Sunday, January 30, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၈)

ရေချိုးခါနီး ဒါလေးလောက်မာလီ နဲ့ အတူအလုပ်လုပ်ရတာ ဘာများပင်ပမ်းလို့လဲ၊ ခုကြည့်စမ်း..... ကြက်သဟင်းပင် လဲ သေ၊ ဆူးပုတ်ပင်တွေလဲ အရွက်ပိုးကျပြီး နူကုန်ပြီ......ငွေပန်းပင် က အစ သူတို့ လောင်း ရတာလဲမဟုတ်၊ ရေချိုးပြီး ရေပိုက်လေး တတ်ထားရတာများ သူတို့ကိုင်ထားရတာ ကြနေ တာဘဲ၊ (xပျင်း) တွေ ဖေဖေနဲ့တော့ မဖြစ်ပါဘူး

ဖေဖေ ဒေါသဖြစ်မည်ဆိုလဲ ထိုသူတို့မှာ ဖြစ်စရာတွေပါပင်တည်း၊ ကျမမှာတော့ အိမ်ရှင်မ၊ အိမ်ရှင် မ ပြဿနာ မှာ ကျယ်ပြန့်လွန်းပါ၏။ ကိုယ်က လမ်းအတိုင်းပြောသည့်ထားဦး...... ကိုယ့်အိမ် မှာ မနေစေချင် ဟူ၍ အထင်မှားတတ်ကြ၍ ကျမဘာမှဝင်မပြောပါပေ။

စိတ်ဆိုးမိသည်
ဖေဖေ့ ကို ပြင်းပြင်းထန်ထန် စိတ်ဆိုးမိသည်မှာ နှစ်ကြိမ်ဖြစ်သည်။ ပထမအကြိမ်မှာ ၁၉၆၄ခုနှစ် လောက် က ထင်ပါသည်၊ ဖေဖေသည် အသားကို အလွန်းစား၏ အထူးသဖြင့် အမဲသားနှင့် ၀က်သား ကို အလွန် ကြိုက်၏၊ ကျမ တို့ အသား မစားတောင် ဖေဖေ့အတွက်တော့ တရက်ခြားလို ချက်၍ ကျွေး ပါသည်။

သူများအိမ်သို့ သွားရောက်စားခြင်းကိုမူ ကျမတစက်မှမကြိုက်ပေ၊ တနေ့တွင် နောက်ဖေးအိမ်လေး တွင် နေသော တူမလေးအိမ်တွင် ၀က်သားချက်သည်။ ကျမတို့လည်း မသိပါ။ ချက်သူက စားစေ လို၍ လာပို့ သည်မဟုတ်၊ သူ့ဖာသာသွား၍ စားသည်။ အစားကောင်းလိုက်သည်မှာ ထိုအိမ်လေး တွင် ချော်လဲ၍ ပေါင်အဆစ် ပြုတ်၍ ထွက်သွားပါတော့သည်၊ ထိုအနောက် အိမ်လေး နှင့် အစေခံ တန်းလျား ရေသွား မြောင်း များကို အသစ်စက်စက် ပြင်ပြီးစဖြစ်၍ မြောင်းထိပ်အစွန်းမှာ ကျောက် အစွန်းစလိုဖြစ်နေသည်၊ ထို့ကြောင့် ဒဏ်ရာ မှာ အလွန်ပြင်းထန်သည်။

ကျမစိတ်ထဲတွင် အမှန် အတိုင်းဖွင့်ဟ၀န်ခံရပါလျှင် သိပ်ဒေါသဖြစ်ပါသည်။ မချုပ်တည်းနိုင်လောက်အောင် စိတ်ဆိုးသည်၊ ဖေဖေ့ကိုတော့ ဘာမှမလုပ်ချင်ပါ၊ ကိုယ့်ကိုယ်ကိုသာ သက်သေလိုက်ချင်သည်။ (အပြင်မျက်စေ့ နှင့် ကြည့်လျှင် ဘာမှဖြစ်သင့်သော အကြောင်းမဟုတ်ဟူ၍ ထင်နိုင်ပေသည်၊ ဟုတ် ချင် လည်း ဟုတ် ပေမည်။)
ကျမရင်ထဲမှာတော့ ဒေါသ ဖြစ်လိုက်သည် ဖြစ်ခြင်းသွား၍ပင် မကြည့်ချင်တော့ပေ။ ကျမဒေါ သကိုသိသော အိမ်သား များက တခြားအကိုများ၊ ဆွေမျိုးများကိုခေါ်၍ ဖေဖေ့ကိုပြ၏ ကုသရန်ဖြစ် သည်၊ ကျမကိုလည်း အဒေါ် ဒေါ်အုံးရင် က ဖျောင်းဖြ ချော့မေ့ပါသည်။

"မယု ဖေဖေကိုကြည့်ရုံတင် လေးတင်ကြည့်၊ ကြည့်ပြီးရင် မယုအခြေအနေသိမယ်၊ နို့မို့ယင် မယု- နောင်တ ရစရာဖြစ်နေမယ်"
ကျမသည် မနေနိုင်ပြန်၊ သွားကြည့်ရပြန်သည်၊ ကြည့်သည်တပြိုင်နက် ကျမသိပါသည်။ ယနေ့ ဆေးရုံ ပို့လျှင်ပို့ အကု နောက်ကျလျှင် ဖေဖေ သေမည်၊ လူနာပေါင်း များစွာ နှင့် ဆက်ဆံနေရတော့ လည်း ကျမ သည် ဆရာဝန် တပိုင်း ဖြစ်နေတော့သည်၊ ရင်ထဲက ဒေါသအရှိန်ကတော့ မပြေပါ။

"ကဲလေ......... ဖေဖေ့ကို ဆေးရုံတင်မှဖြစ်မယ်.....ဘယ်သူ တင်မှာလဲ"
ကျမ သည် တမင်ပင် မေးခွန်းထုတ်ပါ၏။
ကားတွေလည်းရှိ၊ စိန်တွေလည်းရှိ၊ ငွေတွေလည်းရှိ၊ ယောက်ျားရင့်မကြီးတွေလည်းဖြစ် သွေးသား အရင်းနှီးဆုံး ဖြစ်သော ဤ(x  x  x) သူများက သူတို့သည် လူနာတယောက်ကို ဆေးရုံမတင်တတ် ဟူ၍ ဖြေဆိုကြပါသည်။

"ကဲလေ....ကျမတော့ နေမကောင်းလို့ ရင်ထဲမှာ မောနေဘီ လမ်းတော့ မရှောက်နိုင်ဘူး ဒီတော့ ကားတော့ တနာရီဘဲ သုံးခွင့်ပေး ဒီလူနာ ဆေးရုံပေါ်ရောက်ရစေမယ့်"
ကျမ သည် တနာရီအတွင်း ဒေါက်တာ ဒေါ်မြမြအေးနှင့် စီစဉ်ကာ ဖေဖေ့ကို မြရတနာ ဆေးတိုက်သို့ တင်လိုက် ပါသည်။ ဒေါ်မြမြအေးသည် ဒေါက်တာ ဘပု နှင့် စီစဉ် ပေး၏။ ယနေ့ညနေပင် ချက်ခြင်း ခွဲစိတ် ရမည်ဖြစ်၏။ ကျမ သည် ဒရီးဒရိုင် ပင် ပင်ကိုယ် က အားနည်း အစာ က မ၀င်ထည့်ကြားက ဒေါသ က အားလုံး ကို ခြုံ ၍ ဖြစ်နေသည်၊ ခွဲစိတ်သော ခန်းဝ တွင် ကျမစောင့်နေပါသည်။

ခွဲစိတ်ခြင်း မှာ မကြာလှ ဒေါ်မြမြအေးသည် ၂၅ကျပ်အခန်းကို ဖေဖေသီးသန့်နေရပါစေဟူသော စေတနာ နှင့် တဆယ်ပင် ယူကာ သီးသန့် ခန်းတွင် ထားပေးပါသည်၊ ဖေဖေထွက်လာသောအခါ သတိမရသော အိပ်ယာ ပေါ်တွင် အိပ်လျက်ပင်ဖြစ်၏။ မျက်နှာမှာ ဖြူဖတ် ဖြူရော်ပင်တည်း၊ ကျမ သည် ဖေဖေ့မျက်နှာ ကို စေ့စေ့ကြည့်ရင်း ဂရုဏာ ဒေါသဖြစ်ကာ မျက်ရည်ဒလဟော သွန်ကျပါသည်၊ ဖွင့်အံရေးချပြချင်၍ လည်း မကောင်း ရင်ထဲတွင်နာကျည်းခြင်း၊ ခံခက်ခြင်းတို့ကို ရောပြွှန်းကာ ရှိုက် ကြီးတငင် ငိုကျွေးမိပါသည်။

ဆရာမလေး တွေက မမယုရဲ့ဘဘကြီးရောဂါက အခုမစိုးရိမ်တော့ဘူး မငိုနဲ့လေ ဟု သူတို့က လည်း သူတို့ အဓိပ္ပါယ်နှင့် ပြောပါသည်။ ကျမလည်း ကျမအဓိပ္ပါယ်နှင့်ကျမငိုပါသည်၊ မျက်ရည်ဖြိုင် ဖြိုင်ကျရင်းမှ
"ရတနာ သုံးပါး အား အမှုထား၍ ကိုယ်စောင့်နတ်အား တိုင်တည်ပါ၏ ဘုရား..... တပည့်တော် မ သည် ယခု ကိစ္စ တွင်ဖေဖေ့ကို အလွန်စိတ်ဆိုးပါသည်၊ သို့သော်အစမှ အဆုံး တပည့်တော်မ ပင် တာဝန် ယူရမည် ဖြစ်ပါသည်။

တပည့်တော်မလက်ထဲတွင်လည်း ငွေကြေးတပြားမှ မရှိပါ၊ ဤမှန်သော သစ္စာစကာကြောင့် ယနေ့မှစ၍ နိဗ္ဗာန်မရမီစပ်ကြား မိဘနှင့်တကွ ကြီးသောသူကို လုပ်ကျွေးရသည် ဖြစ်စေ ငယ်သောသူကို လုပ်ကျွေး ရသည် ဖြစ်စေဆင်းရဲနှင့် ငရဲကင်းစွာ နှင့်လုပ်ကျွေး ရပါလို၏ဘုရား"ဟု ပါးစပ်မှပင် ရွတ်ဆိုခါ သစ္စာပြု ပါ၏ ပြီးတော့ ကျမဒေါသကို ဖြေ ကာဖေဖေ့နဖူးကို လက်နှင့်ထိ၍ "ဓါရဏ" ပရိတ် ကို ရွတ် ဖတ်သရဇ္ဈယ် ရ၏။ ရွတ်ရင်း ရွတ်ရင်း တရားနှင့် ဆင်ခြင်ကာ ကိုယ့်စိတ်ကို အေးအောင် လုပ်ရတော့သည်။

ပရိတ်ရွတ်ရင်းဆုံးခါနီးသောအခါ ဖေဖေသတိရလာသည်၊ သူ့မျက်နှာက အတော်ပင်ဖြူလျော် နေရုံမက အားငယ် နေပုံ ရသည်၊ ကျမသည်သူ့နဖူးကို ကိုင်ကာပရိတ်ရွတ်နေသည်ကို တွေ့မှ အားတက် သွားပုံ ရပါသည်။
"မယု သိပ်အားနဲနေပုံရတယ် ဘဘကြီးကိုတော့.....စောင့်မအိပ် နဲ့ (စပယ်ရှယ်နတ်စ်) တယောက် ထားဖို့ လိုတယ်၊ ခုတညထဲပါ မနက်မိုးလင်း လင်းခြင်းတော့ ဆံပြုတ် ပူပူဘခွက်လာတိုက်နော် ဒေါ်မြမြအေးက ညွှန်ကြား ကာ ထွက်သွားပါသည်"

"ကဲ..မနက်ဆံပြုတ်ပူပူဘယ်သူ လာပို့နိုင်လဲ"
ဖေဖေ ၏ သွေးအရင်းဆုံး ကားလည်းရှိသောယောက်ျားရင့်မာကြီးများက သူ့တို့တွင် အချိန်မရှိ၍ တာဝန် မယူနိုင်ဟု ဖြေပါသည်၊ ကျမသည် ဘာမှဆက်၍ မပြောတော့ဘဲ စပယ်ရှယ်နတ်စ်ကိုလည်း ကျမကိုယ်တိုင် စီစဉ် ၍ ထားခဲ့ပါတော့သည်၊ စပယ်ရှယ်နတ်စ်မှာ တညကို၂၉ကျပ်ပေး ရပါသည်။

နံနက်တွင် ဤဂွတ္တလစ်အိမ်မှ သည်ကျုံးကြီးလမ်းဆေးရုံထိ ဆန်ပြုတ်ပူပူကို ဖေဖေ့အတွက် ဘတ်စ် ကား နှင့် ပင် သွားပို့ရ၏ ထို့ကြောင့်ပင် ဖေဖေဖြစ်စက ရှိုက်ကြီးတငင် ငိုကျွေးမိခြင်းမှာ "ဖေဖေ"ဆို သော အကြောင်း တကြောင်းထဲကြောင့်မဟုတ် ငွေကြောင့်လည်းမဟုတ်ပါ၊ အကြောင်းကြောင့် တို့ပါတွေးမိကာ ငိုကျွေး မိခြင်းဖြစ်ပါသည်။ ကျန်ည များတွင်တော့ ကိုကို့သား မောင်ချို နှင့် မောင်ကံညွန့်တို့ တညစီ စောင့်အိပ်၏။

ဆေးရုံ တွင် တလနှင့်တရက်ကြာပါသည်၊ စုစုပေါင်းငွေ(တထောင့်နှင့်တရာ) ကုန်ပါသည်၊ ဒါတောင် ဒေါက်တာ ဒေါ်မြမြအေး က အခန်းခ လျော့ယူ၍ဖြစ်ပါသည်၊ အပြင်ကုန်ကျငွေများ မပါပါ၊ ထိုလတွင် ထုတ်ဝေသော "သပြေ"၀တ္ထုမှ ရသမျှငွေမှာ ဖေဖေ့အတွက် သုံးလိုက်ရတော့သည်။

တခါတခါ တွေးမိ၏ လောကတွင် စိန်ရွှေငွေနှင့်ကားတို့သည် လူနာတယောက်ကို ဆေးရုံပေါ် သို့ ရောက်အောင် တင်မပေးနိုင်ဆိုသည်မှာ စဉ်းစားစရာအကြောင်း ပင်တည်း၊ "တာဝန် မယူလို ခြင်း"ကို လိမ္မာ ပါးနပ်စွာ အဖြေပေးကြပေခြင်းပေလား။

ကျမခင်ပွန်းသည်ကတော့ "ဖေဖေစားသော ၀က်သားတုံးမှာ တထောင့်တရာတန်သော ၀က်သားတုံး" ဟူ၍ ဆိုပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၁၄)

"ကျွန်တော့ ရေဒီယိုကို ယူပါဗျာ၊ စားစရာ ကလေး ပေးချင် သလောက်ပေးခဲ့ပါ"ဆိုတဲ့ အသံမျိုး။
ပရိဘောဂ တွေ ဘယ်လာတဲ့ လူတွေကလည်း
"ရေတွေ စိုနေလို့ပါဗျာ။ သစ်မာနဲ့ လုပ်ထားတာပါ။ ပေးချင်သလောက် ပေးပါ။ ကျွန်တော့ ကလေးတွေ ဆာလှပါပြီ"ဆိုတဲ့ အသံမျိုးတွေကို နားမချမ်းသာစရာ ကြားရပါတယ်။ ဒါပေမဲ့ လူတွေ လက်ထဲမှာ ပိုက်ဆံ မရှိကြတော့ပါဘူး။ ပြောင်းဆန် မှောင်ခိုဝယ်ပြီး လက်ထဲ ကိုင်ထားတဲ့ လူတွေ ကလည်း မတရားဈေးတွေ ခေါ်ရောင်း နေကြပါတယ်။

သည်းမခံနိုင် တဲ့ လူတွေက အော်ကြပါတယ်။
"ခင်ဗျားတို့တွေဟာ သူခိုးတွေ၊ ဓားပြတွေ"
"ဘယ်သူက ဒီဈေး ကို သတ်မှတ်တာလဲ"
"ခင်ဗျားတို့က ကျုပ်တို့ ကလေးတွေကို သတ်နေတယ်"
နောက်ဆုံးမှာ ပြောင်းဂျုံတစ်ခွက်ရခို့ အိမ်မိုးသွပ်တွေ ခွာရောင်းကြရပါတော့တယ်။ ဆင်းရဲတဲ့ လူတွေလည်း အိမ်ဖျက်ပြီး သစ်တွေ၊ ၀ါးတွေ သက်ငယ်တွေနဲ့ စားစရာလဲကြပါတယ်။
"ငါ့မှာ အိမ်ရှိတာပဲ။ ဒါတွေ ဘာလုပ်ဖို့လဲ" ဆိုပြီး လူတစ်ယောက် ငြင်းလွတ်တယ်။

သမီး နှစ်ယောက် ထိုးရောင်းမှုနဲ့ ဖခင်အဖမ်းခံရပါတယ်။ ရဲတွေလည်း လူတွေကို အထိန်း၇ခက်လာ တယ်.
ဒီဇင်ဘာ မှာ မိုးဆက်လာတော့ လမ်းလေးက မြက်ပင်တွေ ရှည်လာတယ်။ ရှင်းမယ့်လူ မရှိတော့ တောထ လာ တာပေါ့။ သူခိုးသူပုန် တွေ ပုန်းလို့ အကောင်းဆုံး နေရာဖြစ်လာပြီး လမ်းသွားလမ်းလာ အမျိုးသမီးတွေ မတရား အကျင့်ခံကြရပါတယ်။ တစ်မနက် ကျွန်တော် ဂျုံကြိတ်စက်ရုံ က အပြန်မှာ အစော်ကားခံထားရတဲ့ အမျိုးသမီး တစ်ယောက် နဲ့ သွားတိုးပါတယ်။ ကျွန်တော့ ကို တွေတော့ ငိုပြီး ပြောပါတယ်။

"ကလေးတွေက အိမ်မှာ မျှော်နေကြရော့မယ်၊ ဘာလုပ်ရမှန်း မသိတော့ပါဘူးကွယ်"
အဲဒီအချိန် မှာ အခြားအမျိုးသမီးတွေ ရောက်လာပြီး သူ့ကို နှစ်သိမ့်ပါတယ်။
"ဟုတ်တယ်၊ နင့်ကလေးတွေ ငိုနေကြတယ်၊ နောက်တစ်ခါ နင့်ယောက်ျားကို လွှတ်ပေါ့ ဟယ်"
"နောက်တစ်ခါ ဟုတ်လား၊ နောက်တစ်ခါဆိုတာ မရှိတော့ပါဘူးအမေရယ်"လို့ အမျိုးသမီးငယ်က ပြန်ပြော ရှာတယ်
တောင်တွေဟာ လူတိုင်းအတွက် မြင့်လွန်းနေပါပြီ၊

ဂျုံစက်ရုံပိုင်ရှင် ဟာ တံမြက်စည်းမလှည်းရတော့ပါဘူး၊ ပြောင်းဆန်အခွံတွေ၊ အမှိုက်တွေကို လူတွေ အလု အယက် ကြုံးယူ နေကြပါပြီ။
ဒီဇင်ဘာလ ဘယ်လောက် မှာ စက်ရုံမီးခိုးတိတ်သွားပါတယ်၊ ကြိတ်စရာ ပြောင်းဆန် ဘယ်သူ့မှာမှ မရှိတော့ ပါဘူး။
နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်ဟာ ကျွန်တော် သဘောအကျဆုံး ပွဲတော်ပါ။ ဒါပေမဲ့ ဒီနှစ်ကတော့ အစဉ်အလာ တွေ လုံးဝပျက်ကုန်ပါတယ်။ ဟိုနှစ်ဟိုနှစ် တွေက ပျော်ပွဲရွှင်ပွဲ တွေ၊ စားသောက်ပွဲ တွေ၊ မုန့်ပဲသွားရည်စာ တွေ လက်ဆောင် ပစ္စည်းတွေဟာ အိမ်မက်ထဲမှာလို ၀ိုးတ၀ါး ဖြစ်နေပါလေပြီ၊

၂၀၁၀ ခုနှစ်၊ ခရစ္စမတ်ကတော့ ကျိန်စာသင့် ခရစ္စမတ် ဖြစ်ခဲ့ရပါတယ်။ ပွဲတော်အတွက် ချန်ထားတဲ့ ကြက် တွေ ကြက်နာ ကျကုန်ပါတယ်။ ဘုရားကျောင်းသွားနိုင်တဲ့လူလည်း မရှိတော့ပါဘူး။ ကျွန်တော် ညီမ တွေလည်း ပရွက်ပျံကို ရိုက်ဖို့တော် အားမရှိကြတော့ပါဘူး။
ခရစ္စမတ်အဖိတ်နေ့ ညမှာ ရေဒီယိုက "တိတ်ဆိတ်သောည"ဓမ္မ သီချင်းလွှင့်ပေးတာကလွှဲလို့ ဟိုနှစ်တွေက နဲ့ ဘာမှ မတူတော့ပါဘူး။
နောက်ဆုံး မှာ ပျော်ရွှင်စရာ ခရစ္စမတ် ဖြစ်ပါစေ လို့ဆုတောင်းသံ ကြားတော့ ကျွန်တော် စိတ်ချဉ် ပေါက်ပေါက် နဲ့ ပြန်ပြောလိုက်ပါတယ်။

"အေး၊ မင်းတို့အတွက်တော့ ပျော်စရာဟုတ်မှာပေါ့။ ဘလင်တိုင်းယားမှာနေရတဲ့ အစိုးရအမှုထမ် တွေကိုး"
ဆက်မကြားချင် တော့တာနဲ့ ပေါက်တူးထမ်းပြီး ကွင်းထဲထွက်ခဲ့ပါတယ်။
မွန်းတည့်ချိန် လောက်မှာ အမေက အထူးအနေနဲ့ ခရစ္စမက် နေ့လယ်စာကျွေးပါတယ်။ ဒါပေမဲ့ ညတိုင်း စားရ တဲ့ ဂျုံမဖြစ်လောက်နဲ့ ဖရုံရွက်ပါပဲ။ သည်တစ်ညကျွေးဖို့ အမေဟာ အတော်အပင်ပန်း ခံပြီး ရှာဖွေ ခဲ့ပုံရပါတယ်။ စားရတာက မဖြစ်စလောက်မို့ စားပြီးတာနဲ့ ကျွန်တော် ဆာနေပါတော့ တယ်။

ဂျက်ဖရီ တို့ အိမ်ဘက်ကို ကျွန်တော် လျှောက်ခဲ့ပါတယ်။ ပိုပြီး စိတ်ဓာတ်ကျစရာ တွေနဲ့ကြုံရပါ တယ်။ သူ့အခန်း ထဲ ၀င်သွားတော့ သူ့ကို ခုတင်စွန်းမှာ စိတ်ပျက်လက်ပျက် ထိုင်နေတာ တွေ့ရပါ တယ်။ အားအင် ကုန်ခန်း နေပုံမျိုးပါ။ နိုဝင်ဘာကတည်းက သူတို့ ပြောင်းဆန်ပြတ်သွားတာလေ။ အဲဒီမှာ သူပျံကျ အလုပ် တွေ လျှောက်လုပ်ခဲ့ရပါတယ်။

အရောင်းအ၀ယ်သမား တချို့ရဲ့ ယာတောမှာ ပေါင်းနုတ်၊ မြောင်းဖော် အလုပ်မျိုးတွေ ကံကောင်း ထောက်မစွာ နဲ့ သူရခဲ့ပါတယ်။ သူပိန်ကျသွားပါပြီ။ သွေးအားနည်ရောဂါသည်မှန်း သိသာလာပါပြီ။ တောင်မင်း မြောက်မင်း မကယ်နိုင်တဲ့ ဘ၀မို့ သူ့အတွက် ကျွန်တော်ဘာမှ လုပ်မပေးနိုင်ခဲ့ပါဘူး။ လူတွေဟာ ခေါင်းငိုက်စိုက်ချပြီး တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင်တောင် ခေါင်းထောင်ပြီး နှုတ်မဆက် နိုင်ကြတော့ပါဘူး

ဒါနဲ့ မတွေ့တာကြာလို့ ဂီးလ်ဘတ်တို့ အိမ်ဘက်ကို လျှောက်ခဲ့ပါတယ်။ သူတို့အိမ်ရှေ့မှာ လူငါးဆယ် လောက် စောင့်နေကြတယ်။ ဂီးလ်ဘတ်ကို တွေ့တော့ ကျွန်တော်က ညည်းလိုက် မိတယ်။
"ဒီနေ့ ငါဘာမှမစားရသေးဘူးကွ"
"ဟုတ်တယ် ၀ီလျံ၊ ငါလည်း ဘာမှမစားရသေးဘူး"

ဂီးလ်ဘတ် ကလည်း သူ့အိမ်ရှေ့က လူတွေကိစ္စနဲ့ မအားတာနဲ့ ကလပ်ဘက်ကို ဆက်လျှောက်ခဲ့ ပါတယ်။ ကျွန်တော့် ၀မ်းကွဲအစ်ကို ချာရတီးဆီကိုပါ။ သူနဲ့လည်း ဗိုက်ဆာတဲ့အကြောင်းပဲ ပြေဖြစ်ပါ တယ်။
ဘယ်က စားစရာရမလဲဆိုတာ ကျွန်တော်တို့ နှစ်ယောက် စဉ်းစားကြပါတယ်။ ခိုးစရာ သရက်သီး လည်း အပင်တွေ ပေါ်မှာ တစ်လုံးမှမကျန်တော့ပါဘူး။ ဈေးပိုင်က ကုန်သည်တွေဆီမှာ သူတို့ဝမ်း စာရှိမှာ သေချာ ပေမယ့် ခိုးဖို့ အင်အားကျွန်တော်တို့ဆီမှာ မရှိတော့ပါဘူး။

"ခရစ္စမတ်မှာ အသားစားရမှ ဖြစ်မယ်ကွ၊ မဟုတ်ရင် ငါဘယ်လိုမှ အိပ်ပျော်မှာ မဟုတ်ဘူး"
ချာရတီက တမ်းတမ်းတတ ပြောပါတယ်။ သူငယ်ချင်း ဂျိမ်းစ်ဆိုတာရှိတယ်။ သူက အသားပြုတ် ဆိုင်မှာ အလုပ် လုပ်နေပါတယ်။ တကယ်က အရိုးပြုတ်ဆိုင်ပါ။ နွားခေါင်းတွေ၊ ဆိတ်ခေါင်းတွေကို ခွဲခြမ်းပြီး ကျွတ်ကျွတ်ဆူ နေတဲ့ ရေနွေးအိုးထဲ ပစ်ထည့်ပြီး ရောင်းတဲ့ဆိုင်ပါ။ ခြေထောက်တွေ ခွာတွေလည်း ပါတာပေါ့။ ပါးသား နဲ့ ခွာနုသားဟာ သိပ်စားလို့ကောင်းပါတယ်။
ကျွန်တော် စိတ်ကူးကြည့်ပါတယ်။

ဂျိမ်း(စ်)က ခရစ္စမတ် လက်ဆောင်အဖြစ် ကျွန်တော်တို့ကို နည်းနည်း ပါးပါးတော့ ကျွေးကောင်း ပါရဲ့ လို့ ပြောတော့ ချာရတီက
"အဓိပ္ပာယ်မရှိတာကွ၊ သားရေတွေကို သူက ခွာပြီး လွှင့်ပတ်တာပဲ"
ကျွန်တော် က ရှုံ့မဲ့ပြီး
"ဟာ ခင်ဗျား အဲဒါစားနိုင်လို့လား ချာရတီ"
"ဘာဖြစ် လို့မစားနိုင်ရမှာလဲကွ၊ ဒါလည်း အမဲသား ပဲ မဟုတ်ဘူးလား"

"အင်း ဟုတ်တော့ဟုတ်ပါတယ်"
စဉ်းစားရင်း ကျွန်တော်တို့ ပိုဆာလာတယ်။
ဂျိမ်း(စ်) တို့ဆိုင်ကို ကျွန်တော်တို့ လျှောက်သွားကြတယ်။ ဂျိမ်း(စ်)နဲ့ ရွယ်တူ လူငယ်တွေ သူတို့ အလုပ်နဲ့ သူတို့ ရှုပ်နေကြလေရဲ့။
ချမ်းသာ တဲ့ ကုန်သည်တွေကတော့ အကျအန ထိုင်ပြီး လျှာနဲ့ ခေါင်းသားတွေကို အာလူးကြော်နဲ့ အားပါးတရ လွေးနေကြတယ်။ သူတို့ စားနေတာကို ခပ်လှမ်းလှမ်းမှ ငေးကြည့်နေတဲ့ လူတွေ အများကြီးပဲ။ ကျွန်တော် ကိုယ်တိုင်လည်း သွားရည်ကျနေပါပြီ။

ဧရာမ အပြုတ်အိုးကြီးမွှေနေတဲ့ ဂျိမ်း(စ်)ဆီကို ကျွန်တော်တို့ အသာကပ်သွားပါတယ်။ ခေါင်းသွား တွေ၊ ခြေထောက် တွေဟာ ကျွတ်ကျွတ်ဆူနေတဲ့ အိုးကြီးထဲမှာ ပြေးလွှား လှုပ်ရှားနေကြပါတယ်။ ကျွန်တော်က မျက်နှာ လွှဲပြီး ချက်ချင်း ထွက်ပြေးချင်နေပြီ။
ချာရတီ က လှမ်းပြောပါတယ်။

"ဟေ့ဂျိမ်း(စ်)၊ ရွာထဲက ကလေးတွေအတွက် ဗုံလုပ်ပေးမလို့ကွမင်းသားရေပြားတွေအတွက် အလှူခံမလို့၊ ခရစ္စမတ်အတွက်လေ"
ဂျိမ်း(စ်)က မြေကြီးပေါ် ပစ်ထားတဲ့ ယင်တလောင်းလောင်းနဲ့ ခွာထားတဲ့ ဆိတ်အရေခွံတွေကို လှမ်း ကြည့်ပြီး "အေး မင်းတိုအကြံမဆိုးဘူး၊ ငါမပစ်ရသေးဘူး၊ ဟိုမှာ ယူသွားလေ ကြိုက်သလောက်"

ချာရတီက ချက်ချင်း အိတ်ထဲကောက်ထည့်ပြီး ကျွနတော်ကို ကမ်းပေးပါတယ်။ လတ်လတ်ဆတ် ဆတ်ကြီး မို့ နွေးနေတုန်း ရှိပါသေးတယ်။
ချာရတီ က ဂျိမ်း(စ်)ကို ပြောပါတယ်။
"ကလေးတွေက မင်းကို ကျေးဇူးတင်နေမှာပါကွာ"
"အေး ကောင်းပါလေ့ကွာ"
ဆိတ်သားရေ ပူပူနွေးနွေး ကြွပ်ကြွပ် အိတ်ကြီးကို ပိုက်ပြီး ကျွန်တော် သုတ်ခြေတင် ပါတော့တယ်။

"ဒါကြီးကို ဘယ်လိုလုပ်မှာလဲ"
"လွယ်ပါတယ်ကွာ၊ ၀က်ကိုလုပ်သလို လုပ်ရမှာပေါ့"

    ကလပ်ကို ပြန်ရောက်တော့ သစ်ခေါက်တွေနဲ့ ကျွန်တော်တို့ မီးမွှေးပါတယ်။ ပြီးတော့ ပြောင်း ရိုးခြောက် တွေ ထပ်တည့်ပါတယ်။ မီးအား ကောင်းလာတော့မှ ကျွန်တော်နဲက ချာရတီ ဆိတ်ရေကို တစ်ဖက်စွန်းက ကိုင်ပြီ မီးဖိုပေါ် ဖြန့်တင်ပါတယ်။ မကြာခင် တဖျောက်ဖျောက် မြည်သံနဲ့အတူ အမွှေးတွေ ကျွမ်းစ ပြုပါတော့တယ်။ ခါတိုင်းဆိုရင် ဒီအနံ့မျိုး ကျွန်တော်ခံနိုင်မှာ မဟုတ်ပါဘူး။ ခုတော့ အသားကင် နံ့မွေးလို့နေပါတယ်။ ပြီးမှ သားရေပြားကို ချပြီး ဓားနဲ့ ခြစ်ကြပါတယ်။ သုံးကြိမ်းသုံးခါလုပ်ပြီးမှ အမည်း တွေ ပြောင်သွားပါတော့တယ်။ အဲဒီနေက် အတုံးကလေးတွေတုံးပြီး ရေစင်စင်ဆေးပါတယ်။ ချာရတီ က ကျွန်တော်ကို အိမ်ပြန်ပြီ ဆိုဒါလက် တစ်ဆုပ်လောက် လစ်ခဲ့ဖို့ပြောတာနဲ့ ကျွန်တော်ပြေးယူပါတယ်။

"အမျိုးသမီး တွေ ပဲပြုတ်ရင်မြန်မြန်နူးအောင် ဆိုပြီး ဆိုဒါထည့်ကြည့်တယ်။ တို့အတွက်လည်း အသုံးကျမှာ" လို့ သူက ယုံယုံကြည်ကြည် ပြောပါတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 29, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၇)

မျက်နှာ လဲ ကျနေတယ် ဒါပြောဒါ ဘာဖြစ်သေးလဲဖေဖေပြောသည့် အတိုင်းပင် နောက်အပတ်တွင် နုနုသည် သားဦးလေးကို မွေးဖွားတော့သည်။ မောင်ကြည်ဆွေက ဆေးရုံမှအပြန် အိမ်ဝင်လာ၍ ယောက္ခမကြီးကို ကိုယ်တိုင်စာရေးပြရ၏။

ကဲလေ .....ငါပြေတာ မမှန်ဘူးလား၊ ငါက ခလေးခုနှစ်ယောက် မွေးလာတဲ့ အဖေပါကွ  သူသည် ဟက်ဟက် ပက်ပက် ရယ်မော ရင်း သူ့သမီးထွေးမှ မွေးသော သားဦးမှာ ယောကျာ်းလေး ဖြစ်သည့်အတွက် ၀မ်းမြောက် နေပုံ ရ၏။ 
ဒါနဲ့ ဒီကောင် စနေသား သားဦးပါလားဟေ့၊ ဟေ့ မောင် ကြည်ဆွေ ခလေး ကို အိမ်ခေါ်လာရင်လေ ဓါးထမ်းပြီး ခုနှစ်ခါ ကျော်ကွ၊ တို့အိမ်မှာ မောင်နုမွေး တုန်းကလေ သားဦးစနေ နေတက်ရေ တက်ဆိုတော့ ကိုစံထွန်း က ဓါးထမ်ပြီး ကျော်ရတယ်၊ နို့မို့ရင် ဒီကောင်တွေက သိတ်ထက်ဒါ

ဖေဖေသည် သူတို့၏ ရေးထုံးစံ ကို ပြောပြ၏ မောင်ကြည်ဆွေသည် စာရးပြရပြန်သည်
ထက်ချင်သလောက်ထက်ပါစေ အဘရယ်၊ ကျွန်တော့သားကို ကျွန်တော မကျော်ချင်ဘူး၊ ပြီတော့ မွေးတဲ့ အမေ နုနု ကိုယ်တိုင် က စနေသမီး နေ့တက်ရေတက်ဘဲ၊ ဘာကြောက်စရာရှိလဲ
မောင်ကြည်ဆွေ၏ စာကို ဖတ်ပြီး အေးလေ... မင်းတို့ မကြောက်လဲပြီးတာဘဲ၊ ဒါနဲ့ စနေသားဆိုတော့ နေမျိုး လို့ မှည့်မလား နံမယ်ရွေးချင် ပြန်လေပြီ။

ကြီးကျယ် တဲ့ နံမယ်ကြီးတွေ ကျွန်တော့သားကို မမှည့်ချင်ပါဘူး၊ ရိုးရိုးဘဲ ကောင်းပါတယ် အဘရယ် ပြီးတော့ သားကလဲ ငယ်ပါသေးတယ်
မောင်ကြည်တွေ ထပ်မံရးပြသောစာကို ဖတ်ပြီးကြေနပ်သွားပုံရ၏။
'အေးလေ...... မင်းတို့သဘော ဆေးရုံက ဆင်းရင်သာ ခလေးကို ငါ့ကိုဝင်ပြပြီးမှာ မင်္ဂလာဒုံ ခေါ်သွားရမယ် သိလား'
သူသည် ကျေနပ်စွာ အမိန့်ပေးပြီး သူ့ခန်းထဲသို့ ၀င်သွားပါတော့သည်။

မာလီ

ဂွတ်တလစ်အိမ် တွင် မာလီကြီးတယောက် ကျမငှါးပြီး ထားသည်။ ထိုမာလီကြီးလည်း ရာဇ၀င် နှင့် ပါပင်တည်း အစကသူသည် ၀င်ဒါမီယာထဲတွင် အုန်းခြံစောင့်၏။ သူ့မြေးလေး မောင် က ညွန့်နှင့် အတူ နေသည်။ လခ ဘယ်လောက် ရသည်မသိ။

အိမ်စောင့်အစိုးရ တက်လာသောအခါ ၀င်ဒါမိယာတွင် အုန်းခြံမရှိသော အဘိုးကြိး အလုပ်ရှိ ဖြစ်နေ တော့သည်။ ထိုနေရာတွင် ၀န်ကြီးချုပ်အိမ်၌ ဇာတ်လိုက်ကြီး တပါးဖြစ်သူ ဒေါ်နီနီ က အကြံဥာဏ် ပေးလာ၏။

'မယု ရဲ့ တခြားလူတွေအလုပ်ပြုတ်တယ် ဆိုပေမယ့်မှီစရာ၊ နေစရာ၊ စားစရာရှိသေးတယ်၊ ဒီအုန်းခြံ စောင့် အဘိုးကြီး ဟာ အသက်ကလဲ ခြောက်ဆယ်ကျော်ခါးကြီးကလဲကုန်းနေတော့ ဘယ်သူကမှ သူ့ကို မာလီအဖြစ် ငှါးမှာလဲ မဟုတ်ဘူး ဒီတော့ မယုတို့ခြံထဲမှာ ဒီမာလီကြီး ကို အစောင့်ထားရင် မကောင်း ဘူးလား'
သူ နှင့် ကျမမှာလည်း အသေးစိတ် အပိုအပူလေးတွေက ရှိသေးသည်။

'မေနီကို မယုရှင်းပြောပြမယ်၊ မယုက အခုဝန်ကြီးချုပ်ဆီမှာ အလုပ်မလုပ်တော့လို့ ၀င်ငွေမရှိဘူး အကိုကြီး ရဲ့ ဗိုလ်ကြီး အဆင့်အတန်း လခနဲ့ တအိမ်လုံး လောက်အောင်စားရမှာ (ထိုစဉ်က ကျမ ၀တ္ထုများမှာ နာမည် ကြီးသော်လည်း ၀င်ငွေမကောင်းသေးပါ) ဗိုလ်ကြီး လခဆိုတာ မမနီ အသိဆုံးဘဲ၊ မာလီနဲ့ ဘာနဲ့ ထားနိုင်တာ မဟုတ်ဘူး ဒါပေမယ့် မယုစိတ်ထဲမှာ တခေတ်ပြောင်း ပြောင်းတခုခုဘဲဖြစ်ဖြစ် သစ်ပင် တခု လဲသလိုဘဲ၊ အပေါ်သစ်ကိုင်းက လူတွေ အောက်ပြုတ်ကျ တယ်ဆိုပေမယ့် သူတို့မှာ အောက်က ပိုက်ဆံ ပေး တဲ့ လူ နဲ့ မွေ့ယာခံပေးတဲ့လူနဲ့ အမြင်ကကျတဲ့ လူဆိုပေမယ့် အကျမနာလှပါဘူး။

အောက်သစ်ကိုင်းနေတဲ့လူတွေသာ သိပ်ဒုက္ခများတာ ဒီတော့ မမနီအဘိုးကြီးကို သေသေချာချာရှင်းပြ လခတော့ မစု ငါးဆယ်ဘဲ ပေးနိုင်မယ်၊ သူ့မြေးလေး မောင်ကံညွန့် ကျောင်းတက် ဖို့ဘတ်စ်ကားခ စရိတ် တဆယ် ပေးမယ် နေဖို့အိမ်ပေးမယ် နေဖို့အိမ် ကစေခံတန်းလျားဆိုပေမဲ့ သွားကြည့်ပါ ပျဉ်ထောင်ကာ သွပ်မိုး မီးဖိုးသတ်သတ် အိမ်သာ က ဆွဲအိမ်သာ လျှပ်စစ်မီး အလကားရမယ် ရေချိုးခန်းရမယ် ရေရမယ် အဲဒါ မမနီအဘိုးကြီး ကို ရှင်းပြ ကြေနပ်ရင်ပြောင်လာပေတော့'

'အို.....မယုရယ် သူဝင်ဒါမီယာ အုန်းခြံထဲမှာ နေရတာ တဲလေးနဲ့ နေရတာ မယုအိမ်ကို သူသဘော ကျမှာပါ ကိုယ့် တို့လဲ နောက်သူ့အတွက်အလုပ် ရှာပေးကြသေးတာပေါ့........'
ထိုသို့ မြန်မာ့လူနေမှုစံနစ်နည်းဖြင့် အဘဦးဘိုရွှေခေါ်အုန်းခြံ စောင့်ကြီးသည် ကျမတို့အိမ် ပြောင်းလာ၏။ ကျမ မှ လွဲပြီး တအိမ်သားလုံးက သဘောမကျပါ။
'ဒီအသက် ခြောက်ဆယ်ကြီးများ သူဘာလုပ်ငှါးပါလိမ့်' အိမ်သားများက ကွယ်ရာတွင် ကျမအတင်း ကို ပြောပါသည်။ ကျမ မသိသည်မဟုတ် သိပါသည်။ ထိုအဘိုးကြီးသည် ပေါင်းသင်မြက်ရှင်း ရုံမှလွဲ ဘာမှ မလုပ်နိုင်ပါ၊ မျက်စေ့ကလည်းမွဲသေးသည်။ အိမ်းသားမျးက သစ်ပင်စိုက်ထားလျှင် သူမြက် ရှင်းသောအခါ အားလုံး နှုတ်ပစ်တော့သည်။

ကျမကတော့ လေးလံသော မြောင်းပေါက် မြေသယ် အလုပ်မျးကို မောင်ကံညွန့် ကျောင်းဆင်း သောအခါ လုပ်ပြီ ကျမချစ်သော ဆောင်းတွင်း ပန်းလေးများကို ကျမကိုယ်တိုင်ပျိုး ကျမကိုယ်တိုင ရေလောင်း၊ စိတ်ချ ရအောင် အပင်ကြီးထွားလာတော့မှ အဘိုးကြီးလက်အပ်ပါသည်။

ထိုမာလီ အဘိုးကြီးအပေါ် အထူးမကြေနပ်ဆုံးသူမှာတော့ ဖေဖေပါပင်တည်း၊ သူသည်မာလီ ကိရိယာ ပစည်များနှင့်အတူ၊ လွှ၊ ပေါက်ဆိန်၊ သံတရွှင်း၊ တူစသေား လက်သမားကိရိယာများကို လည်း စာရင်း နှင့် အတိအကျ မာလီကို အပ်ထား၏။ ခဏခဏလည်း စစ်ဆေးသည်၊ အဲဒီအထဲမှာ တခုခုပျောက်ဆုံးလျှင်လည်း ကျွတ်ကျွတ် ညံ အောင် ဆူပါတော့သည်။

အဘိုးကြီး မျက်စေ့ကလည်း မွဲသေးသည် တနေ့တွင် ပြသနာတက်လာ၏။ သူတို့ထမင်းချက်ရန် ထင်း စုဆောင်း ရာမှ လွှမှာ ပျောက်သွားတော့သည်၊ ဖေဖေကလည်း စစ်ဆေးချိန်နှင့် တိုးနေပြီး ပွက်လော ရိုက်တော့သည်၊ ကျမသည် သူတို့ကိစများတွင် ဘာမှမပါဝင်သေး အသာကြည့်နေ၏။

မာလီအဘိုးကြီး သည် အိမ်နား နီးခြင်းခြံရှိသမျှ သူ့လွှကိုငှားသွားပြီး ပြန်မပေးကြောင်း လိုက်စွပ်စွဲ တော့သည်၊ အိမ်နီးချင်းများသည် သဘောကောင်းသူများဖြစ်လို့သာ တော်ပါသေး၏။ ကျမကို လာရောက် ရှင်းပြ၏ သူတို့လွှ ကို မငှားကြောင်း ငှားပါလျှင်လည်း လက်ထိလက်ရောက် ပြန်အပ် မည်၊ ပေးမည် ဖြစ်ကြောင်း ပါသည်။
ကျမ သည် မနေသာတော့ပြီ၊ မာလီအဘိုးကြီးထံသွား ပြောပြရ၏။

'ဘဘကြီး ကလဲ မျက်စေ့ကလဲ သီသီမွဲမွဲရယ်၊ သတိလဲ သိပ်ကောင်းတာ မဟုတ်ဘူး ကိုယ့်အိမ်က ပစ္စည်း ပျောက်တိုင်း သူများအိမ် သွားမစွပ်စွဲရဘူး ခုအိမ်နီးချင်းတွေက သဘောကောင်းပေလို့ပေါ့ ကျမစိတ်ထင် ဘကြီးတို့ လွှဟာ ဘကြီးတို့ ထင်းဖြတ်တဲ့ အနားမှာဘဲရှိလိမ့်မယ်ထင်တယ်၊ ထင်းတွေ နေရာ တကျ ရွှေပြီးရင် အောက်ဖက်မှာ ပြန်ရှာပါအုံး'
ကျမပြောသည် အတိုင်းပင် ထင်းများနေရာတကျရွေ့ပြောင်း သယ်ယူပြီးသောအခါ ထင်းများ အောက်တွင် လွှကို ပြန်တွေ့ပါသည်။

'အဘကြီးတို့ကလဲ ဖေဖေပြောရင် ပြောစရာဘဲ သူ့ပစ္စည်း ကို ကိုင်ပြီးရင် နေရာတကျ ပြန်ထား မှာပေါ့ ဖေဖေ ဆူတော့သာ ဆူတယ် ပြောရတယ် ဘကြီးတို့ကလဲ သတိထားပါ 'ကျမသည် ထိုအခါ မှ ၀င်ပြောတော့သည် မာလီဘကြီးက ဖေဖေ့အား 'ဘိုးတော်'ဟု ခေါ်သည်။

'ဘိုးတော် ကတော့ဗျားအံ့သြ လောက်ပါတယ်....... အသက်ခုနှစ်ဆယ်သား ဆိုတယ် ကျွန်တော် ထက် သတိ လဲ ကောင်း ခွန်းအားလဲ ကောင်းတယ် (ဖေဖေထိုစဉ်က ခုနှစ်ဆယ်ကျော်ပင် ရှိသေး သည်။)'
တနေ့တွင်မှု ကျမခြံထဲမှာစာဖတ် နေစဉ် အဘိုးကြီးနှစ်ယောက် ငှက်ပျောပင်စိုက်ရန် မြောင်းပေါက် နေကြသည်။ မာလီကြီးကတော့ မြောင်းတ၀က်ပင် မရောက်သေး မောဟိုက်လာပြီး ပေါက်တူးကို ချကာ မြေကြီးပေါ် ထိုင်နေတော့သည်။ ဖေဖေကမူ တောက်ရှောက်ကြီး ပေါက်သွားလိုက်သည်၊ မြောင်း အဆုံးထိ ပင်တည်း
'ကဲ ကျုပ်ပေါက်လို့ပြီးပြီ ခင်ဗျားသာ သစ်ပင်တွေရွေ့ပေတော့' ပေါ့ပါးစွာပင်ပြောပြီး ဖေဖေသည် သူ့ပေါက်တူး သူထမ်းခါအိမ်ထဲသို့ ၀င်သွားတော့သည်။

ဖေဖေ က သခွါး၊ ပသီးနှင့် ခ၀ဲသီး၊ ချဉ်ပေါင်များကို စိုက်လည်းစိုက်၏ စားလည်းစားသည် မာလီ ကြီးက ဘာမှ မစိုက်တက်ပေ။
အကိုကြီး ကလည်း မာလီအဖိုးကြီးအကြောင်းသိသည်။ သို့သော် 'အဘကိုလဲ တောင်းပန်တာ ပါကွာ' တို့ များ စာသင်ချိန်တုန်းက ကသိကအောက်ဖြစ်ခဲ့ရတယ်၊ ဒီတော့ မောင်ကံညွန့် အနည်း ဆုံး ကိုးတန်းအောင် တဲ့ အထိတော့ ဒီဘကြီးကို သည်းခံပေါ့။ မောင်ကံညွန့်ကို သူပညာသင်ကြား ရေးအတွက် ကူညီနိုင်တာ တို့မှာလဲ ဒီနည်းဘဲ ရှိတယ်ဟု ပြေားထားဘူး၏။ ကျမကတော့ အကြောင်း ကြောင်းများကြောင့် ထိုမာလီကြီး အား ထားသည်ကို ဖေဖေမသိပါပေ၊ အိမ်သားများက လည်းလုပ်အားအပြည့် ထိုမာလီကြီး ထံမှ မရသည်ကို မကြေနပ် ကြပါပေ။

ဖေဖေကလည်း စိတ်ဆိုး ဒေါပွလာတိုင်း မာလီကြီးကို အလုပ်ဖြုတ်မပစ်သည်ကိုပင် ဆူနေတော့ သည်။
နောက်ဖက် အိမ် တွင် နေသူမျာကိုလည်း ဖေဖေမကြေနပ်ပေ။
'ဖေဖေပြောယင် သမီးက မကြိုက်ဘူး.....ဒီဆူးပုတ်ပင်က အညွန့်ထွက်လာတော့ သူတို့ဘဲ ခူးပြီး ဟင်းချို ချက် သောက်တယ်......ဒီကြက်သဟင်းပင်က အရွက်ကြတောဲ့ သူတို့ဘဲ ဟင်းချိုခပ်သောက်ကြတယ်၊ ဒီ သစ်ပင် တွေကို မြေဆွဖို့၊ ရေလောင်းဖို့ကြတော့ မာလီကို တွက်ကပ် နေကြတယ် ရေချိုးခါနီး ဒါလေးလောက် မာလီ နဲ့ အတူအလုပ်လုပ်ရတာ ဘာများပင်ပမ်းလို့လဲ၊ '

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၁၃)

သမီးကြီး မျက်စိအောက်က ပျောက်သွာကတည်းက အဖေဟာ လုံးဝစိတ်ဓာတ်ကျသွာပါတော့ တယ်။ အင်နီ နဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ကျွန်တော်တို့အဖေလည်း ပျောက်ကွယ် သွားပါတော့တယ်။ အဖေ့ရယ်သံ လည်း မကြားရတော့ပါဘူး။ အမြဲတမ်း သုန်မှုန်ငြိမ်သက်နေပါ တော့တယ်။ ကျွန်တော်တို့ လူငယ် တွေ ကတော့ အစ်မကြီး ကို နှမြောပေမယ့် ညစာစားတဲ့အခါ ဝေစုလေး နည်းနည်းပိုရလို့ ကျိတ်ပြီး ကျေနပ်နေကြပါတယ်။

တစ်နေ့ မှာ အမေ မုန့်ရောင်းပြီး ပြန်အလာမှာ သတင်းတစ်ခု ပါလာတယ်။ တန်ဆုံးဆယ် လော်ရီ ကားကြီး တစ်စီး တာလပတ် တွေ အုပ်ပြီး ဖြတ်မောင်းသွားတာ တွေ့လိုက်ကြတယ်တဲ့။ ပြောင်းဆန် တွေတင်ပြီး ချာမာမာ ကို သွားတာတဲ့။ အိမ်ပြန်ရောက်ရောက်ချင်း အမေက ကျွန်တော့်ကို ခေါ်တာပါ။
'မနက် အစောကြီး ထပြီး ချာမာမာကိုသွား။ စိုက်ပျိုးရေး ကုန်စည်ဒိုင်မှာ သွားမေး၊ အဲဒီမှာ ရောင်းလိမ့်မယ် ထင်တယ်'
အမေ့ ဟာ သေချာရဲ့လားဗျာ၊ ပြောင်းဆန် တွေ မဟုတ်ဘဲ ဓာတ်မြေသြဇာတွေ မဖြစ်နိုင်ဘူးလား

'နင် ငါပြော တဲ့ အတိုင်းလုပ်၊ လျှာမရှည်နဲ့ မနက်ဖြန် စောစောထသွား'
အမေ ပြောတာ မှန် ပါတယ်။ တစ်ပုံး ကို ရှစ်ရာနဲ့ ရောင်းနေတယ်တဲ့။ နောက်လ ပိုတက်ဦးမယ် တဲ့။ တစ်ပုံးနှစ်ပုံး လောက် ၀ယ်လို့ရရင် ကျွန်တော်တို့အတွက် စိတ်အေးရပါပြီ။
မနက်ငါးနာရီ မှ ထပြီးစက်ဘီးနဲ့ ကျွန်တော်ထွက်ခဲ့ပါတယ်။ မြန်မြန်ရောက်အောင် တစ်လမ်းလုံး ဖြတ်လမ်း တွေ ကချည်း စီးခဲ့ပါတယ်။ ဘယ်လမ်းလိုက်လိုက် ဂျုံအိတ်ခွံတွေထမ်းပြီး ချာမာမာကို ဦးတည် သွားနေ တဲ့ လူတွေအများကြီး တွေ့ရပါတယ်။

'ချာမာမာကိုလားဗျို့'
ကျွန်တော်လှမ်းမေးကြည့်တော့ 'အေး'လို့ ဖြေကြပါတယ်။
ချာမာမာဈေးနား ရောက်တော့ ပြတင်းပေါက်တွေကို အပြာနဲ့အဖြူရောင် ဆေးသုတ်ထားတဲ့ ကုန်စည် ဒိုင် ကို တွေ့ပါတယ်။ အလိုကျွန်တော် မျက်စိကို ကျွန်တော်မယုံနိုင်အောင် ဖြစ်သွား ပါတယ်။ လူတန်းကြီးက အရှည်ကြီး ပါလား။ ကုန်စည်ဒိုင် တံခါးပေါက်ကနေပြီး မြို့ပြင် ဘောလုံး ကွင်းနား ရောက်တဲ့အထိပါပဲ။ ယောက်ျား တစ်တန်း၊ မိန်းမ က တစ်တန်း၊ စက်ဘီးကို ခြံစည်း ရိုးမှာ ထောင်ပြီး ကျွန်တော် ၀င်စီ လိုက် ပါတယ်။ ချက်ချင်း ပဲ ကျွန်တော့်နောက်မှာ လူတန်းရှည်ကြီး ဖြစ်သွားပါတယ်။

မနက် ၆နာရီ ၁၅မိနစ် မှာ မိုးစင်စင်မလင်းသေးပါဘူး။ ရာသီဥတုက သာထောင့်သာယာ၊ အေးအေး မြမြပါပဲ။ မကြာ ပါဘူး၊ နေလုံးကြီး ဘွားခနဲ ပေါ်လာတာနဲ့ ပူလောင်အိုက်စပ်လာပါတော့တယ်။ လူတိုင်း ဆာလောင် မွတ်သိပ်မူ ဒဏ် ကို အလူးအလဲ ခံရတော့မယ် ဆိုတာ ကျွန်တော် သိလိုက်ပါပြီ။ လူတွေကို ကြည့်လိုက်တော့ အားလုံး သာခွေယိုင်တွေချည်းပါပဲ။ မျက်တွင်းဟောက်ပက်တွေနဲက။ နေရောင်ခြည်ကို သူတို့ မကြည့်နိုင် ကြပါဘူး။ အားလုံး မျက်ခုံး တွေ ရှုံ့ထားကြတယ်။ သူတို့ အစာမအား ရတာ တော်တော်ကြာပြီဆိုတာ သေချာ ပါတယ်။

ဒီနေ့ ပြောင်းဆန်မရရင် သူတို့ အသက် ရှင်ဖို့မလွယ်ဘူး ထင်ပါတယ် နေမြင့်လာတဲ့အခါ လူတွေဟာ ဟင်းရွက်ပြုတ် လို ညှိုးခွေ ယိမ်းယိုင်လာပါတယ်။ ကျွန်တော့် ရှေ့က အဘိုးကြီးဟာ တဆတ်ဆတ်တုန် နေပါတယ်။ အသက် ကိုခဲရာခက်ဆစ်ရှူနေရပါတယ်။ လူတန်းကြီး ရှေ့တစ်လှမ်းတိုးတော့ အဘိုးကြီး မလှမ်းနိုင် တော့ပါ ဘူး။ ဒူးခွေပြီး လဲကျသွားပါတော့တယ်။ အဲဒ်ီမှာ လူတွေက ဘာမှမထူးဆန်းသလို သူ့ကို ခွကျော် သွားကြပါတယ်။ တစ်ဆက်တည်းက မိန်းမတချို့မှာ ကလေးတွေပါလာပါတ်။ အော်သံ ငိုသံ အစာ တောင်းသံ တွေနဲ့ ဆူညံနေပါတယ်။ အဲဒီကလေး ငိုသံတွေ ကို ကျွန်တော့နားထဲမှာ ခုထိကြားယောင် နေဆဲ ဖြစ်ပါတယ်။

နေမြင့်လာတော့ လူတချို့က သူတို့နေရာတွေကို ရောင်းစားကြပါတယ်။ သူတို့က ပိုက်ဆံမရှိ ကြဘူး။ မနက် သုံးနာရီ ကတည်းက နေရာလယူထားကြတာ။ ကုန်စည်ဒိုင်အဆောက်အအုံးနာ ရောက်တာနဲ့ နောက်လူ တွေ ကို လှည့်ပြောတယ်။ 'ကျွန်တော့နေရာကို ၀င်လိုက်ပါလား၊ ရောက် တော့မယ်' အဲဒီနေရာ ရောင်းစားပြီး မှ နောက်ဆုံးကို သွားပြီး တန်းစီကြတယ်။ တချို့ကလည်း ဆာလောင်မှု ဒဏ်ကြောင့် မျက်လုံး တွေ အရောင်အဆင်းမဲ့နေပြီ လဲကျလုနီး လူဆီသွားပြီး 'ကျွန် တော့နေရာက ရောက်ဖို့ ဆယ်မိနစ်လောက်ပဲ လိုတော့တယ်။ နေရာချင်းလဲပါလား။ ခင်ဗျားထွက် လာရင်ကျွန်တော့အတွက် ပြောင်းဆစ်ဆုပ်လောက် စွန့်ကျဲ ခဲ့ရင် တော်ပါပြီ'လိုက ပြောတဲ့လူတွေ လည်းရှိတယ်။

မနက်အစောကြီး အိမ်က မထွက်ခင် ကျွန်တော့်ကို အမေမုန့်တစ်ချပ် ကျွေးလိုက်ပါတယ်။ ခုအချိန် ဗိုက်ထဲ ဘာမှ မရှိတော့ဘူး ထင်ပါရဲ့။ ချွေးထွေက ကျွန်တော်လက်ချောင်းကလေးတွေကအစ စက်စက်နစ်အောင် ထွက်နေ ပါတယ်။ လူတွေဆီက ထွက်နေတဲ့ အနံ့အသက်ကြောင့် မခံနိုင် လောက်အောင်ပျို့ချင် အန်ချင် ဖြစ်လာနေပါပြီ။

တံခါးပေါက် ဆီ ကို ကျွန်တော်တို့ တစ်လက်မချင်း ရွေ့နေပါတယ်။ ကြာတော့ လူတွေ သည်းမခံ နိုင် တော့ သလို နောက်ကနေ တွန်းစပြုလာတယ်။ တစ်ချက်မှာ နောက်ကလူက အရှိန်ပြင်းပြင်းနဲ့ တွန်းလိုက်လို့ ရှေ့က လူကို ကျွန်တော် သွားဆောင့်မိပါတော့တယ်။ သူလဲကျမသွားအောင် သူ့ပခုံးကိုကိုင်ပြီး မနည်း ထိန်ထား လိုက်ရပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ လူတွေက နောက်ဆုတ် သွားလိုက်၊ အားနဲ့ ဆောင့်တိုး လိုက် လုပ်လာပါတော့တယ်။

သည်းမခံနိုင်တော့ဘဲ အသံမျိုးနဲ့ 'ဟေ့ဘာလို့ ကျော်တက်တာလဲကွ'ဆိုပြီး အော်ဆဲသံတွေ စကြားလာရ တယ်။
လူတွေ ထပ်ရောက်လာကြတုန်း။ ဗြောင်းဆန်က ကားတစ်စီးတိုက်တည်း။ ကိုယ့်အလှည့် ရောက် ပါတော့ မလား ဆိုပြီး လူတွေ တွေးပူလာပုံရပါတယ်။ တံခါးဝနားမှာ ရောက်နေတဲ့ နှစ်တန်း စလုံး ရုတ်ရုတ်သဲသဲ ဖြစ်စ ပြုလာတယ်။ နောက်က တွန်းအားက ပြင်းသထက် ပြင်းလာပြီး ရှေ့လူ ရဲ့နောက်ကျောနဲ့ ကျွန်တော့် ရင်ဘတ် ပြားချပ် နေအောင် ကပ်နေပါပြီ၊ အသက်ရှူကျပ်သည်ထက် ကျပ်လာပြီ၊ ကျွန်တော်က ခြေစုံကန်ပြီး အသက်ရှူ ဖို့ ဘေးတိုးထွက်လိုက်တော့နောက်ကလူ မထိန်း နိုင်ဘဲ လဲကျသွားပါတယ်။ သူ့နောက်က လေးယောက်လည်း အရှိန်နဲ့ လဲကျသွာပါတော့ တယ်။ အဲဒီမှာတင် တာကျိုးသလို နေရာလပ်ပြီး လူတွေ အလုံးအရင်းနဲ့ တိုးဝင် လာကြ တော့တာ ပါပဲ။ လဲတဲ့လတွေကလည်း ဒူးတွေ၊ တံတောင်ဆစ်တွေ စုတ်ပြတ် လို့။

အဲဒီမှာ မမျှော်လင့်တာတစ်ခု ဖြစ်လာပါတယ်။ ဘုရားသခင် စောင်မကြည့်ရှု့တော်မူခြင်းလားမသိ ပါ။ ကလေးတွေ အငိုတိတ်သွားတယ်။ ဝေါခနဲမိုးတွေ ရွာချလာပါတယ်။ ကျွန်တော်တို့ လူသိုက် ဂိတ်ဝရောက်ဖို့ သိပ်မလိုတော့ပါဘူး။ ရေတွေကို ဂျာ်ဒန်မြစ်ရေလို့ စိတ်ထဲ ထင်လာတယ်။ တောင်ထပ်ကနေ မြတ်သောမြေ ကို လှမ်းမြင်နေရသလို စိတ်ထဲထင်လာတယ်။ ရေပြင်ကို ကျော်ဖြတ် ပါတော့မယ်။

မိနစ်နှစ်ဆယ်အကြာမှ ကျွန်တော်တံခါးဝ ရောက်သွားပါပြီ။ နောက်တစ်စက္ကန့်အကြာမှ ကျွန်တော် အဆေက်အအုံထဲ ရောက်သွားပါတယ်။ ရှေ့မှာ ကျွန်တော် တံခါးလောက်မြင့်တဲ့ ပြောင်းဆန်ပုံကို လှမ်းမြင် ရပါပြီ။ လပေါင်းများစွာအတွင်း အများဆံးမြင်ရတဲ့ ပြောင်းဆန်ပုံ။ အမြင့်ဆုံး ပြောင်းဆန် ပုံ။ ပျော်လွန်းလို့ ကျွန်တော်တစ်ယောက် မူးရီမူးဝေ ဖြစ်သွားပါတယ်။ ကျွန်တော် အထဲရောက်မှ  နောက်ဘက်က ဆူညံသံ တွေ ပိုပြီး ကျယ်လောင်လာပါတယ်။

အဲဒီမှာ အလုပ်သမားနှစ်ယောက် ထွက်ပြီး အသံကျယ်ကျယ်အော်ပါတယ်။
လူကြီးမင်းများခင်ဗျား ကျွန်တော် တို့ မှာ ပြောင်းဆန် ငါးအိတ်လေက်ပဲ ကျန်ပါတော့တယ်။ နောက်ပိုင်းက ပုဂ္ဂိုလ်တွေ အပင်ပန်းမခံပါကြနဲ့တော့
ကျွန်တော် အရမ်းကံကောင်းသွားတာပါ။ လူတွေ ဆူပူအော်ဟစ် သောင်းကျန်းနေ ကြပါပြိ။ လဲကျသူ ကျ၊ ဆွဲထုတ် သွားသူကို ဆွဲထုတ်သွား။ ကလေးငိုသံ၊ ဆဲသံဆိုသံတွေ အစီစီပွက်သလို ဆူညံနေပါတယ်။
ကျွန်တော်က ပါလာတဲ့ ငွေလေးရာကို အသင့်ပြင်ထားပါတယ်။ နှစ်ဆယ်ကီလိုဂရမ်အတွက်ပါ။

စားပွဲတစ်လုံးမှာ ပိုက်ဆံသွင်းလိုက်တော့ စားရေးလုပ်သူက ဖြတ်ပိုင်တစ်ခုပေးပြီး ဗြောင်းဆန်ချိန် နေတဲ့နေရာကို လက်ညှိုးထိုးပြလိုက်ပါတယ်။ အဲဒီမှာ ပြောင်းဆန်ချိန်တဲ့ ဗလကောင်းကောင်း ပုဂ္ဂိုလ်က ကျွန်တော့ကို ပညာပြပါတော့တယ်။ ပုံးထဲကို ပြောင်းဆန်တွေ ဝေါခနဲ လောင်းထည့် လိုက်ပြီး ကပ်တား ပေါ်ပစ်တင်လိုက်ပါတယ်။ ပေါင်ချိန်ပြတံမျှား ပြေးလွှားနေတုန်းမှာပဲ ပုံးကို ဆွဲချပြီး ကျွန်တော်အိတ်ထဲ သွန်ချ လိုက်ပါတယ်။

'နောက်တစ်ယောက်'
ကျွန်တော်က မကျေနပ်တာနဲ့
'နေပါဦး ဒီမယ်ဗျာ'
'မင်းမကျေနပ်ရင် ထားခဲ့၊ မင်းနောက်မှာ လူတွေအများကြီး ရှိသေးတယ်။ နောက်တစ်ယောက်'
ကျွန်တော် ဘာမှမတတ်နိုင်တော့ပါ။ အိတ်ကိုထမ်းပြီး သုတ်ခြေတင် ထွက်လာခဲ့ပါတယ်။ ပေါင်မ ပြည့်လည်း အကြောင်းမဟုတ်တော့ပါဘူး။ ကျွန်တော်ဟာ အောင်နိုင်သူ တစ်ယောက်အဖြစ်နဲ့ လူအုပ်ကြီးထဲက ထိုးထွက် လာခဲ့ပါတယ်။

လူတစ်ယောက် ကကျွန်တော့်ဆီပြေးလာပြီး
'ဟေ့ဟေ့ ငါမင်းကို ငါးရာပေးမယ်'လို့ ပြောပါတယ်
နောက်တစ်ယောက်ကလည်း အော်မေးတ်။
'ဟေ့ချာတိတ်၊ ငါခြောက်ရာပေးမယ်'တဲ့။

ကျွန်တော်က သူတို့နှစ်ယောက်စလုံးကို မကြားချင်ယောင် ဆောင်ပြီး စက်ဘီးဆီ ရောက်ရောက် ချင်းကယ်ရီယာပေါ်မှာ အိတ်ကိုတင်ပြီး ကြိုးနဲ့ သိုင်းချည်လိုက်ပါတယ်။ သူတိုကလုမှာ စိုးရိမ်စိတ် နဲ့ ကျွန်တော် အမြန်ဆုံး လစ်ထွက်ခဲ့ပါတယ်။
အိမ်ပြန်ရောက်တော့ မိဘတွေနဲ့ ညီမတွေက ကျွန်တော်ကို သူရဲကောင်တစ်ယောက်လို ကြိုဆို ကြပါတယ်။ ကျွန်တော်ကတော့ ပေကျံစုတ်ပြတ်ပြီး ခြေကုန်လက်ပန်းကျနေပါပြီ။ အိတ်ကို အဖေ့ လက်ထဲ ထိုးထည့်လိုက်ပါတယ်။ အဖေချိန်ကြည့်တော့ ကျွန်တော်ထင်တဲ့အတိုင်းပါပဲ။ ဆယ့်ငါး ကီလိုပဲရှိပါတယ်။ ဘာပဲ ဖြစ်ဖြစ် မိသားစုအတွက် တစ်ပတ်စာတော့ ရိကခါဖူလုံသွားပါတယ်။

မကြာခင်မှာပဲ လူတွေဟာ ပစ္စည်းတွေချရောင်းနေကြပါပြီ။ တစ်နေ့မှာ မိုးတွေရွာနေပါတယ်။ မိုးထဲ လေထဲမှာ လူတွေဟာ ပုရွက်ဆိတ်တန်းကြီးလို လမ်းပေါ်မှာ လျှောက်သွားနေကြတယ်။ ကျွန်တော် တို့ အိမ်နီးနားချင်း တွေ၊ အသိလယ်သမားတွေ အများကြီးပါတယ်။ မိန်းမတွေက မိုးဖိုချောင် ပစည်း တွေ ခေါင်းပေါ်ရွက် လို့ အချို့ကလည်း ရေပုံထဲမှာ အိုးတွေ ခွက်တွေ ပန်းကန်တွေ ထည့်လို့။ တချို့က အ၀တ်အစား ကိုတောင် ထုပ်ပိုးပြိး သယ်လာကြတယ်။ လူတစ်ယောက် ကြက်နှစ်ကောင် ကိုချိုင်းကြားတစ်ဖက် ဆီမှာ ဘယ်ညာပိုက်လို့။ ဆိတ်တွေကို ဆွဲလာတဲ့လူတွေလည်းပါတယ်။ သူတို့တွေက အာဟာရပြတ်နေကြသူတွေဖြစ်ပါတယ်။ ဝေးဝေးမလျှောက်နိုင်ကြဘူး။ ပစည်းတွေ ချ၊ ခဏနားပြီး လျှောက်နေကြရတာပါပဲ။

ကျွန်တော် အိမ်ရှေ့ထွက်ရပ်ပြီး လူတန်းကြီးကို ငေးကြည့်နေပါတယ်။ ခန်ဘာက ကျွန်တော့ ခြေရင်း မှာ ပျင်းတိပျင်းတွဲ လှဲအိပ်နေပါတယ်။ ယင်ကောင်တွေကို သူ့အမြီးနဲ့ ခပ်ပြီး မောင်းထုတ် နေပါတယ်။ ဒါပေမဲ့ အရင်ကလို သူ့အမြီးမသွက်တော့ပါဘူး။ သူ့ကိုဝအောင် မကျွေးနိုင်လို့ စိတ် မကောင်းဖြစ်ပြီ သူနဲ့မတွေ့အောင် ရှောင်နေတာ ကြာပါပြီ။ ဒီနေ့မနက်မှ ကျွန်တော့ကို တွေ့ သွားပြီး၊ ကျွန်တော့်အနား ကပ်နေတာပါ။ ကျွန်တော့်လိုပဲ သူကလည်း လူတန်းကြီးကို အိပ်လျက် ကငေးကြည့်နေပါတယ်။ သူတိုက အားလုံး ဟာ ဈေးဘက်ကို ဦးတည်ပြီး သွားနေပုံရပါတယ်။ တစ် သက်လုံး သုံးစွဲလာတဲ့ သူတို့ ပစ္စည်း ကလေး တွေကို ထုခွဲရောင်းချပြီး စားစရာရှာကြမှာ ဖြစ်ပါတယ်။ မိုးရွာနေတာကိုလည်း သူတို့ သတိ ထားမိကြ ဟန် မတူပါဘူး။ မိုးပါးသွားတာနဲ့ သူတို့နောက်ကို ကျွန်တော်လိုက်သွားပါတယ်။

မိုးဘယ်လောက်ရွာရွာ၊ ဈေးသည်အချို့ကတော့ ဧရာဝထီးကြီးတွေနဲ့ ဈေးရောင်းမပျက်ကြပါဘူး၊ ဒါပေမဲ့ ဈေးတန်း တော်တော်များများ ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်နေပါပြီ။ လမ်းမပေါ်က အိမ်ဆိုင်တွေ လည်း ပိတ်ထား ပါတယ်။
ဈေးကလေး ဟာ ရောင်းဝယ်ဖောက်ကားရာ နေရာမဟုတ်တော့ပဲ အသက်ရှင်ရေးအတွက် ကုန်ပစည်း ဖလှယ် တဲ့ နေရာ ဖြစ်သွားပါပြီ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, January 28, 2011

ခင်ခင်ထူး ၏ တောဘုရားပွဲ

တောဘုရားပွဲ

တစ်မနက်ခင်း အိမ်မှုကိစ္စ ဗာဟီရများဖြင့် ဂျက်လည်အောင် ပြေးပြေးလွှားလွှား လုပ်နေရခိုက် အိမ်ရှေ့ဆီက ကျွန်မ ကို တစာစာ ခေါ်နေသည့် အသံကို ကြားလိုက်ရသည်။ ဘယ်သူများပါလိမ့် ဆိုသည့် သိချင်စိတ်ဖြင့် အိမ်ရှေ့ ထွက်လာတော့ ခြံဝမှာ လူတစ်ယောက် ရပ်နေသည်။ ခြံတံခါး သစ်သား ချောင်းမလေးတွေကြားက ကျွန်မ ကို မြင်လိုက်ရတော့ ဝမ်းသာသွားပုံဖြင့် ပိုလို့ပင် အော်ပါတော့သည်။
မထူး မထူး ရေ ဟငါပါဟ ငါ့နှမရ ဖူးညိုပါ။ ငါ့ဟာ အိမ်များမှားသလားလို့ ပူနေသာ။ မျက်စေ့လည်နေသာဟ၊ သည် နားမှာတော့ ဟုတ်လောက်ပါသယ်တွက်ပြီး အော်ရသာဟေ့

 ကျွန်မ ခြံတံခါးဖွင့်ပေးလိုက်တော့မှ အလုံးကြီးကျသွားသလို အိမ်ထဲဝင်လိုက်လာရှာသည်။ ကိုဖူးညိုက အမေ့ အစ်မ က မွေးသည့် ကျွန်မအစ်ကိုဝမ်းကွဲဖြစ်၍ ရွာမှာ အနေများသူဖြစ်သည်။ မွေးစဉ်က နဖူးမှာ အညိုမှတ် ကလေး ပါလို့ ဖူးညိုခေါ်ကြရာက တစ်သက်လုံး ဖူးညိုဖြစ်ရတော့  သည်။ ရွာမှာ အရပ်ပြဇာတ် တွေကခဲ့စဉ်က ]ဝင်းမြင့်လေး} ဆိုသည့် အမည်ကိုယူခဲ့သော်လည်း ပြဇာတ်ပြီးတော့ ဖူးညိုပြန်ဖြစ်ရသူဖြစ်၏။ ပြဇာတ် တွေ ကခဲ့တာ အနှစ်နှစ်ဆယ်လောက်ရှိပြီ ဖြစ်သော်လည်း ဦးထုပ်ပျော့ဆောင်းသည့် ပြဇာတ်ပုံ ကိုတော့ မပြောင်းခဲ့။

အခုလည်း ဦးထုပ် ပျော့ခပ်ငိုက်ငိုက်၊ ပုဆိုးကွက်ကြဲ ခပ်တိုတို၊ စပို့ရှပ် အင်္ကျီကြားကြီး ဝတ်ထားကာ ပုခုံးမှာ ပုထုံး ထုံးထားသည့် လွယ်အိတ်ကလည်း ပါလိုက်ချေသေးသည်။ ရွာမှာတော့ ကိုယ်တော ပေါ့ပေါ့ပါးပါး လွတ်လွတ် လပ်လပ် အင်္ကျီမပါ ကျောပြောင်ကြီးနှင့် နေတတ်သည်။ သွားစရာ လာစရာရှိမှ အင်္ကျီ ကောက်စွပ်၊ ဦးထုပ်ဆောင်းကာ ပဲပွဲစားလိုလို၊ ဆေးပွဲစားလိုလို ပုံဖမ်းတတ် သည်။ တမြန်မနှစ်လောက်က ကျွန်မ တို့ မြို့သစ်အိမ်ကို သူရောက်ဖူးတာဆိုတော့ နေရာမမှတ်မိ ဖြစ်နေပုံရ၏။

မျက်စေ့လည်တယ်သာဆိုတယ် အိမ်တော့ရောက်လာသားပဲ။ မြို့သစ် က အကွက်တွေ နဲ့ ဆိုတော့် ရှာရ ခက်တယ် ဟာ...ငါ့နှယ် လူကိုသေချင်စော်နံငကရောဟာ။ အိမ်တိုင်းလည်း မေးဝံ့သာမှုတ်ဘူးရယ်၊ နင်တို့မြို့ကလူတွေက မေးနေသာပေမယ့် မဖြေချင့် ဖြေချင်ရယ်။ သည်လမ်းထဲရောက်မှ သည် အိမ်တော့ ဟုတ်လောက်သယ် ထင်ပြီး ကျုံးခေါ်သာဗျာ။ တော်ပါသေးရဲ့ နင့်တွေ့ရလို့။

 ကျွန်မ ကတော့ ရွာကအမျိုးတွေ ရိုးကြသားကြတာကို သိထားသူမို့ ကျွန်မတို့အိမ်ကို ထိုထို ပေါက်ရောက် အောင် ရှာရတာ ဘယ်လောက်များ စိတ်ကျဉ်းကျပ်ရှာလေမလဲလို့သာ တွေးနေမိ သည်။ အိမ်ထဲ ရောက်တော့ ရေတစ်ခွက် ဝ၀ကြီးသောက်ကာ၊ နားရွက်ညှပ်လာသည့် ဆေးလိပ် တိုကို မီးညှိဖွာနေသည်။ ပြီးမှ သူ့ဘုတုံးလွယ်အိတ်ကြီးကိုချကာ အထဲက အထုပ်တစ်ထုပ်ကို ဆွဲထုတ်သည်။ အထုပ်က သပ်သပ် ရပ်ရပ် ရှိသော်လည်း ဆီစတွေက ပေကျံနေတာ သတိထားမိ ပါသည်။ ကျွန်မက စိတ်ရှည် လက်ရှည်ဖြည်ကြည့်လိုက်တော့ မုန့်ဆီကြော်တွေ။ မုန့်ဆီကြော် အဖြူနှင့် အနီကို တစ်ယှက်ချင်း လက်ခုပ်လက်ဝါး ထပ်ကာ ငှက်ပျောဖက်ဖြင့် တစ်ထပ်၊ ကျွတ် ကျွတ်အိတ်ဖြင့် တစ်ထပ်ထုတ်ပိုးလာခြင်းဖြစ်၏။

သည်နှစ် ကိုးတောင်ပြည့်ဘုရားပွဲဖြစ်သဟ၊ ရွာမှာ မုန့်ဆီကြော်တွေ ကြော်ကြတော့ နှင့်အစ်မ ရှင်ခင်သိန်း က မန်းလေးက အမျိုးတွေဆီ ပို့ချေပါတော်ဆိုလို့ ပြည်ကုတို့နဲ့ လိုက်လာသာ၊ ဒေါ်ဒေါ့်အိမ်လည်း ဝင်ပေးခဲ့ပြီ ဒါ နင်တို့ဖို့၊ ဘုရားပွဲမုန့်ကလေး ငါ့နှမ ကြိုက်တတ်မှန်းသိလို့ ရောက်အောင်လာပို့ရသာဟ}}

 ရှင်ခင်သိန်းဆိုတာ ကိုဖူးညိုဇနီး ကျွန်မယောင်းမဖြစ်ပြီး ဒေါ်ဒေါ် ဆိုတာကတော့ ကျွန်မအမေ ကို ပြောခြင်းဖြစ်သည်။ ကျွန်မတို့ရွာတွင် အမေ၏ညီမကို ဒွေးလေး၊ ဒေါ်လေး စသဖြင့် ခေါ်ဝေါ် တတ်ကြ သော်လည်း ကျွန်မအမေက မြို့ရောက်နေသာ မြို့သူဒေါ်လေးဖြစ်သောကြောင့် ဒေါ်ဒေါ်ဟု မြို့သဘော ရောက်အောင် ခေါ်ခြင်းဖြစ်ပါ၏။

 မန္တလေးမှ မနက်ခြောက်နာရီလောက် သင်္ဘောစီးသွားလျှင် ကျွန်မတို့ရွာကို မွန်းတည့်လောက် တွင် ရောက်သည့် နေ့ဝက် ခရီးဖြစ်သော်လည်း ရွာကလာလျှင်တော့ ပြည်ကုတို့သင်္ဘောကမန္တလေး
ကို နေ့ချင်း မရောက်ပါ။ မြင်းမူမြို့မှာ တစ်ည အိပ်ရပ်နားပြီး နောက်တစ်နေ့ ညနေစောင်းမှ မန္တလေးကို သင်္ဘောဆိုက် တာ ကျွန်မသိနေတော့ အစ်ကို့စေတနာကို နားလည်လိုက်ရသလို၊ အဝေးရွာ မှာ နေကြ သော်လည်း ဆွေစိတ်မျိုးစိတ်ကြီးကြတာကိုပါ ခံစားမိရပါသည်။ မုန့်ဆီကြော် ထုပ်ကလေး မန္တလေးမြို့သစ် ကို ရောက်ဖို့ သင်္ဘောခ၊ ကားခတွေ ကုန်လှရော့မည်။ ပြီးတော့ အစ်ကိုက နှမြောတတ်ပါဘိသနဲ့။ အစ်ကို ကျေနပ် သွားအောင် သူရှေ့မှာပဲ မုန့်ဆီကြော်တစ်ချပ်ကို ခွာယူကာ အားပါးတရစားပြလိုက်သည် မုန့်ဆီကြော် က မန္တလေးမှာလည်း ရနိုင်ပါသည်။

သို့သော် သည်မုန့်ဆီကြော်ကတော့ ရွာကဘုရားပွဲမုန့်ဆိုသည့် အသိကြောင့် နှစ်ပေါင်းများစွာ ကွဲကွာ နေရသော အနံ့ကလေးစွက်နေသည်ဟု ကျွန်မစိတ်ထဲက အောင်းမေ့မိသည်။ ရွာဘုရားပွဲ မုန့်။ ကျွန်မတို့ ရွာဦးထိပ် ရှိ ကိုးတောင်ပြည့် ဘုရားပွဲမုန့်တွေကို ကျွန်မအီနေအောင် စားခဲ့ရတာ မဟုတ်လား။

 ကိုးတောင်ပြည့် စေတီသည် ကျွန်မတို့ရွာအရှေ့ဘက် သစ်ခင်းပဲခင်းစပ်တွင် တည်ရှိသော ဘုရားဖြစ်သည်။ ဟိုတစ်ချိန် တုံး က ပေါ်ခဲ့သော ]ဘုရားလေးငယ်ငယ် ကိုးတောင်ပြည့်အောင် တည်၊ ငယ်သာ ငယ်ကယ် ဆယ်မယ့် ဘုရား ဆိုသည့် အတိတ်တဘောင်စကားအရ ကျွန်မတို့ဘကြီး ဘုန်းကြီး ဦးတိက္ခကိုယ်တော်တိုင် ဦးဆောင် ၍ ကိုးရာ၊ ကိုးကျပ်၊ ကိုးမူး၊ ကိုးမတ်၊ ကိုးပဲ စသဖြင့် ကိုးနဝင်းကြေ အများကောင်မှု တည်ခဲ့သော ဘုရား ဖြစ်ပါသည်။ နှစ်စဉ် ကဆုန်လ ပြည့်ကျော် ၄ ရက်၊ ၅ ရက်နေ့များတွင် ဘုရားပွဲကျင်းပကြသည်။ စည်စည် ကားကား သိုက်သိုက်မြိုက်မြိုက်ကြီး မဟုတ်တော့သော်လည်း ကိုယ့်ရွာနှင့်ကိုယ်ဘုရား တတ်နိုင်သည့် နှစ် တတ်နိုင်သလို ချဲ့ကြကာ ရေမိုးမသာ သီးနှံမကောင်းသည့် နှစ်တွေမှာတော့ ဆွမ်းကြီးလောင်း ပွဲ လောက်နှင့် ပြီးရသည်လည်းရှိပါ၏။

 အမေတို့ငယ်ငယ်က တောင်မီလိုပ်ပါသေးအေ၊ ကိုးတောင်ပြည့် ဘုရားပွဲဆို ရုပ်သေးပွဲတွေကို တခြိမ်းခြိမ်း နဲ့၊ မန္တလေးက စုန်လာသဲ့ရုပ်သေးလှေ အောက်ပြည်ကတတ်လာတဲ့ ရုပ်သေးလှေ၊ ပွဲတော်ရက်နဲ့ တိုက်ဆိုင်ပြီး ရွာဆိပ်ကမ်းကပ်ပြီး ကကြသာပဲ။ အနားရွာတွေကလည်း လှည်းတွေနဲ့ လာကြသာကော၊ ရုပ်သေးပွဲ ဆိုပေသိ လှည်းတပ်ကြီးရံထားသာကိုက ဟီးတို့ စည်ခဲ့ရှာပအေ}
 အမေက ကိုးထောင်ပြည့်ဘုရားပွဲတွေအကြောင်း ပြောပြတတ်သည်။ ရွှေဘိုတင်မောင်၊ ပုဏ္ဏားပျံ ကျော်အေး ရုပ်သေးသဘင် များ ကျွန်မတို့ရွာတွင် ကခဲ့ဖူးကြောင်းလည်းပါသည်။ ကျွန်မ တို့လူမှန်းသိတော့ ရုပ်သေးပွဲ ရယ် လို့ မကြည့်လိုက်ရပါ။

မန္တလေးဇာတ်၊ မြင်းခြံဇာတ်တွေ ထည့် သည့်နှစ်ရှိသလို တချို့နှစ်တွေမှာ မြို့မင်းသမီးတစ်လက် နှစ်လက်လောက် ငှားကာ အရပ်ဇာတ်ခင်း သည့် နှစ်တွေလည်း ရှိသည်။ အရပ်ဇာတ်ဆိုတာကတော့  ကတတ် ခုန်တတ်၊ ပြဇာတ်သရုပ် ဆောင်တတ်သည့် မြင်းခြံမြို့မှာ ခေါ်ကောက်လိုက်သော မင်းသမီး ခပ်ရွယ်ရွယ် တစ်လက် နှင့် ရွာ ကာလသား ကာလသမီးတွေ ပါဝင်ကပြသည့် ရွာဇာတ်ကိုခေါ်ခြင်းဖြစ်သည်။

သည်တုန်းက ကျွန်မအစ်ကို ကိုဖူးညိုက ပြဇာတ်မင်းသား၊ ရုပ်ရည်ကလေးက သနရုပ္ပရှိသည်၊ အသံကောင်း သည်။ ဆွေကြီးမျိုးကြီးဆိုတော့ အကုန်အကျခံနိုင်သည်ဆိုသည်နှင့်ပင် ကိုဖူးညိုပြဇာတ်မင်းသား မဲကျတာ များသည်။ ကျွန်မတို့လို မြို့ရောက်ဆွေမျိုးသားချင်းများကလည်း ကိုးတောင်ပြည့် ဘုရားပွဲရက်ရောင်တိုင်း ရွာ ရောက်အောင် ပြန်ကြမြဲဖြစ်သည်။ ဘုရားပွဲကို နှစ်စဉ်ဝတ်မပျက် ကျင်းပကြသည် မှင်သော်လည်း ဇာတ်ငှားနိုင်သည့် နှစ် တွေမှာတော့ ]သည်နှစ်ဘုရားပွဲဖြစ်တယ်} လို့ သုံးတတ်ကြသည်။

ငါတို့ရွာ သည်နှစ်ဘုရားပွဲဖြစ်သတော်၊ မြို့တော် အောင်ကြည်သန်း စရံသပ်ပြီးပြီ၊ ကိုရင်ဆာမိတို့ မန်းလေး တတ်ငှားကြသာ ရက်ရသယ်ကြားသာပဲ။ အေးစိန်တို့ကတော့ ဇာတ်ခုံ ပေါ် တက် ကျွမ်းထိုး လိုက်ချင် သေးတော်၊ ပတ်စာခွာ ဖျာသိမ်းရုံမကဘူး နချေးခြောက်တောင် ကောက်ပေးလိုက်ဦးမယ် အဟုတ်ပဲ}}

 ယောကျာ်းသားတွေက ဘုရားပွဲဖြစ်ပြီဆိုသည်နှင့် ပုဆိုးရင်ခေါင်းတစ်မြှောက်မြှောက် ရှိကြပြီ။ မိန်းမသား တွေကလည်း ပွဲခင်းထဲ ဖျာနေရာဦးဖို့ တပြင်ပြင်ဖြစ်ကြပြီ။ ရွာမှာ ဇာတ်ပွဲပါသဟဲ့ဆို တာကိုက ရွာဂုဏ်ကြီးခြင်း တစ်မျိုးလို့ ခံယူကြသည်။ ဘုရားပွဲရက်မတိုင်ခင်ကတည်းက ကိုးတောင်ပြည့် စေတီ ဝန်းကျင် ကို ရှင်းကြလင်းကြသည်။ ရေသပ္ပါယ်ကြ၊ ထုံးသင်္ကန်းကပ်လှူကြ၊ ခြံနွယ်ပိတ်ပေါင်းတွေ ရှင်းကြနှင့် ပျော်နှင့်ကြရပြီ။ ဇာတ်ခုံက သည်နေရာ၊ ပွဲခင်းကသည်နေရာ၊ ဈေးဆိုင်ကန္နားတွေကသည်ဘက်၊ ပွဲကြည့် က သည်လောက်အကျယ်၊ လှည်းတပ်က သည်လောက် အထိ ဆိုဆန့်တန်ကောင်းပါရဲ့။ ရွာလုံးကျွတ် အစည်းအဝေး မှာ ဆုံးဖြတ်တာကို တစ်ရွာလုံးနာခံ ပြီး ဘာကိုမှ လျှို့ဝှက်ထားတာမရှိ အားလုံးသိနှင့် ပျော်နှင့်ကြရပါ၏။

 မြို့က ပွဲငှားပြန် တို့ပါလာသည့်ဇာတ်ပိုစတာကို ရွာလယ်ညောင်ပင်ကြီးမှာ တစ်ချပ်၊ ရွာ မြောက်ဖျား ရေချမ်းစင် မှာ တစ်ချပ်၊ ရွာတောင်ဘက်တံတားဦးမှာတစ်ချပ် ကပ်လိုက်ပြီဆိုလျှင် တော့တစ်ရွာ စီစီညံ လေ တော့သည်။

မင်းသားကချောလိုက်သာတော်၊ အကတော့ ဘယ့်နှယ်နေမယ်မသိဘူး။ ဟိုးအရင်လေး နှစ် က လာက သွား သဲ့ မင်းသား နောက်ပိုင်းကောင်း ချက်တော့ တောင်ရပ်က မမယ်ချစ်ကြီး ပွဲခင်းထဲတင် ကျူကျူပါ ငိုသာ မှတ်မိ လားကောင်မ၊ အခုဇာတ်က ကိုဆာမိ အပြောဖြင့် မန်းလေး မှာ နာမည်ကြီးထဲကသဲ့အေရဲ့}}

  တစ်ရွာလုံးပျော်ကြပြီ။ သည်ပိုစတာတွေကို တခြားရွာတွေကလည်းလာကြည့်ကြတော့ သတင်းက နှစ်တိုင်းသုံးတိုင်ခရီးကို ထိုထိုပေါက်ရောက်နှင့်လေပြီ။ တစ်ရွာကလာမည့် ပွဲကြည့်များတည်းဖို့ခိုဖို့၊ လှည်းချွတ်ဖို့၊ နွားရေတိုက်ဖို့ကအစ စားဖို့သောက်ဖို့စတည်းချနိုင်ဖို့ပါ ရွာမျက်နှာမပျက်ရအောင် စီမံ ထား နှင့် ရသည်။ သူတို့ရွာဘုရားပွဲပါတော့လည်း သူတို့တာဝန်ယူ ကြတာဆိုတော့ ကိုယ့်ရွာပွဲမှာလည်း ကိုယ့်ဧည့်ဝတ်ကျေ ရမှာပ၊ ဇာတ်ပိုစတာကို လူကြီးတွေက နေမဝင်မီဖြုတ်သိမ်းကြရသည်။

ညဖက်ရွာတံတားကြီး လှပ်ထားဦးတော့ ပဲတစ်တောင်း၊ နှမ်းတစ်တောင်း မပျောက်ဖူးသည့်ရွာ ဆိုသော်လည်း ဇာတ်ပိုစတာကတော့ ပျောက်ကောင်း ပျောက်နိုင်သည်။ ဇာတ်ပိုစာကို လိုချင်ကြသူ တွေများတော့ မနက်ဖက်မှာ ချိတ်ညနေဖက် ပြန်သိမ်း လုပ်ကြရသည်။ ဇာတ်ပိုစာကိုကြည့်၍ အကဲခပ်သူ ဝေဖန်သူ တွေလည်း တစ်ယောက် တစ်ပေါက်ရှိသည်။ မသေချာလျှင် ဇာတ်ငှားသူ ကိုဆာမိကို မေးနိုင်ကြပါ၏။

မင်းသားမင်းသမီးတွေရော လူပြက်တွေရော ငါအကုန်ခေါ်ကြည့်ခဲ့သာပါကွာ၊ ထမင်းတောင် ကျွေးလွှတ် လိုက်ကြသေး၊ သူတို့ဇာတ်မကောင်းရင် ရွာကမကြိုက်ရင် ငွေတောင်ပြန်အမ်းမယ်ဆို သာ ငါက အပိုင်ချည် လာခဲ့သာပါဟ}}

 တကယ်ကမည့်ရက်နီးလို့ ရွာဆိပ်ကမ်းကို ဇာတ်မော်တော် ဆိုက်ပြီဆိုလျှင်တော့ ကမ်းပါးပြို အောင် ထွက်ကြည့် ကြတာ ကိုက အားရစရာကောင်းလှပါသည်။ ဇာတ်ကြိုမည့်လှည်းတွေ လူတွေကြား ဥသေးဥမွှား မကျန် တိုးခွေ့ကြည့်ကြတာမို့ ကျွန်မတို့ကလေးများက အဆူအငေါက်ခံကြရမြဲ။ ဇာတ်သေတ္တာကြီးတွေကို တစ်ယောက် တစ်လက် ထမ်းဟယ်ပိုးဟယ် နှင့် ကိုယ်နိုင်ရာ တာဝန်ထမ်းကြကာ ဇာတ်ခုံရှေ့ ကွင်းလယ်မှာ ပုံထား လိုက်ကြသည်။

မော်တော်ပေါ်က ဆင်းပြီး ကမ်းပါးပေါ်တက်လာသမျှ ဇာတ်သူဇာတ်သားတွေကို ကမ်းပါးထိပ်မှ စောင့်ကြည့် ကြရင်း ဒါက ပိုစတာထဲက မင်းသား။ ဟောဒါ သဇင်ပန်းတွေ ပန်ထားတဲ့ မင်းသမီး၊ သူကတော့ လူပြက် စသဖြင့် ရင်းနှီးပြီးသားလူတွေလို အကဲဖြတ်ကြသည်။ ဇာတ်မော်တော် ရောက်ချင်သည့်အချိန်ရောက် ရွာက ထမင်းကျွေးစရာ အဆင်သင့်ရှိကြသည်။ တစ်အိမ် ထမင်းတစ်အုပ်ကျ ခေါင်းရွက်တင်ကာ ပို့ကြတာ၊ ရေအိုးတစ်အိုးစီ မ လာကြတာကပဲ စားမကုန်သောက်မကုန်နိုင်ပါ။ ကျွန်မတို့ရွာက အိမ်ခြေနှစ်ရာလောက် ရှိတာ ဆိုတော့ တောင်ရပ်၊ မြောက်ရပ် အလှည့်ကျ တာဝန်ယူသွားခြင်းဖြင့် ဇာတ်ကလည်း ရွာကိုခင် ရွာကလည်း ဇာတ်ကို သံယောဇဉ် ဖြစ်ကြရသည်။ ရေနွေးကြမ်းသောက်လှည့်ပါဦး၊ ကွမ်းဆေးလက်ဖက် ဧည့်ခံစမ်း ပါရစီ ဆိုတာတွေလည်း တသောသောနှင့်။ ဇာတ်မကခင်ကပင် ရွာနှင့် ဇာတ်လုံးမိကြပြီ။

ရွာ မှ ဇာတ်ပါသဲ့နှစ်များတော့ ကိုးတောင်ပြည့်ဘုရား လေးတောင်တန်ခိုးတော်ပွင့်သာ မပြောနဲ့ တော့။ တစ်သက်လုံး မြင်နေကျ ရွာထိပ်ကစေတီဘုရားပွဲတော်များကျမှ ထုံးသင်္ကန်းတဖွှေးဖွှေး ပန်းဆီမီး ရေချမ်းတွေ နဲ့ မြိုင်နေချင်တော့  လူပြက်တွေကတောင် ထည့်ပြက်သယ်။ တို့ဘုရားလေးလည်း သည်ရောက် မှ ဆွမ်းဘုန်းပေးရသယ်ဆို့တော့ ရွာကရယ်လိုက်ကြသာ  ဘာပြောကောင်းမတုန်း။
    အမေက ကိုးတောင်ပြည့်ဘုရားကုန်းမှာ  ပွဲကြည့်ရသည့်အကြောင်းပြောတိုင်း  လူပြက် ပြက်တာ    ကို ထည့်ပြောတတ်သည်။ ရွာမှာ ဘုရားပွဲဖြစ်သည်ဆိုလျှင် ဆွမ်းကြီးလောင်းဖို့ ဧည့်ခံ ကျွေးမွေးဖို့ မတိုင်ခင်တစ်လ နှစ်လ လောက်ကတည်းက စုကြဆောင်းကြရှာကြဖွေကြရသည်။

မုန့်ထောင်းကြ၊ ဖက်ရွက်ခုတ်ကြ၊ မုန့်နှဲကြ၊ မုန့်ကြော်ကြနှင့် တစ်ရွာလုံး အုံးအုံးကျွတ်ကျွတ်။ ကျွန်မ တို့ အိမ်မြောက်ဘက် ရှိ မောင်းစင်ကလေးမှာ တစ်ချိန်လုံး မအားရမနားရ။ မုန့်ကြော်သည့် ရက်တွေမှာတော့ တစ်ရွာလုံး ဆီကြော်နံ့တွေ လှိုင်နေတတ်သည်။ မုန့်ဆီကြော်၊ မုန့်ဖက်ထုပ်၊ မုန့်ခဲဖွယ်၊ မုန့်ပဒူ(မုန့်ပျားတူအုံ)၊ မုန့်ကြက်အူ စသဖြင့် အညာကျေးလက်ကောက်ညှင်း၊ ထန်း လျက်၊ မုန့်နံ့တွေ ထောင်းထောင်းထ နေ တတ်သည်။

သည်မုန့်တွေကို ကျွန်မတို့ရွာက ဘုရားပွဲ မုန့်လို့ ခေါ်ကြသည်။ အိမ်တိုင်းမှာ ဘုရားပွဲမုန့်တွေ တင်းကြမ်း။ မတတ်နိုင်သူကပင် သဒ္ဓါ စိတ်ဖြင့် ချေးငှား၍ မုန့်လုပ်ကြသည်။ ရွာသံဃာ၊ အဝေးသံဃာအပါး တစ်ရာ နှစ်ရာ တတ်အားသရွေ့ လောင်းလှူကြရမှာ မဟုတ်လား။ အဝေးကလာသည့် သူ့မိတ် ကိုယ်မိတ်၊ သူ့ ဆွေ ကိုယ့်မျိုး လှလှပပ ဧည့်ခံကျွေးမွေးကြရမှာ မဟုတ်လား။ လက်ချည်းငုတ်တုတ်ထိုင်လို့ မနေသာကြပါပေ။

သည်ရက်တွေမတော့ ပေါလိုက်သယ် ဘုရားပွဲမုန့်၊ သူ့အိမ်လည်းမုန့်နံ့ ငါ့အိမ်လည်း မုန်နံ့၊ ကလေးတွေ များဆို ပါးစပ်တကာဆီကိုစိုလို့၊ မစားနိုင်ပေါင်အေ၊ အနဲ့နဲ့ကို အီတောက်နေတော့သာ၊ အဲပွဲတော်ရက် ပြီးရင်ဖြင့် မှိုတက်နေသဲ့ မုန့်ဆီပူ ထိုးစားရသာကိုက မုဆိုးမ မပုံဆိုးလုပ်သဲ့မုန့်၊ ဆင်းရဲ ရှာတော့ ဆီပျား မတတ်နိုင်ရှာဘူး။ ကောက်ညှင်းမှုန့်ကလေး ထညက်ရေ (ထန်းလျက်ရည်) ကျဲကျဲ နဲ့နှဲပြီးထဖူး (ထန်းဖူး) ကလေးနဲ့ လုပ်သဲ့မုန့်ကြောင် လျှာ လေးတွေလိုပဲ။ သည်မုန့်ကို တို့ရွာက ကြောင်လျှာ မုန့် လို့လည်း ခေါ်သယ်။ မပုံဆိုးမုန့်လို့လည်း ခေါ်သာပဲ

 အမေပြောသည့် ကြောင်လျှာမုန့်ဖက်ထုပ်ကလေးများကိုလည်း ကျွန်မ လွမ်းမိရပါ၏။ မုန့်ဖက် ထုပ်လုပ်သည့်အခါ ပေါင်းချောင်ဖြင့်ပေါင်းလျှင် တစ်အိုးကို မုန့်အစိတ် သုံးဆယ်ဘဲပေါင်းနိုင် တာမို့ ကျွန်မတို့ရွာကတော့ မိုးဗြဲဒယ်ကြီးများဖြင့် ပေါင်းကြသည်။ ငှက်ပျောဖက်ကလေးများဖြင့် ထုပ်ထားသော မုန့်ဖက်ထုပ်ကလေးများကို နှီးဆန်ကာ ပေါ်စီတပ်ထည့်ကာ မိုးဗြဲဒယ်ထဲက ရေဖြင့်မထိအောင် တင်ရသည်။ ပြီးလျှင်အပေါ်မှ ဆန်ကောတစ်ချပ်အုပ်ထားလိုက်သည်။

မိုးဗြဲ ဒယ်ကြီးထဲက ရေနွေးဆူသံ တဂွပ်ဂွပ်ကြားရလျှင် ဆန်ကာကြားက အငွေ့တွေလှိုင်လှိုင်ကြီး ထွက်လာပြီ။ နာရီဝက်သာသာရှိလျှင် ဆန်ကောကိုလှပ်၍ မုန့်ဖက်ထုပ် တစ်ခုကို ဆယ်ပြီး နှပ်မနှပ်ဖြည်ကြည့်သည်။ မုန့်မနပ်သေးလျှင် ပြန်နှပ်ထား၊ မုန့်နပ်ပြီဆိုလျှင်တော့ ဆန်ကာကိုချ၊ ပြီးမှ ဆန်ကောကိုလှပ်ကာ မုန့်တစ်ထုပ်ချင်းဆယ်၍ တောင်းကြီးတွေထဲ ထည့်ထားရသည်။ မိုးဗြဲတစ်ဒယ်စာ မုန့်ဖက်ထုပ်က အခုလေးငါးခြောက်ဆယ်ပေါင်းလို့ ရတာမို့ မုန့်လုပ်ရာမှာ ခရီးတွင်သည်။ ဆွမ်းကြီးလောင်းဖို့ရော၊ ဧည့်ကျွေးဖို့ရောဆိုတော့ မုန့်နှစ်ဒယ် သုံးဒယ်စာ လုပ်ရပါသည်။

 မုန့်ဆီကြော်နှင့် မုန့်ဖက်ထုပ်ကတော့ ဒိုင်ခံလုပ်ရသော ဘုရားပွဲ မုန့်ဖြစ်သည်။ တချို့အိမ်တွေ ကတော့ မုန့်ခဲဖွယ် ကြော်၍လည်း ဆွမ်းလောင်းကြသည်။ မုန့်ခဲဖွယ်က တစ်ခုချင်း လုပ်ရတာ မို့ လက်ဝင်သည်။ တခြားသားရေစာ ဧည့်ခံမုန့်အဖြစ် မုန့်ကြာစေ့၊ မုန့်ဗိုင်းတောင့်၊ မုန့်လက် ကောက် စသဖြင့်လည်း လုပ်တတ်ကြပါသေးသည်။

 ဘုရားပွဲရက်တွင် ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူရုံမက လာသမျှ ညအိပ်ညဥ့်နေ ဧည့်ကျွေးဖို့က လည်း ရှိသေးသည်။ ဝက်သားဆိုလည်း အချိန်တစ်ဆယ်၊ ဆယ့်ငါးချက်ကြရသည်။ ဘုရားပွဲမ တိုင်ခင် တစ်လလောက် အလိုကတည်းက အချဉ်တည်ဖို့ ရည်ရွယ်ကာ မတ်ပဲ၊ ပဲလွန်းစသည့် ပဲစေ့ကလေးများကို ကျင်းခတ်၍ သဲကလေးစပ်စပ်ခင်းကာ ထန်းလက်များအုပ်၍ ပဲတီပင်ဖောက် ကြသည်။ ပဲတစ်ပြည်သား၊ နှစ်ပြည်သား ပျိုးထားသော ပဲပင်ပေါက်ခင်းကို ပြေးပြေးပြီး ထန်းလက်မမကြည့်ရတာအမော။ ဘုရားပွဲနီလာတော့ ပဲပင်ပေါက်ခင်းကလေး ဖော်ကာ ခြင်းကြားတောင်းကြီးများဖြင့် ဧရာဝတီမြစ်ထဲ ဆင်းကာ ပဲပင်ပေါက်ဆေးကြရတာကိုက ပျော်စ ရာ။ ဖွေးဖွေးလှုပ်နေသော ပဲပင်ပေါက်ကလေးများကို အချဉ်တည်ပြီး ဘုရားပွဲရက်ရောက်မှ အိုး ဖော်ကာ စားကြသည်။ ကျွန်မတို့ရွာ အရှေ့ကြည်းတောတန်း ရွာကတော့ ဝါစေ့ကို ပဲပင်ပေါက် ဖောက်တတ်ကြပါသည်။

နောက် အမာခံဟင်းတစ်ခွက်က ကြက်သွန်နီနှင့် ငရုတ်သီးကို ခြောက် ခြောက် ကြော်ထားသည့်ကျွန်မတို့နယ်အခေါ် ဆီမီးခုံ ငရုတ်သီးကြော် ဖြစ်သည်။ ပဲပေါသော အရပ်မို့၊ ပဲနှပ်ဟင်း တစ်မယ်လည်းပါသေးသည်။ ကျောက်ဖရုံသီး၊ ဗူးသီး တွေကိုလည်း အိမ်တိုင်းမှာ ကျင်းထားတတ်သည်။ ဘုရားပွဲပြီးလျှင်တော့ သည်ဟင်းအမယ်တွေပေါင်းပြီး ဝက်သားဟင်းလေး အိုးကြီးတည်ကြသည်။ ဟင်းလေးချက်က ဟောင်းလေကောင်းလေ ဆိုတာ မျိုး ဖြစ်၏။

 ဘုရားပွဲပြီးသွားသည့် နောက်တောင်အကုန်အကျ ဂုတ်ခြင်းပြိုင်ကာ အနိုင်ယူတတ် ကြပါသေးသည်။
သည်နှစ် ငတို့အိမ် ဧည့်ထောင်းချက်ရက်စက်သယ်။ ဆန်တစ်တင်းခွဲ အိတ်ချောသာပဲ။ ကောက်ညှင်း ကတစ်ခွဲအေ၊ ထန်းလျက်က အချိန်တစ်ဆယ်၊ မြေပဲကတော့ ပြောမနေနဲ့ ပုတ်ထဲ က ထင်သလောက် ကျုံး သာပဲ။ ဝက်သားကအချိန် ဆယ့်ငါးတော်}}

 ]]တော်တို့ချည်းမမှတ်နဲ့ မအုံးစိန်ရေ၊ ကျုပ်အိမ်လည်း ဝယ်ထားခြမ်းထားသမျှ တက်တက်စင် သာပါပဲ။ အိမ်ရှိသမျှ မိန်မလေးယောက် မီးဖိုချောင်က ထွက်ရသယ်ရှိပေါင်၊ ထမင်းဆိုသဟာ များ ချက်လိုက် တောင်းထဲလောင်းချလိုက်နဲ့၊ အမဲအချိန်တစ်ဆယ် မလောက်လို့ ဗူးသီးခင်းထဲ ဖြတ်ပြေးရသေးသာတော့}}

 ]]ချက်ရပြုတ်ရ ကျွေးရမွေးရသာ အသာထားဦး မိဂျမ်းပုံရဲ့ ငတို့အိမ်က သောက်ရေအိုးကိုက မြစ်နဲ့ဆက်ထားရသလားမှတ်ရသယ်။ ဧည့်များလွန်းလို့}}
 တို့က အကုန်အကျ ပိုခံနိုင်တယ်၊ ပိုချမ်းသာတယ်ဆိုသည့် သဘောဖြင့် ဂုတ်တု ဂုဏ်ပြိုင် ပြောမဟုတ်ဘဲ သည်လို အကုန်အကျများခြင်းသည်ပင်လျှင် သူတကာထက် ဧည့်ပိုလာကြောင်း မိတ်ဆွေရောင်းရင်း ပိုများကြောင်း ဂုဏ်လုပ်ကြခြင်းသာ ဖြစ်ပါ၏။

 အခုတော့ နှစ်ပေါင်းတော်တော်ကြာ ဝေးကွာခဲ့ရသော ကိုးတောင်ပြည့် ဘုရားပွဲက ဘုရားပွဲမုန့် တွေ ကျွန်မတို့ မိသားစုစားရပြန်ပြီ။ သည်နှစ် ကိုးတောင်ပြည့်ဘုရားပွဲ ဇာတ်ပါသလားဆိုတော့ အစ်ကိုက မပါကြောင်း ပြောပြသည်။ အလှူအတန်းတွေရော စည်သလားဆိုတော့ နိုင်သလောက် ပေါ့ဟာလို့သာ ဖြေသည်။ ရွာမှာကလည်း ကျွန်မတို့ ငယ်ငယ်တုန်းကလို မဟုတ်တော့ပါ။ မြို့ကို အရောက်အပေါက်၊ အပြောင်း အရွှေ့တွေများလာကြပြီဆိုတော့ သစ်ခင်းသစ်ကွက်လုပ်သူ ကိုင်သူတွေလောက်သာ ရွာခြေ ကပ်နေကြတော့သည်။

ဇာတ်ပွဲမထည့်နိုင်တာလည်း ကြာပြီဆိုပါ၏။ ]သည်နှစ်ဘုရားပွဲမှာ ဗီဒီယို မိုးလင်းပြသယ်၊ ငါးကားတောင် ပြသာ ဆိုတော့ စည်သားဟ} ဆိုလို့ ကျွန်မမှာ ဘယ်လိုခံစားရမှန်းမသိအောင် ဖြစ်ရပါသည်။ ကျွန်မတို့ ရွာဘုရားပွဲ ကို ဇာတ်မင်းသားတွေ မရောက်နိုင်ကြဘဲ ဗီဒီယိုမင်းသား မင်းသမီးတွေ ရောက်ကြ တော့လည်း ပြီးတာ ပါပဲလေလို့ သဘောထားရတော့သည်။
 ရွာဘုရားပွဲ နှင့် ရွာဘုရားပွဲ မုန့်တွေကိုတော့ အလွမ်းသား။ 

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၆)

ဖေဖေ့ကို ဗြောင်စော်ကားလာကြသည် ၊ မေမေ့အရိပ်ကို ခိုလှုံနေသူတို့ပင် ဖေဖေ့ကို "ခိုင်းတိုင်း ရသည့် လူကြီး တစ်ယောက်လို ဆက်ဆံလာကြသည်"
မေမေ ကမူ ထာဝရပြုံးနေ၏၊ အုပ်မရသော ကျမတို့ မျက်မြင်ကိစ္စများပင် "သည်းခံပါသမီး" ထိုစကားလုံးနှင့် ကျမ တို့ကို နှစ်သိမ့်၏။

"မသိန်းတင် သားသမီးတွေဟာ အနုံအ,အတွေပါ၊ ဘယ်တော့မှ လူရာဝင်မှာမဟုတ်ဘူး"ကျမတို့၏ ဆွေးမျိုးတော် တယောက်ကပါ ပြောလာ၏။ မေမေကတော့ ဒေါ်ခန္တီပါပင်တည်း၊ တခါတရံတွင်သာ ကျမ ထက် အကြီးဖြစ်သူ အမ-တင်ဦးနှင့် မေမေသည် ခြံတွင်းရှိ ကွမ်းသီးပင် နှစ်ပင်ကြားရှိ ခုံတန်း လျား တွင် မျက်ရည်စ များနှင့် စကားပြောနေကြ၏။ သူတို့ကိုတော့ တယောက်ယောက်က နှိမ်လိုက် ဟန်ရှိပါသည်၊ ကျမကို မြင်လျှင် မျက်ရည်ကို ကမန်းကတန်းသုတ်၍ ပြုံးကြ၏ မျက်နှာကို ပြင်ကြ၏။

သူတို့အထဲတွင် ကျမသည် လူမိုက်ပါပင်တည်း။
"မေမေ.......ကိုကိုကြီး (ဦးနု) က ခွင့်လွတ်ဖို့ တရားကိုဟောတယ်၊ မေမေက သည်ခံဖို့ အမြဲဆုံးမ တယ်၊ သမီး မေမေ့ ကိုတော့ ချစ်ပါတယ်၊ ဒါပေမယ့် သမီးဟာ ဦးနုလဲ မဟုတ်ဘူး၊ ဒေါ်သိန်းတင်လဲ မဟုတ်ဘူး၊ မိခင်ယု ဟာ မိခင်ယူဘဲ၊ သမီးကတော့ မေမေတို့လို ငုံ့ခံနေလိမ့်မယ် မအောင်မေ့နဲ့ ဖေဖေ့ကို စော်ကား တဲ့ လူ မှန်သမျှ ဟောဒီအိမ်အိုကြီးပေါ်မှာ နေတဲ့လူ ဘယ်သူ့ဘက်က အမျိုးဖြစ်ပြီး ဆော်ထဲ့မှာဘဲ"

တကယ်ပါပင်တည်း ကျမငယ်ငယ်က မိုက်လည်းမိုက်သည် စွာလည်းစွာသည် သတ္တိရှိမရှိတော့မသိ ဘယ်သူ့ ကိုမဆိုယှည်ပြိုင်တိုက်ခိုက်ရန် အမြဲအဆင်သင့် ဖြစ်နေတတ်၏။ ရန်လိုတတ်၏ ဟုဆိုလျှင် ပို၍ မှန်မည်။ မေမေ၏ မျက်လုံးစွန်းဝယ် မျက်ရည်စများ ညှိတွယ်နေသည်ကိုကျမ မကြည့်ရက်နှလုံး သားထဲမှာ နာကျင်၏
"သမီးနော်.......မိခင်ယုနော်..အေးအေးနေ မေမေဒါဘဲပြောမယ်" ဒါလောက်ပြောကာခန္တီ တရားကို ဆက်၍ ဟောတတ် ပါသည်။

"မဟုတ်သေးပါဘူးမေမေရာ ဖေဖေက အရူးကြီး တယောက်ဘဲဖြစ်နေပါဘီတဲ့ သူတို့ခိုလှုံနေရ ဒါဟာဖေဖေ နဲ့ မေမေ့အိမ်ဆိုတဲ့ ကျေးဇူးတရားကို သိတတ်ရင်ဖြင့် ဖေဖေ့ကို လေးစားဖို့ ကောင်း ပါတယ်....."

"ကိုယ့်ဖေဖေကလဲ သူတိုကလေးစားအောင် နေရမယ် ဆိုတဲ့ သိက္ခကို ထိန်းသိမ်းနိုင်လောက်တဲ့ ဦးနှောက် မှ မရှိဘဲကွယ်၊ ခွင့်လွတ်ပါသမီးရယ်......."
"မဟုတ်ဘူး......မဟုတ်ဘူး၊ မေမေ့အမျိုးတွေကလဲ သမီးတို့ကိုလဲ အရူးကြီးသားသမီးတွေဆိုပြီး ဘယ်တော့ မှ လူညွန့်တက် မှာ မဟုတ်ဘူးဆိုပြီး နှိမ်ချင်တယ်.......ပြီးတော့လဲလေ သမီးမြင်နေ တယ်........"
သူတို့သားအမိနှစ်ယောက်မှာ ကျမစကားလုံးကို စူးစိုက်စွာ နားထောင်လာကြ၏။

"ငယ်ငယ်က ဖတ်စာထဲကလိုဘဲ"
"ဘာဖတ်စာလဲ"
မေမေကသာမေးသည် မမကဘာကလုံးမှ ၀င်မပြောသေး။

"အာရပ်လင်မယား က ချမ်းအေးတဲ့ ညတညမှာ ကုလားအုပ်ကြီးက ချမ်းလွန်းလို့တဲ့ သူတို့ လင်မယား ထဲက ခေါင်းလေးသွင်းနေပါရစေတဲ့၊ လင်မယားနှစ်ယောက်ကလဲ သဘောထားက ကောင်းတော့ နေခွင့်ပြု တယ်လေ၊ နောက်ကုလားအုပ်ကြီးက ခေါင်းတင်မက ကိုယ်ပါသွင်းနေပါ ရစေဖြစ်လာရော လင်မယား နှစ်ယောက်လုံး ကလဲ သဘောကလဲကောင်း၊ ချမ်းမှာလဲစိုး သနားတတ်တော့ အလျော့ပေးလိုက်ဒါ ကုလားအုပ်ကြီး က တကိုယ်လုံးဝင်နေရော နောက်ဆုံး တော့ ကုလားအုပ်ကြီးက ဒီအိမ်ဟာ သူ့အိမ်ဆိုပြီး နှုတ်သီး နဲ့ ကလော်ထုတ်တော့ လင်မယား နှစ်ယောက်လုံးထွက်သွားရရော၊ ခုလဲ...မေမေတို့အဖြစ်က အာရပ်ပုံပြင် ထဲ က လင်မယား နှစ်ယောက်ကို မြင်ယောင်လာတယ်"

မေမေက ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်ပါသည်။ မမကတော့ ငြိမ်သက်နေဆဲပါပင်တည်း။
"ပုံပြင် ကတော့ မှန်တာပေါ့သမီး လူမှာ ကုသိုလ်အကုသိုလ်ဆိုတဲ့ တရားရှိပါတယ်၊ စံထိုက် မှ လဲ စံရတယ်၊ ရထိုက် မှလဲ ရတယ်၊ မေမေငယ်ငယ်က ချမ်းသာခဲ့ပုံတွေနဲ့ စီးပွားရေးကိစ္စတွေကို မေမေ့ သားအကြီး တွေကို တောင် မပြောခဲ့ဘူး၊ သမီးတို့ကိုလဲ မေမေပြောပြမှာ မဟုတ်ဘူး၊ မေမေကယုံ မင်းသမီး၊ ဒီအိမ်ကြီး ကို တစုံတယောက်က သူတို့ပိုင်ဆိုင်ခွင့် ရှိတယ်ဆိုပြီး သိမ်းယူလဲ မေမေကဆင်း ပေးမှာဘဲ"

ကျမသည် အေးဆေးငြိမ်သက်စွာ ပြောပြနေသော မေမေ့မျက်နှာကိုကြည့်ရင်း အံ့သြမိပါသည်။ တကယ် တွင် လည်း မေမေ၏ လယ်ယာသစ်များလုပ်ရန် ကျွန်းမြေများဝယ်ပုံ၊ မေမေ၏စိန်ရွှေ လက်ဝတ်ရတနာများ အကြောင်း မည်ကဲ့သို့ ဆုံးရှူံးသွာပုံကို တလုံး မှ ပြောမပြ ကျမတို့ အရွယ်ရောက် ချိန်တွင် မြင်လိုက်ရသေး ၍ သာမေမေ့တခေတ်ကို ကျမမှန်းကြည့်ရ၏။
"ဖေဖေ့ အတွက် လဲ သမီးစိတ်မဆင်းရဲ နဲ့ ဖေဖေ့မှာက ၀ိပါက၀ဋ်က ရှိပေသကိုး"

ကျမသည် သက်ပြင်းရှည်လျားစွာ ချမိပါ၏။ ကျမအတွေးနှင့် ကျမအစီအစဉ်ကို မေမေ့ အား တင်ပြ လိုပါသည်။ အမှန်တော့ ရန်ကုန်ကို ထွက်ခွာလာသူများတွင် ဖေဖေနောက်ဆုံးဆိုပေမယ့် အဓိကမှာ ဖေဖေ့ ကြောင့် ဆိုလျှင် ပို၍မှန်ပေမည်။

"သမီးတော့ ဒီမှာမနေချင်တော့ဘူး၊ မေမေတို့သိုက်မြုံကြီး၊ မေမေတို့အုပ်စုကြီးမှာ ဆက်နေနိုင် လောက် အောင် သမီးသည်းခံနိုင်စိတ်မရှိဘူး၊ ဖေဖေလုပ်တာတွေဟာ စိတ်မမှန်သူတယောက် ဖြစ်နေတော့ ခွင့်လွတ် နိုင်စရာ အကြောင်း ရှိချင်မှရှိမယ်၊ ဒါပေမယ့် ပြောစရာရှိသ၍ သမီးကသာ လက်ညှိုးငေါက်ငေါက်ထိုးပြီး ဖေ့ဖေ့ကိုပြောချင်ရာပြောမယ်၊ သူများကတော့ ဖေဖေ့ကို နဲနဲလေး မာမာပြောတာ ခိုင်းတာတောင် သမီး မခံချင်ဘူး၊ တခုကလဲ ဖေဖေ့မှာ ဒီလို ဖြစ်တယ်၊ မေမေ့စီးပွား ရေးကလဲ ကစင့်ကရဲဖြစ်လာတယ်ဆိုဘဲ၊ သမီး တို့ဟာ အတက်မပေါက်တော့မယ့် သားသမီးတွေ ကျနေဒါဘဲ၊ ဆက်ဆံကြ၊ ပြောကြဒါတွေက သမီးတော့ ရန်ကုန် ကို ထွက်သွားမှာဘဲ........."

မမသည် ကျမတို့ စကားပြောနေသည်ကို နားထောင်ရာမှ အိမ်ထဲသို့ဝင်သွားပါတော့သည်၊ မေမေသည် ကျမ မျက်နှာ ကို စေ့စေ့ကြည့်၏ သူ့အကြည့်၌ အဓိပ္ပါယ်အများကြီး ပါသည်ကို ကျမသိ ပါသည်။ ထိုစဉ်က ကျမ အသက်နှစ်ဆယ် ရှိပေပြီ။
"မေမေ က မသွားစေချင်ဘူး၊ မေမေစိုးရိမ်စိတ်အကြီးဆုံး သမီးရန်ကုန်သွားရင် သမီးချစ်သူနဲ့ ပြန်တွေ့မှာ ကို စိုးတယ်.........."
ကျမ သည် ယခုမှပင် ရှိုက်တကြီးတငယ် ငိုမိပါသည်။ ငိုလျက်မှပင် ကျမပြော၏။

"သမီး သိပါတယ်မေမေ၊ သမီးမေမေ့ကို မလိမ်ခဲ့ပါဘူး၊ သူ့ကိုချစ်တယ်ဆိုတဲ့အကြောင်း မေမေ့ ကို သမီး ဗြောင်ဖွင့်ပြောခဲ့ပါတယ်၊ ဒါပေမယ့်အဲဒီးကတဲကသူနဲ့ သမီးနဲက လက်ထပ်ဖြစ်ကြမယ် မဟုတ်ဘူးဆိုတာလဲ သမီးနားလည်ပြီးသားပါ၊ မေမေဆုံးမတင်ပြတဲ့ အကြောင်းတွေထက် မဖြစ်နိုင်ဆုံး အကြောင်းက "ဖေဖေ့" ကြောင့်ဘဲ တနေ့ "မင်းတို့ဖေဖေပုံစံကြီးက ဘယ်လိုကြီးလဲ လို့"ပြောလာရင် သမီးရင်ကွဲမယ်ဆိုတာ သမီး သိပါတယ်၊ သမီးကိုခွင့်လွတ်ပါမေမေ၊ ချစ်တယ်ဆို တိုင်း ကိုယ်ခန္ဓာကြီးက သွားပူးပေါင်းတာမဟုတ်ပါဘူး၊ သမီးအသဲနှလုံး ရှိနေသ၍ သူ့ကိုချစ်တဲ့ အချစ်ကိုတော့ သမီးနှလုံးသားမှာ ထားခွင့်ပေးပါ၊ မေမေဘယ်လိုဘဲ စိုးရိမ် စိုးရိမ် သမီးတို့နှစ် ယောက်မပေါင်းဖြစ်ပါဘူးမေမေရယ်......."

ကျမသည် စကားဆက်မပြောနိုင်ဘဲ ရှိုက်၍သာ ငိုနေမိပြန်သည်။ မေမေ့ကိုချစ်သည်မှာ ဒီလိုသူ ငယ်တို့ချစ်ရေး ကိစ္စ တွေမှာလည်း မေမေ့ကို သူငယ်ချင်းလို တင်ပြဆွေးနွေးလို့ရပါသည်။
မေမေ သည် ကျမကို သနားဘဲ နေလေသလား မသင်္ကာဘဲ ဖြစ်နေသလားမိသပေ။
"ဒါနဲ့များ သ္မီး ရယ် ဒုက္ခခံပြီး ချစ်ဖြစ်အောင် ချစ်လိုက်သေးတယ်နော်.........."
"ဒါကတော့ မေမေ တခါတလေ သမီး တို့ ဦးနှောက်ရဲ့ အသိကို နှလုံးသားက လက်မခံတတ်ဘူ၊ မနာခံဘူး ဆိုပါတော့"
"တိတ်ပါတော့ သမီး......"

မေမေ့မျက်နှာ ၏ ပူဆွေးခြင်းသည် မိသားစုကြီးအကြောင်း စီးပွားရေးအကြောင်းတွေထက် ကျမအတွက် သောက ဖြစ်လာ ပုံ ရသည်။
"မေမေ့ကို သမီးမညာပါဘူး.....မေမေ စောင့်ကြည့်ပေါ့ ဒီအိမ်အိုကြီးထဲမှာတော့ သမီးဘ၀ မမြုတ် လိုက် ပါရစေ နဲ့ မေမေ.....၊ မေမေတို့ကိုလဲ ဒီအိမ်အိုကြီးက ဆွဲထုတ်ပါရစေ........"
"အေးလေ  မေမေ့ရင်ထဲမှာ အားလုံးရဲ့ အိမ်ထောင်ရေးကို လွတ်လပ်စေချင်ပါတယ်၊ ခုလိုဖြစ်ရတာ ၀မ်းနည်း စရာကြီး........"
"ဒါကတော့ သမီး တို့အဖြစ်ကိုက အိမ်ထောင်ရေးကို စဉ်းစားတိုင်း ဖေဖေ့ကိုအဓိက ထားရမှာ ကိုး........"

"သမီးရဲ့ အမှားကိုလဲ လုံးဝမဆိုသာဘူးပေါ့လေ......... မေမေသည် ဆက်လက်၍ စကားမပြော တော့ပါပေ။"
စင်စစ်တော့ မေမေ သည် သူချစ်သော သားမက်(ဗိုလ်မှုးကျော်သောင်း)နှင့် ကျမအား လက်ထပ် ပေးသွား ခဲ့ရပါ သော်လည်း သူ့ဆွေမျိုးများ နှိမ်ခဲ့သော သူ၏သားသမီးများသည် သူရည်မှန်းသော အထက်တန်း ပညာ ကို ချောချောမောမော ရရှိသွာသည်ကို သိသွားခွင့်မရရှိပါပေ။

ဖေဖေ သာ အလွန် ကံကောင်းသည် "ငါ့သား ငါ့သမီးတွေ ပညာရေးမှာ လူစဉ်မှီအောင် သင်ရပါ့မလား၊ ဟူသော သူ့သောက သည် ငြိမ်အေး၍ သွားရ၏၊ သူ့မျက်စေ့အောက်တွင် တယောက်ပီးတယောက် ဒီဂရီ ယူပြသည် ကို မြင်ရသောအခါ သူကြေနပ်၏ မည်မျှပင် စိတ်ဖေါက် ပြန်သည် ဆိုပေမင့် ပညာရေး ကိုတော့ ကျောင်းဆရာ ဟောင်း တယောက်ဖြစ်၍လားမသိ အလွန်အားပေးသည်၊ သူ့ပေါင်းရင်း မှ အကြိတ်ရောဂါကို စကုသ ပြီး ကထဲက သူ့ဦးနှောက်သည် အခါခပ်သိမ်း မဟုတ်သော်လည်း ၀ါးခယ်မ တုန်းကလောက် မသောင်းကျန်း တော့ပေ။"

ဖေဖေနှင့် မေမေကွာသည်မှာ မေမေက ဘာသာရပ်ခြားစာများကို သင်သင့်သည်၊ ပညာသင်ကြား ရေးစနစ် ကသာ "ကျွန်စနစ်"ဖြစ်ပေမင့် အင်္ဂလိပ်စာကိုတော့ သင်ကြားသင့်သည်ဟုယူဆ၏၊ သူ့ကျွန်လုပ်ခါသူ ကုလား ထိုင် တွင် ထိုင်စားရန်မဟုတ်ပေ၊ စနစ်ကိုသာပြုပြင်လိုခြင်းဖြစ်သည်၊ အင်္ဂလိပ်စာပေကို မုံးခြင်း မဟုတ်၊ ဒါကြောင့်.......ကိုကိုနှင့်အတူ အင်္ဂလိပ်ကျောင်းတွေင် နေခွင့် မရသောကျမအား အင်္ဂလိပ်စာ ကို အိမ်မှာသင်စေခြင်း ဖြစ်၏။

ဖေဖေကတော့ အင်္ဂလိပ်စာသင်ခြင်းသည် အတန်းတွေ အောင်ပြီး ကုလားထိုင်တခု ၀င်ထိုင်ဖို့ ပင်တည်း၊ ထမင်းစား ဖို့ပင်တည်း....
ထို့ကြောင့်ပင် ကျမစောစောက ရေးခဲ့သလို သူ့သားသမီးများ အရွယ်အရောက်လာတော့လည်း သူသည် ကြိုးနီများ ရစ်ပတ်နေသော ဖိုင်တွဲများကိုမ,ချီခါ ကုလားထိုင်အိုတွင် ထိုင်သော(ဘီ-စီ-ဘက်စ်) မြို့အုပ်၊ ၀န်ထောက်စာရေး၊ စသည်တွေကို သားမက်အဖြစ်သာ သူမှန်းပုံရပေ သည်။

နုနုလက်ထပ်ချိန်ရောက်မှ သူ့ရည်မှန်ချက်မှာသာ ဆိုသည်ကို အသေအချာ ထင်ထင်ရှားရှား ပေါ်လာ၏။ ဦးသိန်းဖေမြင့် ဖခင်ကြီးဆုတောင်း အလားတူ သူသည် သားမက်ကောင်း ကို ရလိုသည် သာမက ၀န်ထောက် ကလည်း ဖြစ်စေချင်ပုံရ၏။

ကျမကတော့ မိခင်မရှိပြီဖြစ်၍ မမဆုံးပြီးသည်နောက် မိန်းကလေးထဲတွင် အကြီးဆုံးအဖြစ် ကျန်ရစ် ခဲ့သည်။ ဘယ်သူ၏ အချစ်ကိစ္စ၊ အိမ်ထောင်ရေး ကိစ္စမဆို ၀င်ရောက်မစွက်ဖက်ပါပေ "မည်သူမဆို ချစ်သောသူနှင့် လက်ထပ် ရသော သူသည် တယောက်ထီး ဖြစ်ပါစေ..."ဟူ၍ အမြဲဆုတောင်းကာ တခြားလူများ လက်ထပ်ပွဲ ကို သာလျှင် ခမ်းခမ်းနားနား သပ်သပ်ယပ်ယပ်စီစီပင်ပင် ဖြစ်အောင် အမြဲကျိုးစားပေ၏။ ချစ်သောသူ နှစ်ယောက် လက်ထပ်ချိန် တွင် ယှဉ်တွဲထွက်လာသော ကျက်သရေ သည်(လောကီမျက်စိနှင့် ကြည့်လျှင်) အလွန် သိမ်မွှေ့၍ ချစ်စဖွယ်ကောင်းသော ကြက်သရေ ပါပင်တည်း။

ထို့ကြောင့် ကျမနှင့် ကျမ၏ခင်ပွန်းဖြစ်သူမှာ  ခဏခဏမင်္ဂလာပွဲများကို ဦးစီးလုပ်ဆောင်ပေး ၏။
ညီမလေးနုနုက သူ့လက်ထပ်ရေးကို တင်ပြစဉ် ကျမတခုလဲပြောပြ၏။
"အဆင်ပြေအောင် လက်ထပ်ပွဲလုပ်ပေးဘို့က မမယုတာဝန်ထား တခုဘဲ နုနုလက်ထပ်မဲ့ ချစ်သူကို အိမ်ကို ခေါ်လာခဲ့ပါ တနေ့လောက်ကို အချိန်ယူပြီး ဖေဖေရဲ့ နေပုံထိုင်ပုံခေါ်ပြီးပြပါ နောက်ခါကျ တော့မှ "နုနု အဖေကြီး က ဘယ်လိုဟာကြီးလဲ-"ဆိုတဲ့စကားကို မမယုမကြားလိုဘူး"

ကျမဒါပင် ညီမလေးနုနုအား ပြောပြပါ၏။ ဘာကြောင့် ပြောရသနည်းဆိုသော် အိမ်သာ တာလောက် များ သော အိမ်တွင်ပင် စိတ်မထင်လာလျှင် ဘုရာခန်းမှာ ဆီးသွား၏ တနေ့တွင်တော့ နုနုသည် သူ့ချစ်သူ မောင်ကြည့်ဆွေးကို အိမ်ခေါ်လာ၏ ဖေဖေ၏ ပုံစံဟူသမျှ အားလုံးပြထားလိုက်၏။ ညနေစောင်းတွင် မူ ကျမ ဧည့်ခန်း မှာ ထိုင်နေ၏။ ဖေဖေက အိမ်ကြီး၏ အလယ်သူစာဖတ်နေကျ နေရာတွင် ထိုင်နေ၏။ နုနုနှင့် မောင်ကြည်ဆွေ က သူ့ရှေကတွင် ထိုင်နေ၏ ထုံးစံအတိုင်း ကျမဖေဖေက ခုနှစ်သံချီနှင့်ပင် စကာစ၏။

"နုနုက မင်းကိုယူမင်လို့ ကျုပ်ကိုပြောတဲက ကျုပ်ကမှာထားတယ် ဒီလူငယ် ဘီအက်စီအောင် ရင် ၀န်ထောက် စာမေးပွဲ ၀င်ဖြေစေလို့ အဲဒါ အခုနုနုက ပြောတယ် ဘီ၊ အက်၊စီ၊ အောင်ဘီ ၀န်ထောက် စာမေးပွဲ (ဘီ၊ စီ၊ အက်)တော့ ၀င်မဖြေဘူးဆို"
မောင်ကြည်ဆွေမှာ ကျမတိုက မိသားစုထဲသိုက ၀င်ရောက်အံ့ဆဲဆဲဖြစ်၍ ထုံးတန်းစဉ်လာ များကို နားမလည် သေးပေ၊ ခေါင်းခါယုံသာ ခါပြ၏။

"ဘာဖြစ်လို့လဲ......"
ဖေဖေကမေး၏။
နုနုသည် ထုံစံအတိုင်းစာရွက်ကြမ်း နှင့် ခဲတန်ကို မောင်ကြည်ဆွေလက်ကို ထိုးအပ်လိုက်ခါ စာရေး ပြဖို့ ပြောရ၏။
"၀န်ထောက်လုပ်ဖိုက ၀ါသနာမပါဘူး......ကျွန်တော့အဖေကိုယ်တိုင်က လယ်သမား၊ သူ့လယ်နဲ့၊ သူ့ခြံနဲ့ စိုက်ပျိုးစားတာဘဲ......."
မောင်ကြည်ဆွေ က စာရေးပြ၏။

"အော် .......အခုစစ်ထဲလိုက်တယ်ဆို၊ ဒီဂရီရပြီးတဲ့သူ ဖြစ်ရက်သားနဲ့ ဗိုက်သင်တန်းကို ဘာဖြစ် လို့ တိုက်ရိုက် မတက်လဲ......."
"ကျွန်တော် ရိုးရိုးစစ်သား ဘ၀က စပြီးဝင်ချင်လို့"
မောင်ကြည်ဆွေက စာရေးရပြန်၏။
"အေး..... ပင်ပန်းတာပေါ့၊ အခုဘယ်နှစ်ထစ်လဲ.........."

ကျမမှာ နားထောင်ရင်း ရယ်ချင်လာရ၏ သူဆိုလိုချင်သည်မှာ ဘယ်နှစ်လိုင်းရဘီလဲ၊ ရာထူးအဆင့် အတန်း ဘယ်လောက် ရဘီ လဲ ဆိုသည်ကို သိချင်၍ဖြစ်ပါသည်။
"တထစ်"
မောင်ကြည်ဆွေက ရေးပြ၏။
"အော်......တထစ်ဆိုတော့ (စက်ကင်းလက်ဖတင်နင်) ခေါ်တာပေါ့၊ အေးအေး- ဘယ်တော့ယူကြ မလဲ၊ ယူစရာ ရှိ မြန်မြန်ယူ၊ မင်္ဂလာဆောင်ဖို့ ပိုက်ဆံ မရှိရင် မခင်ယု ရှိတယ်၊ သူအားလုံးစီစဉ် ပေးလိမ့်မယ်၊ ကဲ သွားပေတော့"

ကျမ မှာ ရှက်သည့်ကြားကပင် သားမက်လောင်းနှင့် ယောက္ခမလောင်းကြီး တို့ အမေးအဖြေကို နားထောင် ကာ ရယ်မိပါတော့သည်။
နုနုမှာ သူ့သမီးအထွေးဆုံးလေးဖြစ်၍ သူအလွန်ချစ်ပုံရသည်၊ နုနုလက်ထက်ပွဲအတွက် သူတို့နှစ် ယောက် ခွင့်အားရက်ရသော ၁၉၆၂-ခု၊ ဖေဖေါ်ဝါရီလ ၁၅-ရက်ကို ရွေးချယ်ထား၏။ ကျမ၏ခင်ပွန်း က ခြံထဲမှာ ပန်းများ ပွင့်ချိန် ဖြစ်၍ အိနြေ္ဒလည်းရသည်၊ လှလည်းလှသည်ဆိုကာ နံနက်တွင် အိမ်မှာလက်ထပ်ပွဲလုပ်၍ ညနေတွင် ခြံထဲမှာဧည့်ခံရန် စီစဉ်ထားပါသည်။
အိမ်ကိုဆေးသုတ်၊ ခြံကိုအလှပြင်နှင့် အလုပ်ရှုတ်နေကြ၏၊ ကျမကလည်း အပြင်ထွက် အိပ်ရာခမ်းနား ၀ယ် ရန် ခဏခဏထွက်ရ၏။

ကျမ တို့ ကဖခင်ကြီးသည် ယောက်ျားတို့ တတ်အပ်သော အဋ္ဌာရဿ ဆယ့်ရှစ်ရပ်တွင်လည်း ဗိသုကာ အတတ် ဖြစ်သည့် လက်သမားအတတ်ကိုလည်း ကျွမ်းကျင်ပါ၏။
တနေ့တွင် အပြင်ကိစ္စများပြီး၍ ကျမပြန်လာသောအခါ အိမ်သားများ မျက်နှာပျက်နေကြပုံထောက် တော့ တခုခု တော့ ထူးခြားပြီဆိုသည်ကိုရိပ်မိပါသည်၊ မိနုကတော့ ထုံးစံအတိုင်း ပြုံးဖြဲဖြဲမျက်နှာနှင့် ဘာမှ မဖြစ် သလို ကျမလက်ထဲမှ ပစ္စည်းများကို လှမ်းယူလိုက်၏။

သူ့အိပ်ခန်းကို ဆေးရောင်အသစ် သုတ်သင့်၊ မသုတ်သင့်မေးရင်း သူ့အခန်းထဲသို့သာ ကျမကို အတင်း ဆွဲခေါ်နေသည်၊ ကျမကလည်းမရ၊ ဤပြောင်းလဲသော မျက်နှာတို့တွင် တခုခုတော့ အကြောင်းက ရှိရမည်၊ ထို အကြောင်း က ဘာလဲ။
ကျမ မျက်စေ့ သည် အိမ်ရှေ့တည့်တည့်ကို လှည့်အကြည့်လိုက်တွင် ဖြုံးဆို ဧည့်ခန်းနံရံကို မျက်စေ့ေ၇ာက်သွား ပါတော့သည်။
"ဘုရားရေ.....ဘယ်လိုဖြစ်ပုံလဲ ရုပ်ပျက် ဆင်းပျက်ကြီးပါလား..."

ကျမက ရင်မ၍ ဧည့်ခန်းသို့ပြေးသွား၏ နုနုက နောက်မှလိုက်လာသည်၊ ညီမငယ်နုနုသည် မိခင် ၀မ်းတွင် သန္ဓေ ယူစဉ် ကတည်းက မပြေမဖြစ်သော ဤဖခင်နှင့်ဤအမေကြီးကြားတွင် ပြေလည်အောင် ပြုလုပ် ပေးရမည် ဟူသော အတတ်ပညာကို သင်ယူလာခဲ့ဟန်တူပါသည်။
"လက်ထဲ က ပစ္စည်းတွေ ချပါအုံး.....ကုလားထိုင်မှာ အေးအေးထိုင်၊ မောလမနေနဲ့၊ အမောလဲ ဖြေပါအုံး"

ကျမကတာ့ သူမပြောလဲ မောသည်ပင်ဖြစ်၏ ကုလားထိုင်ပေါ်မှာ မောပမ်းစွာထိုင်ချလိုက်၏။ အဘယ့်ကြောင့် ဆိုသော် လက်ထပ်ခန်း အဖြစ် လှပစွာပြင်ရမည့် အိမ်ရှေ့ဧည့်ခန်းရှိ အရှေ့ဘက် နံရံ တည့်တည့် လူမြင်ကွင်းတွင် ပြတင်းဘောင်မှသည် အောက်ကြမ်းပြင်အထိ ပေါက်တူးနှင့် ပေါက် ချထား လိုက်သည် မှာ အကျယ်တထွာလောက်ရှိပါသည်။ ထိုပေါက်တူးနှင့် ပေါက်ထားသော အကွဲ ပေါ်မှာမှ အင်္ဂတေ များ ပုံထားလိုက်သည်မှာ ရစရာမရှိတော့ပေ။
"မရွှေနု........ဒါဘခမည်းတော်ဘုရားကြီးရဲ့ လက်ရာပေါ့လေ၊ ဆိုစမ်းပါအုံး"

အစကတည်းကတော့ ဤနေရာတွင် တိုက်စဆောက်စဉ်က ရေပေးနည်း၍ အက်ကြောင်းလေးဖြစ် နေပါသည်၊ သို့သော် ဆေးသုတ်ထား၍ မသိသာလှ။
"အင်းပေါ့.......ဘယ်သူရှိအုံးမှာလဲ၊ မမယုကလဲ စိတ်မောမနေပါနဲ့တော့၊ အလုပ်ကများရတဲ့အထဲ ဖြစ်ပြီးတာ ပြီးပါပြီ...."
"အင်းပေါ့.......ဘယ်သူရှိအုံးမှာလဲ၊ မမယုကလဲ စိတ်မောမနေပါနဲ့တော့၊ အလုပ်ကများရ တဲ့ အထဲ ဖြစ် ပြီးတာ ပြီးပါပြီ"
"ပြီးတာတေ့ ပြီးတာဘဲပေါ့.....ဒါလောက် အင်ဂျင်နီယာ အတတ် တို့၊ ပန်းရံအတတ်တို့ တတ်မှန်း သိရင် နင့်ဖေဖေ ကို ငါတိုက်ဆောက်ခိုင်းပါတယ်၊ ဒါလောက်နံရံကြီးတခုကို သံတူရွှင်းတွေ၊ ပေါက်ဆိန်တွေနဲ့ ပေါက် နေတာတောင် နင်တို့မကြားတာများ အံ့ပါရဲ့ဟယ်......."

ကျမသည် ညီမငယ်ကိုသာ အပြစ်တင်ရပြန်၏။
"ဒိုင်းကနဲ ဆို စကြားကတည်းက အိမ်ဆေးသုတ်တဲ့ ကုလားတွေရော၊ နုနုတို့ရော ပြေးလာပြီး ၀ိုင်းဆွဲ ကြပါတယ်၊ မလုပ်ဖို့ လဲပြောပါတယ်၊ ကုလားတွေကလဲ ကြည့်ကောင်းအောင် သူတို့လုပ် ပေးပါ့မယ်လို့ ပြောပါတယ်၊ ဒါပေမယ့် မမယု အဖေက ဘယ်တုံးက ပြောလို့ဆိုလို့ ရဘူးတဲ့ အဖေလဲ........"

"ဟုတ်ပါတယ်လေ......ငါ့အဖေပါ နင်တို့အဖေမဟုတ်ပါဘူး၊ တခါထဲသာ လက်ထပ်ပွဲအစီအစဉ် ကို အစအဆုံး နင့်  ဖေဖေ လက်သာအပ်လိုက်ချင်တော့တယ်........"
ကျမ သည် စိတ်ပျက်မောပမ်းစွာပင် ငြီးမိ၏။ ငြီးယုံမှလွဲ၍ ဘာမှမလုပ်နိုင်ပါပေ၊ အတန့်ကြာလျှင် အိမ်ဆေး သုတ် သော ကုလားများဆီမှ ဆေးများယူလာကာ သူ့ဖါထားသော နံရံကွဲကို ဆေးသုတ် ပါတော့သည်။ ကျမ လည်း ဘာမှမပြောတော့ပေ။

"အထမ်းအမှတ်ပြတိုက်ဝင် ပစ္စည်းအဖြစ် ထားရတာပေါ့နုနုရယ်....၊ သူ့မြေးမြစ်တွေ လက်ထက်ကြ တော့ "မင်းတို့ ဘိုးဘိုးကြီးရဲ့ ဗိသုကာ အနုပညာလက်ရာကြီး"လို့ပြပေါ့"မိနုကတော့ ကျမ ပြောသည် ကို သဘောကျစွာ နှင့် ထုံးစံအတိုင်းသာ ရယ်ပါတော့သည်။
နုနု လက်ထပ်ပြီးလျှင် မင်္ဂလာဒုံသို့ ပြောင်းရွှေ့နေပါသည်။ နှစ်တပတ်လည်သောအခါတွင် သားဦး လေး မွေးဖွား ရန် နုနုသည် မင်္ဂလာဒုံအိမ်မှ ဂွတ္တလစ်အိမ်သို့ သူပြောင်းလာပြန်၏။ သူဒပ်ဖရင် သားဖွား ရုံတွင် မွေးဖွား မည်ဖြစ်သည်။

မောင်ကြည်ဆွေ ကလည်း နှစ်ရက်တခါ သုံးရက်တခါ သူ့ဇနီးနှင့်ကျမ်းမာရေးကို လာ၍ကြည့်၏။ တနေ့တွင် ကျမ နှင့် မောင်ကြည်ဆွေ စကားပြောနေဆဲ ဖေဖေရောက်လာ၏။
"ဟေ့ မောင်ကြည့်ဆွေ နုနုရှေ့အပတ်ထဲမွေးလိမ့်မယ်"
ကျမတို့နှစ်ယောက်သည် တယောက်မျက်နှာ တယောက်ကြည့်ကာ အံ့အားသင့်နေကြ၏။
"အကောင်းပြောတာ ခလေးခေါင်းလှည့်နေပြီ"

နုနုသည် ကျမတို့စကားပြောရာသို့ဝင်လာ၏။ ကျမက မျက်နှာပူသည်ကလွဲ၍ ဘာအရိပ်အခြေ ကိုမှမသိ၊ နုနု မျက်နှာ ကိုငေးကြည့်၍ လည်းမသိပါ။
မောင်ကြည်ဆွေ နှုတ်ဆက်၍ ပြန်သွားတော့မှပင် နုနုကိုပြောရ၏။

"နုနုရယ်.....ဖေဖေ့ကိုပြောပါဟယ်၊ မမယုတို့ဘယ်လိုဘဲခေတ်မှီတယ် ဆိုပေမယ့် ဒီမွေးတဲ့ဖွားတဲ့ ကိစ္စ တွေမှာ သားမက်ကို တိုက်ရိုက်ကြီး ငါတို့ရှေ့မှာ မပြောပါစေနဲ့ဟယ်....ရှက်စရာကြီး"
နုနုကတော့ ရယ်ပြုံးပြုံးပင် "တို့များဖေဖေကတော့ကွယ်.....ကမ္ဘာရှာပါဘဲ"ဟူ၍ ပြောကာ ဖေဖေ့ ကို စာရေး ပြသည်၊ ဖေဖေသည် စာကိုယူဖတ်ပြီး ဟက်ဟက်ပက်ပက်ရယ်၏။
"နင်တို့ မှာ အမေရှိသလား၊ ငါဘဲအဖေ၊ ငါဘဲအမေ သိရဲ့လား၊ ငါမပြောလို့ ဘယ်သူပြောမှလဲ နုနု မျက်နှာ ကို သေသေချာချာကြည့်"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၁၂)

အခန်း ၆

ဒီဇင်ဘာလကို ရောက်လာခဲ့ပြီ။ ရေနံရောင်တိမ်မည်းညိုတွေ ကျွန်တော်တို့ ရွာပေါ်မှာ စုဝေးလာပြီး မိုးရွာချ ပါတော့တယ်။ တစ်နယ်လုံးက တောင်သူတွေ စိုက်ပျိုးဖို့ ကြိုးကြိုး စားစား ပြင်ဆင်ကြပါတယ်။ အချို့ကလည်း စားစရာရှာနေရတာနဲ့ စိုက်ဖို့ ပျိုးဖို့ မလုပ်နိုင်ကြပါဘူး။ ကံကောင်း ထောက်မလို့ ကျွန်တော်  တို့ မိသားစုကတော့ ပြောင်း အနည်း အကျဉ်း စိုက်နိုင်ပါတယ်။ ဆေးရွက်ကြီးလည်း ဧက၀က်လောက် စိုက်နိုင် လိုက်ပါတယ်။ သူက မကြာခင် ငွေပေါ်မှာမို့ ကျွန်တော်တို့ကို အသက်ဆက်ပေးနိုင်ပါလိမ့်မယ်။

ကွင်းထဲဆင်းပြီး ပေါင်းလိုက်တိုင်း တစ်ရွာသား လက်စားလိုက်တွေကို တွေ့ရပါတယ်။ သူတို့ အ၀တ်အစား တွေဟာ စုတ်ပြတ်ပြီး မိုးရေတွေ၊ ရွှံရေတွေနဲ့ မြင်မကောင်းလောက် အောင်ပါပဲ။ ပြောင်းဈေးက မမေးရဲ အောင် တက်နေလို့ စားစရာရဖို့ လာအလုပ်လုပ်တဲ့ သူတို့လိုလူတွေအတွက် အခြေအနေက ပိုဆိုးလာတယ်။ မနေ့ က သုံးနာရီ လုပ်အားခ အတွက် ရတဲ့ စားစရာဟာ ဒီနေ့ခြောက်နာရီလုပ်မှ ရပါတော့တယ်။

တစ်ညမှာ အဖေက အိမ်သားအားလုံးကို ဧည့်ခန်းထဲလာဖို့ ခေါ်ပြီးအခြေအနေကို ပြောပါတယ်။
အခြေအနေအရ ငါတို့တစ်တွေ တစ်နေ့ကို တစ်နပ်ပဲ စားမှ ဖြစ်တော့မယ်။ လုပ်စရာ အဲဒီ နပ်ကျော်နည်းပဲ ရှိတော့တယ်။
မောင်နှမ တွေ အားလုံး နားလည်ကြပါတယ်။ ဒါတောင် ငြင်းကြရသေးတယ်။
အင်နီက မေးတယ်။

ဒါဆို ဘယ်အနပ် ကို ကျောပြီး ဘယ်အနပ်ကို စားရမှာလဲ တဲ့။
အီရှာ က မနက်စာ စားမယ်ပြောတယ်။ ဒေါရစ်က နေ့လယ်စာတဲ့။ အဲဒီမှာ အဖေက ၀င်ရှင်းပြတယ်။
သမီးတို့ နှစ်ယောက်လုံး မှားနေတယ်။ ညစာ ကို ရွေးရမှာ။ နေ့ခင်းမှာ ဆာတာကို အာရုံပြောင်း ဖို့က လွယ်တယ်။ ညစာ ဗိုက်ထဲမရှိရင် ဘယ်သူမှ မအိပ်နိုင်ဘူး။ ဒါကြောင့် ညစာ ကို စားဖို့ ရွေးရမယ်။
နောက်တစ်နေ့ ကစပြီး ကျွန်တော်တို့ ညစာ ပဲ စားကြရတော့တယ်။ အဖေက အားလုံးစုပြီး စားကြဖို့ ပြောတယ်။ မိသားစု မျက်နှာစုံညီစားတာ ဒါပထမဦးဆုံးပါ။

ကျွန်တော် တို့ ချီပါယဉ်ကျေးမှုအရ သမီးတွေက ဘယ်တော့မှ အဖေနဲ့အတူ မစားရဘူး။ ယောက်ျားလေး တွေက အမေ နဲ့ အတူမစားရဘူး။ (အဖေနဲ့ အမေရှေ့မှာ စားသောက်နေရင်း လေလည်ရင် မခက်ပါလား) ကျွန်တော် မှတ်မိတဲ့အရွယ်က စပြီး ကျွန်တော်က အဖေ နဲ့ ဦးလေး တွေနဲ့အတူ စားရတယ်။ အမေက အစ်မ တွေ ကို သပ်သပ်ကျွေးပါတယ်။

ကျွန်တော်တို့မှာ လိုက်နာရမယ့် ရိုးရာဓလေ့တွေ အများကြီးရှိပါတယ်။ မိသားစု ဆက်ဆံရေးမှာ အမေရိကန် တွေနဲ့ လုံးဝ မတူပါဘူး။ အဖေနဲ့သမီး အမေနဲ့ သား ပွေ့ဖက်နှုတ်ဆက် တာကို ယဉ်ကျေးတယ် လို့ မထင်ကြပါဘူး။ အငယ်က အကြီးကို ရိုသေရတယ်။ အစ်ကိုအရွယ် အစ်မအရွယ် ကို လေးစားရတယ်။ ဥပမာ ကျွန်တော် က ကျွန်တော့်အစ်မကို ပိုက်ဆံပေးပြီး ပေါင်မုန့်ဝယ်ခိုင်းလို့ မရဘူး။ အကြီးက အငယ်ကို ခိုင်း ရင်လည်း ဒူးတစ်ဖက်ညွှတ်ပြီး ပိုက်ဆံ ကို ယူရပါတယ်။

အဲဒီလိုနဲ့ အဲဒီညမှာ ပထမဦးဆုံး လူစုံတက်စုံထိုင်ပြီး စားဖြစ်ကြပါတယ်။ စားပွဲတစ်ဖက်ထိပ်မှာ ရေနံဆီ မီးခွက် က မီးခိုးတွေ တလူလူနဲ့ပေါ့။ အမေက လက်ဆေးခွက်နဲ့ ရေနွေးယူလာပေးတယ်။ ထမင်းမစားခင် ကော စားပြီးချိန်မှာပါ လက်ဆေးကြရတယ်။ ဒေါရစ်က လက်ဆေးခွက်နဲ့ ရေနွေးကရားကို ကိုင်ပြီး လူစေ့ အောင် လိုက်ဆေးပေးတယ်။
ခါတိုင်းလို အလျှံပယ်တော့ မစားကြရတော့ပါဘူး။ ဘယ်သမှ အာသာမပြေကြပါဘူး။ စကားမပြောဘဲ တိတ်တိတ် ကလေး စားကြပါတယ်။ သည်လောက်စားနိုင်နေသေးတာကိုပဲ ဘုရားသခင်ကို ကျွန်တော့်တို့ ကျေးဇူးတင် နေကြပါတယ်။

အဖေ နဲ့ အမေကတော့ သားသမီးတွေကို ကြည့်ပြီး မျက်နှာမကောင်းကြဘူး။ ကျွန်တော့်ဘ၀မှာ ဒါလောက် စိတ်ညစ်စရာ ကောင်းတဲ့ အခြေအနေမျိုးနဲ့ တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ ရိက္ခာမပြတ်ခင် တစ်ပတ်အလိုမှာ အမေ က မိန်းကလေးတစ်ယောက် ထပ်မွေးပါတယ်။
ကျွန်တော် တို့ ရိုးရာဓလေ့မှာ အငယ်က အကြီးကို ရိုသေရတဲ့ စည်းကမ်းမျိုး ရှိသလို အမေးအမြန်းလည်း မထူ ရပါဘူး။ အထူးသဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေအကြောင်း မပြောကြရပါဘူး။ အမေ ရိုးရိုး ၀တာတာ လို့ ပဲ ထင်ခဲ့တယ်။ ဒါပေမဲ့ မမေးရဲဘူးလေ။

ရွာထဲမှာ အမျိုးသမီးတစ်ယောက် ကိုယ်လေးလက်ဝန်ရှိလာရင် ဒါဟာမွန်မြတ်တဲ့ကိစ္စလို့ သဘော ထားကြတယ်။ သိသာနေပေမယ့် မမေးရဘူး။ သည်ဗိုက်ကိစ္စကို အမျိုးသမီးရဲ့ လင်ယောက်ျားနဲ့ သူ့အမေ သာ မေးခွင့်ဆွေးနွေးခွင့် ရှိတယ်။ ကလေးတစ်ယောက် ဒီကိစ္စကို ကြားသွားလို့ တစ်စုံတစ်ယောက်ကို ပြန်ပြော ရင် ဆော်ပလော် အတီးခံရပါတယ်။ ကိုယ်ဝန်ဆောင် တစ်ယောက်အကြောင်း ခင်ဗျားမှာ ပြောပိုင်ခွင့် မရှိဘူး။ ပြီးတော့ လူတွေမှာ အစွဲရှိသေးတယ်။ ကိုယ်ဝန်ဆောင်တွေကို စုန်းတွေက ပြုစားခွင့် ရှိတယ် တဲ့။ ဒါကြောင့် ဗိုက်ကြီးသည်တွေဟာ အပြင်မထွက်ဘဲ ကလေးမမွေးမချင်း အိမ်တွင်းပုန်း နေကြ ရတယ်။

နို့ညှာတွေက သူ့တို့မောင်လေးတွေ၊ ညီမလေးတွေ ဘယ်က ရလာသလဲမေးရင် လူ့ကြီးတွေက ကလေး တွေကို သားဖွားရုံ မှာ ရောင်းတယ်။ အဲဒီက သွားဝယ်လာတာ လို့ဖြေကြတယ်။ ကျွန်တော်တို့ရွာမှာ ကလေး မွေးရင် အာဟာရဓာတ်ချို့တဲ့တာနဲ့၊ ငှက်ဖျားရောဂါနဲ့၊ ဒါမှမဟုတ် ၀မ်းပျက်ရောဂါနဲ့ သေတာများပါတယ်။ ခုလို ငတ်ပြတ်နေချိန်မှာ ပိုဆိုးတာပေါ့။
ဒါပေမဲ့ ကံကောင်းချင်တော့ ကျွန်တော့် ညီမလေးဟာ ကျန်းကျန်းမာမာနဲ့ မွေးလာခဲ့ပါတယ်။ ခြောက်ပေါင် နှစ်အောင်စ ရှိပါတယ်။ သူ့နာမည် တီယာမိုက် လို့ အနွတ္တသညာ ခေါ်စရာတွင်ခဲ့ ပါတယ်။ ဒီလိုကာလမှာ မသေမပျောက် မွေးဖွားရှင်သန်လာလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော် လို့ အဓိပ္ပာယ်ရတဲ့ အမည်ကို ပေးခဲ့ တာပါ။

ပြောင်းဂျုံမှုန့် ပုံးဝက်ပဲ ကျန်ပါတော့တယ်။ နောက်တစ်နေ့မှာ အမေက စွန်းစားခန်းတစ်ခု ဖွင့်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ရိက္ခာ လုံးဝပြတ်မသွားခင် ကျန်တဲ့ဂျုံနဲ့ မုန့်လုပ်ရောင်းဖို့ အစီအစဉ်ပါ။ အမြတ်ရရင် အသက်ရှူ ချောင်မယ်ပေါ့။
ပဲပုတ်သကြား ဂျုံနဲ့ ရောမွှေပြီး အမေဖုတ်တဲ့ မုန့်ဟာ ကျွန်တော်တို့ ခြံထဲမှာ သွားရည်ကျချင် စရာ မွှေးကြိုင် လို့ နေပါတော့တယ်။ လမ်းသွား လမ်းလာတွေ တုံ့သွားပြီး မုန့်ဖုတ်တဲ့အနံ့ကို ရှူရှိုက်ကြပါတယ်။ ငှက်ကလေး တောင် ခြံထဲ မှာ ရောက်လာပြီး ဆွေးဆွေး မြည့်မြည့် သီဆိုကြပါတယ်။

သည်းအနံ့ဟာ ကျွန်တော်ကိုယ်ထဲကို ၀ိညာဉ်တစ်ကောင်လို ၀င်လာပြီး အားတွေအင်တွေ ပြည့်လာတယ် ထင်ရပါတယ်။ ဒါပေမဲ့ စိတ်ပျက်စရာနဲ့ ကြံရပြန်ပါတယ်။ ခါတိုင်း အမေမုန့်ဖုတ်ရင် အိုးမှာကပ်ကုန်တဲ့ ပျစ်ချွဲချွဲ အချိုရည် တွေကို ကျွန်တော်တို့ လက်နဲ့ကော်ပြီး စားကြရပါတယ်။ ခုတော့ အိုးကပ်မကျန်အောင် အမေ က ပြောင်တလင်းခါတဲ့အထိ တစ်စက်ချင်းချပြီး မုန့်ဖုတ်ပါတယ်။
မုန့်ရောင်း ဖို့ ဈေးနားက ဆံပင်ညှပ်ဆိုင်ရှေ့မှာ အဖေက တဲတစ်လုံးထိုးပေးပါတယ်။ သစ်တိုသစ်စ နဲ့ အိမ်မှာ ပိုနေ တဲ့ သွပ်ပြားဟောင်းတွေနဲ့ပေါ့။ နောက်တစ်နေ့မှာ အမေ ဆိုင်ဖွင့် ပါတယ်။ ဈေးပေါပေါ နဲ့ ရောင်းတော့ ပြိုက်ခနဲ ကုန်သွားပါတယ်။

တိုင်းပြည် မှာ ပြောင်းဆန်လုံးဝ ပြတ်သွားလို့ ကုန်သည်တွေက နယ်စပ်ကိုဖြတ် တန်းဇန်းနီး ယားမှာ သွားဝယ်ပြီး ပြန်ရောင်းကြပါတယ်။ ကုန်သည်တစ်ယောက်က အဖေ့မိတ်ဆွေပါ။ မုန့်ရောင်းလို့ရတဲ့ အမြတ်ကလေး နဲ့ အဖေက သူ့ဆီမှာ ပြောင်းဆန်တစ်တင်း ပြန်ဝယ်ပါတယ်။ တစ်ဝက်ကို စားဖို့၊ တစ်ဝက် ကို မုန့်ဖုတ်ဖို့ အမေက စက်ရုံမှာ သွားကျိတ်ပါတယ်။ ဒီလိုနဲ့ တစ်နပ် တဘည်းသော ညစာကို ဖရုံရွက် နဲ့ ရော ကျို စားကြပါတယ်။ အတော်အတန် အဆာခံပါတယ်။

အင်း မုန့်က ရောင်းကောင်းနေတော့ တို့တွေ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်မှာပါ လို့အဖေက အားပေးစကား ပြော ပါတယ်။
တစ်နေ့မနက် မုန့်ရောင်းဖို့ အိမ်က ထွက်မယ်ဆဲဆဲမှာ တစ်ခုခုကို အမေသတိထား လိုက်မိတယ်။ အိမ်ရှေ့ မှာ စက်ဘီးနဲ့ လူရွယ်နှစ်ယောက် အစ်မအင်နီနဲ့ စကားပြောနေတဲ့ မြင်ကွင်းပါ။ ခွင့်ပြုချက်မရှိဘဲ သူ ဒီလို လုပ်ခွင့် မရှိပါဘူး။ ဒါကြောင့် အမေက အကျိုးအကြောင်း မေးပါတယ်။

အမေ ဒါ အလွတ်ပညာသင်ကျောင်းက ဆရာနှစ်ယောက်ပါ။ ဒီလမ်းထဲလာရင်း သမီးကို ၀င်နှုတ်ဆက်တာပါ။
သူတို့ကို လမ်းထိပ်လိုက်ပို့ပါရစေလို့ အင်နီက ခွင့်တောင်းတော့ သူတို့ရိုးရိုးအသိအကျွမ်းတွေ ပဲလေ ဆိုပြီးတော့ အမေက ခွင့်ပြုလိုက်ပါတယ်။ အဖေက အပြင်သွားနေချိန်။ အိမ်မှာ ဒေါရစ် တစ်ယောက်ပဲ ရှိပါတယ်။ သူက ကိုးနှစ်ပဲရှိသေးတယ်။ ကျွန်တော် အပါအ၀င် ညီအစ်အတွေ အားလုံး ဈေးထဲ ရောက်နေ ကြပါတယ်။

ညနေပိုင်း အမေ အိမ်ပြန်ရောက်လာတော့ ဘာမှ ချက်ပြုတ်ထားတာ မတွေ့ရပါဘူး။ မီးလည်း မွှေးမထား ပါလား။ နင့်အမ ကော လို့ အမေက ဒေါရစ် ကို မေးပါတယ်။
မနက်ကတည်းက ဟိုလူနှစ်ယောက်နဲ့ ထွက်သွားတာ ပြန်မလာဘူးအမေ။
ခုထိ ပြန်မလာဘူး၊ ဟုတ်လား။

ဒေါရစ်က ပခုံးတွန့်ပြတယ်။
အဲဒီအချိန်မှာ အဖေပြန်ရောက်လာပြီး အင်နီဘယ်မှာလည်း မေးပါတယ်။ အမေ က ယောက်ျားလေးတွေနဲ့ ပါသွားတာ မပြောချင်တာနဲ့ မသိဘူးလို့ ပြန်ပြောလိုက်ပါတယ်။ အင်နီ ပြန်လာရင် ဒီကိစ္စပြီးသွားမယ်ပေါ့။ ဒါပေမဲ့ မှောင်တဲ့ အထိ အင်နီတစ်ယောက် ပြန်ရောက်မလာ ပါဘူး။ အဖေ ဒေါပွစ ပြုလာပါပြီ။
ငါ့သမီး ဘယ်မှာလဲ။

အဖေ ထပ်မေးပါတယ်။ အမေ ကလည်း စောစောက အတိုင်းဖြေပါတယ်။
မသိပါဘူးလို့ ဆိုနေ။
မင်းသိရမှာပေါ့၊ မင်းက သူ့အမေပဲ၊ ကဲပြောစမ်း။
တဆိတ်ရှင်၊ ကျွန်မ မသိပါဘူး။
အမေလည်း အရမ်းစိတ်ပူနေပါပြီ၊ လက်နှိပ်ဓာတ်မီးယူပြီး အပြင်ထွက်ရှာပါတယ်။ မတွေ့တော့ အိမ်နီးနားချင်းတွေကို လိုက်မေးတယ်။ ဘယ်မှရှာမရတော့ မျက်ရည်စက်လက်နဲ့ အိမ်ပြန်လာပြီး ဒေါရစ်ကို ဆူပါ လေရော။

နင် ဘာသိလဲ ပြောစမ်း။ သူတို့ ဘယ်သွားတာလဲ။
ဒီတော့မှ ဒေါရစ်က ကြောက်ကြောက်နဲ့ မအေကို ဖွင့်ပြောပါတယ်။
အ၀တ်အစားတွေ ထုပ်ပိုးနေတာ မြင်ကြောင်း၊ အမေ့ကို မပြောဖို့ ပိတ်ထားလို့ မပြောရဲကြောင်း။
ဒီတော့ မှ သူ့အခန်းထဲကို အမေ ဒရောသောပါး ၀င်ကြည့်ပါတယ်။ ကျောင်းလွယ်အိတ်နဲ့ အ၀တ်အစားတွေ မရှိတော့ပါဘူး။ ကျောင်းဝတ်စုံနဲ့ စာအုပ်တွေပေါ်မှာ စာတိုကလေး တစ်စောင် ရေးထားခဲ့တယ်။
ကျောင်းဆရာ နဲ့ လက်ထပ်လိုက်ပြီ။

ဘမှ စိတ်မပူကြပါနဲ့။ ကျွန်မဘ၀ လုံခြုံမှု ရှိပါတယ်။
အဖေအခန်း ထဲ ၀င်လာတော့ အမေက အစ်မရဲ့စာ ဖတ်ပြတယ်။ အဖေ ဒေါသအမျက် ချောင်းချောင်း ထွက်ပါ လေရော။
ဘယ်သူလဲ၊ ဘယ်ကကောင်လဲ။
ကျွန်မ မသိဘူး။
ပြော၊ မင်းသိရမယ်၊ ငါခုချက်ချင်း သွားရှာမယ်။

အို ကျွန်မ မသိပါဘူးဆို။
အဖေ ဟာ စိတ်ဆိုးနေတဲ့ နွားသိုးကြီးတစ်ကောင်လို ရှူးရှူးရှဲရှဲ ဖြစ်နေပါတယ်။ အိမ်ရှေ့မှာ ခြေလှမ်းကျဲကြီး တွေနဲ့ ဟိုလျှောက် ဒီလျှောက် လုပ်နေတယ်။ ကျွန်တော်ပါ အချောင် အဆစ်ပါသွားမှာဆိုးလို့  အခန်းထဲမှာ အသာ ကုပ်နေရပါတယ်။
မင်း ညာပြောနေတာ၊ ငါ့သမီး ဘယ်မှာလဲ၊ သူဘယ်မှာရှိတယ် ဆိုတာ မင်းသိရမယ်။ သွား၊ ခုသွားခေါ်ပေး။
ဒုက္ခပါပဲ။ ကျွန်မ တကယ်မသိပါဘူး အဖေကြီးရယ်။

အင်နီ က အထက်တန်း တက်ဖူးတဲ့ မိန်းကလေး။ အဖေက သူ့သမီးအတွက် သိပ်ဂုဏ်ယူ နေတာ။ အဖေ နဲ့ အမေ ဟာ မူလတန်းတောင် မပြီးခဲ့ကြပါဘူး။ အင်္ဂလိပ်စကားလည်း မပြောတတ်ကြဘူး။ အရောင်းအ၀ယ် ကိစ္စမှာ အလုပ်ဖြစ်ရုံလောက်ပဲ ပြောတတ်ကြပါတယ်။ ဒါကြောင့် သားသမီးတွေကို ပညာတတ်တွေ ဖြစ်စေချင်ကြတယ်။ ဒါကြောင့် ခြစ်ခြစ်ခြုတ်ခြုတ် စုဆောင်းပြီး အင်နီ့ကို အထက်တန်းကျောင်း ပို့တယ်။ ခုတော့ သူက နှုတ်ဆက်ဖော်တောင် မရဘဲ အိမ်က ထွက်သွားပြီ။

သွားပြီ ကုန်လိုက်တဲ့ ပိုက်ဆံတွေ၊ ခုတော့ သဲထဲရေသွန် ဖြစ်ကုန်ပြီ။ သူ့ကိုလည်း ဆုံးပြီ။ တွေ့ကြသေး တာပေါ့ကွာ။
အဖေဟာ ငိုရင်း ယူကျုံးမရ ပြောနေပါတယ်။ ကျွန်တော့်အစ်မဟာ အဖေ အသဲကွဲအောင် လုပ်သွားတာပါ။ မိသားစုကိုလည်း အရှက်တကွဲ အကျိုးနည်းအောင် လုပ်သွားတာပါ။ သူဘယ်တော့မှ အိမ်ပြန်လာခွင့် မရှိတော့ပါဘူး။

အင်နီလက်ထပ်တဲ့ ကျောင်းဆရာက မြို့ကပါ။ သူတို့တွေ့ကြတာ တစ်လပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ထုံးစံအရ မိသားဖသားပီပီ အိမ်ကို ၀င်ထွက်ပြီး မိသားစုနဲ့ ပြေလည်တဲ့အခါမှ ဦးလေးကတစ်ဆင့် မိဘ တွေကို ပြောပြီး တောင်းရမ်းရပါတယ်။ မင်္ဂလာဆောင်စရိတ်ကလည်း တင်တောင်းရတဲ့ငွေပမာဏက မနည်း လှပါဘူး။ မင်္ဂလာဆောင်စရိတ်ကလည်း တော်ရုံလူ မတတ်နိုင်ပါဘူး။ ကုန်ကျစရိတ် အားလုံး ယောက်ျား လေး ဘက်က ကျခံရပါတယ်။ ဒါကြောင့် မာလာဝီ မှာ လူငယ်တွေ လူပျိုကြီးဘ၀နဲ့ နေကြတာ များပါတယ်။

အင်နီ လူ က ဖြတ်လမ်းလိုက်သွားတာပါ။ အင်နီ ပျောက်သွားပြီး သုံးပတ်ကြာမှ မိုက်ရဲ့မိဘတွေဆီက စာ ရောက်လာတယ်။ လက်ထပ်ပြီးစီးကြောင်း၊ နှစ်ယောက်စလုံး မြို့မှာပဲ နေကြမည့်အကြောင်း တင်တောင်းငွေ သည်ရွေ့သည်မျှ ပို့လိုက်ပါမည့်အကြောင်းတွေ ရေးလာပါတယ်။ သူတို့ပို့မယ့်ငွေက ထုံးတမ်းစဉ်လာ အရဆိုလျှင် မဖြစ်စလောက်ပါ။ ပြီးတော့ တစ်ဝက်ပဲရောက်လာပါတယ်။ အဲဒီနောက်ပိုင်း တစ်နှစ် လောက် အင်နီ့ သတင်း မကြားရတော့ပဘူး။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, January 27, 2011

မောင်ပေါ်ထွန်း ဘာသာပြန် ကန္တာရစမ်းရေအိုင် လင့်ခ်


အင်တာနက်မှာ ရှာမကြည့်ဘဲ တင်လိုက်မိပါတယ်  အခု စကားဝါမြေ အွန်လိုင်း စာကြည့်တိုက်မှာ အစအဆုံးဖတ်ရှု့နိုင်ရန် လင့်ခ် ပေးလိုက်ပါတယ် 


အားလုံးကျေးဇူးပါ

http://www.sagarwarmyae.org/?p=5057

http://www.sagarwarmyae.org/sagarwar/2009dec/mg%20paw%20tun%20-%20kan%20da%20ya.pdf


မိတ်ဆက်စကား

ဤ၀တ္ထုသည် မိဘမဲ့ကလေးငယ်တစ်ယောက်အကြောင်းဖြစ်သည်။ သူကလေးသည် နှစ်လသမီး အရွယ် ကပင် ''မိဘမဲ့ ကလေးဂေဟာ''ရှေ့၌ စွန့်ပစ်ထားခြင်း ခံခဲ့ရပြီး သူ့မိဘများ မည်သူမည်ဝါဖြစ်ကြောင်း ၁၁နှစ်သမီး အရွယ် အထိ လုံးဝမသိခဲ့ရချေ။
မိဘမဲ့ဂေဟာ ၌ ထိုကလေးငယ် တွေ့ကြုံခဲ့ရသော ကြေကွဲစရာဖြစ်ရပ်များနှင့် မိဘနှစ်ပါးအား နေ့စဉ်နှင့် အမျှ တမ်းတ၍ ရှာပုံတော်ဖွင့်ခန်းများကို ဖတ်ရသည်မှာ အသည်းတထိတ်ထိတ် ရင်တဖိုဖိုရှိလှပါသည်။
ဤ၀တ္ထု ကို အမေရိကန်တွင် ပြဇာတ်လည်း ကပြ၍ ရုပ်ရှင်လည်း ရိုက်ခဲ့ပြီးပြီဟု သိရပါသည်။ မိဘမဲ့က လေး ''အင်နီ'' အဖြစ် သရုပ်ဆောင်ခဲ့သူလေးပင် အော်စကာ ဆု ရရှိသွားခဲ့သည်ဟု ဆိုသည်။
စာဖတ်သူ အဖြစ် ဤ၀တ္ထုကို ဖတ်ရှုပြီးသောအခါ ကရုဏာရသနှင့် သန္တရသတည်းဟူသော ခံစားမှုနှစ် မျိုးကို ထူးထူးခြားခြား ခံစားရပါလိမ့်မည်။

မောင်ပေါ်ထွန်း

အခန်း(၁)
မိဘမဲ့ဂေဟာမှ နှစ်လသမီးငယ်

အချိန်ကာလအားဖြင့်တော့ အတော်ကြာညောင်းခဲ့ပါပြီ။
၁၉၃၃ ခုနှစ်၊ ဇန်န၀ါရီလ တစ်ရက်နေ့၏ တိတ်ဆိတ်ငြိမ်သက်ပြီး မှောင်မည်းနေသည့် အရုဏ် မတက်မီ အချိန်။
နယူးယောက်မြို့လယ် ရှိ လမ်းမကြီးများပေါ်တွင် ဆီးနှင်းတွေဝေပြီး လူသူကင်းရှင်းနေ၏။ အချိန်နာရီ တွေ တရွေ့ရွေ့ ကုန်လွန်သွားကြသည်။ ထို့နောက် ဘောဝါးရီးမြို့နယ်ရှိ ''စိန့်မတ်ခ်''ဘုရားရှိခိုးကျောင်း ၏ မျှော်စင်မြင့်ကြီး ပေါ်မှ ခေါင်းလောင်းထိုးသံ လေးချက်က ဆောင်းကာလ၏ ချမ်းအေးသော တိတ်ဆိတ် ငြိမ်သက်ခြင်း ကို ဖြိုခွင်းလိုက်၏။

ဘုရားရှိခိုးကျောင်းနှင့် နှစ်ပြအကွာ စိန့်မတ်ခ်ပလေ့စ်လမ်းရှိ နယူးယောက်မြို့တော် မြူနီစီပယ် မိဘမဲ့ ကလေး ဂေဟာ ဒုတိယထပ်၊ မိန်းကလေးဆောင် ပြတင်းပေါက်တွင် ၁၁ နှစ် သမီးအရွယ် မိန်းကလေး တစ်ယောက် ရပ်နေသည်။ သူကလေးသည် အဖြူရောင်ဖျင်ပါး ညအိပ်ဝတ်ရုံကို ၀တ်ထားသော်လည်း ချမ်းအေး လှသောကြောင့် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေရင်းမှ အပြင်ဘက်သို့ မျှော်ကြည့်ကာ ခေါင်း လောင်းထိုးသံ ကို နားစွင့်နေမိသည်။ အပြင်ဘက်တွင် လမ်းမီးရောင်ထဲ၌ ဆီးနှင်းများ တဖွားဖွားကျနေ၏။

မိန်းကလေးသည် မကြာခဏဆိုသလို လမ်းမကြီးကို အထက်အောင်အစုန်အဆန် လှမ်းမျှော်ကြည့်နေ သည်။ သူကလေး သည် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေခြင်းဖြစ်၏။ သူ့အား မိဘမဲ့  ကလေးဂေ ဟာမှ ပြန်ခေါ်သွားမည့် သူကို စောင့်မျှော် နေခြင်းဖြစ်၏။ သို့သော် အချိန်နာရီတွေသာ တတိတိ ကုန် လွန်သွားခဲ့ ကြသည်။ သူကလေး မျှော်လင့်နေသူကား လုံးဝပေါ်မလာပါချေ။

သူကလေးသည် အသက်နှင့်စာလျှင် အရပ်ကပုနေသည်။ ပိန်လည်း ပိန်သည်။ နှာခေါင်းက မသိမသာ ကလေး အပေါ် သို့ လန်သည်။ အနီရောင်ဆံပင်ဘုတ်သိုက်ကြီးကို တိုတိုညှပ်ထားသည်။ သူကလေး၏ အထူးခြားဆုံး ရုပ်လက္ခဏာကတော့ အရောင်တောက်နေသော ညိုပြာရောင်မျက်လုံးများပင်ဖြစ်၏။ သူ့ မျက်လုံး များသည် တစ်ချိန်တည်းတွင် ၀မ်းနည်းကြေကွဲခြင်း၊ ၀မ်းသာပျော်ရွှင်ခြင်းနှင့် အသိဥာဏ် ထက် မြက်ခြင်း တို့ကို ဖော်ပြနေကြသည်။ သူကလေး၏ နာမည်က ''အင်နီ''တဲ့။

လေတဟူးဟူး တိုက်နေပြီး ချမ်းအေးလှသော အဆောင်ထဲတွင် အင်နီနှင့် ဘ၀တူ အခြား မိန်းကလေး ၁၇ ယောက် တို့က အိပ်ပျော်သွားကြသည်မှာ အတော်တော်ကြာလေပြီ။ သူတို့သည် ငြိမ်ငြိမ်သက်သက် အိပ်ပျော် နေကြသည်တော့မဟုတ်။ အများစုသည် ခုတင်ကျဉ်းကျဉ်းကလေးတွေပေါ်တွင် စစ်စောင်အ စုတ်အပြဲ များကို ခြုံကာ ခြောက်အိပ်မက် မက်ရင်း ဘယ်လူးညာပြန် လှုပ်ရှားပြီး အော်ညည်းနေကြ၏။ သို့သော် အင်နီကလေး ကတော့ တစ်ညလုံး တမှေးကလေးမျှ အိပ်မပျော်သေး။ စောစောပိုင်းက အိပ် ပျော်အောင် ကြိုးစားခဲ့သော်လည်း နှစ်သစ်ကူးအကြိုညတွင် လမ်းတကာလျှောက်ပြီး အပျော်ကျူးနေသူ များ၏ အော်ဟစ်ဆူညံသံတွေကြောင့် ဘယ်လိုမှ အိပ်၍မရ။ ဟေးလားဝါးလား ဟစ်အော်သံတွေ၊ အ ရက်မူးမူး ဖြင့် သီချင်းအော်ဆိုသံတွေနှင့် ကားဟွန်းသံတွေက တစ်ရပ်ကွက်လုံး ကျွက်ကျွက်ညံနေ၏။

သန်းခေါင်ကျော်သွားသောအခါမှာတော့ စိန့်မတ်ခ်ပလေ့စ်လမ်းထဲတွင် ဆူညံသံများ လုံးဝတိတ်ဆိတ် သွားပြီး ဆီးနှင်းတွေ တဖွဲဖွဲနှင့်ပို၍ ကျလာသည်။
အင်နီကား အိပ်၍မပျော်သေး။ နောက်ဆုံးတော့ သူကလေးသည် ခုတင်ပေါ်မှဆင်းကာ ပြတင်းပေါက် နားသို့ လျှောက်လာ ခဲ့၏။ တကယ်တော့ အင်နီကလေးသည် ပြတင်းပေါက်နားတွင် ရပ်ကာ ဆီးနှင်းဖုံး ထားသော အမှောင်ထုထဲသို့ လှမ်းမျှော်ရင်း တစ်စုံတစ်ယောက်ကို ငြိမ်သက်စွာ စောင့်မျှော်နေခြင်း ဖြစ် သည်။

စင်စစ် နှစ်သစ်ကူး အကြိုညတွင် အင်နီကလေး လုံးဝအိပ်မပျော်ခဲ့ခြင်းမှာ အကြောင်းထူးရှိလေသည်။ ထိုအကြောင်း မှာ ယခုနှစ် နှစ်သစ်ကူး အကြိုညတွင် သူ့အသက် ၁၁ နှစ်ပြည့်သည့်ည ဖြစ်၏။ လွန်ခဲ့ သော ၁၁ နှစ်ကာလ နှစ်သစ်ကူးအကြိုညတွင် နှစ်လသမီးအရွယ် သူကလေးအား သံဇကာခြင်းကလေး နှင့် ထည့်ကာ မိဘမဲ့ ကလေးဂေဟာ လှေကားရင်းမှာ စွန့်ပစ်ထားခဲ့ကြသည်။ တစ်စုံတစ်ယောက် က တံခါး ကို ဖွင့်ပြီး အမှောင်ထု ထဲ သို့ ပြေးထွက်လာသည်။

ပန်းရောင် စောင်အနွမ်းကလေးဖြင့် ထွေးပတ်ထားသော အင်နီကလေးကို တွေ့ရ၏။ သူကလေး၏ လည်ပင်း တွင် တစ်ဝက်ပဲ့နေသော ငွေလော့ကက်ကြိုးကလေးကို ဆွဲထားသည်။ လက်မှတ်ရေးထိုးမ ထားသော စာတစ်စောင်ကိုလည်း စောင်တွင် ပင်အပ်နှင့်ထိုး၍ တွယ်ထားသည်။ ထိုစာမှာ-
    ''ကျွန်မတို့ ရဲ့သမီးလေးကို ကျေးဇူးပြုပြီး စောင့်ရှောက်ထားကြပါ၊ သူ့နာမည်က အင်နီဖြစ်ပါ     တယ၊ သမီလေး ကို ကျွန်မတို့ အများကြီးချစ်ကြပါတယ်၊ သူ့ကို အောက်တိုဘာလ ၂၈     ရက်နေ့မှာ မွေးခဲ့ပါတယ်၊ ကျွန်မ တို့ မကြာခင်ပြန်လာခဲ့ကြပါမယ်၊ သူ့လည်ပင်းမှာ လော့ကတ်ကြိုးတစ်ဝက် ဆွဲထားခဲ့ပါတယ်။ ကျန် တစ်ဝက် ကိုတော့ ကျွန်မတို့ယူသွားကြပါတယ်။ ဒီလိုလုပ်    တာက ကျွန်မတို့ပြန်လာတဲ့အခါ အင်နီလေးဟာ ကျွန်မ တို့ ရင်သွေးလေးအစစ်အမှန်ဖြစ်ကြောင်း သက်သေခံ အထောက်အထားပြနိုင်အောင်လို့ပါ''

သူ့အား သူ့မိဘများက နှစ်သစ်ကူးအကြိုညတွင် မိဘမဲ့ ဂေဟာရှေ့၌ စွန့်ပစ်ထားခဲ့ကြသောကြောင့် နှစ် သစ်ကူး အကြိုည တွင်ပင် သူ့မိဘများပြန်လာပြီး သူ့ကိုပြန်ခေါ်သွားကြလိမ့်မည်ဟု အင်နီကလေးက မျှော်လင့် ယုံကြည်နေခဲ့သည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း အခြားကလေးများက ခရစ္စမတ်နေ့ကို လက် ချိုး ရေတွက်နေကြသကဲ့သို့ပင် အင်နီကလေးလည်း နှစ်သစ်ကူးအကြိုညကို အမြဲတမ်းလက်ချိုးရေ တွက် နေခဲ့၏။

သို့သော် တစ်နှစ်ပြီးတစ်နှစ်သာ ကုန်သွားခဲ့သည်။ သူ့ဆန္ဒကား မပြည့်ခဲ့။ သူ့ဖေဖေနှင့် သူ့မေမေတို့ ရောက် မလာခဲ့။ ယခုနှစ်တွင်လည်း သူတို့ရောက်လာမည်မဟုတ်သည်မှာ သေချာသည်။
အပြင်ဘက် တွင် ဆီးနှင်းများ ပို၍ပို၍ သိပ်သည်းလာ၏။ အင်နီကလေးသည် သက်မတစ်ချက် ချလိုက် သည်။ သူသည် မငိုမိအောင် မျက်လုံးများကို လက်နှင့်ပွတ်၍ သူ့ကိုယ်သူ ထိန်းထားလိုက်၏။
''သူတို့က ငါ့ကို သိပ်ချစ်တယ်။ ငါ့ကို ပြန်လာပြီးခေါ်ကြမယ်လို့ စာထဲမှာ ရေးထားတယ်'' အင်နီက သူ့ ကိုယ်သူ တိုးတိုးပြောနေသည်။ ''ဘာများ ဖြစ်နေကြပါလိမ့်၊ သူတို့ဘယ်များရောက် နေကြပါလိမ့်၊ သူတို့ ငါ့ကို ဘာကြောင့် များ လာမခေါ်ကြတာပါလိမ့်''

အင်နီကလေးသည် သူ့လည်ပင်းမှ တစ်ခြမ်းပဲလော့ကက်ကြိုးကလေးကို လက်နှင့်ဆုပ်ပြီး ရင်ဘတ်တွင် တင်းတင်းကြီး ဖိကပ်ထားသည်။ သူကလေးသည် ဤအလုပ်ကို နေ့ရော ညပါ အမြဲတမ်း လုပ်လာခဲ့ သည်မှာ ကြာခဲ့ပြီ။
''မေမေ... မေမေ... မေ... မေ...''

မိဘမဲ့ကလေးဂေဟာတွင် အသက်အငယ်ဆုံး ခြောက်နှစ်သမီးအရွယ်မောလီကလေး၏ ယောင်ရမ်းပြီး လန့်အော်သံဖြစ်၏။ သူကလေးသည် ခြောက်အိပ်မက် မက်ပြီး သူ့မေမေကိုတမ်းတ အော်ခေါ်နေသည်။ သို့သော် မော်လီ၏မေမေက လွန်ခဲ့သော နှစ်နှစ်လောက်ကပင် ကားတိုက်ခံရ၍ သေဆုံးသွားရှာပြီဖြစ် ၏။ သူ့ဖေဖေ လည်း မေမေနှင့်အတူ မပြန်လမ်းသို့ လိုက်သွားခဲ့ရှာပြီ။ မော်လီကလေးက ထူးထူးခြားခြား ချောမော လှပသူဖြစ်၏။ မျက်ဝန်းနက်နက်၊ ဆံပင်နက်နက်ဖြင့် အလွန်ချစ်စရာကောင်းသည်။ သို့ပေ မယ့် သူ့ခမျာ ကံဆိုးရှာသည်။ သူ့ကို မွေးစားမည့်သူ တစ်ယောက်မျှမရှိ။ ထို့ကြောင့် သူလည်းပဲ မိဘမဲ့ ကလေးဂေဟာ ရှိ အခြားမိန်းကလေးတွေလိုပင် မိဘမဲ့ကလေးငယ်တစ်ဦးဖြစ်၏။

သို့သော် အင်နီကတော့ တခြားမိန်းကလေးတွေနှင့်မတူ။ တစ်မူထူးခြားသူဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် အင်နီ မှာက မိဘများရှိနေကြသေးသည်။ ဘယ်နေရာမှာ ရှိမှန်းမသိရပေမယ့် တစ်နေရာရာမှာ တော့ ဧကန်ရှိနေကြမှာ သေချာသည်။
''မေမေ... မေ... မေ...''
မော်လီကလေး ၏ အော်သံ ထွက်ပေါ်လာပြန်၏။ သူ့အော်သံကြောင့် သူ့ပတ်ပတ်လည် ခုတင်များမှ မိန်းကလေး တွေလည်း အကုန် လန့်နိုးလာကြ၏။

''ဒီကောင်မလေး ဘာတွေလျှောက်အော်နေတာလဲ၊ နင့် ပါးစပ်ပိတ်ထားစမ်း''
မော်လီ ခုတင်ဘေးမှ ပက်ပါး က လှမ်းပြောလိုက်ခြင်းဖြစ်သည်။
''ဟုတ်သားပဲ၊ သူ့ကြောင့် အားလုံးနိုးကုန်ပြီ။ ဘယ်သူမှ မအိပ်ရတော့ဘူး''ဟု ဒပ်ဖီက၀င်၍ ပြောလိုက် သည်။
''မေမေ... မေမေ... မေ... မေ...''
''ဟေ့... မော်လီ၊ ခွေးကောင်မလေး၊ ငါပြောနေတာ မကြားဘူးလား၊ နင့်ပါးစပ် ပိတ်ထားစမ်းပါဆို''

ပက်ပါးက စိတ်ပေါက်ပေါက်ဖြင့် ခုတင်ပေါ်မှခုန်ဆင်းပြီး မော်လီကလေးအား ကောက်ချီကာ ကြမ်းပြင် ပေါ် သို့ ပစ်ချလိုက်သည်။ ပက်ပါးက မိန်းကလေးတွေ အားလုံးအနက် အသက်အကြီးဆုံး၊ ၁၆ နှစ်ရှိပြီ။ သူ့နှာခေါင်း က ပြားပြားပိပိ၊ မျက်နှာတွင်လည်း မှဲ့ခြောက်တွေနှင့် ပြည့်နှက်နေ၏။ ပွရောင်းရောင်း သူ့ဆံပင် တွေ က အင်နီ့ဆံပင်ထက် ပို၍လည်း ရှည်သည်။ ပို၍လည်း နီသည်။
''ဟေ့... ကလေး ကို ဘာလို့တွန်းချတာလဲ၊ သူက နင့်ကို ဘာလုပ်လို့လဲ''

ဆယ့်နှစ်နှစ်သမီးအရွယ် ဂျူလိုင်ကလေးက ပက်ပါးကို လှမ်းပြောလိုက်၏။ ဂျူလိုင်ကလေးက ရုပ်ရည် သိပ်မချော လှပေမယ့် အလွန်စိတ်ကောင်းရှိသည်။ သူ့နာမည်ကို ''ဂျူလိုင်'' ဟူ၍ ခေါ်ခြင်းမှာ သူ့အား ဇူလိုင်လ ၄ ရက် နေ့တွင် မိဘမဲ့ကလေးဂေဟာ၌ လာရောက်စွန့်ပစ်ထားခဲ့သောကြောင့်ဖြစ်၏။
''နင် မမြင်ဘူးလား၊ သူ့ကြောင့် ငါအိပ်မရတော့ဘူး၊ သိပ်အနှောက်အယှက်ပေးတဲ့ ကောင်မလေး''
ပက်ပါး က ဂျူလိုင်အား ပြန်ပြောလိုက်သည်။

''မအိပ်ရတာ နင့်ကြောင့်၊ သူ့ကြောင့် မဟုတ်ဘူး''
''အံမယ်၊ နင်က သူ့ဘက်က ပါတယ်ပေါ့လေ၊ ကဲ... နင် ဘာလုပ်ချင်လို့လဲ ကောင်မ''
ပက်ပါး က ပြောရင်း ဂျူလိုင်၏ခုတင်ဆီသို့ လျှောက်လာသည်။
''သြော်... နက်က ဗိုလ်ကျချင်တယ်ပေါ့လေ၊ ကဲ... နင်ကရော ဘာလုပ်ချင်လဲ လုပ်စမ်းပါ''
ထို့နောက်တွင်တော့ ပက်ပါးနှင့် ဂျူလိုင်တို့နှစ်ဦးသာ ဖက်လုံးပြီး ကြမ်းပြင်ပေါ်တွင် အပြန်အလှန် သတ် ပုတ်နေကြတော့သည်။ တစ်ယောက်ကို တစ်ယောက် လက်နှင့် ကုတ်ဖဲ့ကြသည်။ ဆံပင်ကို ဆွဲဆောင့် ကြသည်။

သူတို့နှစ်ယောက်၏အော်သံကြောင့် အခန်းအစွန်မှ ရှစ်နှစ်သမီးအရွယ်တက်စီကလေး လန့်နိုးလာ သည်။
''အို... ဘုရား... ဘုရား... သတ်နေလိုက်ကြတာ''
အင်နီသည် တစ်ချိန်လုံးပြတင်းပေါက်နားတွင် ရပ်ကာ ရန်ပွဲကိုငြိမ်ကြည့်နေခဲ့သည်။ ယခုတော့ မနေ သာတော့ဘဲ ရှေ့သို့လျှောက်လာပြီး ပက်ပါးနှင့် ဂျူလိုက်တို့အား အတင်းဆွဲခွဲသည်။
''ဟေ့... တော်ကြပါတော့၊ တော်ကြပါတော့၊ တော်တော်ဆိုးတဲ့ကောင်မတွေ၊ ခုချက်ချင်း အိပ်ရာပေါ် ပြန်တက် ကြစမ်း''
အင်နီ က အမိန့်သံပါပါဖြင့် ပြောလိုက်သည်။

''အံမယ်၊ ကောင်မက ကြီးကျယ်လိုက်တာ''
ပက်ပါးက သူ့ခုတင်ဆီသို့ပြန်ရင်း မကြားတကြား ပြန်ပြောသွားသည်။ သို့သော် သူက အင်နီနှင့်သတ် ပုတ်ဖို့ကိုတော့ စိတ်ပင်မကူးရဲ။ အင်နီက ပက်ပါးထက် ကိုယ်လုံးကိုယ်ဖန်ရော၊ အသက်အရွယ်ရော ငယ် ပေမယ့် ဂေဟာတစ်ခုလုံးတွင် အသန်မာဆုံးမိန်းကလေးအဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်၏။ ထို့ကြောင့် ပက်ပါး က သူနှင့် မယှဉ်ဝံ့ခြင်းဖြစ်သည်။ အင်နီက အားလုံးအနက် အတော်ဆုံးလည်းဖြစ်၏။ ထို့ကြောင့် အားလုံး ကပင် အင်နီအား ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြသည်။ အထူးသဖြင့် ဂေဟာအုပ်ချုပ်ရေးမှုး မစ္စအာဂါသာ ဟန်နီဂန်နှင့်မိန်းကလေးများ၏ ဘယ်တော့မှ မပြီးဆုံးနိုင်သော ''တိုက်ပွဲ''တွင် အင်နီက ခေါင်းဆောင်ဖြစ်၏။

''ပက်ပါးက စတာ... အင်နီ။ သူက မော်လီ့ကို ခုတင်ပေါ်က ဆွဲချတာ၊ သိလား''ဟု ဂျူလိုင်က တိုင်သည်။
''ဟုတ်ပါတယ်၊ ငါလည်း မြင်ပါတယ်'' အင်နီက ဂျူလိုင်၏ပခုံးကို လက်တင်ပြီး ပြောသည်။ ''ကဲ... ကဲ... တော်ကြ ပါတော့၊ အိပ်ကြတော့၊ အားလုံးပြန်အိပ်ကြတော့''
''ဟုတ်ကဲ့၊ အိပ်ပါ့မယ် အင်နီ''ဟု ပြောပြီး ဂျူလိုင် အိပ်ရာပေါ်ပြန်တက်သွားသည်။

ထို့နောက် အင်နီသည် မော်လီကလေးထံသို့ လျှောက်လာခဲ့သည်။ မော်လီကလေးမှာ ကြမ်းပြင်ပေါ် တွင် မှောက်လျက်သား ရှိနေဆဲဖြစ်သည်။ အင်နီသည် ဒူးထောက်ထိုက်ချလိုက်ပြီး မော်လီကလေးကို ပွေ့ဖက် ထားလိုက်၏။
''ကဲ... ညီမလေးရယ်၊ ဘာမှမဖြစ်ပါဘူး၊ ကြောက်စရာလည်း မရှိဘူး၊ မမ ရှိနေတာပဲ၊ မဟုတ်ဘူးလား ဟင်''

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၅)

မေမေ့အလှည့်ကြုံလေပြီ၊ မေမေပြောစကားကို ကြားယောင်လာပြန်ပါသည်။ ''ငါးမိနစ် သာ သမီးတို့ ဖေဖေ နားကြား လိုက်စေချင်ပါရဲ့...'' သူသည် မပြည့်သောဆန္ဒကို ပြုံး၍သာ ငြီးတွားခဲ့သည်၊ ၀ါးခယ်မ အိမ်အိုကြီး တွင် ကွတ်ပြစ်ကြီးတခုရှိသည်၊ လသာသော ညများတွင် မအိပ်ခင် မေမေသည် ဖေဖေနားမ ကြားသည် မှ စိတ်ဖောက်ပြန်သော ရောဂါ၊ လေငန်းရောဂါများ စွဲကပ်လာ၍ ဖြစ်ပေါ်လာသော အကြောင်း များကို ရယ်ရယ်မောမောပြောတတ်၏။ 

ကျမတို့ကလည်း ပုံပြင်များ နားထောင်နေရသလို ညီအမတတွေ ရယ်လိုက်ကြ အာရုံစိုက်လိုက်ကြနှင့် နားထောင်ကြ၏။ ယခုတော့ ကိုယ်တွေ့ဝင်၍ မေမေ့နေရာအစား ၀င်ယူရသောအခါ မေမေ့လို မရယ်နိုင် ရှိုက်ခါ ငင်ခါ ငိုကျွေးမိ၏။ ခုံမိပေါက်မိ၏ အိနြေ္ဒပျက်လောက်အောင်ပင် မချုတ်နိုင် မတီးနိုင်ဖြစ်ရ၏။ လောက ဇာတ်ခုံ တွင် မေမေ လို ကျမသည် ဘယ်သောအခါတွင် ခံနိုင်ရည်ရှိပါမည်နည်း။

မေမေသည် အဆုတ်နာဝေဒနာရောဂါကို နှစ်နှစ်ကြာခံစားရသည်။ ဆုံးခါနီးခြောက်လလောက်တွင် ဆေးရုံမှာ မနေလိုတော့၍ အိမ်မှာပင် ကုသခံသည်၊ သူ့ကိုယ်သည် အရိုးပေါ်အရေတင် အိပ်ယာပေါ် တွင်မြုတ်နေ၏။ သူ၏နောက်ဆုံးအချိန်ကို မဟာစည်ဆရာတော်ဘုရားရေးသော ၀ိပဿနာရှုနည်း ကျမ်းကို ဖတ်ခါ ကုန်လွန်ခဲ့သည်၊ စာအုပ်ပါနည်းအတိုင်း တရားမှတ်၏၊ သူ၌ ရိပ်သာသို့သွား၍ တရား အားထုတ်ချိန် မရခဲ့၊ တနေ့တွင် ကျမတို့ ညီအမတွေ မီးဖိုထဲဝင်၍ ထမင်းချက်နေဆဲ မေမေ့အနားတွင် တယောက်မှမရှိပေ။

''အမလေး... လာကြပါအုံး...'' မေမေ့အသံသဲ့သဲ့ကို ကျမတို့ကြားရ၍ အပြေးအလွှား မေမေ့အိပ်ခန်းသို့ ပြေးသွားကြ၏။ ဖေဖေသည် တုတ်တချောင်းကို လက်ကိုင်ပြုကာ ခေါင်းကလေးမော့၍ စိန်ပြေနပြေ မေမေ ၏ ခြေသလုံးကိုနင်း၍ နေတော့သည်။ မေမေမှာတော့ မျက်ရေများ ဖြိုင်ဖြိုင်ကြကာ ငိုနေတော့ သည်၊ ကျမ တို့သည် ဖေဖေကို အတင်းဆွဲချ၍ စာရေးရပြန်သည်။
''မေမေ က လှုပ်လှုပ်ကလေးရယ် ဖေဖေ့ကိုယ်ကြီးနဲ့တက်နင်းလို့ သေရောပေါ့ အခုငိုနေဘီ''

သူသည် စာရွက်ဖတ်ပြီး ''ဟေ... ငါကတော့ အိပ်ယာထဲ တခွေခွေနေရတာ ညောင်းရှာမှာဘဲလို့ သနား လို့ တက်နင်း ပေးတာ... မသိလို့ မသိလို့ နောက်မလုပ်ဘူး...''ဟု ခုနှစ်သံနှင့် အော်တော့၏။
ကဲ... မခက်ပေဘူးလား ကျမတို့အဖြစ်က ရီရအခက် ငိုရအခက် ခေါင်းမကောင်းဘူးဆို၍လည်း အေး အေးနေသူမဟုတ်၊ သူမပါလျှင် ဘယ်နေရာမှ မပြီးဟူ၍ ထင်နေတော့လည်း မခက်ပါလား...

ဆုတောင်း

ကျမ၏ခင်ပွန်းသည်သည် မြန်မာစာပေရော အင်္ဂလိပ်စာပေရော စစ်စာပေများပါ ၀ါသနာပါသူပီပီ တာ ၀န်မှ ခေတ္တ နားချိန်များ၌ စာကိုသူအလွန်ဖတ်သည်။ ဖတ်ပြီး သူအရသာတွေ့သော စာများကို အောက် မှ မျဉ်းသား ၍ ကျမ ကို ဖတ်ခိုင်းရုံတွင်မက ဟိမ၀န္တာချီးမွမ်းခန်း ဖွင့်တတ်ပါသည် ဝေဖန်တတ်ပါသည်။

နိုင်ငံရေးနှင့်ပါတ်သက်၍ ဦးသိန်းဖေမြင့် ကို တခြားလူတွေ ဘယ်လိုပင် ဝေဖန်၍ ဘယ်လိုပင် သဘော ကွဲလွဲ စေကာမူ ဦးသိန်းဖေမြင့် မြန်မာစာရေးဟန်ကိုမူ သူသည် သဘောကျစွာနှင့် ကျမအားဖတ်ပြကာ ဆွေးနွေး တတ်ပါသည်၊ ကျမ၏သဒ္ဒါအမှားနှင့် မြန်မာစာရေးပုံ တခါတရံ မချောသည်ကို အကိုကြီးက ကြေနပ်ပုံ မပေါ်ပါပေ။
ကျမက ရယ်စရာပင် သူ့ကိုပြောတတ်ပါသေးသည်။

''မဟုတ်ဘူး မိချိုရ တင်ပြပုံ (Presentation) ကိုက တမျိုးလေးဘဲလေ ရိုးရိုးလေးနဲ့ကြည့်ပါလား သူ့အဖေ ကြီး ရွှေတိဂုံ ဘုရားပေါ်မှာ သူ့သားအတွက် ဆုတောင်းပုံအခန်းများကိုဖြင့် တစိမ့်စိမ့်နဲ့တွေးပြီး ပြုံးပြုံး လာချင်တယ်၊ ဖတ်ကြည့်ပါအုံး ပြီးတော့လေ အဲဒီ တခေတ် ရဲ့ လူကြီးတွေစိတ်ထားဟာ ပေါ်လာတာ ပေါ့''
ကျမ သည် သူ့မျဉ်းသားထားသောစာကြောင်းများကို ဖတ်ကြည့်၏။

    ''ဤသို့လျှင် ကြုံရခဲကြုံရ၊ ဖူးရခဲဖူးရသော ရွှေတိဂုံစေတီတော် ဆင်းတုတော်တို့အား ဖူးမြှော် ကတော့ ရသော ပန်းလှူရသော၊ မီးပူဇော်ရသော၊ အကျိုးကျေးဇူးကြောင့်၊ နိဗ္ဗာန်မဂ်ဖိုလ်ကို ရ-ရ     ပါလို၏ဘုရား၊ နိဗ္ဗာန် သို့ မရောက်မီစပ်ကြား၊ လားလေရာဘ၀၌ ပညာကြီးခြင်း၊ ချမ်းသာခြင်း     ရာထူးကြီးခြင်း ဖြစ်ရပါလို၏ ဘုရား၊ ယခုဘ၀၌လည်း အကြံအစည်ဟူသမျှ အောင်မြင်ရပါလို၏     ဘုရား၊ တပည့်တော် ၏ သားသည်၊ သာမန်အစား မဟုတ်၊ အတိဇာတသား ဖြစ်ပါ၏။

ထိုသား သည် ပညာကြီးခြင်း၊ အကြံအစည်အောင်ခြင်း၊ ရာထူးဌာနန္ထရ၊ ကြီးစွာရခြင်း၊ ထိုသားအတွက်     ယနေ့ ထိုးသော သိန်းထီပေါက်ခြင်း၊ ဘိလပ်မှာ ပညာသင်ကြားနိုင်ခြင်း၊ ကြွယ်ဝချမ်းသာသော    ရုပ်အဆင်း လှ သော မိန်းမရတနာရခြင်းများ ဖြစ်ပါစေသနည်းဘုရား...''
သူထောက်ပြသော စာတမ်းကို ကျမယူဖတ်ကြည့်၏။ ဖတ်ပြီးသောအခါ ကျမရယ်ပါသည်။ သူသည် အဓိပ္ပါယ် နားမလည်သလို ကြောင်၍ကြည့်နေ၏။

''အချို ဘာလို့ရယ်လဲသိလား၊ ဦးသိန်းဖေမြင့်ကြီး လိုတော့ တစိမ့်စိမ့်ပြုံးလာအောင် သရုပ်မဖေါ်တတ်ဘူး အချို တို့ အဖေကြီး ဆုတောင်းက ဦးသိန်းဖေမြင့်ဆုတောင်းနဲ့ မတိမ်းမယိမ်းဘဲ၊ ဒါကြောင့် ရီဒါ''ဟုဆို ကာ ကျမက ဟက်ဟက်ပက်ပက် ဆက်ရယ်ပါသည်။ ကျမရယ်ရခြင်းကို သူ့အားပြောပြရ၏။

ကျမတို့ငယ်ငယ်က ကျမတို့အိမ်ကြီးသည် မိသားစုအစုံလိုက်တွဲ၍ တစုတဝေးကြီးနေခဲ့သော အိမ်ကြီး တခုဖြစ်ဟန်တူသည်၊ ကျမအရွယ်ရောက်သိတတ်၍ ကြည့်မိသောအချိန်တွင်တောင် မိကြီး မိဒွေး ဘကြီး ဘဒွေး၊ အဒေါ် ဦးလေး အမ၀မ်းကွဲအစုံပင် ပေါင်းစပ်၍ တခုတဝေးကြီးနေကြသည်ကိုတွေ့၏။ ဦးနု၏ဘခင် ဦးစံထွန်း ဒေါ်စောခင်တို့လည်း အတူပင်နေကြ၏။ (သူတို့ကို ကျမတို့က အမနှင့်အဘဟု ခေါ်သည်။) အဖေ့ဘက် ရော အမေ့ဘက်ရော ဆွေမျိုးများ အပြည့်အစုံပင်တည်း။

ညနေစောင်း လမ်းမကြီးသို့ သူငယ်ချင်းအဖေါ်များနှင့်ထွက်၍ မကစားခင် ဘုရားရှိခိုးရ၏။ ပရိတ်ရွတ်ရ ၏။ ဘုရားရှိခိုး အပြီးတွင် မေမေ၏မိခင် အဖွားဖြစ်သူကို အစချီကာ...။

    အမေကြီးအား ကံတော့ပါ၏။
    အဘကို ကံတော့ပါ၏။
    အမကို ကံတော့ပါ၏။
    ဖေဖေ့ ကံတော့ပါ၏။
    မေမေ့ ကံတော့ပါ၏။
    ဦးတင်ကို ကံတော့ပါ၏။
    ဒေါ်လေးလဲ ကံတော့ပါ၏။
    ဒေါ်ဒေါ်ရုံလဲ ကံတော့ပါ၏။ (ဦးတင်၏ဇနီး)
    သန်းသန်း ကံတော့ပါ၏။
    ယုံယုံ ကံတော့ပါ၏။ (မေမေ၏တူမ)

အစရှိသဖြင့် အဘဦးဘိုးလုံး ယုံယုံ၏အဖေရှိစဉ်ကလည်း အဘပါမကျန် အားလုံးရှိရှိသမျှ မိကြီးမိဒွေးကို ကံတော့ ရုံမက မောင်နှမချင်းလည်း အထက်အောက် အကြီးအငယ်အလိုက် ကတော့ပြီးမှ အပြင်ထွက် ပြီး ကစားကြရသည်။ လူကြီးများကလည်း ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ စသဖြင့် ဆုပေးကြသည်။ ကျမတို့ အရွယ် ရောက်လာသောအခါ ဖေဖေသည် ဆုပေးတမျိုးပြောင်းလာ၏။ ''ဘုန်းကြီးပါစေ သက် ရှည်ပါစေ'' ဆိုသော သာမာန်ဆုတောင်းအပြင် ''ငါ့သမီးများ လင်ကောင်းသားကောင်းရပါစေ''ဆို၍ အော်ကြီးဟစ်ကျယ် ဆုတောင်း တတ်၏။

ကျမတို့၏အဖွားမှာ စည်းကမ်းလည်းကြီးသည် အရှက်အကြောက်လည်းကြီးသည်။ အင်မတန်လည်း ပါးနပ် ပုံ ရသည်။ အသက်ကြီး၍ နားအနည်းငယ်လေးသော်လည်း တခြားလူ ပါးစပ်လှုပ်သည်ကို ကြည့် ရုံနှင့် သူသိသည်။ နောက်တခါ ဖေဖေဆုတောင်းအပြီးတွင်မူ မေမေ့ကိုပြော၏။
''မသိန်းတင် ရယ် သမီးလေးတွေ အပျိုဖြစ်လာတာနဲ့တော့ မောင်ဘ နေပုံထိုင်ပုံ နဲ့ ခက်ပါသေးကွယ်''
''ဘဲ့ နဲ့ ဆုပေးတာလဲ... ရှက်စရာကြီး၊ အပျိုအရွယ်လေးတွေကို လင်ကောင်းသားကောင်းရပါစေတဲ့''

အဖွားက နားရှက်ပုံရ၍ မေမေ့ကိုပြောပါသည်။ မေမေက စာတရွက်ပေါ်တွင် ''သမီးများကို ဆုပေးလျှင် လင်ကောင်း သားကောင်းရစေချင်သော စေတနာရှိရိုးမှန်ပါသော်လည်း ၀မ်းထဲမှသာပေးရန် ပါးစပ်က ကျယ်လောင်စွာ မရွတ်ဆိုဖို့'' စာရေးပြပါသည်။
စာရွက်ကြီး ကို ဖေဖေကကိုင်ကာ ခုနှစ်သံနှင့်အော်ပါတော့သည်။ ''မင်းတို့က ဘာသိလဲကွ သူတို့လင် ကောင်း သားကောင်းရမှ တို့ကြီးရင် စတိုင် နဲ့ နေရမှာ သားမက်တွေ မကောင်းရင် တို့အိုကြီးအိုမ ဒုက္ခ ရောက်မှာပေါ့''

အိမ်သားများမှာ အိနြေ္ဒမဆည်နိုင်ဘဲ အူတက်မတတ် ရယ်ပါတော့သည်။ ကျမတို့လည်း မနေနိုင်ပါ။ ရယ်မိ ပါသည်။ တကယ်တော့လည်း မှန်ပါသည်။ ဖေဖေ၏ဆုတောင်း ပြည့်သည် မှန်သည်ဟုဆိုရပါ မည်။ ဖေဖေ ခုလို ရောဂါထူပြောပုံ တဇွတ်ထိုးလုပ်ပုံနှင့်ဆိုလျှင် တော်ရုံတန်ရုံသားမက်များ သည်းခံနိုင် လိမ့်မည် မဟုတ်ပေ။
တခါက ဖေဖေဆေးရုံမှ အဆင်းတွင်လည်း ကျမ၏ညီမအလတ် အကြွယ်၏ယောက်ျား ကိုဘလုံလေး က သူ့ ကား နှင့် အိမ်အထိလိုက်ပို့သည်။

''အဘနော်... ကျနော်တို့ကို သားမက်တော်ရတာ အင်မတန်ကံကောင်းတယ် အောင်းမေ့ပါ၊ အရေးပိုင် ကြီး တွေ နယ်ပိုင်ကြီးတွေတောင် အဘအလိုလိုက်နိုင်မှာမဟုတ်ဘူး''ဟု ကြည်စားပြောမိသေးသည်။
''ကဲလေ... တို့များဖေဖေဆုတောင်းနဲ့ ဦးသိန်းဖေမြင့်အဖေဆုတောင်းနဲ့ နှိုင်းယှဉ်ဝေဖန်ပါအုံး''ဟူ၍ ကျမ ခင်ပွန်းသည် အား ပြန်လည်ပြောပြကာ ရယ်မောကြတော့သည်။

အမှန်တော့ ဖေဖေသည် ရှေးခေတ်ဗြူရိုကရက်ခေတ်ဆိုကြပါစို့၊ ကျွန်ခေတ်တွင် နားမကြားဘဲ စိတ်က လည်း ဖောက်ပြန်သွားသည်။ လေငန်းရောဂါကလည်း ၀င်ပါလိုက်သောအခါ သူ့စိတ်မှာ မူမမှန်ယုံမက ခေတ်နှင့်လည်း အဆက်ပြတ်သွားသည်။ သူသည် လူငယ်တို့၏ မျိုးချစ်စိတ်ဓါတ်နှင့် လှုပ်ရှားမှုများကို ၎င်း၊ ခေတ်အလျောက် အတွေးအခေါ် တီထွင်ကြလိုခြင်းကို၎င်း၊ ကုလားထိုင်အို များတွင် ထိုင်၍ ကြိုးနီစ များကို ဖြေကြယင်း အိုသေ ကြသော အဖြစ်များကို လူငယ်တို့မလိုလားကြပြီ၎င်း၊ သူ လုံးဝ သတိမထား တော့ပေ။

သူ့စိတ်ကူး ''ခေတ်''ကြီးတွင်တော့ ကုလားထိုင်အိုကြီးများ ကြိုးနီစများကို ရစ်ပတ်ရှုတ်ထွေးနေကြဆဲ ဖြစ်၏။ သား များက ပညာဆုံးခန်းတိုင်သင် ၀န်ထောက်စာမေးပွဲဝင်ဖြေကြ မဖြစ်တောင် ၀န်ထောက် စာ ရေးစာချီ စသော ကုလားထိုင်အိုကြီးများတွင် ထိုင်ကြ၊ ဒါသည် တဘ၀ဘဲဖြစ်၏။

သမီးတို့ကလည်း ပညာကို အထက်တန်းရောက်အောင်သင်၊ သင်ပြီးလျှင် သူကြိုက်သော ဘီ-စီ-အက် တယောက် ယောက် ကိုယူ၍ ဤငရုတ်သီး ဤကြက်သွန်တို့နှင့် စခန်းသွားပေတော့ ဤသည်မှာလည်း သူမှန်းသော ခေတ် သူမှန်းသော တဘ၀ဖြစ်၏။ သို့သော် အပြင်သည် ပြောင်းလဲလျက်ရှိ၏။ ကုလားထိုင် အိုကြီး များကို၎င်း၊ ကြိုးနီစများကို၎င်း ခုတ်ဖြတ် ရှင်းလင်းပစ်နေကြပြီကို သူမသိ။
သားများက သူကြိုက်သော စာရေး စာချီကုလားထိုင်ကို ၀င်မထိုင်၊ တို့ဗမာအစည်းအရုံးကို ၀င်လိုက်၏။ သူ၏တူ ဦးနု ပင် သူအလွန်နှစ်သက်သော ၀န်ထောက်စာမေးပွဲကို မ၀င်၊ ကျောင်းဆရာအေးအေးလုပ်၏။

ပထမပိုင်းတွင် ဖေဖေသည် အလွန်စိတ်အားငယ်၍ စိတ်ပြော့ကျသွားသည်ထင်သည်၊ သူရောဂါရပြီး နောက်ပိုင်း တွင် သူ့သားသမီးများသည် လူစဉ်မှီအောင် စာသင်တော့မည်မဟုတ်ဟူ၍ထင်သည်၊ မေမေ က တောဘက် တွင် သူ့စီးပွားနှင့်သူ စပါးများလုပ်သည်ဆိုပေမင့် ဦးဆောင်သည့်ဖေဖေက ရောဂါရ၊ မေမေ့ ကိုယ်စားလှယ်ကြီး ဦးလှဆိုသူကလည်း သေဆုံးသွားသည်ဟု ဆိုပါသည်။ ဖေဖေသည် ငွေရေး ကြေးရေးနှင့် သူ့ သားသမီး များ ပညာသင်ကြားရေးအတွက် ပထမပိုင်းတွင် စိတ်ဓာတ်သိတ်ကျ၍ အား ငယ်နေပုံ ရပေသည်။

နောက်ဆုံးမတော့ ဖခင်သည် ဖခင်ဘဲဖြစ်၏။ မည်သူက မိန်းမနှင့် ယောက်ျားတန်းတူဆိုစေကာမူ စင် စစ် ဖခင် သည် အိမ်၏ဦးဆောင်၊ အိမ်၏ကြက်သရေဆောင်ပါပင်တည်း။
ကျမမေမေကို အလွန်ချစ်၏။ မေမေ၏စိတ်ဓါတ်မြှင့်တင်ပေးမှုကြောင့် ဖေဖေယိုင်သွားသော်လည်း ကျမ တို့ မောင်နှမ တစု အခြေမပျက်ခဲ့၊ သို့သော် ဖခင်သည် ဖခင်ပါပင်တည်း။
ဖေဖေ တယောက် ကျောင်းဆရကြီးဘ၀မှ ရုတ်တရက်ဘ၀ပြောင်းသလိုဖြစ်ခါ စိတ်ဖေါက်ပြန်သွားသည် တပြိုင်နက် တစိမ်းမပြောနှင့် ဆွေမျိုးများပင် မထီမဲ့မြင်ပြုလာကြ၏။
ကျမ မှန်းဆကြည့်ရသည်မှာ ဖေဖေ့စိတ်ရင်းကတော့ သူသည် ကျောင်းဆရာကြီးဘ၀နှင့် ပညာနှင့် အသက်မွေး လာ၏။ ယခု နားမကြား၍ ပညာကလည်း သုံးမရ၊ လေငန်းရောဂါကလည်း ၀င်ရောက်လာ ချိန် တွင် သူ၌၀င်ငွေမရှိ၊ မေမေသည် ထိုစဉ်က ငွေကြေးတတ်နိုင်သေး၍ လန်ဒန်မှ နားကြပ်များပင် မှာ ယူကာ ဖေဖေ့ ကို ကုသပေး၏။ သို့သော် မရပါ။

ထိုကဲ့သို့ သူ့ပညာ သုံး၍မရလျှင် ဤအိမ်ကြီးအတွက် သူ့မိသားစုအတွက် သူ၏ခြေလက်အင်အား၊ ခန္ဓာ ကိုယ်အင်အား နှင့် ကူညီမည်၊ အလုပ်လုပ်ပေးမည်ဆိုသော အယူအဆရှိပုံရသည်။
ဘုရားကြီးဝ ရှိ ချောင်းမတွင် ရေတက်လာသည့်တပြိုင်နက် ရေသွားထမ်းခါ သောက်ရေအိုး၊ မီးဖိုချောင် သုံးအိုးများ ပါမကျန် ရေဖြည့်၏။ အိမ်ရှေ့ရှိ မြောင်းငယ်လေးထဲတွင် ရေတက်လာလျှင် တခြံလုံးရှိ သစ် ပင်များ ကို တပင်မကျန်အောင် ရေလောင်း မြေဆွနှင့် လုပ်ပေး၏။ အ၀တ်များကို ကိုယ်တိုင်လျှော်၏။ ညကိုးနာရီ ထိုး၍ သူ၏ အိပ်ချိန်သို့ရောက်လျှင်တောင် သူ့ဖာသာသွားမအိပ်၊ တအိမ်လုံးရှိ တံခါးများကို အပေါက် တပေါက်မကျန်အောင် ပိတ်ပြီးမှအိပ်၏။

ကျမတို့ တောမြို့များရှိ အိမ်ကြီးများတွင် များသောအားဖြင့် ထင်းစင်ကိုက တဲငယ်တလုံးစာလောက်ရှိ တတ်ကြသည်။ ထင်းများကို တမိုးစာဝယ်ယူသိုလှောင်၍ ကုလားကြီးများကို ထင်းခွဲခိုင်းပြီးလျှင် နေပူ ချောက်ချောက်လှမ်းခါ တခါတည်း၊ ထင်းစင်ထဲတွင် လှောင်ထားလေ့ရှိကြသည်။

ဖေဖေသည် ယခုသော် ဤထင်းများကို ထင်းခွဲကုလားမငှားရ၊ သူကိုယ်တိုင်ခွဲမည်ဟု ဆိုပါတော့သည်။ မေမေက စိတ်ညစ်လာသည်။ စာရေးပြ၏။
''ရှင့်ဖာသာ ကိုယ့်အိမ်အတွက် အလုပ်လုပ်ပေမင့် ဘေးလူအမြင်မှာ မကောင်းပါဘူး၊ သူတို့ကလဲ အထင်လွဲမယ်၊ ရှင့်မှာ ၀င်ငွေမရှိတော့လို့ ကျမတို့က မတော်တာတွေကို ခိုင်းရက်တယ်လို့ ထင်မှာ ပေါ့... ဒါတွေ တော့ မလုပ်ပါနဲ့၊ ကျမတို့ ဒါလောက်မဆင်းရဲသေးပါဘူး...''

''အောင်မလေး တင်တင် ရာ... ကိုယ့်အလုပ် ကိုယ်လုပ်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ...''
မေမေ့ကိုပြန်အော်၍ သူလုပ်မြဲ အလုပ်ကိုလုပ်၏။ အိုးထဲ ရေအပြည့်ရှိပြီးသားတောင် ချောင်းထဲတွင် ရေ တက်လာ လျှင် ရှိပြီးသားရေကို သွန်ပစ်ပြီး ခပ်မြဲခပ်၏။ အမှန်တော့ ဖေဖေ့စိတ်မှာ အလုပ်ကို မြတ်နိုး သော စိတ်ဓါတ် ဖြစ်၍ ဂုဏ်ယူဖွယ်ဖြစ်သော်လည်း ကျမတို့သားသမီးများအနေနှင့် မကြည့်ရက်ပေ။
သို့သော် တချို့ဆွေမျိုး များကား ဖေဖေ အလုပ်လုပ်ခြင်းကို အောက်တန်းကျသည့်အနေ၊ အထင်သေး သည့် အနေနှင့် ဆက်ဆံလာကြ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၁၁)

ထင်တဲ့ အတိုင်းပါပဲ။ အောက်တိုဘာလထဲမှာ ပြောင်းဆန်ဈေးဟာ တစ်တင်း  တစ်ရာ့ငါးဆယ်ကနေ သုံးရာ ဖြစ်သွားပါတယ်။ ဒီအခါမှာ လူတွေက တခြားအစားအစာတွေကို ရှာဖွေ စားသောက်ကြရပါတွောတယ်။
တစ်နေ့မှာ အိမ်နံဘေးက အမ်ဝါလီ့အိမ်ကို ကျွန်တော်ဝင်သွားပါတယ်။ ဆာဆာရှိတာနဲ့ သရက်သီးတောင်း မ လို့ပါ။ သူတို့ မိသားစု ထမင်းဝိုင်းမှာ စားဖို့ ပြင်နေကြတယ်။ ကျွန်တော်က နောက်လိုက်ပါတယ်။

'အတော်ပဲဗျို့၊ ဆာနေတာနဲ့'
မစ္စတာအမ်ဝါလီက ရယ်ပြီး
'မင်းစားနိုင်ရင် ၀င်စားလေ။ တို့ဘာစားနေတာလဲ အရင်ကြည့်ဦး'
လက်စသတ်တော့ သူတို့ သရက်သီးစိမ်းတွေကို ထိုင်စားနေတာကိုး။
ပြီးတော့ လူတစ်သိုက် ကွင်းထဲမှာ အလုပ်လုပ်နေတာ ကျွန်တော် သွားတွေ့တယ်။ ကျွန်တော်တို့ရွာသားတွေ မဟုတ်ဘူး။ သေသေချာချာ ကြည့်လိုက်တော့မှာ တစ်နေ့က ဂီးလ်ဘတ်တို့အိမ်မှာ တွေ့ခဲ့တဲ့ လူသိုက် ဖြစ်နေတယ်။ သူတို့လုပ်အားခ အတွက် သရက်သီးကင်း အနည်းအကျဉ်းပဲ ရတယ်လို့ သိရပါတယ်။

နောက်နှစ်ရက်သုံးရက်ကြာတော့ ဈေးဘက်ကို ကျွန်တော် လျှောက်ကြည့်တယ်။ တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်း ကို မြင်ရတော့တာပဲ။ ဈေးသည်မတွေဟာ လမ်းပေါ်မှ ပြောင်းစေ့က ထွက်တဲ့ အခွံတွေကို ပြောင်းကြိတ် စက်ရုံက သွားကြုံးပြီး ရောင်းနေတာကို လူတွေ အလုအယက် ၀ယ်နေကြတဲ့ မြင်ကွင်းပါ။ ခါတိုင်း ကြက်ကျွေး တဲ့ ကြက်စာပါ။
အိပ်မက်ဆိုးက လန့်နိုးလာသလို ကျွန်တော် အရမ်းတုန်လှုပ်သွားပြီး အိမ်ကို အပြေးပြန်လာခဲ့ပါတယ်။

အိမ်မှာတော့ ခါတိုင်းလိုပဲ အိနြေ္ဒမပျက် အမေ က ချက်ပြုတ် ကျွေးနေပါတယ်။
ဆာလောက်ငတ်မွတ်ခြင်း ဟာ ကျွန်တော်တို့နဲ့ မဆိုင်သလိုပါပဲ။

ပြောင်းဆန်အိတ်တွေကို ကျွန်တော်ရေကြည့်လိုက်ပါတယ်။ ငါးအိတ်ရှိတဲ့ အနက် သုံးအိတ်ကုန်သွားပြီ။ သည်နှစ်အိတ် က ဘယ်လောက်ကြာကြာ စားရမှာလဲ။
တစ်နေ့မှာ အဖေက ဆိတ်တွေကို ရောင်းဖို့ ဈေးကို မောင်းသွားပါတယ်။ ကျွန်တော်နဲ့ ဆော့နေကျ ခန်ဘာနဲ့ လိုက်တမ်း ပြေးတမ်း ကစားနေတဲ့ ဆိတ်သိုးကြီးလည်း ပါသွားပါပြီ။ ၀ယ်မည့်သူက ဈေးနှိမ်ပေမယ့် ရသလောက် နဲ့ ရောင်းခဲ့ရပါတယ်။

စက်တင်ဘာလ ပထမပတ်ထဲမှာ ထုံးစံအတိုင်း မနက်လေးနာရီမှာ ထပြီး အဖေနဲ့ အတူ ကွင်းထဲ ဆင်းရပါတယ်။ ခါတိုင်းလို မနက်စောစာ စားဖို့ ပြောင်းဖူးမုန့် မရတော့ပါဘူး။ ရိက္ခာလျှော့ရမယ့်အ ချိန် ရောက်ပြီ လို့ အဖေက ပြောပါတယ်။ စိတ်ပျက်လက်ပျက်နဲ့  ပေါက်တူးထမ်းထွက်ခဲ့ရပါတော့တယ်။ ကွင်းထဲ မှာ ဂျက်ဖရီနဲ့ တွေ့လို့ နံနက်စောစာ ဖြတ်လိုက်ရ တဲ့ အကြောင်း ပြောတော့ သူက 'ဟုတ်လား၊ မင်းတို့ ဒီနေ့မှ စတာလား။ ငါတို့က နှစ်ပတ်ရှိပြီ။ ခုတော့ နေသားကျသွားပြီ' တဲ့။

မနက် စောစောစီးစီးမှာ ရာသီဥတုက အေးသေးတာမို့ ကျွန်တော် ခွန်စိုက်အားစိုက် အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ခုနစ်နာရီလောက်မှာ ဗိုက်ထဲက တကြုတ်ကြုတ် မြည်လာပါပြီ။ နေကလည်း ပူလာပြီ။ နေမင်းကို ကျိန်ဆဲရင်း အားတင်းပြီး ကျွန်တော် အလုပ်လုပ်ပါတယ်။ အင်္ကျီကိုချွတ်၊ ခေါင်းမှာ ပတ်ပြီး ပေါက်တူး ပေါက်ရင်း လဲကျတော့မလို ယိုင်ယိုင်သွားပါတယ်။
'အရမ်းဆာတယ် အဖေရယ်' လို့ ညည်းတော့ အဖေက အားပေးပါတယ်။

'နောက်နှစ် အတွက် အာရုံပြုပြီး ဇွဲတင်းကွာ'
မြေကြီး တူးပြီး ကျွန်တော်တင်တဲ့ ဘောင်တွေဟာ မညီမညာ ဖြစ်နေပါတယ်။
ဂျက်ဖရီ ကို လှမ်းအော်ပြောလိုက်တယ်။
'ဂျက်ဖရီ ရေ ဒီနေ့ မင်းငါ့ကို ကူလုပ်ကွာ၊ မနက်ဖြန် မင်းကို ငါ ပြန်ကူပါ့မယ်၊ ဘယ့်နှယ်လဲ'
'ကြည့်သေးတာပေါ့ကွာ'

ဂျက်ဖရီဟာ သူ့အဖေ၊ ကျွန်တော်တို့ ဦးလေး ဆုံးပြီးကတည်းက သိပ်တက်တက်ကြွကြွ မရှိတော့ပါဘူး။ အရမ်းလည်း သတိမေ့ တတ်လာတယ်။ ခဏခဏ နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြတော့ သွေးအားနည်း ရေဂါ လို့ ဆရာဝန် က နာမည်တတ်တယ်။
 'ငါနောက်တာပါကွာ၊ မင်းကြည့်ရတာ သိပ်အားမရဘူး။ ခဏ နားဖို့ ကောင်းတယ် ဂျက်ဖရီ။ သိပ် အပင်ပန်းခံ ဖို့ မကောင်းဘူး'
'မလုပ်လို့ မဖြစ်ဘူးလေ။ အခြေအနေ မင်းသိသားနဲ့'
သူက ပေါက်တူး ကို လွှဲရင်း ပြန်ပြောပါတယ်။ လာမည့်နှစ်မှာ သူကျောင်းပြန်တက်နိုင်တော့မယ် မထင်ပါဘူး။ သူနှင့် သူ့ညီ ဂျာရမီယာအတွက် သူ့အမေ ထောက်ပံ့နိုင်တော့မယ် မထင်ပါဘူး။ ကွင်းထဲမှာ ပဲ အလုပ် လုပ်ရတော့မယ် ထင်ပါရဲ့။

တကယ်တော့ ပြောင်းလဲသွားခဲ့တာ ဂျက်ဖရီ တစ်ယောက်တည်း မဟုတ်ပါဘူး။ အခြေအနေတွေ ဆိုးလာ ကတည်းက ခန်ဘာ တစ်ကောင်လည်း ခါတိုင်းလို မဟုတ်တော့ဘဲ တဖြည်းဖြည်း နှေးကွေး လေးလံ လာပါတယ်။ ခေတ်ကောင်းတွေ ကုန်ဆုံးသွားတာကြောင့် လား၊ အသက်ကြီးလားလို့လား၊ မပြောတတ်ပါ။ ၀၀လင်လင် မကျွေးနိုင်တာကြောင့် လည်း ဖြစ်နိုင်ပါတယ်။
ကွင်းထဲ မှာ ကြွက်တွေကတောင် သူ့ကို မလေးစားကြတော့ဘူးလေ။ ပိန်လာပြီး တစ်ချိန်လုံး အိပ်လို့ချည်း နေပါတော့တယ်။ ကြက်ခြံ ကိုလည်း မစောင့်နိုင်တော့ပါဘူး။ တစ်ချိန်လုံး ကျွန်တော့် အခန်းနောက်မှာ ငိုက်ပြီး နေပါတော့တယ်။

မနက်ပိုင်း ကျွန်တော်တို့တာဝန်ပြီးလို့ ကွင်းထဲက ပြန်လာတိုင်းရွာထဲမှာ မျက်နှာစိမ်းတွေ များများလာတာ တွေ့ရ ပါတယ်။ တောင်ခြေရွာကနေ ဆင်းလာပြီး အလုပ်ရှာကြ၊ အစားအစာ ရှာကြတဲ့လူတွေပါ။ သူတို့ ပခုံး ပေါ်မှာ အထုပ်အပိုးတွေ၊ အိုးတွေ ခွက်တွေ ပေါက်တူးပေါက်ပြားတွေ ထမ်းလို့။
ခါတိုင်း လို ဆိုရင် အမေက ဂျုံကြမ်းတစ်ပြည်၊ နှစ်ပြည်စွန့်ကြဲမှာပါ။
ခုတော့ အမေလည်း မတတ်နိုင်ဘဲ သူတို့ကို ငေးကြည့်နေတတ်ပါတယ်။

သရက်သီးရာသီ လည်း ကုန်သွားပါပြီ။ ဒီတော့ အလုပ်သမား လုပ်ခအတွက် ပလောပီနံရွက် နည်းနည်း ဒါမှမဟုတ် ဥကန်ဇွန်းရွက် နည်းနည်းစီ ရကြပါတယ်။ သည်အရွက်က ဟင်းနုနွယ် နဲ့ ဆင်ပါတယ်။ အရိုးကို အခြောက် လှမ်းပြီး ထောင်းရင် ဂျုံမှုန့်လို အမှုန့်မျိုးဖြစ်လာတယ်။
အဲဒီ တစ်ရွာသားတွေဟာ အလုပ်ကလေးများရှိရင် ပြောကြပါ။ ပီလောပီနံရွက် တစ်နယ်စာရရင် တော်ပါပြီ လို့ လျှောက်အော်နေကြပါတယ်။ လူတော်တော်များများဟာ အလုပ်မရကြဘဲ ဈေးထဲမှာ ဟိုလျှောက် သည်လျှောက် နဲ့ လုပ်နေကြပြီး ဘာမှန်းမသိတဲ့ တစ်ခုခုကို မျှော်လင့်နေကြပါတယ်။

သူတို့တွေဟာ ဈေးတစ်ဝိုက် လူချမ်းသာတွေအိမ်က ချက်ပြုတ်နေတဲ့ ကြက်သားဟင်း နံ့ ကို ရှုရှိုက်ရင်း ဆာလောင်မှု့ ဒဏ် ကို အလူးအလဲ ခံနေကြရပါတယ်။
ယောက်ျားတွေက အလုပ်ထွက်ရှာနေတုန်း မိန်းမတွေက ဂီးလ်ဘတ်တို့အိမ်မှာ ပေးစာကမ်းစာလေး ရနိုးနိုးနဲ့ စုဝေး နေကြပါတယ်။ သူတို့ လူစုဟာ လေးဆယ်ကနေ တစ်ရာလောက်အထိ ဖြစ်လာတယ်။ နောက်ထပ် လည်း ရောက်လာနေကြဆဲပဲ။ သစ်ပင်ရိပ်မှာ စောင်တွေ ဖြန့်ခင်းပြီး ခြေပစ်လက်ပစ် အိပ်စောင့် နေကြတယ်။ အချို့လည်း အားပြတ်ပြီး လမ်းပေါ်မှာ လဲနေကြတယ်။ ဘယ်သူက ဘယ်သူ့ကိုမှ မကူနိုင် မကယ်နိုင် ကြ တော့ပါဘူး။

သည်အချိန်ပိုင်းမှ သမ္မတမူလူဇီ က တိုင်းခန်းလှည့်လည်နေပါတယ်။ ထုံးစံအတိုင်း မင်းခမ်းမင်းနားနဲ့ပေါ့။ မဟာကရုဏာရှင်ကြီး တစ်ယောက် လို စွန့်ကျဲလို့ပေါ့။ (သူပေးတာက ဆင့်ပါးစပ် နှမ်းပက်သလိုပါပဲ) လူထု က သူနဲ့ သူ့ရဲ့နောက်တော်ပါး အခစားတွေကို ငတ်နေတဲ့အထဲက ဧည့်ခံကြရသေးတယ်။ စစ်ရေးပြိုင်ပွဲတွေ၊ အကအခုန် အကျွေးအမွေး တွေနဲ့ပေါ့။ သမ္မတက ပြည်သူ့ငွေနဲ့ ပြည်သူ့ကို မဖြစ်စလောက် စွန့်ကျဲပြီး လာမည့် ရွေးကောက်ပွဲ အတွက် မဲဆွယ်ရတာပေါ့။

အဲဒီလိုပွဲမျိုးမှာ သူ့ကို ကျွန်တော် တစ်ခါပဲမြင်ဖူးလိုက်ပါတယ်။ ၁၉၉၉ခုနှစ်က ၀သ်ဘီ မူလတန်းကျောင်းကို ခရာတစ်တွက် လောက် ၀င်ကြည့်သွားတုန်းကပါ။ သီချင်းဆိုတဲ့ မိန်းမတွေနဲ့ အကနဲ့ ဧည့်ခံတဲ့ မိန်းမတွေကို ငွေငါးဆယ် စီ ဆုချသွားပါတယ်။ ရွာခံ နိုင်ငံရေးသမားတွေကလည်း တစ်ပြားရလိုရငြား တန်းစီစောင့် နေကြ ပါတယ်။ ပထမဆုံးနိုင်ငံတော် သမ္မတ ကို လူကိုယ်တိုင် မြင်ဖူးကြတာပါ။
လူက ပုကွကွ၊ ထိပ်ပြောင်ပြောင်နဲ့၊ စင်မြင့်ပေါ်ကို ကွတကွတနဲ့ တက်သွားပုံက တော်တော် ကျက်သရေ မဲ့ ပါတယ်။
သူပြောသလို ကျွန်တော် မှတ်မိသမျှ ပြန်ပြောရရင်။

ဒီလောက် စုတ်ပြတ်နေတဲ့ကျောင်း ကို တွေ့ရတော့ နိုင်ငံတော် သမ္မတ တစ်ယောက် အနေနဲ့ အတော့ကို စိတ်ပျက် ရပါတယ်။ အားလုံးဖြိုချပြီး အသစ်ပြန်ဆောက်ပေးရမယ်။ ခိုင်ခိုင်ခန့်ခန့် နဲ့ ဂုဏ်ယူစရာ ကျောင်းမျိုး ဖြစ်ရမယ်။ ဆရာတွေနေအိမ် လည်း သေသေသပ်သပ် ဖြစ်အောင် လုပ်ပေးရမယ်။ ကျောင်းသူ ကျောင်းသား များအတွက် စားပွဲ တွေ၊ စာအုပ်တွေလည်း ပို့ပေးပါ့မယ်။
ပရိသတ် က လက်ခုပ်သြဘာ ပေးကြတာပေါ့။ ဒါပေမဲ့ ဘာစားပွဲ ဘာစာအုပ် မှ ရောက်မလာပါ။ လူတချို့ ရောက်လာပြီး ကျောင်းပြင်ဖို့ အရိပ်ရသစ်ပင်တွေ ကို လှဲကြပါတယ်။ ဒါပေမဲ့ ကျောင်းလည်း အသစ် ဖြစ်မလာပါဘူး။ ဆရာတွေအိမ်လည်း ကောင်းမလာပါဘူး။ ကျောင်းဆောင်သွပ်မိုး ဖြစ်သွားတာရယ်၊ ဆေးသုတ် ပေးတာရယ် လောက်ပါပဲ။
အဲဒီ သမ္မတပဲပြောတာ၊ မဲဆွယ်တုန်းက မာလာဝီမှာ လူတိုင်း ဖိနပ်အသစ် တစ်ရံစီရစေ ရမယ်တဲ့။ သူမဲနိုင် လို့ သမ္မတဖြစ်လာတော့ လူတွေက မေးတာ ဘယ်မှာလဲ ဖိနပ်တွေပေါ့။ အဲဒီမှာ သမ္မတက ရေဒီယို ကနေ ကြေညာပါတယ်။

ကျုပ် အဲဒီလို မပြောပါဘူး။ မာလာဝီမှာ လူတိုင်းရဲ့ ဖိနပ် အရွယ်အစားကို ကျွန်တော် ဘယ်လိုလုပ် သိနိုင် မှာလဲ တဲ့လေ။ ကျွန်တော်တို့ သမ္မတဟာ အဲဒီလို ရယ်ရတဲ့ သမ္မတပါ။၏
ဂျုံတွေ၊ ပြောင်းတွေ ပျောက်သွားတဲ့ကိစ္စအတွက် လူတွေ ဒေါသတွက်နေတာကို ဘာမှ လုပ်မပေးဘူး။ ရေဒီယို ကနေ ကြော်ငြာတာမျိုး၊ ရှင်းပြတာမျိုးလည်း မလုပ်ဘူး။ ပြည်သူတွေရဲ့ အငတ်ဘေးကိုလည်း ဖြေရှင်း မပေးဘူး။ ဒီလိုနဲ့ ကာစန်ဂူကို သမ္မတ လာရောက်ဖို့ သတင်းရတာနဲ့ ရွာက လူတွေစုပြီး ဂီးလ်ဘတ် ရဲ့အဖေ၊ ကျွန်တော်တို့ အကြီးအကဲကို သမ္မတနဲ့တွေ့ပြီး အခြေအနေတွေ တင်ပြဖို့ ၀ိုင်းပြောကြတယ်။ သမ္မတ လိုပဲ ဂီးလ်ဘတ်တို့အဖေ ကလည်း မူဆလင်ဘာသာဝင် တစ်ယောက် ဖြစ်ပါတယ်။

ကျွန်တော်တို့အကြီးအကဲ ဟာ စကားပြောကောင်းတဲ့လူပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဒုက္ခကို သမ္မတ နားလည် အောင် ပြောပေးပါ လို့ ၀ိုင်းပြောကြပါတယ်။
သမ္မတ ရဲ့မိန့်ခွန်းကို နားထောင်ဖို့ လူတွေ ထောင်ပေါင်းများစွာ နေပူကျဲကျဲထဲမှာ ထိုင်စောင့် နေကြ ရပါတယ်။ သူတို့ဒုက္ခကို သမ္မတ ဖြေရှင်းပေးလိမ့်မယ်လို့လည်း မျှော်လင့် နေကြပါတယ်။
ဒါပေမဲ့ ထင်တာတွေ အကုန်လုံးလွဲခဲ့ပါတယ်။ သူမိန့်ခွန်းတွေ ချွေနေချိန်မှာ သူ့လက်တွေက တပျော်တပါး ကခုန် နေကြပါတယ်။ သူ့လူတွေကလည်း မိန့်ခွန်းရှည်ကြီးတွေနဲ့ သူတို့ခေါင်း ဆောင် ရဲ့ဘုန်းတော်ဘွဲ့ တွေ ကို ရွတ်ဖတ်သရဇ္စုာယ်ကြပါတယ်။

သမ္မတကြီးလက်ထက်မှာ နိုင်ငံတော်ရဲ့ အင်အား ဘယ်လိုကြီးထွားလာတယ်။ သမ္မတကြီးဟာ ပြည်သူ တွေ အပေါ် ဘယ်သို့ မေတ္တာထားတယ် သူ့လက်ထက်မှာ တိုင်းပြည်ဘယ်လို တိုးတက်လာတယ်။ ရွာတွေမှာ စက် ရေတွင်း တူး ပေးမယ်။ အိမ်တွေကို အိမ်သာအသစ်တွေ တပ်ဆင်ပေးမယ်၊ ဘာညာဘာညာ တွေပေါ့။

အဲဒီအချိန် မှာ ကျွန်တော်တို့ သမ္မတဟာ အာဖရိကတောင်ပိုင်း နိုင်ငံများ အချင်းချင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (Southern African Development Community) အသင်းရဲ့ ဥက္ကဌပါ။ ကြောက်မက်ဖွယ် ပြည်တွင်း စစ်ပွဲ တွေ ဖြစ်ချိန်ပေါ့။ အင်ဂိုလာမှာကြည့်၊ ဘူရွန်ဒီမှာကြည့်၊ ဆူဒန်မှာကြည် စစ်ပွဲတွေ ပေါက်ပေါက် လျှော် သလို ဖြစ်နေကြသည်။ ရ၀ဒါ လူသတ်ပွဲကြီး မှာ တွတ်စီလူမျိုးစု တွေ ရှစ်သိန်းကျော် သေတယ်။ ဒီအစုလိုက် အပြုံလိုက် လူသတ်ပွဲကြီးဟာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံကို ကူးစက်သွားပြီး ပြည်တွင်းစစ် ဖြစ်လာတယ်။

မူလူဇီက ကွန်ဂိုနဲ့ ရန်ဝါဒါ ခေါင်းဆောင်တွေကို ဘလင်တိုင်းယားမှာ ဆုံးပေးပြီး ငြိမ်းချမ်းရေးပွဲစားတောင် လုပ်ပေးလိုက်သေးတယ်။ အခြားအာဖရိက နိုင်ငံတွေအတွက်လည်း ကောင်းရာကောင်း ကြောင်းတွေ အကျိုးဆောင်ပေးခဲ့တယ်။ ဒါပေမဲ့ သူ့တိုင်းပြည်အတွက် သူဘာမှ မလုပ်ပေး နိုင်ခဲ့ဘူး။ လုပ်မပေးခဲ့ဘူး။

ထားပါတော့ တစ်နာရီလောက် သီချင်းတွေဆိုကြ၊ ကကြခုန်ကြပြီးမှ ဂီးလ်ဘတ်တို့ အဖေ စကားပြောဖို့ အလှည့် ကျတယ်။ သမ္မတရဲ့ စင်မြင့်ဆီကို လျှောက်သွားပြီး မျက်နှာချင်းဆိုင် စကားပြောပါတယ်။
သမ္မတကြီး ခင်ဗျား၊ သမ္မတကြီးရဲ့ လုပ်ဆောင်ချက်တွေအတွက် ကျွန်တော်အများကြီး ဂုဏ်ယူပါတယ်။ အထူးသဖြင့် ကွန်ဂိုနိုင်ငံ မှာ သမ္မတကြီးရဲ့ စွမ်းဆောင်ချက်တွေကြောင့် ကျွန်တော်တို့နိုင်ငံ ဂုဏ်တက်ခဲ့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်တွင်းရေးကိုလည်း ပြည်ကြည့်စေချင်ပါတယ် ခင်ဗျား။ မာလာဝီရဲ့ ဒုဗ္ဘိကန္တရ ကပ်ဘေး ကိုလည်း တိုက်ဖျက်ပေးပါဦးလို့ ကျွန်တော် မေ တ္တာရပ်ခံပါတယ်ခင်ဗျား။

ပြီးတော့ သူက သမ္မတကို ဆက်ပြီး ရေတွင်းတွေ အိမ်သာတွေ လုပ်ပေးမယ့်အစား ဂျုံဝယ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။ (ဟုတ်တယ်လေ၊ စားစရာမရှိရင် အိမ်သာက ဘာအသုံးကျမမို့လဲ)။
လက်ခုပ်သြဘာသံ တွေ တော်တော်နဲ့ မစဲလို့ သူ့နောက်မှာ ပြောမယ့်အကြီး အကဲတစ်ယောက်က အကြာကြီး ရပ်စောင့်နေရပါတယ်။ နောက်တစ်ယောက်က ရှေ့လူတွေကို ဘုန်းတော်ဘွဲ့တွေလည်း လျှောက်ပြော ရော ပရိသတ်က ဟေးလားဝါးလား လုပ်ပြီး လှောင်ကြပါတယ်။

ဝင်ဘီအကြီးအကဲ ပြောသွားတာ လုံလောက်ပြီ၊ ခင်ဗျားဘာမှ ဆက်မပြောနဲ့ လို့ ၀ိုင်းအော် ကြတယ်။ နိုင်ငံရေး သမားလူလိမ်တွေ ကျဆုံးပါစေ၊ လို့လည်း သံပြိုင်အော်ကြတယ်။
သမ္မတ က နိဂုံးချုပ်စကားပြောလို့ မကြာခင်မှာပဲ ၀တ်ကောင်း စားလှနဲ့ သမ္မတရဲ့လူတွေ ဂီးလ်ဘတ် အဖေ့ အနား ရောက်လာကြပြီး ဆွေးနွေးဖို့ ခေါ်သွားကြပါတယ်။ သမ္မတ ရဲ့ ပေးစာကမ်းစာ တစ်စုံတစ်ရာတော့ ရပြီ၊ ရသမျှ အမြတ်ပဲလို့တွေးပြီး အကြီးအကဲ ထလိုက်သွားတယ်၊ ငါ့တင်ပြချက်ကို သမ္မတ သဘောကျ သွားပြီ ထင်တယ်ပေါ့။

ဘယ်ဟုတ်မလဲ၊ စင်မြင့်ရဲ့ နောက်ဘက်လည်းရောက်ရော မင်းမှာဒီလို အဓိပ္ပာယ်မရှိ တာတွေ ပြောဖို့ အခွင့်အရေး မရှိဘူး ဆိုပြီး ဒေါသ တကြီးနဲ့ ၀ိုင်းသမကြတော့တာပါပဲ။ တုတ်တွေ တင်းပုတ်တွေနဲ့ ရက်ရက် စက်စက် ရိုက်ကြတာပါ။ အားရအောင် ရိုက်ပြီးမှ သူ့ကို သွေးအိုင်ထဲမှာ ထားခဲ့ပြီး သူတို့က ပရိသတ်ထဲ ပြန်ဝင် သွားကြပါတယ်။

မိတ်ဆွေတစ်ယောက်က အကြီးအကဲကို သွားတွေ့တဲ့အခါမှာ သူကဆေးရုံသွားပြဖို့ ငြင်းပါတယ်။ သမ္မတရဲ့ လူတွေ သိသွားရင် သူ့ကိုလာပြီး အပြတ်ရှင်းလိမ့်မယ်လို့ သူထင်နေတယ်။ အဲဒီညမှာ ဂီးလ်ဘတ် အပြင်က ပြန်လာတော့ သူ့အဖေကို ဆိုဖာပေါ်မှာ လဲနေတာ တွေ့ရတယ်။ လုံးဝမလှုပ်နိုင်တော့ဘူး။ ကျောတွေ ရင်တွေ နဲ့ တစ်ကိုယ်လုံး အညိုအမည်းစွဲပြီး အတွင်းကြေ ကြေနေတာပါ။
လမ်းလျှောက်နိုင်တဲ့ အခြေအနေ ရောက်အောင် အကြီးအကဲဟာ ရက်ပေါင်းများစွာ စောင့်ရတယ်။ အဲဒီတော့ မှ မြိုနယ်ဆေးခန်းကို တိတ်တိတ်ကလေးသွားပြီး တခြားနာမည် တခြားလိမ်စာနဲ့ ဆေးကုရတယ်။ သူ့အခြေအနေ ကို သမ္မတရဲ့လူတွေ သိသွားမှာ စိုးလို့ပေါ့။

ကျွန်တော့်အတွက် ဒီအဖြစ်ဟာ နှလုံးသွေးပျက်ချင်စရာ အဖြစ်မျိုးပါ။ ကျွန်တော်တို့ လူမျိုးဟာ ကိုယ့် အကြီးအကဲ ကို အဖေလို သဘောထားကြတာ မဟုတ်လား။ ကျွန်တော်တို့ ကိုယ်တိုင် အရိုက်ခံရသလိုပါပဲ။ သည်အတိုင်း ဆိုရင် ကျွန်တော်တို့ရဲ့ အာမခံချက် မရှိတော့ ပါဘူး။ အစိုးရဟာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ကို သေကောင်ပေါင်းလဲ နှိပ်စက်ပြီး ကျွန်တော်တို့ရဲ့ အငတ်ပြဿနာကို လျစ်လှူရှု ထားလိုက် ပါတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>