Tuesday, July 31, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၂)

''ကျွန်... ကျွန်တော်တို့နှစ်ဦး သဘောတူတိုင်ပင်ပြီးမှ ကျွန်တော်ဒီကို လာတာပါ၊ ကျွန်တော်၊ ကျွန်တော်... '' ''ဟေ့-နေဦး၊ နေဥိီးကွ သန်းဆိုင်'' ဟု ခပ်ဆတ်ဆတ်ပြောရင်း၊ ဦးဖိုးလူသည် ချက်အရက် ကို ရေသောက် ဘိ သကဲ့သို့၊ တကွတ်ကွတ်မြည်အောင် သောက်နေပြန်သည်။ [ဒီလူကြီး မူးနေရင် တော့ ငါတို့ကိစ္စမပြီးစီးဘဲ ကိုးရိုးကားရား ဖြစ်တော့မှာပဲ ဟု တွေးကာ၊ သန်းဆိုင် စိတ်မော လူမောဖြစ်စ ပြုလာသည်။ ဦးဖိုးလူ က အရက်သောက်ပြီး၊ ငါးခူခေါင်းကို ပဲလှော်ဝါးသလို တစ်ဗြောက်ဗြောက် ကျိတ်ဝါးနေသေး ၏။ ၀မ်းထဲသို့ မျိုချပြီးမှ ချောင်းတစ်ချက်ဟန့်၏။ ပြီးလျှင် ဆေးလိပ်ကောက် ဖွာနေပြန်လေ သည်။ ကို ဆက်ဖတ်ရန်.........

''မင်းမှတ်ထားကွ၊ ငါတို့ ၀က်လူးရွာကနေ ရွာစဉ်လှည့်ပြီး ငါးရောင်းနေကြတဲ့ ငါးစိမ်းသည်တွေဟာ စုံထောက်တွေသေ လို့ ၀င်စားတဲ့ စုံထောက်လူဝင်စားတွေချည်းပဲ၊ ဟောဒီ ချောင်းရိုးတစ်လျှောက်မှာ တော့ ဘယ်ရွာ ဘယ်သူ့အိမ် မှာ အပ်ကျတာကအစ၊ သူတို့မသိမရှိဘူး၊ အကုန်သိတယ်၊ ငါပြောတာ မှတ်ထားကွနော်၊ ငါ့သမီး စန်းချို မင်းတို့ဘက်ကကွင်းမှာ တစ်လလောက် စပါးသွားရိတ်တာ မှန်ပေမဲ့၊ တစ်လမပြည့်ခင် သူ့သတင်း က ငါ့နားကို ရောက်နေပြီကွ။

ဘယ်သူ့ဘယ်ဝါရဲ့သားနဲ့ သမီးရည်းစားဖြစ် နေတယ်။ ငါတို့က တံငါလုပ်စားလို့ မင်းတို့ဘက်က သဘောမတူတာ တို့ ဘာတို့ကအစ ငါတို့ရွာက စုံထောက်မတွေက အကုန်သတင်းရပြီးသား၊ သူတို့ရတဲ့ သတင်းတွေ ကလည်း ငါ့မယားကတစ်ဆင့် ငါ့နားကိုရောက်တာချည်းပဲ၊ ငါ့သမီးကို မင်းယူရင် မင်းကို အမွေတွေကော ဆွေခန်းမျိုးခန်း ပါ ဖြတ်မယ်ဆိုတဲ့ သတင်းကအစ ငါကြိုတင်ရပြီးသားကွ သန်းဆိုင်။ ဒါပေမဲ့ ငါ့သမီးစန်းချို ကို ငါတို့ဘာတစ်လုံးမှ ဖွင့်မပြောဘဲ မသိချင်ယောင်ဆောင်နေခဲ့ကြတယ်။ ငါ့မှာ သားသမီး (၆)ယောက် ရှိတယ်၊ အမှန်ပြောရရင် ငါ့မှာ သားသမီးစုစုပေါင်း တစ်ကျိပ်ရှိတယ်။ ပထမအိမ်ထောင်နဲ့ (၄)ယောက် ရတယ်၊ အခု ဒုတိယအိမ်ထောင် စောပုနဲ့ညားတော့ (၆)ယောက် ထပ်ရတယ်။ (၆) ယောက်ထဲမှာ စန်းချိုက အကြီးဆုံး၊ ငါအချစ်ဆုံး၊ ငါအားအကိုးရဆုံး သမီးပဲ။ ဒီတော့ သင်းကို ငါစိတ်မဆင်းရဲစေချင်သလို၊ ငါလည်း စိတ်အထိခိုက် မခံချင်ဘူး သန်းဆိုင် မင်းမှတ်ထား. . .''

ဦးဖိုးလူက အရက်ငှဲ့နေပြန်လေသည်။ [အများတကာပြောတာ ဟုတ်မှာပါပဲ၊ စန်းချိုတို့ အဖေက ဒေ၀ါမလင်း မူးနေတယ် ဆိုတာ၊ ဒါပေမဲ့ သူ့ကြည့်ရတာ အရက်မူးပုံလည်းမရဘူး၊၊ ရုပ်လည်းမပျက်ဘူး၊ စကားပြောလည်း မမှား ပါလား၊ တကယ့် ကြွက်တွင်းကြီးပဲ] ဟု အတွင်းကျိတ် ဝေဖန်သုံးသပ်ရင်း သန်းချို ချွေးပြန် အိုက်စပ် လာသည်။ ဝတ်ထားသော အပေါစား စပို့ရှပ်ကိုပင် ချွတ်ပစ်ချင်စိတ် ပေါက် လာပေ၏။
ဦးဖိုးလူ က ဟန်မပျက် အသံမပျက် စကားဆက်သည်။

''မင်း မြန်မာစကားတစ်ခု ကြားဖူးမှာပေါ့။ (လယ်သမား ချောင်းသမား) ဆိုတဲ့ စကားကွာ။ လယ်သမားဆိုတာက မင်းတို့ ကွင်းသားတွေ ကို ခေါ်တာ၊ ချောင်းသမားဆိုတာက ငါတို့လို ငါးဖမ်းပိုက်ချတဲ့ အင်းသမားတွေကို ခေါ်တာ။မြို့က စာတတ်ပေတတ်တွေလို ကြီးကြီးကျယ် ကျယ် ပြောရရင်တော့ ငါတို့ ဟာ ရေလုပ်သားတွေပဲ မဟုတ်ဘူးလား မင်း မှတ်ထားနော်  ငါတို့ဒေသမှာ လယ်သမားနဲ့ ချောင်းသမားဟာ ငါးခွေးလျှာ လို အမြွာတွဲနေကြတာကွ၊ ထမင်း ရဖို့ မင်းတို့က စပါးစိုက်မယ်၊ ဟင်းရဖို့ ငါတို့က ငါးဖမ်းမယ်၊ ဒါပဲ ရှင်းရှင်းလေးပဲ။ မင်းတို့ဆီက နေ ငါတို့က ဆန်ဝယ်စားတယ်၊ ငါတို့ဆီကနေ မင်းတို့က ငါးတွေ ပုစွန်တွေ ငါးပိ ငါးခြောက် တွေ ဝယ်စားကြတယ်၊

ဒါပဲ မင်းမှတ်ထားကွ၊ လောုကမှာ လယ်သမားချည်းပဲ နေလို့မရသလို၊ တံငါချည်းပဲလည်း နေမဖြစ်ပြန်ဘူး။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပေါ့လေကွာ ဒါကို မင်းတို့ဘက် က သဘောမပေါက်ဘဲ.. ငါ့သမီးဟာ တံငါမျိုးမို့ သဘောမတူ ပါဘူးလို့ ပြောထွက်ရဲတာကို ငါ အံ့သြလို့မဆုံးဘူး။ မင်းအဖေက ဘုန်းကြီး လူထွက်သာ ဆိုတယ် လောကီသဘာဝကို လုံးလုံး နားမလည်ပါလားကွ ဟေ ဒီသတင်းကို ကြားခါစက ငါစိတ်ရူးပေါက်ပြီး မင်းတို့ တစ်ရွာလုံးကိုြုပာကျသွားအောင် မီးတိုက်ပစ်ဖို့ ကြံသေးတယ်၊ နောက်မှ.... ကိုယ့်စိတ်ကိုယ်ထိန်းပြီး (သြော် ...သင်းတို့ဟာ လူတွေရဲ့ သဘာဝကို နကန်းတစ်လုံးတောင်..... မသိတဲ့ နလပိန်းတုံး တွေပါလား....) လို့ ခွင့်လွှတ် စိတ်ကလေး မွေးလိုက်ရသပေါ့ကွာ ငါခပ်ငယ်ငယ်က စိတ်မျိုးနဲ့ သာဆိုရင် မင်းတို့ရွာလည်း ပြာကျ ငါလည်း ထောင်ထဲရောက်နေ မလား သင်္ချိုင်းကန်းက မြေကြီးအောက် ရောက်နေမလား မဆိုနိုင်ဘူး။ မင်း မှတ်ထား သန်းဆိုင်၊ ဝက်လူးရွာက ဖိုးလူ ဟာ ပညာမတတ်ပေမဲ့ စဉ်းစာဥာဏ်တော့ အများကြီးရှိတယ်။ လူကို လူ လိုပဲ မြင် တတ်တယ်။

လူကို ခွေးလိုလည်း မမြင်တတ်ဘူး။ နတ်သိကြားလို့လည်း မမြင်တတ်ဘူး။ ဖိုးလူတို့ သတ္တဝါ တွေရဲ့ အသက်ပေါင်း များစွာကို သတ်နေပေမဲ့... အပျော်သတ်နေတာ မဟုတ်ဘူး၊ ငါးတွေ ပုစွန်တွေ သေကြစမ်းဟာ... ဟင်းအိုး ထဲ ရောက်ကြစမ်းဟာဆိုတဲ့ စေတနာနဲ့ သတ်နေတာ မဟုတ်ဘူး၊ ငါ့ဝမ်းပူစာ မနေသာဆိုတဲ့ စကားလို မိသားစု စားဝတ်နေရေး ဖူလုံအောင် မလုပ် မဖြစ် စီးပွားရှာနေတာ၊ မင်းမှတ်ထားသန်းဆိုင်... ''
''မင်းတို့လားတော့ ရွာထိပ်မှာ ဘုန်းတော်ကြီးကျောင်းတွေ့ခဲ့တယ်။ မဟုတ်လား (သန်းဆိုင် ခေါင်းညိတ်သည်) အဲဒါ.... ငါတို့ အင်းသမား ချောင်းသမားတွေရဲ့ ချွေးနှဲစာနဲ့ ဆောက်ထား တဲ့ကျောင်း၊ လှူထားတဲ့ ကျောင်း၊ ဒီကျောင်းမျိုး ကို မြို့က သူဌေးတွေတောင် ဆောက်မပေး နိုင်ဘူး၊

အကုသိုလ်တွေ ပေါ့သွားအောင် ရေရာတာလို့တော့ မထင်နဲ့ ငါ့လူ။ ဗုဒ္ဓ ဘာသာဝင် တွေပီပီ စေတနာ သုံးတန် ပြဋ္ဌာန်းပြီး သဒ္ဓါအပြည့် နဲ့ လှူထားတာ၊ ဆက်ပြီးတော့လည်း ငါတို့က လှူနေဦး မှာပဲ၊ ငါတို့ကို တံငါတွေ ဆိုပြီး ပေါ့တော့တော့ တော့ မယူဆလေနဲ့၊ လှူစရာ တန်းစရာ ရှိရင် ငါတို့က ဘုရားလူကြီးလိုလို၊ ဥပသကာ လိုလို ကြောင်သူတော်ကပ်စေးနှဲ တွေထက် လက်လွယ်တယ် လက်ရဲတယ်၊ နောက်မတွန့်ဘူးကွ၊ မင်းမှတ်ထား''

ဦးဖိုးလူက နောက်တစ်ခွက်သောက်လိုက်ပြန်စဉ် ရုတ်တရက် ဤနေရာမှ ဖြုန်းခနဲထပြီး ခြေ ဦးတည့်ရာ ထွက်ပြေးလိုစိတ်တွေ သန်းဆိုင်၏ ဦးခေါင်းထဲသို့ တိုးဝင်လာကြသည်။ (မဖြစ်သေး ပါဘူး၊ ဒီအခြေအနေရောက်နေမှတော့ ငါ့ကို လက်ခံ လက်မခံအောင့်အည်းပြီး စောင့်ကြည့်ရ မှာပဲ၊ အဘိုးကြီးက သိပ်တော့မဟန်ဘူး၊ သူ့မျက်လုံးကြီးတွေ တဖြည်းဖြည်း နီးလာနေပြီ) ဟု စဉ်းစားချိန်ဆရင်း သန်းဆိုင်ခေါင်း တညိတ်ညိတ် လုပ်နေရ၏။ ခေါင်းတချက်ညိတ်ရင်း နဖူးက ချွေးတွေ က ပေါင်ပေါ်တင်ထား သည့် သေတ္တာစုတ် ကလေးပေါ်သို့ တဒေါက်ဒေါက် ကျလာကြ သည်။
''မင်းအဖေ က စာတတ်ပေတတ်ဘုန်းကြီးလူထွက်၊ ငါက စာမတတ် ပေမတတ် တံငါမို့ အထင် သေးမယ်တော့ မကြံနဲ့ ငါ့လူ၊

ငါ့အဘိုးဟာ အင်္ဂလိပ်ခေတ်တုန်းက ဂေါ်ဝနာ (governor ဘုရင် ခံကိုဆိုလိုခြင်း ဖြစ်သည်) ရဲ့ အိမ်တော်မှာ မာလီလုပ်လာတာ၊ ဘိုးစတားဒွတ်ဒက်ရွှတ်ရှက် တွေ မွှတ်နေအောင်တတ်တယ်၊ ငါ့အဖေကျတော့လည်း သစ်တော အင်စပိတ်တော်ကြီး အိမ်မှာ ဂျာရူးဝါးလား တာဝန်ထမ်းတောင်ခဲ့တာ၊ ငါ့ကျတော့ ဘာဖြစ်လဲ၊ လုပ်သားပြည်သူတွေ စားဖို့ သောက်ဖို့ ငါးတွေ၊ ပုစွန်တွေ ရှာပေးနေတဲ့ ရေလုပ်သား၊ ငါ့မိန်းမ စောပုက ငါးရံ့ခြောက် ကောင်းကောင်း ခွဲ တတ်တယ်၊ သုံးဦးစပ်ငါးကြီး ငါးပိကောင်းကောင်းသိပ်တတ်တယ်၊ အကောင်းစား ငါးငံပြာရည် ခံတတ်တယ်၊ ငါသမီး စန်းချိုကျတော့ကော၊ နွေမိုးဆောင်း ရာသီ သုံးပါးစလုံးမှာရှိတဲ့ အလုပ် ဟူသမျှ အကုန်လုပ်တတ်တယ်၊ ရေအလုပ်ကျွမ်းကျင်သလို မင်းတို့ လုပ်ကြတဲ့ ကုန်းအလုပ်လည်း ငါ့သမီး က နိုင်နင်းတာပဲ၊ ဒါများ မင်းတို့ဘက်က သဘောမတူ ဘူး၊ ရှိရသေးတယ်၊ ငါပြောပြီးပါပကော၊ လယ်သမား နဲ့ ချောင်းသမားဟာ ငါးခွေးလျှာလို ပူးတွဲ နေတဲ့ ရဲဘောရဲဘက်တွေပါလို့... ''

သန်းဆိုင်သည် စိတ်ကျဉ်းကျပ်ရာမှတစ်ဆင့် နှလုံးအခုန်မြန်ပြီး အသက်ရှူမဝသလိုလိုပင် ဖြစ်လာခဲ့၏။ ဦးဖိုးလူ သုံးနှုန်းခဲ့သော ဂေါ်ဂနာ၊ မာလီ၊ ဂျာရူးဝါးယား စကားလုံးတွေကို လည်း သူနည်းနည်းမျှပင် သဘောမပေါက်၊ (စန်းချိုအဖေ ဟာ မူးရုံတင်မကဘဲ ရူးများရူးနေပြီလား မသိဘူး ငါတော့ ဆုပ်လည်းစူး၊ စားလည်း ရူးမယ့် ဘဝရောက်နေပြီ လား မသိဘူး) ] အတွင်းစိတ်မှာ ခြူသံပါအောင် ညည်းမိသည်။ ဦးဖိုးလူထံမှ လွင့်ပျံလာသော အရက်နံ့ ကို ရှူမိရင်း သူကိုယ်တိုင်ပင် မူးနောက်နောက် ညည်း စီစီခံစားလာရလေသည်။

သန်းဆိုင်ထိုင်ရာမှ လဲကျမသွားအောင် ကူညီကယ်တင်ကြမည့်သူနှစ်ဦး တဲကြီး၏ မြေစိုက် မီးဖိုဆောင်ထဲမှ ထွက်ပေါ်လာကြသည်။ စန်းချိုနှင့် သူမ၏ မိခင် ဒေါ်စောပုတို့ ဖြစ်သည်။ ဒေါ်စောပုသည် အရပမပုသည့်ပြင် ကရင် တိုင်းရင်းသူဖြစ်၍ စန်းချိုတို့သားအဖ၏ အသား ရောင်နှင့် ဆန်ံကျင်စွာ အသားအရည် ဝင်းဝါနေသည်။ မျက်နှာထားကတော့ ဘာခံစားမှုကို မှ မဖော်ပြသည့် ရုပ်တုမျက်နှာမျိုး ဖြစ်၏။

စန်းချိုတို့ကို တွေ့သည်နှင့် ဦးဖိုးလူသည် သောက်လက်စအရက်ကို အလျင်အမြန် မျိုချ လိုက်ပြီးနောက်၊ ဖန်ခွက်ကို ကြမ်းပေါ်သို့ ဆောင့်ချ။ ပါးစပ်ကို ညာလက်ခံဖြင့်ပွတ်၊ ဘယ်ပေါင်ပေါ် ဘာခြေသလုံး ချိတ်၍ နေရာပြင်ထိုင် လိုက်သည်။ စန်းချိုက သန်းဆိုင်ကို တစ်လှည့်၊ ဖခင်ကြီးကို တစ်လှည့် ရဲရဲဝံ့ဝံ့ ကြည့်နေ သည်။
ဦးဖိုးလူ က ဆေးပေါ့လိပ်ကြီးကို ကောက်ယူပြီး ဝှေ့ယမ်းလိုက်၏။

''ဟေ့ စောပု၊ ငါပြောတာနားထောင်င်စမ်း''ဟုလည်း စစ်သူကြီးတစ်ဦး  စစ်မြေပြင်မှာ ရဲမက်တွေကို သတိပေးနှိုးဆော်သံ မျိုး လည်ချောင်းသံပါပါ အော်သည်။
ဒေါ်စောပု ၏ မျက်လုံးများမှာ ဦးဖိုးလူထံမှာ မရှိဘဲ၊ သန်းဆိုင်ကိုယ်ပေါ်၌သာ ရစ်ဝဲရွှေ့လျား လျက်ရှိ၏။ သူမ၏ အကြည့် မှာ ကျေးတောသားတစ်ယောက်က ရှေးဟောင်းပြတိုက်ထဲရှိ ဒိုင်နိုဆော ရုပ်ထုကြီးကို အံ့သြခြင်း တစ်ဝက်၊ ဝေခွဲနားလည်ရန် ခက်ခဲခြင်းတစ်ဝက်တို့ဖြင့် ကြည့်နေဟန်မျိုးဖြစ်သည်။ သန်းဆိုင်သည် ဘယ်သူ့ကို ရွေးချယ်၍ ကြည့်ရမှန်းမသိသည့် အဆုံး ငါးခြောက်လှန်းစင် များ ကို ကျော်ဖြတ် ၍ ရေခန်းစပြုနေသည့် ချောင်းဘက်သို့သာ ငူတူတူကြီး ငေးနေလိုက်တော့သည်။

''ဟေ့ .... စောပု ငါပြောမယ် နားထောင်''
မိန်းမကြီး က ခင်ပွန်းကို စွေစောင်းစောင်းကြည့်၍ (ပြော... နားထောင်နေတယ်) ဟု အဓိပ္ပာယ် ရသော မျက်နှာထားဖြင့် မေးထိုးပြသည်။
''ငါတို့လှောင်ထားတဲ့ ငါးပိတွေ၊ ငါးခြောက်တွေ၊ ငါးပိငံပြာရည်တွေ ရတဲ့ဈေးနဲ့ အကုန်ထုတ် ရောင်း၊ နင့်နားကပ် ကိုလည်း ရသလောက်နဲ့ပေါင်၊ ငါပြောတာကြာလားဟေ့ စောပု'' ဟု ဥိးဖိုးလူက ညွှန်ကြားနေစဉ် မိန်းမကြီးသည် သန်းဆိုင်ဘက် သို့ လှည့်၍ စူးစမ်းလေ့လာ သကဲ့သို့ မျက်ထောင်မခတ်ကြည့်နေပြန်သည်။ သန်းဆိုင်သည် သက်မဲ့ ကျောက်ရုပ်ကြီး နှင့် မခြား၊ တုတ်တုတ်မျှမလုပ်။
''ရတဲ့ငွေဟာ ငါ့သမီးအတွက် မင်္ဂလာဆောင် စရိတ်ပဲ၊ မှတ်ထားနော် စောပု''

''ဒါဖြင့် မင်းတို့ကို မင်းယောက္ခမဘက်က မင်္ဂလာဆောင်ပေးလိုက် တာပေါ့ ဟုတ်လားကွ သန်းဆိုင်''
ယခု ကဲ့သို့ နေပြင်းသော နွေရာသီနေ့လယ်ခင်တစ်ခုတွင် သူ့ဆိုင်မှ နေ့စဉ် ကွမ်းယာ (၂၀၀) ကျပ်ဖိုး ပုံမှန် ဝယ် စားသော အိမ်နီးချင်း ဘက်စကားအုံနာ၊ ဒရိုင်ဘာကြီးဦးဘာဘူ ကို သန်းဆိုင်က သူနှင့် စန်းချိုတို့ အိမ်ထောင်ကျခဲ့ပုံကို ကွက်စိပ်ဟောသလို ပြောပြနေစဉ် ဦးဘာဘူက ဆိုင်ရှေ့ ခုံတန်းလျားပေါ် ကနေ မြေပြင်ပေါ် သို့ ကွမ်းတံတွေး၊ ဗျစ်ခနဲ ထွေးခပြီး နောက် ဖြတ်မေးလိုက်ခြင်းဖြစ်သည်။ သန်းဆိုင်သည် ယခု ကဲ့သို့ပင် ကိုယ်ဝတ်မဲ့ ဗလာ ကိုယ်လုံးကြီးကို စွဲနေသော ရှေ့သွားကြီးတွေပေါ်အောင် ပြုံးရင်းခပ်သဲ့သဲ့ ရယ် လိုက် သည်။
''မဟုတ် ဘူး ဦးဘာဘူရဲ့.... ဟဲ...ဟဲ...ဟဲ''
ဗိုက်ရွှဲကြီး ဦးဘာဘူသည် သန်းဆိုင်ကို မျက်ခုံးတွေရှုံ့၍ ကြည့်သည်။

''မင်း ဟာကလည်းကွာ၊ မင်းယောက္ခမက ငါးပိ၊ ငါးခြောက်၊  ငံပြာရည်တွေ ထုတ်ရောင်း ပြီး မင်္ဂလာဆောင်ပေးမယ် လို့ ပြောတယ်ဆို''
''စကားသက်သက်ပါပဲဗျာ၊ အရက်သမားစကား ယုံရတာမှတ်လို့''
''ဒါဖြင့် မင်း နဲ့ စန်းချို ဘယ်လိုလုပ်ညားကြသလဲ''
''မင်္ဂလာမဆောင်၊ လက်မှတ်မထိုးဘဲ ညားခဲ့ကြတာ၊ ဒီနေ့အထိပဲ၊ ကျွန်တော့်သားအကြီး ကောင် အသက်(၂၀) ရှိနေလေပြီဗျာ၊ သားအငယ်က (၁၆)နှစ်၊ စန်းချိုက မမွေးလို့၊ မွေးရင် ကလေးတစ်ဒါဇင်လောက် ရနေပြီ၊ ဟဲ..ဟဲ..ဟဲ''

သန်းဆိုင်သည် ဦးဘာဘူကို ပြက်လုံးထုတ်နေသော လူရွှင်တော်ကြီးတစ်ဦးအဖြစ် ထင်မှတ်ထားသည့်အလား တဟဲဟဲ မြည်အောင် ရယ်နေ၏။ ထိုစဉ် ဦးဘာဘူနှင့် မျက်နှာ ချင်းဆိုင် ခုံတန်းလျားတွင် သန်းဆိုင်တို့နှင့် တစ်လမ်းထဲ အတူနေ၊ ဆံပင်ရှည်၊ နှုတ်ခမ်း မွေးရှည်နှင့် စာယောင်ယောင်၊ ကဗျာယောင်ယောင်၊ ဘွဲ့ရ ပညာတတ်၊ မိဘလုပ်စာ ခပ်တည်တည် ထိုင်စားနေသော ခင်မောင်ငြိမ်း ထိုင်ပြီး ကွမ်းတမြုံမြုံလုပ်နေရင်း သန်းဆိုင် ၏ ဘ၀စွန့်စားခန်းဝတ္ထုကို အပျင်းပြေ နားထောင်လျက် ရှိသည်။ ခင်မောင်ငြိမ်းက ...

''ဒီလိုဆို. . ကိုသန်းဆိုင်နဲ့ မစန်းချိုတို့က လင်မယားမှ မဟုတဘဲ ခေတ်စကားနဲ့ပြောရရင် လစ်ဗင်းတူဂဲသားပဲ'' ဟု ၀င်ပြောလိုက်သည်။ သန်းဆိုင်ကော ဦးဘာဘူပါ နားဝေတိမ်တောင် ဖြစ်သွားကြသည်။
''ဘာကွ၊ ဘာရယ်. . .'' ဟု သန်းဆိုင်က မေးလိုက်သလို၊ ဦးဘာဘူကလည်း ''လှဝင်းတူဂဲဓား၊ လှဝင်းတူဂဲဓား''ဟု ဆီမန်း မန်းသလို ရေရွတ်လျက်ရှိလေသည်။
''လစ်ဗင်းတူဂဲသားဆိုတာ အင်္ဂလိပ်စကားလုံးဗျ၊ လက်မထပ်ဘဲ စိတ်တူ ကိုယ်တူ ပေါင်းသင်းနေထိုင် ကြတာ ကိုခေါ်တာ၊ အနောက်တိုင်းဓလေ့တစ်ခုပေါ့ ကိုသန်းဆိုင်ရာ၊ ဆန်ဆုံစား၊ ကံကုန်သွား ဆိုတဲ့ မြန်မာစကားလို ပျော်တုန်းပေါင်းနေကြ၊ ငြီးငွေ့လာတဲ့ တစ်နေ့ ကျောခိုင်းသွားကြတဲ့ပုံစံမျိုး'' ဟု ခင်မောင်ငြိမ်း က ရှင်းပြနေစဉ် သန်းဆိုင်၏ မျက်နှာဝိုင်းဝိုင်းကြီးမှာ ပွယောင်းယောင်း ဖြစ်လာသကဲ့သို့ ထင်မှတ် ရသည်။ သူသည် ခင်မောင်ငြိမ်းကို စူးစူးဝါးဝါး ကြည့်နေ၏။

''ဟေ့-ခင်မောင်ငြိမ်း၊ ငါတို့အိမ်ထောင်သက် အနှစ်(၂၀)ကျော်ပြီကွ၊ ငါတို့ သားမှတ်မှတ်၊ မယား မှတ်မှတ် ပေါင်းနေကြတာ၊ တစ်နယ်လုံးသိတယ်၊ မင်းပြောတဲ့ ဘိုဓလေ့ ဘိုအကျင့်လို စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ပေါင်းနေတာ မဟုတ်ဘူး။ ငါတို့ဟာ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာအတိုင်း ညားခဲ့ကြတာ နား လည်လား'' ခင်မောင်ငြိမ်းကလည်း ပညာတတ်ဥာဉ် ခပ်ပါးပါး စွဲကပ်နေသူပီပီ အလွယ်တကူ အလျှော့မပေး။ အထူးသဖြင့် ကျောင်းပညာမဲ့သန်းဆိုင်လိုလူမျိုး၏ အကျောကိုတော့မခံ။
''ဒါနဲ့၊ ခင်ဗျားစောစောကပြောတော့ ခင်ဗျားနဲ့ မစန်းချို မင်္ဂလာလည်းမဆောင်၊ လက်ထပ်စာချုပ်မှာ လက်မှတ်လည်း မထိုးဘဲ ညားခဲ့တာဆိုဗျ ကိုသန်းဆိုင်''ဟု ပျော့ကွက်ကို အမိအရ ၀င်ထောက် သည်။ ထောက်ကွက်က မိမိရရ ရှိပုံပေါ်လေသည်။

သန်းဆိုင်၏မျက်နှာကြီးမှာ ပိုမိုပွယောင်း ပိုမိုနီမြန်းလာသည်။ သူ့မျက်နှာကို ခင်မောင်ငြိမ်း အနီးသို့ တိုးကပ်တော့ မည့်ပမာ လည်တိုင်ကို ရှေ့ဘက်သို့ ဆန့်ထုတ်နေ၏။ [ဒီ စာရူးပေရူး လာတိုင်း လေကုန် ခံပြီး ငြင်းနေရတာချည်းပါလား] ဟု သူစိတ်ထဲကလည်း ဒေါမနဿ ပွားနေမိသည်။

''ဟေ့ကောင် ခင်မောင်ငြိမ်း၊ မင်းက လူပျိုပဲရှိသေးတယ်နော်၊ မင်းမိန်းမယူရင်တော့ ဘယ်လိုမင်္ဂလာဆောင်မလဲ မပြောတတ်ဘူး။ ဟိုတယ်ကြီးတွေမှာတက်ပြီး မင်္ဂလာဆောင်မှ ယောက်ျားနဲ့မိန်းမညားတာ မဟုတ်ဘူးကွ၊ ငါနဲ့ စန်းချိုတို့ မင်္ဂလာမဏ္ဍပ်ကြီးထိုး၊ လော်ကြီးတဂွီဂွီဖွင့်ပြီး မင်္ဂလာမဆောင်ခဲ့ပေမဲ့ မြန်မာဓလေ့အတိုင်း တရားဝင် ညားခဲ့ကြတာ ကွ၊ မင်း မှတ်ထားပါ''
သန်းဆိုင် က သူ၏ယောက္ခမကြီး ဦးဖိုးလူ၏လက်သုံးစကားဖြင့် စကားပိုဒ်ကို လက်စသတ်လိုက်၏။

''ရတဲ့ငွေဟာ ငါ့သမီးအတွက် မင်္ဂလာဆောင် စရိတ်ပဲ၊ မှတ်ထားနော်စောပု'' ဦးဖိုးလူက လျှာလေးအာလေး ညွှန်ကြားပြီး သည်နှင့် ရုတ်တရက် လေဖြတ်ခံရသကဲ့သို့ ၀ါးကြမ်းပေါ်တွင် တစ်စောင်း လှဲချလိုက်သည်။ တစ်မိနစ် အတွင်း ဦးဖိုးလူထံမှ ကျယ်လောင်မြည်ဟည်းသော ဟောက်သံများ စည်းချက် မှန်စွာ ပေါ်ထွက်လာတော့သည်။ သန်းဆိုင်က စန်းချိုကိုကြည့်ပြီး (ဘယ်လိုလုပ်ကြမလဲ)ဟု အမူအရာဖြင့် မေး လိုက်သည်။ စန်းချို၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုလက္ခဏာ ကင်းစင်နေ သည်။ ဒေါ်စောပု ကလည်း ဖြစ်ရိုးဖြစ်စဉ်၊ အခြေအနေတစ်ရပ်နှင့် တွေ့ကြုံရသကဲ့သို့ စကားတစ်ခွန်းမျှ မပြောဘဲ အိပ်ပျော် သွားသော ဦးဖိုးလူအနီးမှ အရက်ကရားတွေ၊ ဖန်ခွက်တွေ၊ အမြည်းပန်းကန်တွေ ကို သိမ်းဆည်းပြီး မီးဖိုဆောင် ထဲ ၀င်သွားသည်။

သန်းဆိုင်သည် ပွေ့ပိုက်ထားသော သေတ္တာကို လက်ထဲကမချကောင်းသလိုသာ ကြည့်ကျပ်လုပ်တော့ဟာ...'' ဟုပြောလိုက်သော သန်းဆိုင်၏သ၏သံမှာ ပန်းနာရင်ကျပ် ရောဂါသည်တစ်ဦး ရောဂါသည်းထန်ပြီးနောက် နာလန်ထချိန်တွင် ဖွင့်ဟလိုက်သည့် စကားသံကဲ့သို့ သွေ့ခြောက်တိမ်ဝင်နေသည်။ စန်းချိုက နှုတ်ခမ်းတစ်ချက် တွန့်ရင်း သန်းဆိုင်၏ လက်မောင်းအိုးတစ်ဖက်ကို လှမ်းဆိတ်သည်။

''တွေးကြောက်မနေ နဲ့ သန်းဆိုင်၊ စိတ်အေးအေးထား၊ ငါ့အိမ်ကိုရောက်နေပြီး၊ အားလုံး င့ါတာဝန်၊ ငါ့အမေ ကတော့ နင်မြင်တဲ့အတိုင်းအရုပ်ပဲ၊ ကောင်းသည်ဆိုးသည် ဘာမှပြော မှာမဟုတ်ဘူး''
''ဒါပေမဲ့ဟာ...ယောက္ခမက ငါးပိရောင်း ငါးခြောက်ရောင်းပြီး သမက်ကို သမီးနဲ့မင်္ဂလာ ဆောင်ပေးရတယ်ဆိုတာ လူကြားလို့ မကောင်းပါဘူး။ ငါးစဉ်းစားမိရင်း ရှက်ရှက်လာတယ်။ လူကြားထဲ ငါ့မျက်နှာ ဘယ်လိုပြရမလဲ စန်းချိုရာ... ''
''ဟေ့... ပေါက်တဲ့နဖူးမထူးဘူး၊ လာ...မန်ကျည်ပင်ရိပ်မှာ သွားထိုင်မယ်။ အဖေနိုးလို့ အမူးပြေမှ ပြောစရာရှိတာ ဆက်ပြော မယ်'' ဟုဆိုကာ၊ စန်းချိုက သန်းဆိုင်လက်မောင်းကို ဆွဲခေါ်သည့်အခါ သန်းဆိုင် ယက်ကန် ယက်ကန်ဖြင့် စန်းချိုခေါ်ရာနောက်သို့ ပါသွားသည်။

မန်ကျည်းပင်အာက်တွင် ၀ါးကွက်ပျစ်တစ်လုံး အသင့်ရှိနေပြီး၊ ခြေပစ်လက်ပစ် လှဲလျောင်း ကာ၊ ရင်ဆိုင်နေ ရသော ပြဿနာကို စဉ်းစားကြံဆလိုသော သန်းဆိုင်အဖို့ရာ စိတ်သောက များစွာကြားထဲမှာ စိတ်ချမ်းမြေ့စရာ အကွက်ကလေး တစ်ကွက် ရှာတွေ့သွားသည့်နှယ် ရှိသည်။ လေတဟူးဟူး တိုက်နေသဖြင့် ဖွာရရာ လွင့်ဝဲနေကြသော စန်းချို ၏ နီကြောင်ကြောင် ဆံနွယ်မျှင်များကို သန်းဆိုင် မျက်စိအရသာ ခံနေလိုက်သေး၏။

''နင်...တစ်ရေးတစ်မောအိပ်ရင်း အနားယူချင်ယူဦး၊ ငါတို့ထမင်းစားဖို့ ငါဟင်းချက်ဦးမယ်၊ ဟင်းကျက်တော့မှ နင့်ကို လာနှိုးမယ်၊ ပေးစမ်းပါဟာ နင့်သေတ္တာကို၊ ငါသိမ်းထားပါ့မယ်၊ သွားလေရာ သေတ္တာကြီးတမ မနဲ့၊ သေတ္တာ ထဲမှာ ကျောက်သံပတ္တမြား အပြည့်ပါတာကျ နေတာပဲ''
စန်းချို က တဲအိမ်ကြီးဘက် ပြန်ထွက်သွားသောအခါ သန်းဆိုင်လည်း ငါးညှီစော်နံနေသော ၀ါးကွပ်ပျစ်ပေါ်မှာ ပက်လက် လှဲချ လိုက်၏။ မျက်စီတွေမှိတ်ပြီး အိပ်ပျော်ရန် ကြိုးစားသော် လည်းအိပ်မပျော်။ ချက်အရက်တွေ တရစပ်သောက်ရင်း စကားဖွာလောင် ဖွာလောင်ပြော နေသော ခေါင်းတုံးပြောင်ကြီးနှင့် ဦးဖိုလူ၏ မျက်လုံးပြူးပြူး မျက်နှာကြီးက သန်းဆိုင်ကို နေခင်းကြောင်တောင် တစ္ဆေခြောက်နေသည်။

စောစောကတည်းက စန်းချိုအဖေဟာ ဘယ်လိုလူစားလဲ၊ ဘယ်လိုပုံစံလဲ ဘယ်လိုစကားပြောတတ်သလဲဆိုတာကို ကြိုသိခဲ့ရင် စန်းချိုနားကို ငါကပ်ခဲ့မှာ မဟုတ်ဘူး၊ ခုတော့....အားလုံး လွန်ကုန်ပြီ၊ င့ါရွာလည်း ငါပြန်လို့မရ...၊ ဒီရွာမှာ အခြေစိုက်ဖို့ဆိုတာလည်း မရေရာ မသေချာတဲ့ ကိစ္စ၊ မျောက်သစ်ကိုင်းလွတ်ဘ၀ ရောက်မယ့်ဟာထက်စာရင်...၊ စန်းချိုအဖေ စီစဉ်ပေးပမျှ ကိုပဲ ခေါင်းညိတ်နာခံလိုက်တာက ပိုပြီး အဆင်ပြောပါလိမ့်မယ်၊ နောက်ပိုင်း ပေါ်လာမယ့် အခြေအနေကို ကြည့်ပြီး စန်းချို နဲ့ ငါမီးစဉ်ကြည့်က ရမှာပေါ့လေ။
သန်းဆိုင် အိပ်ပျော်လုဆဲဆဲတွင် သူ့ကိုယ်ပေါ်သို့ မန်းကျည်းပင်ကြီး လဲကျလာသလို ခံစားလိုက်ရပြီ သူ့တစ်ကိုယ် လုံး ထုံကျင်သွား၏။

အမှန်တော့.... ရွှံတလူးလူးနှင့် ညွန်ပုပ်နဲ့၊ ငါးညှီနံ့တွေ ထောင်းထောင်းထနေခဲ့သော ခန္ဓကိုယ်တစ်ခုက သန်းဆိုင် ကိုယ်ပေါ်သို့ ကျရောက်ဖမ်းညှစ်လာခြင်းပင် ဖြစ်သည်။ ခန္ဓာပိုင်ရှင်သည် ၁၄/၁၅ နှစ်အရွယ် ပိန်ညှောင်ညှောင် ကောင်လေးတစ်ယောက် ဖြစ်ပြီး သူသည် ရွှံတွေရေတွေ စိုစွက်နေ သည့် ဘောင်းဘီတို တစ်ထည်ကိုသာ ၀တ်ထားသည်။
''ဟား..မိပြီ၊ သူခိုးမိပြီ၊ သူခိုးမိပြီ၊ ငါတို့လှေကိုခိုးသွားတဲ့ သူခိုးမိပြီ၊ သူခိုးဗျို့၊ သူခိုး...ဒီမှာ မိနေပြီ...ဟားဟား-ဟားဟား''
သန်းဆိုင် သည် အိပ်မက်ထဲမှာ သရဲသဘက်တစ်ကောင်ကောင် နှင့်နပန်းလုံးနေရသည့် အလား အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားမိ၏။ သူ့လည်ပင်းကို ညှစ်ထားသော လက်တွေကိုရှိသမျှအားဖြင့် ဖယ်ရင်းဖြုတ်ထုတ် ပစ်ကြည့်သော်လည်း ထင်သလောက် မလွယ်ပါချေ။ ကောင်လေးသည် ပိန်တာရိုးကလေးဖြစ်သည့်တိုင် သူ့လက်တွေ က မယုံနိုင် စရာသန်းစွမ်းနေသည်။ သူက လက်တွေနှင့်သာမကဘဲ ခြေနှစ်ဖက်ဖြင့်ပါ သန်းဆိုင်ကို ခွညှပ်ထားလေရာ၊ သန်းဆိုင် သည် လူအချင်းချင်းသတ်ပုတ်ရသည်နှင့်မတူဘဲ၊ တောရိုင်း တိရစ္ဆာန် တစ်ကောင်နှင့် လုံးထွေးနေသည့်နယ်ရှိသည်။

''သူခိုး-သူခိုး -သူခိုး မိပြီ၊ ဟားဟား''
သန်းဆိုင်က အားကုန်ဖြုတ်ဖယ်လိုက်သဖြင့် သူ့လည်ပင်းမှ လက်တွေလွတ်သွား သော်လည်း လည်ပင်းညှစ် ခံရသည်ထက် ပိုမိုဆိုးဝါးသော ဝေဒနာကို ခံရပြန်သည်။ ကောင်းလေးက သန်းဆိုင်၏ လက်မောင်း တစ်ဖက်ကို ကိုက်ခဲလိုက်ခြင်းဖြစ်တော့သည်။ သန်းဆိုင်က အော်ဟစ်ညည်းညူရင်း ဆော့ရုန်းသည်။ ကောင်လေး၏ နီကြောင်ကြောင် ဘုတ်သိုက်ဆံပင်ကို ဆုပ်ဆွဲသည်။ ကောင်လေးသည် အနာခံရင်း သူ့သွားတွေကို သန်းဆိုင် လက်မောင်းသားထဲသို့ ဖြည်းဖြည်းချင်း ထိုးသွင်းလျက်ရှိသည်။
''ဟဲ့.. ငတာ...လွှတ်လိုက်စမ်း'' ဟူသော စန်းချို၏ စူးစူးဝါးဝါးအသံနှင့်အတူ ကောင်လေး၏ ညည်းသံပေါ်လာပြီး သန်းဆိုင် လည်း အသက်ရှူချောင်သွား၏။

စန်းချို သည် မုန်တိုင်းတစ်ခုကဲ့သို့ တရကြမ်းပြေးဝင်လာပြီး နောက်ကောင်လေး၏ ဆံပင်များကို လက်နှစ်ဖက်ဖြင့် စုကိုင်ကာ နားအုံတစ်ဖက် ကို လက်ဝှေ့ သမားဆန်ဆန် ဒူးတစ်ဖက်ဖြင့် ကပ်ဆောင့် လိုက်ခြင်းဖြစ်သည်။ ကောင်လေးသည် ကွပ်ပျစ်ပေါ်တွင် လမ့်ကျသွားပြီ၊ ဒူးချက်မိသော နားတစ်ဖက်ကို လက်ဝါး အစုံဖြင့် ဖိကာ မြေပြင်ပေါ်တွင် လူးလှိမ့်ရင်း ၀ူးဝူးဝါးဝါး အော်ဟစ်ညည်းတွားနေသည်။ သူ့ပါးစပ်တစ်ဝိုက်တွင် သန်းဆိုင် ၏ လက်မောင်းသွေးတွေက ခြင်းခြင်းနီနေလေသည်။

လက်မောင်းဒဏ်ရာမှ သွေးဒီးဒီးကျနေသော်လည်း သန်းဆိုင်သည် တကယ်ခံစားရသည့် နာကျင်ခြင်းဝေဒနာ ကို မေ့နေ၏။ သူသည်အံသြထိတ်လန့်ခြင်းနှင့် ဒေါသကိုသာ တနင့်တပိုး ခံစားနေရသည်။
''အဲဒါ ...ငါ့အောက် က တစ်ယောက်ခြား၊ ငါ့မောင် ဖိုးတာပဲ။ သူကဦးနှောက်မကောင်းဘူး။ ငယ်ငယ်က သစ်ပင်ပေါ် က လိမ့်ကျပြီးကတည်းက ဦးနှောက်ပျက်သွားတာ၊ တစ်နေ့ တစ်နေ့သူကိုပဲ အလစ်မပေးဘဲ ကြည့်နေ ရတာက အလုပ်တခု၊ မနှစ်က စိတ်ဖောက်လာပြီး ချောင်းထဲမှာ သူများချထားတဲ့ ပိုက်တွေကို ဓားနဲ့ ခုတ်ပစ်လို့ လျော်လိုက်ရတာမနည်း ပါလား.. ''
စန်းချိုသက်မ ချသည်ကိုကြည့်ပြီး ဒေါသပြေသလိုလို ဖြစ်သွား၏။ မြေကြီးပေါ်မှာ ခွေးတစ်ကောင်လို လူးလှိမ့်ဆဲဖိုးတာကို ကြည့်ရင်း ကရုဏာသက်ချင်သလိုလိုလည်း ဖြစ်လာပေ၏။ သြော် ...ငါ့ယောက်ဖလောင်းကလေးက စိတ်မှမနှံရှာပဲကိုး ဟု ကျိတ်၍ မြည်တမ်းမိသည်။

''နင်လုပ်လိုက်တာ ဘာဖြစ်သွားသလဲမသိဘူး စန်းချို နင့်မောင်ကို တစ်ချက်ကြည့်လိုက် ပါဦးဟာ.... ''
''ငတာ က ဘာမှမဖြစ်ဘူး၊ သူကိုက်လိုက်လို့ နင့်သာဖြစ်မှာ ကြည့်စမ်း သွေးတွေကို ဒလဟောပဲ၊လာ.... အနာကို ဆန်ဝါးပြီးသိပ်ရအောင်.. ''
စန်းချိုခေါ်ရာနောက် သို့ သန်းဆိုင် ဆုတ်ကန်ဆုတ်ကန်ဖြင့် လိုက်ပါလာ ရ၏။ မြေစိုက် မီးဖို ဆောင်ထဲ သို့ ရောက်လျှင် သန်းဆိုင်ကို သစ်တုံးတစ်တုံးကို ခွေးခြေအဖြစ်သာ အသုံးပြု တားသည့် ထိုင်ခုံပေါ်မှာ ထိုင်ခိုင်ပြီး စန်းချို သည် ဆန်ထည့်သော စဉ်အိုးကြီးတစ်လုံးထဲ ကနေဆန်တစ်ဆုပ် နှိုက်ယူနေသည်။

''ငါသာ ရောက်မလာရင်...၊ နင့်လက်မောင်းသား တစ်ဆယ်သားလောက် ငတာ့ငါးစပ်ထဲပါ သွားမှာသေချာ တယ်'' ဟုစန်းချိုလှမ်းပြောနေခိုက်မှာပင် ဒဏ်ရာမှ စူးမျက်သည့် ဝေဒနာကို သန်းဆိုင်စတင်ခံစားလာရ၏။ လူသွား မှာ အဆိပ်ရှိတယ်ဆိုတာ သေချာပြီ...၊ ငါတော့ သွားဆိပ်တက်ပြီး ဖျားတော့မှာပဲ...ဟူသော စိတ်သောက အတွေးတွေလည်း ဖိစီးစ ပြုလာ ၏။ အရူးကလေးကိုလည်း စိတ်ထဲကနေ ပျစ်ပျစ်နှစ် ကျိန်ဆဲပစ် လိုက်၏။

ဆန်စေ့တွေကို ပလုပ်ပလောင်းဝါးရင်း...၊ စန်းချိုက သန်းဆိုင်၏ စပို့ရှစ်အင်္ကျီလက်ကို ပခုံးပေါ်ထိ လိပ်တင်သည်။ ဒဏ်ရာမှ သွေးယိုစိမ့်ဆဲသာရှိသည်။ စန်းချိုက ပထမဦးစွာ လက်သုတ်ပ၀ါဟု ယူဆရသော အ၀တ်ညစ်ညစ်တစ်ထည်ဖြင့် ဒဏ်ရာမှ သွေးတွေကို ဖိပွတ်ပစ်လိုက်ရာ၊ မခံမရပ်နိုင်အောင် နာကျင်လွန်း အားကြီး၍ သန်းဆိုင်ဟန်မလုပ်နိုင် တော့ဘဲ...၊ အား-အမေရေ၊ ဟု မရှိတော့သော မိခင်ကြီးကို ဟစ်အောင် တမ်းတ လိုက်မိ လေသည်။

စန်းချိုသည် သူ့အတွေးနှင့် သူ 'ခွစ်' ခနဲရယ်၏။ ရယ်လိုက်သဖြင့် ပါးစပ်ထဲမှ ဆန်စေ့တချို့ ပင် သန်းဆိုင် မျက်နှာဆီသို့ လွင့်စဉ်လာကြသည်။ ဝေဒနာဖိစီးထားသဖြင့် သူ့ပါးမှာ ကပ်နေသော ဆန့်စေ့ အပိုင်းအစကလေးတွေကိုပင် သန်းဆိုင် မသုတ်အားတော့ချေ။ စန်းချိုက ၀ါးထား၍ ချွဲကျိကျိဖြစ်နေကြသော ဆန်စေ့ အကျိုးအကြေတွေကို ဒဏ်ရာပေါ်သို့ အုံလိုက်၏။ နာကျင်လွန်း၍ သန်းဆိုင်သည် ကတုန်ကရီနှင့် ချွေးသီးချွေးပေါက်တွေ ဖြိုင်ဖြိုင်ရွှဲရွှဲ ယိုစီးလာပြန်တော့သည်။

သူ့နောက်ကျောဘက်မှာ ဘယ်အချိန်က ရောက်နေမှန်းမသိသော ဒေါ်စောပုက ဟောင်းနွမ်းသော်လည်း သန့်ရှင်း ပုံရသော ယောက်ျားကိုင် လက်ကိုင်ပ၀ါတစ်ထည်ကို စန်းချိုဆီသို့ လှမ်းပေးသည်။
''အင်း'' ဟုပြောပြီးနောက် ဒေါ်စောပုသည် ဤနေရာတွင် ဆက်လက်မနေသင့်တော့သကဲ့ သို့မီးဖိုဆောင်ထဲမှ သုတ်ခနဲ ပြန်ထွက်သွား၏။ မိန်းမကြီးပြန်ထွက်သွားသည်နှင့် (၁၀) နှစ်ရွယ် မိန်းကလေးတစ်ယောက် (၈)နှစ်ရွယ်ယောက်ျား ကလေးတစ်ယောက်နှင့် (၆) နှစ် ရွယ်မိန်းကလေး တစ်ယောက်တို့သည် ဒဏ်ရာရ လူနာကို ပြုစုနေသော အဆောင်ထဲသို့ ကုပ်ချောင်းချောင်းကလေးတွေ ၀င်လာကြ၏။ သူတို့သုံးယောက်စလုံး၏ ။

ခန္ဓကိုယ်များမှ ငါးညှီစော်နှင့် ရွှံပုပ်နံများ ထောင်းထောင်းထအောင် မွှန်ဟောင်နေပေ၏။ သုံးယောက်စလုံး မှာလည်း စန်းချိုကဲ့သို့ မည်းတူးတူး လုံးပုပု၊ မျက်လုံးပြူးကလေးနှင့် ဖြစ်ကြပြီ ပေတူးတူး စုတ်စုတ်ချာချာ အသွင်သဏ္ဍန်တွေကလည်း တစ်ပုံစံတည်းလို ထင်ရသည်။ သူတို့သည် မိမိ တော်စပ်ရမည့် ခယ်မကလေးနှစ်ယောက်နှင့် ယောက်ဖကလေးတစ်ယောက်ဖြစ်ကြောင်း သန်းဆိုင် ချက်ချင်းလိုလို သဘောပေါက် နားလည်လိုက်ပြီး သက်ပြင်းတစ်ချက် ခိုးရှူလေ သည်။ ။ (အင်း...ဒီသုံးယောက်ထဲမှာလည်း ၀မ်းတွင်းရူး ဘယ်နှယောက်ပါဦးမလဲ .. မသိ) ဟုသန်းဆိုင် အလန့်လန့်အဖျပ်ဖျပ် တွေးမိပြန်၏။

''ဟိတ် .ဘာလာရှုပ်ကြတာလဲ၊ သွားကြစမ်း အပြင်ကို ထွက်ကြစမ်း'' ခြသေ့င်္ဂူထဲသို့ ယောင်မှားပြီး ၀င်လာကြသော တောခွေးများသည် ခြင်္သေ့အဟောက်ခံရ၍ အမြီးကုပ်လျက် ဒရောသောပါး ပြန်ထွက်ပြေးကြသလို၊ ကလေးသုံးယောက်မှာလည်း၊ စန်းချိုက ငေါက်ထုတ်လိုက်သည်နှင့် အလု အယက် တိုးဝှေ့၍ တဲပြင်သို့ပြေးထွက်သွားကြသည်။ အင်း စန်းချိုဟာ သူ့အောက်က တစ်အူတုံဆင်းတွေပေါ် မှာတော့ တကယ့် ပါးကွက်အာဏာ သားကြီးပါလား ဟု သန်းဆိုင်မှတ်ချက်ချသည်။
သန်းဆိုင် ၏ လက်မောင်းဒဏ်ရာမှ ပတ်တီးစည်းပြီးကာမှ ပို၍ကိုက်ခဲလာသဖြင့် သန်းဆိုင် မျက်နှာက ရှုံ့ရှုံ့တမဲ့မဲ့ ဖြစ်နေ၏။

''ငါတို့ ဒီနေ့ ချိန်းလိုက်တာ ရက်အရွေးမှားပြီတူတယ် စန်းချို၊ ဒီနေ့ ပြဿဒါးနေ့ကြီးလား မိသဘူး'' ဟုသန်းဆိုင် က ခပ်တိုးတိုးညည်းဟလိုက်သည်။ တံငါသည်၏ သမီးသည် ဘုန်းကြီးလူထွက်၏ သားကဲ့သို့ ပြဿဒါးတွေ၊ ရက်ရာဇာတွေ၊ ၀ါရမိတ္တုတွေ မသိပေ။ ထို့ကြောင့် သန်းဆိုင်ကို ဘာတစ်ခွန်းမှလည်း ပြန်မပြောပေ။
ထိုစဉ်၊ စောစောက ထွက်သွားသော ကလေးသုံးယောက်ထဲမှ၊ အကြီးဆုံးကောင်မလေး လည်း ဂါဝန်စုတ် တဖားဖားနှင့် ပြေးဝင်လာသည်။
''အမကြီး တို့ကို အဖေကြီးခေါ်နေတယ်။ ဒီလူကြီးလည်း လာခဲ့ရမယ်တဲ့'' ဟု သတင်းပေး နှိုးဆော်ပြီးသော် ကောင်မလေးသည် ..ဘာစိတ်ကူးပေါက်မှန်းမသိ၊ သန်းဆိုင်၏ ကျောကုန်းကို လက်ဝါး ကလေးဖြင့် ပုတ်ကာလှစ်ခနဲ ပြေးထွက်သွား၏။ (အင်း...ဒီကောင် မလေးလည်းကျပ်ပြည့်ပုံမရဘူး) ဟု သန်းဆိုင် အတွင်းကျိတ် စိတ်ညစ်သွားမိပြန်တော့
သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး, အပိုင်း (၃)

 "အခု၊ စီမံကို ကျွန်တော်တို့ဘာသာ လုပ်မယ်ဆိုပြီး ဆိုင်ငံ့ဖို့အကြောင်းကြားစာ ပို့ထားမယ် လေ။ စက်ပစ္စည်း နဲ့ အသုံးစရိတ် ထပ် မှာတာ သူတို့သိနေတယ်။ ကြည့်ကောင်းအောင်ပဲ ပြောထားရမှာပဲ"၏
သည်ကိစ္စ ကိုတော့ ဦးသိန်းဇော် စိတ်မပူသေး။ ကိုမြတ်မင်း တောင်းခံသည့် အမှာစာအား ဆုံးဖြတ် ချက် ချရမည်က ဦးသိန်းဇော်ပေမို့ ဆိုင်းငံ့ဟု အကြောင်းပြထား လိုက်ရုံသာ။ စီမံက ဘာမှ ဆက်မေးတော့ မည် မဟုတ်။
တစ်ခုတော့ ရှိသည်။ သည်ပြဿနာ ကို ကာယကံရှင် ကိုမြတ်မင်းထံသို့ တိုက်ရိုက်ပြော ထားမှဖြစ်မည်။ ဦးသိန်းဇော် က စဉ်းစားရင်း ကိုမြတ်မင်းထံသို့ ဖုန်းခေါ်လိုက်ပါတော့ သည်။
ကို ဆက်ဖတ်ရန်...

အခန်း(၄)

"မဟုတ်ပါဘူး အန်ကယ်၊ ကျွန်တော်တို့က ကိုယ့်သဘောနဲ့ကိုယ် ဆန္ဒြုပုသူတွေကို လွှတ် တာပါ။ ပြီးတော့ နယ် သတင်းထောက် ဆိုတာ ဘယ်လောက်ပင်ပန်းခက်ခဲတယ်ဆိုတာ သင်တန်းမှာလည်း မကြာခဏ ပြောပြီးသားပါ။ အခုမိမိဆန္ဒနဲ့ မိမိဘာသာ သွားချင်သူက သုံးယောက် ဖြစ်နေတယ်။ အဲဒါကြောင့် သုံးယောက်စလုံးကို အချင်းချင်း ညိနှိုင်းခိုင်း လိုက်တာ ကျွန်တော်တို့က ရွေးပြီး လွတ်တာ မဟုတ်ပါဘူး"
အယ်ဒီတာ ဦးစိုးအေးစကားကြောင့် ဦးကောင်းမြတ် စဉ်းစာနေမတော့သည်။ မြေးမစုကို သတင်းထောက် ဘဝရောက်အောင် သူကိုယ်တိုင် ပံ့ပိုးပေးခဲ့ပြီးပြီ။ တိုက်မှ ပေးသော လစာကသပ်သပ်၊ သူကိုယ်တုင် ပံ့ပိုး ကူညီသော လစာက သပ်သပ်ပေး၍ အပျောတမ်း  သတင်းထောက်အလုပ်ကို အားပေးကူညီခဲ့သည်။ အင်တာနက်မှတွေသမျှ သတင်းဦး သတင်းထူးဆိုလျှင် မြေးမစုထံသို့ ဆက်သွယ်ပေးပို့သည်။ သတင်းတစ်ပုဒ်၏ အရေးပါမှု၊ အဖိုးတန်မှု ကို ပို၍ သိနားလည်စေခဲ့သည်။

သူက ယနေ့ခေတ်ကို အားကျကျေနပ်နေမိသည်။ ပွင့်လင်းသာယာသောခေတ်။ သိသာ မြင်သာသောခေတ်။ လွတ်လပ် တက်ကြွသောခေတ် မီဒီယာတန်ဖိုးရှိသော ခေတ်မို့ မြေးမစု ၏ သတင်းထောက်ဝါသနာ အညွန့်လေး ကို မြေတောင်မြောက်ပေးခဲ့သည်လေ။
"အန်ကယ့်ဆန္ဒက မသွားစေချင်လို့လား ခင်ဗျာ"
"ဗျာ ကျွန်တော်လား"
သူ အံ့အားသင့်သွားသော်ငြား အယ်ဒီတာက သူ့ဆန္ဒကို တောင်းခံနေသည်။
"ကျွန်တော့် အနေနဲ့တော့ ပြောရလည်းခက်ပါတယ် ဆရာရယ်။ ကျွန်တော့်မှာက ဒီမြေး တစ်ယောက်ထဲရှိတာ။ ကချင်ပြည်နယ် ဆိုတာ ကျွန်တော့်ဇာတိပါ။ လွှတ်ရမှာက မဝံ့မရဲဘဲ။ ပြီးတော့ ကျွန်တော် ဒီအသက်အရွယ် ကျမှ ချွေးမကို လိမ်ရမှာခက်နေတယ်"
"ဟုတ်လား အန်ကယ်"
အယ်ဒီတာက ပြန်၍ အံ့အားသင့်နေသည်။

"ကျွန်တော် ဒီမှာ သူ့ကို အပျော်တမ်းသတင်းထောက် လုပ်ခိုင်းတုန်းက လစာကို အပိုပံ့ပိုး ပေးရတာ ဘာပြဿနာ မှ မရှိဘူး.။ သူ့ကို ဒီအတိုင်းလည်း မုန့်ဖိုးပေးနေတာပဲလေ။ အခုက သူက သူ့အမေ ကို ရွှေလုပ်ကွက်တွေ လေ့လာချင်တယ်ဆိုတာ သူ့အမေ သဘောကျ အောင် ပြောထားတာ၊ ကျွန်တော်က သိနေ တယ်၊ သူ ကချင်ပြည်နယ်ကို လေ့လာချင်တာ အဓိကပါ။ ရွှေတွင်းက သွားလို့ကောင်းအောင် အကြောင်းပြ တာပါ"
အယ်ဒီတာက ဆက်၍ နားထောင်နေသည်။ ဦးကောင်းမြတ်က သူတို့မိသာစု အတွင်းကိစ္စ များကို ကျကျနန ရှင်းပြေနေ ပါတော့သည်။ စုစုမြတ် ဘာကြောင့် ရွှေလုပ်ကွက်များဆီ သွားချင်နေသည်ကို တဖြည်းဖြည်း သဘောပေါက် လာခဲ့ပြီ။

မှန်သည်။ စုစုမြတ် တကယ်သွားချင်နေသည်က ကချင်ပြည်နယ် သဘာဝဘေးမဲ့ တော များနှင့် မြစ်ဆုံဒေသ၊ မေခ မလိခ မြစ်ရိုး တစ်လျှောက်ဒေသများကို ခြေဆန့်ချင်နေ သည်။ စုစုမြတ် တင်ပြ လာသည့် သတင်းပုံရိပ်များသည်လည်း များသောအားဖြင့် ကချင် ပြည်နယ်နှင့် ဆက်စပ်သော သတင်းက များ လှသည်။
"ကျွန်တော် သဘောပေါက်ပြီ အန်ကယ်၊ စုက သူ့အမေကို ရွှေလုပ်ကွက်တွေဆီ သွားချင် တယ်ဆိုတော့ သူ့အမေ က ဘာမှမသိတော့ တကယ်ထင်တာ။ အန်ကယ်က သူ့အကြောင်း သိနေတော့ သူ ဘယ်ကို သွားချင်နေတာ ကို သိတာပေါ့။ အန်ကယ်စိတ်ပူမှာကို ကျွန်တော် ကိုယ်ချင်းစာပါတယ်။ ကျွန်တော်တို့ ဘက် ကလည်း သတင်းဇာစ်မြစ် အဓိကနေရာကို လူ လွှတ်တာ ပိုထိရောက် လို့ ကြေငြာ လိုက်တာ၊ ရွေးခန့်တယ်၊ ရွေးပြီးလွှတ်တယ်ဆိုရင် ကာယကံရှင်ဘက်က ဆန္ဒမပါဘဲ ဖြစ်နေမှာလေ။ စုက ဟိုနှစ်ယောက် ကို ဘယ်လို စည်းရုံး လိုက်သလဲ မသိဘူး။ စုကို လွှတ်ဖို့ ဖြစ်လာတော့တာပဲ အန်ကယ်ရေ။ အခု အန်ကယ် က စိတ်ပူနေတော့ ကျွန်တော် ပြန်စဉ်းစားရတော့မှာပေါ့"

"မဟုတ်ပါဘူးဆရာ။ ကျွန်တော် ဆရာတို့ကို နားလည်ပါတယ်၊ အခုလို ရှင်းရှင်းလင်းလင်း သိရတာလည်း ပိုကောင်း ပါတယ်၊ သူ့အကြောင်းကို ကျွန်တော်သိတယ်၊ ကျွန်တော်သာ တားရင် သူနဲ့ကျွန်တော် တစ်သက်လုံး ရှင်းလို့ပြီး မှာ မဟုတ်ဘူး၊ ကျွန်တော့်ကို ရန်လုပ် နေမှာဗျ"
အယ်ဒီတာ က ခေါင်းညိတ်၍ ထောက်ခံပါသည်။ သည်မြေးအဘိုးနှစ်ယောက်အကြောင်း သူ ပို၍ပို၍ နားလည် လာခဲ့ပြီကော။ မြေးမက သတင်းထောက်ဖြစ်ချင်သူ၊ အဘိုးက မြေးမ ကို အစစ ပံ့ပိုးကူညီသူ။ သတင်းတစ်ပုဒ် ကိုပင် ခေါင်းချင်းဆိုင်၍ တွေးတောကြိးဆတတ် သည့် မြေးအဘိုးပင်။
"ခက်တာက သူ သွားချင်တဲ့ဒေသကလည်း ကိုယ့်ဇာတိဆိုတော့ သွားစေချင်တာ အမှန်ပဲ ဒါပေမဲ့ နယ်မြေဒေသ သတင်းအမြစ် လိုက်လို့ အဆင်မချောရင် ကျွန်တော် စိုရိပ်တယ် ဆရာ အဲဒါပါ"
"ဟုတ်ကဲ့"

အယ်ဒီတာ နှုတ်ဖျားမှ ထို့ထက်ပို၍ မပြောနိုင်။ ယနေ့ကာလသည် ရွှေလုပ်ကွက်များ၊ သဘာဝဘေးမဲ့တော များ၊ မေခ မလိခ မြစ်ကြောတစ်လျှောက်မှ သတင်းရင်းမြစ်များက အရမ်းကို အရေးကြီးနေသည်။ ထို့ကြောင့်ပင် သတင်းထောက် စေလွှတ်နေရသည်။ ထိုနယ်မြေမှ မျက်မှောက်ဖြစ်ပေါ်နေသော သတင်းအစစ်အမှန်ကိုရဖို့ လိုအပ်နေ သည်။ ဂျာနယ်တိုက်နေဖြင့် သတင်းသည် ပထမ၊ လုံခြုံရေးသည် ဒုတိယ၊ အခက်အခဲသည် တတိယဖြစ်နေသည်။ အဓိကအားဖြင့် မိမိတို့ စေလွှတ်လိုက်သော သတင်းထောက်၏ ပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေးသည် မည်သို့ရှိမည်ကို မခန့်မှန်းနိုင်။ ထိုဒေသသည် ကား သတင်းရင်းမြစ် တို့ ဆူညံပေါက်ကွဲနေသည်။ နေ့စဉ်နှင့်အမျှ သတင်းမျိုးစုံ ထွက်ပေါ် နေသည်။

"သူ အဲဒီကိုသွားရင် ဒေသခံမဟုတ်တဲ့အတွက် ခက်ခဲမှာကို ကျွန်တော်စိုးရိမ်မိတယ်ဗျ။ အဲဒီနယ်မြေက လူပေါင်းသောင်းခြောက်ထောင် ဖြစ်နေလို့ပါ"
ဦးကောင်းမြတ်က တွေးဆ၍ ပြောပြခြင်းပင်။
အယ်ဒီတာ က ခေါင်းညိတ်ပါသည်။
"သတင်းရင်းမြစ် ရဖို့ဆိုရင် အဲဒီလိုနေရာမျိုးကိုသွားရတာ သတင်းသမားရဲ့ တာဝန်ပဲလေ။ အန်ကယ် က မေးချင်လိမ့်မယ်။ ယောက်ျားလေးသတင်းထောက် ဘာလို့ မလွတ်တာလဲ့လို့။ ကျွန်တော်တို့အတွက် လက်ရှိအခြေအနေက မိန်းကလေးသတင်းထောက်က ပိုအားထား နေရလို့ပါ။ ပြဿနာတစ်စုံတစ်ရာ အဖြစ်ဖို့ ကိုတော့ ဆုတောင်းရမှာပဲ၊ တကယ်လို့ အန်ကယ့်အနေနဲ့ မလွှတ်ချင်ဘူးဆိုရင် တားပိုင်ခွင့်ရှိတယ်"
ဦးကောင်းမြတ် က ခေါင်းခါယမ်းနေပါသည်။

မြေးမစုအကြောင်း သူ ကောင်းကောင်းသိသည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝကစ၍ သူ ပြောပြထား သည့် ရေခဲတောင်ဒေသအကြောင်း၊ ရှားပါသစ်ခွတွေအကြောင်း၊ သားမင်း၊ ချေနက်၊ တောင်ဆိတ်နီ တို့အကြောင်း၊ မြစ်ကြောင်းတစ်လျှောက် ငါးဖမ်းရသည့် အတွေ့ အကြုံများ အကြောင်း၊ မြစ်ဆုံဝန်းကျင် တစ်ဝိုက်မှ အံ့မခန်း လှပသာယာသော သဘာဝ ပတ်ဝန်းကျင်အကြောင်းတို့သည် မြေးမစု၏ အိပ်ယာဝင်ပုံပြင် များသာ။

မြေးမ စု၏ အတွင်းစိတ်၌ ကချင်ပြည်နယ်သည် နတ်သမီးနန်းတော်ဖြစ်၍ နေခဲ့ပြီ။ သတင်း မီဒီယာများထက်၌ ကချင်ပြည်နယ်နှင့် ပတ်သက်သော သတင်းဆိုလျှင် ဖတ်ကြည့်ရုံ သက်သက်မဟုတ်၊ စုဆောင်းသိမ်းဆည်းကာ မှတ်တမ်းဖိုင် လုပ် တတ်သည့် အလေ့အထ ကို သူကိုယ်တိုင် ပျိုးထောင်ပေးခဲ့သည်။
ယခုတော့ မြေး ကို တား၍ ရမည်မဟုတ်တော့ချေ။

ကိုမြတ်မင်းနားထဲတွင် စကားပြောသံတိုးတိုးလေး ကြားနေရသည်။ ပထမတော့ အိပ်မှုန်စုံ မွှားဖြစ်နေသောကြောင့် တဲအပြင်မှ စကားသံကို မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေ သေး၏။ သို့ရာတွင် စကားပြောသံ က နားထဲသို့တိုးဝင်နေသည်။ ထို့ကြောင့် သူပို၍ နားစွင့်နေမိသည်။ စကားသံမှာ ထမင်းဆိုင်၏ အနောက်ဘက် မှ လာနေခြင်းပင်။
သူ လက်နှိပ်ဓာတ်မီးကို စမ်းပြီးကာမှ မဖွင့်သေးဘဲ ခေါင်းထောင်၍ ထမင်းဆိုင်ထဲသို့ အကဲ ခတ်လိုက်သည်။ အားလုံး အိပ်မောကျနေဆဲပင်။ သူ ကွပ်ပျစ်ပေါ်မှ အသံမကြားအောင် ထရင်း ထမင်းဆိုင်နောက်ဖေးဆီသို့ တရွေ့ရွေ့ တိုးဝင်လာခဲ့၏။ စကားသံက တိတ်သွားခဲ့ လေပြီ။ သူ ခြေဆက်မလှမ်းဘဲ တံခါးဆီ သို့ စောင့်ကြည့်နေမိသည်။ ခြေသံလုံလုံကြားရပြီး ဝါးတံခါးက ညင်သာစွာ ပွင့်ပြီးနောက် လူတစ်ယောက် တိုးဝင်လာသည် ကို တွေ့ရ၏။ သူ ရပ်နေသည်နှင့် အလှမ်းကွာနေသော်ငြား ဝင်လာသူကို သူသိနေသည်။ ထိုလူက ကွပ်ပျစ် ပေါ် သို့ ခြေသံလုံလုံဖြင့် တက်လာပြီး အိပ်ရာနေရာတွင် ပြန်၍ တိုးဝင်လဲလျောင်းနေတော့ သည်။

ကိုမြတ်မင်း တိတ်တဆိတ်ပင် စောင့်ကြည့်နေလိုက်ပြီးမှ ကွပ်ပျစ်ပေါ်သို့ အသာတက်ကာ အိပ်ယာထက်တွင် စဉ်းစားနေတော့ သည်။ ညသည်ကား နှစ်နာရီအချိန်ဖြစ်သည်။ ရွှေလုပ် ကွက်များလည်း အနားယူချိန်ဖြစ်သည်။ ကိုမြတ်မင်း အတွေးစကို ဖြတ်၍ အိပ်ပျော်ရန် ကြိုးစားကာ ဆက်၍ အိပ်စက်ရန် မျက်လုံးအစုံကို မှိတ်ထား လိုက် ပါတော့သည်။
သူ တစ်ဖန် နိုးလာချိန်တွင် ညအိပ်ဧည့်သည်များ အလုပ်ခွင်အသီးသီးသို့ ထွက်ခွာရန် ပြင် ဆင်နေကြလေပြီ။ နူးက မပေါ့မပါးဖြင့် ထမင်းကျော်ဒယ်အိုးကို ခပ်ကာခပ်ကာ မွှေနေ သည်။ မွှေနေ သည့်ကြားမှပင် တစ်ယောက်စီအတွက် ပန်းကန်ထဲသို့ ထမင်းကြော်များ ခူုးခပ်နေ၏။ လောဟိုက ခူးပြီးသော ပန်းကန် များကို စားပွဲပေါ်သို့ လိုက်ချပေးနေသည်။ ကို မြတ်မင်း မျက်နှာသစ်ပြီးချိန်တွင် စားပွဲ၌ပြင်ဆင် ထားသော ကော်ဖီမစ်နှင့် ထမင်းကြော် ပန်းကန်ကို တွေ့ရသည်။

နူးက မောပန်းနွမ်းနယ် စွာဖြင့် စားပွဲတစ်ဖက်၌ ထိုင်ရင်း ခါးကိုလက်ဖြင့် ထောက်လျက် ထိုင်နေရှာသည်။
"ပင်ပန်း သွားပြီးလား ညီမလေး၊ ခါးနာလို့လား"
သူ့အမေးကို နူးက မျက်နှာထားဖြင့် ဖြေသည်။
"ဇောဟိုး ပြန်လာတော့မှာပါ။ ဒီနေ့ပဲ ရက်နှစ်ဆယ်ပြည့်ပြီ"
"တောင်ပေါ်လမ်းတွေ ပျက်နေတယ် အစ်ကိုရဲ့၊ မနေ့ကပဲ တောင်ပေါ်က ဆင်းလာတဲ့လူ တွေ ပြောတယ်"
နူးမျက်ဝန်း များက တစ်မုဟုတ်ချင်းပင် အရည်လဲ့လာသည်။ ဂျိမ်းဖောတိုင်းရင်သူလေးမို့ ဝမ်းနည်းဝမ်းသာ ခံစားချက် ကို ဟန်မဆောင်နိုင်ရှာ။

"အစ်မ ကျုပ် ထင်းသွားစည်းဦးမယ်"
လောဟို က ပန်းကန်များ သယ်လာပြီး စားပွဲပေါ်ချရင်း လှမ်း၍ ပြောလာသည်။ နူးက လက်ပြရင်း သွားခွင့်ပြု လိုက်၏။
"နေ့လယ်စာ မချက်ရသေးဘူးမို့လား၊ အစ်ကို ဝိုင်းလုပ်ပေးမယ်"
ကိုမြတ်မင်း က ထမင်းကြော်စားရင်း ပြောလိုက်ခြင်းပင်။ နူးက ကျေးဇူးတင်သော  အကြည့် ဖြင့် ကြည့် လာပါသည်။
"အစ်ကို အမြဲ ပဲ ချက်ပေးနေတာ ကျွန်မ အားနာတယ်ရှင့်"
"အစ်ကို ထမင်းချက်ဝါသနာပါတယ်၊ ညီမက မပေါ့မပါးကြီးနဲ့"

"ဟုတ်ပဲ အစ်ကိုရယ်။ ဒီရက်တွေမှာ စားတဲ့လူတွေကလည်း ပိုများလာတယ်။ လောဟို ကလည်း အားမကိုး ရပါဘူး။ တစ်ခါထဲ လျှောက်လျှောက် သွားနေတာပဲ။ အရေးကြီးပြီဆို ဘယ်ရှာရမှန်းမသိ"
နူးက ထိုင်နေရာမှ အားယူ၍ထရင်း နံနက်စာချက်မည့် ငါးခြောက်တွဲကို ကြိုးဖြေနေသည်။ ခရမ်းချဉ်သီးသုံးလုံးက စဉ်းတီးတုံးနံဘေးတွင် ရှိနေသည်။ ဟင်းလျာအနေဖြင့် ငါးခြောက် နှင့် ခရမ်းချဉ်သီး ပါလာတာကိုပင် ဒီအရပ်မှာ အဖိုးတန်ဟင်းလျာ ဖြစ်နေပြိ။ ရိက္ခာပို့သူ များ ရောက်လာချိန်တွင် ငါးသေတ္တာ၊ ဝက်အူချောင်း၊ ကြက်ဥ၊ အသားခြောက်တို့ ရတတ် သည်။ ရွှေတွင်းလုပ်သားအများစုမှာ ကိုယ့်အဖွဲ့နှင့်ကိုယ်၊ ချက်ပြုတ် စားသောက်ကြသည်။ သွားရင်းလာရင်း ထမင်းဆိုင်များမှာ စားတတ်သည့် ဧည့်သည်များလည်း ရှိနေမြဲပင်။
ကိုမြတ်မင်းက ထမင်းကြော်စားပြီးသည်နှင့် ကော်ဖီက်ု ငုံ၍ သောက်လုက်ပြီး လက်စသပ် လိုက်၏။

နူး ဖြည်ထားသော ငါးခြောက်တွဲကိုယူ၍ ခုတ်ထစ်လိုက်ပြီး ရေဇလုံထဲသို့ ထည့်သည်။ နူးက ထင်းမီးကိုပြန်ပျိုးရင်း ခရမ်းချဉ်သီးများကို လှီးနေ၏။ ကိုမြတ်မင်းက ဆီသတ်ရမည့် ဒယ်အိုးကို လှုပ်ခါဆေးကြောရင်း "လောဟို ဒီဆိုင်မှာ လုပ်နေတာ ကြာပြီလား"
သူ့အမေ ကို နူးက ပြန်ဖြေသည်။
"သူက ဝိုင်းမော်ဇာတိလေ။ ဒီကိုရောက်လာတာ ငါးလလောက်ပဲရှိသေးတယ်။ ရွှေတွင်းမှာ မလုပ်ချင်ဘူးဆိုပြီး။ ထမင်းဆိုင်မှာ ပြောပြောနေလို့ ကျွန်မတို့က ခေါ်ထားရော၊ သူက တစ်ခါခါ သိပ်ခက်တယ်၊ ပြောစကားလည်း နားမထောင်ဘူး၊ မရှိတော့လည်း ခေါ်ထားရ တာပဲ၊ ကျွန်မတစ်ယောက်တည်းနဲ့ဆိုရင် မလွယ်ဘူးနော့"
"သူ့မိဘတွေကော"
"ဘယ်ရှိတော့မလဲ၊ သူပြောတော့ ဆုံးသွားကြပြီ။ ဘုရားသခင်အလိုတော်ကျပေါ့တဲ့။ ကျွန်မ တို့လည်း သူ့ကို သိပ်မသိပါဘူး၊ အစ်ကိုရယ် ဒီမှာက မြင်လိုက် ပျောက်လိုက်တွေချည်းပါပဲ ဘယ်သူမှ ကြာကြာမနေကြဘူးကိုး"

သူတို့ စကားပြောနေချိန်ပင် ဧည့်သည်သုံးဦး ဆိုင်ထဲဝင်လာကြသည်။ ယခုမှ ရောက်လာ ကြသူများမို့ ထမင်းဆိုင်တွင် ဝင်ရောက်တည်းခိုးရင်း၊ ရွှေလုပ်ကွက်များ စုံစမ်းကြပေလိမ့် မည်။ မြေကမ္ဘာမှ ရွှေရတနာကို အားစိုက်၍ ရှာဖွေကြဦးမည်။
ကိုမြတ်မင်း က နူး လှီးပြီးသော ခရမ်းချဉ်သီးများကို ယူ၍ မီးဖိုဘက်သို့ ထွက်လာခဲ့သည်။ နူးက အသစ်ရောက် လာသော ဧည့်သည်သုံးဦးအတွက် ပြင်ဆင်နေရာ ချပေးရန် ထွက် သွားပါတော့သည်။
သူ့ကို မြင်လိုက်သည်နှင့် ထိုင်နေသော ငြိမ်းနု ရုတ်တရင်း ထရပ်ရင်း စားပွဲပေါ်ရှိ ဖိုင်တွဲကို ယောင်ယမ်း၍ လှမ်းကိုင် လိုက်မိသည်။
သူသည်လည်း အခန်းဝမှာပင် ရပ်တန့်၍ အံ့သြမှင်တက်နေ၏။

"ငြိမ်း"
"ကိုဇော်"
သူတို့နှစ်ဦးသား ထို့ထက်ပို၍ စကားမဆက်နိုင်၊ နှစ်အကြာကြီး ဝေးကွာနေရာမှ မထင်မှတ် ဘဲ ပြန်တွေ့ရသောကြောင့် နှစ်ဦးသား ဘာပြောရမှန်းမသိနိုင်။
"ငြိမ်းက ဒီကို... "
သူ့စကားကို ငြိမ်းက ခေါင်းညိတ်ရင်း ပြုံးရယ်စွာ နှုတ်ခွတ်ဆက်နေသည်။
"သြော်.. ဒေါ်ငြိမ်းနုဆိုတာ ငြိမ်းကိုး"
"ကိုဇော်က ဘယ်တုန်းက အဲဒီစက်ရုံကို ရောက်နေတာလဲ"
"ပိုင်ရှင်က ကိုယ့်ဦးလေးလေ၊ ငြိမ်းနုရယ်... ဘယ်လိုဖြစ်ပြီး ဒီအဖွဲ့ထဲရောက်နေတာလဲ၊ ထင်ကို မထင်ဘူး၊ စင်ကာပူမှာ လို့ ကြားထားတာလေ"
သူက စားပွဲရှေ့မှ ထိုင်ခုံတွင် ဝင်ထိုင်ရင်း ပြောပြနေခြင်းပင်။

"ငြိမ်း စင်ကာပူမှာလည်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး သင်တန်းတက်ခဲ့တာ လေ၊ ဒီမှာတော့ လက်တွေ့ပေါ့"
"ရဲထွန်းက"
သူ့အမေး က တစ်ဝက်တစ်ပျက်၊ ငြိမ်းနုမျက်နှာ ချက်ချင်းညိုးသွားသဖြင့် စကား လမ်း ကြောင်း ပြောင်းလွဲ လိုက်ပြန်သည်။
"ဒေါ်ဒေါ်တို့ကော ရန်ကင်းမှာပဲလား"
ငြိမ်းနု ခေါင်းညိတ်ဖြေသည်။ သူတို့နှစ်ဦးစလုံး တခဏ တိတ်ဆိတ် သွားကြရင်း ငြိမ်းနု ကပင် ဆွေးနွေးရမည့်ကိစ္စကို ခေါင်းစဉ်ပြောင်းလိုက်ပါသည်။

"ငြိမ်းပုံကြမ်းတွေတောင် ထုတ်ထားပြီးပြီ။ စွန့်ပစ်ဓာတုပစ္စည်းတွေနဲ့ စက်သုံးဆီတွေ၊ ရေဆိုးတွေက အကန့် သုံးကန့် ရှိတယ် ကိုဇော်"
 ကိုဇော်မင်း နည်းနည်းလေး တွန့်သွားမိသည်။ ဥက္ကဋ္ဌလည်းဖြစ် ဦးလေး လည်း တော်စပ် သော ဒေါသ ကုမ္မာရကြီး က အမိန့်တော်မြတ် ထုတ်ခဲ့သည်လေ။ ငွေကုန်ကြေးကျ ပါမည့် မည့်သည့် သဘောတူ လက်ခံချက် ကိုမှ လက်မခံဖို့ပင်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, July 30, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း အပိုင်း (၁)

လမ်းထိပ်က ကွမ်းယာဆိုင်ရှင် မယား

သန်းဆိုင်နှင့် စန်းချို တို့ လင်မယား၏ စီးပွားရေး ကံဇာတာသည် အောင်ဘာလေ ထီဆုကြီး ထပေါက်သကဲ့သို့ ၀ုန်းဝုန်း ဒိုင်းဒိုင်း ဟုန်းခနဲ တိုးတက်ပြောင်းလဲခဲ့ခြင်း မဟုတ်ပေ။ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း တရွေ့ရွေ့ တိုးတက်ပြောင်းလဲ ခဲ့ခြင်းဖြစ်ကြောင်း သတိထားမိသူတိုင်း သိရှိနားလည်ကြ သည်။ အထူးသဖြင့် ဤ [.........] မြို့ကလေး ၏ အနီးတစ်ဝိုက်ရှိ တောင်သူလယ်သမားကျေးရွာ တစ်ဒါဇင်ခန့်ရှိ သူတို့၏ ဆွေမျိုးမိတ်သင်္ဂဟ များသည် သန်းဆိုင်နှင့်စန်းချို ဖွတ်ကျောပြာစု လူငယ်မောင်နှံ တို့ လက်ရှိဘ၀ အဆင့်အတန်း သို့ရောက်ဖို့ နှစ်များစွာ အဆင့်ဆင့် အမျိုးမျိုး ရုန်းကန်ကြိုးစားခဲ့ကြရာ မှတရွေ့ရွေ့ဖြင့် လူနေမှုအဆင့်၊ အတော် အသင့်မြင့် လာခဲ့မှန်း မုဒိတာအသိဖြင့် သဘောပေါက်ထားကြ လေသည်။

ကွမ်းယာဆေးလိပ်နှင့် စုံစီနဖာ မုန့်ပဲသရေစာကလေးတွေ ရောင်းချရင်း ဆိုက်ကား(၅)စီး လည်းပိုင်၊ သွပ်မိုး ပျဉ်ထောင် သုံးပင်အိမ်ကလေးနှင့် တီဗွီအောက်စက်နှင့် ရေကောင်းရေသန့် ပေါပေါရ သော တုံကင်နှင့်၊ သန်းဆိုင် လက်မှာ ဆီကိုဖိုက်နာရီကြီးနှင့် စန်းချိုလည်ပင်းမှာ ငါးကျပ်သား ရွှေဆွဲကြိုး ကြီးနှင့်ဆိုသော အခြေအနေဟန်ပုံ သည် သူတို့ဆွေမျိုးမိတ်သင်္ဂဟတို့ အမြင်၌ ''လူချမ်းသာ'' စာရင်းဝင် လျက်ရှိသည်။

သူတို့ လူပျို အပျိုဘ၀တုန်းက ဤနေရာတွင် လယ်ကွင်းများ၊ ကျေးရွာငယ်များ ၀ိုင်းရံလျက်ရှိသော ကုန်းမို့မို့ထက် တွင် ဥာဏ်တော်အတောင်(၃၀)ခန့်မျှ မြင့်မားတော်မူသော ''ကျိုက်ဒေးယျုံ'' ဘွဲ့မည် တော် ရ ရှေးဟောင်း သမိုင်းဝင် စေတီတစ်ဆူသာ ထီးထီးမားမား၊ ထင်ထင်ရှားရှား ရှိခဲ့၏။ စေတီ တော် အနီးတစ်ဝိုက် မှာ ဂေါပကလူကြိီးမင်းတို့အဖွဲ့ပိုင် ထန်းပင် အပင်(၅၀)ခန့် ရှင်သန်နေခဲ့သည်။ ထိုစဉ်က မြို့လယ် ဘက်ကနေ စေတီရှိရာသို့ လာရောက်ဦးခိုက်သော လမ်းငယ်ကလေးမှာ မိုးရာ သီတွင် ဗွက်ပေါက်နေပြီး နွေရာသီ တွင် နွားလှည်းတွေ တဂျောင်းဂျောင်း မောင်းနှင်နေကြလျက်၊ နွားချေးနံ့သင်းသော ဖုံ တထောင်းထောင်း ထနေခဲ့သည့် မြေနီလမ်းကလေးသာဖြစ်ခဲ့၏။ [ယခုကဲ့သို့ နိုင်လွန်ကတ္တရာ ညီညာစွာခင်းကာ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ မြင်းလှည်းတွေ၊ ဆိုက်ကားတွေ၊ ထော်လာဂျီတွေ ဥဒဟိုပြေးလွှား စည်ကား သိုက်မြိုက်နေသော လမ်းမဟုတ်ခဲ့သေး]

ယခု သန်းဆိုင်တို့နေအိမ်နှင့် ကွမ်းယာဆိုင်ရှိသော နေရာသည် ထိုစဉ်အခါက ဘုရားဝတ္တကမြေအစပ်၊ ကျွဲမွေးသူ ဟိန္ဒူ လူမျိုး ဦးမန်းနီး၏ ကျွဲတဲနေရာဖြစ်သည်။ ဘယ်လိုမဆို၊ ထိုစဉ်က ဂေါပကလူကြီးလည်း ဖြစ် လယ်ပိုင်ရှင် သူဌေးကြီးလည်းဖြစ်သော ဦးဖိုးပိန်သည် နေ့စဉ် ကျွဲနို့စစ်စစ် တစ်ပိဿကို ဦးမန်းနီးထံမှ အလှူခံပြီး မှန်မှန်ကြီးသောက်မျိုခွင့် ရခဲ့၏။ [ယခု ဦးဖိုးပိန်ကော၊ ဦးမန်းနီးပါ လူ့ပြည်တွင် မရှိရှာကြတော့ပါ] သန်းဆိုင်သည် ဤမြေနေရာကို အချိုအချောင်ရခဲ့ခြင်းဟု ဆိုနိုင်သည်။ ရာဇ၀င်ကြောင်းအရမူ ကျွဲသူဌေးကုလားကြီး ဦးမန်းနီးသည် သောင်းကျန်းသူတွေ၏ သေနတ်ပြောင်းဝ ဘေးကနေလွတ်အောင် လက်သပ်ကိုယ်ကျွတ် ထွက်ပြေးသွားခဲ့၏။ ကျွဲတွေမှာ သောင်းကျန်းသူတို့၏ ရန်ပုံငွေဖြစ်သွားကြ၏။

မြေနေရာ ကို သောင်းကျန်းသူတို့၏ အဆက်အနွယ် ''စိန်သီး'' ဆိုသော လောင်း ကစားသမားက ခပ်တည်တည်မောင်ပိုင် စီးထားလိုက်၏။ စိန်သီးသည် ဖဲရှုံး၊ ကြက်ရှုံးတိုင်း အလကား ရထား သည့် မြေကွက်ကြီး ကို ဖဲ့၍ဖဲ့၍ ရောင်းစားလေရာ သူခေါင်းဖြူစွယ်ကျိုး အိုမင်းမစွမ်းဖြစ်လျက် စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဘ၀ သို့ရောက်နေချိန်ဝယ်၊ ကျွဲသူဌေးကုလားကြီး ဦးမန်းနီး၏ မြေကွက်ကြီးမှာ ယခု သန်းဆိုင် ပိုင်ဆိုင် လျက် ရှိသော ပေ(၆၀)၊ ပေ(၄၀)အကျယ်မျှသာ ကျန်ရှိတော့သည်။ ဦးမန်းနီး သည် ရွှေထုပ်ကြီး ပိုက်လျက်၊ ဘင်္ဂလား သို့ အပြီးပြန်သွားခဲ့သည်ဟု အဆိုရှိပါသည်။ ဦးစိန်သီးထံမှ ဤမြေကွက် ကို သန်းဆိုင် ၀ယ်ယူခဲ့ရာ တွင် ထောင်ဂဏန်းမျှသာ ပေးခဲ့ရသည်ဟူ၍လည်း၊ အရပ်စကား မှတ်သားစရာ ရှိခဲ့သည်။

နွေနေ့လယ်ခင်း အပူပြင်းဆုံးအချိန် မွန်းလွဲ(၂)နာရီခန့် ဖြစ်သည်။
လမ်းပေါ်မှာ လူ၊ ယာဉ် အသွားအလာ အလွန်ကျဲပါးပြီး လေငြိမ်လွန်းနေသည်။ အကယ်၍ လေတိုက် ခတ်ပါလျှင် လည်း ရေနွေးငွေ့ဟပ်သလို ပူစပ်စပ်သာ ရှိနေလိမ့်မည်။ တစ်ချိန်က ကျိုက်ဒေးယျုံစေတီကို ၀န်းရံ ထားခဲ့ကြသော လယ်ကွင်းပြင်များနေရာတွင် အပြွတ်ပြွတ်အညပ်ညပ် လူနေအိမ်ခြေတွေ ထျူထပ်လျက် သစ်ပင် ၀ါးပင်တွေ စိမ်းစိုလာခဲ့သော်ငြား ဤနေရာ ဤဒေသ၏ ရာသီဥတုသည် စိုးစဉ်းမျှ ပြောင်းလဲသွားခြင်းမရှိ။ ခုလို တပေါင်းလ မှာ နေပူထဲထွက်ရပ်လျှင် နာရီဝက်အတွင်း လူစင်စစ်မှ အမဲသားခြောက်ဖြစ်သွားမှာ သေချာသည်။

"ကိုသန်းဆိုင် တို့ကလည်းဗျာ၊ ဒီလောက်ထောတာတောင် ဆိုင်ထဲမှာ ပန်ကာကလေး ဘာလေး ဆောင် မထားဘူး၊ သူဌေးလုပ်နေပြီး အညာကရတဲ့ စက္ကူယပ်တောင်စုတ်ကြီးနဲ့ ခတ်နေရတယ် လို့ . . .''
ဆိုင်ရှေ့ ကနားဖျင်းအောက်၊ ခုံတန်းလျားမှာ နေခိုအပန်းဖြေရင်း ပါစင်ဂျာစောင့်နေသော ဆိုက်ကား သမားကျော်ကြီး က (၈)ပေ၊ (၆)ပေ၊ ဆိုင်ခန်းကျဉ်းကျဉ်းကလေးထဲတွင် အင်္ကျီမဲ့ ကိုယ်လုံးကြီးဖြင့်ထိုင်ရင်း ယပ်ခတ်နေ သည့် သန်းဆိုင်ကို စနေကျအတိုင်း ခနိုးခနဲ့စသည်။

ယပ်ခတ်နေသည့်တိုင် သန်းဆိုင်၏ ရင်ဘတ်ဖောင်းဖောင်းကြီးနှင့် ၀မ်းဗိုက်ပူပူကြီး တို့ တွင် ချွေးစေးတွေ စို့နေသည်။
''ဘာနားမလည် ညာနားမလည်နဲ့ လာမပြောနဲ့ကျော်ကြီး၊ ပန်ကာလေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ မင်း သိလား၊ သိမယ် မထင်ပေါင်ကွာ၊ မင်းတို့က ဒီလိုကျန်းမာရေး ဗဟုသုတရှာတတ်တာမှ မဟုတ်ဘဲ၊ အားတာ နဲ့ ဘီအီးဆိုင်သွားမယ်၊ ဗီဒီယိုရုံသွားမယ်၊ ကာရာအိုကေသွားဆိုမယ်၊ ဒီလောက်ပဲ မင်းတို့သိတာ''
''ပန်ကာလေ . . . . ဘာလို့ ကျန်းမာရေးနဲ့ မညီညွတ်တာလဲဗျ''

''သိချင်ရင်. . . . မင်းအမေ့လင် ဒေါက်တာတင်ဆန်းဦးကို သွားမေးကြည့်၊ သူပြောဖူးတာကို ငါမှတ်ထားပြီး၊ ငါပန်ကာ မ၀ယ်တာကွ၊ ပန်ကာဝယ်ရင် ပိုက်ဆံလည်းကုန်မယ်၊ မီတာလည်း တက်မယ်၊ အခု ကြည့်လေ၊ ငါ့ အမေ ဆီက အလကားရထားတဲ့လက်နဲ့၊ သရက်ကုန်းဦးရွှေဝ အသုဘကရလာတဲ့ ဒီယပ်တောင်ကို ခတ်နေတော့ ပိုက်ဆံ လည်း မကုန်တော့ဘူး၊ ကျန်းမာ ရေးလည်း မထိခိုက်တော့ဘူး''
''ခင်ဗျား၊ ကပ်စေးနှဲတာကို သွယ်ဝိုက်ပြီး ပြောမနေစမ်းပါနဲ့ ကိုသန်းဆိုင်ကြီးရာ. . . ခင်ဗျား နှမြောတတ်မှန်း တစ်မြို့လုံး အသိပါ''
ကျော်ကြီး က နောက်ပြောင်နေမှန်းသိလျက်နှင့် သန်းဆိုင်သည်းညည်းမခံနိုင်တော့ဘဲ တစ်ခွန်း ဆဲရေးလိုက်၏။

''တစ်မြို့လုံး မကလို့ တစ်နိုင်ငံလုံးပဲသိသိကွာ၊ ငါ နှမြောတတ်လို့ မင်းတို့လို ဆိုက်ကား နင်းဘ၀ကနေ ဆိုက်ကား အုံနာဖြစ်လာတာ နားလည်လား''
''နားလည်ပါတယ် သူဌေးမင်းရယ်၊ ကျုပ်တို့ကတော့ သူဌေးမင်းလို ဘော်ဇာကြီးဖြစ်ရင် ခုလို ရာသီမှာ ယပ်တောင်စုတ်တော့ ခတ်မနေဘူး၊ အဲယားကွန်းအခန်းထဲမှာ မန္တလေးဘီယာနဲ့ ငြိမ့် နေမှာပဲ၊ အာလူးကြော် ကလေး တကြွပ်ကြွပ်ဝါး လို့ . . . .အဟိဟိ''

''ခွေးပါးစပ်က နတ်စကားထွက်မနေစမ်းပါနဲ့ ကျော်ကြီးရာ၊ မင်းတို့ အဲသလို မတန်မရာတွေ စိတ်ကူးယဉ်လွန်းလို့ ဆိုက်ကား နင်းသား ဖွတ်ကျားဘ၀က မလွတ်မကျွတ်ကြတာ. . . ၊ ငါနွားကျောင်း ကျွဲကျောင်းလုပ်ခဲ့တယ်။ လယ်ထွန် တယ်၊ စပါးရိတ်တယ်။ စပါးဒိုင်မှာ စပါး ထမ်းတယ်၊ စက်ဘီးတစ်စီး နဲ့ ဈေးလည်ရောင်း တယ်။ နောက်ဆုံးဆိုက်ကားနင်းတယ်ကွာ၊ ဆိုက်ကားသမားဘ၀ကနေ ဘာမှမပင်ပန်းတဲ့ ကွမ်းယာသည် ဘ၀ ရောက် လာတယ်ကွာ၊ ဆိုက်ကား (၅)စီးရဲ့ အုံနာဖြစ်ခဲ့ပြီကွာ၊ ဒါပေမဲ့ ငါ မင်းတို့လို အဲယားကွန်းခန်းထဲမှာ ဘီယာ စုတ် ဖို့ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး''
သန်းဆိုင် က ဆရာကြီးသမားကြီးလေသံဖြင့် ပြောနေသည်ကို ကျော်ကြီးက မီးသေနေသော ဆေးပေါ့လိပ်ကို ခဲရင်း၊ မထီတရီ ပြုံးဖြဲဖြဲ ကြည့်နေ၏။ သန်းဆိုင်သည် [မအေပေး၊ ဘယ်လိုပဲ ချိုးချိုးနှိမ်နှိမ်ပြော၊ အရှက်မရှိ မျက်နှာပြောင် နဲ့ပဲ၊ အိမ်ကမိန်းမ ထဘီစုတ်နေရင်လည်း သူနဲ့ဘာမှ မဆိုင်သလို နေတတ်တဲ့ကောင်] ဟု စိတ် ထဲကနေ ပြစ်တင်ဝေဖန်နေမိပြန်သည်။

''စိတ်ကူးယဉ်တာ ငွေကုန်တာမှတ်လို့ သူဌေးမင်းရာ၊ ကျုပ် သိန်း(၃၀၀) ထီ ပေါက်ရင် သူဌေး မင်းရဲ့ အိမ်နဲ့ခြံကို ၀ယ်မယ်၊ တိုက်ဆောက်မယ်လို့တောင် စိတ်ကူးယဉ်နေတာဗျ၊ သိလား၊ ဟပ်. .ဟပ်. . ဟပ်''
''ဟေ့ကောင်၊ သိန်းသုံးထောင်ပေးရင်တောင် ငါ့အိမ်နဲ့ခြံကို မရောင်းဘူးမှတ်၊ ဒီအိမ်ခြံ မြေတွေကို ငါ့ချွေးနှဲစာနဲ့ ၀ယ်ထား ရတာ၊ တန်ဖိုးဖြတ်လို့ မရဘူး''
ဘုရားဘက် ရှိ သစ်ပင်အုပ်ဆီမှ ကျေးငှက်အော်မြည်သံများကလွဲလျှင် နေပူကျဲကျဲအောက်မှာ တိတ် ဆိတ်နေသော ပတ်ဝန်းကျင် ၌ သန်းဆိုင် ၏ အော်ပြောသံကြီးမှာ လှိုင်းထရိုက်ခတ်သွား ၏။ ညိုမောင်းမောင်း မျက်နှာကြီးသည်လည်း ချွေးရောင်ပြောင်လျက် မည်းပုပ်ရှုံ့တွနေလေ သည်။ သူက ဆက်အော် သည်။

''ဟေ့ကောင်၊ ကုန်ကုန်ပြောမယ်ကွာ၊ ငါ့ခြံနဲ့အိမ်ကို ဟောဒီတစ်မြို့လုံးနဲ့တောင် မလဲဘူးကွ''
သန်းဆိုင်၏အော်သံဆုံးသည်နှင့် ကျော်ကြီးက လည်ချောင်းကိုခြစ်ပြီး သံသေးသံကြောင်ဖြင့် ဖျစ်ညှစ်အော် ရယ်တော့သည်။ ပိန်ညှောင်ညှောင်ကိုယ်ခန္ဓာကိုလည်း ခုံတန်းလျားကျိုးကျ မတတ် လှုပ်ခါနေသည်။
''ဗျိုး၊ ကိုသန်းဆိုင်. . ကျော်ကြီး၊ ၀က်ရူးပြန်ထနေတာလား''ဟု ဆိုင်ရှေ့လမ်းပေါ်မှာ ပါစင်ဂျာမပါဘဲ၊ နင်း လှိမ့်သွားသော ဆိုက်ကားတစ်စီးပေါ်မှ ဆိုက်ကားဆရာတစ်ယောက်က လည်း လှမ်းအော်သွား သည်။ ကျော်ကြီး ကား တော်တော်နှင့် အရယ်မရပ်။

ထိုစဉ် ဆိုင်ကလေး၏ ကျောဘက် တံခါးပေါက်ဆီသို့ ဆက်သွယ်ထားသည့် လှေကားတိုက လေးပေါ်ကနေ အရပ်ပုပြတ်ပြတ်၊ မည်းမည်း၀၀၊ အသက်(၄၀)ခန့် မိန်းမတစ်ယောက် ဆင်း လာသည်။ သန်းဆိုင်မယား စန်းချိုပင်တည်း။ စန်းချို သည် မိန်းမငယ်အချို့ ၀တ်လေ့ရှိသော လက်မပါသည့် သင်တိုင်းဆန်ဆန်၊ လိမ္မော်ရောင်  အောက်ခံ၊ အဖြူပွင့်၊ အနက်ပွင့်တွေရက် ဖောက်ထားသည့် စီဝိုင်စီချည်အပါးစား ဂါဝန်ရှည်ကြီးကို ၀တ်ထား ၏။ ကောက်ထားသော ဆံပင်တိုနံ့နံ့တွေက နီကြောင်ရှုပ်ပွနေပြီး ထောပတ်သီး မှည့် ရောင်ပေါက် ၍ ထောပတ်သီးကဲ့သို့ ပြုတ်ထနေသော မျက်နှာဝိုင်းကြီးမှာ အလိမ်းအခြယ်မရှိ အဆီတ၀င်းဝင်းနှင့်ဖြစ်ရာ၊ ရုတ် တရက် ဆိုလျှင် အာဖရိက မိန်းမကြီးတစ်ယောက်ဟု ထင်မှတ်ဖွယ် ကောင်းလှသည်။

''ဘယ်လိုတုံး၊ နေကပူပူနဲ့ အိပ်လို့မရတဲ့အထဲမှာ ရှင်တို့က အော်လိုက်ဟစ်လိုက်၊ ဆဲလိုက် ဆိုလိုက်။ ရယ်လိုက်မောလိုက် နဲ့ သမီးယောက်ဖတွေ ကွဲပြီးမှ ပြန်တွေ့ ကြတဲ့အတိုင်း ပဲ . . .''ဟု စန်းချို ဟိန်းဟောက် လိုက်သံ မှာ မိန်းမတစ်ယောက်၏ အသံနှင့် မတူဘဲ၊ စစ်ရေးပြ အရာခံဗိုလ်ကြီးတစ်ဦးက၊ စစ်ရေးပြတပ်ခွဲကို စစ်ရေးပြကွင်း ထဲ၌ စစ်မာန်ပါပါ ဌာန်ကရိုဏ်း ကျကျ အော်ဟစ်အမိန့်ပေးလိုက်သည်နှင့်သာ တူနေ၏။ သန်းဆိုင် က သူ့နံဘေးရောက်လာ သော ဇနီးကို လုံးဝအသိအမှတ်မပြုသလို ထိုင်မြဲပုံစံဖြင့် ထိုင်နေသည်။ ကျော်ကြီးက အရယ် ရပ်ပြီး စန်းချို ကို မျက်ခုံးပင့်သွားဖြဲ၍ ကြည့်လိုက်သည်။

မခန့်လေးစား အကြည့်မျိုး ဖြစ်၏။ စင်စစ်သော် စန်းချိုနှင့် ကျော်ကြီးတို့မှာ မောင်နှမသုံးဝမ်းကွဲ တော်စပ်သည်။
''ဟား၊ မစန်းချိုတို့ ဒီဇိုင်းကတော့ မိုက်တယ်ဟေ့၊ မော်ဒယ်ဂဲ လုပ်စားရင် ဖြစ်နိုင်တယ်ဗျ။ နာမည်ကို ခင်မဲလုံး လို့ ပြောင်းလိုက်.. ဟပ်... ဟပ်... ဟပ်''
''မသာ၊ နင့်ပါးစပ်ပိတ်ထားစမ်း၊ ဒီမှာ ကွမ်းရွက်လှီး တဲ့ဓား၊ တွေ့လား'' စန်းချိုက အသွား (၄)လက်မခန့်ရှိ စတီးဓားကလေး ကို မြောက်ရွယ်ပြသည်။ ကျော်ကြီးက အနောက်ပြောင်သန် သူပီပီ၊ မျက်နှာထားမပြင်ဘဲ အသံအုပ်အုပ်နှင့် တဟပ်ဟပ် ရယ်နေဆဲ ဖြစ်၏။ စန်းချိုကလည်း ကျော်ကြီးကို ဂရုမစိုက်တော့ပါ။ ကွမ်းတစ်ယာ ကို စိတ်တိုင်းကျ ယာ၍ ပါးစောင်ထဲသို့ ထိုးသွင်း ကာ အိမ်ပေါ်ပြန်တက်သွားသည်။

သန်းဆိုင်သည် စန်းချိုကွမ်းယာ ယာနေစဉ် စန်းချိုကျောဘက်က နေ မျက်တောင်မခတ် စူးစူး ဝါးဝါး ကြည့်နေခဲ့ ၏။ သူ့အကြည့်မှာ အနှစ် (၂၀)ကျော် ချစ်ခင်ကြင်နာစွာ ပေါင်းသင်းလာသော ဇနီမယားအား ကြည့်ပုံမျိုးမဟုတ်၊ ရုတ်တရက် တွေ့ရှိရသော သူစိမ်းမိန်းမတစ်ယောက် (သို့ မဟုတ်) တိရစ္ဆာန်လှောင်အိမ် ထဲရှိ နောက်ဆုံးရောက်ရှိလာသော အထူးအဆန်း တောတိရ စ္ဆာန် တစ်ကောင်ကို ကြည့်နေသည့်နှင့်တူ၏။ စန်းချို အိမ်ပေါ်ပြန်တက် သွားတော့လည်း သန်းဆိုင်သည် သမင်လည်ပြန် စောင်းကန်းကန်း လှည့်ကြည့် ခဲ့သေးသည်။

ဒီလို အကျိမျိုးကို ကလေးမကလေးတွေ အပျိုဖြန်းကလေးတွေ တရုတ်မဗိုက်ကြီးသည်တွေ ဝတ်တာပဲ၊ ငါတွေ့ ဖူးပါတယ်၊ ဘယ့်နှယ်... အိမ်က အရူးမက ဘာစိတ်ကူးပေါက်ပြီး ဒီလို ဝတ်ထားရပါလိမ့်၊ အကျီသားက ပါးပါးလေး ရယ်၊ အောက်ခံမှ ဝတ်ထားရဲ့လားမသိဟု မကျေမချမ်း တွေးနေ သည်။ စန်းချိုအစား ကျော်ကြီးရှေ့မှ သူ ကိုယ်တိုင် ရှက်ရွံ့နေသလိုလိုလည်း ခံစားလိုက်ရလေ သည်။ ပူအိုက်စပ်လောင်ခြင်းကို သူမေ့သွားပြီ။ ယပ်တောင်စုတ် ကို ပစ်ချကာ (တော်တော်ကဲ ချင်တဲ့ဟာမ) ဟု စိတ်ထဲက ရေရွတ်သည်။

နိုင်ငံ၏ စီးပွားရေးနယ်ပယ်ကြီး တစ်ခုလုံးတွင် အပြောင်းအလဲများစွာ တိုးတက်ဖြစ်ထွတ်လျက် အလုပ်အကိုင်သစ် များ ဖွံ့ဖြိုါ်ပွားများလာချိန် ရောက်ခဲ့သော်ငြား၊ သန်းဆိုင်သည် မိရိုးဖလာ လယ်လုပ်ကွျှဲကိုင် စက်ဝန်းထဲမှာ မမြင်ရသော ကြိုးများဖြင့် ဟန့်တားချုပ်နှောင်ခံထားရဆဲသာ ရှိခဲ့၏။ ထို့ကြောင့် လည်း ကောက်သိမ်းရာသီတစ်ခုတွင် သူတို့ရွာနှင့် သုံးမိုင်ကျော်ဝေးကွာ သည့် ရွာမှ နေထိုင်ကာ စန်းချိုနှင့် စပါးရိတ် ရင်း ဆုံဆည်းခဲ့ရခြင်း ဖြစ်လေသည်။ နှစ်ဦးပြိုင်တူ မျက်စိကျခဲ့ကြခြင်း ဟုဆိုသော် ပို၍ မှန်မည်။

''သန်းဆိုင်ရယ်.... နင်မို့ အဲဒီမည်းကြုတ်ကြုတ် ခွေးပစ်တဲ့တုတ်ကို ကြိုက်တတ်ပလေ၊ ငါတို့ ရွာ ထဲက ခွေးမတစ်ကောင် အမြီးဖြတ်လိုက်ရင်တောင် အဲဒီဟာမထက် အပုံကြီး ကြည့်ကောင်း ဦးမယ်'' ရပ်ဆွေ ရပ်မျိုး မိန်းမကြမ်းကြီးများက သန်းဆိုင်ကို ဝေဖန်တားမြစ်ကြသည်။ သန်းဆိုင် လက်မခံ။ ပယ်ချပစ်သည်။
''ကိုယ်ထင် ခုတင်ရွှေနန်း ဆိုတာ ခင်ဗျားကြီးတို့ မကြားဖူးကြဘူးလား''
ဆွေမျိုးသားချင်း တို့ကလည်း သန်းဆိုင်ကို သတိပေး တားဆီးခဲ့ကြ၏။ သန်းဆိုင်က ပြတ်ပြတ် သားသား ငြင်းပယ် ရုန်းထွက် ခဲ့သည်။

''ဟေ့ကောင် ကောင်မလေးဖအေက တံငါမျိုးနော်၊ လှေဦးစိုမှဝမ်းစို၊ လှေဦးခြောက်ဝမ်းခြောက် တဲ့အစားထဲက မင်း မှားမယ်နော်၊ ပြီးတော့ ကောင်မလေးဖက်က ဒေဝါမလင်းမူးနေတဲ့ အရက် သမားကြီးတဲ့ကွ''
''တံငါမျိုး မကလို့ သူတောင်းစားမျိုးပဲဖြစ်ဖြစ်၊ ကျုပ်ကြိုက်လို့ကျုပ်ယူမှာ အစ်ကိုတို့နဲ့ ပေါင်းရမှာ မဟုတ်ဘူး၊ ပြီးတော့ လည်း သူ့အဖေအရက်သမားဖြစ်တာ ဘာဆန်းလို့လဲ၊ ကျုပ်ဖအေလည်း ဘုရားလိုလို တရားလိုလိုနဲ့ ခွက်ပုန်းချနေတာဗျ'' သန်းဆိုင်က ဟုတ်တိုင်းမှန်ရာ ပြောခြင်းဖြစ် သည်။ သန်းဆိုင်၏ဖခင် ဦးကံငွေသည် ရဟန်း ဝါ (၁၂)ဝါ ရခဲ့ပြီ၊ ဗုဒ္ဓအဘိဓမ္မာစာပေ အနည်း အကျဉ်းတတ်မြောက်ပြီးခဲ့ပါမှ၊ ဖခင်ကွယ်လွန်သွား၍ ကျန်ရစ်သော လယ်ယာလုပ်ငန်း များကို ဦးစီးဖို့နှင့် အမွေလက်မလွတ်စေဖို့ လူဝတ်လဲကာ အိမ်ထောင်ပြုခဲ့သူ ''လူပြန်တော်ကြီး'' ဖြစ်၏။

''ပျားဖွပ်၊ သားထိုး၊ မယားခိုး မုဆိုးတံငါမပြုရာဆိုတဲ့ ငါတို့ဘာသာတရားတော်မြတ်ရဲ့ အဆုံး အမရှိသားပဲလေ၊ အကုသိုလ် ဒုစရိုက်တွေကို ပြုလုပ်ပြီး အသက်မွေးနေတဲ့ အမျိုးအနွယ်နဲ့ တော့ ငါ့သားကို သဘောမကျနိုင်ချေ ဘူး၊ တော်ကြာ ငါ့သားပါ ဟိုဟာတွေနဲ့ အတူရောပြီး အဝီစိငရဲ ကျသွားလိမ့်မယ်၊ ဒီကိစ္စ ငါ့ကို လာမပြောကြ နဲ့ဟေ့၊ နောက်ထပ် ငါ ဘာမှမကြားချင် ဘူး''
အရင်းအချာ ဆွေမျိုးအချို့က မုဆိုဖို ဦးကံငွေအား သန်းဆိုင်၏ အခြေအနေကို လာရောက် တင်ပြ အကြောင်းကြား စဉ် ဦးကံငွေ သည် ပါးစပ်မှ အရက်နံ့မထွက်အောင် ဆေးပြင်းလိပ်ကြီး ကို တွင်တွင်ဖွာလျက် သူ့သဘောထား ကို ဖော်ထုတ်လိုက်၏။

တစ်ဖန် ဆေးပြင်းလိပ်ငွေ့တွေ ကို မှုတ်ထုတ်ရင်းမှ...
''မင်းတို့ နင်တို့ စဉ်းစားကြည့်ကြ ငါဟာ သာသနာ့ဘောင်မှာ ရဟန်းတရား (၁၂)နှစ် အားထုတ် ခဲ့တယ်၊ လူ့ဘဝရောက်တော့ လည်းပဲ ဒါန၊ သီလ၊ ဘာဝနာ အလှူရေစက် လက်နဲ့ကွာခဲ့တဲ့ ကောင် မဟုတ်ဘူး ပြီးတော့ သမ္မာအာဇီဝ လယ်သမားလုပ်နဲ့ အသက်မွေးတယ်၊ ဘာသာရေး စကားနဲ့ပြောရရင် ငါဟာ အပါယ်တံခါးပိတ်တဲ့ အဆင့် မရောက်တောင်မှ သောတာပန်ဘဝ ကို မရောက်သေးသော်မှ အငယ်စားသောတာပန်လို့ခေါ်တဲ့ စူဠသောတပန် ပုထုဇဉ်လူသား တစ်ယောက် သတ္တဝါတွေရဲ့ အသက်ပေါင်းများစွာကို သတ်နေတဲ့ အင်းသမား တံငါတွေ နဲ့ ဘယ်လိုလုပ်ပြီး ဆက်စပ်လို့ရမတုံး၊ သန့်ရှင်းဖြူစင်တဲ့ ငါ့ခန္ဓာမှာ ငါးညီနံ၊ ငါးပိနံတွေ အစွဲမခံ နိုင်ဘူးဟေ့၊ သန်းဆိုင် ကိုလည်း ရပ်တန်းက ရပ်ဖို့ ရာဇသံပေးရလိမ့်ဦးမယ်''

ဦးကံငွေက ရာဇသံထုတ်ပြန်ပြီး မကြာမီ ရက်ပိုင်းအတွင်း သန်းဆိုင်သည် သံသေတ္တာဟောင်း ကလေးတစ်လုံကို ဆွဲလျက် စန်းချို တို့ ရွာဘက်သို့ နေပူကျဲကျဲကြီးအောက်မှာ ပူရမှန်းအိုက်ရ မှန်းမသိဘဲ နင်းလျှောက်နေသော ကန်သင်းရိုးပပ်ကြားအပိထဲမှ မြွေထွက်ကိုက်မှာကိုလည်း မစိုးရိမ်ဘဲ (ထိုကွင်းများတွင်မြွေဆိုးအလွန်ပေါ၏။ ဘယ်လောက်သတိထားကြပါသည် ဆိုပေမဲ့ (၂)နှစ် တစ်ယောက် (၃)နှစ် တစ်ယောက်တော့ ပိုးထိပြီး သေရွာမြန်ကြရသည်သာ ဖြစ်၏) သုတ်သီးသုတ်ပျာ လျှောက်နေခဲ့သည်။ ချိန်းဆိုထားသည့်အတိုင်း စန်းချိုက သူတို့ရွာထိပ် ဘုန်းတော်ကြီးကျော်ရှေ့၊ ခရေပင်ရိပ်ကနေ အသင့်စောင့်ကြိုနေခဲ့သည်။

ဤတိုက်ပွဲတွင် သန်းဆိုင်ကတော့ ပစ်ခတ်စရာ လက်နက်ခဲယမ်းမီးကျောက်တွေ ကုန်ခမ်းနေခဲ့ ပြီ၊ တိုက်ပွဲအောင်နိုင် ဖို့၊ စန်းချိုကပဲ ဦးဆောင်ပြီး မီးကုန်ယမ်းကုန် ဆင်နွှဲရတော့မည်။
''နင့်အဖေနဲ့အမေကို နင်ပြောပြီးပလားစန်းချို''
''မပူပါနဲ့ဟာ၊ ငါပြီးရင် ပြီးပါတယ်''
ဟုတ်လောက်ပေ၏။ စန်းချိုသည် အကြီးဆုံးသမီးပီပီ၊ အစ်မကြီးအမိရာဆိုသကဲ့သို့ သူမ၏ မိသားစုတွင် တတိယမြောက် သြဇာအာဏာရှင် ဖြစ်သည်။ စားဝတ်နေမှုအတွက် စီးပွားရှာရာ တွင် နေပူမရှောင်၊ မိုးရွာမရှောင် ကျားစီးဖားစီး ဇွဲကြီးကြီးနှင့် လုပ်တတ်ကိုင်တတ်သည်။ တံငါ မျိုးဆိုပြီး တံငါအလုပ်တစ်ခုတည်းသာ လုပ်သည် မဟုတ်၊ တံငါအလုပ်အားလပ်လျှင် လယ်ထဲ ဆင်းပြီး ကောက်စိုက်ချင်စိုက်မည်။ ကောက်ရိတ်ချင်ရိတ်မည်။ မတ်ပဲချိန် ၌ ပဲနုတ်ချင်နုတ် မည်။ အနည်းဆုံးတော့လူကောင်သာမထွားသော်လည်း ပိဿချိန်(၁၀)ခန့် ပါသော သုံးဦးစပ် ငါးပိဇလုံကြီးရွက်ကာ၊ မိုင်ပေါင်းများစွာ ရွာစဉ်လှည့်၍ ငါးပိရောင်းနေမည်သာ ဖြစ်၏။ စန်ချို သည်လောက်အလုပ် လုပ်တာတောင် လူမွေးလူတောင် မပြောင်၊ စန်းချိုမှာ နားပေါက် ဟောင်းလောင်းနှင့် နားကပ်မရှိ။

သန်းဆိုင်နှင့် စန်းချိုတို့နှစ်ယောက် အိမ်ခြေကျဲကျဲ၊ အိမ်ကြီး၊ အိမ်ကောင်းနည်းနည်း၊ သစ်ကြီး ဝါးကြီးမရှိသော ''ဝက်လူး''ရွာကလေးထဲသို့ လျှောက်ဝင်လာကြစဉ်၊ သန်းဆိုင်သည် မစိတ်မွန် လျက် စန်းချိုနှင့် လက်ထပ်ပြီးသား တရားဝင် ခင်ပွန်းတစ်ဦးနှယ် ရင်ကော့၊ လက်ကား၍ လျှောက်နေမိ၏။ ထိုသို့ လျှောက်နေမိကြောင်း၊ ကိုယ့်ဘာသာ ကိုယ်မသိ၊ စန်းချိုကမူ ဧည့်ကောင်းစောင်ကောင်းစ်ဦးကို ခရီးဦးကြိုပြုလာသူ တစ်ယောက်ပမာ၊ မျက်နှာထားရွှင်ပျ၊ စိတ်အားတွေ တက်ကြွစွာဖြင့် ဦးခေါင်းကလေးကို ဘယ်ညာလှည့်ယမ်းလျက်၊ ဘာရည်ရွယ် ချက်နှင့် ပြောနေမိမှန်းမသိသော စကားတွေ တတွတ်တွတ်ပြောရင်း လှမ်းနေလေသည်။

ယခုကဲ့သို့ နေ့လယ်နေ့ခင်းအချိန်က ၀က်လူးရွာသား အများစု တစ်ရေးတစ်မော အိပ်စက် အနားယူကြချိန်ဖြစ်၍ လမ်းသွားလမ်းလာသိပ်မရှိ။ လမ်းမှာဆုံသူတွေကတော့ သန်းဆိုင်ကို စိမ်းစိမ်းဝါးဝါး ကြည့်ကြသည်။ စန်းချိုနှင့် နှုတ်ဆက်ရင်း (ဒီလူကဘယ်သူလဲ၊ ဘယ်ကလဲ) ဟု မျက်နှာထားဖြင့် မေးကြသည်။ ထိုမျက်နှာထားတွေ ကို စန်းချိုက မသိကျိုးကျွန်ပြုထား လိုက်၏။
တစ်နေရာအရောက်မှာတော့ စန်းချိုကဲ့သို့ပင် အသားရောင်မွဲပြာပြာနှင့် စန်းချိုနှင့် အလွန် ရင်းနှီးသော ငယ်ပေါင်းကြီးဖော်တစ်ယောက်နှင့် မျက်နှာချင်းဆိုင် ဆုံမိကြ သည်။ ဆုံမိသည်နှင့် ထိုမိန်းကလေး [သူမ၏နာမည် မှာ ကြင်စုဖြစ်ကြောင်း နောက်ပိုင်းကျမှ သန်းဆိုင်သိခွင့်ရခဲ့၏] သည်ထုပ်တိုးတမ်းကစားသလို၊ စန်းချို တို့ရှေ့ ကနေ လက်နှစ်ဖက် ကား ၍ ရပ်လိုက်၏။

''ဟဲ့ကောင်မ စန်းချို၊ ခုကတည်းက တစ်ခါတည်းပြောထား။ မင်္ဂလာဆောင်မှာ ဘာကျွေးမလဲ ဆိ တာကို၊ ငါးသလောက်ပေါင်းလား၊ ငါးခြောက်ထောင်းလား''
''နှစ်မျိုးစလုံးကျွေး မဟဲ့၊ ၀က်သားလည်းပါဦးမယ်၊ ဆက်ဆက်ကြီးလာပြီး မျိုလှည့်၊ ဆို့လှည့်အေ့ အငတ်မရဲ့''ဟု စန်းချို က ရယ်သံစွက်၍ ရေရွတ်သည်။
စန်းချိုတို့သူငယ်ချင်းနှစ်ယောက် နောက်ပြောင်နှုတ်ဆက်သံကြားလိုက်တော့မှပင် သန်းဆိုင် သည် နွေခေါင်ခေါင် နေ့ခင်းကြောင်တောင်မှာ ခြေဖျားလက်ဖျားတွေသာမက၊ မျက်နှာတစ်ပြင် လုံးပါ အေးစက်စိမ့်မြသွားတော့သည်။ လက်ရှိအနေအထား၌ သူသည် ဆွေမဲ့မျိုးမဲ့၊ မိဘမဲ့ တစ် ကောင်ကြွက် ဘ၀ဖြင့် သူစိမ်းပြင်ပြင် မိဘနှစ်ပါး၏ သမီးကညာကို တောင်းရမ်းလက်ထပ်မည့် သူဖြစ်သည်။ ထို့ပြင် သူ၏သေတ္တာစုတ် ထဲ၌ အ၀တ်သုံးစုံ၊ မျက်နှာသုတ်တဘက်စ၊ တစ်ထည် ကလွဲ၍ ဘာမျှမပါ။

တစ်ခုပဲ အားကိုးစရာရှိသည်။ သူ့လုပ်အားနှင့် သူ့ဘာသာ ရှာဖွေ ထားခဲ့သော ရွှေ တစ်မတ်သား ကျောက်နီလက်စွပ်ကြီးကတော့ နေရောင်အောက်မှာ ပြူးပြူးပြဲပြဲ လင်းလက်   တောက်ပနေ ၏။ ယောက္ခမလောင်းတွေ လက်ထဲ ကို ထိုလက်စွပ်နှင့် သူ့ရုပ်ခန္ဓာတောင့်တောင့်တင်းတင်းကို ထိုးအပ်၍ စန်းချိုနှင့် တရားဝင် လက်ထပ်ပေါင်းသင်းဖို့၊ တောင်းပန်ခယ ရတော့မည်သာ ဖြစ်လေသည်။
ယောက္ခမအိမ်တက်၊ သားမက်မျက်နှာငယ်ဆိုတဲ့ စကားဟာ ငါးအတွက်များ ဖြစ်နေပြီလား စန်းချိုဟု သူမောနွမ်းစွာ တွေးလိုက် စဉ် ခြေလှမ်းကောမျက်နှာပါ  ပျက်သွားကြောင်း စန်းချို၏ ပြူးဝိုင်းသော မျက်လုံးတွေ ကို လှမ်းတွေ့လိုက်၏။

''ဘာဖြစ်နေတာလဲသန်းဆိုင်၊ လာပါဟမြန်မြန်၊ ငါတို့အိမ်ရောက်ကာနီးပါပြီ၊ လမ်းတုန်းက ရွှင်ရွှင်ပြုံးပြုံးနဲ့၊ ငါတို့အိမ်နဲ့ နီးမှ နင့်မျက်နှာကြီးက ဘယ်လိုဖြစ်ရတာလဲ'' ဟုစန်းချိုမြည်တွန် သည်ကို သန်းဆိုင် စကား မပြန်အား။ အသက်ရှူမှန်အောင် တပင်တပန်း ကြိုးစားနေရသော ကြောင့်ဖြစ်၏။ သူသည် ကြိုးစင်ဆီသို့လျှောက်နေသော သေဒဏ်ကျအပြစ်သား ရာဇ၀တ် ကောင်ပမာ ယောင်မှား  ခံစားနေရခြင်း လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
''ဟောဟိုမှာ ငါတို့အိမ်''
စန်းချို က တက်ကြွလန်းဆန်းစွာ လက်ဆန့်တန်း၍ လက်ညှိုးညွှန်လိုက်၏။

စန်းချို လက်ညှိုးညွှန်ရာသို့ လည်ပင်းဆန့်ပြီး လှမ်းကြည့်လိုက်သော သန်းဆိုင်၏ ဟန်ပန်မှာ ခရီးသွားလမ်းညွှန် အမျိုးသမီးက လက်ညှိုး ထိုးလျက် ''ဟောဟိုက မြူတွေဆိုင်းနေတဲ့ တောင် ထွတ်ကြီးဟာ ကျွန်မတို့ ဗုဒ္ဓ ဘာသာဝင် မြန်မာလူမျိုးတွေ အလေးအမြတ်ပြု၊ ရိုသေ ကိုင်းရှိုင်းကြတဲ့ ပုပ္ပားတောင်တော်မြတ်ကြီးဖြစ်ပြီး ၄င်းဟာ မီးငြိမ်းတောင်ကြီး တစ်တောင် လည်းဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ထင်ရှားတဲ့ စစ်တောင်းမြစ်ကြီးဟာ အဲဒီတောင်ထွတ် ကြီးဆီမှာ မြစ်ဖျားခံပါတယ်ရှင်'' ဟု ပြောပြရှင်းလင်းနေသလို၊ တောင်မရှိသော မြေပြန့် ကန္တာရ နိုင်ငံမှလာသည့် ကမ္ဘာလှည့်ခရီးသည် အူကြောင်ကြောင် ပုဂ္ဂိုလ်တစ်ဦးက ပါးစပ်အဟောင်း သား ငေးမောနေပုံ မျိုးနှင့် တထေရာတည်းတူနေပါသည်။

ချောင်းဝမ်းဗိုက်အလယ်ကောင်တွင် တစ်ထွာခန့်သာ နက်မည့် မြွေလိမ်မြွေကောက် ရေစီး ကြောင်းကလေးသာ ရှိနေသော ရေခန်းနေသည့် ချောင်းကမ်းစောင်းအထက် ကုန်းပေါ်ရှိ အုံ့အုံ့ဆိုင်းဆိုင်း မန်ကျဉ်းပင်အိုကြီး တစ်ပင် အနီးမှာ အထီးတည်းရှိနေသော ခေါင်စောက် စောက်နှင့် တဲအိမ်ကြီးသည် စန်းချိုညွှန်ပြသည့် (ငါတို့အိမ်) ပင် ဖြစ်တော့သည်။ သန်းဆိုင်က (အိမ်လို့သာပြောတယ်၊ နွားတင်ကုပ်ကြီးလိုလို၊ စပါးကျီကြီးလိုလိုနဲ့)ဟု စိတ်ထဲ မှ မှတ်ချက်ချ သည်။ ထို ''အိမ်''နံဘေး အရပ်လေးမျက်နှာတွင် ရင်စို့ခန့်မြင့်သော ငါးခြောက်လှန်းစင် များ၊ ထိုစင်များအောက်တွင် ငါးပိငံပြာရည်ခံသော ငါးပိသိပ်သော စဉ့်အိုးကြီးငယ်များ နေရာယူ ထားကြသည်ကို သန်းဆိုင်သတိပြုမိ၏။ ငါးဖမ်းပိုက်အဟောင်းအမြင်း အချို့သော်လည်း ငါးခြောက်လှန်းစင်တစ်ခုမှာ တွဲလွဲခို အငြိမ်းစားယူနေကြ၏။ သူ့နှာခေါင်းနှင့် မရင်းနှီးသေးသော ညီစို့စို့အနံ့ကို သန်းဆိုင် ရှူမိလျက်ပျို့တို့ကို ခံစား လိုက်ရလေသည်။ (ဒီအနံ့က ကြာရင် နှာခေါင်းယဉ်သဓွားမှာပါလေ၊ စန်းချိုနဲ့ငါ ဒီလောက်နီးစပ်နေတာပဲ။ သူ ကိုယ်က သနပ်ခါးနံ့က လွဲလို့ ဘာနံ့မှ မရတာ)ဟု သန်းဆိုင် ရသေ့စိတ်ဖြေတွေးမိ ပြန်၏။

စန်းချိုတို့တဲကြီးနှင့် အနီးဆုံးအိမ်မှာ ဝါးနှစ်ပြန်စာလောက် အကွာအဝေးမှာရှိနေပြီး စန်းချိုတို့မှာ ခြံစည်းရိုး ကာရံထားခြင်းလည်း မရှိပေ။ တဲကြီးအနီးမှာ သစ်ပင်ဝါးပင်ဆို၍ မန်ကျည်းပင်ကြီး သာလျှင် ထီးထီးမားမား ရှိနေ၏။ (စန်းချိုတို့ဟာ ရွာထိပ်ဖျားမှာ နေကြတာကိုး) ဟု သန်းဆိုင် ကောက်ချက်ဆွဲသည်။
ဤသို့နှင့်ပင် ခြေတုန်လက်တုန်နေသော သန်းဆိုင်သည် ရင်တစ်ခုန်ခုန်ဖြင့် (စန်းချို နောက် တစ်လံအကွာကနေ) တဲကြီးအနီး သို့ ရောက်လာသည်။ တဲကြီးတစ်နေရာမှ မီးခိုးတအူအူ ဝေ့နေသော်လည်း လူသံသူသံ မကြား ပကတိ တိတ်ဆိတ်နေ၏။ ငါးပိနံ့၊ ငါးခြောက်နံ့များကား ပို၍ သိပ်သည်းပြင်းရှလာကြ၏။

သန်းဆိုင်တို့ တဲကြီး၏ နောက်ကျောဘက်မှ လာကြသည်ဖြစ်ရာ တဲကြီး၏ ဟင်းလင်းဖွင့်ထား သော မျက်နှာစာကို မတွေ့ခဲ့ကြရပေ။ တဲကြီး၏ ခေါင်းရင်း (အရှေ့အရပ်)ကိုကျော်၍ ဝဲဘက် သို့ ကွေ့လိုက်တော့မှ တံခါးမရှိ၊ ဝရန်တာ မရှိ၊ ဘာမှအဆီးအတားမရှိသော တဲကြီး၏ ဟင်းလင်းပွင့်မျက်နှာစာကို သန်းဆိုင်တွေ့ ရသည်။ (သွားမရှိတဲံ အဘိုးကြီးပါးစပ်ပေါက်နဲ့ တူ လိုက်တာ)ဟု သန်းဆိုင်က တဲကြီး၏မျက်နှာစာကို တင်စား လိုက်၏။ မဟုတ်ရပေ။ ထိုပါးစပ် ပေါက်ကြီးတွင် သွားတစ်ချောင်းတော့ ငုတ်တုတ်ရှိနေပါ၏။ ဧည့်ခန်းဖြစ်ဟန်တူသော (တဲကြီး ၏အရှေ့ဆုံးအခန်း) ဝါးကြမ်းပေါ်တွင် လူကြီးတစ်ယောက် တင်ပျဉ်ခွေ ထိုင်လျက် ပြောင်းဖူး ဖက်ဆေးပေါ့လိပ်ကြီးကို မီးတရဲရဲ ဖွာရှိုက်သောက်ရှူနေသည်။ စန်းချိုကဲ့သို့ မျက်ခုံးထူး၊ မျက် လုံးပြူးသည်။  အကျီမဝတ်၊ အရောင်အဆင်းမဲ့ ပုဆိုးကို ဒူးနှစ်လုံးဖော်၍ ဝတ်ထားသည်။ ကိုယ်လုံး ကိုယ်ဖန် ခပ်သေးသေးပင် ဖြစ်သည်။ ထိုလူကြီးရှေ့တွင် ဒန်ကရားတစ်လုံးနှင့် ဖန် ခွက်ငယ်ကလေး သုံးလုံးတွေ့ ရ၏။ ထို့ပြင် ဒန်ကရားအနီးရှိ သတ္တုပန်ကန်ပြားထဲ၌ စားလက်စ ငါးခူကြော်တစ်ကောင် ပုံယွင်းစွာ ရှိနေသည်။

''အဖေ ဧည့်သည်ပါလာတယ်၊ အမေရ ဧည့်သည်ပါလာတယ်'' စန်းချိုအသံမြင့်၍ ပြောလိုက် ဟန်က ရွာဆော် တစ်ယောက်က ရွာလယ်လမ်းမှာ မောင်းထုရင်း ''မြို့ပိုင်ကြီး ကြွလာတယ်ဗျို့'' ဟု ဆော်သြ ဟစ်ကြွေးသံမျိုး ဖြစ်နေသည်။ အဘိုးကြီးက တံစက်မြိတ်အပြင်ဘက် နေရောင် အောက်မှာ ရပ်နေသော သန်းဆိုင် ကို တစ်ချက်မျှသာ ကြည့်ပြီင်္း ဒန်ကရားထဲမှ အရည်များကို ဖန်ခွက်တစ်ခွက်ထဲသို့ အပြည့် ငှဲ့လောင်းချ လိုက်သည်။ လက်ဖက်ရည်ကြမ်းတော့မဟုတ်၊ ချက်အရက်တွေသာ ဖြစ်၏။
''ကဲ ဒီမှာ ခဏထိုင်ဦး၊ ငါ အမေ့ကို သွားခေါ်ဦးမယ်''
စန်းချိုက သန်းဆိုင်အား သူမ၏ဖခင် (အမည်ဦးဖိုးလူ) ထိုင်နေသော ဝါးကြမ်းခင်း တစ်နေရာ သို့ လက်ညိုးဝှေ့ ယမ်း ပြပြိး မီးဖိုဆောင်ဖြစ်ဟန်တူသော တဲနောက်ဘက်သို့ လှစ်ခနဲ လှမ်းဝင် သွားသည်။

''ဟေ့ သန်းဆိုင် ထိုင်လေကွာ မင်းမှာ ဖင်မပါဘူးလား''
ဦးဖိုးလူက အရက်တစ်ခွက်မော့ချပြီး ငေါက်ငမ်းငမ်း ပြောသည်။ သန်းဆိုင်ကြက်သီးမွေးညင်း ထခမန်း အံ့သြ တုန်လှုပ်သွားမိ၏။ ယောက္ခမလောင်းကြီးက ငါ့နာမည်ကိုတောင် ကြိုသိနေပါ လား၊ ဘယ်လိုနည်းနဲ့များ၊ သိလိုက်ပါလိမ့် ဟု ယောင်ချာချာတွေးသည်။ သို့နှင့်ပင် ဦးဖိုးလူနှင့် (၅) ပေခန့်အကွာ ဝါးကြမ်းပေါ်မှာ သေတ္တာစုတ်ကလေး ပိုက်၍ ခပ်ရို့ရို့ ဝင်ထိုင်လိုက်၏။ ထိုင်မိသည်နှင့် ချက်အရက်နံ့သည် သန်းဆိုင် ၏ ဂန္ဓာရုံကို ထိုပါးနှောင့်ယှက်လာသည်။ သန်း ဆိုင်သည် တောသားကာလသားပီပီ အရက်ချိုး မဟုတ်တောင် မှ ရံဖန်ရံခါ (ပွဲလမ်းသဘင်ရှိ လျင် ဒုမင်္ဂလ၊ သုမင်္ဂလကိစ္စများ၌ လုပ်အားပေးကူညီစဉ်) အဖော်အပေါင်း များနှင့် တစ်ခွက်စ ၊ နှစ်ခွက်စ သောက်တတ်သည်။ သူ့အဖေ ဘုန်းကြီးလူထွက်မသိအောင် ခိုးကြောင် ခိုးဝှက် သောက်ရခြင်း ဖြစ်သည်။

သူ့အဖေ ခွက်ပုန်းသောက်မှန်း သိသော်ငြား၊ လူလည်ကြီး ဦးကံငွေ က ဆေးပြင်းလိပ်နံ့ဖြင့် အကာအကွယ် ယူထား ရကား၊ သူ့အဖေထံမှ တစ်ခါမှ အရက်နံ့မရစ ဖူးခဲံ။ ယခု ဦးဖိုးလူ အနီးမှာ ထိုင်လိုက်သည့်အခါ၊ သူရှူရှိုက် မိသော မွှန်စူးစူး ဟောင်ပုပ်ပုပ် အနံ့ဆိုးကြီးမှာ သန်းဆိုင်တစ်သက်၌ ပထမဆုံး ကြုံတွေ့ရသည့် အဆိုးဝါးဆုံး အနံ့ အသက် ဖြစ်နေသည်။ တစ်ချိန်တည်း၌ ငါးပိနံ့၊ ငါးခြောက်နံ့တွေကိုလည်း ရှူနေရသဖြင့်၊ သန်းဆိုင် အော်ဂလီဆန် သလိုလိုခံစားမိလာ၏။
''အုတ်ဖိုစု က ဘုန်းကြီးလူထွက် ကိုကံငွေရဲ့သား... သန်းဆိုင်ဆိုတာ မင်းပေါ့ ဟုတ်လားကွ''
ဦးဖိုးလူ က ငါးကြောတကြွပ်ကြွပ်ဝါးရင်း မေးလိုက်ရာ၊ သန်းဆိုင်သည် မီးစနှင့် အထိုးခံရသလို တွန့်သွားပြီး အဆီပြန်နေသော ရှုံ့တွတွမည်းပြောင်ပြောင် မျက်နှာကြီးဘက် လှည့်လိုက်မိ၏။

''ဟုတ် ဟုတ်ပါတယ် ဦးကြီး''
''အခု ဒီကိုလာတာဟာ မင်းသဘောနဲ့မင်း လာတာလား၊ ငါ့သမီးစန်းချိုခေါ်လို့ လာတာလားကွ၊ အမှန် အတိုင်းပြော''
အဘိုးကြီးပေါက်စက ... သန်းဆိုင်က မှန်ရာကို မဖြေလျှင် သူ့လက်ထဲက အရက်ခွက်ဖြင့် ပေါက်တော့ မည့်မျက်နှာထား မျိုးနှင့် မေးလိုက်ခြင်း ဖြစ်သည်။ သန်းဆိုင်သည် ဖိုးလူအား မျက်စိပေကလပ် ပေကလပ်ဖြင့် ကြည့်ရင်း၊ တံတွေသလိပ်တွေကို တဂွပ်ဂွပ်မျိုချကာ စကား ပြောဖို့ အရှိန်ယူနေရလေ၏။

''ကျွန်... ကျွန်တော်တို့နှစ်ဦး သဘောတူတိုင်ပင်ပြီးမှ ကျွန်တော်ဒီကို လာတာပါ၊ ကျွန်တော်၊ ကျွန်တော်... ''
''ဟေ့-နေဦး၊ နေဥိီးကွ သန်းဆိုင်'' ဟု ခပ်ဆတ်ဆတ်ပြောရင်း၊ ဦးဖိုးလူသည် ချက်အရက် ကို ရေသောက် ဘိသကဲ့သို့၊ တကွတ်ကွတ်မြည်အောင် သောက်နေပြန်သည်။ [ဒီလူကြီး မူးနေရင် တော့ငါတို့ကိစ္စမပြီးစီးဘဲ ကိုးရိုးကားရား ဖြစ်တော့မှာပဲ] ဟု တွေးကာ၊ သန်းဆိုင် စိတ်မော လူမောဖြစ်စ ပြုလာသည်။ ဦးဖိုးလူ က အရက်သောက်ပြီး၊ ငါးခူခေါင်းကို ပဲလှော်ဝါးသလို တစ်ဗြောက်ဗြောက် ကျိတ်ဝါးနေသေး ၏။ ၀မ်းထဲသို့ မျိုချပြီးမှ ချောင်းတစ်ချက်ဟန့်၏။ ပြီးလျှင် ဆေးလိပ်ကောက်ဖွာနေပြန်လေ သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး, အပိုင်း (၂)

အခန်း(၂)

ဂျာနယ်တိုက်၏ ညအယ်ဒီတာထံသို့ ဖောင်ပိတ်သတင်းတစ်ပုဒ် ရောက်လာသည်။ သတင်း က ထူခြားသည်ဟု မဆိုနိုင်သော်ငြား တန်ဖိုးအားဖြင့် ကြီးမားလှသည်မို့ ညအယ်ဒီတာ ဖြစ်သူ ဦးစိုးအေး ဂရုတစ်စိုက်ဖတ်ရှုရင်း စဉ်းစားနေမိ သည်။
ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ ပေးပို့၍ အများပြည်သူကြည့်ရှု့ရင်း စီစဉ်ထားသည့် ပန်ဒါနီ ဝက်ဝံတစ်ကောင် ရုတ်တရက် ပျောက်ဆုံးသွားမှု သတင်းဖြစ်သည်။ ထိုသတင်းရင်းမြစ်ကို အတည်ပြုထားသည့် မှတ်ချက်လည်း ပူးတွဲ ပါဝင်သည်။ ခက်နေသည်က စုံစမ်းစစ်ဆေးဆဲ ဟု ပါရှိနေသဖြင့် လုံးဝပျောက်ဆုံးသွားပြီဟု မဆိုနိုင်သေးခြင်း ပင်။

သတင်းပေးပို့လာသူက ပန်ဒါနီဝက်ဝံ၏ ရှားပါးအဖိုးတန်မှုကို ဇောင်းပေးရေးဖွဲ့ထားသဖြင့် ဖတ်ရှု့ရမည့် စာဖတ် ပရိသတ် အတွက် အကျိုးရှိနေသည်။ ထိုသတင်း၏ တန်ဖိုးအား အပြည့်အစုံတော့ တွက်ချင်မှ တွက်မိကြပေ မည်။ သို့သော် ပန်ဒါနီဟူသည် ကမ္ဘာမှပင် သဘာဝဘေးမဲ့တောများ၌ ရှားပါးစွာ ကျန်ရှိနေသော အဖိုးတန် မျိုးနွယ် ဖြစ်နေသည်။ ကချင်ပြည်နယ်သည်ကား ထိုသို့သော အဖိုးတန်ရှားပါး သဘာဝအလှတရားနှင့် သစ်ပင် ပန်းမန်မျိုးနွယ် တို့ အပါအဝင် တိုင်းပြည်၏ အလှဆုံးသော သယံဇာတများကို ပိုင်ဆိုင် ထား သည့် ပြည်နယ်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေအဖြစ် ဘေးမဲ့ တောခြောက်ခုကို ပိုင်ဆိုင် ထားသေးသည်။

ထိုခြောက်ခုအတွင်း၌ ရှားပါးသော တိရစ္ဆာန်မျိုးစိတ်များ၊ အဖိုးတန်သစ်မျိုးများ၊ ရှားပါး သစ်ခွမျိုးစိပ်များ၊ အစွမ်းထက်ဆေးဖက်ဝင် အပင်များ၊ တွင်းထွက်သယံဇာတများ၊ ရှုမျှော် မဝသည့် သဘာဝအလှတရားများ ပိုင်ဆိုင် သည့် နယ်မြေ။ ရှားပါးတိရိစ္ဆာန်မျိုးစိပ်များထဲ၌ သားမင်း၊ ဖက်ချော၊ ဟိမဝန္တာရစ်မျိုး၊ ပန်ဒါနီတို့ ပါနေသည်။ ထိုသဘာဝဘေးမဲ့တော၏ ဧရိယာကား စတုရန်းမိုင်ပေါင်း (၆၂၉၇ ဒဿမ ၉၂) စတုရန်းမိုင် ရှိသည် မို့ အဖိုးတန် မြေကမ္ဘာစစ်စစ်ပင်။

ယခု ပန်ဒါနီတစ်ကောင် ပျောက်ဆုံးနေပြိ။ ယင်းသတင်းမှာ သတင်းတန်ဖိုး အရတွက်လျှင် ကြီးမားလှသည်။ သတင်းပုံစံဖြင့် တွက်လျှင်လည်း ဘခြောက်လုံးအတွက် ဖြန့်ကားတွေး တောစရာကောင်းလှ၏။ အများပြည်သူ အတွက် ပြသထားသည့် ရှားပါးအဖိုးတန် ပန်ဒါနီ တစ်ကောင် ဘယ်ရောက်သွားသနည်း။ ဘယ်သူ့မှာ တာဝန် ရှိသနည်း။ ဘယ်တုန်းက ပျောက်သွားသနည်။ ဘယ်တုန်းကပျောက်သွားသနည်း.။ ဘာကြောင့်နည်း။ ဘယ်နေရာ မှာရှိနေသနည်း။

အယ်ဒီတာက ထိုသတင်းအား မှတ်ချက်ပြု၍ စာစီသမားထံသို့ ပေးပို့လိုက်သည်။ ဤသည် ကား ဖော်ပြသင့်သည်ပဲ၊ သာမန်အိမ်မွေး တိရစ္ဆာန်တစ်ကောင် ပျောက်ဆုံးမှုမှ မဟုတ်ဘဲ။ အလွဲသုံးစား လုပ်သူ များကို သတိပေးခြင်း မည်၏။ အများပြည်သူလည်း သိသင့်၏။ ထို့ ကြောင့် အယ်ဒီတာမှတ်ချက်ပေး၍ ယင်းသတင်း ဖော်ပြနိုင်ရန် ပေးပို့လိုက်ဖြစ်တော့ သည်။
ဖုန်းမြည်သံ သည် ဦးကောင်းမြတ် အိပ်ယာနဘေးတွင် တတီတီမြည်နေသည်။ အိပ်ပျော်နေ သော ဦးကောင်းမြတ် နားထဲ၌ ထိုဖုန်းသံက မကြားတစ်ချက်ကြားတစ်ချက်။ ဇွဲကောင်းလှ သော ဖုန်းသံ က နှစ်ကြိမ်သုံးကြိမ်တိုင်တိုင် ဆက်၍ ခေါ်နေသည်။

ဦးကောင်းမြတ် အိပ်နေရာမှ ဖုန်းမြည်သံကို ဂရုစိုက်မိလာသည်မို့ အိပ်မှုန်စုံမွှားဖြင့်ပင် ဖုန်း ပြောလိုက်မိသည်။
"ဟယ်လို ပြောပါ"
"ဘိုး လား၊ စု ခေါ်နေတာ"
"ဟေ့"
ဦးကောင်းမြတ် ချက်ချင်းပင် အိပ်ချင်ပြေသွားပြီ။

"ပြောလေ စု ပြော ဘယတုန်း ငါ့မြေးရဲ့"
"ဘိုး ကိုခေါ်တာ၊ ကြာလှပြီ၊ ဘာမှန်းလဲမသိဘူး၊ ဖုန်းလည်းမကိုင်ဘူး ခေါ်နေတာ ကြာလှပြီ ဟာကို"
"အေးပါ၊ အေးပါ။ ကဲပြော ဘာလုပ်ပေးရမလဲ"
"ဘိုး အခုအားလား"
မြေးဖြစ်သူ၏ အမေးကြောင့် ဦးကောင်းမြတ် နာရီကို လှမ်းကြည့်လိုက်သည်။ နာရီလက်တံ က ညနှစ်နာရီ။
"ဟဲ့ ငါ့မြေးရဲ့ ခုမှ ၂ နာရီရှိသေးတယ်"
"မရဘူး ဘိုး မရဘူး။ စုမေးတာ အခု အားလား၊ အိပ်နေတာမို့လား၊ အဲဒါဆို စုလာခဲ့မယ်၊ လာမယ်နော် ။ ဘိုး မအိပ်ရဘူး နော်လို့"
"ညကြီး ဟာ ကားမောင်းလာမှာလား၊ ဘာကိစ္စလဲ ပြောပါဦး"

"ခု လာပြီ။ ဘိုး မအိပ်နဲ့ ဒါပဲ"
တစ်ဖက်က ဖုန်ချသွားလေပြီ။ ဦးကောင်းမြတ် ဖုန်းကိုပြန်ချရင်း မီးခလုတ်ကို ဖွင့်လိုက် သည်။ တစ်ယောက် တည်းနေသော တိုက်ခန်းမို့ အိပ်ရှေ့တံခါးဆီသို့ ကိုယ်တိုင်ပင် ထလာ ရတော့သည်။ ဧည့်ခန်းဆီသို့ အရောက် တွင် အသက်(၇၁)နှစ် ပြည့်မွေးနေ့ ကျင်းပစဉ်က မြေးမဖြစ်သူနှင့် တွဲ၍ ရိုက်ထားသော ဓာတ်ပုံကို စားပွဲပေါ် တွင် တွေ့နေရသည်။
ဦးကောင်းမြတ် က ဧည့်ခန်းမီးများကို ထွန်းပြီး နံရံတွင် ချိန်ထားသော ဓာတ်ပုံများကို ဝှေ့ဝဲ၍ ကြည့်နေဖြစ်သည်။ ဓာတ်ပုံ မှာ များများစားစား မရှိပါချေ။ သူ ငယ်စဉ်က ကချင် ပြည်နယ်မြစ်ဆုံဒေသတွင် ရိုက်ကူးထားသော ရှုခင်းနောက်ခံ ပုံတစ်ပုံ။ သူနှင့် ဇနီးဖြစ်သူ ကချင်တိုင်းရင်းသူတို့ မင်္ဂလာပွဲတွင် ရိုက်ကူးထားသည့်ပုံ။ သားဖြစ်သူ၏ ဘွဲ့ဝတ်စုံဖြင့် ရိုက်ကူးထားသည့်ပုံ။ သားနှင့်ချွေးမ၊ မြေးဖြစ်သူ စုစုမြတ်တို့ ရိုက်ကူးထားသည့်ပုံ၊ စုစု မြတ် ဘွဲ့ဝတ်စုံဖြင့် ရိုက်ကူးထားသည့်ပုံ၊ ထိုပုံ ငါးပုံသာရှိသည်။

သူတွေးတောနေဆဲမှပင် ဘဲလ်တီးသံကြားရသည်။ မြေးမနေသော တိုက်ခန်းနှင့် သူနေ သောတိုက်ခန်းမှာ ကားမှတ်တိုင် သုံးတိုင်မျှသာ ဝေးသည်မို့ တခဏအတွင်း ရောက်လာ ခြင်းပင်။
သူ တံခါးဖွင့်ပေးလိုက်သည်နှင့်....
"အဲ့ ဘိုး ကလည်း ဘာမှန်းလဲမသိဘူး.။ ဖုန်းဆက်နေတာ ကြာလှပြီ။ ဘာဖြစ်နေလဲလို့ စိတ် ပူးနေတဲ့ဟာကို ဟမ်းဖုန်း ကိုင်ပါဆိုတာလည်း မကိုင်ဘူး။ စု အရေးကြီးပြီဆို ဘယ်လိုခေါ် ခေါ် မရဘူး။ သိချင်နေတာ သေတော့ မယ်။ သတင်းက ညကမှ ဖတ်ရလို့။ ဖတ်ပြီးပြီးချင်း ဂျာနယ်တိုက်ကို ဖုန်းဆက်သေးတယ်။ မနက်မှ အယ်ဒီတာတွေ က လာမှာ အဲဒီတော့မှ သိရမှာပဲ။ ဘိုးက ဘာမှန်းလဲ မသိဘူး.။ စု မောနေပြီဟာကို"
သူ ရယ်နေရုံမှ တစ်ပါး မြေးမ၏ မနားမနေ ပြောနေသမျှကို တံခါးပြန်ပိတ်ရင်း ထိုင်ခုံ ဆီ ပြန်လာ ၍ မြေးမလက်ထဲမှ ဂျာနယ်ကို လှမ်းယုရင်း နားထောင်နေမိသည်။

"ရော့ ဒီမှာ၊ ဘာလုပ်လို့၊ လုပ်ရမှန်း မသိတော့ဘူး"
"ဘာတုန်း စုရဲ့။ ပြောတာနားပါဦး၊ ရေသောက်လိုက်ဦး"
"အမလေး၊ ဟုတ်ပါရဲ့ အခုမှ ရေသောက်ဖို့ သတိရတယ်"
သူ့စကားကြောင့် အသက်နှစ်ဆယ်အရွယ် မြေးမဖြစ်သူက စားပွဲပေါ်မှ ရေဗူးကို ဖွင့်၍ အားပါး တရ မော့သောက်နေတော့သည်။ သောက်နေရင်းကပင် လက်တစ်ဖက်က ဂျာနယ် တစ်မျက်နှာဆီသို့ ညွှန်းဆိုနေပြန် ၏။

မြေးမ ညွှန်ပြရာ ဂျာနယ်စာမျက်နှာကို သူ ဖတ်ကြည့်လိုက်သည်။ မြေးမက သတင်းစာ သားများကို ဂျာနယ် စာမျက်နှာဆီ သို့ ညွှန်းဆိုနေပြန်၏။
ပန်ဒါနီ တစ်ကောင် ပျောက်ဆုံးခြင်းသတင်းပင်။
သူ့အတွေး များက ဟိုးအတိတ်ဆီသို့ ပြေးထွက်ရာမှ မြေးမ၏ စကားသံကြောင့် အတွေးစ တို့ ရပ်တန့် သွားတော့သည်။
"အဲဒါ၊ ဘိုးငယ်ငယ်က မွေးဖူးတဲ့ ပန်ဒါနီမျိုးလားဟင်၊ စုသိချင်လို့ မောနေတာပဲ၊ ဘိုး ပြော လေ။ နေဦး နေဦး။ စု အင်တာနက် ထဲက ဓာတ်ပုံကူးလာတယ်။ ဒီမှာ ကြည့်ပါဦး"
စုက ဘောင်းဘီအိတ် ထဲမှ ဟမ်းဖုန်းကို ထုန်၍ မြင်ကွင်းကိုဖွင့်ကာ ကူးလာခဲ့သော ဓာတ်ပုံ ကို ဖွင့်ပြပါသည်။ သူ့မျက်လုံးများ ကို ပို၍ ကျယ်သွားစေသည့် ဝက်ဝံနီလေး။

 သစ်ကိုင်း ပေါ်တွင် အပြစ်ကင်းစွာ အနားယူနေသည့် BABY ဝက်ဝံနီလေး။ အနီရောင်အမွေးများနှင့် အဖြူရောင် နှုတ်သီး၊ ဝိုင်းစက်နေသော မျက်လုံးများဖြင့် လောကကို အံ့သြတကြီး ငေးကြည့်နေသည့် ပန်ဒါနီလေး။
"ဟေ... ဟေ"
သူက ငေးမောနေရာမှ မြေးမ၏ အမေးစကားကြောင့် လှမ်းကြည့်ဖြစ်သည်။ အဲဒါမျိုး မဟုတ်လားဟု မြေးမက ဆက်မေးလာသည်။
"ဟုတ်တယ် စုရဲ့ ဒီလို ဝက်ဝံလေးပဲ"
"ဟယ်၊ စု တွက်တာမှတ်ပြီ။ မှန်ပြီ... ဘိုးနော်၊ စုမေးတာ ဖြေရမယ်နော်။ ဒီဝက်ဝံလေးက  ဘယ်လောက် တန်လဲဟင်"
"ဟာ ဘယ်တန်ဖိုးဖြတ်လို့ရမလဲ။ သူက ရှားပါးမျိုးနွယ်လေ"
မြေးမ က သူ့စကားကို နားထောင်နေပါသည်။

"လိမ္မာလိုက်တာလည်း ပြောမနေနဲ့တော့။ လူနဲ့နီးရင် လူရိပ်လူကဲ သိပ်သိတာ။ ဘိုး ရခဲ့ တုန်းက ဒီအရွယ်လေး ပဲ။ နောက်တော့ အခိုးခံလိုက်ရတာ ဘိုးပြောပြီးပါကောလား။ ဘိုး ဆို တစ်လလောက်ငိုနေတာ။ ဘယ်မှလည်း လိုက်ရှာလို့ မရပါဘူး"
"ဘိုး အဖေက ရောင်းစားတာလားမှ မသိတာ"
"ဟဲ့။ အရူးမရဲ့၊ ဘိုးအဖေ က ကချင်လူမျိုးအစစ်။ ဘယ်တော့မှ မဟုတ်တာမလုပ်ဘူး။ သူ့ ရေမြေတောတောင်ကို သိပ်ချစ်တာ၊ သူ့နယ်မြေထဲမှာတော့ ဘာတိရိစ္ဆာန်မှ မဖမ်းရဘူး။ မသတ်ရဘူး။ ရောင်းတာဝယ်တာ မလုပ်ရဘူး"
"ဟင် ကြက်တွေ ဝက်တွေကျတော့ရော"
"ဒါက စားကုန်တွေပဲ  စုရဲ့။ ဒါတွေတော့ ဘယ်တားမလဲ။ ရှားပါးတောတွင်း တိရိစ္ဆာန်ကို ပြောတာ။ ဘိုးထင်တာတော့ အဲဒီတုန်းက အရေးပိုင်မင်းရဲ့ တပည့်တွေ တစ်ဖက်လှည့် နဲ့ ခိုးသွားတာနေမှာ။ အရေးပိုင် မိန်းမ က ဘိုးရဲ့ ပန်ဒါနီကို လိုချင်နေတာကိုး"

"အင်း ဒါဆို.... ၊ အခု.. "
စုက စကားမဆက်တော့ဘဲ ဂျာနယ်ကိုငေးကာ တွေးတောခန်း ဝင်နေတော့သည်။ သည် ကလေးမက သတင်းထောက် ပိုး ဝင်နေရှာသူလေးမို့ ဒီလို ထူးထူးဆန်းဆန်း သတင်းဆို လျှင် သူထင်မြင်ယူဆသမျှ ဘိုးထံသို့ လာဆွေးနွေး တတ်၏။ ပြီးတော့ သူ့ဝါသနာက အထူး အဆန်းသတင်းများဆိုလျှင် ဂျာနယ်မှ ဖြတ်တောက်၍ ဖိုင်တွဲ လုပ်ကာ သိမ်းထားတတ်၏။ တစ်ခါတစ်ရံ ဂျာနယ်တိုက်ဆီင်္သို့ သူ့ထင်မြင်ချက် များ လှမ်း၍ ပေးပို့တတ်ပြန်သည်။
"တစ်ယောက်ယောက် က ယူထားလိုက်တာ မဖြစ်နိုင်ဘူးလား ဘိုးရဲ့။ ဒီလောက်တန်ဖိုး ကြီးတယ်ဆိုတော့လေ၊ စု တွက်တာ ကတော့"
"ကဲ၊ စု ဒီသတင်း ကို ဘယ်နှစ်ယောက်ဆီ မေးမြန်းပြီးပြီလဲ"
သူ့စကားကြောင့် မြေးမ က ဟီးခနဲ့ရယ်ရင်း လက်လေးချောင်း ထောင်ပြပါသည်။

"မေမေရယ်၊ ပြီးတော့ ဂျာနယ်တိုက်ကလူရယ်၊ ပြီးတော့ ပန်ထွာရယ်၊ ပြီးတော့..... "
"အဲဒါများ စုရယ်၊ ညကြီး ၂နာရီလာရတယ်လို့၊ ဒီပန်ဒါနီပျောက်တာများကွယ်"
"သြော်"
စုက သူ့လက်ထဲမှဂျာနယ်ကို ဆတ်ခနဲ ဆွဲယူလိုက်သည်။ ထိုင်နေရာမှ ငေါက်ခနဲ ထလိုက် သည်။
"ဖုန်းခေါ်တာ လည်း ချက်ချင်းမထူးဘူး။ လာပြောပြတော့လည်း မထုံတတ်တေးနဲ့၊ တော်ပြီ ဘိုး၊ နောက်တစ်ခါ ဘိုး တို့ရွာ အကြောင်းပြောရင် နားမထောင်တော့ဘူး၊ မေခ လည်း မပြောနဲ့။ မလိခ လည်း မပြောနဲ့ ဘာမှ ဘာမှ မပြောနဲ့၊ စု စိတ်ဆိုးတယ်"
သူက စိတ်ဆိုးနေသော မြေးမကို ပြန်ချော့ရန်အတွက် လက်ကို လှမ်းဆွဲလိုက်သည်။ စုက မထိုင်ဘူး ဟု ငြင်းနေ ဆဲ။

"ကဲပါ စုရယ်။ ဘိုး မနက်ကျရင် ဂျာနယ်တိုက်ကို သွားပို့ပေးမယ်။ ဒါပြောချင်တာ မဟုတ် လား။ ဘယ်မှာ လဲ ဆောင်းပါး။ ရေးပြီးပြီလား"
"တကယ်လား၊ ဘိုး တကယ်သွားပေးမှာလား၊ ရေးမယ်လေ။ အခု ရေးမယ်နော်၊ ဘိုးက ပန်ဒါနီ အကြောင်း ပြောပြပေး၊ စု အခု ရေးမယ်လေနော်"
သူက ပျော်ရွှင် သွားသည့် မြေးမကို အလိုလိုက်စွာ ပြုံးရင်း ခေါင်းညိတ်ဖြစ်ပါတော့သည်။

"ဘာထူးသေးလဲ ဦးဘသက်၊ သူတို့ဘက်က ဘာပြောသေးလဲ"
ဦးသိန်းဇော် က လုပ်ငန်းအစီရင်ခံစာ ဖတ်နေသည့် ဦးဘသက်အား မေးမြန်းလိုက်သည်။ ဦးဘသက်က အမှုဆောင်အရာရှိချုပ် အတွက် တင်ပြထားသည့် အစီရင်ခံစာကို ကမ်းလှမ်း ပေးရင်း စကားပြန်ပြောလာသည်။
"ရွှေလုပ်ကွက်တွေက ထင်သလောက် အလုပ်မဖြစ်ဘူး ပြောတာပဲဗျာ။ သူတော့ ရွှေကြော တစ်ခုရဖို့ လိုက်နေတယ်။ ကျွန်တော်တို့က အဲဒီက လုပ်ကွက်တွေ ရပ်ဆိုင်းတော့မယ်လို့ ကြားတာမဟုတ်ဘူးတဲ့။ ကျွန်တော်လည်း ဘာပြောရမှန်း မသိဘူး"
"စက်ကြီးတွေ အော်ဒါမှာတာရော"
"သူကတော့ ပို့ပေးဖို့ပြောတာပဲ။ ဒါမှ လုပ်ကွက်မှာ မြန်မြန်အကျိုးရှိမှာတဲ့။ ဒီထဲမှာပါတယ်။ သူတောင်းထားတဲ့ စီမံကိန်း အသုံးစရိတ်"

ဦးဘသက်က ဦးသိန်းဇော်ထံပေးထားသည့် အစီရင်ခံစာကို ညွှန်ပြနေသည်။ ဦးသိန်းဇော် က ရွှေလုပ်ကွက် အတွက် တောင်းခံထားသော အသုံးငွေစာရင်းနှင့် မှာ ယူထားသော စက်ပစ္စည်းများစာရင်းကို ကြည့်လိုက်သည်။
"သိန်းနှစ်ထောင်ကျော်နေပါလား။ ချေးငွေအတိုးနှုန်းနဲ့ တွက်ပြီးပြီလား"
"ကျွန်တော် တွက်ပေးရမလား"
"နေဦးဗျ။ အစည်းအဝေးခေါ်ရင် ကောင်းမယ်ထင်တယ်"
ဦးဘသက် က လက်ကာပြရင်း ရုံးခန်းအတွင်းကို ဝေ့ဝိုက်၍ အကဲခတ်လိုက်သည်။ ထို့ နောက် လေသံ တိုးတိုးဖြင့် ပြောပြလိုက်သည်။

"ဘဏ်တွေ ကလည်း ရွှေလုပ်ကွက်တွေကို ထုတ်မချေးဖို့ အော်ဒါထွက်ပြီးပြီ။ ကျွန်တော်တို့ ရှိတဲ့ ဘဏ်လက်ကျန် က သိတဲ့အတိုင်းပဲ၊ အစည်းအဝေးခေါ်ရင် ပိုကောင်းမယ် ထင်တယ်"
"ဒါဆို စက်တွေပို့ဖို့က"
"ပို့ရမှာပဲ။ စက်ရောင်းတဲံ ကုမ္ပဏီတွေကို ခဏထိန်းထားပေးမယ်။ တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ ကံကြမ္မာ က မောင်မြတ်မင်းလက်ထဲမှာ ပဲရှိတယ်။ ရွှေလုပ်ကွက်တွေ ဘက်က တိုးတက်မှ ဖြစ်မယ်။ ဒါမှ စက်ဖိုးငွေကို လစဉ် သွင်းပေးနိုင်မှာ"
"ရွှေကြော တစ်ခုရဖို့က ဘာတဲ့လဲ"
"အဲဒါက တရားဝင်မဟုတ်ဘူး။ နယ်ခံလူတစ်ယောက်နောက် လိုက်ပြီး စုံစမ်းနေတာ။ ရရင်တော့ ကောင်းတာပေါ့ ဗျာ။ ရရင်လည်း မြန်မြန်ရမှ ဖြစ်မယ်။ အစိုးရက မြစ်ဆုံဘက်ကို ရွှေလုပ် ကွက်တွေ ရပ်တော့မယ် လို့ ကြားနေတယ်။ မြန်မြန်မရရင် မဖြစ်ဘူး"

ဦးဘသက်စကားကို ဦးသိန်းဇော် လက်ခံပါသည်။
ကုမ္ပဏီ ၏ ရေရှည်ရပ်တည်ရေးက ကိုမြတ်မင်းပေါ် မူတည်နေပြီ။ ဆောက်လုပ်ရေးလုပ် ကွက်များအတွက် အရံ ထားရှိသော ငွေများအပြင် ပြင်ပမှ မှာယူထားသော စက်ပစ္စည်း များအတွက် ကုန်ကျငွေအားလုံးမှာ သူတို့ခေါင်းပေါ် ရောက် လာတော့မည်။ ကိုမြတ်မင်း တောင်းထားသော အသုံးငွေစာရင်းနှင့် စက်ကြီးများကို မပို့၍ လည်း မဖြစ်။ ခက်နေသည် တကား ထိုကိစ္စများကို တာဝန်ခံရမည်က သူတို့နှစ်ဦးသာ၊ အစည်းအဝေးကို ချပြ၍ လည်း မဖြစ်။ ငွေစာရင်းဌာနမှ တင်ပြလာမည့် လက်ကျန်ငွေနှင့် စီမံကိန်းကို သိနေပါလျက် အဘယ်ကြောင့် လုပ်ငန်း အတွက် အသုံးစရိတ် အဆမတန် သုံးစွဲရသနည်း။ ထိုမေးခွန်း ကို သူတို့ မဖြေချင်သေး။ ရွှေ၊ရွှေ၊ ရွှေဟူ၍ ပြောနေ၍လည်း မပြီး။

ကိုမြတ်မင်း တစ်ယောက်တည်း ရှေ့တန်းတွင် အားသွန်ခွန်စိုက် ကြိုးပမ်းနေရသည်ကို လည်း သူတို့ အသိ၊ ရွှေလုပ်ကွက် မှ အကျိုးအမြတ်များများ မပေါ်ထွန်းသေးသည်မှာလည်း စက်ကြီးများနှင့် လုပ်သား အင်အား ချမပေးနိုင်သောကြောင့်ဟု အဖြေထွက်နေသည်။
"ပို့သာပို့ လိုက်ပါဗျာ။ ဖြစ်လာမှတော့ ရှင်းရမှာပဲ။ စက်ကုမ္ပဏီကိုတော့ ခင်ဗျားကိုယ်တိုင် သွားပြော ပါဗျာ။ တော်ကြာ အကြွေးစာရင်းဆိုပြီး စာလှမ်းပို့နေမှ စီမံဘက်ကပါ သိပြီး ကျွန်တော်တို့ ဖုံးထား သမျှ ပေါ်ကုန်လိမ့်မယ်"
ဦးသိန်းဇော် ၏ စကားကို ဦးဘသက်က နားထောင်နေသည်။

"အခု၊ စီမံကို ကျွန်တော်တို့ဘာသာ လုပ်မယ်ဆိုပြီး ဆိုင်ငံ့ဖို့အကြောင်းကြားစာ ပို့ထားမယ် လေ။ စက်ပစ္စည်းနဲ့ အသုံးစရိတ် ထပ် မှာတာ သူတို့သိနေတယ်။ ကြည့်ကောင်းအောင်ပဲ ပြောထားရမှာပဲ"၏
သည်ကိစ္စကိုတော့ ဦးသိန်းဇော် စိတ်မပူသေး။ ကိုမြတ်မင်း တောင်းခံသည့် အမှာစာအား ဆုံးဖြတ်ချက် ချရမည်က ဦးသိန်းဇော်ပေမို့ ဆိုင်းငံ့ဟု အကြောင်းပြထား လိုက်ရုံသာ။ စီမံက ဘာမှ ဆက်မေးတော့မည်။ မဟုတ်။
တစ်ခုတော့ ရှိသည်။ သည်ပြဿနာကို ကာယကံရှင် ကိုမြတ်မင်းထံသို့ တိုက်ရိုက်ပြော ထားမှဖြစ်မည်။ ဦးသိန်းဇော် က စဉ်းစားရင်း ကိုမြတ်မင်းထံသို့ ဖုန်းခေါ်လိုက်ပါတော့ သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, July 29, 2012

မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး အပိုင်း (၁)

ကျေးဇူးတင်လွှာ

ဤ၀တ္ထုသည် ကချင်ပြည်နယ်၏ သဘာဝအလှတရားများနှင့် မြစ်တစ်စင်း၏ မာမကျန်းမှု ကို ၀ိုင်းဝန်း ကူညီစောင့်ရှောက်ကြသည့် သာမန်ဝတ္ထုမျှသာဖြစ်သည်။ ဆိုလိုသည်မှာ ၀တ္ထု ဇာတ်လမ်းက ဘာမှအရးမကြီး။ အရေးကြီးသည် ကား ဤ၀တ္ထုဖြစ်ပေါ်လာရန် အခြတည်ခဲ့သည့် ဂျာနယ်မီဒီယာသတင်းထောက်တို့၏ စစ်မှန်သော ရပ်တည်ချက် ဖြစ်သည်။ ဤ၀တ္ထုအစိတ်အပိုင်းများစွာတို့သည် ပြင်ပမှ တကယ့် သတင်းထောက် များ ၏  သတင်းအရင်းအမြစ်များဖြစ်သည်။

weekly Eleven Bi Weekly Eleven 7 Days News Popular News စသည့်ဂျာနယ်များမှ သတင်းထောက် ဆရာ၊ ဆရာမများ အပါအ၀င် ဆရာမြင့်မောင်ကျော်၊ ဆရာမ ဂျူးနှင့် ကိုမြင့်ဇော် တို့သုံးဦး စီစဉ်ထုတ်ဝေသည့် မလိအင်မိုင်စွပ် စာအုပ်၊ ဒေါ်ဒေ၀ီသန့်စင် စီစဉ်သည့် ဧရာဝတီ ကိုတော့ မလွမ်းချင်တော့ပါ စာအုပ်များ အပါအ၀င် ပညာရှင် များ၊ သုတေသီများ NGO များ၏စွမ်းဆောင်ချပ်များကို ဖတ်ရှုလေ့လာ၍ ၀တ္ထုပြုစုထားခြင်း ဖြစ်သည်။ အထူးသဖြင့် Weekly Eleven မှ ဂျာနယ်လစ်မဖြူနု (စံပယ်ဖြူနု)၊ ကိုဇော်သက်ထွေးနှင့် ဂျာနယ်လစ် အသီးသီး တို့၏  သတင်းများဖြင့် ဤ၀တ္ထုကို အထူးပြု ထားပါသည်။

အဓိက ကျွန်တော်ပြောလိုသည်မှာ အဖိုးတန်သောသတင်းရင်းမြစ်တို့ ဂျာနယ်ထက်မှာပင် လွင့်မျောသွားရမည်ကို မလိုလား၍ ဖြစ်သည်။ သူတို့ သူတို့တစ်တွေရေးသားဖော်ပြခဲ့သည့် သတင်းဓာတ်ပုံ၊ ဆွေးနွေး ချက်၊ ဟောပြောပို့ချ ချက် များကြောင့် မြန်မာ့သမိုင်းတွင် အငြိမ်းချမ်း ဆုံးနှင့် မြေကမ္ဘာအောင်ပွဲတစ်ရပ် သည် ကျွန်တော်တို့ရှေ့တွင် ဖြစ်ထွန်းသွား ခဲ့သည်။ ဤသည်ကို ကျွန်တော်တတ်သော စာရေးခြင်း အတတ်ဖြင့် ကျေးဇူး ဆပ်ခြင်း မျှသာ။ ကျွန်တော်သည် သူတို့၊ သူတို့တစ်တွေ၏ ဂုဏ်သတ္တိများနှင့် လားလားမျှ ယှဉ်ထိုက် သူမဟုတ်ပါချေ။

ဤစကားဖြင့်ပင် သူတို့ကို ထပ်ဆင့်၍ ဂုဏ်ပြုပါသည်။
ဤ၀တ္ထုတွင် ကျွန်တော်သည် ရေသာမခို၊ အချောင်မလိုက် သတင်းရင်းမြစ်တို့၏အစွမ်း ပကားကို တန်ဆာဆင်၍ တန်ဖိုးထားရေးဖွဲ့ထားသည်။ ကျွန်တော်ရေးဖွဲ့ပုံ အံမကျမှုကြောင့် ၀တ္ထုကောင်းမကောင်း အာမမခံနိုင်ငြား ထိုထိုသတင်းတို့၏ တန်ဖိုးတို့မှာ ကမ္ဘာမြေထက်တွင် ကမ္ဗည်းမှတ်ကျောက်တင်နေမည်သာတည်း...။ သူတို့၏ကျေးဇူးကို ကျွန်တော် အမှတ်ရနေဦးမည်သာ။

မာန်(တောင်လုံးပြန်)

အခန်း (၁)

ကိုမြတ်မင်း၏စကားအဆုံးတွင် အားလုံး တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။ အစည်းအဝေး ခန်းမတွင်း၌ ပရိုဂျက်တာ မှ မီးအလင်းရောင်နှင့်အတူ တက်ရောက်လာသော အမှုဆောင် အဖွဲ့ဝင်တို့၏ မျက်နှာပြင်ထက် ၌ ဝေခွဲမရမှုတို့ ထင်ဟပ်နေဆဲပင်။ မေးခွန်းထမေးမြန်းမည့် စကားသံပင် ပေါ်ထွက်မလာပါချေ။
ကိုမြတ်မင်း က တိတ်ဆိတ်နေမှုကို ဖြိုခွဲရန်အတွက် ပရိုဂျက်တာခလုတ်ကို ထပ်၍နှိပ်လိုက် ပါသည်။ မြင်ကွင်းက ပုံစံပြောင်း သွားလေပြီ။ စီမံကိန်းပုံစံအရ ရင်းနှီးမြှုပ်နှံမှုဇယားကွက်ကို လစဉ်အတိုင်းရေးဖွဲ့ ထား သည့် မြင်ကွင်း ကပေါ်ထွက် လာသည်။ ကိုမြတ်မင်းက ဆက်၍ရှင်း ပြပါသည်။

ကျွန်တော်တို့ဆီမှာ ၂၀၁၀ အတွင်းဖြစ်လာမယ့် ရင်းနှီးမြှုပ်နှံမှုဟာ ဘီလျံ ၁၅၀ ကနေ ၂၀၀ ၀န်းကျင်ဖြစ်လာမယ့် လက္ခဏာပါ။ ဒါက လျှပ်စစ်စွမ်းအားဘက်က ရင်းနှီးမြှုပ်နှံမှုပဲ တွက်ချက်ထားတာ၊ ၂၀၀၉ ခုနှစ်တုန်း က ပြန်ကြည့်ရင် ၃ ဘီလျံလောက်ပံရှိတယ်။ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ဆောက်လုပ်ရေးကို ကြည့်ဦးမလား၊ ၂၀၀၉ ခုနှစ် က ၁၉ ဘီလျံပဲရှိတယ်။ အခုခန့်မှန်းခြေအရ ဘီလျံ ၄၀၀ ကနေ ၅၀၀ အထိ ဖြစ်လာနိုင်တယ်။

ဒါတွေအားလုံးဟာ ကြောက်ခမန်းလိလိ တိုးတက်လာတာ အမြင်ပဲ။ မဖြစ်မနေ ကျွန်တော် တို့ငွေရင်းနှီးရှာရမယ်။ ကျန်တဲ့ ကုမ္ပဏီတွေမှာ ငွေကြေးကျောထောက်နောက်ခံ ရှိချင် ရှိမယ်။ ကျွန်တော်တို့မှာက သူတစ်ပါး အပ်ကုန်ပဲ ရှိတယ်။ အဲဒီအပေါ်မှာ အကျိုးအမြတ် တွက်ပြီးကုမ္ပဏီ လည်ပတ်နေ၇တယ်။ ဒီအထဲကမှ ကြော်ငြာစရိတ်၊ ၀န်ထမ်းစရိတ်တွေ နုတ်ရသေးတယ်။ ဒါကြောင့်ငွေပင်ငွေရင်း ရဖို့ဆိုရင် ကျွန်တော်ပြောတဲ့ စီမံကိန်းကို မြန်မြန် တိုးချဲ့ အကောင်အထည်ဖော်စေ ချင်ပါတယ်..''
'' ဆောက်လုပ်ရေးကိုပဲ စာချုပ်များများ မရနိုင်ဘူးလား''
အမှုဆောင် တစ်ဦးဖြစ်သူ ဦးဘသက်က မေးခွန်းထုတ်လာပါသည်။

ကိုမြတ်မင်းက ခေါင်းခါယမ်းနေသည်။ သူဘာမှ ပြောစရာမလို။ ၂၀၁၀ ခုနှစ် နှစ်ဦးပိုင်း မှာပင် ပြည်ပမှ လှိမ့်ဝင်လာသော တည်ဆောက်ရေးလုပ်ငန်းကြီးများ အတွက် အားလုံး အပြင်းအထန် ကြိုးစား ခဲ့ကြပြီးပြီ။ သာမန် ကန်ထရိုက်လုပ်ငန်းလေးများအဖို့ အုတ်စီ၊ အချောကိုင်လုပ်ငန်းလေးများမှအပ မည်သည့် စာချုပ်မှ မချုပ်နိုင်ခဲ့။ ကိုယ့်လုပ် ကွက်မျိုးလည်း မဟုတ်။ အဓိကပြဿနာမှာ ကုမ္ပဏီအနေဖြင့် တစ်ဖက်သူများ ယုံကြည့်စိတ်ချနိုင်လောက်သည့်  အာမခံချက်လုပ်ငန်းနှင့် ငွေပင်ငွေရင်း မပြည့်စုံခြင်းပင်။ ထိုကိစ္စသည် အထူးရှင်းပြစရာ မလိုပါချေ။ မိမိတို့ကုမ္ပဏီမှ တည်ဆောက်ပေးခဲ့သည့် လုပ်ငန်းများက တစ်နိုင်တစ်ပိုင် လုံးချင်းတိုက်များနှင့် ဆိုင်ခန်းများသာ ဖြစ်သည်ကိုး။ ထိုလုပ်ငန်းလေးများကိုပင် အပ်နှံသူ ထဲမှ ငွေကြိုချပေးသည့် စနစ်ကို လက်ခံဆောင်ရွက်နေ ရသည်။ ကွန်ဒိုမီနီယံအဆင့်ကိုပင် မတက်နိုင်သေး။

၂၀၁၀ နှစ်ဦးပိုင်းတွင် တည်ဆောက်ရေးကဏ္ဍအတွက် အရင်းအနှီးများက သန်းပေါင်းများ စွာလှိမ့်ဝင် လာနေသည်။ ယခုကာလအထိ မိမိတို့ကုမ္ပဏီမှ မည်သည့်စာချုပ်မှ မရေသေး။ ကြာလျှင် ကုမ္ပဏီ ရပ်တည်ရေး အတွက် စိုးရိပ်ရတော့မည်။
ကိုမြတ်မင်းက မီးများ ပြန်လင်းလာသည့်တိုင် ထိုင်ခုံမှာ မထိုင်သေး။ အမှုဆောင် အရာရှိချုပ် ထံမှအဖြကို မျှော်လင့်နေသည်။ သူ့ဆန္ဒကို နားလည်သဖြင့် အရာရှိချုပ် ဦးသိန်းဇော်က လက်ပြ၍ ထိုင်ခွင့်ပြု ပါသည်။ အစည်းအဝေး တက်သူများက ဦးသိန်းဇော် ပြောမည့်စကးကို အာရုံစိုက်နေကြပါသည်။

''ကောင်းပါတယ် မောင်မြတ်မင်း။ မောင်မြတ်မင်း ပြောတာ သဘာဝကျပါတယ်။ အန်ကယ်တို့လည်း ကိုယ်တတ်နိုင် သလောက် စာချုပ်ရအောင်လုပ်ခဲ့တာပဲ။ ဒါပေမဲ့ ခေတ်က အန်ကယ်တို့ခေတ် မဟုတ်တော့ဘူး။ အန်ကယ် တို့မှာက အငြိမ်းစားဆိုတဲ့နာမည် ပဲရှိတော့တာပါ။ အန်ကယ်တို့ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ဆီ လိုက်ခဲ့ပါတယ်။ အရဘူးလေ။ သူတို့က ဘီလျံချီးပြီး စကားပြောနေကြပြီ။ အန်ကယ်တို့မှာက တဲဆောက်တဲ့ အဆင့်ပဲ ရှိတာကိုး။ အဓိကက ငွေပင်ငွေရင်းပဲ။ ကိုယ့်ကုမ္ပဏီက လုပ်ပြထားနိုင်မှ တစမ်ဖက်နဲ့ စာချုပ် ကိစ္စပြောလို့ကောင်းတယ်။ တဲဆောက်တဲ့လုပ်ငန်းကို ဘယ်သူမှ တိုက်မဆောင်ခိုင်းဘူး။ မောင်မြတ်မင်း စိုးရိပ်တာ အန်ကယ်သဘောပေါက်ပါတယ်။

ကုမ္ပဏီက ပညာရှင်ပိုင်းက လူတွေဘယ်လောက်အထိ ကုမ္ပဏီကလစာနဲ့ ဆက်နေနိုင်မလဲ ဆိုတာ တကယ် စဉ်းစားစရာပါ။ ဟိုမှာက ဧရာမငွေကြေးတွေနဲ့။ လစာကလည်း မက်လောက်စရာတွေ၊ သတို့ဆီက ဒရိုင်ဘာတောင် ဒီက အင်ဂျင်နီယာတွေရတဲ့ လာစာနီးနီး ဖြစ်နေရင် ဘယ်လိုမှထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် မောင်မြတ်မင်း တင်ပြခဲ့တဲ့ ရွှေလုပ်ကွက်ကို အားလုံးပဲ ပြန်စဉ်းစားလေ့လာကြဖို့ တိုက်တွန်းပါတယ်။ ဒါပါပဲ''
ဦးသိန်းဇော်၏စကားအဆုံးတွင် အစည်းအဝေးမှာ ပြန်၍တိတ်ဆိတ်သွားပါတော့သည်။ အတွင်းရေးမှူး ဦးမြင့်ဝင်း က ကိုမြတ်မင်းနှင့် ဦးသိန်းဇော်ကိုကြည့်၍ ခွင့်ပြုချက်တောင်းခံ သည်။ ဦးသိန်းဇော်က ကိုမြတ်မင်း ကို မေးခွန်းပါသောအကြည့်ဖြင့် ကြည့်ပါသည်။ ကိုမြင့်မင်းက ခွင့်ပြုစွာဖြင့် ခေါင်းညိတ်ပါသည်။

ထို့ကြောင့်ပင် ဦးမြင့်ဝင်းက အစည်းအဝေးပြီးဆုံးကြောင်း ပြောပြလိုက်၏။ အမှုဆောင်အဖွဲ့ ဝင် ကိုးဦးစလုံး တိတ်ဆိတ်စွာ ပင် ထွက်ခွာသွားပါတော့သည်။
"မောင်မြတ်မင်း ခရီးထွက်ရဦးမှာပေါ့နော်"
"ဟုတ်ကဲ့ အန်ကယ်၊ ကျွန်တော် ဒီတစ်ခေါက် အသေးစိပ်လေ့လာခဲ့မှာပါ"
"မန္ဒားချောင်း ဘက်မှာဆိုရင်တော့ အန်ကယ့်အသိတွေရှိတယ်"
"ဟုတ်ကဲ့ အန်ကယ်"
"အန်ကယ် စာရေးပေးလိုက်မယ်၊ လက်ရှိလုပ်ကွက်တွေက အဆင်ပြေတယ်မို့လား"

"ပြေတော့ပြေပါတယ်၊ ဒါပေမဲ့ ကျွန်တော်စောစောကပြောသလို သူများလုပ်ကွက်တွေက ထိုးစက်ကြီးတွေ သုံးနေပြီ။ ကျွန်တော် တို့က တစ်လုံးထိုးစက်ပဲ သုံးနိုင်တယ်။ ပေးရတာက ရွှေငါးမူးသား၊ ထိုးစက်ကြီး သုံးရင် ရွှေတစ်ကျပ်သားပဲပေးရတာ။ တစ်လမှ တစ်ကျပ်သား၊ ထွက်နှုန်းကအရမ်းကွာတယ် အန်ကယ်။ အချိန်က တစ်လဆို တစ်လကုန်တာပဲ၊ အဲဒီ အချိန်တစ်လမှာ ဥပမာပြောရရင် သူများရွှေတစ်ဆယ်သားရရင် ကျွန်တော် တို့က သုံးကျပ် သားဖြစ်နေမှာ။ ကုန်သွားတဲ့အချိန်ကို ဘာနဲ့မှ ပြန်ဝယ်လို့မရဘူးလေ"
"မေခမြစ်ဘက်ခြမ်းကရော အဆင်ပြေပါ့မလား"

"ကျောက်တောင်ထူတယ်၊ ဒါပေမဲ့ လက်မျောသမားတွေ၊ ဖောင်မျောသမားတွေရှိတယ်။ စက်မျောကို ချဲ့နိုင်ရင် အဲဒီမှာက လုပ်ကွက်ပိုသာတယ်။ ကျွန်တော်ချဲ့ရင် အဲဒီဘက်ကိုပဲ ချဲ့ချင်တယ်။ အဆိုင်းသမားတွေက သုံးဆယ်လောက် ရှိတယ်။ မန္ဒားချောင်းမှာတော့ လုပ် ကွက်ကြီးတွေက အကြီးအကျယ်ဖြစ်ကုန်ပြီ။ ရွှေကလည်း အဲဒီမှာ ပိုရနေကြတယ်။  စင်တစ်စင်ကို သုံးကျပ်သားလောက် နေ့စဉ်ရနေတာဆိုတော့ အသည်းအသန် တူးတော့ တာပဲ။ အရင်ကတော့ လက်မျောသမားတွေပဲ ရှိတယ်။ အခုတော့ တူးစက်ကြီးတွေနဲ့ ချကုန်ပြီ။ ကျွန်တော် တို့ နောက်ကျလို့ မဖြစ်ဘူးအန်ကယ်"
ဦးသိန်းဇော် က ရယ်ရင်းဖြင့်ပင် "တို့က တိုက်ဆောက်တဲ့ ကန်ထရိုက်ကနေ ရွှေတူးတဲ့ ကန်ထရိုက် ဖြစ်ကုန်ပြီပေါ့" ဟု ပြောလာတော့သည်။
ကိုမြတ်မင်း က ခေါင်းညိတ်ပါသည်။

"အားလုံး ပြောင်းလဲနေပြီပဲ အန်ကယ်။ မပြောင်းနိုင်ရင် ကျွန်တော်တို့ အန်းဒင်းက မလှဘူး ဖြစ်သွားမယ်"
ည၏ တိတ်ဆိတ်ငြိမ်သက်မှုသည် တန်ဖဲရွာလေးပေါ်သို့ အပြည့်အဝ ကျရောက်နေသည်။ နူးတစ်ယောက် ထမင်းဆိုင် ၏ မီးဖိုးအနီးတွင် ထင်းချောင်းများကို စီနေရင် နဘေးတွင် ဓားသွေးနေသည့် ဇော်ဟိုးကို အကဲခတ်နေသည်။ ထမင်းဆိုင်၏ ကွပ်ပျစ်ပေါ်တွင် လူငါး ယောက် အိပ်မောကျနေသည်။ သူတို့ခြေရင်းတွင် ရိက္ခာ ထည့်ထားသော ကျောပိုးအိတ်များ ခြင်းတောင်းများနှင့် ပေါက်တူးများ၊ ပေါက်ပြားများကို ချီနှောင်ထား သည့် ရွှေတွင်သုံး ကိရိယာများ ရှိနေသည်။

နူးက ထင်းချောင်းစီနေရင်း ဗိုက်တွင်းမှ ရုန်းလိုက်သည့် ဒဏ်ကြောင့် ခါးကို ပြန်မတ်လို သည်။ သူ့နှုတ်ဖျားမှ ညည်းတွားသံ တိုးတေိုးလေး ထွက်သွားသဖြင့် ဇော်ဟိုးက လှမ်းကြည့်ရင်း.....
"ဘာလို့လဲ နူး၊ ဗိုက်နာလို့လား"
နူးက ခေါင်းခါရင်း ထင်းစီးကို တွန်းလိုက်၏။ နူးမျက်နှာက ပို၍ မဲ့လာသည်မို့  ဇော်ဟိုး ထလာသည်။
"ငါ လုပ်လိုက်မယ် နင်သွားအိပ်တော့လေ"
ဇော်ဟိုး က နူးကို တွဲ၍ ထူလိုက်ပါသည်။ နူးက ဇော်ဟိုးကို ဘာမှမပြောဘဲ ရပ်လိုက်သည်။ နူး ဗိုက်က အတော်ပင် စူနေပြီ။ ခုနစ်လဟူသော ကိုယ်ဝန်က အထဲမှ တစ်ခါတစ်ခါ ကန်ကျောက်တတ်နေပြီ။
"ငါပြန်လာအောင် စောင့်နော်။ အမှာရှိတုန်း သွားရမှာဟ"

"နင် မကြာနဲ့နော်"
နူးစကားကို ဇော်ဟိုး မဖြေနိုင်။ တောတက်ရာတွင် သုံးမည့် ကျည်တောက်နှင့် ကျော်ပိုး အိတ်ကြည့် ရင်း သွေးပြီးစ တောတက်ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပါသည်။
"ရက်ကြာရင် မသွားပါနဲ့ဟာ။ ငါ နင်မရှိမှာစိုလို့ သူတို့နဲ့... "
နူးက စကားမဆက်။ ကွပ်ပျစ်ပေါ်တွင် အိပ်မောကျနေသော ရွှေတူးသမားများကိုကြည့်ရင်း ထိုင်ခုံပေါ်တွင် အသာအယာ ထိုင်ချ လိုက်သည်။
"ဒီ တစ်ခေါက် ပါပဲဟာ။ နင်မမွေးခင် ငါရောက်မှာပါနော်"
"နင် သွားချင်ရင် သွားပါ၊ ရတယ်ဟာ"
နူး စကားကြောင့် ဇော်ဟိုး စားပွဲပေါ်မှ ချက်အရက်ပုလင်းကို ယူ၍ ခြင်းတောင်းထဲသို့ ထည့် လိုက်သည်။

"ငါက သစ်ခွမုဆိုး၊ ငါ့ဖေလည်း သစ်ခွမုဆိုး၊ ငါ့အဘိုးလည်း သစ်ခွမုဆိုး၊ ဒီအလုပ်ပဲ ငါလုပ် ချင်တယ်ဟာ။ အဘိုး က ငါ့ကိုပြောဖူးတယ်၊ ငါတို့ခြေထောက်အောက်မှာ အဖိုးတန် မြေကြီး ရှိတယ်။ ငါတို့သောက်သုံးတဲ့ရေဟာ အဖိုးထိုက် တန်တယ်၊ အဲဒီမြေတွေ ရေတွေကို မဖျက်ဆီးရဘူးတဲံ။ ငါတော့ သစ်ခွမုဆိုပဲ လုပ်မယ်။ သူများတွေ ဘယ်လောက်ပဲ မြေကို တူးတူး၊ ရေကို ဖောက်ဖောက် ငါမလုပ်နိုင်ဘူး။ နူးရယ် နင် ထမင်းမငတ်စေရပါဘူး။ အရင်က သစ်ခွကောင်းကောင်းရဖို့ ငါတို့ လေးရက်ပဲ ကြာတယ်။ အခု တောတွေပြုန်းပြီး သစ်ပင်တွေ ဝေးသည်ထက်ဝေးလာတယ်။ ဘာဖြစ်လဲဟာ။ ငါက သစ်ခွမုဆိုးပဲ။ ငါ့ရဲ့ ရိုးရာ လုပ်ငန်းကို ငါဆက်လုပ် ရမှာ ငါ့တာဝန်လေ။ နင် ငါ့ကို သားလေးမွေးပေးရင် ငါ သူ့ကို ဒီအမွေပဲ ဆက်ပေးမယ်။ ငါတို့မြေ၊ ငါတို့ရေ၊ ငါတို့တောတောင်တွေ ကျန်နေသမျှ ငါ သစ်ခွ မုဆိုးလုပ်နေဦးမှာပဲ"
ဇော်ဟိုက ပြောလက်စ စကားကိုရပ်လိုက်သည်.။

ကွပ်ပျစ်ထက်၌ လဲလျောင်နေသူ တစ်ဦးက မီးခြစ်ခြစ်၍ ဆေးလိပ်မီးညီရင်း ပြန်၍ ငြိမ် သက်နေ၏။
ညသည် ပြန်၍ တိတ်ဆိတ်သွားပြန်သည်။
တန်ဖဲရွာအနီး စီးဆင်းနေသော မန္ဒားချောင်းဆီမှ ရေတိုးသံက တစ်ခါခါ ရယ်မောသံလိုလို၊ တစ်ခါခါ ငိုညည်းသံလိုလို လေတွင် ပဲ့တင်ထပ်လာတတ်သည်။
မကြာမီ ည၏တိတ်ဆိတ်မှုတို့ ပြေးထွက်ပေတော့မည်။

ရွှေလုပ်ကွက်များဆီမှ အရုဏ်ဦး ခရာမှုတ်သံများ ထွက်လာပေတော့မည်။ စက်ကြီးများ အော်သံပေး၍ မြေကို တူးဆွပေတော့မည်။ ချောင်းထဲမှ နုန်းမြေကို စုတ်ယူသော မော်တာ သံများ ဆူညံလာတော့မည်။ လုပ်ကွက်ထဲ မှ ရွှေတူးသမားများ စုတ်ယူသော လှုပ်ရှား သက်ဝင်လာတော့မည်။ တကယ်တော့ တန်ဖဲရွာလေး ညကောင်းကောင်း မအိပ်သည်မှာ မကြာသေး။ အနယ်နယ်အရပ်ရပ်မှ ရွှေတူးသမားများ နေ့စဉ် အစုလိုက်အပြုံလိုက် တိုးဝင် လာကြသည်မို့ ရွာကလေးမှာ ညကောင်းစွာမအိပ်နိုင်ရှာ။

ဇော်ဟိုးသည် သစ်ခွမုဆိုး၏ အဆောင်အယောင်တို့ကို လွယ်ပိုးလျက် ရိုးရာပူဇော်ပသမှု ဖြင့် တောင်ဆီသို့ ဂါရဝပြု လိုက်သည်။ နူးက အပြုံးတစ်ဝက်ဖြင့် ငေးကြည့်နေ၏။ အသက် နှစ်ဆယ်အရွယ် ကချင်ဇနီမောင်နှံ၏ အရုဏ်ဦးက မတူကွဲပြားခဲ့ပြီ။ ဇောဟိုးသည် နံနက် မလင်းမီ တောင်သို့တက်သည့်အခိုက် နူးသည် ရွှေတူးသမားများအတွက် နံနက်စာကို စီမံ ချက်ပြုတ်ရင်း ကျန်ရစ် ခဲ့လေပြီ။
ကိုမြတ်မင်း သည် ဆေးလိပ်ကို မီးသေသည့်အထိ ချထားလိုက်ပြီး မျက်နှာသစ်ရန် ထလိုက် သည်။ တဲအိမ် အတွင်း၌ ထင်းမီဖိုနံ့က လှိုက်၍ ထွက်နေ၏။ ကောင်လေးတစ်ယောက်က ငါးခြောက် များကို ဖြတ်တောက်နေ သည်.။ ဆိုင်ရှင်မိန်းမအရွယ်က ဗိုက်ကြီး တကားကား ဖြင့် ထမင်းအိုးကို မီးထိုးနေ၏။

တကယ်တော့ သူ နိုးနေသည်မှာ စောစောကတည်းကပင်၊ ဆိုင်ရှင်မိန်းကလေးနှင့် သူ့ ယောက်ျား တို့ ပြောနေသည် ကို သူ ကြားနေရသည်။ သူ့စိတ်ထဲ၌ ကောင်လေးကို အထင် မကြီ။ ကိုယ့်ခြေထောက်အောက် တွင် ရွှေထွက်နေသည်ကို ဥပေက္ခာပြု၍ ဟိုးတောင်ပေါ် တွင် သစ်ခွရှာဖွေသည်ကို သူ အထင်မကြီးနိုင်။ ကလေးမလေး ခမျာ ကိုယ်လေးလက်ဝန် အရင့်အမာဖြင့် ထမင်းဆိုင်ဖွင့်ကာ ရှာဖွေစားသောက်နေရသည်။ ဤသည် ကို သူ စိတ်မ ကောင်း။ ဤထမင်းဆိုင်လေးမှာ သူ့အတွက် အရေးကြီးသည့် ကိစ္စရှိနေသည်။

သူမျက်နှာသစ်ပြီးချိန် တွင် နူးက ရေနွေးအိုးနှင့် အကြမ်းပန်းကန်လုံးများ လာချပေးပါသည်။ သူက ကော်ဖီမစ် ထုတ်ကို ဖောက် ၍ ဖျောလိုက်ရင်း...
"ဇော်ဟိုး က ဘယ်အထိ သွားရတာလဲ"
သူက နူးကို မေးခွန်းထုတ်လိုက်သည်
"တအား ကို ဝေးတယ်အစ်ကို၊ သစ်ခွတွေက ရှားလာပြီလေ"
"မနေ့ က အစ်ကိုမေးတာ မေးကြည့်သေးလား"
"ဟင့်အင်း၊ သူ တအားစိတ်ဆိုးမှာ ထမင်းစားလို့ရပြီနော်"
နူးက သူ့ကို စကားဖြတ်၍ ထမင်းစားပွဲဆီသို့ ထွက်သွားတော့သည်။ သူလည်း ဘာမှ ထပ်မပြောဖြစ်တော့။ ကွပ်ပျစ်ပေါ်မှ လူများ နိုးလာကြပြီမို့ လုပ်ကွပ်များဆီသို့ ထွက်ခွာရန် ပြင်ဆင်နေတော့သည်။ သူက ခရီးဆောင်အိတ် ကို ခေါင်းရင်းဘက်သို့ ရွှေ့ထားလိုက်၏။ ဤခရီးစဉ်တွင် သူလိုက်သွားဖို့ မလိုသေး။ မှာယူထား သည့် ရိက္ခာများက အနက်ဖြန်မှ တန်ဖဲသို့ ရောက်မည်မို့ သူ စောင့်ရဦးမည်။ ရွှေတွင်းမှ လူများရိက္ခာ လာသယ်မှ သူလိုက် သွားမည် မို့ သူ့အတွက် အချိန်ပိုနေသည်။

ရွှေတွင်းများဆီမှ စက်ကြီးမောင်သံများ ကြားနေရပြီ။ အလုပ်ခွင်ဝင်ရန် အချက်ပေးသံများ ကြားနေ ရပြီ။ ရွှေတူးသမားများက အဆိုင်းလိုက် ပြင်ဆင်နေကြပြီ။ ယနေ့အဖို့ လုပ်ကွပ် များအားလုံး မနားမနေ စနေကြပြီ။ မန္ဒားချောင်းတစ်လျှောက် ရွှေလုပ်ကွက်ရထားသည့် ကုမ္ပဏီများက တစစ များပြား လာခဲ့ပြီမို့ နေ့ညဟူ၍ သိပ်ပိုင်းခြားချိန်မရှိ။ အချိန်သည် ဤ အရပ်၌  ရွှေနှင့် စပ်၍ ရနေ၏။ တစ်နာရီ။ တစ်မိနစ်၊ တစ်စက္ကန့် က အစ ရွှေနှင့် စပ်၍ အဖိုးတန်နေတော့သည်။ တူးသည့်လူကတူး၊ သယ်သူကသယ်၊ ကျင်သူကကျင်၊ ဆေး သူကဆေး၊ မည်သူမှ အချိန်ကန်မခံလိုကြ။ မြစ်၏ မြေကြီးက ရွှေသီးနေသည့် အရပ်မို့ ရပ် နားနေသူ အတွက် ဘာမှအကျိုးမရှိ။

ယခု သူရောက်နေသည်မှာ ငါးရက်ရှိပြီ။ သည်ထမင်းဆိုင်လေးမှာပင် သူ တည်းခိုးရင်း ရိက္ခာပို့လိုက်၊ စားရင်း လုပ်လိုက်၊ ကုမ္ပဏီတာဝန်ခံများနှင့် ဆွေးနွေးလိုက် လုပ်နေဖြစ် သည်။ သူက ရွှေတွင်းသို့ လိုက်စရာမလို။ သူ့တာဝန်က  ရှိနှင့်နေပြီးပြီ။
နူးက ထမင်းကြော်ပန်းကန်နှင့် ကြက်ဥမွှေကြော်ကို စားပွဲ၌ ပြင်ဆင်ပေးနေသည်။ ကိုမြတ်မင်း က နှပ် ထားသော ကော်ဖီမစ်ကို ငုံ၍ သောက်ရင်း ရွှေတွင်းသို့ ဆင်းကြမည့် လူများကို အကဲခတ်နေ၏။ ထိုလူသိုက် က ထမင်းကြော်ကို ကပျာကယာ စားနေကြသည်။ ရေနွေးကို အမြန်သောက်နေကြသည်။ စားပြီး သူများက ဝန်စည်စလည်များကို စစ်ဆေးနေ သည်။ သိပ်မကြာခင်မှာပင် သူတို့အားလုံး ကျောပိုအိတ်လွယ်သူက လွယ်၊ ခြင်းတောင်း များ ထမ်းသူကထမ်း၊ ကိရိယာတန်ဆာပလာများ ပွေ့သူကပွေ့ဖြင့် ရွှေတူးရမည့် လုပ် ကွက်များ သို့ ထွက်ခွာသွားတော့သည်။
ကိုမြတ်မင်း က ထမင်းကြော်ကို ခပ်၍ စားနေရင်း ငါးခြောက်ဟင်းချက်နေသည့် ဆယ့်ခြောက်နှစ် အရွယ် လောဟိုဆိုသည့် ချာတိတ်လေးကို အကဲခတ်နေ၏။ သူ အကဲခတ် နေသည် ကို ကောင်လေးက သိနေသည့် တိုင် နူး ရှိနေသဖြင့် မသိချင်ယောင် ဆောင်နေဆဲ။

နူးက တဲအပြင်သို့ ရေဗူးကိုယူ၍ ထွက်ခွာသွားသည်။
လောဟိုက ကိုမြတ်မင်းကို စိုက်၍ ကြည့်နေ၏။
"မင်း တကယ်မသိဘူးလား"
ကိုမြတ်မင်းက လေသံတိုးတိုးဖြင့် မေးလိုက်ပါသည်.။ လောဟိုက ခေါင်းညိတ်၍ အဖြေ ပေးလာ၏။ ကိုမြတ်မင်း အိတ်ထဲမှ မြေပုံကို ထုတ်လိုက်ပြီး စဉ်းစားနေသည်။ သူ ဘာဆက် လုပ်ရ လျှင် ကောင်းမည်နည်းစု တွေးတောနေခြင်းပင်။ လက်လျှော့ဖို့ကိုတော့ သူမစဉ်းစား။ လောက ၌ အောင့်အီးသည်းခံခြင်း သည် သူ့ဝါသနာတော့ မဟုတ်။ သို့သော် ယခုကိစ္စသည် ကား ဆုလာဘ်ကုဋေချီသည့် ရပေါက်ရလမ်းပေ မို့ သူ သည်းမခံ၍မရ။

သူ့အသက် လေးဆယ်ပြည့်ခဲ့ပြိ။ သူ့ဘဝ တစ်လျှောက်လုံးတွင် သူတစ်ပါးထက် အတွေး အခေါ်ကောင်းသည်။ လျင်မြန် သည်။ အကွက်စေ့သည်ဟူသော ဂုဏ်ပုဒ်တို့သည် ကြားရ ဖန်များ၍ ရိုးအီနေခဲ့ပြီ။ သူတကာ ထက် လေ့လာခဲ့သည်။ အားထုတ်ခဲ့သည်။ ကြိုးစားခဲ့ သည်။ ထိုလုပ်ရည်ကိုင်ရည်များကြောင့်ပင် ကုမ္ပဏီ၏ အားထားရ ဆုံး ရာထူး ကို သုံးနှစ် အတွင်း သူရလာခဲ့သည်။
သူတွေတောနေဆဲမှပင် နူးက ရေဗူးများကို ပွေ့၍ ပြန်ဝင်လာပြီး သူစားပြီးသော ပန်းကန် များကို လာရောက် သိမ်းဆည်းသည်။
"ညီမလေး မွေးဖို့ နီးပြီပေါ့နော်"
"ဟုတ် အစ်ကို၊ ရှေ့လ ထဲမှာထင်တာပဲ"
"အေးပါကွာ အစ်ကို တို့လည်းရှိတာပဲအားမငယ်ပါနဲ့"
သူ့စကား ကို နူးက ပြုံးရွှင်စွာ ခေါင်းညိတ်ပြပါသည်။

"ဆရာဝန်တော့ ပြတယ်မို့လား"
"စစ္စတာကြီးနဲ့တော့ ပြဖြစ်တယ်။ သူနဲ့ပဲမွေးမှာလေ"
နူးစကားကို သူခေါင်းညိတ်မိသည်။ သူနာပြုဆရာမကြီးက အားကိုလောက်အောင်ပင် မွေးဖွားရာ၌ ကျွမ်းကျင်ကြောင်း နူး ပြောပြဖူးသည်။ တကယ်တော့ ဒါကလည်း သူ့အတွက် အပူအပင်အစစ်မဟုတ်။
နူးက ပန်းကန်များကို ယူဆောင်ရင်း အပြင်ဘက်သို့ ထွက်သွားပြန်သည်။ သူက မြေပုံကို ပြန်၍ု ကြည့်နေ မိသည်။ မြေပုံထက်၌ မေခမြစ်ကျော်တစ်လျှောက် အသေးစိပ်ရေးဆွဲထား သည့် အညွှန်းများကို တွေ့ရသည်။

ကိုမြတ်မင်း သက်ပြင်းမောကို တိုးတိုးလေး ချလိုက်ဖြစ်သည်။ မေခမြစ်ကျော တစ်လျှောက် တွင် အဓိက ရွှေထွက်မည့်နေရာကို အတိအကျသိထားသူကို သိထားပြီးပြီ။ သို့ရာတွင် ထိုး သူ့ပါးစပ်မှ ဖွင့်ဟ လာအောင် သူ မစွမ်းနိုင်သေး။ ထိုခလုတ်ကို ဖွင့်နိုင်လျှင် သူ့အတွက် အောင်မြင်မှု၊ မဟာ့မဟာ အောင်မြင်မှုကို ရပေမည်။
ကိုမြတ်မင်း က မြေပုံကို ခေါက်သိမ်းရင်း တဲအပြင်ဘက်သို့ လှမ်းငေးနေမိသည်။ သူ့အဖို့ ဘဝတစ်သက်တာ တွင် မကြုံ စဖူးသော သည်းခံစောင့်ဆိုင်းမှုကို ကျင့်ကြံနေရပြီမို့ သက်ပြင်း မောကို ချရုံမှတစ်ပါး ဘာမှ မတတ်သာသေး ပါချေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, July 28, 2012

ဆရာမောင်တင်ဆင့် ၏ ကျီးကန်း

မောင်တင်ဆင့်
ကျီးကန်း


ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်သည် ကောင်းကင်မှ မြေပြင်ကို ငုံ့ကြည့်နေမိသည်။
ယခု ကျွန်တော်သည် မြို့ပြဟု ခေါ်ဆိုသော ရပ်ကွက်ကြီးတစ်ခုက တိုက်ခန်းရှိ ခြောက်ထပ်တွင် ရောက်နေ၏။ ကျွန်တော် တိုက်ခန်းရှေ့ ၀ရန်တာမှ ငုံ့ကြည့်နေခဲ့သည်။ ကျွန်တော်တို့ တိုက်ခန်း အိမ်ယာရှေ့တွင် ကတ္တရာလမ်း တစ်စင်း လဲလျောင်းနေ၏။ လမ်းမကြီးမဟုတ်သော်လည်း ကား အသွားအလာ၊ လူအသွားအလာများသော လမ်းတစ်စင်း ဖြစ်သည်။
ကျွန်တော့်မျက်နှာစာတွင် တိုက်ခန်းအိမ်တွေ။ ညဘက်မျှော်ကြည့်လည်း တိုက်ခန်း။ တိုက်ခန်း အိမ် တွေ ပြွတ် သိပ်နေပြီး တိုက်ခန်းရပ်ကွက်ကြီး။ ဘယ်ဘက်လည်း ထို့အတူ။ သို့သော် တိုက်ခန်းအိမ် နှစ်လုံး ကျော် ပြီး ဖြတ်လမ်းမတစ်စင်း။ ထိုဖြတ်လမ်းမကြီးက တောင်ဘက်က လာပြီး အနောက် မြောက် ဘက် ကွေ့ ချိုး သွားသော အဝေးပြေးလမ်းမကြီးတစ်စင်းထဲ ပေါင်းစည်းသွား၏။

ထိုလမ်းနှစ်လမ်းဆုံရာ ထောင့်တွင် ဘူးသီး၊ ခရမ်းသီးလို ပုံရောင်းနေသော ကားအရောင်းကွင်း တစ်ခု ရှိသည်။ ဇိမ်ခံကား မှ ကုန်တင်ကားကြီးတွေအထိ ရောင်းနေသည်။ (ကျွန်တော်တို့ တိုက်ခန်း အိမ်၏ အနောက်ဘက် အရှေ့ရပ်ကွက်ထဲတွင်လည်း ကားအရောင်းပြကွင်းတစ်ခု ရှိသေးသည်။) ကားအရောင်းပြကွင်းဟု သုံးရသည်မှာ ကားတွေ ကို အမိုးအကာ မရှိ ကွင်းထဲမှာ ပုံထားသော ကြောင့် ဖြစ်သည်။
ဒီလို ကလေးကစားစရာလို ရောင်းဝယ်နေသော ကားဆိုသော စက်တပ်ယာဉ်မျိုးကို ကျွန်တော် တစ်စီးမှ ၀ယ်မစီးနိုင်သေး တာ ကျွန်တော် လူညံ့တစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်တော့်ဇနီးကတော့ ငယ်စဉ် က စီးပွားမရှာခဲ့တာကြောင့်ဟု သေချာပေါက် ကောက်ချက်ချ သည်။ အသက်ကြီးလာတော့လည်း စီးပွား မရှာတတ်သေးတာ သူ သိပါသည်။ ကျွန်တော်က စာရေးဆရာဖြစ်ဖို့ လူဖြစ်လာတာ၊ စီးပွားရှာဖို့ လူဖြစ် လာတာ မဟုတ် ဆိုတာတော့ သူ သိချင်သိ မည်၊ မသိဘဲလည်း ရှိမည်။ စာရေးဆရာဆိုတာ ဘာလဲပင် သူ့မှာ မသေချာ။

တကယ်လို့ ကျွန်တော်သာ ကျီးကန်းတစ်ကောင်ဆိုလျှင် ကားတစ်စီးလောက်ကတော့ ဘူးသီး ကြော်တစ်ခု ၀ယ်စားသ လို ၀ယ် စီးနိုင်မည် ထင်သည်။
ကျွန်တော် ငုံ့ကြည့်လိုက်တော့ ကျွန်တော်တို့ တိုက်ခန်းအိမ်ရှေ့ ဘေးကျကျ ကွန်ကရစ်မြေပြင်တွင် ထီးရောင်စုံကြီး လေးငါးပွင့်ကို တွေ့ရ၏။ ထီးပွင့်တွေအောက်မှာ စားပွဲခုံပုလေးတွေ။ လူတချို့ လက်ဖက်ရည်သောက်နေကြ မည်။ အီကြာကွေးကြော်နံ့က ပျံတက်လာ၏။

ခေတ်ပေါ်ရေသည် ပြဇာတ်ခင်း ကျင်းနေသော ဂါလီ (ကုန်တင်ဆိုက်ကား) နှစ်စီး၊ သုံးစီး။ သောက်ရေသန့် ယဉ်ကျေးမှု လည်း မြို့ပြ၏ အဆောင်အယောင်တစ်ခု ဖြစ်လာသည်။ အလုပ်ရှိရာ သွားရန် ထွက် လာသော ခေတ်ပေါ်ကောင်လေး၊ ကောင်မလေးတွေ။ ကိုယ်ပိုင်ကား၊ တက္ကစီကား အများစု သွားလိုက် လာလိုက်။ တဂျိမ်းဂျိမ်းနှင့် ကျွန်တော်တို့တိုက်အိမ်ခန်း ရပ်ကွက်တွေကို မြေငလျင် အသေးစား (ရစ်ခ်ျတာစကေး ၁.၅ လောက်) လှုပ်ခတ်သွားစေသော ၁၆ဘီး ကုန်တင်ကားကြီး တချို့ အဝေးပြေး လမ်းပေါ် မောင်းနှင်သွားသည်။
အနောက်တောင်ဘက် တွင် ရှိသော မြစ်တစ်စင်းက ကျွန်တော့်ထံ အောက်ဆီဂျင်အသစ် လက်ဆောင်ပေးပို့ လိုက်၏။
ထိုအချိန် မှာပဲ ကျီးကန်တစ်ကောင် စစ်ချီသံကြွေးကာ ကျွန်တော့်ထံ ပြေးဝင်လာသည်။ ကျွန်တော် တကယ် ကို မျှော်လင့်မထား။

ကျွန်တော်တို့ မြို့ပြရောက်စ နံနက် အရုဏ်ဖြန့်အခင်းတွင် ဦးဆုံးကြားရသည်က ကျီးကန်းတွေ အူမြူး အော်ဟစ်သံနှင့် ရုတ်တရက် ဖြတ်သွားသော ရထားတစ်စင်းအသံ ဖြစ်သည်။ ပထမစရောက်ရက်များတွင် ကျွန်တော် တို့ သောတာရုံျွှေက ထိုအသံတွေနှင့် ထိမိသည်နှင့် အထိတ်တလန့် ကွဲကြေ သွားတတ်သေးသည်။ နှလုံးကန်ရေပြင်ထဲ ထိကျဂယက် သွားတတ်သေး သည်။
မြို့ပြ သည် ကျီးကန်း တို့ တည်ထောင်ခဲ့သလား။

ကျီးကန်းတွေ ၏ မြို့တော်လို ကျီးကန်းတွေ များပြားနေတာ ယုံကြည်နိုင်လောက်စရာပင် မရှိ။ ကျီးကန်းတွေက တစ်ပြိုင်တည်း (တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်) အကောင်တွေ ထောင်ချီ ပေါက်ဖွားတတ်သလား။ တကယ်တော့ ကျီးကန်းတွေကို တွေ့မြင်နေရသော်လည်း ကျီးကန်းတွေ အကြောင်း ကျွန်တော် သိပ်မသိ။ ကျွန်တော့် မိတ်ဆွေတွေ ထဲမှာ ကျီးကန်းတစ်ကောင်မှ မပါဝင်ပါ။
ကျွန်တော် ယောင်မှားပြီး (မသိစိတ်၏ ကိုယ့်ကိုယ်ကိုယ် တုံ့ပြန်ကာကွယ်မှု) လက်တစ်ချောင်းကို မျက်နှာရှေ့မြောက် ကွယ်လိုက်သည်။ ကျီးကန်းသည် သူ့ကို ကျွန်တော် တိုက်ချင်းပစ် ဒုံးပျံနှင့် ပစ်လွှတ်တော့ မည်ထင်ကာ အသံထက်မြန်သော လေယာဉ်တစ်စင်း ရှောင်တိမ်းသလို အပေါ်ထောင်တက် သွားပြီး ကွန်ကရစ်ခေါင်မိုး တွင် ပျောက်ကွယ်သွားသည်။
ကျွန်တော် သည် ကျီးကန်း၏ ရန်သူလား။

ကျီးကန်းဟစ်ကြွေးသံတွေ၊ တိုက်နံရံတွေကြား ဆူဝေပွက်ထလာသည်။ ကျီးတစ်ကောင် ကျွန်တော့် မျက်နှာနှင့် တစ်ကိုက် အလိုက ဖြတ်ပျံသည်။ နောက် ... တစ်ကောင်။ နောက် ... တစ်ကောင်။ ကြက်ခြေခတ်ပျံသည်။ အနိမ့်အမြင့် ပျံသည်။ ခေါင်းပေါ်ထောင်တက်သည်။ ကျွန်တော် လက်နှစ်ဖက်ကို ယှက်မြောက် ဝှေ့ရမ်း။ ဦးဆုံး တိုက်ခိုက်ဖို့ ပြေးလာသည့်ကောင်က ရုတ်ခြည်း ကွန်ကရစ်မှ ထိုးစိုက်ဆင်းလာပြီး ကျွန်တော့်ဦးခေါင်းကို ကုတ်ခြစ် ဖို့ ကြိုးစား။ ကျွန်တော် လက်နှစ်ဖက်ကို ဝှေ့ရမ်း။ သူရော၊ ကျွန်တော်ရော ထိခိုက်မှု မရှိ။

တစ်ရှိန်ထိုးဝဲပြီး မျက်နှာစာတိုက်ခန်း အိမ်ခေါင်ရှိ စကိုင်းနက် လင်ပန်းချပ်မှာ သွားရပ်သည်။ တစ်ချက် စူးစူးရှရှ အော်လိုက်သည်။ သူ့ကို ကျွန်တော် မှတ်မိသွားသည်။ သူက တခြား ကျီးကန်း တွေထက် ခေါင်းပိုကြီးသည်။ နှစ်ဆလောက်ကြီးသည်။ ခေါင်းကြီး။ နှုတ်သီးက ကြီးမားကောက်ကွေ့ နေသည်။ ကျီးကန်းတစ်ကောင်ထက် သိမ်းငှက်တစ်ကောင်နှင့် ပိုတူမလား။ အခြား ကျီးကန်းတွေ လည်း မျက်နှာစာတိုက်ခန်း အိမ်ခေါင်တွေပေါ်၊ ၀ရန်တာပေါ် တပ်ဖြန့်ချီတက်ရောက်ရှိလာသည်။
နောက်တော့ ခေါင်းကြီးက ဝေါခနဲ ပျံလာပြီး ကျွန်တော့်အခန်းရှေ့ အောက်ဘက် အုန်းပင်က အုန်းလက် တစ်ခု အပေါ် နားလိုက်သည်။ အာခြစ်အော်ပြန်သည်။

အဲဒီနေရာမှာ ကျီးကန်းတစ်ကောင်ဟာ
ကန္တရကြီး တစ်ခုလုံးကို မပျက်ပြယ်နိုင်တဲ့ အသံနဲ့ ပျံ့နှံ့သွားစေခဲ့တယ်။
ပြီးတော့ ခုထိ သူက အော်နေဆဲ၊ ခုထိလည်း လောကကြီးက လိုက်လံရှာဖွေဆဲ
ညစ်ပတ် တဲ့ နားဝဆီမှာ "အား ဟား၊ အားဟား" အသံ
ပြီးတော့ အချိန် ရဲ့ အခြားသစ်ငုတ်တိုခြောက်တွေအကြောင်း
နံရံတွေပေါ်မှာ ပြောကြတယ်။
စူးစူးဝါးဝါး စိုက်ကြည့်နေတဲ့ ပုံသဏ္ဍာန်တွေဟာ အပြင်ဘက် မှီထွက်နေကြ။
(တီအက်စ်အဲလီယော့ ကဗျာတစ်ပိုဒ် ကို နည်းနည်း ဖြည့်စွက် ပြင်ဆင်ထား။)

တကယ်တော့ ကျွန်တော်တို့ တိုက်ခန်းအိမ်ရာရှေ့ ၀ါးတစ်ရိုက်လောက် ကားလမ်းဘေးမှာ အုန်းပင် တစ်ပင် ရှိနေတာ ရောစရက်မှာပင် ကျွန်တော် သိထား၏။ အုန်းပင်ထိပ်ဖျားများက ကျွန်တော်တို့ တိုက်ခန်း ၀ရန်တာမှ ဆိုလျှင် ၁၀ပေလောက်ပဲ နိမ့်ပါမည်။ ထိုအုန်းပင်၏ အုန်းလက်တွေပေါ်မှာ ယခုတော့ ကျီးကန်းတွေ သီးနေ၏။ သူတို့က ညာသံပေးနေကြသည်။
ခေါင်းကြီးက ကျွန်တော်တို့ ၀ရန်တာဘက် ထိုးထွက်နေသော အုန်းလက်ပေါ်မှာ။ ဖျတ်ခနဲ၊ ဖျတ်ခနဲ သူ့အကြည့်က တလက်လက်။ ကျွန်တော့်ကို ကြည့်မနေဘူး ထင်ရသော်လည်း ကျွန်တော့်ကို ကြည့်နေသည်။

ကျွန်တော့်အနေဖြင့် ကျီးကန်းလောက်ကို အရေးထားစရာဟု မထင်ပါ။ တကယ်တော့ ကျီးကန်း သည် ခန္ဓာကိုယ်ထည်အားဖြင့် ကျွန်တော်နှင့် ဆိုလျှင် ၅၀ဆ တစ်ဆလောက် ရှိပါမည်။ ဦးနှောက်ချင်း ယှဉ်လျှင် အဆထောင်ချီ ကွာမည် ထင်သည်။
သို့တိုင် ကျီးကန်းတွေမှာလည်း အတုယူစရာ။ လေးစားလောက်စရာ သိစိတ်ရှိနေကြောင်း ကျွန်တော် သိလာရ၏။
ဝေါခနဲ၊ ခေါင်းကြီးသည် ဦးဆောင်ကာ ကျွန်တော့်ဆီ ထပျံလာပြီး တိုက်ထောင့်စွန်းဆီ ကွေ့သွား သည်။ ကျွန်တော့်ဦးခေါင်းနှင့် တစ်ပေအကွာလောက်အထိ ချဉ်းနင်းလာနိုင်ခဲ့သည် ထင်သည်။ နောက်တော့ ကျီးဂျက်လေယာဉ် များ တစ်ကောင်ပြီးတစ်ကောင်။ ကျွန်တော့်မြင်ကွင်းရှေ့ ဘေးနီးဝေး။

တကယ်တော့ ဒီကောင်တွေ အမှန်တကယ် ကျွန်တော့်ကို တိုက်ခိုက်ဖို့ မဟုတ်ဘဲ ခြောက်လှန့်နေ တယ်ဆိုတာ ကျွန်တော်ရေးရေး။ သေတော့ မသေချာ။
ကျွန်တော် အိမ်ခန်းထဲ ၀င်တော့ ဇနီးက ပြောသည်။ အုန်းပင်မှာ ကျီးသိုက် ရှိတယ်။ ကျီးမက ၀ပ်နေတာ။ ဒါကြောင့် ကျီးကန်းတွေ ဒါလောက်များနေတာ။ ဟိုနေ့က သားကြီး ၀ရန်တာမှာ ရပ်နေတာ ရုတ်တရက် ၀င်ထိုး လို့။ အ၀တ်နဲ့ ရမ်းလိုက်ရတယ်။ ၀ရန်တာထွက်ရင် သတိထား။ ခေါင်းကြီးတစ်ကောင် ရှိတယ်။ သူက ကျီးဖိုကြီး။ သူက ခေါင်းဆောင်ပဲ။ ကျီးကန်တွေ အမျိုးကို စောင့်ရှောက်တာကတော့ လေးစားစရာ။

ရက်သတ္တတစ်ပတ်ကြာမြင့်ပြီးနောက် ကျွန်တော် တိုက်ခေါင်းမိုး ကွန်ကရစ်ပေါ်တက်၍ အ၀တ်လှမ်း သည်။
တိုက်ခေါင်မိုးပေါ် မှ ကြည့်လျှင် အရှေ့၊ အနောက်၊ တောင်၊ မြောက် တိုက်အိမ်ပင်လယ်မြို့ကြီးကို တွေ့ရသည်။ အရောင်တွေက နီပြာစိမ်း၊ စိမ်းနု၊ ညိုနု ဖောက်ဝင်နေသော်လည်း များသောအားဖြင့် အဖြူထည်။ သို့မဟုတ် ဖြူညစ်ညစ် တိုက်ပင်လယ်ကြီး။ သစ်ပင်စိမ်းစိမ်း အချို့ ရက်ဖောက်ထား ပေမယ့် အကွက်သေး သဘောလောက်သာ။
တိုက်ခေါင်းမိုးထွက်ပေါက် တံခါးကို လှေကားမှတက်ပြီး ဖွင့်ကာ ခေါင်းမိုးကွန်ကရစ်ပေါ် အ၀တ် ဇလုံကိုင်လျက် ကျွန်တော် ရောက်သွားချိန်တွင် ခေါင်းမိုးကွန်ကရစ်အကာဘောင်မှာ ကျီးကန်း တစ်ကောင် ကင်းစောင့်နေတာ တွေ့ ရ၏။ ကျီးကန်းတစ်ကောင်အတွက် ကျွန်တော့်တွင် ရတက်ပွားစရာ အကြောင်း မရှိ။

ကျွန်တော့် တိုက်ခန်းအိမ်၏ တောင်ဘက်ဘေးတွင် ကပ်လျက်တိုက်ခန်းအိမ်တစ်လုံး ရှိသော် လည်း မြောက်ဘက်ဘေးတွင် မရှိသေး။ တစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးနှင့် ခြံကျယ်ကြီး ရှိသည်။ အုန်းပင်၊ ကွမ်းသီးပင်၊ သရက်ပင်၊ ကုက္ကိုပင်၊ ကုန်းသဖန်းပင် စသည်ဖြင့် ရှိ၏။ သစ်ပင်အုန်အုပ်က ဟိုအောက်ဘက်မှာ။ တိုက်ခန်းအိမ် အနောက်ဘက်မှာ ကျူးကျော်အိမ်လေးတွေ လေးငါးဆယ်လုံး။ ကုက္ကိုပင်ကြီး၊ သရက်ပင်၊ အုန်းပင်တွေ ၀ိုင်း။ ကျွန်တော့်တို့ တိုက်ခန်းအိမ်မြောက်ဘက်၊ ကုန်းသဖန်းပင်ထိပ်ဖျား၊ အနောက်ဘက် အုန်းပင်ကြားတွေမှာလည်း ကျီးကန်းကောင်ပေါက်တွေ၊ ကျီးမ၀ပ်နေတဲ့ အသိုက်တွေ ရှိနေတာ နောက်တော့ ကျွန်တော် သိရ၏။

သို့တိုင် ကျွန်တော် အချိန်နှောင်းသလို ရှိသွားပြီ။
ကျွန်တော် အ၀တ်စိုတွေ တန်းမှာ လှန်းနေတုန်း ခေါင်မိုးကွန်ကရစ်ဘောင်က ကျီးအစောင့်သမား သည် အချက်ပေး အော်ဟစ်လိုက်၏။ ရန်သူတဲ့။
ကျီးကန်းတွေ တဝေါဝေါ ပျံဝဲပြိုဆင်းလာသည်။ ကွန်ကရစ်ဘောင်တွေဆီ ရောက်လာ၊ ကျွန်တော့် ခေါင်းဘေးပတ်လည် ပျံဝဲ။ လူ ... လူ ... ရန်သူ။ တိုက်ကြခိုက်ကြ အော်သံတွေ ညံလာသည်။ ကျွန်တော့် ဆီ ပြေးဝင်လာတာ တစ်ကောင်တည်း မဟုတ်။ ရှေ့နောက်ဘေးဝဲယာ။ ကုတ်ခြစ် ထိုးသုတ်။ ကျွန်တော် ၀ါးလုံးတစ်လုံး ယူရမ်းခါခုခံသည်။ သူတို့က ကျွန်တော့်ဝါးလုံးကို ထိုးသုတ် ကုတ်ဖဲ့ရိုက်ချ။ ကျွန်တော့် လက်ထဲ က ၀ါးလုံးလွတ်ကျသွားသည်။ ကျွန်တော့်မျက်နှာနှင့် ခေါင်းကို ကွယ်ရင်း ကြည့်လိုက်တော့ ခေါင်းကြီး က ဦးဆောင်ကာ ကျီးတပ်ကြီး။

ကျွန်တော် ခေါင်မိုးကွန်ကရက် ထွက်ပေါက်ကို ပြေးသည်။ သူတို့ တစ်ဟုန်ထိုးလိုက်လာသည်။ အဆင်းအတက်တံခါးပေါက်ကို ပြေးရင်းပိတ်။ မင်းတုပ်ထိုးနေစဉ် သူတို့ သစ်သားတံ ခါးကို နှုတ်သီးနှင့် ထိုးဖောက်နေ ၏။ ကျွန်တော် လှေကားမှ ပြေးဆင်း။ တိုက်ခန်းပြန်ရောက်လာ၏။ မှန်တံခါးတွေပိတ်။ မှန်တံခါးပြတင်းပေါက်တွေ ပိတ်နေစဉ် ကျွန်တော်တို့ တိုက်ခန်းထဲ ကျီးကန်း တွေနှင့် ပြည့်နေပြီ။
"ကျီးအော်သံတွေ ကြားတယ်။ အ၀တ်တွေ လှန်းခဲ့ပြီလား" ဇနီးက မေးသည်။

"အေး လှန်းပြီးပါပြီ။ နေက တအားပူတာပဲ"
"ရေချိုးတော့ ပြီးရင် ထမင်းစား ကြရအောင်"
တိုက်ခန်း ပြတင်းပေါက်တွေ ကျယ်ကျယ်ဖွင့်လိုက်သည်။ လေနုအေးများ အပြေးဝင်ရောက်လာနေ ၏။

မောင်တင်ဆင့်
ရုပ်ရှင်တေးကဗျာ .. ဇူလိုင် ၂ဝ၁၂
.
>>>ဆက်ဖတ်ရန်>>> >>

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၂၃) ဇာတ်သိမ်း

''လင်ကောင်မပေါ်မွေးတဲ့ သောက်ရူးကလေးပေါ့ဗျာ'' ညေးက အနီးမှ ဖြတ်သွားရင်း စမစ်ကို လှမ်းပြောသည်။
ညေးနှင့် ဆရာဝန်တို့နှစ်ဦးသား လူနာတင်ကားပေါ်သို့ တက်သွားကြသည်။ စမစ် အကြောင်သား ကြည့်နေ သည်။
စိတ်တင်းပြီး လှုပ်မည်ကြံကာရှိသေး။ ဓာတ်လှေကားထဲမှ လူနှစ်ယောက် အလောင်းသယ်လာကြ သည်။ စမစ် မျက်စိမှိတ် ထားရန် ကြိုးစားသည်။ မှိတ်မရ။ မကြည့်ချင် မြင်ရက်သား ဖြစ်နေသည်။ အလောင်း ကို လူနာတင် ကားထဲ သွင်းလိုက်သည်။ လူတစ်ယောက် ဒူးထောက်ပြီး ဓာတ်ပုံရိုက်နေဟန် ကို ပွင့်နေသော တံခါးမကြီးမှ လှမ်း၍ မြင်လိုက်ရသေးသည်။
ကို ဆက်ဖတ်ရန်....

(၁၄)

ကြာသပတေးနေ့က မိုးသက်မုန်တိုင်းကြီး ကျခဲ့သည်။ နောက်ပိုင်းတွင် လွန်ခဲ့သည့် လေးရက်လုံးလုံး ရာသီဥတု ထူးထူးခြားခြား သာယာနေသည်။ နွေခေါင်ခေါင် အလား ဖြစ်နေတော့၏။
မယ်လ်ကမ်မိတ်တလန် ၏ ပြောင်းဖူးဈေးထဲမှဖြတ်ကာ ဥတ္တရအလင်း သတင်းစာတိုက် ဘက် သို့ လျှောက် လာသည်။ ရာသီက ပူနိုင်လွန်းလှသည်ဟု ထင်မိသည်။ သူ ၀တ်ထားသည့် ၀တ်စုံနက် က ကျပ်စပြု လာသဖြင့် ပို၍ ပူသလို ဖြစ်နေသည်။
သေမှုသေခင်း စစ်ဆေးသည့် မြို့တော်ခန်းမ မှာ လှောင်ပိတ်နေသည်။ မြို့တော်ခန်းမတွင် ဤမျှ လူပြည့်သည်ကို သူ တစ်ခါမှ မကြုံစဖူး။ အပြင်ထွက်လာခဲ့မှ သက်သာရာရတော့၏။ တံခါးပေါက်နားတွင် ထိုင်နေခဲ့ ၍ စောစောထွက် လာနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်းစာတိုက်ပေါ်သို့ တက်လာသည်။ သူတစ်ယောက်သာ အစောဆုံးပြန်ရောက်သည်ဟု ထင်မိသည်။ သို့သော် မစ်မော့ဖတ် က ရောက်နှင့်နေ၏။ အခန်းတံးခါးဖွင့်ထားသည်။ ပြတင်းပေါက်များ ကို ဖွင့်နေသည့် မစ်မော့ဖတ် ကို သူလှမ်းမြင်သည်။ မိတ်တလန် ရပ်လိုက်သည်။ ''အင်း . . .တစ်စခန်းတော့ သိမ်းသွားပြန်ပြီပေါ့လေ'' မစ်မော့ဖတ် က ချက်ချင်း စကားမပြန်။ ပြီးမှ မှုန်တေတေပြောသည်။

''အင်းလေ . . . ပြီးသွားပြီပေါ့''
မစ်မော့ဖတ် ခြေကုန်လက်ပန်းကျပုံ ပေါက်နေ၏။ သူ့တစ်ကိုယ်လုံး အနက်ဝတ်ထား၏။ သူ့မျက်နှာက အပူရှိန်ကြောင့် ညစ်ပုပ်ပုပ်ဖြစ်နေ၏။ သူ့မျက်နှာထားက ထူးထူးခြားခြား အမြင်ကတ်စရာ။ သို့သော် စကားစမြည် ပြောစရာ ရှိ၍ မိတ်တလန် အခန်းထဲ ၀င်လာခဲ့သည်။
''ဟင်နရီ ခံနိုင်ရည် ရှိသားပဲ''
''ကျွန်မ ထင်ထားတာထက်တောင် ခံနိုင်သေးတယ်။ အမှုလိုက်ကလည်း ကူရှာသားပဲ''
မစ်မော့ဖတ် က ဦးထုပ်ကို ချွတ်သည်။ တံခါးနောက်တွင် ခပ်ကြမ်းကြမ်း ချိတ်လိုက်သည်။

''အင်း လူငယ်တွေ သနားစရာပဲနော်။ တကယ့် အဟောသိကံပဲ။ နှမြောစရာပါ။ ဒေးဗစ်သာ သူကြံတဲ့အတိုင်း လုပ်နိုင်လိုက် ရင် ဒီလောက် အဟောသိကံဖြစ်မှာ မဟုတ်ဘူး။ ၀က်ခြံထဲမှာ ညေး တောင့်တောင့်ကြီး ထိုင်နေတာ ကြည့်ပြီး ကျွန်မတောင် ပစ်သတ်ချင်စိတ် ပေါက်လာတယ်။ ဒါပေမဲ့ ဒေးဗစ်လိုပဲ အလွဲလွဲ အချော်ချော် ဖြစ် မှာပါပဲလေ''  ''ဟင်နရီကိုယ်စား သူ လုပ်လိုက်တာ ကောင်းတာပေါ့'' မိတ်တလန် က ဖြည်းဖြည်းပြော သည်။

''လူတိုင်း ထင်မြင်ချက်ကလည်း ဒီအတိုင်းပဲ။ မြို့လူထုကတော့ ပေ့ဘက်မှာပဲ ရှိနေတာပါ။ ကိစ္စ၀ိစ္စတွေပြီး သွား ရင် ဥတ္တရအလင်း ကတော့ သိက္ခာပိုတက်လာမှာပေါ့လေ''
မစ်မော့ဖတ် က မျက်မှောင်ကြုတ်လိုက်၏။
''ဖြစ်နိုင်တာပေါ့လေ။ ဒီကိစ္စကသာ မပေါ်ရင် သတင်းစာကတော့ နာမည်ပျက်ကောင်းတုန်း ရှိဦး မှာပေါ့။ ပေ့ကတော့ လူထုမေတ္တာကြောင့်ပါတို့၊ လူသားကရုဏာကြောင့်ပါတို့ ဆိုတာတွေ ပြောဦးတော့ မှာပေါ့'' မစ်မော့ဖတ် က လျှစ်စစ်ရေနွေးအိုးဖြင့် ရေနွေးကြိုသည်။

''လက်ဖက်ရည် ဖျော်မလို့။ ဒီလိုနေ့မျိုး ဒါပဲ လုပ်စရာရှိတာပဲ။ တကယ့်နေ့ပါပဲရှင်. . . ရှင်ကော သောက် ပါဦးလား'' ''ကောင်းသားပဲ''
မိတ်တလန် က မစ်မော့ဖတ်ကို ကြည့်နေသည်။
မစ်မော့ဖတ် သည် ဗီရိုထဲမှ ပန်းကန်များကို ယူသည်။ အံဆွဲထဲမှ သကြားနှင့် လက်ဖက်ခြောက်ကို ထုတ်သည်။ ရေအေးပိုက်ပေါ်မှ နို့ပုလင်းကို ဆွဲသည်။
မစ်မော့ဖတ် က စကားဆက်ပြောနေသည်။ သေမှုသေခင်း စစ်ဆေးမှုက သူ့စိတ်ထဲတွင် စွဲနေဆဲပင်။

''ကျွန်မ တကယ် မသတီတာတော့ စမစ်ပဲ။ ကော်ရာကို သူ စောင့်ကြည့်ဖို့ ကောင်းကြောင်း၊ ဘာကြောင်း နဲ့ပြောပြီး မျက်ရည်ခံထိုးပုံကတော့ ကလီကမာ လုပ်တာပဲ။ ကုန်စုံဆိုင်ရှင် မစ္စစ်ဒေးက ကော်ရာ ဆိပ်ခံတံတား ဘက်ကို ထွက်ပြေးတော့ အော်ပြီးတားတဲ့အကြောင်း၊ တားမရတဲ့အကြောင်း ပြောကတည်းက သူက မျက်ရည်စမ်းစမ်း လုပ်ချင်နေပြီ။ သူလို လူမျိုးကများ ကော်ရာကို အလွမ်းသယ်နေရတယ်လို့ ရှိသေး။ ပါးရိုက်ပစ်လိုက်ချင်တယ်''
''သနားစရာ သတ္တ၀ါပါဗျာ။ လည်စင်းခံနေရှာတာပါ။ ကျွန်တော်တော့ သူ့အတွက် စိတ်တောင် မကောင်းဘူး''
''စိတ်မကောင်း ဖြစ်မနေပါနဲ့ ရှင်။ စမစ် သတင်းများကြားချင်ရင် ပြောစရာရှိပါ့''
''ဘာပါလိမ့်ဗျာ'' ''ဟင်နရီက သူ့ကို အလုပ်ခန့်လိုက်ပြီလေ''
''ဘာ'' ''ကြော်ငြာဌာနမှူးတဲ့ ရှင်ရေ့. . .'' ''ဘုရားရေ. . ." မိတ်တလန် တအောင့်လောက် ငိုင်သွားသည်။

''ခင်ဗျား ပြောချင်သလို ပြောပေါ့လေ။ ဒီကလိယုဂ်ခေတ်ကြီးမှာ သူတော်ကောင်းဆိုတာနဲ့ နီးစပ်တာရယ် လို့တော့ ပေ့ တစ်ယောက် တည်း ကျွန်တော်တွေ့ဖူးသေးတယ်''
မစ်မော့ဖတ်က ခေါင်းရမ်းသည်။
''နှလုံးကောင်း ၀မ်းကြီးလူစားဆိုတာ အဲဒါမျိုးပဲ။ သူ့အဖေဆို ဒါမျိုး ဘာရလိမ့်မလဲ။ စမစ်လို လူမျိုး ကို မြင်လိုက်တာ နဲ့ ဆောင့်ကို ကန်ထုတ်ပစ်မှာ''
''ခင်ဗျား ကလည်း ပေ့အပေါ် ပစ်ပစ်ခါခါ နိုင်လွန်းပါတယ်ဗျာ။ အမြဲတမ်းကိုပဲ''
မိတ်တလန်က လက်ဖက်ရည်ခွက်ကို လှမ်းယူရင်းပြောသည်။

''ဒီ သုံးလေးနှစ်မှာ သူ ကြုံးရုန်းလုပ်ခဲ့ရတာလည်း ထည့်တွက်ပါဦးလေ။ နှလုံးရောဂါကြီးကလည်း ရှိသေးတယ်။ ပြီးတော့ အခု ကိစ္စ။ ဒေးဗစ်ကို သူ ဘယ်လောက် သံယောဇဉ်တွယ်တယ်ဆိုတာ ခင်ဗျားလည်း သိသားပဲ''
''ဟုတ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဒေးဗစ်ကလေးပါပဲ''
မစ်မော့ဖတ်သည် လက်ဖက်ရည် တမြုံ့မြုံ့သောက်နေသည်။ လက်ဖက်ရည်ခွက်ပေါ်မှ ကျော်ကာ မိတ်တလန် ကို မသာမယာ လှမ်းကြည့်လိုက်၏။ ပြီးမှ . . .
''ဒါပေမဲ့ သူ တတမ်းတတ ဖြစ်နေမှာကတော့ ကော်ရာပါ'' ဟု ပြောလိုက်၏။
မိတ်တလန် ကြားဝင်မပြောနိုင်မီမှာပင် မစ်မော့ဖတ်က ဆက်ပြောသွားသည်။

''သူကိုယ်တိုင် သိချင်မှလည်း သိမှာပေါ့လေ။ ဒါပေမဲ့ ကော်ရာ့ကို သူ ချစ်နေတာရှင့်။ သူ့ကိုလည်း အပြစ်မတင်ပါဘူးလေ။ တကယ်တမ်းပြောရင် သူ့ကို ကျွန်မ ချီးတောင်ချီးကျူးပါသေးတယ်။ ကော်ရာက တကယ့် မိန်းမပဲ။ ခင်တတ်တယ်။ ချစ်တတ်တယ်။ ချစ်တဲ့ခင်တဲ့လူကိုလည်း လိုချင်တယ်။ ဒေးဗစ်က အဲဒီလို လူစားမဟုတ်ဘူး။ စိတ်ပြန်ကြောင်လာတော့ ပိုဆိုးတော့တာပေါ့။ ကော်ရာကို ပိဋကတ်အိုးကွဲ စာအုပ်ကြီးတွေ ဖတ်ခိုင်း လို့ ဖတ်ခိုင်း။ ဂုမ္ဘာန်တစ်ထောင် စောင့်တဲ့ အတိုင်း လုပ်လိုလုပ်နဲ့ပေါ့လေ။ ကော်ရာကတော့ ဘာမှ မပြောဖူးပါဘူး။ ကျွန်မ သိတာပေါ့။ ဒေးဗစ် ကို သူခင်တယ်။ မြတ်နိုးတယ်။ သနားတယ်။ ဒါပေမဲ့ ဒါနဲ့ မပြီးသေးဘူး" "ပေါက်ကရတွေ ပြောမနေစမ်းပါနဲ့ဗျာ" မိတ်တလန်က ခပ်ထန်ထန် စကားဖြတ်ပစ်သည်။

"ဒါမျိုးတွေ ပြောနေဖို့ အချိန် မဟုတ်ပါဘူး"
"ဒါတော့ ဒါပေါ့။ ဒါပေမဲ့ ကျွန်မ သိနေတာ ကြာလှပြီ။ စလီဒန်မှာ ဟင်နရီ ပျော်တယ်။ ကော်ရာ မရောက်ခင်က ဒီလောက် မပျော်ဘူး။ ဒီလောက်လည်း မသွားဘူး။ ကော်ရာ့အတွက်ဆိုရင် ဒီလောက် မပျော်ဘူး။ ဒီလောက် လည်း မသွားဘူး။ ကော်ရာ့အတွက်ဆိုရင် ဘာမဆို သူ လုပ်မှာပဲ။ ဥတ္တရအလင်းကိုတောင် လက်လွှတ်ရ လွှတ်ရ ဆိုတဲ့ အထိပဲ။ ပင်လယ်ကမ်းစပ်မှာ ကော်ရာ့ အလောင်း ပြန်တွေ့ပြီးလို့ လူးဝစ် လာပြောတော့ အနားမှာ ကျွန်မ ရှိနေသားပဲ။ သူ့မျက်နှာကို ရှင်မြင်စေချင်တယ်။ သူ ဘာပြောတယ်မှတ်လဲ။ ဒဏ်ရာတွေ ဘာတွေများ ရသေး သလား ကွာ။ ရုပ်ပျက်ဆင်းပျက်များ ဖြစ်သေးသလားကွာတဲ့။ မဖြစ်ပါဘူးလို့ လူးဝစ်က ပြောမှ ဘုရားသခင် ရဲ့ ဂုဏ်ကျေးဇူးပါပဲ ကွယ်တဲ့"
မဲလ်ကမ် က မစ်မော့ဖတ်ကို ငေးကြည့်နေသည်။ နားကြားပြင်းတော့ ကပ်သည်။ သို့သော် ကြားလည်း ကြားချင် သည်။

"မစ်မော့ဖတ်။ ဟင်နရီကို ဘာကြောင့်များ ဒီလောက် ကဏ္ဍကောဇလုပ်နေရတာလဲဗျာ။ ပြီးတော့ လည်း သူ့အဖေ နဲ့ပဲ အမြဲနှိုင်းပြောနေတာပဲ" ဟု သူ့နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။
မစ်မော့ဖတ်က ချက်ချင်းမဖြေ။ ခဏကြာမှ ...
"ကဏ္ဍကောဇ မလုပ်ပါဘူး။ သူက ကျွန်မ စိတ်ကြိုက် ဥတ္တရအလင်း အယ်ဒီတာ ချုပ်မျိုး မဟုတ်တာ တစ်ခု ပါပဲ။ ပျော့လွန်းတယ်။ ၀ုန်းဒုန်းကျဲရမယ့် ကိစ္စမျိုးမှာ လည်စင်းခံတယ်။ သူ့အဖေက ဒီလို မဟုတ်ဘူး။ ဟိုလူက တကယ့်ယောကျာ်း" "ခင်ဗျား အထင်ကြီးတာလည်း ပါလို့ ဖြစ်မှာပေါ့"
"ဟုတ်တယ်လေ။ အထင်ကြီးတယ်" မစ်မော့ဖတ်၏ လေသံက ဗြုန်းခနဲ ဘာမထိသံ ပေါက်လာသည်။

"အဲဒီလို လူစားမျိုးဖြစ်လို့ချည်း လေးစားတာ မဟုတ်သေးဘူး။ ကျွန်မအတွက် လုပ်ပေးခဲ့တာတွေ လည်း ရှိသေး တယ်။ ကျွန်မအတွက် သူ အိမ်ကလေးတစ်လုံးဝယ်ပေးတဲ့အကြောင်း ရှင်ကြားဖူးပြီ ရောပေါ့"
"နည်းနည်းပါးပါးတော့ ကြာဖူးပါတယ်" မိတ်တလန်က မယုတ်မလွန် ပြောသည်။ မစ်မော့ဖတ် နှုတ်မတွန့်တော့။
"ဟုတ်တယ်။ ကျွန်မ ကိုယ့်ဝင်းကိုယ့်ခြံကလေးနဲ့ မြို့ပြင်မှာ နေချင်တာ သူ သိတယ် ... တစ်နေ့တော့ ... ကျွန်မ တစ်သက် ဘယ်တော့မှ မမေ့နိုင်ဘူး ... ကျွန်မ ကို အိမ်ဂရန် လာပေးတယ်။ ကျွန်မ လစာထဲက အရစ်ကျ ဆပ်မယ် လုပ်တော့ သူက ရယ်ရုံရယ်နေတယ်။ တစ်ခါတလေ ပန်းခူးလာခဲ့တဲ့။ ဒါပဲ ပြောတယ်။ ဒါကြောင့် ဒီနေ့အထိ ကျွန်မ ရုံးကို နေ့တိုင်း ပန်းယူလာနေတာပေါ့"
မစ်မော့ဖတ် တအောင့် စကားရပ်လိုက်၏။ မိတ်တလန် အနားတွင် ရှိနေသည်ကိုပင် မေ့နေဟန် တူ၏။

"သူ့မိန်းမ ဆုံးပြီးတဲ့နောက်ပိုင်းမှာ စနေနေ့ညနေပိုင်းကို ကျွန်မဆီ ၀င်လာတတ်တယ်။ ဆေးတံ တစ်ဆုံဖွာ၊ ဘီယာတစ်ခွက်သောက်ပေါ့လေ။ သူက ဘာတန်တံဆိပ်ဘီယာကို ကြိုက်တယ်။ ကျွန်မ လည်း အဲဒီဘီယာပဲ အိမ်မှာ အမြဲဆောင်ထားတယ်"

မစ်မော့ဖတ်က စကားပြတ်သွားသည်။ မိတ်တလန်က သူ့ကို စိုက်ကြည့်နေမှန်း သတိပြုလိုက်မိ သည်။ ရှက်သွေး ရဲခနဲ ဖျန်းသွားသည်။ သူ ရှက်သွေးဖျန်းသည်ကို မိတ်တလန် မြင်ဖူးသည်မှာ ဤတစ်ကြိမ်သာ။ သူတို့ နှစ်ယောက် စလုံး မိနစ်အတန်ကြာ စကားတစ်ခွန်းမှ မဟဖြစ်ကြ။ ငြိမ်လွန်း ၍ နေရထိုင်ရ ကသိ ကအောက် ဖြစ်လာသည်။ မိတ်တလန် ထရပ်လိုက်၏။
"ကဲ ... အလုပ်လုပ်ကြဦးစို့။ ဘိုးတော်မရှိတုန်း အချောင်ခိုသလို ဖြစ်နေရင် မကောင်းဘူး။ အလုပ်ကြုံး လုပ်ကြမှ ဖြစ်မယ့် အချိန်ရောက်လာပြီ။ အများကြီးကို လုပ်ကြရမှာ။ ဒီနေ့ နေ့လယ် ၁၂နာရီမှ ဌာနမှူး အစည်းအဝေး လုပ်မယ်။ တခြားလူတွေလည်း ပြောလိုက်ဦး။ လက်ဖက်ရည် တိုက်တာ ကျေးဇူးပါပဲဗျာ"
မိတ်တလန် သူ့အခန်း ဆက်သွားသည်။ လာမည့် သုံးလအတွက် အစီအစဉ်များကို စဉ်းစားသည်။

ဟင်နရီပေ့ ခွင့်ရက်ရှည်ယူထားစဉ် သတင်းစာလုပ်ငန်း တာဝန်အများစုမှာ သူ့တာဝန်ချည်းလိုလို ဖြစ်တော့မည်။
ထိုအခိုက် မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။ ဖန်းဝစ် ၀င်လာသည်။ တယ်လီ ပရင်တာ ကြေးနန်း စာရွက်ရှည်တစ်ရွက် ကို ကိုင်ထားသည်။
"အခုပဲ ၀င်လာတဲ့ အေပီသတင်းဆရာရေ့"
"ဘာတဲ့တုံးကွ" "အဏုမြူစက်ရုံကြီး နေရာကိစ္စ စိတ်ပြောင်းကြပြန်ပြီနဲ့ တူပါရဲ့ ဆရာရယ်"
"ဘာ ..." မိတ်တလန် လွှတ်ခနဲ အလန့်တကြားအော်လိုက်မိသည်။

"ဒီကို မလာကြတော့ဘူးလား"
"လာပုံ မပေါက်တော့ဘူးပေါ့။ ဆူသာလန် ရှိုင်းယာနယ် ကုန်းမြင့်ဒေသ ကို မျက်စိကျပြန်ပြီနဲ့ တူပါတယ်။ အဲဒီ နယ်ကို စဉ်းစားနေတယ်တဲ့။ မနေ့က လွတ်တော်ထဲမှာ အတွင်းဝန်က ကြေညာ သွားတယ်လေ"
မယ်လ်ကမိတ်တလန်က တယ်လီပရင်တာ ကြေးနန်းသတင်းကို ဖတ်ကြည့်သည်။

"မင်းကော နားလည်နိုင်ရဲ့လား။ ဘုရားမ လို့ ဒီငနဲ စကားမြဲပါစေကွာ"
"ပြောတဲ့အတိုင်းပဲ ဖြစ်မှာပါ။ ဆူသာလန်က အကွက်အကွင်း ပိုကျတယ်လို့ ပြောထားတာပဲဟာ ဆရာရယ်"
"မြတ်စွာဘုရား" မိတ်တလန်က ရေရွတ်လိုက်၏
"တို့တွေ ဒီမှာ အေး အေးနေကြရဦးမယ့် သဘောပေါ့။ အနည်းဆုံး အတော်ကြာကြာလေး ပိုပြီးတော့ အေးအေးနေကြ ရဦးမှာပေါ့လေ"
ဖန်းဝစ် ထွက်သွားသည်။ မိတ်တလန် တစ်ယောက်တည်း ထိုင်ပြီး ၀န်ကြီးဌာနတစ်ခု ဇဝေဇ၀ါ မရောမရာ လုပ်ရုံ သက်သက်ဖြင့် ပေါ်ပေါက်ရသည့် အချင်းဖြစ်ရပ် တစ်သီကြီးကို စဉ်းစားနေမိလေ ၏။ လျှောမွေး ဗာရာဏသီချဲ့ သည့် အတ်တလေစီမံကိန်းသာ ဂြိုဟ်မမွှေလျှင် နှစ်နှစ်လုံးလုံး အရည်မရ အဖတ်မရ သူတစ်ပြန် ကိုယ်တစ်ပြန် ချခဲ့ရ သည့် ပဋိပက္ခကို ရင်ဆိုင်ရဖွယ် မရှိပါတကား။ ထိုပဋိပက္ခကို မရှုမလှ ဇာတ်သိမ်းစေခဲ့သည့် ကြေကွဲစရာ့ အဖြစ်ဆိုး ကိုလည်း ကြုံတွေ့ရဖွယ် မရှိပါ တကား။

မိတ်တလန်သည် စိတ်ကို အနိုင်နိုင် တင်းလိုက်သည်။ အနာဂတ်ကိုသာ ရှေ့ရှုလိုက်သည်။ ဌာနမှူး အစည်းအဝေး အစီအစဉ်များကို တစ်ခုချင်းရေးမှတ်နေသည်။ နာရီဝက်ခန့် အရှိန်မှန်မှန် အလုပ် လုပ်နေသည်။
ထိုအခိုက် တွင် နားယဉ်ပါးသော အသံတစ်ခုကို စင်္ကြံမှ ကြားလိုက်ရသည်။ ခေါင်းထောင်ကြည့်မိ ၏။ မလှုပ်မယှက် ငြိမ်နေမိ၏။ နားဝေတိမ်တောင် ဖြစ်နေမိ၏။ ဟင်နရီပေ့၏ ခြေသံကို သူ ကောင်းကောင်း အမှတ်သညာ မထား မိသေးပါကလားဟု တွေးဖြစ်နေမိ၏။ ထိုစဉ် တံခါးပွင့်လာ သည်။ ဟင်နရီပေ့ ၀င်လာ သည်။

မိတ်တလန် ငေါက်ခနဲ ထရပ်လိုက်သည်။
"ဘယ့်နဲ့ ဟင်နရီ ... ခင်ဗျား အိမ်တန်းပြန်ပြီး နားနေပြီ ထင်တာ"
"ခဏတစ်ဖြုတ် ၀င်လာတာပါဗျာ။ ကားလည်း အောက်မှာ စောင့်နေတာပါတယ်"
ပေ့ သည် စားပွဲစွန်းကို မှီရပ်နေသည်။ သူ့မျက်နှာက ခါတိုင်းထက် ပို၍ ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ လောကဓံကို ကြံ့ကြံ့ခိုင်နိုင်သည့် ရုပ်လက္ခဏာကား သူ့မျက်နှာ ပေါ်လွင်နေလေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အပြောင်းအလဲ ဒဏ်ရာ ဒဏ်ချက်တို့သည် သူ့မျက်နှာတွင် အထင်းသားပေါ်နေသည်။

သို့သော် မိတ်တလန် ထင်သလောက် အထိနာဟန် မတူ။
ရုပ်ပိုင်း အားဖြင့်လည်း အားပြည့် မာန်ပြည့် မဟုတ်။ စိတ်ပိုင်းအားဖြင့်လည်း ရဲသွေးတစ်စက်ကလေး မပြ။ သို့ပြလျက် သူ ဘယ်လိုများ ကြံ့ကြံ့ခံနိုင်စွမ်း ရှိပါလိမ့်။ သက်တမ်းတစ်လျှောက်လုံး သစ္စာရှိရှိ၊ သိက္ခာရှိရှိ၊ လူထု အပေါ် စေတနာ ရှိရှိ၊ ကတိစောင့်စည်းမှု ရှိရှိ၊ ကိုယ်ကျင့်တာဝန် များကို စွဲစွဲမြဲမြဲ ကျင့်သုံးခဲ့ခြင်း၊ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်မှန်ပြော ကိုယ်ကျင့်တရား များကို မလွတ်တမ်း ကျင့်ကြံ ခဲ့ခြင်းတို့ကြောင့်သာ ဤသို့ ကြံ့ကြံ့ ခံနိုင်စွမ်းရှိခြင်း ဖြစ်ပေလိမ့်မည်ဟု မိတ်တလန် တွေးမိသည်။

"ခင်ဗျားနဲ့ ကျွန်တော် တော်တော်နဲ့ တွေ့နိုင်ကြမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ပင်လယ်ခရီးရှည် ထွက်တော့မယ် ဆဲဆဲ သူတို့ နဲ့ ပြဿနာပေါ်လာတာပဲ။ အဲဒီကို သွားလိုက်ဦးမယ်။ ပထမပြောချင် တာကတော့ ဥတ္တရအလင်းမှာ ခင်ဗျား လည်း အစုစပ်ပါရအောင် စီစဉ်ထားတယ်ဆိုတာပဲ။ အဲဒါ ခင်ဗှားကို အသိပေးဖို့။ အစုစုပ် စာချုပ်ဆွဲပေးဖို့ လည်း ရှေ့နေကို ပြောပြီးပြီ။ ကျွန်တော် ခရီးမထွက် ခင် လက်မှတ်ထိုးသွားမယ်"
မိတ်တလန် ပိတ်ပိတ်သား ငြိမ်နေ၏။ ဟန်ဆောင်မှု ကင်းကင်းရှင်းရှင်း ရိုးသားပွင့်လင်းသော သူ့မျက်နှာကြီးတွင် တအောင့်လောက် သွေးရောင်ပျောက်သွားသည်။ ပြီးမှ သွေးရောင်ပြန်လွှမ်း လာသည်။ ပို၍ ရဲရဲ တွတ်တွတ်ကြီး ဖြစ်တော့သည်။

နှစ်ပေါင်းများစွာ တည်တည်ငြိမ်ငြိမ် ကြိုးကြိုးကုတ်ကုတ် လုပ်ခဲ့ရာမှ ယခုကဲ့သို့သော ကမ်းလှမ်း ချက်မျိုးကို မမျှော်မကိုး ရရှိလိုက်သည်မှာ မျက်စိပြာမတတ် အံ့အားအသင့်ကြီး သင့်စေသည်။ မနည်းစိတ်ထိန်းထားရသည်။ စိတ်ခိုင်ခိုင် ချုပ်တည်းထားသည့်ကြားမှ သူ့အသံက သိုးသိုးသိသိ တုန်တုန်ရီရီ ဖြစ်နေသေးသည်။ ထိုအသံဖြင့် စကားပြန် သည်။ "ပြောစရာ မရှိသလောက်ပါပဲ ဟင်နရီ ...။ ကျေးဇူးတင်တယ် ... ဆိုတာ တစ်ခုပါပဲ ..."
"ဒါဖြင့် ဒီကိစ္စပြတ်ပြီ" ပေ့ က အလေးအနက် ဆက်ပြောသည်။

"ကျွန်တော့်စိတ်ထဲ မှာ ရှိနေတာတစ်ခု ကျန်သေးတယ်။ ခင်ဗျားများ အံ့အားသင့်သွားမလားတော့ မသိဘူး။ ပြောကောင်းရဲ့လားလည်း ကျွန်တော်တော့ မသိဘူး။ ဒါပေမဲ့ ဒီပြီးခဲ့တဲ့ လေးရက်အတွင်း ကျွန်တော့် အပေါ် ထားခဲ့တဲ့ စေတနာတွေ၊ ကရုဏာတွေ ... ဒါတွေဟာ ဒီမြို့လူထုရဲ့ မေတ္တာပဲ"
မစ်မော့ဖတ် ခနိုးခနဲ့ ဟောကိန်း ထုတ်ထားသည့်စကားကို မိတ်တလန် ကြားယောင်လာမိသည်။

"ကိုယ့်စည်းကမ်း ကိုယ်ဖောက်ပြီး ပုဂ္ဂိုလ်ရေးကိစ္စကလေးတစ်ခု ရေးရမလားလို့ စဉ်းစားမိတယ်။ ဒီတစ်ကြိမ် တည်းပါပဲ။ ကျွန်တော် စိတ်ကူးထားတာကို ခင်ဗျားလည်း သဘောပေါက်မှာပါ။ စာဖတ် ပရိသတ်ဆီကို ရေးတဲ့ ကျွန်တော့် ရဲ့ သ၀ဏ်လွှာ ဆိုပါတော့လေ။ ကျွန်တော့ရဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်ခံယူချက်ကို အတည်ပြုတာရယ် ... မြို့လူထု နယ်လူထုရဲ့ ယုံကြည်မှု၊ ထောက်ခံမှုကို ဂါရ၀ ပြုတာရယ် ... ကျွန်တော်တို့ ဘယ်လို ဒုက္ခသုက္ခမျိုးကြုံကြုံ သတင်းစာကို လှေခွက်ကျန် အလံ မလှဲစတမ်း ထုတ်မြဲထုတ်သွားမယ်ဆိုတာ အာမ၀န်တာ ခံတာရယ် ..." "အဲဒီ သဘောထားအတိုင်း ကျွန်တော် ရေးရင် ကောင်းပါ့မလား။ ခင်ဗျား ဘယ်လို သဘောရသ လဲ။ သိမ်များ သိမ်နေသလား" "ရေးပါဗျာ။ ခင်ဗျားအဖို့လည်း ကောင်းတယ်။ အားလုံးအဖို့လည်း အကျိုး ရှိတယ်"။ မိတ်တလန်က တစ်ချက်ကလေး ဆုတ်ဆိုင်းခြင်း မရှိ။ ခိုင်ခိုင်မာမာ၊ ပြတ်ပြတ်သားသား တိုက်တွန်း သည်။

ပေ့ မျက်နှာ မသိမသာ ၀င်းကြည်သွားသည်။
"ဒါဖြင့် ရေးမယ်ဗျာ။ ကျေးဇူးပါပဲ မယ်လ်ကမ်ရေ"
ပေ့ အခန်းထဲမှ ထွက်သွားသည်။ အတော်ကြာအောင် မိတ်တလန် ထိုင်နေသေးသည်။ ပြီးမှ သတင်းခန်းသို့ ထွက်လာခဲ့သည်။ မိတ်တလန် စင်္ကြံမှ လျှောက်လာသည်။ ဟင်နရီပေ့၏ အခန်းရှေ့မှ ဖြတ်သွားသည်။
စားပွဲတွင်ထိုင်၊ ကိုယ်ကိုခပ်ကိုင်းကိုင်းငုံ့၊ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ကာ နက်ဖြန်ထုတ် ဥတ္တရအလင်း တွင် ဖော်ပြရန် လူထုထံ သ၀ဏ်လွှာကို မှန်မှန်ကြီး ရေးနေသည့် ဟင်နရီပေ့အား ပွင့်နေသော အခန်း တံခါးပေါက်မှနေ၍ မိတ်တလန် လှမ်းမြင်လိုက်ရလေ၏။

ဝင်းတင်
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>