Wednesday, April 28, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၉၀)

ရန်ကုန်မှ တဏှာဂေဟာ

သို့ကြောင့် ၂၃-၁၁-၆၀နေ့စွဲ တနင်္သာရီနေ့စဉ်မှာ အောက်ပါအတိုင်း တဖွဲ့တနွဲ့ ဆက်လက်ဖေါ်ပြ ပြန်ပါ သည်။
တချို့ကတော့ အိပ်ဆေးသောက်တာပါဟုလည်း ပြောကြဆိုကြသည်။ မည်သို့ပင်ဆိုစေ နော်အုန်းခင် ကတော့ သေလုမျောပါး ဘ၀ခြား လုနီးနီးပင် ဖြစ်ခဲ့သည်မှာ မှန်မမှန်ကုသရသူ ဒေါက်တာမြသွင်ကို မေးကြည့် က ပို၍ မှန်ရမည်ဟုသာ ကျွန်တော် နတ်လမ်း ညွှန်လိုသည်။

ထိုဇာတ်လမ်းတွင် မထူးလျက် ဆန်း၍နေသော ပုစ္ဆာတခုကတော့ မိုးကြိုးဦးအုန်းခင် လာသည့်နေ့ တွင်မှ တိုက်တိုက်ဆိုင်ဆိုင် ဘာ့ကြောင့်များ နော်အုန်းခင်က အဆိပ်သောက်ရပါလိမ့်ဟူသော အချက်ပင် ဖြစ်ပါ သည်။

ထန်းသီးကြွေသည်နှင့် ဆုံဆီးခြင်း ဖြစ်ကောင်း ဖြစ်ပေမည်။ အဲသလို နော်အုန်းခင်တယောက် အဆိပ် အတောက် ပြင်းထန်နေသည့် ကာလတွင်တော့ မိုးကြိုးဦးအုန်းခင် မှာ ကပြာကရာလော၊ အစီအစဉ် အရလောဟူ၍ ဇင်းကျိုက်ရွာကတော့ မပြောတတ်ကြ၊ ရွာက မှတ်မိလိုက်ကြသည် ကတော့ တညအိပ်ပြီး မိုးအလင်း တွင် ဦးအုန်းခင်တယောက် ရန်ကုန်သို့ တောက်လျှောက်ကြီး ပြန် သွားခဲ့ခြင်းပင် ဖြစ်သည်။

ဇင်းကျိုက်သို့ သူပြန်မလာ သည်ကတော့ တလ လောက်ရှိ၍ နေပါချေပြီ၊ နော်အုန်းခင်ကလည်း တောရပ် ဌာနီ ခရမ်းကျွတ်ရွာသို့ ခွင့်ရက်ရှည်ယူကာ ပြန်သွားရရှာသည်။ အုန်းခင် (၂) အုန်းခင်၏ ဇာတ်လမ်းကား ဒုတ်ထမ်း ၍ ပြောရမလိုလို ရွာဇင်းကျိုက်ကတော့ ထင်မြင်ချက်တွေ တဝေေ၀နှင့်။
စသဖြင့် ပါရှိလေသည်။ ရန်ကုန်သတင်းစာတစောင့် နှစ်စောင်က ထိုသတင်းများကို အထောက် အကူ ပြုလျက် လက်ရှိမျက်မြင်အခြေအနေကို စုံစမ်းကာ သိုးသိုး သန့်သန့် အစပြု၍ ရေးလာကြပြီး မှ ရုတ်တရက် မီးရေ နှင့် ပက်လိုက်သလို ငြိမ်သက်ကျသွားကြလေသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဆက်မည်ဆိုလျှင် ရေးသားစရာ သတင်းစဉ်တွေ တသီတထွေးကြီး ရှိလေ သေးသည်။ ဇင်းကျိုက်က အမျိုးသမီးမှာ အလုပ်ဌာနဆိုင်ရာသို့ လျော်ကြေးပေးပြီး သူ့ရွာ၌ ထာဝရ ဇာတ်မြှုပ် နေသည် မဟုတ်ပါ။ မကြာမှီ ရန်ကုန်ရွှေမြို့တော်ကြီးသို့ ခေါ်ယူပြီး ၀င်္ဂဘာလမ်းထည်းရှိ ၀န်ကြီး တဦး အိမ်အနီးတွင် စတည်းချထားလျက် တဏှခန်းဆက် ဇာတ်လမ်းပြာကို ရိုက်ကူး ကပြ လျက် ရှိပါသည်။

ထိုမျှသာမက အကာလ ညအခါ ဆိုလျှင် လမ်းကြို လမ်းကြား အသွယ်သွယ် ၌ လယ်သလို နေရာချ ထားသော အဆွယ် အမြှောင် များထံသို့ အလှည့်ကျ ၀င်ထွက်ကျက်စားလျက် ရှိရာ ဖဆပလ ကွက်သစ်မှာ အရပ် က ၀ိုင်း၍ ခဲနှင့်ပေါက်ထုတ်သဖြင့် တချီတမောင်း ထွက်ပြေးခဲ့ရပြီး၊ ဒုတိယတခု မှာ အရပ်က လက်မခံဘဲ ခဲ နှင့် ၀ိုင်း၍ သြဘာပေးလိုက်ကြသည့်အတွက် ပွက်ပွက်ဆူညံသွားပြန်ရာ ရဲဋ္ဌာနသို့ပင် သတင်း ပေါက်ကြား လာရပြန်သည်ဟု အဆိုပြုသည်။

အရပ်က ခဲနှင့် ပေါက်ထုတ်ခံရသည်မှာ စလေသူ စာစီမ ဇာတ်လိုက်မင်းသမီးနှင့် နှစ်ပါးသွားသူ စာစီမ ဇာတ်လိုက် မင်းသမီးနှင့် နှစ်ပါးသွား (လပ်ဖဆင်း) တွဲကချိန် ဖြစ်ကြောင်းကို ပြန်ပြောင်းပြော ပြ အတိတ် ဆောင်လာကြသူများကတော့ ထိုအရပ်တ၀ိုက်မှာ နေထိုင်ကြသော တိုက်က အလုပ် သမားအချို့အပြင် ယာယီ မန်နေဂျာနှင့် အလုပ်ထွက်သွားသူ အယ်ဒီတာဟောင်းတို့ ဖြစ်ကြပါ သည်။
ထိုအချိန် မှာတော့ ထိုသတင်းများမှာ ကျမအဘို့ ဆန်းဆန်း ကျယ်ကျယ် မရှိတော့ပါ။ ပဲခူး၊ ပြည်၊ ပုသိမ်၊ မန္တလေး စသ်ညများမှလည်း ဇင်းကျိုက်ရွာ နည်းတူ အလားတူ ကာမစခန်းခွဲရာဂ ပွဲရုံ ကလေးတွေက ခြေလှမ်း ချရာ နေရာတိုင်းမှာ သူ့အဆိုင်းနှင့်သူ ကိုယ်စီကိုယ်စီရှိနေကြောင်း သိပြီး သား ကြားပြီးသား ဖြစ်ပါသည်။ ကျမထက် ပို၍ သိသူများမှာ အလုပ်တိုက်သားများ ဖြစ်ကြပါသည်။

ဖေါ်ကောင်၂၀၀ိ စား

တခြားမြို့များ၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သမျှ အကြောင်းတွေကို ရန်ကုန်ဗမာ့ခေတ်တိုက် အလုပ်ခန်းက လူတွေက အလိုလိုနေရင်း သိနေကြသည်မှာ တခြားအကြောင်း မဟုတ်ပါ။ သွားလေရာအတူပါသူ၊ အခါပေး ဆရာမြှောက်ပင့်ညာစားဆရာ၊ သောက်ဖေါ်သောက်ဘက် လူကြီးတဦးက ခရီးမှ ပြန်လာ တိုင်း လာတိုင်း ရောက်ရာမြို့မှာ သူ့ဆရာ ၏ တော်သလင်း ကျလာခဲ့သမျှ အားရပါးရ ခရေစေ့ တွင်းကျ အလုပ် သမား များအား မြိန်ရေ၊ ရှက်ရေ စာရင်းချပြ အန်ထုတ်ပြခြင်းကြောင့် သိကြရခြင်း ဖြစ်သည်။

ဤသို့ အလုပ်တိုက် အတွင်းလာ၍ တော်သလင်း ကျမှု၊ ကမြင်းကြောထမှုတွေ ပြောပြီး အားရလေ သော အခါ သူ့ဆရာ၏ လစဉ်ထောက်ပံ့ကြေးစားစရိတ် ငွေနှစ်ရာကို အကြည်သာ ထုတ်ယူသွားမြဲ ဖြစ်ပါသည်ဟု ဗမာ့ခေတ် အလုပ်ခန်းထဲမှ ထွက်လာသော ယုံကြည်လောက်သည့် သတင်းတရပ်က ဆိုပါသည်။

ဒီတော့ ကျွေးရကျိုး၊ မွေးရကျိုး နပ်ပါပေသည်။ စေတနာမပါ အရေခွာ နေသူတွေအား ဘုရားတဆူ ဂူတလုံး သဖွယ် ယုံကြည် ကိုးကွယ်ရကျိုးနပ်မနပ် အကဲခပ်နိုင်ပေသည်။ ကျမက ကွာရှင်းပြီးသား ဖြစ်နေတော့ ဒါတွေကို ဂရုစိုက်နိုင်ရန် အချိန်အခါ မဟုတ်တော့သည်အားလျော်စွာ နကမ္ပတိ မတုန် မလှုပ် နေနိုင် ပါသည်။

လူကောင်းယောင်ဆောင် မျက်နှာပြောင်တိုက် ဆက်ရန်
.

2 comments:

Anonymous said...

ဒီအန်တီကြီးတော့ စိတ်လေလာပြီ။ လူကလဲ ဆုံးပြီဆိုတော့ ဘယ်လိုက်ပြောရမှန်းကို သိတော့ဘူး။

ကွာပြီးသွားမှတော့ သူများကိစ္စတွေ ဘာလို့ ဒီလောက်လိုက်စပ်စုနေသေးလဲ။ သူနဲ့မဆိုင်တော့တဲ့ အဘိုးကြီး တစ်ယောက်အကြောင်းကို ညစ်ညစ်ပတ်ပတ် စကားလုံးတွေနဲ့ ရေးပြီးရင်း ထပ်ရေးနေစရာလား။ ရေးတဲ့သူကိုယ်တိုင်က အညှီအဟောက် ဝါသနာကြီးလွန်းသလို ဖြစ်နေပြီ။ တစ်တစ်ခွခွ ရေးပြနေတာက အပြာဝတ္ထု ရေးသလို...။ ဟာ စိတ်လေတယ်။ ထပ်ပြောမိရင် လွန်ကုန်မယ်။

Anonymous said...

ဖတ်ရင်းနဲ့တောင်.. စိတ်တွေညစ်လာတယ်..း(
ဆက်လဲ ဖတ်ချင်နေသေးတယ်..
အစောကြီးထဲက ဒါတွေလုပ်နေတာကို မသိဘူးလား
အံ့သြစရာပဲ
နှစ်တွေ ဒီလောက်အများကြီးမှာ သူ တစိမှမသိတာ ဘယ်သူညံ့ဖျင်းတာလဲ
ဖတ်ရင်းနဲ့မှ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်လို ဖြစ်မှန်းမသိ ဖြစ်ဖြစ်လာတယ် ..း(