Wednesday, June 30, 2010
ပန်းသတင်း (ဂျွန် ၃ဝ)
ဥသဘ ရှိသောအိမ်
နေလုံးသည် တိမ်အုပ်ကြားသို့ ၀င်ပြေးလိုက်၊ ပြန်ထွက်လာလိုက်ဖြင့် တူပုန်းတမ်းကစားနေသည်။ ၀ဲယာရှိ လယ်ကွက်များတွင် ကောက်ပင်ဝါ၀ါများ စိမ်းစိမ်းများ ကွင်းပြည့်ခမန်းရှိပြီ။ နေရောင်ဖြန့် ကျင်းလျှင် တစ်ကွင်းလုံး ၀င်းခနဲထိန်ပြက်သည်။ နေရောင်ပျောက်လျှင် မှိုင်းရင့်ပြန်သည်။
မောင်ကိုကီးသည် ခေါင်းပေါ်မှအထုပ်ကို လက်တစ်ဖက်ဖြင့် ဖေးရင်း အသော့နှင်လာခဲ့၏။ ၀ါတာကွပ် တစ်ခုသည် မောင်ကိုကြီးအား ရေသံတ၀ုန်းဝန်းဖြင့် ဆီးကြိုနေသည်။ ' လမ်းမှာ ငေးမနေနဲ့၊ န့်အဘ ဆာလှရော့မယ်' အမေကြီး မှာလိုက်သောကြောင့် အပြေးလာရငြား မောင်ကိုကြီးသည် ရေသံကြား ရသောအခါ အနားသို့ တိုးကပ်လာမိ၏။ အုတ်ရေပေါက်မှ တိုးဆင်းလာသောရေထဲတွင် ပါလာသည့် ငါးများသည် နေသာလျှင် ခုန်ကြ မြူးကြ၏။ မောင်ကိုကြီး ကြည့်နေဆဲမှာပင် ငါးပတ်ကြီးတစ်ကောင်သည် အုတ်နံရံဘေး ရွံ့ထဲသို့ ဖွေးခနဲ ကျသါား၏။ ခဏငြိမ်နေပြီးမှ လွန့်သည်။ လူးသည်။ ခုန်ပျံသည်။ တော်တော် နှင့် ရေထဲမကျ။ မောင်ကိုကြီးရင်ထဲက ယားလာ၏။
' စောစောကသာ ဒီအထုပ်ကြီးကိုချထားမိရင် ငါပြေးဖမ်းနိုင်တာပေါ့'
တစ်ပြိုင်နက်ပင် ဘမျက်နှာကို ပြေးမြင်သည်။ ဘသည် မိမိလာမည့်လမ်းသို့ လည်တဆန့်ဆန့် မျှော်ရှာ ရော့မည်။ ထို့ကြောင့် ၀ါတာကွပ်ကို မောင်ကိုကြီး သံယောဇဉ်ဖြတ်သည်။ မြောင်းပေါင် လူသွားလမ်းပေါ်သို့ ဆုတ်လာစဉ် ငါးပွက်သံကြား၏။
' ဘယ်ကပါလိမ့်၊ ' တုတ်' ထဲကပါလား '
တငြိမ့်ငြိမ့် ရေလျဉ်ဖြင့် တောင်မြောက်စိးဆင်းနေသော မုန်းမြောင်းကို အနောက်ရပ်မှလာသော လင်းဇင်း မြောင်းငယ် များသည် ဦးဖြင့် ၀င်ဝှေ့ကြသည်။ ထိုအခါ မုန်းမြောင်းကိုကျော်သော သံရေတံလျှောက် များဖြစ်ပေါ်လာသည်။ သို့သော် လင်းဇင်းသောက်လယ်များမျ ရေဟောင်းများမှာ မူ မုန်းမြောင်းကို မကျော်နိုင် ကြပေ။ ဤသို့ဖြင့် မုန်းမြောင်းကို ခါးမှဖြတ်လျက် အောက်မှ ငုံ့ထွက်သော ' တုတ်' များ ဖြစ်လာ လေ၏။ တုတ်သည် ဖိသိပ်သောအားဖြင့် ထွက်လာရရာ ဖိသည့်ဘက်မှ အားပျော့သည်နှင့်အမျှ တစ်ဖက် တွင် ' အီ ' နေတော့သည်။
လူပျင်းတစ်ယောက်၏ လှုပ်ရှားပုံမျိုးဖြင့် မစီးချင့်စီးချင်း စီးထွက်လာသော တုတ်ဝမှ ငါး ထပွက်ခြင်း ဖြစ်၏။ သို့တစေ တုတ်ကိုကား မောင်ကိုကြီး စိတ်မ၀င်စားရဲပေ။ တုတ်၏ အထွက်ဝတွင် ညွှန်ထု သည် မောင်ကိုကြီး ၏ ခါးတမျှထူသည်။ တုတ်၏ အ၀ကိုကား မောင်ကိုကြီး ငုံ့၍သော်မျှ မကြည့်ဝံ့။ လင်းဇင်းသောက်လယ်များမှ ထုတ်လွှတ် လိုက်သော ရေပိုရေလျှံသည် တုတ်ပြွန်အ၀င်ဝကို သူ အလျင်ဝင်မည်၊ ငါ ဦးစွာသွားမည်ဟု လုယက် တိုးဝှေ့ နေကြ၏။
မောင်ကိုကြီး ငါးနှစ်သားအရွယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ဆွမ်းခံထွက်လာသော အဖွဲ့ တစ်ဖွဲ့ သည် သဝေထိုးကာ တုတ်သို့ ရောက်ရှိလာပြီး ရေချိုးကြသည်တွင် တုတ်ပြွန်ဝသို့ ဒိုင်ဗင်ထိုး ချလိုက်သော ကိုရင်ကလေး မှာ မပေါ်လာတော့ချေ။ အဘယ်မှာ ပေါ်လာနိုင်မည်နည်း။ ပြွန်ထဲသို့ ခေါင်းစိုက်ဝင်သွားရာ အပေါ်က ရေဖိအားကြောင့် ပြန်မထွက်နိုင်ဘဲ အသက်ဆုံးခဲ့ရဖူး၏။
ထိုအကြောင်းကို ပြန်လည် သတိရလျှင်ရချင်း မောင်ကိုကြီး နောက်သို့တွန့်သွားသည်။ နောက်သို့ တွန့်ခါမှ ကင်းပွန်းခါး ဆူးခက်တစ်ခက်ကို တက်နင်းမိသည်။ နားထဲတွင် ဖောက်ခနဲ ကြားလိုက်ရ သည်ထင်၏။ စူးစဉ် က မနာသော်လည်း ဆွဲနုတ်သောအခါ နာလှသည်။ ချက်ချင်း သွေးပေါက် ပေါက်ပန်းထွက်လာသည်။ သွေးထွက် သော ဖနောင့်ကို မြေကြီးနှင့် နာနာဆောင့်ပြီး ဆူးခက်ကို ကင်ပွန်းခါးချုံ တစ်ချုံပေါ်သို့ ပစ်တင် လိုက်သည်။ အခြားနေရာသို့ ပစ်လိုက်ပါက အခြားသူများ စူးနိုင်သေးသည် မဟုတ်လား။
နောက်ကျသော ၀ါခင်းကျွတ်၊ နှမ်းခင်းကျွတ်များတွင် ဖုတ်ပူမီးတိုက် ထွန်နေကြသည်။ ကောက်စိုက်မ ငါးယောက် အဖွဲ့ကလေးများ၊ သုံးလေးယောက်အဖွဲ့ကလေးများကို ပြောက်တိ ပြောက်ကျားမြင်ရသည်။ ဟိုခပ်ဝေးဝေးမှ စက်သံကြားရ၏။ ဧကန္တ အဖွဲ့ကြီးတစ်ဖွဲ့ ကောက်စိုက် နေခြင်းဖြစ်ပေမည်။ အနောက် တောင် ဆီမှ လေအေးတစ်ချက်ဝေ့လာရာ စက်သံပျောက်သွား၏။
မြောင်းပေါင်ကြီး မှ ခွဲထွက်လာချိန်ဝယ် မောင်ကိုကြီး မငေးရဲပြီ။ စိတ်လည်း မပျံ့လွင့်ဝံ့ပြီ။ လူတစ်ယောက် သွားသာရုံ လမ်းကြား မြောင်းပေါင်နှင့် ကန်သင်းများသည် အငေးမခံပေ။ တစ်ချက်တိမ်း လျှင် ချော်ကျမည်။ ဘ ၏ ထမင်းကြမ်းမှောက်မည်။
' ဟဲ့ကောင်လေး၊ မြန်မြန်သွား၊ ဟိုမှာ နင့်အဘ မျှော်လှပြီ။ လက်ထဲမှာ တုတ်ကြီး ကို လည်း ကိုင်လို့ ဗျာ'
မည်သူပြောသွားသည်ကိုပင် မောင်ကိုကြီး မသိလိုက်။ အသံကြား၍ လှမ်းကြည့်သောအခါ ကျော ပြင်ကိုသာ မြင်ရ တော့သည်။ သို့ဖြစ်လျှင် သည်လူကြီးသည် မည်သည့်အချိန်က မိမိကျောနားမှ ဖြတ်သွားပါသနည်း။ ဟုတ်ပြီ။ ထန်းသားရေကျော်ကလေးကို မောင်ကိုကြီး ငေးနေခိုက်တွင် ဖြစ်မည်။
ထိုထန်းသားရေတံလျှောက် ဟိုဘက်တွင် မုန်းသောက်လယ်များ အလယ်မှ လင်းဇင်း သောက်လယ်ပွဲ အချို့ရှိသည်။ လယ်ကြားမြောင်းတစ်ခုကို ဖြတ်ကူးပြီး ရေသွယ်ထားရာ ရေသွားရေ လာ နည်းလှသည်။ သည်နည်းပါးသော ရေစီးတွင် ငါးဖွဲငါးနုပ်နှင့် ပုစွန်ဆိတ်များပါလာ၏။ သူတို့ ကလည်း ရေနည်းကြောင်း သိသဖြင့် ရေစီးဖြင့် မျှော၍မလိုက်၊ ရေများရာဘက်ကမ်းသို့ ခုန်ပေါက်ပြီး ပြေး၏။ အချိုကလည်း တစ်ဖက်ကမ်း သို့ရောက်၏။ အချို့ကား ပို၍ရေများသော အောက်က မြောင်းထဲကျ၏။ အချို့သော် ချုံထဲ ကျ၏။ မြက်ပေါ်တင်၏။
မြက်ပေါ်ကျ၊ ချုံပေါ်တင်သော ထိုငါးပုစွန်များက မောင်ကိုကြီးကို ဖမ်းညှို့ထားခြင်းဖြစ်ပေသည်။ သို့သော် နှင့်ဘ တုတ်ကြီး ကိုင်လို့ ဆိုသံကြားသည့်ခဏ၌ မောင်ကိုကြီး သုတ်ခြေတင်တော့သည်။ မြောင်းကို ကျော်မိလျှင် မြောင်းပေါင်ချုံတန်းကိုလွန်၏။ ဘတို့လယ်ကို ဘွားခနဲ လှမ်းမြင်ရလေပြီ။ အ၀ါရောင်ပျောက်စ အစိမ်းရောင်သန်းစဖြစ်သော ကောက်ပင်တန်းတန်းညီညီများဖုံးနေသော လယ်ပွဲ နှစ်ခုကျော် ၏ ဟိုဘက် တွင် ညောင်ပင်မားမားကြီးကိုမြင်ရပြီ။
ကန်သင်းအသစ်များသည် အသားမသေသေး။ ထို့ကြောင့် ကျဉ်းနေသေးသည်။ ကန်သင်းအသစ် ဆွဲထား သည်က များသောကြောင့် မြက်မရှိသော ကန်သင်းပြောင်များသည် ငြီးငွေ့ဖွယ်ရှိသည်။
ခြေနင်းစရာ ကျယ်ကျယ်ရှိသော ကန်သင်းဆုံတစ်ခုသို့အရောက်တွင် မောင်ကိုကြီး မျှော်ကြည့်၏။ ၀ါခင်းကျွတ် တွင် နွားနှင့် ထွန်သာရှိ၏။ ဘ မရှိ။ အမှန်ပင် ဘ စိတ်ဆိုးနေပြီလော။ ညောင်မြစ် မြစ် ပျဉ်းများကြား တွင် တုတ်ကိုင်ကာ ခွေအိပ်နေသလော။ မောင်ကိုကြီး၏ ခြေလှမ်းများသည် ပို၍သွက် လက် လာလေ တော့၏။
မြောင်းလက်တံကလေးကို ကျော်ပြီး ညောင်ပင်ရိပ်သို့ မောင်ကိုကြီး ၀င်ချိန်တွင် ညောင်ပင်ဟိုဘက်မှ လူသံလိုလို ကြား၏။ လယ်ကြားမြောင်းကို နဘူးချုံများအုပ်နေရာ ဟိုဘက် လယ်ပွဲမှ ဖြစ်လိမ့်မည်တွေးပြီး ညောင်ပင် ခြေရင်း သို့ ကပ်လာခဲ့၏။
' ထမင်းပို့တောင် လာပါပကော '
မောင်ကိုကြီးသည် ညောင်ပင်၏ ဟိုဘက်တွင် မမျှော်လင့်သော လူအုပ်ကြီးကို မြင်လိုက်ရလေသည်။ သူ့ဘသည် ထမင်းမေ့ ဟင်းမေ့ဖြင့် သည်လူအုပ်ထဲတွင် ၀င်နေရာက ထမင်းပို့သူကို မြင်မှသာ ထမင်းကို သတိရ တော့သည်။ လူအုပ်ကြီးသည် ဟိုလယ် သည်လယ်မှ လူများ၊ လမ်းသွားလမ်းလာများဖြစ်ပေ၏။ သူတို့၏ အလယ်တွင်ကား နဘိုက် (နွားပိုက်) ကလေးတစ်ကောင်သည် နားရွက်တထောင်ထောင် နှာ တမှုတ်မှုတ်ဖြင့် လန့်နေ၏။
' ကျယ်သုံးကျယ်နဲ့ ညီညွတ်ရင်ပဲ တော်ပါပြီကွာ '
မြောက်ဘက်လယ်ပွဲမှ ကိုဘအုန်းက မှတ်ချက်ချလိုက်ခြင်းဖြစ်သည်။
မောင်ကိုကြီးသည် ထမင်းထုပ်ကိုဖြေပြီး လက်မဆေး ဘာမဆေးဖြင့် ခွစားနေသော ရီးဆေးရိုးထံကို ကပ်လာ၏။
' ကျယ် သုံးကျယ်ဆိုတာ ဘာလဲ ဘ'
' ချိုနှစ်ခုကြားက ထိပ်အင်းကျယ်တာကွာ၊ ရင်ဆုံ ကျယ်တာကွာ၊ တင်ပါးဆုံ ခြစ်ခုံ ကျယ်တာကွာ '
' အဲဒီလို ကျယ်တော့ '
' ဟာ လူလေးရာ၊ မင်းမေးတာနဲ့ပဲ ထမင်းနင်နေပြီကွ '
ရီးဆေးရိုး မှာ ပြောရင်းဆိုရင်းလည်ပင်းရှည်ထွက်လာ၏။
မောင်ကိုကြီးနောက်ဆုတ်ကာ ရယ်မောပြီး လူကြီးအုပ်တွင်းသို့ ၀င်ထိုင်၏။ တစ်စုံတစ်ရာ နားမလည် သော်ငြား အများနည်းတူပင် နွားနက်ကလေးကို ငေးကြည့်နေမိသည်။ နွားကို စုတ် တသပ်သပ်ဖြင့် ချောမော့ နေသူမှာ နွားရှင်ဖြစ်၏။ ထိုသူကို မောင်ကိုကြီး မသိပေ။ ထိုသူသည် နွား ၀ယ်ပြီး ပြန်အလာတွင် ရေနွေး ၀င်သောက်စဉ် လာရောက် မေးမြန်းစုံစမ်းသူများကြောင့် ယခုနှယ် လူအုပ်ကြီး ဖြစ်သွားဟန်တူ၏။
' အမယ် ခြောက်ကွက်ဖြစ်တော့မလို့ဗျို့၊ နည်းနည်းကလေးပဲလိုတော့သဗျ။ခြောက်ကွက်သာ ကွက်လိုက်ရရင် ကြန်စုံပေါ့ '
ဟင်းခုပ်ပင် လယ်ပွဲမှ ကိုထွန်းလှိုင်က စေ့စေ့စပ်စပ်ကြည့်နေရာမှ အားပါးတရ ပြောသည်။
' ကြန်စုံ မဟုတ်လို့ ဒီဈေးရတာပေါ့ဗျာ '
' ခြောက်ကွက်ဆိုတာ ဘာလဲဗျဟင်'
သူ့စကားကို မည်သူကမျှ အရေးတယူမလုပ်သဖြင့် မောင်ကိုကြီးသည် ကျီးကြည့် ကြောင် ကြည့်ကြည့် နေရာက ရီးဆေးရိုးကိုလှမ်းမေး၏။
' ဘခြောက်ကွက်ဆိုတာ ဘာလဲဗျ'
'မြီးစွပ်၊ ထိပ်ကွက်၊ ခြေလေးဖက်ဖြူ၊ ကြန်စုံယူလော့တဲ့ကွ'
'အဲဒါ ဘာလဲဟင် ဘ'
မောင်ကိုကြီး၏ လက်ယာဘက်မှ လူကြီးက မောင်ကိုကြီး၏ခေါင်းကို လက်ဝါးဖြင့် ဆုပ်ကိုင်ကာ လှုပ် လိုက်သည်။
' ဒါလောက် အမေးအမြန်းထူးတဲ့အကောင် သေသေချာချာမှတ်ထား။ ခေါင်းမှာ ဖြူဖြူအကွက် ကလေးပါရင် ထိပ်ကွက်၊ အမြီးမှာ အဖြူစွပ်နေရင် မြီးစွပ်တဲ့။ ခြေထောက်လေးချောင်းမှာ ဒူးဆစ် အောက်ဖြူတာကို လေးဖက်ဖြူ တဲ့ ဟုတ်ပလား ခြောက်ကွက်'
မောင်ကိုကြီး ခေါင်းညိတ်ပြငြား မေး၍ကား မပြီးသေးချေ။
'ခြောက်ကွက်ရှိရင်ဘာဖြစ်လဲခင်ဗျာ့'
'ကောင်းတာပေါ့ကွ'
'ဘယ်လို ကောင်းတာလဲဟင်'
တောင်ဘက် လယ်ပွဲ မှ ထိုလူကြီးသည် တဟားဟားရယ်မောလိုက်ကာ 'ကိုဆေးရိုး၊ ခင်ဗျာ့မြေးကတော့ မလွယ်ပါ ကလားဗျ' ဟု လှမ်းပြော၏။
သို့သော် ထိုလူကြီး၏ စကားကို မောင်ကိုကြီး မကြားတော့ပြီ။
'အမယ်... နွားနက်သေးက ဆေးဖက်ဝင်သကွ'ဆိုသော စကား။
'ဟ သေးသောက်ချင်လို့ ၀ယ်တာမှ မဟုတ်ဘဲ၊ ခိုင်းဖိုပ၀ယ်တာကွ' ဆိုသော အသံများကြားလိုက်ရ၍ ဖြစ်သည်။ ထိုအဆိုနှင့် အချေ၏အဆုံးတွင် ၀ါးခနဲ ရယ်ကြရာ မောင်ကိုကြီး လည်း ရောယောင်ပြုံး၏။
' ခိုင်းဖို့ဆိုရင် မင့်နွားရဲ့ အနက်မွေးက စင်မှ မစင်တာဘဲကွ။ အဖြူမွေးတွေ၊ မွေးကြောင်တွေ ပါနေ တာပဲကွ။ ပြီးတော့ အမွေးက မဆိုစလောက်ကလေး ရှည်ချင်သေးသကွ'
ထိုအခါ ကိုဘအုန်းက 'အယ်' ဟု ဆိုကာ ကြားဖြတ်ပြော၏။
' အယ်...ဘိုးတော်ဘုရားလက်ထက်က နွားကျမ်းကြီးကို ရွတ်ရွတ်မနေနဲ ထွန်းလှိုင်ရာ'
' ကျုပ်ကြားဖူးတာ ပြောတာပါ'
' ကြားဖူးတာသာ ပြောနေရရင် မင်းတို့ ငါတို့ ခိုင်းစရာ နွားကို ရှိတော့မှာမဟုတ်ဘူး။ ဟိုအောက်လယ်က သောင်းရဲ့နွား၊ တစ်ဖက်ကသေးပြီး တစ်ဖက်ကကြီးတဲ့ ချိုတည်လူး။ ချိုတည်လူး အိမ်ဦးမှာတောင် မချည်ရဘူးတဲ့။ တစ်ခါ သေးတဲ့ချိုက ကွေးနေသေးဗျာ။ ဘယ်လဲ ညာထောင် ဥစ္စာပြောင်၊ ဘယ်ထောင် ညာလဲ ဥစ္စာ မွဲ တဲ့။ မမွဲ တဲ့အပြင် တစ်ဧကကို စပါးနှစ်ရာကျော်ထွက်လို့ တိန်တိန်မြည်နေပါကလားကွ ကိုင်း'
'တစ်ယောက်တလေတော့ `ရှိမှာပေါ့ဗျာ ဟဲဟဲ '
ထွန်းလှိုင် မချေနိုင်သဖြင့် အခြားတစ်ယောက်က ရယ်ရယ်မောမောဖြင့် စောဒကတက်သည်။
'လည်ပေါက်ကတော့ စင်းနေသဗျ။ ထမ်းပိုးထမ်းကောင်းမှာ သေချာတယ်'
'ဒါပေမဲ့ မျက်လုံးကတော့ ပုလဲစုံရွဲစုံဗျ'
'အမယ် အိမ်မြှောင်ဗျ'
ထွန်းလှိုင်က နွား၏ ရင်ဘတ်ပိုင်းကို ခါးကိုင်းကာ မော်ကြည့်ရာမှ ပြော၏။ ဆီးကြား၊ ရင်ကြားနှင့် ဗိုက်ပြင် တွင် အဖြူပြောက် ကလေးတွေ ကြဲပွင့်နေပေသည်။
မောင်ကိုကြီးလည်း မမေးတော့ဘဲ ရောယောင်ပြီး မော်ကြည့်နေကာ နွားတွင် တွယ်နေသော မွှားလုံး များကို ကား အိမ်မြှောင်မခေါ်တန်ရာ။ နွားကို ခဲနေသော မှက်ဖြူများမှာလည်း မှတ်သာ ဖြစ်ရမည်ဟု တွေးနေရာက အဖြေမရသဖြင့် သူ့ဘကို လှည့်ကြည့်၏။ ရီးဆေးရိုးသည် ထမင်းကုန် သွားသဖြင့် မြောင်းလက်တံကလေးသို့ သွားကာ ဆေးကြောနေပေသည်။
'ဟေ့... မင့်နွား ဗွေချက်ပေါက်ထင်တယ်ဟေ့။ ကောင်းသကွ'
'တော်ကြပါတော့ကွာ၊ ခြစ်ခုံကောင်းတာ၊ ကိုယ်ထည်ကောင်းတာ၊ ပခုံးနဲ့ သွားကောင်းတာတွေသာ အဓိကပါ။ ဟိုဗွေပါတယ်၊ သည်ဗွေပါတယ်ဆိုတာတို့၊ အမြီးက ဘယ်ပုံ၊ ချိုက ဘယ့်နှယ်ဆိုတာတွေက ဥပါဒါန် ကြောင့် ဥပဒ်ရောက်တတ်သတဲ့'
ရီးဆေးရိုး ပြန်ရောက်လာပြီး ၀င်ပြောခြင်း ဖြစ်၏။ သူသည် လက်တွင် ခိုသီးနေသော ရေစက်ရေပေါက် များကို ခါးမှ ပုဆိုးဖြင့်ပင် သုတ်သင်ရင်း ဆေးလိပ်တိုကို ကောက်ကိုင်၏။
မောင်ကိုကြီး သည် သူ့ဘသို့ ရေနွေးကြမ်းတစ်ပန်းကန် ငှဲ့ပေးလိုက်ရာ ၀င်ပြော၏။
' နွားကောင်း နွားသန်တွေကို 'မ'ပြီးခိုင်းတော့ နွားညှက်ကလေးတွေ ကျန်တယ်တဲ့။ အဲဒါလေးတွေက နွားမြိုင် လိုက်တော့ မွေးလာတဲ့ နွားကလေးတွေက ညှက်နေရောတဲ့။ အဲဒီလိုနဲ့ မြန်မာနွားတွေ ညံ့ကုန်တာတဲ့ဗျ။ ကျုပ်ဖတ်ဖူးတယ် ဘ'
' ကိုဆေးရိုး မြေးက မလွယ်ပါကလားဗျ။ ဟေ'
ခုနလူကြီးပင် မောင်ကိုကြီး၏ခေါင်းကို ကိုင်ပြီး လှုပ်ပြန်သည်။
'ခေါင်းကို မကိုင်ပါနဲ့ဗျာ၊ ယောက္ခမက နိုင်တတ်တယ်'
လူကြီးများက ဝေါခနဲ ၀ိုင်းဝန်းရယ်မောကြသည်။ ကိုထွန်းလှိုင်က ပြုံးပြီး ခြေထောက်ဖြင့် လှမ်းတို့သည်။
သည်နေ့သည် ရီးဆေးရိုး ကံဆိုးသောနေ့ဟု ဆိုရပေမည်။ အကြောင်းမူ ထမင်းပို့ရန်လာသော မြေးသည် ကဆစ်သီးတွေရှာစားလိုက်၊ အမှိုက်ကောက်လိုက်၊ 'ချိုတည်လူးဆိုသော ဘာလဲ ဘ' ဟု လှမ်းမေး၏။ 'ပုလဲတစ်လုံး ရွဲတစ်လုံး ဆိုတာကကောဟင်' ဟု ထပ်ဆင့်မေး၏။ မကြားဟန်ပြုနေလျှင် ထွန်နောက်က လိုက်လာပြီး ကပ်မေး၏။ ရီးဆေးရိုးမှာ သူ့အမေးကို ဖြေဖို့နေနေသာသာ လူပင် မနည်းလှမ်းနေရ၏။ စက်ထွန်ဝင် ထားသော ၀ါခင်းကျွတ်တွင် ရေသွင်းထားရာ ထမန်းမပျော်သေး သဖြင့် ခြေထား ခြေနုတ် ခက်၏။
နွားမှာသော်မူ လူတိုင်းပေးသည့်အတိုင်း မှန်မှန်သွားနေစဉ် ရင်ဘတ်ကို ရေစိုနေသဖြင့် မမော။ ထွန်နောက် မှ လူမှာမူ ထွန်ကြောင်းဖြောင့်ရန် သတိထားရသည်။ မျက်စိဖြင့် မမြင်ရသော ထွန်ကြောင်းကို တိုင်စိုက်ပြီး မှတ်ထားသည့်အတွက် တိုင်ဟောင်းနုတ်ကာ တိုင်သစ် စိုက်ရသည်။ ထွန်ချေးစာကို ကန်ချရသည်။ ကျောပြင် အမြှောင်းတစ်လျှောက် စီးဆင်းလာသော ချွေးကြောင်း သည်တင်ပါးဆုံတွင် ပင်လယ်ဝေ နေချေပြီ။
နွေခေါင်ခေါင်တွင် အိမ်ရှေ့သို့လာလာပြီး နားတတ်သော တောကျီးကန်းအလား ရီးဆေးရိုးပါးစပ်ပြဲနေပြီ မောင်ကိုကြီး က မောရမှန်းမသိ။ အမှိုက်တွေ ကောက်ကောက်ပြီး ကန်သင်းပေါ် တင်သည်။ ပါးစပ်ကလည်း တတွတ်တွတ်မေးသည်။ ဆယ်ခါမေးလျှင် ကိုးခါကို နွား ခြေလှမ်းရာတွင် ရေသံတဗွမ်းဗွမ်း ထွက်ပေါ်သည့် အသံကြောင့် မကြားသလိုလို၊ နားမလည်သလိုလို လုပ်ပစ်ရသည်။ ကျန်သော တစ်ခါကိုလည်း ဇစ်ပိုင်း တစ်ပြတ်သာ ဖြေ၏။ ကြိတ်မှိတ်ထွန်ရမည်။ ညနေပိုင်းထွန်လျှင် ဆီးကိုင်သည်။ မျက်စိနာသည်လည်း ပြောကြ၏။ အသက်ကလည်း ထောက်ပြီမဟုတ်လား။ သည်တော့ နံနက်ပိုင်းကို နေမြင့်အောင်ထွန်မှ။
လယ်ကွက်ထမြှ ရေသည်ရေသေမဟုတ်ပေ။ ရေရှင်ဖြစ်သည်။ တစ်ဖက်မှ ၀င်လာသော ရေသည် လယ်ကွက်တစ်ခုပြီးတစ်ခုဖြတ်သန်းပြီး အောက်လယ်သို့ စီးဆင်းသွား၏။ သည်ရေသည် လည်းကြာသော် မခံနိုင်။ မြောင်းမကြီးထဲတွင် ပူလောင်လာချိန်တွင် လယ်ကွက်ထဲတွင် ပူခြစ်လာချေပြီ။
'သုံးစပ် ပဲ လိုတော့တယ် သားတို့ရေ၊ လုပ်ပါဟ လုပ်ပါဟ'
ခြေနုတ်ခြေရုပ်နှေးသော နွားများကို ရီးဆေးရိုးသည် နတံ(နှင်တံ)ဖြင့် တင်ပါးကို ပွတ်ပေးရင်း ချော့ချော့ မော့မော့ပြောနေချိန်တွင် စူးရှသော ဆန်စက်ဥသြသံသည် လွင့်ပျံလာလေ၏။ ရီးဆေးရိုးမှာ သုံးစပ်ပြည့်သွားငြားအိမ်မပြန်နိုင်သေးပေ။ ထွန်တုံးကို ရေဆေးပြီး ထမ်းပိုးကျည် ထမ်းပိုးပါ သိမ်းရသေး၏။ နွားနှစ်ကောင်ကိုကား မောင်ကိုကြီးက ရေချိုးပေးဖော်ရ၏။ နွားနှစ်ကောင်ကို ရှေ့တစ်ကောင် နောက်တစ်ကောင် ထားကာ ရီးဆေးရိုးက အလယ်မှလိုက်ပါလျက် ပြန်လာကြသည်။ မောင်ကိုကြီးက အထုပ်ကို ၇ွတ်လျက် လိုက်ပါလာရာ လမ်းကျဉ်းသဖြင့် ဘအနီးသို့ မကပ်သာချေ။
အစိမ်းနုရောင်၊ အ၀ါရောင်နှင့်အစိမ်းရင့် အ၀တ်စများ စပ်ချုပ်ထားသော ပဆစ်အိမ်ကြီးနှင့် တူသော လယ်ပြင်ကြီး သည် သူတို့မြေးအဘိုး၏ နောက်တွင် ငိုက်မျဉ်းလျက်ကျန်ခဲ့၏။ နေပူမှ နာနာအော်သော ချိုးကူသံများကမူ မြေးအဘိုးအား နှုတ်ဆက်လိုက်သံဖြစ်ပေ၏။ ရှားပင်ပေါင်းသို့ရောက်၍ မုန်းမြောင်းပေါင် ပေါ်သို့ ခြေချမိသည်နှင့် တစ်ပြိုင်နက် မောင်ကိုကြီးသည် ရီးဆေးရိုးဘက်သို့ ပြေးက်လာ ချေပြီ
' ဘ ဗွေချက်ပေါကိုတာ ဘာလဲဗျ'
'နွားဗိုက်ရဲ့ သိုတံရှေ့မှာ ချက်ရှိတယ်ကွာ။ အဲဒီချက်နားမှာ ဗွေရှိတဲ့ နွားဟာ သန္ဓေကောင်းတယ်။ ခိုင်းလို့လည်း ကောင်းတယ်'
အနောက်ဘက် မြောင်းပေါင်အတိုင်း မျက်နှာချင်းဆိုင်မှ လှည်းတစ်စီးသည် ဖုန်တထောင်းထောင်းဖြင့်၊ ၀င်ရိုးသံ တအီအီဖြင့် မောင်းနှင်လာ၏။
'အိပ်တဲ့ အခါမှာ ဟောက်တဲ့နွားကို နွားဟိန်း၊ နွားဟောက်ခေါ်တယ်။ မကောင်းဘူးတဲ့။ ဘာသိချင် သေးသလဲ'
မောင်ကိုကြီး ထံမှ အမေးမလာပေ။ စောစောက ကြားခဲ့ရသော ဝေါဟာရများကို ပြန်လည် စဉ်းစား နေဟန်ရှိ၏။ ထို့ကြောင့် ရီးဆေးရိုးက ရှေ့တူရူမှလာနေသော လှည်းကို လက်ညိုးထိုးပြ၏။
'အဲဟို လှည်းထဲက နွားမျိုးကို နွားရုန်းနွားကန်ခေါ်သကွ။ အဲဒါလည်း မကောင်းဘူး'
ဟန်ပေစွ။ မောင်ကိုကြီးမှာ ဘယ်ပုံရုန်းသနည်း။ ဘယ်ပုံကန်သနည်း။ ဆစ်ဆစ်ဖုဖု စေ့ငုရန် မလို တော့ပေ။ ထိုလှည်း မှ နွားနျစ်ကောင်သည် ခြေထောက်များကို လှည်းအောက်သို့ ရောက်နိုင်သမျှ ရောက်အောင် သွင်းကာ ကိုယ်ကို အပြင်သို့ တအား ပစ်ထုတ်ကာ ရုန်းနေပုံမှာ မြင်သူမောဖွယ် ဖြစ်၏။ သွားရင်းကပင် ဘိုင်းခနဲ လဲကျချေမည်လား။ စိုးရိမ်စရာကောင်းလှ၏။ မောင်ကိုကြီးသည် ထိုလှည်း လွန်သွားသည်အထိ ပြုံးစေ့စေ့ဖြင့် လိုက်ပါလာရာက 'နွားလားဥသဘဆိုတာကကော ဘ' ဟု ကောက်ကာငင်ကာ မေးလိုက် ပြန်သည်။
'အိမ်အ၀င်၊ အိမ်အထွက်မှာ တွန်ရင် နွားလားဥသဘပေါ့'
အကောင်းလား၊ ညံ့လားဘ'
'ကောင်းတာပေါ့ကွ'
'ဘယ်လိုကောင်းတာလဲ ဘရ'
'နွားပိုင်ရှင်မှာ စီးပွားတက်လာတယ်၊ ချမ်းသာတယ်'
'ဟင်... ကျုပ်တို့အိမ်က နွားညိုဟာ ဥသဘပေါ့ ဘရဲ့၊ ခြံဝင်ခြံထွက် တွန်သဗျား၊ ဒါနဲ့များ ကျုပ်တို့ ဘာပြုလို့ မချမ်းသာတာလဲဟင်။ အဖေဆို ဖျားတာ သောက်စရာဆေးမရှိလို့ မုန်ညငင်းဥ ပြုတ်သောက်ရသဗျား'
' ငါ့မြေးရာ မလိမ်ပါနဲ့ကွာ၊ မင်းတို့ဟာ ချမ်းသာပါတယ်၊ ဆောင်းတွင်းမှာ စောင်ခြုံစရာ မရှိဘူး မဟုတ်လား'
'ဟာ ဘကလဲဗျာ'
မောင်ကိုကြီးက သူ့ဘ၏ ပေါင်ကို တံတောင်ဖြင့် တွက်ရင်း ရယ်မောလိုက်ရာ မြေးအဘိုးတို့၏ ရယ်မောသံသည် မုန်းမြောင်းတစ်လျှောက် ပဲ့တင်ထပ်သွားလေ၏။
------------------
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၁၅)
ပဲရစ် တွင် အသေးအဖွဲ့ထဲက တခုသတိထားမိပါသည်။ လမ်းဘေးရှိ ကုန်တိုက် အဆောက်အဦး တို့၏ အောက်ထပ် တွေမှာ အများအားဖြင့် ပေါင်မုန့် အမျိုးမျိုး ဖုတ်ကြသော မုန့်ဖိုကြီးများရှိသည်။ ညပိုင်း လမ်းဘေး ပလက်ဖောင်း ပေါ်က လမ်းလျှောက်သွားတိုင်း မှန်ပေါက်များမှနေ၍ မုန့်ဖုတ်နေ ကြသော ပြင်သစ် ကျား မ များကို တွေကမြင်ရပါသည်။
မုန့်အနံ့ မှာ အတော်ထူးခြားစွာ မွှေးကြိုင်သင်းပျံ့၍ အနံ့ရှူမိလျှင် စားချင်စိတ် ယိုဖိတ်လာစေသည်။
ပေါင်မုန့် ဘိန်းမုန့် ပုံသဏ္ဍာန်တွေက အမျိုးမျိုး၊ အရသာတွေက အမျိုးမျိုး၊ သည်အနံ့နှင့် သည်အရ သာမျိုးမှာ အင်္ဂလန်နှင့် အမေရိကန်တို့မှာ ပေါင်မုန့်လောကထဲတွင်လည်း မမြင်ခဲ့ရ။ မရှူရှိုက်ခဲ့ရ ဘူးသဖြင့် ပို၍ ထူးခြား ပါသည်ဟုဆိုချင်သည်။ တညီတည်းထူးနေသေးတဲ့ ပေါင်မုန့် ထင်းချောင်း ကြီးတွေရှိပါသေးသည်။ လက်မောင်း ခန့်တုတ်၍ တလံခန့်ရှည်သော ပေါင်မုန့်ရှည်ကြီးတွေ၊ ဆိုင် ထဲမှာ ထင်းချောင်းကြီးတွေ ထောင်ထား သလို စုထောင်ထားသည်။
မုန့်ဖုတ်နံ့ တသင်းသင်းတွင် မိုးလင်းစကနေပြီး ဈေးဝယ်တွေ ကြိတ်ကြိတ်တိုးပြီး ထိုပေါင်မုန့် ထင်း ချောင်းကြီးတွေကို လူတကိုယ်လျှင် တချောင်းမှ သုံးလေးချောင်းထိ ပိုက်ပွေ့ဝယ်ယူသွားကြသည်။ ဘာလုပ်ဘို့ သည်လောက် များများကြီး လူတိုင်းလူတိုင်း ယူသွားကြလေသည်မသိ။ စဉ်းစားပြီး မေးမြန်းမိရာ၊ ဒါဟာ သူတို့ ထမင်းချောင်းကြီးတွေဘဲတဲ့။ လူဝယ်ပြီး လူနည်း၍ စားအိုးငယ်တဲ့အိမ် ကတော့ ... တချောင်း တလေ ၀ယ်ခြင်းဖြစ်သည်။
ဤမုန့်ထင်းချောင်းကြီးများကို လက်မ၀က်ခန့် အ၀ိုင်းလိုက် အ၀ိုင်းလိုက် ငါးခုတ်သလို ခုတ်ထစ်၍ ကြိမ်ခြင်းတောင်း ကလေးနှင့်ထည့်ကာ ထောပတ်သုတ်၍ ဟင်းနှင့်တ၀ကြီးစားကြလေသည်။
ဒါကြောင့် ညည်းတို့အိမ်မှာ ဆန်နို့ဆီဗူးနှင့် တနေ့ဘယ်နှစ်လုံးချက်ရသလဲဟူသော အမေးနှင့် ဗမာ အိမ်ထောင်ရှင် တို့အိမ်သားဦးရေကို ခန့်မှန်းရဘိသကဲ့သို့ ရှင်တို့အိမ်မှာ တနေ့ပေါင်မုန့်ဘယ်နှစ် ချောင်းဝယ် ရပါသလဲ... ဟူသော အမေးမျိုးနှင့် လူအနည်းအများ ခန့်မှန်းနိုင်ပါသည်။
ပြင်သစ် မြေအောက်မီးရထားသည် အမေရိကန်နှင့် နင်လား ... ငါလား ... ရှိနေသော်လည်း လန်ဒန် မြေအောက် မီးရထားကို မမှီပါ။ အများချည်းညံ၍ ကျန်ရစ်ပါသည်။
မြေအောက် မှာ ဖေါက်လုပ်ထားတဲ့ ယာဉ်သွားလမ်းကြီးများကတော့ ကောင်းကြပါသည်။ လမ်းဘေး ဥမင်နံရံ နှင့် အမိုးကြီးတလျှောက်မှာ ဖွေးဖွေးဖြူနေတဲ့ ကြွေပြားတွေ ကပ်စီပြီး မီးပွင့်များထွန်းလျက် အလင်းရောင်ကို အားကောင်း အောင် ပြုပြင်ထားပါသည်။
ဗမာပြည်က မိတ်ဆွေအမျိုးသမီးများမှာကြ၍ ပြင်သစ်ကုန်တိုက်ကြီးများမှ ဘရိုကိတ်ခေါ် ရွှေဇာပြင်၊ ငွေဇာပြင်ယက် လုံချည်စများကို လိုက်ရှာရပါသေးသည်၊ ချဉ်သီးပင်အောက် ချဉ်သီးရှားဆိုသလိုပါ ဘဲ၊ ဗမာပြည် ရောက်လာတဲ့ ဘရိုကိတ်အထည်တွေလိုမှ စုံစုံလင်လင် မတွေ့မမြင်ခဲ့ရပါ။ တွေ့သမျှ မှာလည်း အဆင် က ဗမာကြိုက်မဟုတ်တဲ့ ကိုးယိုးကားယားကြီးတွေများပါသည်။ ဈေးနှုန်းကြည့် လိုက်ပြန်တော့လည်း တမီတာ လျှင် ဖရန့်ဒင်္ဂါးနှစ်ထောင်မှ သုံးထောင်အထိရှိသည်၊ အကြမ်းမျဉ်း အားဖြင့် တွက်လျှင် ဖရန့်ဒင်္ဂါး တထောင့် ငါးရာ ကို ဗမာငွေ (၁၄ ကျပ်၊ ၁၅ ကျပ်)လောက် ရှိမည်ထင် ပါသည်။ တမီတာဆိုသည်မှာ တကိုက် နှင့် တမိုက်လောက်ရှိပါသည်။
ဂျပန်ခေတ် ဘုရားနီဘေးဖြူ ထောင်မလဲသဲကော် ဂျပန်ငွေစက္ကူတွေ သုံးရတုန်းက ဆီတပုံးငါးသောင်း၊ ချည်ကြမ်း လုံချည်တထည် သောင်းရှစ်ထောင်၊ ကဇွန်းရွက်တစီး ၇၅... ကျပ် ဆိုတာလိုပါဘဲ။ ဘာကလေး ကြည့်လိုက် ကြည့်လိုက် ... ဘာကလေး မေးလိုက် မေးလိုက်၊ ဆယ် ဂဏန်းမရှိပါ။ ထောင်နှင့် သောင်းသာ ချီ ၍ ရေးထားတော့သည်။
ရာ ဂဏန်းများမှာ ဓါးမနောက်ပိတ်ဂွေ၊ အပေါဆုံး တပဲတမူးတန် စားစရာပစ္စည်းများ၊ ချိုချဉ်ငန်စပ်၊ မီးချစ် သတင်းစာ ... စသည်တို့တွင်သာ သုံးတော့သည်။ သောင်းနှင့်ချီ၍ ခေါ်ပြောသုံးစွဲနေရသော ကြောင့် တခါ တခါလည်း ထိတ်လန့်အံ့သြသွားမိသည်။ တခါတခါလည်း မီလျှံနာကြီးပမာ ဘ၀င် မြင့်စရာချည်း ဖြစ်နေပြန် ပါသည်။
အလှကုန် နှင့် ရေမွှေးဆိုင်ကြီးတွေကတော့ သူမတူအောင် ပေါများလှပါသည်။ ရေမွှေးအမျိုးအစား နှင့် အနံ့ အမျိုးအစား တခုနှင့်တခုမတူအောင် ခြားနားသလို ရေမွှေးထည့်ရောင်းသော ပုလင်းတွေ ကလည်း ပုံသဏ္ဍာန်အမျိုးမျိုးနှင့် အဆန်းထွင်ထားပါသည်။ ခလေးသုံးရေမွှေးများကိုပင် ခလေးများ ကြိုက်နှစ်သက် စေမည့် အိုးပုတ်ချိုးရုပ်တွေလို ပုံသဏ္ဍာန်အစားစား၊ ရုပ်လုံးရုပ်ပြားအထွေထွေကို ပုံသွင်း ထားသော ပုလင်းများနှင့်ထည့်၍ ရောင်းချကြပါသည်။
အခြား ရောင်းကုန်ပစ္စည်းများ ဈေးကြီးသော်လည်း ရေမွှေးကိုတော့ ဗမာငွေနှင့်တွက်ကြည့်လျှင် ဈေးပေါ သည် ဟု ထင်ပါသည်။
---------------------------------
အောင်မုဒ်
စိန်းမြစ်မှာ ပဲရစ်မြို့လည်ကို ဖြတ်၍စီးဆင်းနေသည်ဖြစ်ရာ မြို့လည်၌ပင် တဘက်နှင့်တဘက်ကို ခိုင်ခန့်သားနားသော ကျောက်တံတားကြီးပေါင်း သုံးဆယ်ကျော်ဖြင့် ဖြတ်ကူးထားလျက် ယာဉ် ရထားများ ဥဒဟိုသွားလာကူးသန်းလျက်နေသည်မှာ ကြည့်မငြီးနိုင်သလိုရှိတော့သည်။
စိန်းမြစ်၏ မြောက်ဘက်တနေရာတွင် အထိကရကြီးကျယ်သော မုဒိကုံးပေါက်ကြီးတခု ရှိပါသည်။ ၎င်းအောက် မုဒ်အာဒီထရွမ်းခေါ် ဗိမာန်အဆောက်အဦးကြီးမှာ ပြင်သစ်လူမျိုးတို့၏ စစ်အောင်နိုင် ခြင်း အထိမ်းအမှတ်အဖြစ် ဆောက်လုပ်ထားခြင်းဖြစ်သည်။ လေးဒေါင့်ကျောက်ပြဿဒ်ကတုံးကြီး ကဲ့သို့လည်း မှတ်ထင်စရာ အောင်ပွဲသရုပ်ဖော်သော ရုပ်လုံးရုပ်ထုတို့နှင့် အနုပညာ လက်ရာမြောက်အောင် ထုလုပ်မွမ်းမံထားသည်။
ထိုအောင်မုဒ်၏ အထွတ်ပေါ်ရှိ စိန်းတောင်ကြားကလေးတွေတွင် တက်ရောက် ကြည့်ရှုနေကြသော ပရိသတ်တို့၏ ဦးခေါင်းကလေးတွေမှာ ထာဝစဉ် ပြွတ်သိပ်ညပ်ခဲ့လျက်တွေ့ရပါသည်။ အချို့လည်း အား အားရှိတိုင်း အောင်မုဒ်၏ အပေါ်ထပ်ကိုတက်၍ ပဲရစ်မြို့ရှုမျှော်ခင်းများကို မျက်စိအရသာခံနေ ကြဟန် တူပါသည်။
အဆိုပါ အောင်မုဒ်မှ ပေါင်းကူးဂုံးပေါက်ကြီးအောက် တည့်တည့်မြေပေါ်တွင် ဘယ်တော့မှ မငြိမ်း သောမီးခွက်ကြီးတခုမှ မီးတောက်မီးလျှံများ အမြဲထွက်လျက်ရှိပါသည်။ ဤမီးဘယ်တော့မှမသေရ၊ မငြိမ်းရ၊ မီးမငြိမ်းသကဲ့သို့ စစ်ပွဲအောင်ရာ၊ ကျဆုံးရာ၊ စစ်သည်တော်တို့၏ ဂုဏ်ကျေးဇူးကို တိမ် ကောမေ့လျော့မှုမရှိကြောင်း၊ အမြဲ သတရကြောင်းကို လူမျိုး၏ အထိမ်းအမှတ်ကြီးသဖွယ် လေးစား စွာအလေးပြုထားခြင်းဖြစ်သည်ဟု အဆိုရှိပါသည်။ သွား၍ အနီးကပ်ကြည့်လျှင် အမျှင်မပြတ်၊ အလျှင်မ်ြပတ်သော မီးတောက်မီးလျှံများသည် ဘယ်သောအခါမှ ရဲရဲတောက်လောင် အရောင် တလက်လက် ထွက်ကာ လေလာတိုင်း မီးညွန့် မီးနွယ်ကလေးများ လှုပ်ရှားယိမ်းထိုးနေသည်ကို တွေ့မြင် ရပါသည်။
ထိုမီးခွက်ကြီး ကို လေးလေးစားစားလာရောက်ကြည့်ရှုနေသော ပရိသတ် ဗိုလ်ထုလည်း စဲသည်ဟူ၍ မရှိ တော့ပါ။
ထိုအောင်မုဒ်ကြီးကို သံကြိုးဝိုင်းနှင့် လူသွားလမ်းကျောက်ပြား ပလက်ဖောင်းပတ်လည်ဝိုင်းရံထား သည်။ ထိုအ၀ိုင်းကြီးအပြင်မှ ယာဉ်ရထားတို့သွားရန် လမ်းကျယ်ကြီး ၀ိုင်းထားပြန်သည်။ ၎င်းလမ်း ကျယ် အ၀ိုင်းကြီးကို ဦးတိုက်လျက် ဖြောင့်တန်းသော လမ်းမွှာဆယ့်သံးခုထက်မနည်း ဖောက်လုပ် ထားပါသည်။
' အောင်မုဒ် 'ကို ဗဟိုရ်ထား၍ ဦးတိုက်နေကြသော လမ်းများမှ မှတ်မိသမျှ အမည်များမှာ အယ်ဗဒူး ဒီလ်ဂရီအမ်း။ အယ်ဗဒူးဒီချွဲမ္ပဇလီဇေး။ အယ်ဗဒူးဖို့ချ။ အယ်ဗဒူးဗစ်တာဟူကိုး။ အယ်ဗဒူးကလီးဗား။ အယ်ဗဒူး ဒိုင်ယာနား။ အယ်ဗဒူးမာဘူးရယ်။ အယ်ဗဒူးဒီဖရိုင်းလင်း။ အယ်ဗဒူးတို့ချ။ အယ်ဗဒူးဝါးဂရမ်း။ အယ်ဗဒူး မဂ္ဂဟွန်း။ အယ်ဗဒူးကာတွန်းစသော လမ်းအမည်များဖြစ်၍ အယ်ဗဒူး ဗစ်တာဟူကိုးလမ်းမှာတည်းခိုရာ ဟော်တယ် ဗစ်လာစိန့်ဟိုနိုးရေးဒလူးရှိနေသဖြင့် လမ်းထိပ်ထွက် လျှောက်လိုက်တိုင်း ထို ' အောင်မုဒ် ' ကြီး ကို အမြဲတွေ့မြင်နေရပါသည်။
အမြင့်မှ ဆီးကြည့်ရသောအခါများတွင် လမ်းကျယ်ကြီးတွေဆယ့်သုံးလေးခုစု၍ ဦးတိုက်နေသော အောင်မုဒ်ကြီးမှာ ပင့်ကူအိမ်၏ အလယ် ဗဟိုချက်မနေရာကြီးပမာ သွားလိုရာလမ်းကို အလွယ် တကူ ထွက်သွား နိုင်သော ဌာနကြီးတခုကဲ့သို့လည်း ဖြစ်နေပါသည်။
ထိုအချိန်သည် (ဆန်းမားဟောလီးဒေး) ဖြစ်၍ အရပ်ရပ်အလုပ်သမား၊ ကျောင်းသားတွေ အနားယူ လည်ပတ်နေချိန်ဖြစ်သဖြင့် ဘယ်နေရာ သွားသွား နိုင်ငံခြား ဟည့်သည်ရော၊ နိုင်င့တွင်းဟည့်သည် ရော နေရာတိုင်း သောသောကြွယ်နေချိန်ဖြစ်သည်တွင် ပဲရစ်မြို့အိမ်တွေ၊ ရုံးတွေက အလုပ်သမား တွေကလည်း အနားယူချိန်ပေးရသောကြောင့် ဘယ်အိမ်မဆို ကိုယ့်မီးဖိုချောင်ကိုယ်ဝင်နေရခိုက်ဖြစ်ပါသည်။
နောက်တနေ့မှာ အမေရိကန်သံရုံးမှ အတွင်းဝန် မစ္စတာစပီးဘက်နှင့် သူ၏ ဇနီးမစ္စစ် စပီးဘက်တို့ က ခင်မင်စွာ လာရောက်ဖိတ်ခေါ် ဧည့်ခံကြသည်နှင့် သူတို့အိမ်သို့ လိုက်သွားရပါသည်။
အတွင်းဝန် မစ္စတာ စပီးဘက်၏ ဇနီးမှာ ဗမာပြည် ရန်ကုန်မြို့နေ ဆာပေါ်ထွန်းနှင့် ဒေလီပေါ်ထွန်း တို့၏ သမီးဖြစ်၍ အင်္ဂလိပ်လိုဝတ်သော်လည်း ဗမာစကားကို ရခိုင်သံမပါ၊ ဗမာကဲ့သို့ လေယူလေ သိမ်း ပြတ်ပြတ် သားသား ပြောဆိုနိုင်ရုံမက အင်မတန်လည်း သွက်လက်ဖော်ရွေလှသည်။
သူတို့အိမ်မှာ ဗမာပြည်၏ အထိမ်းအမှတ်၊ ဗမာအသုံးအဆောင်အလှအပများနှင့် ဧည့်ခန်းမှာ ခြယ်လှယ် မွမ်းမံ ထားပါသည်။ အိမ်စေများ ဟောလီးဒေးပေးထားရသော နေ့ရက်ဖြစ်စေကာမူ အိမ် တွင် စားသောက်ဖွယ်ရာတွေ ပြုပြင်စီမံထားပြီးဖြစ်၍ ဘာမျှလိုသေလေးမရှိတော့ပါ။
အိမ်တွင် ဧည့်ခံမှု စားသောက်မှုပြီးစီးသောအခါ မစ္စတာ စပီးဘက်ဇနီးမောင်နှံသည် သူတု့၏ ကား နှင့် ပဲရစ်မြို့ တမြို့လုံးကို လမ်းတိုင်းစေ့ နှံ့အောင် တနေကုန် ကားမောင်းပို့ပြန်ပါသည်။ လယ်လို့ မကုန်နိုင် အောင် ကျယ်ဝန်းသော မြို့ကြီးမှာ ကားဘီးရာများထပ်၍ထပ်၍ လာသည်ဟုပင် ထင်မိ ပါသည်။
ရောက်ခဲ့ရသော နေရာများတွင် ဓါတ်ပုံများ မကြာခဏ ဆင်းရိုက်ရသည်မှာလည်း နားရသည်မရှိ တော့ပါ။ သို့စေကာမူ ဓါတ်ပုံရိုက်ယူစရာ နေရာများပေါလွန်းသဖြင့် အားရတင်းတိမ်ခြင်းမရှိနိုင်အောင် ဖြစ်ရ ပါတော့ သည်။
သ့မျှော်စင်ကြီးနှင့် ၎င်း အနီးတ၀ိုက်မှာ ဓါတ်ပုံရိုက်စရာ အလှဆုံးနေရာများဖြစ်ပါသည်။ နပိုလီယံသင်္ချိုင်းဂူ၊ ဘုရားရှိခိုး ကျောင်းကြီး၏ အတွင်းတွင်လည်း ဓာတ်ပုံရိုက်ချင်စရာတွေပေါသဖြင့် ၃-၄ခေါက် ဆက်တိုက် သွားရ ပါသေးသည်။
စိန်းမြစ်၏ အလယ်ကျွန်းတွင် လွမ်းချင့်သဖွယ် ဟိုရှေးနှစ်များစွာက တည်ဆောက်ထားသော နော်တိဒိန် ဘုရားရှိခိုးကျောင်းကြီး၏ ပတ်ဝန်းကျင် တ၀ိုက်မှာလည်း မျက်လုံးထဲက မထွက်နိုင်အောင် ရေရောင် နေရောင် နှင့် ဓါတ်ပုံရိုက်ယူချင်အောင် သွေးဆောင်၍ ပဏာဟပ်လျက်တွေ့မြင်ရသည်။
ကျောင်းဆောင် အတွင်းရှိ သစ်ပင် ပန်းနွယ်ကလည်း ဘုရားကျောင်းဆောင်ကြီး၏ အုဌ်တံတိုင်းကြီး ၏ အောက်ခြေ မြစ်ရေ ထဲမှာ တွဲလိတွဲလောင်းကျနေစေလျှက် အလှကိုသဘာဝကျအောင် ပြင်ဆင် ပေးထား ကြသည်။
ကျောင်းမြေနှင့် အနီးတ၀ိုက်မှာ နိုင်ငံတကာက ရောက်လာသော ဧည့်ပရိသတ်များကို တွေ့ရပါ သည်။ ထိုပရိသတ်တွေမှာ လူအမျိုးမျိုးအစားအစားရှိပါလိမ့်မည်။
ဟောလီဒေး အတွင်း အပျော်ခရီးထွက်သူများလည်း ပါသည်။ ပညာပိုင်းဆိုင်ရာ ဒေသန္တရဗဟုသုတ ရှားမှီး သူတွေလည်းပါသည်။
အချို့နိုင်ငံငယ်ကလေးတွေက မစ်ရှင်အဖွဲ့တခု နာမည်တပ်ခါ လက်သင့်ရာစားတော်ခေါ်လာကြသူ တွေလည်း ပါပါသည်။
အကပ်ကောင်း၊ အမကောင်း၊ အဆို အငိုကောင်းသောကြောင့်လည်း နားအေးပြီးရောလို့ တွန်းပို့ လိုက်ရသူတွေကတော့ နိုင်ငံတခုခုမှ ခေါင်းဆောင်တဦးဦးလာတိုင်း အချွေအရံ အတိုင်ပင်ခံ အဖြစ် နှင့် လိုက်ပါခွင့် ရလာတတ်ကြူ၊ ပါတော်မူအချောင်သမားတွေလည်း ပါသည်ဟု တဆင့်စကားကြား ရပါသည်။ ပြောသည့်အတိုင်းလည်း ဟုတ်ပုံရပါသည်။ ဘယ်နေရာကြည့်လိုက် ကြည့်လိုက် မှန်မိုး နှင့် ခရီးသွား ဘတ်စကားကြီး တွေမှာ သူတို့မြို့ရွာ ဆိုင်းဘုတ် စာတမ်းတွေထိုးပြီး နိုင်ငံခြားလူအမျိုး မျိုး၏ မျက်နှာ မျိုးစုံတွေကို နော်တီးဒိန်ဘုရားကျောင်းမြေပြင်တွင် ရှောင်မလွတ်အောင် တွေ့မြင်နေ ရပါသည်။
နော်တီဒိန်းဘုရားရှိခိုးကျောင်းကြီး၏ ရာဇ၀င် အထုပ္ပတ္တိကိုတော့ ကမ္ဘာနှင့်အ၀ှမ်း သိရှိကြပြီးဖြစ်ကြ လို့ ဗမာပြည် အတွက်လည်း အထူးသဖြင့် အကျယ်ချဲ့ရေးနေဘို့ လိုတော့မည်မထင်ပါ။
ပြင်သစ်ပြည် ကို မရောက်ဘူးဘဲနှင့်ပင် ယခင်ခေတ်ဟောင်းတုန်းက ရန်ကုန်မြို့မှာပြသွားတဲ့ ' ခါးကုန်းကြီး နှင့် နော်တီဒိန်းဘုရားရှိခိုးကျောင်းကြီး' ရုပ်ရှင် ဇာတ်ကားမှာ ဒီဘုရားရှိခိုးကျောင်း အဆောက်အဦးကြီးရဲ့ အတွင်းအပြင် ပတ်ဝန်းကျင်တ၀ိုက်၌သာလျှင် ဇာတ်အိမ် ဇာတ်ကွက်ဆင်ပြီး ရိုက်ကူး ထားတဲ့ကား ဖြစ်လေတော့ လူကိုယ်တိုင် နှံ့နှံ့စပ်စပ် ကြိုကြိုကြားကြား မကျန်သွားကြည့်ရသည်နှင့်မခြား ရုပ်ရှင်ကြည့် ပရိသတ် အများတွေ့မြင်ခဲ့ကြပြီးသည်ဖြစ်လို့ အားလုံး ဘဲမှတ်မိကောင်း မှတ်မိပါလိမ့်မယ်။
ရုပ်ရှင် ရိုက်နည်း ပရိယာယ်အားဖြင့် အချို့ အနီးကပ်ရိုက်ရတဲ့ ရိုက်ကွင်းခန်းများမှာ အတုပြုလုပ်၍ ရိုက်ကူး ထားစေကာမူ ဒီအတုကို တူအောင် အကျအနဖန်ဆင်းထားတဲ့ အတုဖြစ်လေတော့ မူရင်း နှင်ဘာမျှ မခြားနား တဲ့ အစိတ်အပိုင်းဖြစ်နေပါသည်။
အကယ်၍ နော်တီဒိန်းဘုရားကျောင်းကြီးကို ရောက်လာစေဦးတော့ ဤမျှလောက် စုံစုံလင်လင် အထဲဝင် အပြင် ထွက်တက်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ပါ။ ကြည့်နိုင်သည်ထားဦးတော့။ ဘုံဆောင် အထွတ်အဖျား ကလေးများကို အသဲယားလောက်အောင် လျှောက်သွားဝံ့ကြမည် မထင်ပါ။
သို့နှင့် ကျောင်းဆောင်ကြီး၏ ရှေ့မျက်နှာစာမှာ လာလာသမျှ ပရိသတ်နှင့် မှန်အမိုးမြို့ ပတ်ဘတ်စ် ကားကြီးများကို ထိုးဖောက်ကျော်လွှား၍ အနီးအနား တ၀ိုက်ကို လှည့်လည်၍ ဓါတ်ပုံ ရိုက်ကြပါသည်။
ကျောင်းဆောင်ကြီးက ကြီးလွန်းသဖြင့် ဓါတ်ပုံကို အပြည့်ရနိုင်ရန် ခပ်ဝေးဝေးမှခွာ၍ ရိုက်ရသည်က တမျိုး အနီးအနား တိုး၍ ချိန်ရသည်ကတဖြာ ပူးချီ ခွာချီ လုပ်ရလွန်းသဖြင့် ကြာတော့ ခြေညောင်း လာရပါသည်။ ကျောင်းဆောင်ကြီး လက်ျာဘက် မျှော်စင်တခုမှာလည်း ငြမ်းများဆင်၍ မွမ်းမံနေချိန် ဖြစ်သောကြောင့် အနီးအပါး က ဖြတ်သွားရာမှာ အပေါ်က တခုခုပြုတ်ကျလေမလား ဟုစိတ်မလုံအောင် ရှိသည်။ သို့ရာတွင် သူတို့ ပိသုကာ များမှာ အလွန်တရာ စည်းကမ်းသေ၀ပ်သူ များဖြစ်လို့ စိုးရိမ်မှု့မှာ အပိုသာဖြစ်စေပါသည်။
သည်တခေါက်မှာ အမေရိကန်သံရုံးအတွင်းဝန် မစ္စတာ စပီးဘက်နှင့် ဇနီးမစ္စစ်စပီးဘက်တို့ အတူ ပါသောကြောင့် ကားကို တော်ရာမှာ ရပ်ထားပြီး စကားတပြောပြောနှင့် မမောနိုင် မပမ်းနိုင် လမ်း လျှောက်ရင်း လှည့်လည်ကြည့်ရှုကြပါသည်။
နော်တီဒိန်းကျောင်းဆောင်ကြီးမှာ မြစ်လယ်ကျွန်းတွင် တည်ထား၍ မြစ်နှစ်ဘက်မှ အုတ်တံတား ကြီးများနှင့် ဆက်ခါ ယာဉ်ရထားတွေ ဥဒဟိုသွားလာနေသော လမ်းကြီးများရှိသည်။ မြစ်တဘက် တချက်ရှိ အောက်ခြေ ကမ်းအနိမ့်ပိုင်း မှာလည်း လမ်းလျှောက်ရန်နေရာများ၊ ထိုင်ရန် အရိပ်အာဝါသ များနှင့်တကွ ရေစပ်တွင် အေးအေး လူလူ မပူမပင် ငါးမျှားနေကြသူတွေလည်း တသီတတန်းကြီး ရှိနေကြပါသည်။
မြစ်ရေယာဉ် သည် တည်ငြိမ်စွာ စီးဆင်းလျက် ရှိသည်။ ကျောက်ဒုကျွန်းငယ်ပေါ် တည်ထားသော ကျောင်းဆောင် အဆောက်အဦး က ပိုလို့ပင် တည်ငြိမ်လျက်ရှီပါသေးသည်။
မစ္စစ်စပီးဘက်နှင့်အတူ ကမ်းခြေအနိမ့်ပိုင်းကိုဆင်း၍ အစီအရီ ငါးမျှားနေကြသော လူတွေကို သွား ကြည့်ရာ ဘာမှ မယ်မယ်ရရမတွေ့ရ။ သူတို့နောက်ပိုင်းကမ်းပါးစောင်းရှိ အုတ်နံရံတလျှောက်မှာ ဖြင့် အလွန် နံစော် သော တပိုတပါးသွားထားသည့် အနံ့အသက်များက လေသွေးရာရနံ့ကြိုင်လျက် ရှိသည်။ ဤသည် တို့ကြောင့်ပင် ပဲရစ်မြို့၏ ကျက်သရေဆောင်နေရာကြီးတွင် ချေးနံ့သေးနံ့ တလှိုင် လှိုင် ဖြစ်နေခြင်းကား တေလေ ဂျပိုးများ အကျင့်စာရိတ္တပျက်ပြားသူတို့ ကျက်စားရာ နေရာကြီး ဖြစ်သောကြောင့်ထင်ပါသည်။
သူတို့သည် ပေါင်းကူးတံတားတွေအောက်ခြေမှာ နေ့နေ့ညည ၀င်၍ မိုးခိုခြင်း၊ ထင်ရာမြင်ရာ လုပ်ကိုင် ပြုမူခြင်း၊ အပေါ့အလေးသွားလိုက ဤအနီးအပါးတွင်သာ တာဝန်မဲ့ စွန့်ပစ်ကြခြင်းများ ပြုလုပ်ကြသည်။ သူတို့ အစိုးရနဲ့ မြူနီစီပယ်ပင်တာဆီးလို့ နိုင်ပုံမပေါ်ပေ။
သည်အထဲ မှာ ဓါတ်ပုံဆရာက တမှောင့်ပင်။ မြစ်ရော၊ ကျွန်းရော၊ တံတားရော၊ ဘုရားကျောင်း ဆောင်ရော၊ ငါးမျှားသူ တွေပါ တပါတည်းအဝေးမှ နေပြီး ဓါတ်ပုံရိုက်လိုပြန်သေးတယ်။ ခဏရပ် နေပါအုံးဆိုသဖြင့် နံနံ စော်စော် နှင့်ပင် မစ္စစ်စပီးဘက်နှင့် အတူရပ်နေရပြန်ပါသည်။
ထိုမှတခါ ကပြာကရာ ပြေးတက်လာကြပြီး အုတ်ရိုးတံတိုင်းကြီးတလျှောက် ရောက်လာတော့ လမ်းဘေး တဘက် တချက် ဆိုင်တဲကလေးချင်းယှက်ပြီး တသီတန်းကြီးတွေတွေ့ရတဲ့ စာအုပ် အဟောင်းဆိုင် ကလေး တွေဖြစ်ပါသည်။
ညဈေးတန်းတို့၊ တရုပ်တန်းတို့က ဆိုင်တန်းတွေနှင့် ထူးမခြားနားပင်။ တခုတော့ရှိသည်။ သူတို့ ဆိုင်တွေက စာအုပ်ဟောင်းမျိုးစုံကို သတ်သတ်မှတ်မှတ် ရောင်းကြသည်။ ဘာ စာအုပ်ဟောင်းကို လိုချင်လိုချင်၊ ဤဆိုင်တွေတွင် ၀င်ရှာလျှင် လိုချင်ဒါအားလုံးရနိုင်သည်။
ဈေးကလည်းပေါလှပါသည်။ စာအုပ်နှင့်အတူ ပူးတွဲရောင်းချသော အခြားရောင်းကုန်တခုမှာ ပန်းချီ ဆရာ အမျိုးမျိုး တို့၏ စုတ်ချက်အမျိုးမျိုးပါသော ဆီဆေး၊ ရေဆေး ပန်းချီကားချပ်များပင်ဖြစ်ပါ သည်။
ပန်းချီကားများမှာ လိုရာရနိုင်ပါ၏။ သစ်သီးပန်းမလ်ပုံကြိုက်သလော။ အိမ်ပုံ၊ တိုက်ပုံ ကြိုက်သလော၊ ရှုမျှော်ခင်းပုံ ကြိုက်သလော။ ပြင်သစ်၏ ကျော်ကြားသော အဆောက်အဦး လူပုဂ္ဂိုလ် တုန့၏ပုံမှအစ၊ တိရိစ္ဆာန်၊ မြင်း၊ နွား၊ ခွေး၊ ၀က် ဆိတ် ကအစ၊ ကြက်၊ ငှက်အထိ ကြိုက် ရာရွေးပေတော့။ ဗီကာဆို တို့ ရေးနည်း မှ အတုယူခွဲထုတ်လာကြတဲ့ ဘာမှန်းမှမသိရတဲ့ ရေပုံးမျိုးတွေ ကတမျိုး၊ အတော်လည်း စုံပါပေတယ်။ စုတ်တန် ရှင်ပန်းချီဆရာတို့ရဲ့ လက်ရာကတော့ အညံ့စား အရှော်စားကအစ အတော်ကလေး ကောင်းတဲ့ အကောင်းစား နဲ့ ကျောင်းသား လက်သင်ကလေး တွေပါ ရေးပို့ကြတာထင်ပါရဲ့။
အနီးအပါးမှာ ဆံမုတ်ဆိတ်ဖားဖား အ၀တ်အစားအပေါက်အပြဲနဲ့ တယောက်ထဲ ထိုင်ရေး၊ ရောင်းနေတဲ့ လက်ငင်း ပန်းချီ ဆရာတွေကိုလည်း ကြိုကြားတွေ့ရပါသေး သည်။
ဝယ်သူတွေရှိ၍ ရောင်းသူတွေပြည့်နေခြင်းဖြစ်ပါသည်။ သူတို့နိုင်ငံဆီမှာ ပန်းချီကားကလေးများကို အိမ်တိုင်း အိမ်တိုင်း တတ်အားသရွေ့ ဆွဲချိတ်ထားတတ်ကြတဲ့ အလေ့ရှိကြသည်။ သည်လိုဆိုင် မျိုးတွေက ပန်းချီ ကားချပ် တွေကို သူ့ဝန်သူ့အား ၊ သူ့မျှားနှင့်သူ့လေးဆိုဒါလို ရွှေဒင်္ဂါးထောင် သောင်းချီ မပေး မ၀ယ်နိုင်သူများက လာ၍ ၀ယ်ရှာကြသည်။
ဝက်သား၊ ကြက်သားအီအောင် စားနေရတဲလူက တခါတရံ ချဉ်ပေါင်ဟင်းကလေး၊ ငြုပ်သီးထောင်း ကလေးစားချင်စိတ်ရှိသလို ပန်းချီကျော်ကားတွေ ရွှေဒင်္ဂါးထောင်သောင်းပေးဝယ်နိုင်တဲ့ သူဌေးကြီး တွေ ကလည်း ဆင်းရဲသား ပန်းချီကားဆိုင်တန်းမှာ လျှောက်ကြည့်ပြီး အကြိုက်တွေ့ရင် ထိုက်သရွေ့ ၀ယ်ယူ ချီးမြှင့်သွားကြပါသည်။ ဒီလိုအခါမျိုးမှာ အဲဒီပန်းချီဆရာဟာနာမည်ရချက်ကောင်း မိပြီး လူသိသူသိများလို့ ထင်ရှားချင်လည်း ထင်ရှား သွားတတ်ပါတော့သည်။
ပြင်သစ်ပြည်၏ အထွတ်အထိပ်ကောင်းစားကြီးပွားထွန်းကားချိန်သည် ဥရောပတခွင်၌ ရှေးကျခဲ့ သော နိုင်ငံကြီး ဖြစ်သည်။ နပိုလီယံ ဘုရင်မင်းဆက်တို့၏ လက်ထက်မှာ မီးကုန်ယမ်းကုန် တက်ခဲ့ သလောက် နောက်ပိုင်း တွင်  ပထမကမ္ဘာစစ် ဂျာမနီတို့ ဒဏ်ကိုခံလိုက်ရသည်အတွက် တစတစ ကျ၍ ကျ၍ လာခဲ့ စေကာမူ ပါရဂူကြီးများ၊ ပညာရှိကြီးများ သုခုမအနုပညာဆရာကြီးများ၏ စက်မှု လက်မှု ယဉ်ကျေးမှု တို့မှာ ယနေ့ တိုင်အောင် လက်ရာထင်၍ ကျန်ရစ်သည်မှာ ဘယ်နိုင်ငံနှင့်မျှ မယှဉ်သာအောင် မြောက်များ လှပါသေးသည်။ ထို့ကြောင့် ပဲရစ်မြို့သည် ရှေးဟောင်း အနုပညာ ပြတိုက်ကြီး တခုကဲ့သို့ဖြစ်နေပါသည်။
အရပ်လေးမျက်နှာ တို့သို့ မျှော်လိုက်တိုင်း အထိကရအဆောက်အဦး အမှတ်အသားကြီးများမှာ ငွားငွားစွင့်စွင့် တွေ့နေရသည်ချည်းပင်။ ဗစ်တာဟုဂိုးလမ်းထိပ်အောင်မုခ်ဝ လမ်းခွဆုံမှ အရှေ့ ဘက်သို့ မျှော်လိုက် လျှင် အဆိုပါ နော်တီဒိန်းဘုရားရှိခိုးကျောင်းကြီး၏ ခေါင်းလောင်းဘုံဆောင်ကြီး ကိုမြင်နေ ရသည်။
ဤ ကျောင်းကြီးမှာ သက္ကရာဇ် (၈)ရာစုနှစ်လောက်က စတင်ဆောက်လုပ်ခဲ့၍ နှစ်ပေါင်းရှစ်ရာကျော် ကြာမြင့်ပြီး ဟောင်းနွမ်းအိုမင်းလှပြီဟုဆိုရစေကာမူ ပျက်ပျက်စီးစီးမရှိ၊ ဘုံဆောင်အထွတ်အမြင့်မှာ ချယ်လှယ် ထုလုပ်ထားသော ရုပ်လုံးရုပ်ထုများက ကျောက်သား ကျောက်ဆစ်ပညာ၏ အသေးစိပ် လက်ရာ၊ အနုပညာအရာ ၌ ငါတို့ပြင်သစ်ကို ဘယ်သူမှမမှီပါဘူး...ဟု ဆိုနေသည့်အလား မော်မောက်စွာ ဖော်ပြလျက် ရှိပါသေးသည်။
အမွမ်းအမ့ အပြင်အဆင်သမားတို့ကလည်း အနည်းငယ် ဆွေးမြေ့ပျက်စီးသည်နှင့် တချက်တည်း လက်ရာ မပျက် အမြန်ဖေးမပြုပြင်ထားကြသည်။
ပြင်သစ်လူမျိုး စာရေးဆရာကြီး ဗစ်တာဟူးဂိုးသည် ဤနော်တီဒိန်း ဘုရားကျောင်းကြီးကို နောက်ခံ ပြုလျက်... သည်ဟန့်(ချ)ဘက်ဟော့နော်တီဒိန်း ဟူသော ၀တ္ထုကြီးကို ရေးခဲ့သည်။
ရုပ်ရှင် ရာတို့ကလည်း ရုပ်ရှင်ဇာတ်ကားဖြစ် အရသာဖော်ပေးခဲ့ကြသည်။ ဆရာကြီး ဗစ်တာဟူစိုး ၀တ္ထုတပုဒ်ဖြစ်သော (လီမစ်ဆက်ဆဗေးလ်)ကိုလည်း ရုပ်ရှင်ဇာတ်ကားအဖြစ်နှင့် နယူးယောက်မြို့ တွင် အခန့်သင့်၍ ကြည့်ခဲ့ရပါသေးသည်။
ရိုးသားဖြောင့်မတ်သူတဦးသည် ငတ်နေသောမိသားတစုကို သနားလှသဖြင့် ပေါင်မုန့်တလုံးကို ခိုးပေး မိသည်။ ပေါင်မုန့်ကို သက်သေခံပစ္စည်းအဖြစ်ထား၍ တရားသူကြီးရှေ့တွင် အမှုစီရင်ပြီးသော အခါ ထောင်ဆယ်နှစ်ချလိုက်ပြီး သက်သေခံပစ္စည်းပေါင်မုန့်မှာ အမှိုက်ခြင်းထဲ ထည့်လိုက်သည်။ ငတ်နေသော မိသားစု မှာလည်း ပေါင်မုန့်ကို မစားလိုက်ရ။ သားရေကျလျက် ကျန်ရစ်သည်။
ငတ်ပြတ်မှုကို မရှုစိမ့်၍ ခိုးပေးမိသော တရားခံမှာလည်း ထောင်ဆယ်နှစ်ကျသွားရာက ထိုခေတ် အကျဉ်းသား များခံစားရသော ဒုက္ခအမျိုးမျိုးတွေကို ကျော်လွန်ကာ နောက်ဆုံး ဘုန်းကြီးတပါး၏ အဆုံးအမ ကြောင့် ခိုးချင်သော ညာဉ်ကိုဖျောက်လျက် နောက်ထပ်ဒုက္ခရောက်သူများကို ကူညီရင်း ကံတချက်မရာမှ သူဌေး မြို့တော်န်ကြီးဘ၀ ရောက်ခဲ့သည်။ ယင်းသို့တိုင်အောင်လည်း ဒုက္ခရောက် သူများကို ကူညီ တတ်သော စိတ်ကောင်းတခုကြောင့် အမှုအမျိုးမျိုး  ရောက်ခဲ့ရာ ပြင်သစ်သူပုန် ကျောင်းသားတဦးကို ပုလိပ်နှင့် ရိုက်ပွဲဖြစ်ရာမှ လျှို့ဝှက်စွာ ကယ်ဆယ်လိုက်ခြင်းကြောင့် ဒုက္ခသည်ပြည့်တန်ဆာမ တဦး၏ သမီးကို ကယ်ယူထားလိုက်ရသော သူ၏ မွေးစားသမီးကလေးနှင့် သူပုန် ကျောင်းသားတို့ ချစ်ခင် ဆက်သွယ်မိ သည်မှအစ၊ နောက်ထပ်ဒုက္ခအမျိုးမျိုးတွေ့ခဲ့ရသည်။
သို့ရာတွင် သူ၏ မြင့်မြတ်သောစေတနာ၏ အကျိုးတရားကို ခံစားရပုံများဖြစ်၍ စာရေးသူ၏ ရည် ရွယ်ချက် ကို အကွက်ကျကျ သဘာဝမိမိနှင့် ကြည့်ကောင်းအောင် ရုပ်ရှင်ဆရာတို့က ရိုက်ကူးပြသ နိုင်ပါပေသည်။
ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုးအား ပြင်သစ်လူမျိုးတို့ မည်မျှ လေးစားသနည်းဆိုလျှင် ဗစ်တာဟူးဂိုး ဟု အမည်ပေးထားသော လမ်းကျယ်ကြီးထိပ်တွင် ဆရာကြီး ဗစ်တာဟူးဂိုးအထိမ်း အမှတ် ပန်းခြံကြီး တခု မော်ကွန်းမှတ်တမ်းနှင့်ထားသည်။ ဆရာကြီး၏ အထိမ်းအမှတ်နေ့ဆိုလျှင် ထိုလမ်းကြီး တလမ်းလုံး သည် မီးပုံးမီးလုံးမီးပွင့်ခိုင်တို့ဖြင့် အိမ်တိုင်းစေ့ မြိုင်မြိုင်ကြီးထွန်းညှိအလေး ပြုကြသည်။ သူ၏ ထူးခြားသော စာအရသာများကို စမြုံ့ပြန်ကြ၊ ကပြကြ၊ ဂုဏ်ပြုကြတော့သည်။
နော်တီဒီန်း ဘုရားရှိခိုးကျောင်းကြီးလောက် ရှေးမကျသော်လည်း ပဲရစ်မြို့ပေါ်မှ ဘယ်နေရာကဖြစ် ဖြစ် မားမားကြီး တွေ့နေရသော အဆောက်အဦကြီးတခုမှာကား အပ္ပါယ်တာဝါးခေါ် သံမျှော်စင်ကြီး ဖြစ်ပါသည်။ (အလ်လစ်ဇန္ဒာဂတ်စတပ်အပ္ပါယ်)ခေါ် အင်ဂျင်နီယာကြီးက ကြီးကြပ်ဆောက်လုပ် သောကြောင့် ၎င်း အင်ဂျင်နီယာ ပိသုကာဝိဇ္ဇာကြီး၏ အမည်ကိုယူ၍ အပ္ပါယ်တာဝါးဟူသောအမည် ဖြင့် ထင်ရှား ကျော်ကြားလျက် ရှိပါသည်။
ဤ အပ္ပါယ် တာဝါး သံမျှော်စင်ကြီး၏ အမြင့်မှာ ပေပေါင်း ၉၈၄-ပေဖြစ်ပါသည်။ မျှော်စင်ကြီး ဆောက် လုပ်ဖြစ်ပေါ် လာရသော ကိစ္စမှာ ၁၈၈၉-ခုနှစ်တွင် ကျင်းပခဲ့သော ပဲရစ်ပြပွဲကြီးအတွက် အမှီဆောက် လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရပါသည်။ ပြပွဲကြီးပြီးစီးသော်လည်း ဤမျှလှပခိုင်ခန့်သား နား၍ အံ့တပါး ဖြစ်နေသော မျှော်စင်ကြီးအား ဖျက်သိမ်းခြင်းမပြုဘဲ၊ ၀ိုင်ယာလက်ဌာနတခု အဖြစ်၎င်း၊ ပဲရစ်မြို့ကို အမြင့်မှ စီးကြည့်ရန် ဌာနအဖြစ်၎င်း၊ အလှကြည့် စရာထားခဲ့ရာ ယခုအခါ၊ နှစ်ပေါင်း ၆၄-နှစ် တိုင်ခဲ့လေပြီ။
ဤမျှော်စင်အနီးသိုပမသွားမှီ၊ အဝေးမှ ကြည့်၍ လှသောရှုမျှော်ခင်းများနှင့် ပုံရိုက်ယူရပြန်သည်။ ရုပ် ထုရုပ်လုံးအမျိုးမျိုးနှင့် ပြုပြင်ထားသော မြစ်ကူးတံတားကြီးများပေါ်မှ၎င်း၊ လမ်းကျယ်ကြီးများ မှ၎င်း၊ မျှော်စင်ကြီးကို မြင်နေရာအရပ်မှ တဖျပ်ဖျပ် ဓါတ်ပုံရိုက်လျက်ရှိသော အဝေးရောက် အပျော် ထွက်လာသော လူအုပ်စုံတွေက မိုဘီကင်မရာကလေးများနှင့် ရောင်စုံ ရုပ်ရှင်ရိုက်သွားကြသည် တို့ကလည်းမရှားပါ၊ သူအနီးအပါးသို့ မရောက်ခင် မျှော်စင်ပါတ်ဝန်းကျင်တ၀ိုက် ကျယ်ဝန်းသော ပန်းဥယျာဉ်ကြီးအတွင်း မြက်ခင်းစိမ်းလဲ့လဲ့မှာ အမောပြေ ထိုင်စရာခင်းကျင်းထားသော ကုလား ထိုင်တွေ၊ ရေပန်းေ၇ဖေါက်တိန်ကလေးများအစီစီနှင့် စိတ်ကြည်လင် အေးမြစေရန် ဖန်တီးပြုပြင် ထားလေသည်။
သို့နှင့် ၉၈၄-ပေမြင့်သော အပ္ပါယ်တာဝါးသံမျှော်စင်ကြီးအောက်သို့ ရောက်ခဲ့လေပြီ၊ မော့၍ ကြည့် လိုက်လျှင် တိမ်တိုက်ကို ထိုးဝင်နေသယောင်ယောင် တဖွေးဖွေးနှင့် ပြောနေသော တိမ်တိုက်များ ကြောင့် သံမျှော်စင်ကြီးပါ၊ တရွေ့ရွေ့ ပြေးသွားနေသလို ထိုမျှ ရင်ဖိုစရာကောင်းအောင် မြင့်မတ်သော အကာအရံ မရှိသည့် သံပြဿဒ်ကြီးကဲ့သို့ ထီထီကြီး ဖြစ်နေသော အဆောက်အဦးကြီးပေါ်သို့ အပျော်တက်ကြည့် ကြသော ပရိသတ်များကလည်း နေ့ စဉ်နှင့်အမျှ စည်ကားလှသည်။
လျှပ်စစ်ဓာတ်အားဖြင့်  တက်သွားသောလှေကား၊ ထို့နောက် လျှပ်စစ်ဒာတ်အားနှင့်ဆွဲသော သံရထားငယ် ကလေးများနှင့်အမြင့်ဆုံးသို့ရောက်အောင် တဆင့် တက်ခါ၊ လဟာပြင်ကို ငုံ့ကြည့်သူများမှာ ပရွက်ဆိပ် ကလေးတွေ တိုင်တက်နေသည်နှင့်မခြား တွေက မြင်နေရပါသည်။
မျှော်စင်ကြီး၏ ပုံပန်းသဏ္ဍာန်မှာ အောက်ခြေလေးချောင်းခံ၍ လေးမျက်နှာဒိုးယိုပေါက် ပေါင်းကူးဂုံးကြီးများ အဖြစ် အခြေတည်ပြီးမှ အပေါ်ထပ် တက်လာသော ပထမထပ်တွင် ခြေလေး ချောင်းကို၊ ကလပ်စည်း တခုဖွဲ့လိုက်ပြန်သည်။ ထိုမှတဆင့် ခြေလေးချောင်းကိုကျဉ်း၍မြှင့်သွားပြီး ဒုတိယ ကလပ်စည်းတခု ဖွဲ့လိုက်ပြီးနောက်၊ တတိယအထပ်တွင်မူ ခြေလေးချောင်းမှာ တခါတည်း စည်းလုံး၍ အပေါ်သို့ တမျှော် တခေါ်ကြီး မြင့်တက်သွားသည်။ အဆုံးစွန်းဖြစ်သော ထိပ်ဖျားတွင်က အိမ်ငယ် တစောင်စားမျှရှိမည်။ အခန်းအဖွဲ့တခုနှင့် အပေါ်မှ ခေါင်းချုပ် ပြဿဒ် အထွတ်လိုလို သဏ္ဍာန်နှင့် အဆုံးသတ်ပါသည်။
မျှော်စင်ကြီးတခုလုံး၏ အဆောက်အဦးပြုလုပ်ထားပုံမှာ သံငြမ်းထည်တွေနှင့်သာလျှင် အကာအရံ အပိတ်အဖုံးမရှိဒိုးယိုပေါက်ကြီး ရှိနေသောကြောင့် အပေါ်ပိုင်းကို ရုတ်တရက်ကြည့်လိုက်လျှင် ရေနံချောင်း ဆီက ရေနံတွင်းလိုလို ထင်မှတ်စရာ ဖြစ်ပါသည်။ သို့ရာတွင် အလွန်ကြီးမားသော အဆောက်အဦးကြီးဖြစ်၍ အခြေလေးချောင်းဖြင့် ပြီးအပ်သော ပေါင်းကူးဂုံးပေါက်ကြီး အောက်ခြေ ကိုဝင်မိလျှင် လဟာပြင်ကြီးပမာ လေတဟူးဟူး တိုက်အောင် ကျယ်ဝန်းလှသည်။
မျှော်စင်တ၀ိုက် မှာ သံကြေးခဲတို့နှင့် ရောင်းချတဲ့ မျှော်စင်ပုံ ကလေးများမှာ တလက်မခန့်မှ အစ တထွာ တမိုက် အထိ ရှိသည် အခြားနိုင်ငံက ဆိုင်တွေလိုပင် မျှော်စင်နှင့် စပ်လျဉ်းသော ရောင်းကုန်တွေ အမြောက်အများ ရှိပါသည်။ မျှော်စင်အောက်မှ ကူးသန်းသွားလာလျှက်ရှိသော လူများမှာ ဆင်ကြီး တကောင် ၀မ်းဘိုက်အောက်တွင် ပြေးလွှားမြူးးနေသော ကြွက်ငယ်ကလေးများနှင့်သာ တူနေပါ တော့သည်။ ပေါင်းကူးဂုံးကြီးပေါ်သို့ ပျော်ပျော်ပါးပါး ဓာတ်လှေကား၊ ဓာတ်ရထားငယ်တို့နှင့် ပိုက်ဆံ ပေးတတ်ကြသော လူတစု၏ ရယ်မောပျော်ရွှင် ဆူညံသံများမှာ လေထဲတွင် တဟဲဟဲ ရော ပါလျက် ရှိပြီးလျှင် ပိုက်ဆံမပေးရသော ရိုးရိုးသံလှေကားများမှ အမောခံပြီး ကုတ်ကပ် တွယ်တက် နေသူတွေ ကလည်း မရှားလှပါ။
အပေါ်ထပ်များမှာ အစောင့်အရှောက်တွေလည်းထားရပါသေးသည်။ အပျော်လာသော လူတွေ ထဲမှာ တခါတခါ အပျော်လွန်ပြီး ရူးချင်နှမ်းချင်သူတွေ ပါလာတတ်သည်။ အမြင့်ကြီး တက်လာ မိသောအခါ ကိုယ့်စိတ်ကိုယ် အစိုးမရ စိတ်ရူးကသွေးလေချောက်ချားလျက် ရုတ်တရက် ခုန်ချချင် စိတ်ပေါ်တတ် သူများရှိ၍ လာကြည့်သူတွေကို သတိနှင့် စောင့်ကြည့်နေကြရသော တာဝန်ကို ထိုထိုသော အစောင့် အရှောက် ၀တ္တရားကျသူများက အမှတ်မဲ့ အကဲခပ်ကြည့်နေကြရသည်ဟု သိရပါသည်။
သို့နှင့်ပင် ယခင်တကြိမ်က စိတ်ညစ်နေသူ အမျိုးသမီးတဦးမှာ ကိုယ် ကိုယ်ကို သတ်သေချင်နေဆဲ၊ ဤမျှော်စင်ပေါ်တက်မိရာက သေမဲ့အတူတူဖြင့် နာမည်ကြီးပြီး သေရရင် ပိုကောင်းမှာဘဲ ဆိုတဲ့ စိတ်ကူး အရူးမျိုးပေါ်ကာခုန်ချလိုက်ဘူးသေးသည်ဟု သိရပါသည်။ သည်လိုနာမည်ကျော်ကြားလို မှုနှင့် အလားတူ အမေရိကန်ပြည် နယူးရောက်မြို့မှာလည်း အင်ပါရာစတိတ်ဆိုသော ၁၀၂-ထပ် ဖြင့် အဆောက်အဦး ပေါ်က ဂျွမ်းထိုးချဘူးသေးသည်။ သူတို့ဆီမှာ သေတာကိုပင် သေပြီးတဲ့နောက် နာမည်ကြီး ကျန်ရစ်ချင်ကြသေးသည်။ အာဇာနည်စိတ်ခေါ်ရမလား။ အာဇာနှမ်းစိတ် ခေါ်ရမလား။ ရူးသွပ်သော စွန့်စားမှု ဟူ၍ ခေါ်ရကောင်းမလား။
မျှော်စင်ကြီးက အဝေး တဘက်ဆီသို့ မျှော်ကြည့်လိုက်လျှင် တဖြောင့်တည်း တန်နေသော မျက် ခင်းပြင်ကြီး နှင့် ၀ဲယာလူသွားလမ်း ပလက်ဖေါင်း၊ ထိုဘေးတဘက်ချက်ဆီမှာ ညီညီညာညာ စီတန်း နေသော အရွယ်သင့် ဆင်တူ သစ်ပင်ကြီးတွေကတဘက် နှစ်သွယ်ကျ သူတို့နောက်ပိုင်းမှာတော့ တောအုပ်သဏ္ဍာန် ပန်းခြံဥယျာဉ် ကျယ်ကြီးများနှင့် အေးချမ်းဆိတ်ငြိမ်စွာနေရန် နေရာများရှိပါ သည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၆)
အခန်း (၁၆) သခင်မ မေရီ
"ကဲ မေရီ၊ မင့်းအဖို့ ရှေ့ရောက် ဟန်ကျတော့မှာပါ။ ဟောဒီမှာ ကိုယ့်အမလဲ ရောက်လာပြီ။ အဲ၊ ကိုယ့်အမကတော့ အလုပ်ကို အလုပ်နဲ့တူအောင်လဲ လုပ်တတ်တယ်။ ဘာမဆို ထိထိရောက် ရောက်လဲ လုပ်တတ်တယ်။ ခုအချိန်ကစပြီး မင်း တာဝန်ယူနေရတဲ့ အိမ်ကိစ္စကို သူ တာဝန် ယူလိမ့်မယ်။ ဒီတော့ မင့်းကိုယ့်မင်းသာ နေကောင်းအောင်နေ။ ပျော်ပျော်ရွှင်ရွှင် နေပေါ့။ ဒီတော့ အိမ်တွင်းက ပစ္စည်းပစ္စယတွေ ထားတဲ့ သော့တွေက အစ သူ့ လွှဲပေးလိုက်ပေါ့ကွယ်"
    စိန့်ကလဲယား သည် သူ့အမ ၀မ်းကွဲ အော်ဖီလီယာ ရောက်လာပြီးနောက် တနံနက်ခင်း ထမင်းပွဲ တွင် သူ့အမ နှင့် ပတ်သက်၍၎င်း၊ မယားဖြစ်သူနှင့် ပတ်သက်၍ ၎င်း အစီအစဉ်ကို ထုတ်ဖော်ပြောလာ၏။
    "အင်း၊ ကောင်းပါတယ်။ ကျမကတော့ အကြိုက်ပဲပေါ့။ ဒီတော့မှလဲ ဒီက ကျွန်တွေ အကြောင်းသူ သိမှာ။ ပြောတော့ ထားလိုက်အုံးပေါ့ရှင်။ ကျမတို့မှာ မလွှဲသာလို့သာ ဒင်းတို့ကို ထားနေရတဲ့ အကြောင်း။ တကယ်ဘဲ စိတ်ကုန်ပါရဲ့။ ဒင်းတို့များဖြင့်"
    "ဒါဖြင့် သူတို့ကို ဘာလို့ထားသေးလဲ မေမေ" သမီးဖြစ်သူက ကြားဝင် မေးသည်။
    "မေမေ့ အဖို့တော့ ဒုက္ခခံရဘို့ ထားမိသလိုဘဲ။ မေမေ ကျန်းမာတာကိုဘဲ ဒင်းတို့ကြောင့် ထင်တယ်"
    "အို မေရီရယ်။ မင်း ဒီမနက် ဘာဖြစ်ရပြန်တာလဲ။ ဒီလောက်တော့လဲ မဟုတ်ပါဘူးကွယ်။ မမ်မီဆို ဘယ်လောက် တော်သလဲ။ သူ၊ မရှိရင် မင်း ဘာများ လုပ်နိုင်လို့လဲ" လင်သားဖြစ်သူက မမ်မီအမည်ရှိ ကျွန်မ တယောက် အကြောင်းကို စကားစသည်။
    "ဟုတ်ပါတယ်။ ကျမတွေ့သမျှတော့ မမ်မီဟာ အကောင်းဆုံးပါဘဲ။ ဒါတောင် ဒင်းခု တလော အလိုက် ကောင်းဆိုး ဘာမှ မသိဘူး။ သူ့ဘို့ သူဘဲ သိတယ်။ ဒင်းတို့ လူမျိုးတမျိုးလုံး ဒီလိုချည်းဘဲ။ ကိုယ်ဘို့ကိုယ်ဘဲ သိတယ်။ လိပ်မျိုးတွေ"
    "ကိုယ့်ဘို့ကိုယ်သိတယ်၊ ဟုတ်လား"
    "ဒါပေါ့။ ညညဆို ဒင်း သေနေသလား ထင်ရလောက်အောင် အိပ်တယ်။ ဒါ သူ့ ဘို့သူ သိတာဘဲပေါ့။ တကယ်ဆို ဒင်း ကျမကို ဂရုစိုက်ဖို့ မကောင်းဘူးလား။ ဒီက လူမမာ။ အဲဒီ အချိန်မျိုးဆို ကောင်မက နှိုးမရဘူး။ ညက ဒင်းနှိုးရတာနဲ့ မနက် ကျမ ပိုပြီး နေမကောင်းဖြစ်ရရော"
    "သူ ဟိုညတွေက မေမေ့နားမှာ တညလုံးလိုလို ထိုင်နေခဲ့တာ မဟုတ်လား မေမေ" လီဗာ က ၀င်ပြောသည်။
    "ဒါကို နင်က ဘာလို့ သိရတာလဲ။ ဘာလဲ၊ သူက နင့်ရှေ့မှာ လာပြီး ညည်းတယ်ပေါ့လေ"
    "မပြောပါဘူး မေမေ။ မေမေ ညည ရောဂါ ဆိုးတယ်လို့ သူက ပြောလို့ပါ"
    "ဒါဖြင့်လဲကွယ်၊ တညတလေ ဂျိန်းဖြစ်ဖြစ်၊ ရိုဆာ ဖြစ်ဖြစ် ခေါ်ထားပြီး မမ်မီ့ ကို အနားပေး လိုက်ပါ အုံးလား" စိန့်ကလဲယားက ဖြစ်နိုင်သည့်  နည်းလမ်းကို ပြောပြန်၏။
    "အမယ်လေးတော်။ ရှင် ဘယ်လို ပြောလိုက်တာလဲ။ ရှင် မစဉ်းစားတတ်ဖူးလား။ ဒီဟာမ တွေနဲ့  ဖြစ်မလား ဆိုတာ။ တကယ်က မမ်မီဟာ ကျမကို ဂရုစိုက်ရင် နိုးစရာရှိ အလွယ်နဲ့ နိုးရမှာ ပေါ့။ အို၊ ကျမကို ကံဆိုး ပါတယ်လေ" မေရီသည် စိတ်ပျက်လက်ပျက် သက်ပြင်းကို မှုတ်ထုတ် လိုက်သည်။
    အော်ဖီလီယာသည် သားအမိ သားအဖတတွေ၏ စိတ်မချမ်းမြေ့ဖွယ်သဖွယ် စကားကို နှုတ်ခမ်းတင်းတင်းစေ့လျက် နားစိုက်ထောင်နေ၏။
    ယခုတကြိမ်တွင်မူ မေရီသည် အော်ဖီလီယာ့ဖက်သို့ လှည့်၍ မမ့်မိအကြောင်းကို ဆက်လက် ပြောဆို ပြန်ချေသည်။ မမ်မီသည် လင်နှင့်ခွဲ၍ မိမိနောက်သို့ လိုက်လာခဲ့ရခြင်း ဖြစ် ကြောင်း၊ မမ်မီ့လင်သည် မိမိဖခင်ထံတွင် အလုပ်လုပ်နေကြောင်း။
    "ကျမ ဒင်းကို ခေါ်လာကတဲက "နင့် လင်ကိုတော့ ခဏခဏ ပြန်တွေ့ရမှာ မဟုတ်ဖူး" ပြောပြီး ခေါ်လာတာ။ ကျမ ကျန်းမာရေးနဲ့ အဖေတို့နေရာကလဲ မကိုက်ဖူးအမရဲ့။ ဒီတော့ ကျမ မပြန်နိုင်ဘူး။ ဒီတော့ ကောင်မလဲ လင်နဲ့ မတွေ့ရဘူးပေါ့။ အဲဒါ ကောင်မက လင်တရူးနေတယ် ထင်ပါရဲ့။ ရူးလဲ ယူလိုက်ပေါ့။ ကျမကလဲ ယူစေ့ချင်ပါတယ်။  ယူဘို့လဲ တိုက်တွန်းတာဘဲ။ ကောင်မ ကိုက ခေါင်းခပ်မာမာရယ်"
    "သူ့မှာ ခလေးတွေများ ရှိရော့လား" အော်ဖီလီယာ မနေသာတော့ပေ။
    "ရှိတယ်။ နှစ်ယောက်"
    "သူ ခလေးတွေကိုများ လွမ်းနေရော့လား မေရီရယ်"
    "ဟုတ်ချင် ဟုတ်မှာပေါ့။ ဒါပေမယ့် ကျမ ဒင်းတို့ကိုတော့ မခေါ်နိုင်ဘူး။ ခလေးတွေက ညစ်ပတ် ပေတေကလေးတွေ အမရဲ့။ ပြီးတော့လဲ ဒီဟာလေးတွေ ပါလာရင် ဒီကောင်မအလုပ်ပို အုံးမယ်။ အလကားပါ။ ကျမသေကောင်ပေါင်းလဲ ဖြစ်နေတာ ဒင်း အသိသားနဲ့။ ဒါသိရက်နဲ့ ကောင်မက လင်တရူး နေတာ" ထိုနောက် မေရီသည် သူ မမ့်မီအပေါ်တွင် မည်မျှကောင်းကြောင်း၊ တဆက်တည်းပင် သူ ဤမျှ သဘောထား ကောင်းသောကြောင့် သူတို့အိမ်က ကျွန်တွေအားလုံး ကမ်းတက်နေကြောင်း ပြောနေပြန် လေသည်။
    "ဘာလဲ သမီး။ ဘာလဲ"
    "သမီး မေမေနဲ့  တည လာအိပ်မလားလို့ပါ။ မေမေ့အတွက် အကူအညီရအောင်ပါ။ သမီး မအိပ်ပါဘူး။ တညလုံး မအိပ်ပဲ နေနိုင်ပါတယ်။
    "အဓိပ္ပာယ် မရှိတာဘဲ။ နေစမ်းပါကွယ်"
    "တကယ်ပါ မေမေ။ မမ်မီကလဲ နေမှ မကောင်းတာ။ သူ ခေါင်းကိုက်နေတယ်တဲ့
    "အဲဒါဘဲ။ ကောင်မတွေကိုက အားအားရှိ အကြောင်းရှာချင်တာဘဲ။ ဒါဘဲ အမ။ ဒင်းတို့က တဆိတ်ရှိ ဖင်နာရတာနဲ့၊ ခေါင်းကိုက်ရတာနဲ့။ အဲဒါ ဒင်းတို့များ ကာသာ ပေးလိုက်ရင် ခေါင်းပေါ် တောင် တက်မယ့် ဟာတွေ။ ကျမတို့များဖြင့် တော်ရုံဖြစ် ဘာမှ မပြောပါဘူး။ ကိုယ့်ဖာသာ ကျိတ်မှိတ်ခံတယ်" မေရီသည် အော်ဖီလီယာ့ ဖက်သို့ လှည့်ပြောပြန်သည်။
    စိန့်ကလဲယား သည် ရုတ်ကနဲ အားရပါးရ ရယ်ချလိုက်သည်။
    "ရှင် ဒါဘဲတတ်တယ်။ သူများ နေမကောင်းနေတာတောင် ရှင် ဟီလာတိုက်နေတာဘဲ" မေရီသည် မျက်လုံးကို လက်ကိုင်ပ၀ါဖြင့် သုတ်လိုက်သည်။
    ထို့နောက် စကားစ ပြတ်သွားပြန်သည်။ အတန်ကြာလျှင် စိန့်ကလဲယားသည် နာရီကို ကြည့်ပြီး ကိစ္စရှိသည်ဆိုကာ အပြင်သို့ ထွက်သွား၏ အီဗာလည်း အပြင်သို့ ထွက်သွားလေသည်။ ထိုအခါ သမီးယောက်မ နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
    မေရီသသည် သူ့လင် ကိုယ်တိုင်က သူ့အပေါ်၌ ဂရုမစိုက်ကြောင်းကို မျက်ရည် စမ်စမ်း စမ်းစမ်းဖြင့် ဆက်လက်ပြောနေ၏။ ထို့နောက် အိမ်မှုကိစ္စများကို ပြောပြရာမှ သမီးအကြောင်းကို ရောက်ပြန်သည်။ သမီးဖြစ်သူ ကျွန်တွေနှင့် ရောရောနှောနှော နေသည်ကအစ သူ မကြိုက်။
    "သူ့အဖေကလဲ မပြောဘူး။ ဟုတ်ပါတယ် သူ့အဖေ ကိုယ်တိုင်က ဘယ်သူ့မဆို ကာ ပေးနေတာ။ ကျမကိုသာ ဂရုမစိုက်တာ"
    အော်ဖီလီယာသည် ဘာမျှဝင်မပြောဘဲ နားထောင်နေ၏။
    မေရီ၌ ပြောစရာစကား မကုန်နိုင်သေး။ သူ့အိမ်တွင် ကျွန်တွေ ထင်ရာစိုင်းနေကြသည့် အဖြစ်၊ ဤသို့ ကျွန်တွေ ထင်ရာစိုင်းနေကြသည်မှာလည်း လင်သားဖြစ်သူ စိန့်ကလဲယားကြောင့်ပင် ဖြစ်ကြောင်းဆက်၍ ပြောနေ၏။
    သူတို့ စကားပြောနေစဉ်မှာပင် စိန့်ကလဲယားသည် သူတို့အခန်းတွင်းသို့ ပြန်ရောက်လာ သည်။
    သို့သော် ကျွန်တွေအပေါ် အပြစ်ဖို့သော စကားမှာ မဆုံးနိုင်သေးပေ။ စိန့်ကလဲယားကပါ သူ့ကျွန်တွေ စည်းပျက် ကမ်းပျက် ဖြစ်နေပုံကို ၀င်၍ ပြော၏။
    "ငါ့စိတ်ကတော့ ဒါဟာ ကျွန်ထားတဲ့ လူတွေရဲ့ တာဝန်ဘဲလို့ ထင်တာဘဲ။ တကယ်က မင်းတို့ ကိုယ်တိုင်က သူတို့ကို လူတွေလို သဘောထားပြီး အသိပညာပေး ဆက်ဆံကြဘု့ ကောင်း တာပေါ့။ ငါ့စိတ်ထဲ မှာတော့ သူတို့လဲ လူတွေဘဲ မဟုတ်လား။ မင်းတို့ ငါတို့လို လူတွေဘဲပေါ့" အော်ဖီလီယာက သူ့သဘောထားကို ရှင်းပြနေ၏။
    စိန့်ကလဲယားက စကားစပြတ်စေရန် ကြိုးစားသေး၏။
    ထိုအခိုက်မှာပင် ခြံဝင်းဆီမှ မြူးတူးရွှင်ပျသော ရယ်မောသံ ကျယ်ကျယ်သည် သူတို့ အခန်းတွင်းသို့ လွင့်ပျံ လာ၏။
    သူတို့ စကားစသည်လည်း ပြတ်သွားလေသည်။ သူတို့သည် ပြတင်းပေါက်ဆီသို့ ရောက် လာကာ အသံလာရာဆီသို့ လှမ်းကြည့်ကြသည်။
    အီဗာသည် ဦးလေးတွမ်၏ဒူးခေါင်းထက်တွင် ထိုင်နေ၏။ တွမ်၏အင်္ကျီအိတ်များမှာ ပန်းပွင့် များနှင့် ပြည့်နေသည်။ လည်ပင်း၌ ပန်းကုံးစွပ်ထား၏။ တွမ်နှင့်အီဗာတို့ ပျော်ရွှင်မြူးတူးနေကြခြင်း ဖြစ်သည်။
    ဦးလေးတွမ်အဖို့ ဤနေရာသည် အမှန်ပင် စိတ်ချမ်းသာစရာကောင်းသော နေရာ ဖြစ်၏။ ဤနေရာ၌ သူသည် ကောင်းကောင်း ၀တ်ရ၏။ ကောင်းကောင်းစားရ၏။ သူ့အလုပ်မှာလည်း မပင်ပန်း။ အီဗာကို သူစောင့်ရှောက် ရရုံဘဲ ရှိသည်။ အီဗာ လမ်းလျှောက်ထွက်လျှင် သူပါသည်။ အီဗာရထားစီး၍ သွားလျှင် သူ ရထား မောင်းရသည်။ သူ့တာဝန်မှာ ဤမျှသာ ဖြစ်၏။
    သို့ဖြင့် တနင်္ဂနွေနေ့ တနံနက်သို့ ရောက်လာ၏။
    မေရီသည် ဖုရားရှိခိုးကျောင်းသို့ သွားရန် ပြင်ဆင်ဝတ်စားလျက် ၀ရန်တာတွင် ရပ်နေ သည်။ သူ ပြင်ဆင် ၀တ်စား ထားသည်မှာ ဖုရားကျောင်းသို့သွားရန် ပြင်ဆင်ဝတ်စားထားသည်နှင့် မတူလှပေ။ ပွဲနေပွဲထိုင်တခုသို့ သွားမည်ဟန်ပန်မျိုးဖြင့် စိန်ရွှေရတနာများ အပြည့်ဝတ်ဆင်ထား ခြင်း ဖြစ်သည်။ သူနှင့် အတူ အော်ဖီလီယာလည်း ရှိသည်။ သူတို့သည် အီဗာ့ကို စောင့်နေကြခြင်း ဖြစ်သည်။
    အီဗာသည် မမ်မီခေါင်းကိုက်နေသည်ဟု သိထားသဖြင့် မမ်မီအား သူပိုင် ရွှေဖြင့် လုပ်ထား သော ရှုဆေးဗူး ကလေးကို ပေးနေခြင်း ဖြစ်၏။ ထို့ကြောင့် အတန်ကြာမှ အီဗာသည် သူ့အမေရှေ့ သို့ ရောက်လာသည်။
    "ကြာလှချည်လား သမီးရဲ့။ ဘာလုပ်နေလို့လဲ"
    "မမ်မီခေါင်းကိုက်နေတယ်ဆိုလို့ သမီး ရှုဆေးဗူး ၀င်ပေးနေလို့ ကြာသွားတာပါ မေမေ"
    "ဘယ်က ရှုဆေးဗူးလဲ။ သမီးဗူးလား။ ဟို ရွှေဗူးလေးဟာ၊ ဟုတ်လား။ ဒါကို ညည်းက ကျွန်မကို ပေးတယ်ပေါ့လေ။ သွားသွား၊ ခု သွားယူချေ"
    အီဗာသည် စိတ်မချမ်းမသာ ဖြစ်သွားပြီး နေရာမှ ပြန်ထွက်လာခဲ့သည်။
    "မေရီရယ်။ သမီး သူကြိုက်တာ သူ လုပ်စမ်းပါစေကွယ်" စိန့်ကလဲယားက လှမ်းပြော သည်။
    "ဒီလိုဆို ဒင်း လူ့လောကထဲမှာ ဘယ်လိုလုပ်ပြီး လူမွေး လူတောင် ပြောင်ပါ့မလဲ စိန့်ကလဲယား"
    "ဘာပြောပြော မင်းတို့ငါတို့ထက်တော့ ငါ့သမီးက ကောင်းကင်ဘုံမှာ အကောင်းဆုံး ဖြစ်မှာဘဲ"
    "အို ဖေဖေရယ်၊ မေမေ စိတ်မကောင်းအောင် ဘာတွေ ပြောနေရတာလဲ" ပြန်ရောက်လာ သော အီဗာက ၀င်ပြောသည်။
    "ကဲ၊ ငါ့မောင် ကော ဖုရားကျောင်းသွားမယ်လေ" အော်ဖီလီယာကပါ စကားကို ၀င်၍ ဖြတ် သည်။
    "ကျနော် မလိုက်ဖူး မမ"
    "ကျမလဲ ခေါ်ပါတယ်။ သူဘယ်တော့မှ မလိုက်ဖူး။ ဘယ်လိုစိတ်မျိုးမှန်း မသိပါဘူး" မေရီက ပြောသည်
    "အေး၊ အေး၊ ဟုတ်တယ်။ မင်းတို့ မိန်းမတွေသာ ဖုရားရှိခိုးကျောင်းသွားကြ။ လောကမှာ လူတလုံး သူတလုံးဖြစ်ဖို့ သွားပြီး သင်ယူကြ။ သမီးကောဟေ့။ ဖေဖေနဲ့နေခဲ့မယ် မဟုတ်လား"
    "သမီး လိုက်သွားမယ် ဖေဖေ"
    "ပျင်းစရာကြီးကွယ်"
    "ကိစ္စမရှိပါဘူး ဖေဖေ"
    "ဘာလုပ်ဖို့သွားမလဲ သမီးရယ်"
    "ဒေါ်ဒေါ် ပြောတယ် ဖေဖေ။ ဖုရားသခင်ဟာ သမီးတို့ကို သူနဲ့အတူ ရှိစေချင်တယ်တဲ့"
    "ကောင်းပါပြီတဲ့ကွယ်။ ကဲ ကဲ၊ သမီးသွားရင် ဖေဖေ့ဘို့ပါ ကုသိုလ်ပြုခဲ့ပါမယ်"
    သို့ဖြင့် သူတို့လိုက်ပါသော ရထား ထွက်လာသည့်တိုင်အောင် မေရီသည် သမီး၏ အပေး အကမ်း ရက်ရောခြင်း ကို မကျေနပ်နိုင်သေးဘဲ ဖြစ်နေ၏။
အခန်း (၁၇) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Tuesday, June 29, 2010
ပန်းသတင်း (ဂျွန် ၂၉)
တွတ်
' တွတ် တွတ် တွတ်၊ တွတ် တွတ် တွတ် '
    ငွေလရောင်သည် ရမ်းဘိုကုန်း တစ်ရွာလုံးကို ငွေရည်လောင်းထားပေသည်။ ငွေရည် လိမ်းထားသော ရွာငယ်သည် တေးချင်းသံများ၊ ရယ်မောသံများဖြင့် မြူးထူးလျက်ရှိပေ၏။ ဓာတ် ပေါင်းစုဘုရားဘက်မှ ငွေဆည်းလည်းသံည် တစ်ချက်တစ်ချက်တွင် လွင့်ပျံလာသည်။ တွတ်သံရပ် သွားလျှင် နွားစာစဉ်းသံများကို ကြားရ၏။
ရီးဆေးရိုး သည် လေပြည်သွေးတိုင်း လွင့်ဝဲလာသော၊ ကြူသင်းသော နန်းလုံးကြိုင်ပန်းရနံ့ကို နှစ် သက်စွာ ရှူရှိုက်ရင်း ပြောင်းဖူးဖက် ဆေးလိပ်ကို အရသာခံဖွာရှိုက်နေ၏။ ငြင်းသံခုံသံများကို ကြား ရသော် ရီးဆေးရိုး ပြုံးမိသည်။ တွတ်ထိုးကစားခြင်းသည် အလွန်ငြင်းခုံရသော ကစားနည်း မဟုတ် လား။
အိမ်ထဲတွင် မှောင်ချထား၏။ မီးသာထွန်းထားလျှင် ပြုံးရခြင်းအကြောင်းကို ရီးကျီးဒန် စောကြော လိမ့်ဦးမည်။ ငြင်းခုံသံ၊ အုတ်အုတ်ကျက်ကျက်အသံများ ရပ်သွားလျှင် တွတ်အော်သံများ ပေါ်လာ ပြန်၏။ တွတ်သံ မှိန်အသွား၌ နွားစာစဉ်းသံများ ဝေဲ့ဝဲလာပြန်၏။
ရီးဆေးရိုးသည် ဤကား ခြေနင်းဓားဖြင့် စဉ်းသံ၊ ဤကား နန်းတိုင်တွင် လက်ခုတ်ဓားဖြင့် စဉ်းသံ၊ ဤအသံမူ တုံးနေသော ဓားဖြင့် စဉ်းသံတည်းဟု အသံကို ခွဲခြားမှတ်သားနေ၏။
အိမ်ရှေ့ တလင်းပြောင်တွင် ကောက်လှိုင်းများ လက်စမသတ်ရှိနေဆဲ ဖြစ်သော်ငြား၊ တာဝန်ကျ စပါးတင်းရေသွင်းပြေပြီးမို့ ရီးဆေးရိုးမှာ အေးအေးဆေးဆေးရှိ၏။ ယခုပင် နွားစာစဉ်းသံကို ခွဲခြား သော အာရုံဝင်စားနိုင်သည်အထိ အေးဆေးသည်။ သည်နားတစ်ဝိုက်ရှိ လယ်သမားတိုင်း အေးအေး လူလူ ရှိနေကြ၏။ သူတို့မှာ အားလုံးလိုလိုပင် ကုလားပဲပျက်ကြသည်။ မလိုဘဲ စေတနာပို သောမိုးကြောင့် တစ်ကြောင်းဖြစ်သည်။ ကုလားပဲသာ ကောင်းလျှင် ၀ါစိုက်ရန် ထွန်ယက်ရေးက တစ်ဖက်၊ ရိတ်သိမ်းပြီးသော ကုလားပဲများ မိုးလွတ်အောင် အပြေးအလွှားနယ်ရ၊ လှေ့ရနှင့် ယား သည်ကိုပင် မကုတ်အား။ ယခုနှယ် တွတ်ထိုးရန်ဝေးစွ။ သည်နှစ်တော့ ၀ါစိုက်နှမ်းကြဲမည့် မြေများကို စက်ထွန်ဝင်ပြီးနောက် မြောင်းရေကို စောင့်ဆိုင်း နေရသောကြောင့် အေးအေးလူလူ နေ နိုင်ကြခြင်းဖြစ်ပေ၏။
ဖုန်လုံးကြီးတစ်လုံးသည် အလုံးလိုက် အခဲလိုက် ၀ဲဝေ့လာ၏။ ရီဆေးရိုးသည် မျက်နှာရှေ့ကို ပုဆိုးဖြင့် ပုတ်ယမ်းသည်။ ' မဖြစ်ပါဘူး၊ ဒီတွတ်ဝိုင်းကို သွားပြောဦးမှပါ ' ဆိုသည်။
ရီးကျီးဒန်ကား ရီးဆေးရိုး၏ စကားကို ကြားဟန်မတူပေ။ ကပြင် (ကြမ်းပြင်)တွင် ဆေးတောင်းကြီး ချကာ၊ ဆေးလိပ်တစ်လိပ်ကို တရှဲရှဲ 'ပွတ်'ရင်း ငွေရောင်ည အလှကို ငေးမောနေ၏။ အစီခံဖက် ကြမ်းများ၊ ဆေးရွက်ရိုးရည်ဆွတ်ထားသော ဖက်ဝါ၀ါများ၊ အုပ်မပျက်သေးသော ဖက်အုပ်များ၊ စည်းကြိုးလုပ်သော မြိတ်ဆာထွေးများ၊ ဆေးရိုးထုပ်နှင့် အစီခံညှပ်စများ၊ အုပ်မပျက်သေးသော ဖက်အုပ်များ၊ စည်းကြိုး လုပ်သော မြိတ်ဆာထွေးများ၊ ဆေးရိုးထုပ်နှင့် အစီခံညှပ်စများသည်လည်း ရီးကျီးဒန်ကို ပတ်ခြံ ၀န်းရံ လျက် ငေးမောနေကြဟန်ရှိပေ၏။
တန်ခူး မပီတပီမို့ လေကလည်း မရူး တရူး ဖြစ်နေဟန်ရှိ၏။
ခုနက တောင်ဘက်မှလာသော လေသည် တွတ်ဝိုင်းကျင်းပသော နေရာဆီသို့ ရီးဆေးရိုး ရောက် သွားချိန်တွင် တောင်ဘက်သို့ ဝေ့လွင့်နေပြန်၏။ ဖုန်လုံးကြီးသည် မှုန်ရီသော လရောင်အောက်တွင် အညွန့်တလူလူဖြင့် ယိမ်းကနေချေ၏။ တွတ်သံသည် အခါမလပ် ညံစာမနေနိုင်ပေ။ မည်သူမျှ အဆက်မပြတ် အော်မနေနိုင်သောကြောင့်ဖြစ်၏။ တွတ်ကွင်းသည် တောင်မြောက်တန်းနေသော လမ်းပေါ် တွင် တည်သည်။ ဟိုဘက် သည်ဘက်ကို စည်းသားထားသည်။ စည်းမှာ မြေကြီးပေါ်တွင် တုတ်ဖြင့် ခြစ်ထားရာ ရီးဆေးရိုး၏ မျက်စိမျိုးဖြင့် မြင်ရန် မလွယ်ကူချေ။ ယခုသက်ပြန် ရှိုက်ရင်း တွတ်သံမပြတ်အောင် အော်လျက် စည်းတောင်ဘက်ပိုင်းသို့ တက်ရောက်နေသူမှာ ထွန်းမှုန်ဖြစ်၏။ ထွန်းမှုန်၏ကိုယ်တွင် အင်္ကျီမပါပေ။ ဖုန်တွ သည်မျှထနေပါလျက်နှင့် သူ့ကျောပြင်မှ ချွေးသီးများကို လရောင်ဖြင့် တလက်လက် မြင်ရ၏။
သူသည် ပုဆိုးကို ပေါင်လယ်ရောက်အောင် ၀တ်ထား၏။ ညာခြေရှေ့သို့ တိုးထားကာ ဘယ်ခြေကို နောက်ပစ်ပြီး ခါးကို ကုန်းထားသည်။ ပါးစပ်မှလည်း တွတ်တွတ်မပြတ်အောင် အော်သည်။ ၀ဲယာကိုလည်း လျင်မြန်စွာ ရွှေ့ပြောင်းနေသည်။ တစ်ဖက်တွင် လူခြောက်ယောက်ရှိည်။ သည်အခံ ဘက်မှ လူများလည်း အင်္ကျီမပါကြ။ သူတို့က အလယ်ဟိုက်ကာ လခြမ်းပုံသဏ္ဍာန်ဖြင့် ခံစစ် စစ် မျက်နှာ ဖွင့်ထားကြ၏။ ထွန်းမှုန်က အလယ်ကောင်ရှိ လူကို လှမ်းပုတ်၏။ အပုတ်ခံရသူ နောက်သို့ ခုန်ဆုတ်စဉ် ဘေးနှစ်ဖက်မှ လူများက ပြေးကပ်လာကြ၏။ ထွန်းမှုန်လှည့်ပြီး ပုတ်သည်။ ခုန်ပြီး ရှောင်ကြသည်။ ခံစစ်သမားများ အနေ အထား ပျက်သွားစဉ် ထိုသူများကို ကျောပေးကာ ထွန်းမှုန်ဆုတ် ခွာသည်။
သို့ဖြစ်ငြား ပါးစပ်မှ တွတ်သံကား မပြတ်၊ မရပ်။ ထွန်းမှုန် စည်းနားရောက် သွားပြီ။
ထွန်းမှုန်တို့ဘက်သို့ ၀င်ထိုးရန် တာဝန်ကျသူမှာ ကိုဘညိန်း။ ကလေး လေးယောက်အဖေပေမင့် သူလည်း အားလပ်ခိုက်တွင် ငယ်မူပြန်ကာ ဖုန်လူးသော ကစားနည်းတွင် ၀င်နွှဲနေခြင်းဖြစ်၏။ ကိုဘညိန်းသည် ထွန်းမှုန်စည်းတစ်ဖက်သို့ ရောက်ချိန်ကို ချောင်းနေ၏။ စည်းပေါ်တွင် ရှိနေသေးလျှင် လုပ်၍မရ၊ ၀င်၍မရ။ စည်းဟိုဘက်ရောက်မှ ၀င်ခွင့်တိုက်ခွင့်ရှိသည်။ သို့ကြောင့် သည်ဘက်ကို ထွန်းမှုန် ကျောခိုင်းကာ စည်းဆီသို့ ဆုတ်သွားသည်နှင့်တစ်ပြိုင်နက် ကိုဘညိန်း ပြေးထွက်သွား၏။ ထွန်းမှုန်ချာခနဲလှည့်ပုတ်သည်။ ကိုဘဘိန်းမှာ လွတ်ရုံကလေးသာရှောင်နိုင်သည်။ နောက်က ထက်ကြပ်လိုက်လာမည့်သူကို ဟန့်တားပြီး လျှင် ပြီးချင်း ထွန်းမှုန်ဆုတ်သွား၏။ စည်းပေါ်အရောက်တွင် ခွရပ်ကာ အခြေအနေကို အကဲခတ် သည်။ တစ်ဖက် လူများငြိမ်နေသည်။
' တွတ် တွတ် တွတ်၊ တွတ် တွတ် တွတ် '
ထွန်းမှုန်စည်းကို ခွာမိသည်နှင့်တစ်ပြိုင်နက် ကိုဘဘိန်း တအားပြေးတက်လာသည်။ ထွန်းမှုန်နောက်သို့ စွန်ရဲသုတ်သလို ထိုးဝင်ကာ ကျောပြင်ကြီးကို ဖြန်းခနဲပုတ်မိချိန်တွင်၊ အလယ်ဟိုက်ကာ အနားသား ကွေးထား သူများက ကဏန်းလက်ပုံ ၀ိုင်းဖမ်းသည်။ အုန်းဗုန်းအသံများကြားရပြီး ကိုဘဘိန်း လွတ်ထွက်သွား၏။ တွတ်တို့၏စည်းကမ်းမှာ လာရောက် တိုက်ခိုက်သော အတက်သမားက ပုတ်ခတ် နိုင်လျှင် ပြီးသည်။ အတိုက်ခံရသူများကမူ ပုတ်ခတ်နိုင် ရုံဖြင့်မ၊ အမိဖမ်းရသည်။ ထိုအခါ အပုတ်ခံရသူမှာ မိအောင်ဖမ်းနိုင်လျှင် ဖမ်း၊ မဖမ်းနိုင်လျှင် သေပြီမို့ ကိုဘဘိန်းခြေထောက်ကို တအားကျုံးဖက်သည်။ ကိုဘညိန်းမှာ ကိုင်ရိုက်ခံရဘိအလား မြေကြီးပေါ် ပစ်ကျသွားငြား တွတ်အော်သံ မပျက်၊ လက်ဖြင့် တွန်းထိုးပုတ်ခတ်သလို ခြေဖြင့်လည်း ကန်ကျောက်ရင်း စည်းရှိရာသို့ တရွေ့ရွေ့ ချဉ်းကပ်၏။
' ဒီကောင်လောက်များ မနိုင်ကြဘူးလား၊ လက်ကို မ ထား၊ ပါးစပ်ကို ပိတ်ထား၊ သေရော့ပေါ့ဟ'
အားမလို အားမရဖြစ်ကာ ၀င်ရောက် သညာပေးလိုက်သူမှာ ရီးဆေးရိုးဖြစ်သည်။
' သေပြီ သေပြီ၊ အားလုံးသေပြီ '
ကိုဘညိန်းသည် ၀ိုင်းဆွဲသော လူခြောက်ယောက်ကို တွတ်အော်သံမပြတ်စေဘဲ စည်းကြောင်းရှိရာသို့ ပါလာအောင် ရုန်းကန်ချဉ်းကပ်လာရုံသာမက၊ စည်းပေါ်သို့ မိမိရရ လက်တင် နိုင်ခဲ့၏။ သို့ကြောင့် သူ့ဘက်သား များက တစ်ဖက်လူအားလုံး သေပြီဟု အော်ခြင်းဖြစ်သည်။ သို့ သော် ကိုဘညိန်းကား တွတ် အော်ဆဲ။
' ကိုဘညိန်း သေကုန်ပြီဗျ '
' ငါသိပါတယ်ကွ၊ အော်လို့ကောင်းတာနဲ့ အော်နေတာပါ '
ယင်းသို့ဖြေပြီးမှ ကိုဘညိန်း ကုန်းရုန်းထသည်။ ထ၍မရ။ ခွစီးထားသည် မဟုတ်ပါလား။
' ဟေ့ကောင်တွေ၊ ဘယ်သူတွေလည်း၊ ဖယ်ကြလေကွာ'
ဖယ်ပါပြောကာမှ ကျောပေါ်မှ လူများက ခုန်ဆောင့်နေကြသေးရာ ကိုဘညိန်းမှာ တအင့်အင့် မြည်သံဖြင့် ကော်ဆဲ ရ၏။
' မင်းတောင် အော်နေသေးတယ်၊ ငါတို့လည်း ထိုင်နေတာပေါ့ကွ '
မအေ နှမဆဲသံကို ပန်းဖြင့် ပေါက်ခံရသည့်အလား တဟားဟား ရယ်နေသော အေးအောင်နှင့် စိန်အုတ်က တစ်ယောက်တစ်ပေါက် ပြောရင်း နောက်တစ်ပွဲစရန် ပြင်ဆင်ကြသည်။ ရီးဆေးရိုးမှာ တွတ်ပွဲကို တားဆီးရန်၊ သို့မဟုတ် နေရာရွှေ့ဖို့ ပြောရန် လာခဲ့သည်။ ပွဲဘေးရောက်သောအခါ သူပါ စိတ်ဝင်စားနေပြီ။ ပြောရန် မေ့နေပြီ။ ဖုန်မှုန့်တွေ သူ့ခေါင်းပေါ် တဖွားဖွားကျသည်ကိုပင် သတိမထားအား။
' တွတ် တွတ် တွတ်၊ တွတ် တွတ် တွတ် '
နိုင်သောဘက်က ဦးစွာ တက်ရသည်။ တက်လာသူမှာ အဖွဲ့ခေါင်းဆောင် ငဦးဖြစ်၏။ သူလည်း တစ်ဖက်လူ အဖမ်းရခက်စေရန် ခါးကို ကုန်းထားပြီး လက်ကို ရှေု့ထုတ်ထား၏။ ဆင်နှာမောင်းအလား တယမ်းယမ်း ပုတ်ခတ်၏။
' ကြင်မောင် အရဲမကိုးနဲ့လေ'
အဖွဲ့ခေါင်းဆောင် ညိုကြီး လှမ်းသတိပေးစဉ် ငဦး ၀ုန်းခနဲ ခုန်ပုတ်သည်။ ညိုကြီး ခုန်ဆုတ်၏။ နောက်ကျသွားသည်။ ရင်ဘတ်ကို ဗုန်းခနဲပုတ်မိသည်။ လက်ကို ဆောင့်ဆွဲသည်။ ငဦးသေပြီ။ မသေ ခံနိုင်ရိုးလား လူကို စည်းရှိရာ မသွားနိုင်အောင် ချုပ်ရုံသာမဟုတ်၊ တွတ်ပြတ်အောင် ပါးစပ်ပါ ပိတ်ကြ သည်ကိုး။
' ထွီး ... ငါ့ပါးစပ်ပိတ်တာ ဘယ်ကောင်လဲကွ၊ ငန်လိုက်တာ '
' ငါပါကွ၊ လက်က သန့်ပါတယ်၊ အဲ ... စောစောကတော့ ခွေးချေးနည်းနည်း ပေသွားတယ်'
သေသူ ဘေးထွက်ထိုင်နေရသဖြင့် ငါးယောက်သာ ကျန်တော့သောဘက်သို့ ခြောက်ယောက်အပြည့် ကျန်သေးသောဘက်မှ အဖွဲ့ခေါင်းဆောင်ညိုကြီး ပြေးတက်လာ၏။ သူတက်ပုံက တစ်မျိုး။ ခါးမကုန်းပေ၊ စောင်မနေပေ။ အတင်းပြေးဝင်ကာ လိုက်ပြီး ပုတ်သည်။ ဖြန်းခနဲ ဖုန်းခနဲ အသံတွေ အဆုံးတွင် ညိုကြီးမှာ မြေကြီး ပေါ်တွင် ရေကူးနေပြီး သူ့ခြေထောက်ကို ဆွဲထားသော ဘမောင်မှာ တရွတ်တိုက်ပြီးပါနေ၏။ သို့ကြောင့် သာစိန်ပြေးလာက ဘမောင်ကို ကူသော်ငြား ညိုကြိး၏လက်က စည်းပေါ်ရောက်နေပြီ။
' ဘမောင်နဲ့ သာစိန် သေသွားပြီ'
ညိုကြီး မောဟိုက်သံဖြင့် ပြောရင်း ပြန်လှည့်လာသည်။
'တွတ် တွတ် တွတ်၊ တွတ် တွတ် တွတ် '
မိမိဘက် သို့ ညိုကြီး ခြေချမိရုံရှိသေး၊ ခင်မောင်လေး ပြေးတက်လာသည်။ ညိုကြီးကျောကို လက်သီးဖြင့် ထိုးပစ်ခဲ့သည်။
' ညိုကြီးသေပြီ၊ တို့ဘက်က အဦးဆုံးသေတာ ဘယ်သူလဲ၊ ငဦးမဟုတ်လား၊ ငဦးရှင်ပြီဟေ့'
' မရဘူး၊ မရဘူး'
' ဘာပြုလို့ မရရမှာလဲ၊ စည်းတစ်ဖက်ကို ရောက်နေပေါ့ဟာကို'
' ဘယ်ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ'
' အစက ဘာစည်းဘာကမ်းမှ ကြိုတင်ထားတာမှ မဟုတ်ဘဲ၊ ရတာပေါ့။ ညိုကြီး သေပြီ၊ ငဦးရှင်တယ်'
' မရဘူးကွာ '
' ရတယ်ကွာ'
ဖုန်လုံးကြီး ရပ်သွားသည့်အခိုက်တွင် စကားလုံးများ သောသောညံနေသည်။ မခံချင်စိတ်ဖြင့် ငြင်းသူပါသလို၊ အပြောင်အပျက်ငြင်းသူလည်းပါဝင်၏။ ယခုမှ နားရတော့သည်ဆိုကာ ဖုန်ထဲ ပစ်ထိုင်သူ ထိုင်၊ ဆေးလိပ် သောက်သူသောက်။
' ပိုက်ဆံရမယ့် အလုပ်မဟုတ်လား၊ ငြင်းကြကွ။ အဲ ဟုတ်ပြီ၊ လက်သီးနဲ့ထိုးကွာ၊ ငါ ဓားငှားမယ်'
ရီးဆေးရိုး ၀င်ပြီး ရွှတ်သည်။
' အံမယ် ဆေးရိုး၊ မင့်ကိုယ်မင်း ကာလသားလေး မှတ်နေသလား။ ကလေးတွေကြားထဲမှာ သူက'
ဆေးလိပ်မီးပွား တဖွားဖွားဖြင့် ရောက်လာကာ ပွာလောင် ပွာလောင် အော်လိုက်သူကား ရီးသာဒွန်းပင်တည်း။
' ဟ ငါက ကာလသားပဲကွ၊ မင်းသာ သေခါနီးနေတာ။ ငါ့တော့ ပြောပြီး သူကလည်း ကလေးကြားထဲ ရောက် နေတာများ'
' ဘာရယ်မဟုတ်ပါဘူးကွာ၊ အမှတ်မဲ့ ရပ်ကြည့်နေမိတာပါ။ ဟေ့ ဒီကလေးတွေက ငါတို့ထက် တော်တယ်ကွ။ ငါတို့ တုန်းက တစ်ခါဟာကွာ တွတ်ထိုးရာက စပြီး ရိုက်ကြသေးပါကောလား။
' တစ်ခါတည်းပါကွာ '
' မင့်မေလွှားတဲ့၊ တစ်ခါကလည်း သေရာပါ ပါရောလား'
ရီးသာဒွန်းသည် ပြောရင်းဆိုရင်းက သူ့ချိုစောင်း ညာဘက်ကျကျရှိ ပြောင်ချောနေသော နေရာကလေးကို စမ်းကြည့်သည်။
' အဲဒီတုန်းက စညစ်တာ ဘယ်သူလဲကွ ဟေ ဆေးရိုး'
' မင်းပေါ့ကွ '
' ငါညစ်တော့ မင်းတို့ဘက်က မင်းလည်း ညစ်ရော '
ရီးသာဒွန်းသည် အားပါးတရ အော်ဟစ်၍ ရယ်မောလေ၏။ ကိုယ်ထီးလက်ချ သုံးမရသည့် သည်အရွယ်တွင် ရယ်မော စရာ အသေးအမွှားဖြစ်ခဲ့ပြီ ယူဆငြား၊ ငယ်ရွယ်စဉ်ကမူ တကယ့်သဲကြီး မဲကြီးပါပေ။
' မှတ်မိသေးလား ဆေးရိုး '
' မှတ်မိတာပေါ့ကွာ၊ ပေပင်ဘကီးအောက်မှာ '
ပေပင်ကြီးကား သားမြေး ပေသီးများကို အပင်လောကအတွက် မွေးဖွားပေးခဲ့ပြီးနောက် သေသွားပါပြီ။ ပေပင်ကြီးအောက်တွင် ဖြစ်ပွားခဲ့သော ကိစ္စကိုမူ ကျန်ရစ်သူတို့ မမေ့နိုင်ကြသေး။ ပေပင်ကြီးအောက်မှာ ကုန်းကျ သောကြောင့် ဖုန်မထူပေ။ နေ့တွင် ပေသီးဝိုင်း။ ညနေတွင် ခြင်းဝိုင်း နှင့် ညတွင် တွတ်ထိုး၊ ဘုတ်တလုပ်တောက်တဲ့ စသည်။
ထိုနေ့ညက တွတ်ထိုးကစားရာတွင် ရီးသာဒွန်းတို့ဘက်က စ ညစ်သည်။ ညစ်ပုံမှာ ရီးသာဒွန်း တို့ ဘက်မှတက်လာသူတစ်ယောက်ကို ၀ိုင်းဖမ်းကြ၏။ အဖမ်းခံရသူက တွတ်မပြတ်အောင် အော်လျက် စည်းသို့ ရောက်အောင် ရုန်းကန်ပြီးသွား၏။ သွားသော်ငြား စည်းနှင့် တစ်တောင့်ထွာမျှ ဝေးသေးသည်။ သည်တွင် ရီးသာဒွန်းပြေးလာ၏။ စည်းအဖြစ် ချထားသော ၀ါး လုံးကို ကိုယ့်ဘက်သား လက်လှမ်းမီအောင် ရွှေ့ပေးလိုက်သည်။
' ဟေ့ စည်းကို သာဒွန်းရွှေ့ပေးတယ်ကွ'
' အောင်မယ်၊ ဘုရားပေးပေး ကျမ်းပေးပေး မရွှေ့ပါဘူးဗျာ'
' ဟေ့ မူလက စည်းနဲ့ ပေပင်နဲ့ တည့်တည့်ကွ '
' အခုလည်း တည့်သားပဲ '
ကြာမြင့်စွာ ငြင်းခုံကြပြီးနောက် တစ်ဖက်က လျှော့ပေးလိုက်ရာ ရီးဆေးရိုးတို့ဘက်တွင် တစ်ယောက်သာ ကျန်ပြီး အားလုံးသေကုန်သည်။ ကျန်သော တစ်ယောက်မှာ ရီးဆေးရိုး။
'ဆေးရိုး၊ ညစ်သာညစ်ဟေ့'
မခံချိမခံသာ အလျှော့ပေးလိုက်ရသူတစ်ယောက်က တီးတိုးသံဖြင့် မြှောက်ပေး၏။ တစ်ယောက်တည်း ကျန်တော့သော ရီးဆေးရိုးလည်း ခါးတောင်းကို မြှောင်အောင် ကျိုက်လိုက်သည်။ အသက်ကို ၀အောင် ရှူလိုက်သည်။ တစ်ဖက်စည်းတွင်းသို့ တွတ်မဆိုဘဲ ပြေးဝင်သည်။ တွတ် မဆိုဘဲ ၀င်လာသူအား တစ်ဖက်လူ က ထိရုံ ပုတှ်ူကလေးဖြင့် သည်ဘက်ကလူ သေ၏။ ရီးသာဒွန်းတို့ဘက်မှ လူများသည် ၀က်ခေါင်းထိုး အနေအထားဖြင့် စောင့်နေကြ၏။ တွတ်မဆိုကောင်းလားဟု ပြေး၍မပုတ်ဝံ့။
ကိုယ်ပြေးလာသည်ကိုမြင်မှ တွတ်ဆိုပြီး ပုတ်ပြေးလျှင် အချောင်သေမည်မို့ မှားကွက်ကို စောင့်နေကြ၏။
ရီးဆေးရိုး တွတ်ဆိုပြီ။ ၀ဲတောင်ပံသို့ ပြေးဝင်ကာ လူသုံးယောက်ကို လက်ဖြင့် ရိုက်၊ ခြေဖြင့်ကန်၏။ ထိုစဉ်တွင် ယာတောင်ပံမျ လူများပြုံဆင်းလာကာ ရီးဆေးရိုးကိုပိတ်ဖမ်းရန် ကြိုးစားကြသည်။ ရီးဆေးရိုးဝက်ခေါင်းပုံ ခါးလယ်သို့ ပြေးဝင်သည်။ နောက်ထပ် လူသုံးယောက်ကို ပုတ်ပြီးပြေးသည်။ ပြေးသည်ဆိုရာ၌ စည်းရိုးရှိရာသို့ ဆုတ်ပြေးခြင်းမဟုတ်။ စည်းနှင့် ဝေးရာ ရွာတောင်ပိုင်းသို့ ခွေးတစီစီ၊ ဖတ်တထောင်းထောင်း၊ တွတ်သံ တညံညံဖြင့် ပြေးခြင်းဖြစ်၏။ သူသည် ခွေးဝင်ပေါက် တစ်ခုမှ ဖြကာ ရွာ့ပြင် လှည်းလမ်း သို့ ထွက်သည်။ တစ်ဖန် အခြားခွေးဝင်ပေါက် တစ်ခုမှ ရွာတွင်းသို့ ဖြဲဝင်ပြီး သူ့အဖွဲ့သား များရှိသည့်ဘက်သို့ ပြန်ရောက်လာ၏။
' ဆေးရိုး တွတ်ပြတ်တယ်၊ သေပြီ'
'ဘာပြုလို့ ငါသေရမှာလဲ၊ မင်းတို့ဘက်က ခြောက်ယောက်သေတာ၊ တို့ဘက်က အားလုံး ပြန်ရှင်ပြီ'
' အရှင်ဘူး'
' ရှင်တယ်၊ မင်းတို့သာသေတယ်'
' မသေဘူးကွာ'
'သေတယ်ကွာ'
ဤသည်မှစကာ ဆဲရေးကြသည်။
သည်ခေတ် သည်အခါက သူငယ်ချင်းဘ၀ မအေ၊ နှမ၊ ငါနှင့်ဆဲခြင်းမှာ အဆန်းမဟုတ်။ ထမင်းစား ရေသောက်မျှသာ။ သို့တစေ မခံချင်ဇောဖြင့် ဒေါသကလေး ခံလာသောအခါ တစ်ချိန်က ပန်းပွင့် သဖွယ် ပေါ့ပါးခဲ့သော မအေနှမသည် မြင်းမိုရ်တောင်တမျှ လေးလံလာသည်။ ခွန်းတုံ့ပြန် ဆဲရေးရာက လက်သီး၊ လက်ဝါး၊ တံတောင်၊ ထိုမှတစ်ဆင့် တုတ်များ၊ ခဲများ ပါလာတော့သတည်း။ ထိုအချိန်က ဧရာမ မခံချင်စရာကြီးထင်ခဲ့သော ကိစ္စမှာ ယခုသော် ရီးဆေးရိုးနှင့် ရီးသာဒွန်းတို့အတွက် ရယ်စရာဖြစ်နေချေပြီ။
' အခုတော့လည်း ရယ်စရာပေါ့ကွာ '
ရီးဆေးရိုးလည်း ရယ်မောမိသည်။
' ကဲကွာ...ကဲကွာ အစက ပြန်ကစားမယ်၊ ဘယ်သူမှ မသေဘူး၊ ဟုတ်ပြီလား။ ခုနတုန်းကလိုပဲ နိုင်တဲ့ ဘက်က စတက်'
' မစဘူးကွာ၊ ညိုကြီးသေတယ်ပဲ ထားလိုက်ကွာ၊ ကိစ္စမရှိဘူး'
တစ်ဖက်က ကိုဘညိန်းက ကျေရောကျေကြောင်း ဖျန်ဖြေသော်ငြား အေးအောင်က လက်မခံဘဲ အငြင်းပွားခြင်းကို ရပ်စဲပြီး ဆက်လက်ကစားကြသည်။
'တက်ပြီဟေ့' အော်သံအဆုံးတွင် စည်းတစ်ဖက်သို့ ကားခနဲရောက်လာသူကား အေးအောင်တည်း။ သူသည် တွတ်သံလည်း မပြတ်စေရ။ စည်းနှင့်လည်း သိပ်မခွာပေ။ ထိုအခါ ' စည်းကိုဖင်မှာ ချည်ပြီး တက်နေတာ ကိုးဟ အေးအောင်ရ၊ သတ္တမရှိလည်း ပြန်ပါကွာ' ဟု မခံချင်အောင် စသည်။
အေးအောင်သည် အတန်ကြာအောင် ၀ဲပြေးပုတ်လိုက်၊ နောက်ဆုတ်လိုက်၊ ယာပြေးပုတ်လိုက်၊ ပြန်ဆုတ်လိုက် လုပ်ပြီးနောက်စည်းဘက်သို့မျက်နှာမူသည်။ ပါးစပ်မူ တွတ်မပျက်။ သူ့နောက်သို့ ကျော်ထွန်းကပ်လိုက်လာ၏။ စည်းကျော်မိလျှင် ကျော်မိချင်း အငိုက်ဖမ်းရန်ဖြစ်သည်။ သို့သော် အေးအောင် ကလည်း သည်အကွက်ကိုဆင်ခြင်းဖြစ်ရာ စည်းနားရောက်ကာမှ ချာခနဲလှည့်၍ ခုန်ပုတ်သည်။ ကျော်ထွန်းကို ထိသည်။ ကျော်ထွန်းမဖမ်းနိုင်မီ အေးအောင်သူ့ဘက် ပြန်ရောက်သွား ချေပြီ။ ကိုဘညိန်းပြေးတက်လာ၏။ ၀ဲရော ယာရော အလယ်ပါ လိုက်ပုတ်သည်။ တစ်ဖက်လူများဆုတ်ပေးကာ မြှူသည်။ သို့ဖြစ်ငြား ကိုဘညိန်းစည်းဘက်သို့ မျက်နှာမူ၏။ ကပ်လိုက်သူ ရှိ မရှိ အကဲခတ်သည်။ သည်အနက် ခုနကမှ ပြန်ရှင်လာသော ညိုကြီးကို စည်းအနီး ယာစွန်တွင် ဆောင့်ကြောင့်ကလေး မြင်ရသည့်အတွက် ပြေးပုတ်သည်။ သူပြေးပုတ်ချိန်နှင့် ညိုကြီး ၀မ်းလျားထိုးအဖမ်းတို့ တစ်ပြိုင်နက် ကျသွား၏။ စည်းနှင့်တစ်တောင်ပင်မကွာ၊ တွတ်သံ မပြတ်စေဘဲ ကိုဘညိန်းအလူးအလဲရုန်းသည်။ ရုန်းစဉ်တွင် တွတ်သံမမှန်တော့။
' ကိုဘညိန်း တွတ်ဆက်တယ်၊ သေပြီ'
တွတ်သံသည် တစ်ဆက်တည်းမှန်မှန်အော်နေရမည်။ ပြတ်သွားပြီးမှ ပြန်အော်လျှင် တွတ်ဆက် သည် မည်၏။
' မမောခင်မှာ တိုက်ရတယ်ကွ၊ တွတ်အော်ရတာတစ်မျိုး၊ ခုန်ရပုတ်ရတာတစ်မျိုးနဲ့ မောကာမှဆိုတော့ တစ်တောင်လောက်ကလေးဝေးရင်တောင် ရောက်အောင် မရုန်းနိုင်တော့ဘူး မဟုတ်လား။ တွတ် မဆက်လည်း သေမှာပဲကွ'
ရီးသာဒွန်းက မှတ်ချက်ချလိုက်သည်။ သူက တွတ်ထိုးကစားခြင်းကို ရည်ရွယ်သော်ငြား ရီးဆေးရိုးမူ အလေးအနက် တွေးမိ၏။
' ဟုတ်တယ်၊ လူဆိုတာ မအိုမင်းခင်မှာ ရုန်းရ ကန်ရ ကြိုးစားရတယ်ကွ။ အိုမင်း မောဟိုက်ခါမှဆိုရင်'
' ကိုထွန်းမှုန် တော့် ... ကိုထွန်းမှုန်'
စာစာ စာစာနှင့် မိန်းမတစ်ယောက်၏ အသံဖြစ်၏။
' လာပြီဟေ့... လာပြီ'
ညိုကြီးတို့အဖွဲ့မှ ထွန်းမှုန်သည် ချွတ်ထားသော ဖိနပ်ကိုစီး၊ အင်္ကျီကို ရွာခရိုးပေါ်မှ လှမ်းရုပ် လိုက်သော် လည်း စာစာသံက ရပ်မသွားပေ။
' ထယ် သွားငှားချေဦးမယ်ဆိုပြီး ထွက်သွားလိုက်တာ၊ ထယ်သွားများ ဖြစ်နေသလားလို့'
' ရိုက်ပါဟေ့၊ ရိုက် ရိုက်'
ကစားဖော် များက လှမ်းနောက်ကြသည်။
ထွန်းမှုန် လျော့သွားသဖြင့် ပွဲရပ်ကာ အစားထိုးရန် လူစားရှာနေစဉ် မလှမေ ရောက်လာ၏။
' ကဲ ကိုဘညိန်းရေ၊ ကျုပ်မတော့ ထမင်းပွဲကြီးနဲ့ စောင့်လို့။ တော့်မှာတော့ ဒီမှာလာပြီး သူငယ်ပြန် နေတာ ပါကလား။ ကိုယ့်အသက်အရွယ် ကိုယ်ကြည့်ဦးမှပေါ့'
ထွန်းမှုန် လျော့သွားသဖြင့် ပွဲရပ်ကာ အစားထိုးရန် လူစားရှာစေစဉ် မလှမေ ရောက်လာ၏။
' ကဲ ကိုဘညိန်းရေ၊ ကျုပ်မတော့ ထမင်းပွဲကြီးနဲ့ စောင့်လို့။ တော့်မှာတော့ ဒီမှာလာပြီး သူငယ်ပြန် နေတာပါကလား။ ကိုယ့်အသက်အရွယ် ကိုယ်ကြည့်ဦးမှပေါ့'
' အေး ... အေး ... လာမယ်'
လာမယ်ဆိုငြား ကိုဘညိန်း နေရာမှ မရွှေ့။
' ဟဲ့ကောင်မလေး၊ နင်စကားပြောတာကြည့်ပြော၊ နင့်ယောက်ျားကို မနိုင်တိုင်း ငါတို့ကို မစော်ကားနဲ့' မလှမေ ' ဟောတော့်' အော်သည်။ ရီးသာဒွန်း ၀မ်းခေါင်းသံကြီးဖြင့် ရယ်မော၏။
' အရီးရှိမှန်း မသိပါဘူးတော်၊ တကယ်ပါ'
' ဘာအခုမှ မသိပါဘူးလဲ၊ နင့်ယောက္ခမကလည်း ငါ့ကို ဆွယ်နေတာ၊ တွတ်ထိုးရအောင်လို့တဲ့။ အို ငါတို့နှစ်ယောက် ၀င်ပြီး တွတ်ထိုးဖို့ ကြံနေတာ၊ နင်ရောက်လာလို့ ပျက်သွားပြီ'
ရီးဆေးရိုး မနေသာတော့ချေ။
' မကြီးမငယ်နဲ့ကွာ၊ ငါ လှိမ့်ကန်ရ သေတော့မှာပါ' ဆဲဆဲ ဆိုဆိုဖြင့် တွတ်ဝိုင်းဘေးမှ ထသွားလေတော့ရာ ရီးသာဒွန်း မှာ တဟားဟား ရယ်မောရင်း ကျန်ခဲ့လေသည်။ သူ့ရယ်သံနှင့်ပြိုင်သော ကာလသားတို့၏ တွတ်တိုးသံ ကား ကျယ်လောင်စွာ ထွက်ပျံနေဆဲပေတည်း။
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၁၄)
ပဲရစ်သံရုံး
လန်ဒန်မှ ပဲရစ်ကို ရောက်တဲ့နေ့မှာ လန်ဒန်မြို့ရှိ မြန်မာသံအမတ်ကြီး ဦးကာစီကတဆင့် အကြောင်း ကြားထား သဖြင့် ပြင်သစ်ပြည် ပဲရစ်မြို့မှ သံအမတ် ဦးဇော်ဝင်၏ ဇနီးနှင့် သမီးများ လာ ရောက်ကြိုလျှက် သူတို့ သံရုံးနှင့် တလမ်းတည်းတွင် အသင့်ငှားထားသော ပြင်သစ် ဟော်တယ် ဗစ်လာစိန် ဟိုနိုးရေးဒလူးသို့ ပို့ပြီး ညစာကို မြန်မာ ထမင်းဟင်းများဖြင့် ဦးဇော်ဝင်းတို့အိမ်တွင် ကျွေးမွေးဧည့်ခံပါသည်။
ပဲရစ်မြို့ရှိ ဗမာသံရုံးမှာ လန်ဒန်မြို့၊ ၀ါရှင်တန်မြို့များတွင် ရှိသော ဗမာ့ သံရုံးများကဲ့သို့ ခန့်ညားသော သံအလုပ်ရုံ နှင့် လှပသော သံအမတ်အိမ် သီးခြား မထားနိုင်သေးဘဲ ရှိရာတွင် အဆောက်အဦးကလည်း ဟောင်းနွမ်း အိုမင်း၍ ကျဉ်းကြပ်နေသောကြောင့် ဗမာနိုင်ငံတော်၏ ကျက်သရေဆောင် ပြောင်ပြောင် လက်လက် ခမ်းခမ်းနားနား ဗမာပီပီ ပြင်ဆင်ထားနိုင်မည့်သံရုံး အဆောက်အဦး ကောင်းကောင်းတခု ရှိဘို့ နေသည် ဟု ထင်ပါသည်။
သံရုံးအဖွဲ့ဝင်များကို စုံစမ်းသောအခါ ကြိုက်သော အဆောက်အဦး ငှားမရသေးသောကြောင့်၊ တဖြေးဖြေး တော့ ရပါလိမ့်မည်ဟု သိခဲ့ရပါသည်။ သို့ရာတွင် ကြိုက်ရာ အဆောက်အဦးကို ငှားမရ သေးမှီ ယခု အိမ်ဟောင်း အိမ်ပျက်ကြီးကိုပင် အိမ်ရှင်က ဖယ်ပေးရမည် ဆိုသောကြောင့် သံရုံးရော၊ သံအမတ်ပါ  ဗစ်လာစိန် ဟိုနိုးရေးဒလူး ဟော်တယ် တစိတ်တဒေသကို ငှားရမ်းပြောင်းရွှေ့ ပေးရ ပြန်ကြောင့် တဆင့် စကား ကြားသိရပြန်ပါသည်။
ပြင်သစ်ပြည် ပဲရစ်မြို့ဆိုသည်မှာ ကမ္ဘာ့ခရီးသည်များ ဥဒဟို ၀င်ထွက် သွားလာရာဌာနကြီး တရပ် ဖြစ်သည် တကြောင်း၊ ပြင်သစ်ပြည် ဆိုသည်မှာ ကမ္ဘာ့နိုင်ငံကြီးတခု ဖြစ်သည်ကတကြောင်း၊ ကမ္ဘာ ပေါ်ရှိ နိုင်ငံ အသီးသီး တို့မှ သံရုံးကြီး ငယ်ပေါင်း သုံးဆယ်ကျော် ရှိကြသည့်အနက် ဗမာသံရုံးမှာ အစုတ်ချာ ဆုံးဖြစ် နေရာ တွင်ပင် ဖင်မြဲမြဲမနေရသေးဘဲ ရွှေ့ဖယ်ပေးနေရသည်တကြောင်း တို့ကြောင့် ဗမာ့သံရုံးကို လူသူ လေးစား ခန့်ညား ဘွယ်ရာ ထားပေးရန်အထူးသင့်တော်နေပြီဟု သဘောရပါသည်။
ပဲရစ်မြို့၏ညရှူမျှော်ခင်း
ထို့နေ့ညသည် ဦးဇော်ဝင်း ကိုယ်တိုင် ကားမောင်းလျှက် ပဲရစ်မြို့နှံ့အောင် လိုက်လံပြသရာ အသွယ် သွယ်သော လမ်းကြီးလမ်းမွှာများတွင် ထိန်ထိန်ပြောင်ပြောင် တောက်လောင် ခမန်းခမ်းနား ကြီး ကျယ်သော မီးသွယ် မီးတန်းကြီးများကညဥ့်အမှောင် နောက်ခံတွင် ရောင်စုံချယ်၍ ဖြစ်နေကြသည်၊ တအံ့တသြ တွေ့မြင် ရပါသည်။
လမ်းဘေး တလျှောက် တွေ့မြင်ရသော အဆောက်အဦးများ၊ ညဥ့်ကလပ်များ၊ ကုန်တိုက်ကြီးများ၊ ဈေးဆိုင်ကြီး များနှင့် စားသောက်ဖွယ်ရာရောင်းချသော ' ရက်စ်တော်ရင့် ' ကြီးများမှာ ရောင်စုံ ဓာတ်မီး ချောင်း မီးပွင့်များကို လိုတာထက် ပိုပိုသာသာကြီး သုံးထားပါသည်။
အဲဒါကြောင့်ပင်ဖြောင့်စင်းသော လမ်းကြီ တခုကိုမျှော်ကြည့်လိုက်လျှင် လမ်းဘေး တဖက်တချက် မှာ မြေပြင် အောက် ခြေမှစပြီး တဆယ့်သုံးလေးထပ်မြင့်သော တိုက်တန်းကြီးတွေ တလျှောက်က ၀င်းဝင်းတောက် ပြောင် ရောင်မျိုးထွေထွေ စပ်ချယ်ထားတဲ့ မီးရောင်စုံ နံရံကြီးများကို မျှော်မဆုံး မြင်မဆုံးနိုင်ဖြစ်ပါသည်။
ဝဲလမ်း၊ ညာလမ်းထားပြီး ကားများ၊ ယာဉ်များ၊ သွားတလမ်း၊ ပြန်တလမ်းထားတဲ့ လမ်းမကြီးများမှာ ဆိုလျှင်လည်း အမျှင်မပြတ်တဲ့ မီးနီတွေတတန်း၊ မီးဝါတွေက တတန်းဖြစ်နေသည်။
မီးနီတန်းမှာ သွားနေသော ကားတေရဲ့ နောက်မှ မြင်ရခြင်းဖြစ်၍ မီးဝါတန်းမှာ လာနေသော ကားတွေရဲ့ ရှေ့မှနေမြင်ရခြင်းဖြစ်သည်။ အရှေ့လမ်းကိုလျှောက်၍ အနောက်လမ်းကို မျှော်လိုက် လျှင်၎င်း၊ အနောက်လမ်းလျှောက်၍ အရှေ့လမ်းကို မျှော်လိုက်လျှင်၎င်း၊ တံခွန်တိုင် ရွှေအုက္ကားနဲ့ဘုရားကို မမြင်ရစေကာမူ တန်ဆောင်တိုင် မီးပွဲပမာ ဘယ်လမ်းကိုဘဲ မျှော်ကြည့်လိုက် မျှော်ကြည့်လိုက် သည်မီးအတိုင်းသား မီးရောင်ဖြာလျှက်စုံတွေ့မြင်နေရပါသည်။
ပဲရစ်မြို့ရှိ အစည်ကားဆုံး လမ်းရှည်ကြီးမှာ ရှိရှိသမျှ မီးရောင်စုံ လမ်းတွေထဲမှာ သူဟာ ဗိုလ်အကျဆုံး၊ ကျယ်လည်းအကျယ်ဆုံး၊ ကုန်ဆိုင်ကြီးတွေ။ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ ဟော်တယ် စသည် လူအများဆုံး ကြိတ်ကြိတ် တိုးလျှက် နေ့ရော ညရော ဘယ်အါမှ လူရှင်းနေသည်ဟု မရှိ တော့ပါ။
ပဲရစ်မြို့ လမ်းပေါ်ရှိ လမ်းတွေပေါ်မှာ ထွန်းပေးတဲ့ ဓာတ်မီးတိုင်များဟာ တခုနှင့်တခု နီးကပ်လျက် ရှိကြသည်။ အပေါ်မှာ မီးတိုင်တတိုင် မီးလုံးကြီးများ နှစ်လုံးသုံးလုံးက ငါးလုံးအထိ တတ်ဆင်ထား သဖြင့် အလင်းရောင်မှာ နေ့နှင့် ညမကွာလှတော့ သလောက် ရှိပါတော့သည်။
ရှည်လျားသော မီးလုံးကြီးတွေ တသွယ်တတန်းကြီး မြင်ရတဲ့ အတွက် မျက်စိပသာဒကို အထူးလှပ ကြည်လင်နေကြသည်။
နောက်တဖန် လမ်းမီးတိုင်များထားပုံမှာ လန်ဒန်တို့ ... နယူးယောက်တို့ကလို တမြို့လုံးတမျိုးတစား တည်းထား သည်မဟုတ်ပါ။ လမ်းကြီးတလမ်းမှာဆိုလျှင် မီးလုံးကြီးများ၏ ပုံစံကို တမျိုးစီ ခွဲထားလိုက် ပါသေးသည်။ တမြို့လုံးရှိသမျှ လမ်းတွေ လိုက်ကြည့်မည်ဆိုလျှင် တမင် တကာ အလှအပ အသားယူ ဂုဏ်ယူလျက် ထွန်းထားသော လမ်းမီးတိုင်တွေ ပေလော...ဟု တွေးတော ထင်မှားလောက်သည်။ တလမ်းနှင့် တလမ်းရှိသော မီးပွင့် မီးလုံးပုံသဏ္ဍာန်များ တခုနှင့် တခုမတူကြပါ။ ၀ိုင်းဝိုင်းတမျိုး၊ လေးဒေါင့်၊ ငှက်ပျောဖူး၊ ရှည်ရှည်၊ ပြားပြား၊ လုံးလုံး၊ ဂျပန်မီးပုံးလို ကတမျိုး၊ ပုဏ္ဏားစည် ကလေး လိုကတသွယ်၊ ဟိုရှေးရှေးက ရေနံဆီထွန်း လမ်းမီးတိုင်လိုကတဖုံ၊ ပုံစံမျိုးတော့ စုံလို့သွားပါတော့သည်။
မီးတိုင်ကို ရိုးရိုးသံတိုင် အုတ်တိုင်လိုမဟုတ်ပြန်သေး။ ရှေးအနုပညာလက်ရာမြောက်တဲ့ အတွန့် အတက် အခက်အနွယ်တွေနှင့် ချယ်လှယ်လျက် ထွန်းလုပ်ထားပြန်သေးသည်။ မြို့ပြ သာယာမှုကို မခိုမကပ် အမြတ် မထုတ်ကြသောကြောင့်သာဟု ယူဆမိပါသည်။ ဒါတောင် ပြင်သစ်ပြည် ကမ္ဘာ စစ်ကြီးအပြီးမှာ စီးပွားရေး၌ အတော် အကြပ်ရိုက်သွားရှာခဲ့သည်။
ညဈေးတန်း စားစရာဆိုင်ကြီးမှာလည်း အင်္ဂလိပ်၊ အမေရိကန်တို့နှင့်မတူ သူတို့ကတပါသာကွဲနေပါ သေးသည်။ လန်ဒန်တို့၊ နယူးယောက်တို့ရှိ စားစရာဟော်တယ်များမှာ လင်ပန်းထိုး၍ လိုရာဝယ်ယူ စားနိုင်သော ဆိုင်ကြီးတွေမှာ ဆိုင်တွင်း၌သာ စားပွဲကုလားထိုင်တွေနှင့်စားသောက်နိုင်ရန် ခင်းကျင်း ပြင်ဆင်ပေးထားကြသည်။
ပြင်သစ်ကတော့ ဒီလိုမဟုတ်သေးပါ။ ဆိုင်ထဲမှာ ပြင်ဆင်ခင်းကျင်းထားတဲ့အပြင် ဆိုင်အပြင်ဘက် လူသွားလမ်း ပလက်ဖေါင်းပေါ်မှာထွက်ပြီး ကုလားထိုင်တွေ ခင်းကျင်းပြင်ဆင်ထားလိုက်သေးသည်။ နေ့လည် နေပူချိန်ဆိုလျှင် အပေါ်က တာရပတ်အခင်း အကြားကြီးများ မိုးပေးသည်။ တာရပတ် အခင်း ဆိုသည် မှာ အဖြူနှင့်အနီ၊ အဖြူနှင့်အစိမ်း စင်းထားသောအရောင်မျိုး၊ ပြင်သစ်စားစရာဆိုင် များ၏ မူ အဖြစ်သုံးလေသည်။
စားပွဲခင်းအနီရောင် ခင်းထားသော စားပွဲကုလားထိုင်ခုံများကို ရွက်လှပင်ကဲ့သို့ သစ်ပင်တမျိုးကို ခြံ စည်းရိုးကလေးသဖွယ် ပန်းအိုးရှည်များနှင့် ယာယီပိုင်းခြား ကန့်သတ်ပေးထားသည်။ ဤလည်း တမူပင်ဖြစ်ပါသည်။
လမ်းသွား လမ်းလာများသည် ဤပလက်ဖေါင်းနယ်ပေါ်က စားသောက်နေသူများကို ရှောင်ကွင်း ပွတ်သပ် နေကြပါသည်။ စားသောက်နေကြသူများကလည်း အေးအေးဆေးဆေး၊ တငေးတမောပင် လူသွား လမ်းဘေး ၌ အကျအနတိုင် တုတ်နေကြသည်။
ဘီယာခွက်လက်ကမချသော ပြင်သစ်သူမတွေကလည်း ဤနည်းအတိုင်း ပလက်ဖေါင်းလမ်းဘေး ထိုင်ခုံတို့မှာ ဗိုတ်ရှုခံ သဘင်ကျင်းပလျက်ရှိကြပါသည်။ ရုတ်တရက် ကြည့်လိုက်လျှင် ဗမာပြည်က ဗိုလ်တထောင် ဘုရားပွဲ၊ ကျိုက္ကဆံဘုရားပွဲ၊ ဆူးလေဘုရားပွဲမှ ညပွဲဈေးတန်းလဘက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင် တွေ ရှေ့တွင် စားပွဲကုလားထိုင်ကလေးတွ လမ်းပေါ် ထုတ်ခင်းထားသကဲ့သိုပ မြင်ရ သည်။
သို့သော် ... သူတို့ဆီကတော့ လမ်းပေါ်မှာ ဖုံတွေ၊ အမှိုက်တွေ၊ ရွံ့ဘွတ်တွေ၊ ပေရေညစ်ပတ်မနေ၊ မြောင်းပုတ် နံ နံနံစော်စော် အနံ့မျိုးတွေလဲမရှိ၊ အခင်းအကျင်းကလည်း သန့်သန့်ရှင်းရှင်းနှင့် ၀င်းဝင်း တောက် နေပါသည်။
ပြင်သစ်ပြည်မှ အလှကုန်ဖြစ်တဲ့ ရေမွှေးပေါင်ဒါများ၊ ကမ္ဘာက အမြတ်တနိုး အသုံးပြုကြသည့် အနက်မှ ရေမွှေးကို အထူးထုတ်လုပ်သုံးစွဲသော နိုင်ငံဖြစ်သည်နှင့်အညီ လမ်းသွားလမ်းလာ ပြင်သစ်သူ အမျိုးသမီး တွေနှင့် တိုးမိတိုင်း ရေမွှေးနံ့ကဖြင့် သင်းသင်းပျံ့ပျံ့ ယနံ့ ကြိုင်လှိုင်လျက်ရှိ ကြပါသည်။ ရေမေးကို ရေလိုသုံးကြပေမဲ့ ရေကိုတော့ မသောက်ကြပါ။ ဒါကြောင့် စားစရာဆိုင် တွေဆိုလျှင် ဘယ်တော့မှ ရေပေးလေ့မရှိပါ။ တကူးတကန့် တောင်းသောက်မှဘဲ ရပါသည်။ သူတို့ ဆီမှာ ရေသောက်မဲ့ အစား ယောက်ျား ရော၊ မိန်းမများပါ ဗြစ်ရည်ကိုသာ ရေအမှတ်ဖြင့် သောက်ကြ တဲ့အလေ့ရှိကြပါသည်။
ပဲရစ်မြို့က အစားအစာများမှာဆိုရင်လည်း ဟင်းကျွေးဟင်းရာများချက်ပြုတ်ရာမှာ ဥရောပ တ၀ိုက် တွင် ပြင်သစ် ဟာဖြင့် နာမည်ကြီးခဲ့တဲ့အတိုင်း ဘာမဟုတ်တဲ့ ဆိုင်ကလေးမှာပင် အရသာပေါ်စေ တဲ့ သတ္တိရှိပါသည်။ ဗမာရဲ့ လျှာနဲ့ ခံတွင်းတွေ့စေတတ်တဲ့ အစာတွေများပါတယ်။ ဆားပြားမပါတဲ့ ရေလုံပြုတ်တွေမဟုတ်ပါ။ နောက်တခု ဗမာနဲ့ လိုက်လျောနိုင်တဲ့အချက်တခုက တဦးနှင့်တဦး ရှေး ကသိကျွမ်းခြင်း မရှိပေမဲ့ လမ်းပေါ်မှာ ရင်ဆိုင်တွေ့ကြတဲ့အခါဖြစ်စေ၊ ယာဉ်ရထားပေါ်မှာဖြစ်စေ၊ တယောက်နှင့် တယောက်ကြားက မိတ်ဆက်ပေးမည့်သူမရှိဘဲနှင့် စကားပြောနိုင်ကြတယ်။ မေး မြန်းနိုင် ကြတယ်။ တယောက်တလှည့် အမည်နေရပ် ဂုဏ်ထူးတို့ကိုပြောပြီး မိတ်ဆွေဖြစ်သွားနိုင် တယ်။ ဗမာပြည် မှာ ကျောင်းတကာကြီး၊ ဘယ်အရပ်ကို ရောက်တဲ့ ပေါက်တဲ့အခါ ၀င်သွားပါအုံးဆို တဲ့ ဖိတ်ခေါ်မှုမျိုးကစပြီး အချင်းချင်း အသိမိတ်ဆွေဖြစ်သွားနိုင်ကြသလိုပါဘဲ။
အင်္ဂလန်ပြည်မှာတော့ ... လမ်းပေါ်မှာဘဲဖြစ်စေ၊ အိမ်ထဲမှာ ဟော်တယ်မှာ ဆိုင်ထဲမှာ ရုပ်ရှင်ရုံထဲမှာ အချင်းချင်း တိုးတိုးကလေးပြောပြီး သူတပါးကို မိမိတို့ အသံကြောင့် အနှောင့် အယှက် မဖြစ်စေရအောင် ဆိတ်ငြိမ်ခြင်း ကို ယဉ်ကျေးမှုတရပ် အကျင့်တရပ်အဖြစ်နဲ့ ဂုဏ်ယူကြ သော်လည်း ဥရောပ အပါအ၀င် ပြင်သစ်ပြည် ပဲရစ်မြို့မှာတော့ ဆိတ်ငြိမ်မှုကို ထပ်ပြီး အသားယူ ကြပုံမရပါ။
ကိုယ့်နှင့်နီးစပ် အသိမိတ်ဆွေချင်း လမ်းပေါ်မှာ ဟစ်အော်ခေါ်ကြသည်။ စကားဝိုင်းဖွဲ့ချင်က ဖွဲ့ကြ ပြီး ၀ါးကနဲ အော်ရယ်ချင်လည်း ရယ်လိုက်ကြသည်။
အခြားတဦးကလည်း ဒီအသံတွေကြောင့် အနှောင့်အယှက် ဖြစ်တယ်လို့ ယူဆဟန်မတူ ၊ ရှုံ့ချမျက် နှာနှင့် လှည့်၍ မကြည့်ကြပါ။ သို့မဟုတ် မသိမသာကလေး ဖယ်ခွာကြဉ်ရှောင်သွားသော အနေမျိုး နှင့် တယောက် ပြီး တယောက် ကြက်ပျောက်၊ ငှက်ပျောက်ပျောက်၍ မတွားတတ်ကြပါ။
လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း၊ ဟောဟောဒိုင်းဒိုင်း ပြောဆို ရယ်မောမှုမျိုးဟာ ချုပ်ချုပ်ချယ်ချယ် ပါးစပ်ပိတ်နေရမယ် ဆှိုလျှင် အင်မတန် စိတ်ကျဉ်းကြပ်တတ်ကြတဲ့ ဗမာရဲ့ အယူ အဆနှင့်တော့ ပြင်သစ်ကို နှစ်သက်ကြပါလိမ့်မည်။
တနေရာမှာ စိတ်ပါလက်ပါအသံ ထုတ်ရယ်လိုက်ပြီးမှ မှားများသွားလေသလား၊ ရိုင်းရာ ကြနေ သလားပါးစပ်ပိတ်ပြီး ကျီးလန်ပစာစားစိုးရိမ်စွာ မကြည့်ရတော့ပါ။
အပျော် အပါး အားကြီးတဲ့နိုင်ငံ ဖြစ်လေတော့ ညဥ့်အပျော် စခန်းတွေကလည်းမနည်းပါ။ ကာစီနိုဆို တဲ့ ဗလာကျင်း မယ်တို့ ကပွဲမျိုးတွေ၊ သောက်တော်ဖူးရယ်နဲ့ ကိုယ်မခွာသူတို့ ပျော်မွေ့ရာ ' ဘား' တွေပေါလိုက်များ လိုက်တဲ့ အရာမှာ ဒီပြည်ဒီဌာနကို ဘယ်ကမှ မှီနိုင်လိမ့်မည်မထင်။
အင်မတန်စည်ကားတဲ့ နေရာကလေးတခုမှာတော့ ဖါးကြော်ရောင်းတဲ့ ဆိုင်တခုသည်ဆိုင်က ညညမှ အကြီးအကျယ်ဖားကြော် ရောင်းပါသည်။ုဏ်သရေရှိ လူကြီးလူကောင်းတွေ၊ အရာရှိတွေ၊ နိုင်ငံခြားက လာတဲ့ ဧည့်သည်ဟာ ဒီဖားကြော် ဆိုင်ကို လာမစားဘဲ မနေနိုင်ကြပါ။ နောက်ပြီး အပျော်အပျက်လိုလိုနှင့် အ၀တ်ကို ၀တ်ချင်လို ၀တ်ထားကြသူများလည်း ရှိသေးသည်။
ဆိုင်ထဲဝင်မိလျှင် အင်မတန် အူရွှင်ပြီး ပျော်ချင်ပါးချင်ပြောင်ချင် နောက်ချင်စိတ်ရှိသည်။ သည်စိတ် မျိုးပေါ်လျှင်လွတ်လပ်စွာ ဟစ်အော် ပြောင်လှောင်ရယ်လိုက်သူကို အခြားသူများက အပြစ်မတင်ပါ။ ပျော်ရွှင်စွာ လက်ခံလိုက်သည်။
နောက်တမျိုးက ၀မ်းဘဲကင်ကို နံပါတ်စဉ်နှင့် တတ်၍ ရောင်းသောဆိုင်၊ ဤဆိုင်ကလည်းအမှုပင်၊ သူ့ဘဲကင်နံပါတ် ဘယ်လောက်ရှိသည် ဆိုဒါကို အသားယူထားပြန်သည်။
စားသွားသူ ကလည်း ဤဘဲကင်ဆိုင်မှာ အမှတ် ဘယ်နှစ်သိန်းမြောက် ဘဲကင်ကို စားခဲ့သည်ဟု မှတ်တမ်း တင်လိုက်သေး၏။ ဖန်နန်းရှင် - မှန်နန်းရှင် ဆိုတဲ့ စကားတွေ ဆိုဒါဟာ ဗမာပြည်မှာ အမရပူရခေတ် ဘကြီးတော်ဘုရားလက်ထက်က သုံးစွဲခြ့တဲ့ တော်ဝင် စကားတရပ်ဖြစ်စေကာမူ ပြင်သစ်မှာတော့ အိမ်တိုင်း၊ ဆိုင်တိုင်း၊ နေရာတကာတိုင်းမှန်နန်းရှင်တွေကြီးပါဘဲ။
မှန်ပေါတဲ့ အရပ်ဆိုတော့ အနံ-အလျားကြီးတဲ့ မှန်ကြီးတွေကိုဗမာပြည်က ကျူထရံ တချပ် ၀ယ်သလို ဈေးပေါပေါ နှင့် အလွယ်တကူ ၀ယ်ယူရရှိနိုင်တဲ့အတွက် အထူးအဆန်းတော့ မဟုတ်ပါ ဘူး။
ဒါပေမယ့် မှန်ရှားတဲ့ အရပ်က လူတွေလာရင် ခဏခဏ အူကြောင်ကြောင် ဖြစ်သွားတယ်လို့ သိရ တယ်။
တချို့အမှတ်မဲ့ ဆိုင်ကြီးတခုထဲ ၀င်သွားရင် ဒိတ်ကန့ နဖူးနဲ့ တိုက်ကြသတဲ့။ မှန်းရိပ်တွေဟာ လူကို အမြဲလှည့်စားနေကြတယ်။ တော်ရုံတန်ရုံ အခန်းတခုဟာ လေးမျက်နှာမှာ မှန်ကြီးတွေကလည်း ခြား ထားတော့ ဧရာမ အခန်းကျယ်ကြီးတွေထင်ရတယ်။
လူပရိသတ် အသင့်အတင့် ထိုင်နေလျှင်လည်း လူတွေ အများကြီးလို တွေ့မြင်နေရပြီး ၀င်လာတဲ့ လူကိုရုတ်တရက်မျက်စိလှည့်စားခဲ့တဲ့အတွက် ခြေလှမ်းကိုအလွဲ အမှားဖြစ်သွားစေတယ်။
ပဲရစ်မြို့က ဆိုင်တွေ ကန္နားတွေနှင့် အလုပ်ရုံတွေမှာ ဆိုရင် အလုပ်လုပ်သူများဟာ လူ ၁၀၀ မှာ ၃၀ လောက်သာ အင်္ဂလိပ်စကားပြောတတ်သူများကို တွေ့ရပါသည်။
ကုန်တိုက်ကြီးတွေမှာ အင်္ဂလိပ်စကားပြောနိုင်သူတွေကို နိုင်ငံခြား ဧည့်သည်များနှင့် ဆက်ဆံနိုင်ရန် တခန်း တဌာန လျှင် နှစ်ယောက် သုံးယောက် ထားရပါသည်။
သို့နှင့်ပင် သူတို့မှာ လက်မလည်နိုင်အောင် မေးရဖြေရနှင့် ဖြစ်နေရှာရပါသည်။
လန်ဒန်မှာ ဟုတ်ကဲ့ဆိုတဲ့ စကားမျိုးတွေ အမေရိကန်မှာ ယပ်၊ အိုကေ၊ ရှူးဝါးဆိုတဲ့ ဟုတ်ကဲ့ရဲ့ အစ ပြင်သစ် မှာ ' ဟုတ်ကဲ့ ' ကို ၀ီဝီနဲ့ တ၀ီထဲဝီ၍ နေရှာသည်။
တည်းခိုသော (ဗစ်တာစိမ့် ဟိုနိုးရေးဒလူး) ဟော်တယ်မှာ နံက်စာကိုသာစားသည်။ အနားနီးသော ပြင်သစ်ဟော်တယ်တခုမှာတော့ ငါးကောင်လုံးကျော်က ကောင်းလှသဖြင့် ကြုံတိုင်းဝယ်၍ စားကြ သည်။
၎င်းဆိုင်က စားပွဲထိုး ပြင်သစ် လူငယ်များမှာ ခါးတွင် ဖဲနီစကြီးများပတ်၍ လည်ပင်းလည် အနီစကို စီးလျှက် ယူနီဖောင်း သဖွယ် ၀တ်ဆင်ထားကြသည်။ သူတို့မှာ အင်္ဂလိပ်လို မပြောတတ်သော်လည်း ဖော်ဖော်ရွေရွေ အမူ အယာနှင့် ဧည့်ဝတ်များ ကျေပြွန်လေသည်။
ပြင်သစ်ငါးကြော်ကို အရိုးတချောင်းမှ မကျန်ရစ်အောင် ခရင်းတချောင်းနဲ့ ကိုင်၍ ကျင်လည်စွာ အကောင် မပျက်ပင် ပေးလေ့ရှိသော စားပွဲထိုးကလေးကို ပြုံးချိုဟု၍ပင် အမည်ပေးခဲ့ရသည်။
ပြုံးချို၏ မျက်နှာမှာ နံမည်ကြီးဟောလိဝုဒ် ရုပ်ရှင်မင်းသား အဆိုကျော် မာရိုလင်ဆာ၏ မျက်နှာနှင့် ခပ်ဆင်ဆင်တူသည်။ သူတို့ ဟော်တယ်နှင့် ပြုံးချိုကို အမှတ်တရ ရှိစေရန် တိုက်အပြင်ဘက် ပလက်ဖောင်း ပေါ်ထိ ပန်းပင်၊ ပန်းအိုတို့နှင့် ၀င်းထရံသဖွယ် နယ်ချဲ့ထားသော သူ့ဟော်တယ် ရှေ့မှာပင် ဓာတ်ပုံ ရိုက်ယူ ခဲ့ရသည်။
သူတို့ဟော်တယ်မှာ စားစရာ စာရင်းလာချတိုင်း ပြင်သစ်လိုရေးထားသောကြောင့် မဖတ်တတ် သော အခက်အခဲကို သူတို့ကလည်း အင်္ဂလိပ်လို ပြန်မပြောတတ်ချေ၊ မဖြေရှင်းနိုင်ပေ တခါတရံ စားပွဲ နီးချင်း ပြင်သစ်ကလေးက အင်္ဂလိပ်လိုတတ်၍ ဘာသာပြန်ပေးမှ မှာရန်ဟင်းများကို နားလည် သည်။
ဘာသာပြန်ပေးမည့်သူ မကြုံလျှင်ကား ဆိုင်မန်နေဂျာ လင်မယားက မီးဖိုအခန်းထဲ လက်တို့ခေါ် သွားပြီး ပြင်ဆင် ချက်ပြုတ်ထားတာတွေ လက်ပြ ခြေပြနဲ့ ပြောပြတော့မှ သဘောကျရာကို လက်ပြ ခြေပြနဲ့ပင် မှာခဲ့ ရတော့ သည်။
ထိုရက်အတွင်းတွင် သံအမတ်ကြီး ကျလာသောကြောင့် ဗမာပြည်က မစ်ရှင်တွေ တသုတ်ကြီး ကျ လာသောကြောင့် သွားကြိုရ၊ နေရာထိုင်ခင်းပြင်ဆင်ရ၊ သွားလိုရာ လိုက်ပို့ပေးရ ဗမာစာများ တည်ခင်း ကျွေးမွေးရ၊ သံရုံး တရုံးလုံး အလုပ်ရှုပ်လျက်ရှိကြသည်။
ထိုအထဲကပင် တနေပ သံရုံးအရာရှိ ဦးစိုးတင်တို့ ဇနီးမောင်နှံက သူတို့အိမ်မှာ ဗမာထမင်း ဘိတ် ကျွေးရှာ သေးသည်။ ဦးတင်စိုး ဇနီးမှာ ပြင်သစ် စကားကို၎င်း၊ ပြင်သစ် ဖားကြော်နည်းကို၎င်း၊ ကောင်းကောင်း တတ်နေ ပါသည် ဦးဇော်ဝင်း၏ သားသမီးများကတော့ ခလေးတွေ ဖြစ်သောကြောင့် ပြင်သစ်စကားကိုပို၍ သွက်လက် နေကြပါသည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၅)
အခန်း (၁၅) တွမ့်သခင်သစ်နှင့် ဖြစ်ရပ်အဖုံဖုံ
တွမ်၏ သခင်သစ်ဖြစ်သော အောဂတ်စတင်း စိန့်ကလဲယားသည် သူကြွယ်ကလေးတယောက် ဖြစ်သည်။ သူသည် လူဆီယားနားနယ်က  ၀ါဂွမ်းစိုက်ခင်းပိုင်ရှင်တဦး၏ သား ဖြစ်သည်။ သို့သော် ငယ်စဉ်ကပင် ကျန်းမာရေး ချို့တဲ့သဖြင့် စိန့်ကလဲယားသည် ဗားမောင့်တွင် နေထိုင်သော ဦးလေး ဖြစ်သူထံ၌ သွားရောက် နေထိုင် ၍ ပညာသင်ယူခဲ့ရ၏။
    ထိုစဉ်မှာပင် သူသည် ချစ်ဦးသူးကို တွေ့ခဲ့သည်။ ထိုချစ်သူသည် သူ့ဘ၀၏ အဖော်မွန် ဖြစ် ၇မည်ဟု သူ မှတ်ယူ ခဲ့သည်။ သို့ဖြင့် သူတို့သည် ချစ်ကတိထားခဲ့ကြသည်။ ထို့နောက် သူသည် ချစ်သူနှင့် လက်ထပ်ရေး ကိစ္စများကို စီစဉ်နေစဉ်မှာပင် သူသည် ချစ်သူထံသို့ ချစ်သ၀ဏ်များ အဆက်မပြတ် ရေးသား ပေးပို့ ခဲ့လေသည်။ သို့သော် သူ့စာများသည် သူ့ချစ်သူထံသို့ မရောက်ကြ ပေ။ သူ့ထံသို့သာ ပြန်လည် ရောက်လာကြ၏။ ထိုသူ့ထံသို့ ပြန်ရောက်လာကြသော ချစ်သူံထံ ပေးစာများနျင့် အတူ ချစ်သူ၏ မိဖများ ထံက စာတစောင်ကိုလည်း သူဖတ်ခဲ့လေသည်။ ထိုစာကား သူ့ချစ်သူ  လက်ထပ်သွားပြီး ဟူသော အကြောင်း ပင်တည်း။
    ထိုအခါ စိန့်ကလဲယားသည် ရပ်တည်ရာမရ ဖြစ်ရလေတော့သည်။ ထို့ကြောင့်ပင် သူသည် ချစ်သူအတွက် မခံမရပ်နိုင် ဖြစ်သောစိတ်ဖြင့် သူ့ဝေဒနာကို ကုစားရန် ကြိုးစား၏။ သူ့ကိုယ့်ကို အပေါင်းအသင်း အသိုက်အ၀န်း လောကထဲသို့ မျှောချလိုက်သည်။ ဤနည်းဖြင့် ချစ်သူကို မေ့ဖို့ ကြိုးစားသည်။ ထိုသို့ ကြိုးစားရင်းပင် သူသည် လှသော၊ ကြွယ်ဝသော မိန်းကလေးတယောက်နှင့် တွေ့လေသည်။ ထိုမိန်းကလေးကို သူ လက်ထပ် ယူလိုက်သည်။ ဤသို့ဖြင့် သူသည် သူ့အပေါ် သစ္စာမဲ့ သွားသော ချစ်သူ အား မေ့ပျောက်ပစ်နိုင်မည်ဟုလည်း မျှော်လင့်ခဲ့လေသည်။
    သို့သော် သူ့အဖြစ်သည် သူမျှော်လင့်ထာသလို ဖြစ်မလာပေ။ သူတို့ လက်ထပ်ပြီးစ ကြင်စဦး အပျော်ခရီး ထွက်ခိုက်မှာပင် သူသည် ဘယ်အခါမျှ မေ့ပျောက်ရနိုင်မည် မဟုတ်သော လက်ရေးဖြင့် စာတစောင်ကို လက်ခံရရှိလေသည်။ ထိုစကာကား ချစ်ဦးသူဆီကစာ ဖြစ်သည်။ ချစ်ဦးသူသည် သူ့အဖြစ်မှန်ကို ရေးလာခြင်း ဖြစ်၏။ နှစ်ဖက်မိဖများ၏ အဆက်ဖြတ်မှုကြောင့် စာ အဆက်အသွယ်များ ပြတ်ခဲ့ပုံ၊ ထို့ကြောင့် အဖြစ်မှန် များကို တဦးနှင့်တဦး မသိခဲ့ရပုံ၊ ဤသို့ဖြင့် ချစ်သူနှစ်ဦး အထင်မှား အမြင်မှား ဖြစ်ကာ ကွေကွင်း ကြရပုံ၊ မည်သို့ဖြစ်စေ သူ့အနေနှင့် မျှော်လင့် စွဲလမ်းနေဦးမည် ဖြစ်ကြောင်း။
    သူသည် ချစ်ဦးသူထံမှ စာကို ဖတ်ရသဖြင့် စိတ်အထိခိုက်ကြီး ထိခိုက်ရလေတော့သည်။ သို့သော် သူအဖို့ စိတ်သောက ဝေဒနာကို ခံစားရရုံမှအပ သူ ဘာမျှ မတတ်နိုင်တော့။ ထို့ကြောင့် သူသည် ချက်ချင်းပင် ချစ်ဦးသူထံသို့ အခြေအနေ အားလုံးမှာ နောက်ကျသွားပြီ ဖြစ်ကြောင်း၊ အကြောင်းစုံသိရ၍ သူစိတ်ဒုက္ခ ရောက်ရ ကြောင်း၊ သို့သော် ယခုအခါ သူ လက်ထပ်လိုက်ပြီဖြစ်၍ အားလုံးကို မေ့ပျောက်ကာ သည်ဘ၀ သည်မျှ နှင့် ဇာတ်သိမ်းကြရန် စာပြန်ကြားလိုက်၏။
    ဤသို့ဖြင့် သူ့စိတ်ကူးဘ၀သည် ပျက်ပြားခဲ့ရလေသည်။
    မည်သို့ဆိုစေ၊ လူ့ဘ၀၌ အရေးကြီးသော ကိစ္စရပ်များသည် ၀ိုင်းဝိုင်းလည်လျက် ရှိမြဲ ဖြစ်၏။ လူသည် စားရေး သောက်ရေး ၀တ်ရေး ကိစ္စများကို ဆောင်ရွက်ရသည်။ သွားကာ လာကာ လည်ပတ်ကာနှင့် နေကြ ရသည်။  ရောင်းမှု ၀ယ်မှု ကိစ္စသည်လည်း လူ့ဘ၀တွင် တစိတ်တပိုင်း ပါဝင်၏။ စကားပြောကာ စာဖတ်ကာ နှင့် လူ့ဘ၀ကို ဆက်လက်ရှင်သန်နေကြရသည်လည်း ဖြစ်၏။ သို့ဖြစ်ရာ ဤအရေးကိစ္စတို့သည်ပင် လူ့ဘ၀ ၏ အသက်ရှင်နေထိုင်ရေးကိစ္စရပ်များ ဖြစ်လာကြလေ သည်။ ထို့ကြောင့်လည်း စိန့်ကလဲယား၏ ဘ၀သည် ဆုံးခန်း မတိုင်သေးဘဲ ဆက်လက် ရှင်သန်နေ ခဲ့ရခြင်း ဖြစ်လေသည်။
    သို့စေကာမူ သူတို့၏ လက်တွေ့ အိမ်ထောင်ရေးဘ၀သည် ထိုစဉ် ကြင်စဉ် အပျော်ခရီးမှာ ပင် စိတ်မချမ်း မြေ့ စရာများကို စတင် ရင်ဆိုင်ရလေတော့သည်။
    စင်စစ်တော့လည်း မေရီသည် မိမိလို ရုပ်ချော ဥစ္စာပေါ တယောက်ကို လက်ထပ်ရယူခဲ့ သော ယောက်ျား တယောက် သည် ကံအကောင်းဆုံး ယောက်ျား ဖြစ်ရမည်။ ထိုယောက်ျားမျိုးသည် မိမိကို အသည်း နင့်အောင် ချစ်ရမည်။ အရေးတယူ ဂရုတစိုက်ရှိရမည်ဟု နဂိုကတည်းက အစွဲ အမှတ်ထားရှိခဲ့သူ ဖြစ်သည်။ သို့ပါလျက် ဤအိမ်ထောင်ဦးကာမျိုး၌ စိတ်နှလုံး ညှိုးချုန်းကာ လူမမာတယောက် အသွင်ဖြင့် မိမိကို ပစ်ပယ် ထားရက်သော လင်သားကို တွေ့ရပြီ ဆိုသောအခါ မေရီ မခံရပ်နိုင်တော့။ လင်သား၏ ဝေဒနာကို သူ မသိ။ သိသည့်တိုင်အောင်လည်း သူကုစားဖို့ အားထုတ်မည် မဟုတ်။ ချစ်ခြင်းမေတ္တာ၌ သူကသာ ပိုင်ဆိုင်ရမည်၊ သူက ပေးအပ်ရန် မလို အကြင်နာ အယုယကို သူကသာ ခံယူသင့်သည်။ သူက ကြင်နာယုယစရာမလိုဟု သဘောထား သူ မျိုး ဖြစ်၏။
    ဤသို့ဖြင့် သူတို့အိမ်ထောင်ရေးသည် ထိုကြင်စဦးကာလမှာပင် စိတ်မချမ်းမြေ့စရာ စ၍ ဖြစ် ခဲ့ရ လေသည်။
    မကြာမီပင် စိန့်ကလဲယားဘ၀သည် တရေးနိုးဖြစ်ကို ရင်ဆိုင်လာရလေသည်။ ထိုအဖြစ် ကား သမီးငယ်ကို ဖွားမြင်ခြင်းပင်း အမှန်ပင် သမီးငယ်ဖွားမြင်လာပြီဆိုသောအခါ စိန့်ကလဲယား၏ ဘ၀သည် နိုးထလာခဲ့ ရလေသည်။ သမီးငယ်ကြောင့် သူ၏ မေတ္တာပန်းသည်လည်း ပြန်လည် လန်းဆတ်ခဲ့ရ၏။ မှန်သည်။ သူကိုယ်တိုင် မိခင်၏ မေတ္တာရိပ်ကို ခိုလှုံကြီးပြင်းလာခဲ့ရသူဖြစ်ရာ သမီးအား မိခင်အပေါ်ထားသော မေတ္တာကရုဏာမျိုးဖြင့် တွယ်တာလာခဲ့မိလေသည်။ သမီးငယ်ကို မိခင်ဝင်စားသည်ဟုပင် ထင်မှတ် လာသည်။ ထို့ကြောင့် သမီးငယ်အား မိခင်၏ အမည်ဖြစ်သော အီဗာဂယ်လင်ဟူသော အမည် ပေးခဲ့သည်။
    ထိုသို့ ဖခင်က သမီးအပေါ်မှာ မေတ္တာထားသည်ကို မြင်ရသောအခါ လင်သား၏ အကြင်နာ အယုယကို မခံယူရသော မေရီသည် သမီးရင်းကိုပင် မနာလိုဝန်တို ဖြစ်လာသည်။ မိမိကို ကြင်နာယုယမှုမပြပဲ သမီးပေါ် ၌ သာ အကြင်နာပို အချစ်ပိုနေခြင်းအတွက် မနှစ်မြို့နိုင် လောက်အောင် ဖြစ်လာသည်။ မိမိ လင်သားကိုပင် မိမိ ပို၍ နာကျည်းလာသည်။ ထို့ကြောင့် သူ့စိတ်သည် ဘယ်အခါမျှ မကျေချမ်း။ လင်ကိုလည်း မကျေနပ်။ သမီး ကိုလည်း မနာလိုတော့။ သို့ဖြင့် အလိုလိုနေရင်း သူရောဂါရလာသည်။ အားအားရှိလျှင် သူ ခေါင်းကိုက်သည်။ အိပ်ရာမှာ လှဲ နေလိုက်သည်။ အိမ်မှုကိစ္စအစ သမီးကို ပြုစုရမည့်ကိစ္စ အားလုံးကိုပါ သူ ပစ်ထားလိုက်သည်။ မေရီ သည် ဘာဆိုဘာမျှ ပြန်မကြည့်တော့။
    စိန့်ကလဲယားသည် မေရီနှင့် ပတ်သက်၍ မည်သည့်အခြေအနေမျိုးကို ရင်ဆိုင်ရစေကာမူ သူ မတုန် လှုပ်ချင်။ သို့သော် သမီးငယ်ဘ၀ ဖရိုဖရဲ ဖြစ်ရမည်ကိုကာုး သူ စိုးရိမ်၏။
    ထို့ကြောင့်ပင် သူ ခရီးထွက်ခဲ့ရာတွင် သမီးကို အိမ်၌ မိခင်နှင့်အတူ မထားခဲ့ရက်။ သမီးကို သူနှင့် တပါတည်း ခေါ်လာခဲ့သည်။ သူသည် သူ့ဦးလေးရှိရာ ဗားမောင့်သို့ လာခဲ့ခြင်း ဖြစ်သည်။ သည်မှာ သူသည် သူ့အမ ၀မ်းကွဲ မစ္စအော်ဖီလီယာကို တွေ့ရခြင်း ဖြစ်သည်။
    ထိုအမသည် မောင်ငယ် စိန့်ကလဲယားကို ငယ်စဉ်ကတည်းက စောင့်ရှောက်ခဲ့သည်။ ပြုစု ခဲ့သည်။ မေတ္တာလည်း ပိုခဲ့သည်။ ထို့ပြင် အော်ဖီလီယာသည် စိတ်ထား သိမ်မွေ့သည်။ သဘော ထား ပြည့်သည်။ မိခင် ၏ မေတ္တာ အကြင်နာ အယုအယဖြင့် စိတ်နှလုံး ချမ်းမြေ့ရမည်ဟု သူ သဘောရ၏။ ထို့ကြောင့်ပင် သူသည် သမီးကို စောင့်ရှောက်ပြုစုပေးနိုင်ရန်အတွက် ဗားမောင့်က အပြန်တွင် အမဖြစ်သူ အော်ဖီလီယာ ကို တပါတည်း ခေါ်လာခဲ့ခြင်း ဖြစ်သည်။
    ယခုမူ စိန့်ကလဲယားသည် သမီးအီဗာအတွက် မိတ်ဆွေသစ်တယောက်ကိုပါ ထပ်မံ ဆောင်ကြဉ်း၍ မိမိအိမ် သို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။
    ရထားသည် ခြံဝင်းကျယ်ကြီးထဲသို့ မောင်းဝင်လာသည်။ ခြံဝင်း၏ အလယ်၌ ရေပန်းများ ဖြာ ထွက်နေ၏။ ရထားသည်။ အလွန်ကြီးမားခန့်ထည်သော အိမ်ကြီး၏ ဆင်ဝင်အောက်တွင် ရပ်လိုက် သည်။ တွမ်သည် လှပ ခမ်းနားသော ခြံဝင်းနှင့် အိမ်ကြီးကို မြင်လိုက်ရသဖြင့် အတော်ကြီး သဘော ကျသွားသည်။
    ခဏချင်းပင် အိမ်တွင်းမှ ကျေးကျွန်များ ထွက်လာကြသည်။ သူတို့သည် သခင်ပြန်လာ၍ ၀မ်းပန်းတသာ ဆီးကြိုကြခြင်း ဖြစ်သည်။ ရထားပေါ်က ပစ္စည်းများကို ၀ိုင်းဝန်းချကြလေသည်။
    စိန့်ကလဲယားသည် အမအော်ဖီလီယာကို ဧည့်ခန်းသို့ ခေါ်လာသည်။ စောစောကတည်းက လှောင်အိမ်မှ ပျံထွက်အံ့ ဆဲဆဲ မြူးကြနေသော အီဗာသည် ရထားပေါ်က ဆင်းသည်နှင့် လှောင်အိမ်က လွတ်သော ငှက်တကောင် လို အိမ်ကြီးအတွင်းပိုင်းသို့ ပြေးဝင်လာခဲ့ သည်။
    မေရီသည် အခန်းတွင်းသို့ သမီးဝင်လာချိန်တွင် အိပ်ရာ၌ လှဲနေရာမှ ထမည့်ဟန် ပြုသည်။ အီဗာသည် အမေ့ ကို တွေ့ရလျှင် ၀မ်းသာအားရစွာဖြင့် အမေ့ရင်ခွင်သို့ ပြေးဝင်သည်။ အမေ့ လည်ပင်းကို ဖက်သည်။ အမေ့ပါးပြင် ကို နမ်းရန် ကြိုးစားသည်။
    "အို၊ ဒီလို မလုပ်ပါနဲ့လေ။ မေမေ နေမကောင်းဘူး ပြောထားတယ် မဟုတ်လား။ မေမေ ခေါင်းကိုက် အောင် မလုပ်စမ်းနဲ့ကွယ်" သမီး၏ နှုတ်ဆက်အနမ်းကို ဆီး၍ တားသည်။
    ထိုအခိုက်မှာပင် စိန့်ကလဲယားနှင့် အော်ဖီလီယာတို့ ၀င်လာသည်။ စိန့်ကလဲယားသည် ဇနီးအား တယုတယ ပွေ့ဖက်နှုတ်ဆက်ပြီး အမဖြစ်သူနှင့် မိတ်ဆက်ပေးသည်။
    မကြာမီပင် တအိမ်လုံးရှိ ကျွန်များ ရောက်လာသည်။ စိန့်ကလဲယားနှင့် လီဗာတို့သည် ရောက်လာသမျှ လူများကို နှုတ်ဆတ်သည်။
ထို့နောက် စိန့်ကလဲယားသည် တွမ်ကို လှမ်းခေါ်လိုက် သည်။
    "ဟောဒီမှာ မေရီ။ မင်းတို့ ရထားမောင့်မယ့်လူတယောက် ကိုယ်ခေါ်လာတယ်။ ကြည့်စမ်း ပါအုံးကွ။ မင်းစိတ်ကြိုက် ဖြစ်မယ့် ရထားသမ ဖြစ်ပါလိမ့်မယ်။ သူက အရက် လုံးဝမသောက်ဖူး"
    သည်တော့မှပင် မေရီသည် မျက်လုံးအစုံကို ဖွင့်ကြည့်သည်။ ပြီးလျှင် တွမ်နှင့် ပတ်သက်၍ မှတ်ချက် ချလိုက်သည်။
    "သူ အရက်သောက်မယ့်ပုံပါဘဲ"
    "မသောက်ဖူး။ အရက် လုံးဝ မသောက်ဖူးကွ။ စိတ်ထဲ စိတ်ချရပါတယ်"
    "ကျမတော့ မယုံပါဘူး"
    ထို့နောက် စိန့်ကလဲယားသည် ကျွန်တယောက်အား ဦးလေးတွမ်အတွက် နေရာချထားပး ရန် ပြောပြီး နောက် မယားဖြစ်သူအနားသို့ လာကာ
    "ကဲ မေရီ၊ ပျော်ပျော်ရွှငရွှင် နေစမ်းကွယ်။ စကားကလေး ဘာလေးလဲ ကောင်းကောင်း ပြောရအောင်။
    "ရှင် သွားတာကလဲ ကြာလိုက်တာ"
    "အိုကွယ်။ ကိုယ် ဘာကြောင့် ကြာရတယ်ဆိုတာ စာရေးလိုက်သားဘဲ ဟာ"
    "ဒါ ရှင့်ထုံးစံဘ။ ခရီးရှည်ရှည်သွားသလောက် စာကိုကျတိုတို ဘဲ ရေးနေကျဘဲဟာ"
အခန်း (၁၆) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Monday, June 28, 2010
ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၇)
ဒီနေ့တော့ ရွှေစင်ဦး http://www.shwezinu.com လေး ရတဲ့ အထိမ်းအမှတ် အဖြစ် အညာဟင်း လေး နဲ့ ဧည့်ခံပါတယ်ဗျာ...တောင်းဆိုသူ များလည်း ဆန္ဒ ပြည့်ဝပါစေ...။
အလုပ်တခု အောင်မြင်သွားတဲ့ အခါ မှာ ကျေးဇူးတင်ထိုက်သူများ ကို ကျေးဇူးတင်စကားပြောရပါတယ် ..... ပထမ ဆုံး ကျနော့်ရဲ့ ဘလောဂ့်လေးမှာ စာလာဖတ်ကြ ... လာလည်ကြတဲ့ ချစ်မိတ်ဆွေများပါ... ကျနော် ဟာ မိတ်ဆွေ များ အဲလို အားပေးကြတဲ့ အတွက် ဆက်လက်ပြီး ရှင်သန်ချင်တဲ့ စိတ်ကြောင့် ဒီ .com လေး ကို တည်ဆောက်ပါတယ်...။
ဒုတိယ ကတော့ တည်ဆောက်တဲ့ အခါ အကူအညီ ပေးခဲ့ကြတဲ့ ကိုးကိုးအိမ် နတ်ဆိုးလေး  မိုးကောင်းကင် ညီမချော (အစိမ်းရောင်လွင်ပြင်) ပိုင်ရှင် ဘလော့ဂါ များအားလည်း အထူးကျေးဇူးတင်ရှိပါတယ်...။
နောက်ဆုံး ကျေးဇူးတင် စကားပြောကြားရမဲ့ သူများကတော့ ကျနော့် ဘလော့ဂ် လေး ဖွင့် မရတဲ့ အတွက်  စိတ်ပူခဲ့ ကြသူများ နဲ့  မေးလ် ဂျီတော့ စီဘောက်စ် မှ တဆင့် သတင်းမေးခဲ့ .... ပေးခဲ့ ကြတဲ့ မိတ်ဆွေ အားလုံး နဲ့ ပို့စ် တခု သီးသန့် တင်ပြီး စိတ်ပူပေးတဲ့ ညီမငယ် ဧပယ်လ်ဖူး ပူးတေ လေးအားလည်း ကျေးဇူးတင်ရှိပါတယ်ဗျာ... ကျနော့် ရဲ့ စိတ်လောကြီး မှု့ကို သီးခံ ဖြေရှင်း ပေးခဲ့ကြတဲ့ သက်ဆိုင်သူ များကို လည်း ကျေးဇူးပါ....   အားလုံး အားလုံး ကျေးဇူးပါ....။
သြ ... အရေးကြီးသူများ ကျန်နေတော့ မလို့ ရွှေစင်ဦး ရဲ့ အခု ဆိုရင် ချက်ခြင်း အလိုလိုက် ပေးကြတဲ့ ချစ်ချစ်ကြီး နဲ့ ချစ်ညီမ (စည်းစိမ်ရှင်) တို့ကိုလည်း ကျေးဇူးပါ.. နောက်လည်း လိုအပ်ရင် ဒီလိုဘဲ အလိုလိုက် ကြ ပါနော်....။
ကဲ ဒီနေ့ အညာဟင်းလေး ချက်လိုက်ကြရအောင်
ကျနော်တို့ မန္တလေး မှာ ဒီလိုအချိန် (ဝါဆို ဝါခေါင်) ဆိုရင် လေကြမ်းကြမ်း တွေ တိုက်ပါတယ်.... ဒါဆိုရင် မန္တလေး ကလူတွေ အားလုံး ရေကြီး ပြီ ဆိုတာ သိကြပါပြီ... ဒါမှမဟုတ်ရင်လည်း တယောက်နဲ့ တယောက် သတင်း ပေးနေကြပါတယ်... မြစ်ဆိပ် မှာ ရေတွေ တက်နေပြီဟေ့ ဆိုရင် အားလုံး သဘောပေါက်ကြပြီး.. ကိုယ် အားတဲ့ အချိန် မှာ ကိုယ့် ဆိုင်ရာ ဆိုင်ရာ များနဲ့ မြစ်ဆိပ် ကို သွားပြီးတော့ ရေကြည့်ကြပါတယ်... လမ်းဘေးမှာ ကပ်လာတဲ့ သဘောင်္ကြီးတွေ ကို ငေးကြပါတယ်.. ဒါ မန္တလေး ထုံးစံ ပါ....။
နောက်ပြီး မြစ်ဆိပ် မှာ စစ်ကိုင်းသွားတဲ့ လမ်းတလျှောက်ပေါ့လေ... ငါး ပုဇွန်တွေ ဖမ်းနေတာ ကြည့်ရင်း အပြန်ကြ... ဝယ်ပြန်လေ့ရှိပါတယ်.. ဟင်းသီးဟင်းရွက် ဝယ်ချင်ရင်လည်း ရေမြုတ်သွားတဲ့ ရှမ်းကလေး ကျွန်း ရှေ့က လမ်းဘေး မှာ အကုန်ဝယ် လို့ ရပါတယ်...။
အိမ်ရောက်ရင် ချက်ပြုတ်စားသောက်ကြပြီး ရေတွေ အကြောင်း သတင်းလုပ်ပြောကြပါတယ်... ကျနော် လည်း မန္တလေးသူပါ ... နောက်ပြီး ကျနော် က ရေတွေကို ချစ်တယ်... ဧရာဝတီ ကိုချစ်တယ် ငယ်ငယ်တုန်း က ဆိုရင် သဘောင်္ တစီး ဝယ်ပြီး မြစ်ထဲမှာ သဘောင်္ ကို အိမ်လုပ် နေဘို့ ကို စိတ်ကူးရှိတယ်... ၊ သွားချင်ရာ သွား အချိန်တန်ရင် ကပ်ချင်တဲ့ ကမ်း ကပ်ပေါ့ ... ဘဝကို ရေထဲမှာ အဲလို ကို ဖြတ်သန်းပြစ်ချင်တာပါ... ။
တနေ့က ညီမ Rita(Evergreen) ရေးတဲ့ ပိုစ် တခု မှာ မြို့မှာ ရေကြီးတဲ့ အကြောင်း ပျော်စရာ လွမ်းစရာ လေး ရေးထား တယ်.. ကျနော် လည်း ရေတွေကြည့်ဘို့ သတိရသွားတယ်.... မနေ့က နဲနဲ အလုပ်ပါးတာနဲ့ သွားလိုက် တယ်... ရေ တွေ တက်နေပါပြီ... သဘောင်္တွေ လည်း လမ်းဘေးမှာ ရောက်စပြုနေပါပြီ.... အပြန်ကြ ... ပုဇွန် တွေ ဝယ်လာတယ်.. ဒီနေ့ ချက်စားပါတယ်... ၊  အသား မစား ငါး မစား တဲ့ ချစ်ချစ်ကြီး ကို  တခါ တလေ ကျွေးရတာပါ...   စားသွားကြပါနော်... ကဲ ပုဇွန် ဟင်းက တခွက် ... ။
နောက်တခါ မန်းကျီးသီး စိမ်းချက်လေး စားချင်လို့ ဈေးကဝယ်ခဲ့ဘို့ မှာ လိုက်ပါတယ်.. ကျနော်တို့ အညာမှာတော့ မန်းကျီးသီးစိမ်း ပေါ်ချိန် ရောက်ရင် မန်ကျီးသီးစိမ်းချက်ကတော့ နေ့တိုင်းလိုလို ချက်ပါတယ်... ထမင်းဝင်တဲ့ အပြင် လူတိုင်း ကြိုက်ကြတာကိုး....
ကဲ မန်းကျီးသီး စိမ်းလေး ချက်ရအောင်....
မန်းကျီးသီး နုနုလေး တွေကိုအညှာလေး တွေ ချွေပြီး ရေစင်စင် ဆေးပါတယ်... ရေစစ်အောင် လုပ်ပြီးရင် နဲနဲခြင်း ညက်နေအောင်ထောင်းပါတယ်... ထောင်းတဲ့ အချိန်မှာ ဆားလေး နဲနဲ ခြင်းစီ ထဲ့ ထောင်းရ ပါတယ်... အရောင်ညို မသွားဘဲနဲ စိမ်းစိမ်းလေး ဖြစ်နေအောင်ပါ...။
ကြက်သွန်ဖြူ နီ ဆီသတ် ပါတယ်... ငရုပ်သီးကြမ်း ပုဇွန်ခြောက် (အခုတော့ ပုဇွန်စို သေးသေးလေး တွေ ထဲ့ထားပါတယ်) ငပိ အချိုမှုန့် ထည့်ပါတယ်... မန်ကျီးသီးထောင်းထားတာ ထဲ့ပါတယ်... ၊ ရေနဲနဲလေး ထဲ့ ပြီး ခြောက်အောင် ကြော်ရပါတယ်... ကျက်ခါနီးရင် ငရုပ်သီးစိမ်း လေး အုပ်လိုက်ပါတယ်... ကောင်းမှ ကောင်းပါ .. စားလို့ရပါပြီဗျာ.. မန်ကျီးသီးစိမ်း ကြော်တခွက်.....။
နောက်တခွက်ကတော့ ဆန်လှော် မျှစ်စိမ်း ဟင်းရည်ပါ... မျှစ်စိမ်း တွေ လက်ဆောင်ရတာနဲ့ ၂ရက်လောက် ရေမြုတ်အောင် ထဲ့ ပြီး အခါးရည်ထွက်သွားအောင် စိမ်ထားပါတယ်... နောက်ပြီး ဆားရည် ထဲမှာ ခပ်ပါးပါး  လှီးထားရပါတယ် ... ချက်တဲ့ အခါ ဆန် လက်တဆုတ်လောက် အရင်ဆေး ပြီး အိုးထဲမှာ နဲနဲလေး ညိုလာအောင် လှော်ပါတယ်.. ဆန်လှော်နံ့ လေးမွှေးလာမှ... ဆီလေး တပေါက်နှပေါက်.. ကြက်သွန် ဖြူနီ လေးနဲနဲ ထဲ့ ပုဇွန်ခြောက်ထောင်း ထဲ့ရပါတယ် တချို့လည်း ပုဇွန်အစို ထဲ့ ပါတယ်... ပြီးမှ မျှစ်ထဲ့ ပြီး မွှေးလာအောင် ဟင်းရည်ကျအောင် တည်ရပါတယ်ဗျာ.. ကဲစားကြစို့ မျှစ်စိမ်း ဆန်လှော်ဟင်းရည် တခွက်...။
ရွှေစင်ဦး ကတော့ ထမင်းတောင် သိပ်မစားဘူး ဆန်လှော်ဟင်း သောက်တာများတယ်.. အရမ်း ကြိုက် ပါတယ်..။
နောက်တခွက် ကတော့ ငါးချဉ် အစိမ်းသုတ် ပါဘဲ.. ဒါကတော့ အိမ်မှာ ခဏ ခဏ သုပ်နေကြဆိုတော့ သုပ် မပြတော့ဘူးဗျာ... ဒါလည်း လက်ဆောင်ရတာ.. အများကြီးဘဲ လိုချင်သူများ လာရောက် တောင်းယူ နိုင်ပါ တယ်..။
ကဲ ... အမှတ်တရ ထမင်းပွဲလေး နဲ့ဧည့်ခံပြီးပါပြီ... ကြွရောက် စားသုံးသူများ အားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်း နဲ့ ရွှေစင်ဦး တတ်နိုင်သမျှ စာဖတ်သူများအတွက် ဆက်လက်တင်ဆက် ပေးမည် ဖြစ်ပါကြောင်း ပြောကြားရင်း နဲ့ အဆုံးသတ်လိုက်ပါပြီဗျာ....။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၁၃)
မနက်(၇)နာရီကို လေယာဉ်ကွင်းသို့ အရောက်သွားနိုင်ရန် မနက်စောစော ၄-နာရီခန့်ကထ၍ ပြင် ဆင်ပြီး ဟိုတယ်အောက်ထပ်သို့ဆင်းခဲ့ကြရာ အချို့ ခရီးသွားများလည်း တဖျောက်ဖျောက်နှင့် အောက်သို့ ဆင်းလာ ကြသည်။
လူစုံသလောက် ရှိသောအခါ ထမင်းစားခန်းကြီးတွင် အသင့်ပြင်ဆင်ထားသော မနက် လဘက် ရည်စားပွဲသို့ ၀င်သောက်ကြပြီးနောက်၊ လေဆိပ်သို့ လေယာဉ်ကုမ္ပဏီမှ လာကြိုသော ကားများဖြင့် လိုက်ခဲ့ကြပါသည်။
လေဆိပ်သို့ ရောက်သောအခါ ခရီးသွားများထုံးစံဝတ္တရားကိုပြုကြပြီး အမည်စာရင်းအတိုင်း လေယာဉ်ပျံ ပေါ်သို့ တက်ကြရပါသည။ မနေ့က ထားခဲ့သော အနွေးထည်များလည်း ထိုင်ခုံတွင် နေရာမပျက်ပင်ရှိသည်။ အချို့ ခရီးသည်များမှာ မသုံးနိုင်၍ ပိုလာသော မနီလာငွေစနှင့် ဒေါ်လာကို ပြန်လဲခဲ့ကြရသည်။
နောက်ဆုံး ခရီးဆက်ရန် စက်နှိုးသောအခါ စက်ကို မကြိုက်၍ ပြင်ဆင်လိုသဖြင့် နာရီဝက်ခန့် စောင့်ရန် လေကြောင်း ကပ္ပတိန်ကပြော၍ အောက်သို့ ခဏ ပြန်ဆင်းလာကြရပြန်သည်။
စက်ပြင်ဆင်မှု ကိစ္စ ပြီးစီးသောအခါ ခရီးသည်များပြန်တက်ကြပြန်သည်။ စက်နှိုးပြန်သည်၊ လေယာဉ်ကို ဘီးမလှိမ့် သေးဘဲ စက်ကို နာရီဝက်ခန့်နှိုးထားပြီးမှ ကောင်းကင်သို့ ပျံတက်ခဲ့သည်။ ခုမှဘဲ ထွက်ဖြစ် တော့သည်ဟု ခရီးသည်တို့ စိတ်ချသွားသည်။ သို့ရာတွင် ဟောင်ကောင် ရောက် ပါက ရာသီဥတု ကြည်လင်ခြင်း မရှိခိုက်နှင့် ကြုံ၍မနေပါစေနှင့်ဟု ဆုတောင်းရတော့သည်။
လေယာဉ်သည် ယခင်လာလမ်းအတိုင်း မနီလာမြို့ပေါ်နှင့် ပင်လယ်ကွေ့ကြီးများကိုဖြတ်ခါ ဖိလိပိုင် ကျွန်း ကုန်းလမ်း တလျှောက်မှ တောတွေ တောင်တွေကို ဖြတ်ကျော်နေသည်။ နာရီဝက်မျှကြာ အောင် တောတောင် တွေပေါ်မှ သွားနေစသ် ပန်ကာနှင့် စက်လေးလုံးရှိသည့်အန် ပန်ကာတလုံး စက်ပျက်၍ ရပ်သွား ပြန်သည်၊ သို့ကြောင့် လေယာသ်ကို ပြန်ကွေ့ကာ မနီလာလေဆိပ်သို့ လှည့် လာခဲ့ရပြန် တော့သည်။
လေဆိပ်သို့ ဆင်းမိကြသောအခါ ယခင်နည်းအတိုင်း လေကြောင်း ကပ္ပတိန်ထွက်လာပြီး ခရီးသည် လူကြီးမ၊ လူကြီးမင်း တို့အတွက် မနေ့ကဟိုတယ်မှာ ထပ်မံပို့ပါမည်။ လေယာဉ်စက်ကို ယနေ့ တနေ့လုံး ပြင်ဆင်၍ ထားပါမည်၊ နက်ဖြန်သည် အချိန် လေဆိပ်အရောက် လာကြရန် ပြောပြပြီး ဟိုတယ်သို့ ပြန်ပို့ပါသည်။
နှုတ်ဆက်ပြီး မှ ထွက်လာခဲ့သော ဟိုတယ်မန်နေဂျာနှင့် အလုပ်သမားတစုတို့က ခရီးသယ်ကားကြီး ပြန်ရောက် လာသောအခါ ရယ်မော ဆီးကြိုပြီး မနေ့က နေသွားသော ကိုယ့်အခန်းသော့များ ပြန်ပေး အခန်း အရောက် လိုက်ပို့ကြပြန်သည်။
သို့နှင့် ထိုနေ့ တနေ့နှင့်တည မနီလာမြို့ဘေး ဗြူးဟိုတယ်မှာ နောက်ထပ်နရပြန်သည်၊ ခရီးသည် များ မှာလည်း ဂျပန်တရုပ်၊ အင်္ဂလိပ်၊ အမေရိကန်၊ အိန္ဒိယ ၊ မြန်မာ၊ ဖိလိပိုင် စသဖြင့် လူမျိုး အတော်စုံ၍ နေပါသည်။ စုံသလောက်လည်း တယောက်နှင့်တယောက် တဦးနှင့်တဦး အတူး ချစ်ကျွမ်းဝင်လျက် ခရီးသွားဘက် မိတ်ဆွေများဖြစ်၍ နေပါတော့သည်။
ဤအထဲတွင် အိန္ဒိယ လူမျိုး ပါကစ္စတန်က ခရီးသည်တဦးမှာ အထူး စကားလုံးကြွယ် နှုတ်ဆော့ လာ၍ ပျော်စရာအပြောတတ်ဆုံး၊ ပျက်လုံး အထုတ်တတ်ဆုံးဖြစ်၍ သူ့ကိုဘဲ တအုံးအုံးနှင့် ပွဲကျ နေကြရ တော့သည်။ သူဟာဖြင့် ဒီခရီးအကြားမှာ အငြိမ့်လူပျက်တယောက်ကဲ့သို့ ရှိတော့သည်။
ဟိုတယ်အခန်းထဲ ပြန်ရောက်သောအခါ မသွားဖြစ်ကြောင်းကို မစ္စတာဝူးအား အကြောင်းကြား လိုက်သဖြင့် ရောက်လာသည်၊ သူ့လက်မှာတော့ မနီလာ ဘူးလက်တင်သတင်းစာတစောင် ကိုင်လျက် သတင်းစာ တနေရာ ညွှန်ပြ၍ ကြည့်ရာ... ယမန်နေ့က ဧည့်ခံပွဲသတင်းအပြင် မြန်မာစာ ရေး ဆရာမတယာက်  မနီလာ သို့ မရည်ရွယ်ဘဲ ရောက်လာကြောင်းနှင့် ယနေ့ပြန်လည်ထွက်ခွာ သွားမည့် သတင်းဖြစ်ပါသည်။
သူက ဒီနေ့တနေ့ လျှောက်လည်ရပြန် သေးတာပေါ့ဟု အားရ၀မ်းသာပြောပြီး သတင်းစာရပ်ကွက် များ အခြားရောက်သင့်ရောက်ထိုက် ကြည့်သင့်ကြည့်ထိုက်သော နေရာများကို လိုကလံပြသ ကျွေးမွေး ဧည့်ခံခြင်း ပြုပြန်သည်။
နောက်တနေ့မနက်တွင်လည်း မနေ့ကကဲ့သို့ စောစောအောက်ဆင်း လဘက်ရည်သောက်ပြီး လေဆိပ် အရောက် လာခဲ့ကြရာ ယမန်နေ့ကလေယာဉ်ကို လုံးဝ အသုံးမပြုဘဲ လေယာသ်အသစ် တစင်းတွင် ပစ္စည်း များ ပြောင်းရွှ့တင်ထားကြောင်း လေယာဉ်ပေါ်ရောက်မှ သိရသဖြင့် ပို၍ စိတ်ချ သွားမိသည်။
သို့ နှင့် ထိုနေ့အဘို့ ဟောင်ကောင်ကို ချောချောမောမော မောင်းနှင်ပျံသန်းလာနိုင်ခဲ့လေတော့ သည်။
............................
ဟောင်ကောင်
မနီလာမှ ချောမောစွာထွက်လာပြီး နောက်ဟောင်ကောင်နယ်နိမိတ်ပေါ်သို့ လေယာဉ်ဖြတ်ကျော် နေမိပါပြီ။ ပင်လယ်ရေအောက်မှ ထိုးဖေါက်ထွက်လာသော ကျောက်တောင်ပေါင်းများစွာက ဟိုမှာ တချို့၊ သည်မှာတချို့၊ ကျွန်းငယ်ကလေးတွေဖြစ်ဖြင့် နေရာအနှံ့အပြား တည်ရှိလျက်ရှိသည်ကို တွေ့ရလေသည်။
ကျွန်းငယ်များအကြားတွင် ရွက်ဖွင့်ထားသာ တံငါလှေကြီးငယ်များသည် ရေပြင်တွင် ပန်းပေါက် ပေါက်ကို ဆုတ်ကျဲထားသကဲ့သို့ များပြားစွာ တွေ့ရပါသေးသည်။
သို့နှင့် တောင်စဉ်တောင်တန်းကြီးတွေ ရံဝိုင်းနေသော လေယာဉ်ကွင်းကို ကျဆင်းနိုင်ရန် ရစ်ဝဲပျံ သန်းလျက် ရှိနေစဉ် တောင်ပေါ်တောင်နံရံ တောင်ေတြောင်အောက်နှင့်တကွ၊ ပင်လယ်ကွေ့ ရေ စပ်အထိ ပြွက်သိပ် ညပ်စေ့ နေသော တိုက်တာအဆောက်အဦးများကို ရာသီဥတု ကြည်လင်နေ သည်ဖြစ်သည့်အားလျော်စွာ ထင်ရှား ပြတ်သားစွာ တွေ့မြင်ရပါသည်။
ရေစပ်နှင့် ကျောက်သား တောင်နံရံပေါ်တွင် တည်ဆောက်ထားသော ဟောင်ကောင်မြို့ကြီးကား စည်ကား လှပါသည်။ တရုပ်လူမျိုးများနေထိုင်ရာ ရပ်ကွက်တွင် သူတို့ ထုံးစံဒုတ်ထိုး အ၀တ်လှန်း စံနစ်အတိုင်း အိမ်ပေါက် တိုင်း မှ ပြူထွက်နေသော ၀ါးလုံးနှင့်ထိုး၍ အ၀တ်လှန်းကြသည်မှာ အိမ် ပေါက်စေ့ တံခွန် ကုက္ကား တွေ စိုက်ထူထားသလို လွှားတလူလူဝေနေသည်ကို မြင်ရပါသည်။
လေဆိပ်တွင် ၃-ရက်ဆက်၍ ကြိုနေရှာကြသော ပင်းအေရှားသတင်းစာကိုယ်စားလည် မစ္စတာ ရောဘတ်ဆန်း တို့ ဇနီးမောင်နှံနှင့် သတင်းစာဆရာတရုပ်အမျိုးသားလူငယ်တဦးကို တွေ့ရပါသည်။
သူတို့က ဖော်ရွေခင်မင်စွာ နှုတ်ခွန်းဆက်ကြိုဆိုခြင်းကိစ္စပြီးလျှင် လေဆိပ်မှ ပစ္စည်းသေတ္တာများ အပ်ထား ခဲ့ပြီး မြို့တွင်းရှိ လေယာသ်များ အလုပ်ရုံသို့သွားကြရသည်။ ဟောင်ကောင်မှ ဘီအိုအေစီ လေကြောင်း ခရီး နှင့် ကူးပြောင်းစီး၍ ရန်ကုန်ပြန်ရန် မူလအစီအစဉ်အတိုင်း ရက်ချိန်းပေးခဲ့ရပါသည်။
မစ္စတာရောဘတ်ဆန်းတို့ ဇနီးမောင်နှံမှာ တရုပ်လူငယ်များဖြစ်၍ ခေတ်ပညာတတ်များပီပီ ဇနီးမောင်နှံ ရှေ့သွားနောက်လိုက်ညီလှသည်။ အင်္ဂလိပ်လို သွက်လက်သလောက် ဗမာလို လုံးဝ မတတ်ကြပါ။ မစ္စစ် ရောဘတ်ဆန်း မှာ ရှံဟိုင်းမြို့သူဖြစ်၍ သူ့မိဘဆွေမျိုးများမှာ ရှံဟိုင်းမြို့တွင်းရှိ နေကြပါသည်။
လေယာဉ်ပျံကွင်း ရှိသော ရပ်ကွက်မှာ ဟောင်ကောင်နှင့် ပင်လယ်ကေ့၊ သို့မဟုတ် အိုင်ကြီးတခု ခြားလျက် ရှိသည်။ တဖက်နှင့်တဖက် လူရောကားပါ ကူးသန်းသွားလာစရာကူတို့ ပေါင်းများစွာ ကူးသန်း ပေးနေ ကြပါသည်။
ကားစီးရင်း လူရောကားပါ ကူးတို့သင်္ဘောနှင့် ကူးနိုင်သည်။ ကုန်တင်ကားကြီးများကိုလည်း ကူးပေး သည်။ လူစီး ကူတို့သင်္ဘောများမှာလည်း မိနစ်ပိုင်းလောက်မပြတ် ပြည့်သိပ်စွာ ကူးသန်းသွားလာ လုပ်ကိုင် လျက်ရှိ ပါသည်။
မစ္စတာရောဘတ်ဆန်းတို့က အသင့်ငှားထားသော ဟော်တယ်မှာ ဟောင်ကောင်ဘက်တွင်ရှိသဖြင့် လူစီးကူတို့နှင့်ကူးခဲ့ရသည်။ ကူးတို့မှတဆင့် ကားနှင့် ဟော်တယ်အရောက် သွားကြရပါသည်။ ဟောင်ကောင် မြို့မှာ ကြီးကျယ်စည်ကားသလောက် သပ်ရပ်သန့်ရှင်းပါသည်။
တရုပ်လူမျိုး တွေ နေသောမြို့မဟုတ်သလို အနောက်နိုင်ငံရှိ မြို့တမြို့မှ လမ်းများကဲ့သို့ အမှိုက် သရိုက်မရှိ၊ ဘယ်နေရာ ကြည့်ကြည့် သန့်ရှင်းသန့်ပြန့်စွာ ရှိနေသည်က များပါသည်။ သို့ရာတွင် လမ်းပေးတွင် သွားလာ နေသော လူဦးရေကား ... ခြ ပုရွက်ဆိတ်ကဲ့သို့ မြောက်များလှပါသည်။ အထမ်းအပိုးတွေနှင့် တရုပ်ပီပီ သွားလာ လှုပ်ရှားလျက်ရှိသူတွေ၊ တကောက်ကောက် နောက်မှ လိုက်၍ ပိုက်ဆံတောင်းသူတွေကလည်း အများအပြား၊ နှစ်ထပ်ဓါတ်ရထားတွေမှာလည်း လူအပြည့် မြို့နေမြို့ထားမှာ ကျောက်တောင်ခြေ က ရေစပ် အထိ ရှည်လျားသော လမ်းကြီးသုံး သွယ်သာရှိပါသည်။ ကျဉ်းမြောင်းသော မြေနေရာကြောင့် တောင်နေရာ တွေကို လှီးဖြိုကာ မြို့တည် ထားရပါသည်။
တောင်ထိပ်မှ တောင်အောက်အထိ တောင်နံရံမှတိုက်တာ အိမ်ယာ အဆောက်အဦးကြီးငယ်တွေ ဆောက်လုပ် နေထိုင်ရသည်။ တောင်ကမ္ဘားရံတွေမှာ လမ်းတွေ ကွေ့ကွေကကောက်ကောက် ဖောက်ထား ပြီး ကား၊ ရထား၊ ဥဒဟို စည်ကားစွာ ကူးသန်းသွားလာလျက်ရှိသည်။
တောင်ပေါ်သို့ ဇောက်ထိုးဆင်းတက်ပေးသော ကြိုးဆွဲဓါတ်ရထား၊ ဂေဗလ်ကားရှိ၍ ၎င်းဖြင့် တောင်ပေါ်မှ တောင်အောက် သို့ ကူးသန်းသွားလာမှု လွယ်ကူအောင် ပြုလုပ်ပေးထားပါသည်။
တောင်ပေါ် မှ နေကြည့်လျှင် ပင်လယ်ကြီးဘက်မှ တံငါလှေများ ပင်လယ်ကွေ့အတွင်းမှ လှေကူးတို့ ကြီးငယ် တို့ လှုပ်ရှားသွားလာနေသည်များကို၎င်း၊ လေယာဉ်ပျံတွေပဇင်းပျံသလို ခဏခဏ၀ဲပျံ ကျ တက်နေသော လေယာဉ်ပျံကွင်းကို၎င်း၊ ဟောင်ကောင် တမြို့လုံး၏ ရှုမြင်ကွင်းကို၎င်း၊ တောင်ပေါ် လမ်းများ၏ သာယာမှု စသော အရပ်ရပ် ရှုမြင်ကွင်းများမှာ အလွန် ကြည့်မြင် ရှုခင်း သာယာ လှပ လျက်ရှိပါတော့သည်။
ကုန်ဆိုင်ကြီး တိုက်ဆိုင်ကြီးများလည်း လမ်းဝဲဘက်တချက်တွင် ပြည့်နှက်လျက် ၀ယ်သူတွေ တိုးတိုး ခွေ့ခွေ့ ကြိတ်ကြိတ်တိုးလျက်ရှိသည်။ ဟောင်ကောင်နှင့် စင်္ကာပူမှာ ရောင်းဝယ်မှု အကောက်အခွန်လွတ်ဈေး ပေါသည် ဆိုပြီး ဗမာပြည်ကလည်း အတော်ပင် အ၀ယ်အချမ်း လာတတ်ကြသည်။
အချို့လည်း တခြားကိစ္စကို အမည်တခုခုတတ်၍ ရွှကုန်ခိုးကူးတတ်ကြသည်။ လွတ်ခဲ့သည့်အခါ လည်းမြတ်၊ မိတဲ့ အခါလည်း ရှုံးသည်ဟု ပြောကြပါသည်။
ထို့ကြောင့်ဘဲ ထင်ပါရဲ့ လေဆိပ်၊ ရေဆိပ်တို့မှာ မသင်္ကာဘွယ် ခရီးသည်များအား သစ်ရွက် တချပ် ဆယ်ထပ်လှန်ကာ အဖန်ဖန်အခါခါ လှန်လှော် ရှာဖွေခြင်းပြုကြသည်။
ဂျပန်က ထွက်လာစဉ်ကအတိုင်း ပစ္စည်းသေတ္တာများကို တည်းခိုရာ ဟိုတယ်သို့မယူဘဲ မနီလာမှာ ကဲ့သို့ ယခု လည်း ဟောင်ကောင်လေဆိပ်တွင် အပ်ထားခဲ့သောကြောင့် ရှာဖွေခံရခြင်းမရှိတော့ပေ။
တည်းခိုသည့် ဟိုတယ်သို့ ရောက်သောအခါ လက်ဆွဲသေတ္တာကလေး အခန်းထဲ ပစ်သွင်းခဲ့ပြီး နေ့ လည်စာ ကျွေးမွေးရန် စီစဉ်ထားကြသည့်အတိုင်း မစ္စတာရောဘတ်ဆန်းတို့ ဇနီးမောင်နှံခေါ်ဆောင် ရာ တရုပ် ဟိုတယ်ကြီး တခုသို့ လိုက်သွားရပြန်ပါသည်။
ဟောင်ကောင်၏ ရာသီဥတုမှာလည်း အအေးလွန်ကဲ၍ လောင်းကုတ်ရှည်ကြီးကိုသာ တ၀တ်တည်း ၀တ်ထား ရပါတော့သည။
ဟိုတယ် ထမင်းစားခန်းထဲမှာတော့ အနွေးငွေ့ပေးထားသောကြောင့် အင်္ကျီရှည်ကြီးချွတ်၍ လွတ်လပ် ပေါ့ပါး စွာ စားနိုင်ပါသေးသည်။ တရုပ်အစာ အစားမျိုးစုံ၊ ပင်လယ်ငါးမျိုးစုံ ကျွေးမွေးရာတွင်ပါသည်။
သို့သော် မြန်မာပြည်က တရုပ်အစာ အစားတွေလို အစပ်တည့်သည်လို့မထင်ပါ။ စားမှုသောက်မှု ပြီးတော့ တမြို့လုံး လျှောက်ပြ၊ ကုန်တိုက်တွေလျှောက်ဝင်၊ ၀ယ်ချင်တာကလေး နည်းနည်းပါးပါး ၀ယ်ရင်း အချိန် အတော်ကြာ ကုန်သွားပါသည်။
ညနပိုင်းမှာ တောင်ပေါ်ပိုင်းသို့ လျှောက်ကြည့်၊ ရှုမျှော်ခင်းတွေလိုက်ပြ၊ ဓာတ်ပုံတွေရိုက်၊ ထိုမှတပါး ' ဂေဗလ်ကာ 'ခေါ်တဲ့ ကြိုးဆွဲဓာတ်ရထားကိုစီးလျက် တောင်ထိပ်ရှုမျှော်ခင်းတခုသို့ တက်ကြပြန် ပါသည်။
ညဘက်မှ ညစာဘိတ်တဲ့ဆီ သွားစရာကိစ္စရှိပြန်သေးလို့ ဟိုတယ်မှာ ခဏနားကြသည်။ ညဦးပိုင်း ရေဒီယို လည်း လာနေသည်။ သူတို့ဆီမှာ တယ်ဟုတ်ပါကလား။ မနက်ဖြန် မြင်းပွဲဆိုလျှင် ညဦးပိုင်း ရေဒီယိုက မြင်း အစီအစဉ် စီးမည့် ဂျော်ကီ နိုင်ကောင် တစ် စသည်တို့ကိုကြော်ငြာပေးနိုင်သည့် ကြေ ငြာချက်လည်းပြီးရော မြင်းပြေးတဲ့ ခွာသံ ဆိုင်းကလေးနောက်ပိုင်းကဖွင့်၍ စခမ်း သိမ်းလိုက်တော့ သည်။
မြင်းပွဲအချိန်ကလည်း ကြောက်စရာဘဲ၊ မနက် ၇ နာရီက စလိုက်သည်မှာ ညနေ ၆ နာရီမှပြီးသတဲ့။ မြင်းပြိုင်ကွင်း ကိုလည်း မြေနေရာမရှိလေတော့ တောင်ကမ္ဘားရံပေါ်မှ ခုတ်ထွင်းမြေညှိပြီး မြင်းကွင်း ကြီး ဖြစ်အောင် ဖန်တီးထားရသည်ဟု ပြောပါသည်။
မနက်စောစော တောင်ခါးပန်း လမ်းကွေ့ပေါ်တွင် ပုပုရွရွ ချီတက်နေကြတဲ့ လူထုကြီးတရပ်ကို တွေ့ မြင်သော အါ ဒါတွေဟာ ဧကန္တ မြင်းပွဲသွားလူထုနှင့်ဘဲ တူတယ်လို့ ဟော်တယ်ပြူတင်း ပေါက်မှ ကြည့်ပြီး ထင်ကြေး ပေးမိသည်။
ဒီအတိုင်းဘဲဟုတ်နေကြောင်း မစ္စစ်ရောဘတ်ဆန်း လာတော့သိရပါသည်။ သူကလည်း ရောက်ဘူး အောင် သွားကြည့်ပါအုံးလို့ ဖိတ်မန္တကပြုသည်။ ပြန်မည့်နေ့နှင့် တိုက်ဆိုင်နေသဖြင့် မကြည့်တော့ ပါဟု တောင်းပန် ခဲ့ရပါသည်။
ဟောင်ကောင်မြို့မှာ အင်္ဂလိပ်လူမျိုးတို့၏ လက်အောက်တွင် နှစ်ပရိစ္ဆေဒအတော်ကြာခဲ့ပြီဖြစ်၍ ဤမျှ အနေအထိုင်မြို့နေမြို့ခင်း သန့်ရှင်းသပ်ရပ်မှု ရှိကြသည်ဟု ယူဆမိသည်။ တမြို့လုံးရှိ ရှုမျှော် ခင်းအရပ်ရပ်တို့သည် အလှပြင်ထားသော မိန်းမပျို၏ မျက်နှာလို ကြော့ကြော့ရှင်းရှင်း ပပ၀င်းဝင်း ဖြစ်နေ ပါသည်။
ကားမောင်းသူတို့မှာလည်း အတော်ပင် အဆင့်အတန်း မြင်ပုံရပါသည်။ ဤမျှ တောင်ဆင်း တောင်တက် ကြောက်မက် စဖွယ် ကွေ့ကွေ့ ကောက်ကောက် တောင်ကမ္ဘားစောက်တို့၏ နံပါး၌ ဖောက်လုပ်ထားသော လမ်း များတွင် ရေအလျှင် သွင်သွင်စီးသလို ကားချင်းအဆက်မပြတ် တိမ်း ရှောင်မောင်းနှင် နေသည့် တိုင်အောင်  မတော်တဆထိခိုက်မှုများမှာ ကားဦးရေနှင့်စာလျှင် လွန်စွာ နည်းပါးလှသည်ဟု သိရသော ကြောင့်ဖြစ်ပါသည်။
မတ်မတ်ဖြောင့်ဖြောင့်ကြီးတက်၍ စောက်ထိုးပြန်ဆင်းရသော ကြောက်စရာ ကောင်းလှသည့် ကြိုးဆွဲ ဓါတ်ရထားသည်ပင် လွန်ခဲ့သော နှစ်ပေါင်း ၃၀၊ အတွင်းက နှစ်ကြိမ်သာ ကြိုးပြတ်ကျဘူး သည်ဟု သိရ ပါသည်။
ကြိုးပြတ်စေကာမူလည်း လမ်းခုလတ်ရထားရပ်ရာ စခမ်းများတွင် အတားအဆီးသဖွယ်ထားခြင်း၊ ရထားတွင် အားကောင်းသော ဘရိတ်များပါရှိခြင်းတို့ကြောင့် ရထားစီးသူတို့ လိန့်လိန့်လဲလဲမဖြစ် ကြဘဲ ထိခိုက်ပွန်းပဲ့သူ အနည်းငယ် သာရှိကြောင်းသိရပါသည်။
အားလုံး ခြုံကြည့်လျှင်တမြို့လုံးအပျက်အစီးမရှိ အသစ်တိုးတက်နေသော အဆောက်အဦးတွေ ကိုသာ တွေ့ရပါသည်။ စစ်ဘေးစစ်ဒဏ်ကို သူတို့ မခံလိုက်ကြရ။ ဂျပန် ဗုန်းဒဏ်မထိ၍ မည်သည့် အဆောက်အဦး မျှ ပြိုကွဲပျက်စီးခြင်းမရှိခဲ့သည်မှာ စောစောစီးစီး ဆရင်ဒါ လုပ်၍ ဂျပန်ကို အေးအေး လူလူ လက်မြှောက် အရှုံး ပေးခဲ့သောကြောင့် ဖြစ်ပါသည်။
သို့ရာတွင် အဆောက်အဦးတွေ ဖြိုခွဲဖျက်ဆီးခြင်းမခံရသည့်တိုင်အောင် ပစ္စည်းများကိုတော့ အဆီအသား မှ စ၍ အမြီးနှင့် အကြေးခွံ အထိ အ၀ါးမခံရဘဲ ရှိမည်မဟုတ်ဟု ယုံကြည်မိသည်။ စီးပွားရေးအင်အားကို အသစ် ထပ်မံ ထူထောင်ထားရခြင်းဖြစ်ပေလိမ့်မည်။
သို့ကြောင့် အမျှင်မပြတ်၊ အလျင်မပြတ်၊ အရောင်းကြီး အ၀ယ်ကြီး ဆိုင်ကန္နားအသီးသီးကုန်တိုက် ကြီး အရှိုရှိုတွင် ဥဒဟိုဝင်ထွက်နေသော လူထုပရိသတ်တို့မှာ ၀င်လာမစဲ...၊ တသဲသဲ ရှိနေ လေ သည်။
ဝယ်ချင်ခြမ်းချင် စရာ အသုံးအဆောင်များမှာ ပေါလိုက်သည့်ဖြစ်ခြင်း။ ရောင်းခွန်ဝယခွန် ဟိုအခွန် သည်အခွန် တွေက ကမ္ဘာအရပ်ရပ်မှာ ဘီလူးစီးသလို ဂုတ်ခွစီးနေစေကာမူ သူတို့ မြို့မှာတော့ သက်သာရာ ရလေသည်။
နောက်တနေ့ မှာ စနေနေ့ဖြစ်၍မနက် ၁၁ ...နာရီ ရန်ကုန်သို့ ပြန်ရမည့်ရက် ဖြစ်သောကြောင့် စောစော ထရမည်ဖြစ်သဖြင့် ညစာတည်ခင်းကျွေးမွေးသော နာမည်ကျော် တရုပ်ဟော်တယ်ကြီးမှ ၁၁...နာရီ လောက်တွင် ပြန်ခဲ့ကြသည်။
တည်းခိုရာ ဟော်တယ်ရောက်လျှင် မနီလာမှ မစ္စတာဝူး မနက်န် ရောက်လာမည်ဖြစ်ကြောင်း သံကြိုး ရသည်။ ၀ူးအတွက် ဟော်တယ်အခန်းမရနိုင်တော့သဖြင့် သည်အခန်းကိုပင် လွှဲပြောင်းပေး ခဲ့မည်ဟု ဟော်တယ် မန်နေဂျာ ကို မစ္စတာရော ဘတ်ဆန်းမှတဆင့် ပြောထားလိုက်ပါသည်။
မနက်လင်းသော အခါ လေဆိပ်မသွားခင် မြို့တည်းဈေးတန်းသို့သွားရန်ရှိသော်လည်း မနီလာမှ နောက်ထပ် ရောက်လာမည့်မစ္စတာ ၀ူးနှင့်အတူ နေ့လည်စာ စားရန် ဘိတ်ကြားချက်ကို လက်ခံ ထားပြီး ဖြစ်သောကြောင့် ပြင်ပသို့ ဝေးဝေးလန်လန် မသွားတော့ဘဲ အနီးတ၀ိုက်တွင်သာ လျှောက်၍ လည်ပတ် ပါသည်။
ဟောင်ကောင်တွင် ၀ယ်လိုရာဝယ်သုံးလိုရာသုံးရန် လဲလှယ်ထားသော ဟောင်ကောင်ငွေဒင်္ဂါးများ ကလည်း သုံးလို့ ၀ယ်လို့မကုန်သေးသဖြင့် ဒါတွေကုန်အောင် သုံးပစ်ဘို့ ကိစ္စကရှိသေးသည်။ သို့နှင့် ဓါတ်ပုံ ပစ္စည်း မျက်မှန်၊ မှန်ပြောင်း၊ ဖဲစ... စသော ဗမာပြည်မှာ မရှိရှားပါးသော ပစ္စည်းကလေးများ လျှောက်ဝယ် ပြန်ရာလည်း ၀ယ်ချိန်များများမရသဖြင့် ဟောင်ကောင် စက္ကူနည်း ကျန်နေပြန်သေးသည်။
ဒီငွေစ များကို ဗမာပြည်သို့ ယူလာရန် တန်ဘိုးမရှိ၊ ဘယ်လိုလုပ်ရမည်မသိဖြစ်လျက်နှင့်ပင် ဟော်တယ်သို့ ပြန်ခဲ့ရင်း... မြင်းပြိုင်ကွင်းကို တောင်ပေးလမ်းမှ လှမ်းကြည့်၍ ဓါတ်ပုံရိုက်ခဲ့ရသေး သည်။ မြင်းပွဲကို အင်တိုက် အားတိုက် သွားနေသော လူထုကြီးကလည်း ကြီးမားပါဘိသည်။ ထိုနေ့မှာ စနေနေ့ဖြစ်သည်။
ကျောင်းပိတ်ရက်ဖြစ်၍ ကျောင်းသူကျောင်းသားအများအပြားသည် ကိုယ်လက်ကြံ့ခိုင်ရေးကို အထူးလေးစား လေ့လာကြသည်။ တောင်နံရံတွင် ပြုပြင်ထားသော ကစားကွင်းကြီးများတွင် ကျောင်းသူ ကျောင်းသားတွေ၏ ပြေးခုန်ကစားပွဲတွေနှင့် နှင်နှင် ဖြစ်နေသည်ကို တွေ့ရပါသည်။
တည်းခိုရာဟော်တယ်သို့ ပြန်ရောက်လျှင် မနီလာရောက် မစ္စတာဝူးနှင့် မစ္စတာရောဘတ်ဆန်းတို့ ဇနီး မောင်နှံကို နေ့စာ စားဘိတ်ကြားရာသို့ သွားရန် ကြိုဆို နေနှင့်ကြသဖြင့် သူတို့နှင့်အတူ ဘိတ်ကြား ရာသို့ လိုက်ပြီး လေဆိပ်သို့ တန်းသွားရမည်ဖြစ်သောကြောင့် လက်ဆွဲအိတ်ငယ်ကို အခန်းစေ သူငယ်ကလေးကို ချခိုင်း၍ ကားပေါ်စေလျက် သူတို့ခေါ်ရာ ဆက်လက်လိုက်သွားရပါ သည်။
ဘိတ်ကြား ထားသော ဟော်တယ်သို့ ရောက်သောအခါ သတင်းစာဆရာအချို့ စောင့်နေကြသည်။
သီးသန့်မှာထားသော အခန်းတခုသို့ ခေါ်သွားပြီး ဟောင်ကောင်မြို့က အကောင်းဆုံးအစာတွေကို ရွေမှာပြီး ကျွေးမွေး ရှာကြသော်လည်း အချိန်စောလွန်းသဖြင့် တကြောင်း၊ စားရသောအစာတွေက လည်း အမယ်များ လှသဖြင့် တကြောင်း၊ ကောင်းစွာ မစားနိုင်တော့ဘဲ စကားတပြောပြောနှင့်သာ အချိန်ကုန်ခဲ့ပါသည်။ သည်လူစု ထဲမှာ ၀ူးတယောက်ထဲသာ မြိန်ရေရှက်ရေစားခဲ့သည်။
လေဆိပ်သို့သွားရန်လည်း အချိန်ကနီးကပ်နေပြီ။ စကားအမျှင်ကလည်း မပြတ်နိုင်ကြ။ သွားရမှာက ဟိုဘက်ကမ်းကို တဆင့်ကူးရဦးမည်ဖြစ်၍ ရောဘတ်ဆန်း ကတော်က လောပေးမှ စကားစဖြတ်၍ ထ လာကြရသည်။ ကားနှစ်စီးနှင့် ကမ်းနားဆိပ်ကိုရောက်ကြသောအါ ကားရော လူပါ တပါတညးတင်ပို့သော ကူးတို့ သင်္ဘောပေါ်ရောက်ကြသည်။ မိနစ် ၂၀ ... ခန့်ကြာအောင် ကူးလာ ကြရသည်။
တဘက်ကမ်း သို့ ကားကူးတို့သဘောဆိုက်သောအခါ ၀ူးမှာ ဟောက်၍ပင် အိပ်လျက် ပါလာသည်။ လေဆိပ် ရောက်ခါ မှ သူ့ကိုနှိုးယူရသည်။ လေဆိပ်တွင် ပစ္စည်းသယ်ယူသူ တရုပ်အမျိုးသားတဦးမှာ ဗမာမြင်ရုံနှင့် လှိုက်လှိုက် လှဲလှဲ နှုတ်ဆက်လာသည်။ ပီသပြတ်သားပြီး လေယူလေသိမ်း အညာ ဗမာဆန်ဆန်ပင် ပြောနိုင် သဖြင့် အံ့သြစွာ မေးမိသည်။
' ကျွန်တော် ၁၄ ... နှစ်သားက ဗမာပြည်မှာ နေလာတာ၊ ယခု အသက်(၄၀)ကျော်မှ ပြန်လာရသည်။ ဒီမှာ မပျော်ပါ၊ ဗမာပြည်ကိုဘဲ ပြန်ချင်ပါသည်။ ဒါကြောင့် ဗမာမြင်လျှင် အင်မတန် ၀မ်းသာမိသည် ' ဟု ပြောသည်။ ' ပြန်ချင်လျှင် ပြန်နေပါလား ' ဟု ဆိုသောအခါ...၊ ' ကြိုးစားနေ တာပါဘဲ ... ခင်ဗျာ။ ဒါပေမယ့် နိုင်ငံကူး လက်မှတ်က ခက်ခဲနေတယ် ' ဟု ညည်းညည်းညူညူ ပြောလိုက်ရှာသည်။
လေယာဉ် ထွက်ချိန်နီး၍ အမည်များခေါ်မှ လိုက်ပို့ကြသော မိတ်ဆွေများတစုလည်း နှုတ်ဆက်ကာ ပြန်သွား ကြသည်။
အတွင်းဘက်ရောက်လျှင် လေယာဉ်ပေါ်သို့ တက်စေရန်ဖြစ်သော်လည်း လေ ကြောင်းကပ္ပတိန်က လေတိုက်ပုံ မကြိုက်သေး၍ လေယာဉ်မထွက်နိုင်သေးသဖြင့် ၁၅ မိနစ်ခန့် ဆိုင်းရန် ပြောထား၍ စောင့်ရ သေးသည်။ အချိန်စေ့သောအခါ လေယာဉ်ပျံပေါ်ကို ရောက်ကြ သည်။ ထုံးစံအတိုင်း ပန်ကာလည်၊ ဘီးလှိမ့် ပြီး တက်ရန် အားယူနေရာမှ လေတိုက်ပုံ မကြိုက်ပြန် သေးဆိုပြီး လေဆိပ်ရုံးရှေ့ ပြန်လှိမ့်လာကာ ခရီးသည် တို့ကို အောက်မှာပင် လဘက်ရည်များ တိုက်ကျွေး၍ စောင့်ဆိုင်းထားပြန်သည်။
အော် ... ဟောင်ကောင်လေဆိပ်ကား လေယာဉ်ပျံ အကြီးစားများအဘို့ အဆင်းခက်၊ အတက်ခက် ရှိတဲ့ လေဆိပ် ပါပေဘဲ။ ဘီအိုအေ စီ ပီ အေ အေ စသော လေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများ ကလည်း ခရီးသည်တို့၏ လုံခြုံသက်သာမှုကို အထူးဂရုပြုကြပါပေသည်ဟု တွေးမိ သည်။
သို့နှင့် နှစ်နာရီခန့်ရှိမှ လေယာဉ်ကို စိတ်ချလက်ချ ထွက်လာခဲ့ရသည်။ သည်အခါမှ ချောချော မောမော ဗမာပြည် ပြန်ရတော့မည်ဟု စိတ်တက်ကြွမိသည်။ ည ၉ ...နာရီတွင် ယိုးဒယားပြည် ဘန်ကောက် လေယာဉ်ကွင်းတွင် ခရီးသည်တို့ကို ညစာ ကျွေးမွေးပါသည်။ ဘန်ကောက်လေဆိပ် အဆောက်အဦးနှင့် အသုံးအဆောင်ပစ္စည်းတို့မှာ သစ်လွင်၍ နောက်ဆုံးပုံစံသစ်နှင့် ခေတ်ဆန်လှ သည်။ သားနားသန့်ပြန့် လှသည်။ သို့ရာတွင် ပူစပ်စပ်ရာသီဥတုနှင့် မကြာခဏလာ၍ နှုတ်ဆက် ကိုက်ခဲလာသော ခြင်သတ္တ၀ါ တို့ကြောင့် အသားကို တကုတ် ထည်း ကုတ်နေရသည်။
၎...၅...လ ခြင်ကိုက်ခြင်း၊ ပူအိုက်ခြင်းတို့နှင့် ကင်းဝေး၍ မေ့လျော့နေခဲ့ရာတွင် သည်တခါမှ ဒုံရင်း ပြန်ဆိုက် ရမည်မို့ အိမ်နီးချင်းယိုးဒယားကစ၍ ဦးရွှေခြင်တို့က ပွဲဦးထွက် နှုတ်ဆက်ပြလိုက်လေ သည်။
.........................
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>