သို့သော် ၀မ်လန်းဦးလေ၏ သားကော ငါ့ဆွေမျိုးဘဲ ဟူသော သဘောဖြင့် အခန်းထဲသို့ ရောက်အောင် ၀င်လေ၏။ လက်ထဲ၌ လှံစွပ်ကြီးကို ကိုင်လျက် ၀င်းကနဲဝင်းကနဲ နေအောင် ၀င့်ရင်း အခန်းထဲ ရှိရှိသမျှ မိန်းခလေး များကို တယောက်မကျန် လိုက်၍ ကြည့်လေ၏။ နန်းအင်မှာ တထိတ်ထိတ်နှင့် နောက်မှ လိုက်ရ ရှာ လေ၏။ လှံစွပ်ကြီးကြောင့် ဘာစကားမှ မပြောဝံ့ ဒေါသကို မျိုသိပ်ချုပ်တီး၍သာ ထားရလေ၏။ တဏှာရူး မောင်စစ်သားကား စပ်ဖြဲဖြဲမျက်နှာထားနှင့် လူစေ့ အောင် ရှောက်၍ ကြည့်ရာက မိန်းခလေး များမှာ ချစ်စရာကောင်းအောင် လှကြပါပေသည်"ဟု ချီးမွမ်းပြောဆို၍ နေလေ၏။
နန်းအင်၏ မိန်းမရှေ့သို့ ရောက်သောအခါ။
"တကဲ့ကို ချောတဲ့ မိန်းမဘဲဟေ့ မြို့သူကလဲဖြစ် ခြေထောက်ကလေးများကလဲ သေးလိုက်တာ ကြားဖူး ကလေးတွေ ကျနေတာဘဲ" ဟု ပြောလေ၏။ နန်းဝင်၏ မိန်းမရှေ့သို့ ရောက်သောအခါ၌ ကား။
"ဒါကတော့ တောကထွက်တဲ့ မုံလာဥနီထွားထွားကြီး ကျနေတာဘဲ၊ ၀က်သားနီတုံးကြီးနဲ့ လဲတယ် တူ" ဟု ပြောလေ၏။
နန်းအင်၏ မိန်းမမှာ ရှက်သဖြင့် ခေါင်းငုံ့နေနေသော်လည်း၊ မုံလာဥနှင့် အနှိုင်းခံရသော နန်းဝင်၏ မိန်းမ ကမူ ပျော်တတ်သူတယောက်ဖြစ်သည့်အတိုင်း ပြန်၍ရယ်မောရာက။
“ဟုတ်တယ် တချို့ကတော့ အဲဒီမုံလာဥနီမျိုးတို့ ဒါမှမဟုတ် ၀က်သားနီတို့မှဘဲ အရသာ တွေ့တယ်ရှင့်”ဟု ပြန်ပြော လိုက်လေ၏ ထိုအခါ တဏှာရှုးမောင်စစ်သားက-
“ကျုပ်လိုပေါ့” ဟုပြောကာ၊ လက်ကိုဘမ်းကိုင်တော့မည့်အသွင် လုပ်လေ၏။
ဤအခြင်းအရာ ကိုမြင်ရသော နန်းအင်မှာ အရှက်ကြီးရှက်၍ သွားလေ၏ အထူးသဖြင့် ဇနီးသယ်ကို ပို၍ှ ရှက်မိလေ၏ မိန်းမတန်မဲ့နှင့် စကားလက်တုံ့ပြန်နေသော ခယ်မနှင့် ရိုင်းစိုင်းလှသော အဘေ့ ဦးလေး၏ သားကို တပြန်စီကြည့်ပြီး မိမိဇနီး ကိုပြန်၍ကြည့်လေ၏ နန်းအင်၏ စိတ်ထဲတွင် မည်သို့ ဖြစ်နေသည် ကို ရိပ်မိသော မောင်စစ်သား က အရွံ့တိုက်လျက်။
“ကျုပ်သာ ဆိုရင် ဟောဟိုကဟာလို အရသာမရှိ ဧစက်နေတဲ့ ငါးဟင်းမျိုးကိုစားမဲ့အစား ၀က်သားနီဟင်း ကို စားမှဘဲ” ဟု ပြောလိုက်ပြန်ရာ နန်းအင်၏ မိန်းမသည် အိနြေ္ဒကြီးစွာဖြင့် ထလျက်ကပ်နေသော အခန်း ထဲသို့ဝင်သွားလေ၏ ထိုအခါ မောင်စစ်သားက အက်ကွဲသော အသံကြီးဖြင့် ရယ်လိုက်ရင်း။
“ဒီမြို့သူတွေဟာ အင်မတန်ကို ကိန်းကြီး ခန်းကြီး နိုင်တယ်မဟုတ်လားသခင်မကြီး”ဟု ကြာပဒုံအား လှမ်း၍ မေးလိုက်လေ၏ ထို့နောက်ကြာပဒုံ၏ မျက်နှာကို သေချာစွာကြည့်လျက်။
“သခင်မကြီး ကလဲ တယ်ဖြောင့် နေပါကလား ကိုဝမ်လန်း ဘယ်လောက် ချမ်းသာနေတယ်ဆိုတာ သခင်မကြီး ကြည့်လိုက်တာနဲ့ သိတာဘဲ ၀လိုက်တဲ့ အသားတွေကလဲ တောင်ကြီးတွေလို ကျနေတာဘဲ အစားကောင်း အသောက်ကောင်း စားပီး တကဲ့ သူဌေးကတော်ကြီး ဖြစ်နေတော့တာ ကိုး”ဟု မြှောက်ပြန် လေ၏
ကြာပဒုံမှာ သခင်မကြီး အခေါ်ခံရသဖြင့် အကျေနပ်ကြီး ကျေနပ်သွားကာ ဟား...ဟား...ဟား..ဟား နှင့် ရယ်လိုက် ရင်း။
“တယ်ဒီအကောင် ငါ့ကို နောက်ပြန်ပါပြီ”ဟုဆိုကာမျက်စောင်းကလေး ချီနေလေ၏
တဏှာရှုး မောင်စစ်သားသည် ထိုအခန်းထဲမှထွက်ခဲ့ပြီးနောက် သူ့အမေအခန်းသို့သွားလေ၏
အိပ်ရာထဲ တွင် ဘိန်းမှိန်း နေသော မိခင်အားမြင်သောအခါ၊
“သားတစ်ယောက်လုံး ရောက်လာတာ အိပ်နေနိုင်လွန်းတယ်” ဟု နှုတ်ဆက်လေ၏ သူ့မိခင်သည် သားဖြစ်ကြောင်း သိရသောအခါ ဘိန်းပြောင်းကိုထိုး၍တည်လေ၏ သို့သော် မောင်စစ်သားသည် ဘိန်းရှုရန် ငြင်းဆန်လျက် ခဏမျှ ထိုအခန်းထဲ၌ ထိုင်နေပြီးနောက် သူ့နေရာသို့ပြန်လေ၏။
ထိုနေ့မှ စ၍ ၀မ်လန်းတို့အိမ်သားများမှာ တထိတ်ထိတ်နှင့် အသက်ဘယ်ထားရမည်မသိ ဖြစ်နေလေ၏ စစ်သားများ တည်းခိုခန်းချနေသော အဆောင်များကား ပျက်စီးချင်သလို ပျက်စီး၍ နေလေ၏ သစ်ပင်များ ကို ချိုးဖဲ့၍ ပစ်ကြ၏ ကုလားထိုင်ကြီးများ ကို ဘွတ်ဘိနပ်ကြီးများဖြင့် တက်နင်းကြ၏ ရွှေငါးကလေးများ မွေးထား သော ရေကန်များကို ဖျက်ဆီး၍ပစ်လေ၏ ငါးကလေးများမှာ ရေကန်ထဲတွင် ပုပ်ပွကာ ပေါလော ပေါ်၍ နေကြလေ၏ သို့သော်ဝမ်လန်းမှာ ၎င်းတို့ထက်ဦးလေး၏ သားကိုပို၍မုန်းတီးမိလေသည်။
မောင်စစ်သား ကား၊ အိမ်တအိမ်လုံးတွင် အစိုးရနေလေ အခန်းမှန်သမျှ ပိုင်စိုင်း ပိုင်နင်း ၀င်ထွက်သွားလာ၍ နေလေ၏ ကျွန်မကလေးများကို အမြဲမျက်စောင်းထိုး၍ နေလေ၏ မိမိတို့၏ ဇနီးများကိုပါ စိတ်မချသဖြင့် ၀မ်လန်းနှင့် တကွ သားများအမြဲစောင့်ကြပ် ဂရုစိုက်၍နေကြရလေရာ အအိပ်ပျက်ဖြစ်လျက် မျက်တွင်း ဟောက်ပက် ကလေးများနှင့် ဖြစ်နေကြရလေ၏ ဤတွင်ဥသြမယ် က အကြံတခုရလေ၏
“ဒါလောက်တောင် စိုးရိမ်ထိတ်လန့်မနေရအောင် သူ့ကိုကျွန်မကလေးတယောက်ယောက် ပေးထား လိုက် ပါလား သူဒီမှရှိတုန်း” ဟု ပြောလေ၏။
“ဒီအကြံကောင်းတယ်”ဟု ၀မ်လန်းက ထောက်ခံလေ၏ ထို့နောက် ဥသြမယ်အား မောင်စစ်သား ထံ လွှတ်လျက် ကျွန်မကလေးများအနက် မည်သည်ကျွန်မကို ကြိုက်သည့် အကြောင်းမေးခိုင်း လိုက်လေ၏ ဥသြမယ် သည် မောင်စစ်သားထံသွားရောက်မေးမြန်းခဲ့ပြီးနောက် ၀မ်လန်းထံ ပြန်လာလျက် မောင်စစ်သား က ကြာပဒုံသခင်မကြီး ၏ အခန်းထဲ၌ အိပ်သည့် ကျွန်မကလေးကို အလိုရှိသည်ဟု ပြောလိုက် ပါကြောင်း နှင့် ပြန်ကြားလေ၏။
ဤ ကျွန်မကလေးကား အခြားမဟုတ် တခါက ရေကြီး၍ ငတ်မွတ်နေသဖြင့် ၀မ်လန်းထံ သ္မီးကလေးများကို လာရောင်း ကြသည့်အနက် ကြာပဒုံက အ၀ယ်ခိုင်းသဖြင့် ၀ယ်ယူထားလိုက် သော မယ်သစ် အမည်ရှိ ကျွန်မ ကလေးဖြစ်၏ မယ်သစ်မှာ အခြားသောကျွန်မကလေးများနှင့်မတူ ငယ်ရွယ်နုနယ် လှသည်ဖြစ်၍ အလုပ်ကြမ်း များမလုပ်ရ ကြာပဒုံ အတွက် ဆေးလိပ်ညှိပေးခြင်း၊ လဖက်ရည် ယူပေးရခြင်းစသည့် အလုပ်ကလေး များလောက်သာ လုပ်ရလေ၏ ။
ဥသြမယ် လည်း မောင်စစ်သားထံမှပြန်လာပြီး ၀မ်လန်းအား ထိုအကြောင်းကို ပြောပြနေသည့် အချိန်ဝယ် မယ်သစ်မှာ လဖက်ရည်ဘမ်းကိုကိုင်လျက် ကြာပဒုံအနီး၌ ရပ်လျက်ရှိလေရာ မိမိကို မောင်စစ်သား အလို ရှိကြောင်း ကြားလိုက်ရသည်နှင့် တပြိုင်နက်လက်ထဲမှ လဘက်ရည်ဘမ်းမှာ လွတ်ကျသွားလေ၏ လဘက်ရည် ခရား မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလျက် ကြမ်းပေါ်တွင် လဘက်ရည်တို့သည် အိုင်ထွန်း ၍ စီးဆင်းသွားကြကုန်၏ သို့သော်မယ်သစ်မှာ ကြောက်လန့်ခြင်း ဖြင့် သွေးမွှန်နေသူ ဖြစ်ရကား လဘက်ရည် ဘမ်းလွတ်ကျ ၍ လွတ်ကျမှန်း မသိ ကြာပဒုံ၏ ခြေထောက်ရင်းတွင် ဒူးထောက်လျက် ဦးခေါင်း ကို ကြမ်းငြဖ့် အခါခါထိကာ “သခင်မကြီးဘုရား ကျွန်မ ဒီအလုပ်မလုပ်ပါရစေနဲ့၊ ကျွန်မကို မခိုင်းပါနဲ့ သူ့ကို ကျွန်မကြောက် လွန်းလို့ပါ သခင်မကြီး ဘုရား”ဟု တောင်းပန်လေ၏ သို့သော် ကြာပဒုံ မှာ နားမ၀င် ဥသြမယ်ဘက် သို့လှည့်၍ “ဒီကျွန်မကို သူ့ဆီ ခေါ်ပို့လိုက်”ဟု ခိုင်းလိုက်လေ၏။
ထိုအခါ မယ်သစ်မှာ တကိုယ်လုံးဆတ်ဆတ်တုံလာလျက် လက်ကလေး ၂ဘက်ကိုယှက်ကာ မိမိ အား ချမ်းသာပေး ပါရန် အမျိုးမျိုးငိုယိုတောင်းပန်၍ နေလေ၏ အနီးရှိလူများကိုလည်း အားကိုး အသနားခံသည့် မျက်နှာ ကလေးဖြင့် လူစေ့အောင်လျှောက်၍ ကြည့်ရှာလေ၏။
ဝမ်လန်း၏ သားများကား ကြာပဒုံ၏ အမိန့်ကို ၀င်ရောက် ကန့်ကွက်ပြောဆိုခြင်းဌာ မ၀န့်ကြပေ ထိုနည်း တူစွာ ၎င်းတို့၏ ဇနီးသယ်ကလေး များမှာလည်း မပြောဝံ့ကြရကား အားလုံးငြိမ်၍ နေကြလေ၏ ၀မ်လန်း၏ သားအငယ်ဆုံး ကား နက်မှောင်တူထဲလှသော သူ့မျက်ခုံးကြီးများကို ကြုတ်လျက် လက်ပိုက်ကာ မယ်သစ်ကို စိုက်ကြည့် နေလေ၏ သို့ဖြစ်လေရာ မယ်သစ်၏ သနားစဖွယ် ငိုယိုတောင်းပန်နေသံမှာ အခန်းတခုလုံး တွင် ငြိမ်သက်ခြင်းကို ဖေါက်ထွင်းလျက် စူးယှကျယ်လောင်စွာ ထွက်ပေါ်နေလေ၏။
သနားတတ်သော ၀မ်လန်းမှာ အိနြေ္ဒမဆောင်နိုင်လောက်အောင် မျက်နှာပျက်၍ နေလေ၏ ကရုဏာ ပြင်းပြ နေသည့်အရိပ်အရောင်မှာ သူ့မျက်နှာတါင် မဖုံးကွယ်နိုင်အောင် ယှက်သန်း၍နေလေ၏ မယ်သစ် သည် ၀မ်လန်း၏မျက်နှာကိုမြင်သောအခါ ခြေထောက်ကိုပြေး၍ ဖက်လေ၏ မျက်နှာကို ခြေခုံပေါ်၌ နှစ်လေ၏ မယ်သစ်၏ မျက်ရည်များမှာ ၀မ်လန်း၏ခြေဖမိုး ပေါ်တွင် အိုင်ထွန်း၍နေလေ၏ ကိုယ်ကလေးမှာ တဆတ်ဆတ် တုံနေလျက်၊ ၀မ်လန်း၏စိတ်ကို အရေပျော်၍ သွားစေလေ၏ ၀မ်လန်းမှာအသက်ဝင်၍ လာလေ၏။
“ဟဲ့ဥသြမယ်သူ့အလိုမတူဘဲနဲ့ အတင်းတိုက်တွန်း လို့ မကောင်းဘူးထင်တယ်ကွယ်”
ထိုအခါ ကြာပဒုံ က ၀င်၍ “ဒီကခိုင်းတဲ့အတိုင်း လုပ်ရမယ် ဘာအရူးထတာလဲ မိန်းမမှန်ရင် ဒီကိစ္စမျိုး တနေ့ကျ ကြုံရမှာချည်းဘဲ”ဟု ပြောလေ၏ ၀မ်လန်းကပြန်၍ “နေပါအုံးကွယ် ဒိပြင်နည်းနဲ့ တတ်နိုင် အုံးမလား ကြည့်ကြစမ်းပါအုံး မင်းအတွက် ငါနောက်ထပ် ကျွန်မ တယောက် ထပ်ဝေ ပေးပါ့မယ် ဒီကိစ္စ ကိုတော့ တခြားနည်းနဲ့ ဖြစ်အောင်လုပ်နိုင်မလား ကြည့်ကြစမ်း ပါအုံးဟဲ့ မင်း လိုချင်တာ ငါဝယ် ပေး ပါ့မယ်”
ဆက်ရန်
.

No comments:
Post a Comment