Thursday, March 28, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၇)

ညသန်းခေါင် မတိုင်မီ ၁၅မိနစ်မှာ နှစ်သစ်ကိုကြိုဆိုကြမဲ့ တီးဝိုင်းအဖွဲ့ကြီးက ပစ္စည်းအစုံအလင်နဲ့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်မမြေးများအပါအ၀င် တီးကြမဲ့သူများကလည်း မစောင့်နိုင်အောင် လက်ယားနေကြပြီလေ။ သူတို့တီးခတ်လိုက်တဲ့ ပစ္စည်းတွေကို ကြည့်မိတော့ လကွင်းလည်း ပါ၊ နှဲအော်လံ လည်းပါ၊ မောင်းလည်းပါ၊ ကြေးစည်လည်းပါ၊ ဗုံလည်းပါ၊ ချူတွေလည်းပါ ထွက်လာ တဲ့ မဆီမဆိုင် အသံပေါင်းစုံ ကို နားကွဲမတတ်ခံစားကြရင်း ၁၉၉၂ခုနှစ်၊ နှစ်သစ်ပွဲကို ကြိုခဲ့ရတဲ့ အဖြစ်က ကျွန်မတစ်သက် မမေ့နိုင်စရာ ပါပဲလေ။ ကို ဆက်ဖတ်ရန် ....

အပိုင်း (၅၉)

"မသိစိတ်ရဲ့စွမ်းအင်"စာအုပ်ကို ရေးသားခဲ့တဲ့ ဒေါက်တာဂျိုးဇက်မာဖီက အလုပ်ခွင်က အနားယူ လိုက်တာဟာ ကိုယ့်အတွက် ဘ၀်သစ်တစ်ခုကို စခြင်း၊ ကမ်းသစ်ကို လျှောက်ရခြင်းအပြင် အိမ်မက်တွေကိုပါ လက်တွေ့အကောင်အထည်ဖော်ဖို့ အခါအခွင့်သာတာမို့ "ဘ၀နေ၀င်ချိန်ရဲ့ လှပစွာ ရောင်စုံဖြာတဲ့ တန်ဖိုးရှိ ကာလ"လို့ ဆိုတားပါတယ်။

ကျွန်မအတွက် ဘ၀သစ်တစ်ခု စရခြင်း ဆိုတာကတော့ တကယ်ပါပဲ။ နေရာသစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ဘ၀ရဲ့နေ၀င်ချိန် ဆည်းဆာ ကာလကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသားပါ။ အဲဒီပြင်ဆင် ထားတဲ့ စာရင်းဇယား ထဲမှာ ငယ်ရွယ်စဉ်ကတည်းက ၀ါသနာရှိရင်းစွဲဖြစ်တဲ့ စာဖတ်ခြင်းနဲ့ စာရေးခြင်းလည်း ပါလေ တယ်ပေါ့။ ကျွန်မဖတ်ချင်လို့ စုဆောင်းထားတဲ့ စာအုပ်တွေက အထပ် လိုက်၊ အပုံလိုက်။ ကုန်အောင် မဖတ်နိုင် ခင် နောက်ထပ်တိုးတိုးလာတာတွေက မနည်းမနော။ အနားယူလိုက်ကာမှ စိတ်တိုင်းကျ စာရေးချိန်ရော၊ စာဖတ်ချိန်ပါပိုရတာမို့ အိမ်မက်တွေ လက်တွေ့ အကောင် အထည် ဖော်ခွင့်ရတာ အမှန် ဖြစ်တာကြောင့် ကြည်နူးပျော်ရွှင်ရတဲ့ "တန်ဖိုး ရှိကာလ"ဆိုတဲ့ စကားကို ထောက်ခံရမှာပါပဲ။

ဒီအထဲမှာ မမျှော်လင့် မကြံရွယ်ရဘဲ သားသမီးတွေ ရဲ့ မေတ္တာ၊ စေတနာကျေးဇူးကြောင့်ပြည်ပ ခရီး တွေ သွားခွင့်ကြုံရ တာကတော့ ကျွန်မအတွက် စိတ်ကူးယဉ် အိမ်မက်ကို အထောက်အကူပြုဖို့ အပို ဆုပေါက်ခြင်းလို့ ပြေရမှာပါ။ အိမ်မှာထိုင်နေခြင်းက ကမ္ဘာကြီးရဲ့ စာတစ်မျက်နှာသာ ဖတ်ရသ လိုဖြစ်ပြီး ခရီးသွားခြင်း က စာတစ်အုပ်လုံး ဖတ်ရတာနဲ့ တူတယ်ဆိုတဲ့ စကားအတိုင်း စာရေးလိုသူ အနေနဲ့ စာရေးဖို့ အတွေ့ အကြုံကုန်ကြမ်းတွေ များစွာရရှိလေတယ်ပေါ့။
ပြီးခဲ့တဲ့ နှစ်ဦး ကတည်းက စလိုက်တဲ့ ခရီးတွေက ပြည်တွင်းရော ပြည်ပပါ တစ်နှစ်ပတ်လုံး ဆက်နေ တာကြောင့် ဒီနှစ်မှာတော့ လန်ဒန်က ပြန်ရောက်ပြီး အေးအေးဆေးဆေး အနားယူရင်းစာတွေ ထိုင် ရေးလိုက်မယ်၊ ဖတ်စရာအကြွေးတွေလည်း တစ်ဝကြီးဖတ်လိုက်မယ် အားခဲထား ပါတယ်။ နှစ်လယ် လောက်ကျမှ တခြားပြည်နယ်အသီးသီးမှာ ရောက်ရှိနေကြတဲ့ သားသမီးသုံးယောက်ဆီ တစ်လှည့် ဆီ သွားတွေ့ပြီး နှစ်ကုန်ပိုင်းမှာ ပါရီက သားဆီသွားမယ်လို့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ခရီးစဉ်ဆွဲ ထားတယ်ပေါ့။

စောစောပိုင်းလတွေကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဟုတ်လို့ပါပဲ။ မေလအစပိုင်းတစ်နေ့မှာ တော့ အစီ အစဉ်တွေ ပြောင်းဖို့ အကြောင်းတစ်ခုက ကြုံလေပါရော။ ခြေထောက်မှာဗွေဘယ်နှလုံး ပါလေတယ် မပြောမပြ တတ်အောင် အမြဲတမ်းခရီးသွားဖို့ ခြေယားနေတတ်တဲ့ သမီးကေသီက အိမ်ကိုရောက်လာပြီး "မာမီ့ အတွက် Surprise"တဲ့။ စာအိတ်အကြီးကြီးတစ်ခုကို ကျွန်မမျက်နှာ ရှေ့မှာယပ်တောင်ခတ်သလို လှုပ်ခါရင်း ရွှတ်နောက်နောက် နဲ့ လုပ်ပြနေတာကြောင့် ဆွဲယူပြီး...
"ဘာလဲ၊ ဘယ်ကိုသွားဖို့ လမ်းရှာလာပြန်ပြီလဲ"လို့ သူ့ Surprise တွေကို နောကျေနေပြီဖြစ်တဲ့ ကျွန်မက အတပ်ဟောဗေဒင်ဆရာမ လုပ်လိုက်တယ်ပေါ့။
"ဖွင့်ကြည့်လေ၊ မာမီ့အတွက် ခရီးသွားဆောင်းပါးကောင်းတစ်ပုဒ် ရမှာသေချာတယ်"တဲ့။

သူပြောတဲ့ အတိုင်းပါပဲ။ လက်မှတ်နဲ့အတူ ကတ်ကလောက်စာအုပ်က ဓာတ်ပုံတွေပါ ပါလိုက်သေး တယ်။ ဟော်လန်အမေရိကား  အပျော်စီးသင်္ဘောနဲ့ အလက်စကာ ခရီးစဉ်တဲ့လေ။
"ဟယ်... အလက်စကာကို သွားရမှာ"
တကယ့်ကို အံ့သြပျော်ရွှင်စွာ ကျွန်မထအော်မိပါတယ်။
စဉ်းစားကြည့် ပါဦး။ ကျွန်မက နေပူပူ၊ ဖုန်ထူထူမှာ ကြီးပြင်းခဲ့တဲ့ မန္တလေးအညာသူလေ။ စနိုး ဆိုတာ ကိုအမေရိကား ကိုရောက်မှ မြင်ဖူးရတာပါ။ Glacierလို့ခေါ်တဲ့ တစ်မျှော်တစ်ခေါ် ရေခဲပြင်ကြီးတွေ ကိုလည်း ရုပ်ရှင်ထဲမှာသာ မြင်ဖူးထားရတာ မဟုတ်လားနော်။ အလက်စကာဆိုကတည်းက ဖွေးဖွေး ထနေ တဲ့ရေခဲပြင်ကြီးတွေနဲ့အတူ Iglooခေါ်တဲ့ အိမ်ဝိုင်းဝိုင်းလေးတွေရယ်၊ ပုပုလုံးလုံး ပုံသဏ္ဌာန်နဲ့ အက်ခါတီမို လူမျိုးတွေရယ် မျက်စိထဲတန်းမြင်မိတော့ အညာမြေနဲ့ ဝေးလံလှတဲ့ နေရာဌာနကို ရောက်ဖူးရမှာအတွက် စိတ်လှုပ်ရှားစွာနဲ့ ပျော်ရွှင်မိတာ အမှန်ပါပဲ။

ခရီးက သြဂုတ်လ ၂၂ရက်နေ့မှာ စထွက်ရမှာမို့ ကြိုတင်ပြင်ဆင်ဖို့ အချိန် လိုအပ် တာကြောင့် ပြည်နယ်တွေ က သားသမီးတွေဆီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လမှာ သွားဖို့ စီစဉ်ထားတဲ့ အတိုင်း မလုပ်နိုင်တော့ဘဲ ရက်စောပြီး မေလထဲမှာ ထွက်ဖို့ ဆုံးဖြတ်ရပါတယ်။
တက္ကဆက်၊ အီလင်နွိုင်း၊ ကာလီဖိုးနီးယား တစ်နယ်စီ ကူးရင်း သားသမီးမြေးတွေနဲ့ တပျော်တပါး နေခဲ့ပြီး အိမ် ကို သြဂုတ်လဆန်း မှာ ပြန်ရောက်ပါတယ်။ ကျွန်မတို့ သွားမဲ့အချိန်က သြဂုတ်လမို့ နွေရာသီဖြစ်ပေမဲ့ ဟိုးထိပ်ဖျား မြောက်ဝင်ရိုးစွန်းနားနီးတဲ့ အလက်စကာမှာတော့ အေးဆဲမို့ အနွးထည်တွေ လုံလောက်စွာ ပါအောင် ရွေးထည့်ရသေးတယ်လေ။ နောက်ပြီး သင်္ဘောခရီးစဉ်က ဆယ်ရက်တိတိကြာမှာ ဆိုတော့အေးအေးဆေးဆေး ဖတ်စရာ စာအုပ်တွေရော ရေးစရာတွေပါ ပြည့်စုံအောင် ထည့်နဲ့ အလုပ်တွေ ရှုပ်ပေါ့။

မာယာမီက Seattleအရောက် လေယာဉ် ၆နရီကြာမျှစီးပြီး လေဆိပ်မှာ အကြိုရောက်ရှိနေတဲ့ တာဝန်ခံ မိန်းကလေး အစီအစဉ်နဲ့ ကားတစ်တန်စီးပြီးမှ အလက်စကာကိုထွက်တဲ့ သင်္ဘောပေါ်ကို ညနေ၆နာရီလောက် မှာ ရောက်ရှိသွားပါရော။ သင်္ဘောကြီးကျယ်လိုက်တဲ့ဖြစ်ခြင်း။ အထက်ပေါင်း ကိုးထပ် ရှိပါတယ်။ ခရီးသည်ပေါင်း ၁၅၀၀ကျော်၊ ၀နထမ်းပေါင်း ၆၃၀နဲ့ စုစုပေါင်း လူနှစ်ထောင် ကျော် မို့ ရေပေါ်ဟိုတယ်ကြီးတစ်ခုလို့ ဆိုနိုင်လောက်ပါရဲ့။
ကျွန်မ တို့ နေရမဲ့အခန်းကို ရောက်လို့ ပစ္စည်းတွေလည်း နေရာချထားပြီးရော အ၀တ်လဲမယ်လုပ် ကာ မှသေတ္တာတော့ ရှာမရတော့ဘူး။ ပိုက်ဆံအိတ်တစ်ခုလုံး မှောက်လှန်ရှာလည်း မတွေ့၊ ထုံးစံ အတိုင်း ကျွန်မက မရှပ်ပြာလေ။ ဘယ်နေရာမှာ သော့တွေချထားခဲ့လေတယ် မသိတော့ပါဘူး။ ဒါနဲ့ ဂယ်ရီက သင်္ဘော ရုံးခန်း ကိုဖုန်းဆက်ပြောပြတော့ သော့ဖျက်ပေးမဲ့ ၀န်ထမ်းတစ်ဦး လွှတ်ပေးတာ နဲ့အဆင်ပြေ သွားပါတယ်။ နောက်တစ်နေ့မှာဖျက်ထားတဲ့သော့ကို ပြန်သုံးလို့ရအောင် ပြင်ပေး မယ်ဆိုပြီး ယူသွားလေရဲ့။

နောက်တစ်နေ့မနက် မိသားစုအားလုံး အတူတူ စားသောက်ခန်းမထဲမှာ နံနက်စာစားနေကြဆဲ အသံချဲ့စက်က အခန်းနံပါတ်(-)က ခင်မကြီး ရုံးခန်းကိုအမြန်ဆုံး ဆက်သွယ်ပါဆိုတာ ကြားလိုက်ရ ပါရော။ သော့ပြင်ပြီးလို့ လာယူဖို့ပြောတာ ဖြစ်မှာပါဆိုပြီး အေးအေးဆေးဆေး ဆက်ပြီး စားနေ လိုက်သေး တယ်။ ပြီးမှ သမီးကေသီနဲ့အတူ ရုံးခန်းသွားကြတော့ ကောင်တာက မိန်းကလေးက "ရှင့်အတွက် တယ်လီဖုန်း လာတယ်။ အဲဒါအပေါ်ထပ်က ရေဒီယိုခန်းမှာ သွားပြောပါ"တဲ့။
အဲဒီတော့ မှ ကျွန်မရင်ထဲ ဒိုင်းခနဲ ဆောင့်သွားပြီး နှလုံးသွေးရပ်တော့မလောက်ထိတ်လန့် တုန်လှုပ် သွားတော့ တာပဲ။ ခရီးထွက်မလာခင်မှာ သမီးကေသီယူလာပေးတဲ့ ကတ်တလောက်စာအုပ်ကို ဖတ်ကြည့် ထားပြီးသားပါ။ ဆောင်ရန် ရှောင်ရန်တွေလည်း လေ့လာမှတ်သားထားပြီးသားပေါ့။ သင်္ဘောပေါ်ကို ကမ္ဘာအရပ်ရပ် က တယ်ဖီဖုန်း တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်။ ဈေးကတော့ မသေးဘူး။ တစ်မိနစ်ကို ဆယ်ဒေါ်လာ ကျမှာတဲ့လေ။

ကျွန်မ သားသမီးတွေက အမေ သွားရောကို အကြောင်းမဲ့တစ်နေ့သုံးလေးခါ ဖုန်းဆက်တတ်တာ ကရှိသေး တယ်။ ရေးကြီးခွင်ကျယ် ကိစ္စလည်း မဟုတ်။ "မာမီဘာလုပ်နေလဲဟင်"ဆိုတာမျိုးလေ။ ဒါကြောင့် ကျွန်မ ထွက် မလာခင်မှာ သေသေချာချာ မှာထားခဲ့ပါတယ်။ တစ်မိနစ် ဆယ်ဒေါ်လာဆို တဲ့ငွေကို တွက်ပြီး သေရေးရှင်ရေး မဟုတ်သမျှ ဖုန်းမဆက်ကြနဲ့လို့။
အခု ဖုန်း လာတယ်ဆိုတာလည်း ကြားလိုက်ရော "သားသမိးတစ်ယောက်ယောက်တော့ သေလေ ပြီ"လို့ အသေအချာ တွက်လိုက်မိပြီး ရင်တွေတုန်ခါသွားတော့တာပါ။ သားလေးကိုဇာနည် ဆုံးတုန်း ကလည်း တယ်လီဖုန်းက တစ်ဆင့်ကြားသိရတဲ့ သတင်းမို့ တယ်လီဖုန်းဆိုတာနဲ့ ကျွန်မသွေးပျက် အောင် ထိတ်လန့်နေတတ်ပါပြီ။ ရေဒီယိုခန်းထဲ ရောက်မှဖုန်းခေါ်သူက သားအငယ်ဆုံး အိန္ဒာဆီက ဆိုတာ သိရပါတယ်။ ကျွန်မတို့က ရုံးခန်းကို ချက်ချင်းထမလာခဲ့တော့ သူလည်း ဆက် မစောင့်နိုင် တော့ဘဲဖုန်းချသွားပြီး နောက်နာရီဝက်ကြာရင် ပြန်ခေါ်မယ်ဆိုတာ မှာထားခဲ့တယ်တဲ့။

အချိန်ကိုတွက်လိုက်တော့ အလက်စကာနဲ့ ဖလော်ရီဒါက လေးနာရီ ကွာခြားတာမို့ မနက် ၆နာရီ စောစောစီးစီး ထခေါ်တာ အရေးပေါ်အကြောင်းအရာတစ်ခုဖြစ်ရမယ် တွေးရပြန်ရော။ တွေးတယ် ဆိုကတည်း က အမြဲတမ်း အဆိုးကိုသာ ဦးစားပေး တွေးတတ်မြဲဖြစ်တဲ့ သဘောအရ ကျွန်မရဲ့ အတွေးတွေ ကလည်း အဆိုးဇာတ်လမ်းတွေ ပုံဖော်တော့တာပါပဲ။
မနေ့က လေဆိပ် ကို လိုက်ပို့ပေးသူက သမီးအထွေးဆုံး သူဇာပါ။ ကျန်ခဲ့တဲ့ မောင်နှမနှစ်ယောက် ထဲကအိန္ဒာ က ဖုန်းဆက်လာတာ ဆိုတော့ ကျွန်မသမီးလေး သူဇာတစ်ခုခုဖြစ်လေပြီပေါ့။ လေဆိပ် က အပြန်ကားတိုက်ပြီး ဆေးရုံတွေ ဘာတွေရောက်၊ အသက်လု ကုသရာကအခုဆုံးသွားလို့ ဖုန်းဆက် အကြောင်းကြား တာဖြစ်မယ် တွေးရင်းခြေဖျားလက်ဖျားတွေ အေးလာပြီး မျက်ရည်တွေ ပါပေါက်ပေါက် ကျလာပါရော။

သမီး ကေသီက ကျွန်မလက်ကို ဆွဲဆုပ်ထားပြီး "မာမီ စိတ်ထိန်းထားလေ၊ ဘာဖြစ်တာမှန်း မသိ ရ သေးဘဲ၊ စောင့်ကြည့်ပါဦး"နဲ့ အားပေးပါတယ်။ ကျွန်မအဖြစ်ကိုကြည့်ပြီး ရေဒီယိုအရာရှိက "အခန်းထဲက သွားစောင့်နေ ပါ၊ ဖုန်းလာရင် သူအခန်းထဲကို လွှဲပေးပါ့မယ်"ပြောတာနဲ့ အခန်းထဲ က ပြန်စောင့်ကြ ရတယ်ပေါ့။ စောင့်ရတဲ့နာရီဝက်အချိန်က ကျွန်မအတွက် ငရဲတမျှ ဆင်းရဲပင်ပန်း လှတဲ့မကုန်ဆုံးနိုင်သော ကာလ တစ်ခုပါပဲ။
တယ်လီဖုန်း မြည် လာတော့ ကျွန်မ မကိုင်ရဲဘူး။ သမီးကေသီက ထူးလိုက်ပါတယ်။ သမီးရဲ့ မျက်နှ ရိပ်ကို တထိတ်ထိတ် နဲ့ စောင့်ကြည့်ရသေးတယ်။ သမီးကအလိုက်သိစွာ "ကဲ...ကဲ...ဒီမှာ မာမီ စိတ်ပူနေတယ်။ မာမီနဲ့ အရင်ပြောလိုက်ဦး"ဆိုပြီး သူ့မောင်နဲ့ခဏပြောအပြီး ဖုန်းကိုထိုးပေးမှ သားနဲ့ပြောရပြီး အကြောင်းစုံ သိရပါတယ်။ အတွေးထဲကအတိုင်း ကျွန်မသမီးလေး ကားတိုက်သေ တာမဟုတ် လို့ တော်သေးရဲ့ပေါ။

အရေးပေါ်ကိစ္စကတော့ အမှန်ပါ။ ကျွန်မတို့နေတဲ့ မြို့နယ်ဘက်ကို "အင်ဒရူး"ဆိုတဲ့ အားအင် အ ပြည့်မုန်တိုင်းကြီးတစ်ခုက ဦးတည်ပြီး လာနေတယ်တဲ့။ ဒါကြောင့် ကျွန်မနဲ့ သမီးကေသီရဲ့ အိမ်က ထိခိုက် ကွဲရှဖြစ်မဲ့ပစ္စည်းမှန်သမျှကို သားကသိမ်းဆည်းပေးဖို့ အစောကြီးထလာပြီး လုပ်နေရတာ တဲ့။ အဖိုးတန် ဘာပစ္စည်းတွေ အရေးတကြီး သိမ်းယူသွားပေးရမလဲဆိုတာ မေးရအောင် ဖုန်းဆက် တာတဲ့။
အခုမှ ကျွန်မစိတ်လက်ပေါ့ပါးသွားရတော့တယ်။ လေမုန်းထိုင်းတဲ ပါသွား လို့ ပြန်ရောက်တဲ့ အခါ နေစရာအိမ်မရှိလည်း အရေးမကြီးပါဘူး။ ပစ္စည်းသင်္ခါရ ဆိုတာကို ကျွန်မကောင်းစွာ ခံ ယူနိုင်နေပါ ပြီ။ လူသင်္ခါရအဖြစ်ကိုတော့ ရင်ဆိုင်နိုင်တဲ့စွမ်းအား ကျွန်မမှာ မရှိတောသေချာလှပါတယ်။ အဲဒီနေ့ ကသင်္ဘောကိုနှစ်ခါ ဖုန်းခေါ်တာ ဒေါ်လာ ၃၄၀ကျသွားလေရဲ့။ ငွေကုန်ရပေမဲ့ သေရေးရှင်ရေး မဟုတ်တာအတွက် ကျေးဇူးတင်ရပါသေးတယ်။

သင်္ဘောခရီးဆိုတော့ ပျင်းစရာကောင်းအောင် တအိအိသွားနေတာမျိုး ဖြစ်မှာပဲဆိုပြီး အချိန်တွေကို ဖြိုဖို့ ဖတ်စရာ စာအုပ်တွေရော၊ ရေးစရာတွေပါ တနင့်တပိုး မိုက်မဲစွာနဲ့ သယ်လာခဲ့တာပါ။ အပျော် စီးသင်္ဘော ရဲ့အတွေ့အကြုံလည်း မရှိသေးဘဲကိုး။ လက်တွေ့မှာ စာဖတ်စာရေးဖို့ အချိန်ကို ရှာလို့ မရနိုင်ပါဘူး။ အပျော်စီး သင်္ဘော ဆိုတဲ့အတိုင်း လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ်နဲ့ ကလေးပါ မကျန်အောင် အပန်းဖြေ စရာ ဖျော်ဖြေရေးတွေက အမျိုးအမယ်စုံစွာ အချိန်ပြည့် စီစဉ်ထားပြီးသား လေ။
ရောက်တာ နဲ့ သင်္ဘောခရီးမှာ အန္တရယ် တစ်စုံတစ်ခုကြုံခဲ့သော် အသက်ကယ်ဆယ်ရေးအတွက် လိုအပ်ချက်တွေ သိဖို့ နည်းပြဆရာနဲ့ Drillဒရေးလ် အစမ်းလေ့ကျင့်ခန်း လုပ်ကြရသေးတယ်။ အဓိကကျတဲ့ အသက်လုံခြုံရေးကိစ္စပြီးမှ သင်္ဘောပေါ်မှာ ကိုယ့်စိတ်ကြိုက် အပန်းဖြေကြရင်း စိတ် ၀င်းစားစရာတွေ လုပ်ကြပေါ့။ ခရီးသည်များ မငြီးငွေ့ရအောင် အကုန်စီစဉ်ထားတာပါ။

အားကစားဆိုရင်လည်း တင်းနစ်၊ ဘော်လီဘော၊ ရေးကူး၊ လမ်းလျှောက်၊ ပြေးလိုက်ပြေးစရာ နေရာအပြင် ကိုယ်လက်ကြံ့ခိုင်ရေးအတွက် လုပ်ချင်ရင်လည်း အေးရိုးဗစ်သင်တန်းပေးတဲ့ဆရာပါ အဆင်သင့်၊ အားကစား ခန်းမမှာလည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်စရာ ပစ္စည်းတွေအမျိုးစုံရှိပါ သေးတယ်။ ဒီမှမဟုတ် အေးအေးဆေးဆေး အပန်းဖြေချင်ရင်ဘရစ်ခ်ျတို့၊ ပိုကာတို့ စတဲ့ဖဲချပ်တွေ ကစားချင်ကစား၊ ကျားထိုးရင်း ဗိုလ်လုချင်လု၊ ဘိလိယက်ခုံမှာ အချိန်ကုန်ချင်ရင်လည်းကုန်၊ ဒီထက် ပိုလို့လောင်းကစား ၀ါသနာ ပါခဲ့ရင် ကာစီနိုမှာ စလော့မရှင်းတွေဆွဲရင်း ငွေဖြုန်းလိုကဖြုန်း။
အစားအသောက်ကြိုက် တဲ့ လူတွေအတွက်တော့ အပျော်စိးသင်္ဘောခရီးက အတန်ဆုံးပါပဲ။ မနက် စာ၊ နေ့လယ်စာ၊ ညစာမက သန်းခေါင်ယံအထိ ပွဲကြီးပွဲငယ် ဖွယ်ဖွယ် ရာရာတွေ ကို အော တိုက်ပြီး ကျွေးတာများလွန်းတာကြောင့် စူစကာတောင် လက်မြှောက်ရမဲ့ အခြေအနေမျိုးမို့ လူတိုင်းခရီး က ပြန်ရင်အနည်းဆုံး အလေးချိန် ငါးပေါင်ဆယ်ပေါင်လောက်တော့ အသာလေး တိုးမှာ သေချာပါရဲ့။

ဖျော်ဖြေရေးတွေကလည်း အစုံ၊ ရုပ်ရှင်ရော၊ ပြဇာတ်ရော၊ ကပွဲရောအပြင် လူငယ်တွေအတွက် ဒစ် စကိုနဲ့ Life Musicနဲ့ ညလုံးပေါက် ပျော်ပွဲရွှင်ပွဲတွေမှာ ကကြ၊ ခုန်ကြ၊ သီချင်းဆိုကြတာတွေလည်း ရှိရဲ့။ ယမကာ ကြိုက်သူတွေ လည်း ဘားမှာထိုင်ရင်း အမူးလွန်သူတွေလည်း လွန်ကြပေါ့။ ကလေး ငယ်တွေအတွက်ကျ ပုံပြင်ပြောပြ၊ ဆေးရောင်စုံနဲ့ အရုပ်တွေဆွဲကြ၊ သီချင်းဆိုကြ၊ ကစားနည်းမျိုး စုံတွေကစားကြ စတဲ့ စိတ်ဝင်စားစရာတွေလည်း သူ့အချိန်နဲ့သူ။
အမျိုးသမီးတွေ အတွက် အလှပြင်စရာ Beauty Palour၊ အမျိုးသားတွေအတွက်ဆံပင်ညှပ်ဆိုင်၊ ဓာတ်ပုံဆိုင်၊ ဂျူတီဖရီး အကောက်ခွန်မဲ့ အရောင်းဆိုင်၊ အခြားအခြားအမှတ်တရလက်ဆောင်ပ စ္စည်းဆိုင်တွေအပြင် ဇိမ်ခံ လိုသူတွေအတွက်လည်း အနှိပ်ခံဖို့ အခန်းထိပါသေးတာပါ။ နေမ ကောင်းရင်လည်း ဆရာဝန် အဆင်သင့်၊ ဆေးခန်းအဆင်သင့်၊ ကျွန်မတို့လို စာပေမြတ်နိုးတဲ့ စာ ကြမ်းပိုးတွေအတွက် စာကြည့်တိုက်တစ်ခုလည်း ပါပါတယ်။

သင်္ဘောဝန်ထမ်းတွေ အားလုံးကဖိလိပီနိုလူမျိုးနဲ့ အင်ဒိုနီးရှားလူမျိုးတွေဖြစ်လို့ ကျွန်မ တို့ မြန်မာ တွေ နဲ့ရုပ်ချင်းက ခပ်ဆင်ဆင် မဟုတ်လား။ ရှားရှားပါးပါး သင်္ဘောတစ်ခုလုံးမှာ အရှေ့ တိုင်းသား ဆိုလို့ ကျွန်မတို့ သားအမိနှစ်ယောက်နဲ့ တရုတ်ဇနီးမောင်နှံနှစ်ဦးပဲ ပါတာကြောင့် အသားညိုတဲ့ ကျွန်မသမီး ကေသီကိုဝန်ထမ်းတွေက အင်ဒိုနီးရှားလားနဲ့ တစ်ချိန်လုံးလာမေးနေကြလို့ သူ့ခမျာ "မြန်မာ"ပါဆိုတာ ဖြေရှင်းရတာ အမော။
အလက်စကာက စိတ်ဝင်စားစရာကောင်းတဲ့ ပြည်နယ်တစ်ခုပါ။ ၁၈၇၆မှာ ရှရှားဆီက ဒေါ်လာ ၇.၂၀၀၀၀၀ ခုနှစ်သန်းကျော်နဲ့ အမေရိကားက ၀ယ်ယူလိုက်တာအဲဒီအချိန်က ရလိုက် တဲ့ပေါက် ဈေးနဲ့တွက်ရင် တစ်ဧကကို နှစ်ပြားပဲပေးခဲ့ရတာတဲ့လေ။ အလက်စကာက အမေရိကားနဲ့ ၄၉ခု မြောက်ပြည်နယ်အဖြစ် သတ်မှတ်ပါတယ်။ အမေရိကပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ငါးပုံတစ်ပုံ အကျယ်အ၀န်းရှိပေမဲ့ လူဦးရေအရကျတော့ အားလုံးထဲမှာ အနည်းဆုံးဖြစ်နေပြန်ရော။

အများအားဖြင့် Askimo Indiansနဲ့ Aleutsတွေ နယ်ခံအဖြစ် နေကြပါတယ်။ Alaskaဆိုတာ အက်စ်ကီမိုးတွေရဲ့ စကားအရ Alygskbe Great Landလို့ အဓိပ္ပာယ်ရပါတယ်တဲ့။ သူတို့ညွှန်း ဆိုချက်က အတယ်အမှန်ပါပဲ။ အကျယ်အ၀န်း က ဧကပေါင်း ၃၇၅သန်းရှိတာဆိုတော့ တွက်သာ ကြည့်ပါတော့နော်။ အလက်စကာက ပထ၀ီ အနေအထားအရ နယ်မြေသုံးခု ပိုင်းခြားထားသလိုပဲ။ ပစိဖိတ် ပင်လယ် ကမ်းခြေ နဲ့ မြင့်မားလှ တဲ့ တောင်တန်းကြီးတွေက တစ်ပိုင်း၊ အတွင်းဘက်မြေပြန့် နဲ့ ကုန်းမြေမြင့်က တစ်ပိုင်း၊ မြောက်ဝင်ရိုးစွန်း အာတိတ် ပင်လယ်က တစ်ပိုင်းနဲ့ ထူးခြားစွာ တည်ရှိ နေတာမို့လည်း အလည် လာရောက်ကြ ရသူတွေအတွက် ရင်ခုန်ဖွယ်ရာ ဖြစ်နေတာပေါ့နော်။

နောက်တစ်နေ့မှာ အလက်စကာ နယ်မြေထဲ ၀င်ရောက်လာပြီမို့ တောင်တွေပေါ်က ဖွေးဖွေးထနေ တဲ့ရေခဲပြင်ကြီးတွေနဲ့ ပြောင်းလဲလာတဲ့ ရှု့မျှော်ခင်းတွေကို မြင်တွေ့နေရပေမဲ့ သူများတကာတွေ လို အားရပါးရ စိတ်မ၀င်စားနိုင်ဘဲ ဖလော်ရီဒါမှာ မုန်တိုင်းနဲ့ ရင်ဆိုင်နေရတဲ့ သား နဲ့သမီး အတွက် ဘေးရန်ကလွတ်ကင်းဖို့ အချိန်ပြည့်နီးပါး ဆုတောင်းမေတ္တာပို့ရင်း ရင်ထဲမှာ ဘ၀င် မကျဖြစ်နေတာ ကြောင့် တီဗွီသတင်းကိုလည်း မလွတ်အောင် ပြေးပြေး ကြည့်ပြီးနားစွင့်နေရပါသေးတယ်။
သြဂုတ်လ ၂၄ရက်နေ့ မနက်လင်းအားကြီး (၄နာရီ ၅၂မိနစ်)မှာ ၁၉၉၂ခုနှစ်အတွက် ဗွေဆော်ဦး မုန်တိုင်းအနေနဲ့ Andrewလို့ နာမည်ပေးထားတဲ့ အဆင့်(၄)သတ်မှတ်ခံရတဲ့ အင်အားကြီးမုန်တိုင်း ကတစ်နာရီ ၁၆၄မိုင်နှုန်းနဲ့ ဖလော်ရီးဒါကို ၀င်ကျုံးသွားလိုက်တာ Home Stead ဆိုတဲ့ မြို့ကြီး တစ်မြို့ လုံး ပျောက်သွားလေရဲ့။ အနီးအနားက မြို့များစွာလည်း အဖျားခတ်ခံကြရလို့ အပျက် အစီးအတော် များပါတယ်။ ကျွန်မတို့ နေထိုင်တဲ့ ဖို့ဒ်လော်ဒါဒေးလ်မြို့က ကံကောင်းထောက်မစွာ လက်တီကျူ့ ဒသမ ၁နဲ့ ကပ်လွဲ သွားပေလို့ ပြန်စရာအိမ်တော့ ရှိနေဦးမယ်ပေါ့။

တိုက်ရိုက်မထိုလို့ မုန်းတိုင်းဘေးက လွတ်တဲ့တိုင်အောင် မုန်တိုင်းပြီးချိန်မှာ မီးမရှိ၊ ရေမရှိ၊ တယ်လိဖုန်း လိုင်းမရှိနဲ့ ကသိကအောက် ဖြစ်တတ်တာကြောင့် သားနဲ့သမီးအတွက် စိတ်မောနေ ခိုက်မှာပဲ သင်္ဘောက ကက်ချီကင်မြို့ ကို ဆိုက်ကပ်တာမို့ ၀မ်းသာအားတက်ရပါတယ်။ ကမ်းကပ် လို့ကုန်းပေါ်ကို ခြေချရတာနဲ့ ဂယ်ရီ က တယ်လီဖုန်း၇ှိရာရှာပြီး သားအိမ်ကို ဖုန်းဆက်လိုက်တော့ ဘေးရန်ကင်းကြောင်းသိရမှ ကျွန်မ လည်း ဘ၀င်ကျစိတ်အေးရတော့တယ်လေ။
မောင်နှမ နှစ်ယောက် သား မီးမရှိလို့ စည်သွတ်ဘူးတွေ ဖောက်စားပြီး အာဟာရဖြည့်ကြရတယ် တဲ့။ မုန်းတိုင်း အရှိန်ကို လေးငါးရက်ကြာ ခံကြရတာတော့ ဓမ္မတာပါပဲ။ ဖလော်ရီဒါမှာ အနေကြာတဲ့ ကျွန်မ တို့တစ်တွေ အဖို့ မုန်တိုင်းအတွ့အကြုံက ရိုးနေပါပြီလေ။ ရေ မီး မရပေမဲ့ တယ်လီဖုန်း လိုင်း ကောင်းနေသေးတာအတွက်ပဲ ကျေးဇူးတင်ရပါသေးတယ်။ မဟုတ်ရင် ကျွန်မ စိတ်ဖြောင့်ဖြောင့် နဲ့ ပျော်နိုင်မှာမဟုတ်ပါဘူး။ ဖုန်းပြောပြီးကာမှ ရောက်ရှိနေတဲ့ ကက်ချီကင်မြို့ကို စိတ်ဝင် တစား လေ့လာနိုင်ပါတော့တယ်။

Ketchikan ဆိုတဲ့ အက်စ်ကီမိုအင်ဒီယန်း စကားရ Eagle Wingလို့ အဓိပ္ပာယ်ရပါတယ်တဲ့။ ပေ ၃၀၀၀မြင့်တဲ့ တောင်ပေါ်က တက်ကြည့်ရင် ကက်ချီကင်မြို့က သိန်းငှက်အတောင်ပံ ဖြန့်ထားတဲ့ နာမည်ပါ။ ဆိပ်ကမ်းမြို့ဖြစ်တဲ့အပြင် ရွှေထွက်တဲ့ မိုးများရှိရာ Klondike ကိုသွားချင်ရင်ဒီမြို့က ဖြတ်ရတာမို့ စည်ကား ပါတယ်။ Salmonလို့ခေါ်တဲ့ ပင်လယ်ငါးသလောများ အကြီးအကျယ်ထွက် ရာငါးဒိုင်များရှိ့ အလက်စကာပြည်နယ် ရဲ့ ငါးမြို့တော်အဖြစ်လည်း နာမည်ကြီးပါသေးတယ်။
ဒေသခံ လူမျိုးတွေက အာရှတိုက်ကနေ နှစ်ပေါင်းထောင်သောင်းကတည်းက ရောက်ရှိအခြေချနေ ကြတဲ့ Aleuts, Inuit နဲ့ Eskimo အင်ဒီယန်းလူမျိုးတွေပါပဲ။ ရှေးရှေးတုန်းကလို Igloosဆိုတဲ့ အိမ် ပုပုဝိုင်းဝိုင်းလေးတွေ မှာ နေကြတာ မဟုတ်ဘူး။ ခုတော့ အားလုံး ခေတ်မီအိမ်ကိုယ်စီနဲ့ ဖြစ်နေကြပြီ လေ။ လူဦးရေက ခုထိ အလွန်နည်းပါးသေးတယ်။ အမျိုးသမီး ၇ယောက်မှာ အမျိုးသားက ၁ယောက်နှုန်းပဲ ရှိတာကြောင့် မစွံနိုင်သော လူပျိုကြီးများ ကံစမ်းလိုပါက ကက်ချီကင်ကို အလည် ကြွကြပါ လို့ ပြောရမလို ဖြစ်နေတာပေါ့နော်။

ရှေးသရောအခါက အင်ဒီယန်းတွေ အခြေချခဲ့စဉ်က သူတို့ရဲ့ ယဉ်ကျေးမှုအရ မိဘဘိုးဘွား ဆွေ စဉ်မျိုးဆက် များရဲ့ ရာဇ၀င်သရုပ်ဖော်များလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဆေးခြယ်ထား တဲ့ Totem Doles တွေက ပေ ၈၀ထိမြင့်မားသော တွေ့ရတော့ ကျွန်မတို့တစ်တွေ အမှတ်တရ ဓာတ်ပုံ ရိုက်ကြပေါ့။ ဒီထဲမှာထူးထူးခြားခြား ပြတိုက်တစ်ခုလည်း တွေ့ခဲ့ရပါသေးတယ်။ ရှေးတုန်းက လှေဆိပ်ရှိရာ Creek လမ်းက မီးနီရပ်ကွက်ထဲမှာ အပါအ၀င်ဖြစ်တဲ့ အိမ်နံပါတ် ၂၄ Dolly House ဆိုတာက ရပ်ကွက်ထဲမှာ နာမည်ကြီးတဲ့လေ။ အမျိုးသားများပင်လယ်ပြင်က အပြန်စိတ်ရောကိုယ် ပါအပန်းဖြေတဲ့ နေရာပါတဲ့။ ခုတော့ ပြတိုက်အဖြစ် သတ်မှတ်ထားပါတယ်။

အလက်စကာပြည်နယ်ရဲ့ မြို့တော် Juneau ဂျူနိုကတော့ လှလည်းလှ၊ စိတ်ဝင်စားစရာလည်း အကောင်းဆုံးပါပဲ။ တောင်အမြင့်ကြီးတွေနဲ့ ပင်လယ်ကွေ့ကြားမှာ တည်ထားတဲ့မြို့မို့ အလျား ရှည်ပြီး အနံတိုပေမဲ့ အကျယ်အ၀န်းအရက ကမ္ဘာမှာ တတိယအကြီးဆုံးမြို့လို့ ဆိုပါတယ်။ ကျောက်တောင် ကြီးတွေနဲ့ ပင်လယ်ကြားမှာမို့ ပန်းချီကားတစ်ချပ်လို့ လှပတဲ့မြို့ပါပဲ။ တစ်မြို့လုံး ကိုမနက်ဘက် ကားနဲ့လျှောက်ကြည့်ကြပြီး နေ့လယ်ကျတော့ ပေ ၆၃၀၀မြင့်တဲ့ တောင်ထိပ်ပေါ် မှာခဲနေ တဲ့ ရေခဲပြင်ကြီးကို ကြည့်ဖို့ ရဟတ်ယာဉ်ခရီးစဉ်ကို ဂယ်ရီက လက်မှတ်ဝယ်လိုက်ပါတယ်။
ကျွန်မ ရဲ့မြေး ခန့်စန္ဒီနဲ့ ခန့်သီဟနှစ်ယောက်သားက ဟိုးတောင်အမြင့်ကြီးပေါ်ရောက်အောင် ရဟတ်ယာဉ် နဲ့ သွားရမယ်ဆိုတာလည်း သိရောပျော်လွန်းလို့ ခုန်ပေါက်နေကြလေရဲ့။ ကလေး တွေမပြောနဲ့။ အသက် ၇၀နာနီးနေတဲ့ အဘွားကြီး ကျွန်မတောင် မြေးတွေနဲ့ အပြိုင် စိတ်လှုပ်ရှား ပြီးပျော်လိုက်ရတာ။ ရေခဲဆိုလို့ အခုလို ခြေချဖို့ နေနေသာသာ ကွန်ဗင့်ကျောင်းဝ မှာ ရောင်းတဲ့ ရေခဲခြစ် ဦးလေးကြီးရဲ့ ရေခဲတုံး တစ်ထွာသာသာလောက်သာ ကြီးကြီးမားမားအနေနဲ့ တစ်သက် လုံးဖြင် ဖူးခဲ့တာ မဟုတ်လားနော်။

အခုအစီအစဉ်က ရဟတ်ယာဉ်ငါးစီးစုပြီး အုပ်စုဖွဲ့သွားကြမှာပါ။ တစ်စီးကို ခရီးသည်ငါးယောက် စီးရမှာ တဲ့။ ပေ ၆၃၀၀လောက်မြင့်တဲ့ တောင်ပေါ်မှာရှိနေတဲ့ ရေခဲပြင်ကြီးရဲ့နာမည်က Menderhall Glacier လို့ခေါ်ပါတယ်။ အဲဒီရေခဲပြင်ကြီးတစ်လျှောက်ကို အပေါ်စီးကနေ မြင်ရအောင် ရဟတ် ယာဉ်က တောင်ပေါ်မှာနာရီဝက်ကြာအောင် ပျံသန်းပြီးပြမဲ့အပြင် အလယ်ချိုင့်ဝှမ်းထဲကို ခရီးသည် တွေချပြီးရေခဲပြင်ပေါ်မှာ နာရီဝက်ကြာ လမ်းလျှောက်ဖို့လည်း စီစဉ်ပေးဦးမှာတဲ့လေ။

ရဟတ်ယာဉ်ပေါ် မတက်ခင် အအေးဒဏ်ကို ခံနိုငဖို့ သိုးမွေးအင်္ကျီအထူကြီးတွေရော၊ ခေါင်းစွပ် တွေရော၊ လက်အိတ်တွေပါ ထပ်ပြီးဝတ်စေတဲ့အပြင် Moon Boots လို့ခေါ်တဲ့ခြေသလုံးထိ ရောက်အောင်မြင့်တဲ့ သားရေ ရှူးဖိနပ် အထူစားကြီးတွေကိုလည်း ၀တ်ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး အာကာသ ကို သွားကြမဲ့ ဂြိုလတုယာဉ်ဝတ်စုံတွေ ၀တ်ထားရတဲ့အတိုင်း ဖြစ် နေလို့ရယ်ကြရသေးတယ်။ ပုံမကျ ပန်းမကျ တစ်ကိုယ်လုံး ဖောင်းပွနေပေမဲ့ ရေခဲပြင်ပေါ်မှာ ချော် မလဲဖို့က အရေးကြီးသေးတယ် မဟုတ်လားနော်။

ရဟတ်ယာဉ်ပေါ်ရောက်တော့ ကျွန်မမြေးနှစ်ယောက်က ပိုင်းလော့ဘေးက ရှေ့ထိုင်ခုံမှာ ထိုင်ချင် လို့နေရာ လုကြလေရဲ့။ နောက်ဆုံးတော့ အငယ်ခန့်သိဟကို ထိုင်ဖို့ အဖေကအဆုံးအဖြတ်ပေး လိုက်တာကြေင့် အကြီးမ ခန့်စန္ဒီမကျေမနပ် စူပုပ်တဲ့ မျက်နှာနဲ့ နောက်တန်းကို ရောက်လာပါ ရော။ ရဟတ်ယာဉ် က တောင်ပေါ်မှာပေါက်နေတဲ့ စိမ်းစိုတဲ့ သစ်တောကြီးတွေပေါ် က ဖြတ်ကျော် ပြီး တဖြည်းဖြည်းနဲ့အမြင့်ကို တက်လာလိုက်တာ မကြာခင်မှာ တောင်ထိပ်ပေးမှာ ရှိတဲ့ရေခဲပြင်ကြီး ကို အပေါ်စီးကြည့်လို့ရတဲ့ မြင်ကွင်းထဲ ရောက်လာတော့တာပဲ။
ကျွန်မ သမီး ကေသီက အောက်ငုံ့ကြည့်ရင်း "အိုး...မိုင်ဂေါ့ဒ်"နဲ့ ဘုရားတွေ ဘာတွေတရတဲ့အထိ ဖြစ်လို့။ ကျွန်မ မှာလည်း ကိုယ့်မျက်စိတောငာ် ကိုယ်မယုံနိုင်ဘူး။ တစ်သက်တာမေ့မရနိုင်တဲ့မြင် ကွင်းတစ်ခုလို့ ဆိုရလောက်အောင် လှပပုံမျိုးမို့ ပြည့်စုံအောင် စာဖွဲ့ပြနိုင်စွမ်းမရှိပါဘူး။ ရုပ်ရှင်တွေ ထဲမှာ မြင်ရတဲ့ အိပ်မက်ခန်း တစ်ခုလို အရောင်မျိုးစုံဖြာနေပုံက အံ့မခန်း ထူးခြားဆန်းပြားလွန်းတာ မို့အသက်တောင် မရှူမိဘဲ ငေးမောကြည့်နေမိပါတယ်။

အခု ကျွန်မမြင်တွေ့နေရတဲ့ Menderhall  ရေခဲပြင်ကြီးက သက်တမ်းနှစ်ပေါင်းသုံးထောင်ကျော် ရှိတာ တဲ့လေ။ အလက်စကာမှာ အလှပဆုံးတစ်ခုဖြစ်ပြီး အကြီးဆုံးလို့ပြောနိုင်လောက်ပါတယ်။ သူရဲ့အကျယ်အ၀န်း က အမေရိကားနဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ Rhode Islandထက်တောင် ကြီးသေးတာဆိုပဲ။ စနိုးတွေ က ကျရင်းကျရင်းထူထပ်လာတဲ့အခါ ရေခဲအဖြစ် ပြောင်းလဲသွားရင်းက နှစ်ပေါင်းကြာလာတော့ ထုထည်ကြီးမား လွန်း တဲ့ ရေခဲချပ်ကြီးဖြစ်သွားလေတယ်ပေါ့။
အပေါ်က ကျရောက်နေတဲ့ နေရာင်နဲ့ ဟပ်မိချိန်မှာ ရေခဲပြင်ကြီးလို့တောင် မထင်မှတ်ရဘဲ စလင်း ကျောက်ဖြာချပ်ကြီးတစ်ခုလို ဖိတ်ဖိတ်လက် တောက်ပနေပုံက အရောင်အသွေးတွေ အမျိုးစုံ ဖြာထွက်နေတော့တာပဲ။ ဒီရေခဲပြင်ကြီးက တစ်နှစ်ကို ပေသုံးဆယ် ရွေ့လျားနေတာတဲ့။ တချို့ ဒီထက် ပိုပြီး လှုပ်ရှားတဲ့အခါ မြင်ရတဲ့ သတ္တ၀ါတွေထက်တောင် ဆိုးသေးတယ်။ ကွဲအက်ပြီး ရေခဲ တုံးနဲ့ အတူ ကျောက်တုံးကြီးတွေ အရှိန်နဲ့ ပင်လယ်ထဲပြုတ်ကျလိုက်ရင် မိုးချုန်းတဲ့အသံထက် ပို ကျယ်လောင်ပြီး တောင်တွေ ရဲ့ ပွဲတင်သံတွေပါ ဆက်ပြီးကြားနိုင်တယ်တဲ့။ ထူးခြားတဲ့ သဘာဝ တစ်ခု ပါပဲနော်။

ရဟတ်ယာဉ်ပေါ်က နာရီဝကကြာ ရေခဲပင်တစ်လျှောက် လှည့်ပတ်ကြည့်ပြီးမှ အလယ်ကချိုင့်ဝှမ်း ထဲကိုဆင်းပါတယ်။ မြင်ကွင်းတစ်ခုလုံးက ဖြူဖွေးသန့်စင်နေတဲ့အပြင် တိတ်ဆိတ်လွန်းတာကို လည်း ခံစား မိတော့ တခြားကမ္ဘာတစ်ခုကို ရောက်ရှိနေတဲ့အတိုင်းပါပဲ။ Moon Bootsကြီးတွေ စီးတာတာမို့ လမ်းလျှောက် လို့ကောင်းကောင်းရပါတယ်။ သတိတော့ ထားရတာပေါ့။ ကျွန်မတို့ရဲ့ လမ်းညွှန်ပိုင်းလော့က သိမှတ်ဖွယ်ရာတွေ ကို ပြောပြပါတယ်။
တောင်ပေါ် အမြင့်မှာမို့ လေကလည်း သန့်စင်လက်ဆတ်လို့ ရင်ထဲမှာငြိမ်းချမ်းမှုတွေ က အလိုလို ရောက်လာ သလိုပဲ။ အိပ်မက်ကမ္ဘာထဲ ရောက်နေတဲ့အတိုင်း အချိန်အတိုင်းအတာ ကိုပါမေ့ပြီး မြင် တွေ့ရတဲ့အလှမှာ ငေးရင်း နစ်မြောနေလိုကတာ။ နာရီဝက်ဆိုတဲ့ အချိန်ဘယ်လို ကုန် သွားမှန်း တောင်မသိပါဘူး။ အလက်စကာမှာ နေရင်ထူးခြားတဲ့ သဘာဝအလှတွေမှာ နစ်မြောရင်း အချိန် တွေ ကုန်တာနဲ့ ကိုယ့်တစ်သက်တာ ကုန်အောင် ငေးမောနစ်မြောဖို့ အချိန်လောက်မှာတောင် မဟုတ်ဘူးထင်ပါရဲ့။

လေ့လာကြည့်ရှု့သင့်တဲ့ Anchorage နဲ့ Sitka မြို့တွေကိုလည်း ရောက်ခဲ့ရပါသေးတယ်။ Sitka ကရုရှားအင်ပါယာ ထဲက ဖြစ်ခဲ့ဖူးတာကြောင့် ရုရှားယဉ်ကျေးမှု လွှမ်းမိုးရာတွေတွေရတဲ့အပြင် သဘာဝ အလှအပနဲ့ ရာဇ၀င်များစွာရှိခဲ့တဲ့ မြို့မို့ လေ့လာကြည့်ရှုစရာတွေ အများအပြားပါပဲ။ သင်္ဘောခရီးကတော့ ဆိပ်ကမ်းမြို့ကြီးတွေ ရောက်ခိုက်တက်ပြီး လေ့လာကြည့်ရှု့ မှတ်သားကြ၊ သင်္ဘောပေါ် ရောက်တော့ အပန်းဖြေ စရာတွေနဲ့ အချိန်ကုန်လိုက်ကြမို့ တခြားခရီးတွေလို မပင်ပန်းဘဲ စိတ်လက်ပေါ့ပါး ကြည်နူးပျော်ရွှင် စရာ ကောင်းလှပါတယ်။
အတွေ့အကြုံ အမျိုးစုံကလည်း မကုန်နိုင်အောင် များပြားလွန်းတာမို့ ဆယ်ရက်တာ ခရီးက ခဏ လေးလို့ ထင်မှတ် ရအောင် အကုန်မြင်လှပါရဲ့။ နှုတ်ဆက်ပွဲလုပ်တဲ့ နောက်ဆုံးနေ့ ညစာစားပွဲ က တော့ခရီးသည်အားလုံးအတွက် အပျော်ရဆုံးပါပဲ။ ဧည့်ခံဖျော်ဖြေတဲ့ အင်ဒိုနီးရှားလို နှုတ်ဆက် သီချင်းဆိုကြပြီး ကိတ်မုန့်ပေါ်မှာ မီးပန်းရောင်စုံတွေ ထွန်းညှိထားတဲ့ အချိုပွဲတွေကိုနောက်ခံတေး ဂီတနဲ့ စည်းချက်ညီ လျှောက်လှမ်းရင်း စားပွဲပေါ် လာချတော့ ၆နှစ်သာရှိသေးတဲ့ ခန့်ခန္ဒီတို့ မောင်နှမက Electric Cake ဆိုပြီး သဘောတွေကျ၊ လက်ခုပ်လက်ဝါးတီးလို့။

နောက်တစ်နေ့မနက်မှာ သင်္ဘောခရီးစဉ်ပြီးဆုံးတာမို့ ကနေဒါပြည်နယ်ရဲ့ နာမည်ကြီး ဆိပ်ကမ်းမြို့ တော်ဖြစ် တဲ့ ဗင်ဘူးဘားမြို့မှာ သင်္ဘောဆင်းရပါတယ်။ ဧည့်ကြိုဘတ်စ်ကားကြီးက လာကြိုပြီး တစ်ဆက် တည်း တစ်နေ့တာ လေ့လာဖို့ မြို့လုံးပတ်လည် လိုက်ပြပါတယ်။ မြို့လယ်မှာ မိုးပျံ တိုက်ကြီးများစွာအပြင် ရောင်စုံဖွင့်ဖူးနေတဲ့ ပန်းခြံတွေ၊ ဈေးဆိုင်တန်းတွေနဲ့ စည်ကားလှပလှပါ တယ်။ အယ်လီဇဘက်ဘုရင်မပန်းခြံမှာဆိုရင် ပန်းတွေက လှပလွန်းလို့ တစ်နေ့မှာ မင်္ဂလာဆောင် နှစ်ဆယ်လောက် အနည်းဆုံး ဓာတ်ပုံလာရိုက်ကြတယ်တဲ့။

ဧရာမတရုတ်တန်းကြီးမှာလည်း ကျွန်မတို့ သားအမိသွားရည်ကျစရာ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်သီးတွေ လတ်လတ်ဆတ်ဆတ်ရတာမို့ အပြေးအလွှား ၀ယ်စားခဲ့ရပါသေးတယ်။ ဗြိ တိသျှ အရိပ်အငွေ့တွေ လွှမ်းမိုးရာဒေသမို့ လမ်းတွေ၊ အိမ်တွေက လန်ဒန်မြို့နဲ့လည်း ခပ်ဆင်ဆင တူပါတယ်။ နောက်တစ်နေ့ ဗစ်တိုးရီးယားမြို့ကို ကားတစ်တန်၊ သင်္ဘောတစ်တန်နဲ့ သွား လည်ကြ တော့လည်း အိပ်မက်ဆန်အောင် လှပလွန်းတဲ့ Butchartပန်းခြံရဲ့ ဆွဲဆောင်နိုင်မှုကြောင့် တစ်နေ ကုန်မထွက်နိုင်အောင် ဖြစ်ရပါသေးတယ်။
ဗင်ကူးဘား မှာ နောက်ထပ်တစ်ရက်နဲ့ Seattleမှာတစ်ရက် အေးအေးဆေးဆေးဝ်လည်ပြီးမှ ပြန်ဖြစ်တော့ ဖလော်ရီဒါ ရောက်တာနဲ့ စက်တင်ဘာလဆန်း ဖြစ်နေပြီလေ။ ပါရီကို မသွားခင် သုံးပတ်လောက် အနားချိန် ရမှာမို့ တော်သေးရဲ့ပေါ့ တွေးထားပေမဲ့ တစ်ခရီးနဲ့ တစ်ခရီးကြားမှာ လျှော်စရာတွေ လျှော်၊ သိမ်းစရာတွေ သိမ်း၊ ထည့်စရာတွေထည့်နဲ့ အဲဒီသုံးပတ်ကလည်း ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘဲ ပါရီ ကို ရောက်သွားလေရဲ့။

ပါရီမှာတော့ ကြည့်စရာ လည်စရာ လေ့လာစရာ မှတ်သားစရာတွေက များပြားလှတာကြောင့် ကိုယ့်မှာရှိတဲ့ အချိန်နဲ့ မလောက်နိုင်အောင်ပါပဲ။ သားကရောက်တာနှစ်နှစ်နီးပါး ရှိနေပြီဆိုတော့ အခြေတကျနဲ့ သွားတတ်လာတတ် ရှိနေပါပီ။ သားအမိနှစ်ယောက် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် တွေမှာ နေကုန်နေခန်း ထွ့်ကြတဲ့ အပြင် နွေဘက်မှာဆိုရင် ည၁၁နာရီထိ နေကမ၀င်သေးဘဲ လင်းထိန်နေဆဲမို့ ညစာစားပြီးတာနဲ့ စိန့်မြစ် ထဲ သင်္ဘောစီးထွက်တဲ့အခါထွက်၊ ဒါမှမဟုတ် ရွှန်စီလီဆေးလမ်းမကြီးတစ်လျှောက် လမ်းလျှောက် ရင်လျှောက်။
ပါရီရဲ့အလှ က ညဥ့်မှပိုပြီးပြည့်စုံတယ် ဆိုရမလားမသိ။ မီးဆလိုက်ထိုးထားတဲ့ အက်ဖဲမျှော်စင်နဲ့ စိမ့်မြစ်ရဲ့ ရေအလျဉ်ပေါ်မှာ အရိပ်ထင်နေပုံကိုက ကဗျာဆန်ဆန်လှပနေတာမျိုးလေ။ ဆောင်းပါး တစ်ခု ထဲမှာ "ဘုရားသခင်သာ ကောင်းကင်ဘုံတစ်ခု ကမ္ဘာမြေပေါ်မှာ ဖန်ဆင်းပေးမယ်ဆိုရင် အဲဒါဟာ ပါရီဖြစ်မှာပဲ" လို့ ဖွဲ့ဆိုထားတာ ဖတ်ရတုန်းက ပါရီရဲ့ အလှကို စိတ်ကူးနဲ့ ပုံဖော်ကြည့်မိ ခဲ့သေးတာပါ။ လက်တွေ့ က ပါရီကို မြင်ရတော့ စာရေးသူကို ထောက်ခံရမလိုဖြစ်နေပါရော။
အထူးသဖြင့် ပါရီရဲ့နာမည်ကျော် ရွှန်စီလီဆေး လမ်းမကြီးကတော့ တကယ်ကိုရင်ခုန်စရာ၊ ရှုမော ဖွယ်ရာအပြည့် ပါပဲ။ ပါရီကို အခေါက်ခေါက်အခါခါ ရောက်ဖူးသူတွေ ပြောလေ့ရှိကြတယ်။

"ပါရီဟာ ၀ိုင်အရက်လိုပဲ၊ နှစ်ချို့လာလေ ပိုကောင်းလေ ပိုအရသောရှိလေ ပိုယစ်မူးစရာကောင်း လေပဲ"တဲ့။
ပါရီမြို့ ရဲ့ အလှအပက လူကြီးလူငယ် မရွေး၊ ကျား မ မရွေး၊ လူမျိုးဘာသာမရွေး ရောက်လာသူမှန် သမျှကို ဖမ်းစားနိုင်သလား မသိ။ အထူးသဖြင့် မြင်မြင်သမျှကို ရင်ခုန်စေတတ်တဲ့ လူငယ်လူရွယ် တွေအတွက် ပိုပြီးကြည်နူး သာယာမှု ရစေနိုင်မယ် ထင်ပါတယ်။ ရွှန်စီလီဆေး လမ်းမကြီး တစ် လျှောက်ဈေးဆိုင်တွေ ကလည်း အမျိုးကိုစုံလို့။ ငွေကိုရေလို သုံးနိုင်သူတွေ အတွက် ၀ယ်ချင်စရာ တွေချည်းပါပဲ။ အပန်းဖြေစရာ ရုပ်ရှင်ရုံပေါင်းများစွာနဲ့ စားသောက်ဆိုငတွေဆိုတာလည်း အမျိုး အမည်စုံ၊ ကလေးခေါ်တဲ့ လက်ဖက်ရည်ဆိုင်တွေကလည်း အများအပြား။

လမ်းဘေးက ပန်းခင်းအစပ်မှာ ထိုင်ခုံလေးတွေ ဟိုတစ်ခု ဒီတစ်ခု ချထားတဲ့ နေရာတွေမှာလည်း အတွဲလေးတွဲ ထိုင်ပြီး အပန်းဖြေသူကဖြေ၊ လမ်းလျှောက်သူတွေကလည်း တစ်ယောက်ကို တစ်ယောက် မှီလို့ တွယ်လို့ လက်ချင်းချိတ်၊ ပခုံးဖက်လို့ ချစ်ကြင်နာတဲ့ အရိပ်အငွေ့တွေ၊ ကြည် နူးသာယာတဲ့ မျက်နှာပေးတွေ နဲ့ ကြည်ရွှင်ပြုံးနေကြတာ မြင်ရတော့ အရှိဟပ်ပြီး ကိုယ်ပါရော ပျော်ရွှင်ချမ်းမြေ့ရပါတယ်။
လမ်းလျှောက်ရင်း သားနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြ၊ ဖတ်ထားတဲ့စာအုပ်ထဲက အကြောင်း အရာတွေ ဆွေးနွေးကြ၊ ဝေဖန်ကြ၊ တစ်ခါတလေလည်း ရုပ်ရှင်ဝင်ကြည့်ကြ၊ ဒါမှမဟုတ် အေးအေးဆေးဆေး ကဖေးမှာဝင်ထိုင်ပြီး ကော်ဖီခါးခါးကို အရသာခံရင် သောက်ကြနဲ့ စိတ်ကြည် နူးပျော်ရွှင်ရပါတယ်။

လောကမှာ မထင်မှတ်တာတွေ ဖြစ်လာတတ်တာကို တွေးကြည့်ရင်း အံ့သြဖွယ်ရာပါပဲနော်။ ကျွန်မ တစ်သက်တာမှာ မိခင်က စိတ်ဝေဒနာရှင် ဖြစ်ခဲ့တာမို့ စိတ်ချလက်ချ ထားမသွားနိုင်တာကြောင့် အပျော်ခရီးထွက်ခြင်းကိစ္စ ကျွန်မဘ၀နဲ့ ဘာမှမသက်ဆိုင်လေဘူးလို့ လက်တွေ့ကျကျ ခံယူထား ခဲ့တာပါ။ သူများတကာတွေရဲ့ အပျော်ခရီး အတွေ့အကြုံတွေ ကြားသိရတဲ့အခါ အားကျမိပေမဲ့ ကိုယ့်ဝမ်းနာကိုယ်သာ သိမို့ စိတ်ကူးယဉ် အိမ်မက်တောင် မက်ရဲခဲ့သူမဟုတ်ပါဘူး။
အခုတော့လည်း ဘယ်သူ့အတွက်မှ ပူစရာမရှိ ကြောင့်ကြစရာမရှိ နောက်ဆံတင်းစရာမရှိ သွားလို ရာကောက်ကာ ငင်ကာ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့ ထသွားလိုက်ရုံပါပဲ။ တစ်သက်နဲ့ တစ်ကိုယ် အတွေး ထဲမှာတောင် ယောင်လို့ ၀င်ရောက်မလာဖူးတဲ့ ပါရီက ရွှန်စီလီဆေးလမ်းမကြီး ပေါ်ကို ရောက်ပြီး သားနဲ့ အတူ ကြည်နူးအေးချမ်းစွာ ရှိလို့ ဖြတ်သန်းခဲ့ရတဲ့ကိုယ့်ရဲ့ ကန္တာရဘ၀နဲ့ လက်ရှိ အခြေအနေက မိုးနဲ့မြေကြီး လို ကွားခြားနေပြန်ပါရော။ အခက်အခဲ အကျပ်အတည်း ဆုတာတွေ လည်းမတည်မြဲ၊ အချိန် တန်ရင် ပြီးသွားတာပါပဲနော်။

သားသမီးတွေနဲ့ အတူတကွ နေခွင့်ရတဲ့ကြည်နူးချမ်းမြေ့ ကာလလေးတွေကတော့ ကျွန်မဘ၀မှာ အမြတ်တနိုး တန်ဖိုးထားစရာ ကဏ္ဍအပိုင်းအခြားတွေအဖြစ်နဲ့ နှလုံးသားတစ်နေရာမှာ တစ်သက် တာ သိမ်းဆည်း ထားရပါတယ်။ ဒီလိုနဲ့ ပါရီမှာနေခိုက် လည်စရာကြည့်စရာတွေ အပြင်စာဗေးလ်နဲ့ တူဇင်ဘတ်နေရာတွေ အထိ သူငယ်ချင်းဒေါက်တာခင်မြကြူမိသားစုတွေနဲ့ အတူစုပြီး သွားလည်  ဖြစ်ကြ ပါသေးတယ်။
ပါရီမှာ သားနဲ့တစ်ဝကြီး နေပြီးတော့ နိုဝင်ဘာလကုန်မှာ ဖလော်ရီဒါကို ပြန်ရောက်ပါတယ်။ သမီး ကေသီတို့ မိသားစုတစ်စုလုံး မာယာမီလေဆိပ် မှာ စောင့်ကြိုနေလေ ရဲ့။ နှစ်လစာ အတိုးချပြီး မြေး တွေ ကလည်း အမေးအမြန်းထူကြ၊ တစ်လမ်းလုံး သားအမိတစ်တွေ ပြောလို့ မကုန်ဖြစ်လာရာ က ဂယ်ရီက သူ့ဆေးခန်းကို ခဏ၀င်စရာရှိသေးတယ်နဲ့ လမ်းကွေ့ကို ချိုးလည်း ချိုး လိုက်ရော ဆေးခန်းရဲ့ ညာဘက်ထောင့်မှာ ကားအသစ်ကြီးတစ်စီး ခေါင်မိုးပေါ်မှာ ဧရာမ ဖဲပွင့်အဖြူကြီးကပ် ပြီးရပ်ထားတာ တွေ့လိုက်မိပါတယ်။

ကျွန်မကတော့ အမှတ်တမဲ့ပဲါ။ သမီးကေသီက "ဟော...ဟိုမှာ ဘယ်သူ့မင်္ဂလာဆောင်လဲ မသိဘူး" နဲ့ ပြောရင်း ကားကိုလှည့်ကြည့်နေလေရဲ့။ ဂယ်ရီက သူ့သားသမီးတွေကို ခေါ်ပြီးဆေး ခန်းထဲ ၀င်သွားတာပြောလက်စ ပါရီကအကြောငာ်းတွေ ဆက်ပြောရင်းကျွန်မတို့သားအမိ ကားထဲ ကစောင့်နေကြ တယ်ပေါ့။ ခဏကြာ ပြန်လာကြပြီး ကျွန်မမြေး ခန့်စန္ဒီက ပြောင်ချော်ချော် မျက်နှ ပေး နဲ့ကျွန် မလက်ထဲသော့တွဲတစ်ခု လာထည့်ရင်း "Merry X' mas ဘွားဘွား"တဲ့။
ကျွန်မ တို့ တုံးလိုက်ပုံများ လုံးဝကို သဘောမပေါက်ဘူး။ သမီးကေသီက "ဟာ...မာမီ ကားအသစ် ရတယ်" နဲ့ သူ့အသံအာပြဲပြဲနဲ့ ထအော်ရင်း ၀မ်းသာအားရနဲ့ ခုန်ပေါက်ပြီး ရပ်ထားတဲ့ ကားအသစ် ဆီပြေးလေရဲ့။ သမီးရောမြေးတွေ ပါ စိတ်လှုပ်ရှားစွာ ပျော်ရွှစ်စွာ ခုန်ပေါက်နေသလောက် ကျွန်မက အံ့သြစိတ် နဲ့ ကြောင်ကြည့်နေမိပါတယ်။ ဒါလောက်တန်ဖိုးကြီး ကားသစ်ကြီးကို ခရစ္စမတ်လက် ဆောင်အဖြစ် လက်ခံရ မှာ ရင်ထဲမှာ ဘ၀င်မကျသလိုကြီးပါပဲ။

ကျွန်မသမီး က ဂယ်ရီက ဘာလုပ်လုပ်သူတစ်ပါး ပိုပြီးဝမ်းသာအောင် Surpriseလုပ်ချင်တတ်တဲ့ လူစား မျိုးလေ။ ကျွန်မကိုလည်း မိခင်ရင်းတစ်ယောက်လို ချစ်ခင်လေးစားပြီး လိုအပ်တာမှန်သမျှ အလိုတသိနဲ့ ဖြည့်ဆည်းစောင့်ရှောက်ပေးတာမို့ ဂယ်ရီရဲ့ထားရှိ တဲ့ မေတ္တာစေတနာ ကိုလည်း ကျေးဇူးတင်ရှိ မဆုံးပါပဲ။ တကယ်က ကားအသစ်လည်း လိုသေးတာမဟုတ်ပါဘူး။ သုံးလေးနှစ် တစ်ခါ ကျွန်မ အတွက် ကားအသစ်လဲပေးနေကျပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကမှ ၀ယ်ပေး ထားတဲ့ ခရွိုင်စလာ အမျိုးအစား ကားနဲ့ သတိမေ့တတ်တဲ့ ကျွန်မနဲ့ အဆင်ကိုပြေလို့။ တစ်ခါပဲ ဟိုင်းဝေးပေါ်မှာ အဲဒီကားနဲ့ ရန်ဖြစ်ဖူးတာက လွဲရင်ပေါ့။ ပြောရဦးမယ်၊ အဲဒီကားကို ယူလာတဲ့နေ့ က"မာမီ ဒီကားကို လာမောင်းကြည့်ပါဦး" ဆိုတာနဲ့ ကျွန်မက ကားပေါ်တက်ထိုင်ပြီး စက်လည်းနှိုး လိုက်ရော "Your Door is Atar" တဲ့။ ယောက်ျားအသံတစ်ခုက ထွက်လာလေရဲ့။

"ဂယ်ရီရဲ့ အသံလည်းမဟုတ်ပါဘူး။ ဘယ်ကယောက်ျားသံကြီးလဲ"ဆိုပြီး အထိတ်တလန့်နဲ့ ၀ဲ ယာကို လိုက်ရှာကြည့်တော့လည်း ဘယ်သူမှမရှိဘူး။ ကိုယ်ပဲအကြားမှားသလား၊ ဒီကာကပဲ သရဲ ခြောက်သလား ဇဝေဇ၀ါရှိနေဆဲ မှာ ဂယ်ရီကထွက်လာပြီး နောက်ခန်းကားတံခါးကို လာပိတ်ပေး ပါတယ်။ ကျွန်မကို စချနောက်ချင်လို့ တမင်တကာ တံခါးကို အသာလေး စေ့ထားခဲ့တာလေ။ အခု ခေတ်သိပ္ပံပညာ ထွန်းကားတာကလည်း တရားလွန်ပါရဲ့။ ဆရာသုခရဲ့ "စကားပြော အသည်းနှလုံး" လိုစံချိန်မျိုး စကားပြောသော ကင်မရာနဲ့ စကားပြောသော ကားနဲ့။

အဲဒီ ခရွိုင်စယ်လာကား ကလည်း ပြောလိုက်တာ အမျိုးကိုစုံလို့။ "ဓာတ်ဆီ နည်းနေပြီ" "ရှေ့မီး ဖွင့်ပါအုံး"တို့ "ပိတ်ပါဦး" တို့၊ တံခါးက ချက်မကျရင်လည်း ပြော၊ ကားပေါ်ထိုင်လို့ခါးပတ် မပတ်ရ သေးရင်လည်းပြော၊ တစ်ခါတလေတော့ ကိုယ်ကမေ့ တတ်သူမို့ သူသတိပေးပြောဖော်ရတာအ တွက်ကျေးဇူးတင်ပါရဲ့။ တစ်ခါ ကတော့ ဟိုင်းဝေးပေါ်ရောက်ကာမှ "ကားကအင်ဂျင်ပူနေ တယ်။ အမြန်ဆုံး ကားပြင်ဆိုင်ယူသွား စစ်ဆေးပါ" တဲ့။
သိတဲ့ အတိုင်း ဟိုင်းဝေးပေါ် တက်မိရင် Exitတစ်ခုနဲ့ တစ်ခုက အဝေးကြီး။ ဟိုင်းဝေးပေါ် မရောက်ခင် က ပြောပါလားလို့ ကားနဲ့ကျွန်မရန်ဖြစ်ကြရသေးတယ်။ နောက်တော့လည်း ကျေအေး ပြီးအနားမှာ အဖော်ကောင်း တစ်ယောက် ပါသလို အားကိုးရှိလို့။ အခုကားအသစ်ကြီး ရတာကြောင့် သူ့ကိုခွဲခွာရမယ် ဆိုရင် ကျွန်မလွမ်းနာကျရဦးမှာပဲ။

ဘ၀နေ၀င်ချိန် ဆည်းဆာကာလမှာ ကျွန်မအတွက် မထင်မှတ်ဘဲ ရောက်ရှိလာကြတဲ့ အပြောင်း အလဲဖြစ်ရပ်တွေ ကို တွေးရင်း ကံတရားရဲ့ ဆန်းကြယ်လှပုံကို အံ့မခန်းဖြစ်ရပါတော့တယ်။
တကယ်တော့ ဘ၀ ဆိုတာ ကောင်းတစ်လှည့် ဆိုးတစ်ခါနဲ့ ဒီရေကို တက်လိုက် ကျလိုက်ပဲ မဟုတ် ပါ လားနော်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, March 26, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၆)

မန္တလေးသူ ပီပီ အတိတ်ကောင်း နိမိတ်ကောင်း မင်္ဂလာယူပြီး မှတ်မှတ်ရရ မြန်မာနှစ်ဆန်း တစ်ရက်နေ့ မှာ အနားမှာရှိ တဲ့ သားသမီး စုံညီစွာနဲ့ ကျွန်မ အိမ်သစ်ကို ပြောင်းဖြစ်တယ်ပေါ့။
နှစ်သစ် မှာ စိတ်သစ်လူသစ်နဲ့ နေရာသစ်မှာ ဘ၀တစ်ခုကို အေးချမ်းစွာ တစ်ကိုယ်တည်း အဖြစ်နဲ့ စတင် တည်ဆောက်ရတော့ မှာမို့ ကြည်နူးပျော်ရွှင်လျက် ဆိုပါတော့။
ကို ဆက်ဖတ်ရန် .......

အပိုင်း (၅၈)

"မိမိကိုယ်ကို စောင့်ရှောက်ခြင်းက သူတစ်ပါးကို စောင့်ရှောက်ခြင်း မည်၏"တဲ့။ ဒီအဆိုက အမှန်ပါပဲ။ မိမိကိုယ် ကို မစောင့်ရှောက်လို့ ဖျားမယ်၊ နာမယ်၊ ကျိုးမယ်၊ ပဲ့မယ်ဖြစ်ရင် ကိုယ့်ကို ချစ်ကြတဲ့ သူတစ်ပါး တွေမှာ စိတ်သောက ရောက်ရဦးမယ်။ ကိုယ့်ကို ပြုစုစောင့်ရှောက်ပေးဖို့ တာဝန်တွေ ပိုကြရဦး မယ်။ ဒါကြောင့် သူတစ်ပါး ဒုက္ခမများစေချင်တဲ့ စေတနာ ထားမယ်ဆိုရင် မိမိကိုယ်ကို စောင့်ရှောက်ဖို့ တာဝန် ယူရမှာပေါ့နော်။ တစ်သက်လုံး သားသမီးတွေ တသိုင်းတ၀ိုင်း တရုန်းရုန်း နေလာရာက အခုလို တစ်ကိုယ်ရေ တစ်ကာယ ဘ၀ကို အသစ်စရမှာအတွက် ကြည်နူးကျေနပ်တယ်ဆိုပေမဲ့ နှလုံးသားတစ်နေရာ မှာ သားသမီးတွေ ရဲ့ စည်စည်ပင်ပင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ လှုပ်ရှားပုံတွေကို မြင်ယောင်ပြီး လွမ်းတမိတဲ့ စိတ် ကလည်း တစ်ဖက်မှာ ရှိနေလေသေးရဲ့။

ကိုယ့်အသက်ကို တွက်ကြည့်ရင်း နောက်တစ်လဆို ၆၇နှစ် ပြည့်တော့မှာမို့ ငယ်ရွယ်စဉ် ကလို တေတေ ပေပေ နေ လို့ မဖြစ်တော့ဘဲ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး စောင့်ရှောက်ရမဲ့အပိုင်း ရှိသလို နေ့လား ညလား မသေချာတဲ့ သေခြင်းတရားကလည်း နီးကပ်နေပြီ ဖြစ်တာကြောင့် ဘ၀ကူးကောင်းရေး အတွက် အချိန်ပေးရမှာကလည်း ရှိသေးတယ်လေ။
ဒါကြောင့် အသက်ရှင်လျက် နေခွင့်ရတဲ့ အချိန်ကလေးကို ကိုယ့်စိတ်ကြိုက် တန်ဖိုးရှိရှိ အသုံးချနိုင်အောင် ကိုယ့်ဟာကိုယ် တစ်နေ့တာ လုပ်ဆောင်ရမဲ့ ကိစ္စအ၀၀အတွက် စနစ်တကျ ဇယားချထားပါတယ်။ မနက်စောစောပိုင်း မှာ ဘုရားဝေယျာဝစ္စ ဖြစ်တဲ့ ရေတော်၊ ဆွမ်းတော်၊ ပန်းတော်ကပ်၊ သီလယူ၊ အရပ်၁၀ မျက်နှာရှိ သက်ရှိသတ္တ၀ါအပေါင်းနဲ့ သုံးဆယ့်တစ်ဘုံသားများကို မေတ္တာပို့၊ တရားတစ်ကြိမ် ထိုင်ပြီးတာ နဲ့ ဘောင်းဘီပွပွ၊ အင်္ကျီပွပွ တစ်ထည်ကောက်စွပ်ပြီး ၀ိုင်းတစ်ပတ် ပြည့်အောင် လမ်းလျှောက်ထွက်၊၊ လမ်းလျှောက် ရင်လည်း မေတ္တာပို့ပါ။ ပြန်ရောက်တော့ မောလည်းမော၊ ဆာလည်းဆာပြီ။

မီးဖိုထဲမှာ ကော်ဖီလေးတစ်ခွက် ဖျော်၊ ပေါင်မုန့်လေးတစ်ချပ် ကင်ပြီး မုန့်ဗန်းလေးထဲမှာထည့်၊ တီဗီရှေ့သွား ထိုင်၊ သတင်းကြည့်ရင်းနဲ့ စားလိုက်တော့ အလုပ်နှစ်ခု တစ်ခါတည်းနဲ့ ပြီးသွားပါလေရော။ အမောလည်း ပြေသွားပြီမို့ ဘုရားစင်ရှေ့မှာ ဒုတိယအကြိမ် သွားပြီးကန်တော့၊ ပရိတ်ရွတ်၊ မေတ္တာပို့ အမျှပေးဝေ၊ အဓိဋ္ဌာန်ပုတီးစိပ်နဲ့ ဆယ်နာရီကျော်ကျော်လောက် ပြီးစီးသွားတော့မှာ အိမ်ထဲမှာတင် ကိုယ်လက် လှုပ်ရှား တဲ့ လေ့ကျင့်ခန်းကို မိနစ် အစိတ်လောက် လုပ်ရပါတယ်။
၁၁နာရီထိုးတော့ နေ့လယ်စာအတွက် နည်းနည်းပါးပါး ချက်ပြုတ်၊ တစ်ယောက်စာမို့ ဇာချဲ့ ခင်းကျင်း ပြင်ဆင်နေစရာ မလိုဘဲ မီးဖိုထဲက စားပွဲမှာပဲ အလွယ်တကူ ထိုင်စားလိုက်တော့ ၀န်ကျဉ်းစွာနဲ့ တစ်နပ်စာ ကိစ္စ ပြီးသွားပါရော။ အိမ်သန့်ရှင်းရေး နည်းနည်းပါးပါး ဆက်လုပ်၊ ရေမိုးချိုး အ၀တ်လဲပြီးတယ် ဆိုရင်ပဲ နာရီ က တစ်ချက်တီးလောက် ရှိနေပြီလေ။

နေ့ခင်း တစ်နာရီက လေးနာရီထိ ဆောင်းပါးရေးစရာရှိရင် ရေး၊ ဒါမှမဟုတ် မှတ်စုကူးစရာရှိကူး၊ မိတ်ဆွေ တွေဆီ ပြန်စာ ရေးစရာရှိ ရေးနဲ့ ကိုယ်နှစ်သက်တာ လုပ်နေရလို့လား မသိဘူး။ တစ်ခါတစ်လေ ညနေ လေးနာရီ ထိုးတာတောင် သတိမထားလိုက်မိပါဘူး။ လေးနာရီကျော်ပြီဆိုတော့ နေက ချို သွားပြီလေ။ ရှေ့က ၀ရန်တာလေးမှာ ထွက်ထိုင်ရင်း အဓိဋ္ဌာန်ပုတီးစိပ်ရတာ အေးချမ်းပါဘိ။ ပင်လယ်နား နီး လို့ လေအေးလေးကတည်း တဖြူးဖြူး တိုက်နေတာကြောင့် စိတ်လက်ကြည်လင်စရာပဲ။

စာပို့ကားက ညနေ လေးနာရီနဲ့ ငါးနာရီကြားမှာ ပုံမှန်လာနေကျပါ။ ပုတီးပတ်ပြီးတာနဲ့ စာတိုက်ပုံး သွားဖွင့် ရတာ ကလည်း ကျွန်မအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်တစ်ခုပါပဲ။ မြန်မာပြည်က ပို့လိုက်တဲ့ မဂ္ဂဇင်း တို့၊ လေကြောင်းစာအိတ် အပြာလေးတို့များ တွေ့လိုက်ရတဲ့အခါဆိုရင် ရင်ထဲမှာ ကျေနပ်ပီတိနဲ့ ၀မ်းသာကြည်နူး လိုက်ရတဲ့ ဖြစ်ခြင်း။ ဘယ်သူ ရေးလိုက်တဲ့ ဘယ်က စာမှန်းလည်း မသိ။ မဖွင့်ခင်ကတည်း က စာအိတ် မြင်ရုံနဲ့ ကြိုတင်ပြီး ပျော်ရွှင်နေလိုက်ရတာ မြန်မာပြည်က စာလေး တစ်စောင်ဟာ တကယ်ကို ကျွန်မအတွက်တော့ ဆေးတစ်ခွက် ဖြစ်စေကာ အမှန်ပါပဲလေ။

စာတွေ ထိုင်ဖတ်ရင်း အလွမ်းပြေတဲ့အခါလည်း ရှိ၊ မြန်မာပြည်ကို ပိုလွမ်းရတဲ့အခါလည်း ရှိပေါ့။ အမိမြေ နဲ့ ဝေးနေသမျှ တစ်သက်စာ ခံစားရမှာတော့ သေချာလှပါတယ်။ ဒီလိုနဲ့ ညနေ ငါးနာရီကျ သတင်းကြေညာ ချိန် ရောက်ပြီဖြစ်လို့ တီဗွီရှေ့မှာ အနားယူရင်း သတင်းနားထောင်ပေါ့။ သတင်းလည်းပြီးရော ညနေစာ စား၊ ဆေးကြော ရှင်းလင်းလိုက်တာ ၇နာရီထိုးခါမှ အားလုံး ကိစ္စပြတ်လေတော့တယ်။
ကိုယ်လက် သန့်စင် ည၀တ် လဲပြီးတာနဲ့ တတိယအကြိမ် ဘုရားဝတ်ပြု၊ တရားတစ်ကြိမ် ထိုင်ပါတယ်။ တစ်နေ့တာ ကိစ္စအ၀၀ ပြီးဆုံးတော့မှ အိပ်ရာပေါ် ပစ်လှဲရင်း ကျွန်မကို စောင့်မျှော်နေကြတဲ့ ချစ်စွာသော စာအုပ်အဖော်တွေနဲ့ အတူ နှစ်သက်စွာ အချိန်ဖြုန်းလိုက်တာ ဘယ်သောကာလမှာ အိပ်မက် ကမ္ဘာထဲ ရောက်သွား လိုက်မှန်း မသိတော့ပါဘူး။

အဲလို တစ်နေ့တာ မိမိအတွက် ပကာသနကင်း ရိုးရှင်းစွာနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ကုန်ဆုံးဖို့ ဇယားချထားပေမဲ့ အခါ ခပ်သိမ်း ငြိမ်းချမ်းခြင်းနဲ့ ပြည့်စုံနေတာမျိုးတော့ မဟုတ်ဘူးလေ။ အနီးအနား ဆယ်မိနစ် အကွာအဝေး မှာ နေကြတဲ့ သမီးကေသီနဲ့ မြေးတွေက အခါမလပ် ရောက်လာကြလိုက်၊ ငါးမိနစ်လောက်တောင် မသွားရ ဘဲ လမ်းထိပ် မှာတင် နေတဲ့ သမီးအထွေး သူဇာက မနက်ပြန် ညပြန် ကြုံသလို အ၀င် အထွက် လုပ်လိုက်၊ သားအငယ် ဆုံး အိန္ဒာက အမေဆီမှာ ညစာ လာစားလိုက်၊ အဝေးမှာ နေကြတဲ့ ကျန်ရှိတဲ့ သားသမီးများစွာ ကလည်း တစ်နေ့မှာ သုံးလေးခါ ဖုန်းဆက်ကြလိုက်နဲ့ ကိုယ့်အချိန်ဇယား ထဲက သားသမီးတွေကို မျှဝေပေးရ တဲ့ အချိန်တွေလည်း မနည်းမနော ရှိနေပါသေးတယ်။

ဒါ့အပြင် တစ်ပတ်မှာ ကြာသပတေးနေ့ကလည်း မိတ်ဆွေ ဒေါက်တာတန်နဲ့ ဇနီး အယ်လီစီတန်အတွက် ထားရပါသေးတယ်။ သူတို့ဇနီးမောင်နှံက အသက် ၈၀ကျော်ကြပြီ ဖြစ်လို့ ကားမမောင်းနိုင်တော့ပါဘူး။ သန္တာစမ်း မှာ နေစဉ်ကတည်းက အိမ်နီးချင်းမို့ တစ်ပတ်တစ်ခါ ကျွန်မက သူတို့ လိုအပ်တဲ့ ကိစ္စ ဖြစ်တဲ့ ဈေးဝယ် လိုက်ပို့တာတို့၊ ဘဏ်တိုက်၊ စာတိုက်၊ ဆေးခန်းစတဲ့ နေရာမျိုးတွေ လိုက်ပို့ရတာ တို့ကို လုပ်ပေး နေကျပါ။ အခု နာရီဝက်ခရီးဝေးတဲ့ သမီးနဲ့နီးရာ ဖို့ဒ်လော်ရာဒေးလ်မြို့ကို ပြောင်းလာတော့ သူတို့ ခမျာ အားငယ်ကျန်ခဲ့ပါရော။

ဒါကြောင့် ၀တ္တရားမပျက်၊ တစ်ပတ်တစ်ခါ ပြန်သွားပြီး အထီးကျန်ဖြစ်နေတဲ့ ဇနီးမောင်နှံနှစ်ယောက်ကို အဖော်လုပ် ရင်း လိုအပ်တာတွေ ဖြည့်ဆည်းပေးခြင်းနဲ့ တစ်နေ့တာ ကျွန်မရဲ့ အချိန်လေး ကို ပေးလှူ ဖြစ်တယ်ဆိုပါတော့။ ကျွန်မ ရောက်သွားတဲ့နေ့ဆို သူတို့မှာ ပျော်ရွှင်လို့ စိတ်တက်ကြွ လို့။ ဒေါက်တာတန်က ထမင်း ဟင်းချက်လည်း ၀ါသနာပါတာကြောင့် မြန်မာစာ၊ တရုတ်စာ စပါယ်ရှယ်တွေ ချက်ပြီး ထမင်းပွဲကြီးနဲ့ စောင့်နေတတ်ပါတယ်။ မိတ်ဆွေအချင်းချင်း တစ်ဦး လိုအပ်ချက်ကို တစ်ဦး ဖြည့်ဆည်းပေးရတဲ့ သာမန် သေးသေးမွှားမွှား ကိစ္စလေးတွေ ဖြစ်ပေမဲ့ တန်ဖိုးထားတတ် တဲ့အခါမှာ နှစ်ဦးနှစ်ဖက် ကြည်နူးပီတိဖြာ စိတ်ချမ်းသာ ရပါတယ်။
ဒီလိုနဲ့ နေရာအသစ်မှာ တစ်ကိုယ်ရေ တစ်ကာယ အေးချမ်းစွာ ပုံမှန်အချိန်ဇယားနဲ့ ချစ်မြတ်နိုးရတဲ့ သားသမီးတွေ တာဝန်မပိုရအောင် ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးအတွက်ရော၊ ဘ၀ကူးကောင်ရေးအတွက် ပါ ဂရုစိုက်စောင့်ရှောက်နေရင်း နေသားတကျလေးရှိလို့ နှစ်ပတ်ပဲ ရှိပါသေးတယ်။ ခရီးသွားဖို့ ကိစ္စ တစ်ခု ပေါ်လာလေရဲ့။

သမ္မတကြီး ဂျော့ဘွတ်ရှ်က ၁၉၉၁ ခုနှစ်၊ မေလကို ASIAN PACIFIC AMERICAN HERITAGE MONTH အဖြစ် သတ်မှတ်ပြီးတော့ မေလ ၆ရက်နေ့ အိမ်ဖြူတော်မှာ ကျင်းပမဲ့ အေရှင်းအမေရိကန်ရိုးရာအတွက် အရှေ့တိုင်း အသင်း အဖွဲ့အစည်းက ကိုယ်စားလှယ်တော်များ တက်ရောက်ဖို့ ဖိတ်ကြားစာ ပို့လာပါတယ်။
အမေရိကန်ပြည်ထောင်စု ဆိုတာ ကမ္ဘာအရပ်ရပ်က လာတဲ့ လူမျိုးပေါင်းစုံနဲ့ တည်ဆောက် ဖွဲ့စည်းထား တဲ့ နိုင်ငံတစ်ခု မဟုတ်လားနော်။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကလည်း လာရောက် အခြေချကြတဲ့ လူနည်းစုမို့ ခွဲခြားခြင်း မရှိစေရဘူး။ တန်းတူ အခွင့်အရေး ရရှိဖို့ ပြဋ္ဌာန်းထားပါတယ်။

တိုးတက်ရာ တိုးတက်ကြောင်းအတွက် ရေကြည်ရာ မြက်နုရာမို့သာ လာရောက်အခြေချရတာ။ ကိုယ်နဲ့ အတူ ကိုးကွယ်ရာဘာသာ၊ ယဉ်ကျေးမှု ဆိုတာတွေလည်း အတူတကွ ယူဆောင် လာကြတာ ဖြစ် လို့ ပျောက်ကွယ်တိမ်ကောမသွားဘဲ ဆက်လက်ရှင်သန်ရုံမကဘဲ တိုးပွားအောင်လည်း လူမျိုး တိုင်း ကိုယ်စား ထိန်းသိမ်းနေကြဆဲပါပဲ။
အမှုဆောင်တစ်ဦးအဖြစ် ကျွန်မ ပါဝင်လှုပ်ရှားနေတဲ့ "အေရှင်းဖက်ဒရေးရှင်း" မှာ အရှေ့တိုင်းက တရုတ်၊ ကုလား၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ဖိလစ်ပိုင်၊ ကိုရီးယား၊ ဗီယက်နမ် စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း လေးဆယ်ကျော် စုပေါင်းထားတဲ့ အင်အားတစ်ခု ဖြစ်ပါ တယ်။

ဝါရှင်တန်ရှိ အိမ်ဖြူတော်မှာ ကျင်းပမဲ့ အရှေ့တိုင်း အမေရိကန် ရိုးရာပွဲတော်နေ့မှာ သမ္မတကြီးဂျော့ဘွတ်ရှ် ကိုယ်တိုင် မိန့်ခွန်းစကား ပြောကြားမှာပါတဲ့။ အခြား အရှေ့တိုင်းဆိုင်ရာ အကြီးအမှူးပုဂ္ဂိုလ် ငါးဦးလည်း ပါမှာမို့ စိတ်ဝင်စားစရာပါပဲ။ အဲဒီပွဲတော်ကို တက်ရောက်ဖို့ကို သက်ဆိုင်ရာ အသင်းအဖွဲ့များက ကိုယ်စားပြု မဲ့သူတွေ ရွေးချယ်စီစဉ်ရတယ်ပေါ့။
ကျွန်မကို ဖလော်ရီဒါပြည်နယ်၊ မြန်မာအသင်းရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက် ခွင့် ရွေးချယ်လိုက် တော့ "မြန်မာ" ဆိုတဲ့ ဂုဏ်တက်မိခြင်းနဲ့အတူ ၀မ်းသာပီတိ ဖြစ်ရပါတယ်။ အခြား အရှေ့တိုင်းနိုင်ငံတွေ ကိုယ်စားလှယ်တချို့ကိုပါ ရွေးချယ်ပြီး ၀ါရှ်ငတန် မသွားခင် လုံခြုံရေးကိစ္စအတွက် ကိုယ်ရေး ရာဇ၀င်တွေ ဖြည့်ပေးရပါတယ်။

အမေရိကားမှာ တစ်နှစ် တစ်ခါတောင် ထုတ်ဝတ်ခွင့် မကြုံရတဲ့ ကြိုးကြီးချိတ်တွေ ဘာတွေလည်း ခုမှ ၀တ်စရာနေ ရာ ပေါ်လို့ အတော်ပဲ ဖြစ်သွားလေရဲ့။ ကျွန်မ တက်ခဲ့ရတဲ့ ရိုးရာပွဲတော်အကြောင်း အတွေ့ အကြုံ ဆောင်းပါး ကို စန္ဒာမဂ္ဂဇင်းမှာ ရေးသားဖော်ပြပြီး ဖြစ်တာကြောင့် အကျယ်မချဲ့လိုတော့ပါဘူး။ အမှတ်တရ အဖြစ်ကလေးတစ်ခုကတော့ ကျွန်မတို့ ၀ါရှင်တန်ကို ရောက်တဲ့နေ့မှာပဲ သမ္မတကြီးဂျော့ဘွတ်ရှ် က နှလုံးရောဂါ နဲ့ အရေးပေါ်ဆေးရုံ တက်လိုက် ရတာကြောင့် နောက်တစ်နေ့မှာ စီစဉ်ထားတဲ့အတိုင်း မိန့်ခွန်း စကား မပြောနိုင်တဲ့အတွက် သမ္မတကြီးရဲ့ ကိုယ်စားအရှေ့တိုင်းတာဝန်ခံတစ်ဦးက မိန့်ခွန်းပြောကြား ပါတယ်။

အဲဒီမိန့်ခွန်းထဲမှာ မမေ့နိုင်တဲ့ စကားလေးတစ်ခွန်းကတော့ အမေရိကားကို လာရောက်အခြေချကြ တဲ့လူမျိုးစုပေါင်း များစွာထဲမှာ အရှေ့တိုင်းသားတွေက ကြိုးစားအားထုတ်မှု ပိုတာကြောင့်ထူးချွန် တဲ့ပညာရှင် များအဖြစ် ထွန်းကားလာတာ တွေ့ရတဲ့အကြောင်း၊ နောက်ရောက်လာမဲ့ ရာစုနှစ် နှစ် ထောင်ကျော်ဟိုဘက်ပိုင်းမှာ အိမ်ဖြူတော်လို အရေးပါတဲ့ အုပ်ချုပ်ရေးဆိုင်ရာတွေမှာ အရှေ့တိုင်းသား အများအပြား ရှိလာတော့မှာ သေချာကြော်ငး ပြောသွားတာရင်ထဲမှာ စွဲမှတ် ကျန်ခဲ့ပါတယ်။ ကိုယ့်ကိုယ်တိုင်က အရှေ့တိုင်းသူ ဖြစ်လို့လည်း ဂုဏ်ယူမိတယ်ပေါ့။
နောက်အမှတ်တရလေးတစ်ခုကတော့ သံအမတ်ကြီးဦးလှမြင့်ဦးက ဖိတ်ကြားလို့ ကျွန်မနဲ့အတူ ဖိလစ်ပိုင် ကိုယ်စားလှယ်တော် ပါ မြန်မာသံရုံးကို ရောက်ခဲ့ဖူးပါတယ်။ ကိုယ့်မြန်မာတိုင်းပြည်ကို ကိုယ်စားပြု တဲ့ နေရာမှာ ကိုယ့်တိုင်းပြည်ရဲ့ ထည်ဝါတဲ့မြန်မာအလံတော်နဲ့အတူ အမှတ်တရ ဓာတ် ပုံတွေရိုက်ခဲ့ရလို့ ၀မ်းသာကျေနပ်မဆုံးလည်း ဖြစ်ရပါရဲ့။

ဒီလိုနဲ့ အိမ်ပြန်ရောက်ပြီး အမောတောင်မပြသေးပါဘူး။ မတ်လထဲမှာ တာဝန်နဲ့ပါရီကို ရောက် သွားတဲ့ သားအလတ် ကိုရွှေစင်က "သား အိမ်ရပြီ၊ မာမီဘယ်တော့ ပါရီလာမှာလဲ"နဲ့ တဂျီဂျီ ဖုန်းဆက်ပါလေရော။ မိခင်ဆိုတာ အမြဲတမ်း သားသမီးတွေရဲ့ အလိုဆန္ဒကို ဖြည့်စွမ်းချင်ကြတာ ဓမ္မတာပဲ မဟုတ်လားနော်။ "မောတော့ မော်တယ်၊ ဒါပေမဲ့ မမောဘူး" ဆိုတဲ့ သီချင်းလေးလိုပါပဲ။ ၀ါရှင်တန်မှာ ဟောပြောပွဲတွေ၊ ဧည့်ခံပွဲတွေ ဆက်တိုက်နဲ့ မောလာခဲ့ ပေမဲ့ သားအတွက် အလိုပြည့်ဖို့ကျတော့လည်း မမောပြန်ဘူး။ ဒါကြောင့် ပါရီက သားဆီသွားဖို့ ပြင်ဆင်ရပြန်ပါတယ်။

ဖြစ်ချင်တော့ ဒီရက်ထဲမှာ ကာလီဖိုးနီးယားမှာ နေတဲ့သမီးအလတ် ယမင်းကအရေးပေါ် ဆေးရုံ တက်ပြီး ခွဲစိတ်လိုက်ရတယ် ဆိုတာဖုန်းဆက် အကြောင်းကြားတာနဲ့ စိုးရိမ်စရာအခြေအနေ မဟုတ်ပေမဲ့ ဆေးရုံက ဆင်းစ မထူနိုင် မထနိုင်အချိန်မှာ သားသမီး ငယ်ငယ်လေးတွေ တစ်ဖက် နဲ့ကသီမှာစိုးတာကြောင့် ပါရီကိစ္စခဏထားပြီး ကာလီဖိုးနီးယားကို ချက်ချင်းကောက်ကာငင်ကာ လိုက်သွားရတော့တယ်ပေါ့။
ကျွန်မ လည်း ဒီနှစ်ထဲမှာတော့ လေယာဉ်ကုမ္ပဏီကို လုပ်ကျွေးနေတဲ့အတိုင်းပါပဲ။ သမီးဆီက ပြန် ရောက်ပြီး သုံးရက်အကြာမှာ ပါရီကို ဦးတည်ပျံသန်းနေတဲ့ Air France လေယာဉ်ကြီးပေါ်မှာ ရောက်နေပြန်ပြီလေ။ ကျွန်မထွက်မလာခင် သားရေးလိုက်တဲ့ စာထဲမှာ "သားနာမည် ကိုကိုကြော် လို့ပြောင်းရတော့မယ် မာမီ"တဲ့။

သားက အမေနဲ့ မကွဲမကွာ အတူတူနေလာတာမို့ သူ့ဘာသာတစ်ခုမှ အဖြစ်ရှိအောင် မချက် တတ်ပါဘူး။ အခုသူတစ်ယောက်တည်း နေရတော့ဖွယ်ဖွယ်ရာရာ မချက်တတ်တာကြောင့် နေ့ တိုင်းတစ်ခုမဟုတ် တစ်ခုကို ကြော်စားနေရတာ ကြာလို့ကိုကိုကြော်အဖြစ် ကင်ပွန်းတပ်တော့မယ် ဆိုတာကို သဘောကျပြုံး မိရင် ပါရီရောက်တော့ သားကိုတစ်ဝကြီး ချက်ကျွေးလိုက်မယ်လို့ စိတ် ကူးတွေယဉ်လျက် ပါရီ ကို ရောက်ရှိလာပါရော။
၈၄ခုနှစ်က သမီးကေသီတို့နဲ့ ပါရီကိုတစ်ခေါက်ရောက်ဖူးထားလို့ ကျွန်မအတွက် ပါရီက သိပ်မ စိမ်း လှပါဘူး။ သားရထားတဲ့ အိမ်ကလည်း မောင့်ပါးနပ်စ် မျှော်စင်ကြီးနဲ့ ကပ်လျက်မို့ အကွက်အ ကွင်းကျတဲ့ စည်ကား တဲ့မြို့လယ်ကောင်ဖြစ်လို့ သွားရေးလာရေး ပိုပြီးအဆင်ပြေလေတယ်ပေါ့။ ရောက်တဲ့အချိန်က ဇူလိုင်လ၊ နွေရာသီဆိုတော့ ပါရီမှာ မအေးလှတော့ဘဲ ဆွယ်တာပါးပါးလေး လောက်နဲ့ အဆင်ပြေပြီး ပြင်ဦးလွင် ရောက်နေသလို ခံစားရပါတယ်။

အခုတစ်ခေါက် လာတာက အရင်တစ်ခါလို ရက်တိုတိုနဲ့ အလည်အပတ် လာတာမျိုး မဟုတ်ဘဲ သား နဲ့အေးအေးဆေးဆေး နေဖို့ လာတာဖြစ်တဲ့အတွက် ၀ုန်းဒိုင်းကြဲပြီး နေ့စဉ်နေ့ဆက် နေရာ အနှံ့လျှောက် လည်စရာ မလိုဘဲသားအလုပ်အားတဲ့ ရက်တွေကျမှ တစ်နေကုန် ထွက်ကြ၊ လျှောက် ကြည့်ကြရင်း အချိန်ဖြုန်း ရတာမို့ ပိုပြီးပြည့်စုံအောင် လေ့လာခွင့်ရပါတယ်။
နောက်ပြီး ကျွန်မအတွက် ကံကောင်းတဲ့တစ်ချက်ကလည်း သူငယ်စဉ်ကတည်းက ဆွေမျိုးလို ရင်းနှီး ကျွမ်းဝင်တဲ့ သူငယ်ချင်း ဒေါက်တာခင်မြကြူက ပါရိမှာ လူခံအဖြစ်ရှိနေတာကြောင့် အစစ လွယ်ကူစေတာအပြင် ဒေါက်တာ ခင်မြကြူရဲ့မိခင် ဒေါ်မြစိန်ပါ မြန်မာပြည်က ရောက်နေခိုက်မို့ အဖော်ရသွားပြီး အဘွားကြီးနှစ်ယောက် သွားအတူ လာအတူ အဆင်ကိုပြေလို့။

ပြဿနာကတော့ ဘာသာစကားပါပဲ။ "ဘွန်းရူး"နဲ့ "မက်စီ"ကလွဲပြီး ပြင်သစ်စကားကို ကျွန်မက ပြောနိုင်တာ မဟုတ်လို့ မှတ်စုစာအုပ်မှာ အရေးပေါ်အသုံးလိုတဲ့ စကားတွေသားဆီမှာ တပည့်ခံ ပြီးမြန်မာစာလုံးနဲ့ အသံထွက်တွေ လိုက်ရေးထားရပါတယ်။ ဒါမှ ဟိုနား ဒီနား ဈေးဝယ်သွားလို့ အလုပ်ဖြစ်တယ်ပေါ့။
ဒီထဲမှာ ကျွန်မတစ်ယောက်တည်း စာရင်းရှုပ်ရတဲ့ကိစ္စတစ်ခုကလည်း ရှိသေးတယ်။ တစ်နိုင်င့နဲ့ တစ်နိုင်ငံ အခြေခံတွေက တူကြတာ မဟုတ်ဘူးလေ။ မြန်မာပြည်မှာ နေခဲ့စဉ်တုန်းက ကိုင်သုံးရ တဲ့ငွေက "ကျပ်"၊ အလေးချိန်က "ပိဿာ"။ အမေရိကားရောက်တော့ ငွေက"ဒေါ်လာ"၊ အလေး ချိန်က"ပေါင်"။ ဟင်းချက်စရာ တစ်ခုခု ၀ယ်ပြီးတိုင် ပေါင်ချိန်ကို ပိဿာဖြစ်အောင် သုံးဆခွဲ နဲ့မြှောက်၊ ဒေါ်လာ ကို မြန်မာငွေ နဲ့မြှောက်၊ မြန်မာပြည် က ဈေးတွေနဲ့ ယှဉ်ကြည့်။
"အံမယ်လေး" တ-တပြီး ဈေးကြီးလှချည့်ရဲ့နဲ့ ဟိုဟာကိုင်ကြည့်လည်း မ၀ယ်ဖြစ်၊ ဒီဟာကိုင်ကြည့် လည်း မယူဖြစ်၊ အိမ်ပြန်လာရင် ခြင်းတောင်းက ဗလာ။ နည်းနည်းအနေကြာလာတော့မှ သူ့ဝင်ငွေ နဲ့သူတွက်ပြီး မှပဲ အသက်ရှူ၀၀နဲ့ ဈေးဝယ်တာ အထာကျတော့တယ်။ ပါရီရောက်တာ နဲ့ ရောဂါ ဟောင်း က ပြန်ထလာပါရော။

ပါရီမှာ ပြင်သစ်သုံးငွေက "ဖရန့်၊" အလေးချိန်က "ကီလို"။ အမေရိကန် တစ်ဒေါ်လာက ပြင်သစ် ဖရန့် ၅.၀(၅ ဒသမ ၀)ရှိပါတယ်။ ဆိုပါတော့... ၆ဖရန့်၊ တစ်ကီလိုမှာက နှစ်ဒသမ နှစ်ပေါင်။ ဒီ တော့တစ်ခုခု ၀ယ်တာနဲ့ ကီလိုက ပေါင်ဖြစ်အောင် နှစ်ဒသမနှစ်နဲ့ အပြေးအလွှားမြှောက်၊ တစ်ခါ ဖရန့် ကနေ ဒေါ်လာရဖို့ ၅နဲ့စား။ မြှောက်ရ စားရတာတွေနဲ့ ဂဏန်းတွေ ခေါင်းထဲမှာ ပတ်ချာ လည်ပြီး အဖြေက တော်တော်နဲ့မထွက်။
ဈေးတွေက ကြီးပါဘိ။ အမေရိကားနဲ့ ယှဉ်ကြည့်ရင် အနည်းဆုံး နှစ်ဆဈေးရှိပါတယ်။

ဈေးဝယ်ရာ သားပါလာတဲ့နေ့ဆို စိတ်မရှည်ဘူး။ "မာမီ ဘာတွေ မြှောက်စားနေတာလဲ။ ၀ယ်မှာသာ ၀ယ်"နဲ့ ဆူပါလေရော။ လိုချင်တာ အကုန်ရတာကတော့ အမေရိကားထက် သာတယ်လို့ဆိုရမှာပါပဲ။ ပါရီ မှာ Chin Town ဆိုတာကြီးမှ ဟိန်းလို့၊ နှစ်ခုတောင်ရှိပါတယ်။ တရုတ်လူမျိုးတွေဆိုတာလည်း တရုတ်တန်းတစ်ဝိုက်က လမ်းတွေပေါ်မှာ ကြိတ်ကြိတ်ကိုတိုးလို့၊ ပွဲတော်ကြီးလား အောက်မေ့ရပါ တယ်။
အမေရိကားမှာ ဖန်ပုလင်းနဲ့ ထိုင်းနိုင်ငံက လာတဲ့ပစ္စည်းမှန်သမျှက ပါရီမှာ လတ်လတ်ဆတ်ဆတ် ခုပဲအပင်က ခူးလာတဲ့အတိုင်း ကော့ပျံပြီး စိမ်းစိုလို့။ ဘူးညွန့်၊ ဘူးရွတ်၊ ဆူးပုပ်ရွက်၊ မယ်ဇလီရွက်၊ ဒန့်သလွန်ရွက်၊ ကင်ပွန်းသီး၊ မျှစ်၊ ကြောင်လျှာသီး၊ ခ၀ဲသီး၊ မန်းကျည်းသီးစိမ်းကအစ အကုန်ရ တာမို့ ကျွန်မ မျက်စိတောင် ကျွန်မမယုံနိုင်ဘဲ အံ့သြယူရပါတယ်။

သစ်သီးတွေကလည်း စုံမှစုံ။ ဒူးရင်းသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ကနစိုးသီး၊ သြဇာသီး၊ မာလကာသီး၊ သလဲသီး၊ သရက်သီး အားလုံး လတ်လတ်ဆတ်ဆတ်။ ဘယ်လိုများလုပ် သယ်လာ တာလဲတွေးရင်း စီးပွားရေးတော်လှ တဲ့ တရုတ်လူမျိုးများကို ချီးကျူးမိပါရဲ့။
ပြင်သစ်တွေ ကတော့ အစုံစားတာပါပဲ။ ယုန်သား၊ ဖားသား၊ ငုံးသား၊ ခရုသား၊ ကဏန်း၊ ဘာမှန် အမည် မတပ်နိုင်တဲ့ ရေသတ္တ၀ါတွေလည်း ရှိသေးတယ်။ တစ်ခါက ငုံးသားမစားဖူးလို့ ဆိုပြီး သားက၀ယ်လာတယ်။ အထုပ်ဖြေကြည့်လိုက်တော့ ခြေထောက်ကလေး နှစ်ချောင်းကို ကြိုးနဲ့တုပ် လျက်ထွက်လာလို့ မစားရက်တာ နဲ့ ဒီအတိုင်း ပြန်ထုပ်ပြီး လွှင့်ပစ်လိုက်ပါရော။ "နောက်လည်း ဘယ်တော့မှ ငုံးသား မစားတော့ဘူး"ပြောပြလို့ စာနာမှုနဲ့ ကြင်နာတတ်တဲ့ သားကိုအမေကြီးက သာဓုခေါ်ရင်း ချီးကျူး ရပါသေးတယ်။

တစ်ခါကတော့ ၀မ်းသာအားရနဲ့ လောကွတ်ချော်မိတဲ့ ကျွန်မရဲ့ စေတနာ မျက်နှာကောင်းမရတာ မျိုးလည်း ကြုံရပါတယ်။ တစ်နေ့ တရုတ်တန်းက ဆူးပုပ်ရွက် လတ်လတ်ဆတ်ဆတ် တွေဝယ် ထားပြီး ကြက်ဥနဲက ကျကျ နနမွှေပြီး ကြော်ထားတာ။ ဒီနေ့တော့ ကိုယ့်သားလေး ထမင်းမြိန်လိမ့် မယ်ပေါ့ ဆိုတဲ့ စိတ်ကူး နဲ့ စောင့်နေပါတယ်။
ကျွန်မတို့ နေတာက ၆ထပ်။ သားအလုပ်ကပြန်လာလို့ ဓာတ်လှေကားတံခါးဖွင့်တက်လိုက်တာနဲ့ ဆူးပုပ် ရွက် အနံ့က ခြောက်ထပ်ကနေ အာက်ဆုံးထပ်ထိဆင်းပြီး အကြိုတော်  ထောက် ရောက်နှင့်  နေပြီလေ။ အိမ်ထဲ ၀င်လာတာနဲ့ သားက ဆူတော့တာပဲ။

"မာမီရယ်...အဲဒီဆူးပုပ်ရွက်ကြီးကျေးဇူးပြုပြီး နောက်မချက်ပါနဲ့တော့။ တစ်တိုက်လုံး ဟိုအောက် ထပ်ထိရောက်အောင် နံဟောင်နေတာ ရှက်စရာကြီး"တဲ့။
ဟုတ်လည်းဟုတ်ပါရဲ့။ အဲသလောက် အနံ့ပြင်းမယ်လို့ ကျွန်မမတွေးထင်မိပါဘူး။ မြန်မာထမင်း ဟင်းတွေးက ခံတွင်းတွေ့စရာ အရသာကောင်းပေမဲ့ အနံ့အသက်ကတော့ တကယ်ပြင်းထန် လွန်းလှတာ အမှန်ပါပဲ။ လန်ဒန်မှာနေခိုက် ငါးပိရည်ကျိုလို့ ပြဿနာဖြစ်ရတဲ့ဆရာဦးတင့်တယ်ရဲ့ ကိုယ်တွေ့ဆောင်းပါး  လေး ကို ပြေးပြီး သတိရ လိုက်မိပါသေးရဲ့။

ပါရီမှာက ကြည့်စရာ၊ လေ့လာစရာ၊ မှတ်သားစရာ နေရာတွေက များပြားလွန်းတာကြောင့် သားရုံးပိတ်တဲ့ စနေ၊ တနင်္ဂနွေရက်တွေ ဆိုရင်သားအမိနှစ်ယောက် မိုးလင်းကမိုးချုပ် ထွက်ကြ တော့တာပဲ။ သွားရေး လာရေးက အလွန်ကို အဆင်ပြေတာပါ။ ကိုယ့်ကားနဲ့သွားရင်တောင် ကားရပ်စရာနေရာရှာရတဲ့ ဒုက္ခက ရှိသေးတယ်။ မြေအောက်ရထား၊ မက်ထရိုတွေ၊ ဘတ်စ်ကားတွေ က လွယ်ကူလိုက် တဲ့ဖြစ်ခြင်းမို့ မြို့ပြင် သွားတဲ့အခါကျမှ ကိုယ့်ကားကိုသုံးဖြစ်တော့တယ်။
ကျန်တဲ့ရက်တွေက ကျ သားအလုပ်သွားပြီးတာနဲ့ ကျွန်မရဲ့ဘုရားဝေယျာဝစ္စ၊ ကျန်းမာရေး ဝေယျာ ၀စ္စတွေ လည်းပြီးရော အနီးအနားတစ်ဝိုက် ပြဲပြဲစင်အောင်လျှောက်တော့တာပဲ။ သားကရုံးရောက် လို့အိမ်ပြန် ဖုန်းဆက်လိုက်ရင် အမေကမရှိတော့ဘူး။
"မာမီ ပြင်သစ် စကားလည်းမတတ်ဘဲ တစ်ယောက်တည်း လျှောက်လျှောက်မသွားနဲ့။ လမ်းပျောက်ရင် ဘယ်လို လုပ်မလဲ"တဲ့။

သားကသာ စိတ်ပူနေတာပါ။ ကျွန်မကသားနဲ့အတူသွားတဲ့အခါတိုင်း ဘယ်လမ်းထောင့်မှာ ဘာ အမှတ်အသား ရှိတယ်ဆိုတာတွေ မှတ်ထားပြီး ပြန်လာရင် မှတ်စုစာအုပ်မှာ တေးထားပြီးသား မို့တော်ရုံ တန်ရုံ အနီးအနားတစ်ဝိုက် သွားလို့ကတော့ အဆင်ပြေပါတယ်။ အထူးသဖြင့် သားနေ တဲ့မောင့်ပါးနစ် ရပ်ကွက် ကလည်း စိတ်ဝင်စားစရာ ကမ္ဘာအရပ်ရပ်က အနုပညာသည်တွေ စုဝေးရာ နေရာလေ။
ခုခေတ်မှာ မဟုတ်ဘူး။ ဟိုးရှေးခေတ်က ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆိုတို့၊ စာရေးဆရာကြီး ဟဲမင်းဝေး တို့တစ်တွေ ခြေရာချင်းထပ်ခဲ့တဲ့ နေရာတွေပဲပေါ့။ ဟဲမင်းဝေးအရက်မူးပြီး ပုလင်းတွေ ရိုက်ခွဲသောင်းကျန်း ခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးတောင် ခုထက်ထိအမှတ်တရ လုပ်ပြီး ပြသထား တာ ရှိပါသေးတယ်။

ပါရီဆိုတာက ရာဇ၀င်နဲ့ အနုပညာနှစ်ရပ် ရောမွှေထားတဲ့ မြို့တော်မဟုတ်လားနော်။ မောင့်ပါးနပ်စ် မှာအနုပညာသည်များ စုဝေးရာကမ္ဘာကျော် ကဖေးသုံးခု ခုထက်ထိ နာမည်ကြီးဆဲရှိပါသေးတယ်။ နာမည်တွေက Dorie, Couploe နဲ့ A Rotonde ပါတဲ့။ ပါရီမှာလူတွေအခြေချခဲ့တာ ဘီစီ ၂၅၀ရာ စုကတည်း က ဆိုတော့ နှစ်ပေါင်းနှစ်ထောင်ကျောခဲ့ပြီပဲ။ Notre Dame ဘုရားရှိခိုးကျောင်းကြီးတို့ Sacred Heartဘုရားကျောင်းကြီးတွေလည်း နှစ်ပေါင်းနှစ်ထောင်ကျော်က ရှေးဟောင်းဗိသုကာ လက်ရာတွေနဲ့ တန်ဖိုး မဖြတ်နိုင်အောင် အံ့မခန်းလေ့လာစရာတွေ အပြည့်ပါပဲ။

ဒီဘုရားရှိခိုးကျောင်းကြီးထဲမှာ ကျွန်မနှစ်သက်သဘောကျခဲ့တဲ့ စနစ်ကလေးတစ်ခုတော့ ခုထိမေ့ မရသေး ပါဘူး။ ဘုရားကျောင်းကြီးက ပန်းချီ ပန်းပုလက်ရာတွေနဲ့ ခမ်းနားကြီးကျယ်သလောက် လာရောက်ကြသူတွေ လည်း ကြိတ်ကြိတ်တိုးပါပဲ။ ထူးခြားတာတစ်ခုက ဒါလောက်လူတွေများပြား ကြပေမဲ့ ဘုရားကျောင်းကန် ပီသစွာ တိတ်ဆိတ်ငြိမ်သက်နေခြင်းပါပဲ။ လေ့လာသူက လေ့လာ၊ ၀တ်ပြုသူက ၀တ်ပြု၊ မီးပူဇော်သူက ပူဇော်၊ သူ့ကဏ္ဍနဲ့သူ ဘယ်သူ့ဘယ်သူကိုမှ အနှောင့်အ ယှက် မရှိကြပါဘူး။

မီးပူဇော်တဲ့ နေရာမှလည်း ဖယောင်းတိုင် ရောင်းချသူတစ်ဦးတစ်ယောက်မရှိဘဲ ရုပ်တုတော်ရဲ့ရှေ့ မှာဖယောင်းတိုင် အရွယ်အစားမျိုးစုံကို ဒီအတိုင်းစီပြီးချထားပါတယ်။
အရွယ်အစား အလိုက် ဈေးနှုန်းတွေကပ်ထားတဲ့ပုံကလေးတွေလည်း ရှေ့မှာချထားပေးတော့ မီးပူ ဇော် လိုသူက သူ့ရဲ့သဒ္ဓါတရားအတိုင်း ဖယောင်းတိုင်းအရွယ်အစားကို ရွေးယူ၊ ကျသင့်ငွေ တွက်ပြီး ရှေ့ မှာတန်စီထားတဲ့ ပုံးလေးထဲထည့်ခဲ့ရုံနဲ့ ကိစ္စကပြီးပါရော။

ကုသိုလ်ယူဖို့ လာသူတွေအနေနဲ့ တန်ရာတန်ဖိုး ထားခဲ့မှာတော့ သေချာပါတယ်နော်။ ကမ္ဘာကျော် Louvreပြတိုက်ရောက်တော့လည်း အမေရိကားမှာ ကျန်ခဲ့တဲ့ သမီးလေးနှစ်ယောက်ကို သတိရတဲ့ အဖြစ်ကလေးလည်း ကြုံရပါသေးတယ်။ Louvreပြတိုက်မှာ ပန်းချီပန်းပုလက်ရာတွေ၊ ခရစ်တော် မပေါ်မီ နှစ်ပေါင်းလေးထောင်ကစပြီး ဂရိခေတ်၊ ရိုမင်ခေတ် ဂေါ်ဆစ်စတဲ့ ခေတ်အဆက်ဆက် ပစ္စည်းတွေရော၊ နောက်ပိုင်းပြင်သစ်၊ ဂျာမနီ၊ အီတလီက အနုပညာရှင်များရဲ့ ၁၅ရာစု၊ ၁၆ရာစု ဒီဘက်ခေတ်အထိ အဆင့်ဆင့် ပြောာင်းလဲလာပုံတွေ လေ့လာချင်စရာ မဆုံးပါပဲ။

အဲဒီအထဲက မလွတ်တမ်းကြည့်ထိုက်တဲ့ အနုပညာမြောက် လက်ရာသုံးခုကတော့ ချောမောလှပ လွန်းတဲ့ Venusနတ်သမီးရုပ်တုရယ်၊ အလွန်တစ်ရာ ယောက်ျားပီသစွာ အချိုးအစားကျနလွန်းတဲ့ ကျောက်ဆစ်ပန်းပု Davidရဲ့ ရုပ်တုနဲ့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ အပြုံးပိုင်ရှင် မိုနာလိဇာနဲ့ ပန်းချီ ကားပါပဲလို့ ဆိုစမှတ်ပြုပါတယ်။
ညွှန်းဆိုချက်အတိုင်း ကြည့်ဖို့ Venusနတ်မိတယ် ရုပ်တုရှေ့ရောက်တော့ ကျွန်မရဲ့ သမီးနှစ် ယောက် ကိုသတိရလို့ တစ်ယောက်တည်း ပြုံးမိပါသေးရဲ့။ အထွေးဆုံးသမီး သူဇာက မွေးကတည်း ကလက်မ စုပ်တာ လေးငါးနှစ်ရောက်တဲ့အထိ စုပ်လို့ကောင်းဆဲ။ လက်စုပ်တာ ပြတ်အောင် နည်း မျိုးစုံနဲ့ လုပ်တာ လည်း မအောင်မြင်ပါဘူး။

တစ်နေ့မှာသမီးကေသီက မဂ္ဂဇင်းစာအုပ်တစ်ခုထဲက ဗီးနပ်စ်နတ်သမီးပုံ တွေ့တာနဲ့ သူဇာကိုခေါ် ပြပြီး "တွေ့လား၊ ဒီနတ်သမီး လက်တစ်ဖတ်ပြတ်ပြီး တိုနေတာ။ အဲဒါလက်စုပ်လို့ တဖြည်းဖြည်း တိုသွားတာပေါ့" လို့ လံကြုတ်ဇာတ်ထုပ်လုပ်ပြီး သူ့ညီမကိုဖြဲခြောက်လိုက်တာ တကယ်လန့်ဖျပ် ပြီးမသူဇာဝါးခနဲ ငိုချ ပါလေရော။ အဲဒီကတည်းက လက်စုပ်ရောဂါလည်း တစ်ခါတည်း ပြတ်သွား တော့တာပဲ။
ဘယ်တိုင်းပြည် ဘယ်ဒေသရောက်ရောက် ကျွန်မအတွက် သားသမီးတွေကို သတိရစရာ ဇာတ် လမ်းစုံ ကရှိနေတတ်မြဲပါပဲ။ ပါရီမှာအေးအေးဆေးဆေး နှစ်လတာမျှ သားနဲ့အတူနေပြီး အမေရိ ကားကိုပြန်လာခဲ့ပါတယ်။ ဒီမှာရှိကြတဲ့ သားသမီး မိသားစုအားလုံးလည်း သူတို့ဘ၀နဲ့ သူတို့ ရုန်း ကန်လှုပ်ရှားနေကြမြဲ မို့ စိတ်အေးရပါရဲ့။

ဒါပေမဲ့ မနှစ်က စီးပွားရေးကပ်ဆိုက်ခိုက် စွန့်စားခန်းယူ ပြီးကုမ္ပဏီဝယ်လိုက်တဲ့ သားအကြီး "၀င်း"အတွက် စိတ်ပူတာနဲ့ ပြန်ရောက်ကြောင်း ဖုန်းဆက်ရင်း အခြေအနေကို မေးကြည့်လိုက်တော့...
"အားလုံး အဆင်ပြေတယ် မာမီ။ အလုပ်က နည်းနည်းပြန်တက်လာလို့ လူသစ်တွေတောင် ထပ်ငှား ရသေးတယ်။ မာမီ ယုံမှာတောင်မဟုတ်ပါဘူး။ အခု သားဆီမှာ မြန်မာနှစ်ဦး ခန့်ထား တယ်"တဲ့။
ဟုတ်ပါရဲ့။ ကျွန်မ အံ့သြသွားလို့ သားကိုဘယ်ပုံဘယ်နည်း ဆုံစည်းကြလဲဆိုတာ မေးကြည်မှ သားပြောပြတာ နားထောင်ရင်း ရယ်ရပါသေးတယ်။
သားက လူလိုလို့ သတင်းစာမှာ ကြေညာလိုက်တော့ အလုပ်လိုသူတွေက ဆယ်သွယ်ကြတယ်တဲ့။ အဲဒီအထဲ မှာ "အာမက်"ဆိုသူ တစ်ယောက်လည်း ပါတယ်။ လုပ်ငန်းနဲ့ပတ်သတ်ပြီး စက်ပစ္စည်းဆိုင် ရာ အတွေ့အကြုံရှိသလား။ ပညာအရည်အချင်းရှိသလား စတာမျိုးတွေ မေးရတယ်ပေါ့။ အာမက် ကဘွဲ့ရပြီးသား၊ စက်နဲ့ဆိုင်ရာ အတွေ့အကြုံရှိပြီးသား ဖြစ်တော့ ဘယ်ကုမ္ပဏီမှာ လုပ်ဖူးလဲမေး ရ ပြန်ရောလေ။

ဒီတော့မှ မြန်မာပြည် ရန်ကုန်တက္ကသိုလ်က ဘွဲ့ရလာပြီး ကုန်ဈေးတန်းမှာ ကိုယ်ပိုင်မော်တော် ကားဆိုင်၊ တွင်ခုံဆိုင် ဖွင့်လာတဲ့သူ ဖြစ်နေတာကိုး။ သားက မြန်မာလို ပြန်ပြောလိုက်တော့ ဟိုဘက် ဖုန်းလိုင်းက ကိုအာမက် အံ့သြသွားလေရဲ့။ ချက်ချင်းမြန်မာပြည်သားချင်း စကားလက်ဆုံ ကျသွား ပြီး တရင်းတနှီးဖြစ်သွားကြတော့တာလို့ သားကပြောပြပါတယ်။ ကိုအာမက်က အမေရိကား ကို ရောက်တာ ရက်ပိုင်းပဲ ရှိသေးတာတဲ့။ သားက "မြန်မာ"ဆိုတာနဲ့ ဦးစားပေး ခန့်လိုက်တာတဲ့လေ။
နောက်တစ်နေ့ အလုပ်ဝင်ပြီးတော့ သူ့ဇနီး မမူဒါလည်း ဘွဲ့ရပြီးသား မိန်းကလေးမို့ သူ့ကိုပါ နေရာရှိရင် ခန့်ပါ လို့ ကိုအာမက်က အကူအညီတောင်းတဲ့အတွက် အခုတော့ ဇနီးမောင်နှံ နှစ် ယောက်စလုံး အလုပ် လုပ်နေကြပါရော။ နောက်တစ်လမှာ သားကသူ့ကုမ္ပစီကို လာကြည့်ဖို့ ကျွန်မဆီကို လေယာဉ်လက်မှတ် ပို့လိုက်တာ နဲ့ ရှီကာဂိုကိုရောက်သွားတော့ စက်ရုံမှာ ကိုအာမက် နဲ့မမူဒါတို့ ဇနီးမောင်နှံကို ကိုယ်တိုင် တွေ့ဆုံခွင့် ရလို့ ၀မ်းသာပီတိဖြစ်ရပါတယ်။

အခုဒီဆောင်းပါးကို ရေးသားနေတဲ့အချိန်ထိ ၁၁နှစ်ကြာမျှ ကိုအာမက်တို့ ဇနီးမောင်နှံသားရဲ့စက် ရုံမှာ စွဲစွဲမြဲမြဲလုပ်နေကြဆဲအပြင် ရာထူးတွေ တိုးရုံမကဘဲ အစ်ကိုနဲ့ တူလေးတစ်ယောက်ပါ နောက် ထပ်ဝင် လုပ်နေကြလို့ မိသားတစ်စုလုံး ဆွေမျိုးသားချင်းလို ရင်းနှီးချစ်ခင်နေကြပါပြီ။ ကျွန်မ အလည်ရောက် သွားတိုင်းလည်း မမူဒါက ဒံပေါက် စပါယ်ရှယ် ချက်ကျွေးနေကျလေ။ ဆွေမတော် မျိုးမစပ်ပေမဲ့ တစ်ပြည် တည်းသား သွေးချင်းသားရင်းတွေဟာ ပြည်ပမှာ တစ်ဦးနဲ့တစ်ဦး ဆွေမျိုး ရင်းချာစိတ်ထားနိုင်ကြရင် အကောင်းဆုံးပါပဲနော်။

ဒီတစ်နှစ်လုံး ကျွန်မလည်း တစ်ကိုယ်တည်း အေးအေးဆေးဆေးနေပါတော့မယ် ရည်ရွယ်ချက်နဲ့ တစ်ယောက် တည်းနေဖို့ ရွေးချယ်ပြီး ပြောင်းလာခဲ့တဲ့ ကျွန်မရဲ့အဖြစ်ကိုလည်း ကြည့်ပါဦး။ ၁၉၉၁ နှစ်ဦးကတည်းက ခရီးတွေဆက်လိုက်တာ အခုလည်းရှီဂာာဂိုက ပြန်ရောက်ခါစပဲ ရှိသေးတယ်။ သမီးကေသီက...
"မာမီ အမောဖြေဖို့ စိတ်မကူးနဲ့ဦး။ သမီးတို့ မိသားစုအားလုံး ဂယ်ရီ့အမေလည်း ပါမယ်။ ဆွတ် ဇာလန်၊ ပြင်သစ်နဲ့ လန်ဒန်ကို ဒီဇင်ဘာလထဲမှာ သွားကြမယ်။ မာမီပါလိုက်ခဲ့"တဲ့။ ဒီလိုနဲ့ ခရီးတစ် ခု ထွက်ဖြစ်ကြပါတယ်။ ဂျနီဗာကိုရောက်တော့ အေးလိုက်တာ ခိုက်ခိုက်တုန်ပါပဲ။ ဂယ်ရီက သူ့သမီး နဲ့သားကို စနိုးစကီး သင်ပေးချင်တာမို့ စကီးလုပ်လို့ရမဲ့ စခန်းတစ်ခုမှာ နေရာကြိုတင်ယူထားပြီး သားပါ။

သမီးခန့်စန္ဒီကခုမှ ငါးနှစ်၊ အငယ် ခန့်သီဟက သုံးနှစ်။ ဒီအရွယ်ကတည်းက သူတို့လူမျိုးတွေက အားကစားမှန်သမျှကို အစပျိုးထားကြပြီလေ။ ကလေးတွေကလည်း စကီးလုပ်ရမှာကို စိတ်လှုပ် ရှားစွာနဲ့ ပျော်လိုက်ကြတဲ့ဖြစ်ခြင်း။ ပတ်ပတ်လည်တောင်တန်းကြီးတွေ ၀န်းရံ ထားပြီး တောင်ထိပ် တွေ မှာ နှင်းခဲတွေ ဖြူဖွေးနေတာမို့ ရှု့ခင်းက လွမ်းမောဖွယ်ရာပါပဲ။
ကျွန်မနဲ့ ဂယ်ရီရဲ့အမေ ပေါ်လီနာ နှစ်ယောက်သား တည်းခိုရိပ်သာ ၀ရန်တာက နေပြီး ရှုခင်းတွေ လှမ်းမျှော်ကြည့်ရင်း အပန်းဖြေရတာကို အဘွားကြီးတွေပီပီ နှစ်သက်ကျေနပ်လို့။ သမီးကေသီတို့ မိသားစုကတော့ တစ်နေကုန် စနိုးစကီး သွားကြ၊ ညနေတိုင်း အားအင်တွေကုန်ခန်းပြီး မလှုပ်နိုင် ကြတော့ဘူးလေ။ ဂျနီဗာမှာ အေးအေးဆေးဆေး လေးငါးရက်နေပြီးမှ ပါရီကို မီးရထားနဲ့ ကူးကြ ပါတယ်။

အမေရိကားမှာ မီရထားစီးရခဲမျှမို့ ကလေးတွေက သဘောကျစွာနဲ့ ခုန်ပေါက်ပျော်ရွှင်နေကြလေ ရဲ့။ ကျွန်မကိုယ်တိုင်လည်း မီးရထားနဲ့ မန္တလေး-ရန်ကုန် အခေါက်ပေါင်းများစွာသွားခဲ့ရဖူးတာ ကြောင့် မီးရတား စီးခွင့်ရတိုင်းမန္တလေးကို လွမ်းရတာအမောပါပဲ။ အရင်တစ်ခေါက်ပြင်သစ်ပြည်၊ နိစ်မြို့ကပါရီကို ညရထား စီးသွားရတာမို့ ရှုမျှော်ခင်းတွေရဲ့အလှ ကိုမခံစားခဲ့ရပါဘူး။ ဒီတစ်ခေါက် နေ့ ရတားစီးရတာ ဆိုတော့ ဖြတ်သန်းရတဲ့သဘာဝအလှကို ကောင်းစွာခံစားရတာကြောင့် သွားရ ကျိုးနပ်တဲ့ ခရီးတစ်ခုပါပဲ။

ပါရီရောက်တော့ ဘူတာမှာ ကျွန်မရဲ့သားကိုရွှေစင်နဲ့အတူ သူငယ်ချင်းဒေါက်တာခင်မြကြူရဲ့ သားAlfredပါလာကြိုနေကြပါတယ်။ မောင်နှမနှစ်ယောက်ပြန်ဆုံကြတော့တွဲပေါ်မှာ ပွတ်လော ရိုက်ဆူညံ သွားတော့တာပဲ။ ပါရီရဲ့အလှက ဆောင်းမှာလည်းအနုပညာဆန်စွာ တစ်မူထူးခြားနေ တာသတိထား မိပါတယ်။ နှင်းမှုန်နှင်းငွေ့တွေကြားက ရောင်စုံမီးလုံးတွေ လင်းလက်နေပုံက လွမ်း မောဖွယ်ရာ လိုလို။ မြို့ထဲက လမ်းမကြီးငယ် အသွယ်သွယ်မှာလည်း ခရစ္စမတ်ပွဲတော်အဆင် အပြင်တွေနဲ့ ထည်ဝါလို့။ လမ်းဆုံးလမ်းခွထိပ် မှာ အပျော်တမ်း တီးမှုတ်သီဆိုနေကြတဲ့ ဂီတအဖွဲ့ တွေဆီက ဓမ္မတေးသံတွေကလည်း နားဆင်ရသူအဖို့ ကြည်နူးချမ်းမြေ့ဖွယ်ရာအတိ။
မလာခင်ကတည်းက ကျွန်မတို့နဲ့ မိသားစုတစ်ပိုင်း ချစ်ခင်ရင်းနှီးတဲ့ နယူးယောက်က ချိုချိုဦးနဲ့ ပါရီမှာဆုံကြဖို့ သမီးကေသီက ကြိုတင်ချိန်းထားတာမို့ ချိုချိုက လည်း ရောက်နှင့်နေပြီလေ။ ဈေး ၀ယ်ကြိုက်ကြ တဲ့ နှစ်ယောက်သား ပါရီလို ဖက်ရှင်မြို့တော် မှာ ရောက်နေတော့မိုးလင်းက မိုးချုပ် ဈေးဝယ် တဲ့ အလုပ်နဲ့ တစ်နေကုန်ပါလေရော။

နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာဆိုင်တွေကလည်း ပေါများပါဘိ။ ရှယ်နယ်လ်တို့၊ ခရစ္စရန်ဒီရိတို့ ၀တ် စုံတွေဆို ဒေါ်လာထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ရှိတာပါ။ ရှယ်နယ်လ်ပိုက်ဆံအိတ်တို့၊ ခါးပတ် တို့၊ နားဆွဲတို့ ဆိုတာလည်း ၀တ်ထားရင် သားနားတဲ့ ရုပ်ထွက်သွားလောက်အောင် ထည်ဝါသွားတာ မဟုတ်လားနော်။ ဒါကြောင့်လည်း ကမ္ဘာအရပ်ရပ်က ငွေကို ရေလိုဖြုန်းနိုင်သူတွေ ကပါရီမှာ စားကျက် ကျလေတယ်ပေါ့။
အထူးသဖြင့် ဂျပန်အမျိုးသမီးတွေ ရှယ်နယ်လ်ကုန်တိုက်ထဲမှာ ကြိတ်ကြိတ်တိုးပါပဲ။ ဘယ်လောက် ၀ယ်အားကောင်းသလဲဆိုတာ အရောင်းကလေးမတွေ ဂျပန်စကား တတ်သူမျိုးမှ ရွေးငှားထားရတဲ့ အထိလို့ ကြားသိခဲ့ရပါတယ်။
ကျွန်သမီး ကေသီက ဈေးဝယ်ငမ်းရုံမကဘဲ အစားလည်း ငမ်းပါသေးတယ်။ သူအစားငမ်းကောင်း လို့သား နဲ့သမီး ပါရီမှာသောင်တင် ကျန်ရစ်မဲ့အဖြစ်ကလေး တစ်ခုလည်း ကြုံရသေးရဲ့။ ကျွန်မ သမက်ဂယ်ရီက မိသားစုအပေါ်မှာ အလွန်အလိုလိုက် အလွန်လည်းစိတ်ရှည်တတ်သူပါ။ သူ့သား သမီးလေး နှစ်ယောက် ကိုလည်း မျက်စိအောက်က အပျောက်မခံဘဲ ဂရုစိုက်တတ်ပါတယ်။

သားကလည်း သူ့အစ်မရောက်ခိုက် နေရာအနှံ့လိုက်ပြပါတယ်။ အထင်ကရဖြစ်တဲ့ အက်ဖက်လ် တာဝါတိုက၊ မာဆေးလ်နန်းတော်တို့၊ လုဗ္ဗ်ပြတိုက်စတဲ့ ပြတိုက်ပေါင်းများစွာ အပြင်ဘုရားကျောင်း ပေါင်းစုံ၊ ဖက်ရှင်ရှိုး အမျိုးမျိုးတွေ လိုက်ပို့ပေးရုံနဲ့ မပြီးသေးဘူး။
"တို့မြန်မာပြည်ကလို ကုလားအစာ အစုံရတဲ့ လက်တင်ရပ်ကွက် ဆိုတာရှိတယ်။ သွားမလား"နဲ့ သူ့အစ်ကို စကားစလိုက်တော့ အစားမက်တဲ့အစ်မက ချက်ချင်းလိုက်မယ် ဖြစ်ပါလေရော။ သား ပြောတဲ့အတိုင်း လက်တင်ရပ်ကွက်မှာ ကုလားအစာအမျိုးစုံပါပဲ။ တစုတဝေး နေ့လယ်စာ စားကြ ပြီးတော့ ဂယ်ရီက ကိုယ်လက်သန့်စင်ချင်တာနဲ့ ကလေးနှစ်ယောက်ကို အမေနဲ့ အပ်ထားခဲ့ပြီး စားသောက်ဆိုင်ရဲ့ အတွင်းခန်း ၀င်သွားတာတဲ့။

ဒါတွေကို ကျွန်မတို့လည်း သတိမထားလိုက်မိပါဘူး။ လမ်းတစ်ဖက်က ကုလား အချိုမှုန့်တွေ ရောင်းတဲ့ ဆိုင်ကိုလည်း တွေ့လိုက်ရော ချိုချိုနဲ့ ကေသီတို့နှစ်ယောက် အူယားဖားယားနဲ့ အပြေး အလွှား ၀င်သွားကြပြီး ၀ယ်လိုက်ကြတာ မလိုင်လုံးတွေရော၊ ဂျလေဘီတွေရော၊ စာကလေးချေး တွေရောစုံလို့ တစ်ပွေ့ တစ်ပိုက် အမျိုးစုံဝယ်နေကြတာ မြင်မိပါရဲ့။ မကေသီကအစားမှာ မဲနေမို့ သူ့ကိုအပ်ထားခဲ့တဲ့ ကလေးနှစ်ယောက် ကိုလည်း သတိုမရတော့ဘူးလေ။
ဂယ်ရီ က ထွက်လာတော့ ကလေးနှစ်ယောက် ရှာလို့မတွေ့တော့ဘူး။ ကျွန်မနဲ့ပေါ်လိနာကလည်း အကျိုးအကြောင်းစုံ မသိလိုက်တော့ တခြားဆိုင်တစ်ဆိုင်ရှေ့ရပ်ပြီး သူတို့ ထွက်အလာ ကို စောင့် နေမိတာပေါ့။ ဂယ်ရီဆိုတာ မျက်နှာကိုပျက်လို့။ သားရော၊ ဂယ်ရီရော ပျာယာခတ် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်လိုက်ရှာရတာ။ နောက်ဆုံးလမ်းမကြီး ရောက်တော့မှ ကလေးနှစ်ယောက် တည်း လျှောက် သွားနေကြတာ တွေ့ပြီး မနည်းလိုက်ဆွဲခေါ်ခဲ့ရပါတယ်။

ကျွန်မတို့အားလုံးလည်း စိုးထိတ်လို့ အသက်တောင်မရှူနိုင်အောင်ပါပဲ။ ဂယ်ရီလည်းဒေါသမထွက် စဖူးထွက်ပြီး သူ့မိန်းမကို ဆူပေါ့။ သည်းထိတ်ရင်ဖိုနဲ့ ရင်းပြီးဝယ်ခဲ့ရတဲ့ အဲဒီအချိုမုန့်ထုပ်ကြီး လည်း မစားလိုက် ရပါဘူး။ မချိုချိုက ဘဏ်တိုက်ဝင်ပြီး ငွေလဲတာအချိုမုန့်ထုပ်ကြီး ဘဏ်တိုက် မှာ မေ့ကျန်ထားခဲ့လို့ ကိုရွှေစင်အိမ်မှာကော်ဖီတွေ ဖျော်ပြီးကာမှ ပါမလာတာနဲ့ ပွဲကိုကျလို့ ရယ်ကြ ရတာ။
ပါရီ ခရီးကတော့ အကြောင်းမျိုးစုံနဲ့ ပျော်စရာပါပဲ။ ပါရီမှာ ဆယ်ရက်လောက်နေပြီးမှ လန်ဒန်ကို ကူးကြပါတယ်။ လန်ဒန်ရောက်တော့ မြန်မာပြည်ကို လွမ်းလိုက်တာ။ လမ်းပေါ်က စာတိုက်ပုံ အနီ ကြီးက အစ မြန်မာပြည်က စာတိုက်ပုံးနဲ့ တထေရာတည်းပဲလေ။ ကျွန်မကရောက်လေရာမှာ စာတိုက်ပုံးရှာပြီး စာထည့်နေကျ။ အမေရိကားက စာတိုက်ပုံးတွေက အပြာရောင်ပါ။ ပါရီကို ရောက်တော့ ကျွန်မစာတိုက်ပုံး ရှာ မတွေ့တော့ဘူး။

သူကျတော့အ၀ါရောင် ဖြစ်နေတဲ့အပြင် တခြားစာတိုက်ပုံးတွေလို လမ်းထိပ်ပလက်ဖောင်းမှာရှိမနေ ဘဲ တိုက်နံရံမှာ ကပ်ထားတာကိုး။ လန်ဒန်ရောက်တော့မှ ကိုယ်ကြီးပြင်းခဲ့ရတဲ့ အမိမြန်မာပြည်က ပုံစံအတိုင်း နီရဲရဲစာတိုက်ပုံးကြီးကို ပြန်တွေ့ရတော့ ကျွန်မမှာ ပျော်သွားလိုက်တာ။ လန်ဒန် ရာသီ ဥတုကတော့ မိုးလေးတဖွဲဖွဲနဲ့ လွမ်းမောချင်စရာကြီး။ ရောက်တဲ့နေ့မှာပဲ မြို့လုံးပတ်လည် လိုက်ပြ တဲ့စီးတီးတိုးကို ယူပြီး ကြည့်ကြပါတယ်။ နာမည်ကြီးတဲ့ Big Benနာရီကြီးတို့၊ ဘာဂင်ဟမ်နန်း တော်တို့ နေရာစုံကြည့်ရင်း ဓာတ်ပုံတွေလည်း ရိုက်ကြပေါ့။ နေရာတိုင်း အိမ်ရှေ့တိုင်းက ပန်းခြံထဲ မှာရောင်စုံဖူးပွင့်နေတဲ့ နှင်းဆီတွေ၊ ကျူးလစ်တွေစတဲ့ ပန်းမျိုးစုံကို လှလှပပ စိုက်ထားတာ ပသာဒ ရှိလှပါရဲ့။

ကျွန်မတို့ ရောက်တဲ့အချိန်က နှစ်သစ်ကူးချိန်လေ။ နာမည်ကြီး Harrodsကုန်တိုက်ကြီးမှာ အကြီး အကျယ်ဈေးရောင်းပွဲတော်ကြီးဖွင့်ပွဲအတွက် အမေရိကားက အဆိုကျော်ဒိုင်ယာနာရော့စ် ကိုယ် တိုင်လာပြီး ဖွင့်ပေးမှာဆိုတော့ လူတွေမှ ကြိတ်ကြိတ်တိုးပါပဲ။ ဈေးရောင်းပွဲကိုကမ္ဘာအရပ်ရပ်ကကို လာဝယ်ကြရတဲ့ထိ နာမည်ကြီးပါတယ်။ ကျွန်မတို့ရောက်ခိုက်နဲ့ကြုံလို့ ဒိုင်ယာနာရော့စ် လှေကား ပေါ်ကသီးချင်းဆိုရင်း တစ်ထစ်ချင်း ဆင်းလာတာကို အနီးကပ်မြင်တွေ့လိုက်ရပါတယ်။
ဈေးတွေကတော့ ခေါင်ခိုက်ပါပဲ။ ပစ္စည်းအမျိုးအစား ကောင်းသလို ဈေးလည်းကောင်းပါရဲ့။ ဂယ်ရီ ကကျွန်မနဲ့အတူ သူ့အမေအတွက် Harrodsက အမှတ်တရပစ္စည်းအဖြစ် ခရီးဆောင်အိတ်တစ် လုံးစီ ၀ယ်ပြီး လက်ဆောင်ပေးပါတယ်။ အဲဒီအိတ်ဟာ ကျွန်မနဲ့အတူ ကမ္ဘာပတ်နေတာ ၁၀နှစ် ကျော်တဲ့ တိုင်အောင် အသွေးအရောင်မပျက် လှပနေဆဲ ခိုင်မြဲနေဆဲပါပဲ။ လန်ဒန်ရောက်ခိုက် ကျွန်မနဲ့ ရင်းနှီး ခင်မင်တဲ့ မိတ်ဆွေ ဦးခင်(ညွှန်မှုး၊ ပြန်ကြားရေး)ကို ဖုန်းဆက်လိုက်တော့ သူ့မိ သားစု အားလုံးနဲ့ တွေ့ရအောင်ဆိုပြီး ညစာထမင်းစားဖိတ်ပါတယ်။ သူ့သားသမီးတွေကလည်း ဒဂုံ (၁)မှာ ကျွန်မ သားသမီးတွေနဲ့ သူငယ်ချင်းလေ။ ဒီတော့သားသမီးတွေရော မြေးတွေပါ အားလုံး ကိုဖိတ်ထားတော့ တကယ့်ကို ပျော်စရာကြီးပါပဲ။

ကျွန်မနဲ့ဦးခင်တို့ ဇနီးမောင်နှံရယ်၊ ဂယ်ရီတို့ သားအမိရယ်က တစ်ဝိုင်း၊ ရှေးဟောင်းနှောင်းဖြစ် တွေပြော ကြလို့၊ ဦးခင်ရဲ့သားသမီးတွေနဲ့ ကျွန်မသမီး ကေသီ တို့လူငယ်ဝိုင်း တစ်ဝိုင်း အပျော် အပြက်တွေပြောကြပြီး တသောသောရယ်မောကြလို့ ဦးခင် ရဲ့ မြေးတွေ နဲ့ကျွန်မမြေးနှစ်ယောက် ပါ ပေါင်းမိကြတဲ့ဝိုင်းကတော့ ထိန်းမရအောင် သောင်းကျန်းကြလေ ရဲ့။ ပြေးကြ၊ လွှားကြ၊ အော်ကြ ဟစ်ကြ၊ လုကြတွန်းကြ၊ လဲပြိုကျနဲ့ ဆူညံနေတော့တာပဲ။
မှတ်မှတ်ရရ အဲဒီနေ့က ဒီဇင်ဘာ ၃၁ရက်၊ ၁၉၉၁ခုနှစ်ရဲ့ နောက်ဆုံးပိတ်ညလေ။ ဦးခင်က ကျွန်မ တို့ကိုနှစ်သစ်ကူးပြီးမှ ပြန်ပါ၊ နှစ်သစ်ကို မိတ်ဆွေဟောင်းနဲ့ ကြုံကြိုက်ရခဲမျှမို့ အတူကြိုဆိုရ အောင်လို့ စိတ်ကူးယဉ်စွာနဲ့ ဆိုပါတယ်။ မြေးများအဖွဲ့က နှစ်သစ်ကို သူတို့တီးဝိုင်းနဲ့ ကြိုဆိုပါ ရစေတဲ့။

ညသန်းခေါင် မတိုင်မီ ၁၅မိနစ်မှာ နှစ်သစ်ကိုကြိုဆိုကြမဲ့ တီးဝိုင်းအဖွဲ့ကြီးက ပစ္စည်းအစုံအလင်နဲ့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်မမြေးများအပါအ၀င် တီးကြမဲ့သူများကလည်း မစောင့်နိုင်အောင် လက်ယားနေကြပြီလေ။ သူတို့တီးခတ်လိုက်တဲ့ ပစ္စည်းတွေကို ကြည့်မိတော့ လကွင်းလည်း ပါ၊ နှဲအော်လံ လည်းပါ၊ မောင်းလည်းပါ၊ ကြေးစည်လည်းပါ၊ ဗုံလည်းပါ၊ ချူတွေလည်းပါ ထွက်လာတဲ့ မဆီမဆိုင် အသံပေါင်းစုံ ကို နားကွဲမတတ်ခံစားကြရင်း ၁၉၉၂ခုနှစ်၊ နှစ်သစ်ပွဲကို ကြိုခဲ့ရတဲ့အဖြစ်က ကျွန်မတစ်သက် မမေ့နိုင်စရာ ပါပဲလေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, March 25, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၅)

"အစိုးမရခြင်း"တွေက တစ်ဘ၀မပြောနဲ့၊ တစ်ခဏအတွင်းမှာကို တစ်ခုပြီး တစ်ခုရောက်လာလိုက် တာ အံ့သြဖွယ်ရာ ပါပဲနော်။
ကိုယ်မလိုလား တဲ့ အပြောင်းအလဲတွေ မဖြစ်ပေါ်ပါစေနဲ့လို့ ဆုတောင်းလို့ မရနိုင်ပါဘူး။ မတည်မြဲ အစဉ်ပြောင်းလဲနေ တဲ့ သင်္ခါရတရားတွေက အခါမလပ် ကိုယ့်ဆီကို ဦးတည်ပြီး လာနေကြဦး မှာပဲ လေ။ ကြုံတွေ့ရ မဲ့ ဒီပြဿနာတွေကို  ကြံ့ကြံ့ခံနိုင်ပြီး ဘယ်လို အကောင်းဆုံး နည်းနဲ့ ဖြေရှင်းနိုင် ရမလဲဆိုတဲ့ အသိဥာဏ်နဲ့ ရင်ဆိုင်နိုင်တဲ့ အားအင်ရရှိပါစေလို့သာ ဆုတောင်း ရတော့မယ် လို့ တွေးရင်း ဆေးရုံဝ ကို ရောက် လာပါတော့တယ်။
ကို ဆက်ဖတ်ရန် ...

အပိုင်း(၅၇)

"ဘ၀ဆိုတာ အစဉ်အမြဲ ပြောင်းလဲနေခြင်းပါပဲ"
အခုမှ မဟုတ်ပါဘူး၊ ဘ၀ရယ်လို့ဖြစ်တည်ဖို့ ကံကပစ်ချခြင်းခံလိုက်ရတဲ့အချိန် အမိဝမ်းတွင်းမှာ ပဋိသန္ဓေနေစ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ကလာပ်စည်းမျိုးစုလေး ဖြစ်ကတည်းက စက္ကန့်တိုင်း၊ မိနစ် တိုင်း ပြောင်းလဲခြင်းတွေနဲ့ ရင်းပြီး ကြီးပြင်းလာခဲ့ကြတာ မဟုတ်လားနော်။ အဲဒီလို မသိဘဲ ပြောင်းလဲနေ တာရော၊ ခုလိုသိပြီး ပြောင်းလဲနေတာတွေနဲ့ သေခြင်းဆိုတဲ့ ဘ၀ဆုံးသည်အထိ ကြုံ တွေ့နေရဦးမှာမို့ "ပြောင်းလဲခြင်းဟာ ကိုယ်မပြုပြင်နိုင်တဲ့ သတာဝရဲ့ နိယာမ တရားတစ်ခုပဲလို့" ခံယူထားရမှာပါပဲ။
အခုပဲကြည့်လေ။ ပြီးခဲ့တဲ့နှစ်ပတ် နှစ်တန်းတစ်ရက်နေ့တုန်းက မိသားစုတွေ သမီးကေသီရဲ့ အိမ်မှာ စုဝေးစားသောက်ကြပြီး အစစအဆင်ပြေ၊ ကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်စုံတဲ့နှစ်သစ် ဖြစ်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် အနန္တနဲ့ တစ်သိုက်တစ်ဝန်း ပျော်ခဲ့ကြသေးတာမဟုတ်လား။

အဲဒီတုန်းက အတွေးထဲမှာ သမီးကေခိုင် ချိုင်းထောက်ကြီးနဲက သုံးလလောက်နေရမယ်ဆိုတာ လည်းမပါ၊ ကိုယ် ကိုယ်တိုင် ခုလို အနာတရအဖြစ်နဲ့ ဆေးရုံရောက်မယ် ဆိုတာလည်းစိတ်ကူးထဲမှာ မရှိ။ နောက်ထပ် ဘယ်လိုအဖြစ်၊ ဘယ်လိုအတွေ့အကြုံသစ်တွေနဲ့ အပြောင်းအလဲတွေ ရောက်ရှိ လာဦးမလဲ  ဆိုတာ မပြောနိုင်ပါဘူးနော်။
"မသိနိုင်ခြင်း"ဆိုတဲ့ နက်နဲလျှို့ဝှက်ချက်တွေကြောင့်လည်း ဘ၀ဆိုတာ စိတ်ဝင်စား စရာကောင်း နေလေ သလား မသိ။ ဒီအတိုင်း အပြောင်းအလဲမရှိ အမြဲတမ်းဖြောင့်ဖြူးနေရင်လည်း ကြာတော့ ပျင်းရိငြီးငွေ့ ဖွယ် ကောင်းသွားမှာပဲ ထင်ပါရ့။ လက်ရှိ သဘာဝတရားကိုပဲ ကြည့်ပါဦး။ နွေ မိုး ဆောင်း ရာသီအလိုက် အပြောင်းအလဲတွေ အပြင် အသွင်မတူကြတဲ့ နေ့နဲ့ ညကလည်း တစ်လှည့် စီတာဝန်ယူလို့ ကမ္ဘာမြေကြီးတောင် မှ တစ်ပြေးညီ လွင်ပြင်ကြီး အတိ ပြီးနေရတာ မဟုတ် ဘူး။ တောတွေ၊ တောင်တွေ၊ ရေတံခွန်တွေ၊ ပင်လယ်တွေ၊ ချိုင်ဝှမ်းတွေ၊ ချောက်ကမ်းပါးတွေ၊ စိမ်းစိုတဲ့ လွင်ပြင်တွေ နဲ့ အမျိုးအမျိုးအဖုံဖုံ ပုံသဏ္ဍာန်စုံနဲ့ တန်ဆာဆင်ထားတာမို့ နေချင်စဖွယ်ရ သာ တောင့် သာယာဖြစ်နေတာပါ။

အရာရာဟာ ကြောင်းကျိုးဆက်နွှယ်နေတာကြောင့် အခုကျရောက်လာတဲ့ မတော်တဆ ထိခိုက်မှု ဟာ ကျွန်မ အတွက် အပြောင်းအလဲတစ်ခု ဖြစ်စေပြီး သင်ခန်းစာကောင်း ရရှိနိုင်တာမို့ တွေးကြည့် ရင်း စိတ်ကိုလျှော့ထားလိုက်ရပါတယ်။
အရေးပေါ်အခန်း တာဝန်ကျဆရာဝန် ရောက်လာပြီး စစ်ဆေးစမ်းသပ်ကြည့်တော့ တင်းပါးရိုး ကျိုးသွား တာတဲ့။ ဓာတ်မှန်ရိုက်ရမယ်။ ဆေးရုံတက်ရမယ်လို့ ဆိုပါတယ်။ ဓာတ်မှန်ခန်းကို သွားဖို့ စောင့်နေရဆဲ အခန်းတံခါး ပွင့်သွားလို့ ကြည့်လိုက်တော့ နော်မန်ဖြစ်နေတာနဲ့ အံ့သြသွားရ သေးတယ်။
"ဘယ်လို သိတာလဲ"မေးကြည့်တော့ ကျွန်မသမီး ကေခိုင်ရယ် အော်ဟစ်ငိုယိုပြီး နော်မန်ဆီ ဖုန်း ဆက် အကြောင်းကြားတာတဲ့လေ။ နော်မန်က ကျွန်မရဲ့သားကြီး ခင်မောင်ဝင်းခန့်နဲ့ စိန်ပေါလ် ကျောင်းမှာ တစ်တန်းတည်း သား သူငယ်ချင်းမို့ မိသားစုတစ်ယောက်လို ဖြစ်ပြီး ကေခိုင်က တစ်အကိုတစ်ယောက်လို အားကိုး ရသူပါ။
နော်မန် နဲ့ စကားပြောလို့မဆုံးသေးဘူး။ နောက်တစ်ယောက်က မိုးရေအရွှဲသားနဲ့ အခန်းဝမှာ လာ ရပ်ပြန်တယ်။

"ဟဲ့...အ၀င်း "ဆိုပြိး ကျွန်မ တအံ့တသြ ဖြစ်ရပြန်ရော။
"မမခင် ဆေးရုံရောက်သွားတာ ကေခိုင်ဖုန်းဆက်ပြောလို့။ သူလည်း အကြီးအကျယ်ငိုနေတယ်။ မမခင် အတွက် စိတ်ပူလို့တဲ့"
"သြော်...ဒုက္ခပါပဲ။ မိုးကြီးလေကြီးထဲ လိုက်လာရလားဝင်းရယ်"လို့ပြောရင်း ၀င်းကို အလွန်အမင်း အားနာ သွားမိပါ တယ်။
ဝင်းဝင်းရီ တို့က မြန်မာပြည်မှာသာ တပ်ဗိုလ်မှုးကတော်ဘ၀နဲ့ ဇိမ်ကျနေခဲ့တာ။ အမေရိကား ရောက်မှ    ကို်ယ် တိုင်ကားမောင်းတော့လည်း အိမ်နဲ့အလုပ်ကလွဲလို့ ဘယ်ခရီးမှ ကားမောင်းရဲသူ မဟုတ်ပါဘူး။ အခု မကေခိုင် ဒုက္ခပေးလိုက်တာနဲ့ သူ့ခမျာ မိုးကြီးလေကြီးထဲ ဆေးရုံအရောက် ဘုရားတပြီး မောင်းလာ ရတာ ဖြစ်မှာပါ။

ဒီအချိန်မှာပဲ ဓာတ်မှန်ခန်းကို သွားဖို့ သူနာပြုဆရာမနှစ်ယောက်က ကျွန်မကို တွန်းလှည်း အိပ်ရာ ပေါ်ပြောင်း တင်ပြီး ခေါ်သွားလေရဲ့။ ဓာတ်မှန်ရိုက်ပြီးတာနဲ့ ဆေးရုံတက်ဖို့ နေရမဲ့အခန်းကို ပို့လိုက် ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မကေခိုင်နေခဲ့ တဲ့ အခန်းနဲ့မျက်နှာချင်းဆိုင်လေ။ တာဝန်ကျ ဆရာမတွေ က ၀ိုင်းလာကြပြီး ကျွန်မကို ခုတင်ပေါ်မှာ ပက်လက်တွေ့တော့ တအံ့တသြနဲ့...
"ဟော... ဘယ်လိုဖြစ်တာလဲ။ မနေ့က သမီးဆင်းသွားတယ်။ ဒီနေ့အမေက ပြန်ရောက်လာ တယ်။ ကျွန်မ တို့ကို လွမ်းလို့ထင်တယ်"တဲ့။ ရယ်မော်နောက်ပြောင်ကြလေရဲ့။
ခုတင်ပေး ရောက်တဲ့အချိန်မှာ တင်ပါးတစ်လျှောက် ပေါင်ရင်းဘက်အထိ နာတာက မခံမရပ်နိုင် ဖြစ် လာတော့ ဆရာဝန်က အနာသက်သာအောင် ဆေးတစ်လုံးထိုးပေးဖို့ ညွှန်ကြား သွားပါ တယ်။ ဆေးလည်းထိုးပြီး သိပ်မကြာခင်မျက်ခွံတွေ လေးလာပြီးအိပ်ချင်လာပါရော။ နာတာကြောင့် လူ ကလည်း မလှုပ်နိုင် မလှည့်နိုင်ပေါ့။ နော်မန်နဲ့ ၀င်းတို့လည်း အနားရောက်လာကြပြီး အားပေး နှစ်သိမ့် လို့။

ဒီအချိန်မှာ တယ်လီဖုန်းမြည်လာတာနဲ့ ကောက်ထူးလိုက်တော့ ဖလော်ရီဒါကသမီးကေသီပါ။ အငို တစ်ဝက် နဲ့ "မာမီ ဘယ်လိုနေလဲဟင်၊ သမီး လိုက်လာခဲ့မယ်"တဲ့။
"ကလေးတွေ တစ်ဖက်နဲ့ မလိုက်ခဲ့ပါနဲ့ သမီးရယ်။ ကောင်းသွားမှာပါ။ နက်ဖြန်ဆရာဝန်ကြီးနဲ့ တွေ့တော့ အကျိုး အကြောင်းသိရမှာပဲ။ ခဏစောင့်ကြည့်လိုက်ပါဦး"နဲ့ ဖျောင်းဖျချော့မော့ရသေး တယ်။ ဖုန်းပြောနေ ဆဲ အခန်းထဲကို တစ်ဦးပြီးတစ်ဦး ရောက်လာလိုက်ကြတာ သိတဲ့သူတွေရော၊ မသိတဲ့သူတွေရော အခန်း နဲ့အပြည့်နီးပါးပါပဲ။ တချို့လည်း မိုးရေတွေစိုရွှဲလို့။
တစ်ယောက်စီ လိုက်ကြည့်မိတော့ ရင်းနှိးခင်မင်တဲ့ မော်လီ၊ ဂျိုး၊ အနွဲ့၊ ဘရုစ္စ၊ ခင်သိန်းရီ၊ ဒေးဗစ်၊ ဟယ်လင်၊ လီလီရင်...ကြည့်ရင်း ကြည့်ရင်းမျက်နှာတွေေ၀၀ါးလာတာကို မနည်းအားတင်းထားရပါ တယ်။ ဧကန္တ ချိုင်းထောက်နဲ့မို့ လိုက်မလာနိုင်တဲ့ သမီးမကေခိုင် ဟူစတန်တစ်မြို့လုံးကို ဖုန်းဆက် ပြီး ဒုက္ခပေးထားပုံ ရပါရဲ့။

ဒီကြားထဲမှာ ဖုန်းကလည်း အဆက်မပြတ် မြည်နေတာ ကျွန်မမထူးနိုင်တော့လို့ ၀င်းက ခိုင်ခံပြော ပြပေးနေရရှာတယ်။ ပြည်နယ်အသီးသီးမှာ ရောက်ရှိနေကြတဲ့ သားသမီးတွေဆီက အမေအ တွက် စိတ်ပူ လို့ သတင်းမေးကြတာပေါ့။ ကျွန်မပြောဖူးတယ် မဟုတ်လား။ ဆက်သွယ်ရေးကိစ္စနဲ့ ပတ်သက် လို့ ကတော့ ကျွန်မသမီးတွေက စိတ်ချရတဲ့ ဟိုဘက်ဆယ်ဘူတာမက လွန်နေပါသေး တယ်။ ဂြိုလ်တု က ပို့တဲ့သတင်းက နောက်ကျနိုင်ပါသေးတယ်။ သူတို့မောင်နှမချင်း ပို့တဲ့သတင်း က မိနစ်မဆိုင်း ရောက်ရှိသွားတော့တာပဲ။
သိချင်ဇောသောကနဲ့ မေးလာတဲ့ သားသမီးတွေကို ကိုယ်တိုင်ဖြေကြားပြီး မနှစ်သိမ့်နိုင်လို့ စိတ် မကောင်းဖြစ်ရတာ ကတစ်ပိုင်း၊ မိုးကြီးလေကြီးဖြစ်နေတဲ့ မုန်တိုင်းကြားမှာ မေတ္တာထားလာကြတဲ့ မိတ်ဆွေတွေ ကို အားနာမိတာကလည်း တစ်မျိုး၊ တင်ပါးနဲ့ ပေါင်တစ်လျှောက် မခံသာအောင် နာကျင် တဲ့ဝေဒနာ ကို ကြိတ်မှိတ်ခံစားရတာက တစ်ထွေ၊ ဆေးထိုးထား လို့မျက်ခွံတွေ လေးပြီး ကျေးဇူးတင် စကားတောင် မပြောနိုင်တဲ့ အခြေအနေမို့ စိတ်ရောလူရော ပင်ပန်းလိုက်တာ်။

နောက်ဆုံး ဆေးတန်ခိုး က လွှမ်းမိုးသွားလို့ ဘယ်အချိန်မှာ အိပ်ပျော်သွားမှန်းတောင် မသိလိုက်ပါ ဘူး။ ဆရာမလေး က လက်မောင်းကို အသာကိုင်ပြီး နှိုးမှ နိုးပါတော့တယ်။ မနက်လေးနာရီ ထိုးနေ ပြီတဲိ့လေ။ ဒဏ်ရာကတော့ နာဆဲပါပဲ။ စောစောစီးစီး သမီးကေသီက ဖုန်းဆက်လာပါတယ်။ တင်း ပါးရိုးကျိုးဥွားလို့ ခွဲစိတ် ရမှာဆိုရင် ဖလော်ရီဒါပြန်လာပြီးခွဲပါ။ ဂယ်ရီကလည်း ဆရာဝန်ဆိုတော့ သူ့ဆေးရုံမှာ လက်လှမ်း မီတာတွေ အများကြီးရှိတာမို့ အားလုံးက၀ိုင်းဂရုစိုက်နိုင်တာပေါ့လို့ ပြောပါတယ်။
ဒါပေမဲ့ လေယာဉ်ပျံနဲ့ ပြန်လာသင့်မသင့်ကို အရိုးအထူးကုဆရာဝန်ကြီးက ကျွန်မကို လာစစ်ဆေး ပြီးမှသူ့အဆုံးအဖြတ်ကို သိရအောင် ဂယ်ရီက ဆရာဝန်ကြီးဆီ ဖုန်းဆက်လိုက်မယ်တဲ့လေ။ ဆရာဝန်ကြီးရောက် လာပြီးတော့ သာမာန်ရိုက်တဲ့ ဓာတ်မှန်နဲ့ အရိုးအခြေအနေကို တိကျအောင် မပြောနိုင် တာကြောင့် Nuclear Machine မှာ ဓာတ်မှန်ရိုက်ကြည့်ရမယ်လို့ ညွှန်ကြားသွားလေရဲ့။

Nuclear Machine အောက်မှာ ပက်လက်အနေအထားနဲ့ ဓာတ်မှန်ရိုက်တာ ခေါင်းကလွဲပြီး တစ် ကိုယ်လုံး တဖြည်းဖြည်း ရွေ့လျားသွားတာ မိနစ်နှစ်ဆယ်လောက် ကြာမလားမသိပါဘူး။ ဓာတ်မှန် အဖြေ က နေ့ချင်းမရဘဲ နောက်တစ်နေ့မှ သိရမှာတဲ့။ ဒီတော့လည်း အဖြေကိုစောင့်လေဦးပေါ့လို့ ကျွန်မ ကတော့ ကျွန်မကတော့ စိတ်အေးအေးထားပြီး အခြေအနေကို လက်ခံထားလိုက်ပါတယ်။
ညနေကျ သမီးကေသီက ဖုန်းဆက်လာပြန်တယ်။ "တစ်မနက်လုံး မာမီရဲ့ဓာတ်မှန် အခြေအနေကို မသိရသေးတော့ စိတ်တွေပူပြီး  သမီးတစ်နေ့လုံး ဆီးသွားလို့မရဘူးဖြစ်နေတယ် မာမီ"တဲ့။
"ဟင်... သမီးအဖြစ်က ဒီတစ်ခါတော့ ပြောင်းပြန်ပါလား"လို့ ပြောရင်း ကျွန်မမှာ ရယ်ရသေးတယ်။ သမီးကေသီ ရဲ့ အားနည်းချက်တစ်ခုက သူစိတ်လှုပ်ရှားရင် တစ်ချိန်လုံး ဆီးသွားတော့တာပဲ။ ကျွန်မတို့ အမေရိကား ကို ပထမဆုံး ရောက်တဲ့နေ့က အမေကိုတွေ့ရတော့မှာဆိုပြီး စိတ်လှုပ်ရှား လွန်း တာကြောင့် လေဆိပ်က ရေအိမ်အပေါက်ဝမှာ ကာတွန်းတစ်အုပ်နဲ့ ထိုင်စောင့်ခဲ့ရသေးတဲ့ အထိ ဖြစ်ခဲ့ရတာ မဟုတ်လားနော်။

ဟော...အခုကျတော့ ၀မ်းသာလို့ဖြစ်ရတာနဲ့ ပြောင်းပြန်စိတ်ပူလို့ ဆီးသွားမရတော့နြပ်ဘူးတဲ့။ ကျွန်မ သားသမီးတွေ ကတော့ ဇာတ်ကြီးဆယ်ဘွဲ့ထက် သာအောင် ဇာတ်လမ်းစုံနဲ့ ပါပဲ။ ဒီမှာရှိတဲ့ သမီးကေခိုင် ကလည်း တစ်မှောင့်။ သူမလာနိုင်တိုင်း မြန်မာအသင်းကအစ ဟူစ္စတန်တစ်မြို့လုံးကို အကြောင်းကြား ထားတော့ ကျွန်မကို အဝေးကလာတဲ့လူနာဧည့်သည်ဆိုပြီး ကရုဏာပိုစွာနဲ့ သတင်းလာမေးသူတွေက မစဲတော့ ပါဘူး။
တကူးတက ကရိကထခံပြီး လာကြရတာမို့ အားနာတာနဲ့သမီးကို "ဘာလို့ လူတကာကို အကြောင်းကြား ရတာလဲ" ဆူလိုက်တော့ "မာမီအားငယ်မှာစိုးလို့ပေါ့"တဲ့လေ။
"ဆေးရုံရောက်နေပြီပဲ။ ဆရာဝန်ကောင်းတွေလက်ထဲမှာ ဘာအားငယ်စရာရှိလဲ။ ကိုယ်က သိတတ်ရမှာပေါ့။ လူတကာ ကို ဒုက္ခပေးတာ အားနာစရာကြီး"လို့ သမီးကို ဆိုဆုံးမလိုက်လို့ နား လည်သွားပြီ အောက်မေ့ပါတယ်။ ညနေလောက်ကျတော့ မျက်စိမျက်နှာပျက်ပျက်နဲ့ နွဲ့နွဲ့သွင်က ပျာယာခတ်ပြီး ရောက် လာပါရော။

"အံမယ်လေး...တော်ပါသေးရဲ့၊ မမခင်ကို ဒီအခန်းမှာတွေ့ရတာ။ နွဲ့က ဧည့်သည်မလာရဘူး ဆိုတာ နဲ့ ရောဂါသည်းပြီး ICUအရေးပေါ်အခန်းကို ရောက်သွားပြီး ထင်လို့ ရင်မပြီး အပြေးရောက် အောင် လာခဲ့၇တာ"တဲပ့။
"နေပါဦး၊ ဘယ်သူက ဧည့်သည်မလာရဘူးပြောထားလို့လဲ"နဲ့ သူပြောနေတာ သဘော မပေါက်လို့ ပြန်မေးရပါတယ်။
"၀င်း ဖုန်းဆက်ပြောတာပဲ။ ကေခိုင်က မာမီ့ဆီကို ဘယ်ဧည့်သည်မှ မသွားရဘူးဆို"တဲ့။
ဇာတ်လမ်း က ရှုပ်ထွေးနေတာနဲ့ မကေခိုင်ကို ဖုန်းဆက်မေးလိုက်တော့...
"အင်း..မာမီ က ဧည့်သည်တွေလာမေးကြတာ အားနာစရာကောင်းတယ်။ ဒုက္ခမပေးရဘူးဆို။ ဒါကြောင့် သမီး က ဆေးရုံမသွားကြဖို့ ပြန်ပြောရတာပေါ့"တဲ့။

ကောင်းပါလေရာ။ အစကတည်းက မပြောဘဲထားရင် ပြဿနာမရှိဘူးပေါ့နော်။ အခုကျမှ မလာစေ ချင်ဘူးပြောတော့ ကျွန်မ ကပဲ ကြီးကျယ်ရာ မကျပေဘူးလား။ မကေခိုင် လုပ်တာနဲ့ နှစ်ထပ်ကွမ်း အားနာ စရာတွေ ဖြစ်ရပါတော့တယ်။
နောက်တစ်နေ့မှာတော့ အရိုးအထူးကုဆရာဝန်ကြီး ရောက်လာပြီး ဓာတ်မှန်အဖြေကိုပြောပြပါ တယ်။ တင်ပါးဆုံရိုး က ကျိုးသွားတာမဟုတ်ဘဲ အက်ရုံ အက်သွားတာတဲ့။ ဒါပေမဲ့ လဲကျတဲ့အရှိန် က ပြင်းလို့အရိုးမှာဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်။ လောလောဆယ် ခြေထောက်ပေါ်မှာ လုံးဝ အား မပြုရဘူး။ အားပြုလိုက်တာနဲ့ အက်ကြောင်းကပိုဆိုးလာပြီး ခွဲစိတ်ရတဲ့ထိ ဖြစ်သွားနိုင်တယ် လို့သတိပေး ရင်း ရှင်းပြသွားပါတယ်။

ခွဲစိတ်ဖို့ မလိုအပ်ဘူးဆိုတာ သိရတော့ စိတ်ပေါ့သွားပြီး ဖလော်ရီဒါ မပြန်သေးဘဲ ဒီဆေးရုံမှာပဲ ဆက်လက်ကုသဖို့ ဂယ်ရီနဲ့ပါ တိုင်ပင်ပြီး ဆုံးဖြတ်လိုက်ပါတယ်။ အဝေးရောက်သားသမီးတွေက စိတ်ပူကြလို့ နေ့ညမပြတ် ဖုန်းဆက်သတင်းမေးကြ၊ လိုက်လာမယ် စီစဉ်ကြသူတွေကိုလည်း ဒုက္ခများကြမှာ စိုးတာနဲ့ ချော့မော့ဖျောင်းဖျပြီး မလာကြဖို့ တားရပါတယ်။ ဒီမှာအရာရာ ကိုယ်ထူ ကိုယ်ထ ကိုယ့်အား ကိုယ်ကိုး လုပ်ကြရတာ။ သားသမီးတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ အိမ်ထောင် ရှင်တွေအတွက် တာဝန်တွေထားပြီး ထွက်ခွာခဲ့ရမှာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။
နောက်နေ့မှာ သမီးကေသီ ပြောပြတဲ့သတင်းကြားရတာနဲ့ ကျွန်မရင်မောရပါသေးတယ်။ "မာမီ သမီး မနေ့က ဆေးရုံရောက်သွားတာ ဒီနေ့မှ ပြန်ဆင်းခဲ့ရတာ"တဲ့။

အကျိုးအကြောင်း မေးကြည့်တော့ သူဆီးမသွားနိုင်တာ ကျွန်မအတွက် စိတ်ပူလို့ဖြစ်တာပဲ ထင် နေခဲ့တာ။ အခြေအနေဆိုးလာပြီး မခံနိုင်မှ ဆေးရုံက အရေးပေါ်ကို ပြေးရတော့တာပါ။ စစ်ဆေးကြည့် တဲ့အခါကျမှ ဆီးအိမ် ထဲမှာရှိနေတဲ့ CYSTကပေါက်သွားလို့ ဖြစ်ရတာတဲ့လေ။ အခု တော့ကောင်းသွားပါပြ။ မာမီ စိတ်မပူနဲ့လို့ သူကတစ်ပြန် အားပေးလိုက်ပါသေးတယ်။
အကုသိုလ်တွေ ဒါနဲ့တင် ပြီးပြီလား အောက်မေ့ပါတယ်။ မဟုတ်ရသေးပါဘူး။ ကြွပါ၊ ထိုင်ပါ မဖိတ် ခေါ်ရတဲ့ အကုသိုလ် အဖော်တွေကလည်း အလိုလိုရောက်လာကြသေးတာနော်။ ဒီရက်ထဲမှာပဲ သမီးအထွေးဆုံး သူဇာ ကိုလည်း အဆုတ်အအေးမိတာ အဖျားမကျနိုင်လို့ ဆေးရုံတင်လိုက်ရသေး တာတဲ့။

ကျွန်မ စိတ်ပူမှာစိုးလို့ မပြောဘဲ ဖုံးထားကြတာနောက်မှ သိရပါတယ်။ ဒါကြောင့် ကျွန်မ ဆီလိုက်လာဖို့ စီစဉ်နေ ဆဲ ကေသီလည်း ညီမအတွက် စိတ်ချမထားခဲ့နိုင်လို့ အစီအစဉ်တွေ ဖျက်ရတယ်ပေါ့။
ကျွန်မလည်း တဖြည်းဖြည်း နည်းနည်းချင်း လှုပ်သာလွန့်သာရှိလာပေမဲ့ ဟိုဘက်ဒီဘက် မစောင်း နိုင်၊ မလှည်နိုင်သေး ဘူး။ ခြေထောက်ကတော့ လုံးဝကို မထောက်နိုင်သေးတာပေါ့။ ဆရာဝန် က လေးရက်နေ့ကျ လမ်းလျှောက်လေ့ကျင့်ရမယို့ ဆိုလာတယ်။ Therapist နှစ်ယောက်က ကျွန်မ ကိုတစ်ဖက်တစ်ချက ကူမပြီး ချိုင်းထောက်နဲ့ အိပ်ရာခုတင်ကနေ အခန်းပေါက်ဝ ထိ လေးငါးလှမ်း လောက်လျှောက်ခိုင်းပါတယ်။ ဒဏ်ရာရထားတဲ့ ညာဘက်ခြေထောက်ကိုတော့ လုံးဝ အားမပြု စေရဘူး။ ဘယ်ခြေထောက်နဲက လက်နှစ်ဖက်က ချိုင်းထောက်ကို တွန်းအားပြုပြီး လျှောက်စေ တာပါ။

နောက်တစ်ရက်ကျတော့ ခုတင်ကနေ တံခါးပေါက်၊ အဲဒီကနေ တစ်ဆစ်ချိုးပြီး စင်္ကြံအတိုင်းဆယ် လှမ်းလောက် လမ်းလျှောက်၇တာ တစ်နေ့ကို နှစ်ခါလေ့ကျင့်ခိုင်းပါတယ်။ ချိုင်းထောက်နဲ့ လမ်း လျှောက်ကျင့် ရလို့ သုံးလေးရက်ရှိတာ့ ဆေးရုံက ဆင်းခွင့်ပြုပါရော။ ကျွန်မလည်း သမီးနဲ့အပြိုင် "သူမပြန်လာပြီ" ဆိုတဲ့ စတိုင် ချိုင်းထောက်ကြီးနဲ့ အိမ်ပြန်ရာက်လာလေရဲ့။
ကျွန်မဆေးရုံးမှာ၇ှိနေဆဲ သုံးလေးရက်အတွင်း သမီး ယမင်းဆီက ဘာသတင်းမှမကြားရပါဘူး။ အားလုံး ထဲမှာ သူကစိတ်ပူလွန်ကဲတတ်လို့ ကျွန်မဆေးရုံတက်စက ဖုန်းတဂွမ်ဂွမ် ဆက်ပြီး သတင်းမေး၊ သူလိုက်လာခဲ့ ဖို့ စီစဉ်ဦးမယ်ဆိုပြီးမှ အသံတိတ်သွားတာအတွက် ထူးဆန်းသလို ဖြစ်လို့ သမီးကေခိုင် ကို မေးကြည့်တော့ "မာမီ့သမီး အလုပ်များနေလို့ပါ"နဲ့ ဖြေထားတာ။ ခု အိမ်ပြန်ရောက်မှပဲ သတင်းမှန်ကို သိရပါတယ်။

"မာမီ စိတ်ပူမှာစိုးလို့ သမီးကမပြောတာ။ ယမင်းဆေးရုံတင်ထားတယ်။ ဒီနေ့မှဆင်းမှာတဲ့။"
ကျွန်မ သမီး ယမင်းက အလွန်အလုပ်ကြိုးစားတာပါ။ အလုပ်တာဝန်ပိနေတဲ့အချိန်မှာဆို ထမင်းမေ့ ဟင်းမေ့အလုပ်မှာ ဇောကပ်ပြီး လုပ်တတ်သူမျိုးပါ။ သူတာဝန်ယူအုပ်ချုပ်ရတာကလည်း ဘဏ်ခွဲ ၁၃ခု ရှိတာမို့ တစ်ခါတလေ စားချိန်မရအောင်အလုပ်များတတ်ပါတယ်။ သူတို့ညီအစ်မ တစ်တွေ အားလုံးမှာ Hypoglycemia ခေါ်တဲ့သကြားဓာတ်နည်းတဲ့ ရောဂါရှိပါတယ်။
ခန္ဓကိုယ်မှာ သကြားဓာတ်အဆမတန် လျော့သွားပြီဆိုရင် ချက်ချင်းတစ်ခုခုအချိုဓာတ်ပါတာမျိုး စား လိုက်ပါမှ။ မဟုတ်ရင် တတုန်ကယ်ဖြစ်ပြီး မူးမေ့သွားနိုင်ပါတယ်။ အခုလည်း ဘဏ်ခွဲတစ်ခုကို သွားစစ်ရင်းရောက် ခါနီးမှ ကတုန်တကယင်ဖြစ်တနဲ့ပါလာတဲ့ တယ်လီဖုန်းနဲ့ ဘဏ်မန်နေဂျာကို အပေါက်ဝ က စောင့်ပေးပါလို့ အကြောင်းကြားလိုက်နိုင်လို့ ဘဏ်တိုက်ရှေ့ ကားလည်းရပ်ရော ယမင်းလည်း မူးပြီး သတိလစ်သွားတော့တာပဲတဲ့။ ကံကောင်းထောက်မစွာ ဘဏ်တိုက်ရောက်တဲ့ ထိ မဲတင်းမောင်း လာနိုင်သေးလို့ပေါ့။

ချက်ချင်းအရေးပေါ် 911ခေါ်ပြီး ဆေးရုံတင်လိုက်ရတာလို့ ပြောပြပါတယ်။ ကဲ..ဘယ်လောက်များ အံ့သြ စရာကောင်းလိုကလဲနော်။ ဒီရက်ပိုင်းအတွင်း အမေရော သမီးလေးယောက်စလုံးရော တစ်ယောက်ရောဂါ တစ်မျိုးစီနဲ့ တစ်ချိန်တည်း ဆေးရုံကိုရောက်သွားရတာ ကံကြမ္မရဲ့ဆန်း ကြယ်သော ပြုပြင်မှုတစ်ခုပါပဲ။
ဒါနဲ့ "အတိတ်ဘ၀မှာ ကျွန်မနဲ့ကေဦးက တစ်ဦးတစ်ယောက် လမ်းမလျှောက်နိုင်အော်င ရိုက်ချိုြး ပြီးနှိပ်စက် ကလူ ပြုမူမိပါလိမ့်မယ်။ ကေခိုင်ကပိုပြီးလုပ်တဲ့သူ ဖြစ်လိုကအဆိုးဆုံးခံ၇တယ်။ ကျွန်မ ကလည်း ၀ိုင်းဝန်းကူညီ နှိပ်စက်ခဲ့တာမို့ သူ့လောက်မဆိုးပေမဲ့ သူ့နီးပါးချိုင်းထောက် အားကိုးနဲ့မှ လျှောက်နိုင်တာ မဟုတ်လား။ ကေသီ၊ ယမင်း၊ သူဇာတို့လည်း နှိပ်စက်ကြတဲ့အထဲမှာ ရှယ်ယာ ကိုယ်စီပါကြတာကြောင့် တစ်ချိန်တည်းမှာ ဆေးရုံရောက်ရတာဖြစ်မယ်လို့ ရယ်စရာ ပြောတော့.."
"ဒေါ်ဖြင့် နော်မန်ကရော"တဲ့။ ကေခိုက်က မေးတာနဲ့...
"ဟဲ့. နော်မန်က ဘာဆိုင်လို့လဲ။ တို့မိသားစု ဖြစ်ပျက်ပုံပြောနေတာပဲ"ဆိုမှ နော်မန်ရဲ့ဇာတ်လမ်း ကိုကေခိုင်ကပြောပြပါတယ်။ ကျွန်မဆေးရုံတက်တဲ့နေက ရောက်လာပြီး နောက်တစ်နေ့မှာ တင်းနစ် သွား ကစားရာက ဒူးနာလို့ ဆေးရုံသွားပြတော့ သူလည်းဒူးခွဲလိုက်ရတာ အခု ချိုင်း ထောက်ကြီး နဲ့တဲ့။ ဖြစ်ရပုံကတော့ ယုံနိုင်ဖွယ် မရှိအောင်ကို တိုက်ဆိုင်ရခြင်းပါပဲ။

ဟူစ္စတန်က မြန်မာအသင်း ဥက္ကဋ္ဌရော၊ အတွင်းရေးမှုးနဲ့တကွ အသင်းသားများ ရဲ့ဝတ္တရားကျေမှု ကျေးဇူး တရားက ကြီးမားလှလို့ တစ်သက်တာမေ့မရနိုင်အောင်ပါဘဲ။ ဆေးရုံမှာရှိစဉ် တစ်နေ့ မ ပြတ် လာရောက် အားပေးကြတဲ့ အပြင်း စားစရာမျိုးစုံနဲ့လည်း ကျွန်မတို့သားအမိအတွက် ချက်ယူ လာကြသေးတာပါ။
ရယ်စရာ တစ်ခုကြုံရတာကလည်း ရှိသေးတယ်။ အတွင်းရေးမှုးဖြစ်တဲ့ ခင်သိန်းရီက လေးဆင့်ချိုင့် ကြီးနဲ့အပြည့် ထမင်း ဟင်းတွေချက်ပြီး ရုံးမသွားခင် တစ်မနက်မှာ ကျွန်မတို့အိမ်ရှေ့ချိုင့်ကြီးကို ချသွားလေရဲ့။ ရုံးကလည်း ၇ နာရီခွဲ တက်ရမှာဆိုတော့ ကျွန်မတို့ကို စောစောစီးစီးမနှိုးရက်တာနဲ့ ဒီအတိုင်းချထားခဲ့ပြီး ၈နာရီကျော်လောက်ကျမှ ဖုန်းဆက်ပြောပြပါတယ်။
"မမခင်တို့အိမ်ရှေကမှာ ခင်သိန်းရီ လေးဆင့်ချိုင့်ချထားခဲ့တယ်။ ထွက်ယူခိုင်းလိုက်ပါဦးနော်"တဲ့။

ကြည့်ခိုင်း လိုက်တဲ့သူက "ဘာချိုင့်မှမရှိပါဘူး"ဆိုတာနဲ့ ခင်သိန်းရီရဲ့ ရုံးကိုဖုန်းဆက် ပြောရပြန်တာပါ။
"ဟော့တော့်....ရပ်ထားတဲ့ ဟွန်ဒါကားအပြာရဲ့ ဘေးမှာ သေသေချာချာ ထားခဲ့တာပါ"တဲ့။ ဒါဆို ရင်တော့ အိမ်မှာ ထားခဲ့တာ သေချာပါပြီ။ ကေခိုင်မောင်းနေတာက ကားအဖြူလေ။
စောစော ကကြည့်ခိုင်းတဲ့သူကိုပဲ ရပ်ကွက်ထဲမှာ တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ ကားအပြာ ရှာပုံ တော်ဖွင့်ခိုင်းရတော့တယ်။ ကားအပြာရပ်ထားတာ မတွေ့ပေမဲ့ နှစ်လမ်းကျောက် အိမ်ရှေ့မှာတော့ ဧရာမလေးဆင့်ချိုင့်ကြီး က Drive Way အလယ်မှာ ၀င့်ကြွားထည်ဝါစွာနဲ့ အခံ့သားရှိနေလေရဲ့။

ကောက်လာပြီး အိမ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့ ထမင်းဟင်း ပူပူနွေးနွေးတွေက စားချင်ဖွယ် ရာမွှေးကြိုင် လို့။ ကားပြာရှင်ကတော့ ဒီပစ္စည်းကြီး ငါ့ကားနား ဘာကိစ္စရောက်နေ ရတာလဲ တွေး ပြီး အံ့သြနေမှာပဲထင်တယ်နော်"လို့ဖုန်းဆက်ပြောတော့..
"အင်း...ဟုတ်တယ် မမခင်။ ဒါမှမဟုတ်လည်း သူတိုကအမေရိကန်တွေက ဂြိုလ်တုလွှတ်နေပေမဲ့ ခင်သိန်းရီ တို့ မြန်မာထမင်းချိုင့် ကို မဖွင့်တတ်လို့ ဒီအတိုင်းထားခဲ့တာလားမှ မသိဘဲ"တဲ့။ ကျွန်မ တို့နှစ်ယောက် ပြောပြီး ရယ်ကြရသေးတယ်။
ဟူစ္စတန် မှာနေခဲ့ရတဲ့တစ်လုံး ကေခိုင့်အိမ်မှာ မီးခိုးတိတ်ပဲ။ အများရဲ့စောင့်ရှောက်မှု စေတနာနဲ့ လာပို့ကြ တဲ့ စားကောင်းသောက်ဖွယ်တွေက သားအမိနှစ်ယောက်အတွက် အလျှံပယ်ဖြစ်နေတော့ တာပဲ။ ကံပစ်ချရာ အလျောက် ပြည်ပကိုရောက်နေကြပေမဲ့ မြန်မာစိတ်ဓာတ်မပျောက်ဘဲ သဒ္ဓါတ ရားအပြည့်အ၀ နဲ့ မေတ္တာစေတနာ ထားနိုင်ကြတာအတွက် ၀မ်းသာပီတိနဲ့ ကျေးဇူးအနန္တတင်ရှိ မဆုံးဖြစ်ရပါတယ်။

ကျွန်မတို့ ဖြစ်ရပုံများကလည်းစိတ်ညစ်ရမဲ့အစား ရယ်စရာတောင် ကောင်းနေလိုက်သေးတယ်။ သမီးကိုပြုစုမယ်ဆိုတဲ့ အမေကလည်း ချိုင်းထောက်ကြီးနဲ့ မထူနိုင်မထနိုင်။ သမီးကလည်း ချိုင်း ထောက်နဲ့ မကူနိုင်၊ မ မနိုင်။ ဆေးရုံက ဆင်းပြီးပေမဲ့ ဆရာဝန်ကို အပတ်စဉ်ပြကြရတဲ့အပြင် Therapisteနဲ့ တစ်ပတ်နှစ်ခါ လေ့ကျင့်ခန်းယူရသေးတာလည်း အတူတူ။ ၀ိုင်းကူပေးကြတဲ့ မိတ် ဆွေကောင်းတွေ ရှိနေကြလို့ တော်ပါသေးရဲ့။

ဝါရှင်တန်မှာ သင်တန်းတက်နေရတဲ့ သားရွှေစင်ခမျာလည်း အဖေဆုံးပြီး သုံးလတိတိပြည့်တဲ့နေ့ မှာပဲ အမေက ချော်လဲပြီးဆေးရုံတက်ရတယ်ဖြစ်တော့ သူလည်းစိတ်တွေပူပေါ့။ ခွင့်ယူပြီးဆင်းလာ ခဲ့မယ်ဖုန်းဆက်ပါတယ်။ အလုပ်တောင်မ၀င်ရသေးဘူး။ သင်တန်းကာလအတွင်းမှာ အဖေ့အတွက် ခွင့်ယူ၊ အခုအမေ့ အတွက် တစ်ခါထပ်ခွင့်ယူရရင် လူကြားလို့မှမကောင်းတာကြောင့် ကျွန်မက မလာခဲ့ဖို့ တားတဲ့ အထဲက နားမထောင်ဘဲ ရောက်လာပါလေရော။
"မာမီ့ကို ပြုစုဖို့ သားခွင့်တစ်ပတ်ယူပြီး လာခဲ့တာ"တဲ့။
သားရဲ့ထားရှိ တဲ့ မေတ္တာစေတနာနဲ့ တာဝန်သိမှုကို သာဓာအကြိမ်ကြိမ်ခေါ်ရင်း ရင်မှာကြည်နူးပီတိ နဲ့အတူကျေးဇူးတင်ရှိရပါတယ်။

ဆေးရုံက ဆင်းပြီးကတည်းက မြန်မာမိတ်ဆွေများရော ကေခိုင်ရဲ့ တခြားအပေါင်းအသင်းများကပါ ၀ိုင်းဝန်း စောင့်ရှောက်ကြလို့ စားရေးသောက်ရေး မပူရ၊ ဆေးရုံ သွားပြရေးလည်း မကြောင့်ကြရအောင် အဆင်ပြေ ပေ မဲ့ ကိုယ်လက်သန့်စင်ရေးအတွက် ကိုယ့်ဟာကိုယ် ရေပတ်တိုက်ရုံက လွဲပြီး ရေချိုး ခေါင်းလျှော် ကိစ္စတွေ မလုပ်နိုင်တာမို့ အခက်အခဲ ကြုံနေရတယ်ပေါ့။
သားရောက် လာမှပဲ အမေနဲ့ အစ်မကို လိုအပ်မှန်သမျှ အရိပ်ကြည့်ပြီး လုပ်ပေးရတာတွေ အပြင် ရေချိုး ခေါင်းလျှော် ဖို့ ရေအေး၊ ရေနွေး စပ်ပေး၊ တစ်ယောက်ကို တစ်လှည့် စီ ပွေ့ချီပြီး ရေကန် ထဲ ရောက်အောင် ချပေးနဲ့ စိတ်ရှည်ရှည် လုပ်ပေးရှာလို့ ကျွန်မတို့သားအမိ သန့်သန့် စင်စင် ဖြစ်ရတော့တယ်။

သား ပြန်သွားပြီးတော့ သမီးကေသီက ဆရာဝန် ခွင့်ပြုချက်ရရင် သူ့အစ်မကေခိုင်ပါ ကျွန်မနဲ့အတူ ဖလော်ရီဒါ ကို လိုက်လာပြီး သူ့အိမ်မှာ လာနေကြဖို့ စီစဉ်ပါတယ်။ ကျန်တဲ့ သားသမီးတွေက အလုပ်ကိုယ်စီ နဲ့ဆိုတော့ ခွင့်ရသည့်တိုင်အောင် တစ်ပတ်ထက် ပိုကြာကြာကူဖို့ မလွယ်ကူကြဘူးလေ။ ဘွဲ့နှစ်ခု နဲ့ ကျောင်းပြီးထားတဲ့ မကေသီကျတော့ အိမ်ထောင်ကျကတည်းက အလုပ် က ထွက်လိုက်ရတာကြောင့် အိမ်ရှင်မ အနေနဲ့ အချိန်ပြည့် ကျွန်မတို့ကို စောင့်ရှောက်ပေးနိုင်တယ်ပေါ့။
ဆရာဝန်က တစ်လပြည့် ပြန်လည်စစ်ဆေးပြီးမှ သွားခွင့်ပြုနိုင်မယ် ဆိုတာ နဲ့ နောက် တစ်ပတ်လောက် စောင့်ပြီးတာနဲ့ သားအမိနှစ်ယောက် ချိုင်းထောက်ကိုယ်စီနဲ့ Wheel Chair တစ်ယောက် တစ်စီးစီနဲ့ ဖို့ဒ်လော်ဒါဒေးလ် လေဆိပ် ကို ရောက်လာကြပါရော။ လာကြိုကြတဲ့ သမီးကေသီ၊ သူဇာနဲ့ အိန္ဒာ မောင်နှမ သုံးယောက်က ခရီးသည်တွေနောက် Wheel Chair ကြီးတွေနဲ့ တန်းစီး ဆင်းလာတဲ့ ကျွန်မ တို့နှစ်ယောက် ကို တွေ့တော့ ငိုအားထက် ရယ်အားသန်စွာနဲ့ ၀ိုင်းရယ်ကြပါလေရဲ့။

သမီး အိမ်ရောက်ပြီး အေးအေးဆေးဆေး နေသားတကျ ရှိတော့မှ အလုပ်က ခွင့်ရက်ရှည်ရဖို့ ကျွန်မ ကိုယ်စား အကျိုးအကြောင်း ပြောပြပြီး တောင်းခိုင်းထားတဲ့ကိစ္စ မေးကြည့် ဖြစ်ပါတယ်။
"ဘာမှ မေး မနေနဲ့။ သမီးက မာမီ အလုပ်က အပြီးထွက်လိုက်ပြီလို့ Jim ကို အပြတ်ပြောလိုက်ပြီးပြီ"တဲ့။
"ဟောတော့ ... ဘယ်လို လုပ်လိုက်တာလဲ သမီးရယ်" လို့ ကျွန်မ မကျေမနပ်နဲ့ မေးရပါတယ်။
"ဟုတ်တယ်လေ။ မာမီအသက် ၆၆နှစ်ကျော်လို့ ၆၇နှစ်တောင် ပြည့်တော့မှာ။ အလုပ်လုပ်ရမဲ့ အရွယ်လည်း မဟုတ်တော့ဘူး။ သားသမီးတွေလည်း သူတို့ပညာ သူတို့အလုပ်ကိုယ်စီနဲ့ မာမီ ဘာပူစရာ ရှိတော့လို့လဲ။ ဟိုတုန်း ကတည်းက အလုပ်မလုပ်ပါနဲ့တော့ ပြောရက်သားနဲ့ မာမီခေါင်းမာနေတာ အခု ဖြစ် လိုက်တာ ကောင်းတယ်။ သမီးက ဒါကို အခွင့်ကောင်းယူပြီး အပြီးထွက်တယ် လို့ ပြောထား လိုက်တာပေါ့" တဲ့။

မကေသီက အမေကို လက်ချာအရှည်ကြီး ရိုက်ပြီး ရှင်းပြနေလေရဲ့။
တကယ်တော့ မတော်တဆ ထိခိုက်လိုက်တဲ့ ဒီအဖြစ်က ကျွန်မဘ၀ရဲ့ တစ်ဆစ်ချိုး လမ်းပေါ်ကို ရောက်ရှိ သွားရအောင် တွန်းပို့လိုက်ခြင်းပါပဲ။ သမီး ကေသီ ပြောတဲ့အတိုင်း သားသမီးတွေအားလုံးက အလုပ်က အနား ယူဖို့ပြောခဲ့တာ ကြာပါပြီ။ ကျွန်မ ကိုယ်က အိမ်မှာ ဇိမ်ကျကျ နေရတာထက် လှုပ်လှုပ်ရှားရှားနေရမှ အသက်ရှူ ၀တတ်တာကြောင့် အရှိန်မလျှော့နိုင် ဖြစ်နေရခြင်းပါ။
အခုလည်း အလုပ်မရှိဘဲ ကျွန်မ ဘာဆက်လုပ်ရပါ့မလဲ အတွေးဝင် နေမိပါတယ်။ တော်ပါသေးရဲ့။ သမီး ကေသီ ရဲ့ အိမ်မှာဆိုတော့ မြေးငယ် နှစ်ယောက်နဲ့ စိုစိုပြည်ပြည် ဖြစ်နေတဲ့အပြင် သမီးကေခိုင်ပါ အတူ ရှိနေ တော့ မိသားတစ်စု ငယ်ဘ၀ကလို တသိုက်တ၀န်း ပြောကြဆိုကြ၊ ရယ်ကြမောကြနဲ့ ချိုင်းထောက်ကိုယ်စီ နဲ့ ဒုက္ခိတဘ၀ဆိုတာတောင် နှစ်ယောက်သား မေ့နေကြပါတယ်။

ဆက်လက်ပြသရ မဲ့ ဆေးစစ်မှုတွေကို ဖလော်ရီဒါမှာ ရှိတဲ့ မိတ်ဆွေရင်း အရိုးအထူးကု ဆရာဝန်ကြီး ဒေါက်တာစိန်လွင် က မေတ္တာနဲ့ တာဝန်ယူ ကြည့်ရှုပေးတာကြောင့် အစစ အဆင်ပြေတဲ့အပြင် သမီး ကေသီ က အမေနဲ့အစ်မကို အခုလို သူ့အိမ်မှာ အတူတကွ ရှိနေရတာ သူ့အတွက် အခွင့်ကောင်းကြီးလို သဘောထားပြီး ၀မ်းသာပျော်ရွှင်စွာနဲ့ ဂရုစိုက်ပြုစုပေးရှာပါတယ်။
မိသားစု ဆိုတာ တစ်ဦးနဲ့တစ်ဦး အမှီပြုပြီး ယှက်နွယ် ရှင်သန်အားထားနေကြရတာပါ။ လူသားများပီပီ တစ်ခါ တစ်လေ ငြင်းမယ် ခုံမယ်၊ အနိုင်ယူပြမယ်၊ စိတ်ကောက် စိတ်ဆိုးမယ်၊ ခု ရန်ဖြစ် ခုပြန်ချစ်၊ တစ်ဖက် လှည့်လိုက်တာ နဲ့ မကျေနပ်တာတွေ မေ့ပျောက်သွားကြမြဲ။ ဘယ်လိုအခြေအနေနဲ့ဖြစ်ဖြစ် မိသားစု အတူတကွ ရှိနေခြင်း ကိုက အားမာန်သစ်တွေ ဖြစ်စေပြီး ရယ်မောပျော်ရွှင် ကြည်နူးချမ်းသာရတာ မဟုတ် လားနော်။

ဒီလိုနဲ့ သမီးကေသီရဲ့ ပြုစုစောင့်ရှောက်ပေးမှုအောက်မှာ တဖြည်းဖြည်း သက်သာလာတာ တစ်လ ကျော်ကျော်ကြာတော့ သမီးရော ကျွန်မပါ ချိုင်းထောက် အကူမပါဘဲ လမ်းလျှောက်နိုင် စပြုပါပြီ။ ကေခိုင် လည်း မကြာခင် အလုပ်ပြန်ဝင်ရတော့မှာကြောင့် နေရင်းဌာနေ ဟူစ္စတန် ကိုပြန်ဖို့ ပြင်ဆင်ရတယ်ပေါ့။ ဒီအချိန်မှာ ကာလီဖိုးနီးယားက သူငယ်ချင်း လှလှမြင့်တို့ ဇနီးမောင်နှံက ကျွန်မ ဆီ လာလည်ကြမယ် ဆိုတာနဲ့ ဧည့်သည်တွေအတွက် အဆင်သင့်ဖြစ်ဖို့ ကေခိုင် ပြန်တာနဲ့ သန္တာစမ်းမှာရှိတဲ့ ကျွန်မအိမ် ကို ပြန်ပြောင်း ဖြစ်ပါတယ်။

သူငယ်ချင်း ရောက်လာတော့ ကျွန်မတို့နှစ်ယောက်သား ကွဲကွာနေခဲ့ရတဲ့ ၁၃နှစ်စာ အဖြစ်အပျက်တွေကို အတိုးချ ပြောလိုက်ကြတာ တစ်နေကုန် မကဘူး။ တစ်ခါတလေ ညဥ့်နက်တဲ့ထိ ပြောမပြီးကြဘူး။ သူငယ်ချင်း ကျတော့ ကိုယ်အသုံးကျတာ မကျတာ အကုန်သိပြီး ကိုယ့်ကို အရှိအတိုင်း လက်ခံပြီး ချစ်တဲ့သူ ဖြစ်လို့ ကောင်းကောင်း ဆိုးဆိုး အိတ်သွန်ဖာမှောက် ပြောပြ ရင်ဖွင့်လို့ရတဲ့သူ မဟုတ်လား။ မိတ်ဆွေ နဲ့ သူငယ်ချင်းက မတူဘူးလေ။ မိတ်ဆွေကျ သူပြောတကို ယဉ်ကျေးလိုက်လျောစွာနဲ့ နားထောင်ပေးရုံ ကလွဲ ပြီး ကိုယ့်အကြောင်း ကောင်းဆိုး ရင်ဖွင့်လို့ရတာမှ မဟုတ်တာ။ အဲ ... အသိကျတော့ တစ်ယောက် အကြောင်း တစ်ယောက် သိကြသေးတာ မဟုတ်လို့ သတိနဲ့ ဆက်ဆံရတာမျိုး။ ဒါကြောင့် သူငယ်ချင်း ကောင်းကို အသိမိတ်ဆွေတွေထက် တန်ဖိုးထားစရာ ရတနာတစ်ပါးလို့ တင်စားကြ တာ ဖြစ်မှာပေါ့နော်။

ခါတိုင်းဆိုရင် အလုပ်တစ်ဖက်နဲ့မို့ ဧည့်သည်အတွက် စိတ်ရှိသလောက် ၀တ္တရားကျေနိုင်မှာ မဟုတ်ပါဘူး။ ခုတော့ နောက်ဆံတင်းစရာ မရှိဘဲ စိတ်လွတ်လပ် ပေါ့ပါးစွာနဲ့ သူငယ်ချင်းဇနီးမောင်နှံကို အနီးအနားက ကြည့်စရာ လည်စရာ နေရာတွေ ကို အနှံ့ရောက်အောင် လိုက်ပို့ပေးနိုင်တဲ့ အပြင် ရောက်သင့်ရောက် ထိုက်တဲ့ ၀ါရှင်တန်၊ နယူးယောက်မြို့ကြီးတွေနဲ့ သမီးကေခိုင်ရှိရာ ဟူစ္စတန်၊ တက္ကဆက်ပြည်နယ်အထိ တကူး တက အချိန်ယူ လိုက်ပို့ပေးနိုင်ခဲ့တာကြောင့် အလုပ်က ဇွတ်အတင်း အနားယူဖြစ်အောင် ဖန်တီးပေးခဲ့ တဲ့ သမီး ကေသီကို ကျေးဇူးတင်ရပါသေးတယ်။

Henry Alford က သူငယ်ချင်း မရှိတဲ့ ဘ၀က နေမရှိတဲ့ ကမ္ဘာလို၊ ရေမရှိတဲ့ ကန္တာရ လို မှောင်မည်း ခြောက်သွေ့နေမှာပေါ့တဲ့။
သူငယ်ချင်း နဲ့ ပြန်ဆုံစည်းရတဲ့ ကျွန်မအဖို့ ချက်ချင်းလက်ငင်း အသက်ငါးဆယ်လောက် ပြန်ငယ်သွားသလို ခံစားရပြီး နှစ်ယောက်သား ဆယ်ကျော်သက်တွေအတိုင်း မြင်တွေ့ရသမျှ ရယ်မောစရာချည်း ဖြစ်နေတော့ တာမို့ သွားရတဲ့ ခရီးမှာ စိတ်လွတ်ပေါ့ပါး ပျော်ရွှင်လင်းလက် စိုပြည်နေပါတော့တယ်။

ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ ချမ်းမြေ့ခြင်း စတဲ့ စိတ်ခံစားရမှုတွေလည်း အခြားအခြားအရာများနည်းတူ အစဉ် တည်မြဲနေတာ မဟုတ်ပါဘူး။ သူငယ်ချင်းနဲ့အတူ နှစ်လတာမျှ ပျော်ခဲ့ရပြီးတဲ့နောက် ခွဲခွာရခြင်းဆိုတဲ့ အကြောင်းတရားနဲ့ ကြုံရတဲ့အခါကျ ပျော်ရတာတွေ နေထိတဲ့ နှင်းပွင့်တဲ့ ပျောက်ကွယ် ဆိတ်သုဉ်းသွားရ တာပါပဲ။ ဘ၀မှာ မပြတ်မလပ် ကြုံတွေ့နေရတဲ့ အဲဒီနိယာမတွေရဲ့ အပြောင်းအလဲဒဏ်ကို ကြံကြံခံနိုင် ဖို့ နှစ်ဦးကိုယ်စီ အားတင်းကြရင်း ဘ၀ခရီးကို တစ်လမ်းစီ ဆက်လျှောက်ကြရပြန်ပါရော။

မြင့်တို့ ပြန်သွားပြီးတာနဲ့ အိမ်ကြီးတစ်လုံးနဲ့ ကျွန်မ တစ်ယောက်တည်း ကျန်ခဲ့ရတော့ ရင်ထဲမှာ ဟာလို့။ အခန်းစေ့ လိုက်ကြည့်ရင်း သိုက်မြုံမှာ တစ်ကောင်တည်း ကျန်ခဲ့ရတဲ့ အထီးကျန်ငှက်မ လို ယောင်ချာချာနဲ့ ပေါ့။ ဒါ့ကြောင့် အိမ်ရောင်းဖို့ကိစ္စ အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်နိုင်ဖို့ စီစဉ်ရပါတယ်။ မြန်မာပြည်မှာ အရောင်းအ၀ယ် လုပ်တာလို စနစ်ချင်း မတူတာကြောင့် ဒီကပုံစံအတိုင်း အိမ်ပွဲစား ဆီမှာ စာရင်းသွင်းထား ပြီး အိမ်လာကြည့်တဲ့သူတွေ စိတ်ဝင်စားအောင်လည်း အိမ်ကို လှပသန့်ရှင်း ဖိတ်ဖိတ်လက်နေအောင် သထားရပါသေးတယ်။

မြန်မာပြည်မှာ အိမ်ရောင်းတာက လက်ငင်းငွေစနစ်မို့ ဈေးတည့်ပြီးတာနဲ့ ချက်ချင်း လက်ထဲငွေရောက်၊ စာချုပ်လက်မှတ်ထိုးပြီး ကိစ္စက ပြတ်ကြရောလေ။ ဒီမှာက ဘယ်လောက် ချမ်းသာ ချမ်းသာ လက်ငင်း ငွေချေ ပေးဝယ်သူ မရှိပါဘူး။ ဘဏ်တိုက်က ၁၅နှစ်ဆပ်၊ သို့မဟုတ် နှစ် ၃၀ဆပ်စနစ်နဲ့ ငွေချေးပြီး ၀ယ်ပါ တယ်။ အိမ်ဝယ်လို့ ပေးရတဲ့ ဘဏ်တိုးငွေကို နှစ်ကုန်လို့ အစိုးရကို ပေးသွင်းရတဲ့ ၀င်ငွေခွန်ထဲက ခုနှိမ် ကင်းလွတ် ပလပ်ခွင့် ရှိတာမို့ ဒီနည်းကို သုံးပြီး ၀ယ်ကြရတာပါ။
ဒါကြောင့် ကိစ္စက လွယ်လွယ်နဲ့ မပြီးဘဲ အချိန်ပိုကြာ၊ အလုပ်လည်း ပိုပြီး ရှုပ်လေတယ်ပေါ့။ ဘဏ် က ချေးငှားတယ်ဆိုတာကလည်း လွယ်လွယ်ရတာ မဟုတ်ပါဘူး။ သူ့မှာ ရှိထားတဲ့ စည်းကမ်းဘောင်အတွင်း ၀င်ပါဦးမှ။ နံပါတ်တစ်က Credit ကောင်းသူ ဖြစ်ရပါဦးမယ်။ ဒီမှာ အများအားဖြင့် လက်ထဲ ငွေစက္ကူ ကိုင်သုံး တာထက် Credit Card ကိုင်သုံးကြတာက ပိုလွယ်ကူတာကြောင့် နာမည်ကောင်း တစ်ခု ရှိထားဖို့ သိပ်အရေးကြီးပါတယ်။

Credit Card နဲ့ သုံးထားသမျှကို လစဉ် အချိန်မှန် လေးလေးစားစား ပြန်ဆပ်တဲ့သူမျိုးမှ နာမည်ကောင်း ရှိတာမို့ အဲလိုလူမျိုးဆိုရင် ချေးငှားရ လွယ်ကူတယ်ပေါ့။ ဒီတစ်ခုတည်းနဲ့လည်း ပြီးသေးတာ မဟုတ်ဘူး။ ချေးငှားလိုသူရဲ့ လစဉ် ၀င်ငွေကလည်း ခိုင်ခိုင်လုံလုံ ရှိပါဦးမှ။ သူ့ရဲ့ မှီခိုသူတွေ ဘယ်လောက် ရှိတယ်၊ ၀င်ငွေနဲ့ သုံးငွေ မျှတဲ့သူ ဖြစ် မဖြစ်ကိုလည်း စိစစ်ပါသေးတယ်။ အဘက်ဘက်က ခိုင်လုံတယ် ဆိုတာ သေချာ မှ ဘဏ်တိုက်က ထုတ်ချေးတာပါ။
အဲဒီလို စစ်ဆေးတာတင် မကသေးဘူး။ ၀ယ်ယူမဲ့ အိမ်ရဲ့တန်ဖိုးနဲ့ အခြေအနေကိုလည်း ရာဖြတ်က လာပြီး အသေးစိတ် လေ့လာတွက်ချက်ပြီး ကြည့်ပါတယ်။ သူတို့ တွက်ချက်ထားတဲ့ တန်ရာတ်ဖိုးနဲ့ မကိုက်ညီရင် ဘဏ်တိုက် က လက်မခံပါဘူး။ ဒါကြောင့် အရောင်းအ၀ယ် ဈေးပြီးတဲ့တိုင်အောင် စာရွက်စာတမ်း ပြည့်စုံဖို့၊ ဘဏ်တိုက်က ချေးငွေရဖို့ စတဲ့စတဲ့ ကိစ္စအ၀၀ကို စောင့်ဖို့က အနည်းဆုံး တစ်လ နှစ်လ ထပ်ပြီး ကြာတတ် ပါသေးတယ်။

ဒါတွေအားလုံးက ၀ယ်မဲ့သူဘက်က လှုပ်ရှားရမဲ့ ကိစ္စတွေပေါ့။ ရောင်းသူကတော့ ကိုယ့်အိမ်မှာ ရှိတဲ့ ရေခဲ သေတ္တာ။ လျှပ်စစ်မီးဖို၊ ပန်းကန်ဆေးစက်၊ အမှိုက်ကြိတ်စက်၊ အ၀တ်လျှော်စက်၊ အ၀တ်ခြောက်စက်၊ လေအေးစက်၊ လေပူစက်၊ ပန်ကာ စတဲ့ နေ့စဉ်သုံးစက်မှန်သမျှ အကုန်ပြောစရာ မရှိအောင် ကောင်းမွန်စွာ အခြေအနေနဲ့ လှုပ်ရှားလည်ပတ်ပြီး တစ်ခုမှ ချို့ယွင်းတာ မရှိစေရအဖြစ် ရှိနေရမယ်။ ခန်းလုံးပြည့် ခင်းထား တဲ့ ကော်ဇော်တွေ သန့်စင်ရမယ်။ တစ်အိမ်လုံး ဖြစ်နိုင်ရန် ဆေးသစ် သုတ်ထားရမယ် စသဖြင့်မျိုးပါပဲ။

သားရွှေစင်က သူ ၀ါရှင်တန် မသွားခင်ကတည်းက ကြိုတင်ပြီး အိမ်ဆေးသုတ်တာရော သန့်စင်ရေးမှန်သမျှ လုပ်ထားခဲ့တာ မို့ ကျွန်မအနေနဲ့ အိမ်ရောင်းပန်းလှဖို့ကိစ္စ သိပ်အားမထုတ်ရပါဘူး။ နေ့စဉ် သန့်ရှင်း သပ်ရပ် လှပနေအောင်တော့ ဂရုစိုက်ပြီး ပြင်ဆင်ထားရပါတယ်။ အိမ်ကြည့်သူ လာမယ်ဆိုတာ ပွဲစားက ဖုန်းဆက် ရင် အိမ်ထဲဝင်လာသူ စိတ်ကြည်နူးအောင် ပြတင်းတံခါးတွေ ဖွင့်၊ မီးတွေဖွင့်ပြီး အလင်းရောင်များများ ရအောင်စီစဉ်၊ ငြိမ့်ငြိမ့်အေးအေး သီချင်းလေးကို ခပ်တိုးတိုး ဖွင့်ထားပေးရုံလောက်ပါပဲ။ အိမ်ကြည့်သူကို ကျွန်မ လက်ခံစကားပြောစရာတောင် မလိုပါဘူး။ ပွဲစားက တာဝန်ယူပြသွားရုံနဲ့ ကိစ္စပြီးပါတယ်။

ကျွန်မ ကံကောင်းတယ်လို့ ဆိုရမယ် ထင်ပါရဲ့။ အိမ်ရောင်းဖို့ ပွဲစားလက် အပ်လိုက်ပြီး ကြာကြာတောင် မစောင့်လိုက်ရပါဘူး။ ၁၃ရက်အတွင်း လာကြည့်တဲ့သူ တစ်ဦးနဲ့ ဈေးတည့်သွားပါရော။ ၁၉၉၁ ခုနှစ် အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးကပ် ဆိုက်နေဆဲကာလမို့ ဒါလောက် မြန်မြန်ဆန်ဆန် အရောင်း အ၀ယ် ဖြစ်သွားတာအတွက် မိတ်ဆွေများက အံ့သြကြရပါတယ်။ ကံက ပြုပြင်လာပြီဆိုရင်လည်း အခက်အခဲထဲက ချော့မွေ့တာတွေ မယုံနိုင်စရာတွေ ကြုံတွေ့ရတတ်ပါတယ်နော်။
တစ်ဖက်မှာလည်း ကျွန်မ အိမ်ရောင်းတဲ့ကိစ္စ ပြီးပြတ်သွားတဲ့အခါ အဆင်သင့် ပြောင်းလာနေနိုင်ဖို့ သမီး ကေသီ က သူ့အိမ်ငှားတွေကို ကြိုတင်နို့တစ်ပေးပြီး ထွက်ခိုင်းတာမို့ အဆင်သင့် ဖြစ်နေပြီလေ။ သားငယ် အိန္ဒာ က သူကိုယ်တိုင် လာပြီး ကျကျနန ဆေးသုတ်ပေးထားလို့ အိမ်လေးက သစ်လွင်တောက်ပ လို့။ ဒီတော့ စိတ်ကြိုက်ပရိဘောဂတွေ ၀ယ်ဖို့ နေ့တိုင်းလိုလို သမီးကေသီနဲ့ ဈေးထွက်ရတာကလည်း အလုပ် တစ်ခုပါပဲ။

အိမ်အလှပြင်တဲ့ နေရာမှာတော့ ကျွန်မသားသမီးတွေက အားကိုးရပါတယ်။ အထူးသဖြင့် ကေသီ၊ ယမင်း၊ ရွှေစင်နဲ့ အိန္ဒာတို့က အနုပညာမျက်စိ ရှိတာမို့ ဘယ်ပစ္စည်း ဘယ်နေရာမှာ ဘယ်ပုံစံနဲ့ ထားရမယ်က အစ အသေးစိတ် စီမံရွေးချယ်တတ်တာကြောင့် ကျွန်မအနေနဲ့ အိမ်လေးက တဖြည်းဖြည်း မကေသီ စိတ်ရှည်စွာ ရွေးချယ် ၀ယ်ပေးထားတဲ့ ပရိဘောဂတွေနဲ့ ပြည့်စုံလာတော့ မဂ္ဂဇင်းထဲက ပုံစံလေး လို နေချစ်စဖွယ် ဖြစ်နေ တော့တယ်။
ကျွန်မအတွက် အစစ အဆင်ပြေချင်တော့ ၀ယ်သူဘက်က ကိစ္စအ၀၀ စာရွက်စာတမ်းတွေ ပြည့်စုံလို့ ၀တ်လုံနဲ့တကွ အသိသက်သေရှေ့မှာ အရောင်းအ၀ယ် စာချုပ်လက်မှတ်ရေးထိုးပြီး ငွေပြေချေမဲ့နေ့ ဧပြီလ ၁၅ရက် ဖြစ်နေပါရော။

မန္တလေးသူ ပီပီ အတိတ်ကောင်း နိမိတ်ကောင်း မင်္ဂလာယူပြီး မှတ်မှတ်ရရ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အနားမှာရှိ တဲ့ သားသမီး စုံညီစွာနဲ့ ကျွန်မ အိမ်သစ်ကို ပြောင်းဖြစ်တယ်ပေါ့။
နှစ်သစ် မှာ စိတ်သစ်လူသစ်နဲ့ နေရာသစ်မှာ ဘ၀တစ်ခုကို အေးချမ်းစွာ တစ်ကိုယ်တည်း အဖြစ်နဲ့ စတင် တည်ဆောက်ရတော့ မှာမို့ ကြည်နူးပျော်ရွှင်လျက် ဆိုပါတော့။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, March 24, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၄)

"အန်တီခင်...ဦးလေးမောင် အခု သုံးနာရိက ဆုံးသွားပြီ"တဲ့။
မိုးမချုန်း ဘဲ ရုတ်တရက်မိုးကြိုးပစ်ခံလိုက်ရတဲ့အတိုင်းပါပဲ။ စောစောက ၀မ်းသာတဲ့စိတ်ကလေး အစိတ်စိတ် အမြွှာမြွှာ ကြွေလွင့်သွားပါတော့တယ်။
"ဒီသတင်းဆိုး ကို မကြာခင်အဖေရောက်လာတော့မယ်လို့ မျှော်လင့်ထင်မှတ်နေတဲ့ ကျွန်မ သားကို ဘယ်လို ပြောရပါ့"
သားခံစားနေရ မဲ့ နှလုံးသား ဝေဒနာကို စာနာကူးစက် ခံစားကြည့်ရင်း ကျွန်မနှလုံးသားတွေ ကြွေမွ သွားပါတော့ တယ်။
ကို ဆက်ဖတ်ရန် .....

အပိုင်း (၅၆)

"လူဘ၀ဆိုတာ ရခဲမျှ"လို့ ဗုဒ္ဓရှင်တော ဘုရားက ဟောကြားခဲ့ပါတယ်။ ရခဲမျှတဲ့ လူ့ဘ၀ကို တန်ဖိုး ရှိစွာနဲ့ အသုံးချသွားနိုင်ရင်တော့ ရယူရကျိုးနပ်တာပေါ့နော်။
လူ့လောကကြီးမှာ နေရတဲ့အခိုက် ကိုယ့်အသိုင်းဝိုင်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ်လူ မျိုးနဲ့ အတူတကွ ထိတွေ့ရသူ အားလုံးအပေးမှာ လူသားချင်းစာနာစိတ်နဲ့ မေတ္တာစေတနာထား ပြီးတာဝန်ကျေမှ အဓိပ္ပာယ် ရှိတဲ့ ဘ၀လို့ဆိုနိုင်မှာပါ။ ကိုယ့်အတွက် လုပ်ခဲ့တဲ့ ကုသိုလ်အကုသိုလ် တွေကကိုယ်သေတဲ့အခါ စွမ်းအင်တစ်ခု အဖြစ် အတူပါသွားပြီး ကိုယ်ကျိုးမဖက် သူတစ်ပါးအတွက် လုပ်ခဲ့တာတွေက ကိုယ် မရှိတော့ပေ မဲ့ နာမည်လေးတစ်ခု ကျန်ခဲ့ရစ်တယ်ပေါ့။
လူသားတိုင်း ကိုယ့်ရဲ့ရရှိခဲမျှဘ၀ကို တိုးတက်ကောင်းမြတ်တဲ့အဖြစ် ရောက်ရှိအောင် ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်အကြောင်း တရားတွေနဲ့ ကြိုးစားအားထုတ်ပြီး နေသွားလိုသူတွေချည်းပါပဲ။ ပုထုဇဉ်များ ဖြစ်လို့ အားနည်းချက်တွေ နဲ့ မှားယွင်းတိမ်းချော်မှုတွေလည်း ရှိကြမှာ မလွဲပါဘူးလေ။

လူလောက ဇာတ်ခုံမှာ ကန့်လန့်ကာချ ဇာတ်သိမ်းသွားပြီး ဖြစ်တဲ့ဦးမြလှိုင်ရဲ့ဘ၀ကို ကျွန်မ ဆန်းစစ် ကြည့်မိ ပါတယ်။
ဘ၀ကို ရာထူးဂုဏ်သိမ်၊ စည်းစိမ်ဥစ္စာတွေနဲ့ တိုင်းတာထာထက် နှလုံးသားက လာတဲ့မေတ္တာ၊ ကရုဏာ၊ စာနာခြင်း တရားတွေနဲ့ သူတစ်ပါးအကျိုးကို ဘယ်လောက်ပြုနိုင်လဲဆိုတဲ့ စေတနာသဒ္ဓါ စိတ်နဲ့ တိုင်းတာ ရမယ် ဆိုရင်တော့ ဦးမြလှိုင်ဟာ ပြည့်စုံတဲ့ ဘ၀တစ်ခုကို ရသွားသူလို့ ဆိုနိုင်မှာ ပါ။
ငယ်ရွယ်စဉ် ကလေးဘ၀ကတည်းက မိသားစု ရဲ့စတိုးဆိုင်ရှေ့မှာ လာရပ်သမျှ သူတောင်းစားတွေ ကို သူတကာ လို တစ်ပြားနှစ်ပြား ပေးတာမဟုတ်ဘဲ အံဆွဲထဲက အကြွေခွက်ထဲမှာ ရှိသမျှ မူးစေ့၊ မတ်စေ့တွေ လက် တစ်ဆုပ်စာ ကျုံးပြီး ပေးနေကျတဲ့လေ။ အရွယ်ရောက်တဲ့အချိန် ဒုတိယကမ္ဘာ စစ်ကြီးအတွင်း တာဝန် သိတဲ့ လူငယ်တွေ တိုင်းပြည်အတွက် အသက်ပေးပြီး တော်လှန်ရေးကို စတင်လှုပ်ရှားကြတော့လည်း ဦးမြလှိုင် တို့ညီအစ်ကိုတစ်တွေ အားလုံးမျိုးချစ်စိတ်တက်ကြွစွာနဲ့ ပါဝင်လုပ်ဆောင်ခဲ့ကြတာ လွတ်လပ်ရေး ရတဲ့ အထိပါပဲ။

စစ်ကြီးအတွင်း ဖျာပုံမြို့နယ် တစ်ဝိုက်ကျေးရွာတွေက တောသူတောင်သားတွေ ဆင်းရဲဒုက္ခရောက် ကြတော့ မကြည့်နိုင်တဲ့ ဦးမြလှိုင်က မိသားစုရိက္ခာအတွက် စုတောင်းထားတဲ့ စပါးကျီတွေ ဖွင့်ပြီး တစ်ခု မကျန်ဝေငှပေးလိုက်သေးတာတဲ့လေ။ တော်လှန်ရေးကြီးပြီးလို့ နိုင်ငံတော် လွတ်လပ်ရေးရ ပြီးတဲ့နောက် ကျွန်မ နဲ့ အိမ်ထောင်ကျတဲ့အချိန်ထိ အတူတကွ လည်ပင်းဖက်ပြီး အသက်ပေး လုပ် ခဲ့ဖူးတဲ့သူရဲ့ ရဲဘော် ရဲဘက်တွေ ကို ဆက်လက်တာဝန်ယူ ထောက်ပံ့နေသေးတာနော်။
ဖဆပလခေတ် မှာ အစ်ကိုတစ်ယောက်လုံးက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်နေချိန်မှာ ဦးမြလှိုင် ကိုလည်း ရာထူးကြီးကြီးပေးပြီး စီမံအုပ်ချုပ်စေခဲ့တာကို စွန့်လွှတ်ပြီး သူယုံကြည်ပျော်မွေ့ ရာစာပေနယ် ကို ခြေစုံပစ်ဝင်လိုက်တဲ့အခါကျတော့လည်း ရေးဖော်ရေးဖက်စာရေးဆရာတွေကို လေးစားစာနာသောအားဖြင့် ဥာဏ်ပူဇော် ခတွေ သူတစ်ပါးထက်ပိုပြီး ချီးမြှင့်ခြင်း လုပ်ခဲ့တာလည်း ဦးမြလှိုင်ရဲ့ ကြီးမားတဲ့စေတနာရဲ့ သာဓက တစ်ခုပါပဲ။

ရေးဖော်ရေးဖက် စာရေးဆရာတွေအပေါ်တင် စေတနာထားတာ မဟုတ်သေးဘူး။ သူထုတ်ဝေတဲ့ "ပေဖူးလွှာ" မဂ္ဂဇင်း ရဲ့ စာဖတ်ပရိသတ်အပေါ်မှာ စေတနာအပြည့်အ၀ ထားပြီးအကောင်းဆုံး စက္ကူ၊ အကောင်းဆုံး အဆင်အပြင် နဲ့ နာမည်ကြီးစာရေးဆရာတွေနဲ့ စာမူတွေ ရွေးထည့်ခဲ့လို့ ကုန်ကျ စရိတ် မကာမိဘဲ လစဉ်ရှုံးပါတော့တယ်။ အရှုံးအမြတ်ကို ထည့်မတွက်ဘဲ သူမြတ်နိုးရာစာပေကို စာပေကို အဆင့်မြင့်အောင် ကြိုးစား တန်ဖိုးထားခဲ့လို့လည်း ပေဖူးလွှာဆိုတဲ့ နာမည်တစ်လုံး  ကျန်ရှိခဲ့တာပါပဲ။

လူသားတိုင်းမှာ ၀ါသနာပါရာ တစ်ခုခုတော့ ရှိကြစမြဲပါ။ ၀ါသနာကို အရင်း ခံပြီး အောင်မြင်မှု ရရှိ အောင်လုပ်ဆောင်နိုင်သူတွေကတော့ အရေအတွက်အားဖြင့် နည်းပါးတယ်လို့ ဆိုရမှာပါပဲ။ အဲဒီ နည်းပါးတဲ့အထဲ မှာ ဦးမြလှိုင်အနေနဲ့ သူမြတ်နိုးရာ စာပေကိုသက်ဆုံးတိုင်ဖက်တွယ် သွားခဲ့နိုင်တာ မို့ သူရဲ့ ဆန္ဒပြည့်ဝစွာ ကုန်ဆုံးရတယ်လို့ တွေးကြည့်ရင် ပီတိဖြစ်စရာပါပဲနော်။
သူ့ဘ၀လမ်းဆုံး ကို ရောက်တော့မယ် ဆိုတာကြိုတင်သိရှိထားတဲ့အတိုင်း မကြာခင်ကာလ အတောအတွင်း မှာ အမေရိကား ကိုရောက်အောင်လာပြီး သားသမီးတွေ အားလုံးနဲ့ တစ်ဝကြီး အတူတကွ နေထိုင် သွားခဲ့ရတာ လည်း နှုတ်ဆက်သွားရသလို ဦးမြလှိုင်အတွက် ကျေနပ်နှစ် သိမ့် စရာ တစ်ခု ဖြစ်လောက် ပါတယ်။

ဘ၀ဆိုတာ ကောင်းဆိုးဒွန်တွဲဖြစ်မြဲဓမ္မတာမို့ တခြား ကျွန်မမသိနိုင်တဲ့ အကြောင်းအရာတွေလည်း ရှိနိုင်ကောင်း ပါရဲ့။ ဒါပေမဲ့ကိုယ်ဝါသနာပါ ရာ မြတ်နိုးတဲ့စာပေအနုပညာ နဲ့ အောင်မြင်ကျော်ကြား အောင် စွမ်းဆောင်ဖြတ်သန်းနိုင်ခဲ့ တာအပြင် တိုင်းပြည်နဲ့လူမျိုး၊ ရဲဘော်ရဲဘက်လူးသားတွေအ တွက်လည်း တစ်တပ် တစ်အား တာဝန်ယူ ဆောင်ရွက်ခဲ့တာမို့ တန်ဖိုးရှိတဲ့ဘ၀ ရယူသွားတယ် လို့ ကျေနပ်နှစ်သိမ့်စရာ ပါပဲ။
ဘယ်လောက်ပဲ စိတ်ကျေနပ်စရာတွေ ရှိတယ်ဆိုပေမဲ့ ဆုံးရှုံးခြင်းကတော့ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးခြင်းမို့ ကျန်ရစ် တဲ့ သက်ဆိုင်သူများအဖို့ ဖြေနိုင်ဖွယ် မရှိတာတော့ အမှန်ပါပဲလေ။ အထူးသဖြင့် အဖေကို အနီးကပ်ဆုံး ချစ်တဲ့ ကျွန်မ သား ရွှေစင်အနေနဲ့ ခံစားရချက်က သက်သာမှာ မဟုတ်ပါဘူး။

သားက လူကောင်ကြီးထွား ကျားကျားလျားလျား ရှိတယ်ဆိုပေမဲ့ သူရဲ့နှလုံးသားက ဘယ်လောက် ထိရှ လွယ်အောင် နူးညံ့လွန်းတယ်ဆိုတာ အမေဖြစ်တဲ့ ကျွန်မအသိဆုံးပါပဲ။ အသက်အရွယ်အရ ရုပ်ရည်ကျဆင်း အိုမင်းသွား တဲ့ အဖေကိုမြင်ရချိန်တုန်းကတောင် ၀မ်းနည်းကြေကွဲပြီး ရှိုက်ကြီး တ၀ငင်ငိုခဲ့တဲ့သား၊ အခု သားသမီးတွေ ကို အပြီးအပိုင် ခွဲခွာသွားပြီး ဆိုတာကိုများသိရင် ဘယ်လောက်ထိခိုက်ခံစားလေမယ် မသိ။
သားကကျွန်မ မျက်စိအောက်မှာရှိနေရင် နှစ်သိမ့်ဖျောင်းဖျ၊ အားပေးနိုင်သေးရဲ့။ ခုတော့တစ်မြို့စီ မက တစ်နယ်စီ ခြားတဲ့နေရာမှာ။ မပြောမဖြစ်တဲ့ ကိစ္စမို့ ရင်နာနာနဲ့ပဲကျွန်မ ဖုန်းဆက်လိုက်ရပါ တယ်။
"သားနေကောင်းရဲ့လား" လို့ မေးကာရှိသေးတယ်။

သူရဲ့ပထမဆုံး တုံ့ပြန်တဲ့စကားက...
"မာမီ ဖေဖေ့ ဆီက ဘာကြားသေးလဲဟင်"တဲ့။ ကျွန်မပို့ထားခဲ့တဲ့ ကြေးနန်းကပြန်စာမရလို့ သူ့ခ မျာ စိတ်စောနေပုံ ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်အချိန်တုန်းကတယ်လီဖုန်းဆက်သွယ်မှုတွေ ကလည်း အခုလို လွယ်ကူသေးတာမဟုတ်လို့ ကြေးနန်းကို အားကိုးရတာပါ။ ကြေးနန်းဌာနက တော့ပြောပါတယ်။ သူတို့ ဂြိုဟ်တု ကတစ်ဆင့်ပို့တာမို့ နှစ်နာရီပဲ ကြာမယ်တဲ့။ ဒါပေမဲ့ ဟိုဘက်မှာ ဘယ်လောက်ကြာမယ် ဆိုတာ သူတို့မသိနိုင်ပါဘူးတဲ့။ အဲဒီကြေးနန်းဟာ ဦးမြလှိုင်ကွယ်လွန်သား ပြီးတဲ့နောက် သုံးရက်မြောက်မှာ ရ ရှိကြောင်း နောက်မှ သိရှိရပါတယ်။

အခု ကျွန်မခေါ်လိုက်တဲ့ဖုန်းကို ခါတိုင်းလိုအကြောင်းမဲ့ အမေကအလွမ်းပြေခေါ်တဲ့ ဖုန်းလို့ ထင်နေ ရှာတယ် နဲ့ တူပါရဲ့။ ကျွန်မက ပြောမထွက်လို့ ခပ်ဆဆနဲ့ ဘာက စပြောရမလဲ စဉ်းစားနေဆဲမှာ ပဲသူက စကား ဆက်ပြန်ပါတယ်။
"သားညက အိပ်မက် မက်တယ်"တဲ့။
"ဟုတ်လား၊ ဘယ်လိုမက်လဲ"လို့ သူ့ကို သတင်းမပြောသေးဘဲ မေးတော့...
"ဘုရားစင်ရှေ့ မှာ ဖေဖေရယ်၊ သားရယ်၊ ယမင်းရယ်၊ သုံးယောက်အတူ ဘုရားကန်တော့ပြီး ဆုံးသွားတဲ့ ညီလေးဇာနည် ကို အမျှပေးဝေဖို့ လုပ်နေတာတဲ့။ ပြီးတော့ ဖေဖေကသမီးရယ်... မောင်လေးတွေကို အနိုင်မကျင့်ပါနဲ့ လို့ ယမင်းကိုပြောနေသေးတယ်။ အိမ်မက်ထဲမှာတော့ ဖေဖေ ကနေကောင်းနေသလို ကြည်ကြည် လင်လင်ပဲ။ လန့်နိုးသွားပြီး ပြန်အိပ်မရတာနဲ့ နာရီကြည့်လိုက် တော့သုံးနာရီထိုးနေပြီ။ ဒါနဲ့ဖေဖေ့ အတွက် ဓာရဏပရိတ်ရွတ်ပေးနေတာ။ အဲဒီထဲမှာ "ကြမ်းတမ်း ခက်မာသောအနားမျိုးတို့ မထိခိုက်ရာ" "လို့ ပရိတ်တော်ထဲမှာ ပါတယ်လေ။ ကင်ဆာဆိုတာ လည်းကြမ်းတမ်းခက်မာသော အနာမျိုးပဲ မဟုတ်လား မာမီ" တဲ့။

"သြော်...သားရယ်"လို့ ကျွန်မရင်ထဲမှာ နင့်နေအောင် ခံစားလိုက်ရရင်း မျက်ရည်တွေ စီးကျ လာ တော့တယ်။ ဟိုမှာအဖေက ရုပ်ကြွင်း အဖြစ်သာ ကျန်ရှိတော့တာကို မသိရှာသေးတဲ့သားက ဝေဒ နာသက်သာ ဖို့ ပရိတ်တရား ရွတ်ဖတ်ပူဇော်ပြီး တောင်းဆုပြုနေဆဲလေ။
သားကို ဘယ်လို ဆက်ပြောရမယ်မှန်းတောင် မသိတော့ပါဘူး။ ကိုယ့်ဟာကိုယ် မနည်းစိတ်ကို တင်း ထား လိုက်ပြီးမှ....
"သား ခေါင်းအေးအေးထားပြီး နားထောင်နော်"
"သားအိမ်မက် အရ ဖေဖေက ဘုရားစင်ရှေ့မှာ ၀တ်ပြုနေတယ်ဆိုတော့ ဘ၀ကူးကောင်းမှာပါ။ သား အိပ်မက်မက်တဲ့ အချိန် မှာ အဖေဖေက ဘ၀ကူးသွားပြီလို့"သားကို ပြောပြရင်း ကျွန်မလည်း ရှိုက်ငိုမိတော့ တယ်။
သားဆီက "ဟင်"ဆိုတဲ့ အသံတစ်ခွန်းပဲ ကြားလိုက်ရပြီး လုံးဝတိတ်ဆိတ်ငြိမ်သက် သွားပါလေ ရော။

"သား...သား၊ ဘာဖြစ်နေလဲ၊ ဘာဖြစ်နေလဲ"နဲ့ ထပ်တလဲလဲမေးတော့မှ ရှိုက်ကြီးတငင်နဲ့ ငိုသံ ထွက်လာ ပါတယ်။
ကျွန်မလည်း ဘာလုပ်ရမှန်းမသိဘူး။ သားကအမေ့ရင်ခွင်နဲ့ အဝေးကြီးနေရာမှာ ရောက်နေတဲ့ အပြင် သူကတစ်ကိုယ်တည်း ရှိတဲ့အခိုက် အနားမှာ ဖေးမနှစ်သိမ့်မဲ့သူ တစ်ယောက်တလေမှ မရှိတဲ့ ကြားထဲက ဒီလို သတင်းဆိုးကြီးမျိုးကို ပြောပြရတာ ရင်ထဲမှာ ထိခိုကနာကျင်လိုက်တာ။ သားကို သနားလိုက်တာ။
မိးကိုရေ နဲ့ ငြှိမ်းသတ်လို့ရတယ် ဆိုပေမဲ့ မီးလောင်ချိန်မှာ အဲဒီရေက အနားမှာရှိနေမှ အရာရောက် မှာပေါ့နော်။
သားက ငိုရှိုက်လို့မဆုံး ဖြစ်နေရှာလေရဲ့။ သားသမီးတွေအဖို့ မိဘနှစ်ပါးထဲက တစ်ဦးဦး ဆုံးပါး ပျက်စီး သွားရခြင်း ဟာ အဆိုးဝါးဆုံးသော ခံစားရချက်ဆိုတာ ကျွန်မစာနာခံစားနိုင်တာမို့ သား အားရအောင် ငိုနေတာ ကို စိတ်ရှည်စွာနဲ့ စောင့်ပြီးမှ သားကိုနှစ်သိမ့်ဖျောင်းဖျရပါတယ်။

တကယ်က သားဟာဖခင်အပေါ်မှာ "၀တ္တရားကျေလွန်းမက ကျေခဲ့ပြီးသူပါ။ အဖေကို အရိပ်ကြည့် ပြီး လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးခွင့်ရတာကိုပဲ သူကကျေနပ်ကြည်နူးနေသေးတာ မဟုတ် လား။ ကိုယ့်အတွက် ဆိုရင် ဦးနှောက်နဲ့ စဉ်းစားပြီး ခြိုးခြံချွေတာ၊ သူတစ်ပါးအတွက်ကျ နှလုံးသား နဲ့စဉ်းစားပြီး ရက်ရက်ရောရော သဒ္ဓါထက်သန်စွာ နဲ့ ပေးကမ်းစောင့်ရှောက်တတ်တဲ့ လူစားမျိုး လေ။ ဒါကြောင့် သား တာဝန်ကျေခဲ့တာတွေ ပြောပြပြီး စိတ်ဖြေနိုင်ဖို့ နှစ်သိမ့်ရတယ်ပေါ့။"
"မာမီ ဖေဖေ့အနားမှာ သားတို့မရှိလိုက်ရဘူးနော်။ ဖေဖေဘယ်လိုခံစားသွားသလဲ ဆိုတာသိချင် လိုက်တာ" တဲ့။

"ဖေဖေ ကောင်းရာဘ၀ကို ရောက်မှာပါနော် မာမီ၊ ဖေဖေဘယ်ဘ၀ ရောက်သွားသလဲဆိုတာ သားသိချင် လိုက်တာ"
ဒီဘ၀တင်မကဘူး။ လားရာဘ၀ထိတောင် ဖြစ်နိုင်ရင် သူတာဝန်လိုက်ယူချင်တဲ့ထိ တွေးပြီး ကျွန်မ ကိုအမျိုးစုံ နေလေရဲ့။ နောက်ဆုံးတော့ စိတ်အားတင်းနိုင်အောင် ကြိုးစားခိုင်းပြီး အဖေရဲ့အသုဘ အမီမြန်မာပြည် ပြန်နိုင် ဖို့ ကျွန်မတို့ စီစဉ်ရပါတော့တယ်။ လိုအပ်တဲ့ ပြည်ဝင်ခွင့် ဗီဇာရရှိဖို့ ၀ါရှင် တန် ရှိ မြန်မာသံရုံးကို ခေါ်လိုက်တော့ သံအမတ်ကြီးကိုယ်စားလက်ရှိ တာဝန်ယူနေသူက ကျွန်မ နဲ့ရင်းနှီးခင်မင် တဲ့ ဦးလှမြင့်ဦးဖြစ်နေတာနဲ့ အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းရပါ တယ်။

အဲဒီအချိန်က ပြည်ဝင်ခွင့်ဗီဇာတွေက ခုလိုခွင့်ပြုတဲ့အချိန် မဟုတ်သေးပါဘူး။ ဒါကြောင့် အထူးကိစ္စ အနေ နဲ့ မြန်မာပြည်က သက်ဆိုင်ရာအထိ ပို့ပြီး ဆုံးဖြတ်ချက် ယူရမှာလို့ ပြောပြတာအတွက် အချိန် ယူစောင့်ရပြန်ပါရော။ သားလာမယ်ဆိုတော့ ကြေညာထားပြီးသား အသုဘရက်ကို သတင်း စာ မှာပြန်ကြေညာပြီး ရက်ရွှေ့ရ၊ ဗီဇာစောင့်ရတာကလည်း ရက်ကကြာ၊ သားကလည်း သွားဖို့ စိတ်စောလှပြီ။
သင်တန်းချိန် မို့ ခွင့်ကလည်း တစ်ပတ်ပဲရမှာ ဆိုတော့ အားလုံးက ဘေးကျပ်နံကျပ်။ သား ကိုဖုန်း ခေါ်လိုက်တိုင်း လည်း ငိုရှိုက်ရခြင်းနဲ့ အဆုံးသတ်နေရတာမို့ မြန်မာပြည်သွားဖို့ကိစ္စလက်လျှော့ လိုက်ပြီး အမေဆီပြန်လာဖို့ ခေါ်လိုက်ရပါတယ်။ အသုဘကလည်း နှစ်ကြိမ်တိုင် ရက်ပြောင်းပြီး စောင့် ရတာကလည်း ကြာပြီလေ။

သားဖလော်ရီဒါ ကို ပြန်ရောက်လာပြီး နောက်တစ်နေ့ကျမှ ဦးလှမြင့်ဦးက ဖုန်းဆက်လာ ပါတယ်။ မြန်မာပြည်က ပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုချက်ရပြီတဲ့။ ခုမှထွက်တော့လည်း ကျန်တဲ့ ခွင့်ငါးရက်တည်း နဲ့ မြန်မာပြန်အသွားအပြန် လုပ်ဖို့ကမလွယ်၊ အသုဘမမီနိုင်တဲ့ အတူမို့ သားကို စိတ်လျှော့လိုက်ဖို့ ပဲ ပြောရပါတော့တယ်။
အသုဘ အတွက် ကုန်ကျမဲ့ငွေကြေးနဲ့အတူ သားသမီးတွေအားလုံး တစ်ဦးစီနာမည်နဲ့ ပန်းခြင်းတွေ လည်း ပို့ပေးဖို့ ကိုဝင်းဦး ရဲ့ ချစ်သူသက်ထား ဒေါ်အိုင်ရင်းတင်လှကိုပဲ တာဝန်ယူပေးဖို့ အကူအညီ တောင်း ရတယ်ပေါ့။ အိုင်းရင်းကလည်း စေတနာပိုသလား မပြောနဲ့။ ကျွန်မနာမည်နဲ့ ပန်းခြင်းတစ် ခုတောင် အဆစ်ထည့်ပြီး ပို့ပေးလိုက်တာအပြင် အဖေအပေါ် ချစ်မြတ်နိုးစွာနဲ့ တာဝန်ကျေလှတဲ့ သားရွှေစင်ရဲ့ သစ်ခွ ပန်းစည်းကြီးကို ဦးမြလှိုင်ရဲ့ ရင်ခွင်ထက်မှာ အကျအနတင်ပေးလိုက်တာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေရိုက်ပြီး ပို့လာ လို့ တွေ့မြင်ရပါတယ်။

အသုဘ အတွက် အစစအသေးစိတ် တာဝန်ယူပေးကြတဲ့ ဦးဝင်းငြိမ်း (ရွှေအမြုတေ)၊ ဦးမြလှိုင်ရဲ့ တူ ဦးဝင်းနိုင်နဲ့ ကျွန်မတို့မိသားစုကိုယ်စား ကိုယ်ဖိရင်ဖိ တာဝန်ယူပေးတဲ့ ဒေါ်အိုင်ရင်းတင်လှ (စန္ဒာ) တို့ကိုလည်း ကျေးဇူးတင်ရှိမဆုံး ဖြစ်ရပါတယ်။
ဖလော်ရီဒါ မှာ ရှိတဲ့ဓမ္မသုခဘုန်းကြီးကျောင်းက ဆရာတော်ဦးဝိမလဆီမှာလည်း သားကိုင်တိုင် ဦးမြလှိုင် အတွက် ဆွမ်းသွတ်အမျှပေးဝေ၊ ရေစက်ချပြီး အလှူတစ်ခုလုပ်ပြီးမှ ခွင့်ရက်စေ့လို့ ၀ါရှင် တန်ပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပြောင်းလဲလို့ မရနိုင်တာမှန်သမျှကို ငြိမ်းချမ်းစွာ လက်ခံနိုင်အောင် တော့ သား ကို ဖျောင်းဖျပြောပြရင်း နှစ်သိမ့်ရပါတယ်ပေါ့။ အခုလို ရင်ထဲမှာ ထိခိုက်နာကျင်မှုနဲ့ ခက်ခဲတဲ့အချိန် ဘ၀မုန်တိုင်း ကို ကြံ့ကြံ့ခံနိုင်ဖို့က အရေးကြီးတယ် မဟုတ်လားနော်။
ဒီလိုနဲ့ သားခမျာ အဖေဆုံးပါးရတာအတွက်တောင် အေးအေးဆေးဆေး ပူဆွေးချိန်မရဘဲနဲ့ တက်ဆဲသင်တန်း မှာ ပျက်ကွက်ခဲ့တဲ့ စာတွေ ပြန်လိုက်နိုင်အောင် ကြိုးစားနေရတော့တယ်။

ကျွန်မလည်း သူ့ကိုနေ့စဉ်ဖုန်းဆက်ပြီး အားပေးပေါ့။ ကျန်တဲ့အငယ်သားသမီးတွေကတော့ အမေ့ နားမှာအတူ ရှိနေကြတာမို့ ဖြေသာနေသာ ရှိကြပါတယ်။ အကြီးသမီး ယမင်းက အသက်အရွယ် လည်း ရပြီဖြစ်တဲ့အပြင် အိမ်ထောင်ရှင် ဖြစ်နေတော့ အနားမှာရှိတဲ့ သူ့ခင်ပွန်းက အားပေးနှစ်သိမ့် နိုင် တာကြောင့် တော်လေသေးရဲ့။
ကျွန်မ လည်း အလုပ်ပြန်သွားရင်း ပုံမှန်လည်ပတ်နေတဲ့ ဒီဇင်ဘာလ အလယ်လောက်မှာ ဘန် ကောက်ကမိတ်ဆွေတစ်ဦးက ဖုန်းဆက်လာပါတယ်။ "အခုပဲ ဒေါ်လှလှမြင့် တို့ကို လေဆိပ် ပို့ပြီး ပြန်လာခဲ့တာ" တဲ့။
"ဘန်ကောက် ကို လာလည်ကြတာလား"လို့ မေးကြည့်တော့ "မဟုတ်ဘူး၊ အမေရိကားသွားရင်း ဘန်ကောက်မှာနှစ်ရက်ဝင်ပြီးလည်တာ"လို့ ပြောပြတော့ ကျွန်မ အံ့သြသွားတာပဲ။ ဧကန္တ ကျွန်မ ကိုတမင်အံ့အားသင့်စေချင်တာကြောင့် သူလျှိုထားတယ်ဆိုတာ သဘောပေါက်လိုက်ပါတယ်။

ဒေါ်လှလှမြင့်နဲ့ ကျွန်မ ငယ်ငယ်ကတည်းက လည်ပင်းဖက်ပြီး ကြီးပြင်းလာခဲ့ကြတဲ့ သူငယ်ချင်း လေ။ ၀ိသေသပြု ပြောရမယ် ဆိုရင် အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်ပါသေးတယ်။ ကျွန်မတို့ ၁၉၈၉ခုနှစ် ဘန်ကောက် ကို သမီးကေသီနဲ့ အတူသွားလည်ကြတုန်းကတည်းကမြင့်နဲ့ အတူဆုံ ကြဖို့ ချိန်းထား ခဲ့ကြတာပါ။ သူ့ဘက်က ဗီဇာရဖို့ အခက်အခဲရော၊ နိုင်ငံကူးလက်မှတ်ကအစက ခက်ခဲနေ ဆဲ ဖြစ်တာကြောင့် ရက်မသေမချာ ဖြစ်နေခဲ့တာ တစ်နှစ်တောင်ကျော်နေပါပြီ။ အခု သေချာပေါက် ရောက် လာတော့မယ် ဆိုတော့ ကျွန်မ၀မ်းသာမဆုံး ဖြစ်ရတယ်ပေါ့။
ဘာလိုလိုနဲ့ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် ခွဲခွာခဲ့ရတာ ၁၃နှစ်ပြည့် ဖို့ နှစ်လ ပဲလိုတယ်။ နှစ် ယောက်သားအပြန်အလှန်ရေးခဲ့တဲ့ စာတွေကတော့ မြောက်မြားစွာပါပဲ။ မြင့်ဆီက ၁၁၄၃စောင်၊ ကျွန်မ ဆီက ၁၁၅၂စောင် ရှိပါတယ်။
"ချစ်တဲ့သူတွေ ဝေးနေတဲ့ အခါ စာလေးတွေ အလည်လာကြတယ်"တဲ့။

စာတွေထောင်ကျော် ဂဏန်း ဖြစ်နေတာ ဘာဆန်းပါ့မလဲ။ တစ်ပတ်ကို အနည်းဆုံး စာနှစ်စောင်နှုန်း နဲ့ ရေးနေကြတာလေ။ သူ့အိမ်မှာ အပ်ကျတာကအစ ကျွန်မသိရသလို ကျွန်အိမ်မှာ ထမင်းအိုးတူး တဲ့ကိစ္စ အထိ အသေးစိတ်ရေး အသိပေးရင်း ကောင်းဆိုးမှန်သမျှ ဝေခွဲခံစားကြတာမို့ ကမ္ဘာတစ် ခြမ်းခြားအောင် လူချင်းဝေးနေကြပေမဲ့ နှလုံးသားချင်းက နီးကပ်နေကြဆဲပါပဲ။
အကျိုးအကြောင်း အသေအချာ သိချင်လို့ L.Aမှာရှိတဲ့ သူ့သားဆီဖုန်းဆက်လိုက်တော့-
"ဟင်.. ဘယ်လိုလုပ် သိတာလဲ၊ မာမီက တမင် surprise လုပ်ချင်လို့ မပြောရဘူးမှာထားတာ"တဲ့ လေ။ သူက ဖုံးထားသမျှ အကြံတော်ကြီး မမျှော်လင့်ဘဲ ပေါ်သွားတာမို့ ကျွန်မ ကျေနပ်စွာနဲ့ ပြုံး လိုက်ရပါသေးတယ်။ အဲဒီညမှာပဲ ဖုန်းမြည်လာလေရဲ့။ ဟိုဘက်က ၀မ်းသာလှိုက်လှဲတဲ့အသံနဲ့...
"ဟေး....ခင်"တဲ့။

နှစ်ပေါင်းများစွာ ကွေကွင်းခဲ့ရတဲ့ သူငယ်ချင်းရဲ့အသံကို ကြားလိုက်ရတော့ ကျွန်မအားတက်ဝမ်း သာသွားတာပဲ။ နှစ်ယောက်သား အလုအယက် ပြောလိုက်ကြတာ မိနစ်ပေါင်းများစွာ ကြာတာ တောင်ပြောလို့ မကုန်နိုင်ကြသေးပါဘူး။ စကားပြောရုံတင်မကဘူး။ လူချင်းကလည်း မအောင့်နိုင် ဘဲ အမြန်ဆုံး တွေ့ချင်နေကြပြီလေ။
"မင်း...ဘယ်တော့ လာမှာလဲ"တဲ့။
ကျွန်မလည်း သူ့နည်းတူစွာ လျှိုလိုက်တယ်ပေါ့။
"တို့ GUMတွေ ခွဲစိတ်ဖို့ ဆရာဝန်နဲ့ ချိန်းထားတာ ရှိသေးတယ်ဟယ်။ အဲဒါပြီးတာနဲ့ လာခဲ့မယ်" လို့ ခပ်တည်တည် ဖြေလိုက်တာကို တကယ်ထင်မှတ်သွားလေရဲ့။

နောက်တစ်နေ့မှာတော့ အလုပ်က ခွင့်ယူဖို့ စီစဉ်ရ၊ လေယာဉ်လက်မှတ်ရှာရနဲ့ ကျွန်မအလုပ်တွေ ရှုပ် ပါလေရော။ L.Aမှာရှိတဲ့ သမီးယမင်းကိုလည်း ကျွန်မ လာမယ်ဆိုတာ ဘယ်သူမှမပြောဖို့ ကြို တင်ပြီး ပိတ်ထားရသေးတယ်။ L.Aကို ထွက်မဲ့ရက်ကျတော့လည်း အိမ်မှာ ကျန်ခဲ့မဲ့ သမီးသူဇာကို သေသေချာချာ မှာထားခဲ့ရသေး တာနော်။
"အန်တီမြင့် ဖုန်းဆက်ရင် မာမီ L.Aသွားတာမပြောနဲ့။ ဆရာဝန်ဆီသွားတယ်။ GUMခွဲနေရ လို့ ဆေးခန်းမှာ ရောက်နေတယ်ပြော"နဲ့ အကြံအဖန်တွေ လုပ်ရပါတယ်။
ကံကောင်းထောက်မ စွာနဲ့ ကျွန်မ L.Aရောက်တဲ့ထိ မြင့်မသိလို့ အဆင်ပြေသွားပါတယ်။ ကျွန်မ တို့နှစ်ယောက် က နေ့စဉ်ဖုန်းတစ်လှည့်ဆီခေါ်နေကျမို့ အချိန်ကြာကြာ ဖုံးဖိထားလို့ မရ မှာ သေချာတာကြောင့် လေယာဉ်ကွင်း လာကြိုတဲ့ သမီးယမင်းကို လေဆိပ်က အိမ် တန်းမသွားဘဲ၊ မြင့်ရှိမဲ့နေရာ ကို တစ်ဆက်တည်းသွားဖို့ ပြောရပါတယ်။ တစ်လမ်းလုံးမြင့်ကို Surprise လုပ်လိုက် မယ် ဆိုတဲ့အတွေးနဲ့ ပြုံးလို့ပေါ့။

မြင့်အိမ်ရှိရာ လမ်းထဲချိုးဝင်လိုက်တော့ သမီးယမင်းက "မာမီတစ်ယောက်တည်း အသာလေးဆင်း သွား၊ ကားကို မတွေ့ရအောင် သမီးဟိုဘက်က တစ်အိမ်ကျော်မှာ သွားရပ်ထားလိုက်မယ်"တဲ့။
သားအမိနှစ်ယောက်စိတ်တူကိုယ်တူ အကြံနဲ့အသားလေး ဖွနင်းပြီး ကျွန်မတံခါးကို သွားခေါက် လိုက်တော့ လာဖွင့်ပေးတဲ့ သူက မြင့်ရဲ့ချွေးမလေး ဖြစ်နေတာနဲ့ တိုးတိုးလေး ပြောပြရင်း အိမ်ထဲ ၀င်ခဲ့ ပါတယ်။ မြင့်ကသူ့အခန်းဝကို ကျောပေးထားပြီး အင်္ကျီတစ်ပုံကို ခေါက်နေလေရဲ့။ ကျွန်မ က နောက်ကနေမြင့် ကို တအားသိုင်းဖက်လိုက်တော့ သူလန့်သွားပြီးမှ...
"ဟင်...ခင်" နဲ့ တအံ့တသြပုံစံနဲ့ တစ်ခွန်းတည်းပဲ ပြောနိုင်ပြီး ချုံးပွဲချငိုပါရော။ သူငိုတော့ ကျွန်မ ပါရော ငိုပြီး နှစ်ယောက်သား အားရပါးရ ငိုလိုက်ကြတာ။
ဝမ်းသာလို့ကျရတဲ့ မျက်ရည်ပေါ့။

ရှင်လိင်ပြန်တဲ့နေ့၊ ထောင်ကထွက်တဲ့နေ့၊ မင်္ဂလာဦးနေ့တွေက အပျော်ဆုံးနေ့ဆိုတဲ့ အထဲ မှာ ကွေကွင်းနေရတဲ့ ချစ်သောသူများနဲ့ ပြန်ဆုံတွေ့ရတဲ့နေ့လည်း ပါသင့်တယ် ထင်ပါရဲ့နော်။ ငိုလို့ အားရတော့ မှ ကျွန်မရဲ့ကျောပြင်ကို မြင့်က တအုံးအုံး ထုပြီး-
"ကဲ...ညာဦး၊ မလာဘူးဆိုပြီး တို့က အဟုတ်မှတ်လို့"တဲ့။
မျက်ရည်တွေ နဲ့ ကျွန်မတို့နှစ်ယောက် နှစ်သိမ့်ကြည်နူးစွာနဲ့ ရယ်ကြပြန်ပါရော။
ဘ၀အကွေ့ မှာ မေ့နိုင်စရာမရှိအောင် ကြည်နူးပျော်ရွှင်ခဲ့ရတဲ့ နေ့လေးအဖြစ် နှလုံးသားထဲ သိမ်းဆည်း ထားရတဲ့ အမှတ်တရအဖြစ်ကလေး တစ်ခုပါပဲလေ။ ဘ၀ဆိုတာ ငိုခြင်းရယ်ခြင်း တွေနဲ့ ဖြတ်သန်းနေရတာ မဟုတ်လား။ ဘယ်အရာ မှ တည်မြဲခြင်း မရှိတာကတော့ သေချာလှပါတယ်။

သူငယ်ချင်းနဲ့ တွေ့ဆုံပြီး တစ်ပတ်လောက်ထိ စကားလက်ဆုံ ပြောမကုန်ရာက အချိန်တန်တော့ လည်း အိမ်ပြန်ရခြင်း နဲ့ ခွဲခွာရပြန်ရော။ ဒီလိုနဲ့ အလုပ်ပြန်ဝင်ပြီး တစ်လတောင် မပြည့်သေး ဘူး။ ပြဿနာတစ်ခုက ပေါ်လာလေရဲ့။ သမီးကြီးမကေခိုင်ဆို ခရစ္စမတ်ပွဲတော် ရုံးပိတ်ရက်တွေကျရင် အပေါင်းအသင်းတွေ နဲ့အတူ ရေခဲလျှောစီး Snow Skiသွားနေကျပါ။ ခါတိုင်းနှစ်တွေတော့ ဘေးမသီ ရန်မခ ပြန်ရောက်လာစမြဲပါပဲ။ ဒီနှစ်တော့ အကြီးအကျယ်ဒူးကွဲပြီး ပြန်ရောက်လာပါ တယ်။
"မာမီ၊ သမီး ဒူးကြီးက ရောင်ပြီး တစ်ချိန်လုံးကိုက်နေတယ်"လို့ ငိုသံပါကြီးနဲ့ ဖုန်းဆက်လာတော့..
"ဆရာဝန် ပြပြီးပြီလား"လို့ မေးကြည့်ရတာပေါ့။

"မပြရသေးဘူး၊ Ski Patrol တွေက သမီးလဲကျတော့ ထမ်းစင်ပေါ် တင်ပြီးအရေးပေါ် ဆေးကု ခန်းကို ပို့ပေးတယ်။ သူတို့က ကိစ္စမရှိဘူးဆိုလို့"တဲ့။ ပြောရင်းဆိုရင်း မရွှေချောလေး တဟီးဟီးနဲ့ ငိုချပါလေရော။
ကိုယ့်မျက်စိအောက်မှာ မဟုတ်တော့ ကျွန်မလည်း ဘာလုပ်ရမှန်းမသိဘူး။ မချိမဆံ့ဝေဒနာ ခံစား ရလို့သမီးက အားငယ်ပြီး ငိုတော့ကျွန်မရင်မှာ ထိခိုက်နာကျင်ရပါတယ်။ ကိုယ်လည်း ၀င်ကူ ခံစား ပေးလို့လည်းမရ။ ဒါနဲ့သမီးကိုချက်ချင်း ဆရာဝန်နဲ့ သွားပြဖို့ ပြောပြီး ကျွန်မကို အကျိုးအကြောင်း အချက်ချင်းပြန်ပြောဖို့လည်း မှာရသေးတယ်။ ပြန်ရောက်ပြီး တစ်ပတ်ကြာတဲ့ တိုင်အောင် အရောင် မလျော့ဘဲ ကိုက်နေဆဲဆိုတော့ အထဲမှာ တစ်ခုခု ချို့ယွင်းနေပြီလား တွေးပြီး လည်းစိတ်ပူရပါသေးတယ်။

ဆရာဝန်က ဓာတ်မှန်တွေရိုက် အသေအချာ စမ်းသပ်ကြည့်တော့ ဒူးတစ်ခုလုံးက ကြေမွပျက်စီး သွားတာ တဲ့လေ။ Major Surgery လုပ်ရမှာတဲ့။ တင်ပါးက အရိုးကို ခွဲထုတ်ယူပြီး ဒူးမှာ အစားထိုး ပြန် ထည့်ပေးရမျာမို့ နှစ်နေရာ ခွဲစိတ်ရမှာဆိုတော့ မသက်သာလေဘူးပေါ့။ သမီးကို အားမငယ် ဖို့ နှစ်သိမ့်ချော့မော့အားပေးရင်း ကျွန်မချက်ချင်း လိုက်လာခဲ့မယ် ဆိုတာပြောပြရပါတယ်။
ခွင့်ယူရတဲ့ ရက်တွေက ဆက်နေလို့ မျကနှာပူပူနဲ့ပဲ အလုပ်ခွင်က တာဝန်ခံအရာရှိကို အကျိုး အ ကြောင်းပြောပြရတော့ နားလည်မှုရှိစွာနဲ့ လွယ်လွယ်ကူကူ ခွင့်ပေးလိုက်လို့ တော်ပါသေးရဲ့။ ဒီလို နဲ့ တက္ကဆက်ပြည်နယ် သမီးရှိရာ ဟူစတန်မြို့ကိုရောက်ရပြန်ပါရော။ ကျွန်မရောက်ပြီး နောက်တစ် ရက်မှာပဲ သမီးကေခိုင် ဆေးရုံတက်ရပါတယ်။ တိုးတက်နေတဲ့ဒီတိုင်းပြည်မှာတော့ နှလုံးအစားထိုး တာတို့၊ တင်ပါးဆုံ အစာထိုး တာတို့၊ ဒူးအစားထိုးတာ တို့ကထမင်းစား ရေသောက်လို သမာရိုးကျ လွယ်ကူ လှပါတယ် ဆိုရမယ်ပေါ့။

မကေခိုင် ခွဲစိတ်ပြီးတော့ ကာတွန်းထဲမှာ ပုံတွေ ဆွဲထားတဲ့အတိုင်းပါပဲ။ အိပ်ရာလေးဖက်မှာ တိုင် တွေထောင်၊ သံချောင်းတွေပစ်၊ ၀က်အူတွေစုတ်၊ ကြိုးတွေတန်း၊ အလေးတွေခြေရင်းဘက်မှာ တွဲ လဲ ဆွဲပြီး ခွဲစိတ်ထားတဲ့ ခြေထောက်ကြီးကို အ၀တ်ပုခက်မှာ ထည့်ဆွဲပြီး စက်သီးနဲ့အပေါ်မှာ တင်ချိန်ထား ရတာ။ သူ့မှာ မိုးပျံခြေထောက်ကြီးနဲ့ပေါ့။ မလှုင်သာ မလှည့်သာနဲ့ မြင်ရတာကို စိတ်မသက်သာစရာပါပဲ။ ဒါပေမဲ့ လူနာ က စိတ်ဓာတ်မကျပါဘူး။
အမေက အနားမှာရှိတဲ့အပြင် မကေခိုင်ကလည်း အပေါင်းအသင်း ကောင်းတော့ သတင်းလာမေး ကြတဲ့ သူငယ်ချင်းတွေက မြန်မာရော၊ တရုတ်ရော၊ ဂျပန်ရော၊ အမေရိကန်ရော၊ ဂရိရော စုံသွားတာ ပဲ။ အိပ်ရာဘေး က တယ်လီဖိုန်းကလည်း ငါးမိနစ် တစ်ခါလောက် ခေါ်ပြီး သတင်းမေးသူ မစဲတာ မို့သူ့မှာ မအားနိုင် မနားနိုင် ဖြစ်နေလေရဲ့။

ဒီနေရာမှာ အရှေ့တိုင်းနဲ့ အနောက်တိုင်း ခံယူချက်ချင်း ကွာခြားပုံကို ကျွန်မ ရှုမြင်သုံးသပ်မိပါ တယ်။ အနောက် တိုင်းသားတွေက ကိုယ့်မိသားစုထဲကဖြစ်စေ၊ ရင်းနှီးခင်မင်သူ တစ်ဦးဦးဖြစ်စေ ဆေးရုံ တက်ရတယ် ဆိုရင်လှပေ့ဆိုတဲ့ ပန်းခြင်းကြီးတွေကို တယ်လီဖုန်းနဲ့ လှမ်းအော်ဒါလုပ်ပြီး ပန်းဆိုင် ကနေ ဈေးကြီးပေးဝယ်တယ်။ ပြီးတော့ ဘယ်ဆေးရုံ၊ ဘယ်အခန်းနံပါတ်က လူနာ၊ ဘယ်သူ့ဆီကို ပို့ပေးပါလို့ ခိုင်းလိုက်တာပဲ။ ပန်းဆိုင်က သူမှာတဲ့အတိုင်း လူနာနဲ့ အိပ်ရာဘေး စားပွဲပေါ်ကို အမြန်ဆုံး အရောက် တာဝန်ယူ ပို့ပေးတယ်ပေါ့။
နောက်ပြီး လူနာတစ်ဦးစီအတွက် ကိုယ်ပိုင်အသုံးပြုဖို့ ဖုန်တစ်လုံးကလည်း အိပ်ရာဘေးစားပွဲပေးမှာ အဆင်သင့် ရှိနေတာမို့ အဝေးကသတင်းမေးဖို့ကလည်း လွယ်ကူတာကြောင့် လူနာ စိတ်ကြည်လင် အောင် ပန်းတစ်ခြင်းပို့တယ်၊ တယ်လီုဖုန်းနဲ့ သတင်းမေးလိုက်ရင် သူတို့အတွက် ၀တ္တရားကျေပြီ လို့ ခံယူချက်ထားကြတယ် ဆိုပါတော့။

ဒါကလည်း ပတ်ဝန်းကျင် အခြေအနေပေါ်မှာ မူတည်တဲ့သဘောပါပဲ။ ဒီတိုင်းပြည်မှာ တစ်နေရာနဲ့ တစ်နေရာ ခရီးကလည်း နီးတာမဟုတ်ဘူးလေ။ သွားရလာရတဲ့ ဒုက္ခကလည်း အချိန်ကုန်သားမို့ တာဝန်ကြီး တာ အမှန်ပါပဲ။ ကိုယ့်အတွက် အပထား၊ လူနာကိုယ်တိုင်အတွက် မကျန်းမာတဲ့အခါမျိုး မှာ အားအင်ပြည့်အောင် လုပ်ဖို့ လိုအပ်သေးတာကြောင့် စိတ်ရော ကိုယ်ပါ များများအနားယူသင့် တာလည်း ရှိသေးတယ်။ လူကိုယ်တိုင် သတင်းလာမေးနေရင် လူနာကို နှောင့်ယှက်ရာ ရောက်တယ်လို့ ခံယူကြပြီး ဧည့်ချိန်တွေ အများကြီးပေးထားပေမဲ့ သူတို့အနောက်တိုင်းသူ၊ အနောက်တိုင်းသား လူနာခန်းထဲမှာ ဧည့်သည်များများ မတွေ့ရဘဲ မိတ်ဆွေတွေအစား လှပတဲ့ ရောင်စုံပန်းအိုးများစွာသာ ရှိနေတတ်ပါတယ်။
ကျွန်မတို့ အရှေ့တိုင်းသားတွေကတော့ ပြောမနေနဲ့။ အပေါင်းအသင်းများရင် များသလို ဧည့်သည်တွေ တသောသော ဖြစ်နေကြတာနော်။ လူကိုယ်တိုင် သတင်းသွားမေးရမှ ၀တ္တရားကျေ တယ်လို့ ထင်ကြတာမဟုတ်လား။ လူနာကလည်း သတင်းမေးသူ မရှိဘဲ တစ်ယောက်တည်း ဖြစ် နေရင် အားငယ် တတ်ကြသေးတာပါ။ ဆွေတွေမျိုးတွေ၊ သူငယ်ချင်းတွေ လာပြီး ကြင်ကြင်နာနာ ယုယုယယနဲ့များ အားပေးလိုက် ရင် အားပေးလိုက်ရင် အိပ်ရာထဲ ဗုန်းဗုန်းလဲတဲ့ အဖြစ်ကတောင် ထထိုင်နိုင်တဲ့ထိ စိတ်အားတွေ ရှိလာကြတာမျိုးနော်။

လာရင်လည်း လက်ချည်း လာကြတာမဟုတ်ဘူး။ လူနာနဲ့ သင့်တော်မဲ့ အာဟာရဖြစ်စရာ ဟော လစ်တို့၊ အိုဗာတင်း တို့၊ သစ်သီးတို့၊ မုန့်တို့ အစုံပါလာတတ်ကြသေးတာပါ။ အခုလည်း မကေခိုင် အခန်းထဲမှာ အနောက် တိုင်းသား မိတ်ဆွေတွေဆီက ပန်းအိုးတွေ ဝေဆာနေသလို အရှေ့တိုင်းသား သူငယ်ချင်းတွေ ဆီက မုန့်အစုံကလည်း စားပွဲပေးမှာ တစ်ပုံတစ်ပင်ရှိနေလေရဲ့။ သူ့သူငယ်ချင်း နော်မန်ကဆို မုန့်ဟင်းခါးတွေ ကိုယ်တိုင်ချက်ပြီး ချိုင့်ကြီးနှစ်လုံးနဲက မနိုင်မနင်း သယ်မ ယူလာပေးရှာသေးတာပါ။
မိတ်ဆွေကောင်း များ ရှိခြင်းဟာ ဘ၀မှာပြည့်စုံခြင်း တစ်ခုပါပဲ။ ကျွန်မလည်း သမီးရဲ့လူနာစောင့် အဖြစ်နဲ့ဆေးရုံမှာအိပ်၊ ဆေးရုံမှာစားပေါ့၊ ကျွန်မက သားသမီးများသူဖြစ်လို့ သူတို့ တစ်တွေ ဆေးရုံ တက်ကြရတိုင်း လူနာစောင့်လုပ်ခဲ့ရတာ အခါများစွာမို့ ရိုးနေပါပြီ။ ဒီကဆေးရုံမှာ လူနာ စောင့်လုပ်ရတာ ခါတိုင်းလို စားရေး၊ သောက်ရေးအတွက် အိမ်ကတကူးတက လာပို့စရာ မလိုတာ ကြောင့် အဆင်ပြေ ပါတယ်။

လူနာစားဖို့ နေ့စဉ် ရွေးချယ်စရာ Menuပေးတဲ့အထဲမှာ လူနာစောင့်အတွက်လည်း သီးခြားမှာလို့ ရတဲ့ Menu ပါရှိတာမို့ တစ်ခါတည်း တွဲပြီး မှာလိုက်ရုံပါပဲ။ ဒါ့အပြင် အခန်းထဲမှာ ဧည့်သည် အတွက် ရောကိုယ်ပါသောက်ဖို့ ကော်ဖီစက်က အဆင်သင့်၊ နွားနို့၊ သကြားအစုံ ထည့်ပေးပါသေးတယ်။ အအေး သောက်လိုရင်လည်း လိမ္မော်ရည်၊ ကိုကာကိုလာ်၊ ပက်စီနဲ့တကွ သံပရာရည်၊ ပန်းသီးရည် အမျိုးစုံ ရေခဲသေတ္တာထဲမှာ အပြည့်။ ဒီတော့ ကိုယ့်အိမ်မှာ ကိုယ်နေရတာနဲ့ မခြားသလောက်ပါပဲ။
ခွဲစိတ်ပြီး နှစ်ရက်ရတာနဲ့ ထပြီးလမ်းလျှောက်ခိုင်းပါတယ်။ ချိုင်းထောက်ကြီးနဲ့ပေါ့။ ငါး ရက်ကြာနေ ပြီးတော့ ဆေးရုံ က ဆင်းခွင့်ပြုပါရော။ ချိုင်းထောက်ကြီး တဒေါက်ဒေါက်နဲ့ အိမ်ပြန်ရောက်တော့ ကျွန်မ က "သူမပြန်လာပြီ" လို့ ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ "သူ"၀တ္တုကိုညွှန်းပြီး သမီး ကို စရသေးတယ်။ ခွင့်ကလည်း တစ်ပတ်ပဲ ယူလာခဲ့တာမို့ တနင်္လာနေ့ အလုပ်ပြန်ဝင်ဖို့နောက်တစ် ရက် ဆို ပြန်ရတော့မှာလေ။

မကေခိုင် တစ်အိမ်လုံးကလည်းရှုပ်ပွလို့။ ခါတိုင်းဆိုရင် သူ့အိမ်ကို ဖိတ်ဖိတ်လက် သထားတာပါ။ ခုတော့ ခရီးကပြန်လာပြီး ဒူးကွဲလာတာမို့ တစ်ပတ်လုံး မရှင်းနိုင်ဘဲ ပစ်ထားရတဲ့ထဲမှာ ဆေးရုံကို ရောက်သွားတော့ ပိုဆိုးသွားတာပေါ့။ ဒါနဲ့ရောက်မဆိုက် ကပျာကယာ ဧည့်ခန်းကို ပြေးရှင်းရသေး တယ်။ လူနာမေးလာမဲ့ ဧည့်သည်တွေအတွက် အဆင်သင့်ဖြစ်နေ အောင်ပါပဲ။
သမီးကိုတော့ မိသားစုအခန်းမျာ သင်သောင့်သက်သာ လဲလျောင်းနေဖို့ ဆိုဖာကြီး တစ်ခုပေါ် မှာ စောင်တွေ၊ ခေါင်းအုံးတွေ တင်ပေး၊ ခြေထောက်လည်းနေသာအောင် ခေါင်းအုံးတွေဆင့်ပြီး ခံပေးနဲ့ အလုပ် ရှုပ်ပေါ့။ သမီးက ချိုင်းထောက်နဲ့ သုံးလကြာအောင် နေရဦးမယ်တဲ့။ ဆေးရုံကို လည်းတစ်ပတ် တစ်ခါ ပြန်သွားပြပြီးနောက်ပိုင်း လမ်းလျှောက်ကျင့်တာတွေ ဘာတွေ လုပ်ရဦးမှာ မို့ အကောင်း ပကတိ ပြန်ဖြစ်ဖို့ အချိန်ယူ ကုသရမယ် ဆိုတာဆရာဝန်က ရှင်းပြပါတယ်။
သူလုပ်နေ တဲ့ ရေနံကုမ္ပဏီကြီးကလည်း ဆရာဝန်ထောက်ခံချက်နဲ့မို့ ဆေးခွင့်လုံးလ ရထား တာ ကြောင့်အဆင်တော့ပြေတယ်ပေါ့။ အိမ်ပြန်ရောက်တာနဲ့ သားအမိနှစ်ယောက် အေးအေးချမ်းချမ်း အနား ယူနေကြရင်း နံရံမှာ ကပ်ထားတဲ့ စာအုပ်စင်ကြီးဆီ ကျွန်မအာရုံကရောက်သွားပါရော။ သမီး က စာအုပ်စုတာ ၀ါသနာပါပါတယ်။ နံရံနဲ့အပြည့် ဆောက်ထားတဲ့ စာအုပ်စင်မှာ စာအုပ်တွေက အပြည့်။ ၀န်နဲ့အား မမျှတော့လို့ စာအုပ်စင်ကြီးက တစ်ဖက်စောင်းပြီး ယိုင်ချင်သလို ဖြစ်နေလေ ရဲ့။

ကျွန်မကလည်း ရွဲ့စောင်းနေတဲ့ အရာမှန်သမျှ တစ်ခုမှကြည့်လို့ရတာမဟုတ်ဘူး။ စာရေးရင်လည်း လိုင်းကတည့်နေမှ၊ စာလုံးကလည်း ညီနေမှ အစစပါပဲလေ။ ဓာတ်ပုံဆရာမပီပီ အလှအပကို လည်းကိုးကွယ်ချင်သေးတာ မဟုတ်လား။ ဒါနဲ့နောက်တစ်နေ့ မပြန်ခင်မှာ စာအုပ်တွေကို ပြန်စီ ဖို့အားလုံးကို တစ်နိုင်တစ်နိုင်ဆွဲချ။ ထူတဲ့လေးတဲ့စာအုပ်တွေကို အောက်ဆင့်မှာထား။ ပေါ့ပါးတဲ့ စာအုပ်တွေအပေါ်ဆင့်မှပို့၊ ၀က်အူချောင်နေတဲ့ နေရာတွေကို ပြန်ကျပ်နဲ့ တစ်ယောက်တည်း အာရုံစိုက်လုပ်လိုက်တာ စာအုပ်စင်ကြီးလည်း တည့်တည့်မတ်မတ် ပြန်ဖြစ်ပြီး စာအုပ်တွေလည်း စီစီရီရီ လှလှပပ သူ့နေရာနဲ့သူ ဟန်ကျပန်ကျ ဖြစ်လို့ ကိုယ့်ဟာကိုယ် ကြည့်ရင်း ကျေနပ်နေ လိုက်သေးတယ်။
သမီး လူနာ လိုအပ်တာ မှန်သမျှလည်း တစ်ဖက်က လုပ်ကိုင်ပေးရင်း ပြုစုရ၊ စာအုပ်ပုံကြီး ကိုလည်း ပြီးစီးအောင် ရှင်းလင်းရ၊ သမီးကတော့ "မာမီနားပါဦး"နဲ့ ပြောပါရဲ့။ ကျွန်မကိုက တစ်ခုခုစမိပြီဆို ရင်ဇွဲ နဲ့ အပြီးလုပ်ချင်တတ်တဲ့ စိတ်ဓာတ်က ရှိနေတာမို့ မနားဘဲတစ်နေ့ခင်းလုံး ကျုံးလုပ်လိုက် တာမို့ တော်တော်လေး လည်း မောနေပါပြီ။ ဒီအချိန်မှာ တယ်လီဖုန်းက မြည်လာပါရော။

စိတ်မြန်လက်မြန်နဲ့ တယ်လီဖုန်းဆီကို ထပြီး ပြေးလိုက်တာ ဗိုင်းခနဲ ချော်လဲတော့တာပါပဲ။ တစ်နေ့ခင်းလုံး အပင်ပန်းခံလုပ်ထားလို့ လူကလည်းမောနေ၊ ဒီထဲမှာ ပြေးလိုက်သေတာကလည်း တစ်ချက်၊ နောက်ပြီး အဲဒီရက်က ဟူစ္စတန်မှာ အေးလိုက်တာကလည်း ဒီကရီ ၃၀ဆိုတော့ ချမ်းတာ နဲ့ကျွန်မက သိုးမွေးခြေစွပ် ၀တ်ထားတာမှာ သမီးတို့အိမ် ခင်းထားတဲ့ ကြမ်းပြင်က ကော်ဇောမ ဟုတ်ဘဲမြန်မာပြည်မှာ လို သစ်သားပါကေး အကွက်ကလေးတွေ ကို ပေါ်လစ်နဲ့ ချောပြောင် အောင်တိုက်ထားတာ ဆိုတော့နော်။ လဲချင် စရာ အဆင်သင့်ဖြစ်သွားတာပေါ့။

တကယ်က ကိုယ့်ကိုယ်ကိုယ် အသက် ၆၆နှစ်ရှိပြီဖြစ်တဲ့ အဘွားအိုဆိုတာကို အမြဲတမ်းမေ့နေ တတ်ပြီး ငယ်ရွယ်စဉ် က စိတ်မာန်မျိုးအပြည့်နဲ့ လှုပ်ရှားချင်တဲ့ ကျွန်မရဲ့ အပြစ်လို့ ဆိုရမှာပါပဲ။ ခါတိုင်း လို တော်ရုံတန်ရုံ ဖြစ်တယ်အထင်နဲ့ ကိုယ့်ပေါ့ဆမှုကို လဲရာက ရယ်မောရင်းကြိုးစားပြီး ပြန်အထမှာ ဘယ်လို မှ ထလို့ မရတော့ပါဘူး။

ဝုန်းခနဲ လဲပြိုကျသံ ကြားတော့ မထနိုင်တဲ့ သမီးက အခန်းထဲကနေပြီး "မာမီ ဘာဖြစ်သွားလဲ၊ မာမီ ဘာဖြစ် သွားလဲ"နဲ့ စိုးရိမ်တာကြီးအော်မေးနေလေရဲ့။ အိမ်ရှေ့မှာရှိတဲ့ အဖော်ကပြေးလာပြီး ကျွန်မ ကိုထူမ ပေးပေမဲ့ မတ်တတ်ရပ်နိုင်တဲ့အထိ မလှုပ်ရှားနိုင်တော့ဘဲ သူ့ကိုမှီပြီး အသာလေးမှေးထိုင် တယ် ဆိုရုံလောက်ကလေးပဲ ရွေ့လျားနိုင်ပါတယ်။ လှုပ်တိုင်းလည် နာကျင်တာက အသည်းခိုက် မတတ်ဖြစ်နေတော့ အရေးပေါ်နံပါတ်ဖြစ်တဲ့ (၉၁၁)ကို ဖုန်းဆက်ခိုင်းရပါရော။
(၉၁၁) ကလည်း မြန်မှမြန်။ ငါးမိနစ်လောက်နဲ့ အိမ်ပေါက်ဝကို ရောက်လာတော့တယ်။ ရှေးဦးသူနာ ပြုက ကျွန်မကို ထမ်းစင်ပေါ် ပွေ့တင်ပြီးဆေးရုံပို့ဖို့ လုပ်တော့ သမီးကေခိုင်က ဒူးအဆစ်ထည့် ထားလို့ မထနိုင်ဖြစ်နေရာက ချိုင်းထောက်ကြီး ဆွဲချပြီး ငိုကြီးချက်မနဲ့ သူပါဆေးရုံကို သူနာပြုကား နဲ့လိုက်ခဲ့မယ်တဲ့။

"ဘယ်ဖြစ်မှာလဲ၊ မလိုက်ပါနဲ့ သမီးရယ်။ လောရာကိုဖုန်းဆက်ပြီး သမီးကို လာစောင့်ပေးပါ လို့ ခေါ်လိုက်မယ်။ မာမီအရေးပေးမှာပြပြီးရင် ပြန်လာခဲ့မယ်။ စိတ်မပူနဲ့နော်"လို့ ချော့ရင်း သူ့သူ ငယ်ချင်း အိမ်နားမှာနေ တဲ့ လော်ရာကိုလည်း ဆေး၇ုံမသွားခင်မှာ ဖုန်းဆက်ပြီး အကူအညီ တောင်း ပေး ခဲ့ရသေးတယ်လေ။ အပြင်မှာကလည်း လေပြင်းမုန်တိုင်း အကြီးအကျယ်ကျနေခိုက်မို့ လေတွေက တ၀ုန်းဝုန်း တိုက်၊ မိုးတွေကလည်း တဝေါဝေါရွာ၊ အဲဒီမိုးထဲလေထဲမှာ လမ်းရှင်းပေး ဖို့အရေးပေါ် သူနာပြုကား ရဲ့ ဥသြမြည်သံနဲ့အတူ ကျွန်မလည်း ထမ်းစင်ပေါ်မှာ အကျသား ပါသွား လေရဲ့။

ဆေးရုံဆိုတာ ကျွန်မအဖို့ အိမ်ဦးနဲ့ကြမ်းပြင်ပါပဲ။ အခါခါ မီးဖွားဖို့ သွားရတာ ဖယ်ထားဦး၊ ကြီးကြီးမားမား ဖျားနာ တဲ့ ဝေဒနာမျိုး တစ်ခါမှ မရှိဘူးပေမဲ့ တစ်ကိုယ်လုံးမှာ ခွဲစိတ်ဒဏ်ရာတွေ ကကြီးကြီးရော၊ သေးသေးရော ဆရာဝန်ရဲ့ ဓားစာမိနေကျအပြင် သားသမီးတွေ ဖျားလို့ နာလို့၊ ထိခိုက် ဒဏ်ရာရပြီး ကွဲပြဲလို့၊ ကျိုးလို့ပဲ့လို့၊ ခွေးကိုက်ခံရလို့စတဲ့ အကြောင်းအရာမျိုးစုံနဲ့ ဆေးရုံ ကိုအခါ မလပ် ရောက်နေရတာကြောင့် ရိုးနေပါပြီ။
သူနာပြု ထမ်းစင်ပေါ်မှာ လဲလျောင်းရင်း ရှင်တော်ဘုရား ဟောကြားခဲ့တဲ့ အစိုးမရခြင်းတရားကို ဆင်ခြင်မိ ပါသေးတယ်။ အမှန်က ဒီညနေ လေယာဉ်ပျံနဲ့ ဖလော်ရီဒါကို ပြန်ဖို့ အစီအစဉ် လုပ်ထား ပြီးသားနော်။ ဟော...အခုတော့ အရေးပေါ်သူနာပြုကားကြီးနဲ့ ဆေးရုံကို ဦးတည်နေလေရဲ့။

"အစိုးမရခြင်း"တွေက တစ်ဘ၀မပြောနဲ့၊ တစ်ခဏအတွင်းမှာကို တစ်ခုပြီး တစ်ခုရောက်လာလိုက် တာ အံ့သြဖွယ်ရာ ပါပဲနော်။
ကိုယ်မလိုလားတဲ့ အပြောင်းအလဲတွေ မဖြစ်ပေါ်ပါစေနဲ့လို့ ဆုတောင်းလို့ မရနိုင်ပါဘူး။ မတည်မြဲ အစဉ်ပြောင်းလဲနေ တဲ့ သင်္ခါရတရားတွေက အခါမလပ် ကိုယ့်ဆီကို ဦးတည်ပြီး လာနေကြဦးမှာပဲ လေ။ ကြုံတွေ့ရ မဲ့ ဒီပြဿနာတွေကို  ကြံ့ကြံ့ခံနိုင်ပြီး ဘယ်လို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းနိုင် ရမလဲဆိုတဲ့ အသိဥာဏ်နဲ့ ရင်ဆိုင်နိုင်တဲ့ အားအင်ရရှိပါစေလို့သာ ဆုတောင်းရတော့မယ် လို့ တွေးရင်း ဆေးရုံဝ ကို ရောက် လာပါတော့တယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>