Tuesday, May 31, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၈)

အခန်း (၈)

သောကြာ နေ့ မနက်တိုင်း တစ်ပတ်လုံး၏ လုပ်ရပ်များ ပြန်လည်သုံးသပ်မှု စာစီစာကုံး ရေးရသည်။ အဘိုးကြီး စိတ်ကြိုက် အတွေ့ဆုံး အချိန်ဖြစ်၏။ သူကိုယ်တိုင် ၀င်ရောက်စွက်ဖက်သည် ကဏ္ဍလည်းဖြစ်၏။ ကျောင်းသား တစ်ယောက်သည် တစ်ပတ်စာ ကျောင်းအတွေ့အကြုံကို သူ့စကားလုံးများဖြင့် ရေးကြ ရသည်။ လွတ်လွတ်လပ်လပ် ဝေဖန်ခွင့်ရှိသည်။ ဆရာ ဆရာမများကို ပုဂ္ဂိုလ်ရေးရာအရရော စာသင်ပုံ စာသင်နည်း တွင်ပါ ဝေဖန်ခွင့် ပေးထား၏။ ဤသို့ ဝေဖန်သဖြင့် ကျောင်းသားများကို အငြိုးအတေးထားခြင်း၊ အပြစ်ပေး ခြင်းလုံးဝ မရှိစေရ။ သည်ကိစ္စကို ဆရာကြီးက ရှင်းပြသည်။

" ဒါဟာ ဆရာတွေ အတွက်ရော တပည့်တွေ အတွက်ပါ အကျိုးရှိတဲ့ စနစ်ပဲ၊ ကလေးတစ်ယောက်ဟာ သူ့ မကျေနပ်ချက် ကို ဖွင့်ချတော့မယ်ဆိုရင် ခံစားချက်နဲ့ ရေးတော့မယ်၊ အသေးစိတ် ရေးတော့မယ်၊ အဲဒီမှာ အင်္ဂလိပ်စာ အရေးအသား တိုးတက်လာမယ်။
" ကျောင်းသားတစ်ယောက်စီရဲ့ အပတ်စဉ် ဝေဖန်ချက်ကို ကြည့်ပြီး ဆရာတွေက သူတို့ရဲ့ တိုးတက်မှုကို တိုင်းတာ ရမယ်၊ ဆရာတွေ အတွက်လည်း အမြတ်ထွက်တယ်၊ သူတို့အပေါ် ကလေးတွေ ဘယ်လို မြင်နေ သလဲ ဆိုတဲ့ အချက်ကို ရနိုင်လို့ပဲ။

" ဒီသင်နည်းကို သူတို့အများစု စိတ်မ၀င်စားဘူးဆိုရင် ဟိုသင်နည်းနဲ့ ပြောင်းသင်နိုင်တယ်၊ ဆရာတို့ တွေ့ လိမ့်မယ်၊ သည်ကလေးတွေရဲ့ ဝေဖန်ချက်တွေဟာ သိပ်မျှတတယ်၊ သိပ်ရိုးသားတယ်၊ ကျုပ်တို့ဆရာတွေရဲ့ ၀တ်စားဆင်ယင်မှုကို သူတို့ မကြိုက်ရင်လည်း မကြိုက်တဲ့အကြောင်း ထောက်ပြလိမ့်မယ်၊ ဒါဟာ စိတ်ဆိုး စရာမဟုတ်ဘူး။
" နောက်ဆုံးအချက်ကတော့ သောကြာနေ့ စာစီစာကုံးတွေဟာ ဆရာတွေရဲ့ စာသင်ပုံ စာသင်နည်းကို ပြု ပြင်ဖို့၊ ဖြည့်စွက်ဖို့ အကြံပေးတဲ့ စာတမ်းတွေလည်း ဖြစ်တယ်ဆိုတဲ့ အချက်ပဲ။ တစ်ဦးချင်း အမြင် အပေါ် မှာရော၊ အများအမြင်ပေါ်မှာပါ၊ အခြေပြုပြီး ဆရာတွေအနေနဲ့ စီမံချက်တွေ ရေးဆွဲနိုင်တယ်"

ထို့ကြောင့် သောကြာနေ့ ရောက်လာသည့်အခါ ကျွန်တော့်ကို ကလေးတွေ ဘယ်လိုများ မြင်နေကြပါလိမ့်၊ ဘာတွေ ဝေဖန်ကြမှာပါလိမ့်ဆိုပြီး လန့်နေသည်။ နေ့လယ်စာ စားချိန်တွင် သူတို့ ဝေဖန်ချက် စာစီစာကုံး အချို့ ကို ကျွန်တော် ဖတ်သည်။ စိတ်ပျက်ခြင်းနှင့် တစ်ပြိုင်တည်း ရင်ထဲတွင် ပေါ့သွားကြောင်း ၀န်ခံရမည် ဖြစ်ပါသည်။

ကျွန်တော် ထင်သလို သူတို့အတန်းကို လူမည်း ဆရာတစ်ယောက် ရောက်လာခြင်းနှင့် ပတ်သက်ပြီး တစ် ယောက်တလေ ကမှ ရေးကြီးခွင်ကျယ် လုပ်ခြင်းမရှိဘဲ ဗုဒ္ဓဟူးနေ့က အကသင်တန်းတွင် ဓာတ်စက် ပျက်သွားသည့် ကိစ္စ ကို မကျေမချမ်း ဖြစ်နေကြသည်။ ပြီးတော့ မြို့နယ်လက်ဝှေ့ပွဲတွင် ပါဝင်ခွင့်ရ သဖြင့် ၀မ်းသာ အားရ ဖြစ်နေကြသည်ကို တွေ့ရ၏။

ကျွန်တော့်ကို ရှေးရှေးက ဆရာတွေလိုပင် မကြာခင် ပြေးရမည့် စာရင်းသွင်းထားပြီး အချိန်ကုန်ခံ ဝေဖန်နေ စရာ မလိုတော့ပါဟုများ သဘောထားကြလေသလား မသိပါ။ သူတို့ ကျွန်တော့်ကို သည်လို သဘောထား လျှင်တော့ ကျွန်တော် ညံ့လို့သာလျှင် ဖြစ်ပါလိမ့်မည်။ သူတို့ကို ထိုးဖောက်နိုင်ရန် နည်းလမ်းရှာဖို့ ကျွန်တော့် တာဝန် သာ ဖြစ်ပါသည်။
ကျွန်တော် သည် ကျွန်တော့် အတန်းအတွက် ဆရာကောင်းတစ်ယောက်ဖြစ်အောင် အပတ်တကုတ် ကြိုးစား ပါ၏။ ဤသို့ဖြင့် နေ့ရက်တို့ ပင်ပန်းကြီးစွာ ကုန်လွန်ခဲ့သည်။ သို့သော် ထင်သည့်အတိုင်း ဖြစ် မလာခဲ့ပါ။

စိတ်ပညာစာအုပ်တွေ ကျွန်တော် ၀ယ်ဖက်သည်။ သို့သော် ကျွန်တော် အတန်း တွင် ချသုံးလို့ရမည့် နည်း လမ်း တစ်ခုတလေ မှ မရ။ သူတို့နှင့် ကျွန်တော့်ကြားတွင် အလွန်ထူလဲသည့် မှန်ချပ်ကြီး ခြားနေဘိသို့ ရှိ၏။

ကျွန်တော် ပြန်စဉ်းစားကြည့်သည်။ သူတို့နှင့် ဆက်ဆံရေးတွင် အဆင့်သုံးဆင့် ကျွန်တော်ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ပထမတစ်ပတ်က အသံတိတ် ဆန့်ကျင်သည့် ဆက်ဆံရေး။ ကျွန်တော် ခိုင်းသမျှ သူတို့ လုပ်သည်။ လုံးဝ စောဒက မတက်။ သို့သော် စိတ်ပါလက်ပါ လုပ်နည်းကားမျိုးတော့မဟုတ်။ အလုပ်ပြီးလျှင် ငှက်သုတေသီတစ်ဦးက ထူးထူးဆန်းဆန်း ငှက်တစ်ကောင် ကို ကြည့်သလို ကျွန်တော့်ကို ၀ိုင်းကြည့် နေကြ၏။

သူတို့စာအုပ်တွေကို အမှားအမှန်ခြစ်ရင်း၊ အမှတ်ပေးရင်း စားပွဲတွင် ထိုင်ကာ အလုပ်ရှုပ်နေရပေမယ့် သူတို့ မျက်လုံးတွေ ကျွန်တော့်တွင် စိုက်လျက်ရှိကြောင်း အလိုလို သိနေ၏။ စိတ်လှုပ်ရှားမိသလို မခံချိ မခံသာ လည်း ဖြစ်မိ၏။ သို့သော် ကိုယ့်ကိုယ်ကိုယ် ဆက်ထိန်းထားရသည်။

ဘာသာရပ်အချို့ကို သရုပ်ဖော်ပုံများ၊ လက်တွေ့နမူနာများဖြင့် ကျွန်တော် တပင်တပန်း ကြိုးစားသင်သည်။ သူတို့ နားလည်လွယ်အောင် သူတို့ဘ၀နှင့် နီးစပ်သည့် ပုံပမာများကိုသာ သုံးသည်။
သင်္ချာသင်သည် ဆိုပါစို့။ သူတို့ မိဘများရဲ့ ၀င်ငွေ ထွက်ငွေ၊ သူတို့ အိမ်တွင် စားသောက်နေကျ အစားအစာ၊ သူတို့ သွားဖူးသည့် ခရီး။ မြင်တွေ့နေကျ အကြောင်းအရာများကို ပုစ္ဆာလုပ်ပြီး ကျွန်တော် တွက်ခိုင်းသည်။

သူတို့ စိတ်ဝင်စားမှု ပိုမိုရရှိလာမည်ဟု ထင်ခဲ့၏။ သို့သော် ကျွန်တော့် ကြိုးစားမှုတို့ အရာမထင်ပါချေ။
သူတို့သည် ဒုတိယအဆင့်သို့ တစ်လှမ်းတက်လာကြသည်။ ပို၍ ဆူဆူညံညံ လုပ်လာသည်။ ကျွန်တော်ပို၍ စိတ်အနှောက်အယှက် ဖြစ်လာရပါသည်။ တစ်တန်းလုံး ပါသည်တော့မဟုတ်။ သို့သော် မပါဝင်သူ များ ကလည်း လောင်စိန်တစ်သိုက်ကို ကြည့်ပြီး သဘောကျနေကြ၏။

စာဖတ်နေစဉ် သို့မဟုတ် အမေးအဖြေ လုပ်နေစဉ် နောက်တန်းမှ စားပွဲအဖုံးကို ဖွင့်ပြီး ဆောင့်ပိတ်သည်။ ပြီးတော့ ကျွန်တော့်ကို မတော်တဆ ဖြစ်လေဟန် ကြောင်ကြည့်သည်။ ကျွန်တော် ဘာမှ မတတ်နိုင်ကြောင်း သူတို့လည်း သိနေ၏။ ကျွန်တော် ကြိတ်မှိတ်ခံနေရသည်။

တစ်ခါနှစ်ခါလောက် အနှောင့်အယှက်ပေးလာလျှင် စာဖတ်စေခြင်း၊ မေးခွန်းမေးခြင်းကို ရပ်ပြီး စာရေးခိုင်း ရ၏။ စာရေးနေစဉ်တော့ သူတို့စားပွဲကို ဖွင့်လိုက်ပိတ်လိုက် လုပ်ဖို့ မလွယ်တော့။
အဓိပ္ပာယ်မရှိ သည်လို အနှောင့်အယှက်ပေးခြင်းကို ကျွန်တော်ကြာရှည် သည်းခံနိုင်မည် မဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သိနေ၏။ အာပေါက်အောင် ပြောမှ တန်ကာကျမည့် အတန်းဖြစ်၍ စာသင်ရာတွင် ကျွန်တော် က ပါးစပ် ကို အားကိုးသည်က များသည်။ မလွှဲမရှောင်သာဘဲ စကားတွေ အများကြီး ပြောနေရ သည်။

ကျွန်တော် စိတ်ပါလက်ပါ ပြောဆိုသင်ကြားနေစဉ် အနှောင့်အယှက်ပေးခံရသည့်အခါ ကျွန်တော် အလွန့် အလွန် စိတ်ဆိုးမိသည်။ ပေါက်ကွဲလုမတတ် ဖြစ်ရသည်မှာ အကြိမ်ကြိမ်။
ကျွန်တော့် အခက်အခဲများကို လုပ်ဖော်ကိုင်ဖက်များအား ဖွင့်မပြောဘဲ ကြိတ်မှိတ်ခံနေလိုက်သည်။ ၀က်စတန်လို ဆရာသိသွားပြီး အာချောင်မည်ကို ကျွန်တော် မလိုလားပါ။
သင်ခန်းစာများကိုမူ အကောင်းဆုံးဖြစ်အောင် ကျွန်တော် ရွေးချယ်သင်ကြားသည်။ ရံခါတွင် ကျောင်းဆင်း ချိန်များ ၌ သူတို့နေသည့် ရပ်ကွက်ထဲသို့ ကျွန်တော် လျှောက်သွားသည်။ သူတို့ ကျင်လည်ကျက်စားသည့် ပတ်ဝန်းကျင် ကို လေ့လာသည်။ သူတို့၏ လူမှုရေးလိုအပ်မှုတွေကို နားလည်အောင် ကြိုးစားသည်။

တစ်မနက်တွင် အတန်းကို ကျွန်တော် ကဗျာသင်ပေးနေသည်။ စကားလုံးတွေကို သေသေချာချာ သရုပ်ခွဲပြ နေမိ၏။ သူတို့ကို ကျွန်တော် ကဗျာဖြင့် လုံးလုံးလျားလျား ညှို့ယူထားနိုင်လုဆဲဆဲတွင် မော်နီကာပေ့ခ်ျဆို သည့် ကလေးမ က စပြီး ဗွေဖောက်လာသည်။ စားပွဲအဖုံးကို ထုံးစံအတိုင်း တအား ဆောင့်ပိတ်ချလိုက်၏။
ဝုန်းခနဲ ထွက်လာသည့် အသံကြောင့် ကျွန်တော့် ခန္ဓာကိုယ်ထဲမှ အစိတ်အပိုင်းအားလုံး လှုပ်ခါသွားသည် ထင်ရ၏။ ကျွန်တော် စိတ်ဆိုးလိုက်သည်မှာ ပြောဖွယ်ရာ မရှိတော့ပါ။ ကလေးမကို ကျွန်တော် စိုက်ကြည့် လိုက်သည်။ ချာတိတ်မက ကျွန်တော့်ကို စူးစူးရဲရဲ ပြန်ကြည့်ပြီး အားလုံးကြားလောက်အောင် အော်ပြော သည်။

" ဒီ ... သောက်စားပွဲ အဖုံးက တစ်မျိုး "
စားပွဲကို ဆောင့်ပိတ်ရင်း မိန်းကလေး နှင့် မတန်သည့် စကားလုံးများဖြင့် အခြောက်တိုက် ရန်လိုစကား ဆိုသည်။ တတိယအဆင့်ထိ တက်လာခြင်းဟု ကျွန်တော် နားလည်လိုက်၏။

" သောက် " ဆိုသည့် စကားလုံးသည် သူတို့ပါးစပ်ထဲတွင် ထာဝရကိန်းအောင်းနေလေပြီ။ တစ်ယောက်နှင့် တစ်ယောက် လှမ်းစကားပြောလျှင်လည်း သည်နာမ၀ိသေသန မပါလျှင်မပြီး။ တစ်နေ့ကလည်း ဂျိန်းပါဆယ် က တွက်မရသည့် ဂဏန်းတစ်ပုဒ်ကို ထောက်ပြပြီး -
" ဒီအပုဒ်က သောက်ရမ်းခက်တာပဲ၊ ကျွန်မ မတွက်တတ်ဘူး" ဟု ကျွန်တော့်ကို လှမ်းပြောသည်။

ကျွန်တော် သူ့ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများကမူ အပြစ်ကင်းစင် ပြာလဲ့လျက်။ ကျွန်တော်က စိတ် ကို ထိန်းပြီး -
" မင်းအဖေနဲ့ စကားပြောရင်ကော ဒီအတိုင်း ပြောတာပဲလား "
" ခု ပြောနေတာက ကျွန်မ အဖေနဲ့မှ မဟုတ်တာ "
သူက အနိမ့်အမြင့် မရှိသည့် အသံဖြင့် ပြန်ပက်သည်။ ကျွန်တော် ဘာဆက်ပြောရမှန်းမသိတော့။

မနက်ပိုင်း ကျောင်းဆင်းခေါင်းလောင်းထိုးတော့ သူတို့တစ်တွေ အခန်းထဲမှ တိုးဝှေ့ ထွက်သွားကြသည်။ အခန်းပြင် ရောက်သည်နှင့် မော်နီကာပေ့ခ်ျ ကို ၀ိုင်းဝန်း ဂုဏ်ပြုနေကြသံများကို ကျွန်တော် အတိုင်းသား ကြားနေ ရပါ၏။ " ငမည်းဆရာကို ဆော်ထည့်" လိုက်သည့်အတွက် မော်နီကာသည် လူရည်ချွန်မလေး ဖြစ်နေချေပြီ တကား။
ကျွန်တော့်အနေဖြင့် သူတို့ မိဘတွေကို တိုက်ခိုက်လာလျှင် ဘာလုပ်ပစ်လိုက်မည်၊ ညာလုပ်ပစ်လိုက်မည်ဟု လည်း မကြားဝံ့ မနာသာ စကားလုံးများဖြင့် ၀ိုင်းဝန်း ပစ်ခတ်နေကြသေးသည်။ မိန်းကလေး၏ စကားအသုံး အနှုန်း အမှား ကို ပြုပြင်ပေးဖို့ ကြိုးစားမိခြင်းကို မိဘများအား ထိခိုက်ပြောသည်ဟု အဓိပ္ပာယ်ပြန်လိုက်ကြ ခြင်း။

သည်အဖြစ်အပျက်၏ နောက်ပိုင်းတွင် အခြေအနေမှာ ပိုဆိုးလာသည်။ သူတို့တစ်တွေအပေါ် ဆရာ ၀က်စတန် ၏ ကောက်ချက်သည် သွေးထွက်အောင် မှန်နေပြီကော။ သူတို့၏ ရန်လိုမုန်းတီးမှုသည် ဦး တည်ချက် မရှိဘဲ ပရမ်းပတာ နိုင်လှသည်။ အဓိပ္ပာယ် မဲ့လှသည်။

စကားလုံး အသုံးအနှုန်းများအပြင် အခြားကိစ္စများ အတွက်ပါ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်လာရ၏။ စင်္ကြံလမ်းကြား ခပ်မှောင်မှောင်တွင် ကောင်လေးတွေနှင့် ကောင်မလေးတွေ ပွေ့ဖက်နမ်းရှုပ်နေကြသည်ကို ကျွန်တော် မကြာခဏ တွေ့နေရ၏။ ကျွန်တော့်ကို မြင်လျှင်တော့ ခဏ လူချင်းခွာပြီး ရပ်စောင့် ဖော် ရကြပါ၏။ သို့သော် ကျွန်တော် လွန်သွားသည်နှင့် အနှောင့်အယှက် အဖျက်ဆီး ခံလိုက်ရသည့် တဒင်္ဂ အတွက် သူတို့ ပျော်ရွှင်မှုကို ပြန်ဖြည့်ကြသည်သာ။

ကျောင်းဆင်းလျှင်လည်း တန်းတန်းမတ်မတ် မပြန်သေးဘဲ လှေကားရင်းတွင် ဖြစ်စေ၊ အိမ်သာခန်းထဲတွင် ဖြစ်စေ သောင်းကျန်းနေသံများလည်း ကြားရတတ်၏။ တစ်ခါတစ်ရံ ကျောင်းကစားကွင်း ထောင့်တစ်နေရာ တွင် အစုလိုက် အပြုံလိုက် အနမ်းလေ့ကျင့်နေကြသည်ကိုလည်း တွေ့ရတတ်၏။

စာသင်ခန်းပြင်ပတွင် သူတို့ဘာသာ ဘာဖြစ်ဖြစ်နေ ငါ အနေသာချည်းဟု ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထား သည့် ကြားက ကျွန်တော် လက်ပိုက်ကြည့်မနေနိုင်အောင် ဖြစ်လာ၏။ ပိုဆိုးသည်မှာ အငယ်ကလေး တွေကပါ အကြီးတွေကို လိုက်အတုခိုးနေခြင်းဖြစ်သည်။ တချိုကချာတိတ်ကလေးတွေ အရွယ်နှင့် မလိုက်အောင် ပျက်စီးနေကြပြီ။ တစ်ယောက်ဆိုလျှင် မိန်းကလေးအိမ်သာ မျက်နှာကျက်ပေါ်မှ တက် ချောင်းရင်း ကျွံကျသဖြင့် ဒဏ်ရာအပြင်းအထန် ရသွားသည်။ မသေကောင်း မပျောက်ကောင်း။
သည်ကိစ္စ အတွက် ဆရာများ အခန်းတွင် အကြီးအကျယ် အချေအတင် ဆွေးနွေးကြသည်။ သည်ကလေး၏ ဒဏ်ရာ ကိုသာ အာရုံစိုက်နေကြပြီး အရင်းအမြစ်ဖြစ်သည့် ကလေးများ စာရိတမဏ္ဍိုင် ကိစ္စကိုမူ ဆရာ ဆရာမ တွေ အလေးအနက် မဆွေးနွေးကြပါ။

တစ်နေ့ မွန်းလွဲပိုင်း အားလပ်ချိန်တစ်ခုတွင် ပြဿနာ အထွတ်အထိပ်သို့ ရောက်လာတော့၏။ လက်ဖက်ရည် ပန်းကန်ကို ကိုင်ပြီး ဆရာများအခန်းမှ ကျွန်တော် ပြန်အလာ။ ကျွန်တော့် စာသင်ခန်းထဲတွင် မီးခိုး တွေ အူနေ၏။ မီးလင်းဖိုထဲတွင် အရာဝတ္ထုတစ်ခုကို မီးရှို့ထားခြင်းဖြစ်သည်။

သူတို့တစ်တွေ မီးဖိုနားတွင် ၀ိုင်းပြီး ဟေးလားဝါးလား လုပ်နေကြ၏။ မီးခိုးတိတ်သွားအောင် ဘယ်သူမှ မလုပ်ကြ။ သူတို့အုပ်ထဲ ကျွန်တော် တိုးဝင်သွားပြီး မီးဖိုကို ငုံ့ကြည့်လိုက်သည်။ ဘုရား ... ဘုရား၊ မိန်းကလေး များ ဓမ္မတာလာလျှင် သုံးသည့် ခါတောင်းကျိုက် ၀ါဂွမ်းလိပ်တစ်ခုကို မီးရှို့ထားခြင်းပါတကား။
ရွံ့ရှာစက်ဆုပ်မှု နှင့် ဒေါသကို ကျွန်တော် ဆက်မထိန်းနိုငတော့။ ကျောင်းသားအားလုံးကို ကျွန်တော် အခန်းထဲ မှ မောင်းထုတ်ပစ်လိုက်သည်။ မိန်းကလေးများချည်း ကျန်သောအခါ ကျွန်တော့် နှုတ်ဖျားမှ စကားလုံး တွေ စက်သေနတ် ပစ်သလို တရစပ် ထွက်လာသည်။

သူတို့အမူအကျင့်၊ အနေအထိုင်၊ အပြောအဆိုများ၊ ယောက်ျားလေးတွေနှင့် ဖြစ်ချင်တိုင်း ဖြစ်နေကြခြင်းများ ကြောင့် ကျွန်တော် ဘယ်လောက် စိတ်ပျက်နေရကြောင်း ခပ်ကြမ်းကြမ်း ပြောချလိုက်သည်။
အလို ... သူတို့က ဘာမှ မမှုသလို ရပ်နားထောင်နေကြပါတကား။ သို့သော် တစ်ယောက်တလေမှတော့ ခွန်းတုံ့ မပြန်ရဲကြ။ ကျွန်တော် ဆက်ပြောသည်။
" မိန်းမကောင်းလေးတွေဆိုတာ မိန်းမကိစ္စတွေမှာ သိုသိုသိပ်သိပ်ရှိရတယ်။ နေပါဦး မင်းတို့အမေတွေ၊ အစ်မ တွေက မင်းတို့ကို လိုအပ်တာတွေ သင်မပေးကြဘူးလား၊ သင်မပေးဘူးဆိုတာတော့ ရှင်းနေ ပါတယ်လေ၊ မိ မဆုံးမ ဖ မဆုံးမမို့ လုပ်ရဲတာပေါ့"

" ဒီလို လုပ်ရဲတဲ့ မိန်းကလေးကို အားပေးအားမြှောက်လုပ်တဲ့ တခြားကျောင်းသူတွေလည်း အတူတူပဲ၊ သိပ် အောက်တန်း ကျတယ်၊ ဘယ်သူလုပ်တယ်ဆိုတာကို ဆရာ မသိချင်ဘူး၊ ဘိာဖြစ်လို့လဲဆိုရင် မင်းတို့အားလုံး အလိုတူ အလိုပါမို့ပဲ။ မင်းတို့ကို ငါးမိနစ်တိတိ အချိန်ပေးမယ်၊ အဲဒီ ရွံ့စရာကောင်းတဲ့ ကိစ္စကို မင်းတို့ ရှင်း ပစ်ကြ၊ ပြတင်းပေါက်တွေ ဖွင့်ပြီး အနံ့အသက်တွေ မီးခိုးတွေပါ ထွက်အောင် လုပ်။
" ပြီးတော့ မင်းတို့ မြဲမြဲမှတ်ထား၊ ဒီလို အော့နှလုံးနာစရာ ညစ်တီးညစ်ပတ်ကစားနည်းတွေ ကစားချင်ရင် မင်းတို့ ဘာသာ အိမ်မှာ ကစား၊ ကျောင်းခန်းထဲမှာ မဖွယ်မရာ ဘယ်တော့မှ လာမလုပ်နဲ့၊ နားလည်လား "

ပြောပြောဆိုဆို တံခါးကို ၀ုန်းခနဲ ဆောင့်ပိတ်ပြီး ကျွန်တော် အခန်းထဲမှ ထွက်လာခဲ့သည်။
အပေါ်ထပ်တက်ပြီး စာကြည့်ခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေမိသည်။ ခဏတစ်ဖြုတ် တစ်ယောက် တည်းနေလို့ရမည့် နေရာမှာ သည်တစ်နေရာသာရှိသည်။ ကျွန်တော့် ရင်ထဲ လုံးဝ မကောင်းတော့။ စိတ်ဓာတ်တွေ အကျကြီးကျသွားသည်။ နောက်ဆုံး အဖြစ်အပျက်မှာ ကျွန်တော့်အား တမင် စော်ကားခြင်း ပင်။

လောကနီတိကို လုံးဝ နားမလည်သည့် ကလေးများပါ တကား။ သူတို့ အပြောအဆို၊ သူတို့ အပြုအမူ အားလုံးကို ညစ်ညမ်းမှုက ထာဝရ လွှမ်းမိုးထားလေပြီတကား။
ဘာကြောင့်လဲ၊ ဘယ်အတွက်လဲ။
ဘာကြောင့် သူတို့ ဒီလိုဖြစ်နေရတာလဲ။
ကျွန်တော့်ကိုယ် ကျွန်တော် မေးခွန်းထုတ်နေမိ၏။

ကျွန်တော်က လူမည်းတစ်ယောက် ဖြစ်နေခြင်းအတွက် သူတို့မောက်ကျော် စော်ကားခြင်းမဟုတ်။ ဟက်ကမန်း ဆိုသည့် လူဖြူဆရာလည်း လက်မြှောက် အရှုံးပေးသွားရသည် မဟုတ်လား။ ဒါဖြင့် ဘာကြောင့်လဲ၊ သူတို့ကို ဘယ်အရာမျိုးက လွှမ်းမိုးထားခြင်းလဲ။
ကျွန်တော့်ကို နောက် ဟက်ကမန်းတစ်ယောက်ဟု သဘောထားပြီး သူတို့ အပြတ်ရှင်းဖို့ တာဟူနေပြီဟု ထင်လိုက်၏။ စက်ကမန်းသည် သည်ကျောင်းမှ သိက္ခာမဲ့စွာ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။ သည်အောင်ပွဲမျိုး ကို သူတို့ နောက်ထပ် ခံယူလိုကြသေးသည်လေ။

ကောင်းပြီ၊ ကြည့်ကြသေးတာပေါ့ကွာ။
ကျွန်တော်သည် သူတို့နှင့် ပြေလည်အောင် လုပ်သင့်လုပ်ထိုက်သည်များကို အားလုံး လုပ်ပြီးခဲ့ပြီ။ မအောင် မြင်ခဲ့။ သည်တော့ ကျွန်တော့် သေနင်္ဂဗျူဟာ ပြောင်းရတော့မည်။ ဆရာကြီး၏ သြ၀ါဒများကိုလည်း ဘေးချိတ် တန်တာ ချိတ်ရတော့မည်။

ဒေါသစိတ်ကို ကျွန်တော် ထိန်းလိုက်သည်။ အတန်းကို စနစ်တကျ ဖြစ်အောင် ကျွန်တော် ကိုင်တော့မည်။ ယနေ့စ၍ ကျွန်တော့် အတန်းသည် စနစ်ကျသည့် အတန်း၊ ရှင်းသန့်သည့်အတန်းဖြစ်အောင် လုပ်တော့မည်။ သူတို့ကို ကျွန်တော် မေတ္တာရပ်ခံခြင်း မပြုတော့။ တောင်းဆိုတော့မည်။ ဆဲရေတိုင်းထွာမှု တွေ၊ စားပွဲ ဆောင့်ပိတ်တာတွေကို ကျွန်တော် သည်းမခံတော့။ သူတို့တစ်တွေ ကျွန်တော့် လုပ်ပိုင်ခွင့် နယ်ပယ် တွင်းသို့ ကျူးကျော်ဝင်ရောက်နေကြ၏။ ပြန်မောင်းထုတ်ရတော့မည်။

အားလပ်ချိန်ပြီးလို့ ကျွန်တော် အတန်းထဲပြန်ဝင်လာတော့ ရှင်းလင်းနေသည့် မီးဖိုကို တွေ့ရ၏။ ပြတင်းပေါက် တွေကို ဖွင့်ထားသည်။ အားလုံး ငြိမ်ငြိမ်ကလေး ထိုင်နေကြ၏။ မိန်းကလေးတွေက ကျွန်တော် နှင့် မျက်လုံးချင်း မဆိုင်ဘဲ ခေါင်းငုံ့နေကြ၏။ အင်း ... တချို့ကတော့ ရှက်ရကောင်းမှန်း သိသွားပြီဟု ကျွန်တော် ထင်လိုက်၏။ ယောက်ျားကလေးများကမူ ကျွန်တော် ဘာပြောမလဲဟု စောင့်နေကြပုံ။
စောစောက အဖြစ်အပျက်ကို ကျွန်တော် လုံးဝ ပြန်မကောက်ဘဲ နေလိုက်သည်။ သည်ကိစ္စ တစ်ခန်းရပ်သွား ပြီဟုပဲ ကျွန်တော် နားလည်ထားလိုက်သည်။ သို့သော် သည်ကိစ္စနှင့် ပတ်သက်ပြီး သူတို့ ရင်ထဲတွင် သည့်ထက် နင့်နင့်နဲနဲ စွဲသွားအောင်လုပ်ဖို့ နည်းလမ်းတော့ အချိန်ယူရှာရပါဦးမည်။
-------------------------

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၂၃)

"ဦးပေါ်... ဧည့်သည်ရောက်နေတယ်"
ဟု ၀ိုင်းစိန် က လာခေါ်သည်။ အောက်ထပ်ကို ဆင်းသွားတော့ လက်နောက်ပစ်ကျောပေး ရပ်ရင်း ပေါ်ဋ္ဌေး တို့ မိဘနှစ်ပါး၏ဓာတ်ပုံကို မော့ကြည့်နေသော ဦးအောင်ကြီးကို တွေ့လိုက်ရသည်။ ပေါ်ဋ္ဌေး ခပ်သုတ်သုတ် ဆင်းပြေးသွားပြီး-
"ဦးလေးအောင်" ဟု နှုတ်ဆက်လိုက်သည်။

ဦးအောင်ကြီးက ဒီဘက်ကို လှည့်လိုက်ပြီး ပေါ်ဋ္ဌေး၏ပခုံးကို ပုတ်မည့် ဟန်ပြုသည်။ ပေါ်ဋ္ဌေးက ပြုံးပြရင်း-
"ဦးလေး... ဘယ်ကလှည့်" စကားဆုံးအောင် မပြောလိုက်ရ။ နားထင်ရင်းက ပူခနဲ ဖြစ်ပြီး စိုက်ဆင်းသွားသည်။ ပခုံးကို ပုတ် လိမ့်မယ်လို့ ထင်မိတာ။ အမှန်က နားရင်းကို လက်ပြန် ရိုက်ထည့် လိုက်ခြင်း ဖြစ်၏။ ကိုယ်ကို ဟန် ချက်ထိန်းပြီး ပြန်မတ်လိုက်ရသည်။ မျက်စိတွေ ပြာနေသောကြောင့် လူလုံး ကို သဲကွဲစွာ မမြင်ရ။ ဒါ လည်း တစ်မျိုး ကံကောင်းသွားသည်။ ဦးအောင်ကြီး၏မျက်နှာ အမူအရာကိုသာ ရုတ်တရက် မြင် လိုက်ရလျှင် အရိုက်ခံရတာထက် ပိုနာလိမ့်မည်။ အသံကို ကြားရရုံနဲ့တင် နားကြောတွေ စိမ့်သွား သည်။

"ခွေးထက် မိုက်တဲ့ကောင်"
"ကျွန်တော် ဘာလုပ်လို့လဲ"
ဟု ပေါ်ဋ္ဌေး လွှတ်ခနဲ ယောင်ပြီး ပြောမိ၏။
"ဘာ... ကိုယ် ဘာလုပ်ခဲ့တယ်ဆိုတာ မသိရအောင် မင်းက တိရစ္ဆာန်လား၊ ပြောစမ်း... ရင်ရင်ငြိမ်း ကို မင်း အိမ်ပေါ် က နှင်ချလိုက်ပြီ မဟုတ်လား"
"ကျွန်တော် နှင်ချတာ မဟုတ်ဘူး။ သူ့ဘာသာ ဆင်းသွားတာ"
ပေါ်ဋ္ဌေးက ကြောက်ကြောက်လန့်လန့် စောဒကတက်ကြည့်သည်။

"ရင်ရင်ငြိမ်းလို မိန်းကလေးက သူ့ဟာသူတော့ ဆင်းမှာ မဟုတ်ဘူး၊ မင်းက အိမ်မှာ မနေနိုင်အောင် ညှင်းပန်း နှိပ်စက် လို့ပဲ ဖြစ်ရမယ်"
"ကျွန်တော်... ဘာမှ..."
"တိတ်စမ်း၊ မင်းရဲ့ပလီပလာ အကြောင်းပြချက်တွေ မကြားချင်ဘူး၊ အောင်ချို ဆိုတဲ့ကောင်က လည်း အလိုတူ အလိုပါပဲ"
"သူ... သူ မပါပါဘူး ဦးလေး"

"ဘာဖြစ်လို့ မပါရမှာလဲ၊ မိန်းမကို လည်ပင်းညှစ်သတ်ဖို့ ကြံစည်ခဲ့ဖူးတဲ့ကောင်ပဲ၊ သူ မြှောက်ပေးလို့ မင်း ဒီလောက် အတင့်ရဲတာ ဖြစ်မှာပေါ့၊ ဒါကြောင့် အောင်ချို့ကို ငါ လက်သီးနဲ့ထိုးပြီး အိမ်ပေါ်က နှင်ချလိုက်ပြီ၊ ရင်ရင်ငြိမ်း ဒီအိမ်ပေါ် ပြန်မရောက်မချင်း ဒီကောင်လည်း ငါ့အိမ်ပေါ်ပြန်မတက်ရဘူး"
လက်သီးဒဏ် ကြောင့် ဖူးရောင်နေသော အောင်ချို့ မျက်နှာကို မြင်ယောင်မိ၏။ ဦးအောင်ကြီး က ဆက် ပြောသည်။ ဒေါသသံက လျော့မသွားဘဲ ပိုတိုးလာသည်။

"ဟိုကောင် ငမော်ဆီကိုလည်း ဖုန်းဆက်ပြီး ကြိမ်းပြီးပြီ၊ ကံညွှန့်မောင် ဆိုတဲ့ လူရှုပ်ကတော့ ဖုန်းကို ပိတ်ထားတယ်၊ ကောင်းထွန်းကကော အမြင်မတော်တာရှိရင် မတားဘူးလား၊ အေး... မင်းတို့အား လုံး ရင်ရင်ငြိမ်း ကို တွေ့အောင်ရှာပြီး ပြန်ခေါ်ခဲ့၊ ဒါမှမဟုတ်ရင်တော့ အားလုံး သေဖို့သာပြင်ထား၊ ကြားလား... ခွေးတိရစ္ဆာန်ကောင်တွေ၊ တယ်လေ.... ငါကွာ"

ဦးအောင်ကြီး က လက်သီးနှင့်ရွယ်လိုက်သည်။ ပေါ်ဋ္ဌေး မျက်စိမှိတ်ပြီး ခေါင်းကို ပုထားလိုက်၏။ နှာခေါင်းရိုး မထိအောင် မျက်နှာကိုလည်း ခပ်စောင်းစောင်း နေပေးလိုက်သည်။ တစ်မိနစ်လောက် ကြာတဲ့အထိ ဘာမှ မထူးခြားသဖြင့် မျက်စိ ဖွင့်ကြည့်သည်။ ရှေ့မှာ ဦးအောင်ကြီး  မရှိတော့။ ဝူး ခနဲ ဆောင့်ကြီးအောင့်ကြီး မောင်း ထွက်သွားသော ကားသံကိုသာ ကြားရသည်။
ခုမှ နားသယ်ရင်းက နာလာသည်။

ဦးအောင်ကြီး ထွက်သွားပြီး သိပ်မကြာခင်မှာ ကံညွန့်မောင် ဖုန်းဆက်သည်။
"ဦးလေးအောင် လာသွားပြီလား"
"လာသွားပြီ"
"ဗြင်းသွားသေးလား"
"တစ်ချက် ခံလိုက်ရတယ်"
"အောင်ချို့ကိုလည်း နှင်ချလိုက်ပြီဆို"
"အေး... ဟုတ်တယ်"

"ဒီကောင် ဘယ်ရောက်နေလဲ"
"ထုံးစံ အတိုင်း ယောက္ခမအိမ် သွားနေမှာပေါ့၊ မင်း အခု ဘယ်ကဆက်နေတာလဲ"
"ရဲမော် နဲ့ ကောင်းထွန်း ကို ခေါ်ပြီး မင်းဆီလာနေပြီ"
ဖုန်းချပြီး ပြန်အလှည့်တွင် ဧည့်ခန်းထဲမှာ ရပ်နေသော အောင်ချို့ကို တွေ့လိုက်ရသည်။ ပါးတစ် ဖက် ရောင်ကိုင်းပြီး အညိုရောင်သမ်းနေသည်။ ဒီတစ်ခါတော့ ဘယ်လက်သီး ဖြစ်ပုံရသည်။
"မင်း ယောက္ခမအိမ် ရောက်နေပြီ မဟုတ်လား"

အောင်ချိုက ခေါင်းခါပြီး-
"အဖေက ဟိုအိမ်ကိုလည်း ဖုန်းဆက်ပြီး လှမ်းတားထားတယ်၊ ငါ ရောက်သွားတော့ ယောက္ခမတွေ က သတင်း ကြားပြီးပြီ၊ ဒါမျိုးတော့ သူတို့လည်း အားမပေးဘူးဆိုပြီး ငါ့ကို လက်မခံဘူးကွ၊ ငါက အချောင် သက်သက် ခံရတာကွာ"
"ဒီတော့... မင်း"
"လောလောဆယ်တော့ မင်းအိမ်မှာပဲ နေရမှာပဲ၊ မင်းလည်း တစ်ယောက်တည်း မဟုတ်လား"

"ဒါနဲ့ ဦးလေးအောင်က ဘယ်လိုလုပ် သိသွားတာလဲ"
"မြရီဝင်း က စီစီ့ဆီ ဖုန်းဆက်ပြောတယ်၊ စီစီ က အဖေ့ကို တိုင်လိုက်တာ"
တအောင့်လောက်ကြာတော့ ကံညွန့်မောင်၊ ရဲမော် နှင့် ကောင်းထွန်း တို့ ရောက်လာကြသည်။
"မင်း လုပ်တာနဲ့ ငါတို့အားလုံး ပြဿနာတက်ကုန်ပြီ"
ဟု ရဲမော် က ပြောသည်။ ကောင်းထွန်းက-

"ငါသာ စောစောစီးစီးက သိရင် တားပါတယ်ကွာ၊ ရင်ရင်ငြိမ်း က ငါ့စကားဆိုရင်တော့ နားထောင် မှာပါ၊ ဒီသတင်း ကြားတော့ မိငယ်က ငိုတယ်ကွ"
"အေးကွာ... ဘာသိဘာသာ နေတတ်တဲ့ ငါ့မိန်းမတောင် စိတ်မကောင်းဖြစ်နေတယ်"
ဟု ကံညွန့်မောင် ကလည်း ၀င်ပြောသည်။
"ကဲ... အခု ဘာလုပ်ကြမလဲ"
ဒီမေးခွန်း ကို ပေါ်ဋ္ဌေး သူ့ကိုယ်သူ မေးနေခဲ့တာ ကြာပြီ။ စောစောက နားရင်းအရိုက်ခံရလို့ စိုက်ခနဲ ဖြစ်သွားသောအခိုက်မှာပင် သူ ဘာလုပ်ရမယ်ဆိုတာ သိလိုက်ပြီ။

အနှောင်းနှင့် ဒေစီပွင့် တို့ ငှားနေသော တိုက်ခန်းကို သွားရှာသည်။ အခန်းတံခါး သော့ခတ်ထားသည်။ အောက်ထပ် က ပိုင်ရှင်အမျိုးသမီးကြီးကို မေးကြည့်သည်။
သူတို့ ပြောင်းသွားကြပြီရှင့် ဘယ်ကို ပြောင်းသွားတာလဲ
အဲဒါတော့ မသိဘူး၊ သူတို့ ပြောင်းပုံက အလောတကြီးနိုင်လွန်းတယ်၊ အငှားစာချုပ် က ရက်စေ့ဖို့ တစ်လ နီးပါး လိုသေးတယ်၊ နောက်ခြောက်လ ထပ်ငှားဖို့တောင် စကားစ ထားပြီးပြီ၊ ဘယ့်နှယ် ဖြစ်သွားကြသလဲ မသိဘူး

ပေါ်ဌေးက ရင်ရင်ငြိမ်းအကြောင်း စုံစမ်းဖို့ သတိရပြီး-
သူတို့နဲ့အတူတူ အမျိုးသမီးတစ်ယောက် လာနေတာများ တွေ့မိလား
တွေ့တာပေါ့၊ ခပ်ချောချောလေ၊ ရင်ငြိမ်း ဆိုလား...
အရေးထဲမှာ ပြုံးမိမလိုတောင် ဖြစ်သွားသည်။ အမျိုးသမီးကြီးက ဆက်ပြောသည်။

နဂိုက သဘောတူထားတာကတော့ အခန်းမှာ လူပိုတင်မထားရဘူးလေ၊ ဒါပေမဲ့ ဒီမိန်းကလေးကတော့ ကြည့်လိုက်တာ နဲ့ သူတော်ကောင်းမှန်း သိလို့ လက်ခံထားတာ၊ ဒါနဲ့ သူနဲ့က ဘယ်လို...
ဆိုပြီးမှ စပ်စုရာကျမလားဆိုပြီး ဆက်မမေးဘဲ နေသည်။ သို့ရာတွင် ပေါ်ဌေး ဖြေချင်စိတ်ပေါက်လာသည်။
အဲဒါ ကျွန်တော့်ဇနီးပါ သူ့လေသံက ဂုဏ်ယူဟန် စွက်နေလား မသိ။

ဟင်...ဟုတ်လား၊ မင်း သိပ်ကံကောင်းတယ်၊ အင်မတန် ကျက်သရေရှိတဲ့ ကလေးမပဲ၊ အဲ...ဟိုသင်း...
ကျေးဇူး တင်ပါတယ်၊ တကယ်လို့များ အကြောင်းတစ်ခုခုကြောင့် သူတို့ပြန်လာခဲ့ရင် ကျွန်တော့်ဆီ ဖုန်းဆက် ဖို့ ပြောပေးပါဆိုပြီး သူ့လိပ်စာကတ်ပြား ပေးခဲ့သည်။
ရင်ရင်ငြိမ်း တို့ ဘယ်ကိုသွားကြသလဲ။ သူ လိုက်ရှာလိမ့်မယ်ဆိုတာ ခန့်မှန်းမိလို့ ခြေရာဖျောက်သွားကြ တာလား။ ဒါဆိုရင်တော့ ရင်ရင်ငြိမ်းဟာ တကယ်ပဲ သံယောဇဉ် ဖြတ်ခဲ့ပြီပေါ့။
ရင်ရင်ငြိမ်း အိမ်က ထွက်မသွားခင် နောက်ဆုံး တွေ့လိုက်သူမှာ ၀ိုင်းစိန်သာဖြစ်၏။

သူ့ဆီက သဲလွန်စ ထပ် ရကောင်းရနိုင်သည်။ ထို့ကြောင့်-
ရင်ငြိမ်း သွားခါနီး ဘာတွေ မှာသွားသေးလဲ၊ ထပ်ပြောစမ်း
ဘုရားပန်း မှန်မှန်လဲ၊ ညတိုင်း ဘုရားရှိခိုးပြီးမှ အိပ်၊ ဦးပေါ် အတွက် ဟင်းဝယ်ပေးထား ဒါပဲလား
ဟုတ် နေဦး၊ ရင်ငြိမ်းက သွားခါနီးမှာ ငိုသေးလား

ဟင့်အင်း...ဒေါ်လေးက မငိုဘူး၊ အန်တီပွင့်ပဲ ငိုတယ်
အဲဒီတော့ ရင်ငြိမ်းက ဘာပြောလဲ ဟိုသင်း...ဟိုဥစ္စာ...သေရင်လည်း ခွဲရမှာပဲ ဆိုလား၊ ပြောတယ်
အနှောင်းကကော ဘာပြောလဲ စောစောဖြတ်တာ ကောင်းတယ်တဲ့
ဘာဖြတ်တာလဲ အဲဒါတော့ မသိဘူး
ဒါပဲလား
ဟုတ်

စဉ်းစားဦး၊ သတိရရင် ငါ့ကိုလာပြော
ဆိုပြီး ဧည့်ခန်းမှာ သွားထိုင်ရင်း စဉ်းစားသည်။ တစ်စစီ ပြန့်ကျဲနေသော အချက်အလက်တွေကို ဆက်စပ် ကြည့်သည်။ ငှားထားသော အိမ်ခန်းကနေ အလောတကြီး ပြောင်းရွေ့သွားကြသည်။ ရင်ရင်ငြိမ်း အိမ်က ထွက်သွားတော့ လက်ဝတ်လက်စားတွေ ပါမသွား။ နားကပ်တောင် ဖြုတ်ထားခဲ့သည်။ ငွေလည်း များများ ယူမသွားခဲ့။ အ၀တ်အစားတွေလည်း ဒီအတိုင်း။ ဒေစီပွင့်က ငိုသည်။ သေရင်လည်း ခွဲရမှာပဲ။ စောစောဖြတ် တာ ကောင်းတယ်။ အဖြေကို ဆုပ်ကိုင်မိလုလု အချိန်မှာပင် ၀ိုင်းစိန် ရောက်လာသည်။

သမီး တစ်ခု သတိရတယ်
ပြော...ပြော...ဘာလဲ
ပေါ်ဌေး က အားတက်သရော မေးသည်။
ဒေါ်လေးက မှာခဲ့တယ်၊ ဦးပေါ်ကို အချိန်မှန်မှန် ထမင်းကျွေးပါတဲ့၊ အဲဒါ....အခု ထမင်းစားတော့မလား ဟင်
ပေါ်ဌေး စိတ်တိုသွားပြီး- မစားဘူး၊ မစားဘူး...သွား သွား

ဝိုင်းစိန် ခေါင်းကုတ်ပြီး ထွက်သွားသည်။ ပြီးမှ ပြန်လှည့်လာပြီး
သမီး တစ်ခု သတိရပြန်ပြီ
ပေါ်ဌေးက ဟောက်ထုတ်မည်ပြုပြီးမှ-
ဘာသတိရတာလဲ ဟု မေးလိုက်သည်။
ဒေါ်သီတာ ကို ပြောပြီးပြီလားလို့ ဒေါ်လေးက အန်တီနှောင်းတို့ကို မေးတယ်

ဒေါ်သီတာ...
ဒီနာမည်ကို ကြားဖူးသည်။ ဘယ်မှာ ကြားဖူးတာလဲ။ ဘာကိစ္စနဲ့ ကြားဖူးတာလဲ။ အပြင်းအထန် စဉ်းစား သည်။ စောစောက အချက်အလက်တွေနဲ့ ပေါင်းစပ်ကြည့်သည်။ ခုန ပျောက်ကွယ်သွားသော အဖြေကို ပြန်ဖမ်းမိသည်။ ရင်ရင်ငြိမ်း ဘယ်မှာရှိသလဲဆိုတာ ခန့်မှန်းလို့ရပြီ။
သူ ချက်ချင်း ကားဆီပြေးပြီး ခုန်တက်လိုက်သည်။ ပြီးမှ သော့မယူရသေးကြောင်း သတိရသည်။ အိမ်ထဲဝင် ပြီး သော့ယူသည်။ ပိုက်ဆံအိတ်ကျန်ခဲ့သဖြင့် အပေါ်ထပ် တစ်ခေါက်ပြန်တက်ရသေးသည်။ ထို့နောက် ကားကို မောင်းထွက်လာခဲ့သည်။

ရိပ်ခနဲ ကျော်လာသော မုခ်ဦးကို မှတ်မိလိုက်သည်။ ထို့ကြောင့် ကားကို ရပ်ပြီး ပြန်ကွေ့သည်။ ၀င်းထဲသို့ အရှိန်နှင့်မောင်းဝင်ပြီး ဘရိတ်အုပ်လိုက်သည်။ ဖုန်မှုန်တချို့ ၀ဲပျံသွားသည်။ ဆရာကြီးဒေါ်သီတာ၏ စမ်းရေ တွင်း သီလရှင်ကျောင်းတိုက်။ ရင်ရင်ငြိမ်း၏ မွေးနေ့တုန်းက လာလှူခဲ့ဖူးသည်။
သီလရှင်ငယ်လေးတစ်ပါးက ကားကို ပြူးပြူးပျာပျာကြည့်ပြီးနောက် ကျောင်းဘေးကနေ လှစ်ခနဲ ကွေ့ဝင် ပျောက်ကွယ်သွားသည်။ ပေါ်ဌေးကားပေါ်မှ ဆင်းပြီး ကျောင်းထဲဝင်မည်ပြုသည်။ အပေါက်ဝမှာ အထဲက ထွက်လာသော သိလရှင်တစ်ပါး နှင့် ဆုံသည်။

တစ်ဆိတ်လောက် ဆရာလေးရယ်...ဒီမှာ...ဟင့် အနှောင်း
အနှောင်း ကို သီလရှင်အဖြစ် မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။ တစ်ပြိုင်နက်တည်းမှာ အတွေး တွေက တန်းစီပြီး ဆန့်ထွက်သွား၏။
ရင်ငြိမ်း ကော မရှိ...ဟု လွှတ်ခနဲ ပြောပြီးမှ
ရှိ...ရှိပါတယ်၊ ဒါပေမဲ့... ငါ...အဲ...တပည့်တော် သူနဲ့ တွေ့ချင်တယ်
တွေ့လို့မဖြစ်ပါဘူး

ဘာဖြစ်လို့လဲ၊ သူ...သူ...သီလရှင် ၀တ်လိုက်ပြီလား
အခု ၀တ်တော့မယ်
ကျွန်တော် သဘောမတူဘူး
ခုချိန်မှာ သူက လွတ်လပ်တဲ့သူ ဖြစ်နေပြီပဲ၊ ဒကာကြီး တားခွင့်မရှိပါဘူး
ရှိတယ်၊ ကွာရှင်းစာချုပ် က တရားရုံးမှာ လုပ်ထားတာ မဟုတ်ဘူး၊ ကျွန်တော်...တပည့်တော်လည်း လက်မှတ် မထိုးရသေးဘူး၊ တရားမ၀င်ဘူး၊ သူ ဘယ်မှာလဲ၊ ရအောင် တားမယ်
ပေါ်ဌေး က ဇွတ်အတင်း ၀င်မည်ပြုသည်။

သွားလို့မရဘူး
ရတယ်၊ သွားမယ်
ပေါ်ဌေး၏ အသံက နည်းနည်းကျယ်သွားသည်။ ဒီကျောင်းမှာ စကားကျယ်ကျယ် မပြောရဘူး
ကြည်လင်ပြတ်သားသော အသံဟစ်သံကို ကြားရသဖြင့် လှမ်းကြည့်လိုက်သည်။ တည်ကြည်ခံ့ညားသော ဥပဓိရုပ်ဖြင့် စိုက်ကြည့်နေသော သီလရှင်ဆရာကြီးတစ်ပါးကို တွေ့ရသည်။ အနှောင်းက လက်အုပ်ချီသော အခါ ပေါ်ဌေး လည်း လက်အုပ်ချီလိုက်သည်။ ဆရာကြီးက ခေါင်းတစ်ချက်ဆတ်လိုက်ပြီး အပေါ်ထပ်သို့ ညင်သာသော ခြေလှမ်းများဖြင့် ကြွသွားသည်။

ဆရာလေး တောင်းပန်ပါတယ် ဒကာကြီး၊ ရင်ငြိမ်း ကို မနှောင့်ယှက်ပါနဲ့တော့
တကယ်လို့သာ ဆရာလေး အနှောင်း က မာမာထန်ထန် တားမြစ်နေလျှင် ပေါ်ဌေး ဇွတ်တိုးမိလိမ့်မည်။ အစဉ်အမြဲ ကျွတ်ဆတ်ဆတ် ပြောတတ်သော အနှောင်း လို လူမျိုးက ခုလို မေတ္တာရပ်ခံနေသောအခါ ပေါ်ဌေး တွေဝေသွား၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၂၄)

အခန်း(၂၈)
အယ်လီ

သန်းပေါင်းများစွာသော အမေရိကန် နိုင်ငံသားများနှင့်အတူ အယ်လီ သည် တယ်လီဗေးရှင်း စက်ရှေ့တွင် တစ်ပတ်လုံး ထိုင်ကြည့်သည်။
သမ္မတ ၏ အလောင်းကို လေတပ်မတော်လေယာဉ်ဖြင့် အင်ဒရူး လေတပ်စခန်း သို့ သယ်ဆောင် လာကြသည်။ အခေါင်းကို သူနာပြုကားထဲ ထည့်သည့်အချိန်အထိ ဂျက် ကလင်းက ဒါးလက်စ်တွင် ၀တ်သည့် သွေးစွန်းနေသည့် ပန်းနုရောင် အင်္ကျီကို ၀တ်ထားဆဲ။ သမ္မတ၏ အခေါင်းကို နိုင်ငံတော် အလံဖြင့် ပတ်ပြီး အိမ်ဖြူတော် သို့ စစ်အခမ်းအနားဖြင့် ပို့သည်။ သမ္မတကတော်က ခပ်မတ်မတ် လျှောက်ပြီး လိုက်ပါ လာ၏။

နောက်တစ်နေ့ စနေနေ့တွင် ရာသီဥတုမှ အုံ့မှိုင်းညို့ဆိုင်းပြီး နောက်ပိုင်းတွင် မိုးရွာချသည်။ တစ်ကမ္ဘာလုံး မမေ့နိုင်သည့် ထိုနေ့ မြင်ကွင်းကို အယ်လီစောင့်ကြည့်နေသည်။ အိမ်ဖြူတော်ကို ဦးတည်ပြီး ၀မ်းနည်း မှတ်တမ်း ရေးဖို့ စောင့်နေသည့် လူတန်းကြီးမှာ တမျှော်တခေါ်ကြီး ဖြစ်သည်။
ကြေးနန်းသတင်းများသည် ပါရီ၊ လန်ဒန်၊ ဘာလင်နှင့် တိုကျိုမြို့ကြီးများသို့ စက္ကန့်မလပ် တဖျပ်ဖျပ် လွှင့်နေ၏။ ကွယ်လွန်သူ သမ္မတအား ကမ္ဘာအရပ်ရပ်မှ အသုဘရှု ရောက်လာကြသည့် ပရိသတ်အား ဘယ်လီ ငေးကြည့်နေ၏။

တနင်္ဂနွေနေ့ မနက်ပိုင်းတွင် နေသာသော်လည်း ရာသီဥတုမှာ အေးအေးမြမြရှိ၏။  တယ်လီဗေးရှင်း စက်ရှေ့မှ အယ်လီ မထသေး။
သမ္မတ၏ ရုပ်လောင်းကို အိမ်ဖြူတော်မှ မြင်းက ရထားပေါ်သို့ သယ်ယူကြပြီး ကယ်ပီတော် အဆောက်အအုံ သို့ သယ်ယူပို့ဆောင်မည်ဖြစ်သည်။ အသုဘပို့သည့် လူတန်းကြီးမှာ ငြိသက်စွာဖြင့် ယူကျုံးမရ တသသ ဖြစ်နေ ကြသည်။

ကြေကွဲဖွယ် ဘင်ခရာသံများမှအပ ပင်ဆီဗားနီးယား ရိပ်သာတစ်လျှောက်တွင် တိတ်ဆိတ် ငြိမ်သက်နေ။
ဒါးလက်စ်၊ အချုပ်ခန်းမှ ထောင်ကြီးချုပ်သို့ ပို့စဉ်တွင် သမ္မတ ကို ပစ်သည့်လက်ဖြောင့် သေနတ်သမားဟု ယူဆ ရသော လီးဟာဝေးအော့ဇွဲအား အနီးကပ်ပစ်သတ်သွားသည့် မြင်ကွင်းကို လည်း အယ်လီ ကြည့်လိုက် ရသည်။

သည်ဖြစ်စဉ်အားလုံးကို မအိပ်မနေ အယ်လီစောင့်ကြည့်နေစဉ် တီဗွီတွင် အိုဝင်ကို တွေ့လိုတွေ့ငြား ရှာဖွေ ကြည့်သည်။ သို့သော် အရိပ်အယောင်မျှ မတွေ့ရ။
သူ ဘယ်များ ရောက်နေပါလိမ့်. သတင်းယူဖို့ ဒါးလက်စ်ကို ရောက်နေမလား၊ ဒါမှမဟုတ် ၀ါရှင်တန် မှာပဲ ရှိနေမလား။ သူ့အခန်းမှာ သူမရှိသည်ကတော့ သေချာသည်။ ဖုန်းကိုင်မည်သူ့ မရှိ။ သတင်းမဂ္ဂဇင်းတိုက် ဖုန်း ကတော့ လုံးဝ ဆက်မရ။ သူလုံးဝ မေ့သွားပြီ ထင်ပါရဲ့။

သူ ဘယ်မှာ ရှိနေ ရှိနေ၊ ဘာလုပ်နေ လုပ်နေ၊ သူ့အာရုံတွင် မိမိ မရှိတော့ပြီဟု အယ်လီ ၀မ်းနည်း ပက်လက် တွေးမိလေသည်။
နောက်ဆုံး တနင်္ဂနွေနေ့ညပိုင်းတွင်မှ အယ်လီ၏ တယ်လီဖုန်းသံ မြည်လာသည်။
 
အခန်း(၂၉)
လင်ကီ

ဟန့်ဂရင်နီ၏ ရုံးခန်းထဲမှ ရုံးသုံး ရေဒီယိုကလေး လင်ကီ ဖွင့်နားထောင်သည်။ သမ္မတ လုပ်ကြံခံရ ခြင်း သတင်း အတည်ပြု ကြေညာချက်ကို လင်ကီ ကြားလိုက်သ်ည။
စာမူတွေ စုပုံနေသည့် အခန်းထဲတွင် လင်ကီတစ်ယောက်တည်း ငိုချလိုက်သည်။ သမ္မတ၏ သတင်းဆိုး ကြောင့် အဖေနှင့် အမေ ပြေးသတိရမိပြန်၏။
သမ္မတ က ငယ်ငယ်ကလေး ရှိသေးတာပဲ၊ အဖေနှင့် အမေလည်း ငယ်ကြပါသေးသည်။ သမ္မတတွင် ရှုမျှော် မဆုံးသည့် အနာဂတ် ရှိသည်။ အဖေနှင့် အမေလည်း ထိုနည်းတူစွာပင်။

တိုင်းပြည် အတွက်ရော သမ္မတအတွက်ပါ လင်ကီ ငိုကြွေခြင်း ဖြစ်ပါ၏။ ကျန်ရစ်သူ မိသားစုနှင့် ကနေဒီ မျိုးရိုး တစ်ခုလုံးအတွက် ငိုကြွေးခြင်းလည်း ဖြစ်ပါ၏။ မျက်ရည်များတွင် မိမိကိုယ်တိုင် အတွက် ကျသည့် မျက်ရည်ပေါက် များလည်း ပါ၏။ ပြီးတော့ ပီတာ့အတွက်ရော ဟန့်အတွက်ပါ ငိုကြွေးမိလေ၏။ ဖြစ်သွား သည့် ဇာတ်လမ်းနှင့် ဖြစ်သင့်သည့် ဇာတ်လမ်းကို တွေးပြီး ငိုကြွေးခြင်း လည်း ဖြစ်သည်။
ရှိုက်ကြီးတငင် ငိုကြွေးနေသည့် လင်ကီသည် ရုံးခန်းထဲသို့ ဟန့် ၀င်လာသည်ကို သတိမထားမိ လိုက်ပေ။

"မင်း ဒီမှာ ဘာလာလုပ်နေတာလဲ"
လွန်ခဲ့သည့် စနေနေ့က ကွန်မိုဒိုဟိုတယ်တွင် ဖြစ်ခဲ့သည့် ကိစ္စနောက်ပိုင်း လင့်ကီကို ပထမဆုံး သူ စကား စပြောခြင်း ဖြစ်၏။ သူ့ကြည့်ရသည်မှာ ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုနှင့် တူနေ၏။ အနိုင်နိုင် ထိန်းထားရပုံ။ လင်ကီ့အပြုအမူသည် သူ့အတွက် လုံးဝ ခွင့်လွှတ်နိုင်စရာ ရှိဟန် မတူ။

"သမ္မတကနေဒီ လုပ်ကြံခံရလို့တဲ့၊ သေသွားပြီတဲ့" မျက်ရည် သုတ်ပြီး သူ့ကို မော်ကြည့်ရင်း လင်ကီ ဖြေသည်။ ရေဒီယို လှမ်းပိတ်ရင်း "မရက်စက်လွန်းဘူးလားဟင်"
"ရက်စက်တယ် ဟုတ်လား၊ ငါ မေးတာ အဲဒီကိစ္စ မဟုတ်ဘူး၊ မင်း ငါ့အခန်းထဲမှာ ဘာလာလုပ်နေ တာလဲ မေးတာ" လင်ကီ ကတိုက်ကရိုက်ထသည်။

"ကျွန်မ တောင်းပန်ပါတယ်"
"အလုပ်ချိန်မှာ မင်း ဘာလို့ အလုပ်မလုပ်တာလဲ။ လုပ်စရာ မရှိဘူးလား"
"ဒီလို အချိန်မှာ အလုပ်ထဲ စိတ်ဝင်စားဖို့ မလွယ်ပါဘူး"
"ဒါဆိုရင်တော့ မင်း ဒီမှာ ဆက်မလုပ်နဲ့"
သူက စီးကရက် မီးညှိပြီး ကုလားထိုင်တွင် ၀င်ထိုင်သည်။ သည်အလုပ်သည် လင်ကီနှင့် ခွင့်အကျဆုံး စိတ်ဝင်စားဖို့ အကောင်းဆုံးအလုပ် ဖြစ်သည်။

"ဆက်မလုပ်နဲ့ ဟုတ်လား၊ ဒါနဲ့ ကျွန်မ အရည်အချင်းကို သဘောကျတယ်ဆို"
"ဟိုတုန်းက ဟုတ်တယ်၊ ခုမဟုတ်တော့ဘူး"
ပြောပြောဆိုဆို တယ်လီဖုန်း ကောက်ယူပြီး တစ်နေရာကို ဆက်နေသည်။

"ရှင် ကျွန်မကို အလုပ်ဖြုတ်လိုက်ပြီလား"
"ဒီမယ် မစ္စက်ဒက်စမွန်၊ ခင်ဗျားကို ကျုပ် ရာထူးတိုးပေးရမှာလား၊ ငွေစာရင်းဌာနမှာ ရစရာရှိတာ တွေ ထုတ်ယူ သွားပြီး ဘယ်တော့မှ ဒီကို ပြန်မလာနဲ့တော့၊ ကျုပ် မင်းကို မတွေ့ချင်တော့ဘူး"
အသား တွေ ဆတ်ဆတ်တုန်လျက် ဟန့်၏ ရုံးခန်းမှ လင်ကီ ထွက်လာခဲ့သည်။ ဘာကိုမှ ဆက်မစဉ်းစား တတ်အောင် ဒေါသ ဖြစ်နေ၏။ အသိအာရုံတွေ ထွေပြားေ၀၀ါးနေ၏။ စင်စစ် အစွန့်ပစ်ခံရခြင်းအတွက် ငုပ်လျှိုး နေမည့် ဆုံးရှုံးမှုအားလုံး ဘွားကနဲ ပြန်ပေါ်လာခြင်း ဖြစ်၏။ မိဘ နှစ်ပါး ဆုံးရှုံးမှု အပါအ၀င် အခြား အခြား သော ဆုံးရှုံးမှုများ၊ ဘ၀ပျက်ပြီဟုပင် စိတ်ထဲ ထင်လိုက်၏။

သူ့ရုံးခန်းထဲမှ ထွက်အလာတွင် ၀တ္ထုတစ်အုပ် ထုတ်ဝေဖို့အကြောင်း တိုက်တစ်တိုက်နှင့် သူပြော နေသံကို သဲ့သဲ့ ကြားခဲ့၏။ စိတ်ပါလက်ပါနှင့် အလောတကြီး ပြောနေခြင်းမျိုး။
"သတင်းမဂ္ဂဇင်း အိုဝင်ကာဆယ်၊ ဒါလက်စ်ကို ရောက်နေတယ်"
လင်ကီ ဆိုသည့် မိန်းကလေး ကိစ္စကို သူ့ခေါင်းထဲတွင် ဘာမှ မကျန်တော့သလို။ မိမိကို မောင်းထုတ် လိုက်ပုံက ကိုယ်ခွဲစိတ်ထားသည့် သွေးသံရဲရဲ လူနာကို ပြန်ချုပ်ဖို့ တခြားလူတွေနှင့် ပစ်ထားခဲ့သည့် ဆရာဝန်တစ်ယောက်နှင့် တူနေ၏။

သူ ဆက်ပြောနေသည်။
"တနင်္ဂနွေနေ့ညမှာ သူ့ဆီက စာမူရနိုင်တယ်။ ဒါဆို အင်္ဂါနေ့ကို စာအုပ်ထွက်အောင် လုပ်နိုင်တာပေါ့"
 
အခန်း(၃၀)
လင်ကီ

ဒါးလက်စ်စံတော်ချိန် ညနေ ၁နာရီတွင် အမေရိကန် ပြည်သူတို့၏ ၆၈ရာခိုင်နှုန်း လုပ်ကြံမှု အကြောင်းကို သိသွားကြသည်။ သညသန်းခေါင်ယံ မတိုင်မီ သမ္မတကွယ်လွန်ကြောင်း သတင်းကို ၉၉.၈ရာခိုင်နှုန်း ကြားသိကြသည်။ တစ်တိုင်းပြည်လုံး အုံးအုံးကျက်ကျက် ဖြစ်သွား၏။ ဘယ်တုန်းကမှ မကြုံဖူးသည့် ၀မ်းနည်း ပူဆွေး မှုမျိုးဖြင့် တစ်နိုင်ငံလုံး သောက ရောက်ကြရသည်။
ဝီလျံမန်ချက်စတာ၏ သမ္မတတစ်ဦး အနိစ္စရောက်ခြင်းစာအုပ်မှ။

လင်ကီသည် တုန်လှုပ်ချောက်ချားစွာဖြင့် တတိယရိပ်သာလမ်းထဲကို ချိုးဝင်လာခဲ့သည်။ တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ လင်ကီသည် ဘယ်ကို သွားနေမှန်း သူ့ကိုယ်သူ မသိ။ ခေါင်းထဲတွင် အတွေးပေါင်းစုံ ရှုပ်ယှက်ခတ်လျက် ပါးပြင်ပေါ်တွင် မျက်ရည်တွေ တွေတွေစီးကျလျက်။
သူမျက်လုံးများက ဘာကိုမှ မမြင်။ သူ့အသိအာရုံသည် ဟင်းလင်းပြင် ဖြစ်နေ၏။ ခံစားမှု ဘာမှ မရှိဘဲ ထုံထိုင်း နေသည့် ကာလမျိုး။

အိမ်ပြန်ရောက်တော့ နှစ်ချက်ခွဲနေပြီ။ မျက်နှာသစ်၊ သွားတိုက်ပြီး ည၀တ် အင်္ကျီလဲလိုက်သည်။ အိပ်ချင်သည်။ အိပ်ဆေးတစ်လုံး သောက်လိုက်ချင်သည်။ သို့သော် မရှိ။ ဟန့်ပြောသည့်အတိုင်းပင် လင်ကီ သူ့ကိုယ်သူ ကြောက်နေခြင်း ဖြစ်သည်။ သူများတွေအတွက်လည်း မိမိက အန္တရာယ်၊ မိမိ အတွက်လည်း မိမိ ကိုယ်တိုင် အဆိပ်အတောက်။
အိပ်ရာဝင်မည် ပြုစဉ် ပီတာ့ ခေါ်သံကြားရသည်။ ဧည့်ခန်းထဲမှ လက်ကိုင်အိတ်ကို မြင်သွားပုံရ သည်။

"လင်ကီရေ မင်းပြန်ရောက်နေပြီလား"
ပီတာက ဝေါလ်စထရိမှ မြေအောက်ရထားဖြင့် ပြန်လာခဲ့ပြီး လင်ကီ့ ရုံးကို ၀င်လာခဲ့သေးသည်။ မျက်နှာ ဖြူဖပ် ဖြူရော်နှင့် ငိုနေသည့် ဧည့်ကြိုစာရေးမကလေး က အိမ်ပြန်သွားကြောင်း မိနစ်များစွာ ကြာမှ ပီတာ ရောက်လာခြင်း ဖြစ်၏။
အထဲမှာ ပြန်ထူးသံမကြားရသဖြင့် ထပ်ခေါ်သည်။

"လင်ကီ"
လင်ကီ ပြန်မထူး၊ မီးဖိုခန်းကို ဖြတ်ပြီး အိပ်ခန်းထဲသို့ ပီတာ ၀င်လာသည်။
"နေမကောင်းဘူးလားဟင်"
လင်ကီ့ကို နေ့ခင်း နေ့လယ်တွင် ဘယ်တော့မှ အိပ်ရာထဲတွင် မတွေ့ဖူးခဲ့။

"ကောင်းပါတယ်"
လင်ကီ တိုးတိုးကလေး ပြန်ဖြေသည်။ သို့သော် သူ့ကြည့်ရသည်မှာ နေကောင်းပုံမရ။ မျက်နှာက အရမ်း ပင်ပန်းနေပုံ၊ မျက်ကွင်းတွေ ညိုနေ၏။ သမ္မတ ကွယ်လွန်ကြောင်း သတင်းကြားပြီး ပီတာ လည်း ငိုထားပြီးပြီ။ တစ်မြို့လုံး ဣနြေ္ဒမဆည်နိုင်ဘဲ ငိုနေကြသည် မဟုတ်လား။ သို့သော် လင်ကီ့ ကြည့်ရသည်မှာ ထို့ထက် ပို၍ ငိုထားပုံ။
မီးရောင်ကာ မျက်လုံးစွပ်ကို ကပ်ထားသဖြင့် သူ့မျက်လုံးများကို ပီတာ မမြင်စေရ။

"တီဗွီဖွင့်ထားမယ်နော်"
လင်ကီ သွေးလန့်နေသည်ဟု ပီတာ ထင်လိုက်သည်။ မျက်နှာက ဖယောင်းရုပ်လို ဖြစ်နေ၏။ ဒါးလက်စ် က လာသည့် သတင်းကြောင့်ဟု ကျိန်းသေတွက်လိုက်၏။
ပီတာ ခလုတ်ဖွင့်လိုက်သည်။ ရုပ်သံ ထုတ်လွှင့်ရုံတိုင်း သမ္မတ လုပ်ကြံခံရသည့် သတင်းကိုပဲ အလု အယက် လွှင့်နေကြ၏။ ပီတာက ခုတင်စွန်းတွင် ထိုင်ပြီး လင်ကီ့ လက်ကို လှမ်းဆုပ်လိုက်သည်။
"နေကောင်းပါတယ်"
ပြီးမှ ငိုချလိုက်ပြန်သည်။ မျက်ရည်တွေက ထွက်ပေါက်မရှိသဖြင့် မျက်လုံးစွပ်ထဲတွင် စုဝေးနေကြ ၏။ မျက်ရည်တွေထဲတွင် နစ်မွန်းနေပြီဟု လင်ကီ ထင်လိုက်။

"ဘယ်လိုဖြစ်တာလဲဟင်"
ပီတာက မေးသည်။
"ဘာမှ မဖြစ်ပါဘူး"
မျက်ရည်တွေ စီးကျအောင် မျက်လုံးစွပ်ကို လင်ကီ အသာမ ပေးလိုက်သည်။ ပြီးတော့ ခုတင် တစ်ဖက်တွင် ကပ်ပြီး ကွေးနိုင်သမျှ ကွေးနေသည်။ သူ့ကို တစ်စုံတစ်ယောက် လာထိမှာကို ကြောက်နေသည့်အလား။

ပီတာက သူ့ကို နှစ်သိမ့်ဖို့ လက်ကမ်းတော့ လင်ကီ တစ်ဖက်ကို အတင်း တိုးကပ်သွားပြန်သည်။
"လင်ကီ တစ်ယောက်တည်းနေပါရစေ ပီတာရယ်၊ နော်"
သူ့အသံက မနည်းနားထောင်ယူရ၏။

စနေနေ့နှင့် တနင်္ဂနွေနေ့ နှစ်ရက်လုံးလုံး လင်ကီ အိပ်ရာပေါ်မှ မထဘဲ လဲ နေသည်။ မျက်နှာလည်း မသစ်၊ သွားလည်း မတိုက်၊ အစာလည်း မစား။ မျက်ရည်တွေက မျက်နှာပေါ်တွင် စိုလိုက် ခြောက်လိုက်။
"ဘယ်လိုဖြစ်တာလဲကွာ၊ ကိုယ် ဘာလုပ်ပေးရမလဲဟင်"
လင်ကီ အပါအ၀င် သန်းပေါင်းများစွာသော အမေရိကန်လူမျိုးတိုင်း လိုပင် လင်ကီ နှင့် ပီတာတို့ အခန်း ထဲတွင်လည်း တီဗွီစက် ကို တစ်နေကုန် ဖွင့်ထား၏။
အသုဘ ဓမ္မတေးသံကို ကြေကွဲဖွယ် တောက်လျှောက် ကြားနေရသည်။
"ပီတာ ဘာမှ လုပ်ပေးလို့ မရပါဘူး"

တနင်္လာနေ့တွင်လည်း လင်ကီ အိပ်ရာထဲမှာပင် မျက်ကွင်းတွေ ညိုသည်ထက် ညိုလာသည်။ အရမ်း ပိန်ကျ သွားသည်။ တစ္ဆေရုပ်တစ်ရုပ်နှင့် တူလာ၏။ ပီတာ အထိတ်တလန့် ဖြစ်လာပြီ။ ဘယ်လိုချော့ချော့ မတုံ့ပြန်။ ဘယ်လို နှစ်သိမ့်သည် ဖ်ြစစေ၊ လင်ကီ မတုန်မလှုပ်၊ အလုပ်ကို ဒါလောက်စွဲလမ်းသည့် ငါ့မိန်းမ ဘယ်လို ဖြစ်တာပါလိမ့်ဟု ပီတာ တွေးမိသည်။ အိပ်ရာမှ မထဘဲ အ၀တ်မလဲဘဲ ဆက်အိပ်နေသည့်အခါ ပီတာ မေးရ တော့သည်။

"မင်းအလုပ်မသွားဘူးလား လင်ကီ"
"ဟင့် အင်း"
ခြောက်ကတ်ကတ် အသံဖြင့် ဖြေသည်။ ပီတာ ပိုလန့်သွား၏။
"ဟင် ဘယ်တုန်းကမှ ရုံးတက်မပျက်ခဲ့ဘဲနဲ့"
နေထိုင် မကောင်းသည့် ရက်များမှာပင် ရုံးမပျက်ခဲ့သည့် လင်ကီ။
"သွားဖို့ မလိုတော့ဘူး၊ လင်ကီ အလုပ် ပြုတ်ခဲ့ပြီ"
"ဘာ မင်းကို အလုပ်ဖြုတ်လိုက်သည် ဟုတ်လား"
ပီတာ က မယုံကြည်နိုင်စွာ မေးသည်။ ဒီအကြောင်း ဘာကြောင့် သူ မပြောဘဲနေတာလဲ။
"ဟုတ်တယ်၊ သူ လင်ကီ့ကို ဖြုတ်လိုက်ပြီ"
ပြောပြီး လင်ကီ တစ်ဖက်သို့ လှည့်လိုက်၏။

ဗုဒ္ဓဟူး နေ့ တွင် လင်ကီ ပြနေကျ ဆရာဝန်ကို ပီတာ ခေါ်လာသည်။ တစ်ခါတုန်းက လင်ကီ သူ့ကိုယ်သူ သေကြောင်း ကြံခဲ့ဖူးကြောင်းနှင့် စိတ်အနေမမှန်မှာကို စိုးရိမ်ကြောင်း ပြောပြလိုက် သည်။ စိတ်ကျရောဂါ ၀င်သွားမည် ကို ပီတာ တွေးပူလာသည်။ သောကြာနေ့မှ စပြီး ပြောင်းလဲနေပုံ ကိုလည်း ပြောပြလိုက်သည်။
"စိတ်ရောဂါ အကြောင်းတော့ ကျွန်တော်လဲ သိပ်မသိဘူး။ သက်ဆိုင်တဲ့ ဆရာ တစ်ယောက် ယောက်နဲ့ ပြဖို့ ကောင်းတယ်" ဟု ဆရာဝန်က အကြံပြုသည်။
သူ ထောက်ခံသည် ဆရာဝန်၏ နာမည်နှင့် ဖုန်းနံပါတ်ကိုလည်း ရေးယူထားလိုက်၏။ ဒေါက်တာ အဲလျော့၊ လန်ဒေါ ဟူသည့် စိတ်ကုဆရာဝန်။

"စကားတွေ ထိုင်ပြောနေရမယ့် အလုပ်က ဘာအကျိုးရှိနိုင်မှာလဲ"
လင်ကီက ခံစားမှုကင်းသည့်အသံဖြင့် ပီတာကို ပြန်ပြောသည်။
"စမ်းကြည့်ရမှာပေါ့ကွာ၊ ဒီအတိုင်းဆိုရင် မင်း သေသွားနိုင်တယ် လင်ကီ"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, May 30, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၇)

(၇)

နေ့လယ်စာ စားဖို့ စားသောက်ခန်းမထဲသို့ ကျွန်တော် မဆင်းဘဲ နေလိုက်သည်။ မနေ့ကတည်းက ကျွန်တော် စား လို့မရခဲ့ပါ။ ဇွန်းသံ၊ ပန်းကန်သံတွေ ဆူညံနေသည့် အခန်းထဲတွင် ကျွန်မ မစားတတ်ပါ။ ထို့ ကြောင့် အမေက ထမင်းချိုင့် ထည့်ပေးလိုက်ပါသည်။ အေးအေးဆေးဆေး စားဖို့ ဆရာများ အခန်းသို့ ကျွန်တော် လျှောက်လာခဲ့၏။
မထင်ဘဲ နှင့် နုံးချည့်ချည့် ဖြစ်နေသည်ကို တွေ့ရ၏။ ကျွန်တော် စိတ်ကူးယဉ်ထားသည်နှင့် တခြားစီ ဖြစ်နေ သည့် ကျောင်းဆရာ ဘ၀ပါတကား။ အခန်းထဲတွင် ကျွန်တော် ထိုင်မိသည်နှင့် မစ္စဘလင်းချဒ် ၀င်လာသည်။

" ဟင် ... ဆရာလည်း အောက်မှာ စားလို့ မရဘူးထင်တယ် "
ဆရာမက ပြောပြောဆိုဆို သူ့ချိုင့်ကို ဖွင့်သည်။
" ဟုတ်ကဲ့၊ အစားအသောက်ကတော့ မဆိုးပါဘူး၊ ဆူလွန်းလို့ ဆရာမရယ် "
" ကျွန်မလည်း အဲဒီလိုပဲ၊ အိမ်က ပါလာတာ မစားချင်တဲ့ နေ့ကျရင် လမ်းထိပ်က ဂျူးစားသောက်ဆိုင် ကလေး မှာ သွားစားတယ်၊ ဆိုင်ရဲ့ အပြင်အဆင်က မသားနားပေမယ့် အစားအသောက် ကတော့ ကောင်းသား "

မကြာခင် ကျွန်တော်တို့ တောအကြောင်း တောင်အကြောင်းများကို အေးအေးလူလူ ပြောဖြစ်သွားကြသည်။ ဂီတ၊ စာပေ နှင့် ပြဇာတ်၊ ရုပ်ရှင်က အစ အကြိုက်ချင်း တူနေကြ၏။
" ဆရာ ဒီနေ့မနက် တော်တော် အံ့သြသွားတယ် ထင်တယ် "
" ကျွန်တော် ... ဟုတ်လား၊ ဘာပြုလို့လဲ ဆရာမ "
" စုဝေး ခန်းမထဲမှာတုန်းက ပြောတာပါ၊ ကျွန်မလည်း ရောက်စက ဂန္တ၀င် သီချင်းကြီးတွေကို သူတို့ ငြိမ်ငြိမ် ဆိမ်ဆိမ် နားထောင်ကြမယ် မထင်ခဲ့ဘူး "
" ဂန္တ၀င်တေးတွေမှာ ထရမ်းပက်က တစ်မျိုးထိန်းတယ် ဆရာမ၊ သိပ်မြိုင်တာပဲနော် "

" ဆရာပြောတာ ဟုတ်ပါလိမ့်မယ်၊ သီချင်း တွေ မထပ်အောင် ဖွင့်ပေးတဲ့ အစီအစဉ်လည်း ကောင်းပါတယ်၊ ဒါထက် ဒီနေ့ အခြေအနေ ဘယ်လိုလဲ ဆရာ"
မနက်ပိုင်း အတွေ့အကြုံကို ကျွန်တော် ဖောက်သည်ချလိုက်သည်။
" ဒုက္ခပါပဲ ဆရာရယ်၊ ဆရာ ၀က်စတန် ပြောတာမှန်များ နေပြီလား မသိဘူး"
" ပြောဖို့တော့ စောပါသေးတယ်လေ၊ ဆရာမ ကလင်တီ ပြောသလို လုပ်ရမှာပဲ"
" သြော် ... ကလင်တီ က ဆရာ့ကိုလည်း စည်းရုံးထားပြီးပြီကိုး "

ကျွန်တော် ဆရာမ၏ မျက်နှာကို ငဲ့ကြည့်လိုက်သည်။ အပြုံးမျက်နှာတွင် မည်သည့် အဓိပ္ပာယ်မှ မတွေ့ရ။
" စည်းရုံးတယ် ရယ်လို့လည်း မဟုတ်ပါဘူးဗျာ။ ဒါပေမဲ့ အတန်းကို ထိန်းဖို့ သူပြောတဲ့အတိုင်း လုပ်သင့် လုပ် ရမှာပဲ "
နေ့လယ်စာ စားပြီးလို့ ဆရာ ဆရာမတွေ တစ်ယောက်ပြီး တစ်ယောက် ၀င်လာကြတယ်။ အားလုံးက ကျွန်တော့် မနက်ခင်း အတွေ့အကြုံအကြောင်း ၀ိုင်းမေးကြသည်။ မစ္စက်ဒရူးက -
" သူတို့ကို သိပ်လည်း ကြမ်းလို့မရဘူး ဆရာ။ ဘယ်သူ့ကိုမှ သူတို့ ထိခိုက်နစ်နာအောင် လုပ်တာ မဟုတ် ပါဘူး။ အဲဒါတော့ စိတ်ချပါ။ ဆရာသူတို့ကို နားလည်လာရင် သူတို့ သိပ်မဆိုးကြောင်း တွေ့ပါလိမ့်မယ်"

ဆရာမ ကလင်တီ ပြောထားသည့် ဆရာမကြီး အကြောင်းကို စဉ်းစားမိပြီး ကျွန်တော် ပြုံးနေလိုက်သည်။
" သူတို့ကိုတော့ နားလည်အောင် လေ့လာရမယ် "
မုတ်ဆိတ်မွေးများအောက်မှ ထွက်လာသည့် ဆရာဝက်စတန့်အသံ။ ပါးစပ် လှုပ်သည်ကို မမြင်ရ။
" ဆရာက သူတို့ကို နားလည်တယ်ပေါ့၊ ဟုတ်လား "

ဆရာမ ကလင်တီက ခပ်ရွှင်ရွှင် မေးလိုက်သည်။ ဆရာမသည် ဆရာ ၀က်စတန်ကို ချောင်ပိတ် ဖမ်းချင်နေပုံ ရသည်။
" အတန်းထဲမှာတော့ သူတို့ ကျွန်တော့်စကားကို နားထောင်ကြသားပဲ "
" ဒါထက်ပိုပြီး ဆရာ ဘာမှ မတတ်နိုင်ဘူး မဟုတ်လား "
" လူတွေက အဖြူကို အမည်းဆိုးနေကြတာပါ၊ တကယ်က ကလေးတွေဟာ ဒါလောက် မဆိုးကြပါဘူး"

မစ္စဒေါစ်က လှပသည့် သူ့နှုတ်ခမ်းကလေးများကို သေသေသပ်သပ် ဖွင့်ပိတ်ပြီး တလေးတစား ၀င်ပြော သည်။ သူက အခန်းထောင့်တွင် မစ္စဖီးလစ်နှင့် တွဲထိုင်ပြီး တွတ်တွတ်ထိုးနေရာမှ လှမ်း ပြောလိုက်ခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်တွင် ပြောစရာ ကုန်ပဲ မကုန်နိုင်သလို။
မစ္စဒေါစ်ကို ကျွန်တော် လှမ်းကြည့်မိသည်။ ရင်သားတွေက သူ့ခန္ဓာကိုယ်နှင့် မလိုက်အောင် မတန်တဆ ကြီးနေ၏။ လူမှားပြီး သူ့ကိုယ်ပေါ် ရောက်နေသည့်အလား။
" ဘယ်သူမှ သူတို့ကို အမည်း မဆိုးပါဘူး၊ သူတို့ဘာသာ သူတို့ မည်းနေတာပါ" ဆရာဝက်စတန်က အဓိပ္ပာယ် နှစ်ခွ စကားဖြင့် ထောက်ပြန်၏။

" အို ... ကျွန်မ ဆိုလိုတာ ဆရာ နားမလည်ပါဘူး "
" နားလည်ပါတယ်၊ ကျွန်တော် ပြောတာကို ဆရာမ နားမလည်တာပါ။ သူတို့အချင်းချင်း ပြောနေတာကို သွား နားထောင်ကြည့်ပါလား၊ ကြက်သီး ဖြန်းဖြန်း ထသွားမယ်၊ ဘာရောင်မှ ထပ်ဆိုးဖို့ မလိုဘူး၊ သူတို့ ဘာသာ မည်းနက်နေပြီသား၊ ဆရာ ဘရိတ်ဝိတ်က သူ့ရဲ့ အာဖရိက မှော် အတတ်နဲ့ ကလေးတွေကို ထိန်း ပါလိမ့်မယ်
ကျွန်တော် ဒီလူ့ကို ဘယ်လို နားလည်ရမှန်းမသိ ဖြစ်နေ၏။ တစ်ဖက်သားကို ကလိချင်ပုံရသည်။ သို့သော် မျက်နှာ ကတော့ ပြုံးလို့။ ကျွန်တော်သည်းခံဖို့ ဆုံးဖြတ်လိုက်သည်။ သည်ထက် ကဲလာလျှင်တော့ မလှုပ်နိုင် အောင် ပြန်တွယ်မည်ဟု ဆုံးဖြတ်လိုက်၏။ ခု လောလောဆယ်တော့ တိုရေရှားရေ ရထားသည့် အလုပ် ကလေး သူ့တို့ ကြောင့် အထိမခံနိုင်ပါ။

မစ္စက် ဒရူးက အေးစက်စက်အသံဖြင့် ၀င်မေးသည်။
" ဘာအဓိပ္ပယ်လဲ ဆရာ၊ ဘာ မှော်အတတ်လဲ ကလင်တီ ပြောတာ ဟုတ်လောက်သည်။ အဘွားကြီးသည် လူပုံ နုနယ်ပေမယ့် ကြမ်းစရာရှိလျှင် ကြမ်းမည့်ပုံ။ သည်တော့မှ ၀က်စတန် ငြိမ်ကျသွားသည်။ ဘာမှ မဟ တော့။

မစ္စဘလင်းချဒ် ကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ လျှို့ဝှက်နက်နဲစွာ ပြုံးနေ၏။ လုပ်ဖော် ကိုင်ဖက် အများစု အနေဖြင့် ကျွန်တော့် ဘက်က ရှိကြကြောင်း သဘောပေါက်လိုက်သည်။ ကျွန်တော့် ကို သူတို့ တန်းတူ ရည်တူ လက်ခံကြပါသည်။ ဤသည်မှာ ကျွန်တော့်အတွက် အရေးကြီးဆုံး မဟုတ်ပါလား။

နေ့လယ်ပိုင်းတွင် ဘာမှ အခက်အခဲမရှိဘဲ စာသင်ချိန်များ ကုန်လွန်သွားသည်။ သို့သော် ကျေနပ်ခြင်းတော့ မရှိလှ။ သူတု့တစ်တွေ ဆူဆူညံညံ မလုပ်ကြတော့ပါ။ မရယ်ကြတော့ပါ။ ကျွန်တော့်ကိုလည်း ကဏုကောစ မလုပ်ကြတော့ပါ။ သို့သော် စာကို စိတ်ပါလက်ပါ မသင်ကြ။

သင်ကြားပို့ချချက်ကို နားထောင်သည်။ ခိုင်းလျှင် လုပ်သည်။ စက်ရုပ်များနှင့် တူနေ၏။ မနက်ပိုင်းက အခြေအနေကို ပြောင်းပြန်ဖြစ်အောင် ကျွန်တော်က လိုက်လိုက်လျောလျော ဆက်ဆံသည်။ ရွှင်ရွှင်ပျပျ စာ သင်သည်။ သို့သော် သူတို့က အကွက်ချောင်းနေသလို၊ ကျွန်တော့်အမှားကို စောင့်နေသလို မှုန်တေတေ မျက်နှာပေး တွေနှင့်။
အားလုံးတော့ကား မဟ်ုတ်။ တစ်ဂျက်ဆင် ဆိုသည့် ချာတိတ်က ကျွန်တော်နှင့် ရင်းနှီးလိုဟန်။ ကျွန်တော့်ကို ဆန့်ကျင်မည့်ပုံ မပေါ်သည့် နောက်တစ်ယောက်က ပက်ထရစ်ဖာမင်။ မျက်နှာရှည်ရှည်နှင့် ညာဏ်ကောင်းပုံရသည်။ သူ့ဆံပင်တွေက မျက်စိရှေ့တွင် တိုးလိုးတွဲလောင်းနှင့်။

ကျွန်တော် စိတ်ဝင်စားသည့် နောက်တစ်ယောက် ရှိသေးသည်။ ဗလတောင့်တောင့်၊ အသားညိုညို၊ အဖြူ စစ်စစ် မဟုတ်ပါ။ ကပြားဖြစ်မည်။ နာမည်က လောရင့်စ်ဆီးလ်။ သူတို့ တိုက်ရိုက်မမေးလျှင် ဘယ်တော့မှ စကားမပြော။ ၀တ်စားဆင်ယင်မှုကတော့ အားလုံးကဲ့သို့ပင်။ တီရှပ်၊ ဂျင်း ဘောင်းဘီနှင့်။ သို့သော် သူက ပို ကြည့်ကောင်း သည်။ အများတကာထက် ထူးခြားနေ၏။ အနေတည်သည်။ သူများတွေနှင့် အတူလိုက်ပြီး ဗရုတ် မကျ။ တစ်ဂျက်ဆင် လို ကျွန်တော် နှင့် ရင်းနှီးလိုဟန်လည်း မပြ။ စာလည်း တော်၏။

ညနေပိုင်း အိမ်အပြန် ကျောင်းနှင့် မလှမ်းမကမ်း ဈေးဆိုင်ကလေးတစ်ခုတွင် ကြော်ငြာ ဆိုင်းဘုတ်တစ်ခု ချိတ် ထားသည်ကို တွေ့ရ၏။ ဆိုင်းဘုတ်တွင် ကတ်ပြားကလေးပေါင်းများစွာ ချိတ်ထားသည်။ အိမ်ခန်း၊ ဘော်ဒါဆောင် ငှားချင်သူများ၊ လိုချင်သူများ၏ ကြော်ငြာတွေ။
ဆိုင်းဘုတ်ကို ကျွန်တော် ရပ်ကြည့်နေမိ၏။ ဘရင့်ဝုဒ်မှာ ကျောင်းတက်ရသည်မှာ ဝေးလံလှသည်။ ရေရှည် တွင် ပင်ပန်းလာမည် ဖြစ်၏။ ဆောင်းတွင်း ဆိုလျှင် ပိုဆိုးတော့မည်။ အနီးအနား တစ်နေရာလောက် ရနိုင်ရင် တော့ မဆိုးဘူးဟု စိတ်ကူးနေတုန်း ...။

ဆိုင်ထဲမှ လူကြီးတစ်ယောက် ကိုယ်တစ်ပိုင်း ထွက်လာပြီး -
" ဘာအကူအညီ ပေးရမလဲ ဟင်" ဟု မေးလာသည်။
" ဘာမှ မလိုပါဘူးခင်ဗျာ၊ ကြော်ငြာတွေကို လိုက်ကြည့်နေတာပါ။ ဒီအနားတစ်ဝိုက်မှာများ ရနိုင်မလားလို့"
" သြော် ... ဒီ အနီးအနားမှာ အလုပ်လုပ်သလား "

" ဟုတ်ကဲ့၊ ကျွန်တော် ဒီကျောင်းက ဆရာပါ"
" ဆရာ ဟုတ်လား "
အဘိုးကြီးက ကျွန်တော့်ကို သေသေချာချာ ကြည့်ပြီး -
" နေရာတွေက မကောင်းပါဘူးကွယ်။ ကျောင်းဆရာနဲ့ မလျော်ပါဘူး၊ တစ်ခါတစ်လေ ကောင်းကောင်း မွန်မွန် အခန်းလေး တွေ ရတတ်ပါတယ်၊ ဒါတွေကတော့ မနိပ်ဘူး"
ကျွန်တော် သူ့ကို ငေးကြည့်နေမိသည်။ မမျှော်လင့်သည့် ပြန်ကြားချက်။

" နောက် လာကြည့်လေ၊ ဆရာနဲ့ လိုက်မယ့်အခန်းတွေ့ရင် ကျုပ်ပြောပါ့မယ် "
ကျွန်တော် တို့ နှစ်ယောက် အပြုံးဖြင့် ခွဲခွာခဲ့ကြသည်။ မမျှော်လင့်ဘဲ ကူညီတတ်သူ၊ စိတ်ကောင်းရှိသူများနှင့် တွေ့ရသဖြင့် ကျွန်တော် အံ့သြနေမိ၏။
အိမ်ပြန် ရောက်တော့ အဖေနှင့်အမေကို တစ်နေ့တာ အတွေ့အကြုံတွေ ပြန်ပြောပြသည်။ သူတို့ ရင်တမမ နားထောင်နေကြ၏။ ကျွန်တော့် အနေဖြင့် ကလေးများ၏ ယုံကြည်ကိုးစားမှုရဖို့ အရေးကြီးကြောင်း ကျွန်တော်တို့ အားလုံး အတည်ပြုကြသည်။
-----------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၂၂)

ဆယ်တန်း စာမေးပွဲဖြေပြီးခါစလို ဖြစ်နေသည်။ မဖြေခင်တုန်းကတော့ စာမေးပွဲပြီးရင် စိတ်လက်ပေါ့ပါး ပျော် ရွှင် သွားမှာပဲဟု မျှော်လင့်ခဲ့သည်။ စာမေးပွဲပြီးလျှင် ဘာလုပ်လိုက်မည်။ ဘယ်လို အစွမ်းကုန် ပျော်လိုက် မည် ဆိုပြီး အားခဲထားခဲ့သော်လည်း တကယ်တမ်း စာမေးပွဲပြီးသွားတော့ ထင်သလောက် မပျေုာ်ဘဲဖြစ်နေ ၏။ စိတ်ထဲမှာ မရှင်းလင်းဘဲ တစ်စုံတစ်ခုအတွက် စိုးရိမ်ပူပန်သလို လေးလံနေရသည်။ အာရုံက စာမေးပွဲ ဆီ ပြန်ပြန်ရောက်သွားသည်။ အိပ်မက်ထဲမှာ စာမေးပွဲမဖြေနိုင်လို့ စိတ်ညစ်ရတာ၊ အောင်စာရင်းမှာ ကိုယ့် နာမည် မပါတာတို့လိုမျိုး မက်တတ်သည်။ စိတ်ဖြောင့်ဖြောင့် မပျော်နိုင်။

ခုလည်း ဒီအတိုင်းပဲ။ ပေါ်ဋ္ဌေးသည် သူ လိုချင်သော ကွာရှင်းစာချုပ်ကို ရခဲ့ပြီ။ အခက်ခဲဆုံးဖြစ်မည်ဟု ယူဆ ထားသူ နှစ်ယောက်ကိုယ်တိုင် က စတင်ပြီး သက်သေလက်မှတ်ထိုးပေးသွားခဲ့သည်။ အားလုံး အောင်မြင် ပြီးဆုံး သွားခဲ့သည်။ ရင်ရင်ငြိမ်းလည်း မရှိတော့။ စာမေးပွဲနဲ့ ကွာခြားတာကတော့ ပေါ်ဋ္ဌေးသည် ရင်ရင်ငြိမ်း နှင့် ကွာရှင်းပြီးလျှင် ဘာဆက်လုပ်မယ်ဆိုတာ ကြိုတင်စဉ်းစားထားမှု မရှိခဲ့ခြင်းပင် ဖြစ်၏။

သူသည် ကွာရှင်းစာချုပ်ကို ရသည်။ ပျော်ရွှင်မှုကို မရ။ စိတ်ထဲမှာ လေးလံထိုင်းမှိုင်းနေသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ရဲမော်က-
“မင်း လုပ်ပုံက ဘာမှအဓိပ္ပါယ်မရှိဘူး။ အရင်အတိုင်း ဟန်မပျက်နေနေရင် အရင်းပဲ၊ ခုတော့ ရင်ရင်ငြိမ်း ထွက်သွား ရတာပဲ အဖတ်တင်တယ်။ မင်းလည်း စိတ်ချမ်းသာလာတာ မဟုတ်ဘူး”ဟု ဝေဖန်သည်။
ပေါ်ဋ္ဌေးသည် လမ်းလျှောက်ထွက်တဲ့အခါ ပန်းခြံထဲဝင်ဖို့ စိတ်ကူးမိ၏။ သို့ရာတွင် အတိတ်ကိုပြန်လည် သတိရ စေတတ်သော ခုံတန်းလျားမှာတော့ မထိုင်ရဲ။ တကယ်တော့ အတိတ်ဆိုတာ အမှန်ဖြစ်ခဲ့တာ။ ကိုယ် တိုင် တကယ်ကြုံတွေ့ခဲ့ရတာ။ ရှောင်နေစရာတောင် မလို၊ ရှောင်လို့လည်း မရ။ နောက်တစ်ကြိမ် ပြန်သွားရ မယ့် နေရာလည်း မဟုတ်။ သို့ရာတွင် ခန္ဓာကိုယ်က မရောက်နိုင်ပေမယ့် စိတ်ကိုတားလို့မရ။ ခံစားချက်က နောက်ကြောင်း ပြန်လှည့်တတ်သည်။

အမှန်အားဖြင့် အတိတ်ကို ပြန်ရောက်စရာတောင် မလို။ အခု မျက်မှောက်ကာလမှာပင် တိုက်ဆိုင်မှုရှိလျှင် သတိရ စရာဖြစ်နိုင်၏။ သူများတွေနဲ့တော့ မတူ။ ပိတောက်ပန်းတွေ ပွင့်ချိန်၊ စိန်ပန်းတွေ ဝေချိန်မှာ သတိရ တာမျိုး မဟုတ်။ ချစ်သူဘ၀၊ လင်မယား ညားခါစဘ၀မှာ သွားရောက် လည်ပတ်ခဲ့ဖူးသော နေရာတွေ ရောက် လို့ အောက်မေ့တမ်းတမိတာမျိုးလည်း မရှိ။
သူ့အဖြစ်ကတော့..
ပေါ်ဋ္ဌေးသည် ကားမောင်းလာရင်း မီးပွိုင့်ရုတ်တရက် နီသွားသဖြင့် ဘရိတ်ကို ဆောင့်ဖမ်းလိုက်ရသည်။ သူ့ ကား က ဖြတ်မျဉ်းပေါ် အနည်းငယ်ကျော်ပြီးမှ ရပ်သွားသည်။ နောက်ပြန်ဆုတ်ပြီး စောင့်နေရ၏။

အသုဘပို့ သောကားတန်း ဖြတ်သွားသည်။ ခေါင်မိုးပေါ်မှာ အော်လံတပ်ထားသော ဒိုင်နာကားတစ်စီးလည်း ပါသည်။ ၀တ်ရွတ်သံတွေ ကြားရသည်။ ကားပေါ်မှာ ပါလာသော ယောဂီဝတ်စုံဖြင့် အမျိုးသမီးများကို  စူးစိုက် ကြည့် နေမိ၏။ ရင်ရင်ငြိမ်းသည် အပျိုဘ၀တုန်းက ၀တ်အဖွဲ့ထဲမှာ ပါခဲ့ဖူးသည်။ ခုလိုပဲ ကားတန်း နဲ့ သွားဖူးသည်။ ပေါ်ဋ္ဌေးတောင် ကားနောက်မြီးက ခိုလိုက်သွားခဲ့ဖူးသေးသည်။

တကယ်ဆိုလျှင် ပေါ်ဋ္ဌေးအနေဖြင့် အရင်လို အပြင်လျှောက်သွားပြီး ရှောင်နေစရာတောင် မလို။ အိမ်မှာ   ရင်ရင်ငြိမ်း မှ မရှိတော့ဘဲ။ သို့ရာတွင် အငွေ့အသက်တွေကတော့ ကျန်နေတုန်းပင် ဖြစ်၏။
ပေါ်ဋ္ဌေး သည် ညအိပ်ခါနီးလျှင် ဘုရားကို ဦးသုံးကြိမ် ပုဆိန်ပေါက်ချပြီး အိပ်တတ်သူဖြစ်၏။ သြကာသတွေ ဘာတွေလည်း ရွတ်နေတာ မဟုတ်။ ဘုရားခန်းထဲကိုလည်း သိပ်ဝင်လေ့မရှိ။ နောက်ပိုင်မှာ ရင်ရင်ငြိမ်းက ဘုရားခန်း ကို အပိုင်စီးထားလိုက်သောအခါ ပိုလို့တောင် မရောက်ဖြစ်တော့။

ခုတော့ ဘုရားခန်းလည်း ပိုင်ရှင်မဲ့လို ဖြစ်နေပြီ။ ဘုရားခန်းသာ မဟုတ်။ တစ်အိမ်လုံးသည် ပိုင်ရှင်တစ်ဝက်မဲ့ သွားခြင်းပင်ဖြစ်၏။ အပေါ်ထပ်မှာ ပေါ်ဋ္ဌေး တစ်ယောက်တည်။ အောက်ထပ်မှာ ၀ိုင်းစိန်တစ်ယောက်တည်း။ ခုတလော သူငယ်ချင်းတွေဆီလည်း မရောက်ဖြစ်တော့။ သူတို့နဲ့တွေ့လျှင် "မင်းဟာက အဓိပ္ပါယ်မရှိဘူး"၊ "အဆင်ခြင်ဉာဏ်နည်းရာကျတယ်"၊ "ဘာမှ အကျိုးမရှိဘူး"၊ "ရင်ရင်ငြိမ်းတော့ တော်တော်ခံစားရမှာပဲ" စသော အပြစ်တင်စကားတွေကိုသာ ကြားရသည်။ ထို့ကြောင့် အိမ်မှာပဲ နေဖြစ်တာများသည်။ စာကြည့်ခန်း ထဲမှာ အောင်းပြီး စာအုပ်တွေဖတ်သည်။ ဒီဗီဒီအခွေတွေ ကြည့်သည်။ တီဗီက လာသော ဘောလုံးပွဲတွေ ထိုင်ငေးသည်။ ဘီယာဆိုင် သွားထိုင်ကြည့်သေးသော်လည်း သောက်ရတာ အရသာမရှိ။ ထိုင်ရင်းက ငြီးငွေ့ လာသည်။
တစ်ရက်မှာ ၀ရန်တာမှာထွက်ရပ်နေရင်း ခေါ်သံကြားသဖြင့် လှမ်းကြည့်သည်။ အထမ်းနှင့် လာရောင်းသော ပန်းသည် ဖြစ်၏။

"အစ်မ မရှိဘူးလား"
လှမ်းမေးသည်။ ပေါ်ဋ္ဌေး လက်ခါပြတော့-
"ဘုရားပန်း ယူဦးမလား။ အစ်မ က ယူနေကျပဲ"
ပေါ်ဋ္ဌေးက မယူဘူးဟု ပြောသည်။ ပန်းသည်က အထမ်းကိုပြန်မပြီး ထွက်မည်အပြုမှာ ပေါ်ဋ္ဌေး တစ်ခုသတိ ရ၏။ ရင်ရင်ငြိမ်း မရှိကတည်းက ဘုရားခန်းကို ပိတ်ထားခဲ့တာ၊ ခုလောက်ဆို ဘုရားပန်းတွေ ညှိုးခြောက် ကုန်ရော့မည်။ ထို့ကြောင့်-
"နေဦး... နေဦး"

ဟု တားလိုက်ပြီး ၀ိုင်းစိန်ကို ခေါ်၍ ပန်းဝယ်ခိုင်းလိုက်သည်။ ဘုရားပန်းလဲပြီး သောက်တော်ရေခွက်တွေပါ ဖြည့်ဖို့ ပြောလိုက်သည်။ ၀ိုင်းစိန် ဘုရားပန်း ၀ယ်နေတာကို ငုံ့ကြည့်သည်။ ပန်းသည်က ရင်ရင်ငြိမ်း ယူနေ ကျ ပန်းတွေကို သိပြီးဖြစ်ဟန်တူသည်။ သစ်ခွလိုပန်းမျိုးနှင့် စိန်ချယ်ပန်းတွေကို အဆင်သင့်ကိုင်ထားသည်။ ပေါ်ဋ္ဌေးက- "နှင်းဆီပန်း တစ်စည်းပါ ယူခဲ့" ဟု လှမ်းအော်ပြောလိုက်၏။

"ဘုရားပန်း မှန်မှန်လဲဖို့၊ သောက်တော်ရေ နေ့တိုင်း ဖြည့်ဖို့ ဒေါ်လေးက မှာခဲ့သေးတယ်၊ ဦးပေါ် က အပေါ် ထပ် တက်တာ ကြိုက်၊ မကြိုက် မသိလို့၊ ပြောလည်း မပြောရဲလို့"
ဟု ၀ိုင်းစိန်က ပြောသည်။ သူလည် ခုမှ နည်းနည်းစိတ်ချမ်းသာ သွားဟန်တူသည်။ ဘုရားပန်းလဲပြီးတော့ ၀ိုင်းစိန် ဘုရားရှိခိုးသည်။ ရင်ရင်ငြိမ်း သင်ပေးထားသဖြင့် ဘုရားစာ အတော်များများ ရနေပြီ။ ထို့နောက် တစ်စုံတစ်ခု ကို ခပ်တိုးတိုး တတွတ်တွတ် ရွတ်ဆို ဆုတောင်းနေသည်။

ဝိုင်းစိန် ထွက်သွားပြီးနောက် ပေါ်ဋ္ဌေးလည်း လပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ် ဘုရားရှိခိုးသည်။ ဘာဆု မှတော့ မတောင်းမိဘူး ထင်တာပဲ။ ဘုရားခန်းထဲမှ ပြန်ထွက်မည်အပြုတွင် နှင်းဆီပန်းထိုးထားပုံ ဟန်မကျ ကြောင်း သတိပြုမိ၏။ ၀ိုင်းစိန်က ပန်းတွေကို ပန်းအိုးထဲ ပြွတ်သိပ်ထိုးထည့်ထားခဲ့သည်။ ထို့ကြောင့် ကြည့်လို့ကောင်းအောင် ပြန်ပြင်ရင်း ဘုရားစင်ပေါ်က ဖန်ကလပ်ကလေးပေါ်တွင် စိပ်ပုတီး တစ်ကုံး ကို မြင်သည်။

ထိုစိပ်ပုတီးမှာ ရင်ရင်ငြိမ်းက ပေါ်ဋ္ဌေးအတွက် ၀ယ်ပေးခဲ့ခြင်းဖြစ်၏။ ကြိမ်ပုတီးဖြစ်သည်။ ပေါ်ဋ္ဌေးက ရင်ရင်ငြိမ်း ကျေနပ်အောင် နှစ်ခါ၊ သုံးခါလောက် အစိပ်ပြပြီး ဘုရားစင်ပေါ် တင်ထားခဲ့သည်။
"စိပ်ပုတီးထဲမှာတော့ ကြိမ်ပုတီးကို ငါ သဘောကျတယ်၊ အစကတော့ အဖြူရောင်ပဲ၊ စိပ်ရင်း စိပ်ရင်းနဲ့ နှစ်နဲ့ ချီပြီး ကြာလာတဲ့အခါ လက်ဆီတက်ပြီး တဖြည်းဖြည်း ညိုလာရော၊ နောက်ဆုံးကျတော့ ပေါ်လစ်တင်ထား တဲ့ မဟော်ဂနီရောင် တောက်လာတော့တာပဲ၊ ကိုယ့်ရဲ့ပုတီးစိပ်တဲ့ သက်တမ်း ဘယ်လောက်တောင် ရင့် လာပြီလဲ ဆိုတာ တွေးပြီး ဂုဏ်ယူလို့ရတယ်၊ ပုတီးကို မြင်တိုင်း ပီတိဖြစ်ရတယ်"
ဟု ရင်ရင်ငြိမ်းက ရှင်းပြခဲ့ဖူးသည်။ အခု မြင်နေရသော ပေါ်ဋ္ဌေး ရဲ့ ကြိမ်ပုတီးကတော့ အဖြူရောင် သက်သက် အဆင့်မှာပဲ ရှိနေသးသည်။

ပေါ်ဋ္ဌေးသည် ရင်ရင်ငြိမ်း ထွက်သွားပြီးကတည်းက ပိတ်ထားခဲ့သော အိပ်ခန်းတွင်းသို့ ၀င်လာခဲ့ သည်။ အနှောင်းတို့ပေးခဲ့သော ကွာရှင်းစာချုပ်၏ပစ္စည်းခန်း ခွဲဝေမှုအပိုင်းတွင် ရင်ရင်ငြိမ်းက မရွှေ့ပြောင်း နိုင်သော ပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ လက်ဝတ်ရတနာ၊ ရွှေ ငွေ ဘာတစ်ခုမှ မယူ ပါဟု ရေးထား သည်။
အခန်းထဲက အ၀တ်ဗီရိုကို ဖွင့်လိုက်သည်။ အ၀တ်အစားတွေ အားလုံးနီးပါးရှိနေသည်ဟု ယူဆရ သည်။ နဂို ကပင် ရင်ရင်ငြိမ်းက အ၀တ်အစား များများစားစားရှိသူမဟုတ်။ အ၀တ်တထည် ကိုယ် တစ်ခုနဲ့များ ဆင်းသွား သလား ထင်ရ၏။

ဗီရို အံဆွဲကို ဆွဲဖွင့်ကြည့်သည်။ လက်ဝတ်လက်စားတွေ အကုန်ရှိသည်။ တစ်ရန်တည်းသော နား ကပ် ကလေးကိုပင် ချွတ်ထားခဲ့သည်။ နားကပ်နောက်ပိတ်မှာ သနပ်ခါးဖတ်ကလေးတွေတောင် ကပ်နေသေး သည်။
နောက် အံဆွဲတစ်ခုကို ဆွဲဖွင့်သည်။ ကတ်ပြားတစ်ထပ် တွေ့ရသည်။ အလှူရှင် ဂုဏ်ပြုကတ်ပြား တွေ။ ကတ်ပြားတိုင်း မှာ "ဦးပေါ်ဋ္ဌေး နှင့် ဇနီး"ဟူ၍သာ ရေးထားသည်။ ရင်ရင်ငြိမ်း နာမည်နှင့်ဆိုလို့ ကတ်ပြား တစ်ခုသာရှိ၏။

"စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ပင်မလမ်းဖြစ်သော (လည်ငေါက်-ချင်ပြစ်) လမ်းပိုင်း ရွှေဆံပင်လမ်းနှင့် ရွှေဆံပင်တံတား အလှူရှင်ဂုဏ်ပြုလွှာ" ခုမှ သတိရသည်။

ရင်ရင်ငြိမ်း ဆံပင်တွေ ဖြတ်ထားတာဟာ ဒီရည်ရွယ်ချက်ကိုး။ မိန်းမ တွေက ဆံပင်တွေ ဖြတ်ပြီးလှူကြသည်။ ထို ဆံပင်များကို ကုန်သည်တွေက ၀ယ်သည်။ တရုတ်ပြည်ဘက် သို့ တင်ပို့သည်ဟု ဆိုသည်။ ရရှိသော အလှူငွေများဖြင့် အလောင်းတော်ကဿပ သွားလမ်း ကို ပြင်သည်။ တံတားတွေ ဆောက်သည်ဟု ကြားဖူးသည်။
ဗီရိုကို ပြန်ပိတ်လိုက်သည်။ ခုတင်ဘေးက စားပွဲပုလေးပေါ်မှာ ကတ်ဆက်ရီကော်ဒါတစ်လုံး တွေ့ရ သည်။ အထဲ မှာ အခွေတစ်ခွေထည့်ထားပြီးသား ရှိနေသည်။ ပလပ်ထိုးပြီး ကက်ဆက်ခလုတ်ကို နှိပ်လိုက်သည်။

ကြာနီကန်ဆရာတော် ပူဇော်သော ပဋ္ဌာန်းအကျဉ်း ရွတ်ဆိုသံထွက်ပေါ်လာသည်။ ခလုတ်ပြန်ပိတ် မည်ပြုပြီး မှ မပိတ်ဘဲ နားထောင်နေလိုက်သည်။ ပဋ္ဌာန်းဒေသနာတော်ကြီးကို နာကြားရင်း လွမ်းနေ တဲ့ လူရယ်လို့ ရှိပါ့ မလား။

ရင်ရင်ငြိမ်းသည် အိပ်ရာကို သပ်ရပ်စွာ ခင်းကျင်းထားခဲ့သည်။ ခေါင်းအုံးပေါ်မှာ ယောဂီတဘက်က လေး တစ်ထည် ကို တွေ့ရသည်။ ခပ်နွမ်းနွမ်းကလေး။ တဘက်ကို ဆွဲယူသည်။ မျက်နှာပေါ်အုပ်ပြီး သက်ပြင်းကို ရှိုက်လိုက်မိ၏။ ကရမက်နံ့ သင်းသင်း...။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၂၃)

အခန်း (၂၆)
ဂျိန်း

၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။
ပတ်ကလင်းဆေးရုံ လူနာမှတ်တမ်း အမှတ် ၂၄၇၄၀၊ သေနတ်ဒဏ်ရာဖြင့် ရောက်လာသော လူဖြူ တစ်ယောက်။
ဒါးလက်စ် သို့ ထွက်မည့် သမ္မတ ခရီးစဉ်တွင် အတူလိုက်ခဲ့ဖို့ အိုဝင်ကာဆယ်က ဂျိန်းကို ခေါ်သည်။ ဂျိန်းက သဘောတူ လိုက်၏။ သူတို့နှစ်ယောက်စလုံး နိုင်ငံရေးကို စိတ်ဝင်စားသဖြင့် လိုက်ကြခြင်း မဟုတ်။ ဒါးလက်စ် ဒီမိုကရက်တစ် ပါတီတွင် ပဋိပက္ခကိုလည်း သူတို့ အလေးထားကြသည် မဟုတ်။ အိုဝင်၏ သတင်း မဂ္ဂဇင်း စရိတ်ဖြင့် တက်ဆက် ဟိုတယ်များတွင် လှည့်တည်းပြီး နှစ်ယောက်သား ပျော်ကြဖို့က အဓိက ဖြစ်၏။

" မင်းတို့ ဟာကလဲကွာ၊ ဒီမှာလဲ အမြဲ နေနိုင်သားနဲ့၊ စားရိတ်တွေ ကုန်လိုက်တာ " ဟု ဂလင်ဆင်ကလဲယားက ဂျိန်းကို ခွင့်ပေးရင်း ညည်းညည်းညူညူပြောသည်။
ကုန်သွယ်ရေး အဆောက်အအုံမှ တာဝန်ရှိ ပုဂ္ဂိုလ်က သမ္မတသေနတ်ပစ်ခံရကြောင်း ကြေညာ လိုက်သည် နှင့် ဂျိန်းနှင့် အိုဝင် လှေကားထစ်များကို အပြေးနင်းပြီး အောက်ထပ်သို့ ဆင်းခဲ့ ကြသည်။
သူတို့ စီးလာသည့် သတင်းထောက်များ ကားဆီသို့ တစ်ကျိုးတည်း လစ်သည်။ အားလုံး ဆေးရုံလိုက်ကြမည် ဖြစ်၏။ အခြားသတင်းထောက်များနှင့်အတူ အလု အယက် ပြေးခဲ့ကြသည်။

" နေဦး မတက်နဲ့ဦး "
ကားနား ရောက်တော့ အိုဝင်က ဂျိန်း၏ လက်မောင်းကို ဆွဲပြီး ကပ်ပြောသည်။
" ဘာဖြစ်လို့လဲ၊ ဆေးရုံ လိုက်မသွားဘူးလား "
သူတစ်ခုခု ပြန်ပြောသည်။ သို့သော် ရုတ်ရုတ်သဲသဲ ဆူဆူညံညံ အသံဗလံများ ကြားထဲတွင်မို့ ဂျိန်း မသဲကွဲလိုက်။ ကားပေါ်သို့ လူတွေ တိုးဝှေ့ပြီး တက်နေကြ၏။ ပလက်ဖောင်းပေါ်တွင် သူတို့နှစ် ယောက် ရပ် နေဆဲ။ ကားတံခါး ပိတ်မည့် ဆဲဆဲတွင်မှ အိုဝင်က ဂျိန်းကို ဆွဲပြီး
" ကဲ တက်မယ် " ဟု ပြောပြောဆိုဆို ခုန်တက်သည်။ သူတို့နှစ်ယောက် မီရုံကလေး ပါသွား၏။

သည်တစ်ချီတွင်တော့ ဒရိုင်ဘာ က ကားကို တရကြမ်း မောင်းလေပြီ။ ဆေးရုံအသွားလမ်းတစ်လျှောက် အချိုးအကွေ့ များကို တအား ချိုးကွေ့သည်။ မီးနီတာတွေကို စွတ် ဖြတ်သည်။ ကားပေါ်တွင် တီးတိုး တီးတိုး နှင့် ထင်မြင်ချက်တွေ အမျိုးမျိုး ပေးနေကြ၏။

စောစောက အသံကို ဗျောက်အိုးဖောက်သံဟု တစ်ယောက်က ထင်ကြေးပေး၏ နောက်တစ်ယောက်က မော်တော်ဆိုင်ကယ် အိတ်ဇော ပေါက်သံဟု ပြော၏။ တစ်ယောက်က သေနတ်သံဟု ထင်ကြေးပေး၏။ တချို့က သုံးချက်ကြားလိုက်သည် ဆို၏။ တစ်ချို့က လေးငါးချက်ဟု ဆို၏။ ဘယ်သူမှ တိတိကျကျ မပြော နိုင်ကြ။
ခုံးတံတားအောက်ကို မရောက်ခင် ကြားခြင်းလား၊ ခုံးကို ကျော်ပြီးမှ ကြားခြင်းလား ဘယ်သူမှ မသေချာ။

" သေနတ်သံ ဟုတ်လား၊ ဒါဆို လုပ်ကြံမှုပေါ့ "
အေပီ သတင်းထောက်၏ ထင်မြင်ချက်။
" ထိသွားလားဟင်" ဟု တစ်ယောက်က အော်မေး၏။

" ဘယ်သူလဲ၊ သမ္မတလား၊ ဂျွန်ကော်နယ်လီလား "
ကားနောက်ပိုင်းမှ တစ်ယောက်က အော်မေးသည်။ ဂျွန်ကော်နယ်လီမှာတက်ဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်သည်။ သမ္မတနှင့် ကားရှေ့ခန်းမှ အတူ စီးလာသူ။
သတင်းထောက်အားလုံး လုပြောနေကြ၏။ နားထောင်သူမရှိ။ လက်တစ်ကမ်းရှိ ဧရာမသတင်းကြီး အတွက် သူတို့အားလုံး ရင်ခုန်နေကြ၏။ သို့သော် ဟန်ကိုယ့်ဖို့ ဆိုပြီး စိတ်လှုပ်ရှားမှုကို ကြိုးစားထိန်းထားကြ၏။

သို့သော် သမ္မတ ကျည်သင့်မည်ကို အားလုံး စိုးရိမ်နေကြ၏။ ပစ်ခတ်မှုသည် ဆုံးခန်း မရောက်သေးဘဲ ဆက်ရန် ရှိဦးမည်လားဟုလည်း တွေးကြောက်နေကြ၏။ သတင်းပြန်ကြားရေး ကားကိုများ ဆက်ဆော်ဦး မှာလား။ သည်ထက် ပိုပြီး သူတို့အားလုံး စိုးရိမ်နေကြသည့် အချက်ရှိ သေး၏။ သည်သတင်း ကို ကိုယ့်ထက် သူများ ဦးသွားမှာ ကိုယ့်ထက် ပိုမြန်မြန်နှင့် ကောင်းကောင်း သူများ ပို့နိုင်မှာကို တွေးပူနေကြခြင်းဖြစ်၏။ သူတို့ အားလုံး တစ်ဦး၏ ရင်ခုန်သံကို တစ်ဦး ကြားနေ ကြ၏။

တံခါးကို ကပ်ပြီး ရပ်နေသည့် အိုဝင်ကာဆယ်သည် တောင်စင် ရေမရ ထင်ကြေး အမျိုးမျိုး ပေးနေ သည့်အထဲ တွင် လုံးဝမပါဘဲ ပိုက်ဆံအိတ်ထဲမှ ဒေါ်လာ နှစ်ဆယ်တန်တွေနှင့် အကြွေတွေကို ရွေးပြီး အိတ်ကပ်ထဲ ထည့် နေ၏။ ပြီးမှ ဘာဆက်လုပ်မည်ကို ဂျိန်းအား ကပ်ပြောသည်။

ဆေးရုံ ရောက်ရောက်ချင်း ကိုယ်နယူးယောက်ကို ဖုန်းခေါ်မယ်၊ ဖုန်းတစ်လုံး အပိုင်စီးထားဖို့ လိုလိမ့်မယ်၊ သူတို့သမ္မတ ကို ဘယ်ခေါ်သွားတယ်၊ ဘယ်မှာ ထားတယ်ဆိုတာ မင်းကသိအောင် လုပ်ထားပေး။ မြင်သမျှ ကြားသမျှ အလွတ်ရအောင် မှတ်ထား၊ ကိုယ်က နှစ်နေရာကို တစ်ပြိုင် တည်း မရောက်နိုင်ဘူး ဂျန်း ထုံးစံ အတိုင်း အိုဝင်ကာဆယ်သည် သတင်းဖြစ်ရာသို့ ပထမဆုံးရောက်ဖို့ ဆုံးဖြတ်ထားသည်။ အမြန်ဆုံးနှင့် အကောင်းဆုံး သတင်းရေးနိုင်ရမည်။

ဆေးရုံရှေ့တွင် ကားထိုးဆိုက်မှ အိုဝင်ဘာကြောင့်နောက်ဆုံးမှ ကားပေါ်ခုန်တက်ခြင်းအကြောင်း ကို ဂျိန်း သဘောပေါက်သည်။ နောက်ဆုံးတက်သည့်အတွက် ပထမဆုံး သူ ခုန်ဆင်းနိုင်သည်လေ။
ဆေးရုံအောက်ဆုံးထပ် ၀ရံတာတွင် တန်းစီနေသည့် တယ်လီဖုန်းများရှိရာသို့ အိုဝင် တအားပြေးချ သွားသည်။ အိမ်ဖြူတော် လုံခြုံရေးရဲများက ဖုန်းအားလုံးကို သိမ်းပိုက်ထားပြီးနှင့်ပြီ။
မှုခင်းသတင်းထောက်တို့ လှုပ်ရှားနေကျ ပုံစံအတိုင်း ဒုတိယထပ်သို့ အိုဝင် ပြေးတက်ခဲ့၏။

လူနာစောင့်တို့ နားနေရာ ဧည့်ခန်းတွင် ပိုက်ဆံ အကြွေထည့်ပြောရသည့် ဖုန်းတစ်လုံးသွားတွေ့ သည်။ နယူးယောက် သတင်းမဂ္ဂဇင်း ရုံးခန်းသို့ လှမ်းဆက်သည်။
အနားတွင် ရှိသည့် ဆေးရုံလုပ်သားတစ်ယောက်ကို နှစ်ဆယ်တန်တစ်ရွက်နှင့် အကြွေတစ်ဆုပ် ကမ်းပေးပြီး အမိန့်ပေး လိုက်သည်။

" ရော့ ဖုန်းကို မချပစ်နဲ့၊ ငါ ပြန်လာရင် မင်းကို နှစ်ဆယ် ထပ်ပေးမယ် " ကျန် သတင်းထောက်များ ဆေးရုံသို့ စုပြုံ တိုးဝှေ့ဝင်လာကြသည်။ ရဲတွေ၊ သတင်းထောက်တွေ၊ ဆေးရုံလုပ်သားတွေ ရှုပ်ယှက်ခတ်နေ၏။ ဂျိန်းက သမ္မတ၏ကားကို အရေးပေါ်ဌာနရှေ့တွင် လှမ်းမြင်လိုက်သည်။ ကားနံ ပါတ်က ဂျီဂျီ ၃၀၀၊ မှန် အမိုးပြားကို ထောင်လျက်သား တွေ့ရ၏။ နောက်တံခါးတွေလည်း ပွင့်လျက်သား၊ ကားထဲတွင် ဘယ်သူမှ မရှိတော့။

သွေးများဖြင့် နီကြန်နေသည့် ရေပုံးတစ်ပုံးကိုကား အနီးတွင် တွေ့ရသည်။ သွေးစက်တွေက အရေးပေါ် အခန်းထဲထိ တောက်လျှောက်။ ဘယ်အရာကိုမှ မထိမကိုင်ဘဲ ဂျိန်း လျှပ်တစ်ပြတ် မှတ် သားနေသည်။ အားလုံး ငြိမ်သက်တိတ်ဆိတ်နေ၏။ ကားထဲကို သေသေချာချာ ကြည့်သည်။
အိုဝင်ကို ရှာဖို့ ဆေးရုံထဲသို့ ဂျိန်းပြေးဝင်ခဲ့သည်။ ဤတွင် ပြေးဆင်းလာသည့် အိုဝင်နှင့် တန်းတိုး သည်။

" သူ သူ သမ္မတ အရေးပေါ်ခန်းထဲမှာ သွေးစက်တွေ အဲဒီအခန်းဝအထိပဲ "
နှစ်ယောက်သား အရေးပေါ် ခန်းဆီသို့ ပြန်ပြေးလာကြ၏။
" ဂျက်ကလင်း ရဲ့ နှင်းဆီပန်းစည်းကားထဲမှာ ရှိနေတုန်းပဲ၊ သွေးတွေ စွန်းလို့၊ ဟိုအနားမှာ ရေတစ်ပုံး လည်း တွေ့တယ်၊ သွေးတွေ ဆေးထားတဲ့ ရေပုံး "
ဂျိန်းက ပြေးနေရင်း ပြောနေခြင်းဖြစ်၏။

" သေချာလား၊ နှင်းဆီပန်းစည်းလား၊ မင်း ဘယ်လိုလုပ် သိလဲ "
" ဂျိန်း ကိုတိုင် မြင်ခဲ့တာပဲ၊ ကားတံခါးက ပွင့်လျက်သားလေ၊ ကတိုက်ကရိုက် ဆင်းပြေးကြတာနဲ့ တူတယ်၊ နောက်ခန်းမှာ ဂျိန်း သေသေချာချာ မြင်တာ "
အရေးပေါ် ခန်းဝတွင် သတင်းထောက်အားလုံး ရောက်နေနှင့်ကြပြီ။ သတင်းဆိုးကို သူတို့ စောင့်နေ ကြခြင်း ဖြစ်သည်။ ထိုသတင်း၏ ရှေ့ပြေးအဖြစ် ဘုန်းတော်ကြီးနှစ်ပါး ရောက်လာသည်ကို အားလုံး တွေ့လိုက် ကြသည်။
ဒုတိယထပ်ရှိ တယ်လီဖုန်းဆီသို့ အိုဝင် ပြေးတက်ခဲ့ပြန်သည်။ ဤသို့ဖြင့် လူနာ မှတ်ပုံတင် ၂၄၇၄၀ အတွက် ဘုန်းကြီး နှစ်ပါး ဆေးရုံ ရောက်လာသည့် သတင်းကို နယူးယောက်သို့ ပထမဆုံး ပို့နိုင်သူမှာ သတင်းမုဆိုး အိုဝင်ကာဆယ် ဖြစ်ခဲ့ရသည်။
 
အခန်း(၂၇)
အယ်လီ

ဗင့်စ် မက္ကလောက်သည် လက်ထောက် သတင်းနှင့် ပြန်ကြားရေး အရာရှိအဖြစ်ဖြင့် ၀ါရှင်တန်သို့ ပြောင်းလာခဲ့သည်။ ၁၉၆၃ခုနှစ် နွေရာသီတွင် ၀ါရှင်တန်သည် နိုင်ငံရေး လွှမ်းမိုးမှုအောက်တွင် ရောက် နေကြောင်း သဘောပေါက်လာခဲ့၏။ အိမ်ဖြူတော်သည်ပင် နိုင်ငံရေး အရိပ်မည်းကြီး အောက်တွင် ရောက်ရှိ နေပြီ ဟု ဗင့်စ် နားလည်လာ၏။
ဗင့်စ်နှင့် တစ်ချိန်တည်းလောက်တွင် ၀ါရှင်တန်သို့ အယ်လီ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ဗင့်စ်၏ အထက် လူကြီး က သူ့ကို လူလဲဖို့ အစီအစဉ်ရှိကြောင်း ဖွင့်ပြောလာသည်။

"ကိုယ်စိတ်မကောင်းပါဘူး ဗင့်စ်၊ ဒါပေမယ့် ရစ်ဝါနာက ကယ်လီဖိုးနီးယားမှာ အဆက်အသွယ် တော်တော် ကောင်းတယ်။ ယာဇူးမြစ်ဝှမ်းတစ်လျှာက်လုံး ပိုင်တယ်။
ကယ်လီဖိုးနီးယားတဲ့။ ဗင့်စ်နားလည်လိုက်ပါပြီ။ မဲဆန္ဒနယ် ၃၂ခုရှိသည့်နယ်။ ကနေဒီသတင်း ရောက် သွားလျှင် နောက်ရွေးကောက်ပွဲအတွက် ကျိန်းသေပေါက် ရမည့်မဲတွေ။
မိမိကဏ္ဍ မည်မျှ အရေးကြီးကြောင်း ရှင်းပြပြီး ဆရာသမားက ဗင့်စ်အား ဒိထရိုက် မော်တော်ကား လုပ်ငန်းကြီး တစ်ခုတွင် အဆင့်မြင့်ရာထူးကြီး တစ်ခုနေရာရအောင် ဖန်တီးပေးလိုက်သည်။ မဲဆွယ် စည်းရုံးရေး သော့ချက်နေရာ ဖြစ်သည်။

"မင်း ငါနဲ့ လိုက်ခဲ့၊ လခလည်း နှစ်ဆလောက် ရမှာ၊ ဧရာမ လုပ်ငန်းကြီး၊ ပြီးတော့ အဲဒီမှာ  လူပျို လူလွတ်တွေ အများကြီး အယ်လီ" ဟု ဗင့်စ်က အယ်လီကို စည်းရုံးသည်။
"ဒါဆို ကြီးသုံးကြီးအတွက် ဗင့်စ်က မဲဆွယ် စည်းရုံးရမှာပေါ့"
အယ်လီက မေးခွန်း ထုတ်သည်။ ဖို့ဒ်၊ ဂျနေရယ်မော်တော်နဲ့ ခရိုင်စ်လာ ကုမ္ပဏီကြီး သုံးခုကို ကိုယ်စား ပြုသည့် ဌာနတစ်ခုတွင် မိမိဝင်လုပ်လျှင် ဖခင်ဖြစ်သူ အလုပ်သမားများ၏ ရှေ့နေကြီး မည်သို့ သဘောထားမည် ကို အယ်လီ သိနေ၏။

"ကိုယ့်မှာ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိလာမှာလေ"
သည်လုပ်ပိုင်ခွင့်များကို အယ်လီ စိတ်မ၀င်စားပေ။ အယ်လီ စိတ်ဝင်စားသည်က မှန်ကန်သည့် တက်လမ်းကို လျှောက်ဖို့ ဖြစ်၏။
"အယ်လီ ၀ါရှင်တန်ကို ထွက်လာတာ အိမ်ဖြူတော်မှာ လုပ်ချင်လို့လေ"
"ကိုယ့်နေရာ လာမယ့် ငနဲက သူ့ရုံးအဖွဲ့နဲ့ လာမှာလေ"
"အယ်လီအတွက် တစ်နေရာတော့ ရှိကောင်းပါတယ် ဗင့်စ်"
"သြော် ဒါဆို မင်းတကယ် ကိုယ်နဲ့ မလိုက်ဘူးပေါ့"

အယ်လီက ၀ါရှင်တန်တွင် ဆက်နေဖို့ ဆုံးဖြတ်လိုက်သည်။
အီသယ်က အိုဝင့်ကို ဖုန်းနံပါတ်ပေးလိုက်သော်လည်း ခုထိ အိုဝင် မဆက်သေး။ အယ်လီ နယူးယောက်သို့ မပြန်ခြင်းမှာ သူ့ကို တစ်ချိန်လုံး သတိရနေမှာ စိုး၍ ဖြစ်သည်။ ၀ါရှင်တန် ပတ်ဝန်းကျင်သစ်တွင် အလုပ်သစ်တစ်မျိုးမျိုး ၀င်လုပ်လျှင် သူ့ကို မေ့နိုင်မည် ထင်။

ပါမင်းနိုက် စာအုပ်တိုက်တွင် လုပ်ခဲ့စဉ်က စုထားခဲ့သည့် ငွေကလေးဖြင့် ဂျော့တောင်း ဆင်းရဲသား ရပ်ကွက် တွင် အခန်းငယ်ကလေးတစ်ခန်း ငှားနေပြီး အလုပ်လိုက်ရှာသည်။
စနေနှင့် တနင်္ဂနွေနေ့များတွင် ဂျင်းဘောင်းဘီနှင့် အလုပ်သမ ရှပ်အင်္ကျီကို ၀တ်ကာ စိတ်ဓာတ် ကျကျနှင့် လျှောက်သွားသည်။ အချစ်ရေးတွင်လည်း ကံခေ၊ အလုပ်အကိုင်ကလည်း အဆင်မပြေ။ ဤသို့ဖြင့် ဆန္ဒပြပွဲ များတွင် ပါဝင်ဆင်နွှဲဖြစ်တော့၏။ အမေရိကန် အစိုးရဆန့်ကျင်ရေး ချီတက် ဆန္ဒ ပြပွဲများစွာတွင် အယ်လီ ပါသည်။ လင်ကွန်း အောက်မေ့ဖွယ် ကျောက်တိုက်တွင် "အိပ်မက်တစ်ခု မက်တယ်" မိန့်ခွန်း နားထောင်ရန် လူနှစ်သောင်းကျော် စုဝေးရာတွင်လည်း အယ်လီ ပါဝင်လေ သည်။

အဖေနှင့်အမေက အယ်လီ ၀ါရှင်တန်ကို ပြောင်းနေခြင်း အကြောင်းရင်းကို သဘောမပေါက်နိုင်ဘဲ ဖြစ်နေ ကြ၏။
"သမီး နယူးယောက်မှာလဲ အလုပ်ကောင်းကောင်း ရနေသားပဲ" ဟု အမေက ပြောသည်။
"အလုပ်ကောင်းကောင်း၊ ဟုတ်လား မေမေ" ဟု အယ်လီ ပြန်မေးသည်။ မိမိ နာမည်ကိုတောင် မေ့မေ့နေတတ်သည့် ဆရာသမား အဒရီယံဟော်န်။ ပါမင်းနိုက်မှ ထွက်မည် ပြောတော့ လုံးဝမတား သည့် ဆရာသမား။

"အရာရှိအလုပ်ကို အတွင်းရေးမှူးလစာနဲ့ လုပ်ခဲ့ရတာလေ" ဟု မေမေ့ကို ရှင်းပြရသည်။
"တနင်္ဂနွေစကားဝိုင်းတွေကို ဖေဖေ အောက်မေ့တယ် သမီးရယ်၊ ပြန်လာခဲ့တော့နော်" ဟု အဖေက ၀မ်းနည်း စကားဆိုသည်။
"သမီးလည်း အောက်မေ့ပါတယ် ဖေဖေ"
အယ်လီ တကယ်ပင် ဖေဖေ့ကို အောက်မေ့ပါသည်။ ဖေဖေနှင့် မုန့်ဆိုင်တကာ၊ ကော်ဖီဆိုင်တကာ လှည့်ပြီး စားသောက်ခဲ့ရသည့် အချိန်များ၊ ကမ္ဘာ့အရေးအခင်းများကို ဆွေးနွေးကြသည့် အချိန်များ ကို အယ်လီ တကယ် ပင် လွမ်းမောပါသည်။

"၀ါရှင်တန်က အပျိုအရွယ်လေးတွ နေဖို့ ကောင်းတဲ့မြို့ မဟုတ်ပါဘူးဟယ်၊ ဘာလို့ ကျားပိန်တွယ် တွယ်နေရတာလဲ" ဟု မာဂရက်က ဆိုသည်။
"စိတ်ထဲမှာ လုပ်စရာတွေ အများကြီး ရှိနေသလိုပဲ။ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့မှာ အလုပ်တစ်ခု လျှောက် ထား သေးတယ်၊ စိတ်ဝင်စားစရာ ထူးထူးခြားခြား တစ်မျိုးမျိုး လုပ်ဖြစ်မယ် ထင်ပါတယ်" ဟု အားလုံးကို ပြန်ကြားလိုက်သည်။

ဖိနပ်ဆိုင်ကြီးတစ်ဆိုင်တွင် အယ်လီ အလုပ်ရသည်။ လစာမကောင်းလှသော်လည်း အရောင်းပေါ် တွင် ကော်မရှင် တွက်ပေးသည်။ အယ်လီသည် အကောင်းဆုံး အရောင်းသမ ဖြစ်လာသည်။ ဘယ်သူမှ သူ့ကို လိုက်မမီ။
"လာတုန်းကတော့ ရှူးဖိနပ် အနက်တစ်ရံ ၀ယ်ဖို့ပဲ၊ ဆိုင်ထဲက ထွက်လာတော့ အရောင်မျိုးစုံ၊ ဖိနပ် မျိုးစုံ ပါလာတယ်လေ"
အယ်လီ့ ကောင်တာမှ အထွက်တွင် ဈေးဝယ်လာသူ အမျိုးသမီးတစ်ယောက်က ဆိုင်ရှင် ဂျက်နစ်ကေလန် ကို ပြောသွားသည်။

နိုဝင်ဘာလ ၂၂ရက်နေ့။ အယ်လီ ဖိနပ်ရောင်းနေတုန်း။ ဈေးဝယ်လာသူ များကို ခေါ်ရင်း ငြိမ်းချမ်း ရေးအဖွဲ့က ခေါ်မည့်အချိန်ကို စောင့်နေသည်။ တစ်ပြိုင်တည်းတွင် အိုဝင့် ဖုန်းကိုလည်း မျှော်မိ၏။ ဘ၀တွင် လုပ်ချင်သမျှတွေ ရှေ့လျှောက် လုပ်ဖို့ စောင့်နေခြင်းလည်း ဖြစ်၏။

သမ္မတ ကနေဒီ သေဆုံးကြောင်း သတင်းကြားလိုက်သည်နှင့် ထိုဆိုင်ကြီးထဲမှ အယ်လီ ပြေးထွက် ခဲ့သည်။ ထိုတဒင်္ဂတွင် အယ်လီ တွေ့ပြီး စကားပြောချင်သူမှာ တစ်ယောက်တည်း ရှိသည်။ မိန်းကလေးက စရိုး ထုံးစံ မရှိသော်လည်း၊ အိမ်ရောက်သည့် သတင်း မဂ္ဂဇင်းတိုက်ကို ဆက်တော့ လည်း လိုင်းက အားသည်မရှိ။ တီဗွီ စောင့်ကြည့်တော့မှ တစ်နိုင်ငံလုံးတွင် တယ်လီဖုန်းတိုင်း မအားမလပ် ဆက်နေကြကြောင်း သိရ၏။

အယ်လီ ရုပ်သံသတင်းကို ဖွင့်ပြီး ကြည့်နေသည်။ နာမည်ကျော် သတင်း ကြေညာသူ ဝေါလ်တာခရွန်းနိုက် က သမ္မတ ကွယ်လွန်ကြောင်း သတင်း ကြေညာရင်း ငိုနေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, May 29, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၆)

အခန်း(၆)

ကျောင်းဆရာဘ၀၏ ပထမဆုံးနေ့။
ကျောင်းသို့ အတန်းဝင်ရန် ကျွန်တော် စောစောရောက်လာခဲ့၏။ ကံကြမ္မာကို ကျေးဇူးတင်ရင်း ကျွန်တော့် စိတ်တွေ လှုပ်ရှားပျော်ရွှင်နေ၏။ မိဘသဖွယ် ဖြစ်နေရုံမက အဖေ၊ အမေ ဟု အခေါ်ခိုင်း၍ ကျွန်တော် နှုတ် ကျိုး နေပြီဖြစ်သည့် ကျွန်တော့် ကျွေးမိခင်နှင့် ကျွေးဖခင်တို့လည်း ကျွန်တော့်နည်းတူ ၀မ်းသာနေကြ၏

မနက် ကျောင်းသွားခါနီးတွင် အမေက ကျွန်တော့်ကို နမ်းပြီး " ကံကောင်းပါစေ သားရယ် " ဟု ဆုတောင်း ပေးလိုက်သေးသည်။ အဖေက ပြုံးပြုံးကြီး ရပ်ကြည့်နေ၏။ ကျွန်တော်သည် အားမာန်အပြည့်၊ ယုံကြည်မှု အပြည့်ဖြင့် အကောင်းဆုံးဖြစ်အောင် လုပ်မည်ဟူသည့် ဆုံးဖြတ်ချက်ဖြင့် မောင်းတင်ကာ အိမ်မှ ထွက်ခဲ့ သည်။
ကျောင်းသို့ အ၀င် လမ်းကျဉ်းကလေးအတိုင်း ကျွန်တော် ချိုးကွေ့လာခဲ့သည်။ ကျောင်းကစားကွင်းထဲတွင် ဆော့ကစား နေကြသည့် ကလေးသံတွေ ဆူညံနေနှင့်ပြီ။ မိန်းကလေးသံတစ်သံ ကျယ်လောင်စွာ ထွက် လာသည်။

" ဟေ့  ဒင်ဟန်၊ ... ဖြစ်လို့ နင်က ဘောလုံး ကို ယူသွားရမှာလဲ "
ဘတ်စကတ်ဘော ကစားနေကြသည့် မိန်းကလေးတစ်သိုက်ကို ကျွန်တော် အထိတ်တလန့် လှမ်းကြည့် လိုက်သည်။ ကျောင်းသူကလေးများ ဂိုးတိုင်နားတွင် စုနေကြ၏။ သူတို့အထဲမှ တစ်ယောက်က ဘောလုံးကို နောက် တွင် ၀ှက်ကိုင်ပြီး ဗလကောင်းကောင်း ကျောင်းသားတစ်ယောက်ကို ကက်ကက်လန် ဆဲဆို ရန်တွေ့ နေ၏။
" သောက်ကောင်မ၊ ဖယ်စမ်း၊ မဖယ်ရင် ငါ ... ပစ်လိုက်မယ် "

ကျွန်တော့်ကို မြင်တော့ သူတို့အသံ အနည်းငယ် တိုးသွားသည်။ သို့သော် ကျွန်တော် ကျောင်းထဲဝင်သွား သည်နှင့် ခုနစ်သံချီတက်ပြီး အော်ဟစ်ဆဲဆိုကာ ဆက်ကစားကြပြန်သည်။ နားရှက်စရာ၊ မကြားဝံ့ မနာသာ တွေ။
မနက် အိမ်မှ ထွက်လာစက ယုံကြည်မှုတွေ ကျွန်တော့်ကိုယ်ထဲမှ တစ်စတစ်စ စိမ့်ထွက်စပြုလာသည်။ ဘုရား ... ဘုရား အတန်းထဲမှာပါ သူတို့ ဒီလိုပဲ ပြောဆိုဆက်ဆံနေကြမှဖြင့်။ သည်အတွေးကြောင့် ကျွန်တော် ကြည်သီး မွေးညင်း ထသွားသည်။

ဆရာများ စုပေါင်းခန်းသို့ ကျွန်တော် ရောက်သွားချိန်တွင် မစ္စက်ဒရူးရောက်နှင့်နေပြီ။ သတင်းစာ ထိုင်ဖတ် နေ၏။ အပေါ်ကုတ်အင်္ကျီကို ချွတ်ရင်း ကျွန်တော် နှုတ်ဆက်လိုက်သည်။
" ဘယ့်နှယ်လဲ ဆရာ၊ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ခဲ့ပြီလား "
ဆရာမကြီး အသံမှာ နူးညံ့သည်။ ကရုဏာသံပါသည်။

" ဟုတ်ကဲ့ ဆိုပါတော့၊ ဒါထက် ကလေးတွေဟာ ကျောင်းထဲမှာရော အတန်းထဲမှာပါ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံး တွေ သုံးကြသလား ဆရာမ"
" တစ်ခါတလေပါ၊ တချို့ကလည်း ၀သီလို ဖြစ်နေလို့ပါ ဆရာ၊ စိတ်ထဲက ထွက်လာတဲ့ စကားလုံးတွေ မဟုတ်ကြပါဘူး၊ ကောင်းတာကတော့ မကြားချင်ယောင်ဆောင်နေဖို့ပဲ ဆရာ၊ ကျွန်မတို့တော့ အရေထူ နေပြီ၊ ဒါကြောင့် ကျွန်မ ဆံပင် စောစောစီးစီး ဖြူကုန်တာပေါ့ "
ဆရာမကြီး က ခေါင်းကို ပုတ်ပြပြီး စကားဆက်သည်။

" သူတို့နဲ့ ဘယ်လို ဆက်ဆံပါလိုတော့ ကျွန်မ မပြောတတ်ဘူး၊ ဆရာကောင်းမယ် ထင်သလို မီးစင်ကြည့် ကပေတော့ "
ဆရာ၊ ဆရာမတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ တစ်ယောက်နှင့် တစ်ယောက် နောက်ပြောင်ကျီစယ်ကြ၊ နှုတ်ဖက်ကြနှင့်။ မကြာခင် ကျောင်းတက် ခေါင်းလောင်းထိုးသွားသည်။
အခန်းထဲမှ အထွက်တွင် ဆရာမ မစ္စဘလင်းချဒ်ကို ကျွန်တော် တစ်ချက် လှမ်းကြည့်လိုက်သည်။ ဆရာမက အားပေး ပြုံး ပြုံးပြ၏။ ဆရာမ ကလင်တီကတော့ " ကံကောင်းပါစေရှင် " ဟု ဆုတောင်းပေးသည်။

အခန်းထဲမှ ကျွတ်ကျွတ်ညံနေသံသည် အခန်းပြင်ဘက်သို့ လျှံထွက်နေ၏။ ကျွန်တော်က စားပွဲဆီသို့ တန်း လျှောက် သွားသည်။ ကုလားထိုင်တွင် ၀င်ထိုင်ပြီး သူတို့ အငြိမ်ကို အသာ စောင့်နေလိုက်သည်။
သူတို့ တစ်တွေ ကိုယ့်နေရာကိုယ် ၀င်မထိုင်ကြသေးဘဲ ဟိုတစ်စု၊ သည်တစ်စု စကားရပ်ပြောနေကြဆဲ။ ကျွန်တော် ၀င်လာသည်ကို ဘယ်သူမှ ဂရုမစိုက်ကြ။ အတန်ကြာမှ လူစုခွဲကာ ကိုယ့်ခုံကိုယ် ၀င်ထိုင်ကြ သည်။ အားလုံး ငြိမ်သည့်အချိန်အထိ စောင့်ပြီးမှ ကျောင်းခေါ်ကြိမ် မှတ်ပုံတင်စာအုပ်ကို ဖွင့်ကာ နာမည် ခေါ်သည်။

သူတို့ ပြန်ထူးသံတွေက ရှင်းရှင်းလင်းလင်း မရှိ။ အာလုပ်သံနှင့် အင်း၊ အဲ လုပ်သူလုပ်၊ "ရှိ" ဟု တစ်လုံး တည်း အော်သူအော်၊ တစ်ယောက်က "ရှိပါတယ် ခင်ဗျာ "ဟု ဆိုတော့ ၀ိုင်းလောင်ကြသည်။ လောင်သည့် အထဲတွင် မိန်းကလေးများပါ ပါ၏။
နောက်တစ်ဆင့် ကျွန်တော် နေ့လယ်စာဖိုး ကောက်ခံသည်။ ကျောင်းတွင် နေ့လယ်စာကျွေးသည့် စနစ်မှာ ကျောင်းသား အတွက်ရော မိဘအတွက်ပါ တွက်ခြေကိုက်သည့်စနစ် ဖြစ်ပါသည်။ တစ်ယောက်ကို ရှစ်ပဲနိ မှ သုံးပဲနိ သာ ကျသည်။ ကလေးများ အသက်အလိုက်၊ အတန်းအလိုက် ခွဲကောက်ခြင်းဖြစ်၏။

နေ့လယ်စာကို ပူပူနွေးနွေးစားကြရသည်။ မျှမျှတတ ကျွေးသည်။ အားလုံး စိတ်ကျေနပ်အောင် စီစဉ်ပေး သည်။
သည်လောက်ကိုမျှ မတတ်နိုင်သည့် ကလေးများထံမှ လုံးဝ မကောက်ဘဲ ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့ အကူအညီဖြင့် အခမဲ့ကျွေးသည်။ ကလေးတွေ သန်မာ ထွားကျိုင်းကြသည်မှာ သည်အစီအစဉ်နှင့် မနက် စောစော အခမဲ့ နွားနို့တိုက်ခြင်းကြောင့် ဖြစ်ကြောင်း မစ္စက်ဒရူးက ကျွန်တော့်ကို ရှင်းပြသည်။ သို့သော် တချို့ကလေးတွေမှာ ကျောင်းမှ ကျွေးသည့် နေ့လယ်စာ ဖိုး ကို မထည့်ချင်ကြဘဲ ကျောင်းရှေ့မှ အပေါစား မုန့်များကို ၀ယ်စားချင်ကြ၏။

သည်ကိစ္စနှစ်ခု ပြီးတော့မှ ကျွန်တော် အတန်းကို သေသေချာချာ ကြည့်သည်။ မကြာခင်အတွင်း ခန်းမ ဆောင် ထဲသို့ တစ်ကျောင်းလုံး စုဝေးရတော့မည်ဖြစ်၏။
ကျွန်တော် ခပ်သွက်သွက် ရေကြည့်လိုက်၏။ ခုံလေးဆယ့်ခြောက်လုံးတွင် လေးခုံမှာ လစ်လပ်လျက်ရှိ၏။ လေးခုံတစ်တန်း စီထားခြင်းဖြစ်သည်။ ကျွန်တော့် စားပွဲမှ အားလုံးကို စီး၍ မြင်နေရ၏။ အတန်းထဲတွင် ၂၆ ယောက်မှာ မိန်းကလေးများ ဖြစ်ကြသည်။ တော်တော်များများက ဆေးဆိုးပန်းရိုက် လုပ်ထားသည့် မျက်နှာ ကို ကမန်းကတန်း ဆေးကြောလာပုံရ၏။

အရွယ်အားဖြင့် မငယ်ကြတော့သည့် မိန်းကလေးများ။ ဆရာလုပ်သူကို ငြိမ်ပြီး အကဲခတ်နေကြ၏။ ဂျစ်ပစီ ဆန်ဆန် အပေါစား နားကွင်းတွေ၊ လက်ကောက်တွေ ဆင်မြန်းလျက်။
ယောက်ျားလေး များက ပိုပြီး ညစ်ပတ်၏။ ဗရုတ်သုတ်ခ နိုင်၏။ ဆံပင်ပုံစံတွေကို အတူတူ ညှပ်ထားကြ၏။ အားလုံးလိုလို တီရှပ်နှင့်၊ ဂျင်းဘောင်းဘီနှင့်။ မျက်နှာတွေကလည်း ရှုသိုးသိုး။
အတန်း တစ်ခုလုံး တိတ်ဆိတ်နေပုံက စိတ်ချောက်ချားဖွယ်အတိ ဖြစ်နေ၏။ ကျွန်တော် စိတ်ဓာတ်ကျချင် သလိုလို ဖြစ်လာသည်။ ထိုစဉ်ခန်းမထဲတွင် စုဝေးရန် အချက်ပေး ခေါင်းလောင်းထိုးသဖြင့် သူတို့ တစ်တွေ အလုအယက် အခန်းထဲမှ ထွက်သွားကြ၏။

ခန်းမဆောင် တစ်ဖက်ထိပ်ရှိ စင်မြင့်၏ အလယ်တည့်တည့်တွင် ကျောင်းအုပ်ဆရာကြီး ထိုင်သည်။ ကလေး တွေက စင်မြင့်နှင့် မျက်နှာချင်းဆိုင်တွင် တန်းစီထိုင်ကြပြီး ဆရာများက သူတို့နောက်မှ နေရာယူကြသည်။

မနက်ပိုင်း စုဝေးပွဲမှာ ထုံးတမ်းစဉ်လာအရ ရိုးရိုးကလေးပင် ဖြစ်ပါသည်။ ဘာသာရေး သွန်သင်မှု သြ၀ါဒတွေ လုံးဝ မပါပါ။ သံပြိုင် မေတ္တာပို့ကြသည်။ ကျောင်းသူ ကျောင်းသားများထဲတွင် ဂျူးကလေးတွေ ဘရင်ဂျီတွေ၊ နှစ်ခြင်းခရစ်ယာန် ဘာသာဝင်တွေ၊ မူဆလင်တွေ အစုံပါသည်။ သူတို့အားလုံး ဆုတောင်းခြင်း၌ သက်ဝင်ယုံ ကြည်ရာ တွင် တူညီကြလေသည်။
မေတ္တာပို့ ဆုတောင်းပြီး ဆရာကြီးက ကဗျာတစ်ပုဒ် ရွတ်သည်။ ပြီးမှ ရှိုပင်နှင့် ဗိုက်ဗဲလ်ဒီ၏ သံစုံတေး၊ ဓာတ် ပြားနှစ်ပုဒ်ဖွင့်သည်။ ဒေါင်ဒေါင် ဒင်ဒင် ကာလပေါ်တွေဆီကို ကလေးတွေ လုံးလုံးလျားလျား ပါမသွားအောင် ဆွဲဆောင်ခြင်းဖြစ်၏။

တေးသွားအဆုံး သံစဉ်ကလေး မှေးမှိန် ပျောက်ကွယ်သွားသည်အထိ အားလုံး ငြိမ်ပြီး နားထောင် နေကြ သည်။ ကာလပေါ်ဂီတဖြင့် ကနေစဉ်တုန်းက ကဲ့သို့ပင် လေးနက်သိမ်မွေ့သည့် ဂီတတွင် တဒင်္ဂတော့ သူတို့ မျောပါတတ်ကြပါကလားဟု ကျွန်တော် တွေးနေမိ၏။ မစ္စဘလင်းချဒ်ကို ကျွန်တော် လှမ်း ကြည့်လိုက်သည်။ ကျွန်တော့် လိုပင် ဆရာမလည်း တွေးနေသည် ထင်သည်။ ကျွန်တော့်ကို ပြုံးပြီး ခေါင်းညိတ်ပြ၏။

တေးနှစ်ပုဒ်ပြီးတော့ ဆရာကြီးက ကျွန်တော့်ကို တစ်ကျောင်းလုံးနှင့် မိတ်ဆက်ပေးသည်။ ကျွန်တော့်နာမည် ကို ပြောပြပြီး " ဒီ-တန်း" ကို ကိုင်မည့် အကြောင်း သာမန် ကြေညာခြင်းသာဖြစ်ပါသည်။ ဆရာကြီး၏ အမူအ ရာ မှာ ကျောင်းသူကျောင်းသားများရော ဆရာများပါ ကျွန်တော့်ကို ၀မ်းပန်းတသာ ကြိုဆိုမည်ဟု ယုံကြည် နေသည့် ပုံ။
အတန်းထဲ ပြန်ရောက်တော့ သူတို့အထိုင်ကျသည်အထိ ကျွန်တော် စားပွဲနံဘေးတွင် ရပ်ပြီး စောင့်နေ လိုက်သည်။ အားလုံး ငြိမ်မှ -
" ဆရာ့ နာမည်ကို ဆရာကြီး ပြောပြလို့ မင်းတို့အားလုံး သိပြီးကြပြီ။ ဒါပေမဲ့ ဆရာ့အနေနဲ့ မင်းတို့အားလုံး ချက်ချင်း မှတ်မိဖို့တော့ မလွယ်ဘူး၊ ဒီတော့ကော လက်ညိုးထိုးပြီး မေးတာတို့ ဘာတို့ကို ရိုင်းတယ်လို့ မထင် ကြနဲ့။ ဟုတ်ပြီလား "

ကျွန်တော်က အသံရော လေယူလေသိမ်းပါ အတတ်နိုင်ဆုံး ချိုသာအောင် ကြိုးစားပြောသည်။
" ဆရာ မင်းတို့အကြောင်းကော၊ မင်းတို့ရဲ့ အရည်အချင်းကိုရော ဘာမှ မသိသေးဘူး။ ဒါကြောင့် ပထမဆုံး ဆရာ အဲဒါကို လေ့လာချင်တယ်။ မင်းတို့ တစ်ယောက်ချင်း စာဖတ်ပြတာ ဆရာ နားထောင်မယ်။ ဆရာက နာမည် ခေါ်လိုက်ရင် ကြိုက်တဲ့ စာအုပ်ထဲက ကြိုက်တဲ့ စာမျက်နှာကို ထဖတ်ပါ"
ကျွန်တော် ထိုင်ချလိုက်သည်။ ကျောင်းခေါ်ကြိမ် မှတ်ပုံတင်ကို လှန်သည်။

" ကဲ ... ပါလ်မာ၊ တစ်ဆိတ် ထ ဖတ်ပြပါ "
တစ်တန်းလုံး ၀ိုင်းကြည့်ရာသို့ ကျွန်တော် လိုက်ကြည့်လိုက်၏။ ပါလ်မာဆိုသည့် ချာတိတ်က မျက်နှာနီနီ၊ အပေါ်ပိုင်း တောင့်တောင့်၊ ခေါင်းကြီးကြီးနှင့်။ မျက်လုံးအရောင်က ဖျော့တော့တော့။
" ကျေးဇူးပြုပြီး မတ်တတ်ရပ်ပါ"
ကျွန်တော် ထပ်တိုက်တွန်းလိုက်၏။ သူက ချီတုံချတုံ အမူအရာဖြင့် အတန်းကို လှည့်ပတ်ကြည့်ပြီး ထ ရပ် လိုက်သည်။ ပြီးတော့မှ ခပ်လေးလေး ဖတ်သည်။ အထစ်ထစ် အငေါ့ငေါ့ဖြင့်။
" ရပါပြီ၊ ဒါလောက်ဆို တော်ပါပြီ၊ ကဲ ... ဘင်ဂျမင်၊ ဆက်ဖတ်ပါ"

ပါလ်မာ ထိုင်ချလိုက်သည်။ ကျွန်တော့်ကို အူကြောင်ကြောင် မျက်လုံးများဖြင့် ကြည့်သည်။ သူ စာဖတ်ပုံမှာ လုံးဝ မနိပ်ပါ။ ဘင်ဂျမင်လည်း ပါလ်မာထက် မသာပါ။ နောက်သုံးယောက် ဆက်တိုက်။ ဆာပီယာနို၊ ပဲလ်၊ ဒရိတ်။ အားလုံး သူမသာ ကိုယ်မသာတွေချည်း။
" ဂျိန်းပါဆယ်၊ တစ်ဆိတ် ထ ဖတ်ပါ "

မတ်တတ်ထရပ်သည့် ကလေးမက ဆံပင်ရောင်ဖျော့ဖျော့၊ သေးသေးသွယ်သွယ်။ ဖွံ့ထွားသည့် ရပ်သား များကို အချုပ်အချယ်မရှိ လွတ်လပ်ခွင့်ပေးထားပုံရ၏။ ၀တ်ထားသည့် ဆွယ်တာက ခပ်ပါးပါး။ ကလေးမ၏ မိဘ များကို ကျွန်တော် နားမလည်နိုင်အောင် ဖြစ်သွားသည်။ သည်မျှ လွတ်လွတ်လပ်လပ် ဆင်ယင် ထုံးဖွဲ့ခွင့်ပေးပြီး ကျောင်းလွှတ်သင့်ပါသလား။
စာဖတ်ပုံကတော့ မဆိုးလှ။ စောစောက ကျောင်းသားများထက် စာသွားသည်။ သို့သော် အဓိပ္ပာယ်တော့ ပေါက်ပုံ မပေါ်။ အဖြတ်အတောက်တွေ မမှန်။

ဂျိန်းပါဆယ် ထ ဖတ်နေစဉ် နောက်ပိုင်းက ရယ်သံတွေ၊ တီးတိုးစကားသံတွေ ထွက်နေကြောင်း ကျွန်တော် သတိထား လိုက်မိသည်။ ဖတ်နေသည့် ကလေးမကို အနှောက်အယှက်မပေးဘဲ နောက်ဘက်တန်းများဆီသို့ ကျွန်တော် လျှောက်သွားသည်။
အရွယ် နှင့် အတန်းနှင့် မလိုက်တော့သော ကျောင်းသားတစ်ယောက် သူ့ခုံပေါ်တွင် ဘာတွေ လုပ်ပြ နေသည် မသိ။ မနက်က ဘတ်စကတ်ဘော ကွင်းထဲတွင် မိန်းကလေးတစ်သိုက်ကို အနှောင့်အယှက် ပေးသည့် ကျောင်းသားပင်။ နံဘေးမှ ကျောင်းသားတစ်သိုက်က မရယ်မိအောင် ပါးစပ်တွေကို အတင်းစေ့ ထားကြ၏။

ကျွန်တော် အနားရောက်နေသည်ကို သူ မသိပါ။ သူ့လက်ထဲမှ အရာကို တွေ့လိုက်ရတော့ ကျွန်တော် ဒေါပွ သွားသည်။ ကော်ရုပ်ကလေး တစ်ရုပ်၊ ကိုယ်တုံးလုံး မိန်းမရုပ်၊ ကမ္ဘာလုံးကလေးကို ခွစီးထားသည့် အရုပ် ကလေး။ ကမ္ဘာလုံးကို လက်ဖြင့် ညှစ်လိုက်သည့်အခါ အမျိုးသမီး၏ ရင်သားအစုံသည် ရှေ့သို့ မတရား စူထွက်လာသည်။
" မင်း ... အဲဒါ ချထားလိုက်စမ်း "

သူက အရုပ်ကို ခပ်တည်တည် စားပွဲထဲ ပြန်ထည့်ပြီး ကျွန်တော့်ကို မထီမဲ့မြင် စိုက်ကြည့်နေသည်။ ရန်လို မုန်းတီးသည့် အကြည့်မျိုး။ ထို့နောက် စားပွဲထဲမှ လက်ကို ဆောင့်ကြီးအောင့်ကြီး ဆွဲထုတ်သည်။ စားပွဲအဖုံး ၀ုန်းခနဲ ကျသံသည် အခန်းထဲတွင် ဟိန်းထွက်သွားသည်။
စာဖတ်နေသည့် ကလေးမ ရုတ်ခြည်း ရပ်သွားသည်။ တစ်တန်းလုံး ကျွန်တော့်ကို ၀ိုင်းကြည့်နေကြပြီ။ ရင်ထဲမှ ဒေါသလှိုင်းသည် လည်ချောင်းဝအထိ ဆောင့်တက်လာ၏။ သို့သော် ကျွန်တော် အချိန်မီ စိတ်ထိန်း လိုက်နိုင်၏။ စားပွဲဆီသို့ ပြန်လာခဲ့ပြီး ခပ်မဆိတ် နေလိုက်သည်။ ဒုတိယအသံက ကျွန်တော့်ကို သတိပေး နေ၏။

" စိတ်ကို ထိန်းထား ... စိတ်မတိုနဲ့ "
" ပေါ်တာ၊ မင်းအလှည့် ... ဖတ်စမ်း "
ပေါ်တာက ခပ်၀၀၊ အရပ်အမောင်း ကောင်းကောင်း၊ အတန်းထဲတွင် အတောင့်ဆုံး။ စာဖတ်ပုံလည်း မဆိုးလှ။ တော်လောက်ပြီဟု ကျွန်တော်က လက်ကာပြတော့ သူက ကျွန်တော့်ကို ကျေကျေနပ်နပ် ပြုံးပြသည်။
" ပေါ်တာ ... ထိုင် " ကျွန်တော့်အသံ မာနေသည်။

" ဒီစာအုပ်ဟာ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတယ်ဆိုတာတော့ မင်းတို့အားလုံး လက်ခံကြလိမ့်မယ် ထင်ပါရဲ့၊ ဒီဘာသာဟာ မင်းတို့ရဲ့ ဘာသာ၊ မင်းတို့ ဘိုးဘွားတွေရဲ့ ဘာသာ၊ မင်းတို့ ဖတ်တာတွေ နား ထောင်ပြီး မင်းတို့ တစ်တွေ တမင်များ လုပ်ဖတ်နေကြတာလား၊ ဒါမှမဟုတ် ကိုယ့်ဘာသာစကားကို ကိုယ် နားမလည်ကြလို့လားလို့ ဆရာ သံသယ ဖြစ်လာတယ်။ တစ်ခုတော့ ရှိတယ်ပေါ့လေ။ ဆရာက ညံ့တဲ့ ကျောင်းသားတွေ ရွေးခေါ်မိလားတော့မသိဘူး။ မင်းတို့အထဲမှာ ဒါထက်တော်တဲ့ လူတွေ ရှိချင် ရှိဦးမှာပေါ့။ ကဲ ... ဆရာ့ကို ဘယ်သူ ထဖတ်ပြဦးမလဲ "

ခဏ တွေသွားကြသည်။ တစ်အောင့်နေမှ နောက်ဆုံးတန်းက လက်တစ်ဖက် မြှောက်ပြသည်။ မနေ့က ကျွန်တော်နှင့် တိုးမိမလိုဖြစ်သည့် ဆံပင်နီနီနှင့် ကောင်မလေး သည်တစ်ယောက်က ကျန်ကျောင်းသူ တွေ နှင့် မတူဘဲ သေသေသပ်သပ် ၀တ်စားထားသည်ကို တွေ့ရ၏။
" မင်းနာမည် "
" ဒဲယား၊ ပါမလာဒဲယား"
" ကဲ ... ဖတ် "
သူ စဖတ်သည်။ လူးဝစ်စတီဗင်ဆင်၏ " ရတနာကျွန်း" မှ အပိုဒ်တစ်ပိုဒ်။
" ... သစ်သော့သီးစည်ထဲသို့ ကျွန်တော် တစ်ကိုယ်လုံး ၀င်လိုက်သည်။ အထဲတွင် သစ်သော့သီး တစ်လုံးမျှ မရှိတော့ ... "
ကလေးမ၏ အသံကသာသည်။ ဌာန်ကရိုဏ်းမှန်သည်။ စာပိုဒ်ကို ပေါ့ပေါ့ပါးပါးပင် ဖတ်သွားသည်။ ၀တ္ထုထဲက ထိတ်လန့်ကြောက်ရွံ့နေသော ချာတိတ်ကလေး၏ ရုပ်လုံးပေါ်လာသည်။ စာပိုဒ်ဆုံးသွားတော့ ကျွန်တော့်ကို မော့ကြည့်သည်။ မခံချင်စိတ်ကလေး ခေါင်းထောင်လာပြီ။ အစွမ်းပြလိုက်ရလို့ ကျေနပ်သွား သည့် ပုံမျိုး။ ပြီးတော့ ဆက်ခနဲ ထိုင်ချလိုက်သည်။

" ကျေးဇူးတင်ပါတယ် ပါမလာဒဲယား၊ ကဲ ... နောက် ဘယ်သူဖတ်ဦးမလဲ "
ဘယ်သူမှ မလှုပ်ကြတော့။ သည်တော့မှ စာဖတ်ခြင်းအကြောင်းကို ကျွန်တော် ရှည်ရှည်ဝေးဝေး ရှင်းပြရ သည်။ စာအုပ်ကို လှန်ဖတ်ပြလိုက်၊ လမ်းလျှောက်လိုက်၊ ရှင်းပြလိုက်၊ ဝေဖန်ချက် ပေးလိုက်နှင့်။
သူတို့အားလုံး မလိုတမာ မျက်နှာပေးနှင့် ငြိမ်နေကြ၏။ သို့သော် နားတော့ ထောင်နေကြသည်။ ဒါလောက် ထိန်းနိုင်လျှင် တော်ပြီ။ ခေါင်းလောင်းထိုးသံကြားတော့ ဆရာရော တပည့်တွေပါ ၀မ်းသာသွားကြ၏။ မနက်ပိုင်း နွားနို့သောက်ဖို့ သူတို့ ၀မ်းသာအားရ ပြေးထွက်သွားကြသည်။

ကျွန်တော် တစ်ယောက်တည်း စားပွဲတွင် ထိုင်ကျန်ရစ်ခဲ့သည်။ နောက်တစ်ချိန်အတွက် စဉ်းစားခန်း ၀င်ရဦး မည်။
အခန်းတံခါး ခေါက်သံနှင့်အတူ ဆရာမ ကလင်တီ လက်ဖက်ရည်နှစ်ခွက်ကိုင်ပြီး ၀င်လာသည်။ တစ်ခွက်ကို ကျွန်တော့် စားပွဲပေါ် ချပေးသည်။ ကျွန်တော်က ယဉ်ကျေးစွာ မတ်တတ်ထကြိုတော့ ဆရာမက လက်ကာ ပြပြီး မလိုကြောင်း ပြောကာ သူကိုယ်တိုင်လည်း ကျွန်တော့်စားပွဲတွင် တင်ပါးလွဲဝင်ထိုင်သည်။

" ဆရာ လက်ဖက်ရည်သောက်ချင်နေမှာပဲ ဆိုပြီး လာပို့တာ၊ အခြေအနေဘယ်လိုလဲ ဆရာ"
" အင်း ... သိပ်မဆိုးပါဘူး။ ချာတိတ်တစ်ယောက်တော့ တော်တော်ဆိုးပုံရတယ် ဆရာမ "
အဖြစ်အပျက်ကို ကျွန်တော် ပြောပြလိုက်သည်။

" ဆရာ အဲဒီအရုပ်ကို ဘာလုပ်ပစ်လိုက်သလဲ ဟင် "
" ဘာမှ မလုပ်ပါဘူး ဆရာမ၊ ကျွန်တော် သူ့ဆီက တောင်းမယူလိုက်ပါဘူး၊ သိမ်းထားဖို့ပဲ ကျွန်တော် ပြော လိုက်ပါတယ် "
ဆရာမက ကျွန်တော့်ကို အကြာကြီး အကဲခတ်နေပြီးမှ -
" ဒါထက် ဆရာ့နာမည် ဘယ်သူ ... "
" ဘရိတ်ဝိတ်ပါ ဆရာမ "
" သိပါတယ် ဆရာကလဲ၊ ရှေ့က နာမည်ကို ပြောတာ "
" ရစ်ကဲပါ ဆရာမ၊ ရီကာဒိုရဲ့အတိုပေါ့ "

" ကျွန်မ ရှေ့နာမည်က ဗီဗီယံပါ။ ဒါပေမဲ့ အားလုံးက ကလင်တီပဲ ခေါ်နေကြတယ် "
" ဆရာမနဲ့ အဲဒီနာမည် လိုက်ပါတယ်၊ ခပ်ထက်ထက်ပေါ့ "

 အင်း ... အဲဒီလို ပြောကြတာပဲ၊ ထားပါလေ။ ဒီမယ် ဆရာရစ်ကီ၊ ဆရာ နားလည်ထားဖို့ တစ်ချက်၊ နှစ်ချက် ကျွန်မ ကြိုပြောထားချင်တယ်။ ကလေးတွေအပေါ်ထားတဲ့ အဘိုးကြီး သဘောထားကို ကျွန်မတို့အားလုံး နားလည်ကြပါတယ်။ သူတို့ကို ဘယ်လို သင်ကြရမယ်ဆိုတဲ့ သူ့ခံယူချက်ကိုလည်း သဘောပေါက်ကြပါ တယ်။ ဒါပေမဲ့ တစ်ဖက်က ပြန်စဉ်းစားတော့ ဆရာကြီးရဲ့ ၀ါဒဟာ သူ့ရုံးခန်းလုံခြုံရေးအတွက် သိပ်နိပ်ပြီး စာသင်ခန်းတွေထဲမှာ အကောင်အထည်ဖို့ကျတော့ မလွယ်ဘူးဆရာ။ ကဲ ... ကလေးတွေဘက်က ပြန် ကြည့်ရအောင်။

" သူတို့ဟာ အိမ်မှာ ပတ်ဝန်းကျင်စရိုက်၊ မိဘစရိုက်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ နေကြရတယ်။ သူတို့ဟာ အပေါင်းအသင်းချင်း ဆဲရေးတိုင်းထွာ ပြောတတ်ကြပေမယ့် သူတို့မိဘတွေ၊ တစ်ကိုအစ်မတွေနဲ့ကျတော့ မပြောရဲကြပါဘူး။ ဘယ်ပြောရဲမလဲ၊ အတီးရခံရမှာကိုး။ အဲ ... ကျောင်းမှာ အတီးမခံရတော့ သူတို့ပါးစပ်က စိတ်ကြိုက်ထွက်နေတော့တာပဲ။ ဒီတော့ ဘာဖြစ်လာသလဲဆိုရင် ကောင်မလေးတွေဆီကိုပါ အဲဒီ ဖရုဿဝါ စာတွေ ကူးစက်ပြီး မကြားဝံ့မနာသာ စကားလုံးတွေဟာ သူတို့အတွက် ဘာမှ မထူးဆန်းတော့ဘူး၊ လွယ် လွယ်ပဲ လိုက်ပြောကုန်ကြရော။

" အဲဒီတော့ လည်စင်းခံရတာက ဘယ်သူလဲ၊ အတန်းပိုင် ဆရာလေ။ လက်ပိုက်ကြည့်နေလေ သူတို့က ပိုကဲ လာလေပဲ။ မဟုတ်ဘူးလားဆရာ"
"အမှန်ပဲ ဆရာမ "
" အဲဒီတော့ ကျွန်မတို့လည်း ပြန်စဉ်းစားကြရမယ်။ ကိုယ့်အလုပ်ကိုတော့ မထိခိုက်အောင် လုပ်ကြရမှာပဲ။ ကျွန်မ သဘောကတော့ သူတို့ကို လက်ဖျားနဲ့တောင် မတို့ဘူး။ သူတို့ကို ထိရင် ခုနစ်သံချီတက်ပြီး တုံ့ပြန် တယ်ဆရာရဲ့။ အဲဒီအခြေအနေထဲကပဲ ဘယ်သူဟာ ဗိုလ်လဲဆိုတာတော့ သူတို့သိအောင် လုပ်ရတယ်။ အဲဒါ မလုပ်လို့ မရဘူး။

" သူတို့တစ်တွေ ဂရေ့စ်ကို လန့်ကြတယ်။ ဆရာမကြီး ဒရူးကိုလည်း လေးစားကြတယ်။ အဘွားကြီးက ကြည့်တော့ ဘဲငန်းကိုတောင် မခြောက်ရဲသလို ထင်ရပေမယ့် ဒေါပွလာရင် သိပ်ကြမ်းတာ "
" ကျွန်မကျတော့ တစ်မျိုး၊ ဒီရပ်ကွက်သူမှန်းသူတို့အားလုံး သိကြတယ်လေ၊ တစ်ခွန်းမှ အတင်မခံဘူး။ ဆရာလည်း တစ်ချက်မှ အကြောမခံနဲ့၊ ဆရာ့ကို သူတို့ တက်နင်းသွားလိမ့်မယ်။ ဟက်ကမန်း ဆိုတဲ့ ငတုံးကြီးက သူတို့နဲ့ သွားရောတယ်လေ၊ မျက်နှာသာပေးလွန်းတော့ သူ့ကို ခွစီးကြတော့တာပေါ့ "

ဆရာမက စကား ခဏရပ်ပြီး
" ဆရာ လက်ဖက်ရည်တွေ အေးကုန်ပြီ၊ သောက်လိုက်ပါဦး"
ပြောပြောဆိုဆို စားပွဲပေါ်မှ လျှောဆင်းလိုက်သည်။
" တစ်ခု မြဲမြဲမှတ်ထား ဆရာ၊ သူတို့ ပြောတာတွေ ဘယ်တော့မှ မယုံနဲ့၊ ဘယ်သူ့ကိုမှ မယုံနဲ့" ဟု ပြောကာ လက်ဖက်ရည်ပန်းကန် နှစ်လုံးကို ကောက်ယူပြီး သွက်လက်မြူးကြွသော ခြေလှမ်းများဖြင့် အခန်းထဲမှ ထွက်သွားသည်။

" ကျွန်တော် မှတ်ထားပါ့မယ် ဆရာမ "
အတန်းထဲသို့ သူတို့ ရောက်မလာခင် သင်ပုန်းကို သုံးချောင်းထောက်ပေါ်တွင် နေသားတကျဖြစ်အောင် ပြင်ဆင်ပြီး စိတ်လှုပ်ရှားစွာဖြင့် ကျွန်တော် စောင့်နေ၏။ အတန်းထဲတွင် လူပြန်စုမိလျှင် စုမိချင်း ကျွန်တော် စ သင်တော့သည်။

" ဆရာတို့ သင်္ချာ လုပ်ကြရအောင်၊ အလေးချိန်နဲ့ အတိုင်းအထွာက စမယ်၊ စောစောက စာဖတ်လေ့ကျင့် ခန်းလိုပဲ မင်းတို့အခြေခံကို ဆရာသိချင်တယ်။ ဒါကြောင့် ဆရာမေးတဲ့ မေးခွန်းတွေကို တတ်နိုင်သမျှ ပြည့် ပြည့်စုံစုံ ဖြေကြပါ၊ အဗာဒီပို့စ်ရဲ့ အလေးချိန်ဇယားကို ဘယ်သူ ရသလဲ"
" အဗာ ... ဘာဖြစ်တယ် "
" အဗာဒီပို့စ် "

ကျွန်တော်က ပီပီသသ အသံထွက်ပြလိုက်ပြီး ထပ်ရှင်းသည်။
" ဈေးဆိုင်တွေမှာ သုံးနေတဲ့ အလေးချိန်စနစ်လေ "
" အား ... သိပြီ၊ သိပြီ "
အတန်းထဲတွင် ဗလအတောင့်ဆုံး၊ မျက်နှာနီစပ်စပ် တစ်ယောက်က ကုလားထိုင်တွင် အခံ့သားထိုင်ပြီးဖြေ သည်။

" ဟဲဗီးဝိတ်၊ လိုက်ဟဲဗီးဝိတ်၊ ခရုဇာဝိတ်၊ လိုက်ဝိတ်၊ ဘင်တန်ဝိတ်၊ ဖယ်သာဝိတ် ... "
သူက သူငယ်တန်း ကလေးတစ်ယောက်လို လက်ချိုးရေတွက်ရင်း ပြောနေခြင်းဖြစ်၏။ အားလုံး ၀ိုင်းရယ်ကြ သည်။ သည်တော့မှ သူက ထပြီး သူ့အတွက် ရယ်ပေးသည့် ကျောင်းသူ ကျောင်းသားများကို ဦးညွတ် အလေးပြုသည်။ ပြောင်စပ်စပ် အမူအရာဖြင့်။

အလွန် ဟာသမြောက်သည့် ပြက်လုံးဖြစ်ပါ၏။ တခြားတစ်နေရာမှာသာဆိုလျှင် ကျွန်တော် အနှိပ်ရယ်မိမည် ဖြစ်ပါသည်။ သို့သော် ကျွန်တော့် အတန်းထဲမှာ ဖြစ်နေသည်။ ဆရာမ ကလင်တီ၏ အမှာစကားများသည် ကျွန်တော့် နားထဲတွင် ပဲ့တင်နေသည်။ သူတို့ အရယ်ရပ်သည်အထိ ကျွန်တော် လက်ပိုက်စောင့်နေလိုက် သည်။ အားလုံး ငြိမ်သွားတော့မှ -
" မင်းနာမည် ဘယ်သူလဲ "

" ဒင်ဟန် "
"ကောင်းပြီ ဒင်ဟန်၊ မဆိုးပါဘူး။ မင်း ဖြေသွားတာတွေလည်း အလေးချိန်နဲ့ ပတ်သက်သင့်သလောက် ပတ်သက်ပါတယ်။ ဒါထက် မင်း လက်ဝှေ့ ၀ါသနာပါတယ် ထင်တယ် "
" သိပ်ပါတာပေါ့ "
သူက ပခုံးတွန့်ပြီး ဖြေရင်း မျက်စိကို မှေးကာ အတန်းထဲသို့ ဝေ့ကြည့်သည်။

" ဟုတ်လား၊ ဟုတ်ပြီလေ။ ဆရာပြောတဲ့ အလေးချိန်ဇယားကို မရဘဲ အလေးချိန်နဲ့ ပတ်သက်တဲ့ အကြောင်း ကို သိတယ်ဆိုတော့ မင်း ငတုံးတစ်ယောက်တော့ ဟုတ်ဟန်မတူဘူး "
သူ့မျက်နှာပေါ်မှ အပြုံးပျောက်ကွယ်သွားသည်။
" ကဲ ... နောက် ဘယ်သူ ပြောနိုင်သလဲ "
" တန်၊ ဟန္ဒြိတ်၊ ကွာတ၊ ပေါင်၊ အောင်စ "

ကျွန်တော့် ရှေ့တည့်တည့်က ထွက်လာသည့် အသံ။ ကျွန်တော် ငုံ့ကြည့်လိုက်သည်။ မနေ့က စီးကရက် ခိုး သောက်နေသည့် ချာတိတ်။
 မှန်တယ်၊ မင်းနာမည် ပြောပါဦး "
" တစ်၊ တစ်ဂျက်ဆင် "
ကျွန်တော် နည်းနည်း အားတက်လာသည်။

" အမေရိကန် ပြည်ထောင်စုလို၊ အနောက်အိန္ဒိယကျွန်းစုလို နိုင်ငံတွေမှာ ဒီဇယားကိုပဲ အသုံးပြုကြပေမယ့် ပေါင် တို့ တန် တို့ ပဲ သုံးပြီး စတုံတို့ ဟန္ဒြိတ်တို့ ဘယ်တော့မှ မသုံးဘူး၊ သူတို့ဆီမှာ လူတစ်ယောက်က သူ့ကိုယ် အလေးချိန်ကို ပေါင် ၁၇၀ လို့ပဲ ပြောတယ်။ အင်္ဂလန်မှာလို ၁၂ စတုံ ၂ ပေါင်လို့ မပြောဘူး။ အဲဒါ ခရုစ်ဝိတ်တန်လား မသိဘူး "
" မဟုတ်ဘူး၊ ဝေါ်လ်တာဝိတ် "
ဒင်ဟန့် အသံ။ အပေါ်စီးက ယူပြောသည့်ဟန်။

" သြော် ဝေါ်လ်တာဝိတ်လား၊ ကျေးဇူးတင်ပါတယ် ဒင်ဟန်၊ နောက် အလေးချိန်တွေ ရှိသေးတယ်။ ထရိုင်ဝိတ်ဟာ ကျောက်မျက်ရတနာတွေနဲ့ ရွှေတို့ ငွေတို ရွှေဖြူတို့ကို ချိန်တွယ်တယ် "
" စိန် ဟာ မိန်းကလေးတွေရဲ့ အကောင်းဆုံး မိတ်ဆွေပဲ "
နောက်တန်းမှ ထွက်လာသည့်အသံ။ တရားခံကို ကျွန်တော် မမိလိုက်။ ၀ါးခနဲ ၀ိုင်းရယ်ကြသည်။
" တို့တော့ စိန် မမက်ပေါင် "

ထောင်ထောင်မောင်းမောင်း ကျောင်းသူတစ်ယောက်။ သူ့လည်ပင်းမှ အပေါစား ရောင်စုံပုတီးကို ချွတ်ပြီး အားလုံးမြင်သာအောင် မြှောက်ပြသည်။
"ပုလဲကလေး တွေ ဘယ်လောက်လှသလဲ"
အမူအရာ က ပြောင်စပ်စပ်နှင့်။ အသံကို ကြောင်သံပေါက်အောင် လုပ်ပြောသဖြင့် တစ်တန်းလုံး ပွဲကျသွား ပြန်သည်။

တစ်စုံတစ်ခုကို ကျွန်တော် လုပ်မှ ဖြစ်တော့မည်။ မြန်မြန်လုပ်ရတော့မည်ဟု သဘောပေါက်လိုက်၏။ ကျွန်တော့် ဂုဏ် ကို သူတို့ မောက်ကျော် စော်ကားလာပြီလေ။ ဆရာသစ်တစ်ယောက်၏ အစပိုင်း အားနည်း ချက် ကို အခွင့်ကောင်းပြီး သူတို့ စိန်ခေါ်ကြခြင်းဖြစ်မည်။ ဆရာမ ကလင်တီကြိုတင်သတိပေးသည့်အတိုင်း ကြုံနေရပြီ။ ကဲ ... သူတို့က တိုက်ပွဲခေါ်သံ စမှတော့ ...
သူတို့ရယ်သံတွေကို လွှမ်းသွားအောင် အသံကျယ်ကျယ်နှင့် အော်ပြီး ဟန့်လိုက်သည်။

" ဟေ့ ... တော်လောက်ပြီ၊ မင်းတို့တစ်တွေ ဟာသဥာဏ်ရွှင်တာကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမဲ့ အရာတိုင်းကို ရယ်စရာ လုပ်ပစ်တာကတော့ အောက်တန်းကျတယ်။ ကိုယ့်ဘာသာစကားနဲ့ရေး ထား တဲ့ စာကို မင်းတို့ ကောင်းကောင်း မဖတ်နိုင်ကြဘူး။

ကိုယ့်တိုင်းပြည်မှာ သုံးနေတဲ့ အလေးချိန် စနစ်ကို မကျေညက်ပါဘူး။ ဒါကိုလည်း မင်းတို့ ရယ်စရာ လုပ် ပစ်တယ်။
" လူတော်တော်များများကို ဆရာတွေ့ဖူးတယ်။ သူတို့ရဲ့ အောက်တန်းကျမှု၊ အကြားအမြင် နည်းမှုတွေ ကြောင့် သူတို့ခမျာ စိတ်ဓာတ်တွေကျကြတယ် မင်းတို့ကတော့ ဒီလို မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် ဘယ် လောက်ပဲ ချာတူးလန်နေနေ ပျော်ပျော်ပဲ၊ ဟုတ်စ " ကျွန်တော် သူတို့ကို ရေရေလည်လည် ပြန်လှောင် လိုက်သည်။

"ဒီတော့ ဆရာ့အနေနဲ့ ဘာလုပ်ရမယ်ဆိုတာ မြင်လာပြီ။ တပည့်တို့နဲ့ ဆရာနဲ့ ပူးပေါင်းပြီး ပျော်ပျော်ပါးပါး စာသင်ကြမယ်။ မင်းတို့မှာ ဟုတ်တိပတ်တိ ပညာမသင်ရသေးဘဲနဲ့ ဒါလောက် ပျော်နေရင် ဒါထက် ပညာတွေ တက်လာတဲ့အခါ ဒါထက် ပိုပျော်စရာ ကောင်းလာရမှာပေါ့။ ဆရာ အဲဒီအတိုင်း မျှော် လင့်တယ် "
သူတို့ မျက်နှာကလေးတွေ နီရဲလာကြသည်။ အပြုံးတွေ လွင့်ပြယ်သွားပြီး "သေလိုက်ပါလား " ဟူသည့် တီး တိုးသံများ ကြားလိုက်ရ၏။ ဒေါသ ထွက်နေသည့် မျက်လုံးပေါင်းများစွာ ကျွန်တော့်ထံတွင် စုရုံးနေကြ၏။ ကိစ္စမရှိပါ။

" ကဲ ... အတိုင်းအထွာကို ကြည့်ကြရအောင်၊ အလျား တိုင်းထွာမှုကို ပထမ စမယ်၊ အလျား တိုင်းထွာမှု ဆိုတာ ဘာလဲ ... ဒင်ဟန် "
"်သိဘူး "
" နောက် ဘယ်သူ သိသေးလဲ "

" လက်မ၊ ပေ၊ ကိုက်၊ ဖာလုံ၊ မိုင် "
မျက်နှာတွင် မှဲ့ခြောက် တွေ နိုင်းချင်းနှင့် ၀၀ကစ်ကစ် ကောင်မလေးတစ်ယောက် ထ ဖြေသည်။
" မှန်ပါတယ်၊ အလျားကို တိုင်းခြင်း ဖြစ်တဲ့အတွက် အလျားတိုင်းထွာမှုလို့ ခေါ်တယ် "ဟု အစချီပြီး တိုင်း တာမှု၏ သမိုင်းကို ကျွန်တော် ရှင်းပြသည်။ ပြီးမှ ကျွန်တော်တို့ နေ့စဉ်သုံးစွဲသည့် အဆင့်ကို မည်သို့ မည်ပုံ ရောက် လာသည်ကို ပြောပြသည်။ သူတို့ ငြိမ်နားထောင်နေကြ၏။ နေ့လယ်စာ စားဖို့ ခေါင်းလောင်း ထိုးသည် အထိ မနားတမ်း ကျွန်တော် ဆက်သင်နေသည်။
------------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၂၁)

ပေါ်ဋ္ဌေးသည် အိမ်မှာ ထမင်းမစားဖြစ်သော ရက်တွေများလာသည်။ အထူးသဖြင့် ညစာကို အပြင် က စား လာတတ်၏။ သူက ငါ ညစာမစားဘူးဟု ၀ိုင်းစိန်ကို မှာဖြစ်ခဲ့တာလည်း ရှိသည်။ မသေချာ မရေရာတာက များတာက တစ်ကြောင်း၊ မေ့သွားတာက တစ်ကြောင်းကြောင့် မမှာဖြစ်ခဲ့တာများသည်။ ရင်ရင်ငြိမ်းနှင့် ၀ိုင်းစိန်တို့ ဘယ်လို စားနေကြသလဲတော့ မသိ။

ထိုအတောအတွင်း ကံညွန့်မောင်က တောင်ငူဘက်ကို သစ်မျှောစာကိစ္စအတွက် သွားမလို့ လိုက်ခဲ့ပါလား ဟု ခေါ်သည်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်၊ အိမ်ကနေ ရက်အနည်းငယ်လောက် ခွာဖို့အတွက် အဆင် သင့်ဖြစ်နေသော ပေါ်ဋ္ဌေးက ချက်ချင်းပဲ လက်ခံပြီး လိုက်သွားသည်။ ထိုရက်တွင် ရင်ရင်ငြိမ်း လည်း အိမ်မှာ မရှိဟု ယူဆရသည်။ တရားစခန်းဝင်ဖို့ သွားတာပဲဖြစ်မည်။
ပေါ်ဋ္ဌေးကတော့ ကံညွန့်မောင်နဲ့အတူ တောင်ငူမှာ စားလိုက် သောက်လိုက်ပဲ၊ ယမကာတစ်မျိုးမျိုးတော့ နေ့ တိုင်းသောက်ဖြစ်သည။ ကိုယ့်အရပ်ဒေသ မဟုတ်သဖြင့် ကာရာအိုကေဆိုင်တွေကိုတော့ ရှောင်ဖို့ ပေါ်ဋ္ဌေး က တားမြစ်ထားသည်။ မျှောစာကိစ္စစောင့်ရင်း တောဘက်ကို အပျင်းပြေ သွားလည်ကြသေးသည်။ ထူးထူး ဆန်းဆန်း တောကောင်သားတွေ စားရသည်။ မျောက်သွေးနှင့် ရောထားသောအရက် သောက်ရသည်။ ညှီ စို့စို့ အနံ့ကြောင့် ပေါ်ဋ္ဌေးက သိပ်မကြိုက်။ ကံညွန့်မောင်ကတော့ အားရှိတယ်ဆိုပြီး တစွတ်စွတ်သောက်နေ သည်။

ခုလို ခရီးထွက်လိုက်လျှင် ရေပြောင်း မြေပြောင်း ပတ်ဝန်းကျင်ပြောင်းမှာ စိတ်လက်ပေါ့ပါးလန်းဆန်းသွား လိမ့်မည်ဟု ပေါ်ဋ္ဌေး ထင်ခဲ့သည်။ လူကတော့ လန်းဆန်းသွားတာ မှန်သည်။ စိတ်ကတော့ ပျော်ရွှင်ကြည် လင် မှု ဖြစ်မလာခဲ့။ ထိုင်းမှိုင်းပြီး နောက်ကြောင်း မအေးသလို ခံစားရသည်။ အိမ်ကို ထူးထူးခြားခြား သတိရ နေမိ၏။ ရင်ရင်ငြိမ်းကိုလွမ်းတာ မဟုတ်ကြောင်းတော့ သေချာသည်။ သို့ရာတွင် ဘယ်လိုသဘောလဲ မသိ။ အိမ်ကိုပဲ ပြန်ချင်စိတ် ပြင်းပြနေသည်။

ပေါ်ဋ္ဌေးရဲ့ထုံးစံအတိုင်းပဲ။ တစ်ခုခု လုပ်ချင်လျှင် ချက်ချင်းပဲ။ ကံညွန့်မောင်က တားသော်လည်း မရ။ အလုပ် ကိစ္စ မပြတ်သေးသဖြင့် သုံးရက်လောက် ဆက်နေဖို့ကို မစောင့်နိုင်တော့။ သူ့ဘာသာ အဝေးပြေးလိုင်းကား စီးပြီး ရန်ကုန် ပြန်လာခဲ့သည်။ လမ်းမှာ ကားဘီးသုံးကြိမ်ပေါက်တာ မှတ်မှတ်ရရပါပဲ။

သူ အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာထိုင်နေသော အနှောင်း နှင့် ဒေစီပွင့်တို့ကို တွေ့လိုက်ရသည်။ ဟိုတစ် ခါ ကတောက်ကဆဖြစ်ပြီးကတည်းက သူတို့နှင့် ခပ်တန်းတန်းဖြစ်နေခဲ့သဖြင့် နှုတ်မဆက်တော့ဘဲ အပေါ် ထပ်ကို တစ်ခါတည်း တက်ဖို့ပြင်သည်။ လှေကားထိပ် အရောက်မှာ-
“ပေါ်ဋ္ဌေး”
ဟု အနှောင်းက လှမ်းခေါ်သည်။ ပေါ်ဋ္ဌေး ခေါင်းကိုငှဲ့စောင်းရုံ ကြည့်သည်။

“ခဏထိုင်ပါဦး”
ရယ်လိုက်မိမလိုတောင် ဖြစ်သွားရ၏။ ဧည့်သည် က အိမ်ရှင်ကိုပြန်ပြီး “ထိုင်ပါဦး”လို့ပြောတာ ဘယ်လောက် ခွကျကျနိုင်သလဲ။
“ဘာကိစ္စ ရှိလို့လဲ” ပေါ်ဋ္ဌေးက မေးသည်။
“ပြောစရာ ရှိလို့”
ပေါ်ဋ္ဌေး ခပ်ဆိုင်းဆိုင်းနေပြီးမှ ပြန်လှည့်ပြီး သူတို့နှင့် မျက်နှာချင်းဆိုင် ခုံမှာဝင်ထိုင်လိုက်သည။ အနှောင်း၏ မျက်နှာထားကို အကဲခတ်သည်။ ဒါတိုင်းလို တင်းတင်းမာမာ မရှိ။ ဒေစီပွင့်ကတော့ မျက်နှာညှိုးနေတာ သိ သာ၏။

“ငါတို့ နင့်ကိုလာစောင့်တာ နှစ်ခေါက်၊ သုံးခေါက်ရှိပြီ၊ ခုလည်း ခဏနေလို့မှ မလာရင် ပြန်တော့မလို့”
“ကောင်းသားပဲ”
ပေါ်ဋ္ဌေး ရဲ့ ရိတိတိစကားကို အနှောင်းက ဂရုမပြုဘဲနေသည်။ အရင်လို့ ဆတ်ဆတ်ထိ မခံတဲ့ပုံစံမျိုး မဟုတ် တာ ထူးခြားနေသည်။
“ဘာကိစ္စလဲ”
ပေါ်ဋ္ဌေးက ထပ်မေးသည်။ အနှောင်းက ချက်ချင်းမဖြေဘဲ တွေတွေကြီးလုပ်နေစဉ် ဒေစီပွင့်က ၀င် ပြောသည်။

“နင်က ရင်ရင်ငြိမ်းကို ကွာရှင်းချင်တယ်ဆို”
တစ်နေ့နေ့တော့ သူတို့သိသွားမှာပဲဆိုတာ တွက်ထားပြီးသားဖြစ်သောကြောင့် သိပ်တော့မအံ့သြမိ။ တကယ် ဆို ကိုယ်ကတောင် ဖွင့်ပြောစရာမလိုဘဲ ဖြစ်သွားတာကို ၀မ်းသာသင့်သည်။
“နင်တို့ ဘယ်လိုလုပ် သိတာလဲ၊ ရင်ရင်ငြိမ်းက ပြောပြလို့လား”
“ရင်ငြိမ်းလား… သေတောင် ပြောမှာမဟုတ်ဘူး၊ မြရီဝင်း ပြောလို့သိတာ”
ဟု အနှောင်းက ၀င်ပြေသည်။ ဒေစီပွင့်က-
“မြရီဝင်းကလည်း မဖြစ်သင့်တာ မဖြစ်ရအောင် ဖျောင်းဖျပေးပါလို့ ပြောတယ်”

“သြော်… ဒါဆို အခု နင်တို့က ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေအဖြစ်နဲ့ ညှိနှိုင်းပေးဖို့လာတာပေါ့၊ ဟုတ် လား”
“မဟုတ်ဘူး၊ ကွာရှင်းစာချုပ်မှာ သက်သေ လက်မှတ်ထိုးပေးရအောင် လာခဲ့တာ”
အနှောင်းရဲ့စကားက ပေါ်ဋ္ဌေးကို ဒီတစ်ခါတော့ အံ့သြသွားစေသည်။
“ဘာပြောတယ်”

“ဟုတ်တယ်၊ သူငယ်ချင်းတွေကို နင် လိုက်ပြီး လက်မှတ်ထိုးခိုင်းနေတယ် မဟုတ်လား၊ ဒီလောက်တောင် အပင်ပန်း ခံ နေစရာ မလိုပါဘူး၊ သက်သေ နှစ်ယောက်ရှိရင် ရတာပဲ”
အနှောင်းက သူ့လက်ကိုင်အိတ်ထဲမှ စက္ကူလိပ်တစ်လိပ်ကို စားပွဲပေါ်ချပေးလိုက်ပြီး-
“အဲဒါ ကွာရှင်းစာချုပ်ပဲ၊ သက်သေနေရာမှ ငါတို့နှစ်ယောက် လက်မှတ်ထိုးထားတယ်၊ ရင်ငြိမ်းလည်း လက် မှတ်ထိုးပေးထားပြီးပြီ၊ ဒါမျိုးဆိုတာ တရားရုံးမှာ လုပ်မှ ခိုင်လုံတယ်လို့ကြားဖူးတယ်၊ ဒါပေမဲ့ နင် မပူပါနဲ့၊ ရင်ငြိမ်း က နင့်ကို ဘယ်တော့မှ နှောင့်ယှက်တော့မှာ မဟုတ်ပါဘူး”

ပစ္စည်းကောင်းတစ်ခုကို ဈေးပေါပေါနဲ့ရတဲ့အခါ အစစ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်ရသလိုပဲ၊ မမျှော်လင့်ဘဲ ခုလို လွယ်လွယ်ကူကူ ကိစ္စပြတ်သွားတဲ့အတွက် ပေါ်ဋ္ဌေး ရုတ်တရက် မယုံနိုင်အောင် ဖြစ်နေ၏။ နောက် ကွယ်မှာ ဘာအကြံအစည်များရှိနေသလဲဟု ခန့်မှန်းနေတုန်းမှာ အနှောင်းက-

“ဒီမှာ ပေါ်ဋ္ဌေး… တစ်ချိန်တုန်းက နင်ဟာ ရင်ငြိမ်းကို ငါ့လက်ထဲကနေ လုယူသွားခဲ့တယ်။ အဲဒီတုန်းက ငါ ဘယ်လောက် ခံစားခဲ့ရတယ် မှတ်သလဲ၊ တကယ်လို့ ငါကသာ အပြင်းအထန် ကန့်ကွက်ခဲ့မယ်ဆိုရင် နင့်ကို ရင်ငြိမ်း က လက်ခံခဲ့မှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါ စဉ်းစားတယ်၊ ငါ့လို… အေးလေ… နင်တို့ပြောနေကျ စကားနဲ့ ပဲ ပြောပါ့မယ်၊ ငါ့လို ဗုံမဟုတ်၊ ပတ်မဟုတ် လူနဲ့ နေရတာထက်စာရင် နင်နဲ့ဆို သူ့ဘ၀ပိုပြီးအဆင်ပြေမယ် လို့ တွက်ပြီး နင့်လက်ထဲကို စိတ်ချလက်ချ အပ်ခဲ့တယ်၊ နင်ဟာ သူ့ကို တစ်သက်လုံး ကြင်ကြင်နာနာနဲ့ စောင့်ရှောက်သွားလိမ့်မယ်လို့လည်း ယုံကြည်ခဲ့မိတယ်၊ အခုတော့ နင်ကို အထင်ကြီးခဲ့တာ အမှားကြီး မှား သွားပြီပေါ့၊ အေး… ရပါတယ်၊ နင် စွန့်ပစ်လိုက်တဲ့ ရင်ငြိမ်းကို ငါ ဆက်ပြီး တာဝန်ယူသွားပါ့မယ်၊ တစ်ခုတော့ ရှိတယ် ပေါ်ဋ္ဌေး။ နောက်တစ်ခါတော့ နင် ရင်ငြိမ်းကို ငါ့ဆီကနေ ပြန်လုယူဖို့ လုံးဝခွင့်ပြုမှာမဟုတ်ဘူးဆို တာကို မြဲမြဲမှတ်ထားလိုက်ပါ”

အနှောင်း အသံတွေတုန်လာသည်။ မျက်ရည်လည်း ၀ဲလာသည်။ ဒီလိုပုံစံမျိုးကို အနှောင်းထံမှာ တစ်ခါမှ မမြင်တွေ့ဖူးခဲ့။ ဒေစီပွင့်ကတော့ တရှုပ်ရှုပ် ငိုနေပြီ။
အပြင်ဘက်မှ လေတစ်ချက် ဝေ့၀ဲပြီး ၀င်လာသည်။ လေ၏အရှိန်ကြောင့် စားပွဲပေါ်မှ ကွာရှင်းစာချုပ်ဟု ဆို သော စက္ကူလိပ်ကလေးသည် ပေါ်ဋ္ဌေးဘက်သို့ လိမ့်လာသည်။ ဒီအတိုင်း လွှတ်ထားလိုက်လျှင် စားပွဲ အောက်သို့ ပြုတ်ကျတော့မည်။ ပေါ်ဋ္ဌေး လှမ်းကိုင်ပြီး ထိန်းလိုက်မည်ပြုပြီးမှ မတို့ မထိရဲသလို တုံ့ခနဲဖြစ် သွားပြီး လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ လိမ့်နေသော စက္ကူလိပ်ကလေးကို သည်းထိပ်ရပ်ဖိုစရာ မြင်ကွင်း တစ်ခုလို ငေးကြည့်နေမိ၏။ ပေါ်ဋ္ဌေး၏သက်ပြင်းချလိုက်သော လေအရှိန်က ပြန်လည်တွန်းကန်လိုက်သော ကြောင့်လား မသိ။ စက္ကူလိပ်ကလေးသည် စားပွဲစွန်းမှ ပြုတ်ကျလုတဲတဲ အနေအထားမှာ ရပ်တန့်သွားလေ သည်။

ပေါ်ဋ္ဌေးသည် စားပွဲပေါ်မှ စက္ကူလိပ်ကလေးကို ငေးကြည့်နေသည်။ ဘယ်လောက်ကြာသွားသလဲ မသိ။ သတိဝင်လာချိန်မှာ အနှောင်းနှင့် ဒေစီပွင့်တို့ မရှိတော့။ ဘယ်တုန်းက ထပြန်သွားကြသလဲ။ ပြန်ခါနီးမှာ နှုတ်ဆက်သွားသေးသလား။ ဘာတွေ ထပ်ပြောသွားသေးလဲ။ ရေရေရာရာ မသိ။ စောစောတုန်းက အနှောင်းတို့ လာသွားတယ်ဆိုတာ တကယ်ကောဟုတ်ရဲ့လား။ စိတ်ကူးယဉ်တာများလား မသိ။ အခု အိပ် မက်မက်နေတာလား။ စားပွဲပေါ်က စက္ကူလိပ်ကလေးကကော ကွာရှင်းစာချုပ်ဆိုတော ဟုတ်ရဲ့လား။ အစု ရှယ်ယာစာချုပ်ကို ပြန်မသိမ်းမိဘဲ ထားခဲ့ရာက စိတ်ထင်ရာ လျှောက်တွေးနေတာလား။

ဒါဟာ ကွာရှင်းစာချုပ်အစစ် ဟုတ်၊ မဟုတ် သိနိုင်ဖို့ ရင်ရင်ငြိမ်းကို မေးကြည့်ရမယ်ဆိုသော အတွေးဝင်လာ မှ သတိရသည်။ ရင်ရင်ငြိမ်း ဘယ်ရောက်နေသလဲ၊ အနှောင်းတို့ ရောက်နေတာကို သူ ဘာကြောင့် ဆင်းမတွေ့သလဲ၊ ဘာကြောင့် အတူရှိမနေခဲ့တာလဲ။

အပေါ်ထပ်သို့ ခပ်သုတ်သုတ်တက်လာခဲ့သည်။ လှေကားတစ်ဝက်ရောက်မှ စာချုပ်ကျန်ခဲ့တာကို သတိရ၏။ အောက်ကို ငုံ့ကြည့်သောအခါ စားပွဲပေါ်မှာ စက္ကူလိပ်ကလေး မရှိတော့။ သူ တုန်လှုပ်သွားသည်။ ဘယ်လို ဖြစ်တာလဲ၊ စောစောက ကိစ္စတွေဟာ တကယ် မဟုတ်ဘူးလား၊ ငါ ရူးသွားပြီလားဟု တွေးမိသည်။ နောက် သေသေချာချာကြည့်မှ စားပွဲအောက်ပြုတ်ကျနေတာ တွေ့ရသည်။ ပျောက်သွားရင်ခက်မယ်ဆိုပြီး ပြန်ဆင်း ကောက်ဖို့ စဉ်းစားသည်။ ဒီအိမ်ထဲမှာ ဘယ်သူက ဘာအတွက် လာခိုးရမှာလဲဟု တွေးပြီး အပေါ်ထပ်သို့ ဆက်တက်ခဲ့သည်။

အိပ်ခန်းထဲ ၀င်ကြည့်သည်။ ရင်ရင်ငြိမ်းကို မတွေ့ရ။ ဘုရားခန်း သွားကြည့်သည်။ မရှိ။ အောက်ထပ် ပြန် ဆင်းလာပြီး မီးဖိုးခန်းဘက် ၀င်ရှာသည်။ မတွေ့။ ရေချိုးခန်းတံခါးက ပွင့်နေသည်။ အိမ်သာတံခါးကိုတောင် ဆွဲဖွင့်ကြည့်သေးသည်။
ဝိုင်းစိန်ကို သတိရမိပြန်သည်။ သူကကော ဘယ်ပျောက်နေသလဲ။

“၀ိုင်းစိန်… ၀ိုင်းစိန်…”
အော်ခေါ်သည်။ ထူးသံ မကြားရ။ ထပ်ခေါ်သည်။ မရ။ ၀ိုင်းစိန်အိပ်သော အခန်းဆီသွားသည်။ တံခါးပိတ် ထားသည်။ ဆွဲဖွင့်သည်။ ၀ိုင်းစိန်သည် ကွပ်ပျစ်ပေါ်မှာ မှောက်လျက်ကြီး အိပ်နေသည်။ သူ့ကိုယ်လေးက တသိမ့်သိမ့်တုန်နေ၏။ ရှိုက်သံသဲ့သဲ့လည်း ကြားရသည်။ ပေါ်ဋ္ဌေးက အခန်းထဲ ၀င်မည်ပြုပြီးမှ အ၀ကနေပဲ လှမ်းခေါ်သည်။
“၀ိုင်းစိန်…”
ပြန်မထူးဘဲ ရှိုက်သံကသာ ပိုကျယ်လာသည်။

“ဟဲ့… ၀ိုင်းစိန် ဘာဖြစ်နေတာလဲ” ဆိုမှ ထလာသည်။
“ရင်ရင်ငြိမ်း… ဘယ်သွား…”
ပေါ်ဋ္ဌေး စကားမဆုံးခင်…
“ဒေါ်လေး မရှိတော့ဘူး”
ဟု ပြောပြီး ဟီးခနဲ ငိုချလိုက်ပြန်သည်။
“မရှိတော့ဘူး… ဟုတ်လား၊ ဘယ်သွားတာလဲ”

“မသိဘူး”
“ဘယ်တုန်းက ထွက်သွားတာလဲ”
“တစ်နေ့… တမြန်မနေ့က…”
“ဘယ်သူနဲ့ ထွက်သွားတာလဲ”
“အန်…အန်တီနှောင်းတို့နဲ့”
“နင့်ကို ဘာမှာသွားလဲ”
ဝိုင်းစိန်က ပြန်မဖြေနိုင်သေးဘဲ ခဏကြာအောင် ရှိုက်ပြီးမှ -
“ဦးပေါ် လာရင်တဲ့…”

ဟု ပြောပြီး သူ့ကွပ်ပျစ်ကလေးဆီ သွားသည်။ စာအိတ်တစ်အိတ်ကို ယူလာပြီး ပေးသည်။ ထို့နောက် ကွပ် ပျစ်ဆီပြန်သွားပြီး စောစောကအတိုင်း မှောက်ခုံကြီး ပြန်လှဲရင်း ငိုရှိုက်နေသည်။
ပေါ်ဋ္ဌေးသည် ဧည့်ခန်းထဲ ပြန်လာသည်။ ကုလားထိုင်မှာ ထိုင်သည်။ စာအိတ်ကို ဖောက်ပြီး စာကို ဆွဲထုတ် သည်။ စာရွက်ကို ဖြန့်လိုက်သည်။ အဘွားကြီးတွေရဲ့ လက်ရေးနဲ့တူတယ်ဟု တစ်ခါက ပေါ်ဋ္ဌေး နောက် ပြောင်ခဲ့ဖူးသော စာလုံးလေးများ။

    ကိုပေါ်…
    အစတုန်းကတော့ နင့်ဝသီအတိုင်း စိတ်လိုက်မာန်ပါနဲ့
    ထင်ရာ မြင်ရာတွေ လျှောက်လုပ်နေတာ၊ နောက်တော့လည်း စိတ်
    ပြေသွားမှာပါပဲလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ အချိန်တွေ ကြာလာတဲ့
    တိုင်အောင် နင့်စိတ်က မပြောင်းလဲဘဲ ကွာရှင်းဖို့ကိစ္စကို သဲကြီးမဲကြီး
    ကြိုးစားနေခဲ့တာ တွေ့ရတယ်။ ခုတော့ ငါနဲ့အတူတူ နေနေရတာ
    နင့်အတွက် နေ့စဉ်နဲ့အမျှ စိတ်ဒုက္ခ ခံစားနေရတာကို ငါ မကြည့်
    ရက်တော့ဘူး။ ဒါကြောင့် နင့်ဆန္ဒအတိုင်း  ကွာရှင်းစာချုပ် ချုပ်ပေး
    ခဲ့ပါတယ်။ နင့်ကို မျက်နှာချင်းဆိုင် နှုတ်ဆက်မသွားနိုင်တာကိုတော့
    ခွင့်လွှတ်ပါ။ အခုလို တိတ်တဆိတ် ထွက်ခွာသွားတာက နင့်အတွက်
    ရော ငါ့အတွက်ပါ အသင့်တော်ဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်။
    ငါလည်း ပုထုဇဉ်ပဲဟာ။ ခံစားချက်တော့ ရှိသေးတာပေါ့။
            ကျန်းမာရေး ဂရုစိုက်ပါ…
                        ရင်ရင်ငြိမ်း

ပေါ်ဋ္ဌေးသည် စာကို နောက်တစ်ခေါက် ထပ်ဖတ်သည်။ ပြီးတော့ နောက်တစ်ခေါက်… နောက် တစ်ခေါက်…။ အလွတ်ကျက်မှတ်ရမည့် ကျောင်းစာတစ်ပုဒ်လို တစ်လုံးချင်း အသေးစိတ် အထပ်ထပ် ဖတ်သည်။ ဖတ်ပြီး လျှင် ပြန်ပြန်မေ့သွားသည်ဟုထင်သည်။ စာရွက်ကိုခေါက်ပြီး အိတ်ထဲထည့်သည်။ စာပါ အကြောင်းအရာကို ပြန်စဉ်းစားသည်။ ဟိုတစ်ကြောင်း၊ ဒီတစ်ကြောင်း အစီအစဉ်တွေ လွဲမှားစွာ ပေါ်လာသည်။ စာတစ်ကြောင်း မဆုံးခင် နောက်တစ်ကြောင်းရဲ့အစက ၀င်လာသည်။ မဆိုင်တဲ့အတွေး တွေက ကြားဖောက်ပေါ်လာသေး သည်။ သူ ကောင်းကောင်း မှတ်မိတာကတော့

“ကျန်းမာရေး ဂရုစိုက်ပါ… ရင်ရင်ငြိမ်း”။

အပေါ်ထပ်က စာဖတ်ခန်းထဲမျာ သွားထပ်ဖတ်ဦးမည်ဟု တွေးပြီး ထရပ်လိုက်သည်။ ခြေထောက်အောက် မှာ တစ်စုံတစ်ခု ခံနေသည်ဟု ထင်မိ၏။ ငုံ့ကြည့်လိုက်တော့ စောစောက ကြမ်းပေါ်ကျနေသော ကွာရှင်းစာ ချုပ် အလိပ်ကလေး ကို တက်နင်းမိနေကြောင်း တွေ့ရသည်။ သူ ရုတ်တရက် ဒေါသဖြစ်လာသည်။ စာချုပ် ကို နောက်တစ်ကြိမ် ဆောင့်နင်းလိုက်မိ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၂၂)

အခန်း(၂၅)
လင်ကီ

သူ့ရင်ခွင်ထဲကို ဘယ်တော့မှ မ၀င်တော့ ဟူသည့် ဆုံးဖြတ်ချက်ကို လင်ကီ အကောင်အထည် ဖော်နိုင်ခဲ့၏။ သူက နိုဝင်ဘာလ တတိယပတ် စနေနေ့တွင် တွေ့ဖို့ချိန်းသည်။
" မင်းကြိုက် တဲ့ နေရာ ရွေး " ဟု အမိန့်ပေး၏။
" ရွေးစရာ မလိုတော့ဘူးလေ၊ ရှင့်ကို ကျွန်မ နောက်ထပ် မတွေ့ဖို့ ဆုံးဖြတ်ပြီးပြီ၊ ရုံးအားရက်တွေဆို ပိုပြီး မဖြစ် နိုင်သေးတယ် "
လင်ကီ့ လေသံက အခိုင်အမာ။

" ဘယ်လို ဖြစ်တာလဲ၊ ယောက်ျားက ရုံးအားရက်တွေမှာ နေ့မထွက်ရ အမိန့်ထုတ်ထားလို့လား "
" သွားစမ်းပါ၊ အဓိပ္ပာယ် မရှိ"
ပီတာ့ကို ထိလျှင် လင်ကီ ဘယ်တော့မဆို  ကြက်ခေါင်းဆိတ်မခံ ပြန်ပက်သည်ချည်း
" ဒါဖြင့် မင်း ဘာကို ကြောက်နေတာလဲ "

ဟန့်က ပြန်မေးသည်။ သူ့ကြည့်ရသည်မှာ သံချပ်ကာ တင့်ကားတစ်စင်းနှင့်တူသည် ထင်ရ၏။ ဘယ်တော့မှ အလျှော့ပေးမည့်ပုံစံ မဟုတ်ဘူး၊ ဒဏ်ရာ ဒဏ်ချက်ကို ဘယ်သူမျ မြင်နိုင်လိမ့်မည် မဟုတ်။
" ဘာကိုမှ မကြောက်ပါဘူး၊ ဘယ်သူ့ကို ကြောက်ရမှာလဲ "
" အဓိပ္ပာယ်မရှိ "

သူ့ရုံးခန်းတံခါးမှာ ပွင့်လျက်သား ဖြစ်၍ ရုံးကလူတွေ ဖြတ်သွားလျှင် မြင်နိုင်သည်။ သူရှေ့တိုးလာ၏။ သူ့ကိုယ် မှ ဆပ်ပြာမွှေးနံ့ရလိုက်တော့ လင်ကီ တစ်ကိုယ်လုံး ပူနွေးသွား၏။ သူ့ စကားဆက်သည်။
" မင်း ကိုယ့်ကို ကြောက်နေတယ်၊ မင်းယောက်ျားကိုလည်း ကြောက်နေတယ်၊ မင်းကိုယ်မင်းလည်း ကြောက်နေတယ် "
" လင်ကီ နောက်တစ်လှမ်းဆုတ်လိုက်သည်။ ဟန့်ဂရင်နီသည် လူတစ်ယောက်နှင့် တူသည့် လူစား မဟုတ်။ သူ့လိုလူမျိုးကို လင်ကီ တစ်ခါမှ မတွေ့ဖူးသေး၊ သူ့ကို တုံ့ပြန်မှုမျိုးနှင့် လင်ကီ ဘယ်သူ့ကိုမှ မတုံ့ပြန်ဖူးခဲ့။

" ကဲ အဖြေက ဘာလဲ၊ တွေ့မှာလား၊ မတွေ့ဘူးလား "
သူက အခိုင်အမာ တောင်းဆိုနေ၏။ လင်ကီ တွေသွားသည်။ သည်တော့ ဟန့်က သူ့ အမေးကို သူ ဘာသာ ဖြေသည်။
" အဖြေက တွေ့မယ်၊ ကဲ နေရာရွေး "
အမိန့်ပေးသည့် လေသံမျိုး။ လင်ကီက မျက်လုံးရွဲကြီးများ တဖျပ်ဖျပ် လှုပ်ရှားရင်း
" မဖြစ်နိုင်ပါဘူး "
" ဖြစ်နိုင်ရမယ်၊ မင်း ဖြစ်အောင် လုပ်ရမယ် "

ကြောက်ရွံ့ ထိတ်လန့်စပြုနေသော လင်ကီ့အပေါ်ကို ဟန့် နိုင့်ထက်စီးနင်း ဖိအားပေး၏။
" မဖြစ်နိုင်ဘူး "
လင်ကီ နောက်တစ်လှမ်း ထပ်ဆုတ်တော့ ယိုင်သွားသည်။ သူ့ရှေ့တိုးလိုက်လာသည်။ သူ့မျက်လုံး အစုံက အရောင်တဖျပ်ဖျပ် တောက်လာ၏။
" ကိုယ်က တွေ့မယ် ပြောနေတယ်လေ၊ ကဲ ဘယ်မှာ ဆုံမလဲ ပြော "
ဟန့်ဂရင်နီက ရှိသမျှ စိတ်ခွန်အားကို သုံးပြီး အမိန့်ပေးနေ၏။

သူ့အကြည့်သည် ရုံးပေါ်တွင် လင်ကီ့ အ၀တ်အစားတွေကို တစ်စစီ ဆွဲချွတ်နေဘိသို့ ရှိ၏။ လင်ကီ ခံနိုင်စွမ်းများ တဖြည်းဖြည်း ပြိုကျသွားလေပြီ။
" ဒါဖြင့်လည်း ကွန်မိုဒိုကိုပဲ သွားလေ" ဟု တိုးတိုးကလေး ပြန်ပြော မိလျက်သားဖြစ်သွား၏။

စနေနေ့ ရောက်တော့ ချာလီလင့်နှင့် နေ့လယ်စာ စားဖို့ ချိန်းထားသည်ဟု ပီတာ့ကို ပြောပြီး အိမ်မှ ထွက်ခဲ့သည်။ ရင်တွေ တဒိုင်းဒိုင်း ခုန်နေ၏။ ရမ္မက် ဆန္ဒနှင့် အကြောက်တရား ရောထွေးလှုပ်ရှား ခြင်းမျိုး။ ကိုယ့်ကိုယ်ကိုယ် ရွံမုန်း အထင်သေးခြင်းလည်း ပါ၏။

ကွန်မိုဒို ဟိုတယ် ခန်းမဆောင်ထဲသို့ မပြေးရုံတမယ် ၀င်သွားသည်။ ၀ယ်လာသည့် အသင့် စားစရာ အိတ်ကို လက်မှ ဆွဲလျက် ပီတာ့ အသိတစ်ယောက်ယောက်နှင့် တွေ့မှာကို တွေးပြီး အရမ်းကြောက်နေ၏။
သူငှားထားသည့် အခန်းထဲ ၀င်တော့ ရင်ထဲတွင် ဗလောင်ဆူနေသည်။ သူက တံခါးဖွင့်ပေးရင်း
" ကြာလှချည်လား "

သူက စိတ်မရှည်သည့် လေသံဖြင့် ဆီးမေးသည်။ လင်ကီက လက်ထဲမှ စားစရာအိတ်ကို ကုလားထိုင် တစ်လုံးပေါ် လှမ်းတင်ပြီး သူ့ကို ကြည့်လိုက်သည်။ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ရင်တွေ တဒိုင်းဒိုင်းခုန်လျက်။
အိတ်ထဲမှ စားသောက်ဖွယ်ရာများကို ဘယ်သူမှ ဂရုမစိုက်အားကြ။

မုန်တိုင်းစတော့ သူ့ရင်ခွင်ထဲမှ ရုန်းထွက်ဖို့ လင်ကီ ကြိုးစားသည်။ သို့သော် အားမပါလှ၊ ဤသို့ဖြင့် ဖြစ်ချင်သည့် လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်ဆီသို့ မျှောပါလွင့်ပါး ဖြစ်ပြန်လေသည်။
သို့စင်လျက် မိမိလက်ရှိဘ၀ မိမိ ချစ်လင် ပီတာ၊ မိမိ အနာဂတ် စသည်စသည်တို့ အာရုံတွင် လျှပ် ပြတ်သလို လင်းချီ လက်ချီ ဖြစ်လာသောအခါ
မိမိ၏ ဒုတိယအသံ မေးခွန်းတွေ တသီကြီး နားထဲတွင် ကြားယောင်လာ၏။ ငါဘယ်ဘ၀ကို ရောက် နေပြီလဲ၊ ငါခုဘာလုပ်နေတာလဲ၊ ဘ၀ကိုရော၊ အိမ်ထောင်ရေးကိုပါ တမင် ဖျက်ဆီးနေတာလား၊ ဘာလို့ ငါ ဒီဇာတ်လမ်းကို မရပ်နိုင်ရမှာလဲ ငါစိတ်ညှို့ခံနေရတာလား၊ ထောင်ချောက်ထဲမှာ ပိတ်မိ နေတာလား၊ နားထဲတွင် အသံတွေ ဆက်ကြားနေဆဲ။

ပြေး၊ ထွက်ပြေး၊ လွတ်အောင်ပြေး၊ ရှိသမျှ ခွန်အားကို ညှစ်ထုတ်ပြီး သူ့ရင်ခွင်ထဲမှ တအား ရုန်းထွက် လိုက် သည်။
သူ ဒေါသူပုန်ထလေပြီ။
" ဟေ့ ဘာဖြစ်တာလဲ "
" ကျွန်မ ဒီမှာ ဘာလာလုပ်နေတာလဲ "
လင်ကီက ပြောပြောဆိုဆို သူနှင့် ဝေးနိုင်သမျှ နေရာသို့ ပြေးထွက်သွားသည်။

" ဒီနေရာကို မင်းပဲ ရွေးတာလေ၊ ည မတွေ့နိုင်လို့ နေ့လယ်ပိုင်းမှာ ချိန်းတွေ့တာလေ "
" မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲဒါ ကျွန်မ မဟုတ်ဘူး "
အ၀တ်တွေကို ကတိုက်ကရိုက် ကောက်ယူရင်း လင်ကီ ပြန်ပြောသည်။

" ဘာအဓိပ္ပာယ်လဲ၊ မင်း မဟုတ်ရင် ဘယ်သူလဲ "
" မဟုတ်ဘူး၊ အဲဒါ လင်ကီ မဟုတ်ဘူး "
ပြောပြောဆိုဆို ရေချိုးခန်းထဲ ပြေးဝင်သွားပြီး အတွင်းမှ ဂျက် ထိုးလိုက်သည်။ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေ၏။ မျက်ရည်တွေလည်း စီးကျလာသည်။ ဟန့်က ပြေးလိုက်လာပြီး ရေချိုးခန်း တံခါးကို တဒုန်းဒုန်း ထုလျက် ဖွင့်ခိုင်းသည်။

" မင်းနဲ့ငါနဲ့ နှစ်ယောက် သဘောတူလို့ ဒီလို ဖြစ်ခဲ့ကြတာပဲ၊ မင်းငါ့ကို ဘယ်လောက် လိုချင်နေတယ် ဆိုတာ ငါသိတယ်၊ လာထွက်ခဲ့ "
" မဟုတ်ဘူး၊ အဲဒီလို မဟုတ်ဘူး၊ ရှင့်ကြောင့် ကျွန်မ ဒီလိုဖြစ်ရတာ "
" ငါ့ကျောက မင်းလက်သည်းရာတွေက ဘာအဓိပ္ပာယ်လဲ "
လင်ကီ ဘာမှ ဆက်မပြောဖို့ ဆုံးဖြတ်လိုက်သည်။ ဟန့်က အပြင်မှ ဒေါသတကြီး ဆက်ဖွင့်ခိုင်းနေ၏။ တစ်ခန်းလုံး ၀ုန်းဒိုင်းကြဲနေသည်။ သူ့ဆီမှ လွတ်အောင် မပြေးနိုင်လျှင် ပီတာ့ဆီကို ပြန်ရောက်နိုင်တော့မည် မဟုတ်။ ဘ၀သည် အဖတ်ဆည်လို့ မရနိုင်တော့အောင် တစ်စစီ ဖြစ်တော့မည်။

အ၀တ်အစားတွေ ကမန်းကတန်း ၀တ်ပြီးသည်နှင့် မိတ်ကပ်ကို အမြန်ဖို့ကာ ရေချိုးခန်း ထွက်ပေါက်တစ်ခုမှ လစ်ထွက်ခဲ့သည်။
" ဘယ်တော့မှ ရှင်နဲ့ ကျွန်မ မတွေ့တော့ဘူး မှတ်ပါ "

သူ့ကို ပြောသလိုလိုနှင့် ကိုယ့်ကိုယ်ကိုယ် ပြောလိုက်ခြင်းဖြစ်သည်။ နောက်ကို တစ်ချက်မှ မကြည့် တော့ဘဲ လင်ကီ တစ်ကျိုးတည်း လစ်ထွက်ခဲ့တော့သည်။
စနေနှင့် တနင်္ဂနွေ နှစ်ရက်စလုံး လင်ကီ အိမ်တွင်းပုန်းနေသည်။ တံခါးမှ လူခေါ်ခေါင်းလောင်းသံ ကြားတိုင်း တယ်လီဖုန်း မြည်လာတိုင်း သူများဖြစ်နေမလားဆိုပြီး လိပ်ပြာလွင့်မတတ် လန့်နေ၏။ မိမိ အပြုအမူအတွက် ဟန့် မည်သို့မှ ခွင့်လွှတ်မည် မဟုတ်ကြောင်း သိနေသဖြင့် တွေးမိတိုင်း ကြောက်နေခြင်းဖြစ်၏။ လူသိရှင်ကြား မိမိကို အရှက်ခွဲလေမလား၊ ပီတာ့ရှေ့တွင် လာပြီး စွပ်စွပ်စွဲစွဲ လုပ်လေမလား။

တနင်္ဂနွေနေ့ညတွင် ပီတာက လင်ကီ့ကို ကြည့်ပြီး
" မင်း ဘာဖြစ်နေတာလဲ လင်ကီ၊ ကြည့်ရတာ တစ်မျိုးပဲ "
တစ်နေ့လုံး စာအုပ်စင် ရှင်းလိုက်၊ စာအုပ်တွေ ဖုန်သုတ်လိုက်၊ ပန်းကန်ခွက်ယောက်တွေကို ဟိုရွှေ့ သည်ရွှေ့ လုပ်လိုက်နှင့် တစ်ချက်ကလေးမှ အငြိမ်မနေနိုင်ဘဲ ဖြစ်နေ၏။ ပြီးတော့ ရေချိုးခန်း ကြမ်းပြင်တွေ လိုက်တိုက်၊ အ၀တ်ဘီဒိုတွေ လိုက်ရှင်းနှင့် ဆက်ပြီး အလုပ်လုပ်နေပြန်၏။ ညပိုင်းကျ တော့ ရုပ်မြင်သံကြားစက်ကို ကြည့်ရင်း လိုင်းတွေ ဟိုရွှေ့ သည်ရွှေ့နှင့် ထိုင်လိုက် ထလိုက် မဂ္ဂဇင်း စာအုပ်ကို ကိုင်လိုက် ချလိုက် လုပ်နေပြန်၏။

" အို ဘာမှ မဖြစ်ပါဘူး၊ ဘာဖြစ်လို့လဲ " ဟု ပီတာ့ကို မလုံမလဲ ပြန်မေးသည်။ အာခေါင်တွေ ခြောက်ပြီး ရင်တွေ တဒိုင်းဒိုင်းခုန်လျက်။

၁၈ ရက် တနင်္လာနေ့တွင် လင်ကီ ရုံးပြန်တက်သည်။ သူ့ရုံးခန်းရှေ့မှ ဧည့်ခန်းကို ဖြတ်လျှောက်ရ၏။ လက်ဖ၀ါး နှစ်ဖက်စလုံး ချွေးတွေ ရွှဲလာပြီး ဒူးတွေ တုန်နေသည်။ ဘုရား၊ ဘုရား သူနှင့်များ တိုးနေမှဖြင့်။ သည်ရက်သတ္တပတ်ကို မည်သို့ ကုန်ဆုံးစေရပါမည်လဲဟု တွေးလို့ မရနိုင် အောင် ဖြစ်နေ၏။ မတွေးရဲလောက်အောင်လည်း ကြောက်နေ၏။
လင်ကီ ကံကောင်းပါသည်။ ထို တနင်္လာနေ့တွင် သူနှင့် လုံးဝ မတွေ့လိုက်ပါ။ တစ်နေ့လုံး အပြင်တွင် အစည်းအဝေးတွင် ဆက်တိုက် တက်နေရသည်။ ပြန်လာတော့လည်း စာရေးဆရာ တစ်ယောက်နှင့် အခန်းတံခါးပိတ်ပြီး စကားပြောနေသည်။

အင်္ဂါနေ့က ရုံးတွင်း ညှိနှိုင်းအစည်းအဝေးနေ့။ ဂလင်ဆင်ကလဲယား၏ အာဟာရ စာအုပ်သစ် အကြောင်း လင်ကီ တင်ပြသည်။ ဘာဝေဖန်ချက်မှ မပေးဘဲ လင်ကီ့အကြံ ပြုချက်အားလုံးကို သူ လက်ခံသည်။ သို့သော် လင်ကီ့ကို သူ လုံးဝ မကြည့်။

သို့သော်လည်း ကြောက်စိတ်က မပြေသေး။ ခပ်ခွာခွာ နေဖို့ သူလည်း မိမိလို အချိန်လို သေးဟန် တူပါရဲ့ဟု လင်ကီ တွေး၏။ ဒါမှမဟုတ် သွေးအအေးအေးနှင့် တုံ့ပြန်ဖို့ စီစဉ်နေခြင်းလား၊ ဗုံးတစ်လုံး၏ ပေါက်ကွဲချိန်ကို စောင့်နေရသည်နှင့်လည်း တူ၏။

၂၀ ရက်နေ့၊ ဗုဒ္ဓဟူးနေ့။
နေ့လယ်စာ စားပြီးချိန်တွင် လင်ကီက ကက်သလင်း ဒိုရင်း၏ ၀တ္ထုသစ် အကြောင်း သတင်းပို့သည်။
" ခပ်ဖြည်းဖြည်းပဲ ရေးနေပါတယ်တဲ့၊ ဒါပေမယ့် သတ်မှတ်ရက်ကို ပြီးမယ် ပြောပါတယ် "
သူ ဘာမှ ပြန်မပြော၊ မကြားသလို လုပ်နေ၏။

ကြာသပတေးနေ့၊ ရုံးဆင်းခါနီးချိန်တွင် စာမူကြီးတစ်ခုကို လင်ကီ့ စားပွဲပေါ်သို့ ပစ်ချပေးပြီး ညတွင်း ချင်း အပြီး ဖတ်ရမည်ဟု ပြောသည်။
" အစီရင်ခံစာကို မနက်ဖြန် ကိုယ့်စားပွဲပေါ် အရောက်လိုချင်တယ် "ဟု ပြောပြီး ထွက်သွား၏။

ဒါဆို မိမိတို့ ဆက်ဆံရေး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခြင်းလား၊ ပေါက်ကွဲလာမည့် ဗုံးတစ်လုံး တကယ်မရှိဘူးဆိုလျှင်ကော ဖြစ်နိုင်ပါမည်လား၊ မိမိဘာသာ အစိုးရိမ်လွန်နေခြင်းလား။
တင်းမာစွာဖြင့် ခပ်ခွာခွာနေကြပြီးသည့် ရက်သတ္တပတ်ကို နှစ်ယောက်သား ဖြတ်သန်းနေခြင်း ဖြစ်လေသည်။

မနက်ဖြန် သောကြာနေ့ တစ်ရက် ကျန်သေးသည်။ သည်နေ့ကို ကျော်လွှားနိုင်လျှင် သည်တစ်ပတ် အတွက် အခြေအနေ မဆိုးဟု ဆိုရမည်။ နောက်တစ်နေ့ မနက်စောစော လင်ကီ ရုံးရောက်သည်။
နိုဝင်ဘာလ ၂၂ ရက်၊ ဘ၀တွင် စိတ်ပျက်စရာ အကောင်းဆုံးရက် သတ္တပတ်၏ နောက်ဆုံးနေ့ဟု လင်ကီ သတ်မှတ်လိုက်သည်။ သည်လိုနဲ့ ပြီးသွားကောင်းပါရဲ့ဟု လင်ကီ တွေးနေသည်။
-----------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>