Thursday, April 29, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၉၁)

လူကောင်းယောင်ဆောင် မျက်နှာပြောင်တိုက်

ယင်းသို့လျှင် ဆံပင်ဖွေးဖွေးဖြူလျက် အသက်အရွယ်ဂုဏ်သိက္ခာနှင့် မမျှတအောင် ပုပ်ပွဆိုးဝါးလှ သော မတော်တရာ ကျော်မကောင်း ကြားမကောင်း တဏှာရောဂသောင်းကျန်းလှသည့် သတင်းတွေ အတွင်းရေး တွေက ပွစိ ပွစိ ဖြစ်လာချိန် ထိုသတင်းဆိုးတွေ ဒေါင့်အမျိုးမျိုးမှ ဆီလိုက် အပေါက်ရှာ၍ ထွက်ပြူသမျှတို့ကို မရမက လိုက်၍ ဖုံးကြဖိကြသည်။ သတင်းမှန်ကို မှောင်ချထားစေ ပြီး၊ လူတော် လူကောင်းကြီး ယောင်ဆောင်လျက် မျက်နှာပြောင်တိုက်နေခဲ့သည်။

ဤလူတော် လူကောင်းအပြစ်မရှိသူအား အပြစ်မရှိသူအား ကျမက မဟုတ်မတရား စွပ်စွဲပြီး ပစ္စည်း တွေ အပိုင် စီးကာ နှင်ချလေဟန် စားဖါးတသိုက်နှင့် သတင်းဖြန့်နေလေသည်။ ပဋ္ဌမတော့ ယုံသူ တွေလည်း ရှိချင် ရှိမည်။ အချို့မှာ သိပါလျက် မျက်စိမှိတ်၍ ဇွတ်အတင်းငြင်းပေးကြရသော လူတွေကလည်း ရှိပါသေး သည်။ ထိုအထည်းမှာ ကျမ အိမ်ဝင်ထွက် ဆက်ဆံနေသော အမျိုးသမီး ပိုင်းက ခပ်များများ ပါရှိနေသည်မှာ အတော် အံ့သြစရာ ဖြစ်နေပြန်ပါသည်။

ထိုအတွင်း အယ်ဒီတာ ဦးကိုလေး၏ နောက်ဆုံးပန်ကြားသော ရက်ချိန်း လွန်လာသည့်အခါ ဆိုခဲ့ပြီး အတိုင်း နှစ်ပေါင်း ၂၀ဆောင်းပါး ကြော်ငြာအစကို ကျမက ရေး၍ ထည့်လိုက်ပါသည်။ ၁၉၆၀ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက် နေ့ထုတ် ဗမာ့ခေတ်သတင်းစာတွင် ပဋ္ဌမ စတင်ပါလာသော နှစ်ပေါင်း ၂၀ဆောင်းပါး၏ အစမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

၁၇-၁၁-၆၀နေ့စွဲ ဗမာ့ခေတ်သတင်းစာမှာ ပါရှိသော နှစ်ပေါင်း ၂၀ဆောင်းပါး။

နှစ်ပေါင်း၂၀ ဒဂုန်ခင်ခင်လေး ရှင်းပြသည်။

ကျမ၏ အသက်သည် ယခု ၅၆နှစ်ရှိ၍ ကောင်းမှု ကုသိုလ်ရေး၌သာ မွေ့လျော်နေသည်ကို တိုင်းပြည် နှင့် အ၀ှမ်း သိရှိပြီး ဖြစ်ပါလိမ့်မည်။
 
အရွယ်နှင့် ဂုဏ်သိက္ခာများကို စောင့်စည်းသော အားဖြင့် ဤရှင်းလင်းချက်ဆောင်းပါးကို မရေးလို လှသော်လည်း အခြေအနေအရ မဖြစ်နိုင်လွန်း၍ ထုတ်ဖော်ရေးသားရခြင်း ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ကျော် အချိန် ၁၉၃၉ခုနှစ် ကုန်ခါနီး၌ ကျမပိုင် ချွေးနည်းစာ (ကလောင်နှင့် စာရေး၍ ရသော ငွေများ)နှင့် တိုင်းပြည်ပြု ပုံနှိပ်တိုက်နှင့် ဒဂုန်ခင်ခင်လေး စာအုပ်တိုက်ကို ရန်ကုန်မြို့ ၄၇လမ်းတွင် တည်ထောင်ဖွင့်လှစ်၍ ၀တ္ထုရှည်များကို တလလျှင် ၂-ကြိမ်ကျ ထုတ်ဝေ ခဲ့ပါသည်။ ထိုအချိန် တွင်ပင် (.......) သူနှင့် အိမ်ထောင်ပြုခဲ့သည်။ သူသည် နဂါးနီစာအုပ်တိုက်မှ သခင်နု (ယခု ၀န်ကြီးချုပ် ဦးနု)နှင့် အုပ်ချုပ်သူများက အပြစ်အလျောက် အလုပ်မှ ဖြုတ်ပစ်လိုက်၍ ကျမနှင့် အိမ်ထောင်ပြု သော အခါတွင် အ၀တ်တထည် ကိုယ်တခုနှင့် ရောက်လာလျက် အလုပ် လက်မဲ့ ဖြစ်နေရုံမက နဂါးနီ စာအုပ်တိုက်မှ နှိုက်ယူသုံးစွဲထားသော ငွေပို အကြွေးများ အစားထိုး ပေးဆပ်ရန် မရှိသဖြင့် ကျမ၏ နဂါးနီ စာအုပ်တိုက် အစုရှယ်ယာပါမကျန် ခုနှိမ် ပေးဆပ်လိုက်ရပါ သည်။

နောက်ပိုင်း ၁၉၄၀ခုနှစ် တနှစ်လုံး ကျမ၏ တိုင်းပြည်ပြုပုံနှိပ်တိုက်နှင့် ဒဂုန်ခင်ခင်လေးဝတ္ထုတိုက်မှာ ၀င်ငွေ ကောင်းလှသော အခါ အခွင့်ကို ရရှိနေပါသည်။ ၎င်းအချိန်၌ သူသည် ကျမအလုပ်တိုက်ကို ကူညီခြင်း မရှိဘဲ ဗြိတိသျှ ဘားမား ရုပ်ရှင်ကုမ္ပဏီ သူဌေးဦးညွန့် (ကွယ်လွန်သူ) ပိုင် ဟံသာဝတီ ပုံနှိပ်တိုက်တွင် တလလျှင် လခငွေ ၁၅၀ိ နှင့် ဟံသာဝတီဂျာနယ် ကို သွားရောက် ထုတ်ဝေ လုပ်ကိုင် နေပါသည်။

ထိုအချိန်က ကျမပိုင် တိုင်းပြည်ပြု ပုံနှိပ်တိုက်မှ ဖိုမင် မောင်သန်း (သူနှင့်အတူ နဂါးနီတိုက်မှ အလုပ် ထုတ်ခံရသူ) အား ကျမက တလလျှင် ၁၅၀ိ နှင့် ဖိုမင်ခန့်ထား လုပ်ကိုင်စေရုံမက၊ အလားတူ နဂါးနီ တိုက်မှ ထုတ်ပစ် လိုက်သော ညွန့်မောင်၊ ဘိုနီ၊ ကံအေး၊ လှတင်၊ လှဖေ စသော ပါဆယ် စာရေး၊ မင်းစေ၊ စာစီ၊ စက်ရိုက် စသော သူတို့ကိုလည်း ကျမ၏ တိုင်းပြည်ပြု ပုံနှိပ်တိုက်နှင့် ဒဂုန်ခင်ခင်လေး စာအုပ်တိုက်မှပင် ဆိုင်ရာ အလုပ်များ ပေးအပ်လုပ်ကိုင်စေခဲ့ပါသည်။

သို့နှင့် အမှတ်တရ ဖြစ်သော ၁၉၄၀ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက်နေ့ မနက်ပိုင်းတွင် ယနေ့ ဟံသာဝတီတိုက်မှ အပြီး အပြတ် နှုတ်ထွက်ရန် နောက်ဆုံး သတိပေးခြင်းအနေနှင့် ပြောသော ကြောင့် ၎င်းနေ့မှာ ထွက်စာ ပေးပြီး၍ ခါတိုင်းထက်စောစော ပြန်လာခဲ့ပါပြီဟု ပြောနေစဉ် ဂျပန် လေယာဉ်ပျံများသည် ရန်ကုန်မြို့ကို စတင်ဗုန်းကြဲပါတော့သည်။
ဤအချိန်မှစ၍ ကျမ၏ အလုပ်တိုက်နှင့် လူများပါ တိုက်ကြီးမြို့သို့ စစ်ပြေးအဖြစ်နှင့် ပြောင်းရွှေ့ ရှောင်ရှား နေရပြီး ဂျပန်ဝင်ပြီးမှ ရန်ကုန်သို့ ပြန်လာ၍ ရွှေဂုံတိုင်လမ်းတွင် နေထိုင်ကာ တိုင်းပြည်ပြု ပုံနှိပ်တိုက် နှင့် ဒဂုန်ခင်ခင်လေး စာအုပ်တိုက်ကို ပြန်လည်ဖွင့်လှစ်ခြင်း ပြုပါသည်။

ထိုအချိန်မှာ ကျမ၏ ၀တ္ထုရေး လက်စများ၊ မြေပဒေသာ စသော ဘာသာပြန် ၀တ္ထုများနှင့် သခင်နု၏ ရက်စက် ပါပေ့ကွယ်၊ ပုထုဇနောဥမ္မတ္တကောစသော ၀တ္ထုများကို ဆက်လက် ထုတ်ဝေရုံ မက ဂျပန်အစိုးရ၏ ၀ါဒဖြန့် ပိုစတာများ ကေဘိုထိုင်ကပိုစတာများပါ ရိုက်နှိပ်ပေးရခြင်းတို့ကြောင့် ကျမ၏ တိုင်းပြည်ပြု ပုံနှိပ်တိုက်ကို အလုပ်သမားများ တိုးထားရခြင်း၊ ပုံနှိပ်စက်ကြီးများကို မရ အရ ရှာဖွေ ၀ယ်ယူခဲ့ရာတွင် ပုံနှိပ်စက် များ တိုးချဲ့ဝယ်ယူရာ၌ ငွေလိုတိုင်း ကျမ၏ ပိုလျှံ၍ အသုံးမပြု သော လက်ဝတ်လက်စားများကို ဂျပန်ငွေ အဆမတန် အမြတ်ရသဖြင့် ထုခွဲရောင်းချ၍ ပုံနှိပ်စက် ကြီးများကို ၀ယ်ယူ ရင်းနှီးခဲ့ရသည်။ နောက်ဆုံး ဂျပန်ခေတ်ဒေါက်တာ ဘမော်အစိုးရ၏ ဗမာ့ခေတ် နေ့စဉ် သတင်းစာကိုပင် ကျမ၏ တိုင်းပြည်ပြု ပုံနှိပ်တိုက်မှ အငှါးရိုက်နှိပ်ပေးနေရသည်မှာ ဂျပန်အစိုးရ ထွက်ပြေးရသောနေ့အထိပင် ဖြစ်ပါ သည်။

နှစ်ပေါင်း ၆၀အတွင်းမှ ကဏ္ဍ ဆက်ရန်
.

No comments: