Thursday, December 30, 2010

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၁၇)

(၁၀)
သွေးလှူပွဲ၏နိဒါန်း

နံနက် အတန်မြင့်မှ ကျွန်တော် အိပ်ရာမှနိုးတော့သည်။ ညကတွေ့ခဲ့သော မှိုပွင့်ကြီးကို ဦးလေးပုအား သွားပြောပြ ချင်သော်လည်း ကျောင်းတက် စရာရှိသဖြင့် သွားမပြောဖြစ်ခဲ့။
ယနေ့ နံနက်စာ ထမင်းစားရသည်မှာ အလွန်အရသာရှိသည်။ အကြောင်းမှာ ကျွန်တော့ဆရာကတော် အသစ် စက်စက် မမရှင်၏ ပထမဆုံးလက်ရာ ဖြစ်သောကြောင့် တည်း....။ မမရှင် ၏ လက်ရာသည် မခင်သိန်း ထက် အစပ်တည့်ခါ ထမင်းပွဲပြင်ပုံကိုက မြိုင်မြိုင်ဆိုင်ဆိုင်ရှိသည်။

မမရှင်သည်  သူက ထမင်းစားသည် မရှိလှ။ ဆရာ့ကို အရိုးနွှင်ထည့်ပေးသည်။ ကောင်းနိုးရာရာဟင်းဖတ်ကို ဆယ် ထည့်ပေးသည်။ ယပ်တောင်တစ်ချောင်းနှင့်လည်း ယင်မနားအောင်  ခပ်ပေးသည်။ ဆရာက ရှက်သလို သဘောကျသလိုပြုံးရင်း ထမင်းကို မြိန်ရည်ရှက်ရည်စားသည်။ ထမင်းစားပြီးသော အခါများ ၌ လည်း ဆပ်ပြာခဲနှင့် လက်ဆေးရေဇလုံ အဆင်သင့်ရှိသည်။ ဆရာဆပ်ပြာတိုက်ပြီးသောအခါ မမရှင်က ရေဖလား နှင့် ဆရာ့လက်ပေါ်သို့ လောင်းချပေးသည်။ ဆရာသည် ရေသောက်ရန်ပင် နေရာမှမထရ။ မမရှင် က ငွေဖလားတစ်လုံးနှင့် ရေခပ်၍ လက်ဖက်ရည် ပန်းကန်ပြားတွင်  ဖလားကိုတင်ကာ ဆရာ့ကို ပေးသည်။

ကျွန်တော်သည် ဒုတိယအကြိမ် မှတ်ချက်ချမိသည်။ ဆရာသည် မြို့သူရသည်မှာ ကံကောင်း လေစွ တကား...။ အလွန်ကံကောင်းလေစွတကား....။
ကိုအုန်းမောင်နှင့် တခြားစီဖြစ်သည်။ ယခင်က ထမင်းစားလျှင် ကိုအုန်းမောင်ချည်းပဲ ထခူးရသည်။ စားကြ သောက်ကြပြန်တော့လည်း ကိုယ့်ထမင်း ကိုယ်ဟင်း ထည့်စား၍ ယင်ကောင် မလာရန် လက်ညောင်းခံ၍ မည်သူမျှ မမောင်း။ စားပြီးလျှင် ကိုအုန်းမောင်သည် အိမ်ရှေ့ရှိ ဘဲဥအိုးဆီထသွား၍ ကိုယ့်ဟာကိုယ် လက်ဆေး ပလုပ်ကျင်းရသည်။ တစ်ခါတရံ သောက်ရေအိုးဆီသို့ပင် မလာတော့ဘဲ ပလုပ်ကျင်းရေကိုပင် မျိုချ သောက်လိုက်သည်။ လက်သုတ်ပုဝါလည်း အထူးရှာမနေတော့ဘဲ မိမိပုဆိုးကိုဖြည်၍ လက်ကိုလည်း သုတ်၊ ပါးစပ်ကိုလည်း သုတ်သော် ကိစ္စငြိမ်း၏။
ယခုမူ လက်သုတ်ပ၀ါကအစ လက်ကိုင်ပ၀ါလိုခေါက်၍ ပန်းကန်ပြားကလေးဖြင့် စားပွဲပေါ်တွင် အဆင်သင့် ရှိသည်။

မှန်ပါသည်။ မြို့သူရသော ကျွန်တော့်ဆရာ အလွန်ကံကောင်းသည်။
နေ့ခင်းစာစားပြီး ဆရာရော ကျွန်တော်ပါ ကျောင်းပြန်တက်ကြသည်။
ကျောင်း ၌ မယဉ်နွယ်ကိုတွေ့၍ ဆရာကတော် ဟင်းချက်ကောင်းကြောင်း၊ သောက်ရေဖလားကို  ပန်ကန်ပြား တွင်ထည့်၍ သောက်ကြောင်း စသည်တို့ကို ပြောမိသေးသည်။
''နင် က အားရင် နင့်ဆရာကတော်ပဲ ကြံဖန်ချီးမွမ်းနေတာပဲ၊ အဲဒါတွေဟာ အဆန်းမှတ်လို့လား''
''ဘာ...မဆန်းဘူး''

''ဘာလို့ဆန်းရမှာလဲ...၊ တို့အိမ်လည်း ဒီလိုပဲ စားတာပဲဥစ္စာ၊ ထမင်းစားပြီးရင် ဆပ်ပြာမွှေးနဲ့ တောင် တို့က လက်ဆေးတာ၊ ကာလကောင်းတုန်းကဆိုရင် ထမင်းစားပြီးပြီးချင်း အမြှုပ်ထွက်တဲ့ဆေးနဲ့ သွားတိုက်ပစ် သေးတာ''
"နင် တကယ်ပြောတာလား"
"ရော…ခက်ပါပြီ၊ ထန်းပင်ပေါ်က ကျတယ်ဆိုကာမှ အပေါက်ကလေးနဲ့လား လုပ်နေပြန် ပြီ"
ကျွန်တော် က မယုံသဖြင့် "ဒါဖြင့် နင့်လက်ပေးစမ်း…ငါနမ်းကြည့်မယ်"ဟု စမ်းသည်။

မယဉ်နွယ်က သူ့လက်ကလေးကို ကမ်းပေး၍ ကျွန်တော်က နမ်းကြည့်သည်။ ဟုတ်သည်။ မယဉ်နွယ်၏ လက်သည် ကျွန်တော့်လက်ကဲ့သို့ ဟင်းစော်မနံ၊ ဆပ်ပြာမွှေးနဲ့ သင်းနေ၏။ ကျွန်တော် အလွန် ကျေနပ် သွားသည်။

ဆရာသည်သာ ကံကောင်းသည်မဟုတ်၊ ကျွန်တော်လည်း ကံကောင်းမည်ထင်သည်။ ထို ညနေ ကျွန်တော် ကျောင်းဆင်း ၍ အိမ်၌ စာအုပ် လွယ်အိတ်ကို ထားပြီးသောအခါ ဦးလေးပု ထံ သွားမည်ကြံ၏။ ဧည့်ခန်း၌ ဆရာ သည် မမရှင် အဆင်သင့်ချပေးသော အချိုပွဲကို လက်ဖက်ရည်ကြမ်းနှင့်မြည်းရင်း ကုလားထိုင် တစ်လုံးပေါ် ထိုင်လျက် သတင်းစာဟောင်း တစ်ခုကို ဖတ်နေသည်။ မမရှင်သည် ဆရာနှင့် မလှမ်းမကမ်း ကြမ်းပြင် ၌ ကြုံ့ကြုံ့ကလေး ထိုင်ရင်း သူတို့မြို့သူတွေ လုပ်လေ့လုပ်ထရှိသော သံချောင်းရှည်ရှည် တစ်ခု နှင့် ဇာပန်းထိုး နေသည်။

ကျွန်တော်က ဦးလေးပုကြီးထံ အမြန်သွားနိုင်ရန် အတွင်းဘက်ရှိ ဆရာ့စာကြည့်ခန်းကို အမြန်ဆုံးရှင်းလင်း တံမြက်စည်း လှဲနေသည်။
ထိုအခိုက်တွင်ပင် အိမ်ရှေ့၌ မှန်ကားဆိုက်လာသည်။ မှန်ကားမြင်ကတည်းက ကျွန်တော် မျက်လုံးပြူး သွားမိသည်။

ကာလပျက်ပြီးနောက် သူဌေးတို့မှန်ကားများ ရွာများတွင် လာရောက်ဝှက်ထားသည်။ ကား များကိုရှာဖွေ၍ ဂျပန်စစ်ဗိုလ် များက သိမ်းယူသည်။ ထို့နောက် လှည်းလမ်းကြောင်းပါ မရှောင် လိုက်မောင်းနေသည်။ ဤ ကားသည် ဂျပန်စစ်ဗိုလ်ကားပင် ဖြစ်ရမည်။

ကျွန်တော် မျှော်လင့်သည့်အတိုင်း ကားပေါ်မှ ဂျပန်စစ်ဗိုလ်တစ်ဦး ဆင်းလာသည်။ ကား အနောက်မှ ဂျပန်စစ်သားတစ်ဦးနှင့် မြန်မာရာဇ၀တ်အုပ်တစ်ဦးလည်း ဆင်းလာသည်။ ကားရှေ့ခန်းရှိ ဒရိုင်ဘာ ဂျပန်တစ်ဦး ကျန်ရစ်၏။ ဂျပန်စစ်ဗိုလ်နှင့် ရာဇ၀တ်အုပ်သည် အိမ် ပေါ်သို့ တက်လာခိုက် ဂျပန်စစ်သား က ခြံဝ၌စောင့်ရသည်။
ဂျပန်စစ်ဗိုလ်နှင့် ရာဇ၀တ်အုပ်ကို ဆရာသည် တည်ငြိမ်စွာပင် ဆီးကြိုနေရာပေးသည်။ ရာဇ၀တ်အုပ်သည် မိတ်ဖွဲ့ ပေးသည်။

"ကိုအုန်းဖေ…ဒီဗိုလ်ကြီးက အီမူရာခေါ်တယ်၊ ခင်ဗျားတို့ကို နည်းနည်းပါးပါး စစ်ချင်လို့ တဲ့"
"စစ်ပါလေ…ကျုပ်ဟာ နိပွန်တို့ရဲ့မိတ်ဆွေ၊ တို့ဗမာအစည်းအရုံး ဥက္ကဌတစ်ဦးပဲ"
ရာဇ၀တ်အုပ် က ဂျပန်ကို အင်္ဂလိပ်စကားဖြင့် ဘာပြောသည်မသိ။ ဂျပန်စစ်ဗိုလ်သည် ခေါင်းညိတ်သည်။ ဂျပန်ကလည်း ခေါင်းညိတ်၍ အင်္ဂလိပ်စကားနှင့် ပြန်ပြောသည်။ ရာဇ၀တ်အုပ်က ဘာသာပြန်သည်။
"မသန်းရှင် မောင် ကိုမြင့်ဦးကို ကင်ပေတိုင်ကဖမ်းထားတာ၊ ဒီက ဗိုလ်ကြီးက ကယ်ထုတ်ခဲ့ တယ်၊ အဲဒါ ဗိုလ်ကြီး လက်ထဲကနေ ထွက်ပြေးသွားတယ်၊ အခု သူဘယ်မှာလဲ"

"ကျုပ်လည်း မသန်းရှင်ရောက်မှ ဒီသတင်းကြားတာပဲ၊ သူ ဘယ်မှာရှိတယ်ဆိုတာ ကျုပ် မသိဘူး"
ရာဇ၀တ်အုပ် က ဂျပန်ကို တစ်ဆင့်ဘာသာပြန် ပြောသည်။ ဂျပန်သည် မျက်မှောင်ကုတ် သွား၍ မသန်းရှင် ကို လက်ညှိုးထိုးကာ ၀ူးဝူးဝါးဝါးနှင့် ပြောသည်။
ရာဇ၀တ်အုပ်က…"ဗိုလ်ကြီးကပြောတယ်၊ မသန်းရှင်…ဒီဘယ်လိုရောက်လာသလဲ၊ သူ့ မောင်မရှိရင် မသန်းရှင် ကိုစစ်ဖို့ ထည့်လိုက်ပါတဲ့"ဟု ဆို၏။

မသန်းရှင်သည် ထိတ်လန့်တကြား ဆရာ့ကို လှမ်းကြည့်သည်။ ဆရာ့မျက်နှာမှာလည်း သိသိသာသာကြီး ပျက် သွားသည်။ သို့ရာတွင် ဆရာသည် တည်ငြိမ်စွာပြန်ပြော၏။
"နိပွန်စစ်ဗိုလ်ကို ပြောလိုက်ပါ၊ မသန်းရှင်နဲ့ ကျုပ်နဲ့ မေတ္တာရှိတာကြာပြီ၊ မနေ့က ကျုပ် တို့ လက်ထပ်ပြီးပြီ၊ သူ့မောင် ဖြစ်ခဲ့တာ နဲ့ ကျုပ်တို့နဲ့မဆိုင်ဘူးထင်ပါတယ်"
ရာဇ၀တ်အုပ်သည် ဤစကားကို ဂျပန်အား ပြန်ပြောသောခဏ၌ ဂျပန်သည် ကျားကဲ့သို့ ဒေါသတကြီး ခုန်ထ သည်။ သူသည် ဆရာ့ရှေ့၌ရပ်ကာ ဆရာ့ပါးအား ဘယ်ပြန်ညာပြန် တီးတော့သည်။ ဆရာသည် အံကြိတ် ၍ ခေါင်းငုံ့ခံသည်။ ဂျပန်စစ်ဗိုလ်ကသာ ဒေါသမပြေ နိုင်ဘဲ ခါးမှ ခြောက်လုံးပြူးကိုထုတ်၍ မသန်းရှင် နှင့် ဆရာ့ ကို တစ်လှည့်စီချိန်ရင်း ရာဇ၀တ် အုပ်ကိုလည်း စကားပြော၏။
"ဗိုလ်ကြီးက ပြောတယ်၊ ခင်ဗျားတို့ နှစ်ယောက်စလုံးကို အခု သူဖမ်းချင်တယ်၊ ဒီတော့… လိုက်ခဲ့ကြဗျာ"

ဆရာသည် ဘာပြန်ပြောရမည် မသိ။ ရာဇ၀တ်အုပ်ကိုသာ စိုက်ကြည့်နေ၏။ ထိုစဉ် မသန်းရှင်က နေရာမှ ထသည်။
"ရှင့်စစ်ဗိုလ် ကို ပြောပါ…ကျွန်မယောက်ျားကို မဖမ်းပါနဲ့…ကျွန်မ လိုက်ခဲ့ပါ့မယ်လို့…"
မသန်းရှင်၏ စကား ကို ရာဇ၀တ်အုပ်မှတစ်ဆင့် သိရသော် ဂျပန်စစ်ဗိုလ်သည် ကျေနပ်စွာ ပြုံး၍ သူ့ခြောက်လုံးပြူး ကို အိတ်တွင်းပြန်သွင်းရန် ပြင်သည်။
ထိုအခိုက် တွင်ပင် လျင်မြန်သော ဆရာ့လက်တစ်ဖက်သည် ခြောက်လုံးပြူးကို ပုတ်ချလိုက်ရာ အခန်းထောင့် သို့ လွင့်သွားသည်။ မရှေးမနှောင်းပင် ဆရာ၏ လက်သီးတစ်လုံးသည် ဂျပန်၏ မျက်နှာဆီသို့ ပြင်းထန် စွာ ကျရောက်သွားသည်။

ဂျပန်သည် ကြမ်းပြင်ပေါ် လဲကျသွားရာ ဆရာသည် လျင်မြန်စွာဖြင့် ဂျပန့်ခါးမှ ဓားရှည်ကြီးကို ဆွဲထုတ် ယူလိုက် သည်။
ခြံဝမှ စစ်သားလေးသည် ၀ူးဝူးဝါးဝါးအော်၍ လှံစွပ်တပ်သေနတ်နှင့် ပြေးထွက်လာသည်။
ကျွန်တော် သည် မျက်လုံးပြာသွား၏။ အကြောင်းမှာ ဆရာသည် ဓားဖြင့် ပြန်လည်ခုခံရန် ပြင်ခိုက် ကြောင်နေရာ မှ သတိရသော ရာဇ၀တ်အုပ်သည် ဆရာ့ကို နောက်မှ ၀င်ဖမ်းချုပ် လိုက်သောကြောင့် ဖြစ်သည်။

ဂျပန်စစ်သားသည် ဆရာ့ရင်ဘတ်ကို လှံစွပ်ဖြင့် ထောက်ထားသည်။ ဆရာက လက်မှဓား ကို လွှတ်ချ လိုက်ရ၏။
"ဒိုင်း"
မမျှော်လင့်ဘဲ သေနတ်သံတစ်ချက် ပေါ်ထွက်လာသည့် တစ်ခဏ၌ ဆရာ့ရင်ဘတ်ကို လှံ စွပ်နှင့်ထောက်ထားသော ဂျပန်စစ်သားသည် ပျော့ခွေလဲကျသွား၏။ အခန်းတစ်ထောင့် တွင်မူ စောစောက ဆရာပုတ်ချလိုက်သော ခြောက်လုံးပြူးကိုကိုင်ရင်း မသန်းရှင်သည် မိမိ ကိုယ်မိမိ ဘာလုပ်မိသည် မသိသူတစ်ဦးကဲ့သို့ ရပ်နေသည်။ ခြောက်လုံးပြူးပြောင်းမှ အငွေ့တလူလူ ထွက်နေသည်။

လျင်မြန်သောဆရာသည် သူ့နောက်မှ ချုပ်ထားသော ရာဇ၀တ်အုပ်ကို ကိုင်ပေါက်ချလိုက် သည်။ ရာဇ၀တ်အုပ်၏ ခန္ဓာကိုယ်ကြီး ကြမ်းပြင်ပေါ်သို့ ကျသွားလျှင်ကျသွားရင်း အောက် ၌ကျန်ရစ်သော ဂျပန် ဒရိုင်ဘာ သည် ပြေးတက်လာ၏။ ဆရာသည် ဂျပန်ဓားရှည်ကို ကောက်ယူ၍ နောက်တပ်တက်လာသော ဂျပန်စစ်သား ဆီ လှံပစ်သကဲ့သို့ ဂျပန်ဓားရှည် ကြီးသည် စစ်သား၏ ရင်ဘတ်ဆီ တည့်တည့်ကြီးဝင်စိုက် ထုတ်ချင်းဖောက် သွားသည်။ အခြေအနေ လုံးဝပြောင်းလဲသွားသည်။ ဂျပန်စစ်သားနှစ်ဦး သေခဲ့၍ ဂျပန်စစ်ဗိုလ် မှာ သတိ လစ်မေ့နေသည်။ ကြမ်းပြင်မှကုန်းထသော ရာဇ၀တ်အုပ်ကို ဆရာသည် ဓားနှောင့် နှင့် နောက်စေ့ကို ရိုက်ချလိုက်ရာ သူပါ ငြိမ်သွားသည်။

ထိုအချိန်ထိ ကျွန်တော်သည် စာကြည့်ခန်းတွင်း၌ ရှိသည်။ ကိုအုန်းမောင်နှင့် မခင်သိန်းတို့ က ဘယ်က ပေါ်လာသည် မသိ။ မျက်လုံးအပြူးသားနှင့် အိမ်ပေါ်ရောက်လာကြသည်။ ထိုအခါမှ ကျွန်တော်လည်း အခန်းတွင်း မှ ထွက်ခဲ့မိသည်။ ဆရာသည် ရာဇ၀တ်အုပ်ခါးမှ ခြောက်လုံးပြူးကိုပါ ယူလိုက်၍ မခင်သိန်းကို လှမ်းပေးသည်။ ဂျပန်စစ်သားနှစ်ဦးဆီမှ ရိုင် ဖယ်နှစ်လက်ရသည်။ တစ်လက်ကို သူလွယ်လိုက်၍ တစ်လက် ကို ကိုအုန်းမောင်သို့ပေး သည်။ ထိုအခါကျမှ ကိုအုန်းမောင်သည် သတိဝင်လာဟန် မေးသည်။
"ငါ့ညီ… ဘာတွေဖြစ်နေတာလဲ…"

"ဘာတွေဖြစ်တာ မေးမနေနဲ့၊ ကျုပ်တို့အားလုံး ဒီနေရာက ပြေးရမယ်၊ မခင်သိန်းနဲ့ မသန်းရှင်… ရွှေတိုငွေစ တွေ အမြန်ဆုံးသိမ်း…"
အခြေအနေကိုရိပ်မိသော မခင်သိန်းနှင့် မသန်းရှင်တို့ အခန်းတွင်းသို့ ပြေးဝင်သွားကြ သည်။
ဂျပန်စစ်ဗိုလ် လှုပ်ရှားလာသဖြင့် ဆရာသည် မျက်နှာကို ဖနောင့်နှင့် သုံးချက်ဆင့် ပေါက် လိုက်သည်။ ဂျပန် ငြိမ်သွား သည်။
"ကဲ…ငယ်လေး…တို့တွေ အားလုံးသွားရမယ်၊ မင်း လူမမြင်အောင် နောက်ဖေးပေါက်က တိတ်တိတ်ပြေး ပေတော့"

"အို…ကျွန်တော်လည်း ဆရာနဲ့လိုက်မှာပေါ့"ဆရာသည် စိတ်ထိခိုက်သွားဟန် ပြသည်။ ထို့နောက် ခေါင်းကို ခါသည်။
"ငါ့တပည့် အသက်ငယ်သေးတယ်၊ ဆရာတို့နဲ့ လိုက်လို့မဖြစ်ဘူး၊ ဒီတော့ ငယ်လေးကို အမှုမပတ်အောင် လူ မမြင်ခင် မြန်မြန်ပြေးပေတော့၊ ဆရာ့စကားကို နားထောင်"
ကျွန်တော်သည် ဆရာ့စကားကို မပယ်လှန်ရဲသဖြင့် အိပ်နောက်ဖေးပေါက်မှ ကွေ့ပတ် ထွက်ပြေးပြီး ရွာထိပ် မှ ရွာတွင်းပြန်ဝင်ခဲ့သည်။
ကျွန်တော် ရွာတွင်းရောက်သောအခါ ဆရာတို့ခြံဝ၌ လူအတော်စည်နေပြီ။ လူကြားထဲ၌ နှစ်လုံးပြူး ထမ်းထား သော ဆယ်အိမ်ခေါင်းကိုလည်း တွေ့ရသည်။ ကျွန်တော်က သူတို့ အနီး တမင်တိုးဝင်သွား၍ မေးသည်။

"သူကြီး…ကျုပ်ဆရာ ဘာဖြစ်လို့လဲဗျ"
သူကြီးက မျက်စောင်းထိုး၍ ပြန်မဖြေ။ ဆယ်အိမ်ခေါင်းကသာ ရှင်းပြသည်။
"ခွေးမသားလေး၊ နင် ဘယ်လျှောက်သွားနေတာလဲ…နင့်ဆရာ လူသတ်လို့"
"ဗျာ…လူသတ်လို့၊ မဖြစ်နိုင်တာဗျာ"

ကျွန်တော်သည် ဟန်ဆောင်၍ ရှေ့သို့တိုးရန်ပြင်သည်။ သို့ရာတွင် အနီး၌ရှိသော ဘထွေးလေးက ကျွန်တော့်လက်မောင်းကို လှမ်းဆွဲသည်။
"ငါ့လူရ…ငြိမ်ငြိမ်နေစမ်းပါ၊ နင့်ပါ အမှုပတ်နေဦးမယ်၊ နင့်ဆရာ လူသတ်တာ လူမဟုတ်ဘူး၊ ဂျပန် ဘာမှတ်လို့လဲ"
ကျွန်တော် သည် အသာငြိမ်နေလိုက်သည်။

သူကြီးနှင့် ဆယ်အိမ်ခေါင်းသည် နှစ်လုံးပြူးကြီးနှင့် ရှေ့တိုးသည်။ သို့ရာတွင် အိမ်ပေါ်မှ ထွက်လာသူများ မြင်သည်တစ်ခဏ၌ တန့်သွားကြ၏။ မခင်သိန်းနှင့် မသန်းရှင်က ခြောက် လုံးပြူးကိုယ်စီနှင့် ဖြစ်သကဲ့သို့ ဆရာတို့ ညီအစ်ကိုကလည်း ရိုင်ဖယ်ကိုယ်စီနှင့် ဖြစ် သည်။ သူကြီးနှင့် ဆယ်အိမ်ခေါင်းသည် နောက်ဆုတ်၍ လူအုပ်ကြား၌ ငြိမ်ငြိမ်လေး နေ လိုက်ကြသည်။ ဆရာသည် လူအုပ်ကို တည်ငြိမ်စွာကြည့်၍ "ရွာသူရွာသား အားလုံးကို ကျွန်တော်ပြောချင်တယ်၊ ကျွန်တော်တို့ကတော့ ဒီရွာနေလို့မဖြစ်ဘူး သွားတော့မယ်၊ ဒီ တော့ မကြာခင် ရွာကို ဂျပန်တွေ လာမွှေမှာပဲ၊ အဖိုးတန်ပစ္စည်းတွေနဲ့ သမီးပျိုတွေကို တခြားရွာ ရွှေ့ထားကြ၊ ပြီးတော့ အစစ သတိဝီရိယနဲ့ နေကြ၊ တစ်ခုတော့ ကျုပ်မှာခဲ့မယ်၊ ဒီဂျပန်ကောင် တွေကို တစ်နေ့ ဗမာတစ်မျိုးလုံး ခံချလိမ့်မယ်၊ အဲဒီအချိန်မတိုင်မီ လိမ်လိမ် မာမာ စည်းစည်းရုံးရုံးနေကြ၊ ကျုပ်လည်း တစ်နေ့ပြန်လာခဲ့မယ် ဒါပဲ"

နောက်ဆုံးစကားများကိုမူ ဆရာသည် ဆို့နင့်စွာပြော၍ လူအုပ်ကြားသို့ဆင်းကာ မားမား ကြီး ထွက်ခွာသွားသည်။ သူ့နောက်မှ မခင်သိန်း၊ မသန်းရှင်၊ ကိုအုန်းမောင်တို့ လိုက်ပါ သွားကြသည်။ ဆရာတို့ တော်တော်ဝေးဝေးရောက်ကာမှ သူကြီးသည် ရွာသားများ အကူ အညီဖြင့် အလောင်းတို့ကို ကောက်ယူသည်။ နှစ်လုံးပြူးကြီး တကားကားနှင့် ဟိုအမိန့် ပေး ဒီအမိန့်ပေး ပြုလုပ်သည်။
ကျွန်တော်နှင့် ရွာသားသုံးလေးဦးသည် ရည်ရွယ်ချက်မဲ့စွာဖြင့် ဆရာတို့သွားရာဘက် ထွက်ခဲ့ကြသည်။

အကျမြန်သော ဆောင်းနေသည် ငုပ်လျှိုးစဖြစ်၏။ ကျွန်တော်တို့ ရွာပြင်တစ်ဝိုက်ရှိ လယ် ကွင်းများကိုလွန်၍ မျှော်ကြည့်သော် အရှေ့ဘက်၌ မိုးလေးသည် မှုန်မှိုင်းစွာရှိနေ၏။
ရိုးလေးတောင်ခြေရှိ မြူဆိုင်းစ အင်တိုင်းတောအတွင်း တိုးဝင်ပျောက်ကွယ်သွားသော ဆရာ တို့တစ်သိုက် ကို အဝေးမှ ကျွန်တော်တို့ လှမ်းမြင်ရသည်။
ကျွန်တော့်ဆရာကို ဘယ်သောအခါမှ ပြန်လည်တွေ့ရပါမည်နည်း။ ဤအတွေးဝင်လာမိ သည်နှင့် တစ်ပြိုင်နက် လယ်မြေပြင်တွင် ဒူးထောက်ရင်း ကျွန်တော်သည် မျက်နှာကို လက် ၀ါးနှင့်အုပ်၍ ချုံးပွဲချ ငိုကြွေး မိပါသတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၁၉)

ပီလွန် က အဖြေမပေး။ ကောင်ကြီးဂျိုးသည် အင်္ဂတေကျောက်တိုင်ကို ကိုင်ကြည့်သည်။ သူ့မျက်ခုံးများသည် တစ်စုံတစ်ရာ ကို စဉ်းစားနေသည့်နှယ် တွန့်လျက်ရှိလေသည်။ သူသည် ၀မ်းနည်းပက်လက်ဖြစ်နေသော ပီလွန် ကို လှည့်ကြည့်သည်။ " ငါတို့ ဒီသတ္ထုပြားကို ခွာရောင်းရင်တော့ ပိုက်ဆံရမှာပါ "

စိတ်ထိခိုက်နေသော ပီလွန်က တစ်ချက်မော့ကြည့်သည်။ " ဂျော်နီပွမ်ပွမ် ဆိုတဲ့ကောင် ဒါမျိုးတစ်ခု တွေ့ဖူး တယ်" ဟု သူက အလွန်စိတ်မကောင်းဖြစ်သည့် လေသံဖြင့်ပြောသည်။ " ဂျော်နီပွမ်ပွမ် က သတ္ထုပြား ကို ခွာပြီး သွားရောင်းတယ်။ အဲဒါ ကျောက်တိုင် တူးမှု နဲ့ ဖမ်းပြီး တရားစွဲတာ ထောင်တစ်နှစ် ကျသွား တယ်။ ထောင်ဒဏ် တစ်နှစ် နဲ့ ဒဏ်ငွေဒေါ်လာ နှစ်ထောင်ချတာ " စိတ်ထိခိုက်နေသော ပီလွန်သည် ၀မ်းနည်းစရာ ကောင်းလှ သည့် ထိုနေရာမှ ဝေးရာသို့ ထွက်သွားချင်သည်။ သူသည် ၀ိုင်အိုးကို မြက်ပင်များနှင့် ပတ်၍ ထုပ်လိုက်ပြီး ထိုင်ရာမှထကာ တောင်ကုန်းပေါ်မှ ဆင်းလာခဲ့လေသည်။
ကောင်ကြီးဂျိုး က နောက်မှ ပြေးလိုက်သည်။ " မင်းက ဘယ်သွားမှာလဲ " ဟု မေးသည်။

" ငါ မပြောတတ်ဘူး " ဟု ပီလွန်က ဖြေသည်။
သူတို့ နှစ်ယောက် ပင်လယ် သဲသောင်ပြင်ပေါ်ရောက်ချိန်တွင် နေသည် သာလျက်ရှိလေပြီ။ သို့သော်လည်း ပီလွန် သည် ရှေ့ကိုဆက်၍သွားနေဆဲ။ သူသည် ပင်လယ်ကမ်းခြေရေစပ်တစ်လျှောက် လျှောက်သွား နေသည်။ မွန်ထရေးမြို့သည် သူတို့နောက်ဘက်တွင် အဝေးကြီး ကျန်ခဲ့သည်။ ပင်လယ်ကမ်းခြေရှိ သဲသောင်များ နှင့် လှုပ် ရှားပြေးလွှားနေသော လှိုင်းလုံးများသည် ပီလွန်၏ ကြေကွဲဝမ်းနည်းသော အဖြစ်ကို ဆီး၍ ကြည့်နေသည့်နှယ် ရှိ သည်။ နောက်ဆုံးတွင် သူသည် ခြောက်သွေ့သော သဲသောင်တစ်နေရာ၌ ထိုင်သည်။ ကောင်ကြီး ဂျိုး က သူ့ဘေးမှာ ၀င်ထိုင်သည်။ ငြိမ်ဆိတ်နေသော ပီလွန်ကို ကြည့်ကာ ဤမျှလောက် စိတ်ထိခိုက် သွားရခြင်းသည် သူ့တာဝန်မကင်း ဟုပင် စိတ်ထဲ က ခံစားနေရသည်။

ပီလွန်သည် မြက်များနှင့်ပတ်ထားသည့် ၀ိုင်အိုးကိုထုတ်၍ မော့သည်။ ကြေကွဲဝမ်းနည်းခြင်းသည် ကရုဏာတရား၏ မိခင်ဖြစ်သည်ဟူသော စကားနှင့်အညီ ထင်တိုင်းမပေါက်သဖြင့် စိတ်ဆင်းရဲနေသော ပီလွန် သည် လူဆိုးလူသွမ်းတစ်ဦးဖြစ်သော ကောင်ကြီးဂျိုးအပေါ် သနားစိတ် ၀င်လာသည်။ သူသည် လက်ထဲ မှ ၀ိုင် ကိုဂျိုးလက်သို့ လှမ်းပေးလိုက်လေသည်။

"ငါတို့ ဘယ်လောက်အထိ တည်ဆောက်ထားခဲ့ရသလဲကွာ" ဟု ပီလွန်က ပြောသည်။ " ရွှေအိတ်တွေကို ဘယ် နည်းဘယ်ပုံ သယ်သါားလိုက်မယ်၊ ဒင်နီလက်ထဲကို ဘယ်လိုထည့်ပေးလိုက်မယ်လို့ ငါတွေး လာခဲ့ သမျှ ဟာ အလဟဿ ဖြစ်ခဲ့ရပြီ။ ရွှေအိတ်တွေကိုသာ ပေးလိုက်ရင် သူ့မျက်နှာ ဘယ်လိုဖြစ်သွားမလဲ၊ ဒီကောင် တအား အံ့သြသွားမှာကွ၊ ယုံမှာတောင် မဟုတ်ဘူးကွ၊ သိလား " သူသည် ၀ိုင်အိုးကို ပြန်ယူပြီး မရပ်မနား မော့ပြန် သည်။ " အားလုံး သွားတာပဲ၊ ဘာတစ်ခုမှ မကျန်တော့ဘူး"

နေသည် သဲသောင်ပြင်ကို ပူနွေးသွားအောင် အရောင်လွှတ်ပေးလျက်ရှိသည်။ စိတ်ထိခိုက်လွန်းအားကြီးနေ သော ပီလွန် ၏ ခေါင်းထဲတွင် သစ္စာမဲ့သော စိတ်ကူးများ ၀င်လာနေသည်။ သူသည် အဆိုးထဲမှ အကောင်း ရှာရန် ကြံစည်လျက်ရှိ၏။

စကားနည်းသော ကောင်ကြီး၈ျိုးကတော့ ၀ိုင်ကိုသာ အဆက်မပြတ် မော့နေသည်ဖြစ်ရာ သူသောက်သင့် သောက်ထိုက်သည့် သူ့ဝေစုထက်ပင် ကျော်သွားခဲ့လေပြီ။ ထိုအခါကျမှပင် ပီလွန်သည် ဂျိုး၏ လက်ထဲမှ ၀ိုင်အိုး ကို ဒေါသတကြီးဆွဲယူလိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ထပ်တလဲလဲ မော့သည်။

" ဒါပေမယ့် တစ်ခုတော့ရှိပါတယ်" ဟု ပီလွန်က အဘိဓမ္မာဆရာ လေသံဖြင့်ပြောသည်။ " ငါတို့က ရွှေတွေတွေ့ လို့ သူ့ကိုပေးပေမယ့် ဒင်နီအတွက်က ကောင်းချင်မှကောင်းမှာပေါ့၊ သူဟာ ဘ၀ တစ်လျှောက် လုံး ဆင်းရဲလာခဲ့တဲ့ကောင်၊ ချမ်းသာလာရင် ဒီကောင် ရူးချင်ရူးသွားမှာ "
ကောင်ကြီးဂျိုးက အလွန်တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် ခေါင်းဆက်ပြသည်။ အိုးထဲရှိ ၀ိုင် ကတော့ လျော့သည်ထက် လျော့သွားနေသည်။

" စိတ်ချမ်းသာ ပျော်ရွှင်မှုသည် ချမ်းသာကြွယ်ဝခြင်းထက်ကောင်း၏ ဆိုတဲ့စကားရှိတယ်ကွ" ဟု ပီလွန်က ပြော သည်။ " တကယ်လို့သာ ငါတို့အနေနဲ့ ဒင်နီကို စိတ်ပျော်အောင် စိတ်ချမ်းသာအောင် လုပ်ပေးနိုင် မယ် ဆိုရင် သူ့ ကိုငွေပေးတာထက် ပိုကောင်းမှာ "
ကောင်ကြီးဂျိုးက နောက်တစ်ကြိမ် ခေါင်းထပ်ညိတ်ပြပြီး သူ့ဖိနပ်များကို ချွတ်သည်။ " အေးပေါ့ သူ့ကို ပျော် အောင်လုပ်ပေးပေါ့၊ အဲဒါ အဓိကပဲ"

ပီလွန်က ကောင်ကြီးဂျိုးကို လှမ်းမေးကြည့်သည်။ " မင်းကတော့ ၀က်တစ်ကောင်ပါပဲ၊ လူနဲ့သူနဲ့နေလို့ မသင့် တော်တဲ့ ကောင်စားပါ" ဟု ပြောသည်။ " ဒင်နီရဲ့ စောင်ကို ခိုးတဲ့ကောင်ဆိုတော့ ၀က်စားကျင်းထဲမှာထားပြီး အာလူးခွံ လောက်ပဲ ကျွေးဖို့တော်တဲ့ ကောင်စားပဲ "
နေပူရှိန်တက်လာလေ အိပ်ချင်လေဖြစ်လာသည်။ ညင်သာသော လှိုင်းပုတ်သံများသည် ကမ်းစပ် တစ်လျှောက် မှာ ပေါ်လာလျက်ရှိ၏။ ပီလွန်သည် သူ့ရှူးဖိနပ်များကို ချွတ်သည်။

သူတို့သည် ၀ိုင်အိုးထဲ၌ ၀ိုင်တစ်စက်မျှမကျန်အောင် သောက်ကြသည်။ ကမ်းစပ်တွင် လှိုင်းများက တလှုပ်လှုပ်။" အမှန်တော့ မင်းဟာ လူဆိုးတစ်ယောက် မဟုတ်ပါဘူး" ဟု ပီလွန်က ပြောသည်။ သို့သော် လည်း သူ့စကား ကမ်းလှမ်းပြောလိုက်သည့်အချိန်တွင် ကောင်ကြီး ဂျိုး မှာ အိပ်ပျော်သွားပြီဖြစ်ရာ သူ့စကား ကို မကြားနိုင်တော့ပေ။ ပီလွန်သည် သူ့ကုတ်အင်္ကျီကိုချွတ်၍ သူ့မျက်နှာပေါ် အုပ်လိုက်သည်။ နောက် မိနစ်အနည်းငယ်မျှ ကြာသော အခါ သူပါ အိပ်ပျော်သွားသည်။

နေသည် ကောင်းကင်ထက်တွင် တရွေ့ရွေ့သွားလျက်ရှိသည်။ ဒီရေသည် ကမ်းစပ်ဆီသို့ ပြန်၍ တက်လာသည်။ ထို့နောက် ပြန်ဆုတ်သွားသည်။ မြူးထူးပြေးလွှားနေကြသော ပင်လယ်သတ္တ၀ါများသည် အိပ်ပျော် နေသော လူ နှစ်ယောက်အပေါ် လျှောက်သွားနေကြသည်။ ခွေးလေတစ်ကောင်သည် သူတို့ နှစ်ယောက် အနီးသို့ ကပ်ကာ အနံ့ခံသည်။ ခရုခွံများကို လိုက်ကောက်နေကြသော အသက်ခပ်ကြီးကြီး မိန်းမနှစ်ယောက် သည် အသေကောင်များသဖွယ် ဖြစ်နေကြသော လူနှစ်ယောက်ကို မြင်သောအခါ ရုတ်တရက် လန့်နိုးလာပြီး သူတို့အား ဗလက္ကာရပြုမည်စိုးသဖြင့် သုတ်သီး သုတ်ပျာ ကျော်ဖြတ် သွားကြ သည်။ ယခုလို မူးရူးပြီး အိပ်ပျော်နေကြသော လူလေလူလွင့် များကို နိုင်အောင်မထိန်းနိုင်ခြင်းသည် ပုလိပ် များ၏ အပြစ် ဟု သူတို့ကယူဆကြသည်။ "နှစ်ကောင်စလုံး မူးနေတာ"ဟု တစ်ဦးက ပြောလေသည်။

ကျန်တစ်ဦးက အိပ်ပျော်နေသူများဆီသို့ နောက်ပြန်တစ်ချက် လှည့်ကြည်ပြီး "မူးရူးနေတဲ့ သတ္တ၀ါတွေ"ဟု ရေရွတ်သည်။
နေသည် မွန်ထရေးမြို့၏ နောက်ဘက်ရှိ တောင်ကုန်း၏ နောက်ဘက်တွင် ၀င်ရောက် ပျောက်ကွယ် သွားသည်။ ထိုအချိန်ရောက်ခါမှပင် ပီလွန်အိပ်နေရာမှ နိုးသည်။ သူ့ပါးစပ် သည်ခြောက်သွေ့လျက်ရှိ၏။ သူ့ခေါင်းတစ်ခုလုံး မှာ မခံမရပ်နိုင်လောက်အောင် ကိုက်ခဲ လျက်ရှိသည်။ ကောင်ကြီးဂျိုးထံမှ ဟောက်သံ ကတော့ အဆက်မပြက် ပေါ်လာနေဆဲ။

"ဂျိုး"
ပီလွန်က အော်ခေါ်သည်။ သို့သော်လည်း ဂျိုးသည် ခေါ်သံ၊ အော်သံများ အလှမ်းမမီနိုင် တော့သည့် နေရာ၌ရောက်နေပြီ။ ပီလွန်သည် သဲပြင်ကို တံတောင်ဖြင့် ထောက်၍ ထထိုင် ကာပင်လယ်ပြင်ကို လှမ်းကြည့်သည်။ "၀ိုင်နည်းနည်းလောက်သာ ထပ်သောက် လိုက် ရရင် အာခြောက်ပြေ သွားမှာ"ဟု တွေးသည်။ သူသည် ၀ိုင်အိုးကိုယူ၍ ဖင်ကပ်ကလေး တစ်စက် နှစ်စက်မျှ ရလိုရငြား မော့သည်။ ထို့နောက် သူ့အင်္ကျိအိတ်ကပ်များကို အတွင်းအပြင် လှန်ကြည့်သည်။ သူအိပ်မောကျနေခိုက် တန်ခိုးရှင်တစ်ဦးဦးက သူ့အိတ် ကပ်များ ထဲသို့ အဖိုးတန်ရတနာ ပစ္စည်းတစ်ခုခု ထည့်သွားလေမလားဟူသော မျှော်လင့် ချက်ဖြင့် ထိုကဲ့သို့ လုပ်ကြည့်နေခြင်းဖြစ်၏။

သို့သော်လည်း အိတ်ကပ်များထဲတွင် ဘာမှမရှိ။ ကျိုးပဲ့နေသော အိတ်ဆောင်မောင်းချ ဓားတစ်လက်တော့ တွေ့သည်။ ဤဓား ကိုဝိုင်တစ်ခွက်နှင့် လဲသောက်ရန်အားထုတ်ခဲ့သည်မှာ အကြိမ်နှစ်ဆယ်ထက် မနည်းရှိခဲ့ ပြီ။ သို့သော်လည်း မည်သူကမှမလဲ။ ပြီးတော့ ငါးမျှားချိတ်တစ်ခု၊ ညစ်ပတ်ပေရေနေ သော ကြိုးတစ်စ၊ ခွေးသွား တစ်ချောင်း နှင့် သူသိသမျှသော သော့ပေါက်များထဲမှ ဘယ်သော့်ပေါက်နှင့်မျှ၊ မတော်သည့် သော့အများအပြား ကို တွေ့သည်။ အိတ်ကပ်များထဲ မှ သူနှိုက်၍ ရသမျှပစ္စည်းများထဲတွင် တော်ရဲလီဆိုင်မှ တန်ဖိုး ရှိသည်ဟု သတ်မှတ် မည့်ပစ္စည်း ဟူ၍ ဘ်ာတစ်ခုမျှမရှိ။

ပီလွန်သည် ကောင်ကြီးဂျိုးကိုကြည့်၍ စဉ်းစားလျက်ရှိသည်။ "သနားစရာတော့ ကောင်းတဲ့အကောင်ပဲ"ဟု တွေးသည်။ "သူနိုးလာရင်လည်း ငါ့လိုပဲ အာခြောက်မှာ၊ သူနိုး လာရင်တိုက်ဖို့ ငါ့မှာဝိုင်ရှိနေရင် ဘယ်လောက် ကောင်း လိုက်မလဲ" သူသည်ကောင်ကြီးဂျိုး ကိုအကြိမ်ပေါင်းများစွာ တအားလှုပ်၍ လှုပ်နိုးသည်။ ကောင်ကြီးဂျိုးကတော့ မနိုး။ ပါးစပ်မှ မပီမသသော စကားများ ရေရွတ်လျက်ရှိသည်။ ထို့နောက် ဟောက်သံများ ထွက်လာ ပြန်သည်။

ပီလွန်သည် ကောင်ကြီးဂျိုး၏ အိတ်ကပ်များကို နှိုက်ကြည့်သည်။ ဘောင်းဘီ ကြေးကြယ်သီးများ၊ "ဒပ်ခ်ျမင်းစားသောက်ဆိုင်တွင် ကောင်းကောင်းစားပါ"ဟူသော စာတန်းထိုးထားသည့် သတ္ထုပြား တစ်ချပ်၊ ခေါင်းမပါတော့သည့် မီးခြစ်ဆံ လေးငါးချောင်း နှင့် ဆေးရွက်ကြီးအနည်းငယ်ကိုသာ တွေ့သည်။
ပီလွန်သည် စိတ်ပျက်လက်ပျက်ဖြစ်သော သဲပြင်ပေါ်ပြန်၍ ထိုင်ချလိုက်သည်။ ၀ိုင်သောက် ချင်လွန်း၍ သူ့လည်ချောင်း တစ်ခု လုံးမှာ ခြောက်သွေ့ပူလောင်လျက် ရှိ၏။ ယခုအတိုင်း သာဆိုပါက သူသည် ဤသဲသောင်ပြင် ပေါ် ၌ ထိုင်နေရင်လုံးပါးပါးကာ အသက်ထွက် ရတော့မည်ထင်၏။

ကောင်ကြီးဂျိုးဝတ်ထားသော သက္ကလတ်ဘောင်ဘီများကို ပီလွန်သတိထားမိသည်။ သူ့လက်ချောင်း များဖြင့် ဘောင်းဘီအသားကို အသာကိုင်ကြည့်ပြီး "တယ်ကောင်း တဲ့အစပါလား"ဟု တွေးသည်။ "သူ့သူငယ်ချင်း တွေက ဂျင်းဘောင်းဘီဝတ်နေရတဲ့အချိန် မှာသူ့လို ပေပေရေရေကောင်က ဒီလောက် အသားကောင်း တဲ့ အသက္ကလတ်ဘောင်းဘီ ကိုဘာပြုလို့ဝတ်ရမှလဲ" ထို့နောက်ကောင်ကြီးဂျိုးနှင့် ကြည့်မကောင်း ဖြစ်လောက်အောင် မတော်သည့် ဘောင်ဘီ၏ အဖြစ်ကို သတိပြုမိပြန်သည်။ အပေါ်ဆုံး ကြယ်သီး နှစ်လုံး မတပ်ဘဲ ထားသည့်ကြားမှပင် ဘောင်းဘီသည် အလွန်ကျပ်လျက်ရှိသည်။ ဒီဘောင်းဘီ တွေကို သန့်သန့်ပြန့်ပြန့် လူတစ်ယောက်သာဝတ်လိုက်ရင် ဘယ်လောက်များ ကြည့် ကောင်းလိုက်မလဲ။

ဒင်နီ၏အပေါ်၌ ဂျိုးကလုပ်ထားသည့် ပြစ်မှုကို ပီလွန်သတိရလာသည်။ သူသည် ဒင်နီ၏ ကိုယ်စား လက်စားချေ သည့် နတ်သားတစ်ပါးအဖြစ်သို့ ချက်ချင်းရောက်သွားသည်။ ဒီလိုမည်းမည်း ကြုတ်ကြုတ် ကောင်က ဒင်နီ့ပစ္စည်းခိုးတယ်ဆိုတာက သက်သက်စော်ကား တာပဲ၊ ဘာပြုလို့ ဒီလိုလုပ်ရမှာလဲ ဟု တွေးသည်။ ဒီကောင်နိုးလာရင် ငါထပ်ဆော်ဦးမယ်၊ ဒါပေမယ့်သူပြစ်မှုက ခိုးတာပဲ၊ ပစ္စည်းခိုးတဲ့အတွက် ငါ့သူ့ကို ထပ်ရိုက်ရင် သူ့ကိုလိမ္မာ လာအောင်ဆုံးမရာ ရောက်ပ့ါမလား၊ အပြစ်ဒဏ်ပေးတယ်ဆိုတာက အပြစ်ဒဏ်ခံရတဲ့လူ မှာသင်ခန်းစာရသွားမှ ကောင်းတာ။ ယင်းကဲ့သို့တွေးမိသောအခါ ပီလွန်၏အခြေအနေ သည် အပေါ်စီး ရလာသည်။

အကယ်၍သာ သူလုပ်တတ်ပါကဂျိုးကို ဒင်နီ၏ကိုယ်စား လက်စားချေရာလည်းရောက်မည်၊ ကောင်ကြီးဂျိုး ကို စည်းကမ်းရှိသွားအောင် ပြုပြင်ပေးရာ လည်းရောက်မည်၊ လူ့ကျင့်ဝတ်ကို ထိန်းရမည့် တာဝန် ကိုလည်း နားလည်သဘော ပေါက်သွားအောင် အသိပညာပေးရာလည်း ရောက်မည်၊ သူ့စိတ်ကူး ရသည့် အတိုင်းသာ အပြစ်ပေးလိုက်မည်ဆိုပါက ၀ိုင်နည်းနည်းရစရာလည်း ရှိသည်။

သူသည်ကောင်ကြီးဂျိုးကို တစ်ဖတ်သို့စောင်းသွားအောင် အားကုန်ထုတ်၍ တွန်းလိုက် သည်။ ကောင်ကြီးဂျိုး သည် သူတွန်းလိုက်သည့်အတိုင်း တစ်ဖက်သို့ စောင်းသွားပြီးကာမှ အခြောက်ခံလိုက်ရသည့် ယင် တစ်ကောင်ပြန် ၍ နားသည့်နှယ် သူ့ဘက်သို့ပြန်လိမ့်လာပြီး သူ့ကိုယ်တွင်ကပ်နေသည်။ ပီလွန်သည် ဂျိုး၏ ခါး မှ ဘောင်းဘီများကို ကျင်လည်စွာ ချွတ် ယူပြီးကျကျနန လိပ်ကာထွက်လာခဲ့လေသည်။
ဆိုင်တွင် တော်ရဲလီးမရှိပေ။ သူ့မိန်းမပစ္စတော်ရဲလီးက ဆီး၍တံခါးဖွင့်ပေးသည်။ ပီလွန်၏ ဟန်အမူအရာ သည် ခိုးကြောင်ခိုးဝှက်၊ သို့သော်လည်း နောက်ဆုံးကျတော့ ဘောင်းဘီများ ကိုထုတ်ပြသည်။
မစ္စက်တော်ရဲလီ က ခေါင်းခါသည်။

"သေသေချာချာ ကြည့်ပါဦးဗျာ"ဟု ပီလွန်က ပြောသည်။ "ခင်ဗျားကပေရေနေတာနဲ့ အစွန်းတွေ၊ အကွက်တွေ လောက်ဆိုသာ မဲကြည့်နေတာကိုး၊ ဒီအစကို သေသေချာချာ ကိုင်ကြည့်စမ်းပါဦး၊ လျှော်ဖွပ်ပြီး မီးပူ သာ တိုက်လိုက်လို့ကတော့ ကောင်းမှကောင်းဆို တဲ့ ဘောင်းဘီတွေ ဖြစ်သွားမှာဗျ၊ ခင်ဗျားယောကျာ်း တော်ရဲလီး ပြန်လာတယ်ဆိုပါတော့၊ သူအပြင်က စိတ်ဆိုးစရာ တစ်ခုခုနဲ့ ကြုံလာလို့ ဒေါသတွေဖြစ်ပြီး ပြန်လာတယ် ဆိုပါ တော့၊ မျက်နှာကြီးက မှုန်တေတေ အောက်သိုးသိုး ဖြစ်နေတယ် ဆိုပါတော့၊ အဲ...... အဲဒီအချိန်မှာ ခင်ဗျားက ဟောဒီဘောင်းဘီတွေကို ထုတ်ပြလိုက်ရင် သူဘာဖြစ်သွား မယ် ထင်သလဲ၊ ဟား သူ့မျက်လုံး တွေဟာ ၀င်းလက်လာမယ်၊ သိပ်ကိုပျော်လာမယ်၊ သူကခင် ဗျားကိုပွေ့ပြီး ရင်ခွင်မှာ တင်ထား မှာ သေချာတယ်၊ အောင်မယ် ပြီးတော့ ခင်ဗျားကို ပြုံးပြုံးကြိး စိုက်ကြည့်နေမှာ၊ ၀ိုင်လေးတစ်ဂါလံ ပေးလိုက် လို့ ခင်ဗျားတို့လင်မယားမှာ အတိုင်းအဆမသိနိုင်တဲ့ စိတ်ချမ်းသာမှုကို ရမှာပါဗျ"

"နင့်ဘောင်းဘီတွေက ဖင်ထိုင်တဲ့ နေရာတွေမှာ ပါးနေပြီ"ဟု မစ္စက်တော်ရဲလီးက ပြောသည်။
ပီလွန်က ဘောင်းဘီများကို အလင်းရောင်အောက်တွင် ထောင်ပြသည်။ "ဘယ်လောက် များပါးသေးလို့ လဲဗျာ၊ ခင်ဗျားမလည်း ကြည့်ပဲကြည့်စမ်းပါဦး၊ ဟိုဘက်ကို တိုးလျှိုးပေါက် မြင်ရလို့လား၊ မမြင်ရပါဘူးဗျ၊ ထူလိုက်တာ မှ အလွန်ပဲ ပထမတန်းစား အခြေအနေပဲ ရှိနေပါသေးတယ်"
"ဘယ်ဟုတ် ရမှာလဲ"ဟု မစ္စက်တော်ရဲလီးက ပြန်ပြောသည်။

"ခင်ဗျားဟာ ခင်ဗျားရဲ့ ယောက်ျားအပေါ် တော်တော်ရက်စက်တဲ့ မိန်းမကြီးပါလား၊ သူစိတ်ချမ်းသာအောင် ခင်ဗျားက လုပ်မှမလုပ်ချင်ဘဲကိုး၊ အင်းပေါ့လေ၊ ဒါကြောင့်လဲ နှလုံးသားရှိတဲ့ တခြားမိန်းမတွေဆီ သူသွားသွား ရစ်နေတာ ကျုပ်မြင်ရတာကိုး၊ ဒါပေါ့လေ မဆန်းပါဘူး၊ ကဲဗျာ ဒီလောက်တောင် ဖြစ်နေရင် လည်း တစ်စိတ်ပဲပေးဗျာ"
နောက်ဆုံးတွင် မစ္စက်ဟော်ရဲလီက အညံခံကာ ပီလွန်တောင်းသည့်အတိုင်း ၀ိုင်တစ်စိတ် ပေးသည်။ ပီလွန်ကလည်း ရလျှင်ရချင်း သောက်သည်။ "ခင်ဗျားဟာ သာယာပျော်ရွှင်မှုရဲ့ တန်ဖိုးကို ဈေးနှိမ်ဖို့ ကြိုးစားနေ တဲ့ မိန်းမကြိးပဲ၊ တကယ်တော့ ကျုပ်ဘောင်းဘီတွေ အတွက် ၀ိုင်ဂါလံဝက်တော့ ရသင့်တယ်ဗျာ"

မစ္စက်တောရဲလီး၏ နှလုံးသားသည် ကျောက်ခဲတမျှမာကျောလှ၏။ နောက်ထပ် ၀ိုင်တစ် စက်မျှပင် မပေးချေ။ ပီလွန်သည် မိးဖိုခန်းထဲ၌ ထိုင်ကာ မှိုင်တွေချလျက်ရှိသည်။ "ဂျူးမကြီး၊ ဒီမိန်းမကြီးဟာ ဂျူးမကြီးပဲ၊ ကောင်ကြီးဂျိုး ရဲ့ ဘောင်းဘီတွေ ကောင်းရဲ့သား နဲ့ လိမ်ယူတယ်"
ပီလွန် သည် သဲသောင်ပေါ်၌ ကျန်ခဲ့သော သူ့သူငယ်ချင်းဂျိုးအတွက် စိတ်မကောင်း ဖြစ်မိသည်။ ဂျိုး အတွက် သူဘာများလုပ်ပေးနိုင်ပါမည်နည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ပဆစ်အိမ် အပိုင်း (၂၂)

စာရေးဆရာ တစ်ယောက်က ရေးဖူးသည်။ "ယောက်ျားတို့သည် တစ်ကိုယ်ကောင်းဆံကြသည်" တဲ့။ "မိန်းမ တို့ သည် မိုက်မဲကြသည်" တဲ့။
သိုးဆောင်းစကားနှင့်ဆိုလျှင် "Men are selfish and women are foolish" ပေါ့။
သည်စကား ကို ကြားရစက ဇင်တို့ နာမိခဲ့ကြသေးသည်။

ယောက်ျားတွေတော့ ဟုတ်ချင် ဟုတ်မှာပေါ့၊ မိန်းမတွေကတော့ ဟုတ်မယ် မထင်ပါဘူး စသည်ဖြင့် အငြင်းပွား မိခဲ့ကြသေးသည်။ ထို စာရေးသူကိုပင် မိန်းမတွေကို နှိမ်ရန်ကော အပြစ်ပြောခဲ့ကြသေး သည်။
ယခုတော့ သည်စကားကိုပင် အတည်ယူရမလို ဖြစ်နေသည်။
ဆုံးဖြတ်ချက် ချပြီးကာမှပင် ဇင်သည် မိမိကိုယ်မိမိ မိုက်မဲရာ ကျနေပြီလား ထင်သည်။
သို့ပေမယ့် မတတ်သာတော့ပါဘူး။ ဇင်က အလုပ်တစ်ခုကို လုပ်မည်ဆိုလျှင် မဆုတ်မနစ် လုပ်တတ်သည်။ မှားကာ မှ မှားလေရော့။ စိတ်ပိုင်းဖြတ်ပြီးပြီ ဆိုလျှင်တော့ "ဘွာ" မခတ်တမ်းပေါ့။
မိန်းမ တွေ အားလုံး မမိုက်မဲ့ဘူးထား။ အချို့သော မိန်းမများကဖြင့် မိုက်မဲကြသည် အမှန်ပင်။

ရှည်ရှည်ဝေးဝေး ကြည့်မနေပါနှင့်။
ရုပ်ရှင်ရုံတွေမှာ၊ ပန်းခြံတွေမှာ၊ တိရစ္ဆာန်ရုံမှာ၊ ကန်တော်ကြီးမှာ၊ အင်းလျားမှာ မြင်ရလေ့ရှိသည့် စုံတွဲတွေကိုပဲ ကြည့်။
ချိန်းဆို တွေ့ဆုံကြသည် ဆိုသည်မှာ ယောက်ျားကလေးတစ်ယောက်အဖို့ မထောင်းတာလှပါ။ ဘာပဲ ပြောပြော တစ်ခုမဟုတ်တစ်ခု အမြတ်ထုတ်နိုင်သည်။ သူတို့ဆီက ဘာမှပဲ့ပါသွားနိုင်သည် မဟုတ်။ အရှက် ဆိုသည် ကိုလည်း ဘေးချိတ်ထားနိုင်သည်။ လူတွေသူတွေ မြင်သွားတောကော ဘာကိုများ ဂရုစိုက်စရာ ရှိပါသလဲ။ ဂုဏ်ယူဝင့်ကြွားမည်ဆိုလျှင်ပင် ရနိုင်သေးရဲ့။

မိန်းကလေး ဆိုသည်မျိုးက အရှက်ကို ငဲ့ကွက်ရဦးမည်။ အသိအကျွမ်းတွေ၊ အစ်ကိုတွေ၊ မောင်တွေ နှင့်  ဆုံမိ လျှင် ပြဿနာက မသေး။ အရိုက်အနှက် ခံရဦးမည်။ အဆူပူ အကြိမ်းအမောင်း ခံရဦး မည်။
သို့စင်လျက် … ဒါတွေကို ငဲ့ကွက်ပြီး ရှောင်ကြဉ်သူက ခပ်ရှားရှား၊ မိုက်မဲစွာပင် ချိန်းဆိုမှုကို လက်ခံ ကြသည်။ တွေ့ကြသည်။ လောကကို မေ့ကြသည်။ မိုက်မဲမှုကိုပင် သတ္တိဟု အမွှမ်းတင်ချင်ကြသေး သည်။
မိဘတွေ၊ ဦးကြီး၊ ဦးလေးတွေ၊ အစ်ကိုတွေ၊ မောင်တွေကြားက သက်စွန့်ဆံဖျား ခိုးရာလိုက်ကြသူ တွေ ဒုနှင့်ဒေး။ မရှောင်သာသည့် အမှောင်လမ်းကြားက အမှားကြောင့် ကျရသော မျက်ရည်များကို စုထားလျှင် အင်လျားကန် ပင် လျှံလောက်ပါရဲ့။

ပဋိသန္ဓေနေရခြင်း၊ မွေးဖွားရခြင်း၊ အိမ်ထောင့်တာဝန် ထမ်းဆောင်ရခြင်း စသည်တို့ကို စိုးရွံ့ကာ မင်္ဂလာပွဲ မှာ မပျော်နိုင်သူ အရှားသားကလား။ အမယ်လေး အဘလေး တကာ နာနာကျင်ကျင် မွေးဖွားပြီး ဆယ့်လေးငါး ရက် မကြာခင် ဒါတွေကို မေ့ပျောက်ပစ်နိုင်ကြသည်မှာ မသတ္တ၀ါ။
သည် မိုက်မဲကြသူတွေ ထဲမှာ ဇင်သည်လည်း အပါအ၀င်သာ ဆိုလိုက်ပါတော့။

ယခုတော့လည်း …
ဇင်သည် ဦးတင်မောင်သန့်၏ တောင်းခံမှုကို လိုက်လျောလိုက်ပြီ။ လက်ထပ်ဖို့ လက်ခံလိုက်ပြီ။
သည်တစ်ပတ် မြို့သို့ပြန်တော့ ယင်းအကြောင်းကို မေမေ့အား ဖွင့်ပြောလိုက်သည်။
"မိုက်လိုက်တာ သမီးရယ် လောကမှာ ယောက်ျား ဒီလောက်ပဲ ရှားသလား"
မေမေ ၏ အပြစ်တင်စကားကို ပထမဆုံး ကြားရသည်။

"သူ့မိန်းမနှင့် ကလေးတွေကို ဘယ်လိုလုပ်မလဲ"
"သူ့ နောက်ကြောင်းတွေကို သူ့ဟာသူ ရှင်းပါလိမ့်မယ် မေမေ။ မောင် သမီးကို ပစ်သွားတုန်းကလဲ သမီး ရဲ့ ပြဿနာ ကို သမီးဘာသာ ဖြေရှင်းခဲ့ရတာပါပဲ"
"အမေ့သမီး ကျမှ ဒီလို ဖြစ်ရလေခြင်းကွယ်"

မေမေ မျက်ရည်ကျသည်။ မေမေ့မျက်ရည်ကို မြင်ရတော့ ဇင် စိတ်မကောင်းနိုင်ခဲ့။
"အေးလေ … သမီးရဲ့ အသက်လဲ သုံးဆယ် ရှိလာပြီးဆိုတော့ ငယ်တော့တာမှ မဟုတ်ပဲ။ ချင့်ချိန်ဦး ပေါ့"
ဇင်ကလည်း ချင့်ချိန်ပါသည်၊ ဇင် ချင့်ချိန်နေလို့သာ ဒီလောက် ကြာခဲ့တာပေါ့။

သို့ပေမယ့် တစ်ဘက်က အားကောင်းသော သံလိုက်ဓာတ်နှင့် ညှို့ငင်ထားသလို ဖြစ်သည်။ ဇင်သည် အားကောင်း သော သံလိုက်စက်ဝန်းအတွင်းမှာ ကျရောက်နေသော သံမှိုမယ်နကလေးလို ဖြစ်သည်။ ၀ဲသြဃ အလယ်မှာ အမှိုက်စကလေး ဖြစ်သည်။ ရုန်းကန်ထွက်ခြင်းငှာ မစွမ်းသာခဲ့။ အင်အားတွေ ကုန်ဆုံး ကာ နွမ်းလျနေသလို ရှိသည်။

ဇင် လိမ္မာခဲ့ဖူးတာလဲ အရှိသား။ မောင်နှင့်တုန်းက ဇင် ဘယ်လောက် လိမ္မာခဲ့ပါသလဲ။ မောင့်ကို တစ်သက်လုံး ချစ်သွားဖို့ လက်ထပ်ခဲ့တာပါ။ ကွာရှင်း ပြတ်စဲဖို့ ဆိုသည်ကို စိတ်ပင် မကူးခဲ့။ "ကွာရှင်း ပြတ်စဲခြင်း" (Divorce)ဆိုသော စကားလုံးသည်ပင် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မင်းသားနှင့် သန်းကြွယ် သူဌေးကြီး တွေအတွက် သက်သက်ထားရှိသည့် စကာလုံးဟူ၍သာ ထင်ခဲ့ သည်။ မောင်နှင့် ကွဲကွာခဲ့ပြီးသည့် နောက်မှာလဲ နှစ်ပေါင်းများစွာ လိမ္မာခဲ့တာပဲ မဟုတ်လား။

အကောင်းဆုံး အခြေအနေနှင့် အသင့်လျော်ဆုံး နေပြခဲ့သည်ပဲ မဟုတ်လား။ ဇင့်အဖို့ ထင်မှတ် သော အရာများ ဖြစ်မလာဘဲ မထင်မှတ်သော အရာများသာ ဖြစ်လာသည်ကတော့ ကံကြမ္မာပဲ ထင်ပါရဲ့။
အမှန် ပြောရလျှင်တော့ သည်ရက်များအတွင်းတွင် ဇင်၏ စိတ်တို့ ထွေးနေသည် အမှန်။ တွေနေ သည် အမှန်။ မိမိစိတ်ကို မိမိမပိုင်၊ မိမိ ကိုယ်ကို မိမိ မဆိုင်။ သူတစ်ပါး စိတ်နှင့် ကိုယ့်ကိုယ်လို ဖြစ် နေသည်။
သြော် … အသက်ဝိညာဉ် ကင်းမဲ့သည့် ရုပ်သေးရုပ်လိုပဲ ကလား။ ကြိုးဆွဲတိုင်း ကရမည့် ပုံသဏ္ဍာန် လိုပါပဲ ကလား။
ဦးတင်မောင်သန့်နှင့် နေ့စဉ်လိုပဲ တွေ့ဆုံကြသည်။ စိတ်ပိုင်းဖြတ်ပြီး ဆိုတော့လည်း ဇင်သည် ဦးတင်မောင်သန့် ပေးသမျှ ယူသည်။ ကျွေးသမျှ စားသည်။
စိတ်သန့် နိုင်အောင် ကြိုးစားသည်။

ဇွန်လထိအောင်ပင် နွေသည် ပူကောင်းတုန်း ဖြစ်သည်။ နေရောင်ခြည်သည် အရာအားလုံး အပေါ်မှာ စူးရှသော မြားတံများနှင့် ပစ်လွှတ်ထားဘိသည်သို့ ဖြစ်သည်။ လောကကြီးတစ်ခုလုံးကို လောင်ကျွမ်း ပစ်လိုက် တော့မည်သို့ ဖြစ်သည်။
ထိုကာလတွင် ဦးတင်မောင်သန့်က အဆိုပြုလာသည်။
"သိပ် ပူပြင်းတဲ့ နွေပဲ၊ ရန်ကုန်အပူကို ရှောင်ရင်း ငပလီမှာ သွားနားရကောင်းမလား စိတ်ကူးတယ်"
"ဟိုမှာကော အေးမှာလား။ တစ်နိုင်ငံလုံး ပူနေတဲ့ ဥစ္စာ"

"ဘာပဲပြောပြော ရေနဲ့ နီးတော့ သက်သာမယ် ထင်တာပဲ။ လေလဲတိုက်မယ်၊ အုန်းပင်တွေ၊ ပင်လယ်ကဗွီး တွေ၊ ပုန်းညက်ညိုပင်ရိပ်တွေကို ဇင် စဉ်းစားကြည့်စမ်း။ ရန်ကုန်မှာက တိုက်တွေ၊ အင်္ဂတေ၊ ပလက်ဖေါင်း တွေ၊ ကားအိပ်ဇောကထွက်တဲ့ ညှော်နံ့တွေနဲ့"

"ဦးတင်မောင်သန့်လို လေအေးစက်နဲ့နေ၊ လေအေးစက်ပါတဲ့ကားစီးနေတဲ့လူက ညည်းနေရင် ကျန်တဲ့ လူတွေ ဘယ်လို နေရတော့မှာလဲ၊ ကမ္ဘာကြီးကိုက ဖန်လုံအိမ်အာနိသင်ကြောင့် အပူရှိန်တိုး နေတာရှင့်"
"ဇင် မဆိုဘူး၊ စာဖတ်သားပဲ။ နောက်တစ်ခု ရှိတယ် ဇင်၊ ကိုယ့်ဝန်ထမ်းတွေကို ငပလီပို့ပေးမယ်လို့ ကတိ ပေးထားတာ ရှိတယ်။ နွေဆိုတော့ စာအုပ်ကလဲ မရောင်းရဘူး။ ခုလို အလုပ်ပါးတုန်း ပို့ရရင် ကောင်းမလား လို့။ ပြီးတော့ ဇင့်ကိုလဲ ငပလီကို ရောက်စေချင်တယ်။ ကလေးတွေကို ထိန်းကျောင်း ပေးဖို့ပါ။ မိန်းကလေး ၀န်ထမ်း တွေလဲပါလို့ပါ"
"ဇင် က  ပဒေသရာဇာရဲ့ ၀န်ထမ်းမှ မဟုတ်တာ"

"ပဒေသရာဇာ ရဲ့ အကျိုးဆောင်လေ၊ ကဲပါ ဇင်ရယ် … ဒါကို အငြင်းပွား မနေစမ်းပါနဲ့။ ဇင် ငပလီကို ရောက်ဖူးလား"
"ဟင့်အင်း"
"ဒါဆိုဘာလို့ ငြင်းနေမှာလဲကွယ်"
"ဇင် စဉ်းစားနေတာပါ"

"စဉ်းစားမနေနဲ့တော့၊ မနက်ဖြန် ထွက်မှာ။ ကုန်းလမ်းက သွားမှာ၊ ကပ်စေးနည်းတာ မဟုတ်ဘူး နော်၊ ဒီလူအုပ်ကြီး လေယာဉ်လက်မှတ် ရဖို့မလွယ်လို့။ ရန်ကုန်ကနေ ပြည်၊ ပြည်ကတစ်ဘက် ကမ်းကူး။ ပန်းတောင်း၊ တောင်ကုန်ကနေ ပြည်၊ ပြည်ကတစ်ဘက် သွားမှာ။ ဇင်လဲ စာရင်းဇယား တွေကို မေ့ထား။ ဒီအချိန် မှာ ဒါတွေစဉ်းစားရင် ဦးနှောက်အရည်ပျော် ကျသွားလိမ့်မယ်"
အမှန် ပြောရလျှင်တော့ ကျော်ကြားသော ငပလီသို့ ဇင် မရောက်ဖူးခဲ့။ ရုပ်ရှင်တွေ၊ ဓာတ်ပုံတွေ ထဲမှာတော့ မြင်ဖူးသား။ ခုတလော စိတ်တွေကလည်း ထွေနေသည်လေ။ ခရီးသွားလိုက်လျှင် စိတ်ပြေလက်ပျောက် ဖြစ် လိမ့်မည် ထင်သည်။

သို့ဖြင့် နောက်တစ်နေ့ နံနက် စောစောနိုးပြီး လက်ဆွဲအိတ်ကို အသင့်ပြင်ထားမိသည်။ သူတို့ အလာကို ကြိုမိ သလို ရှိနေကြောင်း တွေ့ရသည်။

ငပလီသည် ကျော်ကြားသလို သာယာလှပသည်လည်း အမှန်။ ပင်လယ်ကမ်းက ရှည်လျားသည်။ ကျောက်ဆောင် များ ရှိ၍ ငမန်းကဲ့သို့သော အန္တရာယ်ပေးမည့် ရေသတ္တ၀ါများ မရှိဟု သိရသည်။
ရေ က စိမ်းမြသည်။ သဲက ဖြူသည်။ သန့်သည်။ ကမ်းစပ်တလျောက် ပင်လယ်ကဗွီးနှင့် ပန်းညက် ညိုပင်များ ရှိသည်။ အလာလမ်းတွင် အချို့နေရာ လမ်းကြမ်းသည်။ အချို့နေရာ မြင့်မားသည်။ ထို့ကြောင့် ကားပေါ်မှာ ခလောက် ဆန်ပြီး ပါလာခဲ့ရသမျှ ငပလီကို  မြင်ရသောအခါ လန်းဆန်း သွားကြသည်။

ဇင်အပါအ၀င် အားလုံးလို ပင်လယ်စပ်သို့ ဆင်းကာ ရေကို လက်ခုပ်ဖြင့် ခပ်ပြီး မျက်နှာသစ်ကြ သည်။ ကိုယ်ပေါ် လောင်းချ ကြသည်။ အချို့ယောက်ျားကလေးတွေကတော့ အတော်ဝေးဝေး အရောက် လျှောက်သွား ကြသည်။ ခေါင်းမြုပ်သည်အထိ ရေထဲမှာ နှစ်လိုက်ကြသည်။
ဇင်သည် စိတ်ကျေနပ်သလောက်ရှိမှ ရေထဲက တက်ခဲ့သည်။ ရေစပ်မှာ ဦးတင်မောင်သန့်က စောင့်နေ သည်။

ဦးတင်မောင်သန့်က မေးသည်။
"ဇင် မှတ်မိသေးသလား"
"ဘာကိုလဲ ဟင်"
"သင်္ကြန်တုန်း က အင်းလျားမှာ ဇင် ရေထဲက တက်လာတဲ့ အချိန်ကိုလေ။ အဲဒီ့ မတိုင်ခင်တုန်းက ဆိုရင် ကိုယ့်မှာ ဆုံးဖြတ်ချက် ချထားတာ ရှိတယ်။ ဇင့်ကို ရှောင်တော့မယ်၊ ဝေးဝေးနေတော့မယ်၊ လက်ထပ်ဖို့လဲ မကြိုးစား တော့ဘူးလို့ပေါ့။ ဒါပေမယ့် အဲဒီနေ့က ဇင့်ကို မြင်လိုက်ရတော့ ဇင်ဟာ သိပ်လှတယ်၊ ဘယ်လိုနည်း နဲ့မှ သံယောဇဉ် မဖြတ်နိုင်တော့ဘူးဆိုတာ သေချာသွားတယ်။ ဒီလိုနဲ့ ဆုံးဖြတ်ချက်တွေ ပြောင်းခဲ့ တာပဲ ဇင်"

"ဟုတ်လား၊ ဒီလိုဆိုရင် ဇင့်ကို နည်းနည်းလောက် ဆွဲထားစမ်းပါ"
"ဘာဖြစ်လို့လဲ ဇင်"
"ကိုယ်မြှောက် ပြောတာနဲ့ ဇင် ဘ၀င်မြင့်ပြီး ကောင်းကင်ပေါ် လွင့်တက်သွားမှာ စိုးလို့ပါ"
ရယ်ကြရသေးသည်။

ဇင်တို့ ငပလီမှနေကာ မြပြင်၊ ဂျိတ်တော၊ လုံးသာ စသည့် ရွာကလေးများဆီသို့ သွားကြသည်။ ရွာတိုင်း လိုလို မှာပင် ဦးတင်မောင်သန့်၏ မိတ်ဆွေများ ရှိသည်။ ရင်းနှီးကျွမ်းဝင်စွာ နှုတ်ဆက်ကြ သည်။ ဒေသခံ သွားရည်စာ များ ကျွေးသည်။ အုန်းရည်ကတော့ အလျှံအပယ် ပါပဲ။

ဦးတင်မောင်သန့်သည် ငပလီကို အိမ်ဦးနှင့် ကြမ်းပြင်သဖွယ် ကူးသန်းခဲ့သည်မှာ ထင်ရှားသည်။ အကြိမ်ကြိမ် အခါခါ ရောက်ဖူးပေလိမ့်မည်။ တည်းခိုရိပ်သာ၊ ဘန်ဂလို၊ ဟိုတယ်တို့မှ ၀န်ထမ်းတွေ က သူ့ကို လေးစားစွာ ဆက်ဆံကြသည်။ သူနှင့်ပတ်သက်သူများအပေါ် ဖော်ဖော်ရွေရွေ ရှိကြသည်။

ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ငွေရှာကောင်းတာ၊ သတ္တိရှိတာ၊  ရဲရင့်တာနှင့် ချည်း မလုံလောက် သည်ကို ဇင် တွေ့နေရသည်။ ယောက်ျားတစ်ယောက်သည် ရိုးသားရမည်၊ စွမ်းဆောင်နိုင်စွမ်း ရှိရမည်။ ခေါင်းဆောင်ကောင်း ပီသရမည်။ ဒါမှသာ ယောက်ျားကောင်း တစ်ယောက်ဟု ဇင်တို့ သတ်မှတ် ခဲ့ကြသည်။
သို့သော် ယောက်ျားဆိုတာ ရိုးသားရမည်။ ပြတ်သားရမည်။ တပြိုင်နက်မှာပင် ကရုဏာနှင့် သည်းခံ နိုင်စွမ်း လည်း ရှိရပေမည်။ ငွေသည် အရာရာအပေါ် လွှမ်းမိုးနိုင်သည့် မှန်သော်လည်း အချို့နေရာ များကို ငွေနှင့် ၀ယ်၍ မရနိုင်ပါ။ ဥပမာအားဖြင့် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ။

ဦးတင်မောင်သန့်မှာ သည်အရည်အချင်းတွေ ရှိနေကြောင်း ဇင် တွေ့ရသည်။ သူသည် သူ့ဝန်ထမ်းများ အပေါ် သည်းခံစိတ်ရှည်ကာ ဂရုဏာလည်း ထားသည်။
သည်အချက်သည် ယခုလို လူတစ်အုပ်တစ်မကြီးနှင့် ခရီးသွားသောအခါ ပေါ်လွင်လာသည်။

သူသည် လူကြီးလူကောင်း ပီသသူ ဖြစ်သည်။ ၀န်ထမ်းတွေက ကလေးတွေဆိုသော်လည်း အသက်နှစ်ဆယ် ကျော်တွေ မို့ ဇင်တို့အပေါ် သိပ်ဝန်မပိခဲ့ပါ။
ဇင်သည် ဦးတင်မောင်သန့်နှင့်အတူ နံနက်နှင့် ညနေများတွင် ကမ်းခြေအတိုင်း လမ်းလျှောက် ထွက်သည်။ ညဘက် သဲသောင်ပေါ်မှာ ထွက်ထိုင်ကြသည်။

ဇင်သည် ကောင်းကင်ပြာထဲမှ ကြယ်ပွင့်များကို ရေတွက်နေမိလေသည်။ အမှန်တော့ ဇင်သည် အိပ်မက် မက်နေသူ ပမာ ဖြစ်သည်။ အိပ်မက်ကမ္ဘာထဲသို့ အလည်သွားရသလို ရှိသည်။
စင်စစ် သည်အဖြစ်တွေကို မောင်နှင့် လက်ထပ်စဉ်ကတည်းက ဇင် တောင့်တခဲ့သည်။ ၀တ္ထုတွေ ရုပ်ရှင်တွေ ထဲမှာ ဖတ်ဖူး မြင်ဖူးကာ သည်အရာတွေကို စိတ်အတွေးဖြင့် လွမ်းခဲ့သည်။
မောင် သည် ဇင့် တောင့်တမှုတွေကို မဖြည့်စွမ်းနိုင်ခဲ့။

မလိုက်လျောနိုင်ခဲ့။
မောင် မပေးနိုင်သော အရာ၊ မဖြည့်စွမ်းနိုင်သော အရာ၊ မလိုက်လျောနိုင်သောအရာများကို သူက ပေးစွမ်း ခဲ့ သည်။ ဖြည့်စွမ်းခဲ့သည်။ လိုက်လျောခဲ့သ်ည။
သူ နှင့် ပတ်သက်၍ ဇင်သည် အဆုံးစွန်းသော ကျေနပ်မှုကို ရခဲ့သည်။

မောင်နှင့် စာလျှင်တော့ သူက ထည်ဝါသည်။ ခမ်းနားသည် အမှန်။ သူက ငွေရှိသည်။ ပြည့်စုံသည်။ ကျွမ်းကျင် သည်။
ငွေသည် လောက၏ အချို့သော အစိတ်အပိုင်းများ အပေါ်မှာ လွှမ်းမိုးနိုင်စွမ်း ရှိသည်ဆိုခြင်းကို ဇင် သဘောပေါက် ခဲ့ရသည်။ ယုံကြည်ခဲ့ရသည်။
နောက်ဆုံးညမှာ ဇင်တို့ ညစာကို နောက်ကျ၍ စားသည်။

ဇင် တို့ ဖယောင်းတိုင်တွေ ထွန်းကာ နေကြသည်။ ညစာကို ကြမ်းပြင်ပေါ်မှာပင် စားကြသည်။ နှစ်ယောက်လုံး ၏ ပတ်ပတ်လည်မှာ ဖယောင်းတိုင်တွေ ထွန်းထားသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, December 29, 2010

စည်းစိမ်ရှင် ဘာသာပြန် ကိုယ့်ဘ၀နဲ့ကိုယ် ...ဟုတ်တယ်မဟုတ်လား?

ကိုယ့်ဘ၀နဲ့ကိုယ် ...ဟုတ်တယ်မဟုတ်လား?
ဘာသာပြန်သူ - စည်းစိမ်ရှင်
 
ဒီဆောင်းပါးလေးကို ဘာသာပြန်နေတာ အတော်ကြာပါပြီ  အကြောင်းအမျိုးမျိုး ကြောင့် လက်စမသတ် နိုင်ခဲ့ပါဘူး…၊ အခုတော့ အမရွှေစင်ရဲ့ ရာဇသံ ကြောင့်  လက်စသတ် လိုက်ရပါပြီ ….။ (ရာဇသံဆိုတော့ ကြောက်ရတာပေါ့ဗျာ….) ဖတ်လို့ မကောင်းခဲ့ ရင် တော့ ကျနော့် ရဲ့ ဘာသာပြန် မကျွမ်းကျင် မှု့ လို့ သတ်မှတ် ပြီး ခွင့်လွှတ် ပေးပါ..။
 
လေးစားစွာဖြင့် - စည်းစိမ်ရှင်
 
ဒီဆောင်းပါးလေး ကို ကျနော် သိပ်ကြိုက်ပါတယ်... ဆောင်းပါးလေး ကို ဘာသာပြန်ပေးတဲ့ အတွက် ကျနော့် ဘလော့ မှာ တင်ခွင့် ရတဲ့ အတွက် ချစ်ညီမ ကို ကျေးဇူးတင်ပါတယ်.... ရှာဖွေ ဖတ်ရှု့စေခဲ့ တဲ့ ချစ်ဖေဖေ ကိုလည်း ကျေးဇူးတင်ပါတယ်... ။
 
လေးစားစွာဖြင့် - ရွှေစင်ဦး 

ကိုယ့်ဘ၀ နဲ့ ကိုယ် လို့ ပြောတာ တကယ်တော့ မဟုတ်ပါဘူး……

အများ အတွက် မစဉ်းစားဘဲနဲ့ ကိုယ့်ဘ၀ အတွက် ….  ကိုယ့် ကိုယ်ကျိုး အတွက် လောက် သာ စိတ်ထဲ ရှိသလိုတွေးပြီး လုပ်နေမယ် ဆိုရင် တန်ဘိုးဖြတ်လို့မရနိုင် တဲ့ လှပသာယာတဲ့ လူတွေရဲ့ ဘ၀ပေါင်း များစွာ... အားလုံးရဲ့ မနက်ဖြန်ပေါင်း များစွာ နဲ့ …  ကမ္ဘာကြီး ရဲ့ အနာဂါတ် ကို ဆုံးရှုံးအောင် လုပ်လိုက် တာ နဲ့ အတူတူ ပါဘဲ...... ။
 
(၁)

ပါမောက္ခ တစ်ဦး က ဟေ့.... အမောင်ကျောင်းသား   ဆေးလိပ်သောက်တာ ကောင်းတဲ့ အလုပ် မဟုတ်ဘူး လို့ဆုံးမတော့ ၂၁ နှစ်အရွယ် ကောလိပ်ကျောင်းသား က သူ့ရဲ့ ပါမောက္ခ ကို ကိုယ့်အလုပ် ကိုယ်လုပ် ဆရာနဲ့မဆိုင်ဘူး ဆိုပြီး ပြန်လည် ပြစ်တင် ပြောဆို ခဲ့တာကို မနှစ်သက်စွာနဲ့ ကြားခဲ့ရပါတယ်......။

ကိုယ့်ဘာသာကိုယ် ဆေးလိပ်သောက်တာ ဘာဖြစ်လဲ ကိုယ့်အလုပ် ကို လုပ်ကြ  တခြားသူ တွေ ကို မပြောနဲ့........ မပြောနဲ့..... ဆေးလိပ်သောက်တာနှင့် ပတ်သက်ပြီး ကျန်းမာရေး ဟောပြောချက်တွေ ပို့ချချက် တွေ လမ်းညွှန်ချက် တွေ လာမလုပ်ပါနဲ့ ဒါက ကျွန်တော့်သဘောဘဲ ကျွန်တော်ပိုင်ဆိုင် တဲ့ ကျွန်တော့်ကိုယ်ခန္ဓာ ကျွန်တော့်ကျန်းမာရေး ကျွန်တော့်ဘ၀ ၀င်မစွက်ဖက်နဲ့။ ကိုယ့်ဘ၀နဲ့ကိုယ် ဟုတ်တယ် မဟုတ်လား…။

ဆရာရှေ့မှာ ဆေးလိပ်သောက်တာ မကြိုက်ဘူး ဆိုရင် ကျနော် မသောက်တော့ဘူး ဆိုပြီး ဆေးလိပ်ကို သူ့ အိတ်ထဲ ပြန်ထည့် လိုက်တယ် ...။

မောင်ကျောင်းသားက ပြောသေးတယ်၊ အားလုံး ကိုယ့်ဘ၀နဲ့ကိုယ်ချည်းပါဘဲ .....၊  ကြိုက်သလို နေကြပေါ့ ...... ရာမ ဘဲချချ ဆေးခြောက် ဘဲ ရှုရှု ၀ီစကီ လည်း ကြိုက်သလောက် သောက် ကိုယ့်သဘောအတိုင်း ဘဲ တဲ့.... ဘာဘဲ ဖြစ်ဖြစ် ကိုယ်လုပ်ချင်ရင် လုပ်မယ် မလုပ်ချင်ရင် မလုပ်ဘူး ကိုယ်လုပ်ချင်လို့ လုပ်တဲ့ ကိစ္စ ဘယ်သူ့ကို ထိခိုက်နေလို့လဲ …..  ပြီးတော့ ဆက်သေးတယ်.. ...။

လမ်းမကြီးပေါ်မှာ ကားတစီးတလေ မှ မရှိဘူး ခရီးသည် လည်း တဦးတလေ တောင် မပါတော့ တနာရီမိုင် ၁၀၀နှုန်း နဲ့ကား အမြန်မောင်းတာ ဘယ်သူ့ကို ဘယ်လိုအန္တာရယ် ဖြစ်စေလို့လဲ ဆရာ လို့… ပြန်ပြောတော့  ဟုတ်တာ ပေါ့ကွာ ....မင်း.. ဘာကို ဆိုလိုသလဲ ဆိုတာ သိပါတယ် ဒါပေမယ့်  အဲဒီလို ပြောတာ ကို ငါ သဘောမတူဘူးကွာ ဆိုပြီး ဆရာက ခေါင်း တငြိမ့် ငြိမ့် နဲ့ ပြန်ပြောပါတယ်..။

ဆရာ့သဘော ကို ပြောရရင် ဒါဟာ အထီးကျန်ပြီး ငြီးငွေ့စရာ ကောင်းတဲ့ လူတယောက်ရဲ့ အမြင် ဘဲ.....၊ အဲဒီလိုသာ ယူဆ နေရမယ်ဆိုရင် ဘ၀ဟာ ဘာမှ တန်ဖိုးမရှိ၊ အဓိပ္ပါယ် မရှိတော့ဘူး...။

အမောင်ကျောင်းသား ကတော့ ရုံးခန်းထဲက ထွက်သွားပြီး ကျောင်းစင်္ကြန်ပေါ်မှာ ဆေးလိပ် သောက် နေလေ ရဲ့ ..... စင်္ကြန်လမ်းပေါ်မှာ လူသူလေးပါး ရှင်းလင်းနေတယ်ဆိုပြီး ဆေးလိပ် သောက်တယ် .....၊ ဒါဆိုရင်  မှားယွင်းနေပြီ ဒါဟာ... မဟုတ်သေးဘူး လုံးဝကို မဟုတ်တာပါ.....။

ကျွန်တော်တို့ တစ်တွေနဲ့လည်း သူ ဟာ တစုံတရာ ပတ်သက်နေတယ် .....၊ လူတွေအားလုံးဟာ  ဆက်စပ် ပတ်သတ်နေသလို လူတိုင်းဟာလဲ သူ့ဘ၀နဲ့ တစိတ်တပိုင်းစီပါဝင် ပတ်သက် နေကြ ပါတယ် ...၊ သူ ဆေးလိပ်သောက်လို့ ခန္ဓာကိုယ် ချွတ်ယွင်းတဲ့ အခါ သူ့ရဲ့ ကိုယ်အင်္ဂါ ဖြတ်တောက် ထုတ်ပယ် ပစ်ရတဲ့ အခါ  သူ့ရဲ့ ဆုံးရှုံးမှု ၊ နာကျင်ခံစားမှု အားလုံးဟာ ကျွန်တော်တို့ တတွေ  အားလုံးနဲ့ သက်ဆိုင် နေပါတယ် ... ၊ ဒီအဖြစ်ဆိုးကြီးက ထွက်ပြေး လွတ်မြောက်ချင်လို့ မရသလို ဘယ်သူ မှ ရှောင်တိမ်းလို့ မရပါဘူး .....။
(၂)

ကိုယ် အသုံးပြုတဲ့ ဆပ်ပြာ အနံ့တွေကို တခြားသူတွေ က  ရှုရိုက်ရမယ်....၊  ပြီးတော့ ကိုယ်အသုံးပြုတဲ့ ကားကနေ ထွက်တဲ့ အဆိပ်ငွေ့တွေလဲ အများသူငါတွေ ရှုရှိုက်နေကြရတာဘဲ....။

ကိုယ်ရဲ့ မင်္ဂလာနံနက်ခင်း အပြုံးပန်းလေး တွေဟာ တခြားသူတွေ အတွက် စိတ်ဓါတ်တွေ ကို တက်ကြွစေရင် ... ၊ မြေအောက်ရထားလမ်းမှာ အများသူငါတွေ ကို အပြုံးပန်းမပေး ဘဲ ပြစ်တင် ညည်းညူသံ တွေနဲ့ ကျိန်ဆဲပြီး  စိတ်အနှောက် အယှက် ဖြစ်စေမယ် ဆိုရင်.....၊ လူဆိုတာ တစ်ယောက် ထဲနေတာ မဟုတ်သလို....  တယောက်ထဲလည်း မနေနိုင်ပါဘူး ဆိုတာ ကို ပိုလို့ သဘောပေါက်ရမှာပါ .....။

ရှင်းပါတယ်ဗျာ လူတယောက်ဟာ ကိုယ့်ကိုကိုယ် ကောင်းအောင် ထိန်းသိမ်းနိုင်ရမယ်၊ လူအများရဲ့ အခွင့်အရေးတွေ၊ ခံစားချက်တွေကို ချိုးဖောက်ဖျက်ဆီးဖို့ အလွဲသုံးစားလုပ်ဖို့ အခွင့်အရေး ဘယ်သူ့ မှာမှ မရှိပါဘူး .....၊ ကိုယ့်ကိုကိုယ် တန်ဖိုး မရှိအောင် လည်း မလုပ်ရ မဖျက်စီးရပါဘူး....။

လူတိုင်း ဘာသာတရားကို ကိုးကွယ်ယုံကြည်ပြီး ဘာသာတရားရဲ့ အဆုံးအမတွေကို ခံယူ နေမယ်ဆိုရင် ......  မမြဲတဲ့သဘောတရားတွေသာရှိတဲ့  ရုပ်ခန္ဓာ နဲ့ နာမ် သာလျှင် ရှိတယ်ဆိုတာ သိကြ .. နားလည် ကြမှာပါ..?  လူတိုင်း ဟာ ကိုယ့် ဘဝ ကိုယ် မပိုင်ပါဘူး..... ။

လူသားထဲက လူတယောက်မှာ မိသားစု မိတ်ဆွေ သူငယ်ချင်း စတဲ့ အဖွဲ့အစည်း အသိုင်းအ၀ိုင်းတွေ ရှိပါတယ်......၊ လူသား တယောက်အနေနဲ့ အဖိုးအဖွား မိဘတွေက ပြုစုပျိုးထောင်ပေးရတယ် ချစ်ခင် ကြရတယ် ဆရာသမားတွေနဲ့ ဘုန်းတော်ကြီး တွေက ပညာတွေသင်ကြားပြသ ပေးကြတယ်....၊  တရားရေး ၀န်ထမ်းတွေ...၊ ပြည်သူ့ ရဲဘော်တွေ ၊ တပ်မတော်သား တွေက ကာကွယ် စောင့်ရှောက်ပေးကြ ရတယ်...။

အနုပညာရှင်တွေနဲ့ ကဗျာဆရာတွေ၊ စာရေးသူတွေက စိတ်ကြည်နှုးမှုတွေ ဖြစ်စေဘို့ ပြုံးစေ ပျော်ရွှင် စေအောင် လုပ်ပေး ကြတယ်..၊ စိတ်ဓါတ် ခွန်အားတွေဆုံးရှုံး နေတဲ့အခါ စကားလုံးတွေနဲ့ ခွန်အားတွေ ပြန်လည် ပြည့်ဝ စေအောင် ပြုလုပ်ပေး ခဲ့ ကြတယ်...။

ဒါတွေကို ဘယ်သူ မှ မလေးမစား လုပ်လို့မရပါဘူး ..... ကိုယ့် ကို ကိုယ် မစောင့်ရှောက်ဘဲထားရင် ဂရုမစိုက် ဘဲနေရင် စည်းစနစ် မရှိဘဲ ဖြစ်သလိုကြုံသလို လုပ်ရင် စိတ်ဝင်စားမှု မရှိဘူး ဆိုရင်…. အကျိုးဆက် ကတော့ လူသားတွေ အားလုံး အတွက် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

(၃)

သဘာဝ တရားကြီး ရဲ့ နှစ်ထောင်ပေါင်း များစွာ စုဆောင်းသိုမှီး ရင်းနှီးမြုတ်နှံ ထားခဲ့တဲ့ အထဲ မှာ မျှော်လင့်ချက် တွေ လည်း အများကြီး ပါဝင်နေမှာပါ.... ။ အဲဒီလို အလွန်တရာမှ တန်ဖိုးရှိလှတဲ့ ဘိုးဘွား အမွေအနှစ် တွေကို အနာဂတ် မျိုးဆက် တွေ အတွက် မည်မည်ရရ ရေရေ ရာရာ မရှိဘဲ အချည်းနှီး ကုန်ဆုံးစေဖို့ အခွင့်အလမ်း ဘယ်သူ့ မှာမှ  မရှိပါဘူး။

ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန် စစ်တပ် က တပ်သား တစ်ယောက်ဟာ ကြောက်စရာ ကောင်းတဲ့ နေလောင်နာ နဲ့ အရေပြားတွေ ယောင်ရမ်းတာကို ခံစားရတယ်။ တပ်သားခမြာ ကိုယ့်တာဝန် ကို မထိန်းသိမ်း နိုင်တဲ့ အတွက် အပြစ်ပေးခံ ရတယ်... ။

ရည်ရွယ်ချက်ကတော့ လုံးဝကို ရှင်းပါတယ် ကိုယ့် ရဲ့ တကိုယ်ရေ တကာယ ကျန်းမာရေးကို ကိုယ်တိုင် ကိုယ်ကျ စောင့်ရှောက်ရမဲ့ တာဝန်ကို မကျေပြွန် တဲ့ အတွက်ဖြစ်ပါတယ်။ စောင့်ရှောက်ဖို့လည်း လိုအပ်ပါတယ် ဒါဟာ အားလုံး အတွက် အရေးကြီး ပါတယ်။

ရပ်ထဲ ရွာထဲမှာရှိတဲ့ ဥပဒေတွေဟာ လည်း ဒီရည်ရွယ်ချက်တွေနဲ့ အတူတူပါဘဲ...။ ကျွန်တော်တို့ ကိုယ်တိုင် ကာကွယ်ဆေး တွေ ထိုးဖို့လိုအပ်သလို  တခြားသူတပါးတွေကို  ထိုးဖို့ တိုက်တွန်းရမှာပါ...  ရောဂါ တွေကို ဒီနည်းနဲ့ မကူးစက်အောင် မပြန့်ပွားအောင် လုပ်ရမှာပါ။ ပြီးတော့ ယဉ်မောင်းတဲ့ အခါ အသက်အန္တာရယ် ကနေ လုံခြုံစိတ်ချရအောင် စည်းကမ်း လိုက်နာဖို့ လိုပါတယ်....၊  ဘာဖြစ်လို့လဲဆိုတော့  လမ်းမကြီးပေါ် မှာ လူသားအားလုံး သွားလာ လှုပ်ရှား နေကြ ပြီး အားလုံးဟာ လမ်းမကြီးနဲ့ သက်ဆိုင် နေလို့ပါဘဲ.....။

ရှေ့နေဟောင်းတဦးက ကျွန်တော် ဒါကိုသိပါတယ်ဗျာတဲ့ .... လူသားတစ်ဦးမှာလည်း အခွင့်အရေးရှိ ပါတယ် ....၊ ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင် သူ့ရဲ့လက်သီးကို တစ်ပါးသူရဲ့ နှာဖျားလေး အထိ ဝှေ့ရမ်း နိုင်ပါတယ်တဲ့.... ။
(၄)

လူငယ်တယောက်ကို လွတ်လွတ်လပ်လပ် ရူးသွပ်သွားစေတဲ့အထိ စွန့်စားပြီး မူးယစ်စေတဲ့ အရာ များကို သုံးစွဲခံစားခွင့် ရှိစေသင့်ပါသလား .. မသုံးစွဲ သင့်ဘူးလို့ သတ်မှတ်ပြဌာန်းထားဖို့ ဆိုတာ လိုအပ်ချက် မဟုတ်ဘူးလား.. သူ့မှာ တခြား လူ့ အဖွဲ့စည်း တွေကို ပေးဆပ်ဖို့ ဘာမှ မရှိ တော့ဘူးလား……။

ဒေါသတရား လက်ကိုင်ထားပြီး ကိုယ့် ဆန္ဒနဲ့ကိုယ် ကျောင်းထွက်ချင်တယ်ဆိုပေမဲ့.. သူ့ရဲ့ အနာဂါတ်မှာ မတော်ရသေးတဲ့ ဇနီးလောင်း နဲ့ သားသမီးလေးများရဲ့ဘ၀တွေ အတွက်… သူ့အတွက်… လူမှု့ပြဿနာတွေ နဲ့ငွေကြေးထောက်ပံ့မှု့ တွေကို ပေးရတော့ မှာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ အားလုံး နဲ့ သူ့ ရဲ့ ဒေါသတရား ဟာ သွယ်ဝိုက်ပြီး သက်ဆိုင် နေပါပြီ…။

လွန်ခဲ့တဲ့ ၁ဝနှစ် ကထဲက အရက်အလွန်အကျွံ သောက်တဲ့ အသက် ၃၀ နားနီး ကျွန်တော်သိတဲ့ လူတစ်ယောက် ကို မိတ်ဆွေသူငယ်ချင်းတွေ က ခင်ဗျား ဒီလောက်သောက်နေရင်တော့ ကျန်းမာရေး ထိခိုက်တော့မှာ ဘဲ ဆိုပြီး ၀ိုင်းပြောကြ သတိပေးကြတယ် .... ။

ဒါပေမယ့် ဘသားချောက ကိုယ့်ဘာသာကိုယ် ဒုက္ခရောက်တာ မဆီမဆိုင်ဘာဖြစ်လို့ ၀င်ပါကြတာလဲ ကိုယ့်အလုပ် ကိုယ်လုပ်ဆိုပြီး ပြန်ပြောတယ်။  အင်း….အခုတော့အသဲခြောက်ရောဂါရပြီး အိမ်ထောင်ရှင်မ ခမျာလည်း ကိုယ်စိတ်နှစ်ပါး ဒုက္ခရောက်ရပြီ အလုပ်ကလည်း ဆက်မလုပ်နိုင်တော့ ဘဝ ကလည်း မသေချာ မရေရာတော့ဘူး...။

နှစ်ပေါင်းများစွာ သောက်နေတဲ့ သက်တမ်းတစ်လျှောက်   ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး ဖြတ်သန်း နေတုန်းက အိမ်ထောင် မကျသေးဘူး...၊ သူဟာ အဲဒီတုန်းက သာ သူ့ကိုယ် သူ ထိမ်းသိမ်း စောင့်ရှောက် ခဲ့ရင် ... အခု အချိန်မှာ .... လွန်ခဲ့တဲ့ ငါးနှစ် က တွေ့ဆုံ လက်ထပ် ခဲ့တဲ့  ဇနီးသည်ရဲ့ ဘဝ ဟာလည်း ... တဖြည်းဖြည်းခြင်း ပျက်စီးစေမှာ မဟုတ်ဘဲ ..... မမွေးဖွားသေးတဲ့ ကလေးငယ် တွေလည်း ဒုက္ခရောက်မှာ မဟုတ်ပါဘူး.....။

ကိုယ့်အလုပ် ကိုယ်လုပ်ပါ ဆိုပြီး တစ်ကိုယ်ကောင်းဆန်ဆန်အတ္တကြီးကြီး နဲ့ ဆက်လုပ်နေမှတော့ အပြစ်ပြော မနေချင်တော့ဘူး..... ကိုယ့်ဘ၀နဲ့ကိုယ် ပျော်နေကြ ... ဒါမှမဟုတ် ကတိတွေ အထပ်ထပ် ပေးပြီး....  တကယ် လုပ်ဆောင်ဖို့ ရှောင်ကြဉ်နေတဲ့ သူတွေကို  ကြားဝင် မနှောက်ယှက် မစွက်ဖက်ချင်ပါဘူး.... ဆိုပြီး ဒီအတိုင်း ဘဲ အလိုက်သင့် နေမယ် ဆိုရင် လောကကြီး အတွက် ကျနော် တို့ ရဲ့ ဆုံးဖြတ်ချက် တွေ ဟာ တရားပါ့မလား……။

လူသားမျိုးနွယ်တွေ အတွက် ဒါကို သွေးဆောင်ဖျားယောင်း ပြီး ကောင်းရာ ကောင်းကျိုး လုပ်ဘို့ ကို လုပ်ဆောင် ရပါမယ်.....။
(၅)

ကျွန်တော် တို့ဘိုးဘွားတွေ လက်ထက် က စပြီး အရိပ်ရဖို့ သစ်ပင်တွေ အများကြီးစိုက်ပျိုးခဲ့ကြ တယ် ....၊ သူတို့ ကိုယ်တိုင် စိုက်ပျိုးရတယ်ဆိုပေမယ့် သူတို့အတွက် မဟုတ်တာတော့ သေချာပါတယ် သူတို့ရဲ့ မျိုးဆက်သစ် သားမြေးမြစ် လေးတွေ အတွက်ပါ ....၊ ဒါဟာ လူသားဆန်တဲ့ လူသားတိုင်း ရဲ့ အလုပ် တစ်ခု ဖြစ်ပါတယ်.....။

 တစ်ချို့လူတွေယုံကြည်ထားတာ က ကိုယ်မဟုတ်တာ လုပ်တာကို  ဘယ်သူမှ မသိရင် ဘာမှ မဖြစ်ပါဘူးလေ ဆိုပြီး  စိတ်အလိုလိုက်ကြတော့ ဒုက္ခရောက် ကြရပါတယ်...၊ တစ်ချို့ လူငယ် တွေဟာ လည်း အန္တာရယ်များ တဲ့  အများ ဒုက္ခရောက်စေမယ့် အလုပ်တွေ ကို ပိပိရိရိ သေသေသပ်သပ် လုပ်နိုင်ကြတယ် လို့ ငယ်ရွယ်တဲ့ အုပ်ချုပ်ရေး အရာရှိက စိတ်မသက်သာစွာနဲ့ပဲ  ပြောပြပါတယ်....။

ကျွန်တော် ရဲ့ မကောင်းမှု့ တွေကို ချစ်လှစွာသော ဇနီးကလေးတောင် မသိပါဘူး.... ၊ ကျနော့် ဇနီးက ဘယ်တော့ မှ လည်း သိမှာမဟုတ်ဘူး....  သံသယ လည်း ရှိမှာ မဟုတ်ပါဘူး ...၊  ဒါပေမယ့် ဘာကြောင့်ဘဲ ဖြစ်ဖြစ်  အဲဒီ မကောင်းမှု့တွေ ပြီးဆုံးသွားရင်တော့ သူ့ ဘဝ မှာ အမှန်တရား အတွက် နေရာ မရှိတော့ပါဘူး ပျောက်ဆုံး သွားပါပြီ.... သူ့ကိုယ်သူလည်း ယုံကြည်မှုတွေ နည်းသထက်နည်းလာပါပြီ။ သူ့ ဇနီး အပေါ်မှာလည်း ရင်ဆိုင်ဖို့ အင်အား တွေ နည်းသထက် နည်းလာပါပြီ သူ့ရဲ့ ကလေးတွေ အပေါ်မှာလည်း မျက်လုံးချင်း စေ့စေ့ကြည့်ဖို့ တောင် ခက်ခဲလာပါတယ်။ သူ့ အသံတွေ ပိုပြီးတိတ်ဆိတ် ငြိမ်သက်လာမယ်... အလေးအနက် မထားသင့် တဲ့ ဟာတွေ ကိုပါ ပိုအလေးနက်ထားလာပြီး ပို လျှို့ဝှက်လာမယ်။ အကျိုးဆက် ကတော့ သူ့ရဲ့ မိသားစု နဲ့ တစ်မျိုးလုံး တစ်ဆွေလုံးဟာ သူ့ကြောင့် အစွန်းအထင်း ဖြစ်သွားပါပြီ။

(၆)

သိပ်မကြာသေးတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ အလွန် အင်မတန် ဥာဏ်ထက်မြက်ပြီး ချောမောလှပတဲ့ ကျောင်းသူလေး တစ်ယောက် က အတန်းမတက်တာ အတော် ကြာပါပြီ။ မိဘတွေနဲ့လည်း ရင်းနှီးပြီးသား ဖြစ်ပြီး သိပ်ကို လှပတဲ့ မိန်းကလေးတစ်ယောက်ပါ။

သူမ မှာလည်း သူ့လို ငယ်ရွယ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ အများကြီးပါ။ အဲဒီ မိန်းခလေး မှာ အသည်း အသန် ခဲမှန် စရာကိစ္စတစ်ခု ဖြစ်လာပါတယ်။

သူမ က အိမ်ထောင်ရှိပြီးသား အမျိုးသားတစ်ဦးနဲ့တွေ့ဖို့ စတင်ချိန်းဆို ပါတယ်....၊ မိတ်ဆွေ သူငယ်ချင်း တွေကိုလည်း ကိုယ့်ဘာသာ ကိုယ် အတွေ့အကြုံကိုရှာဖွေဖို့ အခွင့်အရေးရှိတယ် မဟုတ်ဘူး လား လို့ ဂျစ်တီးဂျစ်ကန် နဲ့ ပြန်ပြောပါသေးတယ်။

ဘယ်သူ့ကို ဒုက္ခပေးနေလို့လည်း ဟုတ်တယ်နော်....၊ သိပ်မကြာခင်မှာဘဲ သူ့မ မှာ သန္ဓေသားလောင်း လေး စွဲကပ်ရောက်ရှိခဲ့ပြီး အဲဒီ သားလောင်းလေးလည်း ပျက်ဆီးခဲ့ရတယ် ပြီးတော့ ကောလိပ် ကနေလည်း စွန့်ခွာခဲ့ရပါပြီ .....။

အခုတော့ မကောင်းမှုတွေ လိပ်ပြာမသန့်မှုတွေ နဲ့အတူ အပြစ်မကင်းတဲ့ နောင်တ တွေ တလှေကြီးနဲ့  သူမ အိမ်မှာဘဲနေ နေရပါတယ် ။ သူမက မိဘတွေ ကိုလည်း ရင်မဖွင့်ဘဲနဲ့နေတယ် ....၊  သား... သမီး တွေ ရဲ့ မျက်နှာညို အလိုမကျ မှု့တွေ ဟာ မိဘ တွေကို ခံစားရ စေပါတယ်.. ဒါဟာ အလွန် ထင်ရှားပါတယ်...။

သူမ ကိုယ် သူမ တော့ မှန်တယ်.....၊ တခြားဘယ်သူ့ကိုမှ  မထိခိုက်ဘူးပေါ့ ....၊ ဒါကြောင့်လည်း သူမ ဒီလို လုပ်တာပေါ့။ 

သူမရဲ့ စိတ်အလိုလိုက်ပြီး မှောက်မှားမိ တဲ့ဒဏ်က သူမ တယောက်ထဲတင် အကျိုးသက်ရောက်မှု ရှိတာ မဟုတ်ပါဘူး  ။
တနေ့မှာ သူမ ဟာ သူမ မသိတဲ့ တစိမ်းအမျိုးသားတစ်ယောက် နဲ့ လက်ထပ်မင်္ဂလာပြုပါလိမ့်မယ်....၊ ဒါပေမယ့် သူမ ရဲ့ မိတ်ဆွေ အသိုင်းအ၀ိုင်း နဲ့ သူ့မ အတွက်တော့ စိတ်ဒုက္ခကောင်းကောင်း ရောက် စေမှာပါ ....၊

ဒါဟာ သူမ ရဲ့ အနာဂါတ်မှာ ဘယ်သူ့ကို မှ ကောင်းကောင်း ဝေမျှလို့ မရတဲ့ လျှို့ဝှက် တဲ့ အမာရွတ် တစ်ခုပေါ့ အဲဒီ အမာရွတ်ကလည်း သူ့မကိုယ်သူမ ခံစားနေရတဲ့ စိတ်ဒဏ်ရာ တစ်ခုဖြစ်နေမှာပါ .....၊ နောက်ဆုံး သားသမီးကလေးတွေ ကို တောင်မှ ကြောက်ရွံ့နေရမယ်...။

အခုတော့ သူမ သိနေပြီ....၊ လူသားတွေရဲ့ ပြုမှုဆောင်ရွက်ရမဲ့ တစ်ဦးချင်းစီရဲ့ တာဝန်တွေ ဟာ ဘယ်လိုဘဲ ဖြစ်ဖြစ် တနေ့နေ့မှာ တခြားလူသားတွေအပေါ် အကျိုးသက်ရောက်မှု ရှိစေပါတယ် ဆိုတာ ကိုပေါ့...။

(၇)

မကြာသေးခင်က မှ ညစာ စားပွဲလေးတစ်ခု မှာ ညစာ စားသောက်နေရင်း တယူသန် တဇောက်ကန်း ဧည့်သည် တစ်ဦးက အင်အားနည်းအုပ်စု ဥပဒေပြု လွတ်တော် အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံရမှာ မဟုတ် ဆိုတဲ့ မှတ်ချက်ကို  ကျွန်တော် တို့ အားလုံး စားသောက်နေရင်း နားထောင်ခဲ့ရတယ်။ အိမ်ရှင်က အကြောင်းအရာ ပြောင်းလဲ ပြောဖို့ လှည့်ပတ်ပြီး စကားလွဲပြောပေမယ့် ကိုရွှေဧည့်သည် က ဒီ အကြောင်းအရာ တွေကိုဘဲ ထပ်ခါ ထပ်ခါ ပြောနေပါတယ်...။

သူရဲ့ငယ်ရွယ်တဲ့ ကလေးငယ် တွေကလည်း သူ့ အနီးမှာ ရှိနေလေတော့ အိမ်ရှင်က သိမ်မွေ့စွာနဲ့ဘဲ ကျေးဇူးပြုပြီး ကျွန်တော့ အိမ်မှာ မပြောပါနဲ့ဗျာလို့ ထပ်ပြီး တောင်းပန်ပါတယ် ကျွန်တော်ထင် တာက ခင်ဗျား ရဲ့ ကိုယ်ပိုင် အယူအဆ တွေဟာ ခင်ဗျားနဲ့ဘဲ ဆိုင်ပါတယ်...။

 ဒါပေမယ့် ခင်ဗျား အခု ဒီနေရာမှာ ပြောတဲ့စကားတွေက ကျွန်တော့် စကားတွေဖြစ်လာလိမ့်မယ် ကျွန်တော် ထပ်ပြောမယ် ခင်ဗျားပြောတာ ကျွန်တော် သဘောမတူဘူး  ဒါဟာ ကျေနပ်စရာ မကောင်းတဲ့ ထင်မြင် ယူဆချက် ပါ။

အခု တကယ့်ကို ကျွန်တော် ပြန်မပြောချင်ပါဘူး  ဒီနေရာမှာ  တခြားဧည့်သည်တွေ နဲ့ ကလေးသူငယ် တွေ ပါရှိနေတယ်.....၊  သူတို့က ထင်ကောင်းထင်နိုင်တယ် ကျွန်တော်ငြိမ်ပြီးနေတာဟာ ခင်ဗျားရဲ့ အတွေးအခေါ် တွေ အယူအဆ တွေကို လိုလားတယ် သဘောတူတယ်လို့ထင်မယ် ....။

ကျွန်တော် ဘာကို ဆိုလိုတယ် ဆိုတာ နားလည်မယ်လို့ မျှော်လင့်ပါတယ် ...  ညစာကို ဆက်ပြီး စားနေကြ ပေမယ့် ဧည့်သည် အပေါင်း တိတ်ဆိတ်ငြိမ်သက်သွားပါတယ် ကိုရွှေဧည့်သည် လည်း စောစော စီးစီး ပြန်သွား ပါတယ် ။

ကျွန်တော် သတိပြုမိတာကတော့ လူတစ်ယောက် ရဲ့ အတွေးအမြင်တွေဟာ သူ တစ်ယောက်ထဲ ရဲ့ အလုပ် မဟုတ်ပါဘူး စိတ်အာရုံ ခံစားမှု့ နောက်လိုက်ပြီး ကိုယ်ပြောချင်တာပြောရင် တခြားသူတွေအတွက် အနှောက် အယှက် ဖြစ်စေနိုင် ပါတယ် ......  ဒါဟာ တကိုယ်ကောင်းဆန် တဲ့ အလုပ်ပါ ။

တကယ့် ကို ပါဘဲ လူတစ်ယောက် ရဲ့ ဘ၀မှာ ကိုယ်တိုင် လုပ်နိုင်တဲ့ ကိုယ်ပိုင် အခွင့်အရေး တွေ အများကြီးပါ...၊ ကိုယ်ကိုတိုင် လည်း ထိန်းသိမ်း နိုင်ရပါမယ်။ တကယ်လို့ ဖဲကစားဖော် ကစားဖက် အချင်းချင်း၊ စက်ရုံ အလုပ်ရုံ စတဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ တံငါ သည် ဆို တံငါသည် အချင်းချင်း စတဲ့ ကိုယ့် ဘ၀လေး နဲ့ ကိုယ် ၊ ကိုယ့်ကမ္ဘာလေး နဲ့ကိုယ် တခြားသူတွေကို မပါဝင် မပတ်သက် စေဘူး ဆိုရင်တော့  ကိုယ့် အလုပ် ကိုယ် လုပ် ၀င်မရှုပ်နဲ့လို့ ပြောတာမှန်တာပေါ့.... ။ 

ကိုယ် ကျင်လည်ရာ ဘ၀လေး က နေ  ခဏလေးထွက်သွား ကြည့်ပါ.....တချိန်ချိန်မှာ ကိုယ် စွန့်လွတ်ခဲ့တဲ့ လောက ကမ္ဘာလေး ထဲကို ပြန်ဝင်ကြည့်ပါ... ကျွန်တော်တို့ ရရှိ ခဲ့ တဲ့ အတွေ့အကြုံ နဲ့အဲဒီ လောကလေး ကို ပိုမိုပြီး ကောင်းမွန်အောင် ကူညီနိုင်မှာ ဖြစ်ပါတယ်.... ။

 ဟိုးရေ့စ်မန်း (Horace Mann)  လမ်းညွှန် ပြသတာကို ကျွန်တော်  လက်ခံမှာပါ... ။ “ လူ့လောက ကောင်းကျိုး အတွက် ဘာမှ မလုပ်ဘဲနဲ့ သေသွားရမှာကို ရှက်ပါ တဲ့ “ ဒါဟာ ကျွန်တော်တို့ အားလုံး အတွက် ရည်ရွယ်တယ် မဟုတ်လား။

မူရင်း - Reader Digest (1968, November)
လေးစားစွာဖြင့်
ဘာသာပြန်သူ- စည်းစိမ်ရှင်

.
>>>ဆက်ဖတ်ရန်>>> >>

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၁၆)

သည်းဦးပန်းနှင့် မိုးမှိုပွင့်

ကိုမြင့်ဦးနှင့် ဆရာကိုအုန်းဖေတို့ ထိုည၌ တွေ့ကြသည်။ ဆရာ ကိုအုန်းဖေသည် ကိုမြင့်ဦးကို ပေါက်ခေါင်းမှ တစ်ဆင့် ရိုးကြီး(ပဲခူးရိုးမ)ကို ဖြတ်၍ တောင်ငူဘက်သို့ သွားရန် စီစဉ်ပေးသည်။ တောင်ငူမှ တစ်ဆင့် ရန်ကုန် အရောက် သက်ဆိုင်ရာ အာရှလူငယ်အဖွဲ့များ၏ အကူအညီယူ၍ ကိုမြင့်ဦးသည် သွားရန်ဖြစ်သည်။

နောက်တစ်နေ့ နံနက်စောစော၌ ကိုမြင့်ဦးသည် ကျွန်တော်တို့ အားလုံးအား နှုတ်ဆက်၍ ဆရာတပည့် မုဆိုး နှစ်ဦး နှင့်အတူတောင်နှင့် တောဆီ ထွက်သွားသည်။
ထိုနေ့နေ့ခင်း၌ ဆရာသည် မြို့တက်၍ မသန်းရှင်ကို ရွာသို့ခေါ်လာခဲ့၏။ မသန်းရှင်မှာ ဦးမြင့်ဦး မျှော်လင့်ထားသည့်အတိုင်း ပေါင်းတလည်မြို့မှ လူကြီးတို့က စောင့်ရှောက်ထား သဖြင့် ဂျပန်ရန်မှ ယာယီ လွတ်ခဲ့သည် ဆို၏။

ထိုနေ့ညက ရှုခင်းကို ကျွန်တော်အမေ့…..
မသန်းရှင် သည် ခါတိုင်းထက် ပိုလှသည်ဟု ကျွန်တော်ထင်သည်။ ခါတိုင်းထက်လည်း ပိုရှက်နေသည် ထင်၏။
အိမ့်ရှေ့ဧည့်ခန်း ၌ ဆရာ၊ မသန်းရှင်နှင့် အလိုက်မသိသော ကျွန်တော်တစ်ကောင်သာ ရှိသည်။
မသန်းရှင် သည် သူ့မျက်တောင်ကော့များကို စင်း၍မျက်လွှာချနင်း သူ့လက်ချောင်း ၀ါဝါ ၀င်းဝင်းကလေး များဖြင့် ကြမ်းပြင် ကို ပွတ်နေသည်။

ကျွန်တော့်ဆရာကမှု မေးကြောများထောင်အောင် အံကြိတ်ရင်း အခန်းတွင်း၌ ခေါက်တုံ့ ခေါက်ပြန် လျှောက်နေသည်။
ကျွန်တော်က ဆရာ့ကိုကြည့်လိုက်၊ မသန်းရှင်ကို ကြည့်လိုက်နှင့် ငြိမ်ငြိမ်ကုပ်ကုပ် ထိုင် နေသည်။ မသန်းရှင်က တစ်ချီတစ်ချီ ကျွန်တော့်ဘက်လှည်းရင်း အေးချမ်းစွာ ပြုံးပြခြင်းကို မှု ပြုသည်။
အတန်ကြာမှ ဆရာသည် မသန်းရှင်ရှေ့၌ မားမားကြီး ရပ်လေသည်။ ဆရာ့အမူအရာမှာ ရည်းစား ရှေ့၌ ရပ်သော ချစ်သူနှင့်မတူ။ တပည့်မတစ်ဦးကို စီရင်ချက်ချမည့် ကျောင်းအုပ်ကြီးနှင့် တူနေသည်။ 
‘‘မသန်းရှင်… နက်ဖြန်ကျ အကျဉ်းချုံးပြီး ကျုပ်တို့ လက်ထပ်ကြမယ် … နားလည်လား‘‘

မသန်းရှင်သည် မမျှော်လင့်သော စကားကို ကြားရသဖြင့် မော်ကြည့်သည်။ ခဏ၌ လှပသော  မသန်းရှင်၏ မျက်လုံးများသည် ၀မ်းသာခြင်းဖြင့် ၀င်းလက်လာ၏။ နီရဲသော ပါး ကလေးများနှင့် ဆရာ့ကို မရဲတရဲမေးပြန်မေးသည်။
‘‘ဆရာ တကယ်ပြောတာလားဟင်‘‘
ဆရာ သည် မသန်းရှင်အား စူုးစိုက်ကြည့်သည်။ ကျွန်တော်က သူတို့မျက်လုံးနှစ်စုံကို ခေါက်တုံ့လားလာ စုံစမ်း ကြည့်မိသည်။

မသန်းရှင်၏ မျက်လုံးများ၌ မျက်ရည်များ ၀ဲနေသည်။ မျက်လုံးကမူ ပြုံးရွှင်နေပါ၏။ သြော် … သူတို့ မိန်းမ တို့သည်။  ပြုံးရင်းလည်း မျက်ရည်ဝဲတတ်လေသည် တကား…။
ဆရာ၏ တင်းမာသော မျက်နှာကြီးမှာလည်း လျော့ကျသွားသည်။ ဆရာ၏ မျက်နှာသည် ကျွန်တော် မှတ်မိသမျှ အမြဲတင်းမာလေသည်။ ထိုနေ့မှာကဲ့သို့ တင်းမာခြင်းလျော့သော မျက်နှာကို တစ်ခါမှ မတွေ့ဖူး။ ယခုကဲ့သို့ မျက်နှာထားလျော့သောအခါ  ကျွန်တော့်ဆရာ သည် ခံ့ညားသည် အလွန်ချောမောလေကြောင်း ကျွန်တော် သတိထားမိသည်။
ဆရာသည် နူးညံ့စွာ ပြုံး၍ ကြင်နာစွာဆိုသည်။

‘‘ကျုပ်တကယ်ပြောတာပါ မသန်းရှင်ရယ်….၊ မနက်ဖြန်ကျ လက်ထပ်ကြမယ်‘‘
မသန်းရှင်က ဆရာ့ခြေထောက်ကိုဖက်၍ မျက်နှာအပ်ကာ ဘာကြောင့်မသိ ရှိုက်ငို ကြွေးသည်။
ဆရာ သည် ဖခင်တစ်ဦး၏ ကြင်နာမှုဖြင့် မသန်းရှင်၏ ခေါင်းကလေးကို သူ့လက်ဝါးကြီးဖြင့် အသာအယာ ပွတ်သပ် နေ၏။
ထိုအခါ ကျမှ အလိုက်မသိသော ကျွန်တော်သည် ဆိုင်းမဆန် ဗုံမပါဘဲ အိမ်ပေါ်မှ ယောင်တိ ယောင်ချာနှင့် ဆင်း ထွက်ခဲ့ရ၏။

နောက်တစ်နေ့၌ ဆရာနှင့် မသန်းရှင်တို့ လက်ထပ်ကြသည်။ လက်ထပ်သည်ဆိုရာ၌ ကြီးကြီး ကျယ်ကျယ်မဟုတ်….။ ရွာရှိ သက်ကြီးဝါကြီးများကိုဖိတ်၍ ကန်တော့ကာ သူတို့ နှစ်ဦးအား ပုဆိုးတန်းတင် အကြင်လင်မယား အဖြစ် အသိမှတ်ပြုရန် တောင်းပြန်ခြင်းဖြစ် သည်။
ထိုည၌ ကျွန်တော်အလွန်ပျော်သည်။ ကျွန်တော်၏ ချစ်လှစွာသော ဆရာနှင့်မမရှင်တို့ လက်ထပ်ခြင်း ကြောင့် ကျွန်တော်ပျော်ရသည်ကို တစ်စုံတစ်ယောက်အား အားရပါးရပြော ပြချင်သည်။ ထိုတစ်စုံ တစ်ယောက် မှာ အခြားမဟုတ်။ မယဉ်နွယ်သာ ဖြစ်ပါသည်။

ကျွန်တော်သည် မယဉ်နွယ်တို့ အိမ်ရှေ့၌ ယောင်ပေယောင်ပေ လုပ်သည်။ မယဉ်နွယ်၏ အရိပ်အယောင် ကိုမျှ မတွေ့ရ။ တိုက်ပိုင်ကြီးကို ပုလင်းနှင့်ရိုက်မည်ဟူ၍ ပြုလုပ်ခဲ့သော ညနေမှ စ၍ သူကြီးအိမ်ရှေ့သို့ ရှေ့ရှုလာသည်။ ဘထွေးသည် အားလပ်တိုင်း သူကြီး၏ အလုပ်ကို စေတနာ့ဝန်ထမ်းလုပ်ပေးလေ့ရှိကြောင်း ကျွန်တော် အစီရင်ခံခဲ့ပြီ။
ပထမကျွန်တော်သည် ဘထွေးထံမှ အကူအညီတောင်းမည်ဟု စဉ်းစားမိသည်။ သို့သော် ချက်ချင်းပင် သူကြီး ကြောက်သော ဘထွေးထံမှ ကျွန်တော် ဘာအမကူအညီမျှ မရရှိနိုင် ကြောင်း သတိရမိသည်။ ထို့ကြောင့်ကျွန်တော်သည် ဘထွေးကို အသံမပြုဘဲ သစ်ပင်တစ်ပင်နှင့် ကွယ်နေလိုက်၏။ ဘထွေး၏ လှည်း က ကျွန်တော့်ကို လွန်သွားသည်။ ထိုအခါကျမှ ကျွန်တော်သည် ဘထွေး၏ လှည်းပေါ်အသာခိုတက်၍ ကောက်ရိုးများ အောက်၌ ကိုယ်ကိုလျှိုးခါ ပုန်းကွယ်နေလိုက်သည်။

ဘထွေးသည် သူကြီးခြံတွင်းသို့ အနှောက်အယှက်မရှိဘဲ ၀င်ခဲ့သည်။ ခြံတစ်ထောင့်၌ ဘထွေးက ကောက်ရိုးများကို လှည်းပေါ်မှ ဆွဲချကာ ပုံသည်။
‘‘ဘထွေး…‘‘
‘‘အောင်မလေး…သောက်..ပလုပ်တုပ်၊ ဟာ…ဟယ်၊ လရှီး မင်းဘယ်ကပါလာတာလဲ‘‘
‘‘တိုးတိုးဗျာ ဘထွေး ကျုပ် မယဉ်နွယ်နဲ့ တွေ့ချင်လို့ …ခင်ဗျား ခေါ်ပေးစမ်းပါ‘‘
‘‘လွန်လှချီလား ကိုယ့်လူရာ၊ သူကြီးသမီးကို မင်းကအချိန်မတော် တွေ့ချင်တယ်၊ သောက်ကျိုးနဲကွာ မင်းက အင်မတန် ရာဇ၀တ်အိုး တုန်နဲ့ထိုးချင်တဲ့အကောင်‘‘
‘‘ဘထွေး မခေါ်ပေးချင်နေလေ၊ ကျုပ်ဘာကျုပ်ခေါ်မယ် တစ်…နှစ်…သုံး….မ‘‘

ဘထွေးသည် ပြူးပြူးပြာပြာဖြင့် ကျွန်တော့်ပါးစပ်ကို လှမ်းပိတ်သည်။
''ရှိကြီးခိုးပါရဲ့ ငါ့လူရာ၊ သူကြီးကြားရင် ငါနားရင်းအုပ်ခံရလိမ့်မယ်''
''ဒါဖြင့် ခင်ဗျား မယဉ်နွယ်ကို ခေါ်ပေးမလား''

''ငယ်လေးရာ...မင်းငါ့ကို မသနားဘူးလား''
''ခင်ဗျားကြီးရော...ကျုပ်ကိုမသနားဘူးလား"
ဘထွေးသည် သက်ပြင်းရှိုက်၍ ကျွန်တော့်ကို အရှုံးပေးသည်။
"ကောင်းပါပြီ ကျေးဇူးရှင်ရာ ကောက်ရိုးပုံအောက်ထဲ ငြိမ်ငြိမ်နေခဲ့၊ ငါခေါ်ပေးပါ့မယ်၊ အောင်မယ် လေး...ကလေး ရွှေနီရာ၊ ဘိုးဒန်



ဘိုးဒန်အစား နင် ငါ့ကိုသတ်ရင် သိပ်ကောင်းမယ်"
ကျွန်တော်သည် ဘထွေးကို သနားသွားမိသည်။
"ဘထွေးရာ...ဒီလောက်တော့ မညည်းပါနဲ့ဗျာ၊ ခင်ဗျား ဒီလောက်ကြောက်ရင် မခေါ်ပါနဲ့ တော့ဗျာ၊ ကျုပ်ပြန်မယ်..."
ဤသို့ဆိုပြန်သော် ဘထွေးသည် ကျွန်တော့်အား မေတ္တာအပြည့်ဖြင့် ပြန်ကြည့်သည်။

"ငယ်လေးရာ...မင်း သိပ်တတ်နိုင်တဲ့ကောင်ကွာ၊ ကဲပါ ကောက်ရိုးပုံထဲပုန်းနေ၊ မင်း ကောင်မလေး ငါခေါ် ခဲ့မယ်"
ဘထွေးက ထွက်သွားသည်။ ကျွန်တော်က ကောက်ရိုးပုံထဲ ပြန်ဝပ်နေ၏။ ၀ပ်နေစဉ် စိတ် ကူးပေါက်တိုင်း ထင်တာ လုပ်ခဲ့ မိသော်လည်း ကြောက်စိတ်များ ၀င်လာသည်။
ကောက်ရိုးပုံထဲ၌ စောင့်နေရသည်မှာ ကျွန်တော့်စိတ်အထင် အလွန်ကြာသည်။ ထို့နောက် ခိုးကြောင်ခိုးဝှက် ဖော့နင်းလာသောခြေသံကို ကြားရသည်။ ကျွန်တော်က ကောက်ရိုးများ ကိုဖြဲ၍ ကြည့်မိ သည်။ မယဉ်နွယ်သည် ဟိုဟိုသည်သည် ရှာနေပုံရ၏။

"မယဉ်နွယ်...ငါ ဒီမှာ"
ကျွန်တော်သည် ကောက်ရိုးပုံအောက်မှ ခေါင်းပြု၍ပြရင်း တိုးတိုးအသံပြုသည်။ မယဉ်နွယ် က လှည့်ကြည့်သည်။ ပထမသော် မျက်လုံးလေးများပြူး၍ အံ့သြနေသည်။ ထို့နောက် ချစ်စဖွယ်ပြုံး၍ ကျွန်တော့်နားကပ်လာသည်။
"သန့်ဇင်...နင် ဘယ်လိုလုပ် ၀င်လာတာလဲ၊ နင်...သိပ် သတ္တိကောင်းတာပဲ"
"လွယ်လွယ်လေး ပါဟာ၊ ကောက်ရိုးလှည်းထဲ ၀င်အိပ်လိုက်ခဲ့တာ"
မယဉ်နွယ် က ပြုံးလိုက်ပြန်သည်။

"နင်...ဉာဏ်လည်း သိပ်ကောင်းတာပဲ"
ဤသို့ ကျွန်တော်တို့ ကြည်နူးနေခိုက် ကျယ်စွာကျယ်စွာဖြင့် သူကြီးအသံကို ကြားရသည်။
"ဟေ့ကောင်ရွှေလွန်း၊ မင်း မိုးချုပ်လှချည်လား"
သူကြီးအသံ သည် ကောက်ရိုးပုံအနောက်မှ ပေါ်လာ၏။

"မှန်ပါသူကြီးမင်း၊ ဟောဒီနွားတစ်ကောင်က ဂျိုထိုးနေလို့ တယ်...ပြောရင်းဆိုရင်း ကောက် ရိုးတွေ ဆွဲစားနေပြန်ပြီ၊ ဒီလောက်ငတ်တဲ့ နွား၊ ကောက်ရိုးပုံထဲဝင်ဟာ...၀င်ဟာ...ပြီးတော့ စားပိုးနင့်အောင်စား"
ကျွန်တော်သည် ဘထွေးဆိုလိုသည်ကိုသိ၍ မယဉ်နွယ်၏ လက်ကလေးကို ဖမ်းဆွဲကာ ကောက်ရိုးပုံထဲသွင်းသည်။ နှစ်ဦးသား တစ်ဦးကိုတစ်ဦးဖက်၍ ကောက်ရိုးပုံများအောက်၌ ငြိမ်နေကြသည်။
သူကြီးသည် ကောက်ရိုးပုံကို လှည့်ပတ်ကြည့်သည်။

"ဟေ့ကောင်ရွှေလွန်း...မင်းကောက်ရိုးတိုက်တာ သိပ်နှေးတယ်ကွာ...၊ နက်ဖြန်ကစပြီး... တစ်နေ့ ငါးစီး ကျအောင် တိုက် ကြားလား"
"ဟုတ်...ဟုတ်ကဲ့၊ ဒါပေမယ့် သူကြီးမင်း..."
"ဘာလဲကွ ဒါပေမယ့်"
"အခု ဂျပန်တွေက နွားတွေလိုက်သိမ်းနေတယ်၊ ဟိုဘက်ရွာတွေတော့ နွားတွေဖမ်းပြီး သူကြီးအိမ်မှာ စုတယ်ကြားတယ်...၊ ပြီးတော့...ဂါတ်တဲထဲ မောင်းသွားကြတယ်တဲ့"
"အဲဒါ ဘာဖြစ်လဲ"

"တကယ်လို့ ကျွန်တော့်နွားသိမ်းရင် သူကြီးက လွှတ်ပေးပါ"
သူကြီးသည် တဟဲဟဲရယ်သည်။
"ရွှေလွန်း..."
"ခင်ဗျာ..."
"ငါ တပည့်သားမြေးကို စောင့်ရှောက်တယ်ဆိုတာ မင်းသိတယ်မဟုတ်လား"
"မှန်ပါတယ် ခင်ဗျာ..."

"အေး...ငါ့စကားသာနားထောင်၊ ငါခိုင်းတာသာလုပ်၊ မင်းနွားလည်း ဂျပန်မဆွဲစေရဘူး၊ မင်း ကိုလဲ ချွေးတပ် မဆွဲစေဘူး ကြားလား"
"ကြားပါတယ်ခင်ဗျာ...သူကြီးခိုင်းတာ ကျွန်တော် အမြဲလုပ်ခဲ့တယ်မှတ်လား၊ သူကြီးကို ကျွန်တော် ဆည်းကပ် ပါတယ်"
"အေး...ငါသိပါတယ်၊ ဒါပေမယ့် မင်းတူ ဟိုသေချင်းဆိုးလေး ကို ဆုံးမထား၊ နောက်ကို ဒီ ကာလနာလေး...ငါ့သမီးနဲ့ ရှုပ်ရှုပ်လုပ်တာ ငါမကြည့်ချင်ဘူး၊ ကြားလား..."
"စိတ်ချပါ သူကြီးရယ်၊ ဒီနွားနာလေး ခင်ဗျား သမီးနား အခုကပ်ရဲ ကပ်စမ်းပါစေ၊ ကျွန်တော် ကိုယ်တိုင် ဖနောင့် နဲ့ပေါက်စမ်းပါ့မယ်"

"ဒီလိုမှပေါ့ကွဲ့၊ တပည့်ဆိုတာ...ဆရာ့အပေါ် သစ္စာရှိရတယ်၊ ကဲ ကဲ မင်းလည်းပြန်ဦး၊ သတိနဲ့ လည်း နေပေါ့ကွာ၊ တိုင်းပြည်ကြီးကလည်း သိပ်မကောင်းဘူးဟေ့"
သူကြီး ထွက်ခွာသံ ကြားရသည်။ ဘထွေးသည် သူ့နွားများကို မောင်း၍ထွက်သည်။ ထွက် ရင်းလည်း သတိပေး သွား၏။

"ဟဲ့ နွားနာ သူကြီးကြိမ်းသွားတာ ကြားလား၊ နင့်ကြောင့် ငါ နောက်ကျတာ၊ နင်ကောက်ရိုး ဆွဲ ဆွဲစားနေလို့ နောက်ကျတာ၊ အခုလည်း အိမ်ကို ဖြောင့်ဖြောင့်ပြန် သွားစမ်း... သွားစမ်း ..."
ဘထွေးရွှေလွန်း ၏ လှည်းထွက်သွားသံ ကြားရသည်။ တစ်လောကလုံး ငြိမ်သွားပါမှ မယဉ်နွယ်နှင့် ကျွန်တော် သည် ကောက်ရိုးပုံအတွင်းမှ ထွက်ခဲ့ကြသည်။
လဆန်းစဖြစ်၍ မိုးပြာပြာ၌ လကွေးကွေးသည် ထွက်နေ၏။ လရောင်မှိန်သဖြင့် ကြယ်တို့ က တူပြိုင် တောက်ပြောင် နေသည်။

"သန့်ဇင် နင်ဘာလာလုပ်တာလဲ"
"နင့်ကို ၀မ်းသာစရာ ပြောချင်လို့ပါဟ"
"ဘာဝမ်းသာစရာလဲ..."
"ဒီနေ့ တို့ဆရာ မိန်းမယူသွားပြီဟ"
"ဆရာ မိန်းမယူသွားပြီ...ဘယ်သူနဲ့လဲ..."

"မသန်းရှင်နဲ့..."
"မသန်းရှင်နဲ့..."
"အေးလေ...နင့်ကို ငါတစ်ခါပြောဖူးသားပဲ..."
"မသန်းရှင်ဟာ သိပ်လှတယ်မဟုတ်လား"
"မသန်းရှင်ဟာ သိပ်လှတယ်မဟုတ်လား"
"လှပါတယ်ဆိုဟာ...ဒါပေမယ့် နင့်ကို မမီပါဘူးလို့ ငါဘယ်နှစ်ခါ ပြောရမလဲ"
"သန့်ဇင် နင်ညာတာလား၊ တကယ်ပြောနေတာလား..."

"မယဉ်နွယ်ရယ်...ငါ တစ်သက်လုံး မညာဘူး၊ နင့်ကို ငါသာ မညာသေးတယ်..."
မယဉ်နွယ်သည် ပြုံးရင်း ကျွန်တော့်ကိုကြည့်သည်။ လရောင်၌ မယဉ်နွယ်၏ အသား ကလေးများသည် လက်နေသည် ဟု ထင်ရ၏။ အသားဖြူသောသူများသည် နေ့ခင်း၌ လည်းကောင်း၊ လရောင်၌ လည်းကောင်း လှကြသည်ထင်၏။ မယဉ်နွယ်၏ မျက်လုံးများမှာ လည်း မိုးပေါ်က ကြယ်ကလေးများ ထက်ပင် လှသည်ဟု ကျွန်တော်ထင်သည်။
"နင် ငါ့ကို တစ်သက်လုံး မညာဘဲနေမလား..."

"မညာပါဘူး မယဉ်နွယ်ရာ၊ ငါ့ဆရာလည်း မမရှင်ကို ဘယ်တော့မှ မညာဘူး၊ ငါလည်း နင့်ကို  ဘယ်တော့မှ မညာဘူး"
"နင် ဘာစကားပြောတာလဲ သန့်ဇင်၊ နင့်ဆရာနဲ့ မမရှင်က ရည်းစားပဲ၊ နင်နဲ့ငါနဲ့က သူငယ်ချင်းပဲဥစ္စာ"
"အေးလေ ကြီးလာရင် နင်နဲ့ငါနဲ့ ရည်းစားဖြစ်ရင် ဖြစ်ကြမှာပေါ့ ... "
"သန့်ဇင် ...  နင် ရှက်စရာတွေ မပြောနဲ့"

"ငါတော့ မရှက်ပါဘူးဟာ တကယ်ပြောတာ၊ ငါကြီးလာရင် နင့်ကိုပဲ ရည်းစားထားမှာပဲ"
မယဉ်နွယ်လည်း ခစ်ခနဲရယ်သည်။
"နင် ဘာရယ်တာလဲ"
"နင်ပြောတာ ရယ်စရာကောင်းတယ်ဟာ၊ ခုနင်က ငါ့အဘပြောတာ နင်ကြားလား၊ ငါ့နား နင်မကပ်စေ ရဘူးတဲ့"
"အေး ... ငါကြားတယ် ... ငါ့အဘကလည်း ပြောတယ်"
"နင့်အဘ ဘာပြောလဲ"

ကျွန်တော်သည် ငိုင်သွားမိသည်။ အဘက ကျွန်တော့်ကို ပြောဖူးသ်ည။ နောင်အခါ မယဉ်နွယ်နှင့် ပတ်သက် လာလျှင် ဓားနှင့်ခုတ်သတ်မည်ဟူသတည်း။
"ငါ့အဘပြောတာ နင်မကြားချင်ပါနဲ့ဟာ"
"မပြောချင်နေဟာ ... ဒါပေမယ့် နင့်အဘလည်း ငါ့ကို မုန်းတယ် မဟုတ်လား"
ကျွန်တော်မဖြေနိုင်။ မယဉ်နွယ်နှင့် ကျွန်တော်သည် တစ်ဦးကို တစ်ဦး စကားမပြောနိုင်ဘဲ ထိုင်ငိုင်နေ၏။ အတန်ကြာမှ မယဉ်နွယ်က စ၍ ပြောသည်။
"ငါသိပ်စိတ်ညစ်တာပဲ သန့်ဇင်ရာ ..."

ကျွန်တော် စိတ်ထိခိုက်သွားသည်။ ဒါပေမယ့် မယဉ်နွယ်ကိုတော့ စိတ်မညစ်စေလို။ မယဉ်နွယ် စိတ်ချမ်းသာ အောင်  မည်သို့ ပြုရမည်နည်း။ ချက်ချင်းပင် ကျွန်တော့်ခေါင်း၌ အကြံတစ်ခုရသည်။ တစ်နေ့ကပွ္ပဲ ဘန်ကောက် လုံချည် ၀တ်၍ ခါး၌ ခြောက်လုံးပြူးထားထား သော မြို့ပိုင်ကြီးဦးအေးခန့်ကို သတိရ မိသည်။
"ငါအကြံ ရပြီ စိတ်မညစ်နဲ့  မယဉ်နွယ်၊ ဆရာက ငါ့ကို ဥာဏ်ကောင်းတယ်လို့ ပြောတယ်၊ ပြီးတော့ ငါတစ်ခု ပြောမယ်၊ နင် ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့"
"ငါ ဘယ်သူ့ မှ လျှောက်မပြောပါဘူး"

"ဦးလေးတက်ပုကြီးက ပြောတယ်၊ ဂျော့ဘုရင် ပြန်လာမယ်တဲ့၊ ပြီးတော့ ဦးလေးပုက ငါ့ကို ဗိုလ်စာ သင်ပေးမယ်လည်း ပြောတယ်၊ ဂျော့ဘုရင် ပြန်လာလို့ ဗိုလ်ကျောင်းတွေဖွင့်ရင် ငါဗိုလ်ကျောင်း တက်မယ်၊ ငါဗိုလ်တတ်ရင် မြို့ပိုင်ဖြစ်မှာပဲ၊ ငါမြို့ပိုင်ဖြစ်တော့ နင့်အဘ ငါ့ကို ဘာပြောရဲမလဲ"
မယဉ်နွယ်သည် ကျွန်တော့်လက်အား ဆုပ်ကိုင်သည်။ အလွန်လည်း  အားရှိသွားပုံရသည်။

ကျွန်တော်သည် ညနေက မသန်းရှင်ခေါင်းကို ဆရာပွတ်၍ ချော့သကဲ့သို့ ချော့ချင်သည်။  သို့ရာတွင် မယဉ်နွယ်ကြိုက်မှန်း မကြိုက်မှန်းမသိ၍ ငြိမ်၍ နေလိုက်ရသည်။
လသည် တိမ်များကြား ၀င်သွားသောအခါ မယဉ်နွယ်ကို နှုတ်ဆက်၍ ကျွန်တော်သည် ခွေးတိုးပေါက်မှလျှို၍ ခြံပြင် ဘက် ထွက်လာသည်။
မြို့ပိုင်ဖြစ်ရန် စိတ်ကူးယဉ်၍ လာခဲ့သော ကျွန်တော်သည် ရွာလမ်းအတိုင်း လျှောက်ခဲ့စဉ် လေယာဉ်ပျံသံ ကြားရသည်။ ခါတိုင်း ဆိုလျှင် ကျွန်တော် ထွက်ပြေးမည် ဖြစ်သည်။ သို့ရာတွင် ဦးလေးတက်ပုကြီး ၏ စကား ကို အမှတ်ရ ၍ ရွာပြင်ထွက်ကာ ကြည့်မိသည်။

လေယာဉ်ပျံသည် ပတ်ခါပတ်ခါ ၀ဲနေသည်။ မကြာခင်မှာပင် လေယာဉ်ပျံပေါ်မှ ဖြူဖြူအရာ တစ်ခု ကျလာသည်။  ကြည့်ရင်းကြည့်ရင်းနှင့်ပင် ထိုဖြူဖြူသည်   မှိုပွင့်ကြီးကဲ့သို့ အောက်သို့ နိမ်ကျလာသည်။
လေနတ်သား သည် စက္ကူဖြစ်သဖြင့် ဤမှိုပွင့်ကြီးသည် လေနတ်သားမဖြစ်နိုင်။ မြို့၌ ကြဲသည်ဆိုသော ဗုံးများ ဖြစ်နေသလား မသိ။
ကျွန်တော်သည် ရွာတွင်းသို့ ပြန်ပြေးလာကာ အိမ်ပေါ်တက်၍ ဆိတ်ဆိတ်ငြိမ်ငြိမ် အိပ်ပစ်လိုက်၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၁၈)

သို့သော်လည်း ထိုအချိန်တွင် ကောင်ကြီးဂျိုးသည် ပီလွန်၏ တရားဒေသနာကို မကြားတော့ပေ။ သူသည် အိပ် မောကျနေပြီဖြစ်၏။ ကောင်ကြီးဂျိုးသည် လှုပ်လှုပ်ရှားရှားမနေရလျှင် သူ့မျက်လုံးများကို ဘယ်တော့မှ ကျယ်ကျယ် ဖွင့်ထားနိုင်သူ မဟုတ်။

ပီလွန်ကတော့ သူ့နေရာ၌ အေးအေးဆေးဆေး ထိုင်ကာ သူတွေ့ထားသည့် နေရာကို မမှိတ်သော မျက်စိ များဖြင့် စောင့်ကြည့်လျက်ရှိသည်။ ကောင်းကင်သည် ညိုမှိုင်းမှိုင်းဖြစ်လာသည်။ မြူနှင်း များ နောက်ကွယ်မှ အရုဏ် သည် ဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက်စပြုပြီး မထင်မရှားဖြစ်နေသော ထင်းရှူးပင် များသည် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာကြသည်။ လေသည်လည်း ငြိမ်သွားခဲ့လေပြီ။ ချုံကြိုချုံကြား မှ ယုန်များသည် ခုန်ဆွခုန်ဆွ လုပ်ကာ ထွက်လာကြသည်။ အိပ်ချင်လွန်းအားကြီးသဖြင့် မျက်ခွံများ လေးလျက်ရှီ သော ပီလွန် သည် စိတ်ကတော့ ပျော်ရွှင်တက်ကြွလျက်ပင်ရှိလေသည်။
အလင်းရောင်ဝင်လာသောအခါ သူသည် ကောင်ကြီးဂျိုးကို ခြေထောက်ဖြင့် ကန်၍ နှိုးပြီး " ဟေ့ ဂျိုး၊ ထတော့ ဒင်နီဆီသွားဖို့ အချိန်ကျပြီ၊ လင်းနေပြီဟ " ဟုပြောသည်။

ထို့နောက် ဥစ္စာသိုက်ဟု သတ်မှတ်ထားသော နေရာ၌ ချထားသော ထင်းရှူးသား လက်ဝါးကပ်တိုင်ကို ဆက်၍သုံးရန် မလိုတော့သဖြင့် ဖျတ်ခနဲ ကော်ယူပြီး လွှင့်ပစ်လိုက်သည်။ ပြီးတော့ ညက ဆွဲထားသည့် စည်းဝိုင်းကို ပြန်ဖျက်သည်။ " ကဲ ပြီးသွားပြီ၊ အခုချိန်မှာ အမှတ်အသားတွေ ထားခဲ့လို့ မဖြစ်တော့ဘူး၊ အနီးအနားက သစ်ပင်တွေနဲ့ ကျောက်တုံးကျောက်ခဲတွေကို ကြည့်ပြီး ဒီနေရာကို မှတ်မိနေအောင်တော့ လုပ်ထားဦးမှ "
" ငါတို့ အခုချက်ချင်း ဘာပြုလို့ မတူးသေးတာလဲကွာ" ဟု ကောင်ကြီးဂျိုးက မေးသည်။

" သြ မင်းက တော်တိလာဖလက်ရပ်ကွက်ထဲက ရှိသမျှလူ အကုန်ထွက်ပြီး ငါတို့ကို ကူညီစေချင်လို့လား " ဟု ပီလွန်က ငေါ့တော့တော့လေသံဖြင့် ပြောသည်။
သူတို့သည် ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာကြသည်။

" ညာဘက်မှာ သစ်ပင်သုံးပင် အစုလိုက်ရှိတယ်၊ ဘယ်ဘက်မှာ နှစ်ပင်၊ ဟိုဘက်မှာ ချုံဖုတ်တစ်ခုနဲ့ ဒီဘက်မှာ ကျောက်တုံးတစ်တုံး " သူရေရွတ်သည်။ နောက်ဆုံးတွင် သူတို့သည် ထိုနေရာမှ ထွက်လာခဲ့ကြသည်။ လျှောက်လာနေကြရင်းမှလည်း လမ်းကို သတိထား၍ မှတ်လာကြသည်။
ဒင်နီ၏ အိမ်တွင် ပင်ပန်းမောဟိုက်နေကြသော သူငယ်ချင်းများနှင့် ပြန်လည် ဆုံတွေ့ကြသည်။ " မင်း တွေ့ခဲ့ လား" ဟု သူငယ်ချင်းများက အားတက်သရော ဆီး၍မေးကြသည်။
" ဟင့်အင်း၊ မတွေ့ဘူး" ဟု ပီလွန်က ဂျိုးမပြောမီ သူက လက်ဦးအောင် ကပျာကယာဖြေသည်။

" ပက်ဘလိုက သူ အလင်းရောင်ကို မြင့်တယ်လို့ထင်တယ်၊ ဒါပေမယ့် သူ အဲဒီနေရာမရောက်ခင် ပြန်ပျောက် သွားတယ်၊ ပြီးတော့ ပင်လယ်ဓားပြကလည်း အဘွားအိုသရဲမကြီးတစ်ကောင်ကို မြင်ခဲ့တယ်။ သေသွား တဲ့ သူ့ခွေးက အဲဒီ အဘွားကြီး သရဲမ ဆီမှာ ရောက်နေသတဲ့ "
ပင်လယ်ဓားပြက ပြုံးသည်။ " သရဲမအဘွားကြီးက ကျုပ်ကို လှမ်းပြောတယ်၊ ကျုပ်ခွေးက သူ့ဆီမှာ ပျော်နေ သတဲ့"
" ဟောဒီမှာ ကောင်ကြီး၈ျိုး၊ စစ်တပ်က ပြန်လာတာ" ဟု ပီလွန်က ပြောသည်။

" ဟယ်လို ဂျိုး"
" မင်းတို့က နေရာကောင်းလေးတစ်ခုကို ရထားကြတာကိုးကွ" ဟု ဂျိုးက ရေရွတ်ကာ ကုလားထိုင်တွင် ၀င်ထိုင်သည်။
" မင်း ငါ့အိပ်ရာပေါ်တော့ လာမအိပ်နဲ့" သူ့အိမ်တွင် ဂျိုးကပ်၍နေတော့မည်ဟု နားလည်လိုက်သော ဒင်နီက လှမ်းပြောသည်။ ကုလားထိုင်ပေါ်၌ ဂျိုးထိုင်နေပုံမှာ ပိုင်စိုးပိုင်နင်း နိုင်လွန်းလှသဖြင့် ဤအိမ်မှ ကုတ်နှင့် ကော် ၍ ချသည့်တိုင်အောင် ခွာတော့မည်မဟုတ်ဟု ဒင်နီက ယူဆသည်။

ပင်လယ်ဓားပြသည် သူ့လက်တွန်းလှည်းကို ထုတ်၍ ထင်းခွေရန် ထွက်သွားသည်။ ကျန်လူငါးဦးကတော့ မြူနှင်းများကို ထိုးဖောက်၍ ကျလာသော နေရောင်အောက်တွင် လဲလျောင်းကာ အိပ်ပျော်ခြင်းသို့ ရောက်ကြ လေ၏။

ညနေစောင်းကာမှပင် သူတို့အားလုံး နိုးကြသည်။ သို့သော်လည်း လဲနေရာမှ ချက်ချင်းမထ။ ခြေများ လက်များ ဆန့်တန်းကာ အပျင်းထုတ်နေကြသေးသည်။ ထို့နောက် ထထိုင်ပြီး အောက်ဘက် ပင်လယ်ကွေ့ ဆီသို့ မျှော် ကြည့်သည်။ အညိုရောင် ရေန့တင်သင်္ဘောတစ်စင်းသည် ပင်လယ်ပြင်ဆီသို့ ဦးတည်၍ ခုတ်မောင်း သွားလျက် ရှိလေသည်။ စားပွဲပေါ်တွင် ပင်လယ်ဓားပြထားခဲ့သည့် စက္ကူအိတ်များ၊ အိတ်များထဲတွင် သူရလာသည့် အစား အစာများ ရှိသည်။ သူတို့သည် အိတ်များထဲမှ အစားအစာ ကို ထုတ်ယူပြီး ခွဲဝေစားကြသည်။
ကောင်ကြီးဂျိုး သည် အိမ်ဝင်းထဲမှ ထွက်သွားသည်။ " ငါ အခုပဲ ပြန်လာမယ် " ဟု ပီလွန်ကို လှမ်းပြောသည်။

ပီလွန် က စိတ်မချသော မျက်လုံးများငြဖ့် ဂျိုးထွက်သွားရာဘက်သို့ မျှော်ကြည့်နေသည်။ ဂျိုးသည် ထင်းရှူး တောဘက် သို့ သွားနေခြင်းမဟုတ်။ မွန်ထရေးမြို့တွင်းသို့ ဦးတည်၍ သွားနေခြင်းဖြစ်၏။ အိမ်ထဲ၌ ကျန်နေ ခဲ့သော သူငယ်ချင်း လေးယောက်သည် ငြိမ်ဆိတ်စွာ ထိုင်၍ ပျင်းရိငြီးငွေ့စွာဖြင့် ညပိုင်းအရောက်ကို မျှော်လင့် စောင့်စား နေကြသည်။

နေ၀င်ဖျိုးဖျအချိန်တွင် ကောင်ကြီးဂျိုး ပြန်ရောက်လာသည်။ သူနှင့် ပီလွန်သည် အခြားလူများ မကြား နိုင်အောင် ခြံဝင်းအတွင်းသို့ ဆင်း၍ တိုင်ပင်စရာ ရှိသည်များကို တိုင်ပင်ကြသည်။
" ငါတို့ မစ္စက်မော်ရေးဆီက ပစ္စည်းတွေ ခဏသွားငှားမယ်" ဟု ပီလွန်က ပြောသည်။ " သူ့ကြက်ခြံဘေးမှာ ထောင်ထားတဲ့ ဂေါ်ပြားတစ်လက်နဲ့ ပေါက်ချွန်းတစ်လက်ဆိုရင် အလုပ်ဖြစ်တယ် "
မိုးစုပ်စုပ်ချုပ်၍ အမှောင်ထုဖုံးလာသောအခါ သူတို့နှစ်ယောက် အိမ်မှ ထွက်သည်။ " ဂျိုးရဲ့ သူငယ်ချင်း ကောင်မလေး တွေနဲ့ သွားတွေကလိုက်ဦးမယ် " ဟု ပီလွန်က ဒင်နီတို့ကို အသိပေးခဲ့သည်။ သူတို့သည် မစ္စက် မော်ရေးအိမ် သို့ တိတ်တိတ်ဝင်ပြီး ပစ္စည်းများငှားသည်။

ထို့နောက် ကောင်ကြီးဂျိုးသည် လမ်းမဘေးတစ်နေရာရှီ ပေါင်းမြက်များကို ဖြဲ၍ အထဲမှ ၀ိုင်တစ်ဂါလံပုံးကို ထုတ်ယူ လိုက်သည်။
" ရတနာတွေကို မင်းက အရက်နဲ့ လဲလာခဲ့ပြီပေါ့လေ" ဟု ပီလွန်က ဒေါသတကြီး အော်မေးသည်။ " မင်းဟာ သစ္စာဖောက် လောက်ကောင်၊ ခွေးတစ်ကောင်က မွေးတဲ့ခွေး"
ကောင်ကြီးဂျိုးက လေသံပျော့ပျော့်ဖြင့် ပီလွန်ကို ချော့သည်။ " ရတနာတွေ ဘယ်နေရာမှာ ရှိနေတယ် ဆိုတာ ငါ လုံးဝမပြောခဲ့ပါဘူး ပီလွန်ရာ၊ ငါပြောခဲ့တာက ငါတို့ရတနာသိုက်တစ်ခု တွေ့ထားတယ်၊ ဒါပေမယ့် အဲဒီသိုက် က ဒင်နီအတွက်ထားတာ၊ ဒင်နီလက်ထဲ ရတနာတွေ ရောက်သွားတဲ့အခါမှာ ငါက သူ့ဆီက ငွေတစ်ဒေါ်လာ ချေးပြီး ၀ိုင်ဖိုးပေးမယ်၊ အခု ၀ိုင်တစ်ဂါလံ အကြွေးရောင်းလိုက်လို့ ပြောခဲ့တာပါ "

" အဲသလောက် ပြောရုံကလေးနဲ့ သူတို့က မင်းစကားကို ယုံကြည်ပြီး ၀ိုင်အကြွေး ပေးမတဲ့လားကွဟင်" ဟု ပီလွန် က ဒေါသတကြီးဖြင့် မေးပြန်သည်။
" အေး ... အဲအဲ " ကောင်ကြီးဂျိုးသည် တွန့်ဆုတ်ဆုတ်ဖြစ်လျက်ရှိ၏။ " ငါ တစ်ဒေါ်လာ ပြန်ဆပ်မယ်ဆိုတာ ယုံကြည်အောင် ပစ္စည်းတစ်ခု ထားခဲ့တယ်ကွ"
ပီလွန်သည် ပို၍ ဒေါသကြီးလာပြီး ဂျိုး၏ လည်ပင်းကို ခုန်၍ဆွဲပြီး ညှစ်ထားသည်။ " မင်း ဘာပစ္စည်း ထားပစ် ခဲ့ သလဲ"

" စောင်လေးတစ်ထည်ပဲ ပေးခဲ့တာပါ ပီလွန်ရာ" ဟု ဂျိုးက ငိုသံပါဖြင့် ပြောသည်။ " တစ်ထည်ဆိုမှ တစ်ထည် တည်းပါကွာ"
ပီလွန် က ဂျိုးကို အားကုန်ထုတ်၍ လှုပ်ယမ်းသည်။ သို့သော်လည်း ဂျိုး၏ ကိုယ်လုံးမှာ အလွန်ကြီးမား လေးလံလှ သဖြင့် သူ့ကိုယ်သူ ခါယမ်းသလိုသာ ဖြစ်လျက်ရှိသည်။ " ဘာစောင်လဲကွဟေ၊ ဘာစောင်လဲ" ဟု အော်သည်။ " ဟေ့ကောင် ပြောလေကွာ၊ မင်းခုခိုး လာတဲ့စောင်က ဘာစောင်လဲ "

ကောင်ကြီးဂျိးက ငိုသည်။ " ဒင်နီ့ စောင်နှစ်ထည်တည်းက တစ်ထည်ပါကွာ၊ တကယ်ပြောတာပါ၊ တစ်ထည် တည်းပါ သူ့မှာ နှစ်ထည်ရှိတယ်မဟုတ်လား။ အဲဒါ ငါက အသေးဆုံးတစ်ထည်ကို ယူခဲ့တာပါ၊ ငါ့ကို မလုပ်ပါနဲ့ ကွာ၊ ဟိုမှာ ကျန်ခဲ့တဲ့တစ်ထည် က အကြီးပါ၊ ငါတို့ရတနာတွေကို တွေ့တဲ့အခါ သူ့စောင်ကို ပြန်ရွေးပေး မှာပါ"
ပီလါန်က သူ့ကို တအားတွန်း၍ လှည့်လိုက်ပြီး ခြေထောက်နှင့်ဆောင့်၍ ဆောင့်၍ ကန်သည်။ " ၀က်ကောင်" ဟုခေါ်သည်။ " ခွေးသူခိုး၊ မင်းစောင်ကို ပြန်ပြီး တောင်းပေးရင် ပေး၊ မပေးရင် မင်းကို အသေသတ်မယ်"

ကောင်ကြီးဂျိုးက ချော့ဖို့အားထုတ်သည်။ " ဒင်နီ့ စောင်နှစ်ထည်တည်းက တစ်ထည်ပါကွာ၊ တကယ် ပြောတာပါ၊ တစ်ထည်တည်းပါ သူ့မှာ နှစ်ထည်ရှိတယ် မဟုတ်လား။ အဲဒါ ငါက အသေးဆုံး တစ်ထည်ကို ယူခဲ့တာပါ၊ ငါ့ကို မလုပ်ပါနဲ့ကွာ၊ ဟိုမှာ ကျန်ခဲ့တဲ့တစ်ထည်က အကြီးပါ။ ငါတို့ရတနာတွေကို တွေ့တဲ့အခါ သူ့ စောင် ကို ပြန်ရွေးပေးမှာပါ"
ပီလွန်က သူ့ကို တအားတွန်း၍ လှည့်လိုက်ပြီး ခြေထောက်နှင့် ဆောင့်၍ ဆောင့်၍ ကန်သည်။ " ၀က်ကောင် လ ဟု ခေါ်သည်။ " ခွးသူခိုး၊ မင်းစောင်ကို ပြန်ပြီးတောင်းပေးရင်ပေး၊ မပေးရင် မင်းကို အသေသတ်မယ် "

ကောင်ကြီးဂျိုး က ချော့ဖို့အားထုတ်သည်။ " ငါတို့နှစ်ယောက် ဒင်နီကောင်းစားဖို့အတွက် ဘယ်လောက် အပင် ပန်းခံပြီး လုပ်နေရတယ်ဆိုတာကို ငါတွေးမိလို့ပါကွာ" ဟု သူကပြောသည်။ " ပြီးတော့ ဒင်နီ့အနေနဲ့ စောင် အသစ် တစ်ရာတောင် ၀ယ်နိုင်မှာဆိုတော့ သူဝမ်းသာမှာပဲလို့လည်း ငါတွေးမိပါသေးတယ်ကွ"
" ဟေ့ကောင် ငြိမ်ငြိမ်နေစမ်း" ဟု ပီလွန်က ပြောသည်။ " မင်း ဟို စောင်ပဲရအောင် ပြန်ယူပေးရမယ်၊ မယူ ပေးရင် မင်းကို ကျောက်ခဲနဲ့ စိစိညက်ညက် ကြေအောင်ထုမယ်" သူသည် ၀ိုင်းပုံဖော့ဆို့ကိုဖွင့်ကာ သူ့ဒေါသ ကို ပြေစေရန် တစ်ကျိုက်နှစ်ကျိုက်မျှ မော့သည်။ ပြီးတော့ ၀ိုင်ပုံးကို ပြန်ပိတ်လိုက်သည်။ ဂျိုးက သူ့ကိုပါ တိုက်ရန် ပြောသော်လည်း တစ်စက်ကလေးမျှပင် မပေးချေ။ " ဒီစောင်ခိုးတဲ့အတွက် ရတနာသိုက်တူးရင် မင်းတစ်ယောက် တည်း ဒိုင်ခံပြီး တူးရမယ်သိလား၊ ဂေါ်ပြားနဲ့ ပေါက်ချွန်းကိုယူလာလိုက်ခဲ့"

ကောင်ကြီးဂျိုးသည် ခွေးလိမ္မာလေးတစ်ကောင်သဖွယ် တစ်ချက်မျှ ညည်းလိုက်ပြီး ပီလွန်ခိုင်းသည့်အတိုင်း နာ ခံသည်။ သူသည် အမှန်ဘက်က ရပ်တည်နေသော ပီလွန်ကို မဆန့်ကျင်ရဲ။
ယမန်နေ့ည က သူတို့တွေ့ခဲ့သော နေရာကို ရုတ်တရက် ရှာမတွေ့သဖြင့် နှစ်ယောက်သား အချိန် အတော်ကြာ မျှ တ၀ဲလည်လည် ဖြစ်နေသည်။ ပီလွန်က တန်းစီ၍ ပေါက်နေသော သစ်ပင်သုံးပင်ကို လက်ညှိုး ထိုးပြပြီး " ဟော ဟိုမှာ တွေ့ပြီ" ဟု ပြောလိုက်သည့်အခါ အချိန်အတော်ကြီး နောက်ကျ လျက်ရှိလေပြီ။

သူတို့သည် ညက တွေ့ခဲ့သည့် ချိုင့်ခွက်ကလေးကို မတွေ့တွေ့အောင် ရှာကြသည်။ ကောင်းကင်တွင် မြူနှင်း များ ကင်းစင်နေသော ညဖြစ်၍ လရောင်သည် သူတို့အား ကူညီပံ့ပိုးပေးလျက်ရှိလေသည်။
တူးဖော်၇မည့် တာဝန်ကို သူမယူဟု ဆုံးဖြတ်ထားပြီးဖြစ်သော ပီလွန်က ရတနာသိုက်တူးဖော်ရေးအတွက် ညွှန် ကြားချက်အသစ်တစ်ခု ထုတ်ပြန်သည်။ " ငွေမြှုပ်တဲ့ လူတွေဟာ တစ်ခါတစ်လေ အိတ်ကြီးတွေနဲ့ ထည့်ပြီး မြှုပ်တက်ကြတယ်ကွ" ဟုပြောသည်။ " အ၀တ်အိတ်ဆိုတာမျိုးက မြေကြီးထဲမှာ ကြာကြာ မြှုပ်ထားရင် ဆွေးမြည့်ပြီး စုတ်ပြဲကုန်တတ်တယ်၊ တကယ်လို့ ဒီနေရာတင်ကွက်ပြီး တည့်တည့်တူသွားရင် အကုန်လုံး ရချင်မှ ရမယ် " ဟု သူက ပြောပြောဆိုဆို ချိုင့်ခွက်ကလေးပတ်လည်မှ စက်ဝိုင်း တစ်ခု ဆွဲလိုက်သည်။ " ကဲ၊ တွေ့လား ဒီမျဉ်းကြောင်းအတိုင်း ပတ်ပတ်လည်သာ တူးပေတော့ ဒါဆိုရင် အိတ်စုတ် လို့ ဘေးမှာ ထွက်ကျနေတဲ့ ငွေတွေ ကိုပါ ရနိုင်တယ် "

" မင်းကတော့ မတူဘူးလား" ဟု ကောင်ကြီးဂျိုးက မေးသည်။
ပီလွန် ဒေါသကြီးလာပြန်သည်။ " မင်းက ငါ့ကို စောင်သူခိုးလို့ ထင်နေသလားဟင်" ဟု အော်ကြီး ဟစ်ကျယ် မေးသည်။ " မင်းက ငါ့ကို နေစရာ၊ အိပ်စရာပေးထားတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အိပ်ရာပေါ်က ပစ္စည်းကို ခိုးတဲ့ သူခိုးတစ်ကောင်လို့များ ထင်နေသလား"
" ကောင်ပြီလေ၊ ဒါပေမယ့် ငါတစ်ယောက်တည်းတော့ မတူးနိုင်ဘူး" ဟု ကောင်ကြီးဂျိုးက ပြန်ပြောသည်။

ပီလွန်သည် မနေ့ညက သူ့လက်ဝါးကပ်တိုင်လုပ်ပြီး လွှင့်ပစ်ခဲ့သော ထင်းရှူးသားတစ်ချောင်းကို ကောက်ကိုင်ပြီး ကောင်ကြီးဂျိုးဆီ ကပ်သွားသည်။ " သူခိုး၊ သစ္စာမရှိတဲ့လူရဲ့ ၀က်၊ အခုချက်ချင်း ဂေါ်ပြား ကို ယူခဲ့စမ်း"

ကောင်ကြီးဂျိုး၏ သတ္တိသည် အဝေးသို့ ပြေးထွက်သွားသည်။ သူသည် မြေကြီးပေါ်၌ ချထားသော ဂေါ်ပြား ကို ကောက်ကိုင်၏။ အကယ်၍သာ ကောင်ကြီးဂျိုး၏ စိတ်သည် သန့်ရှင်းစင်ကြယ်ခဲ့ပါမူ ပီလွန် ခိုင်းသော အလုပ်ကို မလုပ်နိုင်ဟု အကျောက်အကန် ငြင်းဆန်လိမ့်မည်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ မှန်ကန်သော အကြောင်းတရား ဘက်မှ ရပ်တည်ခြင်းဟူသော လက်နက်နှင့် ထင်းရှူးသားတုတ်တည်းဟူသော ရုပ်ဝတ္ထုလက်နက်များ ကိုင် ဆောင်ထားသည့် ပီလွန်ကို ကြောက်ရွံ့သောစိတ်က အဆမတန် ကြီးမားလျက် ရှိသဖြင့် ပြန်လှန်၍ မငြင်းတော့ဘဲ လက်မြှောက်အရှုံးပေးသည်။

ကောင်ကြီးဂျိုးသည် မြေတူးမြေကော်ရသည့်အလုပ်ကို အလွန်ရွံရှာစက်ဆုပ်သူဖြစ်သည်။ ဂေါ်ပြား ကိုင်ရသည့် အလုပ်မှာ သူ့အတွက် လုံးဝဆွဲဆောင်မှုမရှိသော အလုပ်တစ်ခုဖြစ်၏။ ထိုအလုပ်၏ ရည်မှန်းချက် မှာ တစ်နေရာမှ မြေကြီးကိုယူ၍ နောက်တစ်နေရာသို့ ပုံပေးရခြင်းဖြစ်ရာ အလွန်မိုက်မဲပြီး အကျိုးမရှိသော အလုပ် တစ်ခုဟု သူယူဆသည်။ ထို့ကြောင့်လည်း ဂေါ်ပြားတစ်ချောင်းနှင့် ကော်ရ ပုံရသည့်အလုပ်သည် လက်တွေ့ အားဖြင့် ဘာမှမရသည့် အလုပ်ဟု သူထင်သည်။ ဤအလုပ်ကို သူမကြိုက်ခြင်း မှာ အခုမှမဟုတ်၊ ဟိုတုန်းကတည်းကဖြစ်သည်။ သူ စစ်ထဲဝင်ခဲ့ခြင်းသည် စစ်တိုက်လို၍ ဖြစ်၏။ သို့သော်လည်း သူသည် ဂေါ်ပြား တစ်လက်နှင့် တူးရဆွရသည့် အလုပ်မှတစ်ပါး အခြား ဘာအလုပ် ကိုမှ မလုပ်ခဲ့ရ။

ပီလွန်သည် သူ့ကို စောင့်ကြည့်နေသည်။ နေမကောင်း၍၊ ဆာ၍၊ အားနည်း၍ဟု အကြောင်းပြနိုင်စရာ လမ်းမရှိ။ ပြီးတော့ ပီလွန်သည် တောင်းပန်၍၊ အသနားခံ၍ ရမည့်လူစားမဟုတ်။ ဒင်နီ၏ စောင်ကို ခိုးထားသည့် အမှုက သူ့အပေါ် ပတ်နေခြင်းသည် ပို၍ဆိုးသည်။ သို့သော်လည်း သူသည် တူးရင်းဆီရင်းမှ ညည်းသည်။ တဖျစ်တောက် တောက် ရေရွတ်၍ မကျေနပ်ခြင်းကို ဖော်ပြသည်။ သူ့ လက်ဖ၀ါးတွေ ပေါက်ကုန်ပြီ ဟုပြောကာ လက်ဖ၀ါးများကို ပြသည်။ ပီလွန်ကတော့ နည်းနည်းကလေးမှ မလျှော့။ ဆက်တူး ဖို့သာ ခိုင်းသည်။

သန်းခေါင်ချိန် ရောက်လာသည်။ တွင်းသည် ဆက်တူးဖို့သာခိုင်းသည်။ မွန်ထရေးမြို့ဘက်မှ ကြက်တွန်သံများကို ကြားလာရ၏။ လသည် သစ်ပင်များ၏ နောက်သို့ ရောက်သည်အထိ လျှောဆင်းသွားခဲ့ လေပြီ။ ကောင်ကြီးဂျိုး မှာ မေပန်းနွမ်းနယ်လျက်ရှိပြီ။ သို့သော်လည်း ပီလွန်က အရပ်မခိုင်း။ နေ့၏ အလင်းရောင် ၀င်မလာမီ ကလေးမှာပင် ကောင်ကြီးဂျိုး၏ လက်ထဲမှ ဂေါ်ပြားသည် မာကျောသော အရာဝတ္တုတစ်ခုနှင့် ထိမိ သည်။
" ဟေး တွေ့ပြီကွ ပီလါန် " ဟု ဂျိုးက အော်သည်။

ဂေါ်ပြားနှင့် ထိမိသော အရာဝတ္ထုသည် ခပ်ကြီးကြီးလေးထောင့်စပ်စပ်။ သူတို့သည် အရူးအမူး ဆက်တူးကြ သည်။ မှောင်မှိက်နေဆဲဖြစ်၍ ပစ္စည်းကို ကောင်းစွာ မမြင်ရသေး။
" သတိထားတူးကွ" ဟု ပီလွန်က ပြောသည်။ " ပစ္စည်းကို မခိုက်မိစေနဲ့"
ပီလွန်က လက်ဖြင့်နှိုက်ကာ စမ်းကြည့်သည်။ သူ့လက်နှင့် ထိတွေ့မိသော အရာဝတ္ထုသည် သတ္ထုပြားလိုလို ဘာလိုလို။ သူသည် တွင်းထဲသို့ ငုံ့ကြည့်သည်။ မြင်ရသည်မှာ ၀ိုးတိုးဝါးတား။ အင်္ဂတေကိုင်ထားသော လေးထောင့်စပ်စပ် ကျောက်ပြားတစ်ချပ်။ အပေါ်ဘက်တွင် အညိုရောင် သတ္ထုအ၀ိုင်းတစ်ချပ်။ သတ္ထုပြား ပေါ်၌ ရေးထိုးထားသည့် စာလုံးများကို ပီလွန်က တစ်လုံးချင်း ပေါင်းဖတ်သည်။

" အမေရိကန်ပြည်ထောင်စု မြေတိုင်းဌာန၊ ၁၉၁၅၊ အမြင့်ပေ ၆၀၀"
ပီလွန် စိတ်ပျက်လက်ပျက်ဖြစ်ကာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။
" ရတနာသိုက် မဟုတ်ဘူးလား" ဟု ကောင်ကြီးဂျိုးက စိတ်ထိခိုက်နေသဖြင့် မေးသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ပဆစ်အိမ် အပိုင်း (၂၁)

"ညိုမှာ နေရစ်ခဲ့တော့မယ် ဒေါ်သက်ဇင်၊ နောက်များမှ သင်္ချာအကြောင်း ဆက်ဆွေးနွေးကြသေး တာပေါ့၊ တာတာနော် ညိုမာ သွားမယ် ဒယ်ဒီ"
ညိုမာသန့် ကားပေါ်မှ ဆင်းသွားသည်။
ဇင်သည် ညိုမာသန့်ကို စိုက်၍ ကြည့်နေမိသည်။

ညိုမာသန့်၏ မျက်နှာမှာ ဆေးဆိုးပန်းရိုက်မျက်နှာ ဆိုသည်မျိုး ဖြစ်သည်။ အလွန်အကျွံ ခြယ်သ ထားသည်။ ရေမွှေးကို များများစားစား သုံးထားကြောင်း ကားပေါ်တက်စတကတည်းက သတိပြုမိ သည်။ စိန်ကဲ့သို့သော လက်ဝတ်လက်စား တွေက ညွတ်နေသည်။ အင်္ကျီမှာ လယ်ဟိုက်လွန်းလှ လေသလား ထင်သည်။ ညိုမာသန့် ၏ လှုပ်ရှားပုံမှာ သွက်လက်လွန်းလှချေသည်။ ပြီး … ဟန်က လွတ်လပ်လွန်းကာ လူတကာနှင့် အလွယ်တကူ အကျွမ်းတ၀င် ရှိနိုင်သည့် ပုံစံမျိုး ဖြစ်သည်။

"ညိုမာသန့်ကို ဘာတွေ ကြိုပြောထားသလဲ ဟင်"
ကားထွက်လာသောအခါ ဇင် မေးမိသည်။
"ဘာမှ ကြိုမပြောမထားပါဘူး"
"ဘာမှ ကြိုပြောမထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ညိုမာသန့်ကတော့ ဇင့် အကြောင်းတွေ ကြိုသိထားသလိုပဲ"

"ကိုယ်တို့ နမ်စင်း သွားရအောင်"
"ဇင်ကတော့ ထမင်းစားခဲ့ပြီးပြီ"
"ကိုယ် နည်းနည်းပါးပါး သောက်ချင်တယ်။ ခရီးပန်းလာလို့ပါ"
ဇင် ဘာမျှ ပြန်မပြောခဲ့လေတော့။
ကားသည် ပြည်လမ်းမပေါ်မှာ ပြေးနေသည်။
"ညိုမာသန့်ကို ကြည့်ရတာ ကားပေါ်မှာ ဇင် ပါလာတဲ့အတွက် ဘယ်လိုမှ စိတ်အနှောင့်အယှက် မဖြစ်သလို ပဲနော်"
"ကိုယ်ပြောသားပဲ၊ သမီးဟာ နားလည်လွယ်တဲ့ မိန်းကလေးပါလို့"

"သူ့ဖေဖေရဲ့ ကားပေါ်မှာ ဒီလိုပဲ မိန်းကလေးတွေ တစ်ယောက်မဟုတ်တစ်ယောက် ပါနေကျမို့ သူ့အဖို့ မထူးဆန်း တော့ဘူး ဆိုပါတော့"
သည်တော့လည်း ဦးတင်မောင်သန့်က ဇင့်ကို စူးစိုက်ကြည့်လိုက်သည်။
"ကိုယ်က တွေ့ကရာ မိန်းကလေးတွေကို ကားပေါ်ကောက်တင်တတ်တဲ့ လူစား မဟုတ်ပါဘူး"
"လက်ရွေးစင် ကလေးတွေမှ ဆိုပါတော့"
"ဇင်ရယ် … ဘာလို့ ကိုယ်နဲ့ရန် ဖြစ်ချင်နေရတာလဲ။ ညိုမာ့မှာ နားလည်လွယ်တဲ့အသိ ရှိနေတယ် ဆိုတာက အလေ့အကျင့် ရနေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ သူနဲ့မဆိုင်လှတဲ့ ကိစ္စတွေကို စပ်စပ် စုစုလုပ်ဖို့ မလိုအပ်ဘူး ဆိုတာ နားလည်နေတာကို ဆိုလိုတာပါ"

"ဒါဖြင့် ဖအေနဲ့သမီး ဖြစ်နေပေမယ့် သီးခြားဘ၀နဲ့ သီးခြား ခံစားချက်တွေ ကိုယ်စီကိုယ်ငှ ရှိနေကြ တယ်ပေါ့"
"ဘ၀ရဲ့ လွတ်လပ်မှုဆိုတာကို ရှာဖွေနေတဲ့ ညိုမာဟာ ဖအေနဲ့သမီးဆိုတဲ့ ရင်းနှီးမှုထက်ပိုပြီး ကိုယ့်ဘ၀ကို ချုပ်ချယ်ထားခံရတဲ့ အဖြစ်မျိုး ဖြစ်ချင်နဟ် မတူပါဘူး"
"နမ်စင်း စားသောက်ဆိုင်အတွင်း ကားကွေ့ချိုးဝင်လာသည်။

အခန်းတစ်ခန်း ယူလိုက်သည်။
"ကိုယ် ဘီယာ နည်းနည်းပါးပါးသောက်မယ်၊ ဇင် ဘာသောက်မလဲ"
"လိမ္မော်ရည်လောက်ပါပဲ"
ဘီယာ၊ လိမ္မောရည်၊ ဖက်ထုပ်နှင့် ကော်ပြန့်ကြော်များ မှာလိုက်သည်။
ဇင်သည် စိတ်မောနေသလို ကုလားထိုင်ကျောမှီ ကို ပျော့နွဲ့စွာ မှီထိုင်နေလိုက်သည်။

"ကိုယ် ဒီအတိုင်း နေမသွားနိုင်ဘူး ဇင်"
ဦးတင်မောင်သန့်က စကားစသည်။
"ဒီအတိုင်းဆိုတာက ဘာကို ဆိုလိုတာလဲ"
"ဒီအတိုင်းဆိုတာက ဇင်နဲ့ စားသောက်ဆိုင်တစ်ခုခုမှာ တွေ့ပြီး စကားပြော၊ အချိန်တန်တော့ အိမ်ပြန်၊ တယ်လီဖုန်း ကနေ တစ်ဆင့် ဆက်သွယ်နေတဲ့ အခြေအနေကို ပြောတာပါ"
"ဒီအတိုင်းထက် ဘာများ ပိုလိုချင်သေးသလဲ"

"ဇင့်ကို ကိုယ် အတည်တကျ လက်ထပ်ချင်တယ်"
"ဒီစကားဟာ အပ်ကြောင်း ထပ်နေပါပြီ၊ ဓာတ်ပြားတစ်ချပ်သာ ဆိုရင် အက်လောက်နေပြီ"
"ထပ်တလဲလဲ ပြောရမှာပဲ ဇင်၊ ကိုယ် တကယ့်ကို လက်ထပ်ချင်နေပြီ"
"ဒေါ်ခင်မေမြိုင် ကို ဘယ်လိုလုပ်မလဲ၊ ညိုမာသန့်ကို ဘယ်သွားထားမလဲ"

"ကွာရှင်းပြတ်စဲလိုက်ပြီဆိုရင် မြိုင်နဲ့ပတ်သက်တဲ့ ကိစ္စက ပြီးသွားမှာပဲ။ ညိုမာကတော့ အရွယ် ရောက်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ အခုအခါမှာတော့ သူ့ကိုယ်သူ ထိန်းကျောင်းနိုင်နေပြီ။ သူ့ဘ၀ခရီး ကို သူ့ဘာသာ လျှောက်နိုင်နေပြီ။ ညိုမာဟာ စေ့စပ်ပြီးသား ဖြစ် နေပြီ ဇင်။ ရူဘီရဲ့ အစ်ကို ရောဘတ် နဲ့ ပဲ၊ မကြာခင် လက်ထပ် ဖြစ်ကြလိမ့်မယ်"
"ဦးတင်မောင်သန့် ဇင့်ကို တရားခံ အလုပ်ခိုင်းနေတာလားဟင်"

"ဇင်ဟာ ဘယ်နည်းနဲ့မှ တရားခ့ ဖြစ်မလာစေရပါဘူး။ ဇင့်ကြောင့် မဟုတ်လဲ ကိုယ်နဲ့မြိုင်တို့ တစ်နေ့မဟုတ် တစ်နေ့ ကွာရှင်းပြတ်စဲ ဖြစ်ကြမှာပါပဲ"
"ဒီလောက်သေချာနေရက်က ဇင့်ကို လက်ထပ်ဖို့ ပြောလာတဲ့အထိ ပြတ်ပြတ်သားသား ဖြစ်မနေ သေးတာ အံ့သြဖို့ ကောင်းတယ်။ ဦးတင်မောင်သန့်တို့ရဲ့  အိမ်ထောင်ရေးဘ၀ သေနေတာ ကြာပြီ ဆိုရင် စောစောပိုင်း ကတည်းက ပြတ်ပြတ်သားသား ဖြစ်နေခဲ့ဖို့ ကောင်းတာပေါ့"
"ကိုယ် သည်းခံစောင့်နေခဲ့တယ်၊ ညိုမာ့ အတွက်ပဲ၊ ညိုမာ အချိန်အရွယ် ရောက်လာတဲ့အထိ ကိုယ် ဒုက္ခခံ ခဲ့ရတယ် ဆိုရင်လဲ အမှန်ပဲ"
"ဒါဖြင့်လဲ နေ့လက်စနဲ့ နေလိုက်ပေါ့ရှင်"

"ခုတော့ဖြင့် မနေနိုင်တော့ဘူး ဇင်။ ဒီအခြေအနေကို မုန်းတီးတယ်။ ဒီအတိုင်း နေမသွားနိုင်တော့ ဘူး"
"ခက်တယ်၊ ကြားက ဇင့်မှာ ခက်နေတယ်။ ဘာပဲပြောပြော ဒီအချိန်မှာမှ ကွာရှင်းတာတို့၊ ပြတ်စဲ တာတို့ ဖြစ်လာရင် လူတွေက ဇင့်ကို လက်ညှိုးထိုးလာကြတော့မှာပဲ"
မှာထားသော စားစရာများ ရောက်လာသည်။ စကားစ ပြတ်ရသည်။

ဇင်က ဘာစားစရာကိုမျှ မတိထိခဲ့။  ဦးတင်မောင်ကတော့ ဘီယာ အတော်များများကို သောက်ချ လိုက်သည်။
"ဒီမှာ ဇင် ကိုယ်ဘ့ဝထဲ ဇင် စတင် ရောက်လာကတည်းက ဇင်ဟာ ကိုယ့်အတွက် လိုလားအပ်တဲ့ မိန်းမ တစ်ယောက် ဆိုတာ ကိုယ်ရိပ်မိခဲ့တယ်။ ကိုယ် ချစ်ချင်တဲ့၊ ကိုယ် လက်ထပ်ချင်တဲ့ မိန်းမ အမျိုးအစားဆိုတာ သိနေတယ်။ စိတ်မှာ အလိုလိုနေရင်း လှုံ့ဆော်သိအရ သိတဲ့အသိမျိုး။ ဒါကြောင့် ဇင့်ကို လက်ထပ်ဖို့ဟာ ကိုယ့်အတွက် အရေးအကြီးဆုံး၊ အဓိကအကျဆုံးနဲ့ အလိုအပ် ဆုံးလို့ ဆုံးဖြတ်ပြီး လက်ထပ်ခွင့် တောင်းခဲ့တာ"

"ဇင်တို့ ဒီအတိုင်းနေသွားကြတာ ပိုမကောင်းဘူးလား"
"ဒီအတိုင်း ဆိုတာက"
"ဒီအတိုင်းဆိုတာက ခုလိုပဲ တွေ့ချင်တဲ့အခါ တွေ့ကြတာပေါ့၊ ဆုံချင်တဲ့အခါ ဆုံကြတာပေါ့၊ စကား ပြောချင် တဲ့ အခါ ပြောကြတာပေါ့"
"လူငယ်လူရွယ်တွေ သမီးရည်းစား ထားကြသလိုလား။ ချိန်းတွေ့ လိုက်ကြ၊ ရုပ်ရှင်ကြည့်၊ ပန်းခြံ သွား ဒီလို ဆိုလိုတာလား ဇင်။ အဲဒီလို နေဖို့အတွက်က ကိုယ်တို့ဟာ သိပ်ကို အသက်ကြီးသွားကြ ပြီ။ ဒါမျိုး နေသွားဖို့ ဆိုတာ ကိုယ်တို့ အသက်အရွယ်နဲ့ မလိုက်ဘက်တော့ဘူး"

ဇင်သည် ဦးတင်မောင်သန့်၏ မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။ လေးနက်စွာ မေးလိုက်သည်။
"ဦးတင်မောင်သန့် ဇင့်ကို တကယ်ချစ်သလားဟင်"
"တကယ်ရဲ့ ဟိုဘက် ကမ္ဘာတစ်သိန်းလောက် ချစ်ပါတယ် ဇင်"
"ယောက်ျားတွေဟာ အစမှာတော့ ဒါမျိုးချည်း ပြောတတ်ကြတာပါပဲ"

"သြ … ဇင်က ကိုယ့်ကို မယုံကြည်ဘူးကိုး။ ကိုယ်နားလည်မိပြီ ဇင်၊ ဇင် ကြောက်နေတယ်"
"ရှင်"
"ဇင် ကြောက်နေတယ်"
"ဇင် မကြောက်ပါဘူး၊ ဇင်က ဘာကို ကြောက်ရမှာလဲ"

"ဇင် ကြောက်နေပါတယ်။ ကိုယ် ပြောနေတဲ့ စကားတွေကို အပျက်အချော်လို့ ထင်နေသလား၊ ရှေ့ပိုင်းက ဒီလိုပြောပြီး နောက်ကျရင် တစ်မျိုး ဖြစ်သွားမှာကို ကြောက်နေတယ် မဟုတ်လား။ ညောင်ရေအိုးရေ သောက်ပြီး သစ္စာဆို ရမလား။ လက်မောင်းသွေးဖောက်ပြီး သစ္စာရေ သောက်ရ မလား။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဇင့်ကို ပစ်မသွားဘူးဆိုတာ ကိုယ် သစ္စာဆိုရဲပါတယ် ဇင်"
"ဒါတွေ မလိုအပ်ပါဘူး ဦးတင်မောင်သန့်။ ဇင်ဟာ ယောက်ျား အပစ်ခံခဲ့ရတဲ့ မိန်းမတစ်ယောက်ပါ။ ဇင့်မှာ အတွေ့အကြုံ ရှိပြီးသားပါ။ မချစ်လို့ ပစ်သွားတဲ့ဒဏ်ကို ဇင် ခံနိုင်စွမ်း ရှိပါတယ်။ ဒါကို ဇင် မကြောက်ပါဘူး။ ဇင် တကယ်တမ်း ကြောက်တာက ဇင့်ကြောင့် မိသားစု တစ်စုရဲ့ ဘ၀တွေ ကြေကွဲ ပျက်စီးသွားမှာကိုပါပဲ"

"ဇင် ယုံမလား၊ ကိုယ်တို့ရဲ့ မိသားစုဘ၀တွေ ကြေကွဲပျက်စီးခဲ့တာ ကြာပြီဆိုတာ"
"ဘာ အထောက်အထားမှ မရသေးဘဲ ဇင် ဘယ်လို ယုံရမလဲ"

"ညိုမာ့ကို မွေးပြီးကတည်းက ကိုယ်တို့မိသားစုဘ၀ သာယာရေးတွေ ပျက်စီးခဲ့တယ်၊ ကြေကွဲခဲ့ တယ်။ မြိုင် ဟာ ညိုမာ့ကို မွေးဖွားပေးပြီးတဲ့နောက်မှာ နောက်ထပ် ကလေးမရနိုင်တော့ဘူး။ မိသားစု သာယာရေး စီမံကိန်းတွေ ပျက်ခဲ့တယ်။ အမှန်တော့ ဒီစကားကို ကိုယ်မပြေချင်ဆုံးဘဲ ဇင်၊ အခုတော့ မပြောချင်တဲ့စကားကိုပဲ ဖွင့်ပြောရတော့မယ်။ ကိုယ်နဲ့ မြိုင်ရဲ့မိဘတွေဟာ ကိုယ်တို့ နေထိုင်တဲ့ တောရွာ ကလေး ကို ရောက်လာတယ်။ ဒီအချိန်မှာ ကိုယ်ဟာ လေးငါးနှစ်သားလောက်ပဲ ရှိဦးမယ်၊ မြိုင်ကလဲ ကိုယ်နဲ့ မတိမ်းမယိမ်း ပဲပေါ့။ သူတို့တစ်တွေက မြို့ပေါ်က ဆန်စက်တွေ အများ ကြီးပိုင်တဲ့၊ လယ်ယာတွေ အများကြီး ပိုင်တဲ့ သူဌေးတွေဆိုပါတော့။ ကိုယ့်မိဘတွေကတော့ မြိုင့်ရဲ့ မိဘတွေရဲ့ လယ်က သူရင်းငှား အဆင့် လောက်ပဲ ရှိပါတယ်။ သူတို့စစ်ပြေးလာတော့ ကိုယ့်မိဘတွေ က ကောင်းကောင်းမွန်မွန် လက်ခံတယ်၊ ကာကွယ်မှု တွေ ပေးခဲ့တယ်။

"စစ်ကာလ တစ်လျှောက်လုံးမှာ မြိုင်တို့ မိဘတွေက စိတ်အေးချမ်းသာနဲ့ ကိုယ်တို့ရွာမှာ ခိုနေနိုင် ကြတယ်။ စစ်ပြီးတဲ့ အခါမှာ သူတို့မြို့ကို ပြန်သွားကြတယ်။ ရောင်စုံ သောင်းကျန်သူတွေ ထကြွ တော့ ကိုယ်တို့ မိသားစု တွေ တောမှာမနေနိုင်ကြတော့ဘူး။ မြို့ကို တက်ပြေးလာရတယ်။ ဒီတစ်ခါ မှာတော့ မြိုင့် မိဘ တွေက တစ်လှည့် အကူအညီပေးကြပြန်တယ်။ ကိုယ် ကျောင်းနေနိုင်တာတွေ၊ ဘွဲ့ရနိုင်ခဲ့တာတွေဟာ မြိုင့်မိဘ တွေရဲ့ ထောက်ပံ့မှုကြောင့်ပဲ"
"ကျေးဇူးတရားကို ထောက်ထားပြီး လက်ထပ် ခဲ့တာမျိုး ဆိုပါတော့"

"ဆိုပါတော့ ဇင်၊ ဒါပေမယ့် လူတစ်ယောက်ဟာ တစ်သက်လုံး ကျေးဇူးတွေကို ကုန်းဆပ်နေရတာ တော့ ငြီးငွေ့ စရာ ကောင်းနေတယ်"
"ဒေါ်ခင်မေမြိုင်ရဲ့အဆိုးအမျိုးမျိုးကို ကျေးဇူးတရား ထောက်ထားပြီး သည်းခံနေခဲ့ရတယ်လို့ ဆိုလို ချင်သလား"

"မှန်ပါတယ်၊ ကိုယ် သည်းခံခဲ့ရတာ အနှစ်နှစ်ဆယ် ရှိခဲ့ပါပြီ။ ကိုယ် ပညာတတ်တာ သူတို့ကြောင့်၊ ကိုယ် လူသုံးသူတလုံး ဖြစ်လာတာ သူတို့ ကျေးဇူးဆိုတော့ ဘေးက အမြင်မှာ ကိုယ်ဟာ လုပ်ငန်း ကြီးတွေ လုပ်နေ တယ်၊ ၀ါသနာပါတဲ့ အနုပညာကို လုပ်နေနိုင်တယ် ဆိုပေမယ့် ပကတိမှာတော့ ကိုယ့်ဘ၀က မလွတ်လပ် ဘူး၊ နှောင်ကြိုးတွေအတည်း ခံနေရတယ်။ တကယ်တမ်း ကိုယ့်ဒူး ကိုယ်ချွန် ခဲ့ရပေမယ့် အများရဲ့ အမြင် မှာတော့ မြိုင့်တို့ရဲ့ လောင်းရိပ်အောက်က လူသား တစ်ယောက်၊ မြိုင်တို့ရဲ့ ထဘီရေသီနား ခိုစားနေရတဲ့ လူတစ်ယောက် အဖြစ်ထက် မပိုနိုင်ခဲ့ဘူး။ ဒါကို ကိုယ် နာကြည်းနေခဲ့ ရပါတယ် ဇင်ရယ် …"
ဇင်သည် တွေတွေကလေး တွေးနေသည်။ သူ့စကားတို့ကို ကြားရတော့လည်း ကရုဏာသတ်ရမလို ရှိနေသည်။

"ဇင်"
"ရှင်"
"ဇင့်ကို ကိုယ်ဘာကြောင့် ချစ်သလဲဆိုတာ သိသလား ဟင်"
ဇင် အဖြေမပေးမိ။ သူ့ကိုသာ ငေးကြည့်နေလိုက်မိသည်။
"ဇင့်ကို ကိုယ် ချစ်မိတာ ဇင်ဟာ ကိုယ့်ဘ၀ကိုယ် လှုပ်ရှား ရုန်းကန်နေတဲ့ အားမာန်ပြည့်ဝတဲ့ မိန်းမ တစ်ယောက်ဆိုတာ သဘောပေါက်မိရာက စ ခဲ့တာပဲ"
"ဇင့်အပေါ် အထင်မသေးဘဲ ခုလို မြင်ဖော်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်"

"ဒါဆိုရင် ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်ကြပြီ ထင်ပါတယ်။ ကိုယ်တို့ဘ၀တွေ ပေါင်းစပ်လို့ ရနိုင်လိမ့်မယ် ထင်ပါတယ် ဇင် မဟုတ်လားဟင်"
"ဇင် န၀်ခံချင်တာ ရှိပါတယ် ဦးတင်မောင်သန့်။ ဇင့်မှာ ဦးတင်မောင်သန့်အပေါ် သံယောဇဉ်ဖြစ်ရ တာတွေ ရှိပါတယ်။ အခုလိုပဲ အကြောင်းစုံသိရတော့ ပိုပြီး သံယောဇဉ် ဖြစ်ရတာပေါ့"
"ဒါဆိုရင် ကိုယ့်ကို ဘာလို့ လက်မထပ်နိုင်ကြရမှာလဲ သတ္တိရှစမ်းပါ ဇင်"

"ဇင်လား သတ္တိသိပ်ကောင်းလှတယ်လို့တော့ မပြောချင်ဘူး။ ဒါပေမယ့် ဇင် ဖြစ်ချင်တာတွေ ဖြစ်လာမယ်ဆိုရင်တော့ သတ္တကို ကြိုးစားမွေးမြူရမှာပေါ့"
"ဇင် ဘာဖြစ်ချင်တာလဲ ဟင်"
"တစ်၊ ဇင့်အနေနဲ့ ဦးတင်မောင်သန့်တို့ရဲ့ အိမ်ထောင်ရေးဟာ ဇင့်ပယောဂကြောင့် မဟုတ်ဘဲ ရှင်းရှင်းလင်းလင်း ရှိသွားစေချင်တယ်"
"ဒါကို ကိုယ် ကတိပေးပါတယ်၊ ဇင့် ပယောဂ မပါစေရပါဘူး"

"နောက် တစ်ခုက ဇင်တို့ လက်ထပ်ခဲ့ရင် လက်ထပ်မှုဟာ တရားဝင် ဖြစ်ရမယ်။ ဇင်သာ နံပါတ်တစ် ဖြစ်ရမယ်။ ဇင်ရဲ့ ဘ၀နဲ့ ဇင်ရဲ့ ပတ်ဝန်းကျင်ဘ၀တွေကို အာမခံချက် ပေးနိုင်ရမယ်"
ဦးတင်မောင်သန့် ၏ မျက်ဝန်းများသ်ည တောက်ပြောင်လာသည်။ ရွှန်းလက်လာသည်။
သူ၏ မျက်နှာသည် တက်ကြွမှုဖြင့် သွေးရောင် လွှမ်းတတ်လာလေသလား ထင်ရသည်။

"ဒါတွေဟာ ဇင့်ဘက်က လိုလားချက်နဲ့ တောင်းဆိုချက်တွေ အကုန်ပဲလား။ ဒီထက်မကတောင် ကိုယ့်မှာ လိုက်လျောနိုင်တာတွေ ရှိပါသေးတယ် ဇင်"
"တော်ပါပြီ၊ ဇင် လောမကြီးပါဘူး။ ဇင် လိုချင်တာ နည်းနည်း ကလေးပါ"
"ဒါတွေကို ကိုယ်အကုန်လိုက်လျောနိုင်ပါတယ် ဆိုရင်ကော"
ဇင်သည် မျက်စိကို မှိတ်လိုက်သည်။ အံကို ကျိတ်လိုက်သည်။

ဇင်၏ အသံသည် လည်ချောင်းမှ မဟုတ်ဘဲ သွားများအကြာမှ ခဲယဉ်းစွာ တိုးထွက်သွားသည်။
"ဒါဆိုရင် ဇင့်ကို လက်ထပ်ပါ ဦးတင်မောင်သန့်"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, December 28, 2010

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၁၅)

ဦးလေးပုကို ကျွန်တော်အလွန်စိုးရိမ်သွားသည်။ မရိုမသေ တံတွေးထွေးနေသည်ကို ဂျပန် စစ်ဗိုလ်ကြီးများ တွေ့ သွားလျှင် ဦးလေးပု၏ ပြန်ပေါက်စ ခြေသည်လက်သည်းများကို ပြန်အခွာခံနေရပေလိမ့်ဦးမည်။

ကျွန်တော်က စိုးရိမ်တကြီးဖြင့် ကြည့်နေမိစဉ် ကျွန်တော့်အား ဦးလေးပုက မြင်သွားသည်။ ထိုအခါ သူက မျက်စ ပစ်လိုက်၊ ခေါင်းညိတ်လိုက်၊ မျက်စိမှိတ်လိုက်၊ နှုတ်ခမ်းလှုပ်ပြလိုက်နှင့် အမျိုးမျိုးလုပ်ပြနေသည်။ မနေနိုင် တော့သော ကျွန်တော်က အရဲစွန့် ၍ ပရိသတ်ကြားမှ တိုးထွက်ခဲ့ရသည်။ အပြင်ရောက်သော် ဦးလေးပု ကို တက်တို့၍ ခပ်လှမ်းလှမ်းသို့ ခေါ်ခဲ့ရသည်။
''ဦးလေးပု....ခင်ဗျား ဘာလာလုပ်တာလဲ''
ဦးလေးပု သည် အလွန်အရေးကြီးသော စကားပြောလိုဟန် ကျွန်တော့်နားနားကပ်၍ ဆိုသည်။

''လူတစ်ယောက် က မင်းကိုတွေ့ချင်လို့တဲ့''
''ဘယ်သူလဲ''
''ဟ ...အဲဒါ...ငါဘယ်သိမလဲ၊ လူတစ်ယောက်က တွေ့ချင်တယ်ဆိုတာ ခွေးတစ်ကောင်က တွေ့ချင်တာ မဟုတ်ဘူးလို့ ငါဆိုလိုတာ မဟုတ်ဘူး၊ သူ့နာမည် ငါမသိလို့ လူတစ်ယောက် ကတွေ့ချင်တာလို့ ငါပြောတာ''
''အဲဒီလူ က ဘယ်လိုနေလဲ''
''ဗိုလ်ကေ နဲ့....ရှပ်အကျီင်္နဲ့.... ''
''ဟာ..ဗိုလ်ကေနဲ့ ရှပ်အကျီင်္က ဆန်းတာလိုက်လို့....သူ့ရုပ်က ဘယ်လိုနေလဲ''

''သူ့ရုပ် ကို ငါမဖမ်းနိုင်ဘူးကွ၊ သူ့မျက်နှာက သဖန်းသီးတွေလို အဖုအထစ်တွေနဲ့ ကိုယ်ပျက်နေသလား မသိဘူး''
ကျွန်တော်သည် ကြက်သီးထသွားသည်။ ဦးလေးပုသည် ဘာကြောင့် ကိုယ်ပျက်သောသူ က ခေါ်ခိုင်း သည်ကို လာခေါ်ရသနည်း.... ''
''အမှန်းကန်းမှန်း မသိဘဲနဲ့ ခင်ဗျားကြီးက ကျုပ်ကို ဘာလို့လာခေါ်ရတာလဲ''

ဦးလေးပုသည် ဘာမျှမဖြေဘဲ ချေးအထပ်ထပ်ရှိသော သူ့အကျီင်္အတ်ထဲမှ ကိုးဝါ စီးကရက် တစ်ဘူး ထုတ်ပြသည်။ စီးကရက်ဘူးကိုမြင်သည်နှင့် တစ်ပြိုင်နက် ကျွန်တော် သဘောပေါက်သွားသည်။ ဦးလေးပု သည် အလွန်စီးကရက်ကြိုက်တတ်သည်။ စီကရက် ရလျှင် ဘာမဆိုလုပ်မည်မှာ သေချာ၏။ ယခုလည်း သူအလွန်ကြောက် သမျှ မုန်းသော ဂျပန်များရှိလျက် ဤမဏ္ဍပ် ဆီလာခြင်း မှာ စီးကရက်တန်ခိုး ဖြစ်ရပေ လိမ့်မည်။

''အဲဒီလူက တကယ်ကိုယ်ပျက်နေလား''
''ငါ...ဘယ်လိုလုပ်သိမလဲ''
''သူ့ ကိုယ် က ညှီစော်မနံဘူးလား''
''ဟာ.... အဲဒါတော့ မနံဘူးကွ''

မနံဘူးသာဆိုသည် ဦးလေးပုသည် သွားကြာမှ တံတွေးကို 'ကျစ်'ခနဲ ထွေးလိုက်သည်။ ထို့နောက်မှ ဆင်ခြေ ဆက် ပေးသည်။
''ပြီးတော့လေ ကွာ မင်းနာမည်ကို သူကတိတိကျကျပြောတာ၊ မင်းကို သူ က(ငယ်လေး) လို့ခေါ်တယ်တဲ့၊ မင်းနာမည် သန့်ဇင် ဆိုတာ လည်းပြောတယ်၊ နောက်ပြီး ဘာတဲ့....မင်း သိချင်တဲ့ သူပုန်ထနည်းလည်း ပြောပြမယ် တဲ့၊ ဒါထက်ငါ့လူ...မင်း တကယ်သူပုန်ထ မလို့လား''
''တော်စမ်းပါဗျာ ...တောက်တီးတောက်တဲ့တွေ၊ အဲဒီလူ ဘယ်မလဲ၊ လာ....သွား ကြရအောင်''

ကျွန်တော်က ရှေ့မှထွက်ခဲ့သည်။ ဦးလေးပုသည် ငှက်ပျောပင်မှန်သမျှ တံတွေးနှင့် ထွေးလိုက်၊ ပြောလိုက် နှင့် ရွာအစွန်သချိုင်္င်းအနီး ဘုရားပျက်ကြီးဆီ ရောက်လာသည်။ ဂူပျက်အ၀၌ ဦးလေးပုက အသံပေးလိုက် သော အခါ ခေါင်းတစ်လုံး ပြူထွက်လာသည်။ ရုတ်တရက်သော် ကျွန်တော့်မှာ ကြောင်သွားသည်။ အကြောင်း မှာ ဦးလေးပုပြောသကဲ့  သို့သူ့မျက်နှာမှာ သဖန်းသီးကဲ့သို့ အဖုအထစ် တို့ ထွက်နေသည်။ ထိုသူ့ မျက်နှာ ကို အတန်ကြာ စိုက်ကြည့်သည်။ ခဏ ၌ ကျွန်တော်သည် ထိတ်လန့်တကြား အော်မိသည်။

''ကိုမြင့်ဦး...၊ ခင်ဗျား...ကိုမြင့်ဦးမဟုတ်လား...... ''
မှန်သည် ။ကိုမြင့်ဦးမှ...ကိုမြင့်ဦးအစစ်ဖြစ်သည်။
ကျွန်တော် နှင့် ဦးလေးပုသည် ဂူတွင်းဝင်၍ ကိုမြင့်ဦးနားထိုင်သည်။
ဂူတွင်း ရောက်လျှင် ရောက်ခြင်း ကျွန်တော်ပထမဆုံး သတိထားမိသည်မှာ ကြိုင်ချင်တိုင်း ကြိုင်၍ လှိုင်ချင်တိုင်း လှိုင်နေသော ဥသျှစ်သီးနံ့ များတည်း။ ကိုမြင့်ဦးဘေး၌ စားလက်စ ဥသျှစ်သီးတစ်လုံးရှိသည်။ အခြား ဥသျှစ်သီး နှစ်လုံး ကလည်း အဆင်သင့် စောင့်နေသည်။

''ကိုမြင့်ဦး ...ခင်ဗျား  ဘာဖြစ်လာတာလဲ.... ''
ကိုမြင့်ဦး သည် မေးရိုးများတင်းအောင် အံကြိတ်လျက် ခေတ္တငြိမ်နေပြီးနောက် ပြန်ဖြေသည်။
''ငါ....ဂျပန်ကင်ပေတိုင် အချုပ် က ထွက်ပြေးလာတာ..... ''
''ဗျာ....ဂျပန်ကင်ပေတိုင် အချုပ် က.... ''

ကိုမြင့်ဦးသည် သူဖြစ်ခဲ့သမျှ ကျွန်တော့်အား ပြောပြသည်မျာ ပေါင်းတလည်မြို့ပေါ်တွင်  ဂျပန် မော်တော်ကား တပ်ကြီး ရှိသည်။ ထိုမော်တော်ကားတပ်မှ ဗိုလ်တစ်ဦးဖြစ်သူ အီမူရာသည် မသန်းရှင်ကို မျက်စေ့ ကျ၍ အပိုင်သိမ်းရန် အမျိုးမျိုးရန်ရှာသည်။ တစ်နေ့တွင် အီမူရာသည် ခပ်တည်တည်ပင် မသန်းရှင် အား လက်ထပ်ရန် လာတောင်းသည်။ ကိုမြင့်ဦး တို့ကငြင်းပယ်လိုက်သည်။ နောက်တစ်နေ့နံနက်၌ ပေါင်းတလည်မြို့ မှ အတန်ဝေးသော ဘုရားကြီးကျောက်တိုက်၌ စခန်းချထားသည့် ပင်ပေတိုင်အဖွဲ့က ကိုမြင့်ဦး အား ဖမ်းသည်။ ကိုမြင့်ဦးအိမ်၌ မသင်္ကာဖွယ် စာအုပ်များတွေ့သည်ဆို၍ တစ်နေ့နှင့်တစ်ည ညှင်းဆဲ နှိပ်စက် ကြသည်။ ကိုမြင့်ဦးမျက်နှာမှ အဖုအထစ်တို့မှာ ဂျပန်လက်ရာများတည်း။

ဂျပန်ငရဲ၌ မရှုမလှခံရပြီးသော နံနက်ဝယ် အီမူရာသည် မျက်နှာချိုသွေး၍ ကယ်တင်ရှင် ဟန်ဖြင့် ကိုမြင့်ဦး ကို ကယ်ပေတိုင်အချုပ်မှ လာထုတ်သည်။ ကိုမြင့်ဦးကလည်း ပရိယာယ် ဆင်၍ ထွက်ပြေးလာခဲ့သည်။
''အဲဒါ ငါ...ရွာထဲ မ၀င်ရဲတော့ဘူးကွာ၊ မတော်တဆ ငါ့ကိုမြင်သွားရင် မင်းတို့ရွာ အမွှေခံ ရမှာစိုးလို့.... ''
ကိုမြင့်ဦး ၏ စကား တို့ကို စိတ်မချမ်းမြေ့ခြင်းကြီးစွာဖြင့် နားထောင်နေရာမှ ကျွန်တော်သည် စိုးရိမ်တကြီး မေးမိ၏။

''ဒါထက်...... မမရှင်တို့ကော..... ''
ကိုမြင့်ဦး သည် တွေတွေငိုင်ငိုင်ကြီး ဖြစ်သွားသည်။

''အဲဒါ ...ငါမသိဘူး၊ ဘဘကြီးဦးဘိုးခနဲ့ ကိုညီလေးတို့တော့ စောင့်ရှောက်ပေးလိမ့်မယ် ထင်တာပဲ''
ကိုမြင်ဦး ရော ကျွန်တော်ပါ ငိုင်နေကြသည်။ ဦးလေးပု ကမူ ဥသျှစ်သီးတစ်လုံးကိုခွာ၍ ဆိတ်စား သကဲ့သို့ တမြုံ့မြုံ့ စားရင်း မျက်တောင်ပု၏ ခတ်ပုတ်ခတ်နှင့် ကျွန်တော်တို့အား ကြည့်နေသည်။
''ဒါဖြင့်... ခင်ဗျားဘာလုပ်မလဲ''

''ငါ ရန်ကုန်ပြေးချင်တယ်...ပိုက်ဆံလည်းမရှိဘူး၊ ထမင်းလည်းမစားရသေးဘူး၊ ဟောဒီလူကြီးက ဥသျှစ်သီး ကျွေးထားလို့''
ဦးလေးပု သည် ပြုံး၍ ခေါင်းညိတ်ပြပြီး ကျန်နေသော ဥသျှစ်သီးတစ်လုံးကိုယူ၍ ''ရော့အင့် စားဦးး၊ အားမနဲ့၊ ဥသျှစ်သီး တော့ လိုချင်သလောက် ငါပေးနိုင်မယ်၊ ငါ့ကျောင်းမှာ တစ်အိတ်ကြီးကျန်သေးတယ်၊ ရော့ စားလေ'' ဟုတိုက်တွန်းရင်း ကိုမြင့်ဦးအားပေးသည်။

''ဦးလေးပုကလည်း အရးထဲ ဥသျှစ်သီးနှောက်နေပြန်ပြီ၊ နေစမ်းဗျာ''
ဦးလေးပု သည် မကျေမချမ်းဖြင့် တံထွေးကို 'ကျစ်'ခနဲ ထွေးလိုက်သည်။ နောက်ဥသျှစ်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ရင်း ပြောတော့၏။
''ငါက ဗြိတိသျှ အင်ပါယာကြီးအကြောင်းပြောတော့ လူတွေက ရယ်ကြတယ်၊ ဗြိတိသျှ က လက်သည်း ခြေသည်း ဘယ်တော့မှမခွာဘူး ဒီခွေးမသား ဂျပန်တွေ တစ်နေ့ ခွေးပြေးပြေးရမယ်၊ ဂျော့ဘုရင်မင်းမြတ်က မိန့်တော် မူတယ်၊ ကျေးတော်မျိုး ကျွန်တော်မျိုး ကို အမြန်ဆုံး ကယ်တင်တော့တဲ့... မင်းတို့မယုံဘူးလား''

''ခင်ဗျား ဂျော့ဘုရင်စကား ကို ဘယ်လိုလုပ်ကြားလဲ''
ဦးလေးပု သည် လေသံကိုတိုး၍ အရေးတကြီး ပြောသည်။
 ''င့ါကို(လေနတ်သား) ကပြောတယ်''
''ဗျာ...လေနတ်သား''

ဦးလေးပုသည် ကျေနပ်စွာရယ်၏။ ထို့နောက် သူ့ရင်ပတ်ကို ဂုဏ်ဝင့်စွာပုတ်ပြရင်း ဆိုသည်။
''မင်း လေနတ်သားမြင်ဖူးလား၊ င့ါအိမ်မှာ ရှိတယ်''
ကျွန်တော် သည် အရူးကြီးကိုပု ဖောက်လာပြီထင်သည်။

သို့ရာတွင် သူက အကျီင်္အိတ်ကို နှိုက်သောအခါတွင် စိတ်ဝင်စားစွာ ကြည့်မိသည်။ ဦးလေးပုသည် ဆွဲထုတ် လိုက်သည် မှာ ညိုဝါသော စက္ကူစုတ်တစ်စုတ်သာ ဖြစ်နေသည်။ ကျွန်တော်နှင့် ကိုမြင့်ဦးက သူ့စာရွက်ကို ကြည့်လိုက်သော အခါ ပြိုင်တူ မျက်လုံးပြူးသွား ကြသည်။
စာရွက်ပေါ်၌ လေးနတ်သားဟု ရိုက်ထားသည်။ မာတလိ လိုလို သကြုံလိုလို နတ်တစ်ပါးပုံ လည်းပါ၏။ စာများ ကို ဖတ်ကြည့်သောအခါ ဦးလေးပုပြောသည်မှာ မှန်သည်။ ဂျော့ဘုရင်သည် မြန်မာပြည်အား ပြန်လည် ကယ်တင်မည် ဟု ကတိ ပေးထားသည်။

''ဦးလေးပု ခင်ဗျားဒီစာရွက် ဘယ်ကရသလဲ''
''လေယာဉ်ပျံသံကြားရင် မင်းတို့က ထွက်ပြေးတယ်၊ ငါကထွက်ကြည့်တယ်၊ ဟိုတစ်နေ့က ထန်းတောထဲ လေယာဉ်ပျံ နိမ့်နိမ့်လေးပျံလာတုန်းက အဲဒီအထုပ်တွေ ချသွားတယ်မောင်၊ ငါခုကောက်ထားတာ တစ်ပိဿ လောက် ရှိတယ်၊ လူတွေကိုလျှောက်ပြောရင် ဂျပန်က ခြေသည်းလက်သည်း ခွာမှာကြောက်လို့ ငါက ငြိမ်နေတာ၊ ငါ့ကျောင်းမှာ ရှိတယ် မင်းကြည့် မလား''
ကျွန်တော် တို့က ဘာပြန်ပြောရမှန်းမသိ။ ဦးလေးပု ကသာ ဆက်မှုတ်နေသည်။

''ဗြိတိသျှအင်ပါယာကြီး ဆိုတာ ဘယ်တော့မှ နေမ၀င်ဘူး၊ မင်းကိုငါတစ်ခါက ပြောဖူးတယ် မဟုတ်လား၊ ဂျပန်အလံ က နေဆိုတာ ထွက်နေချွတ်ကရားလေးပါ။ ဗြိတသျှအင်ပါယာကြီး ကမှ တကယ့်နေကြီးကွ''
ထို့နောက် ဦးလေးပု သည် လေသံ ကို အထူးနှိမ့် ၍ ပြောသည်။
''ဗြိတိသျှ တွေ ပြန်လာလိမ့်မယ်၊ ပြန်လာရင် ဒီဂျပန်ကောင်တွေကို မုဒိမ်းမှုနဲ့ရော၊ လူသတ်မှု နဲ့ရော၊ ဓားပြ မှုနဲ့ရော၊ အရေးပိုင် ကို ငါကိုယ်တိုင် လျှောက်မယ်။ မင်းပုဒ်မ (၃၀၂) (၃၀၃) (၃၀၄) (၃၀၅)(၃၀၆) အဲဒါတွေ ကြားဖူးလား''
''အဲဒီပုဒ်မ တွေက ဘာလဲ''

''အဲ...ဒါကြောင့်ပြောတာပေါ့၊ မင်းတို့က ငါ့အရူးထင်နေတယ် ပုဒ်မဆိုတာ ဥပဒေကွ၊ ဥပဒေဆိုတာ ထောင်ချ လို့ရတယ်၊ ကြိုးစင်တင်လို့ရတယ်.... ''
ဦးလေးပု သည် ဆက်လက် မိန့်မြွက်တော်မမူတော့ဘဲ သူ့ဥသျှစ်သီးကိုသာ ဂျပန်အမှတ်ဖြင့် တဂွပ်ဂွပ်ထု၍ ၀ါးစား နေတော့သည်။
ဦးလေးပု ကို ပမာမပြုတော့ဘဲ ကိုမြင့်ဦးနှင့် ကျွန်တော်တို့ ဆက်တိုင်ပင်သည်။

''ဒါဖြင့် ကျွန်တော်ဘာလုပ်ပေးရမလဲ''
ကိုမြင့်ဦး သည် ခေတ္တစဉ်းစား၍ ဆိုသည်။
''မင်းဆရာ ကို ပြောကွာ၊ နေ၀င်ရင် ဒီမှာလာတွေ့ပါလို့၊ သူနဲ့ငါတိုင်ပင်ပြီး လုပ်မယ်၊ ရွာထဲတော့ ငါမ၀င် ချင်ဘူး''
ကျွန်တော်သည် ခေါင်းညိတ်၍ ပြန်ရန်ပြင်သည်။ ကိုမြင့်ဦးက သတိရဟန် မှာသည်။

''ငယ်လေး... ဆရာလာရင် ထမင်းနဲ့ဟင်းပါ ယူခဲ့လို့ ပြောလိုက်ကြားလား၊ အခက်အခဲရှိရင် တော့ မယူခဲ့ကြနဲ့၊ လူမြင် လို့ မသင်္ကာရင် ငါးပါး မှောက်ကုန်ကြမယ်''
ကျွန်တော် နှင့် ဦးလေးပုသည် ဘုရားဂူပျက်တွင်းမှ ထွက်ခဲ့သည်။ ခွဲရခါနီး၌ ဦးလေးပုသည် လေးလေး နက်နက် မှာသည်။
''ငယ်လေး.... မင်း ထမင်းချိုင့် အရမ်းမယူနဲ့ လူမြင်လို့မသင်္ကာရင် သူပြောသလို ငါးပါးမှောက်ကုန်ကြဦးမယ်၊ သူ မဆာအောင် ငါဥသျှစ်သီး တစ်အိတ် ပို့ပေးထားမယ်၊ စိတ်ချကွယ် သိလား၊ အေး... ဒါထက် ငါ့အိတ်ထဲမှာ လေနတ်သား ရှိ တဲ့ အကြောင်း သောက်ရမ်း လျှောက်ပြောမနေနဲ့''

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၁၇)

ပီလွန် သည် ဂျိုး နှင့် ဆုံမိသည့်အပေါ်တွင် စိတ်ဝင်စားပုံမရ၊ " ငါ သွားစရာ ရှိသေးတယ်ကွ "
" ငါ မင်းနဲ့ လိုက်မယ်လေ " ဟု ဂျိုးပြန်ပြောသည်။
ပီလွန် က ရပ်ပြီး ဂျိုးကို အကဲခတ်သည်။ " ကနေ့ည ဘာညဆိုတာ မင်း မသိတော့ဘူးလား " သူမေးသည်။

" ဟင့်အင်း၊ ဘာညလဲ "
" စိန့်အင်ဒရူးပွဲ အကြိုနေ့ညကွ "
ပီလွန်ပြောမှပင် သူသတိရသည်၊ ယနေ့ညသည် ထောင်ထဲ အချုပ်ထဲ ရောက်မနေသည့် ပီဆာနိုး ယောက်ျား မှန်သမျှ သစ်တောများ အတွင်း၌ လျှောက်သွားပြီး ဥစ္စာသိုက်များ ရှာဖွေကြမည့် ညဖြစ်၏။ ယခုလို စိန့်အင်ဒရူး ပွဲတော် အကြိုနေ့များတွင် မြေကြီးထဲ၌ မြှုပ်နှံခြင်း ခံထားရသည့် ရွှေငွေရတနာ ပစ္စည်း များသည် မြေကို ဖောက် ထွင်း၍ အလင်းရောင်ပေးတတ်သည်ဟု  သူတို့ ယုံကြည်ကြသည်။ သစ်တောများ အတွင်း တွင် ဥစ္စာသိုက် အမြောက်အမြား ရှိသည်ဟုလည်း သူတို့ ယုံကြည်ထားကြ၏။

လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ရာအတွင်း မွန်ထရေး မြို့သည် ရန်သူများ၏ ကျူးကျော်တိုက်ခိုက်မှုကို အကြိမ်ပေါင်း များစွာ ခံခဲ့ရသည်။ ယင်းကဲ့သို့ ၀င်ရောက်တိုက် ခြင်းခံရသည့်အခါတိုင်း မွန်ထရေးမြို့တွင်းမှ လူအများ သည် သူတို့ပိုင် အဖိုးတန် ရွှေငွေရတနာ ပစ္စည်းများကို သစ်တောများအတွင်းသို့ မြေမြှုပ် ထားလေ့ ရှိသည် ဟု သူတို့ယုံကြည်ထားကြ၏။
ညသည် ကြည်လင်သာယာလျက်ရှိ၏။ ယနေ့ညအဖို့တော့ ပီလွန်သည် စိတ်ကူးယဉ်ဝါဒသမားတစ်ဦးဖြစ်နေ သည်။ ယနေ့ညအဖို့ သူသည် အယူသမားမလုပ်၊ အပေးသမားလုပ်မည်ဟု စိတ်ကူးဆုံးဖြတ်ထားသည်။ ယနေ့ည အဖို့ ကရုဏာတရား ဝေငှဖြန့်ဖြူးခြင်းဟူသော တာဝန်ကို သူယူမည်။

" မင်း လိုက်ချင်လည်း လိုက်ပေါ့၊ ဒါပေမယ့် ငါတို့အနေနဲ့ ဥစ္စာသိုက်တွေ့ရင် တွေ့တဲ့ပစ္စည်းတွေကို ဘယ်လို လုပ်ရမယ် ဆိုတာ ငါ ဆုံးဖြတ်၇လိမ့်မယ်၊ ငါ ဆုံးဖြတ်တာကို မင်း မနာခံဘူးဆိုရင်တော့ အခုကတည်းက ကိုယ့် လမ်းကိုယ်သွား၊ ကိုယ့်ပစ္စည်းကိုယ်ရှာတာ အကောင်းဆုံးပဲ "
ကောင်ကြီးဂျိုး သည် သူ၏ ကိုယ်ပိုင်အားထုတ်မှုကို အသုံးချရာ၌ ကျွမ်းကျင်လိမ္မာသူတစ်ဦးမဟုတ်၊ " ငါ မင်း နဲ့ ပဲလိုက်မယ် ပီလွန်" ဟု ပြောသည်။ " ဥစ္စာသိုက်ကို ငါ အရေးမထားပါဘူးကွ "
သူတို့နှစ်ယောက် သစ်တောထဲ ၀င်သွားခိုက်မှာပင် ညအမှောင်သည် ကျရောက်လာသည်။

သူတို့ ခြေထောက် များသည် ထင်းရှူးဆူးများကို နင်းမိကြသည်။ မြူနှင်းများသည် ကောင်းကင်ပြင်တွင် ရစ်ဆိုင်းလျက် ရှိကြသည်။ မြူနှင်းများနောက်တွင် လမင်းသည် ပုန်းကွယ်လျက်ရှိသည်။ သစ်တောပေါ်သို့ ဖြာကျ လျက်ရှိသော ဇာပ၀ါ ပါးပါး နောက်မှ ထိုးဖောက်လာနေသည့် အလင်းရောင်နှင့် တူလျက်ရှိသည်။ သစ်ပင် ပင်စည်များသည် မှုန်မွှား မွှား လရောင်အောက်တွင် အကောင်အထည်မရှိသော အရိပ်များနှင့် တူနေသည်။ ချုံပုတ်များသည် ပီပီပြင်ပြင် မရှိ၊ အခုလို ညမျိုးတွင် သရဲတစ္ဆေများသည် လွတ်လပ်စွာ လှုပ်ရှား သွားလာ နိုင်၏။ ည သည် ချောက်ချားဖွယ်ရာ ကောင်းလှချေသည်။

ပီလွန်နှင့် ကောင်ကြီးဂျိုးတို့သည် သူတို့လို သစ်တောအတွင်း၌ လှည့်လည်သွားလာနေကြသော လူများနှင့် မကြာ မကြာ ဆုံမိကြသည်။ ထိုလူစု၏ ဦးခေါင်းများသည် ငုံ့ထားကြသည်၊ တိတ်တိတ်ဆိတ်ဆိတ် သွားလာလှုပ် ရှားနေကြခြင်းဖြစ်၏။ ပီလွန်တို့ကို တွေ့သော်လည်း နှုတ်ဆက်စကားမပြော။ သူတို့နှင့် ဆုံမိသမျှ လူအားလုံး ကို လူသားစစ်စစ် တွေ ချည်း ဖြစ်သည်ဟု မည်သူက အာမခံ၍ ပြောနိုင်ပါမည်နည်း။ လူယောင် ဆောင်ထားသည့် နာနာဘာဝ တွေ ပါချင်လည်း ပါနိုင်စရာရှိ၏။

အချို့လူများသည် ပစ္စည်းများ မြှုပ်နှံထားကြသည့် အဘိုးအိုများ ဖြစ်သည်ကို ပီလွန် ရော ဂျိုးပါ သိကြသည်။ ဤ အဘိုးအိုများ က တော့ ပစ္စည်းရှာရန် လာကြခြင်းမဟုတ်။ သူတို့ မြှုပ်ထားသည့် ပစ္စည်းများကို အခြားလူများ တွေ့သွားမည်စိုး၍ လာရောက်ကြည့်ရှုကြခြင်းဖြစ်သည်။ ပီလွန်သည် သူတော်စင်ပုံပါသော လက်ဖွဲ့တစ်ခု ကို လည်ပင်း၌ ဆွဲထားသည်။ ကောင်ကြီးဂျိုးကတော့ တစ်လမ်းလုံး သူ့လက်နှစ်ဖက်ကို ယှက် ၍ လက်ဝါးကပ်တိုင်ပုံသဏ္ဍာန် ပြုလုပ်ပြီး လိုက်လာသည်။ သူတို့သည် တစ္ဆေသူရဲအခြောက်ခံရမည်ကို ကြောက်ရွံ့ နေကြ၏။ သို့သော်လည်း သူတို့ကို သူတော်စင်ပုဂ္ဂိုလ်များက အကာ အကွယ်ပေးနေသဖြင့် လုံခြုံမှု တော့ အပြည့်အ၀ ရှိနေသည်ဟု ယုံကြည်ထားကြလေသည်။

လေသည် ထန်လာသည်။ မြူနှင်းများသည် လမင်းပေါ်မှ ဖြတ်သန်းကာ တရိပ်ရိပ် ပြေးသွားလျက်ရှိကြ၏။ လေ အရှိန်ဖြင့် သစ်ပင်ချုံပင်များသည် လှုပ်ရှားလာကြသည်။ သစ်ပင်ထိပ်ဖျားများဆီမှ အော်မြည် ညည်းတွားသံ များ ကြားလာရသည်။ အခုလိုညမျိုးတွင် သစ်ပင်များ၏အသံကို နားထောင်ရသည်မှာ ကြောက်စရာ ကောင်းသည်ဟု ပီလွန်က ထင်သည်။ ထို့ကြောင့်လည်း သူသည် သစ်ပင်များ၏ အသံကို နားမထောင် မိစေရန် သူ့နားများကို ပတ်ဝန်းကျင်မှ အခြားအသံဗလံများအပေါ် စူးစိုက်နေလိုက်ပြီးလျှင် အားထုတ် လျက် ရှိလေသည်။

ပီလွန်သည် သစ်တောအတွင်းရှိ ကွေ့ကောက်နေသော လူသွားလမ်းများအတိုင်း ကွေ့ကာ ပတ်ကာ သွားလျက် ရှိသည်။ ဂျိုးကတော့ အလွန် နိုးနိုးကြားကြား ဖြစ်နေသော ခွေးတစ်ကောင် သဖွယ် သူ့ဘေးမှ ကပ် ၍ လိုက်သည်။ အလွန် နှုတ်ဆိတ်လျက်ရှိသော လူများသည် သူတို့ဘေးမှ မကြာမကြာ ဖြတ်လျှောက် သွားနေ ကြသည်။

လမ်းတစ်ဖက်ရှိ အငူပေါ်မှ မြူနှင်းများ ထူထပ်သိမ်းသည်းစွာ ကျလာတော့မည်ဟု သတိပေးနေ သော ဥသြသံ သည် စူးရှစွာ ထွက်ပေါ်လာသည်။ တစ်ချိန်သောအခါက သောင်ခုံ ကျောက်တန်း အောက်ဘက်၌ နစ်မြုပ် သွားခဲ့ကြသော သင်္ဘောများ နှင့် သေဆုံးသွားခဲ့ကြသော လူများအတွက် ငိုကြွေးမြည်တမ်း နေသည် ဟု ပင် ထင်ရ၏။

ညသည် နွေးနွေးထွေးထွေးတော့ ရှိပါ၏။ သို့သော်လည်း ပီလွန်သည် ကြောက်စိတ်ဖြင့် တစ်ကိုယ် လုံး အေးစက်ကာ တုန်လျက်ရှိသည်။ သူသည် အန္တရာယ်ကင်း ဂါထာတစ်ခုကို ခပ်တိုးတိုး ရွတ်သည်။ ခေါင်းကြီး ကို ငုံ့၍ လျှောက်လာနေသော မွဲခြောက်ခြောက် အရောင်အဆင်းရှိသည့် လူ တစ်ယောက်သည် သူတို့ ဘေး မှ ရိပ်ခနဲ ဖြတ်သွားသည် ပီလွန်နှင့် ဂျိုးတို့သည် နောက်ထပ် တစ်နာရီခန့် ဆက်၍ လျှောက်နေကြပြန်သည်။

ရုတ်တရက် ပီလွန်က ရပ်လိုက်ပြီး ဂျိုး ၏ လက်မောင်းကို လှမ်းဆွဲသည်။ " ဟေ့ ... ဂျိုး၊ မင်း မြင် လား" ဟု မေးသည်။
" ဘယ်မှာလဲ "
" ရှေ့တည့်တည့်မှာကွ "
" အာ ... အင်း၊ ငါ မြင်မိသလိုပဲ "
ပီလွန်က သူ့ ရှေ့တည့်တည့် ဆယ်ကိုက်ခန့် အကွာရှိ မြေကြီးပေါ်တွင် အပြာရောင် အလင်းတန်း တစ်ခုကို ၀ိုးတိုး ၀ါးတား မြင်မိသည်ဟု ထင်နေသည်။

" ဟေ့ကောင် ဂျိုး " ဟု ပီလွန်က တိုးတိုးခေါ်သည်။ " အရှည်သုံးပေလောက်ရှိတဲ့ တုတ်နှစ်ချောင်း ရှာ ချေကွာ၊ ငါ ဒီနေရာက ဘယ်မှ သွားလို့ မဖြစ်ဘူး။ ဟို အလင်းရောင် ပျောက်သွားမှာ စိုးရတယ် "
ကောင်ကြီး ဂျိုး သည် တုတ်ရှာရန် လမ်းတစ်ဖက်သို့ ဖဲ့ဆင်းသွားသည်။ ထင်းရှူးကိုင်းခြောက်များ ချိုးဖဲ့ နေသံ ကို ကြားရသည်။ ပီလွန်သည် သူ မြင်နေရသော မီးခိုးတန်းလိုလို အရောင်ကို မျက်ခြည် မပြတ် ကြည့်နေ သည်။

အလင်းရောင်သည် မှေးမှိန်လွန်းသဖြင့် တစ်ခါတစ်ရံ ပျောက်ကွယ်သွား တော့မည်ဟု ထင်ရ၏။ တစ်ခါတစ်ရံ ကျတော့လည်း သူမြင်နေရသည်မှာ အလင်းရောင်မှ ဟုတ်ပါ လေစဟူသော သံသယ ၀င်လာသည်။ ဂျိုးက သူ့လက်အောက်ထဲသို့ တုတ်များ ထိုးထည့်ပေးချိန် အထိ သူ့မျက်စိများသည် သူ မြင်နေ ရသည့် အရာပေါ်မှ မခွာ၊ ပီလွန်သည် ထင်းရှူးသော တုတ်နှစ် ချောင်းကို တစ်ခုပေါ် တစ်ခု ကန့်လန့် ဖြတ်ကာ လက်ဝါးကပ်တိုင်ပုံ ပြုလုပ်လိုက်ပြီး ရှေသို့ ခပ်ဖြည်း ဖြည်း လျှောက်သွားသည်။ သူ ကပ်သွားသည့် အခါ အလင်းရောင် ဘယ်နေရာက လာနေသည်ကို မြင်ရသည်။ ထင်းရှူးဆူးများ ကျနေသည့် ချိုင့်ခွက် ကလေးထဲမှ လာနေခြင်းဖြစ်၍ စက်ဝိုင်းပုံသဏ္ဍာန် ဖြစ်နေသည်ကို တွေ့ရလေသည်။

ပီလွန် က သူကိုင်လာသည့် လက်ဝါးကပ်တိုင်ကို ချိုင့်ခွက်ကလေး ပေါ်ချလိုက်ပြီး ရေရွတ်သည်။ " ဒီနေရာမှာရှိ တဲ့ ပစ္စည်းဥစ္စာမှန်သမျှကို ငါတွေ့တာ အားလုံး ငါပိုင်တယ်၊ မကောင်းတဲ့ ၀ိညာဉ်တွေ ဖယ်ကြ ရှားကြ၊ ဝေးရာကို သွားကြ၊ ဒီပစ္စည်းဥစ္စာတွေကို မြှုပ်နှံခဲ့တဲ့ လူတွေရဲ့ ၀ိညာဉ်တွေ ဒီနားမလာကြနဲ့၊ သွားကြ၊ ဖယ်ကြ၊ ရှားကြ" ထို့နောက် သူသည် သက်ပြင်းကြီး တစ်ချက်ချလိုက်ပြီး မြေပြင်ပေါ် ဖင်ချထိုင်သည်။

" ငါတို့တွေ့ပြီ သူငယ်ချင်း ဂျိုးရေ" ဟု သူကပြောသည်။ " နှစ်ပေါင်းများစွာ ငါရှာနေတဲ့ ပစ္စည်းကို ငါ အခု တွေ့ပြီ"
" တူးကြရအောင်လေကွာ" ဟု ကောင်ကြီးဂျိုးက ပြောသည်။

ပီလွန်က ခေါင်းခါသည်၊ " ၀ိညာဉ်တွေ ဒီအနီးနားက ထွက်သွားမှ တူးရမှာကွ၊ အခု ငါတို့ ဒီနေရာမှာ ထိုင်နေတာ တောင် အန္တရာယ်က အများသားရယ်၊ မင်းဆိုတဲ့ကောင်က အရူးပဲ ကောင်ကြီးဂျိုး၊ ငါတို့ ဒီနေရာ မှာ မိုးစင်စင် လင်းတဲ့အထိ ထိုင်နေရမှာ၊ ပြီးတော့မှ ဒီနေရာကို အမှတ်အသားတစ်ခု လုပ်ခဲ့ရမယ်၊ မနက်ဖြန် ညကျ မှ တူးရမှာ၊ အခုဆို ဒီနေရာက အလင်းရောင်ကို တခြားလူတွေ မမြင်အောင် လက်ဝါးကပ်တိုင်နဲ့ အုပ်ထား လိုက်ပြီးပြီ၊ မနက်ဖြန် ညဆိုရင် ဘာအန္တရာယ်မှ မရှိတော့ဘူး"

ညသည် တိတ်ဆိတ်လျက်ရှိရာ ချောက်ချားစဖွယ် ကောင်းလှ၏။ သို့သော်လည်း လက်ဝါးကပ်တိုင်က သူတို့ကို လုံခြုံမှုပေးလျက်ရှိသည်။ သူတို့ အဖို့တော့ လက်ဝါးကပ်တိုင်သည် အနွေးဓာတ်ပေးနေသည့် မီးပုံကြီး တစ်ပုံနှင့် တူနေသည်။ မည်သို့ပင်ဖြစ်စေ မီးပုံကြီးနှင့်တူသော လက်ဝါးကပ်တိုင်သည် သူတို့၏ လုံခြုံမှု ကို ရှေ့မှသာ ပေး နေခြင်းဖြစ်ရာ သူတို့ နောက်ကျောဘက်ကို တစ္တေသရဲများက ရန်ရှာနိုင်စရာ ရှိနေသည်။

ပီလွန်သည် ထိုင်နေရာမှထကာ ထိုနေရာ၏ ဘေးပတ်ပတ်လည်တွင် စည်းဝိုင်းကြီးတစ်ခု ဆွဲလိုက်သည်။ " တန်ခိုး အကြီးဆုံးသော ဘုရားသခင်၏ အမိန့်၊ တစ္ဆေသရဲနှင့် မကောင်းဆိုးဝါး ၀ိညာဉ်များ ဤစည်းဝိုင်း အတွင်း သို့ မ၀င်ရ" ဟု ရွတ်လိုက်သည်။ ထို့နောက် သူ့နေရာတွင် ပြန်ထိုင်သည်။ ပီလွန်ရောဂျိုးပါ နှစ်ဦးလုံး စိတ်အေး သွား ကြသည်။ သူတို့၏ နားများသည် မကောင်းဆိုးဝါး တစ္ဆေသရဲများ၏ ခြေသံကို ကြားနေ ရသည်။ သူတို့၏ မျက်စိ များသည် သူတို့ဘေးပတ်ပတ်လည်မှ ဖြတ်သန်းသွားလာနေကြသော ထို မကောင်းဆိုးဝါး များ၏ မှုန်ဝါးဝါး အရိပ် များကို မြင်နေရသည်။ သို့သော်လည်း သူတို့တားထားသည့် စည်းဝိုင်း သည် ဖြတ်သန်းဝင်ရောက်ရန် ခက်ခဲသည်။ ဤကမ္ဘာလောကမှ မည်သည့် မကောင်းဆိုးဝါးမှ မ၀င်နိုင် လောက်အောင် ခိုင်မာသည့် စည်းဝိုင်းဖြစ် သည်။

" မင်း ငွေတွေရရင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ" ဟု ကောင်ကြီးဂျိုးက မေးသည်။
ပီလွန်က ဂျိုးကို အော့နှလုံးနာသည့် မျက်နှာထားဖြင့်ကြည့်သည်။ " မင်း ဆိုတဲ့ကောင်ဟာ ခက်ပါတယ်၊ မင်း ဥစ္စာသိုက် မတူးဖူး ဘူးလား ဂျိုး၊ မတူဖူးဘူးနဲ့တူပါတယ်၊ မတူးဖူးတော့လည်း ဘယ်လိုတူးရမယ်ဆိုတာ မင်း ဘယ်သိ မလဲ၊ အခုရမယ့် ပစ္စည်းတွေကို ငါ ယူထားလို့ မဖြစ်ဘူး၊ တကယ်လို့ ငါပဲယူထားမယ်လို့ စိတ်က ရည်ရွယ် လိုက်ရင် ဒီပစ္စည်းတွေဟာ သူ့ဘာသာသူ အလိုအလျောက် မြေကြီးထဲ နက်သည်ထက် နက် ၀င်သွားမှာ၊ ငါ ဘယ်ပဲ ရှာရှာ တွေ့မှာမဟုတ်တော့ဘူး။ အဲဒီတော့ ဘယ်လိုနည်းနဲ့မှ မင်းထင်သလို လုပ်လို့ မဖြစ်ဘူး။ အခု ငါ ရည်ရွယ်ထားတာက ဒီပစ္စည်းရရင် ဒင်နီ ကို ပေးမှာကွ"

ထိုအခါ ကျမှပင် ပီလွန်၏ စိတ်ကူးယဉ်ထားမှုသည် ရုပ်လုံးပေါ်လာသည်။ သူသည် ဒင်နီက သူ့အပေါ် မည်မျှ အထိ ကောင်းရှာသည်ကို ဂျိုး အား အသေးစိတ် ပြောပြသည်။
" တို့အနေကတော့ အခုထိ သူ့အတွက် ဘာတစ်ခုမှ လုပ်မပေးရသေးဘူး" ဟု ပီလွန်က ပြောသည်။ " အိမ်လခ လည်း တစ်ပြားမှ မပေးရသေးဘူး၊ တစ်ခါတစ်လေ ငါတို့က အရက်မူးပြီး သူ့အိမ်က စားပွဲ၊ ကုလားထိုင် တွေကို ဖျက်ဆီးကြသေးတယ်။

တစ်ခါတလေများ သူနဲ့ရန်ဖြစ်ပြီး ငါတို့က ထိုးကြကြိတ်ကြ ဆဲကြဆိုကြ လုပ်သေးတယ်၊ အိုကွာ၊ ငါတို့ လူစုဟာ အလွန်ဆိုးတဲ့ ကောင်တွေပါ ကောင်ကြီးဂျိုးရာ သိလား၊ ငါတို့ အားလုံးပါပဲ။ ဟိုကောင် ပက်ဘလို ရယ်၊  ဂျီးဆပ်စ်မေရီယာရယ်၊ ပြီးတော့ ပင်လယ်ဓားပြဆိုတဲ့ ကောင်ကြီးက ဒီသစ်တောထဲဝင်ပြီး သိုက်တူး မလို့ လိုက်ရှာနေကြတာ၊ အဲဒီတော့ ရတဲ့ပစ္စည်းတွေကို ဒင်နီအတွက်လို့ ရည်ရွယ်ထားတယ်၊ ဒင်နီက သိပ်ကောင်း ရှာတယ် ဂျိုး၊ သူက သဘောလည်းကောင်း၊ သနားလည်း သနားတတ်တယ်၊ သူကောင်း သလောက် ငါတို့က ဆိုးတယ်၊ ဒါပေမယ့် အခုလို ရွှေငွေပစ္စည်းတွေရလို့ သူ့ကို ပေးမယ် ဆိုရင်တော့ သူ သိပ်ဝမ်းသာ မှာကွ၊ သိလား တကယ်တော့ကွာ ငါ့နှလုံးသားက ဖြူစင်ပြီး အတ္တစိတ်နည်းလို့သာ ဟောဒီဥစ္စာ သိုက် ကို တွေတာကွ "

" မင်းအတွက် နည်းနည်းပါးပါးလောက် ယူမထားတော့ဘူးလား " ဟု ကောင်းကြီးဂျိုးက မေးသည်။ " ၀ိုင် တစ်ဂါလန် ဖိုး လောက်တောင် ယူထားဖို့ စိတ်မကူးဘူးလား "
ယနေ့ည အဖို့တော့ ဒုစရိုက်ကောင် ပီလွန်တွင် သူတော်ကောင်းစိတ်ဝင်နေသည်။ " ရွှေတွေ့ရင် ရွေးစလေး တစ် စတောင် မယူဘူး၊ ငွေဆိုရင်လည်း တစ်ပြားတစ်ချပ်မှ ယူထားဖို့ စိတ်မကူးဘူး၊ ရသမျှအားလုံး ဒင်နီကိုပဲ ပေးမယ်"

ကောင်းကြီးဂျိုး စိတ်ပျက်သွားသည်။ " ငါ မင်းနောက်က တကောက်ကောက် လိုက်နေရပြီး ၀ိုင်လေး တစ်ခွက် တစ်ဖလား မှ မသောက်ရတော့ဘူးလားကွာ " ဟု ညည်းညည်းညူညူ ပြောသည်။
" ဒင်နီ မှာ ငွေရှိရင်ကတော့ မနေပါဘူးကွာ" ဟု ပီလွန်က ပြောသည်။ " သူ့အနေနဲ့ ၀ိုင် နည်းနည်းပါးပါးတော့ ၀ယ်မှာပါ၊ တစ်ခုတော့ မင်းကို ပြောထားမယ်၊ ငါကတော့ ၀ိုင်ဝယ်ဖို့ သူ့ကို တိုက်တွန်းလိမ့်မယ်လို့ မမျှော်လင့် နဲ့။

သူပိုင်တဲ့ငွေ သူ့သဘောနဲ့သူ ၀ယ်တာပဲ ကောင်းတယ်၊ အေး သူဝယ်ရင် မင်းကလည်း သူနဲ့ အဆင်ပြေရင် တစ်ခွက်တစ်ဖလား တော့ သောက်ရမှာပေါ့ ဟုတ်ဖူးလား "
ဒင်နီ အကြောင်း ကောင်းကောင်းသိနေသော ကောင်ကြီးဂျိုးသည် စိတ်သက်သာရာ ရသွားသည်။ သူ့ လက်ထဲ ၌ ငွေသာရှိပါစေ ဒင်နီသည် ၀ိုင်အများကြီး ၀ယ်လိမ့်မည်ဟု တွေးမိသည်။
ညသည် တရွေ့ရွေ့ ကုန်ဆုံးလာသည်။ လသည် အနောက်ဘက်သို့ လျှောဆင်းသွားလေပြီ။ သစ်တောအုပ် သည် အမှောင်ထုအောက်သို့ ရောက်သွားသည်။ မြူနှင်းများအတွက် သတိပေးဥသြသံသည် အဆက်မပြတ် အော်မြည် နေဆဲ။ ပီလွန် သည် ကောင်ကြီးဂျိုးကို စိတ်ကောင်းထားရန် တရားဟောလျက်ရှိလေ သည်။

" ကရုဏာတရား ထားတာရယ်၊ ရက်ရောတာရယ်၊ အဲဒီနှစ်မျိုးစလုံးဟာ သိပ်တန်ဖိုးရှိတယ်ကွ သိလား" ဟု သူက ဆိုသည်။ " အဲဒီစိတ်မျိုးကို လက်တွေ့ အကောင်အထည် ဖော်သွားမယ်ဆိုရင် မင်း နတ်ပြည် ရောက်မှာ သေချာတယ်။ လောလောဆယ်လည်း မင်းကို အကျိုးပေးမှာပဲ၊ မင်းကို ဘုရားသခင် ကြည့် မနေဘူး၊ ဗိုက်ဝအောင် ကျွေးမယ်၊ ကုလားအုတ်မွေး လို နူးညံ့တဲ့ အ၀တ်တွေ ပေးမယ်၊ ငါဟာ အမြဲတမ်း လူကောင်း တစ်ယောက် မဖြစ်ခဲ့ပါဘူး ဂျိုးရာ၊ ဒါကို အခု ပွင့်ပွင့်လင်းလင်း ၀န်ခံတယ် "

ပီလွန့်အကြောင်းကို ကောင်ကြီးဂျိုးက ကောင်းကောင်းသိသည်။
" ငါဟာ ဆိုးခဲ့ပါတယ်ကွာ" ဟု ပီလွန်က သူ့ကိုယ်သူ အလွန်ကျေနပ်သော လေသံဖြင့် ဆက်ပြောသည်။ သူသည် ဤစကားမျိုး ပြောနေရခြင်းတွင် အရသာတွေ့နေဟန်တူ၏။ " ငါဟာ လိမ်ခဲ့ညာခဲ့တယ်၊ ခိုးခဲ့တယ်၊ တဏှာရာဂ လည်း ကြီးခဲ့တယ်၊ သူများမယားလည်း ကြာခိုခဲ့တယ် "
" အေးကွ၊ ဟုတ်တယ်၊ ငါလည်း မင်းလိုပဲ " ဟု ကောင်ကြီးဂျိုး ၀မ်းသာအားရထောက်ခံသည်။

" အဲဒီတော့ ရလာတဲ့ အကျိုးကျေးဇူးကဘာလဲ ကောင်ကြီးဂျိုး၊ မင်းစဉ်းစားကြည့်စမ်း၊ ငါ့မှာ အင်မတန် ယုတ်ညံ့ တဲ့ စိတ်ထားတွေလည်း ရှိခဲ့တယ်။ ငါဟာ ငရဲသွားရမယ့်ကောင်ပါ၊ ငါသိပါတယ်၊ ငါ့အနေနဲ့ ဒီနေ့ ဒီရက် အထိ ဘုန်းတော်ကြီးဆီမှာ ကိုယ်ပြုခဲ့တဲ့အမှားတွေကို ၀န်ခံချက် မပေးသေးပေမယ့် အခုလို စိတ်ပြောင်း တယ် ဆိုရင်ပဲ ဘုရားသခင်က ကျေနပ်လိမ့်မယ်လို့ ငါ့စိတ်ထဲမှာ ခံစားနေရတယ်၊ အဲဒီတော့ကွာ ငါပြောမယ်၊ မင်းလည်းပဲ မင်းစိတ်ဓာတ်နဲ့ မင်းရဲ့ လုပ်နည်းလုပ်ဟန်တွေကို ပြောင်းပစ်လိုက်မယ်ဆိုရင် ကောင်း မှာပဲ၊ ဆိုကြပါစို့ကွာ တကယ်လို့ မင်းအနေနဲ့ အရက်မူးတာတွေ၊ ရန်ဖြစ်တာတွေ၊ ဒိုရာဝီလျံရဲ့ ဂေဟာ က ကောင် မတွေနဲ့ ပျော်ပါးတာတွေကိုသာ စွန့်လွှတ်လိုက်မယ်ဆိုရင် မင်းစိတ်ထဲမှာလည်း ငါအခု ခံစားနေရ သလို ခံစားမှာ ပဲကွ"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>