Monday, April 29, 2013

ဆရာစောနေဝင်း (ရူပဗေဒ) ၏ ကျွန်တော့်အသည်းမာခဲ့ပါတယ်

ဒီဘက်နှစ်တွေမှာ အသည်းရောဂါနဲ့ ပတ်သက်လို့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာ ရတယ်။ ဘီပိုး၊ စီပိုးနဲ့ အသည်းခြောက်တာတဲ့။ ခန္ဓာရှိရင် ရောဂါရှိမယ်ဆိုတာ သိပါတယ်။ အရင် တုန်းကတော့ အရက်သောက်ရင် အသည်းရောဂါဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ အခု ဒီရောဂါ တွေက အဖြစ်များလွန်း လာပြီး အရက်၊ ကွမ်း၊ ဆေးလိပ်တွေနဲ့ ဘာမှမပတ်သက် ဘာမှမသောက် စားတဲ့သူတွေ လည်း ဖြစ်လာကုန်ကြတယ်။ ဖြစ်ပြီးရင်လဲ အများစုက အသက်ဆုံးပါးကြရတယ်။ ဒါကို မစဉ်းစားပဲ မနေ သင့်တော့ ဘူး။

ကျွန်တော် ဆရာဝန်မဟုတ်ပါဘူး။ စာရေးဆရာလဲ မဟုတ်ပါဘူး။ ကျွန်တော် ဒီရောဂါကို မလိုချင်ဘဲ လက်ခံလိုက်ရတဲ့ သူပါ။ ကျွန်တော့်ရဲ့အတွေးအခေါ်နဲ့ ကျွန်တော့်ရဲ့စိတ်ခံစားချက်တွေကို မျှဝေယုံ သက်သက်ဖြင့် သာ ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။
ကျွန်တော် လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်မှာ ခြေထောက်တွေ စရောင်လာပါတယ်။ ဒါနဲ့ပဲ ညီ အစ်ကိုလိုနေ တဲ့ ဆရာဝန်ဆီကို သွားပြီးပြပါတယ်။ ဒီဆရာဝန်က ဂရုစိုက်ကြည့်ပြီး X-ray, Ultrasound နဲ့ လိုအပ် တဲ့ သွေးစစ်ဆေးခြင်းတို့ကို စစ်ခိုင်းလိုက်ပါတယ်။ စစ်ဆေးချက်တွေကို ပြန် ပြီးတော့ အားလုံးကောင်း ပါတယ်ဆိုပြီး လိုအပ်တဲ့ ဆေးတွေပေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ ခြေထောက်တွေက ရောင်လိုက်၊ ကျလိုက် နဲ့ နေခဲ့တာ (၂၀၁၀) ရောက်တော့စပြီး ခေါင်းတွေအမြဲ မူးပြီး၊ မလှုပ်ချင် မကိုင်ချင် ဖြစ်လာတာပါပဲ။ ဒီတစ်ခါတော့ စစ်စရာ ရှိတာတွေ အကုန်ပြန်စစ်ပြီးမှ အရင်ဆရာဝန်ဆီ ပြန်သွားပါတယ်။ ဆရာကလည်း ကြည့်ပြီးတော့ ကောင်း ပါတယ်။ ဒါပေမယ့် ပို သေချာအောင်ဆိုပြီး အထူးကုဆရာဝန်မကြီးဆီကို လွှတ်လိုက် ပါတယ်။ ဆရာဝန်မကြီးဆီရောက် တော့ ဆေးရုံတက်ပါဆိုပြီး အဲဒီနေ့မှာပဲ ကျွန်တော့် ကို ဆေးရုံတင်လိုက်ပါတော့တယ်။ ဆရာဝန်မ ကြီးနဲ့ ဆရာမတွေလဲ အစွမ်းကုန် ကုသကြပါ တယ်။ နှလုံး သိပ်မကောင်းဘူးလို့ ပြောပါတယ်။

ကျွန်တော် နည်းနည်းသက်သာတာနဲ့ ပြန်ဆင်းလာခဲ့တယ်။ ၂၀၁၁ မှာ မသင်္ကာ လို့ ဆေးရုံ တစ်ခါ ပြန်တက်ရတယ်။ ဒီတစ်ကြိမ်မှာ စစ်ကြည့်တော့မှ (C) positive တဲ့။ ကျွန်တော် ဒီလောက်ကြာ အောင် ဒုက္ခဖြစ်ပြီး ခံစားနေ ခဲ့ရတာက ဘီပိုးနဲ့ စီပိုးကို မစစ်ခဲ့ရလို့ပါပဲ။
ကျွန်တော် အကြံပေးပါရစေ။ ဘာမှမဖြစ်သေးလဲ ဘီပိုးနဲ့ စီပိုးကိုတော့ စစ်ဖို့ လုံးဝမမေ့ပါနဲ့၊ မပျင်းပါ နဲ့၊ မကြောက် ပါနဲ့။ မေ့လိုက် ပျင်းလိုက် ကြောက်လိုက်မိရင် မဖြစ်ရင်တော့ ကောင်းတာပေါ့။ ဖြစ် လိုက်လို့ ကတော့ ငွေကုန်မယ်၊ လူနာမယ်၊ ကံဆိုးရင် အသက်ပါပေးလိုက်ရလိမ့်မည်။ ဘီပိုးက ကာ ကွယ်ဆေး ထိုးလို့ရပါတယ်။ ထိုးဖြစ်အောင် ထိုးပါ။ စီပိုးကတော့ အနေအထိုင်နဲ့ ကာကွယ်ရမှာပါ။
ကျွန်တော့်မှာ (C) Positive ဆိုတော့ ကြောက်သွားတာပေါ့။ စိတ်ဓာတ်လဲ ကျသွားတယ်။ မကြာခင် ပဲ သေတော့မယ် လို့ထင်တာပေါ့။ ကြောက်တော့ လူတကာလျှောက်မေးဖြစ်တာပေါ့။ အဲဒီမှာ အသည်း ဆိုတာ အသည်းအထူးကုနဲ့ပဲ ကုသင့်တယ်ဆိုလို့ အသည်းအထူးကုရှိတဲ့ နောက်ဆေးရုံ တစ်ရုံ ကို ပြေးခဲ့ရပါတော့တယ်။

ကျွန်တော့်မှာ ဒုတိယဆေးရုံကိုရောက်တော့ အထူးကုဆရာဝန်ကြီးက ဆေးရုံတက်စရာမလိုဘူး။ ပိုးသတ်ဆေး (အင်တာဖရွန်) ထိုးမယ် အသည်းအားဆေး စားထားဆိုပြီး ဆေးတွေပေးပါတယ်။ နောက် (၁၀) ရက် ခွာချိန်းပြီး ပြန်လွှတ်လိုက်တယ်။ သူငယ်ချင်း D Bio နဲ့ Eco အောင်ကြီးတို့ မိတ် ဆက်ပေးလို့လား မသိဘူး။ အတော် ဆက်ဆံရေးကောင်းတာပဲ။ တစ်လလောက်ကြာတော့မှ စထိုး  ပါပြီဗျာ။  ပိုးသတ်ဆေး (အင်တာဖရွန်)။ အပြောများသလောက် အခံရမဆိုးပါလားလို့ ထင်ပြီး အေး အေးဆေးဆေး ဘဲ ပြန်လာခဲ့တယ်။ တစ်ပတ်ကို တစ်လုံးထိုးရမှာတဲ့။ တစ်လုံး နှစ်လုံးခံနိုင်ပါသေး တယ်။ ညအိပ်မရတာနဲ့ အစားမစားချင် တာကတော့ ဆိုးတယ်။ သုံးလုံးမှာ မခံနိုင်တော့ဘူး။ လေး လုံးထိုးမဲ့နေ့မှာ ခန္ဓာကိုယ်အပြင် စိတ်ပါ မခံနိုင်တော့လို့ ကျွန်တော်စိတ်ကို မထိန်းလိုက်နိုင်ဘဲ ကြောင်ပြီး ကယောင်ချောက် ချားတွေ လျှောက်ပြောပါတော့တယ်။ အဲဒီနေ့မှာဘဲ ဆေးရုံကိုရောက် တော့ ဆရာဝန်ကြီး ကို ပြောပြလိုက်တာ ဆေးရုံတက်ခိုင်းပြီး ကျွန်တော့်ကို ဆရာဝန်ကြီး လာကို မကြည့်တော့တာ ပါဘဲ။ နှစ်ရက်လောက်နေတော့ ကျွန်တော့်မိသားစုကိုခေါ်ပြီး ကုလို့မရနိုင်တော့ ဘူး။ ဒီတောင် က ကျော်နိုင် မှာ မဟုတ်တော့ဘူး။ အသည်းခြောက်တာလွန်နေပြီလို့ ပြောပါတော့ တယ်။ ကျွန်တော့် အသည်း မာသွားခဲ့ပြီပေါ့။

နောက်တစ်ရက် သွင်းနေတဲ့ဆေးတွေ အကုန်ရပ် အိမ် ကို ပြန်လာခဲ့ကြရပါတယ်။ ကျွန်တော်ကတော့ ဘာမှ မသိဘူး။ အိမ်ရောက်တော့ လူနာလာမေးတဲ့ သူတွေကတော့ များတယ်လို့တော့ ထင်သား။ အဲဒီထဲ မှာ နှစ်ယောက်ရဲ့စကားတွေက သိသင့်နေပြီ။ ပထဝီဦးကိုကို က ငါ့ညီ မင်းတာဝန်ကျေခဲ့ပါတယ်ကွာတဲ့။ လက်ကို ဆွဲပြီး နှုတ်ဆက်တယ်။ နောက် တစ်ယောက်က အစ်မ ဒေါ်ခင်ဌေး (အရှေ့တိုင်းဇာတ်) ငါ့မောင် သြစတြေးလျ မှာ ဆရာတော်ဟော တဲ့ ခွေလေးဖွင့်ပြီး တရားလေးမှတ်နေပါတဲ့။ သူတို့ ကျွန်တော့်ကို သတ်မှတ် လိုက်ကြပြီပေါ့။
အဲဒီအချိန်မှာ ကိုချစ်စရာ (လူရွှင်တော်)က ထိုင်းကိုသွားဖို့ အကြံပေးချိန် မိသားစုကလည်း ထိုင်းမှာ ကုဖို့ အားသန်ကြတော့ ကျွန်တော် ဘန်ကောက်ဆေးရုံကြီးကို ကျွန်တော့်အမျိုးသမီးနဲ့ တပည့် ခင်မောင်တင့်တို့ အကူအညီ နဲ့ ရောက်ခဲ့ရပါတယ်။ ကျွန်တော် သူတစ်ပါးတိုင်းပြည်ကို ရောက်လို့ ပြင်ပအသွင်သဏ္ဍာန်တွေ တိုးတက် လွန်းတော့ ကုသရေးမှာ အားကိုးမိတာ ဝန်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို မြန်မာနိုင်ငံက ဆရာဝန်ကြီး များ ပေးတဲ့ဆေး ဆက်သောက်ပါတဲ့။ အသည်းလဲဖို့ လိုသလားလို့မေးတော့ အသည်းသာ A, B, C အဆင့်တွေ ရှိတဲ့အထဲမှာ B နဲ့ C ကြားအဆင့်မှာ ရောက်နေပါတယ်တဲ့။ အခုမလဲပါနဲ့အုံး လိုအပ်လို့ လဲရင် လည်း ထိုင်းကိုမလာခဲ့ပါနဲ့ အဲဒီမှာက ထိုင်း လူမျိုးခြင်းသာ ဖလှယ်ပေးတာပါတဲ့ဗျာ။ ကျွန်တော် ဘာမှ မလုပ်ရဘဲ စစ်ဆေးရုံနဲ့ ဘဲ အောင်မြင်စွာ ပြည်တော်ပြန်ခဲ့ရပါတယ်။

ကျွန်တော် ဘာလုပ်ရမှန်းမသိဘဲ အိမ်မှာ အသည်းအားဆေးလေးစားပြီး နားနေတုန်း တွေ့ပါပြီ။ အသည်းရောဂါ အကြောင်း စာအုပ်တွေရေးနေလို့ လူသိများနေတဲ့ သူငယ်ချင်း အသည်းဆရာဝန်။ သူငယ်ချင်း မှ ငယ်သူငယ်ချင်းဗျ။ ဒေသကောလိပ်မှာ တစ်နှစ်ထဲ အတူတက်ခဲ့တာ။ အားရှိသွားတာ ပေါ့။
သူငယ်ချင်း ကိုယ် ကုပေးပါမယ်ဆိုပြီး တစ်လလောက်ကုလိုက်တာ တစ်နေ့မှာတော့ သူငယ်ချင်း မပြောရင် လည်း ကိုယ့်အပြစ်ဖြစ်မှာစိုးလို့ မင်းကို ကုလို့မရနိုင်တော့ဘူးလို့ ပြောချင်တာ ကြားလိုက် ရပါတယ်။ အသည်း လဲလိုက်ရင်တော့ ရနိုင်သေးတယ်တဲ့။ ကျွန်တော် စိတ်တင်းပြီးတော့ ငါ ဘယ် လောက်နေ ရအုံးမလဲကွာလို့ မေးတော့ ဒါလည်း မပြောနိုင်ဘူး။ မင်း အခု သွေးအံရင် အခုသွား တော့မှာတဲ့ ကျွန်တော် ဘာမှ မသိတော့ပါ။ ကျွန်တော်အိမ်ကို ဘယ်လိုပြန်ရောက်မှန်း မသိလိုက် တော့ပါ။ အဲဒီအချိန်ကစပြီး အိပ်ယာပေါ် မှာ အချိန်ပြည့် စိတ်ဖိစီးမှုနဲ့အတူ နေရပါတော့တယ်။ ကျွန်တော့်စိတ်ထဲမှာ ဘဝကို ဘယ်လို ကူးမလဲ ဆိုတာကလွဲလို့ ဘာမှမရှိတော့ပါ။ အိန္ဒိယက (Apolo) ဆေးရုံက Mr. ဂုတ်တား ဆိုတဲ့ ဆရာဝန်ကြီး လာလို့ တစ်ခါပြလိုက်ပါသေးတယ်။ အသည်း ကို ရက်ပိုင်းအတွင်း အမြန်ဆုံး လဲပါတဲ့။ (CT) ရိုက်ကြည့် လိုက်တော့ "Cirrhosis of Liver Portal Hypertension" တဲ့ အသည်းခြောက်လို့ Portal Vein ဆိုတဲ့ အသည်း ကိုသွားတဲ့ အကြောကြီးပိတ် ပြီးတော့ ရောင်နေပါပြီ။

ကျွန်တော် ဘာလုပ်ရမလဲ မသိတော့ပါ။ ကျွန်တော့်အိမ်က မိသားစုလည်း ငွေကုန်၊ လူပန်း၊ ဘာလုပ်ရမှန်း မသိကြတော့ ပါ။ ဒါပေမယ့် သူတို့စေတနာ၊ သူတို့မေတ္တာက အိန္ဒိယကိုသွားပြီး အသည်းလဲပေး ချင်သေးတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းက သိန်းတစ်ထောင်လောက်ကုန်မယ်၊ အောင် မြင်ရင် ကောင်းတယ်၊ မအောင်မြင် ရင် နစ်နာမှုတွေ များလိမ့်မယ်။ ဒါပေမယ့် လုပ်မှာပဲဆိုပြီး အသည်းအလှူခံတဲ့ စာရွက်တွေ လိုက်ကပ်ပါတော့တယ်။ ကျွန်တော့်ကို အကူအညီပေးစောင့် ရှောက်ဖို့ ညီမ ဘေဘီ၊ အစ်မကြီး မဒေါ်လီနဲ့ တပည့် ကိုကျော်မြ တို့ ရန်ကုန်ကို နိုင်ငံကူးလက်မှတ် လုပ်ဖို့ သွားကြပါပြီ။ ကံ အလွန်ကောင်းပါတယ်။ အသည်း အလှူရှင် (၁၀) ယောက်ထဲက ရမဲ့သူ ဆေးစစ်တာ ငါးယောက်တောင်ရတယ်။ ကျွန်တော့်မိန်းမ နန်းငွေကြည် ကလည်း မထိန်းနိုင်အောင် ပျာယာခတ်ပြီး ဗေဒင်ဆရာတွေဆီ သွားနေရရှာသည်။

ကျွန်တော့် ကျန်းမာရေးကတော့ တော်တော်ဆိုးလာပါတယ်။ ကျွန်တော့်မျက်နှာတွေဟာ မဲပြီး အကွက်တွေဖြစ်လာပါပြီ။ အရေပြားတွေကလည်း ငါးတွေရဲ့ အကြေးခွံတွေ လို ဖြစ် လာပါပြီ။ ခြေ ထောက်တွေ က လည်း ရောင်လိုက်တာ၊ ဆင်ခြေထောက် ရောဂါသည်တွေအတိုင်းပဲ။ စကား လည်း ကောင်းကောင်း မပြောနိုင်တော့ပါ။ ကျွန်တော် လုပ်နိုင်တာလေးကတော့ ကျွန်တော် ဖုန်းလေးထဲ မှာ ဘောဇဉ်သုတ် ကို ထည့်ပြီး မပြတ်တမ်း ဖွင့်နေတော့တာပါပဲ။
အဲဒီအချိန်မှာ ကျွန်တော့်ကို အချိန်ပြည့် စောင့်ရှောက်နေတဲ့ ဦးသိန်းဆောင်ရဲ့အစီအစဉ်နဲ့ ဦးစောဝင်းထွန်း တို့ ညလုံးပေါက်ပရိတ်တွေ လာရွတ်ပေးနေကြပါပြီ။ နောက်နေ့မနက်မှာ ရန်ကုန်က ပြန် လာတဲ့ မဒေါ်လီရဲ့ တိုက်တွန်းချက်နဲ့ ကျောက်ဆည်နားက တမုတ်ရွှေဂူကြီးဘုရားကို ကျွန်တော် အိပ်ပြီး လိုက်သွားပါတယ်။ ဟိုရောက်တော့ ဘုရားဆင်းတုတော်ရဲ့ရှေ့မှာ နံရံကိုမှီပြီး "တပည့် တော် ဒီနိုင်ငံမှာပဲ ကျန်းမာရေးနဲ့ ပတ်သက် လို့ အဆင်ပြေပါရစေ ဘုရား" လို့ နှုတ်က အသံထွက် လျှောက်ပြီး အာရုံနေလိုက်ပါတယ်။ ပြီးတော့ အိမ်ပြန် လာခဲ့ကြပါတယ်။

အဲဒီနေ့မှာပဲ လွန်ခဲ့တဲ့ နှစ် (၃၀) လောက်က စာသင်ပေးခဲ့ဘူးတဲ့ ယခု မိုးကောင်း တိုက် မြစိမ်း ကျောင်း ဆရာတော်က ဒကာကြီး နေမကောင်းဘူးကြားလို့ လာကြည့်ချင်တယ်လို့ ဖုန်းလှမ်းဆက်ပါ တယ်။ ကားလွှတ်ပေးပါမယ် ဘုရားလို့ လျှောက်တော့ ကားမလိုဘူး ကိုယ့်ဟာကိုယ် လာမယ် ဆိုပြီး ရောက်လာပါတယ်။ဆရာတော် ကျွန်တော့်ကိုမြင်တော့ အတော်စိတ်မကောင်းစွာနဲ့ မဖြစ်သေးပါ ဘူး အားမလျှော့ နဲ့ ကျုပ် စီစဉ်မယ်ဆိုပြီး ကျွန်တော် တစ်ခါမှ မကြားဘူး၊ တစ်ခါမှ မသိဘူး။ တစ်ခါမှ မကြား ဘူးသော ဒေါက်တာအောင်မင်း ဆိုသော ဆရာကို မန္တလေးအမြန်လာရန် ရန်ကုန်သို့ ဖုန်းနဲ့ ဆက်၍ ခေါ်ပါတော့တယ်။

ကျွန်တော့်ထံသို့ ဆရာ နောက်တစ်ရက်မှာ ဆရာတော်နဲ့အတူ ရောက်လာပါတယ်။ ဆရာပုံက ဆရာဝန် နဲ့လည်း မတူဘူး။ အတော်ရိုးတယ်။ လက်ကောက်ဝတ်မှာ စိတ်ပုတီးလေးပတ်ထားတယ်။ ကန်တော့နော် တောကျောင်းဆရာလေး အတိုင်းပဲ ရောက်တာနဲ့ ကျွန်တော့် သွေးစစ်ထားတာတွေ (CT) ရိုက်ထားတာတွေ ကို အကုန်ယူကြည့်၊ စာရွက်ပေါ်မှာ (Graph) တွေဆွဲနဲ့ တော်တော်လေး ကြာတော့ ကျွန်တော့် ကို ဆရာဒေါက်တာအောင်မင်း က ဆရာလို့ ပြန်ခေါ်ပါတယ်။ သူ ပြောတာက ဆရာမပူနဲ့ ဘာမှမဖြစ်စေရဘူး။ အိန္ဒိယမှာလည်း အသည်းသွားမလဲနဲ့ ကျွန်တော် ဆရာ့ကို ကုမယ် ငါးရက်နေရင် ဆရာ သိသာမယ် (၁၀) ရက်နေရင် ဘေးလူတွေပါသိမယ်။ တစ်လပြည့်ရင် သွေး ပြန်စစ်ကြည့်လိုက်ပါတဲ့ဗျာ။
ကျွန်တော် ထခုန်ချင်လောက်အောင်ကို ဝမ်းသာသွားခဲ့တာပေါ့။ သိန်းတစ်ထောင်လောက် အကုန်ခံ အိန္ဒိယ သွား၊ အသည်းလဲ အောင်မြင်၊ မအောင်မြင် ဘာမှန်းမသိဘဲ သေတော့မဲ့ဆဲဆဲ ဖြစ်နေတာ ဝမ်းမသာဘဲ နေပါ့မလား။ ကျွန်တော်က အတွန့်တက်ပြီး ကျွန်တော်မသေဖို့ ဆရာတာဝန်ယူရဲလား လို့မေးတော့ ရယ်ပြီး ကျွန်တော် အာမခံပါတယ်ဗျာတဲ့။

ကျွန်တော် လူကြီးတွေပြောခဲ့တဲ့ အပျော်ဆုံး နေ့ သုံးနေ့ကို ကျော်ဖြတ်ဖူးပါတယ်။ အဲဒီနေ့ကတော့ ဟိုသုံးနေ့ ထက် ပိုမယ်လို့ထင်ပါတယ်။  ကျွန်တော့်ကို ဆရာ ဆေးစထိုးပါတယ်။ တစ်လုံးပဲ သူကိုယ်တိုင် ထိုးတာ ကျန်တာ ကို ကျွန်တော့် တူမ ဆရာမအေးဝင်းသန်း ကိုခေါ်ပြီး ထိုးခိုင်းတာ။ မနက်တစ်လုံး၊ ညတစ်လုံး၊ လက်မောင်း မှာ ထိုးတာ (၅) ရက်ပြည့်တဲ့နေ့မှာ ကျွန်တော့်ခြံဝင်းထဲ ကျွန်တော် လမ်းလျှောက်နေပါပြီ။ (၁၀) ရက် ပြည့်တဲ့နေ့ မှာ ကျွန်တော်မြို့ထဲမှာ ကိုယ်တိုင်မောင်းပြီး ကားနဲ့လျှောက်သွားနေတာကို သိလူတိုင်း အံ့သြ တဲ့ အကြည့်နဲ့ ကြည့်နေကြပါပြီ။ (၂) လပြည့်တော့ ကျွန်တော့်ကို တစ်ရက်နှစ်လုံးထိုးရာက နေ တစ်ရက် တစ်လုံးလျှော့လိုက်ပါတယ်။ သွေးပြန်စစ်ခိုင်းပါတယ်။ သွေးပြန်စစ်ခိုင်းပါတယ်။ (Ultra-sound) ပြန်ရိုက်ခိုင်းပါတယ်။ (Ultra-sound) မှာ အသည်းခြောက်တာလည်း မတွေ့ရ တော့ပါဘူး။ (Portal Vein) လည်း ပိတ်ပြီး (21 mm dilated) ရောင်နေရာကနေ (14 mm dilated) ဆိုပြီး ရောင်တာ လျော့သွားပါတယ်။ WBC (ဒဗလျူဘီစီ)၊ HGB (အိပ်ခ်ျဂျီဘီ)၊ PLT (ပလိပ်လက်) နဲ့ Albumin (အယ်ဗျူမင်) တွေ အားလုံးလည်း (Normal) ဆိုပြီး သွေးအဖြေတွေ ထွက်လာ ခဲ့ပါပြီ။ သွေးအဖြေ မှာလည်း ပြန်ကောင်းသွားပါပြီ။ ကျွန်တော့်အတန်းတွေမှာ လည်း ပုံမှန် စာပြန်သင်နေပါပြီ။ မာခဲ့တဲ့ အသည်းကြီးလည်း ပြန်ပျော့ပြီး သွေးကျောလည်း ပုံမှန်ပွင့်ပြီး ဘယ်ခြေ ထောက်မှာလည်း မရောင်တော့ ပါဗျာ။

ကျွန်တော် အံ့သြလွန်းလို့ ဆရာ ဘယ်လိုကုတာလဲလို့ မေးကြည့်တော့ ညီအစ်ကိုလိုဖြစ်နေတဲ့ ဆရာက (Cell Therapy) ဆဲလ် ကုထုံး နဲ့ ကုတာပါတဲ့။ ပျက်နေတဲ့ အသဲ (Cell) တွေကို ဖယ်ထုတ် ပြီး (Cell) အကောင်းတွေ အသစ် ဖန်တီးတာလို့ ပြောပါတယ်။ အသစ်ဖန်တီးတဲ့ နေရာမှာ ကလေး အချင်းကို သုံးပြီးဖော်ထား တဲ့ ဆေးကို သုံးကြောင်း (WHO) က အသိအမှတ်ပြုတဲ့ဆေးဖြစ်ကြောင်း ကလေးတစ်ယောက် ကို မိခင်ရဲ့ဝမ်းတွင်းမှာ (၉) လ (၁၀) လ ကာကွယ်စောင့်ရှောက်နိုင်သော အချင်းရဲ့ တန်ဖိုးကြီးကြောင်း၊ ဆေး ရဲ့အမည်ကိုက (LAENNEC) ဖြစ်ကြောင်း ရှင်းပြပါတော့တယ်။ ကျွန်တော် အလွန်ပဲ အံ့သြကျေးဇူးတင် မိနေပါတယ်။
ကျွန်တော် ကျေးဇူးတင်လွန်းလို့ တစ်ကြိမ်မှာလည်း မကန်တော့ရသေးလို့ ဆရာ ဒေါက်တာအောင် မင်းကို ကန်တော့ ပါရစေလို့ ပြောတော့ ဆရာက ကျွန်တော့်ကို ငှက်ပျောသီးနဲ့ အုန်းသီး သွားဝယ် လိုက်ပါတဲ့။ အံ့ရော ဗျာ။ ဆရာဟာ ကျွန်တော် ဘယ်လိုမှမထင်မှတ်ပါသော နောက်ထပ်ဘယ်လိုမှ တူတာ မရှိနိုင်တော့ ပါသော ကျွန်တော့်ကျေးဇူးရှင် အသက်သခင်ပါဘဲဗျာ။
ကျွန်တော့်လိုပဲ လူသားတိုင်း ဘုရားတန်ခိုး၊ တရားတန်ခိုး၊ သံဃာတန်ခိုးကြောင့် အစွမ်းထက်သော ဆရာများ၊ ဆေးဝါးများ တွေ့ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

"ဘီပိုး စီပိုးကြောင့် သေတတ်သလား။"

(B) ပိုးတွေ့ရင် သေတတ်လား။ (C) ပိုးတွေ့ရင် သေတတ်လား။ လူနာတော်တော်များများ၊ မျက်နှာ ငယ်လေးတွေနဲ့ အားကိုးတကြီး မေးတာကို တွေ့ဖူးကြားဖူးခဲ့ပါတယ်။
ကျွန်တော် ရဲရဲတင်းတင်းဖြေပါ့မယ်။ (B) ပိုးတွေ့လို့လည်း မသေနိုင်ပါဘူး။ (C) ပိုးတွေ့လို့လည်း မသေနိုင် ပါဘူး။ မင်းက ဆရာဝန်လားလို့ မေးခဲ့ရင် ကျွန်တော် ဆရာဝန် မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရောဂါ ကို နှစ်အတော်ကြာ ကိုယ်တိုင်ခံစားပြီး အတွေ့အကြုံပေါင်းများစွာနဲ့ အခြိမ်းအခြောက်ခံ လက်တည့် အစမ်းခံပြီး ဆရာဝန်ကြီးအချို့ထံက ဆေးဖိုးရော ဝါးခပါ အကုန်အကျခံပြီး သင်ယူလေ့ လာခဲ့ရတာပါ။

ကျွန်တော် သိသလောက်ကတော့ ပထမအဆင့် (B) ပိုး၊ (C) ပိုးတွေ့ရုံနဲ့ ဘာမှမဖြစ်နိုင်သေးပါဘူး။ ဒုတိယအဆင့် နှစ်အနည်းငယ်ကြာလာမှ အသည်းလုပ်ဆောင်ချက်တွေ စပျက်ပြီး အသည်းအနည်း ငယ်ခြောက်လာတာပါ။ ဘာမှမဖြစ်နိုင်သေးပါ။ အဲဒီနောက် တတိယအဆင့်မှာ အသည်းခြောက် တာ ပိုဆိုးလာတာပေါ့။ အဲဒီနောက် (Portal vein) လို သွေးကြောတွေ စပိတ်ပြီး ခြေထောက် စ ရောင်လာတယ်။ စတုတ္ထအဆင့်မှာမှ အသည်းကင်ဆာရောဂါ စဖြစ်လာတာ နောက်ဆုံး ပဉ္စမဆင့် မှာတော့ ကင်ဆာဆဲလ်တွေ ပျံ့ကုန်တယ်လို့ သိထားရတာ။ စတုတ္ထအဆင့်လောက်ထိ ကုလို့နိုင်ပါ တယ်။

ဒါကြောင့် ကျွန်တော်တို့ ဘာလုပ်သင့်သလဲဆိုရင် ဘာမှမဖြစ်သေးလည်း (B) ပိုးနဲ့ (C) ကို စစ်သင့် တယ်။ များသောအားဖြင့်က မစစ်ဘဲ ထားကြတာ အခြားတစ်ခုခုဖြစ်လို့ စစ်မှသိတော့ နည်းနည်း လွန်ကုန်တယ်။ ကုရတာ ခက်တာပေါ့။
အဲဒီ ပထမအဆင့် (B) နဲ့ (C) ပိုးတွေ့ရုံကတော့ ဘာမှမကြောက်နဲ့ (interferon) ဆိုတဲ့ ပိုးသတ် ဆေးထိုးလည်း ရတယ်။ အသည်းမပျက်သေးတော့ ခံနိုင်တယ်။ အခြားပိုးသတ်ဆေးတွေလည်း ပေါ်ကုန်ပြီ။
ဒုတိယအဆင့် ပိုးတွေ့လို့၊ အသည်းနည်းနည်း ခြောက်လာရင် မကြောက်နဲ့ ဘာမှမဖြစ်ဘူး။ အသည်း လုပ်ဆောင်ချက် (LFT) မမှန်ရင်တော့ (interferon) သွားမထိုးနဲ့ မခံနိုင်ဖြစ်တတ်တယ်။ အသက် ဆုံးရှုံးကြတာ ဟာ မှားပြီး ပိုးသတ်နေကြလို့ သေကုန်ကြတာ။ အရင်ဆုံး အသည်းကို ကောင်းအောင် ပြင်ဆင်ပါ။ ကျွန်တော် လက်တွေ့ ကတော့ (LAENNEC) ဆိုတဲ့ ဆေးဟာ အသည်း လုပ်ဆောင် ချက်ကောင်းအောင် ဆောက်ရွက်တဲ့ ဆေးထဲမှာ သူ့ကိုမှီတဲ့ဆေး မတွေ့ဘူးသေးဘူး။ အဲဒီဆေးထိုးကာ (LFT) အကုန် ပုံမှန်ပြန်ဖြစ်တာ ကျွန်တော်ကိုယ်တိုင် အပါအဝင် လူငါးဆယ် ကျော် ကိုယ်တွေ့ ပါပဲ။ ဒီအချိန် မှာတော့ လူနာဘက်က ဂရုစိုက်နေရပြီး ဝမ်းလုံးဝအချုပ်မခံနဲ့။ ဖျား ရင်လည်း (paracetamol) ပါရာစီတမော ပါဝင်တဲ့ အုပ်စု ဘယ်ဆေး မှ မသုံးနဲ့။ ပရုပ်ပါတဲ့ ရှူဆေး လိမ်ဆေးတွေကို မသုံးနဲ့။ အံ့သြစရာကတော့ ကြက်သွန်ဖြူ အစိမ်း မစား ရပါဘူး။ ပဲကြီး ပဲကျား မစားရပါဘူး။ (Alvolac) ဆိုတဲ့ ဝမ်းနှုတ်ဆေးကလွဲလို့ ဘယ်ဝမ်းနှုတ်ဆေးမှ မစားရပါဘူးဗျာ။ ဒီအချိန်မှာ မောလာတတ်ပါတယ်။ ခြေထောက်တွေ စရောင်လာ တတ်ပါတယ်။

အသည်းပုံမှန် ပြန်ဖြစ်လာပြီ ဆိုမှ ပိုးကိုသတ်ပါ။ ကိုယ်ကြိုက်တဲ့နည်းနဲ့ သတ်ပါ။ ပန်းဝတ်မှုံနဲ့လည်း ပိုးကောင် အရေအတွက် လျှော့ချတတ်ပါတယ်။ နောက်တစ်ချက်က ကိုယ့်ကိုကိုယ် အနားယူခြင်း ဟာ အကောင်း ဆုံးသော အသည်းကုသခြင်းလို့ သိပြီး တတ်နိုင်သမျှ လှုပ်ရှားမှု နည်းအောင်နေပါ။ ဆိုင်ကယ်မစီးပါနဲ့။ ခါးလေ့ကျင့် ခန်း မလုပ်ပါနဲ့။ ပက်လက်ကုလားထိုင်မှာ မထိုင်ကြပါနဲ့။ ဒီအခြေ အနေမှာ သတိနဲ့နေရင် ဘာမှ စိုးရိမ်စရာ မလိုသေးပါဘူး။
တတိယ အဆင့် အသည်းပိုခြောက်လာရင်လည်း (B) ပိုး (C) ပိုးကို အဓိကမထားပါနဲ့။ အသည်းကို အဓိက ထားပြီး ပြင်ရပါတယ်။ အဲဒီ အဆင့်ရောက်ရင်တော့ နည်းနည်းစိုးရိမ်ရပါတယ်။ လစဉ် (Ultra Sound) ရိုက်ပါ။ (Alphafetoprotein) ကို စစ်ပေးပါ။ ကင်ဆာရောဂါဘက်ကို ကူးမှာ စိုးရိမ် ရလို့ပါ။

(Ultra Sound) မှာ အစက်အပျောက်ပေါ်ရင် သို့မဟုတ် (Alphafetoprotein) တက်လာရင် ဆရာ ဝန်နဲ့ အမြန် တိုင်ပင်ပါ လိုအပ်သလို ကုယူပါ။ (LAENNEC) ဆိုတဲ့ဆေးကတော့ ကင်ဆာစတဲ့ အဆင့်လောက် အထိကတော့ ကုလို့ရတာတွေ့ရပါတယ်။ ဒီအချိန်ကတော့ အရေးကြီးဆုံး အချိန်လို့ ပြောရလိမ့်မယ်။ (LFT) ကိုလည်း မကြာမကြာစစ်ပြီး လိုအပ်တာလေးတွေကို ဆရာဝန်နဲ့ ကုသရင် မသေနိုင်ပါဘူးဗျာ။

ဒီနေရာမှာ ဆရာဝန်တွေလို တတ်စရာမလိုပေမယ့် ကိုယ်တိုင် နည်းနည်းတော့ သိထားသင့် တာ လေးတွေက (WBC) ဆိုတာ သွေးဖြူဥကို ပြောတာပါ။ (WBC) ကျလာတယ်ဆိုရင် သွေးဖြူဥနည်း သွားတာပါ။ (H.G.B) ဆိုတာ ဟောမိုကလိုဘင် သွေးအနီရောင်ကို ညွှန်းတာပါ။ သူနည်းရင် သွေး သွင်းရပါလိမ့်မယ်။ (PLT) ပလိပ်လက်ဆိုတာက သွေးထွက်မှုကို တားဆီးပေးတဲ့ သွေးဆဲလ်တစ် မျိုးကို ပြောတာပါ။ ပလိပ်လက်တွေ တအားကျလာရင် သွေးအန်တတ်ပါတယ်။
(Albumin) အယ်(လ်)ဗျူမင်ဆိုတာက အသည်းမှသာ ထုတ်ပေးသော မရှိမဖြစ် လိုအပ်တဲ့ ပရိုတင်း ဓာတ်ပါ။ အယ်(လ်)ဗျူမင်ကိုတော့ အလွန်မကျအောင် ဆေးသွင်းပေးလို့ရပါတယ်။ (Bilirubin) ဘီလီရူဘင်ဆိုတာ အဝါရောင်ဓာတ်ကို ခေါ်တာပါ။ ဆီးနဲ့ ဝမ်းတွေက စွန့်ထုတ်ပေးတတ်ပါတယ်။ အင်ဇိုင် (AST) (ALT) တွေ အထွက်များရင်လည်း အသည်းဆဲလ်တွေ အပျက်များနေတာပါ။ ဂရု စိုက်ရမှာက အင်ဇိုင်းတွေ သွေးတွင်းမတတ်ရင်လည်း ပျက်စရာ အသည်းဆဲလ်မရှိတော့လို့ ဖြစ် တတ်တာလည်း သိထားရပါမယ်။

(Alphafetoprotein) ဆိုတာ ကင်ဆာဖြစ်ရင် ထွက်လာတတ်တဲ့ (protein) အသားဓာတ်ကို မထိန်းနိုင်ဘဲ ဝမ်းဗိုက် အတွင်းမှာ (Free Fluid) အသုံးမကျသော အရည်တွေများလာပြီး ဗိုက် ဖောင်းလာတတ်ပါတယ်။ အဲဒါကို ရေဖျင်း စွဲတယ်လို့ ခေါ်ကြတာပါ။ အသည်းဟာ ကျောက်ကပ်နဲ့ လည်း ဆက်နေတာမို့ (Creatinine) ခရစ်တနင်း ကိုလည်း မကြာ မကြာ စစ်ပေးပါ။
အသည်းဝေဒနာရှင်မှန်ရင် ရှောင်ရန်ကတော့ ရှိတယ်နော်။ ဆရာကိုယ်တိုင် ကျွန်တော့်ကို တားမြစ် ထားတာတွေကတော့

(၁)    အဆီ
    ဝက်သား၊ ဘဲသား၊ အုန်းနို့၊ ဒန်ပေါက်၊ ထောပတ်၊ မလိုင်၊ ရေခဲမုန့်၊ စားအုန်းဆီ၊ အမဲသား၊ ကျွဲသား၊ ဝမ်းတွင်းသား၊ ပြည်ကြီးငါး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ အနှစ်များ၊ ကြက်အရေခွံ
(၂)    အစပ်
    ငြုပ်သီးမှုန့်၊ အစပ်လွန်ကဲ၊ ကြက်သွန်ဖြူစိမ်း
(၃)    ငြုပ်ဆီ၊ အရောင်တင်မှုန့်၊ အရောင်ပါသောကိတ်မုန့်၊ ရေခဲမုန့်၊ ဖျော်ရည်
(၄)    အသားခြောက်
    ငါးပိ၊ ငါးခြောက်၊ ဂျီသား၊ ဆတ်သားခြောက်၊ အမဲခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်း
(၅)    အသင့်စားနိုင်အောင် လုပ်ထားသော အစာများ
    ကော်ဖီမစ်၊ ကွေကာ၊ ခေါက်ဆွဲ၊ ကြာဇံသုပ်၊ အသားဗူးမျိုးစုံ၊ အချိုမှုန့်၊ အချိုရည်ဗူး၊ အအေးပုလင်း
(၆)    မှိုတတ်နေသော အစား
    ဆန်ဟောင်း၊ ပေါင်မုန့်၊ ပလပစတစ်ဖြင့် ထုတ်ထားသော ယိုမျိုးစုံ
(၇)    အလွန်ပူသော / အေးသော အစာ
    အလွယ်တကူ မသောက်နိုင်သော ဟင်းရည်ပူ သောက်လျှင်
    ခေါင်းကိုက်အောင်အေးသော အအေးပုလင်းများ
(၈)    ပရုပ်ပါသော ရှူဆေး၊ လိမ်းဆေး၊ အနံ့ခဲများ
(၉)    ပလက် ကုလားထိုင် မထိုင်ရ
(၁၀)    ခါးကြော၊ ဗိုက် အနှိပ်အနင်းမခံရ
(၁၁)    Paracetamol (ပါရာစီတမော)
(၁၂)    ပဲကြီး၊ ပဲကျား
(၁၃)    သံပုရာ၊ ရှောက်၊ ဂရိတ်ဖုရု
(၁၄)    ဆရာဝန်ညွှန်ကြားမှု မဟုတ်သော အားဆေးများ၊ သောက်ခြင်းတို့ဟာ အသည်းရောဂါ ရှိနေ သရွေ့ ရှောင်ရမှာပါ။

စတုတ္ထအဆင့် ကင်ဆာ စရုံလေးစတဲ့ ဒီအဆင့်တင်ဖြစ်နေတဲ့ အသည်းဝေဒနာရှင်တွေ မသေနိုင်ပါ။ ဒီထက်လွန်လာ လို့ အဆင့်ကျော်လာရင်တော့ ဘယ်သူမှ တာဝန်မယူနိုင်တဲ့ အဆင့်ကို ရောက်သွား ပါလိမ့်မယ်။ အသည်းရောဂါဖြစ်ရင် အစာလမ်းကြောင်းနဲ့ အူလမ်းကြောင်း တွဲပြီးဖြစ်တတ်တယ်။ ဘာမှ မဖြစ်ခင် မှန်ပြောင်းကြည့်ပြီး လိုအပ်တဲ့ ကုသမှုကို ကြိုပြီး ခံယူထားပါ။ အသည်းကြောင့် သွေးအန်တာ သွေးဝမ်းသွားတာ မဟုတ်ဘူး။ တဆင့်ခံဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကြောင့် ဖြစ်တာပါ။ ကျွန်တော် အလွန်အကျွံဖြစ်ရာကနေ အခုအခြေအနေကောင်း သွားတဲ့ အထိတော့ သွေး လည်း မအန်ဘူး၊ သွေးဝမ်းလည်း မသွားဘူး။ ကျွန်တော့်ကိုကုပေးတဲ့ Dr အောင်မင်း ရဲ့ကျေးဇူးပါ ဘဲ။ ဆရာက ကျွန်တော့်အသည်းကို (Cell Therapy) ဆဲလ်ကုထုံးနဲ့ပေးပြီး (interferon) မထိုးဘဲ ပိုးကို ကုန်အောင် သတ်ပေးလိုက်တာပါ။

ဒါကြောင့် သိထားတာတွေကို သတိနဲ့နေရင် (B) ပိုးကြောင့်လည်း မသေနိုင်ပါ။ (C) ပိုးကြောင့် လည်း မသေနိုင်ပါလို့ ကျွန်တော် ရဲရဲပြောပါရစေ။ ဘယ်သူခြိမ်းခြောက်လို့မှ မကြောက်ကြပါနဲ့။ (B) ပိုးနဲ့ (C) ပိုးကြောင့် မသေစေရဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျွန်တော်၊ လူရွှင်တော် ဦးချစ်စရာ၊ ဦးသောင်းထွန်း (အောင်သူကဖေး)၊ ဦးစောခိုင် (Upper Myanmar) တို့ Dr အောင်မင်း ၏ဦးဆောင်မှုနှင့် မန္တလေးမြို့တွင် အသည်းရောဂါ အကူအညီပေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်း သတင်း ကောင်းပါးလိုက်ပါတယ်။

ကျွန်တော်တို့အဖွဲ့ကို မည်သူမဆို လစဉ် (၁၀၀၀) ကျပ် Hepatic အသည်းအတွက် ထည့်ဝင်နိုင်ဖို့ (1000+H) အမည်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ရည်ရွယ်ချက်က ငွေကြေးမတတ်နိုင်သော ပုဂ္ဂိုလ်တိုင်း ကို ပိုးစစ်ပေးခြင်း၊ အသည်းလုပ်ဆောင်ချက် စစ်ဆေးပေးခြင်း၊ (Ultra Sound) ရိုက်ပေးခြင်းများကို စတင်လုပ်ဆောင်ပြီး လှူဒါန်းမှု လုံ့လောက်ပါက ဆေးဖိုး မတတ်နိုင်သူများကိုပါ (B) ပိုး (C) ပိုးနှင့် အသည်းရောဂါကို အခမဲ့ ကုသပေးကြမယ်လို့ ရည်ရွယ်ထားပါတယ်။ ဘယ်သူမဆို လာရောက် ကူညီပါဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ (B) ပိုးကြောင့် မသေစေရ၊ (C) ပိုးကြောင့် မသေစေရလို့။
အသည်းရောဂါဖြစ်တဲ့သူတိုင်း မသေစေရ

စောနေဝင်း (ရူပဗေဒ)
ပင်းယ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၁)၊
မတ်လ၊ ၂ဝ၁၃
.
>>>ဆက်ဖတ်ရန်>>> >>

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၅)

ကျွန်တော် က တောက်ခေါက်၍ ညည်းညူလိုက်လေရာ နှင်းအေး သည် ခေါင်း ကလေး မော့ထောင်
လာပြီး မျက်လွှာပင့်၍ ကျွန်တော့် ကို ကြည့်သည်တွင် သူမမျက်လုံးအိမ်၌ မျက်ရည် များ ပြည့်လျှံနေ သည်ကို မြင်တွေ့ရသောကြောင့် ကျွန်တော့်ရင်မှာလည်း ဆို့နင့်၍ သွားရတော့သည်။ ကို ဆက်ဖတ်ရန် ..........

    “အော် သတို့သားပါလား။ ဖုတ်သွင်းရထား ဆိုက်တုန်းမလွတ်စေနဲ့ဟေ့”
    ဒေါ်သန်းမြိုင် သည် နောက်ဖေးဆောင်မှ ထွက်လာပြီး ပြောလိုက်လေရာ ကျွန်တော့်မှာ ပို၍ စိတ်ဆင်းရဲ သွားရပြန် သည်။ ကျွန်တော်သည် ထိုနေရာ၌ ဆက်လက်နေရလျှင် ရင်ပွင့်ရတော့ မလောက်ဖြစ် လာသောကြောင့် နှင်းအေးတို့ သားအမိအား နှုတ်ဆက်ထွက်ခွာခဲ့သည်။
    ကျွန်တော့်ဘက်မှ ဆွေမျိုးများသည် ခင်စန်းကြည်နှင့် ကျွန်တော် စပ်စားထားခြင်းအတွက် ၀မ်းသာကြ သည်။ အထူးသဖြင့် အဖေ့ညီမ ၀မ်းကွဲနှစ်ယောက်မှာ အူမြူးနေကြပြီး ခင်စန်းကြည်တို့ အိမ်သို့ ၀င်ကာ ထွက်ကာ ရှိနေကြသည်။
    ခင်စန်းကြည်တွင် မောင်တစ်ယောက်နှင့် ညီမငယ်နှစ်ယောက်ရှိသည်။ သူမမိခင် ဒေါ်မြင့် မှာ အိပ်ယာ ကပင် မထနိုင်သော နာတာရှည်ရောဂါသည် ဖြစ်လေသည်။ ဒေါ်မြင့်က သူသည် အသက်ရှည်စွာနေရမည် မဟုတ်သောကြောင့် ကျွန်တော်နှင့် ခင်စန်းကြည် လက်ထပ်သည်ကို မြင်သွားလိုသည်ဟုဆိုသည်။ ကျွန်တော့် အားလည်း သူတို့အိမ်သို့ လာရန်ဖိတ်ခေါ်သည်။ ခင်စန်းကြည်နှင့်ကျွန်တော် ရင်းနှီးမှုရှိပြီးလျှင် လူကြီး စုံရာရှေ့ ၌ စေ့စပ်ကြောင်းလမ်းမည်။ ပြီးနောက် မင်္ဂလာဆောင်မည်ဟု ဆိုလေသည်။

    အဖေသည် ကျွန်တော့်အား ခင်စန်းကြည်နှင့်သွားရောက်တွေ့ဆုံဖို့ တိုက်တွန်းသည်။ ကျွန်တော်က မငြင်းပယ်သော် လည်း မသွားဘဲနေသည်။ ထိုသို့ဖြင့် လပေါင်းအတော်ကြာရှိလာ သောအခါ ဒေါ်မြင့်သည် ကျွန်တော့် ကို ဒေါပွလေတော့သည်။
    “ငါတို့က ဒါလောက် လိုက်လျောနေတာတောင် ဒီကောင်က ဘာမာနကြီးနေရတာလဲ” ဟူသောစကားမျိုး ကို ပြောလေသည်။ ပြီးနောက် ကျွန်တော့်အား သူ့သမီးနှင့် သဘောမတူတော့ဟု ကြေညာလိုက်လေသည်။
    ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော်က ၀မ်းသာသော်လည်း အဖေနှင့် ကျွန်တော့်ဆွေမျိုးများ မခံမရပ်နိုင်ဖြစ်ကြလေ သည်။ သူတို့က ဒေါ်မြင့်နှင့် စေ့စပ်ရေးလုပ်ကြသေးသည်။ သို့သော် ဒေါ်မြင့် က လက်မခံတော့။ ထိုကိစ္စအတွက် နှင်းအေး မှာ အတော်ဝမ်းသာနေပုံရလေသည်။
    “ဘယ့်နှယ် မောင်ဆန်း၊ နင် ဒီတစ်ခါ ကျန်ရစ်ဖြစ်ပြန်ပြီလား”
    တစ်နေ့ သူမ ထံသို့ ရောက်ရှိသွားလေရာ နှင်းအေးက ရွှင်ပြုံးသောမျက်နှာဖြင့် ဆီး၍ ပြော လေသည်။

    “ငါကတော့ ခဏခဏ ကျန်ရစ်ဖြစ်နေတာပါပဲဟာ”
    “အမယ်၊ ဟိုတစ်ခါ သူကြီးသမီးနဲ့တုန်းက တစ်ခါပဲ မဟုတ်လား”
    “ဘယ်ကမလဲ။ နင် လင်ယူတုန်းကလည်း ငါ ကျန်ရစ်ခဲ့ရတာပဲ”
    ကျွန်တော်သည် ဤစကားကလေးကိုပြော၍ ထုတ်ချင်လှ၏။ သို့သော် မပြောဖြစ်ခဲ့ပါချေ။
    “အေးပေါ့။ အဲဒီတုန်းကပဲပေါ့”ဟုသာ ပြောလိုက်မိပါ၏။
    “အင်း၊ ဒါနဲ့များ ခဏခဏ ပြောရသေးတယ်”
    နှင်အေးက မျက်စောင်းလေးခဲရင်း ပြောလိုက်ပါသည်။
    “ငါတော့ ဒီလိုဖြစ်သွားတာပဲ ၀မ်းသာပါတယ်ဟာ”
    “နင် စိတ်ထဲကပါလို့ ပြောတာလား”
    “အသည်းထဲက ပြောတာ”
    “ငါ မယုံပါဘူးဟယ်”
    သူမက ကျွန်တော့်အား အကဲခတ်သော မျက်လုံးများဖြင့် ကြည့်ရင်း ပြောလေသည်။ ကျွန်တော်က သက်ပြင်း ကို ရှိုက်ရှုလိုက်၏။

    “ငါ ဒီတစ်သက် အိမ်ထောင်မပြုတော့ဘူး။ နင်လည်း နင့်ယောက်ျားနဲ့ မကွာနဲ့။ တန်းလန်း ကြီးပဲနေ”
    ကျွန်တော်က နှင်းအေးကို အားမလို အားမရကြည့်ရင်း ပြောလိုက်သည်။ နှင်းအေး၏ မျက်နှာသည် ညှိုးကျ သွားပြီး
    “အေးဟယ် ငါလဲ အဲဒါ သိပ်စိတ်ညစ်တာပဲ။ တစ်ခုတော့ရှိတယ်။ သုံးနှစ်အတူမနေရင် လင်ခန်း မယားခန်းပြတ်တယ် ဆိုလားပဲ”
    သူမသည် ထိုစကားစုများကို အားနည်းသော အသံတိမ်ကလေးနှင့်ပြောလိုက်ပါသည်။ ကျွန်တော့် မှာ နှင်အေးအား ရင်ခွင်ထဲသို့ ဆွဲယူပွေ့ဖက်မွေ့ရမ်း၍ မို့ဖောင်းဖောင်းပါးကလေးများကို တအားမွှေးပစ် လိုက်ချင်သည်။ ဒါပေမယ့် ကျွန်တော်မလုပ်ရဲ။ ကျွန်တော်သည် ဘုန်းတော်ကြီး ကျောင်းထွက်ဖြစ်၏။ ဘာသာရေး ကိုင်းရှိုင်းသူ မိဘများက မွေးဖွားသောသူဖြစ်၏။ ဘာသာရေး ပညတ်ချက်ဖြစ်သော ကာမေသု မိစ္ဆစာရ သီလ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ သူတစ်ပါး သားမယားအား ပြစ်မှားကျူးလွန်သူတို့သည် ငရဲ၌ နှစ်ပေါင်းများစွာ ခံရပြီးနောက် ငရဲမှ လွတ်မြောက်လာ၍ လူပင်ဖြစ်လင့်ကစား နပုလ္လိင် ပုလ္လိင်စသော ရှက်ဖွယ် လိလိ ဘ၀ဆိုးမျိုး၌ ဖြစ် တတ်သည်ဟု ဆိုလေသည်။

    နှင်းအေးမှာ လင်နှင့်ကွဲနေသည်မှာမှန်၏။ သို့သော် သူမလင်မှာ သူမအား တရားဝင် စွန့်လွှတ်သည် မဟုတ်သေးချေ။ ထို့ကြောင့် သူမ၌ ကာမပိုင်ရှိသေးသည်ဟု ဆိုရပေမည်။ ကာမပိုင် ရှိသူ အား ပြစ်မှားကျူးလွန်လျှင် ကျွန်တော့်မှာ ကာမေသုပိုက်ကွန်၌ စင်းစင်းကြီး မိရချေတော့မည်။
    ကျွန်တော်သည် ကိုယ့်ဝကိုယ် ယူကြုံးမရ ဖြစ်နေရ၏။ တွေးမိတိုင်းလည်း ရင်နာနေရ သည်။ တကယ်တော့ ကျွန်တော့် မှာ ဤလောကတွင် ချစ်ဒုက္ခခံစားရန်အတွက် သက်သက်မွေးဖွား လာ ရခြင်းပင် ဖြစ်ပေ လိမ့်မည်။
    ဒေါ်မြင့်မှာ သူ့သမီးနှင့် ကျွန်တော့်အား သဘောမတူနိုင်ကြောင်း ကြေညာပြီးနောက် မကြာ မီတွင် ကျွန်တော့် အဖွားလေးတို့နှင့် စီးပွားရေးပြိုင်ဘက်ဖြစ်သူ ကုန်စုံဆိုင်ရှင်၏သား လှညွန့်နှင့် ခင်စန်းကြည်အား စပ်ဟပ်လေ သည်။ လှညွန့် မိဘဆွေမျိုးများ ၀မ်းသာအယ်လဲ ဖြစ်ကြသလောက် ကျွန်တော့် မိဘဆွေမျိုးများ ခံပြင်းလွန်း၍ ဆွေ့ဆွေ့ခုန်ကြပြန်သည်။ ကျွန်တော့်အားလည်း ဆေးစက်စက် နေရကောင်းလားဟု ၀ိုင်းဝန်းအပြစ်တင်ကြသည်။

    ကျွန်တော့်မှာ ထိုကိစ္စအတွက် စိတ်၌ ထိခိုက်မှု မရှိလှသော်လည်း ဆွေမျိုးများ၏ လှုံ့ဆော် ချက်ကြောင့် မခံချင်စိတ် ဖြစ်ပေါ်လာမိလေသည်။ ထိုအထဲတွင် လှညွန့်ရော လှညွန့်ဆွေမျိုး မိဘ များပါ ခြေတကြွကြွဖြစ်နေသည်ကိုလည်း မြင်ပြင်းကပ်လာသည်။ ကျွန်တော်နှင့် ခင်စန်းကြည် စပ်ထားစဉ် က ဒေါ်မြင့်ကပင် မင်္ဂလာစရိတ် အကုန်အကျခံမည်ဟု အဆိုရှိခဲ့၏။ လှညွန့်၏ မိဘများ သည် ငါးထောင် တစ်သောင်းအထိ အကုန်အကျခံ၍ မဂ်လာပွဲကို ခမ်းခမ်းနားနား ပြုလုပ်မည်ဟု သတင်းလွှင့်ကြလေသည်။
    တစ်နေ့သ၌ အဖေ့ညီဝမ်းကွဲ ၂ ယောက်မှ အငယ်ဖြစ်သူ မစောမြင့်သည် ကျွန်တော့်ထံ အူယားဖားယား ရောက်ရှိလာပြီး
    “မောင်ဆန်း၊ မင်း ခင်စန်းကြည်ဆီ ရည်းစားစာ တစ်စောင်ရေးစမ်း။ အမှန် ကောင်မလေးက မင်းကို ကြိုက်နေ တာ။ လှညွန့်ကို နည်းနည်းမှ ကြိုက်တာမဟုတ်ဘူး။ သူ့အမေက သာမင်းကို မာနကြီးတယ်ဆိုပြီး သဘော မတူပေမယ့် သူကတော့ အခု လှညွန့်နဲ့ပေးစားမယ်ဆိုလို့ တငိုထဲငိုနေရှာတယ်။ အဲဒါ မင်းဆီက စာ ရရင် သူ့အမေကို ဒီစာပြပြီး မင်းနဲ့ ချစ်ကြိုက်နေတဲ့အတွက် လှညွန့်ကို မယူနိုင်ဘူး လို့ ငြင်းမယ်တဲ့”ဟု ပြောပါလေသည်။

    “အို ကျွန်တော်မှ သူ့ကို မချစ်ဘဲ မရေးချင်ပါဘူး ဒေါ်လေးရာ။ သူ့ကြမ္မာနဲ့သူပဲ ရှိပါစေ တော့”
    “မင်း အတော် ပြောရခက်တဲ့ကောင်ပဲ။ ကိုယ့်ကို ချစ်နေတဲ့ မိန်းကလေးတစ်ယောက် သူမချစ်တဲ့လူလက် မရောက်အောင် မင်း ကူညီ ရမယ်ကွယ့်။ နောက်မှ ကိုယ်မယူချင်နေပေါ့။ ဒီလှညွန့်နဲ့ ကွဲသွားအောင်တော့ မင်းလုပ်ကို လုပ်မှ ဖြစ်မှာ နို့မို့ရင် ကောင်မလေးက မိုက်ကန်းကန်းနဲ့ သူ့ကိုယ်သူ သတ်သေပစ်လိမ့်မယ်”
    ကျွန်တော့်မှာ အကြပ်ကျနေပြန်ပါတော့သည်။ ဟုတ်ပါ၏။ ကိုယ့်အတွက်နှင့်ပင် မိန်းကလေး တစ်ယောက် သေဆုံးရမလို ရှိနေပြန်သည်။ ပြီးနောက် မချစ်မနှစ်သက်သူအား မိဘ များက အတင်းအဓမ္မ လက်ထပ်ပေးစားသော စံနစ်ကိုလည်း ရွံမုန်းသည်။ ထို့ကြောင့် နောက်မှ ကြည့်ရှင်းရတော့မည်ဟု သဘောထား ကာ ခင်စန်းကြည်အား ရည်းစားစာတိုကလေးတစ်စောင် ရေး၍ မစောမြင့်နှင့် ပေး လိုက်ပါသည်။

    နောက်နေ့တွင် ခင်စန်းကြည်ထံမှ ကျွန်တော့် အချစ်ကို လက်ခံကြောင်း၊ သူမအား လှညွန့် လက်မှ ကယ်တင် ပါရန် စသော အကြောင်းအချက်များပါသည့် စာတစ်စောင် ကျွန်တော့်ထံ မစောမြင့် ယူလာပြန်လေသည်။
    “ဒုက္ခပဲ ကျွန်တော်က အပျက်ပျက်လုပ်တာကို ခင်စန်းကြည်က အဟုတ်ထင်နေပြန်ပြီ။ ဒေါ်လေး သိပ်ရှုပ် တယ်၊ မကောင်းဘူး”
    ကျွန်တော်က ဒေါ်လေးအား မကျေမနပ် ပြောလိုက်သည်။
    “ဟေ့ မင်း ရှာရှည်မနေနဲ့။ ရေးအုံး စာတစ်စောင်။ လှညွန့်လက်က မကြာခင် ကယ်တင်ပါ့ မယ်ဆိုတဲ့ အကြောင်း”
    “ဟာ တော်ပြီဗျာ။ တော်ကြာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်နေဦးမယ်”
    “အမယ် မင်းကလည်း အတော်ကြီးကျယ်တဲ့ကောင်ပဲကွာ။ နှာခေါင်းသွေးထွက်တော့ကော ဘာဖြစ်သေး လဲ။ မင်းက နာဦးမှာတဲ့လား။ ဂုဏ်သရေရှိ မိန်းကလေးတစ်ယောက်က ကိုယ့်ချစ်နေပါ တယ်ဆိုတဲ့ ဥစ္စာများ မူလကျီ လုပ်နေရသေးတယ်”
    မစောမြင့်က မဲ့ကာရွဲ့ကာ ပြောနေလေသည်။

    “မူလကျီလုပ်တာ မဟုတ်ဘူး ဒေါ်လေးရ။ တကယ် ကျွန်တော် သူ့ကို မချစ်လို့ပါ။ မချစ်ဘဲနဲ့လည်း ချစ်ဟန် မဆောင်ချင်ဘူး”
    ကျွန်တော်က ခေါင်းကို ခါရမ်းရင်း ပြောလိုက်ပါသည်။
    “အင်း၊ မင်းက မယားခိုးမှုနဲ့ ထောင်ကျမယ့် ကောင်ပဲ”
    မစောမြင့် က ကျွန်တော့်အား ဒေါသကြီးစွာနှင့် ကျိန်ဆပါတော့သည်။ ကျွန်တော့်မှာ သူမအား ဘာမျှပြန်၍ မပြောတော့ ဘဲ ပါးစပ်အဟောင်းသားနှင့် ရှိနေရပါသည်။
    “မင်းဟာ တော်မလိုလိုနဲ့ ဆွေဂုဏ်မျိုးဂုဏ်ဖျက်မယ့်ကောင်”
    “မဟုတ်ဖူး ဒေါ်လေး။ ဒေါ်လေး ဒီလို အရမ်းမပြောပါနဲ့”
    “ဘာ မဟုတ်ရမှာလဲ။ မင်း ဒီကောင်မကိုပဲ စွဲလန်းနေတာ ငါသိတယ်။ တစ်နေ့ မင်း ထောင်ကျရင်ကျ မကျရင် လည်ပင်းပြတ်မှာပဲ”
    ဘာပြုလို့ လည်ပင်းပြတ်ရမှာလဲ
    “သူ့လင် က မင်းကိုသတ်ဖို့ လူမိုက်တွေ ပိုက်ဆံ …”

    “ဒါတွေ ကျွန်တော်သိပါတယ် ဒေါ်လေး။ နှင်းအေးနဲ့ ကျွန်တော်ဟာ ဒီနေ့ထိ ဘာမှမဖြစ်ကြ သေးပါဘူး”
    “ကဲ ကဲ အချိန်ကြာတယ်။ ကောင်မလေး သိပ်သနားစရာကောင်းနေပြီ။ လှညွန့်နဲ့ ကိစ္စပြတ်သွားမှ မင်းသဘော အတိုင်း။ ဒီလှညွန့်အမေကြီး ကြွစောင်းစောင်း လုပ်နေတာကိုပဲ ငါကြည့် မရလွန်းလို့ စာတစ်စောင် ရေးဦး”
    မစောမြင့်က အာဏာသံပါပါနှင့် ပြောလေရာ ကျွန်တော့်မှာ စိတ်မပါလှပဲနှင့် နောက်ဆက်တွဲ စာတစ်စောင် ကို ရေးရပြန်တော့သည်။ ကျွန်တော် ရေးသည့်သဘောမှာ ဘာမျှ စိတ်ဆင်းရဲမနေဖို့နှင့် အကယ်၍ လှညွန့်နှင့် အတင်းအဓမ္မ ပေးစားကြလျှင် ခိုးယူထွက်ပြေးကြမည် ဖြစ်ကြောင်းများ ဖြစ်လေသည်။

    ကျွန်တော့်စိတ်မှာ ထွေ၍ ဦးနှောက်များလည်း ရီဝေနေသည်။ အပျက်အပျက်နှင့် ခင်စန်ကြည်အား တကယ် ယူရသော အခြေသို့ ရောက်ရှိသွားရမည်ကိုလည်းတွေးတော စိုးရိမ်မိသည်။
    ကျွန်တော်မှာ စိတ်ရှုပ်လွန်းသဖြင့် အရပ်တစ်ပါးသို့ပင် ထွက်ပြေးသွားချင်စိတ်ပေါက်နေပါ သည်။ သို့သော် ကျွန်တော့် မှာ အသက်မွေးဝမ်းကျောင်းအတွက် ပညာရှိသူမဟုတ်။ တစ်ရပ်တစ်ရွာ သို့ရောက်လျှင် လက်ရုံး အားကိုး ကူလီစာရင်းငျားသာ လုပ်ကိုင်ရပေမည်။ ယခု အသက်အရွယ်ထိ လက်ကြောတင်းအောင် အလေးအပင် ကို မလုပ်ခဲ့ဘူးသေးသော ကျွန်တော်မှာ ထိုသို့ ပင်ပန်းစွာ အားထုတ်မှ ထမင်း တစ်လုပ် စားရမည့် အလုပ်မျိုးကိုလည်း လုပ်ကိုင်လိုစိတ် မရှိပါချေ။
    ပြီးနောက် အဖေနှင့်ကျွန်တော်မှာ ၀ိညာဉ်နှင့် ခန္ဓာလို ဆက်စပ်နေသည်။ ၀ိညာဉ်မရှိလျှင် ခန္ဓာလဲပြို သွားမည်ကဲ့သို့ ခန္ဓာမရှိလျှင် ၀ိညာဉ်မတွယ်နိုင်။ ထိုနည်းတူစွာပင်   ကျွန်တော်လူတန်းစေ့ နေနိုင်သည်။ ကျွန်တော် အိမ်ထောင်ကို စံနစ်တကျ ထိန်းသိမ်းနိုင်သောကြောင့် အဖေ ကောင်း ကောင်း စီးပွားရှာနိုင် ခဲ့သည် မဟုတ်ပါလား။ ယင်းအကြောင်းများကြောင့် ကျွန်တော်သည် ဤမြေမှ ဤအဖေနှင့်ခွဲ၍ ဘယ်ကိုမှ ထွက်ခွာ မသွား နိုင်ဘဲ ချစ်မေတ္တာ အရှုပ်အထွေးထဲတွင် အလူးအလဲ သောကရောက် လျက်ရှိနေခြင်းဖြစ် ပါတော့သည်။

    လှညွှန့်နှင့် ခင်စန်းကြည်တို့ စေ့စပ်ကြောင်းလမ်းမည့် ရက်ကိုပင် သတ်မှတ်ပြီးကြလေပြီ။ လှညွှန့်မှာလည်း ရလေးစက်ဘီး အသစ်ကလေးဖြင့် ရွာလမ်းများတွင် လမ်းသလာလျက် ရှိနေလေ သည်။
    'ငါ ဒီကောင်ကို တော်တော် အမြင်ကပ်နေပြီကွာ'
    အုန်းမောင် သည် လှညွှန့်အား ကြည့်ရင်း ပြောလေသည်။
    'အင်း မျက်စေ့နောက်စရာတော့ အတော်ကောင်းတာပဲကွ'
    ကျွန်တော်ကလည်း လှညွှန့်အား စိတ်ထဲမှ ခပ်ချဉ်ချဉ် ရှိသည်နှင့် ပြောလိုက်သည်။
    'အမှန်တော့ မင်း သောက်သုံးမကျလို့ပါကွာ။ မင်းက အလကား တစ်ခုလပ် တစ်လင်ကွာ မကြီးကို စွဲလန်းနေ လို့ ပါ။ ငါသာဆို ခင်စန်းကြည်ကို ရတဲ့နည်းနဲ့ ယူပစ်လိုက်မယ်'
    အုန်းမောင်က ဤသို့ပြောလေရာ ကျွန်တော့စိတ်၌လည်း မခံချင်စိတ် ဖြစ်၍လာသည်။ 'ဒီလောက်တောင် ခြေဖျားထောက် လှတဲ့ကောင် ကုန်ကျသွားအောင် လုပ်လိုက်ဦးမှထင်တယ်' ဟူ သော အတွေး များ လည်း ပေါက်လာသည်။
    'တကယ် တကယ်။ ငါလိုဆို ခင်စန်းကြည် ကို ယူပြလိုက်မှာ။ ဒါမှ ဒီကောင် ဝပ်ဆင်းသွားမယ်'

    အုန်းမောင်က ဟန်ပါပါ ပြန်ပြောလေရာ ကျွန်တော့စိတ်ထဲ၌ လှုပ်ရှားနေလေသည်။ အုန်းမောင်ပြော သလို ခင်စန်းကြည်အား ခိုးယူလိုက်လျှင် လှညွှန့်ငြိမ်သွားမည်က အမှန်ပင်။ သို့ သော် ကျွန်တော်သည် ခင်စန်းကြည် အား မချစ်။ ကျွန်တော်ချစ်သာ နှင်းအေးနှင့် ကွေကွင်းရပေ မည်။ နှင်းအေးနှင့် ကျွန်တော် ပေါင်းသင်းနိုင်ရန်မှာလည်း ၃ နှစ်ခန့် စောင့်ရပေဦးမည်။ ထို ၃ နှစ် အတွင်း ပြောင်းလဲနိုင်၏ နှင်းအေးသည် ကျွန်တော့်အား မချစ်ဘဲ အခြားတစ်ယော်ကို ပြောင်းလဲ ချစ်နိုင်သည်။ သို့မဟုတ် သူပယောက်ျားထံသို့ ပြန်လည် စိတ်လည်နိုင်သေးသည်။ ဒါမှမဟုတ် ကျွန်တော်သော် ၄င်း၊ နှင်းအေးသော်၎င်း သေးဆုံးနိုင်သည်။ လူ့ဘဝဆိုသည်မှာ တည်မြဲသော သဘော မရှိ။ ရေပွက်ပမာပင် မဟုတ်ပါလား။
    ဤသို့ တွေးမိသောအခါ အုန်းမောင်၏ တိုက်တွန်းချက်ကို ကျွန်တော် စိတ်ဝင်စား၍ လာမိ သည်။ သို့သော် ချစ်သောသူကိုမှ လက်ထပ်လိုသော ကျွန်တော့ဆန္ဒမှာ ပြောင်းလဲ၍ မရနိုင်အောင် ရှိနေခဲ့ရပြန်လေသည်။

    ကျွန်တော်မှာ ဦးနှောက်များ ရီဝေနောက်ကျိလှသောကြောင့် အလည်အပတ် မထွက်တော့ ဘဲ အိမ်၌ကုတ်ပြီး စာတွေကိုသာ ဖတ်နခဲ့သည်။ တစ်ညနေ အိုက်အိုက်ရှိသည်နှင့် ကျွန်တော် အိမ်ဘေး၌ လမ်းလျှောက် စဉ် မစောမြင့် ပျာယီးပျာယာ ရောက်ရှိလာလေသည်။
    'မောင်ဆန်း၊ တို့အိမ် ခဏလိုက်ခဲ့စမ်းဟယ်။ ငါ့သမီး အကြီးမလေး ဖျားပြီး တက်မလို ချက် မလိုဖြစ်နေလို့ အမေ လည်း ဆရာဆီသွားတယ်။ ကလေးတွေအဖေလည်း မရှိဘူး။ ခုတောင် အိမ် ရှေ့အိမ်က အဒေါ်ကြီး ခေါ် ထားခဲ့ရတယ်'
    သူမက ဤသို့ပြောလေရာ ကျွန်တော်မှာ အိမ်ပေါ်သို့ပင် တက်မနေတော့ဘဲ မစောမြင့် နောက်သို့ လိုက်ပါသွား ရပါတော့သည်။
'ကဲ မောင်ဆန်း၊ အိပ်ခန်းထဲ မြန်မြန်ဝင်စမ်း။ ငါ ရေဆာလွန်းလို့ ရေတစ်ခွက်လောက် သောက် လိုက်ဦးမယ်'
မစောမြင့် သည် ဤသို့ပြောပြီး မီဖိုဆောင်ဘက်သို့ သွက်သွက် လျှောက်သွားလေသည်။ ကျွန်တော် သည် အိပ်ခန်းထဲ သို့ သုတ်သုတ်ပျာပျာ ဝင်လာခဲ့သည်။

    ကျွန်တော့်၏ ဦးခေါင်းထဲတွင် မိုက်ခနဲဖြစ်ပြီး မျက်စေ့များ ပြာဝေ၍ သွားမိလေသည်။ အိပ်ခန်းထဲ၌ မကျန်းမမာ ဖြစ်နေသော ကလေးမ ကို မတွေ့ရ။ ကျွန်တော်မြင်တွေ့ရသည်မှာ မခင်စန်းကြည်ဖြစ် ၍ နေလေသည်။
    'ကဲ ကဲ မောင်ဆန်း ထိုင်ဦး။ ငါရှင်းပြမယ်'
    ရှေ့ကို တိုးရန်အခက်၊ နောက်ဆုတ်ရန် အခက်ဖြစ်ကာ ကြောင်၍ရပ်နေမိသော ကျွန်တော့် အား မစောမြင့် က လက်ကိုဆွဲလျက် ခင်စန်းကြည်ရှေ့၌ အထိုင်ခိုင်းရင်း ပြောလေသည်။
    'ဒီနေ့ည သူတို့က ခင်စန်းကြည်ကို လာပြီးတော့ စေ့စပ်ကြောင်းလမ်း ကြတော့မယ်လေ။ ခုပဲ လူကြီး သူကြီးတွေ လိုက်ဖိတ်နေပြီ။ အဲဒါကြောင့် ခင်စန်းကြည်သာ သူ့အမေအလစ်မှာ ငါ့ဆီ ပြေးလာပြီး မင်းကို ခေါ်ပေးပါ ဆိုလို့ ခေါ်ပေးရတာပဲ'
    မစောမြင့် စကားအဆုံးတွင် ကျွန်တော်သည် သက်ပြင်းတစ်လုံးကို ညင်သာစွာဆွဲ၍ ချလိုက်မိပါသည်။ ပြီးနောက် ခင်စန်းကြည် အား မရဲတရဲ ကြည့်လိုက်မိရာ ခင်စန်းကြည်မှာ အသား များ တဆတ်ဆတ် တုန်လျက် ရှိနေသည်ကို မြင်တွေ့ရလေသည်။

    'စိတ် အေးအေးသာ နေပါ ခင်စန်းကြည်။ မောင်ဆန်းလဲ ရောက်လာမှပဲ'
    'ကျ ကျ ကျွန်မတို့ ပြေးကြမှ ထင်တယ်ကိုဆန်းရယ်။ တော်ကြာ သူတို့က ဒီအိမ်ကို လိုက်လာချင် လိုက် လာကြမှာ'
    ခင်စန်းကြည်က တုန်ရီသော အသံနှင့် ပြောလိုက်လေသည်။
    'ကိစ္စမရှိပါဘူး ခင်စန်းကြည်'
    မစောမြင့်က ပြောလိုက်သည်။
    'ဟင့်အင်း ကျွန်မ ဒီမှာ မနေရဲဘူး'
    ခင်စန်းကြည်က ငိုသံပါလေးနှင့် ပြောပြန်၏။

    'ဒီလိုဆို ငါကလေးတွေအဖေ လိုက်ရှာလိုက်ဦးမယ်။ လှည်းနဲ့ခုံကြီးက တို့အစ်မများတဲကို ပြေးကြပေတော့'
    မစောမြင့်က ဤသို့ပြောပြီး အခန်းထဲမှ ထွက်သွားလေသည်။ ကျွန်တော်မှာ ခေါင်းငိုက် စိုက်နှင့် ငြိမ်သက်ကျန်ခဲ့ရ၏။ ကျွန်တော်မှာ လူကသာမလှုပ်မယှက် ထိုင်လျက်ရှိနေသော်လည်း စိတ်ကမူ စကြဝဠာ အနန္တ သို့ ပြေးလွှားနေသည်။ ကျွန်တော့်အာရုံထဲတွင် နှင်းအေး၏ ညိုးလျ နွမ်းနယ်နေသော မျက်နှာ ကလေး ကလည်း ရစ်ဝဲလျက် ရှိနေပေသည်။
    “ကျွန်မတော့ ဘာမှယူချိန်မရခဲ့ဘူး။ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ပြေးလာခဲ့တာပဲ”
    ခင်စန်းကြည် က ခပ်တိုးတိုးအသံနှင့် ပြောနေလေသည်။

    “အမှန်တော့ မင်းကိုယ်က ရွှေတွေတောင်မှ ချွတ်ထားခဲ့ဖို့ ကောင်းတယ်။ တော်ကြာ ဂတ် တိုင်လား ဘာလား လုပ်ရင် ဒီရွှေတွေအတွက် ဒုက္ခဖြစ်နိုင်တယ်”
    “ဟုတ်တယ်။ ကျွန်မဒါတွေ သတိမရခဲ့ဘူး။ သူတို့လက်က ကိုယ်လွတ်ရုန်းဖို့ပဲ စဉ်းစားနေခဲ့ ပြီး ထွက်ပြေး လာခဲ့ရတာ။ ဒါတွေအတွက် ကိစ္စမရှိပါဘူးလေ။ သူတို့လိုက်လာရင် ပြန်ပေးလိုက် တာပေါ့။ ပြီး အကြိတ်အနယ် ဖြစ်လာရင်လဲ ရှင့်ကို ကျွန်မ ခိုးတယ်လို့ ပြောလိုက်မယ်”
    ကျွန်တော်သည် ခင်စန်းကြည်အား စိုက်ကြည့်လိုက်မိ၏။ ခင်စန်းကြည်သည် ကျွန်တော့်ကို ချစ်ကြင် အားကိုးသော မျက်လုံးကလေးများနှင့် သနားစဖွယ် ပြန်ကြည့်နေရှာလေသည်။

    “ခုနေများ အိမ်က လိုက်လာပြီး ကျွန်မကို အတင်းဆွဲခေါ်သွားရင် ရှင်နဲ့ကျွန်မ ကွဲကြရမှာ ပဲနော်။ အဲဒီလို ဆိုရင် ကျွန်မတော့ ရေထဲဆင်းသေပစ်လိုက်မှာပဲ”
    သူမက တကယ်ပင် စိုးရိမ်ကြောက်လန့်စွာ ပြော၍ နေလေရာ ကျွန်တော့်မှာ မနေသာတော့ဘဲ
    “အို အစန်းရာ၊ ဒါတွေ တွေးပူမနေစမ်းပါနဲ့။ မင်းကို ကိုယ့်လက်က ဘယ်တော့မှ အလွတ် မခံပါဘူး” ဟု အားပေး စကားပြောလိုက်တော့မှ သူမ၏ မျက်နှာလေး ကြည်လန်း၍ လာရှာလေ သည်။
    “အမှန်တော့ ရှင် အေးစက်စက်လုပ်နေလို့ပါ။ အမေက အစတုန်းက ရှင်နဲ့ သဘောတူတဲ့ ဥစ္စာပဲ”
    ခင်စန်းကြည်သည် ကျွန်တော့်အား မချင့်မရဲ ကြည့်ရင်း ပြောလေသည်။

    “အဲဒီတုန်းကတော့ ကိုယ်ကလူပျိုဘ၀နဲ့ ပျော်ပျော်နေချင်သေးတယ်မို့လား အစန်းရဲ့”
    “ခုလည်း အစန်းက ပြေးလာခဲ့လို့ပါ။ ရှင်က အိမ်ထောင်ပြုဖို့ စိတ် မပါသေးပါဘူး”
    ခင်စန်းကြည်က မျက်စောင်းလေးခဲရင်း ပြောလေရာ ကျွန်တော်မှာ ဘာပြောရမည် မသိဘဲ ခပ်ကြောင်ကြောင်ဖြစ်၍ နေခဲ့ရပါသည်။
    “ဒီလိုလည်း ဘယ်ဟုတ်မလဲ အစန်းရယ်။ သူတို့က ဒီလောက်လောလော ဆယ် စေ့စပ် ကြောင်းလမ်း လိမ့်မယ် မထင်သေးလို့ပေါ့”
    “ရှင် သိပါတယ်။ အစန်းကို မညာပါနဲ့”
    ခင်စန်းကြည်က ကမန်တော့်အား ကြာမူပါပါ မျက်စောင်းကလေးနှင့် ပြောလေသည်။ ကျွန်တော်သည် ခင်စန်းကြည်အား ချစ်မြတ်နိုးခဲ့သည် မဟုတ်သော်လည်း ယခုအခြေကျမှတော့ မလွှဲသာ မရှောင်သာ ခိုးယူပေါင်းသင်းရပေတော့မည်။ ဤအကြောင်းကို တွေးမိပြန်တော့လည်း နှင်းအေးအား တသသပင် သတိရနေ ရပြန်ပါသည်။

    “အမှန်တော့ အစန်းကသာ ရှင့်ကို ချစ်နေရတာပါ။ ရှင်က အစန်းကို မချစ်ပါဘူး”
    ခင်စန်းကြည်သည် ကျွန်တော့်ကို အားမလိုအားမရ ကြည့်ရင်း ပြောကာ မျက်နှာကလေး ညှိုးငယ်နေ သည်။
    “အို အစန်းကလည်း မဟုတ်တာ။ အစန်းကို ကိုယ်ချစ်ပါတယ်ကွယ်”
    ကျွန်တော်သည် ဘာပဲဖြစ်ဖြစ် ခင်စန်းကြည်၏ လင်ယောက်ျားဖြစ်ရချေတော့မည်မှာ နာရီပိုင်းလောက် သာ လိုတော့သည် မဟုတ်ပါလား။ နောက် သုံးလေးနာရီဆိုလျှင် ကျွန်တော်က ခင်စန်းကြည်အား ခိုးယူ ထွက်ပြေးသွားပြီ ဆိုသော သတင်းသည် တစ်ရွာလုံး ပျံ့နှံ့၍ ဟိုးဟိုးကျော် ဖြစ်ရချေတော့မည်။ ထို့ကြောင့် ကိုယ့်ဇနီးလောင်း ကလေး စိတ်ချမ်းသာမည့် စကားလုံးများကို ရှာ ဖွေပြောဆိုလိုက်ရလေသည်။

    “ချစ်ရင် ဘာလို့ အမေသဘောတူတုန်းက အိမ်ကို မလာတာလဲ။ အမေက ခဏ ခဏမှာနေ ရက်သားနဲ့”
    “ကိုယ်က မိန်းကလေးတွေနဲ့ စကားပြောရမှာ သိပ်ရှက်တတ်တယ်”
    “တော်စမ်းပါ။ မိန်းကလေးတွေထဲမှာပဲ သူနေပြီးတော့”
    ခင်စန်းကြည် က မကျေနပ်သောအကြည့်ဖြင့် ကျွန်တော့်အား ကြည့်ရင်း ပြောလိုက်ပါ သည်။
    “အော် အဲဒါက မိတ်ဆွေအဖြစ်နဲ့ နေကြတာဆိုတော့ ဘယ်ရှက်မလဲ။ ရည်းစားအနေနဲ့ဆို တော့ ရှက်စရာ သိပ်ကောင်းတာ”
    “ရှင် တော်တော် စကားတတ်တယ်”
    “အအမှ မဟုတ်ဘဲ စကားတော့ ပြောသေးတာပေါ့”
    “အော် ကြည့်ပါလား။ ဒါပြောတာ မဟုတ်ပါဘူး။ စကားကို သိပ်ပြီး လှည့်တတ်ပတ်တတ် တယ်လို့ ပြောတာပါ”
    ခင်စန်းကြည်သည် ကျွန်တော်နှင့် စကားပြောနေရသောကြောင့် သူမအိမ်မှ လူကြီးများ လိုက်လာမည် ကို ကြောက်သော စိတ်ပင် ကိုယ်မှ ကွာနေကာ မျက်နှာလေး ကြည်ချိုနေသည်။ ကျွန်တော်ကလည်း ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ၊ ကိုယ်နှင့် မလွဲမသွေ ပေါင်းသင်းရတော့ မည့်ဇနီးလောင်းကလေး စိတ်ချမ်းချမ်း သာသာ ရှိနေဖို့ကိုသာ ဆန္ဒရှိနေမိပါသည်။

    “ကိုဆန်း၊ ရည်းစားဘယ်နှစ်ယောက် ထားခဲ့ဖူးသလဲ”
    ခင်စန်းကြည်သည် ကျွန်တော်၏ မျက်နှာကို စိမ်းစိမ်းစိုက်ကြည့်လိုက်ပြီး မေးလေသည်။
    “တစ်ယောက်မှ မထားဘူးသေးဘူး”
    “ညာပြန်ပြီ”
    “တကယ်ပါ။ တကယ့်ကို ပြောတာ”
    “ရှင့်လို မိန်းမတွေ ၀ိုင်းဝိုင်းလည်နေတဲ့လူက ရည်းစားမထားဘူးဖူး ဆိုတာတော့ မယုံနိုင် ပေါင်”
    ခင်စန်းကြည် သည် ဤသို့ ပြောလိုက်ပြီး ကျွန်တော့်မျက်နှာကို အကဲခတ်သလို ကြည့်နေ ပြန်သည်။
    “အင်း အစန်း က ကိုယ့်ကို အထင်ကြီးနေပြန်ပြီ။ ကိုယ့်မှာဖြင့် ရည်းစားတစ်ယောက်မှ မထားဘူးဘဲနဲ့ ကျန်ရစ်နှစ်ခါဖြစ်ခဲ့ရတယ်”
    “ဟင် ဘယ်လို ဘယ်လို”
    သူမက အံ့သြစွာ မေးလိုက်ပါသည်။

    “နောက်မှ ကိုယ်ပြောပြမယ်”
    “ဟင့်အင်း မရဘူး။ ခုပြောရမှာပဲ”
    ခင်စန်းကြည်က ဤသို့ ပြောရင်း ရှေ့နားသို့ တိုးလာလေသည်။ ကျွန်တော်က နှင်းအေးအား ပိုးပန်းနေခဲ့ရာ မှ နှင်းအေး လင်ယူသွား၍ ကျန်ရစ်ဖြစ်ခဲ့ရပုံနှင့် ပုတ်သင်ညိုရှာမှ သူကြီးသမီးနှင့် စပ်ဟပ်နေ ဆဲသူကြီးသမီး လင်ယူသွား၍ ကျန်ရစ်ဖြစ်ခဲ့ရပုံများကို ပြောပြလိုက်ပါ သည်။
    “ဒီလိုဆို အစန်း လှညွန့်နဲ့ လက်ထပ်လိုက်ရ အကောင်ားး၊ ဒါမှ ရှင် သုံးကျန်ရစ်ဖြစ်မှာ”
    “ဒီတစ်ခါတော့ ဘယ်ကျန်ရစ်အဖြစ်ခံတော့မလဲ အစန်းရယ်”
    “အမယ်လေး၊ မိန်းမတွေ ရှက်တတ်ပေလို့ပဲ”
    ကျွန်တော်က ပြောပြောဆိုဆို သူမ ကိုယ်လုံးကလေးအား ဖက်ပွေ့ပြီး ပါးပြင်နုများအား နမ်းလေရာ သူမက လက်ဝါးကလေးနှစ်ဖက် နှင့်ကာရင်း ပြောပါလေသည်။

    “ဒါတော့ ကိုယ့်မယား ဖြစ်လာမှကိုးကွ။ ရည်းစားမှ မဟုတ်ဘဲ”
    “ဆင်ခြေ ကလဲသိပ်များတာပဲ။ သူ့လိုသာဆိုရင် ကျန်ရစ်ဖြစ်ပါသေးတယ်။ ခုဖြင့် သူများက လာရတာများ”
    ယင်းသို့ ခင်စန်းကြည်က ပြောနေစဉ် အခန်းဝမှ ချောင်းဟန့်သံ ကြားသည်နှင့် ကျွန်တော်က ခင်စန်းကြည် ၏ ကိုယ်ကလေးအား ဖက်ထားသော လက်များကို ကပျာကယာ လွှတ် ပစ်လိုက်ရပါတော့သည်။
    “ကဲ လှည်းအသင့် ပြင်ပြီးပြီဟေ့”
    မစောမြင့်သည် အခန်းထဲသို့ဝင်လာကာ ပြုံးဖြီးဖြီးမျက်နှာကြီးနှင့် ပြောလိုက်လေရာ ကျွန်တော့်မှာ ရှက်သွေးတွေဖြာ၍ သွားမိလေသည်။ ခင်စန်းကြည်သည်လည်း ခေါင်းကလေးကို အသာငုံ့ထား၏။
    ကျွန်တော်တို့မှာ အ၀တ်တစ်ထည် ကိုယ်တစ်ခုစီနှင့် အိမ်မှ ထွက်လာကြသူများဖြစ်ကြ၍ ယူစရာ ငင်စရာ ဘာမှမပါကြဘဲ အိမ်ရှေ့တွင် အသင့်ရပ်နေသော လှည်းပေါ်သို့ တက်ခဲ့ပါသည်။ မစောမြင့် ယောက်ျားကိုသာမောင်သည် နွားနှစ်ကောင်ကို သွက်သွက်ကြိမ်တို့ပြီး မစောမြင့်အမ မဟောနှစ် တို့ ကိုင်း ထဲသို့ လိုက်ပို့လေသည်။

    လှည်းထွက်စတွင် ခင်စန်းကြည်သည် ကျွန်တော်နှင့် ခပ်ခွာခွာနေခဲ့သော်လည်း နွားလှည်း ကွင်းပြင်ကျယ်ကြီး ကို ကျော်ဖြတ်၍ ရွာနှင့်ဝေးလာသောအခါ ကြောက်သည်ဟုဆိုပြီး ကျွန်တော့် ရင်ခွင်၌ သူမကိုယ်ကလေး အား မှီကပ်ထားလေသည်။ အခြားသူများ မိန်းမခိုးနေချိန်တွင် ၀မ်းသာ သည်၊ ပျော်သည် ဟု ဆိုကြ၏။ ကျွန်တော်မှာ ၀မ်းလည်းမသာ၊ ၀မ်းနည်းမနည်း၊ ပျော်လည်းမပျော် ခဲ့ပါ။ စိတ်မှာ ဟုံ၍ လေလွင့်နေလေသည်။
    နှင်းအေးအား ပြေး၍သတိရသည်။ ပြီးနောက် ပြန်ပျို၍ မရတော့သော အိမ်ထောင်ရှင် ဘ၀ ရောက်ရတော့မည်ဖြစ်၍လည်း ကိုယ့်ကိုယ်ကိုယ် နှမြောသလိုလိုရှိသည်။ လှညွန့်တို့အား ချိုးလိုက် ရသောကြောင့် ၀မ်းသာသလိုလည်း ဖြစ်မိသည်။
    “အို ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ချစ်လာအောင် ကြိုးစားရမယ်။ နှင်းအေးကို မေ့ပစ်ရမယ်” ဟု တွေးကာ လေလွင့်သော စိတ်များကို ထိန်းသိမ်းလိုက်ရပါသည်။
    ကျွန်တော်တို့သည် ဘေးရန်ကင်းရှင်းစွာနှင့်ပင် မစောနှစ်တို့ကိုင်းတဲသို့ ရောက်ရှိခဲ့ကြရပါ သည်။ မစောနှစ် မှာ ကျွန်တော် ခင်စန်းကြည်အား ခိုးယူလာသည်ကို သိရလေသောအခါ ၀မ်းသာ မဆုံးတပြုံးပြုံးနှင့် သူတို့၏ တဲအိပ်ခန်းတွင် နေရာချထားပေးပါသည်။

    ကျွန်တော်သည် ခင်စန်းကြည်အား တကယ်ပင် ခိုးလာခဲ့လေပြီ။ သူမသည် ကျွန်တော်ပြု သမျှတို့ကို အလိုက်သင့် ပင် နုရှာပါပေသည်။ ပြီးနောက် ကျွန်တော့်ကိုလည်း သူမအား တကယ်ချစ် မြတ်နိုးသည်ဟု အထင်ရောက်နေရှာ၏။ ကျွန်တော်သည် ဤအကြောင်းကို တွေးမိသောအခါ ခင်စန်းကြည်အား သနား လှပါသည်။
    “အော် သူ့ခမျ ငါ့စိတ်ကို မသိရှာပါကလား”ဟုလည်း တွေးကာ ရင်နာနေမိသည်။ ထို့ကြောင့်လည်း ကျွန်တော့် မှာ သူမအား ချစ်လာနိုင်စေရန် စိတ်ကို အတင်းကြိုးစားနေရပြန်သည်။
    အဖေသည် ညကြီးမင်းကြီး၌မှာပင် ကျွန်တော်တို့ရှိရာ ကိုင်းတဲသို့ လှည်းနှင့်ရောက်လာလေသည်။ အဖေနှင့်အတူ အဖွားလေးလည်း ပါလာလေသည်။ စောင်၊ ခေါင်းအုံးနှင့်ဖျာ၊ ခြင်ထောင်များလည်း ပါလာ သည်။ စားသောက်ဖွယ်ရာများလည်းပါသည်။

    “ဟိုလူစုတော့ တစ်ခါထဲ မှိုင်ကျသွားတာပဲ”
    ရောက်လျှင်ရောက်ခြင်း အဖွားလေးက ပြောလေသည်။
    “အမေတို့ အဖေတို့က သူကြီးအိမ်သို့ ဂတ်တို့ တိုင်မယ်လို့ ကြားသလား၊ အရီး”
    ခင်စန်းကြည်က စိုးရိမ်သံနှင့် ခပ်လောလော မေးလေသည်။
    “ဘယ်မှ တိုင်မယ်ပြုမယ်တော့ မကြားပါဘူး။ မယ်မြင့်တော့ ငိုနေတယ်။ ပြီးတော့ ညည်းကို လည်း သမီးအဖြစ် က စွန့်လွှတ်မယ်ပြောသတဲ့”
    အဖွားလေးက ဤသို့ပြန်ပြောလေရာ ခင်စန်းကြည်၏ မျက်နှာလေးညှိုး၍ သွားလေသည်။ ပြီးမှ သက်ပြင်းလေး ကို မြှင်းမြှင်းဆွဲ၍ ချလိုက်ကာ -
    “အို စွန့်လည်း စွန့်လွှတ်ပေါ့။ ကျွန်မမှ ဒီလှညွန့်ဆိုတဲ့ကောင်ကို မကြိုက်တဲ့ဥစ္စာ”ဟု ပြော လိုက်ပါသည်။

     ခင်စန်းကြည်သည် ဖြစ်ရာဘ၀ကို ရင်ဆိုင်တော့ရန် စိတ်ကို ဆုံးဖြတ်လိုက်ဟန်ရှိ၏။ သူမ သည် စကားကို ခပ်ပြတ်ပြတ် ပင် ပြောလိုက်ပါသည်။
    “ဒါပေါ့ ကလေးမရယ်း။ တို့ကလည်း ဆင်းဆင်းရဲရဲမှ မဟုတ်ဘဲ”
    အဖေက၀င်၍ အားပေးစကားပြောလေသည်။
    “ဟုတ်ပါတယ်။ ဒီကောင်နဲ့ မယူလို့ သေခန်းဖြတ်မယ်ဆိုလည်း ဖြတ်ပေစေပေါ့။ ကိုယ်မချစ် တာယူရရင် တစ်သက်လုံး စိတ်ဆင်းရဲနေမှာမို့လား”
    မစောနှစ်က၀င်၍ ပြောပြန်လေသည်။ ကျွန်တော်မှာ ဦးနှောက် ချာချာလည်နေရ၏။ ခင်စန်းကြည် ကိုတော့ သူမ မချစ်သူကိုယူရ၍ စိတ်ဆင်းရဲရမည်ကို သူတို့စိုးရိမ်ကြသည်။ ကျွန်တော့်ကိုတော့ ကျွန်တော် ချစ်သောသူနှင့် ယူမည်ကို သူတို့သဘောမတူဘဲ ကန့်ကွက်ကြသည်။ ကျွန်တော်မချစ်သူကိုယူဖို့ ၀ိုင်းဝန်းနားချကြသည်။ အပိယေဟိဒုက္ခ၊ ပိယေဟိဒုက္ခဆိုသည်တို့မှာ ကျွန်တော်နှင့် မသက်ဆိုင်သကဲ့သို့ ရှိနေသည်။ သူတို့၏ စိတ်နေ စိတ် ထားအယူအဆများသည်ကား မှန်ကန်ကြပါလေ၏လား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, April 28, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၄)

ကျွန်တော်သည် ကိုယ့်ထက် အဆင့်အတန်း နိမ့်ကျသူ မြနှစ်ကလေးအား စိတ်ဝင်စားလာ မိသည်။ နှင်းအေး လို ကိုယ့်ထက် အဆင့်အတန်းမြင့်သူကို လပ်ထပ်မည့်အစား ကိုယ့်ထက် နိမ့်သူ မြနှစ်ကိ လက်ထပ်ရလျှင် ကောင်းလေမည်လားဟု စဉ်းစားကြည့်မိသည်။ သို့သော် မြနှစ် အား ကျွန်တော် မကြိုက်သော အချက်တစ်ချက် ရှိလေသည်။ ထိုအချက်မှာ မြနှစ်သည် နှင်းအေးလို သိမ်မွေ့ခြင်းမရှိဘဲ အပြောကြမ်း၊ အနေကြမ်း၊ အစားကြမ်းထဲက ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် သည် မြနှစ် မှာ အောက်တန်းစား ဆန်လွန်းသည်ဟု ယူဆကာ မနှစ်သက်နိုင်ဘဲ ရှိနေရလေသည်။
    မြနှစ်သည် ကျွန်တော်ကသာ ဆွတ်မည်ဆိုက ညွှတ်ရန် အသင့်ရှိနေသည်ကို ကျွန်တော် သိပါသည်။ သို့သော် ကျွန်တော်သည် စဉ်းစားချိန်ဆ၍ မရနိုင်သောကြောင့် သူမအား ချစ်စကားစ၍ မဆိုဘဲ ခပ်တည်တည် သာ နေခဲ့လေသည်။
    “ဟေ့ လူလေး၊ မင်းမြနှစ် ကို ယူပါလားကွ” 
ကို ဆက်ဖတ်ရန် ...........

တစ်ည အဘိုးလေးနှင့် ကျွန်တော် လက်ဖက်ရည်ဆိုင်သို့ လဖက်ရည်သောက်လကြရင်းမှ လမ်းတွင် အဘိုးလေးက ပြောလေသည်။
    “ဟာ အဘိုးလေးကလဲ၊ ကျွန်တော် ငယ်ပါသေးတယ်ဗျာ”
    ကျွန်တော်သည် မျက်နှာဆီသို့ ရှက်သွေးဖြန်းတက်လာရင်းမှ ပြန်ပြောလိုက်သည်။
    “ငယ်ပေမယ့် ခုကတည်းက ရင်းနှီးအောင် လုပ်ထားမှပေါ့ကွ။ တော်ကြာ သူများလက်ထဲ ရောက်သွားလိမ့်မယ်”
    “ရောက်သွားလဲ သွားပေါ့အဘိုးလေးရာ။ ကျွန်တော် သူ့ကို သိပ်ပြီး သဘောမကျလှပါဘူး”
    “ဟင်း ဘာဖြစ်လို့လဲ”
    အဘိုးလေး က အံ့သြစွာ မေးလိုက်ပါသည်။

    “သူ့ကြည့်ရတာ ကြမ်းကြမ်းတမ်းတမ်းနဲ့ အောက်တန်းစားသိပ်ဆန်တာပဲ”
    “ဒါပေမယ့် အလုပ်အကိုင်တော့ သိပ်ကောင်းတယ်ကွ။ မင်းတို့လို ဖအေတစ်ခု သားတစ်ခု ရှိတဲ့ အိမ်မျိုးမှာ သူလိုဟာမျိုး နဲ့မှ နေရာကျမှာ။ ကြမ်းတ်ကတော့ကွာ မြို့သူမှ မဟုတ်ဘဲ။ တောသူ ဆိုတာ ကြမ်းမှဖြစ်တော့ မပေါ့။ နုနုနယ်နယ် မင်းကမတော်ဟန်လုပ်နေလို့ ဘယ်ဖြစ်မှာလဲ”
    အဘိုးလေးက ဤသို့ပြောလေရာ ကျွန်တော်သည် ဟုတ်သည်။ ကျွန်တော်တို့လို တောသူ တောင်သား လယ်သမားများအဖို့ ဇနီးဖြစ်သူသည် နှင်းအေးတို့လို နုနုနယ်နယ်များနှင့်မကိုက်။ ဒေါင်းနီမောင်းနီ၊ တုံးဆိုတိုက် ကျားဆိုကိုက် အစားမျိုး ကြမ်းကြမ်းတမ်းတမ်းနှင့်မှ ကိုက်ပေမည်။ လယ်သမား၏ ဇနီးသည် လယ်ထဲသို့ဆင်း၍ ကောက်စိုက်နိုင်ရမည်။ အရေးကြုံက ပျိုးနှုတ်တန်လျှင် နှုတ်နိုင်ရမည်။ နှင်းအေးတို့လို ကျွတ်တို့ မျှော့ တို့ကို ငယ်သံပါအောင် အော်ဟစ် ကြောက်လန့်သူ အမျိုးသမီးများနှင့် မဖြစ်နိုင်ပါချေ။ သို့သော် ကျွန်တော်မှာ လယ်အလုပ်ကို ရွံ့မုန်း သူဖြစ်သည်။ ကျွန်တော် အိမ်ထောင်သည် ဘ၀ သို့ ရောက်လျှင် လယ်အလုပ်ကို မလုပ်ဟုလည်း ဆုံးဖြတ်ထားသည်။ ပြီးနောက် နှင်းအေးအပေါ်၌ စွဲလန်းနေသော စိတ် များကလည်း ရှိနေသေး သောကြောင့် မြနှစ်အား ချစ်ရေးဆိုရန် မဆုံးဖြတ်သေး ဘဲ နေလိုက်ပါသည်။

    ကျွန်တော့်နှလုံးသားများ တမြေ့မြေ့နာကျင်လျက် ရှိနေရသည်။ မြင်မြင်သမျှတို့မှာ အကုန် ဟာလာဟင်းလင်း ပွင့်နေသကဲ့သို့ ထင်မှတ်မိသည်။ ဟုတ်ပါ၏။ အရာရာတိုင်းတို့သည် ကျွန်တော့် အတွက် တန်ဖိုးမဲ့များသာဖြစ်၍ နေတော့သည်။ ကျွန်တော့်အတွက် ဤလောကတွင် နှင်းအေးသည် တန်ဖိုး အရှိဆုံးဖြစ်၏။ ယခုတော့မူ ကျွန်တော်မြတ်နိုးလှသော နှင်းအေးမှာ သူတစ်ပါးလက် သို့ ရောက်ရပေတော့ မည်။
    နှင်းအေးအား သူမမိဘများက အရှေ့ဘက်ကမ်းမှ သူဌေးသားတစ်ယောက်နှင့် နေရာချထားပေးရန် စီစဉ်လျက် ရှိနေလေပြီ။ ယင်းသို့ စီစဉ်ရခြင်းမှာလည်း နှင်းအေးအဖေ သစ်ကုန် ရှုံးသောကြောင့် အရှေ့ဘက်ကမ်း ရှိ သူဌေး ဦးဖေ၀င်းထံမှ ငွေများချေး၍ အလုပ်ကို ဆက်လက် လုပ်ကိုင်ခဲ့လေရာ အလုပ်မှာ ရှုံးပြီးရင်းရှုံးရင်းဖြင့် နောက်ဆုံး၌ ကျွေးမဆပ်နိုင်တော့ဘဲ လုပ်ငန်းကို ရပ်ရမည့်အခြေသို့ ဆိုက်ရောက်နေ ရတော့သည်။ ဤအခြေ၌ ဦးဖေ၀င်းက သူ၏သား မြအောင်နှင့် နှင်းအေးအား လက်ထပ် မည်ဖြစ်က တင်ရှိနေသော ကျွေးတစ်ဝက်ကို လျော်ပစ်ခါ နောက်ထပ်၍ အလုပ်လုပ်ရန် လည်း ငွေထုတ်ပေးဦးမည်ဟု ဆိုလာသောကြောင့် ဒေါ်သန်းမြိုင်တို့မှာ မတတ်သာ တော့ ဘဲ နှင်းအေး ကို မြမောင်နှင့် ထိမ်းမြားရန် သဘောတူလိုက်ကြရလေတော့၏။

    ကျွန်တော်မှာ နှင်းအေးကို နှမျောတသရင်းဖြင့် အချိန်ရှိသမျှ စိတ်မချမ်းသာ ဖြစ်နေရလေ သည်။ ထို့ကြောင့် ရွာ သို့ပင် မသွားတော့ဘဲ လယ်ထဲ၌သာကုတ်၍ နေခဲ့သည်။ အဖေသည် ကျွန်တော့် အဖြစ်ကို သိ၏။ သူ့ကိုယ်နှိုက်ကလည်း ထိုအဖြစ်အတွက် ခံပြင်းနေပုံရသည်။ သို့သော် ကျွန်တော့်အားတော့ ဘာမျှ ဖွင့်ထုတ်၍ မပြောဘဲ ကျွန်တော့်အတွက် ကြင်ယာလောင်းကိုသာ လိုက်လံရှာဖွေစပ်ဟပ် နေလေသည်။
    အဖေသည် တစ်နေ့သ၌ ကျွန်တော့်အား မိန်းကလေး တစ်ယောက်ကို ယူရန် ပြောလေ သည်။
    မိန်းကလေး မှာ ပုတ်သင်ညိုရွာမှ သူကြီးသမီး ကရင်မကလေးတစ်ယောက်ဖြစ်၏။ ကျွန်တော်က မယူ လိုခဲ့။ သို့သော် အဖေက အတင်းခေါ်သဖြင့် လိုက်ကြည့်ခဲ့ရသေးသည်။ ရုပ်က လည်းမလှ၊ ၀၀အိုင့်အိုင့်မို့ စိတ်က မပါချေ။ အဘွားနှင့် အဘိုးလေးတို့ကလည်း သဘောမတူချေ။

    အဖေက သဘောတူလွန်းသဖြင့် ယူရတော့မည့်အခြေသို့ ရောက်လုဆဲတွင် ကံကောင်း ထောက်မပုံမှာ ထိုမိန်းကလေးသည် သူ၏ ရည်းစားဟောင်းနောက်သို့ လိုက်သွားသောကြောင့် ဖြစ်လေသည်။
    သူ၏ ဘ၀ရှေ့ရေးမှာ ကျွန်တော်နှင့် မသက်ဆိုင်သောကြောင့် ကျွန်တော် ထည့်၍မစဉ်းစား ပါ။ သူမှင့် လက် မထပ်ရခြင်းအတွက်သာ ကျွန်တော်က ၀မ်းသာနေရသည်။
    အဖေက “တယ်မိုက်တဲ့ ကလေးမ”ဟု တဖွဖွပြောနေပါသည်။ ကျွန်တော်၏ စိတ်မှာ လွတ် လပ်ပေါ့ပါးနေ သည်။ မိတ်ဆွေ သူငယ်ချင်းများက ကျွန်တော့်အား “ကျန်ရစ်”ဟုခေါ်၍ လှောင်ကြ သည်။ လှောင်ကြ ပါစေ။ ပြောင်ကြပါစေ။ ကျွန်တော်က စိတ်မဆိုးပါ။ ဤအမည်နာမကိုပင် ခံယူချင် ခဲ့သည်မှာ ကြာပြီ မဟုတ်ပါလား။
    နှင်းအေးအတွက် နာခဲ့ရသော အသည်းမှ ဒဏ်ချက်သည် ပျောက်ကင်းစပြုလေပြီ။ ကျွန်တော့်မှာ မိန်းကလေး သဖွယ် အိမ်ထောင်မှု ထိန်းသိမ်းနေရသည့် ဘ၀ကိုလည်း ငြီးငွေ့လာ သည်။ အမှန်အတိုင်း ၀န်ခံရ လျှင် သွေးသားကလည်း ကြင်ဘက်ကို တောင့်တနေလေသည်။

    ကျွန်တော်သည် တစ်ရွာလုံးရှိ အပျိုကလေးများထံသို့ စိတ်အာရုံကို စေလွှတ်ကာ ဇနီးလောင်းအဖြစ် တစ်ယောက် စီ ရွေးချယ်ကြည့်သည်။ ရုပ်ရည်အားဖြင့် မြနှစ်ကို သဘောကျ သည်။ မြနှစ်သည် နှင်းအေးနှင့် ဆင်ဆင်တူ သည် မဟုတ်လား။ ကျွန်တော်စွဲမြဲအမှတ်ထားခဲ့သော အလှအပမှာ နှင်းအေး၏ အလှသာဖြစ်လေ သည်။
    စီးပွားရေး ချောင်လည်လာသဖြင့် ကျွန်တော့်မှာ ရွှေကြယ်သီး၊ ရွှေလက်စွပ်၊ ရွှေလက်ပတ် ကြိုးတို့နှင့် အ၀တ် အထည် အမျိုးမျိုးလဲလျက် ရှိုးထုတ်နိုင်ခဲ့ပါပြီ။ ယင်းကြောင့်လည်း ရွာရှိ အပျို ကလေးများ ကျွန်တော့် အား အာရုံစိုက်လာကြသည်။ သူမတို့၏ မိဘများကလည်း အသိအမှတ်ပြု လာကြသည်။ တချို့ကဆိုလျှင် သူတို့၏ သမီးပျိုများနှင့် ကျွန်တော့်အား လာရောက် စပ်ဟပ်ကြလေသည်။ အမှန်တော့ ထိုအချိန်သည် ကျွန်တော့် အနေနှင့် စန်းပွင့်သော အချိန်ပေတည်း။
    ကျွန်တော်နှင့် လာရောက်စပ်ဟပ်ကြသည့် အမျိုးသမီးထဲတွင် မြနှစ်လည်း ပါလေသည်။ မြနှစ်၏ မိခင် သည် အဘွားလေးအား မြနှစ်နှင့် ကျွန်တော် နေရာချထားကြဖို့ လာရောက်ပြောဆို သည်။ သူမ အကြောင်းပြချက် မှာ ယခုနှစ်တွင် မြနှစ်ကို အိမ်ထောင်ချထားလိုသည်။ ထိုသို့ အိမ် ထောင် ချထားရမည်ဖြစ်ရာ ၌ ယခု လောလောဆယ် မြနှစ်နှင့် လာရောက်စပ်သူမှာ ကိုဘကိုး ဆိုသူ တောခေါင်းတစ်ယောက် ဖြစ်သည်ဟု ဆိုသည်။ ကိုဘကိုးမှာ မြနှစ်ထက် အသက် ၁၅ နှစ်ခန့်ကြီး၍ မုဆိုးဘိုဖြစ် သည်။ သို့သော် အကျင့်စာရိတ္တကောင်း၍ စုဆောင်းထားသော ငွေကြေးလည်းအသင့် အတင့် ရှိသူ ဖြစ်သည်။

    သူတို့သဘောက အကယ်၍သာ အဘွားလေးက မြနှစ်နှင့် ကျွန်တော် သဘောတူလျှင် ကိုဘကိုး ကို ငြင်းပယ်ရန် ဖြစ်လေသည်။ အဘွားလေးက ကျွန်တော်နှင့် သဘောမတူမှသာ မြနှစ် အား ကိုဘကိုး လက်သို့ အပ်ရန်ဖြစ်လေသည်။
    အဘွားလေးက ကျွန်တော့်အား ငယ်သေး၍ အိမ်ထောင်ချထားခြင်း မပြုလိုကြောင်းနှင့် ငြင်းပယ်သည်။ သို့တိုင် လည်း မြနှစ်၏ မိခင်သည် ကြီးသောအခါ နေရာချထားပေးရန် သဘောတူ မတူ ထပ်၍ မေးနေပြန်သောကြောင့် အဘွားလေးမှာ အကြပ်ရိုက်နေလေတော့သည်။
    “ဒီကိစ္စက ငါ့သဘော နဲ့လည်း မပြီးပါဘူး။ သူ့အဖေကလည်း သဘောတူမှ ဖြစ်ဦးမှာပါ”
    အဘွားလေးသည် မတတ်သာသောကြောင့် အဖေ့ဘက်သို့ လှည့်ချလိုက်လေသည်။ ကျွန်တော့်မှာ တကယ်ပင် စန်းပွင့်လှပါသည်။ ဟုတ်ပါ၏။ ခပ်စိမ်းစိမ်းအပျိုကလေးများသည် အလှူ၊ မင်္ဂလာဆောင်။ ဘုရားပွဲတော် တို့၌ ကျွန်တော်နှင့် ဆုံမိကြလျှင် အချင်းချင်းလက်တိ့၍ မေးမြန်းကြ သည်ဟု ကျွန်တော့် မိတ်ဆွေ အမျိုးသမီးများထံမှ တဆင့်ကြားရပါသည်။

    ကျွန်တော်သည် ရွာတွင် ရေပန်းစားသူဖြစ်နေ၏။ ယင်းသို့ ဖြစ်ရခြင်းမှာလည်း ကျွန်တော်မှာ မြို့အရပ်များ သို့ ရောက်လေတိုင်း မြို့သားများ၏ ၀တ်င်ပုံကို ကြည့်ရှုမှတ်သားပြီး အတုယူခဲ့၏။ ရှပ်အင်္ကျီများကိုပင် ရွာတွင် မချုပ်၊ မြို့သို့သွား၍ ချုပ်သည်။ ဘိုကေကိုလည်း မြို့ဆိုင် သို့စရိတ်အကုန်ခံ သွားညှပ်သည်။ ထို့ကြောင့် အခြားသော ကာလသားများနှင့် ခြားနား မြို့ဆန်နေ လေသည်။ ယင်းကြောင့်လည်း အမျိုးသမီး များက ကျွန်တော့်ကို အာရုံစိုက်နေကြခြင်းဖြစ်ပေလိမ့် မည်။
    ယင်းသို့ ရှိစဉ်တွင် ကျွန်တော်၏ တည်ငြိမ်သော ဘ၀ထဲသို့ အနှောက်အယှက်တစ်ခုက ၀င်ရောက် လပြန်တော့၏။ ၎င်းမှာ နှင်းအေး သူမလင်နှင့် ကွဲကွာလာခြင်းပင်ဖြစ်လေသည်။
    နှင်းအေးသည် သူ့မိဘများထံ ပြန်ရောက်ပြီး နောက်နေ့ ညနေဘက်တွင် ကျွန်တော့်အိမ် သို့ ရောက်ရှိလာသည်။ နှင်းအေးမှာ အနည်းငယ်ပိတ်၍ သွားသည်မှလွဲ၍ ယခင်ကအတိုင်း လှမြဲလှနေ တုန်းပင်။

    “မောင်ဆန်း။ ညကျတို့အိမ် အလည်လာခဲ့ပါဦး”
    သူမသည် အဘွားလေးနှင့် အတော်ကြာ စကားပြောနေပြီးနောက် ပြန်ခါနီးတွင် ကျွန်တော့် အား စူးစူး စိုက်စိုက်ကြည့်ရင်း မှာသွားလေသည်။ ကျွန်တော်က ခေါင်းကို ညိမ့်ပြလိုက်မိ၏။.
    ညနေဘက်သို့ရောက်လေလျှင် ကျွန်တော့်စိတ်မှာ အလိုလို နှင်းအေးထံသို့ သွားချင်စိတ် ပေါက်နေသည်။ သူမ ၏ စူးစိုက်ကြည့်ရှုသွားသောအကြည့်မှာ ကျွန်တော်၏ အသည်းနှလုံးအား စွဲငြိနေပြန်တော့သည်။
    ကျွန်တော့်မှာ နှင်းအေးထံ မသွားတော့ဟု ဆုံးဖြတ်ထားသော် လည်း မှောင်တရီ အချိန် လောက် တွင် နှင်းအေးတို့အိမ်သို့ ရောက်ရှိခဲ့ရပါတော့၏။

    “ လာ လာ မောင်ဆန်း၊ အမေလည်း ခုပဲအပြင်ထွက်သွားတယ်”
    အိမ်လှေကား မှ တက်လာစဉ်တွင် နှင်းအေးက ကျွန်တော့်အား ဆီးကြိုခေါ်ငင်ပါသည်။ ကျွန်တော်သည် သူမ ကို အကဲခတ်ရင်းနှင့်ပင် အိမ်ပေါ်သို့ ရောက်ရှိခဲ့ရလေသည်။
    နှင်းအေးသည် ကျွန်တော့်အား စူးစူးစိုက်စိုက် ကြည့်နေ၏။ သူမမျက်လုံးတွင် ကြေကွဲသော အရိပ်များ ထင်ဟပ်နေသည်။
    “ထိုင်လေဟယ်။ နင်ကလည်း မတ်တတ်ကြီး”
    နှင်းအေးက ဤသို့ပြောတော့မှ ကျွန်တော်မှာ သက်ပြင်းကို မသိမဟာ ရှိုက်လိုက်ကာ သင်ပြူး ကလေးပေါ်၌ ထိုင်ချလိုက်ပါသည်။
    “တို့တွေလည်း လူချင်းကွဲသွားလိုက်ကြတာ အတော်ကြာတယ်နော်”

    နှင်းအေးသည် ကျွန်တော့်မျက်နှာကို ခပ်ငေးငေးစိုက်ကြည့်ရင်းပြောပါသည်။ ကျွန်တော်က ဘာမှမပြော ဘဲ သူမကို ပြန်ငေးကြည့်နေမိ၏။
    “ငါကတော့ နင့်ကိုတစ်နေ့မှ မမေ့ပါဘူး။ အမြဲသတိရပါတယ်”
    “အေး၊ ငါ့နားက ပင်းမနေသေးတော့ ကြားရတာပေါ့”
    ကျွန်တော်က နှုတ်ခမ်းကို ခပ်မဲ့မဲ့လုပ်ရင်း ပြန်ပြောလိုက်ရာ နှင်းအေးမျက်နှာမှာ သိသိ သာသာ ညှိုးကျသွားရှာလေသည်။
    “အေးလေ ငါ့စကားကို နင် ဘယ်ယုံတော့မလဲ”
    နှင်းအေး၏ အသံမှာ ငိုသံပင်ပါလာသည် ထင်၏။ မူလအသံထက် အားနည်း၍ တုန်နေ သည်။

    “အလကားပြောတာပါ နှင်းအေးရာ။ ငါယုံပါတယ်။ ငါကလည်း နင့်ကို အမြဲသတိရလျက် ပါပဲ”
    “တကယ် နင် ငါ့ကို သတိရသလား မောင်ဆန်း”
    သူမအသံ မှာ အားတက်ဝမ်းသာသံဖြစ်၍ သူမမျက်လုံးများကလည်း အရောင်တောက်ပနေ လေသည်။
    “တကယ်ပါ နှင်းအေး။ နင် လက်ထပ်တဲ့နေ့ကဆိုရင် ငါ့အသည်းနှလုံးတွေဟာ ပြုတ်ကြွေ ကုန်ပြီလို့ ထင်ရတယ်။ ငါ့ရင်ထဲက မီးတောက်နေတယ်”
    ကျွန်တော်သည် ဤစကားစုများကို ထုတ်ဖော်၍ ပြောခဲ့သည်မဟုတ်ဘဲ အစီအစဉ်နှင့် လည်ချောင်းဆီသို့ ပြုံတက် လာကြခြင်းသာဖြစ်လေသည်။ သူမအမေးကိုတော့ ခေါင်းညိမ့်၍ အဖြေ ပေးခဲ့ပါသည်။
    “ငါ ၀မ်းသာလိုက်တာဟယ်”

    သူမက ညင်သာသောအသံနှင့် ပြန်ပြောပါသည်။
    “ငါလေ သူနဲ့ဘယ်တော့မှ ပြန်မပေါင်းတော့ဘူး သိရဲ့လား”
    “ဒီလိုလဲ ဘယ်ဟုတ်မလဲ နှင်းအေးရာ။ လင်နဲ့မယားဆိုတာ …”
    “အို ဘာလင်မယားလဲ။ သူနဲ့ငါ လင်မယားမဟုတ်တော့ဘူး။ ဘာမှ မဆိုင်ဘူး။ ပိုက်ဆံချမ်း သာတဲ့ လူများ ကောင်းကို မကောင်းဘူး”
    နှင်းအေး၏ မျက်နှာတွင် ဒေါသရိပ်များ သန်းလျက်နှင့် ကျွန်တော့် စကားမဆုံးမီ မဲ့ကာရွံ့ကာ ၀င်ဖြတ်ပြောပါလေသည်။ ကျွန်တော်သည် နှင်းအေးအား စိုက်ကြည့်ရင်း သက်ပြင်းချ လိုက်မိပါသည်။ ယင်းသို့ ရှိစဉ် ဒေါ်သန်းမြိုင် ပြန်ရောက်လာလေသည်။

    “အလို မောင်ဆန်းပါလား။ တို့အိမ်များ ခြေဦးလှည့်မလာတာ ကြာခဲ့ပါပြီ။ ခုမှပဲ ပေါ်လာ တော့တယ်”
    “ခုတောင်မှ သူ့ဟာသူလာတာ မဟုတ်ပါဘူး အမေရဲ့။ ကျွန်မ ညနေက သွားခေါ်လို့ လာတာ”
    “အေးအေး၊ စကားပြောနေကြ”
    ဒေါ်သန်းမြိုင်၏ ကြည့်ပုံရှုပုနှင့် ဆက်ဆံရေးမှာ ကျွန်တော့်မပေါ်တွင် ယခင်ကနှင့် မတူ၊ ပြောင်းလဲနေသည် ဟုထင်သည်။ ယခင်ကဆိုလျှင် ယခုလို နှင်းအေးနှင့် ကျွန်တော် စကားနှစ်ယောက် တည်း ပြောနေပုံမျိုးကိုတွေ့လျှင် သဘောမကျသည့် အရိပ်အယောင်များကို ပြသည်။ ပြီးနောက် ဥပါယ် တမျဉ်ငြဖ့် အကြောင်းတစ်ခုခုရှာကာ ကျွန်တော်နှင့် ကွဲကွာသွားအောင် နှင်းအေးအား ခိုင်းစေတတ်သည်။ ယခုတော့မူ နှစ်ယောက်တည်း စကားပြောခွင့်ကိုပင် ပေးထား သည်မဟုတ်ပါလား။ ကျွန်တော် သည် ပြောင်းလဲတတ်သော စိတ်သဘောများကို စဉ်းစားနေမိ သည်။

    “မောင်ဆန်းရေ၊ မင်းအဖေ နေကောင်းရဲ့လား”
    နှင်းအေးနှင့် ကျွန်တော် စကားပြောနေ၍ အချိန် အတော်ကြာသွားလေ ရာ ဒေါ်သန်းမြိုင် ပြန်ရောက်လာပြီး မေးလေသည်။
    “ဟုတ်ကဲ့ ဒေါ်ဒေါ်၊ နေကောင်းပါတယ်”
    “အင်း၊ မင်းတို့ သားအဖ နှစ်ယောက်တည်းကျမှ စီးပွားတော်တော် တက်တယ်နော်။ လယ်တွေ ဘာတွေ ပြန်ပေါ်ပြီလား”
    “ပြန်ဝယ်မယ်ဆိုရင်တော့ ၀ယ်နိုင်ပါတယ်။ ဒါပေမယ့် အဖေက လယ်ပြန်မ၀ယ်သေးဘဲ ငွေကို တိုးသထက် တိုးအောင် လုပ်ဦးမယ်တဲ့”
    “အေး အေး ကောင်းတယ်၊ ငွေရှိရင် ငွေတိုးတာပဲ”
    ကျွန်တော်နှင့် ဒေါ်သန်းမြိုင် စကားပြောနေစဉ် နှင်းအေးသည် ကျွန်တော့်အနီးမှ ထသွား လေတော့သည်။

    “အဒေါ်တို့တော့ကွယ် စီးပွားရေး သိပ်ကိုအဆင်မပြေပါဘူး။ ဒီကြားထဲ နှင်းအေးကို အိမ် ထောင်ချပေးမိတဲ့ အတွက် လဲ အဒေါ့်မှာ တစ်သက်သက် စိတ်မကောင်းဖြစ်နေရတယ်”
    ဒေါ်သန်းမြိုင်က ဤသို့ ပြောသော်လည်း ကျွန်တော်က ဘာမျှပြန်မပြောဘဲ ငြိမ်၍ နားထောင်နေ ပါသည်။ ဒေါ်သန်းမြိုင်သည် ကျွန်တော့်အား စိုက်ကြည့်လိုက်ပြီး သက်ပြင်းကို မသိ မသာရှိုက်ကာ စကားဆက်ပြန်လေသည်။
    “ပိုက်ဆံချမ်းသာတဲ့လူများ စိတ်ကောင်းမရှိကြပါဘူးကွယ်။ အဒေါ်တို့က ကိုယ့်သမီး ကလေးကို ရွှေပေါ်မြတင် မခိုင်းရက်၊ မစေရက်၊ မပြောရက်၊ ထားခဲ့တာမို့လား။ သူတို့ လက်ထဲ လည်းရောက်ရော သူတို့က ငွေဝယ်ကျွန် သဘောမျိုး ခိုင်းကြတယ်။ ပြီး နှင်းအေးယောက်ျားကလည်း ရိုးမလိုလို နဲ့ သောက်လိုက်တ့အရက်၊ ရိုက်လိုက်တဲ့ဖဲ၊ မပြောပါနဲ့ တော့”
    ဒေါ်သန်းမြိုင်သည် ပြောရင်းပြောရင်း ဆို့နင့်သံပါလာသည်နှင့် စကားကို ရပ်ပစ်လိုက် သည်။

    “အင်း၊ အိမ်ကဟာ မလိမ္မာလို့ ငါ့သမီးကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလပ်ဖြစ်ရတယ်”
    ဒေါ်သန်းမြိုင်သည် ဤသို့ပြောပြီး မျက်လုံးအိမ်အတွင်းတွင် မျက်ရည်များ ရစ်ဝိုင်း၍ လာလေသည်။
    “တော်ပြီ တော်ပြီ။ သမီးကို အပြီးအပြတ် ဒီကောင်နဲ့ ကွာခိုင်းပြီး သူနှစ်သက်တဲ့ လူနဲ့ပဲ ပေးစားလိုက်မယ်”
    ဒေါ်သန်းမြိုင် က ဤစကားစုများကို ငိုသံပါနှင့် ပြောလေသည်။ ကျွန်တော့်မှာ ဒေါ်သန်းမြိုင် အားကြည့် ရင်း စိတ်မောနေရ၏။
    ကျွန်တော်သည် စိတ်မောရုံသာမက ဦးနှောက်လည်း ရီဝေလာ၏။ ခေါင်းလည်း ကိုက်လာ သည်။ ထို့ကြောင့် နှင်းအေး အခန်းတွင်းမှ ပြန်ထွက်လာသောအခါ နှင်းအေးနှင့် ဒေါ်သန်းမြိုင်တို့ကို နှုတ်ဆက်ပြီး အိမ် သို့ ပြန်လာခဲ့သည်။
    အိမ်ရောက်လျှင်ရောက်ခြင်း အိပ်ခန်းတွင်းသို့ တန်းဝင်ခဲ့ကာ အိပ်ရာပေါ်၌ ကိုယ်ကိုပစ်လှဲ လိုက်ပြီး နှင်းအေးအကြောင်းကို စဉ်းစားသည်။ ယခုအခါ၌တော့ နှင်းအေးအား ကျွန်တော်အလိုရှိ လျှင် ရနိုင်သော အခြေသို့ရောက်ရှိနေပြီ။ သို့သော် သူမသည် အပျိုစင်မဟုတ်တော့၊ တစ်ခုလပ်ဟု ဆိုရမည်ဖြစ်သော်လည်း သူမလင်နှင့် တိတိလင်းလင်း ကွာရှင်းပြီးသည် မဟုတ်သေးပေ။

    နှင်းအေးအား ဟိုတုန်းက ပိုးပန်းကြသော ကာလသား လူပျိုများသည် ယခုလိုနှင်းအေး တစ်ခုလပ်ဖြစ် လာသောအခါတွင် အနားသို့လည်း မသီကြ။ စကားတည်းတွင်ပင် ထည့်၍ပြောသူက အလွန်နည်း သည်။ ပြောပြန်လျှင်လည်း “ကောင်းတယ်၊ ငွေမက်တဲ့ကောင်မ ထိပြီမို့လား”ဟူသော ကဲ့ရဲ့ရှုံချ စကားများ သာတည်း။
    ဘယ်ကာလသား လူပျိုတစ်ဦးတစ်ယောက်မှ စိတ်မ၀င်စားလောက်အောင် နှင်းအေး၏ ဂုဏ်သိက္ခာက ကျဆင်းနေ သည်။ ကျွန်တော့်မှာ အပျိုတော်များများက စိတ်ဝင်စားခြင်းခံရသည်။ အမျိုးသမီးတို့၏ မိဘများ က သဘောတူသည်။ ဤလို နှင်းအေးကျချိန်နှင့် ကျွန်တော်တက်ချိန်တွင် ဖြစ်လေသည်။ အမှန်မှာ ကျွန်တော့်အနေနှင့် နှင်းအေးအား စိတ်ကူးတည်း၌ပင် ထည့်၍စဉ်းစား စရာမလိုသော အချိန်ဖြစ်သည်။ ဒါပေမယ့် ကျွန်တော် နှင်းအေးအကြောင်းကို စဉ်းစားနေရသည်။ နှင်းအေးသည် ကျွန်တော်၏ အသည်းစွဲ ချစ်ခဲ့သူပင် မဟုတ်ပါလား။ ကျွန်တော်ချစ်သော နှင်းအေး ကျဆင်းနေချိန်၌ မြင့်တက်နေသော ကျွန်တော်က လျစ်လျူရှုကာ ဥပက္ခာမလုပ်သင့်ဟု ထင်သည်။
    အကယ်၍ ကျွန်တော်သဘောနှင့်သာ ဆုံးဖြတ်ရလျှင် ဘာပဲဖြစ်ဖြစ် နှင်းအေးအား ကျွန်တော် လက်ထပ်နိုင်သည်။ ပေါင်းသင်းနိုင်သည်။ ဒါပေမယ့် ကျွန်တော့်တွင် အဖေရှိသေးသည်။ အဖွားရှိသေးသည်။ အဖွားလေး၊ အဖိုးလေးတို့အပြင် ပတ်ဝန်းကျင်၌ တိုင်ပင်ရမည့်သူများရှိကြပေ သေးသည်။

    ပထမဦးဆုံး ကျွန်တော် ကိုသန်းမောင်၏ညီ ကျွန်တော်နှင့်ညီ တစ်ဝမ်းကွဲတော်သူ မောင်အုန်းမောင်ကို တိုင်ပင်ကြည့်သည်။ မောင်အုန်းမောင်က ကန့်ကွက်၏။
    “သူများစွန့်ပစ်လိုက်တဲ့ ပစ္စည်းတစ်ခုကို မင်းလိုလူတစ်ယောက်က ကောက်ယူရမယ်ဆိုတာ မကောင်း ပါဘူးကွာ။ မင်းရဲ့ ဂုဏ်သိက္ခာသာမကဘူး၊ တို့တစ်မျိုးလုံးရဲ့ ဂုဏ်သိက္ခကိုပါ ထိခိုက်လိမ့်မယ်”
    မောင်အုန်းမောင်၏ အကြောင်းပြချက်မှာ မှန်သည်။ ကျွန်တော်မှာ ရွာ၌ရှိသော ဂုဏ်သရေရှိ အပျိုချော တစ်ယောက်ယောက်ကို ခေါင်းခေါက်၍ လက်ထပ်ယူနိုင်သော အချိန်တွင် နှင်းအေးလို ကျဆင်းနေသော တစ်လင်ကွာ အမျိုးသမီး ကို လက်ထပ်လိုက်ပါက မိဘဆွေမျိုးများပင် ဂုဏ်ငယ်နိုင်စရာဖြစ်ပေသည်။ သို့သော် ကျွန်တော် က အုန်းမောင်၏ ကန့်ကွက် ချက်ကို လက်မခံလိုပါ။

    ထိုအကြောင်းကို အဖေ၊ အဖွားနှင့် အဖွားလေး၊ အဖိုးလေးတို့အား တိုင်ပင်သည်။ အိမ် ထောင်ရေး၌ လွတ်လပ်ခွင့်ပေး လိုသော အဖိုးလေး တစ်ယောက်ကသာ သဘောတူပြီး ကျန်လူ များက အပြင်းအထန် ကန့်ကွက်ကြသည်။ အဖေသည် အသည်းဆုံးဖြတ်၏။
    “ဟေ့၊ သူတို့ အခြေအနေ ကောင်းနေတုန်းက မင်းကို ဖုတ်လေတဲ့ငါးပိ ရှိလေတယ်မှ သဘော မထားကြဘဲဥစ္စာ။ မင်းက ဘာပြုလို့ ပြန်ဆက်ဆံချင်တာလဲ” ဟုပင် ဒေါနှင့်မောနှင့် ပြောပါ သည်။
    ကျွန်တော့်မှာ နှင်းအေးအတွက်နှင့် စိတ်ဆင်းရဲရပြန်ပြီ။ နှင်းအေးအား ကျွန်တော်ချစ်သည်။ ကျွန်တော့် အချစ်၌ ပျို၊ အို၊ ဂုဏ်မြင့်၊ ဂုဏ်နိမ့်ခွဲခြားမှုမရှိ။ ဒါပေမယ့် ကျွန်တော့် ပတ်ဝန်းကျင်မှာ ကျွန်တော်ကဲ့သို့ မဟုတ်ပါချေ။ သူတို့သည် အခြားလူသားများလိုပင် မာနရှိကြသည်။ အဆင့်အတန်း ခွဲလိုကြသည်။

    ကျွန်တော့်မှာ နှင်းအေးတို့အိမ်သို့ ခပ်မှန်မှန်ပင် ၀င်ထွက်သွားလာနေ ခဲ့ သည်။ နှင်းအေးရော ဒေါ်သန်းမြိုင်ပါ ကျွန်တော့်အား အရေးတယူ ဂရုတစိုက် ရှိကြသည်။ ရွာမှ အတင်း အဖျင်းပြော တတ်သူများသည် ကျွန်တော် သူများစွန့်ပစ်ထားသော အုန်းမှုတ်ခွက်ကို ကောက်တော့ မည်ဟု သတင်း စကားဖြန့်ကြသည်။ အဖေနှင့် အဖွားလေးတို့သည် ကျွန်တော့်အား နှင်းအေးအိမ် မသွားဖို့ ကန့်ကွက်ကြ သည်။ ထိုကန့်ကွက်ချက်ကိုတော့ ကျွန်တော် လက်မခံနိုင်။ ကျွန်တော့်အဖို့ နှင်းအေးနှင့် လက်မထပ် ရသည့်တိုင် နှင်းအေး၏ အလှကို ရှုကြည့်ရင်း နှစ်သိမ့်နေရပါသည်။

    တစ်ခါတစ်ခါတွင် ကျွန်တော့်မှာ နှင်းအေးအား ဇွတ်လက်ထပ်ချင်စိတ် ဖြစ်ပေါ်လာမိသည်။ မိဘများက စွန့်လွှတ် လိုပါက စွန့်လွှတ်ပါစေ။ ပတ်ဝန်းကျင်က ရှုတ်ချပါစေ။ ကျွန်တော် ဂရုမစိုက်လို။ ကျွန်တော့်အဖို့ တစ်ခု ခက်နေသည်က နှင်းအေးသည် သူမ လင်ယောက်ျားနှင့် တရား ၀င်ကွာရှင်းပြီးခြင်း မရှိသေးခြင်း ပင် ဖြစ်လေသည်။ ဒေါ်သန်းမြိုင်နှင့် နှင်းအေးတို့သည် တရားဝင် ကွာရှင်းနိုင်ရေးအတွက် ကြိုးပမ်းကြသော် လည်း နှင်းအေးယောက်ျားက ကွာမပေးဘဲ ကပ်နေ သည်။
    နှင်းအေးယောက်ျားသည် ကွာမပေးရုံသာမက လူမိုက်များကိုပင် ငွေပေး၍ ကျွန်တော့်အား သတ်ခိုင်း သည်။ ဒါကို ကျွန်တော် သိသော်လည်း နှင်းအေးတို့အိမ်သို့ ၀င်မြဲထွက်မြဲပင် လုပ်နေခဲ့ သည်။
    မြနှစ် သည် သူမနှင့်စပ်ထားသော တောခေါင်းနှင့် လက်ထပ်။ ထိုအကြောင်းကို စကားစပ် မိသော အခါ နှင်းအေးက မြနှစ်အား သနားကြောင်းပြောသည်။

    “မြနှစ်ကို ကိုယ်ချင်းစာပြီး သနားမိတယ်။ လောကမှာ ကိုယ့်ချစ်သူမဟုတ်ဘဲ လင်တော် ရတာဟာ စိတ် အဆင်းရဲဆုံးပဲ။ တကယ်လို့ ငါနောက်အိမ်ထောင်ပြုလို့ သမီးလေးများမွေးရင် သူချစ်တဲ့လူကိုပဲ ပေးစားမယ်။ ဘာကောင်ဖြစ်ဖြစ်”
    “နင်က နောက်အိမ်ထောင်ပြုဖို့များ စဉ်းစားသေးသလား”
    ကျွန်တော်က သူမအား ပြုံးကြည့်ရင်း မေးလိုက်သည်။
    “အို၊ ကိုယ်ချစ်တဲ့လူနဲ့ဆို ပြုဦးမှာပေါ့။ အိမ်ထောင်သာ ကျခဲ့ရတယ်။ အချစ်အရသာကို ဘာမှ မခံစားရသေးဘူးပဲလို့”
    “နင့်မှာ ချစ်တဲ့သူကော ရှိသလား”
    “ရှိတာပေါ့ဟ။ ဒါပေမယ့် သူက ငါ့ကို တစ်ခါမှ ချစ်စကားစမပြောလို့ ခက်နေတာ”
    နှင်းအေးက ကျွန်တော့်အား မျက်လွှာပင့်ကြည့်ပြီး ပြောလေသည်။
    “သူကသာ ဆွတ်လိုက်ရင် နင်က ညွတ်လိုက်မှာပဲလား”
    “အို၊ ဘယ်ပြောကောင်းမလဲ။ တစ်ပင်လုံးကို ဖိချလိုက်မယ်။ ဟီး … ဟီး”
    သူမသည် ဤသို့ပြောပြီး မျက်နှာ၌ ရှက်သွေးဖြန်းတက်သွားလေသည်။ ကျွန်တော်က သက်ပြင်း ချလိုက်မိသည်။
    “ခက်တာက နင့်ယောက်ျားနဲ့က မပြတ်မသားဆိုတော့ ဆွတ်တဲ့လူကလဲ ဆွတ်ဝံ့မှာ မဟုတ်ဘူးဟ။ တော်ကြာ မယားခိုးမှုနဲ့ တရားစွဲနေရင် ဒုက္ခ”
    ကျွန်တော်က ဤသို့ပောလိုက်လေရာ နှင်းအေး၏ မျက်နှာလေးမှာ ညှိုးကျသွားရှာလေ သည်။

    “အေးဟယ် ဒီမသာကလဲ၊ လူချင်း အဆင်မပြေလို့ မပေါင်းနိုင်တော့ပါဘူးဆိုတာ ဘာကြောင့်များ ဒီလောက်ကပ်နေရတယ် မသိဘူး”
    နှင်းအေးက ညည်းသံနှင့် ပြောရှာလေသည်။ ကျွန်တော့်မှ နှင်းအေးအား ပို၍ သနား စိတ် ဖြစ်လာမိသည်။ နှင်းအေးမှာ သူမ မိဘများ၏ စီးပွားရေးအခက်အခဲဖြေရှင်းမှု၌ တန်ဆာဝင်၍ ခံနေ ရရှာသော ဒုက္ခသည်ကလေးပင် မဟုတ်ပါလား။ ကျွန်တော်သည် သူမအား ဤ၀ဋ်ကြွေးမှ လွတ် မြောက်အာင် ကယ်တင်လိုလှပေသည်။ ဒါပေမယ့် ကျွန်တော့်မှာ မယားခိုးအဖြစ် အကျော်ဒေးယျ ဖြစ်လောက်အောင် သတ္တိမရှိခဲ့ပါချေ။
    နှင်းအေး  ကျွန်တော့်အဖို့ သဲပြင်ထဲမှ ဒိန်ခဲဖြစ်နေသည်။ ဟုတ်ပါ၏။ ပစ်ရမှာလည်း အဆီ နှင့်ဝင်းဝင်း။ စားရမှာလည်း သဲနှင့်ရှပ်ရှပ်ပါတကား။
    ကျွန်တော်သည် သက်ပြင်းကို အကြိမ်ကြိမ်ချရင်းနှင့်ပင် သူမအား နှုတ်ဆက်ပြီး နေအိမ်သို့ ပြန်ခဲ့ရသည်။

    ကျွန်တော့်အဖို့ သောကရောက်စရာများက ပိုမိုဆင့်ကဲ လာပြန်တော့သည်။ နှင်းအေး ယောက်ျားက ကျွန်တော့်အား သတ်ဖို့ ဖြတ်ဖို့ ကြံလာသောသတင်းကို အဖေကြားရသောအခါ အဖေသည် ကျွန်တော့်ကို အမြန်ဆုံး နေရာချထားပေးရန် စိုင်းပြင်းပါလေတော့သည်။
    ထိုအတွင်းတွင် ရွှေဆိုင်ရှင်၏ သမီး ခင်စန်းကြည်သည် အဖွားလေးမှတစ်ဆင့် ကျွန်တော် နှင့် စပ်စားလာ သည်။ အဖွားလေးနှင့် အဖေမှာ ဆွေ့ဆွေ့ခုန်မတတ် ခင်စန်းကြည်နှင့် ကျွန်တော့် အား သဘော တူကြလေသည်။ အဖေနှင့် အဖွားလေးတို့သည် ကျွန်တော့်ကိုပင် တိုင်ပင်ခြင်းမပြုဘဲ ထိုစပ်ဟပ်ချက်ကို သူတို့သဘောနှင့်သူတို့ လက်ခံလိုက်ကြလေသည်။
    “ဟာ အဖေတို့ ကျွန်တော့်ကို ဘာမှမပြောဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်တာတော့ မကောင်းဘူး”
    ကျွန်တော်က  အပြစ်တင်စကား ဆိုလိုက်လေရာ အဖေသည် အလွန်ဒေါပွသွား၏။

    “အံမာ မင်းကပဲ အပြစ်တင်ရတယ်ရှိသေးသလား။ ဒီကလေးမလေးကို ငါသဘောကျနေ တာကြာလှပြီ။ သူတို့က တို့ထက် ချမ်းသာတဲ့အပြင် ရွာပေါ်မှာ သြဇာတိက္ကမ ရှိတဲ့လူတွေမို့ မပြော ရဲလို့နေခဲ့ရတာ။ ခုလို ဖုတ်သွင်းရထားဆိုက်တာကိုမှ ရှောင်ချင်သေးတယ်ဆိုရင် မင်းထက် မိုက်တဲ့ လူဒီလောကမှာ ရှိတော့မယ် မဟုတ်ဘူး”
    “ဟိုတစ်ခါလဲ အဖေသဘောကျလို့ပဲမို့လား။ ယောက်ျားနောက်လိုက်ပြေးသွားလို့ ကျွန်တော် အချောင် ကျန်ရစ်ဖြစ်ခဲ့ရတာ။ ဒီတစ်ခါ …”
    “ဒါက အဲလို မဟုတ်ဘူးကွ။ ကလေးမလေးကိုယ်က မင်းကို သဘောကျတယ်တဲ့”
    ကျွန်တော့်စကား မဆုံးမီ အဖေကဖြတ်၍ ပြောလိုက်ရာ ကျွန်တော့်မှာ သက်ပြင်းကိုသာ ရှိုက်ရှုလိုက်မိပါတော့သည်။ အမှန်တော့ ခင်စန်းကြည်မှာ ကျွန်တော့်ဘက် က ငြင်းစရာကောင်း လောက်သော အမျိုးသမီး တစ်ယောက် မဟုတ်ချေ။ သူမ မိဘများက ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝ ရုံသာ မဟုတ်။ သူမ၏ ရုပ်ဆင်းကလည်း လှပပြေပြစ်ပေသည်။ သူမအသက်မှာ ၁၆ နှစ်ကျော်ကျော် မျှသာ ရှိသေး၍ အသားက ဖြူဖွေးနေသည်။ ကိုယ်ထည်မှာ ခပ်လုံးလုံးရှိ၍ မျက်နှာ နည်းနည်းကောက် သည်မှလွဲလျှင် ကြည့်ကောင်းသူဖြစ်လေသည်။ အ၀တ်အစား ပြောင်လက် ၍ ရွှေတွေ များများ ၀တ်နိုင်ခြင်းတို့ကြောင့်လည်း ပို၍ထင်ပေါ်နေရလေသည်။ ရွာရှိ ကာလသားများမှာ သူမကိုသာ ရမည် ဆိုက အချိန်မရွေး လက်ထပ်ကြဖို့ ရှိနေကြသည်။

    အကယ်၍ နှင်းအေးသာ သူမယောက်ျားနှင့် အတူရှိနေသေးမည်ဆိုက ကျွန်တော်သည် ခင်စန်းကြည်အား အလွယ်နှင့်ပင် လက်ထပ်ဖို့ သဘောတူမိပေမည်။ ယခုတော့မူ ကျွန်တော်ချစ် သော နှင်းအေးမှလွဲ၍ မည်သူ့အားမျှ လက်မထပ်လိုတော့ပါ။
    ကျွန်တော်မှာ စိတ်ဆင်းရဲ ပင်ပန်းလှ၏။ ထိုအထဲတွင် ကျွန်တော်နှင့် ခင်စန်းကြည်တို့ လူကြီးချင်း စပ်စားပြီးကြပြီ ဟူသော သတင်းမှာလည်း တစ်ရွာလုံး ပျံ့နှံ့သွားလေသည်။
    “မောင်ဆန်း၊ နင် အိမ်ထောင်ပြုတော့မယ်ဆို”
    တစ်ည ကျွန်တော် နှင်းအေးထံသို့ ရောက်ရှိသွားလေရာ နှင်းအေးက နွမ်းလှညှိုးငယ်သော မျက်နှာနှင့် ဆီး၍မေးလေသည်။
    လူကြီးတွေက လုပ်နေကြတာပါဟာ။ ငါအနေနဲ့တော့ ဘာမှ မဆုံးဖြတ်နိုင်သေးပါဘူး”
    ကျွန်တော်ကလည်း စိတ်ပျက်စွာနှင့်ပင် ပြန်၍ ပြောလိုက်ပါသည်။

    “နင် ကံကောင်းပါတယ်ဟယ်။ ခင်စန်းကြည်က လှလည်းလှ၊ သူ့မိဘတွေကလဲ ချမ်းသာ ဆိုတော့”
    “တော်တော် နှင်းအေး။ အချစ် ဆိုတာ လှတာ ချမ်းသာတာနဲ့ မဆိုင်ဘူးဆိုတာ  နင် အသိဆုံး”
    ကျွန်တော်က စိတ်ဆိုးစွာပင် အော်ငေါက်ပြောမိပါသည်။ နှင်းအေးသည် ဘာမျှမပြောတော့ ဘဲ ခေါင်းကလေးငဲ့ကာ ဖျာကို လက်သဲနှင့် ကုတ်ခြစ်နေလေသည်။
    “တောက်၊ ငါ့ဘ၀ကိုက အဆင်မပြေချင်လှပါဘူး နှင်းအေးရာ၊ ငါ ဒီရွာက အမြန်ဆုံး ထွက် ပြေးသွားချင်ပါပြီ”
    ကျွန်တော်က တောက်ခေါက်၍ ညည်းညူလိုက်လေရာ နှင်းအေးသည် ခေါင်းကလေး မော့ ထောင်လာပြီး မျက်လွှာ ပင့်၍ ကျွန်တော့်ကို ကြည့်သည်တွင် သူမမျက်လုံးအိမ်၌ မျက်ရည် များ ပြည့်လျှံနေသည် ကို မြင်တွေ့ရသောကြောင့် ကျွန်တော့်ရင်မှာလည်း ဆို့နင့်၍ သွားရတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, April 26, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၃)

 ကျွန်တော့်တွင် အမေအဖေ အဘိုးအဘွားနှင့် အဘွားလေး အဘိုးလေးဟူ၍ ကျွန်တော် ချစ်ခင်သော လူများသည် ဤကမ္ဘာ၌ ၆ ယောက်တည်းသာ ရှိလေသည်။ ထို ၆ ယောက်က ကျွန်တော့် အပေါ် အသည်းစွဲ ချစ်သလို ထို ၆ ယောက်ကိုလည်း ကျွန်တော်က ချစ်ခင်လှပါသည်။ သို့သော် ကျွန်တော်သည် ကျွန်တော်ချစ်မြတ်နိုးသော လူ ၆ ဦးနှင့်တစ်ကြိမ်မျှ တစ်စုတည်း တစ် ပေါင်းတည်း နေခဲ့ရသည်ဟု မရှိတတ်ပါ။ မှန်ပါ၏။ ထို ၆ ဦးမှာ ၂ ဦးလျှင် တစ် အိမ်ထောင်စီ ဖြစ်ကြ သောကြောင့် အိမ်ထောင်စု သုံးစုကွဲလျက် ရှိနေကာ လုပ်ကိုင်နေ ထိုင်ရာ ဒေသချင်းမှာလည်း ဝေး ကွာကြပေသည်။
အဖေနှင့် အမေသည် ရွာ၏ အနောက်ဘက် ရွာနှင့် ၃ မိုင်လောက်ကွာဝေးသော ဥယျာဉ် ချောင်းခေါ် ချောင်းကလေးဘေးတွင် လယ်အလုပ်ကို လုပ်ကိုင်နေကြသည်။ ကျွန်တော့် အား မွေး ဖွားသည်မှာ ပင် ထိုလယ်တဲ၌ ဖြစ်လေသည်။
ကို ဆက်ဖတ်ရန် .........

ကျွန်တော်၏ အဘိုးနှင့်အဘွားမှာ ရွာ၏ မြောက်ဘက်ရွာနှင့် ၂ မိုင်ကျော်ကျော်ဝေးသော ခုံကြီးခေါ်အရပ်နှင့် ငမိုးရိပ်ကမ်းခြေတွင် လယ်အလုပ်ကို လုပ်ကိုင်နေကြသည်။ အဘွားလေးနှင့် အဘိုးလေးမှာ ထိုခုံကြီးအရပ်တွင်ပင် ဖြစ်သော်လည်း အဘိုးအဘွားတို့ လယ်တဲနှင့် သူတို့လယ်တဲ မှာ တစ်မိုင်ခွဲခန့် ကွာဝေးလေသည်။ သူတို့သည်လည်း ငမိုးရိပ်၏ ကမ်းစပ်တွင်ပင် လယ်တဲဆောက် လုပ်၍ လယ်အလုပ်ကို လုပ်ကိုင်ကြလေသည်။ ထို့ကြောင့် ကျွန်တော့်မှာ ငယ်စဉ်သိတတ်သည့် အရွယ်ကပင် တစ်လလျှင် အဖေ အမေထံတွင် ဆယ်ရက်၊ အဘိုးအဘွား ထံတွင် ဆယ်ရက်၊ အဘိုးလေး အဘွားလေးထံတွင် ဆယ်ရက်စီ လှည့်လည်၍ နေထိုင်ခဲ့ရပါသည်။

    ယင်းသို့ နေထိုင်ခဲ့ရာမှ အမေ အဖေ့ထံမှ အဘွားလာရောက်ခေါ်သွားစတွင် အဘွားနှင့် အဘိုးကို၎င်း၊ အဖေအမေ ကို၎င်း၊ လွမ်း၍ငိုရသည်။ အဘိုးလေး အဘွားလေးတို့ထံမှ အမေက လာခေါ်ပြန်လျှင်လည်း အဘိုးလေး အဘွားလေးနှင့် အဘွားအဘိုးများကို လွမ်း၍ ငိုသည်။ ထိုသို့ ဖြင့် ကျွန်တော့်မှာ တစ်လလျှင် အနည်းဆုံးလွမ်း ၍ သုံးခါငိုရစမြဲပင်။
    ကျွန်တော့်အား တစ်အိမ်မှ တစ်အိမ်ကလာ၍ ခေါ်လေတိုင်း ကျန်ရစ်ခဲ့သော လူကြီးများမှာ လည်း မျက်နှာ မရွှင်မလန်းနှင့် ဖြစ်ကျန်ခဲ့ကြလေသည်။ အထူးသဖြင့် ကျွန်တော်သည် အဘိုးနှင့် နေရသည်ကို အပျော်ပိုက် ဆုံးဖြစ်သည်။ အဘိုးသည် ဇာတ်နိပါတ် ရာဇ၀င်နှင့် ပုံပြင်များကို ညစဉ် ညတိုင်း ပြောပြပြီး ကျွန်တော့်အား သိပ်လေသောကြောင့်ပင်။

    အမေနှင့် အဘွားတို့မှာ စာတတ်သူများ မဟုတ်ကြ။ အဖေသည် တရားဓမ္မ၌ ၀ါသနာထုံ သူဖြစ်၍ ကျွန်တော့် အား ထွဋ်ခေါင်ဆရာတော်၏ သ့ဝေဂသံပေါက်များ၊ “ယံမင်္ဂလာ”အစရှိသော မင်္ဂလာသုတ် ပါဠိများကို နှုတ်တိုက် သင်ပေးထားဘူးလေရာ ညဘက်တွင် တစ်ရပ်တစ်ရွာမှ ညအိပ် လာရောက် ကောက်စိုက်ကြသော ကောက်စိုက်မများအား ကျွန်တော်က ဆို၍ပြလေရာ ကောက် စိုက်သမ များ က အလုပ်ရှင်၏ သားဖြစ်၍လားမသိ ကျွန်တော့်အား ချီးကျူးစကားဆိုကြလေသည်။

    အဘိုးလေး အဘွားလေးတို့မှာ ကျွန်တော့်အား အစားအစာကောင်းများကျွေးသည်။ ကစား စရာများကို ဖန်တီး လုပ်ကိုင်ပေးသည်။ ထို့ကြောင့် ကျွန်တော့်မှာ တစ်အိမ်တွင် တစ်မျိုး ပျော်ပိုက် ခဲ့ရပါ၏။
    ကျွန်တော် မူလတန်းကျောင်းရောက်၍ တစ်လကျော်ခန့်ကြာသောအခါ အဖေသည် ကျွန်တော့်အား ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ပြောင်း၍ ထားပြန်သည်။ ကျွန်တော်သတိရသည် မှာ မူလတန်းကျောင်းအုပ် ဆရာသည် ကျောင်းသားများအား ပညာကောင်းစွာ သင်မပေးဘဲ ဖဲရိုက်နေတက်သောကြောင့် တစ်ကြောင်း၊ ရွာဦးကျောင်းဘုန်းတော်ကြီးကျောင်းမှာ အစိုးရ အသိအမှတ်ပြုသော ကျောင်း မဟုတ်သော် လည်း ဦးပဉ္စင်းတစ်ပါးက အစိုးရကျောင်းကဲ့သို့ပင် လောကီစာပေများကို သင်ကြားပေးသောကြောင့် ဟုပင် ဖြစ်လေသည်။

    မိုးတွင်းလေးလ၌ ကျွန်တော်သည် အဘွားလေးနှင့် နှစ်လ အဘွားနှင့် နှစ်လနေခဲ့ရပါ၏။ ထိုလေးလအတွင်း ကျွန်တော်သည် လောကုတ္တရာ စာပေ၌ အောင်ခြင်းရှစ်ပါးအထိ သင် ၍ လောကီစာပေ၌ ပထမတန်းဖတ်စာနှင့် အပေါင်းအနှုတ်များ ကို တတ်မြောက်ခဲ့ပါသည်။
    သီတင်ကျွတ် ကျောင်းပိတ်ရက် ကုန်ဆုံးပြီးသောအခါ ကျွန်တော်တို့အား လောကီစာပေ သင်ကြားပေးသော ဦပဉ္စင်းကြီးမှာ ဒကာဒကာမများနှင့် ကောင်းစွာမသင့်သဖြင့် ဘုရားကုန်း ရွာသို့ ပြောင်းရွှေ့ သွားလေသည်။ ဘုရားကုန်းရွာမှာ ကျွန်တော်တို့ ဖောင်ကြီးရွာနှင့် ဆိုလျှင် ၃မိုင် ခွဲခန့် ကွာဝေး ၏။

    ရွာဦးကျောင်းတွင် နေခဲ့ရာ၌ ကျွန်တော်တို့မှာ လောကုတ္တရာ စာပေကိုသာ အနည်းအပါး သင်ရပြီးနောက် ဆော့ကစား၍ ၄င်း၊ ဆွမ်းအိုးထမ်းသပိတ်ပိုက် ဘုန်းတော်ကြီးများနှင့် အလှူ လိုက် ဖြင့် တစ်ဆောင်း တစ်နွေကုန်ခဲ့ရလေတော့သည်။
    အဖေသည် ကျွန်တော်၏ ပညာသင်ကြားရသော အခြေအနေကို သိသောအခါ အားမလို အားမရ ရှိနေလေ သည်။ သို့သော်လည်း ဘုရားကုန်းကျောင်းသို့ ပြောင်းထားရန်ကို အဘိုးလေးမှ အပ အားလုံးက ကန့်ကွက်ကြသောကြောင့် အဖေသည် ဘာမျှမတတ်နိုင်ရှာဘဲ နေရ၏။ ရွာမှ မူလ တန်းကျောင်းသည်လည်း ဆရာ ၏ အကျင့်ပျက်မှုကြောင့် အစိုးရက ကျောင်းပါဖျက်၍ ပစ်လိုက်လေ ပြီ။
    “ဒီလို လောကုတ္တရာစာပေ မတောက်တစ်ခေါက် သင်နေလို့တော့ ကျောင်းထားလဲ အပို ပါပဲ။ ဒီလောက်တော့ အိမ် မှာပဲ ကိုယ့်ဟာကိုယ် သင်ပေးတော့မယ်”
    တစ်နေ့တွင် အဖေက ဤသို့ပြောပြီး ကျွန်တော့်အား ကျောင်းမှ နှုတ်လိုက်သည်။ ပြီးနောက် အိမ်တွင် နမက္ကာရ၊ ရတနာ ရွှေချိုင့်စသည်တို့ကို သင်ပြပေးလေသည်။

    ကျွန်တော်မှာ ယခင်ငယ်စဉ်ကကဲ့သို့ပင် ၃ အိမ်ထောင်၌ လှည့်လည်၍ နေခဲ့ပြန်လေသည်။ ကျွန်တော့်အသက် ၁၂ နှစ်ကျော်ကျော် အရွယ်တွင် ရှင်ပြု၏။ မိုးတွင်းဘက်၌ ကိုရင်တစ်ဝါ၀တ်ရ လသည်။ ထိုစဉ် ၌ အထက်အညာရေစကြိုမြို့မှ အသားမည်းမည်းနှင့် လူတစ်ယောက် ကျွန်တော် တို့ ကျောင်း သို့ ရောက်ရှိလာလေသည်။ ထိုသူသည် ကျွန်တော်တို့ကျောင်းမှ ကျောင်းသား ကိုရင်များအား အင်္ဂလိပ်စာ သင်ကြားပေး၏။ ကျွန်တော်တို့ ကျောင်းသားကိုရင်များ နှင့်မိဘများမှာ ၀မ်းသာကြရပြန်လေသည်။
    ဆရာသည် ကျောင်းတွင်စား၍ ကျောင်းတွင်နေသည်။ ကျောင်းသားမိဘများသည် ဆရာ အား လစဉ်ငွေများ စုဆောင်းပေးကြသည်။ ထိုဆရာသည် ငွေများကို မသုံးဘဲ စုထားလေသည်။ ၃-လခန့် သင်မိသော အခါ ကျွန်တော်သည် ပရိုင်မာဘုတ်ဝမ်းကို တစ်ဝက်လောက်ရေးနိုင်ဖတ်နိုင်လာ သည်။ ယင်းအချိန် တွင် ဆရာသည် စာအုပ်ဝယ်ရန် ကျောင်းသားများအား ငွေခွဲ၏။ ကျောင်းသား များရော မိဘများ ကပါ အားကျိုးမာန်တက် ငွေထည့်ကြသည်။ ပြီးနောက် ဆရာသည် ရန်ကုန်သို့ စာအုပ် ၀ယ်သွားလေ ရာ ပြန်၍ မလာတော့ပါချေ။

    သီတင်းကျွတ်၍ ရှင်လိင်ပြန်သောအခါ အမေ မကျန်းမာ၍ ကျွန်တော် ကျောင်းမှထွက်ခဲ့ ရပြန်သည်။ အမေ မှာ ချူချာလျ၏။ မကြာခဏ ဖျားနာရုံသာမက ညနေတိုင်း လေနာသောရောဂါ ထ၍နေလေသည်။ ကျွန်တော့် မှာ အိမ်မှုကိစ္စ ဗာဟီရများကို အမေ့အား ကူညီလုပ်ကိုင်ပေးနေရ၏။ ထိုစဉ်တွင် စပါးဈေးများ အလွန်ကျဆင်း သွားတော့ကာ ကျွန်တော့်တို့ပိုင်လယ်များ၊ အဘိုး အဘွားတို့ပိုင် လယ်များ၊ အဘွားလေး အဘိုးလေး တို့ပိုင်သော လယ်များ ချစ်တီးလက်သို့ အပ် လိုက်ကြရလေတော့သည်။
    ယင်းသို့ ရှိသောအခါ ကျွန်တော့် မိဘများသာ ချစ်တီးထံမှ သီးထောက်ခနှင့်ယူ၍ လယ် အလုပ်ကို ဆက်လုပ် သည်။ အဘိုး အဘွားတို့သည် လယ်အလုပ်ကို စွန့်လွှတ်၍ ခြံအလုပ်၊ ကိုင်း အလုပ်များကို လုပ်ကြ ၏။ အဘိုးလေး သည် နွားများကိုရောင်း၍ ကြွေးဆပ်ကာ လျည်းကူးသို့သွား၍ ပုလိပ်လုပ်လေရာ အဘွားလေး ပါ လိုက်ပါ၍ သွားရလေတော့၏။ ထိုစဉ်၌ အဘိုးလေးနှင့် အဘွား လေးတို့မှာ ကျွန်တော့်အား ချစ်သည် မှန်သော်လည်း ခွဲခွာနိုင်ကြပါပြီ။ ဟုတ်ပါ၏။ သူတို့တွင်လည်း သမီးငယ် တစ်ယောက်ရှိ၍ နေလေသည်။

    ကျွန်တော့်မှာ အမေ့အား ကူညီရင်းဖြင့် အဖေသင်ပြပေးသော ပရိတ်ကြီးစာအုပ်နှင့် သဂြိလ်စာအုပ်များကို ကျက်မှတ်သင်ယူနေလေသည်။ ပြီးနောက် ပြဇာတ်ဆန်းစာအုပ်များကိုလည်း ဖတ်သည်။ ဘူရိဒတ် နဂါးမင်း ပြဇာတ်ဆန်း စာအုပ်ကို ဖတ်ရင်းဖြင့် အလမ္ပာယ်နှိပ်စက်ခန်းတွင် ဘူရိဒတ်နဂါးမင်းအား သနားလွန်း ၍ ရှိုက်ငိုခဲ့ရသည်။
    ကျွန်တော့်မှာ ငယ်စဉ်ကပင် အဖော်မရှိ တစ်ယောက်ထီးတည်း နေခဲ့ရသူဖြစ်သောကြောင့် အခြားကလေး သူငယ်များနှင့် ကစားခုန်စားတတ်ခြင်းမရှိခဲ့ပါချေ။ ကျောင်းတွင်နေစဉ်ကလည်း တခြားကလေးများ ကစား ခုန်စားရှိနေစဉ် ကျွန်တော်နှင့် ၀ါသနာတူသူ သုံးလေးယောက်တို့သည် နေရာကောင်းတစ်ခု၌ထိုင်ကာ ပုံတိုပတ်စ များ ရယ်စရာ မောစရာများပြောရင်းဖြင့် အချိန်ကို ကုန် လွန်ခဲ့ပေသည်။

    အဖေသည် ပညာရေးဘက်၌ လိုလားသည် မှန်သော်လည်း စာဖတ်ခြင်းကို အားပေးသူ မဟုတ်ပါချေ။ အထူးသဖြင့် ခေတ်ပေါ် ဇာတ်ဝတ္ထုများကို ဖတ်လျှင်
    “မင်းကွာ အလကားဥစ္စာတွေဖတ်ပြီး အချိန်ဖြုန်းနေတယ်”
ဟု ပြောတတ်ပါလေသည်။
    အမေနှင့် ကျွန်တော့်မှာ စာဖတ်မှုနှင့် တကျက်ကျက်ဖြစ်ကြရသည်။ ကျွန်တော်သည် တွေ့ရာ ကြုံရာစာ ကိုဖတ်၏။ ဖတ်မိလျှင်လည်း တစ်ပုဒ်မဆုံးဘဲ လက်က ချချင်စတ်မရှိပေ။ အမေက ကျွန်တော် စာဖတ်နေဆဲ တွင် တစ်ခုခုကို ခိုင်းသော်လည်း ကျွန်တော်က ထလုပ်မပေးဘဲ ရှိနေတတ်လေရာ အမေ က အော်ငေါက်၍ပင် စာအုပ်များကို ဆွဲယူလွှင့်ပစ်တတ်လေသည်။ ထို အခါ၌ ကျွန်တော်က စိတ်ဆိုးရပြန် သည်။
    နေ့တွင် အမေ့အား ကူညီလုပ်ကိုင်ပေးနေရသောကြောင့် စာမဖတ်ရလျှင် ညဘက်၌ ကျွန်တော်က စာဖတ်သည်။ ထိုအခါတွင် အမေက အိပ်ရေးပျက်သည်။ ဖယောင်းတိုင် ကုန်သည်ဟု ဆူပြန်လေတော့ သည်။ ဆူလျှင်လည်း ဆူချင်စရာပါပေ။ ကျွန်တော် စာဖတ်သည်မှာ စည်းနှင့်ကမ်းနှင့်မဟုတ်။ စာအုပ်တွေ ရှိနေလျှင် တစ်ညလုံး မိုးအလင်းဖတ်သည်။ ထို့ကြောင့် ဖယောင်းတိုင်တွေများစွာကုန်ကာ နောက်နေ့၌ အလုပ်ကောင်းကောင်းမလုပ်နိုင်အောင်ပင် အိပ် ပျက်ခဲ့ရခြင်းဖြစ်လေသည်။

    တကယ်တော့လည်း ကျွန်တော် ဤသို့ စာကို စည်းကမ်းနှင့် မဖတ်နိုင်ခြင်းမှာ အကြောင်း ရှိပါသည်။ ကျွန်တော် တို့ရွာက လူများသည် တိုးတက်ခေတ်မှီသူများ မဟုတ်ကြဘဲ မိရိုးဖလာ လယ် အလုပ်၊ ခြံအလုပ် များ ကိုသာ လုပ်ကိုင် အသက်မွေးသူများလှသဖြင့် ပညာဗဟုသုတကို လိုလားသူ အတော်ရှားပါးပေသည်။ ရိုးရိုး သားသား စိုက်လိုက်မတ်တတ်သာ နေတတ်ကြ၏။
    ကြီးတော်၏ယောက်ျား ဘကြီးရှမ်းသည် မြို့သို့ အရောက်ပေါက်များသည်။ သူကြီး လည်း ဖြစ်ပါသည်။ ခေတ်မီသည်။ မင်းစိုးရာဇာများနှင့် အပေါင်းအသင်းရှိသည်။ အစားအသောက် အနေ အထိုင်မှ စ၍ မြို့ဆန်သည်။ ဗဟုသုတလိုက်စားသည်။ သူသည် အသက် ၆၀ ရွယ်အထိ ၀တ္ထုမဂ္ဂဇင်းများကို ဖတ်သေးသူဖြစ် သည်။ ကြီးတော်မှာလည်း ဘကြီးရှမ်းနှင့် ၀ါသနာတူသည်။ သူကြီးကတော် ပီသ၏။ မင်းကတော် စိုးကတော်များနှင့် ပေါင်းသင်းဆက်ဆံတတ်၏။ တောသူကြီး ကတော်မို့ မညံ့ပေ။ ခေတ်မီလေ သည်။ သူတို့၏သား ကိုသန်းမောင်မှာ လှည်းကူးအင်္ဂလိပ်ကျောင်း တွင် နေရ၏။ သားငယ် အုန်းမောင်မှာ ဘုရားကုန်း ဦးပဉ္ဇင်းတို့ကို ၀ယ်ယူဖတ်ရှုလေရာ တစ်အိမ် သားလုံးစာဖတ်ဝါသနာပါသည်။ ကျွန်တော့်မှာ သူတို့ထံ မှ စာအုပ်များကို ငှားရမ်းဖတ်ရှုရလေရာ အချိန်ဆွဲ၍ စံနစ်တကျ ဖတ်မနေနိုင်ဘဲ ရသည့်အချိန်ကို တအား လု၍သာ ဖတ်ခဲ့ရလေတော့သည်။

    ကျွန်တော် ပထမဆုံး ဖတ်ရသော ခေတ်ပေါ်လုံးချင်းဝတ္ထုမှာ ဆရာမြမျိုးလွင်ရေးသော “တယောသံ” ၀တ္ထုဖြစ် သည်။ ကြီးတော်တို့ အိမ်သားများနှင့် ထိုဝတ္ထုအကြောင်းကို မကြာခဏ စားမြုံ့ပြန်ရသည်။ နေ့စဉ် သတင်းစာ မှ အခန်းဆက် စောင့်ဖတ်ရသော ဆရာကြီး ပီမိုးနင်း၏ “သဲမြညှာ” “၀င်္ကပါကံ”တို့မှာ ကျွန်တော် တို့၏ အသည်းစွဲဖြစ်သည်။ သက်စောင့်မဂ္ဂဇင်းမှ ဆကာကြီး ထိပ်တင်၏ ဟာသ၀တ္ထုတို များကိုလည်း နှစ်သက်သည်။
    အမေသည် တစ်နှစ်ထက် တစ်နှစ်ပို၍ ချူချာလာ၏။ ကျွန်တော်မှာ အိမ်အလုပ် တောက် တိုမယ်ရများ သာမက ထမင်းဟင်းများကိုပါ ချက်ပေးနေရသည်။
    ကျွန်တော်သည် လှည်းကူးကျောင်းမှ ကျောင်းပိတ်၍ ပြန်လာပြီး တသွေးတမွေး ဖြစ်နေသော အကို ကိုသန်းမောင် ကို အားကျသည်။

    “အဖေ၊ ကျွန်တော့်ကို လှည်းကူးကျောင်းမှာ ကျောင်းထားပေးပါ”
    တစ်ညတွင် အဖေ့အား ကျွန်တော်က ပူဆာသည်။
    “အဖေကလဲ လူလေးကို သိပ်ပြီး ပညာတတ်စေချင်ပါတယ်ကွယ်။ ဒါပေမယ့် တို့မှာ ခက် တာက မင်း အတွက် ကျောင်းစရိတ်ကို တတ်နိုင်ပါတယ်။ မင်း ဟိုမှာ နေဖို့ ထိုင်ဖို့ ရင်းရင်းချာချာ မရှိတာက ခက်တယ်”
    အဖေက ညည်းသံနှင့် ပြန်ပြောသည်။
    “ကိုသန်းမောင် နေတဲ့အိမ်မှာပဲ ထမင်းလခပေးပြီး နေမှာပေါ့အဖေရဲ့”
    “အဲဒါက ကိုရှမ်း ရဲ့ ဆွေမျိုးကွ။ တို့နဲ့ လုံးလုံးသိကြတာမှ မဟုတ်ဘဲ။ ပြီးတော့လဲ မင်းမေမေက ကျန်းကျန်း မာမာ မဟုတ်တော့ မင်းကို ခွဲနိုင်မှာ မဟုတ်ဘူး”
    “အို ဘယ်ဖြစ်မလဲ သားရယ်။ အမေက နေ့ သေမလား၊ ညသေမလားဆိုတာမျိုး ဖြစ်နေရတဲ့ ကြားထဲမှာ ငါ့သား ကို တစ်မြို့တစ်ရွာခွဲပို့မထားနိုင်ပါဘူး” အဖေနှင့် ကျွန်တော် ပြောနေ သံကို ကြားရလေရာ အမေ သည် ခါးခါးသီးသီး ၀င်၍ပြောလေသည်။

    “ကျွန်တော် လယ်သမား မလုပ်ချင်ဘူး အမေ။ ကျွန်တော် ပညာတတ်ချင်တယ်။ ပညာ တတ်မှ လယ်သမား မလုပ်ရမှာ”
    ကျွန်တော်က ဤသို့ ပြောလိုက်လေရာ အမေသည် ခေတ္တမျှတွေနေပြီး
    “လယ်သမား မလုပ်ချင်လဲ မင်းကြီးတော့ ကုန်သည်လုပ်ပေါ့ကွယ်။ ကုန်သည်အလုပ်ဆိုတာ ပညာတတ်ဖို့ မလိုပါဘူး။ ရောင်းတတ် ၀ယ်တတ်ရင် ပြီးတာပဲ။ ခုလို မကျန်းမာနေတဲ့အခြေမှာ သားကို အမေ ဘယ်နည်းနဲ့မှ ခွဲမထားနိုင်ဘူးကွယ်”
    အမေ၏ စကားက လမ်းဆုံးနေပြီ။ ဘယ်နည်းနှင့်မျှ စောဒကတက်၍ ရမည်မဟုတ်တော့။ ထို့ကြောင့် ကျွန်တော် လည်း သက်ပြင်းကို ချလျက် အကြံကို လက်လျော့လိုက်ရလေတော့သည်။
    ကိုသန်းမောင်မှာ သူကြီးသားလည်းဖြစ်၊ အင်္ဂလိပ်ကျောင်းသားလည်းဖြစ်၊ ရုပ်ရည်ကလည်း သန့်ပြန့်နေသောကြောင့် ရွာတွင် မျက်နှာပွင့်လန်းလှသည်။ ခေါ်ချင် ပြောချင်သူ များလှသည်။ တစ်ရွာလုံးက ၀ိုင်းချီးမြှောက်ကာ ကောင်းချီးသြဘာ ပေးကြလေသည်။

    ဘကြီးရှမ်းနှင့် ကြီးတော်တို့ကလည်း သားကို အလိုလိုက်ကြသည်။ ကျွန်တော်မှာ ကိုသန်းမောင်၏ အဖြစ်ကို မြင်တွေ့ရသောအခါ ၀မ်းနည်းမိတာ မျက်ရည်များပင် စို့ခဲ့ရလေသည်။ ကျွန်တော့်မှာ ကိုယ့် ဘ၀ကိုယ် ၀မ်းနည်းမိသော်လည်း အားတော့ဖြင့် မလျော့။ ပညာမတတ်သော် လည်း ဗဟုသုတ ရှိသူတစ်ယောက်ဖြစ်အောင် ကြိုးစားမည်ဟု အားခဲကာ တွေ့ကြုံရာ စာအုပ်များ ကိုသာဖိ၍ ဖတ်နေရတော့သည်။
    ကျွန်တော် အသက် ၁၄ နှစ်ကျာ် ၁၅ နှစ်ထဲသို့ ရောက်ရှိလာသောအခါ အဘိုးသည် အသက်ကြီး၍ ခြံအလုပ် ကိုပင် မလုပ်နိုင်သောကြောင့် ခုံကြီးရှိခြံကို စွန့်လွှတ်ကာ ရွာသို့ပြောင်း၍ နေထိုင်ကြသည်။ သို့သော် အဘိုးနှင့် အဘွားသည် ကျွန်တော်တို့၏ အိမ်၌ မနေကြဘဲ အိမ်ကြီးဝင်း ထဲတွင် အိမ်ကလေး တစ်အိမ် ဆောက်လုပ်နေထိုင်ကြလေသည်။

    အဘိုးလေးမှာ လှည်းကူး၌ ခဏခေတ္တသာ နေထိုင်ရပြီး ပုလိပ်အလုပ်နှင့်ပင် အင်းစိန်သို့ ရွှေ့ရလေသည်။ အင်းစိန်ရှိ အဘိုးလေး အဘွားလေးတို့ထံ အလည်လာခဲ့သည်။ မြို့သို့ အရောက် အပေါက် နည်းသူ ဖြစ်သောကြောင့် မြင်မြင်သမျှတို့မှာ နှစ်သက်စရာ မက်မောစရာများချည်းဖြစ်နေ လေသည်။ ကျွန်တော် သည် ရွာသို့ ပြန်လိုစိတ် လုံးဝမရှိတော့ဘဲ မြို့၌သာ ပျော်ပိုက်နေမိသည်။
    ကျွန်တော် အင်းစိန်တွင်နေ၍ ရက်ပေါင်း ၂၀ ခန့်ကြာသောအခါ အမေက လူတစ်ယောက် ကိုလွှတ်၍ အခေါ် ခိုင်းသောကြောင့် မလိုက်ချင် လိုက်ချင်နှင့်ပင် ပြန်လိုက်သွားရလေသည်။ ကျွန်တော်သည် ထိုအချိန် မှ စ၍လည်း တောကို စိတ်အပျက်ကြီးပျက်ကာ မြို့ကို နှစ်သက်ခင်တွယ် နေမိပါတော့သည်။ ကျွန်တော့်မှာ ထိုအချိန်မှစ ၍ စိတ်ပြောင်းလာခဲ့သည်။ ဟုတ်ပါ၏။ ပျင်းရိငြီးငွေ့ ဖါယ်သော လယ်တောကို စိတ်ပျက် လာသည်။ တစ်ယောက်ထီးတည်း လူကြီးမိဘများနှင့် နေရ သည်ကို ငြီးငွေ့လာသည်။ ထို့ကြောင့် နေ့ တွင်သာ လယ်တဲ၌နေလျက် ညဘက်များတွင် ရွာသို့ ပြန်အိပ်လေတော့သည်။

    အမေသည် ကျွန်တော့်အား သူ့အပါးတွင် နေ့ရောညပါရှိ၍ နေစေချင်သည်။ ဒါပေမယ့် လည်း ကျွန်တော်က ဇွတ်ရွာသို့ ပြန်အိပ်သောအခါ အမေမှာလည်း မတားသာဘဲ ရှိနေရှာတော့၏။
    ကျွန်တော့်မှာ တစ်ယောက်ထီးတည်း နေ၇သောဘ၀မှ အဖော်အပေါင်းနှင့် နေရသောဘ၀ကို ခင်တွယ် လာသည်။ ညဘက်တွင် ကာလသမီး ကာလသားများ စု၍ အိပ်ကြသော အိမ်သို့ ကျွန်တော် လည်းရောက်ရှိ၍သွားပေသည်။ ထိုအိမ်မှာ ကျွန်တော်နှင့် ဆွေမျိုး နီးစပ်တော်စပ် ၍ ပျော်ပျော် ပါးပါး နေတတ်ကြသည်။ ညဘက်တွင် ကာလသမီး ကာလသားများစု၍ အုန်းနို့ဆန်ပြုတ်၊ ဂျင်းသုတ်၊ လက်ဖက်နှင့် ရေနွေးကြမ်း စသည်တိုကို လုပ်ကိုင်စားသောက်ကြကာ ထုံးခွေတမ်း ပုဆစ်ပစ်ကြသည်။ ပြီးနောက် ရယ်စရာ မောစရာများကို ပြော၍ တသောသော ရှိနေ တတ်ကြသည်။

    ထိုအိမ်ရှင်သည် သစ်ကုန်သည်များ ဖြစ်ကြ၏။ အိမ်ရှင်ဒေါ်သန်းမြိုင်မှာ ၀တ္ထုဖတ် ၀ါသနာပါသည်။ ပြီးနောက် ထိုအိမ်သို့ လာရောက် အိပ်လေ့ရှိသော အပျိုစင် မခင်မေမှာလည်း စာဖတ်ဝါသနာပါသည်။ မခင်မေ မှာ ရန်ကုန်သို့ မကြာမကြာ သွားရောက်ကာ သူ့အစ်မ၀မ်းကွဲ မင်း ကတော်များထံမှ ၀တ္ထုစာအုပ်၊ မဂ္ဂဇင်း စာအုပ် အဟောင်းများကို သယ်ယူလာတတ်ပေရာ ကျွန်တော့်မှာ ညစဉ်ညတိုင်း စာအုပ်များကို အားရပါးရ ဖတ်ခဲ့ရလေသည်။
    ဒေါ်သန်းမြိုင်နှင့် မခင်မေတို့မှာ ရွာတွင် အတော်စာဖတ်သူများဟု နာမည်ကြီးခဲ့သော် လည်း ကျွန်တော်နှင့်ကျတော့ သူမတို့က အရှုံးပေးရလေသည်။
    “မင်းကိုတော့ တို့မမီဘူးဟေ့။ တို့က ညဆယ့်နှစ်နာရီတစ်ချက်ထက် ပိုမဖတ်နိုင်ဘူး။ မင်းကတော့ ညလုံးပေါက်ကို ဖတ်တာပဲ”
    မခင်မေ သည် နံနက်ခြောက်နာရီခွဲအထိ စာဖတ်နေသေးသော ကျွန်တော့်အား ကြည့်၍ ပြောပါသည်။

    “တစ်ညတလေများ အမေတို့န့ အိပ်ပါဦးလားသားရယ်။ မင်းမလဲ ညတိုင်းပဲ ရွာကို သွားသွားနေရတယ်”
    တစ်ညတွင် အမေကပြောသောကြောင့် ကျွန်တော်သည် အမေ့အား သနားလာသည်နှင့် ထိုညရွာသို့ မသွားတော့ ဘဲ လယ်တဲ၌သာ အိပ်လိုက်လေသည်။
    နောက်တစ်နေ့ ကျွန်တော် ရွာသွား၍ ဒေါ်သန်းမြိုင်တို့ အိမ်သို့ ရောက်ရှိသောအခါ အပေါင်းအသင်း ပျော်ဖော်ပျော်ဖက်များက မနေ့ညက မလာခြင်းအကြောင်းကို မေးကြသဖြင့် ကျွန်တော်က အမေ စိတ်မကောင်းမည်စိုး၍ မလာကြောင်း ပြန်ပြောပြလိုက်ရသည်။
    “နင် မနေ့ညက မလာတော့ ငါ့စိတ်ထဲမှာ တစ်မျိုးကြီးပဲဟဲ့။ နင်ကို အောက်မေ့သလိုလိုနဲ့”
    ဒေါ်သန်းမြိုင်၏ သမီးဖြစ်သူ ကျွန်တော်နှင့် အသက်အရွယ်တူ နှင်းအေးက ဤသို့ပြော လေရာ ကျွန်တော်၏ ရင်ထဲတွင် တစ်မျိုးသောခံစားမှုကို ခံစားလိုက်ရလေသည်။

    ကျွန်တော်သည် တွေးချင်တောချင်လာသည်။ သူက ငါ့ကို ဘာဖြစ်လို့ အောက်မေ့ရတာ လဲ။ ဘာဖြစ်လို့ သူ့စိတ်ထဲမှာ တစ်မျိုးဖြစ်ရတာလဲ။ ကျွန်တော်သည် ဤသို့ တွေးတောရင်းဖြင့် နှင်းအေးအား ရွှန်းရွှန်းစားစား ကြည့်လိုက်သည်။
    နှင်းအေးမှာ ခြောက်လက်မ ဆံတောက်ကြီးကားကား၊ အသားကလည်း ၀ါရွှေရွှေ၊ နှာတံ ပေါ်၍ မျက်လုံးမျက်ခုံး ကလည်း လှပပြတ်သားသည်။ သွားကလေးများက ပုလဲလုံးကလေးများ စီ ထားသလို ဖြူဖွေး ညီညာကာ နှုတ်ခမ်းနှစ်လွှာကလည်း ဆေးမဆိုးဘဲနှင့် နီရဲနေသည်။ ကိုယ်လုံး ကလေးမှာ ခပ်ပြားပြားရှိကာ ခါးကသေးသည်။ ရင်ကလေးနှစ်စုံမှာ မောက်ဖြိုးစပြု၍ နေလေပြီ။ တင်ကလေးကလည်း ခပ်တောင့်တောင့် ခပ်မာမာနှင့် ဖူးစ ပန်းငုံသဖွယ် မက်မောတွယ်တာဖွယ်ရာ ဖြစ်နေတော့သည်။

    ကျွန်တော့်မှာ သူမအား သေချာစွာကြည့်မိတော့မှ ရင်များခုန်၍ လာခဲ့ရတော့သည်။ နှလုံး သားတွင် အမည် မဖော်တတ်သော လှိုင်းဂယက်များက လှုပ်ရှားနေတော့ပြီ။
    ကျွန်တော့်အသက် ၁၆ နှစ်အရွယ်သို့ ရောက်သောအခါတွင် အမေ သေဆုံးသွား၏။ အဘိုး လည်း လွန်ခဲ့သောနှစ်က ဆုံးခဲ့လေပြီ။ အဘွားသည် ကျွန်တော်တို့နှင့်အတူနေ၏။ အိမ်ကလေးကို လည်း ဖျက်ပစ်လိုက်လေပြီ။ အဘွားမှာ အသက်အရွယ်ကြီးလှပြီဖြစ်သောကြောင့် အိမ်ထောင်ထိန်း သိမ်းရေး တာဝန်ကို မယူနိုင်။ ကျွန်တော်သာလျှင် အိမ်ထောင်ထိန်းရတော့သည်။
    “အခုလို မင်းအိမ်ထောင်ကျကျနန ထိန်းနိုင်တာ အဖေ၀မ်းသာပါတယ်ကွာ။ ဒီအတိုင်းသာ ဆိုရင် အဖေလည်း နောက် အိမ်ထောင်ပြုဖို့မလိုပါဘူး”
    အဖေက ကျွန်တော် စနစ်တကျ အိမ်ထောင်ထိန်းသိမ်းပုံ၊ စာရင်းငှား ကောက်စိုက်သမများ ကိုစနစ်တကျ ချက်ပြုတ်ကျွေးမွေးပုံတို့ကို ကြည့်ကာ အားရ၀မ်းသာ ပြောပါလေသည်။

    ထိုအချိန်၌ အဘွားလေးသည် ရွာသို့ပြန်လာကာ စုဆောင်းထားသော ငွေကြေးများနှင့် ကျွန်တော်တို့ အိမ်ကြီးတွင် ကုန်ခြောက်ဆိုင်ဖွင့်၍ ရောင်းချနေလေသည်။ ကျွန်တော်သည် နေ့တွင် သာလယ်တဲ၌ အဖေနှင့်အတူ နေသော်လည်း ညများတွင် ရွာသို့ပြန်လာကာ ဒေါ်သန်းမြိုင်တို့အိမ်၌ စတည်းချလေသည်။ အမှန် အတိုင်း ၀န်ခံရပါမူ ကျွန်တော်သည် နှင်းအေး၏ ရူပါရုံကွန်ယက်၌ ငြိ တွယ်လျက် ရှိနေရပြီဖြစ် ပါသတည်း။
    ကျွန်တော့်မှာ အချိန်ရှိသမျှ နှင်းအေး၏ ချောမောလှပသော ရုပ်ပုံကလေးကို မျက်စိအာရုံ ထဲ၌ ရစ်ဝဲနေကာ သူကလေးကို အစဉ်သတိရနေတတ်ပေသည်။ ထို့ကြောင့်လည်း ညနေသို့ ရောက်လေလျှင် ရွာသို့သွားဖို့ အရေးသာ တွေးတောနေမိသည်။ လုပ်စရာ ကိုင်စရာများကို ညနေသို့ မရောက်ခင် ပြီးနှင့်အောင် ကြိုးစားလုပ်သည်။

    “တစ်ခါတစ်လေများ ရွာမသွားဘဲနေပါဦးလား လူလေးရဲ့။ မင်းမလဲ နေ့တိုင်းပဲ ရွာကိုသွား ရတာ မမောဘူးလား”
    တစ်ညနေ ကျွန်တော် ရွာသို့သွားရန် အ၀တ်အစားလဲနေစဉ် အဖေက ကျွန်တော့်အား ပြုံး စေ့ေ စ့နှင့်ကြည့်ရင်း ပြောလေသည်။
“ညည သူငယ်ချင်းတွေနဲ့ ရယ်ကာမောကာ နေနေကျတော့ ဒီလယ်တဲမှာ ညအိပ်ရမှာ သိပ်ပျင်း တာပဲ အဖေရဲ့”
    “ဟုတ်ပါရဲ့လားကွာ။ မင်း နှင်းအေးကို မျက်စိကျနေတယ်မို့လား။ အဖေ့ကို လိမ်မပြောပါနဲ့ သားရာ။ အဖေ ဟာ ငယ်ရာက ကြီးလာတာပါ”
    အဖေက ဤသို့ပြောလေရာ ကျွန်တော့်မှာ ရှက်စိတ်များ မွှန်ထူသွားပြီး အဖေ့အား ဘာမျှ ပြန်မပြောမိဘဲ ခေါင်းငုံ့၍ နေလိုက်မိလေသည်။
    “နှင်းအေးဟာ မဆိုးပါဘူး။ တို့နဲ့လည်း ဆွေရိပ်မျိုးရိပ် မကောင်းဘူး။

နို့ပြီးတော့ ရုပ်ကလေး ကလည်း ဒီရွာထဲမှာဆိုရင် သူနဲ့ရွယ်တူထဲမှာ သူအချောဆုံးပဲ။ ဒါပေမယ့် သန်းမြိုင်တို့ လှဖေ တို့နဲ့၊ တို့နဲ့က အဆင့်အတန်းချင်း မတူကြဘူး။ သူတိ့က ကုန်သည်၊ တို့က လယ်သမား။ ပြီး တို့ထက် လည်း အခြေအနေ သာတယ်ဆိုပါတော့ကွာ”
    အဖေသည် ဤသို့ ပြောနေရာမှ ကျွန်တော့်အား ကြင်နာသော မျက်လုံးများဖြင့် စိုက်၍ ကြည့်လိုက် ပါသည်။ ပြီးနောက် သက်ပြင်းကို အသာရှိုက်လိုက်ပြီး စကားဆက်၍ ပြောလေ၏။
    “အင်းလေ မင်းတို့ လူငယ်ချင်း မေတ္တာမျှကြရင် အဖေကတော့ သဘောတူမှာပါပဲ။ ဒါပေ မယ့် မင်းတို့ရဲ့ အသက် အရွယ်တွေကလည်း အလွန်ငယ်ကြပါသေးတယ်”
    အဖေက ဤသို့ပြောပြီးနောက် ကျွဲတင်းကုတ်ထဲသို့ ဆင်း၍ သွားလေတော့သဖြင့် ကျွန် တော့်မှာ အ၀တ်အစား လဲပြီး တဲပေါ်မှ ဆင်းလာခဲ့ရသည်။ လမ်းတစ်လျှောက်လုံးတွင်လည်း နှင်းအေးတို့က ကျွန်တော် တို့ထက် အဆင့်အတန်းမြင့်သည်ဟူသော အတွေးကိုသာ တွေး၍ လာခဲ့ မိလေသည်။

    ကျွန်တော်သည် အဖေ့ထံမှ ဤစကား ကြားရပြီးသည့်နောက်၌ နှင်းအေးတို့သားအမိ၏ သဘောထားကို အကဲခတ်ကြည့်ခဲ့သည်။
    နှင်းအေး က ကျွန်တော့်အပေါ်၌ အစစအရာရာ လိုက်လျောသော်လည်း သူ့မိခင် ဒေါ်သန်းမြိုင်မှာ ကျွန်တော်နှင့် နှင်းအေးတို့ ခင်မင်နေသည်ကို လိုလားပုံမရချေ။
    သို့နှင့် နှင်းအေးတို့အိမ်သို့ သွားရဖို့ကို အလိုလိုနေရင်း ကျွန်တော်၏ စိတ်ကရွံ့နေမိသည်။ ထို့ကြောင့်လည်း ကျွန်တော် ရွကိုပင် မသွားတော့ဘဲ လယ်တဲ၌သာ နေခဲ့သည်။ အဖေသည် ကျွန်ော့်အား အကဲခတ်သော မျက်လုံးများဖြင့် မကြာခဏ ကြည့်သည်။ သို့သော် တစ်ကြိမ်တစ်ခါမျှ မေးမြန်းခြင်းမပြုဘဲ ဘာသိဘာသာပင် နေလေသည်။

    ကျွန်တော်သည် လေးရက်တစ်ပတ် ငါးရက်တစ်ပတ် ရွာသို့သွားသော်လည်း နှင်းအေးတို့ အိမ်သို့ မသွားဘဲ နေခဲ့သည်။ ထိုအချိန်၌ အဘိုးလေးသည် ပုလိပ်အလုပ်မှထွက်ကာ ရွာသို့ပြန်လာ သည်။ အဘွားလေး၏ ဈေးဆိုင်မှာလည်း အရောင်းရတွင်ကျယ်လာသည်။ ကုန်ခြောက်များသာမက အ၀တ်အထည် များကိုလည်း ရောင်းလေသည်။ ကျွန်တော်တို့ရွာမှ ကာလ သမီးကာလသားတို့သည် ရင်းနှီးရာအိမ်၌ စု၍ အိပ်တတ်ကြသည့် သဘာဝရှိကြသည်။ ကျွန်တော်၏ အဘွားလေးမှာလည်း ကာလသမီး ကာလသားများ အလိုကို လိုက်တတ်သူဖြစ်သော ကြောင့် ညဘက်တွင် သူ့အိမ်၌ လူများစုပြန်လေသည်။ သို့သော် ဒေါ်သန်းမြိုင် အိမ်တွင် စုကြသော လူများတော့ မဟုတ်ပါ။ ကျွန်တော် နှင်းအေးတို့အိမ်သို့ မရောက်ရသည် မှာ ထိုအကြောင်းလည်း တစ်ချက်ပါပေသည်။

    အဘွားလေးထံတွင် စုကြသော အမျိုးသမီးထဲတွင် နှင်အေးနှင့်ခပ်ဆင်ဆင် မြနှစ်ဆိုသူ အမျိုးသမီးကလေး တစ်ယောက်လည်း ပါရှိပေသည်။ သူမသည် ကျွန်တော်တို့ထက် ဂုဏ်အဆင့် အတန်းနိမ့်သည်။ မြနှစ်၏ မိဘများသည် လယ်သမားများပင် ဖြစ်ကြသော်လည်း ကျွန်တော်တို့ကဲ့ သို့စာရင်းငှား သုံးလေးယောက်နှင့် လုပ်နိုင်သူများ မဟုတ်ကြ။ စပါးဝမ်းစာမှလည်း လုံလောက်စွာမရှိ။ ကျွဲနွားလည်း မရှိသောကြောင့် တစ်တုံးထွန်အတွက်ကိုပင် တခြားသူထံမှ နွားကို ငှားရမ်းထွန်ရလေသည်။ ပြီးနောက် သူမ၏ အဖေမှာလည်း အဖေအရင်းမဟုတ်ဘဲ ပထွေး ဖြစ်သောကြောင့် မြနှစ်မှာ မျက်နှာငယ်လှပေသည်။

    ကျွန်တော်သည် ကိုယ့်ထက် အဆင့်အတန်း နိမ့်ကျသူ မြနှစ်ကလေးအား စိတ်ဝင်စားလာ မိသည်။ နှင်းအေးလို ကိုယ့်ထက် အဆင့်အတန်းမြင့်သူကို လပ်ထပ်မည့်အစား ကိုယ့်ထက်နိမ့်သူ မြနှစ်ကိ လက်ထပ်ရလျှင် ကောင်းလေမည်လားဟု စဉ်းစားကြည့်မိသည်။ သို့သော် မြနှစ်အား ကျွန်တော် မကြိုက်သော အချက်တစ်ချက် ရှိလေသည်။ ထိုအချက်မှာ မြနှစ်သည် နှင်းအေးလို သိမ်မွေ့ခြင်းမရှိဘဲ အပြောကြမ်း၊ အနေကြမ်း၊ အစားကြမ်းထဲက ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် သည် မြနှစ် မှာ အောက်တန်းစား ဆန်လွန်းသည်ဟု ယူဆကာ မနှစ်သက်နိုင်ဘဲ ရှိနေရလေသည်။
    မြနှစ်သည် ကျွန်တော်ကသာ ဆွတ်မည်ဆိုက ညွှတ်ရန် အသင့်ရှိနေသည်ကို ကျွန်တော် သိပါသည်။ သို့သော် ကျွန်တော်သည် စဉ်းစားချိန်ဆ၍ မရနိုင်သောကြောင့် သူမအား ချစ်စကားစ၍ မဆိုဘဲ ခပ်တည်တည် သာ နေခဲ့လေသည်။
    “ဟေ့ လူလေး၊ မင်းမြနှစ် ကို ယူပါလားကွ”

ဆက်ရန်.
>>>ဆက်ဖတ်ရန်>>> >>

Thursday, April 25, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့ အပိုင်း (၂)

အပြင်ဘက်တွင် နေရောင်ရှိန် ထိန်ဝါလင်းလျက် ရှိနေသည်။
    ကျွန်တော် ထိုင်နေသော ကုလားထိုင်မှာ ပူနွေးနေ၏။ တစ်ကိုယ်လုံးမှာလည်း ချွေးတို့ဖြင့် ရွှဲစိုနေပါသည်။ သို့တိုင်လည်း ကျွန်တော်မှာ အေးရိပ်သာကို မရှာနိုင်ဘဲ စာရေးစားပွဲတွင်ထိုင်ကာ တကုတ်ကုတ်ရေးနေ ရပါသည်။
    တစ်ခါတစ်ခါတွင် လေအေးကလေး ပက်ဖြန်းသဖြင့် စိတ်ဝယ်ကြည်လန်းသွားရသော် လည်း တစ်ခါတစ်ခါ တွင် လေပူကြီးက ရိုက်ခတ်လာသောကြောင့် စိတ်ရောလူပါ နွမ်းသွားပြီး စာရေးခြင်းကိုပင် ရပ်နားလိုက် ရပါသည်။
    အပြင်ဘက်သို့ ကြည့်လိုက်ပြန်ပါလျှင် ရော်နွမ်းနေသော သစ်ပင်ငယ်ကလေးများကို မြင်တွေ့ရပါသည်။ မနှစ်တစ်နှစ် ကမှ စိုက်ပျိုးထားခဲ့သော သစ်ပင်ငယ်များသည် မြို့သစ်မှ အပူဒဏ်ကို မငြိမ်းနိုင်ရှာပါချေ။ အိမ်ခေါင်မိုး များသည်လည်း ဖုံများဖြင့် ၀ါကျံနေကြသည်။ သစ်ရွက် မြက်ပင်တို့၏ အရွက်များတွင်လည်း ဖုံများ ကပ်ကာ ရော်မွဲနေကြ၏။ မြူမှုန်တို့သည် လေဟုန်စီးကာ မြို့သစ်ပေါ်တွင် ၀ဲပျံလျက် ရှိနေကြသည်။

    နေရှိန်မှာ တစ်ချိန်ထက်တစ်ချိန် တောက်လောက်ပူပြင်းလာသည်။ အိမ်၌ ခင်းထားသော ပျဉ်ပြားများပင် ပူချင်လာသည်။ သို့တိုင်လည်း ကျွန်တော်မှာ ကလောင်ကိုလက်မှ မချနိုင်သေးပါ။ ပူသည် လောင်သည်ဟု စာကို မရေးဘဲနေလျှင် ခါနာလွေးဖို့ ခက်ချေမည်။ နေ့ဘက်တွင်ပူ၍  ညဘက်၌ရေးမည်ဟု စိတ်ကူးပြန်တော့လည်း ပူအိုက်သည်ကတစ် ကြောင်း၊ ခြင်ကိုက်သည်တစ်ကြောင်းကြောင့် မရေးနိုင်ပြန်ပါ။ အကယ်၍ ပူအိုက်သည်၊ ခြင်ကိုက်သည်ကို  ဂရုမထားဘဲ ဇွတ်နှစ်ရေးမည်ဆိုအံ့၊ ညဘက်အိပ်ရေးပျက် မခံဝံ့သော အဖြစ်က ရှိနေသည်။

    ကျွန်တော်၏ စာရေးဆရာဘ၀မှာ ပတ်ဝန်းကျင်ကို အစဉ်အမြဲတိုက်ခိုက်နေရပါသည်။ ဟုတ်ပါ၏။ ကျွန်တော် တို့ အိမ်ထောင်စုမှာ လူဦးရေက အတော်များသည်။ မခင်စိန်၏ အဖေနှင့် အမေ၊ ပြီးနောက် မခင်စိန်၏ သမီးက ၂ယောက်ရှိသည်။ မခင်စိန်၏ သမီးအကြီိးမှာ နတ်နွယ်နှင့် အိမ်ထောင်ကျ၍ အဘိုးအဘွားများနှင့် တစ်အိုးစားသည်။ သူတို့တွင် ကလေး၃ယောက်ရှိ၏။ မခင်စိန်၏ သမီးအငယ်မှာ လင်နှင့် ကွဲပြီး ကျွန်တော်တို့နှင့် အတူစားသည်၊ အတူနေသည်။ သူ့တွင် ကလေးတစ်ယောက်ရှိသည်။ ကျွန်တော့်တွင် မခင်စိန်နှင့် ရသော သမီးငယ် ၂ယောက်နှင့် မွေးခါစ သားငယ်ကလေးရှိသည်။ ကွင်းကျောင်းလမ်း အိမ်ကိုဖျက်၍ မြောက်ဥက္ကလာသို့ ပြောင်းလာရသောအခါ ပေ ၄၀၊ ပေ ၆၀ မြေကွက်ကို ကျွန်တော် တို့ ၂ဦးစပ်က ရရှိကြပါသည်။ ကျွန်တော်တို့ အိမ်ဖျက်ပြောင်းရစဉ် သစ်ဈေး၊ ၀ါးဈေး၊ သံဈေး၊ ဓနိဈေး ကလည်း ကြီးရုံသာမက ရှာဖွေဝယ်၍ပင် မရနိုင်သည်က တစ်ကြောင်း၊ ကျွန်တော် တို့လက်ထဲတွင် ငွေကြေးမပြည့်စုံသည် က တစ်ောကာင်း၊ ပြီးနောက် ကွင်းကျောင်းလမ်းမှာကတည်းက တစ်အိမ် တည်း အတူနေလာကြ သည်က တစ်အိမ်တည်း အတူနေလာကြသည်က တစ်ကြောင်းတို့ကြောင့် ဥက္ကလာပ တွင်လည်း ၂ဦးနေရန် သုံးပင် ၂ခန်း အိမ်ကလေး တစ်အိမ်တည်းကိုသာ စုပေါင်းဆောက်လုပ် နေ ထိုင်ခဲ့ကြ ပါသည်။

    ယင်းသို့ နေထိုင်ရခြင်းကြောင့်လည်း ကျွန်တော်လို စာရေးအသက်မွေးရသူအဖို့ ပတ်ဝန်းကျင်ကို အစဉ်အမြဲ တိုက်ခိုက်တွန်းလှန်နေရခြင်းဖြစ်ပါတော့သည်။ မှန်ပါသည်။ ကျွန်တော် တို့၏ နေအိမ် ကလေးတွင် လူကြီး ၇ယောက်နှင့် ကလေး ၇ယောက်ရှိနေသည်။ လူကြီး ၇ယောက် မှာ ပြဿနာ မဟုတ်သော် လည်း ကလေး၇ယောက်ရှိနေသည်။ လူကြီး ၇ယောက်မှာ ပြဿနာ မဟုတ်သော်လည်း ကလေး ၇ယောက် တို့ကား စာရေးခြင်း၌ များစွာ အနှောင့်အယှက်ပေးနိုင်ကြ သူများဖြစ်လေသည်။
    သူတို့သည် ကလေးတို့ဘာဝ လွတ်လပ်ပျော်ရွှင် မြူးတူးလိုကြသည်။ အဆင်မပြေသော အခါ လွတ်လပ် စွာ အော်ဟစ်ငိုကြွေးကြသည်။ လွတ်လပ်စွာ ခုန်ပေါက်ဆော့ကစားကြသည်။ သို့ကြောင့် ကျွန်တော် တို့ နေအိမ်မှာ အစဉ် အမြဲ ၀ုန်းဒိုင်းကြဲ ဆူညံလျက် ရှိနေပါသည်။
    ကျွန်တော်သည် ထိုဆူညံသော ပတ်ဝန်းကျင်ကို တိုက်ခိုက်တော်လှန်ကာ စာရေးနိုင်စွမ်းရှိ ပါ၏။ သို့သော် နံနက် ၆နာရီမှ စ၍ ည ၉နာရီ ၁၀နာရီအထိ ဆူညံနေသောအိမ်တွင် ညအိပ်ပျက်ခံပါ က အဘယ်သို့ လျှင် နေ့အခါအိပ် ၍ ရနိုင်ပါမည်နည်း။

    အိပ်ပျက်လျှင် ကျန်းမာရေး ထိခိုက်မည်။ မကျန်းမာ၍ စာမရေးနိုင်လျှင် ခါနာပြတ်မည်။ ကျွန်တော်လို စာရေး အသက်မွေးသူများ မှာ ကျန်းမာရေးကို အထူးဂရုစိုက်ကြရမည်။ ကျွန်တော် တို့ အဖို့ ကျန်းမာခြင်း သည် လာဘ်ဖြစ်သည်ဟူသော စကားမှာ တိုက်ရိုက်မှန်ကန်လေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် တို့ စာရေးအသက်မွေးသူများမှာ လက်လုပ်လက်စားများနှင့် ဘာမျှမခြားနား။ နောက်ကြောင်းအတွက် အာမခံချက်မရှိသူများ ဖြစ်ကြလေသည်။ ထို့ကြောင့် မကျန်းမာလျှင် ခါနာပြတ်ကြရလေသည်။
    ကျွန်တော်သည် အခြားသူများ အလုပ်ပိတ်ရက်၌ တစ်နေကုန် စာရေးလေ့ရှိပါသည်။ ကျန်သော ရက်များတွင် မူ နံနက် ၇နာရီမှ ၁၂နာရီအထိ စာရေးစာဖတ်ကာ နေ့လယ်ပိုင်းနှင့် ညနေပိုင်းများတွင် ရန်ကုန်သို့ သွား၍ ငွေကြေးတောင်းခံရှာဖွေရခြင်း၊ ရေးပြီးသော စာမူအတွက် ထုတ်ဝေသူနှင့် စကား ဆိုရခြင်း၊ မိတ်ဆွေစာရေးဆရာများနှင့် တွေ့ဆုံနှီးနှောခြင်းတို့ ပြုလုပ်ရပါ သည်။ ယင်းကြောင့်လည်း တခြားသူများအလုပ်နားသောနေ့မှာ ကျွန်တော့်အတွက် အလုပ်လုပ် သောနေ့ဖြစ်ရပါတော့သည်။

 နွေရာသီ၌ တစ်နေကုန် စာရေးသောအခါတွင် နေမင်း၏အပူဒဏ်ကို အလူးအလဲ ခံရပါ သည်။ ဆောင်းအခါကျပြန်တော့ အအေးဒဏ်နှင့်လေဒဏ်ကို တွန်းလှန်တိုက်ခိုက်ရပြန်ပါ သည်။ မိုးအခါတွင် မူ စာရေး၍ ကောင်းပါ၏။ သို့သော် မြို့သစ်၌ သွားရေးလာရေး မကောင်းပြန်ပါ။ ရွှံ့ဗွက်များက ထူထပ် လှသည်။ ညဥ့်အခါ၌ မီးမရှိသော လမ်းတိုတွင်းသို့ ရွှံ့ဗွက်များကို ရုန်း၍ သွားရသည်။ တကယ်တော့ ကျွန်တော်၏ ဘ၀မှာ သက်ရှိပတ်ဝန်းကျင်ကိုသာမက သက်မဲ့သဘာဝ များကိုလည်း တိုက်ခိုက် တွန်းလှန်နေရပါသည်။
    ယနေ့အဖို့ ၀တ္ထုတိုတစ်ပုဒ်ကို အပြီးရေးမည်ဟု အားခဲထားသည်။ သို့ကြောင့် လည်း ချွေးပြိုက်ပြိုက်ကျအောင် ပူအိုက်နေခြင်းကို ဂရုမထားဘဲ စာကိုသာ ကုန်း၍ ရေးနေခဲ့ပါသည်။

    'မောင့်ကြည့်ရတာ စိတ်မောလိုက်တာကွယ်။ ချွေးတွေကလည်း တစ်ကိုယ်လုံး ရွှဲလို့    ဇနီးသည် က ကော်ဖီ ကို ဖန်ခွက်ဖြင့်ထည့်ကာ စားပွဲပေါ်သို့လာချရင်းပြောပါသည်။ ကျွန်တော်သည် သူမအား ဘာမျှပြန်၍ မပြောဘဲ စာကိုသာ ကုန်းရေးနေသည်။
    'တကယ်ဘဲ၊ မောင့်လုပ်စာစားရတာ ခင်တော့ သိပ်ကို အားနာတာပဲ'
    'အိုကွာ၊ စာရေးနေတုန်း စကားလာမပြောစမ်းပါနဲ့'
    ကျွန်တော် က သူမအား ငေါက်လိုက်သည်။ သို့သော် သူမက မတိတ်ပါလေ။ စကားကို ဆက်၍ ပြောနေပြန် ပါသည်။
    'ဟုတ်တယ် မောင်။ မောင့်စာရေးခ စားရတာ ခင်တော့ သိပ်ကို အားနာတာပဲ။ ကလေး ငယ်နေ လို့။ နို့မဟုတ်ရင် ခင် အရောင်းအ၀ယ် တစ်ခုခုလုပ်ချင်တယ်'
    'အိုကွာ၊ ခင်ကလည်း စာရေးပြီး ထမင်းစားလာတာ ဘယ်လောက်ကြာပြီလဲ။ ခုမှ အဆန်း လုပ်ပြီး ပြောနေရပြန်ပြီ'
    ကျွန်တော်သည် ဖောင်တိန်ကို ရေးလက်စ စာရွက်ပေါ်သို့ ချထားလိုက်ပြီးနောက် ခင့်အား မကျေ မနပ်နှင့် ပြောလိုက်ပါသည်။

    'မဟုတ်ဘူး မောင်။ ရန်ကုန်နေတုန်းကတော့ ရာသီဥတုကလည်း ဒီလောက်မပူပြင်းဘူး။ ပြီး မောင် ကလည်း ညဘက်မှ စာရေးတာများတော့ ဒီလောက်ပင်ပန်းတာကို ခင် မမြင်ခဲ့ရဘူး မဟုတ်လား။ ခု ဒီမှာတော့ ရာသီဥတု ကလည်း သိပ်ပူ၊ ညကျပြန်တော့လည်း အိုက်တာက တစ်မျိုး ခြင်ကိုက်တာက တစ်မျိုး နဲ့ မရေးနိုင်လို့ နေ့ကျမှရေးရတော့ မောင် ပင်ပန်းတာကို ခင် ထင်ထင် ရှားရှားကြီး မြင်နေရ လို့ ပြောတာပါ'
    သူမက ကရုဏာ စေတနာအပြည့်နှင့် ပြောနေပြန်တော့လည်း ကျွန်တော် ဘာမျှ ထပ်၍ မပြောနိုင်တော့ ဘဲ ငြိမ်နေလိုက်ရပါတော့သည်။
    'နားပါဦးလား မောင်ရဲ့။ မနက်ကျမှ ဆက်ရေးပေါ့'
    ကျွန်တော်က ဆေးပြင်းလိပ်ကို မီးညှိရှုဖွာနေစဉ် ဇနီးသည်က ပြောပြန်ပါသည်။
    'နားလို့မဖြစ်ဘူး ခင်ရဲ့။ မနက်ကျတော့လည်း တစ်ကျပ်တန်လုံးချင်း စကိုင်ရဦးမှာဆိုတော့ ဒီနေ့ အပြီးရေးမှ ဖြစ်မှာ'
    'အင်း မောင့်မလဲ နားရတယ်ကို မရှိဘူး။ စာရေးရင်လည်းရေး မရေးပြန်တော့လည်း ရန်ကုန်သွား ပိုက်ဆံ ရှာရ၊ စာရေးဆရာ ကိစ္စ၀ိစ္စလုပ်ရနဲ့'
    ဇနီးသည်ကလည်း ညည်းညည်းတွားတွား ပြောလိုက်ပါသည်။

    'ဒါပေါ့ကွာ။ လူဆိုတာ အသက်ရှင်နေသမျှ လှုပ်ရှားလုပ်ကိုင်နေရမှာပေါ့။ စာရေးဆရာ ကိစ္စ၊ စာပေဟောပြော ပွဲ၊ ဆွေးနွေးပွဲကိစ္စတွေ လုပ်ရတာဟာလဲ ကိုယ့်ကျိုးလည်းပါ သူ့ကျိုးလည်း ရှာဆိုတာ လိုပဲ မောင်တို့ စာရေးဆရာများရဲ့ဘ၀ တိုးတက်လာအောင်၊ စာဖတ်ပရိသတ်တွေ တိုးပွားလာအောင် တစ်ဦး ရဲ့ တစ်ဦး အသိချင်းဖလှယ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ရတာပါပဲ။ လူ့ဘောင်လောကကြီး မှာ အမြင်အားဖြင့် လူတစ်ဦးနဲ့တစ်ဦး ဆက်စပ်မနေပေတဲ့ သဘောအားဖြင့်တော့ ဆက်စပ်နေကြပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် မောင်တို့စာရေးဆရာတွေ ဟာ ကိုယ့်ဘာသာ စာကိုချည်း ကုန်းရေးနေ လို့ မပြီးသေးဘူး။ စာဖတ်သူတွေနဲ့ တွေ့ဆုံပြီး မျက်နှာချင်းဆိုင် ဆွေးနွေးကြဖို့ လိုတယ်။ ဒါမှသာ သူတို့ဆီက အကြံဥာဏ်ကိုရမယ်။ မောင်တို့ မှားနေတာကို သူတို့ က ထောက်ပြ ရင် ပြင်နိုင်မယ်။ မောင်တို့မှန်နေတာကို သူတို့က အမှား လို့ မြင်နေရင် ကျေကျေ လည်လည် ဖြေရှင်းနိုင်ခွင့် ရမယ်။ နောက်တစ်ခုကတော့ ဘ၀တူ အလုပ်တူ လူတန်းစား ချင်း သွေးစည်းညီညွတ်နိုင်ဖို့လိုတယ်။ ရင်ဆိုင်နေရတဲ့ အခက်အခဲ ဘ၀ ပြဿနာတွေကို တစ်ဦးတည်း တစ်ယောက်တည်းဖြေရှင်း လို့မလွယ်ဘူး။ စုပေါင်းဖြေရှင်းမှ ရနိုင် မယ်။ ဒါကြောင့်မို့ စာမရေးတဲ့အခါမှာလည်း စာရေးဆရာအလုပ်၊ စာပေပြန့်ပွားရေး အလုပ်တွေကို လုပ်နေရတာပေါ့'

    ကျွန်တော်က ကျေကျေလည်လည် ရှင်းပြလိုက်သောအခါတွင် ဇနီးသည်မှာ သက်ပြင်း ကလေးကို မသိမသာ ရှိုက်ရှူလိုက်ပါတော့သည်။
    'ကဲ ကော်ဖီတွေသောက်လိုက်ဦးမောင်။ အေးကုန်ပြီ'
    'ဒီလောက်ပူနေတဲ့အချိန်မှာ အေးအေးသောက်ရတာပဲ ကောင်းပါတယ်ကွယ်'
    ကျွန်တော်က ဤသို့ပြောနေစဉ် ပုခက်တွင်းမှ သားငယ်နိုးသည်နှင့် ဇနီးသည်မှာ နေရာမှ ထ၍ သွားရလေတော့ သည်။
    ကျွန်တော်သည် စားပွဲပေါ်မှ ကော်ဖီဖန်ခွက်ကိုယူ၍ သောက်လိုက်သည်။ ပြီးနောက် ဆေးပြင်းလိပ်တိုကို ထပ်မံ မီးညှိရှူဖွာနေလိုက်ပါသည်။
    ဖောင်တိန်ကို ကောက်ကိုင်ပြီး စာကို ဆက်ရေးပြန်သည်။ သမီးငယ်များ အိမ်အောက်တွင် ၀င်၍ကစားနေရာမှ နေပူထဲသို့ ထွက်ပြေးသည်နှင့် လှမ်း၍ အော်ရပြန်သည်နှင့် ရုတ်တရက် စိတ်ကူးပျက် သွားရပြန်ပါ၏။ စိတ်ကူးပျက်သွားပြန်တော့လည်း ဆေးပြင်းလိပ်တိုကို ကောက်၍ ဖွာရပြန်သည်။

    နောက်တစ်ဖန် ဖောင်တိန်ကို ကောက်ကိုင်၍ စာရေးကောင်းနေပြန်စဉ် သမီးအလတ်၏ ငိုသံကြား ရပြန်သည်နှင့် အိမ်အောက်သို့ ဆင်းသွားပြီး အကျိုးအကြောင်းမေးရာ ကလေးချင်း အိုးပုတ်လုရာမှ ရန်ဖြစ်၍ ငိုကြောင်းသိရပြန်သည်။ ကျွန်တော်သည် သမီးအား ချော့မော့ နှစ်သိမ့်ခဲ့ ပြီးနောက် အိမ်ပေါ်သို့ ပြန်တက်လာပြီး ဖောင်တိန်ကောက်ကိုင်ကာ ဇာတ်လမ်းကို ဆက်လက် စဉ်းစားနေရပြန်သည်။
    ယင်းသို့ရှိစဉ် နေ၀ါရောင်မှာ ရုတ်တရက် အုံ့ပြန်မှုန်မှိုင်းသွားသည်ကို မြင်တွေ့ရပါသည်။ လေက ခတ်ကြမ်းကြမ်း တိုက်လာ၏။ စောစောကလို မအိုက်မပူတော့ချေ။ သို့သော် စာရေး၍က မကောင်းလှ၊ လမ်းမပေါ်မှ ဖုံများ လေပြင်းနှင့်အတူ အိမ်ထဲသို့ လှိမ့်ဝင်လာကြသည်။ ကျွန်တော် သည် နှာခေါင်းကို လက်ကိုင်ပ၀ါဖြင့် အုပ်စီးကာ စာကိုဆက်ရေးနေပြန်ပါ၏။
ခဏအကြာတွင် မိုးပေါက်များ အိမ်ခေါင်မိုးပေါ်သို့ ကျရောက်လာကြသည်။ ကလေးတွေ အိမ်ပေါ်သို့ ပြေးတက်လာကြ၏။ တစ်အိမ်လုံး ၀ုန်းဒိုင်းကြဲနေသည်။ သို့သော် ကျွန်တော့်မှာ စာရေးခြင်းကို မရပ်နားနိုင်ပါ။ ၀တ္ထုတိုတစ်ပုဒ် အပြီးသတ်အောင် ဆက်လက်ရေးသားနေရပြန်ပါ သည်။

မိုးမှာ ခပ်သဲသဲကလေး ရွာလိုက်ပြီးနောက် မိနစ် ၂၀ခန့်အကြာတွင် ရပ်တန့်သွား သည်။ လေ သည်။ လေသည် ငြိမ်သက်သွား၏။ သို့သော် စောစောကလို ပူအိုက်ခြင်း မရှိတော့ပါ။ ကျွန်တော်သည် ပတ်ဝန်းကျင် ကို လုံးဝမေ့လျော့ထားလိုက်တော့ကာ စာကိုသာ အားသွန်ခွန်စိုက် ကုန်း၍ ရေးနေခဲ့ပါသည်။
    ညနေ ၆နာရီနီးပါးအချိန်တွင် ၀တ္ထုတိုတစ်ပုဒ်ရေး၍ ပြီးသွားသည်။ ကျွန်တော့်ရင်မှာလည်း ပေါ့ပါး၍ စိတ်ပါ လွတ်လပ်သွားသည်။ စာရေးဆရာတစ်ယောက်အဖို့ ၀တ္ထုတစ်ပုဒ် ပြီးဆုံးသည့် အချိန်မှာ စိတ်နှလုံး အလွန်ချမ်းမြေ့ ၍ ပျော်ရွှင်ရသောအချိန်ပင်ဖြစ်ပါသည်။
    ကျွန်တော်သည် ရေးပြီးသာ စာရွက်များကို လေကလေး ချွန်ရင်းနံပတ်စဉ်အရ  ပြန်၍ စီနေ သည်။ ယင်းသို့ရှိစဉ် ဇနီးသည် သည် ကျွန်တော့်အနားသို့ ရောက်ရှိလာကာ
    'မောင် ထမင်းစားတော့မလား' ဟု မေးလာပါသည်။

'မောင် မစားသေးပါဘူးကွယ်။ ခင်တို့ဆာရင် စားနှင့်ကြပါ။ မောင် ညောင်းလွန်းလို့ လမ်းလျှောက်လိုက် ဦးမယ်'
    ကျွန်တော် ပြောပြောဆိုဆို  စာရေးစားပွဲမှ ထလိုက်ပါသည်။
    'ဒါဖြင့် ခင်နဲ့ကလေးတွေနဲ့ စားနှင့်တော့မယ်'
    'အေး အေး စားနှင့်ကြ။ မောင် လမ်းလျှောက်ကပြန်မှ ရေမိုးချိုးပြီး စားတော့မယ်'
    ကျွန်တော်သည် ဤသို့ပြောကာ ရေးပြီးသား စာရွက်များကို ဖိုင်တစ်ခု၌ ညှပ်ထားပြီး စာအုပ်စင်ပေါ် သို့သွားတင်လိုက်သည်။ ပြီးနောက် အိမ်ပေါ်မှ ဆင်း၍ လာခဲ့ပါ၏။ ကျွန်တော် အိမ်ပေါ်မှ ဆင်း၍လာသော အချိန် တွင် နေ၀ါရောင် ဖျော့ဖျော့ကလေးမှာ မြို့သစ်ပေါ်သို့ ကျဆင်းနေသည်။ မြေနီလမ်းမပေါ်တွင် ကလေးများ ဆော့ကစားနေကြသည်။ လမ်းဘေး ရေဘုံဘိုင်၌ လေးထောင့်သံပုံးများ တန်းစီးနေကြကာ အိမ်ရှင်မ များ၊ ကလေးသူငယ်များနှင့် အလုပ်မှပြန်လာသော ယောက်ျားများပါ ရေ စောင့်ခံလျက် ရှိနေကြသည် ကို တွေ့မြင်ရပါသည်။

    အစတွင် ကျွန်တော့်မှာ မည်သည့်ဘက်သို့ လျှောက်ရမည်ကို စိတ်ကူးမရနိုင်သဖြင့် ခေတ္တမျှ လမ်းမပေါ် တွင် တွေရပ်လျက် အနောက်ဘက်သို့ ငေးကြည့်မိကာ အနောက်ဘက်ရှိ စိမ်းစိုသော တောတန်းပေါ်၌မူ ပတ္တမြားလုံးကြီး သဖွယ် ရဲရဲနီနေသော နေလုံးကြီး၏ ၀န်းကျင်တွင် အနီ၊ အ၀ါ၊ အပြာ၊ အစိမ်းစသော တိမ်ရောင်စုံ တန်းများကိုလည်း မြင်တွေ့နေရပါသည်။
    ကျွန်တော်သည် တော၌နေစဉ်က ညနေချမ်းလယ်တဲ၏ အပြင်သို့ထွက်ကာ ဤသို့သော ညနေ၏ ဆည်းဆာကို မျှော်ငေးလျက် စိတ်ကူးယဉ်ခဲ့ရပါသည်။ မြို့ရန်ကုန်သို့ ရောက်ရှိသောအခါ တွင်မူ လူနေအိမ်ခြေတိုက်တာ အဆောက်အဦတွေက ကွယ်ဝျက်ထားလေသဖြင့် ညနေ၏ ဆည်းဆာကိုမူ မမြင်ခဲ့ရပါလေ။ ယခုတစ်ဖန် မြို့သစ်သို့ ရောက်ရပြန်တော့မှ ညနေဆည်းဆာ ကို ပြန်၍ မြင်တွေ့နေ ၍ ဖြစ်ပါတော့၏။
    ဒါပေမယ့်  ကျွန်တော်သည် လှပသောညနေ၏ ဆည်းဆာကို ကြာရှည်စွာကြည့်၍ စိတ်ကူး ယဉ်နေလိုစိတ် မရှိပါ။ တစ်နေ့လုံး ထိုင်ထားသဖြင့် တောင့်ညောင်းနေသော ခြေများကို လမ်းလျှောက်ခြင်းဖြင့် အကြောလျော့ အညောင်းဖြေ ရပါဦးမည်။ ထို့ကြောင့်လည်း ရှေ့သို့ ခရီးဆက်ကာ ငမိုးရိပ်ချောင်းဘက် သို့ နွယ်နီလမ်းမကြီးအတိုင်း လျှောက်လာခဲ့ပါသည်။

    ငမိုးရိပ်ချောင်းမှာ ကျွန်တော့်နေအိမ်နှင့်ဆိုလျှင် တစ်ဖာလုံသာသာခန့်မျှသာ ကွာဝေးပါ သည်။ ကျွန်တော်သည် နွယ်နီလမ်းအတိုင်း ခပ်သွက်သွက် လျှောက်လာခဲ့ရာ မိုးကလေးတစ်ပြိုက်ရွာရုံမျှဖြင့် လမ်းပေါ်၌ မူ ပတ္တမြားလုံးကြီးသဖွယ် ရဲရဲနီနေသော နေလုံးကြီးကို မြင်တွေ့နေရသည်။ ပြီးနောက် ထိုရဲရဲနီနေသော နေလုံးကြီး၏ ၀န်းကျင်တွင် အနီ၊ အ၀ါ၊ အပြာ၊ အစိမ်းစသော တိမ်ရောင်စုံ တန်းများကိုလည်း မြင်တွေ့နေရပါသည်။
    ကျွန်တော်သည် တော၌နေစဉ်က ညနေချမ်း လယ်တဲ၏ အပြင်သို့ထွက်ကာ ဤသို့သော ညနေ၏ ဆည်းဆာ ကို မျှော်ငေးလျက် စိတ်ကူးယဉ်ခဲ့ရပါသည်။ မြို့ရန်ကုန်သို့ ရောက်ရှိသောအခါ တွင်မူ လူနေအိမ်ခြေတိုက်တာ အဆောက်အဦတွေက ကွယ်ဝှက်ထားလေသဖြင့် ညနေ၏ ဆည်း ဆာကိုမူ မမြင်ခဲ့ရပါလေ။ ယခုတစ်ဖန် မြို့သစ်သို့ ရောက်ရပြန်တော့မှ ညနေဆည်းဆာ ကို ပြန် ၍ မြင်တွေ့ရခြင်းဖြစ် ပါတော့။
    ဒါပေမယ့် ကျွန်တော်သည် လှပသောညနေ၏ ဆည်းဆာကို ကြာရှည်စွာကြည့်၍ စိတ်ကူး ယဉ်နေလိုစိတ် မရှိပါ။ တစ်နေ့လုံး ထိုင်ထားသဖြင့် တောင့်ညောင်းနေသော ခြေများကို လမ်းလျှောက်ခြင်းဖြင့် အကြောလျော့ အညောင်းဖြေရပါဦးမည်။ ထို့ကြောင့်လည်း ရှေ့သို့ ခရီးဆက်ကာ ငမိုးရိပ်ချောင်းဘက် သို့ နွယ်နီလမ်းမကြီးအတိုင်း လျှောက်လာခဲ့ပါသည်။

    ငမိုးရိပ်ချောင်းမှာ ကျွန်တော့်နေအိမ်နှင့်ဆိုလျှင် တစ်ဖာလုံသာသာခန့်မျှသာ ကွာဝေးပါ သည်။ ကျွန်တော် သည် နွယ်နီလမ်းအတိုင်း ခပ်သွက်သွက် လျှောက်လာခဲ့ရာ မိုးကလေးတစ်ပြိုက် ရွာရုံမျှဖြင့် လမ်းပေါ်၌ ရေအိုင်ကလေးများ၊ ရွှံ့ဗွက်ကလေးများ ဖြစ်နေကြသည်ကို မြင်တွေ့ရပါ သည်။
    လျှောက်ရင်း လျှောက်ရင်းနှင့်ပင် ကျွန်တော်သည် ငမိုးရိပ်ကမ်းခြေသို့ ရောက်ခဲ့ပါသည်။ ငမိုးရိပ် ကမ်းနံဘေးရှိ တာလမ်းပေါ်တွင် ကျွန်တော်ကဲ့သို့ပင် လမ်းလျှောက်နေကြသော ကရင်အပျို မလေးနှစ်ယောက်နှင့် ကရင်ယောက်ျားပျို တစ်ယောက်ကိုပါ တွေ့ရသည်။ သူတို့သည် ကျွန်တော် နားမလည်သော သူတို့ဘာသာစကားဖြင့် ရယ်မောပြောဆိုရင်း လမ်းလျှောက်နေကြသည်။
    ကျွန်တော်သည် သူတို့အားဖြတ်ကျာ်ကာ ခပ်သုတ်သုတ် မြောက်မှတောင်သို့ လျှောက်လာ ခဲ့သည်။ မြို့သစ် တည်စက ဆိပ်ကမ်းသာ လုပ်ခဲဘဘူးသောနေရာသို့ ရောက်ရှိသည်တွင် သစ်သား ခုံတန်းလျား စိမ်းစိမ်း ကလေးများကို တွေ့ရသည်။ ကျွန်တော်သည် ခုံတန်းလျားတစ်ခုပေါ်၌ ၀င်၍ ထိုင်ကာ အပန်းဖြေနေ လိုက်သည်။

    လေအေးသည် တဖြူးဖြူးတိုက်ခတ်နေ၏။ ကျွန်တော့်မှာ နေ့ခင်းက တိုကိုက်တွန်းလှန်နေခဲ့ရသော သဘာဝကို ယခုအခါတွင်တော့ ဖြေဖျော်စရာ ဇိမ်ခံစရာအဖြစ် အသုံးချလျက်ရှိနေပါသည်။
    သာဝ၏ အရသာကို ခံစားရင်း မျက်စေ့ကို ခပ်မှေးမှေးထား၍ အတွေးအလျဉ်၌ နစ်မျောနေ စဉ် ကျွန်တော့် နောက်နားရှိ ရေအိုင်မှ ဖားဂုံညင်းတို့ အော်သံကြောင့် ပြန်လည်သတိဝင်လာခဲ့၏။ ယင်းအချိန်၌တော့ နေရောင်ဝါသည် မရှိတော့ဘဲ အရှေ့ဘက်က ထွက်ပေါ်လာသော ငွေလရောင် ကသာ ငမိုးရိပ်ရေပြင်ကို ငွေသားပမာ ဖန်တီးထားလေသည်။ ကျွန်တော့် မှာ ငွေရောင်လက်နေ သော ငမိုးရိပ်ရေပြင် ကို ငေးကြည့်နေရာမှ အတိတ်ဘ၀ဖြစ်စဉ်များကို ပြန်လည်သတိရနေမိပြန်ပါ တော့၏။
    “ကျွန်တော့်နာမည် က နေ့သင့်နံသင့်လဲ မဟုတ်ပါလား အဘွားရဲ့”
    ကျွန်တော် သည် ဆရာဘုန်းတော်ကြီးထံမှ “ကခဂဃင” တနင်္လာအစရှိသော နေ့နံရွေး သောလင်္ကာကို သင်ကြား တတ်မြောက်ခဲ့ပြီး ညဘက်အိမ်သို့ ပြန်ရောက်သောအခါ အဘွားအား မေးမိပါသည်။

    “မင်းဟာ မွေးကတည်းက အတော်ထူးဆန်းတယ်။ သူများလို လူတန်းစေ့ မဟုတ်ဘူး။ မင်း ကိုယ်လေးဟာ ကလေးတစ်ယောက် ရဲ့ လက်မောင်းလောက်ပဲရှိတယ်။ မင်းရဲ့ လက်ချောင်းက လေးတွေဆိုရင်လည်း မီးခြစ်ဆံလောက် ပဲရှိတယ်။ မင်းရဲ့ လက်ချောင်းကလေးတွေဆိုရင်လည်း မီးခြစ်ဆံလောက်ပဲရှိတယ်။ ၀မ်းက ကျွတ်ကျွတ်ခြင်း အသက်မရှူဘူး။ အားလုံးက အသေလေးမှတ် နေကြတာ။ တအောင့်လောက်ကြာတော့မှ အသက်ရှူလာလို့ အသက် ရှိမှန်း သိရတယ်။ အဲဒီလို သေးသေးလေးကနေ အသက်ရှင် လာပြီး တစ်လလောက်ကြာတော့ လူစဉ်မှီလာတယ်။ မင်းရဲ့ အသားဟာ ဆိုရင် အဲဒီလသား အရွယ်ထိ နီရဲနေ တယ်။ ဒါကြောင့် မင်းကို ငယ်ငယ်က “နီတွတ်”လို့ ခေါ်ကြတယ်။
“ပြီးတော့ မင်းဟာ အခါလည်ကျော်ကျော်လောက်မှာ စကားတော်တော်ပြောတတ်တယ်။ ပုံ နား ထောင် တတ်တယ်။ ပုံနားထောင်ရင်းနဲ့ လွမ်းစရာပြောရင် ငိုတယ်၊ ရယ်စရာကိုပြောရင် ရယ်တယ်။ အဲဒီလို တခြားကလေးတွ နဲ့ မတူဘဲ ထူးထူးဆန်းဆန်းရှိတာကြောင့် အဘွားကပဲ မင်းကို “မောင်ဆန်း”လို့ နာမည်ပေး ခဲ့တယ်”

“ကျွန်တော်က ကြာသပတေးသားဆိုတော့ ဘယ်လိုနာမည်ပြောင်းမှည့်ရင် ကောင်းမလဲအဘွား”
ကျွန်တော် သည် ကျောင်းသို့ ရောက်ကတည်းက ကိုယ့်နာမည်ကို ကိုယ်မကျေနပ်နိုင်ဘဲဖြစ်နေရ သည်။ ဟုတ်ပါ၏။ ကျွန်တော်လို နာမည်မျိုးမှာ ကျောင်းတွင်လည်းမရှိ၊ ရွာထဲ၌လည်းမကြားဘူး။ ကျွန်တော် တစ်ယောက် တည်းသာ သူများထက် ထူးခြားသောနာမည်ပိုင်ရှင်ဖြစ်၍နေရသည်။ သို့ကြောင့် ကျွန်တော်က သူများ နည်းတူ နာမည်မျိုးကို ပြောင်းလဲမှည့်ခေါ်စေလိုခြင်းဖြစ်ပါသည်။
“ဘာလို့နာမည်ပြောင်းချင်ရတာလဲ လူလေးရဲ့။ မင်းနာမည်အကောင်းသားပဲ”
အဘွားက ကျွန်တော့်အား ခပ်ပြုံးပြုံးစိုက်ကြည့်ရင်း ပြောလေသည်။

“ ဟာ မကောင်းပါဘူးအဘွားရာ။ ယဉ်ယဉ်ကျေးကျေး ခေါ်တတ်တဲ့သူတွေက မောင်ဆန်းလို့ခေါ် ပေမယ့် တချို့ ရိုင်းရိုင်းခေါ်တတ် တဲ့ လူတွေကျတော့ ငဆန်း၊ ငဆန်းနဲ့ခေါ်တာ ကျွန်တော် နည်းနည်းမှ နားထောင် လို့မရဘူး။ အဲဒါကြောင့် ငထည့်ခေါ်လို့မရတဲ့ နာမည်မျိုး ပြောင်းမှည့်ချင် တယ်”
ကျွန်တော်က မျက်နှာကို ရှုံ့ရှုံ့မဲ့မဲ့လုပ်ရင်း ပြောလိုက်လေရာ အဘွားသည် တဟားဟား သဘော ကျစွာ ရယ်မောပါလေတော့သည်။ ပြီးမှ
“ရိုင်းရိုင်းခေးတ်တဲ့လူတွေလဲ ခေါ်ကြပေစေပေါ့ လူလေးရယ်။ ဘာမှနာစရာမရှိပါဘူး။ သူတို့ရိုင်းတော့ သူတို့ကိုပဲ လူတွေက ကဲ့ရဲ့ကြမှာပါ။ အဘွားကတော့ လူလေးနာမည်ကို ဘယ်လိုမှ မပြောင်းစေချင်ဘူး။ ဘာပြုလို့လဲ ဆိုတော့ နာမည်ထူးခြားတဲ့လူဟာ သူများထက် ထူးထူးချွန်ချွန် ဖြစ်ထွန်းတတ်တယ်ကွယ့်”
ကျွန်တော့်မှာ အဘွားမြတ်နိုးသောနာမည် ဖြစ်သောကြောင့် ပြောင်းလဲရန် မစဉ်းစားတော့ ဘဲ နေလိုက်လေသည်။

    ကျွန်တော်တို့ ဆွေမျိုး အသိုင်းအ၀န်းသည် ကျွန်တော့်အား ချစ်မြတ်နိုးကြသည်။ ဆွေမျိုး အသိုင်းအ၀န်း ဆိုသော် လည်း အဖေ့ဘက်မှ တော်စပ်သော အဖေ့အမေ အဘွား၊ အဖေ့အဖေ အဘိုးနှင့် အဖေ့အဒေါ် အဘွားလေးနှင့် အဘွားလေးယောက်ျား အဘိုးလေးတို့သာ ဖြစ်ကြပါသည်။ အမေ့ဘက်က ဆွေမျိုးများကား ကျွန်တော်နှင့် ရင်းနှီးမှု မရှိကြပါ။ ယင်းသို့ အမေ့ဆွေမျိုးများနှင့် မရင်းနှီးရသည်မှာလည်း အကြောင်း ရှိပါသည်။ ထိုအကြောင်းကို မဖော်ပြမီ ကျွန်တော်တို့ရွာ၏ တည်နေပံကို အရင် ဖော်ပြရပေဦးမည်။

ကျွန်တော်တို့ရွာမှာ ငမိုးရိပ်ချောင်းကို အလယ်ဗဟိုထား၍ ချောင်း၏အရှေ့ဘက်နှင့် အနောက်ဘက်များ တွင် အိမ်များ တည်ဆောက်ထားလေသည်။ ထို့ကြောင့် တစ်ရွာတည်းပင်ဖြစ် သော်လည်း အရှေ့ဘက်ကမ်း အနောက်ဘက်ကမ်း ဟု ၂ ခြမ်းကွဲလျက်ရှိနေပေသည်။ ထိုသို့ ရွာမှာ ၂ ခြမ်းကွဲနေမှုောကာင့် အရှေ့ဘက်ကမ်းမှ လူများနှင့် အနောက်ဘက်ကမ်းက လူများသည်လည်း စိတ်ဝမ်းအသင့်အတင့် ကွဲကြသည်။ ဥပမာ အိမ်ထောင်ရေး၌မှာပင် အရှေ့ဘက်ကမ်းသားနှင့် အနောက်ဘက်ကမ်းသူကို၎င်း၊ အနောက် ဘက်ကမ်းသားနှင့် အရှေ့ဘက်ကမ်းသူကို၎င်း လူကြီး မိဘများက ကြည်ဖြူလေ့မရှိကြပေ။ ထိုသို့သော စိတ်ဝမ်းကွဲမှု အယူအဆထဲတွင် ကျွန်တော်၏ အဖေမှာ အနောက်ဘက်ကမ်းသားဖြစ်၍ အမေ က အရှေ့ဘက်ကမ်းသူဖြစ်လေသည်။ ပြီးနောက် အဖေ၏ မျိုးရိုးမှာ အညတြလယ်သမား မျိုးရိုးဖြစ်၍ အမေ့ဘက် ကမူ လူချမ်းသာ ကုန်သည်မျိုးရိုး ဖြစ်လေသည်။ ထို့ကြောင့် အမေ၏ မိဘဆွေမျိုးများသည် အဖေနှင့် အမေ အိမ်ထောင်ပြုသည်ကို သဘောမတူ မကြည်ဖြူ ဖြစ်ခဲ့ကြလေသည်။

နောက်တစ်ခုမှာ အမေ့တွင် မွေးချင်းငါးယောက်ရှိ၍ အဖေ့မှာ မွေးချင်းမရှိသော တစ်ကောင်ကြွက်ဖြစ်လေ သည်။ အမေသည် အဖေ့နောက်သို့ လိုက်လာခဲ့ပြီး အနောက်ဘက်ကမ်း တွင် နေသည်။ ထို့ကြောင့် အရှေ့ဘက်ကမ်း မှ မိဘဆွေမျိုးများနှင့် ခပ်စိမ်းစိမ်း ခပ်တန်းတန်းရှိလေသည်။ အဖေ့မိဘများသည် တစ်ယောက်တည်းသော သားမှမွေးထားသော တစ်ယောက်တည်းသော မြေးငယ်ကျွန်တော့်အား အသက်တမျှ ချစ်ခင်ကြပေသည်။ အဖေ့အဒေါ် အဘွားလေးနှင့် အဘွားလေး၏ ယောက်ျားသူတို့မှာလည်း သားသမီး တစ်ဦးတစ်ယောက်မျှ မထွန်း ကားလေသောကြောင့် ကျွန်တော့်ကို သားအရင်းတမျှ ချစ်မြတ်နိုးကြပြန် သည်။ သို့ကြောင့်လည်း ကျွန်တော်သည် အဖေ့ဘက်မှ ဆွေမျိုးစုကိုသာ ခင်တွယ်ခဲ့ခြင်းဖြစ် ပါတော့သည်။

    ကျွန်တော့်တွင် အမေအဖေ အဘိုးအဘွားနှင့် အဘွားလေး အဘိုးလေးဟူ၍ ကျွန်တော် ချစ်ခင်သော လူများသည် ဤကမ္ဘာ၌ ၆ ယောက်တည်းသာ ရှိလေသည်။ ထို ၆ ယောက်က ကျွန်တော့်အပေါ် အသည်းစွဲ ချစ်သလို ထို ၆ ယောက်ကိုလည်း ကျွန်တော်က ချစ်ခင်လှပါသည်။ သို့သော် ကျွန်တော်သည် ကျွန်တော်ချစ်မြတ်နိုးသော လူ ၆ ဦးနှင့်တစ်ကြိမ်မျှ တစ်စုတည်း တစ် ပေါင်းတည်း နေခဲ့ရသည်ဟု မရှိတတ်ပါ။ မှန်ပါ၏။ ထို ၆ ဦးမှာ ၂ ဦးလျှင် တစ်အိမ်ထောင်စီ ဖြစ်ကြ သောကြောင့် အိမ်ထောင်စု သုံးစုကွဲလျက် ရှိနေကာ လုပ်ကိုင်နေထိုင်ရာ ဒေသချင်းမှာလည်း ဝေး ကွာကြပေသည်။
အဖေနှင့် အမေသည် ရွာ၏ အနောက်ဘက် ရွာနှင့် ၃ မိုင်လောက်ကွာဝေးသော ဥယျာဉ် ချောင်းခေါ် ချောင်းကလေးဘေးတွင် လယ်အလုပ်ကို လုပ်ကိုင်နေကြသည်။ ကျွန်တော့်အား မွေး ဖွားသည်မှာ ပင် ထိုလယ်တဲ၌ ဖြစ်လေသည်။

ဆက်ရန်
.

>>>ဆက်ဖတ်ရန်>>> >>