Tuesday, April 27, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၁)

ဝမ်လန်းမှာ နန်းဝင်ကို အခြားသားများထက် ပို၍ သဘောကျမိသည့် အချက်တခုကား နန်းဝင်၏ လက်ထပ် ပွဲ ကျင်းပသည့်အခါ နန်းဝင်ကိုယ်တိုင် ငွေအသုံးအစွဲကို သေချာစွာ ဂရုစိုက် သုံးစွဲနေ ခြင်းပင် ဖြစ်ပေ၏။ မကုန်သင့် သည့်နေရာ မကုန်ရအောင် မသုံးတန် သည့်နေရာ မသုံးရအောင် ငွေနည်းနိုင်သမျှ နည်းရန် ကိုယ်တိုင် စစ်စစ်ဖါဖါ စီမံလျက်ရှိသည်ကို တွေ့ရလေ၏။ မင်္ဂလာဆောင် သို့ လာရောက်ကြသည် ဧည့်ပရိသတ်များကိုပင် အတန်းအစားခွဲ၍ ကျွေးမွေးလေ၏။ မြို့ပရိသတ် ကို မြို့နှင့်လိုက်အောင် ကျွေးမွေး လျက် တောပရိသတ်ကို မြို့စာမကျွေး တောစာသာ ကျွေး၏။
ငွေဖြင့်၎င်း ပစ္စည်းဖြင့်၎င်း လက်ဖွဲ့ကြသည့် ပစ္စည်းများကိုလည်း သေချာစွာ ဂရုစိုက်လက်ခံလေ၏။ အိမ်ရှိ အစေခံများကို မင်္ဂလာဆောင် အထိမ်းအမှတ်အဖြစ်ဖြင့် ဆုလာဘ်များ စွန့်ကြဲဝေငှသည့် အခါ၌လည်း စွန့်ကြဲသည် ဆိုရုံမျှ တပြားတချပ် စွန့်ကြဲလေရကား ဥသြမယ်မှာ ငွေစကလေး ၂စသာ ရရှိသဖြင့် မကျေ မနပ် ဖြစ်နေလေ၏။

"သူဌေးသား တယောက်လုံး လုပ်နေပြီးတော့ ဒါလောက်တောင် ကပ်စေးနဲ့ဘို့ မလိုပါဘူးတော် ဒီလို ကပ်စေးနဲ တဲ့ အပြုအမူမျိုးကို တခြားလူတွေမြင်ရင် ဒီအိမ်ကြီးမျိုးနဲ့ တန်တဲ့လူတွေ မဟုတ်ဘူးလို့ ပြောကြ လိမ့်မယ်"ဟု ဥသြမယ် ပြောလိုက်သည်ကို သားအကြီး နန်းအင်က ကြားရလေ၏။ ထိုအခါ ရှက်၍ သွားလေ၏။ ဥသြမယ်အား အသာလက်တို့၍ ခေါ်ကာ မိမိ၏အိတ်မှ နှိုက်၍ ငွေထပ်ပေး လိုက်ရရင်း ညီအငယ် နန်းဝင်အား စိတ်ဆိုးမိလေ၏။ သို့ဖြင့် မင်္ဂလာစ၍ ဆောင်သည့်နေ့မှာပင် အချင်းချင်း စိတ်ဝမ်းကွဲ မှုများ ပေါ်၍လာလေ၏။

နန်းအင်ကား နန်းဝင်၏ ကပ်စေးနဲမှုကို ရှက်သည်တကြောင်း သတို့သမီးမှာ မြို့သူတယောက် မဟုတ်ဘဲ တောသူ ဖြစ်နေ၍ ရှက်လှသည်တကြောင်းကြောင့် ၎င်း၏မိတ်ဆွေများကို မင်္ဂလာဆောင် သို့ အားလုံး မဘိတ် ဘဲ အနည်းငယ်မျှလောက်သာ ဘိတ်ကြားလေ၏။

"ဒီအကောင်ဟာ အဖေ့ အခြေအနေနဲ့ ကျောက်စိမ်းခွက် ကလေးမျိုးကို ရနိုင်ရက်သားနဲ့ မြေအိုးမှ ရွေးယူ တယ်"ဟုလည်း ပြောဆိုသေး၏။ ညီနှင့် ခယ်မက လာ၍ ကန်တော့သောအခါ နန်းအင်သည် ခပ်တည် တည် ပင် ပြန်၍ ခေါင်းငြိမ့်ခြင်း ပြုလေ၏။ ၎င်း၏မယားကလည်း ခေါင်းငြိမ့်သည်ဆိုရုံမျှ ပြန်၍ ခေါင်းငြိမ့် လိုက်လေ၏။

သို့ဖြင့် တအိမ်လုံးတွင် စိတ်ဆန္ဒတမျိုးစီ ဖြစ်နေကြလျက် တယောက်သဘောနှင့် တယောက် မတိုက် ဆိုင်ဘဲနေခဲ့ကြရာ၌ အားလုံးထဲတွင် အပူအပင်မရှိ သောကဗျာပါ ကင်းဝေးချမ်သာသူကား တယောက်သာ ရှိလေ၏။ ၎င်းမှာ ၀မ်လန်း၏ မြေးကလေး ဖြစ်လေ၏။ ၀မ်လန်းမှာ နေ့စဉ်နှင့်အမျှ ထိုမြေးကလေးနှင့်သာ ကစား ခုန်စား၍ နေလေ၏။ ထိုမြေကလေး တယောက်ထံမှသာ သုခ ချမ်းသာကို ရရှိလေ၏။

နန်းအင်၏ ဇနီးသည် အဆိုပါ သားလေးကလေး၏ နောက် တနှစ်လျှင် တသားကျ မှန်မှန်ကြီး မွေး၍ နေလေ၏။ သားတယောက်ရတိုင်း ကျွန်မတယောက်ထပ်၍ ၀ယ်လေ၏။ သို့ဖြစ်လေရာ အိမ်ကြီးမှာ တနေ့ တခြား လူဦးရေ တိုးပွားများပြားလာလျက် ကျွန်ယောက်ျား ကျွန်မိန်းမ သားမြေး ချွေရံတို့ဖြင့် သိုက်သိုက် ၀န်းဝန်း မြိုင်မြိုင် ဆိုင်ဆိုင်ကြီး ဖြစ်၍လာလေ၏။ ထိုအတွင်း နန်းဝင်၏ ဇနီးသည် ပဋ္ဌမဆုံး သမီးဦးလေး တယောက် ဖွားမြင်ရရှိခဲ့လေသတည်း။

ဝမ်လန်းမှာ မြေးကလေးတယောက် တိုးလာတိုင်း  တိုးလာတိုင်း သဘောကျ ကျေနပ်၍ နေလေ၏။ တယောက် ယောက်က "ဟော နန်းအင် မိန်းခလေး မွေးပြန်တော့မယ်၊ ပါးစပ်ပေါက်တယောက် တော့ နောက်ထပ် တိုးလာအုံးတော့မှာဘဲ"ဟု ပြောလိုက်လျှင် ၀မ်လန်းသည် အားရပါးရ ရယ်မော လျက် "တိုးပေစေဗျာ တိုးပေးစေဗျာ ဆန်တွေ အများကြီး ရှိတယ်၊ လယ်တွေ အများကြီး ရှိတယ်" ဟူ၍ သာ ပြန်ပြော လေ့ရှိ၏။ ၅နှစ်အတွင်း ၀မ်လန်းတွင် မြေးယောက်ျားကလေး လေးယောက် မြေးမိန်းကလေး ၃ယောက် ရရှိခဲ့ လေ၏။

ထိုနှစ်ဆောင်းရာသီကား ခါတိုင်းဆောင်းရာသီများနှင့်မတူ အထူးသဖြင့် အဧဓာတ်ပြင်းထန်၍ နေလေ၏။ အနှစ် ၃၀ အတွင်း ဤလ လော်ကချမ်းအေးသော လမျိုးကို မကြုံဘူးခဲ့ချေ။ မြို့တံခါး အနီး ပတ်လယ်မှ ကျုံးများ မှာ ရေခဲလျက် လူများမှာ ထိုရေခဲများပေါ်တွင် ဖြတ်သန်း၍ပင် သွားနိုင် ပေ၏။ အရှေ့မြောက်မှ အေးစက် သောလေပြေမှာ အမြဲသဖြင့်  တိုက်ခိုက်ပက်ဖြန်းနေလျက် မည်သည့်ထူထဲသောစောင်မှ ချုံကွေး ၍ မနွေးနိုင်အောင် ရှိလေ၏။ ၀မ်လန်းတို့အိမ်ကြီးတွင် အခန်း တိုင်း မီးလင်းဖိုများ ဖို၍ ထားရလေ၏။

ထိုအချိန်တွင် ၀မ်လန်း၏ ဦးလေးနှင့် ၎င်း၏ မိန်းမမှာ ဘိန်းတန်ခိုးဖြင့် နတ်စည်းစိမ် အခံစားလွန်ကြ သည်ဖြစ်၍ အိပ်ရာထဲ၌ တုတ်ချောင်းကို လှဲထားသည့်အလား ပိန်ချုံးအားပြတ်၍ နေကြလေ၏။ ဦးလေး ဖြစ်သူမှာ လှုပ်လိုက်တိုင်း ပါးစပ်မှ သွေးကျ၍ နေလေ၏။ ကြာရှည်မခံတော့မည် မဟုတ် ကြောင်း သိရသော ၀မ်လန်း သည် လင်မယားနှစ်ယောက် အသေမှ ဖြောင့်ပါစေတော့ဟု ခေါင်း နှစ်လုံးဝယ်ယူပြီး သူတို့ နှစ်ယောက် မြင်နိုင်သည့် နေရာမှာ သွား၍ ထားလေ၏။

ထိုအခါ ဦးလေးဖြစ် သူက ကျေးဇူးတင် စကားပြေလေ၏။ ဦးလေး၏ မိန်းမကလည်း
"ငါသေရင် ငါ့သားကို မိန်းမကောင်းကောင်း ရှာပေးစားပါမယ့်ကို ဂတိပေးစမ်းပါ"ဟု ဂတိတောင်း လေ၏။ ၀မ်လန်းက ပြောသည့်အတိုင်း ဆောင်ရွက်ပါမည်ဟု ဂတိထားလိုက်လေ၏။
တနေ့တွင် ၀မ်လန်း၏ ဦးလေးသည် အိပ်ရာထဲ၌ သေလျက် ရှိသည်ကို အစေခံမိန်းမက တွေ့ရ လေရာ ၀မ်လန်း သည် ဆီးနှင်းတွေ ဖုံးလွှမ်း မှိုင်းညှို့နေသော နေ့တနေ့၌ ဦးလေး၏ အလောင်းကို သင်းဂြိုဟ် လိုက်လေ၏။ ဘခင်၏အလောင်းနှင့် ယှဉ်၍ မြှုပ်နှံပြီး ၀မ်လန်းနှင့် အိမ်သူအိမ်သားသည် ၀မ်းနည်းခြင်း အထိမ်း အမှတ်အဖြစ်ဖြင့် တနှစ်တိတိ အ၀တ်ဖြူများကိုသာ ၀တ်ဆင်၍ စိတ်ဆင်းရဲ အောင် လုပ်ခဲ့သူတဦး ကွယ်လွန် ဇာတ်သိမ်းသွားပြီးသဖြင့် ၀မ်လန်းမှာ တနည်းဝန်ပေါ့ စိတ်ချမ်း သာသွားမိ၏။ ထုံးစံရှိသဖြင့်သာ အ၀တ်ဖြူ ၀တ်လျက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ကို ပြရခြင်း ဖြစ်၏။

ဦးလေး သေသွားသောအခါ ဦးလေး၏မိန်းကို မြို့ကအိမ်သို့ ပြောင်းရွှေ့ထားလေ၏။ ၎င်းအတွက် အခန်းတခန်း သပ်သပ်ပေးထားပြီး အစေခံတယောက်နှင့်အတူ ထားရှိလေ၏။ ၀မ်လန်းသည် အိပ်ရာထဲတွင် ဘိန်းပြောင်း ကို မချဘဲ အမြဲသဖြင့် မှိန်းနေသော မိန်းမကြီးကို မြင်ရသောအခါ သူဌေးကြီးဟွံ ၏ ဇနီး ဘိန်းစားမ သူဌေးကတော်ကြီးနှင့် တူလှလေချင်းဟု အောက်မေ့ထင်မြင်မိလေ သတည်း။

အခန်း (၃၁)
"အဖေ စပါးဈေး ဆန်ဈေးတွေ တက်ကုန်ပြီ အဖေရဲ့ အောက်ဘက်မှာ စစ်ဖြစ်နေပြီတဲ့"
တနေ့သ၌ နန်းဝင်သည် စပါးဒိုင်မှ ပြန်လာပြီး ဘခင်ကြီး ၀မ်လန်းအား စစ်ဖြစ်သည့်အကြောင်းကို ပြောပြလေ၏။
"ကျွန်တော်တို့တော့ စပါးတွေ လှောင်ထားမှာဘဲ စစ်နီးလာလေလေ စပါးဈေးတက်လေလေ ဖြစ်မှာ ဘဲ ဒီတော့မှ ထုတ်ရောင်းရအောင်"ဟု နန်းဝင်က ဆက်လက်အကြံပေးလေ၏။
ဝမ်လန်းကား ထိတ်လန့်ခြင်းမရှိ ထမင်းစားမြဲ စားနေကာ "အေး စစ်ဆိုတာ ကြားသာကြားဘူးတယ် ငါတခါမှ မမြင်ဘူးဘူး၊ ကြည့်ဘူးကြုံဘူးတယ်ရှိအောင် ကြည့်လိုက်ချင်တယ်ကွာ"ဟု ပြန်ပြောလေ၏။ ၀မ်လန်း ကား တခါက ထိုစစ်ကို ကြောက်ရွံ့ ထိတ်လန့်ခဲ့ဘး၏။ ယခုမူ အသက်ကလည်းကြီး ပစ္စည်း ကလည်း ပြည့်စုံနေပြီဖြစ်၍ ယခင်တခါက ကဲ့သို့ စစ်ကူလီလုပ်ရ အဆွဲခံရမည့်ဘေးမှ ဝေးခဲ့ပြီးဟု ကြောက်လန့်ခြင်း မရှိတော့ပေ။ သို့ဖြစ်လေ ရာ များစွာ ဂရုမစိုက်ဟန်ဖြင့် "ဒို့ စပါးတွေ ကိစ္စတော့ မင့်သဘော အတိုင်းဘဲ မင်းတော်သလိုသာ ကြည့်လုပ်"ဟု ပြန်ပြောလိုက် လေ၏။

ထိုရက်များအတွင်း၌ ၀မ်လန်းသည် မြေးများနှင့်သာ ပျော်၍ နေလေ၏။ တနေ့သ၌ လမ်းထဲသို့ စစ်သားတွေ ၀င်လာ သည်ကို တွေ့ရလေ၏။ ထိုအချိန်၌ ၀မ်လန်း၏ မြေးကလေးတယောက်သည် ၀င်းဝ၌ အစေခံ တယောက်နှင့် ရပ်လျက်ရှိရာ လမ်းထဲသို့ စီတင်း၍ လျှောက်လာကြသော စစ်သားများကို မြင်သည့်အခါ ၀မ်လန်း ထံ ပြန်ပြေး၍ လာပြီး-"ကြည့်စမ်း ကြည့်စမ်း ဘိုးဘိုး ဘာတွေလဲ မဆိုနိုင်ဘူး" ဟု ပြောလေ၏။

ဝမ်လန်းသည် မြေးကလေး၏ လက်ကိုဆွဲလျက် ၀င်းဝသို့ လိုက်ကြည့်သောအခါ တလမ်းလုံး တမြို့လုံး ပြည့်နေသော စစ်သားများကို မြင်ရလေ၏။ စစ်သားတိုင်းမှာ လှံစွပ်ကြီးတွေ တပ်ထားသော သေနတ်များကို ထမ်း လျက် ၎င်းတို့၏ မျက်နှာထားများမှာ ကြမ်းတမ်း ခက်ထရော်ခြင်း ရှိကြ၍ ရိုင်းစိုင်းသော အမူအရာ များမှာ လူငယ်ကလေးများသာ ဖြစ်သည်ကို  တွေ့ရလေ၏။ အချို့မှာ လူငယ်ကလေးများသာ ဖြစ်သည်ကို တွေ့ရလေ၏။ ၀မ်လန်းသည် မြေးကလေးကို အနီးသို့ ဆွဲယူလျက် "အထဲဝင်ကြစို့ ငါ့မြေး သူတို့ကို ကြည့်နေလို့ မဖြစ်ဘူး လာ လာ တံခါးတွေ ပိတ်ထားရအောင်" ဟု ပြောနေစဉ် စစ်သားများ အနက်မှ တဦး သော စစ်သားသည် မြေးအဘိုး ၂ယောက်ကို မြင်သွားလေ၏။

ထိုသူက "အောင်မယ် ဟိုမှာ လက်စသတ်တော့ ငါ့အဘေရဲ့ တူကြီး ပါကလားဟ"ဟု အော်၍ ပြောလိုက်လေ၏။ ၀မ်လန်းသည် ထိုစစ်သားကို လှည့်ကြည့်လိုက်သည့်အခါ ဦးလေး၏သား ဖြစ်နေသည်ကို တွေ့ရလေ၏။ ၎င်းမှာ စစ်ဝတ်စစ်စားများနှင့် ဖြစ်နေလျက် မျက်နှာမှာ ယခင်ကထက် ပို၍ အမြင်ကပ်စရာ ကောင်းနေ လေ၏။ ၀မ်လန်းလှည့်ကြည့်သည်ကိုမြင်လျှင် အဆိုပါ ဦးလေး၏သား တဏှာရူး မောင်စစ်သား သည် ၎င်း၏ အဖေါ်များအား "ဟေ့ ရဲဘော်တို့ ဒို့ဒီမှာ နားကြမယ်ဟေ့ အဲဒါကိုယ့်ဆွေမျိုးအိမ်ကွ"ဟု ပြောလိုက်သည်ကို တွေ့ရလေ၏။

ဝမ်လန်းမှာ ထိတ်လန့်ခြင်းဖြင့် ငေးငိုင်လျက်ရှိနေစဉ် တဏှာရူး မောင်စစ်သားခေါင်းဆောင်သော စစ်သားများ သည် အိမ်ထဲသို့ တပြုံကြီးဝင်၍ လာကြလေ၏။ ကန်ဘောင် ကျိုးပေါက်၍ ရေလုံးကြီး ရိုက်ဝင်လာ သည့်အလား စစ်သားများသည် ၀င်းဝမှ အလုံးလိုက် အခဲလိုက် ၀င်ရောက်လာကြပြီးနောက် အခန်း ရှိသမျှ ၀င်ရောက်ကြကာ လှဲသူလှ အိပ်သူအိပ် ရေကန်ကလေးများထဲမှ ရေကို လက်နှင့် ကုန်း သောက်သူ ကသောက် တံတွေးထွေးသူ ကထွေးနှင့် ဗြောင်းဆန်သွားလျက် အချို့မှာ နန်းအင် ၀ယ်ထားသော စားပွဲကြီးများပေါ်တွင် လှံစွပ်ကြီးများကို ပစ်ချကြလေ၏။ အိမ်ကြီးတခုလုံးမှာ ၎င်းတို့ ၀င်လာခြင်း ဖြင့် အုပ်အုပ် အုပ်အုပ်နှင့် ကာလပျက်သလို ဖြစ်သွားလေ၏။

ဝမ်လန်းမှာ ကြက်သေ သေ၍ ရပ်ကြည့် နေမိရာမှ  အသက် ၀င်လာကာ မြေးကလေးကို ဆွဲပြီး နန်းအင် ရှိရာသို့ ပြေးခဲ့မိ၏။ နန်းအင်မှာလည်း စစ်သားများနှင့် အဘေ့ဦးလေး၏ သားကို မြင်ရ သောအခါ "ဒါးတွေ ကိုယ်စီနဲ့ ပါလား အဘေ" ဟုသော ပြောနိုင်လျက် ငေးကြည့်နေပြီးနောက် မည်သို့မျှ မတတ်နိုင် တော့သည့်အတိုင်း ကောင်းမွန်စွာပင် နှုတ်ဆက်ရလေ၏။
"ဧည့်သည်နဲနဲတော့ ပါလာတယ်ဗျို့"
"အို  ကိစ္စမရှိပါဘူး ရှေ့ခရီးဆက်မသွားခင် စားရအောင် တို့ထမင်းတောင် ချက်ကျွေးလိုက်အုံးမယ်"
"ထမင်းတော့ ချက်ပါလေ ဒါပေမဲ့ သိပ်တော့ အလောသုံးဆယ် မလုပ်ကြပါနဲ့ ကျုပ်တို့ဘယ်မှ သွားကြအုံးမှာ မဟုတ်ပါဘူး တလ ဘဲကြာမလား တနှစ်ဘဲကြာမလား ၂နှစ်ဘဲ ကြာမလား မသိ သေးဘူး ဒီမြို့ထဲဘဲ အထက် က အမိန့်မကျမချင်းနေရမှာမို့ ကျုပ်တို့အိမ်မှာ ချက်ချင်း ထွက်သွားဘို့ စိတ်မကူးဘူး အေးအေး ပေါ့လဗျာ"
ဝမ်လန်းတို့သား အဘကား ရင်ထဲတွင် လေး၍ သွားလေ၏။ သို့သော် အရောင်ထွက်နေသော ဒါးများကို မြင်ရသော အခါ မျက်နှာအမူအရာကို အားခဲ၍ ပြုံးကြရလေ၏။

"အို ဒါဖြင့် နေရာကျတာပေါ့"ဟု ပြောဆိုရကာ နန်းအင်သည် ထမင်းချက်ပြုတ်ရန် စီမံဦးမည်ဆို လျက် ဘခင်၏ လက်ကို ဆွဲပြီး အတွင်းဆောင်သို့ ၂ယောက်သား သုတ်သုတ်သုတ်သုတ်နှင့် ပြန်ခဲ့ ကြလေ၏။ တံခါးကိုလုံအောင် ပိတ်လိုက်ပြီးနောက်၊ တယောက်မျက်နှာကို တယောက် စိုက်ကြည့် နေမိကြလေ၏။ ထိုအခိုက် နန်းဝင်သည် အလုပ်မှ အူးယားဖါးယား ပြန်ရောက်လာပြီး တံခါးကို အပြင်မှ ခေါက်ပြန်လေ၏။ တံခါး ကို ဖွင့်ပေးလိုက်သောအခါ အထဲသို့ မောကြီးပန်းကြီး ၀င်လာလျှက်။

"စစ်သားတွေ နေရာတိုင်းမှာ ရောက်နေကြပြီ အဘေ အိမ်တွေလဲ ဆင်းရဲသားအိမ်ကော ဘာကော မချန်ဘူး အကုန် တက်နေကြတာဘဲ ကျွန်တော် အခုပြန်လာတာဟာ သူတို့တတွေ တကယ်တော့ သူ့အိမ် စစ်သားတွေတက်နေပြီကြားလို့ အိမ်ပြန်ပြေးတာ အိမ်ရောက်တော့ တအိမ်လုံး စစ်သားတွေ ပြည့်နေပြီး ဖျားနေတဲ့ သူ့မိန်းမ အခန်းထဲလဲ ၀င်နေကြတာ တွေ့တယ်။ သူက မနေဘို့ ပြောတော့ ဒါးနဲ့ ပြန်ထိုး လိုက်တာ တခါထဲ ဟိုဘက်ဒီဘက်ကို ထုတ်ချင်းခတ် ပေါက်သွားတာဘဲ၊ သူတို့ ဘာလိုချင်လိုချင် ကျွန်တော်တို့ ပေးမှဘဲ စစ်သားမြန်မြန် တခြားဘက် ရောက်သွားပါ စေလို့ ဆုတောင်းကြရုံဘဲရှိတယ်"ဟု ပြောလေ၏။

ထိုနောက် ၃ယောက်သား ကြောက်ကြောက် လန့်လန့်နှင့် တယောက်မျက်နှာတယောက် ကြည့်နေ ကြလေ၏။ နန်းအင်မှာ သူ့မိန်းမအတွက် တွေး၍ ပူမိလေ၏။ စစ်သားများ၏ မျက်နှာကို တွေးမိတိုင်း ကြောထဲမှ ချမ်း၍ လာလေ၏။

"အိမ်ကမိန်းမတွေကို အတွင်းဘက် အကျဆုံး အခန်းထဲ ပြောင်းထားပြီး တံခါးတွေ အလုံပိတ်ထား မှ ဖြစ်မယ်၊ ကျွန်တော်တို့လဲ နေရောညရော စောင့်နေမှ မတော်လို့ အရေးအကြောင်းရှိရင်လဲ အလွယ်တကူ ပြေးနိုင်အောင် နောက်ဖေးဘက်က မလွယ်ပေါက်ကို အသင့်လုပ်ထားမှ ကောင်း မယ်"
ထိုအကြံကို အားလုံး သဘောတူလျက် မိန်းမများနှင့် ခလေးများကို နောက်ဖေးဘက် အတွင်းအကျ ဆုံးအဆောင်သို့ တစုတလုံးတည်း ပြောင်း၍ ပို့ထားလိုက်လေ၏။ ထိုနောက် သားအဘ ၃ယောက် စလုံး တံခါးဝမှ နေ့ရောညပါ စန်ဒရီ အလုပ်ကို လုပ်၍ နေလေ၏။

ဆက်ရန်

.

No comments: