Tuesday, September 21, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၁၁)

ရထားပေါ်တွင် လိုက်လာခဲ့ရသော ခရီးလမ်းတစ်လျှောက်လုံး မောင်မောင်မျိုးသည် သူ့ အစ်ကိုနှင့် သူ့မရီးအကြောင်း ဟိမ၀န္တာ ချီးမွမ်းခန်းဖွင့်လာသည်။
''ဒီနေရောက်မယ်ဆိုတာ ကိုမျိုး ကြိုတင်အကြောင်းကြားထားရဲ့လား''
မေမေခင်က မေးသည်။

''အကြောင်မကြားဘဲ ရှိမလားခင်၊ ညီအစ်ကိုချင်း မတွေ့ရတာကြာပြီပဲ။ ဒါကြောင့် ဘူတာရုံ ကို အစ်ကိုရော မမမိရော လာနိုင်အောင် ရုံးပိတ်ရက်နဲ့ချိန်ပြီး ခရီးထွက်ခဲ့တာပဲ။ ဒီနေ့ တနင်္ဂနွေနေ့လေ၊ ဘူတာရုံကို သူတို့ လာကြပါလိမ့်မယ်''
မောင်မောင်မျိုးက အာသွက်လျှာသွက် ဖြေသည်။

ဇနီးမောင်နှံနှစ်ယောက် ကြည်နူးစွာ ဆွေအကြောင်း မျိုးအကြောင်း ပြောကြဆိုကြ၊ စိတ်ကူး ယဉ်ကြရင်းနှင့်ပင် ကိုအောင်စိုး ရှိရာမြို့သို့ ရောက်လာသည်။
''ခင်ရေ ပါလာတဲ့ ပစ္စည်းလေးတွေ မေ့ကျန်ရစ်ဦးမယ်၊ သေသေချာချာစု၊ ကိုမျိုး ရထား အောက်ဆင်းပြီး စောင့်ယူမယ်၊ ခင်က ပြတင်းပေါက်က ချပေနော်''

ဘူတာထဲတွင် ကြိုသူ ပို့သူတွေ ခရီးသည် အတက်အဆင်းတွေဖြင့် ရှုပ်ယှက်ခတ်ဖြစ်နေ ရာ ကိုအောင်စိုးနှင့် မိမိလေးတို့ လာကြိုသလား၊ မကြိုဘူလားဟူ၍ ဂရုစိုက် မကြည့်နိုင် အားတော့ပေ။ ရထားရပ်သည့် အခိုက်အတန့်လေးမှာ ပစ္စည်းရော လူပါ မပျောက်ဆုံး ဘူတာမှာဆင်းဖို့ အရေးကြီး သည့်အလျောက် မောင်မောင်မျိုးနှင့် မေမေခင်တို့ သွက်လက်လျင်မြန်စွာ ပစ္စည်းတွေ ချကြရသည်။ ရပ်တန့်သည့် မိနစ်စေ့၍ ဘူတာထဲမှ ရထားကြီး ထွက်သွားသည်။

ပို့သူတွေ ခရီးသည်တွေ ရှင်းသွားသည်။ မျှော်လင်းခြင်းကြီး စွာဖြင့် ကြည့်လိုက်သော မောင်မောင်မျိုး၏ မျက်လုံးထဲတွင် သူ့အစ်ကို သူ့မရီး၏ အရိပ်အယောင်ကိုပင် မမြင်ရချေ။
''ဘယ်သူမှ မလာဘူလား ကိုမျိုး''
မေမေခင်က မေးသောအခါ မောင်မောင်မျိုးက မျက်နှာပျက်ပျက်ဖြင့် မေမေခင် အမေးကို မဖြေဘဲ..
''ကိုယ့်ပစ္စည်း ကိုယ်ယူ''

ဟု တိုတိုပြတ်ပြတ်ပြောကာ သူကိုယ်တိုင်က လက်ဆွဲသေတ္တာကြီးကိုဆွဲယူပြီး ခြေလှမ်း ကြဲကြီးဖြင့် ဘူတာထဲ မှ ထွက်သွားသည်။ မေမေခင်သည် ရုတ်တရက် ပြောင်းလဲသွားသော မောင်မောင်မျိုး အမူအရာကို အံ့အားသင်းလျက်က မနေသာတော့ဘဲ တိုလီပိုလီထည့်ထား သော လက်ဆွဲအိတ်နှင့် အစ်ကိုနှင့် မရီးအတွက် လက်ဆောင်ပစ္စည်းများ ထည့်လာသော ခြင်းကို အားစိုက်ဆွဲကာ မောင်မောင်မျိုး ထွက်သွားရာနောက်သို့မီအောင် လိုက်ခဲ့ရသည်။

ဘူတာ အပြင်ဘက်တွင် မော်ငမောင်မျိုးက အငှားကားတစ်စီးကို ငှားပြီး ပစ္စည်းတွေ တင်ကြသည်။ ထို့နောက် သူတို့တက်ပြီး နေသားတကျဖြစ်သောအခါ မောင်မောင်မျိုးက သူ့အစ်ကို နေထိုင်ရာ အိမ်လိပ်စာအတိုင်း အငှားကားကို မောင်းစေသည်။ ကိုအောင်စိုး နေထိုင်ရာအိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါ၏။ အိမ်က တံခါးတွေ ဖွင့်ထားသည်။ လူသူအရိပ်အယောင် မမြင်ရချေ။

မောင်မောင်မျိုး စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်သွားသည်။ ပြောင်းသွားနှင့်ကြလေပြီလားဟု တွေးလိုက်မိ၏။ သို့သော် ပစ္စည်းတွေက ပြောင်းရွှေ့ရန်အတွက် ထုပ်ပိုးထားသည်များကို တွေ့မြင်နေရသည်။ ရထားချိန် အမှတ်မှားပြီး ဘူတာအသွား လမ်းမှာလွဲလေသလားဟု မောင်မောင်မျိုးက တွေးရင်း..

''ခဏနေဦး''
ဟု မေမေခင်ကို လှည့်ပြောကာ အိမ်ပေါ်သို့ အသာအယာ တက်သွားသည်။ အိမ်ရှေ့တွင် လူတစ်ယောက်မှ မတွေ့ချေ။ နောက်ဖေးသို့ဝင်သွားသောအခါ အိမ်သာခန်းနှင့်တူသော တံခါးတစ်ချပ် ပွင့်လာပြီး ကိုအောင်စိုး ထွက်လာသည်။
''ကိုကို..ကိုကို''
မောင်မောင်မျိုးက ၀မ်းသာအားရခေါ်ကာ အစ်ကိုဖြစ်သူကို ပြေးဖက်လိုက်သည်။
''ဟင် ည်ီလေး ရောက်လာပြီနော်''

ကိုအောင်စိုးက ၀မ်းသာစွာပြောရင်း ပြန်ဖက်လိုက်၏။
''ဘူတာကို လာမလားလို့ ကျွန်တော်တို့ စောင့်ကြည်နေသေးတယ်၊ မတွေ့တာနဲ့ အငှား ကားခေါ်ပြီး လာခဲ့ကြတာ ကိုကို.. မမမိရော''
''မင်း မမမိ ကစ္စရှိလို့ မြို့ထဲသွားတယ်၊ ကိုကိုကလဲ ၀မ်းနှုတ်ဆေးစားထားမိလို့ကွဲ့၊ ညီလေး တစ်ယောက် ထဲလား''
''ကိုကို့ ခယ်မ ပါတယ်၊ ကျွန်တော် သွားခေါ်လိုက်ဦးမယ်''

မောင်မောင်မျိုးက ပြောပြီး လှည့်ဆင်းသွားသည်။ ထို့နောက် ပစ္စည်းတွေနှင့် မေမေခင် အိမ်ပေါ် ရောက်လာသည့် အချိန်တွင်ကား ကိုအောင်စိုးသည် ရေချိုးခန်းထဲမှာ ရေချိုးနေ သည်။
''မမမိက ကိစ္စရှိလို့ မြို့ထဲသွားနေတယ်၊ ကိုကိုက ရေချိုးနေတယ်၊ ခင် ကိုယ့်ဘာသာကိုယ် ပဲ ကြည့်ထိုင်တော့''
မောင်မောင်မျိုးက ပေါ့ပေါ့ဆဆ ပြောပြီး၊ ကုလားထိုင်တစ်လုံးကို ဆွဲထိုင်လိုက်သည်။

အိမ်ရှေ့ခန်းတွင် ပစ္စည်းတွေ အထုပ်အပိုးတွေ ပြန့်ကျဲနေပြီး ကုလားထိုင် လေးငါးလုံးနှင့် စားပွဲတစ်လုံးရှိသည်။ ယခုမှ ဧည့်သည်အဖြစ် ရောက်လာသော မေမေခင်သည် အိမ်ရှင် တွေက ခရီးဦးကြိုခြင်းလည်းမရှိ၊ နေရာလည်းမပေး၊ ခင်ပွန်းဖြစ်သူကလည်း ပေါ့ပေါ့ဆဆ ပြောပြီး သူ့ဘာသာ ကုလားထိုင်တစ်လုံးကို ဆွဲထိုင်လိုက်သောအခါ တစ်ယောက်ထဲ ဘယ်နေရာ ထိုင်ရမှန်းမသိဘဲ ကြောင်းအမ်းအမ်း ဖြစ်သွားသည်။

အိမ်ရှင်တွေ အထုပ်အပိုး နှင့် ရောကုန်မည်စိုး၍ သူ့ပစ္စည်းလေးတွေကို ခပ်ရှင်းရှင်း ထောင့်တစ်ခုမှာ စုပုံထားပြီး ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ခပ်ကုပ်ကုပ် ထိုင်နေလိုက်သည်။ ထိုင်ရာမှ ခင်ပွန်းသည် မောင်မောင်မျိုး မျက်နှာကို လှမ်းကြည့်လိုက်သည်။ မောင်မောင်မျိုးသည် မေမေခင်ကို မကြည့် တစ်ခုခုကို တွေးနေသလို အမူအရာမျိုး တွေ့ရသည်။ မောင်မောင်မျိုး၏ မျက်နှာ သည် ရထားပေါ်မှာ လာကြစဉ်က မျက်နှာမျိုးမဟုတ်တော့ကြောင့် မေမေခင်က သတိထား မိသော်လည်း..

ငါနဲ့ ဘာမှဖြစ်တာ မဟုတ်ဘူး၊ သူ့အစ်ကို သူ့မရီးကို မကျေနပ်တာများ ဖြစ်လေမလား ဟူသောအတွေးဖြင့် က္ကနြေ္ဒမပျက်သာ နေလိုက်သည်။
ရေမိုးသန့်စင်ပြီး အ၀တ်အစားလဲပြီးသော ကိုအောင်စိုးက ခပ်တည်တည် အမူအရာ မျက်နှာထားဖြင့် ထွက်လာပြီး မေမေခင် ရှိရာဘက်ကို မမြင်၍လား၊ ရောက်နေမှန်း ရှိနေမှန်း မသိ၍ပေလား၊ တမင်ပင်ပြုမူလေသလား မသိ။ ယောင်၍ပင် လှည့်မကြည်ဘဲ ညီနှင့် မျက်နှာချင်းဆိုင်ထိုက်ကာ စကားပြောလိုက်သည်။

''အေးကွာ ကိုကိုကလဲ ဒီနေ့မှ ၀မ်းနှုတ်ဆေး စားထားလိုက်မိတယ် ညီလေးရာ၊ ဒါကြောင့် ညီလေးကို လာမကြိုနိုင်တာ''
ကိုအောင်စိုး ပြောစကားကို မေမေခင်က ပြတ်ပြတ်သားသား ကြားရသည်။ ညီလေးတို့ ဟူသောစကားကို သုံးလျှင် ခယ်မကိုပါ အသိအမှတ်ပြုရာ ကျမည်စိုး၍ ညီလေးဟူ၍သာ သုံးလေသလားဟု မေမေခင်က တွေးမိ၏။

''ဟိုမှာလေ ကိုကို့ညီမ''
မောင်မောင်မျိုးက မေမေခင်ရှိရာ မေးငေါ့ပြပြီး ကိုအောင်စိုးကို ပြောသည်။ ကိုအောင်စိုးက တစ်ချက်မျှ လှည့်ကြည်၏။ ထို့နောက် ပြုံးရယ်ခြင်း၊ အသိအမှတ်ပြုခြင်း လက္ခဏာတွေ လုံးဝမရှိသော မျက်နှာကို မေမေခင်ထံမှ ပြန်လည်ရုပ်သိမ်းကာ ညီဖြစ်သူကိုသာလျှင် ၀မ်းသာရွှန်းလန်းစွာ မေးမြန်းပြောဆိုနေသည်။ ခယ်မဟူ၍ နှုတ်မဆက်သည်ထားဦး၊

အသိအမှတ်ပြုသည့် အရိပ်အယောင်ပင် မတွေ့ရချေ။
''ဟေ့.. ခင် ကိုကိုတို့ဖို့ ယူလာတဲ့ လက်ဆောင်တွေ ထုပ်လေး... ''
မောင်မောင်မျိုးက လှမ်းပြောသော လေသံသည် အစ်ကိုရှေ့မှာ ဖြစ်၍လား မသိ၊ နည်းနည်းတော့ မာသည်ဟု မေမေခင်က ထင်သည်။ သို့သော် လူစုံတက်စုံ မတွေ့သေး၊ အစအဆုံး မသိရသေးမီမှာ မေမေခင်က အပြစ်တင် မစောချင်ပေ။ ထို့ကြောင့် မေမေခင်က လက်ဆောင်ပစ္စည်းတွေ ထုတ်နေစဉ်မှာ ကိုအောင်စိုး အသံဖြင့်..

''မင်း မမမိ လာမှ မင်း  မမမိကို ပေးပါစေ''
ဟုပြောသံကို ကြားလိုက်ရသည်။
''နေပါစေ ခင် မထုတ်နဲ့ဦး..မမမိ ပြန်လာမှ မမမိ လက်ကိုခင် ကိုယ်တိုင်ပဲ ပေးတော့''
အစ်ကိုလေသံကို တစ်သဝေမတိမ်း နင်းလိုက်သော မောင်မောင်မျိုး၏ ဟန့်တားချက် ကြောင့် မေမေခင်က ပစ္စည်းတွေ ပြန်ထည့်းပြီး မောင်မောင်မျိုးကို လှမ်းကြည့်သည်။

မောင်မောင်မျိုးက အကြည့်နှင့် ဆုံးသွားသောအခါ မေမေခင်က ရေသောက်လိုကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြလိုက်၏။ ခရီးပန်းပြီး ရောက်လာသောသူသည် အမောပြေ ရေအေးအေးလေးကို သောက်လိုက်ချင်သည်သာ ဖြစ်သည်။ မောင်မောင်မျိုးကမူ နောက် ဖေးဆောင်ဝင်စဉ်ကပင် သောက်ခဲ့ပြီးဖြစ်သည်။
''နောက်ဖေး ၀င်းသွား၊ ထမင်းစားခန်းနဲ့ မီးဖိုခန်းအကူးမှာ သောက်ရေအိုးရှိတယ်''

မောင်မောင်မျိုးက ပျာပျာသလဲ ယုယုယယ အမူအရာ မရှိဘဲ ဂရုမစိုက် လေသံမျိုးဖြင့် လှမ်းပြောကာ အစ်ကိုဖြစ်သူနှင့် စကားပြောမြဲတိုင်း ပြောနေသည်။ မေမေခင်သည် မောင်မောင်မျိုး ညွှန်သည့် အတိုင်း နောက်ဖေးဆောင် ၀င်လာခဲ့သည်။ ရေခပ်ကာ အားရပါးရ သောက်ပြီးမှ ထမင်းစားခန်းကိုရော မီးဖိုဆောင်ကိုရော လျင်မြန်စွာ စူစမ်းကြည့် လိုက်၏။ မီးဖိုဆောင်ထဲတွင်ကား ချက်ပြုတ်စားသောက်သည့် အရိပ် လက္ခဏာ လုံးဝမ တွေ့ရချေ။ အိုးခွက်ပန်းကန် မရှိ၊

ပြောင်စင်နေသည်။ ထမင်းစားခန်း စားပွဲပေါ်တွင်ကား ထမင်းကျန်၊ ဟင်းကျန် အစအနတွေဖြင့် ပေကျံနေသော ဖက်ရွက်တွေ၊ စက္ကူတွေ ပွနေသည်။
''သြော်.. ပြောင်းရွေ့ရတော့မှာဖြစ်လို့ အိုးခွက်ပန်ကန်တွေအားလုံး သိမ်းထားပြီး ဆိုင်က ၀ယ်စားနေကြတာကိုး.. ''
ဟု မေမေခင် သဘောပေါက်သွားသည်။ ထို့နောက် မေမေခင်သည် အိမ်သာခန်းဝင်ပြီး ပြန်ထွက်လာသောအခါ ခဲအို ကိုအောင်စိုးက တစ်ချက်မျှ မကြည့်သောလည်း ခင်ပွန်း မောင်မောင်မျိုးက လှမ်းပြောသည်။

''ခင် ကိုကိုတို့က ပြောင်ရွှေ့တော့မှာဖြစ်လို့ ဆိုင်က ထမင်းဟင်းပဲ ၀ယ်စားနေကြတယ်၊ ညနေစာအတွက် တရုတ်ဟိုတယ် ကောင်းကောင်းက အစားအစာ ကောင်းကောင်းပေါ့၊ အားလုံးအတွက် သွားဝယ်ချေ''

မေမေခင်သည် ရင်ထဲမှာ နင့်သွားသည်။ မျက်သွားသည်။ သူလိုအဆင့်အတန်းက မိန်ူမတစ်ယောက်ကို ဟိုတယ်ဆိုင်လွှတ်ပြီး စားစရာဝယ်ခိုင်းသည်မှာ သင့် မသင့်၊ တော် မတော်ကိုပင် မောင်မောင်မျိုး မစဉ်းစား တတ်လေရော့သလား။ အစ်ကို၏ ညွှန်ကြားချက် ဖြစ်ကြောင်း မေမေခင်က ကောင်းကောင်း ရိပ်မိသည်။ လိုက်လာမိပြီးမှတော့ အချိုသပ်ရ ပေတော့မည်။
''ဒီမြို့ကို အခုမှ ခင် ရောက်ဖူးတာပဲ၊ ဘယ်ဟိုတယ်ကို ဘယ်လမ်းက သွားရမယ်ဆိုတာ ခင် မသိဘဲ ဘယ်လိုသွားဝယ်ရမှာလဲ''
မေမေခင်က စိတ်မကောင်းလျက်နှင့် စကားကို အသံမပျက်စေဘဲ ချိုချိုပင် ပြောသည်။

''ဟုတ်ပါတယ်..ခင် မသွားတတ်ဘူးဆိုတာ သိပါတယ်၊ ဟောဟိုအိမ်ရှေ့လမ်းဘေး သစ်ပင်ရိပ်မှာ ကစားနေတဲ့ သူငယ်လေးဟာ ကိုကို့ရုံးက မင်းစေရဲ့ သားကလေး၊ အဲဒီကောင်လေးကို ခေါ်သွား၊ သူသိတယ်''
မောင်မောင်မျိုးက ပြောပြောဆိုဆို လက်ညှိုးညွှန်ပြရာသို့ မေမေခင်က ကြည့်လိုက်သည်။ အသက် ကိုးနှစ် ခန့် ရှိမည်ဟု မေမေခင် မှန်းဆမိသော သူငယ်လေးကို တွေ့ရ၏။

''ဒီကလေးက ဆိုင်ကို သိနေမှပဲ၊ သူ့ကိုပဲ ၀ယ်ခိုင်းလိုက်ပါလား ကိုမျိုးရယ်''
မေမေခင်က လျှောက်လဲသည်။
''မဟုတ်ဘူးလေ.. ခင် လိုက်သွားပါ။ မြို့ထဲမှာ သွားတတ်လာတတ် ဖြစ်သွားတာပေါ့၊ ဈေးတန်းတွေ ဆိုင်တွေကို ခင် ရောက်ဖူအောင်လို့ တမင်သွားခိုင်းတာပါ ခင်ရယ်''

မေမေခင်က မငြင်းတော့ဘဲ ပိုက်ဆံအိတ်ကို ကိုင်လိုက်သည်။ ခြင်းထဲက အထုပ်တွေကို အပြင်ထုတ်ပြီး ခြင်းကို အားနေခိုက်မှာ ကိုအောင်စိုးက သူငယ်လေးကို လက်ခုပ်တီးပြီး ခေါ်၏။ သူငယ်လေး ရောက်လာသောအခါ မေမေခင်ကို လက်ညှိုးထိုးပြပြီး
''အဖော်လိုက်သွား.. ငါတို့ဝယ်စားနေကျ တရုတ် ဟိုတယ်တဆိုင်ကို ပြလိုက်''

ဟု အာဏာသံပါပါနှင့် အမိန့်ပေးသောအခါ သူငယ်လေးသည် ကိုအောင်စိုးကို မကြည့်ညိုသော မျက်နှာမျိုးဖြင့် ခပ်မှုန်မှုန် ခပ်မဲ့မဲ့ ကြည့်လိုက်သည်ကို မေမေခင်က သတိထားလိုက်မိသည်။
ဒီသူငယ်လေးကို ချော့မေးရင် ဒင်းတို့ လင်မယားအကြောင်း သိတန်သရွှေ့ သိရမည် ဟူသောအကြံက လက်ခနဲ ဦးခေါင်းထဲ ၀င်လာသောအခါ မေမေခင်သည် ပေါ့ပါးသွက် လက်သော ခြေလှမ်းဖြင့် သူငယ်လေးကိုခေါ်ကာ ထွက်လာခဲ့သည်။

လမ်းချိုးအကွယ်သို့ ရောက်သောအခါ သူငယ်လေးကို မေမေခင်က စကားစ၏။
''လာဟေ့ ကလေး.. ဟောဟိုဆိုင်မှာ မလိုင်မုန့်စားကြရအောင်၊ မင်းမလိုင်မုန့် ကြိုက်ကဲ့ လား၊ မကြိုက်ရင် စားချင်တဲ့မုန့်ပြော.. အဒေါ်ဝယ်ကျွေးမယ်''
ကလေး၏ မျက်နှာသည် ၀င်းလက်သွားသည်။

''မလိုင်မုန့် စားချင်တာပေါ့ အဒေါ်.. မလိုင်အစစ်နဲ့ လုပ်ထားတာ သိပ်ကောင်းတယ်လို့ ပြောတယ်၊ ဈေးကြီးတော့ ကျွန်တော်တို့ အစားနိုင်ဘူး၊ အဒေါ် အဟုတ်ဝယ်ကျွေးမှာလား''
ကလေးက ၀မ်းသာအားရ မေးသည်။
''အေး.. အဟုတ် ၀ယ်ကျွေးမှာ၊ မင်းဝအောင်သာ စားကွဲ့''

မေမေခင်သည် ကလေး စားနိုင်သမျှ ရက်ရောစွာ ၀ယ်ကျွေးသည်။ သူငယ်လေးသည် စားလိုက်လျက်နှင့် ဆင်းရဲချို့ငဲ့၍ မစားနိုင်ခဲ့သော မလိုင်မုန့်ကို ငတ်ငတ်ဖြင့် ဖိတွယ်သည်။ စားသောက်ပြီးသောအခါ မေမေခင်က စကားညှစ်လိုက်၏။
''အခုတင်က ဟိုဦးကြီးပြောတော့ ကလေးမျက်နှာ ဘာကြောင့်မဲ့ရွဲ့သွားရတာလဲကွဲ့''

အဖိုးတန် မလိုင်မုန့်တွေကို စိတ်ရှိလက်ရှိ စားထားရ၍ မေမေခင်ကို လိုလားနေသော ကလေးက မေးခွန်းနှင့်တန်ရုံ လိုအပ်သမျှ အဖြေကို မဟုတ်တော့ဘဲ သူ သိသမျှ လျှောက်ပြောလေတော့သည်။

''အလကား လူကြီး၊ ကျွန်တော်တို့ အဖေကိုဖြင့် နိုင်လိုက်တာ အိမ်မှာကို မနေရဘူ၊ အမြဲခေါ်ပြီး ထမင်းဟင်းချက်ခိုင် အ၀တ်လျှော်ခိုင်း၊ တံမြတ်လှည်းခိုင်းနဲ့၊ သူ့မယား ဈေးသွားရင်လဲ နောက်က ခြင်းတောင်းကိုင် လိုက်ရတယ်၊ ခိုင်းသာ ခိုင်းတယ်..ပိုက်ဆံလဲ တစ်ပြားမှ မပေးဘူး၊ သဘောမကျရင် လင်မယား နှစ်ယောက်စလုံးက ကြိမ်းမောင်းကြ သေးတယ်၊ အခု သူတို့ ပြောင်းရမယ်လို့ အမိန့်ရောက်တဲ့နေ့ကစပြီး အဖေက သူတို့အိမ်ကိုလဲ မသွားတော့ဘူ၊ ဘာမှလဲ လုပ်မပေးတော့ဘူး၊ အဖေ့ကိုသာ နိုင်သာ၊ သူ့မယားကိုတော့ ကြောက်လိုက်ရတာ ပျာနေတာပဲ အဒေါ်ရဲ့''

သူငယ်လေး၏ စကားအရ သူ့အဖေရုံးစေကြီးသည် ကိုအောင်စိုးပြောင်းရွှေ့မိန့် ရောက်သည့်နေ့ကစပြီး တော်လှန်ကာ သြဇာမနာခံတော့ကြောင်း ထင်ရှားနေသည်။ ထို့ကြောင့်ပင် ကိုအောင်စိုးတို့ လင်မယား ထမင်း ဟင်း မချက်တော့ဘဲ ဆိုင်က ၀ယ်စားနေဟန်တူကြောင်း မေမေခင်က တွေးမိသည်။

ဆက်ရန်
.

1 comment:

:P said...

ကိုမောင်မောင်မျိုးမှာ ဒီလိုဆက်ဆံရတဲ့ အကြောင်းပြချက်တစ်ခုခုတော့ရှိမယ်ထင်တယ်