုး ထား ရောင်းချ၍ဖြစ်စေ၊ ကြက်မောက် တောင်ဆည်သို့ အလယ်ရောက်သူတို့ တည်းခိုနေထိုင်ရန် ဟိုတယ်စခန်း တစ်ခုအဖြစ်နှင့် ဖွင့်လှစ်ထားလျှင် ဖြစ်စေ အလဟဿ ထားသည်ထက် ကောင်းလိမ့်မည် ဟု ထင်မိသည်။

တစ်နေရာတွင် ပုပ္ပားတောင်ကြီးနှင့်တကွ တောင်ကြီးပေါ်မှ စီးကျသော ချောင်းကြီး ချောင်းငယ်များ၊ တောင်စွယ် တောင်နှာမောင်းများ၊ ပတ်ဝန်းကျင် ရွာများနှင့်တကွ ကြက်မောက်တောင်ဆည် တည်ဆောက် ရာ နေရာပါ အသေးစိတ် ပုံတူတည်ခင်း ပြသထားသော ပုံစံရှိရာ တဲကြီးတစ်ခုလည်း အကျ အန ရှိနေပေသေး သည်။
ထိုမှ ဆည်ကြီး၏ တာတမံထိပ်သို့ ရောက်လျှင် မျှော်မဆုံးသော တမံကြီး အားရဖွယ် တွေ့မြင်နေရသည်။ ယခင် က မ၀င်ရသော်လည်း ယခု ထိုတမံ အုတ်ရိုးကြီးပေါ်မှ ကားများသွားရန် ခွင့်ပြုထားလေပြီ။ မိတ္ထီလာ သွား ကားလမ်းကို ဤဆည်ကြောင့် ခရီးသွားများသည် ပုပ္ပားတောင်ကြီး နောက်ခံပြုထားသော ကြက်မောက်တောင် ဆည်ကြီး၏ လှပသော ရှုခင်းကို ကောင်းစွာ တွေ့မြင်လေ့လာနိုင်ကြပြီဖြစ်ပါသည်။

ရဖွေးဖွေးတွင် လှေကလေးများပင် လှော်လျက်၊ ဟိုဘက်သည်ဘက်ကမ်းရှိ ရွာများသို့ ကူးသန်း သွားလာ နေ ကြလေသည်။ အလွန်ရေရှား ငါးရှားသော ကျောက်ပန်းတောင်းနယ် ကုန်းခေါင်ခေါင်ကြီးမှာ ကြက်မောက် တောင်ဆည်ကြီး ပေါ်လာသည့်အတွက် လှေလည်း လှော်နိုင်ပြီ၊ ငါးလည်း စားရပြီ၊ သယံဇာတ ကမ္ဘာ့သဘာဝ မဟုတ်သော်လည်း ငွေသိန်းပေါင်း ၃၅၀ တည်းဟူသော ကံကျွေးလက်ခနှင့် လူထု လုပ်အား ကြောင့် ကြီးမားသော ရေပြင်ကျယ်ကြီးကို အံ့သြဖွယ် တွေ့မြင်နေရလေပြီ။
*
ပုပ္ပားနှင့်ဖူဂျီယာမ အလှ

ဆည်ကြီးတစ်ခုလုံး ရေများ ပြည့်နေသောအခါ ရေပြာစိမ်းလဲ့လဲ့နှင့် တစ်ဘက်မှ ညို့ညို့မှိုင်းမှိုင်း ပုပ္ပားတောင် စုန့်စုန့်ကြီးက ကြည်ပြာရောင် ကောင်းကင်သားကို နောက်ခံထား၍ တွေ့လိုက်ရသော ကြောင့် ရုတ်တရက်သော် ဂျပန်ပြည်က ဖူဂျီယာမတောင်ကြီးအား ဘွားခနဲသွား၍ သတိရစေပါသည်။
ကမ္ဘာပေါ်တွင် နာမည်ကျော် အလှအပ ရှုခင်းကြီးတစ်ခု ဖြစ်သော ဂျပန်ပြည်မှ ဖူဂျီယာမတောင်ကြီးနှင့် ဟာကူနီ ရေအိုင်ကြီး ကို စာရေးသူ ကမ္ဘာလှည့်သွားစဉ်တုန်းက ဂျပန်ပြည်ရောက်၍ သွားရောက် ကြည့် ခဲ့ရပါ သည်။

ဖူဂျီယာမတောင်ကြီး၏ ပုံသဏ္ဍာန်သည် မီးတောင်ဟောင်းဖြစ်၍ စုန့်စုန့်ပုံ့ပုံ့ကြီးနေသလို စာရေးသူတို့ မြန်မာ ပြည်က ပုပ္ပားတောင်ကြီးမှာလည်း ရှေးက မီးတောင် ဖြစ်ခဲ့ဖူး၍ စုန့်စုန့်ပုံ့ပုံ့ကြီး ရှိနေပါသည်။ ပုံသဏ္ဍာန် ချင်း တူသော်လည်း အမြင်ပမာဏကတော့ ဖူဂျီယာမက ပုပ္ပားတောင်ထက် ငါးဆလောက် ကြီး သလို၊ ဟာကူနီ အိုင်ကြီစးကလည်း ကြက်မောက်တောင် ဆည်ကြီးထက် ဆယ်ဆလောက် ကြီးပါ လိမ့်မည်။ ဖူဂျီယာမ တောင်ခြေရှိ အပျော်စီးနှင့် ခရီးသည်စီး ကူးတို့သင်္ဘောများ ခုတ်မောင်းနိုင်သော ဟာကူနီ အိုင်ကြီးမှာ သယံ ဇာတ ကမ္ဘာ့သဘာဝအတိုင်း သူ့ဘာသာ ဖြစ်နေသော်လည်း ပုပ္ပားတောင်ခြေ က ကြက်မောက်တောင်ဆည် အိုင်ကြီးမှာတော့ ငွေသိန်းပေါင်း ၃၅၀ အကုန်ခံပြီး လူတို့ လုပ်အားဖြင့် ဖန်ဆင်း ထားသော အိုင်ကြီးဖြစ်၍ ဂုဏ်ယူရန် ကောင်းပါလိမ့်မည်။

ယင်းသို့လျှင် ဂျပန်၏ ဖူဂျီယာမနှင့် ဟာကူနီရေအိုင် ရှုခင်းမျိုးဖြစ်သော ပုပ္ပားတောင်ကြီးနှင့် ကြက်မောက် တောင်ဆည် အိုင်ကြီး၏ ရှုခင်းအား ရှုမ၀ အားမရ မျက်စိ အရသာခံ၍ ကြည့်ရှုကြရသည်။ တောင်သူလယ် သမား တို့ အကျိုးစီးပွား ရေသွားမြောင်းများ အသွယ်သွယ်နှင့် ဆည်ရေသောက် လယ်ကွင်း ယာခင်း များသို့ ရေပို့ ရေဝေ ကိစ္စတို့ကိုလည်း ရှင်းလင်း ပြောပြကြသောကြောင့် တောင်သူလယ်သမားတို့အတွက် အားတက် ၀မ်းသာ ဖွယ်ရာ သတင်းများ ကြားသိကြရပါသည်။
ပုပ္ပား တောင်စောင်း အဘက်ဘက်မှ သွယ်ဖြာ စီးကျသော ချောင်းရေများ အဟောသိကံ ဖြစ်ခဲ့လေသမျှ ယခုခေတ် ရောက်မှ အသုံးချတတ်ကြတော့သည်။

ပုပ္ပားတောင်မှ အရင်းခံ စီး၍ကျသမျှ နာမည်ကြီး ချောင်းကြီးများဖြစ်သော ပင်းချောင်း၊ ယင်းချောင်း၊ ဆင်ထဲဝချောင်း၊ ရန်ပယ်ချောင်း၊ ဒေါင်းနေချောင်း၊ ၀ဲလောင်ချောင်း စသော မရေမတွက်နိုင်အောင် များပြား လှသော ချောင်းရေများကိုလည်း ဤကျောက်ပုံချောင်းကြီးမှ ကြက်မောက်တောင် ဆည်အိုင်ကြီး ဖြစ်လာရ သလို အလျှိုလျှိုဆည်အိုင်ကြီးတွေ ပေါ်လာကြဦးမည်ဆိုလျှင် မိုးခေါင်ရေရှားအရပ်မှ ဆင်းရဲသော တောင်သူလယ်သမားတို့ လောကနိဗ္ဗာန်သို့ အရှင်လတ်လတ် ရောက်သွားသလို ရှိကြပေမည် ဟု တွေးမိ လေသည်။

ပုပ္ပားတောင်သည် အရပ်လေးမျက်နှာမှနေ ကြည့်လျှင် ပုံသဏ္ဍာန်လေးမျိုးမြင်ရပေသည်။ တောင်ဘက်မှ နေကြည့် လဆင် ပုံ့ပုံ့ကြီး ခြေရင်း၌ တောင်ကလပ်စူစူနှင့် လျှောတောတောင် ခုံးခုံးကလေး တွယ်နေသည်ကို တွေ့ရ၍ အရှေ့ဘက်မှ ကြည့်သော်လည်းကောင်း၊ အနောက်ဘက်မှကြည့်သော် လည်းကောင်း မီးတောင် ဟောင်းပုံစံ မို့မို့စုန့်စုန့်ကြီး၏ တစ်ဘက်တစ်ချက်၌ တောင်ခြေ တောင်လက်များ ဖြာဆင်း ကျနေသည်ကို တစ်ပုံစီတွေ့ရပေမည်။ မြောက်ဘက်မှနေ ကြည့်ခဲ့သော်ကား တစ်မူ ခြားနေပါသည်။ မီးတောင် ပေါက်ကွဲ ထွက်မှု၏ ပြင်းထန်သော ဒဏ်ရာ ဒဏ်ချက်အတိုင်း တောင်ကြီး သုံးပိုင်းတစ်ပိုင်း နှစ်စိတ်နှစ်မြွာ အက်ကွဲထွက်ခြင်းကြောင့် ဟက်တက်နှစ်ခြမ်းကွဲပုံ ပုံစံကြီးအတိုင်း တွေ့မြင် ရပါမည်။

အလယ်တောင်ခေါင်း အတွင်းပိုင်းမှ ချော်ရည်ချော်မြှုပ်တို့ ပွင့်အန်ယိုစီးကျထားသော ပုံသဏ္ဍာန်အတိုင်း ဆိတ်ထိန်း အရပ်အထိ၊ မြေမို့မို့ လွင်လွင်ရှိ၍ တွန်းကန်ပွင့်ထွက် လွင့်စဉ်လာသော ကျောက်တုံး ကျောက်ခဲစကြီးများကလည်း ဖွာလန်ကြဲဆုတ် ကြဲပစ်ခတ်ထားသည့်အလား ပုပ္ပားမြောက်ဘက် တောင် စောင်းတစ်ခုလုံးမှာ နေရာအနှံ့အပြား တွေ့မြင်နေရပါသေးသည်။ ထို့ကြောင့် ပုပ္ပားတောင်ခြေ မြောက်ဘက် တစ်ဝိုက်မှာ မြေသြဇာ ပိုမို ခြောက်သွေ့ ညံ့ဖျင်းသဖြင့် ပြောင်းခင်း၊ လူးခင်းနှင့် ၀ါခင်း လောက်သာ စိုက်ပျိုး၍ ရပါသည်။ ရေ ဆိုသည်မျာလည်း တောင်မကြီးကဲ့သို့ စမ်းရေ စိမ့်ရေ အလျှင်း မရှိသောကြောင့် ရေပို၍ ရျား ပါးပါသည်။ သည်တော့ တောင်ကွဲကြီး နှစ်ခုကြားမှ မိုးရေခံ တောင်ပေါ် ဆည်ကြီးများ ပေါ်လာအောင် ဖန် ဆင်းပေးနိုင်ကြဦးမည်ဆိုပါက အတိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဆိုသလို တောင်ပေါ်မှာ ငါးမျှားပြီး လှေ များစီးနိုင်ကြပေဦးမည်။

နောက်တစ်နေ့ မနက်ပိုင်းမှာတော့ ကျောက်ပန်းတောင်းမှ ခရီးဆက်လက် ထွက်ခဲ့ကြပါသည်။ သွားရမည့် အစီအစဉ်မှာ ကျောက်ပန်းတောင်းမှနေ၍ ပုပ္ပားတောင်မကြီးပေါ် ဖြတ်ပြီး တောင်သာမြို့သို့လည်းကောင်း၊ တောင်သာလမ်းဆုံမှနေပြီး မြင်းခြံမြို့ဘက်သို့ ခွဲထွက်သော လမ်းအတိုင်း လိုက်သွားရန်၊ မြင်းခြံ နွားထိုးကြီး ထိုမှ တစ်ဆင့် မြစ်သား ရေ၀န်းလမ်းဆုံတွင် ရန်ကုန်-မန္တလေး ကားလမ်းကြီးနှင့် သွားဆုံမိ သောအခါမှ မန္တ လေးဘက်သို့ ဆက်လက်သွားရန်ဖြစ်ပါသည်။

ကျောက်ပန်းတောင်းမှ ထွက်လာပြီး ပုပ္ပားတောင်မကြီးပေါ်သို့ မတက်ရသေးမီ ဆယ်ပေါက်ရွာသို့ အရင်ရောက်ပြီး ဆယ်ပေါက်ချောင်းကြီးရှိ သဲပြင်ကို ကျော်ဖြတ်လိုက်လျှင် ပုပ္ပားတောင် ရောက်ရန် တောင်စဉ် တောင်တန်း အမြင့်ပိုင်းသို့ တက်သွားရပါမည်။ သို့သော် ဆယ်ပေါက်စခန်းမှာ ၀င်ကြည့်စရာ နာမည်ကျော် စပျစ်ခြံကြီးက ရှိနေပါသည်။ ပြီးတော့ ဆယ်ပေါက်ရွာ ပတ်ဝန်းကျင်တစ်ဝိုက်ရှိ တောင်သူ လယ်သမား အလုပ်သမာ်းတို့၏ အိမ်သူဇနီးများအတွက် သားဖွားဆရာမ ဒေါ်သိန်းသိန်းအိမ်ရှိ အစိုးရ သားဖွား နှင့် ဆေးပေးရုံကိုလည်း ခေတ္တ၀င်ရောက် နှုတ်ခွန်းဆက်ရပေဦးမည်။ သားဖွားဆရာမ ဒေါ်သိန်းသိန်း သည်ကား အခြားသူ မဟုတ်ပေ။

ယခင် ၁၉၅၀ ခုနှစ်ဆီက အမျိုးသမီးကလောင်အဖွဲ့ ပြဇာတ် (ပန်သစ္စာ)တွင် မင်းသား မောင်နန္ဒာ အဖြစ် ပါဝင်ကပြခဲ့သော ကလောင်ရှင် " ရဝေသိန်း"ဖြစ်ပါသည်။ သူ့ကို (ခုနစ်ရာ့ခြောက်ဆယ်သိန်း)လို့လည်း ခေါ်ကြပါသည်။ သူသည် ယခုအခါ စာရေးဖို့ထက် တောလက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင်များကို အကျိုးပြု လက်တွေ့လုပ်ငန်းတွင် အပင်ပန်းခံပြီး အကောင်အထည်ဖော်နေသူဖြစ်ပါသည်။ သူကိုယ်တိုင် ကလည်း သားကောင်းများ မိခင်တည်း။ ကျန်းမာသန်စွမ်းသော သူပိုင်ကလေး ရှစ်ယောက်တိတိ ရှိနေ သူပင်။

သိန်းသိန်း (ရဝေသိန်း)ထံမှ ထွက်ခဲ့ပြီး၊ ဆေးရုံဝင်း မျက်နှာချင်းဆိုင် လမ်းတစ်ဘက် မျက်စောင်းထိုး လောက်တွင် စပျစ်ခြံ တံခါးပေါက်သို့ ရောက်ခဲ့ကြသည်။ ကျယ်ဝန်းသော စပျစ်ခြံကြီးအတွင်း စနစ်တကျ စိုက်ပျိုး ထားသော စပျစ်ပင်များ၊ ကျွဲကောပင်များနှင့် ယိုးဒယား ဆီးချိုပင်များကိုလည်း မျှော်မဆုံး အားရစရာ တွေ့မြင်နေရပါ၏။ စပျစ်ပင်များမှာလည်း မျိုးကောင်းမျိုးသန့် အချိုမျိုး ရွှေဝါ၊ အညို၊ အနီမှ စပြီး စပျစ်ရည်ကျိုရမည့် အချဉ်မျိုးများပါ လှပစွာ အပြွတ် အခိုင်တွေ တွဲလောင်းကျ သီးမှည့်နေကြ သည်။ စပျစ်ခြံ အုပ်ချုပ်ကြီးကြပ်သူများထံမှ အချိုမျိုးဖြစ်သော ရွှေဝါနှင့် အညိုရောင် စပျစ်သီးများ တစ်မျိုး တစ်ပိဿာ စီ လမ်းတစ်လျှောက် စားသွားရန် ၀ယ်ယူလာခဲ့ကြပါသည်။

ယခင်တုန်းကဖြင့် စပျစ်သီးဆိုသည်မှာ မြန်မာပြည်က ထွက်စကောင်းသော သစ်သီးမျိုး မဟုတ်သကဲ့သို့ နိုင်ငံခြားမှ တင်သွင်းဝယ်ယူစားသုံးခဲ့ကြရသည်။ ယခုတော့ ကိုယ့်နိုင်ငံထွက် သစ်သီးတစ်မျိုးအနေနှင့် မြိန်ရေရှက်ရေ စားသုံးနိုင်ကြလေပြီး။ ဤစပျစ်ခြံကြီးအတွင်း များပြားလှသော စပျစ်ခိုင် ပြွတ်ပြွတ် ခဲခဲ တွေကို လှည့်ပတ်ကြည့်ရှုနေစဉ်မှာပင် ဘ၀မြင့် စိတ်ကြီးဝင်ချင်သလိုလို ရှိခဲ့ကြသည်။ ဂျာမနီပြည် ရိုင်းမြစ်ရိုးဝဲယာ တစ်လျှောက်မှ တောင်တန်းကြီးများပေါ်တွင် တစ်မျှော်တစ်ခေါ် စိုက်ပျိုးထားသော စပျစ် တောင်ရိုးကြီး ပေါ် ရောက်နေသလိုလို၊ ကာလီ ဖိုးနီးယားနယ်က ကြီးကျယ်လှသော စပျစ်တော ဥယျာဉ်ကြီး အတွင်း ရောက်လာသလိုလိုနှင့် နောက်မှ ဒါ ... ငါတို့မြန်မာပြည် ဆယ်ပေါက်ရွာက စပျစ်ခြံ ပါကလား ဟု သတိရပါ တော့သည်။

*
ပုပ္ပားတောင်ကလပ်ဝယ်
သို့နှင့်ဆယ်ပေါက်ချောင်းကို ဖြတ်ကာ ပုပ္ပားတောင်ပေါ်သို့ ကားကလေးတရိပ်ရိပ် တက်ခဲ့ပါသည်။ တပ်မတော် ၏ စစ်စခန်းကို ကျော်မိလျှင် တောင်ကလပ်သို့တက်သော လမ်းဆုံသို့ ရောက်ခဲ့ရာ၊ လွန်ခဲ့သော ၁၉၅၄ ခုနှစ်လောက်က စာရေးသူတို့နှင့် ကုသိုလ်ရှင်တစ်စု လမ်းဖောက်လုပ် လှူဒါန်း ခဲ့ရသည် ကို သတိရမိ ပါသည်။ ယခုတော့ တောင်ကလပ်သို့ သွားရာ လမ်းတစ်ခု ပုပ္ပားမြို့မှ တောင်ကလပ် အထိ တစ်ဘက်က လမ်းတစ်သွယ် တိုးတက်နေသည်။

ထိုမျှမက တောင်ကလပ်အနီးတွင် ဦးကုမာရ (ဦးဂျော်နီ) ကျောင်းတိုက်နှင့် ရွှေဂူကျောင်းတိုက် နှစ်ခုမှာ အဆောက်အဦများ တိုးပွားပြီး မြို့ငယ်ကလေး တစ်ခုပမာ ရှိခဲ့ပါပြီး။ ကျောင်းတိုက်များသာမက၊ တောင်ကလပ် ထိပ်ပေါ်မှာလည်း နေရာနှင့်မမျှအောင် အာရုံခံ အုတ်တန်ဆောင်းနှစ်ထပ်နှင့် ပြည့်ကျပ် နေတော့ရာ ရှေးအခါက နွယ်ရှင် နွယ်ငန်းများကို ဆွဲ၍ ခဲခဲယဉ်းယဉ်းတက်ရသော တောင်ကလပ် သည် စောင်းတန်း တွေ အသွယ်သွယ်နှင့် ရန်ကုန်မြို့လယ်က လေး/ငါးထပ် တိုက်ခေါင်မိုးကို တက်ရသလို လွယ်ကူ နေလေသည်။ ၀ိဇ္ဇာဇော်ဂျီတွေ ဆေးကြိတ်လေ့ရှိသည်ဆိုသော တောင်ကလပ်တွင် စည်ကား လွန်း နေပြီဖြစ်၏။

ရှေးအခါကဆိုလျှင် တောင်ကလပ်ပေါ်မှာလည်း ကျောက်ပန်းတောင်းကဲ့သို့ ရေရှားခဲ့ဖူးသည်။ ယခုတော့ တောင်ကလပ် ၏ အထက်နားက "ရေငှန်း" ခေါ်သော ရေထွက်စမ်းမှ ပိုက်လုံးကြီးများနှင့် သွယ်ယူ ထားသဖြင့် မြို့ငယ်တစ်မြို့စာလောက် ရှိနေသော တောင်ကလပ်ခြေရင်းမှ ကျောင်းများ၊ တည်းခိုဇရပ် များတွင် ရေတွေ ဒလဟော ပေါချင်တိုင်း ပေါ၍နေပါပြီ။
သို့နှင့် တောင်ကလပ်လမ်းခွဲမှ ဆက်လက် တက်လာခဲ့လျှင် "ရေတင်ကွေ့"သို့ ရောက်ခဲ့သည်။ ဤရေတင် ကွေ့တွင်လည်း စိမ့်စမ်းရေထွက်ကြီးရှိပြီး ပိုက်လုံးကြီးနှင့် သွယ်ယူလျက် ကျောက်ပန်းတောင်းမြို့ဘက်သို့ ရေချ ပေးလျက်ရှိရာ ရှေးအခါက ထိန်ကန် ရေနီနီကို မ၀တ၀သုံးကြရသော ကျောက်ပန်းတောင်းမြို့သည် ပုပ္ပား တောင်ကြီးမှ ချပေးသော စိမ့်စမ်းရေကြည်ကြည်ကို တအီတ၀ သုံးစွဲနေကြရပြီဖြစ်သောကြောင့် ဘယ် အိမ် ကို ကြည့်ကြည့် စပျစ်စင်နှင့် ပန်းဥယျာဉ်နှင့် ချည်းလိုလို စိမ်းစိုလှပနေကြပါတော့သည်။

ပုပ္ပားတောင်ကြီး ၌ ရေထွက်စိမ့်စမ်းများသည် အနီးသို့ ကပ်သွားကြ့ည့်လျှင် ကြီးကြီးကျယ်ကျယ် ရေထွက် ပေါက်ရယ် လို့ မမြင်ရပါ။ သာမည ကျောက်တုံးကြီး တစ်တုံးအောက်မှ ထွက်လာသော ရေများသာ ဖြစ်ပြီး၊ ရှေးပဝေသဏီ ကတည်းက ယနေ့ကျအောင် မကုန်မခန်းနိုင်ထွက်နေသော ရေများဖြစ်ပါသည်။ ဘယ်ဆီက စ လာသော ရေများဟု မပြောနိုင်ကြပါ။ ယခု ရေတင်ကွေ့ဆိုသော နေရာအရပ်သို့ ရောက်သော အခါ ရှေး ဖြစ်ဟောင်းကလေးများ ပြန်လည် သတိရမိပါသေးသည်။ စာရေးသူတို့ ငယ်စဉ်က ပုပ္ပား တောင်တက်သော လမ်းသည် လှည်းလမ်းမျှသာရှိပါသေးသည်။ ကတ္တရာစေးလမ်းလည်းမရှိ၊ မော်တော်ကား လည်း မသုံးကြရ သေးသောအခါ ဖြစ်ပါသည်။ သို့ကြောင့် ကျောက်ပန်းတောင်းမှ ပုပ္ပားကို လှည်းဖြင့် တက်ကြရသည်။

မနက်အစောကြီးထ လှည်းမောင်းမှ ယခု ရေတင်ကွေ့ကို ၁၀ နာရီလောက် ရောက်သည်။ လှည်းစခန်း ချပြီး ရေတင်ကွေ့တွင် ထမင်းချက်ပြုတ်စားကြရမြဲဖြစ်သည်။ ထမင်းစားပြီး တစ်အောင့်တစ်နားနေပြီးမှ ဆက်၍ လှည်းမောင်းတက်ကြရာ၊ ညနေ ၄ နာရီလောက်မှ ပုပ္ပားမြို့ပေါ် ရောက်ကြရပါသည်။ ယခုတော့ ကား နှင့် ရှိတ်ခနဲ ရှိတ်ခနဲ မိနစ်ပိုင်းလောက်နှင့် ရောက်ကြ၍ ပုပ္ပားတောင်ပေါ်နှင့် ကျောက်ပန်းတောင်းမှာ အိမ်ဦး နှင့် ကြမ်းပြင်လို ဖြစ်နေပါပြီ။

သို့ကြောင့် ရှိတ်ခနဲဆို စာရေးသူတို့လည်း ပုပ္ပားမြို့မှ ကားဆိပ်ဈေးဆိုင်များသို့ ရောက်ခဲ့ကြသည်။ ၄င်းကား ဆိပ်၌ သစ်သီးဆိုင်၊ ပန်းဆိုင်၊ သစ်ပင်ပေါက်စမျိုးပင်ငယ်ဆိုင်၊ ထမင်း၊ လက်ဖက်ရည်ဆိုင်၊ ထီဆိုင် အစလို သေးသည်မရှိ ပြည့်စုံနေသည်။ နန်းကြီးမုန့်တီနှင့် ကြက်သားကြော်ဆိုင်ကလည်း နာမည် ရ၍ ရောက်လျှင် မစားဘဲ မနေနိုင်ကြ။ တောင်ပေါ်က ငှက်ပျောခိုင်များ၊ ပိန္နဲသိးများ ထမ်း ပြန်လာကြသူ ခြံသမား၊ အထမ်းသမား၊ အမျိုးသမီး၊ အမျိုးသားများကလည်း သည်ကားဆိပ်အနီးရှိ ဆိုင်ကြီးများမှာ ဖောက်သည် လာသွင်းကြသောကြောင့် ငှက်ပျောအ၀ယ်ဒိုင်ပမာ မြိုင်ဆိုင်စွာ စည်ကားနေပေသည်။

တစ်ဘက်သို့ လှမ်းကြည့်လျှင် မြေကျေးရှင်း ဧည့်ရိပ်သာနှင့် မျိုးပင်ဥယျာဉ်ကြီးကို တွေ့ရမည်။ တစ်ဘက်က လမ်းခွဲမျာ တောင်ကလပ်သို့သွားသော ကားလမ်းဖြစ်သည်။ အထက်သို့တက်သော လူသွားလမ်းအတိုင်း လိုက်ခဲ့သော် မင်းမဟာဂီရိမောင်တော် နှမတော်နတ်နန်းကြီးများနှင့် ကော်ဖီခြံများ၊ (နှမတော်ရေထွက်) (မောင်တော်ရေထွက်)ခေါ် ရေထွက်စမ်းများကို တွေ့ရပါသည်။ ရှေ့ဆက် တက်လျှင်တော့ ပုပ္ပားတောင်မ ကြီးအဆုံး ပေ ၄၈၀၀ မြင့်တဲ့ တောင်ထိပ်အထိ ရာက်ပြီး ရသေ့ကြီး ဦးခန္တီ တည်ခဲ့သော စေတီနှင့် ဖဆပလ ကောင်းစားစဉ်က ဖဆပလမင်းများ တည်ထားခဲ့သော စေတီများကို ဖူးရမည်။ "လေတွင်း"ခေါ် တောင်ခေါင်းမှ လေများပင့်တိုက်သည်ကိုလည်း တွေ့ရပါမည်။ ရှေးတုန်းကဖြင့် ပ၀ါ လွှင့်ပစ်လိုက်လျှင် အောက်မကျသွားဘဲ အပေါ်ကိုပဲ ၀ဲပျံတက်လာသည်ဟုဆို၏။

အညာ တကောင်းပြည် က ကာယဗလ ပန်းပဲလုပ်သားကြီး ဦးတင့်တယ်နှင့် နှမငယ် ရွှေမျက်နှာတို့သည် ဤ ပုပ္ပားတောင်တွင် လွန်ခဲ့သော နှစ်ပေါင်း ကိုးရာကျော်က နတ်အဖြစ်နှင့် ရောက်လာရာတွင် ပုဂံဘုရင် သေဉ်လည် ကြောင်မင်း က မောင်ကြီးကို မင်းမဟာဂီရိ၊ နှမငယ်ကို ရွှေမျက်နှာ အမည်နှင့် နတ်နန်း တည်ဆောက်ပေး ခဲ့သည့် စကားထုံးပုံဟောင်းများရှိသည်။ သေဉ်လည်ကြောင်မင်းဟာ ရှင်ဘုရင် ရင့်မကြီး ပဲ၊ မြစ်ထဲက မျောလာတဲ့ စကားဝါပင်ဘကီးကို နတ်ရှင်ထုပြီး ပုပ္ပားတောင်ပေါ်မှာ နတ်ကွန်းနှင့် ပသ ထားသည်မှာ ထူးခြားချက်တစ်ခုခု ယုံကြည်လောက်အောင် တွေ့ရလို့သာ စရိတ်ကုန် လူပန်းခံပြီး ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ယူဆဖွယ်ရှိပါသည်။

အကြောင်းမဲ့တော့ မဟုတ်တန်ရာပါ။ ပုဂံရာဇ၀င်မှာလည်း အကြောင်းပြလျက်သားဖြစ်ပါသည်။ ပုပ္ပားတောင် ရေယဉ်စမ်းတွေနှင့် ပန်းမျိုးစုံလှသည်။ ဂမုံးအင်နှင့် သဇင်၊ သစ်ခွ၊ စကားဝါ၊ ကံ့ကော်၊ စွယ်တော်၊ မြတ်လေး တစ်တောင်လုံး မွှေးပြီး ဆေးဘက်ဝင် အပင်၊ အသီး၊ အမြစ်၊ အခေါက်က အစ ဆေးဘက် တွင် အသုံးဝင်သည့် ပစ္စည်းများထွက်ရှိသည်။ ပုဂံပြည် ကောင်းစားစဉ် အခါက ပန်းတော်ဆက် မောင်ဗျတ္တ တို့ ပန်းများ သယ်ယူပို့ဆောင်သော လုပ်ငန်းနှင့် အနော်ရထာမင်းထံမှာ အမှုထမ်းခဲ့ရသောကြောင့် ပုပ္ပားသူ မယ်ဝဏ္ဏနှင့် အကြောင်းပါပြီး "ရွှေဖျင်းကြီး၊ ရွှေဖျင်းကလေး" ဆိုတဲ့ သားနှစ်ယောက် ကိုပင် ဖွားမြောက်ခဲ့ရပေသေး၏။ ထိုသားကလေး နှစ်ယောက်မှာ မြန်မာပြည်တွင် အလွန် ထင်ရှားသော "တောင်ပြုံး မင်းညီနောင်နှစ်ပါး " ဟု လူသိများခဲ့ကြလေသည်။

ရေယဉ်စမ်းတွေနှင့် ပန်းပေါင်းစုံပေါလှသော တောင်တောရဂုံစုံမြိုင်သာခေါင် ပုပ္ပားတောင်ကြီးသည် လူတို့ အား အများဆုံး အကျိုးပြုနေသည်။ ရေကြည် ရေအေး ပေးရုံမက ဆေးဝါးပစ္စည်းများ၊ စားသုံးရန် အသီးနှံ နှင့် ပန်းမန် အမွှေးအကြိုင်များအပြင် သယံဇာတ ကျောက်အလှများလည်း ထွက်ရှိပါသေး၏။ ပုပ္ပားတောင်၏ အရှေ့တောင်ဘက် အစွယ် တောင်နီတောင်တွင် "စေတီကျောက်" ခေါ် ကျောက်ဖြူ တစ်မျိုး ထွက်သည်။ ကျောက်ကို သွေးလိုက်လျှင် ဘုရားစေတီပုံကလေးထင်ရှားစွာပေါ်လာသည်။ လက်စွပ်၊ ရင်ထိုး၊ ဘယက်၊ ဆွဲကြိုး ပြုလုပ်ဝတ်ဆင်ကြရသည်။ တောင်မကြီးပေါ်တွင် ရရှိသော ကျောက်တစ်မျိုး မှာ စိန်နက်၊ သို့မဟုတ် " အဖြိုင်နက်" ခေါ် ကျောက်နက်တစ်မျိုးဖြစ်သည်။ နက်ပင် နက် သော်လည်း ပြိုးပြိုး ပြက်ပြက် ရောင်စုံ ဖြာထွက်ပြီး လူတို့ ကြိုက်နှစ်သက်ကြပါသည်။ သို့ကြောင့် ပုပ္ပား တောင်မကြီးကား ဤမိုး ခေါင်ရေရှား ရပ်ဝန်းတစ်ဝိုက်မှာဖြင့် လူတို့အဖို့ အလွန်တရာ အကျိုးပြု နေပေသော တောင်ကြီး ဖြစ်ပါသည်။

ပုပ္ပားမြို့မ ကားဆိပ်ရှိ ဆိုင်တန်းများနှင့် တစ်ဘက်စွန်းကွေ့မှာတော့ ဦးဝိဇယ ၏ ဥယျာဉ်ခြံကြီးရှိပါသည်။ ကော်ဖီပင်၊ စပျစ်ပင်မှ စပြီး သီးပင် ပွင့်ပင် အစုံရှိ၍ "ပုပ္ပားကော်ဖီမှုန့်" ဆိုပြီး နာမည်ကြီးနေသော ကော်ဖီမှုန့် မှာ ဦးဝိဇယခြံမှ ထွက်သော ကော်ဖီမှုန့်ဖြစ်ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁၅)

ဗိုလ်ချုပ်အကြောင်း ပြန်ပြောင်းသတိရမိစရာများ

ဓာတ်ပုံတစ်ပုံကို မြင်လိုက်ရလျှင် အတိတ်က အောက်မေ့စရာတို့ကို ပြန်၍သတိရမိသည်သာ ဖြစ်သည်။ အခြားအရာ တို့နှင့်မတူဘဲ ဓာတ်ပုံထဲတွင် ထိုအစွမ်းရှိနေသည်။ ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်း ၏ ဓာတ်ပုံတစ်ပုံ ကိုကြည့်မိရင်း စိတ်ထဲတွင် ဖော်ပြပါအတိုင်း ခံစားမိသည်။ ပုံထဲက ဗိုလ်ချုပ်၏ဘေးတစ် ဖက်တစ်ချက် တွင် သူ့မိတ်ဆွေများကို မြင်ရသည်။
ဓာတ်ပုံမှာ ၁၉၄၃ ခုနှစ်က ရိုက်ကူးထားသောပုံဖြစ်သည်။ ပုံထဲတွင် ဗိုလ်ချုပ်မှာ တည်ငြိမ်စွာဖြင့် စိတ် အေး လက်အေးရှိနေသည်။ သူ့မျက်နှာတွင် မသိမသာ ပြုံးရိပ်ထင်နေသည်။ ခါတိုင်းကဲ့သို့ မျက်နှာကြော တင်းတင်း မဟုတ်။

ဗိုလ်ချုပ်အောင်ဆန်းသည် ထိုအချိန်က အဓိပတိဒေါက်တာဗမော်၏ဝန်ကြီးအဖွဲ့တွင် ကာကွယ်ရေးဝန် ကြီး တာဝန်ကို ထမ်းဆောင်နေသည်။ ယင်းဝန်ကြီးအဖွဲ့ကား ဂျပန်သိမ်းပိုက်တပ်များ၏အရိပ်အောက် တွင် ဖွဲ့စည်းထားရသော အစိုးရဖြစ်သည်။ ဤဓာတ်ပုံကိုရိုက်ရန် "ဂရတ်စမီယာဗေးလ်"အမည်ရှိ သူ၏ နေအိမ် သို့ သူကဖိတ်ခေါ်ခဲ့သည်။ ထိုစဉ်က သူ့စိတ်ထဲတွင် စစ်ရေးကိစ္စများနှင့် အမျိုးသားလွတ်လပ် ရေးဆိုင်ရာ ကိစ္စများသည် အပူတပြင်းစဉ်းစားစရာကိစ္စများ ဖြစ်နေလိမ့်မည်ဟုမည်သူလျှင် ထင်မိပါမည် နည်း။

လူထူးဆန်းတစ်ယောက်

ဗိုလ်ချုပ်၏ဘဝတွင် နိုင်ငံရေးကျင်လည်မှုကာလသည် တိုတောင်းလွန်းလှသည်။ သူ့နိုင်ငံရေးသက် တမ်းသည် ၁၉၃၂ ခုနှစ်က ရန်ကုန်တက္ကသိုလ် ပရဝုဏ်တွင်စတင်သည်။ ကျွန်တော်သည် ၁၉၃၃ ခုနှစ် တွင် တက္ကသိုလ်သို့ရောက်သည်။ ပဲခူးဆောင်၏မြေညီထပ်ရှိ အခန်းတစ်ခန်းတွင် နေထိုင်ရသည်။ ထို အဆောင် သည် ဗိုလ်ချုပ်၏တက္ကသိုလ်ကျောင်းသားဘဝတစ်လျှောက်လုံးတွင် သူ၏အဆောင်သားအ ဖြစ် ထားရှိ ရ၍ ဂုဏ်တင့်သောအဆောင်ဖြစ်ခဲ့သည်။ ကျွန်တော် ပဲခူးဆောင်သို့ရောက်ရှိပြီး ရက်များမ ကြာမီပင် ဗိုလ်ချုပ်ကို ကျွန်တော်တို့အဖို့ လူထူးလူဆန်းအဖြစ် မျက်မှန်းတန်းမိလာသည်။
 
ကျွန်တော်သည် ဗိုလ်ချုပ်အား အတော်ကလေးဆန်းသော နည်းလမ်းဖြင့် သိကျွမ်းလာရသည်။ သူ သည် (၁၉၇၁ ခုနှစ်တွင် သစ်လုပ်ငန်းအဖွဲ့၏ဒုတိယအကြီးအကဲဖြစ်ခဲ့သော) ဦးကျော်သိန်း၏အခန်းသို့ သွားလေ့ ရှိရာ ကျွန်တော်၏အခန်းရှေ့မှ ဖြတ်၍သွားသည်။ ဦးကျော်သန်းနှင့် ကျွန်တော်မှာ အခန်းချင်း ကပ်လျက်။ သူသည် တစ်ရက်၊ သို့မဟုတ် နှစ်ရက်လောက်ခြားပြီး ဦးကျော်သိန်းအခန်းသို့ သွား၍လည် ပတ်သည်။ ထိုသို့ သွားသောအခါတိုင်း ဗိုလ်ချုပ်သည် ရှေ့တည့်တည့်ကိုသာကြည့်၍သွားတတ်သည်။ ကျွန်တော်၏ အခန်းဘက်သို့ မည်သည့်အခါမှ စောင်းငဲ့၍ကြည့်လေ့မရှိ။ စောင်းငဲ့ကြည့်သည့်အခါရှိပြန် လျှင်လည်း အမှတ်မထင် ကြည့်မိသလိုသာဖြစ်သည်။ ကျွန်တော်ဆိုသည့် လူသည် စိတ်ဝင်စားစရာ သတ္တဝါဟူ၍ သူထင်မှတ်သည့်ပုံ အနည်းငယ်မျှမပြ။

လေးနက်သည့်သွင်ပြင်

သူသည် အမြဲတမ်းပင် လေးနက်သည့်မျက်နှာသွင်ပြင်ကို ဆင်ထားသည်။ စဉ်းစားစရာတို့ကို စူးစိုက်၍ စဉ်းစားနေသည့်ပုံရှိနေသည်။ ကျွန်တော်သည် သူနှင့်သိကျွမ်းလိုစိတ် ပြင်းပြလျက်ရှိနေသည်။ သို့သော် သူ၏ စကားမပြောချင်သလို၊ ခပ်ကင်းကင်းနေချင်သလို ပုံစံများကြောင့် သူနှင့်အသိမဖွဲ့ရဲချေ။ တစ်ခါ သော် သူ့အတွက် စာတစ်စောင်ကို လက်ကမ်းပေးသည့်အခါ သူက "ကျေးဇူးတင်ပါတယ်" စကားလေး မျှပင် မပြော။ အခြားနည်းဖြင့်လည်း စာကမ်းပေး၍ ကျေနပ်ကြောင်းမပြ၊ ဤသို့ဖြင့် နောက်ဆုံးတွင် သူ နှင့် ကျွန်တော့်အကြား ပေါင်းကူးဆက်သွယ်၍မရသော အရံအတားကြီး ထူထားလိုက်သည့်ပုံဖြစ်သွား သည်။

ကျွန်တော့်စိတ်ထဲတွင် ဗြုန်းခနဲပင် သူနှင့်ကျွန်တော် အဆင့်မတူဟူ၍ ဒေါသဖြင့် ထင်မြင်မိလိုက်လေ သည်။ ဗိုလ်ချုပ်ကား အညာသားကျောင်းသား၊ သူတစ်ပါးထက် ကြီးမြတ်သည့်အမှတ်လက္ခဏာလည်း ဘာမှ မပါ၊ သူက ငါနှင့်မတူမတန်ဟု ထင်နေလျှင် ငါကလည်း ဤကျေးတောသားတစ်ယောက်ကို ဘာ လို့ဂရုစိုက်နေရမှာလဲ။ သူ့အပြုအမူမှာ ဤအတိုင်းသာဖြစ်နေသောကြောင့် ကျွန်တော်တို့အခန်းရှေ့ရှိ စင်္ကြံ လမ်း တွင် သူနှင့်ဆုံမိသည့်အခါများ၌ သူ့ကို သေသေချာချာကြည့်မိသည်။ ထိုသို့ ကြည့်မိသည့်အ ခါကျမှ သူ့စိတ်ထဲတွင် ပြဿနာတစ်ခုကို စဉ်းစားနေသည်ဆိုသည်ကို ကျွန်တော် သိလိုက်သည်။ ယင်း သို့ သိလိုက်သော အခါ သူ့အပေါ် အမြင်တစ်မျိုးပြောင်းသွားသည်။ သူ့မျက်နှာထားမှာ တကယ်အားဖြင့် တင်းနေခြင်း မဟုတ်။ ထိုမျက်နှာတွင်သိမ်မွေ့ပြီး စိတ်ထဲတွင် ရိုးသားသည့် လက္ခဏာများထင်နေသည်။

တစ်နေ့တခြားတိုး၍ခင်မင်

သို့သော် သူ့ကို လူအများ က နားမလည်ကြ။ ကျောင်းသားအတော်များများက သူ့ကိုလှောင်ပြောင်ကြ သည်။ အချို့က သူ၏ထူးဆန်းသော အမူအရာကို မကြိုက်ကြ။ အချို့ သူသည် "လူမဆန်သူ"ဟု သ မုတ်ကြသည်။ ထို့နောက်တွင် သူသည် ကျွန်တော်တို့နှင့် စတင်၍ ခင်မင်လာသည့်အပြုအမူကို မျှော် လင့်မထားဘဲ ဗြုန်းခနဲပြုလုပ်လိုက်သည်။ ပဏာမနှုတ်ဆက်ခြင်း အလျဉ်းမပါဘဲ သူသည် ကျွန်တော်၏ အခန်းတွင်း သို့ ဝင်လာသည်။ ကျွန်တော်က ညဉ့်အချိန် စာကြည့်နေသည်။ သူကဝင်လာပြီး "ခင်ဗျားက ဗုဒ္ဓဘာသာဝင် လား"ဟု ရုတ်တရက်မေးသည်။

ကျွန်တော်၏ဘုရားစင်တွင် ဖရောင်းတိုင်များ ပူဇော် ထားသည်ကို သူမြင်လျက်နှင့် မေးခြင်းဖြစ်သည်။ ထို ခေတ်အခါ က ကျောင်းသားအတော်များများ၏အိပ် ရာကုတင်ခေါင်းရင်းရှိ သစ်သားအဝတ်ဘီရို ခပ်နိမ့်နိမ့် ပေါ်တွင် ဘုရားစင်များ ထားလေ့ရှိကြသည်။

ထိုအချိန်က ကျွန်တော်က အင်္ဂလိပ်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသဖြင့် ခရစ်ယာန်ဘာသာဝင်တစ် ဦး ဟု သူ ထင်လိုက်မိပုံရသည်။ သူ၏စကားနည်းခြင်း၊ ဟန်ကြီးပန်ကြီး ဘာသိဘာသာနေခြင်း၊ အမူအ ရာ တို့သည် မရှိတော့။ သူသည် ကျွန်တော့်အခန်းထဲတွင် ဗုဒ္ဓဘာသာအကြောင်းကို ရှည်ရှည်လျားလျား ကြီး ပြော နေလေတော့သည်။ ဤအကြိမ်သည် ကျွန်တော်တို့အဖို့ သူ၏စရိုက်ကို ပထမဆုံးအကြိမ်အ တွင်း ကျကျ မြင်ရခြင်းဖြစ်သည်။ သူ၏နိုင်ငံရေးအတွင်းသဘောကိုမြင်ရခြင်းဖြစ်သည်။ စင်စစ်မူနောက် တစ်နှစ်မျှ ကြာပြီးသည့်တိုင် နိုင်ငံရေးသည်သာလျှင် သူ ဝါသနာအပါဆုံးအရာဖြစ်ကြောင်း ကျွန်တော် အရိပ် အမြွက်မျှ မသိသေး။

သူ၏စရိုက်လက္ခဏာ နောက်တစ်ခုကို ကျွန်တော် မကြာမီပင်သိလာရပြန်သည်။ သူသည် အင်းယား ကန်ပေါင် ပေါ်တွင် ညနေခင်း အပြင်းပြေလမ်းလျှောက်သွားကြရအောင်ဟု အမြဲခေါ်သည်။ လမ်း လျှောက် ရင်း သူကစ၍ အင်္ဂလိပ်ဘာသာဖြင့် စကားပြောသည်။ အပြန်အလှန်ပြောရင်း ကျွန်တော်က သူ၏ သဒ္ဒါအသုံးအနှုန်းနှင့် အသံထွက်ကို ပြင်ပေးသည်။ ကျွန်တော်က မသိမသာပြုပြင်ပေးခြင်းဖြင့် သူ အင်္ဂလိပ်စာ တော်လာလိမ့်မည်ဟု သူ တကယ်ထင်နေသလား ကျွန်တော် တွေးတောမိသည်။
ဤသူကား သူများတကာ ထင်ထားသည့် လူစားမဟုတ်ပါတကား။ သူသည် ရိုးသားသည်။ တဲ့တိုးပြော ဆို ဆက်ဆံ တတ်သည်။ ဟန်လုပ်မနေပဲ သင်ယူဆည်းပူးတတ်သည်။ ကျွန်တော်က သူ့အားသင်ကြား ပေးစရာ မရှိသလောက်ပင်ဆိုသည်ကို မကြာမီ ကျွန်တော်သိလာရတော့သည်။

အင်္ဂလိပ်ဘာသာ သုံးစွဲနိုင်စွမ်း
သူရေးသော အင်္ဂလိပ်စာသည် တိကျသည်။ ရှင်းလင်းသည်။ ထိုဘာသာစကားကို နိုင်နင်းနိုင်သည့် ပင် ကို အရည်အချင်း ပေါ်လွင်သောအဆင့်အတန်းမျိုးဖြစ်သည်။ သူ အင်္ဂလိပ်စကားပြောသည့်အခါ ထင် ထားသည့် အတိုင်းပင် တစ်ချက်တစ်ချက်၌ အသံထွက်တွင် ချွတ်ချော်သည်။ နောက်နှစ်အနည်းငယ်အ တွင်း တွင် ဗိုလ်ချုပ်သည် စာအုပ်များကို အငမ်းမရဖတ်သည်။ ထို့ပြင် အင်္ဂလိပ်စာကို ထိထိရောက် ရောက် ဖော်ပြနိုင်သည့် အရာအဖြစ် အထူးကြိုစား၍ အသုံးပြုသည်။

တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအစည်းအဝေးများတွင် ခန်းမရှိနေရာမထ၍ အင်္ဂလိပ်ဘာသာစကား ဖြင့် စကားပြောတတ်သည်။ ဤအကျင့်မှာ သူ့အဖို့အဆန်းမဟုတ်တော့၊ အခြားသူများက "ဗမာလိုပြော ပါဗျ" ဟု ဝိုင်းအော်နေသည်ကို အမှုမထားဘဲ ပြောမြဲပင်ဆက်၍ ပြောသည်။ ဘာကိုမျှ သူမမှု၊ ပြောင်ကြ လှောင်ကြ လည်း သူမလျှော့၊ စိတ်လည်းမဆိုး၊ ဗိုလ်ချုပ်သည် သူ့ယုံကြည်ချက်အတိုင်း လုပ်ဆောင်နေ ခြင်း ဖြစ်သည်။ ကျောင်းသားများက အင်္ဂလိပ်စကားပြောခြင်းအပေါ် အမြင်ကျဉ်းမြောင်း၍ သေးသိမ် သော သဘောထားနေကြသည်ကိုလည်း လှစ်ဟပြပေးလိုက်သလိုလည်း ဖြစ်သည်။ သူ့အဖို့ အင်္ဂလိပ် စကား ကောင်းကောင်း ရေးတတ်သွားမည်ဟု သဘောထားသည်။

နိုင်ငံတကာနှင့် ဆက်ဆံရေးအတွက် အင်္ဂလိပ်ဘာသာသည် အရေးပါသည်ဟူသော တစ်ဆက်သတ်မ ကျသော အမြင်ကို ခေါင်းဆောင် အနည်းအပါးကသာ ကိုင်စွဲကြသည့်အနက် သူလည်းတစ်ယောက်အ ပါအဝင် ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၏အရေးကိစ္စ အဖြာဖြာတွင် အင်္ဂလိပ်စာသည် အရေးပါရမည် ဟူ၍ တန်ဖိုးထားတတ်သော ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ အင်္ဂလိပ်ဘာသာသည် မြန်မာနိုင်ငံ ၏ တိုးတက်မှု အတွက် စွမ်းဆောင်နိုင်သည်ဟု ယုံကြည်ခဲ့သည်။

ကြီးမြတ်လိုစိတ်ပြင်းပြ
သူ၏စရိုက်လက္ခဏာတွင် ပေါ်လွင်သော အခြားအချက်တစ်ခုရှိသေးသည်။ သူသည် ကြီးမြတ်လိုခြင်း တည်း ဟူသော ပြင်းပြသောစိတ်ဆန္ဒ ပြည့်လျှမ်းနေသည်။ သူ့စိတ်အလျဉ်တွင် ကျွန်တော့်မှာ စိတ်ဓာတ် တည်ငြိမ် အေးချမ်းမှုရှိပြီး၊ သူ့မှာ ထိုအရည်အချင်းလိုသည်ဟု ထင်နေသည်။ တစ်ချိန်တွင် ရွှေတိဂုံစေ တီရင်ပြင် ၌ လှည့်ပတ်ကြည်ညိုနေစဉ် သူ့ကို ယခင့်ယခင်ကထက်ပို၍ ကျွန်တော် ခင်မင်သွားစေသော စကားတစ်ခု ကို သူပြောသည်။ သူက နည်းနည်းကလေးမျှ ချုပ်တီးခြင်းမထားဘဲ ကျွန်တော်နှင့်သူ အတူ ရှိနေချိန်တွင် သူ့မှာ စိတ်တွင် အေးဆေးတည်ငြိမ်မှုရသည်ဟုပြောသည်။ သူသည် သူ့ရင်တွင်းမှ ခံ စားချက် များကို အကုန်ထုတ်ပြောတတ်သည်။ သူ့စိတ်နှလုံးတွင် အဖြေရှာနေသော ပြဿနာများကို လည်း အမြဲတမ်း ထုတ်ပြောတတ်သည်။ သူ၏စရိုက်လက္ခဏာတွင် ရှိသော အခြားတစ်ဖက်ကား သူ ချ မှတ်တော့မည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တစ်ချက်ကလေးမျှ ပွင့်မထွက်အောင် နှုတ်ပိတ်နေနိုင်ခြင်း ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်မျိုးကား အလွန်အရေးကြီးလှသော အရေးကိစ္စနှင့်ပတ်သက်သော ဆုံး ဖြတ်ချက် မျိုးတည်း။

နောက်များမကြာမီပင် ဗိုလ်ချုပ်သည် ကျောင်းသားနိုင်ငံရေး ရုတ်ရုတ်ရက်ရက်ထဲတွင် နက်နက်နဲနဲ    ပါဝင် လာလေသည်။ သူသည် ကျောင်းသားရေးရာ ကော်မတီများတွင်စတင်၍ တာဝန်ယူလာသည်။ နောက်ပိုင်း တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်လာသည်။ သမဂ္ဂ၏အာဘော်ဖြစ်သော "အိုးဝေ"မဂ္ဂဇင်း၏အယ်ဒီတာ(စာတည်းမှူး) အဖြစ် တာဝန်ယူသည်။ ကျွန် တော်က လက်ထောက်အယ်ဒီတာ (စာတည်း)အဖြစ် တာဝန်ယူသည်။ ထိုမဂ္ဂဇင်းတွင် ညိုမြ (ဦးသိန်း တင်) ရေးသားသော "ငရဲခွေးကြီး လွတ်နေသည်"အမည်ရှိ ဆောင်းပါးပါလာရာမှ ၁၉၃၆ ခုနှစ် တက္က သိုလ် ကျောင်းသားသပိတ်ကြီး စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရှေ့တွင် ဘာဖြစ်လာမည်မသိသော ထိုနေ့က ဗိုလ်ချုပ်သည် ကျွန်တော့်အိမ်သို့ရောက်လာပြီးလျှင် မြန် မာ သွင်းကုန် လုပ်ငန်းဌာန မှ အသံချဲ့စက်တစ်ခု ခေတ္တငှားယူဖို့စီစဉ်သည်။ အသံချဲ့စက်ကို ရပြီးသောအ ခါ ကျွန်တော် တို့သည် သမဂ္ဂအဆောက်အအုံသို့ တန်း၍လာခဲ့သည်။ သမဂ္ဂတွင် အဆောင်နေကျောင်း သား တို့ စုဝေးရောက်ရှိနေကြပြီ။ ကျောင်းသားထု အစည်းအဝေးသည် (၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်) ညနေလေးနာရီတွင် စတင်သည်။ အစည်းအဝေးပြီးဆုံးသည့်အခါ ကျော်ကြားသည့် ကျောင်း သား သပိတ်ကြီးဖြစ်ပေါ်လာသည်။ ယင်းသပိတ်ကြီးသည် နောင်အခါတွင် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှု အပေါ်တွင် ထူးထူးခြားခြားကြီး အရှိန်သြဇာသက်ရောက်မည့် သပိတ်ကြီးပင်တည်း။

"ငရဲခွေးလွတ်"ဆောင်းပါးကိစ္စ


တက္ကသိုလ်ပညာရေးလောကအတွင်းသို့ နိုင်ငံရေးပါဝင်လာအောင် ထိုးသွင်းခြင်းအတွက် ဗိုလ်ချုပ်နှင့် အခြားခေါင်းဆောင်များအား လူအချို့က အပြစ်တင်ကြသည်။ သပိတ်သည် လှိုင်းလုံးကြီးပမာ အလိုအ လျောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စင်စစ်သော် သပိတ်ဖြစ်ပေါ်လာရခြင်းမှာ အာဏာပိုင်တို့ အခြေအ နေကို ကိုင်တွယ်ပုံ မလိမ္မာမှုအကြောင်းတရားကများသည်။ "ငရဲခွေးကြီး လွတ်နေသည်"ဟူသော ဆောင်းပါး ကိစ္စ ကို ပြန်ကြည့်သည့်အခါ ထိုဆောင်းပါး၏အဓိပ္ပာယ်ကို မည်သူမျှ ရေရေရာရာ နားမလည် ကြ။ "ငရဲခွေး"ဆိုသည့် ဇာတ်ကောင်မှာ မည်သူ့ကို ရည်ရွယ်သလဲဟူ၍လည်း တိတိကျကျမသိကြ။ မသိကြသည့် လူများထဲတွင် ဗိုလ်ချုပ်လည်း ပါသည်။

ကျွန်တော့်ကိုယ်ပိုင်အမြင် ကို ပြောရလျှင် ထိုဆောင်းပါးတွင် သုံးနှုန်းထားသော စကားလုံးများမှာ အတန်ငယ် ကြမ်းသည်။ ထို့ပြင် ကြံဖန်၍ ချီးမွန်းရလျှင် ခပ်ရိုင်းရိုင်း ရယ်စရာများပါသည်။ မည်သို့ဖြစ်စေ ဆောင်းပါး က ရည်ရွယ်သော ပုဂ္ဂိုလ်အဖို့ သူ့လုပ်ရပ်ကို ပြင်သွားနိုင်စေမည်ဆိုလျှင် ဤဆောင်းပါးသည် မဂ္ဂဇင်း တွင် ထည့်သွင်းသင့်သည်မှာ အမှန်ဖြစ်သည်။ ဤဆောင်းပါးကို ကျွန်တော်က ဗိုလ်ချုပ်အား တင်ပြသော အခါ သူက မဂ္ဂဇင်းတွင်ထည့်ရန် ခွင့်ပြုလိုက်သည်။ ဤသို့အားဖြင့် ဤဆောင်းပါးသည် "အိုးဝေ" မဂ္ဂဇင်းထဲ၌ လူကြိုက်အများဆုံး ဆောင်းပါးအဖြစ် ပါသွားပြီးလျှင် ၁၉၃၆ ခုနှစ် တက္ကသိုလ် ကျောင်းသား သပိတ်ကြီး ပေါ်ပေါက်စေသော အကြောင်းအချက်ကြီးတစ်ရပ်ဖြစ်ခဲ့လေသည်။

တက္ကသိုလ်ပရဝုဏ်တွင် "အိုးဝေ"မဂ္ဂဇင်းထွက်ပြီး မကြာမီ ဘာများဖြစ်မလဲဟူ၍ ထင်မြင်ချက်အမျိုးမျိုး ပေါ်ထွက် ဆူညံလာသည်။ ဆောင်းပါးက ရည်ညွှန်းသောပုဂ္ဂိုလ်သည်ကား ဟိုလူဖြစ်နိုး သည်လူဖြစ်နိုး ဖြင့် ပြောကြ ဆိုကြသံများလည်း စုံနေသည်။ ဆောင်းပါးကိုယ်တိုင်က မည်သို့မျှ လက်ညှိုးထိုးခြင်းမပြု ဘဲ ဆိုခဲ့သည့် အတိုင်း စကားများအမျိုးမျိုး စုံလင်အောင်ပြောကြဆိုကြခြင်းကြောင့်သာလျှင် ဆောင်းပါး က ရည်ညွှန်းသော သူကို လူသိသွားသည်။ ဤသို့ဖြစ်နေရာ ဤအကြောင်းကို ဆူဆူညံညံပြောဆိုနေ ကြသံ များသည် အာဏာပိုင်တို့က မကြားချင်ယောင်ဆောင်နေလိုက်လျှင် သူ့အလိုလိုငြိမ်သွားမည်မှာ သေချာ ပေသည်။

ယင်းသို့မနေဘဲ ဆောင်းပါးရှင် မည်သူဖြစ်သည်ဆိုသည်ကို ထုတ်ဖော်ပြောလျှင်ပြော၊ မပြောက အရေး ယူမည် ဟု ထိုအာဏာပိုင်တို့က ဗိုလ်ချုပ်အား ခြိမ်းခြောက်၍ ဖော်ခိုင်းသည်။ ဗိုလ်ချုပ်ကိုယ်တိုင်ဖော် ပြောလိမ့်မည် ဟူသော အထင်နှင့်ခိုင်းခြင်းဖြစ်သည်။ ဗိုလ်ချုပ်က ဖော်မပြောနိုင်ဟု ငြင်းလိုက်သောအခါ သပိတ်မှောက် မှုကြီး ဖြစ်ပေါ်လာလေသည်။ ကျောင်းသားတို့၏အရေးကိစ္စများထဲသို့ နိုင်ငံရေးဝင်လာရ ခြင်း မှာ ကျောင်းသားခေါင်းဆောင်တို့ လှည့်ပတ်မှုကြောင့်မဟုတ်ဘဲ မြန်မာနိုင်ငံကိုလိုနီကျွန်ဘဝတွင်း သို့ ရောက်နေရခြင်းကြောင့်သာဖြစ်သည်။

အကြီးအကျယ် စိတ်ပင်ပန်း

မြန်မာနိုင်ငံကို ဂျပန်တို့သိမ်းပိုက်ပြီးနောက် သူ့ကို စစ်ကိုင်းမြို့၌ ကျွန်တော်တွေ့သည်။ ထိုအချိန်က သူ သည် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဦးစီးကွပ်ကဲလျက်ရှိသည်။ ဂျပန်သိမ်းပိုက်မှုကာလရှည်လာပြီး ၁၉၄၄ ခုနှစ်ထဲသို့ ရောက်လာချိန်၌ ဗိုလ်ချုပ် အကြီးအကျယ် စိတ်ပင်ပန်းလျက်ရှိသည်။ တစ်နေ့သော အခါ သူသည် ကျွန်တော့်၏ရှေ့တွင်ပင် သူ့လက်အောက် တပ်မှူးကြီးအချို့အား ရယ်စရာသဘောဖြင့် ဂျပန် တွေ မကောင်းပုံအကြောင်း စိတ်ထဲရှိသမျှ ထုတ်ဖော်ပြီး နိုင်ငံရေးတရား ဟောရမည်ဆိုလျှင် အင်း ယားကန် အတွင်း လူမရှိသည့် ကျွန်းတစ်ကျွန်းပေါ်သို့ သွား၍ ပြောရဖြစ်တော့မည်ဟု ဗိုလ်ချုပ်ကပြော သည်။

ဂျပန်ပေးသော လွတ်လပ်ရေး၏နှစ်ပတ်လည်(၁၉၄၄ ခုနှစ် သြဂုတ်လ ၁ ရက်)နေ့တွင် ကျွန်တော်သည် ဗိုလ်ချုပ်အား ဂျူဗလီခန်းမအတွင်းရှိ စင်မြင့်ပေါ်တွင် တွေ့မြင်ရသည်။ သူနှင့်အတူ ဂျပန်လက်နက်ကိုင် တပ်များ၏အကြီးအကဲများနှင့် မြန်မာနိုင်ငံ၏အဓိပတိဖြစ်သူ ဒေါက်တာဘမော်အပြင် အိန္ဒိယအမျိုးသား တပ်မတော်၏သေနာပတိဖြစ်သူ ဆူဘတ်စ်ချန္ဒရာဘို့စ်တို့စီ၍ ထိုင်နေကြသည်။ ယင်းအခမ်းအနားတွင် မိန့်ခွန်းပြောသူများသည် လွတ်လပ်ရေးနှစ်ပတ်လည်ကို ဂုဏ်ပြုပြောဆိုရင်း အိန္ဒိယပြည်နှင့်ရင်ဆိုင်ဖြစ် သော အနောက်မြောက်စစ်မျက်နှာမှ ဂျပန်စစ်တပ်များ ဆုတ်ခွာခဲ့ခြင်းသည် စစ်ပရိယာယ်လုပ်ခြင်းဖြစ် ကြောင်း၊ (အင်္ဂလိပ်နှင့်)မဟာမိတ်တို့ အရှက်တကွဲဖြင့် နောက်သို့ဆက်ပြေးရအောင် စစ်ကစားခြင်းသာ ဖြစ်ကြောင်းဖြင့် ပြောဆိုကြသည်။ ဆူဘတ်စ်ကလည်း သူ၏စစ်တပ်များက မကြာမီ အိန္ဒိယပြည်ကြီး လွတ်မြောက်အောင် ကယ်တင်တော့မည်ဟူ၍ ပြောဆိုသည်။

ပြောရိုးပြောစဉ်ကို စွန့်၍

ဗိုလ်ချုပ်မိန့်ခွန်းပြောရမည့် အလှည့်ကိုရောက်သောအခါ သူသည် ပြောရိုးပြောစဉ်တို့ကို ဖြတ်ချလိုက် သည်။ မြန်မာနိုင်ငံ ရရှိသော လွတ်လပ်ရေးသည် အတုအယောင်ကြီးဖြစ်ကြောင်း အားမာန်ဖြင့်ပြော သည်။ မြန်မာနိုင်ငံသည် မည်သည့်ဘက်က  စစ်နိုင်သည်ဖြစ်စေ လွတ်လပ်ရေးကိုရရှိမည်သာဖြစ် ကြောင်း ပြောသည်။ မကြာမီပင် ပြည်သူလူထုများသည် တကယ့်ရန်သူ အစစ်ကို သိလာလိမ့်မည်ဟု သူက ဆိုသည်။ ဗိုလ်ချုပ်က ထိုသို့ကြောက်ရွံ့ခြင်း အလျဉ်းမရှိသော ရဲရင့်သတ္တိဖြင့် ဘွင်းဘွင်းကြီး ပြော ချလိုက်သော အခါ ပရိသတ်ကြီးက သောင်းသောင်းညံ သြဘာလက်ခုတ်တီးကြလေသည်။ လက်ခုပ် သြဘာသံ စဲသွားလျှင် သဲသဲကွဲကွဲ ကြားနိုင်သော တီးတိုးမှတ်ချက်ပြောကြသံများသည်။ တစ်လောပြီး တစ်လော ပေါ်ထွက်လာသည်။ ဗမာနိုင်ငံလိုအပ်နေတာ ဒီလိုလူမျိုးဟူ၍လည်းကောင်း၊ ကိုယ့်တိုင်းပြည် သားတို့ စိတ်ထဲတွင် ဖြစ်ပေါ်နေသော ဒေါသကို ထုတ်ဖော်ပြောရဲသည့် သည်လိုလူမျိုး ရှိမှဖြစ်မည်ဟူ၍ လည်းကောင်း ပြောဆိုနေကြသံများသည် အဆက်မပြတ်။

ကျွန်တော်တို့၏ ရှေ့ဘဝ၏ထူးခြားသော ဇာတ်လမ်းတစ်ခုကို မြင်နေရသည်။ လျှပ်စစ်မီးမောင်းကြီးများ သည် အလင်းအား အစွမ်းကုန်လင်းလျက် (ဇာတ်ခုံ)စင်မြင့်ပေါ်သို့ ထိုး၍ကျနေသည်။ စင်မြင့်ပေါ်တွင် သရုပ်ဆောင် ပုဂ္ဂိုလ်များရှိနေပြီး သူတို့အသီးသီး ပြောချင်သည်များကို ပြောနေကြသည်။ ဗိုလ်ချုပ်က မိန့်ခွန်း ကို စတင်၍ ပြောလိုက်သည်တွင် ခန်းမကြီးထဲ၌ ဗိုလ်ချုပ်၏စိတ်အားထက်သန်မှုဓာတ်ကြီး ကူး သွားသည်။ နားထောင်နေသော ပရိသတ်အား ထိုဓာတ်သည် ပျံ့နှံ့လွှမ်းမိုးသွားသည်။ မီးမောင်းများ၏ အလင်းရောင်သည် ခပ်စောစောက ထုတ်ဖော်ခဲ့ကြသော မုသားစကား အကြွားအဝါတို့ကို ထိုးဖောက် ပစ်လိုက်ပြီးလျှင် ဗိုလ်ချုပ်၏မျက်နှာပေါ်တွင် ထင်နေသော အမှန်တရားကို ထွန်းလင်းစေလျက်ရှိသည့် နှယ်ပင်။ ဗိုလ်ချုပ်၏နှုတ်ခမ်းမှ သစ္စာစကားတို့သည် အန္တရာယ်ပြည့်လျှမ်းသော ရေတံခွန်များသွန်၍ ကျ လာနေသည့်နှယ် အဆက်မပြတ် ထွက်ပေါ်လာနေသည်။

ဂျပန်စစ်ဘက် နယ်ဘက်ပုဂ္ဂိုလ်ကြီးတို့မှာ ဒုက္ခကြီးရောက်နေသည်။ အလင်းရောင်များ၏ အပူဒဏ် ကြောင့် ရဲရဲနီနေသော သူတို့၏မျက်နှာများပေါ်၌ ချွေးသီးချွေးပေါက်များ အပြည့်ဖြစ်နေသည်။ ချုပ်တီး နေရသော ဒေါသ၊ အနာပေါ် တုတ်ကျသလို အခံရခက်ခြင်းတို့သာမက မကြာမတင် သူတို့တွေ့ရတော့ မည့် အရေးနိမ့်ခြင်း ၏ ခပ်ရေးရေး အရိပ်အရောင်တို့သည်ပင် ထိုမျက်နှာများတွင် ပေါ်လွင်နေသည်။
ဗိုလ်ချုပ်သည် အောင်ပွဲရသွားပြီ။ ပြည်သူလူထုကြီး၏အသည်းနှလုံးတွင် သူ၏ပုံရိပ်စွဲထင်အောင် လုပ် ဆောင်နိုင်ပြီ။ ဤသည်ကား တစ်စိတ်တစ်ပိုင်းအားဖြင့် ဂျပန်သိမ်းပိုက်ရေးတပ်များ၏အမှားအယွင်းများ အတွက် ဗိုလ်ချုပ်က သူ့တွင် အပြစ်ကင်းစင်ကြောင်း ကြေညာချက်ပေတည်း။

သခင်တင်မောင်၏အသုဘ၌ မိန့်ကြားသောစကားများ


အလားတူ မိန့်ခွန်းမျိုး ဗိုလ်ချုပ် နောက်တစ်ခါ မိန့်ကြားရန်အခွင့်ကြုံပြန်သည်။ ဤအကြိမ်ကား သာမန် အားဖြင့်ဆိုလျှင် နိုင်ငံရေးမိန့်ခွန်းပြောဖို့ မသင့်လျော်လှသော အချိန်အခါနှင့် နေရာတွင်ဖြစ်သည်။ အ ချိန်အခါမှာ ရန်ကုန်တက္ကသိုလ် လှေလှော်အသင်း၏ကက်ပတိန်ဖြစ်သူ သခင်တင်မောင်၏ဈာပနာ အ ခမ်းအနားဖြစ်သည်။ နေရာမှ ကြံတောသုဿန်ဝင်းတွင်းမှ ဇရပ်တစ်ဆောင်ဖြစ်သည်။ ဗိုလ်ချုပ်မိန့်ခွန်း မပြောမီ အရှေ့က သခင်ဘရင်ကြီးနှင့် သခင်ကျော်စိန်တို့က မိန့်ခွန်းပြောသည်။ ထို့နောက် ဗိုလ်ချုပ်က မိန့်ခွန်း ပြောကြားရာတွင် သခင်တင်မောင် ကွယ်လွန်ရခြင်းမှာ နိုင်ငံအပေါ်၌မိုး၍တည်နေသော ဖက် ဆစ်ဝါဒ တည်းဟူသော ပတ်ဝန်းကျင်ဆိုးကြီးကြောင့်ဖြစ်ကြောင်း။

ယင်းကြောင့် ဆေးဝါးများရှားပါး၊ ဆေးကုသမှုဌာနများ မပြည့်စုံမှုဖြစ်ရကြောင်း စသည်ဖြင့် ပြောပြီးလျှင် ဂျပန်၏ သိမ်းပိုက်စိုးမိုးမှုကို သွယ် ဝိုက်၍လည်းကောင်း။ တစ်ချက်တစ်ချက်တွင် အတိအလင်း သော်လည်းကောင်း ပြစ်တင်ပြောကြား သွားသည်။ တစ်ခဏသော် အသုဘရူပရိသတ်သည် သူတို့ ရောက်နေသည့်နေရာမှာ အသုဘနေရာဖြစ် သည်ကိုပင် မေ့နေကြသည်။ ဗိုလ်ချုပ်အား ဂျပန်များက လက်စားချေ ကြလေမည်လားဟု သူတို့က စိုးရိမ်သွားကြသည်။ သို့သော် ဘာမျှမဖြစ်ခဲ့ချေ။

ထို့နောက်တွင်ကား ယခုတော်လှန်ရေးနေ့ဟူ၍ အမည်ထင်ရှားသည့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ရောက်လာသည်။ ထိုနေ့မတိုင်မီ လေးငါးဆယ်ရက်က ကျွန်တော်သည် ဗိုလ်ချုပ်နှင့်အတူရှိနေသည်။ ဦးကျော်သိန်း လည်း ကျွန်တော်နှင့်အတူရှိနေသည်။ ဗိုလ်ချုပ်သည် ပြည်မြို့ဘက်သို့ ခရီးထွက်မသွားမီ နှစ်ညလည်း အတူနေလိုက်ရသည်။ သူထွက်ခွာသွားသည့် ညနေပိုင်းတွင် ဗိုလ်မှူးကြီးလှအောင် (မြေ တိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်)၊ ဗိုလ်မင်းခေါင် (ပြည်ထောင်စုပါတီအစိုးရအဖွဲ့တွင် ဝန်ကြီးအဖြစ် ပါဝင်ခဲ့သူ)နှင့် ဦးထွန်းအုံ (ရန်ကုန်မြို့တော် မြူနီစီပယ်မင်းကြီး)တို့လည်း ဗိုလ်ချုပ်၏အိမ်တွင်ရှိနေခဲ့ကြ သည်။

အချိန်သတ်မှတ်ပုံ မှန်လိုက်လေ

ဗိုလ်ချုပ်က သူသည် မတ်လအလယ်လောက်တွင် ပြန်ရောက်လာမည်ဟု ကျွန်တော့်အားပြောသွား သည်။ သူ့အချိန်သတ်မှတ်ချက်သည် မှန်လေချေသည်တကား။ အကြောင်းကား ထိုအချိန်တွင် ဗြိတိသျှ တို့သည် ပြန်ရောက်နေကြပြီ။ ဗိုလ်ချုပ်သည်လည်း နိုင်ငံအတွက် အနာဂတ်အသစ်ကို သူ့လက်တွင် ကိုင်ဆောင်ကာ ပြန်ရောက်လာခဲ့ပြီ။

ဗိုလ်ချုပ်သည် စာအုပ်ကြီးသမား ဆိုရှယ်လစ်မဟုတ်။ သူသည် သူ့နိုင်ငံ၏အကျိုးကို ဆောင်သော သူ့ ခေတ်အလိုအရပေါ်ပေါက်သော ဆိုရှယ်လစ်တစ်ဦးဖြစ်သည်။ သူသည် လိုအပ်သည့်အချိန်အခါတွင် တခြားတစ်ဖက်ကို လှည့်ဖြားအနိုင်ယူရန် ပရိယာယ်ကို သုံးတတ်သည်သာဖြစ်ငြားလည်း အမြဲသဖြင့် ကား ပို၍မြင့်မားသော ရည်ရွယ်ချက်ကြီးအတွက်သာ သူရှေ့ရှုလုပ်ကိုင်သည်။
ကျွန်တော့် အဖို့ မှာ ဗိုလ်ချုပ်သည် အမြင့်မားဆုံးဂုဏ်ရည်ကို ရအောင် တက်လှမ်းသွားနိုင်သည့်အချိန်မှာ သူလုပ်ကြံသတ်ဖြတ်ခ့ရလုဆဲဆဲအချိန်တွင် ပြည်သူလူထုအား စက်ဆုတ်ဖွယ်ရာ အကျင့်များကို ကွင်း ရှောင်ကြဖို့ သတိပေးသည့်အချိန်ကဖြစ်သည်။ နိုင်ငံရေးနှင့် စီးပွားရေးတွင် အချောင်သမားဝါဒသို့ လိုက် ပါချင်လွန်းသူများအား ရည်ညွှန်းပြီး ထိုစကားများကို သူပြောလိုက်ခြင်း ဖြစ်ကောင်းဖြစ်ပေမည်။

ကျွန်တော်သည် ဤဆောင်းပါးကို နိဂုံးချုပ်သည့်အနေဖြင့် သူတက္ကသိုလ်ကျောင်းသားဘဝ (၁၉၃၃-၃၅ ခုနှစ်များအတွင်း) ကရေးခဲ့သော စာအချို့ထဲမှ ကောက်နုတ်ချက်များကို အောက်တွင် ဖော်ပြလိုက်ပါ သည်။
"ကျွန်တော်သည် ယင်းသို့သောအရာများကို ကျွန်တော်၏ဘဝခရီး၏ အစိတ်အပိုင်းအဖြစ် လက်ခံပါ သည်။ သစ္စာတရားနှင့် သီလစင်ကြယ်ခြင်းတို့ကို ရှာဖွေသော ဘဝခရီးကို ဆိုလိုပါသည်။ တွေးတောကြံ စည်မှုတွင် ရိုးသားခြင်း၊ အပြောနှင့်အလုပ်တွင် ရိုးသားခြင်းတို့ကို ကျွန်တော် ရှာကြံပါသည်"

"လူအများကြီးအဖို့နှင့် အထူးသဖြင့် အသက်ကြီးလာသူများအဖို့ အခွင့်အာဏာတည်းဟူသော အိပ်မက် ဆိုးနတ်ကို မစုံမက်ဘဲ မနေနိုင်ကြ။ သူတိုသည် အောက်ခြေအထိနှိုက်၍ မစဉ်းစားကြ။ ကျွန်တော်တို့ သည် ဗုဒ္ဓဘာသာသဘောအားဖြင့် သဗ္ဗညုတဉာဏ်ကို မရသေးသည့်အတွက် ယုံကြည်ကိုးကွယ်မှုဆိုင် ရာ တရားအချို့ကို လက်ခံရမည်လား မှန်၏။ သို့သော် ကျွန်တော်တို့သည် စိတ်မာန်မပါဘဲ လွတ်လပ် ကင်းရှင်းသောနည်းအားဖြင့် ကျွန်တော်တို့အနည်းငယ်မျှ စဉ်းစားခြင်းပြုကြရပေမည်။ ဤနည်းအားဖြင့် သာလျှင် ကျွန်တော်တို့သည် အမှန်(သစ္စာ)တရားကို ရရှိကြပေလိမ့်မည်။ သို့သော် ကျွန်တော်တို့ လူ ငယ်များအတွင်း၌ စိတ်ဓာတ်ပိုင်း၌ ကွက်လပ်ကြီးဟာနေသည်ကို ထင်းထင်းကြီး မြင်နိုင်နေသည်တ ကား။ ကျွန်တော်တို့သည် ရဲဆေးတင်ကာ မပြင်ကြပါလျှင် မကြာမတင်တွင် ကျွန်တော်တို့သည် စိတ် ဓာတ်ပိုင်းတွင် သြချရလောက်အောင် ချွတ်ချုံကျကုန်ကြမည်ကို စိုးကြောက်မိပါတော့သည်"

"ယခုအချိန်အခါ၌ ကျွန်တော်တို့တွင် တွေးခေါ်မြော်မြင်တရား အနည်းအပါးဖြစ်စေ လိုနေသည်။ ဘာ သာရေးဒဿနိကတရားဖြစ်စေ၊ အခြားဒဿနိကတရားဖြစ်စေ လိုနေသည်။ ကျွန်တော် နားလည်ခံယူ နိုင်စွမ်းမရှိသော ခေတ်သစ်ယဉ်ကျေးမှုကြီးက ကျွန်တော်တို့အပေါ် သက်ညောင်းလာနေစေသော ပျက် စီးခြင်း ကိုဆောင်သည့် သြဇာသက်ရောက်မှုကို ခုခံတွန်းလှန်နိုင်ရန်အတွက် ဒဿနိကတရားကို လိုပါ သည်။ ကျွန်တော်တို့သည် မဟတ္တမဂန္ဒီကြီး သမုတ်ခဲ့သလို "လိပ်ပြာကလေးတွေ"ဖြစ်နေခဲ့သည်မှာ ကာလ တာရှည်ခဲ့ပါပြီ"

သခင်လှထွန်း
Guardian Magazine (August, 1971) ပါ My Recollection of Bogyoke Aung San by Tin Aung ကို ဘာသာပြန်ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၂၂)

"အလျှို့ဝှက်ဆုံးနေရာ ကို ဆင်းဖို့ တို့အခုပြင်ဆင်ကြရတော့မယ်၊ စင်ကျယ်အောင် သန့်စင်ဖို့ သဘော တူ သလား အမေကြီး အိုဝါ က ထုံးစံအတိုင်းမေးလိုက်သည်။"
"သဘောတူပါတယ် အဖေကြီး"
"စင်ကျယ်အောင်သန့်စင်ဖို့ သဘောတူပါသလား နမ်ချိုင်း"
"သဘောတူပါတယ်"
စင်တိန်ကလည်း ဟာနီနည်းတူ လက်ပိုက်ပြီး ခေါင်းညိတ်ကာ အဖြေပေးလိုက်သည်။

ထိုအခါ အိုဝါသည် ခါးတွင် ချိတ်ထားသော သမင်ချိုကို ဖြုတ်ယူလိုက်သည်။ ဟောင်းလောင်းပေါက် သမင်ချို ၏ ထိပ်ဖျားတွင် အပေါက်ဖောက်ထားသည်။ အိုဝါသည် နေ့ခင်းက တူးဖော် ဆူးချွတ်ကာ လှီးဖြတ် ထားသော ဆေးရွက်များနှင့် သစ်ဥသစ်ဖုများကို သမင်ချိုအပေါက်ထဲသို့ ထည့်သွင်းဖြည့် သိပ် လိုက်သည်။ ထို့နောက် သမင်ချိုတံပိုးခရာထဲ၌ ထည့်ထားသော ဆေးရွက်၊ သစ်ဥသစ်ဖု များအပေါ်တွင် မီးခဲတစ်ခဲ ကို ကောက်ယူပြီး တင်လိုက်သည်။

မီးခဲမှ မီးက သစ်ဥသစ်ဖုများကို စွဲလောင်သွားသောအခါ အပြာရောင် မီးခိုးများနှင့်အတူ ဆေးနံ့ပါ တထောင်းထောင်း ထလာသည်။
သမင်ချိုခရာ ထဲမှ ဆေးများကောင်းစွာ မီးစွဲလောင်သွားသောအခါ အိုဝါသည် ထိုင်ရာမှ ထလိုက် ပြီး ဆောင့်ကြောင့် ထိုင်နေသော အမျိုးသမီးနှစ်ယောက်၏ ကျောဘက်တွင် သွားရပ်လိုက်သည်။ ထို့နောက် သမင်ချို ၏ အပေါက်ပေါက်ထားသော အဖျားဘက်တွင် ပါးစပ်တေ့ပြီး အားပါးတရရှိုက် လိုက်ပြီးနောက် အခိုးအငွေ့ များကို ဟာနီနှင့် စင်တိန်တို့၏ ခေါင်းပေါ်မှနေ၍ မှုတ်ထုတ်လိုက် သည်။   
တူးခါးသောအနံ့ကြီး ထွက်လာပြီး စင်တိန့်လည်ချောင်းထဲတွင် ယားကျိကျိဆို့ဆို့ ဖြစ်လာသည်။ စင်တိန် က တဟွပ်ဟွပ်ရေရွတ် လိုက်ပြီး ထိုင်ရာမှ ထရန်ဟန်ပြင်လိုက်သည်။ သို့ရာတွင် ဟာနီ ကလက်ကိုဆွဲပြီး ပြန် ထိုင်ခိုင်းထား လိုက်သည်။ အိုဝါက ဆေးအငွေ့များကို ရှူလိုက်မှုတ်လိုက်နှင့် ဆက်လုပ်နေသည်။ တစ်ခဏ ကြာသောအခါ စင်တိန်အဖို့ ဆေးအခိုးငွေ့နှင့် အနံ့များကို ယဉ်လာ ကာနေသာလာသည်။

ဆေးအငွေကအရှိန်ကြောင့် စင်တိန်သည် စိတ်ရောကိုယ်ပါ ပေါ့ပါးလားသည်။ ဟာနီဘက်သို့ ကိုယ်ကို မှီထား လိုက်ရာ စင်တိန်အား ဟာနီက ပခုံးမှနေ၍ ဖက်ထားလိုက်သည်။ တဖြည်း ဖြည်း နှင့် စင်တိန်သည် ဆေးငွေ့ တွင်ယစ်မူး သာယာလာပြီး သူ့ကိုယ်မှာ ငှက်တစ်ကောင် လေထဲ၌ ပျံသန်းနေရသလို ခံစား လာရသည်။
"အို...ဟာနီ၊ ကျွန်မနေရတာ သိပ်ကောင်းတာပဲ"
စင်တိန်အဖို့ ဘေးပတ်ဝန်းကျင်မြင်ကွင်း တစ်ခုလုံးမှာ ပိုမိုကြည်လင်ပြတ်သား လာသည်။ ဘေး ပတ်ဝန်းကျင် ရှိ ကျောက်တောင်နံရံများမှာ အက်ကွဲကြောင်းများကိုပင် ပြတ်ပြတ်သား သား မြင်လာ သည်။ သစ်ပင်သစ်ရွာ သစ်သီးများကိုလည်း ကြည်လင်ထင်ရှားစွာ မြင်လာရသည်။

အိုဝါက မိမိရှေ့တွင် ဒူးထောက်ကာ ထိုင်ပြီး ပြုံးပြနေသည်ကို စင်တိန်မြင်လိုက်ရသည်။ ထို့အပြင် အိုဝါက လက်နှစ်ဖက် ဖြင့် တစ်စုံတစ်ခု ကို ကိုင်ထား မိမိအားလှမ်းပေးနေသည် ကိုလည်းတွေ့ရ သည်။
"ဒါ ကလေးအတွက်ပါ၊ ကလေးမွေးပြီးယင် အောက်ကခင်းဖို့ အောက်ခံအခင်းပေါ့၊ တကယ်တော့ ဒီအခင်း ကို ကလေးအဖေ လုပ်ရမှာ၊ ကလေးအဖေ ဒီမှမရှိတော့ ငါကပဲ ကလေးအဘိုးအဖြစ် လုပ်ထား တာလေ၊ ယူပါ နမ်ချိုင်း၊ ဒါကိုယူပါ၊ ပြီးတော့ သူရသတ္တိနဲ့ ပြည့်စုံတဲ့ကလေး ကို ဒီအခင်း ပေါ်မှာမွေးပါ"
အိုဝါ က ပြောလာသည်။ အိုဝါ့အသံသည် ဟိုအဝေးမှနေ၍ပဲ့ တင်ထပ်ပြီးလာသော အသံသဖွယ် စင်တိန့် နားထဲ ၌ ထူးခြားစွာ ကြားနေရသည်။ အိုဝါက ရှေ့သို့တိုးလာပြီး သူ၏လက်ဆောင်ကို စင်တိန်၏ ပေါင်နှစ်လုံး ပေါ်တွင် တင်ပေးလိုက်သည်။

အိုဝါပေးသော ပစ္စည်းကို စင်တိန်ကြည့်လိုက်သောအခါ အိုဝါအချိန်အတော် အကြာကပင် တစ်ယောက် တည်း ကျိတ်ပြီး လုပ်နေသော နွားသားရေအခင်း ဖြစ်နေသည်ကို တွေ့ရသည်။ ခေါက်ထားသော ထိုအခင်း ကို စင်တိန်ဖြန့်လိုက်သည်။ ထိုနွားရေအခင်းကို အလွန်ချောမွေ့ နူးညံ့အောင် လုပ်ုထားပြီး ဘေး လေးဘက်တွင် လှပရပ်စွာ အနားသပ်ကွပ်ထားသည်။ စင်တိန်က လက်ဖြင့် သပ်ကြည့်လိုက်ရာ ပိုးဖဲကတ္တီပါ တမျှ နူးညံ့ပျော့ပျောင်းလှသည်ကို တွေ့ထိခံစားရသည်။

"ကျေးဇူးတင်ပါတယ် အဖေကြီး"
စင်တိန်က ပြန်ပြောလိုက်သည်။ သူ့အသံကို သူပြန်ကြားရသည်မှာလည်း ပင့်တင်ထပ်လာသံနှင့် တူ နေသည်။
"ဒါကလေးအတွက်"
အိုဝါ က ထပ်မံပြောလိုက်ပြီး သမင်ချိုခရာမှ မီးခိုးများကို ပါးစပ်နှင့် စုပ်ကာ ဖွာရှူလိုက်ပြန်သည်။
"ကလေးအတွက် ဟုတ်တယ်"
စင်တိန်က ခေါင်းညိတ်ပြလိုက်သည်။ သူမဦးခေါင်းသည် ခန္ဓာကိုယ်မှကင်းကွာကာ လေထဲတွင် မျောပါ နေသလို ခံစားရသည်။ အိုဝါက အပြာရောင်မီးခိုးများကို စင်တိန့်မျက်နှာဆီသို့ မှုတ်ထုတ် လိုက်သည်။ စင်တိန် က ခေါင်းကိုရှေ့တိုးလာကာ အိုဝါမျက်စိကို စူးစိုက်ကြည့်သည်။ ထို့နောက် အိုဝါက တေးဆိုရာ စင်တိန် နှင့် ဟာနီးတို့က ကိုယ်များကို စည်းချက်ညီညီ အလိုက်သင့် လှုပ်ယမ်း နေကြသည်။ သီးချင်း ဆိုပြီးသော အခါ အိုဝါကပြောလိုက်သည်။

"ကဲ အချိန်ကျပြီနမ်ချိုင်း"
စင်တိန်က သားရေစကို ပခုံးပေါ်တင်လိုက်ပြီး ထိုင်ရာမှထလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ခြေ ထောက်နှင့် မြေကြီး မထိဘဲ လေထဲတွင် မြောက်နေသလို ခံစားရသည်။
တောင်စောင်း နံရံရှိ လိုဏ်ဂူပေါက်အ၀သို့ သူတို့ရောက်လာ ကြသည်။ အထဲတွင်မှောင်ပြီး အောက် ဘက်သို့ မတ်စောက်စွာ ဆင်းသွားသော်လည်း စင်တိန် မကြောက်မရွံ့ဆင်းသွားသည်။ သူ့ခြေထောက် အောက် မှ ကြမ်းတမ်းသော လမ်းပေါ်ရှိခဲလုံး များကိုပင် စိတ်ထဲက ကြမ်းသည် ဟုမထင်ပေ။ လမ်းအတိုင်း အတန်ငယ် မတ်စောက်စွာ ဆင်းပြီးနောက် မြေသားပြင်ညီ နေရာသို့ ရောက်သွားပြီး သဘာဝ လိုဏ်ခေါင်းကြီး ကို တွေ့ရသည်။

အလင်းရောင်က သူတို့နောက်ကျော ဘက်မှ လာလမ်းအတိုင်း ၀င်လာနေသည်။ လိုဏ်ခေါင်း အပေါ်ဘက် အမိုးခုံးကြီးတွင်လည်း သေးငယ်သောအပေါက် တချို့ရှိရာ ထိုအပေါက်များမှ လည်း အလင်းရောင် ၀င်နေသည်။ လေမှာ ပူနွေးပြီး စိုထိုင်းနေသည်။ ဂူအောက်ခြေ အပြည့် နီးပါးမျှ ရေကန် တစ်ကန် ရှိနေပြီး ရေမျက်နှာပြင်မှ အခိုးအငွေ့များ တထောင်းထောင်းထနေသည်။ ရေပြင်တွင်လည်း ရေပွက် ကလေးများ တပွက်ပွက်ထနေသည်။ ရေခိုးရေငွေ့များမှာရသော အနံ့မှာ ကန့်အနံ့ပါနေသည်။ ထို ကန့်အနံ့က စူးစူးဝါးဝါးပင် နှာခေါင်းထဲသို့ ၀င်လာသည်။ ရေအရောင် ကစိမ်းနေသည်။ ရေပူစမ်း ဖြစ်ကြောင်း စင်တိန်သိလိုက်ရ သည်။

အိုဝါက သူ၏ကိုယ်ဝတ်ခြင်္သေ့ သားရေကို ချွတ်လိုက်ပြီး ကျောက်ခဲထူသော မြေပုံပေါ်တွင် ပုံချထားကာ ရေပူကန်ထဲသို့ ဆင်းသွားသည်။ အိုဝါသည် ရေဒူးဆစ်ခန့်အမြုပ်တွင် ခေတ္တရပ် လိုက်ပြီးနောက် ဆက်ဆင်း သွားရာ ဦးခေါင်းသာ ပေါ်တော့သည်အထိ ဆက်ဆင်းသွားသည်။ ဟာနီကလည်း အ၀တ်အစား ချွတ်ပြီး အိုဝါနောက်မှ လိုက်ဆင်းသွားသည်။ စင်တိန်လည်း ပခုံးပေါ်မှ သားမွေးအဆင်းကို အောက်ချ ထားလိုက်ပြီး စကတ်ကိုချွတ်ကာ ရေထဲဆင်းသွားသည်။

ရေမှာ ပူနွေးနေသည်။ သို့သော် မခံသာအောင် ပူလောင်ခြင်းမဟုတ်။ စင်တိန်အဖို့ နေသာထိုင် သာရုံ ဖြစ်နေ၍ နေကောင်းရုံလေး ပူနေခြင်း ဖြစ်သည်။ စင်တိန်သည် ဒူးခေါင်းလောက် အနက်အထိ တဖြည်းဖြည်းချင်း ဆင်းသွားသည်။ ထို့နောက်ဆက်ပြီး ဆင်းသွားရာ မေးစိအဖျားအထိ ရောက်မှ ရပ် လိုက်သည်။ ပူနွေးသော ရေငွေ့များက သူမ၏ကိုယ်ခန္ဓာထဲသို့ ၀င်လာသည်။ ဆေးအငွေ့ ကြောင့် ယစ်မူး ပေါ့ပါးမှု ကို နွေးထွေးသော ရေငွေ့များက ထပ်ဖြည့်လိုက်သောအခါ စင်တိန်အဖို့ ထူးခြားသော ရသ တစ်မျိုး ကို ခံစားမိန်းမောလာရသည်။
အိုဝါ၏ သီးချင်းဆိုသံကို စင်တိန်ကြားရသည်။ သို့သော် မိမိပတ်လည်ရှိ ရေများက အငွေ့များ တ ထောင်းထောင်း ထ နေသဖြင့် ရေခိုးရေငွေ့များ ပိတ်ဆို့ကာဆီးနေခြင်း ကြောင့် အိုဝါ နှင့် ဟာနီအား မမြင်ရပေ။

အပြစ်များ အမှားအယွင်းများရှိပါက ပြေပျောက်အောင် ဆေးကျောတော်မူပါတယ် အရှင်များဘုရား၊ တပည့်တော် တို့၏ အပြစ်များမှ ခွင့်လွတ်တော်မူပါ အရှင်ဘုရား
အိုဝါ့သီချင်းသံကို စင်တိန် ကြားနေရသည်။ ထိုကနောက် စင်တိန်ဘေးရှိ ရေလိုးရေငွေ့များထဲမှ လူပုံ သဏ္ဌာန် တစ်ခု ၀ိုးတ၀ါးပေါ်လာသည်။
"ရှင်ဘယ်သူလဲ....."
စင်တိန်က ခပ်တိုးတိုးမေးလိုက်သည်။ လူပုံသဏ္ဌာန်သည် ၀ိုးတ၀ါးမှ တဖြည်းဖြညချင်း ထင်ရှားလာ သည်။ ထိုမျက်နှာ ကို စင်တိန်မှတ်မိသွားသည်။ ပင်လယ်ထဲ၌ မျောနေစဉ်က ရေထဲ ရိုက်ချလိုက်ပြီး ငါးမန်းစာ ကျွေးခဲ့သော သင်္ဘောသားကြီး ဖြစ်နေသည်။

"ကျွန်မကိုခွင့်လွှတ်ပါရှင်၊ ကျွန်မဗိုက်ထဲတွင် ကလေးအသက် ရှင်ဖို့အတွက် ရှင့်ကိုရက်စက် ခဲ့တာပါ"
စင်တိန် က တိုးလျှိုးတောင်းပန်လိုက်သည်။ သင်္ဘောသားကြီးက သဘောပေါက် လက်ခံသွားသည့် ပုံ ပေါ်လာပြီး သူ့မျက်နှာက တဖြည်းဖြည်းမှိန်ပြီး ပျောက်ကွယ်သွားသည်။
အိုဝါနှင့် ဟာနီတို့၏အသံများကို စင်တိန်ကြားနေရသည်။ အိုဝါသည် သူ့သားများဖြင့် ပြန်တွေ့ပြီး အမဲလိုက် နေသည်။ ဟာနီသည် သူ့မြေးများနှင့် ပြန်တွေ့ပြီး ချော့မြူထွေးပိုက်လွမ်းမော နေသည်။ စင်တိန် ၏ အမြင်အာရုံတွင် မိုက်ကယ်ပုံ ပေါ်လာပြန်သည်။

"အို...မိုက်ကယ် ကျွန်မ မောင့် ကို တစ်သက်လုံး ချစ်နေမှာပါ၊ ရှင့်သားကိုလဲ ရှင့်နာမည်ပဲ ပေးမှာ ပါ့၊ ကျွန်မ ကတိပေးပါတယ်၊ ရှင့်သားကို ရှင့်နာမည်ပဲပေးပါမယ်"
စင်တိန် သည် ရေထဲတွင် ဘယ်လောက်ကြာကြာ စိမ်နေမိသည် ကိုပင် မသိတော့။ ဆေးငွေ့နှင့် ရီဝေ ရစ်မူး မှုများ တဖြည်းဖြည်းနှင့် ပြယ်လာသည်။ ဟာနီကစင်တိန်လက်ကိုဆွဲပြီး ရေထဲမှတက် လာသည်။ စင်တိန် တစ်ကိုယ်လုံးမှ အားအင်များကုန် ခန်းသွားသလိုခံစား ရသည်။ ဟာနီက စင်တိန်အား ကျောက်ဆောင် အကွယ်တစ်ခုသို့ ခေါ်သွားပြီး သားရေအခင်း ဖြင့်ခြုံပေး လိုက်သည်။
"အရှင်သခင် တွေက တို့ကိုခွင့်လွှတ်လိုက်ပြီ တို့ဒီခရီးကို လာတဲ့အတွက် သူတိုက၀မ်းသာနေ တယ်၊ ငါ့မြေး တွေနဲ့လဲ ငါပြန်တွေ့ခွင့်ရခဲ့တယ်၊ တို့မှာ ဘာအပြစ်မှ မရှိတော့ဘူး၊ တို့ကို ဒီနေရာ ကကြိုနေပြီ၊ မင်းစိတ်အေး လက်အေးသာ အိပ်ပေတော့ နမ်ချိုင်း"

စင်တိန်အိပ်ရာမှ နိုးလာသောအခါ စိတ်ထဲ၌ နောက်ကျိရှုပ်ထွေးနေသည်။ မိမိဘယ်ရောက် နေမှန်း မသိ သလို၊ ဘာဖြစ်နေမှန်းလည်း မသိတတ်နိုင်အောင် ဖြစ်နေသည်။ အစပိုင်းတွင် ပြင်သစ်မှ မော့ ဟုမ်းစံအိမ်တော် သို့ ပြန်ရောက်နေပြီ အန်က မိမိအိပ်ရာခုတင်ဘေးတွင် ရပ်ပြီး စောင့်ကြည့်နေ သည် ဟုပင် ထင်မိလိုက်သည်။
ထို့နောက်မှ မိမိလဲလျောင်းနေသော ခန္ဓာကိုယ်အောက်ရှိ ကြမ်းတမ်းခက်ထရော်သော မြေသားနှင့် မြက်ခင်းမွေ့ရာတို့ကို တွေ့ထိခံစားရပြီး နာခေါင်းကလည်း ခြုံထားသော သားရေအနံ့ကိုရလာ သည်။ ထို့နောက် ရင်ထဲက ပျို့ချင်သလို အန်ချင်သလို သရိုးသရီ ဖြစ်လာပြီး ဗိုက်ထဲက နာလာ သည်။ ဗိုလ်ထဲ က နာရာတွင်လည်း ခါတိုင်းနာပုံမျိုး မဟုတ်၊ ဗိုက်အောက်ပိုင်းမှ တင်းကျပ်ကာ ဆောင့်ဆောင့် တိုး နေသော နာချင်းမျိုး ဖြစ်သည်။ ထို့ကြောင့် စင်တိန်သည် ဗိုက်ကို လက်နှစ်ဖက် ဖြင့်ပိုက်လိုက်ပြီး တစ်ချက် ညည်းညူလိုက်သည်။

ဗိုက်ထဲကနာလာမှုနှင့် အတူစင်တိန်သည် မိမိရောက်နေသော နေရာနှင့် အခြေအနေမှန်ကို ပြန် သတိရ လာသည်။ ယမန်နေ့က ရေပူအိုင်ထဲ၌ ရေချိုးခဲ့ပုံများကို ပြန်မြင်လာသည်။
"ဟာနီ...."
စင်တိန် က လှမ်းခေါ်လိုက်ရာ ဟာနီခပ်လှမ်းလှမ်းရှိ သူ့အိပ်ရာမှ ထလာသည်။ စင်တိန် အနေအ ထား ကိုမြင်ပြီးနောက် ဗိုက်ကိုစမ်းသပ်ကာ အခြေအနေကို သိရှိသွားသည်။
"မင်း ကလေးမွေးတော့မယ် စင်တိန်"
ဟာနီက စင်တိန်ကိုဆွဲပြီး ထူလိုက်သည်။ ထို့နောက် သားမွေးအခင်းကို ကောက်ယူလိုက်သည်။

"လာ မွေးဖို့ဖွားဖို့ ငါနေရာရှာထားပြီးသား သွားမယ်"
ဟာနီသည် စင်တိန်မွေးဖွားရန်အတွက် သူကိုယ်တိုင် ရွေးချယ်ရှာဖွေထားသော နေရာသို့ စင်တိန် အားခေါ်သွားသည်။ ထိုနေရာသည် သူတို့စခန်းချသော နေရာနှင့် သိပ်မဝေးလှပေ။ ဘေးပတ် ၀န်းကျင် တွင် သစ်ပင်အုပ်ကလေးများ ကာဆီးနေသော အလယ်ခေါင်မှ မြေကွက်လပ်ကလေး ဖြစ်သည်။ သစ်ပင်ကြီး တစ်ပင် အောက်တွင် သားမွေးအခင်းကို ဖြန့်ခင်းလိုက်ပြီး စင်တိန်ကို လှဲအိပ်စေသည်။ ထို့နောက် အ၀တ်အစားများကို ချွတ်ပေးကာ ကျွမ်းကျင်စွာ ကိုယ်တွယ်စမ်း သပ်သည်။

"မွေးခါနီး နမ်ချိုင်း၊ မွေးခါနီးပြီ၊ ကလေးကတိုးနေပြီ"
စင်တိန်အား နာကျင်သောဝေဒနာကို ခံစားနေရသည်။ ဟာနီက စင်တိန်အား ဖေးကူကိုင်တွယ်ပြီး လမ်းညွှန် ပေးသည်။ ဟာနီ့ပြောကြာျးခက်များအတိုင်း စင်တိန်က အံကြိတ်ပြီး လိုက်လုပ်သည်။ တစ်ခဏ အကြာတွင် စင်တိန် ဗိုက်ထဲ၌ ဟာခနဲဖြစ်သွား နာကျင်မှုများလည်း တဖြည်းဖြည်း လျော့ သွားသည်။
"မွေးပြီနမ်ချိုင်း...မွေးပြီ"

သားမွေးအခင်းပေါ်မှ ကလေးကို ဟာနီက လက်နှစ်ဖက်ဖြင့် ကောက်ယူလိုက်သည်ကို စင်တိန် မြင် လိုက်ရသည်။ စင်တိန့်ရင်ထဲမှ အလုံးကြီးကျသွားသည်။ ကလေးက ဟာနီ့လက်ထဲတွင် ခြေ ကားရား လက်ကားရားနှင့် ရုန်းကန်နေသည်။ မျက်နှာက စိုရွှဲရဲတွက်နေပြီး မျက်လုံးကို စုံမှိတ်ထား သည်။ ပါစပ် ကိုဖြဲပြီး "အူဝဲ အူဝဲ"နှင့် အော်ငိုလိုက်သည်။
"ယောက်ျားလေးမဟုတ်လား ဟာနီ"
"ဟုတ်တယ် ယောက်ျားလေး စင်တိန်၊ ကြည့်စမ်း ကြည့်စမ်း ကမ္ဘာကြီးပေါ်ကို သူက ရှူးရှူးပေါက် ချ လိုက်ပြီ၊ ခြင်္သေ့လေး လို ကလေးတစ်ယောက်ကို ဒီနေ့ကမ္ဘာပေါ်မှာ မီးရှူးသန့်စင် ဖွားမြင်လိုက် တာပဲ"
ဟာနီ က ပြောပြောဆိုဆိုနှင့် ကလေးကို စင်တိန့်ဆီလှမ်းပေးလိုက်သည်။

"ကလေးမျက်စိနဲ့ နှာခေါင်းကို သုတ်ပစ်လိုက်ဦး"
ဟာနီ့အမိန့်အတိုင်း စင်တိန်က ကလေးမျက်နှာကို သန့်စင်လိုက်သည်။ ထို့နောက် ကလေးကို ဟာနီက ပြန်ယူပြီး လုပ်စရာရှိသည်များကို ဆက်တိုက် ကျွမ်းကျွမ်းကျင်ကျင် လုပ်သွားသည်။ သူလုပ်နေသည် များကို စင်တိန်စောင့်ကြည့်ရင်း အံ့အားသင့်နေသည်၊ ကျေးဇူးတင်နေသည်၊ ကြည်နူးနေမိသည်။
"ကဲ ကလေး ကို နို့ တိုက်ဖို့အချိန်တန်ပြီ၊ ရာ့....တိုက်ပေတော့ "

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, September 27, 2011

ခင်ခင်ထူး ၏ ခုံတော်မောင်ဂျိုက်သိုး (ဇာတ်သိမ်း)

(၃)

ကျွန်မ ရွာရောက်ရင် တည်းနေကျ ကြီးတော်တို့အိမ်ရောက်တော့ ကျွန်မကြားခဲ့တာ ပြောပြဖြစ် တယ်။  ကြီးတော်က ရယ်တော့တာပါ။ ညည်းအစ်ကိုက လူကြီးလုပ်ချင်သာရှိသာပါ။ ရပ်ရွာကို ညှာ ရှာ သူပါအေ တဲ့။ စကားက ရောက်နေပြီဆိုတော့ ကျွန်မအစ်မတွေရော၊ ညီမတွေရော၊ ကျွန်မတို့ ရွာ ရောက်နေလို့ မျက်နှာပြလာကြတဲ့ ရွာခံတွေရောက ကိုကြီးဂျိုက်သိုးအကြောင်း တစ်ယောက်တစ် ပေါက် ပြောလိုက် ကြတာများ၊ ကွယ်ရာမှာ မကောင်းပြောနေကြတာပေမယ့် ချစ်လို့ပြောနေကြတာ မှန်း ကျွန်မ သိပါရဲ့။

တစ်ခါက ဆိတ်ပြဿနာ ပေါ်ဖူးသတဲ့။ ကျွန်မတို့ရွာက ကိုဖိုးတိုးနဲ့ ကိုပေါက်တို့ နှစ်ယောက်အရှေ့ ကြည်းတောသိမ် ရွာအလှူကို သွားကြတာက စတာပါ။ ကိုဖိုးတိုးက လက်လှော်လှေကလေး နဲ့ မြစ် ထဲ ငါးရှာတဲ့ သူပါ။ ကိုပေါက်က တောင်သူ။ မနက်ခင်း အလှူမီအောင် စောစောထသွားပြီး နာရီပြန် တစ်ချက်လောက် နေပူခေါင်ခေါင်ကြီး ပြန်လာခဲ့ကြသတဲ့။

ကျွန်မတို့ရွာနဲ့ ကြည်းတောရွာတွေက နည်းနည်းလှမ်းတော့ သစ်ရိပ်ခိုလိုက်၊ နေပူပြန်တော့ ဆိတ် စာကိုင်းတစ်ကိုင်းစီချိုးပြီး ခေါင်းဆောင်းလာလိုက်နဲ့ ပြန်ခဲ့ကြတာပါ။ လမ်းမှာ ဆိတ်တစ်ကောင်နဲ့ တွေ့ကြတယ်။ ဆိတ်က တစ်ကောင်တည်း၊ ဆိတ်အုပ်ထဲက ကျန်ခဲ့တာလား၊ အနားရွာက ဆိတ် လား တော့ မပြောတတ်ဘူး။ ဆိတ်က သူတို့နှစ်ယောက်နောက် တကောက်ကောက်လိုက်လာပါ ရော၊ သူငယ်ချင်း နှစ်ယောက် စကားတပြောပြောနဲ့ လာလိုက်ကြတာ ရွာခြေဝင်တော့ ဆိတ်က ပါ လာတုန်းပဲ။ သည်တော့ နှစ်ယောက်သား ခေါင်းဆောင်းလာတဲ့ ဆိတ်စာကိုင်းပြပြီး ဆိတ်ကို ရွာထဲ ခေါ်လာကြတယ်။

''ဖိုးတိုး တို့ က ခိုးလာသာလည်း မဟုတ်ဘူး... ရွာခြေအထိ တကောက်ကောက်လိုက်လာလို့သာ ပါ လာတာကိုး... ဆိတ်ကို မောင်းထုတ်လို့လည်းမဖြစ်တော့ ဖိုးတိုးအိမ်မှာ ကြိုးချည်ထားသယ်... ဆိတ်က သူစိမ်း အိမ်ရောက်နေမှန်းသိတော့ တပဲပဲအော်လိုက်သာ နားမခံသာဘူး... ဒါနဲ့ ငပေါက် အိမ်တစ်လှည့် ပို့လိုက်သယ်... ငပေါက်မယား မိတင်ပုက လက်မခံဘူး... ကျုပ်တို့အိမ်ထားရင် ကျုပ်တို့ ဆိတ်ပဲ ဖြစ်ကရော.. သည်တော့ ဖိုးတိုးမယား သန်းကြည်က ကိုယ့်အိမ်ထားလို့ ကိုယ်ယူ ကြေးဆိုရင် ငါယူသအေ ပေါ့''

သည်မှာတင် ဆိတ်တစ်ကောင် အဝေမတည့်ကြရာက မိန်းမချင်းရန်ဖြစ်ကြတယ်။ မတင်ပု က အာ ကျယ်၊ မသန်းကြည် ကလည်း ခုနစ်တိုင်ကြား၊ ရွာထဲနှစ်ဆက်ဆဲကြ ဆိုကြဆိုတော့ အမှုက ကိုကြီး ဂျိုက်သိုး ဆီ ရောက်လာတယ်။ ကိုကြီးဂျိုက်သိုးအိမ် ဆိတ်ကြီးဆွဲလာတော့လည်း ဆိတ်ကြီးက အော် တုန်း။ ဆိတ်က ခိုး လာတာလည်း မဟုတ်တော့ အပြစ်တင်ဖို့ရာလည်း ခက်တယ်။ ဆိတ်ရောင်းပြီး ပိုက်ဆံ ခွဲ ယူကြပါလား ဆိုတော့လည်း ဘာမှန်းမသိတဲ့ဆိတ်ဆိုတော့ ဝယ်မယ့်သူကမရှိဘူး။ သည် တော့ ပြဿနာပြီးအောင် ကိုကြီးဂျိုက်သိုး က သူ့အိမ်မှာမွေးထားမယ်၊ နောက်မှ စာရင်းရှင်းတာပေါ့ ဆိုပြီး အိမ်တိုင် မှာ ချည်ထား လိုက်တယ်။ ကိုဖိုးတိုးလင်မယားရော၊ ကိုပေါက်လင်မယားရော ကျေ နပ်ကြပါတယ်။ ကြားက လူကြီး အပ်ထားရင် ပြီးတာပဲပေါ့။

''အဲသည်ဆိတ်က ဂျိုက်သိုးအိမ်မှာ နှစ်လကြာသယ်.. အော်လိုက်သာလည်း ရွာက မအိပ်ရဘူး... ဂျိုက်သိုး မယား ညည်းယောင်းမ မိဆွမ်းအုပ်က နေ့တိုင်း သစ်ကိုင်းချိုင်ပြီး ဆိတ်စာကျွေးရသာ မသက်သာ ပေါင်အေ... ဆိတ်ကလည်း စားလိုက်သာ စက်နဲ့ကြိတ်သာကျလို့''
''နောက်တော့ ဘယ်လိုပြီးသွားတုန်း ကြီးတော်ရဲ့''

''ပိုင်ရှင်ပေါ်လာသာပေါ့အေ... သိမ်ရွာက ပိုင်ရှင်လိုက်လာတော့ ဟုတ်နေသာကိုး... ချည်တိုင်က ဖြုတ်ပေးလိုက်ရသာလေ... ဆိတ်က ပိုင်ရှင်တွေ့တော့ ငေါက်ခနဲထလိုက်သာ.. မိဆွမ်းအုပ်က ဆိတ်စာ နှစ်လ ကျွေးထားရသာကော ဆိုတော့ ဆိတ်နို့နှစ်ပုလင်းပေးသွားတယ်... သူ့ခမျာလည်း အဖက်မွေးသဲ့ ဆိတ်မို့ပါတဲ့... ဆိတ်ရှင်က အလျော်တောင်းနေတုန်း သတင်းကြားနဲ့လိုက်လာသာပါ ဆိုတော့ ဘာရ မှာတုံး''
''ဖြစ်ရလေ... ''
''မဖြစ်နဲ့... ညည်းအစ်ကို ကြက်ပြဿနာတက်သာ ရှိသေးတယ်''
(၄)

တစ်ရက်တော့ ရွာတောင်ဖျားက ကိုညိုအေး ကြက်တစ်ကောင်ပိုက်ပြီး ကိုကြီးဂျိုက်သိုးဝိုင်းထဲ ဝင် လာတော့ ကိုကြီးဂျိုက်သိုးတောင် အိပ်ရာက မနိုးသေးဘူး။ မမအုပ်ကတော့ ဝိုင်ထဲတံမြက်လှည်းပြီး ပြီ။ ဆွမ်း ကပ်ပြီးပြီ။ နွားစာကျွေး နွားရေတိုက်ပြီးပြီ။ ကိုကြီးဂျိုက်သိုး နိုးရင်စားဖို့ ထမင်းကြမ်းကို ဒယ်အိုး ဆီပွတ်ပြီး အိုးကင်းပူတိုက်ပြီးပြီ၊ တစ်အောင့် တစ်ဖြုတ်နားပြီး တောထဲ(စိုက်ခင်းထဲ)သွားဖို့ ရှိတော့တာပါ။ ကြက်သမားကိုညိုအေး ရောက်လာတော့ လင်ကိုနှိုးရပြီ။ ကိုကြီးဂျိုက်သိုးက မျက်နှာ ကပျာကယာသစ်ပြီး အင်္ကျီ ချွတ်ကြီးနဲ့ တန်းလျားပေါ်မှာ ငုတ်တုတ်ထိုင်တယ်။
''ဘာတုန်းကွ ညိုအေးရ... မင်းကြက် သွေးတွေနဲ့လားလို့''

''သွေးတွေနဲ့ပေါ့ဗျ... ခင်ဗျားတူ မောင်မှတ် လက်ချက်ပေါ့... သူ့နံနံခင်း ကျုပ်ကြက်ယက်လို့သဲ့ ထင်းချောင်း နဲ့ ကောက်ပစ်လိုက်သာ ခြေကျိုးကရော... သည်မှာ ခေါင်းလည်း ကျေသွားထင်ပါရဲ့''
''ဟာ ငမှတ်... တိရစ္ဆာန်နဲ့တုမိုက်သဲ့ကောင်... မိအုပ် ငမှတ် ပြေးခေါ်စမ်း''

''ကျုပ် အခင်းထဲသွားရဦးမှာ.. လူက နောက်မှခေါ်ပါတော်... အကျိုးအကြောင်း အရင်မေးစမ်းပါဦး.. ကတည်း''
မမအုပ် က လူခေါ်တွေပါလာတော့မှာ သိတော့ တဘက်ဟောင်းခေါင်းပေါ်တင်ပြီး အခင်းဘက် ထ သွားတော့ တာပါ။ ကိုကြီးဂျိုက်သိုးက စားပွဲပေါ်တင်ထားတဲ့ ထမင်းကြမ်းအိုးခင်းပူတိုက်ကို စိတ်မ ဝင် စားဘူး။ ကိုညိုအေး ကြက်ကိစ္စ စိတ်ဝင်စားတာပါ။ ညိုအေး ပြောစမ်း... တဲ့။ မောင်မှတ်က ကိုယ့်တူ ဆိုပေမယ့် တရားဥပဒေအတိုင်း ဖြစ်စေရမယ်ဆိုတာလည်း ပါရဲ့။
''ကြက်ရာဇဝင် ပြောစမ်းကွာ ညိုအေး... သည်ကြက် မင်းကြက်လား''

''ကျုပ်ကြက်ပေါ့ဗျာ အကျိုးပေးလိုက်သာမှ ပွဲတိုင်းအောင် ကြက်ဗျ... ကျုပ်ကြက်ကို ထင်းချောင်းနဲ့ ပစ်လွှတ် လိုက်တာ ကျုပ်က ကျေနပ်မှတ်လို့... မောင်မှတ် ဝင်ရိုက်မလို့ဘဲ... ဒါပေသိ စိတ်ကိုမနည်း လျှော့ပြီး ခင်ဗျား လာတိုင်သာပဲ... ကျုပ်ကြက်အလျော်လိုချင်သယ် ဒါပဲ''
''အေးပေါ့ကွ... တိုက်ကြက် ခြေထောက်ကျိုးမှတော့ ရီးဖြစ်ကရောပေါ့... နေပါဦး... မင်းကြက်တိုက် သာ ဘယ်ရွာ သွားတိုက်တာတုံး... ရွာထဲ ကြက်တိုက်သာ လက်မခံဘူးနော်''
''ချောင်းတစ်ဖက် သွားတိုက်သာပါဗျာ... ရွာနဲ့အလွတ်ကြီးပါ... ခင်ဗျား အပိုင်ထဲ မဟုတ်ပါဘူး''

ခင်ဗျားအပိုင်ထဲ မဟုတ်ပါဘူးဆိုတာကို ကိုကြီးဂျိုက်သိုးက သိပ်သဘောကျတယ်။ ရပ်ရွာကို သူ ထိန်းထား နိုင်တယ် ဆိုတဲ့ သဘောပါတာကိုး။ ပါးတွေ နှုတ်ခမ်းတွေ တွန့်သွားအောင် ကျေနပ်နေ တာပါ။ မျက်နှာပိုးသပ်လို့မရတော့ ဒေါင်းဆေးလိပ်ခွက်ထဲက ပြောင်းဖူးဖက် လှမ်းယူမီးညှိတယ်။ ကိုညိုအေးကို မျက်လုံး လှန်ကြည့်တယ်။ ဆက်ပြောစမ်းပေါ့။
''ကျုပ်ကြက် က အရောင်က ဥပန်း... ဖောင်းဘက်လုသာဆိုတော့ ရှားသယ်ဗျ... အမြီးကျတော့ မဂို စပ်ပုံ ရသယ်... တချို့ကလည်း သတ္တိကျ ရစ်ဘက်လုသတဲ့''
''ကြက်ကောင်း ကွ... ဒဏ်ရာတွေနဲ့တောင်ထောင်နေသာကြည့်ပါလား''

''ခင်ဗျားသိမှာပေါ့ ကန်တော်က သံချောင်း... သူ့အဘ ဘိုးသိန်းဆိုသာ ကြက်ဝိဇ္ဇာကြီး... ဘိုးသိန်း က လှည်းသမား ငထွန်း နဲ့ တစ်ရက် ကျုပ်ယောက်ဖ ကျောက်ဒိုးနဲ့ ထလိုက်သွားသာ... ဟိုကျတော့ ကြည်ရွာသား ငအေးနဲ့ တွေ့ကရော.. ဘိုးသိန်းက ကျုပ်တို့နှစ်ယောက်စလုံး ကြက်ကောင်းကြိုက် မှန်းသိ လို့ တေ့ ပေးသာကိုးဗျ... ဒါမှ သူက ဈေးကောင်းရမှာကိုး''
''မလုပ်ကောင်းသာကွာ... ''

''ငအေးက ရှစ်သောင်းဗျာတဲ့... ကျုပ်က တစ်သိန်းဗျာလို့ ချလိုက်ရော... ရှုံးရင် ရွာပါသိက္ခာကျမှာ ကိုးဗျ... ''
''ငါပါ သိက္ခာကျသာပေါ့ ညိုအေးရ... မင်းလုပ်သာ သဘောကျသကွာ''
''အစစ်ပေါ့ဗျာ... ကြက်ဖိုးကို သူတိုးကိုယ်တိုးနဲ့ တစ်သိန်းသုံးသောင်းခွဲနဲ့ ကျုပ်ရလာသာ... ဟုတ်သ ဗျို့... ကြက် က သံခြေထောက်ပါသာကျလို့... ကျုပ်ဖြင့် ပွဲတိုင်းနိုင်သာပဲ''
''မင်းစောစောက ပြောသဲ့ကောင်တွေပါ ခေါ်ရမယ်... လူဝါးဝလို့ကွာ''

''မဆိုင်ဘူးလေဗျာ... အဲသာ ကျုပ်ကြက်ဝယ်တုန်းက ကိစ္စဗျ... အခု ထင်းချောင်းနဲ့ပစ်လိုက်သာက ခင်ဗျားတူ ငမှတ်က ပစ်လိုက်သာ''
''ကိုင်း ငါ သဘောပေါက်ပြီ... မင်းပြန်ဦး... ငါ ငမှတ် ခေါ်စစ်မယ်... မင်းကြက်ဘိုးက သုံးသောင်းခွဲ ဟုတ်လား''
''ဟာ... လုပ်ပြန်ပြီ... တစ်သိန်းသုံးသောင်းခွဲဗျ... လျော်ချင်လျော် မလျော်ရင် ကျုပ်က ကျူပင်ခုတ် ကျူငုတ်မကျန်ပဲ''
''မှန်သာဖြစ်ရမှာပေါ့ကွ... မင်းမှန်သယ် ညိုအေး... ကိုင်းပြန်ချေတော့''

ကျူပင်ခုတ် ကျူငုတ်မကျန်ထဲမှာ သူပါ ပါနေတာကို သဘောမပေါက်ဘူး၊ အေးပေါ့ကွ... လုပ်ရမှာ ပေါ့တဲ့။ ဒါနဲ့ ကိုညိုအေးပြန်တော့ သူ့တူ ငမှတ်ကို ခေါ်စစ်တယ်။ ငမှတ်က သူ့ခေါ်မယ်ဆိုတာသိ တော့ မြေကြီးနဲ့ရောနေတဲ့ နံနံပင်အကျိုးအကြေတွေ ဆန်ကောထဲထည့်လာတယ်။ သက်သေခံ ပစ္စည်းပေါ့။ ကိုကြီးဂျိုက်သိုးက နံနံပင်ကျိုးတွေကို လက်နဲ့ဖြဲကြည့်တယ်။
''လူပါးဝလို့ ဘကြီးရာ... သူက လူမိုင်လိုလို ဘာလိုလိုနဲ့ ကျုပ်ကိုကြိမ်းသေးသာ... ကျုပ်က ဘကြီး သွေးပဲဗျ ဘာကြောက်လိမ့်မတုံး... စိတ်ထဲဖျင်းခနဲဖြစ်လာရင် ရိုက်လွှတ်လိုက်ရမှ... ''
''ဒါပေါ့ကွ... တို့အမျိုးက သွေးသောက်ကြီးလေးယောက်က ဆင်းလာသာ... အာဂမှတ်လို့''

''သူ့ကြက်က တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်... ကျုပ်ကြဲထားသဲ့ အခင်းထဲဝင်ဝင်ပြီး သစ်ပင် တွေ ယက်ယက်ပစ်သာဗျ... ကျုပ် သည်းခံသာ သုံးခါရှိပြီ''
''သုံးခါဆိုရင် မင်းမှန်သယ်... ငါဆိုရင် နှစ်ခါနဲ့ လုပ်ပစ်မိမှာ... အခုက ညိုအေးက မင်းကို အလျော် တောင်းချင်ပုံ ရသယ်... သူ့စကား ကောက်ရတာလေ''
''မလျော်နိုင်ပါဘူးဗျာ... သူ့ကြက်ကလည်း ကျူးသေးအခင်းလည်း ပျက်သေး''
''မလျော်နဲ့... မင်းမှန်သယ်... ငါ့တူ သွားတော့ ငါရှင်းမယ်''

ကျွန်မက သည်တိုက်ကြက်ကိစ္စ ဘယ်လိုရှင်းကြတုန်းဆိုတော့မှ ပြဿနာပြီးရပုံကို ပြောပြကြ တယ်။ ကိုကြီးဂျိုက်သိုးက နှစ်ဖက်စလုံးမှန်တယ်ချည်း လုပ်နေတော့ နှစ်ဖက်စလုံးက အမှုနိုင်မယ် တွက် ထားကြတာပါ။ ကိုညိုအေးရှေ့ကျတော့ လျော်စေတဲ့၊ ငမှတ်ရှေ့ကျတော့ ယောင်လို့တောင် မလျော်နဲ့တဲ့။ ဆုံရှင်းကြတဲ့နေ့ကျတော့ ကိုညိုအေးအမျိုးတွေနဲ့ ငမှတ်အမျိုးတွေ ဝိုင်းတိုက်ထဲ ပြည့် လို့တဲ့။
''လူတွေ များလာတော့ ညည်းအစ်ကို ချွေးတွေပြန်လို့ပါအေ... နောက်တော့ ကြက်က ကျုးတဲ့ အတွက် ကြက်ရှင် က ကြက်ဖိုးအပြည့်မယူနဲ့... ငမှတ်ကလည်း နံနံခင်းပျက်စီးသာဆိုတော့ ကြားချပြီး ကြက်ဘိုး တစ်ဝက်လျော် စေပေါ့အေ... ငမှတ် က မလျော်နိုင်ဘူး။ ပိုက်ဆံမရှိဘူးနဲ့ဆိုတော့ ညည်း အစ်ကို က ကိုင်းသဟာဖြင့်ရင် ငါ ပိုက်ဆံထုတ်ချေးမကွာဆိုပြီး ငွေငါးသောင်းနဲ့ ဖြတ်လိုက်ကရော.''
''ကိုညိုအေး က ကျေနပ်သလား''

"သူကလည်း နဂိုကတည်းက ကြက်ဖိုး ပိုပြောထားသာဆိုတော့ ကျေနပ်သာပေါ့.... ကြက်ကျိုး ကိုမောင်မှတ် က ယူရလိုက်ရသယ်....ညည်းအစ်ကိုက ကြားကနေ အတိုးမပါဘဲ ငွေချေးရတာ ထား... ဖြစ်ချင်တော့...."
"ပြောပါဦး...."
"မောင်မှတ်က်ထဲရောက်မှ ကြက်ကျိုးက ခြေပြန်ကောင်းပြီး ပိုတောင်မာသွားသာကိုး....ဟော သည်နားက ရွာတွေမှာ ရှိသမျှတိုက်ကြက်တွေ မောင်မှတ်ကြက်နဲ့တွေ့ရင် ရှုံးသာချည်းပဲ....မောင် မှတ်ကလည်း ရလိုက်သဲ့ လောင်းကြေး....ဂျိုက်သိုးပိုက်ဆံတော့ မနည်းပြန်တောင်းရသယ်.... ဆွမ်းအုပ်က ရန်တွေ့ တောင်းလို့သာ လေ"
"ဟောတော်..."

"မပြီးသေးဘူး....သည်ကြက်ကျိုး က ခွပ်လက်ကောင်းမှန်း သိတော့ ညိုအေးက သူ့ကြက် ပြန်လို ချင်ပါတယ် ဖြစ်ပြန်ရော... မောင်မှတ်က ဘယ်ပေးမှာတုန်း... သူကလျော်ပြီး သားဟာကိုး"
"ဟုတ်တယ်လေ..."
"နှစ်ဖက်ပြဿနာဖြစ်တော့ ဂျိုက်သိုးဆီ ပြန်ရောက်ကြပြန်ရော.... ဂျိုက်သိုးက ညိုအေး မင်းကြက် မင်း ပြန်ရစေ့မယ်တဲ့... မင်းက ဥစ္စာရင်းတဲ့... သူ့တူမောင်မှတ် ကျတော့ မပေးနဲ့တဲ့.... မင်းက ဥစ္စာပွားတဲ့"

ကျွန်မလည်း ရင်မောလာလို့ ဆက်မမေးဖြစ်တော့ ပါဘူး၊ ဘယ်ပြီးဆုံးသွားကြ တယ်မသိရပေမယ့် ရှိပါစေတော့လို့ပဲ သဘောထား လိုက်ရတော့တယ်။ စိတ်ကောင်းရှိပေမယ့် ရိုးလွန်း အလွန်းတဲ့ အစ်ကို့ကို ကျွန်မ သနားမိတယ်။ မမအုပ် က ပိုတောင် သနားစရာကောင်းသေး။ အိမ်မှာ ဘာမှ မလုပ်တဲ့ လင်ကို တန်းလျားပေါ် ငုတ်တုတ်ထိုင်ခိုင်းပြီး သူကချည်း လုပ်ကျွေးနေရတာမဟုတ်လား။ အမှုတကာ ထဲ အိမ်က ပဲမနေရ၊ နှမ်းမနေရ၊ ငွေမနေရ စိုက်ထည့်ပေးနေ ရတာက ပိုသေးကိုး။
(၅)

ကိုးကြီးဂျိုက်သိုး အကြောင်းက ရေးရင်မကုန်နိုင်ပါဘူး။ ကျွန်မရွာမရောက်တာ သုံလေးနှစ်ရှိပါပြီ။ သည်နှစ်ထဲ ဂျဒိုင်း လေးရွာဘက် စာပေဟောပြောပွဲ ရောက်ရလို့ရွာဘက် ခဏကူးခဲ့တယ်။ ညဘက် ဟော ပြောရဦးမှာ ဆိုတော့ရောက်ပြန်ပါပဲ။ ကျွန်မကကြီးတော်ကြီးနဲ့ ကိုကြီးဂျိုက်သိုး တို့အိမ် ၀င်ပြီး ငွေ ကန်တော့ ခဲ့တယ်။
ကိုကြီးဂျိုက်သိုးက ခါးကိုင်းရှာပြီ။ လေးကိုင်းကွေး ကျောကုန်းကြီးနဲ့ အင်္ကျီမပါဘဲ တန်းလျားပေါ် ငုတ်တုတ်ထိုင်လျက်က ဆုတွေပေးနေရှာရဲ့။ ရပ်ရွာ အုပ်ချုပ်ရေးကလည်း ပြောင်းလေတော့ ရွာလူ ကြီး လည်း မဟုတ်ရှာတော့ပါဘူး။ မမဆွမ်းအုပ်ကတော့ ၀မ်းသာရှာသတဲ့။ သူ့ယောက်ျား အေးအေး လူလူ နေစေချင်ရှာသတဲ့။ မမအုပ်ကလည်း အခင်းထဲမဆင်းတော့ ပါဘူး။ သူရင်းငှား နဲ့  ထားတာ ကြာပြီတဲ့။ ဟုတ်ရှာကြမှာပေါ့။ အသက်တွေမှ မငယ်ကြတော့ဘဲ။

"ငါကတော့ လူကြီးကြေးကလေးနဲ့ နေရသာပေါ့ဟာ...လာကြပါသယ်.... ဆွေထဲမျိုးထဲက ရှင်းမရ သာ ငါရှင်းပေးနေရသာပဲ... မထူး ရဲ့ နင်တို့ဘေးကြီးက တလုပ်ကိုးမြို့ဝန် ခုံမင်းကြီး ဦးရွှေလုံး ဆို သာ မင်းတုန်းမင်း ခေတ်က ဒင်္ဂမော်ပေါ့ဟာ... သူ့သွေးက ငါ့ကျမှ လာပါသာငါ့နှမရဲ့"

လူကြီးကြေးဆိုတာက သက်ကြီးဝါကြီးမို့ ဆွေတွေမျိုးတွေက လက်ရောက်ကန်တော့တာ စားနေရ တယ်ဆိုတဲ့သဘော ဖြစ်နိုင်သလို ရှင်းရတဲ့ ပြဿနာရှိရင် အမှုရှင်းကြေးရတုန်းပဲ ဆိုတာလည်း ဖြစ်နိုင်တာပါပဲ။ မမဆွမ်းအုပ်က ကျွန်မလက်တွေကို ဆုပ်ရင်း ညည်းအမေ ကြီးတော်မြတင် ကို ပြော လိုက်ပါအေ.... ကြီးတော်တူ ခုံတော်မောင်ဂျိုက်သိုး တော့ နားရှာပါပြီလို့တော့ ကိုကြီးဂျိုက်သိုး က သူ့မယား ကို မျက်စောင်းထိုးသေးတာပါ။

"မနားပေါင်ဗျာ...ကနေ့တောင် ခွေးကိုက်မှုလာကြဦးမတဲ့...တရားဆိုသာ မစောင်းရဘူး ငါ့နှမရဲ့"
ကျွန်မ ပြန်မယ်ဆိုတော့ ရွာလယ်လမ်းမပေါ်က စောင့်နေတဲ့ လှည်းအထိ လိုက်ပို့ရှာတယ်။ မျက်ရည် တွေဝဲလို့....။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး ၏ ကျွန်းဦးတည် သံလျှက်ခုံ အပိုင်း (၄)

စာရေးသူ တို့ အာနန္ဒာဘုရားမှ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ဘူးဘုရားများသို့ ဖူးကြပြီး လမ်းစဉ် တစ်လျှောက် ရှိ ဘုရားများကိုတော့ အချိန်လု၍ ကားပေါ်ကသာ လှမ်းမျှော်လက်အုပ်ချီကြရသည်။ မြင်းကပါ မှ မြစေတီဘုရား၊ ဂူပြောက်ကြီးဘုရားတို့ကို ဖူးပြီး မနုဟာဘုရား၊ အပယ်ရတနာ ဘုရားများမှ တစ်ဆင့် သီရိ ပစ္စယာအရပ်ရှိ လောကနန္ဒာဘုရားဆိပ်သို့ ရောက်ကြပါသည်။
လောကနန္ဒာ ဘုရား နေရာသည် ပုဂံခေတ်ကောင်းချိန်က အလွန်သာယာ စည်ကားလှသော သင်္ဘောဆိပ်၊ လှေကူးတို့ ဆိပ်ကြီး တစ်ခုဖြစ်ခဲ့ပါသည်။ သီဟိုဠ်ကျွန်းနှင့် အိန္ဒိယပြည်တို့က မကြာခဏ လာကြသော ရွက် လှေကြီးများ၊ ကတ္တူလွန်းကြင် ရွက်သင်္ဘောကြီးများကို လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်ကျော်က ပုံသဏ္ဍာန်၊ ဟန်အချိုးအစားအတိုင်း ပြန်လည်တွေးဆ ကြည့်ကြရမည်ဆိုလျှင် များစွာ စိတ်ဝင်စား နိုင်မည်ဖြစ်ပါသည်။

စာရေးသူတို့ လောကနန္ဒာဘုရား ခြေရင်းရှိမြစ်ဘက် မျက်နှာပြုထားသော သွပ်မိုးဇရပ်ကလေးတွင် လာ တိုင်း နားခိုနေကျ၊ ပါလာသော စားစရာများ စားနေကျ။ အများအားဖြင့် ညောင်ဦးဈေးထဲက မုန့်တီသုပ်ဝ ယ်လာပြီး စားနေကျနေရာဖြစ်ပါသည်။

နှစ်ပေါင်း လေး၊ ငါးဆယ်ကြာလျှင် မြစ်ကြောင်းပြောင်း၍ ကမ်းပြိုသွားခြင်း၊ သို့မဟုတ် သဲသောင်တင်၍ ကုန်းမြေပြင် ဖြစ်သွားခြင်းစသော သဘာဝပြောင်းလဲမှုများ ရှိတတ်သော်လည်း လောကနန္ဒာ ဘုရား ဆိပ်ကမ်း မှာ နှစ်တစ်ထောင်လောက်ကအတိုင်း ယနေ့ တည်နေသည်ဟု ဆိုနိုင်ပါသည်။ ၄င်းနည်းတူ ပုဂံမြို့ က ဘူးဘုရား ဆိပ်ကမ်းမှာလည်း ရာဇ၀င် အစကအတိုင်းပင် တည်ရှိနေဆဲဖြစ်ပေလိမ့် မည်။ " လှည်းဝင်ရိုး သံ တညံညံ ပုဂံဘုရားပေါင်း" ဆိုသော အမှတ်အသားအတိုင်း တွက်ကြည့်လျှင် ပုဂံ ဘုရားပေါင်း ၄ သန်းခွဲခန့် ရှိခဲ့သည်။ ဆန်ရေစပါး ပေါများ၍ မည်မျှ စီးပွားရေး ချောင်လည်သည် မပြော တတ်၊ မုဆိုးမကလည်း ဘုရားတည်နိုင်တယ်လို့ ဆိုကြသည်။ အဂ္ဂိရတ်သမား တချို့ကလည်း အဇ္ဇဂေါဏ ရသေ့ကြီး ထွက်ရပ်ပေါက်ပြီး ရွှေဖြစ်၊ ငွေဖြစ် အစွမ်းထက်ခဲ့လို့ ပုဂံပြည်သူ ပြည်သားတွေကို သံရည် ကျိုစေပြီး သူ၏ ပြဒါးပြာ ကွမ်းရိုးတစ်တို့ တို့ပေးလိုက်တဲ့အခါ ရွှေဖြစ်ပြီး ချမ်းသာသွားကြလို့ လှူနိုင် တန်းနိုင် ဘုရားတွေ လူတိုင်းလိုလို တည်နိုင်ခဲ့ကြတာလို့လည်း ပြောရိုးအစဉ်အလာ ရှိခဲ့ဖူးသေးသည်။

သိပ္ပံသဘောနဲ့ ပုဂံပြည် ရွှေမိုးငွေမိုးရွာ (မိုးလေ၀သ)မှန်လို့ ဆန်ရေစပါး ပေါများတဲ့အတွက် ချမ်းသာကြ၊ စီးပွားရေး ချောင်လည်ကြလို့ လူတိုင်း ဘုရားတည် ကျောင်းဆောက်နိုင်ကြတယ်လို့လည်း ပြောကြ ယူဆကြသည်။ ဘယ်နည်းက မှန်လည်းမသိ။ ဘယ်လိုဘယ်နည်းကပဲ မှန်မှန်၊ ပုဂံတစ်ပြည်လုံး ချမ်းသာ ကြီးပွား ခဲ့ကြတာကတော့ အမှန်ပဲ။ ဒါကြောင့်သာ ဘုရားကြီးငယ်ပေါင်း ၄ သန်းခွဲလောက် တည်ဆောက် လှူဒါန်းသွားနိုင်ကြတာပဲ။ အဲဒါကို ယနေ့ မျက်မြင်ဘုရားငုတ်တိုတွေက သက်သေခံနေသေး သည်။

" ရွှေလသာ ၀ါဝါ၀င်း ပုဂံဘုရား ရေချိုးဆင်း" လို့လည်း မှတ်သားကြပြန်သည်။ ဂဏန်းအရဆိုလျှင် ဘုရား ပေါင်း လေးသိန်းလေးသောင်းကျော် ငါးသိန်းနီးပါး ဧရာဝတီမြစ်ရေ တိုက်စားတဲ့အထဲ ပါသွားသေးတဲ့ အမှတ် အသားဖြစ်ပါတယ်။

ခုလည်း မြစ်ကမ်းပါးတစ်လျှောက်မှာ ပုံပျက်နေတဲ့ ဘုရားတစ်ခြမ်းတစ်ပိုင်းတွေမှာ မနည်းပါဘူး။ ရေထဲ ပါသွား တာများလည်း သောင်ခုံမှာ အုတ်ခဲပုံတွေအဖြစ် တွေ့မြင်နေရပါသေးတယ်။ အဲဒီအထဲမှာ မြစ်ကမ်းပါးတဲတဲလေးမှာ တည်ထားခဲ့တဲ့ ဘူးဘုရားနဲ့ လောကနန္ဒာဘုရားနှစ်ဆူကတော့ ယနေ့အထိ မြစ် ကမ်းပြို ရေစားရာ မပါဘဲ ခိုင်ခိုင်မြဲမြဲကြီး တည်တံ့လျက် ရှိနေကြပါတယ်။ ဘုရားတန်ခိုးလို့ ဆိုချင်ဆို၊ သိပ္ပံ နည်းအရ ဘုရားအောက်ခြေ၏ ကမ်းပါးမြေက အမာခံ ကျောက်သား ကျောက်တုံးကြီးများကြောင့် ကြာရှည် ခိုင်ခံ့ခြင်းလို့လည်း ပြောနိုင်ပါသည်။

ပုဂံမြို့ ဘူးဘုရားဆိပ်ကမ်းရှိ ဘူးဘုရားသည်လည်းကောင်း၊ လောကနန္ဒာဘုရားသည် လည်းကောင်း၊ ကမ်း ပါးယံ ကျောက်တုံး၊ ကျောက်သားများပေါ်၌ တည်ထားခြင်းကြောင့် မြစ်ထဲကနေကြည့်ကြည့်၊ ကုန်းပေါ်က နေကြည့်ကြည့် အလွန် ကြည်ညိုစဖွယ် သပ္ပာယ်လှပနေကြပါသည်။ မြစ်ရေကြီးတဲ့အခါ သာ၍ လှပါသေးသည်။

*
တန့်ကြည့်တောင်ဘုရား

လောကနန္ဒာဘုရားကုန်းပေါ်က မျှော်လိုက်ပါလျှင် သာယာလှပသော ဧရာဝတီမြစ် တစ်ဘက်ကမ်းမှ တန့် ကြည့်တောင်တန်းကြီးကို လည်းကောင်း၊ တောင်တန်းထိပ် တစ်နေရာတွင် ရွှေရောင်ဝင်းလက် ပြိုးပြိုးပြက်လျက်ရှိသော တန့်ကြည့်တောင်ဘုရားကိုလည်းကောင်း ဖူးတွေ့ရပါမည်။ ဘုရားစေတီ တော်ကြီး နှင့် ရင်ပြင်တော်မှာ အဝေးကြည့်လျှင် သေးငယ်ကျဉ်းကျပ်မည် ထင်ရသော်လည်း အပေါ်သို့ ရောက်မှ စေတီတော်ကကြီး၍ ရင်ပြင်တော်က ကျယ်ဝန်းပါသည်။

တောင်ထိပ်အတွင်းဘက်တွင် ဇရပ်၊ တန်ဆောင်း၊ ကျောင်းဆောင်အတော်များများ ရှိနေသောကြောင့် ရပ်ကွက် တစ်ခုစာလောက် ကျယ်ဝန်းပါသည်။ အဝေးက ကြည့်လျှင် သစ်ပင်မရှိ၊ ကျောက်တောင်ကြီး ဖြစ်၍ အလွန်ပူပြင်းမည် ထင်ရသော်လည်း တောင် ထိပ်ပေါ်ရောက်သောအခါ အလွန်အေးမြပါသည်။ ဘုရားစေတီ ပတ်လည်တွင် လူတစ်ရပ်စာမက အလွန် ကြီးမားလှသော ကျောက်သပိတ်ကြီးများကို ထွင်းထု လှူဒါန်းထားတဲ့ လူ၏လုပ်အား လက်ရာများမှာ တအံ့ တသြ တွေ့ရပါသည်။

တန့်ကြည့်တောင် စေတီတော်ပေါ်ကနေ၍ ကြည့်လျှင် မြစ်အရှေ့ဘက်ရှိ မြင်ရသော ပုဂံဘုရားပေါင်းစုံ၏ မြင်ကွင်းမှာတော့ အနောက်ဘက် ကျဆင်းပြီဖြစ်သော နေရောင်အောက်တွင် ဘယ်ပန်းချီမှ ဆေးမမီနိုင် အောင် လှပသော ရောင်စုံမြင်ကွင်းကျယ် ပန်းချီကားချပ်ကြီးတစ်ခုပမာ ကြည့်လို့ မရောင့်ရဲနိုင်အောင် တွေ့ နေ ရပါတော့သည်။
တန့်ကြည့်တောင် တက်ရသည်မှာ မသက်သာလှပါ။ ကျောက်အတိ ပြီးသော တောင်စောင်းသက်သက်ဖြစ် သည်။ အရိပ်အာဝါသခိုစရာ မရှိသည့် အပိုင်းကများပါသည်။

ဘုရားဒကာ အနော်ရထာမင်းကြီးသည် ဓာတ်တော် စွယ်တော်များ ဆင်ပေါ်တင်၍ အဓိဋ္ဌာန်နှင့် လွှတ်စဉ် အခါက ဆင်ကြီးသည် ဧရာဝတိမြစ်ကို ကူးဖြတ်၍ ဤတန့်ကြည့်တောင်ထိပ်သို့ ရောက်အောင် တက်လာ နိုင်သည်မှာ အတော်အံ့သြစရာ ကောင်းလှပါသည်။ စာရေးသူ ၁၉၆၆ ခုနှစ်၊ တပေါင်းလထဲက ဤတန့်ကြည့် တောင်ထိပ် အရောက်တက်နိုင်ခဲ့သေးသည်။ ၄င်းနှစ်ကပဲ ဖားအံမြို့ ဇွဲကပင် တောင်ထိပ် ကိုလည်း တက်နိုင် ခဲ့ပါသေး၏။ ယခုနှစ်အဖို့တော့ အိမ်လှေကား တက်ရသည်ပင် အတော်ကြိုးစား နေရလေပြီ၊ ဇရာသဘော ထင်၏။

လောကနန္ဒာဘုရား ကုန်းတော်၏ အောက်ခြေ စာရေးသူတို့ စတည်းချသော ဇရပ်ကလေး၏ တောင်ဘက် တွင် ပုဂံပြည်အကြောင်း ကောင်းကောင်းသိသော အသက်(၇၀၀)ကျော်ရှိပြီဖြစ်တဲ့ သင်္ဃနက် (သင်္ကန်းနက်) ပင်ကြီးတစ်ပင်ရှိပါသည်။ သင်္ကန်းနက်ပင်ဆိုသည်မှာ အလွန် အဖိုးတန်သော မြင့်မြတ် သော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
အသား မှာ ကျစ်လျစ် မည်းမှောင်နေသည်။ ဗုဒ္ဓဂါယာနှင့် သီဟိုဠ်ကျွန်းရှိ ဗောဓိပင်၏ လက်ယာကိုင်းကို မြတ်စွာဘုရား ရုပ်ပွားတော်များ ထုလုပ်ကိုးကွယ်သကဲ့သို့ သင်္ဃနက်သားကို ဘုရားရုပ်ပွားတော် များ ထုလုပ် ကိုးကွယ်လေ့ရှိခဲ့ကြပါသည်။

သင်္ဃနက်ပင်များသည် သီဟိုဠ်ကျွန်းတွင်မှ အထူးတလည် ပေါက်ရောက်လေ့ရှိပါသည်။ ပုဂံဘုရားရင်များ လက်ထက် အခါက သီဟိုဠ်ကျွန်းနှင့် ကူးလူးဆက်ဆံခဲ့ကြသည်။ စာပေကျမ်းဂန်တတ် ရဟန်း ပုဂ္ဂိုလ်များလည်း မကြာခဏရောက်လာကြမြဲဖြစ်သည်။ ပုဂံပြည် နော်ရထာမင်းကြီးအား ဓာတ်တော် စွယ်တော် များ ကိုးကွယ်ရန် ပေးဆက်သကဲ့သို့ ဗောဓိကိုင်းများ သင်္ဃနက်ပင်ငယ်များကိုလည်း လက်ဆောင် အဖြစ်ယူဆောင်လာခဲ့ပေသည်။

ထို့ကြောင့် ဤသင်္ဃနက်ပင်ငယ် လက်ဆောင်ကို စိုက်ပျိုးထားခဲ့ရာမှ ရှင်သန်ကြီးထွားပြီး သက်တမ်း ၇၀၀ ကျော် ရှိ အပင်ကြီးတစ်ပင်အဖြစ် လောကနန္ဒာ ကုန်းတော်အနီး၌ ယခုတိုင် တည်ရှိနေခြင်းဖြစ်ပေသည်။

အပင်ကြီးမှာ အိုလေပြီ။ အခေါက်များကလည်း ပွပွရွရွ လှပါဘိသနှင့်။ အပွင့်က သေးသေး၊ ရှေးပုဂံခေတ် ၏ အဖြစ်အပျက်တွေကို မေးလျှင် စကားသာပြောတတ်ပါက ပြောလိုက်မည့်ဖြစ်ခြင်း။
အသက် ၇၀၀ ကျော် သင်္ဃနက်ပင်အိုကြီး၊ ဟောဒီ လောကနန္ဒာဘုရားအနီးတွင် ရှိနေမှန်းကို သာမည ဘုရားဖူးများ သိကြ ကြားဖူးကြမည် မထင်ပါ။ ဒါပေမဲ့ အနီးက ရွာသူရွာသားများက သိကြပါသည်။
တစ်နှစ်တစ်ခါ အပွင့်မှ အသီးမှည့်ကြွေ၍ မိုးရွာလျှင် မြေပေါ်အပင်ငယ်ကလေးများ မွမွကျဲအောင် ပေါက်လာ တတ်သည်။ ဒါကို စောင့်နုတ်ယူပြီး ၀ါးဆစ်ငယ်ကလေးထဲ၌ ပျိုးပင်အဖြစ် ထည့်၍ ရောင်း ကြသည်။ ၀ယ်လျှင် တစ်ကျပ် က ငါးကျပ်အထိ အပင်အနေကို လိုက်၍ ရောင်းပြီး စီးပွား ရှာတတ်ကြကုန်ပြီ။ အခုအခါ ပလတ်စတစ် အိတ်ငယ်များ လွယ်လွယ် ၀ယ်၍ ရသောကြောင့် အပင်ငယ်များ ပိုပြီး အရောင်းရ တွင်ကျယ် နေပါသည်။

အခေါက်ခွာလား၊ အကိုင်းခုတ်လား လုပ်ကြမှာ စိုးလို့ထင့်၊ ဌာနဆိုင်ရာက သစ်သား ၀ရန်တာကလေး ခတ်ထား ၍ သံဆူးကြိုးကလေးများ ကာပေးထားသည်။ ပင်စည်ပေါ်တွင် (သင်္ဃနက်ပင် အသက် ၇၀၀ ကျော်ရှိပြီ)ဟု ကမ္ပည်း ထိုးထားသော ဆိုင်းဘုတ်ရှိသည်။ အပင်မှာ မြင့်လှ၍ အပေါ်မှ သစ်ကိုင်းခြောက် ကလေးများ ကျိုးပဲ့ကျလာတတ်သည်။ အခြား သစ်ကိုင်းခြောက်များလို မဟုတ်၊ အရိုးမည်းမည်း အကိုင်း များ ဖွာ၍ ပင်လယ်ရေအောက်မှ ထွက်သော သန္တာနက်ပင် အခြောက်နှင့် ခပ်ဆင်ဆင် တူပါသည်။ ပန်းအိုး အလှပြင်ရာတွင် သုံးလိုသူများ အထူးကြိုက်နှစ်သက်မည် ထင်ပါသည်။ ဤသင်္ဃနက်ပင်နှင့် စပ်လျဉ်း၍ ပုဂံ ပြည်၏ ရာသီဥတုကို တွေးတောစရာ ဖြစ်လာပါသည်။

ယနေ့ မျက်မြင်အားဖြင့် ပုဂံ ညောင်ဦး တ၀ိုက်၌ မိုးခေါင်ရေရှား အပူပိုင်းစစ်စစ်၊ သစ်ပင်တောအုပ်များမရှိ၊ ပကတိ ခြောက်သွေ့ပူလောင်နေသော အရပ်ဖြစ်၍ သစ်ပင်ဝါးပင် မဖြစ်ထွန်းနိုင်ဟု သိရှိရသည်။
သည်လိုဆိုလျှင် ရာသီဥတုနှင့် တောအုံစိမ့်စမ်း ကောင်းရာမှာ ပေါက်လေ့ပေါက်ထရှိသော သီဟိုဠ်ကျွန်းက သင်္ဃနက်ပင်တွေ စိုက်လို့ ပျိုးလို့ ရခဲ့သားပဲ။ အခု တစ်ပင်တည်း ကျန်နေရစ်တဲ့ သင်္ဃနက်ပင်ကြီး တောင်မှပဲ အသက် ၇၀၀ ကျော်လာပြီ။ နောက် သူက တစ်နှစ်တစ်ခါ ပေါက်ဖွားပေးတဲ့ မျိုးဆက်ကောင် အပင်ငယ်လေးများလည်း အများကြီးမှ တကယ့် အများကြီးဖြစ်သည်။

နောက်တစ်ကြောင်းက ပုဂံပြည် ကျန်စစ်မင်းကြီး၏ မြေး အလောင်းစည်သူမင်းကြီး တိုင်းခန်း လှည့်လည်ရာ မှာ စီးနင်းတော်မူတဲ့ သင်္ဃနက်ဖောင်တော်ကြီးဟာလည်း ဤလို သင်္ဃနက်သားကို ထွင်း လုပ် ထားတဲ့ ဖောင် တော်ကြီးဖြစ်ပါသည်။ ဖောင်တော်ရဲ့ ဦးပိုင်းမှာ တန်ခိုးဣဒ္ဓိပါဒ်ရှိတဲ့ ပတ္တမြားမျက်ရှင်ကြီးရှိနေတဲ့အတွက် ဖောင်တော်ဟာ သွားလိုတဲ့ဌာနကို လွယ်ကူစွာ ရောက်ရမြဲ လို့ဆိုတယ်။ ဖောင်တော်ဦးမှာ ပတ္တမြားမျက်ရှင် ကြီးရှိနေတာကလည်း ရာဇ၀င်နဲ့ပဲဖြစ်နေပြန်တယ်။ အလောင်းစည်သူမင်း စီးနင်းတော်မူရန် ဖောင်တော် လုပ်ဖို့ အင်မတန် ကြီးမားဖြောင့်စင်းတဲ့ သင်္ဃနက်ပင်ကြီး တစ်ပင်ကို ခုတ်လှဲပါသတဲ့။

အဲဒီမှာ တွေးဖို့ တစ်ခု ၀င်လာပုံက ပုဂံပြည်မှာ သင်္ဃနက်ပင်ကြီးတွေ အများကြီးရှိလို့သာ အပင်ကြီး အပင်ကောင်း ဖြောင့်ဖြောင့် စင်းစင်းဟာကို ရွေးနိုင်ခြင်းဖြစ်ရမည်။ အဲဒီ ရွေးချယ် ခုတ်လှဲတဲ့ သင်္ဃနက်ပင်ကြီး ရဲ့ ခွကြားထဲမှာ တန်ခိုး ဣဒ္ဓိရှိတဲ့ ပတ္တမြား မျက်ရှင်တစ်လုံး ကျလာဖူးသည်။ အပင်က တဖြည်းဖြည်း ကြီးလာတော့ အဲဒီပတ္တမြား သားထဲမြုပ်ဝင်သွားသည်။ အဲဒီပတ္တမြားမြုပ်ဝင်နေတဲ့ နေရာ ဟာ ဖောင်တော်ကြီးရဲ့ ဦးပိုင်းဖြစ်နေသည်။ ဖောင်လုပ်တဲ့လူက ပတ္တမြားက ထည့်မြုပ်ထားတာ မဟုတ်ဘူး လို့ သိရသည်။ ဒါကြောင့် အလောင်းစည်သူ မင်းကြီးဟာ သင်္ဃနက်ဖောင်တော်ကြီး စီးနင်းပြီး မြန်မာပြည် မြစ်ရိုးတစ်လျှောက်တင် မကဘူး၊ ပင်လယ်သမုဒ္ဒရာအတွင်းမှာလည်း ဒီဖောင်တော်ကြီးနဲ့ပဲ အမြဲတန်း ခရီး သွားလာတော်မူခဲ့သည်။ အိန္ဒိယ ကမ်းခြေလည်းရောက်၊ သီဟိုဠ်လည်းရောက်၊ မလေးကျွန်းဆွယ် တစ်လျှောက်မှာ ဆိုရင်လည်း ဖောင်တော် ကြီးဆိုက်ခဲ့သည်။ အင်မတန် နယ်လှည့်ခရီး ၀ါသနာပါတဲ့ ဘုရင်မင်း ပါ၊ ရောက်လေရာ ဖောင်တော်ဆိုက် ရာမှာလည်း " ဖောင်တော်ဦးဘုရား" တွေ နေရာ အနှံ့တည်တော်မူခဲ့သည်။

သင်္ဃနက်ဖောင်တော်နဲ့ တိုင်းခန်းလှည့်လည်တာကိုတော့ ဒဏ္ဍာရီဆန်ပါသည်လို့ ကေစိဆရာတို့ မငြင်းနိုင် အောင် ထင်ရှားနေခဲ့ပါသည်။ အဲဒီ ဖောင်တော်နဲ့ ပတ်သက်လို့ သင်္ဃနက်ပင်ကြီးဟာ မြန်မာပြည် ပုဂံမြို့မှာ မရှိလို့ သီဟိုဠ်ကျွန်းကနေပြီး သင်္ဃနက်ပင်ကြီး ခုတ်လှဲပို့ရတယ်လို့ ရာဇ၀င်က မဆိုခဲ့ဘူး၊ သီဟိုဠ်ကျွန်း ရှင်ဘုရင်က အကူအညီတောင်းလို့ မြန်မာပြည် ပုဂံရှင်ဘုရင် နော်ရထာမင်းက စစ်ကူ ပို့ရဖူးတယ် လို့သာ အထင် အရှား ရေးထားတာကို တွေ့ရဖူးပါသည်။

ဒီတော့ သင်္ဃနက်ဖောင်တော်လုပ်တဲ့ သင်္ဃနက်ပင်ကြီးဟာ ဘာပဲပြောပြော ပုဂံပြည်ပေါက် သစ်ပင်ကြီး သာ မြစ်ရမယ်ဆိုတာ ယုံကြည်ထိုက်ပါသည်။
သည်တော့ သင်္ဃနက်ပင်ကြီးတွေ ပေါက်တဲ့ ပုဂံပြည်ရဲ့ ရာသီဥတုဟာ ယခုလို ပူလောင်ခြောက်သွေ့ခြင်း မရှိခဲ့ဘူး လို့ ဆိုရပါမည်။

*
ပြဒါးရှင်လုံးနှင့်အလောင်းစည်သူ

ပြီးတော့ တစ်ဆက်တည်း မစဉ်းစားလျှင် မဖြစ်စရာ အကြောင်းတစ်ခု ကျန်နေပါသေးတယ်။ အဲဒါကတော့ သင်္ဃနက်ဖောင်တော် ဆောက်လုပ်တဲ့ သင်္ဃနက်ပင်ခွကြားမှာ မြုပ်ဝင်နေတဲ့ တန်ခိုးဣဒ္ဓိပါဒ်ရှိ ပတ္တမြား ကြီး ရဲ့အကြောင်းဖြစ်ပါသည်။
အဲဒီ ပတ္တမြားမျက်ရှင် ... " ပြဒါးရှင်လုံး " လို့လည်း ပြောကြတယ်။ ဖြစ်ခြင်းဖြစ်ရင် ပြဒါးရှင်လုံးက ပိုမှန်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီခေတ်တုန်းက ပြဒါးသေ၊ သံသေဆိုတဲ့ အဂ္ဂိရတ်ပညာ က အတော် ထွန်းကားခဲ့ဖူးတယ်။ ရှင်အဇ္ဇဂေါဏ မတဲ့ကိန်းမျိုးပေါ့။

အဲဒီ ပြဒါးရှင်လုံးဟာ ဘာပြုလို့ ဒီသင်္ဃနက်ပင်ခွကြား ကျသွားရပါသလဲဆိုတော့ သူ့ဇာတ်လမ်းကိုလည်း ဒဏ္ဍာရီလို့ ဆိုကြဦးမှာလား။ ဒါပေမဲ့ ထင်ရှားတဲ့ အကြောင်းအချက်၊ အထောက်အထား ကလေးများလည်း ရှိနေသေးတော့ အကုန်လုံး မဟုတ်ပေမဲ့ တစ်ဝက်တစ်ပျက်မှန်တဲ့ သတင်းပဲလို့ ယူဆရမည်ဖြစ်ပါသည်။

အကြောင်းကတော့ ကျန်စစ်သားမင်းကြီးမှာ ထီးမွေနန်းမွေ ဆက်ခံဖို့ အိမ်ရှေ့မင်းအဖြစ် အပ်နှင်းထိုက်တဲ့ သားတော်ကြီး " ရာဇကုမာရမင်းသား" တစ်ပါး ရှိခဲ့ပါသည်။ သို့သော် ရာဇကုမာရမင်းသားနဲ့ မယ်တော် ရဟန်းတူမ သမ္ဘူလတို့ဟာ ကျန်စစ်ဘုရင်ကြီးရှိရာ လိုက်လာတော့ အချိန် နှောင်းနေပြီ။ မြေးတော် အလောင်းစည်သူကို အိမ်ရှေ့ အပ်နှင်းပြီး ဖြစ်လေတော့ " သားကအရင်း၊ မြေးကအဖျား " ဖြစ်ရိုးထုံးစံရှိခဲ့ သော်လည်း ယခုတော့ မောင်တို့ သားအမိ အလာနှောင်းတဲ့အတွက် မြေးကားအရင်း သားကား အဖျား ဖြစ်ခဲ့ ပြီဆိုပြီး သားတော်ကြီး ရာဇကုမာရအား ဓည၀တီ မြို့စား မင်းသားကြီးအဖြစ် မြှောက်စားပြီး သူကောင်းပြု တော်မူသည်။

ကျန်စစ်မင်းကြီး ပြေးရလွှားရနှင့် အတည်တကျ မရှိစဉ်အချိန်က ရဟန်းတူမ သမ္ဘူလနှင့် သင့်မြတ်ခဲ့ခြင်း ဖြစ်လို့ သွားလေရာ အတူခေါ်မသွားနိုင်တာနဲ့ ပတ္တမြားလက်စွပ် ပေးထားခဲ့ပြီး သားတော်ရလျှင် သတင်း နားထောင် လိုက်ခဲ့ဖို့ မှာခဲ့ရတဲ့ ငယ်ချစ်ဟောင်း မိဖုရားတစ်ပါးဖြစ်ပါသည်။ ကျန်စစ်မင်း စည်းစိမ်ခံ ရသောအခါ အပယ်ရတနာ မိဖုရားတစ်ပါး၊ ပဲခူးသူ မွန်မင်းသမီး ခင်ဦးတစ်ပါး၊ ခင်ထန် ဆိုသော ထီးလှိုင်သူကြီး သမီး တစ်ပါး ရှိကြရာက အပယ်ရတနာ မိဖုရားမှ ရွှေအိမ်သည်ဆိုသော သမီးတော် တစ်ပါး ရှိတော်မူပါသည်။

ပင်တိုင်နန်းနှင့် စံမြန်းရသော သမီးတော် ရွှေအိမ်သည်မှာ ကုလားပြည်က ကုန်စည်ကူးသန်းရန် ရောက် လာ သောပဋိက္ခယား မင်းသားနှင့် ရည်ငံချစ်ကြိုက်နေပါသည်။
ပုဂံခေတ်ကပင် ကုလားကုန်သည်များက မြန်မာပြည် လာရောက်ပြီး ပိုး ဖဲ ကတ္တီပါ စတဲ့ အ၀တ်အထည် ကောင်း များ ရောင်းချတတ်တဲ့အလေ့ ရှိနေပြီကို ခန့်မှန်းလောက်ပေသည်။ ပင်တိုင်စံ မင်းသမီးကလည်း ထီး သုံးနန်းထိုက် ခန့်မှန်းလောက်ပေသည်။

ပင်တိုင်စံ မင်းသမီးကလည်း ထီးသုံးနန်းထိုက် အထည်ကမ္ဗလာများ ဖောက်သည်အဖြစ် ၀ယ်ယူနေရာက ယဉ်ပါး ချစ်ကြိုက်သွားပုံရပါသည်။
ဒါကို ခမည်းတော် ကျန်စစ်ဘုရင် သိတော်မူလျှင် နောင်အစဉ်သဖြင့် မြန်မာပြည်ဟာ ကုလားပြည် ဖြစ်သွား တော့မည် စိုးရိမ်ပြီး သမီးတော် ရွှေအိမ်သည်ကို စောလူးမင်း၏ သား(မမာမကျန်းဖြစ်၍ လူစဉ်မမီ် ဆိုတဲ့) စောယွမ်းမင်းသားနှင့် လက်ထပ်လိုက်တဲ့အတွက် သမီးတော် ရွှေအိမ်သည်နှင့် စောယွမ်း မင်းသားတို့က သားတော် အလောင်းစည်သူကို ဖွားမြင်တော်မူတာ ဖြစ်ပါသည်။

ကျန်စစ်မင်းကြီးရဲ့ မယ်တော် ဝေသာလီမင်းသမီး ပဉ္စာလစန္ဒီမှာ ကသည်းလူမျိုးအနွယ် ဖြစ်ပြီး နော်ရထာ မင်းကြီး ၏ သွေးဖြစ်တဲ့ ရင်သွေးတော် ကျန်စစ်မင်းသား ပဋိသန္ဓေနဲ့ ရှိစဉ်မှာပဲ ရာဇတမန် အမတ်ကြီးနှင့် မယုံသင်္ကာ ဖြစ်၍ ပရိမ္မအရပ်မှာ စွန့်ပစ်ထားခြင်းခံခဲ့ရရာမျ ကျန်စစ်သားကို အန္တရာယ် အမျိုးမျိုးက ကျော်လွှား ဖွားမြင်ခဲ့ရတာဖြစ်တယ်။
ကျန်စစ်သားမင်းကြီးမှာ ကသည်း၊ မြန်မာ ကပြား ဖြစ်သော်လည်း မြန်မာလူမျိုး မပျက်စီးရန် လွန်စွာ စောင့် စည်းတော်မူပါသည်။ မြန်မာသွေးကို အဓိက အရေးပေး၍ အမျိုးအနွယ်ကို ထိန်းသော အနေဖြင့် သမီးတော် ရွှေအိမ်သည် နှင့် ကုလားမင်းသားလေးတို့ ချစ်ခြင်းကို အတင်းဖြိုခွင်းပြီး နော်ရထာမင်းကြီး၏ မြေးတော် စောယွမ်းမင်းသား ဆိုတဲ့ ဝေဒနာသည်နှင့် အဓမ္မလက်ထပ်ပေးလိုက်လို့ ပဋိက္ခယား ကုလားလေး မှာ အသက်သို့ တိုင်အောင် ဒုက္ခတွေ့သွားရပါသည်။

ရှေးခေတ်ကတော့ ကုလားဆိုရင် ပဋိက္ခယား လို့ခေါ်လေ့ခေါ်ထရှိပုံရပါသည်။ ကုလားပြည်ကို ပဋိက္ခယား ပြည်၊ ကုလားမင်းသားကို ပဋိက္ခယားမင်းသား၊ ကုလားမင်းသမီးဆိုလည်း ပဋိက္ခယား မင်းသမီးရယ်လို့ ရာဇ၀င် ၌ ခေါ်ကြ ရေးကြတာ တွေ့ရပါသည်။
ထိုခေတ်က " ရှင်အရဟံ " ရဟန္တာသူမြတ်ကလည်း ဈာန်ဣဒ္ဓိပါဒ်နဲ့ ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒန တောင်ကို ကြွမြန်း နေသန့်တော်မူလေ့ရှိရာ၊ ပဋိက္ခယား ကုလားပြည်ပေါ်က ဖြတ်သန်းပြီး နန္ဒမူလိုဏ်ဂူသို့ ကြွတော် မူရ မည်ဖြစ်ပါသည်။

သည်လိုနှင့် တစ်နေ့သ၌ ကောင်းကင်ခရီးမှ ကြွတော်မူလာခိုက် ပြဒါးရှင်လုံး ငုံကာ ကောင်းကင်မှ ပျံလာ တဲ့ ပဋိက္ခယားမင်းသားလေးနဲ့ ရှင်အရဟံတို့ ပုဂံပြည်ပေါ်က ကောင်းကင်လမ်းမှာ တွေ့ကြပါသည်တဲ့...။

ကုလားလေးသည် ရှင်အရဟံအား ဘယ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်သောအခါ " ဒကာ၊ ငါ သည်ပုဂံပြည် ကျန်စစ်မင်းကြီး သမီးတော် ရွှေအိမ်သည်နှင့် စောယွမ်းမင်းသားတို့ လက်ထပ်နန်းမှ ဆွမ်းစား ပြီး၍ နန္ဒမူလိုဏ်သို့ နေ့သန်ရန် ကြွမည်... " ဟု အမိန့််တော်ရှိလိုက်သောအခါ ကုလားမင်းသားလေးသည် ၀မ်းနည်းလှိုက်လှဲစွာနှင့် (ဟာ...)ဟု အော်မြည်လိုက်သည်တွင် ခံတွင်းမှ ပြဒါးရှင် ထွက်ကျသွားသည်။

ကုလားလေးလည်း ဦးစောက်ကျွမ်းပြန် ကောင်းကင်ယံ က ထိုးကျသွားလိုက်တာ ၀ါးပိုးရုံကြီးထဲ ညပ်ပြီး အသက် ခန္ဓာပြတ်ရရှာပါသည်တဲ့။ ပြဒါးရှင်လုံးကြီးမှာလည်း ငုံသူ မရှိတဲ့အတွက် အောက်ဆက်လက် ကျသွားရာ သင်္ဃနက်ပင်ကြီးနဲ့ ခွကြားမှာ တင်နေခြင်းဖြစ်ပါသည်ရယ်။ လွန်ခဲ့တဲ့ နှစ် ၇၀၀ ကျော်က ကိစ္စကို အင်းဝခေတ်ကျမှ ဦးကုလားက စိတ်ကူးယဉ်သက်သက် ချဲ့ထွင်ပြီး ဒဏ္ဍာရီဆန်ဆန် ရေးမည်ဟု စွပ်စွဲရန် မလုံလောက်သေးပါ။ ဦးကုလားသည် ပုဂံရာဇ၀င်ကြီးတစ်စောင် ဖြစ်မြောက်လေအောင် များ စွာသော ရှေး အထောက်အထားများကို ကောက်ယူစုဆောင်း သိမ်းသွင်းလျက် ခိုင်လုံသော အချက်အလက် များ၊ ရှေးသူ ကြီးတို့၏ အစဉ်အလာ မှတ်သားချက်များကို ရယူပြီးမှ ရေးသား ရမည် သာတည်း။

ဒါနဲ့ မပြီးသေးပါ၊ ပဋိက္ခယား ကုလားမင်းသားကလေး ၀ါးရုံကြားခေါင်းညပ်၍ သေရာမှ အစွဲအလမ်းကြီးစွာ နှင့် ရွှေအိမ်သည်၏ ၀မ်းတွင် ၀င်စားသည်လို့ ဆိုပြန်၏။
ဘ၀ ရှိသည်၊ သံသရာ ရှိသည်ဟု မယုံကြည် လက်မခံသူတို့အတွက်ကလည်း တစ်ခက်ပဲပေါ့။

နောက်ပြီး ဒီကုလားကလေးက ပြဒါးရှင်လုံး ငုံပြီး ကောင်းကင်က ပြန်လာနိုင်အောင် "ကုလားနဲ့ ပြဒါးရှင်နဲ့ ဘာဆိုင်လို့တုံး"ဆိုချင် ဆိုနိုင်ပြန်၏။ မှန်သည်၊ အစကတော့ ကုလားလေးဟာ ရွက်သင်္ဘောတို့၊ ကတ္တူတို့နဲ့ ကုန်ကူး ဖို့ ရောက်နေကျပဲ။ ရွှေအိမ်သည်နဲ့လည်း အချိတ်အဆက်ဖြစ်ရော၊ ဘုရင့်အမိန့်နဲ့ ပင်တိုင်ဆောင် ကို စစ်တပ်နဲ့ ၀ိုင်းထားလေတော့ ပြဒါးရှင် တန်ခိုးနှင့် ရောက်နိုင်အောင် မှောင်ခိုနည်း တစ်မျိုးမျိုးနဲ့ ပြဒါးရှင် ကို ခိုးလို့ ဖြစ်စေ၊ ရှေးဟောင်းပစ္စည်းဈေးကြီးပေးစုဆောင်းဝယ်ယူတဲ့ နည်းပရိယာယ်နှင့် ဒီခေတ်က ထွက်ရပ် ပေါက်ထားတဲ့ အဂ္ဂိရတ် ပုဂ္ဂိုလ်ကြီး တစ်ဦးဦးရဲ့ ကျောင်းက ကိုရင်လေးတွေ၊ ကျောင်းသားလေး နှင့်တည့် အောင်ပေါင်း၍ ကောင်းကင်လမ်းမှ (ဂျောင်းနိုင် အောင်းနိုင်အောင်) ကြံဆောင်ဆင်ခြင်းဖြစ်ရမည်။ နိုင်ငံခြား သားများ၏ ပရိယာယ်ကား များပြားလှပါဘိ။ ယနေ့ကြည့် ... ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သူတို့က မြန်မာ တိုင်းရင်းသားထက် ပိုသိကြတယ်။ ဘယ်လို လူကို ကပ်ပေါင်းရင် ဘာရနိုင်တယ်ဆိုတဲ့ အချက် အလက်ထိ နှိုက်နှိုက်ချွတ်ခတ် သိနေကြသည် မဟုတ်ပါလား။

သို့မို့ကြောင့် ပြဒါးရှင်လုံးကို သူ တစ်နည်းနည်းနှင့် ရထားခြင်းဖြစ်ရမည်။ ဒါပေမဲ့ ကြာကြာ သုံးလိုက်ရပုံ မပေါ်ပါ။
ဦးကုလား ရာဇ၀င်မှာ လူဝင်စားကိစ္စကို ထပ်၍ ရေးသားခဲ့ပြန်ပါသည်။ သမီးတော် ရွှေအိမ်သည်က ဖွားတော် မူတဲ့ သားတော် (၀ါ) ကျန်စစ်မင်းကြီးရဲ့ မြေးတော်ကလေးသည် အလွန်ငိုပါသည်တဲ့။ အထူး သဖြင့် တငိုတည်း ငိုနေလွန်းတဲ့အတွက် သူ့ဗိုက်ပေါ်က ချက်ကြိုးဟာ စူပြီး ရှည်ထွက်နေပါတဲ့။ ဒါကြောင့် " ချက်တော်ရှည်မင်းသား" လို့ နာမည်တွင်ခဲ့သေးသတဲ့။ နောက်ပြီး လေသိပ်တိုက်တဲ့အခါများမှာ ဆိုရင်လည်း ပိုလို့ပဲ ငိုတတ်တယ်။ ကျန်စစ်မင်းကြီးဟာ မြေးတော် အလွန်အကြူး ငိုတတ်တဲ့အတွက် မကြံ တတ် မတွေးတတ်အောင် ဖြစ်လာရတော့ပုဏ္ဏားများကို ဗေဒင်မေးတယ်။

ဟူးရားကြီး သမားတော်ကြီးများ နှင့်လည်း ကြည့်ရှုစစ်ဆေးပါတယ်။ အဲဒီအခါမှာ ဆေးဆရာများအနေနှင့် သူငယ်နာ ရောဂါ တစ်မျိုးမျိုးမှ မရှိ မတွေ့ရတာ ဘာ့ကြောင့်များ ဒါလောက် ငိုရပါလိမ့်လို့ မပြောတတ်အောင် ရှိကြတယ်။ နောက် ရှင်အရဟံ ထံမှ အတိတ်ဘ၀ကို မပြောတတ်အောင် ရှိကြတယ်။ နောက် ရှင်အရဟံ ထံမှ အတိတ်ဘ၀ကို လေ့လာပြီး ဗေဒင်ဆရာကြီး ပညာရှိကြီးများက ဟိုဘ၀မှ သူ၏ ရုပ်အလောင်းဟာ ၀ါးရုံပင်ကြား ညှပ်သေခဲ့လို့ ၀ါးရုံပင် လေတိုက်လှုပ်ရှားလေတိုင်း ဦးခေါင်းခွံကို ကြိတ်ညှပ်နေတဲ့အတွက် ခုဘ၀မှာ ခေါင်းကိုက်ပြီး ငိုခြင်းဖြစ်မည် ဟု ဆိုကြသည်။ သည်တော့ ပဋိက္ခယား၏ ဦးခေါင်းခွံကို ၀ါးရုံကြားမှယူပြီး သင်္ဂြိုလ်လိုက်တဲ့အခါ လေတိုက် လျှင် ငိုတဲ့အလေ့ ပျောက်သွားတယ် လို့ ရာဇ၀င်မှာ အကျအန ရေးထားခဲ့ပါသည်။

ဒါပေမဲ့ အငို လုံးဝ ရပ်မသွားသေးဘဲ အူဝဲ ... ဆူဆဲ ဖြစ်လေတော့ ပညာရှိကြီးများကို ထပ်မံ စုံစမ်းစေပြန် တယ်။ " ဘုန်းကြီးသော မင်းသားဖြစ်၍ သူ၏ တိုင်းပြည်နိုင်ငံ အကျယ်အ၀န်းကို သိလိုသောကြောင့် ငိုလေ သလား၊ သတြာချေကြည့်ပါ" ဆိုတော့ ဘိုးတော် ကျန်စစ်သားမင်းကြီး ပိုင်ဆိုင်တဲ့ တိုင်းနိုင်ငံ အကျယ်အ၀န်း ဤမျှ ဤမျှ ရှိပါတယ်၊ ငါ့မြေးတော်အား ထီးနန်းမွေ လွှဲအပ်၍ အိမ်ရှေ့အရာ ပေးပါတယ်၊ ငါကား မြေးတော် အရွယ်မတိုင်မီ ထီးနန်းစောင့် အဖြစ်သာ နေပါမယ်လို့ အမိန့်တော် ရှိလိုက်တဲ့အခါ မင်း သားလေး ဟာ တစ်ခါတည်း အငိုတိတ်သွားပါတယ်လို့ တိတိလင်းလင်း ရာဇ၀င်မှာ ရေးထားပါသည်။ သည် မင်းသားလေးကား နောင်အခါ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးအဖြစ် ထင်ရှား ကျော်ကြား မည့် မင်းသားလေးဖြစ်ပါသည်။

ပုဂံပြည်တွင် သင်္ဃနက်ပင် ရှိကြောင်း အထောက်အထားရှာရင်းက ပဋိက္ခယားတို့ ရွှေအိမ်သည်တို့ အကြား က မပါမပြီး၍ ပါလာရသည်။ သင်္ဃနက်ပင်ကို ဖောင်တော်ပြုလုပ် စီးနင်းခဲ့သူ အလောင်းစည်သူမင်းသား ငယ်စဉ်က အဖြစ်အပျက်ကိုလည်း ထည့်သွင်းစဉ်းစားရဦးမည် ဖြစ်၏။
ယင်း အဖြစ်အပျက်များကို ထောက်ရှုခြင်းအားဖြင့် မြေးတော် အလောင်းစည်သူ မင်းသားသည် ဘိုးတော် ကျန်စစ်သားဘုရင်ကြီး လက်ထက်၌ပင် ထူးခြား ထင်ရှားခဲ့သော အထက်ပါ ရာဇ၀င်ပါ အချက်အလက် များ ဖြင့် ပေါ်ခဲ့ရသူဖြစ်လေသည်။

သင်္ဃနက်ဖောင်တော်ကြီးသည် မြန်မာနိုင်ငံ ပုဂံပြည် သစ်တောမှ ထွက်ရှိသော သင်္ဃနက်ပင်ကြီးမှ ဖြစ်လာ ရ ကြောင်း ထင်ရှားနေပြေီ။ ဖောင်တော်ဦးပိုင်းမှာ ရှိသော ပြဒါးရှင်၏ တန်ခိုး အာနိသင် ကြောင့်လည်း သင်္ဃနက်ဖောင်တော် စကြာသည် သွားလိုရာ ခရီးတစ်လျှောက်တွင် အနှောင့် အယှက် ဘေးအန္တရာယ် မရှိ ပေါက်မြောက်ခဲ့သည်။ မြန်မာပြည်တွင်သာမက ပြည်ပ ပင်လယ်ရေကြောင်း ခရီး တစ်လျှောက် ကိုလည်း အလောင်းစည်သူ ဘုရင်မင်းကြီးအား တင်ဆောင်ယူဆောင်ခဲ့ကြောင်း ထင်ရှားခဲ့ ပါသည်။

သင်္ဃနက် ဖောင်တော်ကြီးမှာ မြန်မာပြည်ဖြစ် ဖြစ်ကြောင်း လုံလောက်ပါပြီတည်း။ ပုဂံ ရာဇ၀င် အကြောင်း နှင့် ပုဂံဘုရားများအကြောင်းသာ ရေးနေဦးမည်ဆိုက ကုန်ခန်းနိုင်တော့မည် မဟုတ်ပါ။ ဒါလောက် နှင့်ပဲ ပုဂံမြို့မှ ပြန်ခဲ့ကြပြီး ကျောက်ပန်းတောင်းမြို့ တောင်ဘက်ရှိ ကြက်မောက်တောင် ဆည်ကြီး သို့ နောက်တစ် နေ့ခရီးဆက်ကြရပြန်သည်။
*
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁၄)

သည်နှစ်ဦး
မန်းတင်

(၁၉၅၀ ပြည့်နှစ်၊ ဇွန်လထုတ် ပဒေသာမဂ္ဂဇင်းတွင် စာရေးဆရာ မန်းတင် က၊ (သည်နှစ်ဦး)ဆောင်းပါး၌ ကိုယ်တွေ့ ရေးသားထားပုံ ဖော်ပြလိုက်ရပါကြောင်း)
ထုတ်ဝေသူ

နေရူး၊ အိန္ဒြာ နှင့် ကိုအောင်ဆန်း တက္ကသိုလ်သို့ သွားရတော့မည်။
မသွားမီ နွေဥတု ကျောင်းပိတ်ချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ဒုတိယအကြိမ် မြောက် ညီလာခံသဘင်ကြီး ကျင်းပလေသည်။ ကျင်းပသည့်နေရာကား မန္တလေးမြို့ ဗဟိုအမျိုးသားအ ထက်တန်း ကျောင်းတွင် ဖြစ်လေသည်။ မြန်မာပြည်အရပ်ရပ်မှ ကျောင်းသားကိုယ်စားလှယ်များ အစုံအ ညီ ရောက်ရှိနေကြလေသည်။ တက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင်များကိုလည်း ထိုနေရာတွင်တွေ့ မြင်ရ လေသည်။

ကိုအောင်ဆန်း၊ ကိုလှရွှေ၊ မစ္စတာရာရှစ်၊ ကိုညွှန့်၊ ကိုထွန်းတင်၊ ကိုစိန်၊ ကိုဗဟိန်း၊ ကို သိန်းအောင်၊ ကိုခင်မောင်လေး ကျွန်တော်လည်း ထိုနေရာတွင် ရောက်နေပါသည်။ မည်သည့်ကျောင်း ကမှ ကိုယ်စားလှယ် အဖြစ် နှင့်ရောက်ရှိနေကြခြင်း မဟုတ်ပါ။ သပိတ်မှောက်ဆောင်ရွက်ဖွယ် ကိစ္စအဝဝ တို့ကို ကူညီ ဆောင်ရွက်ရန် ရောက်ရှိနေကြခြင်းဖြစ်ပါသည်။ ညီလာခံသို့ရောက်ရှိလာကြသည့် ကျောင်း သူ ကျောင်းသား များ အားထမင်းကျွေးရန် "အိုးသူကြီး"အဖြစ် တာဝန်ယူဆောင်ရွက်ရမည့်သူမှာ မန္တလေး သား ကိုစိန်ဖြစ်ပါသည်။ ကျွန်တော်သည် သူ့အား အကူအညီပေးရင်း ထမင်းပွဲပြင်ခြင်း၊ ပန်းကန်သိမ်း ခြင်း အစရှိသည့် ဝေယျာဝစ္စကိစ္စများကို လုပ်ကိုင်နေရပါသည်။

ကျွန်တော်တို့မီးဖိုချောင်တာဝန်ခံများ သည် အများကို ကျွေးပြီးသည့်နောက်ဆုံးမှ ထမင်းစားကြရပါသည်။ အများ အားဖြင့် ထမင်းရောဟင်းပါ တက်တက်ပြောင်နေတတ်သည်က များသောကြောင့် အစာငတ် ခံကြရသည်။ ညီလာခံကျင်းပရာ အမျိုး သားကျောင်းကြီးသည် မြန်မာဆန်ဆန်ဆောက်လုပ်ထားသဖြင့် စုလစ်မွန်းချွန် များ အနည်ငယ်တပ်ထား သောကြောင့်၊ အလွန်ကျက်သရေရှိလေသည်။ မော်တော်ကား စိမ်း ကြီး နှင့် ဓါတ်ရထားစိမ်းကြီးတို့သည် နံနက်တစ်ခါ၊ နေ့လည်တစ်ခါ၊ ဖုံသိပ်စေခြင်းငှာ၊ ဘယ်လောက် ပင် ရေဖြန်းဖြန်း နေမင်း၏အရှိန်ကို မနိုင် နိုင်ပါ။ ခဏကြာလျှင် ဖုံတို့သည် ထမြဲတိုင်းထကြကုန်ပါသည်။ လမ်းမကြီး ဆီမှ ဖုံတို့သည် မကြာခဏ ပင် လေယာဉ်စီးကာ ညီလာခံကျင်းပရာ အမျိုးသား ကျေုာင်းဝင်း အတွင်းသို့ ရောက်လာကြလေသည်။

ညီလာခံသဘင်ကြီးကား နှစ်ရက်လား သုံးရက်လား ကြာပါသည်။ မည်သည့်အဆိုတွေသွင်း၍ မည်ကဲ့ သို့ မိန့်ခွန်း စကားတွေကို ပြောကြပါသလဲ။ သည်ဟာတွေကိုတော့ ကျွန်တော် သတိမရတော့ပါ။ သို့ သော် မျက်စိ ထဲတွင် စွဲနေရစ်သည့် ပုဂ္ဂိုလ်သုံးဦးရှိပါသည်။ သူတို့ကား "နေရူး၊ သူ့သမီး အိန္ဒြာနှင့် ကို အောင်ဆန်း" တစ်နေ့သော် အစည်းအဝေး တွင် နေရူးနှင့်သူ့သမီး အိန္ဒြာတက်ရောက်လာကြလေသည်။ သူတို့ကို ကျောင်းသားကြီးများက ခရီးဦးကြိုကာ အစည်းအဝေးခန်းမအတွင်းသို့ ခေါ်ဆောင်လာလေ သည်။

ဂျဝါဟာလနေရူးသည် တစ်ကိုယ်လုံးပင် တိုင်းရင်းဖြစ် အဖြူများကို ဝတ်ဆင်ထားလေသည်။ ဦးထုပ်ပါး ကလေး အဖြူ၊ အင်္ကျီခပ်ရှည်ရှည်အဖြူ၊ ဒိုတီအဖြူ၊ သူ့နှာခေါင်းသည် ပေါ်လွင်၍ သူ့မျက်လုံး အစုံသည် တောက်ပ နေလေသည်။ သူ့ချစ်သမီး အိန္ဒြာကား အဝါနုဆာရီကို ဝတ်ခြုံ၍ ဖခင်၏နောက်မှ ကပ်ပါ လာလေသည်။ ကြီးပွားရေးမဂ္ဂဇင်းများတွင် နေရူးက ထောင်တွင်းမှ သူ့ချစ်သမီးထံပေးစာများကို ဖတ်ဖူး နေသည်။ ကျွန်တော်သည် စာရေးသူဖခင်နှင့် စာလက်ခံသူ သူ့သမီးကို အသေအချာကြည့်နေရ ပါ တော့သည်။ အိန္ဒြာသည် အရှေ့တိုင်း၏အလှကို ပေါ်လွင်စေလေသည်။ နေရူးသည် မိန့်ခွန်းစကား အနည်းငယ် ပြောပြီး နောက်သူ့သမီးနှင့်အတူ ပြန်သွားလေသည်။

ပြီးလျှင် ကိုအောင်ဆန်း မိန့်ခွန်းပြော လေတော့သည်။ သူသည် အစည်းအဝေး၏သဘာပတိဖြစ်လေသည်။ ပင်နီအင်္ကျီနှင့် ပိုးလုံချည်အနီကို ဝတ်ဆင်ထားလေသည်။ သူသည် စကားကို အားရပါးရ ပြော နေလေသည်။ ပြောစက ခပ်လေးလေးပင် ထစ်ထစ်ငေါ့ငေါ့နှင့် ပြောနေလေသည်။ တော်တော် အရှိန် ရလာသောအခါ သွက်လာလေသည်။ အထစ် အငေါ့လည်း အစတုန်းကလောက် မရှိတော့ပါ။ ကြာလာ လေလေ ဒေါပါလာလေလေ၊ စားပွဲနောက်မှ ပြောနေရာမှ တဖြည်းဖြည်း စားပွဲစွန်းသို့ ရောက် လာလေသည်။ နောက် စားပွဲရှေ့သို့ ရောက်လာလေ သည်။ နားထောင်နေသည့် ကျောင်းသား-ကျောင်းသူ များမှာ စိတ်ဝင်စားစွာ နားထောင်နေသည့်ဟန် မတူပါ။

တစ်ခါတစ်ရံ ကြွက်စီကြွက်စီဖြစ်လာပါသည်။ မိန့်ခွန်းကလည်း ရှည်လျားပါသည်။ ပြောရင်း ပြော ရင်းပင် သူ့လုံချည် ကို မ၍ ဒူးနှင့်ညှပ်ထားလေသည်။ ခဏခဏ မပါများသောအခါ၊ ဒူးပေါ်ကာနီးလာလေ သည်။ သည်အထဲ လုံချီက ရုတ်တရက်ပြုတ်ကျ၍ ကတိုက်ကရိုက်ဖမ်းပြီး ပြန်ဝတ်ရသေးသည်။ အတော်ကြီး ကြာမှ မိန့်ခွန်းဆုံးသွားလေ၏။ ညီလာခံကြီးကျင်းပနေပုံကို ကျွန်တော့်မျက်စိထဲတွင် ရေးရေး သာမြင်ပါ တော့သည်။

မန်းတင်

ပဲခူးကဝေ
ဂန္ထလောကမဂ္ဂဇင်း ၁၉၂၅ သည် တက္ကသိုလ်နယ်မြေအတွင်းရှိ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း၏ လစဉ်ထုတ်စာစောင်ဖြစ်လေသည်။

ထိုအသင်း၏ရည်ရွယ်ချက်မှာ ကမ္ဘာအရပ်ရပ်မှ စာပေများကို မြန်မာပြန်ဆိုရန် စာကြည့်ခန်းများ တည် ထောင်ဖွင့်လှစ်ရန် စာပေဝါသနာရှင်များကို မြေတောင်မြှောက်ပေးရန်ဖြစ်ရာ ဂန္ထလောကမဂ္ဂဇင်း၌လည်း အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဝတ္ထုကောင်း၊ ဆောင်းပါးကောင်း၊ အက်ဆေးကောင်း၊ ကဗျာကောင်း၊ စာပေဝေဖန်စာကောင်းများ၊ စာကြည့်ခန်း၊ စာကြည့်တိုက်၊ သတင်းများအပြင် ဘာသာပြန်ပြိုင်ပွဲ စာမူ ကောက်နုတ်ချက်များ ထည့်ပေးလေ့ရှိ၏။

ပြိုင်ပွဲစာမူများသည် နိုင်ငံခြားဝတ္ထုတို၊ ဆောင်းပါး၊ အက်ဆေး၊ ကျမ်းကောက်နုတ်ချက်စသည်ဖြင့် အမျိုး အစားများလေသည်။ ဘာသာပြန်အကောင်းဆုံး စာမူအတွက် ချီးမြှင့်ငွေမှာမူ စာအတိုအရှည်လိုက်၍ ၁၅ ကျပ်သော်လည်း၊ ၁၀ ကျပ်သော်လည်းကောင်း ဖြစ်တတ်လေသည်။

ထိုဘာသာပြန် စာပေပြိုင်ပွဲများကို စာပေဝါသနာရှင် အများအပြားဝင်ရောက်ပြိုင်ဆိုင်ခဲ့ကြသည်တွင် မောင်ညွှန့်(ပုဂံဆောင်)၊ (သခင်)ဘသောင်း၊ သီလဝ(မောင်သန့်)၊ မောင်ဝ(ဦးစိန်တင်)၊ မောင်မျိုးမင်း (ပခုက္ကူမြို့)၊ ဟင်္သာတဆရာ(ဦးဘိုးရင်)၊ မေအုန်း(ကိုအုန်း)၊ သူရိယကန္ထိ(ဂျေအေသန်း) စသူတို့လည် စာမူဆုချီးမြှင့်ခြင်းခံခဲ့ကြရသည်။

ဤတွင် ကိုအောင်ဆန်းသည် ရေနံချောင်းအမျိုးသားကျောင်းမှ ၁၀ တန်း ၁၉၃၂ ကို အထူးအမှတ်များ ဖြင့် အောင်မြင်၍ တက္ကသိုလ်ကျောင်းတိုက်သို့ရောက်လာခဲ့လေသည်။ ပဲခူးကျောင်းဆောင်သားဖြစ်လာ ခဲ့လေသည်။

သူသည် ဥပစာတန်းတက်ရင်း အားအားရှိသမျှ နိုင်ငံရေး၊ လူမှုရေးစာများကို ဖတ်ရှုလေ့လာတတ်လေ သည်။ စာပေမဂ္ဂဇင်းများနှင့်လည်း နီးစပ်ရင်းနှီးလေသည်။
ထိုအခါ ၁၉၃၃ ခုနှစ် နိုဝင်ဘာလထုတ် ဂန္ထလောကမဂ္ဂဇင်းဘာသာပြန်စာပေပြိုင်ပွဲ အမှတ် ၄၁ ကို သူ သတိပြုမိလေသည်။ ထိုစာမူမှာ ပါမောက္ခဟာရိုဂျေလတ်စကီး၏စာတစ်ပုဒ်ဖြစ်လေသည်။
ပါမောက္ခလတ်စကီးသည် နာမည်ကျော် လန်ဒန်တက္ကသိုလ် ဘောဂဗေဒကျောင်းတိုက်မှ  နိုင်ငံရေးပ ညာရှင်ဖြစ်လေသည်။ သူရေးသမျှ စာများသည် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံရေးပညာ လေ့လာသူများအပေါ် အလွန်သြဇာညောင်း၏။

ယခု ဂန္ထလောကမဂ္ဂဇင်းလာ ကောက်နုတ်ချက်တွင် လွတ်လပ်စွာ တွေးခေါ်မှုအကြောင်းကို ပါမောက္ခ ကြီးက တင်ပြထားသည်ဖြစ်ရာ ထိုစာကောက်နုတ်ချက်သဘော အချုပ်မှာကား ပြည်ရွာအကျိုးအတွက် လူအများလွတ်လပ်စွာ တွေးခေါ်ခွင့်ရဖို့လိုပါသည်။ လူအများ လွတ်လွတ်လပ်လပ်စဉ်းစားတွေးခေါ်၍ သဘောတူလက်ခံသော တိုင်းပြည်နိုင်ငံသာလျှင် အရာရာအခြေခိုင်ပါသည်။ ထိုအခါ လူတစ်ဦးတစ် ယောက်အဖို့ အရာကိစ္စ သင့်မသင့်၊ ကောင်းမကောင်း ချင့်ချိန်ဝေဖန်လိုသော စိတ်မျိုးကို နိုင်ငံတော်က လေးစားရမည်ဖြစ်ပါသည်။ ဤသို့တွေး၊ ဤသို့လုပ်ဟူ၍ နိုင်ငံတော်က စေခိုင်းသော် တစ်ခါတစ်ရံထိ ရောက်သလိုလို ထင်ရသော်လည်း နောက်ဆုံးတစ်နေ့တွင် ပြင်းထန်သော ပြုပြင်မှုနှင့် ကြုံရတတ်ပါ သည် ဟူ၍ ဖြစ်လေသည်။

ကိုအောင်ဆန်းသည် ပါမောက္ခလတ်စကီး၏စာကိုဖတ်ရှုဘာသာပြန်ဆို၍ ပဲခူးကဝေဟူသော ကလောင် အမည်သုံးကာ ပြိုင်ပွဲဝင်လေသည်။
၁၉၃၄ ခုနှစ် ဇန်နဝါရီလထုတ် ဂန္ထလောကမဂ္ဂဇင်းတွင် ဘာသာပြန်စာပေပြိုင်ပွဲအမှတ် ၄၁နှင့်ပတ်သက် ၍ အကဲဖြတ်စာပါလာလေသည်။ အောက်ပါကောက်နုတ်ချက်ကို ကြည့်ပါလေ။

ပဲခူးကဝေမှာ တိုးတက်ရန်အလားအလာရှိ၏။ သို့သော် ဘာသာပြန်ပုံ တိုက်ရိုက်ကျလွန်း စင်းလွန်း၏။ ဘာသာပြန် ဆရာကောင်းဖြစ်ဖို့ မြန်မာစာပိုမိုဖတ်ရှုလေ့လာရမည်။ မောင်သိန်း၏အရေးအသားကား ရှင်းလင်းလွယ်ကူ၍ အနက်ပေါ်လွင်ပါ၏။ ဘာသာပြန်ပုံ အကောင်းဆုံးဟုဆိုနိုင်သော်လည်း ဘာသာ ပြန်ရာတွင် အမှားအယွင်းတွေပါနေသည်။ ပဲခူးကဝေကဲ့သို့ပင် ခက်ခဲသော ဘာသာပြန်အတတ်တွင် အလေ့အကျင့်လိုနေပေသေးသည်။ ယခု ပြိုင်ပွဲအတွက် အကောင်းဆုံးစာမူ သတ်သတ်ချီးမြှင့်နိုင်ဖို့ အဆင့်အတန်းလိုသေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဆုငွေ ၁၀ ကျပ်ကို မြောင်းမြအစိုးရအထက် ကောင်းမှ မောင်သိန်းနှင့် ပဲခူးကဝေ(အောင်ဆန်းယူနီဘာစတီကောလိပ်)တို့နှစ်ဦးအား ခွဲဝေချီးမြှင့် လိုက်သည်။

တိုက်စိုး

ကြည့်ရန်စာ-
(၁) "Prize Competition No.41" The World of Books,
Vol. 17, No.106 (November 1933), 461.
(၂) "Competition No.41 Award" The World Books,
Vol. 18, No. 108 (January 1934), 563-564.
(၃) ဒဂုန်ရွှေမျှား၊ မြန်မာနိုင်ငံစာပေဆုများ၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၇၂

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၂၁)

တပည့်တော်မ တို့ အရှင်သခင်များရဲ့ လျှို့ဝှက်နေရာကိုလာတဲ့ အတွက် စိတ်မဆိုးတော်မမူပါနဲ့ အရှင် နတ်မင်း များ ဘုရား၊ ငြိမ်းအေးချမ်းမြေ့ရေးအတွက် လာခြင်းဖြစ်ပါတယ်၊ တပည့်တော်မတို့၏ အပြစ် များကို သိရှိရန်နှင့် ပြုပြင်ရန်အတွက် သိရှိနားလည်အောင် လာခြင်းဖြစ်ပါတယ် အရှင်မြတ် များဘုရား
ဟာနီက ကျောက်တောင်ရှေ့တွင် ရပ်ပြီးဆုတောင်းပန်ကြားလိုက်သည်။ အိုဝါကလည်း သူ့ဘေး တွင်အလားတူ ရပ်ပြီးပြောကြား ပြန်သည်။

"အရှင်တို့အား အဆိုအကများဖြင့် ပူဇော်ရန် ရောက်လာခြင်းဖြစ်ပါတယ်၊ အေးငြိမ်းစွာ နေထိုင် ရေးအတွက် လာပါတယ်၊ အရှင်တို့ရဲ့သနား ညှာတာမှုနဲ့ ဟိုအဝေးကြီးမှာ သေဆုံးသွားတဲ့သား သမီး မြေးမြစ်များနဲ့ ပြန်လည်ပေါင်းစည်း တွေ့ဆုံခွင့်ပြုတော်မူပါ ဘုရား"
အချိန်မှာ ညနေခင်းသို့ရောက်လာပြီး အလင်းရောင်အနည်းငယ်သာ ကျန်တော့သည်။ ကျန်ရှိ သော အလင်းရောင်ဖြင့်ပင် ခရီးဆက်လာကြသည်။ ကျောက်ဆောင် ချောက်ကမ်းပါးကို ကွေ့ပတ် ပြီးသွားကြရာ နောက်ဆုံး အလင်းရောင်ပျောက်ကွယ် လုလုအချိန်တွင် ယခင်က လူသားများ စခန်း ချသွားသော ကျောက်ဆောင် ကျောက်ဆွယ် တစ်ခုကို ရောက်သွားသည်။ ဂူသဖွယ် ကျောက် ဆောင် အကာအကွယ် ထဲ၌ မီးဖိုသွားခဲ့သော နေရာတွင် ပြာများစုပုံကျန်ခဲ့ပြီး အပေါ်ဘက် ကျောက် နံရံအမိုးတွင် ကျပ်ခိုး အမည်းများ စွဲတင်နေသည်။ မီးဖိုဘေးတွင် သစ်သားထင်းတချို့ ကိုတွေ့ရာ သူတို့အတွက် အဆင်ပြေ သွားသည်။

"ဒီငြိမ်းချမ်းသောနေရာရဲ့ အစောင့်အရှောက်တွေက တို့ကိုရန်မူမှာလား၊ ဆက်သွားခွင့်ပြုမှာလား ဆိုတာ နက်ဖြန်ကျရင် လေ့လာရမယ်၊ နက်ဖြန်မနက်အစောကြီး စထွက်ရမယ်၊ နေမထွက်ခင် အေးမြနေတုန်းမှာ လျှို့ဝှက် ဖုံးကွယ်ထားတဲ့နေရာကို အရောက်သွားရမယ်၊ ပူလာယင် အစောင့် အရှောက်တွေ ဂနာမငြိမ်ဖြစ်ပြီး အန္တရာယ်ပေးလာနိုင်တယ်" ဟာနီက စင်တိန်အား ပြောပြသည်။
"အဲဒီနေရာက ဘာနေရာလဲ"
စင်တိန်က မေးလိုက်သည်။ ဟာနီက စကားလုံးတစ်လုံးကို ခပ်တိုးတိုး ရေရွှတ်ပြလိုက်သည်။ စင်တိန်သည် ထိုစကားလုံးကို "လျှို့ဝှက်နေရာ"၊ "လုံခြုံသောအကာအကွယ်"၊ "လိုဏ်ဂူ"စသဖြင့် အဓိပ္ပါယ်ပေါက် နားလည် လိုက်သည်။
နောက်တစ်နေ့တွင် ဟာနီပြောခဲ့သည့် အတိုင်းပင် နေမထွက်ခင် အချိန်အတော်စောပြီး ထွက်လာ ခဲ့သည်။ အဘိုးကြီးနှင့်အဘွားကြီးတို့က တိတ်ဆိတ်ပြီး စိတ်မောနေပုံပေါ်သဖြင့် စင်တိန်ပင် အနည်းငယ် ကြောက် သလိုဖြစ်လာသည်။

သူတို့သွားနေသောလမ်းသည် တောင်စောင်းကျောက်စွန်း တစ်ခုကိုချိုးကွေ့သော ကျဉ်းမြောင်း သော တောင်ကြားလမ်းတစ်ခုအတွင်း ၀င်လိုက်ချိန်၌ ကောင်းကင်တွင် အလင်းရောင်ပျိုးရုံသာ ရှိသေးသည်။ ထိုလမ်းကြောင်း အတိုင်း ၀င်သွားသည်။ အပေါ်ဘက်တွင် သစ်ပင်များအုပ်ဆိုင်းပြီး  သစ်ကိုင်းချင်းယှက် နေသည်။ ကျေးငှက်သာရကာများက အိပ်တန်းမှ ထကာတွန်ကျူး နေကြ သည်။
တောင်ကြားလမ်းက တဖြည်းဖြည်းကျဉ်းမြောင်း သွားသည်နှင့်သမျှ သူတို့ခေါင်းပေါ်ဘက်၌ ကျောက်တောင် အဆွယ်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ပိုမိုးနီးကပ်လာသည်။ နောက်ဆုံးတွင် လမ်းဆုံး သွားပြီး ကျောက် နံရံ ထောင့်ချိုးကွေ့တစ်ခုသို့ ရောက်သွားသည်။ ထိုထောင့်ချိုးကို ကွေ့ချိုးလိုက် သည်နှင့် ကောင်းကင် ကို မမြင်ရတော့ပေ။
အိုဝါသည် နံရံရှေ့တွင် ရပ်လိုက်ပြီး သီချင်းဆိုလို်က်သည်။

"ကျွန်ုပ်တို့လူမျိုးစု၏အရှင်သခင်....သတ္တ၀ါအားလုံး၏ အရှင်သခင်...အရှင်၏ အလျှို့ဝှက်ဆုံး သော နေရာ ကို ကျွန်တော်မျိုးတို့ ၀င်ရောက်လိုပါတယ်....လမ်းဖွင့်ပေးတော်မူပါ"
အိုဝါသည် လက်မြှောက်ပြီး တိုးလျှိုးတောင်းပန်ပြီးနောက် လက်ပြန်ချကာ အမှောင်ဖုံးနေသော ကျောက် နံရံကြား ကို ၀င်ရောက်သွားရာ စင်တိန်အဖို့ အိုဝါအား မြင်ကွင်းမှပျောက်ကွယ် သွား တော့သည်။ စင်တိန် လန့်ဖျပ်သွားသလို ဖြစ်သွားရာ ဟာနီသည် သူမလက်မောင်းကို ဆုပ်ကိုင် ကာ ထိန်းထား လိုက်သည်။

"အန္တရာယ်အကြီးဆုံးနေရာကို ရောက်လာပြီ နမ်းချိုင်၊ တကယ်လို့ အစောင့်အရှောက်တွေက တို့ကို လက်မခံဘဲ နှင်ထုတ်ယင် တို့သေမှာပဲ၊ ဒီတော့ ဖြည်းဖြည်းချင်းသွားရမယ်၊ ငြိမ်ငြိမ်လေး သွားရမယ်၊ မပြေးနဲ့၊ လက်တွေမဝှေ့ယမ်းနဲ့၊ ဒီနေရာကိုဖြတ်သန်း သွားနေတုန်းမှာ အရှင်သခင် တွေကို ဆုတောင်း မေတ္တာ ပို့သွား၊ ကြားလား နမ်ချိုင်း" ဟာနီကစင်တိန်အား သတိပေးလိုက်သည်။
ဟာနီက စင်တိန့်လက်ကိုကိုင်ထားရာမှ လွှတ်လိုက်သည်။ ထို့နောက် အိုဝါသွားသည့်နောက် သို့ အမှောင်ထု အတွင်း လိုက်ပါ ပျောက်ကွယ်သွားသည်။
စင်တိန် ရှေ့မတိုးရဲအောင်ဖြစ်သွားသည်။ နောက်လှည့်တော့မလိုပင် ဖြစ်သွားပြီးမှ နောက်ဆုံး မတတ်သာ တော့သဖြင့် ဟာနီဝင်ရောက်ပျောက်ကွယ် သွားရာ အမှောင်ထုထဲသို့ အားတင်းပြီး အရဲစွန့် ၀င်သွား တော့သည်။ အမှောင်ထုအ၀င်အ၀တွင် လူတစ်ကိုယ်စာ ၀င်သာသော ကျောက် လိုဏ်ဂူအပေါက်ဝကို တွေ့ရသည်။ စင်တိန်သည် အသက်ကိုတ၀ကြီးရှူလိုက်ပြီး လိုဏ်ခေါင်း ပေါက်အမှောင်ထုထဲသို့ လှမ်းဝင် သွားသည်။

အမှောင်ထုထဲရောက်၍ တစ်ခဏအကြာမျက်စိ ကျင့်သားရသွားသောအခါ မိမိရောက်နေသော လိုဏ်ခေါင်း မှာ ရှည်လျားလှကြောင်း တွေ့ရသည်။ ထိုလိုဏ်ခေါင်းမှာ သဘာဝအလျောက် ဖြစ်နေသော ဥမင် လိုဏ်ခေါင်းကြီးပင် ဖြစ်သည်။ ကျောက်သား မြေပြင်ပေါ်တွင် ဖိနပ်မပါ ဘဲသွားနေသော ရှေ့မှ နှစ်ယောက်၏ ခြေသံတစ်ဖတ်ဖတ်ကို စင်တိန်ကြားရသည်။

"ငါ့နောက်က ဖြည်းဖြည်းချင်းကပ်လိုက်ခဲ့ နမ်ချိုင်း"ဟာနီ၏ သတိပေးလိုက်သံကို စင်တိန်ကြား ရသည်။ စင်တိန် သည် ရှေ့မှနှစ်ယောက်၏ အရိပ်ကို မှန်းဆကြည့်ကာ နောက်မှ လိုက်သွားသည်။
လိုဏ်ခေါင်း အမှောင်ထုထဲတွင် လျှောက်သွားရင်း စင်တိန်သည် ခေါင်းပေါ်ဘက် အုတ်နံရံအမိုး၌ ပန်းကန်ပြားသဏ္ဌာန် မိုပွင့်များသဖွယ်ကပ်ပြီး တွဲလောင်းကျနေသော ထူးခြားသည့် ပုံသဏ္ဌာန် အရာဝတ္ထု များကို တွေ့ရသည်။ အချို့အရာဝတ္တုများကား အတော်နိမ့်အောင် တွဲလောင်းကျနေ သဖြင့်စင်တိန်သည် ခေါင်းနှင့် လွတ်အောင် ထိုအရာများအောက်မှ ခေါင်းငုံ့ခပ်လျှိုးပြီးသွားရသည်။
မိမိ ခေါင်းပေါ် မှ အရာဝတ္တုများမှာ မည်သည့်အရာဝတ္ထုဖြစ်မှန် စင်တိန် သိလိုက်ရချိန်တွင် ကြက် သီးဖြန်းဖြန်း ထသွားသည်။

ထိုအရာဝတ္ထုများကား ကြီးမားသော ပျားအုံးများပင်ဖြစ်သည်။ ဤမျှကြီးမားသော ပျားလဘို့များ တွင် ပျားရည်များ ဂါလံ ရာချီပြီးရှိနေမည်မှာ သေချာသည်။ ပျားလဘို့တွင် ပြားကောင်များ မည်း မည်းတုပ် အုံ့ဖွဲ့ကပ် နေကြသည်ကို တွေ့ရသည်။ အာဖရိကမှ ပျားကောင်များအကြောင်း မိုက်ကယ် ပြောခဲ့ဖူးသည်ကို ပြန်လည်ကြားယောင်လာသည်။
"အာဖရိက ပျားတွေဟာ မင်းတို့ဆီက ပျားတွေထက် အကောင်လဲ ပိုကြီးတယ်၊ အရောင်လဲ ပိုမည်းတယ်၊ အဆိပ်လဲ သိပ်ပြင်းတယ်၊ တစ်ခါက ကျွဲထီးတစ်ကောင်ကို အဲ့ဒီပျားတွေဝိုင်းတုပ်လို့ သေသွားတာ ငါ တွေ့ဖူး တယ်"
ယခုဤပျားများသည် မိမိခေါင်းပေါ် လက်မအနည်းငယ်၌ ရောက်ရှိနေသည်။ တ၀ီဝီအော်မြည်သံ များက နားကွဲ မတတ် ရှိနေသည်။

"ဒီလမ်းအတိုင်း လာနမ်ချိုင်း၊ မကြောက်နဲ့၊ ကြောက်ရင် သူတို့သိသွားလိမ့်မယ်"
ဟာနီက သတိပေးလိုက်သည်။ ထိုစဉ်မှာပင် ပျားတစ်ကောင် ပျားအုံမှထပျံလာပြီး စင်တိန့်ပါးပေါ် တွင် လာနားသည်။ စင်တိန်က လက်နှင့်ရိုက်လိုက်မိတော့မလို ဖြစ်သွားပြီးမှ သတိရလာသဖြင့် မရိုက်ဘဲ အသာငြိမ် နေလိုက်သည်။ ပျားကောင်သည်ပါးပေါ်မှနေ၍ အပေါ်နှုတ်ခမ်းအထိ လျှောက်ဆင်း လာပြီး နောက် စင်တိန်၏လက်ဖျန်ပေါ်သို့ ကူးပြောင်းပျံသန်း နားနေလိုက်သည်။
စင်တိန်သည် ဖျားကောင်ကို အနီးကပ်မြင်တွေ့လိုက်ရသောအခါ ပို၍ကြောက်လန့်သွားသည်။ ပျားကောင်ကြီး က အလွန်ကြီးမားသည်။ အရောင်က ကျောက်မီးသွေးလို မည်းနက်နေသည်။ အတောင် များက ကတ်ကြေးသွားလို ထက်မြနေသည်။ ပြူးထွက်လုံးဝန်းသော မျက်လုံးအစုံက မှုန်ပျပျ အလင်းရောင် တွင် ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။

"ပျံပါတော့ပျားကလေးရယ်..... ပျံပါတော့၊ ကျွန်မတို့ သားအမိကို ချမ်းသာပေးပါတော့"
စင်တိန် က ခပ်တိုးတိုး ဆုတောင်းလိုက်သည်။ ပျားကောင်က လက်ဖျန်တစ်လျှောက် လျှောက်သွား နေသည်။
"ကျွန်မ ရဲ့ ကလေးကိုရှင်တို့ရဲ့ လျှို့ဝှက်နယ်မြေမှာမွေး ခွင့်ပြုပါ၊ ကျွန်မတို့တစ်သက်လုံး ရှင်တို့ ကို ကျေးဇူးတင် ဆုတောင်းနေပါမယ်"
ပျားကောင် သည် လက်ဖျံပေါ်၌ လျောက်သွားနေပြီးနောက် တစ်အောင်အကြာတွင် ထပျံသွားတော့ သည်။ စင်တိန်ဆက်လျှောက်သွားရာ မကြာခင်ပင် ဥမင်လိုဏ်ခေါင်း ထွက်ပေါက်ဝသို့ ရောက်သွား ပြီအရုဏ်ဦး အလင်းရောင်ကို မြင်လိုက်ရသည်။ အိုဝါက စင်တိန်အား အပြင်မှနေ၍ ဆီးကြိုဆွဲခေါ်ပြီး ပြောလိုက်သည်။

"ကဲ...အခု မင်းဘေးကင်းရာရောက်ပြီ၊ အစောင့်အရှောက်တွေက တို့ကိုမြင့်မြတ်သောနေရာ ကိုဝင်ခွင့်ပေးလိုက်ပြီ၊ ဘာမှမပူပါနဲ့တော့"
စင်တိန်  သည် တုန်လှုပ်ချောက်ချားနေဆဲ ရှိသော်လည်း ဘေးပတ်ဝန်းကျင်ကို ကြည့်ရှု့လိုက်သည်။ တောင်ကြီး၏ အလယ်ကောင်ရှိ လှ်ျို့ဝှက်ဖုံးကွယ်နေသော ချိုင့်ဝှမ်းထဲသို့ သူတိုကရောက်လာ ကြခြင်း ဖြစ်သည်။ ဘေးပတ်ပတ်လည် တောင်နံရံများက ပေပေါင်း ရာချီမြင့်သည်။ အလယ်ကောင် တည့်တည့် တွင် မူ မိုးကောင်းကင်ကို မြင်နေရသည်။
ဒယ်အိုးပုံ ချိုင့်ခွက်ကြီး၏ အောက်ဆုံးဘက် အကျယ်ဆုံး နေရာတွင် တစ်မိုင်ခန့်ရှိသည်။ ယခု နံနက် စောစောပိုင်း တွင်မူ နေရောင်က အောက်ခြေသို့ ထိုးမလာသေးပေ။ သစ်ပင်များ ဆိုင်းနေ၍ အေးမြ နေသည်။ စင်တိန်သည် ဟာနီနောက်မှ လိုက်ပါလျှောက်သွားသည်။ မြေပြင်ပေါ်တွင် ကြွေ ကျနေသော သစ်သီး များက အလျှံပယ်ရှိနေသည်။

ဟာနီ က သစ်သီးတစ်လုံးကောက်ပြီး စင်တိန်အား ပေးလိုက်သည်။
"စားကြည့်စမ်း....ကောင်းတယ်၊ မွန်ဂွန်ဂိုအသီး"
စင်တိန်က ကိုက်လိုက်ရာ သွားမြုပ်သွားသည်။ အလယ်ကောင်၌ကြီးမားသော အစေ့ရှိသည်။ အပေါ်ခွံမှာ ပါးပါးလေးဖြစ်သည်။ စွန်ပလွန်သီး အရသာနှင့်ဆင်သော်လည်း စွန်ပလွန်သီးလောက် မချိုပေ။ ထို အပင်များ ပေါ်တွင် ခိုများညည်းတွားနေသည်။ ငှက်များနှင့် တိရစ္ဆာန် အငယ်လေးများ သည်ထိုနေရာ၌ နံနက် အစာရှာ လာကြသည်ကို စင်တိန်တွေ့ရသည်။
ချိုင့်ဝှမ်း ထဲတွင် သစ်ပင်များ ထူတပ်သလို တောင်စောင်းတွင်လည်း သစ်တောထူတပ်သည်။ တောင်ပူစာ ကလေး တစ်ခု အနီးသို့ သူတို့ချည်းကပ်လာသောအခါ သစ်ပင်များပေါ်မှ မျောက်များ က သူတို့ကို ကြည့်နေကြသည်။

စင်တိန်နှင့် ဟာနီတို့က အိုဝါရှိသည့်နေရာသို့ ရောက်သွားသော အခါ၊ အိုဝါသည် တေင်စောင်း တစ်ဘက် နံရံရှိ မည်းမှောင်နေသော အပေါက်ဝထဲသို့ ရပ်ကြည့်နေသည်ကို တွေ့ရသည်။ ထိုအပေါက်ဝ သည် မိုင်းတွင်းတစ်တွင်း၏ အ၀င်ဝအပေါက်နှင့်တူလှသည်။ စင်တိန်က အပေါက် ၀မှအထဲသို့ ချောင်းကြည့်လိုက်သောအခါ အောက်ဘက်သို့ ဆင်ခြေလျောဆင်းသွားပြီး လမ်း ကြောင်းမှာ ပြေပြစ်ချောမွေ့နေသည်ကို မြင်ရသည်။ စင်တိန်က အထဲဝင်ကြည့်ရန်အတွက် ရှေ့သို့ သွားရာအိုဝါက စင်တိန် လက်မောင်း ကို လှမ်းဆွဲပြီး တားထားလိုက်သည်။
"မလောနဲ့နမ်ချိုင်း၊ လုပ်သင့်လုပ်ထိုက်တာတွေကို ကြိုတင်လုပ်ထားဦးမှ ဖြစ်မယ်"

အိုဝါက စင်တိန်အား တခြားတစ်နေရာသို့ ဆွဲခေါ်သွားသည်။ ထိုနေရာတွင် ရှေးဟောင်းဆန် လူမျိုးတို့ စခန်း ချသော စခန်းဟောင်းတစ်ခုကို ကျောက်ဆေင် အကာအကွယ်များထဲတွင် တွေ့ ရသည်။ တဲစခန်း ၏ သက်ငယ်အမိုးမှာ ပြိုကျပျက်စီးနေပြီ ဖြစ်သည်။ အိုဝါက ထိုတဲအပျက်ကို မီးရှို့ ပစ်လိုက်သည်။ သက်ငယ် အဟောင်းအဆွေးများကြားတွင် မြွေနှင့်အဆိပ်ရှိသော သတ္တ၀ါများ ခို အောင်းနေမည်စိုးသဖြင့် မီးရှို့ ရှင်းထုတ်လိုက်ခြင်းဖြစ်သည်။ ထို့နောက်တွင် ဟာနီနှင့် စင်တိန်က သစ်ပင်ပေါက်များ မြက်အရှည် များဖြင့် တဲစခန်းအသစ် ပြန်ထိုးကြသည်။

"ကျွန်မဆာပြီ"
စင်တိန် သည် မနေ့ညနေတည်းက ဘာမျှမစားခဲ့ရသေးသဖြင့် ဆာလာသည်။
"လာ"
ဟာနီက စင်တိန်အား မွန်ဂွန်ဂိုအပင်များ အောက်သိုက ခေါ်သွားပြီး သူတို့အိတ်များနှင့်အပြည့် အသီးများ သယ်ယူလာကြသည်။ စခန်းပြန်ရောက်သောအခါ ဟာနီက စင်တိန်အား မွန်ဂွန်ဂိုအသီး ၏ ပြင်ပအခွံပါး ကိုခွာပုံ၊ အသားကိုစားပြီး အထဲမှအစေ့ကိုခွဲထုတ်ကာ အဆန်ကိုထုတ်ယူစားရပုံ ကိုသင်ပြသည်။ ထိုအစေ့ ထဲမှာ အဆန်သည်ဗာဒီသီးအစေ့ ထဲ မှ အဆန်နှင့်တူသည်။ ထိုအစေ့များ ကိုခွဲထုတ်ပြီး စားကြရာ သစ်ကြားသီး အရသာမျိုးရှိသည်။

"ဒီအသီးနဲ့ ဒီအစေ့အဆန်တွေကို တို့အမျိုးမျိုးလုပ်စားရမှာပဲ၊ ပြုတ်စား၊ ကင်စား၊ ဖုတ်စား အမျိုး မျိုး လုပ်စားရင် အရသာ အမျိုးမျိုးထွက်တယ်၊ ဒီနေရာဟာ သတ္တ၀ါတွေကို မသတ်ရတဲ့နေရာ၊ သားသမင်တို့ လွတ်ငြိမ်းချမ်းရာ မိဂုဒါဝုန်နယ်မြေဆိုတော့ ဒီအသီးတစ်မျိုးတည်းကိုပဲ တို့စား သောက်ရှင်သန်ရမှာပဲ"
ဟာနီ က စင်တိန်အား ပြောပြသည်။

သူတို့အစားအသောက် ပြင်ဆင်နေစဉ်မှာပင် အိုဝါသည် သစ်မြစ်တစ်မျိုးကို တူးဖော်ပြီး ယူလာ သည်။ ထို့နောက် သူတို့ ဘေးဘက် တစ်နေရာ၌ အိုဝါတစ်ယောက်တည်း ထိုင်ပြီးတူးလာသော သစ်ပြစ်များကို သူ၏ လက်စွဲတော် မောင်းချဓားဖြင့် ခုတ်ပိုင်းဖြတ်လှီး စိတ်ဖြာနေသည်။
မိုးမချုပ်ခင်မှာပင် သူတို့စားကြသောက်ကြသည်။ ထို့နောက်စင်တိန်သည် ဗိုက်ကလည်းလေး တစ်နေ့ လုံး လည်း ပင်ပန်းလာသဖြင့် အိပ်ပျော်သွားသည်။ အိပ်ရာနိုးလာသော အခါလန်းဆန်းနေ သည်။ အိုဝါ နှင့် ဟာနီ တို့က မီးပုံဘေးတွင် အလုပ်များနေကြသည်။ စင်တိန်က သူတို့အနား သွားပြီး ရော ထိုင်လိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, September 26, 2011

ခင်ခင်ထူး ၏ ခုံတော်မောင်ဂျိုက်သိုး အပိုင်း (၁)

ခုံတော်မောင်ဂျိုက်သိုး

ကျွန်မတို့က ကိုကြီးဂျိုက်သိုးလို့ ခေါ်ကြတဲ့ အစ်ကိုတစ်ယောက်က ရွာလူကြီးပါ။ အဖေ့တူဆိုတော့ ကျွန်မ တို့ ဆွေမျိုးတွေထဲမှာ စားမနာ နှိုက်မနာရှိတဲ့ အိမ်ကိုး။ ကျွန်မတို့ ငယ်ငယ်ကတည်းက ရွာလယ်ဝိုင်း တိုက် ထဲက ကိုကြီးဂျိုက်သိုးတို့အိမ်ကို မရောက်ရတဲ့နေ့ မရှိဘူး။

ကျွန်မအဖေ့ နှမ၀မ်းကွဲ ဒွေးလေးသောင်းက မွေးတဲ့ မွေးချင်းတွေထဲမှာ ကိုကြီးဂျိုက်သိုးတစ် ယောက်ပဲ ရွာမှာ ကျန်တာပါ။ ကျန်တဲ့နှမတွေ ညီတွေက ချောင်းဆင်း၊ ရေပုလဲ၊ နှဲမှုတ်ရွာ၊ မြေတော်၊ မီးလောင်ကျွန်း စသဖြင့် တခြားရွာတွေမှာ အခြေကျကြပါပြီး။ ကိုကြီးဂျိုက်သိုးကတော့ မွေးက တည်းက ရွာကခွာတယ် မရှိဘူး။ ဘယ်ကိုမှလည်း မသွားလေ့ဘူး။ မသွားတော့ မရောက်ရဘူးပေါ့။
မရောက်ရလည်း ကိစ္စမရှိပေါင်ကွာ ဆိုတဲ့လူမျိုးဆိုတော့ မြို့ရယ်လို့နီးနီးနားနား မြင်းခြံကိုတောင် ရောက်ဖူးရုံ ရှိတာပါ။ မြင်းခြံမြို့ပေါ် ရောက်နေကြတဲ့ ဆွေထဲမျိုးထဲက သာမှုနာမှုလို ကိစ္စတွေမှာ လည်း များသော အားဖြင့် ကိုယ်တိုင် သွားလေ့မရှိဘူး။ သူ့မိန်းမ မဆွမ်းအုပ်ကို လွှတ်တာများတယ်။

''တော်မသွားလို့ ကောင်းပါ့မလား.. တော့်အမျိုးအရင်း ခေါက်ခေါက်ကြီးဟာကို... ရွာက ဆွေဝေး မျိုးဝေး တွေတောင် သွားကြသာ.... မသွားရင် ခွေးဖြစ်ဖို့ရှိမှာပဲ''
မဆွမ်းအုပ်က တော့်အမျိုးအရင်း ခေါက်ခေါက်ကြီးလို့သာ ပြောတာပါ။ တကယ်တော့ မြင်းခြံအလှူက မဆွမ်းအုပ် နဲ့လည်း အမျိုးမကင်းဘူး။ ကျွန်မတို့က မမအုပ်ခေါ်ကြတဲ့ မဆွမ်းအုပ်က လှီလှီကလေးရယ်။ အိမ်အလုပ်၊ အခင်းအလုပ်၊ ကျွဲနွားအလုပ်များ ဗျန်းဗျန်းကွဲ လုပ်နေရသူဆိုတော့ မဆွမ်းအုပ်က အကြောင်း ကြီးငယ် တိုင်း စိတ်ရောက်လို့ ကိုယ်အပါနိုင်ဘူး။ လင်ကို လူမှုရေးရယ် လို့ မျက်နှာပြသွားစေချင်ပေသိလို့ ကိုကြီးဂျိုက်သိုးက မလှုပ်ပေါင်။ နင်သွားနိုင်ရင်သွား၊ မသွားနိုင်လို့ မျက်နှာနာစရာရှိရင်လည်း နင်သာ နာတော့၊ ငါကဖြင့် ဒေ၀ဒဟဘက် အမှိုက်တောင် မလွင့်စေရ ဘူး။ ဆိုတဲ့မျက်နှာနဲ့ ဆေးလိပ်ကြီး ငေါ့နေတော့တာပါ။

''မိအုပ်ရယ်... နင်သွားလည်း ဖြစ်သဟာကို ငါသွားမှလား.... ငါ့မယ်အမှုတွေက တန်းလန်း.. ရပ် ရေးရွာရေး ဆိုသာ ပြောဖြစ်သာမှုတ်ဘူး... မီးရေးထင်းရေးဆိုသာ ရှိသေး.... သွားပါဟာ ကူလိုက်ပေါ့  နှစ်ထောင် လောက်''
''နှစ်ထောင် မလှပါဘူးတော်.. မမသိန်းရှင်ကမွေးတဲ့ ကလေးတွေလှူသဲ့ဟာ... ငါးထောင်တော့ ကူမှပေါ့... တော်မသွား ကျုပ်သွားပေါ့.... တော်အိမ်မှာသာနေ... မီးလောင်ငုတ်တိုမှတ်ပြီး ပျားမှမစွဲ သယ်တော် တော် နဲ့ ကျုပ် နေရာချင်း လဲလိုက်ချင်ပါ့''

ဘယ်လိုပြောပြော ကိုကြီးဂျိုက်သိုးက နာတယ်ရယ်လို့လည်း မရှိဘူး၊ နာအောင်ပြောသကော ရယ်လို့ မျက်စောင်း တစ်ချက် လှည့်မထိုးဘူး။ တစ်ခြမ်းလှိုက်စားထားတဲ့ ဆေးလိပ်ကြီးဖွာနေတော့ တာပဲ။ ကိုကြီး ဂျိုက်သိုး တို့လင်မယားက ဆေးလိပ်များတော့ ကျားကန်သောက်ကြသူတွေပါ။ မမအုပ် က စိတ်ကလေး ရှိလို့၊ အားအားယားယား ရှိလို့ကတော့ ပြောင်းဖူးဖက်လိပ် အိမ်မှာတင် လိပ်နေကျပါ။ မအားတာများ သူဆိုတော့ သူလည်း ကြုံရာသောက်၊ ကိုကြီးဂျိုက်သိုးလည်း ကြုံရာ ဖွာတော့ပဲ။

ကိုကြီးဂျိုက်သိုး တို့အိမ်က နှစ်ထပ်အိမ်ပါ။ ရေ၀င်ရွာဆိုတော့ မြှင့်ဆောက်ထားရုံမက အောက်ထပ် တစ်ထပ်လုံး မြေဖို့ထားတော့ ၀ိုင်းမြေထက်တံတောင်လောက် မြင့်တယ်။ နွားတွေက အိမ်အရှေ့ ဘက် ဆီးချဉ်ပင်ကြီး အောက် ထားတယ်။ လှည်းနဲ့နွားနဲ့ သစ်ခင်းနဲ့ဆိုတော့ ရွာအလို တောင့်တောင့် တင်းတင်း ရှိ သူတွေပါ။ အိမ်အောက်ထပ်လေးဘက်စလုံး အကာမရှိဘူး။ တိုးလျှိုပေါက် ဖွင့်ထား တော့ ကြုံသူက ကြုံတဲ့ ဘက်က ၀င်တာပဲ။ ရှေးစာပွဲ ညိုညစ်ညစ်ကြီး တစ်လုံးတန်းလျားရှည်နှစ်လုံး က ကိုကြီးဂျိုက်သိုး ရဲ့ ရုံးစားပွဲ နဲ့ ကုလားထိုင်ပဲ။ စားပွဲပေါ်မှာ ဓာတ်ဘူးဟောင်းတစ်လုံး အမြဲရှိ တယ်။ ဓာတ်ဘူက နှုတ်ခမ်းဆွေး ဖင်ဆွေး လိုက်နေပါပြီ။ ရေနွေးတော့လုံတယ်ထင်ပါရဲ့ ၊ ရေနွေး ပြတ်တယ် မရှိဘူး။ အတောင်ဖြန့်ထားတဲ့ က ဒေါင်းပုံ စဥ့်ဆေးလိပ်ခွက်ကြီးကြီး တစ်ခွက်လည်း ရှိ တယ်။ ဆေးလိပ် ဖင်စီခံ တွေ၊ ပြာတွေ နဲ့ နင့် နေတဲ့ ဆေးလိပ်ခွက် ပါ။ သွန်တယ်ပြုတယ် မရှိတော့ ပေပွလို့။

ကိုကြီးဂျိုက်သိုး က တန်းလျားပေါ် ထိုင်နေကျ။ ဘယ်တုန်းကမှ ဖင်ချထိုင်တယ်မရှိဘူး။ ကျွန်မတို့ သိတတ် တဲ့ အရွယ်လောက်ကတည်းက ဒူးနှစ်လုံးထောင်ပြီး ငုတ်တုတ် ဆေးလိပ်ထိုင်သောက်နေ တာချည်းပဲ၊ အဲသလိုများ ထိုင်နေရင် ဖွာနေတဲ့ဆေးလိပ်ထဲမှာပဲ စိတ်ရှိတယ်။ ဆေးလိပ်က မီးပွား တွေ ဖွာခနဲ ကျလို့ ပုဆိုး ထခါတာလောက်၊ ဆေးလိပ်မီးနားမညီလို့ လက်ညှိုးတံတွေးဆွတ် ပြီး ညှိလို့ လူ လှုပ်တာက လွဲရင် ငူငူကြီး ထိုင်နေတာပဲ။

ကိုကြီးဂျိုက်သိုးကို ကျွန်မတို့ကလေးတွေက အင်မတန် ချစ်ကြတယ်။ အဆိပ်မရှိ သူ ဆိုတော့ ကျောခွနေ လို့လည်း ဟဲ့ တစ်ချက်မဆိုဘူး။ ကလေးတွေ ဆော့လို့ အကြမ်းပန်းကန်ရယ်၊ ကြွေပန်းကန်ရယ် ကျကွဲ လို့ လည်း ဖြစ်ရလေဟာ မရှိဘူး။

ကျွန်မတို့က ဗျောက်သီးတွေ ခူးလာပြီး ကိုကြီးဂျိုက်သိုးတို့ နွားရေတိုက်တဲ့ အင်ဗျက်ကယ်ကြီးထဲ ထည့်ကစားကြတယ်။ ဗျောက်သီးခြောက်တွေက ရေနဲ့ထိတော့ လန့်ကွဲကြကိုး။ ဖျောက်ခနဲ ဖျောက် ခနဲ ကွဲတာကို ကျွန်မတို့ အချင်းချင်း ပြိုင်ကြတာပါ။ ဗျောက်သီးခြောက် ရှည်ရှည်ကလေး တွေကို ရေထဲ တစ်ဖက် ငါးခု စီ ချလို့ အရင်ဆုံး လန့်ကွဲတဲ့ဘက်က အနိုင်။ တစ်ခါတလေ သူနိုင်ကိုယ်နိုင် ငြင်းရင်းက အော်ကြ ဟစ်ကြရင်လည်း ကိုကြီးဂျိုက်သိုးက လှည့်မကြည့်ဘူး။ အချင်းချင်း ငြင်းခုန်ရာ က လုံး သတ် တော့လည်း ထမဆွဲဘူး။ နောက်ဆုံး အင်ဗျက်ကျယ်ကြီးကွဲတာတောင် ကျောပေးထား တာပါ။ မမအုပ် ကတော့ ကျွန်မတို့ကလေးတွေ သူ့ဝိုင်းထဲ ၀င်ဆော့တဲ့အထိ သည်းခံရှာပါတယ်။ ဗျောက်သီးတွေ ရေထဲထည့်ကစားရင်တော့ ငေါက်ကရော။

''ညည်းတို့ ဗျောက်သီးတွေကို နွားရေထဲ ထည့်မကစားကြနဲ့.... နွားရေသောက်တော့ အာထောက် တတ် တယ်... မကြံကြီးမစည်ရာတော်... ဗျောက်သီးပဲ.... ပါးစပ်ထဲ တံတွေးစိုအောင်စွတ်ပြီး လက်ဖ၀ါး ပေါ်တင်သာ နဲ့ လန့်ကွဲသာပါအေ''
ဒါမျိုး ကြားရင်တော့ ကိုကြီးဂျိုက်သိုးက သူ့မိန်းမကို ထငေါက်တော့တာပဲ။
'' ဟဲ့မိအုပ်ရာ... ဗျောက်သီးခြောက်တောင် နွားဝါးသေးသာ.. ရေနူးနေတဲ့အသီး အာထောက်ပါ့မ လား နင့် နှယ် .. ကလေးတွေကစားကြစမ်းပါစီ''
''သူတော်ကောင်းကြီးရဲ့..... နရေသောက်သဲ့ ဖျဉ်းအိုးဝယ်ရသော နှစ်လုံးရှိပြီကွဲသာ... တော့နှမ မထူး အကဲဆုံး''

''ကွဲစမ်းပါစီဟာ... အိုးဆိုသာ ကွဲမျိုးဟာကို ညည်းနှယ်... မထူးတော့ မပြောနဲ့... နင့်ညီမက ယောက်ျား မိန်းမ ရယ်... သစ်ပငါတောင်တတ်တာ.. ''
ကိုကြီးဂျိုက်သိုးက ဆွေထဲမျိုးထဲက နီးနီးဝေးဝေး ဘယ်ကလေးကိုမဆို ညည်းခံရှာတာလည်း မှန်ပါ ရဲ့ ကျွန်မ ကိုတော့ ပိုသည်းခံတယ်၊ ပိုချစ်တယ်၊ နှမ၀မ်းကွဲကလည်း ဖြစ်ပြန်၊ မိန်းကလေးကလည်း ဖြစ်ပြန် ဆိုတော့ ကျွန်မကို ပိုသည်းတယ်။ ကိုကြီးဂျိုက်သိုးက အမှုမဲ့အမှတ်မဲ့ ငူငူစူစူကြီး နေလို့ ဘာမှ မသိဘူး လို့တော့ မထင်နဲ့။ ကျွန်မအိမ်ထောင်ကျလို့ ရွာပြန်တော့ ငယ်ငယ်က ကျွန်မဆိုးတာ ကဲတာ၊ ကျွန်မ ကြောင့် ပန်းကန်ကွဲတာ အိုးကွဲတာကအစ အကုန်ပြန်ပြောနိုင်တယ်။

အင်္ကျီချွန်ထားလို့ မည်းပြောင်နေတဲ့အညာသား ကျောကုန်းကြီးနဲ့ ဆေးလိပ်ဖွာရင်းက ကျွန်မအိမ် သားကို တစ်လုံး မကျန် ပြောနေတော့တာပါ။ ကျွန်မအိမ်သားကို ကျွန်မခေါ်သလို ဆရာပဲ ခေါ်ရှာ ပေမယ့် ဘာဆရာ မှန်း ကောင်းကောင်း သိတာမဟုတ်ဘူး။

''ရော်... ဆရာ့နှယ်... မထူးငယ်ငယ်က အင်မတန်ဆော့သာကိုး... တရုတ်မန်ကျည်းပင် ဆူးပြောက် ထိုးနေသာ ထောင်ရအောင်တက်သာ... သူခူးထားတဲ့ အသီးပြုတ်ကျလို့သူများ ကောက်ပြေးရင် မြစ်ထဲ ခုန်ချသာ တောင်မလွတ်ဘူး... လိုက်သာ... နရိုင်း(နွားရိုင်း) စီးလို့ ခါချသာများ ခရိုး(ခါးရိုး) ကျိုးကရော မှတ်သာ ဘိုးဥာဏ်အိမ်က ပိန္နဲသီးနုနုကေးလတွေ တုတ်နဲ့ ရိုက်ချလို့ ဘိုးဥာဏ်ခမျာ ငိုလိုက်သာများ''
ကိုကြီးဂျိုက်သိုးက ရွာမှာ သူစစ်ရတဲ့အမှုတွေ အကြောင်းများပြောရင် ထမင်းထမစာုးတော့ဘူး။ စာရယ်လို့ ပတ်တီးချားလည်းး ကောင်းကောင်းမတတ်ပေသိ အကြားအမြင်များလို့ ပြောနိုင်ဆိုနိုင် တော့ ရှိရှာသူပါ။ အထူး သဖြင့် မြို့က လာတဲ့လူတွေဆိုတဲ့ စိတ်နဲ့ သူလည်း ခေသူမဟုတ်တဲ့ အကြောင်း ဂိုက် ထုတ်ချင် တာက ပိုပိုပါ။

'' ဆရာ့နှယ်... ကျုပ်စစ်သဲ့အမှုတွေက ရွာမှုရပ်မှုဆိုသော်လည်းပဲ မဟော်သဓာပညာရှိ သားတရား၊ စီရင်သား တို့ထက် ဦးနှောက်ခြောက်ရသယ်... မဟော်သဓာက ဘုရားလောင်းဆိုတော့ ဥာဏ်ပါရမီ က ပါပြီးသား ဟာကိုဗျ.. ကျုပ်က ဥာဏ်ပါရမီ ဘာရှိမှာတုန်း သို့သော် ကျုပ်ခံတွင်းက နတ်စောင့် သာ .. မယုံမရှိနဲ့... တစ်ခါများ... ''
''ဘာနတ်တုန်း ကိုကြီးသိုရဲ့ ... ''
''မိဆိုင်ဖဆိုင် နတ်လည်း ပါသယ် .. ဆွေနတ်မျိုးနတ်လည်းပါတယ်''
''ဆွေနတ်မျိုးနတ်ဆိုတာက... ''

''ကျုပ်တို့အမေကြီး မဒေါင်းစိမ်းဆိုသာ ကျုပ်တို့ငယ်ငယ်ကတည်းက သေသေချင်း နတ်ဖြစ်သာ ဆရာရဲ့ ..အမေကြီးက မကျွတ်ဘူး... သူနတ်ဖြစ်နေပြီ အိပ်မက်ပေးလို့ ၀ိုင်းထဲနတ်ကွန်း ထဆောက် ပေးတာပာ တစ်ခါ တလေ နောက်ဖေး မှာ ငုတ်တုတ်ထိုင်နေသာ မြင်ရသယ်''
''ဒါကြောင့် တရား နတ်စောင့်တယ် ပြောတာနေမှာ''
''အစစ်ပေါ့''
သည်တစ်ခေါက် ရွာပြန်တော့ ကိုကြီးဂျိုက်သိုး အိုရှာပါပြီ။ တောသူတောင်သားဆိုတော့ သန်သန် မာမာ တော့ ရှိရှာတုန်းပါ။ အင်္ကျီကတော့ ၀တ်တယ်မရှိဘူး။ ခါးကုန်းကုန်းးဝမ်းဗိုက်ရှပ်ရှပ်ကြီးနဲ့ တန်းလျားခုံပေါ် ငုတ်တုတ် ထိုင်လျက်ပါပဲ။ ကိုကြီးဂျိုက်သိုးက အဖေ့တူဆိုပေ့သိ အမေ့အမျိုးလို လည်းပြောရင် ဖြစ်ပါရဲ့ ။ ကိုကြီးဂျိုက်သိုး အမေ ဒွေးလေးသောင်းနဲ့ ကျွန်မအဖေနဲ့က မောင်နှမ တော်သလို ကိုကြီးဂျိုက်သိုး အမေကြီးနဲ့ ကျွန်မအမေဘက်က အဘ(ဘိုးကံသာ) နဲ့က မောင်နှမ ၀မ်းကွဲ။ ကျွန်မတို့က နှစ်ဖက် တော့် ပေါ့။

ကိုကြီးဂျိုက်သိုးနဲ့ သူအမှုတွေအကြောင်းကလည်း ရွာမှာတော့ စီရင်ထုံးပေါ့။
''အစ်ကို မမအုပ်... ကျုပ်တော့ သေသာသေချင်တော့တာပဲ.. အိမ်ကအကြီးကောင် အောင်သန်း သိ သမှုတ်လား... တောင်ရွာဖျောက်ဆိပ်ပင်မှာ လူရိုက်ခံရလို့တဲ့... ရိုက်တဲ့ကောင်က လှဝင်းသားမက် မြမောင်သဲ့... ''
''ဘယ်လှဝင်းတုံး''
''ဖိုးတုတ်ညီ ငရှောင်နဲ့ရသဲ့ ကောင်မလေ''
''ဘယ်ဖိုးတုတ်တုံး''
''ဟော်တော် အစ်ကိုကလည်း ကိုကြက်တောတို့ လှေလိုက်တဲ့ ဖိုးတုတ်လေ''

''ဘယ်က်ြတောတုံး''
''ဇဂျူးရွာက မအုန်းစိန်ဟာကော အစ်ကိုရဲ့''
''ဇဂျူးက အုန်းစိန်.... ဘယ်သူ့အဆက်ထဲများပါလိမ့်''
''မမအုပ်သိပါတယ် မမအုပ်တို့ ကျုပ်တို့ ဇဂျူးအလှူသွားတုန်းက ကျုပ်တို့ အပြန်ပဲ နှစ်ပြည်သားစီ ပေးလိုက်သဲ့ မိန်းမဟာကော မောင်နှမနှစ်ယောက်ရှိသာ မောင်ကကြက်တော အစ်မကအုန်စိန် .. မောင်နှမချင်း မတည့်ကြဘူး။ ကြက်တော က လှေတစ်စင်းဝယ်ပြီး ညောင်တိုဘက်သွားနေသာကြာ ပြီ.. ညောင်တိုသား ဖိုးတုတ်ကို လှေပေါ်တင်သာ''
''အေးလေ... အခုက နင့်သားကို ဖိုးတုတ်က ရိုက်လွှတ်တာလား''

''ခက်ပေါ့ကော.... ဖိုးတုန်က ရိုက်သာမှုတ်ဘူး။ အစ်ကိုရဲ့ ဖိုးတုတ်ညီ ငရှောင်နဲ့ရသဲ့ လှဝင်းသား မက် မြမောင်က ရိုက်သာ''
''သြော် အေး... အရိုက်ခံရသာက အောင်သန်း''
''ကျုပ်သားလေ.... အကြီးကောင် အောင်သန်း''
''ငါသိပြီ.... ဘယ်လိုဖြစ်ကြသာတုံး... ရိုက်သာကဘယ်မှာ.... ''

''တောရွာ ဖျောက်ဆိပ်ပင်အောက်မှာ ရိုက်သာတဲ့... ချိုစောင်းမှာ ဟက်တက်ကွဲကရောတဲ့ ကျုပ်အိမ်က တက်တိုး တော့ လိုက်သွားလေရဲ့ .. နှစ်ယောက်သုံးယောက်လည်းပါသွားကြသယ်..... မိညှက်မ ယောက်ျား ဘယ်သူတဲ့ ...ငအေး... နောက်နှစ်ယောက်က တက်တိုးတူ နှစ်ယောက် မိဖုရား ရွာက လာနေကြသာ... သူတို့လည်းပါသွားကြသယ်... တုတ်တွေနဲ့ လိုက်သွားကြသာ... ရိုက်နှက် ကုန်ကြပြီ လားတောင် မသိဘူး... အစ်ကိုလိုက်ပါဦး''
''အစ်ကိုနဲ့ကျုပ် မောင်ုနှမတော်သဲ့ဟာ ကျုပ်အိမ်ဧည့်ဝင်သာ တိုင်ရဦးမှာလား... ကိုင်းပါ... အခု အစ်ကို လိုက်ခဲ့ပါ.. ကျုပ်တော့ သေချင်သာပဲ''
''မိအုပ်... နင်လိုက်သွားစမ်း''

အမှုက လိုရင်းမရောက်ဘူး။ အမှုတိုင်သူနဲ့ တိုင်ချက်မှာ လူများများပါလာလေ နဂိုအမှုက ဘေး ရောက်လေဖြစ်ရတာလည်း ကိုကြီးဂျိုက်သိုး စစ်ချက်ယူတိုင်း ဖြစ်နေကျပါ။ ကျွန်မအဖေက သူ့ တူအကြောင်း ပြောရင် မပြောခင်ကရယ်နှင့်တာပါ။ သူ့တူ ရိုးလွန်းတာ၊ စိတ်ရှည်တာ ၊ သည်းခံတာ၊ ဘယ်သူက ဘာပြောပြော ဘာတိုင်တိုင် ထောက်ခံတာ၊ မူလအမှုက နှစ်ဖက်ကျေအေးနိုင်ပါလျက် ကနဲ့ သူ့တူဝင်စစ်မှ အမှုပိုကြီးတာတွေ စကားရောက်တိုင်း ပြောတတ်တယ်။

''ငသိုးက လူကြီးသာလုပ်နေသာ အိမ်ကထချင်သဲ့ကောင် မှုတ်ဘူး... တစ်ခါတော့ ညဘက်ကြီး တို့ ရွာအရှေ့ ဇလပ်ကုန်းရွာဘက်က သေနတ်သံကြားလို့တဲ့.... အိပ်နေတဲ့ သူမယားဆွမ်းအုပ်ကို ဇလပ်ကုန်း ဘက်သွားမေးစမ်း ညဘက် သေနတ်သံကြားသာ မဟုတ်မှလွဲရော ဓါးပြတိုက်သာနေမှာ တဲ့၊ မနက်ကျ ဆွမ်းအုပ်က အဖေ့လာတိုင်သယ်... ဘကြီးသူ ဆုံးမဦးတဲ့ ကျုပ်ကို ညကြီးမှောင် မှောင် တစ်တိုင် လောက်ဝေးတဲ့ ဇလပ်ကုန်းဘက် ဇွတ်လွှတ်နေသာတဲ့ ဒါနဲ့ အဖေက သွားငေါက် တော့ ငသိုးက အေးအေးပဲ''
''အဖေ့ကို ဘာပြောလိုက်တုံး''

''ဟာ့ဘကြီးရာ.... ကျုပ်က လူကြီးဖြစ်ပြီသူများပြောမှ ကြားရသာဆိုရင် ဘယ်ကောင်းနိုင်ပါ့မတုံးဗျ၊ ဒါကြောင့် မိအုပ်ကို နှိုးလွှတ်သာ.... မိန်းမ မသွားပေါင်တဲ့ဗျာ... မင်းက ဘာဖြစ်လို့ မသွားသာတုံး ဆိုတော့.. ဟာကျုပ်လိုက်သွားတော့ သေနတ်မှန်မှာပေါ့တဲ့ဗျာ''

ကျွန်မတို့ မောင်နှမတစ်တွေက ရယ်ကြတော့ ဒါတင်ဘယ်ကလိမ့်မလဲတဲ့။ အဖေကပြောတော့ အမေ ကလည်း သတိရတာဖြည့်ပြန်ရော။ မိဘတွေ ပြောဖန်များလို့ ကျွန်မတို့ ဘယ်အချိန်သွားသွား ရွာလူကြီး ကိုကြီးဂျိုက်သိုးကို သွားတွေ့နေကျ။ မြို့ကပါလာတဲ့ မုန့်တွေဘာတွေ လက်ဆောင်ရယ် လို့သွားပေးရင် ဆွေမျိုးမို့ ပေးတယ်အောက်မေ့တာက နည်းနည်း၊ ရွာလူကြီးမို့ မျက်နှာလာလုပ် တယ်ဆိုတဲ့ပုံက များများပါ။ မမအုပ်ကတော့ မက်ရှာပါရဲ့။ ကိုကြီးဂျိုက်သိုးက မြို့မုန့်တွေရိုးနေပေါ့ ဆိုတဲ့ မျက်နှာ နဲ့ တို့ချင်မှတို့တာ။ ကျွန်မတို့က သူ့အကြောင်းသိလို့ စားပါဦး ကိုကြီးဂျိုက်သိုးရဲ့ ဆိုတော့ တစ်ဖဲ့ လောက်ယူစားပြီး နင်တို့အစ်မကျွေးပါဟာ လုပ်တော့တာလေ။ မမအုပ်က တောသူ ဆိုတော့ ဘွင်းဘွင်းပဲ။

''တော့်ဖို့ရာရယ်လို့ ဘယ်မြို့က ဘယ်အမျိုးက မုန့်တွေ ဖာနဲ့ထည့်ထမ်းလာလို့တုံး... မနှစ်က ရွာဘုန်းကြီး လာကန်တော့ကြတဲ့ ညည်းတို့မန်းလေးက ကိုသန်းဝင်းတို့ ကိတ်မုန့်ပေးသွားသာကို တစ်သက်လုံး စားရ သလိုလို လုပ်နေသာ... တော်မစား ကျုပ်စားသတော်''

ကျွန်မက စကားလမ်းကြောင်းလွှဲရတယ်။ ကိုကြီးဂျိုက်သိုးလည်း ပိန်လိုက်တာ၊ အစားမမှန် အသောက် မမှန် ဖြစ်နေပုံပေါ်ပါရဲ့ အမှုစစ်တာလည်း စစ်တာပေါ့ ဆိုတာမျိုးနဲ့ အမှုသင်းကဲများ သလိုလို စကား ထည့်ရင် ချက်ချင်းဝင်လာတာပဲ။ ဒေါင်းဆေးလိပ်ခွက်ထဲက ပြောင်းဖူးဖက်တိုက်ု ကောက်ယူပြီး မီးခတ်နဲ့ ညှိတယ်။ အောက်နှုတ်ခမ်းကြီးထော်ပြီးငေါ်ငေါ်ကြီးဖွာတော့တာပါ။
''အမှုက မရှိဘူးဆိုရင် တစ်နေ့သုံးမှုတော့ အောက်ထစ် ရှင်းရသာပေါ့ ငါ့နှမရာ... နခိုးမှု.. ငွေတိုး ကြေးတိုးမှု၊ အခင်းပေါင် အခင်းရွေ့မှု၊ သစ်ခင်းထဲနွားဝင်မှု၊ စုံလို့ပါဟာ... ဖဲဝိုင်းကြက်ဝိုင်းများ ဖမ်းရ သာရှိသေး... လင်ကွာ မယားကွာကလည်း ငါဝင်မှ.. ချေးတုန်းကပဲနဲ့ ပြန်ဆပ်သဲ့ပဲ မတူသာလည်း ငါပဲရှင်းရသယ်''

ချေးတုန်းကပဲနဲ့ ပြန်ဆပ်တဲ့ပဲ မတူတဲ့အမှုကတော့ အမှုတကာမှာ ရှားရှားပါးပါးဆိုတော့ ကျွန်မက သေချာအောင် အမှုဖြစ်ပွားပုံကအစ မေးရတယ်။ ကိုကြီးဂျိုက်သိုးက သူ့ဓာတ်ဘူးဟောင်းထဲက ရေနွေးတစ်ခွက် ကျွန်မအတွက် ငှဲ့ပေးပြီး ထန်လျက်ပန်းကန်ရှေ့တိုးပေး တော့တာပါပါ်။ မပြန်နဲ့ဦး သည်အမှုက တော်တော်ပြောရမယ့်အမှုဆိုတဲ့သဘောပါ။ ကိုကြီးဂျိုက်သိုးပြောသလောက်ဆိုရင် နှစ်ဖက်ပြဿနာဖြစ်သူတွေ၊ ကိုကြီးဂျိုက်သိုး ရုံးကိုရောက်နေကြသူတွေဟာ ကျွန်မအစ်မနှစ် ယောက်ဖြစ်တဲ့ မပေါများနဲပ အဗွေးတဲ့။ မပေါများက အဖေ့အမျိုး၊ မဗွေးက အမေ့အမျိုး။
''ခက်သဟာ... ငါက သူစိမ်းအမှုကိုင်လိုင်ချင်သေးသယ်... ဆွေမှုမျိုးမှု မကိုင်ချင်ဘူး... ပေါများက နင့်အဖေအမျိုးဆိုတော့ ငါအမျိုးကိုးဟ... မိဗွေးကလည်းနင့်အစ်မ မိအုပ်အမျိုး... အဖိုးမတန်သာနဲ့ ဖြစ်ကြသာပါဟာ... ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ကြမလို့... ငါဝင်လို့''

''အစ်ကိုက မှန်တဲ့ဘက်လိုက်ရုံပေါ့... ကိုယ်လူကြီးပဲဟာ''
''နင်ပြောတော့ လွယ်တယ်..အမှုက နှစ်ဖက်စလုံးက မှန်သာကိုးငါ့နှမရဲ့''
''နှစ်ဖက်စလုံးမှန်မှတော့ အမှုက ဖြစ်စရာရှိပါဦးမလား အစ်ကိုရဲ့''
''လိုသာပေါ့ ငါ့နှမရ..... ဒါမျိုး သာပြီးဆုံးဖြတ်ရခက်သေး''

ဖြစ်ပုံက ကျွန်မအစ်မနှစ်ယောက် အပေးအယူ အချေးအငှားရှိကြရာက စတဲ့ ပြဿနာပါ။ ညီအစ်မ ၀မ်းကွဲ နှစ်ယောက် မြင်းခြံပွဲရုံတွေကို ပဲသွားရောင်းတော့ မော်တော်တစ်စီးတည်း အတူတူစီးကြ တယ်။ မြစ်ဆိပ်က မော်တော်ဝမ်းထဲ ပဲအိတ်တွေ ရွတ်ချတော့လည်း သူ့အိတ်ကိုယ့်အိတ် မခွဲဘူး။ တစ်ယောက်တစ်လက် ရွက်တင်ကြတဲ့အထိလည်းအကောင်း၊ မြင်းခြံမြစ်ဆိပ်က ပွဲရုံအထိလှည်း ငှားသွားတော့လည်း အတူတူပါပဲ။ ပွဲရုံက ပဲခြင်းကျတော့ မပေါများ ယူလာတဲ့ပဲက တစ်တောင်း ပြည့်ဖို့ နည်းနည်းလိုတော့ မဗွေးပဲထဲက နှစ်လက်ခုပ်သုံးလက်ခုပ် ယူဖြည့်တယ်။

ယူဖြည့်လိုက်  တုန်းက နှစ်လက်ခုပ် သုံးလက်ခုပ်ရယ်လို့ ဖြည့်လိုက်တာပဲ။ ပဲထဲစိတ်ရောက်နေကြတော့ တစ် ပြည်ရယ် နှစ်ပြည်ရယ်မတွက်ခဲ့ကြဘူး။ ရွာပြန်ရောက်တော့ မဗွေးက ပဲကြွေးတောင်းရော တောင်း တော့ မပေါများက ပဲကို လက်ခုပ်နဲ့ မှန်းပြီးချင်တယ်။ သွားဆပ်တယ်။ သည်တော့ မဗွေးက သူ့ဆီ က ယူလိုက်တာ သည်လောက်မကဘူး ဖြစ်ကရော။ ဒါတင်မကဘူး။ မဗွေးက သူ့ဆီက ပဲလုံးစင်လုံး သန့်ချေပြီး ပြန်ဆပ်တော့ ကောက်သင်းကောက်ပဲ ပဲဖျင်းပဲညံ့ ဆပ်တယ်လုပ်ပြန်တယ်။ မပေါများက ငါဆပ်သလောက် မကဘူးဆိုရင် ဘယ်လောက်လဲ ပြောပါဆိုတော့လည်း မဗွေးက မပြောနိုင်ဘူး။ ညည်းပဲက ဘာတွေကောင်းလို့ ငါ့ပဲက ဘာတွေညံ့တာလဲ ပြောပါဆိုတော့လည်း မဗွေးက မပြောနိုင်ဘူး။

သည်မှာတင် ညီအစ်မ ဝမ်းကွဲနှစ်ယောက် ငြင်းကြခုန်ကြရာက နပမ်းထလုံး လိုက်တာ ဘယ်သူမှ ဖျင်လို့ မရဘူးတဲ့။ နောက်တော့ လူကြီးတွေဖျင်လို့ လူချင်းကွဲတာတောင် တစ်ယောက်တစ်ယောက် ငယ်ကျိုး ငယ်နာ တွေပြောပြီး စောင်ကြသတဲ့။ ကိုကြီးဂျိုက်သိုးဆီရောက်တော့ ပြေလည်အောင် ဖြေရှင်း ပေးလိုက်ရတယ်လို့ ဆိုတယ်။
'' အစ်ကိုက ဘယ်လိုဖြေရှင်းပေးလိုက်တာလဲ။''

''လွယ်ပါ့ဟာ-----မိဗွေးကို ပေါများ ဆပ်သဲ့ပဲထုပ်က ငါ့အိမ်ပါလာသာကိုးဟ--- အဲသာကို ငါယူထားလိုက်သယ်----- ငါ့ကိုထားလိုက်သယ်---ငါ့အခင်းကထွက်သဲ့ ပဲစင်စင်သား ပေါများ နင်ကြိုက် သလောက် ချင်ယူသွားလို့ ပြောလိုက်သယ်--- ပေါများက နှစ်ပြည်သား ချင်ယူသွားသယ် လေ။ နှစ်ဦးနှစ်ဝ ကျေနပ်သွားကြပါ့ဗျာ။

ကိုကြီးဂျိုက်သိုးက သူရှင်းလိုက်တာကို ဂုဏ်ယူပြောနေသခိုက် ကျွန်မအစ်မ မမအုပ်က သူ့ယောင်္ကျားကို မျက်စောင်းလှမ်းထိုးလေရဲ့။ ရေနွေးလာဖြည့်ရင်းက ကျွန်မကိုမကျေမချမ်း ပြောနေသေးတာ။
''ညည်းအစ်ကို ခုံတော်မောင်ဂျိုက်သိုး... ဒါမျိုးခဏခဏ လုပ်ရလို့ အိမ်ကပါလှပေါ့အေ... အမှုစစ်ခ တစ်မူးတစ်ပဲ မရသာထား... အိမ်ကပါသွားတာ နွားတစ်ကောင်ဖိုး မကတော့ဘူး... သည်တစ်ခါ အဲသလို အမှုတွေလာရင် ကျုပ်အိမ်ပေါ်ကအဆင်းပဲလို့ ကြိမ်ထားသယ်''
ကိုကြီးဂျိုက်သိုးက သူ့ပြောတယ် မအောက်မေ့ပါဘူး။ သူ့ကို ခုံတော်မောင်ဂျိုက်သိုး ခေါ်လို့ ကျေနပ် နေသေးတာပါ။ ကျွန်မလည်း လင်မယားနှစ်ယောက်ရှေ့မရယ်ဝံ့ဘူး။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>