Monday, February 28, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၁၅)

ဒို့က သူဌေးဖြစ်နေပြီအေ့ အလုပ်အကိုင် မရှိတော့တဲ့ ခွေးဝဲစားတကောင်ကြွက်လိုဟာကို ဘာကြောင့် ညည်း ယူ ရမှာလဲ၊ အခုခေတ်တချို့ လူတွေလုပ်နေကြတာ မမြင်ဘူးလား၊ ဘွဲ့တွေ ဂုဏ်ထူးတွေ၊ ရာထူးတွေ ရထားတဲ့ လူဆိုရင် ပညာသင်စရိတ်ပြန်ပေး၊ မင်္ဂလာစရိတ်အကုန်ခံယူနေတာဘဲဟာ ညည်းကိုလဲ အဲဒီလို ရှာ ပေးစားမယ်။ ကတော်ကြီးဖြစ်သွားတာပေါ့အေ"

ဟူသော စကားကို အမြီးမတဲ့ အမောက်မတဲ့ပြောသည်။ သူများပြောစကားနားစွန်နားဖျား ကြားဘူးသည်ကို မှတ်၍ သူ့စကားဘယ်ရောက်သည်၊ ဘာအဓိပ္ပါယ်ထွက်သည်ကို မစဉ်းစားဘဲ သူများသားသမီး မင်္ဂလာ ဆောင် တွေကို ထိခိုက်ပုတ်ခတ်သော စကားဖြင့် သမီးကို နားသွင်းဖျောင်းဖျ၏။ မိခင်ဒေါ်ကြည်၏ စကား တွေက ကြည်ကြည်နွဲ့နားထဲမ၀င်ဘဲ လျှံထွက်သွားသော်လည်း ဘခင် ဦးသာဘညွန့်၏ ...

" ငါ့လူနှစ်ယောက်က နင့်အကောင်အိမ်နားမှာ လာရစ်သီရင် ဦးနှောက်ထွက်အောင် တီးပြမယ်။ ငါပြောတာ မယုံရင် လက်တွေ့သိမယ် သတိထား"
ဟူသောစကားကြီးကိုသာ ကြားယောင်ကာ၊ စိတ်ထဲမှာ တုန်လှုပ်ပူပန်စိတ်သာလွှမ်းမိုးနေသည်။ ဘခင် ဦးသာညွန့် သည် သူ့စိတ်က ကောင်းသည့်ဘက်ကိုသာ မယိမ်းမပါသော်ငြားလည်း ဆိုးယုတ်သည့်ဘက်ကို ကား စိတ်အားထက်သန်စွာလိုက်ပါသည့် သဘောရှိ၏။ အထူးသဖြင့် ငွေကြေးနှင့်ပတ်သက်လာလျှင် မည် သည့် အချက်ကိုမှ မထောက်ထား ငဲ့ညှာလေ့မရှိ၊ ငွေအတွက်လူ့ အသက်ကိုပင် ရက်စက်နိုင်သော စိတ်မျိုး ရှိသည် ကိုလည်း ကြည်ကြည်နွဲ့က ကောင်းစွာသိပြီးဖြစ်၏။ ထို့ကြောင့် ဘခင် ဦးသာညွန့် စကားကို ပေါ့ပေါ့ တန်တန် သဘောမထားနိုင်ဘဲ၊ ချစ်သူ မောင်တင်ဦးကို ဘေးကင်းရန်ကင်းဖြစ်အောင် မည်သို့ သတိပေးရ မည် ကိုသာ အပူတပြင်း စဉ်းစားနေမိသည်။

မောင်တင်ဦးကလည်း ဦးသာညွန့်တို့ ထီပေါက်၍ ငွေနှစ်သိန်းတိတိ လက်ဝယ် ပိုင်ဆိုင်ရရှိထားသည့် အခြေအနေမျိုး ရောက်သွားသည်ကို သတင်းကြားပြီးသိပြီးဖြစ်သည်။ မိဘတွေ မည်မျှပင် ချမ်းသာကြွယ်ဝ နေစေကာမူ ချစ်သူ ကြည်ကြည်နွဲ့က စိတ်ပြောင်းမည်မဟုတ်ဟု ယုံကြည်ထားသည်။ ကြည်ကြည်နွဲ့တို့ ယခင်အိမ်ကုပ်ကလေးမှာ မဟုတ်တော့ဘဲ တိုက်ခန်းတစ်ခုသို့ ပြောင်းသွားကြောင်းနှင့် ထိုတိုက်ခန်း မည် သည့်နေရာတွင်ရှိကြောင်းပါ မောင်တင်ဦးက စုံစမ်း၍ သိထားပြီးဖြစ်သည်။ အခြေအနေက ပြောင်းလဲသွား ပြီဖြစ်ရာ တနင်းလာနေ့တွင် တရားရုံးတစ်ခုမှာ လက်မှတ်ထိုး လက်ထပ်ကြမည်ဟု စီစဉ်ထားသည့် အစီ အစဉ် ကလည်း ပျက်သွားလေပြီ။
အစီအစဉ်ပျက်သည်ကို မောင်တင်ဦးက အံ့သြချေ။ ထီပေါက်လျှင် မပေးစားတော့ဟု မူးမူးရူးရူးနှင့် ဦးသာညွန့် ပြောခဲ့သည်ကို ကြည်ကြည်နွဲ့ ပြောထားခဲ့ပြီးဖြစ်သည်။ မောင်တင်ဦးစိတ်ထဲတွင် တခုသာလျှင် မတင်မကျ ဖြစ် နေသည်။ ထိုတခုကား ကြည်ကြည်နွဲ့တို့ ပြောင်းရွှေ့နေထိုင်ရာ တိုက်ခန်းကို အမှတ်မဲ့ သွားရောက် ကြည့်ရှုသည်။ ကြည်ကြည်နွဲ့၏ အရိပ်အရောင်ကို လုံးဝမတွေ့ခဲ့ရခြင်းဖြစ်၏။

သူ့အဖေ အရက်သမားကြီးက ငါ့ကို ငွေကြေးပစ္စည်းအတွက် သိပ်နာကျည်းနေတာ၊ သူ့သမီးကို အခန်းပိတ် သော့ခတ် ထားသလား၊ တခြားမြို့ရွာကို အတင်းအကြပ် ပို့လိုက်လေသလားဟူသော အတွေးက မောင်တင်ဦး ၏ စိတ်ကို လေးလံစွာ ထိခိုက်စေသည်။
မောင်တင်ဦးသည် စိတ်မလျော့ဘဲ နောက်တကြော့ ကြည်ကြည်နွဲ့တို့ တိုက်ခန်းရှိရာကို ထောက်လှမ်းရန် သွား ပြန်သည်။

အချိန်ကား ညရှစ်နာရီ ထိုးပြီးပြီဖြစ်၏။ ကြည်ကြည်နွဲ့တို့ တိုက်ခန်းရှိနေရာ ရပ်ကွက်ကား လူသူအသွား အလာပြတ်စပြုနေလေပြီ။ ကြည်ကြည်နွဲ့တို့ တိုက်ခန်းရှေ့ လမ်းစောင်းတွင် ကြီးမားအုပ်ဆိုင်းသော ဘန်ဒါ ပင်ကြီး တပင် ရှိနေသည်။ မောင်တင်ဦးသည် လူသူလေးပါး အရိပ်အခြေကို ကြည့်ပြီး ဘန်ဒါပင်ပေါ်သို့ လျှင်မြန်စွာ တက်လိုက်သည်။ မှောင်ရိပ်ကျသည့် ခွဆုံကောင်းကောင်းမှာ ထိုင်ပြီး ကြည်ကြည်နွဲ့တို့ တိုက်ခန်း ကို ကြည့်လိုက်သည်။

ဦးသာညွန့်နှင့် လူနှစ်ယောက်က အရက်ဝုင်းဖွဲ့နေသည်။ စားစရာ အမြီးမြိုင်မြိုင်ဆိုင်ဆိုင်နှင့် အရက် အကောင်းစား ကို မက်မောနေကြခိုက်ဖြစ်၍ မှောင်ခိုရောက်လာသော မောင်တင်ဦးက ဖျက်လတ်လျှင်မြန် စွာ ဘန်ဒါပင်ပေါ်တက်သွားသည်ကို ဦးသာညွန့်တို့ သုံးယောက်စလုံး သတိမထားလိုက်မိကြချေ။ သူတို့ သုံးယောက် ပြောစကားတွေက တချက်တချက် လေသံကျယ်လာသည်။ သို့သော် စကားလုံး မသဲကွဲချေ။ မောင်တင်ဦး က အိမ်ထဲကိုသာ ဂရုစိုက်ပြီး ကြည့်လိုက်၏။ ပြောင်ပြောင်လက်လက် ၀တ်ဆင်ထားသော ဒေါ်ကြည်က ခပ်မော့မော့မျက်နှာဖြင့် အိမ်ရှေ့ခန်းနှင့် အိမ်တွင်းခန်းကို ထွက်ချေဝင်ချေ မောင်နှမတသိုက်မှ အချို့ကို တွေ့ရသည်။ ကြည်ကြည်နွဲ့၏ အရိပ်အရောင်ကိုကား လုံးဝမတွေ့ရချေ။

" ဒါလောက် အစအနပျောက်နေတာ တခြားနေရာကိုများ ပို့ထားလိုက်ပြီလား"
မောင်တင်ဦးက တွေးနေဆဲဝယ် ဒေါ်ကြည် ဦးသာညွန့်အနားလာပြီး တစုံတခုပြောလိုက်ဟန်ကို မောင်တင်ဦး မြင်ရသည်။ ဦးသာညွန့်က ဦးခေါင်းညိတ်လိုက်သည်။ ထိုနောက် သူ့ကိုယ်ရံတော်နှစ်ယောက်က ကျိုးနွံသည့် အမူအရာဖြင့် နေရာမှထကာ စေ့ရုံစေ့ထားဟန်တူသော တိုက်ခန်း အ၀င်အထွက် သံဆွဲတံခါးကိုဖွင့်ပြီး အပြင်ထွက်လာကြသည်။ လမိုက်ရက်ဖြစ်၍တကြောင်း၊ လမ်းဓါတ်မီးတိုင်နှင့် အတန်ငယ်လှမ်း၍တကြောင်း တိုက်ရှေ့မျက်နှာစာ တိုက်ခန်းထဲမှ ထိုးထွက်နေသော မီးချောင်းအရောင်မှလွဲလျှင် အလင်းရောင် အားနည်း ကာ မှုံမွှားမွှားသာရှိသည်။ မောင်တင်ဦး ခိုလှုံနေရာ ဘန်ဒါပင်ကား မောင်တင်ဦး လုံခြုံရေးအတွက် အမှောင်ထု ကို လုံလောက်စွာ သိုမှီးထားနိုင်၏။

ထိုလူနှစ်ယောက်က တိုက်ခန်းရှေ့ ပတ်ဝန်းကျင်မှာ ရန်သူရှာသလို တောင်မြောက်လေးပါး ကြည့်ရှုစူးစမ်း ဟန်ကိုပြ၏။ ခေတ္တမျှကြာသောအခါ မောင်တင်ဦးရှိရာ ဘန်ဒါပင်အောက်ဝင်လာကြ၏။ ဘန်ဒါပင် အောက်ဝယ် မှောင်ရိပ်က အားကောင်းလှချေသည်။ မောင်တင်ဦးသည် အသက်ကိုပင် အထူး သတိထားကာ ဖြည်းညှင်းစွာ ရှူရင်း ထိုလူနှစ်ယောက်ကို ငုံ့ကြည့်လိုက်၏။ မှောင်ထဲမှာ ကျင့်သားရပြီးနေ သော မောင်တင်ဦး က ထိုလူနျစ်ယောက်ကို သဲကွဲစွာ မြင်နေရသည်။ ထိုလူနှစ်ယောက်က ဘန်ဒါပင် အောက် အမှောင် ထဲမှာ မတ်တပ်ရပ်လျှက်ကပင် အပေါ့သွားလိုက်ကြ၏။ ထို့နောက် လေသံတိုးတိုးဖြင့် စကား ပြောကြ သည်ကို မောင်တင်ဦးက အထူးသတိထား နားစွင့်လိုက်၏။

" သူ့သမီးနဲ့ ကြိုက်နေတဲ့ ကောင်လေးကို မင်းသေသေချာချာ မှတ်မိရဲ့လား"
" သိပါတယ်ကွာ ... သူတို့ ထီမပေါက်ခင် အိမ်ကုပ်ကလေးမှာနေစဉ်က သူ့သမီးနဲ့ လွှတ်ပေးပြီး အမိဖမ်းဘို့ ကြံသေးတယ်၊ မျက်မြင်သက်သေဖြစ်အောင် ငါ့ကို အမြဲလိုလို ခေါ်ထားတာဘဲ"
" ဆင်းရဲစဉ်က အမိဖမ်းမယ်ကြံပြီး အခုမှ ဘာကြောင့် ကိစ္စတုံးသတ်ချင်ရတာလဲ"
ထိုစကားကြောင့် မောင်တင်ဦရင်ထဲမှာ တုန်လှုပ်သွားမိသည်။ သစ်ပင်အောက်က လူနှစ်ယောက်စကားကို စိုးရိမ်စွာ နားစိုက်နေ၏။

" ကောင်လေးက သိပ်ငွေမက်တယ်တဲ့ကွာ၊ ဒါကြောင့် သတ်ချင်တာတဲ့"
" ဟ - ငွေမက်တယ်ပြောရအောင် အခု သူတို့ထီပေါက်မှ ချက်ခြင်းလာကြိုက်တာလား၊ သူတို့ချင်း ကြိုက်နေ ကြတာ ကြာပြီထင်မယ်"
" အေးလေ - အိမ်ကုပ်ကလေးမျာ ဆင်းဆင်းရဲရဲဘ၀ ကတဲက ကြိုက်နေခဲ့တာဘဲ။ အဲဒီအချိန်က ကောင် ကလေးမှာ အလုပ်ရှိတယ်ကွ။ အခုတော့ အလုပ်ပြုတ်သွားပြီတဲ့၊ သူတို့သမီးကို ဒီလိုလူနဲ့ မတူမတန်ဘူးပေါ့ ကွာ၊ ကောင်လေးကလဲ ငွေသိပ်မက်တော့ သိုက်သမားလက်ထဲ သူတို့သမီး အရောက်မခံနိုင်တဲ့သဘောပေါ့"
" သူခိုင်းတာလုပ်ပါပြီတဲ့ လက်ခက ဒို့သဘောကျပြောထားတဲ့အတိုင်းရမှာလား"
" ဒီကောင်လေးကို လက်စတုံးအောင်သာ လုပ်ပါတဲ့၊ တယောက်သုံးထောင်ဆိုတာကတော့ ချက်ခြင်းဘဲ"
"အနှေားလား ... အမြန်လား "

" ဒါကတော့ အဆင်ပြေသလိုပေါ့၊ ကောင်ကလေး ဒီအိမ်နား လာရစ်ရင်လဲ အကြောင်းရှာလုပ်ပေါ့၊ ဒီအိမ် နားမလာလဲ တွေ့တဲ့နေရာမှာ လုပ်ပေါ့"
" လုပ်တာ အရေးမကြီးဘူး မိရင် ဒို့ခံရမှာ "
" ဒါအတွက် မပူနဲ့ကွ၊ ဒီကိစ္စသူခိုင်းတော့ ငါကစီစဉ်အုံးမယ်၊ နောက်တနေ့လာပါ ချိန်းလိုက်တယ်။ သူမလာခင် ငါက အသံဖမ်းဘို့ အဆင်သင့်လျှို့ဝှက်လုပ်ထားပြီး သူလာတော့ သူပြောသမျှခိုင်းသမျှ စကားတွေအားလုံး အသံ သွင်းထားလိုပ်တယ်။ နောက် သူဒီလိုခိုင်းကြောင်း သူ့လက်ရေးနဲ့ စာရေးခိုင်း လက်မှတ် ထိုးခိုင်း ထားတယ်၊ ဒါကြောင့်ပေါ်ပေါက်ရင် သူရှောင်မနေ၀ံ့ဘဲ ဒို့အတွက် လွတ်မြောက်အောင်၊ အပြစ်ဒဏ်ပေါ့အောင် ငွေအား လူအား နဲ့ ဆောင်ရွက်မှာ၊ ငါက အဲဒီလို ပိုင်အောင် လုပ်ထားတယ်။

နောက် တချက်ကလဲ ဒီအမှုမပေါ်ရင်လဲ သူ့ဆီက လက်ခရပြီးတဲ့အပြင် အပိုငွေညှစ်နိုင်သေးတယ်လေ"
" မင်းအကြံပိုင်သားဘဲ၊ အသံဖမ်းစက်က မင်းဆီမှာ ရှိနေလား"
" ငါ့အသိတယောက်ဆီက ငှားတယ်လေ၊ ကိစ္စပြီးတော့ သူ့အသံဖမ်းစက် သူ့ပြန်ပေးလိုက်တာပေါ့၊ အသံသွင်းပြီးသား ကြိုးခွေက ငါ့လက်ထဲမှာ၊ ငါသိမ်းထားတယ်"
" အင်း...အရှည်သဖြင့် ငွေသု့းနေရမဲ့ကိစ္စဆိုတော့ ကောင်းသားဘဲ လုပ်ပေါ့ကွာ"
ဦးသာညွန့် လက်စွဲတော်နှစ်ယောက်၏ ပြောစကားများမှာ စကားလုံးတိုင်း မောင်တင်ဦး၏ ရင်ထဲမှ အသဲနှ လုံးကို တူနှင့်ထုနေသလို အောက်မေ့ရသည်။

သစ်ပင်အောက်က လူနှစ်ယောက်က မှောင်ရိပ်ထဲမှာ အတော်ကြာကြာ ဆိတ်ငြိမ်စွာနေကြပြီးမှ အိမ်ထဲ ပြန်ဝင်သွားကြသည်။ မောင်တင်ဦးက ဆိတ်ငြိမ်စွာ အရိပ်အခြေစောင့်ကြည့်နေ၏။ လူနှစ်ယောက်က ဦးသာညွန့်နှင့် ဒေါ်ကြည်ကို စကားအနည်းငယ် ပြောဟန်တွေ့ရသည်၊ ထို့နောက် တိုက်ခန်းထဲမှ ခေါက်ကုတင် နှစ်လုံးကို ယူထုတ်ကာ တိုက်ခန်းအပြင် တံခါးဝ တဖက်တချက်စီမှာ အိပ်ရာပြင်ဆင်ပြီးကြ သော အခါ ဦးသာညွန့်နှင့် ဒေါ်ကြည်တို့ တိုက်ခန်းသံတံခါးကို ဆွဲစေ့သော့ခပ်လိုက်၏။ အတွင်းမှ သစ်သား ခေါက်တံခါး ကို ပိတ်လိုက်ကြ၏။ လက်စွဲတော် လူမိုက် နှစ်ယောက်ကား တိုက်အပြင်ဘက်မှာခေါက်ကုတင် ကိုယ်စီ ဖြင့် သူဌေးမင်းနှင့် သူဌေးကတော်မိသားစု၏ သက်တော်စောင့် အိပ်ဖန်စောင့်များအဖြစ် ကျန်ရစ်ခဲ့ ကြသည်။

" ဒီ သစ်ပင်ပေါ်က ငါ ဘယ်လိုလုပ် ဆင်းရပါ့မလဲ"
မောင်တင်ဦးက ရင်ပူစွာတွေးသည်။ ဤလူမိုက်လူဆိုးတို့၏ လက်ချက်ဖြင့် အကျိုးမဲ့ သေရမည့်အဖြစ်ကို မောင်တင်ဦးက မလိုလားနိုင်ပေ။ နောက်တချက်ကလည်း ရာဇ၀တ်ဘေးပြေးမလွတ် ဟူသော စကားသည် အလွန်မှန်သည်။ သူ့ကို လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် အမှုပေါ်ပေါက်၍ ရဲက စစ်ဆေးမေးမြန်းပါက သူ အသက်တမျှ ချစ်ရသော ကြည်ကြည်နွဲ့သည် တသက်လုံး ဦးခေါင်းမဖော်နိုင်အောင် အရှက်ရတော့မည်ကို တွေးမိသည်။ ထို့ကြောင့် မောင်တင်ဦးသည် သတ္တိမကြောင်သော်လည်း အကျိုးမဲ့အသေခံခြင်း၊ ချစ်သူ အရှက် ရစေခြင်းကို မလိုလားနိုင်သည်ဖြစ်၍ ဤ လူဆိုးလူယုတ်တို့နှင့် ဝေးဝေးရှောင်နေလျှင် သင့်မည်ဟု စိတ်ကူး ကာ သစ်ပင်ပေါ်က ဆင်းနိုင်မည့် အခွင့်အရေးကို အထူးသတိထား စောင့်ကြည့်နေ၏။

ညကြည့် လက်ပတ်နာရီက ဆယ့်နှစ်နာရီခွဲကို ညွှန်ပြနေသော အချိန်ဝယ်၊ သူဌေးမင်း ဦးသာညွန့်၏ လက်စွဲ တော်နှစ်ယောက်ကား အိပ်ပျေ်သွားကြဟန်ဖြင့် ငြိမ်နေကြသည်။ မောင်တင်ဦးသည် သတိကြီးစွာထားကာ၊ ဘန်ဒါပင်ပေါ်မှ အသံမမြည်အောင် ငြင်သာစွာ ဆင်းလာခဲ့၏။ မြေပြင်သို့ ရောက်သည်နှင့်တပြိုင်နက် လုံချည်ခါးကြားထဲ ထိုးထားသော ဘိနပ်ကို မစီးတော့ဘဲ ခြေသံမမြည်အောင် ဘန်ဒါပင်ရိပ်မှ လျင်မြန်စွာ ပြေး ထွက်ခဲ့၏။
အိပ်မပျော်ဘဲ မှိန်းနေကြသော သူဌေးလက်စွဲတော် နှစ်ယောက်က မသင်္ကာဘွယ်အသံကြောင့် ဦးခေါင်း ထောင်ကြည့်လိုက်သောအချိန်တွင်ကား လျင်မြန်စွာ ပြေးသွားနေသော လူရိပ်တခုသည် သူတို့ လိုက်မမှီနိုင် အောင်ကိုက်တရာကျော်မျှ ဝေးကွာသွားလေပြီ။

" မသေချာဘဲ လိုက်လို့ ဆူညံဆူညံဖြစ်ရင် မကောင်းဘူးကွ"
တယောက်က ပြောသည်ကို ...
" သေချာလို့ လိုက်တော့ကော ဒါလောက် ဝေးနေတာ မှီမလားကွ"
ဟု ကျန်တယောက်က ဖြည့်စွက်ပြီး ပြိုင်တူ ပြန်အိပ်လိုက်ကြလေသည်။
အကြောင်း အမျိုးမျိုးသော စိတ်သောက တွေကြောင့် မောင်တင်ဦးသည် တညလုံး အိပ်မပျော်တော့ချေ။ အသက်ဘေးကြောင့် ရှိသမျှခွန်အားကို ညှစ်ထုတ်ကာ၊ ဦးသာညွန့်တို့ တိုက်ခန်းနှင့် ဝေးအောင် ပြေးလာခဲ့ရ သည်။ စိတ်ချလောက်သည့် နေရာရောက်မှ ပြေးခြင်းကို အရှိန်သတ်လိုက်ရသော်ငြားလည်း ခြေလှမ်းကိုကား မနှေးဝံ့ချေ။

မြန်နိုင်သမျှသော သွက်နိုင်သမျှသော ခြေလှမ်းဖြင့် မပြေးရုံတမယ် အသော့ နှင်လာခဲ့ရသည်။ ရှေ့နောက် ၀ဲယာ ကို ရန်သူအရိပ်အခြေကြည့်ရင်း ပင်ပန်းကြီးစွာ အိမ်ပြန်ရောက်လာခဲ့ရ၏။ အိမ်တံခါးကို အသေအချာ ပိတ်ဆို့ပြီး မောပန်းနွမ်းနယ်စွာဖြင့် အိပ်ရာပေါ် ခြေပစ်လက်ပစ် လှဲချလိုက်သော် လည်း အိပ်၍ကား မပျော် တော့ချေ။
ယုတ်မာပက်စက်သောဥာဏ်ဖြင့် လူငှားပြီး သူ့ကို အသေသတ်ရန် ကြံနေသော မတော်ရသေးသည့် ယောက္ခမလောင်းနှစ်ယောက် မျက်နှာကိုသာ မြင်ယောင်နေသည်။ ဤသို့သော အခြေအနေမျိုးအထိဖြစ် လာသည်ဆိုလျှင် သူနှင့် ကြည်ကြည်နွဲ့တို့ လက်ထပ်ရေးကား မည်သည့်နည်းနှင့်မှ ဖြစ်မြောက်အောင်မြင် မည်မဟုတ်ကြောင်း မောင်တင်ဦးက တွေးမိသည်။ ကြည်ကြည်နွဲ့က သူ့အပေါ် သစ္စရော မေတ္တာပါ မပျက်ဘဲ စွဲမြဲခိုင်မာသည် မှန်စေကာမူ တင်းကြပ်စွာ စောင့်ထိန်းချုပ်ထားသော မိဘလက်မှ မည်သို့လွတ် မြောက်နိုင်မည်နည်း။ လွတ်မြောက်အောင် ကြိုးစား၍ သူ့ထံရောက်လာလျှင်လည်း သူတို့ အိမ်ထောင်ရေး သည် အေးချမ်းသာယာမည် မဟုတ်တော့ဘဲ စိတ်ထားယုတ်သော ဦးသာညွန့်နှင့် ဒေါ်ကြည်တို့၏ ငွေအား လူအားဖြင့် ဖျက်ဆီးနှောက်ယှက်မှုကို ခံရမည်။ အသက်ကိုပင် လုပ်ကြံနေပြီဖြစ်ရာ သူ့အတွက်ကြောင့် ချစ်သူ ကြည်ကြည်နွဲ့အဖို့ စိုးရိမ်သောကဖြင့် မျက်ရည် ကျရမည့်အဖြစ်ကို မောင်တင်ဦး မလိုလားနိုင်ပေ။

သို့ဖြစ်လျှင် မောင်တင်ဦးအနေဖြင့် ဘာလုပ်ရမည်နည်း။
မိုးသာ စင်စင် လင်းသွားသည်။ မောင်တင်ဦး တမှေးမှ အိပ်မပျော်တော့ချေ။
ယုတ်မာပက်စက်သောဥာဏ်ဖြင့်လူငှားပြီး သူ့ကို အသေသတ်ရန် ကြံနေသော မတော်ရသေးသည့် ယောက္ခမ လောင်းနှစ်ယောက် မျက်နှာကိုသာ မြင်ယောင်နေသည်။ ဤသို့သော အခြေအနေမျိုးအထိ ဖြစ် လာသည်ဆိုလျှင် သူနှင့်ကြည်ကြည်နွဲ့တို့ လက်ထပ်ရေးကား မည်သည့်နည်းနှင့်မှ ဖြစ်မြောက်အောင်မြင် မည်မဟုတ်ကြောင်း မောင်တင်ဦးက တွေးမိသည်။ ကြည်ကြည်နွဲ့က သူ့အပေါ် သစ္စာရော မေတ္တာပါ မပျက် ဘဲ စွဲမြဲခိုင်မာသည် မှန်စေကာမူ တင်းကြပ်စွာ စောင့်ထိန်းချုပ်ထားသော မိဘလက်မှ မည်သို့ လွတ်မြောက် နိုင်မည်နည်း။

လွတ်မြောက်အောင် ကြိုးစား၍ သူ့ထံရောက်လာလျှင်လည်း သူတို့ အိမ်ထောင်ရေးသည် အေးချမ်း သာယာမ ည် မဟုတ်တော့ဘဲ စိတ်ထားယုတ်သော ဦးသာညွန့်နှင့် ဒေါ်ကြည်တို့၏ ငွေအားလူအား ဖြင့် ဖျက်ဆီးနှောက်ယှက်မကို ခံရမည်။ အသက်ကိုပင် လုပ်ကြံနေပြီဖြစ်ရာ သူ့အတွက်ကြောင့် ချစ်သူ ကြည်ကြည်နွဲ့အဖို့ စိုးရိမ်သောကဖြင့် မျက်ရည် ကျရမည့်အဖြစ်ကို မောင်တင်ဦး မလိုလားနိုင်ပေ။
သို့ဖြစ်လျှင် မောင်တင်ဦးအနေဖြင့် ဘာလုပ်ရမည်နည်း။

မိုးသာ စင်စင် လင်းသွားသည်၊ မောင်တင်ဦး တမှေးမှ အိပ်မပျော်တော့ချေ။
အိပ်ရာမှထကာ အိမ်အ၀င်အထွက် တံခါးမကြီးကိုမဖွင့်ဘဲ၊ ညက သေချာစွာ ပိတ်ထားပြီး ပြတင်းပေါက် များ ကိုသာ ဖွင့်လိုက်သည်။ ပြတင်းပေါက်များကား ရှေးအိမ်ကြီးပီပီ ငါးမူးလုံး သံတိုင်ကြီးတွေ စိုကထားသည် ဖြစ်၍ လူဝင်မရချေ၊ လေနှင့်အလင်းရောင်သာ ၀င်သည်။

မောင်တင်ဦးက မျက်နှာသစ် ရေချိုးပြီး ကော်ဖီခါးခါးတခွက်ဖျော်သောက်လိုက်၏။ စိန်ပြေနပြေရေချိုးပြီး ကော်ဖီ ခါးခါး သောက်လိုက်သောအခါမှ အိပ်ပျက်ခြင်းဖြင့် လေးလံထိုင်းမှိုင်းနေသည်များ ပျောက်သွားကာ လန်းဆန်း ပေါ့ပါးလာသည်။ ကော်ဖီသောက်ပြီး တယောက်စာ ထမင်းဟင်းကလေးစီမံချက်ပြုတ်နေစဉ်မှာ အိမ်ရှေ့က တံခါးခေါက်သံ ကြားလိုက်ရသောအခါ မောင်တင်ဦး ခေါင်းနဘန်းကြီးသွားသည်။ သူ့အသက်ကို ချွေဖျက်ရန် ကြံစည်နေကြပြီကို အသေအချာ သိထားပြီဖြစ်သောကြောင့် မောင်တင်ဦး အနေဖြင့် စိုးရိမ်မှု ဖြစ်သည်မှာ ဖြစ်ထိုက်ပေသည်။

တံခါးခေါက်သံက ဆက်တိုက်ပေါ်လာပြီး ...
" ကိုတင်ဦး ... ဟေ့ - ကိုတင်ဦး "
ဟူသော ခေါ်သံကို ကြားမှ စိုးရိမ်မှုကပျောက်သွားသည်၊ ထိုအသံကား မောင်တင်အုန်း အသံဖြစ်သည်။ သို့သော် မောင်တင်ဦးက သတိကိုရှေ့ဆောင်သည်။ ထို့ကြောင့် တံခါးကို ရုတ်ခြည်း ဖွင့်မပေးသေးဘဲ ဂျပန် ခေတ်စစ်ဗိုလ်အဖြစ် ဖခင် ကိုင်ဆောင်ခဲ့သော ဓါးရျည်ကြီးကို မြဲမြံစွာကိုင်ကာ ချောင်းကြည့်ပေါက်မှ ကြည့် လိုက်၏။ အိမ်တံခါးခေါက်နေသူကား မောင်တင်အုန်းအမှန်ပင်ဖြစ်သည်။ ဘောင်းဘီရှည်နှင့် စပို့ရှပ်နှင့် ဥရောပတိုက်သားပီပီ ၀တ်ဆင်ထားသည်။ ထိုအခါ မောင်တင်ဦးက ၀မ်းသာအားရဖြင့် တံခါးဖွင့်ပေး၏။ မောင်တင်အုန်း အိမ်ထဲရောက်သည်ဆိုလျှင်ပင် မောင်တင်ဦးက တံခါးကို သေချာစွာ ပြန်ပိတ်လိုက်သည်။

" ဘာလဲဗျ - ခင်ဗျားအမူအရာက တမျိုးပါ၊ အဖိုးကြီးသေတော့ အမွေပစ္စည်း ရွှေတွေ စိန်တွေ အများကြီး ရထားလို့ ဓမြ ကြောက်နေတာနဲ့တူတယ်"
မောင်တင်ဦး လက်ထဲမှာ ကိုင်ထားဆဲ ဓါးရှည်ကြီးနှင့် မောင်တင်ဦး အမူအရာကိုကြည့်ပြီးမောင်တင်အုန်းက ရယ်ရယ်မောမော မေးလိုက်၏။
" ဓမြကြောက်လို့မဟုတ်ဖူး ကိုတင်အုန်းရေ၊ ကျွန်တော့်ကိုမုန်းလို့ လူငှားသတ်ခိုင်းတဲ့ လူ ရှိနေတယ်၊ ဒါကြောင့် သတိထားနေရတာ"
မောင်တင်ဦးက ဓါးရှည်ကြီးကို ဓါးအိမ်ထဲ ပြန်ထည့်ရင်း ပြောသည်။

" ဘယ်လို ခင်ဗျားကိုမုန်းလို့ သတ်ခိုင်းနေတယ်ဟုတ်လား"
မောင်တင်အုန်းက အံအားသင့်စွာမေး၏။
" ဟုတ်တယ် "
" ခင်ဗျားက သူတို့ မုန်းလောက်အောင် ဘာတွေလုပ်ထားလို့လဲ"

မောင်တင်ဦးအဖို့ တိုင်ပင်အားကိုးစရာ ကြံရာမရ ဖြစ်နေဲဝယ် ညီအကိုတမျှ ခင်မင်သော မောင်တင်အုန်း ရောက်လာ၍ ၀မ်းသာအားရ ဖြစ်မိသည်။ ထို့ကြောင့် သူ့ဘ၀ အခြေအနေကို ကွယ်ဝှက်လိမ်လိုစိတ်မရှိဘဲ ပြောပြလိုက်သည်။ တနည်းအားဖြင့်လည်း မောင်တင်အုန်းအနေဖြင့် နှုတ်ဖွာအာချောင်ခြင်းမရှိ၍ ယုံယုံ ကြည်ကြည် ဖွင့်ဟ ပြောပြလိုက်ခြင်းဖြစ်သည်။ မောင်တင်ဦး ပြောပြသည်များကို ကြားရသောအခါ မောင်တင်အုန်းသည် အမှန်တကယ်ပင် စိတ်မကောင်းဖြစ်မိသည်။
"ခင်ဗျား ဘေးအန္တရာယ်က မသေးဘူးနော် ကိုတင်ဦး၊ ခင်ဗျား အခုလို အိမ်ထဲမှာ တသက်လုံး ပုန်းနေနိုင် မလား"
မောင်တင်အုန်းက စိုးရိမ်စိတ်ဖြင့် ပြော၏။

မောင်တင်အုန်းပြောသည်မှာ ဟုတ်ပါသည်။ တသက်လုံး အိမ်တွင်းပုန်းနေရမည်မှာ လုံးဝမဖြစ်နိုင်မှန်း မောင်တင်ဦး စဉ်းစားမိသည်။ တသက်တာ စားဝတ်နေရေးအတွက် အိမ်ထဲက ထွက်ရပေမည်။ မိမိအသက် ကို လုပ်ကြံနေကြောင်း အသေအချာသိနေပြီးမှ အိမ်ထဲမှာ နေသည်ဖြစ်စေ၊ အိမ်ပြင်မှာနေသည်ဖြစ်စေ၊ စိတ် အေးချမ်းသာ ရှိပါတော့မည်လော၊ ထိတ်ထိတ်လန့်လန့်ဖြင့်သာ သွားလာ လှုပ်ရှားနေရမည့် ဘ၀ပါတ ကား။ မည်မျှ စိတ်ဆင်းရဲစရာ ကောင်းမည်နည်း။ မောင်တင်ဦးက ဘာမှ ပြန်မပြောသေးဘဲ၊ စိတ်မချမ်းသာ ခြင်းဖြင့် ငိုင်နေသည်။

" ရဲကို တိုင်ထားရင် မကောင်းဘူးလား "
မောင်တင်အုန်းက အကြံပေး၏။
"ကိုယ့်ဘက်က သက်သေမရှိဘူး ကိုတင်အုံး ထီပေါက်ထားလို့ ငွေနှစ်သိန်းပိုင်ဆိုင်ထားတဲ့ လူဂုဏ်တန် တစ်ယောက်က သူ့နာမည် သူ့ဂုဏ်ကို ဖျက်ပါတယ်လို့ ပြန်တရားစွဲတော့ ကိုယ်အချုပ်ထဲရောက်နေမှာ သေချာ တယ်။ သူတို့ကြံစည်တာ သိနေပေမဲ့ ကိုယ့်ဘက်ကမပိုင်ဘူး"
မောင်တင်ဦး က စဉ်းစဉ်းစားစားပြော၏။

" ဘာ့ကြောင့် မပိုင်ရမှာလဲဗျ၊ အသံဖမ်းစက်ငှားလိုက်တဲ့လူ၊ အသံသွင်းကြိုးခွေ ဒါတွေဟာ သက်သေပေါ့"
မောင်တင်အုံးက အကြံပေး၏။
" မလွယ်ဘူး ကိုတင်အုန်းရေ၊ သူတို့ လူမိုက်လောက ကလျင်တယ်နော်၊ ကျွန်တော့် ယောက္ခမလောင်းကြီးက ငွေနဲ့ ဆို့ပြီး ကြံစည်အစဖျောက်မျာတွေ ထည့်တွေးအုံး၊ နောက်တချက် ကျွန်တော် ငဲ့စရာက ကြည်ကြည် နွဲ့အဖို့ ဂုဏ်ပျက်မှာ စိုးရိမ်တယ်"
မောင်တင်ဦးက ပြန်ပြော၏။ မောင်တင်အုံးက ဘာမှ ဆက်လက် အကြံဥာဏ်မပေးတော့ဘဲ ခေတ္တမျှ နှုတ် ဆိတ်သွားသည်။ အတန်ကြာမှ မောင်တင်အုံးက စတင်စကားပြော၏။
" ဒီနေ့ ဧပြီလ ဆယ့်သုံးရက်နော် "
" ဟုတ်တယ် ကိုတင်အုံး "
" ကျွန်တော်လာခဲ့တာ အဲဒီကိစ္စဘဲ ကိုတင်ဦး"
မောင်တင်ဦးက စဉ်းစားဟန်ဖြင့် -
" ဘာကိစ္စလဲ "
ဟုပြန်မေး၏။

" ခင်ဗျားကလဲ ရည်စားကိစ္စပွေလို့ မေ့နေပြီနဲ့တူတယ်၊ ခင်ဗျားအဖေနဲ့ မေဂျာဝှိုက်တို့ ရောက်ခဲ့တဲ့ နေရာကို ကျွန်တော်သွားဘို့ စီစဉ်ရာမှာ ခင်ဗျားကို လိုက်စေချင်တယ်လို့ ပြောခဲ့တဲ့ ကိစ္စလေ"
ထိုအခါမှ မောင်တင်ဦးက -
" အော် မှတ်မိပြီ - မှတ်မိပြီ"
ဟု ခွန်းဆင့်ဆိုလိုက်၏။

" ဘယ်လိုလဲ လိုက်နိုင်မလား၊ ခင်ဗျား ထိတ်ထိတ်လန့်လန့်နဲ့ ဒီမှာနေရတာထက်စာရင် သူငယ်ချင်း နှစ်ယောက် တောထဲတောင်ထဲမှာ လွတ်လွတ်လပ်လပ်သွားနေရမှာ ဘယ်လောက်စိတ်ချမ်းသာ ဘို့ ကောင်း မလဲ။ လိုက်ခဲ့ပါ ကိုတင်ဦးရာ"
မောင်တင်အုံးက ညီအကိုအရင်း လေသံမျိုးဖြင့်ဆို၏။ မောင်တင်ဦးကလည်း သူ့အခြေအနေကို သူပြန်စဉ်း စားကြည့်သောအခါ မောင်တင်အုံးနှင့်အတူ စွန့်စားခြင်းသည် သာလျှင် သူ့အဖို့ ဘေးကင်းရန်ကင်း အသင့် လျော်ဆုံး ဖြစ်သည်ဟု စိတ်ကို ဆုံးဖြတ်လိုက်၏။ ကြည်ကြည်နွဲ့ကို အသဲနှလုံးထဲက လှိုက်လှဲစွာ ချစ်ခင်စွဲ လန်းပါသော်လည်း ပေါ်ပေါက်လာမည့် ဘေးအန္တရာယ်တွေကို မိုက်ရူးရဲစိတ် တဇွတ်ထိုးစိတ်ဖြင့် ရင်ဆိုင် လိုစိတ်မရှိချေ။ ဦးသာညွန့်တို့ သွေးပူနေစဉ် အမှားအမှန် ဝေဖန်သုံးသပ်မှု မပြုနိုင်ဘဲ မောဟဖုံးလွှမ်းနေစဉ် မှာ ရှောင်နေခြင်းသည် အသင့်လျော်ဆုံးဖြစ်ကြောင်း စဉ်းစားမိသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, February 25, 2011

မဝင်းမြင့် ဧ။် ပဏ္ဍုသေလာ အပိုင်း (၁၄)

ကြည်ကြည်နွဲ့နံမည်လွှဲလိုက်ပါက သူ့အဖေအရက်သမား ဦးသာညွန့်ကြောင့် ရောင်းရမည့်အဖြစ်မျိုးကို ရောက်ခဲ့သော် မောင်တင်ဦးအနေဖြင့် ငုတ်တုတ်ထိုင်ကြည့်နေရမည်သာဖြစ်သည်။
"ကျွန်တော် ကြည်ကြည်နွဲ့နံမည်တခုထဲတော့ မလွှဲနိုင်ဘူးဒေါ်ဒေါ်၊ ကျွန်တော့်နံမည်နဲ့တွဲပြီး နှစ်ဦးပိုင် လို့သာ လွှဲနိုင်မယ်"
"အင်း။ ကောင်းပါတယ်၊ ငါ့သမီးကတော့ လင်က နားချသမျှ ခံရမယ့်မိန်းမဘဲ"
ဒေါ်ကြည်က မဲ့ရွဲ့ပြော၏။ ဤတွင် ငြိမ်နေသော ဦးသာညွန့်က တစခန်းထသည်။

"ကဲပါလေ၊ အိမ်ကို သူတို့နှစ်ယောက်နံမည် ထားချင်လဲထားပေါ့၊ မင်းလုပ်မယ်ဆိုတဲ့ အလုပ်က မြတ်မှာ သေချာသလားကွ"
ဦးသာညွန့်က မေး၏။
အမယ်ကြီးက လမ်းမကျပေမဲ့ အဘိုးကြီးက မျှတသားဘဲဟု မောင်တင်ဦးက တွေးပြီးအဖြေပေး၏။
"အလုပ်စတယ်ဆို ချက်ခြင်းမြတ်မယ်လို့တော့ ဘယ်သူကအတပ်ပြောနိုင်မှာလဲ ဦးလေး၊ ကျွန်တော်လဲ ဒီအလုပ်မျိုးကို ကြားဘူးတွေ့ဘူး သူများတွေလုပ်တာ မြင်ဘူးပေမဲ့ ကိုယ်တိုင်လက်တွေ့တခါမှ မလုပ် ဘူးသေးပါဘူး၊ အကျိုးခံစားရတယ်ဆိုတာတော့ သိပါတယ်။ လုပ်ခါစ မကျွမ်းကျင်သေးမီတော့ ရှုံးချင် လဲ ရှုံးမှာဘဲ။ တဖြေးဖြေးတော့ အလုပ်က လူကို သင်သွားမှာပါ ဦးလေး"
မောင်တင်ဦးက ဦးသာညွန့်ကို အရေလည်အောင် ပြောပြသည်။ ဦးသာညွန့်က မျက်နှာကိုရှုံ့လိုက်၏။

"မင်း အလုပ်က ဒီအတိုင်းတော့လဲ ဟန်မယ်မထင်ပါဘူးကွာ"
မောင်တင်ဦး စိတ်မကောင်းဖြစ်သွားသည်။ လုပ်ရန် ရည်ရွယ်ထားသည်ကို အားပေးခြင်းမပြုဘဲ အမြတ် ငွေရဘို့ကို အဓိကထားမေးသည်။ အထင်သေးစကားကို ဆိုသည်။  သို့သော် မောင်တင်ဦးက စိတ်ကို ဖြေပြီး ပြန်ပြော၏။
"အရှည်သဖြင့် နေထိုင်စားသောက်ရေးအတွက် အသင့်လျော်ဆုံး အလုပ်တော့ ဒါဘဲ စဉ်းစားလို့ရပါ တယ် ဦးလေး၊ နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေရှိပါတယ်၊ သူတို့နဲ့ တွဲပြီး သင်လုပ် လုပ်မှာပါ"
"မသေချာတာတော့ စိတ်မကူးပါနဲ့ကွာ၊ အဲဒီငွေ ငါးထောင် ငါ့ကိုပေး၊ ငါအလုပ် လုပ်ပြမယ်"

ဘယ်သူ့မှ သက်သာမှုမပေးပါဘူးဟု မောင်တင်ဦးက တွေးသည်။ ရုတ်တရက် စကားမပြန်ဘဲ ငိုင်နေ သော မောင်တင်ဦးကို ကြည့်ပြီး ဦးသာညွန့်က ထပ်မံပြောလိုက်ပြန်၏။
"မင်းငွေငါးထောင် ငါ့ကိုပေးကွ ငါ့အလုပ် လုပ်ပြမယ်"
"ဦးလေး အလုပ်က ဘယ်လိုအလုပ်မျိုးလဲ"
မောင်တင်ဦးက စိတ်မပါသော လေသံဖြင့်မေးသည်။ ဦးသာညွန့် အဖြေက မရေမရာရှိလှ၏။

"ဟို... ဟိုဒင်းလေ... ငါ့မိတ်ဆွေတယောက် အဲ. သူနဲ့စပ်တူလုပ်မှာ"
"ဘာအလုပ်ဆိုတာ ကျွန်တော် သိပါရစေ ဦးလေး"
"မင်းကလဲကွာ ကိုယ့်မိဘဖြစ်ရတော့မဲ့ဟာ၊ စစ်ဆေးနေလိုက်တာ၊ မင်းငွေကလေး ငါးထောင် ငါလိမ် မယ်ထင်လို့လား"
ဦးသာညွန့်က အလုပ်ကို တိကျရေရာစွာမပြောဘဲ၊ စိတ်ဆိုးသံပါလာသည်။

"ဟုတ်သားပဲ မောင်တင်ဦး၊ မင်းသဘောက ငွေကြေးဥစ္စာနဲ့ ပတ်သက်ရင် သိပ်အမြင်တိုပါလားကွဲ့... ငါ့တို့ဟာ ရင်သွေးရင်နှစ် သမီးရင်းတယောက်လုံးကို ပေးရမဲ့ မိဘအရင်းတွေပါကွဲ့"
ဒေါ်ကြည်က လင်တော်မောင်ဘက်မှ ထောက်ခံ၏။
"ဟုတ်ကဲ့... ကျွန်တော်"
မောင်တင်ဦးစကားက ဘာဆိုလိုသည်မသီ ဤမျှသာပြောရသေးသည်။ ကြည်ကြည်နွဲ့က အခန်းထဲမှ ရုတ်တရက်ထွက်လာပြီး
"ကိုဦး မြန်မြန်ပြန်ရင်ကောင်းမယ်၊ ပြန်တော့ ပြန်တော့"
ဟု အတင်းအကြပ် ပြန်ခိုင်းလိုက်၏။ သူ့အဖေနှင့် အမေ မပြောသင့်သည့်စကားတွေ ပြောနေခြင်းကို ကြည်ကြည်နွဲ့ သည်းမခံနိုင်အောင် ရှက်ကြောက်အားနာခြင်းဖြစ်လာသောကြောင့် ယခုလို စကားဖြတ် ပြီး ပြန်ခိုင်းခြင်းဖြစ်ကြောင်း မောင်တင်ဦးက သဘောပေါက်သည်။ မောင်တင်ဦးကိုယ်တိုင်ကလည်း ဦးသာညွန့်နှင့် ဒေါ်ကြည်ကို စိတ်ထဲမှာ အတော်ပင် စိတ်ပျက်နေပြီဖြစ်၏။ ငွေငါးထောင်တောင်းပြီး ကုန် ကုန်ခမ်းခမ်း အရက်သောက်ပစ်မည် ဖြစ်ကြောင်း မောင်တင်ဦးက တွေးမိပြီးဖြစ်သည်။
"အောင်မယ်... ညီးက ဘာဝင်ရှုပ်တာလဲ"ဟူသော ဒေါ်ကြည်၏အသံ။

"တိရစ္ဆာန်မလေး အဖေ့စကားကို အလကားဖြစ်အောင် ၀င်လုပ်တာလား"
ဟူသော ဦးသာညွန့်တို့အသံ လွှမ်းမိုးနေစဉ်မှာ မောင်တင်ဦးက ကပျာကသီထပြန်ခဲ့သည်။
နောက်တနေ့ ကားမှတ်တိုင်မှာ မောင်တင်ဦးက ကြည်ကြည်နွဲ့ကို သွားစောင့်၏။ ကြည်ကြည်နွဲ့က ကွယ်ဝှက်ခြင်း မပြုဘဲ ဖြောင့်မှန်စွာပင် ပြောသည်။
"အဖေနဲ့ အမေ ပြောတာလုပ်တာတွေ နွဲ့ ရှက်မိပါတယ် ကိုဦး၊ အဖေနဲ့ အမေ သဘောထားနဲ့ နွဲ့ သဘောထား တခြားစီဆိုတာ ကိုဦး ယုံကြည်ပါ"
"ယုံပါတယ် နွဲ့ရယ်၊ ကိုဦး ကလဲ ပစ္စည်းကို မြှော်မြင်လို့ စေတနာတွန့်တိုလို့ ပြောတာမဟုတ်ပါဘူး၊ ဒို့ နှစ်ယောက် ရှေ့ရေးကို တွေးရသေးတယ်၊ နောင်ခါ ကိုဦးနဲ့ နွဲ့ မှာ သားရယ် သမီးရယ်ဆိုတာတွေက ပေါက်ပွားလာအုံးမယ် ဟုတ်လား၊ အိမ်မဲ့ပစ္စည်းမဲ့ ခွေးတိုးဝက်ဝင် အဖြစ်မျိုးရောက်မှာစိုးလို့ပါ"
"နွဲ့ နားလည်ပါတယ်၊ သူတို့သဘော လိုက်လျောပြီး ကိုဦးက ပုံပေးလဲ အဖတ်တင်မှာ မဟုတ်ပါဘူး၊ အဖေ အရက်သောက်တာနဲ့ အမေ စည်းကမ်းမရှိ စားပစ်မှာနဲ့ ပြောင်မှာပါ"
သူ့မိဘအကြောင်း ကောင်းကောင်းသိသော ကြည်ကြည်နွဲ့က စိတ်ပျက်စွာပြောသည်။

ထို့နောက်...
"အဖေနဲ့ အမေကြောင့် ကိုဦး စိတ်ထဲမှာ နွဲ့ ကို စိတ်မပျက်မိဘူးလား ဟင်..."
ဟု ဆက်မေးလိုက်၏။
"မပျက်ပါဘူး နွဲ့ရယ်၊ ကိုယ်ပြောခဲ့ပြီကော၊ ယောက်ျားပီပီ သစ္စာစောင့်ပါ့မယ်၊ သူတို့လုပ်တာနဲ့ နွဲ့ အမူ အကျင့်နဲ့ ဘာမှမဆိုင်ဘူးဆိုတာလဲ ကိုဦး သိပြီးသားပါ၊ အခု အခြေအနေက ဘယ်လိုဖြစ်နေလဲ နွဲ့"
မောင်တင်ဦးက နှလုံးသားထဲရှိ စိတ်စေတနာအမှန်အတိုင်းပင် ပြောပြီး မေးခွန်းထုတ်လိုက်သည်။
"အဖေနဲ့ အမေက သူတို့အလိုကျမဖြစ်တော့ စိတ်ဆိုးတာပေါ့လေ"
"ဒါဖြင့် နွဲ့ကို ကိုယ်နဲ့လက်ထပ်ဖို့ ခွင့်မပြုနိုင်ဘူးတဲ့လား"
ကြည်ကြည်နွဲ့က စိတ်ရှုပ်စိတ်ညစ်သော မျက်နှာဖြင့် ပြန်ပြော၏။

"အမေက စိတ်ဆိုးပေမဲ့ ဘာမှမပြောပါဘူး၊ အဖေကတော့ စိတ်ကူးယဉ်နေလေရဲ့ ကိုဦး၊ သူ ထီသုံး စောင် ထိုးထားတယ်တဲ့၊ မနေ့က ထီစဖွင့်တယ်လေ၊ ဒီနေ့ သတင်းစာတွေမှာ ထီပေါက်စဉ် ဂဏန်းတွေ ပါလာပြီလေ၊ အဲဒါ ထီပေါက်စဉ်နဲ့ သူ့လက်မှတ်တိုက်မယ်တဲ့၊ ထီ သုံးစောင်လုံး ပေါက်ရင် နွဲ့နဲ့ ကိုဦး မယူရဘူးတဲ့၊ မနက်က စောစောစီးစီး အလုပ်မသွားခင် ကြိမ်းမောင်းသွားလေရဲ့"
"သူ့ ထီလက်မှတ်က ငါးရာဆုကလေးတွေ ပေါက်လာရင်ကော နွဲ့ရယ်"
မောင်တင်ဦးက ရယ်ချင်သောစိတ်ကို မျိုသိပ်ပြီးပြော၏။
"သူပြောချင်တာ ပြောပါစေလေ၊ ကိုဦးကသာ စိတ်မပျက်ဘဲ တည်တည်တဲ့တဲ့ လက်ထပ်ယူမယ်ဆိုရင် နွဲ့ လိုက်လျောဘို့ အဆင်သင့်ပါဘဲ"
အရှက်အကြောက်မရှိ စည်းမဲ့ကမ်းမဲ့ ပြောချင်ရာပြော၊ ဆိုချင်ရာဆို၊ နေချင်သလို နေထိုင်ကြသော ဘခင် အရက်သမားနှင့် အာကြမ်းသော မိခင်ကြောင့် နေရထိုင်ရသည်မှာ အပျိုလေးပီပီ ရှက်ကြောက် နေရှာသော ကြည်ကြည်နွဲ့က ဤမိဘစက်ရိပ်မှာ အမြန်ဆုံးလွတ်မြောက်လိုသည်၊ ထို့ကြောင့် ချစ်သူ မောင်တင်ဦးက လျှော့ဈေး စကားကို ပြောလိုက်မိသည်။ မောင်တင်ဦးကလည်း ကြည်ကြည်နွဲ့သဘော ကို သိ၍ ကြင်နာစိတ်ပိုလာသည်။ ထို့ကြောင့် သူ့ဆုံးဖြတ်ချက်ကို ပြင်လိုက်၏။
"အစက တလခွဲ နှစ်လလောက် ဆိုင်းမယ်လို့ ကိုဦးပြောခဲ့ပေမဲ့ ဒီအဖေ အမေနဲ့ နွဲ့နေရတာမပျော်ဘူး လို့ ကိုဦး တွေးမိတယ် ဟုတ်လား"
"ဟုတ်ပါတယ်"
ကြည်ကြည်နွဲ့က မကွယ်မ၀ှက်ဖြေ၏။

"ဒါကြောင့် နွဲ့ကို သနားတယ်၊ စိတ်ချမ်းသာစေချင်တယ်၊ အဲဒီတော့ ရက်ဆွဲမနေတော့ဘူး၊ ဒီနေ့ ကြာ သပတေးဆိုတော့ လာမဲ့ တနင်းလာမှာ ကိုယ့်တို့ အစီအစဉ်အတိုင်း လက်ထက်ကြစို့လား"
ကြည်ကြည်နွဲ့သည် ဖြစ်ချင်ရာဖြစ် ဇွတ်နှစ်တော့မည်ဟူသော သဘောဖြင့်
"သဘောတူပါတယ် ကိုဦး ဒါပေမဲ့ တခုတော့ ကြိုတင်ပြောထားမယ်၊ အဖေနဲ့ အမေက သူတို့သဘော ကျမဟုတ်လို့ လူကြီးမိဘအနေနဲ့ လိုက်လာမှာလဲ မဟုတ်ဘူး၊ ကန်တော့ခံမှာလဲ မဟုတ်ဘူး၊ အဲဒါ ကိုဦး သိဘို့ပြောတာဘဲ"
"သြော် အိမ်မလွှဲ ငွေမအပ်လို့ ဆိုပါတော့"
မောင်တင်ဦးက ပြောသည်ကို ကြည်ကြည်နွဲ့က ငြင်းဆိုခြင်းလည်းမပြု ၀န်ခံခြင်းလည်းမပြု နှုတ်ဆိတ် နေသည်။ ဤအတိုင်းဖြစ်သည်ကိုကား သူတို့နှစ်ယောက်လုံး သိကြ၏။ မောင်တင်ဦးက ဆက်ပြော သည်။
"ဒီလိုဆိုရင် ပိုတောင်လွယ်သေးတယ်၊ လူဆယ်ယောက်လောက် ဖိတ်မယ်ဆိုတာ မဖိတ်တော့ဘဲ ကိုယ်တို့နှစ်ယောက် တရားရုံးတခုခုသွားပြီး လက်မှတ်ထိုးလိုက်ကြတာပေါ့၊ အဲဒါက ဘာတာဝန်မှလဲ မရှိဘူး လူလဲမပင်ပန်းဘူး၊ စာချုပ်ဘိုးဘဲ ကုန်ရမှာ"
ကြည်ကြည်နွဲ့က သက်ပြင်းချပြီး ပြော၏
"ကိုဦး သဘောပါ"
 
အခန်း (၄)

ကံတရားဟူသည် မယုံနိုင်အောင် ထူးဆန်းအံ့သြဘွယ်ကောင်းသည်ကို ကြည်ကြည်နွဲ့နှင့် မောင်တင်ဦး တို့ လက်တွေ့ပင် မျက်ဝါးထင်ထင်မြင်နေရသည်။

"ငါထိုးထားတဲ့ ထီလက်မှတ်တွေကသာ သိန်းဆုပေါက်လိုက်စမ်းကွ၊ ငါတို့အပေါ် ပစ္စည်းအမြင်တိုနေတဲ့ ဒီ တင်ဦး ဆိုတဲ့ ခွေးတိရစ္ဆာန်ကို နင်ယူရမယ်မှတ်သလား၊ ရိုက်သတ်မယ် သတိကောင်းကောင်း ထားနေ"
အရက်မူးမူးဖြင့် လူကြားမကောင်းအောင် အော်ဟစ်ကြိမ်းမောင်းခဲ့သော ဦးသာညွန့်၏ထီလက်မှတ် သုံး စောင်မှာ ထစဖွင့်သည့်နေ့ ပထမ ငွေဆယ်သိန်းအနက်မှ သိန်းဆုကြီးတခုနှင့် ငါးသောင်းဆုနှစ်ဆု တိတိကျကျတိုက်ဆိုင်စွာ ထီပေါက်သွားလေတော့သည်။ 

ဦးသာညွန့်နှင့် ဒေါ်ကြည်ကား ငွေနှစ်သိန်းတိ တိကို လက်ဝယ်ပိုက်ကာ လူတလုံး သူတလုံး ဦးခေါင်းမော့မော့ ရင်ကော့ကော့ဖြင့် လက်မထောင်ပြီး နေနိုင်သော အဆင့်အတန်းသို့ အိပ်မက်သဖွယ် မျက်လှည့်ပမာ လျှင်မြန်စွာ ပြောင်းလဲသွားလေတော့ ၏။

သတင်းမေးလာသူတွေကား အိမ်ကလေးပင်မဆန့် ဒေါ်ကြည်၏ဈေးရောင်းဖေါ် ရောင်းဖက် မိတ်ဆွေ တွေ၊ ဖောက်သည်တွေ၊ ဦးသာညွန့်၏သောက်ဖော် သောက်ဖက်တွေ....

ဤလူစုတွေအပြင် မြေပွဲစား၊ တိုက်ပွဲစား၊ အိမ်ပွဲစား၊ စိန်ရွှေပွဲစားတို့ကပါ ရောက်လာသည်။ ကိုယ်ပိုင် မြေပေါ်မှာ ကိုယ်ပိုင်တိုက်အိမ်နှင့်နေမှ တင့်တယ်မည်။ ရန်ကုန်လိုမြို့မှာ မော်တော်ကားရှိမှ ဖြစ်မည်။ သူဋ္ဌေးပီပီ ကိုယ်ပိုင်မော်တော်ကားဝယ်သင့်သည်။ သူဋ္ဌေးကတော်နှင့် သူဋ္ဌေး သားသမီးတွေအဘို့ စိန် ရွှေလက်ဝတ်လက်စားဟူသည် မရှိလျှင်မဖြစ်၊ လူမှာ အ၀တ်တောင်းမှာ အကွပ်ဆိုသည့်အတိုင်း ကြက် သရေရှိရှိ လှပစေရန် စိန်ရွှေလက်ဝတ်လက်စားဝယ်ရန် သင့်သည်။
ဆွယ်တရား ဟောကြသည့်အသံတွေကား နေ့စဉ်ပင် လျှံနေ၏။

"ငွေမထုတ်ရသေးမီ ယူသုံးထားပါ၊ သူဋ္ဌေးမင်းနဲ့ သူဋ္ဌေးကတော်ကို ယုံပါတယ်၊ လိုချင်သလောက် ယူ ငွေထုတ်တဲ့နေရာမှာလဲ ကျွန်တော်တို့ ကျမတို့က အမြန်ဆုံးရအောင် ကူညီမယ်။ ကျေးဇူးတော့ မမေ့ ရဘူးနော်"

ဟူသော ရုတ်တရက် မြေထဲက ခွဲထွက်ပေါ်ပေါက်လာသည့် မိတ်ဆွေထဲမှ လက်လှည့်သုံးငွေယူကာ ဦး သာညွန့် ပထမဆုံးလုပ်သည့်အလုပ်ကား အိမ်ပိုင် မြေပိုင်မ၀ယ်သေးမီ လုံခြုံသောတိုက်ခန်းတခုကို အရေးတကြီး ရှာဖွေငှားရမ်းကာ မိသားစုတစုလုံး ပြောင်းရွှေ့နေထိုင်သည်။ သောက်ဖော် သောက်ဖက် ထဲမှ ယုံကြည်ရသူဟု သူထင်သော အရက်သမားနှစ်ယောက်ကို အိမ်မှာအမြဲမပြတ်နေစေပြီး၊ ထမင်း ရော အရက်ရော အားလုံးလိုလေသေးမရှိ တာဝန်ယူခေါ်တင်ထားသည်။ သမီး ကြည်ကြည်နွဲ့ကို အိမ် ထဲက အိမ်ပြင်မထွက်စေရအောင် တင်းကျပ်ထားလိုက်သည်။

ထိုအခါမှ လုံခြုံသောတိုက်ခန်းရှာခြင်းနှင့် လူယုံအရက်သမားနှစ်ယောက်ခေါ်ထားခြင်းသည် ကြည် ကြည်နွဲ့နှင့် မောင်တင်ဦး ဖေါ်ကွာဝေးဖြစ်စေရန် သူအရက်မူးမူးနှင့်ကြိမ်းမောင်းထားခဲ့သည့်စကား ဦး သာညွန့်သည် မဆိုင်းမတွ အကောင်အထည်ဖေါ်ပြီဖြစ်ကြောင်း ကြည်ကြည်နွဲ့က သိရတော့၏။
အစီအစဉ်ကား မြန်လွန်းလှသည်။ ကြာသပတေးနေ့မှာ ထီပေါက်ကြောင်း သိရသည်။ တနင်္ဂနွေနေ့မှာ တိုက်ခန်းရ၍ ညနေပိုင်းအပြီး ရွှေ့ပြောင်းကြခြင်းဖြစ်၏။

"ငွေဆိုတာ တယ်ပြီး အရာရောက်ပါလား၊ ဒါကြောင့်လဲ ငါ့အဖေနဲ့ ငါ့အမေက ကိုတင်ဦးဆီက ရှိစုမဲ့စု ပစ္စည်းကို မက်မောလိုချင်တယ်၊ ကိုတင်ဦးကလဲ ငွေဆိုတာ အရာရောက်မှန်းသိလို့ စေ့စေ့စပ်စပ် အကွက်ချတွေးပြီး စီစဉ်တာဘဲ"
ကြည်ကြည်နွဲ့က တွေးနေစဉ်မှာ...
"ဟဲ့... ကောင်မလေး ငါစကားတခွန်းထဲ အပြတ်ပြောမယ်။ နင်နဲ့ ဟိုအကောင်ကို ဘယ်နည်းနဲ့မှ ငါမ ပေးစားဘူး၊ အိမ်ရှေ့မှာ ငါ့ခေါ်ထားတဲ့ လူနှစ်ယောက်တွေ့လား၊ အဲဒါ နင်ဘယ်ကို ထွက်မပြေးနိုင် အောင် စောင့်ကြည့်ကြမယ်၊ နင့်အကောင် အိမ်နားမှာ လာရစ်သီရင် ဦးနှောက်ထွက်အောင် တီးကြ မယ်၊ ငါပြောတာ မယုံရင် လက်တွေ့သိရမယ် သတိထား"

အကောင်းစားအရက်ကို သဘောရှိသောက်နေရပြီဖြစ်သော ဦးသာညွန့်က ခက်ထန်တင်းမာစွာ ပြော နေစဉ်မှာ တိုက်ခန်းအနောက်ဖေးဘက်မှ အပြင်ထွက်သည့်တံခါးကို လူယုံတော် အရက်သမားနှစ် ယောက်က ဖွင့်မရအောင် ခိုင်ခန့်လုံခြုံစွာ ပိတ်ဆို့နေကြသည်ကို ကြည်ကြည်နွဲ့က ထိတ်လန့်စွာ မြင်ရ သည်။ ဦးသာညွန့်က သမီးမျက်နှာကို ကျေနပ်စွာ တချက်ကြည့်ပြီး အိမ်ရှေ့ပြန်ထွက်သွားသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, February 24, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၁၃)

" ကဲ ... ဆိုပါအုံးကိုဦး၊ ဘာအရေးကြပီးတယ်ဆိုတာ "
ကြည်ကြည်နွဲ့ က စလိုက်သောအခါ မောင်တင်ဦးက လှည့်ပတ်သွယ်ဝိုက်ပြောခြင်းမရှိဘဲ အချိန် မကုန်စေ ရန် လိုရင်းကိုသာ ငှဲ့ထိုးပြောလေသည်။
" ကိုဦးအလုပ်ပြုတ်သွားပြီနွဲ့ရဲ့၊ တလသုံးရာဝင်ငွေမရှိတော့ဘူး၊ နောက်အလုပ်တခု ရဘို့ဆိုတာက တော် တော်ခဲယဉ်း တဲ့ အခြေအနေဆိုတာ နွဲ့နားလည်ပြီးသားဘဲ။ ရသည့်တိုင်အောင် အလွန်ဆုံးရပါမှ နွဲ့လို သုံးကျပ် ဆယ့်ငါးပြား ဘဲဖြစ်မှာ၊ အဲဒီတော့ အရင် ကိုယ်တို့နှစ်ယောက် စီစဉ်ထားတာ အကောင်အထည်ပေါ် မှာ မဟုတ်တော့ဘူး နွဲ့"

ကြည်ကြည်နွဲ့က ဘာမှ မပြန်မပြောသေးဘဲ မောင်တင်ဦး မျက်နှာကို ငေးကြည့်နေသည်။ မောင်တင်ဦး၏ အလုပ်သည် ဆယ်တန်းအောင်သူ တယောက်အဖို့ မမြှောင်မှန်းသော လစာကို ရနေသော်လည်း တသက်တာ တည်မြဲမည်မဟုတ်ဘဲ အချိန်အခါကို ကန့်သတ်ထားသော အလုပ်၊ မလိုအပ်တော့သော အချိန် မှာ ထွက်ရမည့် အလုပ်ဖြစ်ကြောင်း ကြည်ကြည်နွဲ့က သိထားပြီးဖြစ်၍ မောင်တင်ဦး အလုပ်လက်မဲ့ ဖြစ်ရ သည့် ကိစ္စကို မေးမြန်းရန်လည်းမလို။ အံ့သြခြင်းလည်းမဖြစ်ပေ။ မောင်တင်ဦးအနေဖြင့် တလသုံးရာ မျှ သော လစာဖြင့် ဤအလုပ်ကို သုံးနှစ်ကျော်ကျော်ပင် လုပ်ခဲ့ရသည်မှာ အတော်အသင့် စုမိခဲ့ကြောင်းသိပြီး ဖြစ်သည်။

" ကိုဦး ဘယ်လိုစီစဉ်ချင်လဲ"
ဖခင်သေဆုံး အလုပ်လက်မဲ့ဖြစ်နေသော ချစ်သူကို ကြင်နာသောစိတ်ဖြင့် ကြည်ကြည်နွဲ့က မေးသည်။
" ကိုယ်တို့လက်ထပ်တဲ့ ကိစ္စကိုလဲ ငွေကုန်မခံဘဲ ရပ်ရွာလူကြီး ဆယ်ယောက်လောက်ကို သင့်တော် သလို ကျွေးမွေးပြီး အသိအမှတ်ပြုလိုက်တာပေါ့နွဲ့ရယ်။ လက်ထပ်ပွဲ အကျယ်ချဲ့လို့ ကုန်မဲ့ငွေကို အဖတ်တင် အောင် လုပ်လိုက်ရင် မကောင်းဘူးလား "
ကြည်ကြည်နွဲ့ က စဉ်းစားသလို ငြိမ်နေသည်။ မောင်တင်ဦးက ဆက်ပြော၏။

" အစကတော့ ဒီလိုမရည်ရွယ်ပါဘူး၊ အခုကိုဦး အလုပ်လက်မဲ့ဖြစ်သွားလို့ ငွေအကုန် မခံသင့်တော့ဘူးလို့ ရှေ့ရေးတွေးပြီး ဆုံးဖြတ်ရတာပါ။ လူတွေ ဖိတ်ကျွေးလို့ ကုန်မဲ့ ငွေကို နွဲ့ လက်ဝတ်လက်စား တခုခုဝယ် ၀တ်ပေါ့။ ဒါက နွဲ့လဲ တင့်တင့်တယ်တယ် ၀တ်ဆင်ရသေးတယ်။ သေရေးရှင်ရေး ပေါ်လာရင်လဲ သူများဆီ မျက်နှာအောက်ချစရာ မလိုဘဲ ငွေပေါ်နိုင်တယ်။ အရေးကြီးတာက ဒို့နှစ်ယောက် ကြွေးလွတ်မြီးလွတ် သောက မရှိဘဲ သစ္စာရှိရှိ ကြင်နာသွားဘို့သာ အရေးကြီးပါတင်နွဲ့ရယ်။ မင်္ဂလာအခမ်း အနား တစုံတခု ဖြစ်တော့ ကြီးကြီးကျယ်ကျယ်လုပ်တဲ့ မင်္ဂလာဆောင်ကြီးက လာမကယ်ပါဘူး"
မောင်တင်ဦး စကားကို ကြည်ကြည်နွဲ့က သသဘောပေါက်သွားသည်။

" ကိုဦး အစီအစဉ်ကောင်းပါတယ်"
ကြည်ကြည်နွဲ့က သဘောတူစကားပြောရင်း သူ့မိဘတွေသိသွားလျှင် " ညီး အလျှော့ပေးလှချေကလား" ဟူသော စကားဖြင့် စိတ်မချမ်းသာစရာတွေ ကြားရအုံးမယ်ကို တွေးလိုက်မိ၏။
" အဖေနဲ့ အမေကို ကန်တော့ဘို့ ပြောထားတဲ့ ငွေငါးရာကတော့ ပျက်ကွက်လို့ မဖြစ်ဖူးထင်တယ် ကိုဦး"
မိဘအမူအကျင့် သဘောထားကို သိထားပြီးသော ကြည်ကြည်နွဲ့က ဆက်ပြောလိုက်သည်။

" ဟာ ... ဒါကတော့ ပျက်လို့ ဘယ်ဖြစ်နိုင်မလဲ။ ကိုဦးမှာ မိဘမှ ရှိတာမဟုတ်ဘဲ။ ကန်တော့စရာ နွဲ့ မိဘ တွေ ဘဲ ရှိတာ ကန်တော့ရမှာပေါ့"
မောင်တင်ဦး စကားကြောင့် ကြည်ကြည်နွဲ့က များစွာ သနားသွားသည်။
" ကိုဦး စိတ်မကောင်းဖြစ်တာက အလုပ်လက်မဲ့ ဖြစ်သွားတော့ တလတရာ ထောက်ပံ့ပါ့မယ်လို့ ပေးထားတဲ့ ကတိ ပျက်ရတာ ကို နွဲ့မိဘတွေ ဘယ်လိုထင်မလဲဆိုတာဘဲ တွေးနေမိတယ်။ နွဲ့ကတော့ ကိုဦးကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုယူဆသလဲ ပွင့်ပွင့်လင်းလင်းသာ ပြောပါနွဲ့ရယ်"

မောင်တင်ဦးက ပြောနေရင်းပင် ကြည်ကြည်နွဲ့မျက်နှာကို အကဲခတ်သည်။ သို့သော် ကြည်ကြည်နွဲ့မျက်နှာက ပျက်ခြင်းမှုန်ခြင်း ပြောင်းလဲခြင်းမရှိ။ ပကတိအသွင်သာ ရှိနေသည်။ ကြည်ကြည်နွဲ့ ကမဆိုင်းမတွပင် ပြန်ပြောသည်။
" ဒါကတော့ ကိုဦးရယ် စကားပုံရှိတယ်မှုတ်လား။ ၀မ်းမ၀ရင် ဆွမ်းတော်မတင်နိုင်ဘူးဆိုတာ။ အဲဒီအတိုင်း ပေါ့။ မိဘရယ်လို့ ပေးချင်ကျွေးချင်ပေမဲ့ အဆင်မပြေတဲ့အကြောင်းတွေ ဖြစ်လာတော့လဲ ဘယ်တတ်နိုင် ပါ့ မလဲ၊ အလုပ်အကိုင် အဆင်ပြေလို့ ငွေကြေးချောင်လည်တော့လဲ ကန်တော့တာပေါ့။ ကိုဥိးရော နွဲ့ကော မိဘ တွေကို တသက်လုံး ပြစ်ထားမယ်ဆိုတဲ့ စေတနာမှမရှိတာ။ စိတ်ကောင်းကောင်းထားပါ ကိုဦးရယ်"

စိတ်စေတနာကောင်းဖြင့် တရားမျှတစွာ ပြောသော ကြည်ကြည်နွဲ့၏ သဘောထားကို မောင်တင်ဦးသည် များစွာမှ တန်ဘိုးထား လေးစားမိသည်။ ထို့ကြောင့် သူ့စီစဉ်ချက်ကို ပြောပြသည်။
" အခု ကိုယ့်လက်ထဲမှာ စုဆောင်းထားသမျှ အမေ့လက်ဝတ်လက်စားလေးပါ ပေါင်မယ်ဆိုရင် ငွေငါး ထောင် နီးပါးတော့ ရှိပါတယ်နွဲ့။ ရန်ကုန်မြို့လိုနေရာမှာ အိမ်အပိုင်ဆိုတာက တော်တော့ကို အသက်ရှူ ချောင် နေပြီ။ အဲဒီတော့ နွဲ့အနေနဲ့ သုံးကျပ်ဆယ့်ငါးပြားကို လုပ်မနေနဲ့။ အိမ်ထိန်းသိမ်းကြည့်ရှု ဘို့၊ နောက်ပိုင်း လုံခြုံဘို့သာ ဂရုစိုက်၊ ဒီငွေကိုရင်းပြီး ကိုဦးအလုပ်တခုခုလုပ်မယ်၊ အစဦးတော့ အတွေ့အကြုံ အလေ့  အကျင့် မရှိလို့ နဲနဲတော့ ကသီမှာပေါ့။ ဒါပေမဲ့ အလုပ်က လူကိုသင်သွားမှာပါ"

ကိုဦး ဘာလုပ်မယ်စိတ်ကူးလဲ"
" စာပေထုတ်ဝေခွင့် မှတ်ပုံတင်ရအောင်လျှောက်၊ မရလဲ ၀တ္ထုတအုပ်အတွက် တခါရိုက် သုံးလေးရာ ပေးငှားရမှာပေါ့၊ နာမည်ကြီးစာရေးဆရာတွေဆီက စာမူတောင်းပြီး စာအုပ်ရိုက်မယ်၊ ဒီအလုပ်က လယ်လယ်ပတ်ပတ်လုပ်နိုင်ရင် ကိုယ့်ဘို့ ၀၀လင်လင် စားဖို့ သောက်ဖို့ ကျန်တယ်နွဲ့၊ အဲဒီတော့ မိဘတွေ ကိုလဲ ထောက်ပံ့နိုင်စရာ ဖြစ်လာပါလိမ့်မယ်"

မောင်တင်ဦး အစီအစဉ်ကို -
"နွဲ့သဘောကျတယ် ကိုဦး"
ဟု ကြည်ကြည်နွဲ့က လှိုက်လှိုက်လှဲလှဲ ထောက်ခံသည်။
" ကဲ ကိုယ်တို့နှစ်ယောက်ရှေ့ရေးက စိတ်အေးရပြီပေါ့။  မိဘတွေကို ပြောပြအုံးနော်"
" ပြောပြပါ့မယ်"
" အဖိုးကြီး က ဂျီကျအုံးမလားမသိဘူး"
" လိုက်လျော့လိမ့်မယ်ထင်ပါတယ်"

ကြည်ကြည်နွဲ့က မယုတ်မလွန်ဖြေသည်။ သူ့အဖေအမေ အကြောင်း သူအသိဆုံးဖြစ်သည်။ လက်ထပ်လျှင် သူ့အပေါင်းအသင်းတွေကို တိုက်ကျွေးရန်အတွက် အရက်ဘိုး ငွေသတ်သတ်ပေးရမည်ဟု မူးမူးရူးရူး နှင့် ပြောထားဘူးသော စကားရှိသည်။ ယခု အရက်ဖိုးငွေလည်း ပေးနိုင်မည်မဟုတ်၊ လက်ထပ်ပွဲကလည်း အကျဉ်းရုံး မည်။ တလတရာ ထောက်ပံ့မှုကလည်း ဖျက်လိုက်ရသည်။ မောင်တင်ဦးအခြေအနေ၊ မောင်တင် ဦး အစီအစဉ် တွေကလည်း အတိုက်အခံပြုရန် လုံးဝ မသင့်လျော်ကြောင်း ကြည်ကြည်နွဲ့က စဉ်းစားမိသည်။ သူ့အဖေ အရက်သမားကမူ မည်သည့်နည်းနှင့်မျှ ကျေနပ် လက်ခံမည်မဟုတ်။

သူ့အဖေကသာမဟုတ်။ သူ့ အမေကလည်း ဤနည်းအတိုင်းပင် မကျေမနပ် ပြောကြဆိုကြ ဆူကြပူကြမည်ကို အတပ်တွေးမိသော ကြည်ကြည်နွဲ့က ချစ်သူမောင်တင်ဦးကို သနားကြင်နာခြင်းဖြင့် လိုက်လျောကာ အမူအယာ မပျက်နေရသော်လည်း မိဘကို ရင်ဆိုင်ရမည့် အရေးတွေးကာ ရင်လေးမိရှာလေသည်။

ကြည်ကြည်နွဲ့ပြန်သွားပြီး တပတ်အကြာဝယ်၊ သူ့မိဘတွေက မည်သို့သဘောထားကြောင်းသိရန် မောင်တင်ဦး က ကြည်ကြည်နွဲ့အိမ်သို့ လိုက်သွားသည်။ ခက်ထန် တင်းမာသော ဦးသာညွန့် နှင့် ဒေါ်ကြည် မျက်နှာ ကိုလည်းကောင်း၊ စိတ်မချမ်းသာမှုကြောင့် နွမ်းနယ်ချောင်ကျသွားသော ကြည်ကြည်နွဲ့မျက်နှာကို လည်းကောင်း၊ မောင်တင်ဦးက မသက်မသာ မြင်လိုက်ရသည်။

မောင်တင်ဦး ရောက်လျှင် ရောက်ချင်း နားမလည်နိုင်အောင် အပြောင်းအလဲတခုကို မြင်လိုက်ရ၏။ ထိုအပြောင်းအလဲကား သူ့ကို မြင်သည်နှင့်တပြိုင်နက် ခက်ထန်တင်းမာသော ဦးသာညွန့်နှင့် ဒေါ်ကြည်တို့၏ မျက်နျာများသည် သူတို့လင်မယားချင်း တယောက်မျက်နှာ တယောက်ကြည့်ပြီး ဘာမှ မဖြစ်သလို ပကတိ မျက်နှာထား များသို့ လျှင်မြန်စွာ ပြောင်းလဲသွားကြခြင်းပင်ဖြစ်၏။ ရုတ်တရက်သော် မောင်တင်ဦးက နားမလည် နိုင်အောင် ဖြစ်သွားသည်။ သို့သော် သူတို့ကိစ္စအကြောင်း နှင့် သူတို့မျက်နှာ အမူအယာ ဖြစ်နေသည်။ ငါနှင့် သက်ဆိုင်မည်မဟုတ်ချေ။ ထို့ကြောင့်သာ ပကတိ မျက်နှာသို့ ပြန်ပြောင်း သွားခြင်း ဖြစ်မည် ဟု စိတ်သက်သာသည့်ဘက်က လှည့်တွေးလိုက်ရသည်။

မောင်တင်ဦး ထိုင်မိသည်ဆိုလျှင် ဦးသာညွန့် နှင့် ဒေါ်ကြည်က မောင်တင်ဦး နှင့် မျက်နှာချင်းဆိုင်နေရာမှာ လာထိုင်လိုက်၏။ မောင်တင်ဦး သတိထားလိုက်မိသည့် အချက်တခုရှိသည်။ ထိုအချက်ကား ဦးသာညွန့် ရော ဒေါ်ကြည်ပါ နှစ်ယောက်ပြိုင်တူ မျက်စောင်း အရှိန်ကြောင့် ကြည်ကြည်နွဲ့ မျက်နှာပျက်ပျက်ဖြင့် အခန်း ထဲ ၀င်သွားခြင်းဖြစ်သည်။ ဒေါ်ကြည့်မျက်နှာကို ကြည့်ပြီး မောင်တင်ဦးက စကားစပြော၏။

" ကြည်ကြည်နွဲ့ ပြောပြလို့ ဒေါ်ဒေါ်တို့အားလုံး သိပြီးပြီ ထင်ပါတယ်"
" အေးကွဲ့ ... သမီးကပြောပြတယ်"
ဒေါ်ကြည်က ဒေါသသံ၊ စိတ်ဆိုးသံ၊ မကြည်ဖြူသံ လုံးဝ မပါဘဲ၊ ပကတိအသံမျိုးဖြင့် ပြောသောအခါ မောင်တင်ဦး စိတ်ထဲမှာ သက်သာရာရသွားည်။ ဒေါ်ကြည် ပြောသော စကားသည် မဆုံးသေးကြောင်း တပိုင်း တစ ဖြင့် ဖြတ်ထားကြောင်း မောင်တင်ဦးက သဘောပေါက်၏။

" ဟုတ်ကဲ့ ဒေါ်ဒေါ်၊ ကျွန်တော့် အစီအစဉ်ကို ဒေါ်ဒေါ်နဲ့ ဦးလေးတို့ ဘယ်လိုသဘော ထားတယ်ဆိုတာ သိပါရစေ"
ယောက္ခမလောင်း နှစ်ယောက်ကို မောင်တင်ဦးက ရိုရိုသေသေပင် မေး၏။
" အစီအစဉ်ကတာ့ ငြင်းစရာမရှိဘူးလေ၊ မောင်တင်ဦးအလုပ်ကမှ အဆင်မပြေဘဲကိုး။ အဲဒီတော့ ခလေး နှစ်ယောက် စိတ်ချမ်းသာသလို စီစဉ်တာကို ဒေါ်ဒေါ်တို့က လိုက်လျောပါတယ်။ အဲတခုတော့ ဒေါ်ဒေါ် ပြော ချင်တယ် ကွဲ့၊ ဒါကိုလဲ မောင်တင်ဦး လိုက်နာစေချင်တယ် "

ဒေါ်ကြည်၏ လေသံနှင့် စကားက လူကြီးဆန်လှသဖြင့် မောင်တင်ဦးစိတ်ထဲမှာ မိဘလိုပင် မှတ်ထင် လိုက်မိသည်။ တခုဒေါ်ဒေါ် ပြောချင်သည် ဆိုခြင်းမှာ သူ့လင်ဦးသာညွန့်လို မူးယစ်သောက်စားမည်စိုး၍ အရက်သေစာကို ရှောင်ကြဉ်ရန် ဆိုဆုံးမမည့် စကားဟု မောင်တင်ဦးက ယူဆ၏။ ထို့ကြောင့် နှစ်သိမ့်သော အသံဖြင့် ပြန်ပြောသည်။
" ပြောပါ ဒေါ်ဒေါ် သားသီးနဲ့ မိဘဘဲ ဆိုဆုံးမတာ နာခံပါ့မယ်"

" အေး ... ဒေါ်ဒေါ် ပြောချင်တာကတော့ မင်းတို့ လက်မထပ်ခင်မှာဘဲ မင်းနေတဲ့အိမ်ကို သမီးနာမည်နဲ့ အပြီး အပိုင်လွှဲပေးစေချင်တယ်"
ဒေါ်ကြည်၏နငတ်မှ မောင်တင်ဦး လုံးဝ မမြှော်လင့်သော စကားထွက်လာသည်။ မောင်တင်ဦးသည် ဘာပြန် ပြောရမည်မသိတော့ဘဲ ဒေါ်ကြည်ကိုသာ ခပ်ကြောင်ကြောင် ပြန်ကြည့်နေတော့၏။
"ဘယ်လို လဲကွဲ့၊ နာခံပါ့မယ်ဆိုပြီး ပါးစပ်က ဘာသံမှလဲ မထွက်ပါလား"

ဒေါ်ကြည်က ထပ်ဆင့်ပြောလိုက်၏။ မောင်တင်ဦးသည် သူ့အိမ်ကလေးကို မျက်စေ့ထဲမှာ ပြန်မြင်လိုက် သည်။ ကွယ်လွန်သူ မိဘနှစ်ပါးက ထားရစ်ခဲ့သော အမွေအနှစ် ဤအိမ်ကလေးသည် ယခုကာလ တန်ဘိုး နှင့် တွက်သော် သုံးသောင်းခွဲလောက်တော့ ပစ္စလက္ခ ထိုက်တန်သည်။ ဒေါ်ကြည်တို့ ရည်ရွယ်ချက်ကို မောင်တင်ဦး ရိပ်စားမိ၏။ ဤအိမ်ပေါ်မှာ တစုတဝေး တက်နေလိုကြကြောင်း ဖွင့်ပြော ဘူး သည်။ ယခု ကြည်ကြည်နွဲ့ နံမည်ကို လွှဲလိုက်ပါက သူတို့အမေတက်လာလျှင် မောင်တင်ဦး အနေဖြင့် မည် သို့မျှ ပြောပိုင်ခွင့် မရှိတော့ချေ။ အလွန်အမင်း စိတ်မချမ်းသာမှု ဖြစ်လာလျှင် မောင်တင်ဦးအဖို့ ခြေလွှတ်လက်မဲ့ ဆင်းပြေး ရမည်သာဖြစ်၏။

အတန်ကြာမှ မောင်တင်ဦးက ဖြေ၏။
" နံမည်လွှဲနေဘို့ မလိုပါဘူး ဒေါ်ဒေါ်ရယ်၊ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဗမာတွေဘဲ၊ ဇနီးမောင်နှံ ဖြစ်လာပြီ ဆိုရင် ရှိသမျှပစ္စည်း လင်မယားနှစ်ယောက် အညီအမျှ ပိုင်ဆိုင်ရမှာပေါ့၊ လင်သေမယားရ။ မယားသေလင်ရ ဆိုတဲ့အတိုင်းပါ၊ ကျွန်တော့်ပစ္စည်း ကြည်ကြည်နွဲ့ကလွဲလို့ ပိုင်မဲ့သူမရှိပါဘူး"

" မဟုတ်သေးဘူးလေ၊ မဟုတ်သေးဘူး။ မင်းက ငါ့သမီးကို ဟင်းရွက်ကဇွန်းလို လူကလေး ဆယ်ယောက် လောက်နဲ့ အကျဉ်းရုံး လက်ထပ်မယ်ဆိုတာတွေ၊ ဒို့ကို တလတရာထောက်ပံ့မယ်ဆိုပြီး ပျက်ကွက် တာတွေ ကို ဒို့က အလျှော့ပေးလိုက်လျောနေပြီဘဲ။ အိမ်ကို ပိုင်နိုင်အောင် နံမည်လွှဲမှဖြစ်မယ်။ နောင်ခါ အခု ပေးထားတဲ ကတိတွေပျက်သလို ဒီအိမ်ပိုင်ဆိုင်မှုလဲ ပျက်အုံးမယ်ဆိုရင် ဒို့နွားကျမှာပေါ့ကွဲ့၊ မင်းအိမ်ကို နံမည် လွှဲပါ"

တရားနည်းလမ်းမကျသော စကားကို ဇွတ်ပြောနေသော ယောက္ခမလောင်းအား မောင်တင်ဦးက အငေး သားကြည့်နေသည်။ သူ့သမီးကို ဟင်းရွက်ကဇွန်းလို သဘောမထားဘဲ ရှေ့ရေးကို အရှည်တွေးကာ လူလို သူလို တင့်တယ်အေးချမ်းစွာ နေထိုင်စားသောက်သွားနိုင်ဘို့ ရည်ရွယ်သည့် စေတနာကို အဘယ်ကြောင့် သဘော မပေါက်ပါသနည်း။ ကြည်ကြည်နွဲ့ကပင် ရေလည်အောင် မပြောပြ၍ပေလားဟု မောင်တင်ဦးက တွေးနေသည်။

" မင်း မလွှဲနိုင်ဘူးလား "
ဒေါ်ကြည်ကမေး၏။
မောင်တင်ဦး သည် စိတ်ကို ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။ အဖေ နှင့် အမေ ဦးခေါင်းချသွားသော ဤအိမ်ပေါ် က သူမသေဘဲ မဆင်းလို မခွဲခွာလို၊

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၃၆)(ဇာတ်သိမ်း)

နိဂုံး

၂၀၀၈ ခုနှစ် ဇွန်လထဲမှာ အာဖရိကတိုက်အတွက် ကမ္ဘာ့စိးပွားရေး ဆွေးနွေးပွဲတက်ဖို့ တောင်အာဖရိက နိုင်ငံ၊ ကိပ်တောင်းမြို့ကို ကျွန်တော် ခရီးထွက်ခဲ့ရပါတယ်။ ပြီးတော့ တိုးတက်လာတဲ့ နိုင်ငံများအတွက် စက်မှု နည်းပညာ ကဏ္ဍကို ဟောပြောရပါတယ်။ ဒန်ရှိုင်းရဲ့အဖွဲ့ မှာ ကျွန်တော်ပါဝင်ဆွေးနွေးရတာပါ။ ဒန်ရှိုင်း ကို ကျွန်တော် အရှုရှာ မှာ တွေ့ခဲ့တာပါ။ သူက Alvan Micro Devices ရဲ့ ခေါင်းဆောင် တစ်ယောက် ပါ။ သူတို့အဖွဲ့က ၂၀၀၅ ခုနှစ်က တက်ပြီး စကားပြောပေးဖို့ သူဖိတ်လို့ ကျွန်တော် ရောက်လာ ခဲ့တာပါ။

ကျွန်တော်က လေရဟတ်တည်ဆောက်ပုံ၊ အခက်အခဲပေါင်းများစွာ တွေ့ရပုံ၊ လျှပ်စစ်ဓာတ်အား ထုပ်လုပ်ရေး မှာ ပြဿနာတွေပုံတွေ ပြောပြပါတယ်။ ပြီးတော့ ဂျက်ဖရီ့အကြောင်းလည်း ထည့် ပြော ပါတယ်။ ကျွန်တော်ကျောင်းပြန်တက်နေတုန်း ရွာနီးချုပ်စပ်တွေမှာ လေရဟတ် တည်ဆောက်ပုံတွေကို သူလိုက်ပြိး သင်ကြားပေးမှာဖြစ်ကြောင်းလည်း ပြောလိုက်ပါတယ်။ အဲဒီမှာ ပရိသတ်ထဲက လူတစ်ယောက် က မတ်တတ်ထ လက်ညှိုးထောင်ပြီး မေးခွန်းတစ်ခု မေးပါတယ်။

    "ကျွန်တော်တို့ရဲ့ စွမ်းဆောင်ချက်တွေကို မာလာဝီအစိုးရက ဘယ်လိုသဘောထား ပါသလဲတဲ့"
    "အစိုးရ က ကျွန်တော်တို့ လုပ်နေတာကို မသိပါဘူး"
    ဒါကိုကျွန်တော် သေသေချာချာသိပါတယ်။ ဘာပြုလို့လဲ ဆိုတော့ သမ္မတကို မနေ့ညကပဲ ကျွန်တော် တွေ့ပြီး ကျွန်တော်တို့ရဲ့ လေရဟတ်အကြောင်း ကျွန်တော်ကိုယ်တိုင် ပြောခဲ့တာပဲ။ သူဘာမှမသိပါဘူး။

    မာလာဝီသမ္မတ ဘင်ရူဝါမူသာရီကာလည်း ဒီညီလာခံကို လာတက်နေပါတယ်။ မနေ့ညက ညစာစားပွဲမှာ တွေ့ လို့ ကျွန်တော်ပြောပြလိုက်တာပါ။ သမ္မတ မူသာရီကာ ကို ကျွန်တော်လေးစား ပါတယ်။ သူက တောင်သူ လယ်သမား တွေကို ဂရုစိုက်တဲ့ ပုဂ္ဂိုလ်ပဲ။ သူက စားပွဲဝိုင်းတစ်ဝိုင်းမှာပါ။ ညစာစားပြီးတာနဲ့ ကျွန်တော် သူဆီလျှောက်သွားပြီး နှုတ်ဆက်ပါတယ်။ ကျွန်တော်တို့ အင်္ဂလိပ်သာသာနဲ့ပဲ ပြောကြပါတယ်။ ကျွန်တော် ဆောက်ခဲ့တဲ့ လေရဟတ်ကြောင့် ဒီပွဲမှာ စကားပြောဖို့ ဖိတ်ကြားခံရတဲ့အကြောင်း ပြောတော့ သမ္မတပါးစပ် အဟောင်းသား ဖြစ်နေပါတယ်။

    "ဟာ ဒါကတကယ့်မင်္ဂလာသတင်းပဲကွ"လို့ပြောပြီး ကျွန်တော်နဲ့ ဓာတ်ပုံတွဲရိုက်ပါတယ်။ ကျွန်တော် အတွက် ဂုဏ်ယူစရာအဖြစ်ပါ။ ခုထိအိမ်မှာ ဒီပုံချိတ်ထားပါတယ်။ အိမ်လာတဲ့ ဧည့်သည် တွေ သိပ် သဘောကျ တဲ့ပုံပေါ့။

    ကိပ်တောင်းညီလာခံပြီးတော့ ချီကာဂိုကို လေယာဉ်နဲ့ခရီးဆက်ခဲ့ပါတယ်။ သိပ္ပံနဲ့သိပ္ပံ ပစ္စည်း ထုတ်လုပ်မှု ပြတိုက် မှာ ကျွန်တော်တို့ ဂုဏ်ပြုပွဲကလေး လုပ်ကြပါတယ်။ ကမ္ဘာကြီးကို သိပ္ပံပညာနဲ့ မြှင့်တင် ဖို့ ဖွဲ့ထားတဲ့ 'Fast Forward Inventing the future' ဆိုတဲ့ ကြွေးကြော်သံနဲ့ အဖွဲ့မှာ ကျွန်တော်ကို အဖွဲ့ဝင် အဖြစ် ထည့်သွင်းကြပါတယ်။ 

ပြတိုက်မှာ ကျွန်တော် ပထမဆုံးလုပ်တဲ့ မီးခလုတ်နဲ့ ဆိုက်ကစ်ဘရိတ်ကာကို ပြထား ပါတယ်။ နံဘေးမှာ ယှဉ်ပြထားတာက အယာနာဟောင်းဝဒ်နဲ့ လက်ရာတွေပါ။ သူက စက်ရုပ်အင်ဂျင်နီယာပါ။ NASA ရဲ့ SmartNav Mars Rover ဆိုတာ သူ့လက်ရာပေါ့။ ပြီးတော့ ဒါနာမေယားစ် ရဲ့ လက်ရာတွေ၊ သူကတစ်နာရီ မိုင်၇၀ မောင်းနိုင်တဲ့ လျှပ်စစ်ကားတီတွင်တဲ့ အင်ဂျင်နီယာ လေ။ ဒီလိုပုဂ္ဂိုလ်ကြီးတွေ နဲ့ ကျွန်တော် တို့တစ်တန်းတည်းထားပြီး ဂုဏ်ပြုကြတာပါ။ နံရံမှာ ဧရာမ ကျွန်တော်မျက်နှာပြည့်ပုံ ကြီးလည်း ချိတ် ထား လိုက်သေးတယ်။ အားလုံး အံသြကုန်နိုင်ဖွယ်၊ ကဲ မယုံချင်နေ တွေချည်းပဲ။

    မာလာဝီကို ပြန်ရောက်တော့ အိမ်သားတွေနဲ့ ဧည့်သည်တွေကို နှုတ်ဆက်ပြီးတာနဲ့ လေရဟတ်မှာ အရေးတကြီး ပြင်စရာရှိတာတွေ ကျွန်တော်ပြင်ပါတယ်။ အိမ်ပြန်လာတိုင်းတစ်ခုခု ကိုပြင်ရတာချည်းပါပဲ။ ပန်ကာရွက် တစ်ခု ဟာ အမြဲတိုက်နေတဲ့ လေဒဏ်ကြောင့် ပြုတ်ထွက်တော့ မလိုဖြစ်လာပါတယ်။ ပီဗွီစီ အရွက် နေရာမှာ ပီပါပြားကိုဖြတ်ပြီး ထည့်လည်းအခြေအနေ သိပ်မထူး လာပါဘူး။ တိုင်ခြေတွေကို ပလတ်စတစ် စွပ်ပြီး မြေကြီးထဲချပေမယ့် ခြရန်ကိုမကာကွယ်နိုင်ပါဘူး။ ဒီကောင်တွေ တိုင်ထဲရောက်နေပြီ။  တစ်ခုလုံး ပြင်ဆောက်ရမလို ဖြစ်လာပါတယ်။ (နောက်ပိုင်းမှာ ကျောက်ဖိနပ်တိုင်တွေနဲ့ ကျွန်တော် ပြန်ဆောက် ပါတယ်)။ ပြင်စရာဆင်စရာရှိလို့ အပေါ်တက်ဖို့ အန္တရာယ်များလာတဲ့အထိခြတွေ သောင်းကျန်း လာပါတယ်။ ခေါင်းပေါ်ကို တစ်ခုခုပြုတ်ကျမှာစိုး လို့ အပေါ်တက်ရင် ဖိုင်ဘာဦးထုပ် ဆောင်း တက်ရ ပါတယ်။

    ခရစ္စမတ်ပွဲတော်ရက် မှာ ကျွန်တော်အမေရိကန်ရောက်နေတုန်း သတင်းတစ်ခုရောက် လာပါတယ်။ တောင်အာဖရိက မှာ ကျောင်းတက်ဖို့ ကျွန်တော်ပညာသင်ဆု ရတယ်တဲ့။ ဂျိုဟန်နက်စ်ဘဂ်က အဆင့်မြင့် African leadership Academy (ALA) မှာ တက်ရမှာပါ။
    အာဖရိကရဲ့နောင် မျိုးဆက်တွေအတွက် ခေါင်းတောင်တွေ ဖြစ်လာဖို့ သင်ကြားပေးမယ့် ကျောင်းပါ။ နိုင်ငံပေါင်း ၅၃နိုင်ငံက လျှောက်ထားတဲ့ကျောင်းသား ၁၇၀၀ထဲက ၁၆ယောက်ကို ပထမဖွင့်တဲ့နှစ်မှာ ရွေးလိုက်တာပါ။

    အရွေးချယ်ခံ ကျောင်းသားတွေထဲမှာ ကျွန်တော်တို့လို အခက်အခဲပေါင်း များစွာကိုကျော် ဖြတ်ပြီး စမ်းသပ်အောင်မြင်မှု တစ်ခုခုရရှိခဲ့သူတွေ၊ မိသားစုနဲ့ သူတို့ပတ်ဝန်းကျင် ဘ၀အထွေ ထွေကို ကောင်းကျိုးဖြစ်စေခဲ့တဲ့ လူငယ်တွေပါတယ်၊ ပြီးတော့ကျောင်းမှာ ပညာအထူးချွန်ဆုံး၊ အတော်ဆုံး ကျောင်းသားတွေပါတယ်။
    လီဂွန်းဂွေကျောင်းမှာ ကျွန်တော် အသေအလဲကြိုးစားပေမယ့် သင်္ချာနဲ့အင်္ဂလိပ်စာမှာ ညံ့နေတုန်းပါပဲ။ အဲဒီမှာ ကျွန်တော့်အခြေအနေကို သိသွားတဲ့ ကျွန်တော်ရဲက အမေရိကန် ထောက် ပံ့ကူညီသူတွေက အင်္ဂလန်က ကင်းဘရစ်ခ်ျတက္ကသိုလ်ကို ကြားဖြတ်အစီအစဉ်အနေနဲ့ ပို့ပေးပါ တယ်။ အဲဒီမှာ တရုတ် အီတလီ၊ တူရကီကျောင်းသားတွေနဲ့ အတူတူအင်္ဂလိပ်စာ သင်တန်း ငါးပတ် သွားတတ်ခဲ့ရပါတယ်။

    ကျောင်းအားရက်တွေမှာ ရှေးဟောင်းမြို့တော်ကြီးကို ကျွန်တော်လျှောက်ကြည့်ပါတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း လေးရာကျော် က လက်နဲ့ ဆောက်ခဲ့တဲ့ အဆောက်အအုံကြီးတွေ။ ခေတ် သစ်နည်းပညာ၊ စက်ယန္တရား ဘာမှမပါဘဲ ဒီနေ့အထိ လှပသစ်လွင်ခိုင်ခန့်နေဆဲ အဆောက်အအုံ တွေပါ။ အဲဒီမှာ ကျွန်တော် သဘောပေါက်လိုက်ပါတယ်။ ပိုလည်း ယုံကြည်သွားတယ်။ အာဖရိကကို အာဖရိက တိုက်သား တွေနဲ့ချည်း တိုးတက်ခေတ်မီအောင် လုပ်နိုင်တယ်။ သူ့မှာအကူအညီတွေ လာမှာကို စောင့်နေတဲ့ အကျင့် တွေ ကို ရပ်ပစ်ရမယ်။ တစ်ခုတော့ရှိတယ်။ ကျွနတော်တို့လူမျိုးတွေ စိတ်ရောကိုယ်ပါနှစ်ပြီး အသေအလဲ မလုပ် လို့ တော့ မဖြစ်ဘူး။

    ကျောင်းက မြို့ပြင်မှာပါ။ ပင်မြင့်ပင်စောက်တွေနဲ့ အရိပ်အာဝါသကောင်းလှပါတယ်။ ကျောင်းပရိဂုဏ် ထဲမှာ ဘယ်ကြည့်ကြည့် စိမ်းစိုနေတဲ့ မြက်ခင်းတွေချည်းပါပဲ၊ ဒေါင်းတွေအများကြီး မွေးထားတယ်၊ မနက် မနက် အိပ်ရာနိုးတာနဲ့ ဒေါင်းအိုးဝေသံကို သာယာနာပျော်ဖွယ် ကြားရပါ တယ်။ အိမ်ကကြက်ခြံက ကြက်တွေ ဆူသံ နဲ့ တစ်ခြားစီပါပဲ။
    ကျွန်တော်အခန့်ဖော်က ကင်ညာနိုင်ငံသား ဂီသီယိုရာသူကူးပါ။ ကျွန်တော်တို့နှစ်ယောက် ချက်ချင်း အဖွဲ့ကျ သွားပါတယ်။ သူ့ကြည့်ရတာ ညတိုင်း ခြေဆေးအိပ်မယ့်ပုံစံမျိုးဆို တာသိပါတယ်။
    TED ညီလာခံတက်တုန်းကလိုပဲ ကျွန်တော် ပျော်နေပါတယ။် စိတ်ထဲမှာ တကယ့်ပေါင်း ဟောင်း သင်းဟောင်း တွေကြားထဲ ရောက်နေတယ်လို့ ခံစားရပါတယ်။ ဟုတ်တာပေါ့။ သူတို့ အများစုဟာ ကျွန်တော့် လို အခက်အခဲ အမျိုးမျိုးကို ရုန်း ကန်ဖြတ်သန်းလာကြသူတွေ မဟုတ်လား။

    တောင်အာဖရိက မာရင်ဒါဆိုပါစို့၊ တစ်တိုင်းပြည်လုံး ကျောင်းဆရာ၊ ဆရာမတွေ သပိတ် မှောက်တော့ ကျောင်းတွေ ပိတ်လိုက်ရတယ်။ အဲဒီမှာ သူကကြီးကြပ်ပြီး သူ့အတန်းသားတွေကို သင်္ချာ၊ သိပ္ပံပထ၀ီ ဘာသာတွေသင်ပေးတယ်၊ ကျောင်းပြန်ဖွင့်နိုင်အောင် ကြိုးစားတယ်။ ပြီးတော့ ဇင်ဘာဘွေက ဘီလင်ဒါ။ မိဘမဲ့ကလေးတွေကို စာသင်ပေးတယ်။ သူကိုယ်တိုင် ကျောင်းစရိတ်ကို ကြက်မွေးပြီးရှာတယ်။ ပြီးတော့ ဗီဒီယို ဆိုင်လေးဖွင့်ပြီး လူငယ်တွေကို ကျောင်းသင်ခန်းစာ အခွေတွေ ပိုက်ဆံမယူဘဲ ငှားတယ်။ ခု ကျွန်တော့်သူငယ်ချင်းဖြစ်နေတဲ့ ပေါက်လိုရမ်ကတော့ ဆူဒန်က မိဘမဲ့ကလေးတစ်ယောက်ပါ။ ပြည်တွင်းစစ် မှာ အဖေကော အမေပါဆုံးပြီး တစ်ကိုယ် တော်မိဘမဲ့ဘ၀နဲ့ ဒုက္ခသည်စခန်းမှာ ကြီးပြင်းလာခဲ့သူပါ။ နောက် တစ်ယောက် က ဂျိုးဇက်၊ သူကလည်း အလားတူဘ၀ပိုင်ရှင်ပါပဲ။ ကွန်ဂိုက ထွက်ပြေးလာပြီး ယူဂန်ဒါ မိဘမဲ့ ကျောင်းမှာ နေခဲ့ရတာပါ။

ကျောင်းစာတွေ ခက်လို့ စိတ်ပျက်နေတဲ့အခါ သူတို့တစ်တွေရဲ့ ဇာတ်လမ်းတွေ ကြားလိုက်ရရင် စာကျက် ချင်စိတ်ပြန်ပေါ်လာတတ်ပါတယ်။ အာဖရိကမှာ ကျွန်တော်တို့လို ဘ၀တူတွေ ဘယ်လောက်များနေမလဲ။ မကြာသေးခင်က သူသာကင်းရဲ့ အဆိုအမိန်ကပါ။ "မပျံနိုင်ရင်ပြေး၊ မပြေးနိုင်ရင်လျှောက်၊ မလျှောက်နိုင်ရင် တွားသွား"

    ရှေ့တိုးဖို့ကြိုးစားနေတဲ့ လူတွေကို ကျွန်တော်တို့ အားတက်အောင်လုပ်ရပါမယ်၊ ကျောင်းမှာ ကျွန်တော် တို့ သူငယ်ချင်းတွေစုပြီး အာဖရိက တိုက်သစ်တည်ထောင်ကြဖို့ အကြောင်း ပြောနေတာများပါတယ်။ အာဖရိကမှာ သားကောင်တွေအစား ခေါင်းဆောင်တွေ ပေါရမယ်။ သူများအထောက်အပ့ဘ၀က ဂုဏ်သိက္ခာ ရှိတဲ့ နိုင်ငံသစ်တွေ ပေါ်လာရမယ်။ ကျွန်တော့်ဘ၀ ကျွန်တော် ဇာတ်ကြောင်းဟာ ကိုယ့်လူမျိုး။ ကိုယ့် တိုင်းပြည် ရဲ့ ဘ၀ကိုမြှင့်တင်ချင်တဲ့ ကျွန်တော်ညီအစ်ကို မောင်နှမ တွေအတွက် လမ်းပြကြယ်ရောင် ဖြစ်စေချင် ပါတယ်။ ဆင်းရဲမွဲတေ ငတ်မွတ်နေတဲ့ ဘ၀တူတွေအတွက် အားဆေး တစ်ခွက် ဖြစ်စေချင် ပါတယ်။ အတူတူတွဲပြီး တက်ညီ လက်ညီအလုပ်လုပ်ခြင်းအားဖြင့် သူတို့ ကျောပေါ် က ကံဆိုးခြင်း ၀န်ထုပ် ၀န်ပိုးကြီး ကို ဖယ်ရှားပစ် နိုင်ပါတယ်။ ကျွန်တော်လုပ်ခဲ့သလိုပေါ့။ အဲဒီ နည်းနဲ့ပဲ ကျွန်တော်တို့ရဲ့ ပိုမို ကောင်းမွန် တဲ့ အနာဂတ်ကို တည်ဆောက်ကြရမှာပါ။

ကျေးဇူးစကား

    ကျွန်တော်ဝီလျံကမ်ကွမ်းဘာအနေနဲ့ ကျေးဇူးစကားဆိုအပ်သူများ ရှိပါတယ်။ ပထမဦး ဆုံးကတော့ ကျေးဇူးရှင်မိဘနှစ်ပါးပါ။ ပြီးတော့ ၀မ်းကွဲညီအစ်ကိုတော် ဂျက်ဖရီနဲ့ ဂီးလ်ဘတ်ပေါ့။ သူတို့နှစ်ယောက်က ကျွန်တော်ရဲ့ အနီးကပ် လုပ်ဖော်ကိုက်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေ။ ပြီးတော့ ဒေါက်တာအမ်ချာဇိုင်း။ ကျွန်တော် ရင်ထဲမှာ အမြဲရှိနေမယ့်ဆရာကြီးပါ။ သူနဲ့သာမတွေရင် ကျွန်တော် ဒီနေရာကို ရောက်နေဖို့ အကြောင်း မရှိပါဘူး။

ကျွန်တော့်ဆရာ မစ္စတာဘလက်ဆင်းရဲ့ ကျေးဇူးကလည်းကြီးမားလွန်းပါတယ်။ ဒီနေ့ထိ ဆရာဟာ ကျွန်တော့ ရဲ့သစ္စာအရှိဆုံး မိတ်ဆွေ ဖြစ်နေပါတယ်။ ပြီးဆော့ ၀င်ဘီမူလတန်းက ဆရာဆရာမတွေ၊ အထူးသဖြင့် ကတော့ စာကြည့်တိုက်မှူး ဆရာမ ဆီကီလိုပေါ့။ ပြီးတော့ ဘ၀ကြမ်းကို ဖြတ်သန်းခဲ့ကြတဲ့ မာလာဝီ ညီအစ် ကိုမောင်နှမအားလုံးကိုည်း ကျွန်တော် ကျေးဇူးတင်စွာ မေတ္တာပို့ပါတယ်။ အန်ကယ်ဂျွန်၊ ဘိုးဘိုး၊ ၀င်ဘီ အကြီးအကဲနဲ့ ခန့်ဆာတို့ပါ ကောင်းရာ သုဂတိလားကြပါစေ။

    TED ညီလာခံဟာ ကျွန်တော်ဘ၀ကို ပြောင်းလဲစေခဲ့တဲ့ပွဲကြီါ် ဖြစ်ပါတယ်။ အဲဒီညီလာခံရဲ့ အကျိုးဆက်ကြောင့် စိတ်လှုပ်ရှားစရာ အကောင်းဆုံးခရီးတွေကို ကျွန်တော်ဆက်လျှောက်ခဲ့ရတာ ပါ။ ဒီနေ့ ဒီနေရာ ကို ရောက်တဲ့အထိပါပဲ။ အဲဒါတွေအားလုံးဟာ ကျွန်တော့်အတွက် အခွင့်အရေး တံခါးအားလုံးကို လိုက်ဖွင့် ပေးတဲ့ တွမ်ရယ်လီ မပါရင် ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ သူဟာ ကျွန်တော် ရဲ့သစ္စာအရှိဆုံး၊ ယုံကြည်စိတ်ချရဆုံး၊ အားအကိုးရဆုံးမိတ်ဆွေ ဖြစ်လာပါ တယ်။ သူ့ကျေးဇူးတွေကတော့ ဘယ်လိုမှ ဆပ်လို့ကုန်နိုင်စရာ မရှိပါဘူး။

    TEDမှာ ဆုံးခဲ့ပြီး ယနေ့ထိ ကျွန်တော်ကို ကူညီစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်အားလုံးရဲ့ ကျေးဇူးကလည်း ကြီးမား လှပါတယ်။
    ခရစ်အင်ဒါဆင်၊ အီမီကာအိုကာဖွာ၊ ဂျွန်ကိုဟင်တို့ဟာ သူတို့ရဲ့ နှလုံးသားနဲ့ ကျွန်တော့် ကို ကူညီ ခဲ့ကြ တာပေါ့။

    ဂျွန်ဒိုး၊ မိုက်နဲ့ဂျက်ကီ၊ ဂျေးနဲ့ အီလင်းဝေါ့ကာ၊ ဂျွန်ကေ့ခ်ျ၊ ဂယ်ရီ၊ အင်ဒရီယား၊ ဘီလ်နဲ့ ဆမ်ရမ်ချီ၊ အားလုံး၊ အားလုံးဟာ တစ်သက်မေ့မရတဲ့ ကျေးဇူးရှင်တွေပါ။ ကျွန်တော့်ဘ၀ မြင့်မား သွားပုံတွေ ပြောင်းလဲ သွား ပုံတွေဟာ သူတို့ထင်ထားတာထက် အများကြီး ကျွန်တော့ကို ကမ္ဘာက သိအောင်လုပ်ပေးတဲ့ ဘလော့ဂ်ဂါ နဲ့ အင်တာနက် ကဝေတွေ၊ ဆိုယာပီနဲ့ မိုက်မက်ကေး၊ နောက် ကျွန်တော်ကို နေစရာပေးတဲ့ ဂယ်ရီဒေါက်ကလပ်စ်နဲ့ ကျွန်တော်ရဲ့ ဒုတိယမိခင်လိုဖြစ်ခဲ့တဲ့ သူရဲ့အိမ်ဖော်နန်စီ။ ABCCA ကဆရာမ လော်ရီကီ မက္ကလင်းနဲ့ ဆရားကြီးဝီလ်ဆင်၊ ALAက ဆရားအားလုံးကို ကျွနတော် ဒီစာအုပ်ကလေးနဲ့ ကျေးဇူးတင် ရှိခိုးကန်တော့ပါတယ် ခင်ဗျာ။

    နောက်ဆုံး ၀ိုင်းဝန်းကူညီခဲ့ကြတဲ့ နယူးယောက်မီဒီယာ လောကသားတွေအထိပေါ့။ ဝေါလ်စထရိဂျာနယ် အဖွဲ့သားတွေနဲက မော်နီကာဂျလက် အပါအ၀င်ပေါ့၊ ပြီးတော့ Advanced Micro Devicesက ဒန်ရှိုင်း၊ နောက် ကျွန်တော့်အေးဂျင့် ဟီသာ၊ ကျွန်တော့အယ်ဒီတာ ဟင်နရီဖား ရစ်၊ ပြီးတော့ စာအုပ်ဖြစ်မြောက် တဲ့ အထိ ၀ိုင်းကူကြတဲ့ Harper Collins တိုက်သားများက အစ၊ ကျွန်တော်နဲ့ တွဲဖက် ရေးသား ဖော် ရတဲ့ ဘရိုင်ယန်မီလာအဆုံး အားလုံးပေါ့။ သူ့ဆီကကျွန်တော် အားလုံး သင်ယူရပါတယ်။ နောက်ပိုင်း မှာ သူဟာ ကျွန်တော့် မိသားစုဝင် လို ဖြစ်လာပါတယ်။ သူဟာ ကျွန်တော့်အစ်ကိုကြီးပါ ခင်ဗျာ။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 23, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၁၂)

အခန်း (၃)

နောက်တစ်နေ့ဆိုလျှင် ခွင့်ရက်စေ့ပြီဖြစ်၍ မောင်တင်ဦး အလုပ်သွားရတော့မည်ဖြစ်၏။ အိမ်စောင့်သူ မရှိ တော့ပြီဖြစ်၍ မောင်တင်ဦးက အိမ်တံခါးများကို စေ့စပ်သေချာစွာ စစ်ဆေးကြည့်ရှုပြီး ပြင်သင့်သည်ကို ပြင် သည်။ လုံးဝ ဖွင့်မရအောင် သံဖြင့် အသေပိတ်သင့်သည့်တံခါးကို ပိတ်သည်။ အိမ်တွင်း ပစ္စည်းများကို သေသပ်စွာ သိမ်းဆည်းသည်။ တယောက်တည်း သွက်လက်စွာ လုပ်ကိုင်နေရာ အပြင်ခန်းတွေမှာ အားလုံး နေရာ တကျ ဖြစ်သွား၏။ မိဘနှစ်ပါးအိပ်သော အိမ်ခန်းကိုသာ ပြုပြင်သိမ်းဆည်းရန် ကျန်တော့၏။

မောင်တင်ဦးက ထိုအခန်းထဲဝင်လာသည်။ မိခင်၏ ပစ္စည်းများ သိမ်းဆည်းရန် မလိုတော့ချေ။ သိမ်းထားခဲ့ သည်မှာ ငါးနှစ်ပင်ကျော်ခဲ့ပြီ။ ဘခင်၏ အသုံးအဆောင် အင်္ကျီလုံချည်လေးများကိုသာ သိမ်းဆည်းရမည်ဖြစ် ၏။
" အဖေ တပိုင်းတစ ပြောခဲ့တဲ့ အတ္ထုပ္ပတ္တိနဲ့ မေဂျာဝှိုက် အတွေ့အကြုံဟာ ဆက်စပ်မှုရှိတယ်ထင်တယ်၊ အဖေကလည်း ဆုံအောင် ပြောမသွားနိုင်ဘူး။ ငါကလည်း မေးဘို့ အချိန်မရလိုက်ဖူး၊ ရေးမှတ်ထားတာ ကလေး များ ကျန်ရစ်ခဲ့မလား မသိဘူး။

မောင်တင်ဦးက သိမ်းရင်းဆည်းရင်း တွေး၏။ ဖခင်၏ အ၀တ်ထည့်ရာ ရှေးဟောင်းပုံစံ ကျွန်းသေတ္တာကြီးထဲ မှ ရွှေတို ရွှေစ ငွေကြေးထည့်ရန် ပြုလုပ်ထားသည့် အံဝှက်ကို ဖွင့်ကြည့်လိုက်သည်။ ရှေးဟောင်းငွေဒင်္ဂါး အနည်းငယ်၊ အမေရှိစဉ် ၀တ်ခဲ့သော လက်ဝတ်လက်စား၊ ရွှေသုံးလေးကျပ်သားလောက် နှင့် ဒိုင်ယာယီ စာအုပ်ဟောင်းကလေးကိုသာ တွေ့ရသည်။ မောင်တင်ဦးက စာအုပ်ဟောင်းကလေးကို အဆောတလျှင် ကောက်ယူ လိုက်ရာ အဖုံး နှင့် စာရွက်တွေမှာ တပိုင်းတစစီပြုတ်ထွက်ပြန့်ကျဲ သွားလေသည်။ မောင်တင်ဦး သည် စုတ်သပ်ကာ စာရွက်ကလေးတွေကို လိုက်ကောက်၏။ စာရွက်ကလေးတွေကား အကိုင်မခံ နိုင်အောင်ပင် ဆွေးရိနေသည်။ မောင်တင်ဦးက သေချာစွာ စစ်ဆေးကြည့်၏။

စာရွက်တွေ ဆေါးရိ သည်မှာ နှစ်ပရိစ္ဆေဒ ကြာညောင်းသည့်အတွက် ဆွေးရိခြင်းမျိုးမဟုတ်ဘဲ စာအုပ်ကလေးတအုပ် လုံး ရေထဲမှာ ကြာရှည်ထားခံရ၍ ရေနူးပြီး ရိနေသည်ကို ပြန်လည် အခြောက်ခံသည့် သဘော လက္ခဏာမျိုး ဖြင့် ရိနေခြင်းဖြစ်သည်ဟု မောင်တင်ဦးယူဆ၏။ ထိုယူဆချက် မှန်ကန်ကြောင်း ကလည်း အထင်အရှား သက်သေပြနေသည်။ စာရွက်ပေါ်တွင် ရေးမှတ်ထားသော စာလုံးတွေမှာ လုံးဝ မရှိတော့ဘဲ ခပ်ပြာပြာ မှေး မှိန်သော အရောင်သည်သာ မညီမညာ ငါးကြေးကွက်လို ပြန့်ကျဲနေသည်ဖြစ်ရာ ရေစိမ် ထားသည့်အတွက် စာလုံးတွေပျက်၊ မင်အရည်ပျော်ပြီး စွန်းထင်းကျန်ခဲ့သည့် အကွက်တွေသာ ဖြစ်ကြောင်း ထင်ထင်ရှားရှားပင် သိနိုင်ပေသည်။

မောင်တင်ဦးသည် ပြင်းပြစွာ သိလိုသောဆန္ဒ၊ မချိတင်ကဲစိတ်ဖြင့် စာရွက်ကလေးတွေကို တရွက်ချင်း သေ သေချာချာ စေ့စပ်စွာကြည့်၏။ စာလုံးအရာထင် ကျန်ရစ်လျှင် ကြိုးစားတတ်ကြည့်ခြင်းဖြင့် အစုံအလင် မဟုတ်စေကာမူ တစွန်းတစ လောက်တော့ သိရပေလိမ့်မည်ဟု မြှော်လင့်သည်။ သို့သော် တရွက်မှ စာလုံး မထင် ၍ စိတ်ပျက်စွာ လက်လျှော့တော့မည့် ဆဲဆဲဝယ် ပူးကပ်နေသော စာရွက်နှစ်ရွက်ကို အလင်းရောင် မှာ ထောင်ကြည့်လိုက်သောအခါ ကြိုးစားတတ်လျှင် ရနိုင်ကောင်းသော စာလုံးအရာများ ထင်ကျန်ရစ် သည် ကို တွေ့ရ၏။
မောင်တင်ဦးသည် အားတက်ဝမ်းမြောက်စွာဖြင့် စိတ်ရှည်ရှည်ထားပြီး ကပ်နေသော စာရွက်နှစ်ရွက်ကိုခွာ သည်။ အချိန်အတော်ကြာကြာ ခွာယူမှ စာရွက်ကလေး နှစ်ရွက်က ကွာသွား၏။ ထင်ကန်ရစ်သော လက် ရေးစာလုံး နေရာများကို စိတ်ဝင်စားစွာဖြင့် ကြိုးစားဖတ်ရှုသောအခါ ဤသို့ အဓိပ္ပါယ် ပေါ်လာသည်။

" တောင်ထိပ်ပေါ်မှာ ရောင်ခြည်တော် ကွန့်မြူးနေသော ရွှေဆင်းတုတော်ကို ဖူးရသည်မှာ တောက်ပလွန်း၍ မျက်စေ့ မဖွင့် ...
ဤမျှသာ ဘတ်၍ရနိုင်သော်လည်း မောင်တင်ဦးသည် အသေအချာ သိလိုက်ရလေပြီ။ မေဂျာဝှိုက်ရူး၍ ပြော ခြင်းမဟုတ်ဘဲ၊ မယုံနိုင်အောင် ထူးဆန်းအံ့သြဖွယ် အဖြစ်များသည် အမှန်တကယ်ဖြစ်ကြောင်း၊ ထိုနေရာ ဒေသသည် အမှန်တကယ်ရှိကြောင်း စဉ်းစားမိသောအခါ မောင်တင်ဦးများစွာ စိတ်ဝင်စားမိ၏။

မေဂျာဝှိုက် ရောက်ခဲ့သော နေရာသို့ သူ့အဖေ ဦးအောင်ရောက်မည်မှာ အမှနိဖြစ်ပေလိမ့်မည်။ မေဂျာဝှိုက်ကဲ့သို့ပင် သူ့ အဖေသည်လည်း ဆင်းတုတော်ကို အနီးကပ် ဖူးတွေ့ခဲ့ရလေသလား မေဂျာဝှိုက်၏ စစ်သားများ ထူးဆန်း စွာ ပျောက်ကွယ်သည်။ အဖေနှင့် အတူပါသော ဂျပန်လေးယောက်ကား မည်သို့ ဖြစ်သွား သနည်း။ အဖေ သည် ဤထူးဆန်းသည့်နေရာမှ မည်ကဲ့သို့သောနည်းဖြင့် တပ်မတော်သို့ ပြန်လည် ရောက်ရှိ ပါသနည်း။ ဤ ဒိုင်ယာရီ စာအုပ်ကလေးမည်သည့်အတွက် ရေစိုပျက်စီးခဲ့ရသနည်း။ နှစ်ပေါင်း အစိတ် ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၍ ဤနေရာ ဤဒေသသည် တည်ရှိနေသေးသလား ရွေ့လျော ပျောက်ကွယ် သွားလေပြီလား။

မောင်တင်ဦးသည် စိတ်ဝင်စားစွာ တွေးရင်း အလွန်ပင် ကြည်ညိုဖွယ် ကောင်းမည်ဖြစ်သော ရွှေဆင်းတု တော်ကြီး ကို မျက်စိထဲမှာ မြင်ယောင်လာသည်။
" နက်ဖန်ရုံးရောက်ရင် အန်ကယ်နဲ့ ကိုတင်အုံးကို ပြောပြရမယ်"
မောင်တင်ဦးက တကိုယ်တည်း ပြောရင်းရှင်းလင်းသိမ်းဆည်းဖွယ်ရှိသည်ကို လျင်လျင် မြန်မြန်ပင် လက်စ သတ် နေလိုက်လေသည်။

ဘခင် မကျန်းမမာ ဖြစ်သည့်နေ့မှစ၍ ခွင့်ရက်ရှည်ယူထားခဲ့သော မောင်တင်ဦးသည် ခွင့်စေ့၍ ရုံးပြန်တက် သည့် နေ့တိုင် ပျက်ကွက်ခဲ့သောရက်မှာ လ၀က်တိတိ ဆယ့်ငါးရက်တိုင် အောင်ပင်ဖြစ်သည်။ ရုံးခန်း နှင့် ဆယ့်ငါးရက် တိုင် ကင်းကွာခဲ့သော မောင်တင်ဦးသည် သူ့အလုပ်စားပွဲကို ရှာမတွေ့ဘဲ ဖြစ်နေသောအခါ တော်တော်ပင် အံ့အားသင့်သွား၏။ သူအလုပ်ပျက်သည်မှာ ရက်ရှည်နေ၍ စားပွဲကို သိမ်းထားလေသလား ဟုတွေးမိ၏။ ထိုအခါ နောက်ကျောဘက်မှ လူတယောက် အရိပ်ကို မြင်သဖြင့် လှည့်ကြည့်လိုက်၏။

" ဟော ကိုတင်ဦးပါလား ခင်ဗျား ရုံးတက်ဖို့ လာတာလား"
သူ့နောက် ရောက်နေသူမှာ မောင်တင်အုံးဖြစ်သည်။ မောင်တင်အုံးက ၀မ်းသာဟန်ဖြင့် သူ့ပုခုံးဘက်ပြီးပြော ၏။
" ခင်ဗျား အဖေကိစ္စ ဖြစ်ချိန်က မလာရတာ ခွင့်လွှတ်ပါ ကိုတင်ဦး"
ထိုအခါ မှ ရုံးအလုပ်စားပွဲ ပျောက်နေ၍ စဉ်းစားမရဖြစ်နေသော မောင်တင်ဦးက စကားပြန်ပြောသည်။

" ကိစ္စမရှိပါဘူး ကိုတင်အုံး အန်ကယ်လ် ရော နေကောင်းတယ်နော်"
" အော်-ဒက်ဒီပြန်သွားပြီလေ၊ ခင်ဗျားမသိဘူးလား"
မောင်တင်အုံးကဖြေ၏။
"မသိဘူး ကျွန်တော့်အဖေ ကိစ္စကြောင့် ရုံးမတက်နိုင်တာ နှစ်ပတ်တိတိဘဲ ဒီနေ့မှလာတာ ကျွန်တော် စားပွဲပျောက်လို့ ရှာနေခိုက် ခင်ဗျား ရောက်လာတာဘဲ၊ ------- လောက်ကြာကြာ နေမလဲ ကိုတင်အုံး အိမ် သား တွေပါ အားလုံးပါသွားပြီလား"
မောင်တင်ဦးက သူသိချင်သည်များကို မေးလိုက်၏။

" အော် ... ခင်ဗျား တကယ့်ကို ဘာမှ မသိသေးဘူးနော် "
မောင်တင်အုံးက ကြင်နာသော မျက်လုံးဖြင့် ကြည့်ပြီးပြောသည်။
" ဘာတွေများ ဖြစ်ကုန်လလို့လဲဗျာ ကျွန်တော် ဘာမှမသိတာ အမှန်ဘဲ"
မောင်တင်ဦးက အံ့အားသင့်ဟန်ဖြင့် မေး၏။

" ဒီမှာ ကိုတင်ဦး ကျွန်တော့် အဖေ အတွင်းဝန်ကြီး က ခင်ဗျားကို အလုပ်ခန့်တဲ့အချိန်က ခင်ဗျားတို့ တိုင်းရင်း သား အစိုးရ အမှုထမ်းများလို အမြဲတမ်းခန့်မယ်လို့ ငှားတာမဟုတ်ကြောင်း၊ အလုပ်ကိစ္စ ပြီးစီးလို့ မလို အပ် တော့ဘူး ဆိုရင် ခင်ဗျားအနေနဲ့ အခြားအလုပ်တစ်ခုကို ရှာဖွေ ကူးပြောင်းနိုင်ကြောင်း ပြောခဲ့တာ မှတ်မိလား ကိုတင်ဦး"
" မှတ်မိပါတယ် "
မောင်တင်ဦးက အဖြေပေးသည်နှင့်အတူ ရင်ထဲမှာ ပူလာသည်။ သူ့ရုံးအလုပ်စားပွဲက မရှိတော့ပြီကို ပြန်တွေး လိုက်၏။

" အားတော့နာပါတယ်ဗျာ၊ ကျွန်တော့် အဖေက ခင်ဗျားအတွက် ဆုအဖြစ် ငွေတစ်ထောင်ပေးထားခဲ့ပြီး ပြန် သွားပြီလေ၊ ပြန်စရာအကြောင်း ပေါ်လို့ အပြီးပြန်သွားတယ်။ ခင်ဗျား စားပွဲပျောက်တာ ဘယ်တော့မှ ပြန် တွေ့မှာ မဟုတ်ဘူး၊ မရှာပါနဲ့တော့ ------------------ လိုဆယ်တန်းမျှအောင်သူ တယောက် အဘို့ ရခဲလှ သော တလသုံးရာဝင်ငွေရှိသည့် အလုပ်တခု လက်လွတ်ဆုံးရှုံးရသည့်အတွက် လွန်စွာ နှမြောမိသည်။ သို့ သော် စိတ်ကို တင်းထားနိုင်သည့် အတွက် မျက်နှာပျက်ခြင်း အသံတုန်ခြင်းကား မဖြစ်ပေ၊ အေးဆေးသော အသံမှန် ဖြင့်ပင် ပြန်မေး၏။
" ခင်ဗျားက ဘာ့ကြောင့် နေရစ်ခဲ့တာလည်း ကိုတင်အုံး"
မောင်တင်အုံး က ပြုံးရယ်လျက်ဖြေ၏။

" မေဂျာဝှိုက်တွေ့လာခဲ့တဲ့ ထူးဆန်းသော ကမ္ဘာလေးနဲ့ အံ့သြစရာကောင်းတဲ့ ဗုဒ္ဓရုပ်တုကိုရှာချင်တယ်လေ။ ဒါကြောင့်နေခဲ့တာ"
" ဘယ်လိုသဘောလဲ ရတနာသိုက်လိုက်မယ့် စိတ်ကူးလား"
မောင်တင်ဦးက မေးသည်။
" ကျွန်တော်က သူများ ကိုးကွယ်ရာကို ဖျက်ဆီးလိုတဲ့ စိတ်မရှိပါဘူး။ ကျွန်တော် စာရေးဝါသနာပါတာ ခင်ဗျား သိတယ်ဟုတ်လား၊ ထူးဆန်းအံ့သြစရာ အတ္ထုပ္ပတ္တိတခု တိမ်မြုပ်နေတယ်လို့ ယူဆမိတယ်။ ဒါကို အသေအချာလေ့လာစူးစမ်းပြီး ကမ္ဘာသိအောင် ရေးချင်တယ်လေ။ ----- နေရာကို အရောက်သွားပြီး လေ့လာ နိုင်မယ်ဆိုရင် ---------- ရဲ့ ပျောက်သွားတဲ့ စစ်သားတွေ ဘယ်လိုအဖြစ်မျိုး ----------- သွားတယ် ဆိုတာပါ သိခွင့်ရမယ်လို့ ယုံကြည်တယ်"

မော်တင်အုံးက စကားရပ်ပြီး -----   လိုနားနေလိုက်၏။ မောင်တင်ဦးကမူ ငြိမ်သက်နေသည်။
မောင်တင်အုံးက ဆက်ပြောသည်။ ----------
" မေဂျာဝှိုက်တို့ကို လေယာဉ်နဲ့ ----------- ယာဉ်မှူးတွေထဲက ဒက်ဒီနဲ့ ခင်တဲ့ လေယာဉ်မှူးကြီးဆီက သဲလွန်စ ရလိုက်သေးတယ်ဗျ"
" ဘယ်လိုသဲလွန်စမျိုးလဲ"

" သူတို့လေယာဉ်ပျံကို သစ်ပင်ထူတဲ့ နေရာဆို သစ်ပင်လွတ်ရုံ၊ တောင်ရှိတဲ့ နေရာဆို တောင်ထိပ် လွတ်ရုံ၊ တခါတလေ တောင်ကိုပတ်လို့ ရရင် ခါးလယ်လောက်က ပတ်ပြီး နိမ့်နိမ့်ဝဲ ကြည့်ကြတယ်တဲ့၊ အဲဒီမှာ တောင်တွေဆိုင်နေတဲ့ တောင်ကြားတခုထဲမှာ ရွာလိုလို လူနေအိမ်ခြေလိုလိုတွေ့ရတယ်တဲ့၊ သူတို့က သံသယ ဖြစ်လို့ အဲဒီနေရာကို နောက်တခါ ပြန်ကြည့်တော့ အဆောက်အဦးကြီးတခုထဲက ၀င်းဝင်းပြောင် ပြောင် အရောင်တွေဟာ မျက်စိ ကျိန်းလောက်အောင် တောက်ပ နေတယ်တဲ့။

လေယာဉ်ပျံ ဆင်းမရတဲ့ ကပ်သီးကပ်သပ် တောင်ကြားထဲဖြစ်နေတာတကြောင်း၊ နောက်တကြိမ် ပြန် ကြည့်တော့ တောင်ခိုးတွေ မြူဆိုင်းမှောင်ပြီး ဘာမှ မမြင်ရ ဖြစ်ပြန်ရောတဲ့၊ ဒီတော့ ဒီနေရာဟာ မေဂျာဝှိုက် ရောက်ခဲ့တဲ့ နေရာဘဲ ဖြစ်ရ မယ်လို့ ကျွန်တော့် စိတ်ထဲ အသေအချာယုံကြည်တယ်။ ဒါကြောင့် ရောက်အောင် သွားမယ်။ ထူးဆန်းအံ့သြစရာကို မှတ်တမ်းရေးမယ်။ ကမ္ဘာကို တင်ပြမယ်။ အဲဒီ ရည်ရွယ်ချက် ကြောင့် ဒက်ဒီနဲ့ မလိုက်ဘဲ  နေခဲ့တာ"
မောင်တင်အုံးက စကားအဆုံးသတ်လိုက်သည်။
မောင်တင်ဦး က တိတ်ဆိတ်မြဲပင်။
" ကျွန်တော်ကို ခင်ဗျား အယုံအကြည်မရှိဘူးလား ဟု မောင်တင်အုန်းက မေး၏။

" ရှိပါတယ်ဗျာ၊  ကျွန်တော်ကလဲပြောလို့ သင့်မလားမသင့်လား စဉ်းစားနေတာ"
" ဘာများလဲဗျာ၊ ဒီနေရာနဲ့ ပတ်သက်ပြီး ခင်ဗျားသိထားတာများရှိနေသလား ရှိရင်ပြောစမ်းပါ"
မောင်တင်အုံးက စိတ်အားထက်သန်စွာမေးသည်။
မောင်တင်ဦးသည် အနည်းငယ်တွေနေပြီးမှ ပြောပြလိုက်သည်။
"အဲဒီနေရာကို ကျွန်တော့်အဖေ ကိုယ်တိုင် ရောက်ခဲ့ဘူးတယ် "
မောင်တင်ဦး စကားမဆုံးမီ ...
" ဟုတ်လား၊ တကယ်ဘဲရှိတယ်တဲ့လား၊ ဘာတွေတွေ့ခဲ့ရလဲဟင်" ဟု မောင်တင်အုံးသည် အသက်ပင် မရှူနိုင်ဘဲ မေးလိုက်၏။
" ကျွန်တော့် အဖေကလဲ ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ထုတ်တဲ့ မျိုးချစ် ဗမာ့တပ်မတော်က အရာရှိ တယောက်ပါဘဲ ကိုတင်အုံး၊ အဖေက ဒီအကြောင်း တော်တော်နှုတ်လုံစွာနဲ့ မျိုးသိပ်ထားခဲ့တယ်။ ကျွန်တော်လဲ မသိဘူး။ အဖေမဆုံးခင် တလလောက်ကမှ ... "
မောင်တင်ဦးက ဤသု့ အစချီကာ -------- ဦးအောင် ပြောသွားသော တပိုင်းတစ အတ္ထုပ္ပတ္တိနှင့် ဆွေးမြေ့နေသော ဒိုင်ယာရီ စာရွက်မှ ကြိုးစား ဖတ်ယူရသော အကြောင်းကို စုံစုံလင်လင် ပြောပြပြီး " မေဂျာဝှိုက် ပြောခဲ့တဲ့ တောင်ထိပ် က တောက်ပတဲ့ အလင်းရောင်ကြီးဆိုတာ အဖေဖူးတွေ့ ဘူးတဲ့ ရုပ်ပွား တော် ဘဲ ဖြစ်မယ်လို့ ကျွန်တော် ယူဆတယ် ကိုတင်အုံး "
ဟု စကားအဆုံးသတ်လိုက်၏။
မောင်တင်အုံးသည် မောင်တင်ဦး၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီးပြော၏။

" စိတ်ထဲမှာ မချင့်မရဲ ဖြစ်လိုက်တာဗျာ၊ ခင်ဗျား အဖေကို နှိုးလို့ ရရင်နှိုးပြီး စုံစုံစေ့စေ့ မေးချင်တယ်။ ခင်ဗျား ကလဲ အတော်နေနိုင်တဲ့ လူဘဲ၊ အစအဆုံးများသိရအောင် မေးထားပါတော့တဲ့ဗျာ "
မောင်တင်အုံးက မချင့်မရဲပြော၏။
" ကျွန်တော်လဲ သိချင်တာနဲ့ မေးမယ်လို့ ရည်ရွယ်ချက်တော့ရှိတယ်။ ဒါပေမဲ့ ကျွန်တော့် ဘ၀လဲ ခင်ဗျား သိသားဘဲ၊ ခင်ဗျား ကျွန်တော့် အိမ်အလည်လာစဉ်က မြင်တယ်ဟုတ်လား ချက်ရေး ပြုတ်ရေး၊ ဖွပ်လျှော်ရေး၊ သန့်ရှင်းရေး၊ ပြုစုရေးတွေနဲ့ မအားနိုင်အောင် ဖြစ်နေတာ မေးဘို့အချိန်ကို မရလိုက်ဘူး ကိုတင်အုံးရဲ့ "
" အင်း - ဒါတော့ဟုတ်ပါတယ်၊ ခင်ဗျားကို အပြစ်တင်စရာ မရှိပါဘူး "

နှစ်ယောက်သား  စကားပြတ်ဆိတ်ငြိမ်နေကြသည်။ ထို့နောက် မောင်တင်အုံးက စပြော၏။
" ခင်ဗျားမှာလည်း အိမ်သားတယောက်မှ မရှိတော့ပါဘူး ကိုတင်ဦး ကျတော်တို့ သူငယ်ချင်း နှစ်ယောက် စွန့်စားရအောင် တိမ်မြုပ်နေတဲ့ ဒီအတ္ထုပ္ပတ္တိကို ဖော်နိုင်ရင် ခင်ဗျား ရော ကျွန်တော်ရော နာမည်ကျော် မှာပါ။

မောင်တင်ဦးမှာ ချစ်သူကြည်ကြည်နွဲ့၏ သံယောဇဉ် ရစ်ပတ်နေသည်ကို မသိရှာသော မောင်တင်အုံးက စိတ်အားထက်သန်စွာ အဖော်ညှိ၏။
" ကျွန်တော် စဉ်းစားအုံးမယ် ကိုတင်အုံး"
" ခင်ဗျားက ဘယ်လောက်ကြာကြာ စဉ်းစားမှာလဲ"
မောင်တင်အုံးက မေးရာ မောင်တင်ဦးသည် အဖြေမပေးဘဲ မျက်နှာခပ်ပြုံးပြုံးလုပ်နေသည်။

" ခင်ဗျား ရည်းစားရှိနေပြီထင်တယ်"
မောင်တင်အုံးကမေး၏။ မောင်တင်ဦးက မဖြေ၊ ပြုံးမြဲတိုင်းပြုံးနေသည်။ မောင်တင်အုံးက ဆက်ပြော၏။
" ခင်ဗျားကို ကျွန်တော် ညီအကိုရင်းလို သိပ်ခင်တယ်ဆိုတာ ခင်ဗျားသိတယ်မဟုတ်လား၊ သွားမယ်ဆိုလဲ အဖော်ခင်ဗျားဘဲ ပါစေချင်တယ်။ ခင်ဗျား စဉ်းစားလေ၊ ကျွန်တော် သွားရာမှာ လိုအပ်တဲ့ပစ္စည်းလေးတွေ ပြင်ဆင်ရအုံးမယ်ဆိုတော့ ဧပြီဆယ့်သုံးရက်နေ့မှာ ခင်ဗျားအိမ်ကို ကျွန်တော် လာခဲ့မယ်၊ အဲဒီနေ့မှာ ခင်ဗျား အတိအကျ အဖြေပေးပေါ့ ကိုတင်ဦးရာ"
" ကောင်းပြီလေ၊ ကဲ ... ကျွန်တော် ပြန်အုံးမယ်"
" ခင်ဗျားအတွက် ဒက်ဒီပေးထားခဲ့တဲ့ ငွေတထောင်ယူသွားအုံးဗျ"

တလသုံးရာ ၀င်ငွေရှိသော အလုပ်တခု ပြုတ်သွားပြီဖြစ်၍ သင့်လျော်ရာ အလုပ်တခုကို မောင်တင်ဦး ရှာရ ပေအုံးမည်။ ဘွဲ့ရပြီး သူတွေပင် တနေ့ငါးကျပ်စား အလုပ်ကို ရရန် အလွန့်အလွန် ခဲယဉ်းလှသော ဤ အချိန်ကြီးမျာ ဆယ်တန်းဆျွ အောင်သော မောင်တင်ဦးအဘို့ ကြည်ကြည်နွဲ့လို တနေ့ သုံးကျပ်ဆယ့်ငါးပြား ရမည့် အလုပ်ကိုပင် ရအောင် အလွန့်အလွန် ကြိုးစားရပေအုံးမည်။ မောင်တင်ဦးသည် ရှေ့ နေထိုင်ရေးကို တွေးရင်း ကြည်ကြည်နွဲ့ နှင့် တိုင်ပင် ရမည်ဟုစိတ်ကူးလိုက်၏။

ထို့ကြောင့် နောက်တနေ့ ကြည်ကြည်နွဲ့ နှင့် သူ ဆုံနေကျ ကားမှတ်တိုင်ရှိရာသို့ စောစောပင်သွားပြီး ကြည်ကြည်နွဲ့အလာကို စောင့်နေလိုက်သည်။ ကြည်ကြည်နွဲ့ ရောက်လာသောအခါ မောင်တင်ဦးက အမူအရာ မပျက် ခပ်အေးအေး လေသံဖြင့်ပင် ပြော၏။
" နွဲ့ .... ဒီနေ့ အလုပ်မဆင်းပါနဲ့လား၊ ကိုဦးအိမ်မှာ အေးအေးဆေးဆေး ရှေ့နေရေးထိုင်ရေး တိုင်ပင်ကြရ အောင်"
ကြည်ကြည်နွဲ့က အံ့အားသင့်ဟန်ပေါ်သွားသည်။
"ဟိုတခါ ကိုဦးနဲ့ နွဲ့တို့သဘောတူ တိုင်ပင်ထားပြီးသား အစီအစဉ်ရှိနေပြီလေ၊ ကိုဦးက မေ့သွားပြီလား"
ကြည်ကြည်နွဲ့ က ပြန်ပြော၏။

" အခုအခြေအနေက တမျိုးပြောင်းသွားပြီနွဲ့ရဲ့၊ ဒါကြောင့် အစီအစဉ်ကလဲ တမျိုးပြောင်းမှ ဖြစ်တော့ မယ် လေ"
" ကိုဦး ဒီနေ့ ခွင့်ယူထားသလား၊ ရုံးမတက် နိုင်အောင် အရေးကြီးနေသလား ကိုဦးရယ်"
" အင်းလေ  ကိုတို့ ရှေ့ရေးအတွက်တော့ အရေးကြီးတာပေါ့နွဲ့ရယ်၊ နွဲ့ကို အိမ်ခေါ်တာ တိုင်ပင်ချင်တာ သက်သက် ပါဘဲ၊ နွဲ့ကို လက်ဖျားနဲ့မှ မထိပါဘူး ကိုယ်သစ္စာ ရှိတယ်ဆိုတာ ယုံစမ်းပါ"
" ဒါအတွက် သံသယမရှိပါဘူးယုံပါတယ်။ တိုင်ပင်ပြီးသာ အစီအစဉ်ရှိပြီးသား ဖြစ်ရက်နဲ့ အခုလို အရေး တကြီး တိုင်ပင်ချင်ပြန်ပြီဆိုတော့ နွဲ့က နားမလည်နိုင်အောင် ဖြစ်လို့ပါ"
" ကဲပါလေ အိမ်ရောက်လို့ တိုင်ပင်စကားပြောရင် နားလည်လာမှာပေါ့၊ နွဲ့ ဒီနေ့ အလုပ်မဆင်းဘဲ လိုက်နိုင် မယ် မဟုတ်လား"

" လိုက်မှာ ပေါ့ ကိုဦး အရေးကြီးတယ်ဆိုတာကိုး"
ကြည်ကြည်နွဲ့က သဘောတူလိုက်သောအခါ သူတို့နှစ်ယောက် မောင်တင်ဦးအိမ်ရှိရာ လျှောက်လာခဲ့ကြ သည်။
မောင်တင်ဦးက သော့ပိတ်ထားသော အိမ်ရှေ့တံခါးကို ဖွင့်ပြီး ဧည့်ခန်းပြတင်းပေါက်တွေပါ ဖွင့်လိုက်သော အခါ အိမ်ထဲမှာ လင်းသွားသည်။
" လာ - နွဲ့ရေ .. ထိုင် "

ဧည့်ခန်းအ၀င် တံခါးမကြီးအနားမှာ မောင်တင်ဦးက သင်ဖြူးဖျာချောကလေးတချပ် ခင်းပေး၏။ တံခါးမကြီး မှာ ဖွင့်ထားသဖြင့် ထိုနေရာမှ အလင်းရောင် ကောင်းစွာရပြီး လေအေးက တဖြူးဖြူး ၀င်နေသည်ဖြစ်၍ အိုက်စပ် ပူလောင်ခြင်းမရှိချေ။ အိမ်ရှေ့ မျက်နှာစာတွင် ဖြစ်သောကြောင့် သူတို့ နှစ်ယောက်ကို လမ်းသွား လမ်းလာ တို့က ကောင်းစွာ မြင်နိုင်သည်။ ဤသို့ လူမြင်သူမြင်နေရာမှာ ဣနြေ္ဒသိက္ခာရှိရှိ ထိုင်ပြီး စကား ပြော နေသော သူတို့နှစ်ယောက်ကို မြင်သူက ကဲ့ရဲ့မှုမရှိနိုင်ဟု မောင်တင်ဦးကတွက်ပြီး ဤနေရာမှာ ဖျာခင်း ပေးခြင်းဖြစ်သည်။ ကြည်ကြည်နွဲ့က လမ်းဘက်ကို ဘေးတိုက်ပြုပြီး ကြုံ့ကြုံ့ယုံ့ယုံ့သေသပ်စွာ ထိုင်လိုက် သည်။ မောင်တင်ဦးက ကြည်ကြည်နွဲ့နှင့် မျက်နှာချင်းဆိုင် လက်တကမ်းအကွာမှာထိုင်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၃၅)

အဲဒီရက်သတ္တပတ် နောက်ဆုံးနေ့မှာ ကျွန်တော် နဲ့ တွမ် ကနက်တီးကပ်ကို ကားနဲ့ထွက်ခဲ့ကြပါတယ်။ ဟို ရောက်တော့ ဂျေးဝေါ့ကာ လင်မယားနဲ့ ညစာအတူစားကြတယ်။ ဂျေးရဲ့ဇနီး အီလင်းနဲ့လည်း TED  ညီလာခံ မှာ ကျွန်တော်ဆုံခဲ့တာပါ။ ဂျေးရဲ့စာကြည့်တိုက်ဟာ ပြတိုက်ကြီးတစ်ခုလို ကြီးကျယ်ပါတယ်။ စာကြည့်တိုက် နဲ့ မတူဘဲ တကယ့်ပြတိုက်ကြီးနဲ့ တူနေတာကတော့ မျက်နှာကြက်မှာ ဆိုဗီယက် စပွတ်နစ်ဂြိုဟ်တု ပုံတူ တွဲလောင်းဆွဲထားတာရယ် ပထမဆုံး ကွန်ပျူတာ၊ ပထမဆုံး ရေဒီယိုနဲ့ မရေမတွက် နိုင်အောင် များပြားတဲ့ ရှေးဟောင်းပစ္စည်းတွေကြောင့် ပါ။

အဲဒီအထဲ မှာ နာဇီတွေ သုံးသွားတဲ့ ကွန်ပျူတာခေတ်ဦး စက်တစ်ချို့တောင် ပါပါသေးတယ်။ ကျွန်တော့် အကြိုက်ဆုံး ကတော့ တောမတ်စ် အက်ဒီဆင်ရဲ့ ပထမဦးဆုံး မီးလုံးလေးပါပဲ။ ကျွန်တော့်မှာ ကားမီးလုံး လေး တစ်လုံးလင်းဖို့ လုပ်လိုက်ရတာ  ဖတ်ဖတ်ကိုမောလို့။ ဘုရား ဘုရား ဒီပုဂ္ဂိုလ်က တစ်ကမ္ဘာလုံး လင်းအောင် လုပ်ပေးခဲ့တဲ့သူပဲ။ ဂျေးရဲ့ စာကြည့်ခန်းကြီးထဲမှာ ရပ်ပြီးရွာက စာကြည့်ခန်းလေးကို ပြန်သတိရ နေတယ်။ စာအုပ်စင် သုံးခုပဲရှိတဲ့ စာကြည့်ခန်း ကလေးလေ။ ကမ္ဘာလောက်ကြီးတယ်လို့ ကျွန်တော်ထင်ခဲ့တဲ့ အခန်းလေး ပေါ့။

နယူးယောက်မှာ ရက်ပေါင်းများစွာ လည်ပတ်ပြီးတော့ ခရစ္စမတ်နေ့အရောက်မှာ ကယ်လီဖိုးနီးယား ကို ကျွန်တော် ရယ် တွမ်ရယ်၊ တွမ့်အစ်မ မိသားစုရယ် ထွက်ခဲ့ကြတယ်။ လော့စ်အိန်ဂျလိစ် ရောက်တော့ စန်တာမော်နီကာ ကမ်းခြေကို ကားနဲ့ထွက်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ ရေလွှာသင်ဖြူး ငါးပျံမြူးနေကြတဲ့ လျှောစီးပရိသတ် ကို ကျွန်တော် ငေးကြည့်နေခဲ့မိတယ်။ အဲဒီမှာ ပုလင်းကွဲတွေပေါ် ဖိနပ်မပါဘဲ လျှောက်ပြီး ပါးစပ်ထဲက မီးလျှံတွေ မှုတ်ထုတ်နေတဲ့ လူတစ်ယောက်နဲ့ လည်း ကျွန်တော် စကားပြောဖြစ်ခဲ့သေးတယ်။

နောက်တစ်နေ့မှာ  စန်ဒီယေးဂိုး တောရိုင်းတိရိစ္ဆာန် ဥယျာဉ်ကို သွားကြည့်ကြတယ်။ သစ်ကုလားအုတ်တွေ၊ ရေမြင်းတွေ၊ ကြံ့တွေ ၊ဆင်တွေနဲ့ မျောက်တွေကတော့ ကျွနတော့်အတွက် အထူးအဆန်း မဟုတ် တော့ ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ များ သွားရင်းလာရင်း အမြဲတမ်း မြင်တွေ့နေရတဲ့ အကောင်တွေလေ။ မိုင်တစ်သောင်းကျော်ဝေးတဲ့ အမေရိကန်မှာ လာကြည့်နေရာ တာကိုတွေးပြီးတော့ ကျွန်တော်ရယ်နေမိတယ်။

နောက်တစ်နေ့ကျတော့ သဲကန္တာရကို ဖြတ်မောင်းပြီး လပ်စ်ဗီးဂတ်စ်မှာ ကျင်းပနေတဲ့ လျှစ်စစ်ပြပွဲ တစ်ခုကို သွားကြည့်ကြတယ်။ ကျွန်တော့် အတွက်အံ့သြကုန်နိုင်ဖွယ်တွေချဉ်းပါပဲ။ သဘောအကျ ဆုံးကတော့ နေရောင်ခြည်သုံး လျှစ်စစ်ပစ္စည်းတွေပါ။ Blue Tooth တယ်လီဖုန်းက ခေါင်းစွပ် နားကြပ်လေးကို နားရွက် မှာ ချိတ်ထားလိုက်ရုံနဲ့ နေရောင်ခြည်က ခင်ဗျားရဲ့တယ်လီဖုန်းကို အားသွင်းနိုင်သတဲ့ဗျ။ အဲဒီညက သန္တာကျွန်း ဟိုတယ်မှာ တည်းကြတယ်။ ကားတွေ၊ ဆုကြီးတွေ မဲဖောက်ပေးတယ်ဆိုတဲ့ နာမည်ကြီး မိုတယ်ပေါ့။ ရေကူးဝတ်စုံဝတ်အမျိုး သမီးလေးတွေက ဧည့်သည်တွေကို အချိုရည်ပုလင်းတွေ အခမဲ့ လိုက်ဝေလို့။ ကာစီနိုရုံထဲရောက်တော့ စက်တွေထဲကနေ ဝေါခနဲဝေါခနဲ ထွက်ကျနေတာကိုကြည့်ပြီး ကျွန်တော် အသက်ရှူမှားနေတယ်။

'ဟေ့  ၀ီလျှံ၊ ပျော်ရဲ့လားကွ'
လူသံတွေ ဆူညံနေတော့ တွမ်က အသံကျယ်ကျယ်အော်မေးရတယ်။ ကျွန်တော်က သွားတွေ အဖွေးသား ပေါ်အောင် ရယ်ပြီး ပြန်ပြောလိုက်တယ်။
' ပျော်တယ် အစ်ကို၊ အရမ်းပဲ'
ဒါပေမဲ့ အဲဒီညမှာ အိပ်ခါနီးတော့ မာလာဝီကိုပြန်သတိရတယ်။ အမေ့ကို လွမ်းနေတယ်။ ကျွန်တော့် လေရဟတ် ပန်ကာလည်သံတွေ ကြားယောင်နေတယ်။
နောက်ပိုင်း မှာ အမေရိကန်တစ်ခွင် ခရီးတွေ ထွက်နေရပေမယ့် အိမ်ကိုပဲသတိရရနေတယ်။

ကာလီဖိုးနီးယားက ပမ်းစပ်ရင်းရောက်တော့လည်း မာလာဝီကို သတိရနေတာပဲ။ လေရဟတ် တွေဆီ ရောက်တော့ ပိုသတိရတာပေါ့။ လေရဟတ်တွေက ဓာတ်အားကိုယူပြီး လည်နေတဲ့ အဖြူရောင် လျှပ်စစ်ဓာတ်အား တာဘိုင်ကြီးတွကိုကြည့်ပြီး ကျွန်တော် ရင်သပ်ရှုမော ဖြစ်ရပြန်တယ်။ ပေတစ်ရာ ပန်ကာ ရွက်ကြီးတွေဟာ ခပ်မှန်မှန် လည်ပတ်နေတယ်။

ကျွန်တော်အိပ်မက် မက်နေတဲ့ လေရဟတ်မျိုးကြီးတွေလေ၊ သံစင်ကြီးတွေက ပေ ၂၀၀ကျော် မြင့်တယ်။ Windtec  ဆိုတဲ့ကုမ္ပဏီ အင်ဂျင်နီယာချုပ်က ကျွန်တော့်ကို စက်ရုံထဲ လိုက်ပြတယ်။ နံရံတစ်ခုမှာ ကွန်ပျူတာ တစ်လုံးက သင်တင်းအချက်အလက်တွေကို အကုန်ပြနေတယ်။ ဗို့အားအ၀င်အထွက်၊ လေတိုက်နှုန်း၊ ပန်ကာရွက်လည်ပတ်နှုန်းတွေကို အားလုံး မြင်နေရတယ်။ လေပြင်းလာရင် ပန်ကာရွက်တွေ လိုတာထက် ပိုမလည်အောင်  ကွန်ပျူတာကပဲ ထိန်းပေးတယ်။

တာဘိုင်တစ်လုံးရဲ့ စွမ်းအင်ထုတ်လုပ်မှုက ဗို့အား ၁၂၅၀၀  ရှိတယ်။ သူတို့ကုမ္ပဏီတစ်ခုတည်းက ထုတ်နေ တဲ့ မီဂါဝပ်စုစုပေါင်းက ၆၀၀ကျော်တယ်တဲ့။ အဲဒီဓာတ်အားကို မြေအောက်ကြိုးတွေနဲ့ ကယ်လီဖိုင်းနီးယား တောင်ပိုင်းက နေအိမ်တွေကို ဖြန့်ဝေပေးတယ်။ ၆၀၀မီဂါဝပ်ဆိုတာ မာလာဝီ တစ်နိုင်ငံလုံးကို ပေးနိုင်တဲ့ ဓာတ်အား ပမာဏဖြစ်ပါတယ်။ (ဒီနေ့ကျွန်တော်တို့နိုင်ငံမှာ သုံးနေတဲ့ လျှပ်စစ်ဓာတ်အား စုစုပေါင်း ၂၂၄မီဂါဝမ် ပဲ ရှိပါတယ်။

ကျွန်တော့်အိပ်မက်ထဲမှာ အမြဲတမ်းမြင်မတ်ခဲ့တဲ့ မြင်ကွင်းဟာ ကျွန်တော့်ရှေ့တည့်တည့်မှာ ရောက်နေပါပြီ။ လေထဲမှာ စက်ဝိုင်းပြည့် လည်ပတ်ပြီး ရှုမဆုံးတော့တဲ့ ပန်ကာရွက်ကြီးတွေကို မော့ကြည့်နေမိတယ်။ ပြီးပထမဦးဆုံး ရွာစာကြည့်တိုက်က စာအုပ်ထဲမှာ မြင်ဖူးတဲ့ပုံကို သွားသတိရ မိတယ်။ ငတ်မွတ်ခြင်း၊ မှောက်မိုက်ခြင်း လမ်းတွေကို ဖြတ်သန်းပြီး ကျွန်တော် လျှောက်ခဲ့ရတဲ့ ခရီးဟာ ရှည်လျားလှပါကလား။ အဲဒီ နေရာမှာ ရပ်ပြီး ဘယ်အရပ်ကို ဦးတည်ရမှာပါလိမ့် ဆိုပြီး ကျွန်တော်တွေးနေမိတယ်။

ကျွန်တော် ဘာဆက်လုပ်ရမလဲ။ ဒါလောက်အဝေးကြီးလျှောက်လာခဲ့ပြီးမှ ကျွန်တော့်အနာဂတ်က ဘာပါလိမ့်။ တာဘိုင်စက်ကြီးတွေကို ကျော်ပြီးဟိုမှာဘက်က တောင်တန်းတွေကို လှမ်းကြည့်လိုက် တယ်။ ကျွန်တော့် မြင်ကွင်းထဲမှာ တောင်တန်းတွေဟာ လေရဟတ်ကြီးတွေနဲ့ ရောသွားပြီး လည်ပတ် နေပါတော့တယ်။ ကြည့်နေရင်း၊ ကြည့်နေရင်း ဒီမြင်ကွင်းက ကျွန်တော့်ကို တစ်စုံတစ်ခုများ ပြောနေသလား လို့ စိတ်ထဲထင်လာတယ်။ ကျွန်တော့်မှာ ရေရေရာရာဆုံးဖြတ် ထားတာဘာမှမရှိသေးပါလား။

အာဖရိကတိုက်ကိုပြန်မယ်၊ ကျောင်းပြန်တက်မယ်၊ အဟောသိကံ အချိန်တွေကို  ပြန်အလျှောက်ပေးမယ်။ တာဘိုင် တွေ တည်ဆောက်ပုံ အကြောင်းပဲ သင်ဖြစ်မလား။ သစ်တောပြုန်းနေတဲ့ မာလာဝီလွင်တီးခေါင်မှာ သစ်ပင်တွေပဲ စိုက်ဖြစ်မလား။ ကျွန်တော့်အိမ်က လေရဟတ်မျိုး သူများတွေ  လိုက်ဆောက်လာရင် သင်ကြားပေး ဖြစ်မလား။ အစိုးရကို အားမကိုးဘဲ ကိုယ့်မြေပေါ်မှာ ကိုယ်တိုင် မီးရအောင် လုပ်ဖို့ပဲ ပညာပေး စည်းရုံးဖြစ်မလား။ မသေချာသေးပါ။ အဲဒါတွေ အားလုံး တစ်ပြိုင်တည်း  လုပ်ဖြစ်ကောင်းလည်း  လုပ်ဖြစ် ပါလိမ့်မယ်။ ဘာကိုပဲ လုပ်ဖြစ်လုပ်ဖြစ် ကျွန်တော့်ကိုယ်တွေ့ နံပါတ်တစ် သင်ခန်းစာကိုပဲ အခြေခံမှာပါ။ ကျွန်တော် ကြိုးစားတယ်။ အဲဒီတော့ ဖြစ်သွားတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, February 22, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၃၄)

ဆရာဘက်လက်ဆင်း က ကျွန်တော့်ကို အဲဒီလို အားပေးပါတယ်။ နောက်ဆုံးမှာ ကျွန်တော့်ကို ကူညီ နေတဲ့ အဖွဲ့က ကျွန်တော့်မိသားစုအတွက်ပါ ထောက်ပံ့လာကြပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ အိမ် တစ်အိမ်လုံး သွပ်မိုး ဖြစ်သွားပါတယ်။ အမျိုးတွေကိုလည်း ကူညီနိုင်ခဲ့ပါတယ်။ မြက်ဖျာပေါ်မှာ အိပ်ရတဲ့ ကျွန်တော့် ညီမ တွေလည်း မွေ့ရာနဲ့အိပ်နိုင်ကြပါပြီ။ သန့်ရှင်းတဲ့သောက်ရေရဖို့အတွက် အဖုံးပါတဲ့ ရေပုံးတွေ ကျွန်တော် ၀ယ်ပေး နိုင်ပါပြီ။

ဆောင်းတွင်းအတွက် စောင်တွေ ၀ယ်ပြီး ပေးနိုင် ပြီး မိုးတွင်းအတွက် ခြင်ထောင်နဲ့ ငှက်ဖျားဆေးတွေ ၀ယ်ပေး နိုင်ခဲ့ပါပြီ။ တစ်အိမ်သားလုံးကို ဆရာဝန်နဲ့ ဆေးစစ်ခိုင်းပါတယ်။ သွားဆေးခန်းကိုလည်း အားလုံးကို ခေါ်သွားတယ်။ (သွား ဆရာဝန်ဆီ ကျွန်တော် တစ်ခါမှ မရောက်ဖူးပါဘူး။ ခုမှ စစ်ကြည့်ဖူးတာပါ။ တော်ပါ သေးရဲ့၊ သွား တစ်ချောင်းမှာပဲ အပေါက်တွေ့တယ်)
နောက်ဆုံးမှာ ကျွန်တော့်ကို တောက်လျှောက် ကူညီခဲ့တဲ့ ဂီးလ်ဘတ်ကိုလည်း ကျွန်တော် ကျေးဇူး ဆပ်နိုင်ခဲ့ ပါတယ်။

သူ့အဖေဆုံးပြီး မကြာခင် ဂီလ်းဘတ် ကျောင်းထွက်လိုက်ရတယ်။ ကျွန်တော် ရထားတဲ့ ထောက်ပံ့ကြေးက အလျှံပယ် ဖြစ်နေတော့ သူ့ကို ကျွန်တော် ကျောင်းပြန်ထားနိုင်ခဲ့တယ်။ သရောကြီးခိုင်းလို့ ကျောင်းထွက် လိုက်ရ တဲ့ ဂျက်ဖရီနဲ့ တခြားဝမ်းကွဲတွေကိုလည်း ကျောင်းပြန် တတ်နိုင်အောင် ကျွန်တော် စီစဉ် ပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ နှစ်ရှည်လများ ကျွန်တော် စိတ်ကူးယဉ်ခဲ့တဲ့ ပေနက်အ၀ီစိတွင်းတစ်တွင်းကို အောင်အောင် မြင်မြင် တူးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မိသားစုအတွက် အကောင်းဆုံးသောက်သုံးရေ ရရှိခဲ့ပါပြီ။ ရေတွင်းကနေ ရေငင်ရတဲ့ ၀ဋ်ကျွတ်သွားတဲ့အခါ အမေက ပြောရှာတယ်။ "ငါတစ်နေ့ နှစ်နာရီ လောက် အချိန်ပိုထွက်လာ တယ်" တဲ့။

နေရောင်ခြည်သုံး ရေစုပ်စက်ကလေးနဲ့ လီတာ ၅၀၀၀ ဆန့် ရေကန် ၂ကန်ထဲကို ရေမောင်းတင်နိုင်ခဲ့ပြီ။ အဖေ့ စိုက်ကွင်းထဲအထိ ပိုက်လိုင်းသွယ်ပြီး ရေပို့နိုင်ခဲ့လို့ အဖေ့ ပြောင်းခင်း ဟာ အမြဲလိုလို စိမ်းစိုနေပြီး နှစ်သီးစား ပြောင်းခင်း ဖြစ်နေပါပြီ။ ဂျုံနဲ့ ပြောင်းဆန် လှောင်တဲ့ကျီဟာ အမြဲပြည့်လျှံနေတော့မှာပါ။ တွင်းထိပ် နဲ့ ရေထိန်းဘားနဲ့ အလိုအလျောက်  ရေလွှတ်နိုင်တာ ဒီနယ် တစ်ဝိုက်မှာ ကျွန်တော်တို့ တစ်အိမ်ပဲ ရှိပါတယ်။ ၀င်ဘီတစ်ရွာလုံးက အိမ်ရှင်မတွေ အိမ်မှာ သောက်ရေသုံးရေ လာယူကြပါတယ်။ တစ်ပြားမှ မယူ ပါဘူး။

ABCCA ကျောင်းပိတ်ရက်တွေမှာ ဧရာမလေရဟတ်ကြီးတစ်ခု ထပ်ဆောက်ပြီး အ၀ီစိတွင်းရေကို အလျှံပယ် ထပ်စုပ်နိုင်လို့ အမေ့စိုက်ခင်းလည်း စိမ်းသထက်စိမ်း၊ စိုသထက်စို နေပါပြီ။ ဟင်းနုနယ် တွေ၊ မုန်လာဥ တွေ၊ ခရမ်းချဉ်နဲ့ အာလူးတွေ အလျံပယ်စားရပြီး ဈေးကိုလည်း အမို့အမောက် တင်ရောင်း နိုင်နေပါပြီ။ ကျွန်တော့်အိမ်မက်တွေ အကောင်အထည် ဖြစ်လာတယ်လို့ပဲ ပြောပါရစေ တော့။
ကျွန်တော့် ရဲ့  မိသားစုဟာ လေရဟတ်ကြောင့် သူတို့ဘ၀အထွေထွေ ပြောင်းလဲသွားတော့ ဘုရား သခင် ပေးတဲ့ ဆုလာဘ်လို့ သဘောထားနေကြတယ်။ ကျွန်တော့်ကို နာမည်အသစ်ပေးကြတယ်။ ကျွန်တော်က နောဧ တဲ့။ ကျမ်းစာထဲက နောဧလေ။

ဧရာမလှေကြီးဆောက်ပြီး သူ့မိသားစုနဲ့ သူသတ္တ၀ါအပေါင်းကို ဘုရားသခင်ရဲ့ ရေလွှမ်းမိုမှုကနေ ကယ်တင် လိုက် တဲ့ နောဧပေါ့။
"အစကတော့ ကျွန်မသားလေးကို အရူးတဲ့။ ခုတော့ နောဧ ဖြစ်သွားပြီ။ မိသားစုကို ကယ်ဘေးဆိုး ကြီးကနေ ကယ်တဲ့ နောဧလေ" လို့ အမေက ပြောပါတယ်။ အဖေကတော့ "မင်းဟာ တို့ရွာကို မြေပုံပေါ်မှာ တင်ပေး လိုက်တာပဲ။ ခုတော့ တစ်ကမ္ဘာလုံးက ၀င်ဘီကို သိသွားကြပြီလေ" လို့ ကျွန်တော့်ကို ချီးမွမ်းပါတယ်။

၂၀၀၇ခုနှစ် ဒီဇင်ဘာလ ခရစ္စမတ်ပွဲတော်ရက်မှာ တွမ်ရှိရာ အမေရိကန် ပြည်ထောင်စုကို ကျွန်တော် ခရီး ထွက်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယား တောင်ပိုင်းက လေရဟတ်တွေကို ကြည့်ချင်လို့ပါ။ ဗီဇာကို ခဲရာခက်ဆစ် ယူရပါတယ်။ ကျွန်တော်တို့ အာဖရိကတိုက်သားတွေဖို့ ဥရောပနဲ့ အမေရိကန်ကို သွားဖို့ မလွယ်ပါဘူး။ နယူးယောက်ကို အနွေးထည်ပါးပါးလေး တစ်ထည်ပဲ ပါလာပါတယ်။ ဒါပေမဲ့ လေယာဉ်ကွင်းထဲမှာ ချွေးပြန်စ ရာအဖြစ် နဲ့ ကြုံရပါတယ်။ လေယဉ်ကွင်း ကောင်တာတစ်ခုမှာ ရပ်နေတဲ့ တာဝန်ကျ အမျိုးသမီးက ကျွန်တော့်ကို လှမ်းပြောပါတယ်။ ကျွန်တော်ပစ္စည်းအားလုံး ပျောက်သွားတယ်တဲ့။

'တို့မင်းကို အကြောင်းကြားမယ်လေ' လို့ သူပြောတော့ ကျွန်တော်နားမလည်နိုင်အောင် ဖြစ်သွားပါတယ်။ ကျွန်တော့် မှာ တယ်လီဖုန်းမှ မရှိတာ။ လေယာဉ်ကွင်းကနေ တက္ကစီနဲ့ ထွက်လာတော့ မိုးထိ တိုက်ကြီး တွေကို ကျွန်တော်မော့ကြည့်လိုက်လာမိတယ်။ စာအုပ်တွေထဲမှာ ဖတ်ဖူးတဲ့အတိုင်းပါပဲ။ ငါးလမ်းသွား ကားလမ်းမကြီးတွေက ချောမွတ်ပြောင်လက်လို့။ အောက်မှ ရေမရှိတဲ့ တံတားအစင်းစင်းကို ဖြတ်ခဲ့ပါတယ်။

ဒါလောက် မြင့်မားမတ်စောက်ပြီး ဒါလောက်ထုထည် ခိုင်ခံ့တဲ့ အဆောက်အအုံတွေကို သူတို့  ဘယ်လိုများ ဆောက်ကြပါလိမ့်။ အဲဒီလို မင်ဟတ်တန် မိုးထိတိုက်ကြီးတွေရဲ့ အခန်းတစ်ခန်းမှာ တွမ်နေတာတဲ့။ လိပ်စာကြည့်လိုက် တော့သူအခန်း ၃၆ထပ်မှာ။ ဘုရား၊ ဘုရား။ ကျွန်တော်ဘယ်လိုများ တက်ရမှာပါလိမ့်။ လူတစ်ယောက် က ဓာတ်လှေကားရှိရာကို ညွှန်ပေးပါတယ်။ လက်စသတ်တော့ ခလုတ်တစ်ချက် နှိပ်လိုက်ရုံ နဲ့ ၁၀စက္ကန့်အတွင်း ၃၆ထပ်ကို ကျွန်တော်ရောက်သွားပါလေရော။ ကျွန်တော့်ခေါင်းထဲ မှာ မေးခွန်းတွေ ပြည့်ကြပ်ေ နပါတော့တယ်။

အခန်းထဲရောက်တော့ ကြမ်းခင်းကနေ မျက်နှာကြက်အထိ မြင့်တဲ့ပြတင်းပေါက်တွေကို ကျွန်တော် တအံ့တသြ ငေးကြည့်နေမိတယ်။ အဲဒီနေ့မတိုင်မီ ကျွန်တော် အမြင့်ဆုံး ရောက်ဖူးတာက ကျွန်တော့်ရဲ့ လေရဟတ် မျှော်စင် အပေါ်ဆုံး ဆင့်အထိပါ။ အင်း ကာလဒေသသပရောဂနဲ့ အထာကျအောင် တော်တော် လုပ်ယူ ရမှာပါကလား။ အဲဒီညက ဆိုဖာခုံရှည်ကြီးတစ်လုံးပေါ်မှာ အိပ်ရတာ ကျွန်တော့်အတွက် တစ်မျိုးကြီး ဖြစ်နေတယ်။

တွမ်က အဲဒီရက်သတ္တပတ်အတွင်း အရမ်းအလုပ်များနေလို့ သူ့သူငယ်ချင်းတွေက ကျွန်တော့်ကို မြို့ထဲ လိုက်ပြကြတယ်။ သူတို့က ကျွန်တော့်ကို ဘယ်လို ကျေးဇုးတင်ရမှန်းတောင် မသိတော့ပါဘူး။
နောက်တစ်နေ့မှာ တွမ်ရဲ့နောက်သူငယ်ချင်း မိန်းကလေး တစ်ယောက်ရောက်လာတယ်။ သူက နာမည်ကျော်ကခြေသည် မော်နီကာဂျေးလက် ဖြစ်ပါတယ်။ သူက ကျွန်တော့်ကို လာခေါ်ပြီး မင်ဟက်တန် တစ်ဝိုက်က ကြည့်စရာရှိတဲ့ နေရာတွေကို လိုက်ပြတယ်။ မြေအောက်ဘူတာတွေမှာ ဂိတ်အ၀င်အထွက်ကို ကဒ်ပြား လေးတွေ ထိုးလိုက်ထုတ်လိုက်နဲ့ ၀င်ထွက်သွားလာနေတဲ့ လူတွေကို ကျွန်တော် ငေးကြည့် နေမိတယ်။

ဘယ်လောက်ကောင်းတဲ့ စိတ်ကူးလဲ၊ ကျွန်တော်တို့က မြေအောက်လိုဏ်ခေါင်းထဲမှာ၊ ကျွန်တော်တို့ ခေါင်းပေါ် မှာ ဧရာမ မိုးထိတိုက်ကြီးတွေ။ ပြိုကျမလာတာကို ကျွန်တော် အံသြမဆုံး ဖြစ်နေတယ်။ နယူးယောက် လူသားလမ်းတွေပေါ်မှာ လူတွေ ပျားပန်းခတ် လှုပ်ရှားသွားလာနေတယ်။ နယူးယောက်မှာ တွေ့ရတဲ့ လူတွေ အားလုံးပဲ အပြေးအလွှား အလုပ်လုပ်နေကြတယ် သတထားမိတယ်။ သူတို့မှာ လက်ဖက်ရည် ဆိုင်ထိုင်ဖို့ ကော်ဖီထိုင်သောက်ဖို့ အချိန်ရှိဟန်မတူဘူး။

လမ်းလျှောက်ရင်း၊ အီးမေးလ်ပို့ရင်း စက္ကူခွက်နဲ့ ကော်ဖီသောက်ကြတာ သတိထားမိတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ဧရာမကရိန်းကြီးတွေက သံမဏိဘောင်ကြီးတွေကို မိုးနဲ့ထိုလုမတတ် မရွှေ့ နေတာတွေကို ကျွန်တော် ငေးနေမိပါတယ်။ ဒီလိုနဲ့ လပိုင်းနှစ်ပိုင်းအတွင်း တိမ်ထဲထိုးထွက်နေတဲ့ ဒီလို မိုးထိ တိုက်ကြီးတွေ ဖြစ်ပေါ်လာတာပါ။ မာလာဝီမှာတော့ လွတ်လပ်ရေးရတာ နှစ်ပေါင်း လေးဆယ် ကျော်ပါပြီ။ ခုထက်ထိ ရွာတွေမှာ နိုင်ငံတော်ရေ မရောက်သေးပါဘူး။ လျှစ်စစ်မီးဆိုတာတော့ ဝေလာဝေး။ ဒီအတိုင်း ဆိုရင် ကမ္ဘာကြီးနောက်ကို သူများနဲ့ တန်းတူလိုက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး ထင်ပါရဲ့။ ကျွန်တော် တို့ ဘိုးဘွားတွေလိုပဲ ဆင်းဆင်းရဲရဲနဲ့ အငတ်ငတ် အပြတ်ပြတ်ဖြစ်ပြီး သေနေကြရဦးမယ် ထင် ပါရဲ့။

ကျွန်တော့်ကို အနွေးထည်တွေ နောက်ထပ်လာပို့ပေးသူကတော့ အင်ဒရီယာဘာသယ်လို ဖြစ်ပါတယ်။ သူနဲ့ကျွန်တော် TED ညီလာခံမှာ ဆုံခဲ့တာပါ။ သူ့အမျိုးသားက ဘီလ်ရစ်ချီ။ လင်မယားနှစ်ယောက် Think fun ဆိုတဲ့ ကုမ္ပဏီလေးတစ်ခု ထောင်ထားကြတယ်။ သူတို့သား ဆင်က ကျွန်တော်နဲ့ ရွယ်တူ။ နောက်တစ်နေ့ မှာ သူတို့သားအမိ ကျွန်တော့်ကို လာခေါ်ပြီး မင်ဟက်တန် ကျွန်းကို ပို့ပေးကြတယ်။ ဒီတစ်ခါ ရဟတ်ယာဉ် နဲ့ သွားကြတာ။ မြို့ကြီးကို အပေါ်စီးက မြင်ရတော့ တစ်မျိုး ရင်ခုန်ရပြန်ပါတယ်။ လေဘာတီ ကျေက်ရုပ်ကြီး ကို တရိပ်ရိပ်ဖြတ် ကျော်ခဲ့ပြီး အင်ပါယာပြည်နယ် အဆောက်အအုံကြီးကိုလည်း အပေါ်စီးက ငုံ့ကြည့်ခဲ့ ရပါတယ်။ မြစ်ထဲက ရေယာဉ်ပျံလေးတွေကတော့ အဖြူရောင် စွပ်ကြောင်းလေးတွေရှေ့မှာ စုန်ဆန် ပြေး လွှားနေကြတယ်။
အဲဒီ ရက်သတ္တပတ်နောက်ဆုံးနေ့မှာ ကျွန်တော်နဲ့တွမ် ကနက်တီးကပ်ကို ကားနဲ့ထွက်ခဲ့ကြပါတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၁၁)

ဒေါ်ကြည်၏ စကားကို မောင်တင်ဦးက အတိုက်အခံမပြုဘဲ ...
" ဒါက ကျွန်တော်နဲ့ ကြည်ကြည်နွဲ့ နှစ်ယောက်စလုံး စိတ်ချမ်းသာမှုဖြစ်အောင် ကျွန်တော်တို့လူငယ်ချင်း တိုင်ပင်ပါရစေအုံးဒေါ်ဒေါ်"
ဟု မယုတ်မလွန် အဖြေပေးလိုက်သည်။

ထို့ကြောင့် သပိတ်ဝင် အိတ်ဝင် ဖြစ်တော့မည့် သမက်လောင်းအား စိတ်တိုင်းကျဖြစ်စေရန် ဒေါ်ကြည်က သူ့သမီး ကြည်ကြည်နွဲ့ နှင့် လွတ်လပ်စွာ တိုင်ပင်စေသည်။
" နွဲ့အမေ အစီအစဉ်တွေကို နွဲ့သိပြီးပြီပေါ့ ဟုတ်လားနွဲ့"
မောင်တင်ဦးက စတင်စကား ကြောင်းပေး၏။

" အမေ ဘာဘဲ စီစဉ်စေကာမူ အပူသောက ဖြစ်နေတဲ့ ကိုဥိးကို နွဲ့ငဲ့ညှာပါတယ်၊ ကိုဦးစိတ်ချမ်းသာမှုသာ စဉ်းစားပါ၊ ကိုဦးစိတ်ထဲမှာရှိတဲ့ အစီအစဉ်ကို ပွင့်ပွင့် လင်းလင်းပြော နွဲ့လိုက်လျောသင့်ရင် လိုက်လျောမယ် အမေ့စကားမှ အမေ့စကားဆိုတဲ့ တဖက်သတ်စိတ် နွဲ့မှာ မရှိပါဘူး"

ကြည်ကြည်နွဲ့က တကယ် စစ်မှန်သော စိတ်စေတနာဖြင့် ပြောသည်ကို ကြားရသောအခါ မောင်တင်ဦးက ကြည်ကြည်နွဲ့အပေါ် အချစ်ပိုလာမိသည်။
" ကိုဦစးကလည်း မတရား မစီစဉ်ပါဘူး နွဲ့ရယ်၊ နွဲ့အပေါ်မှာ သစ္စာရှိတယ်ဆိုတာ နွဲ့ယုံတယ်ဟုတ်လား"
" ယုံပါတယ် ကိုဦး"
" တလခွဲ နှစ်လ လောက်တော့ ဆိုင်းချင်သေးတယ်နွဲ့ရယ်"

" တလခွဲမဟုတ်ပါဘူး ကိုဦး စိတ်ချမ်းသာသလိုသာနေပါ။ တစ်နှစ်ခွဲနေဆိုလည်း နွဲ့နေမယ်။ ကိုဦးသစ္စာ ရှိသလို သစ္စာရှိပါတယ်"
" တစ်နှစ်ခွဲ မနေပါဘူး၊ နွဲ့တို့မိသားစု စီးပွးရေးအခြေအနေလည်း ကိုဦးသိပါတယ်။ ကိုဦးပြောတဲ့ တလခွဲ နှစ်လဆိုတာ အခု ၀ါမ၀င်ခင် ဖြစ်နိုင်တာပေါ့"
" ကိုဦး သဘောပါ "

" နောက် တခု .... ကိုဦး ပြောချင်တာက နွဲ့ ဘယ်လိုမှလည်း မအောက်မေ့နဲ့၊ နွဲ့အမေက ဒီအိမ်မှာ အားလုံး လာစုပြီး နေမယ်တဲ့ ... အဲဒါ "
မောင်တင်ဦးက စကားဆက်ရန် ခက်သဖြင့် တပိုင်းတစ ရပ်ထားသောအခါ ကြည်ကြည်နွဲ့က မောင်တင်ဦး ပြောမည့် စကားကို ရိပ်မိသည်။ သူ့မိဘတွေ အကြောင်းကိုလည်း ဖုံးဖိ ကာကွယ်ပြော၍ အကြောင်းမထူး သဖြင့် ရှင်းရှင်းပင်ပြော၏။

" အဖေ အရက်သောက်တတ်တဲ့အတွက် ကိုဦး အတူမနေချင်ဘူးလို့ ပြောမှာဟုတ်လား"
"နွဲ့စိတ်ဆိုးလား"
"မဆိုးပါဘူး၊ ဟုတ်တယ် ... အဖေ့ကြောင့် နွဲ့လည်း စိတ်ညစ်တယ်။ ကြိုက်တတ်လို့သောက်ရင် ကိုယ့် ဘာသာ တယောက်ထဲ ရှင်းရှင်းမသောက်ဘူး၊ အဖော် အပေါင်းတွေပါ အိမ်ခေါ်လာ သမီးပျိုလေးနဲ့ မသင့် တော်ဘူး၊ ဒါကြောင့် ကိုဦး အတူမနေချင်တာ နွဲ့ အပြစ်မတင်လိုပါဘူး"
ကြည်ာကည်နွဲ့က စိတ်ညစ်သော လေသံဖြင့်ဆိုသည်။

" နွဲ့အခုလို စေတနာမှန်အတိုင်း ကိုဦးကို ခွင့်လွှတ်တာ ၀မ်းသာပါတယ် နွဲ့ရယ်၊ အဲဒီတော့ ... လက်ထပ် ပြီးရင် နွဲ့ မိဘ ကို ငွေငါးရာ ကန်တော့မယ်၊ လစဉ် တလတရာ ထောက်ပံ့တာပေါ့၊ ကိုဦးနဲ့ နွဲ့ကတော့ ဒီအိမ် မှာဘဲ နှစ်ယောက်ထဲ ရှင်းရှင်း နေရအောင်နော် "
မောင်တင်ဦး၏ အစီအစဉ်မှာ မျှတ၍ ကြည်ကြည်နွဲ့ ကန့်ကွက်စာမမြင်ချေ၊ သူကိုယ်တိုင်ပင် သူ့အဖေ အရက်သမားနှင့် အတူမနေလိုပါလျှင် သားမက်ဖြစ်သူသည် မည်သည့်အတွက် အတူနေလိုပါမည်နည်း။

" ကိုဦး စီစဉ်တာ ကောင်းပါတယ်၊ ဒါ အတည်ပြုပြီနော် ကိုဦး"
" အတည်ဘဲနွဲ့၊ ကိုဦး ကတိမဖျက်ပါဘူး"
" ဒါဖြင့် နွဲ့ပြန်ပြီး အဖေနဲ့အမေကို ပြောပြအုံးမယ်"
ကြည်ကြည်နွဲ့က ပြောပြော ဆိုဆိုဖြင့် မောင်တင်ဦးကို နှုတ်ဆက်ပြီး ပြန်သွားသည်။

" အေး ... နင်ပြောတဲ့အတိုင်း ငွေငါးရာလဲပေး နောက် တလ တရာလဲ မှန်မှန်ထောက်မယ် ဆိုရင်တော့ မဆိုးပါဘူးလေ၊ နင်ကရော သုံးကျပ် ဆယ့်ငါးပြားနဲ့ ဆက်လုပ်အုံးမှာလား"
ကြည်ကြည်နွဲ့ ပြောစကားကို ဇနီးဖြစ်သူ ဒေါ်ကြည်မှ တဆင့် သိရသော ဦးသာညွန့်သည် အရက်မူးမူးဖြင့် သမီးကို ကိုယ်တိုင်ပင် မေးမြန်းနေလေသည်။
" သူက ဘာပြောအုံးမယ် မသိသေးဘူး အဖေ၊ အိမ်မှာနေလို့ဘဲပြောမလား ဆက်လုပ်ခိုင်းမလား မသိ သေးဘူး"
ကြည်ကြည်နွဲ့က ဖခင်ကို မျက်နှာပူပူဖြင့် ပြန်ပြောရလေသည်။

" အောင်မာ နင်က ခုကဘဲ သြဇာနာခံနေရပြီလား၊ နင်ကြောက်နေရပြီလား"
ဦးသာညွန့်က ဖခင်ဖြစ်လျှက် မပြောသင့်သော စကားကို မူးမူးရူးရူးဖြင့် ပြောရာ ကြည်ကြည်နွဲ့က ဘာပြန် ပြောရမှန်းမသိ၍ နှုတ်ဆိတ်စွာဖြင့် ဦးခေါင်းငုံ့နေသည်။ ဦးသာညွန့်က ဇနီး ဒေါ်ကြည်ဘက်လှည့်ပြီး ပြော၏။
" ဘယ်လိုလဲကွဲ့ မယ်ကြည်၊ နင့်သမီး ဦးကျိုးလှချည့်လား"
ဤတွင် ဒေါ်ကြည်တစခန်းထ၏။

" ဟုတ်သားဘဲ သမီးရယ် ... ညည်းက မပိုင်သေးခင်ကဘဲ သူ့ သဘောလိုက်လျော အလျှော့ပေးနေရပြီ ဆိုတာတော့ မဟုတ်ဘူးအေ့၊ အခု ဒို့မိသားစု နေကြရတာ အိမ်ပိုင်မဟုတ်ဘူး။ ငှားနေရတယ်။ အိမ်လခပေး နေရတော့ နေရေး စားရေးမှာ ထိသင့်သလောက် ထိသွားတယ်။ ဒါကြောင့် ငွေပိုငွေလျှံ လေးသုံးရမလားလို့ အတူနေမယ်ဆိုတာလဲ လက်မခံဘူး။ သူ့အိမ်ပေါ် ဒို့မတက်ရဘူးပေါ့၊ ဒါလဲ ဒို့လျှော့ပေးခဲ့တယ်။ သူစီမံသမျှ ဘဲလို့ ငါ့သမီးလိမ္မာရင် လက်ထပ်ပြီးတယ်ဆို မလှုပ်သာအောင် ဇိကုပ်ထားဘို့သင့်ရက်နဲ့ အခုညည်းက မယူခင်ကဘဲ လျှော့နေပြီဆိုတာ ခံပြင်းဘို့ကောင်းလို့လေ။ ညည်းလင်အိမ်ပေါ်ကို ဒီအဖေအမေ ဒီတသက် ဘယ်တော့ တက်ရမလဲဟင် ပြောစမ်း"

ဒေါ်ကြည်က သူဖြစ်စေချင်တာကို ပွင့်ပွင့်လင်းလင်း ၀င်ပြောကာ သမီးကို အားမရဟန်ဖြင့် မျက်စောင်းခဲ ကြည့်လိုက်၏။ ကြည်ကြည်နွဲ့သည် ရုတ်တရက် ဘာမှ ပြန်မပြောဘဲ ဦးခေါင်းစိုက်နေ၏။ ထိုအခိုက် လေး ထစ်မျှရှိသော အိမ်ပေါ်တက်သည့် လှေကားကလေးမှ တစုံတဦး ချော်လဲလိမ့်ကျသံ၊ ပုလင်းကွဲသံ၊ ဖခင် ဦးသာညွန့်၏ ဒေါသတကြီး တိုင်းထွာဆဲဆိုလိုက်သံကြောင့် လန့်သွားသည်။ လျေကားဆီသို့ လှမ်းကြည့် လိုက်သည်။ ကြည်ကြည်နွဲ့တို့ မောင်နှမထဲမှ အသက် ဆယ့်နှစ်နှစ်အရွယ် မောင်ငယ်တစ်ယောက် ဖခင် ဦးသာညွန့်အတွက် အရက်သွားဝယ်ရာမှ ပြန်အလာ ခနော်ခနဲ့ လှေကားထစ်က စောင်းသွား၍ လိမ့်ကျလဲ သွားသည်။ ၀ယ်လာသော အရက်ပုလင်းက လှေကားရင်းမျာ စီထားသည့် ကျောက်ခဲတွေပေါ် လွတ်ကျကာ ကွဲသွားသည်။ 

ဖခင်ဦးသာညွန့်က တိုင်းထွာ ဆဲဆိုပြီး ကပျာကသီထသွားသည်။ လဲကျသောသားငယ်ကို နာကြင်ထိခိုက်မှု ရှိမရှိ မေးမြန်းခြင်းမပြုဘဲ ကွဲသွားသော အရက်ပုလင်းအတွက် နှစ်မြောခြင်းကြီးစွာဖြင့် လဲရာမှ ကုန်းထနေသော သားငယ်ကို ခြေဖြင့်ကန်သည်။ လက်သီးဖြင့် ထိုးသည်။

" သောက်သုံးမကျတဲ့အကောင်၊ ဒီအသက်အရွယ်ကလေးနဲ့ သေခါနီးနေလို့ ခြေမခိုင် လက်မခိုင်ဖြစ်ရသ လား၊ ငါအခု ဘာသောက်ရမလဲ သေဟာ-သေဟာ"
အသံကျယ်ကျယ်ဖြင့် မြည်တွန်ရေရွတ်ရင်း ကန်ကျောက်ထိုးကြိတ်ရိုက်နှက်နေသောအသံ၊ သားငယ်၏ ကြောက်ရွံ့ နာကြင်စွာ တောင်းပန်ငိုကြွေးသံ၊ အငယ် ဘုစုခရုတွေက ထိတ်လန့်စွာ ပြေးပုန်းသူကပုန်း၊ ငိုသူကငို ပွတ်လောရိုက်သွားသည်။

" ခလေးသေတော့မှာဘဲ တော်ပါတော့ ကိုသာညွန့်"
ဒေါ်ကြည်က သူ့ကို လာဖက်တွယ်ထားသော လေးနှစ်အရွယ် အငယ်ဆုံးခလေးကို ပွေ့ထားရင်းအော်၏။
" တော်စေချင်ရင် မင်းအိတ်ထဲက ပိုက်ဆံထုတ် အစားဝယ်ပေး... "
ဦးသာညွန့်က ချစ်မယားဘက်လှည့်ပြီး အော်ခိုက်မှာ အရိုက်ခံရသော ခလေးက ပြေးထွက်သွားကာ မည်သည့်နေရာမှာ သွားပုန်းသည်မသိ၊ ကိုယ်ရောင်ပျောက်သွား၏။
" ဂန်းဒါမ နင်လှည့်ပြောနေတာနဲ့ ဟိုသေနာလေး ဘယ်ရောက်သွားမှန်းမသိဘူး" ဦးသာညွန့်ကဆို၏။

" ကောင်းတယ် ... "
ဒေါ်ကြည်က စူဆောင့်သောလေသံဖြင့် တုန့်ပြန်၏။
" ထုတ် နင့်အိတ်ထဲက ပိုက်ဆံထုတ်၊ အခုသွားဝယ်ပေး။ ငါခိုင်းတာမလုပ်ရင် အားလုံးသေကြဘို့ပြင် "
ဦးသာညွန့်က အရက်မာန်ဖီလေပြီး သောက်ချိန်တန်၍ မသောက်ရလျှင် ဘာကိုမှ ငဲ့ညှာထောက်ထားခြင်း မရှိဘဲ သူ့စိတ်ထင်ရာကို အရူးသဖွယ် မဆင်မခြင် လုပ်တတ်ကြောင်း မိသားစုအားလုံးသိ၏။
" အောင်မယ်လေး ... စိတ်ဆင်းရဲလိုက်တာဟဲ့နော် ... ဘယ်တော့များမှ ငါဒီဝဋ်က ကျွတ်ပါ့မလဲ၊ ရော့ဟဲ့ ပိုက်ဆံ သွားဝယိုက်ကြစမ်း၊ မသောက်ရရင် အားလုံးမသာပေါ်ကုန်ကြတော့မယ်"
ဒေါ်ကြည်က သံကုန်ဟစ်ကာ ချွေးခံအင်္ကျီအိတ်ထဲမှ နွမ်းညစ်သော တကျပ်တန်စက္ကူ လေးသုံးရွက်ကို လုံး ချေပြီး ဦးသာညွန့်ရှေ့သို့ ပစ်ပေးလိုက်သည်။

အရှက်အကြောက် ဆိုသည်ကို နားမလည်သည့် အလား အိမ်နားနီးချင်းကိုမှ အားမနာ အ၀ီစိပွတ်သလို ကြွက် ကြွက်ဆူနေကြသော မိဘညီအစ်ကို မောင်နှမတွေကို ကြည်ကြည်နွဲ့က စိတ်ပျက်စွာကြည့်ရင်း သက်ပြင်းချကာ မီးဖိုခန်းကလေးထဲသို့ ၀င်လာခဲ့သည်။

" ကိုဦးက အတူမနေဘူးဆိုတာ ဘာမှ စိတ်ဆိုးစရာ အပြစ်တင်စရာမရှိဘူး၊ ဒီလို အိမ်သားတွေနဲ့ ဘယ်လူ စိမ်းက နေချင်တာလဲ။ ကိုဦးဆီလာတဲ့ ဧည့်သည်တွေက အေးဆေးတည်ငြိမ်တဲ့လူတွေ၊ သူ့သားမက်အနေနဲ့ စိတ်ညစ်မှာ ရှက်မှာမပြောနဲ့ ငါ့သမီးအရင်းတောင် စိတ်ကုန်မိတာဘဲ"

ကြည်ကြည်နွဲ့က စိတ်ထဲမှ မသက်မသာတွေးရင်း ငပိရေကျိုရန် ပြင်ဆင်နေဆဲဝယ် အပြင်ဘက်မှ ဖခင် ဦးသာညွန့်၏ ဒေါ်သကြီးစွာ ဟစ်အော်ပြောလိုက်သော အသံက နားထဲစူးဝင်လာသည်။
" တောက် အခုနေများ သိန်းဆုတွေ ပေါက်လိုက်ရင်လား အရက်အကောင်းစားကို အားရပါးရ သောက်မယ် ကွ၊ ခုလို မသဒ္ဓါရေစာ ပေးတဲ့ အရက်ဖိုး ခြေနဲ့ ကန်ပြီး လွှင့်ပစ်မယ် နားလည်လားမိကြည်။ ဟိုကောင် မလေးလဲ သတိထားနေ ငါထီပေါက်လို့ သူဌေးဖြစ်ရင် နင့်ကို သြဇာပေး အထက်စီးက နေတဲ့ နင့်အကောင် နဲ့ ပေးစားမယ်မှတ်သလား၊ အသိမိတ်ဆွေသားထဲက ခေါင်းခေါက်ရွေးပြီး ပေးစားမယ်"
အရက်မာန်ဖီနေသော ဦးသာညွန့်က ဇနီးနှင့်သားသမီးကို အလွန်မှတ်သားဖွယ်ကောင်းသော စကားဖြင့် ကြိမ်းမောင်းသတိပေး၏။ ကြည်ကြည်နွဲ့၏ စိတ်ပျက်ခြင်းကား ပြောဖွယ် မရှိတော့ပေ။
------------------

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, February 21, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၃၃)

ခုမှ ကျွန်တော့်ကို နားလည်တဲ့ လူတွေနဲ့ တွေ့ရတာပါလားဆိုတာ ပထမဆုံးအနေနဲ့ ကျွန်တော် သဘော ပေါက် လာပါတယ်။ ကျွန်တော့်ရင်ဘတ်ပေါ်မှာ ဖိထားတဲ့ အလေးချိန်တွေ ညီလာခံ ခန်းမကြီးထဲက ကြမ်းပြင်ပေါ် ကို ပြုတ်ကျသွားခဲ့ပါပြီ။ နောက်ဆုံးမှာ ကျွန်တော်နေသာ ထိုင်သာ ရှိသွားပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာ ပါတယ်။ ခုမှ ခင်မင်ချင်စရာကောင်းတဲ့လူတွေထဲ ရောက်နေတာပါ လားဆိုပြီး ရင်ထဲ နွေးသွား ပါတော့တယ်။
နောက်နှစ်ရက်လုံးလုံး သူတို့နဲ့ တစ်သားတည်းလို ဖြစ်နေပါတယ်။

"တစ်ဆိတ်၊ ဓာတ်ပုံတွဲရိုက်ရအောင်လား ၀ီလျံ"
"တို့နဲ့အတူ နေ့လယ်စာ စားရအောင်ကွာ"
ကျွန်တော် စင်ပေါ်မှာ စွတ်တင်လိုက်တာကို သူတို့တတွေ သဘောကျနေကြတယ်။ ဆောင်ပုဒ်ကို ဖြစ်သွားပြီး ကျွန်တော့်ကို မြင်ရင် လှမ်းအော်ကြတယ်။ "ကျွန်တော် ကြိုးစားတယ်၊ အဲဒီတော့ ဖြစ်သွားတယ်"
ကျွန်တော် အရမ်းပျော်နေပါတယ။ မိဘတွေနဲ့ ဂီးလ်ဘတ်တို့၊ ဂျက်ဖရီတို့ မြင်စမ်းစေချင်လိုက်တာ၊ သူတို့ တွေ့ရင် ဂုဏ်ယူလိုက်ကြမယ့် ဖြစ်ခြင်း။

ကျွန်တော့်ဘ၀ဇာတ်ကြောင်းဟာ တွမ်ရဲ့ နှလုံးသားကို ဖမ်းစားနေပုံရပါတယ်။ သူလည်း ငယ်ငယ်တုန်းက လျှပ်စစ် ရူး ရူးခဲ့ဖူးတယ်တဲ့။ သူက ကျွန်တော့်ကို မေးတယ်။ ကျွန်တော့်ရဲ့ ဘ၀ ပန်းတိုင်ဟာ ဘာလဲတဲ့။ ကျွန်တော့်မှာ ပန်းတိုင်နှစ်ခု ရှိတဲ့အကြောင်း။ ကျောင်ပြီးအောင် နေချင် တာနဲ့ ကျွန်တော်တို့ မိသားစု စိုက်ခင်း တွေ ရေရအောင် လေရဟတ်အကြီးကြီး ဆောက်လုပ်ပြီး ရေသွယ်ပေးချင်တဲ့အကြောင်း ပြောပြ လိုက်ပါတယ်။

"ဒါမှ ကျွန်တော်တို့ နောက်တစ်ခါ မငတ်မှာလေ အစ်ကို"
မာလာဝီ မှာ ဒီလိုစိတ်ကူးမျိုးဟာ အိပ်မက်အဖြစ်နဲ့ပဲ ပျောက်ကွယ်သွားမှာပါ။ ဒါပေမဲ့ TEDမှာ ရောက်နေတဲ့ လူ တွေဟာ သြဇာတိက္ကမ ကြီးမားတဲ့ လူတွေ ဖြစ်တဲ့အကြောင်း၊ ကျွန်တော့် ကျောင်းစရီတ်လောက်ဟ အသေး အဖွဲ့ကိစ္စဖြစ်တဲ့အကြောင်း၊ လေရဟတ်ဆောက်ဖို့ကိစ္စကလည်း တင်ပြပြီး  အကူအညီ တောင်းရန် ရနိုင်တဲ့ အကြောင်း တွမ်က ရှင်းပြပါတယ်။ ကျွန်တော်ဟာ စွန့်ဦး တီထွင်သူတစ်ယောက် ဖြစ်နေလို့၊ စီမံချက် ကို သေသေချာချာရေးပြီး ပါဝါပွိုင့်နဲ့ လှလှပပ ရိုက်တင် လိုက်ရင် ကျွန်တော့်ပန်းတိုင် နှစ်ခုစလုံး ပြီးမြောက် အောင်မြင် နိုင်ပါတယ်တဲ့။

"မင်းဟာ "ဆီလီကွန်တောင်ကြား" တစ်ခု တည်ဆောက်နေတာကွ၊ ငါ မင်းရဲ့ ဘုတ်အဖွဲ့ဝင် လူကြီး လုပ်မယ်၊ တို့စီမံချက်ကို အားလုံး သိအောင် လျှောက်ပြမယ်ကွာ။ သူတို့ ကူညီကြမှာပါ"
ဆီလီကွန် တောင်ကြားအကြောင်း ကျွန်တော် ဘာတစ်ခုမှ မသိပါဘူး။ ဒါပေမဲ့ သူ ကျွန်တော့်ကို ကူညီမယ် ဆိုတဲ့အတွက် ၀မ်းသာနေမိပါတယ်။ ညီလာခံ ကျန်တဲ့ရက်ပိုင်းတွေမှာ ကျွန်တော်တို့ နှစ်ယောက် လက်ပ်တော့ပ်ကလေး တစ်ကိုင်ကိုင်နဲ့ အမေရိကန် လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူ တွေကို ချဉ်းကပ်ပြီး ကျွန်တော်တို့ ရဲ့ စီမံချက်ကို တင်ပြကြပါတယ်။ တွမ်က အဲဒီလို ပုဂ္ဂိုလ်တွေကို ညစာဝိုင်းမှာရော၊ သူတို့ တည်းနေတဲ့ ဟိုတယ်တွေကိုပါ လိုက်ပြီး ကျွန်တော့် ဇာတ်လမ်းကို ပြောပြ ပါတယ်။ စီမံချက်ကို တင်ပြ ပါတယ်။ ကျွန်တော်တို့ ချဉ်းကပ်တဲ့ လူတိုင်း အကူအညီပေးဖို့ သဘော တူကြပါတယ်။ တချို့က ချက်ချင်း ဒေါ်လာတစ်ရာတန်တွေ အထပ်တိုက် ထုတ်ပေးကြတယ်။

ဂျွန်ဒိုဝါဆိုတာ ဒီနေ့ကမ္ဘာမှာ ထိပ်ဆုံးရောက်နေတဲ့ လုပ်ငန်းရှင်ကြီးပေါ့။ ကျွန်တော်တို့ စီမံချက်မှာ သူက နံပါတ်တစ် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတယ်။ တစ်ပြိုင်တည်းမှာပဲ Sun Microsystems ရဲ့ သိပ္ပံ ပညာရှင် ဂျွန်ကေ့ခ်ျ လို၊ Pricelime.com ရဲ့ စွန့်ဦးတင်ထွင်သူ ဂျေးဝေါ့ကာလို လူတွေပါ ပါလာကြ တယ်။ ဒီပုဂ္ဂိုလ်ကြီး တွေကို ကျွန်တော် ဘယ်တော့မှ ကျေးဇူးမမေ့ပါဘူး။ သူတို့တစ်တွကို ဘုရား သခင် ကောင်းချီးပေး ပါစေလို့လည်း အမြဲဆုတောင်း ပေးပါတယ်။

ညီလာခံပြီးတော့ အိမ်မပြန်ဘဲ တွမ်က ကျွန်တော်နဲ့အတူ မာလာဝီကို လိုက်လာခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် တိုးချဲ့ဆောက်လုပ်မယ့် လေရဟတ်အတွက် လိုတဲ့ပစ္စည်းတွေ ရှာဝယ်ပေးတယ်။ ကျွန်တော် နေဖို့ ကျောင်းကောင်းကောင်း လိုက်ရှာပေးတယ်။ လီလွန်းဂွေကို ပြန်ရောက်ရောက်ချင်း ကျွန်တော်တို့ လက်ကိုင်ဖုန်း နှစ်လုံး ၀ယ်လိုက်ကြတယ်။ တစ်လုံးက အိမ်အတွက်၊ တစ်လုံးက ကျွန်တော်ကိုင်ဖို့။ ဒီတော့ အိမ် နဲ့ အဆက်အသွယ် မပြတ်တော့ဘူးပေါ့။ အိမ် အလွမ်း ဝေဒနာ လျော့ပါးစေပြီပေါ့။

ပြီးတာနဲ့ ဒေါက်တာအမ်ချာဇိုင်းကိုပါ ခေါ်ပြီး ကျွန်တော်နဲ့ တွမ် ရွာကို ပြန်လာခဲ့ကြတယ်။ ရွာထဲကို ဖုန်တထောင်းထောင်းနဲ့ ကားမောင်း ၀င်သွားကတည်းက ကျွန်တော့်လေရဟတ်ကို လှမ်းမြင်နေရပါ ပြီ။ ခါတိုင်း လိုပဲ လှပနေမြဲ၊ ကျက်သရေရှိနေမြဲပါ။ ပန်ကာရွက်ကြီးတွေ ချာချာလည်နေပုံက ကြည့်လို့ ကောင်းလှတယ်။ တွမ်က လေရဟတ်ကြီးကို အကြာကြီး စောင့်ကြည့်နေပြီးမှ ဓာတ်ပုံတွေ အမျိုးမျိုး ရိုက် ယူပါတယ်။

"ဟေ့ ၀ီလျံ၊ နိပ်တယ်ဟေ့၊ အရမ်းနိပ်တယ်၊ အနုပညာမြောက်တဲ့ ဖန်တီးမှု တစ်ခုပဲ"
ကျွန်တော်က သူ့ကို ခြံထဲ လျှောက်ပြပါတယ်။ ပြီးတော့ ကားဘက်ထရီ အဟောင်းတွေ၊ မီးလုံး အကျွမ်းတွေ၊ ရေဒီယိုအပျက်တွေနဲ့ လယ်ထွန်စက်ပစ္စည်း အတိုအစတွေ စုပုံနေတဲ့ ကျွန်တော့် အခန်းကို ကြည့်ပြီး သူ ရယ် ပါတယ်။ "စွန့််ဦး တီထွင်သူအားလုံးရဲ့ အိမ်တွေမှာ ဒီလိုပဲ ရှုပ်ပွနေမယ် ထင်တယ်" လို့ မှတ်ချက်ချပါတယ်။ ပြီးတော့ ကျွန်တော်က မီးခလုတ်တွေနဲ့ ဆိုက်ကစ်ဘရိတ်ကာကို လိုက်ပြပါတယ်။ တွမ်က မှတ်ချက် ပေးပြန်ပါတယ်။

"ငါ ထင်တာထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်ကွ"
ကျွန်တော် ရယ်နေလိုက်ပါတယ်၊ သရောကြီးခိုင်းတဲ့အကြောင်း ကြားရရင် သူ ဘယ်လိုနမလဲ မသိဘူး။

လီလွန်းဂွေကို ပြန်ရောက်တော့ ကာပူဇူဆေးရုံကြီးမှာရှိတဲ့ Boabob Health ကို သွားပြီး ဆိုယာပီနဲ့ တွေ့တယ်။ နောက်ပိုင်းမှာ မိုက်မက်ကေးနဲ့လည်း တွေ့ခဲ့ရတယ်။ Boabab ဟာ ၂၀၀၀ ပြည့်နှစ်မှာ ဗြိတိသျှကနေဒါကပြား ကွန်ပျူတာ ပညာရှင် ဂယ်ရီဒေါကကလပ်စ် တည်ထောင်တဲ့ NGO တစ်ခု ဖြစ်ပါတယ်။ သူက ကျန်းမာရေးဝန်ကြီးဌာနမှာလည်း ကျန်းမာရေး မှတ်တမ်းတွေ စေတနာ့ဝန်ထမ်း ကောက် ယူခဲ့ဖူးတယ်။ တော်တော် ခေတ်နောက်ကျနေတဲ့ မှတ်တမ်းတွေကို အခြေပြုပြီး အလုပ် လုပ်ရတော့ သူတော်တော် ခေါင်းခဲခဲ့ရတယ်။ စုတ်ပြတ်နေတဲ့ လူနာမှတ်တမ်း စာအုပ်တွေထဲမှာ ခဲတံနဲ့ ဖြစ်ကတတ်ဆန်း ရေးထား တာတဲ့။ လူနာတွေက ဆရာဝန်နဲ့တွေ့ဖို့ နေပူကျဲကျဲထဲမှာ လေးနာရီစောင့်ရတယ်။  ဒါတွေကို ကြည့်ပြီး ဂယ်ရီ စိတ်ဓာတ်အကျကြီး ကျသွားတယ်။ အဲဒီတော့မှ သူကိုယ်တိုင် ဒီလုပ်ငန်းကို စ ထောင်တယ်။

ဂယ်ရီဟာ ပစ်ဘတ်ဂ်ကို ပြန်ရောက်တဲ့အခါမှာလည်း ကွန်ပျူတာအလုံးပေါင်းများစွာနဲ့ မနားမနေ အလုပ်လုပ်နေတာပါပဲ။ အာဖရိကလို ခေတ်နောက်ကျနေတဲ့ ဆေးရုံတွေမှာ လူနာမှတ်တမ်း ထားရှိ ဖို့၊ ကျန်းမာရေး ဆေးမှတ်တမ်းစနစ်ကျဖို့ သူက ဆော့ဖ်ဝဲတစ်ခု အောင်အောင်မြင်မြင် ရေးနိုင်ခဲ့ပါ တယ်။ သူရေး တဲ့ ဆော့ဖ်ဝဲဟာ လူတိုင်း အလွယ်တကူ သုံးစွဲနိုင်ပြီး အမေရိကန်ဆေးရုံကြီးတွေမှာ သုံးနေတဲ့ စနစ် ထက် ပိုကောင်းတယ်လို့ သိရပါတယ်။

ကျွန်တော်တို့ ရောက်တဲ့နေ့က ဂယ်ရီ ကနေဒါကို ခွင့်ပြုနေချိန်ပါ။ ဒါကြောင့် မိုက်ခ်၊ ဆိုယာပီနဲ့ ပီတာချီယွမ်ဘိုတို့က ကျွန်တော်တို့ကို သူတို့ လုပ်ငန်းခွင်အကြောင်း လိုက်ရှင်းပြတယ်။ ပီတာက Boabab ရဲ့ ဟဒ်ဝဲ ပညာရှင်ပါ။ မိုက်က Make မဂ္ဂဇင်းဟာ ကျွန်တော့်လက်စွဲ ဖြစ်နေပါပြီ) ဂယ်ရီက သူ လေရဟတ်လျှပ်စစ် ထုတ်နိုင်ရင် ကျေးလက်ဆေးခန်းတွေကို ပေးဖို့ စဉ်းစားထားတယ်။ သူ အသုံးပြုတဲ့ ထောင်လိုက် မော်တာလိုမျိုး ခုမှ ကျွန်တော် မြင်ဖူးပါတယ်။ ပီတာက သရုပ်ပြပွဲကလေး လုပ်ပြပါတယ်။ မော်တာ ကလေးတစ်ဖက်မှာ လျှပ်စစ်လွန်သွားနဲ့ ဖမ်းထားပြီး ၀င်ရိုးကို လည်စေပါ တယ်။ ထွက်လာတဲ့ ကြိုးနှစ်ချောင်းက ဗို့မီတာကို ၀င်ထားပါတယ်။ ဗို့မီတာကလေးကို ကြည့်ပြီး ကျွန်တော် အရမ်း သဘောကျ သွားပါတယ်။ မော်တာလည်နေတုန်း ကြည့်လိုက်တော့ ဗို့အားပြမြား ကလေး ၄၈မှာ ပြနေပါတယ်။ ကျွန်တော့်ဒိုင်နမိုထက် လေးဆအားများတာပေါ့။

"ဘယ်လိုထင်လဲ"
မိုက်က ကျွန်တော့်ကို  မေးပါတယ်။
"တကယ့် အံ့ဖွယ်သုတပါပဲ ခင်ဗျာ"

ပြီးတော့ သူက မော်တာကလေးကော၊ ဗို့မီတာပါ ဖြုတ်ပြီး ကျွန်တော့်ကို လက်ဆောင်ပေးလိုက် ပါတယ်။ ကောင်းကင်ကြီးဟာ ကျွန်တော့်အတွက် ပိုကျယ်သထက် ကျယ်သွားပါပြီ။
မိုက် နဲ့ ဆိုယာပီက အကြီးစား ဘက်ထရီတွေအကြောင်းလည်း ရှင်းပြပါတယ်။ ပိုပြီး တည်ငြိမ်တဲ့ အားများတဲ့ ဓာတ်အား ထုတ်နိုင်ကြောင်းတွေ ရှင်းပြပါတယ်။ ကျွန်တော်က စမ်းချင်လှပြီ။ ဒါနဲ့ တွမ်နဲ့ ကျွန်တော် မြို့ထဲ ထွက်ပြီး နေရောင်ခြည်သုံး ဆိုလာဓာတ်အားပစ္စည်း အရောင်းဆိုင်မှာ ဘက်ထရီ နှစ်လုံး ၀ယ်လိုက်ပါတယ်။ ပြီးတော့ ဆိုလာမီးလုံးလေးလုံးနဲ့ မီးအား အစားသက်သာတဲ့ မီးချောင်း တွေ၊ ၀ိုင်ယာကြိုးခွေတွေ ၀ယ်လိုက် ပါတယ်။ ကျွန်တော်တို့ တစ်အိမ်လုံး မီးကြိုးတွေ ပြင်ရိုက်တော့ မယ်လေ။

မီးသမားတွေကိုပါ ရွာခေါ်လာပြီး သုံးရက်လုံးလုံး အိမ်မှာ မီး ပြန်ရိုက်ပါတယ်။ ဖြစ်ကတတ်ဆန်း လုပ်ထားတဲ့ ကျွန်တော့်ဝိုင်ယာကြိုးတွေကို အားလုံး ဖြုတ်ချပစ်လိုက်ပါပြီ။ လေရဟတ်နဲ့ အိမ်ကို မြောင်းတူးပြီး မြေအောက်ကြိုးနဲ့ သွယ်ပါတယ်။ မီးလုံးတွေ၊ မီးခေါင်းတွေ၊ ခလုတ်တွေကို အားလုံး အသစ်လဲလိုက်ပါတယ။ (ကျွန်တော့် လက်ဖြစ် ပစ္စည်းဟောင်းတွေကို သိမ်းထားပါတယ်။ ကျွန်တော့်ဘ၀ အစပိုင်းကို ပြဖို့ပါ)

ကြိုးအသစ်တွေကို ပီဗွီစီပိုက်လုံးတွေထဲ ထည့်ပြီး သွယ်ပါတယ်။ မြေအောက်လိုင်းကိုလည်း အလားတူပဲ ပီဗွီစီ နဲ့ ဆွဲတာပါ။ မီးလောင်မှာကို လုံးဝ မပူရတော့ပါဘူး။ လေရဟတ်ပေါ်မှာလည်း မိုးကြိုးလွှဲ တပ်လိုက်ပါတယ်။ အိမ်ထဲ အိမ်ပြင် အားလုံး မီးထိန်ထိန်လင်းသွားပါပြီ၊ အလင်းရောင် ပိုပြန့်အောင် မှုန်မှိုင်းမှိုင်း ရွှံ့အုတ်နံရံတွေကို ရေဆေးအဖြူရောင် သုတ်လိုက်ပါတယ်။ ခေါင်မိုးပေါ် မှာ ဆိုလာပြား တပ်လိုက်တော့ ဓာတ်အားအ၀င် ပိုများလာပါတယ်။ နောက်ဆုံးမှာတော့ အိမ်တိုင်း ဒီလို ဆိုလာပြားတွေ ၀ယ် တတ်နိုင်လာမှာပါ။ အဲဒီ နေရောင်ခြည် ဓာတ်အားကို ဘက်ထရီမှာ သိုလှောင်ပြီး သုံးရင် တစ်ရွာလုံး မီးလင်း တော့မှာပါ။

သတ်မှတ်ထားတဲ့ အသက်ထက်လွန်နေတော့ ကျွန်တော့်ကို ဘယ်ကျောင်းကမှ လက်မခံပါဘူး။ နောက်ဆုံးကျမှ လီလွန်းဂွေ ABCCA သာသနာပြု ကျောင်းက လက်ခံပါတယ်။ ကျောင်းနာမည်က African Bible College Academy ပါတဲ့။ စကော့တလန်သာသနာပြုအဖွဲ့က ဖွင့်ထားတဲ့ ကျောင်းပါ။ ကျောင်းအုပ်ဆရာကြီး ချပ်ဝီလ်ဆင်က အမေရိကန်လူမျိုး။ ကယ်လီးဖိုးနီးယားနယ်သား၊ ကျွန်တော့်ဆရာမ လောရိလီမက္ကလင်းက ကနေဒါသူ။

စာတွေအများကြီး နောက်ကျနေပေမယ့် ဆရာကြီးနဲ့ ဆရာမက ကျွန်တော့်ကို ၀င်ခွင့်ပြုကြပါတယ်။ ဆရာမ လောရိလီ က တစ်ခုပဲ တောင်းဆိုပါတယ်။ အိမ်မပြန်ရဘူးတဲ့၊ လီလွန်းဂွေမှာ အိမ်ရှာပြီး နေရမယ်တဲ့။

ဆွေမရှိ မျိုးမရှိ ကျွန်တော့်အကြောင်းသိနေတဲ့ ဂယ်ရီက သူ့အိမ်မှာ နေခွင့်ပေးပါတယ်။ ကိုယ်ပိုင် အခန်းနဲ့၊ စာရေးစားပွဲ နဲ့ လူလူသူသူ ဖြစ်သွားပါပြီ။ အိမ်ဖော် နန်စီကလည်း ကောင်းကောင်း ချက်ကျွေးတော့ အိမ်ကို သတိရ ဖို့တောင် အချိန်မရှိတော့ပါဘူး။ ကျွန်တော့်အတွက်တော့ နတ်ပြည် ရောက်နေသလိုပါပဲ။ ဒါပေမဲ့ မီးတော့ ခဏခဏ ပျက်ပါတယ်။ အဲဒီလို မှောင်ကျသွားတဲ့အခါတိုင်း ကျွန်တော်တို့ တစ်ရွာလုံး မီးလင်းရေး စီမံကိန်း ခေါင်းထဲဝင်ဝင်လာတတ်ပါတယ်။ ဂယ်ရီက မင်းသွားလေရော မင်းလေရဟတ်ကို ယူလာခဲ့ဖို့ ကောင်းတယ် လို့ ကျွန်တော့်ကို နောက်ပါတယ်။
ဂယ်ရီ ဟာ ကျွန်တော့်ဆရာ၊ ကျွန်တော့်မိတ်ဆွေ၊ ကျွန်တော့်အစ်ကိုကြီး တစ်ယောက်လို ဖြစ်လာပါ တယ်။

သူက အင်္ဂလန်မှာ အပျော်တမ်း လေယာဉ်မှူး လုပ်ခဲ့ဖူးတယ်။ နောက် ကနေဒါ ပြောင်းလာ ပြီး ရဟတ်ယာဉ်တွေ မောင်းသေးတယ်တဲ့။ အဲဒီတော့ လေယာဉ်ပျံအင်ဂျင်တွေအကြောင်း ကျွန်တော် စပ်စု တော့တာပေါ့ ။ ဂယ်ရီက ရဟတ်ယာဉ်ပျံသန်းပုံစနစ်ကို အသေးစိတ်ရှင်းပြတယ်။ ပန်ကာရွက်ကြီးတွေက လေကို စုပ်ယူပုံ၊ နောက်ပြီး ဆုံလည် လည်ပတ်ပြီး လေယာဉ်ကို ထိန်းပုံတွေကို ကျွန်တော် နားလည်အောင် ပြောပြတယ်။ ပြီးတော့ ကျွန်တော့်အင်္ဂလိပ်စကား အသံထွက်တွေလည်း ပြင်ပေးတ်။ ကျွန်တော်တို့ ချီချီဝါ တွေက စကားပြောရင် "လ"နဲ့ "ရ" မကွဲ ဘူး။ သူက ကျွန်တော့်ကို မှန်ရှေ့မှာ ရပ်ခိုင်းပြီး ပြောတယ်။

"ကဲ့ ၀ီလျံ၊ ငါ့ လျှာကို သေသေချာချာ ကြည့်ထား။ ပြီးတော့ မှန်ထဲ ကြည့်ဆို၊ လိုက်ဘရယ်ရီ"
"လိုက်ဘဘယ်လီ"
"မဟုတ်ဘူး၊ လိုက် ဘ-ရယ်-ရီ"
"လိုက်-ဘ-လယ်-လီ"
ABCCA မှာ ကွန်ပျူတာလည်း သင်ရတယ်။ အင်တာနက်လည်း လုပ်ရတယ်။ လွန်ခဲ့တဲ့နှစ်လက ကွန်ရက် ဆိုတာ ကျွန်တော် ဘာမှန်းမသိခဲ့ဘူး။ ဒီနေ့တော့ ကော်လိုရာဒိုက ဆရာတွေနဲ့ ကျွန်တော် နေ့တိုင်း စကားပြော နေပြီ။ ကျွန်တော်တို့အတန်းမှာ ကျောင်းသား ၁၂ယောက်ပဲ ရှိတယ်။ အမေရိကန်နဲ့ ကနေဒါယန် နဲ့ ကိုရီးယား ကျောင်းသားတွေပါ။ အီသီယိုးပီးယားက ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်။ မူလတန်းကျောင်းမှာတော့ မာလာဝီကလေးတွေ အများကြီး ရှိတယ်။ အထက်တန်းမှာ တိုင်းရင်းသားဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ပါ တယ်။ ကျောင်းလခတွေ တစ်လ ဒေါ်လာ ငါးထောင် ဆိုတော့ မာလာဝီကျောင်းသားတွေ မတက်နိုင်ကြဘူး။ ပထမတော့ အင်္ဂလိပ်စာ အားနည်းလို့ ရှက်မိတယ်။ ၅နှစ်သား ကလေးတွေ ကျွန်တော့်ထက် မှန်အောင် ပြောနိုင်တာ တွေ့ရတော့ သိမ်ငယ်မိတယ်။ ဒါပေမဲ့ ကျွန်တော့် အင်္ဂလိပ်စာဆရာ မစ္စတာ ဘလက်ဆင်းချီကာကိုလာက ကျွန်တော့်ကို စိတ်မပျက်ဖို့ အားပေး တယ်။

ဆရာ ဘလက်ဆင်းကလည်း ဒိုဝါနာက ရွာလေးတစ်ရွာမှာ မွေးတဲ့ လူဆင်းရဲ မာလာဝီလူမျိုး တစ်ယောက်ပါ။ မူလတန်းကျောင်းဆရာဘ၀နဲ့ သားသမီးလေးယောက်ရှိတဲ့ အိမ်ထောင်စုကို ၀၀လင်လင် မကျွေးနိုင်ပါဘူး။ အငတ်ဘေးတုန်းက လူတွေအများကြီး သေကြတဲ့အထဲမှာ သူ့အဖေ ပါသွားတယ်။ သူ့တပည့်တွေလည်း အများကြီး ပါသွားတယ်။ အဲဒီမှာ စိတ်ဓာတ် ကျကျနဲ့ တပ်ထဲ ၀င်ဖို့ လီလွန်းဂွေကို ဘတ်စ်ကားနဲ့ လိုက်လာတယ်။ စစ်တပ် ဂိတ်ဝကို ၀င်မယ့်ဆဲဆဲမှာ ရွာက ညီအစ်ကိုဝမ်းကွဲတစ်ယောက် လိုက်လာပြီး သူ့ကိုခေါ်တယ်။ ဟိုး လပေါင်းများစွာက ABCCA မှာ တငထားတဲ့ သူ့ရဲ့ပညာသင်ဆု ရတဲ့အကြောင်း လိုက်ပြောတာ။

သူ ဘွဲ့ရတော့ အသက် သုံးဆယ်ကျော်နေပြီ။ ဘွဲ့ရပြီးမှ ABBCA မှာ အထက်တန်းပြဆရာ အလုပ်ကို ရတာတဲ့။
"ခက်တယ်ဆိုပြီး ဘယ်တော့မှ စိတ်မပျက်နဲ့၊ ဘယ်တော့မှ လက်မမြှောက်နဲ့၊ ဆရာ့ကို ကြည့်လေ၊ အသက်ကြီး မှ ဘွဲ့ရတာ၊ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲသာ လုပ်၊ စိတ်ပါလက်ပါ နှစ်ပြီး လုပ်၊ ဖြစ်စေချင်တာ ဖြစ်တာ ချည်းပဲ"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, February 20, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၁ဝ)

"မေဂျာဝှိုက် သောက်မိတာက အဆိပ်ရည်ဖြစ်လို့ မေဂျာဝှိုက်သေသွားတာလား ဒက်ဒီ"
"ဟဲ့ သားရဲ့ ၀ှိုက်တီ သေ မှ ဒီအကြောင်းတွေကို ဘယ်သူကပြန်ပြောနိုင်တော့မှာလဲ။ သူမသေလို့သာ ပြန် ပြော နိုင် လို့ ဒက်ဒီတို့ သိရတာဘဲကွယ်"
အတွင်းဝန်ကြီးက ဖြေသည်။

"ဒါဖြင့် သူကအဲဒီမှာ အရက်မူးသလိုဖြစ်ပြီး အိပ်ပျော်သွားတာမျိုးပေါ့ ဟုတ်လား ဒက်ဒီ"
"အေးပေါ့ အိပ်ဆေးသောက်မိလို့ အိပ်ပျော်သွားတဲ့သဘောပေါ့"
"နောက် သူ အဲဒီနေရာက ဘယ်လိုပြန်ထွက်လာလဲ ဒက်ဒီ"
"ဘယ်လိုပြန်ထွက်လာတယ်ဆိုတာ သူကိုယ်တိုင်လဲ မသိတော့ဘူး၊ ဒက်ဒီက ဒုတိယကမ္ဘာစစ်အတွင်း က လေတပ်မတော် အရာရှိတယောက်ဆိုတာ သားသိတယ် မဟုတ်လား"
"အေး ဒက်ဒီတို့လေတပ်ကို သတင်းရောက်လာတယ်၊ ၀ှိုက်တီနဲ့ စစ်သားတရာ ဗမာပြည်နယ်စပ်ထဲဝင် ပြီး အစအန ရှာမရအောင် အဆက်အသွယ်လုံးဝမရတော့ဘဲ ပျောက်နေပြီဆိုတဲ့ သတင်းရတော့ လေ ယာဉ်ပျံနဲ့ တောတွေ တောင်တွေပေါ်က ၀ဲပျံပြီး ရှာကြဖွေကြတာပေါ့။

အဲဒီမှာ ချင်းတွင်းမြစ်ကမ်းခြေတ နေရာ ရေစပ်မှာ သတိမေ့လဲနေတဲ့ ဗြိတိသျှတပ်မတော်စစ်ယူနီဖောင်းနဲ့ လူတယောက်ကိုတွေ့တယ်။ လေယာဉ်ပျံကို နိမ့်နိမ့်ဝဲပြီး မှန်ပြောင်းနဲ့ကြည့်တော့ ၀ှိုက်တီ ဖြစ်နေမှန်းသိရတာပါ။ အဲဒီတော့ ဗမာပြည် ထဲ ရောက်နေတဲ့ မဟာမိတ်တပ်တွေကလဲ တောနင်းရှာ နေကြတော့ အဆုံးမှာ ရှိတဲ့တပ်ကို သတင်းပို့ ပြီး ၀ှိုက်တီကို သယ်ယူလာပြီး သတိပြန်ရအောင် ဆေးကု ရတာ ပေါ့ကွယ်"
"သူ ဘယ်လိုဖြစ်နေသလဲ ဒက်ဒီ"
"သတိမေ့နေတာလေ"
"ဆရာဝန်တွေက ဘာပြောလဲ"

"အင်မတန်ပြင်းတဲ့ အိပ်ဆေးတခု သောက်မိဟန်တူကြောင်း၊ သတိမေ့နေတာ အနည်းဆုံး ငါးရက် လောက် ရှိပြီဖြစ်ကြောင်း၊ ဒါပေမဲ့ အံ့သြစရာကောင်းတာက ဒီအိပ်ဆေးကြောင့် မေဂျာဝှိုက်ရဲ့နှလုံးတွေ၊ သွေးကြောတွေ၊ ကိုယ်ခန္ဓာအနေအထားတွေ၊ အားအင်တွေ မှတ်ဥာဏ်တွေမှာ လုံးဝမထိခိုက်ဘူးလို့ ဆရာဝန်ကြီး တွေက တညီတညွတ်တည်း ဆုံးဖြတ်တယ်"
"သိပ်စွမ်း သိပ်ထက်မျက်တဲ့ အိပ်ဆေးပါလား"  မောင်တင်အုန်းက တအံ့တသြပြော၏။

"အေးကွဲ့၊ အင်မတန်မှ သိပ္ပံထွန်းကားပါတယ်ဆိုတဲ့ အခုခေတ်မှာ လကမ္ဘာဆီကိုသာ သွားနိုင်ကြတယ် ဒီလို အိပ်ဆေးမျိုး ဘယ်ပါရဂူမှ မဖော်နိုင်သေးဘူးနော် မောင်တင်ဦး"
အတွင်းဝန်ကြီး က ငြိမ်ပြီးနှုတ်ဆိတ်နေသော မောင်တင်ဦးကို လှည့်ပြောသည်။
"ဟုတ်ပါတယ် အန်ကယ်လ်"
"ကဲပါ ဒက်ဒီရယ်.... ဆက်ပြောပါအုံး"
မောင်တင်အုန်း က တောင်းဆို၏။

"အေး... အေး... ဆရာဝန်ကြီးတွေက သူ့ကိုဆေးကုရတယ်ဆိုတာက ထိထိရောက်ရောက် မကုလိုက်ရ ပါဘူး၊ ဘယ်လို ဖြစ်လဲ၊ ဘယ်လိုကုရင်ကောင်းမလဲလို့ လေ့လာဆွေးနွေးနေတုန်းဘဲ ၀ှိုက်တီက သူ့အလို အလျောက် အိပ်ရာ က နိုးသလို နိုးလာတယ်၊ သူက လန်းလန်းဆန်းဆန်းဘဲကွ"

"သိပ်ကောင်းတဲ့ ဆေးဘဲနော် ဒက်ဒီ"
မောင်တင်အုန်းက ချီးကြူးလိုက်ပြန်သည်။
"အေး... တကယ်ကောင်းတဲ့ ဆေးဘဲသား"
"မေဂျာဝှိုက်က သူ့အဖြစ်တွေ ပြောပြတာ ယုံကြရဲ့လား"
မောင်တင်အုန်း အမေးကို အတွင်းဝန်ကြီးက ၀မ်းနည်းဟန်ဖြင့် ဦးခေါင်းခါရမ်းသည်။

"သူ့စစ်သားတွေ တရာလုံးလုံး အစအနမမြင်ရအောင် ပျောက်သွားတာကို လုံလောက်တဲ့ အကြောင်းမ ပြနိုင်ဘဲ ထူးဆန်းတဲ့ တောင်ထိပ်ပေါ်က အလင်းရောင်အကြောင်းတွေ၊ တန်ဘိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓဆင်း တုတော် အကြောင်းတွေ၊ လူချော မိန်းမချောအကြောင်းတွေကိုသာ တအံ့တသြပြောပြီး သူ ချင်းတွင်း မြစ်ကမ်းပါး ဘယ်လိုရောက်လာလဲဆိုတာလဲ မေးမရဘူး၊ ဒီတော့ အထက်အရာရှိတွေက မေဂျာဝှိုက်ကို ရိုးသားမှု့ မရှိဘူးလို့ ယူဆပြီး အမှုဖွင့်စစ်ဆေး မေးမြန်းရာထူးချတာတွေ လုပ်တော့ သူ့စိတ်ထဲ ဘယ်လို ခံစား ရတယ်မသိဘူး သား၊ သူ့ကိုယ်သူ သတ်သေသွားတယ်"
''ဟောဗျ- ဖြစ်ရလေ၊ မေဂျာဝှိုက် တကယ်များ ရူးလာသလား ဒက်ဒီ'' မောင်တင်အုန်းက စိတ်မကောင်း သံဖြင့် ပြောသည်။

''မရူးဘူးလား သူ့ကိုအကျယ်ချုပ်နဲ့ သားခိုက် ဒက်ဒီကိုယ် တိုင်မေးကြည့်တယ်၊ ငယ်ငယ်ထဲက ညီအ ကိုအရင်းလို ချစ်လာခဲ့ကြတဲ့ သူငယ်ချင်းဘဲ၊ သူမလိမ်ဘူး၊ ဒက်ဒီ့ကို ဒီအတိုင် ပြောသွားတာတွေဟာ အမှန် တွေဘဲ လို့ ဒက်ဒီယုံကြည်တယ်လေ''
''အဲ-တောင်ထိပ်ပေါ်မှာ ပေါ်လာတဲ့ မှန်ပြောင်းနဲ့တောင် ကြည့်မဖြစ်တဲ့ အလင်းရောင်ကြီးကလဲ ဘာမှန်း မသိ ဘူးလားဒက်ဒီ''

''အင်း-ဒါတွေဟာ တကယ့်လျှို့ဝှက်ချက်တွေ ဖြစ်မှာပေါ့၊ ၀ှိုက်တီလဲ သေပြီဆိုတော့ ဒီအလင်းရောင် အကြောင်း ထူးဆန်းတဲ့ ခြုံထည်၊ သူရောက်ခဲ့တဲ့ ဗုဒ္ဓဆင်းတုရှိရာ ကမ္ဘာလေး၊ ဘာမှန်းမသိရအောင် ပျောက်သွားတဲ့ စစ်သားတွေ ဆိုတာကတော့ ဒက်ဒီတို့လဲ စဉ်းစားလို့ ဥာဏ်မမှီတော့ဘူးကွဲ့''
အတွင်းဝန်ကြီးက စကားအဆုံးသတ်ပြီး ထိုင်ရာမှထကာ ခြေလက်ဆန့်အညောင်းဖြေပြီး-
''ဒီနေ့ အဖို့တော့ တော်လောက်ပြီဟေ့''

ဟု ပြုံးပြုံးရယ်ရယ်ပြောကာ လဘက်ရည့်စားပွဲမှ ထမည့်ဟန် ပြင်လိုက်သောအခါ မောင်တင်အုန်းက ကပျာ ကသီ မေးခွန်းတခုကို မေးလိုက်သည်။
''နေပါအုံး ဒက်ဒီ၊ မေဂျာဝှိုက်က သူ့ ကိုယ်သူ သတ်သေ မယ်ဆိုတာ ဘာကြောင့်လို့ တစွန်းတစမှ မဖော်ပြ ခဲ့ဘူးလား၊ ဟို-ဗုဒ္ဓဆင်းတုတော်ကြီးကို တခုခုလုပ်ခဲ့မိသလား၊ မအပ်မရာ တခုခုကြံစည်ခဲ့ မိသလား။ ဥပမာ ဆိုပါတော့ ဒက်ဒီရယ်၊ အဖိုးတန် ရတနာတွေကို သူတနည်းနည်းနဲ့ ရအောင်ယူလိုတဲ့ စိတ်ညစ်မှု တွေဘာတွေများ ဖြစ်သွားသလား''
မောင်တင်အုန်း၏ စကားဆိုလိုချက်ကား ဗုဒ္ဓဆင်းတုတော်နှင့် တစုံတခုပတ်သက်သော ''ခိုက်သည်'' ဟူသော အဖြစ်မျိုးဖြစ်သွားသလားဟူ၍ ဆိုလိုကြောင်း မောင်တင်ဦးက စဉ်းစားမိသည်။ သူ့ သားစကား ကို ကြား မှ အတွင်းဝန်ကြီးက တစုံတခုက်ု သတိရတလို မျက်မှောင်ကုပ်ကာ အတန်ငယ် စဉ်းစားနေပြီးမှ ပြော၏။

''အေး... သားပြောမှ ဒက်ဒီသတိရတယ်၊ ၀ှိုက်တီပြောခဲ့တဲ့ စကားတွေထဲမှာ ဒက်ဒီပြောဘို့ မေ့ကျန်ခဲ့ တာတခုရှိတယ်၊ ဟို- ဗုဒ္ဓဆင်းတုတော်ကြီး သွန်းတားတဲ့။ ရွှေဆိုင် ရွှေခဲ့ဟာ ဖယောင်းတုံးကြီးလို အိနေ ဟန်တူတယ်တဲ့။ ဘာကြောင့်လဲ ဆိုတော့ သူ့လက်နဲ့ မထိရမကိုင်ရပေမဲ့ ရတနာတွေ စီခြယ်ထားပုံဟာ ပန်းတိမ်သမားတွေ လုပ်သလို စွန်ကုပ်နဲ့ တွယ်ထားတာတွေ မဟုတ်ဖူးတဲ့။ ရွှေပေါ်မှာ အသားလွတ် ရှောက်စီပြီး လက်နဲ့ ဖိမြှုပ်ထားတာမျိုးဖြစ်တယ်တဲ့။ ဆင်းတုတော်ကြီးရဲ့ သင်္ကန်းအောက်နား အစွန်ဆုံး မှာ ရတနာတခု ပြုတ်ကျနေတဲ့ ချိုင့်ခွက်ကို သူအသေအချာ ကြည့်ခဲ့မိတာတဲ့။ 

အဲဒီချိုင့်ခွက်က ထွက် ကျနေတဲ့ စိန်လုံးဟာလဲ သူရပ်နေတဲ့ရှေ့ သူ့ခြေထောက်နဲ့ ကျောက်ပြားအကြားမှာ ရှိနေတယ်တဲ့။ ၀ှိုက်တီလဲ မသိမသာ စိန်လုံးကို ခြေချောင်းကလေးတွေနဲ့ ကုပ်ညှပ်ယူလာပြီး ထိုင်ခိုင်းလိုက်လို့ ထိုင်ရ တဲ့အချိန်မှာ ဘယ်သူမှ မမြင်အောင်အမှတ်မဲ့ ယူပြီးဘောင်းဘီအိတ်ထဲ ထည့်လာခဲ့ တယ် တဲ့ သားရယ်'

''အဲဒီစိန်လုံး ဒက်ဒီ့ကို ပြသွားသလား။ ဘယ်လောက်ကြီးသလဲ''
မောင်တင်အုန်းက စိတ်အားထက်သန်စွာမေးသည်။
''အေး... သူအချုပ်ထဲ ရောက်နေခိုက် ဒက်ဒီက စားသောက်စရာ ကလေးတွေ သွားပို့ရင်း မေးမြန်းတာ နဲ့ သူလဲ အခုတင်က ပြောခဲ့တာတွေ အားလုံးပြောပြပြီး သူ့ အင်္ကျီချုပ်ရိုးထဲ ထည့်ဝှက်ထားတဲ့ စိန်လုံးကို ထုတ်ပြ လို့ ဒက်ဒီမြင်ခဲ့ပါတယ်၊ ဒက်ဒီ့စိတ်ထင်တော့ ဆယ်ရတီ ကျော်မယ်ထင်တယ်''
''ဟုတ်လား စိန်က တော်တော်ကောင်းသလား ဒက်ဒီ''

''ဟာ ကောင်းတာတော့မပြောနဲ့။ ဒါလောက် ကောင်းတဲ့ စိန်မျိုး၊ အပြစ်အနာကင်းပြီး ကောင်းကင်မှာ တောက်ပ နေတဲ့ သောကြာကြယ်တို့၊ ကြားသပတေးကြယ်တို့ ဆိုတာတွေဟာ ဒီစိန်နဲ့စာရင် ဖန်ကွဲ ပုလင်းကွဲ လိုတောင် ဖြစ်သွားမယ်ထင်တယ်။ ဒါလောက်ကောင်းတယ်သား''
''ဒါဖြင့် မြတွေ ပတ္တမြားတွေလဲ ဒီအတိုင်းဘဲ ကောင်းမှာဘဲနော် ဒက်ဒီ''
''ကောင်းတယ် လို့ သူပြောသွားတာဘဲ သားရဲ့''
''သူသေတော့ အဲဒီစိန် ဘယ်ရောက်သွားလဲ''

''ဒါတော့ ဒက်ဒီလဲ မသိတော့ဘူး။ တာဝန်တခုနဲ့ တခြားရောက်နေတယ်ကွဲ့...''
အခိုက် အတန့် စကားပြတ်သွားပြီးနောက်-
"မေးစရာ ပြောစရာလဲ ကုန်ပါပြီသားရယ်၊ ဒက်ဒီလဲ လုပ်စရာရှိတာကလေး အစသတ်လိုက်အုံးမယ်"
အတွင်းဝန်ကြီး က ပြောပြောဆိုဆို ထသွားသည်။

"ခင်ဗျား ဘယ်လိုသဘောရသလဲ"
မောင်တင်အုန်းက ငြိမ်နေသော မောင်တင်ဦးကို လှည့်မေးသည်။
"ဘာကိုဆိုလိုတာလဲ ကိုတင်အုန်း"
"မေဂျာဝှိုက် ပြောစကားတွေ သူသေပုံတွေ ဒီစိန်ပျောက်သွားတာတွေလေ"
"ဒါကတော့ ကျွန်တော့်ကိုယ်တွေ့လဲမဟုတ်ဘူး။ ဖြစ်ခဲ့တဲ့ ကာယကံရှင်ကလဲ ကျွန်တော်တို့လူမျိုးမဟုတ်ဘဲ ခင်ဗျား တို့ လူမျိုးဖြစ်နေတယ်ဆိုတော့ ကျွန်တော့အနေနဲ့ ဘာမှထင်မြင်ချက်မပေးတတ်ပါဘူး ဗျာ"

မောင်တင်ဦးက အစွန်းအစလွတ်အောင် ပြောလိုက်၏။ သို့သော် သူ့စိတ်ထဲတွင်ကား မေဂျာဝှိုက်အဘို့ တိတ်တဆိတ် ယူလာခဲ့သောစိန်သည် မသုံးအပ် မစားအပ်သည့် ရတနာဖြစ်၍ အသက် သို့ တိုင်အောင် ထိခိုက် သွားသည်ဟု စိတ်ထဲမှယူဆမိသည်။
မေဂျာဝှိုက် ၏ အတွေ့အကြုံနှင့် သူ့အဖေတွေ့ခဲ့ရသောအဖြစ်သည် တခုတည်းပင်ဖြစ်လေသလား။ "အ ဆက်အစပ် ရှိလေသလား" ထူးဆန်းသည်ကတော့ အမှန်ပင်ဖြစ်ရာ ဘခင်အား စုံစေ့အောင် မေးမြန်း မည် ဟု စိတ်ကူးလိုက်လေသည်။

မောင်တင်ဦး ရုံးဆင်း အိမ်ပြန်ရောက်လာသည့်အချိန်မှာ ဘခင်ဖြစ်သူ ဦးအောင်ကို အပြင်းဖျားလျက် အိပ်ရာထဲ မှာလဲနေသည်ကို မမြှော်လင့်ဘဲ တွေ့ရလေတော့သည်။
"အဖေ... ဘယ်လိုဖြစ်တာလဲ၊ ဘယ်အချိန်က ဖျားတာလဲ"
မောင်တင်ဦးက စိုးရိမ်စွာမေးမြန်းရင်း စမ်းသပ်ကိုင်တွယ်ကြည့်သည်။ ဦးအောင် ၏ အသားသည် မီးခဲတ မျှ ခြစ်ခြစ် တောက် ပူလောင်နေသည်ကို တွေ့ရ၏။

"အဖေ မနက်အိပ်ရာက ထစကထဲက နေမကောင်းဘူး သား၊ ငါ့သားအလုပ်သွားရာမှာ စိတ်အနှောင့် အ ယှက် ဖြစ်နေမှာစိုးလို့ အဖေဘာမှမပြောတာ။ နေ့လယ်က သားဝယ်ထားတဲ့ ကိုဒါနင်ဆေးပြားသောက် ပြီး ချွေးအောင်း ကြည့်တယ်။ ချွေးတစက်မှ မထွက်ဘဲ အနေရဆိုးသထက်ဆိုးလာတယ်ကွယ်"
ဦးအောင်က တုန်ရီပန်းဟိုက်စွာပြောပြ၏။
"ကျွန်တော်ဆရာဝန် သွားခေါ်မယ် အဖေ"
မောင်တင်ဦးကပြောရင်း ဘခင်ကို စောင်ခြုံ ပေးခဲ့ပြီးနောက် "ခဏလေး... နော်... အဖေ"  ဟုပြောကာ အိမ်ပေါ်မှလျင်မြန်စွာ ဆင်းသွား။ သူတို့အလုပ်သွားသည့်အခါ စီးနေကျကားမှတ်တိုင်မှ ငါး ပြ ခရီး အကွာတွင် ဆေးကုခန်းတခုဖွင့်ထားသည်ကို သွားရင်းလာရင် မောင်တင်ဦးကသတိထားခဲ့မိ၏။ ထို့ကြောင့် ဤဆေးခန်း ကို ရည်စူးပြီးထွက်လာခဲ့သည်။ ဆရာဝန်မှာ ဆေးခန်းတွင် လူနာပြည့်နေက မည်သည့်နည်း နှင့်မှ ပင့်ခေါ်ရာလိုက်မည်မဟုတ်ကြောင်း တွေးမိသောအခါ စိတ်ထဲမှာ စိုးရိမ်သွားသည်။

ဤဆရာဝန်ကိုပင့်မရလျှင် ဆရာဝန်ရှာရသည်နှင့် အချိန်နှောင့်နှေးကာ ဘခင်မှာ ဝေဒနာတိုးတော့မည် ဟု စဉ်းစားပြီး စိတ်ဆင်းရဲမိ၏။ ထိုအခိုက် လိုင်းကား က ရောက်လာသည်။ မောင်တင်ဦးက ကားအရှိန်မ သေခင် မှာ ကပျာကသီပြေးပြီး ကားပေါ်အတင်းတိုးခွေ့တက်မိသည်။

မောင်တင်ဦး တွေးထင်မြှော်လင့်သည့်အတိုင်းပင် ဆရာဝန်တယောက်ကို အိပ်အရောက်ပင့်ခေါ်ရမည် မှာ အတော်ပင် ခက်ခဲသည်ကို တွေ့ရသည်။ ညနေအချိန်ဟူသည်မှာ ဆေးတိုက်တွင် လူနာကျချိန်ဖြစ် ၍ ဆရာဝန်တွေကလည်း လာနေကျဖောက်သည်ကို အပျက်ခံပြီး အပြင်ကို မလိုက်လိုကြချေ။ ဆေး တိုက်ပိတ်ချိန် ထိ ဆိုင်းနိုင်လျှင် ဆိုင်းပါဟုသော အနူးအညတ်ပြောပြသည်။ မောင်တင်ဦး အနေဖြင့် မ ဆိုင်းနိုင်ချေ။ တယောက်တည်း ဆေးတိုက် တကာ လှည့် ရှာသည်မှာ ညကိုးနာရီ ထိ အဆင်မပြေ၍ မောင်တင်ဦး က စိတ်ပျက်စွာ နောက်တနေ့ ဘခင်ကို ဆေးရုံတင်မည်ဟု ပြောရာ ဦးအောင်က ဆေးရုံ မတက်လိုချေ။ အငှားကားခေါ်ပြီး ဘခင်ကို ဆေးတိုက်ပို့ပြသကုရတော့မည်ဖြစ်၏။

မောင်တင်ဦး သည် ခွင့်ယူပြီး ဘခင်ကို တတ်စွမ်းသရွေ့ ကုသပါသော်လည်း ဦးအောင်သည် ဝေဒနာကို တပတ် မျှသာခံစားပြီး ကွယ်လွန်သွားရှာလေတော့သည်။ တဦးတည်းသော ချစ်ခင်တွယ်တာစရာ သံ ယောဇဉ် နှောင်ကြိုးတင်းစရာ ဘခင်ကြီးဖြစ်၍ မောင်တင်ဦးမှာ များစွာစိတ်ထိခိုက်မိရှာသည်။ ဘခင်၏ ဈာပနာ ကိစ္စ တွင် ကြည်ကြည်နွဲ့နှင့် သူ့မိဘနှစ်ယောက်စလုံး နေ့ရောညပါ လာရောက်ကူညီအားပေးကြ သည်။ ရက်လည် ဆွမ်းကျွေး ပြီးသောအခါ ကြည်ကြည်နွဲ့၏မိခင်က မောင်တင်ဦးကို ပွင့်ပွင့်လင်းလင်း ပင် ပြောသည်။

"မင်းတယောက်ထဲ နေရေး စားရေးမှာ အဆင်ပြေမယ်မဟုတ်ဘူး၊ ပူဆွေးနေလို့လဲ မင်းအဖေက ပြန် လာမှာ မဟုတ်တော့တာကိုလဲ စဉ်းစားအုံး မောင်တင်ဦးရဲ့၊ ဒီတော့... ဒီတော့... မင်းလဲစိတ်ပြေ လက် ပျောက်ဖြစ်၊ နေရေး စားရေးလည်း အဆင်ပြေသွားအောင် ကြည်ကြည့်နွဲ့နဲ့ လက်ထပ်ပေါ့ကွယ်။ ကြီး ကြီး ကျယ်ကျယ်ကြီး ချဲ့နေဘို့လဲ မလိုပါဘူး။ လက်ထပ်ပြီးရင် ဒီမှာဘဲ အားလုံး စုစုရုံးရုံး နေကြမယ် ဆိုရင် မင်းအဘို့ လဲ အလွမ်းပြေနေသာသွားတာပေါ့ မဟုတ်ဘူးလား"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>