Sunday, September 30, 2012

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၁၄)ဇာတ်သိမ်း

လူစီဘဲလ်က ရာဂျာကိုမယူလျှင် သူကတော့ ယူမှာအမှန်ပင်ဟု ပြောတတ်သည်။ သူက ရာဂျာသည် သူ့တစ်သက်တာ တွင် တွေ့ဖူးသမျှ လူတွေအားလုံးထက် အဆအရာ သန်းပေါင်း များစွာ နှိုင်း မရအောင် သာ သူဖြစ်သည် ဟု ယူဆထားသည်။
သို့သော် လူစီဘဲလ် က လူဝီတစ်ခါတုန်းက သူ ပြောခဲ့သော စကားများကိုလည်း ကြားယောင်မိသည်။
ကို ဆက်ဖတ်ရန်.....

''သူက နင့်ကို စိတ်ပျော်အောင်ထားနိုင်မယ့် သူမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူက သူ့ကိုယ်သူကလွဲလို့ တခြားဘယ်သူ့ကို မှ ချစ်တတ်တဲ့သူမှ မဟုတ်တာ။''
ထိုဝေဖန်စကား ကို ကြားယောင်မိတော့ လူစီဘဲလ်သည် မျက်ရည်များပင် ကျလာမိသည်။ သို့သော် လူဝီစကား ကို အတည်မယူသာပါ။ လူဝီ က ရာဂျာကို  မနာလိုသူပင်ဖြစ်နိုင်သည်။
လူစီဘဲလ်၏ မူပျက်နေပုံကို သူ့အဖေလည်း သတိထားမိသည်။ ထိုအခါ သူ့အဖေလည်း စိတ်မကောင်း ဖြစ် မိသည်။ သို့သော် သူမက အားပေးသည်။
''စိတ်မပူပါနဲ့ အဖေရယ်။ လူစီဘဲလ်က ခုမှ အချစ်နတ်အဖမ်းခံထားရတဲ့ ကောင်မလေးဖြစ်နေ တာကိုး။ နွေဦးပေါက်ရာသီလိုပေါ့လေ။ နေသာလိုက်၊ မိုးရွာလိုက်နဲ့ပေါ့ တစ်ခါတစ်လေ လည်း နေပူ မိုးရွာ ရောထွေးနေတတ်တဲ့ သဘောပါပဲ။''
''ဘာတွေ သူက ခုမှချစ်တတ်တာတဲ့လား။ သူချစ်တတ်တာ ကြာပြီမဟုတ်လား။''
''မဟုတ်ဘူးလေ၊သူက ခု ရာဂျာနဲ့ လူဝီ ဘယ်သူ့ကို ရွေးချယ်ရမှန်းမသိဘဲ ဇဝေဇဝါ ဖြစ်နေတာကိုး။ ဒါကြောင့် သူစိတ်ရှုပ်နေ တာပေါ့ အဖေကြီးရဲ့။''

''ဒါပေမဲ့ ငါ့သမီးအတွက် စိတ်ပူတယ်ကွာ''
လူစီဘဲလ်ကလည်း သူ့ဖေဖေစိတ်မကောင်း ဖြစ်နေသည်ကို မသိမဟုတ်၊ သိသည်။ သို့သော် သူကလည်း ဟန်မဆောင်နိုင်။  သူ့မျက်နှာသွင်ပြင်သည် ဖုံးကွယ်၍ မရအောင် ဖြစ်နေသည်။
ဒါကို သူ့ဖာသာ သူလည်း မကျေနပ်။
သူ့ရင်တွင်း ပဋိပက္ခများလည်း မျှော့ကြိုးတစ်ခုကို တစ်ဖက်မှ တစ်ဖက်သို့ ဆွဲလိုက်၊ လွှတ်ပစ် လိုက် ဖြစ်နေသလိုပင် တည်ငြိမ်မှု ကင်းမဲ့စွာ လှုပ်ရှားနေရသည်။
သို့ဖြင့် အစားသောက် ပျက်လာသည်။ စားမဝင် အိပ်မပျော် ရက်တွေ များလာသည်။ တစ်ခါတစ်ခါ တစ်မှေးလေး မျှပင် အိပ်မရဘဲ မိုးလင်းသွားသော ညများကို ကြုံလာရသည်။
တစ်ခါတစ်ခါလေတော့ လည်း တစ်ယောက်တည်းနေ၍ မရသဖြင့် အဖော်အတင်းခေါ်ပြီး စကားပြောနေရသည်။

တစ်ခါတစ်လေတော့လည်း ဘယ်သူမှအနားတွင် ရှိသည်ကို မကြိုက်သဖြင့် လူတွေကို နှင်ထုတ်မိသည်။
တစ်ယောက် တည်း လမ်းလျှောက်နေသော တစ်နေ့တွင် လူဝီနှင့် တွေ့သည်။
အဖော် မလိုချင်ဘူးလား ဟေ့၊ လူနှစ်ယောက်ရှိတာတောင် များနေတယ် ထင်ရင်တော့ တို့မလားပါဘူးကွယ်။
မဟုတ်ပါဘူး
လူဝီက သူ့လက်ကလေးကို ဆွဲကာ လမ်းကြားလေး အတိုင်း လျှောက်လာကြ သည်။ ကောင်းကင် တွင်တော့ ငွေလမင်းလေးသည် လှပစွာ တွယ်ချိပ်နေသည်။ လူစီဘဲလ် က လမင်းလေး ကို မော့ကြည့် လိုက် သည်။ ရာဂျာက လမင်းကို သိပ်ချစ်တတ်တာပဲ။ ရာဂျာချစ်တဲ့ လမင်းလေးပါလား။

ထိုအချိန်တွင် သူ့လက်ကို လူဝီကတွဲထားကြောင်း သူသတိပြု မိလိုက်သည်။ ဒါဟာ ရာဂျာအပေါ် သစွာဖောက် သလိုဖြစ်နေမှာပဲ၊ သူက လက်ရုတ်ပစ်လိုက်သည်။ လူဝီက အံအားသင့်နေသည်။
ဘာဖြစ်လို့ ဒီလိုချက်ချင်းလုပ်လိုက်တာလဲဟင်။
ငါက ရာဂျာ အကြောင်း စဉ်းစားနေတာပေါ့၊ အဲဒီအချိန်မှာ ငါက နင်နဲ့လက်တွဲနေတာ ကောင်းမလား
ငါကတောင် ဘာမှမဖြစ်တာ၊ နင်ကတော့ ဘာဖြစ်သွားတာလဲဟ
နင်က သူ့အကြောင်း တွေးနေတာ သိမှမသိဘဲ ငါအကြောင်း နင်တွေးမနေဘူးဆိုတော့ ငါသိပါတယ်ဟာ
လူဝီ၊ ငါ ရာဂျာ ကို ချစ်တယ်ဟယ်။
လူဝီက ဘာမှပြန်မပြော။

နင်မယုံဘူးလားဟင်
ငါ ယုံပါတယ်ကွာ
ဒါဖြင့် ဘာဖြစ်လို့ ပြုံးနေတာလဲဟ
လူစီဘဲလ်ရယ်၊ ငါ့မှာ ပြုံးပိုင်ခွင့်လေးတောင် မရှိတော့ဘူးလား ဟယ်
အဲဒါက သိပ်အရေးကြီးတဲ့အကြောင်း၊ သိပ်အရေးပါတဲ့ ကိစ္စ ပြောနေတုန်းမှာ နင်က ပြုံးနေတော့ ကောင်း မတဲ့လား အချစ်ဆိုတာ လောကမှာ အရေးကြီးဆုံး၊ အရေးအပါဆုံး ကိစ္စ မဟုတ်ပါဘူးကွာ၊ အချစ် ဆိုတာ ပျော်စရာ၊ ကြည်နူးစရာလောက်ပါပဲ။
ငါတော့ နင့်ကို နားမလည်းဘူး လူဝီ၊ နင်က ရာဂျာကို ကပျက်ကချော်လုပ်နေတာလား လူဝီက သူ့လက်ကို ထပ်ဆွဲလိုက်ပြန် သည်။

ငါက အရာရာကို ကပျော်ကချော်လုပ်တာ မဟုတ်ပါဘူး။ နင်ပြောနေတာက ထာဝရအမှန်တရား တွေမှ မဟုတ်တာ လူစီဘဲလ်က သူ့လက်ကို ပြန်ဖြုတ်လိုက်ပြန်သည်။
ငါတော့ နင်ကို နားမလည်းနိုင်ဘူးကွာ၊ နင် ရာဂျာကို သဘော မကျဘူး မဟုတ်လား ပြောစမ်းပါဟာ
သူ့ပါးပြင်ပေါ် မျက်ရည်စီးကြောင်းကြီးက ဆင်းလာနေသည်။
ငါသူ့ကို သဘောကျပါတယ်၊ ဒီတက္ကသိုလ် ရောက်ပြီးကတည်းက အများကြီး တိုးတက်ပြောင်းလဲ လာခဲ့တာ ငါသိ ပါတယ်။ ဒါပေမဲ့ သူအိန္ဒယ ပြည်ရောက်ရင် ဒါတွေအားလုံးဟ မိုးဦးကျ မိုးစက်မိုးပေါက် တွေနဲ့အတူ အကုန်လွင့်စင် ပျောက်ကွယ် သွားမှာ သေချာတယ်။ သူက ဗြဟ္မဏလူမျိုး။ အမှိုက်သိမ်း သမားတွေ ဆိုတာ အောက်တန်းစား ဆိုတဲ့ အသိုင်းအဝိုင်းထဲ ပြန်ရောက်သွားမှာ သေချာတယ်။
နင်ပြောတာ မှားနိုင်တယ်၊ နင်ပြောတာ မှားနိုင်တယ် မဟုတ်ဘူးလား။

လူစီဘဲလ်က ဒေါသတကြီးပင် ပြန်အောက်လိုက်သည်။
ဟုတ်ပါတယ်၊ ငါမှားတတ်ပါတယ်၊ ဒါပေမဲ့ အရာရာတိုင်း မှာတော့ ငါမမှားပါဘူးဟာ၊ မှားလည်းတစ်ခါတစ်ရံသာ မှားတတ်တာပါ လူဝီရယ် နင်ကတော့ လူတစ်မျိုးပဲ၊ အိန္ဒိယပြန်တာနဲ့ ရာဂျာ အကုန် ပြောင်းလွဲသွားရော့တဲ့လား ဟင် .. ပြောင်းလွဲနိုင်တယ် ပြောတာပါ၊ အခွင့်အရေး တချို့ကြောင့် မပြောင်းလဲချင်လည်း မပြောင်း လဲနိုင်ဘူးပေါ့လေ၊ ဒါပေမဲ့ သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို သူလွန်ဆန်နိုင်မတဲ့လား။
လူဝီ နင်ပြောတာတွေ တစ်ဖက်သတ် ကျတယ်ဟာ၊ ရာဂျာဟာ ဆန္ဒပြပွဲတုန်းက ဘယ်လောက်တက် ကြွခဲ့သလဲ။ ဘာဂတ်ဆင်း အကြောင်း မိန့်ခွန်းပြောတုန်းက ဘယ်လောက် စိတ်အားထက်သန်ခဲ့သလဲ ဟုတ်ပါတယ်၊ ဒါကို ဘယ်သူ ကမှ မငြင်းနိုင်ပါဘူး။

သိပ်ခံစားမှု ပြင်းထန်နေတဲ့ အချိန်မှာ သူ့အသည်းထဲ နှလုံးထဲက ပွင့်အန်လိုက်တဲ့ စကားတွေပဲ၊ မတရားမှုကို မျက်ဝါး ထင်ထင်မြင် လာတဲ့အခါ မခံချင်စိတ်ရဲ့ စေ့ဆော်မှုကြောင့် ပေါက်ကွဲထါက်လာတဲ့ စကားတွေပဲ။ ဒါပေမဲ့ မိန်းကလေး ရယ်။ စိတ်ခံစားမှုဆိုတာက မတည်မြဲပါဘူး။ ပြောင်းလွဲတတ်ပါတယ်။ ခုမြင်ခုပျောက်ဖြစ်တတ် ပါတယ် ကွယ်" "'ဒါတော့မှန်ပါတယ်"
" အရေးကြီးတာက ရေရှည်ခံနိုင်ဖို့ပါ။ တိုက်ပွဲဟာ ရှည်ကြာမယ်၊ ခက်ခဲမယ် အဲဒါတွေကို ရင်ဆိုင်ရဲမှ"
"နင်ကကော ဘာဆက်လုပ်မှာလဲ"
"ငါကတော့ ရင်ထဲအသည်းထဲကကို ကတိပေးရဲတယ်။ ဒီတိုက်ပွဲအတွက်ဆိုရင် ငါ့အလုပ်၊ ငါ့ပညာ၊ ငါ့ဘဝတစ်ခုလုံးကိုတောင် လိုအပ်လာရင် စွန့်လွတ်လိုက်ဖို့အသင့်ပဲ။ နင်ငါ့အကြောင်း သိပါတယ်၊ လူစီရယ် ငါက တရှုးထိုး၊ ဝုန်းဝုန်းဒိုင်းဒိုင်း မလုပ်တတ်ဘူး။ ငါကဖြည်းဖြည်းနဲ့ မှန်မှန်သမားပဲ။ ငါတို့လျှောက်ရမယ့်လမ်းကို ငါ တစ်နေ့ပြီး တစ်နေ့မရရအောင် ဖောက်သွယ်မယ်လေ။ မရမချင်းကို ဆက်လုပ်သွားမယ့်လူပါ။ ဒါပေမဲ့ ငါ့ဘေး မှာတော့ မင်းရှိနေစေချင်တယ်ကွယ်"

"ငါသိပါတယ်ဟာ၊ ငါသိပါတယ်"
လူစီဘဲလ် က ညင်ညင်သာသာပင် ပြန်ပြောလိုက်လေသည်။
"ငါက အမှည့်လွန်တဲ့အသီးလို ငြိမ်ငြိမ်လေး အသက်ထွက်မယ့်သူ မဟုတ်ပါဘူး။ ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ အသေခံဆို ခံမယ့်လူတွေကြားက လူတစ်ယောက်ပါကွာ။ ငါက စောစောက ကြွေကျသွားတဲ့ ကြယ်လေး လိုပဲဖြစ် ချင်တယ်။ မင်းသာ ငါ့အပ်းမှာ ရှီနေရင် တော်ပါပြီကွယ်၊ ငါမင်းကို လိုလားတယ်။ ငါမင်းကိုချစ်တယ်ကွယ်"
လူစီဘဲလ်က ဘာမှမပြော၊ သို့သော် မျက်ရည်တွေကတော့ တားမရဆီမရတော့။
"ငါရော ရာဂျာရော မင်းမျက်ရည်တွေနဲ့ မတန်ပါဘူးကွယ်၊ အချိန်ကျလာရင် မင်းအသည်းနှလုံးက ဘာလုပ်ရမယ် ဆိုတာ ပြောလာမှာပါကွယ်"
လူဝီက ပြောလိုက်လေသည်။

ဆည်းဆာရည်သည် လှပလွန်းလျသည်။
"ဒီအချိန်ဆို မောင်တို့နိုင်ငံမှာတော့ နွားရိုင်းသွင်းချိန်လို့ခေါ်တယ်ကွ။ နေဝင်ဖြိုးဖျမှာ နွားတွေကို ခြံထဲပြန်သွင်းတဲ့ အချိန်ကိုးကွ" "နွား၇ိုင်းသွင်းချိန် ဟုတ်လားမောင်။ ကျွန်မလည်း အိန္ဒိယလိုက်ပြီး အဲဒီအချိန်ကို ကြည့်ချင် လိုက်တာ" "ကြည့်လို့ရတာပေါ့လေ။ မောင်နဲ့ အတူတူလိုက်ခဲ့လေ"
သူတို့နှစ်ယောက်လုံးသည် ဒေါက်တာအေမိစ်အိမ်၏ ဝရန်တာမှနေ ၍ တောင်ကုန်းလေး များ ဘက် မျှောက်ကြည့်နေကြသည်။
တောင်ကုန်းလေး များမှာ ခရမ်းရောင်ခြုံထည်ကို လွှမ်းထားကြသည်။
ပိုးစုန်းကြူးလေး များလည်း ဟိုမှ သည်မှ ထွက်ပေါ်လာခဲ့ပြီ။

"လူစီဘဲလ် မောင်လေ မင်းကို တစ်ခုခုပြောချင်တယ်ကွယ်"
ရာဂျာက လူစီကို သိုင်းဖက်ကာ ပြောသည်။
"ပြောစရာရှိတာ ပြောပေါ့မောင်ရဲ့"
ဒါပေမဲ့ မောင်မပြောခင်၊ မင်းစိတ်မဆိုးပါဘူးဆိုတဲ့ ကတိ တစ်ခုတော့ လိုချင်သေးတယ်ကွယ်
ကတိပေးပါ တယ် မောင်ရယ်
ရာဂျာက တုံးဆိုင်းနေသည်။ နောက်မှ ပြောသည်။
ဝါရှင်တန် မှာ ဒေါက်တာမေတာနဲ့ မောင်တွေ့ခဲ့တယ်။ သူက မောင့်ကို ဘန်နီကာပို့တာဟာ မှားပြီး ပို့တာလို့ ပြော သည်။

ဘာ၊ မှားပြီးပို့လိုက်တာ ဟုတ်လား
ဟုတ်တယ်၊ မောင်သွားရမှာက မက်ဆာချူးဆက်ပြည်နယ် ဘန်ကာတက္ကသိုလ် တဲ့၊ ခုတော့ မောင်စဉ်းစားချိန် ရပါသေးတယ်၊ လာမယ် ဇွန်လမှာ အဲဒီကိုပဲ ပြောင်းတက်မလား၊ ဒီမှာပဲ ဆက်နေမလားဆိုတာ
အို ဒီမှာပဲနေပေါ့။ မောင်က ဒီတက္ကသိုလ်က ခွာမသွားနိုင်ပါ ဘူးနော်။ ဒါက ပြသာနာမှမဟုတ်တာ မောင်ရယ်
လူစီဘဲလ် ၏ အသံ တွင် သံသယရိပ်များကား လွှမ်းနေသည်။
မောင် ဘာလုပ်ရမလဲ စဉ်းစားနေတယ်ကွ
လူစီဘဲလ် က ရာဂျာလက်တွင်းမှ ရုန်းထွက်လိုက်သည်။

ဘာ၊ ဘာတဲ့၊ စဉ်းစားနေတုန်း ဟုတ်လား
စိတ်မဆိုးပါနဲ့ကွယ်၊ ခုနက ကတိပေးထားတာ မေ့သွားပြီး လား။ မောင်က သွားမယ်မှ မပြောသေးတာ။ စဉ်းစားတုန်း ပဲ ရှိသေးတယ်လို့ ပြောထားပြီ မဟုတ်လားကွ
ဘာဖြစ်လို့လဲ
မောင် ဆုံးဖြတ်ချက်က မောင့်အနာဂတ်ရေးကို လွှမ်းမိုးထား တယ်ကွာ။ မင်း သိပ်နားမလည်းသေးဘူးနဲ့ တူတယ်။
နားမလည်သေး ဘူး မမေးပါနဲ့မောင်။ ကျွန်မ ကောင်းကောင်းကြီး နားလည်ပါတယ်။ နားလည်လွန်းလို့ ခုချိန်မှာ ကျွန်မ ဟာလည်း ဆွံအပြီး၊ နားထိုင်းပြီး ဘာမှမမြင်ရတဲ့ ဆွံအ နားမကြား မျက်ကန်းတစ်ယောက် ဖြစ်ချင် လှပါပြီ မောင်ရယ်
စိတ်မဆိုးပါနဲ့ကွယ်၊ မောင် တောင်းပန်ပါတယ်။
စိတ်မဆိုး ပါဘူး၊ ကျွန်မ အရှင်းဆုံး စကားလုံးတွေနဲ့ ပြန်ပြော ပြပါမယ်။ ဘန်ကာဆိုတာက လူဖြူတွေရဲ့ နာမည် အကြီးဆုံး၊ အကျော်ကြားဆုံး တက္ကသိုလ်၊ အဲဒီတက္ကသိုလ်ကျောင်းဆင်းဆိုရင်၊ အိန္ဒိယအပြန်မှာ သိပ်မျက်နှာ ပွင့်မှာ မဟုတ်လား

လူစီဘဲလ်ရယ်၊ မောင်တောင်းပန်တယ်ကွယ်၊ ဆက်မပြောပါနဲ့တော့
ဆက်မပြောရဘူးတဲ့လား၊ မောင့် အတွေးအခေါ်တွေကို ဖွင့်မပြောရဘူးတဲ့လား၊ ဒါတော့ မရဘူးမောင်၊ မောင် ဟာလေ ကျွန်မတို့ အတွက် ဘာမှဂရုစိုက်တဲ့သူ မဟုတ်ဘူး။ လုံးလုံးဂရုစိုက်တဲ့လူ မဟုတ်ဘူး၊ မောင်က ဒီ မှာလည်း မနေချင်ဘူး၊ ကျွန်မတို့လို အထိအခိုက် အနှိမ်အပြု ကိုလည်း ခံရမှာ ကြောက်တဲ့လူပဲ
ဒါတော့ မမှန်ပါဘူးကွယ်
ဒါမှန်ပါတယ်၊ မောင်လည်း သိပါတယ်၊ မောင် ဆန္ဒပြပွဲထဲ ပါခဲ့တာတို့၊ တက်ကြွချင်ယောင် ဆောင်တာတို့ဟာ အလကား ပဲ၊ အားလုံး လိမ်ညာနေတာချည်းပဲ ရာဂျာက လူစီဘဲလ်၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။

မောင် မလိမ်ပါဘူးကွယ်၊ မောင် ဘန်ကာကို မသွားချင်းပါဘူး၊ မောင် ဒီမှာပဲ နေချင်ပါတယ်၊ ဒါပေမဲ့ အိန္ဒိယမှာ အလုပ် တစ်ခု ရရေးဆိုတာ ဘယ်လောက်ခက်တယ်ဆိုတာ လူစီမသိဘဲကိုး။ မောင်တို့လို ပညာ တတ်တွေအဖို့ ပိုပြီး အလုပ်ရဖို့ မရဖို့ ပူစရာမလိုပါဘူး ပူစရာလိုတာပေါ့ကွယ်၊ မောင်က အလကားမနေချင်းဘူး။ လပ်ကနောင်း တက္ကသိုလ် မှာ စာသင်ပြချင်သေးတယ်
သြော် ဒါဆိုလည်း၊ ဘန်ကာက ရတဲ့ဘွဲမှ ဟုတ်သတဲ့လား။ ဘန်နီကာက ရတဲ့ဘွဲ့ကတော့ အသုံးမချနိုင် ဘူးပေါ့လေ သိပ် ဒေါသမကြီးနဲ့လေကွယ်၊ မောင် တောင်းပန်တယ်နော်  မောင်က ကျွန်မကို ဘာလုပ်စေချင်လို့လဲ၊ ငိုရမလားဟင်၊ ငိုရတော့မလား ပြောပြောဆိုဆို လူစီဘဲလ် ငိုချင်လိုက်သည်။ ရာဂျာ က ပွေ့ဖက် လိုက်သည်။ ငိုစရာ မလိုပါဘူကွာ၊ မောင် မသွားတော့ပါဘူး။

လူစီဘဲလ်က သူ့ကို တွန်းပစ်လိုက်သည်။
သွားပါ မောင်၊ သွားသာ သွားပါ
မောင်သွားလည်း ဘာထူးမှာမို့လို့လဲကွာ၊ မောင်လည်း ဒီကိုလာလို့ ရသားပဲ။ မင်းလည်း ဟိုကိုလာပေါ့ ဟုတ်လား" "သြော် ဘယ်လိုပြောလိုက်တာလဲ ရာဂျာရယ်၊ ဘန်နီကာက တစ်ခါခွာပြီးရင်လေ ကျွန်မတို့ ဘယ်တော့ မှ ထပ်မတွေ့နိုင်ကြတော့ဘူးသိလား"
"ဒီလိုဆိုရင်တော့ မောင်မသွားတော့ဘူး။ ဒီမှာပဲ နေတော့မယ်နော်"
ရာဂျာက လူစီဘဲလ် အား နမ်းလိုက်သည်။ ထို့နောက် တင်းကျပ်စွာ ဖက်လိုက်ကာ မေးလိုက်ပြန်သည်။
"လူစီဘဲလ်ရစ် မောင် ဘာလုပ်မယ်ဆိုတာ ပြောပါလားကွယ်၊ မောင်ဘာလုပ်သင့်တယ်လို့ ထင်သလဲကွယ်"

"ကျွန်မ မသိဘူး၊ ရာဂျအချစ်ရယ်၊ ကျွန်မက အသည်းလှိုက် အူလှိုက် ဒီမှာ မောင်နေရမယ်လို့ ပြောကော ရမတဲ့လား။ ကျွန်မ ခုစိတ်မဆိုးတော့ပါဘူး မောင်။ မောင် ရင်ဆိုင်နေရတဲ့ ပြဿနာကို ကျွန်မ နားလည်ပါပြီ။ ကျွန်မ လည်း ဒါမျိုးတွေ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ မာရီယန်၊ ဂျင်မီနဲ့ ဂျိုးဇက်တို့ အရိုက်ခံရတာတွေ၊ ဘုန်းတော်ကြီး မာသီယာစ် လက်အချိုးခံရတာတွေ၊ ဆွင်ဆန်ကြီး နံပါတ်တုတ်နဲ့ အနှက်ခံရတာတွေ ကို တွေ့ကြုံပြီးနောက်တော့ ကျွန်မ ဘာလုပ်ရမယ်ဆိုတာ နားလည်ခဲ့ပါပြီ။ ဘန်နီကာ က ဘန်ကာ မဟုတ်ဘူး ကျွန်မ သိတယ်။ ကျန်ခဲ့တဲ့ နှစ်တွေကလည်း ဒီကကျောင်းသား တစ်ချို့ ဘန်ကာကို ပြောင်းသွားကြတာ သိတယ်၊ ဒါပေမဲ့ ခုတော့ တစ်မျိုးပြောင်းသွားပြီး၊ ကျွန်မတို့ရဲ့ တိုက်ပွဲက ကျွန်မတို့ကို ခွန်အားသတ္တိပေးခဲ့ပြီလေ။ ကျွန်မ တို့ဟာ ဒီမှာနေပြီး ဒီတိုက်ပွဲဝင်နေရာကနေ ဆက်ပြီး တိုက်ပွဲတွေ နွှဲသွားကြရမယ်။ အောင်ပွဲရတဲ့အထိ ဆက်တိုက်သွားရမယ်။ ကျွန်မတို့နဲ့ မောင်နဲ့ ကမတူဘူးလေ၊ မောင်က ဒီကိုရောက်စ ကတည်းက ပြေးချင်နေတဲ့သူ။ မောင်က ဒီမှာအထိုက် အလျှောက် နေနေပေမယ့်၊ မောင့်ဆန္ဒကတော့ အမြဲပဲဒီနေရာ က ပြေး ချင်နေတာ မဟုတ်လား"

"မင်းပြောတာတွေက တစ်စိတ်တစ်ပိုင်းအားဖြင့်တော့ မှန်ပါတယ်ကွာ၊ ဒါပေမဲ့ လူစီဘဲလ်ရယ်၊ တစ်စိတ် တစ် ပိုင်းလောက်သာ မှန်တာပါ။ မောင်ဒီကိုရောက်စက တုန်လှုပ်ခဲ့မိပါတယ်။ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါကခဏပါပဲ။ မင်းတို့ဖေဖေရယ်၊ လူဝီရယ်၊ ပါမောက်က္ခဒင်တန်ရယ်ကို တွေ့မိ တော့ ချီးကျူး မိတယ်။မောင် ရွှေမြင်လို့မှ ရွှေမှန်းမသိတဲ့ အရူးမဟုတ်ပါဘူးကွ်။ မောင် ဒီမှာပျော်ပါတယ်၊ မင်းကိုလည်း ချစ် ပါတယ်" "ဒါပေမယ့် ဘန်ကာက မောင့်ကိုခေါ်နေပြီမဟုတ်လား"
သူ့ဒေါသများသည် ခုမှပြိုဆင်းလာတော့သည်။
"လပ်ကနောင်းရောက် လို့မှ ဒီခေါ်သံလေးကို ငြင်းလိုက်တာ ငါသိပ်မှားပါလားလို့ ထင်နေရဦးမယ်။ ဒီတော့ ကြွပါရှင် ကြွပါတော့" "လူစီဘဲလ်ရယ် မင်းက မောင့်ကိုတရိရိညှင်းနေသလားကွယ်"
"အို.. ရာဂျာရယ်။ မောင့်ကို ကျွန်မဘယ်လောက်ချစ်တယ်ဆိုတာ မောင်သိပါတယ်။ ကျွန်မက မညှဥိးဆဲ ရက်ပါဘူးနော်၊ မောင့်ဖာသာသံသယတွေကြားမှာ လုံးပါးပါးနေတဲ့သူပါ"
ရဂျာက သူ့မျက်နှာကို သူ့လက်ဖြင့် အုပ်ပစ်လိုက်သည်။ နောက်ပြီးငိုမိသည်။

သူ့ရှိုက်သံသဲ့သဲ့ကို လူစီဘဲလ်ကြားနေရသည်။
"အချစ်ရယ်၊ ဒီလိုမလုပ်ပါနဲ့ကွယ်"
သူ့တစ်သက်တာတွင် ယောက်ျားတစ်ယောက်၏ ငိုသံကို တခါမှမကြားဖူးခဲ့။
သူက ရာဂျာ့မျက်နှာပေါ်အုပ်ထားသော လက်များကို အသာအယာဖယ်ပစ်လိုက်သည်။

"သိပ်ပြီး စိတ်မကောင်းမဖြစ်ပါနဲ့ကွယ် မောင့်မှာ ဆုံးဖြတ်ဖို့ အချိန်တွေအများကြီး ကျန်ပါသေးတယ်။ ရာဂျာ ရယ်။ မောင့်ကို ကျွန်မသိပ်ချစ်တယ်ဆိုတာတော့ မောင်သိစေချင်ပါတယ်ကွယ်"
"မောင့်ကို စတွေ့တွေ့ချင်းကတည်းက ကျွန်မ ချစ်ခဲ့ရတာပါ။မောင် ဒီမှာနေနေ၊ မနေနေ၊ ကျွန်မ ကတော့ မောင့်ကိုချစ်နေမယ်ဆိုတာတော့ မောင်သိစေချင်ပါတယ်ကွယ်"
ရာဂျာ ဘာမှ ပြန်မပြောနိုင်ခင်မှာပင် လူစီဘဲလ်က ပြုံးပြီးရာဂျာကို တစ်ချက်နမ်းလိုက်သည်။
ထို့နောက် အိမ်ထဲ သို့ဝင်ကာ တံခါးမကြီးကို ပိတ်ပစ်လိုက်တော့သည်။

ဟိန်းလတ်
၁.၉.၁၉၇၈
ညနေ ၄ နာရီတိတိ။

>>>ဆက်ဖတ်ရန်>>> >>

Saturday, September 29, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၉)

“ဒါ ကျွန်တော့်မိတ်ဆွေ ကိုခင်မောင်ညွန့်လေ....၊ ဘီအေအောင်ပြီးလို့ တိုင်းပြည်အခြေအနေမကောင်း တာနဲ့ ဘိလပ်မသွားဘဲ မြို့အုပ်စာမေးပွဲ ၀င်ထားတယ်ဗျ” ဟု မိတ်ဆက်ပေးလိုက်လေ၏။
သူ၏စကားမှ ကျွန်တော့်ကို အရှင်လတ်လတ် တာဝတိံသာသို့ ရောက်အောင် ခြေထောက်ဖြင့် ပင့်ကန်  ပေးလိုက် သည် မှန်ပါ၏။ သို့သော် အ၀ီစိ ဒုတ်ဒုတ်ထိအောင် ငယ်ထိပ် ဖနောင့်ဖြင့် ပေါက်ချ လိုက်သည် နှင့် တူ၏။ အကြောင်းမူကား ခင်မြင့်နှင့် ကြည်ကြည်သည် ကျွန်တော့်အကြောင်း အူတွင်းချေးခါး သိ သော အဒေါ်ကြီးတစ်ယောက်၏ စေတနာ့ဝန်ထမ်း ၀ါဒဖြန့်မှုကြောင့် ကျွန်တော့် နာမည် ကျော်စံကေး ခေါ် ခွေးဆိုးဖြစ်ကြောင်းနှင့် ၁၀ တန်းကို ၁၀ နှစ်နေ၍မျှ ကျောင်းဂုဏ်သရေကို အားနာဖွယ်ရာ သာရှိမည် ဖြစ်ကြောင်းကို သိပြီးဖြစ်ကြ၏။
ကို ဆက်ဖတ်ရန်........

ကိုဘလှ၏ မိတ်ဆက်သံကို ကြားရလေလျှင် ကြည်ကြည်နှင့် ခင်မြင့်သည် ၀က်စင်စစ်က ဆင်ဖြစ် သည့် ဗြောင်လိမ်ခြင်း ကို ခံရသကဲ့ သို့ သူတို့နားကို သူတို့မယုံကြည်သလို တစ်ယောက် မျက်နှာတစ် ယောက် ကြောင်စီစီနှင့် ကြည့်ကြပြီးနောက် နှုတ်ခမ်းများတွင် မဲ့ပြုံးအရိပ်အရောင် ကလေး များ ပေါ်လာ ကာ ပါးစပ်ကို လက်ဖြင့်ပိတ်လိုက်ကြလေ၏။
သို့တိုင်အောင် အရိပ်အခြေ ဘာမျှနားမလည်သော ခပ်ထွေထွေ ကိုဘလှသည် ကျွန်တော့်ဘက်သို့ လှည့်ကာ....
“ကိုခင်မောင်ညွန့်၊ ဒါက ကိုကျူးစိန်...မိန်းမ မခင်မြင့်လေ၊ ဒါက ကိုကျူးစိန်နှမ မကြည်ကြည်ပေါ့” ဟု ပြောပြီး ဂေါ်ဟူသော အထိမ်းအမှတ်ဖြင့် ကျွန်တော့်ပေါင်ကို လက်ဖြင့် ကုတ်လိုက်၏။
ဤအချိန် တွင် ကျွန်တော်၏ တစ်ကိုယ်လုံးမှာ မေ့ဆေးပေး၍ မေ့ခါနီး လူနာနှင့်မခြား မျက်လုံးများ ရီဝေ လျက် လေယာဉ်ပျံပေါ် က ခုန်အဆင်းတွင် လေထီးမပွင့်သော သူရဲကောင်း၏ ခန္ဒာကိုယ်ကဲ့သို့ လေဟာထဲတွင် ကပြောင်း ကပြန် ဖြစ်နေသည်ဟု အောက်မေ့ရ၏။

ထိုအခိုက် ကိုကျူးစိန် အိမ်ပေါ်သို့ ရောက်လာကာ ကျွန်တော့်တို့အား နေရာထိုင်ခင်းပေးပြီးနောက်
“ကဲ....မြင့်တို့ရေ... ကိုကိုတို့ စားသောက်ဖို့ ပြင်တော့ကွယ်” ဟု အမိန့်ပေးလိုက်၏။
စားပွဲဝိုင်း ကလေးတွင် သုံးယောက် မျက်နှာချင်းဆိုင်ထိုင်မိလေလျှင် ကိုဘလှသည် သူ၏၀တ္တရားအ တိုင်း ကျွန်တော့်အား  ကိုခင်မောင်ညွန့် ဘီအေ၊ မြို့အုပ်လောင်းအဖြစ်နှင့် ကိုကျူးစိန်ကို မိတ်ဆက်ပေး ပြန်လေ၏။ ကိုကျူးစိန်မှာ ကျွန်တော့် ဇာစ်မြစ်ကို သိသူမဟုတ်သဖြင့် မည်သို့မျှ အရေးမကြီးသော် လည်း နောက်ဖေးဆောင် က ကမြင်းမနှစ်ကောင်ကား နှာခေါင်းထဲ ထမင်းစေ့ဝင်သလို တခွီးခွီးဖြစ်နေပါ တော့၏။

ကိုဘလှနှင့် ကိုကျူးစိန်ကား ခင်မြင့်တို့ဖြစ်နေပုံကို အရိပ်အခြည်မျှ နားလည်ဟန်မတူ။ ကျွန်တော်မူ ကား မနေတတ် မထိုင်တတ် ရှိလာသည်နှင့် ကိုဘလှအား အပြောလျှော့ပါစေတော့ဟု စားပွဲအောက် မှ ခြေဖြင့်ကုတ်ကာ မျက်နှာရှုံ့ပြလိုက်ပါည်။ ဤမှပင် သာဆိုးပါတော့သည်။ သူ့အား ပို၍အဲယားကန်ရန် တိုက်တွန်းသည် ဟု ယူဆကာ ကျွန်တော်၏မိဘ မျိုးရိုးဇာတိကို သူနှင့် ရင်းရင်းနှီးနှီး သိနေခဲ့သည့် အလား ကျွန်တော့် မိဘများမှာ စက်ပိုင်ရှင်များဖြစ်ကြောင်း၊ သဘောသကာယ အလွန်ကောင်းမွန် ကြောင်း... ၊ လက်အောက် ငယ်သားများပေါ်တွင် မည်မျှရက်ရောကြောင်း...စသည့်ဖြင့် သူတတတ်သ မျှ မှတ်သမျှ ကရွတ်ကင်းလျှောက်၊ ရောက်တတ်ရာရာ ၀ါဒဖြန့်ပါတော့သည်။

ကိုကျူးစိန်မှာ ကျွန်တော့်ကို အတော်အထင်ကြီး လေးစားလာဟန်တူပါသည်။ သို့သော် ကျွန်တော့် အဖေ ချစ်တီးကြွေးလည်ပင်းခိုက်နေကြောင်းကို သိနေကြသော သေချင်းဆိုးမနှစ်ကောင်ကား ကိုဘလှ ၏စကားများမှာ သူတို့ အတွက် ပျော်တော်ဆက်ပြက်လုံးများ ဖြစ်နေကြ၍ လုပ်ကိုင်စရာရှိသည်တို့ကိုပင် မလုပ် မကိုင်နိုင်လောက်အောင် ခွက်ထိုးခွက်လှန် အူတက်နေကြဟန်တူသဖြင့် အတန်ကြာလတ်သော် ကိုကျူးစိန် ကပင်...
မြင့် တို့ရေ ကြာလှချေလားကွယ် ဟုပင် သတိပေးလိုက်ရလေ၏။
သို့စဉ်တိုင် အတော်ကြာမှ စားသောက်စရာ တို့ကို ရေငုံထားသည်နှင့်တူသော မျက်နှာများဖြင့် တစ် ယောက်စီ လာပို့ကြ ကုန်၏။
စားသောက်စရာများ စုံလင်သောအခါ ကိုကျူးစိန်က အားမနာပါးမနာ သဘောရှိ  စားသောက်ရန် စိတ်ပါလက်ပါ တိုက်တွန်း ပါသည်။ စားသောက်စရာတို့မှာလည်း တရုတ်အချက်အပြုတ်၊ အချိုအချဉ်၊ ၀ီစကီ၊ ဆိုဒါတို့နှင့် အလွန် ပင် မြိုင်ဆိုင်လှ၍ အမှန်အတိုင်းဆိုလျှင် မြင်ရုံနှင့်ပင် သွားရည်ကျလောက်ပါ ပေသည်။ သို့သော် အပွဲပွဲ နွဲခဲ့သမျှ ဤပွဲကျမှ မရှက်စဖူး အရှက်ကျူးနေရသော ကျွန်တော်သည် အဘယ်မှာလျှင် စားချင်စားဝံ့စိတ်ရှိတော့အံ့နည်း။

ကိုကျူးစိန် ၏ အကြိမ်ကြိမ် တိုက်တွန်းချက်ကို ညစာစားပြီးကြောင်း အခြေပြုကာ အဖန်ဖန် ငြင်း ဆိုရ လေ၏။ နောက်ဆုံးတွင် ကိုကျူးစိန် လက်လျှော့ကာ ထမင်းမစား အရက်မသောက်လျှင် ကော်ဖီတစ် ခွက်တော့ ငြင်းဆို ရန် မသင့်ဟုဆိုပြီး ကော်ဖီအဖျော်ခိုင်းလေ၏။

အရက်မသောက်ဟု ငြင်းဆန်စဉ် ပထမဦး၌ ကိုဘလှမှာ ခေတ္တမျှ အံ့အားသင့်သွားပြီးမှ... မိန်းမလေး များရှေ့ တွင် မသောက်တတ် မစားတတ်ဟန်နှင့် ဂေါ်ပေါက်ထွက်တာ ဖြစ်မှာပဲ ရွေဥာဏ်တော် စူးရောက်သွားကာ ကျွန်တော မသောက်တတ် မစားတတ် ရိုးသားဖြောင့်မှန်ကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း၊ ငယ်ရွယ်စဉ် မို့ ပညာကိုသာ ဂရုစိုက်ကြောင်း စသည်ဖြင့် ၀ါဒဖြန့်ပါတော့သည်။
ဖဲရိုက်၊ ကြက်တိုက်၊ အရက်သောက်လွန်း၍ အိမ်က အကြိမ်ကြိမ်မောင်းထုတ်ခြင်း ခံရပုံနှင့် ကျွန်တော့် ကိုယ်တွင် မရေတွက်နိုင်သော ဆစ်ဖလစ် အနာရွတ်များကို အပထား၍ လည်ပင်းတွင် ကြပ်ဘယ်နှလုံး၊ ပေါင်ခြံတွင် ဘင် ဘယ်နှစ်ခါ ခွဲဖူးသည် ကိုပင် သိနေကြသော ကောင်မနှစ်ကောင်၏ ဖြစ်ပုံကိုကား အထူး မဖော်တော့ပြီ။ အခုညတွေ့၊ အခုမှသိရသော ကိုဘလှ၏ ထွင်လုံးဆင်လုံး၊ လုပ်ဇာတ်များနှင့် ယုတ္တိရှိ အောင် ကျွန်တော့်ဂုဏ်ကို ချီးမြင့်၊ ၀ါဒဖြန့်ခြင်းမှာ အထူးပင် ချီးမွမ်းဖွယ်ကောင်းပါပေသည်။ အကယ်၍ ကျွန်တော့်အကြောင်းကို သူတို့ မသိဖြစ်ဘိ မူကား ယခုညတွင်းချင်းပင် ဂေါ်ပေါက်စွံနိုင်ပါပေသည်။ ယခု မူကား ခုတ်ရာတစ်လွဲ၊ ရှာရာတခြား နှင့် လှုပ်လေမြှုပ်လေ ဖြစ်နေပါတော့သည်။

ကိုဘလှ မှာ ကြာလေသောက်လေ... သောက်လေမူးလေ၊ မူးလေစကားများလေနှင့် ကျွန်တော့်မှာ ရှက်လွန်းလှ ၍ မပြောရန် ခြေကုတ်လက်တို့လုပ်လေ..သူအားသတိပေးသလိုဖြစ်ကာ ပိုမိုပြောလေနှင့် နောက်ဆုံးတွင် သူ့အရှိန်နှင့်သူ သွားပါစေတော့ဟု လက်လျှော့လိုက်ရပါတော့သည်။ ကျွန်တော့်တစ် ကိုယ်လုံးတွင် ရှက်စိတ် ရှက်သွေးများ မွန်လာကာ  သဲန္တာရထဲတွင် မီးမြိုက်ခံရသလို ချွေးသီးချွေးပေါက် များကျနေသဖြင့် ကွတ်အင်္ကျီနှင့် လည်ပင်း က ကြပ်ဖုံးမာဖလာ ကိုပင် ချွတ်လိုက်ရပါတော့သည်။

စားသောက်ပြီးလျှင်ပြီးချင်း သွားရန် ပြောဆိုမည်ဟု စိတ်ကူးထားပါသော်လည်း ကိုဘလအခြေအနေမှာ ယခုစားသောက် ၍ မပြီးမီပင် သူ့ကိုယ်သူ မထနိုင်ငဘဲ မျက်တောင်များ စင်းနေလေတော့သဖြင့် ကျွန်တော်က...
“ကိုဘလှ ခင်ဗျား ခုလောက်သောက်နေလို့ ကျွန်တော်တို့ ခုညသွားနိုင်ပါတော့မလား ဟု ပြောလိုက်ရာ သူသည် မျက်လုံး များကို အနိုင်နိုင် ဖြဲထုတ်ပြီး ဗျာ...ခုညသွားမလို့ ဘယ်သွားမှာလဲ၊ ဟားဟား...ဟား ဟား ဒီမှာအိပ်ပေါ့ဗျ၊ ကိုခင်မောင်ညွန့်ရာ၊ ခင်ဗျားအိမ်လို သဘောထားပါ၊ ...ဟဲဟဲဟဲဟဲ
အနီးရှိကြည်ကြည်နှင့် ခင်မြင့်ကား တခွီးခွီးဖြစ်နေကြသည်။ ကျွန်တော်ကား ပြတင်းပေါက်မှ ဒိုင်ဗင်ထိုး ၍ ချလိုက် ချင်တော့ သည်။ ည ၁၁ နရီကျော်ခန့်တွင် ကိုဘလှနှင့် ကိုကျူးစိန်တို့ နှစ်ယောက်မှာ စကား မျှ မပြောနိုင်တော့ ဘဲ ပက်လက်ကုလားထိုင်များပေါ်တွင် စောင်းခွေယိုင်သွားကြ၍ ကျွန်တော်နှင့် ကြည် ကြည်၊ ခင်မြင့် ပေါင်း ၃ယောက်သာ မတ်တတ်ငုတ်တုတ် ကျန်ကြတော့သည်။
ဤတွင် ကြောင်မရှိ ကြွက်ထ ဆိုသလို ခင်မြင့်နှင့် ကြည်ကြည်သည် ထမင်းပွဲသိမ်းရန် ကျွန်တော့်ကို မထေမဲ့မြင် ပြုကြတော့်သည်။ ကျွန်တော့်အား တိရစ္ဆာန်ရုံထဲတွင် မတော်တရော် လုပ်ပြနေသော မျောက်ကိုတွေ့သလို...မကြည့်ချင် မြင်ချင်လျက်သား အမူအရာမျိုးနှင့် ကျွန်တော့်ကို ကြည့်ကြည့်ပြီး သူတို့ချင်း တီးတိုးပြောကာ တခစ်ခစ်ရယ်ကြသည်။

“မြို့အုပ်လောင်းများ မြင်ဖူးအောင် ကြည့်ထားလိုက်ကွ”
“အခါမကောင်းတော့လည်း...ဘယ် ဘိလပ်သွားနိုင်မလဲကွယ်”
မိဘ က ချမ်းသာတော့လည်းပင်းကြပ်ပြည့်တာပေါ့ကွဲ့...
စသည်ဖြင့် ကျွန်တော်ကြားအောင် တမင်လှောင်ကြသည်။ ကျွန်တော်သည် အရှက်ကို တတ်နိုင် သလောက် နည်းပါးအောင် ခြိုးခြံခဲ့သူဖြစ်၍ တော်ရုံတန်ရုံ ချောက်ကျမှုကို ပု၍ ခံနိုင်ပါသည်။ ယခုမူ ကား ကျွန်တော်၏ အရှက်နည်း ဒီဂရီ ကုန်ကျပြီဖြစ်၍ ဆက်လက ခံနိုင်ရည်မရှိတော့ဘဲ၊ ကိုဘလှ၏ ကား ကိုလည်း မျှော်လင့်စရာမရှိတော့သဖြင့် ဤမြို့၌ ၁၂ နာ၇ီခွဲအချိန်တွင် ဆိုက်ရောက်မည့်ရထားကို လိုက်ရန် ရုတ်တရက် ဆွဲင်လျက်ထိုင်ရာမှ ငေါက်ခနဲထကာ လှေခါးဆောင်တံခါးကို ဖွင့်ပြီး ကမူးရူးထိုး ဆင်းခဲ့ ပါသည်။ လှေခါးထစ်ဆုးံ ခါနီးတွင်...
“မြို့အုပ်မင်း ကြွတော့မလားရှင့်” ဟူသော မိခင်မြင့်၏ သရော်သံနှင့် အတူ ဗျောင်းခနဲ တံခါးပိတ်သံကို ကြားရလေ ၏။

အခြားပစ္စည်းများ မပါရင်နေရမည်၊ ဤမာဖလာကား လည်ပင်းက ကြပ်ဖုံးရန်ဖြစ်၍ ကျွန်တော့်အင်္ဂါရုပ် အတွက် ချစ်သူနှင့် တွေ့ရန်တွင် အလွန်ပင် အရေးကြီးလှသောကြောင့် မည်သည့်နည်းနှင့်မျှ ထားမပစ် နိုင်ခဲ့ပါ။ မရ ရအောင် ယူမည်။ ထို့ကြောင့် ကျွန်တော်သည် လှေခါးကို ပြန်တက်ပြီး တံခါးကို ခေါက်လိုက်ပါသည်။
“ဘယ်သူလဲ...”
ခင်မြင့်၏အသံ ထွက်လာသည်။
ကျွန်တော်သည် လည်ချောင်း တစ်ဆို့ဆို့နှင့်...
“အင်း...ငါပါ”
“သြ....မြို့အုပ်မင်း ပြန်လာသကိုး”ဟု ဆိုကာ တခစ်ခစ် ရယ်ရင်း...
“ဘာများ မေ့ကျန်ခဲ့လို့ပါလဲရှင်...”
“ငါ့မာဖလာ ကျန်ခဲ့လို့...၊ ပေးစမ်းပါ...”
“သြ...ကြပ်ဖုံးမာဖလာ ကျန်ခဲ့တာကိုး၊ အရေးကြီးပေတယ်၊ ပေးပေါ့မယ်” ဟုဆို၍ တံခါး မဖွင့်သေး ဘဲ လျှောက်သွားသော ခြေသံကို ကြားရပြီးနောက် ကြည်ကြည့်နှင့် နှစ်ယောက်သား  တခစ်ခစ် ရယ်ရင်း ပြန်လာကြကာ တံခါးကို ဟရုံကလေးဖွင့်၍ ရော့ရှင့်...မြို့အုပ်မင်း ဟုဆိုလျက် တံခါးကြားမှ ထိုးပေး လိုက်၏။

ကျွန်တော်ဘူတာဝင်းအရောက်နှင့် မီးရထားအလာမှာ တစ်ပြိုင်တည်း ဆုံစည်း၍ ဘူတာအတွင်းသို့ လက်မှတ် ယူရန် ပြေးဝင်ခဲ့ရာ မီးရောင်အောက်ရောက်သောအခါ လူ ၄-၅ယောက်သည် ကျွန်တော့်ကို အထူးအဆန်း သဖွယ်ဝိုင်းအုံကြည့်ရှုနေကြသေးရုံမျှမက ပြုံးစိစိများ လုပ်နေကြသဖြင့် ကိုယ့်စိတ်ကိုယ့် မလုံတော့ ဘဲ၊ သူတို့စိုက်ကြည့်သောနေရာ ကျွန်တော့်ရင်ဘတ်ကို ကျွန်တော် ငုံ့ကြည့်လိုက်ရာ မာဖလာ တစ်ဖက်စမှာ မဲနက်၍နေသည်ကို တွေ့ရသောကြောင့် ရုတ်တရက် ဆွဲဖြေ၍ ကြည့်လိုက်မိသည်တွင် ကျွန်တော်၏ တစ်ကိုယ်လုံး မှာ စကြာဝဠာတံတိုင်းအပြင်သို့ရောက် အောင် ကိုင်ပေါက်ခြင်းခံလိုက်ရသည် ဟု အောက်မေ့ လိုက်မိပါသည်။ အကြောင်းမူကား ထိုအရာ သည် မာဖလာမဟုတ်၊ ပိုးတွန့်လုံချည်ထမီ စုတ်ကလေးဖြစ်နေသောကြောင့်တည်း။ လက်နှစ်ဖက် ပေါ်တွင် ဤပစ္စည်း ကို ဖြန့်တင်ကာ အလွမ်း မင်းသားဆွေးခန်းဖော် သလို ခေါင်းငိုက်စိုက်နှင့် စိုက်၍ ကြည့်နေမိရာ ကျွန်တော့်တစ်ကိုယ်လုံးသည် ကမ္ဘာမြေကြီး ကဲ့သို့ ၂၃ နှစ်ပိုင်း တစ်ပိုင်း ဒီဂရီစောင်း ပြီး ကပြောင်းကပြန် လည်ပတ်နေသည်ဟု ထင်မိပါ၏။

စေ့စေ့တွေးတော့ ရေးရေးပေါ်၊ ဤထမီကို ကျွန်တော်ကောင်းစွာ မှတ်မိပါသည်။ လွန်ခဲ့သော နှစ် နိုဝင်ဘာလ ၁၃ရက်နေ့ က စကော့မားကက်၊ မြပိုးထည်ဆိုင်မှာ ၆ကျပ် ၈ပဲနှင့် ဝယ်၍ မိခင်မြင့်အား ဂေါ်လက်ဆောင် ဆက်ခဲ့ သည်ကို ဒိုင်ယာရီ လှန်မကြည့်ဘဲနှင့် ပြောနိုင်ပါသည်။ ဤလက်ဆောင်ပေး စဉ်က ခင်မြင့်မျက်နှာ အလွန်ချို ပါသည်။ ထမီကလေး ကလည်း ရက်ရက်စက် စက်လှပါသည်။ ဝတ် လိုက်သောအခါတွင် ကြည့်၍ပင် အားမရနိုင်လောက်အောင် ခင်မြင့်နှင့် ပဏာရ လှပါပေသည်။ ယခုမူကား ခင်မြင့်သည် ပျိုရာမှ အိုခဲ့၍ ထမီ ကလေး မှာ နဂိုရ်အသွေးအရောင် နွမ်းပျက်ပြီး မတွေးဝံ့အောင် စွန်းကွက်နေပါပြီ။

မာရ်နတ်၏လည်ပင်းတွင် ရှင်ဥပဂုတ်က ဆွဲပေးလိုက်သည်မှာ ခွေးသေ ကောင်ပုပ်၊ ယခုကျွန်တော့်လည်ပင်းတွင် မိခင်မြင့် ဆွဲပေး လိုက်သည်က ထမီ စုတ် ယုတ်လှတဲ့ကောင်မ၊ လုပ်မှလုပ်ရက်ပလေ မိခင်မြင့်ရယ်၊ ငါဝယ်ပေးတဲ့ လုံချည်နင့်လင် နဲ့ ဝတ်အိပ် လို့ စုတ်ခါမှ ငါ့လည်ပင်းတွင် မာဖလာလုပ်လို့ပေး လိုက်ကရော့ တောက် ရှက်လည်းရှက်၊ဒေါသလည်းထွက်နှင့် တောက်တစ်ချက် ပြင်းစွာခေါက်လိုက်မိရာ အနီး၌ ဝိုင်းကြည့်နေကြသော လူစုထဲ မှ လူတစ် ယောက်က။
ကိုယ့်လူ ဘယ့်နှယ် ဘယ်လိုက ဘယ်လိုများ စက်ရာထမှားခဲ့တာလဲဟု ဆို၍ အခြားတစ်ယောက်က ကျွန်တော်တို့ ထမီခြုံဆရာ လို့သာ ကြားဖူးတာ အခုမှ ထမီလည်ပတ်ဆရာတွေ့ရတော့တယ်ဟု ပြောပြီး ဝေါခနဲ ဝိုင်း ရယ်လိုက် ကြသည်တွင် ကျွန်တော်မှာ ရှူရှူပေါက်တုန်း လူမိခံရသော မိန်းမပျိုကလေး ကဲ့သို့် လက်ထဲကလုံချည်စုတ် ကို ဖုတ်ခနဲ ပစ်ချပြီးထွက်ခါနီး မီးရထားကြီးဆီသို့ ကသုတ်ကယက် ပြေး၍ ဦးတည်ရာတွဲ တွင် ကမူးရှူးထိုးတက်ကာ လိုက်ပါ လာခဲ့လေ၏။

ခင်မြင့်နှင့် ကြည်ကြည်၏ ရန်စနက်မှာ ဤမျှနှင့်မအေးသေး၊ ရထား ထွက်၍ နာရီဝက်မျှ အကြာတွင် ကျွန်တော့် ဝမ်းဗိုက်ထဲ၌ နောက်ချေးဒီပိုးတစ် ကောင် အရှင်လွှတ်ထားသကဲ့သို့တဂွီးဂွီးတထိုးထိုးနှင့် အမျိုးမျိုးအခံရ ခက်ပါ တော့သည်။ မကြာမီအိမ်သာသို့ ပြေးရပြီး ညနေက သောက်စားခဲ့သော ထန်းရေနှင့် ကြက်သားဟင်း၊ ဝီစကီ တို့ ဒလဟော ထိုးဆင်းပါတော့သည်။ တစ်ခါနှင့်မပြီး နှစ်ခါနှင့်မပြီး၊ ဂဒီးဂဒီး အိမ်သာနှင့်နေရာ ခဏခဏ ကူးက လန်ခတ်နေရသဖြင့် ဘယ့်နှယ်ငါဘာများ အစားမှားမိပါလိမ့်ဟု စဉ်းစားလိုက်ရာ ဘာကိုမျှအထူးမတွေ့၊ ကိုကျူးစိန်က ခိုင်း၍ ကော်ဖီဖျော်ပြီး စပ်ဖြဲဖြဲမျက်နှာ နှင့်ယူလာသော ကြည်ကြည်၏အမူအရာကို မျက်စိထဲ၌ ကွင်းခနဲ မြင် မိတော့ သည်။ ချောကလက်ဝမ်းနှုတ်ဆေးပေါ့။
အင်းလုပ်ရက်တဲ့ ကောင်မတွေ လုပ်ကြပေါ့ကွာ၊ နင်တို့ဆေးကပဲစွမ်းမ လား ငါကပဲယိုနိုင်မလားဟု အသားလွတ်ကြိမ်းကာ အိမ်သာထဲ မှာ မထတော့ဘဲ တစ်ဆက်တည်း ထိုင်နေလိုက်ပါတော့သည်။
မင်းလှဘူတာ လွန်မြောက်၍ လက်ပံတန်းမြို့ ရောက်ခါနီးတွင် အိမ်သာတံ ခါးကို အပြင်းအထန် ခေါက်သံကြားရလေရာ ကျွန်တော့်မှာတစ်ခါယို၊ တစ်ခါနား နှင့်နေပါဦး မပြီးသေးလို့ ပါဟု ညောင်နာနာအသံဖြင့် ပြန်ပြောလိုက်ရာ။

ဟေ့ဘာညာလို့ရမလဲ၊ မင့်ဥာဏ်ဒါပဲလား လာထွက်ခဲ့ဟု တင်းမာသော ဟောက်သံကိုကြားရသဖြင့် မဟုတ်ပါဘူး ဗျာ ခင်ဗျားကလည်း ဒေါသကြီးလှချည် လား မပြီးသေးလို့ မပြီးသေးဘူးပြောတာပဲ ဝမ်းနာလွန်းလို့ပါဗျာ၊ ကျွန်တော် ယို လက်စနဲ့မို့ ခင်ဗျားက ခဏအောင့်ပါဦးဗျာ။
သူ့အသံမှာ ပိုမိုဒေါသထွက်လာကာ ဟေ့ငါအိမ်သာထဲ ဝင်ချင်လို့မဟုတ် ဘူးကွ၊ လက်မှတ်စစ်ရအောင်လာတာ၊ ငါလက်မှတ်စစ်ကွ မင်းအရိပ်အခြည် ကြည့်ပြီး စောင့်နေတာကြာလှပြီ ဒီနည်းမျိုးနဲ့ ငါဘယ်လိုလုပ်လို့ ရမလဲကွာ။ ထွက်ပြလက်မှတ်။

ကျွန်တော်၏ဖြစ်ပုံ မှာ သူထင်မယ်ဆို ထင်စရာပင် ဖြစ်နေပါတော့သည်။ ထို့ကြောင့် ကျွန်တော်က စိတ်မဆိုးနိုင်ဘဲ။ သြော်ဒီလိုလား လက်မှတ်စစ်ဆို လက်မှတ်ပြတာပေါ့ဗျာဟု ခပ်လှောင်လှောင်ကလေး ပြောပြီး အင်္ကျီအိတ်ထဲ၌ လက်မှတ်ကိုနှိုက်လိုက်ရာ မည်သည့်အိတ်ထဲတွင်မှ မတွေ့။ ဟိုက်ချောက်ပဲဟု လွှတ်ခနဲဆိုရင်း ပေါင်မုန့်ထည့်သော လွယ်အိတ်များ ထည့်မိလေရော့လားဟု အောက်မေ့ကာ ထိုင်ရာမှ ကပျာကယာ ထပြီး တံခါးဖွင့်၍ အပြင်ထွက်လိုက် သည်တွင် ဘယ်မှာလဲလက်မှတ်ဟုဆိုလျက် မျက်နှာ ဆိုးဆိုးနှင့် ကြည့်နေသာ အင်္ဂလိုအင်ဒီးယန်း ခေါ် ကုလားလက်မှတ်စစ်တစ်ယောက်ကို တွေ့ရလေ၏။

နေဦးလွယ်အိတ်ထဲမှာ ရှိလိမ့်မယ်ဟု ပြောပြီး လွယ်အိတ်ကိုသွားရောက် ယူငင်ကာ လွယ်အိတ်ကို မှောက်၍ ရှာဖွေသော် လည်း။လက်မှတ်ကိုမတွေ့ရ ထမီစုတ်ကို လွှင့်ပစ်ရာတွင် ညပ်ပါသွားဟန်တူပါ သည်။ နံဘေးက လူများလည်း ဝိုင်းအုံကြည့်နေကြ၍ ကျွန်တော့်မှာ အတော်အတန် ရှက်လာပြန်သဖြင့် လက်မှတ်စစ်အား သနားစရာ မျက်နှာကလေးဖြင့် ကြည့်၍ ကျွန်တော်လက်မှတ် တော့ ယူခဲ့တာပဲဗျာ ဘယ်မှာကျနေရစ်ခဲ့မှန်း မသိဘူး၊ ဆရာပဲ လက်ဖက်ရည်ဖိုး ကြည့်ယူပါတော့ဗျာဟု အိတ်ထဲမှ သားရေအိတ်ကိုနှိုက်ယူရင်း ထုံးစံအတိုင်း ခပ်တိုးတိုးပြော လိုက်ရာ။
မင်းကငါ့ဘာကောင်မှတ်လို့လဲ မင့်လက်ဖက်ရည်ဖိုးယူရအောင် ငါလာဘ်စားတဲ့ကောင်များ မှတ်လို့လား ဟု သူ့အား လာဘ်စားမှုနှင့် အလုပ်ဖြုတ်ရန် ဝမ်နင်ပေးထားလေသလားမသိ၊ မခံနိုင်မရပ်နိုင် အများကြားအောင် အပြင်း အ ထန်ဟောက်လေ၏။

ကျွန်တော်လည်းစိတ်ဆိုးကာလာ ခင်ဗျားမယူချင်နေပေါ့ဗျ၊ ထုံးစံအတိုင်း နှစ်ဆဒဏ်အရိုက်ခံရုံအပြင် ဘာတတ်နိုင်သေးသလဲ လက်မှတ်မပါလို့ မပါလို့မပါ ဘူးပြောတာဘဲ ဘာလို့လက်ဖက်ရည်ဖိုး ယူပါတွေ ဘာတွေပြောနေရ သလဲ လာဘ်စားတဲ့ကောင် မဟုတ်ဘူး နားလည်လား ဝတ္တရားအတိုင်း ဖမ်းဒဏ်ချ၊ ဒဏ် မဆောင်နိုင် ထောင်သွားရုံပဲ။
ကျွန်တော်လည်းပိုမိုဒေါပွလာကာ ဟေ့ဒီမှာမျက်နှာသေသေချာချာကြည့်စမ်းပါကွ ငွေကလေး ၄-၅ ကျပ်နဲ့ ထောင် သွားမယ့် ရုပ်လား၊ လူကြည့်ပြောပါကွ ဟုကျွန်တော်သည် ဝမ်းသွား ထားရ၍ အားမရှိသော ကာယဗလကို ဟန်နှင့်ပန်နှင့် လက်သီးလက် မောင်းတန်းကာ ဟောက်လိုက်သည်တွင် နဘေးရှိခရီးသည်များက ကျွန်တော့်အား တကယ်ထိုးဝံ့မည့်ကောင် မှတ်၍ ဝိုင်းဝန်းဖြန်ဖြေကြတော့၏။ ဤတွင်မှ လက်မှတ်စစ်နှင့် ကျွန်တော့် မှာ တစ်ယောက်နှင့်တစ်ယောက် စကားပြောရပ်သွားကြ၍ သူသည် နံဘေးမှရပ်ကာ ကျွန်တော့်အား တရားခံ စောင့်စောင့်နေလေ၏။

လက်ပံတန်းရောက်သောအခါ ကျွန်တော့်အား ဘူတာတွင်းခေါ်သွား၍ ဒဏ်ချစေ၏။ လက်မှတ်စစ် စာ ရေးသည် ဖြတ်ပိုင်းတစ်ခု ကိုရေးကာ ပြည်မှ လက်ပံတန်းအထိ ဒဏ်ငွေ ၃ကျပ် ၈ပဲ။ လက်ပံတန်း မှ ကြည့်မြင်တိုင် အတွက် ၁ကျပ် ၄ပဲ၊ ပေါင်း ၄ကျပ် ၁၂ပဲတောင်းလေ၏။ ကျွန်တော်လည်းဖမ်းလာသော လက်မှတ်စစ်ရှေ့ တွင် မခန့်လေးစားအမူအရာနှင့် မွေးသဖခင်အင်္ကျီထဲမှ အလစ်သုတ်လာခဲ့သော သားရေအိတ်ဖောင်းဖောင်းကြီး ကို စတိုင်နှင့်ဖွင့်ကာ စက္ကူတစ်ထပ်ကြီးကို ဆွဲထုတ်လိုက်လေ၏။
သို့သော် ကျွန်တော် ၏ ခန့်ထည်သောစတိုင်မှာ တစ်စက္ကန့်အတွင်း ကြေမှုန်းပျောက်ကွယ်၍ သွားရတော့သည်။ စက္ကူထပ် ကို မီးရောင်အောက်တွင် ကဖြန့်လိုက်တွင် ရင်ထဲ၌ ဒိတ်ခနဲဖြစ်ကာ ဟိုက် သောက်ကျိုးနည်းရောဟု စိတ်ထဲ မှ ရေရွှတ်မိရင်း ကျွန်တော်၏ခန္ဓာကို မြေမျိုသွားသည်ဟု အောက်မေ့ လိုက်ရ၏။ အကြောင်းမူကား ထိုစက္ကူထပ် သည် ငွေစက္ကူများမဟုတ်၊မွေးသ ဖခင်၏ ရာမချစ်တီးထံ လယ်အပ်ထားသော အပေါင် လက်မှတ်များ ဖြစ်နေတော့ သည်တကား။

ကျွန်တော်သည် မျက်လုံးပြဲပြဲ၊ သွားကြဲကြဲကလေးနှင့် အိတ်ထဲတွင် ထပ်မံနှိုက်စမ်းပါသော်လည်း ညနေက ရှိနေသော ငွေ ၄ကျပ်လည်းကုန်၍ ရုတ်တရက် မည်သို့မျှမကြံတတ်။ နဖူးကချွေးကို လက်ကိုင်ပဝါနှင့်သုတ်ရင်း စာရေး အား ရည်စားလူလုခံရသော မျက်နှာကလေးဖြင့်။
ဆရာ ကျွန်တော် ပိုက်ဆံအိတ်ရယ်လို့ထည့်လာတာ ပိုက်ဆံမပါတော့ဘူး ဘယ့်နှယ့်လုပ်ရပါ့။ ဘယ့်နှယ့် လုပ်ရမလဲ၊ အချုပ်ခန်းသွားရုံပေါ့၊ ဟု လက်မှတ်စစ် ကုလားဗိုလ်က အောင်မြင်စွာဟောက်လိုက်သည်။
လက်မှတ်စာရေး ကလည်း ပိုက်ဆံမပေးနိုင်ရင်တော့ ဒါပဲရှိတာပဲဟု အေးစက်စက် အားရှိစရာ ပြောလိုက်၏။ ကျွန်တော် လည်း မည်သည့်နည်းနှင့်မျှ လက်ပံတန်းအချုပ်ခန်းထဲတွင် မနေနိုင်။ နက်ဖြန်နံနက် စတယ်လာ တို့အိမ်ကို မလွဲတမ်းရောက်ရှိရမည်။ တစ်ရက်၊ တစ်နာရီ၊ အို တစ်စက္ကန့်မျှ မဆိုင်းနိုင်။ ထို့ကြောင့် ၄ကျပ် ၁၂ပဲ ရရှိ ရန် ရုတ်တရက် ကျောင်းသားဖော်မြူလာနည်းကို သုံးလိုက်ရတော့သည်။
ကျွန်တော့်ကိုယ်၌ ပါသောပစ္စည်းများကို စိစစ်လိုက်သော်။ ၁။ လက်ပတ်နာရီတစ်လုံး။ ၂။ ပလေဇာကုတ်တစ်ထည်။ ၃။ လုံချည်တစ်ပတ်နွမ်း။ စပို့ရှပ်အဟောင်းနှင့် အတွင်းခံဘောင်းဘီတစ်ခု။

နံပတ်(၁) ကို စဉ်းစားလိုက်သော် ၄ ကျပ် ၁၂ ပဲနှင့် ထားမပစ်ခဲ့နိုင်။ နံပတ်(၃)ကား သုံး၍မဖြစ်။ နံပတ်(၂)နှင့်သာ သင့်လျော်သည်။ ထို့ကြောင့် ကျွန်တော်သည် ကုတ်အင်္ကျီကို ချွတ်ကာ လက်မှတ်စာရေးအား ပြ၍ ကဲဆရာ၊ မတတ်နိုင်တော့ဘူး။ ကျွန်တော့်ကိစ္စကလည်း အရေးကြီးနေလို့ ဒီ ၁၅ ကျပ် ၈ ပဲပေးရတဲ့ အကျီင်္ကို ၁၀ ကျပ်နဲ့ထား ယူလိုက်ပါ။
ဆောင်းဦးပေါက်စ ဘလေဇာကင်းမဲ့နေသေးသော စာရေးသည် အကျီင်္ကို ဝတ်ကြည့်ပြီး၍ သူနှင့် အံကိုက်ဖြစ်နေကြောင်း တွေ့ရသောအခါမှ ထုံးစံအတိုင်း မနှစ်သက်သော အမူအရာနှင့် ငြင်းဆန်ပြီးသည် ၏ နောက်ဆုံး၌ ၅ ကျပ်နှင့် အရောင်းအဝယ်တည့်ကြလေ၏။

ကျွန်တော်လည်း ကွတ်အကျီင်္မပါတော့ဘဲ စပို့ရှပ်အဟောင်းကလေးနှင့် လွယ်အိတ်အနွမ်းကလေးကို လွယ်ကာ ထွက်ခါနီး ဥသြပေးနေသော မီးရထား ဆီ သို့ ပြန်လာခဲ့၍ ပထမတွဲကို ပြန်မတက်တော့ဘဲ အဆင်သင့်ရာ အခြား တွဲတစ်ခု တွင် လိုက်ပါခဲ့လေ၏။
ဤတွဲရှိလူများ အားလုံးမှာလိုလိုပင် အိပ်နေကြ၍ ကျွန်တော်သည် ခုံရှည်ပေါ်တွင် တခေါခေါနှင့် အိပ်နေသော မိန်းမဝဝကြီး အနီး ထိုင်ခုံကလေးပေါ် တွင်ထိုင်ကာ ချမ်းစိမ့်စိမ့်ရှိလှသည်နှင့် ဟန်မလုပ် နိုင်ဘဲ ပုဆိုးခြုံ၍ ခပ်ပုပု ကလေး ကွေးနေလိုက်လေ၏။
ပုဆိုးခြုံ၍ နွေးမည်မျှမကြံရသေးမီ ခင်မြင့်နှင့် ကြည်ကြည်တို့၏ မေတ္တာလက်ဆောင် ဝမ်းနှုတ်ဆေး သည် နောက်ဆက်တွဲ ဗလောင်ဆန်လာပြန် သည်နှင့် အိမ်သာသို့သွားရပြန်လေ၏။ အိမ်သာတံခါးကို ဆွဲအဖွင့် လိုက်တွင် တံခါးမှာပွင့်မလာဘဲ အိုဘာလဲ လူရှိတယ်ရှင့်ဟု တယ်မူမမှန်လှသော မိန်းမသံ တစ်ခုပေါ်ထွက်လာပြီး ခဏကလေး အတွင်းမှာပင် အသက်၂၀ခန့် မိန်းမတစ်ယောက် ပြူးတူးပြဲတဲနှင့် ထွက်လာလေ၏။ ကျွန်တော်ဝင်၍ အထိုင်လိုက်တွင် အိမ်သာတစ်ဖက်ထောင့်၌ အဝတ်ပုံတစ်ခုကို တွေ့ရှိ၍ မနေနိုင်မထိုင်နိုင် မီးရောင်အောက်တွင် ဖြန့်ကြည့်လိုက်ရာ ကောင်းမွန်သစ် လွင်သော ကတ္တီပါနက်ပြာရောင် မိန်းမဝတ် ကွတ်အကျီင်္တစ်ထည်ဖြစ်ကြောင်း တွေ့ရလေ၏။

အင်း ဧကန္တမအဝှာ နောက်ဖေးသွားရင်း အကျီင်္ဘေးချွတ်ထားတုန်း ဗြုံးဆို ဒီတံခါးဆွဲဖွင့်လိုက်တာနဲ့ လန့်ထပြီး အကျီင်္တောင် ပြန်မကောက်နိုင်ဘဲ၊ ပြူးတူးပြဲတဲ ရှက်ကိုးရှက်ကန်းနဲ့ ထွက်လာတာကိုး ဟု တွေး၍ပြုံး မိလေ တော့ သည်။
ခုလောက်ရှိ သူ့ကွက်အကျီင်္ သတိရပြီး ပြန်ယူဖို့များ အပြင်ကများစောင့်နေ ရောလား။ မစောင့်လဲ ငါသွားပေးလိုက် မှပဲ ဟု စိတ်ကူးပြီး ကျွန်တော်အိမ်သာ မှအ ထွက်တွင် အကျီင်္ကို ယူခဲ့လေ၏။
ထိုမိန်းမ မှာ သူ့အကျီင်္ကို သတိရဟန်မတူ ထောင့်တစ်ထောင့်တွင် အေးဆေးစွာ အိပ်နေသည်ကို တွေ့ရသဖြင့် အနီးသို့လျှောက်သွားကာ။ ဗျို့မအဝှာ ဒီမှာ ခင်ဗျားအကျီင်္ အိမ်သာထဲမှာ ကျန်ခဲ့တာရော့ ဟု ဆိုလိုက်သည်တွင် ထိုမအဝှာ သည် မျက်စိပြူးတူးပြဲတဲနှင့် ရုတ်တရက် ထထိုင်ကာ ဘာ ဘယ်ကကျွန်မအကျီင်္ ဟုတ်ရမှာ လဲ ကျေးဇူးမတင်သည့်အပြင် သဘောမကျဟန် နှင့်ပင် ငြင်းပြန်သေး ၏။ ခင်ဗျားထွက်သွားတော့ အိမ်သာ ထဲမှာတွေ့တာ ခင်ဗျားမေ့ကျန်ခဲ့တယ် မှတ်လို့။

ဘယ်ကလာ ဟုတ်ရမှာလဲ ဟင်ဒါဖြင့် ဘယ်သူ့ဟာပါလိမ့် မသိတော့လား ရှင်တွေ့ ရှင်ယူပေါ့။ အေး ဒီလိုဆို လည်း အဟန်သား ကိုယ့်အကျီင်္မရှိလို့ ချမ်းနေတာနဲ့ အဆင်သင့်ပဲ ဟု သဘောပေါက်ပြီး ပြန်ခဲ့၍ မိန်းမဝတ်ပင်ဖြစ် လင့်ကစား ချမ်းအေးလှသည်နှင့် ခါးတိုကလေးကိုဝတ်ကာ ဒူးနှစ်လုံးပေါ် လက်တင်လျက် ငုတ်တုတ် အိပ်လိုက်လေ၏။
မည်မျှကြာအေင် အိပ်ပျော်သွားသည်မသိ ကျွန်တော့်လည်ကုပ်ကြမ်းတမ်း စွာ ဆွဲကိုင်လျက် မအေးပေး ဂျပိုး သူခိုး ငါ့အကျီင်္ ယူဝတ်ထားတယ် ခုချွတ်ဟု ပြောလိုက်သော ဒေါသသံကိုကြားမှ ရုတ်တရက်လန့် ဖျပ်ကာ တရားခံနိုးနိုး ရလေ၏။ မျက်စိကိုမျှ မပွတ်နိုင်ဘဲ ငေါက်ခနဲ မတ်တတ်အရပ်လိုက်တွင် စောစောက ကျွန်တော့် အနီး ၌ တခေါခေါနှင့် အိပ်မောကျနေသော အဒေါ်ကြီးသည် မျက်လုံးပြူးပြူးနှင့် လက်နှစ်ဖက်ကို ခါးထောက်ကာ နင်က ဘာကောင် လဲ ငါ့အကျီင်္ဘာလို့ယူဝတ်ရတာလဲ ခုချွတ်ပါ ဘာမှတ်လို့လဲ ဟု ကိုက်စားမတတ် မျက်နှာကြီးနှင့် ဒေါသတကြီးပြောနေသည် ကို တွေ့ရလေ၏။

အခြားလူများလည်း သူ့ဒေါသသံကြီးကြောင့် အိပ်ရာမှ နိုးလာကြကာ မြင်မတော် ဆင်မတော် ဝတ်ထားသော ကျွန်တော့် စတိုင်နှင့် သူ့လင်မယားငယ် လက်ပူးလက်ကြပ် မိသလောက် မျက်နှာပေါက် ဆိုးနေသော အဒေါ်ကြီး ကို ဝိုင်းဝန်းကြည့်ရှုနေကြလေ၏။ ကျွန်တော်လည်း ရုတ်တရက်အံ့သြလန့်ဖျပ် ကာ။

မဟုတ်ဘူးဒေါ်ဒေါ် ကျွန်တော်အိမ်သာထဲက တွေ့ခဲ့ရလို့ ဘာနင်အိမ်သာ ထဲကတွေ့ခဲ့တာလဲ ငါနံဘေး ချွတ်ပြီး ချထားတာ နင်ရူးသလား ပေးခုချွတ်။ မဟုတ်ဘူး ဒေါ်ဒေါ်မယုံရင် ဟောဟိုမိန်းမမေးကြည့်ပါဟု ပြော၍ ကျွန်တော် အကျီ်စ သွားပေးခဲ့သော မအဝှာကိုကြည့်လိုက်ရာ ထိုမိန်းမတွဲပေါ်၌ မရှိတော့ချေ။ ကိုယ့်အပြောနှင့် ကိုယ် ကြောင်စီစီဖြစ်ကာ။ ဟင်မရှိတော့ဘူး ဒီမိန်းမ ဘယ်တုန်းကများ ဆင်းသွားပါလိမ့်အဟုတ်ပါ အဒေါ်ရဲ့၊ ကျွန်တော်အိမ်သာ ထဲက တွေ့တာနဲ့ ဥစ္စာရှင်ပေါ်တော့ ပြန်ပေးမယ်ဆိုပြီး ချမ်းလွန်းလို့ ဝတ်ထားတာပါ ဟု ပြောပြီး အကျီင်္ကို ချွတ်ပေးလိုက်ပါသည်။ မိန်းမကြီးသည် ဒေါသတကြီးနှင့် ဆတ်ခနဲဆောင့်ဆွဲယူကာ အကျီင်္အိတ်တွေ ကို နှိုက်ကြည့်ပြီး မျက်လုံးပြူးလာကာ။
ဘာ နင်ပရိယာယ်တွေ လုပ်နေတာလဲ အိတ်ထဲက ငွေတွေလည်းမရှိတော့ဘူး။ နင် သူခိုး… ပုလိပ် လက် အပ်ရမယ်၊ ဘယ်မှ မသွား နဲ့ ဟု ပြောလိုက်လေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၁၃)

''ကွမ်းအစ်ယူခဲ့စမ်းကွာ'' မကြာမီ ချာပရာစီ ပြန်ဝင်လာတော့ ကွမ်းအစ်တစ်လုံး ပါလာသည်။ ကွမ်းအစ်မြင်ရတော့ ရာဂျာကျေနပ် သွားသည်။ အိန္ဒိယတွင် သူတို့သည် ကွမ်းစားမြဲ၊ ယခု ပြတ်နေ သည်မှာ ကြာပြီ။ ''အိန္ဒိယ က ထွက်လာတည်းက ကွမ်းမစားရတာ ကြာပြီဗျ။'' ရာဂျာ က ပြောပြော ဆိုဆို ကွမ်းတစ်ယာ ယာပြီးပါးစောင်ထဲတွင် ငုံလိုက်၏။ မေတာ ကတော့ ကွမ်းမစား။ ကို ဆက်ဖတ်ရန်.....

''ငါမင်းကို  အိမ်ခေါ်တွေ့တာက တခြားလူတွေ မကြားစေချင် မသိစေချင်တာတွေ ပါလို့ကွ။ ငါမင်းကို  ပြောမှာက တခြား မဟုတ်ဘူး။ နိုင်ငံတကာပညာရေးတက္ကသိုလ်က မင်းကို ဘန်နီကာတက္ကသိုလ်ပို့လိုက်တာ မှားပြီး ပို့လိုက်တာပါဆိုတဲ့ စာတစ်စောင် ရထားလို့ကွ''
''မှားလို့ ဟုတ်လား''
''အေး၊ မှားပြီ ပို့မိတာတဲ့၊ မင်းကို ပို့ရမှာက မက်ဆာချူးဆက်ပြည်နယ်က ဘန်ကာတက္ကသိုလ် ဒါပေမဲ့ နာမည်တွေရောကုန်ပြီး မှားသွားတာတဲ့။ ဘန်ကာ နဲ့ ဘန်နီကာ ကွာ၊ နာမည်ချင်းကလည်း ဆင်တယ် မဟုတ်လား။ စာလုံးပေါင်းချင်းကလည်း မတိမ်းမယိမ်း''
''ဒါဆို ကျွန်တော်သွားရမှာက ဘန်ကာတက္ကသိုလ်ပေါ့နော်။''
အေး ဟုတ်တယ်။ နောက် ကျောင်းအဖွင့်မှာ မင်းအဲဒီကို သွားတက်ရမယ်။ ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်အမီ မင်း အဲဒီကို ကျောင်းပြောင်းခွင့် လျှောက်လွှာတင်ရုံပဲ၊ လျှောက်လွှာ မတင်ရင်တော့ မင်းနေရာကို တခြားကျောင်းသား တစ်ယောက် ရသွားမယ်ကွ။

ရာဂျာ ကမူ နှလုံးခုန်သံပင် ရပ်သွားသံပင် ရပ်သွားသလား ထင်လိုက်ရသည်။ အသက်ရှူလို့ပင် မရတော့၊ မေတာကတော့ သူ့ကို အကဲခတ်နေသည်။ ဘာတစ်ခွန်းမှတော့ ဝင်မတိုက်တွန်းတော့။
''ကျွန်တော် ဘယ်တော့မှ ဘန်နီကာက မခွာချင်ဘူးဗျာ။ ဘယ်တော့မှ မခွာချင်ဘူး'' ရာဂျာက ပြောလိုက်သည်။
''အေးကွာ၊ တကယ်တော့လည်း မင်းဘန်နီကာက မခွာသင့်ပါဘူး၊ မင်းအဲဒီမှာပဲ နေသင့်တာပဲ။ ဒါက မင်းတာဝန်မဟုတ်လား၊ မင်း အဲဒီမှာ ပျော်တယ်ဆိုရင် သူတို့တွေနဲ့ ရောနှောနေ နိုင်တယ်ဆိုရင် ပြီးတာပဲ မဟုတ်လား၊ နောက်ပြီး မင်းပညာသင်ပြီး နိုင်ငံပြန်လာတော့ကော ဘန်နီ ကာကပြန်လာလာ ဘန်ကာ က ပြန်လာလာ ဘာထူးမှာမို့လဲကွ၊ တူတူ ချည်းပဲမဟုတ်လား၊ ဒါပေမဲ့ တို့နိုင်ငံက ပညာတတ်အချို့က အမြင်ကျဉ်းကြ တယ်ကွ၊ သူတို့ကတော့ ဒီတက္ကသိုလ်နှစ်ခုရဲ့ ကွာခြားချက်တွေကိုသိနေကြတယ်။ မက်ဆာချူးဆက်ပြည်နယ် ''ဘန်ကာ''တက္ကသိုလ် အကြောင်း လူတိုင်း သိကြတယ်။ ဒီတက္ကသိုလ်ကိုးကွ၊ ဒီတက္ကသိုလ်က သာဆင်းရင် မင်းအစိုးရအလုပ်ကို အေးအေးဆေးဆေး ခေါင်းခေါက်ရွေးနိုင်တယ်ကွ၊ ဒါပေမဲ့ ''ဘန်နီကာ''က ဆင်လာတယ်ဆိုရင်တော့ ကွာ
မေတာ က ဆက်မပြောဘဲ ပခုံးတွန့်ပြလိုက်သည်။

ရာဂျာကတော့ ချက်ချင်းပြန်မဖြေ၊ ပြောပြန်တော့လည်း အသံလေးမှာ တိုးလွန်းလှသည်။
''ကျွန်တော် ဘန်နီကာက ဘယ်တော့မှ မထွက်ဘူးဗျာ။ ဘယ်တော့မှ မထွက်ဘူး၊ ဒေါက်တာမေတာရယ် ကျွန်တော် ကို ပြန်ခွင့်သာပြုပါတော့။''
သူ မတ်တတ်ရပ်လိုက်သည်။
ဒေါက်တာမေတာကလည်း မတ်တတ်ရပ်လိုက်သည်။
''ရာဂျာကြီးရယ်၊ နောက်တစ်ခါ ထပ်တွေ့ရင် တို့တွေ ပြေလည်သွားကြလိမ့်မယ်။ ငါက မင်းအဘိုးတို့ မင်းအဖေတို့ကို လေးစားကြည့်ညိုတဲ့ သူတစ်ယောက်ပါပဲ။ ဇွန်လမတိုင်မီတော့ တို့ဆီကို အကြောင်းကြား ဦးနော်၊  စိတ်ပြောင်းမယ် ဆိုရင်ပေါ့နော်''
ရာဂျာ က စကားပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် ဒေါက်တာမေတာက လက်ကာပြီး ပြန်ပြောသည်။

''ငါသိပါတယ် ငါနားလည်ပါတယ်ကွာ၊ မင်းဘန်နီကာက ဘယ်တော့မှ သွားမှာမဟုတ်ဘူးဆိုတာ''
ရာဂျာက ဘာမှပြန်မပြော။ သို့သော် လက်အုပ်ချီကာ နမာစ်တေ့ လုပ်ပြီး ထွက်ပြီး ထွက်လာခဲ့သည်။ အပြင်ရောက်တော့ သူ့တွင် အတွေးပေါင်းစုံ ရစ်ပတ်နေသည်။ မေတာက ဘန်နီကာတက္ကသိုလ်အပေါ် အထင်သေးနေ ပုံပေါ် သည်။
ဘန်ကာ အပေါ် အမြင်ကျတော့ တစ်မျိုး။
အိန္ဒိယ ပညာတတ် လူတန်းစားတွေက ဘန်နီကာထက် ဘန်ကာကို ပိုကြိုက်ကြတယ်ဆိုပဲ။ အဲဒီအချက်လေး တစ်ခု တည်း အတွက် နဲ့ ငါက ဘာဖြစ်လို့ ကျောင်းပြောင်းရမှာလဲ။ မေတာအပေါ် သူဆက်ဆံပြောဆိုခဲ့ပုံကို သူကျေနပ် မိသည်။ ထို့အတူ လူစီဘဲလ်နှင့် သူ့အဘိုးတို့သည်လည်း ကျေနပ်ကြမည်ပင်။ ထို့ပြင် ဒေါက်တာအေမိစ်  ကိုလည်း သူဂုဏ်ယူ စွာ ပြောနိုင်တော့မည်။
သူ့ကို အခွင့်အရေးလေး ပေးတာတောင် သူက ဘန်နီကာမှ ထွက်ခွာရန် ငြင်းဆန်ခဲ့ပုံ။

နာရီကို ကြည့်လိုက်သည်။ အချိန်တွေ အများကြီး ပိုနေသေးသည်။
လှပသော ဝါရှင်တန်ကို လှည့်ပတ်ကြည့်ရှုနိုင်သေးသည်။ လှပသော ဝါရှင်တန်မြို့မှာလည်း ဘင်ဂျမန်ကာ ပုံစံ ရေးဆွဲပေး ခဲ့သော မြို့ကြီးပင် မဟုတ်ပါလား။
သူ ဘယ်တွေ သွားကြည့်ရမလဲ။
လင်ကွန်းဗိမာန်၊ ကွန်ဂရက်စာကြည့်တိုက်၊ ဝါရှင်တန်တရားရုံးချုပ်၊ အိမ်ဖြူတော်
သူ့ခေါင်းထဲ တွင် သူအသွားသင့်ဆုံးနေရာတစ်ခု ပေါ်လာသည်။ တက်စီငှားကာ ထိုနေရာသို့ သွားခဲ့သည်။
''ဖရက်ဒရစ်ဒေါက်ကလပ်စ်'' အထိမ်းအမှတ်ပြတိုက်။
သူ့ကို လမ်းပြတစ်ယောက်က ကြိုဆိုသည်။ အိန္ဒိယလူမျိုးဧည့်သည် သည်တစ်ယောက်ဖြစ်၍ ထိုသူက ပို ဂုဏ်ယူ သွားပုံရသည်။
ထိုအိမ်ကြီး မှာ ၁၅ ဧက ကျယ်သော ပရဂုဏ်ကြီးထဲတွင် ဆောက်လုပ်ထားကြောင်း၊ မူလမြေပိုင်ရှင်က ထိုမြေကို အိုင်းရစ် လူမျိုးနှင့် နီဂရိုးတို့အား မရောင်းခဲ့ရန် ဒီကရီပြုခဲ့ကြောင်း၊ သို့သော် ဖရက်ဒရစ်ဒေါက်ကလပ်က မရမနေ ဝယ်ယူပြီး ၁၈၉၅ ခု သူသေဆုံးချိန်အထိ နေသွားခဲ့ကြောင်း လမ်းပြက ပြောပြသည်။
ဧည့်ခန်း ထဲတွင် အမျိုးသမီးပုံကြီး ၂ ပုံရှိသည်။

တစ်ပုံမှာ  ''ဆူဆန်ဘီအင်တိုနီ'' ၏ပုံ အခြားတစ်ပုံမှာ အယ်လစ်ဇဘက်ကေဒီစတင်ကန် ၏ပုံ။
သူတို့ နှစ်ယောက်လုံးပင် အမျိုးသမီး အခွင့်အရေးတိုက်ပွဲဝင် ခေါင်းဆောင်များဖြစ်ကြသည်။ ဒေါက်ကလပ်စ်ကို ကြည်ညိုသူ၊ ဒေါက်ကလပ်စ်၏ မိတ်ဆွေများလည်း ဖြစ်ကြသည်။
အောက်ထပ် ဧည့်ခန်း တွင်လည်း အသားရောင်ခွဲခြားမှုကို တိုက်ဖျက်ခဲ့သော ခေါင်းဆောင်ကြီး များ၏ပုံ၊ ကျွန်ပိုင်ရှင် စနစ် ကို တိုက်ဖျက်ခဲ့သော သူရဲကောင်းကြီးများ၏ပုံများ ချိတ်ဆွဲထားသည်။
အပေါ်ထပ် တွင် သမ္မတတလင်ကွန်း လုပ်ကြံရပြီးနောက် သမ္မတကတော်က ဒေါက်ကလပ်စ်ကို ပေးခဲ့သော သမ္မတကြီး ၏ လမ်းလျှောက်တုတ်ကောက်ကို တွေ့ရသည်။
စားပွဲခုံတစ်ခုံပေါ်မှ အမျိုးသမီးတစ်ယောက်၏ ပုံကိုလည်း ရာဂျာ သတိပြုမိသည်။ မျက်လုံးပြူးပြူး၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်း ပုံ လှလှ ဆံပင်အလည် မှ ခွဲထားသော အင်မတန် လှသည့် အမျိုးသမီး ပုံ ဖြစ်၏။ တစ်ခါ ဆုံးဖြတ်ချပြီးလျှင် ဘယ်တော့မှ မပြင်တတ်သော ရုပ်မျိုးဟု ရာဂျာထင်မိ၏။

သူသည် ဒေါက်ကလပ်စ်၏ ဒုတိယဇနီး ဖြစ်သည်။
''သူက လူဖြူ အမျိုးသမီးဗျ။ နယူးယောက်မြို့က ထင်ရှားတဲ့ မိဘတွေက မွေးဖွားလာခဲ့တဲ့သူပဲ။ ကောလိပ်က ဘွဲ့ရသူ လည်း ဖြစ်သည်။ ၁၈၇၀ လောက်မှာ ဖရက်ဒရစ်ဒေါက်ကလပ်စ်နဲ့ တွေ့ပြီး လက်ထပ်ခဲ့တယ်။ သူ့ လက်ထပ်တာ ကို ဝေဖန်ကြတိုင်း သူက ကျွန်မ ချစ်လာရင် အဲဒီချစ်သူဟာ အသားရောင်ကြောင့်တော့ လက်မထပ်ဖြစ် ဘဲ မနေနိုင်ဘူး၊ ကျွန်မ လက် ကို လက်ထပ်ရမှာပဲလို့ ပြန်ဖြေတယ်တဲ့''
လမ်းပြလေး က ပြောပြသည်။ ကျောင်းအပြန်ရထားပေါ်တွင် ရာဂျာ ထိုစကာလုံးများကို ပြန်ကြားနေမိနေသည်။

''ချစ်လာရင် အသားရောင်ကြောင့်တော့ လက်မထပ်ဖြစ်ဘဲ မနေနိုင်ဘူး၊ ကျွန်မ လက်ကိုလက် ထပ်ရမှာပဲ ''ဟူသော စကား၊ သူကောလူစီဘဲလ်အပေါ် ထိုသို့ပြုမူ ကျင့်ကြံရဲပါ့မှာာလား။ သူ လူစီဘဲလ်ကို ချစ်သည်။ လူစီကို ပိုင်ဆိုင်ချင် သည် သူတို့နှစ်ယောက်၏ နောက်ခံအခြေအနေသည် မည်မျှကွဲပြားနေစေကာမူ  သူတို့နှစ်ယောက် က ပျော်ပျော်ရွှင်ရွှင်။ နေနိုင်သွားမည်သာ ဖြစ်သည်ဟု သူခံစားမိသည်။
သူပထမဆုံး အကြိမ် ရထားပေါ်တွင် တွေ့ခဲ့သော မျက်နှာဖြူမလေးကို  သတိရမိ၊ ထိုရုပ်ပုံလွှာလေးကို သူအမြဲ သတိရနေမိသည်။ သို့သော် ယခုသူလိုချင်သူမှာ ထိုမျက်နှာဖြူမလေးချောချောမဟုတ်။ ယခုသူလိုချင်သည့်သူမှာ လူစီဘဲလ်၊ သူတို့နှစ်ယောက် အတော် ကွဲပြားခြားနားနေသည်။ ဒါပေမဲ့ သူက လူဖြူမလေးကိုမချစ်။
သူချစ်သည်က လူစီဘဲလ်။
သူကောင်းကောင်း သိလိုက်ပါပြီလေ။

လူစီဘဲလ် သည် သူ့ကို ဘူတာရုံမှကြိုနေသည်။ ဂါဝန်နီ ဆွယ်တာအဖြူ၊ ဆံပင်လေးကို ဖြန့်ချထားလျက်။ သူ့ကိုကြည့်ရသည် မှာ ယခင်ကထက် ပို၍လှနေသည်။ သူ့ကို မြင်သည်နှင့် လူစီဘဲလ်သည် ကသောကမျော ပြေးလာသည်။
''ရာဂျာ၊ ရာဂျာရေ၊ ကျွန်မလေ မောင့်ကို သိပ်လွမ်းတာပဲကွယ်''
''မောင် လည်း  မင်းကို လွမ်းတာပဲကွယ်။''
''သူက နမ်း ရန် ကြံသေးသည်။ သို့သော် လူထဲသူထဲမို့ ရှက်သေးသဖြင့် ပြန်ချိုထားလိုက်သည်။''
ထို့ကြောင့် လက်ကလေးကိုသာ လှမ်းဆွဲလိုက်သည်။
''ဝါရှင်တန် က ဘယ်လိုနေလဲဟင်''
''အံ့သြစရာ ကောင်းတာပေါ့။''
''ဘာလဲ မောင့် အဖေ ပြောနေကျ အံ့သြပုံမျိုးလား။ တကယ်ပဲ အံ့သြတာလား''
''တကယ့် ကို အံ့သြစရာကောင်းတာပေါ့။''
''ဘယ်လို အံ့သြစရာကောင်းတာလဲ ပြောပါဦး''
''ဘာလဲ''
''ကျွန်မ ကားမောင်း လာတာ မောင်ရဲ့။ဒါက ပထမဆုံးအကြိမ် ဖေဖေမပါဘဲ ကျွန်မကားမောင်း ခွင့်ရတာ သိလား။ ကျွန်မ တစ်ယောက်တည်း လာခဲ့တာ''
''တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မစ္စလူစီဘဲလ်ရယ်။ ''

ဟာရီယက် က နောက်မှနေ ပေါ်လာသည်။
''မင်း ဘာလုပ်တာလဲကွ''
ရာဂျာ က မေးလိုက်သည်။
''ရှင်တို့နှစ်ယောက်လုံးကို စောင့်ကြည့်နေတာပေါ့။ ရှင်က သူ့ကို နမ်းမှာကို လူစီဘဲလ်က ကျွန်မ မမြင်စေချင်ဘူး တဲ့လေ။''
''ဟာရီယက်။ ငါနင့်ကို တစ်ခါမှ အဲဒီလို မပြောဖူးပါဘူးဟယ်''
''အေးလေ၊ ပါးစပ်က ဖွင့်မပြောပေမဲ့ စိတ်ထဲတော့ အဲဒီလိုရှိမှာပေါ့။ ဟုတ်လား''
ကားပေါ်ရောက်သော အခါ လူစီဘဲလ်က
''ဟာရီယက်၊ နင်က နောက်ခန်းသွားထိုင်စမ်း''
''မထိုင်ပါဘူး၊ ကျွန်မတို့အားလုံး ရှေ့မှာ ထိုင်မှာပေါ့။ ရာဂျာက အလယ်ကထိုင်လေ။ ဒါဆို အစ်မလေးမှာ သူရှိနေပြီ မို့ ကျေနပ်စရာပေါ့။

''ဟေ့၊ ရှေ့ခန်း ၃ယောက်ထိုင်တယ်ဆိုတာ ဥပဒေနဲ့ မညီမညွှတ်ဘူးကွ''
''ဒါတော့ မသိဘူးလေ''
ထို့နောက် ဟာရီယက်က ဇွတ်ပေကာ ထိုင်နေသဖြင့် ရာဂျာမှာ မိန်းကလေးနှစ်ယောက်ကြားတွင် ထိုင်ရင်း လိုက်ခဲ့ရသည်။
ရာဂျာ က ဝါရှင်တန်တွင် သူတွေ့ခဲ့ရပုံများကို ပြန်ပြောသည်။ ကောင်မလေးနှစ်ယောက်လုံးက တစူးတစိုက် နားထောင်ကြသည်။
သူဆန္ဒပြပွဲ ထဲ ပါသဖြင့် ဒေါက်တာမေတာက ဘယ်လိုစိတ်ဆိုးပုံ၊ သူက ဘယ်နည်းပြန်ပြောပုံများ။
နိုင်ငံတကာ ပညာရေးအကြောင်းကိုကား သူမပြောဘဲ ချန်ထားလိုက်သည်။ လူစီဘဲလ်က ထပ်မမေးမီ သူသည် ဖရက်ဒရစ်ဒေါက်ကလပ်စ် ၏ အိမ်သွားကြည့်ပုံကို စကားလမ်းကြောင်း ပြောင်းပြောလိုက်သည်။

၁၂
ရာဂျာကို သူဘယ်လောက်ချစ်သလဲ။
သူ့ကိုယ်သူ ကောင်းကောင်းသိသည်ဟု လူစီဘဲလ်ထင်မိသည်။ ရာဂျာဆိုသော နာမည်လေးကြား လိုက်ရသည်နှင့် ပင် သူ့ပါးပြင်တစ်ခုလုံး ချစ်သွေးတို့ လျှမ်းတက်ကုန်သည်အထိ။
ရာဂျာ ကို အသည်းရော နှလုံးရော ပုံပြီး ချစ်ပါသည်။ဒါပေမဲ့ ရာဂျာနှင့်အတူ အိန္ဒိယသို့ လိုက်သွားချင်သလား။
ပြီးခဲ့သော ဆန္ဒပြပွဲကြီးက သူ့စိတ်နေစိတ်ထားကို ဗြောင်းဆန်ပစ်လိုက်ပြီ။ ထိုတိုက်ပွဲကြောင့် သူ့အားမာန် များသည် ပိုပြီး တက်ကြွလာခဲ့ရသည်။
လူမှုအခွင့်အရေး တိုက်ပွဲသည် တခြားကိစ္စတွေထက် ပိုအရေးကြီးသည်။
ထိုအကြောင်း ကို စဉ်းစားလိုက်တော့ သူ့အာရုံတွင် လူစီဘဲလ်ဖပေါ်လာတတ်သည်။ ရာဂျာသည်လည်း ဆန္ဒပြပွဲ ထဲမှာ ပါတာမဟုတ်လား။ ဒါပေမဲ့ အဲဒီအထဲလည်း ပါတဲ့သူ။ နောက်ပြီး အဲဒီထဲက လူလည်း ဖြစ်တယ်လေ။

လူဝီက သူ့ကို ချစ်သည်။
သူကလည်း တစ်နည်းတစ်ဖုံ ခင်မင်မိပါသည်။
လူဝီက ရုပ်ချောသည်။ ဥာဏ်ကောင်းသည်။ နောက်ပြီး စိတ်ဓါတ် ခိုင်မာသည်။
နှိုင်းစရာ ဆိုလို့ သူ့အဖေခြေရာ နင်းနိုင်သည့် လူမျိုးဟုပင် ပြောရချေမည်။ သူ့မိဘတွေကလည်း လူဝီနှင့် သဘောတူကြသည်။
သူ့အမေ ကတော့ ရာဂျာကို ပိုသဘောကျပုံရသည်။
လူဝီအိမ်လာလျှင် မေမေက မီးဖိုချောင်ထဲ ခေါ်တွေ့တတ်ပြီး ရာဂျာလာလျှင်မူ ဧည့်ခန်းထဲခေါ်တွေ့တတ်သည်။ ဒါကလည်း နားလည်နိုင်လောက်ပါသည်။
လူဝီက လူရင်းကိုး
အသွေးတူ အသားတူ ကိုး။

သုခ၊ ဒုက္ခ ခံစားဖော် ခံစားဖက်ကိုး။
ရာဂျာကတော့။
သူအိန္ဒိယ သို့ မလိုက်ဟုဆိုလျှင် ရာဂျာကကော အမေရိကန်မှာ ဆက်နေနိုင်ပါ့မလား။
သူနေနိုင်မည်မထင်၊ နေလည်းနေချင်ပုံမရ၊ ရာဂျာသာ တခြားလူဖြူတက္ကသိုလ် တစ်ခုခု ရောက်သွားရင် သူမြင်တာ ကြားတာ သိတာတွေ ပြောင်းသွားကုန်မှာပါ။ ဒါနဲ့ သိပ်ကွာခြားတာ သူသိလာမှာပါလေ။
ရာဂျာ က ဗြဟ္မဏမျိုးနွယ်တဲ့။
ဇာတ်မြင့်သည်။
လူတိုင်းနှင့် ဒွေးရောယှက်တင် နေနိုင်ပါ့မလား။
ရာဂျာ က သိပ်ချောသည်။
  သိပ်လည်း ဥာဏ်ထက်မြက်သည်။
သိပ်လည်း အံ့သြစရာကောင်းသည်။
နောက်ပြီး သတ္တိလည်း မခေ။
ဆန္ဒပြပွဲတုန်းက သူ့လုပ်ရပ်များသည် သူ့သတ္တိကို သက်သေထူပြနေသည် မဟုတ်လား။

သို့သော် သူသည် တစ်ချိန်လုံး တစ်သက်လုံး တိုက်ပွဲဝင်နိုင်ပါမလား။
ပိတ်ထားသောတံခါး ကို အဘယ်မျှ ကြာကြာခေါက်နေနိုင်မှာလဲ။
လူစီဘဲလ် သည် သူ့ဖာသာသူ မေးခွန်းထုတ်လိုက်၊ သူ့ဖာသာသူ လှဲချလိုက် လုပ်နေသည်နှင့် တူနေသည်။ ကိုယ့်ဖာသာ ကို အမေးအဖြေ လုပ်နေသည်ကို မကျေနပ်သဖြင့် သူ့အမေကို မေးကြည့်ပြန်သည်။
''မေမေ ရာဂျာနဲ့ ပတ်သတ်လို့ ဘယ်လိုသဘောရမလဲ ဟင် ''
ထိုမေးခွန်းမှာ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်၊ အထပ်ထပ်အခါခါ မေးနေကျ မေးခွန်းဖြစ်သဖြင့် သူ့အမေ လည်း စိတ်မရှည်တော့။

''လူစီဘဲလ်ရယ်။ တခြားမေးခွန်းတွေ မမေးတော့ဘူးလား ၊ခုတော့ တစ်ခါလာလဲ ဒီမေးခွန်း နှစ်ခါလာလဲ ဒီမေးခွန်း ပဲ၊ နင်ကတော့လေ ခရစ်တိုဖာကိုလံဘတ်ထက်တောင် ဂုဏ်ပြုခံရဖို့ ကောင်းနေပြီ။ သူက အမေရိကန်တိုက် ကို တွေ့ခဲ့ရုံပဲ ရှိတယ်။ နင်ကတော့ ပြောစရာ မရှိအောင် တော်တယ်ဆို၊ ဒါနဲ့များ ငါ့ကို ထပ်မေး မနေတော့၊ ရာဂျာအပေါ် ဘယ်လိုသဘောရသလဲလို့''
လူစီဘဲလ် သည် သူ့အမေကိုမေးမရတော့ သူ့ညီမဟာရီယက်ဘက်သို့ လှည့်ရတော့သည်။
ဟာရီယက် ကတော့ ရာဂျာအကြောင်းဆိုလျှင် အမြဲပင် အငြင်းတမ်း နားထောင်တတ်သည်။ ဟာရီယက်က ရာဂျာဘက် က ရာဂျာအား မိုးကျရွှေကိုယ်တမျှပင် အထင်ကြီး၏။
ရာဂျာ သည် သူ၏စံပြ။

လူစီဘဲလ်က ရာဂျာကိုမယူလျှင် သူကတော့ ယူမှာအမှန်ပင်ဟု ပြောတတ်သည်။ သူက ရာဂျာသည် သူ့တစ်သက်တာ တွင် တွေ့ဖူးသမျှ လူတွေအားလုံးထက် အဆအရာ သန်းပေါင်းများစွာ နှိုင်းမရအောင် သာသူဖြစ်သည် ဟု ယူဆထားသည်။
သို့သော် လူစီဘဲလ်က လူဝီတစ်ခါတုန်းကူ ပြောခဲ့သော စကားများကိုလည်း ကြားယောင်မိသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, September 28, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၈)

ဟစ်လို့သာငိုလိုက်ချင်တော့

"ဝေါ...၀ုန်း...ဗလုံးဒုံး...ဂွမ်း"
ဤသည်ကား 1941ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက် ဂျပန်ပြည်သားကို တိုကျိုကမြန်မာပြည်အား ဖွားသစ်စ စစ်မြေပြင်အဖြစ်  အသိအမှတ်ပြုရန် ရန်ကုန်မြို့ကြီးသို့ လာရောက်ကာ ကွမ်းယာ၊ ဆေးလိပ်များ အတော်ပင် အကုန်အကျ ခံ၍ ကျင်းပသည့် "ကင်ပွန်းတပ်ပွဲကြီး"တွင် တီးမှုတ်သော "နိပ္ပန်မြူးဇစ်သံ"ဖြစ်ချေ၏။
ထိုအတီးအမှုတ်သည် "ခေတ်မီ၍" မြိုင်ဆိုင်သလောက် ပေးကမ်းဝေငှသော ကွမ်းယာ၊ ဆေးလိပ် များမှာလည်း ပျံ့နှံရလေကား ရန်ကုန်မြို့သူမြို့သားများစွာ တို့သည် ကွမ်းတဖတ်ဖတ် စားကြ တာဆေးလိပ်ငွေ့ တထောင်းထောင်းနှင့် သောင်းသောင်းဖျဖျ ဟစ်အော် ကြွေးကြော်ကြကုန်၏။

ဤကင်ပွန်းတပ်ပွဲကြီး ကျင်းပစဉ်တွင် ကျွန်တော်တို့ လူစုနေကြသော နေရာဌာနမှာ အတော်ပင် မဏ္ဍပ်ချောင်ကျလေ ရကား အကမ်းအလှမ်းများ ရောက်ရှိမလာဘဲ အခြားသူ များ သောက်ရှူ နေ ကြသော ဆေးလိပ်မီးခိုးငွေ့များကိုသာ မျှော်မှန်းရော်ရမ်း၍ နေခဲ့ရပေ၏။
ယင်းသည် အလှူပွဲကြီးတွင် ကျွန်တော်သာ ဆေးလိပ်သောက်၍ ကွမ်းယာစာလိုက်ရပါမူ ယခု ဖော်ပြ မည်ဖြစ်သော "ဟစ်လို့သာငိုလိုက်ချင်တော့"ဆိုရလောက်အောင် ကျွန်တော့်ကို သနားစရာ ကောင်း လှသည့် ဤအဖြစ်အပျက် ကလေးကို ကျွန်တော်ရေးသားနိုင်တော့မည်မဟုတ်။ တာဝတိံ သာတွင် နတ်သမီး တစ်ဖက် ၅၀၀ကျော်နှင့် လက်ကိုင်ပ၀ါကလေး နှာခေါင်းပိတ်ကာ ညှော်ရှောင် နေရပြီဟု ထင်မြင်မိပါကြောင်း။

သို့လင့်ကစားလူ့ကံသည် လူထံ၌အမြဲတမ်း ရှိနေပါသေးသည်။
ထိုပွဲကြီး အပြီးတွင် ရန်ကုန်မြို့ ကြီးသည်အတော်ပင်ပန်းနွမ်းရိသွားလေ ရကား စည်ကားသော မြို့ကြီး အဖြစ် မှ ခေတ္တခွင့်ယူလိုက် သည်ဖြစ်သောကြောင့် ကျွန်တော်သည် ထောင်ကဲလက်မခံသဖြင့် ကျန်ရှိနေသော အ၀တ်အစား များနှင့် စာအုပ်အဟောင်းဆိုင်များသို့ ရောင်း၍မစွံလောက်အောင် ဖုန်တက်ညစ်ပေနေသော လက်ကျန် စာအုပ်များကို ဘုရားစူး ကျောင်းသားပါဟု အကျိန်လွတ်ရုံ ၀တ်ကျေဝတ်ကုန် ထုပ်ပိုး သယ်ဆောင်ကာ ဒီဇင်ဘာလ ၂၄ရက်နေ့၊ နံနက် ရနာရီခွဲအချိန်တွင် ကြည့်မြင်တိုင်ဘူတာ၌ လူတွေ ဗလုံးဗထွေး အန်ထုတ်နေ သောမီးရထားကြီးပေါ်သို့ နံဘေးပြတင်းပေါက်မှ အတင်းနွားတက်တက်ကာ လိုက်ပါခဲ့လေ၏။

ညနေလေးနာရီခန့်တွင် ရန်ကုန်မြို့မှ မိုင်ပေါင်း ၁၆၀မျှကွာဝေးသော ကျွန်တော်တို့ တောမြို့ ကလေး သို့ရောက်ရှိခဲ့သည်ဖြစ်၍ ဤသည်မှတစ်ဆင့် ကျွန်တော်တို့၏ဇာတိချက်ကြွေ မွေးဌာန သို့ဂေါဏ ယာဉ်နှင့် မြန်းရောက် နှုတ်ဆက်နေရ သဖြင့် သက်ကြီးခေါင်းချ၊ ကာလသားကြက်ခိုးချိန် မှပင်အိမ် သို့ ရောက်ခဲ့၍...
"နွားလေး....လူမမြင်ရသေးဘူး၊ ထန်းရည်နံ့က အရင်ထွက်လာတာပဲ၊ နင်ကျောင်းနေလည်း ဒီလိုသောက်နေ တာပဲလား။ တစ်သက်လုံး လူမွေးပေါက်မယ့်ကောင်လေး မဟုတ်ဘူး..."ဟု မွေးသဖခင်၏ ထုံးစံအတိုင်း ချီးကျူးခြင်း ကို ခံရလေ၏။
နောက်တစ်နေ့တွင်မူကား ကျွန်တော့်မှာ "ဂရီးလန်း (Green Land) ကျွန်းမှ အရှင်လတ်လတ် ရေခဲစိမ်ယူလာခဲ့သော အက်စကီးမို" ကလေးသဖွယ် ဗုံးဒဏ် ဘေးလွတ် သေခဲကောင် ကလေးအဖြစ် နှင့် လူများစွာ ၀ိုင်းအုံကြည့်ရှုခြင်းကို ခံရပါတော့သည်။ အကြောင်းမှာ "ဦးကြံဘော် သား ကျော်စံကေး ရန်ကုန်က ပြန်လာပဟေ့..."ဟူသော သတင်းထူးကြောင့် လှည်းနေ၊ လှေအောင်း၊ နွားဇောင်း၊ သူတောင်းစား မကျန် (ကျွန်တော်တို့ရွာ၌ မြင်းမရှိ) ကျွန်တော့်ထံလာ၍ ရန်ကုန်မြို့ နိပ္ပန်ဗမာ မိတ်ဆက်ပွဲ အကြောင်းကို မေးမြန်းကြကုန်၏။

ကျွန်တော့် မှာ လူတို့၏ထုံးစံအတိုင်း ဟုတ်သည်ထက် ပို၍ပြောတတ်ရုံမက ပင်ကိုဓာတ်ခံကလည်း လူများထက် ထူးထူးခြားခြား ဝင့်ကာ ကြွားဝါရန် အလွန်ဝါသနာ ထက်သန်သူဖြစ်လေရကား ကိုယ် တွေ့ မျက်မြင်အနည်းငယ်တွင် မဟုတ်မဟတ်တာတွေ များစွာကို တတ်နိုင်သမျှ ရောနှောဖြည့်စွက် သတင်းလွှင့်လေ သဖြင့် နောက်လာမည့် ဂျပန်ခေတ်တွင် လွတ်လပ်သော မြန်မာအစိုးရ၏ဝါဒဖြန့်ချ သမျှကို ယုံကြည်ကြ မည်ဖြစ်သော ဝနေပရိသတ်များ မှာ ရောက်လာမစဲ တသဲသဲရှိနေကြလေ၏။

ကျွန်တော်လည်း ဝါသမျှ ယုံ၊ ယုံသမျှ ကြွားနှင့် ဂနိုင်လူထူရှေ့တွင် အကြီးအကျယ် ခံတွင်းတွေ့ လိုက်သည်မှာ အချိန်မည်မျှ ရှိသည်ကိုပင် မသိ၊ ရုတ်တရက် မွေးသဖခင်သည် ကျွန်တော်၏အဝတ် သေတ္တာနှင့် စာအုပ်သေတ္တာ ကို ဧည့်ပရိသတ်ရှေ့တွင် ဖွင့်ပြကာ…
"ဘယ်မလဲ နွားကလေး၊ အိမ်က ဝယ်ပေးလိုက်တဲ့ အဝတ်တွေနဲ့ နင် နောက် ရန်ကုန်မှာ ဝယ်တယ် ဆိုတဲ့ အဝတ်တွေ၊ နို့ပြီး စာအုပ်ဝယ် ဖို့ တောင်းလိုက်တဲ့ငွေကလည်း သောက်သောက်လဲလို့၊ ဘယ် မှာလဲ ခု… နင့် မယ်မယ်ရရ စာအုပ်" ဟု ဒေါသတကြီးမေးလေမှ လူထုရှေ့တွင် စတိုင်နှင့် လေလုံး ထုတ်နေသော ကျွန်တော့်မှာ ရှက်ကိုး ရှက်ကန်းဖြစ်သွားကာ တောင်းပန်သော အသံကလေးနှင့်…
"သြော်… အဘကလည်း အသက်ဘေးက လွတ်အောင် ခွေးပြေးဝက်ပြေး ပြေးလာခဲ့ရတာ ဘယ်မှာ အစုံအစေ့ ပါနိုင်မလဲဗျ" ဟု တတ်နိုင် သမျှ ညာလိုက်မိရာ အဖေမှာ ပိုမိုဒေါသကြီးလာပြီး…
"အောင်မာ… ကျော်စံကေးရာ နင်က ငါမွေးတဲ့သားပါဟ၊ နင်က ငါ့ကိုညာလို့ ရမလား၊ ကျောင်းသွား နေတဲ့ကောင်တဲ့၊ ဖောင်တိန်တောင် အိတ်ထဲပြန်ပါမလာဘူး၊ တော် နင် နောက်ထပ် ဘာမှ မပြောနဲ့ တော့၊ နင့် ငါ ရိုက်ချင်နေတာ ကြာလှပြီ အိမ်လူတွေများနေလို့ ကြည့်နေတာ"

ကျွန်တော့်အဖေနှင့် ကျွန်တော့် သောက်ကျင့်မှာ ၃-၄ လမျှ ကွဲကွာနေခဲ့သည်ကို ၃-၄ နာရီအတွင်း အလွမ်းပြေသွားစေရံမျှမက ချက်ချင်းပင် ထ၍ရိုက်သော အခြေအနေသို့ ရောက်သွားတတ်သည် မှာ အဆန်းတော့ မဟုတ်ပါ။ သားအဖနှစ်ယောက်အကြောင်းကို ကောင်းကောင်းသိနေကြသော ဧည့်ပရိသတ် တို့လည်း ရယ်မောကြာ ထိုင်မှထသွားကြ၍ ကျွန်တော်လည်း ကြာလျှင် မွေးသဖခင် တကယ်ဆော်တော့မည်ကို အတတ်သိ သဖြင့် အိမ်ပေါ်မှ ဆင်းသွားခဲ့လေ၏။

အိမ်အောက်ရောက်၍ နေကို မော်ကြည့်လိုက်သောအခါ စုံနံ့သာမြိုင်လူထုအား ညာပုံတော်ဝါဒ ဖြန့် ချိနေသည်ကို ရပ်ဆိုင်းစေလိုက်သော မွေးသဖခင်အား အထူးပင် ကျေးဇူးတင်မိပါတော့၏။ အကြောင်းမူကား နေမင်းသည် အနောက် ဘက်ကောင်းကင်ပြင်တွင် ထန်းတစ်ဖျားမျှ အမြင့်ကျန်၍ ညနေ ထန်းရည်ချိန် ရောက်ချေပြီတည်း။
ကျွန်တော် သည် ဝမ်းသာအားရ လေချဉ်များထကာ ရွာအရှေ့ပြင်ရှိ ကိုမောင်ခိုကြီး၏ထန်းပင်ရိပ် သာစခန်း သို့ မြန်းခဲ့လေ၏။ ထန်းတောစပ်ရောက်မိလျှင်ပင်…
"ဟေ့… ခွေးဆိုး ခုမှလာသလား…၊ မင့် ငါမျှော်နေတာကြာလှပြီကွ" ဟူသော ကိုမောင်ခိုကြီး၏ အထက်သံကို ကြားရလေ ၏။ ကျွန်တော်လည်း ခါးတောင်းကျိုက်ကျားကျား၊ ထန်းလက်ကြား၌ ကားယားခွလျက်၊ ထန်းစ လှီးနေသော ကိုမောင်ခို ကို မော်ကြည့်ကာ…
"အေးဗျ… အခုမှပဲ ဧည့်စဲသွားတော့တယ်၊ အပင်ကောင်းကောင်းထဲက ရှိသေးလားဗျ"

"ရှိပါတယ်၊ မင်းဖို့ ငါ တမင်သက်သက် "မြွေဟောက်ပင်" က တစ်ကျည်တောက် ချန်ထားတာ၊ သိပ် ကောင်း တာပဲကွ၊ မင့်အကြိုက်ပဲ၊ ကြောင်သားဟင်းလည်း ရှိတယ်ကွ"
ဤသည်ကို ကြားလိုက်ရလျှင် ကျွန်တော့်မှာ "ဟေ့"ခနဲ လေတက်လာပြီး ကျွင့်ခနဲ သွားရည်ကို မျိုချ လိုက်ရ၏။
"ထန်းရည်နှင့် ကြောင်သား၊ မယားနှင့်လင်၊ ဘဲကင်နှင့် ဘီယာ၊ ဆိုဒါနှင့် ဝီစကီ" ဤသည် တို့ကား လောကကြီး တွင် တတ်နိုင်သမျှ တွဲဖက်ရန် အသင့်လျော်ဆုံးသော အရာဝတ္ထုများတည်း။ "ထန်း ရည်ခါးနှင့် ကြက်သား" ဆိုသော စကားမှာ ကြောင်သားနှင့် ထန်းရည်သောက်ဖူးသူတို့ဖို့ များစွာ ရယ် စရာကောင်းသော ပြက်လုံး ကလေးတစ်ခုဖြစ်ချေသေး၏။

လက်ငုတ်ထန်းစ ထန်းဖိုရည် ညနေချ။ ခေါင်းပေါင်းစ တဝေဝေလေးနှင့် အခေါက် တစ်ထပ်၊ အဆီ တစ်ထပ်၊ အသားတစ်ထပ် သုံးထပ်သား ကြောင်သားဟင်းဆီပြန်ကို တွဲယှဉ်၍ ထားလိုက် ပါမူကား သောက်စားဖူး သူတို့၏နှာဝ တွင် ၎င်းတို့မှထွက်ပေါ်လာသော ဂန္ဓာရုံသည် မည်မျှထိခိုက်စွဲလမ်းပါအံ့ နည်း။ ဥပမာပြ ရသော် မွှေးနံ့သာ လိမ်းခြယ်ထားသော ကညာပျို၏ပါးပြင်ကို နှာခေါင်းတင်၍ မွှေးရ သည်နှင့်ပင် နှိုင်းယှဉ် ၍ အားမရသေး။ သောက်စားလိုက်ရခြင်း၏ အရသာကိုမူကား အထူးအဖော်ပြ တော့ပြီ…။ "နင့် နန်းမြေတ၀က်၊ ထန်းရည် တစ်ခွက်နှင့် ငါမလဲ" ဟူသော စကားတစ်လုံးတည်းနှင့် ပင် အတော်အတန် လုံလောက်ပေပြီ ဟု အောက်မေ့ မိပါ၏။

မကြာမီ ထန်းတက်ဝိဇ္ဇာကိုမောင်ခိုသည် "မြွေဟောက်ပင်"ပေါ်မှ ထန်းရည်တစ်ကျည်တောက်ကို ချ လာကာ ကြောင်သားဟင်းတစ်ခွက်နှင့် ထန်းလက်ကာ ထန်းလက်မိုး တဲစုတ်ကလေးပေါ်တွင် ကျွန်တော် တို့ အား နေရာချထားခဲ့ပြီး သူ၏ထန်းပင်များကို ပြန်၍လှီးနေလေ၏။ "မြွေဟောက်ပင်" ဟု ခေါ်သည်ကား အပင်လည်ဆစ် သို့ရောက်လေလျှင် မြွေဟောက်မြည်သံကဲ့သို့ တရှီးရှီး ထန်းရည်ဆူပွက်သံ အမြှုပ်တက်သံကို ကြား ရသောကြောင့်ဖြစ်၏။

အောက်ရောက်၍ သောက်နေ စဉ်၌ လည်း သူ၏တရှီးရှီး ခေါ်ငင်သံမှာ လက်တစ်လှမ်း ခွက်တစ်ကမ်းမှပင်နေ၍ ကြား ရ၏။
လေတ၀ူးဝူးနှင့် တဲစုတ်ကလေးပေါ်တွင် ကျွန်တော်သည် ဤထန်းရည်တစ်ကျည်တောက်နှင့် ကြောင် သားဟင်း ကို ခံတွင်းတွေ့နေလိုက်ရာ၊ ဘနုရာဇာ၏ ဒေါင်းစကြာသည် နောက်ဂေါယာသို့ တဖြည်းဖြည်း စိုက်ဆင်းနေ၍ ကျည်တောက် အတွင်းရှိ ထန်းရည်တို့မှာလည်း တစတစ နိမ့်ကျလေပြီ။ နေမင်း၏ မျက်နှာပြင်သည် အလင်းရောင် အားနည်းလာသကဲ့သို့ ကျွန်တော်၏ မျက်စိများလည်း မှေးမှိန်ရီဝေ၍ လချေပြီ။ နောက်ဆုံး ကျည်ထောက်ခေါင်း ထဲရှိ ထန်းရည်များသည် ကျွန်တော်၏ဗိုက်ထဲသို့ ပြောင်းရွှေ့ ပြီးကာ ကျည်တောက် ကလေးမှာ သူ၏တာဝန်ပြီးဆုံး၍ တုံးလုံးလှဲလိုက်သည်တွင် ကျွန်တော်လည်း နံဘေးရှိ တဲတိုင်ကို ခပ်ယိုင်ယိုင် ကလေး မှီခွေ့လိုက်လေ၏။

မူးယစ်သောအခါတွင် စံစားရသော စည်းစိမ်ကား ကိုယ်ကြီးတစ်ခုလုံး လေထဲတွင် လွင့်ပါနေသကဲ့သို့ လွတ်လပ်လပ် ရှိလှသည်။ ခြင်ကိုက်ခြင်း၊ ယင်နားခြင်း၊ ညောင်းညာခြင်း၊ ပူအိုက်ခြင်း၊ လေ တိုက်ခြင်း၊ အေးစိမ့်ခြင်း စသော အသေးအဖွဲနှောက်ယှက်မှု ကိစ္စကလေးများကို ခန္ဒာကိုယ်ကြီး က အသိအမှတ် အပြုတော့ပြီ။
စိတ်မချမ်းသာစရာ သောကကလေးများလည်း ဝေးရာသို့ ပြေးကြလေ ပြီ။ ရှေ့ရေးအဖို့ မိမိကြံစည်နေ သော(၀ါ) တမ်းတနေသော လိုရင်းကိစ္စ အရာ ၀တ္ထုများအတွက် လုပ်ငန်းစဉ် စိတ်ကူးအကြံဥာဏ်များ သာ လွတ်လပ်နေသော ခန္ဒာကိုယ် ကြီး တစ်ခုလုံးရှိ အင်အားများများနှင့် စုပေါင်းပေါ်ထွက်လာလေ သည်။
(အလွန်အကျွံ မူးနေသောအခါကို မဆိုလို)

ဤစဉ်တွင် ကျွန်တော့်စိတ်ကူးထဲ၌ ပေါ်လာသည်ကား (ကျွန်တော်မှာ လူပျိုလေးဖြစ်သည့်အားလျော် စွာ) စတယ်လာ မှာ လှပကြော့ရှင်း ဘယ်နှပြစ်ကင်းလဲမသိ။ အတွင်းပစ္စည်း တောင့်တောင့်၊ ရုပ်ဖြောင့် ဖြောင့်နှင့် တအောင့် ကလေး မြင်မိလျှင် ဘ၀င်မချိအောင် အတွင်းစိတ်မျးရတဲ့ အင်္ဂလိပ် ကပြားကော့ပျံ ကားမ ကလေး ဖြစ်လေသည်။
စတယ်လာ၏ နေအိမ်မှာ ကြည့်မြင်တိုင်တွင် ကျွန်တော်နေခဲ့သော အိမ်နှင့် တစ်လမ်းတည်း ဖြစ်၍ ကျွန်တော်တို့ သူငယ်ချင်းတစ်စု သူ့ကို ဂေါ်ရာဝယ် စတယ်လာမှာ ကပြားမလေးလည်း ဖြစ်ပြန်၊ ပင်ကိုယ် ကလည်း ဂေါ်သူများစေချင်ပြန်ဖြစ်သောကြောင့် မည်သူမည်ဝါ မခွဲခြားဘဲ တင်ဆက်သမျှ လက်ဆောင်များကို ခပ်ပြောင်ပြောင် ပင် ယူငင်ကာ ကျွန်တော်တို့လူစုအား ခွေးဝမ်းသာအောင် လေလည်ပြ ဆိုသကဲ့သို့သော အမူအရာမျိုးဖြင့်သာ ဝေ့လည်ကြောင်ပတ် လုပ်နေသောကြောင့် ကျွန်တော်တို့ လူစုမှာ သူလိုလို ငါလိုလိုနှင့် ရင်တဖိုဖိုနေ ခဲ့ရာ ဤ ၂၃ ရက်နေ့ ဗုံးကြဲလိုက်မှပင် ကျွန်တော်တို့ ဂေါ်လူတစ်စုစီ ကွဲပြား၍ တခြား စီ ပြေးလွှားခဲ့ကြရပါတော့သည်။

ယခုအချိန်၌ ကျွနတော်၏ စိတ်ကူးထဲတွင် ရွှေဥာဏ်တော် စူးရောက်ပုံကား ....၊စတယ်လာတို့မှာ မိခင် မုဆိုးမကြီး၊ မောင်ကလေးတစ်ယောက်၊ အစေခံတစ်ယောက်နှင့် ပေါင်းလေးယောက်မျှသာဖြစ်၍ မြို့ပေါ်မွေး ကပြားမျိုး ဖြစ်သောကြောင့် ရွှေ့ပြောင်းနေရန် တောအရပ်တွင် ရွှေမျိုးရှိဟန်မတူ၊ ယခုအချိန်မူ မြို့ပေါ် တွင်ပင် ကြောင်လည် ကြောင်ပတ်ပင် ရှိချေဦးမည်။ ဤသည်တွင် သူတို့တစ်အိမ် သားလုံးကို သွားရောက်ခေါ်ငင် ကာ ကျွန်တော်တို့အိမ်၌ တည်းခိုနေစေပါက သူ့မိခင်လည်း မည်မျှကျေး ဇူးတင်ချိမ့် မည်နည်း။ စတယ်လာနှင့် ကျွန်တော်မှာ မြေကြီးလက်ခတ် မလွဲနိုင်တော့ပြီ။ ယင်းသည့် စိတ်ကူးဖြင့် မူးရာမှ ငေါက် ခနဲထကာ ထန်းပင်ပေါ်မှ ကိုမောင်ခိုကြီးအား လှမ်း၍ နှုတ်ဆက်ပြီး အိမ်သို့ ပြန်ခဲလေ၏။

အချိန်မှာ ညနေ ငါးနာရီမျှဖြစ်၍ ရန်ကုန်သွား မီးရထားမှာ ည ၁၁ နာရီခွဲမှ ဆိုက်မည်ဖြစ်သော် လည်း မြို့သို့ ညဥ့် မနက်မီ အရောက်သွားရမည်။ အဆင်သင့်ပင် မွေးသဖခင်အလစ်၊ အိမ်ပေါ် သို့ ရောက်ရှိ၍ လုံချည် တစ်ပတ်နွမ်းကလေးနှင့် စပို့ရှပ်အဟောင်းကလေးပေါ်မှ ကုတ်အင်္ကျီကို ထပ်ဝတ်ပြီး .... မည်သည့်အခါမှ မမေ့ အပ်သော ကြပ်ဖုံးမာဖလာကို လည်ပင်းတွင် ပတ်လိုက်၏။ အိတ်ထဲ၌ ပိုက်ဆံ ထုတ်ကြည့် ရာ လေးကျပ် မျှသာ တွေ့သဖြင့် အဖေ၏ ပိုက်ဆံအိတ်ကို ရှာရလေ၏။
အဆင်သင့် ပင် သူ့သက္ကလပ်အင်္ကျီထဲမှ တွေ့၍ ငွေအစိတ်လောက်နှိုက်ယူမည်ဟု သားရေ အိတ်ကို ဖွင့်လိုက် စဉ် နွားတင်းကုပ် ထဲ မှ မွေးသဖခင် ၏ ချောင်းဟန့်လာသံကို ကြားရသဖြင့် ဖွင့်နှိုက်မနေတော့ဘဲ၊ သားရေအိတ် တစ်ခုလုံး ကို ကျွန်တော့်ဘလေဇာအတွင်းအိတ်ထဲသို့ ထည့်ကာ အိမ်ပေါ်မှ ဆင်းခဲ့လေ၏။

မြောက်ဘက်ဝင်း တံခါးပေါက် ထွက်မည်အပြုတွင်...“ဟဲ့နွားကလေး၊ ဘယ်သွားမလို့လဲ၊ ထမင်းစား တော့မယ်” ဟု မွေးသဖခင် ၏ မေတ္တာသံကြားရ၍ “ဟာ...အဘရယ် ဟောဒီအရှေ့ ဘက်တန်း ကေလးတင်ပါ၊ အခု ခဏလေး ပြန်လာခဲ့ပါမယ်” ဟု ဆိုပြီး သုတ်ခြေတင်ခဲ့၏။
မြို့မှ ကျွန်တော်တို့ရွာမှ သုံးမိုင်ခန့်ဝေး၍ ညဥ့်မှောင်ခါနီးတွင် ရောက်ခဲ့လေ၏။ ဈေးအ၀င်ဝတွင် နောက်မှ .....
“ဟေ့ တောသား ဘယ်သင်္ချိုင်း သွားမလို့လဲ” ဟုချိုသာစွာသော နှုတ်ဆက်သံကို ကြားရ၍ ပြန်လှည့် ကြည့်လိုက်ရာ... မကြာမီကပင် ဘင်ခွဲထားရသဖြင့် လက်ကိုင်ပ၀ါ နှာခေါင်းပိတ်ရင်း ကွတကွတနှင့် လျှောက် လာသော သူငယ်ချင်းကျော်ထူး ကို မြင်ရလေ၏။

“ငါ ရန်ကုန် ပြန်မလို့ကွ”
“ရန်ကုန် ဗုံးတွေချနေတဲ့အထဲ မင်းက အ၀ီစိအရင်သွားမလို့လား”
“အေးလေ... မင့်အတွက်ပါ နေရာယူထားနှင့်မလို့ကွ”ဟု ပြန်ပြောပြီးမှ ကျွန်တော်၏ အကြံအစည်ကို ဖွင့်ဟ လိုက်၏။
“ဗုံးထိမသေဘဲ ချောချောမောမော တွေ့လိုက်ပါလာရင်တော့ ကောင်းတာပေါ့၊ နို့ နေပါဦး ..... မင်းလို ကောင်က ဒီလောက် များ စွန့်စွန့်စားစား  သွားရအောင် မင့်ကောင်မလေးက တော်တော်ချောလို့လား ကွ”တော်တော်တင် မဟုတ်ဘူး၊ တော်ထက်တော်....၊ တော်တော်ချောမချောမှန်က ငါရသေ့ပျံ ဈာန်ကလျှော၊ ချောလို့သာက၊ ငါခင်မက်မော ရတက်ဇော ဈာန်လျှော၍ ကျရသည်ပေါ့ကွ”
“တယ်ဆိုတဲ့စာပါလားဟေ့....၊ မင့်အိမ်ရောက်မှ ငါလည်း ဂေါ်ရဦးမယ်...၊ ဒါထက် မင်းည ၁၁ နာရီ ရထားစောင့် မနေနဲ့၊ အချိန်လည်းကုန်သေး၊ ပျင်းလည်းပျင်းစရာကြီး ...၊ မော်တော်ကားကြုံစီးသွား၊ ပိုက် ဆံလည်းမပေးရဘူး၊ ရန်ကုန် လည်း စောစောရောက်မယ်” “ဘယ်သူ့မော်တော်ကားနဲ့လဲ”

“ကားတွေ အပုံကွာ....၊ ရန်ကုန်က ထွက်ပြေးတဲ့ လူတွေကို လိုက်ပို့ပြီး ခါလီပြန်လာရတဲ့ကားတွေ၊ ဒရိုင်ဘာတစ်ယောက်တည်းပျင်းလို့ အဖော်ခေါ်တဲ့ကားတွေ ပြည့်လို့ကွာ....၊ မင်း အမူကာကာဆိုင်က သာ ထိုင်စောင့်နေ၊ ကြိုက်တဲ့ကားသာ ရွေးစီး”
“အေး ...ဒါဖြင့် နေရာကျတာပဲဟေ့...၊ ဒါထက် မင်းတို့အိမ်မှာ လွယ်အိတ်တစ်လုံးလောက် မရှိဘူး လား...”ဟု မေးကာ ရန်ကုန်တွင် စားသောက်စရာဆိုင်များ မရှိတော့ပြီကို တွေးမိ၍ ပေါင်မုန့်နှင့် စားစရာတစ်ခုခု ထည့်သွား ရန် ကျော်ထူးအိမ်မှ လွယ်အိတ်တစ်လုံးယူပြီး လမ်းဆုံလမ်းခွကျသော အမူကာကာဆိုင်သို့ လာခဲ့လေ၏။
အချိန် မှာ အတော်ပင် မှောင်၍လာချေပြီ။ ကျွန်တော်စောင့်၍ မကြာမီပင် ဆလွန်းကားကြီးတစ်စီးသည် လက်ဖက်ရည် ဆိုင်ရှေ့၌ ထိုးရပ်ပြီး ဒရိုင်ဘာသည် တစ်ဝက်သာသာမျှ ကျန်သော ၀ီစကီပုလင်းနှင့် ဆိုင်ထဲသို့ ၀င်လာကာ ကာကာ အား ဖန်ခွက်တောင်းလေ၏။ ကျွန်တော်သည် နှေးကွေးသော ကာကာဆီမှ ဖန်ခွက်ကို ယူငင် ကာ ထိုသူအနား သို့ ချဉ်းကပ်ပေးအပ်ပြီး ....
“နောင်ကြီး ကား ဘယ်သွားမလို့လဲ” ဟု နှုတ်ဆော့လိုက်၏။

ထိုသူမှာ အသက်၃၀ ခန့်၊ အသားမည်းမည်း ၀၀ဖိုင့်ဖိုင့်နှင့် အတော်ပင် ထွေလာဟန်ရှိ၍ ကျွန်တော့်ကို မျက်လွှာ ပင့်ကာ စေ့စေ့ကြည့်ပြီး ....
“အင်း...ဟင်း၊ ရန်ကုန်ပြန်မလို့ ...ဘာပြုလို့လဲ ခင်ဗျားလိုက်ချင်လို့လား”
''ဟုတ်တယ်.... ခင်ဗျား ခေါ်နိုင်မယ်ဆိုရင်''
''ဟာ.... မခေါ်နိုင်ဘဲရှိပါ့မလား။ ဒီကားဟာ... ခု ကျုပ်ကားဖြစ်နေပြီဗျ၊ ဗိုလ်လင်မယားကို ပြည်မှာပို့ခဲ့ ပြီး ခုကျန်တဲ့ပစ္စည်းတွေ ပြန်ယူခိုင်းလို့ ည မောင်ရမှာ တစ်ယောက်တည်းပျင်းနေတာနဲ့ အဆင်သင့်ပဲ ခင်ဗျား သောက်တတ်လား... ၊ ရော့... သောက်တတ်ရင်သောက်ဗျာ''
ကျွန်တော်သည် အဘယ်မှာလျှင် ငြင်းန်အံ့နည်း။ ကြက်သားဟင်းနှင့် ဆော်ဒါတစ်ပုလင်း မှာယူကာ နှစ်ယောက်သား စားပွဲထိုင်ကြလေ၏။ အရက်သည် မိတ်ဖွဲ့ရာတွင် လျှပ်စစ်တမျှ မြန်ဆန်လှ၏။
မကြာမီပင် ကျွန်တော်တို့ နှစ်ယောက်မှာ ပုဆိုးလည်ပင်းရောက် ဘဝကပင် လည်ပင်းဖက်ကြီးလာသော သူင်ချင်းများကဲ့သို့ တစ်မဟုတ်ချင်း ရင်းနှီးသွားကြလေ၏။

အရက်ကုန်ခါနီးတွင် သူက...
''ဟားဟား...ဟားဟား...မိတ် ဆွေ...ဒါထက်...တစ်ယောက်နာမည် တစ်ယောက် မသိရသေးဘူး၊ ကျွန်တော့်နာမည် ဘလှတဲ့..၊ မိတ်ဆွေ နာမည်ကကော...”
“အင်း...ကျွန်တော့်နာမည်ကတော့ ခင်မောင်ညွန့်တဲ့” ဟု ပြောရင်း ကျွန်တော့်မှာ အတော်အာယား သွားပါသည်။ တယ်ပြီး စိတ်မလုံလှပါ။ အနီး၌ အသိများ ရှိနေသလားဟု ပတ်ဝန်းကျင်ကို လှည့်၍ ကြည့်မိပါသေးသည်။ အကြောင်းမူကား ကျွန်တော့်နာမည်မှာ မိတ်ဆွေတို့သိကြသည့်အတိုင်းပင် ကျော်စံကေးနှင့် ခွေးဆိုးဖြစ်ပါသည်။ တောမွေးတာများ တယ်ပြီးသောက်သုံးမကျ၊ နာမည်မှ ကောင်း ကောင်းအမှည့်မခံရ...၊ ကျော်စံကေးဆိုသည်မှာ နွေရာသီတွင် လယ်ပင်ကြားထဲမှ ညအခါ ထွက်လေ့ရှိသော ဖားအငယ်စား ကလေးမျိုးကို ခေါ်ပါသည်။

ကျွန်တော်မှာ ကျော်စံကေး လှိုင်ချိန် မနက်ဘုန်းကြီးအရုဏ်ဆွမ်းမီ ညမီးအုပ်နှင့် လယ်ထဲထွက်၍ ရိုက်ရသောအခါတွင် ကျွန်တော့် မွေးသဖခင် ဖားရိုက်ထွက်ခိုက် မီးရှူးသန့်စင် ဖွားမြင်သဖြင့် ကျွန်တော့် အား ကျော်စံကေးဟု ခေါ်ပါသည်။ ခွေးဆိုးမှာ အထူးဖော်ပြစရာမလိုပါ။ ငယ်ငယ်က (အခုကြီးသည့် တိုင်အောင်ပါပဲလေ) အကျင့်စာရိတ္တ ကောင်းလွန်း၍ သမုတ်ကြသော နိမိတ္တအနာရွတ်ထ နာမည်ဖြစ်ပါ သည်။ ကျွန်တော်မှာ ဤမည်သော ကိုယ်ပိုင်နာမည်များကို တွေးလိုက်တိုင် ရှက်မိသဖြင့် ယင်းကဲ့သို့ မသိသော သူများက မေးလေလျှင် နာမည်ကောင်း အညွန့်အဖူးကလေးများကို ရွေးပြီးထိတ်ခနဲ ပြာခနဲ မျက်စိမှိတ်၍ ၀ါလေ့ရှိသည့်အတိုင်း ထိုသူအား ရုတ်ခြည်း ရယ်ဒီမိတ် နာမည် ခင်မောင်ညွန့်ဟု ပြောလိုက်ခြင်းဖြစ်ပါသည်။

သူက “သြ....ကျောင်းသားကိုး၊ ကောင်းတယ်ဗျာ၊ ကောလိပ်က ထင်ပါရဲ့၊ ဘယ်နှတန်းရောက်ပြီလဲဗျ”
“ဘီအေစီနီယာတွင် ရှိပါသေးတယ်ဗျာ”
ဤသို့ပြောပြီး ကျွန်တော်မှာ အတော်ပင် မနေတတ် မထိုင်တတ် ဖြစ်သွားပါသည်။ အကြောင်းမူကား ကျွန်တော့်မှာ ဘီအေမဆိုထားဘိ ၁၀ တန်းမျှ မအောင်သေးပါ။ စင်စစ် ကျွန်တော့်အသက်အရွယ်နှင့် တွက်လျှင် ဘီအေမက အောင်သင့်ပါသည်။ ထို့ကြောင့် ကျွန်တော် လူရွယ်နှင့်လိုက်အောင် ၀ါလိုက်ရ ခြင်းဖြစ်ပါသည်။
အရက်သောက်ပြီးကြ၍ ကျွန်တော်က ထမင်းစားရန်ပြောသောအခါ ကိုဘလှက ...
“ဟာ....ကျွန်တော်က ထမင်း ဒီမှာ မစားနိုင်ဘူးဗျ၊ ခင်ဗျားလည်း မစားပါနဲ့။ ရှေ့ ကျွန်တော်တို့ေ၇ာက် မယ့်မြို့က ကျွန်တော့်မိတ်ဆွေ ကိုကျူးတစ်ယောက်က ပြည်မှာ ကျန်ခဲ့နဲ့ ခင်ဗျား လူစားပါလာတာနဲ့ အဆင်သင့်ပဲဗျို့၊ ကဲ...သွားကြမယ်၊ ခုလောက်ရှိ မျှော်လှရော့မယ်”

မကြာမီ ကျွန်တော်တို့နှစ်ယောက်သည် လူနှင့်မတန်သော ကားကြီးပေါ်တွင် စတိုင်နှင့်ထိုင်ကာ ရန်ကုန် ဆီသို့ ရှေ့ရှုမောင်းနှင်လျက်ရှိကြလေ၏။ ကားမီးရောင်ဖြင့် အမှောင်ထုကို ဖောက်ထွင်းကာ အတန် မောင်းမိလျှင် ကိုဘလှက...
“ကိုခင်မောင်ညွန့်...ခင်ဗျားခုန ကျွန်တော်ပြောတဲ့ ကိုကျူးစိန်ကို သိရဲ့လားဗျ”
“ဟင့်အင်း....ကျွန်တော်မသိဘူး”
“ဒါဖြင့် ဟန်ကျတာပဲဗျို့၊ သူ့ညီမအပျိုကလေးရှိတယ်။ တရုပ်ကပြားမလေး....သိပ်ချောတာပဲဗျ...၊ ခင်ဗျားကလည်း ရုပ်ချော....”
“မမြှောက်ပါနဲ့ဗျာ...မချောပါဘူး”
ကျွန်တော်သည် လည်ပင်းက ကြပ်များကို စိတ်မလုံသလို မာဖာလနှင့် မြင့်ဖုံးရင်း ပြောလိုက်၏။

“အဟုတ်ပြောတာပါဗျ။ သူတို့က ခေတ်ပညာတတ်၊ ရုပ်ချော၊ အလုပ်အကိုင်နဲ့ဆိုရင် သိပ်သဘောကျ တာပဲ။ ဒီတော့....ကျွန်တော်က ကိုခင်မောင်ညွန့် ဘီအေ၊ မြို့အုပ်စာမေးပွဲ ၀င်ထားတယ်လို့ဆိုပြီး မိတ်ဖွဲ့ပေးမယ်...သိလား၊ ခင်ဗျားက ဂေါ်ပေတော့။ ကိုကျူးစိန်တို့ လင်မယားကလည်း သိပ်ဖေါ်ရွေတာ ပဲ...ကိုကျူးစိန်မိန်းမက ရုပ်လည်းချောဗျ...၊ သူုတို့လက်ထပ်တာ မကြာသေးဘူးဗျ”
“ဒီမှာ ကိုခင်မောင်ညွန့်၊ ခင်ဗျား...ကိုကျူးစိန်နှမ ရရင်တော့ ပွတာပဲ။ သူတို့လူမျိုးက မန်းနီးဘော့စ်တွေ ဗျ၊ ရုပ်ချောဥစ္စာပေါကလေးဗျာ... ဂေါ်သာဂေါ်၊ ကျွန်တော်က ခင်ဗျားကို ကျလောက်အောင် ဂုဏ်ယူ ပြောမယ်။ ခင်ဗျားက အလိုက်သင့်သာ စတိုင်နဲ့ ရောပေတော့ ခင်ဗျားက ကောလိပ်ကျောင်းသားဆို တော့ နောက်ပိုင်းစာမေးပွဲ အောင်ပြီးသားပဲ။ ကျွန်တော်ကလည်း အဆွယ်ကောင်း... အပြောကောင်းဗျ၊ ဟင်...ဘယ့်နှယ်လဲ ကိုခင်မောင်ညွန့်”

ကျွန်တော်မှာ ရတာ မရတာ အပထား၍ မြာချောချော ဂေါ်ရလျှင်နည်းသလားဟု သဘောပိုက်ကာ လသာတုန်း ဗိုင်းငင် အခွင့်သာတုန်း ဂေါ်ပေါက်ထွင်ရန် သဘောတူညီလိုက်၏။
၉ နာရီအချိန်တွင် ကိုဘလှ ပြောသော အိမ်ရှေ့သို့ ရောက်၍ ကားပေါ်မှ ဆင်းကြကာ...
“ကဲ....ကိုခင်မောင်ညွန့်၊ ဆင်း ဂေါ်ဖို့ စတိုင်လေးဘာလေး ပြင်ပေတော့...”
ကျွန်တော်သည် လုံချည်ကို ပြင်ဝတ်ကာ ပိန်ချပ်သော ရင်အုပ်နှင့် ဟောင်းနွမ်းသော စပို့ရှပ်ကို ဖုံးအုပ်ရန် ကုတ်အင်္ကျီကြယ်သီးကို တပ်လိုက်ပြီး ကြပ်ဖုံးမာဖလာကို ကြပ်လုံအောင် ပြင်ပတ်ရင်း ကိုဘလှနောက်သို့ လိုက်ခဲ့လေသည်။
“၀ုတ် ၀ုတ် ၀ူး....”
ကျွန်တော်တို့နှစ်ယောက် အိမ်ထဲဝင်လျှင် ခွေးတစ်ကောင်က နှုတ်ဆက်လိုက်၏။
“ဗျို့..ကိုကျူးစိန်၊ ခွေးကြည့်ပါဦးဗျ”
“၀ုတ် ၀ုတ်....၀ူး”
အိမ်ပေါ်မှ လူတစ်ယောက် ဆင်းလာကာ...
“ဟာ...ကိုဘလှတို့ ခုမှလာသလား၊ စောင့်နေတာကြာပြီဗျာ၊ လာ....လာ တက်တက်” ဟု ဆိုရင်း ခွေးကို ချုပ်ကိုင်ထား၏။

ကိုဘလှက ရှေ့မှတက်၍ ကျွန်တော်က နောက်မှလိုက်သွားကာ လှေခါး ၉ ထစ်မျှ ဆုံးလျှင်...
“ဟော....အကြည်ရေ၊ ကိုဘလှကြီး လာပြီဟေ့” ဟု ၀မ်းသာအားရ ပြောလိုက်သော မိန်းမသံတစ်ခု ပေါ်ထွက်လာလေ၏။ ထိုအသံကို ကြားလိုက်လျှင် ကြားလိုက်ချင်း ကျွန်တော့်ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားပြီးနောက် အသံကို သေသေချာချာ ကျက်မိသောအခါ၌ မူကား ကျွန်တော့်မှာ နားအုံကို ကြာပွတ်နှင့်ပတ်၍ အရိုက်ခံလိုက်ရသော မြင်းကဲ့သို့ တစ်ကိုယ်လုံး နောက်သို့လန်တက်သွားသည်ဟု အောက်မေ့လိုက်ရ၏။ အကြောင်းမူကား ထိုအသံရှင်သည် အခြားမဟုတ်၊ တစ်နှစ်ကျော်ကျော်မျှ ကျွန်တော်ဆက်သနေသော လက်ဆောင်များကို ယူင်ကာ နို့မတိုက်ချင်သော ခွေးမကြီး ခွေးကလေး လှည့်စားသကဲ့သို့ ဝေ့လည်ကြောင်ပတ် လုပ်ခဲ့ပြီး နောက်ဆုံး ကျွန်တော့်ထံသို့ မထီမဲ့စာတစ်စောင်ရေး ၍ မကြာသေးမီကပင် လတ်လတ်ဆတ်ဆတ် လင်ယူသွားသော ကျွန်တော့်ရည်းစား မိခင်မြင့်ဖြစ်ချေ၏

ဒုတိယတစ်ဖန် ကျွန်တော့်နားနှစ်ဖက်ကို ဆောင့်၍ ကန်လိုက်ပြန်သည်ကား...“ဟုတ်လား မြင့်ရေ၊ ဒီလူကြီး စောစောလာမယ်ဆိုပြီး သိပ်နောက်ကျတာပဲ”ဟု ဆိုကာ အိမ်ခန်းထဲမှ ပြေးထွက်လာသော ကျွန်တော်ဂေါ်မစွံခဲ့သည့် တရုတ်ကပြားမ မိကြည်ကြည်ဖြစ်ချေ၏။ လွန်ခဲ့သော ကျောင်းပိတ်ချိန်တွင် ကျွန်တော်သည် ဤမြို့သို့ လာရောက်လည်ပတ်စဉ်၌ ကြည်ြှကည်၏ ချောမော လှပသော ရုပ်ရည်ရူပ ကာယကို မြင်ရ၍ ရွှေဘောတော်ကျသဖြင့် အဒေါ်ကြီးတစ်ယောက်အား ဘဏ္ဍာဆက်ပြီး ကြည်ကြည် ကို ကပ်၍နူးစေ၏။ အောင်သွယ်ကြေး အတော်ကုန်ကျသည့်နောက် အဒေါ်ကြီးက သေချာလှပြီဟု ပြောသဖြင့် ကျွန်တော်လိုက်၍ လူပျိုစကားပြောသည်တွင် ကြည်ကြည်သည် တရုတ်သွေူး တရုတ်မာန် ထကြွလာကာ စီးတော်ဖိနပ်နှင့် လိုက်၍နှံသောကြောင့် ကျွန်တော့်မှာ တစ်နာရီ ၇၅ မိုင်နှုန်းမျှ သုတ်ခြေ တင်ခဲ့ရဖူး၏။

ခင်မြင့်နှင့် ကြည်ကြည်၏အသံကို ကြားရလျှင် ကိုဘလှက...
“စောစောတော့ လာခဲ့တာပဲ ဆရာတို့ရေ၊ ဟောဒီမြို့အုပ်မင်းနဲ့ တွေ့နေတာနဲ့ပဲ” ဟုဆိုက ရှေ့မှအသွား တွင် ကျွန်တော့်မှာ ဆင်းပြေးရလည်း အခက်နှင့် ကိုဘလှက် လက်ကုတ်ရင်း နောက်မှလိုက်သွား၍ မီးရောင်အောက်သို့ ၀င်မိသည်တွင် ခင်မြင့်နှင့် ကြည်ကြည် ကျွန်တော့်အား ပြူးတူးပြဲတဲနှင့် ကြည့်နေ ကြလေ၏။
ဤတွင် လူရည်လည်ကိုဘလှက...
“ဒါ ကျွန်တော့်မိတ်ဆွေ ကိုခင်မောင်ညွန့်လေ....၊ ဘီအေအောင်ပြီးလို့ တိုင်းပြည်အခြေအနေမကောင်း တာနဲ့ ဘိလပ်မသွားဘဲ မြို့အုပ်စာမေးပွဲ ၀င်ထားတယ်ဗျ” ဟု မိတ်ဆက်ပေးလိုက်လေ၏။
သူ၏စကားမှ ကျွန်တော့်ကို အရှင်လတ်လတ် တာဝတိံသာသို့ ရောက်အောင် ခြေထောက်ဖြင့် ပင့်ကန်  ပေးလိုက် သည် မှန်ပါ၏။ သို့သော် အ၀ီစိ ဒုတ်ဒုတ်ထိအောင် ငယ်ထိပ် ဖနောင့်ဖြင့် ပေါက်ချ လိုက်သည် နှင့် တူ၏။ အကြောင်းမူကား ခင်မြင့်နှင့် ကြည်ကြည်သည် ကျွန်တော့်အကြောင်း အူတွင်းချေးခါး သိ သော အဒေါ်ကြီးတစ်ယောက်၏ စေတနာ့ဝန်ထမ်း ၀ါဒဖြန့်မှုကြောင့် ကျွန်တော့် နာမည် ကျော်စံကေး ခေါ် ခွေးဆိုးဖြစ်ကြောင်းနှင့် ၁၀ တန်းကို ၁၀ နှစ်နေ၍မျှ ကျောင်းဂုဏ်သရေကို အားနာဖွယ်ရာ သာရှိမည် ဖြစ်ကြောင်းကို သိပြီးဖြစ်ကြ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၁၂)

" အဖေထင်နေသလို ကျွန်တော့် အသက်ဟာ တန်ဖိုးမရှိလှပါဘူး။ အဲဒါ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ကျွန်တော် တို့ လုပ်ငန်းအတွက် တန်ဖိုးပေးဝယ်ယူရာမှာ ကျွန်တော့် အသက်ဟာ ဘာမှတန်ဖိုး မရှိပါဘူးဗျာ" တဲ့ " သူ ကွပ်မျက်ခံ ရတော့ အသက် ၂၃ နှစ်ပဲရှိသေးတယ်။ အိန္ဒိယ ပြည်သူ အားလုံးဟာ သူ့ကို ချီးကျူးကြတယ်။ ဂန္ဒီရဲ့ နောက်လိုက်တွေကတောင် သူ့ရဲ့သတ္တိနဲ့ ယုံကြည်ချက်တွေ ကို ချီးကျူးနေကြတယ်။ သူဟာ လူငယ်ထု အတွက် မဆုတ်မနစ်တမ်း စိတ်ဓာတ် သတ္တိ ကို ဥပမာပြလိုက်တာပဲ၊ လူကြီးတွေက ဘယ်လိုအကြံပေးကြပေးကြ လူငယ်ဆိုတာ ကိုယ့်လမ်း ကိုယ့် ရှာသွားမှာပဲ၊ အဲဒီလမ်းဟာ မှားမှားမှန်မှန်ပေါ့ " ထို့နောက် ရာဂျာသည် လက်အုပ်ချီ ဂါရ၀ပြုကာ ထိုင်ချလိုက်သည်။ ကို ဆက်ဖတ်ရန် ..........

လူဝီက မတ်တတ်ရပ်ကာ ခပ်တိုးတိုးမေးလိုက်သည်။
" မနက်ဖြန်လိုက်ကြမယ့် သူတွေရှိရင် တဆိတ် မတ်တတ်ရပ်ပြကြပါ။ ရေကြည့်ချင်လို့ပါ ခင်ဗျာ "
ပရိသတ်အားလုံး မတ်တတ်ရပ်လိုက်ကြသည်။ ပါမောက္ခအေဒင်မှ အပအပေါ့လေ။
နောက်ရက်များ အတွင်းတွင် အခြေအနေမှာ ပိုမိုတင်းမာလာသည်။ ပုလိပ်တပ်အပြင် အမျိုးသား အစောင့်တပ်ပါ ကူပြီး စောင့်ရှောက်လာရသည်အထိ။ အစောင့်တပ်သားများသည် လှံစွပ်တပ်လျက် ဓာတ်ငွေ့ကာ မျက်နှာဖုံး စွပ်လျက်။ ဘန်နီကာကျောင်းသား များ နှစ်ပြားတန်ဆိုင်နား ကပ်လာကြသောအခါ ပုလိပ်တို့က တားကြ သည်။

" ငမည်းတွေအားလုံးနောက်ပြန်ဆုတ်ကြရင် ကောင်းမယ်ထင်တယ်ကွ "
ကျောင်းသားအများက ငြင်းတော့ သူတို့က လက်နက်ပြင်ကြသည်။
" ပစ်ချလိုက်ကြစမ်း၊ ပစ်ထည့်လိုက်ကြစမ်း "
" လှံစွပ်နဲပထိုးပြီး ထောင်ထဲကို အကုန်သွင်းပစ်ကြပါတော့လား "
လူဖြူတွေက ၀ိုင်းအော်ကြသည်။
လေးရက်မြောက်နေ့၏ ညနေတွင် ဒေါက်တာအေမိစ်၊ ရာဂျာ၊ လူစီဘဲလ်နှင့် လူဝီတို့သည် တရားရုံးတွင် စီချက်ချက် သွားနားထောင်ကြသည်။

" ဒီနေ့ ဘယ်နှကောင် ဖမ်းလာသလဲကွ "
တရားသူကြီးက ပုလိပ်ကိုမေးလိုက်သည်။
" လေးဆယ်လောက်ရှိမယ်ထင်တယ်၊ အချုပ်ခန်းထဲ ပြည့်နေပြီ"
" ဒါများခက်တာလိုက်လို့ ၀က်တွေထားတဲ့ခြ့ထဲကို ငမည်းတွေ ထည့်လိုက်ပေါ့ကွ "
" ၀က်တွေကတောင် ငမည်းတွေကို လက်ခံပါ့မလား မသိဘူးနော် ဆရာ "
လူဖြူတွေက ၀ိုင်းရယ်လိုက်ကြသည်။
ထိုစဉ် တရားသူကြီးက လူမည်းတစ်ယောက်ချင်းကိုမေးသည်။

" အပြစ်ရှိသလား၊ မရှိဘူးလား "
" အပြစ်မရှိဘူး "
" ဒါဆိုရင် ဒဏ်ငွေ ဒေါ်လာ ၂၀၊ ဒါမှမဟုတ် ထောင်ဒဏ် ၂ လ "
သူက လူတိုင်း ကို ထိုသို့ပင် စစ်ဆေးစီရင်နေသည်။ သို့နှင့်ပင် ထောင်ထဲဝင်ခဲ့သော ကျောင်း သား၊ လယ်သမား၊ အရပ်သားပေါင်း နှစ်ရာ ပင်ကျော်ခဲ့ပြီ။
မိုးသဲနေသော တစ်နံနက်တွင် လူဝီ၊ ရာဂျာနှင့်၊ လူစီဘဲလ်တို့သည် နှစ်ပြားတန်ဆိုင်ထဲသို့ဝင်ရန် ကြိုးစားနေကြ သည်။ ဆိုင်ရှေ့တွင်တော့ ပုလိပ်များမရှိတော့။ လူအုပ်ကြီးကား အပြင်မှ ရပ်ကြည့် နေဆဲ။
လူစီဘဲလ်၊ ရာဂျာနှင့် လူဝီတို့က ဆိုင်ထဲသို့ဝင်သွားသည်။ အားလုံးပင် တိတ်ဆိတ်နေသည်။ ကောင်တာတွင် ထိုင်လိုက် သည်။ ဟိုနေ့က အဘွားကြီးပင် လာမေးသည်။

" ဘာလိုချင်လို့လဲကွ "
" ကော်ဖီ ၃ ခွက်နဲ့ ဒိုးနပ်မုန့်ပြား ၃ ခု "
လူဝီ က မှာလိုက်သည်။
" ဟိုမှာဝယ်ပြီး စားပါလား၊ ငါ့ကိုမှာရသလား "
" မဟုတ်ဘူး ဒီမှာမှာပြီး ထိုင်စားမလို့ "
လူဝီက ထပ်ပြောလိုက်သည်။
အဘွားကြီး က မန်နေဂျာကို သွားခေါ်သည်။ မန်နေဂျာထွက်လာသည်။ သူ့ခမျာ အတော်ချောင် ကျသွားဟန် တူသည်။ စာခြောက်ရုပ်တွင် အ၀တ်ဝတ်ပေးထားသလို ဖို့ယိုဖားယား ဖြစ်နေ၏။ မျက် တွင်းများကား ညိုနေ သည်။ မျက်တွင်းညို ထဲမှ မုန်းတီးမှုမျက်လုံးများကား သူတို့သုံးယောက်ကို စူးစိုက်ကြည့်လျက်။

" သူတို့ကထိုင်ပြီး စားချင်လို့ပါတဲ့ ဆရာ "
စားပွဲထိုးမလေး က သူ့ကို ပြောလိုက်သည်။ သူက လည်ချောင်းကို ရှင်းလိုက်သည်။ ထို့နောက် ရာဂျာ၊ ထို့နောက် လူဝီ၊ နောက်ဆုံးလူစီဘဲလ်တို့ကို ကြည့်လိုက်သည်။ အမှုန့်ဖြစ်အောင် ချေပစ် တော့မယ့် ပုံမျိုး။ ထို့နောက် သူက လည်ချောင်း ကို ထပ်ရှင်းလိုက်ပြန်သည်။ ပြီးမှ စားပွဲထိုးမလေး ကို ပြောလိုက်၏။
" ချပေးလိုက် ပါကွာ " " ဘာရယ် ဆရာ "
" မကြားဘူးလားကွ၊ သူတို့မှာတာ ချပေးလိုက်လို့ "
" ဒီနေရာ ကို လာချပေးရမှာလား ဆရာ "

" အေး ဟုတ်တယ်၊ ဒီနေရာမှာ လာချပေးလိုက်၊ အထက်က အမိန့်ကျလာတယ်၊ ချီကာဂိုက ဆိုင် ပိုင်ရှင်က ဖုံးဆက် အမိန့်ပေးထားတယ်ကွ။ ဆိုင်းအရောင်းမကျစေနဲ့တဲ့။ ငမည်းတွေ ဆိုင်မလာ ရင် တို့ ဘာမှ ရောင်းရတော့ မှာ မဟုတ်ဘူးတဲ့ကွ။ ဒီတော့ ငါက ပြောတယ်၊ ပိတ်ပစ်လိုက်ပေါ့လို့။ သူက အို ဘာဖြစ်လို့ ပိတ် ရမှာလဲ။ ငါအရူးမှ မဟုတ်တာ။ ဒီဆိုင်က ငါ့ရွှေတွင်းကွတဲ့။ ကျွန်တော်ကကောလို့ ငါကမေးလိုက်တော့ သူက ဒီမှာ မလုပ်ချင် တခြားအလုပ်သွားလုပ်ဆိုပြီး ဖုန်း ချသွားတယ်ကွာ "
" ဒါဆို ဆရာ က ဒီမှာ မန်နေဂျာဆက်လုပ်ပြီး မလုပ်ချင်တာတွေ ဆက်လုပ်တော့မယ်ပေါ့ "
စားပွဲထိုးမလေးက မေးသည်။

" ငါ့အသက် ငါးဆယ်ရှိပြီ၊ ဘယ်သူက ငါ့ကို ငှာျးင်ကြတော့မလဲ။ ငါကလည်း တခြားဘာမှ မလုပ်တတ်တော့ဘူး။ ငါဘယ်ကို သွားရမလဲ။ ငါ့မှာ ပိုက်ဆံမရှိဘူး။ ဒီတစ်နိုင်ငံလုံးမှာ ပြောဆိုနေ ကြတာက ငွေကွ "
သူက ဒေါသတကြီးပြောကာ၊ အခန်းထဲသို့ ၀င်သွားတော့သည်။
စားပွဲထိုးမလေးကမူ ပခုံတစ်ချက်တွန့်ပြကာ ရာဂျာတို့အား လှမ်းမေးလိုက်သည်။
" ကော်ဖီ အမည်းလား အဖြူလား "
" ငါတို့အားလုံးအတွက် အဖြူပဲဟေ့ "
ထို့နောက် လူဝီက သူ့စကားလုံးကိုသူ သဘောကျသွားကာ ရယ်ပစ်လိုက်သည်။ လူဝီက ရာဂျာတို့ကို ဇာတ်လမ်းလေး တစ်ပုဒ် ပြောပြသည်။

" နိုက်ဂျီးရီးယား နိုင်ငံသားတစ်ယောက်က အင်္ဂလန်ရောက်သွားတယ်တဲ့ ညစာစားပွဲပြီးတော့ သူ့ကို စားပွဲထိုး က ကော်ဖီမည်းသောက်မလား၊ ကော်ဖီဖြူသောက်မလားလို့ မေးတယ်တဲ့၊ အဲဒီတော့ နိုက်ဂျီးရီးယား အမျိုးသားကြီး က ခင်ဗျားတို့ဆီမှာက ကော်ဖီတောင် အသားအရောင် ခွဲခြားနေသကိုးဗျလို့ ပြန်ပြောတယ်တဲ့ဗျ "
အားလုံး ပင် ရယ်လိုက်ကြသည်။ သူတို့စကားကိုကြားသော စားပွဲထိုးမလေးကလည်း ပြုံးပြကာ၊ ခင်မင် ရင်းနှီးသောလေသံဖြင့် -
" ရှင်တို့တတွေ ပျော်နေကြတာ မြင်ရလို့ ၀မ်းသာပါတယ်ရှင် " ဟုပြောလိုက်သည်။ ထို့နောက် ဒိုးနပ် မုန့်ပြားသုံးခု ကိုယူကာ သီးခြား ပန်းကန် တစ်ချပ်စီထည့်ပြီး သူတို့ထံ လာချပေးလိုက်သည်။
လူစီဘဲလက်က ဒိုးနပ်မုန့်ပြားကို ယူကြည့်ကာ မစားဘဲ ပြန်ချလိုက်သည်။ မုန့်ပေါ်မှာ သကြားများမှာ သူ၏ ဂါဝန် မည်းပေါ် နှင်းပွင့်များ ခြွေချသလို ကြွေကျနေသည်။ ထို့နောက် သူသည် မျက်ရည်များ ကျလာပြီး -
"ကျွန်မ မစားနိုင်ဘူး" ဟု ပြောသည်။

လူဝိက သူ့ကို လှမ်းဖက်လိုက်သည်။
"စားပါ ကလေး ရယ်။ မင်းစားရမယ်ကွယ်၊ ဒါဟာ တို့အောင်ပွဲရဲ့ သင်္ကေတပဲ၊ မင်းသာ မစားလိုက်ရင်၊ နောင် အမြဲ ကိုယ့်ကိုယ် ကို ခွင့်မလွှတ်နိုင်ဘဲ နောင်တရနေလိမ့်မယ်"
သူက ခေါင်းညိတ်လိုက်ကာ ကော်ဖီနှင့် တို့စားလိုက်သည်။ သို့သော် သူ့လည်ချောင်းထဲတွင် ပျို့တက်လာကာ မျက်ရည် များ စို့တက်လာပြန်သည်။
"ဒါပဲ တန် သလားဟင်၊ ကျွန်မတို့ သွေးတွေနဲ့ ရင်းခဲ့လို့၊ ဒီမှာ ထိုင်စားနိုင်ခွင့်လောက်ပဲရတာ တန်သလား"
"တန်တယ် အချစ်ရယ်၊ တန်ပါတယ်"
စားသောက်ပြီးသော အခါ ဆိုင်ပြင်ထွက်လာကြသည်။ မိုးကား တိတ်သွားပြီ။
နေပင် သာနေချေပြိ။ နေရောင်ခြည်အောက်တွင် ရပ်ပြီး သူတို့ တစ်ပြိုင်တည်း အော်လိုက်ကြ၏။

"ငါတို့ အစားအသောက် မှာစားခွင့် ရကြပြီ"
"အစားအသောက် မှာစားခွင့် ရကြပြီကွ"
လမ်းတစ်ဖက် မှ ကျောင်းသားများလည်း ပျော်ကုန်ကြသည်။
"တို့နိုင်ပြီဟေ့၊ တို့အောင်ပြီဟေ့"
အားလုံး ၀ိုင်းအော်နေကြသည်။
ဓာတ်ပုံသတင်းထောက် တစ်ယောက် ဓာတ်ပုံရိုက်ယူလိုက်၏။
နောက်နေ့ထုတ် သတင်းစာမျက်နှာဖုံးများတွင်
လူစီဘဲလ်၊ ရာဂျာနှင့် လူဝီတို့ သုံးယောက်သား လက်မောင်းများ ချိတ်တွဲကာ အောင်ပွဲရ သူရဲကောင်းများသဖွယ် ပြုံးနေကြပုံ ပါလာသည်။
ဓာတ်ပုံအောက်ခြေတွင် ဓာတ်ပုံခေါင်းစည်းလေးတစ်ခုလည်း ပါလာသည်။
"သူတို့ အစားအသောက် မှာစားခွင့် ရပြီ"

၁၁

တက္ကသိုလ်တစ်ခုလုံး အောင်ပွဲခံသံ ညံနေချိန်တွင် ရာဂျာသည် ကြေးနန်းတစ်စောင် ရခဲ့၏။
''ဝါရှင်တန် ကို ချက်ချင်းသတင်းပို့၊ အိမ်ကို လာတွေ့၊ရုံးမှာ လာမတွေ့နဲ့၊ စနေ(သို့)တနင်္ဂနွေလာ၊ဖုန်းကြိုဆက်  ၁၀၁၆၊ ၁၆လမ်း  အာရ်ဂျေမေတာ အိန္ဒိယအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတကာပညာရေး တက္ကသိုလ်''
သံကြိုးစာမှာ ရင့်သီးလှသည်။ ရာဂျာက ထောင်းခနဲပင် ဒေါသထွက်မိသည်။
''ဘာဖြစ်လို့ ငါက သွားရမှာလဲကွ။ မေတာဆိုတဲ့လူက တရားခံကို သမ္မာန်စာဆင့်တာ ကျနေတာပဲ''
ရာဂျာ က လူဝီအား သံကြိုးစာပြရင်း ပြောလိုက်သည်။

''မင်းသွားရင် ပိုကောင်းမယ်ထင်တယ်ကွ''
''ဘာဖြစ်လို့လဲကွ၊ ဘာဖြစ်လို့ ငါက သွားသင့်တာလဲ''
''ဘာဖြစ်လို့လဲဆိုတော့ သူက နိုင်ငံတကာ တက္ကသိုလ်က အိန္ဒိယအကြံပေးပုဂ္ဂိုလ်ကိုးကွ။ သူက တွေ့ချင် တယ် ဆိုတော့ အရေးကြီးလို့ ဖြစ်မှာပေါ့။ မင်းပညာရေးကိစ္စ ဒါမှမဟုတ် တစ်ခုခုနဲ့ ဆက်စပ်နေ လို့ ဖြစ်မှာပေါ့။ ငါ့အကြံကတော့ သွားပြီး တွေ့ကြည့်ပေါ့ကွာ။''
စနေတစ်နံနက်တွင် ရာဂျာ မေတာသွားတွေ့သည်။ ရာဂျာကို တံခါးဖွင့်ထားပေးသူမှာ အိန္ဒိဝတ်စုံဝတ် ချာပရာစီ တစ်ယောက်ဖြစ်သည်။
''ကျွန်တော်က မစ္စတာတြိဝေဒိပါ။ ဒေါက်တာမေတာက တွေ့ချင်တယ်ဆိုလို့''
ချာပရာစီက ရာဂျာအား ထုံးတမ်းစဉ်လာအတိုင်း လက်အုပ်ချီနမာ့စ်တေ့ပြုပြီး  ဧည့်ခန်းထဲသို့ခေါ်သည်။

''ကျွန်တော်တို့ ဆရာကြီးက သိပ်အလုပ်များပါတယ်။ ဒါပေမဲ့ ဆရာနဲ့ မကြာခင် တွေ့ဆုံပါလိမ့်မယ်။''
ရာဂျာ က စောင့်နေရသည်။ တစ်နာရီမျှကြာအောင် စောင့်သော်မှ ထွက်မလာသေး။ ရာဂျာ စိတ်ဆိုးလာပြီ။
''ကဲ ဆရာမေတာ ကို သွားပြောလိုက်။ ခုချက်ချင်း လာတွေ့ရင်တွေ့၊ မတွေ့ရင် ကျုပ် ပြန်တော့မယ်လို့''
ရာဂျာ က ချာပရာစီ အား အမိန့်ပေးလိုက်၏။
ချာပရာစီကား ကြောက်ကြောက်ရွံ့ရွံ့နှင့် သူ့ဆရာအခန်းထဲ ဝင်သွားပြီး ပြောသည်။
'' အထဲဝင်ခဲ့လို့ ပြောလိုက်ပါ။''
အထဲမှ အသံတစ်သံ ထွက်လာသည်။ ရာဂျာ က အခန်းထဲသို့ ဝင်သွားသည်။

ခပ်ပိန်ပိန် လူညှက်ညှက်တစ်ယောက်သည် ဧရာမစားပွဲကြီး နောက်တွင် တကုတ်ကုတ် စာရေးနေသည်။ သူ့ကို မော်၍ပင်မကြည့်။
ဤသည်မှာ အိန္ဒိယပြည်တွင် အထက်လူက အောက်လူအား မထေမဲ့မြင် နှိမ့်ချိုးသည့် ဆက်ဆံပုံစံမျိုးဖြစ်သည်။ ရာဂျာ က သူ့ဒေါသကို မထိန်းနိုင်တော့။
''ခင်ဗျား ဘာလုပ်ချင်လို့ ကျုပ်ကို ခေါ်တာလဲဗျ''
မေတာက မျက်လုံးပင် ပင့်မကြည့်ဘဲ သူ့ရှေ့မှ သတင်းစာတစ်စောင်ကို ထိုးပေးလိုက်သည်။ ထို့နောက် သတင်းစာ မျက်နှာဖုံး မှ ဓါတ်ပုံတစ်ပုံ ထောက်ပြပြီး-
''ဒါအတွက် တွေ့ချင်တာကွ'' ဟု ပြောသည်။
ရာဂျာ က သူရယ်၊ လူဝီရယ်။ လူစီဘဲလ်ရယ်တို့ သုံးဦးသား ဓါတ်ပုံကိုကြည့်ပြီး အံ့သြစွာဖြင့် ပြန်မေးလိုက်သည်။

''ဒီအတွက်လားဗျ''
''အေး ဟုတ်တယ်ကွ၊ ငါ့ကိုလိမ်ဖို့ ညာဖို့တော့ ကြိုးစားမယ် မကြံနဲ့။ မင်းက ဒီဆူပူရေးသမားတွေကြားမှာ ဘာသွား လုပ်တာလဲ။ အိန္ဒိယနိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ ဆက်ဆံရေးတွေကို ပျက်ပြားအောင် လုပ်တာလားကွ''
ရာဂျာ က ချက်ချင်းပြန်မဖြေ။
နောက်မှ-
''ခင်ဗျားမေးခွန်းကို မဖြေခင် ကျုပ်က ခင်ဗျားကို တွေ့ဖို့ တစ်နာရီကျော် စောင့်ခဲ့ရတယ်ဆိုတာ ပြောပါဦး။ ခင်ဗျားအိမ် လာကတည်းက လက်ဖက်ရည်လေး တစ်ခွက်မှလည်းမတည်။ ခုလည်း ထိုင်ပါလို့ ခင်ဗျား မပြောဘူး။ ကျုပ်က ခင်ဗျားရဲ့ ချာပရာစီ မဟုတ်ဘူးဗျ။ ဒေါက်တာ မိုဟန် လားလ်တြိဝေဒိရဲ့ မြေး။ မိုတီလားလ်တြိဝေဒိ ရဲ့ သားဗျ။ ကျုပ်ရှေ့ဆက်ပြောစရာ သိပ်မလိုတော့ဘူး ထင်တယ်''
ခုမှ မေတာ၏မျက်လုံးများက ကျယ်သွားသည်။ ချာပရာစီကို ခေါ်ပြီး လက်ဖက်ရည်တစ်ခွက်နှင့် ကုလားထိုင် တစ်လုံး ယူ ခိုင်းသည်။ ရာဂျာကထိုင်လိုက်ပြီးမှ-
''ကဲ ခင်ဗျား ဘာမေးချင်တာလဲ''
''ငါသိချင်တာက မင်း ဘန်နီကာတက္ကသိုလ်မှာ ဘာသွားလုပ်နေတယ်ဆိုတာရယ် ဆန္ဒပြပွဲမှာ ဘယ်လို ပါသွားသလဲဆိုရယ်ပါပဲ''
''ကျုပ်ကို ခင်ဗျား တို့ပဲ ဘန်နီကာတက္ကသိုလ် ပို့တာမဟုတ်ဘူးလားဗျ''

''မဟုတ်ဘူး၊ မဟုတ်ဘူး ငါတို့က ပညာသင်ဆုသာ ရွေးတာ၊ တက္ကသိုလ်ရွေးတာက အမေရိကန်တွေ ရွေး တာကွ''
''ဒါဆို ဘန်နီတက္ကသိုလ် ရောက်နေတာက ကျုပ်ကို ဘာဖြစ်လို့လာ အပြစ်တင်နေတာလဲဗျ''
''ငါအပြစ်တင်နေတာက အဲဒီမှာ မင်းရောက်နေလို့ မဟုတ်ပါဘူးကွာ၊ ဒါပေမဲ့ ဒီတက္ကသိုလ်က''
သူက စကားလုံးရှာမရ ဖြစ်နေဟန်တူသည်။ နောက်မှ ဟင်ဒီဘာသာစကား ပြောလိုက်သည်။
''ဒါက အာဖရိကလူမျိုးတွေအတွက် တက္ကသိုလ်ကွ''
''မဟုတ်ပါဘူး၊ ဒါအမေရိကန်တွေရဲ့ တက္ကသိုလ်ပါ''
''ဒါ အမေရိကန်တက္ကသိုလ်လို့ မင်းကို ဘယ်သူကပြောလို့လဲကွ''
''အမေရိကန်တွေအတွက် မဟုတ်ရင် ဘယ်သူ့အတွက်လဲ''
ဒေါက်တာမေတာ အဖြေရ ကျပ်သွားသည်။ ထို့နောက် စားပွဲခုံပေါ်သို့ ကိုယ်ကိုကိုင်းပြီး လက်သီးနှင့်ထု ကာ အော်ပြောတော့သည်။

''မင်းဟာ ဒီနေရာမှာ သွားမနေသင့်ဘူး၊ သူတို့ကိစ္စတွေမှာ ဝင်မပါသင့်ဘူး၊ အိန္ဒိယနဲ့ အမေရိကန် ချစ်ကြည်ရေး ကို နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့ရတယ်ကွ၊ အထူးသဖြင့် ပညာရေးနယ် ပယ်မှာပေါ့။ မင်းရဲ့ လုပ်ရပ်ကြောင့် တို့ကြိုးစားမှုတွေ''
ရာဂျာက ပြန်မပြောနိုင်ခင်မှာပင် ချာပရာစီရောက်လာပြီး လက်ဖက်ရည်ချပေးသည်။ ရာဂျာက ဒေါသကို ထိန်းထားကာ လက်ဖက်ရည်ကိုသာ သောက်ပစ်လိုက်သည်။
''လက်ဖက်ရည်က တော်တော်အရသာ ရှိတာပဲ၊ ဒီတိုင်းပြည်ရောက်ကတည်းက ဒီလောက်ကောင်းတဲ့ လက်ဖက်ရည် တစ်ခါမှ မသောက်ဖူးသေးဘူး။ ကဲဗျာ ဒေါက်တာမေတာရယ်။ ကျွန်တော်အခြေအနေကို ခပ်ရှင်းရှင်း ပဲ ပြောပြပါတော့။''
''ကျွန်တော် အမေရိကန်ပြည်ကို ရောက်သာလာရတယ်။ ဘန်နီကာတက္ကသိုလ်ဟာ နီဂရိုးတက္ကသိုလ်မှန်း မသိခဲ့ပါဘူး၊ ပထမ သိသိချင်းတော့ ပြောင်းပြေးမလို့လဲ။ ဒါပေမဲ့ ပညာသင် အဆင့် ကလည်း မြင့်တယ်။နောက်ပြီး ကျောင်းသားတွေရော တက္ကသိုလ်ကရော၊ ကျွန်တော် အပေါ် ကောင်းကြရုံ တင် မကဘူး ကျွန်တော် ကို ဂန္ဒီ ကို ကိုယ်စားပြုတဲ့ ပထမဆုံး ကျောင်းသားအနေနဲ့ လှိုက်လှိုက်လှဲလှဲရှိကြလို့ ကျွန်တော် ဆက်နေခဲ့ပါတယ်။''

''နောက်တော့ ကျွန်တော်ဟာလည်း အသားရောင်ရှိတဲ့ လူမှန်းသိလာတယ်။ တောင်ပိုင်းပြည်နယ်တချို့မှာ ကျွန်တော် ဟာ ဟော်တယ်ကွ၊ ပျော်ပွဲစားရုံတွေ၊ ရုပ်ရှင်ရုံတွေ ဝင်ခွင့်မရခဲ့ဘူး။ ခင်ဗျားလည်း အဲဒီနေရာတွေ ကို ရောက်သွားရင် ဒီလိုပဲ အခက်အခဲနဲ့ တွေ့ဆုံရမှာ သေချာပါတယ်။
''ငါက အခက်အခဲနဲ့ တွေ့တောင် အနှောင့်အယှက် မလုပ်ဘူးကွ။ ငါက နိုင်ငံကူးလက်မှတ်ပြပြီး အိန္ဒိယ အမျိုးသား ပါလို့ ပြောမယ်။ ဒါတောင်မှ ငါ့ကို ဝင်ခွင့်မပြုသေးရင်လည်း မဝင်ဘဲနေရုံဘူးဆိုတာ။ ဒါပေမဲ့ သူက ဘာမှ စောဒကပြန်မတက် ဘဲ ပခုံးသာ တွန့်ပြလိုက်ပြီး အရေးမကြီးတဲ့ ကိစ္စတစ်ရပ်အနေနဲ့ သဘောထား ခဲ့တယ်လေ'' ဒေါက်တာမေတာက ဒေါသတကြီး ပြန်ရှင်းနေသည်။

''ဒါက အရေးကြီးတဲ့ကိစ္စ ဟုတ်လား။ ကျန်တဲ့လူတွေ အားလုံးကော ခပ်ပေါ့ပေါ့လေး ပခုံးတွန့်ပြလို့ ရကြမလား။ လူသား အချင်းချင်း အဆင့်အတန်းခွဲမှုကို ခပ်အေးအေးလေး ငုံ့ခံကြရမှာလား။ ကျွန်တော်တို့ တိုင်းပြည်မှာတောင် ကျွန်တော် တို့ အိန္ဒိယလူမျိုးတွေကို ဘယ်နေရာ မသွားရဘူး၊ ဘယ်နေရာမှ သွားရမယ်လို့ တားမြစ် ပိတ်ပင်ခြင်းခံရတဲ့ ဖြစ်ရပ်မေ့သွားပြီလား''
''ဗြိတိသျှတွေ အုပ်စိုးခဲ့တုန်းက ဒီလိုလုပ်ခဲ့တာ ငါသိပါတယ်။ အဲဒီတုန်းကလည်း ငါက သူတို့မသွားနဲ့ဆိုတဲ့ မသွားခဲ့ ဘူးလေ။ မင်းလည်း ဒီတိုင်းပြည်မှာ ငါ့နမူနာအတိုင်း နေပေါ့ကွ။ ဆန္ဒပြပွဲတွေမှာပါပြီးတော့ မသွားရဘူး ဆိုတဲ့ နေရာကိုမှ အတင်းသွားချင်တဲ့ မင်းဟာ အတော်ရှက်စရာ ကောင်းတာပဲကွာ။ ကဲ ငါအခုမင်းကို ဘာဖြစ်လို့ သမ္မာန်စာ ဆင့်ခေါ်ရတဲ့အကြောင်းကို ပြောပြတော့မယ်။ မင်း ဘင်ဂျမင်ဘန်နီကာ တက္ကသိုလ်က ချက်ချင်း ထွက်လာ ရတော့မယ်။ ဒါပဲ'' ''ကျုပ်ဘာလုပ်ရမယ်၊ ထပ်ပြောစမ်းပါဦး'' ရာဂျာကအသံမှာ ဒေါသကြောင့် တုန်ရီနေ ၏။

''မင်းဟာ ဘင်ဂျမင်ဘန်နီကာ တက္ကသိုလ်က ၄၈ နာရီအတွင်းထွက်လာရမယ်။ မင်းကြောင့် ငါတို့နှစ်နိုင်ငံ ဆက်ဆံရေး မပျက်ပြားစေချင်ဘူး၊ မင်းကို ဒီပို့ထားတာက နိုင်ငံရေးလုပ်ဖို့ မဟုတ်ဘူးကွ''
''ကောင်းပါပြီ ဒေါက်တာမေတာ၊ ၄၈ နာရီအတွင်း ကျွန်တော်ဘန်နီကာတက္ကသိုလ်က ထွက်ခဲ့ပါမယ်။ ဒါပေမဲ့ မထွက်ခင် သတင်းစာ ဆရာတွေနဲ့ တွေ့ဦးမယ်။ နီဂရိုးသတင်းစာဆရာတွေ အပါအဝင်ပေါ့။ ကျွန်တော် သူ တို့ကို ကြေညာချက်တစ်စောင် ထုတ်ပေးမယ်။ ကျွန်တောဟာ နိုင်ငံတကာပညာရေးတက္ကသိုလ်က အိန္ဒိယ အကြံပေးပုဂ္ဂိုလ် ဒေါက်တာမေတာရဲ့ တိုက်ရိုက်မေတ္တာရပ်ခံချက်အရ ကျောင်းက ထွက်ခဲ့ရပါတယ်။ ကျွန်တော် ကို ဒီလိုအတင်းကျပ် ကျောင်းကထွက်ခိုင်းရတဲ့ အကြောင်းက ဘာဖြစ်လို့လဲဆိုရင် ဘန်နီကာတက္ကသိုလ်က အိန္ဒိယကျောင်းသား တစ်ယောက် က လူမှုတန်းမှု အခွင့်အရေးကိစ္စ တစ်ခုမှာ ပါဝင်ခဲ့တဲ့အတွက် အမေရိကန် အစိုးရကို ထိခိုက်စေမယ်လို့ သူထင်လို့ပဲ။ ကျွန်တော်ဟာ ခင်ဗျားနာမည်ရော၊ အခု စကားပြောခဲ့ တာတွေရော။ ကျွန်တော် တို့ သံအမတ်ကြီး တက္ကဆက်ပြည်နယ်မှာ ခံခဲ့ရပုံတွေရော အကုန်ပြန်ပြောပြလိုက်မယ်။ ကဲ ကျွန်တော်ကို သွားခွင့်ကို သွားခွင့်ပြုပါဦးဗျာ။
ရာဂျာက မတ်တတ်ရပ်လိုက်သည်။

မေတာက သူ့ကို ငေးကြည့်နေသည်။ ဒေါသကြောင့် မျက်နှာကြီးပင် နီနေသည်။ သို့သော် စကားပြောတော့ အယဉ်ကျေးဆုံး အချိုသားဆုံးနှင့် ပြောလိုက်သည်။
''ထိုင်ပါဦး ရာဂျာ၊ ထိုင်ပါဦး၊ သိပ် စိတ်မမြန်နဲ့လေ။ ထပ်ပြီး ဆွေးနွေးကြသေးတာပေါ့ဗျာ။''
''ဆက်ဆွေးနွေးစရာ မလိုပါဘူးဗျာ။''
ရာဂျာက ပြန်မထိုင်ဘဲ ပြောလိုက်သည်။
''ကျွန်တော် တို့ နှစ်ယောက်က ဈေးထဲမှာ သားငါးဝယ်သလို ဈေးဆစ်နေကြတာမှ မဟုတ်တာ၊ ကျွန်တော် ကတော့ လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ။''
''ရာဂျာကြီး ရယ်၊ မလောပါနဲ့ကွာ။ ခဏထိုင်ပါဦး၊ မင်းကို ငါထပ်ဆွေးနွေးစရာ တခြားကိစ္စတစ်ရပ် ရှိနေပါသေးတယ် ကွာ။''
ရာဂျာ က မထိုင်ချင်ထိုင်ချင်နှင့် ပြန်ထိုင်ချလိုက်သည်။ မေတာက သူ့ချာပရာစီကို လှမ်းခေါ်လိုက်သည်။

''ကွမ်းအစ်ယူခဲ့စမ်းကွာ''
မကြာမီ ချာပရာစီ ပြန်ဝင်လာတော့ ကွမ်းအစ်တစ်လုံး ပါလာသည်။ ကွမ်းအစ်မြင်ရတော့ ရာဂျာကျေနပ် သွားသည်။ အိန္ဒိယတွင် သူတို့သည် ကွမ်းစားမြဲ၊ ယခု ပြတ်နေသည်မှာ ကြာပြီ။
''အိန္ဒိယ က ထွက်လာတည်းက ကွမ်းမစားရတာ ကြာပြီဗျ။''
ရာဂျာက ပြောပြောဆိုဆို ကွမ်းတစ်ယာ ယာပြီးပါးစောင်ထဲတွင် ငုံလိုက်၏။ မေတာ ကတော့ ကွမ်းမစား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, September 26, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၇)

စုံထောက်မောင်ဖြတ်စ

နံနက်စောစောတွင် ဦးတုတ်ပေါနှင့် ဒေါ်မြခင်တို့လူစုမှာ မာဂရက်နှင့် မောင်ဖြတ်စပါ နှစ်ယောက် စလုံးပျောက်ကွယ်သွားခြင်းဖြင့် မတွေးထင်တတ်အောင် ရှိနေကြရာ မောင်ဖြတ်စတို့ ညကငှား သွားသော ကားဒရိုင်ဘာ၏ မျက်နှာလို မျက်နှာရ ဂွတ်မောနင်း အင်ဖော်မေးရှင်းကြောင့် ဘူးပေါ်သ လိုပေါ်သွားလေသည်။
ဒေါ်မြခင်တို့လူစုမှာ မယုံကြည်နိုင်ခြင်း၊ အံ့သြခြင်း၊ ထိတ်လန့်ခြင်း၊ စိတ်မသန့်ခြင်းတို့ဖြင့် မောင် ဖြတ်စတို့ တည်းခိုသော "လော့ဂျင်းဟောက်(စ်)"သို့ လိုက်ခဲ့ကြလေရာ၊ "မအိစက် မညက်ညော သော ဖျင်မွေ့ရာေ ပ်ါဝယ်" နှစ်ယောက်သား ကျောခိုင်း၍ကွေးနေကြသော မချစ်တချစ် မောင်နှံကို လက်ပူးလက်ကြပ် ဖမ်းမိကြလေ သည်။

ဦးတုတ်ပေါနှင့် ဒေါ်မြခင်တို့၏ ဒေါသကြီးပုံကို အထူးဖော်ပြစရာ မလိုတော့ပြီ။ သူတို့မျက်နှာကို မဟာမိတ်တို့ စစ်အတွင်းကသုံးသော "ကတ္တရာစေး ပလတ်စတာ"ရိုက်ရပါမည်လောဟု မာဂရက် အားဒေါသပုန်ထ လိုက်ကြသည်မှာ... "လော့ဂျင်းဟောက်(စ်)ကြီးတစ်ခုလုံးပင် ပွင့်ထွက်သွားလု ခမန်းဖြစ်ပေ၏"
ကိုဘနိုင်တစ်ယောက်ကမူအား အခြားသူများ ဆူပူနေကြသည့်အထဲတွင် ခတ်မဆိတ်နေလျက် သူ့တူအား ချီးမွှမ်းခြင်း၊ ၀မ်းသာခြင်းတို့ဖြင့် လူအလစ်တွင် မောင်ဖြတ်စ၏ကျောကိုသပ်လိုက်ကာ သူတို့အားလုံး တိုက်ပေါ်မှဆင်းသွားကြသည်၌ မောင်ဖြတ်စပင်မေ့နေသော ညအိပ်တည်းခိုခကို ပေါက်ဖော်က မရဲတရဲ လာရောက်တောင်းရာ ကိုဘနိုင်သည် ကျသင့်သောငွေကို ပေးလိုက်လေ၏။
အိမ်သို့ရောက်ကြသည်တွင် မာဂရက်မှာ ဤအခါမျိုး၌ မိန်မတို့၏ ထုံးစံအတိုင်း မျက်ရည်နှင့် အခန်းအောင်းနေရလျက် "လှိုင်းကြီးလှေအောက်၊ တောင်ကြီးဖ၀ါးအောက်၊ မိန်းမကြီးတော့...ပါ တကားဟု သဘောမှန်ကို တွေးတောမိကာ ငိုချင်းဖြင့် ဖျော်ဖြေနေရပေ၏။

 မောင်ဖြတ်စမူကား ဦးတုတ်ပေါနှင့် ဒေါ်မြခင်တို့က အိမ်မှမောင်းထုတ်ချင်လှပါသော်လည်း သူ့ဦးလေး ကိုဘနိုင် ၏ မျက်နှာရှိန်ကြောင့်သာ မာဂရက်၏ပတ်ဝန်းကျင်မှ မဝေးကွာရခြင်းဖြစ်လေသည်။ သို့သော် သူတို့ နှစ်ယောက်မှာ တစ်အိမ်တည်းအတူ နေရသော်လည်း ဖြစ်လျက်နှင့်မပြီး၊ ချစ်လျက်နှင့် မနီးကြဘဲ သစ်ရွက်နှင့်အသီးလို အညှာချင်း မထိမိကြချေ။"
နောက်တစ်နေ့ပင်လျှင် "အားဂျင်း"ရိုက်လိုက်သောသံကြိုး၏ အရှိကြောင့် မာဂရက်၏မိခင် ဒေါ်ဇာကျယ် ကဆုန်စိုင်း ၍ ရောက်လာလေသည်။
မာဂရက်သည် မိခင်၏ရင်ခွင် မျက်နှာအပ်၍ ဖြစ်ကြောင်းရယ်တဲ့ ကုန်စင်ကို သံတော်ဦး တင်လေရာ ဒေါ်ဇာကျယ်မှာ ပျဉ်းမနားမြို့က စစ်ဗိုလ်၊ ဗိုလ်ရဲလတ်ဘွဲ့ခံ၊ မာဂရက်၏ရည်းစား ကွန်မြူနစ် သရဲအောင်စိန် အား လယ်ပိုင်ရှင်း ပီပီသောက်မြင်ကပ်၍ သမီးနှင့်မနီးရအောင် ယခုကဲ့သို့ မာဂရက် အား ရန်ကုန်ပို့ထား ကာမှ "အင်္ဂလိပ်ကြောက်လို့ ဟိုဒင်းကိုး၊ ဟိုဒင်း အင်္ဂလိပ်ထက်ဆိုး"ဆိုတဲ့ အဖြစ်မျိုး ရောက်နေပါကလား...ဟု တွေးတောမိကာ သမီး၏မျက်ရည်နှင့် မျက်ရည်ချင်းရောယှက် ကာ ၀က်ဝက် ကွဲအောင် ငိုပွဲကြီးဆင်လိုက်လေ၏။

ဖြစ်ပြီးကာမှ မထူးတော့ဘူးဟု တော်ရမည့် သမက်လောင်းမောင်ဖြတ်စကို ကြည့်လိုက်ပါသော် လည်းတစ်ကွက်မျှ မက်စရာမရှိ၊ မောင်ဖြတ်စခမျာမှာလည်း လွယ်ကူစွာပင် သမက်တော်ပါစေ တော့ ဟုဒေါ်ဇာကျယ် ၏ မျက်မြင်းကွင်း၌ ရိုးသားသော အမူအရာကလေး လုပ်နေလိုက်မှပင် အကြီး အကျယ်သောက်မြင်ကပ်ဖို့ ကောင်းနေသေး၏
ဤသို့ လျှင် မာဂရက်တို့လူစုနှင့် မောင်ဖြတ်စမှာ ဆုပ်စူး စားရူးဆိုသော ပဒိုင်းသီးကို လွှတ်ပစ် ရမှာ လည်း ရေဆေးမရအောင် အစေးတွေ ပေကျံနေပြီ ဖြစ်ရကား အကြီးအကျယ် အကြံရကျပ် နေကြရာ သူတို့ဆွေမျိုး တစ်သိုက်ထဲတွင် ပညာအရှိဆုံးဟု ယူဆရသော ပဲခူးမြို့မှ စုံထောက်ကြီး ဦးဇော်ဝင်းအား ခေါ်ငင်ကာ ဆရာတင်ကြလေ၏။

ဦးဇော်ဝင်းကား အခြားမဟုတ်ပေ။ ဦးတုတ်ပေါ၏နှုတ်ခမ်းမွေး မီးလောင်မှုကြီးဖြစ်စဉ်က လာရောက် စုံထောက်ခဲ့ရာအမှုမပြီး မီပင်မိမိကိုယ်တိုင် နှုတ်ခမ်းမွေးရိတ်ပြီး ယူထားသော "မြစ် လောက်" မယား အထွေးကလေး လင်ငယ်နောက်လိုက်သွားသောကြောင့် ပဲခူးမြို့သို့ အလျင်အမြန် ပြန်သွားသော ကျွန်ုပ်တို့၏ မိတ်ဆွေဟောင်း နာမည်ကျော်စုံထောက်ကြီး ဦးဇော်ဝင်း ပင် ဖြစ်ပေ၏။
အမှန်အားဖြင့် ဦးဇော်ဝင်းသည် ပထမဦး၌ ပင်စင်ယူနေပြီ ဖြစ်ခဲ့၏။ သို့သော်သူ့မယား အထွေးဆုံး ကလေးဆုံးပါးရသောအခါတွင် အကြီးအကျယ် စိတ်ညစ်ကာ "သေမြေကြီး၊ ရှင်အလကားပဲ"ဟု စိတ်ကူးပေါက်၍ ဤမျှလူဆိုးတွေ လက်နက်အစုံအလင်နှင့် သောင်းကျန်းနေသော ခေတ်ကြီးထဲ တွင် စုံထောက်အလုပ်ကို ပြန်လည်လက်ခံလိုက်လေသည်။

ဦးဇော်ဝင်းရောက်လာ၍ အဖြစ်သနစ်အားလုံးကို သိရသည်တွင် ဦးဇော်ဝင်းသည် မာဂရက်ကို မြင်ရ ခြင်းအားဖြင့် သူ၏ ဆုံးပါးသွားသော မယားအထွေးကလေးကို သတိရကာ "ဤလိုမိန်းကလေးများ မှာ ဤလိုကောင်မျိုးတွေကြောင့် ငါကဲ့သို့လူကြီးများ ခက် နေတော့လားပါတကား"ဟု တွေးတော မိလျက်မောင်ဖြတ်စ အား အရှင်လတ်လတ် မီးမြှိုက်သတ်ချင်လောက်အောင်ပင် မုန်းတီးရွံ့ရှာလေ ၏။
သို့သော် ကိုဘနိုင်၏မျက်နှာကလည်း ရှိနေပြန်၊ ဥာဏ်များသော စုံထောက်ကြီး က လည်း ဖြစ်နေ ပြန်သောကြောင့် ပြုံးရွှင်သော မျက်နှာထား မျက်နှာထားဖြင့်ပင် မောင်ဖြတ်စအား...
"ကဲ..ဖြစ်ကြတာတော့ ဟုတ်ပါပြီကွယ်၊ မင်းကမယားတစ်ယောက် လုပ်ကျွေးနိုင်လောက်အောင် ဘယ်လို လူရည်လူသွေးများ ရှိသလဲကွဲ့။ မိဘသင်ပေးထားတဲ့ ပညာနဲ့ရုံးမှာ စာရေးစာချီ လုပ်တာ တော့ဂေါ်ရင်ဂျီတောင် လုပ်နိုင်တယ်ကွဲ့၊ ကုန်သည်ဆိုတာကတော့ ငွေရှိရင် လုပ်နိုင်တယ်ကွဲ့၊ စာရေးဆရာ ဆိုတာကတော့ မြန်မာပြည်မှာ စားလောက်တဲ့ အလုပ်မဟုတ်ဘူးကွဲ့၊ လယ်လုပ်တယ် ဆိုတာ ကတော့ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းရှိရင် နွားနဲ့ဖက် လုပ်နိုင်တာပဲကွဲ့၊ စစ်ဗိုလ်အလုပ် ကတော့ နီးဂရိုး အရိုးတွေတောင် လုပ်နိုင်တယ် ကွဲ့၊ ကဲ...ဒီတော့ ပြောစမ်း...မာဂရက်လို မိန်းမချော လေးနဲ့တန်အောင် မင့်မှာ ဘယ်လိုများ ထူးထူးခြားခြား လူစွမ်းလူစရှိသလဲ..."ဟုမေးလိုက်လေ သည်။

စင်စစ်ဦးဇော်ဝင်း မေးပြောပြောလိုက်သော စကားမှာ မောင်ဖြတ်စအဖို့ ကိုယ်စွမ်းကိုယ်စနှင့် လုပ် ကိုင်ရန်နည်းလမ်းတစ်ကွက်မျှ မရှိတော့ဘဲ ကိုယ့်ကိုယ်ကို သတ်သေလျှင် သေ၊ မသေချင်သေး လျှင် သာသနာ့ဘောင်ဝင်ပြီး သင်္ကန်းစည်း ဖို့သာ ရှိတော့သည်။ မာဂရက်နှင့် နီးဖို့ကား လုံးဝ မျှော်လင့်ဖွယ်မရှိတော့ချေ။ အမှန်အားဖြင့် ဦးဇော်ဝင်းက တမင် အကျပ်ကိုင် ပြောလိုက်ခြင်းကို မောင်ဖြတ်စရိပ်မိ လေသည်။ သို့သော်မောင်ဖြတ်စသည် လူကောင် ခါးချည့် သလောက် ဦးနှောက် အားရှိသူဖြစ်ရကား... ပြုံးရွှင်အေးဆေးသော အမူအရာနှင့်ပင်...
"ဦးမင်းပြောတာတွေ အားလုံးပဲ မှန်ပါတယ် ခင်ဗျား...၊ ကျွန်တော်လည်း အဲဒီလိုအလုပ်မျိုးတွေ ၀ါသနာ မပါပါဘူး...။ ကျွန်တော်ထူးထူးခြားခြား လုပ်ချင်တာကတော့ ဆရာရွှေဥဒေါင်း ရေးတဲ့ စုံ ထောက်မောင်စံရှား ၀တ္ထုတွေဖတ်ပြီး လေ့လာနေတဲ့အတွက် ဦးမင်းလိုပဲ စုံထောက်အလုပ် ကို စွမ်းဆောင်နိုင်ပါလိမ့်မယ်ခင်ဗျား..."ဟု သိမ်မွေ့စွာပြောလိုက်ရာ ဦးဇော်ဝင်းမှာ စုံထောက်အလုပ် ကို မိမိကိုယ်တိုင် လုပ်နေသည်ဖြစ်၍ တစ်စုံတစ်ရာ အပြစ်အနာကလေးကို ကြည့်ကာခွက်ထိုးခွက် လန်ရယ်မောလျက်...
"မင့်လို အကောင်ကလေးက စုံထောက်လုပ်လို့ လူဆိုးက မင့်ကိုစကြ၀ဠာတံတိုင်း အပြင်ဘက် ရောက်အောင် လွှင့်ပစ်လိုက်မှာပေါ့ကွဲ့"

"စုံထောက်အလုပ်ဟာ ဆန်းဆိတ်ပိုးရတဲ့ ကူလီအလုပ်မဟုတ်ပါဘူး ဦးမင်းရယ်...၊ ဥာဏ်လွှာသုံး ရတဲ့ဦးနှောက် အလုပ်ပါ၊ ကျွန်တော်တစ်ပွဲတစ်လမ်း အစွမ်းပြချင်လှတယ်..."ဟု ပြောလိုက်ရာ ဦးဇော်ဝင်း၏ မျက်နှာမှာ ရုတ်တရက်ဝင်းပြောင်၍ သွားလေ၏။
အကြောင်းမူကား နာမည်ရစုံထောက်နှင့် ပုလိပ်များကိုပင် ပတ်တီးရိုက်၍ဆုံးမလေ့ရှိသော ရန်ကုန် မန္တလေးမီးရထားလမ်းတစ်လျှောက်တွင် အကြီးအကျယ် ဆိုးသွမ်းနေသည့် ခေတ်သစ်နာမည်ကျော် လူဆိုးကြီး "ဗိုလ်အောင်ဒုံ" ကို တွေးမိသောကြောင့်ဖြစ်ပေ၏။
ဗိုလ်အောင်ဒုံ မှာ အဖော်မထားဘဲ ရှေးသူရိယမဂ္ဂဇင်းထဲက စောရသက်ပြင်းကဲ့သို့ တစ်ယောက် တည်းခိုး တိုက်ဆိုးမိုက်နေသူဖြစ်၍ သူ၏ကိုယ်ကာယမှာ ကျွဲပေါက်ကြီးတမျှ ကြီးမားထွားကျိုင်း လျက်ဆယ်ယောက်နှင့် တစ်ယောက်ပင် မတုယှဉ်နိုငအောင် အလွန်သန်စွမ်းရုံမက ဘိုးဘိုးအောင် နှင့်ပင် လူကိုယ်တိုင် တွေ့ဖူး၍ သေနတ်ပြီးသည်ဟုပင် ကျော်ကြားနေ၏။

ထို့ပြင်ဘ၀ ဗိုလ်အောင်ဒုံမျာ ဂါတ်တဲများ၊ ပုလိပ်အရာရှိအိမ်များကိုပင် ကြိမ်ဖန်များစွာ ၀င်ထွက် သွားလာနိုင်လောက်အောင် ရုပ်ပြောင်းရုပ်လွှဲကောင်းလှသည်ဟုလည်း ပြောကြကုန်၏။ အကယ်၍ ဗိလ်ုအောင်ဒုံမှန်းသိသဖြင့် သေနတ်ဆယ်လက် ၀ိုင်းမိစေကာမူ ကျည်ဆန်တစ်ချက်မျှ မထွက်မိ ထိုသေနတ်ရှင် ဆယ်ယောက်ကို နော့ကောက်ချနိုင်သည်ဟုလည်း သတင်းပြေးနေသေး၏။
ဗန်တိုဗန်ရှည်၊ အင်္ဂလိပ်လက်ဝှေ့၊ မြန်မာ့လက်ဝှေ့စသော နည်းအမျိုးမျိုးကို အရည်ကျိုသောက် လာခဲ့သော စုံထောက်ကြီး ဦးဇော်ဝင်းကိုယ်တိုင်ပင်လျှင် တစ်ခါက ဗိုလ်အောင်ဒုံ၏လက်ချက်ဖြင့် အသက်ထွက်လု ခမန်းခံခဲ့ရ၍ ဗိုလ်အောင်ဒုံကို အသေအချာမှန်မိနေပါသော်လည်း ဗိုလ်အောင်ဒုံ၏ အနီးသို့ သူနောက်ထပ် မသီဝံ့တော့ချေ။

စင်စစ်အားဖြင့် စုံထောက်ပုလိပ်အရာရှိတိုင်းလိုလိုပင် ဗိုလ်အောင်ဒုံ၏သတင်းကို ကြားလိုက်ရလျှင် ကျားနံ့ ရသော ခွေးကဲ့သို့ ဖင်သီနေကြလတက် အားလုံးပင်လက်လျှော့နေကြရကာ ယခုမြန်မာ အစိုးရကပင် "ဗိုလ်အောင်ဒုံ ကို အသေရလျှင် ငါးထောင်၊ အရှင်မိလျှင် တစ်သောင်း"ဟု ဆုငွေထုတ် ထားရလေသည်။ အချို့ရဲရင့် ၍ ငွေမက်သောသတ္တိခဲတို့သည် အမျိုးမျိုးကြိုးစားခဲ့ကြဖူး၏။ သို့ သော်အသက်နှင့်ခန္ဓာကိုယ် အိုးစား ကွဲသွားကြသည်သာများကုန်၏။
ထို့ကြောင့်ပင်လျှင် ဦးဇော်ဝင်းသည် မောင်ဖြတ်စအား လူ့ပြည်မှအလျင်အမြန် ထွက်ခွာ သွားစေ လို သောကြောင့်...
"ကဲ..ဒါဖြင့် မောင်ဖြတ်စ၊ အရှည်မပြောနဲ့တော့်၊ မင်း....လူဆိုးကြီး ဗိုလ်အောင်ဒုံကို ဖမ်းနိုင်ရင်ဖြင့် မာဂရက်နဲ့ တို့ပေးစား မယ်ကွယ်..."ဟု ပြောလိုက်လေ၏။
စင်စစ်မောင်ဖြတ်စ သည် ဦးဇော်ဝင်းက မိမိအားကြံတော်သင်္ချိုင်းသို့ ပို့ချင်၍ ဤသို့ပြောသည်ကို အတပ် သိလေသည်။ သို့သော်အေးဆေးခန့်တည်စွာပင်...
"ကောင်းပါပြီ ဦးမင်းရယ်၊ ကျွန်တော့်ကို စုံထောက်တစ်ယေက်ရဲ့ပါဝါသာ ပေးပါတော့"ဟု ပြောလိုက်၏။

နောက်တစ်နေ့၌ပင် ဦးဇော်ဝင်းသည် မောင်ဖြတ်စအား စုံထောက်အမှတ်အသားပြုသော စာရွက် ကိုပေးလေ သည်။ စင်စစ်ဦးဇော်ဝင်း၏ စိတ်ထဲ၌သူဌေးကြီးက သူဌေးလောင်းဃောသကအား ဤသူငယ်ကို ချက်ချင်း သတ်ပစ်လိုက်ဟု စာရေးသောသဘောမျိုးပင် ဖြစ်လေသည်။
ထို့နော်ဦးဇော်ဝင်းက ခြောက်လုံးပြူးတစ်လက်ကို ထုတ်ပေးသောအခါ၌ မောင်ဖြတ်စက သူသည် လက်နက်နှင့်မဖမ်း၊ ဦးနှောက်နှင့်သာ ဖမ်းမည်ဖြစ်သောကြောင့် အလိုမရှိဟု ပြောသည်တွင် ဦးဇော်ဝင်းက မဲ့ရွဲ့ရယ်မောကာ...
"ကဲ...ဒါဖြင့် ဗိုလ်အောင်ဒုံကို ဖမ်းဖို့လက်ထတ်ပဲ ယူသွားမယ်လား."ဟု ခပ်လှောင်လှောင်မေးရာ မောင်ဖြတ်စက ဣနြေ္ဒရှိစွာနှင့်ပင်... "နေပါစေဦးမင်းရယ်....လက်ထိတ်ခတ်ရတာက စုံထောက်ရဲ့အလုပ်မဟုတ်ပါဘူး၊ စုံထောက် တပည့်ပုလိပ်ရဲ့အလုပ်ပါ...."ဟု ပြောလိုက်၏။
ထို့နောက် ဦးဇော်ဝင်းသည် မောင်ဖြတ်စအား လူဆိုးနှင့် မြန်မြန်တွေ့ ၍မြန်မြန်ကိစ္စချော ပါစေဟူ သော ဆုတောင်းဖြင့် ဗိုလ်အောင်ဒုံနေထိုင် ကျက်စား ရာ ဒေသနှင့်ဗိုလ်အောင်ဒုံ၏ ရုပ်ပြောင်းရုပ်လွှဲ ပုံသဏ္ဍာန်အမျိုးမျိုးတို့ကို ကျကျနနပြောပြလေ၏။

ဦးဇော်ဝင်း၏မျက်စိထဲတွင် မောင်ဗမာ ဆယ်လောက်မက အင်အားရှိသော လူဆိုးကြီးဗိုလ်အောင်ဒုံ ကပန်းနာကြက်ညှာနှင့် သေခါနီးကလေး လူနာတစ်ယောက်လောက်မှ အင်အားမရှိသော ပိန်ချည့် ကုန်းကွမောင်ဖြစ်စ အား တစ်ချက်တည်း ဖနောင့်နှင့်ပေါက်၍ အသက်ပျောက်နေပုံကို မြင်ယောင် ကာဝမ်းသာ အားရနှင့် နောက်တစ်နေ့၌ပင် သူ၏အလုပ်ရှိရာပဲခူးမြို့သို့ ပြန်သွားလေ၏။
မောင်ဖြတ်စ၏စိတ်ထဲတွင်မူကား မကြာမီမယ်ဗမာ၊ မယ်ပြည်ထောင်စုတွေ၏ ရက်ကော့(ဒ်)ကို ချိုးမည့်အသားဝါညက်မာဂရက်မယ်တပ်ကုန်းနှင့် ပေါင်းဖက်ရန်ကိုသာ တွေးတောလျက် ဤလူဆိုး ကြီးကိုမရရအောင် တစ်ယောက်ချင်း အမိဖမ်းမည်ဟု ဆုံးဖြတ်ချက်ချကာ တစ်နေ့သောညနေ ခင်းလူတလစ်ချိန်တွင်  မာဂရက်၏အနီးသို့ ချဉ်းကပ်၍...

"မာ...ကိုကိုဖြတ်တော့ အသက်သေချင်သေပေစီ၊ မာနဲ့နီးရအောင်ကြိုးစားရတော့မှာပဲ"ဟု အားပေးစကားများ ရနိုးနိုးနှင့် အရဲစွန့်၍ပြောလိုက်မိရာ စိတ်ညစ်နေသော မာဂရက်သည် နှုတ်ခမ်း စူပြီး...
"ဘာ ကိုကိုဖြတ်လဲ၊ ဒီနာမယ်ကြီး မကြားချင်ပါဘူး..."ဟု နားနှစ်ဖက်ပိတ်၍ အော်ငေါက်လိုက် သဖြင့်မောင်ဖြတ်စခများမှာ အနီးမှ ရုတ်တရက်ဖဲကြဉ်ခဲ့ရလေ၏။ သို့သော်မောင်ဖြတ်စမှာ စိတ်ပျက် တတ်သူ မဟုတ်ဘဲ ထိုနေ့မှစ၍စုံထောက်အလုပ်ကို ကြိုးကြိုးပမ်းပမ်းလုပ်လေ၏။ သူ့၌ ကား အခြားစုံထောက်များကဲ့သို့ သေနတ်၊ ပေကြိုး၊ မှန်ဘီလူး၊ ကင်မရာတို့ကို မဆိုထားဘိ ဆေးတံဆေးဘူးမျှ ၀ယ်မသောက်နိုင် ဘဲ ဆေးပေါ့လိပ်တို့ကိုသာခဲ၍ စုံထောက်ရလေသည်။

အချိန်မှာ တစ်လမျှကြာခဲ့လေပြီ။
ဧပြီလဆန်း တစ်ရက်နေ့ညနေ၊ မန္တလေး မီးရထားထွက်ခါနီးအချိန်တွင် စုံထောက်မောင်ဖြတ်စ သည် ကွမ်းခြံ ဘူတာရုံကြီးမှနေ၍ ပဲခူးမြို့စုံထောက်ကြီးဦးဇော်ဝင်းထံသို့ တယ်လီဖုန်းနှင့် စကား ပြောလိုက်လေသည်။
နောက်မောင်ဖြတ်စ သည် မီးရထားတွဲတစ်ခုပေါ်သို့ တက်၍ဟိုဟိုဒီဒီနေရာကြည့်ပြီးမှ အသက် ၄၀ ခန့်ရှိ ၀၀ တုတ်တုတ် တောသားရုပ်ပေါက်နေသော လူကြီးတစ်ယေက်နံဘေး၌ ၀င်ထိုင်လေသည်။ ထိုလူကြီးသည် ဒန်တိုခဲလျက် ၀ါးခမောက်ကြီးကို ဆောင်းထားကာ မောင်ဖြတ်စအားဂရုပြုဟန် မရှိချေ။
ရထားထွက်စပြုသည်တွင် မောင်ဖြတ်စမှာ အိပ်ငိုက်လာ၍ သူ၏ဦးခေါင်းမှ သက္ကလပ်ဦးထုပ် ဟောင်းကလေးကို ချွတ်ကာထိုလူကြီး၏ ကိုယ်ကိုမှီလျက်မှိန်းလေသည်။ ရထားမှာ လူများပြွတ် သိပ်နေသည်ဖြစ်၍ တစ်ယောက်နှင့် တစ်ယောက် မှီငိုက်ခေါင်းတင်ကြခြင်းမှာ အဆန်းမဟုတ်ချေ။ ထိုလူကြီးသည် မောင်ဖြတ်စကိုကလေးကို အသိအမှတ် မပြုဘဲဆိတ်ငြိမ်စွာပင် ဒိန်တိုကိုခဲလျက် နေ၏။
ဓားပိန် ဘူတာ ကျော်လွန်သည်တွင် မောင်ဖြတ်စ၏ဦးခေါင်းသည် ထိုလူကြီး၏လက်မောင်းအောက် သို့ရောက်နေ ၍ အိပ်ပျော်နေဟန်ရှိလေသည်။

သို့သော်မောင်ဖြတ်စသည် အမှန်စင်စစ်အားဖြင့်အိပ်ပျော်နေသည်မဟုတ်ဘဲ မီးရောင်ကို သူ၏ ဦးထုပ် နှင့် ကွယ်၍ထိုလူကြီး၏ အပေါ်အင်္ကျီလက်ဝဲဘက်အိတ်ထဲမှ ပစ္စည်းကိုနှိုက်ယူရန် ကြိုးစားနေလေသည်။
ထိုလူကြီး မှာ တောသားပီပီ၊ ကျစ်လျစ်သိပ်သည်းစွာ ထည့်ထားသည်ဖြစ်၍ မောင်ဖြတ်စမှာ လွယ်ကူစွာ မရနိုင်ချေ။ သို့သော်မောင်ဖြတ်စမှာ ဇွဲနပဲရှိသူဖြစ်၍ မရမနေကြိုးစားလေရာ ပဲခူး ဘူတာဝင်ခါနီး မီးရတား ဥသြပေးလေသည် တွင် ထိုလူကြီး၏ပိုက်ဆံအိတ်ကို ဆွဲကိုင်မိလေသည်။

သို့သော်မောင်ဖြတ်စ၏ အကြံမအောင်ချေ။ အကြောင်းမူကားမောင်ဖြတ်စက သားရေအိတ်ကို ကိုင်၍ လက်ပြန်နှုတ်လိုက်သည်တွင် ထိုလူကြီးသည် မောင်ဖြတ်စ၏လက်ကို ဖျတ်ခနဲ ဆွဲကိုက် လိုက်ကာ...
"မအေပေး....ခွေးမသား၊ ခါပိုက်နှိုက်"ဟုဆို၍ နားရင်းကို တီးလိုက်ရာ မောင်ဖြတ်စမှာ ကြမ်းပေါ် သို့ ဒုန်းခနဲခွေးကျ ကျသွားလေ၏။ လူအားလုံးပင် အလန့်တကြားဝိုင်းအုံကြည့်ကြလေရာ မောင်ဖြတ်စမှာ ပစ္စည်းနှင့် တကွလက်ပူးလက်ကြပ်မိနေသည်ဖြစ်၍ တစ်စုံတစ်ရာမငြင်းဆို နိုင်တော့ဘဲ...
"ချမ်းသာပေးတော်မူပါ ခင်ဗျား...ကျွန်တော် မရှိဆင်းရဲလို့ ကြံမိတာပါခင်ဗျာ"ဟု တောင်းပန်ပါ သော်လည်း ခါးပိုက်နှိုက် ကို သနားရိုးထုံးစံမရှိဘဲ ထိုသူကြီး သည် မောင်ဖြတ်စ၏လည်ကုပ် ကို စွေ့ခနဲကိုင်မြှောက် လိုက်ကာ...

"အမယ်...သနားစရာကလေးပေါ့ကွယ်၊ မင်းကငါ့ကို တောသားဆိုပြီး တွယ်တာပေါ့ကွယ်၊ ဘာရမ လဲငါက မင်းတွဲပေါ်တက် လာကတည်းက ခါးပိုက်နှုက်မှန်းသိတယ် နားလည်ရဲ့လား"ဟုဆိုပြီး နားရင်းကို ပိတ်တီးလိုက်ပြန်ရာ မောင်ဖြတ်စ အရုပ်ကြိုးပြတ် ကျသွားပြန်လေ၏။ အချို့လူများက မှတ်လောက်အောင် ဆော်ရန်ပြော ၍ မိန်းမအချို့ကမူ...
"အမယ်လေး လုပ်နေကြပါနဲ့တော့ရှင်၊ လက်သနခံပြီးတော့ သူ့လမ်းသူသွားပါစေ၊ ပုလိပ် လက်သာ အပ်လိုက်ပါ" ဟုပြောကြလေ သည်။
ဤတွင် မောင်ဖြတ်စက
"ပုလိပ်လက်တော့ မအပ်ကြပါနဲ့ခင်ဗျာ၊ ထောင်ကိုကြောက်လွန်းလွန်းလို့ပါ၊ ရှိကြီးခိုးပါရဲ့ ချမ်းသာပေးတော် မူကြပါ၊ ကျွန်တော်နောက်ဒီအလုပ်ကို မလုပ်ပါဘူး"ဟုဆို၍ ရှိခိုးလေရာထို လူကြီးသည်မောင်ဖြတ်စ ၏လည်ကုပ် ကိုဆွှဲမြှောက်လိုက်ပြန်ကာ...

"အမယ်ခါးပိုက်နှိုက်က ထောင်ကျမှာကြေက်သတဲ့၊ ကဲလာ...နင်ကြောက်တဲ့ဆီပဲ ပို့ရမယ်"ဟု ဆိုလိုက်စဉ်တွင် ပင် ပဲခူးဘူတာသို့ မီးရထားဆိုက်လိုက်ပြီးဖြစ်၍ ထိုလူကြီးသည် မောင်ဖြတ်စ၏ ချိုင်းတစ်ဖက်ကို ဆွဲမြှောက်ကာ နီးရထားတွဲပေါ်မှဆင်း ၍ ဘူတာထဲသို့ ဆွဲခေါ်သွားလေ၏။ ဘူတာပေါက်ဝ၌ အသင့်ရှိနေသော ပုလိပ်အရာရှိ တို့လည်း သူတို့နှစ်ယောက်ကို အံ့အားသင့်သလို ကြည့်ရှုနေကြရာ အနီးရောက်သည်တွင် ထိုလူကြီး "ကဲ..ဟောဒီ မှာ ခါင်းပိုက်နှိုက်"ဟုဆို၍မောင် ဖြတ်စကိုထိုးပေးလိုက်ရာ လက်ထတ်အသင့်ကိုင်၍ စောင့်နေသော ပုလိပ်အရာရှိ တစ်ယောက် သည်လျင်မြန်စွာ ဖျောက်ခနဲ လက်ထိတ်ခတ်လိုက်လေ၏။

သို့သော် စက္ကန့်ပိုင်းကလေးအတွင်းတွင် ခါးပိုက်နှိုက်ကိုဝိုင်းအုံကြည့်ရှုလာကြသော လူတို့မှာ အကြီးအကျယ် အံ့အားသင့်၍ သွားကြလေသည်။
အကြောင်း မူကား ထိုလုလိပ်အရာရှိခတ်လိုက်သော လက်ထိတ်မှာမောင်ဖြတ်စ၏ လက်ကိုမဟုတ် ဘဲခါးပိုက်နှိုက်ဖမ်းလာသူ လူကြီး၏လက်နှစ်ချောင်းကို စွပ်မိလျက်သား ဖြစ်နေသောကြောင့် တည်။
လက်ထိတ် ခတ်လိုက်လျှင် ခတ်လိုက်ချင်းထိုလူကြီးမှာရုတ်တရက် ထိတ်လန့်အံ့သြ၍သွားလေရာ လက်ထိတ်ခတ် သူ စုံထောက်ကြီးဦးဇော်ဝင်းက "ဘယ့်နှယ် အံ့သြသွားသလား ဗိုလ်အောင်ဒုံ" ဟု ပြောလိုက်သည်တွင် နံဘေးရှိလူအားလုံးမှာ ရုတ်တရက် မျက်လုံးပြူး၍သွားကြလေ၏။

စုံထောက်တိုင်း လက်လျှော့ခဲ့ရသော နာမည်ကျော်လူဆိုးကြီး ဗိုလ်အောင်ဒုံကို အရှင်လတ်လတ်ဖမ်း မိ၍ ဆုတော်ငွေ တစ်သောင်းရလိုက်သော အော်နာရေဘီစုံထောက်ကြီး မောင်ဖြတ်စနှင့် မယ်တပ် ကုန်းဘွဲ့ရ မာဂရက်သာဝက် တို့၏ လက်ထပ်ပွဲကြီးမှာ ကြီးကျယ်ခမ်းနားလှပေ၏။

လက်ထပ်ပွဲပြီးသည့်ည ဧည့်သည်များရှင်းလင်းသွားသည်တွင် မောင်ဖြတ်စသည် မာဂရက်အနီးသို့ ကပ်၍...
"ဘယ့်နှယ်လဲ မာ..ကိုကိုဖြတ်လို့ ခေါ်တော့မယ်မဟုတ်လား"ဟု မေးလိုက်ရာ အရပ် ၅ပေ ၄လက်မကျော် ဖြူဖွေးတောင့်တင်းလှသော မာဂရက်မယ်တပ်ကုန်းသည် တစ်စုံတစ်ရာပြန်လှန် မပြောတော့ဘဲ အရပ် ၅ပေ မပြည့်သော ကျွန်ုပ်၏ဇာတ်လိုက်မင်းသား ပိန်းချည့်ကုန်းကွ မောင်ဖြတ်စအား ကြီးမှီ ငယ်ချီဟူသော သဘာဝ အလျောက် ဆတ်ခနဲ မြှောက်ချီကာအိစက်ညက် ညောသောဖဲမွေ့ရာကြီးတည်ရှိရာ စက်ခန်းဆောင်သို့ ပွေ့ယူသွားလေသတည်း။
 
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၁၁)

“ခင်ဗျားကတော့ မရူးပါဘူး ရာဂျာ၊ ဒါပေမဲ့ ခင်ဗျားက ကြောက်တတ်တယ်ဗျ၊ ကြောက်တဲ့ အကြောင်း လည်း ရှိမှာပေါ့လေ၊ တိုက်ပွဲက အကြီးအကျယ် ဖြစ်တော့မှာကိုး။ တစ်ခါစဖြစ် လိုက်တာ နဲ့ နောက်ဆုတ်လို့ရတာမှ မဟုတ်။ ခင်ဗျားကြောက်တာကို ကျွန်တော် အပြစ် မတင်ပါဘူး။ ခင်ဗျားက ဒီပြည်သားမှ မဟုတ်တာ၊ ခင်ဗျားက ထူးဆန်းလျှို့ဝှက်တဲ့နေရာ တစ်နေရာကို ခရီးလှည့်လည်နေတဲ့ ခရီးသွားပဲ၊ ဒါကြောင့်ရန်ပွဲက ခင်ဗျား ထွက်ပေါက်ရှိမှာ မဟုတ်တော့ဘူး၊ ထွက်ပေါက်  ရှိမှာ မဟုတ်တော့ဘူး” ထိုည တွင် ရာဂျာသည် တစ်ယောက်တည်း တွေးနေမိသည်။ သူ့အနာတဂတ် အခြေအနေ ရှေ့ဆက် ဘယ်နည်း ဘယ်ပုံ စခန်းသွား ရမည်ဆိုသည်များ။ ကို ဆက်ဖတ်ရန်........

ထိုစဉ်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။ သူကပထမတော့ ဘာမှပြန်မဖြေ။ နောက်မှ ဂျင်မီအသံမှန်း သိရ၍ ဖွင့်ပေးလိုက်သည်။ ဂျင်မီမှာ သူတို့တက္ကသိုလ်တွင် နာမည်အကြီးဆုံး ဘတ်စ်စကက်ဘော သမား။ ကျောင်းသား တိုင်းက လေးစားချစ်ခင်ကြသည်။ တံခါးဖွင့်လိုက် တော့ ဂျင်မီတစ်ယောက်တည်းမဟုတ်၊ ဂျိုးဇက်တို့ လူဝီတို့ အပါအ၀င် ကျောင်းသားတစ်အုပ် ကြီးကို တွေ့ရသည်။
“ချီးကျူးပါတယ်ဗျာ၊ ခင်ဗား ရှ်လ်ကို ရေရေလည်လည် ချဲပစ်လိုက်ပြီး အောင်ပွဲခံတာ ကျွန်တော်တို့ကြားရလို့ပါ”
ဂျင်မီ က ပြောသည်။ “ကျွန်တော် မနိုင်ခဲ့ပါဘူးဗျာ”
ရာဂျာက ပျာပျာသဘလဲ ပြန်ပြောသည်။
“မဟုတ်ဘူးလေ၊ ကောင်တာမှာ ခင်ဗျားထိုင်ရဲတာ၊ ကော်ဖီမှာသောက်ရဲတာကိုက အာဂ သတ္တိ မဟုတ်လားဗျ၊ ဒါတော်ရုံတန်ရုံ သတ္တိနဲ့ ဘယ်ရမလဲ” “ဒီလိုမဟုတ်ဘူးဗျ၊ ကျွန်တော်က သတ္တိရှိလို့ လုပ်ခဲ့တာမဟုတ်ဘူး၊ ဘာမှ မသိနားမလည် လို့ လုပ်ခဲ့တာ”

“ဘာပဲဖြစ်ဖြစ်ဗျာ၊ ခင်ဗျားကို ချီးကျူးပါတယ်၊ ခင်ဗျားဟာ ကျွန်တော်တို့မြို့မှာ မီးတစ်မီးကို မွှေးနိုင်ခဲ့ပြီပဲ မဟုတ်လား၊ ခုထီးကောက် နဲ့ မိန်းမကြီးရဲ့ ခင်ပွန်းဆီက ဖုန်းလာသေးတယ်”
“ထီးကောက်နဲ့မိန်းမ က ဟုတ်လား”
“ဟုတ်တယ်လေ၊ ရှဲလ်မက်ကို ထီးနဲ့ရိုက်မလို့ လုပ်ခဲ့တဲ့မိန်းမပေါ့၊ သူ့ယောက်ျားက မြေပဲ စက်ရုံကလေ၊ ဒီတိုက်ပွဲ ကို ကျွန်တော်တို့ ဆက်တိုက်ကြမယ်ဆိုရင် သူတို့အလုပ်သမားတွေ အားလုံးကလည်း ၀ိုင်းပြီး တိုက်ပေးကြ မယ်တဲ့”
“ကျွန်တော်တို့ ရှေ့ဆက် ဘာလုပ်ကြမယ်ဆိုတာ စီစဉ်ဖို့အတွက် အစည်းအဝေးတစ်ခု ကျင်း ပဖို့ ပြင်ဆင်နေကြ ပါတယ်၊ ကျွန်တော်တို့ရဲ့အိပ်ပျော်နေတဲ့ မျက်လုံးတွေ ခုမှနိုးကြားလာကြ တာ နည်းနည်းတောင် နောက်ကျ သွားပါပြီ။ ဒါပေမဲ့ ဆက်လုပ်မယ့် တာဝန်ကတော့ ရှိလာပြီ ဗျ” လူဝီက ရာဂျာထံ လျှောက်လာ ရင်း ပြောလိုက်လေသည်။

ရက်များမကြာမီမှာပင် အစည်းအဝေး လုပ်ဖြစ်တော့သည်။ အစည်းအဝေးခန်းထဲ ရာဂျာဝင် လာသောအခါ အားလုံး က လက်ခုပ်ဝိုင်းတီးပေးကြသည်။ “ရာဂျာ ဒီစကားပြော စင်မြင့်ပေါ် ကြွခဲ့ပါ”
“ဂျိုးဇက်လည်း လာခဲ့ပါ” လူဝီက အပေါ်မှ လှမ်းခေါ်လိုက်သည်။ စင်မြင့်ပေါ်တွင် နေရာယူထားနှင့်ကြသူများမှာ လူဝီ ဂျင်မီနှင့် လူစီဘဲလ်။  ရာဂျာနှင့် ဂျိုးဇက်တို့ စင်မြင့်ပေါ်တက်သွားကြသောအခါ လက်ခုပ်သံများ ညံထွက် လာပြန် တော့သည်။
လူဝီက စကားစပြောသည်။
“ကျွန်တော်တို့ ဒီအစည်းအဝေးရဲ့ ဥက္ကဌအနေနဲ့ စကားပြောခွင့်ပြုပါခင်ဗျာ။ ဒီအစည်းအဝေး က သိပ်အရေးကြီး တဲ့ ပြဿနာ အရေးအခင်းတစ်ရပ်အတွက် ခေါ်ယူရတဲ့ အစည်းအဝေးပါ၊ စင်မြင့်ပေါ်မှာတော့ မစ္စလူစီဘဲလ်၊ မစ္စတာဂျင်မီနယ်မင် ကျွန်တ်ာတို့နပြအတူ နှစ်ပြားဆိုင် အရေးအခင်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် တိုက်ခိုက်ခဲ့ကြတဲ့ ဂျိုးဇက်နဲ့ ရာဂျာတို့ ရောက်နေ ကြပါပြီ”
ထိုအခါ လက်ခုပ်သြဘာသံ များ ထွက်လာပြန်၏။

“ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ နှစ်ပြားတန်ဆိုင်ကို သွားသိမ်းပိုက်ကြမယ်၊ အဲဒီဆိုင် မှာ ကျွန်တော်တို့ ထိုင်ခွင့်တောင်း ယူကြမယ်၊ အစားအသောက် မှာစားခွင့် တောင်းကြရ မယ်။ အဲဒီလိုလုပ်ဖို့အတွက် ဆိုင်ထဲ အကုန်ဝင်ပြီး အစားအသောက် ချမပေးမချင်း မထတန်းထိုင်ပြီး ဆန္ဒပြကြရမြယ်"
ကျောင်းသားထုထဲမှ ခပ်ပုပုကောင်လေး တစ်ယောက်က ထလာသည်။
"ကျွန်တော် မေးခွန်းတစ်ခုမေးချင်ပါတယ် "
"နာမည်ပြောပြီး မေးခွန်းမေးပါ "
လူဝီက ပြောသည်။
"ခင်ဗျား ကျွန်တော့်နာမည် အသိသားနဲ့ "
ကောင်လေးက ပြန်ဖြေတော့ တစ်ခန်းလုံး ပွဲကျသွားပြန်သည်။

"ဟုတ်ပါတယ်။ ဒါပေမဲ့ အစည်းအဝေး ထုံးစံအရ နာမည်ပြောပြီးမှ မေးဖို့ပြောတာပါ "
"ကျွန်တော့်နာမည် က မောရစ်အဒမ်းပါ "
"ကောင်းပြီ၊ မောရစ် ဘာမေးချင်လို့လဲ "
"ဘာဖြစ်လို့ ကျွန်တော်တို့ နှစ်ပြားတန်ဆိုင်ကို သိမ်းကြရမှာလဲ၊ ဘယ်သူတွေကများ ဒီညစ်ပတ်တဲ့ နေရာမှာ သွားစားချင်ကြ လို့လဲ။ အဲဒီမှာ အစားအသောက် လာချပေးပေး မပေးပေး ဘာဂရုစိုက်စရာလဲ၊ ဒီထက်ကောင်း တဲ့ ဆိုင်တစ်ဆိုင် ထောင်ပြီး စားသောက်ကြလို့ကော မရဘူးလားဗျ"
"ဒီလိုတော့ မဟုတ်သေးဘူးဗျ၊ ကျွန်တော်တို့က လူနည်းစု၊ ကျွန်တော်တို့ တက္ကသိုလ်ကျောင်း သားအနေနဲ့၊ တခြားပျော်ပွဲစားရုံကောင်းကောင်း မှာ ပိုက်ဆံပေးပြီးတက်စားလို့ ရတယ်ဆိုတာမှန် တယ်။ ဒါပေမဲ့ ကျွန်တော် တို့ ပြည်သူ အများစုက ဆင်းရဲတယ်ဗျ၊ ဆိုင်ကြီး ဟော်တယ်ကြီးတွေမှာ တက် မစားနိုင်ကြ ဘူး၊ နှစ်ပြားတန်ဆိုင်လောက်ပဲ ကပ်နိုင်ကြတယ်။ သူတို့အတွက် ကျွန်တော်တို့က တိုက်ယူပေးရမှာပါ "
လူဝီက မောရစ် ကို ပြန်ဖြေရှင်းပြသည်။

"ကျွန်တော်တို့ အလုပ်သမားတွေဟာ အလုပ်ဝတ်စုံတွေနဲ့ပဲ ဈေးဝယ်ထွက်ကြရတယ်။ သူတို့လို အပ်တာတွေ ကို နှစ်ပြားတန်ဆိုင်တွေ မှာ လာဝယ်ကြရတယ်။ အဲဒီဆိုင်မှာ သူတို့စားခွင့်သောက် ခွင့်တို့ မရှိဘူးလား။ သူတို့ ဘက်ကပဲ စဉ်းစားတော့ မောရစ်ရယ်။ ကျွန်တော်တို့ ကိုယ်ကျိုးအတွက် ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မိဘတွေသာ သူတို့လို လူတန်းစားတွေဆိုရင် ကျွန်တော်တို့ ဒီတက္ကသိုလ်တောင် တက်နိုင်ကြမှာမဟုတ်ဘူး "
သြဘာသံများ လျှံထွက်လာသည်။ "အန္တရာယ် မများဘူးလားဗျ"
"အေးအေးဆေးဆေး ထိုင်နေတာထက်တော့ အန္တရာယ်များတာ ပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော်တို့က လည်း စနစ်ကျမှု နဲ့ ငြိမ်ငြိမ်ဝပ်ဝပ် လုပ်သွားကြမှာပါ "
"ဘတ်စ်စက်ဘောအသင်း ကပ္ပတိန် ဂျင်မီနယ်ဆင်က ခေါင်းဆောင်ပြီး ရက် ၂ ပတ်အတွင်း အကောင်အထည် ဖော်သွားပါလိမ့်မယ်။ အောင်မြင်ဖို့ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်၊ မကြောက်တရားနှင့် စည်းကမ်းတွေပေါ် မှာ မူတည်ပါတယ်။

ဒါကို အောင်မြင်ရင် လူသား အားလုံးဟာ အတူတူ မွေးဖွားလာကြပြီး၊ အတူတူအခွင့်အရေး တန်းတူ ခံစားကြရမယ်ဆိုတဲ့ အချက်ကို သက်သေပြကြပြိပေါ့။ လူတိုင်းပဲ ပထမတန်းစား နိုင်ငံသားတွေ ဖြစ်ကြမယ်။ ၀င့်ကြွား မာန်ထယ်စွာ သွားလာနိုင်ကြမယ်။ တစ်အိမ်ကတစ်အိမ် တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်သွား လာနိုင်ကြမယ်။ ကျွန်တော်တို့ အားလုံးဟာ ဒီနိုင်ငံမှာ နေကြသူတွေ ဒီနိုင်ငံမှာ အလုပ်လုပ်ကြသူ တွေ ဒီနိုင်ငံနဲ့အစိုးရကို အခွန်အတုတ် ပေးကြရသူတွေ ဒီနိုင်ငံအတွက် စစ်မှုထမ်းပေးကြသူတွေ အကုန်အတူတူချည်းပဲ မဟုတ်လား။ အားလုံးဟာ အမေရိကန်လူမျိုးတွေပဲ မဟုတ်လား။ အသား အရောင် ခွဲခြားမှုဆိုတာ ရှိသင့်သေးသလားဗျာ "
"ဒါတွေအတွက် ကျွန်တော်တို့က တိုက်ယူကြရမြယ်။ စွန့်လွှတ်ပြီး တိုက်ပွဲဝင်ကြရမယ်။ ညီ၊ ညီမတို့ နှစ်ပြားတန်ဆိုင်ကို ရဲရဲရင့်ရင့် ချီတက်ကြ။ ထိုင်ခုံတွေမှာ ထိုင်ကြ။ မင်းတို့ကိုယ်မင်းတို့ အာဇာနည်တွေ၊ လွတ်လပ်ရေး တိုက်ပွဲဝင်တွေလို့တော့ မမှတ်ထင်ထားကြနဲ့၊ မင်းတို့ ထိုင်နေကြ တာက ဒိုးနပ်မုန့်ပြားကို စားချင်ကြ လို့ ထိုင်နေကြတယ်လို့မှတ်ပြီးဆက်လုပ်ကြ "
"ကျွန်တော်က ဒိုးနပ်မုန့်ပြား မကြိုက်ဘူးဗျ "
တစ်ယောက်က ထ၍ ၀င်ကြောင်သည်။

" ဒါက မစားဖူးသေးလို့ပါ၊ ခင်ဗျားစားဖူးရင် လျှာလည်သွားလိမ့်မယ်၊ ကဲဗျာ ဒိုးနပ်မုန့်ကြိုက်တဲ့လူရှိ ရင် မတ်တတ် ရပ်ပြစမ်းပါ၊ ရေကြည့်ချင်လို့ "
တစ်ခန်းလုံး ပင် ၀ုန်းခနဲ ထလိုက်ကြသည်။
"ကဲ တနင်္လာနေ့မှာ စကြစို့၊ အဲဒီအခါကျမှ အသေးစိတ်အစီအစဉ်ကို ပြောပြမယ် "
တနင်္လာနေ့။
မြို့နားသို့ ဘတ်စ်ကားရောက်လာသောအခါ ပုလိပ်များသည် ဆယ်ပေစီခြားပြီး စောင့်နေသည် ကို တွေ့လိုက်ကြ ရသည်။
"ဘယ်သူတွေလာမယ်ဆိုတာ ကြိုသိထားလို့၊ မုန့်တွေဘာတွေ ကြိုဖုတ်ထားပြီနဲ့တူတယ်ကွ "
"အေး ဟုတ်လိမ့်မယ် "
" ဗလွှတ်ရွှတ်တစကားတွေ မပြောကြနဲ့ကွာ "
လူဝီက ၀င်မာန်သည်။ တစ်မြို့လုံးတွင်တော့ လူဖြူနှင့်လူမည်းအုပ်စုတို့သည် ရန်စောင်နေကြ သည်။ လူမည်း များ ဘက်တွင် ရပ်နေသော လူဖြူနှစ်ယောက်သာရှိသည်။

" ပီထရပ်ဟ်ဆွီဆန်" နှင့် " ဂျွန်မာထီးယာစ်"။
နှစ်ပြားတန် ဆိုင်ရှေ့တွင်ကား ပုလိပ်ဆယ်ယောက်က တံခါးဝကို ပိတ်စောင့်နေကြသည်။ တစ်ယောက်နှင့် တစ်ယောက် လက်ချင်း ဆက်ထားကြသည်။
" ကဲ ဘယ်လိုလုပ်ကြမလဲ၊ တို့အစီအစဉ်ထဲမှာ ပုလိပ်တွေက ပိတ်ဆို့ထားရင် ဘာဆက်လုပ်ကြမယ် ဆိုတာ မပါဘူးကွ "
လူဝီက ဂျင်မီကို မေးလိုက်သည်။
ဂျင်မီက မဖြေခင် မာရီယန်က ၀င်ပြော၏။
" အဲဒီကို ကျွန်မတို့သုံးယောက် လျှောက်သွားကြပြီး ဒူးထောက်ရှိခိုးလိုက်ကြရုံပေါ့"
လူဝီ ကမူ နှောင့်နှေးနေဆဲ။
" တခြားဘာမှ လုပ်စရာမရှိတာ၊ ပြန်လည်း မပြန်နိုင်ဘူးလေ "
မာရီယန်က ဆက်ပြောသည်။ လူဝီနှင့် ဂျင်မီကား ငြိမ်လျက်။
" ကျွန်မတော့ သွားတော့မယ် "
မာရီယန် က ပြောသည်။
" ငါလည်း လိုက်မယ် "
ဂျိုးဇက်ကပါ ဆုံးဖြတ်လိုက်သည်။

" သိပ်တော့ မကြမ်းကြနဲ့နော် "
" လူဝီ မင်းစောင့်နေ၊ ငါသူတို့နဲ့ လိုက်သွားမျဖြစ်မယ် "
ဂျင်မီက ပြောသည်။
"မင်းက ခေါင်းဆောင်ပဲ။ မဖြစ်ပါဘူး "
" ဖြစ်ပါတယ်ကွာ "
မာရီယန် သည် ဂျိုးဇက်နျင့် ဂျင်မီခြံရံလျက် လမ်းကိုဖြတ်ကူးလိုက် ။ လမ်းတစ်ဖက်မရောက်ခင် လူဖြူ အုပ်စုကြားထဲက ဖြတ်သွားကြရမည်ဖြစ်သည်။ ရာဂျာက လူဖြူမအုပ်စုကြီးကို ကြည့်နေမိ သည်။ မာရီယန်ကို တစ်ဖက်ကမ်း မရောက်မီမှာပင် လူဖြူမတွေက ခရမ်းချဉ်သီးများ၊ အာလူးများဖြင့် ပစ်ပေါက်ကြသည်။ အယုတ္တ အနတ္တ ဆဲရေးတိုင်းထွာမှု များသည် မိုးလုံးညံလျက်။
နှစ်ပြားတန် ဆိုင်ရှေ့ ရောက်သောအခါ ပုလိပ်တစ်ယောက်က မေးသည်။

" ငမည်းတွေ အေးအေးဆေးဆေး ဘာဖြစ်လို့ မပြန်သေးတာလဲကွ "
ဂျိုးဇက်က ခွန်းတုံ့ပြန်ရန်မလုပ်။ မာရီယန်က သူ့လက်မောင်းကို လှမ်းဆွဲထားလိုက်သည်။ ဂျင်မီကမူ မပြော ငြိမ်လျက်။ ထို့နောက် သူတို့အားလုံးသည် ဒူးထောက်ချလိုက်ကြကာ ဘုရားစာ ရွက်ကြတော့သည်။
ပုလိပ်တွေ က ရယ်လိုက်ကြသည်။
" ဒီခွေးမလေးက တယ်ခေါင်းမာပါလားကွ "
ပုလိပ်တစ်ယောက် က သူ့ပါးစောင်တွင် ခဲထားသော ဆေးပြင်းလိပ်ကို လက်ဖြင့်ညှပ်ကာ မာရီယန်မျက်နှာကို လှမ်းထိုး လိုက်၏။ မာရီယန်မှာ ပူလွန်းသဖြင့် ငယ်သံပါအောင် အော်လိုက်မိ သည်။ သို့သော် နေရာကမူ မရွေ့။
" ယေရှုအရှင်မြတ်ဘုရား၊ ဟိုခွေးကောင် ဘာလုပ်နေတယ်ဆိုတာ ကြည့်တော်မူပါ "
လူအုပ်ထဲ မှ အသံတစ်သံ ထွက်လာသည်။

" ကဲ မင်းကရော၊ ဘာကောင်မို့လဲကွ "
ပုလိပ်တစ်ယောက်က ဂျင်မီမျက်နှာကို ပိတ်ကန်လိုက်သည်။ နှာခေါင်းရိုးကျိုးရာမှ ထွက်လာသော သွေး များက မြင်မကောင်း။
" ငါသတ်မယ်၊ သတ်မယ်၊ ငါ့လက်နဲ့သတ်မှ ကျေနပ်မယ်ဟေ့ "
ဂျိုးဇက် က အော်ကာ ရုန်းထွက်သွားသည်။ ဂျင်မီကသူ့ကို လှမ်းဆွဲသည်။ သို့သော် ဂျိုးဇက် ကိုပုလိပ်တို့က ဖြတ်ရိုက်ပစ်ကြသည်။ ပယ်ပယ်နယ်နယ်ကြီး။ လူအုပ်ထဲမှ "ဆွင်ဆန်"ပြေးလိုက်အလာ ပုလိပ်နျစ်ယောက် က ထပ်မိသွားသည်။ တတိယပုလိပ် နံပါတ်တုတ်ဖြင့် ရိုက်ချလိုက်သည်။ တစ်ချက်ပြီး တစ်ချက်။
ဘတ်စ်ကားဖြင့် ကျောင်းသား များပြန်ခဲ့ကြသည်။ အားလုံးပင် ၀မ်းနည်းကြေကွဲမှုဖြင့် တိတ်ဆိတ်နေကြသည်။ ဘုရားကျောင်း တစ်ခုသိုပ ဖြတ်အလာတွင် မီးပုံတစ်ခုကို တွေ့လိုက်ကြရသည်။ မီးပုံမှာ ဘုန်းတော်ကြီး မာသီယပ်စ် အလောင်းကောင်ပုံ လုပ်ကာ မီးရှို့ထား ကြခြင်းဖြစ်သည်။

" ငမည်းချစ်တဲ့ လူဖြူ "
သတိထား
" နောက်တစ်ခါ နင့်အလှည့်ပဲ "
သစ်ပင်တွင် ဆိုင်းဘုတ်တစ်ခုကို ချိတ်ထားသည်။
" လူဝီမင်းကော မကြောက်ဘူးလားဟင် "
" နည်းနည်းလေးမှ မကြောက်ပေါင်၊ မနက်ဖြန် အဲဒီအချိန်ဆို အဲဒီနေရာကို ထပ်သွားဦးမှာပဲ "
ရာဂျာ ကတော့ ဘာစကားမှပင် မပြောနိုင်။ ထိုအုပ်စုနှင့်သူ လိုက်သွားသည်မှာ မှားမမှားဆိုတာ စဉ်းစားတွေဝေနေသည်။ သူဘာဖြစ်လို့ လိုက်သွားမိသလဲ။ ဂန္ဒီလို ခါဒီဝတ်စုံဖြူကြီးနဲ့ ဘာဖြစ်လို့ လိုက်မသွားမိသလဲ။

ဘယ်သူ အထင်ကြီးအောင် သူလုပ်နေတာလဲ။ ခုလိုအဖြစ်အပျက်မျိုးတွေ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်သည့် အတွက် သူလုပ်ခဲ့ခြင်းကားသေချာသည်။
ဒါ ကလေးကစားစရာကား မဟုတ်။ လူတွေသေစေနိုင်လောက်သည့် အရေးအခင်းကြီးဖြစ်သည်။
သူကော သေချင်လို့လား။ အသက်စွန့်ချင်လို့လား။
သူ၏ ငယ်ရွယ်နုပျိုသော၊ တန်ဖိုးရှိသော၊ ခက်ခက်ခဲခဲ အသက်ကိုလုယူပြီး စတင်ခဲ့သော ဘ၀ကြီးကို စွန့်ရဲပါ သလော။ မစွန့်နိုင်ဘူး၊ မစွန့်နိုင်ဘူး။
အသက်စွန့်ဖိုထားဦးတော့ နှာခေါင်းရိုးပင် အကျိုးခံနိုင်သလား။
ဂျွတ်ခနဲအရိုးကျိုးသံကို သူကြားခဲ့သည်။ သွေးတွေဖြထြွက်လာသည်ကို မြင်ခဲ့ရသည်။
သူကြောက်ပါသည်။ ခန္ဓာကိုယ် အနာတရဖြစ်မှာ နာကျင်မှာ သိပ်ကြောက်ပါသည်။

ရှဲလ်ကလွဲလို့ သူ့အပေါ် ဘယ်သူကမှ လက်မတင်ခဲ့ဖူး။ ထို့ကြောင့် ရှဲလ်၏အပြုအမူသည် သူ့ အပေါ် စော်ကားမော်ကား လုပ်ရာ ကျလွန်းသည်။ ထို့ကြောင့် လက်စားချေချင်သည်။ သို့သော် လက်စားချေမှု မှာ သိပ်တန်ဖိုးပေးဝယ်ရမည်ဖြစ်သည်။ ယနေ့ဖြစ်ရပ်က သူ့ကို သင်ခန်းစာပေးခဲ့ပြီ။
မနက်ဖြန်ဆိုလျှင် သူသည် ခါဒီလက်ယက်ထည်ကို မ၀တ်။ ရိုးရိုးအ၀တ်အစားတွေသာ ၀တ်ပြီး သူငယ်ချင်းတွေ ကို ပြောလိုက်မည်။
ငါတော့ မလိုက်တော့ဘူးကွာ။ သူတို့ကတော့ ဘယ်လိုထင်ကြမလဲမသိ၊ ငါကကော ဒီလိုလုပ်လို့ ရနိုင်မတဲ့လား။
လက်စားတော့ ချေချင် သည်။ အနိုင်ရသောအခါ အောင်ပွဲခံအုပ်စုထဲ၌ သူရှိနေလိုသည်။ ထိုအရာများကို သူလိုလား သည်။

သို့သော် ထိခိုက်နာကျင်မှုလည်း မခံချင်။
မနက်ဖြန် ဘာလုပ်ရမလဲ။
အို တတ်နိုင်သလောက် ငါလုပ်ရမယ်။ ငါ သွားကို သွားရမယ်။
သူ ဆုံးဖြတ်လိုက်ပြီ။
ကားပေါ်တွင် သူ့ရှေ့ထိုင်ခုံ၌ လူစီဘဲလ်ထိုင်နေသည်။ ထိုင်ခုံကို ခေါင်းမှီထားသည်။ မျက်လုံးတွေ ပွင့်နေသည်။ သို့သော် ဘာတစ်ခု မှ မြင်ဟန်မတူ။ မျက်နှာလေးမှာ ချောင်ကျနေသည်။ သူက လူစီဘဲလ်အား အားပေးနှစ်သိမ့် ချင်ပါသည်။ သို့သော် ဘယ်လိုနှစ်သိမ့်ရမလဲ၊ သူ့ကို ဘယ်လိုကူညီရမလဲ၊ သူကိုယ်တိုင်ပင်လျှင် သိပ်ပြီး စိတ်ဓာတ် ကျနေသည် မဟုတ်လား။
သူမြင်ခဲ့ရသော မုန်းတီးမှု၊ နှိပ်စက်မှုတို့ကိုသာတည်း။

အသားအရောင် ခွဲခြားမှုရှိသည်ကို သူသိခဲ့သည်။ အရင်ကတည်းက သိခဲ့သည်။ သို့သော် သူကဲ့သို့ ပါမောက္ခ တစ်ယောက် ၏ သမီး၊ သူ့အမေကဲ့သို့ အသားဖြူတစ်ယောက်၏ သမီးမျိုးကိုမူ ထိုခွဲခြား မှုသည် လာရောက် ထိခိုက်မည်မထင်။
သူငယ်ငယ်တုန်းက အတူတူနေခဲ့၊ စာသင်ခဲ့ကြရသော အပေါင်းအသင်းတွေ၊ အခု ဘယ်ရောက် ကုန်ကြပြီလဲ၊ ငယ်ငယ်တုန်း ကတော့ ခင်ကြမင်ကြပါသည်။ သို့သော် အရွယ်ရောက်လာသောအခါ ၌ကား သူတို့ ခင်မင်မှုတွေ သည် ပျောက်ဆုံးကုန်ကြသည်။
လူငယ်တွေအားလုံးကား အတူတူလက်တွဲကြပြီးတော့ သူတို့မိဘတွေ ချန်ထားရစ်ခဲ့ကြတဲ့ မုန်းတီး မှုတွေကို တိုက်ဖျက် ပစ်ကြမယ်ဆို ဘယ်လောက်ကောင်းမလဲ၊ ဒါတွေလည်း သိပ်ဖြစ်နိုင်မည်ဟု သူတော့ မထင်တတ်။
ဒါဆို ဘယ်လိုလုပ်ကြမလဲ။ နီဂရိုးမုန်းတဲ့သူအားလုံးကို သတ်ပစ်လို့ကော ရမတဲ့လား။ ဘာတွေ လုပ်သင့်သလဲ။
ဒီမုန်းတီးမှု ကို ယူဆောင်လာတဲ့ တရားဟာ ဘာသူလဲ။
ဘယ်သူက ဒီမီးကို မွှေးတာလဲ။
ပုလိပ်တွေ က ဘာဖြစ်လို့ ဥပဒေချိုးလိုက်သူတွေကို အကာအကွယ်ပေးတာလဲ။

နှစ်ပြားတန်ဆိုင်က ရှဲလ်မက်လိုလူမျိုးတွေ၊ မာရီယန်ရဲ့မျက်နှာကို ဆေးပြင်းလိပ်နဲ့ ထိုးသူတွေ၊ ဂျင်မီရဲ့နှာခေါင်း ကို ချိုးတဲ့သူတွေ။
နောက်ပြီး ဆွင်ဆန်ကိုကော ဘာဖြစ်လို့ သူတို့ဝိုင်းရိုက်ကြတာလဲ၊ သူက လူဖြူကိုး။ လူဖြူဖြစ်ရဲ့ သားနဲ့ လူဖြူ ဘက် မလိုက်ဝံ့သူကိုး။ သစ္စာဖောက်ကို တခြားလူဖြူတွေကိုလည်း သင်ခန်းစာ ပေး လိုက်ပုံရပါတယ်။
" ဒါက ဘာအဓိပ္ပာယ်လဲ၊ ဘာ အဓိပ္ပာယ်လဲ "
သူက အသံထွက်လာအောင်ပင် အော်မေးလိုက်မိသည်။
" ဒါကတော့ ရန်သူရဲ့မျက်နှာကို မျက်နှာဖုံးစွပ်မပါဘဲ မြင်လိုက်ရတဲ့ အဓိပ္ပာယ်ပဲ" လူဝီက ပြော လိုက်သည်။
" သူတို့အားလုံးဟာ ရန်သူတွေလား "
" ရန်သူတွေနဲ့ ရန်သူ့လက်နက် ကိရိယာတွေပေါ့ကွာ၊ တို့တတွေကို အပြီးသတ် နှိမ်ပစ်ဖို့က အရေးကြီးတယ်လေ။ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးတွေမှာ နှိမ်ချင်ကြတယ် "
" ဒီလိုဆိုရင် ဒိုးနပ်မုန့်ပြားကို နှစ်ပြားတန်ဆိုင်မှာ စားခွင့်ရတောင် ကျွန်မတို့ ဘာထပ်ရနိုင်ဦးမှာမို့ လို့လဲ "

" မဟုတ်ဘူးလေ၊ ငါတို့က အခက်အခဲတစ်ခုကို ကျော်နင်းနိုင်ကြတယ်ဆိုတာ ပြနိုင်တာပေါ့ကွ "
" ဒါဆိုရင် အစပဲရှိသေးတာပေါ့နော်၊ လူဝီ "
" ဟုတ်တယ်၊ အစပဲ ရှိပါသေးတယ်၊ ဒီထက်တော့ မပိုသေးပါဘူးကွယ် "
ထိုညက လူဝီသည် အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး အခြေအနေကို ဆွေးနွေးကြကာ နောက်နေ့ တွင် ဘာ ဆက်လုပ်ကြမည်ကို ဆုံးဖြတ်ကြသည်။ ခန်းမတစ်ခုလုံး ပြည့်လျက်နေသည်။ ထိုင်ခုံနေ ရာလပ်ပင် မရှိ။ ကျောင်းသားများသည် သူ့အစီရင်ခံစာကို စိတ်ပါဝင်စားစွာဖြင့် နားထောင်နေကြ သည်။ တစ်နေ့တာ အဖြစ်အပျက်များကို နိဂုံးချုပ်အစီရင်ခံစာအပြီးတွင် ဒေါက်တာအေမိစ်နှင့် ဆော်လမွန်ဒင်တန်တို့ ၀င်လာကြ သည်။ ဒေါက်တာအေမိစ်က လူဝီကို တိုးတိုးလေး ကပ်ပြော လိုက်သည်။ လူဝီကခေါင်းညိတ်လိုက်သည်။
" ဒေါက်တာအေမိစ် က ခင်ဗျားတို့ကို စကားနည်းနည်းလောက် ပြောချင်ပါသတဲ့ "ဟု ကြေ ညာ လိုက်သည်။

" ဆရာအခုပဲ တရားရုံးက ပြန်လာခဲ့တာပါ။ ဆရာတို့ လူထဲက ငါးဆယ် အဖမ်းခံနေရတယ်။ အဲဒီ အထဲမှာ ကျောင်းသား ၁၅ ယောက်ပါတယ်။ ဂျိုးဇက်အပါအ၀င်ပေါ့၊ ကျန် ၃၅ ယောက်ကတော့ အရပ်သားတွေ။ ဘင်တန် ကတော့ ဆေးရုံရောက်နေတယ်၊ မာရီယန်နဲ့ ဂျင်မီလည်း ဆေးကုနေကြ ရတယ်။ သူတို့နဲ့ ခဏ ဆရာ စကားပြောခွင့် ရခဲ့တယ်၊ ကျောင်းသားအားလုံးဟာ ဒဏ်ငွေမဆောင် ကြဘူးဆိုလို့ ထောင်ကျနေကြရတယ်။ ဆရာ့ဖုန်း ကတော့ မနားနိုင်တော့ဘူး။ တစ်ချိန်လုံး မြည်နေတာပဲ၊ မိဘတွေဆီက မေးကြ မြန်းကြ စုံစမ်းကြနဲ့ပေါ့။ တစ်ချို့ ကလည်း ဂုဏ်ယူနေကြတယ်။ တချို့ကျတော့လည်း စိုးရိမ်နေကြတယ်။ ဆရာတို့အားလုံး ဟာ ရှေ့ဆက်ရ မယ့် ခြေလှမ်းတွေအတွက် ဂရုတစိုက် ဆင်ဆင်ခြင်ခြင်နဲ့ လုပ်ကြရမယ်။
" သတင်းထောက်တွေလည်းရောက်နေကြပြီ။ တစ်နိုင်ငံလုံးသတင်းတွေကို စောင့်မျှော်နေကြပြီ။ ဘန်နီကာ တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်တစ်ယောက်အနေနဲ့ ပြောရရင်တော့ အခုအရေးအခင်းဟာ အန္တရာယ်အကြီးမားဆုံး အရေးအခင်း လို့ ဆရာထင်တယ်... ဆရာပြတ်ပြတ်သားသား ပြောရရင်တော့ ဆရာ မှာ အားမာန် ရှိနေပါတယ်၊ သတ္တိရှိပါတယ်၊ လမ်းညွှန်မှုပေး ပါတယ်။ ဆရာတို့ အောင်မြင်မှုရမယ်လို့ ယုံကြည်နေ ပါတယ် "
ထို့နောက် ပါမောက္ခဘင်တန်ဘက်လှည့်ပြီး မေးလိုက်၏။

" ဆရာကော ပြောစရာ ရှိပါသေးလား "
ပါမောက္ခဘင်တန်က ခေါင်းညိတ်ကာ စကားပြောစင်မြင့်ဆီသို့ တက်လာသည်။ သူကတော့ ထုံးစံ အတိုင်းပင် အိ္တေ္ဒွရရ လေအေးလေးနှင့် ပြောသည်။
" ဆရာတို့ စခဲ့ကြတဲ့အလုပ်ကို နောက်ပြန်ဆုတ်လို့တော့ဖြင့် မရတော့ဘူး၊ ဆရာတို့ လူမှုအသိုင်း အ၀န်းအတွက် အရှုံးပေးလို့ မဖြစ်ဘူး၊ ရှုံးမယ်ဆိုတာ မစဉ်းစားနိုင်ဘူး၊ ဒါပေမဲ့ ပိုပြီးမြင့်မြတ်တဲ့ စည်းကမ်းနဲ့ ပိုမိုကြီးမားတဲ့ သတ္တိတွေတော့ လို တယ်ကွယ်၊ ဆရာတို့နဲ့ ပူးလုပ်ဆောင်ကြတဲ့သူ တွေကို ကာကွယ်ပေးဖို့လည်း လိုပေတယ်၊ အများစု ထောင်ထဲရောက်နေမယ်ဆိုရင်လည်း မဖြစ် ပြန်ဘူး "
" တစ်ဖက်ကကြည့်ရင်လည်း ဒါကို ကြောက်စရာ မလိုပြန်ဘူး၊ မနေ့တစ်နေ့က ရုံးတော်ကိုတောင် မ၀င်ရဲကြတဲ့ ယောက်ျားတွေ မိန်းမတွေဟာ ခုတော့ ပုလိပ်တွေကိုတောင် ဆန့်ကျင်တိုက်ခိုက်ဝံ့ကြ တာ ကိုပဲကြည့် "

" ထောင်ကို ရင်ဆိုင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး၊ ဒါပေမဲ့ ထောင်ကျခံမလား၊ လွတ်မြောက်မှု အတွက် တိုက် မလား၊ တစ်ခုခုကိုတော့ ရွေးချယ်ကြပါ၊ မိဘတွေကတော့ စိတ်ပူနေကြတယ်၊ ရာဇ၀တ်အိုး တုန်နဲ့မထိုးကြနဲ့ပေါ့၊ ဒါပေမဲ့ ဆရာတို့ရဲ့ ဘိုးဘေးဘီဘင် ဘုန်းကြီးတွေကတော့ ဆရာတို့တိုက်ပွဲကို အားပေးနေကြမှာ အမှန်ပါပဲ "
လက်ခုပ်သံ သြဘာသံများ ဆူညံစွာ ပေါ်ထွက်လာသည်။ ထိုအချိန်တွင် ပါမောက္ခအေဒင်က ထပြီး ပြောလိုက် သည်။ အားလုံး အံ့အားသင့်သွားကြ၏။
" ကျွန်တော်လည်း စကားနည်းနည်းလောက် ပြောပါရစေ။ ဆရာ့အနေနဲ့တော့ ပါမောက္ခချုပ် အေမိစ်နဲ့ရော၊ ပါမောက္ခဒင်တန်နဲ့ ရော အမြင်မတူပါဘူး၊ ဒေါက်တာ အေမိစ်ကတော့ တပည့်တို့ကို တိုက်ပွဲဆက်ဝင်ဖို့ အားပေးနေတဲ့ သဘောပဲ၊ ပါမောက္ခဒင်တန်ကတော့ ထောင်ကျတာ ဂုဏ်ယူ တတ်ဖို့ တင်ပြသွားတယ်။ ဆရာကတော့ တစ်မျိုးမြင်တယ်၊ အသားအရောင်ခွဲခြားမှုတွေ၊ လူမျိုးခွဲ ခြားမှုတွေကို ဆရာလက်ခံရမယ်လို့ မဆိုလိုပါဘူး၊ ဒါကို သေတဲ့အထိ တိုက်ပွဲဝင်သွားရမှာပဲဖြစ် တယ်၊ ဒါပေမဲ့ မှန်ကန်တဲ့လက်နက်နဲ့ မှန်ကန်တဲ့သက်ကွင်းကို ရွေးချယ်တတ်ကြဖို့တော့ လိုတယ်။ အခုတော့ တပည့်တို့ဟာ မှားယွင်းတဲ့ လက်နက်၊ မှားယွင်း တဲ့ သတ်ကွင်းကို ရွေးချယ်ထားကြပြီ လို့ ဆရာယုံတယ်"

" နှစ်ပြား တန်ဆိုင်လေးမှာထိုင်ပြီး အစားအသောက်မှာစားခွင့်လေးလောက်နဲ့တော့ ဒီလောက်စွန့် လွှတ်ပြီး တိုက်ပွဲ မ၀င်သင့်ဘူးလို့ ဆရာထင်တယ်ကွယ်။ တပည့်တို့ဟာ ငယ်ရွယ်သူတွေ။ စိတ်အားကိုယ်အား ထက်သန်သူတွေ။ ဆရာ မင်းတို့စိတ်ဓာတ်ကို ချီးကျူးပါတယ်။ မင်းတို့ သေနင်္ဂဗျူဟာကိုတော့ မချီးကျူးဘူးကွာ။ အမေရိကန်တစ်နိုင်ငံလုံးမှာ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးတွေလုပ်ဖို့ စနစ်တကျ စုစည်းဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ တွေ အများကြီး ရှိတယ်။ မင်းတို့က သူတို့ကို တပ်လှန့်နှိုးဆော်ပေးလိုက်တဲ့သဘောပဲ ရှိတယ်ကွ "
" နောက်ပြီး မင်းတို့ကို ကွန်မြူနစ်သြဇာခံတွေလို့ လူတွေက ပြောကြဦးမယ်။ ဘုန်းတော်ကြီးမယ် သီယာစ်နဲ့၊ အလုပ်သမားခေါင်းဆောင် ဆွင်ဆန်တို့ကို လူတွေက ဒီလိုပဲမြင်ထားကြတယ်။ ကွန်မြူ နစ်ထောင်ချောက် ထဲကိုတော့ အမေရိကန်နီဂရိုးတွေ အရောက်မခံသင့်ဘူး၊ မင်းတို့ မိဘတွေလည်း ဒါကိုသဘောတူမှာ မဟုတ်ဘူး။ ဒါကြောင့် ဥပဒေဘောင်အတွင်းက အသား အရောင်ခွဲခြားမှု ဆန့်ကျင်ရေးနည်းလမ်းတွေကိုသာ ရှာကြပါလို့ ဆရာတိုက်တွန်းပါရစေ "

သူ့စကားဆုံးသွားတော့ လက်ခုပ်သံများ ထွက်မလာ။ တုတ်တုတ်မျှမလှုပ်ဘဲ ငြိမ်သက်နေကြ သည်။
လူဝီက သူသာစကားပြောလျှင်တော့ "အေဒင်"နှင့် ထိပ်တိုက်တွေ့ပြီး ပုဂ္ဂိုလ်ရေး ပဋိပက္ခဖြစ်ကုန် တော့မှာပဲ ဟု တွေးမိ၏။ ဒေါက်တာ အေမိစ်ကလည်း စကားလုံးရွေးပြီးချေပရန် စဉ်းစားနေသည်။ ကွန်မြူနစ်ထောင်ချောက် မဟုတ်သည့်အကြောင်း သူ ရှင်းပြရပေမည်။
လူဝီက ဘာလုပ်ရမည်ကို ဆုံးဖြတ်နေတုန်း၊ ဒေါက်တာ အေမိစ်က စဉ်းစားချင့်ချိန်နေတုန်းမှာပင် ရာဂျာက စင်မြင့်ပေါ် တက်လာတော့သည်။
" ပါမောက္ခအေဒင်စကားကို ပြန်ကြားပါရစေ၊ နိုင်ငံခြားသားတစ်ယောက် ဧည့်သည်တစ်ယောက် အနေနဲ့ ပါမောက္ခကြီး တစ်ယောက်နဲ့ ၀င်ပြီး စကားအခြေအတင် ပြောမိတာ ရိုင်းတယ်ဆိုရင်တော့ ခွင့်လွှတ်ကြပါခင်ဗျာ။ ဒါပေမဲ့ ဒီနေ့ ဖြစ်ရပ်တွေမှာ ကျွန်တော် ကိုယ်တွေ့မြင်လာခဲ့ရတော့ ကျွန်တော်တို့ လွတ်လပ်ရေးတိုက်ပွဲတုန်းက အသက်စွန့်သွား တဲ့ အိန္ဒိယလူငယ်လေးတစ်ယောက် ကိုသွားအမှတ်ရမိပါတယ်။ သူ့နာမည်က "ဘာဝတ်ဆင်း" တဲ့။ သူက ပန်ဂျပ်နယ်သား။ ချမ်းသာ ကြွယ်ဝပြီး သြဇာတိက္ကမမရှိတဲ့ မိဘတွေက မွေးဖွားလာသူပါ "

" ဘာဝတ်ဆင်းဟာ ၁၉၂၀ ခုနှစ်က မင်းမဲ့လှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ မင်းမဲ့ဝါဒီတွေက ဗြိတိသျှတွေကို အကြမ်းဖက် ဆန့်ကျင်ကြရမယ်လို့ ယုံကြည်ကြပါတယ်။ ဂန္ဒီကြီးရဲ့ အကြမ်းမဖက်မှုကိုလည်း တိုက်ရိုက် ဆန့်ကျင်ကြပါတယ်။ ဒါကြောင့် တက်ကြွတဲ့လူငယ်အများစု ဟာ မင်းမဲ့ဝါဒဘက်မှာ နားယောင်ခဲ့ကြပါတယ်။ ဒီအထဲ မှာ " ဘာဝတ်ဆင်း" လည်း အပါအ၀င်ပေါ့ "
" ဆောင်းဒါး ဆိုတဲ့ အင်္ဂလိပ်အရာရှိ တစ်ယောက်ရဲ့ လက်ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး " လာလာရာဂျာပတ်ရေး" အတွက် လက်စားချေမယ်လို့ " ဘာဝတ်ဆင်း" က သစ္စာပြုခဲ့ ပါတယ်။ နောက်နှစ်နှစ်ကြာတော့ ဆောင်းဒါး အသတ်ခံရပါတယ်။ အဲဒီအခါ ဘာဝတ်ဆင်းနဲ့ အပေါင်းအသင်းတွေ ကို လူသတ်မှုနဲ့ဖမ်းလိုက်ကြတယ်။ ရှည်ရှည်ဝေးဝေး စစ်ဆေးပြီးတဲ့အခါ သူ တို့ကို သေဒဏ်ပေးခဲ့တယ်။ စွပ်စွဲမှုဟာ ခိုင်လုံသလား၊ မခိုင်လုံသလား ဘာမှမကြေညာဘူး။ ဘာဝတ်ဆင်း အဖေ ကတော့ သူ့သား လွတ်ရာလွတ်ကြောင်း ကြိုးစားရှာတယ်။ ဒီအခါ ဘာဝတ်ဆင်းက သူ့အဖေဆီ စာတစ်စောင်ရေး လိုက် တယ်"

" အဖေထင်နေသလို ကျွန်တော့် အသက်ဟာ တန်ဖိုးမရှိလှပါဘူး။ အဲဒါ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ကျွန်တော် တို့ လုပ်ငန်းအတွက် တန်ဖိုးပေးဝယ်ယူရာမှာ ကျွန်တော့် အသက်ဟာ ဘာမှတန်ဖိုးမရှိပါဘူးဗျာ" တဲ့
" သူ ကွပ်မျက်ခံ ရတော့ အသက် ၂၃ နှစ်ပဲရှိသေးတယ်။ အိန္ဒိယ ပြည်သူအားလုံးဟာ သူ့ကို ချီးကျူးကြတယ်။ ဂန္ဒီရဲ့ နောက်လိုက်တွေကတောင် သူ့ရဲ့သတ္တိနဲ့ ယုံကြည်ချက်တွေကို ချီးကျူးနေကြတယ်။ သူဟာ လူငယ်ထု အတွက် မဆုတ်မနစ်တမ်း စိတ်ဓာတ်သတ္တိကို ဥပမာပြလိုက်တာပဲ၊ လူကြီးတွေက ဘယ်လိုအကြံပေးကြပေးကြ လူငယ်ဆိုတာ ကိုယ့်လမ်းကိုယ့် ရှာသွားမှာပဲ၊ အဲဒီလမ်းဟာ မှားမှားမှန်မှန်ပေါ့ " ထို့နောက် ရာဂျာသည် လက်အုပ်ချီ ဂါရ၀ပြုကာ ထိုင်ချလိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>