Monday, April 26, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၈၈)

ဣတ္တိယသိုက်ကာမ ကန်ထရိုက်
အတွင်းကျကျ သိသူများက စိတ်အခန့်မသင့်ကြသည်ဟု သတင်းဖြန့်ထား၍ သတင်းစာလောက မှလည်း သိသင့် သလောက် သိကြလျက် နှာစေးနေကြစဉ် ယခင်ဖေါ်ပြပြီးအတိုင်း မော်လမြိုင်မြို့မှ ထုတ်ဝေသော တနင်္သာရီ သတင်းစာက အစဖေါ်လိုက်ပြီးနောက် ရန်ကုန်မြို့ပေါ်က သတင်းစာ တစောင်၊ နှစ်စောင် လောက်က သိုးသိုးသန့်သန့် စလာကြသည်။ ဗူးတရာ အပေါက်ကို ပိတ်နိုင် သလောက် ပါးစပ်တပေါက်စီကို လိုက်မပိတ် နိုင်အောင် ဖြစ်လာပါသည်။ ရန်ကုန်က သတင်းစာ တစောင်သည် တနင်္သာရီ သတင်းစာမှ တဆင့် ယူ၍ ထည့်လိုက်သည်။ အခြားသတင်းစာ တစောင် ကလည်း ဤသတင်းအကျဉ်းချုပ်ထည့်လိုက်ပြီး တန်ဆောင်း အလှူဆိုင်းဘုတ်မှ အမည်ကို ဖြုတ်ချ လိုက်သည်ဟု ရေးသားလာလေသည်။

ထိုအချိန်မှစ၍ ဆက်ခါ ဆက်ခါ မော်လမြိုင် မြို့ထုတ် တနင်္သာရီသတင်းစာ၌ ရုပ်ရှင်ပြဇာတ်လိုက် ကာမေသု မင်းသားကြီး၏ ခြင်ထောင်စီမံကိန်းသစ် သတင်းတပုဒ် ထပ်မံ ပါလာပြန်ပါသည်။ ၎င်း သတင်းမှာ သွားရင်း၊ လာရင်း ဇင်းကျိုက်သူ ကရင်မကလေးတဦးနှင့် ရာဂပူးသော သတင်း ဖြစ်ပါ သည်။ အလွန် သန့်ရှင်း စင်ကြယ်သော လူတော်၊ လူကောင်းကြီး တယောက်ပါ၊ ဘာအပြစ်မှ မရှိဘဲ အ၀တ်တထည် ကိုယ်တခု နှင့် ကျမက နှင်ချ လွှတ်လိုက်ပါသည်။

သို့ကြောင့် သိမ်ဖြူလမ်းမှာ ဖြစ်သလိုစား၍ ဖြစ်သလိုနေရပါသည်ဟု ပတ်ဝန်းကျင်ကို ဒါဝဖြန့်ထားသည်။ ရဲအရာရှိ ပင်စင်စား နှစ်ထပ်တော် ယောက်ဖကလည်း သူ့ခမြာ သနားစရာပါ။ ဖြစ်သလို နေရှာပါသည်။ ခုနေ အခါ ၀န်ကြီးချုပ်အိမ်သွားနေမယ်ဆိုလဲ နေနိုင်ဒါဘဲ၊ သို့ပေမဲ့ ဒီမှာလာပြီး အဆင်းရဲခံ နေပါသည်ဟု ဆို၏။ အပြစ်မရှိပါဟုလည်း ဆို၏။ ကျမကသာ တွေ့က မိန်းမတွေနဲ့ စွပ်စွဲ သမုတ်နေသည်။ မိန်းမ မှန်သမျှ နှင့် ပေးစားခံနေရသည်၊ ယခုအဖေါ်မရှိ၊ သူတကိုယ်ထဲနေ နေပါသည် စသည်ဖြင့် အသံကောင်း ကုန်းဟစ် နေသော်လည်း ရာဂမီး တဟုန်းဟုန်း တောက်လောင်လျက်သာ ရှိပါသေး သည်။ ဒီဂရီ မလျှော့ကျ သေးပေ။

နောက် နောက်က ထိန်းမနိုင်၊ သိမ်းမရအောင် ကြုံသမျှနှင့် ကာမရာဂမီးတွေ လောင်ခဲ့ အရမ်းကျခဲ့သဖြင့် ဒီကနေ့ ဒီအဖြစ်မျိုး ဆိုက်ရောက်ကြရသည့် တိုင်အောင် ကာမဂုဏ် စိတ်ဆွဲဆောင်ရာသို့သာလျှင် လိုက်ပါ နေသေး သူ ဖြစ်ကြောင်း ထင်ရှားနေ ပါသည်။ ဤမျှ အများအပြား လိုက်စားခဲ့ရရုံနှင့် တင်းတိမ်၊ ရောင့်ရဲမှု မရှိ။ ကိုယ့်အပြစ် ကိုယ်ငုံ့ ကြည့်ပြီး သတိနောင်တမရ တွေ့သမျှ မြင်သမျှ မရှောင်တိမ်း၊ သရမ်းမြဲ၊ သရမ်း နေသည် ကို ထိုဇင်းကျိုက်မြို့က နောက်ဆက်တွဲ သတင်းခုက ထုတ်ဖေါ်ပြလိုက် ပြန်ပါသည်။

၎င်းသတင်းသည် ကျမနှင့် ကွာရှင်းပြီး အိမ်မှ ဆင်းသွားရသည့်နောက် သိမ်ဖြူလမ်းနေအိမ်ရောက် ခါမှ ရသည့် နောက် သိမ်ဖြူလမ်း နေအိမ်ရောက်ခါမှ အရေကို အလွှာ၊ အလွှာ ခွါစားနေကျဖြစ်သူ နောက်လိုက် နောက်ပါ၊ အခြွှေအရံ၊ သာပေါင်းညာစား၊ တသိုက်တမြုံနှင့် သထုံဇင်းကျိုက်နယ်သို့ ထွက်လေသည်။ ထွက်ရ သော အကြောင်းမှာ စစ်တောင်းတံတားကြီး ဆောက်ရာ၌ ကျောက် ကန်ထရိုက်သွင်းရန် ရည်ရွယ်ချက် ဖြင့် ထွက်ကြသည်ဟု လူယုံတော် ယာယီမန်နေဂျာ ဦးဗအေးက ပြောပြ သတင်းပေးခြင်း ဖြစ်ပါ သည်။ သို့ရာတွင် ကျောက်ကန်ထရိုက်က အလုပ်ဖြစ်သည်။ မဖြစ် သည် မသိရ၊ ဣတ္တိယသိုက်ကာမ ကန်ထရိုက် အလုပ်တစ်ခုကတော့ တိုးရ လာပြန်သည်ဟု ဆို လေသည်။

ဇင်းကျိုက်မှ မိန်းမကန်ထရိုက် သွင်းလိုက်သူအား အချိန်စောစောပိုင်းကပင် ဗမာ့ခေတ်သတင်းစာ ကိုယ်စား လည်နှင့် သတင်းထောက် အလုပ်များ ခန့်ထားခြင်း၊ ထိုမျှမက ဗမာ့ခေတ်သတင်းစာ အလုပ်တိုက်မှ ငွေငါးရာ အော်ဒီမန်စာချုပ်နှင့် ထုတ်ပေး ချေးငှါးထားလိုက်ခြင်း စသော ကျေးဇူး များကြောင့် ထိုဇင်းကျိုက် သား သတင်းစာ ကိုယ်စားလည် ကျောင်းဆရာက သည်းချေကြိုက် ဓာတ်စာဖြစ်သော သမီးကညာရှာ၍ ဆက်ခြင်း ဖြင့် ဧည့်ဝတ်ပြုလိုက်လေသည်။

၎င်းသတင်းက ဇင်းကျိုက်လိုမြို့ငယ်၊ ရွာငယ်ကလေးအပေါ်မှာ ဟိုးဟိုးကျော်၍ ဟော်ဟော် ကျိုးသွား သောကြောင့် မော်လမြိုင်မြိုက်အထိ သံလွင်မြစ် တဘက်ကမ်းကို လက်ပစ်ကူးရောက် သွားရခြင်း ဖြစ်ပါ သည်။ ဤတွင် တနင်္သာရီနေ့စဉ် သတင်းစာ၏ မျက်နှာဖုံးမှာ စာလုံးမဲကြီးဖြင့် လူတော် လူကောင်း သက်ကြား အို တယောက်၏ အညှီအဟောက် သတင်းတွေမှာ ဝေေ၀ဆာဆာ နေ့စဉ် ပါလာပြန်ပါသည်။

၎င်းသတင်းများမှ လိုရင်းအချုပ်ကို ထုတ်နှုတ်၍ ပြန်လည်တင်ပြရလျှင် အောက်ပါအတိုင်းပင် ဖြစ်ပါ သည်။
(မိုးကြိုး) ဦးအုန်းခင်တယောက် သုဝဏ္ဏနယ်မြေ ပေါင်ဒေသ ဇင်းကျိုက်ရွာသို့ ရောက်ရင်း၊ ကိလေသာ အရှုပ် အရှင်း တခု၌ ကာယကံမြောက်ငြိစွန်းမိသလိုလို သတင်းအစတခု ထွက်ရှိလာ သည်။ သို့နှင့်မည်သို့ ဖြစ်ပါလိမ့်ဟု တနင်္သာရီ၏ အထူးသတင်းထောက် တဦးအား ဇင်းကျိုက်ရွာသို့ ယမန်နေ့ကပင် စေလွှတ်ခဲ့၏။ အခိုင် လုံဆုံး ဖြစ်အောင် တတ်နိုင်သမျှ စုံစမ်းပြီးနောက် အထူး သတင်းထောက်က အောက်ပါအတိုင်း သတင်း ရေးသား ပေးပို့လိုက်သည်။

(မိုးကြိုး) ဦးအုန်းခင်တယောက် ကျောက်ကန်ထရိုက်၊ ကျောက်မိုင်း လုပ်ရင်း ဇင်းကျိုက်ရွာသို့ ရောက်ရှိ လာသည်။ မရှေးမနှောင်းပင် ဇင်းကျိုက်ရွာမှ တင်းတင်းရင်းရင်း ရွှေဘိုမင်းတို့အကြိုက် အရပ်အမောင်း ကောင်း၊ ဂိုက်ကောင်း၊ ဆိုက်ကောင်း ရွာဇင်းကျိုက်၏ ကွမ်းတောင်ကိုင် သူနာပြု ဆရာမလေး နော်အုန်းခင် တယောက် အဆိပ်သောက်ကာ သေကြောင်းကြံသည်ဟူသော သတင်း တို့သည် အဆက်အစပ် မရှိ သကဲ့ သို့ ထင်ရသော်လည်း ကျွန်တော်ဇင်းကျိုက်သို့ရောက်ပြီး တနာရီ အတွင်းတွင် ဇာတ်လမ်းတခုပမာ စီကာ ပတ်ကုံး အစီအရီ ပေါ်ထွက်လာပါသည်။ ဇင်းကျိုက်ရွာတွင် အယုတ်၊ အလတ်၊ အမြတ်မရွေး ကလေးကအစ ၎င်းဇာတ်လမ်း ကို အတွင်းသိ၊ အစင်းသိ ဖြစ်နေ ကြသည်။

နိုင်ငံရေးရှုပ်ရှုပ်ပွေပွေ လုပ်နေတာမကြိုက်

၎င်းဇာတ်လမ်းကို ဒုတ်ထမ်း၍ ပြောရန်မလိုသော်လည်း ဇာတ်လမ်း၏ နိဒါန်းကို အစပြန်ကောက်မှ ရှင်းလင်း မည် ဖြစ်သည်။
သတင်းစာ လောကတွင် ကျွန်တော်တို့၏ ဘိုးတော်ဘုရားမျှနာမကြီးလှသော (မိုးကြိုး) ဦးအုန်းခင် တယောက် ရွေးကောက်ပွဲမတိုင်မှီက ရွှေဝါရောင် အမတ်လောင်းဦးခင်ဆွေအတွက် ဇင်းကျိုက်သို့ စည်းရုံး ရေး လာခဲ့ဘူးသည်။

ထိုစဉ်အခါက ဒေါ်ဒဂုန်ခင်ခင်လေးလည်း ပါခဲ့သည်ဟု ဆိုကြပါသည်။ ဇင်းကျိုက်တောင်ရိုးမှ စေတီတော် များတွင် ညဘက်မှာ သပ္ပါယ်၍ နေလေသော မီးချောင်းကြီးငယ်တို့မှာ ထိုအခါက တပ်ဆင် လှူဒါန်း သွားသော ကောင်းမှုတော်များပင် ဖြစ်သည်။

(မှတ်ချက်) ထိုအခါက မော်လမြိုင်မှ ခရုံဂူဘုရား၊ ခေါင်းဆေးကျွန်းဘုရားများကို ပြုပြင်လှူဒါန်းလို၍ တကြောင်း၊ ကျိုက်က္ခံမီရေလည်ဘုရားနှင့် သထုံဇင်းကျိုက်စသည်မှ ဘုရားများ ဖူးမျှော်၍ လှူဒါန်း ရန် ပေါ်လျှင် လှူဒါန်းပြုပြင်ရန် ကျမ၏စိတ်ဆန္ဒအရ ခရီးထွက်ခဲ့ခြင်းဖြစ်ရာ ရောနှောလိုက်ပါ၍ တဘက် တလမ်း မှ ကျမ မသိအောင် စည်းရုံးရေး လုပ်ကောင်းလုပ်မည် ထင်ပါသည်။ သို့ရာတွင် ကျမက နိုင်ငံရေး အလုပ် တွေကို ရှုပ်ရှုပ်ပွေပွေ လုပ်နေသည်ကို မကြိုက်၊ သတင်းစာ သမားပီပီ ကိုယ့်ဂုဏ်သိက္ခာနှင့် နေစေ လိုသည် ဟု အမြဲတားမြစ် ဟန့်တားထားချက် အရ ကျမရှေ့မှာတော့ ဗြောင်ကျကျ သိသိသာသာကြီး လုပ်သည် ကို မတွေ့ရပါ။

သို့နှင့် မိုးကြိုး ဦးအုန်းခင်တယောက် ဒေါ်ဒဂုန်ခင်ခင်လေးနှင့် ဟိုးလေးမကျော့တကျော်ကွဲကာ ရွာသာယာ ဇင်းကျိုက် သို့ စက်တင်ဘာလ (၁၉၆၀ခုနှစ်)အတွင်းက တပြန်ကျော့ရောက်ခဲ့သည်။
ဦးဏှောက်ခြောက် ၍ အပန်းဖြေခြင်းလော။ ကျောက်မိုင်းကိစ္စလာခဲ့ခြင်းလောဟု ရွာဇင်းကျိုက်က လူများ က မေးလာမြန်းလား ရှိသည် မရှိသည်တော့ တတ်အပ်သေချာမသိရပါ။ သိလာသည် ကတော့ ရွာကို ရောက်ပြီး တညတွင် သူနာပြုဆရာမလေး နော်အုန်းခင် က တည်းခိုရာဌာနသို့ လာရောက် ပြုစု ရသည် ဆို၏။

လူပျိုသိုးကလေး
ဆက်ရန်
.

1 comment:

Anonymous said...

တနင်္သာရီသတင်းစာက သတင်းရေးပုံ ဖတ်ရတာ ဒေါ်ခင်ခင်လေး ရေးခိုင်းသလိုပဲနော်။ သူ လာတုန်းက ဘုရားမှာ မီးချောင်းတွေ လှူခဲ့တဲ့အကြောင်းကိုပါ သတင်းမှာ ပါအောင်ထည့်ရေးထားရတော့--