Wednesday, January 6, 2010

စာအုပ် (၃) အထောက်တော် လှအောင် စူဇီဝေါင်း အခန်း(၆)

အခန်း(၆)

နောက်ရက်များတွင် စူဇီ အလွန်ပျော်နေသည်။ အမူအရာအားလုံးကလည်း အလွန်တရာ ရွှင်လန်း တက်ကြွနေသည်။ မစ္စက်လိုမက်ခ်ဇ် ဖြစ်လာသောအခါ လူတွေနှင့် ဘယ်လိုဆက်ဆံမည်၊ ဘယ်လိုစကား ပြောမည် ဟု လေ့ကျင့်နေသည်။

    "နေကောင်းပါသလားရှင်၊ ကျွန်မဟာ မစ္စက်လော့ဒ်လိုမက်ခ်ဇ် ဖြစ်ပါတယ်၊ ကျွန်မ ယောက်ျားဟာ အင်မတန် နာမည်ကြီးတဲ့ လော့ဒ်ဘွဲ့ ရပုဂ္ဂိုလ်ကြီးပေါ့၊ သိတယ်မဟုတ်လား၊ ရှင်က ကျွန်မကို စော်ကား မော်ကား လုပ်လိုက်တာလား၊ ကောင်းပြီ၊ ကျွန်မယောက်ျားကို ပြန်တိုင်ရမယ်၊ ကျွန်မယောက်ျားက ရှင့်ကို မျောက်အိမ် ထဲမှာ ဆယ်နှစ် ထည့်ထားလိုက်လိမ့်မယ်"
    သူ တခစ်ခစ် ရယ်နေသည်။ ထို့နောက် တစ်စုံတစ်ရာကို သတိရသွားပြီး ချက်ချင်း သူ စိတ်ပူသွားသည်။ ကျွန်တော်တို့ လက်မထပ်မီ ခုတင်နေရာအားပြီဖြစ်ကြောင်း ကေးထံမှ ကြေးနန်းများ ရောက်လာလေ မလားဟု ပူပင်သောက ရောက်သွားခြင်း ဖြစ်သည်။

    "မောင် ဒီနေ့များ ကြေးနန်းရောက်မလားဟင်"
    "ဒီနေ့တော့ ရောက်ဦးမယ် မထင်ပါဘူး"
    "ရောက်မယ် မထင်ဘူးလား"

    ထိုမျှ ပြန်ပြောပြီး သူ့အမူအရာ ရွှင်လန်းသွားပြန်သည်။ ပြီးတော့ ထုံးစံအတိုင်း ဆက်လုပ်နေပြန်သည်။
    "ကောင်းသော မွန်းလွဲပိုင်းပါ၊ မစ္စတာလော့ဒ်ပစ်ကယ်ဒလီ မရှိပါဘူးရှင်၊ ၀မ်းနည်း ပါတယ်၊ ကျွန်မ ယောက်ျားက ဘုရင်မကြီးနဲ့အတူတူ ၀က်စ်မင်စတာ ဘက်ဘေးမှာ လက်ဖက်ရည် သွားသောက်နေ ပါတယ်ရှင်"

    "၀က်စ်မင်စတာအက်ဘေးမှာ လက်ဖက်ရည်သောက်လို့မရဘူး စူဇီ" ဟု ကျွန်တော်က လှမ်းပြောရသည်။
    "အို... ကျွန်မ ၀မ်းနည်းပါတယ် မစ္စတာလော့ဒ် ပစ်ကယ်ဒလီ၊ ဘုရင်မကြီးနဲ့အတူတူ နန်းတော်မှာ လက်ဖက်ရည် သွားသောက်နေပါတယ်"
    သည်လိုဖြင့် တစ်ရက်ပြီးတစ်ရက် အချိန်ကုန်လာသည်။

    မကာအိုသည် ကျွန်းဆွယ်အစွန်းတွင် တည်ရှိသော မြို့ဖြစ်သည်။ အလယ်လမ်းမကြီးမှဖဲ့ပြီး တစ်ဖက်သို့ ဆယ်မိနစ်လောက် လျှောက်သွားလျှင် ပင်လယ် ကမ်းခြေသို့ ရောက်သည်။ ဆန့်ကျင်ရာဘက်သို့ မိနစ်နှစ်ဆယ်ခန့် လျှောက်သွားလျှင် တရုတ်ပြည်ကြီး၏ နယ်စပ်သို့ရောက်မည်။ သို့သော်လည်း ပူအိုက် လွန်းသောကြောင့် လမ်းမလျှောက်နိုင်ပါ။ ဟိုနားသည်နားသွားလျှင် ဆိုက်ကားကိုသာ အားကိုးနေရသည်။

    မကာအိုသည် တရုတ်ပြည်မကြီးအတွင်းသို့ ၀င်ပေါက်အဖြစ် ရာစုနှစ်ပေါင်းများစွာ စည်ကားခဲ့သည်။ ယခုမူ ပြည်မကြီးအတွင်းသို့ ၀င်ပေါက်ကို ပိတ်လိုက်ပြီဖြစ်သောကြောင့် မကာအိုသည် ခြောက်ကပ် သွားသည်။ ကုန်သွယ်မှု မရှိတော့။ စက်မှုလက်မှုလုပ်ငန်းများ မရှိတော့။ စီးပွားရေး လုပ်ငန်းများ မရှိတော့။

    ဘိန်းအရောင်းအ၀ယ်၊ လောင်းကစားဝိုင်းများနှင့် မိန်းမပျက်များသာ ရှိသည်။ ထိုလုပ်ငန်းသုံးခုဖြင့် မြို့သက်ရှည်နေခြင်း ဖြစ်သည်။ ယခု ကျွန်တော်တို့ တည်းနေသည့် ဟိုတယ်မှာလည်း ထိုအရာသုံးခုကို အလွယ်တကူရနိုင်သည်။ ဟိုတယ်အထပ် နှစ်ထပ်တွင် ကာစီနိုကစားဝိုင်းတွေ ရှိသည်။ အခန်းထဲရှိ ဘဲလ်ကလေးကို နှိပ်လိုက်ရုံဖြင့် ဘိန်းနှင့် မိန်းမပျက်က အခန်းထဲသို့ ရောက်လာမည်။

    ဘိန်းနှင့်မိန်းမပျက် ရောက်လာအောင် စီစဉ်ပေးရသည့်အတွက် အခန်းစောင့် ကလေးများက ကော်မရှင်ရကြသည်။ အခန်းထဲမှာ ဘိန်းရှူရင်း မိန်းမပျက်နှင့် အတူနေကာ ကာစီနိုလောင်းကစားဝိုင်းမှာ အလောင်းအစား လုပ်လိုသည်ဆိုလျှင်လည်း ဖြစ်သေးသည်။ အခန်းစောင့်ကို သွားအထိုးခိုင်းလိုက်ရုံသာ ဖြစ်သည်။ ထိုနည်းအားဖြင့် မကောင်းမှု ဒုစရိုက်သုံးမျိုးကို တစ်ပြိုင်တည်း ကျူးလွန်နိုင်သည်။

    ကျွန်တော်တို့ တည်းနေသည့် အထပ်မှ အခန်းစောင့်၏ အမည်မှာ အာနတ်ဖြစ်သည်။ မျက်လုံးတစ်ဖက်က စောင်းနေသည်။ ကျန်မျက်လုံးတစ်ဖက်က နေ့ရော ညပါ လောဘခိုးတွေ မွှန်နေ တတ်သည်။ ကျွန်တော် တစ်ယောက်တည်း ရှိနေသည့်အခါ အနားသို့ ကပ်လာပြီး အသက် ဆယ့်ခြောက်နှစ် သာ ရှိသေးသော ပေါ်တူဂီ အမျိုးသမီးတစ် ယောက်နှင့် စီစဉ်ပေးနိုင်ကြောင်း လေသံဖြင့် ပြောတတ်သည်။

    စူဇီနှင့်သူ နှစ်ယောက်တည်း တွေ့သောအခါတွင်မူ ကျွန်တော့်ထက် ယောက်ျားပီသသော လူတစ်ယောက်နှင့် သူ ဆက်ပေးနိုင်ကြောင်း၊ ငွေတွေ အများကြီး ရနိုင်ကြောင်း၊ အောက်ထပ်မှာရှိနေသည့် ပေါ်တူဂီအရာရှိနှစ်ယောက်နှင့် မိတ်ဆက်ပေးမည် ဖြစ်ကြောင်း ဆွယ်တရား ဟောပြန်သည်။

    ဒုတိယပတ်သို့ ရောက်သောအခါ စူဇီ၏ တက်ကြွပျော်ရွှင်နေသော စိတ်ဓာတ်များ ပျက်ပြယ်စ ပြုလာသည်။ အလွန်အမင်းလည်း စိတ်ဆင်းရဲနေပုံ ရသည်။ တစ်ခါ အခန်းထဲသို့ ကျွန်တော် ၀င်သွား သည်တွင် သူ ငိုနေသည်ကို တွေ့ရသည်။ ထိုနေ့ည ညစာ စားတော့လည်း တစ်ကြိမ်ငိုပြန်သည်။

    အကျိုးအကြောင်းကို ကျွန်တော် မေးသောအခါ ဘာမှပြန်မဖြေဘဲ ခေါင်းကိုသာ တွင်တွင်ခါသည်။ လက်ထပ်ရမည့် ရက်ရောက်အောင် အကြာကြီး ထိုင်စောင့်နေရသည့် အတွက် သူ စိတ်မချမ်းမသာ ဖြစ်နေသည်ဟု ကျွန်တော် ထင်သည်။ ယခုလို ထိုင်နေရင်း သူ့ဘ၀အကြောင်းကိုလည်း သူ ပြန်စဉ်းစား နေပုံရသည်။

    ယခုရက်ပိုင်းတွင် ယခင်ကလို သူ့နောက်ကြောင်းတွေကို ပြန်မပြောတော့။ သူ့အတွေ့အကြုံများကို ပြောမပြတော့။ နမ်ကောက်ဟိုတယ်၏ အမည်ကိုပင် ထုတ်ဖော် မပြောမိအောင် သတိထားရှောင်နေသည်။
    သူ့နောက်ကြောင်းများနှင့် ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲမှာ မည်သို့မှ မရှိကြောင်း ပြောပြသောအခါ မကြားယောင်ဆောင်နေတတ်သည်။ စောစောတုန်းက ကေးထံမှ ကြေးနန်းရောက်လာမှာ သူ စိုးရိမ် နေခဲ့သည်။ ယခုတော့ ကေး၏ ကြေးနန်းကို အမျှော်ကြီး မျှော်နေပြန်သည်။

    တတိယပတ်သို့ ရောက်သောအခါ ပိုဆိုးလာသည်။ အချိန်ရှိသမျှ ငိုကြွေးနေတတ် သည်။ သည်လို သူစိတ်မချမ်းမသာ ဖြစ်နေခြင်းသည် ကျွန်တော့်အဖို့လည်း ထူးဆန်းနေ တော့သည်။ လက်ထပ်ဖို့ကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော့်ကိုယ် ကျွန်တော်လည်း မသေချာသလို ဖြစ်လာသည်။
    တစ်နေ့တွင် ကျွန်တော်နှင့် လက်မထပ်နိုင်တော့ကြောင်း၊ ဟောင်ကောင်သို့ ပြန်လိုကြောင်း၊ သူ့ဘ၀ဟောင်းသို့ ပြန်သွားလိုကြောင်း၊ နမ်ကောက်ဟိုတယ် ပြန်ပြီး သူ့အပေါင်းအသင်း အမျိုးသမီး များနှင့် အတူ အလုပ်ဟောင်းကိုပင် ပြန်လုပ်လိုကြောင်း၊ သူ့စိတ်ကိုသူ ပိုင်းဖြတ်လိုက်ပြီဖြစ်ကြောင်းများ ပြောသည်။

    "မင်း ဖြစ်ချင်တာက ဒီအတိုင်းပဲဆိုရင် မောင် မတားတော့ပါဘူး စူဇီ၊ ဒါပေမဲ့ မင်းရဲ့ ဆန္ဒအမှန်ဟာ အဲဒါပဲလိုတော့ မောင် မထင်ဘူး၊ မင်းဘ၀ဟောင်းကို ပြန်သွားရင် မင်းဘာလုပ်ရမယ်ဆိုတာ မင်းစိတ်ထဲမှာ သေသေချာချာ သိနေတယ်၊ ဒါပေမဲ့ မောင်နဲ့ လက်ထပ်ရင် ဘာတွေ ဖြစ်လာမယ်ဆိုတာ မသေချာဘူး၊ အခက်အခဲတွေ ပေါ်ချင်ပေါ်လာ နိုင်တယ်လို့ ထင်နေတယ်၊ အဲဒီစိတ်က မင်းကို ခြောက်လှန့်နေတာပါ" ဟု ကျွန်တော်က ပြောပြသည်။

    ထိုမျှမက ထိုနေ့မနက်ပိုင်းက ကြုံတွေ့ခဲ့ရသည့် အဖြစ်ကလေးကိုပါ ကျွန်တော်က ပြန်ပြောပြသည်။
    ထိုနေ့မနက်က ကျွန်တော်တို့နှစ်ယောက် လမ်းအတူလျှောက်ကြသည်။ ဟောင်ကောင်မှ လာလည် နေသော အင်္ဂလိပ် လင်မယားငယ်ငယ် တစ်တွဲနှင့် လမ်းမှာတွေ့သည်။ ကာစီနိုကစားဝိုင်းများတွင် သူတို့ လင်မယားနှင့် ဆုံနေကျဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ နှုတ်ဆက်စကား ပြောကြသည်။ စူဇီနှင့် မိတ်ဆက် ပေးရန် လှည့်ကြည့်လိုက်တော့ သူ မရှိပြီ။ ဆိပ်ကမ်းဘက်မှာ သွားပြီး ကျွန်တော်တို့ကို ကျောခိုင်း ရပ်နေသည်။

    အင်္ဂလိပ် လင်မယားနှင့် မိတ်ဆက်ပေးရန် သူ့ကို ကျွန်တော် သွားခေါ်သည်။ ဘယ်လို ခေါ်လို့မှမရ။ အလွန် ခေါင်းမာလှသည်။ ပြီးတော့ ငိုပါလေတော့သည်။ အင်္ဂလိပ် လင်မယားသည် သူ့ကို မုန်းတီးကြောင်း၊ ထိုလင်မယားနှင့် ကျွန်တော်က ဘာကြောင့် မိတ်ဆွေဖြစ်လိုသည်ကို သူ နားမလည်ကြောင်း ပြောသည်။
    တကယ်ဆိုတော့ အင်္ဂလိပ်လင်မယားက သူ့အပေါ် မနှစ်မြို့မည်ကို အလိုလို ကြောက်နေခြင်း သာဖြစ်ကြောင်း ကျွန်တော် သဘောပေါက်ပါသည်။ ထို့ကြောင့် လူတွေကို ကြောက်ဖို့မလိုကြောင်း၊ ရဲရဲ တင်းတင်း စိတ်ထားသန့်သန့်ဖြင့် ဆက်ဆံရမည်ဖြစ်ကြောင်း ပြောပြသည်။

    "မင်းဟာ သိပ်ချစ်စရာကောင်းတာပဲလို့ ကစားဝိုင်းမှာ မောင့်ကို သူတို့က ပြောတယ်၊ တကယ်ပြောတာပါ၊ မောင် မလိမ်ပါဘူး၊ မင်းကို သူတို့ မမုန်းပါဘူး၊ ဒါပေမဲ့ လူတွေက မင်းကို မုန်းမှာပဲလို့ မင်းစိတ်ထဲမှာ ထင်နေရင် အဲဒါတွေဟာ မင်းမျက်နှာပေါ်မှာ ပေါ်နေတယ်၊ လူတွေရဲ့ မျက်နှာဟာ မုန်းလို့ပဲ၊ သူတို့က မင်းကို တကယ်မုန်းတီးနေတယ် ဆိုရင်တောင် မင်းရင်ဆိုင်ရမှာပေါ့။
    "မင်းက သူတို့ကို ဆက်ဆံသလို သူတို့ကလည်း မင်းကို ပြန်ဆက်ဆံလိမ့်မယ်၊ တကယ်ကတော့ မင့်အနေနဲ့ လူတွေကို ဘာမှကြောက်နေစရာ မလိုဘူး၊ ဘာမှရှက်နေစရာ မလိုဘူး၊ မင်းဟာ နမ်ကောက်မှာ အလုပ်လုပ်ခဲ့တဲ့ မိန်းကလေးဖြစ်ပေမယ့် ဒါကြောင့်တော့ ဘာဖြစ်လို့ ငါရှက်ရမှာလဲဆိုတဲ့ စိတ်မျိုးထားရမယ်၊ ကျွန်မလည်း ရှင်တို့လို သာမန် လူသားပါပဲဆိုတဲ့ စိတ်မျိုးထားရမယ်၊ အဲဒီလို သဘေလာထားမျိုးနဲ့ သူတို့ကို ဆက်ဆံနိုင်ရင် သူတို့ကလည်း မင်းကို လေးစားလာကြမှာပဲ။

    "ဒီသဘောထားမျိုး မောင် ထားတတ်လာအောင် ဘယ်သူက သင်ပေးတယ် ထင်သလဲ၊ မင်းကပဲ မောင့်ကို သင်ပေးခဲ့တာပါ၊ မင်းဟာ လူတွေကို မျက်လုံးချင်း ဆိုင်ပြီး ကြည့်ရဲတဲ့ မိန်းကလေး၊ မင်းမှာ သတ္တိရှိခဲ့တယ်၊ အခုလည်း အဲဒီသတ္တိတွေ ရှိနေတာပဲ၊ ဒါပေမဲ့ မင်းရဲ့ ပူပင်သောကစိတ်တွေက မင်းရဲ့ သတ္တိကို ဖုံးကွယ်ထားတယ်၊ သေးသိမ်အောင် လုပ်ထားတယ်၊ အဲဒါကို မင်း သဘောပေါက်ရမယ်၊ ပူပင် သောကစိတ်တွေကို ဖျောက်ဖျက်ပစ်ပြီး သတ္တိတွေ ပြန်ပေါ် လာအောင် ကြိုးစားရမယ်" ဟု ကျွန်တော်က ရှည်လျားစွာ ရှင်းပြသည်။

    ဘာမှပြန်မပြောဘဲ သူ ငြိမ်နေသည်။ အငိုလည်း ရပ်သွားသည်။ ခဏလောက် သူ တစ်ယောက်တည်း နေချင်ပါသည်ဟု ပြောသည် ထို့ကြောင့် အပေါ်ထပ်ရှိ ကာစီနိုကစား ၀ိုင်းသို့ ကျွန်တော် တက်ခဲ့သည်။ တစ်နာရီလောက်ကြာတော့ ကျွန်တော့်နောက်သို့ သူ လိုက်လာသည်။ လျှောက်လာပုံက ခပ်တောင့်တောင့် ဖြစ်နေသည်။ သူ့ရင်ထဲမှာ ဘယ်လောက် တင်းကျပ်နေကြောင်းနှင့် ဘယ်လောက် စိတ်ထိန်းထားရကြောင်း သိသာ သည်။ ကြောက်ရွံ့စိတ်နှင့် သံသယစိတ်များကို ပင်ပန်းကြီးစွာ ခုခံတွန်းထုတ်နေရကြောင်း သိသာသည်။ ကျွန်တော့် မျက်လုံးများကို သူ တည့်တည့်စိုက်ကြည့်သည်။
    "ကျွန်မကို အခုထက်ထိ မောင် လက်ထပ်ချင်တုန်းပဲလား" ဟု သူက မေးသည်။

    "လက်ထပ်ချင်တုန်းပဲပေါ့ စူဇီ"
    "သေချာရဲ့လား မောင်၊ ကျွန်မအခုလို ဖြစ်နေတာတောင် မောင် လက်ထပ်ချင်တုန်းပဲလား"
    "အင်မတန် သေချာပါတယ် စူဇီ"
    ကျွန်တော့်စိတ်ထဲမှာ အမှန်တကယ် ရှိနေသည့်အတိုင်း ပြောခြင်းဖြစ်ပါသည်။ စူဇီမှာ သတ္တိတွေ ပြန်လည်ရရှိလာပြီဖြစ်ကြောင်း ကျွန်တော် သိပါသည်။
    "ကောင်းပြီ၊ မောင်နဲ့ လက်ထပ်ပါ့မယ်"
    "ကျေးဇူးတင်ပါတယ် စူဇီ၊ ဒီလိုဆိုရင် မောင်တို့ အ၀တ်အသစ် တစ်ထည်တော့ ပြေးဝယ်ကြဦးမှ၊ လက်ထပ်တဲ့နေ့မှာ မင်းဝတ်ဖို့ အသစ်တစ်ထည်တော့ ၀ယ်မှ ဖြစ်မယ်"
    ထိုနေ့တစ်နေ့လုံး သူ စကားနည်းနေသည်။

    နောက်နေ့မနက်တွင် သူ တစ်ယောက်တည်း အ၀တ်အစား လဲလိုပါသည် ဆိုသောကြောင့် ကော်ဖီသောက်ဖို့ ကျွန်တေ် အပြင်ထွက်ခဲ့သည်။ ဆယ့်တစ်နာရီထိုးတော့ ဟိုတယ်ပြန်လာပြီး ခန်းမထဲမှာ ထိုင်စောင့်နေလိုက်သည်။ မိနစ်နှစ်ဆယ်လောက်ကြာတော့ ဓာတ်လှေကားထဲမှ စူဇီ ထွက်လာသည်ကို တွေ့ရသည်။ အ၀ါရောင်ဗြောင် ဘေးကွဲ တရုတ်ဂါဝန် အသစ်ကလေးမှာ သူကခန္ဓာကိုယ်နှင့် လိုက်ဖက် လှသည်။
    "မောင့်ကို စောင့်ခိုင်းထားရသလို ဖြစ်နေပြီနော်" ဟု သူက ပြောသည်။

    "စူဇီ... မင်းသိပ်လှတာပဲကွယ်၊ မောင်တော့ ဂုဏ်ယူလို့မဆုံးတော့ဘူး၊ မောင်တို့ နှစ်ယောက်ဟာ အရေးကြီးတဲ့ စုံတွဲဖြစ်ချင်လိုက်တာ၊ ဒါမှ လူတွေကလည်း ကြိတ်ကြိတ် တိုးဝိုင်းကြည့်၊ သတင်းရုပ်ရှင်ကားတွေလည်း ရိုက်လို့"
    "မကြိုက်ဘူး၊ တခြားဘယ်သူတွေ ရှိနေတာကိုမှ ကျွန်မ မကြိုက်ဘူး"
    "တစ်ကမ္ဘာလုံးက မင်းကို မြင်စေချင်တယ်၊ မင်းဘယ်လောက် လှတယ်ဆိုတာ လူတိုင်း မြင်စေချင်တယ်၊ ယောက်ျား တွေအားလုံးက မင်းကို လိုစေချင်တယ်၊ ပြီးတော့မှ မင်းကို မောင် ပိုင်တဲ့အတွက် သူတို့ မရနိုင် တော့ဘူး ဆိုတာကိုလည်း သိစေချယ်တယ်"
    သူ့အတွက် သစ်ခွပန်းသုံးပွင့် ကျွန်တော် ၀ယ်ခဲ့သည်။ ထိုပန်းသုံးပွင့်ကို သူ့အင်္ကျီပေါ်မှာ ထိုးပေးလိုက်သည်။ အလှက ပို၍ပင် ၀င့်ကြွားလာသယောင် ထလိုက်ရသည်။ အပြင်ထွက်လာပြီး ဆိုက်ကားစီးကာ ကောင်စစ်ဝန်ရုံးသို့ လာကြသည်။

    သူ့ကိုယ်မှ ရေမွှေးနဲ့သည် ကျွန်တော့်နှာခေါင်းမှာ ယဉ်ပါးနေပြီ ဖြစ်သော သူ့ဆံပင်နံ့ကလေးနှင့် ရောပြီး လွင့်ပါးလာသည်။ သူ့လက်တစ်ဖက်ကို ကျွန်တော် ဆုပ်ထားသည်။ သူ့စိတ်ထဲမှာ လှုပ်ရှားနေကြောင်း၊ လက်ကို ကိုင်ကြည့်ခြင်းအားဖြင့် သိသာပါသည်။ စိတ်လှုပ်ရှားနေလွန်းသောကြောင့် သူ စကားတစ်ခွန်းမှ မပြော နိုင်တော့ပါ။

    ကောင်စစ်ဝန်ရုံးထဲသို့ ကျွန်တော်တို့ ၀င်ခဲ့ကြသည်။ ထိုသို့ ၀င်လိုက်သည်နှင့် တစ်ပြိုင်တည်း သူ့အမူအရာ ချက်ချင်း ပြောင်းလဲသွားပြန်သည်။ ရင်ကိုကော့၊ ခေါင်းကို မော့ထားသည်။ မျက်နှာ အမူအရာက အလွန်တရာငြိမ်နေပြန်သည်။ ဘယ်လိုမှ နားမလည် နိုင်တော့။ အကဲဖမ်း၍ မရနိုင်တော့။ သူ့ကို ယခု ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်မည်ဆိုလျှင် သူ့စိတ်ထဲမှာ ဘာတွေ ခံစားနေရသည်ကို မည်သည့်နည်းနှင့်မျှ ကျွန်တော် ခန့်မှန်းနိုင်မည် မဟုတ်ပါ။

    ကျွန်တော်တို့ နှစ်ယောက်ကို မြင်တော့ ကောင်စစ်ဝန်ကြီး အတော်ဝမ်းသာသွားသည်။ ကျွန်တော်တို့ ပြန်လာတော့မည် မဟုတ်ဟု သူ ထင်သည်။ ထင်သည့်အတိုင်း ပြန်မလာလျှင် အရေးကြီးသည့် လူမှု့ရေး လုပ်ငန်းကြီး တစ်ခုကို သူ ဆောင်ရွက်ပေးခွင့်မရတော့ဘဲ လက်လွတ်ဆုံးရှူံးရတော့မည်ဟု ထင်နေသည်။ ယနေ့ မွန်းလွှဲပိုင်းတွင် ဟောင်ကောင်ဘုရင်ခံ မကာအိုသို့ လာဖို့ ရှိသည်။ ဘုရင်ခံရောက်လာလျှင် မည်သည့် နည်းနှင့်မျှ သူ အချိန်မပေးနိုင်တော့။

    "ကောင်းတယ်၊ အားလုံးအဆင်သင့်ဖြစ်ပြီ မဟုတ်လား"
    ထိုင်နေရာမှ သူ မတ်တပ်ထရပ်သည်။ ထိုင်လျက်နှင့် လက်ထပ်ပေးရခြင်းသည် မလေးမစားပြုမူရာ ရောက်သည်ဟု သူ တွေးထင်ပုံရသည်။ သူ့နဖူးသည် ချွေးများနှင့် ပြောင်ချောနေသည်။ ရှပ်အင်္ကျီမှာလည်း ချွေးတွေရွှဲနေသည်။

    သူနှင့် မျက်နှာချင်းဆိုင်မှာ ကျွန်တော်တို့နှစ်ယောက် ရပ်ကြသည်။ မျက်နှာကျက်မှ ပန်ကာက တကျည်ကျည် မြည်နေပြီး ပြုတ်ကျလာတော့မလားဟု ထင်ရသည်။
    ကျွန်တော်တို့ နောက်မှာ သက်သေနှစ်ယောက် ရပ်နေကြသည်။ တစ်ယောက်က မစ္စရူဂရော်နီ။ နက်မှောင် သည့် ဆံပင်တွေက သူ့ပခုံးပေါ်မှာ ၀ဲကျနေသည်။ လည်ပင်းမှာ ရွှေလက်ဝါးတိုင်ကလေးကို ဆွဲထား သည်။ အင်္ဂလိပ်တရုတ်ကပြား မျက်နှာဖြူဖြူကလေးက ချောမောလှပသည်။

    နောက်တစ်ယောက်က တက်ရို့စ်။ ဆင်းရဲမွဲတေပြီး လမ်းပေါ်မှာ လေလွင့်နေသော အင်္ဂလိပ်လူမျိုးတစ်ယောက် ဖြစ်သည်။ လမ်းပေါ်မှာ ကျွန်တော်တို့နှင့်တွေ့တိုင်း သူ့ဘ၀ အကြောင်းကံ နည်းလှသည့်အကြောင်းကို မမောနိုင် မပန်းနိုင် ပြောပြလေ့ရှိသည်။ ကျွန်တော်တို့ လက်ထပ်ရာတွင် သက်သေ အဖြစ် လိုက်ပေးပါက ဒေါ်လာနှစ်ဆယ်ပေးမည် ဟု ကျွန်တော် ပြောထားသည်။
    ကောင်စစ်ဝန်ကြီးက ထုံးတမ်းစဉ်လာအတိုင်း လက်ထပ်မင်္ဂလာပွဲ အကြောင်း ပြောပြနေသည်။ သူ့မှာ အတွေ့ အကြုံမရှိသဖြင့် မသက်မသာဖြင့် ပြောနေရမှန်း သိသာလှသည်။ သူ လုပ်နေသည်မှာ နေရာမှ ကျပါလေရဲ့ လားဟုလည်း မသေချာသလို ဖြစ်နေသည်။

    ကျွန်တော်တို့က မေးခွန်းများကို ထုံးစံနှင့်အညီ ဖြေကြသည်။
    ကျွန်တော်က ရွှေလက်စွပ်ကလေး တစ်ကွင်းကို စူဇီလက်မှာ စွပ်ပေးလိုက်သည်။ သူ အံ့အား သင့်သွားသည်။ သူနှင့် ကျွန်တော် အချိန်အကြာကြီး အတူနေခဲ့ကြသော်လည်း လက်စွပ် အကြောင်းကို လုံးဝဖွင့်မပြောခဲ့။ ယခု သူ့လက်ကို ဆွဲယူပြီး ကျွန်တော် စွပ်ပေးနေ ကြောင်း သူသိသည်။ သူ့ မျက်ရည် မဆည်နိုင်တော့ပါ။ ၀မ်းသာလွန်းသဖြင့် ကျရသည့် မျက်ရည်များ ကန်ဘောင်ကျိုး ကျသလို ဒလဟော စီးဆင်း လာလေတော့သည်။

    ထို့နောက် ကျွန်တော်တို့ လက်မှတ်ရေးထိုးကြသည်။ စူဇီက မျက်လုံးမှ မျက်ရည်များကို လက်ခုံဖြင့် သုတ်လိုက်ပြီး လက်မှတ်ထိုးသည်။ ဝေါင်းမီလင်းဟူသော အမည်ကို တရုတ်ဘာသာဖြင့် ရေးသည်။ နောက်ဆုံး စူဇီဝေါင်းအမည်ကို အင်္ဂလိပ်လို ရေး သည်။
    "အင်း... သတို့သမီးက အရမ်း စိတ်လှုပ်ရှားနေတာကိုး" ဟု ကောင်စစ်ဝန်ကြီးက ပြောသည်။ သူ့လုပ်ငန်းအောင်မြင်သွားပြီ ဖြစ်သောကြောင့် ပြုံးနိုင်ရယ်နိုင်လည်း ရှိလာ သည်။
    "ဟုတ်တာပေါ့လေ၊ ဒီအချိန်မှာ မိန်းကလေးတိုင်း စိတ်လှုပ်ရှားကြတာပဲ၊ ကြည့်ပါလား၊ သူ့နာမည်က (Z)စာလုံးကို တောင် ပြောင်းပြန်ရေးမိနေပြီ" ဟု ဆက်ပြော သည်။
    "ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ပါခင်ဗျာ၊ (Z) စာလုံးကို သူ အတည်ရေးတဲ့နေ့မှာ သူ့ကို ကျွန်တော် ကွာရှင်းပစ်မှာပါပဲ"ဟု ကျွန်တော်က ၀င်ပြောရ သည်။
    "ကဲ... မင်းတို့ကို ခပ်မြန်မြန် နှင်ထုတ်ရမလို ဖြစ်နေပြီ၊ ကျုပ်မှာက အလုပ်ရှိနေပြန်ပြီ မဟုတ်လား၊ ဒါပေမဲ့ မင်းတို့ ကံကောင်းကြဖို့ အတွက်တော့ ကျုပ် ဆုတောင်းရမယ်"
    အံဆွဲကို ဖွင့်ပြီး ပေါ်တူဂီ ၀ိုင်အရက်တစ်ပုလင်း ဆွဲထုတ်လိုက်သည်။ သူ၏ အလိုက် သိတတ်မှု၊ ဧည့်ဝတ်ကျေပွန်မှု၊ ကြင်နာသနားတတ်မှုကြောင့် ကျွန်တော် နေမထိ ထိုင်မသာ ဖြစ်သွားသည်။ စိတ်ထဲမှာလည်း ကျေးဇူးတင်မဆုံး ဖြစ်သွားမိသည်။

    ပုလင်းဖုံးကို သူ ဖွင့်လိုက်သည်။ မစ္စရူဂရော်နီ ယူလာပေးသည့် ဖန်ခွက်များထဲသို့ ငှဲ့ထည့်ပေးသည်။ ကျွန်တော်တို့ အားလုံး ခွက်မြှောက်ချိန်တွင် သူက ဆုတောင်းစကား ပြောသည်။
    "မင်းတို့နှစ်ယောက် အင်မတန် ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်၊ မင်းတို့နှစ်ယောက်ဟာ အင်မတန်ကို ရှေ့သွားနောက်လိုက် ညီပါပေတယ်၊ ဒီစကားကို အခုမှ ကျုပ်ပြောတာ မဟုတ်ပါဘူး၊ တကယ်ပြောတာပါ၊ မင်းတို့ နှစ်ယောက်ဟာ အင်မတန် ရှေ့သွားနောက်လိုက် ညီပေတာပဲ"
    ထိုစကားကို သူ လှိုက်လှိုက်လှဲလှဲ ပြောသည်။ ထပ်ခါတလဲလဲ ပြောသည်။

    "ကျုပ် အမှန်အတိုင်း ပြောတာပါ၊ မင်းတို့နှစ်ယောက် ကျုပ်နဲ့ ပထမဆုံး အခေါက လာတွေ့ပြီးတဲ့နောက် မစ္စရူဂရော်နီကို ကျုပ် ပြောပြဖူးတယ်၊ ကျုပ် ဘာပြောတယ်ဆိုတာ မစ္စရူဂရော်နီက မောင်တို့ကို ပြောပြ ပါလိမ့်မယ်၊ ကဲ... မစ္စရူဂရော်နီ၊ သူတို့နှစ်ယောက်နဲ့ ပတ်သက်ပြီး မင်းကို ကျုပ် ဘာပြောဖူးသလဲ"
    "ဟုတ်ကဲ့၊ သူတို့နှစ်ယောက် နေနဲ့လ ရွှေနဲ့မြလိုပဲ အင်မတန် ရှေ့သွားနောက်လိုက် ညီပါပေတယ်လို့ ပြောပါတယ်ရှင်"
    မစ္စရူဂရော်နီက ခပ်ဝဲ၀ဲကလေး ပြောသည်။

    "အမှန်ပဲ... အမှန်ပဲ၊ မင်းတို့နှစ်ယောက်ဟာ နတ်ဖက်တဲ့အတွဲပဲ၊ မင်းတို့ကို ပထမဆု့း အခေါက် စမြင်လိုက် ကတည်းက ကျုပ်သိတယ်၊ ကဲ... မင်းတို့အတွက် ထပ်ပြီး ဆုတောင်းကြဦးစို့"
    စူဇီသည် သူ့လက်မှ လက်စွပ်ကို မသိမသာ ခိုးကြည့်နေသည်။ မစ္စရူဂရော်နီက စူဇီကို အားကျနေပုံရသည်။ တက်ရို့စ်က အကွက်ချောင်းသလို ကောင်စစ်ဝန်ကြီးကို ကြည့် နေသည်။ အကွက်ပေါ်သည်နှင့် တစ်ပြိုင်တည်း သူဘယ်လောက် ကံဆိုးကြောင်း၊ ဘယ် လောက် ဒုက္ခရောက်နေကြောင်းများကို စက်သေနတ်ပစ်သလို မရပ်မနား ပြောဆိုလေတော့သည်။

    "အဘိုးကြီး၊ ခင်ဗျားဟာတွေ ထားလိုက်စမ်း၊ ကျုပ်ကို ဒါတွေလာပြောပြနေလို့ လည်း အပိုပဲ၊ ကဲ... လင်မယားအသစ်ကျပ်ချွတ်ကလေး၊ ကျန်တဲ့ထက်ဝက် ကုန်အောင် ရှင်းလိုက်ကြဦးစို့"
    ကျွန်တော်တို့၏ ဖန်ခွက်များထဲသို့ ပုလင်းလက်ကျန်  ၀ိုင်အရက်များကို အကုန်သွန် ထည့်ပေးသည်။ ကျွန်တော်က အကုန်သောက်လိုက်သည်။ သို့သော်လည်း အရက်မကြိုက်တတ်သည့် စူဇီအဖို့ ခက်နေ သည်။ ထို့ကြောင့် ပြောင်သွားသော ကျွန်တော့် ခွက်နှင့် သူ့ခွက်ကို လဲလိုက်သည်။

    ကောင်စစ်ဝန်ကြီးက ရုံးပေါက်ဝရောက်အောင် ကျွန်တော်တို့ နှစ်ယောက်ကို ပျူပျူ ငှာငှာ လိုက်ပို့ပေးသည်။
    "ကျုပ်လက်ထပ်ပေးလိုက်တာ အမှားအယွင်းမပါဘူးလို့ ထင်ရတာပဲ၊ ဒီအလုပ်မျိုး မလုပ်ဖူးတော့ စိတ်ထဲမှာ မနေတတ် မထိုင်တတ်သလို ဖြစ်နေတယ်၊ တကယ်လို့ ကျုပ်လုပ်တဲ့အထဲမှာ တစ်ခုခု အမှား အယွင်း ပါသွားရင်တော့ မောင်တို့ လက်ထပ်တာဟာ အထမမြောက်ဘူးလို့ ဆိုရတော့မှာပဲ"
    တက်ရို့စ်က ကျွန်တော်တို့ ထွက်သွားပြီးသည့်နောက်တွင် သူ့ကို အမိဖမ်းရန် အကွက်ချောင်းနေဆဲပင် ဖြစ်သည်။ မစ္စရူဂရော်နီက တစ်စုံတစ်ရာကို ရုတ်တရက် သတိရလိုက်သည့်အလား သူ့စားပွဲရှိရာသို့ ပြေးသည်။ ပြီးတော့ ချက်ချင်း ပြန်လာသည်။

    "ဒီဟာလေးဟာ ဘယ်လောက်မှ အဖိုးမတန်ပါဘူးရှင်၊ အဖိုးမတန်ရုံမကဘူး၊ အသစ်လည်း မဟုတ်ပါဘူး၊ သုံးပြီးသားပါ၊ ဒါပေမဲ့လောလောဆယ် ကျွန်မမှာ လက်ဖွဲ့ စရာဆိုလို့ ဒါပဲရှိပါတယ်၊ ကျွန်မရဲ့ လက်ဖွဲ့ ပစ္စည်းအဖြစ်နဲ့ လက်ခံပါနော်၊ နောက်တော့မှ လွှင့်ပစ်ချင်လည်း လွှင့်ပစ်ပါ"ဟု ပြောရင်း ရွှေရောင် ပေါင်ဒါဘူးလေးကို စူဇီ၏ လက်ထဲသို့ ထိုးထည့်ပေးသည်။
    ကောင်စစ်ဝန်ရုံး၏ အပြင်ဘက်သို့ ကျွန်တော်တို့ ရောက်လာကြပြီ။ တက်ရို့စ်က ပါးစပ်မှ မြည်တွန်တောက်တီးနေသည်။ ကောင်စစ်ဝန်ကြီးက သူ့ကို စော်ကားမော်ကား လုပ်သည်ဆိုကာ ၀မ်းနည်း ပက်လက် ဖြစ်နေသည်။

    "ဒီကောင်ကြီးဟာ ကောင်စစ်ဝန် ဖြစ်နေလို့သာပေါ့၊ ကောင်စစ်ဝန်သာ မဟုတ်ရင် ကျုပ်ဖိနပ်ကို လျှာနဲ့ ကုန်းလျက်လောက်အောင်တောင် တန်ဖိုးရှိမှာမဟုတ်ဘူး" ဟု ပြော နေသည်။
    ကျွန်တော်က သူ့လက်ထဲသို့ နှစ်ဆယ့်ငါးဒေါ်လာ ထည့်ပေးလိုက်သည်။ မူလသဘော တူညီထားသည်ထက် ငါးဒေါ်လာ ပိုပေးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း သူ သတိထားမိပုံမရပါ။
    "ခင်ဗျား ကူညီတာ ကျေးဇူးတင်ပါတယ်ဗျာ" ဟု ကျွန်တော်က ပြောပြီး အသင့်စောင့်နေသော ဆိုက်ကားပေါ်တက်ကာ စူဇီဘေးမှာ ထိုင်သည်။ ဆိက်ကားသမားကခြေနင်းပေါ်မှာ တစ်ကိုယ်လုံး အလေးချိန်ရအောင် မတ်တပ်ရင်း နင်းပြီး ထွက်လာခဲ့သည်။ နောက်ပြန်ကြည့်တော့ အနားမှာ ကျွန်တော်တို့ `၇ှိနေသေးသည် အထင်ဖြင့် စကားပြောနေဆဲဖြစ်သော တက်ရို့စ်ကို မြင်ရသည်။
    ဘီကိုဒါ ဖယ်လီစီဒါဒီ ဟိုတယ်သို့သွားကာ နေ့လည်စာ မှာလိုက်သည်။ ထိုဟိုတယ်ရှိ လမ်းကို ရွှင်ပျော်ပျော် လမ်းဟု အမည်ပေးထားသည်။

    ထိုဟိုတယ်သည် ခိုကြော်ကောင်းကြောင်း နာမည်ကြီးသည်။ ပေါ်တူဂီ ၀ိုင် အကောင်းစားကိုလည်း ဈေးပေါပေါနှင့် ရနိုင်သည်။ လှေကားကျဉ်းကျဉ်းကလေးအတိုင်း ကျွန်တော်တို့ တက်လာကြပြီး အခန်းတစ်ခုထဲမှာ နေရာယူသည်။ အခန်းပတ်လည်တွင် မှန်အချပ်ပေါင်းများစွာ ချိတ်ဆွဲထားသည်။ မှန်များ အားလုံးမှာ အရုပ်များ၊ စာများ ရေးထား သည်။ မှန်များကို ထိုသို့ ချိတ်ဆွဲထားခြင်းအားဖြင့် လာဘ်ကောင်း ကြောင်း တရုတ်လူမျိုးများ အယူအစွဲရှိကြသည်။

    စားပွဲထိုးတစ်ယောက်က ရေနွေးနှင့်ပေါင်းထားသော မျက်နှာသုတ်ပ၀ါများကို ဗန်းပေါ်မှာတင်ပြီး ယူလာသည်။ ပိုးသတ်ဆေးအနံ့က တထောင်းထောင်းထွက်နေသည်။ မျက်နှာသုတ်ပ၀ါကို တူနှင့်ညှပ်ပြီး ကျွန်တော်တို့ကို တစ်ထည်စီပေးသည်။ လက်နှင့် မျက်နှာများကို သုတ်ကြသည်။ ပန်းကန်ထမြှာ ရေနွေးကြမ်း ထည့်ပေးပြီး မျက်နှာသုတ်ပ၀ါများကို ပြန်ယူသွားသည်။
    ပန်းကန်ပြားကလေးထဲမှ ကွာစေ့လှော်များကို နှိုက်စားရင်း အစားအသောက်များကို ကျွန်တော်တို့ စောင့်နေကြသည်။ ပတ်လည်က မှန်များထဲမှာ စူဇီ၏ အရိပ်များ ပေါ်နေသည်။ စားပွဲပေါ်မှာ သူ့လက်ကလေး ကို ဟန်မပျက် တင်ထားရင်း လက်စွပ်ကို မကြာခဏ လှမ်းကြည့်နေသည်။

    "ပတ်လည်က မောင့်မယားတွေကို ကြည့်လိုက်စမ်းပါဦး၊ ဒီမနက်ပိုင်းမှာ ပင်ပင်ပန်း ပန်း ဘာတစ်ခုမှ မလုပ်ခဲ့ပရသလိုဘဲ" ဟု ကျွန်တော်က ပြောရင်း မှန်များထဲမှာ ပေါ်နေသည့် သူ့ အရိပ်များကို မေးငေါ့ ပြသည်။
    "မောင့်မယားတွေ အကုန်လုံးကို လက်စွပ်တွေ အစေ့အင ပေးတာပဲလားဟင်" ဟု စူဇီက ပြန်မေးသည်။
    "အိုး... ဟုတ်တာပေါ့၊ မောင့်မယားတွေကို တန်းတူပဲ မောင်ထားတယ်၊ ဘယ်သူမှ မလျော့ရဘူး"
    "သူတို့အားလုံးအတွက် လက်စွပ်တွေ အများကြီးဝယ်ရတော့ ပိုက်ဆံတွေ အများကြီး ကုန်မှာပေါ့"

    "မှန်တွေ အများကြီး ချိတ်ထားတဲ့ဆိုင်ထဲမှာ မောင်သွားဝယ်တာ၊ ပိုက်ဆံတွေကလည်း မှန်တွေထဲမှာ အများကြီး ဖြစ်သွားတာပေါ့"
    "တစ်ခုပြောရဦးမယ် မောင်ရယ်၊ ကျွန်မတိ့ တကယ်လက်ထပ်လိုက်ကြပြီဆိုတာ မယုံနိုင်သလို ဖြစ်နေတယ်"
    "မောင်သိပါတယ်၊ တစ်မျိုးတော့လည်း ရယ်စရာပေါ့၊ စိတ်ထဲမှာ တစ်မျိုး ဖြစ်နေတတ်တယ်၊ လူတိုင်း ဒီလိုခံစားကြရတာပဲ"
    "မောင်ဟာ တကယ်ပဲ ကျွန်မရဲ့ ယောက်ျား ဖြစ်သွားပြီလားဟင်"
    "ဟုတ်တယ်လေ၊ မောင့်ဆီမှာ လကထပ်စာချုပ် ရှိနေပြီပဲ၊ သက်သေခံ အထောက်အထားကို မောင်ပြ နိုင်နေပြီ"

    "မောင်က ပြောပြရင်တော့ ကျွန်မ ယုံမှာပါပဲ၊ စူဇီ... မောင်ဟာ မင်းရဲ့ တရားဝင် ယောက်ျားပဲလို့ ကျွန်မကို မောင်ကိုယ်တိုင် ပြောပြစမ်းပါကွယ်"
    "စူဇီ.. မောင်ဟာ မင်းရဲ့ တရားဝင်ယောက်ျား ဖြစ်သွားပြီလေ၊ မင်းဟာလည်း မောင် အင်မတန်ချစ်တဲ့ မောင်ရဲ့ ဇနီးချောကလေး၊ မယားအလှကလေးပေါ့၊ အဲဒီဂါဝန်ကလေး မင်းဝတ်ထားတာ မောင် သိပ်သဘော ကျတာပဲ၊ မောင့်စိတ်ထဲမှာ စိတ်ကူးတစ်မျိုး ပေါ်လာတယ်၊ မောင်တို့နှစ်ယောက် အခု တရားဝင် လက်ထပ်ပြီးကြပြီ ဆိုတော့ မရေမရာတွေလည်း စိတ်ကူးနေဖို့ မလိုတော့ဘူးပေါ့"
    "အဲ... အခုချိန်ကစပြီး ကျွန်မနဲ့ အတူတူ မအိပ်ချင်ဘူးဆိုရင်လည်း မအိပ်ပါနဲ့၊ ကျွန်မကတော့ အ၀တ်လျှော်၊ ထမင်းချက်နဲ့ အိမ်မှုကိစ္စတွေပဲ လုပ်ပါ့မယ်၊ အဲဟို မိန်းမတွနဲ့ မောင် အတူတူ သွားအိပ်ပါနော်"

    "အောင်မယ်လေး... ဒါလောက် မိန်းမတွေ အများကြီးနဲ့ ဘယ်ဖြစ်ပါ့မလဲကွယ်"
    "ဘယ်မိန်းမကို မောင် အကြိုက်ဆုံးလဲ၊ အဲဟို မှန်အ၀ိုင်းထဲက မိန်းမကို ကြိုက်သလား"
    "မကြိုက်ဘူး၊ သူက ကိုင်လို့တွယ်လို့ ရတာမဟုတ်ဘူး၊ ဟောဒီ စားပွဲမှာ ထိုင်နေတဲ့ မယားကိုပဲ မောင် အကြိုက်ဆုံး၊ သူနဲ့ပဲ နေတော့မယ်"
    ထိုနေ့ညနေက ကေးထံမှ ကြေးနန်းရောက်လာသည်။ ခုတင်နေရာရရေးနှင့် ပတ်သက်ပြီး လွန်ခဲ့ည့် သုံးရက်က ကျွန်တော် ကြေးနန်းရိုက် စုံစမ်းသည်ကို အကြောင်း ပြန်ခြင်းဖြစ်သည်။ တစ်ပတ်အတွင်း နေရာအားနိုင်သည်ဟု ဆိုသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကို သူ မေ့မသွားသေးကြောင်း သိရသဖြင့် စိတ်အေးသွားရပါသည်။ နောကထပ် တစ်ပတ်လောက် ဆက်ပြီး အေးအေးဆေးဆေး နေနိုင်ကြဦးမည် ဖြစ်သဖြင့် လည်း စိတ်ချမ်းသာသွားပါသည်။ ဆေးရုံသို့ ချက်ချင်း တန်းမတက်ရဘဲ စိတ်အေး ချမ်းသာ အနား ယူနိုင်မည်။ စူဇီ၏ အခြေအနေသည် ချက်ချင်းလက်ငင်း ဆေးရုံပြန်တက်ရန် လိုအပ်သည့် အခြေအနေ လည်း မဟုတ်ပါ။

    ဘာပဲဖြစ်ဖြစ် သူ့ကို ကောင်းကောင်း နားခိုင်းသည်။ ညဘက်တွင် စောစော အိပ်ရာ ၀င်သည်။ လက်ရွေးစင်စာအုပ် တော်တော်များများ ကျွန်တော် ယူလာခဲ့သည်။ သို့သော်လည်း လက်မထပ်မီတုန်းက စူဇီ၏ စိတ်တွေ မတည်ငြိမ်သောကြောင့် စာမဖတ်နိုင်ခဲ့ပါ။ ယခုတော့ သူ့စိတ်များလည်း တည်ငြိမ်လာပြီမို့ ကျွန်တော်တို့ စာကောင်းကောင်း ဖတ်နိုင်ကြသည်။
    ကျွန်တော် ဖတ်ပြသည်များကိုလည်း အလွန်စိတ်ဝင်စားစွာ သူ နားထောင်သည်။ ပြီးတော့ စာအုပ်အကြောင်း ဆွေးနွေးကြသည်။ စာအုပ်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ကြသည်။ လူတို့၏ ကျင့်ဝတ်တရားများနှင့် ပတ်သက်ပြီး ကျွန်တော်တို့ အများကြီး ဆွေးနွေး ဖြစ်ကြသည်။

    ဘက်တီလောင်းနှင့် သူ ရန်ဖြစ်သည့် အကြောင်းကိုလည်း ကျွန်တော်တို့ ပြန်ဆွေး နွေးကြသည်။ ဘက်တီကို ကတ်ကြေးနှင့် သူ ထိုးသောကြောင့် ထောင်ကျခဲ့သော်လည်း သူ နောင်တမရသည်ကို တွေ့ရသည်။ ထိုသို့ ပြုလုပ်ခြင်းသည် မှားယွင်းကြောင်း သူ လက်မခံနိုင်အောင် ဖြစ်နေသည်။
    "ဒီထက်ပိုနာအောင် ထိုးပစ်သင့်တယ်လို့ အခုအထိ ကျွန်မ ယုံကြည်နေတုန်းပဲ၊ ဘာကြောင့်လဲဆိုတော့ သူ ခံကို ခံသင့်တယ်၊ ထိုက်ထိုက်တန်တန် ခံရတာပဲ" ဟု ပြော သည်။
    "အခုအထိ မင်း သဘောမပေါက်နိုင်သေးပါလား စူဇီရယ်"

    "ဘယ်လိုပဲဖြစ်ဖြစ်လေ၊ သူဟာ မောင်နဲ့အတူ အိပ်ခဲ့ဖူးတယ်၊ မောင်နဲ့ ဆက်ဆံတဲ့ မိန်းကလေးတိုင်းအပေါ်မှာ ကျွန်မ သ၀န်တိုတယ်"
    "မင်းနဲ့ ဆက်ဆံတဲ့ ယောက်ျားတွေအပေါ်မှာ မောင်က အဲဒီလို သ၀န်မတိုမိတာ ခပ်ကောင်းကောင်းပဲ ဖြစ်နေသေးတော့တယ်"
    "မောင်ဟာ အခုထက်ထိ အချစ်အကြောင်းကို သဘောမပေါက်သေးဘူး၊ နားမလည်သေးဘူး၊ ယောက်ျားတွေနဲ့ ကျွန်မ ဆက်ဆံတာက ဒါနဲ့ မတူဘူးလေ"
    ထိုအကြောင်း စကားစပ်မိတိုင်း အနည်းဆုံး နှစ်နာရီလောက်ကြာအောင် စကားကြော ရှည်တတ်ကြစမြဲ ဖြစ်သည်။ အမြင်ချင်း ကွဲလွဲနေစမြဲဖြစ်သည်။

    လက်ထပ်ပြီးသည့် နောက်ပိုင်းတွင် ကျွန်တော် ပန်းချီလည်းကောင်းကောင်း ဆွဲနိုင်လာသည်။ ကျွန်တော်တို့ အခန်းသည် အလင်းရောင် လုံလုံလောက်လောက် ရသည့် အခန်းတော့မဟုတ်ပါ။ နမ်ကောက်မှာ ကျန်ရစ်ခဲ့သည့် ကျွန်တော့်အခန်းမှ လသာဆောင် ကလေးကို လွမ်းမိပါသည်။
    သို့သော်လည်း စိတ်လက်ကြည်လင်ချမ်းမြေ့နေသောကြောင့် အခန်းနေရာ ကောင်း မကောင်းသည် အကြောင်း မဟုတ်တော့ပါ။ ဒါတွေကို ဂရုစိုက်မနေတော့ပါ။
    မကာအိုဟိုတယ်ရှိ အိပ်ခန်းကလေးထဲမှ ကျွန်တော် ဆွဲခဲ့သော စူဇီ၏ ပုံတူပန်းချီ ကားသည် ကျွန်တော် ရေးဆွဲခဲ့ဖူးသမျှသော ကားများ အားလုံးအနက် အကောင်းဆုံးကား ဖြစ်သည်ဟု ကျွန်တော် ယခုတိုင် ယုံကြည်နေပါသည်။

    ထိုကားကို ကျွန်တော်တို့ လက်ထပ်ပြီး သုံးရက်မြောက်နေ့ မွန်းလွဲပိုင်းမှာ စတင်ရေးဆွဲခြင်း ဖြစ်သည်။
    တွန့်ကြေနေသော အိပ်ရာပေါ်မှာ သူ လဲလျောင်းနေသည်။ သူလဲလျောင်းနေပုံကိုလည်း အရိုးအသားတွေ ကျိုးကြေနေသလိုရှိသည်။ အမြင့်ကြီးမှ ကျလာသလို ရှိသည်။ လှုပ်ရှားလိုစိတ်လည်း ရှိပုံမပေါ်ပါ။ သူ့တစ်ကိုယ်လုံး အရိုးအသားတွေ ကျိုးကြေသွားသည့်အတွက်လည်း ကျေနပ် နှစ်သက်နေပုံမျိုး ဖြစ်သည်။ ရင်သားများသည် သားသည်အမေ၏ ရင်သားများကဲ့သို့ မိခင်နို့ရည်ဖြည့် ပြည့်တင်းကာ မိန်းမပီသသော ခံစားမှုအရိပ်အရောင်များကလည်း ဖြာထွက်နေသည်ဟု ထင်မှတ်ရသည်။

    ကျွန်တော် ဆွဲချင်သည့် အနေအထားကလည်း သည်အတိုင်းပင် ဖြစ်ပါသည်။ သို့သော်လည်း သူ့ကို ကျွန်တော် ကြည့်နေဆဲမှာပင် အမူအရာ ပြောင်းသွားသည်ကို သတိ ထားလိုက်မိသည်။
    ကျွန်တော် အကျေနပ်ကြီး ကျေနပ်သွားပါသည်။ ကျွန်တော် ရေးဆွဲဖို့ ရည်စူးထား သည့် ပုံဟန်ပျက်သွားသည်မှာ မှန်ပါသည်။ ယခုပေါ်လာသည့် အမူအရာက သူ့အပေါ်တွင် ကျွန်တော်က အနိုင်ရလိုက်သလို၊ အနိုင်ရလိုက်သော ကျွန်တော့်ကို သူက အာခံကြည့် ကလေးဖြင့် ပြန်ကြည့်နေသလို၊ အာခံကြည့်ကလေးဖြင့် ကြည့်နေရုံသာမက "ကောင်းပြီလေ၊ ကျွန်မကို ရှင် အနိုင်ရသွားတာ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်မက ရှင်နိုင်တာကို ခံချင်လို့ ဒီဘ၀ရောက်သွားတာပါ၊ ပြီးတော့ တစ်မိနစ်လောက် ကျွန်မရဲ့ ကျိုးကြေသွားတဲ့ အရိုးအသားတွေကို ဆက်ပြီး ထိန်းထားနိုင်မယ်ဆိုရင် ကျွန်မ လွတ်လပ် သွားပြီ"ဟုလည်း နှုတ်ဖျားမှ စကားလုံးများ ထွက်လာသလို ထင်မှတ်ရသည်။

    ထိုပုံကိုပင် ကျွန်တော် စိတ်ရှိလက်ရှိ ရေးဆွဲပစ်လိုက်မိတော့သည်။
    လောင်းကစားဝိုင်းတွေမှာလည်း ကျွန်တော်တို့ အချိန်သွားဖြုန်းကြသည်။ ကစားဝိုင်းထဲမှာ မထိုင်ချင်လျှင် ကားစီနိုစားပွဲကြီးကို စီးမြင်နေရသည့် အပေါ် ဆောင်များမှာ ထိုင်နိုင်သည်။ ကိုယ်ထိုးလိုသည့် ဂဏန်းပေါ်သို့ ပိုက်ဆံကို ကြိုးချည်ထား သော ခြင်းကလေးများနှင့် ချပေးလိုက်ရုံသာ ဖြစ်သည်။

    တစ်ခါတရံကျတော့ ဘီကိုဒါဖယ်လီစီဒါဒီဟိုတယ်က ကစားဝိုင်းတွေမှာ သွားကစား သည်။ ထိုကစားဝိုင်းများက ဘ၀နှင့် ပိုနီးစပ်သည်ဟု ထင်သည်။ ဆင်းရဲသားတွေ၊ ကူလီတွေ၊ ဖိနပ်မှ မစီးနိုင်သူတွေကို တွေ့ရသည်။ ဘိန်းခိုးနံ့တွေကလည်း မွှန်ထူနေ တတ်သည်။ သူတို့ကြားထဲ တိုးဝင်ပြီး ပျော်ပျော် ပါးပါး ကစားကြသည်။

    ကျွန်တော်သည် အလောင်းကစားကိစ္စတွင် ကံမလိုက်ပါ။ အမြဲလိုလို ရှုံးလေ့ရှိသည်။ စူဇီကတော့ သည်လိုမဟုတ်။ စနစ်တကျ ကစားသည်။ ထို့ကြောင့်လည်း အမြဲတမ်းလိုလို သူနိုင်သည်။ သို့သော် ဆေးလိပ်ခိုးတွေ၊ ဘီယာနံ့တွေကို သူ မခံနိုင်ပါ။ ထိုအနံ့မျိုးရလျှင် သူ့ကျန်းမာရေးကို ထိခိုက်ချင်သလိုလို ဖြစ်လာသည်။ ထို့ကြောင့် အပြင် ကစားဝိုင်းများကို မသွားစေတော့ဘဲ ရံဖန်ရံခါကျမှသာ ကျွန်တော်တို့ ဟိုတယ်ရှိ ကာစီနိုဝိုင်းသို့ သွားကစားစေသည်။

    ဟောင်ကောင်မှလာသော အင်္ဂလိပ်လူမျိုးများနှင့်လည်း ကာစီနိုဝိုင်းမှာ မကြာခဏ တွေ့ရသည်။ ထိုသို့ တွေ့သည့်အခါတိုင်း စူဇီသည် စကားပြောရမှာ နောက်တွန့်နေတတ်သည်။ သူ့စိတ်တွေ လှုပ်ရှားနေတတ်စမြဲပင် ဖြစ်သည်။ ထို့ကြောင့် -
    "ငါ့မှာ ဘာမှရှက်စရာအကြောင်း မရှိဘူး၊ ငါ ဂုဏ်ယူနေတာပဲ၊ ငါ့မှာလည်း မာနရှိတာပဲ၊ ငါဟာလည်း သူတို့လို လူကောင်းသူကောင်းပဲ၊ ဘာအမှားအယွင်း ရှိတာလိုက် လို့" ဟူသော စိတ်ထားမျိုးမွေးရန် ကျွန်တော် က အားပေးတိုက်တွန်းရပြန်သည်။

    "ဒါပေမဲ့ ကျွန်မရှက်တယ် မောင်ရယ်၊ ကျွန်မစိတ်ထဲက တကယ်ရှက်နေရက်သားနဲ့ မရှက်ပါဘူးလို့ ကိုယ့်ဟာကိုယ် ပြန်ပြောရတာ မကောင်းပါဘး" ဟု သူက ပြန်ပြောသည်။
    "ဒီလိုဆိုရင် မင်း မရှက်ဘူးဆိုတာကို စိတ်ကူးကြည့်၊ မရှက်တဲ့အဖြစ်ကို စိတ်ကူး ကြည့်၊ ငါရှက်ချင်လည်း ရှက်နေလိမ့်မယ်၊ မရှက်ဘဲလည်း နေချင်နေမယ်၊ ဒါပေမဲ့တခြားလူတွေ မရှက်တဲ့အခါမှာ ဘယ်လိုများ နေမလဲလို့ စိတ်ကူးကြည့်" ဟု ကျွန်တော်က ပြောသည်။

    သည်လိုဖြင့်ပင် အချိန်အနည်းငယ် အတောအတွင်း စူဇီမှာ ဂုဏ်ယူဝင့်ကြွား သည့် မာန်မာနထားသည့် အမူအရာကလေးများကို မြင်တွေ့လာရသည်။ ကျွန်တော့်ကိုလည်း "ကျွန်မယောက်ျား"ဆိုသော အခေါ်မျိုး မခေါ်တော့။ လိုအပ်၍ သုံးနှုန်းရမည်ဆိုလျှင်လည်း ယခင်တုန်းကလို အပေါ်ယံကြောသဘောမျိုး မဟုတ်တော့။ ယုံယုံကြည်ကြည် ခေါ်ခြင်း ဖြစ်သည်။
    "ကျွန်မ ယောက်ျားက ပန်းချီဆရာပါ" ဟု တစ်ခါတုန်းက ပြောနေသံကို ကျွန်တော် ကြားလိုက်ဖူးသည်။ အလွန် စပ်စပ်စုစုနိုင်သော အင်္ဂလိပ်မကြီးတစ်ယောက်နှင့် တွေ့ပြီး ထိုမိန်းမကြီးက စပ်စုသောကြောင့် စူဇီက ပြန်ဖြေခြင်းဖြစ်သည်။

    "ဟုတ်လား၊ ဘယ်လောက်ကောင်းသလဲနော်၊ ဒါထက် သူက ဘယ်လိုပန်းချီကား တွေ ဆွဲသလဲ"ဟု မေးပြန်သည်။
    "အခုပဲ ကျွန်မပုံကို ဆွဲနေတယ်" ဟု စူဇီက ပြန်ဖြေသည်။
    "အင်း ဒီအတိုင်း အ၀တ်အစားနဲ့တော့ ဟုတ်မယ်မထင်ဘူး၊ ပန်းချီဆရာတွေ အကြောင်း ကျုပ်သိတယ်၊ ခင်ဗျားရဲ့ ၀တ်လစ်စလစ်ပုံကို ဆွဲတာ မဟုတ်လား" ဟု မိန်းမကြီး၏ ယောက်ျားက ၀င်မေးသည်။
    "ဟုတ်ပါတယ်ရှင်"

    စူဇီပြန်ဖြေလိုက်သော "ဟုတ်ပါတယ်ရှင်"သည် အလွန်တရာ ရိုးသားလှပါသည်။ ပြီးတော့ ဂုဏ်ယူဝင့်ကြွားဟန်လည်း ပါပါသည်။ သူ့မျက်လုံးများသည် အရောင်တောက် နေကြ၏။ ရှက်ရွံ့သော အမူအရာ လုံးဝမရှိ။ ယောက်ျားကြီးကိုလည်း ဣနြေ္ဒရရ ပြန်စိုက် ကြည့်နေသည်။ တကယ်ဆိုတော့ ယောက်ျားကြီးက သူ့ကို ရွှတ်နောက်နောက် လုပ်ချင် သည့်သဘောဖြစ်သည်။ သို့သော် စူဇီ၏ တည်ကြည်သော အမူအရာ၊ လေးနက်သော အမူအရာများကြောင့် ဘာမှဆက်မပြောသာတော့ပေ။

    ထိုအချိန်က သူခံစားနေရသည့် ဂုဏ်ယူဝင့်ကြွားသော စိတ်ဓာတ်ကို ကျွန်တော် အလွန်တရာ သဘောကျမိပါသည်။
    ကျွန်တော်တို့ တရားဝင်လက်ထပ်ပြီးသည့် အချိန်မှစ၍ ဘယ်တုန်းကနှင့်မှ မတူအောင် စူဇီအပေါ်တွင် ကျွန်တော် ယုယကြင်နာမိသည်။ တစ်ပြိုင်တည်းမှာလည်း ပိုင်ဆိုင်လိုစိတ်တွေ ကြီးထွားလာသည်။ ပိုင်ဆိုင်လိုစိတ်တွေ ကြီးထွားလာရာမှ ချုပ်ချယ်မှုတွေ လုပ်ချင်လာသည်။

    မျက်စိအောက်မှလည်း အပျောက်မခံနိုင်တော့ပါ။ ကျွန်တော့်အတွက် စီးကရက်ဝယ်ရန် အပြင်ထွက်သွားပြီး ဆယ်မိနစ်အတွင်း ပြန်ရောက်မလာလျှင် အကြီးအကျယ် စိတ်ပူမိတော့သည်။ တစ်စုံတစ်ရာသော ဘေးအန္တရာယ်နှင့် တွေ့နေပြီလားဟု စိုးရိမ်မိသည်။ အခန်းထဲသို့ သူပြန်ဝင်လာလျှင် နှစ်ပေါင်းများစွာ ခွဲခွာနေရပြီးမှ ပြန်တွေ့ရဘိသည့်အလား၊ သို့တည်းမဟုတ် သေရွာမှ ပြန်လာဘိသည့် အလား ၀မ်းသာအားရ ဖြင့် အော်ဟစ်ပြီး ပြေးဆက်မိသည်။

    သူနှင့် လက်မထပ်မီတုန်းကတော့ လက်ထပ်ပြီး တစ်ချိန်ချိန်တွင် "ငါမှားပြီ"ဟု နောင်တများ ရနေဦးမလားဟု တစ်ခါတရံ အတွေးပေါ်ခဲ့ဖူးသည်။ ယခုလက်တွေ့တွင်တော့ ထိုသို့ မဟုတ်တော့ပါ။ သူနှင့် ပတ်သက်လာလျှင် မနာလိုစိတ်တွေ၊ သ၀န်တိုစိတ်တွေပင် ပေါ်လာလေတော့သည်။
    ကျွန်တောတို့ အထပ်မှ အခန်းစောင့် အာနတ်သည် ယခင်တုန်းက စူဇီနှင့်တွေ့လျှင် ထွေရာလေးပါး စကားပြောသည်။ အခြားယောက်ျား တစ်ယောက်ယောက်နှင့်လည်း ဆွယ်တတ်သည်။ ထိုအဖြစ်သည် ကျွန်တော့်အတွက် ပျော်စရာကလေးတစ်မျိုး ဖြစ်ခဲ့သည်။ ရယ်စရာတစ်မျိုး ဖြစ်ခဲ့သည်။

    ယခုတော့ ကျွန်တော် မပျော်နိုင်တော့ပါ။ မရယ်နိုင်တော့ပါ။ စူဇီနှင့်စကားပြောနေ သည်ကို တွေ့လျှင် ကျွန်တော် ဒေါသပေါက်ကွဲပါတော့သည်။ သူ့ကိုလည်း ပြောင်ပြောင် ပြောပြီး အခန်းထဲမှ ကန်ထုတ်ပစ် လိုက်မိသည်။
    ကာစီနို လောင်းကစားဝိုင်းတွင် စူဇီကို စိုက်ကြည့်နေတတ်သော လူတစ်ယောက်ကို ကျွန်တော် သတိထားမိသည်။ သူကြည့်နေသော အကြည့်သည် ရိုးသားသောအကြည့်မျိုး မဟုတ်ပါ။ လော်မာဖောက်ပြားသော အကြည့်မျိုးဖြင့် ကြည့်နေခြင်း ဖြစ်ကြောင်း ကောင်းကောင်း သိသာပါသည်။ ထိုလူကြောင့်ပင် မကာအိုတွင် ကျွန်တော်တို့ နေခဲ့ကြရသည့် နောက်ဆုံးညကလေး ပျက်စီးသွားခဲ့ရပါတော့သည်။

    ထိုသူကို ကစားဝိုင်းမှာ မကြာခဏ တွေ့ရတတ်သည်။ အမြဲတမ်းအ၀တ်ကောင်း အစားကောင်းများကို ၀တ်သည်။ အမျိုးကောင်း အ၀တအစားများပင် ဖြစ်သော်လည်း အဆင်ကတော့ အလွန်တရာ ကလက် တက်တက်နိုင်သည်။ အင်္ဂလိပ်တရုတ်ကပြားဖြစ် သည်။ လက်ထဲမှာ ရာတန်တွေ တစ်ထပ်ကြီးကိုင်ပြီး ကစား တတ်သည်။ ရှုံးသည် နိုင်သည်ကိုလည်း အရေးစိုက်ပုံမပြ။
    ပုံပန်းသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် လူရှုပ်လူပွေ တစ်ယောက်ဖြစ်ကြောင်း သိသာ သည်။ ကစားဝိုင်းရှိ သူ့စားပွဲမှာထိုင်ပြီး စူဇီကို အမြဲတမ်း ထိုအကြည့်မျိုးဖြင့် ကြည့်မြဲဖြစ် သည်။ ပိုက်ဆံအရှုံးအနိုင်ကို သူ အရေးမစိုက်သကဲ့သို့ပင် စူဇီ၏ ဘေးမှာ ရှိနေသော ကျွန်တော့်ကိုလည်း အရေးစိုက်ပုံ လုံးဝမပြ။

    "မင်းမိတ်ဆွေ လုပ်နေပုံကို မောင် သည်းမခံနိုင်တော့ဘူး"
    တစ်ချိန်တွင် ကစားဝိုင်းမှ ကျွန်တော်တို့ ပြန်ထွက်လာကြရင်း စူဇီကို ကျွန်တော်က ပြောသည်။ ကျွန်တော်ပြောသည်ကို စူဇီ သဘောပေါက်နားလည်ဟန် မတူပါ။ ထို့ကြောင့် ရှင်းပြရသည်။
    "ဂျာကင်အင်္ကျီ အပြာရောင်ဝတ်ထားတဲ့ အကောင်ပေါ့၊ လူရှုပ်လူပွေ ကောင်လေ၊ မင်းဆီကနေ တစ်ချက် ကလေးတောင် မျက်နှာမလွှဲနိုင်ဘူး၊ မျက်တောင်လုံးဝမခတ်ဘဲ ခေါတောကြည့် ထိုင်ကြည့်နေတယိ"
    "ကျွန်မကိုလား၊ ကျွန်မဖြင့် လုံးလုံးတောင် သတိမထားမိပါဘူး မောင်ရယ်"

    သူ တကယ်ပဲ သတိမထားမိခြင်း ဖြစ်ပါသည်။ ကစားဝိုင်းထဲမှာ သူ အလွန်အမင်း စိတ်ဝင်စားနေသောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း နောက်တစ်နေ့ညမှာ ပြဿနာပေါ် ပါတော့ သည်။ ထိုညက စူဇီ ကံမကောင်းပါ။ ထိုးတိုင်း ဒိုင်စားခံနေရသည်။
    စားပွဲတစ်ဖက်ခြမ်းမှာရှိသော လူတစ်ယောက်ကို စူဇီက လက်ညှိုးထိုးပြသည်။ ထိုသူသည် လွန်ခဲ့သည့် တစ်နာရီ လောက်မှစပြီး တစ်ကြိမ်တစ်ခါမှ အစားမခံရဘဲ တောက်လျှောက်နိုင်နေကြောင်း ပြောပြသည်။
    "မောင်ပြောတာ အဲဒီအကောင်ပေါ့" ဟု ကျွန်တော်က ပြန်ပြောသည်။
    "သူ စိုက်ကြည့်နေတာ ကျွန်မဖြင့် လုံးလုံး သတိမထားမိဘူး"
    "ကဲ... ဟိုမှာကြည့်၊ စိုက်ကြည့်နေပြန်ပြီ"

    စူဇီက စိတ်မ၀င်စားသလို စားပွဲတစ်ဖက်ခြမ်းသို့ လှမ်းကြည့်သည်။ ထိုသူ ပိုက်ဆံချထိုးသည့်နေရာကိုသာ စိတ်ဝင်တစား စိုက်ကြည့်နေသည်။ ထိုအခိုက် ထိုလူက ဒေါ်လာငါးရာတန် နှစ်ရွက်ကို လေးထောင့်သေးသေးကလေး ဖြစ်သွားအောင် ခေါက်ပြီး စားပွဲပေါ်သို့ လှမ်းပစ်လိုက်သည်။ ပစ်စလက်ခတ် တင်လိုက်ခြင်းဖြစ်သောကြောင့် အပြာ ရောင်ဝတ်စုံ ၀တ်ထားသော အလျော်အစားလုပ်သူ အမျိုးသမီးက သူ့ပိုက်ဆံကို ကောက်ပြီး နေရာတကျ တင်ပေးသည်။

    ပြီးတော့ ထိုသူသည် စူဇီကို မျက်စိစားပွဲ ထိုင်ပြန်တော့သည်။ "မင်းလည်း တခြား ကောင်မတွေလိုပဲ လွယ်လွယ်ကလေးနဲ့ ရနိုင်တဲ့ ကောင်မပါကွာ" ဟု သူ့မျက်လုံးများက ပြောနေသယောင် ရှိသည်။ ထိုအလှည့် ကလည်း သူနိုင်သည်။ အလျော်အစားလုပ်သည့် အမျိုးသမီးက ငါးရာတန်ခြောက်ရွက်နှင့်အတူ သူ့ငွေကို ပြန်ပေးသည်။
    "မြင်တယ်မဟုတ်လား၊ အဲဟို ပိုက်ဆံတွေ မြင်တယ်မဟုတ်လား"

    စူဇီက အံ့သြတကြီး ပြောသည်။ ထိုသူကတော့ ဘာကိုမှ အရေးမစိုက်သလို ပိုက်ဆံများကို ကောက်ယူနေသည်။ စူဇီနှင့် မျက်လုံးချင်း ဆိုင်မိသွားပြန်သည်။ စူဇီက ပြုံးပြသည်။
    "နောက်တစ်လှည့်ကျရင် ရှင်ထိုးတာကိုပဲ ကျွန်မ လိုက်ထိုးမယ်" ဟုလည်း သူ့ကို လှမ်းပြောသည်။
    စူဇီ၏ မှတ်ချက်ကို အသိအမှတ်ပြုသည့် သဘောမျိုးဖြင့် လက်ကို ဝှေ့ယမ်းပြသည်။ သူ့အပေါ် စူဇီ အာရုံဝင်စားနေသည်ကို အရေးမစိုက်သည့်ပုံမျိုးလည်း ဖြစ်သည်။ ဘာစကားမှတော့ ပြန်မပြော။ သို့သော် လည်း သူ့မျက်လုံးများကမူ "ငါထင်တာထက်တောင် ပိုပြီး အညှာလွယ်နေတဲ့ ကောင်မပါလား"ဟု ပြောနေ သယောင် ထင်မှတ်ရသည်။

    "စူဇီ... မောင် အရမ်း အရက်သောက်ချင်နေပြီ၊ လာ... သွားကြစို့"
    "မသွားနိုင်သေးဘူး၊ ကျွန်မရှုံးထားတဲ့ ပိုက်ဆံတွေ ပြန်နိုင်မှဖြစ်မယ်၊ ဒါတွေ ပြန်မနိုင်သေးဘဲနဲ့တော့ ကျွန်မ မသွားနိုင်ဘူး"
    "နောက်တစ်ခေါက် မောင်တို့ ပြန်လာပြီး ကစားကြတာပေါ့ကွာ"
    "မဖြစ်ဘူး မောင်၊ ဟိုလူထိုးတဲ့အတိုင်း ကျွန်မ လိုက်ထိုးမယ်၊ သူ သိပ်လာဘ် ကောင်းနေတယ်"
    "ဒီလိုဆိုရင် မောင် သွားတော့မယ်၊ မင်း မလိုက်ဘူးနော်"
    "မလိုက်ဘူး မောင်၊ ရှုံးထားတဲ့ ကျွန်မပိုက်ဆွတွေ ပြန်ရမှ ဖြစ်မယ်"

    သူ့ကို တစ်ယောက်တည်း ကျွန်တော် မထားခဲ့ချင်ပါ။ သို့သော်လည်း သူ့ကိုထားခဲ့ပြီး သွားတော့မည်ဟု ပြောမိလျက်သား ဖြစ်နေသည်။ ထို့ကြောင့် ဆက်မနေသာတော့ဘဲ အပြင်သို့ ထွက်လာခဲ့ရတော့သည်။
    ဘားခန်းထဲမှာ အရက်ရောင်းသူကလွဲပြီး မည်သူမျှမရှိ။ ခြောက်ကပ်နေသည်။ ကောင်တာမှ ခွေးခြေမှာ ကျွန်တော် သွားထိုင်ပြီး ဘရန်ဒီနှစ်ခွက်မှာလိုက်သည်။ အရက်သောက်လိုက်မိတော့ နေသာ ထိုင်သာရှိသွားသည်။ စိတ်တည်ငြိမ်မှုလည်း အထိုက် အလျောက် ရလာသည်။ ကျွန်တော် သက်သက် စိတ်ရူး ပေါက်ခြင်းသာ ဖြစ်သည်ဟုလည်း တွေးမိလာသည်။ လူရှုပ်လူပွေနှင့် စူဇီ ဘာမှ မဖြစ်နိုင်။ စူဇီထံ ပြန်သွား ပြီး ကောင်းကောင်း မွန်မွန် ဆက်ဆံဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။

    ဘရန်ဒီဖိုး ကျသင့်ငွေ ရှင်းပေးပြီး ကာစီနိုကစားဝိုင်းရှိရာ အခန်းထဲသို့ ပြန်ဝင်လာ ခဲ့သည်။ အခန်းဝရောက်တော့ တုံ့ခနဲ ကျွန်တော် ရပ်လိုက်ပါသည်။ လူရှုပ်သည် စားပွဲ၏ သည်ဘက်ခြမ်းသို့ ပြောင်းလာပြီး စူဇီ၏ ဘေးကခုံမှာ ၀င်ထိုင်နေသည်။ သူတို့နှစ်ယောက် အလွန်ပျော်နေကြပုံပေါက်သည်။ စူဇီလည်း မြူးထူးနေသည်။
    ကျွန်တော် နောက်ပြန်လှည့်ပြီး ဘားခန်းထဲသို့ ပြန်ဝင်လာခဲ့မိသည်။

    စူဇ ရောက်မလာမီ နောက်ထပ် ဘရန်ဒီနှစ်ခွက် ကျွန်တော် သောက်မိပြန်သည်။ စူဇီ ရောက်လာတော့ စိတ်အား တက်ကြွပြီး ပျော်နေသည်ကို မြင်ရသည်။
    "ကျွန်မ ရှုံးတာတွေ အားလုံးပြန်ရတယ်၊ ပြန်ရရုံမကဘူး၊ ဒေါ်လာငါးရာတောင် အနိုင်ရလိုက်သေးတယ် မောင်၊ ကြည့် ... ဟောဒီမှာကြည့်၊ သည်ပိုက်ဆံတွေအားလုံး အနိုင်တွေချည်းပဲ"
    "အံ့သြစရာပါပဲ" ဟု ကျွန်တော်က ပြန်ပြောသည်။
    စူဇီသည် စိတ်အားထက်သန်နေသည့် သူ့အပြုအမူများကို ရပ်ပစ်လိုက်သည်။ ပြီးတော့ ကျွန်တော့်ကို ငုံ့ကြည့်သည်။
    "ဘာဖြစ်တာလဲ မောင်၊ မောင် စိတ်ဆိုးနေသလား"
    "ဘာကြောင့် စိတ်ဆိုးရမှာလဲ၊ စိတ်ဆိုးစရာ ဘာရှိသလဲ"

    "ကျွန်မ ရှုံးသွားတဲ့ ပိုက်ဆ့တွေ ပြန်ရအောင် ဆက်ကစားနေလို့ မောင် စိတ်ဆိုးသွားတယ် ထင်တယ်"
    "မင်း ဘာအတွက် ကစားဝိုင်းမှာ ဆက်နေနေတယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ်ကွာ"
    "မောင် ဘာသဘောနဲ့ ပြောတာလဲ" ဟု သူက မေးသည်။
    "ဘာမှ မဟုတ်ပါဘူး၊ ဘာသဘောမှ မဟုတ်ပါဘူး၊ မောင် ထမင်းဆာနေပြီ၊ ကဲ... လာ ထမင်းသွားစားကြစို့"

    ထိုင်ရာမှထပြီး ဓာတ်လှေကားရှိရာသို့ ကျွန်တော်တို့ လျှောက်သွားကြသည်။ တစ်ယောက်နှင့် တစ်ယောက်လည်း ခပ်ခွာခွာ လျှောက်ခဲ့ကြသည်။ ယခုအဖြစ်သည် ရယ်စရာလည်းကောင်းသည်ဟု ကျွန်တော် ထင်ပါသည်။ သို့သော်လည်း ကိုယ့်စိတ်ကိုယ် ပြောင်းလို့မရပါ။ သည်လို အချိန်မျိုးတွင် စကား ပြောလျှင် ဆိုးဆိုးရွားရွားတွေကိုသာ ပြောမိ ပေလိမ့်မည်။ ထို့ကြောင့် စကားမပြောပဲ ဆိတ်ဆိတ် နေလိုက်သည်။

    စိန့်မာဂရက်ဆေးရုံမှ ခုတင်နေရာ မနက်ဖြန် လွတ်သွားပြီဖြစ်ကြောင်း ကေးရိုက်လိုက်သည့် ကြေးနန်းပင် ဖြစ်ပါသည်။ ကျွန်တော်က စူဇီကို အကျိုး အကြောင်း ပြောပြသည်။
    "ဒီအတိုင်း ဆိုရင် မနက်ဖြန်မနက် သင်္ဘောနဲ့ မောင်တို့ လိုက်သွားမှ ဖြစ်မယ်"
    စူဇီ စိတ်ထိခိုက်သွားပုံရသည်။ ဆေးရုံပေါ်မှာ ဘယ်လောက်ကြာအောင် နေရမည်ကို သူ မသိ။ ကျွန်တော်တို့ နှစ်ယောက် ဘယ်လောက်ကြာအောင် ခွဲခွာနေရဦးမည်ကို သူ မသိ။
    "တစ်ရက်လောက် ကျွန်မတို့ ဆက်နေလို့မဖြစ်ဘူးလား မောင်" ဟု မေးသည်။

    "မဖြစ်ဘူး၊ ခုတင်ကို ဒီအတိုင်းထားပြီး မင်းကို စောင့်နေမှာ မဟုတ်ဘူး"
    "ဒီလိုဆိုရင် ဒီနေ့ညဟာ ကျွန်မတို့အတွက် နောက်ဆုံးညပေါ့နော်"
    "ဟုတ်တယ်၊ မကာအိုမှာ မောင်တို့ရဲ့ နောက်ဆုံးညပဲ"

    ဘီကိုဒါဖယ်လီစီဒါ ဒီဟိုတယ်တွင် ခိုသားကြော်နှင့် ညစာစားရန် ကျွန်တော်တို့ ဆိုက်ကားစီးလာကြသည်။ ဆိုက်ကားပေါ်တွင် တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားရင်း ကျွန်တော်၏ ရင်ထဲမှ မနာလိုဝန်တိုစိတ်တွေ အားလုံး လွင့်စဉ် ပျောက်ပျက်သွားတော့သည်။

    စူဇီကို ကျွန်တော် ပြန်ချစ်လာသည်။ ကျွန်တော်တို့နှစ်ယောက် ခွဲခွာကြရတော့မည့် အရေးကို မစဉ်းစားမိအောင် စိတ်ထိန်းထားရသည်။ ထိုညက ပေါ်တူဂီ ၀ိုင်တစ်ပုလင်းလုံး ကုန်အောင် သောက်လိုက် မိသည်။ စောစောက ဘရန်ဒီလေးခွက်လည်း သောက်ထား သောကြောင့် ကျွန်တော် မူးသွားသည်။ သို့လည်း လွန်လွန်ကျွံကျွံ မူးခြင်းကား မဟုတ်ပါ။ ကျွန်တော်တို့နှစ်ယောက် အလွန်ပျော်ကြပါသည်။

    မကာအိုမှာ ကျွန်တော်တို့ နေကြရသည့် နောက်ဆုံးည ဖြစ်သောကြောင့် နောက်ဆုံးအကြိမ်အဖြစ် ကစားဝိုင်းသို့ သွားချင်သေးသည်ဟု စူဇီက ပြောသည်။ နောက်ဆုံးညမို့ ကျွန်တော်ကလည်း မကန့်ကွက် ချင်တော့ပါ။ အစွမ်းကုန် အလိုလိုက်ထား ချင်ပါသည်။ ကျွန်တော်တို့ ညစာစားသည့် ဟိုတယ်၏ လမ်းတစ်ဖက်ခြမ်းမှာရှိသော ကစား ၀ိုင်းသို့ လာခဲ့ကြသည်။ နာရီဝက်ထက် ပိုမနေရန်လည်း ပြောထား သည်။

    သို့သော်လည်း အချိန်ဘယ်လောက်ကြာသွားသည်ကို သတိမထားလိုက်မိပါ။ နာရီကို ငုံ့ကြည့်လိုက်သော တစ်နာရီလောက် ကြာသွားသည်ကို တွေ့ရသည်။ ထိုအချိန်တွင် စူဇီလည်း ဒေါ်လာလေးရာလောက် ရှုံးနေသည်။ အရှုံးပြန်ရအောင် နေချင်သေးသည်ဟု ပြောသည်။ နောက်ထပ် တစ်နာရီလောက် ဆက်နေလိုက်ရပြန်သည်။ ကစားဝိုင်းမှ ကျွန်တော်တို့ ပြန်လာတော့ သန်းခေါင် ကျော်နေပြီ။

    အပြင်မှာ ဆိုက်ကားတစ်စီးမှ မရှိတော့ပါ။ ထို့ကြောင့် ဟိုတယ်အရောက် လမ်း လျှောက်ပြန် လာခဲ့ကြရသည်။ အပြန်လမ်းတွင် စူဇီ၏ ဒေါက်မြင့် ဖိနပ်မှ ခုံကွာထွက်သွား သည်။ ထို့ကြောင့် တစ်လမ်း လုံး ကျွန်တော့်လက်ကို မှီတွဲပြီး ထော့နင်းထော့နင်း လျှောက်လာရသည်။

    ဟိုတယ်ရောက်ပြီး အပေါ်ထပ်သို့ ဓာတ်လှေကားဖြင့် တက်ခဲ့သည်။ ဓာတ်လှေ ကားထဲမှ ထွက်လိုက်သောအခါ အခန်းစောင့်အာနတ် မတ်တပ်ရပ်နေသည်ကို တွေ့ရ သည်။ ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်နေသူတစ်ယောက်နှင့် သူ စကားပြောနေသည်။ ကျွန်တော်တို့ကို မြင်လိုက်သောအခါ စကား ဆက်မပြောတော့ဘဲ ကျွန်တော်တို့ကို အကဲခတ် ကြည့်နေသည်။ သူ့ မျက်လုံးအမူအရာကလည်း တစ်မျိုးဖြစ်နေသည်။

    ကလားထိုင်က မှောင်ရိပ်ထဲ ရောက်နေသည်။ ထို့ကြောင့် ထိုင်နေသူ၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပါ။ သို့သော်လည်း အ၀တ်အစားကို မြင်ရခြင်းအားဖြင့် အင်္ဂလိပ်တရုတ်ကပြား လူရှုပ်ဖြစ်ကြောင်း သိလိုက်ရပါသည်။ သူ့ရှေ့မှ ကျွန်တော်တို့ ဖြတ်လျှောက်လာခဲ့သည်။ အထင်အမြင်သေးသည့် မျက်လုံးများဖြင့် ကျွန်တော်တို့ကို ကြည့်ရှုအကဲခတ်နေလိမ့်မည်ဟု ထင်ပါသည်။ အာနတ်၏ ထူးဆန်းသော မျက်လုံး အမူအရာများကို မြင်ရခြင်းအားဖြင့် ကျွန်တော်တို့ အပြန်ကို သူတို့ စောင့်နေကြသည်ဟု ထင်မှတ် ရသည်။

    ထိုသူ ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို စူဇီလည်း သတိထားလိုက်မိသည်။ ကျွန်တော့်လက်မောင်း ကို ဆုပ်ကိုင်သည့် အမူအရာမျိုး တစ်ယောက်ကို တစ်ယောက် မပြကြပါ။ စောစော တုန်းကတော့ ကစားဝိုင်းကစားပွဲမှာ သူတို့ နှစ်ယောက် အတူထိုင်ခဲ့ကြ သည်။ ပိုက်ဆံတွေ အတူတူ နိုင်ခဲ့ကြသည်။ အလွန်ရင်းနှီးသည့် ချစ်သူများသဖွယ် ဖြစ်သည်။ ထိုအကြောင်းကို ကျွန်တော် ပြန်စဉ်းစား မိသည်။

    "အဲဟိုမှာ မင်းသူငယ်ချင်းလေ" ဟု ကျွန်တော်က ပြောလိုက်သည်။
    "ဘာသူငယ်ချင်းလဲ"
    "ကာစီနိုဝိုင်းမှာ အတူတူကစားခဲ့တဲ့ မင်းရဲ့သူငယ်ချင်းလေ"
    "အို... ကျွန်မဖြင့် သတိတောင် မထားမိပါဘူး မောင်ရယ်၊ သူ့ကို တစ်ဖက်ခြမ်း မျက်နှာချင်းဆိုင်မှာ တွေ့ခဲ့ ရတာပါ" ဟု စူဇီက မရွှင်မပျ ပြန်ပြောသည်။
    "မောင်က မင်းတို့နှစ်ယောက် အတူတူ တွဲထိုင်နေခဲ့ကြတယ်လို့ ထင်တာ"
    "မထိုင်ပါဘူး"

    သို့သော်လည်း သူ ဆက်မငြင်းတော့ပါ။ သူတို့နှစ်ယောက် အတူတွဲထိုင်နေကြ သည်ကို ကျွန်တော် မြင်ချင်လည်း မြင်သွားပေလိမ့်မည်ဟု သူ တွေးကောင်း တွေးမိပေမည်။ ကျွန်တော့်လက်မောင်းပေါ်မှ သူ့လက်များ နောက်တစ်ကြိမ် တောင့်သွား ပြန်သည်ကို သတိပြုလိုက်မိသည်။ သူ့မျက်နှာပေါ်မှ သွေးရောင်လွှမ်းသွားလိမ့်မည် ဆိုသည်ကို လှည့်မကြည့်ဘဲ သိလိုက်ပါသည်။
    ကျွန်တော်တို့ အခန်းတံခါးဖွင့်ပြီး ၀င်ခဲ့သည်။ ယခုမှ စိတ်သက်သာရာ ရသွားသူလို ကျွန်တော့်အနားမှ သူ ခွာသွား သည်။ သို့သော်လည်း မျက်နှာကို တစ်ဖက်သို့ လွှဲထားသည်။

သူ့မျက်နှာပေါ်မှ အမူအရာကို ကျွန်တော် အကဲခတ်မိသွားမှာ စိုးရိမ်သည့် သဘောမျိုး ဖြစ်သည်။ အ၀တ်အစား မြန်မြန်လဲပြီး အိပ်ရာထဲဝင်သွားသည်။ ကျွန်တော့်ကို တော့ ကျောခိုင်းထားမြဲဖြစ်သည်။
    "ကစားဝိုင်းမှာ ကျွန်မတို့ သိပ်ကြာသွားတယ်၊ မီးခိုးတွေ ဘိန်းနံ့တွေ မွှန်ထူနေတဲ့ အဲဒီအခန်းထဲမှာ အကြာကြီး ထိုင်ခဲ့မိတယ်" ဟု သူက ကျွန်တော့်ကို လှမ်းပြောသည်။
    "ဟုတ်တယ်၊ မောင်တို့ တော်တော် မိုက်တာပဲ"

    ကျွန်တော်က အ၀တ်လဲနေရာမှ ထိုသို့ ပြန်ပြောပြီး သူ့အမူအရာကို အကဲခတ်ကြည့် နေမိသည်။ သူ တကယ် ပြောနေတာလား၊ ဟန်ဆောင်နေတာလား စဉ်းစား နေမိသည်။ ထိုအခိုက် တံခါးခေါက်သံ ကြားရသည်။ ဓာတ်ဘူးတစ်လုံး ကိုင်ပြီး အာနတ် ၀င်လာသည်။
    "ဆရာတို့ဖို့ ရေနွေးကြမ်းပူပူ လာပို့တာပါခင်ဗျာ" ဟု ပြောသည်။ မျက်နှာပေါ်က အပြုံးက တစ်မျိုးဖြစ်နေသည်။
    ရေနွေးကြမ်းကို မတောင်းဘဲနှင့် ဘယ်တုန်းကမှ လာမပို့စဖူး။ ယခု ပထမဆုံးအကြိမ် အဖြစ် မတောင်းဘဲ သူ့အလိုအလျောက် လာပို့ခြင်းဖြစ်သည်။
    "မှန်တင်ခုံပေါ်မှာ တင်ထားလိုက်" ဟု ကျွန်တော်က လှမ်းပြောသည်။
    "ကောင်းပါပြီ ဆရာ"

    သို့သော်လည်း ကျွန်တော် ခိုင်းသည့်အတိုင်း မလုပ်ဘဲ အခန်းကို ဖြတ်လျှောက်သွားပြီး ခုတင်ဘေးက စားပွဲပေါ်မှာ သွားတင်သည်။ တစ်ချိန်တည်းမှာပင် လောဘရမ္မက်ကြီးသည့် မျက်လုံးဖြင့် စူဇီကို ကြည့်ရင်း ကန်တုန် တရုတ်စကားဖြင့် ခပ်မြန် မြန် ပြောသည်။ စွေနေသည့် မျက်လုံးတစ်ဖက်ကတော့ အပေါ်မှ မျက်နှာကျက် သို့ မော့ကြည့်နေသလိုရှိသည်။ ကန်တုန်ဘာသာဖြင့် ဂဏန်းအခေါ်အဝေါ်များကို ကျွန်တော် နားလည်ပါသည်။ ဂဏန်းတစ်ခု သူ ပြောသံကြားလိုက်ရသည်။ ထိုဂဏန်းကို ထပ်ပြောပြ နေသည်။ ဂဏန်းက သုံးလုံးဖြစ်ပြီး အခန်းတစ်ခန်း၏ နံပါတ်ကို ပြောနေပုံရသည်။

    "ဟေ့ကောင်... ထွက်သွား"
    ကျွန်တော်က ဒေါသတကြီး အော်လိုက်သည်။
    "ဆရာ ကျွန်တော်..."
    "ထွက်သွား"
    သူ့မျက်နှာပေါ်က အပြုံးမပျက်ဘဲ အခန်းအပြင်သို့ ထွက်သွားသည်။ စူဇီက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ရင်း ပင်ပန်းနွမ်းနယ်စွာဖြင့် မျက်လုံးအစုံကို အသာ အယာ မှိတ်လိုက်သည်။
    "ဒီကောင် ဘာလိုချင်လို့တဲ့လဲ" ဟု ကျွန်တော်က မေးသည်။

    "ကျွန်မ မသိဘူး၊ ဘာမှမဟုတ်ပါဘူး"
    "ကဲ... မှန်တဲ့အတိုင်း ပြောစမ်း"
    "ရာသီဥတုအကြောင်းပဲ ပြောသွားတာပါ၊ မကာအိုဟာ သိပ်ပူတယ်တဲ့"

    "အခန်းနံပါတ် ၃၄၃ ထဲမှာမှ ရွေးပြီး ရာသီဥတုက ပူနေတာလား"
    စူဇီက မျက်လုံးများကို ဖွင့်ပြီး စိတ်ထိခိုက်သည့် အမူအရာမျိုးဖြင့် ကျွန်တော့်ကို ငေး ကြည့်နေသည်။
    "ဒီနေ့ ကျွန်မကို မောင် ဘာဖြစ်လို့ မုန်းနေတာလဲ"
    "မင်းကို ငါ မမုန်းဘူး"

    "ဟုတ်တယ်၊ မုန်းတယ်၊ ကျွန်မကိုမောင် မုန်းနေတယ်၊ ဒီနေ့ည ဘားခန်းထဲကို ကျွန်မ ၀င်လာတုန်းက မောင့်မျက်နှာကို မြင်ရတာနဲ့ ကျွန်မသိတယ်၊ ကျွန်မကို မောင် ကြည့်နေတဲ့ မျက်လုံးတွေကြောင့် ကျွန်မ သိတယ်၊ ငါ့ယောက်ျား ကတော့ ငါ့ကို မုန်းသွားပြီ လို့ ကျွန်မ တွေးနေခဲ့မိတယ်"
    "ငါ့ကို လိမ်ပြောနေတာ မုန်းတယ်၊ မမှန်တာတွေ ညာပြောနေတာ မုန်းတယ်၊ ဒါပဲ"

    ထို့နောက် သူ စတင်ငိုကြွေးတော့သည်။ ပြီးတော့ အင်္ဂလိပ်တရုတ်ကပြားက သူ့ဘက်သို့ ရွှေ့လာပြီး သူ့ဘေးမှာ အတူတူ လာထိုင်ကြောင်း၊ သူ့ကိုလည်း ချောကြောင်း လှကြောင်း မြှောက်လုံးပင့်လုံးတွေ ပြောကြောင်း၊ တစ်ကြိမ် ထပ်တွေ့ဖို့ ဇွတ်ချိန်းနေကြောင်း၊ ထိုအကြောင်းတွေကို သူ ပြောပြချင်နေကြောင်း၊ ပြောပြ ရန်လည်း ရည်စူးခဲ့ကြောင်း၊ သို့သော်လည်း ဘားခန်းထဲတွင် ကျွန်တေ့် အမူအရာကို မြင်လိုက် ရသော အခါ အလွန်အမင်း ကြောက်ရွံ့ စိုးရိမ်သွားမိကြောင်း၊ ကျွန်တော်တို့၏ နောက်ဆုံး ညကလေး ပျက်စီး သွားမှာကိုလည်း မလိုလားကြောင်း။

    ဓာတ်လှေကားနားမှာ ထိုလူထိုင်နေသည်ကို သူ သတိထားမိကြောင်း၊ အခန်းစောင့် အာနတ်လာခြင်းမှာ ထိုသူက လွှတ်လိုက်သဖြင့် လာခြင်းဖြစ်ကြောင်း၊ ယနေ့ တစ်ညအတွက် ဒေါ်လာငါးရာ ပေးမည်ဟု ပြောကြောင်း၊ ကျွန်တော်က သဘောတူ မည်ဆိုလျှင် ကျွန်တော့်ကိုလည်း ငွေနှစ်ရာ့ငါးဆယ် ပေးဦး မည်ဖြစ်ကြောင်း၊ မကာအိုတွင် ထိုသို့သော အဖြစ်အပျက်မျိုးသည် ရိုးနေပြီဖြစ်ကြောင်းဖြင့် အာနတ်က ပြောဆို သွားကြောင်း နောက်ဆုံးတွင် စူဇီက ၀န်ခံပြောဆိုလေသည်။

    ကျွန်တော် အားပါးတရ ရယ်မိသည်။ သူ့ကိုလည်း ခွင့်လွှတ်လိုက်သည်။
    "ဘုရား...ဘုရား၊ တကယ့်မြို့ပါလား၊ မောင်တို့ ကိုယ်တိုင်မပျက်စီးခင်၊ ပြီးတော့ အာနတ်လည်ပင်းကို မောင် မညှစ်သတ်မိသေးခင် ဒီမြို့က ခွာဖြစ်တာ တော်သေးတာပေါ့ကွယ်"
    "ကျွန်မ လိမ်ပြောမိတဲ့အတွက် ၀မ်းနည်းပါတယ်မောင်၊ ဒါပေမဲ့ ကျွန်မ အရမ်း ကြောက်နေတယ်"ဟု စူဇီက ပြောသည်။ အငိုကား မတိတ်သေး။

    "ဘာကို ကြောက်တာလဲ"
    "မောင့်ကို ဆုံးရှုံးလိုက်ရမှာ ကြောက်တယ်၊ အို... မောင်ရယ်၊ ကျွန်မ အမြဲတမ်း စိုးရိမ်နေရတာပါ"
    အိပ်ရာထဲသို့ ကျွန်တော် ၀င်ခဲ့သည်။ ကျွန်တော့်ကို သူ တင်းကျပ်စွာ ဖက်ထားသည်။ သူ အလွန်တရာ မောပန်း နွမ်းနယ်နေပါသည်ဟုလည်း ပြောသည်။

    မီးပိတ်လိုက်သည်။ ကျွန်တော်လည်း စိတ်ပန်းလူပန်း ဖြစ်နေရာ ချက်ချင်းပင် အိပ် ပျော်သွားတော့သည်။ စူဇီ အိပ်မပျော်ဘဲ နိုးနေသည်ဟု ၀ိုးတ၀ါး ကျွန်တော် သိနေသည်။ ကျွန်တော့်ကို လိမ်ညာ ပြောခဲ့မိသည့်အတွက် သူ ပူပန်သောက ရောက်နေသည်ဟု ထင် သည်။ ထို့ကြောင့် သူ့ကို ချစ်ကြောင်း၊ သူနှင့်အတူ နေရသည့် အတွက် ပျော်ကြောင်း တိုးတိုးကလေး ပြောပြကာ သူ့မျက်လုံးကလေးများကို ပိတ်ပေးပြီး နမ်းလိုက်မိပါသည်။

    ကျွန်တော် အိပ်ပျော်သွားသည်။ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်းမသိပါ။ အခန်းထဲမှာ လှုပ်ရှားသံကြားသဖြင့် ကျွန်တော် နိုးလာပြန်သည်။ ဘေးကစူဇီကို စမ်းကြည့် သည်။ မရှိတော့ပါ။ အိပ်ချင်မူးတူး ဖြစ်နေရာမှ ကျွန်တော် ကောင်းကောင်း နိုးသွားသည်။ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။

    ပြူတင်းပေါက်မှ ၀င်နေသော အလင်းရောင်ကြောင့် မှန်တင်ခုံနားမှာ စူဇီ ရပ်နေသည်ကို မြင်ရသည်။ ကျွန်တော် နိုးသွားမည်စိုးသောကြောင့် အသံမမြည်အောင် သတိထားပြီး တစ်စုံတစ်ရာ လုပ်ကိုင် နေပုံရသည်။ ဘာလုပ်နေသလဲဟု ကျွန်တော် လှမ်းမေးလုဆဲဆဲ ဖြစ်သွားသည်။ သို့သော်လည်း သူ ဂါဝန် အင်္ကျီ ၀တ်နေသည်ကို မြင်ရသဖြင့် ကျွန်တော့်ပါးစပ် အလိုလို ပြန်ပိတ်သွားသည်။
    မဖြစ်နိုင်ပါ။ ဟို လူရှုပ်ဆီသို့ သူသွားဖို့ မဖြစ်နိုင်ပါဟု ကျွန်တော် တွေးနေမိသည်။

    သံသယစိတ်တွေ ကျွန်တော့်တစ်ကိုယ်လုံး ဖုံးလွှမ်းလာသည်။ ပါးစပ်မှလည်း ဘာသံမှ ထွက်မလာနိုင်တော့ပါ။ သူ လှုပ်ရှားနေသည်များကိုသာ သတိကြီးစွာဖြင့် အကဲခတ် ကြည့်ရှုနေမိပါသည်။ ရှေ့သို့ ကုန်းပြီး ဖိနပ်စီးနေသည်။ ဆန့်ကျင်ဘက် အလင်းရောင်နှင့် သူ၏ ကိုယ်ခန္ဓာကောက်ကြောင်းကို ကောင်းစွာ မှတ်မိနေသည်။

    ရုတ်တရက် စိတ်သက်သာရာ ရသွားသည်။ ရေချိုးခန်းသွားဖို့ ပြင်ဆင်နေခြင်းဖြစ် ကြောင်း သဘောပေါက်နားလည်လိုက်ပါသည်။ ခန်းနေဂါဝန်ကို သွားယူလျှင် မီးဖွင့်ရမည်။ မီးဖွင့်လျှင် ကျွန်တော် နိုးသွားမည်။ ကျွန်တော် မနိုးစေလိုသောကြောင့် အလွယ်ရှိနေသည့် ဘေးကွဲတရုတ်ဂါဝန်ကို ယူဝတ်နေခြင်းဖြစ်သည်။

    တံခါးကို သာသာကလေး ဖွင့်သည်။ စင်္ကြံမှ မီးရောင်က အခန်းထဲသို့ တိုးဝင်လာ သောကြောင့် သူ တုံ့ဆိုင်းဆိုင်း ဖြစ်သွားသေးသည်။ ခုတင်ဖက်သို့ တစ်ချက်လှည့်ကြည့် သည်။ တံခါးကို မြန်မြန်ဖွင့်ပြီး မြန်မြန် ထွက်သွားသည်။ တံခါးလက်ကိုင်ကို အသံမမြည်အောင် သာသာကလေးလှည့်ပြီး ပိတ်ထားခဲ့သည်။ ကျွန်တော့် စိတ်များလည်း ပြန်လည် တည်ငြိမ်လာပါတော့သည်။ ဘယ်ဘက်မှာရှိသော ရေချိုးခန်းသို့ လျှောက်သွား မည့် သူ့ခြေသံကို ကျွန်တော် ကြားရမည် ဖြစ်ပါသည်။

    နားစွင့်နေလိုက်သည်။ အသက်ပြင်းပြင်း မရှူဝံ့အောင် ဖြစ်နေမိသည်။ ထိုအချိန်မှာပင် သူ့ခြေသံကို ကြားရသည်။ ဒေါက်မြင့်ဖိနပ်တစ်ဖက်က ခွာပြုတ်ထွက်နေရာ တစ်ဖက်နှင့်တစ်ဖက် အသံချင်း မညီသော ခြေသံဖြစ်သည်။ ထိုခြေသံသည် ဘယ်ဘက်သို့ မသွား၊ ညာဘက်သို့ သွားနေသည်။ ရေချိုးခန်းဆီသို့ မဟုတ်။ ဓာတ်လှေကားနှင့် ရိုးရိုးလှေကား ရှိရာဘက်သို့ သွားနေခြင်းဖြစ်သည်။ စငြ်္ံတစ်လျှောက် တဖြည်းဖြည်း ဝေးသွားသည်။ ပြီးတော့ တိတ်သွားသည်။

    မိနစ် အနည်းငယ်ကြာအောင် ကျွန်တော်မလှုပ်မယှက် ငြိမ်နေမိသည်။ ယုံလည်း မယုံကြည်နိုင်ပါ။
    ပြီးတော့ ကျွန်တော် ထထိုင်သည်။ မီးဖွင့်လိုက်သည်။ အိပ်ရာထဲတွင် ကျွန်တော့် ဘေးမှာ သူ မရှိတော့သည်ကို မြင်ရသောအခါ အကြီးအကျယ် စိတ်ဆင်းရဲမိသည်။ ကျွန်တော့်ဘေးမှာ သူရှိနေရမည်ဟု စိတ်ထဲက ထင်ယောင် မြင်ယောင် ဖြစ်နေမိသည်။

    ထိုအချိန်မှာပင် အတွေးတစ်ခု ၀င်လာပြန်သည်။ ရေချိုးခန်းထဲမှာ အခြားလူ ရှိနေနိုင်သည်။ တံခါးပိတ်ထားသည်ကို တွေ့ရသောကြောင့် အပေါ်ထပ်ရှိ ရေချိုးခန်းသို့ တက်သွားခြင်း ဖြစ်နိုင်သည်။ သည်အတိုင်း မှန်လျှင် ရေချိုးခန်းတံခါးသည် ပိတ်နေဆဲ ဖြစ်ရမည်။ သို့တည်းမဟုတ် တစ်စုံတစ်ယောက် ထွက်လာ သည့် ခြေသံကို ကျွန်တော် ကြားရမည်။
    ခုတင်ပေါ်မှ ခုန်ဆင်းခဲ့ပြီး စင်္ကြံထဲသို့ ထွက်ခဲ့သည်။ ရေချိုးခန်းကို လှမ်းကြည့်လိုက်တော့ တံခါး ပွင့်နေသည်ကို မြင်ရသည်။ မီးလည်း မှောင်နေသည်။ အသည်းနှလုံးတွေ နာကျင်လာပြန်သည်။ အခန်းထဲသို့ ပြန်ဝင်လာခဲ့ပြီး အင်္ကျီနှင့် ဘောင်းဘီဝတ်သည်။ ပြီးတော့ သော့ချိတ်သည့် ဘုတ်ကို ခေါင်းမှီပြီး သူ့စားပွဲမှာ အိပ်ပျော်နေသည်။

    သူ့ကို ကျွန်တော် လှုပ်နှိုးလိုက်သည်။ မျက်လုံးတစ်ဖက် ပွင့်လာသည်။
    "သူ ဘယ်မှာလဲ၊ ငါ့မိန်းမ ဘယ်မှာလဲ" ဟု ကျွန်တော်က မေးသည်။
    "ဟာ ..."
    သူ ထထိုင်သည်။ စိတ်ဝင်စားလာပုံရသည်။ စောစောက သူတို့ ပြောသည့် အစီအစဉ်ကို ကျွန်တော် သဘောတူလိုက်ပြီဟု ထင်ပုံရသည်။ ခဏကြာတော့မှ ကျွန်တော့် မျက်လုံးများ မီးဝင်းဝင်းတောက်ပြီး ဒေါသဖြစ်နေသည်ကို သူ သတိပြုမိသွားတော့သည်။

    "ကျွန်တော် မသိပါဘူးခင်ဗျာ၊ ကျွန်တော် အိပ်ပျော်နေတာပါ"
    စူဇီ၏ ပိုက်ဆံအိတ်ကို ကျွန်တော် ချက်ချင်း သတိရလိုက်သည်။ လူရှုပ်ဆီသို့ သွားမည်ဆိုလျှင် သူ့ပိုက်ဆံအိတ်ကို ယူသွားရမည်။ သို့သော် သူ့ပိုက်ဆံအိတ်သည် အခန်းထဲမှာပင် ရှိနေသေးသလော။ ကျွန်တော် မမှတ်မိပါ။ စင်္ကြံအတိုင်း အခန်းရှိရာသို့ သုတ်ခြေတင် ပြန်ခဲ့သည်။

    သို့သော် ပိုက်ဆံအိတ်ကို မတွေ့ပါ။ မှန်တင်ခုံပေါ်မှာ မရှိပါ။ ကုလားထိုင်ပေါ်မှာလည်း မရှိပါ။ ခုတင်ဘေးက စားပွဲပေါ်မှာလည်း မရှိပါ။
    အခန်းထဲမှာ မွှေနှောက် ရှာသည်။ ဗီရိုကို ဖွင့်ရှာသည်။ အံဆွဲတွေ ဆွဲဖွင့်သည်။ အိပ်ရာခင်းတွေ ဆွဲဖယ်ပစ်သည်။ ဘုရား... ဘုရား။ သူ့ပိုက်ဆံအိတ်ကို တွေ့ပါရစေ။ ဒီအခန်းထဲမှာ သူ့ပိုက်ဆံအိတ် ရှိနေတာကို တွေ့ပါရစေ။ သူ့ပိုက်ဆံအိတ် ဒီအခန်းထဲမှာပဲ ရှိနေပါစေ။

    တစ်ခန်းလုံး ဗြောင်းဆန်နေသည်။ အားလုံး ဖရိုဖရဲနှင့် ပွစကြဲနေသည်။ ပိုက်ဆံအိတ်ကိုကားမတွေ့ရတော့ပါ။ ဟိုအင်္ဂလိပ်တရုတ်ကပြား လူရှုပ်ဆီသို့ သူ သွားပြီ ဖြစ်ကြောင်း ကျွန်တော် သဘောပေါက် နားလည်လိုက်ပါပြီ။ ထို့ကြောင့် သူ့ပိုက်ဆံအိတ်ကို ယူသွားခြင်းဖြစ်သည်။ ပိုက်ဆံအိတ် ထဲမှာ ဘီးရှိသည်။ ပေါင်ဒါဘူးရှိသည်။ နှုတ်ခမ်းနီ ဆိုးဆေး ရှိသည်။ ဒါတွေကို သုံးရမည်။ ပြီးတော့ ဟိုလူရှုပ်ပေးသည့်ငွေကို ထည့်ဖို့ ပိုက်ဆံ အိတ်လိုသည်။

    ကုလားထိုင်ပေါ်သို့ ကျွန်တော် အရုပ်ကြိုးပြတ် ကျသွားသည်။ ကျွန်တော့် အသည်းနှလုံးတွေ အလွန်တရာ နာကျင်လာသည်။ ထို့ကြောင့် ခေါင်းကို နောက်ဘက်သို့ လှန်ချလိုက်ရင်း နာနာကြည်းကြည်း ညည်းမိသည်။

    ထိုကုလားထိုင်ပေါ်မှာ ဘယ်လောက်ကြာအောင် ထိုင်နေမိသည် မသိပါ။ ရင်ထဲက နာကျင်နေသည်ကိုသာ သိသည်။ အခြားဘာကိုမှ မစဉ်းစားပါ။ စူဇီ အကြောင်းကိုလည်း မစဉ်းစားပါ။ အသည်းနှလုံးတွေ မခံမရပ်နိုင်လောက်အောင် နာကျင်နေသည်ကိုသာ သိပါသည်။ ဒါတစ်ခုပဲ စဉ်းစား ပါသည်။

    ရှေ့မှာ ရှိနေသည့် စူဇီ၏ ပန်းချီကားကို လှမ်းမြင်သည်။ ပန်းချီကားကို ကျွန်တော် စိုက်ကြည့်နေမိသည်။ အိပ်ရာပေါ်မှာ လဲလျောင်းနေပုံဖြစ်သည်။ အိပ်ရာခင်းတွေက ကြေမွတွန့်လိပ်နေသည်။ သူ့ပန်းချီကားကို စိုက်ကြာည့်နေရင်း တဖြည်းဖြည်း ကျွန်တော် သဘောပေါက်လာသည်။ ခွေးမြီးကောက် ကျည်တောက်စွပ်သည့် သဘောသာဖြစ်သည်။

    စူဇီသည် အခြားအခြားသော မိန်းမတွေနှင့် ဘာမှမခြား။ မူလအကျင့်စရိုက်ကို ဖျောက်ဖျက်နိုင်သူမဟုတ်။ ပြည့်တန်ဆာဟူသည်မှာ ပြည့်တန်ဆာပဲဖြစ်သည်။ သူတို့ အဆင့်အတန်းကို မြှင့်တင်ပေးလို့မရ။ ဆွဲချပစ်လို့လည်းမရ။  ကောင်းအောင်ပြုပြင်ပေးလို့မရ။ ထို့ကြောင့် ငွေတွေ တစ်ထွေး ကြီးဖြင့် ထင်သလို သုံးနေသော လူရှုပ်ကို မြင်သောအခါ သူ၏ ပင်ကိုစရိုက်ကို မစွန့်နိုင်တော့။ သည်လိုဖြင့် ထိုလူ့ထံသို့ သူသွားခြင်း ဖြစ်ရမည်။

    တံခါးကို သတိကြီးစွာ ဖွင့်သံကြားရသည့် အချိန်အထိ မလှုပ်မယှက် ကျွန်တော် ထိုင်နေမိသည်။ တံခါးဖွင့်သံ ရပ်သွားသည်။ အခန်းထဲမှာ မီးဖွင့်ထားသည်ကို မြင်တွေ့ သွားပုံရသည်။ ကျွန်တော် အိပ်ရာမှ နိုးနေပြီဟု သိသွားပုံရသည်။ ထို့နောက် တံခါးကို ကျယ်ကျယ် ထပ်ဖွင့်လိုက်သည်။ အပေါက်ဝမှာ သူ ရပ်နေသည်။ အခန်းထဲမှာ ဖြစ်ချင်တိုင်း ဖြစ်နေသည်ကို မြင်တွေ့သွားသည်။
    သူ့တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။ ကျွန်တော် တစ်ခုခု လုပ်တော့မည်ကို အကြီးအကျယ် စိုးရိမ်ကြောက်လန့်နေပုံမျိုး ဖြစ်သည်။ တံခါးလက်ကိုင်ကို အားပြုကိုင်ထားရင်း မျက်လုံးကို ခဏမှိတ်လိုက်သည်။ ထို့နောက် ခုတင်ဆီသို့ လျှောက်သွားပြီး အစွန်းမှာ ၀င်ထိုင်သည်။ မျက်လုံးများကို မှိတ်လိုက်ပြန်သည်။

    "ကျွန်မဟာ မကောင်းပါဘူးလို့ မောင့်ကို ပြောခဲ့ဖူးပါတယ် မောင်ရယ်၊ မောင့်ကို ဒုက္ခပေးမိမှာပဲလို့ ကျွန်မ ပြောခဲ့ဖူး ပါတယ်" ဟု သူက ပြောသည်။
    သူ့မျက်လုံးအစုံအောက်မှာ ကြီးမားသည့် အပြာရောင် အကွက်ကြီးများကို တွေ့ရသည်။ ဟုတ်ပါပြီ။ ဘာမှအံ့သြစရာ အကြောင်းမရှိပါ။ ဘာမှစဉ်းစားနေစရာ အပြင်ထွက်ခဲ့ပြီး အခန်းတံခါး ဆောင့်ပိတ် ထားခဲ့သည်။
    လူသူ ကင်းမဲ့သော လမ်းမများပေါ်မှာ ခြေဦးတည့်ရာ လျှောက်သွားနေမိသည်။ ဘယ်ဆီဘယ်ဝယ် သွားနေမိမှန်း လည်း မသိပါ။ လေကလည်း ကောင်းကောင်း မတိုက်။ ပူလောင်အိုက်စပ်နေသည်။ ဘောင်းဘီ ခြေထောက်မှလည်း ချွေးတွေရွှဲနေသည်။

    ကျွန်တော်တို့ ဆင်းခဲ့သည့် သင်္ဘောဆိပ်တွင် ကြီးမားသော အဖြူရောင် သင်္ဘောကြီးတစ်စီး ဆိုက်ကပ်ထားသည်ကို မြင်ရသည်။ မနက်ဖြန် ဟောင်ကောင်သို့ ထွက်မည့် သင်္ဘောဖြစ်သည်။
    ဘုရားရှိခိုးကျောင်း ဟောင်းကြီးကို တွေ့ရသည်။ ပြူတင်းပေါက်တွေ ပွင့်နေသည်။ ထိုပြူတင်းပေါက်များမှ တစ်ဆင့် တစ်ဖက်က မိုးကုပ်စက်ဝိုင်းကို တိုးလျှိုပေါက် မြင်နေရသည်။ တစ်ဖက်တွင် ဘာနံရံမှမရှိတော့ပါ။ မီးလောင်သောကြောင့် ပြိုကျသွားပြီ။

    ကျွန်တော် ဆက်လျှောက်လာရင်း ရှေ့တိုးမရတော့ပါ။ လက်နက်ကိုင် အစောင့်များက ကျွန်တော့်ကို ဆီးတားထားသည်။ ထိတားထားသည့် နေရာ၏ ဟိုမှာဘက်တွင် တရုတ်ပြည်မကြီး။
    ဟုတ်ပါသည်။ ကွန်မြူနစ်အစိုးရ အုပ်စိုးနေသော တရုတ်ပြည်မကြီး ဖြစ်ပါသည်။

    တရုတ်ပြည်မကြီးထဲတွင် ပြည့်တန်ဆာခန်းများကို ပိတ်ပစ်လိုက်ပြီ။ အမျိုးသမီး ကလေးများကို စက်ရုံများထဲသို့ ပြောင်းပို့လိုက်ပြီ။ လယ်ယာနှင့် ကောက်ပဲသီးနှံ စိုက်ကွင်း များထဲသို့ ရွှေ့ပြောင်းပေးလိုက်ပြီ။ အကယ်၍များ ပြည်မကြီးထဲမှာ စူဇီ ရှိနေမည်ဆိုလျှင် သူ့ကိုယ်ကို ငွေကြေးနှင့် ရောင်းစားနေမည့်အစား လယ်ထွန်စက်ကို မောင်းကောင်း မောင်းနေပေလိမ့်မည်။
    နောက်ဘက်သို့ ကျွန်တော် ပြန်လှည့်လာခဲ့သည်။ နံရံတစ်ဖက်သာရှိသည့် ဘုရားရှိခိုးကျောင်းကြီးဆီသို့ ပြန်ရောက် လာသည်။ နံရံဘေးမှာ ထိုင်ချလိုက်သည်။ တစ်ကိုယ်လုံး နုံးချည့်နေသည်။ နေထွက် လာသည်အထိ ငြိမ်ငြိမ်ကလေး ထိုင်နေမိသည်။ လက်ပတ်နာရီကို ကြည့်လိုက်တော့ ရှစ်နာရီခွဲနေပြီကို တွေ့ရသည်။ ထိုင်ရာမှထပြီး ဟိုတယ်သို့ ပြန်လာခဲ့သည်။

    အခန်းထဲရောက်တော့ ခုတင်ပေါ်မှာ လှဲနေသည့် စူဇီကို တွေ့ရသည်။ သူ အကြီးအကျယ် ငိုထားသည်။ တစ်မျက်နှာလုံး နီရဲပြီး ရောင်ကိုင်းနေသည်။ မျက်လုံးထဲမှာ ဘာအမူအရာမှမရှိ။ ကိစ္စအားလုံး ပြီးသွားပြီဖြစ်သောကြောင့် သေလိုက်တာကမှ ကောင်းသေးသည်ဆိုသည့် သဘောမျိုးဖြစ်နေသည်။

    "သင်္ဘောက ဆယ်နာရီခွဲထွက်မယ်၊ မင်း အဆင်သင့် ဖြစ်နိုင်ပါ့မလား" ဟု ကျွန်တော်က မေးသည်။
    အဖြေပြန်ပေးမလို လုပ်လိုက်သေးသည်။ သို့သော် ဘာမှ ပြန်မဖြေတော့ဘဲ ငိုပြန်သည်။ ပြောမည့် စကားလုံးတွေ လည်ချောင်းထဲမှာ တစ်ဆို့နေပုံရသည်။ ရေဘုံပိုင်ခေါင်းကို ဖွင့်ချလိုက်သလို သူ့မျက်လုံး အစုံမှ မျက်ရည်တွေ ဒလဟော စီးကျလာ သည်။

    အီတလီ နိုင်ငံမှာ မြင်ခဲ့ဖူးသည့် မယ်တော်မေရီ ရုပ်တုတစ်ခုကို ပြန်သတိရနေမိသည်။ ဘုန်းကြီးတစ်ပါးက လျှို့ဝှက်ရေဘံပိုင်ခေါင်းကို ဖွင့်လိုက်သည်။ မယ်တော် မေရီ၏ မျက်လုံးအစုံမှ ရေများ ပန်းထွက်လာကာ အဖြူရောင် တောက်ပနေသော ပါးပြင်ပေါ်သို့ စီးကျသွားသည်။

    "ငိုနေတဲ့ အပျိုစင်" ဟု ဘုန်းတော်ကြီးက ဂုဏ်ယူစွာပြောသည်။
    ငိုနေတဲ့ အပျိုစင်။ လွန်စွာ ကောင်းပါသည်။
    "ကိုယ် ရေသွားချိုးလိုက်ဦးမယ်"ဟု ကျွန်တော်က ပြောသည်။

    မုတ်ဆိတ်ရိတ်ဓား၊ ဆပ်ပြာနှင့် လိုအပ်သည်များ ယူပြီး ရေချိုးခန်းသို့ ထွက်ခဲ့သည်။ စူဇီက ခုတင်ပေါ်မှာ ငိုလျက် ကျန်ခဲ့သည်။
    ကျွန်တော်တို့ အခန်းဘေးက ရေချိုးခန်းမှာ လူရှိနေသည်။ ထို့ကြောင့် အပေါ်ထပ်မှ ရေချိုးခန်းသို့ သွားရန် စင်္ကြံအတိုင်း လျှောက်လာခဲ့သည်။ အခန်းစောင့် အာနတ်ကို သူ့စားပွဲနားမှာ တွေ့သည်။ အမျိုးသမီးတစ်ယောက်နှင့် ကော်မရှင်ကိစ္စ အငြင်းအခုံ ဖြစ်နေ ကြသည်။ အပေါ်ထပ် ရေချိုးခန်းသို့ တက်ခဲ့ပြီး တံခါးကို အတွင်းမှ ပိတ်လိုက်သည်။

    ရေပန်းအောက်သို့ ၀င်လိုက်သောအခါ ကြမ်းပေါ်မှာ သွေးတွေရွဲနေသည်ကို တွေ့ရသည်။ ရေထွက်ပေါက်မှာလည်း သွေးတွေ တွေ့ရသည်။ သည်အခန်းထဲမှာ တစ်ယောက်ယောက် ကိုယ့်လည်ပင်းကိုယ် လှီးသွားသည်ဟု ထင်မိသည်။ မကာအိုလို နေရာမျိုးတွင် သည်အဖြစ်မျိုးသည် ဘာမှအံ့သြစရာမရှိပါ။

    ထို့နောက် ထောင့်တစ်နေရာရှိ အ၀ါရောင် ကြွေထွေးခံတစ်လုံးကို သတိပြုမိသည်။ ထိုအထဲတွင်လည်း သွေးတွေ တွေ့နေရသည်။ မိန်းမလက်ကိုင်ပ၀ါကလေး တစ်ထည်ကိုလည်း တွေ့ရသည်။ စူဇီ၏ လက်ကိုင်ပ၀ါဟု ထင်မိသည်။ ကျွန်တော့်ဒူးများ တဆတ်ဆတ် တုန်လာသည်။ ဆက်ရင်နေဖို့ပင် ခပ်ခက်ခက် ဖြစ်လာသည်။

    ပို၍ သေချာအောင် လက်ကိုင်ပ၀ါကလေးကို ကောက်ယူကြည့်သည်။ ထောင့်တွင် ပန်းပွင့်ကလေး ရိုက်ထားသည်ကို တွေ့ရသည်။ နှင်းဆီပန်းနှင့် တူသည်ဟု တစ်ခါတုန်းက ကျွန်တော် ပြောဖူးသည်။ စူဇီက နှင်းဆီပန်းမဟုတ်ကြောင်း၊ ပန်းအမည်ကို တရုတ်လိုသာ ခေါ်တတ်ကြောင်း ပြန်ပြောဖူးသည့် လက်ကိုင်ပ၀ါ ဖြစ်သည်။ သေချာသွားပါပြီ။

    ဘုရား...ဘုရား၊ ဖြစ်မှဖြစ်ရလေတယ်။
    လက်ထဲမှ သွေးများ ပေကျံနေသည့် လက်ကိုင်ပ၀ါကလေးကို ငေးကြည့်နေမိသည်။
    တကယ်တော့ အင်္ဂလိပ်တရုတ်ကပြား လူရှုပ်ဆီသို့ စူဇီ သွားခြင်းမဟုတ်။ သူ့အဆုတ်ရောဂါ ပြန်ဆိုး လာခြင်းသာ ဖြစ်သည်။  သို့သော်လည်း သူ နေမကောင်းသည်ကို ကျွန်တော် မသိစေလို။ ကျွန်တော်တို့ အခန်းဘေးမှ ရေချိုးခန်းသို့ သွားလျှင် သူ ချောင်းဆိုးသံ၊ သွေးအန်သံများကို ကျွန်တော် ကြားရမည်။ ကျွန်တော် မကြားစေလိုသောကြောင့် အပေါ်ထပ် ရေချိုးခန်းသို့ တက်ခဲ့ခြင်း ဖြစ်သည်။ သည်အခန်းထဲမှာ သူတစ်ယောက် တည်း သွေးတွေ အန်နေပေလိမ့်မည်။ သူတစ်ယောက်တည်း သေကောင် ပေါင်းလဲ ဝေဒနာကို ခံစားခဲ့ရရှာပေလိမ့်မည်။

    အခန်းထဲသို့ သူ ပြန်လာသည့်ပုံကို ကျွန်တော် ပြန်လည် မြင်ယောင်နေမိသည်။ သူ့တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။ သူ့မျက်လုံးအစုံအောက်မှာ ကြီးမားသည့် အပြာကွက်ကြီးများကို တွေ့ရသည်။ ပြီးတော့-
    "ကျွန်မဟာ မကောင်းပါဘူးလို့ မောင့်ကို ပြောခဲ့ဖူးပါတယ် မောင်ရယ်မောင့်ကို ဒုက္ခပေးမိမှာပဲလို့ ကျွန်မ ပြောခဲ့ဖူးပါတယ်" ဟု သူပြောသော စကားများကိုလည်း ပြန်လည် ကြားယောင်လာမိသည်။

    ဘုရား... ဘုရား... ဘုရား ... ကယ်တော်မူပါ"
    ကျွန်တော့် တစ်ကိုယ်လုံးမှာ အားအင်များ ကုန်ခန်းလာသည်။ ထို့ကြောင့် နံရံကို လှမ်းကိုင်ပြီး ထိန်းထားလိုက်ရသည်။ မျက်လုံးများကို မှိတ်ပြီး နံရံမှာ မျက်နှာအပ်ထားမိသည်။ ရေပန်းမှ ရေကျနေသံနှင့် ရေထွက်ပေါက်မှ စီးဆင်းသွားသံများကို ကြားနေရသည်။
    အို... စူဇီ၊ သနားစရာကောင်းလိုက်တဲ့ စူဇီလေးရယ်၊ မောင့်ကို မင်း ခွင့်လွှတ်နိုင်မှာ မဟုတ် တော့ပါဘူး ကွယ်။

    မျက်လုံးများကို ကျွန်တော် ဖွင့်လိုက်မိသည်။ လက်ထဲမှ လက်ကိုင်ပ၀ါ ကလေးကို မြင်ရပြန်သည်။ သူ သေများ သေသွားတော့မှာလား။ ကျွန်တော့်လက်များ တဆတ်ဆတ် တုန်နေသည်ကို တွေ့ရသည်။ ကြေက်စိတ်၊ စိုးရိမ်စိတ်များကြောင့် ချမ်းစိမ့်စိမ့် ဖြစ်လာသည်။ အ၀တ်အစားများကို လှမ်းဆွဲလိုက်ပြီး ပြန်ဝတ်သည်။ တစ်ကိုယ်လုံးမှာ ချွေးစီးတွေ ရွှဲနေသည်။ ချွေးတွေနှင့် ကပ်နေသောကြောင့် တော်တော်နှင့် အင်္ကျီဝတ်လို့မရ။

    မှန်ထဲမှာ ကြည့်မိသည်။ တစ်နေ့ မရိတ်ရသေးသဖြင့် မုတ်ဆိတ်မွှေးတွေ ထိုးထိုး ထောင်ထောင် ရှိနေသည်။ ဇောချွေးတွေ ပြန်နေသည်။ မျက်လုံးအစုံထဲမှာ ကြောက်ရွံ့စိုးရိမ်ရိပ်တွေ ဖုံးလွှမ်းနေသည်။
    ဘောင်းဘီဆွဲဝတ်တာ ကြယ်သီးတပ်ပြီး အောက်ထပ်သို့ အပြေး ပြန်ဆင်းခဲ့သည်။
 
အခန်း (၇) နက်ဖြန် 

No comments: