ယခုမှ အောင်နိုင်က ဒါကို အမှတ်ရသွားလေဟန် စကားလွှဲပြောင်း ပေးလိုက်ခြင်းဖြစ်ရာ ကိုစိုးကြီးကလည်း "အေးပါကွာ မင်းလဲ တော်တော် မောင်းတတ် နေမှဘဲ ... စက်ကလေးဘာလေးပါ နားလည်သွားအောင် ငါ သင်ပေးပါ့မယ်" ဟု ပြန်ပြောကာ စကားလက်စသတ်သွားတော့လေသည်။
*
" ဟေ့ ဟေ့ အောင်နိုင် မင့်ခလေးကို လာကြည့်လှည့်စမ်း။ ဟိုမှာ ... ဟိုမှာ ... "
ကိုစိုးကြီးသည် အောင်နိုင်အား ချိုင်းနှစ်ဖက်မှ လျှိုမကာ အရေးတကြီး ပြောလာနေပေသည်။ အောင်နိုင်မှာ ကိုစိုးကြီး ဇွတ်အတင်း ဆွဲခေါ်သွားသော အပေါက်ဝဆီသို့ ဒရွတ်ဆွဲနှင့် ပါသွားရလေ၏။
" ကဲ -ကဲ ကြည့်စမ်းပါအုံး ခလေးလိုနေ နေတာကို "
အောင်နိုင်မှာ ရင်ထဲတွင် နာကျင် အောင့်သက်၍ သွားကာ ကိုယ့်မျက်စိကိုမျှ ကိုယ်မယုံနိုင်သလို ငေးကြောင် တွေဝေသွားလေသည်။
အိမ်ခေါင်းရင်း ပန်းခြံထဲမှာတော့ အေးသည် အောင်နိုင်တခါမျှ မမြင်ဘူးသေးသော အမည်မသိ လူတယောက် အား ခါးမှနေ၍ သိုင်းဖက်ကာ ငုံ့ပေးနေသော ထိုသူ၏ ပါးပြင်အား မမှီ့တမှီနှင့် အားယူပြီး အချက် ပေါင်း များစွာ မွှေးမွှေးပေးလျက်ရှိလေသည်။
ထိုသူကတဖန် အေး၏ ခါးကျင်ကလေးကို လှမ်းဖက်လိုက်သောအခါတွင်ကား အေးသည် ဆတ်ကနဲ ကျင်လည်စွာ ရုန်းထွက်သွားကာ တဖုတ်ဖုတ်နှင့် ထွက်ပြေးသွားလေ၏။
အောင်နိုင် က လှိုက်မောစွာနှင့် မျက်စိကို မှိတ်ထားလိုက်ရပေသည်။
သည်ခဏမှာ " မောင်စိုးရေ သွားစို့ဟေ့"ဟု တိုက်အတွင်းမှ လှမ်းအော်လိုက်သော ဦးဖေတင်၏ အသံနှင့် "ခင်ဗျာ ... လာပါပြီ" ဟူသော ကိုစိုးကြီး၏အသံကို ဆက်၍ ကြားလိုက်ရပြီးနောက် ကိုစိုးကြီး လှေကားမှ ဆင်းသွားသည်ကိုလည်း ကြားလိုက်မိသည်။
မရှေးမနှောင်းမှာပင် ခစ်ခနဲ ရယ်သံကလေးကို ကြားလိုက်ရကာ မိမိပခုံးပေါ်မှာ တင်လာသော လက်ကလေး တဖက်ကို တွေ့ရပြန်လေ၏။
" အေး " ဆိုတာကို အတတ်သိသွားပြီဖြစ်သော အောင်နိုင်ကတော့ လှည့်ကြည့်ဘို့ရာပင် ၀န်လေးပင်ပန်း၍ နေ တော့သည်။ အေးကသာ မျက်နှာချင်းဆိုင်တည့်တည့်ကျအောင် လှည့်ပတ်၍ ရောက်လာသည်။
ပြီးတော့ သူ့လက်ထဲမှ လှပသော ကတ္တီပါ သေတ္တာငယ်ကလေးကို ဖွင့်ကာ ပုလဲကုံးတသွယ်ကို ထုတ်ပြလိုက် လေသည်။
"လှတယ်နော် ... အေးလိုချင်တာ ဒါမျိုးပေါ့၊ ကိုကိုလွင့်--- ၂၀၀၀ိ ဘိုး မွှေးမွှေးပေးလိုက်ရတယ်သိလား... ကိုကိုလွင် ၀ယ်ပေးတာ"
အေးသည် ပုလဲသွယ်ကို လည်တိုင်ကြော့ကြော့တွင် ဆင်းကာ ဘယ်ညာယိမ်းနွဲ့၍ ပြနေပြန်သည်။
အောင်နိုင်မှာ စိုက်မိစိုက်ရာကိုသာ မမြင်သော အကြည့်ဖြင့် ငေးစိုက်ကြည့်နေမိသည်။ စကား ပြောချင်စိတ် မှာ လုံးဝ ခြောက်၍ နေလေ၏။
" ဒါတောင် ကိုကိုလွင်က အေးကို မွှေးမွှေးအဆစ်ပေးမယ် လုပ်သေးတယ်၊ အေးက သူ့မှမချစ်တာ သူ့မွှေးမွှေး ပေးတာ မလိုချင်ပါဘူး၊ ပုလဲသွယ်လေးသာလိုချင်တာ "
ဤတကြိမ်တွင်တော့ အောင်နိုင် ငြိမ်နေနိုင်ရန်မစွမ်းတော့ချေ။
" စကားအပြောအဆိုလဲ ဆင်ခြင်အုံးမှပေါ့ အေး ... အေး စကားပြောတာက သူများတွေကြားသွားရင် မကောင်း ပါဘူး ဟု ပြောလိုက်ရသည်။
" ဟင့် ... အေးက သူများကို ပြောတာမှ မှုတ်တာ၊ ကိုအောင်နိုင်ကို ပြောတာဘဲလို့ ... "
အေး က ပါးကလေးဖောင်းကာ နှုတ်ခမ်းကလေး တော်ကာနှင့် ပတ်ချွဲ နပ်ချွဲ ပြောနေရင်းမှ အောင်နိုင့်ပခုံးကို သူ့ပခုံးကလေးနှင့် တိုးဝှေ့ပြီး ပူးပူးကပ်ကပ် ထိုင်ချလိုက်သည်။
အောင်နိုင်မှာ သူ့စိတ်ကို အတော်ချုပ်တည်းထားရလေ၏။ " ကိုယ့်ကိုမြက်စားနေတဲ့ နွားတကောင်မှတ်နေ သလား အေး" ဟူ၍ ပြောပစ်ချင်လိုက်သည်မှာလည်း လျှာယား၍ နေသည်။
ထိုအခိုက် ...
" ဘယ့်နှယ်လဲ အေးရယ် ... ဧည့်သည်ကို ဒီတိုင်းပစ်ထားလို့ ကောင်းနိုင်ပါ့မလား" ဟူသော အသံနှင့်အတူ လှေကားထိပ် မှ ကိုယ်တပိုင်းပြူကာ ထွက်ပေါ်လာသော ဦးဖေတင်၏ နှမ၀မ်းကွဲတော်စပ်သူ ဒေါ်စောကို တွေ့လိုက်ရသည်။
" သြော် ... ဧည့်သည်ကြီးက ဆူလိုက်လို့ ကိုကိုလွင်ကိုများ "
အေးသည် ပါးစပ်ကသာ ညည်းသံကလေးနှင့် ပြောထုတ်လိုက်ပေမင့် ဖွင့်ထားသော ကတ္တီပါ သေတ္တာ ကလေး ကို ပြန်ပိတ်ကာ ခပ်ဖြည်းဖြည်းဆင်းလိုက်သွားတော့သည်။
သည်တော့ မှသာ အောင်နိုင်မှာလည်း စိတ်သက်သာသွားသလို ဟင်းချမိရလေ၏။
*
" အဟင့် ... ဟင့် ... ဟင့် ... အီး ... အီး ... အဟင့် ဟင့် ... "
အားရပါးရ ငိုရှိုက်နေသော အေးအသံကို ကြားရလျှင် အောင်နိုင်ခြေလှမ်းများ တန့်သွားမိသည်။ ဤနေ့မှာ အနာပျောက် လုသွားပြီဖြစ်၍ အစမ်းသဘောနှင့် အောင်နိုင် လမ်းလျှောက်ကြည့်နေခြင်းဖြစ်လေ၏။
ခြံထဲမှာ ခပ်ဖြည်းဖြည်း လျှောက်လာ၍ အေးတို့ မီးဖိုဆောင်အနီးသို့ ရောက်လာလျှင်ပင် အေး၏ ရှိုက်ငိုသံ ကြားလိုက် ရခြင်းဖြစ်လေသည်။
" ခလေးမဟုတ် သူငယ်မဟုတ်နဲ့ တိတ်စမ်းပါအေးရယ် ... မောင်မောင်လွင်ကို ငါအားနာလှပြီ၊ သူ့ခမျာမှာ နိုင်လွန် ၀ယ်ပေးရ ဘရိုကိတ်ဝယ်ပေးရနဲ့ ချော့ရတာလဲ မောနေပြီ"
" အို ... အေးကကော အလကား ယူတာမှတ်လို့ သူ့ကို မွှေးမွှေးတွေပေးလိုက်ရတာမှ အများကြီး၊ ဟွန်း... ဒီလို အတုကြီးသာ ဆိုရင် အေးမွှေးမွှေး နဲ့ တန်သလားလို့ ပြောစမ်းပါအုံး၊ ပုလဲအစစ်ပါဆိုပြီးမချစ်ဘဲနဲ့ အောင့်နမ်း ရတဲ့ အနမ်းကိုများ သူမို့ယူရက်တယ် အဟင့် အီး ...
အေးသည် စကားပြောစဉ်က အရှိုက်ရပ်ကာ ဒေါနှင့် မောနှင့်ပြောနေသော်လည်း စကားအဆုံးတွင် ဆက်လက် ငိုရှိုက်နေပြန်သည်။
ဒေါ်စော၏ အသံကလည်း ...
ခက်ပါဘိ အေးရယ် ... ဒါကိုဘဲ မကျေချမ်းနိုင်ဖြစ်နေရတာဟိုမှာ အကိုကြီးလာနေပြီ ... ဟု ဆက်လိုက်သည်။
" တိတ်ပါတော့ သမီးရယ် ... မောင်မောင်လွင် အပြန်မှာ ... လိုက်သွားပြီး ၀ယ်လာခဲ့ပါ့မယ်"
ဒါကတော့ ယခုမှ ၀င်လာဟန်ရှိသော ဦးဖေတင်၏ အသံဖြစ်သည်။
" ဟင့်အင်း ... မ၀ယ်ပေးနဲ့ ဘယ်သူဝယ်ပေးတာမှ မလိုချင်တော့ဘူး၊ ဘဏ်မှာ ဖွားဖွား လွှဲပေးခဲ့တဲ့ငွေကို အေး ဖာသာ ထုတ်ယူပြီး ၀ယ်ဝတ်မယ်"
" အေးလေ ... ဒီလိုလဲ ရသားဘဲဟာ သမီးသဘောပါကွယ် ... တိတ်ပါတော့ ... "
ဤအသံ အဆုံးတွင် အိမ်ပေါ်စီး ဖိနပ်တရံ၏ တဖျတ်ဖျတ်မြည်သော အသံကို ကြားလိုက်ရကာ ဦးဖေတင် ထွက်ခွာသွားပုံရလေ၏။
အောင်နိုင် ကလည်း ဤတွင်မှ သတိဝင်လာကာ လှည့်ထွက်သွားတော့မည် အပြုတွင် ရှူးဖိနပ်တရံကို ခပ်မှန်မှန် နင်းဝင်လာသော အသံနှင့်အတူ စကားအသစ်တမျိုးကို ကြားလိုက်ရပြန်သည်။
" ဒီမှာ ကြည့်ပါအုံး ဒေါ်လေး ... ကျွန်တော့် သူငယ်ချင်းဆီက လက်ဆောင်ရလာတာ ... ဟိုရောက်မှ ခေါင်းရင်း အိမ်က ... ဘေဘီလေးကို လက်ဆောင်ပေးရမယ် "
" အမယ် ... တယ်လှပါလား မောင်မောင်လွင်ရဲ့ ...၊ တကယ်ယုန် အရှင်ကလေးလား မှတ်ရတယ် "
" တကယ့် ယုန်အရေခွံနဲ့ ချုပ်ထားတာဘဲ ဒေါ်လေးရဲ့၊ ဘေဘီမြင်ရင်တော့ သဘောကျမှာပါဘဲ၊ သေတ္တာ ထဲမှာ ပြန်သိမ်းထားရမယ် ... "
" ဟင် ... အဲဒီအရုပ်ကလေး အေးကိုပေးခဲ့ပါ ကိုကိုလွင် ... အေးယူချင်တယ် ကိုကိုလွင် ... "
အေး သည် ငိုသံတချက်မျှ ပါမလာတော့ဘဲ ခပ်လောလော ပြောဆိုနေသည်။
" ခနတော့ ကိုကိုလွင်ကို မခေါ်တော့ဘူးဆို ... ကဲ ဒါပေးရင် အေးက ဘာပြန်ပေးအုံးမလဲ ... "
" ဟင့်အင်း ဘာမှပေးတော့ဘူး...၊ စောစောက မွှေးမွှေးတွေနဲ့ ကျေရော... "
" ကဲ ဒါဖြင့် ဘယ်သူက ဘယ်သူ့ကိုမှ ကြွေးမရှိတော့ဘူးနော် ရော့ယူတော့ ... "
မရွှေအေး ၏ တခစ်ခစ် ရယ်သံ ကလေးက ဆက်လက်ထွက်ပေါ်၍ လာပြန်ပေသည်။ လူ့လောက ခရီးအား လေလွင့် လာသည့် လဲဝါပွင့်ကလေးလို အပေါ်စီးမှနေ၍သာ ပေါ့ပေါ့ကလေး ရှပ်တိုက်ပြေးနေလိုသော ခလေး အကြီးစား တယောက်မျှ ပါပေတကား။
အောင်နိုင်က ဦးခေါင်းငိုက်ဆိုက်နှင့် ပြန်လျှောက်လာခဲ့သည်။ ဤမှ နောက်တရက် နှစ်ရက်မှာလည်း အေး ကို လုံးလုံးမတွေ့ရ။ ကိုစိုးကြီး ပြောပြ၍သာ အေးတယောက် ဧည့်သည် ကိုမောင်မောင်လွင်နှင့် တတွဲတွဲ ဖြစ်နေကြောင်းသိရသည်။
ကိုစိုးကြီး မှာ အေးအား တကယ့်အပျိုစင် တယောက်လို သဘောထားနေသည်သာမက အေး၏ ပြုမူ နေထိုင်ပုံ ကလေးများကိုလည်း အနည်းငယ် အပေါစား ဆံနေသည်ဟု အထင်ရှိနေပုံရသည်။
ဖွင့်ဟ၍ ပေါ်လွင်လာသည်မဟုတ်သော သူ့အတွေးအခေါ်များကို အောင်နိုင်ကလည်း ရိပ်မိရုံမျှသာ ရိပ်မိ နေရုံ အပြင် ဘာမှမတတ်နိုင်...။
တပါးသူကို ထားပြီး... မိမိသဲလွှာထက်မှာ ခြိမ်းချောက်စိုးမိုးလာသော မီးပွားကလေးတပွင့်ကိုပင်လည်း ပွတ်ချေငြိမ်းသတ် ပစ်ရပေမည်ဟု သတိရှိလျက်သားကပင် ပြန့်ကျယ်ပွားများလာပြီထင်မိသည်။
ဆန်းကျယ် လှစွာသော စိတ်အစဉ်မှာလည်း ဘယ်လိုနားလည်မည်ပင်မသိ၊ သူသည် အေးကို မတွေ့ချင် မမြင်ချင်ပါဘူးဟူ၍ အကြောက်အကန် ငြင်းဆန်ဆုံးဖြတ်ထားသည့် အထဲမှပင် အနေရခက်လောက်အောင် တွေ့မြင်ချင်ဇော ကလည်း သန်မိရသေးသည်။
ရုပ်နာမ် ခန္ဓာတို့၏ စုဝေးရာသင်္ခါရ လောကကြီးဆိုသည်မှာ ဘယ်သူတဦးတယောက်မျှ အမိန့်ပေး၍ ငြင်းဆန် ၍ မရအောင် ဖြစ်ချင်တိုင်းဖြစ်ပြီး ပျက်ချင်တိုင်း ပျက်နေလိမ့်မည်ပင် မဟုတ်ပါလား ...။
*
နေလုံးကြီးသည် အနောက်ဖက် မိုးကုတ်စက်ဝိုင်း၏အစွန်းကို ခိုဝင်သွားပြီမို့ နီလွင်လွင်ရောင်ခြည်နုမှာ ဖြော့တော့ အားနည်းသွားပေပြီ။
သို့ရာတွင် လေပလီ လေသရမ်းက ခပ်ကြမ်းကြမ်း ၀င်မွေ့လိုက်သည်တွင်မူကား အပူငွေ့ဖြင့် ဆုပ်ပက်ခြင်းခံရသည်ဟု ထင်မှတ်လောက်အောင်ပင် တမျက်နှာလုံး ပူထူရှိန်းဖိန်း၍ သွားရတတ်သည်။
ခပ်လှမ်းလှမ်း လှည်းလမ်းမမှာ တအီအီ အော်မည်ကာ မိမိနှင့် ဆန့်ကျင်ဘက်သို့ မောင်းသွား နေသည့် လှည်းသံ နှင့် လှည်း၏နောက်ပါးမှ အလိပ်လိုက် အလိပ်လိုက် မှောင်ဝေတက်လာသော ဖုံလုံးကြီးများကို မြင်နေရခြင်း မှာလည်း ခြောက်သွေ့ခြင်းကို ပိုမိုလွန်ကဲစေသည်ဟု ထင်မိသည်။
လမ်းနဘေး သစ်ပင်အုပ်ကလေးတွေ ကြည့်လိုက်ပြန်တော့လည်း စိုလွင်စိမ်းမြသော အရိပ်အာဝါသကိုမမြင်၊ အရိုးကျဲတဲ့နှင့် ပုရစ်ဖူးကလေးတွေ စီစီနှင့်၊ ခရီးမှာလည်း တ၀က်ပင်ကျိုးသေးဟန်မတူ။
သည်တော့မှသာ ဤလမ်းရှည်ကြီးကို လိုက်လာမိခြင်းအတွက် အောင်နိုင်နောင်တရမိသည်။ ဤယနေ့မှာ အနာ ပျောက်၍ အောင်နိုင် ဆိုက်ကား စ နင်းသောနေ့လည်းဖြစ်သည်။ ကိုကိုလွင်ခေါ် အေးတို့ဧည့်သည်မှာ ယနေ့ ညနေ ရထားတွင် ပြန်တော့မည်မို့ ကိုကိုလွင်အား ဘူတာသို့ ပို့ပေးရန် လိုက်ခဲ့ပါဟု အေးက သူ့အား ခေါ်လာမည် ကိုလည်း အောင်နိုင် ရှောင်ကွင်းလိုသည်။
ဟင်္သာအုပ်အလယ်မှာ ကျီးနက်တကောင် မတင့်တယ်သလို အေးက သူ့အပေါ်မှာ မည်မျှပင် အခွင့်အရေး ပေးနေ စေကာမူ အေးတို့လူသိုက်နှင့် ရောနှောဆက်ဆံရန်ကိုမူ အောင်နိုင်မ၀ံ့ရဲလှပါချေ။
ထိုထက် အေးအပေါ်မှာ ဘာကလိုလို ပြောင်းလဲ ဖြစ်ရှိလာသော မိမိ၏ စိတ်ဆန္ဒကြောင့်လည်း လိပ်ပြာ မလုံ လေသလားမဆိုနိုင်၊ ဒါတွေကြောင့်ပင် အောင်နိုင်သည် မြို့နှင့် ၆ မိုင်ကျော်မျှကွာဝေး၍ တောင်ခြေစပ် သို့ပင် ရောက်လုနီးနေသော " စမ်းရွာ" ကလေးသို့ အခငွေ လေးကျပ်မျှဖြင့် ဆိုက်ကားနင်း ပို့ရန် လက်ခံ လိုက်ခြင်း ဖြစ်ပေသည်။
လမ်းကတော့ ကြမ်းလှသည်လည်းမဟုတ်၊ ချောမွေ့လှသည်လည်းမဟုတ်၊ တပ်မတော်မှ သယ်ယူပို့ဆောင် ရေးလွယ်ကူစေရန် တရွာနှင့်တရွာ ဆက်သွယ်ပြီး ရွာသားများ ကိုယ်တိုင် တာဝန်အရ မြေဖို့ ဖောက်လုပ် ထား သောလမ်းကလေးသာဖြစ်သည်။
အောင်နိုင်သည် ထိုလမ်းကလေးအတိုင်း " စမ်းရွာ "ဆီသို့ ခရီးသည်ကို ပို့ပေးကာ ထိုရွာမှာပင် နေခို၍ နေခဲ့ပြီး မှ နေချိုသွားသော ညနေပိုင်းမှာ ပြန်ထွက်လာခဲ့ခြင်းဖြစ်သည်။
တ၀က် မကျိုးတတ်သေးသော သည်လမ်းကို မိုးချုပ် မှောင်မဲထဲမှာ တယောက်တည်း မနင်းလို၍ အားစိုက် ပြီးတော့လည်း အသော့နှင်နေရသည်။ ဤအလိုက်တွင် သူ့ရှေ့တူရူမှ အပြင်းမောင်းလာနေသော လင့်ရိုဗာ ကားကလေး တစင်းကို တွေ့ရသည်တွင်မူ လမ်းကျဉ်းကလေးတွင် မည်သို့မျှ ရှောင်ဖယ်၍ နင်းသွားရန် မတတ်သာ တော့သည့် အလျောက် အောင်နိုင်သည် စိတ်တိုစွာနှင့် ဆိုက်ကားပေါ်မှဆင်းကာ လမ်းဘေးစောင်း တွင် ကပ်သီးကပ်သတ် ရှောင်ပေးနေရပြန်သည်။
" ကိုအောင်နိုင်... အား ... ကိုအောင်နိုင် ... အေး ... အေး"
ကားကလေးသည် သူ့နဘေးမှ သီသီကလေး ပွတ်ရှောင်ကာ မောင်းနှင်သွားတော့မှ ကိုစိုးကြီး မောင်းလာသော အေးတို့ ကားကလေးမှန်း သိလိုက်ရသည်နှင့်အတူ ကားနောက်ခန်းမှ ခုန်ဆွ ခုန်ဆွနှင့် အော်ဟစ် သွားသော အေး၏ အသံ စူးစူးကလေးကိုလည်း ဗလုံးဗထွေးနှင့် ကြားလိုက်ရသည်။
ကားကို အရမ်းမောင်းနှင်သွားသော ကိုစိုးကြီး၏ မျက်နှာထားမှာလည်း ကြောက်ဖွယ်လိလိ ထင်ရသည်။ မှောင်ရည်လု ဆီ ဤအချိန်တွင် ဤအဖြစ်ကို မြင်ရသည်မှာလည်း စိတ်မသိုးမသန့် ဖြစ်ဘွယ်ရာနှင့် မသင်္ကာ ဘွယ်ရာ ကောင်းလှစွာသည်။
အောင်နိုင်သည် သူ့ဆိုက်ကားကို ချက်ခြင်းပင် နောက်တုံ့ပြန်ကာ ကားနောက်သို့ အပြင်းနင်း၍ လိုက်ပါ သွားသည်။ ကားကိုမှီရန်ကား ဝေးလှစွာသေး၏။ ကားသည် မျက်စိတဆုံး လောက်ဆိတွင် ဖြောင့်ဖြူး သောဖို့မြေလမ်းကလေးမှ ကွေ့ဆင်းကာ ခလုတ်ကန်သင်း ထူပြောလှသော ကွင်းပြင်ထဲကိ ဖြတ်ကျော်ပြီး တောချုံကလေးများဆီသို့ မောင်းနှင်သွားသည်ကို တွေကရပြန်လေသည်။
အောင်နိုင် ခေါင်းထဲမှာ ၀င်းကနဲ လက်ကနဲ အကြံဥာဏ်ရလာလေ၏။ သူ့အဖို့မှာ ဤနယ်မြေကို တော်တော် ကျွမ်းသည်ဖြစ်ရာ ကားချိုးကွေ့သွားသော တောစပ်ကလေးသို့ အမြန်ဆုံး ရောက်နိုင်သည့် ဖြတ်လမ်း ကလေး ကို သတိရမိသွားခြင်းပင်ဖြစ်သည်။
အောင်နိုင်သည် သူ့ဆိုက်ကားကို ချုံတချုံအစပ်တွင် ထားရစ်ခဲ့ကာ ဖြတ်လမ်းကလေးအတိုင်း အားကုန် သုတ်၍ ပြေးခဲ့လေ၏။
မောရပန်းရမည်ကို မသိနိုင်လောက်အောင် ပြေးလွှားလိုက်သော အောင်နိုင်မှာ တောတန်း ကလေး တဖက်စွန်းမှ ကွေ့လာပြီး အရှိန်သတ်ကာ ရပ်တန့်စပြုသော ကားနှင့်လည်း ချိန်ထားသလို ပက်ပင်းတိုး၍ နေရေ လသည်။
ဆက်ရန်
.

No comments:
Post a Comment