Saturday, November 12, 2011

နေမိုးညို ၏ မအေးမြ တဲ့ လရောင် အပိုင်း (၂) (ဇာတ်သိမ်း)

“ဆရာ့ ကြည့်ရတာ တစ်မျိုးပဲ။ နေမကောင်းဘူးလား၊ ဒါမှမဟုတ် စင်သီယာ လာတာမကြိုက်လို့လား ဆရာ” လို့ သူမေးပါတယ်။ “ဟုတ်တယ်၊ ယောက်ျားလေးတစ်ယောက်တည်း နေတဲ့အိမ်၊ ပြီးတော့ အရက် သောက်မယ့် နေရာ၊ ခင်ဗျားလာတာလည်း ကျွန်တော်မကြိုက်ဘူး၊ ခင်ဗျားလည်း မလာသင့်ဘူး” လို့ မာမာ ထန်ထန် ကျွန်တော် ပြောပစ်လိုက်ချင်ပါတယ်။ ဒါပေမဲ့ ပါးစပ်က အယောင်ယောင်အမှားမှားနဲ့ “ဟုတ်ကဲ့ဗျ” လို့ လွှတ်ခနဲ ထွက်သွားတော့ “အို”ဆိုတဲ့ အာမေဋိတ်သံ စင်သီယာဆီက ထွက်လာတယ်။ ပြီးတော့ လှလှပပလေးပြုံးလိုက်တယ်။

တော်ရုံတန်ရုံ လူတစ်ယောက် ပစ်လဲကျသွားနိုင်တဲ့အပြုံးမျိုးပါ။ “ဆရာရယ် အရက်သောက်တာ လူမိတာများ အယောင်ယောင်အမှားမှား ဖြစ်နေလိုက်တာ။ ကိုစောဝေ ပြောပြထားလို့ ဆရာ သောက် တတ် မှန်း စင်သီယာသိပါတယ်။ စင်သီယာတောင် သောက်တတ်သေး”  ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအေင် အိုးနင်းခွက်နင်းဖြစ်နေတဲ့ ကျွန်တော့်ကို သက်သောင့်သက်သာ လေး ဖြည့်တွက်ပေးသွားတဲ့ မိန်းကလေး တစ်ယောက်ရဲ့တင်္ခဏုပ္ပတ္တိဉာဏ်ကို ကျေးဇူးတင်မိသွားပေ မယ့် ကိုရီးယားကားတွေကြည့်ပြီး ဘီယာ အရက်သောက်လာကြတဲ့ မိန်းကလေးတွေကို မျက်မုန်းကျိုး နေသူ ကျွန်တော့်အဖို့ကတော့ “စင်သီယာ တောင် သောက်တတ်သေး”ဆိုတဲ့ စကားက နားခါးလှပါ တယ်။

အဲဒီအချိန်မှာပဲ ခြံထဲ ကစားကွင်းဆောက်ပေးနေတဲ့ အလုပ်သမားလေးတစ်သိုက် ဝင်လာကြ တယ်။ “ဟော အလုပ်သမားလေးတွေ အသုံးလာတောင်းကြတာဖြစ်မယ် ဆရာ... စင်သီယာ ပိုက်ဆံ သွားရှင်းပေး လိုက်ပါ ဦးမယ်။ လာလာ...မောင်လေးတို့... မမနဲ့ လိုက်ခဲ့ကြဆိုပြီး ကြော့ကြော့မော့မော့ ထွက်သွား တော့တယ်။ ကောင်လေးတွေက သူ့နောက်က စက်ရုပ်တွေလို တသီကြီးပါသွားလေရဲ့။ ကျွန် တော် ခေါင်းကို အသာအယာယမ်းမိတယ် ထင်ပါတယ်။

ကိုစောဝေနဲ့ ကျွန်တော် တရင်းတနှီးကို ခင်ကြတာပါ။ ဒါပေမဲ့ သူ အကြောင်းမဲ့ ကျွန်တော့်အိမ်ကို လာခဲ ပါတယ်။ ကျွန်တော်ဆို ခုထိ ကိုစောဝေအိမ်မရောက်ဖူးသေးပါဘူး။ ကျွန်တော် အခု အရက်လုံးဝမ သောက် တော့ပါဘူး။ စင်သီယာ ရောက်ရောက်လာတတ်တော့ သောက်နေတာနဲ့ကြုံရင် မတင့်တယ် ဘူးလေ။ မကြာခဏရောက်လာပြီး စကားပြောတတ်တဲ့ စင်သီယာကို ကျွန်တော် ဘာအကြောင်းပြ ချက်နဲ့ နှင်ရမှန်း မသိတော့ အတတ်နိုင်ဆုံး ခြံထဲထွက် လမ်းလျှောက်နေလိုက်ပါယ်။ အခု ညနေဘက် စက်ဘီး ထွက် နင်းဖြစ်တော့ ကျန်းမာရေးလည်း အထောက်အကူဖြစ် ထွက်ပေါက်လည်းရတာပေါ့လေ။ တစ်ခါ တလေ ကျတော့လည်း ငါ ဒီလိုဖြစ်နေရအောင် စင်သီယာကရော အိမ်ကိုလာလည်တတ်တာက လွဲလို့ ဘာတွေ ဖြစ်နေလို့လဲလို့ တွေးမိရင် ခေါင်းကို နောက်ကျိသွားတာပဲ။

စင်သီယာက သူ့ဘာသာသူ နေတာပါ။ ညဘက်တွေ ကိုစောဝေ အိမ်ပြန်နောက်ကျလို့ တစ်ယောက်တည်း မနေရဲဘူး။ အဖော်လာ နေပေးပါဦး ဘာညာဆိုပြီး လှမ်းခေါ်တာပြုတာလည်း မရှိပါဘူး။ ကျွန်တော် ရုံးအားရက် နေ့ခင်းဘက် တွေမှာသာ လာလည်တတ်တာ။ လင်ရှိမယား သူစိမ်းမိန်းမတစ်ယောက်နဲ့ အိမ်တစ်လုံး တည်း မနေသင့် ဘူးဆိုတဲ့ ကျွန်တော့်စိတ်ကသာ ကျွန်တော့်ကိုခြောက်လှန့်နေတာပါလို့ တွေးမိတယ်။ ကျွန်တော့်ရဲ့ စောင့်ထိန်းအပ်သော ကိုယ်ကျင့်သီလ ခိုင်မြဲသောသိက္ခာအတွက်ကတော့ ကိုယ့် ကိုယ်ကိုယ် လိပ်ပြာ သန့်ပါရဲ့။ ပတ်ဝန်းကျင်အမြင် တင့်တယ်အောင်တော့ ကျွန်တော် အနေအထိုင် တတ်ဖို့ လိုမယ်မဟုတ် လား။ Man Is Social Animal ဆိုတဲ့ စကားရဲ့အတိမ်အနက် အကျယ်အပြောကို ကျွန်တော် သေသေ ချာချာ တွေးတောမိပါတယ်။

ကိုစောဝေကတော့ သူ့အလုပ်နဲ့သူ ပုံမှန်လည်ပတ်လို့ပါပဲ။ ဆိုင်ကယ်တစ်စီးနဲ့ အစောကြီးအိမ်ကထွက်။ ညဥ့်နက် မှ ပြန်ရောက်ဆဲပါ။ ခုထိ အိမ်မပြန်လာတာတော့ မရှိသေးပါဘူးလို့ စင်သီယာပြောပြကတယ်။ စင်သီယာ တစ်ယောက် ညနေဘက်ဆို ခြံဝကခုံတန်းလေးမှာ ထိုင်ဆဲ။ ကိုစောဝေကိုမျှော်ဆဲပါ။ အရင် က လမ်းသွားရင်း သူ့ကိုငေးတတ်တဲ့ ကောင်မလေးတွေဟာ ခုတော့ သူ့အိမ်ကို ဝင်ထွက်လည်ပတ် စကား ပြောဖော် လေးတွေ ဖြစ်လာကြပါပြီ။

သူ့ကိုကြည့်ရင်း ခလုတ်တိုက်တတ်တဲ့ ကောင်းလေးတွေက လည်း ခုတော့ တချို့ဆို တင်းနစ် ရိုက်ဖက် တွေတောင်ဖြစ်လို့။ တင်းနစ်ကွင်း၊ ကြက်တောင်ကွင်း လာ ဖောက်ပေးသွားတဲ့ အလုပ်သမား ကောင်လေး တွေတောင် ကစားကွမ်းလာမွမ်းမံပေးသူ၊ ပန်းလာပို့ပေး သူနဲ့။ အိမ်က လူဝင်လူထွက်များလာတဲ့အခါ ကျွန်တော့် စိတ်တွေ လေးလံလာတယ် ကိုလေးဖြူရဲ့လူစီ ဆိုတဲ့ သီချင်းသံလေး နားထဲ ကြားယောင် လာတယ်။ တစ်ခါတလေည ညမှောင်ရီပျိုးချိန်အထိ၊ အိမ်ထဲ က စကားပြောသံသဲ့သဲ့၊ ဂစ်တာသံသဲ့သဲ့ ကြားရစ ပြုလာတဲ့အခါ၊ ကျွန်တော် ဒီအိမ်ကလေးမှာ ဘယ်လို မှ နေလို့မပျော်တော့ပါဘူး။ ကိုစောဝေ ကလည်း တစ်ခါဆိုတစ်ခါမှ အိမ်ပြန်မစောသေးဘူးလေ။

ကျွန်တော် ကိုစောဝေကို ဘာပြောရမလဲ။ ကျွန်တော့် မျက်စိနဲ့ကော မဖွယ်မရာတွေ ဘာတွေတပ်အပ် မြင်ရ သေးလို့လဲ။ မြင်အောင်ကော သူခိုးတစ်ယောက်လို ခိုးကြောင်ခိုးဝှက် သွားချောင်းကြည့်နေရဦးမှာ လား။ ကိုယ်ကျင့်တရားနဲ့ ငါးပါးသီလလုံအောင် ထိန်းရင်း သော့အလုံပိတ်ထားတဲ့ ဟောသည့်အိမ်က လေး မှာ ကျွန်တော်ဟာ လူရောစိတ်ပါ အကျဉ်းကျလာခဲ့တယ်။ စင်သီယာကတော့ သူ့အိမ်ထဲမှာ သူ့ မိတ်ဆွေ ကောင်လေး၊ ကောင်မလေးတွေနဲ့ ပျော်လို့ရွှင်လို့။ အိမ်စောစောပြန်ခဲ့ပါ ကိုစောဝေလို့ စိတ်ထဲ မှာ အကျယ်ကြီး အော်ရင်း ကျွန်တော် ခြောက်အိပ်မက်တွေနဲ့ မိုးလင်းခဲ့ရတဲ့ညတွေ မနည်းတော့ဘူး။

"The Sub-Scrible You Have Dial Is Not In The Service Area..." ဆိုတဲ့ စကားသံလေး ပျံ့လွင့် လာချိန် မှာ ကျွန်တော်ဖုန်းကို အလန့်တကြားပိတ်ပစ်လိုက်မိတယ်။ အကြိမ်ပေါင်းများစွာ ဆက်ခဲ့ဖူးတဲ့ နံပါတ်ကို နှစ်နဲ့ချီပြီး မေ့ထားရာကနေ ဘယ်လိုကြောင့်များ အသိတရားတွေ လွတ်ကင်းပြီး နှိပ်မိသွားပါ လိမ့်လို့ ကိုယ့်ကိုယ်ကိုယ် ဝေခွဲမရဖြစ်မိစဉ်မှာ သင်းပျံတဲ့ရနံ့တစ်ခုကြောင့် ကျွန်တော် နောက်ပြန်လှည့် ပြီး ကြည့်မိတယ်။ စင်သီယာ။ “မောင်...”တဲ့။

မိုးကြိုးအစင်းတစ်ရာ ပေါက်ကွဲသွားတဲ့ နားနှစ်ဖက်ကို ကျွန်တော်ရမ်းပြီး ပိတ်ပစ်လိုက်မိတယ်။ သူလည်း ပါးစပ် အဟောင်းသားနဲ့။ “ကန်တော့နော် ဆရာ... လရောင်... ယောင်သွားလို့ပါ”။ ပိုပြီးဆိုးနေပါလား အိမ်နာမည် လရောင် ဆိုတဲ့ စင်သီယာ။ ကျွန်တော် သူ့မျက်နှာကို စူးစူးရဲရဲ တူးတူးခါးခါး ကြည့် ပစ် လိုက်တယ်။ စင်သီယာ လက်အုပ်လေးချီပြီး ကျွန်တော့် ကို တုန်တုန်ယင်ယင် ကြည့်တယ်။ ကိုစောဝေကို သူ “မောင်” လို့ ခေါ်ဟန်တူပါတယ်။ ကျွန်တော်နဲ့ စကားပြောတော့ နှုတ်မဝံ့လို့ထင်ပါရဲ့၊ ကိုစောဝေ အကြောင်း ပြောရင် ကိုစောလို့ပဲ သူ နာမ်စားသုံးတာ ပါ။

ကိုယ့်အိမ်ဦးနတ် ကို မြတ်နိုးစွာခေါ်တဲ့ အမည်တစ်ခုကို တခြားသောယောက်ျားတစ်ဦးကို နှုတ်က ယောင်ယမ်းပြီး မထွက်ပါစေနဲ့၊ ယဉ်ကျေးမှုအစဉ်အလာ နှစ်ထောင်ချီပြီး ကြာခဲ့တဲ့ မြန်မာပြည်သူကြီး မစင်သီယာ ရေလို့ ကျွန်တော့်စိတ်ထဲ မြည်တမ်းမိပါတယ်။ “ဘာကိစ္စရှိလို့လဲ မစင်သီယာ ကျွန်တော် ဘာကူညီ ရမလဲ။ ကိုစောဝေ ဒီနေ့ စောစောပြန်ရောက်နိုင် မရောက်နိုင်ကတော့ ကျွန်တော်လည်း မသိ ပါဘူး။ လူချင်းရင်းနှီးပေမယ့် သူ့ဟမ်းဖုန်းနံပါတ် ကျွန်တော် မသိတော့။ ကူပြီးမေးပေးနိုင်မယ်လည်း မ ထင်ပါဘူး မစင်သီယာ၊ နောက်တစ်ခုက ကျွန်တော့်ဖုန်းနံပါတ်လည်း သူမသိပါဘူး။ ကျွန်တော်က ပြန်ပြီး မစင်သီယာ ကို အကူအညီတောင်းပါရစေ။

ဒီည ကိုစောဝေပြန်ရောက်ရင် မနက်ဖြန် ဖြစ်နိုင်ရင် သူ့ကို ကျွန်တော် တွေ့ချင်ပါတယ်လို့ ပြောပေး စေချင်ပါတယ်” ဝါကျအရှည်ကြီးကို တည်ငြိမ်စွာ ကျွန် တော်ပြောလိုက်နိုင်ပါတယ်။ စင်သီယာ့ အမူအရာ တွေ ထူးထူးခြားခြားလေးနက်နေခဲ့တယ်။ “ကောင်းပါ ပြီ ဆရာ။ လရောင် အဲလေ စင်သီယာ ပြောပေး ပါ့မယ် အခု စင်သီယာလာတာက ဆရာ့တစ်ယောက် တည်း နေရေးစားရေးခက်နေရင် စင်သီယာ ထမင်းဟင်း၊ ချိုင့် နဲ့ ပို့ပေးချင်လို့ လာပြောတာပါ”။ “ကျေးဇူး ပါ မစင်သီယာ ကျွန်တော့်မှာ ဘာ အခက်အခဲ မှ မရှိပါဘူး။ ကဲ ကျွန်တော် စက်ဘီးနင်းထွက်လိုက်ပါဦး မယ် ခွင့်ပြုပါဦး” ကျွန်တော် သူ့ ရှေ့က လှည့်ထွက်ခဲ့တယ်။ ညနေခင်းက အုံ့ပျပျနဲ့။

ကျွန်တော် ကိုစောဝေကို ဖြစ်နိုင်ရင် အိမ်ကိုစောစောပြန်ဖို့ပဲ တိုက်တွန်းဖြစ်ခဲ့ပါတယ်။ “တကယ်ဆို၊ ညားခါစ အိမ်ထောင်ဦးပဲရှိသေးတာပါ ကိုစောဝေ၊ မိန်းကလေးကလည်း ချစ်သူကို ညဥ့်နက်သန်းခေါင် အထိ ခွဲချင်ဦးမှာမဟုတ်ဘူး။ ပြီးတော့ အိမ်တစ်လုံးနဲ့ တစ်ယောက်တည်းထားခဲ့တာလည်း သနားစရာ ကောင်း ပါတယ်ဗျာ”။ ကိုစောဝေဟာ သူရဲ့အားရှိတောက်ပတဲ့ ကိုယ်ပိုင်အပြုံးကိုပြုံးတယ်။ “ကျွန်တော့် အလုပ်က အမှန်ဆို ညအိပ်ရမှာပါ ကိုရဲမွန်၊ တကယ်တော့ ကျွန်တော့်လည်း ဘယ်ခွဲချင်ပါ့မလဲဗျာ။ စင်သီယာ့ ကို အိမ်ကြီးတစ်လုံးနဲ့ တစ်ယောက်တည်းထားခဲ့ရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန် တော် စိတ်ချတယ် ကိုရဲမွန်” ကိုစောဝေ ဟာ ထိုင်ရာကထပြီး ကျွန်တော့်ပခုံးနှစ်ဖက်ကို အားရပါးရဆုပ် ကိုင် လိုက်တယ်။

စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေကို ကျွန်တော်မဖတ်တတ်ခဲ့ဘူး။ “ဟောဒီ လောက ကြီးမှာ ကျွန်တော့် ကိုယ် ကျွန်တော်ထက်တောင် စိတ်ချယုံကြည်နိုင်တဲ့ မိတ်ဆွေတစ်ယောက်၊ ကျွန် တော့်ဇနီးအနားမှာ ရှိတယ် ဆိုတဲ့ အသိနဲ့ ကျွန်တော် သွားလမ်းသာပြီး လာမ်းဖြောင့်ပါတယ်။ ခင်ဗျားနဲ့ ကျွန်တော် မလိုအပ်ဘဲ အပို စကားတွေ မပြောခဲ့ကြဘူးနော်။ နယ်စပ်မြို့ကလေးတစ်မြို့မှာ ကိုရဲမွန် တာဝန်ကျခဲ့ဖူးတာ မထင်မှတ် ဘဲ သိခဲ့ရတယ်။ အဲဒီမြို့ကလေးဟာ ကိုရဲမွန်ရဲ့စိတ်နေသဘောထား၊ ကိုယ်ကျင့်တရားကို ခုထိ တသသ ပြောကြနေဆဲပါ။ နောက်ပြီးတော့...” ကိုစောဝေဟာ သူ့ပြောလက်စ စကားကို ရပ်လိုက်တယ်။

“ခင်ဗျား မှန်ပါတယ် ကိုစောဝေ၊ ဆက်ပြောစရာမလိုတော့ပါဘူး”ဆိုတာ ကျွန်တော့်ရင်ထဲက စကားပါ။ ပစ္စုပ္ပန် မှာ ကောင်းအောင်နေထိုင်ခဲ့တဲ့အတွက် ကောင်းသောအတိတ်ကို ကျွန်တော် ထားရစ်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ ကိုစောဝေရယ် ကျွန်တော်ဟာ ခင်ဗျားယုံကြည်စိတ်ချခဲ့သ လောက် စင်သီယာကို စောင့်ရှောက်နိုင်ခဲ့ပါရဲ့လား...။ ကျွန်တော့်ဦးခေါင်းထက်မှာ ခင်ဗျားရဲ့ယုံကြည် ခြင်း သရဖူဆောင်းဖို့ ထိုက်တန် ခဲ့ ပါရဲ့လား။ သူ့လက်နှစ်ဖက်ကို ကျွန်တော် တင်းတင်းပြန်ဆုပ်လိုက် တယ်။

ရက်သိပ်မကြာခင်မှာပဲ ဆားငန်နံ့သင်းပျံ့ရာ... ပင်လယ်ကဗွီးပင်တို့ လေတိုးသံ ဆူညံစီဝေရာ.. လှိုင်း ကြက်ခွပ်တို့ တေးဆိုရာဒေသတစ်ခုဆီ ကျွန်တော် ပြောင်းရွှေ့မိန့်ကျပါတယ်။ ဒီမြို့ကလေးနဲ့ မိုင်ရာချီ ဝေးတဲ့ အရပ်ဆီမထွက်ခွာခင် ကိုစောဝေတို့အိမ်ကို ပထမဆုံးအကြိမ် ရောက်ဖူးခဲ့ပါတယ်။ ကိုစောဝေ က နှုတ်ဆက်ပွဲလေးလုပ်ချင်လို့တဲ့။ စင်သီယာကတော့ ထုံးစံအတိုင်း လှပကြော့ရှင်းလို့ပါ။ ကြက်မွေး တံမြက်စည်းတစ်ချောင်းနဲ့ စာအုပ်စင်တွေ သန့်ရှင်းရေးလုပ်နေတဲ့ စင်သီယာက ဆရာ... ဟိုရောက် သွားရင် ဖုန်းလေးဘာလေးဆက်ပါဦးနော်တဲ့။ စီးကရက်အစီခံလေးတစ်ခု စင်သီယာ့တံမြက်စည်းအဖျား မှာ ဝေ့ခနဲ ပါသွားတယ်။ ကိုစောဝေက “လာထိုင်ပါဦး စင်သီယာ”ဆိုတော့ “သူငယ်ချင်းနှစ်ယောက်သာ စကား ပြောကြပါလေ”တဲ့။

ကိုစောဝေ ကို ခွဲခါနီးမှာ “ယောက်ျားကောင်းတစ်ယောက်ရဲ့အရည်အချင်းထဲ မှာ သန်းခေါင်သန်းလွဲမှ အိမ်ပြန် လာတာ မဟုတ်ခြင်းလည်း ပါတယ်နော် ကိုစောဝေ”လို့ ကျွန်တော်ပြော ဖြစ်ခဲ့ပါတယ်။ “ကြိုးစား မယ်ဗျာ၊ ကတိပါ”လို့ သူ အခိုင်အမာဆိုပါတယ်။ သူ့နောက်ဆုံးမေးခွန်းကတော့ တုံးတိကြီး။
“ကိုရဲမွန် ရော ဘယ်တော့ လူပျိုကြီးဘဝ စွန့်လွှတ်မှာလဲ”တဲ့။ ကျွန်တော် မဖြေဖြစ်ခဲ့ပါဘူး။

ကျွန်တော် နေရာသစ်၊ ဒေသသစ်မှာ အသားကျတာ တစ်နှစ်နီးပါးရှိခဲ့ပါပြီ။ ကျွန်တော်နေခဲ့တဲ့ မြို့က လေးရယ်၊ ကိုစောဝေရယ်ကို သတိရနေဆဲပါ။ သာယာတဲ့ အိမ်ထောင်ရေးလေးဖြစ်ပါစေလို့ နတ်ဖက် တဲ့ စုံတွဲ လှလှလေး ကို ဆုတောင်းပေးမိပါရဲ့။ တစ်ရက် ရုံးဆင်းခါနီးမှာ စာရေးမလေးက Fax တွေလာပို့ ရင်း ဧည့်သည် တစ်ယောက် ရောက်နေပါတယ်ဆရာ။ ဝင်ခွင့်ပေးလိုက်ရမလားတဲ့။ ကျွန်တော့်ခေါင်း ညိတ်ပြ လိုက်ပါတယ်။ ဝင်လာသူက ဘယ်လိုမှ မျှော်လင့်မထားတဲ့ ကိုစောဝေပါ။

ကျွန်တော် ကုလား ထိုင်ကို တွန်းဖယ်ရင်း သူ့ကိုဝမ်းသာအားရပြေးဖက်လိုက်ပါတယ်။ နေကောင်းလား၊ အဆင် ပြေလား၊ အရင်လို အိမ်ပြန်နောက်ကျသေးလား ဘာညာနဲ့ မေးခွန်းတွေတရစပ်မေးတော့ သူ အသာအယာ ရယ် ပါတယ်။ ရုတ်တရက် ကျွန်တော့်စိတ်ထဲ တစ်မျိုးကြီးဖြစ်သွားတယ်။ ဝမ်းသာအယ်လဲနဲ့ ကျွန်တော် တက်ကြွ နေသလောက် ကိုစောဝေက ခပ်အေးအေးရယ်။ သူ့လက်မောင်းနှစ်ဖက်ကိုင်ပြီး သူ့မျက်နှာ စေ့စေ့ကြည့်ရင်း “ခင်ဗျား ဘာဖြစ်လာသလဲ ကိုစောဝေ” ဆိုတော့ “ဘာမှမဖြစ်ပါဘူးဗျာ။ ဘာလို့လဲ ကိုရဲမွန်” တဲ့။

“မဟုတ်ဘူး ကိုစောဝေ၊ ကျွန်တော်ဟာ ခင်ဗျားမျက်နှာကို ခင်ဗျားကိုယ်တိုင်ထက်အောင် ဖတ်တတ်ခဲ့ သူပါ။ ပြောစမ်းပါ ကိုစောဝေ၊ ကျွန်တော့်ကို အရင်လိုပဲ မိတ်ဆွေတစ်ယောက်လို ယုံကြည်တတ်ဆိုရင် ပြောပါ။ ဘာဖြစ်လာသလဲ သိပါရစေ။ ကူညီနိုင်ရင် ကူညီပါရစေ”လို့ ပြောလိုက်တယ်။ “စားသောက် ဆိုင် တစ်ဆိုင်ဆိုင် သွားရအောင် ကိုရဲမွန် အားရဲ့လား” တဲ့။ ရုံးဆင်းခါနီးပြီမို့ လက်မှတ်ထိုးစရာလေး တွေ လက်စ သတ်ရင်း၊ အေးချမ်းငြိမ်သက်တဲ့ ဆိုင်လေးတစ်ဆိုင်ရှိရာကို ထွက်ခဲ့လိုက်ကြတယ်။ စားသောက် စရာတွေ မှာပြီးချိန်မှာ ကျွန်တော် မအောင့်အည်းနိုင်တော့ပါဘူး။

“ကဲ ပြောပါ ကိုစောဝေ ဘာတွေဖြစ်လာသလဲဗျာ...”။ သူ သက်ပြင်းအသာချပါတယ်။ “ကျွန်တော် တို့ ခွဲခါ နီးမှာ ကိုရဲမွန် ကျွန် တော့်ကိုပြောခဲ့တဲ့ စကား အမှတ်ရရင် ပြန်ပြောစမ်းပါဗျာ...” တဲ့။ “သိပ်မှတ်မိတာပေါ့ ကိုစောဝေ ရာ၊ ယောက်ျားကောင်းတစ်ယောက်ရဲ့ အရည်အချင်းထဲမှာ အိမ်ကိုသန်းခေါင်သန်းလွဲမှ ပြန်လာတာ မဟုတ်ခြင်းလည်း ပါတယ်နော်... လို့ ပြောခဲ့တာလေ၊ ဘာဖြစ်လို့လဲ ကိုစောဝေ” ဆိုတော့ ဟိုး... မမြင်ရတဲ့ အဝေးတစ်နေရာကိုငေးရင်း သူ တစ်လုံးချင်းပြန်ဖြေတယ်။ “ကိုရဲမွန်စကားက မပြည့်စုံခဲ့ဘူး ထင်ပါရဲ့။

ယောက်ျားကောင်းတစ်ယောက်ရဲ့ အရည်အချင်းထဲမှာ သန်းခေါင် သန်းလွဲမှ အိမ်မပြန်သင့်သလို အစောကြီး လည်း ပြန်မရောက်သင့်ဘူး လို့ ထပ်ဖြည့်ရလိမ့်မယ် ကိုရဲမွန်။ ကျွန်တော်တို့ လမ်းခွဲခဲ့ကြပါပြီ” ကျွန်တော် တို့ နှစ်ယောက်စလုံး ငြိမ်သက်တိတ်ဆိတ်သွားကြပါတယ်။ ဒီစကားရဲ့မြစ်ဖျားခံရာဒေသကို ကျွန်တော် ဟာ သူ့ထက်  ပိုသိ၊ စောသိ ခဲ့သူပါ။
အတော်လေး ညဥ့်နက်မှ ကျွန်တော်တို့ စားသောက်ဆိုင်က ပြန်ခဲ့ကြပါတယ်။ အပြန်လမ်းမှာ ရုတ်တရက် မီးပျက် သွားတော့ သာနေတဲ့လရောင်က ပိုလင်းသွားသလိုပဲ။ လရောင်ဟာ လူတိုင်းရဲ့ရင်ကို အေးမြ စေပါတယ် တဲ့။ ကျွန်တော်တို့နှစ်ဦးအတွက်ကတော့...။

နေမိုးညို
.

1 comment:

စံပယ်ချို said...

စိတ်ထဲမှာ အများကြီးကျန်ခဲ့တယ်အမရွှေစင်ရေ
ထင်တော့ထင်နေတယ် သူအဲလိုလုပ်မယ်လို့လေ...
ခင်မင်တဲ့ jasmine