Wednesday, June 26, 2013

ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၆)

မြေလတ်တစ်နေရာ
ခွေးပုဟာ ရွှေဘိုဒီပဲယင်းသားဖြစ်တယ်။
သတ္တိရှိတယ်ပဲပြောပြော မိုက်တယ်ပဲပြောပြော
ရွှေဘိုဒီပဲယင်းသားတွေနဲ့ သာယာဝတီပေါင်းတည်သားတွေဟာ
မြန်မာပြည်မှာ နာမည်ကြီးတယ်။

    မိမိစိန်က တတိယအကြိမ် အရက်ငှဲ့ပေးဖို့ ကြိုးစားတော့ ကိုဘရင်က သူ့ဖန်ခွက်ကို လက်နဲ့ ပိတ်ထား လိုက်ပြီး "တော်ပြီ" လို့ ပြောလိုက်တယ်။
    ကိုဘရင် အရက်သောက်ရင် နှစ်ပက်ပဲလေ။ လစ်မစ်နဲ့ သောက်တာပဲ။
    အဲဒါပြီးတော့ ကိုဘရင် ထမင်းစားတယ်။ မိမိစိန်က ထမင်းတွေထည့်ပေး၊ ဟင်းတွေထည့်ပေးနဲ့ လုပ်နေ တယ်။
    ကိုဘရင်ဆိုတဲ့လူက အဲလိုလုပ်ပေးတာကို ကြိုက်တဲ့လူမှ မဟုတ်ဘဲ။ သူ့စိတ်ကူးနဲ့သူ၊ ထမင်းဟင်း ကို သူ့ဟာသူ စိတ်ကြိုက်ထည့်စားတတ်တယ်။
    ဒါပေမယ့် မိမိစိန်ကို ဘာမှမပြောပါဘူး။ ဟင်းတွေ ကောင်းတဲ့အကြောင်းတောင် ခပ်ထွေထွေ နဲ့ ပြောနေသေးတယ်။ မိမိစိန်ကတော့ ဆေးဖို့ကြောဖို့ ဟင်းအိုးနှစ်လုံး ကို ယူပြီး နောက်ဖေးရေစင် ရှိရာကို ထွက်သွား လိုက်တယ်။ ကြက်ဟင်းခါး သီးဟင်းထည့်မယ်ဆိုတော့ ကိုဘရင် က မိမိစိန်ကို မနည်းအော်ခေါ် ယူရတယ်။ မိမိစိန်ကို ကိုဘရင်က နားများလေးသွားသလား၊ ကန်းသွား သလား လို့ မေးသေးတယ်။ မိမိစိန် က ကြက်ဟင်းခါးသီးကုန်ပြီလို့ ပြောလိုက်တယ်။
    ကိုဘရင်က ဇိုးဇိုးဇက်ဇက်နဲ့ ထပြီး ကြောင်အိမ်ပေါ်က ဟင်းပန်းကန်ကို ကြည့်လိုက်တယ်။

    " ဒါတွေက ဘာတွေလဲ "
    " အဲဒါက ကျွန်မ စားဖို့ "
    " မင်း ဘာပြုလို့ ကုန်ပြီလို့ ပြောရတာလဲ။ မင်း ပြောချင်ရင် ကျွန်မမစားဖို့ပဲ ကျန်တော့တယ် လို့ ပြော ရမှာပေါ့"
    " ကျွန်မ အဲလို မပြောတတ်လို့ပေါ့ "
    " ပြီးတော့ ဒီဟင်းတွေက အများကြီးပဲကွ။ မင်းတစ်ယောက်အတွက်မကပါဘူး။ မိမိစိန် ... မင်း ဘာဖြစ်နေ တာလဲ။ နားလေးရုံတင်မကဘူး၊ မျက်စိလည်း မှုန်သွားပြီထင်တယ်။ ဒီမှာကြည့်စမ်း"
    မိမိစိန်က အိမ်နောက်ဖေးဘက်ထွက်သွားတယ်။ ကိုဘရင်က သူ့လက်ထဲမှာ ကိုင်ထားတဲ့ ကြက် ဟင်းခါးသီး ဟင်းပန်းကန်နဲ့ လှမ်းထုလိုက်တယ်။
    ပန်းကန်ဟာ တံခါးစောင်းကို တည့်တည့်မှန်ပြီး အစိတ်စိတ်အမြွာမြွာ ကွဲသွားတယ်။ ထမင်းစားခန်း ထဲမှာ ကိုဘရင်ကြမ်းတော့ ရမ်းတော့မလို ဖြစ်သွားသေးတယ်။ ဒါပေမယ့် ဘာမှ မလုပ်ဖြစ်ဘဲ ကုလား ထိုင် နောက်မှီ တစ်ခုကိုထိုင်ရင်း အချိန်ခပ်ကြာကြာ ရပ်နေတယ်။
    မိမိစိန် အိုးတွေခွက်တွေ ဆေးကြောနေတဲ့ အသံတွေကို ခပ်ပြင်းပြင်း၊ ခပ်ကြမ်းကြမ်းကြားနေရ တယ်။

    ကိုဘရင် အိပ်ခန်းထဲကို ၀င်သွားပြီး ဂျပန်ငွေစက္ကူရှစ်သောင်းကျော်ယူပြီး အိမ်ပေါ်ကဆင်းသွား တယ်။
    သူ ခြံဝလောက်အရောက်မှာ မိမိစိန် အိပ်ခန်းထဲ ရောက်သွားတယ်။ ဗီရိုအံဆွဲကို ဖွင့်လိုက်ကတည်းက သိတယ်။ ဂျပန်ငွေစက္ကူ ရှစ်သောင်းကျော် မရှိတော့ဘူးဆိုတာ။ ကိုဘရင် ယူသွားပြီ။ ဒါဆို သေချာသွားပြီ။ ဒီနေ့ည ကိုဘရင် အိမ်ပြန်လာမှာ မဟုတ်တော့ဘူး။ ဖဲဝိုင်းမှာ မိုးလင်းတော့မှာပဲ။

    ညရှစ်နာရီခွဲလောက်မှာ မိမိစိန် စောစောစီးစီး အိပ်ရာဝင်ဖို့ ပြင်ဆင်တယ်။ ရေမိုးချိုးပြီး သနပ်ခါး ကို ခြေဆုံးခေါင်းဆုံး လိမ်းလိုက်တယ်။ ပြီးတော့မှ အိပ်ရာခင်းကို အတတ်နိုင်ဆုံး သပ်ရပ်သန့်ရှင်းအောင် ပြင် လိုက်ဆင် လိုက်တယ်။ အိမ်ရှေ့တံခါးတွေ၊ ပြတင်းတွေအားလုံး သေသေချာချာ စေ့စေ့စပ်စပ် ပိတ် လိုက်တယ်။ နောက်ဖေးဘက်က မီးဖိုချောင်တံခါးချက်ကို အပြင်က ဆွဲလိုက်ရင် ဒေါက်ခနဲပြုတ်ကျ အောင် ချက်ထိပ်က အကောက်ကလေးကို မတွန်းဘဲ တည့်တည့် အတိုင်းထားခဲ့တယ်။ ပြီးတော့ အိပ်ရာ ထဲ ၀င်ခဲ့တယ်။ မီးအိမ်မီးကတော့ မှိန်မှိန်ကလေးချန်ထားလိုက်တယ်။
    အဲဒီညက ကိုသာဌေး မိမိစိန်နဲ့လာအိပ်တယ်။ မနက်လေးနာရီလောက်မှာ ကိုသာဌေး ထပြန် ဖို့ ပြင်ဆင်တယ်။

    "ကိုဌေးအတွက် မိစိန် စိတ်မကောင်းပါဘူး ကိုဌေးရယ်"
    "ဘာအတွက်လဲ "
    " သြော် .. မိစိန်က မလွတ်မလပ်ကြီးမဟုတ်လားလို့"
    "ဒီမယ် .. သာဌေးဆိုတဲ့ကောင်က အဲဒါမျိုးတွေ လက်ခံတဲ့ကောင်မဟုတ်ဘူး"
    " ဘာပဲဖြစ်ဖြစ် နောက် .. မိစိန်ဆီမလာပါနဲ့တော့ ကိုဌေးရယ်နော်။ ကိုဌေး ဒုက္ခရောက်မှာ စိုးရိမ် လို့ ပြောတာပါ"
    " ဘာလဲ၊ မင်းက ဘရင်ရန်ကြောက်လို့ ပြောနေတာလား "
    " ကြောက်ရတာပေါ့၊ သူသာသိသွားလို့တော့ မလွယ်ဘူး။ နှစ်ယောက်စလုံးကို သတ်မှာသိလား"
    " လွယ်ပါတယ်ကွာ၊ သူက ကိုယ့်ကိုမသတ်ခင် ကိုယ်က သူ့ကို ဦးအောင်ဖျောင်လိုက်ရင်ပြီး နေတာပဲ "

    ခွေးပုဟာ ရွှေဘို၊ ဒီပဲယင်းသားဖြစ်တယ်။ သတ္တိရှိတယ်ပဲပြောပြော၊ မိုက်တယ်ပဲပြောပြော၊ ရွှေဘို ဒီပဲယင်းသားတွေ နဲ့ သာယာဝတီပေါင်းတည်သားတွေဟာ မြန်မာပြည်မှာ နာမည်ကြီးတယ်။ ဒီမြေလတ်ပိုင်း ကို ခွေးပု စစ်ကြောင်းနဲ့ ရောက်လာတာပဲ။ စစ်ကြောင်းဆိုပေမယ့် လျှို့ဝှက်ဂျပန်တော်လှန်ရေး စစ်ကြောင်း ဆိုတော့ သိပ်သိပ် သည်းသည်းနဲ့ လှုပ်ရှားကြရတယ်။
ကိုသာဌေးတို့၊ သခင်သန်းကြွယ်တို့ဆိုတာတွေက ဒီမြေလတ်ပိုင်းက နယ်ခံ၊ လူခံတွေလေ။ လောလောဆယ် စစ်ရေး တစ်ခုရှိတယ်။ အရေးပေါ်အစည်းအဝေးမှာ လူကိုးယောက်ပဲ တက် တယ်။ သခင်သန်းကြွယ် က ဦးဆောင်ဆွေးနွေးတယ်။ ခေါင်းဆောင်မှုအပြည့်ပေးတယ်။ ပြတ်သားတဲ့ ညွှန်ကြား ချက်တွေ လည်းပေး တယ်။ အရေးတကြီး စွန့်စားရမယ့် တာဝန်တွေကိုလည်း သူကိုယ်တိုင် စွန့်စား မှဖြစ်မယ် လို့ဆုံးဖြတ် လိုက်တယ်။
    
ကိုသာဌေးက ဒီကိစ္စမှာ ဒုတိယခေါင်းဆောင်ပါ။ သခင်သန်းကြွယ်က တကယ့်အန္တရာယ်များတဲ့ တာဝန်တွေ ကို သူကိုယ်တိုင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်တော့ ကိုသာဌေးနဲ့အားလုံးက ၀ိုင်းပြီးကန့်ကွက်ကြ ပါသေးတယ်။ ဒါပေမယ့် သခင်သန်းကြွယ်က ဒီကိစ္စမှာ သူဟာ သူရဲကောင်းဝင်လုပ်တာမဟုတ်ကြောင်း၊ ဒီကိစ္စမှာ အခြေခံအသိဥာဏ်ဗဟုသုတလိုကြောင်း၊ မိမိမှာသာ အဲဒီလိုအပ်ချက်တွေရှိနေတာမို့ မိမိကိုယ်တိုင် ပဲ စွန့်စားရတော့မှာဖြစ်ကြောင်း အကြေအလည် တုံ့ပြန်ဆွေးနွေးပါတယ်။
    ခွေးပုဟာ ငယ်သားနောက်လိုက် တစ်ယောက်သက်သက်သာ ဖြစ်ပါတယ်။

သူ့အနေနဲ့ကတော့ သတ္တိရှိတယ်။ သွေးအေးတယ်၊ လုပ်ရဲကိုင်ရဲ စွန့်စားရဲတယ်။ ခြေလုံတယ်၊ နှုတ်လုံတယ်၊ ဒါပဲ။ ကျရာတာဝန် ကို သူကျေအောင် လုပ်ဆောင်သွားမှာပဲ။ သူ့ကို အမိန့်ပေးပါ။ သူ အမြန်ဆုံး အထိရောက် ဆုံး အသေသပ်ဆုံးဖြစ်အောင် လုပ်မယ်။ ဒါပဲ။
    ခွေးပုဟာ သခင်သန်းကြွယ်နဲ့ ကိုသာဌေးတို့ အချေအတင် ဆွေးနွေးနေကြတာကို ငြိမ်ပြီး နားထောင် နေတယ်။ မျက်တောင်တောင်မခတ်ဘူး။ ဒီလူတွေဟာ အလွန်ကြီးကျယ် တက်ကြွ တဲ့ တော်လှန်ရေး သူရဲ ကောင်းတွေပဲ။
    အစည်းအဝေးပြီးသွားတော့ ကိုသန်းကြွယ်နဲ့ လူ(၆)ယောက် ခရီးထွက်သွားကြတယ်။ ကိုသာဌေး နဲ့ ခေါးပုက နေရစ်ကြရတယ်။ ခွေးပုဟာ ကိုသာဌေးရဲ့ညွှန်ကြားချက်ကို ဆောင်ရွက်ရမှာဖြစ်တယ်။

    ညနေဘက်ကျတော့ ခွေးပု၊ မကြီးရွှေ့ရဲ့ အကြော်ဆိုင်မှာ ထိုင်နေတုန်း လက်ဖျစ်သံနှစ်ချက် ကြားရ တယ်။ ခွေးပု အကြော်စားနေရင်းက မသိမသာ တုံ့သွားတယ်။ ဘယ်သူမှ မရိမိနိုင်လောက်တဲ့ အတိုင်း အတာပါ။ ဒါပေမယ့် ခွေးပုကတော့ သူ့ကိုယ်သူ အဲဒီလောက်တောင် ချို့ယွင်းစေချင်တာမဟုတ်ဘူး။ သူ ဆက်ပြီး နားစွင့်နေတုန်း လက်ဖျစ်သုံးချက် ကြားရပြန်တယ်။ ဒီတစ်ခါတော့ ခွေးပု လုံးဝ ဣနြေ္ဒမပျက် အကြော်စားနေ လိုက်နိုင်တယ်။ ခဏလည်းနေရော လက်ဖျစ်သံတစ်ချက် ကြားရပြန် တယ်။ သေချာ သွားပြီ။ နှစ်သုံးတစ်၊ နှစ်သုံးတစ်။ ခွေးပုက သူ့ညာဘက်လက်ဖျစ်သံ ထွက်လာတဲ့ဘက်ကို လှမ်းကြည့် လိုက်တယ်။ သူ့ကို ကျောပေးရင်း ခွေးတစ်ကောင်ကို လက်ဖျစ်တီးခေါ်နေတဲ့ ကိုသာထွေးကို တွေ့ရတယ်။

 ခွေးပု အကြော်ဖိုးပေးပြီးချိန်မှာ ကိုသာဌေး ရွာအရှေ့ဘက် စထွက်နေပြီ။ ခွေးပု က ခြေလှမ်းနှစ်ဆယ် လောက် ခွာပြီး လိုက်သွားတယ်။ အရှေ့ရွာစွန်မှာ လက်ပံပင်ကြီးသုံးပင်ရှိတယ်။

    အဲဒီ လက်ပံပင်ကြီးတွေ ဖိုခုံလောက်ဆိုင်ရှိနေတဲ့အကြားမှာ စေတီပျက်ကြီးတစ်ခုနဲ့ အုတ်ဇရပ်ပျက် ကြီး တစ်ခု လည်း ရှိတယ်။ တစ်ချိန်က စိတ်မနှံ့တဲ့ကုလားမကြီးတစ်ယောက် နေခဲ့ဖူးလို့ ကုလားမစေတီလို့ လည်း ခေါ်ကြတယ်။

ကိုသာဌေးနဲ့ ခွေးပုတို့က အဲဒီစေတီထဲမှာ ဆုံကြတာလေ။ ခွေးပုစိတ်ထဲမှာ ကြိတ်ပြီးပျော်နေတယ်။ တက်ကြွနေ တယ်။ ဒီလိုအချက်ပေးနည်းမျိုးနဲ့ အချိန်းအချက်လုပ်ပြီဆိုရင် အလွန်အရေးကြီးတဲ့ တာဝန် ကို ပေးတော့မှာသေချာတယ်။ နေရာကလည်း ကြည့်ဦး။ ကုလားမစေတီပျက်က အုတ်ဇရပ်ထဲမှာ ချိန်းတာ။ သိပ်သေချာတာပေါ့။ ဂျပန်အလိုတော်ရိ၊ သစ္စာဖောက်လောက်ကောင် တစ်ကောင် ကို ဖျောင်ပစ်ရမယ်တဲ့။ ကိုသာဌေးက သူ့ကို ညွှန်ကြားချက်တွေပေးတယ်။

သူ သတ်ရမယ့်လူက ကိုဘရင်။ သစ္စာဖောက်လောက်ကောင်လို့ဆိုတယ်။ ဟုတ်သလားမဟုတ်လား ခွေးပု မသိ။ တစ်နေ့မနေ့ ကမှ ရွှေဘို ကရောက်လာတဲ့ ခွေးပု။ ဒါက သူ့အတွက် အရေးမကြိး၊ ကိုသာထွေးကို သူ ယုံတယ်။ တိုင်းပြည်အတွက် လုပ်နေတဲ့လူတွေ။
ကိုဘရင် လို ဖဲသမားတစ်ယောက်ကို ကိုသာဌေးလို နိုင်ငံရေးသမားတစ်ယောက်က အရေးတကြီး တွေ့ချင် ပါတယ် ဆိုတော့ ကိုဘရင် တော်တော်ဖြုံသွားတယ်။ ကိုရွှေညွှန့်တို့ လင်မယားဖွင့်ထားတဲ့ ထနောင်းရွက် သုတ် ဆိုင်ကလေးကနေပြီး ထလိုက်သွားလိုက်တာ အရီးမြတို့အိမ်နောက်ဖေး စပါးကျီဘေး က ဇောင်းချမ်း ပင်တွေအောက် မှာ စကားပြောကြရတယ်။

ကိုသာဌေး ကို ကိုဘရင်က ဘာမှန်းမသိဘဲ အထင်ကြီးနေခဲ့တဲ့ အပိုင်း ရှိတယ်။ နိုင်ငံရေး လုပ်လို့၊ နိုင်ငံရေးတွေ သိတယ် ဆိုလို့။ နောက်ပြီး ဘာမသိညာမသိနဲ့လည်း အမြင်ကတ်နေခဲ့ဖူးတယ်။ အဲဒါ ကလည်း နိုင်ငံရေးလုပ်လို့ပဲ။ သူကတော့ ဖဲသမား။ သာဌေးတို့က နိုင်ငံရေးသမားတဲ့။ ဘာကောင်တွေ လဲ။ အမြင် သာကတ်နေတာ။ အထင်ကတော့ ကြီးနေမိတာအမှန်ပဲ။

လောလောဆယ် ပိုအရေးကြီးတယ်။ ဖက်ဆစ်ဂျပန်တွေကို ပြန်ချနေတဲ့ အချိန်မဟုတ်လား။ ဘယ်လို ဘယ်လိုချနေကြတယ်တော့ ကိုဘရင် ဘယ်သိမလဲ။ ရိုးတိုးရိုးတိတ်တော့ သိတာပေါ့။ အဲဒီမှာ ကြိတ်ပြီး အထင်ကြီးတဲ့အပိုင်းရှိတယ်။ နောက်ပြီး သာဌေးတို့ အသိုင်းအ၀ိုင်းက ကိုယ့်ကို အထင်သေး အမြင် သေးနေတဲ့ကိစ္စကလည်း အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ မကောင်းဘူးလေ။

တကယ်တမ်းကျတော့ ကိုဘရင်လည်း သိပ်တော့ မခေပါဘူး။ ထန်းလျက်ကုန်သည် တစ်ယောက် ပါပဲ။ ဒါပေမယ့် သူ့တစ်သက်မှာ အင်္ဂလိပ်ရော ဂျပန်ကိုရော ဆပ်ပလိုင်းမလုပ်ခဲ့ဘူး။ ဆပ်ပလိုင်းဝင်လုပ်ရင် အကြီးကျယ်ပွမယ်ဆိုတာ သူများတကာ သိသလို ဘရင်လည်း သိတာပေါ့။ ဒါပေမယ့် ဘရင် မလုပ်ခဲ့ဘူး။ ဘရင်မှာ ပြောစရာဆိုလို့ ချို့ယွင်းချက်နှစ်ချက်ပဲ ရှိတယ်။ ဖဲသမားဖြစ်နေတာရယ်၊ အကျင့်မကောင်းတဲ့ မိန်းမတစ်ယောက်ရထားတာရယ်၊ အဲဒါပဲ။
    နောက်တစခု သူညံ့တာက သူ့မိန်းမဖောက်ပြန်နေတာကို မသိတာ၊ မရိပ်မိတာပဲ။

    ကိုသာဌေး က ကိုဘရင်ကို လျှို့ဝှက်တဲ့တာဝန်တစ်ခုလုပ်ဆောင်ပေးပါလို့ အကူအညီတောင်းတယ်။ ကိုဘရင် တကယ်ပဲ လိုလိုလားလား လက်ခံလိုက်တယ်။ တာဝန်က တော်လှန်ရေးသမားတွေကို အကူငွေ ထည့်ဝင်မယ့် ပုဂ္ဂိုလ်တစ်ယောက်က ငွေလာပေးမယ့်ကိစ္စပဲ။ လက်လွှဲပေးအပ်တာကို လက်ခံယူလာခဲ့ဖို့ ကိစ္စပဲ။ သတ်မှတ်ထားတဲ့နေရာမှာ ည (၁၂)နာရီနဲ့ (၁)ချက်အကြား သွားစောင့်ယူဖို့ပဲ။ ဘာကြောင့် အဲဒီလို လုပ်ရတယ် ဆိုတာ မမေးနဲ့။ သူ့ဟာနဲ့သူ အဓိပ္ပာယ်ရှိတယ်တဲ့။
    ဘာပဲဖြစ်ဖြစ် ကိုဘရင် သူ့ကိုယ်သူ အတော်ကျေနပ်သွားတယ်။ တိုင်းပြည်တာဝန်ကို တစ်ဖက် တစ်လမ်းက ထမ်းခွင့်ရတာ နည်းမှတ်လို့။

ည၁၁ နာရီထိုးပြီ။ ကိုဘရင်အိမ်ရှေ့ပေါက်က ဣနြေ္ဒရရပဲ ဆင်းပြီးတော့ ဘူတာကလေးရှိတဲ့ မြို့ တောင်ဘက် ကို ထွက်ခဲ့တယ်။ ဖျင်ကြမ်းတိုက်ပုံအင်္ကျီကို ဘယ်ဘက်လက်တစ်ဖက် သိသိသာသာ ခေါက် တင်ပြီး ၀တ်ခဲ့ရတယ်။ ဒါက အချိန်းချက် အမှတ်အသားတစ်ခု။ ပြီးတော့ ချိန်းထား တဲ့နေရာ ရောက်ရင် ကွမ်းသီးဖက်လိပ်ကို မီးညှိသောက်ရမယ်။ ညာလက်နဲ့မြှောက်ပြီး ကိုင်သောက်ရမယ်။ ဒါလည်း မေ့လို့ မဖြစ်ဘူး။

နည်းနည်းစောနေပေမယ့် ကိစ္စမရှိဘူး။ ကိုယ်ကစောနေလည်း စောင့်လိုက်မယ်။ (၁၂)နာရီနဲ့ (၁)နာရီ အကြားမှာ ဟိုလူလာမယ်။ ငွေတွေနဲ့ ရွှေငွေလက်ဝတ်လက်စားအားလုံး ကာလတန်ကြေး သိန်း (၈၀)ဖိုးလောက် ရှိမယ်တဲ့။ အဲဒါတွေကို လက်ခံယူရမယ်။ လက်ခံယူရာမှာ လျှို့ဝှက်အချက်ပေးစနစ်နဲ့ သင်္ကေတတွေ ရှိတယ်။

အဲဒါတွေလည်း သေသေချာချာ မှတ်မိတယ်။ ပြီးရင် အဲဒီပစ္စည်းတွေကို လက်ပံကုန်းကိုသွားပို့ရမှာ ဖြစ်တယ်။ အင်း ... လက်ခံပြီးမပို့ဘဲ လစ်ပြေးရင် ဘာဖြစ်မလဲ။ မိရင်မသက်သာဘူး။ မမိရင် အကြီးအကျယ် ပွမယ်။ ငွေတွေကထားတော့။ လက်ဝတ်ရတနာတွေပါတယ်လို့ ပြောတယ်။ အဲဒါတွေကတော့ ဘယ်တော့ မဆို တန်ဖိုး ရှိနေမှာပဲ။ ဒီအခွင့်အရေးမျိုးက တစ်သက်မှာ တစ်ခါပေါ်ချင်မှ ပေါ်တတ်တာမျိုး။ ကိုဘရင်ရဲ့ စိတ်တွေ ဖောက်ပြန်လာတယ်။ ကိုဘရင် ဘာလုပ်မလဲ။ ဟာ ... ရှုပ်ပါတယ်။ လုပ်မယ်မလုပ်ဘူး ဘာမှ တွေး မနေနဲ့။ ပထမဆုံး ပစ္စည်းလက်ခံလိုက်။ နောက် ပစ္စည်းအခြေအနေကို ကြည့်ပြီး လစ်တန်လစ်ပေါ့။
    ဘူတာလေး ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတယ်။ တစ်ခါတစ်ခါမှာသာ ပိုးကောင်ကလေး တွရဲ့ အသံဗလံလေးတွေ နည်းနည်းပါးပါး၊ နောက်ပြီး ဟိုးအဝေးကြီး ရွာထိပ်ဆီက ခွေးဟောင်သံ။

    ဘူတာလေးရဲ့ မြောက်ဘက်ခြမ်းတစ်ခုလုံးဟာ ကုက္ကိုပင်ကြီးတွေ အုပ်နေလို့ ပိုပြီး မှောင်ရိပ်ကျနေ တယ်။ ခွေးပု က အဲဒီဘူတာရဲ့ မြောက်ဘက် မှောင်ရိပ်ကို ချီလိုက်ပြီး တဖြည်းဖြည်း ချဉ်းကပ်သွားတယ်။
    ဘူတာနဲ့ အနီးဆုံး ကုက္ကိုပင်ကြီးကိုလည်း ကျော်လိုက်ရော ဘူတာတောင်ဘက်စွန်း ပလက် ဖောင်း ထိပ်မှာ ၀ပ်နေတဲ့ လူတစ်ယောက်ကို တွေ့ရတယ်။ ဟုတ်ပြီ .. ဖျင်ကြမ်းအင်္ကျီဝတ်ထားတယ်။ ဒါလည်း ဟုတ်နေပြီ။ ဘယ်ဘက်လက်တစ်ဖက်ကို သိသိသာသာ ခေါက်တင်ထားတယ်။ ဒါလည်း ဟုတ်ပြီ။ ညာဘက်လက်မှာ ကွမ်းသီးဖက်ဆေးလိပ် ရှိရမယ်။ သိသိသာသာ မြှောက်မြှောက်ကိုင်တတ်တယ်တဲ့။ ဟုတ်တယ်။ သေချာပြီ။
    ခွေးပု ပတ်ဝန်းကျင်တစ်ခုလုံးကို နောက်ဆုံးတစ်ကြိမ် ထပ်ပြီး သေသေချာချာ လေ့လာလိုက်တယ်။ တခြား လူသူအရိပ်အရောင် လုံးဝမရှိ။ အဲဒီညက ကိုဘရင် ကို ခွေးပုက လွယ်လွယ်ကလေးနဲ့ အသေသတ် လိုက်နိုင်ပါတယ်။

ဘူတာကနေ ခွေးပုထွက်လာပြီး မိနစ်နှစ်ဆယ်လောက် အကြာမှာ အုံးအုံးအုံးအုံးနဲ့ ဗုံးကျဲ တဲ့ လေယာဉ်ပျံတွေ လာသံကို ကြားလာရတယ်။ ခဏနေတော့ မြို့အထက်ကောင်းကင်တစ်ပြင်လုံး မီးကျည် တွေထိန်နေအောင် ကျလာတယ်။ အဲဒီမီးကျည်တွေနောက်ကမှ ဗုံးတွေ တဝေါဝေါ ကျလာတယ်။ မြို့ ဘူတာလေး တစ်ခုလုံး ကျေမွသွားတယ်။ မြို့ထဲမှာလည်း ဗုံးတွေအများကြီးကျတယ်။ ကိုဘရင်ရဲ့ အိမ် လည်း ဗုံး တိုက်ရိုက်ထိမှန်ခံရလို့ စေ့စေ့ညက်ညက်ကြေပြီး တစ်စစီ ဖြစ်သွားတယ်။ တခြားအိမ်တွေ လည်း တော်တော်ပျက်စီးကုန်တယ်။ ခွေးပုလည်း ဗုံးဆံမှန်လို့ ပေါင်တစ်ဖက်ပြတ်သွားတယ်။
    မနက်မိုးလင်းတော့ အားလုံး ဆယ့်ခုနစ်ယောက်သေတယ်။ သုံးဆယ့်နှစ်ယောက် ဒဏ်ရာရတယ်။ အိမ် ၁၂ လုံး နဲ့ ဇရပ်နှစ်ဆောင်၊ ဘူတာရုံကလေး ပြင်းပြင်းထန်ထန် ကျေမွပျက်စီးသွားတယ်။

    မီးလောင်ဗုံးကျတဲ့ ကိုဘရင် တို့အိမ်ထဲက မီးကျွမ်းနေတဲ့ အလောင်းနှစ်လောင်းတွေ့ရတယ်။ ကိုဘရင်နဲ့ မိမိစိန်ပဲပေါ့။ တစ်ရွာလုံးက ဒီလိုပဲ နားလည်လိုက်ကြတယ်။ ဘူတာရုံမှာ မီးကျွမ်းနေတာက တစ်လောင်း၊ အဲဒါ ကတော့ ဘယ်သူဘယ်ဝါ ဆိုတာ မပြောတတ်ကြဘူး။ ကိုသာဌေး ပျောက်နေတာကို သတိထား မိကြတော့ အဲဒီအလောင်းဟာ ကိုသာဌေးပဲဖြစ်မယ်လို့ ရွာသားတွေက ယူဆလိုက်ကြတယ်။ အဲဒီဘူတက အလောင်း ဟာ ကိုသာဌေးမဟုတ်ဘူးဆိုတာ သိတဲ့လူတစ်ယောက်တည်းပဲရှိတယ်။ အဲဒါ ခွေးပုပဲ။
    ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတော့ ခွေးပုဟာ နောက်ထပ် နှစ်ပေါင်း သုံးဆယ်ကျော် နေသွားသေး တယ်။ ရွှေဘို၊ ဒီပဲယင်းဘက်မှာပဲ ပြန်ပြီး နှီးရက်၊ တောင်းရက်ဆိုသလိုပါပဲ။ မရှိမရှားဘ၀နဲ့ သိပ်မဆိုးပါဘူး။
    သူဟာ လုပ်စရာရှိရင်လုပ်ပစ်လိုက်၊ နောက်ပြန်ပြန်တွေးမနေနဲ့။ စဉ်းစားလည်းမနေနဲ့။ ပြန်ပြောဖို့ ဆိုတာတော့ ဝေးရောဆိုတဲ့ လူစားမျိုးဖြစ်ပါတယ်။

ပြီးပါပြီ
နောက်တပုဒ်အသစ်ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, June 25, 2013

ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၅)

ဖွားဖက်တော်

ဖွားဖက်တော်ပင်ကြီးတစ်ပင်လုံး
ဖွေးဖွေးလှုပ်နေအောင် ပွင့်နေပါပေါ့လား
ငှက်ကလေးတွေလည်း ကျီကျီကျာကျာနဲ့ လာကြပါပေါ့လား
ဖွားဖက်တော်ပင်ကြီး ပွင့်နေမှာကို သတိရကြပြီး
သူတို့နှစ်ယောက် ပြန်လာကြတန်ကောင်းပါရဲ့။

    မန္တလေးလေယာဉ်ကွင်း၊ ဧည့်ခန်းမှာ သူတို့နှစ်ယောက် ပထမဆုံးကြိမ် ဆုံကြတုန်းက မြင်ရတဲ့ သူတွေ အားလုံး ကြည်ကြည်နူးနူး ဖြစ်ကြရတာအမှန်ပဲ။
    ဒီတုန်းက မောင်အောင်ရော ဝေလွင်ရော ဘွဲ့ရပြီးခါစ၊ အားနဲ့မာန်နဲ့ နုပျိုခြင်း၊ တက်ကြွ ဖျတ်လတ် ခြင်းဆိုတာတွေနဲ့ ကျက်သရေရှိနေခဲ့ကြတာကိုး။
    မောင်အောင်ကလည်း ရန်ကုန်သွားပြီး အလုပ်အင်တာဗျူးတစ်ခု ထိုင်ရမှာ။ ဝေလွင်ကလည်း အပြင် လုပ်ငန်းတစ်ခုမှာ အလုပ်ဝင်ဖို့သွားရမှာ။

    လေယာဉ်ကွင်းဧည့်ခန်းထဲမှာ ဆုံမိကြတော့ မိတ်ဆက်ဖြစ်ကြတာပေါ့။ သူတို့နှစ်ယောက်စလုံးရဲ့ အကြောင်းတရားတွေကလည်း တိုက်ဆိုင်လိုက်ကြတာ။ နှစ်ယောက်စလုံး မိဘများမရှိကြတော့ဘူးတဲ့။ မိဘအမွေ ကလေးတွေ နည်းနည်းပါးပါးစီ ရလိုက်ကြတာချင်းလည်း တူနေတယ်။ အဒေါ်တွေ၊ ဦးလေးတွေ ဆီမှာ တက္ကသိုလ်ပညာရေးမပြီးမချင်း မှီခိုနေထိုင်ခဲ့ကြတာချင်းလည်း တူနေပြန်ရော။ တစ်ခုပဲ ရှိတယ်။ ဝေလွင်က မန္တလေးတက္ကသိုလ်၊ မောင်အောင်က ရန်ကုန်တက္ကသိုလ်၊ ဒါပဲကွာတယ်။ ဒါတောင် မောင်အောင့် အမျိုးတွေကျတော့ မန္တလေးကကုန်သည်တွေပဲလေ။

    အဲဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ရင်း စကားပြောမိကြတော့ ရယ်စရာ မဟုတ်ဘဲနဲ့ နှစ်ယောက်သား ကြည်ကြည်နူးနူး နှစ်နှစ်ကာကာ ရယ်မိကြတယ်။ ကိုယ့်အကြောင်း သူ့အကြောင်း ဆိုတာတွေက ခပ်ဆင်ဆင်တွေဖြစ်နေတာမဟုတ်လား။
    အထူးခြားဆုံးက ဘာလဲဆိုတော့ သူတို့နှစ်ယောက်စလုံး ရောက်တတ်ရာရာ ပြောကြရင်းနဲ့ ဂျပန် ရုပ်ရှင်တစ်ခု ကို ကြည့်မိ၊ ကြိုက်မိတာချင်းလည်း တူနေပြန်တယ်။ တစ်ခါ အံ့သြစရာ အကောင်းဆုံးက အဲဒီရုပ်ရှင်ကား ထဲက အကြိုက်ဆုံးအခန်းလည်း လာတူနေပြန်တယ်။
    အဲဒီအခန်းမှာ မင်းသမီးနဲ့ မင်းသား လက်ထပ်ပြီးတော့ အိမ်ကလေးတစ်လုံးမှာ ပျားရည်ဆမ်းခရီး ထွက်ရင်း တည်းခိုကြတယ်။

မင်္ဂလာဦးညလွန်မြောက်လို့ နောက်တစ်နေ့ မိုးလည်းလင်းရော သူတို့နှစ်ယောက် အတူ ပြတင်းပေါက် ကလေး ကို ဖွင့်လိုက်တဲ့အခါမှာ အိမ်နဲ့ကပ်လျက်နီးပါးရှိနေတဲ့ ချယ်ရီ ပန်းအကိုင်း အခက်တွေ၊ ချယ်ရီပန်းတွေ ပွင့်နေလိုက်တာ၊ ဝေနေတာပဲ။ အဲဒီချစ်သူနှစ်ယောက်မှာလည်း သိပ်ကို ကြည်နူး သွားကြ တာပေါ့။ အဲဒီအခန်းလေးကို ရိုက်ထားတာ သိပ်လှတာပဲဆိုပြီး နှစ်ယောက်စလုံး အကြိုက်  တူနေကြတယ်။ ဘယ်လိုလှတာ၊ ဘယ်လိုကြည်နူးစရာကောင်းတာဆိုပြီး နှစ်ယောက်သား အလုအယက်ပြော မိကြတာပေါ့။

သူတို့စီးရမယ့် လေယဥာ်ရောက်လာတော့မှ စကားစပြတ် သွားကြ တယ်။ လေယာဉ်ပေါ် တက်ကြ ရ တော့ နှစ်ယောက်သား အဖော်လုပ်ပြီး အတူထိုင်ကြဖို့ ကြိုးစားကြပါသေးတယ်။ ဒါပေမယ့် အဆင်မပြေ ဖြစ်သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက် သုံးလေးခုံလောက်တောင် ခြားသွားတယ်။
    ရန်ကုန်ရောက်တော့လည်း ဝေလွင်ကို သူ့သူငယ်ချင်းတွေက လာကြိုတယ်။ မောင်အောင်ကတော့ တက္ကစီ ငှားရတာပေါ့။
    မောင်အောင်အရာရှိငယ်ဖြစ်ဖို့ အင်တာဗျူးထိုင်တော့ အစစအရာရာ အဆင်ပြေပါတယ်။ ဒါပေမယ့် အလုပ် ၀င်ကြရဖို့က ရက်တော်တော်စောင့်ရမလိုဖြစ်နေတယ်။
    တည်းခိုကြတော့ မောင်အောင်က ရန်ကုန်မြို့ထဲမှာ။ ဝေလွင်က တောင်ဥက္ကလာမှာ။ ဒါပေမယ့် ဝေလွင့်ဆီကို မောင်အောင် ခဏခဏ ရောက်ပါ တယ်။ ဝေလွင့်သူငယ်ချင်းတွေ ကလည်း ဝေလွင့် ကို ထုံးစံ အတိုင်း ၀ိုင်းစကြတာပေါ့။

    အဲဒီမှာ အားလုံးဟာ ပိုပြီး အဆင်ပြေကုန်တော့တာပဲ။ သူတို့ချင်းကလည်း ခပ်ငြိငြိ၊ ဘေးကလည်း ၀ိုင်းဝိုင်းပြီး ခဏခဏစကြတော့ မစွမ်းရင်ကလည်းရှိ၊ ကန်စွန်းခင်းကလည်းငြိပြီပေါ့။
    မောင်အောင်နဲ့ဝေလွင်က သိပ်ကို ရှေ့သွားနောက်လိုက် ညီကြတာ။ နှစ်ယောက်စလုံးက အလှကြီး အချောကြီးတွေ မဟုတ်ကြပေမယ့် ငယ်ဂုဏ်၊ နုပျိုဂုဏ်ကလေးတွေ ကိုယ်စီနဲ့ ဆိုတော့ ကြည့်ရမြင်ရတာ တယ်ကျက်သရေရှိတာပဲ။

    ဟုတ်ပါပြီ။ အပ်ကျမတ်ကျရယ်လို့ မဟုတ်ပေမယ့် သူတို့ နှစ်ယောက်စလုံး သိပ်ကြိုက်ကြတဲ့ ဂျပန် ရုပ်ရှင်ကားလေးထဲက အတိုင်းပဲ။ သူတို့နှစ်ယောက် တွေ့ကြဆုံကြပုံရော မိတ်ဆွေဖြစ်ကြ ပုံရော၊ နောက်ပြီး နှစ်ဦးသဘောတူ တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်ဖြစ်မိကြပုံ၊ ချစ်မိကြပုံတွေက သိပ်ကို ဆင်တာ။
    ကဲ ... ဒါဆို ဘာစဉ်းစားနေစရာလိုတော့လို့လဲ။ နှစ်ယောက်စလုံးမှာက ပညာတွေလည်းစုံကြပြီ။ အလုပ် အကိုင် ဆိုတာတွေကလည်း လက်တစ်ကမ်း လက်တစ်လှမ်းမှာရှိနေပြီ။ နှစ်ယောက်စလုံးမှာ မိဘတွေ ကလည်း ရှိကြတော့တာမဟုတ်။ ဦးလေးတွေ၊ အဒေါ်တွေဆိုတာကလည်း မည်ကာမတ္တမှီခိုရုံရယ်။ ပြီးတော့ သူတို့လေးရဲ့ အနေအထိုင်အကျင့်စရိုက်၊ ကြိုးစားပုံ၊ တယ်ငြိမ်ပုံက စတွေ့နေကြရတာဆိုတေ့ ကန့်ကွက်မယ့် သူမရှိ၊ ကြာကြာစဉ်းစားနေစရာမလိုဘဲ လက်ထပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။
    အလုပ်အကိုင် အခြေအနေ၊ နေဖို့ထိုင်ဖို့ ကိစ္စတွေအားလုံး ပြင်ဆင်ပြီးကြတာနဲ့ လက်ထပ်လိုက် ကြရုံပဲ။

အင်တာဗျူးအခြေအတိအကျ မထွက်ခင်မှာ မောင်အောင်နဲ့ဝေလွင် တတွဲတွဲပေါ့။ သွားလိုက်ကြ၊ လာလိုက်ကြ၊ စားလိုက်ကြ။ သောက်လိုက်ကြနဲ့ ပျော်လိုက်ကြတာ။ ဘေးကလူတွေတောင် အားကျမိကြတဲ့ ထိပဲ။
 
မှတ်မှတ်ရရ ရန်ကုန်ရောက်၊ အင်တာဗျူးထိုင်ပြီး လို့ နှစ်ဆယ့်ရှစ်ရက် တိတိကြာတဲ့အခါ မှာ မောင်အောင့် အတွက် အဖြေထွက်လာတယ်။ အလုပ်ကရမယ်၊ သေချာတယ်။ အလုပ်ဝင်တဲ့နေ့က စခန့် တယ်။ ဒါပေမယ့် မြေလတ်ပိုင်းက မြို့လေးတစ်မြို့မှာတဲ့။
    ပြဿနာကစပြီ။ ဝေလွင်ရဲ့အလုပ်က ရန်ကုန်မှာ လုပ်ရမှာ။ မောင်အောင်က မြေလတ်က မြို့နယ် လေးတစ်မြို့မှာ။ ဒီကိစ္စဝေလွင့်ကို ဖွင့်ပြောရမှာ မောင်အောင် အခက်တွေ့နေတယ်။ ဒါပေမယ့် ဝေလွင်က သူ့ဟာသူ သိသွားတယ်။ ပြဿနာ မကြီးပါဘူး။ သျှောင်နောက်ဆံထုံး ပါဆိုတာလို မောင်အောင် အလုပ်ရတဲ့ မြို့လေးကိုပဲ ဝေလွင် လိုက်ရမှာပေါ့တဲ့။ ရန်ကုန်က အလုပ်ကိုတော့ စိတ်လျှော့်လိုက်တော့ပေါ့။
    တကယ်တမ်းကျတော့ လက်ထပ်ပြီးကြရင် ဝေလွင်အိမ်ရှင်မ ပီပီပြင်ပြင် လုပ်ပြီး မောင်အောင့် ကို ကောင်းကောင်းကြီး ပြုစုချင်သေးတယ်လေ။ မောင်အောင်က အလုပ်သွားနေ တုန်း ဝေလွင်က အိမ်မှာ အိမ်မှုကိစ္စတွေလုပ်၊ မောင်အောင်ပြန်လာတော့ အဆင်သင့်ကျွေးလို့မွေးလို့ ပြုစုလို့ တစ်ယောက်ကို တစ် ယောက်ကြင်နာတာတွေ၊ ယုယတာတွေ ရှိရမှာပေါ့။
    ဝေလွင် တစ်ဖက်တစ်လမ်းက အလုပ်လုပ်ချင်တယ်ဆိုရင်တော့ နောက်များမှ ဖြည်းဖြည်းမှပဲ စဉ်း စားတော့ မယ်။ မောင်အောင်ရောက်လေရာ တာဝန်ကျလေရာအရပ်မှာပဲ ဝေလွင်လည်း ကျောင်းဆရာမ၊ ကျူရှင်ဆရာမလေးဘာလေး လုပ်မယ်ပေါ့။
    အင်း .. အဲလိုဆိုတော့လည်း ဟန်ကိုကျလို့။ မောင်အောင်နဲ့ဝေလွင်တို့ အကျဉ်းရုံးပြီး လက်ထပ် လိုက်ကြ တယ်။

    တာဝန်ကျတဲ့ မြို့ကလေးကို ပူပူနွေးနွေးဇနီးမောင်နှံ ထွက်ခဲ့ကြတယ်။ ပထမ တည်းခိုခန်းမှာ တည်းကြ တယ်။ ဟန်းနီးမွန်း ထွက်ကြမယ်။ နောက် အိမ်ခန်းငှားဖို့ရှာကြမယ်။ အဆင်သင့်လို့ ဌာနဆိုင်ရာ က နေဖို့ကွာတားပေးမယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့။
    မြို့နယ်ကလေးက တည်းခိုရိပ်သာကလေးကလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ အတော် သာယာတဲ့နေရာ ကလေးပါပဲ။ မောင်အောင်တို့ ဇနီးမောင်နှံအဖို့ကတော့ မိုးမမြင်လေမမြင် ပဲပေါ့။ ပျော်တပြုံး ပြုံး မော်မဆုံးပဲပေါ့။
    "ကိုအောင်"
    "ဗျာ"
    "လွင်တို့အိမ်ငှားရင် နှစ်ထပ်အိမ်ကလေးရရင် ကောင်းမှာနော်"
    " ဘာပြုလို့လဲ"
    " သြော် .. ကိုအောင်ကလည်း၊ ဟိုဂျပန်ရုပ်ရှင်ထဲကလို လေ .. အထပ်ထပ် အိပ်ခန်းပြတင်းပေါက် ကလေး ကို ဖွင့်လိုက်ရင် ချယ်ရီတွေ ဝေနေအောင်ပွင့်နေတဲ့ အကိုင်းတွေ၊ အခက်တွေနဲ့ ငှက်ကလေးတွေ ကို မြင်ရအောင်လေ"
    "လွင်ကလဲကွာ .. ကလေးကျနေတာပဲ။ စိတ်ကူးကလည်း ယဉ်လိုက်တာ။ နှစ်ထပ်အိမ်ကလေးရဖို့ ဆိုတာက မခက်ဘူးကွ။ ရနိုင်တယ်။ ဒါပေမယ့် အထပ်ထပ် အိပ်ခန်းပြတင်းကို ဖွင့်လိုက်တဲ့ ချယ်ရီပန်းတွေ မြင်ရဖို့ဆိုတာကတော့ ဒါက ဗမာပြည်လေ ဝေလွင်ရဲ့။ ပြီးတော့ ရှမ်းပြည်ဘက်မှာဆိုလည်း ဟုတ်သေး။ ဘယ်ကလာ ချယ်ရီပန်းတွေဝေနိုင်မှာလဲ"
    ဝေလွင် သက်ပြင်းမချပါ။ သူ့မှာ သူ့ဟာနဲ့သူ စိတ်ကူးက ရှိပြီးသား။

    "ကိုအောင်"
    "ဗျာ ... "
    "ကိုအောင် ဖွားဘက်တော်ပင်ဆိုတာ သိတယ်မဟုတ်လား"
    " ဟင့်အင်း၊ သိချင်လည်းသိမှာပေါ့။ ကြားတော့ ကြားဖူးသလိုပဲ။ မြင်ချင်လည်း မြင်ဖူးမှာပေါ့။ သတိ မထား မိဘူး။ ဘာပြုလို့လဲ"
    "ဖွားဘက်တော်ပင်ဆိုတာ ပွင့်ချိန်တန်လို့ အပွင့်တွေပွင့်ပြီဆိုရင် ချယ်ရီပင်လိုပဲ ကိုအောင်ရဲ့။ နီးနီး စပ်စပ် မဟုတ်ပေမယ့် ပွင့်ပုံချင်းက တော်တော်ဆင်တယ်။ အကိုင်းတွေမှာ ကပ်ပီး ဝေနေအောင် ပွင့်တတ် တယ်လေ။ အရောင်ကလည်း ပန်းနုရောင်ပဲ"
    " သြော် ... အင်း၊ ဟုတ်ပြီ ... ဟုတ်ပြီ။ ကိုအောင်လည်း မြင်ဖူးတယ်။ ဟုတ်တာပေါ့။ အဲလိုအပင်မျိုး ကတော့ ဒီလိုမြေလတ်ပိုင်းတွေမှာလည်း ရှိတတ်တယ်"
    " ဝေလွင်တို့ နှစ်ထပ်အိမ်ကလေးတစ်လုံးရှာငှားပြီးရင် အိပ်ခန်းပြတင်းဘက်မှာ ဖွားဘက်တော်ပင် စိုက် ရအောင်နော်"
    " အင်း .. ကောင်းတယ်။ တစ်ခုတော့ရှိတယ်။ အဲဒီဖါားဘက်တော်ပင်လည်း ကြီးလာရော၊ အထပ် ထပ်ပြတင်း ကိုလည်း ကိုင်းတွေရောက်ရော၊ တို့လည်း ထရန်စဖာလုပ်ရရော ဆိုရင်တော့ ပြဿနာပဲ"
    " ဟုတ်တယ်နော်၊ ကိုအောင် ဒီမှာ ဘယ်လောက်ကြာကြာနေရမှာလဲဟင်"

    " အဲဒါတော့ ကိုယ်လည်းမပြောတတ်ဘူး"
    "ဘယ်လိုပဲဖြစ်ဖြစ် ဝေလွင်တော့ ဖွားဘက်တော်ပင် စိုက်မှာပဲ"
    တကယ်တမ်း ကျတော့ သူတို့ ဖွားဘက်တော်ပင်စိုက်စရာမလိုပါ။ မြို့ကလေးရဲ့ တောင်ဘက်ခြမ်းမှာ ခြံငယ်ကလေး နဲ့နှစ်ထပ်အိမ်ကလေးတစ်လုံး တွေ့ကြပါတယ်။ ပိုင်ရှင်က ဒေါ်အုန်းတဲ့။ တစ်ကိုယ်ရည် တစ်ကာယနေတာ။ ခြံနောက်ပိုင်းမှာ တစ်ထပ်မြေစိုက်အိမ်ကလေးတစ်လုံး ရှိသေးတယ်။ အဲဒီမှာ နေမှာတဲ့။
    အဲဒီအိမ်ကလေးကို သွားကြည့်ကြတော့ အပေါ်ထပ်မှာ အိပ်ခန်းကလေးလည်းရှိတယ်။ အကျယ် အ၀န်း၊ အနေအထားကလည်း ကောင်းတယ်။ ဂျပန်ရုပ်ရှင်ကားထဲကနဲ့ ခပ်ဆင်ဆင်ပဲ။ ဆိုကြပါစို့။ အဲဒီအိပ် ခန်းရဲ့ ပြတင်းကိုလည်း ဖွင့်လိုက်ရော ပြတင်းနဲ့ နှစ်ပေသုံးပေလောက်ပဲ လှမ်းမယ်။ သစ်ကိုင်းသစ်ခက် သစ်ရွက်စိမ်း သစ်ရွက်ဝါနုလေးတွေကို လှလှပပ မြင်ကြရတယ်။
    ကိုအောင်ရော ဝေလွင်ရော ရုတ်တရက် အံ့သြ၀မ်းသာသွားကြတယ်။ ဒါနဲ့ ဒေါ်အုန်းကို မေးမိကြ တယ်။ ဘာပင်လဲပေါ့။
    ဖွားဘက်တော်ပင်တဲ့။

    " ကဲ .. "
    " အဟုတ် .. "
    " အဟုတ်ပြောတာပေါ့ တူမလေးရယ်။ အဲဒါဖွားဘက်တော်ပင်ပေါ့ "
    မောင်အောင်နဲ့ဝေလွင် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြတယ်။ အကြောင်းတရားများ တိုက်ဆိုင် လိုက်တာ။ ကြည့်စမ်း ..။ ဒါနည်းနည်းနောနော တိုက်ဆိုင်မှုမဟုတ်ဘူးနော်။ သိပ်ကို အံ့သြစရာ ကောင်းလောက်အောင် တိုက်ဆုင်နေတယ်လို့ဆိုရမယ်။
    သူတို့အိမ်ငှားဖို့ စပြီးစုံစမ်းကြတော့ ဒီခြံကလေးကို စတွေ့တာမဟုတ်ပါဘူး။ တခြား နှစ်ထပ်အိမ် ကလေးတွေ၊ သုံးလေးလုံးကြည့်ပြီးပါပြီ။ အနေအထားလေးတွေက သိပ်ပြီး စိတ်တိုင်းမကျကြဘူး။ အတော် အသင့်ကောင်းတာလေးတွေ တွေ့ပြန်တော့လည်း အိမ်ငှားခလခက ညှိမရဖြစ်နေတယ်။

    ခု ဒီခြံလေးနဲ့ အိမ်ကလေးကလည်း တောင်းတဲ့ဈေးကတော့ နည်းနည်းများနေတယ်။ ဒါပေမယ့် ဆစ်လို့ရမယ် မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ ဒေါ်အုန်းရှေ့မှာ မောင်အောင်ရော ဝေလွင်ပါ ဣနြေ္ဒပျက် အောင်အောင် ၀မ်းသာအံ့သြနှစ်ခြိုက်မှုကို ပြမိလျက်သားဖြစ်သွားပြီ။
    ကဲ .. မတတ်နိုင်တော့ဘူး။ ဒေါ်အုန်းတောင်းတဲ့ဈေးကို ပေးပြီး ချက်ချင်းပဲ ငှားလိုက်ကြတယ်။ စိတ် ထဲမှာ အားမလို အားမရဖြစ်စရာဆိုလို့ အကြောင်းတစ်ခုပဲရှိတယ်။ ဖွားဘက်တော်ပင်တွေက ဒီလ ဒီရာသီမှာ မပွင့်သေးဘူးတဲ့။ ဘယ်လ ဘယ်ရောက်မှပွင့်မှာလဲ။
    " ဒီမှာတော့ ဇန်န၀ါရီ၊ ဖေဖော်ဝါရီလလောက်မှာ ပွင့်တတ်တာပဲ"

    " ဟင် .. ခုမှ ဇွန်လရှိသေးတယ်"
    " ဝေလွင်ကလည်းကွာ၊ အစက အပင်တောင်စိုက်ပြီး စောင့်ကြည့်ဖို့ စဉ်းစားခဲ့ကြတာပဲဟာကို။ ခု ဘယ်လောက်အဆင်ပြေလဲ။ ခုဇွန်ဆိုတော့ နောက် (၆)လ၊ (၇)လဆိုရင် ပွင့်ပြီပေါ့"
    " ဟုတ်တယ်၊ ဒီအပင်က ပွင့်ပြီဆိုရင်လေ သိပ်လှတာ။ ဝေနေအောင် ပွင့်တတ်တာ။ မသိတဲ့လူဆို ရင်ချယ်ရီပင်လား အောက်မေ့ရတာ "
    " ဟုတ်လား "
    " ဟုတ်ပတော် .. အမယ်လေး အဲဒီအချိန်ဆိုရင် ငှက်ကလေးတွေကလည်း အဲဒီအတိုင်းတွေပေါ်၊ အရွက်တွေကြား၊ အပွင့်တွေနားမှာ နားကြ၊ ခိုကြ၊ လာကြ၊ သွားကြနဲ့ သိပ်ကြည့်လို့ကောင်းတာကွဲ့"
    မောင်အောင် က ဝေလွင့်မျက်နှာလေးကို ကြည့်မိပြန်တယ်။ ဝေလွင့်မျက်နှာလေးတစ်ခုလုံးဟာ ကြည်ပြီး ၀င်းနေတာပဲ။ မောင်အောင်ကိုယ်တိုင်လည်း ဒီလိုပါပဲ။
    သိပ်ကို ဟန်ကျသွားတယ်။ ခြံကလေးနဲ့ နှစ်ထပ်အိမ်ကလေးမှာ ဇနီးမောင်နှံ အသစ် စက်စက်စုံတွဲ လေးဟာ တက်ညီ လက်ညီနဲ့ သိပ်ပြီးပျော်စရာကောင်းခဲ့ကြတာပေါ့။

    မောင်အောင်က ရုံးတက်ရုံးဆင်း သိပ်မှန်တယ်။ အလုပ်သွားရင်လည်း သပ်သပ်ရပ်ရပ် ခံ့ခံ့ညားညား ရှိတယ်။ ဒီတော့ ဝေလွင်ကလည်း အားကျမခံပေါ့။ မနက်မိုးလင်းတာနဲ့ မောင်အောင်ထက် ဦးအောင်အိပ်ရာကထတယ်။ ဇနီးကောင်းတို့ ၀တ္တရားမိုးလား။ မောင်အောင် နိုးလာရင် မနက်ခင်းအတွက် အားလုံး အဆင်သင့်စီကာစဉ်ကာ လုပ်ပြီးသား။ သူ့ကိုယ်သူလည်း ဝေပြီးလွင်နေအောင် သနပ်ခါး ရည်ကျဲ လေးနဲ့၊ ကိုယ်နံ့ကလေး တသင်းသင်းဖြစ်အောင် ပြင်ထားဆင် ထားတတ် တယ်။ နေ့လယ်နေ့ခင်း လျှော်ဖို့ ဖွတ်ဖို့၊ သိမ်းဖို့ဆည်းဖို့ အကုန်တာဝန်ကျေတယ်။ ညနေဘက်၊ ညဘက် ဘာမှငြိုငြင်စရာ မရှိအောင် နှစ်ယောက်စလုံးက နေတတ်ကြတာ။

    အဲ .. တစ်ခုတော့ရှိတယ်။ လင်မယားနှစ်ယောက်စလုံး မကြာခဏဆိုသလို အိပ်ခန်းပြတင်းပေါက် ကိုဖွင့်ဖွင့်ပြီး ဖွားဘက်တော်ပင်ကို ကြည့်ရတာအမော။ ဖူးများဖူးနေပြီလား၊ ပွင့်များပွင့်တော့မှာလားရယ် လိုပေါ့။ အရူးထကြတာလေ။
    အိမ်ရှင်ဒေါ်အုန်းကြီးကတော့ ဒီလင်မယားနှစ်ယောက် ဖွားဘက်တော်ပွင့်ချိန်ကို စောင့်ရင်း အရူး ထနေကြတာ ကိုတအံ့တသြ ဖြစ်နေတာပေါ့။ ကြာတော့ သူကိုယ်တိုင်တောင် ဒီနှစ်ဖွားဘက်တော်ပင် က စောပြီးများ ပွင့်လာလေမလားလို့ ထင်မိမျှော်မိရှာတဲ့ထိပဲ။
    ဘာကြာလိုက်လို့လဲ။ သူတို့ အဲဒီအိမ်ရောက်လို့ နှစ်ယောက်လည်းရှိရော ရုံးချိန်၊ နေ့လယ်ကြီး အိမ် မှာဝေလွင်တစ်ယောက်တည်းရှိနေတုန်း စာတွေတပုံကြီး အထုပ်လိုက် ရောက်လာတယ်။

    မောင်အောင်ရဲ့ ရည်းစားဟောင်းဆီက ပို့လိုက်တာလေ။ တစ်ချိန်က မောင်အောင် သည်းခဲ့ကဲခဲ့တဲ့ စာတွေပေါ့။ ဝေလွင်သတိလက်လွတ်မဖြစ်ရအောင် ထိန်းပါတယ်။ စာတွေအားလုံးစေ့အောင် တည်တည် ငြိမ်ငြိမ် နဲ့ ဖတ်နိုင်အောင် ကြိုးစားပါတယ်။ မဆိုးပါဘူး။ စာတွေအားလုံးပြီးအာင် နှစ်နာရီလောက် မရပ်မနား တစ်စောင်ပြီး တစ်စောင် ပြီးအောင်ဖတ်နိုင်ပါတယ်။

    ဒါပေမယ့် မျက်ရည်တွေကတော့ တားမရဆီးမရ စီးစီးကျလာတာတော့ မတတ်နိုင်ဘူးပေါ့။ စာတွေ ရဲ့အဓိပ္ပာယ်တွေ က ရှင်းပါတယ်။ မောင်အောင်က အဲဒီထွေးဆိုတဲ့ မိန်းမကို အသေအလဲ ခယခဲ့တာ ပဲ။ နောက်တော့ စွံရောဆိုကြပါစို့။ အဲဒီအချိန်မှာ မောင်အောင် ချွဲချွဲပျစ်ပျစ်တွေ ရေးထားတာကတော့ တစ်ဆိတ် လွန်လွန်းတယ်။ နောက်ပိုင်း စာတွေကျတော့ "ထွေး" က မောင်အောင့်ကို ခါထုတ် လို့ မောင် အောင်ကြွေတဲ့စာတွေ၊ ၀ပ်တွားခယတောင်းပန်ရတာတွေ၊ ဒူးထောက်ဦးညွတ်ရတာတွေပါပဲ။

    ဘာဖြစ်လဲ ..။ တစ်ချိန်က ကိုအောင့်မှာ ချစ်သူရှိခဲ့ဖူးတာပဲ။ ခု မရှိတော့ဘူး။ ပြတ်သွားပြီ။ ဒါ အရေး အကြီးဆုံး ပဲမဟုတ်လား။ ခုကိုအောင် "ထွေး" ဆိုတာကို မေ့လိုက်ပြီမဟုတ်လား။ ဒါဆိုရင်လည်း ပြီးရော ပေါ့။ ဝေလွင် ဖြေကြည့်ပါတယ်။ ရပါတယ်။ ဒါပေမယ့် စီးစီးကျလာတဲ့မျက်ရည်တွေက ခက်တယ်။
    ပြီးတော့ ဒီစာတွေကို ဘာလုပ်ရမှာလဲ။ ကိုအောင့်ကို ပေးပြရမှာလား။ ပြရင် ပြဿနာတွေ ပိုရှုပ်ကုန် နိုင် သလား။ မပြရင်လည်း ကိုယ်က သတ္တိနည်းရာကျနေတာလား။ မရိုးသားရာကျနေသလား။
    ဘာပဲဖြစ်ဖြစ် အဲဒီနေ့ညနေ ကိုအောင်ပြန်လာတော့ အဲဒီစာတွေအားလုံး ပေးပြလိုက်ပါတယ်။

    မောင်အောင်က ခဏပဲ ဣနြေ္ဒပျက်တာပါ။ ချက်ချင်းဆိုသလိုပါပဲ စာတွေအားလုံးကို ခြံထဲဆင်းပြီး မီးရှို့ပစ် လိုက်တယ်။
    ဒီလိုအတိတ်မျိုးဟာ ဒီလိုပဲ မီးရှို့ပစ်ရမှာပဲ။ ပြီးတာပဲပေါ့။
    ဘယ်ပြီးလိမ့်မှာလဲ။ အဲဒီနေ့ကစပြီး ဝေလွင်နဲ့ မောင်အောင်ရဲ့ ဆက်ဆံရေးမှာ ဖျောက်ဖျက်လို့မရ တဲ့အမာရွတ် တစ်ခု။ ဒါမှ မဟ်ုတ် မကြာခဏ မျက်ခနဲ မျက်ခနဲ ဖြစ်တတ်တဲ့ ဒဏ်ရာဒဏ်ချက်တစ်ခု ရှိသွား ပြီပေါ့။
    ကိုအောင် နဲ့ အတတ်နိုင်ဆုံး ပုံမှန်နေနိုင်အောင် ဝေလွင်ကြိုးစားပါတယ်။ ဒါပေမယ့် နဂိုမူလကရှိခဲ့တဲ့ အခြေအနေ ကို ပြန်မရောက်တော့ဘူးဆိုတာ နှစ်ယောက်စလုံး သိနေကြတာခက်တယ်။
    ဝေလွင် ဖြေနိုင်ဖို့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေလွင်ကိုယ်တိုင်လည်း အသည်းခိုက် အောင် ချစ်ရသူ ရှိခဲ့ဖူးတာပဲ မဟုတ်လား။
    အဲဒီအကြောင်းကိုကော ကိုအောင် သိသလား။ ကိုအောင်ကလည်း မမေးဖူးဘူး။ ဝေလွင်ကလည်း မပြော ဖူးဘူး။

    တကယ်တမ်းကျတော့ ကိုအောင်ကလည်း ဝေလွင်ရဲ့ အတိတ်ကို ဘယ်ကဘယ်လိုမှန်း မသိရပေ မယ့် အရှိ ကိုတော့ အရှိအတိုင်း သိလာခဲ့ပြန်တယ်။
    " ကိုထွန်းမြင့်ကလည်း ဝေလွင်ရဲ့ စာတွေကို လှမ်းပို့ဘူးလို့ မပြောနိုင်ဘူးနော်" တဲ့။
    သေပြီ။
    ကိုအောင် ဘယ်လိုလုပ် သိသွားရတာတဲ့လဲ။
    "ဝေလွင် သူ့ဆီကို စာသုံးစောင်ပဲ ရေးဖူးတာပါ "
    " အင်း .. ဟုတ်မှာပါ။ ဒါပေမယ့် အချစ်ဦးမို့ ရူးရတယ်ကွယ်ဆိုတဲ့စာကြောင်းလေးကတော့.. "
    " ဟင် .. ဒီစာကြောင်းကို သူ သိနေတယ်။ ဘယ်လိုလုပ်သိနေတာလဲ "

    ဝေလွင် ထုတ် မမေးရဲပါဘူး။ ကိုအောင်ကလည်း ဆက်မပြောပါဘူး။ သူတို့နှစ်ယောက်ဟာ ပြီးခဲ့ပြီဖြစ်တဲ့ အတိတ်နဲ့ပတ်သက်ပြီး သေးသိမ်တဲ့စကားနာထိုးတာတို့၊ အထအနကောက်တာတို့ မလုပ်မိ အောင် ပြင်းပြင်း ထန်ထန် ကြိုးစားကြပါတယ်။
    ဒါပေမယ့် ကြိုးစားနေကြရတာကိုတော့ အချင်းချင်းသိနေကြတာခက်တယ်။
    ကိုအောင် အသွားအလာ ဖောက်စပြုလာတယ်။
    ဝေလွင် ကြိတ်ကြိတ်ပြီး ငိုမိတဲ့အကြိမ်များ များလာတယ်။
    ကိုအောင့်မှာ အပေါင်းအသင်းနဲ့ အသောက်အစား များလာတယ်။
    ဝေလွင်လည်း အပေါင်းအသင်းရှာစပြုလာတယ်။ ရုပ်ရှင်တွေ။ ပွဲတွေ ထွက်ကြည့်တတ်လာတယ်။

အိမ်ထဲမှာ အတူနေကြရင်း တစ်ယောက်ကို တစ်ယောက် ဟန်ဆောင်ပြီး တာဝန်ကျေပြနေကြတာတွေဟာ ပါးစပ်က ထုတ်ပြီး ဆဲရေးပြစ်တင်နေတာတွေလို ခံစားလာကြရတယ်။
    ကြာလာတာ့လည်း ဟန်မဆောင်နိုင်ကြတော့ဘူး။ တကျက်ကျက်နဲ့ ကြိတ်ပြီး ရန်ဖြစ်စပြုလာကြ တယ်။
    အိမ်ရှင်ဒေါ်အုန်းခမျာလည်း လင်မယားနှစ်ယောက်အကြား ၀င်ရှာပါတယ်။
 
ဒါပေမယ့် နောက်ပိုင်းပွဲတွေကျတော့ ၀ုန်းဒိုင်းကျဲကုန်ကြတယ်။ ဒေါ်အုန်းလည်း ကြောက်လို့မ၀င်ရဲ တော့ဘူး။
    မှတ်မှတ်ရရ ဇန်န၀ါရီလ (၆)ရက်နေ့ကတော့ အပြင်းထန်ဆုံးပေါက်ကွဲကြတယ်။

    ဝေလွင်က သူ့ပစ္စည်းလေးတွေယူပြီး ဆိုက်ကားနဲ့ သင်္ဘောဆိပ်ကို အပြီးဆင်းသွားတယ်။
    မူးနေတဲ့ မောင်အောင်က ပစ္စည်းတွေ တော်တော်များများကို ပေါက်ခွဲဖျက်ဆီးပစ်တယ်။
    နောက်တော့ ဒေါ်အုန်းကိုခေါ်ပြီး နောက်ဆုံးကျန်တဲ့အိမ်လခကို ပေးချေတယ်။ မူးမူးရူးရူးနဲ့ ကန်တော့ တယ်။ ပြီးတော့မှ အိမ်ကဆင်းသွားတဲ့ ဝေလွင်ကို ကျိန်ဆဲရင်း သူလည်း အိမ်ပေါ်ကဆင်းသွား တယ်။
    ဝေလွင်မီလိုက်တဲ့သင်္ဘောက ညနေသင်္ဘော။
    မောင်အောင် လိုက်သွားတဲ့သင်္ဘောက နောက်နေ့မနက် စောစောထွက်တဲ့သင်္ဘော။

    သိသာပါတယ်။ နှစ်ယောက်စလုံး ပြတ်ကြပြီ။ နံနက် ၆ နာရီဆိုတော့ မိုးကလည်း စင်စင်လင်းပြီ။
    အိမ်ရှင်ဒေါ်အုန်း က အိမ်ကို ရှင်းရလင်းရဦးမယ်။ အထက်ထပ် အိပ်ခန်းပြတင်းကို တွန်းဖွင့်လိုက် တော့ -
    ဖွားဘက်တော်ပင်ကြီးတစ်ပင်လုံး ဖွေးဖွေးလှုပ်နေအောင် ပွင့်နေပါပေါ့လား။ ငှက်ကလေးတွေလည်း ကျီကျီကျာကျာနဲ့လာကြပါပေါ့လား။
    ဖွားဘက်တော်ပင်ကြီး ပွင့်နေမှာကို သတိရကြပြီး သူတို့ နှစ်ယောက် ပြန်လာကြတန်ကောင်းပါရဲ့။

ပြီးပါပြီ
နောက်တပုဒ်ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, June 24, 2013

ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၄)

ခရီးဆောင်ကြက်တူရွေး
မွေးတုန်းကမွေးထားပြီး အစာကြွေးဖို့
ရေတိုက်ဖို့ကျတော့ မေ့နေကြတယ်။ ...
.................................................
လူတွေဟာတယ်ခက်တာပဲ
နိုင်လိုမင်းထက်သိပ်လုပ်တတ်ကြတယ်။
သူတို့လက်ထဲက ရေဆိုပြီး
ထင်သလိုလျှောက်လုပ်နေတာပဲ။

ခရီးဆောင်အိတ်ကိုဆွဲ၊ ရင်ကော့ပြီး ဆင်းခဲ့တယ်။
ရင်ကော့ပြီးတက်လို့မရဘူး။
သင်္ဘောဆိပ်က နိမ့်တယ်၊ တာရိုးကမြင့်တယ်။
    အဲဒီတော့ ရင်ကော့ပြီး ဆင်းခဲ့ရတာပေါ့။ စိတ်ထဲမျာပဲ ရင်ကိုကော့ထားတာလေ။ ခါးကတော့ ဘယ်ကော့ ထားလို့ဖြစ်မလဲ။ အဆင်းဆိုတော့ ခါးကို ကိုင်းထားရတာပေါ့။
    ဘာပြုလို့ ရင်ကော့ပြီး ဆင်းခဲ့ရတာလဲ။

    အကြောင်းက ရိုးရိုးလေးပါ။
    ကျုပ်သင်္ဘော အထက်တန်းခန်းက  လက်မှတ်ဝယ်ထားတယ်လေ။ အထက်တန်းခန်းက စတိုင်နဲ့ သွားမယ့်ကောင် မဟုတ်လား။ သင်္ဘောစထွက်ခါစမှာ ကျွန်တော့် အခန်းရဲ့ ရှေ့က ကုန်းပတ်ပေါ်ထွက်၊ လက်ယမ်း ကိုမှီပြီးရပ်၊ ဂိုက်ပေး၊ လေကောင်းလေသန့်ရှူရှိုက်၊ ပတ်ဝန်းကျင်ရှူမျှော်ခင်းကိုကြည့်၊ ခဏနေရင် စတိုင်နဲ့ ထမင်းမှာစား၊ ထမင်းက ပထမတန်းအခန်းထဲ အရောက်လာပို့တာလေ။ စတိုင်နဲ့မလိုင်နဲ့စားရုံပဲ။ ပြီစရင် စာလေးဘာလေးဖတ်၊ နောက်ကျတော့ အိပ်ချင်ရင်အိပ်၊ အလွန်ဇိမ်ကျမယ့်ကိစ္စပဲ။
    ဒါပေမယ့် သင်္ဘောပေါ်လည်းရောက်ရော ရင်ဘတ်ကို ဆီးကန်ခံရသလိုပါပဲ။ ကျွန်တော့်ထက် အများကြီး အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ ခရီးသွားမှာမို့တဲ့။ ကျွန်တော့်အခန်းကို ပေးလိုက်ရပြီတဲ့။
    ကြည့်လိုက်တော့လည်း ဟုတ်တယ်ဗျာ။ မိန်းမတွေရော၊ ကလေးတွေရော တစ်ပြုံတစ်မကြီးပဲ။ သင်္ဘော အထက်တန်း အခန်းလေးခန်းစလုံး အပြည့်ပဲ။ ၀င်လိုက်ထွက်လိုက်နဲ့။ ကလေးတွေကလည်း ပြေးလိုက် လွှားလိုက်နဲ့။ မြင်ရုံနဲ့ သိသာပါတယ်။ ကျွန်တော့်ထက် အများကြီး အရေးကြီးတဲ့ပုဂ္ဂိုလ်တွေပဲ။
    ခရီးကလည်း မသွားလို့မဖြစ်။

ကုန်းပတ်ကပဲ လိုက်ရုံရှိတော့တာပေါ့။ ကုန်းပတ်ပေါ်မှာက ခရီးသည်တွေ တင်းကြမ်းပြည့်နေ ပြီ။ နေရာလွတ် မရှိသဘောက်ပဲ။
    တတ်နိုင်ပါဘူး၊ သူများချထားတဲ့ ပစ္စည်းထုပ်ကလေးတွေကို နည်းနည်းစီတိုး၊ နည်းနည်းစီဖယ်ပြီး ဖင် တစ်နေရာစာ၊ တစ်ထိုင်စာရအောင် လုပ်ယူရတော့တာပေါ့။
    ကိုယ့်နောက် မှာ ပစ္စည်းထုပ်တွေ၊ ဘေးမှာလည်း လူရော ပစ္စည်းတွေရော။
    ကိုယ့်ရှေ့မှာက လူသွားလမ်း။
    သွားလိုက်ကြတဲ့လူတွေ၊ ဘာတွေလုပ်နေကြတာလဲ မသိဘူး။
    ကျွန်တော့် မှာ ရင်ကိုကော့ထားရတယ်။
    သူတို့နဲ့ မတိုက်မိအောင်လေ။

    စိတ်ကတော့ ကိုင်းနေရပါပြီပေါ့ဗျာ။
    " ကီ .. ကီ .. ကီ .. ကီ"
    " ဟာ ... လန့်လိုက်တာ၊ ဘာလဲဗျ"
    ကျွန်တော့်ဘေးက လူတွေ ပြုံးပြီး လုံချည်ဟောင်းနဲ့ အုပ်ထားတဲ့ ငှက်ပျောလှောင်အိမ်ကို ဖွင့်ပြတယ်။
    အထဲမှာ ကြက်တူရွေးသုံးကောင် ရှိတယ်။
    တစ်ကောင်က ခပ်ငယ်ငယ်၊ နှစ်ကောင်က ခပ်ကြီးကြီး။
    ခပ်ကြီးကြီးနှစ်ကောင်က ကုပ်ပြီး ငြိမ်နေကြတယ်။

    ခပ်ငယ်ငယ်ကောင်ကတော့ ဟိုကြည့်ဒီကြည့်လုပ်ရင်း နှုတ်သီးကလည်း တလှုပ်လှုပ်နဲ့။
    " ကရစ် ... ကရစ် ... ဂရစ် ... ဂရစ် "လုပ်နေတယ်။
    "ဒီမယ် သိပ်ကြည့်မနေနဲ့။ ကျုပ်တို့က အဖမ်းခံထားရလို့ စိတ်ညစ်နေတာ နားလည်လား။ ဟိုကောင် ကြီးတွေက ကြောက်လို့ငြိမ်နေပေမယ့် ကျုပ်ကတော့ ငြိမ်မနေနိုင်ဘူး။ ဘယ့်နှယ်ဗျာ ဒီလောက်ကျပ်တဲ့၊ ဆူညံနေတဲ့နေရာ မှာ ပူလိုက်အိုက်လိုက်တာလည်း လွန်ရော၊ ဒီထဲ လှောင်အိမ်ကို လုံချည်ဟောင်းနဲ့ အုပ် ထားတော့ အထဲ မှာ လှောင်ပိတ်ပြီး နံစော်နေတာပဲ"
    အဲဒီကြက်တူရွေးအငယ်ကောင်ဟာ တလှုပ်လှုပ်နဲ့ သူ့ခေါင်းကို ခါလိုက်လှုပ်လိုက်၊ စောင်းလိုက်ငဲ့ လိုက် နဲ့ နှုတ်သီးကလည်း တဂစ်ဂစ်လုပ်နေတယ်။ ဒီတော့ သူတို့ကို ဖမ်းလာတဲ့လူကလည်း -
    " ငါ မေ့သွားလို့ပါကွာ။ ဟုတ်တာပေါ့၊ ဒီလုံချည်စုတ်ကြီးနဲ့ စွတ်ထားအုပ်ထားတော့ မင်းတို့ ဘယ် သက်သာ မလဲ။ ကဲ .. ကဲ .. ကဲ ဖယ်လိုက်မယ်၊ ဟုတ်လား"
    ကြည့်စမ်း၊ ဟိုကြက်တူရွေးက တဂစ်ဂစ်လုပ်နေတဲ့ကိစ္စမှာ ကျွန်တော်က ဒီ အဓိပ္ပာယ်တော့ ဖြစ်တန် ကောင်းရဲ့လို့ မှန်းကြည့်တာ။ ခု သူတို့သခင်က ပြန်ပောတဲ့စကားနဲ့ ဆက်မိ မနေဘူးလား။

    ကြက်တူရွေးလေးကလည်း တဂစ်ဂစ် ဆက်လုပ်နေတယ်။
    "ဒီလိုမှပေါ့၊ ကျေးဇူးပဲဗျာ"
    ကျွန်တော် သိပ်ကြိုးစားနေစရာမလိုဘဲ ကြက်တူရွေးစကားကို နားလည်နေသလိုပဲ။
    ဒီကြက်တူရွေးလှောင်အိမ်နားမှာ ရောက်နေရတာ ကျွန်တော့်အတွက်တော့ ကံဆိုးကံကောင်းပဲ။
    စဥ့်ကူးထုံးကြီးကိုရောက်အောင် တစ်မနက်ခင်းလုံးသွားရမှာလေ။ အခေါက်ခေါက်အခါခါ သွားဖူး နေတဲ့ခရီးဆိုတော့ ဘေးပတ်ဝန်းကျင်ကိုလည်း စိတ်မ၀င်စားတော့ပါဘူး။ အလွန် ပျင်းစရာကောင်း တယ်။

    ခုတော့ ဒီကြက်တူရွေးနဲ့ နည်းနည်းတော့ ဟန်ကျနေသလိုပဲ။ သူကလည်း ကရစ်ကရစ်နဲ့လုပ်လိုက်၊ ကိခနဲ ထအော်လိုက်၊ ဂစ် .. ဂစ် .. ဂစ် .. ဂစ်လုပ်လိုက်နဲ့၊ တစ်ချိန်လုံးလုပ်နေတယ်။ ကျွန်တော်ကလည်း အဲဒါကိုပဲ အာရုံစိုက်နေမိတယ်။ သူ့ဟာက ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာနဲ့ အံကိုက်ဖြစ်ဖြစ်နေတယ်။
    ဥပမာဆိုကြပါစို့၊ တောဈေးသည် မိန်းမနှစ်ယောက် လှောင်ချိုင့်နားမှာလာရပ်ပြီး စကားပြောနေကြ တုန်း ကရစ် ကရစ်နဲ့ လုပ်နေပုံဟာ -
    " သြော် ... ဒီမိန်းမနှစ်ယောက်ကလည်း ဒုက္ခပါပဲ။ ဒါလူသွားလမ်းဗျ။ ခင်ဗျားတို့ကို ရပ်ပြောနေကြ တော့ သူများလမ်းသွားစရာနေရာ မရှိတော့ဘူး။ ဒီတော့ ကျုပ်တို့လှောင်အိမ်ပေါ် ခွတက်ရော၊ သေကုန် တော့ မှာပါပဲ၊ ဒုက္ခပဲ၊ ပြောနေတာလည်း မကြားဘူး"
    အဲဒီလို အဓိပ္ပာယ်ထွက်နေတယ်။

    ကျွန်တော်က တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာတယ်။ သူ့ကိုပဲ သေသေချာချာ ကြည့်နေမိတယ်။ ဒီတော့ သူက ကျွန်တော့်ကို ပြန်ကြည့်ပြီး ကရစ် .. ကရစ်နဲ့ လုပ်ပြန်တယ်။
    " ခင်ဗျားလည်း အလကားပါပဲ။ ခင်ဗျားမလာခင်က ကျုပ်တို့မှာ နည်းနည်းပါးပါး ချောင်ချောင် လည်လည် ကျယ်ကျယ် ၀န်းဝန်းရှိသေးတယ်။ ခင်ဗျားလာမှ ပိုဆိုးသွားတာ"
    ကျွန်တော် တော်တော်ရယ်ချင်သွားတယ်။ ဟုတ်တော့ ဟုတ်ပါတယ်။ ဘေးက လေပေါက်တွေ ပိတ် ကုန်သလိုဖြစ်သွားတာကိုး။ ဒါနဲ့ ကျွန်တော်ကလည်း တစ်ဖက်ကို ပိုတိုးပေးရပါတယ်။ သူတို့လှောင်အိမ်နဲ့ ကပ်ပိတ် ထားသလိုဖြစ်နေတဲ့ခရီး ဆောင်အိတ်ငယ်ကိုလည်း နည်းနည်းခွာပေးရတယ်။ ဒီတော့ သူက ကရစ် .. ကရစ် လုပ်ပြန်တယ်။
    " အဲလို သိတတ်တော့ ကောင်းတာပေါ့ဗျာ" တဲ့။

    " ဟေ့ကောင် .. ဟေ့ကောင်၊ အဲဒီလို မင်းပြောဖို့ မလိုပါဘူးကွ"
    ကျွန်တော့် ပါးစပ်က လွှတ်ခနဲ ထွက်သွားမိတယ်။
    ကြက်တူရွေးရှင် က ကျွန်တော့်ကို လှည့်ကြည့်တယ်။ ကျွန်တော်လည်း ကပျာကယာ တခြားကို စိတ်ဝင်စား ချင်ယောင်ဆောင်နေလိုက်ရတယ်။ သူ ကျွန်တော့်ကို အတော်ကြာကြာ ကြည့်နေသေးတယ်။ ကျွန်တော် သိသားပဲ။ ခဏနေတော့မှ သူ့ဟာသူ တခြားပြန်လှည့်သွားတယ်။
    မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီကြက်တူရွေးကို မကြည့်တာပဲ ကောင်းတယ်။ ကြည့်နေရင် သူကလည်း ကရစ် .. ကရစ်နဲ့ ဗှစ်တောက်ဗျစ်တောက် ပြောနေမှာပဲ။ ကျွန်တော်ကလည်း သူဘာပြောနေတယ်ဆိုတာ နားလည် သလိုဖြစ်နေတော့ တစ်ခွန်းမဟုတ်တစ်ခွန်း ပြန်ပြောမိမှာပဲ။ အဲဒီမှာ ကျွန်တော် ငကြောင်ဖြစ်ရ တော့မှာပဲ။
    တွေ့ဖူးကြမှာပေါ့။

တချို့လူတွေ တိရစ္ဆာန်မွေးထားကြပြီး အဲဒီတိရစ္ဆာန်တွေနဲ့ စကားပြောတတ်ကြ တာလေ။ တော်တော် ကြောင် တယ်နော်။
    ဒီကြက်တူရွေးက ကျွန်တော် မွေးထားတာလည်းမဟုတ်ပါဘူး။ သူနဲ့ စကားပြောဖို့ ကျွန်တော့်မှာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် ခုကိစ္စမှာက သူ လျှောက်လျှောက်ပြောနေတာကို ကျွန်တော်က အဓိပ္ပာယ် နားလည် သလိုဖြစ်နေတယ်။ အဲဒီတော့ သတိလက်လွတ်နဲ့ ပြန်ပြောမိသွားတာပေါ့။ အဲဒါက ပိုကြောင် တယ်ဗျ။ သိတယ်မှုတ်လား။
    ကျွန်တော် ဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိပြီး ကုန်းပတ်ပေါ်မှာရှိတဲ့ခရီးသည်တွေကို တစ်ယောက် ချင်း၊ တစ်ဖွဲ့ချင်း လိုက်ကြည့်နေလိုက်တယ်။ အာရုံလွှဲလိုက်တာပဲ။
    ဘာကြာလိုက်လဲ။ ကီခနဲ မြည်တဲ့အသံ ကြားရတာပဲ။

ကျွန်တော် သူ့ကို လှည့်ကည့်စရာမလိုဘူး။ တစ်ခါတည်း တန်းသိတယ်။ ကျွန်တော့် လုံချည် ဆေးလိပ်မီးလောင်ပေါက်နေပြီဆိုတာ သိပ်သေချာတာပေါ့။ သွားပါပြီ။ အင်ဒီယားပလေကပ်၊ သုံးရေပဲ ချရ သေးတာ။ မီးလောင်ပေါက်တဲ့နေရာကိုလက်နဲ့ ကပျာကယာ ပွတ်ချေငြိမ်းသတ်ပြီးမှ ကြက်တူရွေး ကို လှမ်း ကြည့်မိတယ်။ သူက ထုံးစံအတိုင်း ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး  ကရစ် .. ကရစ်၊ ကရု .. ကရု လုပ်နေ တယ်။
    " ဟင် .. ဆေးပေါ့လိပ်သောက်ပြီး မီးပွားလွင့်မယ်၊ မီးလောင်ပေါက်မယ်ဆိုတာ သိဖို့ကောင်းတာ ပေါ့။ မပြောများ မပြောရင် သင်္ဘောတောင်မီးစွဲနိုင်တယ်။ တစ်ကတည်း.. "
    သူပြောတာမှန်ပေမယ့် ကျွန်တော် ဒီကောင့်ကို တော်တော် ချဉ်သွားတယ်။ တော်တော် လူပါးဝတဲ့ ကောင်ပဲ။ ကျုပ်ဟာကျုပ် ဘာပဲဖြစ်နေဖြစ်နေ သူနဲ့ဘာဆိုင်လဲ။ သူက ဘာကောင်မို့လဲ။
    အဲဒီနောက်ပိုင်းကျတော့ သင်္ဘောပဲ့ပိုင်းက မိတ်ဆွေတစ်ယောက်က လာခေါ်သွားလို့ အဲဒီနးက အပြီးပြောင်းခဲ့တယ်။ အဲဒီမိတ်ဆွေနဲ့ စကားပြောရင်း ကြက်တူရွေးကို သတိရနေသေးတယ်။ ဂရစ်..ဂရစ်၊ ကရစ်..ကရစ်နဲ့ စကားပြောတတ်တဲ့ ကြက်တူရွေးအကြောင်း ကျွန်တော့်မိတ်ဆွေကို ပြောပြတော့ သူက ရယ် လိုက်တာ။ ကျုပ်ဟာကျုပ် အဓိပ္ပာယ်တွေထုတ်တာကို ရယ်တာပါ။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ သူ ထင်သလောက် ပေါ့ပေါ့တန်တန် မဟုတ်ဘူးဗျ။
    အချိန်အခါ၊ အခြေအနေနဲ့ တိုက်ဆိုင်ပြီး ဖြစ်လာတဲ့ ကြက်တူရွေးရဲ့ လှုပ်ရှားမှု၊ အမူအရာ၊ အသံ၊ အတိုးအကျယ် အဲဒါတွေဟာ အဓိပ္ပာယ်တွေဖြစ်ဖြစ်လာတယ်။ ဒါဟာ အဆန်းလားဗျာ။ တစ်ခါတလေ မလိုသူကို စောင်းမြောင်းပြီးဆောင့်ကြ၊ အောင့်ကြတာတွေ တွေ့ဖူးတယ်မဟုတ်လား။ မကျေမနပ် နဲ့ မြည်တွန်တောက်တီးတဲ့စကားတွေ၊ ဆဲရေးတဲ့ ရှုတ်ချတဲ့စကားတွေ ထွက်လာတာပဲ။
    ကျွန်တော်က ကျွန်တော့် မိတ်ဆွေကို ကြက်တူရွေးလိုက်ကြည့်ဖို့တောင် ပြောသေးတယ်။ သူက ရယ်နေတယ်။

    " တော်ပါပြီဗျာ။ ခင်ဗျားဟာ ဘာမဟုတ်ညာမဟုတ်" တဲ့။
    သူပြောပုံကို ကျွန်တော် နည်းနည်းတော့ မကျေမနပ်ဖြစ်သွားတာအမှန်ပဲ။
    အဲလိုနေတုန်း ထုံးကြီးကို ရောက်တော့မယ်တဲ့ အသံတွေ ထွက်လာတယ်။ မြစ်ရေက သိပ်ကျနေ တယ်။ သင်္ဘော ကပ်ရမယ့်နေရာမှာ အကြီးအကျယ် သောင်ထွန်းနေတယ်။ ရေတိမ်ပိုင်းလည်းဖြစ်နေတယ်။ အဲဒါကြောင့် မြစ်လယ်မှာပဲ သင်္ဘောကို ရပ်ပြီး ကမ်းကိုရောက်ဖို့ လှေတွေနဲ့ ကဲ့သယ်ယူရတယ်။
    ခရီးသည်တွေ လည်း အတော်ကို ဒုက္ခရောက်ကြတယ်။ သင်္ဘောပေါ်ကနေပြီး လှေပေါ်ဆင်းရတာ သိပ်လွယ်တဲ့ ကိစ္စမှ မဟုတ်ဘဲ။

    သင်္ဘောကုန်းပတ်ကမြင့်နေပြီး လှေကားက နိမ့်နေတော့ ကြိုးလှေကားလေးနဲ့ ဆင်း ရတယ်။ တော် တော်ကသိကအောက်နိုင်တယ်။ ပစ္စည်းကလည်း တိုးလိုးတွဲလောင်းပါသေးတယ် မဟုတ်လား။ ကျွန်တော် ဆင်းတဲ့အလှည့်မှာ လှေပေါ်ကိုမှန်းပြီး ခြေချမယ်အလုပ် ကီခနဲကြားလို့ လန့်ပြီး ခြေကို ရုပ်လိုက်ရတယ်။ လား .. လား၊ တော်သေးတာပေါ့။ လှေက သင်္ဘောနဲ့ကွာသွားတာကိုး။ ကျွန်တော်သာ စိတ်ချ လက်ချ ခြေထောက်ချနင်းလိုက် ရင် ရေထဲကျမှာ သေချာ တယ်။ နောက်မှ လှေက ပြန်ကပ်ပေးလို့ ကျွန်တော် လှေပေါ်ရောက်လာတယ်။ ဒီတော့မှ လှေပေါ် ကို ရောက်နှင့်နေတဲ့ ကြက်တူရွေးက ကရစ် .. ကရစ်၊ ကရက် .. ကရက်နဲ့ ပြောတော့တာကိုး။
    " ခင်ဗျားကြည့်ရတာ တော်တော်လပေါ်သရေနိုင်တာပဲ။ ကျုပ် အော်လို့သာပေါ့။ ကျုပ်များမအော် ရင် အနည်းဆုံးတော့ အရှက်ကွဲဦးမှာ သေချာတယ်" တဲ့။
    ကျွန်တော် ထိုင်တဲ့နေရာနဲ့ ကပ်လျက်ကျနေပြန်ပြီ။ လှေပေါ်ကို လူတွေ တော်တော်များများ ဆင်း လာကြတယ်။ ကျွန်တော်က ကြက်တူရွေးကို မသိချင်၊ မကြားချင်ယောင် ဆောင်နေလိုက်တယ်။ လှေထဲကို လူတွေကလည်း ဆင်းလာနေတုန်းပဲ။ လွန်ရော ကျွန်ရော ဆယ့်ငါးယောက်လောက်ပဲ စီးနိုင်တဲ့လှေပေါ်မှာ လူနှစ်ဆယ်လောက်ရှိနေပြီ။ ဒုက္ခပဲ။ လှေနှုတ်ခမ်းနဲ့ ရေမျက်နှာပြင်နဲ့ကလည်း သုံးလေးလက်မမပဲ လွတ်တော့တယ်။ အဲဒီအချိန်မှာ ကြက်တူရွေးဆီက ကရစ် .. ကရစ်နဲ့ အသံထွက်လာပြန်တယ်။
    " ဟေ့ကောင်တွေ .. ဟေ့ကောင်တွေ၊ အလကားနေရင်း ငိုက်မနေကြနဲ့။ လှေပေါ်ကို လူတွေ အဆက်မတန် တင်နေကြပြီ။ အချိန်မရွေး နစ်သွားနိုင်တယ်။ နားလည်လား။ နစ်ပြီဆိုတာနဲ့ တို့ကသေ မှာ။ လှောင်အိမ်ထဲမှာဆိုတော့ ဘယ်လိုလုပ်လို့မှ မလွယ်ဘူး။ ကယ်တော်မူကြပါလို့ နင်းကန်အော်ရုံပဲ ရှိတယ်။ နားလည်လား .. ထ .. ထ"
    ကြက်တူရွေးလေးကို မကြည့်ဘဲ အသံသာ ကြားနေရတယ်။ အဓိပ္ပာယ်ကလည်း အဲလိုထွက်နေ တယ်။ ဒါနဲ့ ကျွန်တော် လှောင်ချိုင့်ကို လှမ်းကြည့်လိုက်တယ်။

    အံမယ် .. ဟုတ်တယ်ဗျ။ ဟိုငိုက်နေတဲ့ကောင်နှစ်ကောင်လည်း နိုးနိုးကြားကြား ဖြစ်နေကြတယ်ဗျ။ သူတို့လည်း ခုမှ ဂစ် .. ဂစ် .. ဂစ် .. ဂစ်နဲ့ လုပ်လာကြတယ်။
    " အေးပါကွာ .. မင်း ပြောတာမှန်ပါတယ်။ ငါတို့လည်း မငိုက်ဝံ့တော့ပါဘူး" ဆိုတဲ့ သဘော။
    အဲဒီတုန်းက အသည်းတထိတ်ထိတ်နဲ့ ကမ်းကိုရောက်ခဲ့ကြရတယ်။ ကျွန်တော့်လာကြိုတဲ့လူက ခပ်သွက်သွက် ထဲကပဲ။ မောင်ပြုံးတဲ့။
    အရပ် ရှည်ရှည်၊ အသားမည်းမည်း။ ကျွန်တော်လည်း သူ ဆွဲခေါ်ရာကို ဒရွတ်တိုက်ပါသွားသလို ပါသွား တယ်။ ကြက်တူရွေးကြီးလည်း ဘယ်မှာဘယ်လိုဖြစ်ပြီး ကျန်ခဲ့တယ်ဆိုတာ မသိတော့ဘူး။

    ဒါပေမယ့် ကျွန်တော် ထုံးကြီးမှာ ကိစ္စပြီးလို့ စားကျက်ရွာကို ရောက်တော့ အဲဒီကြက်တူရွေးကြီး ကို တွေ့သေးတယ်။ သူတို့သခင်က ကြံရည်ဆိုင်မှာ ခဏ၀င်နားရင်း လှောင်အိမ်ကို ဆိုင်တံစက်မြိတ်မှာ ချိတ် ထားတာ။ ကျွန်တော်က ကိုနေ၀င်း ရဲ့ စက်ဘီးနဲ့ ဖြတ်အသွားမြင်လိုက်တာပါ။ ခဏလေးပဲ။ ဒါတောင် ကြက်တူရွေးလေး က -
    " အံမယ် .. အံမယ်၊ ဘယ်သူများလဲ မှတ်တယ်။ ဘယ်လဲဗျ" တဲ့။
    ကျုပ်လည်း ရပ်ပြုမနေတော့ပါဘူး။ စက်ဘီးကို ဆက်နင်းခဲ့တယ်။
    ကျွန်းစီတို့၊ ရွေပြည်တို့ဘက်ရောက်တော့လည်း သူတို့ကို တွေ့ပြန်တယ်ဗျ။ သူ့သခင်က လက်ပံလှ ထိ သွားမှာတဲ့။ ဟိုမှာ ဒီကြက်တူရွေးတွေကို ရောင်းဖို့ဆိုပဲ။
    အဲဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲ စိတ်ရူးတစ်ခု ပေါက်လာတယ်။ ဘာပဲဖြစ်ဖြစ် ဒီကြက်တူရွေး လေးကိုတော့ ၀ယ်သွားဦးမှပဲ။

    ပိုင်ရှင် ကို မေးကြည့်တော့ တစ်ကောင်တည်း မရောင်းဘူးတဲ့။  သုံးကောင်စလုံးဝယ်မှ ရောင်းမှာ တဲ့။ လှောင်အိမ် ပါ ၀ယ်ရမှာဆိုပဲ။
    ဒါန့ အားလုံး  ဘယ်လောက်လဲလို့ မေးလိုက်တော့ ခြောက်ရာတဲ့။
    ကြည့်စမ်း .. ကြက်တူရွေးဈေးကလည်း မသေးပါလား။
    ဖျားနာနေသလို၊ ငြိမ်ကုပ်နေတဲ့ ကြက်တူရွေးနှစ်ကောင်ကို ကျွန်တော်က ဘာလုပ်ရမှာလဲ။ မရွှင် မလန်းနဲ့ ကျက်သရေ လည်းမရှိဘူး။
    ကျွန်တော်က အင်တင်တင်နဲ့ စဉ်းစားနေတုန်းရှိသေးတယ်။ ကျွန်တော့်မိတ်ဆွေ အင်းသူကြီးကိုမြ က ငွေချေလိုက်ပြီ။ အဲလိုကြီးကတော့ ဘယ်ကောင်းမလဲ။
    ကျွန်တော် ငွေခြောက်ရာ ကိုမြကို ပြန်ပေးလိုက်တယ်။ ပြုစုချင်ရင် အရက်တိုက်လို့လည်း ပြောရ တယ်။ ဒီတော့မှ ကိုမြက သူ့ငွေသူပြန်ယူတယ်။

ချက်ချင်း ဆိုသလိုပဲ ငေါင်တောင်တောင်ဖြစ်နေတဲ့ ကြက်တူရွေးနှစ်ကောင်ကို လှောင်အိမ်ထဲကထုတ်ပြီး လွှင့်ပစ်လိုက်တယ်။
    အံမယ် .. အဲလိုကတော့လည်း ကော့လို့ဗျ။ ပျံသွားလိုက်ကြတာ။
    အဲဒီမှာ ကျွန်တော့်ကောင်ကြီးဆီက ကရစ်..ကရစ် နဲ့ အသံထွက်လာပြန်တယ်။
    " အင်း .. ငေးငေးငိုင်ငိုင်နဲ့ ကျက်သရေမရှိအောင်နေတဲ့ ကောင်နှစ်ကောင် ကြီးပွားသွားပြီ။ သြော် .. လောကကြီး မှာ ဒီလိုလည်းရှိသကိုး။ ဟင်း .. ဒီလိုမှန်း အစကတည်းကသိရင် ကောင်းသားကွာ"
    အဲလို အဓိပ္ပာယ်ထွက်မယ်ထင်တာပဲ။ ဘာပဲပောပြော ဒီကောင်လေးကို ကျွန်တော် သဘောကျလာတာနဲ့ မန္တလေးထိ သယ်လာခဲ့တယ်။

    ကျွန်တော့်အိမ်မှာက များသောအားဖြင့် ကျွန်တော် တစ်ယောက်တည်းနေတာလေ။ တစ်ခါတလေမှ ကျုပ်တူလေးတစ်ယောက်လာတတ်တာ။ အိမ်မှာ ကြက်တူရွေးတစ်ကောင် မွေးတယ်ဆိုတာ တကယ်တမ်း ကျတော့ အတော်မလွယ်တဲ့ကိစ္စပဲ။
    သူ့ကို အချိန်မှန်အစာကျွေးဖို့၊ ရေတိုက်ဖို့၊ သူ့လှောင်အိမ်သန့်ရှင်းရေးလုပ်ပေးဖို့၊ သူ့လှောင်အိမ် ၀န်းကျင် ညစ်ပတ်ကုန်တဲ့ ကိစ္စတွေကို သန့်ရှင်းအောင်လုပ်ပေးဖို့ ဘာဘာညာညာပေါ့ဗျာ။ အတော်ပစိပစပ် များတာပဲ။
    အရေးထဲမှာ ဒီကောင်က ဗျစ်တောက်ဗျစ်တောက်ပြောတတ်ပါဘိသနဲ့။
    " မွေးတုန်းကတော့မွေးထားပြီး အစာကျွေးဖို့၊ ရေတိုက်ဖို့ကျတော့ မေ့မေ့နေကြတယ်။ ခင်ဗျားကြီး လုပ်ပုံက မဟုတ်သေးပါဘူး" ဆိုတာမျိုး။

    " လူတွေဟာ တယ်ခက်တာပဲ။ နိုင်လိုမင်းထက် သိပ်လုပ်တတ်ကြတယ်။ သူတို့လက်ထဲက ရေဆိုပြီး ထင်သလို လျှောက်လုပ်နေတာပဲ"
    သူ မကျေနပ်ရင်ပြောနေကျစကားတွေလေ။ ကျွန်တော် သတိထားမိသလောက်တော့ အကောင်း တစ်ခုမှ မပါသလောက်ပဲ။ တစ်ခုတော့ရှိတယ်။ ကျွန်တော်ကလည်း သူ့ကို ၀ယ်လို့သာ ၀ယ်ခဲ့တာ။ သိပ်တော့ တာဝန်ကျေလှတာမဟုတ်ဘူး။ အစာကျွေးဖို့၊ ရေတိုက်ဖို့ ခဏခဏ မေ့မေ့နေတတ်တယ်။ ကိုယ့် စီးပွားကိုယ့်အလုပ်နဲ့ကိုယ်မှ အနိုင်နိုင်မဟုတ်လား။
    အဲလိုနေ့တွေမှာဆို ငနဲလေး ငတ်ပြတ်နေတယ်။ ဒေါသဖြစ်ဖြစ်နဲ့ လျှောက်အော်နေတတ်တယ်။ မကြားဝံ့မနာသာတွေလည်း ပါမယ်ထင်တာပဲ။
    ကြာတော့ ကျုပ်လည်း စိတ်ပျက်လာတယ်။ ဟုတ်တယ်လေ။ ကျုပ်ဟာကျုပ်လည်း သိပ်အဓိပ္ပာယ် မရှိတာ သိလာတယ်။ သူ့အတွက်လည်း မကောင်း၊ ကိုယ့်အတွက်လည်းမကောင်း၊ ဘာလုပ်မှာလဲ။
    အဲဒီတော့ ဘာလုပ်မလဲ။

    ဘာလုပ်ရမှာလဲ။ ကြက်တူရွေးလေးကို လွှတ်ပစ်လိုက်ရုံရှိတော့တာပေါ့။
    ဟုတ်တယ်။ အဲဒါအကောင်းဆုံး။
    သိပ်ကြာကြာစဉ်းစားမနေပါဘူး။ လှောင်အိမ်ဖွင့်ပြီး ချက်ချင်းလွှတ်ပစ်လိုက်မယ်။
    ကျွန်တော့် လက်ကလည်းလွတ်ရော တစ်ခါတည်း သုတ်ခြေတင်တာပဲဗျ။ ဖရူးခနဲ ပြန်ထွက်သွား လိုက်တာ။ စက္ကန့်ပိုင်းအတွင်း မြင်ကွင်းက ပျောက်သွားတယ်။
    " ကျေးဇူးပဲဗျာ" ဆိုတဲ့ "ကီကီ" သံလေးတောင်ပေးမသွားဘူး။
    ရပါတယ်။ သွားပေါ။

    မကျေမနပ်သံတွေ ကြားမနေရရင် ပြီးတာပဲ။ သွားပေတော့။
    ကျွန်တော် လက်ဆေးဖို့ နောက်ဖေးထွက်ခဲ့တယ်။ လက်ဆေးပြီးတော့ ခင်မောင်ကြွယ်ဆီ ဖုန်းဆက်ဖို့ သတိရတယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် ကြက်တူရွေးလေးကို လွှတ်ပစ်လိုက်ပါပြီ ဆိုတဲ့အကြောင်း ပြော လိုက်မယ်ပေါ့။
    ဖုန်းကိုလည်း ကောက်ကိုင်လိုက်ရော "ကီ၊ ကီ၊ ကီ" ဆိုတဲ့အသံကြားရတယ်။ ကျွန်တော် အိမ်ရှေ့ ကို ပြေးထွက်ခဲ့တယ်။ လှောင်အိမ်ထဲမှာ ကြက်တူရွေးလေး ပြန်ရောက်နေတယ်။ လှောင်အိမ်တံခါး ကပွင့်နေတာကိုး။ ကျုပ်လည်း မြင်ရော ကရစ်ကရစ်နဲ့ လုပ်တော့တာပါပဲဗျာ။
    " ခင်ဗျား ကျုပ်ကို လွှတ်လိုက်တော့ ကျုပ် ၀မ်းသာအားရနဲ့ ထွက်ပြေးမိတယ်ဗျာ။ နှုတ်တောင် မဆက်မိပါဘူး။ အတော်ရိုင်းသွားတယ်။ ခွင့်လွှတ်ပါ။ ဒါပေမယ့် အပြင်လောကမျာက လည်း ကျုပ်ထင်သလောက် မလွယ်ဘူးဗျ။ ဘယ်လိုကြီးမှန်းမသိဘူး။ ကျုပ် ကြောက်တယ်ဗျ။ တကယ် လန့်စရာ ကောင်း တာပဲ။ ဒါကြောင့် ကျုပ် ပြန်လာတာ"
    " အဓိပ္ပာယ်မရှိဘူး ဟေ့ကောင်။

မင်းတညည်းညည်း တညူညူလုပ်နေလို့ ငါ လွှတ်ပေးလိုက်တာပဲ။ မင်းဟာ မင်းသွားချင်ရာသွားလို့ရတယ်။ မင်းဟာမင်း ကြံရဖန်ရမှာပေါ့။ မဟုတ်ဘူားး "
    ကျွန်တော် ဒေါသဖြစ်ဖြစ်နဲ့ အဲဒီလောက်တော့ ပြန်ပြောမိတယ်။ သိပ်တော့မရိုင်းပါဘူးနော်။
    အဲလိုပြောတော့ သူ ငြိမ်နေတယ်။ ဘာမှပြန်မပြောဘူး။ ကျွန်တော် ထည့်ကျွေးထားလို့ကျန်နေတဲ့ ခရမ်းချဉ်သီး ကို စားနေတယ်။ ရေလည်းသောက်တယ်။
    ကျွန်တော် သူ့ကို ဇွတ်တော့နှင်မလွှတ်ပါဘူး။ ဒါပေမယ့် လှောင်အိမ်တံခါးကိုတော့ ဖွင့်လျက်ပဲထား လိုက်တယ်။ သူ့ဟာသူ ၀င်ချင်ဝင် ထွက်ချင်ထွက် မကောင်းဘူးလား။ အစာတို့ရေတို့လည်း ကျွန်တော် အားတဲ့အခါ မှာ အားသလိုပဲကြည့်လုပ်ပေးတော့တယ်။ မအားလို့လုပ်မပေးနိုင်ရင် သူ့ဟာသူ ထွက်ရှာစား လေ။ ဆာရင်ငတ်ရင် လုပ်ရမှာပေါ့။ ပြီးတော့ ပြန်လာချင်လည်း သူ့သဘော။ မပြန်ချင် လည်းပြီးရော။ ဟုတ် တယ်မဟုတ်လား။
    အဲဒါပဲ။ အဲဒီနေ့ကစပြီး သူနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက အတော်လေး ရှင်းသွားတယ်။ ပေါ့ပေါ့ ပါးပါးနဲ့ လွတ်လွတ် လပ်လပ်ဖြစ်သွားတယ်။

    မကြာမာကာ သူ ထွက်သွားတတ်တယ်။ ဒါပေမယ့် သိပ်မကြာတတ်ဘူး။ သူ့လှောင်အိမ်ထဲ သူ ပြန်လာ တာပဲ။ ဒါပေယ့် ဗျစ်တောက်ဗျစ်တောက်နဲ့ကတော့ ပြောတုန်းပဲ။
    ကျွန်တော် နေပုံထိုင်ပုံကို ကြည့်မရတဲ့အကြောင်း၊ အိမ်မှာ နေတာကလည်း ဇရပ်ပေါ် ခဏတက် တာနဲ့တူတဲ့အကြောင်း၊ မသပ်ရပ်ကြောင်း၊ ညစ်ပတ်ကြောင်း ဘာညာပေါ့ဗျာ။
    ဒါနဲ့ တစ်နေ့တော့ ကျွန်တော် ခပ်ချဉ်ချဉ်တာနဲ့ သူ အပြင်ထွက်နေတုန်း လှောင်အိမ်ကို နောက်ဖေး မီးဖိုချောင် ထဲကစတိုခန်းထဲမှာထည့်ပြီး ၀ှက်ထားလိုက်တယ်။
    သူပြန်လာရင် ဘယ်လို နေမလဲလို့ ကျွန်တော် စောင့်ာကည့်တယ်။ အံမယ် ... သူပြန်လာတော့ ဘာမှ မဖြစ်သလိုပဲ။ ဧည့်ခန်းထဲက ဗိရိုပေါင်ပေါ်ကို တက်နားလိုက်တယ်။ ထုံးစံအတိုင်းတော့ ပြောတာပဲ။

    " ရပါတယ်။ တစ်နေ့ကျရင် ဒီလိုဖြစ်လာမယ်ဆိုတာ သိသားပဲ" တဲ့။
    " အခြေအနေအားလုံးကို သုံးသပ်လိုက်ရင် တကယ်ကျတော့ လှောင်အိမ်လည်း မလိုမှမလိုတော့ပဲ"တဲ့။
    ကြည့်။ ဘယ်လောက်လူပါးဝတဲ့ကောင်လဲ။

    " အေး ... အဲဒါအမှန်ပဲ။ မင်းကို ငါ လွတ်လပ်ခွင့်အပြည့်အ၀ပေးပြီးသားပဲ။ ဒီတော့ မင့်အစာမင်း ရှာစား။ ရေဆာရင်လည်း မင့်ဟာမင်း ဖန်တီးတော့။ ဒါပဲ။ အေး ... ငါ့အိမ်ကို ပြန်လာချင်တယ်ဆိုတာကတော့ မင့် သဘော။ မင့်ဟာမင်း ကြည့်နေပေါ့။ မင်းသိတဲ့အတိုင်းပဲ ငါ့အိမ်ကို ကြောင်တစ်ကောင်လာတတ်တယ်။ အဲဒါ သတိထား။ အဲဒါပဲ"
    ကျွန်တော်လည်း ခပ်ချဉ်ချဉ်နဲ့ ပြောလိုက်တယ်။ သူ ငြိမ်ခံနေတယ်။ ဘာမှမပြောဘူး။ အဲလိုဖြစ်ပြီး တော့ ကျွန်တော် မေမြို့ (ပြင်ဦးလွင်)ကို သုံးလေးရက်တက်သွားရသေးတယ်။ အရင်ကလိုတော့ ကြက်တူ ရွေးအတွက် မပူရတော့ဘူး။ ပြတင်းတစ်ခုအထက်က လေ၀င်ပေါက်တစ်ခုကို အသာဟ ထားပေး ခဲ့တယ်။ ထွက်ချင်ဝင်ချင်ရင် အဲဒီအပေါက်ကိုသုံး။ ဒါပဲ။
    ကျွ်တော် ပြင်ဦးလွင်ကပြန်လာတော့ အိမ်မှာ ကြက်တူရွေး ဘ်လိုများနေရှာမလဲလို့ တွေးမိသေး တယ်။ ဒါနဲ့ ကားဆိပ်ကအိမ်ကို ခပ်သွက်သွက် လျှောက်ခဲ့တယ်။ အိမ်ရှေ့လည်းရောက်ရော ကျုပ် မျက်လုံး ပြူးရပြီ။
    ကြက်တူရွေးဝင်ဖို့ထွက်ဖို့ သက်သက်ဟထားပေးခဲ့တဲ့ လေ၀င်ပေါက်ကနေပြီး ကြောင်ခုန်ထွက်သွား တာမြင်လိုက်ရတယ်။

    အိမ်တံခါး ကို ကပျာကယာ သော့ဖွင့်နေတုန်း ကျွန်တော့် လက်တွေဟာ တုန်နေတယ်။
    ဧည့်ခန်းထဲလည်းရောက်ရော ကြက်တူရွေးလေးကို တန်းတွေ့တာပဲ။
    ဧည့်ခန်းက အလယ်စားပွဲပေါ်မှာ ပက်လက်ကလေးသေနေပြီ။
    ကပျာကယာ ကောက်ယူကြည့်လိုက်တော့ စောစောက ထွက်သွားတဲ့ကြောင်နဲ့ ဘာမှ ပတ်သက်ဟန် မတူဘူး။ ကုတ်ရာခြစ်ရာ သွေးထွက်သံယိုကိစ္စ လုံးဝမရှိ။
    အစာရေစာပြတ်လို့ သေတာများလား။

    လုံးဝ မဖြစ်နိုင်၊ ပြည့်ပြည့်ဖြိုးဖြိုးပါပဲ။
    ဘာပဲဖြစ်ဖြစ် ကြက်တူရွေးလေး သေရှာပြီ။
    ကျွန်တော် သိပ်ကြာကြာ စဉ်းစားမနေပါဘူး။ ခြံထဲက သရက်ပင်အောက်မှာ ဖြစ်ကတတ်ဆန်း ကျင်းတစ်ခု တူးပြီး မြှုပ်လိုက်တယ်။
    ပြီးတော့ လက်ဆေးတယ်။
    ပြီးတော့ လက်သုတ်တယ်။

    ပြီးတော့ ခင်မောင်ကြွယ့်ဆီ ဖုန်းဆက်လိုက်တယ်။
    "သူငယ်ချင်း မင်းကို ငါ ၀မ်းသာစရာတစ်ခု ပြောစရာရှိလို့ကွ"
    (သူငယ်ချင်း ခင်မောင်ကြွယ်ရဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဇနီးကို ရည်စူးပါတယ်)။

ပြီးပါပြီ
နောက်အသစ်တပုဒ်ဆက်ရန်

.
>>>ဆက်ဖတ်ရန်>>> >>

Sunday, June 23, 2013

ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၃)

                                                   ဖျန်တင်တောင်ကြား

ဆာလောက်မွတ်သိပ်ခြင်းဟာ
အကောင်းဆုံးဆော့(စ)ဖြစ်ဆယ်လို့အဆိုရှိတယ်။
ဆော့(စ)ဆိုတာ ဟင်းလျာတွေကို ပိုပြီးအရသာရှိလာအောင်
တွဲဖက်စားသောက်ဖို့ လုပ်ထားတဲ့ ငရုတ်ရည် ခရမ်းချည်ရည်
ဘာညာ အဲဒါမျိုးကို ခေါ်တာလေ။

ဖျန်တင်တောင်ကြားကို အပေါ်ကစီးပြီး မြင်နေရတယ်။
ဖျန်တင်လွင်ပြင်ဟာ မြေပြန့်မြေနိမ့်ရာဆိုပေမယ့် ပင်လယ်ရေမျက်နှာပြင်အထက် ပေကိုးထောင်မှာ ရှိတယ် လို့ဆိုတယ်။ ကျုပ်တို့ရောက်နေ တဲ့ တောင်စောင်း၊ တောင်ထွက်ဟာ ဖျန်တင်တောင်ကြား လွင်ပြင် ထက် ပေ လေးထောင်ကျော်မြင့်သေးတယ်။
    မြောက်ဘက်က လေအေးတွေ တအားတိုက်နေတယ် နေမမြင်ရတာလည်း သုံးလေးရက်ရှိပြီ။ မီးဖြတ် အရက်သောက် ရတာ စောင်ခြုံဖို့ ကြိုးစားတာတစ်မျိုးလိုဖြစ်နေတယ်။ ဆန်စီးတွေကိုပြုတ်၊ ဆားနဲ့ နယ်ပြီး၊ အလုံးတွေ လုံးထားတယ်။ အဲဒါတွေကို အမဲခြောက်မီးဖုတ်နဲ့တွဲပြီးစားးရတယ်။ မီးဖြတ်အရက်ကို ဟင်းရည်သောက် လို သဘောထားကြရတယ်။
    ဆာလောင်မွတ်သိပ်ခြင်းဟာ အကောင်းဆုံးဆော့(စ)ဖြစ်တယ်လို့ အဆိုရှိတယ်။ ဆော့(စ)ဆိုတာ ဟင်းလျာတွေ ကို ပိုပြီးအရသာရှိလာအောင် တွဲဖက်စားသောက်ဖို့ လုပ်ထားတဲ့  ငရုတ်ရည်၊ ခရမ်းရည် ဘာညာ အဲဒါမျိုးတွေကို ခေါ်တာလေ။
    တကယ်တမ်းသာ ဆာလောင်မွတ်သိပ်နေပါစေ၊ အစာအာဟာရတွေကို ပိုပြီးအရသာရှိလာတယ်လို့ ထင်ရတာ သေချာ တယ်။

    ထန်းထန်းမားကုန်းမြင့်ဟာ သိပ်မကြီးပါဘူး။ သိပ်လည်း ကျယ်လှတာတော့ မဟုတ်ပါဘူး။ လူနေ အိမ်ခြေလည်း နည်းပါတယ်။ အားလုံးမှ မိသားစုဆယ့်သုံးစု၊ ကလေးရော လူကြီးရော အားလုံးပေါင်းမှ တစ်ရာကျော်လောက်ပဲ ရှိတယ်။
    အဲဒီထန်းထန်းမားရွာသူရွာသားတွေကို သန်းခေါင်စာရာင်းကောက်ဖို့ မှတ်ပုံတင်လုပ်ပေးဖို့ ပြင်ဆင်ရတာ ဘာကြာလိုက်လို့လဲ။ နှစ်ရက်ပဲ အားလုံးပြီး။ ဒီကို ရောက်အောင် လာရတာက တစ်လနီးပါး။ ရာသီဥတုသိပ်ဆိုးနေလို့ မပြန်နိုင်ဘဲ ဖြစ်နေတာက နှစ်ပတ်လောက်ရှိနေပြီ။
    တာဝန်နဲ့လာရတာဆိုတော့ ပျင်းလှတယ်။ ပျော်လှတယ် ရယ်လည်း မဟုတ်ပါဘူး။
    ထန်းထန်းမားမှာ စိုက်ပျိုးရေးလုံးဝမရှိဘူး။ မုဆိုးတွေချည်းပဲ။ ရောင်းလို့ဝယ်လို့ဆိုတာမျိုးကလည်း ထန်းထန်းမားမှာတော့ မရှိပါဘူး။ အဲဒီမှာ ပိုက်ဆံငွေကြေးကလည်း အလကားပါပဲ။ ၀ယ်စရာမရှိ၊ ရောင်းစရာ မဟုတ်လား။
    သူတို့ရောင်းဖို့ဝယ်ဖို့က မြေပြန့်ကို ဆင်းကြရတာလေ။ အဲဒီမှာ သူတို့အမဲလိုက်ရာက ပိုလျှံပစ္စည်း တွေရောင်းကြ၊ လိုတာဝယ်ကြ ဒါမျိုးပေါ့။

    ထန်းထန်းမားသူကြီးက ခတီးကျန်တဲ့။ မျက်နှာမှာ မျက်နှာဖုံးကြီး အမြဲတပ်ထားသလိုပဲ။ သူပြောပြီ ဆိုရင်လည်း ကွန်ပျူတာ ခပ်ညံ့ညံ့ကထွက်တဲ့ စက်လုပ်စကားပြောသံလိုပဲ။ အသံက အနိမ့်အမြင့်အတိုး အကျယ်မရှိသလောက် သူ့မျက်နှာဖုံး မျက်နှာကြီးကလည်း မရယ်မပြုံး မရှုံ့မမဲ့။
    သူနဲ့စတွေ့ခါစက ကျုပ်တို့ ဦးခတီးကျန်နဲ့ စကားပြောရင်း ပြောမယ့်စကား ပျောက်ပျောက်သွား တယ်။ ဘယ်လိုဘယ်လို ဖြစ်တယ်ဆိုတာရှင်းပြဖို့ မလွယ်ဘူး။ ဦးခတီးကျန်နဲ့ လက်တွေ့ စကားပြောကြည့် မှသိမှာပါ။

    ဦးခတီးကျန်ဟာ သူကြီးဆိုပေမယ့် လုပ်စရာသိပ်များများ ရှိတာမဟုတ်ပါဘူး။ ငြင်းကြခုံကြ၊ သတ်ကြ ပုတ်ကြ၊ လုကြယက်ကြဖြစ်လာတယ်ဆိုမှ သူက တရားသူကြီးလုပ်ပြီး စီရင်ဆုံးဖြတ်ရတာတဲ့။ အဲလိုကျတော့ လည်း သူတို့အားလုံးက ရိုသေလေးစားကြသတဲ့။ သူ ဆုံးဖြတ်သလို လိုက်နကြတာပါပဲတဲ့။
    မနေ့ညက ခုံကျဆိုတဲ့ ဓားပြတစ်ယောက်ကို ဖမ်းထားတယ်။ အတော်ဆိုးတဲ့ ဓားပြလို့ပြောကြတယ်။ ဒီနေ့မှ တရားလိုတွေ ထန်းထန်းမားကို လာကြမှာဆိုတော့ ဦးခတီးကျန် အမှုစစ်တာကို မြင်ရဦးတော့မှာပေါ့။
    ခုံကျဆိုတဲ့ကောင်က ချုပ်ထားတဲ့နေရာကို သွားကြည့်ကြတယ်။ အတော်ကို ကျက်သရေ မရှိတဲ့ ကောင်ပဲ။ ခြေတံရှည်တဲကြီးအောက်က ၀က်တွေမွေးထားတဲ့နေရာ၊ အိမ်တိုင်တစ်လုံးမှာ သူတို့ ကြိုးနဲ့ တုပ် ထားတယ်။ သူ့ပတ်လည်မှာတော့ ၀က်တွေပေါ့။ အားလုံး နံစော်နေတာပဲ။ ၀က်တွေဆိုတာ ကတော့ ပြောမနေနဲ့။ ဟိုအမှိုက်ပုံထိုး ဒီအမှိုက်ပုံဆွဆိုတာမျိုတွေ မဟုတ်လား။ ညစ်ပတ်စုတ်ပြတ်ပြီး စားလို့ ကောင်း သလောက် အလွန်ကျက်သရေယုတ်တဲ့ကောင်တွေပဲ။
    အဲ ... ၀က်တွေထက် ကျက်သရေမရှိတာကတော့ ခုံကျဲပဲ။ ညစ်ပတ်စုတ်ပြတ်နေတာပဲ။

    ခုံကျဲဆိုတဲ့ကောင်က ငယ်ငယ်ကတည်းက ဆိုးတာဆိုပဲ။ နတ်ဆရာ ဆောင်းကျားဆိုတဲ့ အဘိုးကြီးရဲ့ အိပ်ရာထဲကို ခါချဉ်ကောင်၊ ပုရွက်ဆိတ်တွေ ထည့်ထားဖူးတယ်တဲ့။ အဲဒ နတ်ဆရာကို မကြောက်လို့လည်း မဟုတ်ဘူး။ ကြောက်လွန်းလို့လည်း မဟုတ်ဘူး။ ဘာပြုလို့သွားလုပ်တယ်ဆိုတာ နတ်ဆရာကြီး ဆောင်းကျားတောင် မပြောနိုင်ဘူးတဲ့။ နေ့လယ်ပိုင်းလောက်မှာ တရားလိုမဖလူးနာရဲ့ အမျိုး တွေရောက် လာကြတယ်။ နှင်းတွေ၊ မြူတွေ တအားကျလာတဲ့ အချိန်၊ နေရောင်ပျောက် သလောက်ဖြစ်ပြီး မည်းမှောင်မှိုင်းညိုသွားတဲ့အချိန် အရှေ့ဘက် က တောင်ကုန်းကလေး ကိုကျော်ပြီး ရွာထြဲကို ၀င်လာကြတယ်။
    ရာသီဥတုကလည်း သိပ်အေးသိပ်ဆိုးနေလို့ အဲဒီနေ့က အမှုမစစ်ဖြစ်ဘူး။ ဒါပေမယ့် ခုံကျဲကိုတော့ ခတီးကျန် က သုံးလေးချက်လောက် ပိတ်ကန်တာမြင်ကြရတယ်။ ခုံကျဆိုတဲ့ကောင်က တစ်မှုတည်း မဟုတ်ဘူးဗျ။ သုံးလေးမှု ကျူးလွန်ထားတာ။
    မုဆိုးမချောင်းတာရှံရဲ့အိမ်ကို ခုံကျဲက ချဆွဲလွဲပြီး ဖျက်ပစ်ဖူးတယ်။ ဒါပေမယ့် ချက်ချင်း ဆိုသလိုပဲ ပြန်ပြင်ပေးတယ်။ ပြင်တယ်ဆိုပေမယ့် နဂိုကလိုတော့ ဘယ်ကောင်းတော့မှာလဲ။ အခြေကျပြီးသားတွေက လည်း အကုန်ပျက်၊ မသပ်မရပ်တွေလည်း အကုန်ဖြစ်၊ ပုံပန်းကြည့်လိုက်ရင်ကို အသိသာ ကြီးပါ။ အကုန်ယိုင်ရွဲ့နေတော့တာပေါ့။
    အိမ်ပြန်ပြင်ပေးပြီးတဲ့ ညနေဘက်ကျတော့ ခုံကျဲက မုဆိုးမချောင်းတာရှံဆီမှာ ၀က်ကလေးတစ်ကောင်နဲ့ အရက် တစ်အိုးတောင်းသတဲ့။ ချောင်းတာရှံက ဘယ်ပေးမှာလဲ။ ဒီတော့ ခုံကျဲက ချောင်းတာရှံဟာ ဧည့်ဝတ် မကျေဘူး။ ကျေးဇူးကန်းတယ် ဘာညာနဲ့ သူကြီးဆီ လာတိုင်သတဲ့။ အဲသည်တုန်းက ခုံကျဲက တရားလို၊ မုဆိုးမချောင်းတာရှံက တရားခံ၊ အမှုက ဧည့်ဝတ်မကျေမှု၊ နှမြောတွန့် တိုမှု၊ ကျေးဇူးကန်းမှု၊ အမှုအကြောင်း စုံစုံလင်လင်လည်းသိရော ခတီးကျန်က ခုံကျရဲ့မျက်နှာကို တံတွေးနဲ့ ထွေးလိုက်သတဲ့။ အဲဒါစီရင်ထုံးပဲ။
    နောက်နေ့မှာလည်း ရာသီဥတုက သိပ်ဆိုးတာပဲ။ တရားလိုသုံးဦး ရောက်လာပေမယ့် သုံးယောက်စလုံး အပြင်းဖျား လာကြလို့ သူတို့အမှုကို လုံးဝ မစစ်နိုင်ပါဘူး။

    ကျုပ်တို့အဖွဲ့မှာ ဆရာဝန်ပါတယ်။ အပြင်းဖျားနေတဲ့ တရားလိုသုံးယောက်ကို အတတ်နိုင်ဆုံး ပြုစု ကုသကြ ပါတယ်။ သူတို့သုံးယောက်စလုံး အလွန်ပြင်းထန်တ့ အအေးဒဏ်ကို ခံခဲ့ကြရတာကို တွေ့ရတယ်။
    အစွမ်းကုန်ကုသကြပေမယ့် သုံးယောက်ရှိတဲ့ထဲက နှစ်ယောက် သေသွားတယ်။ တစ်ယောက်ပဲ ကျန်တယ်။ အဲဒီတစ်ယောက်ကလည်း သက်သာလာလို့ သတိရတာနဲ့တစ်ပြိုင်နက် ခုံကျဲကို နည်းအမျိုးမျိုးနဲ့ ကျိန်ဆဲတော့ တာပဲ။ ဘယ်လောက်ထိ ကျိန်ဆဲတယ်မှတ်သလဲ။ ပါးစပ်က အမြှုပ်တွေတက်လာပြီး အားယုတ် သတိမေ့ သွားတဲ့အထိ ကျိန်ဆဲတယ်။
    သူ့ကို ဆေးကုတဲ့နေရာနဲ့ ခုံကျကို ချုပ်ထားတဲ့တဲကြီးအောက်က ၀က်ခြံနဲ့က အတော်ဝေးတယ်။ ဒါပေမယ့် ကျိန်ဆဲနေတဲ့ လူမမာရဲ့ စကားကို မိန်းမသုံးယောက်က အလှည့်ကျ ခုံကျဲ ဆီ ပြေးပြေးပြော တယ်။ ပြေးပြေးပြောရတာများလာတော့ အဲဒီမိန်းမသုံးယောက်က တစ်ယောက်နဲ့တစ်ယောက် ခပ်လှမ်းလှမ်း မှာနေ ကြပြီး ကျိန်ဆဲတဲ့ စကားတွေကို လက်ဆင့်ကမ်းအော်ဟစ်ပြီး ခုံကျဲသိအောင် ပို့ပေးကြ တယ်။
    ဒီတော့ တရားလိုလူနာရဲ့ မကြားဝံ့မနာသာ ဆဲသံဆိုသံ၊ ကျိန်ဆဲသံတွေက တစ်ရွာလုံး မကြားချင် အဆုံး ဆိုတာကို ဖြစ်နေတယ်။

    ကျုပ်တို့အုပ်စုက စကားမပေါက်ကြတော့ ပထမ ဘာမှ နားမလည်ကြဘူး။ အဲဒီတော့ ကျုပ်တို့နဲ့ အတူပါလာတဲ့ စုလုဆိုတဲ့ သူနာပြုဆရာမလေးက ဘာသပြန်ပြတယ်။ နောက်ပိုင်းကျတော့ ဆဲတာတွေက အဓိပ္ပာယ်ပြန်ဖို့ မသင့်လောက်အောင် ကြမ်းတမ်းရိုင်းပျလာတယ်လို့ဆိုတယ်။ စုလုက ရှက်ပြီး ဘာသာပြန် မပေးတော့ဘူး။
    ဒါနဲ့ အရက်သောက်ပြီး မူးပြီးပြန်လာတဲ့လား မောင်းတဲ့လားသမား ကျားမန်းက ဆက်ပြီး ဘာသာ ပြန်ပေးတယ်။ မကားဝံ့မနာသာတွေပါ။ ခုံကျလည်း သူ့ကို ဆဲလေ ဒေါ သဖြစ်လေဖြစ်လာ တယ်။ ခြေတံရှည် အိမ်အောက်က ၀က်ခြံထဲ မှာ တ၀ုန်းဝုန်းနဲ့ ခုန်နေတယ်။
    အဘိုးကြီး ခတီးကျန်ကြားအောင်လည်း အော်အော်ပြီး တိုင်နေတယ်။
    ကျုပ်တို့က ကျာမန်းကို ဘာသာပြန်ခိုင်းရပြန်တယ်။ သူကလည်း တစ်မျိုးဗျ။ သူ့ကို ကျေးဇူး မသိတတ်တဲ့ကောင်တွေ၊ ငရဲပြည်က စိုစွတ်တံ အိပ်ရာပေါ်မှာ ထမင်းသိုး၊ ဟင်းသိုးတွေနဲ့ အတူ အိပ်ကြရပါစေ လို့ ပြန်ပြီးကျိန်ဆဲတယ်။ သူ့စိတ်ရင်းစေတနာကို နားမလည်ကြဘူးဆိုပြး ခတီးကျန်ကြားအောင် လည်း အော်ပြီးတိုင်နေတယ်။
    တစ်နေ့လုံး ကျုပ်တို့မှာ ခိုက်ခိုက်တုန်အောင် ချမ်းတာက တစ်မျိုး၊ မီးဖြတ်အရက်တွေသောက်ပြီး မူးတာက တစ်မျိုး၊ ခုံကျဲနဲ့ တရားလို လူနာအပြိုင်အဆိုင်ဆဲကြလို့ ရယ်ရတာကတစ်မျိုး၊ ညစ်တီးညစ်ပတ်တွေ ပါလာလို့ ကြက်သီးထ ရတာကတစ်မျိုးနဲ့ အချိန်တန်တော့ ဆားထမင်းလုံး နဲ့ အသား ခြောက်ကင်ဆီဆမ်းတွေဝါးပြီး အိပ်ပျော် သွားကြတယ်။
    မနက်မိုးလင်းတော့ ခုံကျဲရဲ့ ၀က်လိုအော်နေတဲ့အသံနဲ့ မျက်နှာသစ်ကြရတယ်။

    ဒီနေ့တော့ ရာသီဥတုအတော်ကောင်းနေတဲ့ပုံပဲ။ လေလည်းငြိမ်နေတယ်။ အလင်းရောင် လည်း တော်တော်ပေါက်တယ် လို့ ပြောရမယ်။
    ကိုးနာရီလောက်ကျတော့ ၀ါးလုံးမောင်းခေါက်သံသုံးလေးချက် ကြားရတယ်။ အဲဒီနောက် လျှာကို လိပ်၊ ပါးစပ် အတွင်းသွားနဲ့သွားဖုံးအကြား လျှာကို ဖိကပ်ပြီး အသံကို ညှစ်ထုတ်လိုက်ရင် ထွက်လာတဲ့ပုစဉ်း ရင်ကွဲအော်တဲ့ အသံမျိုး တော်တော်များများကို ကြားကြရတယ်။
    ဒါဆို သေချာပြီ။ ဒီနေ့ ခုံကျဲအမှုကို ဆလူးနာတို့နေတဲ့ တောင်ကုန်းကို ခုံကျဲရောက်လာတာ။ ဆလူးနာမှာ လုပ်စရာ ကိုင်စရာတွေများလွန်းလို့ မအားရတဲ့အထဲ ဒီဧည့်သည်ခုံကျဲက ရနန်စတဲ့လေ။ ဆလူးနာ ရဲ့အမျိုးတွေကလည်း ဖျားနေကြလို့ မလှုပ်နိုင်ကြတော့ ဒီတိုင်းပဲ ကြည့်နေကြားနေကြရတယ်။ ဒါက ဆလူးနာ ရဲ့ အမျိုးတွေက ခတီးကျန်ကို ရှင်းပြကြတဲ့အပိုင်း ရောက်လာပြီး။
    အဲဒီနောက်မှာတော့ ခုံကျဲနဲ့ ဆလူးနာတို့ ဖက်ပြီးလုံးကြသတ်ကြတဲ့အခြေအနေထိ ရောက်သွားသတဲ့။ အဲဒီတော့ မှ ခုံကျဲရဲ့အကြံအစည်ကို သိကြရတော့တာကိုး။ ခုံကျဲက ဆလူးနာကို ရန်ဖြစ် ချင်လို့မှမဟုတ်ဘဲ။ ဖက်ပြီး နပမ်းလုံးချင် လို့ ညဏ်ဆင်တာပဲ။ ဒီတော့ ဆလူးနာကလည်း ဇွတ်ရုန်း၊ ခုံကျဲက လည်းဇွတ်ဖက်၊ ဆလူးနာ အမျိုးတွေကလည်း အကြောတွေဆွဲနေကြလို့ ဘာမှမတတ်နိုင်။ ကြိုးစားပြီး လဲလျောင်းနေရာက ထလာ တဲ့ ဆလူးနာရဲ့ အဒေါ်ကလည်း အရှေ့ကို လျှောက်ရင် နောက်ရောက်ဆိုတာလို လာလက်ချာ ရိုက်နေသတဲ့။ အဲလိုနဲ့ ရုန်းရင်းကန်ရင်း ဆလူးနာ ၀ါးချွန်စူးလို့ သေရတာတဲ့။
    ဒီတော့မှ ခုံကျဲက ဆလူးနာကို တောထဲမှာ အလောင်းစင်လုပ်သင်္ဂြိုလ်၊ နောက်တော့ ကျင်းတူးမြှုပ်၊ အားလုံး လုပ်ရတာတဲ့။ အသုဘငှက်ပျောသီးတွေလည်း သူပဲ ရှာရတာတဲ့။ ဆလူးနာရဲ့ မိသားစုက ထမှ မထနိုင်ကြ တဲ့ ဟာကို။
    ဆလူးနာ ရဲ့ မိသားစုက ခုံကျဲကြောင့် သူတို့သမီး သေရတာပါလို့ ၀ိုင်းငိုကြတယ်။

ခုံကျဲ ကကျတော့လည်း သူက ဆလူးနာကို ချစ်လို့လုပ်တာပါ တဲ့။ သေသွားတော့ လည်း ကောင်းကောင်း သင်္ဂြိုလ်ပေး တာပဲတဲ့။ အဲဒါကြောင့် ဆလူးနာရဲ့ အမျိုးတွေအားလုံးက သူ့ကို ၀က် သုံးကောင်လောက်ပေး ဖို့ ကောင်းတယ် တဲ့။
ဆလူးနာရဲ့မိသားစုကလည်း ဆလူးနာကို ခုံကျဲသင်္ဂြိုဟ်တဲ့အတွက် သူတို့သွေးထဲ မှာ လောက်ကောင်တွေ ဖြစ် လာလိမ့်မယ် လို့ဆိုတယ်။
    ခတီးကျန်က မျက်နှာသေကြီးနဲ့ ဘာမှမပြောဘဲ ထူးလန်းတောင်ကမ်းပါးယံကို လှမ်းကြည့်နေတယ်။ ဘယ်လောက်ထိ များ တည်ငြိမ်နေသလဲဆိုရင် တရားခွင်မှာ ငြင်းခုံကြတဲ့ကိစ္စအားလုံးရပ်သွားတယ်။ အဘိုးကြီး ခတီးကျန်ကိုပဲ ကြည့်နေကြတော့တယ်။ နောက်တော့ ခတီးကျန်လှမ်းကြည့်နေတဲ့ ထူးလန်းတောင် ကမ်းပါးယံ ကိုပဲ လိုက်ကြည့်ကြတယ်။ အမှုစစ်တာကို လာကြည့်နေကြတဲ့လူတွေအားလုံးပဲ။ ကျုပ်တို့လည်း ပါတယ်။
    ထူးလန်းတောင်ကမ်းပါးယံမှာ တောင်ဆိတ်တစ်ကောင် ကတ်ကတ်သတ်သတ် ရပ်နေတယ်။ သူ့ခြေထောက်လေးချောင်း စလုံးကို အလွန်သေးတဲ့ ကျောက်ကလပ်ကလေးတစ်ခုပေါ်မှာ စုပြီးရပ်ထား တယ်။ ပြီးတော့မှ ကျောက်ချပ်အကြားမှာ ပေါက်နေတဲ့ ခရမ်းတလန်းပင်က အညွန့်ကလေးကို မမီ့တမီနဲ့ စားဖို့ ကြိုးစားနေတယ်။ အားလုံး အဲဒါကိုပဲ ကြည့်နေကြတယ်။ ငြိမ်နေကြတယ်။
    ကျောက်ဆောင်ကျောက်ထွက်တွေပေါ်မှာ အလွန်ခြေမြဲပါတယ်ဆိုတဲ့ တောင်ဆိတ်တစ်ကောင် ရုတ်တရက် ခြေချော်လိမ့်ကျသွားတာကိုများ မြင်ကြရတော့မလားလို့ ထင်ရတယ်။

 ခရမ်းတလန်းပင်ကလေးက ရွက်နုတွော တဗျစ်ဗျစ်နဲ့ ကုန်သွားတယ်။ တောင်ဆိတ်ကတော့ အပိုင်ပဲ။
    တစ်ခုတော့ရှိတယ်။ ခရမ်းတလန်းရွက်နုတွေလည်း ကုန်ရော တောင်ဆိတ်လည်း အောက်ပြန်ဆင်း ဖို့ သတိရလာဟန် တူတယ်။ အောက်ဘက်ကို ငုံ့ကြည့်ပြီး ချိန်ရဆရပြီ။ တက်တုန်းကတော့ ဖတ်ခနဲ ဖတ်ခနဲ ခုန်ခုန်ပြီး တက် တက်ကြတာပဲ။ တောင်ဆိတ်တွေ အမြင့်က ပြန်ဆင်းတော့မယ်ဆိုရင် ပြဿနာက အလွန် စိတ်ဝင်စား ဖို့ ကောင်းတယ်။
 
ထူးလန်းတောင်ကမ်းပါးယံကြီးက ပြားပြားကြီး၊ မတ်စောက်တယ်။ ကမ်းပါးယံ မှာ ကျောက်ထစ် ကျောက်ကလပ် ကလေးတွေတော့ရှိပါရဲ့။ ဒါပေမယ့် အလွန်ကတ်သီး ကတ်သတ် နိုင်ပုံ ရတယ်။ တကယ်တော့ တောင်ဆိတ်တွေဟာ အဆင်းမှာလည်း ဖတ်ခနဲ ဖတ်ခနဲ ဟိုခုန်ဒီခုန်နဲ့ ပြီး သွားတတ်ကြတာ ပါပဲ။ ဒါပေမယ့် ခုကိစ္စမှာ ပထမတစ်ချက်ခုန်ဖို့တောင် မလွယ်တဲ့အနေအထားပဲ။ ပြီးတော့ ပထမဆုံး လှမ်း ခုန်ရမယ့် ကျောက်ထွတ်ကလည်း သူ့နောက်ကျောဘက်မှာ ရောက်နေတယ်။ သူကလည်း အဲဒီဘက်ကို လှည့်ဖို့မလွယ်တော့ဘူး။ နောက်ပြန်ခုန်လို့မရတော့မသိဘူး။
    ဒီကိစ္စကို တကယ်တော့ ဘာမှစဉ်းစားပူပင်နေဖို့ မကောင်းဘူး။ တောင်ဆိတ်ကလည်း လောလော ဆယ်ဆယ် ဘာမှ ပျာယာခတ်မနေဘူး။ ဘာမှလည်း ဆက်မကြိုးစားတော့ဘူး။ သူနောက်ဆုံးရပ်နေမိတဲ့ အတိုင်းပဲ ဆက်ရပ်နေတယ်။ ခရမ်းတလန်းရွက်နုလေးတွေကို စားမြုံ့ပြန်နေတယ်။ ဘယ်လို ဆင်းမှာလဲလို့ စောင့်ကြည့်နေဖို့က သိပ်အကျိုးရှိလှမယ်မထင်ဘူး။
    အဲဒီအချိန်မှာ ကောက်ကလပ်ကလေးက ပဲ့ကျသွားတယ်။ တောင်ဆိတ်လည်း ဘာမှ မတတ်နိုင် လိုက်ဘူး။ ၀ရုန်းသုန်းကားနဲ့ ကျောက်ချပ်ကြားထဲကို ကျသွားတယ်။
    နောက်တစ်မှု ဆက်စစ်ဖို့ နာရီဝက်လောက် နောက်ကျသွားတယ်။ မနေ့က တစ်နေ့လုံး ကျိန်ဆဲ လိုက်၊ မောပြီး အိပ်ပျော်သွားလိုက်နဲ့ဖြစ်နေတဲ့ တရားလိုလည်း ဒီနေ့တော့ တော်တော် သက်သာ သွားတာကို တွေ့ရတယ်။ သူက စကားပြောကောင်းတယ်။ ဖြည်းဖြည်းနဲ့ စီကာပတ်ကုံး ပြောတတ်ဟန်တူ တယ်။ ခုံကျတောင် သူပြောတာကို ဖြတ်မပြောဘူး။ ငြိမ်ပြီး နားထောင်နေတယ်။ စုလုက ဘာသာပြန်ပေး ရှာပါတယ်။
    ဒီတရားလိုရဲ့နာမည်က လလွန်းပဲတဲ့။ သူတို့က ထောင်တရာတောင်တန်းတွေပေါ်မှာ ဆေးမြစ်သွား ရှာကြပြီး အပြန်လမ်းမှာ ဓားပြအတိုက်ခံကြရတာတဲ့။

    အဲဒီဓားပြအဖွဲ့မှာ ခုံကျဲက ခေါင်းဆောင်ဓားပြဗိုလ်ပေါ့။
    လလွန်းပဲတို့အုပ်စုမှာ လူခြောက်ယောင်ပါတယ်။ လေးယောက်က ဖျားနေကြပြီ။ အဓိကကတော့ အအေးမိ တာပါပဲ။ ဒါပေမယ့် ကြိုးစားပြီး ခရီးနှင်ကြရတယ်။ ပိုက်ဆံအတော်အသင့်ပါကြတယ်။ ရိက္ခာတချို့ ကျန်သေး တယ်။ အနွေးထည်တွေကတော့ ပြည့်ပြည့်စုံစုံကိုပါကြတယ်။ ရာသီဥတုက သိပ်ကြမ်းတယ် မဟုတ်လား။ နေ့စဉ်ရက်ဆက် နှင်းမုန်တိုင်းတွေ ကျနေတာလေ။ လလွန်းပဲတို့အုပ်စုမှာ ရိက္ခာနဲ့အရက် လုံလုံလောက်လောက်ရှိနေလို့ပေါ့။ နို့မို့မလွယ်ဘူး။
    ထောင်ဆုံတောင်ကြားလည်းရောက်ရော ခုံကျဲတို့အုပ်စုနဲ့ တွေ့တော့တာပဲ။ ခုံကျဲ တို့က လေးယောက်တည်း။ ဒါပေမယ့် သေနတ်တွေပါတကိုး။ လလွန်းပဲတို့က သိပြီ။ ဒါဟာ ဓားပြတိုက်တာပဲ။ ဒါပေမယ့် ခုံကျဲ ကို သိပ်အံ့သြနေတယ်။ ခုံကျဲနဲ့ ပါလာတဲ့ကောင်သုံးကောင်က လူစိမ်းတွေ၊ ဘယ်ကကောင် တွေမှန်း ကိုမသိဘူး။ ဖျန်တင်လွင်ပြင်မှာတောင် မတွေ့ဖူးဘူး။ အဲဒီလူတွေကထားတော့။ ခုံကျဲ က ဘယ်လို ကောင်လဲ။ မျက်နှာသိချင်း ဓားပြတိုက်ကြတော့ ရှေ့ဆက်ပြီး ဒီကောင် ထန်းထန်မားက ထွက် သွားတော့မှာလား။ ဒါမှမဟုတ် သူတို့ကို သတ်ပစ်တော့မှာလား။
    လလွန်းပဲ နဲ့ပါလာတဲ့လူတွေက ခုံကျဲတို့ကို တောင်းပန်နေကြသေးတယ်။

 မလုပ်ပါနဲ့။ ချမ်းသာပေးပါ၊ ဘာညာပေါ့။ မရပါဘူး။ ဓားပြတိုက်ပါတယ်ဆိုနေမှ၊ မယူပါနဲ့။ မပေးပါရစေနဲ့ ဆိုလို့ရမလား။ အလကား အရိုက်ခံရတာပဲ အဖတ်တင်တယ်။ လလွန်းပဲကတော့ ဘာမှပြောမနေတော့ဘူး။ ပါလာ တဲ့ ပိုက်ဆံ၊ ရိက္ခာ၊ အရက်၊ ရှာဖွေလာတဲ့ဆေးမြစ်တွေ အကုန်ချပေးလိုက်တာပဲ။ နိုင်တုန်းတော့ လုပ်ကြဦးပေါ့ ကွာ။ ရွာပြန်ရောက်မှ ခတီးကျန်ကို တိုင်မယ်ပေါ့။ သူ့လူတွေလည်းပါတာ အကုန်ပေးကြရတော့တာပဲ။ ဒါပေမယ့် ခုံကျတို့က လလွန်းပဲတို့ပါလာတာ အကုန်ယူတဲ့အပြင် အနွေးထည်တွေပါ ချွတ်ပေးရမယ်လို့ ဆိုကြတယ်။
    ဒါကတော့ မပြောလို့မဖြစ်တော့ဘူး။ လလွန်းပဲက ၀င်ပြောရပြီ။ ဒါလောက် ရာသီဥတု ဆိုးဝါးအေးစက်နေတဲ့ နေရာမှာ အအေးပိလို့ ဖျားနာနေတဲ့လူလည်း လေးယောက်ရှိနေကြောင်း၊ အနွေးထည်တွေ ကိုပါ ယူသွားကြမယ်ဆိုရင် မထူးတော့ကြောင်း၊ တစ်ခါတည်းသာ အသေသတ်သွားကြရန် ရှိတော့ကြောင်း ပြောတယ်။ ခုံကျဲက သတ်မယ်လို့ပြောတယ်။ သူ့လူတွေက ဓားပြတိုက် လူသတ် ဆိုတာ မကောင်းကြောင်း၊ လိုချင်တဲ့ပစ္စည်းရပြီမို့ သတ်ဖို့မလိုကြောင်း သူတို့ချင်း ငြင်းခုံရန်ဖြစ်ကြတယ်။ နောက်ဆုံး အဲလိုငြင်းခုံရင်း နဲ့ပဲ ထွက်သွားကြတယ်။ လလွန်းပဲတို့ အနွေးထည်တွေလည်း ဇွတ်ယူသွားကြတယ်။ လလွန်းပဲ တို့မှာ အေးလွန်းလို့ သွေးခဲမသွားအောင် တတ်သမျှ မှတ်သမျှ အကုန်လုပ်ပြီး အအေးဒဏ်ကို ကာကွယ်နေကြရတယ်။
    နောက်နှစ်နာရီလောက်ကြာတော့ လလွန်းပဲတို့ဆီကို ခုံကျဲပြန်ရောက်လာတယ်။ ဖျားနေတဲ့ လူတွေ သောက်ဖို့ ဆေးတွေလာပေးတယ်။ အရက်အိတ်တွလည်း ပြန်ပေးတယ်။ အနွေးထည်တွေတော့ ပြန်မပေး တော့ဘူး။ ခုံကျဲက လလွန်းပဲတို့အုပ်စုအတွက် စိုးရိမ်လွန်းလို့ အဝေးကြီး က ပြန်လာပြီး ဆေးတွေနဲ့ အရက်တွေကိုပေးတာ ကျေးဇူးမတင်ဘူးလားလို့ မေးသေးတယ်။ လလွန်းပဲ တို့က ကျေးဇူးတင်ကြောင်း ပြောကြရတယ်။ ဒါပေမယ့် အနွေးထည်တွေမရှိမှတော့ ဒီရာသီ ဒီခရီးကို ဆက်ဖို့ ဘယ်လွယ်တော့ မှာလဲ။ အအေးဒဏ်လည်း သက်သာအောင်၊ ကိုယ့်ရပ်ကိုယ့်ရွာလည်း လမ်းခရီးမှာပဲ သုံးယောက် သေသွားတယ်။ သူတို့ရွာကို သုံးယောက်ပဲ ပြန်ရောက်လာကြတယ်။ အဲဒီ သုံးယောက်ကမှ ထန်းထန်းမား လည်းရောက်ရော နောက်ထပ် နှစ်ယောက် ကျုပ်တို့လက်ထဲမှာပဲ သေသွားကြရှာတယ်။
    ခုံကျဲ ကတော့ သူ့ထုံးစံအတိုင်းပဲ သူ ဓားပြတိုက်တာမှန်ကြောင်း၊ ဒါပေမယ့် လလွန်းပဲတို့ကို ဆေးတွေနဲ့ အရက်တွေ ပြန်ပေးတဲ့အတွက် လလွန်းပဲတို့က သူ့ကို ကျေးဇူးတင်ကြရမှာဖြစ်ကြောင်းပဲ ဇွတ် ပြောတယ်။
    အမှုစစ် တာကတော့ ပြီးသွားပြီ။ ခတီးကျန်လည်း မေးစရာမကျန်တော့ဘူး။ ခုံကျဲကို အပြစ်ပေးရမယ် လို့ပြော တယ်။ ဘာအပြစ်ပေးမယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။ ကျုပ်တို့လည်း နောက်နေ့မှာ ရာသီဥတုကောင်းတာနဲ့ အိမ်ပြန်ခရီးနှင်ခဲ့ကြတယ်။
 
ပြီးပါပြီ
နောက်တပုဒ်အသစ်ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, June 22, 2013

ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၂)

                                                              ရေကြည်ရေသန့်

ဘကြီးကျော်ရဲ့အောင်မြင်မှုကို ယုံကြည်ကြောင်း
အံ့သြပါကြောင်း ဒါပေမယ့် သောက်ကြည့်မြည်းကြည့်ဖို့တော့
လုံးဝမဖြစ်နိုင်ကြောင်း ငြင်းလိုက်ရှောင်လိုက်ကြတာ ဆူညံသွားတာပဲ။
..................................................................................................................................................................
ဘကြီးကျော်လိုလူကတော့ တကယ်ရှားတယ်။ သူက ကျော်မိသားစုမှာ အသက်အကြီးဆုံး။ ကျော် မိသားစုမှာ က ခင်မောင်ကျော်တဲ့၊ ထွန်းရွှေကျော်တဲ့၊ ထွန်းဝေကျော်တဲ့၊ မေသန္တာကျော် တဲ့၊ ဝေစန္ဒာကျော်၊ ကျော်ဦးကျော် တဲ့ အများကြီး ... အများကြီးပဲ။ ခုပြောခဲ့တဲ့ နာမည်တွေက ဘကြီးကျော် ရဲ့ သွေးရင်းသားရင်း မောင်နှမတွေပဲရှိသေးတာ။ အဲဒါတွေက တစ်ဆင့်ပွားထားတဲ့ သားသမီးတွေ၊ မြေးတွေ၊ မြစ်တွေ ရှိသေးတယ်။ အဲဒါတွေအားလုံးလည်း "ကျော်"တွေပဲ။ မှည့်ချင်တဲ့ နာမည်မှည့်၊ "ကျော်" တော့တပ်ရမယ်။ ရှေ့မှာတပ်တပ်၊ နောက်မှာတပ်တပ်၊ တပ်ကိုတပ်ကြရမယ်။ ဒါပေမယ့် နောက်မှတပ်ကြတာများပါတယ်။ ဘကြီးကျော်ရဲ့နာမည်အပြည့်အစုံက ထွန်းအောင်ကျော်တဲ့။
    တကယ်တမ်းကျတော့ ဘကြီးကျော်ဟာ ထွန်းလည်း မထွန်းဘူး။ အောင်လည်း မအောင်ဘူး။ ကျော်လည်း မကျော်ပါဘူး။
    ဒါဖြင့် ဘာလို့ရှားတယ်လို့ ပြောရတာလဲ။
    အဲ ... ရှားတာတော့ အမှန်ပဲဗျ။
    အဲဒီရှားတဲ့အကြောင်းပဲ ပြောချင်တာပါ။
    ဘကြီးကျော်ဟာ ကျော်မိသားစုမှာ အကြီးဆုံးဆိုတော့ အားလုံးကို ဆူနိုင်ခွင့်ပူနိုင်ခွင့် ဟိန်းခွင့်ဟောက်ခွင့် သူ့မှာ အပြည့် ရှိတယ်လေ။
    တစ်ချိန်လုံး ဟိန်းဟောက်နေတာပဲ။ ဆူပူနေတာလဲ။

    သူ ဘာအလုပ်လုပ်သလဲ၊ တကယ်တမ်းပြောရရင် ဘာအလုပ်မှမလုပ်ဘူး။ ၀င်ငွေရအောင်ဆိုတာ မျိုး ဘာအလုပ် မှ မလုပ်ဘူး။ သူ့မှာ အမွေရထားတာတွေရှိတယ်။ ကျော်မိသားစုနဲ့အတူနေတယ်။ အတူစား တယ်။ သတ်သတ်မှတ်မှတ် ဘာမှ စိုက်ထုတ်စရာမလိုဘူး။ အငယ်တွေ ကစားစရိတ်။ သောက်စရိတ် ဘာမှပြောနေကြတာ မဟုတ်ဘူး။ သူက အကြီးမဟုတ်လား။ အားလုံးဝိုင်းထည့်ကြတဲ့ ထဲက ကျွေး လိုက်ကြတာပါပဲ။

 ဘာပဲပြောပြော ဘကြီးကျော်မှာ အလွန်ထူးခြားတဲ့အချက် တစ်ချက်တော့ ရှိတယ်။ အဲဒီအချက် အတွက်တော့ မိသားစုတစ်ခုလုံး သူ့ကျေးဇူးမကင်းကြဘူးလို့လည်း ဆိုရမယ်။ သူ့လောက်လည်း ဘယ်သူမှ ပါရမီ မရှိကြဘူး။ အဲဒီကိစ္စမှာတော့ သူ့လောက်လည်း စိတ်မ၀င်စားနိုင်ကြဘူး။ သူ့လောက်လည်း မတတ်ကြ၊ မသိကြ ဘူး။ ဒါကတော့ အမှန်ပဲ။ အဲဒီအချက်ကဘာလဲဆိုတော့ ဘကြီးကျော်ဟာ မိသားစုအသုံးပြုတဲ့ အိမ်သာတွေ ကို အလွန်စိတ်ဝင်စားတယ်။ ကျော်မိသားစုနေတဲ့ ခြံကျယ်ကြီးနဲ့တိုက်ကြီးမှာ အိမ်သာစုစုပေါင်း ငါးလုံး ရှိတယ်။ အိမ်မကြီးမှာ သုံးလုံး ရှိတယ်။ နောက်ဖေး အစေခံတန်းလျားအတွက် နှစ်လုံးရှိတယ်။ အဲဒီ အိမ်သာတွေ အားလုံးကို ဘကြီးကျော် အမြဲဂရုစိုက်တယ်။

    အမြဲသန့်ရှင်းနေရမယ်။
    အနံ့အသက်မရှိရဘူး။
    ဆေးရကြောရမယ်။
    ဆေးသုတ်ရမယ့်အချိန်မှာ ဆေးသုတ်ရမယ်။
    ရေသုံး အိမ်သာတွေမှာ အမြဲတမ်း ရေပြည့်ပြည့်စုံစုံ ရှိရမယ်။
    စက္ကူသုံးတဲ့ အိမ်သာတွေမှာလည်း ဒီလိုပဲ။ လိုအပ်တာ အကုန်အဆင်သင့် ရှိနေရမယ်။

    အဲဒီအိမ်သာအားလုံးကို ကြုံရင်ကြုံသလို ဘကြီးကျော်သုံးတယ်။ စစ်ဆေးကြည့်ရှုတယ်။ လိုအပ်တာ တွေ ကို အကုန်ကြည့်ပြီး မသပ်မရပ် မသန့်မရှင်းဖြစ်နေရင် ထမင်းချက်၊ မာလီ၊ ဒရိုင်ဘာ၊ ကလေးထိန်း တွေ့ရာလူ ကို ဘာမှစကားများမနေနဲ့ ရှိတဲ့အလုပ်၊ လုပ်လက်စအလုပ် ချထားခဲ့၊ အိမ်သာ လာ လုပ်ကြ၊ ဒါပဲ။ အဲဒါပြီးမှ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြ။ ဒါပဲ။

    ထိန်းသိမ်းပြုပြင်မှုနဲ့ ပတ်သက်လာရင်လည်း သူ အကုန်လိုက်ကြည့်တာပဲ။ ပြင်ရပြုရမယ်ဆိုရင် သူ ကိုယ်တိုင် တွက်ချက်တာပဲ။ ပြီးတော့မှ မိသားစုတစ်ခုလုံး အချိုးကျပေးကြ၊ ဒါပဲ။ လိုတဲ့ပစ္စည်း ၀ယ်ဟယ် ခြမ်းဟယ် ကိစ္စတွေကို အငယ်တွေလုပ်ကြ။ လက်သမား၊ ပန်းရံ အကောင်းဆုံး ခေါ်ရမယ်။ အဲဒါ လုပ်ကြ ပေတော့။ သူကတော့ သေသေချချာ စစ်ဆေးကြည့်ရှုမယ်။ သေသပ်မှကြိုက်တယ်။ တိကျ မှကြိုက်တယ်။ လက်ရာကတော့ ကောင်းမှ၊ ကောင်းမှ။

    အဲဒါအတွက်တော့ ဘကြီးကျော်က ကောင်းကောင်းစစ်တယ်။ တကယ်တော့ ကျော်မိသားစုတစ်ခု လုံးမှာ အိမ်သာ ကို အများဆုံးသုံးတာလည်း သူပဲလေ။ တစ်နေ့တစ်နေ့ အနည်းဆုံး အိမ်သာထဲကို ဆယ့် လေးငါးခေါက်လောက် ၀င်တာကို တွေ့ကြရတယ်။
    တစ်ခါတလေ ခရီးသွားရင်လည်း အိမ်သာအဆင်မပြေမှုနဲ့ မြန်မြန် ပြန်လာတတ်တယ်။

    အိမ်သာ ကို ဂရုမစိုက်ကြဘူးဆိုရင် သူ အမုန်းဆုံး၊ ဒေါသအဖြစ်ဆုံးပဲ။ သူ့အဆိုအရ အိမ်သာဟာ လူ့လောက၊ လူ့ဘ၀ကြီးရဲ့ မဏ္ဍိုင်တစ်ခုတောင်ဖြစ်နေတယ်။
    လူတစ်ယောက် ကျန်းမာဖို့၊ ချမ်းသာဖို့၊ ပညာရှိဖို့၊ အတွေးအခေါ်ရှိဖို့ အိမ်သာဟာ ထိပ်တန်း အဓိကနေရာ မှာ ရှိနေကြောင်း ခဏခဏ ပြောတတ်တယ်။
    လူတွေရဲ့ အလွန်တန်ဖိုးရှိတ့ ပညာဥာဏ်တွေ၊ အတွေးအခေါ်တွေ၊ အကြံအစည်တွေဟာ အိမ်သာ တွေထဲက ရကြတာ ဖြစ်မယ်လို့ သူက ပြောတယ်။ လူတွေက ရှက်လို့ ထုတ်ပြီး ၀န်မခံကြတာပဲလို့ သူ ယုံသတဲ့။
    သူကိုယ်တိုင်လည်း အလွန်တန်ဖိုးရှိတဲ့ အတွေးအမြင်တွေကို အိမ်သာတက်ရင်း စဉ်းစားပေါက် မြောက် ခဲ့တာလို့ ဆိုတယ်။ ဘာတွေ ပေါက်မြောက်တာလဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး။ မေးလည်း မကြည့်ဝံ့ကြ ဘူး။

    ရှေးသိပ္ပံဆရာကြီး အာခေမီးဒီး(စ)တောင် သူ့ရဲ့ ကမ္ဘာကျော်သိပ်သည်းဆနဲ့ ပတ်သက်တဲ့ သီဝရီကို အိမ်သာတက်ရင်း ရလိုက်တာပဲလို့ ဘကြီးကျော်က ပြောတယ်။ ကျောင်းတက်နေတ့တူ၊ တူမလေးတွေက အာခေမီးဒီး(စ)ဟာ အိမ်သာတက်ရင်း မဟုတ်ကြောင်း၊ ရေချိုးရင်း စဉ်းစားမိတာသာဖြစ်ကြောင်း ပြန်ပြော ကြတဲအခါမှာ ဘကြီးကျော် အကြီးအကျယ် ဒေါပွတယ်။
    ရေအိမ်၊ ရေချိုးခန်းဆိုတာနဲ့ အိမ်သာဟာ အတူတူပဲဖြစ်တယ်လို့ ဇွတ်ပြောတယ်။ ပြောလို့မရတဲ့ အဆုံး မှာတော့ ကလေးတွေကို ထရိုက်တော့တာပါပဲ။
    ဘာပဲပြောပြော ဘကြီးကျော်ဟာ အိမ်သာနဲ့ပတ်သက်လို့ မဟာအသိပညာရှင်၊ အတတ်ပညာရှင် တစ်ဆူ ဖြစ်လာတယ်ဆိုတာတော့ သေချာပါတယ်။ အိမ်သာဆေးတဲ့ပစ္စည်းအမျိုးပေါင်း များစွာကို သူ သိ တယ်။ ထုံးလိုပစ္စည်းကစပြီး အနောက်နိုင်ငံများမှာ နောက်ဆုံး ထုတ်လုပ်ကြော်ငြာနေကြတဲ့ နောက်ဆုံးပေါ် အိမ်သာဆေး တဲ့ ဆေးမှုန့်ဆေးရည်တွေထိ သူ သိတယ်။
    ဆီးချိုဆေးတာနဲ့ ၀မ်းချိုးဆေးတာမှာတောင် မတူတဲ့အကြောင်း သူ ရှင်းပြနိုင်တယ်။

    အိမ်သာသုံးစက္ကူ၊ တစ်ရှူးပေပါအမျိုးမျိုးကိုလည်း သူပြောနိုင်တာပဲ။ ၀ယ်ရမယ်ဆိုရင်သာ သူမျး ပိုက်ဆံနဲ့ ၀ယ်တာ။
    နောက် အိမ်သာသုံးဆပ်ပြာတွေလည်း သိတာပဲ။
    အိမ်သာသုံးပစ္စည်းတွေလည်း အများကြီးသိတယ်။
    ဘာပဲပြောပြော ဘကြီးကျော်ဟာ စပယ်ရှယ်လစ်(စ)တစ်ယောက်တော့ ဖြစ်လာတာပဲ။
    တိုက်သစ်အိမ်သစ်ဆောက်တဲ့ လူတွေဟာ သူ့ဆီမှာ အိမ်သာကိစ္စနဲ့ပတ်သက်ပြီး ကြိုတင် အကြံဥာဏ် တောင်းကြ ရတယ်။
    တလောဆီကတော့ ကမ္ဘာ့ အိမ်သာများသမိုင်းကို သူ စတင်လေ့လာတဲ့အဆင့်အထိ ရောက်လာ တယ်။ ရိုးရာ အိမ်သာများကိုလည်း သီးခြားလေ့လာတယ်။

    မြန်မာများရဲ့ စာပေ၊ ယဉ်ကျေးမှုကအစ အရာရာမျာ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ် ပိုင်တီထွင်ကြံဆမှုများ အများအပြားရှိခဲ့တာမှန်ပေမယ့် ရိုးရာအိမ်သာတွေနဲ့ ပတ်သက်လို့ကတော့ များစွာ ချည်နဲ့ အားနည်းခဲ့ကြောင်း ဘကြီးကျော်က ကောက်ချက်ဆွဲတယ်။ သရေခေတ္တရာ၊ ပုဂံ အစရှိတဲ့ခေတ်တွေ က အိမ်သာစနစ်များနဲ့ ပတ်သက်ပြီး စာပေမှာရော၊ နံရံဆေးရေးတွေမှာရော၊ ပန်းပု၊ ပန်းတဉ်း အစရှိတဲ့ နေရာတွေမှာရော သဲလွန်စ အထောက်အထားရှာတယ်။ ခိုင်ခိုင်မာမာ မတွေ့ရဘူးလို့ဆိုတယ်။ သူ့ဟာသူ နှံ့စပ်အောင် မရှာနိုင်တာလည်း ဖြစ်နိုင်တယ်။
   
ပုဂံခေတ် အဂ္ဂိရတ်အကျော်အမော်ရှင် အဇ္ဇဂေါဏဟာသူ့ရဲ့ မအောင်မြင်တဲ့ ဓာတ်လုံးကို ဒေါသ ဖြစ်ဖြစ်နဲ့ အိမ်သာထဲ ပစ်ချ လိုက်တော့မှ မစင်ကျွေးဖို့လိုနေတာနဲ့ အံကျဖြစ်ပြီး ပေါက်မြောက်သွားယ်လို့ သိရတော့ ဘကြီးကျော် အလွန်စိတ်ပျက်သွားတယ်။ အဲဒီ အထောက်အထားအရဆိုရင် ပုဂံခေတ်က အိမ်သာစနစ်ဟာ အလွန်တရာမှ မတိုးတက်ကြောင်း ထင်ရှားတယ်လို့ ထောက်ပြတယ်။
    ဘကြီးကျော် အလွန်သလောကျတာက တူရကီရေအိမ်နဲ့ အိမ်သာစနစ်များလို့ ဆိုတယ်။ တားကစ်(ရှ) ဘတ်(သ) လို့ ကမ္ဘာကျော် တဲ့ကိစ္စမှာ ရေချိုးဖို့သာမဟုတ်ဘဲ အိမ်သာစနစ်ပါဆိုလိုကြောင်း ထပ်လောင်း ရှင်းပြ တယ်။
    ကျော်မိသားစု ဟာ အိမ်သာအကြောင်းနဲ့ ပတ်သက်ပြီး ဘကြီးကျော်ရဲကလက်ချာ၊ ဟောပြောပို့ချမှု ဒဏ် ကို ခဏခဏ ခံကြရတယ်။

    သူပြောပြန်ရင်လည်း ဂရုတစိုက် နားထောင်မှကြိုက်တာ။ ဂရုမစိုက်ရင် အကြီးအကျယ် ဒေါပွတတ် တယ်။ အဲဒီလိုဂရုမစိုက်တဲ့ကောင်မျိုးဟာ အလွန်အောက်တန်းကျကြောင်း၊ လောကမှာ ကြီးပွားဖို့ အခွင့် အလမ်း မရှိတော့ကြောင်း၊ ဘ၀အဘိဓမ္မာများနဲ့ ဝေးတော့မှာသာဖြစ်ကြောင်း ဆိုင်ဆိုင်မဆိုင်ဆိုင် ဇွတ်တင် တော့ တာပဲ။
    ကျော်မိသားစုဟာ ကြာတော့ ဘကြီးကျော်ရဲ့ ကျေးဇူးကြောင့် အိမသာဗဟုသုတများနဲ့ ကြွယ်ဝတဲ့ အသိပညာရှင် များဖြစ်လာကြတယ်။
    အဲဒါဟာ ဘကြီးကျော်ရဲ့ထူးခြားချက်ပါပဲ။
    ကျော်မိသားစုဟာ အလွန်သပ်ရပ်သန့်ရှင်းတဲ့ အိမ်သာများကို အသုံးပြုခွင့်ရကြတယ်။
    အဲဒါလည်း ဘကြီးကျော်ရဲ့ မဟာကျေးဇူးတော်ကြောင့်ပါပဲ။
    တလောဆီကတော့ တစ်ခါ တစ်ဆင့်တက်လာပြန်တယ်။ ခေတ်ပေါ်သိပ္ပံနည်းကျအိမ်သာများ၊ ကျန်းမာရေးအတွက် အထူးအန္တရာယ်ကင်းအောင် စီမံဆောင်ရွက်မှုများ၊ အိမ်သာဗိသုကာ ပညာများ ဆိုတာ တွေကို ဘကြီးကျော် အကြီးအကျယ် လေ့လာတယ်။
    အိမ်သာများ ပုပ်ခြင်း၊ ပွခြင်း၊ အနံ့အသက်ဆိုးများထွက်ခြင်း၊ ပိုးမွှားအန္တရာယ်၊ ရောဂါပြန့်ပွား မငအန္တရာယ် ဆိုတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာတယ်။

ဆက်(ပ)တစ်တဲ့(န်)(က) လို့ခေါ်တဲ့ ရောဂါပြန့်ပွားမှု အန္တရာယ်မရှိအောင်လုပ်တဲ့ အိမ်သာ အောက်ခံ ရေကန် ဆောက်လုပ် တဲ့ စနစ်တွေကို အကြီးအကျယ် လေ့လာတယ်။
    အဲဒီအိမ်သာအောက်ခံ၊ ရေစစ်ကန်တွေရဲ့ စနစ်တွေကို သူကိုယ်တိုင် ကြံဆတွက်ချက်တယ်။ အဲဒီ ကန်တွေ မှာ သုံးရမယ့် ဆေးတွေလည်း ကြံစည်တီထွင်တယ်။
    နောက်ဆုံး အိမ်သာအောက်ခံရေကန် (၇)ဆင့်နဲ့ သူတီထွင်ထားတဲ့ ဆေးဝါးတွေကို သုံးမယ်ဆိုရင် နောက်ဆုံး ကန်မှာ ကျလာတဲ့ရေဟာ အလွန်သန့်ရှင်း၊ ရောဂါဘယကင်း၊ အနည်အမှုန် ကင်းတဲ့၊ အလွန် ကြည်လင်ကောင်းမွန်တဲ့ရေ ဖြစ်လာမယ်လို့ဆိုတယ်။ ချိုးလို့လည်း ရမယ်။ သောက်သုံး လို့လည်း ရမယ်လို့ ဆိုတယ်။
    ကျော်မိသားစုတစ်လုံးဟာ အဲဒီအဆိုအမိန့်ကို နားထောင်ကြရတယ်။ စိတ်ဝင်စားချင်ယောင်ဆောင် ကြရတယ်။ မျက်လုံးလေးတွေကို ပေကလပ် ပေကလပ်လုပ်ရင်း ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံရာရောက်တယ် ဆိုတဲ့အနေနဲ့ မငြင်းဘဲနေကြတယ်။

    အဲဒါကို ဘကြီးကျော် အတော်အားမလိုအားမရဖြစ်တယ်။ သူ ထုတ်ထားတဲ့ အိမ်သာ ဗိသုကာ ဒီဇိုင်းတွေ ကိုလည်း ဂရုတစိုက် ကြည့်စေချင်တယ်။ သူ့အာမခံချက်တွေကိုလည်း မျက်စိပေကလပ် ပေကလပ် လုပ်ရုံလောက် နဲ့ မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ထောက်ခံကြစေချင်တယ်။
    အဲဒါကြောင့် ပါးစပ်ပောတာလောက်န့ မပြီးတော့ဘဲ အဲဒီဒီဇိုင်းကို လက်တွေ့အကောင်အထည်ပေါ် အောင် ဆောက်လုပ်ပြမယ်လို့ အတိအလင်း ထုတ်ပြောတယ်။
    အဲဒီအိမ်သာကို ဆောက်ရင် ကုန်ကျစရိတ်ကိုက တစ်သိန်းခွဲလောက် ကျမှာဖြစ်နေတယ်။
    အဲဒါကြောင့် ကျော်မိသားစုတစ်ခုလုံး စိတ်ညစ်ကုန်ကြတယ်။
    ဒါပေမယ့် မရပါဘူး။ အားလုံးကို ခွဲတမ်းချပြီး ပိုက်ဆံအချိုးကျထည့်ကြရမယ်လို့ ဇွတ်ပြောလာ တယ်။

    အားလုံးက အဲဒီအိမ်သာစနစ်ကြီးကို ယုံကြည်ပါကြောင်း၊ သဘောကျကြပါကြောင်း၊ အံ့သြကြပါ ကြောင်း ၀ိုင်းပြောကြတယ်။ ဒါပေမယ့် သူတို့မှာ အိမ်သာလုံလုံလောက်လောက် ရှိနေပြီမို့ နောက်ထပ် ထပ်ဆောက်ဖို့မလိုပါကြောင်းလည်း ၀ိုင်းပြောကြတယ်။
    ဒီတော့ ဘကြီးကျော်က ဒီအိမ်သာကြီးဆောက်ဖို့ လိုအပ်တယ်ဆိုတဲ့နေရာမှာ အသုံးလိုလို့ဆိုတာ ထက် ပညာတစ်ရပ်၊ အတွေးအခေါ်တစ်ရပ်၊ အဘိဓမ္မာတစ်ရပ်ကို သက်သေပြဖို့ အဒိကဖြစ်နေကြောင်း၊ သည်တီထွင်မှုရဲ့ မှန်ကန်ထိရောက်မှုကို သက်သေပြနိုင်မယ်၊ လက်တွေ့ အကောင်အထည်ဖောိုင်မယ် ဆိုရင် ကြီးကျယ်တဲ့ အောင်မြင်ကျော်ကြားမှုတစ်ရပ် ဖြစ်လာမှာဖြစ်ကြောင်း၊ ဒီအောင်မြင်မှုဟာ မိမိတစ် ယောက်တည်းရဲ့ အောင်မြင်မှု၊ ကျော်ကြားမှုမဖြစ်သင့်ကြောင်း။ မိသားစုအောင်မြင်မှု သာဖြစ်သင့်ကြောင်း၊ ဒါကြောင့် အားလုံးအချိုးကျထည့်ဝင်ကျခံကြရမယ်လို့ ဇွတ်ပြောတယ်။
    ဘာတတ်နိုင်မှာလဲ။
    စကားနည်းရန်စဲ ထည့်လိုက်ကြပေါ့။
    ကျော်မိသားစုခြံကြီးရဲ့ အနောက်တောင်ထောင့်မှာ ဘကြီးကျော်ရဲ့ အိမ်သာကြီးကို ပန်းရံအကျော် အမော်၊ လက်သမား အကျော်အမော်တွေနဲ့ စဆောက်ကြပါတယ်။

    အပူတပြင်း ဆောက်လိုက်ကြတာ သုံးလ နဲ့ ဆယ့်ခုနစ်ရက်ပဲ ကြာလိုက်တယ်။ အားလုံး ပြီးစီးသွား တယ်။ အဲဒီမှာ အလုပ်က မပြီးသေးဘူး။ ဒုက္ခက ကျန်သေးတယ်။ ကျော်မိသားစု အားလုံး အိမ်မကြီးထဲမှာ အိမ်သာတွေ ရှိပါလျက် နဲ့ ဘကြီးကျော်ရဲ့ စမ်းသပ်ခံအိမ်သာအသစ်ကြီးကို သွားကြရတယ်။
    ဒါမှ အိမ်သာကြီးက ပြည့်လာမှာကိုး။ အိမ်သာသုံးရေတွေလည်း အထပ်ထပ်စစ်လို့ပြုလို့ ရေစစ်ကန် အထပ်ထပ် ကို ဖြတ်ပြီး နောက်ဆုံး ကန်ထဲကိုရောက်မှာကိုး။
    အဲဒီလို ဖြစ်သွားအောင် အလွန်တောင့်တဲ့ ကျော်မိသားစုတစ်ခုလုံး ကလေးလူကြီးမကျန် ကြိုးစားပမ်းစားနဲ့ အိမ်သာ အသစ်ကြီးကို ၀ိုင်းအားပေးလိုက်ကြတာ လေးလလောက်ကြာတဲ့အခါမှာ အိမ်သာကြီးရဲ့ အစိတ် အပိုင်းတွေ အားလုံး လည်ပတ်အသုံးဝင်လာတဲ့အဆင့်ကို ရောက်လာပါတယ်။ ဆိုလို တက နောက်ဆုံး ရေစစ်ကန် အထိ စစ်ရေရောက်လာတာကို ပြောတာပါ။
    အဲဒီအချိန်တွေ အတွင်းမှာ ကိုကြီးကျော်တစ်ယောက် တကယ့်ကို မအိပ်နိုင်မစားနိုင်၊ အားမလို အားမရ နဲ့ နေမထိ ထိုင်မသာ စောင့်ရရှာတယ်။

    အရေးကြီးလို့ဆိုပြီး ဒီပြင်တခြား အိမ်သာကရှိပြီးသား ပစ္စည်းတွေကိုလည်း မ လာလို့မဖြစ်ဘူးလေ။ ဒါက စမ်းသပ်မှု မှာ သူ့သဘာဝအတိုင်း ဖြစ်စေကြရမှာကိုး။
    နောက်တစ်လလောက်လည်းနေရော ဘကြီးကျော်က နောက်ဆုံးရေစစ်ကန်က ရေကြည်ကိုခပ်ပြီး ဖန်ခွက်နဲ့ ထည့်ကြည့်တယ်။ အားလုံးကိုလည်း ပြတယ်။ တကယ်လည်း ကြည်နေပါတယ်။ အနည်တို့၊ အမှိုက် တို့လည်း ကင်းရှင်းပါတယ်။ ဒါပေမယ့် ဘယ်သူမှ ထိုင်ကြည့်ဖို့၊ နမ်းကြည့်ဖို့ မလုပ်ကြဘူး။ အဝေးကပဲ။
    အားလုံး က တစ်သံတည်းပဲ ကောင်းပါတယ်၊ အောင်မြင်ပါတယ်" ပဲပေါ့။ ချိုးရေသုံးရေ လုပ် လို့ တောင်ရမှာပါပဲပေါ့။
    ဒါပေမယ့် ချိုးလို့သုံးလို့ ရတဲ့တိုင်အောင် ဒီရေတွေကိုဘာလုပ်ရမှာလဲ။

  ကျော်မိသားစုခြံကြီးထမြှာ အ၀ီစိတွင်းလည်းရှိတယ်။ ရိုးရိုးရေတွင်း လည်း ရှိတယ်။ ရေတွေ ကလည်း ရေချိုတွေချည်း။ ထွက်လိုက်ကြတာမှ ဗျင်းဗျင်းဗျင်းဗျင်းနဲ့ တောင်နေသေး။ ဘာလုပ်ဖို့ အိမ်သာရေ ကို ပြန် စစ်ပြန်သုံးဖို့လိုမှာလဲ။ အဲဒါကိုလည်း ဘယ်သူမှတော့ ထုတ်ပြောဝံ့ကြတာ မဟုတ်ပါဘူး။
    ရပ်ကွက် ထဲမှာ ဒီသတင်းထွက်သွားပြီး တော်တော်ကို လှုပ်လှုပ်ရှားရှား ကျော်ကျော်ကြားကြား ဖြစ် သွားတာလည်း အမှန်ပါပဲ။
    ဒါပေမယ့် ဘကြီးကျော် လုံးဝမကျေနပ်ဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ အားလုံးက ကောင်းပါ တယ်။ အောင်မြင်ပါတယ် ဘာညာနဲ့သာပြောနေကြတာ၊ အနားတောင်ကပ်ကြတာမှ မဟုတ်တာ။
    အဲဒီတော့ ဘကြီးကျော် ဘာလုပ်မလဲ။

    တစ်နေ့ ...

    တနင်္ဂနွေနေ့တစ်နေ့မှာ ကျော်မိသားစုအားလုံးကို ဘယ်မှ မသွားရ၊ ဘာမှမလုပ်ရ၊ အိမ်မှာ အားလုံးရှိ ကြရမယ် လို့ အမိန့်ထုတ်လိုက်တယ်။
    ဟာ ... ဒါလုပ်ရမှာပေါ့၊ ဘကြီးကျော်က မိသားစုမှာ အကြီးဆုံးပဲဟာ။ အဲဒီတနင်္ဂနွေနေ့မှာ အားလုံး အိမ်မှာပဲစုပြီး နေကြရတယ်။
    နံနက် ၉ နာရီလောက်မှာ ဘကြီးကျော်က သူ့ရဲ့ အထူးအစီအစဉ်နဲ့ ဘိုင်ဘိုကင်စထရီပါမ္ခော ဦးမောင်မောင်ဘကို ပင့်လာတယ်။ စမ်းသပ်ရာမှာ လိုအပ်မယ့် ပစ္စည်းတွေလည်း ပါလာတယ်။
    မိသားစုနဲ့ပါမောက္ခကြီးကို မိတ်ဆက်ပေးတယ်။ နောက်ပြီးမှ သူ့အစီအစဉ်အားလုံးကို ရှင်းပြတယ်။ သူ့အိမ်သာကြီး ရဲ့ နောက်ဆုံးအဆင့်က ရေကြည်ကို ဘိုင်အိုကင်မစ်စထရီပါမောက္ခကြီးက ရောဂါပိုးမွှား ကင်း မကင်း၊ အမှိုက်သရိုက်ကင်းမကင်း၊ တခြားသတ္တုပါဝင်နှုန်းများများ၊ ကြည်လင်သန့်စင်တဲ့ ရေကြည် ရေ သန့် ဟုတ်မဟုတ် တိတိကျကျ စစ်ဆေးပြီး အားလုံးကို ပြောပြမှာဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းပြတယ်။
    အဲဒီနောက် အများရှေ့မှာပဲ အိမ်သာကြီးရဲ့ နောက်ဆုံးကန်ကရေကို အလွန်သန့်ရှင်းတဲ့ ဖန်ပုလင်းနဲ့ ခပ်ယူ လိုက်တယ်။ ပြီးတော့ ပါမောက္ခကြီးလက်ကို အပ်လိုက်တယ်။

    ပါမောက္ခကြီးဟာ မိသားစု အားလုံးရဲ့ ရှေ့မှောက်မှာပဲ အဲဒီရေကြည်ကို ခွဲခြမ်းစိတ်ဖြာစစ်ဆေးပါ တယ်။ ပါမောက္ခကြီး ရဲ့ စစ်ဆေးချက်များဟာ အတော်ကို ရှုပ်ထွေးများပြားပါတယ်။ အလွန် တိကျသေချာမှာ ဖြစ်ကြောင်း လည်း သိသာထင်ရှားလှပါတယ်။
    စမ်းသပ်ခွဲခြမ်းလေ့လာမှုဟာ အချိန်အားဖြင့် သုံးနာရီလောက်ကြာပါတယ်။
    အဲဒီနောက်မှာတော့ ပါမောက္ခကြီးက အဲဒီအိမ်သာကြီးရဲ့ နောက်ဆုံးးရေစစ်ကန်က ထွက်လာ တဲ့ ရေကြည်ဟာ အလွန်သန့်ရှင်းကြည်လင်တဲ့ စံပြရေသန့်တစ်မျိုးအဆင့်မှာ ရှိကြောင်း ရဲရင့်ပြတ်သား စွာ ကြေညာလိုက်ပါတယ်။
    အဲဒီရေဟာ သောက်လိုသောက်၊ ချိုးလိုချိုး ကြိုက်သလို သုံးနိုင်ကြောင်း ပြတ်သားစွာ ထောက်ခံ လိုက် ပါတယ်။

    ဘကြီးကျော်ရဲ့ ပီတိဟာ အတိုင်းအဆမရှိ ထိုးတက်သွားပါတယ်။ ဘာစကားမှမပြောဘဲ ပြုံးပြုံးကြီး ဖြစ်နေ တယ်။ နောက်ပြီးမှ အဲဒီရေသန့်ဇန်ခွက်တစ်ခွက်ကိုကိုင်ပြီး ကျော်မိသားစုတစ်ခုလုံး နည်းနည်း စီ မြည်းကြည့်ကြဖို့ ပြောပါတော့တယ်။
    အဲဒါကတော့ မလွယ်ဘူးဗျ။ အားလုံးဟာ ရုတ်ရုတ်သဲသဲ ဘကြီးကျော်ရဲ့ အောင်မြင်မှုကို ယုံကြည် ကြောင်း၊ အံ့သြပါကြောင်း၊ ချီးကျူးပါကြောင်း၊ ဒါပေမယ့် သောက်ကြည့် မည်းကြည့်ဖို့တော့ လုံးဝ မဖြစ်နိုင် ပါကြောင်း ငြင်းလိုက်ရှောင်လိုက်ကြတာဗျာ ဆူညံသွားတာပဲ။
    ဘကြီးကျော် တော်တော်ကြီးကို ခွကျသွားတယ်။ ဘာဆက်လုပ်ရမှန်းမသိအောင် ဖြစ်သွားတယ်။

    ဒါနဲ့ ပါမောက္ခကြီးဘက်လှည့်ပြီး သူ့မိသားစုဟာ ဆရာကြီးရဲ့ စကားကို ပါးစပ်နဲ့သာ ယုံကြည် ထောက်ခံနေကြောကာင်း၊ လက်တွေ့သုံးဆောင်ကြည့်နိုင်လောက်တဲ့အထိ မယုံကြည်ကြသေး တာ ထင်ရှား နေကြောင်း၊ ဒါကြောင့် ဒီကိစ္စမှာ သူ့မိသားစုတစ်စုလုံး လုံးဝဥဿုံ သံသယရှင်းသွားအောင် ပါမောက္ခကြီး ကိုယ်တိုင် သောက်ပြလိုက်ဖို့ မေတ္တာရပ်ခံတယ်။
    ပါမောက္ခကြီးမျက်နှာ သိသိသာသာ ပျက်သွားတာပေါ့။
    ချက်ချင်းပဲ ပျက်ပါတယ်။ ပါမောက္ခကြီးက သူပတာဝန်က ရေကို စစ်ဆေးပေးဖို့သာ ရှိကြောင်း၊ သောက် သုံးပြရန် နဂိုကနဦးကတည်းက သဘောတူခဲ့ခြင်းမရှိကြောင်းနဲ့ တစ်ချက်လွှတ် ပြတ်ပြတ် သားသား ငြင်းပစ် လိုက်ပါတယ်။
    ဘကြီးကျော် အကြီးအကျယ် အကျပ်ရိုက်သွားတယ်။

    အားလုံး ငြိမ်နေကြတယ်။
    ဘာဆက်လုပ်ရမှာလဲ။
    ဘကြီးကျော်လည်း သိတယ်။ သူ တစ်ခုခုပြောရမြယ်၊ လုပ်ရမယ်၊ ဆုံးဖြတ်ရမယ်၊ လုပ်ကိုလုပ်ရတော့မယ်။
    ဘာလုပ်မလဲ။
    ဘာလုပ်မလဲ။
    ဘကြီးကျော် ဆုံးဖြတ်လိုက်တယ်။

    အဲဒီရေကို သူကိုယ်တိုင် သောက်ပြမယ်တဲ့။
    ဘကြီးကျော်ဟာ အိမ်သာရေကြည်အပြည့်ထည့်ထားတဲ့ ဖန်ခွက်ကို သောက်ဖို့ မြှောက်လိုက်တယ်။
    မိသားစု တစ်ခုလုံး ဟာခနဲ ဖြစ်သွားတယ်။
    ဘကြီးကျော်လည်း လန့်သွားတယ်။
    လက်ထဲမှာ ဖန်ခွက်တန်းလန်းကြီးနဲ့ ...။

ပြီးပါပြီ
နောက်တပုဒ် အသစ် ဆက်ရန်

.
>>>ဆက်ဖတ်ရန်>>> >>

Thursday, June 20, 2013

ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ အပိုင်း (၁)

တပည့်အိမ်

"ဒီမှာ သေချာမှတ်ထား၊ ဘယ်နေ့ဘယ်ရက်
စာသင်ရမယ်ဆိုတာ ကျုပ်ပြောမှာ။ ကျုပ်ဆုံးဖြတ်မယ်။
နားလည်လား" " ကျုပ်ကဆရာလုပ်ရမှာဆို" ------

" ဒါ ခြံနံပါတ်(၅) ဟုတ်ပါတယ်နော် "
" ဟုတ်ပါတယ် "
" ဒီခြံက ဟောဒီကြော်ငြာကလေး ... "
" အာ ဟုတ်ပါတယ် ... ဟုတ်ပါတယ်။ အဲဒါလာလျှောက်တာဆိုရင် အထဲလာပါ"
ပြောပြောဆိုဆိုန့ အထဲကို ပြန်ဝင်သွားလို့ သူ့နောက်ကို လိုက်ခဲ့ရတယ်။
ဝင်ဝင်ချင်းအခန်း ဧည့်ခန်းကိုဖြတ်ပြီး နောက်ထပ်အခန်းသုံးခန်းကို ဖြတ်သွားရသေးတယ်။ မှောင်လိုက် လင်းလိုက်၊ ကျဉ်းလိုက် ကျယ်လိုက်ဖြစ်ပြီးမှ အခန်းတစ်ခန်းထဲရောက်တယ်။ အခန်းဝန်းကျင်ကို ခပ်မြန်မြန်ပဲ ဝေ့ကြည့်လိုက်တယ်။

    သိပ်မကျဉ်းသိပ်မကျယ် ...
    ဧည့်ခန်းလည်းမဟုတ် ...
    ရုံးခန်းလည်းမဟုတ် ...
    စာကြည့်ခန်း၊ ထမင်းစားခန်းလည်း မဟုတ် ...။
    အိပ်ခန်း၊ ပစ္စည်းထားခန်း အဲဒါမျိုးတွေလည်းမဟုတ် ...။
    စားပွဲရှိတယ်။ ထိုင်ခုံသုံးခုံ ရှိတယ်။
    ခပ်နိမ့်နိမ့် ထွန်းထားတဲ့ မီးစလောင်းတစ်ခု စားပွဲဝန်းကျင်ကို ခပ်အုပ်အုပ်လင်းနေတယ်။
    ကျွန်တော်တို့နှစ်ယောက်စလုံး ထိုင်လိုက်ကြတယ်။
    သူက ကျုပ်ကို ထိုင်ပါလို့ မပြောပါ။ သူလည်း မထိုင်ပါ။ ကျုပ်ဟာကျုပ် ထိုင်ပစ်လိုက်တယ်။
    သူက ဘာမှ စမပြောပါ။

    ခဏပဲစောင့်ပြီး ကျုပ်ကပဲ စပြောလိုက်တယ်။
    အလုပ်ခေါ်တဲ့ကြော်ငြာကိုပြရင်း -
    "ဒီကိစ္စအတွက်ပါပဲ"
    "ဟုတ်ကဲ့"
    "ဒီထဲမှာ ဘယ်လိုအလုပ်ဆိုတာမပါဘဲ ဆရာတစ်ယောက် လိုချင်တယ်၊ လခကောင်းကောင်း ပေးမယ် ပဲပါတယ်။ အဲဒါ ... "
    " ခင်ဗျား ကောင်းကောင်းမရှင်းဘူးပေါ့ "
    "ဟုတ်ပါတယ်"
    "ဒါဖြင့် ဘာလို့လာတွေ့တာလဲ"
    "မရှင်းပေမယ့် အလုပ်တော့ လိုချင်တယ်လေ"
    "ဘာပြုလို့လဲ"

    "အလုပ်မရှိဘူးလေ။ အလုပ်မရှိလို့ပေါ့"
    "လခရော ကျေနပ်ရဲ့လား"
    "ဒီထဲမှာ စစချင်းတစ်လ ၁၂၀၀ိ/- ပေးမယ်လို့ ပါပါတယ်။ အဲဒါကိုတော့ ကျေနပ်ပါတယ်"
    "ခင်ဗျားကို အိမ်သားဆေးလိုင်းရင်လည်း အဲဒီလခနဲ့ လုပ်မှာပဲလား "
    "ဟာ ... အဲလိုတော့ ဘယ်လုပ်နိုင်မလဲ။ ဒါကြောင့် ဘာအလုပ်လဲလို့ သိချင်နေတာပေါ့"
    "ဆရာအလုပ်လေ"
    "ဟုတ်ပြီဗျာ ... ဘာဆရာလဲ။ ဘယ်သူ့ကို သင်ပြပေးရမှာလဲ။ အဲဒါလေး"
    "ခင်ဗျား သင်ပြပေးရမှာကတော့ ကျုပ်ပဲဗျ။ ကျုပ်နာမည် ရန်နိုင်ပါ"

    ကျုပ်တို့နှစ်ယောက် ခပ်တည်တည်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။
    " ဟုတ်ပြီဗျာ၊ ခင်ဗျားက ဘာသင်ချင်တာလဲ။ ခင်ဗျားကို ဘာသင်ပေးရမှာလဲ"
    "ကျုပ်က အကုန်သင်ချင်တယ်"
    "ဗျာ"
    "ခင်ဗျား တော်တော်ကြောင်သွားမယ်ထင်တယ်။ ဘာတွေပဲဖြစ်ဖြစ် ကျုပ် သင်ချင်တယ်။ အိပ်နည်း၊ စားနည်း၊ လမ်းလျှောက်နည်း၊ စကားပြောနည်း၊ အိမ်ထောင်ပြုနည်း၊ ဘာဘာညာညာပေါ့ဗျာ။ အဲဒီထဲမှာ ဂီတတွေ၊ ပန်းချီ၊ ပန်းပု ဘာညာဆက်ဆံရေးတွေဘာတွေ အဲဒါတွေလည်း ပါမှာပေါ့"
    "ခင်ဗျား အဲဒါတွေ အရင်က မတတ်ဘူးလား"
    "အင်း ... ခု ကျုပ် အသက် (၅၀)နီးပါးဖြစ်နေပြီ။ ဒီလိုပဲ နေလာခဲ့တာ။ သေသေချာချာ စဉ်းစားကြည့်မှ ကျုပ် ဘာမှ ကောင်းကောင်းမတတ်ဘူးဖြစ်နေတယ်"
    "ခင်ဗျား ကို ဘယ်သူကပြောလို့လဲ"
    ဟင့်အင်း၊ ကျုပ်ဟာကျုပ်ကို သိလာတာပါ။ တကယ်တမ်းကျတော့ ကျုပ်က တော်တော် ချာတာပဲ"

    "ကျုပ်လည်း အဲဒါတွေကို တတ်သလား၊ မတတ်ဘူးလား ကျုပ်ကိုယ်ကျုပ် မသေချာဘူး။ ခင်ဗျား ပြောတာ ဘယ်လိုလဲ ဆိုတာကိုလည်း ကျုပ် သိပ်သဘောမပေါက်ဘူး။ ဥပမာ ခု ခင်ဗျားစကားပြောနေတာ ဟုတ်နေသားပဲ"
    "ဟုတ်ရဲ့လားဗျာ"
    "ဟုတ်ပါတယ်၊ ကျုပ် နားလည်နေသားပဲ"
    "ဒါပေမယ့် ခင်ဗျား စောစောလေးကတင်ပဲ ကသိကအောက် တော်တော် ဖြစ်နေတယ်မဟုတ်လား"
    " သြော် ... ဟုတ်ပြီ၊ ဟုတ်တယ်၊ ခင်ဗျား ကြော်ငြာကို ဖတ်ကတည်းက ကိသကိအောက်ဖြစ်နေတာပဲ။ ဟုတ်တယ်၊ ခြံဝရောက်တော့လည်းဖြစ်တာပဲ။ ခင်ဗျားနဲ့ တွေ့တော့လည်း ဖြစ်တာပဲ။ ခင်ဗျားနဲ့ စကားပြော ရတာရော အိမ်ထဲဝင်ရလာရတာရော ခုလိုထိုင်ပြီး ပြောရတာရော အကုန် ကသိကအောက်တွေချည်းပဲ။ ဟုတ်တယ် ... ဟုတ်တယ်"
    "အဲဒီလိုမဖြစ်အောင် ခင်ဗျား ကျုပ်ကို သင်မပေးနိုင်ဘးလား"
    "အင်း ... အကုန်တော့ မပြောတတ်ဘူး။ ကျုပ်ထင်တယ်။ ခင်ဗျားထက်တော့ ကျုပ်က ပိုသိလိမ့်မယ် ထင် တယ်"

    "ဖြစ်နိုင်ပါတယ်၊ ကျုပ်နဲ့ဆက်ဆံရင်း ကျုပ်ဟာ ဘယ်လိုနေရာတွေမှာ တစ်ဖက်သား ကို ကသိ ကအောက်ဖြစ်အောင် လုပ်တတ်တယ်ဆိုတာ ခင်ဗျား သိလာမှာပဲ။ သိလာရင် ခင်ဗျားကိုယ်တိုင် ကသိ ကအောက် ဖြစ်နေခံစားနေရတဲ့အတွက် ခင်ဗျား အဲလိုမဖြစ်သင့်ကြောင်း ကျုပ်ထက်ပိုပြီး သဘောပေါက် နားလည် မယ်။ အဲဒီအခါမှာ ခင်ဗျား ကျုပ်ကို သင်လို့ရမယ်။ ဟုတ်တယ် မဟုတ်လား"
    "ဒါပေမယ့် ကျုပ် အဟုတ်ဆရာလုပ်ချင်တာက ဓာတုဗေဒဗျ"
    "ဘယ်အဆင့်ထိသင်ဖူးလဲ"
    "များများစားစားတော့ မဟုတ်ပါဘူး။ သိပ္ပံဘွဲ့ရရုံလောက်ပါပဲ။ နောက်ဘာသာတွေကတော့ ပါတာပေါ့ဗျ။ ရူပဗေဒတို့၊ သင်္ချာအခြေခံတို့၊ အင်္ဂလိပ်စာ နည်းနည်းပါးပါးတို့၊ မြန်မာစာနည်းနည်းပါးပါးတို့"
    "ရတယ် ... ရတယ်။ ဒါလောက်ဆို အများကြီး အိုကေပါတယ်။ ခင်ဗျားမှာ ဆွေမျိုးသားချင်း ဘယ် လောက်လောက်ရှိလဲ။ တစ်ဝမ်းကွဲ နှစ်ဝမ်းကွဲလောက်ထိ ထည့်တွက်ပေါ့ဗျာ"
    "အင်း ... နေဦး၊ ဆိုတော့ အင်း ... လေးငါးခြောက်ဆယ်တော့ ရှိမှာပေါ့"

    "ကောင်းတယ်ဗျာ၊ ဆွေမျိုးအင်အား လည်းမသေးပါဘူး။ ဒါဆို မိတ်ဆွေအပေါင်းအသင်းရော ဘယ် လောက်လောက် ရှိမယ် ထင်သလဲ။ အကြမ်းဖျင်းပေါ့ဗျာ ... ခန့်မှန်းခြေလောက်ပေါ့"
    " အင်း ... အရင်းအနှီးဆုံး ညီလိုအစ်ကိုလိုပေါင်းတာထဲက သိပ်မရှိဘူး ဗျ။ လေးငါး ဆယ်ယောက် လောက်ပေါ့။ နောက် ၀မ်းကွဲညီအစ်ကို မောင်နှမလောက်ထိ ဆက်ဆံရေးရှိတာက သုံးလေး ဆယ်ပေါ့ဗျာ။ ကျန်တဲ့အသိတွေကတော့ တော်တော်များပါတယ်။ ဘာပြုလို့လဲဆိုတော့ ကျွန်တော် က ပျော်ပျော်နေတတ် တယ်ဗျ။ အနုပညာတွေဘာတွေလည် တ်ေတော်လိုက်စားတယ်။ အဲဒီတော့ လူသိများ တယ်"
    "ကောင်းတယ်ဗျာ၊ ကျုပ်ကလည်း အဲဒီ အနုပညာဆိုတာ တွေလည်း သင်ချင်ပါတယ်"
    "ဟုတ်ပြီ၊ ကျုပ်က ဘယ်တော့ စသင်ရမှာလဲ"
    အဲဒီအချိန်မှာ သူ တစ်စုံတစ်ခုကို နားစွင့်ပါတယ်။
    ကျုပ်လည်း နားစွင့်ပါတယ်။ ဘာမှမကြားရပါ။ ဒါပေမယ့် သူကတော့ နေရာကထပြီး ထွက်သွား ပါတယ်။

    ကျုပ် ကို ခဏစောင့်ပါ၊ ဘယ်သူလာနေလို့၊ ဘာဖြစ်နေလို့ဘာညာ စသဖြင့် ပြောမသွားပါ။ ဒီအတိုင်းပဲ ထထွက် သွားတာဖြစ်ပါတယ်။ ခဏနော်ဆိုတဲ့သဘော လက်ဟန်ခြေဟန်နဲ့တောင် ပြောမသွားပါ။ တစ်ခုတည်း ရှိတဲ့တံခါးကိုဖွင့်ပြီး ထွက်သွားတာလည်း တော်တော်ကြမ်းတယ်။ ပြန်ပိတ်တော့ လည်း အသံအတော်မြည်သွားတယ်။ တံခါးအပိတ်လိုက်မှာ ကျုပ်လန့်ပြီး တုန်သွားသေးတယ်။ ပတ်ဝန်းကျင် အခန်းတွင်း မှာ ဘာပစ္စည်းမှ သိပ်မရှိလို့ အပျင်းပြေကြည့်စရာ သိပ်မရှိဘူး။
    ကျုပ် နာရီကိုကြည့်လိုက်၊ အ၀တ်အစား မသေမသပ်ဖြစ်တာကို ပြင်လိုက်၊ မသက်မသာဖြစ်နေတဲ့ ကိုယ်နေ ကိုယ်ထားကို ပြင်လိုက်နဲ့ မိနစ်နှယ်ဆယ်လောက် ကုန်သွားတယ်။ အဲဒီ အတောအတွင်းမှာ ကျုပ် နှစ်ခါ သုံးခါလောက် ထပီး မတ်တတ်ရပ်ဖြစ်သေးတယ်လို့ ထင်တယ်။ လမ်းလည်း နည်းနည်းလျှောက်မိ တယ်။
    အဲဒီဦးရန်နိုင် လည်း ပြန်ပေါ်မလာ၊ ဘာသံမှလည်း မကြားရ။

    ကျုပ် အခန်းထောင့်က သပ်သပ်ရပ်ရပ် သေတ္တာတစ်လုံးကို မြင်မိလာတယ်။ ဘာရည်ရွယ်ချက်မှ မရှိဘဲ အဲဒီကို ရောက်သွားတယ်။ ဘာမှ ရေရေရာရာ ရည်ရွယ်ချက်မရှိဘဲ အဲဒီသေတ္တာအဖုံးကို ဖွင့်ကြည့် မိတယ်။ အဲဒီသေတ္တာအဖုံး က တစ်ဖက်မှာ လက်ယှက်ရှိတာမဟုတ်ဘူး။ အဖုံးစနစ်မှာလည်း "အံ"သဘော မပါဘူး။ သည်အတိုင်းတင်ပြီး ဖုံးထားတာပဲ။ ကျုပ် မ လိုက်တော့ ပေါ့ရွှတ်ရွှတ်နဲ့ မြောက်တတ်ပါလာလို့ ကျုပ် လန့်ပြီး လက်က လွတ်ကျသွားတယ်။ သေတ္တာအဖုံးဟာ သေတ္တာ နဲ့ နံရံအကြားက ကတ်သီးကတ် သတ် နေရာ ကျဉ်းလေးထဲကျသွားတယ်။ အသံလည်း အတော်မြည်သွားတယ်။
    ကျုပ်လည်း တုန်သွားတယ်။ သေတ္တာဖုံးကို ပြန်ကောက်ဖို့ ကြိုးစားရင်း သေတ္တာထကို ကြည့်မိ တယ်။ ပိုးစ အပြာနုရောင် ခပ်ဟောင်းဟောင်း တစ်ခုကို သပ်သပ်ရပ်ရပ် မခေါက်ဘဲ ဒီအတိုင်း လုံးထွေးပြီး ပစ်ထည့်ထား တာပဲ။ သေတ္တဖုံးကို ချောင်ကားထဲက ဆွဲထုတ်ဖို့လုပ်တော့ ထင်သလောက်မလွယ်တာကို တွေ့ရတယ်။ ဒါနဲ့ မျက်လုံးက သေတ္တာထဲပြန်ရောက်သွားတယ်။ ပိုးစအပြာက လှုပ်လာတယ်။ ကျုပ် လန့်ပြီး ခုန်ထမိတယ်။ ဟုတ်တယ်။ ပိုးစ က သူ့အလိုလို လှုပ်လာတာအမှန်ပဲ။
    ကျုပ် မျက်လုံးပြူးပြီး ကြည့်နေတုန်းမှာပဲ ပိုးစအပြာနုအောက်က မြွေတစ်ကောင်ရဲ့ခေါင်း ခပ်တုတ် တုတ်၊ ခပ်တိုတို ထွက်လာတယ်။ ကျုပ်တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထသွားတယ်။

    ကယ်ပါ၊ ယူပါ၊ လာပါ အဲလိုမျိုးတော့ မအော်မိပါဘူး။
    နောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်မိတာတော့ အမှန်ပဲ။
    မြွေကလည်း သေတ္တာထဲကထွက်လာတယ်။
    မြွေဆိုတာ ကျားသစ်လို၊ ကြောင်လို၊ ကြွက်လို မြန်မြန် ထက်ထက် လှုပ်ရှားနိုင်တာမဟုတ်ပါဘူး။
    ကျုပ် နားစွင့်တယ်။ ဦးရန်နိုင် ပြန်လာတဲ့အသံလည်း မကြားရပါဘူး။ ဒုက္ခပဲ၊ မြွေကလည်း ထွက် လာပြီ။ သိပ်တော့ ပြဿနာမရှိပါဘူး။ သူ လိုက်ကိုက်နိုင်တာမှ မဟုတ်ဘဲ။
    ဒါပေမယ့် သိတယ်မဟုတ်လား။ မြွေဆိုတာကို ကျုပ်က ရွံကြောက်ကြီးဆိုတော့ ...။

    ကျုပ် တံခါးဆီကိုသွားပြီး တံခါးဘုကို လှည့်လိုက်တယ်။ ဖွင့်မရ။ သော့ခတ်ထားတာပဲ။ ဒါမှမဟုတ် သောခတ် သလိုဖြစ်သွားတာပဲ။ ကျုပ် တံခါးကို တဒုန်းဒုန်း ထုကြည့်တယ်။ ဘယ်သူမှ ကြားဟန် မတူ။ အပြင်က ဘာသံမှမကြားရဘူး။ တံခါးပွင့်လာဖို့ဆိုတော့ဝေး။ ကျုပ် တံခါးကို သုံးလေးချက်လောက် ပိတ်ကန် ပစ်လိုက်တယ်။
    လှည့်ကြည့်လိုက်တော့ မြွေက သေတ္တာအပြင်ဘက်ကို လုံးလုံးလျားလျား ရောက်နေပြီ။ ကျုပ် မြွေကို ကြည့်လိုက်၊ တံခါးကိုကြည့်လိုက် လုပ်နေသေးတယ်။
    ပြီးတော့မှ စားပွဲခုံပေါ်တက်ပြီး မတ်တတ်ရပ်နေလိုက်တယ်။ မြွေကတော့ တံခါးဆီကို ဖြည်းဖြည်းပဲ သွားနေတယ်။
    အဲဒီအချိန်မှာ တံခါးပွင့်လာပြီး ကိုရန်နိုင် ၀င်လာတယ်။ ကျုပ်ကို မော့ကြည့်တယ်။ ကျုပ်က မြွေကို ကြည့်လိုက်တယ်။ သူလည်း မြွေကို မြင်သွားတယ်။ ဘာမှမပြောဘဲ မြွေကို ကောက်ယူလိုက်တယ်။ မြွေက သူ့လက် ကို ဖျတ်ခနဲ လှည့်ကိုက်တယ်။ အဲဒီအချိန်မှာတော့ ကိုရန်နိုင်ဆိုတဲ့လူက သိပ်လျင်တယ်။ မြွေကို ဖျတ်ခနဲ လက်ပြောင်းကိုင်လိုက်တယ်။ ပြီးတော့မှ မြွေကို ဘယ်ပြန်ညာပြန် ပါးရိုက်ပစ်လိုက်တယ်။ မြွေဟာ တစ်ခါတည်း စိတ်ပျက်ပြီး ညှိုးကျသွားတယ်။ အဲဒီတော့မှ သေတ္တာထဲကို ပြန်ပြီး ပစ်သွင်းလိုက်တယ်။ မြွေ ဟာလျှောခနဲနေအောင် ပိုးစအပြာနုအောက်ကိုဝင်ပြီး ပျောက်သွားတယ်။
    "ခင်ဗျား တော်တော်လန့်သွားတယ်ထင်တယ်"

    "သိပ်မလန့်ပါဘူး။ ရွံကြောက်ကြီးမို့ ဒီပေါ်တက်ရပ်နေတာပါ"
    ကျုပ် ပြန်ဆင်းလာတော့ သူက ပြုံးနေတယ်။
    ကျုပ် ကုလားထိုင်ကို နေရာပြင်လိုက်တော့ အသံတော်တော်ပြင်းပြီး ကြမ်းသွားတယ်။
    "အဲဒီတော့ ဘယ်လို ဆက်လုပ်ကြမလဲ"
    "ဘာကိုလဲ"
    "ကျုပ် ဆရာလုပ်ဖို့ကိစ္စလေ"
    "ဘယ်လိုလဲ"
    "ကျုပ်က ဓာတုဗေဒကို အဓိကထားပြီး ကျန်တဲ့ဘာသာရပ်တွေကို အခြေအနေကြည့်ပြီး ... "
    "နေစမ်းပါဦး၊ ဘယ်တော့စသင်မှာလဲ"

    "မနက်ဖြန်လေ၊ မနက်ဖြန်ပဲ စလိုက်ရအောင်လား "
    "ဘုံး"၊ "ဒိုင်း"ဆိုတဲ့အသံကြီး ရုတ်တရက် ထွက်သွားတယ်။ ကိုရန်နိုင်က စားပွဲကို လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။
    ကျုပ်လည်း တစ်လက်မလောက် မြောက်တက်သွားတယ်။ စိတ်ထဲမှာပေါ့လေ။
    "ဘာမနက်ဖြန်လဲ"
    "ဘာပြုလို့လဲ"
    "ဒီမှာ သေသေချာချာ မှတ်ထား၊ ဘယ်နေ့ ဘယ်ရက်စသင်ရမယ်ဆိုတာ ကျုပ် ပြောမှာ။ ကျုပ် ဆုံးဖြတ် မယ်။ နားလည်လား "
    "ကျုပ်က ဆရာလုပ်ရမှာဆို "

    "ဘာဆရာလဲ၊ နွားဂွေးသင်းတဲ့ဆရာလား။ ဒီမှာ ခင်ဗျားဟာ ဆရာတော့ဆရာပဲ။ ဒါပေမယ့် ကျုပ်က လခပေး ရမှာ။ နားလည်လား"
    "ဘာပဲပြောပြော ဓာတုဗေဒကို ခင်ဗျား သင်မယ်ဆိုရင်တော့ ကျုပ်က ... "
    "ဒီမယ်၊ ဓာတုဗေဒကို ခင်ဗျား သင်ပေးရမှာပဲ။ မှန်တယ်။ ဒါပေမယ့် ဘာကစသင်ရမယ်ဆိုတာ ကျုပ် က ပြောမှာ။ ဘယ်လိုသင်ရမယ်ဆိုတာလည်း ကျုပ်က ပြောမယ်။ ဒါပဲ"
    "ဒီပြင်ဘာသာတွေရော"
    "ဘာကိုပဲဖြစ်ဖြစ်၊ ဘယ်ဘာသာကိုပဲသင်သင် ကျုပ်ပြောမယ်။ ဘာကို သင်ရမယ်၊ ဘယ်လိုသင်ရ မယ် ဆိုတာ ကျုပ်ပဲ ပြောမယ်။ ဒါပဲ"
    "ခင်ဗျားဟာ ဘာမှမတတ်ဘူးဆိုတာ အမှန်ပဲ"

    "ဟာ ... ဒုက္ခပါပဲ၊ မတတ်ပါဘူးဆိုနေမှ"
    "ခင်ဗျား ဘယ်လောက်ညံ့သလဲဆိုတော့ သင်လို့တောင်ရတော့မယ်မထင်ဘူး။ စိတ်တော့မရှိနဲ့နော်"
    " ခင်ဗျား တော်တော်စိတ်ပျက်သွားပြီထင်တယ်။ မပျက်ပါနဲ့ဗျာ၊ ကျုပ်က စို့စို့ပို့ပို့ပေးမှာပါ"
    "ဘယ်လောက်ထိပေးမှာလဲ"
    "ဘယ်လောက်ထိ လိုချင်တာလဲ"
    "တစ်လ တစ်သောင်းလောက်တော့ အနည်းဆုံးဖြစ်ရလိမ့်မယ်"
    "နှစ်သောင်းပေးမယ်ဗျာ"

    "ဒါဖြင့် ဘယ်တော့လောက်စပြီး အလုပ်ဆင်းရမှာလဲ"
    "ပြောမယ်လေ၊ အဲဒါကိုတော့ ကျုပ် ပြောမှာပေါ့"
    "ဘယ်တော့လောက်လဲ"
    "ခင်ဗျား တော်တော်ခက်ပါလား။ ပြောပါမယ်လို့ဆိုနေမှ၊ မနက်ဖြန်လည်း တစ်ခေါက်လာခဲ့"
    "အလုပ်စမယ့်ရက်ကို ပြောမှာလား "
    "သေတော့မသေချာဘူး"
    "ဟုတ်ပြီ၊ ကျုပ် သွားတော့မယ်"
    လင်းလိုက် မှောင်လိုက်၊ လမ်းကြားကနေပတ်ပြီး ဘာခန်းတွေမှန်းမသိတဲ့ အခန်းသုံးလေးခန်းကို ဖြတ်၊ အိမ်ပြင်ထွက်ခဲ့တယ်။ ဒီအိမ်ကို နောက်ဘယ်တော့မှ ပြန်မလာဖို့ ဆုံးဖြတ်ပြီးသားပါ။

နောက်တပုဒ်ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, June 4, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၁၁) (ဇာတ်သိမ်း)

ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ထဲသို့ နတ်နွယ်ရောက်ရှိလာရခြင်းမှာ အစက အယ်ဒီတာအဖွဲ့ကို တိုးချဲ့ရန် ရည်ရွယ်ချက် မရှိခ့ပါ။ စုံထောက်မဂ္ဂဇင်းပိုင်ရှင် ဦးဆန်နီနှင့် မိုးဝေတို့ တိုင်ပင်ပြီး တစ်ကျပ်တန် ရုပ်ရှင်ဝတ္ထုမဂ္ဂဇင်း ထုတ်ကြသည်။ ထိုမဂ္ဂဇင်းတွင် နတ်နွယ်နှင့်ခင်ွယ်တင်တို့ အယ်ဒီတာ လုပ်ကြ၏။ ရုပ်ရှင် ၀တ္ထု မဂ္ဂဇင်းရပ်တန့်သွားသည်တွင် ခင်နွယ်တင်မှာ ၀ါသနာ အလျောက် လုပ်ကိုင်သူဖြစ်၍ အရေးမကြီးသော် လည်း နတ်နွယ် ကိုကား ကျောင်းတက်နေ သူ စာရေးဆရာ တစ်ယောက်ဖြစ်သောကြောင့် စုံထောက် သို့ ပြောင်းလဲ လုပ်ကိုင်စေ ခဲ့ခြင်းဖြစ်ပါ သည်။
    ကျွန်တော်သည် စုံထောက်မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ်နှင့် ၃ နှစ်ခန့်မျှ လုပ်မိသောအခါတွင် စာပေလောကအကြောင်းကို ကောင်းကောင်းသိလာသည်။ စာရေးဆရာအပေါင်းအသင်းတွေ များလာ သည်။ အင်္ဂလိပ်စာ မတတ်သဖြင့် သိမ်ငယ်နေစိတ်သည်လည်း တဖြည်းဖြည်း ပျောက်ပြယ် လာသည်။
ကို ဆက်ဖတ်ရန် ...

စုံထောက်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့မှာ ပို၍ မြိုင်လာသည်။ နတ်နွယ်သာမက နေသွေးနီလည်း ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ထဲသို့ ရောက်လာသည်။ စုံထောက်မဂ္ဂဇင်းမှာလည်း စောင်ရေ အတော် တက်လာသည်။ ကျွန်တော် တို့ အယ်ဒီတာများ၏ နေ့စားခမှာ မိုးဝေ ၇ ကျပ်၊ ကျွန်တော် ၄ ကျပ်၊ နတ်နွယ် ၃ ကျပ်၊ နေသွေးနီ ၂ ကျပ်ဖြစ်သည်။ ကျွန်တော်တို့သည် ပိုက်ဆံအရနည်းသည် များသည်ကို ပဓာနမထားဘဲ စုစုဝေးဝေး စိတ်တူ ကိုယ်တူ လုပ်ကိုင်နေရခြင်းကြောင့် အလွန်ပျော်ကြပါသည်။
    ကျွန်တော်တို့သည် ပျော်ပျော်ပါးပါးနှင့် အလုပ်လုပ်ကိုင်နေကြစဉ် ကျွန်တော့် သမီးငယ် စန်းစန်းတင့် သေဆုံး ပါသည်။ ကျွန်တော့်မှာ သမီးငယ် သေဆုံးခြင်းအတွက် အလွန်စိတ်ထိခိုက်ကာ မစားနိုင် မအိပ်နိုင် ရှိနေရပါသည်။ ကျွန်တော်သည် သမီးငယ်ကို အလွန်ချစ်၏။ မှန်ပါသည်။ ကျွန်တော့် သက်တမ်း တစ်လျှောက်တွင် ယခင် ခင်စန်းကြည်နှင့်တုန်းက သားနှစ်ယောက်၊ သမီးတစ်ယောက်ရခဲ့သော် လည်း သမီးဖြစ်သူသည် ကျွန်တော့်မျက်ကွယ်တွင် သေဆုံးခဲ့ရသဖြင့် ကြေကွဲခဲ့ရသည်။ ထို့ကြောင့် မခင်စိန်နှင့် ရသော သမီးငယ်စန်းစန်းတင့်မှာ ယခင်သမီးငယ်၏ ကိုယ်စားအဖြစ်နှင့် ကျွန်တော့်မှာ ချစ် မ၀ နိုင်အောင် ဖြစ်နေခဲ့ရခြင်းပင် ဖြစ်ပါလေသည်။
    သမီးငယ်သေဆုံးပြီး ၆ လကျော်ခန့်အကြာတွင် ကျွန်တော်မှာ အအိပ်ပျက် အစားပျက်နှင့် အိပ်ရာပေါ်တွင် ဘုံးဘုံးလဲ ခဲ့ရပါတော့သည်။ ပြီးနောက် အဆုပ်နာဆေးရုံသို့ တက်ခဲ့ရသော အခြေသို့ ရောက်ရှိ ရ လေတော့၏။


    အဆုပ်နာ ဆေးရုံ၌ တက်ရောက်ကုသနေရစဉ် ကျွန်တော့် ဇနီးသည် မခင်စိန်မှာ ကိုယ်ဝန် အရင့် အမာနှင့် ကျွန်တော့် အား ညနေတိုင်း ထမင်းလာရောက်ပို့ရသည်။ ကျွန်တော်သည် ဆေးရုံမှ အမြန်ဆင်း ချင်လှပါ၏။ ဇနီးသည်၏ ဒုက္ခကိုလည်း မကြည့်ချင်။ ပြီးနောက် အိမ်သူ အိမ်သားများ ၏ နေထိုင်စားသောက် ရေးအတွက်လည်း ပူပန်နေရသည်။ သို့သော် ကျွန်တော်၏ ဆန္ဒကား မပြည့်ဝခဲ့။ အဆုပ်နာ ကုဆေးရုံတွင် ၄ လ ကြာမျှ ကုသရပါသည်။
    ကျွန်တော် ဆေးရုံမှ ဆင်းလာပြီးနောက် စုံထောက်မဂ္ဂဇင်းတိုက်သို့ အလုပ်ဆင်းခဲ့ပါသည်။
    " အင်း ကျွန်တော် ပြောတော့ မပြောချင်ပါဘူး။ ဒါပေမယ့် ပြောရဦးမယ် "
    အယ်ဒီတာစားပွဲ၌ ကျွန်တော်ထိုင်နေစဉ် ဦးဆန်နီက ပြောပါသည်။ ကျွန်တော်ကတော့ နားဝေတိမ် တောင်နှင့် ဦးဆန်နီ အား ကြည့်နေမိသည်။
    " အခုဆို အယ်ဒီတာအဖွဲ့ကို ကျွန်တော် ပိုက်ဆံ အများကြီး ပေးထားရတယ် "


    " ဘယ်လောက်ပေးသလဲ "
    " မိုးဝေကို တစ်နေ့ တစ်ဆယ်။ နယ်နွယ်ကို တစ်နေ့ ငါးကျပ်။ နေသွေးနီကို လေးကျပ် ပေးရတယ်။ ဒါကြောင့် ခင်ဗျား ကို အလုပ်ပြန်ခန့်ဖို့ ခက်နေတယ်"
    " သြော် သြော်၊ ကျွန်တော် မဂ္ဂဇင်းမှာ မလုပ်ရတော့ဘူး ဆိုပါတော့ "
    " ဟုတ်ပါတယ်။ ကျွန်တော်လဲ စိတ်မကောင်းပါဘူး။ မတတ်နိုင်လို့ ပြောရတာပါ "
    ကျွန်တော်သည် အတော်ပင် စိတ်ထိခိုက်သွားမိ၏။ မကျန်းမာ၍ ဆေးရုံတက်ရချိန်တွင် အခြား လစာများ ကဲ့သို့ လခမရရှိရုံသာမက ဆေးရုံမှဆင်းလာပြန်သောအခါတွင် အလုပ်ပါပြုတ်၍ နေရပြန်လေပြီ။
    ကျွန်တော် မှာ အလုပ်ကို မက်မောလှသည် မဟုတ်သော်လည်း ပျော်ပိုက်ခဲ့သည်။ မှန်ပါ၏။ ကိုယ်ဝါသနာ ပါသော အလုပ်ဖြစ်သည်သာမက ရေးဘော်မိတ်ဆွေများနှင့် ပျော်ပျော်ပါးပါး လုပ်ကိုင်ခဲ့ရ သဖြင့် ပျော်ပိုက် ရခြင်းဖြစ်ပါသည်။


    " အင်းလေ ခင်ဗျားက မတတ်နိုင်ရင်တော့လည်း ကျွန်တော့်အနေနဲ့ ဘယ်လုပ်လိ့ ဖြစ်တော့မလဲ"
    ကျွန်တော်သည် ဦးဆန်နီအား ဤသို့ ပြောပြီး ရဲဘော်များအား အကျိုးအကြောင်းပြောပြ၍ အိမ် ပြန် ရန် နှုတ်ဆက်သည်။ ရဲဘော် ၃ ယောက်လည်း စိတ်မကောင်း ဖြစ်သွားကြပါတော့သည်။
    " ဒီမှာ ဦးဆန်နီ၊ ခင်ဗျား သူ့ကို အလုပ်မပေးနိုင်တော့ဘူးလား "
    မိုးဝေက ဦးဆန်နီက သွား၍ မေးလေသည်။
    " ဟုတ်တယ်။ ခင်ဗျားတို့ကို ပေးထားရတာများနေလို့ ကျွန်တော် မတတ်နိုင်တော့ဘူး "
    " ဒီလိုဆိုရင် ကျွန်တော်တို့ အထဲ က တစ်ကျပ်စီနှုတ်ပြီး ကိုတင့်ဆန်းကို တစ်နေ့ သုံးကျပ် ပေးပေါ့"
    " အဲဒီလိုဆိုရင် ဖြစ်နိုင်တာပေါ့ဗျာ "
    " ကဲ ကိုတင့်ဆန်း။ ကျုပ်တို့ သုံးယောက်ဆီက တစ်ကျပ်စီ ယူဗျာ။ ခင်ဗျား ဆက်ပြီး အလုပ်ဆင်းပေါ့"
    " ဟာ ကျွန်တော့်အတွက် ခင်ဗျားတို့ နစ်နာနေကြမှာပေါ့ဗျာ"
    " ကိစ္စမရှိပါဘူးဗျာ။ ကျွန်တော်တို့ ရေးဘော်ချင်း အနစ်နာခံရမှာပေါ့"
    နေသွေးနီက ပြောလေသည်။


    " ဟုတ်ပါတယ်။ ပိုင်ရှင်ကမပေးနိုင်ရင် ကိုယ့်ရဲဘော်ချင်းပဲ ဝေသုံးတာပေါ့"
    နတ်နွယ်ကလည်း ၀င်၍ပြောသည်။
    " ကဲ ကဲ ဦးဆန်နီ၊ ကျုပ်တို့ကို တစ်ကျပ်စီလျော့ပေးပြီး ကိုတင့်ဆန်းကို တစ်နေ့ သုံးကျပ် ပေးလိုက်ဗျာ"
    မိုးဝေက ဦးဆန်နီဆီသို့ လှမ်း၍ အော်ပြောလိုက်သည်။ ဦးဆန်နီကလည်း
    " ပေးပါ့မယ်ဗျာ" ဟု ကတိပေးလေ၏။
    ကျွန်တော်တို့ ၄ ယောက်သည် ယခင်ကအတိုင်းပင် ပျော်ပျော် ရွှင်ရွှင်နှင့် မဂ္ဂဇင်းကို ဆက်လက် လုပ်ကိုင်နေ ခဲ့ကြသည်။ သို့သော် ဦးဆန်နီမှာ ယခင် ကျွန်တော် ဆေးရုံမတက်ရမီကကဲ့သို့ ကျွန်တော် တို့၏ နေ့စားခ များကို မှန်မှန်မပေးနိုင်ဘဲ ရှိလာသည်။
    ၉ ကျပ်စား မိုးဝေမှာ ၃ ကျပ် ၄ ကျပ်ရသည့်အခါရ၍ ၃ ကျပ် ၄ ကျပ်စား ကျွန်တော်တို့မှာ ၂ ကျပ်၊ ၁ ကျပ် ရလို ရဖြစ်ကြသည်။ ကျွန်တော်တို့ သာမက စာစီ၊ စာရိုက် အလုပ်သမားများလည်း လုပ်ခမှန်မှန် မရကြ။ စာရေးဆရာနှင့် ပန်းချီဆရာများမှာလည်း အခမဲ့ ဖြစ်ကုန်ကြသည်။ နတ်နွယ်မှာ ကြာရှည် ဒဏ်မခံ နိုင်တော့ သဖြင့် စာရေးဆရာတင်စိုး ထုတ်ဝေသော ငြိမ်းစာပေထုတ်ဝေရေးသို့ ပြောင်းရွှေ့လုပ်ကိုင်လေတော့သည်။
    အယ်ဒီတာအဖွဲ့၌ လူတစ်ယောက် လျော့သွားသော်လည်း ကျွန်တော်တို့မှာ နေ့စားခ တိုးမရရုံသာမက သတ်မှတ်ထားသော နေ့တွက်များကိုပင် မှန်မှန် မရကြပါ။


နတ်နွယ်ငြိမ်းစာပေသို့ ရောက်ရှိသွားပြီးနောက် ကျွန်တော်သည် "မမိုးဖြူ" အမည်ဖြင့် လုံးချင်း တစ်ပုဒ် ရေးကာ ငြိမ်းစာပေမှ ထုတ်ဝေခဲ့ပါသည်။ သို့သော် ထိုစာအုပ်မှာ မျက်နှာဖုံး ပျက်စီးသွား သဖြင့် ဈေးကွက် တွင် မစွံဘဲ ဖြစ်ခဲ့ရပါသည်။
    နတ်နွယ်ထွက်သွားပြီး လေးငါးလအကြာ၌ နေသွေးနီလည်း ဇွဲမကောင်းနိုင်ဘဲ စုံထောက်မှ ထွက် သွားပြန် ပါသည်။ ထို့ကြောင့် စုံထောက် အယ်ဒီတာအဖွဲ့တွင် ယခင်မူလအတိုင်း မိုးဝေနှင့် ကျွန်တော်သာ ကျန်ရှိနေခဲ့ ပါသည်။ သို့တိုင်လည်း ကျွန်တော်တို့ နေ့တွက်များမှာ မပြေလည်သေးပါ။

နေ့တွက်က မပြေလည်သောအခါတွင် မိုးဝေရော ကျွန်တော်ပါ မဂ္ဂဇင်းကို သိပ်ပြီး ဂရုမစိုက်နိုင်ဘဲ အပြင်၌ ရေးကွက်ရှာကြရပါသည်။ ကျွန်တော်သည် မြ၀တီ၊ ရှုမ၀၊ သွေးသောက် စသော မဂ္ဂဇင်းများတွင် သာမက အခြားထွက်ပေါ်လာသော မဂ္ဂဇင်းများ၌လည်း ပါနိုင်အောင် ကြိုးစားရေးနေရသလို မိုးဝေမှာလည်း မဂ္ဂဇင်းများတွင်သာမက အခြားလုံးချင်းထုတ်သော တိုက်များကိုပါ ရေးပေးနေရလေသည်။ ထိုစဉ်၌ ကျွန်တော့်ဇနီးသည် မခင်စိန် သည် သမီးကလေးတစ်ယောက်ကို ထပ်မံမွေးဖွားပြန်ပါတော့၏။

ကျွန်တော်တို့ ၂ ယောက်က ဂရုမစိုက်နိုင်သည် တစ်ကြောင်း၊ အလုပ်မသားများကလည်း ငွေရေးကြေးရေး မပြေလည်၍ ဂရုမစိုက်သည် တစ်ကြောင်း၊ ပန်းချီဆရာကောင်း၊ စာရေးဆရာကောင်းများကို မသုံးနိုင်တော့ သည် တစ်ကြောင်း၊ အခြား မဂ္ဂဇင်းကြီးများက ထူးထူးခြားခြား ကောင်းမွန်နေသည် တစ်ကြောင်းတို့ကြောင့် စုံထောက်မဂ္ဂဇင်းမှာ စောင်ရေသိသိသာသာကြီး တိုး၍ ကျဆင်းလေတော့သည်။ မဂ္ဂဇင်းစောင်ရေကျခြင်း အတွက် မိုးဝေနှင့် ဦးဆန်နီတို့ကလည်း တကျက်ကျက်ရန်ဖြစ်ကြသည်။ နေ့ထွက်လည်း ပို၍ မမှန်ကန် ရှိရ တော့သည်။ ယင်းအချိန်၌ စောလင်းသည် ကျွန်တော်တို့ အယ်ဒီတာအဖွဲ့သို့ ရောက်ရှိလာခဲ့လေသည်။
စောလင်း သည် တစ်လခန့် အခမဲ့ လုပ်ကိုင်နေရလေသည်။ ကျွန်တော်မှာ နေ့စားခ မပြေလည်သဖြင့် အပြင် မှ ၀င်ငွေရအောင် ရှာရလေ မဂ္ဂဇင်းကို ဂရုမစိုက်နိုင်လေဖြစ်ကာ ပိုင်ရှင်ဦးဆန်နီနှင့် ကျွန်တော်ပို၍ အဆင်မပြေ ဖြစ်ရလေတော့သည်။


ကျွန်တော်မှာ ငွေရေးကြေးရေး မပြေလည်ရုံသာမက မဂ္ဂဇင်းကိုလည်း အားမရသဖြင့် စိတ်အပျက်ကြီး ပျက်နေခဲ့ သည်။ ပြီးနောက်ကိုယ့်ကိုကိုယ်လည်း ယုံကြည်လာသည်။ ဟုတ်ပါ၏။ ယခုလောက် အခြေခိုင် လာသောအခါ၌ စာရေး၍ ထမင်းစားတော့မည်ဟုလည်း ဆုံးဖြတ်လိုက်သည်။ ပြီးနောက် စုံထောက်မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့မှ ကျွန်တော်ထွက်ခဲ့ပါတော့သည်။
စုံထောက်မဂ္ဂဇင်း မှ ထွက်ခဲ့ပြီးနောက် ကျွန်တော်သည် မဂ္ဂဇင်းများတွင် ၀တ္ထုတိုများကို မှန်မှန်ရေးခဲ့သည်။ သို့သော် ၀င်ငွေ မှာ အမှန်မရှိလှ။ နည်းသည့်လနည်း၍ များများဝင်သည့်လလည်း ရှိသည်။ မည်သို့ပင် ဖြစ်စေ တာဝန်တစ်ခု ကို နှစ်သက်လှပါတော့သည်။

စာကိုများများ ရေးလာသည်နှင့်အမျှ ကျွန်တော့်ကလောင်ကို စာဖတ်ပရိသတ် တော်တော်များများ သိလာကြသည်။ စာရေးခြင်း တစ်ခုတည်းကိုသာ အမှီပြု၍ လုပ်ကိုင်စားသောက်ရသောအခါ၌ အခက်အခဲ တွေများစွာ တွေ့ရပါသည်။ ထိုအခက်အခဲများမှာ ကျွန်တော်သည် အင်္ဂလိပ်စာ မတတ်သဖြင့် နိုင်ငံခြား ၀တ္ထု များကိုမှီး၍ မရေးသားနိုင်သောကြောင့် ဇာတ်လမ်းရှာခြင်း၊ ထုတ်ဝေသူများ၊ အယ်ဒီတာ များက အင်္ဂလိပ်စာ မတတ်၍ အထင်သေးကာ စာမူခကို အင်္ဂလိပ်စာတတ်သော စာရေးဆရာ များလောက်မပေးခြင်း၊ စာမူကို ၀ယ်ယူထားလျက် မဂ္ဂဇင်းတွင် လပေါင်းကြာမြင့်စွာမထည့်ဘဲ ပစ်ထားခြင်း၊ စာမူခကို ချိန်းဆိုသည့်ရက်တွင် မပေးဘဲ အချိန်ခဏခဏရွှေ့၍ ချိန်းဆိုမှုကြောင့် ရမည့်ရက်တွင် မရ၍ ငွေပြတ်နေရခြင်းများ ဖြစ်ပါသည်။

မြန်မာပြည်မှာ စာရေးစားလို့ ဘယ်ထမင်းဝမှာလဲဗျာ။ တခြားအလုပ်တစ်ခုခု လုပ်ရင်းနဲ့ စာရေးမှပေါ့။
ကျွန်တော့်အပေါ် တွင် စေတနာထားသော မိတ်ဆွေများထံမှ ကရုဏာသက်စွာဖြင့် အကြံပေးကြသည်။ ကျွန်တော့်ဇနီး က အရောင်းအ၀ယ်ဘက်၌ အားသန်သူ ဖြစ်သောကြောင့် ငွေရေးကြေားရေး ကြပ်တည်းတိုင်း 'မောင့် စာရေးဆရာအလုပ်ကလည်း လမ်းဘေးမှာ ထမင်းကြော်ရောင်းစားတဲ့ ဘ၀လောက်တောင် မှ စိတ်မချမ်းသာရဘူး' ဟုညည်းတတ်ပါသည်။


တကယ့်တော့လည်း သူမပြောစရာဖြစ်နေပါသည်။ တစ်ချိန်က မခင်စိန်သည် ကျွန်တော်နှင့်အတူ ဦးဝိစာရလမ်းအလယ် ပလက်ဖောင်း၌ ထမင်းကြော်ရော င်းခဲ့ဖူးကြသည်။ ထိုစဉ်က ကျွန်တော်တို့မှာ လူပင်ပန်းသော်လည်း စိတ်မပင်ပန်းကြရပါ။ ကျွန်တော်တို့ ထမင်းကြော်ဆိုင်မှာ သန့်လည်း သန့်၊ ကောင်းလည်းကောင်းသောကြောင့် မစ္စနယ်လ်ဆင်ကျောင်းမှ ကျောင်းသားကလေးများက အလု အယက် ၀ယ်ယူစားသောက်ကြပါသည်။ ထို့ကြောင့် တစ်နံနက်ရောင်းလျှင် ၄ကျပ်၊ ၅ကျပ် အထိအမြတ်ငွေ ရရှိခဲ့ပါ သည်။

ကျွန်တော်မှာ အရောင်းအ၀ယ်အလုပ်ကို ၀ါသနာမပါသည်တစ်ကြောင်း၊ ထိုပလက်ဖောင်းဆိုင်မှာ စနေနေ့ တိုင်းမြူနီစပယ် မှ လာ၍ ဆိုင်ကို ဆွဲဖျက်တတ်သည် တစ်ကြောင်း စိတ်ပျက်ကာ ထိုဆိုင်ကို ဖြုတ်၍ ဦးဝိစာရလမ်း ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် ၀င်၍ လုပ်ကိုင်ခဲ့ပါသည်။ ကျွန်တော်တို့နှင့် အပြိုင်ရောင်းသော ထမင်းကြော် ဆိုင်ရှင် တို့မှာ ကျွန်တော်တို့ဆိုင်ပြုတ်၍ လေးငါးလကြာသောအခါ ကပ္ပလီ ကွက်သစ် ထဲတွင် အိမ်သစ်ကလေးဆောက်နိုင်သည်အထိ စီးပွားရေးအခြေအနေ တိုးတက်ခဲ့သည်ကို မျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ရပါသည်။
မည်သူက ဘာပဲပြောပြော ကျွန်တော့်အနေနှင့် စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း၍ ရအောင်ကြိုးစား ချင်သည့် စိတ်ကသာပြင်းထန်နေသည်။


 မြန်မာပြည်တွင် စာရေးခြင်းသည် အလုပ်တစ်လုမဟုတ်သလို ထင်မှတ်နေကြသည်။ တကယ့်တော့ စာရေးခြင်း သည်လည်း အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်ထိုက် ပါသည်။ စာရေးခြင်းဆိုသည်မှာ လွယ်လွယ် ကလေး ကောက်ရေး၍ ရသည်မဟုတ်ပါ။ တွေးရခေါ်ရ ဗဟုသုတရှာဖွေ ဆည်းပူး၍ စာ တစ်ပုဒ်ဖြစ် လာအောင် ကြိုးပမ်းရေးသားရပါသည်။ ထိုသို့ ကြိုးပမ်းရပါလျက် နှင့်ပင် အလုပ်မမည်သော အလုပ်မျိုး ကား ဤကမ္ဘာပေါ်၌ မရှိသင့်ချေ။

ထို့ကြောင့်လည်း ကျွန်တော်သည် စာရေးခြင်းသည် အလုပ်မည်ရမည်ဟူသော ဇွဲဖြင့် တခြားအလုပ်ကို လုပ်ဖို့ စိတ်မကူးဘဲ စာကိုသာ ဖိရေးနေခဲ့ပါသည်။ ယင်းသို့ရှိစဉ် တစ်နေ့၌ ကျွန်တော့်ဇနီးမှာ မကျန်းမမာ ဖြစ်လာပြန်သည်။ သွေးအားလေးအားနည်းကာ နှလုံး၊ ရင်မငြိမ်မသက်ရှိပြီး စိတ်လည်း ကယောင်ချောက်ချားဖြစ်လာသည်။ ကျွန်တော်မှာ ကလေးတစ်ဖက်နှင့် စာကိုကောင်းစွာမရေးနိုင်ဘဲ အခက်အခဲ ကြုံရပြန်ပါတော့၏။ စိတ်မအား လူမအားနှင့် ရှိသဖြင့် စာလည်းမရးနိုင်။ စာမရေးနိုင်၍ ၀င်ငွေ မရှိဖြစ်ကာ လူမမာက တစ်ဖက်နှင့် အတော်ပင်အကြပ်ကျ၍ နေတော့သည်။

ထိုစဉ် တစ်နေ့ ကျွန်တော် နော်ရထာမဂ္ဂဇင်းသို့ ရောက်ရှိသွားသည်တွင် နော်ရထာမဂ္ဂဇင်း အယ်ဒီတာ မောင်ဥာဏ်ဝန်က ''သိမ်း'' ဆိုသောအမည်နှင့် တစ်ကျပ်တန် မဂ္ဂဇင်း ထုတ်မည့် ပဗလစ်ရှာ တစ်ဦး ရှိကြောင်း၊ သို့သော် ထိုပဗလစ်ရှာတွင် မဂ္ဂဇင်းတစ်စောင် ဖြစ်မြောက်အောင် လုပ်တတ်သူမရှိသဖြင့် မဂ္ဂဇင်း လုပ်တတ်မည့် အယ်ဒီတာ ရှိနေကြောင်း ဆီး၍ သတင်းပေးပါသည်။
ကျွန်တော် မှာ လခလစားအလုပ်ကို မလုပ်လိုသော်လည်း  အခြေအနေအရ ထိုမဂ္ဂဇင်းထုတ်မည့်သူများနှင့် သွားရောက်တွေ့ဆုံ ရပါသည်။ ပြီးနောက် တစ်လလျှင် လခနှစ်ရာဖြင့် အလုပ်ဝင်လုပ်ရန် သဘောတူ ခဲ့ရပါ တော့၏။

အစကတည်းက လခစားမလုပ်လိုသော ကျွန်တော်မှာ သိမ်းမဂ္ဂဇင်းတွင်ဝင်ရောက်လုပ်ကိုင်သောအခါ၌ စိတ်ပျက် စရာပေါင်းများစွာနှင့် တွေ့ဆုံရင်ဆိုင်နေရပြန်ပါတော့သည်။ သို့သော် ဇနီးလည်းကောင်းစွာ ကျန်းမာ လာသည်အထိ သည်းခံ၍ လုပ်မည်ဟုဆုံးဖြတ်ကာ ၆လကြာမျှ ထိုမဂ္ဂဇင်းတွင် အယ်ဒီတာလုပ်ခဲ့ပြီး မခင်စိန် ကျန်းမာလာသည်နှင့် မဂ္ဂဇင်းမှထွက်၍ စာရေးခြင်း အလုပ်ကိုပင် ပြန်၍ လုပ်ခဲ့ပြန်ပါသည်။
ကျွန်တော် သည် လယ်ကွင်းပြင်များ၊ ဖားအော်သံများ၊ ခြင်များ၊ ရွှံဗွက်နှင့် ဖုံများ ထူတပ်သော ငမိုးရိပ်ကို စွန့်လွှတ် ခဲ့ပြီး ရန်ကုန် သို့ တက်နေခဲ့သည်။

အကယ်၍ ကျွန်တော်သည် စီးပွားရေးသမားအဖြစ်နှင့် စီးပွားရှာခဲ့လျှင်၎င်း၊ နိုင်ငံရေးလုပ်စားသူအဖြစ်နှင့် စီးပွားရှာခဲ့လျှင်၎င်း၊ ဂရံပိုင်အိမ်များကို ၀ယ်၍ဖြစ်စေ၊ ငှားရမ်း၍ဖြစ်စေ နေနိုင်ပေမည်။
ကျွန်တော်သည် စာပေကို စွဲလမ်းခဲ့ရာမှ စာရေးချင်လာသည်။ စာရေး၍ အောင်မြင်လာသောအခါ၌ စီးပွားရေး ၌ စိတ်မ၀င်စားချင်။ မမှန်ကန်သော လုပ်ငန်းများကို မလုပ်ချင်။ စာရေးဆရာအဖြစ်နှင့်ဘ၀ကို ရင်ဆိုင် ချင်သည်။ ထို့ကြောင့် ကျွန်တော်သည် ကွက်သစ်ထဲငယ်၌ စွဲစွဲမြဲမြဲနေလာခဲ့ပြီးမှ ငမိုးရိပ် သို့ပင် ပြန်လည်ရောက်ရှိလာခဲ့ရသည် မဟုတ်ပါလား။

တစ်ခါတစ်ခါတွင် စာရေးစားရသောအလုပ်ကို စိတ်ပျက်ချင်လာသည်။ စာရေး၍ ရသောဝင်ငွေမှာ မဟုတ်ဘူး ဆိုတောင် တစ်လတစ်လတွင် အထက်တန်းစာရေးဝင်ငွေထက်တော့ များသည်။ ဒါပေမယ့် စားရေးလောက် စိတ်မချမ်းသာရ။ အထက်တန်းစာရေးသညာ် လဆန်း ၁ ရက်နေ့၌ လခရဖို့ သေချာသည်။ စာရေးဆရာ၌ ထိုသို့အာမခံချက်မရှိ။ အထက်တန်းစာရေးသည် ကျန်းမာနေလျှင် ရုံးချိန်တိုင်း သူ့အလုပ်ကို သူကောင်းစွာ လုပ်ကိုင်နိုင်သည်။ စာရေးဆရာမှာ စိတ်ကြည်လင်နေမှ၊ စိတ်ကူးပေါက်မှ စာရေး၍ရ၏။

အထက်တန်းစာရေးသည် မကျန်းမာလျှင် လစာအပြည့်နှင့် ခွင့်ရက်ရသည်။ စာရေးဆရာမှာ မကျန်းမာလျှင် ၀င်ငွေမရှိ အထက်တန်းစာရေးမှာ ရုံးအုပ်၊ ရုံးဝန်ထောက်၊ မင်းကြီးစသော သူများနှင့်သာ ဆက်ဆံရသည်။ စာရေးဆရာမှာ အယ်ဒီတာအမျိုးမျိုး၊ ပဗလစ်ရှာ အမျိုးမျိုးနှင့် ဆက်ဆံရသည်။ အချို့ပဗလစ်ရှာ၊ အယ်ဒီတာ တို့မှာ စာရေးဆရာ၏ နုပညာကို တန်ဖိုးထားတတ်သော်လည်း တချို့မှာဘာမျှနားလည်းမလည်၊ တန်ဖိုးလည်း မထားထတ်။ စာရေးဆရာ၏ စာမူ၌ အနုပညာပါသည်၊ မပါသည်မသိ။ သူတို့ အမြတ်ရရရေး အတွက် ကုန်ကြမ်းလောက်သာ သဘောထားတတ်ကြသည်။ ဆက်ဆံရေးတွင်လည်း ဟင်းရွက်သည်၊ အိုးတိုက်ဖွဲပြာသည် ဆက်ဆံနည်းမျိုး ဆက်ဆံတတ်သူများလည်းရှိသည်။ ချိန်းသောရက် ၌ ငွေမှန်မှန် မရ ခြင်းမှာ စာရေးဆရာအဖို့ ဒုက္ခအရောက်ဆုံး ဖြစ်လေသည်။
ကျွန်တော်သည် ဤအကြောင်းများကြောင့် တစ်ခါတစ်ခါ စာရေးခြင်းနှင့် အသက်မွေးရသော အလုပ်ကို စိတ်ပျက်မိ၏။


ကွယ်လွန်ခဲ့ပြီးသော စာရေးဆရာတို့၏ ဆင်းဆင်းရဲရဲနှင့် ကျန်နေကြရရှာသော သားသမီးများကို မြင်တွေ့ရ လျှင်လည်း သားငယ်၊ သမီးငယ်များ၏ နောင်ရေးအတွက် ရင်ထိတ်မိသည်။ ခင်စန်းကြည်နှင့်ရခဲ့သော သားနှစ်ယောက် မှာ အကြီးက ဓာတ်ပုံပညာနှင့် အသက်မွေးဝမ်းကျောင်း၍ အငယ်က ရုံးစာရေးလုပ် နေကြ သည်။ ကိုယ့်အိမ်ထောင်နှင့်ကိုယ် ဖြစ်ပြီ။ မခင်စိန်နှင့် ရသော သားသမီးကလေးများက အလွန်သေးငယ် သည်။ အငယ်ဆုံးသားမှာ လသားမျှသာရှိသေး၏။ သမီးများကလည်း ကျောင်းပင်မထားလောက်သေး။ သူတို့ အတွက် စာရေးဆရာဘ၀နှင့် ရင်မနေရပြန်သည်။ အသက်သိမ်မကြီးသေးခင် စီးပွားရေးဘက် ကူးရကောင်းမည် လားဟု ကြံမိသည်။

သို့သော် စာရေးဆရာဘ၀သည် ဘိန်းကဲ့သို့ စွဲနေ၏။ ပူပင်သောကရောက်ရသည်ကိုပင် အရသာတစ်မျိုးလို့ ခံစားရပြန်သည်။ စိတ်မိုက်စိတ်ရိုင်းပေပဲလား မသိ။
'စာရေးခြင်း သက်သက် နဲ့ အသက်မွေးလို့ မရဘူးဆိုတဲ့ နိုင်ငံမှာ မရရအောင် နေပြမယ်' ဟုကြုံးဝါးကာ သူရဲကောင်းလုပ်ချင်စိတ်ကလည်း ပေါက်နေသေးသည်။
 ကျွန်တော် သည် နောက်ကြောင်းများကိုပြန်၍ တွေးရင်းမှ ကိုယ်အဖြစ်ကိုယ် ရယ်ချင်လာသည်။ ကျွန်တော် ယခုရောက်ရှိနေသော မြောက်ဥက္ကလာပ နေအိမ်မှာ ငမိုးရိပ်ချောင်းနှင့် တစ်ဖာလုံခန့်သာ ကွာဝေးသည်။ ရွှံ့ဗွက်၊ ဖုံနှင့် ခြင်တွေပေါများလှသည်။ လယ်ကွင်းပြင်၌ နေရသည်။ ဖားအောင်သံများကို ကြားရသည်။
ထိုအရာအားလုံး ကို ရှောရှားကာ ငမိုးရိပ်မှ ထွက်ပြေးလာခဲ့သော ကျွန်တော်သည် ယခုလည်း ငမိုးရိပ် သို့ပင် ပြန်၍ရောက်ရှိနေရတော့သည် မဟုတ်ပါလား။


    တစ်ခါတစ်ခါတွင် စာရေးစားရသောအလုပ်ကို စိတ်ပျက်ချင်လာသည်။ စာရေး၍ ရသောဝင်ငွေမှာ မဟုတ်ဘူး ဆိုတောင် တစ်လတစ်လတွင် အထက်တန်းစာရေးဝင်ငွေထက်တော့ များသည်။ ဒါပေမယ့် အထက်တန်း စားရေးလောက် စိတ်မချမ်းသာရ။ အထက်တန်းစားရေးသည် လဆန်း ၁ ရက်နေ့၌ လခရဖို့ သေချာသည်။ စာရေးဆရာ၌ ထိုသို့ အာမခံချက်မရှိ။ အထက်တန်းစားရေးသည် ကျန်းမာနေလျှင် ရုံးချိန်တိုင်း သူ့အလုပ် ကို သူကောင်းစွာ လုပ်ကိုင်နိုင်သည်။ စာရေးဆရာမှာ စိတ်ကြည်လင်နေမှ၊ စိတ်ကူး ပေါက် မှ စာရေး၍ရ၏။
    အထက်တန်းစာရေးသည် မကျန်းမာလျှင် လစာအပြည့်နှင့် ခွင့်ရက်ရသည်။ စာရေးဆရာမှာ မကျန်းမာ လျှင် ၀င်ငွေမရှိက အထက်တန်းစာရေးမှာ ရုံးအုပ်၊ ရုံးဝန်ထောက်၊ မင်းကြီးစသော သူများနှင့်သာ ဆက်ဆံ ရသည်။ အချို့ ပဗလစ်ရှာ၊ အယ်ဒီတာတို့မှာ စာရေးဆရာ၏ အနုပညာကို တန်ဖိုးထားတတ်သော် လည်း တချို့မှာ ဘာမျှနားလည်းမလည်၊ တန်ဖိုးလည်း မထားတတ်။ စာရေးဆရာ၏ စာမူ၌ အနုပညာပါသည်၊ မပါသည်မသိ။ သူတို့ အမြတ်ရရရေးအတွက် ကုန်ကြမ်းလောက်သာ သဘောထား တတ်ကြသည်။ ဆက်ဆံရေးတွင် လည်း ဟင်းရွက်သည်၊ အိုးတိုက်ဖွဲပြာသည် ဆက်ဆံနည်းမျိုး ဆက်ဆံတတ် သူများလည်း ရှိသည်။ ချိန်းသောရက်၌ ငွေမှန်မှန်မရခြင်းမှာ စာရေးဆရာအဖို့ ဒုက္ခအရောက်ဆုံးဖြစ်လေသည်။
    ကျွန်တော်သည် ဤအကြောင်းများကြောင့် တစ်ခါတစ်ခါ စာရေးခြင်းနှင့် အသက်မွေးရသောအလုပ် ကို စိတ်ပျက်မိ၏။
    ကွယ်လွန်ခဲ့ပြီးသော စာရေးဆရာတို့၏ ဆင်းဆင်းရဲရဲနှင့် ကျန်နေကြရရှာသော သားသမီး များကို မြင်တွေ့ရလျှင်လည်း သားငယ်၊ သမီးငယ်များ၏ နောင်ရေးအတွက် ရင်ထိတ်မိသည်။ ခင်စန်းကြည်နှင့် ရခဲ့သော သားနှစ်ယောက်မှာ အကြီးက ဓာတ်ပုံပညာနှင့် အသက်မွေးဝမ်းကျောင်း၍ အငယ် က ရုံးစာရေးလုပ်နေကြသည်။ သူတို့သည် ကိုယ့်ဝမ်း ကိုယ်ကျောင်းနိုင်ကြပေပြီ။ ကိုယ့် အိမ်ထောင်နှင့်ကိုယ် ဖြစ်ပြီ။ မခင်စိန်နှင့် ရသော သားသမီးကလေးများက အလွန်သေးငယ်သည်။ အငယ်ဆုံးသား မှာ လသားမျှ သာရှိသေး၏။ သမီးများကလည်း ကျောင်းပင်မထားလောက်သေး။ သူတို့ အတွက် စာရေးဆရာဘ၀နှင့် ရင်မနေရပြန်သည်။ အသက်သိပ်မကြီးသေးခင် စီးပွားရေးဘက် ကူးရကောင်း မည်လားဟု  ကြံမိသည်။
    သို့သော် စာရေးဆရာဘ၀သည် ဘိန်းကဲ့သို့ စွဲနေ၏။ ပူပင်သောကရောက်ရသည်ကိုပင် အရသာ တစ်မျိုးလို ခံစားရပြန်သည်။ စိတ်မိုက်စိတ်ရိုင်းပေပဲလား မသိ။

    ''စာရေးခြင်းသက်သက်နဲ့ အသက်မွေးလို့ မရဘူးဆိုတဲ့ နိုင်ငံမှာ မရရအောင် နေပြမယ်'' ဟု ကြုံးဝါး ကာ သူရဲကောင်း လုပ်ချင်စိတ်ကလည်း ပေါက်နေသေးသည်။
    ကျွန်တော်သည် နောက်ကြောင်းများကိုပြန်၍ တွေးရင်းမှ ကိုယ့်အဖြစ်ကိုယ် ရယ်ချင်လာသည်။ ကျွန်တော် ယခုရောက်ရှိနေသော မြောက်ဥက္ကလာပ နေအိမ်မှာ ငမိုးရိပ်ချောင်းနှင့် တစ်ဖာလုံခန့်သာ ကွာ ဝေးသည်။ ရွှံ့ဗွက်၊ ဖုံနှင့် ခြင်တွေပေါများလှသည်။ လယ်ကွင်းပြင်၌ နေရသည်။ ဖားအော်သံများကို ကြားရ သည်။
    ထိုအရာအားလုံးကို ရှောင်ရှားကာ ငမိုးရိပ်မှ ထွက်ပေးလာခဲ့သော ကျွန်တော်သည် ယခုလည်း ငမိုးရိပ် သို့ပင် ပြန်၍ ရောက်ရှိနေရတော့သည် မဟုတ်ပါလား။

တင့်ဆန်း
.
>>>ဆက်ဖတ်ရန်>>> >>