Monday, December 31, 2012

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၁ဝ)

 မနက်စောကြီး က လူကြုံကောင်းလို့တဲ့။ မန္တလေးကို    ကူးသွားကြပြီဆိုတာ မှာထားခဲ့လို့ သိရတော့ အမော ကြီး မော သွားတာပေါ့။ မျှော်လင့် အားခဲထားသမျှတွေလည်း အစိတ်စိတ်အမြွှာမြွှာနဲ့ တစ်စစီ ဖြစ်သွားသလို ရင်ထဲမှာ ခံစားလိုက် မိပါတယ်။ စစ်အတွင်းမှာ အရာရာက အခြေအနေကို လိုက်ပြီးလှုပ်ရှားရပ်တည် ကြရတာဖြစ် လို့ အန်တီလေး တို့ကိုလည်း အပြစ်မဆိုသာ ပါဘူး။ မွေးဖွားဖို့ ကိစ္စက နံပါတ်တစ်ထားပြီး စဉ်းစားရတာကြောင့် အဆင်ပြေတဲ့ အခိုက် ကို လိုက်ပြီး သွားရတာ ဖြစ် မှာပဲလို့တွေးပြီး စိတ်သက်သာရာ ရှာရပါတယ်။
ဘဝ ရဲ့ တစ်ဆစ်ချိုး လမ်းကွေ့တွေကလည်း ဝင်္ကပါလို အသွယ်သွယ်နဲ့ မျက်စိလည်လမ်းမှား ချင်စရာ အခြေအနေ တစ်ခု ကို ရင်ဆိုင်လိုက်ရခြင်းပါပဲ။
ကို ဆက်ဖတ်ရန် .....

အပိုင်း (၁၂)

ရောက်မဆိုက် မှာ အန်တီလေးတို့ မန္တလေးကို ထွက်သွားပြီဆိုတဲ့ သတင်းကြောင့် စိတ်ရော လူရော မောသွားတာ လည်း တစ်ကြောင်း၊ ဝါးချက်ကနေ မန္တလေးသတင်းကို စောင့်နားထောင်ပြီး အန်တီလေး တို့ကို လူကြုံကောင်း ရရင်လည်း အခြေအနေအရ ပြန်သင့်လည်းပြန်ဖို့ဆိုတဲ့ စိတ်ကူးနဲ့ မာမီက တစ် ရက် နှစ်ရက် ဒီမှာ ခဏနေကြည့်ရအောင်ဆိုတာနဲ့ ဆရာတော်ကြီးကို နေခွင့်ရဖို့ သွားလျှောက်ပါတယ်။
ဝါးချက်ကျောင်းကြီး ကလည်း ကျယ်ဝန်းပါရဲ့။ ကျောင်းရဲ့အပေါ်ထပ်မှာ ဆရာတော်ဘုရားနဲ့ သံဃာ တော်များ သီတင်း သုံးကြပြီး အောက်ထပ်တစ်ထပ်လုံးမှာ စစ်ပြေးသူတွေ ကိုယ့်အုပ်စုလေးနဲ့ကိုယ် နေ ကြ ပါတယ်။ ခေမေသကချောင်က သီလရှင်ဇရပ်တုန်းကလို အိပ်ခန်းတွေ ဘာတွေ သီခြားရှိတာ မဟုတ်ဘူး။
ကျောင်းအောက်ထပ် ခန်းမကြီး ထဲမှာပဲ ကိုယ့်အတွက် သတ်မှတ်ပေးထားတဲ့နေရာ ကွက်ကွက်ကလေး မှာ တစ်ကိုယ်စာ အိပ်ရာလေးတွေ ကြမ်းပြင်မှာခင်းထားပြီး ရှိစုမဲ့စု ကိုယ့်ပစ္စည်း၊ ကိုယ့်သေတ္တာကလေး တွေ အိပ်ရာဘေး စီချပြီး မီးဘေးဒုက္ခသည်တွေ ကယ်ဆယ်ရေးစခန်းမှာ နေကြရတဲ့ ပုံစံမျိုးအတိုင်းပါပဲ။

ကျွန်မတို့ သားအမိအတွက်လည်း ကျောင်းရဲ့ထောင့်စွန်းတစ်နေရာမှာ နှစ်ယောက်စာ အိပ်သာ ရုံနေရာ လေး တစ်ခုကို ဦးပဉ္ဇင်းတစ်ပါးက ဖန်တီးပြီး နေရာချထားပေးပါတယ်။ အခြေအနေကိုကြည့်ပြီး မာမီ က နှာခေါင်းရှုံ့ ပါလေရော။ သူစိမ်းတွေ နဲ့ ရောကောသောကော မနေတတ်တဲ့သူက ခုလို ဟင်းလင်းပြင်ထဲ မှာ မသပ် မရပ် ဖြစ်ကတတ်ဆန်း နေရမှာကို စိတ်ညစ်သွားတယ် ထင်ပါရဲ့။
"ဖြစ်ချင်ရာဖြစ်၊ မနက် ကျရင် မာမီတို့လည်း မန္တလေးကို ပြန်ကြရအောင်" လို့ ဆိုပါတယ်။
ကျွန်မ လည်း နေရတဲ့ လက်ရှိအခြေအနေကို စိတ်ကုန်တာနဲ့ မာမီ့လိုပဲ "မထူး ပါဘူး၊ ဖြစ်ချင် တာတွေ ဖြစ်ကြစမ်းဟယ်" ဆိုတဲ့ ခံယူချက်နဲ့ စိတ်ကို လျှော့ထားလိုက်တယ်ပေါ့။ ဖြစ်ချင်တာတွေ တကယ် ကို ဖြစ်ပြီဆိုတော့လည်း အံ့သြဖွယ်ရာပါပဲ။

"ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာတယ်" ဆိုတဲ့စကားလေးက လှပသလောက် အဓိပ္ပာယ်ဘယ်မျှ ကျယ် ဝန်းတယ် ဆိုတာ ကျွန်မ လက်တွေ့ခံစားရမှ ပိုပြီးနားလည်သဘောပေါက်သွားရပါတော့တယ်။ အဲဒီည မှာ ကျွန်မ ဝမ်းတွေ ပြန်ပြီး လျှော ပါလေရော။
ကျောင်းကြီး က ကြီးသလောက် ကျောင်းပရိဝုဏ်ကြီးကလည်း ကျယ်ဝန်းပါဘိ။ လူသုံးအိမ်သာနဲ့ ကုဋီ ကလည်း ဟိုးအဝေးကြီး ခြံ ရဲ့အစွန်းထောင့်မှာပါ။ ပထမ တစ်ခေါက် နှစ်ခေါက်တော့ အိမ်သာ အရောက် သွားနိုင်ပါသေး ရဲ့။ နောက်အခေါက်တွေကျ ကျွန်မ ရောက်အောင် မသွားနိုင်တော့ပါဘူး။ လူက နဂိုက မှ နာလန်ထခါစရယ်၊ အန်တီလေး တို့ကို မမီ လိုက် မှာစိုးလို့သာ ပြေးပြေးလွှားလွှားနဲ့ ကြိုးစားပြီး လိုက် လာရတာလေ။

အားက ရှိသေးတာ မဟုတ်တဲ့အပြင် စိတ်ရောလူပါ မောသွားတာ ထပ်ဆောင်းလိုက်တော့ နှစ်ခါ၊ သုံးခါ ဝမ်းသွားလိုက်နဲ့ ချည့်နဲ့သွားတော့တာပါပဲ။ ထပ်သွားချင်ရင် လွယ်ကူအောင် ကျောင်းအထိ မပြန်နိုင် တော့တာနဲ့ အိမ်သာ နဲ့ မနီးမဝေးမှာ ပုံရက်ကလေး မြေပေါ်မှာ လဲချနေရပါတယ်။ မာမီက ကျွန်မကို ထူ ပြီး ရင်ခွင် မှာ ပွေ့ထားပေးရင်း ဟန်တောင်မဆောင်နိုင်ရှာဘူး။ မျက်ရည်တွေ ကျလို့။
အရုဏ် တက်တော့ ဦးပဉ္ဇင်းတစ်ပါးက တခြားလူတွေကို ရောဂါကူးစက်ကုန်မှာစိုးတာနဲ့ ကျွန်မ တို့ ကျောင်းနဲ့ ဝေးရာ ခြံထောင့်က ထားဝယ်မှိုင်းပင်ကြီးအောက်မှာရှိတဲ့ ကွပ်ပျစ်ကြီးတစ်ခုပေါ် ရွှေ့ပြောင်း နေဖို့ စီစဉ်ပေး ပါတယ်။
မာမီ လည်း နေရာက မထနိုင်တော့တဲ့ ကျွန်မအတွက် ထဘီတွေတင်ပါးအောက်မှာခင်ပေးပြီး တစ်ထည် ပြီး တစ်ထည် လဲပေးနေရတော့တာပေါ့။ ဒီအချိန်မှာ ကျွန်မ တကယ်ကို အားငယ်သွားတော့တာပါ။ ပထမ အကြိမ် တုန်း က သေကံမရောက်လို့ ပြန်ကောင်းလာတာ မှန်ပါရဲ့။ ဒီတစ်ခါ ပြန်ဖြစ်တာကျတော့ ကျွန်မ ခံနိုင်ရည် မရှိတော့ ပါဘူး။

ရင်ထဲကပူ၊ အာတွေကခြောက်၊ သောက်စရာ ရေလေးတစ်ခွက်တောင် အနားမှမရှိတဲ့ အဖြစ်ပါ။ ငါ ဆတ်ဆော့ပြီး လာခဲ့ မိတာ မှားလေခြင်းလို့လည်း နောင်တရနေမိပြန်ပါတယ်။ ခုနေ သေသွားရင် မာမီ တစ်ယောက်တည်း ကျန်ခဲ့မယ့် အဖြစ်ကိုလည်း  စိတ်က မချနိုင်အောင် ဖြစ်မိတာကလည်း ပါသေး တယ်။
မာမီ့ ရဲ့ စိတ်ဝေဒနာ အခြေအနေက ကောင်းသေးတာ မဟုတ်သေးပါဘူး။ ငိုတစ်ခါ ရယ် တစ်လှည့် ဖြစ် နေတဲ့ အပြင် စားချင် တဲ့နေ့မှ စား၊ ညညဆို ဆေးလိပ်တွေ တဖွာဖွာနဲ့ မအိပ်တဲ့ညက ခပ်များများ ရယ်။ မာမီ့ ကို စိတ် မချ လို့ ကျွန်မ က တစ်ပြန် အရိပ်ကြည့်၊ စောင့်ရှောက်နေ ရတဲ့အချိန်မှာ သေရမယ်ဆိုတဲ့ အဖြစ် ကို တွေးကြည့် လိုက်တာ နဲ့ ရင်ထဲမှာ တုန်လှုပ်ချောက်ချား မှုနဲ့အတူ နာကျင်ကြင်မွတဲ့ ခံစားမှုကို သိသိသာသာ ခံစားရပါတယ်။

ကိုယ့်ကိုယ် ကိုယ် လည်း ငါ မသေရဘူးဆိုတဲ့ စိတ်နဲ့ ကြိုးစားပြီး အားတင်းထားပေမဲ့ ကိုယ်လက်တွေက မသယ်နိုင်တော့ တဲ့အပြင် တဖြည်းဖြည်းနဲ့ အားအင်တွေ ဆုတ်ယုတ်လာတာ မျက်လုံးတောင် မဖွင့်နိုင် တော့အောင် လေးလံ လာပါတော့တယ်။
မာမီ့ ရဲ့ အားပေးတဲ့ စကားသံတွေကလည်း တစ်ခါတစ်လေ နီးနီးလေး ကြားနေရာကနေ ဝေးသွားလိုက်၊ မျက်လုံးကို ကြိုးစားပြီး ဖွင့်ကြည့်ရင်လည်း ထားဝယ်မှိုင်းပန်းပင်ပေါ်က ပန်းပွင့်လေးတွေက ကျွန်မ မျက်နှာ နားထိ ဆင်းလာပြီး ကြွက် သွားလို ဖြူဖြူလေးတွေနဲ့ ရယ်ပြတာ မြင်လို မြင်ရ။

သေရမှာ ကြောက်ပြီး ဘုရားကို ကြိုးစားအာရုံပြုပေမဲ့ ကိုယ့်စိတ်ကိုယ် စုစည်းလို့မရဘဲ အာရုံမှာ အမျိုးစုံ ထင်ဟပ်နေ ပါတော့တယ်။ ဒီအချိန်မှာ "ဒကာမကြီး ပါးစပ်ဟ၊ ဒီဆေးလေး သောက်လိုက်၊ ကောင်းသွား လိမ့်မယ်" တဲ့။ အသံကြားရလို့ မဖွင့်နိုင် ဖွင့်နိုင် မျက်စိကို ကြိုးစားဖွင့်ကြည့်တော့ ကျွန်မရဲ့ဘေးမှာ ရဟန်းတော် တစ်ပါး ရပ်လျက် တွေ့ရပါတယ်။ ကျွန်မရဲ့ပါးစပ်ထဲကို ဆေးလုံးတစ်လုံး ခွံ့လိုက်တာနဲ့ ကြိုးစားပမ်းစား မျိုလိုက် ရတာပေါ့။ အဲဒီနောက် ကျွန်မ ဘာကိုမှ သတိမရတော့ပါဘူး။ အိပ်လို့ကောင်း ကောင်းနဲ့ အကြာကြီး အိပ်လိုက် တယ် လို့ ထင်ရတာပဲ။ နိုးတော့ အရုဏ်တောင်တက်လို့ အလင်းရောင် ပျို့စဖြစ်နေပါပြီ။ ကြည်ကြည် လင်လင် နဲ့ အားအင်တွေ ပြည့်ဝ လာသလိုပါပဲ။  ကျွန်မဘေးမှာ မာမီရယ် မအိပ်ဘဲ ငုတ်တုတ်ကလေး ထိုင်လို့ တရှိုက်ရှိုက် ငိုနေလေ ရဲ့။
ကျွန်မ က မာမီ့ ဒူး ကို လက်နဲ့ကိုင်လှုပ်တော့မှ ကျွန်မကို တအံ့တသြနဲ့ ပြန်ကြည့်ပြီး ဝမ်းသာရှာလွန်းလို့ လေ။ ကျွန်မ အိပ်ကောင်းကောင်း နဲ့ အိပ်နေတာ ကို မာမီက မေ့မြောနေပြီ၊ သေတော့မှာလို့ ထင်နေတာ တဲ့။ တကယ်ပဲ မေ့မြော သွားတာလား။ အိပ်ပျော်သွားတာလားဆိုတာလည်း ကျွန်မ မခွဲခြားတတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ဦးပဉ္ဇင်း ခွံ့ သွားတဲ့ ဆေးကတော့ စွမ်းတာ အမှန်ပါပဲ။ ကျွန်မ ဝမ်းလျှောတာလည်း ရပ်၊ လူလည်း လုံးဝ ကို ကြည်ကြည်လင်လင်ဖြစ်ပြီး နိုးလာခြင်းပါ။
ဒီအကြောင်းကို လွန်ခဲ့တဲ့ လေးနှစ်ကာလက ဝါးချက်ကို တစ်ခေါက် ပြန်ရောက်လို့ အမှတ်ရမိတာနဲ့ ကလျာ မဂ္ဂဇင်း မှာ ရေးမိတော့ အဲဒီဆောင်းပါးကို ဖတ်ရတဲ့ စာရေးဆရာကြီး တစ်ဦးက ကျွန်မဆီကို စာ ရေးလာပါတယ်။
ဦးပဉ္ဇင်း ခွံ့သွားတဲ့ ဆေးဟာ "ဘိန်း" ဖြစ်နိုင်ပါတယ်တဲ့။ ဘိန်းက ဝမ်းလျှောခြင်းကို ရပ်စေ တဲ့ မြန်မာ ဆေးမြီးတို လို့ ပြောပြတာ နဲ့ မှတ်သားထားလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် သေဖို့ကံ အလှည့်မကြုံသေး တာကြောင့် ကူမယ့် ကယ်မယ့် သူ ရောက်လာခြင်းဖြစ်မှာပါပဲ။

လူက နည်းနည်းလန်းဆန်းလာလို့ ထူထူထောင်ထောင်တော့ ရှိလာပါရဲ့။ ကျောင်းနဲ့ ဝေးနေလို့ မျက်နှာ သစ်စရာ ရေတောင်မရှိပါဘူး။ ဟိုအချိန်က စစ်ကိုင်းတောင်ရိုးမှာ ရေရှားပါတယ်။ ခုလို ချောင်တွေပေါ် ရေပိုက် ဆွဲထား တာမျိုး မရှိပါသေးပါဘူး။ သောက်ရေ သုံးရေအတွက် ရာဝင်စဉ့်အိုးကြီးတွေ နဲ့ မိုးရေကို တံစက်မြိတ်အောက် ကနေ ရေတံလျှောက်ခံပြီး လျှောင်ထားရတာပါ။
မြစ်ထဲ မှာ ရေတွေ ပေါခြင်းသောခြင်းရှိတာ သိပေမဲ့ ကိုယ်ကမှ မြစ်ဆိပ်ထိ မဆင်းနိုင်တာ။ ကျောင်း တိုက်ထဲ သွားဖို့ ကျတော့လည်း မသန့်မစင်ဖြစ်နေ တဲ့ ကိုယ်နဲ့မို့ မသွားရဲပါဘူး။ အဲလို  ကိုယ်ဟာကိုယ် မသန့်စင်နိုင်တဲ့ အဖြစ်ကြောင့် စိတ်လည်း ညစ်၊ လူက နေသာလာတော့ ဝမ်းက ဟာလာပြန်ရော။ ပါ လာတဲ့ ဘီစကွတ် မုန့်လေးတွေ ထုတ်ပြီး သားအမိနှစ်ယောက် ဒါကိုပဲ မနက်စာ၊ ညစာ လုပ်ပြီး စားရပါ တယ်။

အားအင်ပြည့်လာ တဲ့အထိ နောက်တစ်ရက် ထပ်နားကြမယ်လို့ တိုင်ပင်ပြီး သက်သာသလိုလေး ကွပ် ပျစ်ပေါ်မှာ လှဲနေရ တာပေါ့။ ဘာလိုလိုနဲ့ ထားဝယ်မှိုင်းပင်ကြီးအောက်မှာ နှစ်ညတာ နေလိုက်ရပါပြီ။ ကျွန်မ ရဲ့ အညစ်အကြေးတွေပေနေတဲ့ ရှိရှိသမျှ ထဘီတွေကိုလည်း ရောဂါပြန့်ပွားမှာစိုးတာနဲ့ မာမီက အထုပ်ကြီးတွေ ထုပ်ပြီး လွတ်ရာ ခြံထောင့် မှာ မီးရှို့ပစ်ပါတယ်။
ပါလာ တဲ့ စောင်ပါးလေး ကို သားအမိနှစ်ယောက် အတူခြုံပြီး ကွပ်ပျစ်ပေါ်မှာကွေး လို့ ကောင်းနေ တုန်း နေ့မွန်းလွဲလောက်ကျတော့ "ဟော... ဒီမှာ သားအမိပါလား" လို့ ပြောလိုက်တဲ့ ဘွားသီလရှင်ကြီးရဲ့ အသံ ကို ခေါင်းရင်း ဘက် က ကြားတာနဲ့ ကျွန်မ ခေါင်းထောင်ကြည့်လိုက်မိပါတယ်။
ခေမေသကချောင် က ကျွန်မတို့နဲ့ အတူနေခဲ့တဲ့ ဘွားသီလရှင်ကြီး ဖြစ်နေပါရော။ ဟုတ်သားပဲ။ ကျွန်မ ရဲ့စာအုပ်သေတ္တာ ကို လှည်းငှားပြီး လာပို့ပေးမယ် ပြောထားတာလေ။ ကိုယ့်ဝေဒနာ နဲ့ကိုယ် သေ မလို ဖြစ်နေတာကြောင့် စာအုပ်သေတ္တာ ကိုလည်း သတိမရမိတော့ပါဘူး။ ဘွားသီလရှင်ကြီး လှည်း နဲ့ ကျောင်းတိုက် ကို ရောက်လာတော့ ကျွန်မ ဒီမှာ  ရှိလေရဲ့လို့ အကျိုးအကြောင်း ပြောပြပြီး ညွှန်လိုက် တာကိုး။

"ဘွားနဲ့အတူ ဦးအောင်ခန့် လည်း ပါလာသေးတယ်။ ကျောင်းတိုက်ထဲမှာ ဆရာတော်နဲ့ စကားပြော ကျန်ခဲ့ တယ်" လို့ ပြောတော့ အံ့သြ သွားရပါတယ်။
ဘွားသီလရှင်ကြီး က ကျွန်မတို့ သားအမိအဖြစ်ကိုကြည့်ပြီး ရင်ဖိုလို့ စိတ်မကောင်းဖြစ်နေရှာတယ်။
"မိန်းကလေး ရယ်၊ မသေကောင်း မပျောက်ကောင်း၊ ဘုရား ကယ်ပေလို့ပဲ အသက်ရှင်တာ" တဲ့။
ဟုတ်ပါတယ်။ ရတနာသုံးပါးရဲ့ဂုဏ်ကျေးဇူးဆိုတာတော့ ယုံမှားစရာ မရှိအောင်ပါပဲ။ ဦးပဉ္ဇင်းသာ ဆေး လာ မတိုက်ခဲ့ ရင် ကြောက်ကြောက်လန့်လန့်နဲ့ အပြင် အစွဲအလမ်းနဲ့ပါ မဖြောင့်ဘဲ သေရမှာမို့ ခုလောက် ဆို ဒီထားဝယ်မှိုင်းပင်ကြီး ရဲ့အောက်မှာ ပြိတ္တာမလေး ဖြစ်နေမှာ သေချာပါရဲ့။
ခဏနေတော့ ဦးအောင်ခန့် ရောက်လာပါတယ်။  ကျွန်မတို့ အခြေအနေကို သိရတော့ "အေးကွာ၊ မင်း က တကယ့် ကံထူး တဲ့ ကလေးမပဲ၊ ဒီကပြန်ရင် နာမည်ပြောင်းလိုက်တော့၊ "ခင်မကြီး" မဟုတ်တော့ဘူး၊ "ခင်သက်ပြင်း" လို့လေ" တဲ့။

သူ ပြောတာလည်း မှန်ပါရဲ့။ သေတွင်းက နှစ်ခါတောင် ပြန်ထွက်လာခဲ့တာနော်။ အခု အတိတ်လမ်း ကို ပြန်လျှောက် ရင်း ဒီပုံရိပ်ကလေးကို မြင်မိတော့ အဲဒီအချိန်က ကံဇာတ်ဆရာဆိုတဲ့ လူကြီးက ခါးကို စုံ ထောက်ပြီး ကားလိပ်ချအံ့ဆဲဆဲ လုပ်နေတဲ့ သူငယ်မကို...
"ဟေ့ကောင်တွေ နေကြ ဦး၊ ကားလိပ်မချလိုက်နဲ့ဦး၊ ဒီကောင်မလေးကို ဘဝဇာတ်ခုံမှာ ကကြိုးတွေ စုံ အောင် ကခိုင်း ဖို့ ရှိသေးတယ်ကွ။ ဟိုးထား ဟိုးထား" လို့များ ပြောနေမလား မသိ။
ကျွန်မ ပွဲဦးထွက် ဖို့ အပျိုတော်အကနဲ့ စင်ပေါ်ရောက်ခဲ့ပါပြီလေ။ ဦးအောင်ခန့်က ကျွန်မတို့ကို အခု မန္တလေး မပြန်သေးဘဲ ခေမေသကချောင်မှာ တစ်ပတ်လောက် ခဏ ပြန်နားပြီး အခြေအနေ သေသေ ချာချာ စုံစမ်း လို့ ကောင်းပြီဆိုတဲ့အချိန်ကျမှ မန္တလေးကို အတူတူကူးကြတာပေါ့။ သူလည်း ပြန်ရမှာ အတူတူပဲဟာ။ ခဏစောင့် ပါဦး ဆိုတာနဲ့ ကျွန်မတို့ သူတို့ ငှားလာတဲ့လှည်းနဲ့အတူ ခေမေသကချောင် ကို ပြန်လိုက်ဖြစ်သွားပါတယ်။ အဲဒီတစ်ပတ် ကတော့ မန္တလေး ပြန်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အားမွေး ရင်း ဇရပ် မှာပဲ နားနားနေနေဖြစ်ပါတယ်။

ဒီတစ်ခေါက် မန္တလေး ကို ပြန်မိတဲ့အဖြစ်ကတော့ ကျွန်မဘဝကို ကံဆိုးမိုးမှောင်ကျစေသောနေ့လို့ ပြော ရမှာ ထင်ပါရဲ့။ ကျွန်မတို့နဲ့ အတူ ဦးအောင်ခန့်ရယ်၊ မနေ့ကမှ ရွာထောင်က ကူးလာတဲ့ သူ့တူ ကိုဘစိန် ဆိုတဲ့ သူငယ်လေး ရယ် ပါလာပါတယ်။ ငှက်ဆိပ်ကျတော့ ဂေါဝိန်ဘက်ကူးရင် ဂျပန်စစ်တပ်က အစစ် အဆေး များလို့ ရွှေကြက်ယက်ဘက်က သက်သာတယ်ဆိုတာနဲ့ ရွှေကြက်ယက်ကို ငှက်နဲ့ ကူးလာကြ တယ်ပေါ့။
ရွှေကြက်ယက်ကျတော့ ဂျပန်စစ်သားတွေရော၊ စစ်ကားကြီးတွေရော နေရာအနှံ့အပြားမှာ မြင်နေရလို့ ရင်ထဲမှာ ထိတ်ထိတ် လန့်လန့် ဖြစ်မိပါသေးတယ်။ မြင်းလှည်းတစ်စီး ငှားလို့ရတာနဲ့ ကျွန်မတို့လာကြ တော့ မြင်းလှည်းက ဘုရားကြီး အဝင် ကျောက်ဆစ်တန်းထိပ်တင်ပဲ ပို့နိုင်မယ်ဆိုလို့ ဆင်းကြရပါရော။ လမ်းမှာလည်း စစ်ကားတွေ ကလွဲလို့ မြင်းလှည်းက နည်းနည်းပဲ တွေ့ရတာပါ။ အသွားအလာ ပြတ်ဆဲ ဆိုတာ သတိပြုမိပါတယ်။ တချို့ လည်း စက်ဘီး နဲ့ သွားလာနေတာလည်း အနည်းအကျဉ်း မြင်မိပါရဲ့။

ဘုရားကြီး ကနေ မြို့ထဲကို ခြေကျင် လျှောက်လာရပါတယ်။ မီးမလောင်ဘဲ ကွက်ပြီး ကျန်ခဲ့တဲ့ အိမ်ရာ တိုက်တွေ လည်း  ရှိတာပါပဲ။ အဲဒီအချိန်က မန္တလေးမှာ အိမ်ခြေနှစ်သောင်းကျော်ရှိပြီး နှစ်ထောင်ကျော် ပဲ ကျန်အောင် တစ်မြို့လုံး နီးပါး ပြာကျသွားတယ်ဆိုတာ စစ်ပြီးခေတ်စာစောင်တစ်ခုမှာ ဖတ်လိုက်ရဖူး လို့ မှတ်သား ထားမိ ပါတယ်။ မှန်တာ၊ မမှန်တာ မပြောတတ်ပေမယ့် မြင့်မြတ်ရာ နေရာအတော်များများ က မီးလောင်ပြင်ဖြစ်နေ တာတော့ အသေအချာပါပဲ။
ကျွန်မ တို့အိမ် ဘယ်မှာရှိတယ်ဆိုတာ မှန်းလို့ရအောင် မန္တလေးမြို့ရိုးကနေ စက်ရှင်တံတားဘက် ထွက် တဲ့နေရာ ကနေပြီး မျှော်ကြည့်ရတာပေါ့။ တစ်မျှော်တစ်ခေါ် မီးလောင်ပြင်ကြီးဖြစ်နေတာဆိုတော့ တိတိကျကျ ရှာကြည့် ဖို့က မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ အဲဒီအချိန်မှာ မာမီက ချုံးပွဲချငိုတော့တာပါပဲ။ မာမီ့ကို ချော့ပြီး စိတ်ပြေအောင် ပြောနေ တဲ့ အထဲက ရုန်းထွက်ပြီး မီးလောင်ပြင်ထဲ ပြေးပါလေရော။ မီးလောင် ထားတဲ့ အတိုအစ ပစ္စည်းတွေ လိုက်ကောက် လိုကောက်။

ဒေါသတကြီးနဲ့ ကောက်ထားတဲ့ ပစ္စည်းကို သူ့ဟာမဟုတ်ဘူးဆိုပြီး ပြန်လွှင့်ပစ်လိုပစ်၊ ဆောက်တည်ရာ မရ ဟိုပြေး ဒီပြေးဖြစ်နေတာ မြင်ရတော့ ကျွန်မလည်း မျက်ရည်ပေါက်ပေါက်ကျအောင် မာမီရဲ့အဖြစ် ကို မမြင်ရက် လို့ ငိုမိပါတော့တယ်။ ဒီအတိုင်း ဆက်နေလို့ မဖြစ်တော့ဘူး ပြန်ကြရအောင်ပါ ခေါ်တော့ လည်း မလိုက်။
တော်ပါသေးရဲ့။ ကျွန်မ တို့မှာ ယောက်ျားအဖော် နှစ်ယောက် ပါလာပေလို့ပဲ။ မာမီ့ကို မနည်း ထိန်းချုပ် ချော့မော့ပြီး ပြန်ခေါ် လာ ရတာ ကျုံးထောင့်ကျ မြင်းလှည်း ငှားလို့ရတာနဲ့ မြင်းလှည်းနှစ်တန်စီးပြီး ဂေါ ဝိန် ဆိပ် ကနေ စစ်ကိုင်းတောင်ရိုးကို ပြန်လာခဲ့ရပါတယ်။ တစ်လမ်းလုံးလည်း မာမီက ငိုလိုက်၊ ဒေါသ ကြီးလိုက် မို့ ချော့ရ ဖျောင်းဖျရတာ အမောပါပဲ။
စိတ် ဆိုတဲ့ သဘောကလည်း အဝေးကနေ သတင်းကြားရတာထက် မျက်စိနဲ့ တပ်အပ်မြင်ရတာမှာ ခံစားရပုံချင်း က မတူနိုင်ဘူးလေ။ မျက်စိနဲ့ တပ်အပ်မြင်ရတဲ့အခါမှာ သွေးပျက်တယ် ဆိုတာလည်း ဒါမျိုး ဖြစ်ကောင်းရဲ့လို့ ကျွန်မ တွေးကြည့်ပြီး မာမီ့ကို သနားကရုဏာ ဖြစ်နေမိပါတယ်။ မာမီ့မှာ အားကိုးရာ မိဘကလည်း မရှိ၊ ခင်ပွန်းသည်လည်း မရှိ၊ ညီအစ်ကိုမောင်နှမ အရင်းအချာလည်း မရှိ။

မာမီ့ရဲ့ဘဝမှာ အပျက်ပေါင်းများစွာ တစ်ခုပြီး တစ်ခု ကြုံလာခဲ့ရတာ နောက်ဆုံး နေစရာနေရာလေးတစ် ခုတောင်မှ မကျန်အောင် ပျက်သွားရတဲ့အဖြစ် ဆိုတော့လည်း သွေးပျက်လောက်အောင် ဖြစ်သင့်တာ အမှန် ပါပဲလေ။ ဒီလိုနဲ့ ခေမေသကမှာ သောင်တင်ရပြန်ပါရော။
ဘွားမေ ဆုံးပြီးကတည်းက စလာလိုက်တဲ့ အကုသိုလ်က အနားမပေးဘဲ ဆက်တိုက်ကို အမျိုးစုံတွေ ဖြစ် လာလိုက်တာမို့ နောက်ထပ် ဘာတွေများ လာဦးမှာလဲဆိုပြီး ကျွန်မ စိုးထိတ်နေမိပါတယ်။ ဦးအောင် ခန့် ဆိုတဲ့လူကြီး ကိုလည်း အစာက ကြည့်မရလို့ ရှောင်ဖယ်ဖယ်လုပ်ရင်း အရောတဝင် မနေမိပေမယ့် ကျွန်မ ဝမ်းရောဂါဖြစ် တုန်းက ဆရာဝန်ရှာ၊ ဆေးရှာပေးခဲ့လို့ သက်သာလာရတဲ့အဖြစ်ကြောင့် ကျေးဇူး တရား ကို ထောက်ထားပြီး အလိုက်အထိုက် ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံလာခဲ့ပါတယ်။

အခုလက်ရှိ မာမီ့ရဲ့အခြေအနေနဲ့ဆိုတော့ အကြောင်းရှိတဲ့အခါ သူ့ကိုပဲ အားကိုးရ၊ တိုင်ပင်ရ ဖြစ်လာ ပြန်တာပေါ့။ မာမီ့ရဲ့အဖြစ်ကို ကြည့်ပြီးလည်း ရင်ထုမနာဖြစ်ရပါတယ်။ ညညလည်း မအိပ်၊ ကောင်း ကောင်းလည်း မစား၊ သတိက ကောင်းချင်တဲ့ အခါ ကောင်း၊ ဖောက်ချင်တဲ့အခါ ဖောက်၊ အနားမှာ လူ တစ်ယောက် မပြတ်စောင့်ကြည့် ဖို့ လိုအပ်တဲ့ အခြေအနေမို့ ဦးအောင်ခန့်ရဲ့တူ ကိုဘစိန်ကို မကြာခဏ လာအကူအညီတောင်းရပါတယ်။
အဲဒီအချိန်မှာ ကျွန်မ အသက်က ၁၈ နှစ် ပြည့်ခါနီးပါပြီ။ ကိုဘစိန်က ကျွန်မထက် လေး ငါးနှစ် ငယ်တာ မို့ ၁၂ နှစ်၊ ၁၃ နှစ် အရွယ်လေးပေါ့။ အမှန်က ဦးအောင်ခန့်ရဲ့တူအရင်း မဟုတ်ပါဘူး။ ကိုဘစိန်က ဦးအောင်ခန့်ရဲ့ဇနီး ဒေါ်စိန်ညွန့်ဘက်က တော်တဲ့သူပါ။ မန္တလေးကို ဗုံးတွေ မကြဲခင် တစ်လလောက် တုန်းကမှ ဒေါ်စိန်ညွှန့်က ဆုံးသွားခဲ့တာတဲ့။
ဒေါ်စိန်ညွန့် ဆုံးသွားပြီးတော့လည်း ကိုဘစိန်က ဦးအောင်ခန့်နဲ့အတူ နေလာတာ မီးလောင်ဗုံးကျတဲ့နေ့ ကမှ ဇာတိဖြစ် တဲ့ ရွာထောင်ရွာကို ပြန်သွားပြီး ခု အေးဆေးပြီဆိုပြီး ခေမေသကကို ပြန်လိုက်ခဲ့တာတဲ့ လေ။ ကျွန်မ နဲ့က လူငယ်ချင်းဆိုတော့ ပိုပြီးအဖွဲ့ကျတယ်ပေါ့။

တစ်ညနေ မာမီ စိတ်လက်ကြည်ကြည်သာသာ  ရှိနေတာနဲ့ ကျွန်မတို့သားအမိနှစ်ယောက် မြစ်ဆိပ်ကို အတူရေချိုး ဖို့ ဆင်းကြပါတယ်။ မာမီ စိတ်တွေ မမှန်ကတည်းက အိပ်လည်း ကောင်းကောင်းမအိပ်၊ စား လည်း ကောင်းကောင်း မစားတဲ့အပြင် ရေချိုးဖို့၊ အဝတ်လဲဖို့လည်း အင်မတန်ကို ခဲခဲယဉ်းယဉ်း တိုက် တွန်းမှ လုပ်ဖြစ်တော့ စိတ်လက်ကြည်သာပုံ မြင်ရတဲ့အခါတိုင်း ကျွန်မလည်း အခွင့်ကောင်း ယူပြီး ရေချိုး ဆင်းဖို့ ခေါ်ရတာပေါ့။
ရေချိုးဆိပ် က ပြန်တက်လာတော့ ဂျပန်စစ်သားအုပ်ကြီးနဲ့ ဆုံမိပါလေရော။ အဲဒီမှာ ပါလာတဲ့ ဂျပန်စစ် ဗိုလ်က မီကာဒို ဓာတ်ပုံတိုက်ပိုင်ရှင် မီကာဒိုဆရာကြီး ဖြစ်နေတာကိုး။ ကျွန်မတို့သား  စစ်သားတွေ မြင် လိုက် ကတည်းက ဘယ်ကြည့်ရဲပါ့မလဲ။ မျက်နှာ အတင်းလွှဲပြီး ခပ်သုတ်သုတ် လျှောက်ကြတာပေါ့။

"အား... ဒေါ်ခင်ခင်မေ... ဒေါ်ခင်ခင်မေ"
ဂျပန်သံဝဲဝဲနှင့် မာမီ့ရဲ့ နာမည်ကို ခေါ်သံကြားတော့ အံ့သြပြီး လှည့်ကြည့်လိုက်မှ မီကာဒို ဆရာကြီး ဖြစ်မှန်း သိရတာပါ။ ဟိုတုန်းက ဓာတ်ပုံဆရာ၊ အခု ဂျပန်စစ်ဗိုလ်အဖြစ်နဲ့ မဆက်မစပ် တွေ့ရတော့ ကျွန်မ တို့လည်း သူ့ကိုကြည့်ပြီး အံ့သြ လို့ပေါ့။ ဘယ်မှာနေလဲ မေးတော့လည်း ပြောပြလိုက်မိတယ်။ မာမီက မထင်မှတ်ပဲ မိတ်ဟောင်းဆွေဟောင်း ကို တွေ့ရတော့ ဝမ်းတွေသာလို့။
မာမီ က ဓာတ်ပုံဝါသနာပါလို့ တစ်ချိန်လုံး သွားရိုက်ရင်းနဲ့ ခင်မင်ရင်းနှီးနေကြတာလေ။ ကျွန်မကလေ ဖူဂျီ ဓာတ်ပုံတိုက် က ကွန်ဗင့်ကျောင်းနဲ့ ကျောချင်းကပ်နေတာကြောင့် အဆင်ပြေတဲ့ ဖူဂျီဓာတ်ပုံတိုက်မှာ ပဲ ဆေးတာ၊ ကူးတာ မို့ မီကာဒိုတိုက် မရောက်ဖြစ်တဲ့ ဖူဂျီရဲ့ဖောက်သည်ကောင်း ဖြစ်နေတာပါ။ နောက် တစ်နေ့ ညနေကျတော့ ကျွန်မတို့ ဇရပ် ကို မီကာဒိုဆရာကြီးနဲ့ တခြားဂျပန်စစ်ဗိုလ်တစ်ယောက်ပါ လာ လည်ကြပါတယ်။ သူတို့တပ် က စစ်ကိုင်းအဝင်ဝမှာ တပ်စွဲထားတာတဲ့။ ဒီတောင်ရိုး အပါအဝင် တာဝန် ယူထားရတာ လို့ ပြောပြ ပါတယ်။

နှစ်ခေါက် သုံးခေါက်လောက်လာပြီးတဲ့နောက် ပါလာတဲ့ ဂျပန်စစ်ဗိုလ် ပုံစံက မူမမှန်တာ ကျွန်မ သတိ ထားမိ ပါတယ်။ မာမီ စိတ်ဝေဒနာ ရှိနေတယ် ဆိုတာလည်း သိသွားပုံရတယ်။ ဒီတော့ ပိုပြီး အတင့်ရဲလာ တော့တာပေါ့။ တစ်ညနေ မာမီ က ခေါင်းနောက်လို့ဆိုပြီး အိပ်နေပါတယ်။ ကျွန်မ တစ်ယောက်တည်း ထိုင်စာဖတ်နေတုန်း၊ အဲဒီ စစ်ဗိုလ် ရောက် လာပါရော။ မကောင်းတတ်တာနဲ့ အလိုက်အထိုက် စကား ပြောနေရတာပေါ့။ သူရဲ့တောင် တစ်လုံး မြောက် တစ်လုံး အင်္ဂလိပ် စကားကိုလည်း မနည်းကြိုးစားပြီး အဓိပ္ပာယ်ကောက်နေရပါတယ်။ ဒီအချိန် မှာ ရုတ်တရက် နှစ်ယောက် တည်း ရှိတာကို အခွင့်ကောင်းယူ  ပြီး ကိုယ်ထိလက်ရောက် လုပ်လာတော့ လန့် သွားတာလည်း ပါရဲ့။ မသိစိတ်နဲ့ ဆောင့်တွန်းလိုက်မိပါ တယ်။
ဒီတော့ မှ မီကာဒိုဆရာကြီး ပါလာတာကို သိရတော့တယ်။ သူက လှေကားအကွယ်က စောင့်နေတာ ကိုး။ ကျွန်မ တွန်းလိုက် လို့ ဗီရိုစောင်းနဲ့ ထိသွားတဲ့အသံကိုကြားမှ သူက ဗြုန်းဆို ဝင်လာလိုက်တာ။ ဂျပန်စစ်ဗိုလ် ကလည်း ကျွန်မ တမင်တွန်းတယ်ထင်သွားပြီး ရှူးရှူးရှားရှားနဲ့ ဂျပန်လို ဝူးဝူးဝါးဝါးတွေ ပြောနေလေရဲ့။

"ကောင်မလေး လူပါးမဝနဲ့၊ မင်းက ကပြားမ၊ ဒုက္ခရောက်သွားမယ် သိလား" တဲ့။ မျက်နှာတင်းတင်းနဲ့ မစ္စတာမီကာဒို က ကျွန်မကို ကြိမ်းမောင်းလိုက်သေးတယ်။ ကျွန်မကဖြင့် သူ့ကို မာမီ့ရဲ့မိတ်ဆွေဆိုပြီး အဟုတ်ကြီး မှတ်လို့ လေးလေးစားစား ဆက်ဆံခဲ့တာပါ။
"မင်းကို သူက သဘောကျတာကိုပဲ ဝမ်းသာဦး၊ သူ့မိန်းမ ဖြစ်ရင် မင်း အန္တရာယ်ကင်းမယ်၊ မင်း ဒီလို ကလန် ကဆန် လုပ်ရင် ဒုက္ခတွေ့မယ် မှတ်ထား" တဲ့။
ဟုတ်၊ ဟုတ်သေးတော့။ သူတို့ သဘောကျတာကိုပဲ ကျွန်မက တစ်ပြန် ကျေးဇူး တင်ရမယ့် အတိုင်း ပြောပုံကလေ။ အဲဒီအချိန်က လူငယ်စိတ်နဲပဖြစ်နေတဲ့ မခံချင်တဲ့ဒေါသအတိုင်းအတာ အတိုင်းသာဆို ရင် သူတို့ နှစ်ယောက်စလုံးကို ကုပ်က ဆွဲပြီး အိမ်ပေါ်က ဆောင့်ကန်ချလိုက်ချင်တဲ့ အထိပါပဲ။
တော်ပါသေး ရဲ့။ ဝတ်တက်သွားနေတဲ့ ဘွားသီလရှင်ကြီး ပြန်လာပေလို့။
"အေး... တို့ သွားမယ်။ မင်း ကောင်းကောင်းစဉ်းစားထား။ ဒုက္ခမရောက်ချင်နဲ့။ ငါ စေတနာနဲ့ ပြောတာ ကို လက်ခံ" တဲ့။

ပြောပြောဆိုဆိုနဲ့ ဆင်းသွားကြလေရဲ့။
အဲဒီည က ကျွန်မ တစ်ညလုံး မအိပ်နိုင်အောင် တလူးလူး တလွန့်လွန့်နဲ့ မိုးစင်စင်လင်းတဲ့ထိ စဉ်းစား ဖြစ် ပါတယ်။
ဘိုးလေး ပြောခဲ့တဲ့ စစ်ဦးဘီးလူးဆိုတာ ဒါပဲပေါ့။ ဘီလူးလို သဘက်လို စိတ်ထားနဲ့ အကြမ်းပတမ်း ဖက် ပြီး မိန်းမ တစ်ယောက်ကို အငမ်းမရ ဖြစ်နေပုံလေ။ တွေးကြည့်တာနဲ့ကို ကြက်သီးဖြန်းဖြန်း ထမိပါ တယ်။ ကျွန်မ ဘာလုပ် ရမလဲ ဆိုတာလည်း အထပ်ထပ် တွေးနေမိတယ်။

ဘိုးလေး က ဒုက္ခကြုံရင် သူ့ဆီ လိုက်ခဲ့ဆိုတဲ့ စကားကို အမှတ်ရပြီး ဘိုးလေးကို လွမ်းတဲ့စိတ်၊ အားငယ် တဲ့ စိတ်နဲ့ အိပ်ရာထဲမှာ မျက်ရည်ဖြိုင်ဖြိုင်ကျလို့ပေါ့။ တစ်ကိုယ်ရည် တစ်ကာယဆိုရင်တော့ ကြံဖန်ပြီး ဘိုးလေးတို့ ရှိရာ ကပိုင်ရွာ ကို လိုက်သွားလို့ ဖြစ်နိုင်သေးတယ်။ ခုချိန်မှာ မာမီက ဝေဒနာရှင်တစ် ယောက်ဖြစ်နေပြီဆိုတော့ သွားရေး လာရေးက မလွယ်တော့တဲ့အပြင် မာမီ့သဘောနဲ့ ဆုံးဖြတ်ခဲ့ချိန် တုန်းကတောင် ဘိုးလေးတို့ အရိပ်ကို မခိုချင် လို့ ချိန်ခဲ့ရစ်တာပဲ။ ကျွန်မ ဦးဆောင်လှုပ်ရှားရမယ့် အချိန် ကျမှ မာမီ့ရဲ့ဆန္ဒကို လွန်ဆန်ပြီး လုပ်ရမယ် ဆိုတာမျိုး လည်း မဖြစ်ချင်ပါဘူး။
ကျွန်မ တို့ သားအမိနှစ်ယောက်ရဲ့ ဘဝရပ်တည်ရေးကို အကြီးအကျယ် စဉ်းစားပြီး ဆုံးဖြတ်ရတော့မယ့် အချိန် ကို ရောက်လာပြီဆိုတော့ ဒီနေ့ ကြုံတွေ့လိုက်ရတဲ့အဖြစ်က တပ်လှန့်ပြီး နှိုးလိုက်ခြင်းပါပဲလေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၂၃)

 "ဘာအကြံအစည်မှ မရှိပါဘူးဗျာ့၊ စုပြီး ထမင်းချက်စားမလို့ ဈေးဝယ်ဖို့ ပိုက်ဆံလိုက်စုနေကြ တာပါ၊ ဒေါ် စပ်စုကြီး ရယ် ဟင်း....ဟင်း"
"ဒီမယ် ကိုယ်တောချော၊ မိသိန်းခင် ကို ဒါမျိုးလှိမ့်လို့ မရဘူး၊ ဟောဒီပါးစပ်ထဲက အံတွေတိုနေပြီ သိလား၊ နင်တို့ မိန်းမ ခိုးရအောင် တိုင်ပင်နေကြတာ ငါမသိဘူး မှတ်နေလား၊ ဘယ်သူ့သမီး ဆို တာ ပြောလိုက် ရဦး မလား ဟဲ ဟဲ" "ကဲ... တော်... တော်ပါတော့ဗျာ"
"ဟော ဟိုမှာ ပြောရင်းဆိုရင်း တပည့်ကျော် ခိုးသားငါးရာ ပြန်လာကြပြီလေ ဟီဟိ"
ကျွန်တော်သည် မသိန်းခင် ညွှန်ပြရာသို့ ကြည့်လိုက်သည်။ အကောက်ကိုအုန်းမောင်၊ သက်ကြည်တို့ သုံးယောက် စောစောက သွားခဲ့စဉ်က ကဲ့သို့ စက်ဘီးကို ပြန်တွန်း လာခဲ့ကြသည် ကို တွေ့လိုက် ရပါသည်။ ကျွန်တော့် ရင်များသည် တဒိတ်ဒိတ် ခုန်နေသည်။ ကိုအုန်းမောင်တို့ လူသိုက်ကို ကျော် ၍ နောက် မှ မည်သူ ပါလာဦးမည်နည်း ဟု လှမ်းကြည့်လိုက်မိသည်။
ကို ဆက်ဖတ်ရန်

ကျွန်တော်သည် အကောက်ပြောကြားသည်ကိုသာ နားစိုက်ထောင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ကိုအုန်းမောင် တို့လူသိုက် စက်ဘီးတွန်း၍ ပြန်လာကြသည်ဆိုကတည်းက လုပ်ငန်း မအောင်မြင်ကြောင်း ကျွန်တော် သိလိုက် မိပါသည်။
"ငါက စက်ဘီးပေါက်ဖာချင်လို့၊ စပုတ်တိုင် လည်း လဲချင်တယ်ဆိုလိုက်တယ် ဆိုရင်ပဲ အဘိုးကြီးက ဘာမ ပြော ညာ မပြောနဲ့ ထွီဆို ထွေးထုတ်လိုက်ပြီး၊ သွား... သွား မင်းတို့ စက်ဘီးမပြင်ပေးဘူးတဲ့ ဟား.... ဟား..."
"ဒီတော့...."
"ဘာ-ဒီတော့လဲ၊ ဒီမှာ ဇာတ်လမ်းပြီးပြီလေ၊ ရုပ်ရှင်လည်း စပြမယ်လုပ်ရော ကားပြတ်သွားတယ်ကွာ၊ ဒါပဲ ဟား.........ဟား........"
ကိုသောင်းအိ စကားကြောင့် ကျွန်တော် တော်တော် ခံရခက်သွားသည်။ သူပြောပုံ၊ ဥပမာပေးပုံများသည် ကျွန်တော့်အား နောက်ပြောင်သရော်သကဲ့သို့ ရှိပါချေသည်။ ကိုအုန်းမောင် တစ်ယောက်ကတော့ သူ့အစီ အစဉ် ပျက်သွားရသည့် အတွက် မျက်နှာမကောင်းဘဲ ကိုသောင်းအိ ပြောစကားကို ခေါင်းညိတ်ထောက်ခံ လိုက် ပါတော့ သည်။

"မင်း အောင်သွယ်တော်ကြီးဆီ သွားပေးထားလို့ မဖြစ်ဘူးလား၊ မင်းမှာချင်တာ ပြောချင်တာပြောပြပြီး ဒီနေ့ မင်းစာ မရောက်ရင် မဖြစ်တဲ့အကြောင်းပါ ပြောခဲ့ပေါ့၊ လာပါကွာ... အချိန်မရှိဘူး"
ကျွန်တော်နှင့် အကောက် တို့နှစ်ယောက် ကိုအုန်းမောင်တို့ လူသိုက်အားထားခဲ့ပြီး အမေကြူထံ လာခဲ့ကြ သည်။ ကျွန်တော် တို့ကို မြင်သော အမေကြူသည် သရဲခြောက်ခံရသည့်ပမာ ပျာပျာသလဲဖြင့် ဘုန်းကြီး ကျောင်း နောက်ဖေး သို့ ခေါ် သွားပါသည်။ ကျွန်တော်တို့အား သူနေသော ဇရပ်တွင် လက်ခံ စကား မပြောဝံ့ သည်ကို ထောက်၍ သန်းသန်းတို့ မိဘများသည် အမေကြူနှင့် ကျွန်တော် အဆက်အသွယ် ရှိနေသည် ကို ရိပ်မိသည်ဟု ကျွန်တော် သတိပြုလိုက်ပါသည်။
"ပြောစမ်း... ဘာကိစ္စလဲ၊ မနက်က အုန်းမောင်တို့ကို တရုတ်ကြီးက ဘုလုပ်လွှတ်လိုက်တယ်ဆို၊ မင်းတို့ ကလဲ ကဲကို ကဲတယ်၊ အဖေရှေ့၊ အမေရှေ့ မျက်နှာပြောင်တိုက်ပြီး သူ့သမီး စာပေးတာတို့ စကား တက်ပြောတာတို့ ဆိုတာ ဘယ်ကောင်း မလဲကွယ်၊ လူကြီးတွေကို ပမာမခန့် မလေးမစားရာ ရောက်တာပေါ့"
အမေကြူ သည် ကျွန်တော်ပြောမည့် စကားကို နာပင်မထောင်ရသေးမီ နှုတ်မှ တဖွဖွ မြည်တွန်တောက်တီး နေ ပါတော့သည်။

"လုပ်ရော့မယ် အဘွားကြီး၊ ကျွန်တော်ပြောတာ နားထောင်ပြီးမှ ဆူစမ်းပါဗျာ၊ ဒီမှာ အရေးကြီးရတဲ့အထဲ သခွပ်ပင် က မီးတကျီကျီ မလုပ်စမ်းပါနဲ့"
"ဘာပြောတယ် သေနာကောင်လေး နင့်အရေးကြီးတာ ချစ်လှချည့် ကြိုက်လှချည်၊ သန်းရဲ့၊ အသန်းရဲ့ ပတ်ချွဲချွဲ လုပ်ဖို့ပဲ မဟုတ်လား၊ နင့် အကြောင်းများ မသိရင် ခက်မယ်နော်..."
"အိုဗျာ.... မဟုတ်ပါဘူး မနက်က ကိုအုန်းမောင်နဲ့ အကောက်က စက်ဘီးပြင်ဖို့ သွားတာဗျ၊ ဒါကို အဘိုး ကြီးက ဘုတောလွှတ် လိုက်တာ သူ့သမီးလဲ မတွေ့ခဲ့ကြဘူး၊ ကျွန်တော်လည်း ပါမသွားဘူး၊ နောက်ပြီး စက်ဘီးလည်း တကယ်ပြင် ဖို့ သွားတာပါဗျ..."
"မောင်မောင်ရယ်... တို့တတွေက နင့်အရင် ထမင်းစားကြတာပါဟယ်၊ အုန်းမောင်တို့ အကောက် တို့ သောင်းအိ တို့ဆိုတာက နင်က သေဆိုသေ၊ ရှင်ဆိုရှင် ဖွားဖက်တော်တွေပဲ ဆိုတာ နင့်ယောက္ခမလောင်း ဦးစစ်ရှိန်-ဒေါ်အေးတင် တို့က သိပြီးသားဟေ့ သိပြီးသား၊ မနက်က နင်တို့ လာတာ ဘာသဘောဆိုတာလဲ မသိဘူး မအောက်မေ့ နဲ့၊ ကဲ အခုလာတဲ့ ကိစ္စ လင်းတော်မူပါဦးရှင်"

"ဒီစာ ကို သန်းသန်းကို သွားပေးပေးပါဗျာ၊ ခုချက်ချင်း သွားပေးပါ၊ သိပ်အရေးကြီးလို့ပါ..."
"အရေးကြီး ရင် ငါ့ကို အရင်ဖတ်ပြစမ်း၊ ငါအရင် နားထောင်ပြီးမှ သွားပေးမယ်၊ ကဲ-ဘယ်လို သဘော ရလဲ မောင်တော်လေး"
"မလုပ်ပါနဲ့ အမေကြူရာ၊ တကယ် အရေးကြီးလို့ပါ၊ ဒီစာ ဒီနေ့အချိန်မီမရောက်ရင် အခက်အခဲတွေ အများကြီး ဖြစ်မှာ မို့ပါဗျာ၊ နော်ဗျာ... ရော့ပါ၊ အမေကြူအတွက် ခေါင်းကိုက်ဆေး ဝယ်သောက်ဖို့ ငွေ တစ်ကျပ်လဲ ယူသွားပါ...."
"မယူပါဘူး ကွယ်၊ တအောင့်လောက်နေမှ သွားပေးပေးမယ် ညနေတော့လာခဲ့၊ ကောင်မလေး ဘာမှာလိုက် လဲ ဆိုတာ ပြောပြမယ်၊ ဟုတ်ပြီလား.... သေနာကောင်လေး"
စောစောက လေးလံသော စိတ်လှုပ်ရှားမှုများသည် ပေါ့ပါးပျောက်ကွယ်ခဲ့ပါပြီ။ အမေကြူထံမှအပြန် ကျွန်တော်နှင့် အကောက် တို့သည် သန်းသန်းတို့အိမ်ကို ရှောင်ကွင်း ပြန်ခဲ့ကြသည်။ ကျွန်တော့်ထံမှ စာ သည် မကြာမီ သန်းသန်း ထံရောက်ရှိတော့မည် ဖြစ်ရာ ကျွန်တော်နှင့် သန်းသန်းတို့နှစ်ဦး သဘောကျထွက် ပြေးရန် စီစဉ် ထားသော အစီအစဉ်လည်း ခေတ္တဆိုင်းငံ့သွားပေးဦးမည် ဖြစ်သည်။

ယခုစာတွင် ကျွန်တော် တို့ ထွက်ပြေးကြရန်အတွက် အသေးစိတ် အစီအစဉ်များ ရေးဆွဲရန် ချိန်းဆို လိုက်ခြင်း ဖြစ် ပါသည်။ ကျွန်တော့်ချိန်းဆိုချက်ကို လက်ခံ၍ မည်သည့်နေ့ရက်တွင် တွေ့ဆုံမည်ဟု အကြောင်းပြန် လိုက်သည့်ရက် ကို ကျွန်တော်စောင့်၍ အဆုံးအဖြတ်တစ်ခု ချမှတ်ဆောင်ရွက်ရပါမည်။
"ဒီမယ် မြလှိုင်၊ မင်း သန်းသန်း ကို ယူပြီး ဘာလုပ်စားကြမလဲ"
"ငါ တပ်ထဲ ပြန်ဝယ်မယ် သူငယ်ချင်း"
"ရော်-တပ်ထဲ ပြန်ဝင်ဦးမယ် ဟုတ်လား..."
"အင်း...."
"ဒီလိုဆိုရင်တော့ သန်းသန်းကို မယူပါနဲ့ဦးလားကွာ.."
"ဆိုင်ပြီလား သူယ်ချင်း၊ စစ်သားဆိုတာ လူလွတ်ပဲ ကောင်းတယ်ကွ"
"ငါ ဆုံးဖြတ်ပြီးပြီ၊ သန်းသန်းနဲ့ တွေ့ပြီးလို့ သူ သဘောတူလက်ခံမယ်ဆိုရင် သူသတ်မှတ်တဲ့ရက်မှာ ငါတို့ ထွက်ပြေး ကြမယ်၊ နောက်ပြီး ငါ တပ်ထဲပြန်ဝင်မယ်ကွာ"
အကောက် သည် ကျွန်တော့် အဆုံးအဖြတ်အတွက် ဘဝင်မကျသော်လည်း ဖျက်၍မရမှန်း သိသဖြင့် ဆိတ် ဆိတ်နေလိုက်လေ သည်။
လက်ဖက်ရည်ဆိုင် တွင် ကျွန်တော်တို့ နှစ်ယေက် ပြန်လာမည်ကို လည်တဆန့်ဆန့်ဖြင့် မျှော်နေရှာသူကား ကိုအုန်းမောင် တစ်ယောက်ပင်။ ကိုအုန်းမောင်ကို အမေကြူနှင့် တွေ့ခဲ့ကြောင်း အကျိုးဆောင်ပေးမည့် အကြောင်း ညနေတွင် သန်းသန်းထံမှ တွေ့ဆုံနိုင်မည့် ချိန်းရက်ကို လာယူရန် မှာကြားလိုက်ကြောင်း ပြော၍ လူစုခွဲ လိုက်ကြပါသည်။

ထိုအခိုက်..
"ရွှေသေဌေးသားလေး မဟာအစီအစဉ်တော်ကြီး ပြီးသွားပြီလား၊ ဘယ်တော့ သောက်ကျိုးနည်းဦးမလဲဆို တာ ပြောပါဦး" ဟူသော အမိုး မိန်းမ မသိန်းခင်၏ ငှက်ဆိုးထိုးသံ အမင်္ဂလာစကားကို နားကြားပြင်းကတ် စွာ နားထောင် ရင်း စိတ်ထဲမှ ကျိတ်၍ ဆဲလိုက်မိပါသည်။
သန်းသန်း ၏ မျက်နှာပြောင်သည် လေးနက်သော ဆုံးဖြတ်ချက် တစ်ခုကို ချရန်အတွက် တည်ငြိမ်လွန်းလှ သည် ဟု ထင်မိသည်။ ကျွန်တော့်အနေနှင့် သန်းသန်း၏ မျက်နှာပြင်ပေါ်မှာ တည်ငြိမ်သော မျက်နှာထား ကြောင့် တရားသူကြီး ၏ ဆုံးဖြတ်ချက်ကို နာခံရမည့် တရားခံကဲ့သို့ ရှိချေပါသည်။ ကျွန်တော်နှင့် သန်းသန်း သည် တစ်ဦးနှင့် တစ်ဦး အသက်နှင့်ထပ်တူထပ်မျှ ချစ်ခင်ကြသည် မှန်သော်လည်း အဆုံးအဖြတ်ချင်းကား တူညီကြ မည် မဟုတ်ပါ။ ကျွန်တော်က ချစ်သူပေါ်တွင် သစ္စစောင့်သိသည်ဟူသော သဘောဖြင့် မိဘက စွန့်ပစ်ခံရခြင်းကို သက်သေ ထူ၍ ယူပြခြင်း ဖြစ်ပါသည်။ သန်းသန်းကမူ မိမိချစ်သူအပေါ်တွင် ယုံကြည် ကိုးစားသော စိတ်ဖြင့် ဘဝ တစ်ခုကို တည်ဆောက်ရန် စွန့်စားခြင်း ဖြစ်ပါသည်။

"မောင်-သန်း ကို သိပ်ချစ်တယ်၊ သန်းနဲ့ အတူတူ နေချင်လှပြီ သန်းရယ်၊ ခုတွေ့တာ နောက်ဆုံးပဲ ဖြစ်ချင် တယ်၊ မောင် တို့ ဘယ်လို လုပ်ကြမလဲ"
"သန်းသန်း က ကျွန်တော်၏ ကလေးသဖွယ် ပြောကြားလာသည့် စကားကို အပြုံးတစ်ဝက်ဖြင့် နားထောင် နေသည်။ ကျွန်တော်နဖူးပေါ်သို့ ကျနေသော ဆံပင်စကလေးများကို လက်နှင့်သပ်တင်ပေးရင်း သက်ပြင်း ချလိုက်သည်။"
"မောင် အစီအစဉ် အသေးစိတ်ကို ပြောပြပါဦးလေ"
"ရော-အစီအစဉ် အသေးစိတ် ဟုတ်လား"
"အင်းပေါ့၊ ကိုယ်တို့ နှစ်ယောက်ဟာ မိဘတွေကို ဆန့်ကျင်ပြီး ထွက်ပြေးကြမှာ မဟုတ်လား"
"အင်းလေ၊ အဲဒါ ဘာဖြစ်လဲ သန်း မလိုက်ချင်းဘူးလား"

"မောင်ခေါ်ရာကို ဟိုဘဝ တစ်ဘက်ကမ်းအထိ လိုက်လာခဲ့မယ် မောင်၊ ဒါပေမယ့် ကိုယ်တို့နှစ်ယောက် ထွက်ပြေး ကြရုံလေး နဲ့ ဘဝတစ်ခုလုံးအတွက် အစီအစဉ်တွေ ပြည့်စုံပြီလို့ မဆိုနိုင်ဘူး၊ ဒီတော့ မိဘကို ခြေစုံကန်ထွက်လာခဲ့ပြီးမှတော့ ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်ရေး၊ အိမ်ထောင်သည် ရယ် လို့ ဖြစ်လာတဲ့ နောက်မှာ ရုန်းကန်လှုပ်ရှားရမယ့် လင်ဖြစ်သူရဲ့ တာဝန်တွေ အိမ်သည်မိန်းမလုပ်သူရဲ့ တာဝန်တွေ ဆိုတာ အများကြီးရှိတယ် မောင်"
ကျွန်တော် သည် သန်းထံမှ ကြားရသော စကားများကြောင့် ကြက်ကြီးတစ်ကောင်ကို လည်လိမ်လိုက်သည့် နှယ် စကားဖြေ ထွက်မလာနိုင်ဘဲ ရှိနေပါသည်။ အမှန်ကလည်း သန်းသန်းမေးသည့် မေးခွန်းများကို ကျွန်တော် မစဉ်းစား သည်ကား မဟုတ်ပ။ သို့တစေ ကျွန်တော်သည် ဗမာ့ကာကွယ်ရေး တပ်မတော်သို့ မဝင်မီ ချစ်သူ သန်းသန်း ကို ခိုးယူမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ အမှန်ပင် ဖြစ်ပါသည်။ သို့ကြောင့်လည်း ကျွန်တော် တစ်ယောက် မိခင်ကြီးကို ကဏ္ဋကောစလုပ်ကာ အိမ်မှ ဆင်းလာခဲ့ခြင်း ဖြစ်သည်။ သန်းသန်းမေး သော မေးခွန်းများစွာသည် ကျွန်တော်၏ အစီအစဉ်တွင်မပါ။ ကျွန်တော့်တွင် အခိုင်အမာ ဆုံးဖြတ်ချက် တစ် ရပ်အဖြစ် သန်းသန်းနှင့် အတူတကွ နေထိုင်စေသည်သာ ပထမ သန်းသန်းသည် ကျွန်တော် တို့ခေါ်ရာသို့ ရှောရှာရှူရှူ လိုက်လာခြင်းသည် တတိယ စသည်-စသည်တို့သာလျှင် ဖြစ်ပါသည်။

"မောင်တို့အိမ်တွေက ကိုယ်တို့နှစ်ယောက်ကို ဒါလောက် ရက်စက်ကြမယ် မဟုတ်ပါဘူးလေ .. မောင်က တော့ သန်းနဲ့မောင် ထွက်ပြေးပြီလို့ မကြာခင်မှာပဲ သူတို့လက်ခံကြမှာပါ၊ နောက်ပြီး သူတို့ကိုပဲ ကိုယ် တို့ နှစ်ယောက်ရှေ့ရေးကို ဆောင်ရွက်ပေးကြလိမ့်မယ်လို့ ထင်တယ်လေ"
"ထင်ရုံပဲလား မောင်ရယ်.. ကိုယ့်အနေနဲ့ကတော့ ဘယ်မိဘမှ အားမကိုးချင်ဘူး၊ ကိုယ် အားကိုး တာ မောင်သာ ဖြစ်တယ် မောင့်ရင်ခွင် မောင့်အချစ်၊ မောင့်ကြင်နာမှုတွေနဲ့သာ ကိုယ့်ဘဝကို အသီးအပွင့်အပင် အဖြစ် ရှင်သန်ချင်တယ် မောင်ရယ်"
ကျွန်တော့်စိတ်များက အလွန်ရှုပ်ထွေး နောက်ကျလျက် ရှိလာပါသည်။ ယနေ့ ကျွန်တော် တို့ နှစ်ယောက် တွေ့ဆုံ ကြခြင်း သည် ယခုကဲ့သို့ အမေးအဖြေများ လုပ်ကြရန် မဟုတ်ဘဲ ခိုးပြေးမည့်ရက်ကို တိတိ ကျကျ သတ်မှတ်၍ နှစ်ဦးသား ထွက်ပြေးကြရန် ဖြစ်ပါသည်။ ယခု သန်းသန်းက ကျွန်တော့်ကို မေးခွန်းတွေ တသီ တသန်း မေးမြန်းလာခြင်းသည် စိတ်ရှုပ်ဖွယ်ရာပင် ဖြစ်ပါတော့သည်။

"မနေ့က ကိုအုန်းမောင်တို့ ဘယ်လိုဖြစ်ကြတာလဲ သန်း"
ကျွန်တော်က စကားလမ်းကြောင်းကို လွှဲလျက် မနေ့က သန်းသန်း၏ အဖေဖြစ်သူနှင့် ကိုအုန်းမောင်တို့ အကြောင်းကို စကားရှာကာ မေးလိုက်သည်။ သန်းသန်းက သွားတက်ကလေးများပေါ်အောင် တစ်ချက်မျှ အသံထွက် ၍ ရယ်မောလိုက်သည်။ ထို့နောက်တွင်တော့ မနေ့က အကြောင်းကို ပြန်ပြောပြပါသည်။
"ကိုအုန်းမောင် စက်ဘီးပြင်ဖို့ လာတာမှမဟုတ်ဘဲ သူက စက်ဘီးပြင်မယ်သာဆိုတယ် သူ့မျက်လုံးတွေက အိမ်ထဲ ကို ကျီးတစ်ကောင်လို လိုက်ကြည့်နေတာ၊ ဖေဖေက မြင်ပြီးသားပဲ၊ နောက်ပြီး ခုလို မကြာမကြာ လာပြီး ဟိုဟာမေး သည်ဟာမေး လစ်ရင် စာပေးသွားတယ် ဆိုတာလဲ ခေါင်းရင်းအိမ်က ကြီးကြီးဒေါ်အုန်း မေ တို့က ပြန်ပြောထားတယ် မဟုတ်လား၊ မနေ့ကဆိုရင် အဘိုးကြီးက တရှူးရှူးနဲ့ တနေကုန် ဒေါပွနေ တယ်လေ၊ ဒေါ်ဒေါ်ကြူကြီး လာတာတောင် ခင်ဗျား ဘာလာလုပ်တာလဲလို့ စစ်လားဆေးလား လုပ် လိုက် သေးတယ်"
"ဒီလိုဆို ထောင်ကဲကြီး အားကီး စိတ်ဆိုလယ်ပေါ့နော် ဟဲ ဟဲ ဟဲ"

"ကဲပါ... ဒါတေါက ထားပါ၊ ခုန ကိုယ်မေးတာတွေ ဖြေပါဦး"
"အိုကွာ၊ ကိုယ်တို့နှစ်ယောက် ထွက်ပြေးကြမယ်၊ လောလောဆယ်တော့ မြောက်ပိုင်းက မမအေး တို့အိမ်မှာ နေကြမယ်၊ နောက်ပြီး လူကြီးတွေ စိတ်ဆိုးပြေတော့ လက်ထပ်မယ်၊ ရှေ့လျှောက် လင်ရယ် မယား ရယ် ဖြစ်လာကြမယ်ပေါ့"
"ပျက်ချော်ချော် မလုပ်ပစ်နဲ့ မောင်ရယ်၊ ရှေ့ရေးအတွက် တိတိကျကျသိချင်တယ်၊ လူကြီးတွေဆိုတာ ထည့် မစဉ်းစားပါနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ် ဘယ်လိုရပ်ပြမယ် ဆိုတာကိုသာ စဉ်းစား ပါ၊ ဆောက် ဖြစ် မှ ကျောင်းဒကာ မျိုးတော့ မလုပ်ပါနဲ့"
"သန်း... မောင် အိမ် က ဆင်းလာခဲ့တာတော့ သိပြီးပြီနော်"
"သိတယ်လေ မောင်ပဲ ပြောပြခဲ့တာပဲ မဟုတ်လား"

"အိမ်က ဆင်းလာခဲ့ရတာကတော့ မောင်နဲ့သန်းနဲ့ ခိုးပြေမယ်ဆိုတာ သိပြီးသွားကြတော့ မောင်အိမ်မှာ ဆက်နေ ရင် သန်းနဲ့မောင် နီးစပ်ဖို့ မလွယ်ဘူးလေ၊ ဒါကြောင့်လည်း အိမ်က တစ်ခါတည်း ဆင်းလာပြီး၊ ခုတော့ ကိုအုန်းမောင် နဲ့ နေတယ်၊ ထမင်းဒကာကတော့ အကောက်ရယ်ပေါ့၊ ခုနေ သန်းကို ခိုးရင်တောင် မောင့် လက်ထဲမှာ ငွေအစိတ်လောက်ပဲ ရှိတယ်၊ မောင့်အခြေအနေက အခုတော့ ဘာမှမရေရာဘူး သန်း၊ ခု တစ်ခါ သန်းက ရှေ့ရေးတွေ အစီအစဉ်တွေ မေးပြန်တော့ မောင် ဘာပြောရမယ်လို့တောင် မသိအောင် ဖြစ်နေပြီလေ"
ကျွန်တော် သည် အသက်မျှပင်မရှုနိုင်ဘဲ ကျွန်တော်လက်ငင်း ကြုံတွေ့နေရသော အခက်အခဲများကို အိတ် သွန်ဖာမှောက် သန်းသန်းအား ပြောပြလိုက်သည်။ သန်းသန်းသည် ကျွန်တော် ပြောပြနေသည်ကို နား ထောင် ရင်း မျက်ရည်များ ရစ်ဝိုင်းလာသည်။ ကျွန်တော့အား ကြင်နာသနားစွာ ကြည့်လျက် သူ့သဘောထား များ ကို ပြောပြလေသည်။
"ဒီလိုဆိုရင် ဘာပဲဖြစ်ဖြစ် မောင် ကိုယ့်ကို ခိုးပြေးမယ်ပေါ့ ဟုတ်လား"
"အင်း..."
"ကောင်းပြီလေ၊ မောင့်သဘောအတိုင်းပါပဲ၊ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ လက်ဝက်လက်စားတွေနဲ့ စုထား တဲ့ ငွေနည်းနည်းတော့ ရှိပါတယ်။

 နောက်ဆုံးတစ်နေ့ ဘယ်ဘက် မိဘတွေကမှ ကိုယ်တို့နှစ်ယောက်ကို လက်မခံကြဘူး၊ သားသမီးအဖြစ် စွန့်လိုက် ကြမယ် ဆိုလဲ ကိုယ်တော့ ပါလာတဲ့ လက်ဝတ်လက်စားတွေကိုေ၇ာင်းမယ်၊ စုထားတဲ့ ငွေနဲ့ ပေါင်းပြီး အိမ်ခန်းလေး တစ်ခန်းငှား ရန်ကုန်နဲ့ဖျာပုံ စုန်ချည်ဆန်ချည် ကုန်ကူး ကြရုံ ရှိတော့မယ်ပေါ့၊ ကိုင်း... ကျေနပ်ပြီလား"
သန်းသန်း ထံမှ စကားများကို ကျွန်တော်ကြားရသောအခါ ဝမ်းမသာနိုင်ဘဲ စိတ်မကောင်းပို၍ ဖြစ်မိပါသည်။ သန်းသန်း သည် ဘဝရှေ့ရေးအတါက် ကိုယ့်အားကိုယ်ကိုး စွန့်စားဝံ့သည့် သတ္တိရှိသူ ဖြစ်သည်။ အစွန်း စွန်ဆုံး အခြေအနေ ကိုလည်း ရင်ဆိုင်ရန်အတွက် ဆုံးဖြတ်ထားခြင်းလည်း ဖြစ်ပါသည်။
ကျွန်တော်သည် သန်းသန်းနှင့်စာလျှင် ညံ့သော၊ ချာသော၊ သတ္တိနည်းသောသူတစ်ဦး၊ ဖြစ်၍ နေပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်တွင် ဘဝတည်ဆောက်ရေးအတွက် ပြင်ဆင်မှု လုံးဝမရှိသော အချစ် မိုက်ရူးရဲ တစ်ကောင်မျှသာ ဖြစ်ပါသည်။ ကျွန်တော် စဉ်းစားထားသည်မှာလည်း သန်းသန်းနှင့် ကျွန်တော် တို့နှစ်ယောက် ထွက်ပြေးပေါင်းသင်းကြပြီးလျှင် ကျွန်တော်သည် ဗမာ့ကာကွယ်ရေး တပ်မတော်အတွင်းသို့ ဝင်ရောက် ရန် ဆုံးဖြတ်ထားခြင်း ဖြစ်ပါသည်။ ယခုမူ သန်းသန်းအား ထိုအစီအစဉ်များကို ဖွင့်ဟပြောကြား ခြင်း မပြုတော့ ဘဲ ဆိတ်ဆိတ်ပင်  နေလိုက်မိပါသည်။

"ဒါဖြင့် မောင်နဲ့ ဘယ်တော့ လိုက်ခဲ့မှာလဲ.."
"မောင် စီစဉ်လေ၊ ကောင်းတာကတော့ တစ်ပတ်လောက် အချိန်ရရင် ကောင်းမယ်ထင်တယ်၊ ဘာဖြစ်လို့ လဲဆိုတော့ တချို့ပစ္စည်းတွေကို ဒေါ်ဒေါ်ကြူဆီ ခုထဲက ကြိုကြိုတင်တင် ထည့်ထားချင်တယ်လေ"
"တစ်ပတ်.. ဒါဆို နောက်ထပ် ခုနှစ်ရက်လောက် ကြာဦးမှာပေါ့နော်..."
"ဒါလောက်တော့လဲ အောင့်အည်းစောင့်ဦးပေါ့ မောင်"
"ဟင်း... ကောင်းသလိုပေါ့ သန်းရယ်"
ကျွန်တော်က သက်ပြင်းရှည်ကြီးကို ချလိုက်မိသည် သန်းသန်းသည် ကျွန်တော့်အား ပြုံးစစနှင့် ကြည့်ရင်း ထိုင်နေရာ မှ ထလိုက်သည်။
"ကိုယ် ပြန်တော့မယ်"
"ရော်- အစောကြီး ရှိသေးတယ်၊ မပြန်ပါနဲ့ဦး ချစ်ရယ်... "
"ပြောစရာ ကိစ္စပြီးပြီပဲ..၊ တော်ကြာ မေမေလိုက်လာဦးမယ်"
"ဒေါ်ဒေါ်ရီ တို့ ကြည့်လှိမ့်ပေးလိမ့်မယ် နေပါဦး သန်းရယ်"

သန်းသန်းအား ကျွန်တော်သည် မလွှတ်ဘဲ လက်ကို ဇွတ်ဆွဲထားလိုက်မိသည်။ အသက်အားဖြင့် ၁၈နှစ် ၁၉နှစ် မျှသာ ရှိသေးသော ကျွန်တော်နှင့် သန်းသန်းတို့သည် အချစ်ပင်လယ်ကြောတွင် အတိုင်းအစ မရှိ မျောချင် တိုင်းမျော ၍ နေမိကြသည်။
အတွေ့နှင့်ကျတော့လည်း သောက်လေ သောက်လေ ငတ်မပြေသည်ဆိုသည့် ပုံပမာကဲ့သို့.....။
ဗမာ့ကာကွယ်ရေး တပ်မတော်တို့ ဝင်ရောက်ကြမည့် သူငယ်ချင်းများသည် ကျွန်တော့်ထံမှ အဖြေ ရရန် စောင့်နေကြသည်။ ထိုအချိန်တွင် ကျွန်တော်သည်  တစ်ဖက်က ဗမာ့ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက် ရန်နှင့် တစ်ဖက်ကချစ်သူ သန်းသန်းအား ခိုးယူထွက်ပြေးရန် စိတ်အားထက်သန်လျက် ရှိပါသည်။
ဗမာ့ ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက်ရန်ဆိုသည်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး ဖျက်သိမ်း ပြီး စဉ် ကပင် ဆုံးဖြတ်ထားပြီးသော ကိစ္စဖြစ်ပါသည်။ အချို့ရဲဘော်များသည်ပင် ဗိုလ်စက်ရောင်နှင့်အတူ ရန်ကုန်စစ်ရုံးချုပ်သို့ ထွက်ခွာသွားခဲ့ကြလေပြီ။

"ဟေ့ကောင်ကြီး ဘယ်လိုလဲကွ၊ ဗိုလ်စက်ရောင်တို့နဲ့ သက်ကြည်တို့လူသိုက် ညက ထွက်သွားကြပြီ၊ တို့က ဘယ်တော့ သွားကြမှာလဲ၊ သိပ်နောက်ကျနေရင် တပ်သားမဖြစ်ဘဲနဲ့ ထမင်းအိုးထမ်း ဟင်းအိုးထမ်း ဖြစ်နေ ဦးမယ်မောင်ရေ့..."
"အိုဗျာ... တစ်ပတ်လောက်တော့ အချိန်ရပါသေးတယ်၊ ကျုပ်ကိစ္စလေး ရှိနေသေးလို့ပါဗျာ"
"မင်းကိစ္စက မိန်းမကိစ္စ မဟုတ်လားကွ၊ အရေးထဲ မိန်းမယူဖို့ စဉ်းစားနေသေးတယ်နော်၊ အံ့ပါရဲ့ကွာ"
"မအံ့သြနဲ့ ငါ့လူ၊ တော်ကြာ မိန်းမမယူလိုက်ရဘဲ တပ်ထဲမှာ သေနတ်မှန်သွားရင် မခက်ပါလား ကိုယ့်လူ တို့ရ၊ နော်ဗျာ.."
ဗမာ့ကာကွယ်ရေး တပ်မတော်ထဲသို့ ဝင်ရောက်ရန် ကျွန်တော်၊ ကိုသောင်းအိ၊ ကိုထွန်းရင်၊ ရွှေအိဝင်း မောင် ကိုလှသိန်း၊ ကိုဘမောင်၊ ကိုကျော်၊ ဆရာကိုလှငွေ စသည့်သူများ ဆုံးဖြတ်ကြပြီး ကိုအုန်းမောင်၊ ကိုမြမောင်၊ ကိုစိန်လှိုင်နှင့် ဆရာ ဦးလှအောင်တို့ လူသိုက်မှာ ဖျာပုံ၌ပင် နိုင်ငံရေးအုပ်ချုပ်ရေးတို့၌ လူခွဲလုပ်ကြရန်၊ ဆုံးဖြတ် ခဲ့ကြပါသည်။ ကျွန်တော်တို့ လူသိုက်သည်လည်း ဗိုလ်စက်ရောင်နှင့် အတူတကွ တစ်ခါတည်း လိုက်သွားကြရန် ဖြစ်သော်လည်း ကျွန်တော့်ကို အကြောင်းပြု၍ အထက်ပါ လူသိုက်မှာ ကျန်နေခဲ့ခြင်း ဖြစ် ပါသည်။

ကျွန်တော်သည် ဗမာ့လွန်လပ်ရေး တပ်မတော်ထဲသို့ ဝင်ရောက်ခံစဉ်က ချစ်သူသန်းသန်းကို အရယူရန် ကြိုးစားခဲ့သူ ဖြစ်ပါသည်။ ရန်သူများအား တိုက်ခိုက်ရန်အတွက် ထွက်မည့်အချိန် အချိန်ကလေး မှာပင် သန်းသန်းကို ခိုးယူထွက်ပြေးရန် စီစဉ်ထားခဲ့ဖူးလေသည်။ သို့သော် အကြောင်းအမျိုးမျိုးနှင့် အခြေ အနေများက မပေးသဖြင့် ဤမျှကြန့်ကြာခဲ့ခြင်း မဟုတ်ပါလော။ သို့ဖြစ်ရာ ဤတစ်ကြိမ်၌မူ ချစ်သူ သန်းသန်းအား မရမနေ ခိုးယူ ထွက်ပြေးရန် အခိုင်အမာ သန္နိဌာန်ချထားပြီး ဖြစ်ပါသည်။
ကျွန်တော် ဗမာ့ကာကွယ်ရေးတပ်မတော်အတွင်းသို့ ဆက်လက် ဝင်ရောက်ရန်အတွက် သန်းသန်း အား ပြောမပြသေးဘဲ အတူတကွ နေထိုင်ကြပြီးမှ ပြောပြရန်ကိစ္စနှင့် ပတ်သက်နှင့်မူ ကိုအုန်းမောင်က လုံးဝ သဘောမတူကြောင်းပြောလေသည်။ ကိုအုန်းမောင်၏ ဆန္ဒမှာ သန်းသန်းကို တိတိလင်းလင်း တပ်ထဲ ပြန် ဝင်မည်ဖြစ်ကြောင်း၊ ပြောကြားပြီးမှသာ တပ်မတော်သို့ ပြန်လည်ဝင်ရောက်သင့်ကြောင့် အကြံပြုပါ သည်။

ကျွန်တော်သည် ကိုအုန်းမောင်နှင့် ငယ်ရွယ်စဉ်နှပ်ချေးတွဲလောင်း ဘဝကပင် တပူးပူးတတွဲတွဲ နေလာခဲ့သူ ဖြစ်၍ ချစ်ခင်မိသည်။ ထို့ပြင် ကိုအုန်းမောင်အနေဖြင့်လည်း ကျွန်တော့်အပေါ်တွင် မကောင်း သောအရာကို မကောင်းကြောင်း၊ မလုပ်သင့်သည်ကို မလုပ်သင့်ကြောင်း တားမြစ်၍ ကျွန်တော် အကျိုး ကျေးဇူးရှိမည့် ကိစ္စမှန်သမျှ တို့တွင် မိမိကိုယ်ကို မကြည့်ဘဲ ပါဝင်ဆောင်ရွက်ပေးသူ တစ်ယောက်၊ သူငယ် ချင်းကောင်း တစ်ယောက် ဖြစ်သည်။ သို့ဖြစ်၍ ယခု ကိုအုန်းမောင်၏ ဆန္ဒကို ကျွန်တော်လက်ခံရန် ဆုံးဖြတ် လိုက်ပါသည်။ သို့သော် ကျွန်တော့်နှုတ်မှ သန်းသန်းအား ဗမာ့ကာကွယ်ရေးတပ်မတော်သို့ ဝင်ရောက် မည့် အကြောင်းကို မထွက် ရက်ပေ။ သို့ဖြစ်၍ စာတစ်စောင်ရေးကာ ဒေါ်ဒေါ်ကြူမှ တစ်ဆင့် ပေးခိုင်းလိုက်ရပြန် လေသည်။
သန်း.....
အချိန်သိပ်မရလှသဖြင့် တစ်ကြောင်း၊ နှုတ်မှ ဖွင့်ပြောရန်ဝန်လေးခြင်းကြောင့် တစ်ကြောင်း ဤစာဖြင့် သန်း ကိုမောင် အသိပေးလိုက်ပါတယ်၊ သန်း... မောင် ဗမာ့ကာကွယ်ရေး တပ်မတော်ထဲသို ဝင်ရောက်ရန် ဆုံး ဖြတ် ထားပါသည်။ ခုလို တပ်ထဲဝင်မည့်အတွက် သန်းနှင့်အတူတကွ နေနိုင်ရေးကို လက်လွှတ်ရန် မဟုတ် ပါ။ ဒီတစ်ရက်နှစ်ရက် အတွင်း သန်းကို မောင် ခိုးယူပါမည်။ ထို့နောက် သန်းနှင့် လက်တွဲ၍ ဆင်းရဲအတူ ချမ်းသာ အတူ ဗမာပြည် လွှတ်လပ်ရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ အချိန်မရှိတော့ ၍ ဒေါ်ဒေါ်ကြူနှင့် အမြန်စာပြန်ပါတော့ သန်း။

မောင်...
ကျွန်တော်စာရေးပြီး မကြာမတင်မှာပင် သန်းသန်းထံမှ ပြန်စာတစ်စောင် လက်ခံရရှိပါသည်။ ကျွန်တော် သည် သန်းသန်း ၏ ပြန်စာကို ကိုအုန်းမောင်ထံသွားပြီး ပြသပါသည်။ သန်းသန်း၏စာသည် အလွမ်းအဆွေး အဖွဲ့အနွဲ့ မပါသဖြင့် ဆားမပါသည့်ဟင်း စားလိုက်ရသည့်နှယ် ရှိပါချေသည်။
မောင်
သန်းနှင့် ပတ်သက်၍ နောက်ဆံမတင်းစေချင်ပါ။ ခုနေ သန်းကိုမောင် ခိုးပြေးပြီးမှ တပ်ထဲဝင်ရန်လည်း မသင့်တော် ပါ။ အမှန်က မောင်အသက်နဲ့ထပ်တူ ချစ်မြတ်နိုးတဲ့ ဗမာ့လွတ်လပ်ရေးအတွက် စစ်တပ်ထဲ ဝင်ချင်ဝင်ပါ။ သန်းအနေနဲ့ မောင်ပြန်လာတဲ့အထိ သစ္စာရှိရှိစောင့်နေပါ့မယ်။
သန်း

ဆုံးဖြတ်ရပေတော့မည်။ သန်းသန်း၏စာကို ကိုအုန်းမောင်အား ပြလိုက်ျှင်လည်း ကိုအုန်းမောင် အနေဖြင့် မှန်ကန်သည် ဟု ပြောဆိုထောက်ခံပေးလိမ့်မည်။ သူငယ်ချင်း အပေါင်းအသင်းများသည် ကျွန်တော်နှင့် အတူ ဗမာ့ ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းလျှက် ရှိခြင်းကြောင့်လည်း ကျွန်တော့် တွင် အချိန် မရနိုင်အောင် ရှိနေပါသည်။ ကိုအုန်းမောင်သည်လည်းကောင်း၊ သန်းသန်းအနေဖြင့် လည်း ကောင်း၊ ကျွန်တော် ခိုးယူးထွက်ပြေးရန် ကိစ္စကို စောစောကပင် စိတ်ထက်သန်မှု မရှိကြသည်ကား မှန်ပါ သည်။ သို့သော် သန်းသန်း တစ်ယောက်ကို ကျွန်တော် ပြောပြခဲ့စဉ်က ကျွန်တော့်သဘောကို လိုက်လျော ခံသည့် မဟုတ်ပါလား။
ခုတော့ လည်း တစ်မျိုးပြောင်းလဲပြန်လေပြီ။
ကျွန်တာ် ဘာလုပ်ရမည်နည်း။
ဘာဆက်လုပ်ရမည်နည်း။
နောက်ဆုံး သန်းသန်းထံမှ စာကို ကျွန်တော်ယူ၍ ကိုအုန်းမောင်ထံသို့ လာခဲ့သည်။ အခန့်သင့်ပင် ကိုအုန်း မောင် သည် အိပ်ရာထဲတွင် မစာဥ စာအုပ်ကို ဖတ်လျက် တွေ့ရသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, December 30, 2012

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၉)

လေးငါးရက် ကြာတဲ့အထိ ကျွန်မတို့က ပြန်မရောက်တော့ ဗုံးထဲပါသွားတာ သေချာပါပြီ ဆိုပြီး စိတ်အားလည်းငယ်၊ ဦးအောင်ခန့် ကိုလည်း အားနာတာနဲ့ ကျွန်မတို့ နေရာရှာပြီး ပြောင်းပေးပါမယ်၊ အချိန်လေး ဘာလေးတော့ ပေးပါ လို့ တောင်းပန်ပြီး အန်တီလေးတို့ နေရာထွက်ရှာကြရတယ်တဲ့လေ။
မန္တလေးတစ်မြို့လုံး ကျွတ်နီးပါး မီးလောင်တာမို့ ပြေးလာတဲ့ ဒုက္ခသည်တွေက နေရာအနှံ့မှာ ၀င်ပြီးခိုကြ ရတာ ဖြစ်တော့ အန်တီလေးတို့လည်း နေစရာ ဇရပ်ရှာလို့မရ ဖြစ်ပြီး စိတ်ညစ်နေတဲ့ အချိန်မှာမှ ကျွန်မတို့က တစ်အုပ်ကြီး ပြန်ရောက်လာကြတာပါ။
ကို ဆက်ဖတ်ရန် ........

အခန်း (၁၁)

ကျွန်မကို မြင်တော့ အန်တီလေးက ၀မ်းသာလွန်းလို့ ဖက်ပြီးတောင် ငိုရှာပါတယ်။ အကုန်လုံးကလည်း ၀မ်းသာ အယ်လဲ ဆီးကြိုကြတာပေါ့။ တစ်ခါတည်း 'သေရွာပြန် ခင်မကြီး' ဆိုတဲ့နာမည်တစ်လုံးကို ရသွားတာပါပဲ။
မနက်လင်းတော့ ဇရပ်ရှင် ဦးအောင်ခန့်ဆိုတာ တောင်ဘက်ဇရပ်ကနေ ကူးလာပါပေါ့။ ကျွန်မတို့ အားလုံး မြင်းမူဘက်က တောရွာမှာ သွားခိုဖို့ ဆုံးဖြတ်ပြီး ပြန်လာတာမို့ အန်ကယ် ရဲ့ဇရပ် ကို ပြန်လာနေနိုင်ပါတယ်။ တစ်ရက်နှစ်ရက်ပဲ အန်တီလေးတို့ လိုက်ဖို့ ပြင်ဆင်ချိန် ပေးပါ' လို့။

အဲဒီတော့မှ ပြဿနာက တက်တော့တာပဲ။ ဦးအောင်ခန့် က .. 'ဟာ...မြင်းမူဘက်က တောရွာတွေဆိုတာ သိပ် ဆိုး တာ၊ ခုလိုမင်းမဲ့ချိန် ဘယ်တောရွာသွားသွား လုံခြုံတာမဟုတ် ဘူး။ မှားမှာပေါ့။ တောမှာက ဓားပြတိုက် အဓမ္မကျင့်ရုံ မကဘူး။ လူပါ သတ်တာနော်၊ စစ်ကိုင်းတောင်ရိုးက သူတော်စင်တွေရဲ့နေရာ၊ ဒါမျိုးမရှိဘူး။ ဒီမှာမှ လုံခြုံမှု ရှိတာ။ စိတ်ကူး မလွဲနဲ့၊ စစ်ကိုင်းတောင်ရိုးမှာပဲ စစ်အေးတဲ့ထိ နေဖို့ ကောင်းတယ်' တဲ့လေ။
ဦးလေး ဦးဖိုးအောင်ကလည်း ရဲအရာ မဟုတ်လား။ 'ဟုတ်တယ်၊ ကျွန်တော်တို့ ရဲဘက် လုပ်လာတာပဲ သိ တာပေါ့၊ မင်းမဲ့ချိန်မှာ စိတ်ချရတာ မဟုတ်ဘူး။ တောကြောင်တွေ အခွင့် သာတုန်းထကြတာ။ ဒီမှာက ဘေးကင်း တယ်။ ငါ့တူမ လိုက်သွားလို့ ဘယ်ဖြစ်မလဲ၊ ဦးလေးတို့လည်း မလိုက်နိုင်ဘူး။ မမြသန်း မွေးဖွားဖို့က ရှိသေးတော့ မန္တလေး နဲ့ အနီးဆုံး နေရာက ခွာလို့မဖြစ်ဘူး။ စစ်အေးတယ်ဆို မန္တလေးပြန်ရမှာ'တဲ့။ ဦးအောင်ခန့်ကို ၀င်ပြီး ထောက်ခံနေလေရဲ့။

'ဒါဆိုရင်လည်း ဦးလေး နဲ့ အန်တီလေးတို့ နေခဲ့ပေါ့။ ခင်မကြီးတို့တော့ Kathleen တို့နဲ့ လိုက်ဖို့ ဆုံးဖြတ် ထားပြီးသား' လို့ ကျွန်မကလည်း ခေါင်းမာမာနဲ့ အဆုံးအဖြတ်ကို မပြင်ဘဲ ပြောလိုက်ပါတယ်။
'ဒီမိန်းကလေး အလျင်စလို မဆုံးဖြတ်နဲ့လေ၊ ဒါက သေရေးရှင်ရေးကိစ္စ။ မင်းဦးလေးရဲ့ ပြောစကားကို နားထောင် မှပေါ့။ တောမှာ ကြုံရမယ့် အန္တရာယ်က များပါဘိနဲ့။ မင်းက ငယ်ငယ်၊ ရုပ်ရည်သနားကမားလေး၊ မိသားစု လူကြီးတွေ နဲ့ အတူနေသင့်တာ။ မင်းအဒေါ် ကလည်းမွေးဖွားခါနီး၊ တခြားဇရပ်လည်းနေဖို့ သွားမရှာနဲ့။ ဒီမှာပဲ နေကြ။ အန်ကယ် က တစ်ကိုယ်ရည်တစ်ကာယပဲ၊ ခေါင်းရင်းဇရပ်က ဆရာလေးတို့နဲ့ နေလို့ဖြစ်ပါတယ်။ ဘာမှ မပူ နဲ့။ တောကိုသွားဖို့ စိတ်မကူးနဲ့၊ မှားလိမ့်မယ်' တဲ့။
ဦးအောင်ခန့် က အဲလို ပြောတော့ အန်တီလေးက ကျွန်မမျက်နှာကို ကွက်ခနဲ လှမ်းကြည့်ပါ တယ်။ အဓိပ္ပာယ်က 'ဒီလူကြီး အချိုးပြောင်းတာ မြန်လှချေလား' ဆိုတဲ့ပုံစံနဲ့ပါ။ ဟုတ်လည်း ဟုတ်ပါရဲ့။ ဗိုက်ကြီး တပြဲ နဲ့ မွေးခါနီး ဖြစ်နေ တာ ဒီကနေ့ကျမှပဲ သက်ညှာထောက်ထားရ ကောင်းမှန်းသိရတာတဲ့လား။

အဲဒီအတွေးနဲ့ အမြင်ကတ်သွားရတဲ့အထဲမှာ ကျွန်မတို့ အရေးအခင်းထဲ ဖျက်လိုဖျက်ဆီး ၀င်ပါရကောင်းလား နဲ့လည်း ခပ်ချဉ်ချဉ်ဖြစ်သွားတာပါ။ ပေါင်းလိုက်တော့ ဒီလူကြီးကို ကျွန်မကြည့်လို့မရတော့ဘူးပေါ့။
ပြဿနာ က မပြီးဘူး။ အချေအတင်ပြောကြဆဲ။ အန်တီလေးကလည်း ဦးလေးအောင် ပြာသလိုပဲ မွေးဖွားဖို့ကိစ္စ ရှိတာမို့ တောဘက် မလိုက်လိုတာ အမှန်ဖြစ်နေပါတယ်။ ကျွန်မကတော့ ကျွန်မတို့ ၀တ္တရားရှိတဲ့အတိုင်း ခေါ်ပြီး မလိုက်ရင် လည်း ကျွန်မတို့ဘာသာ လိုက်သွားမယ်ပေါ့။ အဲလို တင်းမာနေဆဲ မာမီက ၀င်ပြောလိုက်ကာမှ အချေအတင် ကိစ္စ က ပြတ်သွားတော့တာပါ။
'ဟုတ်တယ်၊ မာမီတို့ မန္တလေး ပြန်ရဦးမှာ၊ မြင်းမူကို မလိုက်နိုင်ဘူး' 'စစ်အေးရင် မန္တလေး ပြန်မယ်' ဆိုတဲ့ ဦးလေးအောင် ရဲ့ စကားက မာမီရဲ့ခေါင်းထဲ ၀င်သွားလေသလား မသိပါဘူး။ 'မလိုက်ဘူး' ဆိုတဲ့ အဆုံးအဖြတ် ကို တစ်ခွန်းတည်း ပေးလိုက်တော့ ကျွန်မ လည်းဘာမှထပ်ပြီး မပြောသာတော့ဘူးပေါ့။ အစကတည်းကလည်း ကိုယ် တစ်ယောက် တည်းသဘောနဲ့ ဆုံးဖြတ်ထားခဲ့တာ မဟုတ်လားနော်။ မာမီမပါဘဲနဲ့တော့ ဘယ်ခရီးကိုမှ မသွားနိုင်တာ အမှန်ပါပဲ။

Kathleen တို့လည်း ကျွန်မတို့ မလိုက်ဖြစ်တော့ဘူး ဆိုတာ သေချာတာနဲ့ အဲဒီနေ့မှာပဲ မြင်းမူကို ထွက်ဖြစ် ပါတယ်။ သွားကြမယ်ဆိုတော့ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်လည်ပင်း တစ်ယောက်ဖက်ပြီး မျက်ရည် အရွှဲသားနဲ့ နှုတ်ဆက်စကား ဆိုကာ ရင်ထဲမှာ နာကျင်ပြီး ကျန်ခဲ့တဲ့ထိ ခံစားရပါတယ်။
ဒီလိုနဲ့ ခေမေသကချောင်မှာ ဆက်ပြီး နေဖြစ်ကြတယ်ပေါ့။ မာမီရဲ့ အခြေအနေက တဖြည်း ဖြည်းတော့ ကောင်း လာပါရဲ့။ ဒါပေမဲ့ ကိုယ်ပိုင်ဆိုင်ခဲ့သမျှ အရာရာကို လျှပ်တစ်ပြတ် အတွင်း ကုန်ဆုံး ပျောက်ကွယ်သွားတာကို မျက်စိအောက် မှာ မြင်လိုက်ရတာမို့ မဖြေနိုင်ဖြစ် နေတာကို နားလည်ခံစားမိပါတယ်။ အပျိုအရွယ် သမီးငယ် တစ်ယောက်နဲ့ ရှေ့ရေးကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာလည်း တွေးပြီး ပူရှာပေမှာပေါ့။

ကျွန်မ မှာလည်း စာအုပ်သေတ္တာထဲက စာအုပ်တွေနဲ့ ကင်မရာတစ်လုံးအပြင် ဓာတ်ပုံ Album ကလွဲပြီး ဘာမှ မည်မည် ရရ ကျန်ခဲ့တာ မဟုတ်ဘူး။ အ၀တ်အစားက သေတ္တာ သေးသေးတစ်လုံးပဲပါလာတာ။ 'သိမ်းဟဲ့၊ သိမ်းဟဲ့' ဆိုတုန်း ကလည်း ကိုယ်တကယ် မက်မောတာပဲ သိမ်းလာခဲ့တာပေါ့။ ခုမှ ထိုင်နှမြောနေလည်း ဘာတတ်နိုင်မှာလဲ ဆိုတဲ့ သဘောနဲ့ ကျွန်မကတော့ အေးအေးဆေးဆေး ပျော်ပျော်ပဲလေ။ ငယ်သေးတော့ လည်း ရှေ့ရေးကိုတွေးပူရကောင်းမှန်းလည်း မသိပါဘူး။ မာမီနေကောင်းဖို့ တစ်ခုပဲ စိတ်ထဲမှာ ပူတာရှိပါတယ်။
ဦးအောင်ခန့် က နေ့စဉ်လို ကျွန်မတို့ ဇရပ်ကို ကူးလာပြီး ဦးဖိုးအောင်တို့၊ ဒေါ်ဒေါ်လုံးတို့နဲ့ အဖွဲ့ကျ လို့ပေါ့။ ကောက်ညှင်းပေါင်း ၀ယ်လာလိုက်၊ အကြော်တွေ ၀ယ်လာလိုက်နဲ့လည်း လောကွတ်တွေက ပါသေးတာ ပါ။ အန်တီလေးကလည်း ကျွန်မလိုပဲ သူ့ကိုကြည့်မရတဲ့ စာရင်းထဲမှာပါတော့ အရောတ၀င် မနေပါဘူး။ နဂိုကလည်း ခပ်အေးအေးဆိုတော့ သူ့ဘာသာ အနေများပါတယ်။

ကျွန်မက သူတကာ မိန်းကလေးလို ပိပိပြားပြား နေတတ်တဲ့ မိန်းမမှမဟုတ်တာ။ တစ်ခုခု လှုပ်ရှားပြီး လုပ်နေရမှ နေသာထိုင်သာ ရှိတာမို့ အနက်ဘက်ကျရင် ကျွန်မတို့ရဲ့ဇရပ် အထက်ဘက်မှာရှိတဲ့ တစ်ကိုယ်စာ ကမ္မဌာန်းကျောင်း သေးသေးလေးမှာ တရားအားထုတ် နေတဲ့ဆရာမကြီးဒေါ်ခေမာဆီမှာ သွားပြီး ဘုရားစာ တက်ပါတယ်။
နေ့ခင်းနေ့လယ် ကျရင်တော့ စိတ်လိုတဲ့အခါလည်း စာအုပ်သေတ္တာ ဖွင့်ပြီး စာတွေပြန်နွှေး ရင်းကျက်ပေါ့။ အဲလို မကျက်ချင်ရင်လည်း အောက်ဘက်ချောင်မှာ ရှိတဲ့ ဒေါ်ဒေါ်ငယ်ဆီက စာအုပ်တွေငှားပြီးဖတ်၊ ညနေကျတော့ တံမြက်စည်း တစ်ချောင်း၊ ဂေါ်ပြားတစ်ခုနဲ့ တောင်ပေါ်က လွမ်းစေတီပေါ် တက်ပြီးတံမြက်စည်းလှည်းရင်း ဟိုငေး ဒီငေး တစ်ယောက် တည်းထိုင်ငေးရင်း အတွေးပေါင်းစုံနေအောင် တွေးပေါ့။

"လွမ်းစေတီ"ဆိုတာ တကယ်ကို နာမည်နဲ့ လိုက်အောင်ကို လွမ်းစရာကောင်းတဲ့ နေရာလေးမှာ တည်ထားတဲ့ ဘုရားပါ။ တောင်ထိပ် ဘုရားပရိဝုဏ်ကနေ မျှော်ကြည့်ရင်အောက်က တောင်စောင်း မှာတည်ထားတဲ့ ဘုရားဂူ၊ ကျောင်းကန် တန်ဆောင်း အသွယ်သွယ်ကို အပေါ်စီးကနေ မြင်ရတာ။ ရှင်ပင်နံကိုင်းဘုရားထိပါပဲ။ ဧရာဝတီမြစ်ကြီး ကို မြွေကြီးတစ်ကောင်ကို တောင်အောက်မှာ စင်းစင်း ကြီးတွေ့ရတဲ့ အပြင် မြစ်လယ်ကြောမှာ မျောနေတဲ့ပိန်းကောလှေကြီးတွေ၊ သစ်ဖောင်တွေ၊ ရွက် လှေတွေ၊ ငှက်လို့ခေါ် တဲ့ လှေကလေးတွေ ရေစုန် ရေဆန်မှု လူးလားသွားနေတာကိုလည်း မြင်နိုင် ပါတယ်။
ညနေမှာ အိပ်တန်းတက်ဖို့ ပြန်လာကြတဲ့ ငှက်ကလေးတွေရဲ့ အုပ်စုလိုက် ညီညီညာညာတောင် ပံခတ် လာတာကလည်း ကောင်းကင် ပြာပြာနောက်ခံနဲ့ ပနံရလှပါဘိ။ ဧရာဝတီမြစ်ကြီး ကို ကျော် ပြီး မျှော်ကြည့် လိုက်ရင် ကျွန်မတို့ နေခဲ့တဲ့ မန္တလေးမြို့ကို လှမ်းမြင်ရတာ ဟိုးမြောက်ဘက်မှာ မန္တလေးတောင် နဲ့ နန်းမြို့ရိုး အရှေ့ဘက် ကျတော့ မယ်ဥတောင်၊ ရန်ကင်းတောင်ကနေ ရှမ်းရိုးမ တောင်ကြီးထိ မျက်စိ တစ်ဆုံး မျှော်လို့မဆုံးပါပဲ။

ကျွန်မရဲ့အတွေးတွေကလည်း အစုံပေါ့။ အဲလို ကောင်းကင်ပြင် မြင်ကွင်းကျယ်ကြီးကို ကြည့်ပြီး အတွေးတွေ တွေးခဲ့ရတာ။ ကျွန်မတို့ အိမ်နောက်က ဧကရာဇ်ပင်ရဲ့အောက် ၀ရန်တာပေါ်ကတည်း ကပဲ မဟုတ်လား။ အဲဒီတုန်းကတော့ ကိုယ်က ပက်လက်အိပ်ရင်းနဲ့ အပေါ်ကိုမော့ကြည့်ပြီးတွေးခဲ့ ရတာ၊ ခုကျတော့ ကိုယ်က တောင်ထိပ်ကနေ အပေါ်စီးနဲ့ အောက်ကို ကြည့်ပြီး တွေးတာ၊ ဒါပဲ ကွာတာပါပဲ။
အဲလို အပြောကျယ်တဲ့ ကောင်းကင်ပြင်ကြီး ကြည့်ပြီးတွေးရတာ ကျွန်မအဖို့အားသစ်မာန်သစ်တွေ ရသလိုပဲ။ အဲဒီအင်အားတွေ ဟာ လွင့်နေတဲ့ တိမ်စတွေဆိကလား၊ ငြိမ်သက်တိတ်ဆိတ်နေခြင်း ဆီကလား၊ ဒါမှမဟုတ် တိုက်နေ တဲ့ လေပြည်လေးတွေထဲကလားဆိုတာလည်း လိုက်ရှာကြည့်မိ သေးတယ်။
အမှန် ကတော့ သဘာဝရဲ့ လှပခြင်းအားလုံးဆီက ရတာပဲဖြစ်မှာပါနော်။ အဲလိုပဲကိုယ့်ဟာကိုယ် အလှအပကို ရှာဖွေကြည့်။ ကိုယ့်ဟာကိုယ် အားသစ်မာန်လောင်းရင်း အချိန်တွေကို ကုန်ဆုံး အောင် ကြိုးစားရတာပေါ့။

တစ်ညနေ "လွမ်းစေတီ"ရှိရာ တောင်ထိပ်ကိုအသွား "Agnes!" ဟေ့ Agnes! လို့တောင်အောက် က လှမ်းခေါ်သံကြားတော့ ကျောင်းက တစ်ယောက်ယောက်ဖြစ်မှာပဲဆိုပြီး ၀မ်းသာသွားတာပေါ့။ Agnes ဆိုတာ သူငယ်ချင်း ချင်းပဲ ခေါ်ကြတဲ့ နာမည်မဟုတ်လား။
ထင်ထားတဲ့ အတိုင်းပါပဲ။ ကျွန်မနောက်ပြေးလိုက်လာပြီး ခေါ်သူက "ချာလီပန်းရီ"ဖြစ်နေပါရော။ သူ့အစ် "အင်မာပန်းရီ" "မေရီပန်းရီ"တို့က ကျွန်မထက်အတန်းကြီးပြီး ချာလီကတစ်တန်းငယ်ပါ တယ်။ စိန်ပီတာကို မပြောင်းခင် ကွန်ဗင့်မှာ အတူနေကြတုန်းက ချာလီက အေးအေးနွဲ့နွဲ့မို့ ကျွန်မ တို့ရဲ့ နိုင်ဖက်ကောင်လေးပေါ့။
ပြန်တွေ့ရတာ အံသြကြီးသင့်လို့ ၀မ်းလည်းသာ၊ ပျော်လည်းပျော်သွားတာပါပဲ။ "နင်ဘယ်သွားမ လို့လဲ"တဲ့။
ကျွန်မ က လွမ်းစေတီ မှာ နေ့တိုင်းတံမြက်စည်း သွားလှည်းတယ်ဆိုတော့ "ငါလည်းလိုက်မယ်"တဲ့ လေ။ အဲဒီနေ့ ကစပြီး ကျွန်မတို့နှစ်ယောက် ညနေတိုင်းလွမ်းစေတီတင်မကဘူး။ အဖော်ကောင်း တာနဲ့ အနားက ဘုရားတွေ၊ တန်ဆောင်းတွေကိုပါ အတူတံမြက်စည်းလှည်းကြပါတယ်။ မောပြီဆို ရင်တော့ လွမ်းစေတီ က ခုံတန်းလျားပေါ် ထိုင်ကြပြီးနားရင်း သူငယ်ချင်းတွေအကြောင်း၊ ဟိုအ ကြောင်း ဒီအကြောင်းပေါက်တတ် ကရတွေ ပြောကြ တာပေါ့။

တစ်ခါ တစ်ခါ မယောင်မလည်နဲ့ ကျွန်မတို့ရှိရာ ဦးအောင်ခန့် က ရောက်လာ တတ်ပါတယ်။ နောက် မှ ပြန်သိရတာက ကောင်လေးနဲ့ ကောင်မလေး တတွဲတွဲနဲ့ ဘုရားပေါ်မှာ မရိုးမသား ရှိနေ သလားအထင်နဲ့ လာပြီး အကဲခတ် တာတဲ့လေ။ ကျွန်မမှာ ရယ်လိုက်ရတာ။ ချာလီဆိုတာက အစ်မ တွေတစ်ပုံကြီးကြား မှာ မွေးလာတဲ့မောင်ငယ်လေး ဆိုတော့ ကနွဲ့ကလျနဲ့ မိန်းကလေးတစ်ယောက် ကိုပေါင်းလိုက် ရသလို ပေါင်းရတာ မို့ လူတိုင်းက သူ့ကိုရင်းရင်းနှီးနှီး ဆက်ဆံပြီးချစ်ကြတာပါ။
ဒီလိုနဲ့ စစ်ပြေးဘ၀ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတယ် ဆိုပေမဲ့ ချောက်ချားစရာကောင်းတဲ့ ကောလဟလ သတင်းတွေ လည်း အမျိုးစုံ ကြားရ။ လူတွေမှာ ထိတ်လန့်တကြားနဲ ဘာဖြစ်မလဲဆို တာရင်မပြီး နေကြရတဲ့ကာလပေါ့။ ဆေးမရှိ၊ ဆရာဝန်မရှိ၊ ဆေးရုံမရှိတဲ့အချိန်မှာ ကိုလိုရာခေါ်တဲ့ ကာလ ၀မ်းရောဂါတွေဖြစ် လို့ သတိထားနေကြဆိုတဲ့ သတင်းစကားကလည်း လူတိုင်းရဲ့နားမှာ ရောက်လာပါတယ်။

တစ်နေ့ ကျွန်မတို့ ချောင်နဲ့ကပ်လျက်မှာနေတဲ့ မိတ်ဆွေတစ်ဦးရဲ့ အစ်မ မီးဖွားဖို့နေ့စေ့ လစေ့ ဖြစ်နေတာကြောင့် ဆရာဝန်လိုက်ရှာတာလည်း မတွေ့၊ ၀မ်းဆွဲရှာတာလည်းမရလို့ စိတ်ပူပြီးနေကြ တယ်ဆို တဲ့ စကားကို ကြားတော့ အန်တီလေးမမြသန်းလည်း စိတ်ပူရှာတာပေါ့။ သူလည်းနောက် တစ်လနှစ်လ ဆိုမွေးတော့မှာ မဟုတ်လား။ စစ်ဆိုတာ တကယ်ကြောက်စရာကောင်းတာပါလားဆို တဲ့အသိတရား ကျွန်မခေါင်း ထဲမှာ ရောက်နေတာတော့မန္တလေး မီးလောင်ပြင်ထဲ ပြေးခဲ့ရတဲ့အချိန် ကစတာပါပဲ။
ခုလည်း အန်တီလေး မျက်စိမျက်နှာပျက်ပျက်နဲ့ အားငယ်နေရတာကို တွေ့ရတော့ အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာ သလို ကျွန်မရင်မှာလည်း ကူးစက်ပြီး ခံစားရပါတယ်။ မာမီကလည်း ကောင်း တယ်သာဆိုတာ တစ်နေ့ရွှေ တစ်နေ့ငွေ။ ငိုချင်တဲ့အခါ တစ်ယောက်တည်း ရှိုက်ကြီးတငင်ငို၊ ကြည်သာတဲ့အခါလည်း ကြည်သာ တယ်ပေါ့။

ဖြစ်ချင်တော့ တစ်မနက် ကျွန်မသွားနေကျအတိုင်း ဘုရားစာ တက်ဖို့၊ ဆရာကြီးဒေါ်ခေမာရဲ့ ဇရပ် ကိုသွား ပါတယ်။ အ၀င်ဝ တံခါးပန်းပေါ်မှာ ခေါင်းတင်ပြီးလှဲလျက် ဆရာကြီးကိုတွေ့တော့ "ဒီနေရာ မှာဘာလို့ လာအိပ်နေပါ လိမ့်"ဆိုတဲ့ အတွေးနဲ့ ဆရာကြီး နိုးမှာစိုးလို့ ခြေကိုဖွဖွနင်းပြီး အတွင်းကို ၀င်လိုက်ပါတယ်။
အိပ်နေ တဲ့ ဆရာကြီးရဲ့ မျက်နှာသွင်ပြင်ကလည်း တစ်မျိုးကြီး၊ လှဲအိပ်နေပုံကလည်း အထာတကျ မဟုတ်တာနဲ့ လက်မောင်း ကို သွားကိုင်ပြီး "ဆရာကြီး"လို့ သွားလှုပ်နှိုးဖို့ ကြံစည်ပြီး ကိုင်လိုက်မိ တာရေခဲတုံး လို အေးစက်နေတဲ့ အတွေ့ကိုရမှ ကျွန်မလန့်ဖျပ်သွားတော့တာပေါ့။

ဆရာကြီးဘေးမှာ ထိုင်ရာက ကပျာကယာထပြီး ပြေးထွက်လာတာ ဇရပ်ကို ရောက်တဲ့အထိ အသက်မှ ရှူဖြစ် ရဲ့လား မသိပါဘူး။ အန်တီလေးကို ပြောပြတော့ ဦးလေးအောင်က အနားမှာရှိတာ နဲ့ကျွန်မကို အလယ်ဇရပ်ကြီး က ချောင်အုပ်ချုပ်တဲ့ ဆရာကြီးကို မြန်မြန်သွားပြောချေ ဆိုတာနဲ့ အမောတကော သွားပြီး ပြောပြ ရပါသေးတယ်။
စိတ်ထဲမှာ လည်း အံ့သြလိုက်တဲ့ ဖြစ်ခြင်း။ မနေ့မနက်ကပဲ ကျွန်မကို ဘုရားစာချပေးနေခဲ့တာ အ ကောင်းသားကြီး ဆိုတော့ ယုံတောင် မယုံနိုင်ပါဘူး။ ဆရာကြီးကို လျှောက်ရင်းလည်း ကျွန်မငိုလိုက် ရတာ ရင်ထဲ မှာ နာကျင်ကြေမွလို့။ ဆရာကြီးက...
"ဒါလောက် မြန်တယ်ဆိုရင် ကာလ၀မ်းရောဂါပဲ ဖြစ်မယ်ထင်တယ်"ပြောလိုက်တော့ ကျွန်မပိုပြီး လန့် သွားတာပေါ့။ နောက် တစ်နေ့ကျတော့ ကျွန်မ ၀မ်းတွေ လျှောတော့တာပါပဲ။ ဆန်ဆေးရေ တွေလို ၀မ်းအဖြူတွေ သွားလိုက်တာ တစ်ရက်တည်းနဲ့ကို လူကမလှုပ်နိုင်တော့အောင် နုန်းခွေ သွားပါတယ်။

ဆရာကြီးဒေါ်ခေမာ လို ချက်ချင်းများ သေသွားမှာလားလို့ တွေးပြီးသွေးလန့်တာ လည်းပါတာကြောင့် စိတ်အားတွေ ငယ်နေ မိပါတယ်။ မာမီ စိတ်မကောင်းဖြစ်မှာစိုးလို့သာ ကိုယ့် ဟာကိုယ် အားတင်းပြီး ဟန်ဆောင် ထားရတာကလည်း ခံနေရတဲ့ရောဂါအပြင် ဒုက္ခတစ်ခု ပိုပါ သေးတယ်။
မာမီ လည်း စိတ်ပူပြီး ဦးလေးအောင်တို့ကို ဆရာဝန် လိုက်ရှာခိုင်းရတာပေါ့။ ဆရာဝန်ကလည်း ဘယ်မှာမှ ရှာမရပါဘူး။ ဒေါ်ခေမာ ဆီက ကျွန်မ ၀မ်းရောဂါ ကူးစက်လာပြီဆိုတာသိတော့ အန်တီ လေးတို့လည်း တုန်လှုပ်ချောက်ချား ကုန်ပါတယ်။ ကလေးလေးတွေက ငယ်ငယ်လေးတွေမို့ သူ တို့ကို ရောဂါ ကူးစက်ကုန်မှာ စိုးတာနဲ့ တခြားလွတ်ရာ ဘေးကင်ရာကို ချက်ချင်းပြောင်းနေဖို့ အားလုံးက ၀ိုင်းပြီး တိုက်တွန်းကြတာနဲ့ ချက်ချင်းကြီး ထပြောင်း သွား တာပေါ့။

ခေမေသက ရဲ့ ဟိုးမြောက်ဘက်ကျတဲ့ ရွှေဂူချောင်ဘက်မှာ နေရာရတယ်ဆိုလားပါပဲ။ အန်တီလေး တို့တင် မဟုတ်ပါဘူး။ ချောင်တွေထဲမှာ ၀မ်းရောဂါဖြစ်တဲ့ နေရာမှန်သမျှက လူတွေလည်းအဲလိုပဲ ကူးစက်မြန် တဲ့ ရောဂါဆိုးမို့ ဒီလိုကပ်နာမျိုးက လွတ်အောင်ပြေးကြရ၊ ရှောင်ကြရပါတယ်။ "နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်း" ဆိုတဲ့ စကားအတိုင်းပါပဲ။ စစ်ဘေးက ပြေးရင်းရောဂါနဲ့ ဆေးဝါးမရှိ လို့ သေကြရသူတွေလည်း အနန္တပါ။
ကျွန်မ ဘေးမှာလည်း မာမီနဲ့ ဘွားသီလရှင်ကြီးပဲ ရှိပါတော့တယ်။ တစ်ခု ကျွန်မ ကံကောင်းတာက မန္တလေးမှ နေစဉ်ကာလက မာမီက ပရဟိတ ဝါသနာပါသူမို့ Red Cross ကြက်ခြေနီအသင်းမှာ တပ်မှူးအဖြစ် ပါဝင်လှုပ်ရှား လာသူ တစ်ဦးပါ။ အဲဒီတုန်းက ဥက္ကဌက ဦးလှကြီးပေါ့။ဒီလို အခြေခံတွေ ရှိထားတာ မို့ ရှေ့ဦးသူနာပြုကျွမ်းတဲ့ မာမီက ကျွန်မကို အိမ်မှာ ရှိသမျှ၊ ဆေးလေးနဲ့ပဲ ကြိုးစားပြီး မပြန့်ပွားအောင် ဂရုစိုက်ပြုစုပေး ပါတယ်။

ခေါင်းရင်းဇရပ် မှာ နေတဲ့ ဦးအောင်ခန့်ကလည်း သတင်းကြားတော့ လာကြည့်ပါတယ်။ မာမီ ပြုစုနေ သမျှလောက်နဲ့တော့ စိတ်ချရမှာ မဟုတ်ဘူး။ တခြားချောင်တွေမှ ဆရာဝန် ရလိုရငြားဆိုပြီး လိုက်ရှာတော့ ဆရာဝန်တော့ တွေ့ခဲ့ပါရဲ့။
အဲဒီဆရာဝန်က မိသားစုရှိရာကို ခရီးဆက်မဲ့ဆဲဆဲမို့ လိုက်လာကြည့်ပေးဖို့ အချိန် မရတော့ဘူး။ ဆေး ပဲ ပေးလိုက် မယ် ဆိုတာနဲ့ ဆေးတော့ ရလာခဲ့တယ်ဆိုပြီး လာပေး ပါတယ်။ သေကံမရောက်လို့ပဲ ထင်ပါရဲ့။ အဲဒီဆေး နဲ့ ကျွန်မရဲ့ဝမ်းလျှောတာ သက်သာသွားပါတယ်။ လူက တော့မထူနိုင် မထောင်နိုင် အိပ်ရာထဲ လဲလျက် ပဲ ရှိပါသေးတယ်။
မထနိုင် လို့ ပက်လက်ပဲ ရှိသေးတဲ့ ဧပြီလ ၃၀ ရက် အိပ်မပျော်ညမှာ 'ဝုန်းဒိုင်း'ဆိုတဲ့ ဧရာမပေါက်ကွဲသံကြီးကို အနား မှာ ကပ်ပြီး ကြားလိုက်တော့ လာပြန်ပြီ၊ ဗုံးတွေပဲလို့ အထင်ရောက်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ သားအမိနှစ်ယောက် တအား ဖက်ထားရာက နေပြီး ရသမျှ ဘုရားစာတွေကို မပြတ်ရွတ်ရင်း မထနိုင်တာနဲ့ ဘုရား ကိုပဲ တ နေတာပေါ့။

မနက်ကျမှ သိရတာက  ဂျပန်စစ်တပ်တွေက အောင်ပွဲရပြီး ချီတက်လာတာ နီးကပ်နေတာကြောင့် အင်္ဂလိပ်စစ်တပ် က နောက်ဆုတ်ရင်းနဲ့  ရန်သူတွေ  အလွယ်တကူ မသုံးနိုင်အောင် စစ်ကိုင်း တံတားကြီး ကို ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့တယ် ဆိုတဲ့ သတင်းကို ကြားရပါတယ်။
အဲဒီထက်ဆိုး တဲ့ နောက်ဆက်တွဲ သတင်းတစ်ခုတော့ ကျွန်မကို အလွန်အမင်း တုန်လှုပ်ချောက် ချားစေခြင်း ဖြစ်တဲ့အထိပါပဲ။ ကျွန်မတို့နဲ့ ကပ်လျက်ချောင်က ကိုယ်ဝန် နေ့စေ့လစေ့နဲ့ မမအေမီ က မွေးဖွားချိန်တန် လို့ ကမ္မဇလေ လှုပ်ရှားပါတယ်တဲ့။  ဆရာဝန် ဆရာမရှာမရလို့ စစ်ကိုင်း အနီးအနားက ရွာတစ်ခု က လက်သည်ဝမ်းဆွဲကို သွားခေါ်ထားပါတယ်။

တစ်နေ့လုံး တစ်ညလုံး မီးမဖွားနိုင်ရှာဘူး။ မမအေမီရဲ့ မီးဖွားရာလမ်းကြောင်း၊ ညှပ်ရိုးက ကျဉ်းနေလို့ ဒါမျိုးက ရိုးရိုး လက်သည်နှင့် ဖွားလို့မရဘဲ ဆေးရုံမှာ ဗိုက်ခွဲပြီး မွေးရမဲ့အဖြစ် ဆိုတော့ ပို့စရာ ဆေးရုံကလည်းမရှိ။ ဒီအထဲ စစ်ကိုင်း တံတားကြီး ဖောက်ခွဲသံနဲ့ ညက ထိတ်လန့်တုန်လှုပ်ကြရတာပေါ့။ ပေါင်းလိုက်ပြီး မနက် မိုးလင်းတော့ မမအေမီရော၊ ကလေး ပါ ဆုံးသွားတယ်လို့ ကြားရပါတယ်။
'နေ့မြင် ညပျောက်'ဆိုတဲ့ သင်္ခါရသဘောကို စစ်အတွင်းမှာတော့ ဖောဖောသီသီကြီးကို ကြုံတွေ့နေရခြင်းပါပဲ။ ဒီသတင်း ကို ကြားတော့ အန်တီလေးမမြသန်းအတွက်လည်း စိတ်ပူမိတာပေါ့။ နောက်တစ်နေ့ မေလဆန်း တစ်ရက်နေ့ မှာ ဂျပန်စစ်တပ်က မန္တလေးမြို့ကြီးကို အောင်မြင်စွာ သိမ်းပိုက်လိုက်ပါတော့တယ်။

ဦးလေးဦးဖိုးအောင် တစ်ဦးတည်း ပြန်လာပြီး ကျန်ခဲ့တဲ့ပစ္စည်းတွေ သိမ်းပါတယ်။ မန္တလေးမြို့ကို ဂျပန်က သိမ်း လိုက်ပြီဆိုတော့ သူတို့ ဝါးချက်ရွာကနေ စောင့်ပြီး သတင်းနားထောင်ရင်း မန္တလေး အခြေအနေကောင်း တာနဲ့ ပြန်ကူးကြမယ်တဲ့။ ကျွန်မတို့ တစ်ခါတည်းလိုက်ရင် လိုက်ခဲ့လို့ ခေါ်ပါတယ်။
ကျွန်မ က ကောင်းကောင်းမရှိသေးတာနဲ့ သုံးလေးရက် စောင့်ပြီးမှ ဝါးချက်ကို လိုက်လာခဲ့မယ်ပေါ့။ ပြီးမှ အခြေအနေ ကြည့်ပြီး မန္တလေး ကို အတူကူးကြမယ်လို့ မာမီက စီစဉ်ပြီး ဦးလေးအောင်တို့ ရှိမယ့် နေရပ်လိပ်စာ ကို ယူထားလိုက်ပါတယ်။
သုံးလေးရက် ရှိတော့ ကျွန်မလည်း တော်တော်လေး အားပြည့်လာပါပြီ။ ကျွန်မတို့ ဝါးချက်လိုက်သွားပြီး မန္တလေး ကို ကူးမယ်ဆိုတာ ကြားတော့ဦးအောင်ခန့်က မသွားသင့်ဘူး။ အခြေအနေကို အချိန် ယူပြီး စောင့်ကြည့်စေ ချင်သေးတယ်။ စစ်ဦးဘီလူး ဆိုတာ စိတ်ချရသေးတဲ့ ကာလ မဟုတ်ဘူးနဲ့ ဖျက်ပါလေရော။

အဲဒါကို မာမီက လက်ခံစဉ်းစားချင်ပုံ ရပါတယ်။ ကျွန်မတော့ မန္တလေးကို ပြန်ရင် ဘိုးလေး တို့လည်း ပြန်ရောက်ကြမလားမသိ။ ဒါဆိုရင် ကျွန်မတို့ အရင်အခြေအနေအတိုင်း တစုတစည်းနဲ့ ပြန်စရတာ လွယ်လေ မလားလို့ ဘွားလေးတို့ကို အားကိုးစိတ်နဲ့ ပြန်ချင်တယ်ပေါ့။
မာမီနဲ့ ကျွန်မ ပထမဆုံးအကြိမ် ပြဿနာဖြစ်ကြပါရော။ ငယ်ကတည်းက မာမီကို ကြောက်ရတာမို့ မာမီရဲ့ အဆုံးအဖြတ် မှန်သမျှ နာခံလိုက်နာခဲ့ရတာ။ ဒီအကြိမ်မှာ ကျွန်မရဲ့ ဆန္ဒကို ထုတ်ပြော မိတော့ ပြဿနာဖြစ်ရတော့တာပေါ့။ နောက်ဆုံးတော့ မာမီက ကျွန်မရဲ့ဆန္ဒကို လိုက်လျောပြီး ဝါးချက်ကို လိုက်သွား ဖို့ သဘောတူတာနဲ့ မြစ်ဆိပ်ကို ဆင်းရပါတယ်။

အဲဒီအချိန်က ခုခေတ်မှာလို တောင်ရိုးတစ်လျှောက် ကားလမ်းပေါက်သေးတာ မဟုတ်ဘူး။ တစ်နေရာ နဲ့ တစ်နေရာ အသွားအလာ အဆက်အသွယ် အလွန်ကို ခက်ခဲပါတယ်။ ခြေကျင်လျှောက်ရင်လျှောက် ဒါမဟုတ် ကုန်းလမ်း က ဆိုရင် နွားလှည်းကို ငှားပြီး သွားရင်သွား၊ ရေလမ်းကို ရွေးရင်လည်း ငှက်ဆိုတဲ့ သမ္ဗာန်သေးသေးလေးတွေ နဲ့ပဲ ဧရာဝတီမြစ်ကြောကို စုန်ဆန်ရတာပါ။
မြစ်ဆိပ် ကို ဘွားသီလရှင်ကြီးက လိုက်ပို့ပါတယ်။ မာမီကလည်း ရေကို အသေကြောက်တတ်တာ။ ငှားထားတဲ့ ငှက်ဆို တဲ့ သမ္ဗာန်လေးကလည်း သေးသေးလေး။ ကျွန်မရဲ့ စာအုပ်သေတ္တာလေးလေးကြီးကိုတင်လိုက်တော့ ငှက် က လူးသွားတာပေါ့။

ဒီမှာတင် မာမီက ကျွန်မကို အကြီးအကျယ် ဒေါသထွက်တော့တာပဲ။ စာအုပ်သေတ္တာကြီးပါရင် သူမလိုက်ဘူး တဲ့လေ။ ကျွန်မကိုလည်း နင်ကြိုက်ရာရွေးတဲ့ ကျွန်မမှာ မာမီလည်း လိုက်စေချင်၊ စာအုပ်
သေတ္တာကြီး လည်း အတူယူသွားချင်နဲ့ ဗျာတွေများပြီး ငိုချလိုက်တာပေါ့။
ပါလာတဲ့ ဘွားသီလရှင်ကြီး က ကျွန်မကို ကြည့်ပြီး သနားသွားတယ် ထင်ပါရဲ့။
'မိန်းကလေး ငိုမနေနဲ့။ စာအုပ်သေတ္တာကို ထားခဲ့ပြီး လိုက်သွား၊ အဘွားနောက်နေ့ကျတော့ နွားလှည်းငှားပြီး ဝါးချက်ကျောင်း ကို လာပို့ပေးမယ်တဲ့ ၊ ပြောရှာတယ်။ ဒါနဲ့ ကျွန်မလည်းစာအုပ် သေတ္တာကြီးကို အားကလည်း မရှိ၊ မနိုင်မနင်းနဲ့ မနည်းပြန်ချပြီး ထားခဲ့တာပေါ့။'

မာမီ က ကျွန်မကို မျက်စောင်းအခဲသားနဲ့ ကြည့်ပြီး လိုက်လာပါတယ်။ အန်ကယ်အေးလာခေါ်တုန်းက မန္တလေးအိမ် က အထွက် စာအုပ်သေတ္တာကြီး သယ်လာမယ် ဆိုကတည်းက မာမီက ဝန်ကျယ်ပြီးလေးတာမို့ မယူခဲ့ ရဘူး  ပြော ရက်သားနဲ့ ကျွန်မက မာမီအလစ်မှာ အန်ကယ်အေးကို ပြောပြီး တင်လာခဲ့တာဆိုတော့ အဲဒီကတည်း က ဒီစာအုပ်သေတ္တာနဲ့ ကျွန်မကို ကြည့်မရဖြစ်နေတာ ကြာပြီလေ။
ကိုယ့် အပြစ်နဲ့ကိုယ် ဆိုတော့ ကျွန်မလည်း ကုပ်ပြီးလိုက်ခဲ့ရတာပေါ့။ အန်တီလေးတို့ ပေးထားတဲ့ လိပ်စာအတိုင်း ဝါးချက် က ဘုန်းကြီးကျောင်းကို ဆိုက်ဆိုက်မြိုက်မြိုက်တော့ ရောက်ပါရဲ့။ ကျွန်မတို့ကို အန်တီလေး တို့က စောင့်နေခဲ့တာပါပဲ။

မနက်စောကြီး က လူကြုံကောင်းလို့တဲ့။ မန္တလေးကို    ကူးသွားကြပြီဆိုတာ မှာထားခဲ့လို့ သိရတော့ အမော ကြီး မော သွားတာပေါ့။
မျှော်လင့် အားခဲထားသမျှတွေလည်း အစိတ်စိတ်အမြွှာမြွှာနဲ့ တစ်စစီ ဖြစ်သွားသလို ရင်ထဲမှာ ခံစားလိုက် မိပါတယ်။ စစ်အတွင်းမှာ အရာရာက အခြေအနေကို လိုက်ပြီးလှုပ်ရှားရပ်တည် ကြရတာဖြစ်လို့ အန်တီလေး တို့ကိုလည်း အပြစ်မဆိုသာပါဘူး။ မွေးဖွားဖို့ကိစ္စက နံပါတ်တစ်ထားပြီး စဉ်းစားရတာကြောင့် အဆင်ပြေတဲ့ အခိုက် ကို လိုက်ပြီးသွားရတာ ဖြစ်မှာပဲလို့တွေးပြီး စိတ်သက်သာရာ ရှာရပါတယ်။
ဘဝ ရဲ့ တစ်ဆစ်ချိုး လမ်းကွေ့တွေကလည်း ဝင်္ကပါလို အသွယ်သွယ်နဲ့ မျက်စိလည်လမ်းမှား ချင်စရာ အခြေအနေ တစ်ခု ကို ရင်ဆိုင်လိုက်ရခြင်းပါပဲ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၂၂)

ရေ၊ ရေ။ တစ်ဆင့်မှ တစ်ဆင့် လက်ဆင့်ကမ်းလာသော ရေဖြစ်သည်။ ရေပုလင်းထဲတွင် လက်သုံးလုံးမျှ ကျန်ရှိနေသောရေ။ ထိုအချိန်က အမှန်တကယ်သာ သောက်ရမည် ဆိုလျှင် ဤရေပုလင်းမျိုး သုံးလေးပုလင်း သည် အသာကလေး ကုန်းသွားမည် ဖြစ်ပါသည်။ သို့သော် ယခု ကျွန်တော့်ထံသို့ ရောက်ရှိလာသည့်ရောမှာမူ လက်သုံးလုံးစာ မျှသာ။ ကျွန်တော်သည် အာစွတ်သည် ဆိုရုံမျှသာ တစ်ငုံငုံ ထားလိုက်ပြီး လက်ဆင့်ကမ်းလိုက်သည်။ ထို့နောက် ထို့နောက် တစ်ဆင့်ပြီးတစ် တဆင့်။ ကို ဆက်ဖတ်ရန် ....

စစ်မြေပြင် ဆိုသည်မှာ ဒါပဲဖြစ်သည်။ ဖောင်း၊ သေနတ်သံ တစ်ချက်။ ကွင်းပြန့်ကျယ်တွင် သေနတ်သံသည် ကျယ်ကျယ်လောင်လောင် မရှိလှပေ။ ကျွန်တော်သည် သေနတ်သံလာရာဆီသို့ စူးစမ်းကြည့်မိသည်။ ကျွန်တော် တို့အား ပစ်ခတ်ရန် အမိန့်ပေးခြင်း မဟုတ်သဖြင့် ကျွန်တော်တို့ထံမှ ပစ်ခတ်ခြင်းမဟုတ်ကြောင်း ကျွန်တော်ခေါင်း ထဲ၌ အတွေးတစ်ချက် ပေါ်လာသည်။ သို့သော် မတော်တဆ သေနတ်ထွက်သွားခြင်းလေလားဟု ထင်၍ ဒွိဟဖြစ်မိ သည်။ ကျွန်တော့်အတွေး မဆုံးသေးမီပင် ကောင်းကင်တစ်ခုလုံး ထိန်ထိန်မျှလင်းသွားသည်။ လသာခြင်း ထက် ပို၍လင်းသော အလင်းများ ဖြစ်သည်။ ကျွန်တော်တို့ ဦးခေါင်းထက်တွင် ထိန်ထိန်သာ လျက်ရှိသော မီးကျည်တန်းများကို မြင်တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ကျွန်တော်တို့နှင့် ကိုက် ၃၀၀ မျှ ဝေးသောနေရာတွင် ရွာကြီးတစ်ရွာရှိနေသည်။ အုန်းပင်များ၊ ကွမ်းသီးပင်များ၊ အိမ်ကြီးအိမ်ကောင်းများ၊ ရဲဘော် တို့ နေရာယူ ဆရာလုပ်သူ၏ အော်ဟစ် အမိန့်ပေးလိုက်သံကြောင့် ကျွန်တော်သည် ကန်သင်းရိုးကို အကာအကွယ် ယူ၍ သေနတ်ကို ချိန်ထားလိုက်ပါသည်။

အချိန်သည် မိနစ်မဟုတ် စက္ကန့်မျှသာ ကြာမြင့်ပေလိမ့်မည်။ တစ်ဖက်ရန်သူဆီမှ ပစ်လွှတ်လိုက်သည့် ကျည်မီးပွားများသည် ကျွန်တော်တို့ ခေါင်းပေါ်မှလည်ကောင်း၊ ဘေးဝဲယာ ဆီမှ လည်းကောင်း၊ ပြေးလွှားနေ ကြသည်။  ထိုအချိန်အထိ ကျွန်တော်တို့ဘက်မှ သေနတ်သံတစ်ချက် မထွက်သေး။ ပစ်ရန်လည်း အမိန့် မပေးသေး။ ကျွန်တော် သည် ကျည်ပစ်မောင်း ၌ လက်ပစ်သွင်းကာ ပစ်မိန့်ကို စောင့်နေမိသည်။
တက်- ရှေ့ကိုတက်
ကျွန်တော်သည် ဒူးညွှတ်၍ အပြေးတက်ကာ ရှေ့တွင်ရှိသော ကန်သင်းရိုးတွင်ဝပ်၍ နေရာယူလိုက် ပြန်သည်။ သို့သော် အခြားရဲဘော်များသည် တရစပ်ပြေးတက်နေသည်ကို တွေ့လိုက်သဖြင့် ဆက်၍ တက်ခဲ့သည်။ ထိုအချိန်တွင် ကျွန်တော့်ဘေးမှ ရဲဘော်တစ်ယောက်၏ ညည်းညူသံတစ်ချက်ကို သဲ့သဲ့မျှ ကြားလိုက်မိသည်။ လှည့်ကြည့်လိုက်သောအခါ ရန်သူ့ထံမှ ကျည်သင့်ပြီကို သိလိုက်ပါသည်။
တိုက်ပွဲမှာ အလွန်ပြင်းထန်လှသည်။ တစ်ဘက်မှ ရန်သူများသည် အင်္ဂလိပ်စစ်တပ်ဘက်မှ တပ်ဖျက်၍ လက်နက်များ ကို ယူဆောင်လာခဲ့ကြသည့် လေ့ကျင့်သားရသော စစ်သားများ ဖြစ်ကြလေသည်။ ထိုထက် နယ်ချဲ့သမား တို့၏ သွေးခွဲမှုဖြင့် အထင်အမြင် လွဲမှားလျက်ရှိကြသည့် တိုင်းရင်းသားသွေးချင်း သားရင်း များ ဖြစ်သည့် ကရင်အမျိုးသားများဖြစ်ကြလေသည်။

ထိုတိုက်ပွဲတွင် ကျွန်တော်တို့ဘက်မှ အများအပြား ကျဆုံးခဲ့သလို တစ်ဖက်မှလည်း အများအပြား ကျဆုံး ကြလေ သည်။ သန်းခေါင်ယံက စတင်ခဲ့သော တိုက်ပွဲသည် ယခုအခါ မိုးစင်စင် လင်းခဲ့လေပြီ။ တိုက်ပွဲအရှိန် ကပြင်းထန်ဆဲ ပင်ရှိနေသည်။ ကျွန်တော်တို့တပ်များသည် ရှေ့သို့ပင် မတိုးနိုင်အောင် တစ်ဖက်မှ တရစပ် ပစ်ခတ်လျက် ရှိသည်။
နံနက်နေ သည် ခေါင်းပေါ်သို့ ရောက်လာပေပြီ။ ထိုမှ မွန်းတည့်၊ ထို့နောက် မွန်းလွဲ၊ ညနေစောင်းသို့ တိုင်ခဲ့ သည်။ ကျွန်တော် တို့တွင် အစာလည်းမစားရ၊ ရေလည်းမသောက်ကြရသဖြင့် အလွန်ပင်ပန်းလျက်ရှိနေကြ ပါသည်။ သို့သော် တစ်ဖက်မှ ပစ်ခတ်နေသော ကျည်ဆန်များကြား၌ ရွေ့လျားရန်ပင် ခဲယဉ်းလှသည့် အချိန်တွင် မည်သို့ မျှ မတတ်နိုင်ကြပေ။ ကျွန်တော်ပါဝင်သော တပ်စိတ်တွင် မောင်လှိုင်၊ ထွန်းမောင်တို့ ကျဆုံးသွားခဲ့ပါပြီ။

ညဥ့် ၁၀ နာရီခန့်တွင် တိုက်ပွဲ အရှိန်ပျော့်သွားသည်။ ကျွန်တော့်ထံသို့ တရုတ်ပဲမုန့်နှစ်ခုနှင့် ရေပုလင်းတစ် ပုလင်း ကို ရဲဘော်သောင်းအိ လာပေးပါသည်။ ကျွန်တော့် တစ်သက်တာတွင် ထိုနေ့ညက စားခဲ့ရသော တရုတ် ပဲမုန့်နှင့် ရေလောက် အရသာထူးသော အရသာကို ယခု အသက်အရွယ်ရောက်သည့်အထိ မခံစား မိသေးဟု ထင်မှတ် မိသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ညနှင့် တစ်နေ့လုံးလုံး အစာရေစာမစားဘဲ နေခဲ့ ရပါသည် မဟုတ် ပါလော။
ထိုညက ကျွန်တော်တို့ မြေမွေ့ရာနှင့် ကန်သင်းကို ခေါင်းအုံးကာ တစ်ယောက်တလဲ အိပ်ခဲ့ကြရသည်။ တစ်ဖက် မှ ပစ်ခတ်သံစဲသောအချိန်သည် သန်းခေါင်ခန့်ဟု ထင်မိသည်။ အလွန်ပင်ပန်းနွမ်းနယ်ခြင်းကြောင့် စိတ်လျှော့ လိုက်သောအခါ ချက်ချင်း အိပ်ပျော်သွားခဲ့လေသည်။ ၂ နာရီမျှ အိပ်လိုက်ရသည်ကို ၂ မိနစ်ခန့် ဟု ထင်လိုက်မိ သည်။ ကျွန်တော် အိပ်ဖန်စောင့်ရန် နိုးရာတွင် ကျွန်တော့် မျက်လုံးများ လုံးဝ ဖွင့်မရနိုင်ခြင်း ကြောင့် ရဲဘော်စိတ် ရှိသော ကိုသောင်းအိသည် မအိပ်တော့ဘဲ ကျွန်တော် အိပ်နေသည်ကို ခွင့်လွှတ်လိုက် လေသည်။

“မြလှိုင် သောင်းအိ ဆရာရွှေဂဲနဲ့ ကင်းထောက် လိုက်သွားရမယ်”
တပ်စုမှူး ဗိုလ်သိန်းအောင်၏ ထားဝယ်သံဝဲ၀ဲဖြင့် အမိန့်ပေးသံများကိုလည်း လက်ခံခဲ့ ဆရာရွှေဂဲနှင့်အတူ ရွာဆီ သို့ မိကျောင်းတွားသွား၍ တက်လာခဲ့ကြသည်။ တတောင်ဆစ်များ ပွန်းကုန်သည်။ ရင်ဘတ်များ ပဲ့ကုန်သည်။ ဤကဲ့သို့ တဆစ်ဆစ် ကိုက်ခဲခံရခြင်းထက် ပြေး၍ တက်သွားလိုက်ချင်သည်။ ကျွန်တော်သည် ရှေ့သို့ လှမ်းကြည့်မိလိုက်သည်။ ရှေ့ကိုက် ၂၀ ခန့်ရောက်နေပြီဖြစ်သော ဆရာရွှေဂဲကို တွေ့လိုက်ရသည်။ ထို့နောက် ကျွန်တော်သည် သူ့နောက်မှ ရဲော်သောင်းအိ၊ ကျွန်တော်သည်သာ နောက်ဆုံးမှ ဖြစ်သည်။ ကျွန်တော်သည် စိတ်မရှည်နိုင်တော့ သဖြင့် မိကျောင်းတွား သွားနေရာမှ ကုန်း၍ ထလိုက်သည်။ ထိုအခါ ကျွန်တော့်နားထဲသို့ မအေနှမ ဆဲသံသည် ဆရာရွှေဂဲ၏ နှုတ်မှ အလုံးအရင်းဖြင့် စုပြုံကြီး ကျွန်တော့်နား ထဲသို့ ရောက်လာ ပါတော့သည်။
ကုသိုလ်ကံ ကောင်း သည်ဟု ဆိုရပါမည်။ ကျွန်တော်တို့ ၃ ဦး ရွာထဲရောက်ရှိချိန်တွင် တစ်ရွာလုံး ပြောင်းရွှေ့ သွားကြသည် ကို တွေ့ရပါသည်။ ရွာတွင်း၌ လူသူများသာမဟုတ်။ ကျွဲနွားဝက် ရိက္ခာများကိုပါ စနစ်တကျ သယ်ဆောင် သွားခဲ့သည်ကို တွေ့ရပါသည်။ မသယ်နိုင်သည့် စပါးများကို မီးရှို့ထားပစ်ခဲ့သည်။

ကျွန်တော်တို့ သုံးယောက် တစ်နာရီကျော်မျှ ရွာအတွင်း လှည့်လည်စစ်ဆေးကြည့်ရှုပြီးနောက် စိတ်ချရသော အခြေအနေ တွင် ရှိကြောင်း ဆတ်သားအဖြစ် ကျွန်တော့်ကို လွှတ်၍ အကြောင်းကြားစေပါ သည်။ ထိုညက ကျွန်တော်တို့ တတွေ ကြက်သားဟင်း၊ အုန်းရေများကို တ၀ စားသောက်ကြရလေသည်။
ကျွန်တော် ၏ စစ်သားဘ၀ ပထမဦးဆုံး တိုက်ပွဲပါတကား။
...............................................................................................................
“သန်း ကိုယ်ကို ကတိဖျက်တယ်ဆိုပြီး မုန်းသွားပြီလား”
ချစ်သူသန်းသန်းက ခေါင်းခါပါသည်။ ကျွန်တော်သည် ဖျာပုံသို့ ပြန်ရောက်လျှင်ရောက်ချင်း သန်းသန်းထံ စာရေး အကြောင်းကြား ခဲ့သည်။ ချစ်သူထံသို့ အကျိုးအကြောင်းပြောမပြရဘဲ တိတ်တဆိတ် စစ်ထွက်ခဲ့ရသည်ကို ရှင်းချက် များ တသီတတန်း ရေးပြပြီး လျှောက်လဲချက်ပေးလိုက်သည်။ ထိုစာနှင့် အတူ တွေ့ခွင့် လည်း တောင်း လိုက်သည်။
သည်တစ်ခါ တွင်တော့ ချစ်သူသန်းသန်းသည် သေရွာပြန် ချစ်သူအား အထူးအခွင့်အရေး တစ်ရပ်အဖြစ် သူ၏ အဒေါ်အိမ် အပေါ်ထပ်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ချစ်သူနှင့် တွေ့ရပြန်တော့လည်း တမေ့တမော ချစ်သူ မျက်နှာ ကို ကြည့်နေမိသည်။ ချစ်သူ၏ ပါးပြင်ပေါ်သို့ အနမ်းမိုးများ ရာထောင်မက သွန်းဖြန်းပေး လိုက် မိသည်။

    “ကဲ… ပြောစရာတွေ ရှိတယ်ဆိုတာ ဘာလဲပြော “
    “ချစ်တယ်… သိပ်ချစ်တယ်“
    “ဟင်.. ဒါပဲ နောက်မတွေ့ဘူး“
    “ရော်..လုပ်ပြီ၊ သန်းနဲ့တွေ့တော့ ပြောစရာတွေ မေ့ကုန်ပြီလေ“
    ချစ်သူ၏ မျက်လုံးတွင် အပြုံးရိပ်တို့ ထင်လာသည်။ ထိုအခါ ကျွန်တော်ကဲ ပြန်သည် ။ ချစ်သူ ၏ နှုတ်ခမ်းအစုံသည် ပန်းအငုံသာ ဖြစ်ဘိမူ ကျွန်တော့် အနမ်းတွင် နွမ်းကြေသွားဖွယ် ဖြစ်ချိမ့်မည်။ တမေ့တမော သက်ဝင် လှုပ်ရှားနေသော အချိန်ကလေးများသည် အချစ်များဖြင့်သာ လူးခြယ်ထားသကဲ့သို့ ဖြစ်ခဲ့ရသည်။ စက္ကန့်ကလေး များ မိနစ်ကလေး များ၏ အစိတ်အပိုင်း များစွာထဲမှာ တစ်စိတ်တစ်ပိုင်းမျှပင် ကျယ်ပြောသော အတိုင်းအဆ မရှိ သမုဒ္ဒရာဟု ထင်မိသည်။
    “သန်း…. ကိုယ်တို့နှစ်ယေက် အတူနေမယ်“
    “ဒီတစ်ခါ ဘယ်ထွက်သွားဦးမှာလဲ ဟင် “
    ချစ်သူ၏ အမေး တွင် သံသယ စကားဝှက် ပါလာလေသည်။ ထိုအခါ ကျွန်တော် ရင်မောရပြန်သည်။ အဖြေစကား အတွက် စကားလှစီခြယ် မပြနိုင် ဖြစ်ခဲ့ရသည်။ တိကျ တိပသော အဖြေကို ကျွန်တော် မပေးနိုင်ခဲ့။ အမှန်က ကျွန်တော် သည် မိမိကိုယ်ကို မိမိမပိုင်သော စစ်သားတစ်ယောက် မဟုတ်ပါလား။

    “ပြောလေ…. မောင် ဘယ်တော့ စစ်ထွက်ရဦးမှာလဲ“
    “မသိသေဘူး သန်း၊ ဒါပေမယ့် ဒီတစ်ခါ သန်းကို ခိုးပြေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီပြီ၊ သန်းကို ကိုယ် မခွဲနိုင် ဘူး။ ကျွန်တော်၏ အရူးအမူးစကားရပ်ကို  ချစ်သူက အလေးအနက်ထား စဉ်းစားပါသည်။ ကျွန်တော့် တွင် ဖမ်းစားနေသော အချစ်ရောဂါအတွက် သူပေးလာသော အကြောင်းပြချက်များသည် ကျွန်တော် ဘဝင်မကျသော် လည်း လက်ခံလာခဲ့ရသည်။
    ''မောင်ကိုယ်မောင် မပိုင်သေးတဲ့ဘဝမှာ ဘယ်လို မိန်းမယူလို့ ဖြစ်ပါ့မလဲ မောင်ရယ်၊ စစ်ရေးနဲ့ ပတ်သက်လာရင် မောင် ဘာဆိုဘာမှ ပိုင်ဆိုင်နိုင်သူမဟုတ်ဘူးလေ၊ ဒါလဲ မောင်အသိပဲ မဟုတ်လား၊ ဒီကြားထဲ သန်း ကို မောင်ခိုးပြီးပြီ၊ ပေါင်းကြပါပြီတဲ့…၊ မောင် စစ်ထွက်သွားရင် မောင်ဇနီးမယား အနေနဲ့ ဘယ်လိုနေခဲ့ ရ မလဲ၊ မောင့်မိဘ အိမ်မှာလား၊ သန်းမိဘ အိမ်မှာလား…''
    ချစ်သူ ၏ အမေးသည် မျက်စိတစ်စုံးကို ကြည့်၍ မေးသော အမေးမျိုးမဟုတ်ဘဲ ဘဝတစ်သက်တာ ၏ အိမ်ထောင်ရေး ကို အခြေချရန်အတွက် မေးသင့်မေးထိုက်သော မေးခွန်းတစ်ရပ် ဖြစ်ခြေသည်။
   
ကျွန်တော် သည် သန်းသန်း၏ အမေးကွန်ယက်တွင် အဖြေရခက်နေသည်။ ကျွန်တော့်တွင် သန်းသန်း ကို ခိုးယူ ထွက်ပြေးရန်း ကြံစည်နေသည် ဆိုရ၌ပင် သေချာတိကျသော အစီအစဉ်ဟူ၍ သတ်သတ်မှတ် မှတ် မရှိခဲ့သည်မှာ အမှန်။ နောင်ခါလာ နောင်ခါဈေး၊ လးကြီးမိဘများသည် ကျွန်တော်တို့ လူငယ်များ ၏ ချစ်ရေးကြိုက်ရေး တွင် ခေတ္တမျှ မကျေမချမ်း ဖြစ်ကြမည်မှမပ ၊ နောက်သောအခါ ပြေပျောက်ကျေ နပ်လိမ့်မ်ာဟု ထင်နေမိ သည်။ ဤအချက်သည်ပင် ကျွန်တော်၏ ပျော့ကွက်ဟာကွက် ဖြစ်နေပါသည်။
လောလောဆယ်တော့ သန်းကို ကိုယ် ခိုးပြေးပြီး ကျန်တဲ့ကိစ္စတွေကို ကိုယ်တို့နှစ်ယောက် အတူတူ ''စဉ်းစား အဖြေရှာချင်တာပဲလေ... ''
'' မဟုတ်သေးဘူး မောင်ရယ် ခုအခါက တစ်ယောက်ကို တစ်ယောက် အချိန် အခြေအနေက စဉ်းစား ခွင့် အများကြီး ပေးထားပေမယ့် လင်ရယ် မယားရယ်လို့ ဖြစ်လာပြီးရင် စောစောက ရထားတဲ့ အချိန်အခါ အခြေအနေတွေ ဟာ ကုန်ဆုံးသွားလိမ့်မယ်၊ အဲဒီအခါမျိုးမှာ စဉ်းစားခြင်း အတွက် မဟုတ် တော့ဘဲ လုပ်ရမယ့် အချိန် ကိုသာ လုယူနေရတော့မှာ ဘာကြောင့်လဲဆိုတော့ လင်မယား ဖြစ်နေကြပြီ မဟုတ်လား၊ ဒါပေမယ့် မောင့် သဘောပါ''

ချစ်သူသည် သူပြောသင့်သည် ထင်သော စကားရပ်များကို ကျွန်တော်အား ခြွင်းချန် ထိမ်ကွယ်ခြင်း မရှိ ဘဲ ပြောခဲ့ခေပြီ၊ ကျွန်တော့်ဘက်ကသာလျှင် ချစ်သူပြောသည့် စကားများထဲမှ အဖြေရှာရန် ဖြစ်သည်။ သန်းသန်း သည် ကျွန်တော် အခြေအနေမှန်ကို မသိခြင်းသာ ဖြစ်ပါသည်။
''သန်း ကို ကိုယ်အဖြေပေးမယ်''
''ဘယ်တော့လဲ''
''နောက်တစ်နေ့တွေ့ရင်ပေါ့''
''မနက်ဖြန်ပဲပြောမယ်''
သန်းသန်း သည် ကျွန်တော်အား ကလေးငယ်တစ်ဦးသဖွယ် ထင်မှတ်ဟန်ဖြင့် သက်ပြင်းတစ်ချက် ရှိုက်၍ ထုတ်လိုက် ပါသည်။ သန်းသန်း သည် အသက်အားဖြင့် ကျွန်တော်ထက် နှစ်နှစ်ခန့် ငယ်ရွယ်သော် လည်း တွေးဆနှိုင်းချိန်မှု အရာတွင်မူ လူကြီး တစ်ယောက်ျပမာ ဖြစ်ဘိသည်။ ကျွန်တော် သည် ကလေးဆိုး သဖွယ် ဇွတ်တွယ်ကပ်နားပူတိုက်ျနေသည့် ကြားမှပင် သန်းသန်းက ဖြစ်နိုင်ခြင်းနှင့် မ ဖြစ်နိုင်ခြင်းကို ခွဲ၍ရှင်းပြ ပါသည်။

''မြန်လွန်းလှတယ်လေ တစ်ပတ်လောက် စဉ်းစားပြီးမှ အဖြေထုတ်ကြရင် ပိုကောင်းမယ် ထင်တယ်''
''ကိုယ်... သန်း ကို နေ့တိုင်းတွေ့ချင်တယ်၊ တွေ့ကိုတွေ့ရမှ ဖြစ်မယ်.... ''
သန်းသန်းက ပြုံးသည်။ ကျွန်တော်လက်ကို ယုယစွာ ကိုင်တွယ်၍ နမ်းရှုပ်လိုက်သည်။ ထို့နောက် ကျွန်တော် ဆံနုကလေး ကို သပ်ကာ မိခင်ပမာ နဖူးပြင်ပေါ်သို့ ဖွဖွကလေး အနမ်းဆုကလေးများ ခပ်နှိပ်ပေးသည်။ သန်းသန်း ၏ ကိုယ်သင်းနံ့သည် အချစ်ရူး ကျွန်တော်အတွေးများကို တည်ငြိမ်သွား စေပါသည်။
''နေ့တိုင်းတွေ့လို့ မဖြစ်နိုင်ဘူး မောင်ရယ်၊ ဖေဖေတို့က ဒေါ်ဒေါ်လာခေါ်လို့သာ ထည့်လိုက်ရာ၊ တကယ်တော့ အိမ်လည်တာ ကို မကြိုက်ကြဘူး၊ နောက်ပြီး နေ့တိုင်းဆိုရင် ရိပ်မိသွားလိမ့်မယ်၊ ဒီတော့''
ကျွန်တော်သည် ချစ်သူပြောစကားများကို နားထောင်ရင်း တိုတောင်းသောအချိန်းများ ကုန်ဆုံးသွား မည်ကို စိုးရိမ် ပူပန်နေ မိသည်။ ချစ်သူအား မတွေ့မဖြစ်လောက်အောင် မရမက နားပူနားဆာ ပြုခဲ့ပြီး တကယ်တမ်းတွေ့ သည့်အခါ ဘာမျှ မည်မည်ရရ ပြောပြ နိုင်သည် မဟုတ်ခဲ့ပေ။ သို့တစေ ချစ်သူများ ပီ ပီ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်နေရခြင်းသည်ပင် ပြီးပြည့်စုံသည်ဟု ထင်မှတ်ထားသူ ဖြစ်ပါ သည်။

ယခု.... ကျွန်တော်...။
ကျွန်တော်ဆိုသည်မှာ အရပ်က အောကြောလန်သော မောင်မောင်။
အနှီကဲ့သို့သော သူတစ်ယောက်နှင့် ဦးစစ်ရှိန်ကဲ့သို့သော လူတစ်ဦးတို့သည် သမီးယောက္ခမတော် ကြပြီ ဆိုငြားအံ့၊ အရပ်တကာတို့တွင် မိုးနှင့်မြေကြီး ထိသွားခြင်းဆိုသည့် သတင်းကို ကြားရခြင်း ထက် အံ့သြကြပေ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော ကျွန်တော်ဆိုသော မောင်မောင်သည် မိဘငွေကို ရေလို သုံးသည်။ နံနက်မှ အိမ်က ထွက်လျှင် ညဥ့်နက်မှ အိမ်သို့ ပြန်သည်။ တအုန်းအုန်း တဖုန်းဖုန်း ရိုက်သည့်ကြားမှ မဖြုံ။ ရိုက်ျသည့် သူက နောက်ဆုံး လက်မြှောက် အရှုံးပေးရသူ ဖြစ်သည်။ ဤမျှသာလော... မဟုတ်သေးပါ။ အရပ်ထဲတွင် လက်စွဲ တော် ကလေးတစ်အုပ်နှင့် မျောက်ရှုံးအောင် ဆော့သဖြင့် အများတကာ တို့၏ အော့နှလုံးနာ ဘွဲ့တံဆိပ် ရသူ တစ်ဦးလည်း ဖြစ်သည်။

ဦးစစ်ရှိန်သည် ကျွန်တော်အား ငယ်ငယ်က ဤသို့အကြောင်းများကိုလည်း သိသည်။ ကြီးလာသောအခါ သူ့ကဲ့သို့သော စီးပွားရေးသမား ပီပီသသ ဖြစ်မလာဘဲ နိုင်ငံရေးသမား တစ်ဦး ဖြစ်လာသည်ကိုလည်း သိသည်။ ထို့ပြင် ယခု တိုင်းပြည်ရေး အခြေအနေများသည် အမြစ်မှစ၍ ပြောင်း လဲသွားပြီးနောက် ဗမာ့လွတ်လပ်ရေး တပ်မတော် အဖြစ် ဖွဲ့စည်းလာသော တပ်ဖွဲ့တွင်းသို့ ဝင်ရောက် သွားခဲ့သော ရပ်ဆွေရပ်မျိုး ဖြစ်ခြင်းကြောင့်လည်း ကျွန်တော် အကြောင်းများ အူမ၊ချေးခါး မကျန် သိထားသူ ဖြစ်သည်။ သို့ဖြစ်ရာ ကျွန်တော်အနေဖြင့်မူ ချစ်သူသန်းသန်း ကို မည်သို့မဆို ခိုးယူထွက် ပြေးရန် ဆုံးဖြတ်ထားဖြစ်ပါသည်။

တစ်ခါက....
မာဂုရက်ဆိုသော ကောင်မလေး တစ်ယောက်ကို အရူးအမူး ချစ်၍ ဘဝတစ်ခုလုံး ပျက်ပြုန်းအံ့ဆဲဆဲ ဖြစ်ခဲ့ရသည်။ မာဂရက်ကို ချစ်ခဲ့စဉ်က ကျွန်တော် စိတ်ထဲတွင် မာဂရက် တစ်ယောက်သာလျှင် ချစ်စရာ ခင်စရာ၊ တွယ်တာစရာ မြတ်နိုးစရာဟု ထင်မှတ်၍ တစိုက်မတ်မတ် အချစ်၏ သားကောင် အဖြစ် နှလုံးကြေအက် အသည်းကွဲ ဇာတ်လမ်းကြီး တစ်ခုကို ကပြခဲ့သည် မဟုတ်ပါလော။
ထိုရောအခါက မိခင်ျကြီးသည် သားမိုက်၏ ကုရာနတ္တိ ဆေးမရှိသည့် ဝေဒနာကို နည်းအမျိုးမျိုးဖြင့် ကု စားပေးခဲ့ ရသည်။ ဒဏ်ရာကို ဆေးသိပ်၍ မှေးမှိတ်အိပ်စက် စေခဲ့သည် မဟုတ်ပါလော။ ထိုအချိန် ထို အခါများက ရက်ပေါင်း လပေါင်း များစွာ ကျော်လွန်ခဲ့သည်ကား မှန်သည်။ ထိုမှ တစ်ဖန်-
ထား....မမထား။

တစ်လင်ကွာ တစ်ခုလပ် ထား ဆိုသူ၏ ထဘီဖျားခတ်မှုကြောင့် နှာနှပ်ယူရမည့် ဘဝသို့ ရောက်ခဲ့ပြန် သည်။ ထိုအချိန်တုန်း ကလည်း လည်လွန်းသည့် ဘီး ချေးသင့်ခြင်းဟု အများတကာ၏ နှုတ်ဖျားမှ လက်မတင်ကလေး လွတ်မြောက် လာခဲ့ရသည် မဟုတ်ပါလေား။ ထိုအချိန်က ကျွန်တော် ဆိုသော မောင်မောင်၊ ဖနောင့်နှင့် တင်ပါး ပြေးနိုင်၍သာ လွတ်ခဲ့ရသည်။ ထိုထက် ဓာခုတ်လက်ရာလျှို၊ မိန်းမငတ် တပည့်ကျော် က မောင်မောင်လက်ကျန်ကို ဆက်လက်အမွေခံ၍သာ တော်ရော့သည် မဟုတ်ပါလား။

ကျွန်တော်သည် အရွယ်ကလေး မလောက်လေး မလောက်စား လူပျိုပေါက်ကလေး အရွယ်ကစ၍ မိန်းကလေး များနှင့် တစ်ယောက်ပြီးတစ်ယောက် ဆက်သွယ်ခဲ့သည်။ မြန်မာစကားကို ပီပီသသ မပြော တတ်သည့် တရုတ်မ ကလေး ကျင်မိကိုပင် လက်ဟန်ခြေဟန်နှင့် ကြားပွဲစား စကားပြန်ထား၍ ရည်းစား ထားခဲ့သည် မဟုတ်ပါလား။ ထို့နောက် ရန်ကုန်သို့ ပြန်ရောက်တော့လည်း စကောဈေးတစ်ခွင် ပြဲပြဲ စင်အောင် ခြေဖြန်း၍ အနှံ့ ပွေခဲ့ပြန်ရာ ခင်ခင် ဆိုသူ၏ တစ်ပတ်ရိုက်ခြင်းကို ခံလိုက်ရသောအခါမှ နောထိုင်သာ ရှိခဲ့လေသည်။ ထို့နောက် ဖိနပ် သည် ဒေါ်စိန်စိန်၏ ညီမချော ခင်ကြည်ကြည်....။
ခင်ကြည်ကြည် ကိုမူ ကျွန်တော်မိဘများက မိန်းကလေး ပီသသည်ဟု ပြောုသည်။
သူ့ကိုတွေ့တော့ လည်း ကျွန်တော် အသည်းစွဲပြန်သည်။ လူကြီးများ မျက်နှာပေးသည်ကို အခွင့်အရးယူ၍ ခင်ကြည်ကြည် ၏ အိမ်ဦးခန်းတွင် ထိုင်ကာ အမြိုင့်သား ရည်းစားစကား ပြောခဲ့သည်။ လူကြီးများချင်း သဘောတူကြ သဖြင့် အနေချောင်သည်။ အပြောချောင်သည်။

ထိုအခွင့်အရေးများသည် ကျွန်တော်တစ်ယောက်အဖို့  အဟာဒုတ်မဲ ပေါက်သည့်နှယ်၊ ခင်ကြည်ကြည် ၏ ယုယမှု ကို အပြည်အဝ ခံစားခဲ့ရသည်။ သို့သော် ဖျာပုံသို့ ရောက်သောအခါ ခင်ကြည်ကြည်၏ သဏ္ဍန်သည် ကျွန်တော် ရင်တွင် မှေးမှိန်ပျောက်ကွယ်ခဲ့ရပြန်သည်။
သန်းသန်း...။
သန်းသန်းကား ကျွန်ျတော် ရည်းစားတွေ မှိုလိုပေါက်ထားသည်ကို မသိရှာ။ ရန်ကုန် မှ ကျောင်းပိတ် ပြန်လာပြီး ကတည်က  ကျွန်တော် တစ်ယောက် အချိန်ရခိုက် လျှောက်ပြန်သံပေးလုပ်ရင်း  လစ်လျှင် လစ်သလို စာတက်ပေး သည်။ ချစ်စကား ပြောသည်။ အချိန်ကြာမြင့်လာသောအခါ သန်းသန်းသည် ကျွန်တော်အား အထက် ကဖော်ပြသကဲ့သို့ ချစ်သူဘဝသို့ ရောက်ခဲ့သည်။
ကျွန်တော် သည် သန်းသန်းကို တကယ်လည်း ချစ်သည်။
ကျွန်တော့် ရည်းစားတွေထဲ ၌ သန်းသန်းကို အချစ်ဆုံး။
အို..... အများကြီး၊ တကယ်ကို အများကြီး။

ချစ်သူဘဝ ချစ်သူမဖြစ်တဖြစ်ဘဝ၊ ချစ်သူဖြစ်မည့် ဖြစ်ဆဲဘဝ စသည့် မိန်းကလေးပေါင်းများစွာ၏ မောင်မောင်၊ အနှီမောင်မောင် သည် ယခုတော့လည်း ဘဝပေး အကြောင်းများကြောင့် ပြောင်းလဲခဲ့သည်ဟု ဆိုရမည်လား၊ သို့တည်းမဟုတ် ပတ်ဝန်းကျင်၏ ရိုက်ပုတ်မှု ကြောင့် ပင်လား၊စည်း နှင့်ကမ်းနှင့် နေထိုင်ရသည် ဖြစ်လေရာ အရပ်သား တစ်ယောက်ကဲ့သို့ အနေအစား၊ မချောင်လှပါ။ အထက်မှ ပေးအပ်သော အမိန့် ဆင့်ကဲဆင့်ကဲ အုပ်ချုပ်မှုအောက် တွင် သွားလာလှုပ်ရှားရသည်။
တစ်နေ့တာ၏ အချိန်များ အားလုံးသည် စစ်သားတစ်ယောက် အဖို့ အားလပ်သည်ဟူ၍ လုံးဝမရှိနိုင်ပေ။ မနက် အိပ်ရာထသည်မှသည် အိပ်ရာဝင်သည် အထိ ဇယားချ လုပ်ငန်းများဖြင့် နေထိုင်ရသည့် လူတန်းစား တစ်ရပ်ဟု ဆိုက မမှားနိုင်ဟု ထင်ပါသည်။

မိခင်ကြီးသည် ကျွန်တော်လို သားမိုက်တစ်ယောက်အား နည်းလမ်း များစွာဖြင့် ဘဝ၏ ပန်းဝင်ရေးကို ကြိုးစားပေးခဲ့သည်။ နိုင်ငံနှင့် လူမျိုးကို ချစ်တက်သော စိတ်ဓါတ်ကို သွင်းပေးသည်။ နယ်ချဲ့ ဆန့်ကျင်ရေး လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်သည်ကို အားပေးမြှောက်ခဲ့သည်။ သေသေချာချာ စဉ်းစား ကြည့်လျှင် ကျွန်တော်အား ဖယောင်းကဲ့သို့ ပုံသွင်းပေးသူမှာ လက်ဦးမည်ထိုက်စွာဆိုသည့် မိခင်ကြီးဖြစ်၍ ဒုတိယ သွန်သင်ဆုံးမသူများမှာမူကား မြို့မ အမျိုးသား အထက်တန်းကျောင်းမှ ဆရာ ဆရာမများနှင့် ပေါင်းဟောင်း သူငယ်ခင်းကောင်းများကြောင့် ဟုသာ ဆိုနိုင်ပါသည်။ မှတ်မိပါသေးသည်။
ကျွန်တော်ထပ်၍ မှတ်မိနေသေးသည်။

သင်္ဘောထွက်အံ့ဆဲဆဲ မာဂရက်ထံမှ လက်ဆောင်ပစ္စည်း တစ်ထုပ် ရခဲ့ခြင်းဖြစ်သည်။ မိခင်နှင့် အစ်ကို ဖြစ်သူရှေ့တွင် ဖွင့်၍ မကြည့်ရဲသဖြင့် တော်ရာချောင်တွင် ဖွင့်ကြည့်ခဲ့ရသည်။ အဆက်ဖြတ်၍ အဖက်မလုပ်တော့ဟု စစ်ကြေညာ၍ ချစ်သူအဖြစ်မှ ပြတ်စဲခြင်းခံရသူ ကျွန်တော့်လက်ဝယ်တွင် လက်ဆောင် ပစ္စည်း များနှင့် ကျောင်းပြန်နေသည် ဆိုခြင်းကြောင့် အားပေးသော စာတစ်စောင်တို့ ဖြစ်ပါသည်။ ကျွန်တော်တွင် အဟောင်း သည် အသစ်တစ်ဖန် ဖြစ်ခဲ့ပြန်ပြီး နှလုံးသားဒဏ်ရာက ခံစားလားရပြန်သည်။
လွန်လေပြီးသော အကြောင်းအရာသည် စဉ်းစားလေတိုင်း မဆုံးနိုင်သော မြွေကြီးလင်းမြွေပမာ အဟောင်း အဟောင်းတို့ ပျောက်ကွယ်ပျက်သုဉ်းခဲ့သလို အသစ်အသစ်တို့သည်လည်း မွေးဖွားသန့်စင် ခဲ့ကြသည့် အတိုင်း ကျွန်တော်အဖို့ တွင်လည်း အဟောင်းများ သေဆုံးခဲ့ပြီး အသစ်များ မွေးဖွားရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။

လူပွေမောင်မောင် ဘဝမှ နိုင်ငံရေးသမား သခင် မြလှိုင်၊ ထိုမှသည် ယခု စစ်သားမြလှိုင်အဖြစ် မွေးဖွား ပြန်ပေပြီ။
စစ်ထဲ ဝင်ရာက်ခြင်းအတွက် ကျွန်တော်ကို မိခင်ဖြစ်သူက တားမြစ်ခဲ့ခြင်း မရှိသလို ကျွန်တော် ကိုယ်တိုင် ကလည်း စိတ်အားထက်သန်စွာ ဝင်ရောက် ခဲ့ခြင်းဖြစ်သည်။ ကျွန်တော်သည် စစ်သား တစ် ယောက်၏ ပင်ပန်းဆင်းရဲမှု ကို လက်တွေ့ စစ်ထဲ ဝင်ကြည့်သောအခါ တွင်မှ နဖူးတွေ့ ဒူးတွေ့ ခံစားခဲ့ရသူပီပီ ပထမအစ၌ အလွန် စိတ်ပင်ပန်းဆင်းရဲခြင်း ဖြစ်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ သို့သော် ကျွန်တော် ပင်ကို ဗီဇစိတ်တွင် တိုင်းပြည်နှင့် လူမျိုးကိုချစ်သော စိတ်က လွှမ်းမိုးနေခြင်းကြောင့် ယင်းကဲ့သို့ ပင်ပန်းဆင်းရဲမှုများသည် လှုပ်ရှား ရုန်းကန်ရင်းမှ ပပျောက်သွားခဲ့လေသည်။

နုနယ်သော ကျွန်တော် နှလုံးသားတွင် ခံစားမှုကလေးများ ကပ်ငြိလျက် ရှိသည်။ စစ်ထွက်အံ့ဆဲဆဲ ကာလက မိမိချစ်သူ အား နှုတ်ဆက်ရန် အခွင့်အရေး မရခဲ့သဖြင့် လမ်းတစ်လျှောက်လုံး တနုံ့နုံ့ ခံစားခဲ့ရသည်ကို လည်းကောင်း၊ ချစ်သူ၏ ရှေ့မောင်တွင် ချစ်ခြင်း မေတ္တာသည်သာ ကိုးကွယ်ရာဟု ထင်မှတ်၍ ကလေးငယ်ပမာ အိမ်ထောင် တည်ဆောက်ရေးကို သွားရည်စာစားရန် ပူဆာသကဲ့သို့ လည်းကောင်း ပြန်လှန် စဉ်းစားကြည့်သော အခါ ရရာသော အဖြေကို ရှာမတွေ့ နိုင်အောင် ဖြစ်ခဲ့သည်မှ တစ်ပါး အခြား အဖြေအသစ်လည်း ပေါ်မလာခဲ့ပေ။ ကျွန်တော် ၏ အတွေးမျှင်သည် ဂျာအေး သူ့ အမေရိုက်သော တေးသွားကဲ့သို့ အဆုံးအစ ရှာမရသည့် အခြေအနေ တွင် ရပ်လျက်ရှိနေပါသည်။

''ဟေ့... မြလှိုင်၊ တပ်ခွဲမှူး ခေါ်နေတယ်''
ကျွန်တော် သည် တပ်ခွဲမှူး၏ ရှေ့တွင် ခြေစုံရပ်၍ အလေးပြုလိုက်သည်။ တပ်ခွဲမှူးက ကျွန်တော် အား ခြေဆုံးခေါင်းဆုံးကြည့်ပြီး သက်သာနေစေသည်။
ထို့နောက်တွင်မူ ကျွန်တော်တို့ တပ်ထဲတွင် ဆက်လက်တာဝန် ထမ်းဆောင်နိုင်ခြင်း ရှိမရှိနှင့် တပ်ထဲ တွင် နေထိုင်ရသည့် ဆင်းရဲပင်ပန်းမှုများနှင့် တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက် လာခဲ့သည့် အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်းစသည် များကို ပြောကြားပါသည်။ ကျွန်တော်သည် တပ်ခွဲမှူး၏ ဖော်ရွေမှု၊ အရေးတယူ စကားပြောဆိုမှုများအတွက် အံ့သြခြင်း ဖြစ်မိသည်။ ယင်းသို့ အံ့သြခြင်း ဖြစ် သည်မှာလည်း ကျွန်တော် တို့မြို့မှ တပ်ထဲသို့ ဝင်ရောက်ကြသူ အားလုံးလိုလိုပင် ဖြစ်ပါသည်။ တပ်ခွဲမှူး သည် ကျွန်တော်တို့ ဖျာပုံမြို့နယ် မှ ဗမာ့လွတ်လပ်ရေါ် တပ်မတော်သို့ ဝင်ရောက်လာခဲ့ကြသူများ အားလုံးကို တစ်ယောက်စီ သီးခြား ခေါ်ယူတွေ့ဆုံကြောင်း သိခဲ့ရလေသည်။

''မြလှိုင် မင်းကို ဗိုလ်စက်ရောင်က ဘာတွေ ပြောလဲကွ''
''တပ်ထဲမှာ ဆက်ဆက်လုပ်မလား မလုပ်ဘူလားတဲ့ကွ၊ နောက်ပြီး တိုက်ပွဲမှာ သူနဲ့အတူ ရွပ်ရွပ်ချွံချွံ အသက်စွန့်  ဆောက်ရွက်ခဲ့တဲ့အတွက် လေးစားဂုဏ်ယူပါတယ်ကွာ၊ ဒါပါပဲ''
''အေး ... ငါတို့ကိုလဲ မင်းကို အခုမေးသလိုပဲ မေးတယ်''
''ဒါ ဘာသဘော လဲကွ တပ်ထဲဝင်ချင်လို့ပဲ ဝင်လာခဲ့ပြီးပဲဟာ အထူးအဆန်းလုပ်ပြီးများ ထပ်မေးရသေး တယ် ဟား ဟား''
ကျွန်တော်တို့ ဖျာပုံသား ရဲဘော်များဝိုင်းဖွဲ့၍ ဗိုလ်မှူး ဗိုလ်စက်ရောင် ပြောကြားသည့် စကားများ ကို ဖောက်သည်ချရင်း စကားလက်ဆုံကျနေကြပါသည်။ ကျွန်တော်တို့ လူသိုက်ထဲတွင် ကျွန်တော်သည် အသက်ငယ် ဆုံးဖြစ်၍ ကျန်ရဲဘော်များမှာ ကျွန်တော်ထက် အသက်အားဖြင့် လည်းကောင်း၊ အတွေ့အကြုံ အားဖြင့် လည်းကောင်း ကြီးမားရင့်ကျက်သူများ ဖြစ်ကြပါသည်။
ထိုအချိန်တွင် ... စစ်ခရာသံသည် ပျံလွင့်လာသည်...။

ကျွန်တော်တို့အားလုံး စုဝေးထိုင်နေရာမှ အပြေးအလွှား တန်းစီ ကြသည်။ သို့သော် ယခုအခါ တန်းစီရာတွင်  အခါတိုင်းကဲ့ သို့ အလံချ တန်းဖြုတ်ရုံမျှ မဟုတ်ဘဲ တပ်ခွဲမှုး ဗိုလ်စက်ရောက်သည် စကား ပြောရန် ကျွန်တော် တို့ ရှေ့တည့်တည့်တွင် ရပ်လျက် ရှိနေသည်ကို တွေ့ကြရပါသည်။
ရဲဘော်တို့....
''ငါတို့ရဲ့ စစ်သေနာပတိချုပ်ရဲ့ အမိန့်အရ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ယနေ့မှစ၍ ဖျက်သိမ်း လိုက်သည်၊ ရဲဘော်တို့ အနေနဲ့  ငါတို့နောက်ထပ် ဖွဲ့စည်းမဲ့ တပ်မတော်ထဲသို့ ဝင်ရောက်လိုသူများ ရှိရင်  မနက်ဖြန်ကစပြီး စာရင်း များ ပေးသွင်းကြစေလိုတယ်။ မဝင်လိုတဲ့ ရဲဘော်များအနေနဲ့ မိမိတို့သဘော အရ မဝင်ဘဲ နေနိုင်တယ်။ ရဲဘော်တို့အတွက် လိုအပ်မယ့် ခရီးစရိတ်နဲ့ ထောင့်ပံ့ကြေးများကို မနက် ဖြန်မှစပြီး ထုတ်ပေးလိမ့်မယ်၊ ငါ့ပြောစကား များကြားကြရဲ့လား''

''ကြားပါတယ်''
''ဒါပဲ.... တန်းဖြုတ်နိုင်ပြီ''
ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကား ဖျက်သိမ်း ခဲ့လေပြီတကား။
မမလေးကိုနော်ဗျ××× သည်မောင်ခိုးမယ်လို့ ×××× လူဆိုးတွေနဲ့ မောင်တိုင်ပင်××× အိုဗျာ မမလေး ကိုတဲ့××××
''ဟေ့လူ ခင်ဗျား သောက်ပါးစပါကြီး ပိတ်ထားစမ်းဗျာ၊ ဒီမှာ စိတ်ရှုပ်ရတဲ့အထဲ သူက တမှောင့်၊ ဟွန်း သောက်လိုက်ကန်းဆိုး မသိတဲ့ နေရာမှာ ခင်ဗျားဟာ နံပါတ် ၁ ပဲ''
''ဟိတ်ကောင် ကျေးဇူးကန်းစကား မပြောနဲ့၊မင်း မိန်းမရဖို့ ငါတို့ ခိုးပေးရမယ် ကောင်က၊ ဟေ- မင်း ဘာပြောချင် လဲ ပေးစမ်း ဆေးတစ်ရှူ''
ကျွန်တော်ည် သန်းသန်းကို ခိုယူရန် သူငယ်ချင်းများ ဖြစ်ကြသည့် ကိုအုန်းမောင်၊ အဘောက်၊ ရွှေအိဝင်းမောင်၊ သောင်းအိ၊ သက်ကြည်စသူများနှင့် တိုင်ပင်နေခြင်းဖြစ်ရာ ကိုသောင်အိသည် မည်သည့် အကြံများ မပေးသည့်ပြင် နောက်ပြောင်နေခြင်းဖြင့်သာ အနှောင်အယှက်ပေးလေ့ ရှိပါသည်။

အမှန်က သန်းသန်းကို ခိုးယူရန် သူငယ်ချင်း ကိုကျောဆိုသူအား တိုင်ပင် ခဲ့ရာတွင် ကိုကျော်သည် ကျွန်တော် အား မိန်းမခိုးရန် သဘောတူသဖြင့် တစ်ဘက်လှည့်ဖြင့် မိခင်ကြီးအား သတင်းပေးလိုက်ရာ မှ ကျွန်တော်အိမ်မှ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ဆင်းပြောလာခဲ့ရခြင်း ဖြစ်ပါသည်။ မူခ အစီအစဉ် အတိုင်းဆိုလျှင်  သန်းသန်း ကို ခို၍ ထွက်မပေးမီ အိပ်တွင် ငြိမ်ငြိမ်ကလေးနေပြီရသမျှ ငွေကြေးများကို အလစ်သုတ်ခဲ့ရန် ဖြစ်ပါသည်။ ယခုမူ ငွေရှာဖွေရေး အစီအစဉ်ကြီး  ပျက်ခဲ့ရသည် သာမက ကျွန်တော်ပင်လျှင် အဝတ်အစား မပါ အိမ်မှ  ဆင်းခဲ့ရလေသည်။
''ကိုင်း...ငွေ ဘယ်ကရမလဲ ''
ငါ့မှာ ငါးကျပ်တော့ ရှိတယ် သူငယ်ချင်း''
အကောက် သည် သူစုဆောင်း သိမ်းဆည်းထားသော ငွေငါးကျပ်ကို အိပ်ကပ် အတွင်းမှ ထုတ်ပေးလာသည်။ သက်ကြည် ၊ ရွှေအိဝင်းမောင်၊ ကိုအုန်းမောင်  သုံယောက် စုဆောင်းလိုက် သောအခါ ခြောက်မူးတစ်ပဲ ရသည်။ ကျွန်တော်လက်ဝယ် အသပြာတစ်ဆယ်သုံးကျပ်ရှိသည်။ ဤငွေကလေးမျှဖြင့် မည်ကဲ့သို့ မိန်းမခိုးယူနိုင်မည်နည်း။
ကျွန်တော်အဖို့ ပွဲထဲက လူပြက်များ ပြောသကဲ့သို့ ထွက်ဟယ်ထွက်ဟယ်နှင့် ထွက်သာလာခဲ့ရတယ်ဟ ငါဘာကောင်ပါလိမ့် ဆိုသည်ကဲ့သို့ ကိုယ်ဘဝကို ကိုယ်တိုင် ရပ်တည်ခြင်း မရှိဘဲ၊ မိန်းမယူရန် ဆုံး ဖြတ်ခြင်းသည် ကိုယ့်ဒုက္ခ ကိုယရှာဖွေခြင်းသာ မည်ပေသည်။

''ဟေ့.... နောင်ခါလာ နောင်ခါဈေး၊ မင်းအမေက မင်းကို ကြာကြာပစ်ထားမှာ မဟုတ်ပါဘူးကွ၊ ခုတော့ စိတ်ဆိုးနေတုန်း ဆိုတော့ မင်းကို လက်မခံ ပဲ ထားမှာပေါ့ကွာ၊ ခုတော့ စိတ်ဆိုး နေတုန်း ဆိုတော့ မင်း ကိုလက်မခံ ပဲ ထားဦးမှာပါကွာ၊ ဟုတ်ဘူးကွာ၊ ဟုတ်ဘူလား သူငယ်ချင်းတို့ရာ''
အရွယ်အားဖြင့် ၁၈-၁၉ နှစ်ဝန်းကျင်မျှသာ ရှိသေးသည့် ကျွန်တော်တို့ တစ်တွေသည် ရှေ့ရေး တပ်မတော်ထဲသို့ ဝင်ရောက် ကြစဉ်က အတူတကွ လက်တွဲ ဝင်လာကြသူများဖြစ်သည်။ ထို့အတူ တိုက်ပွဲတိုက်ရာ၌လည်း တပ်စိတ်တစ်စိတ်ထဲတွင် အသက်ပေး၍ တိုက်လာခဲ့ကြသော သေဖော်သေဘက် ရဲဘော်များလည်း ဖြစ်ပါသည်။
''သန်းသန်းကို ခိုးတာတော့ ဟုတ်ပါပြီ၊ အခုလို ငွေကြေးမရှိဘဲ ရှေ့ အဖို့ဘယ်လိုနေလို့ ဘယ်လိုစားကြ မလဲ၊ နောက်ပြီး အိမ်ထောင်ပြုတယ် ဆိုတာ လေးလေးနက်နက် စဉ်းစားပြီးမှ လုပ်သင့်တယ်လို့ ငါ တော့ထင်တာပဲ၊ အေး... တစ်ခုတော့ရှိတယ်၊ဘယ်လိုပဲဖြစ်ဖြစ် ယူကိုယူမှ ဖြစ်တော့မယ်'' ဆိုရင်တော့ တို့တတွေအနေနဲ့  ကူညီရမှာပေါ့လေ''

ကိုအုန်းမောင် စကားကြောင့် ကျွန်တော်အတန်ကြာမျှ စကားပြန် မပြောနိုင်ဘဲ စဉ်းစားကြည့်မိပါသည်။ ကျွန်တော်မိခင် သည် ကျွန်တော်အား သန်းသန်းနှင့် သဘောတူ၍ကား မဟုတ်ပေ။ ငွေကြေးဓနအရှိန် ဖြင့် ငါ့သားနှင့် မည်သူမျှ မတူမတန်ရာဟူသော သဘောမျိုးလည်း မဟုတ်ပေ။ စင်စစ် ကျွန်တော်အား တိုင်းပြည်အတွက် အသက်ပေး လုပ်ကိုင်သည်ကို ကျေနပ်နှစ်သက်စွာ ခွင့်ပြုသလိုပင်၊ ပညာရှာမှီးရေး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေး စသည် တို့ကိုလည်း မိမိစွမ်းအားဖြင့် မိမိကြိုးပမ်းစေလိုသော သဘော ရှိခြင်းသာ လျှင် ဖြစ်ပါသည်။ ထို့အတူ သန်းသန်း မိဘဘက်က ကြည့်ပြန်လျှင်လည်း ၎င်းတို့၏ တစ်ဦး တည်းသော သမီး ဖြစ် ရုံမက မိခင်ဖခင်တို့သည် သမီးဖြစ်သူအား အရိပ်ကြည့်လျက် ရင်အုပ်မကွာ ကြည့်ရှုစောင့်ရှောက် လာခဲ့ခြင်း ဖြစ်၍ မိဘ၏ ဂုဏပုဒ်ကြောင့် သူဌေးသား ဆိုသည်မမျှ  ဖြင့် ကျေနပ်နိုင်မည် မဟုတ်ပေ။

သန်းသန်း ၏ ဖခင်သည် တစ်ပြားမှသည် တစ်ဆယ်တစ်ရာ တစ်ထောင် ကို မိမိဥာဏ်စွမ်းဖြင့် လုပ်ကိုင် ရှာဖွေ ကြီးပွား လာသူ ဖြစ်လေသည်။ ထိုနည်းတူစွာပင် သမီးဖြစ်သူ ယူသော ခင်ပွန်ယောက်ျားတစ်ယောက် အနေဖြင့် လည်း ဇနီးမယားတစ်ဦး အပေါ် အစွမ်း အစရှိစွာ ရှာဖွေကျွေးမွေးနိုင်သောသူကိုသာ သဘောတူကြပေလိမ့်မည်။ ကျွန်တော် ကဲ့သို့ လူပေါ်ကြော့ အလုပ်အကိုင်မရှိသူ တစ်ဦးကိုမူ မည်သည့်နည်းနှင့် မျှ သဘောတူကြလိမ့်မည် မဟုတ်သည် မှာ သေချာလှပါသည်။
''ကျွန်တော် နှစ်ခါ ကတိမပျက်ဘူးဗျ''
"ဒီလိုဆိုရင် ရက်တော့ရွှေ့လိုက်ဦးကွာ၊ နောက်ပြီး သန်းသန်းကို မင်းအခြေအနေအာလုံးကို အမေကြူကြီး ကတစ်ဆင့်ပြောပြ၊ ဒါမှမဟုတ်ရင် ခါတိုင်းတွေ့နေကျ သူ့အဒေါ်အိမ်မှာ ချိန်ပြီးတွေ့ပေါ့၊ ငါလည်း လိုက်ခဲ့ မယ်။ ငါတော့ စဉ်းစဉ်းစားစား လုပ်စေချင်တယ်ကွာ၊ ငါအကြံပေးတာ မင်းတို့နှစ်ယောက်အတွက်ပါပဲ"
ကိုအုန်းမောင်၏ အကြံပေးချက်အရ သန်းသန်းကို ထပ်၍ တွေ့ဆုံပြီးအကျိုးအကြောင်းပြောရန် ဆုံးဖြတ် လိုက်ပါသည်။

"ပြောနေကြာတယ်ကွာ၊ မင်းအခု စာရေးပေးလိုက်၊ ငါ သွားပေးပေးမယ်၊ နောက်ပြီး အချိန်ရရင် မြန်မြန် တွေ့ဖို့ ငါပြန်လာခဲ့မယ်"
"ကိုအုန်းမောင်ပြောတာတော့ ဟုတ်ပါပြီ၊ ခင်ဗျား သူ့အိမ်သါားလို့ ဖြစ်ပါ့မလားဗျ၊ အဘိုးကြီးက ဒေါသတက ကြီးပါဘိ နဲ့ တော်ကြာရိပ်မိပြီး ပိုကျပ်သွားဦးမှာလည်း စိုးရိမ်တယ်လေ နော"
"ဟေ့-မြလှိုင်၊ ဒါ မင်းအလုပ် မဟုတ်ပါဘူးကွာ၊ တို့များအနေနဲ့ ကိုယ့်နည်းကိုယ့်ဟန်နှင့် လုပ်လာခဲ့ကြမှာ ပါ၊ မင်း စာရေးမှာသာ ရေးစမ်းပါ"
ကျွန်တော်သည် ကိုအုန်းမောင်နှင့် သူငယ်ချင်းများ၏ တိုက်တွန်းချက်အရ လက်ဖက်ရည်ဆိုင်တွင် ထိုင်၍ သန်းသန်း ထံ အကျိုးအကြောင်း စာရေး၍ ချိန်းလိုက်ပါသည်။ သို့သော် သူငယ်ချင်းများ၏ အစီအစဉ်ကို သိလိုလှသဖြင့် မည်သို့မည်ပုံ ဆောင်ရွက်ကြမည်ကို မေးကြည့်မိပါသည်။

"ခင်ဗျားတို့ အစီအစဉ်ကလေးတွေလဲ လင်းခဲ့ကြပါဦး၊ ဆ၇ာတို့ရယ်"
"ဒီလိုကွာ အကောက်စက်ဘီးကို အခုပဲ သွားယူပြီး အပ်နဲ့ ဖောက်မယ်စပုတ်တိုင် ၂ချောင်းလောက် ချိုး မယ်၊ နောက်ပြီး ဦးစစ်ရှိန်ကြီးဆီ ယူသွားပြီး ပြင်မယ်၊ အဘိုးကြီး စက်ဘီးကို ဂရုစိုက်ပြင်နေတုန်း သန်းသန်းကို စာပေးခဲ့မှာပေါ့ကွ၊ ဟီး-ဟီး မကောင်းဘူးလား"
"ကောင်းပါ့ဗျာ၊ အလွန်ကောင်းပေါ့၊ မြလှိုင် တစ်ယောက် မိန်းမခိုးဖို့အရေး ကြားထဲက ငါ့စက်ဘီး စပုတ်တိုင် ချိုး၊ ဘီးကိုအပ်နဲ့ဖောက်ရမယ်တဲ့၊ ဟင်း- သေခြင်းဆိုးတွေ ရှေ့လျှောက် ဘယ်အထိ ကောင်းကျိုးပေးကြဦး မယ်မသိဘူးဟေ့"

"ဒီအဘိုးကြီးတွေ့နဲ့ မချောင်လို့ မပေးဖြစ်ရင်ကောဗျာ"
"ဒီမယ် မြလှိုင်၊ ငါ့ကိုယ်ဖျောက်ပြီး မင်းအဆက် ချေးယိုနေတုန်း ချေးတွင်းပေါက် ခေါင်းလျှိုပြီး ငါသွားပေး ပေးမယ်"
ကိုသောင်းအိ သည် စကားကောင်းပြောနေသည့်ကြားမှ အသော ဖောက်လာတော့သည်။ သို့သော် ယနေ့ အချိန်မီ၊ သန်းသန်းထံသို့ သွားရောက်ရန် အရေးကြီးသဖြင့် ကိုအုန်းမောင်တို့ အကြံအတိုင်း လိုက်လျော လိုက်ပါ သည်။ မကြာမီ အကောက်၏ စက်ဘီးအကောင်းမှ ဘီးကို အပ်နှင့်ဖောက်၍ စပုတ်တိုင်နှစ်ချောင်း ချိုးကာ တွန်းယူ သွားသည်ကို ကြည့်ရင်း သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်မိပါသည်။

ကျွန်တော်သည် ကိုအုန်းမောင်တို့ လူသိုက် ပြန်လာမည့်လမ်းသို့ လည်တဆန့်ဆန့်ဖြင့် မျှောနေမိသည်။ လက်ဖက်ရည် ဆိုင်၌ အခန်းလွတ်ကြီး ထိုင်နေရသည်မို့ လက်ဖက်ရည်ကို ဟန်မပျက် မှာယူသောက် နေ လိုက်သည်။
"သြော်... ရွှေသူဌေးသားလေး ဘာအကြံအစည် မတော်တရော်တွေ လုပ်နေပြန်ပြီလဲရှင်၊ စောစောက ကျိတ်ကျိတ် ကျိတ်ကျိတ် လုပ်နေတဲ့ကိစ္စကြီး ပြီးသွားကြပြီလား၊ ဘယ်တော့ ဘယ်သူ့ကို လျော်ကြေးပေးရ ဦးမှာလဲ ရှင် ရယ်"
လက်ဖက်ရည် ဆိုင်ရှင် အမိုး၏မိန်းမ ဒေါ်အာပြဲကြီးသည် ကျွန်တော့်အား မည်သည့်နေရာမှ ချောင်းမြောင်း ကြည့်နေသည် မသိ၊ လူရှင်း၍ စားပွဲတွင် တစ်ယောက်တည်း ရှိနေသော ကျွန်တော်အနီးသို့ ချဉ်းကပ်ကာ အထက်ပါ မင်္ဂလာစကားကို ဆိုပါတော့သည်။

"ဘာအကြံအစည်မှ မရှိပါဘူးဗျာ့၊ စုပြီး ထမင်းချက်စားမလို့ ဈေးဝယ်ဖို့ ပိုက်ဆံလိုက်စုနေကြတာပါ၊ ဒေါ် စပ်စုကြီးရယ် ဟင်း....ဟင်း"
"ဒီမယ် ကိုယ်တောချော၊ မိသိန်းခင် ကို ဒါမျိုးလှိမ့်လို့ မရဘူး၊ ဟောဒီပါးစပ်ထဲက အံတွေတိုနေပြီ သိလား၊ နင်တို့ မိန်းမ ခိုးရအောင် တိုင်ပင်နေကြတာ ငါမသိဘူး မှတ်နေလား၊ ဘယ်သူ့သမီးဆိုတာ ပြောလိုက်ရဦး မလား ဟဲ ဟဲ"
"ကဲ... တော်... တော်ပါတော့ဗျာ"
"ဟော ဟိုမှာ ပြောရင်းဆိုရင်း တပည့်ကျော် ခိုးသားငါးရာ ပြန်လာကြပြီလေ ဟီဟိ"
ကျွန်တော်သည် မသိန်းခင် ညွှန်ပြရာသို့ ကြည့်လိုက်သည်။ အကောက်ကိုအုန်းမောင်၊ သက်ကြည်တို့ သုံးယောက် စောစောက သွားခဲ့စဉ်က ကဲ့သို့ စက်ဘီးကို ပြန်တွန်းလာခဲ့ကြသည်ကို တွေ့လိုက်ရပါသည်။ ကျွန်တော့် ရင်များသည် တဒိတ်ဒိတ် ခုန်နေသည်။ ကိုအုန်းမောင်တို့ လူသိုက်ကို ကျော်၍ နောက်မှ မည်သူ ပါလာဦးမည်နည်း ဟု လှမ်းကြည့်လိုက်မိသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, December 29, 2012

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၈)

အဆုံးအဖြတ်တစ်ခုရဲ့ ရလဒ်ဟာ တစ်ခါတလေလည်း ကောင်းချင် ကောင်းသွားသလို ဆိုးချင်ပြီ ဆိုရင် လည်း ဇောက်ထိုးမိုးမျှော ကျွမ်းပျံသွားတဲ့အထိ ဖြစ်တတ်တာပါပဲ။ ဆုံးဖြတ်ခြင်းဆိုတာဟာ လမ်းချိုးတစ်ခုကို ဦးတည်လိုက်ခြင်းပါ။ အဲဒီလမ်း ဟာ တောင်ထပ်ရောက် တဲ့လမ်းဖြစ်နိုင် သလို ချောက်ထဲကျရာ လမ်းလည်း ဖြစ်နိုင် တာပါပဲ။
တစ်ခါတလေ ကျတော့လည်း ကိုယ်ဆုံးဖြတ်တာက တစ်မျိုး၊ ကံကြမ္မာက ၀င်ပါပြီး ဆုံးဖြတ်ပေး လိုက် တာက တစ်သွယ် ဖြစ် တတ်ပါသေးတယ်။ မာမီ ရဲ့ အဆုံးအဖြတ်အတိုင်းဆိုရင် ကျွန်မ တို့ နှစ်ယောက် စလုံး ဗုံးစာဖြစ်တော့မယ် ဆိုတာသေချာ ပါရဲ့။
အန်ကယ်အေး ရောက်လာခြင်း က ကံကြမ္မာက ၀င်ပြးဆုံးဖြတ်ပေးလိုက်တဲ့ အဖြစ်မို့ အသက်ဘေး ကတော့ လွတ်ကင်းသွားပါရဲ့။
ဒါပေမဲ့ ကျွန်မဘ၀ကို လုံးဝပြောင်းလဲသွားစေသော ဘ၀ခရီးနဲ့ တစ်ဆစ်ချိုး လမ်းမကြီးပေါ် ကို ရောက်သွားပြီး စောင့်နေတဲ့ လောကဓံကြီးနဲ့ အကြီးအကျယ် နပန်းလုံးရတော့မယ်ဆိုတာ ဟိုအချိန် ကတော့ မသိမြင် လိုက်ပါဘူးလေ။
ကို ဆက်ဖတ်ရန် ...

အပိုင်း (၁၀)
 
သစ်ဆိမ့်ချောင်ကို ရောက်တော့  အန်ကယ်အေးက ကျွန်မတို့ကို သူ့မိသားစုနဲ့ အပ်ပြီး မှာစရာတွေမှာပြီးတာနဲ့ အဲဒီညနေမှာ ပဲ တပ်ရင်းကို ပြန်သွားရတာမို့ အန်ကယ်အေးကို စစ်ပြီးတဲ့ထိ နောက်ထပ်မတွေ့ရတော့ပါဘူး။ အန်ကယ်အေး ရဲ့ ဇနီးအန်တီလေး မမြသန်း ကလည်း အန်ကယ်အေးအတိုင်း အေးမှအေး။ ကိုယ်ဝန် က နေ့စေ့လစေ့နီးပါး ရှိနေပါပြီ။ မကြီးသမီးလေး ဂွက်ထော်မကလေးနှစ်၊ အငယ်ကောင် ဖိုးဆူဆိုတာက သုံးနှစ် အရွယ် စကားပြော တတ်ခါစလေးပေါ့။ ဦးလေး ဦးဖိုးအောင်နဲ့ ဒေါ်ဒေါ်လုံးတို့ကလည်း သဘော ကောင်းကြ ပါတယ်။
ကျွန်မက ဘယ်သူနဲ့ မဆို ရောရောနှောနှော နေတတ်လို့ အဆင်ပြောပါရဲ့။

မာမီက အဲလို သူစိမ်းတွေနဲ့ မနေတတ်ဘူး။ မာမီမပျော်ဘူးဆိုတာ ကျွန်မ အကဲခတ်မိပါတယ်။ နောက်ပြီး မာမီပြောခဲ့ သလို ကိုယ့်အမိုးအောက် ကိုယ်နေရတာ မဟုတ်ဘူးလေ။ သူများအရိပ်ကို လာခိုရပြီ ဆိုကတည်းက သူများ ရဲ့ မျက်နှာကို ကြည့်နေရပြီပေါ့။ ဒါကိုလည်း မာမီမကြည် မလင်ဖြစ်နေပုံရပါတယ်။
ကျွန်မ လည်း မာမီမကြည်မလင်တာ သိရတော့ ကြားထဲက နေရတာ ခက်နေတာပေါ့။ တစ်ညနေ မြစ်ဆိပ်ဘက် ကို ဆင်းပြီး လမ်းလျှောက်ဖြစ်ပါတယ်။ ချောင်နဲ့ မြစ်ဆိပ်ကလည်း မလှမ်းမကမ်းမျာ ရှိနေတာဆိုတော့ စိတ်အကျဉ်းအကျပ် ကနေ အခိုက်အတန့် လွန်မြောက် ရာရှာခြင်းသဘောနဲ့ ထွက်လာလိုက်တာပါပဲ။ ဧရာဝတီရဲ့ ဆည်းဆာ ကလည်း လှမှလှ။
'ဟဲ့.... ခင်မကြီး၊ ဘယ်တုန်းက ဒီကိုရောက်နေတာလဲ' ဆိုတဲ့ အမေးကို ကြားမှ ဆည်းဆာ ရဲ့အလှမှာ နစ်မျောပြီး ငေးနေရာ က အသံလာရာကို လှမ်းကြည့်ဖြစ်ပါတယ်။
ဒေါ်လေး ရယ် ငှက်ပေါ်က ဆင်းရာက ကျွန်မကို မြင်တာနဲ့ လှမ်းအော်လေးလိုက်တာကိုး။

'ဟယ်...ဒေါ်လေးကြီး' ဆိုပြီး ကျွန်မဒေါ်လေးဆီ ပြေးသွားပြီး တအားဖက်လိုက်မိတော့ တာပဲ။ ၀မ်းသာ လိုက်တာလည်း ပြောမနေနဲ့။ ဒေါ်လေးကို ဖက်ထားရင်းက ဆွေ့ဆွေ့ခုန် နေလိုက်သေးတယ်။
ဒေါ်လေးခင်မြင့်မြင့် က ကျွန်မရဲ့ ဘွားလေးတော်တာပါ။ ကျွန်မတို့ အိမ်နဲ့ ကျီးဝင်းပဲခြားတဲ့ အိုးတော် လုပ်ငန်းမှာ နေတာ။ ဒေါ်လေးရဲ့ အမေ 'ကြီးတော်မ' တို့လည်း ဆုံးကုန်ကြပြီလေ။ ညီအစ်မအပျိုကြီး သုံးယောက် ပဲ ကျန်တော့တာ။ အစ်ကိုတွေက သူတို့အိမ်ထောင်နဲ့ သူတို့ အဝေးရောက်နေကြပြီ။ အိမ်ထောင်ကျ တဲ့ အစ်မအန်တီပန်းကလည်း ပျဉ်းမနားမှာ။
ညီအစ်မ သုံးယောက်က စစ်ပြေးလာတာ။ ခုခေမေသကချောင်မှာတဲ့။
'အပြန် ဒေါ်လေး တို့နဲ့ လိုက်လည်ပါလား၊ အရီးကြီးတို့နဲ့ တွေ့ရအောင်လေ' တဲ့။ ဒေါ်လေးက ရန်ကုန်က စစ်ပြေးလာ တဲ့ သူတို့မိတ်ဆွေတစ်ဦးကို လိုက်ပို့ရင်း သစ်ဆိမ့် ချောင်ကိုရောက်လာလို့ ကျွန်မကို တွေ့သွား တာပါ။

'မာမီ့ကို လိုက်ပြောပေးလေ၊ မာမီထည့်ရင် လိုက်ခဲ့မယ်' ဆိုတော့ ဒေါ်လေးက မာမီ့ကို လိုက်ပြောပေးပါတယ်။ မာမီက လည်း လွယ်လွယ်ကူကူပဲ ဒေါ်လေးနဲ့ ထည့်လိုက်တာနဲ့ ကျွန်မပါသွားပါရော။ အရီးကြီးနဲ့ အရီးသန်း ကလည်း ကျွန်မကိုတွေ့တော့ ၀မ်းသာလို့ပေါ့။
ညကျတော့ အရီးကြီး တို့ နေတဲ့ ဇရပ်ကို ဧည့်သည်တစ်ဦး ရောက်လာပါတယ်။ အရီးကြီးတို့ နဲ့ခင်တဲ့ မိတ်ဆွေ နာမည် က ' ဒေါ်ဒေါ်ကျင်' တဲ့။
'ဒါ ကျွန်မ တို့ မြေးကလေး' ဆိုပြီး အရီးကြီးကဒေါ်ဒေါ်ကျင်နဲ့ မိတ်ဆက်ပေးပါတယ်။ ဒေါ်ဒေါ်ကျင်က စဥ့်ကိုင်က ဒီကို ခဏ ကူးလာတာတဲ့။ သူတို့မိသားစုဆောက်ပြီး လှူထားတဲ့ ဇရပ်က ဒီခေမေသကချောင်မှာရှိလို့ အခြေအနေ ကို လာကြည့်တာ လို့ ပြောပြတာနဲ့ သိလိုက်ရတာပါ။

'မမဂျမ်း ရယ် လူတွေကလည်း ခက်တယ်နော်။ ဒုက္ခဖြစ်လို့ ပြေးလာတဲ့ သူတွေကို တချို့က တန်ရာ တန်ကြေး နဲ့ ဈေးစကားပြောကြသေးတာတဲ့။ ဇရပ်အဖြစ် လှူထားမှတော့ ဘယ်သူ နေနေပေါ့။ ဒီအချိန်မှာ ကာလဒါနမြောက် တယ် ဆိုပြီး ကိုယ်က ကုသိုလ်ယူတတ်ရမဲ့ အစား ငှားစားတယ်ဆိုတော့ အံ့သြယူတာပဲ'
'ခုလည်း ကျွန်မ တို့ဇရပ်က ဘွားသီလရှင်ကြီးကို ဒါမျိုးဖြစ်မှာစိုး လို့ လာပြီးပြောရတာ၊ ဒုက္ခရောက်လို့လာရင် ဘယ်သူဖြစ်ဖြစ် လက်ခံ လိုက်ပါလို့ ပြောထားရတယ်'
ဒေါ်ဒေါ်ကျင် ရဲ့ စကားအဆုံးမှာ ကျွန်မခေါင်းထဲ လင်းခနဲ လက်သွားတဲ့ အသိတစ်ခု ၀င်လာပါတယ်။ မာမီက လူစိမ်းဖြစ် တဲ့ ဦးဖိုးအောင် တို့ ဒေါ်ဒေါ်လုံးတို့နဲ့ အတူနေတာ အနေကျဉ်းနေပုံရပြီး သူတစ်ပါး အရိပ်အောက် မှာ နေရတာအတွက်လည်း စိတ်မလွတ် မလပ်ဖြစ်နေတာ သေချာပါတယ်။ ဒေါ်ဒေါ်ကျင်တို့ ဇရပ်မှာ ကျွန်မတို့ သားအမိ နေခွင့် ရမယ် ဆိုရင် မာမီ့စိတ်ကြိုက် ကိုယ်ပိုင်အမိုးအောက် ကိုယ်နေရသလို ဖြစ်မှာမို့ စိတ်လွတ်လပ်မယ် ဆိုတဲ့ အတွေးကြောင့် 'ဒါဆို ဒေါ်ဒေါ်ကျင်တို့ ဇရပ်ကို ခင်မကြီးနဲ့ မာမီ နှစ်ယောက်လာရင် ရမလား' လို့ကောက်ကာငင်ကာ မေးလိုက်မိပါတယ်။
အရီးကြီး ကလည်း 'အေးဟုတ်သား၊ ဒါဆို တို့များနဲ့လည်း နီးနီးနားနားဖြစ်သွားတာပေါ့' တဲ့။ ၀င်ပြီး ထောက်ခံ လိုက်ပါရော။

ဒေါ်ဒေါ်ကျင် က လိုက်လျောစွာနဲ့ ရတယ်၊ ရတယ်၊ င့ါတူမ နေချင်တယ်ဆိုရင် ဒေါ်ဒေါ်ကျင် တစ်ခါတည်း ဘွားသီလရှင်ကြီး ကို အပ်ပေးခဲ့မယ်တဲ့။
တစ်ချီတည်း နဲ့ ကျွန်မတို့ နေရေး ပြေလည်သွားတော့၊'ဘုရားမ' ခြင်းပါပဲဆိုပြီး စိတ်ထဲက မနောကံရှင် ရှင်တော်ဘုရား ကို လက်အုပ်ချီ ကန်တော့လိုက်မိပါတယ်။ ၀မ်းသာလိုက်တာ လည်းပြောဖွယ်ရာ မရှိ။ ဒေါ်ဒေါ်ကျင် ကိုလည်း ကျေးဇူးတင်လွန်းလို့ ပြန်တော့မယ်ဆို တော့ ဦးသုံးကြိမ်ချပြီး ကန်တော့လိုက် ပါတယ်။
ဒေါ်လေး တို့တည်း ဒေါ်လေး ခေါ်လာလို့ ခင်မကြီး တို့ နေစရာ ပြေလည် သွားရတာနဲ့ ကျေးဇူးတင် စကား ပြောရပါသေးတယ်။ နောက်တစ်နေ့ မနက်အစောကြီး ကျွန်မတို့ နေမယ့် ခေမေသကချောင်က ဘွားသီလရှင်ကြီး ကို အဖော်ခေါ်ပြီး သစ်ဆိမ့်ချောင်ကို ပြန်လာပါတယ်။ မာမီ့ကိုပြောပြတော့ မာမီလည်း ၀မ်းသာ လို့ပေါ့။

ကျွန်မတို့ သားအမိ ခေမေသကချောင်ကို ပြောင်းပြီး အန်တီလေး မမြသန်းကို ပြောပြတော့ အန်တီလေးက ငို ပါလေရော။ သူ့ယောက်ျားက ကျွန်မ တို့ သားအမိကို စစ်ပြီးတဲ့အထိ တာဝန် ယူစောင့်ရှောက်ရမယ်လို့ အထပ်ထပ် မှာပြီး အပ်သွားတာ မို့ ခုလိုခွဲသွားရင် သူ့ကို အထင်အမြင် လွဲမှာစိုးတယ်။ ဒါကြောင့် ခွဲမသွားပါနဲ့လို့ တား ပါတယ်။
မာမီက အန်တီလေးရဲ့ စေတနာကို သူနားလည်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဘယ်သူနဲ့မှ အမြဲအတူနေ ဖို့ စိတ်မကူးပါဘူး။ ခုအခိုက်အတန့် ဆုံးဖြတ်ရခက်ချိန်မှာမို့ ခဏမှီခို တာပါ။ ဘယ်သူ့ကိုမှ တာဝန်ပေးဖို့ မရည်ရွယ် ပါဘူး။ ကိုယ်ဟာကိုယ် နေနိုင်အောင် ကြိုးစားပြီး နေကြည့်ပါရစေ။ အဆင်မပြောရင်လည်း အန်တီလေး တို့ဆီမှာပဲ ပြန်လာနေပါ့မယ်လို့ စကားကို မယုတ်မလွန်နဲ့ ခွင့်တောင်းတော့မှ အန်တီလေးကလည်း သဘော တူတာနဲ့ ကျွန်မတို့သစ်ဆိမ့်ချောင်ကနေ ခေမေသကချောင်ကို အဲဒီနေ့မှာပဲ တစ်ခါ တည်း ပြောင်းလာ ဖြစ်ပါတယ်။
ခေမေသကမှာ တစ်ပတ်လောက် နေကြည့်ပြီး အဆင်ပြေတယ်ဆိုရင် မန္တလေးပြန်ပြီး ပစ္စည်းတွေ သိမ်းကြမယ်။ အဲတော့ မှ ဒီမှာအပြီးနေကြမယ်လို့ မာမီက ပြောထားတာနဲ့ ကျွန်မ လည်းဝမ်းသာလို့ပေါ့။ အဲ…သုံးလေးရက် ကြာတော့ အန်တီလေး မမြသန်း ဗိုက်ကြီးတပြဲနဲ့ တမောတကော ကျွန်မတို့ ဇရပ်ကို ရောက်လာလေပါရော။

သစ်ဆိမ့်ချောင် က ဇရပ်မှာ အဆင်မပြောလို့တဲ့။ ဇရပ်ရှင်က သူတို့နဲ့ရင်းတဲ့ မိတ်ဆွေ နောက် တစ်ဦးကိုတင်လို့ ဟိုမိသားစု က ပါလာတဲ့ ကလေးတွေနဲ့ နေရထိုင်ရ ကျဉ်းပြီး သစ်ဆိမ့်ချောင် မှာမနေချင်တော့ဘူး လို့ ပြောပါတယ်။
ကျွန်မ တို့ ရထားတာ ဒေါ်ဒေါ်ကျင်တို့ ဇရပ်ကလည်း အကျယ်ကြီး။ အစောင့်ဘွားသီလရှင် ကြီး ကလည်း အိုရှာလှပြီ။ သူ့ဟာသူ အေးအေးဆေးဆေး နေတာ ဘာပြဿနာမှမရှိတော့ မာမီက ဒါဆိုရင်လည်း ကျွန်မတို့ ဇရပ် ကို ပြောင်းလာခဲ့လို့ ပြောပါတယ်။
မာမီ့အနေ နဲ့ သူကသာ သူတစ်ပါးကို မမှီခိုချင်တာ။ သူ့ကို မှီခိုတာကျတော့လည်း ၀မ်းသာအား ရနဲ့ လက်ခံကြိုဆို ချင်သူပါ။ ဒါနဲ့ အန်တီလေးတို့ မိသားစု ခေမေသကကို ပြောင်းလာတာနဲ့ ကျွန်မတို့လည်း တစည်းတလုံး တည်း ပြန်ဖြစ်သွားပြန်ရောလေ။
တစ်ပတ် ရှိတော့ မာမီက မန္တလေးကိုပြန်ပြီး ပစ္စည်းတွေသိမ်းမယ်။ တစ်ခါတည်း အပြီးပြောင်း ကြမယ်ဆိုပြီး ကျွန်မတို့ သားအမိ မန္တလေးကို ကူးလာကြပါတယ်။
အဲဒီနေ့က မှတ်မှန်ရရ ၁၉၄၂ ခုဧပြီလ ၃ ရက်နေ့ပါ။

ဖေဖော်ဝါရီလ ပထမအကြိမ် ဗုံးကျရာကနေ မြို့ကလန့်သွားလိုက်တာ၊ မတ်လတစ်လလုံး ဘာမှ ဆက်မဖြစ်တော့ ဈေးတွေ လည်းပြန်ဖွင့်၊ အသွားအလာလည်းနည်းနည်းပါးပါး ပြန်ပြီးလှုပ်ရှားစပြုလို့ အခြေအနေကောင်း လာသလိုလို ရှိနေတာဆိုတော့ ကျွန်မတို့ သားအမိ လည်းပစ္စည်းတွေက ထုပ်ပိုးပြီးသား။ ကားတစ်စီး ငှား အလွယ်တကူ ကောက်တင်ပြီး ပန်လာကြရုံပဲလို့ ပေါ့ပေါ့တွက်ထားမိတာပေါ့။
ဈေးချိုထပ် ကနေ ကားတစ်စီးငှားမယ် ဆိုပြီးရှာလိုက်တာ ဘယ်လိုမှ ရာမရတာနဲ့ ရတဲ့မြင်းလှည်းနဲ့ပဲ အိမ်ဘက် ကို မောင်းလာတာ။ တစ်ဝဂူဘုရားကို ကျော်လို့ ကျွန်မတို့အိမ် ရှိရာလမ်းထိနားလည်း ရောက်ရော၊ တဝေါဝေါမြည် တဲ့ လေယာဉ်ပျံသံတွေ ကြားရ တော့တာပါပဲ။ ခွေအူသံနဲ့တူတဲ့ ဗုံးရှောင်ဖို့ အချက်ပေး ဥသြဆွဲသံကြီး ကလည်း ဆူညံသွား အောင် မြည်ပါလေရော။
မြည်းလှည်းပေါ် က ပြေးပြေးလွှားလွှား ဆင်းကြရပြီး သားအမိနှစ်ယောက် လမ်းဘေးမှာ ပြေးမှောက်ကြရတယ်။ လမ်းပေါ် က လူတွေအားလုံးလည်း ကျွန်မတို့လိုပဲ နီးရာလွတ်မယ် ထင် ရာတွေမှာ မှောက်ပြီးနေရတာ။ ဘာမှမကြာလိုက် ပါဘူး။ တအုံးအုံးနဲ့ ဗုံးတွေကျပြီး ၀ုန်းဒိုင်းနဲ့ ဗုံးကွဲသံတွေ ဆူညံသွားတော့တာပဲ။

အနီးကပ်ပြီး ကျတဲ့ ဗုံးတွေမို့ နားကွဲမတတ် ဆူညံသွားတာပါ။ သားအမိနှစ်ယောက်သား ကြောက်ကြောက်နဲ့ ဖက်ပြီး လုံး ထားရင်း မြေကြီးမှာ ပြားပြားဝပ်ရာက လေယာဉ်ပျံသံ စဲလို့ အသာမေ့ကြည့်လိုက်တော့ တစ်မိုးလုံး မီးခိုးတွေ ဖုံး သွားတဲ့အပြင် မီးတောက်မီးညွန့်တွေ မျက်စိတစ်ဆုံး မြင်လိုက်ရတော့ ပိုပြီးလန့်သွားတာပေါ့။
ကျွန်မ တို့ရဲ့ အိမ်ရှိရာ တူရှုမှာ မီးတံတိုင်းကြီးအဖြစ် ကာဆီးနေပါပြီ။ အဲဒီတော့မှ လူးလဲထပြီး အုပ်အုပ် ကျက်ကျက် ပြေးနေတဲ့ လူတွေနဲ့အတူ ကိုယ်ပါရောပြီး ပြေးရတာပေါ့။ မီးတောက်တွေ ကပတ်လည်ဝိုင်းနေတာမို့ အရှေ့အနောက် တောင်မြောက် ဆိုတာလည်း မခန့်မှန်းနိုင်တော့ပါဘူး။ မီးလွတ်ရာ ထွက်ပေါက်ကိုသာ လူအုပ်ကြီး လည်း ရှာပြီးပြေး နေကြတာမို့ ကျွန်မတို့လည်း လူအုပ်ထဲ ညပ်သပ်ပါသွားတဲ့ သဘောပါပဲ။

လူချင်းကွဲမှာ ကြောက်လို့ သားအမိ လက်ချင်း မြဲမြဲကိုင်ပြီး ဆွဲထားရပါသေးတယ်။ အချိန်က မနက် ဆယ့်တစ်နာရီလောက်ပါပဲ ရှိဦးမှာပါ။ ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး။ ပြေးလိုက်ရ တာတစ်နေကုန်ပါပဲ။ မနက် က ကော်ဖီတစ်ခွက်၊ ကောက်ညှင်းပေါင်းနဲ့ အကြော်တစ်ခုပဲ စားလာရသေးတာ ဆိုတော့ ၀မ်းကလည်း ဟာ၊ ပူအိုက်တဲ့ ဧပြီလရာ သီလည်း ဖြစ်ပြန်၊ တစ်မြို့ လုံးရဲ့မီးဒဏ်ကြောင့် လူတစ်ကိုယ်လုံးလည်း ချွေးတွေက နစ်ပြီး ရွှဲရွှဲကို စိုလို့။ စီးထားတဲ့ ဖိနပ် လည်း ဘယ်မှာကျန်ခဲ့မှန်း မသိတော့ဘူး။
အပေါ်ပူ အောက်ပူ မီးအရှိန်ကြောင့် ပတ်ပတ်လည်မှာပါ ပူတဲ့အပြင် ဘယ်လိုအခြေအနေ ရောက်မယ်မှန်း မသိလို့င်ထဲက ပူရတဲ့အပူက ပိုလို့တောင် ပူပါသေးရဲ့။ အဲလိုနဲ့ ကျွန်မတို့ တစ်နေ့ခင်းလုံးပြေးလိုက်ကြတာ ဆည်းဆာချိန်ရောက် မှပဲ ဧရာဝတီမြစ်ရဲ့ကမ်းပါး ဂေါဝိန် ဆိပ် ကိုရောက်ပါတော့တယ်။

တစ်မြို့လုံး က ပြေးလာကြတာ ဆိုတော့ ကမ်းနားတစ်လျှောက်လုံး လူတွေကို ကြိတ်ခဲနေတာပဲ။ ကိုယ်ပြေး လာခဲ့ရာ ကျောဘက်ကို လှည့်ကြည့်လိုက်တော့ မန္တလေးတစ် မြို့လုံး မြေကြီးပေါ် မှာချထိုင်ရင်း အမောကို ဖြေလိုက်မယ်လို့ စိတ်ကူးနဲ့ မာမီ့ကို လှမ်းကြည့်မိတော့ ကျွန်မအမော တွေထိပ်ဖျား ကို ရောက် သွားလေရဲ့။
မာမီရဲ့ မျက်လုံး က ငေးကြောင်ကြောင်ကြီး ဖြစ်နေတာ။ စကားလည်း တစ်ခွန်းမှမဆို၊ မျက်ရည်လည်း တစ်စက်မှ မကျ၊ ပုံစံ က တစ်မျိုးမှ တစ်မျိုးကြီးပါပဲ။
''မာမီသိပ်မောနေလား'' လို့လက်မောင်းကို ကိုင်ပြီးလှုပ်မေးလည်း အတုံ့အပြန်မရှိ။ shock ရသွားတယ်ဆိုတာ ဒါမျိုးများလား လို့ အတွေးဝင်ပြီး ကျွန်မလန့်သွားမိပါတယ်။ လူတွေက လည်း ရုတ်ရုတ် သဲသဲနဲ့ ပြေးကြ လွှားကြဆဲ။ အဖော်ကွဲလို့ နာမည်တွေ တကြော်ကြော် အော်ခေါ် နေသံတွေလည်း ကြားရရဲ့။

ကျွန်မဘာလုပ်ရမှန်းမသိအောင် ဖြစ်နေမိပါတယ်။ အားကိုးအားထားအနေနဲ့ မာမီ့ကို တိုင်ပင် လို့ကလည်း မဖြစ်တော့တဲ့ အခြေအနေ။ လူတွေက တစ်သုတ်ပြီးတစ်သုတ် ဧရာဝတီမြစ်ထဲက ငှက်လှေတွေနဲ့ ဘေးကင်းရာ စစ်ကိုင်းတောင်ဘက် ကို ကူးသွားကြတာ လည်း တွေ့ရရဲ့။
ဒီဘက်မှာက မီးတောက်မီးလျှံတွေနဲ့ တစ်မြို့လုံး ဟုတ်းဟုန်းတောက်နေတဲ့ မြင်ကွင်း၊ မျက်နှာ ချင်းဆိုင်မှာက သာယာငြိမ့်ညောင်းစွာ နဲ့ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ ရှုမော်ဖွယ်ရာ ဆည်း ဆာရဲ့အလှ။
ဧရာဝတီမြစ် ကို ကျော်ပြီး ကြည့်လိုက်တော့ ဘုရားပုထိုးတွေနဲ့ သူတော်စင်တွေ တရားရှာရာ စစ်ကိုင်းတောင်ရိုးကြီး ကို ငြိမ်းချမ်းစွာနဲ့ မားမားမတ်မတ် လှမ်းမြင်နိုင်ပါတယ်။ တကယ့်ကို ဆန့်ကျင် ဘက် မြင်ကွင်းနှစ်ခုပါပဲ။

အဲဒီမြင်ကွင်းနှစ်ခု ရဲ့ကြားမှာ ပရိဒေဝသောကကိုယ်စီနဲ့ ပြေးလွှားနေတဲ့ လူသားတွေ။ ဒီအခါမှာ ကူမယ့်သူမရှိ၊ ကယ်မယ့်သူ မရှိတဲ့အပြင် မတော်မတရား ဝိသမလောဘနဲ့ တစ်ဖက်ကမ်းကို ကူးလိုသူတွေကို ငှက်သမားတွေ က ဈေးတွေ အဆမတန်အောင် ပြောပြီး တောင်းကြ။
ငွေပေးနိုင်တဲ့ တိုင်အောင် ငှက်တစ်စီးရဖို့က အခက်အခဲဖြစ်တဲ့ အခြေအနေမို့ ငှက်တစ်စီးကူး လာတိုင်း လူတွေ တိုးကြဝှေ့ကြ လုယက်တွန်းထိုးပြီး အတင်းတက်ကြ၊ တဖြည်းဖြည်းနဲ့မှောင် စပြုလာပါပြီ။ လောင်နေတဲ့ မီးညွှန့်တွေ ရဲ့ အရောင်ကြောင့်သာ ကွဲကွဲပြားပြား မြင်နေရသေး တာမို့ ကျွန်မလည်း အားကိုးအာထားပြုစရာ အသိ မိတ် ဆွေများ တွေ့လိုတွေ့ငြား ဖြတ်သွားတဲ့ လူတွေထဲမှာ လိုက်ရှာကြည့်နေမိတယ်ပေါ့။

မာမီကတော့ တကယ့်ကို ကျောက်ရုပ်တစ်ရုပ်လို ဖြစ်သွားပါပြီ။ ကြောင်ငေးငေးနဲ့ပဲ လူတွေကို ထိုင်ကြည့်နေတာ သူ့မျက်လုံး မှာ ဘာအဓိပ္ပါယ်၊ ဘာခံစားမှုမှ ရှာကြည့်လို့ မတွေ့မိလို့ ရင်ထဲ မှာ မာမီ့အတွက် စိုးရိမ်စိတ်ကလည်း တစ်ဖက်။
ဒီအချိန် မှာ ဖြတ်သွားတဲ့ လူအုပ်ထဲမှာ ကျွန်မရဲ့သူငယ်ချင်း Kathleen Williamsရဲ့ ဒယ်ဒီကို လှမ်းမြင်လိုက် မိတာနဲ့ နောက်က အပြေးလိုက်ပြီး…..
''ဒယ်ဒီ… ဒယ်ဒီ'' နဲ့ ခေါ်တော့ ဒယ်ဒီက ခေါ်သံကိုကြားပြီး လှည့်ကြည့်မှ ကျွန်မကို တွေ့သွား တာ တအံ့တသြ ဖြစ်လို့လေ။
အကျိုးအကြောင်း ပြောပြရပါတယ်။ ဒယ်ဒီက ''ဘာမှမပူနဲ့ သူနဲ့အတူ ရှမ်းပွဲကတိုက်ကို လိုက်ခဲ့ ဘုရားကြီး ဘက်တော့ မီးလွတ်တယ်လို့ ထင်ရတာပဲ။ သွားကြည့်ကြမယ်''ဆိုတာနဲ့ မာမီ့ကို သွားခေါ်တော့ စကားတစ်ခွန်း မှမသိ ဘဲ ထလိုက်လာလို့ တော်ပါသေးရဲ့။

ဂေါ်ဝိန်ကနေ ဘုရားကြီးရှမ်းပွဲကို ရောက်တဲ့အထိ ထပ်ပြီး လမ်းလျှောက်ရသေးတာ ဆိုတော့ မိုးကြီးချုပ်မှ ရှမ်းပွဲ က တိုက်ကို ရောက်ပါတယ်။ ဘုရားကြီးဘက်က ဒယ်ဒီထင်တဲ့ အတိုင်း အဆင်တော့ ပြေသွားတာပေါ့။
သူငယ်ချင်း Kathleenကို ပြန်တွေ့ရတော့လည်း ဝမ်းတွေသာ၊ အားတွေရှိသွားပြီး ရှေ့ရေးကို တိုင်ပင်ကြတော့ ဒယ်ဒီတို့ မိသားစု အားလုံးက မြင်းမူကို စစ်ပြေးကြမှာတဲ့။ စောစောတုန်းက တော့ ဘုရားကြီးလို အထင်ကရ ဘာသာရေး အဆောက်အဦ တွေဆိုရင် ရန်သူတွေက ဗုံးချ ဖျက်ဆီးတာ မလုပ်ကြဘူး၊ ဒါကြောင့် သူတို့တိုက် ကလည်း ဘုရားကြီးရဲ့အရှေ့မုခ်နဲ့ မျက်နှာ ချင်းဆိုင်မို့ လွတ်နိုင်တယ်ဆိုပြီး ဘယ်မှမသွားဘူးလို့ ဆုံးဖြတ် ထားတာတဲ့လေ။

ခုတစ်မြို့လုံးနီးပါး မီးလောင်တာမြင်ရတော့ သူတို့လည်း မနေရဲကြတော့ဘဲ မြင်းမူမှရှိတဲ့ ဆွေမျိုးတွေဆီ သွားကြမယ် လို့ စီစဉ်ပါတယ်။ ကျွန်မတို့ကိုလည်း သူတို့နဲ့ပဲ အတူလိုက်နေဖို့ လိုက်နေဖို့ ခေါ်တော့ ကျွန်မ ကလည်း လိုက်ခဲ့မယ်ပေါ့။ Kathleenနဲ့က ကွန်ဗင့်မှာ ရောက်က တည်းက အမြဲတွဲခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း မဟုတ်လား။ သူ့မိသားစု၊ ကိုယ့်မိသားစုလည်း ရင်းနှီးပြီးသား။ သူကလည်း ကျွှန်မအမေကို မာမီ ခေါ်သလို သူ့ရဲ့ ဒယ်ဒီ ကိုလည်း ကျွှန်မက သူခေါ်သလို ဒယ်ဒီ၊ မာမီခေါ်နေကျ။
အဲတော့ ဆွေမျိုးတော်တဲ့ အန်တီလေးတို့နဲ့ နေရတာထက် သူတို့နဲ့ နေရတာက ပိုပြီးရင်းနှီးတာကြောင့် ကျွှန်မ လည်း အားကိုးမိတယ်ပေါ့။ အထူးသဖြင့် မာမီရဲ့ အခြေအနေ ကိုလည်း ဘယ်လို ဖြစ်မယ် ဆိုတာ စောင့်ကြည့်ရဦးမှာလေ။

Kathleenတို့ အစီအစဉ်တွေ လုပ်နေတာနဲ့ သူတို့အိမ်မှာ လေး ငါးရက်ဆက်ပြီး ကြာသွားပါ တယ်။ မာမီ ကတော့ မေးတစ်ခွန်း တိုးတက်လာပါရဲ့။ တစ်ခါတလေတည်း တစ်ယောက် တည်း ငေးနေငိုင်နေ။ တစ်ခါတလေလည်း ချုံးပွဲချပြီးငို။ လူကောင်း တစ်ယောက်လို စကားအပြန်အလှန် တိုင်ပင်ဆွေးနွေး ဆက်ဆံ လို့ရတဲ့ အခြေအနေတော့ မဟုတ်သေး တာနဲ့ ကျွန်မပဲ ကိုယ့်ဟာကို တစ်ယောက်တည်း အဆုံးအဖြတ်တွေ ပြုရတော့ တာပေါ့။
ခေမေသက မှာ ပြန်ပြီး ကျန်တဲ့ပစ္စည်းလည်း သိမ်းရမယ်။ အန်တီလေးတို့ကိုလည်း အကျိုး အကြောင်း ပြောပြရဦးမှာမို့ ခေမေသကကို အရင်ဝင်ကြဖို့ စီစဉ်ပြီး ပြန်သွားကြ ပါရော။ ဒီလောက် ကသောင်းကနင်း ဒုက္ခတွေ ကြုံနေရတဲထဲမှာ ရယ်စရာကလည်း ကြုံရ သေးတယ်။

ကျွန်မတို့သားအမိ နေ့ချင်းပြန်ဆိုပြီး မန္တလေးကို သွားလိုက်ကြတာ ပြန်ရောက်မလာတော့ ဗုံးစာဖြစ် သွားပြီး သေပြီလို့ယူဆကြတာပေါ့။ အန်တီလေးတို့မှာ ငိုလည်း ငိုကြ၊ အမျှအတန်း တွေဝေလို့တဲ့။ တစ်ပတ်ရှိ လို့မှ ပြန်မရောက်ရင် သပိတ်သွတ်ဖို့တောင် စီစဉ်ထားတာတဲ့ လေ။
မန္တလေး ကို ဗုံးတွေကြဲတဲ့ ညကြီးမိုးချုပ်မှာ ဇရပ်တံခါးကို လာခေါက်တဲ့ ဧည့်သည် တစ် ယောက်လည်း ရောက်လာတယ်တဲ့။ အဲဒီလူက သူဇရပ်ရှင်ဖြစ်တဲ့အကြောင်း အခုဒီဇရပ် မှာ နေဖို့ ရောက်လာတာလို့ ဆိုပါလေရော။

အန်တီလေးမမြသန်း လည်း ဘာလုပ်ရမှန်း မသိဘူးပေါ့။ ဇရပ်စောင့်တဲ့ ဘွားသီလရှင်ကြီး ကလည်း တခြားချောင် ကို ညအိပ်သွားနေလို့ မရှိဘူး။ ဒါနဲ့...
ကျွန်မ တို့လည်း ဇရပ်ရှင်ကို မတွေ့ဖူးလို့် မသိပါဘူး။ ကျွန်မတူမလေးက ဇရပ်ရှင်ဆီက ခွင့်ပြုလို့ ဒီမှာပြောင်း လာပြီးနေတာ။ အဲဒီတူမလေးလည်း ခုထက်ထိ ပြန်ရောက်မလာလို့ စိတ်ပူပြီး စောင့်နေတာ၊ သူလာမှပဲ ဦးနဲ့ ရှင်းကြပါတော့ လို့ပြောလိုက်ရတယ်တဲ့။
အဲတော့မှ ဇရပ်ရှင် ဦးအောင်ခန့် ဆိုသူက ခေါင်းရင်းက ဇရပ်မှာသွားပြီး နေတယ်တဲ့။
'ခင်ဗျားတူမ ပြန်မလာသေးဘူးလား' ဆိုတာလည်း နေ့စဉ် လာမေးနေတော့ သူတို့လည်း အနေရအထိုင်ရ ခက်နေ တာပေါ့။

လေးငါးရက် ကြာတဲ့အထိ ကျွန်မတို့က ပြန်မရောက်တော့ ဗုံးထဲပါသွားတာ သေချာပါပြီ ဆိုပြီး စိတ်အားလည်းငယ်၊ ဦးအောင်ခန့် ကိုလည်း အားနာတာနဲ့ ကျွန်မတို့ နေရာရှာပြီး ပြောင်းပေးပါမယ်၊ အချိန်လေး ဘာလေးတော့ ပေးပါ လို့ တောင်းပန်ပြီး အန်တီလေးတို့ နေရာထွက်ရှာကြရတယ်တဲ့လေ။
မန္တလေးတစ်မြို့လုံး ကျွတ်နီးပါး မီးလောင်တာမို့ ပြေးလာတဲ့ ဒုက္ခသည်တွေက နေရာအနှံ့မှာ ၀င်ပြီးခိုကြ ရတာ ဖြစ်တော့ အန်တီလေးတို့လည်း နေစရာ ဇရပ်ရှာလို့မရ ဖြစ်ပြီး စိတ်ညစ်နေတဲ့အချိန်မှာမှ ကျွန်မတို့က တစ်အုပ်ကြီး ပြန်ရောက်လာကြတာပါ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၂၁)

မိခင်ကြီး က ပြုံးပြန်သည်။ မိခင်ကြီး၏ အပြုံးနောက်ကွယ်တွင် အဓိပ္ပာယ်များစွာ ရောပြွမ်း ပါလာသည် ကို အမြော်အမြင် ကြီးမားသော်လည်း စစ်ရေးစစ်ရာနှင့် နိုင်ငံရေးကိစ္စတို့ကိုမူ လက်တွေ့ လုပ်ကိုင်နေသူ များ ကဲ့သို့ မြင်ကောင်းမှ မြင်ပေမည်။ သို့ကြောင့်လည်း မိခင်ကြီးက ဂျပန်များနှင့် ပူးပေါင်း လက်တွဲ လျက် နယ်ချဲ့သမားအား တိုက်ပွဲဝင်လာသည်ကို မယုံကြည် မနှစ်မြို့ဟန်ဖြင့် သတိပေး စကား ပြောကြားသည်ဟု ကျွန်တော် ထင်မှတ်ထားလိုက်ပါသည်။ ကို ဆက်ဖတ်ရန် ..

ချစ်သူ၏ ပါးပြင်မို့မို့ကို အကြိမ်ပေါင်းများစွာ နမ်းရှုပ်မိသည်။ ချစ်သူ၏လက်များကို တင်းတင်းဆုပ်၍ သစ္စ္စာကတိ စကားများ ဆိုမိပါသည်။ စစ်သားဆိုသူ၏ ရင်တွင် ဟန်ဆောင် သည့်၊ မရိုးသားသည့်၊ သစ္စာမဲ့သည့်စိတ် ဟူ၍စိုးစဉ်း မျှ မရှိသည်ကို ကျွန်တော်၏ချစ်သူ သန်းသန်းသည် ကောင်းစွာသိနေပါသည်။
သန်း... စစ်မထွက်ခင် ကိုယ် သန်းကိုလက်ထပ်မယ် မောင့်မိဘတွေက သဘောတူမှာလားလေ အိုး... သဘော မတူရင် သန်းကို တစ်ခါတည်း ခိုးပြေးမယ် ဒီတော့လည်း နှစ်ဘက်လူ ကြီးတွေ အမုန်းပွားကြ မယ်၊ ရှေ့ရေးပိုခက် သွားမယ်။ သန်းရယ် မောင့်အနေနဲ့ကတော့ ဘယ်သူမှ ပြောမနေတော့ နှစ်ဦးသဘောတူ ထွက်ပြေးချင် တယ်လေ။ သန်းသာ ထွက်ပြေးရင် မေမေ့ကို ဖေဖေက သမီးကို နိုင်အောင်မထိန်းနိုင်ဘူးဆိုပြီး သတ်မှာ သိလား။ ဒီတော့လည်း သန်းရဲ့ ဖားကပြုတ်ကြီးကို ကိုယ်တက်ပြီး ခေါင်းရိုက်ခွဲလိုက်မှာပေါ့။

လုပ်ရော့မယ် ဖေဖေကဒါကြောင့် ကြည့်မရတာ၊ အရင်ကလည်း လမ်းမက လက်သီးထောင် ပြလို့ ဆိုပြီး တောက် တခေါက်ခေါက်နဲ့သိလား။ ဟီး..ဟီး ယခမောက်ကြီးကို ခုထဲက သမက်ကလေးကို အသေ အလဲကြောက်နေအောင် ပညာတွေပြ ထားတာကွ၊ ဟီး..ဟီး ကိုင်းပါရှေ့ရေးကိစ္စ ဘယ်လိုစီစဉ်မယ် ဆိုတာ ပြောပါ ဦး မောင်ပြောပြီးပြီပဲ သန်းရယ်၊ လောလောဆယ်တော့ မောင်ခေါ်ရာ လိုက် ခဲ့ပြီး နောက်လူကြီးတွေပြောပြီး လက်ထပ်ကြတာ ပေါ့မကောင်းဘူးလား။
အေးလေ မောင်ကောင်းသလိုသာ စီစဉ်ပေါ့၊ လောလောဆယ်တော့ အိမ်ရှေ့ကနေ လမ်းသလားမနေနဲ့ဦး၊ ဘယ်မှ ထွက်မရဘဲ ကျပ် ထားရင် အစီအစဉ်တွေ ပျက်ကုန်ဦးမယ်။

ကျွန်တော်ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲသို့ ဝင်လိုက်ပြီးသည့်နောက် နေ့ညမပြတ် စစ်လေ့ကျင့်ခန်း များ လေ့ကျင့်နေရသဖြင့် ချစ်သူ သန်းသန်းနှင့်မတွေ့ရဘဲ စာချင်းသာဆက် သွယ်လျက်ရှိပါသည်။ ဤသို့ဖြင့် တစ်နေ့သော အခါတွင် ဗိုလ်စက်ရောင်က ကျွန်တော်သည် ချစ်သူသန်းသန်းထံသို့ မကြာမီ စစ်တွက် ရမည် ဖြစ်သဖြင့် တွေ့ဆုံလိုကြေင်း အကြောင်းကြား လိုက်ပါသည်။ သန်းသန်းသည် ကျွန်တော့်အား လက်ခံတွေ့ဆုံ ခဲ့ပါသည်။ တွေ့ပြန်တော့လည်း ချစ်သူတို့ဘဝ မရေမရာသော ခွဲခွာမှုအတွက် ရင်နင့်ပူဆွေး ရသည်။ ရှေ့ရေးအတွက် ပူပင်သောကရောက်ကာ အတူတကွ နေထိုင်ရေးအတွက် စွန့်စားမှုပြုရန် ဆုံးဖြတ် လိုက်ရပါ တော့သည်။

မြလှိုင် စဉ်းစဉ်းစားစားလုပ်ပါကွာ ဘာတွေစဉ်းစားရဦးမှာလဲဗျ၊ ကျွန်တော့်အိမ်က မားသား ကြီးက သန်းသန်း နဲ့သာ မဟုတ်ဘူး ဘယ်သူနဲ့မှ သဘောမတူဘူး နောက်ပြီး ကျွန်တော့်ကို ကလေးလို့ထင်နေကြတာဗျ၊ ဒီတော့ ခိုးပြေးရုံ ပဲ ရှိတာပေါ့ မဟုတ်ဘူးလား ကိုအုန်းမောင်နှင့် ကျွန်တော်တို့ အချီအချပြောရင်း ဆုံးဖြတ်၍မရဘဲ ရှိပါ သည်။ ကိုအုန်မောင်သည် ကျွန်တော့် အပေါ်တွင် ညီငယ်လိုတစ်မျိုး၊ ရဲဘော်ကဲ့သို့တစ်ဖုံ အမြဲမပြတ် ဖေးမ လာခဲ့သူ ဖြစ်သည်။ ယခုလည်း ကျွန်တော်သည် သန်းသန်းအား စစ်မထွက်မီ ခိုးယူရန် တိုင်ပင် မိခြင်း ဖြစ်ပါသည်။ မင်းမှာက စစ်သားဆိုတဲ့တာဝန်ကြီးက ရှိနေတော့ သန်းသန်းကို ခိုးပြေးပြီးနောက် စစ်တိုက် ထွက်ရမယ် ဆိုတော့ သူ့ကိုဘယ်သူနဲ့ ထားခဲ့မှာလဲ အဲဒါမှ ချစ်ရာမရောက် ဒုက္ခရောက်အောင် လုပ်သလို ဖြစ်နေ မှာ လင်နောက်လိုက်သွားတဲ့ သူ့သမီးကိုလည်း ဒီတိုင်း သူ့မိဘအိမ် ပြန်တင်ထားခဲ့လို့ရော ရမယ်တဲ့လား သူ့အဖေကြီး အကြောင်း လည်း မင်းအသိသား မဟုတ်လား။

အိုး ဒီကပြုပ်ကြီးကို ကျုပ်အရေးမစိုက်ပါဘူးဗျာ ဘာလဲ မီးသေတယ်ပေါ့ ဟုတ်လား ခွေးမသား လိုက်ရိုက်လို့ ပြေးပေါင်းများလှပါပြီ မြလှိုင်ရာ ဟား...ဟားဟုတ်ပါသည်။ ကျွန်တော်ဆိုသည့် ကောင်ကလည်း ဇွတ်တရွတ် မိုက်မိုက်ကန်းကန်း လုပ်လေ့လုပ်ထရှိသူ ဖြစ်သည်။ ကျွန်တော်ကျောင်းသား ဘဝ က ဖြစ်ပါသည်။ ကျောင်းပိတ်၍ အိမ်ပြန်လာသည့်အခိုက် ချစ်သူ သန်းသန်း အား တွေ့ခွင့်အားအောင်သွယ်ကြီး အမေကြူမှ တစ်ဆင့် အကြောင်းကြားခဲ့ သည်။ သန်းသန်း ကလည်း တွေ့နိုင်မည့် ရက် တစ်ရက်၏ သန်းခေါင်ယံအချိန်ကို သတ်မှတ်ပေးလိုက်ပါသည်။ ထိုအချိန်တွင် ရန်ကုန်ကျောင်း မှ ကျွန်တော်ပြန်ရောက်နေ သည်ကို သိထားကြသော သန်းသန်း၏ ဖခင်နှင့် မိခင်တို့သည် အထူးဂရုစိုက်လျက် စိုက်ကြည့်နေကြပါသည်။

ကျွန်တော်သည် ချိန်းသည့်ည ရောက်သည့်အခါ သူ့ငယ်ချင်း ကိုအုန်းမောင်နှင့်အတူ သန်းသန်းအိမ်နားသို့ သွားရောက်လျက် လျှောက်ပြန်သံပေးလုပ်ပါသည်။ သန်းသန်းခမျာ မိခင်ဖခင်တို့ အသင့်စောင့်နေသည်ကို ကြုံရ သဖြင့် အသက်မျှပင် မရှူရဲအောင် အကြံရ ကျပ်နေချိန် ဖြစ်ပါသည်။ ဤအဖြစ်ကိုသမိသော ကျွန်တော်ဆိုသော သကောင့်သား သည့် အိမ်ဘေးတွင် ထောင်ထားသော ဝါးလုံးကြီးကို ဖြုတ်၍ သန်းသန်း အိမ်ပေါ်ထပ် ပြတင်း ပေါက်ကို တဂျစ်ဂျစ်ထိုးပါတော့သည်။ အဖော်လိုက်လာသူ ကိုအုန်းမောင်ကလည်း အနား မှကပ်ကာ ထိုးပေးကွ ထိုးပေးကွဟု တွန်းအားပေးနေပါသည်။ အချိန်များများ မကြာလှပါချေ။

 ပြတင်းပေါက်သည် တဖြည်းဖြည်း ပွင့်လာပါသည်။ ကျွန်တော်နှင့် ကိုအုန်းမောင်တို့်နှစ်ဦးမှာ စိတ်အား ထက်သန်စွာ ပွင့်လာသောပြတင်းပေါက်ကို ကြည့်နေကြပါသည်။ ထိုအချိန်၌ လက်နှိပ်ဓာတ်မီးရောင်သည် ကျွန်တော့်မျက်ခွက်ပေါ် သို့ တည့်တည့်မတ်မတ် ကျရောက်လာ ပြီး ကျားဟိန်းသံကြီးပမာ ကြားလိုက် ရပါတော့ သည်။
ဟေ့ခွေးမသားတွေ ဘာလာနှေင့်ယှက်နေတာလဲ ဟ မြလှိုင်၊ အဘိုးကြီးကွ ပြေးဟ ပြေး ကျွန်တော်သည် လက်ထဲ မှ ဝါးလုံးကိုချ၍ ထွက်ပြေးပါတော့သည်။ ကျွန်တော်တို့နောက်မှ အဘိုးကြီး ပစ်လွှတ် လိုက်သော လောက်စာ လုံးနှစ်လုံး သုံးလုံးခန့်က တဝှီးဝှီးအော်မြည်ကာ လိုက်ပါလာသေးသည်။
ကိုင်းခွေးမသား မှတ်ပြီလား ဒါကြောင့် သောက်ရမ်းသောက်ရမ်းမလုပ်ပါနဲ့လို့ မင်းကိုပြော တယ်မဟုတ်လား ခုတော့ဘယ်နှယ့် ရှိစ။ ရောခင်ဗျားကပဲ ထိုးပေးထိုးပေး မြှောက်ပေးနေပြီး ခုမှဘာလာပြီး အပြစ်ဖို့နေ ရတာလဲ နောက်ပြီး သန်းသန်းက ချိန်းတာပဲ မဟုတ်လားလို့။

ထားပါတော့လေ တို့ဘာလုပ်ကြမလဲ ပြန်သွားဦးမယ်ဗျာ ဟာမဟုတ်တာ၊ ဒီတစ်ခါဆို ဓားနဲ့လိုက်ထိုးနေလိမ်မယ်။ လာမှာပါ လာပါဗျာ၊ ခင်ဗျားကြီး မလိုက်ရင် ကျုပ်တစ်ယောက် တည်း သွားမယ်။
ကျွန်တော်နှင့် ကိုအုန်းမောင် သန်းသန်းတို့အိမ် ပြန်လာကြပြန်သည်။ စောစောက ပစ်ခဲ့သော ဝါးလုံးကြီးကို ယူပြီး နောက်ဖေးဝင်းထရံကို ကျွန်တော်တို့ ကျော်တက်လိုက်ပြီး နောက်ဖေးတွင် လှန်းထားသော ထဘီများ၊ အဝတ်များကို ဝါးလုံးဖြင့် ထိုး၍ယူလိုက်ပါသည်။ ကျွန်တော်လက် ဝယ်သို့ ထဘီသုံးထည်နှင့် စွပ်ကျယ်တစ်ထည် ပါလာပါသည်။ ကိုအုန်းမောင်ကတော့ ပြော၍မရသော ကျွန်တော့်ကိုသာ စိတ်ပျက်လှစွာကြည့်နေပါသည်။ အချိန်မှာ အရုဏ်တက် လာစပြုနေပါပြီ။ ကျွန်တော်သည် ဝါးလုံးဖြင့် ထိုးယူရရှိသော ထဘီသုံးထည်နှင့် စွပ်ကျယ် အင်္ကျီကို ဝါးလုံးတွင် သီ၍ အလံထူကာ သန်းသန်းအိမ်ရှေ့ ဖိနပ်ချွတ်တိုင်တွင် ချည်နှောင်ထား ခဲ့ပါတော့သည်။

နံနက်လင်းသောအခါ အိမ်နီးနားချင်းများ၏ ဆူဆူညံညံ အသံများကြောင့် သန်းသန်း၏ အဖေအမေများ လန့်နိုးလာကြပါသည်။ ထိုအခါ အိမ်ရှေ့ဖိနပ်ချွတ်တွင် အလံထူထားခဲ့သော ထဘီများနှင့် စွပ်ကျယ်ကို တွေ့ကြပြီး တဗျစ်တောက်တောက် ဆဲဆို ကြိမ်းမောင်းလျက် ရှိပါတော့သည်။
ဒါ ဟိုခွေးမသား လက်ချက်ပဲ ဖြစ်ရမယ်၊ချီး ဒီကောင်လေး ဘယ်လောက်များ ဒုက္ခပေး သောက်ရှက်ခွဲနေဦးမလဲ မသိဘူး ဟိုခွေးမကလည်း ဒီခွေးကိုပဲ ကြိုက်ရသတဲ့ ထွီး တိုးတိုးတိတ်တိတ် လုပ်ပါ ကိုစစ်ရှိန်ရယ်၊ တော့်အသံက လူကြား လှတယ်။ ထိုအချိန်တွင် သန်းသန်းတို့နှင့် မျက်နှာချင်းဆိုင်နေသော ကျွန်တော်၏အစ်မ တစ်ဝမ်းကွဲ မသန်းညှာ အိမ်သို့ နောက်ဖေးပေါက်မှ တက်သွားပါသည်။ ကျွန်တော့်ကို မြင်သောအခါ ကျွန်တော့်အစ်မသည် ပျာပျာ သလဲဖြင့် နောက်ဖေးမီးဖိုထဲကို ဆွဲခေါ်သွားပါသည်။

မောင်မောင် မိမောင်၊ နင်တော်တော် ဆိုးတဲ့ကောင်လေးပဲ၊ နင်လုပ်တာ အရေးမကြီးဘူးဟဲ့။ သူ့မိန်းမ ဒေါ်အေးတင်နဲ့ သူ့သမီး သေလိမ့်မယ်သိလား။ အိုး မမကလည်း ဘုမသိ ဘမသိနဲ့ ဘာတွေပြောနေ တာလဲ။ သြော် မငမောင်၊ နင့်ကိုယ်နင် လူရိုးကလေးပေါ့ ဟုတ်လား နင်ဘာတွေ လုပ်ခဲ့သလဲဟင်၊ ထဘီတွေ အလံထူပြီး အိမ်ရှေ့မှာ ချည်ထားခဲ့တယ် မဟုတ်လားလေ ကိုင်း ပြောပါဦး၊ ဒါဘာသဘောလဲ။ ဟဲ...ဟဲ ဒါလား၊ ယောက္ခမကြီးကို နောင်အခါ သမက်လောင်းကို လောက်စာလုံးစာ မကျွေးဖို့ ပညာပေးတာလေ၊ မကောင်း ဘူးလား၊ ဟီး...ဟီး။
နင်က ဘာသွားလုပ်သလဲမှ မသိတာ သူ့သမီးက ချိန်းတယ်ဗျာ၊ ဒါကြောင့်သွားတယ်၊ တံခါးဖွင့်မပေးဘူး အဲဒါ တုတ်နဲ့ခြစ်ပြီး အချက်ပေးတာ အဘိုးကြီး ထလာပြီး လက်နှိပ်ဓာတ် မီးနဲ့ထိုး လောက်လေး နဲ့ပစ်တာ ပြေး လိုက်ရတာဗျာ။

ကျွန်တော်က ပြောရင်းဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။ ကျွန်တော်အစ်မ မသန်းညှာကလည်း ကျွန်တော် ၏ ဇွတ်တရွတ်နိုင်ပုံနှင့် ဦးစစ်ရှိန် ဒေါသပုံကြီးပုံ၊ နံနက်စောစော ထ၍ ရေရွတ် ကျိန်ဆဲနေပုံများကို ပြန်လည်ဖောက်သည်ချနေပါတော့သည်။
မင်းကိုတော့ ကိုစစ်ရှိန်ကြီးက ကောင်းကောင်း သတ်ချင်နေမှာပဲ အဲဒါ မျိုးပေါ့ နောက်တော့ ရွှေသမက် ငွေသမက်ဆိုပြီး ခေါင်းပေါ်ရွက်ထားမှာဗျ။ နင့်ကို ငတေကောင်မျိုး ကိုစစ်ရှိန် အချိုးနဲ့ ဝေးသေး တယ်ဟေ့ မှန်ပါသည် ကျွန်တော့်အစ်မ ပြောသကဲ့သို့၊ ကျွန်တော်လို ထောင့်မကျိုးသောသူ တစ်ဦး ကို မည်သူကမျှ ကြည့်၍ရမည် မဟုတ်ပါချေ။ မိဘ၏ မျက်နှာ၊ မိဘ၏ ဂုဏ်ရှိန်ဆိုသည့် အရိပ်များ ထိုးနေသည် ကို ဟုတ်လှပြီ ထင်နေသော ကျွန်တော့်ကို အစ်မ မသန်းညှာက သတိပေး စကား ပြောကြားလိုက်သဖြင့် ထိုအိမ်တွင် ကြာကြာ မနေ တော့ဘဲ နောက်ဖေးပေါက် မှာပင် ပြန်၍ ဆင်းလာခဲ့သည်။
ကျွန်တော် သည် ကျောင်းသားဘဝက အဖြစ်အပျက်ဟောင်းများကို စဉ်းစားရင်း ကိုအုန်းမောင် ၏ဲ သတိပေး စကား များကို ငြိမ်သက်စွာ နားထောင်နေမိသည်။ ထို့ပြင် တကယ်တမ်း ပြောကြစို့ဆိုလျှင်လည်း ယနေ့ကျွန်တော့် ဘဝသည် မိမိကိုယ်ကို မိမိပိုင်သည့်ဘဝ မဟုတ်တော့ဘဲ စစ်သည်တော်တစ်ဦး အဖြစ် အမိနိုင်ငံ အတွက် ပေးလှူထားသည် မဟုတ်ပါလား။

ဟေ့ကောင် ဘာငိုင်နေတာလဲ၊ ငါပြောတာ မင်းသဘောပေါက်တယ်မဟုတ်လားကွ၊ မင်း ခုနေ မိန်းမခိုးသွားရင် မင်းရည်မှန်းချက် အားလုံး ပျက်ပြီသာမှတ်ပေတော့ နောက်ပြီး သန်းသန်းခမျာ လဲ မင်းကို ယူပြီး ဒုက္ခရောက်နေမှာ အမှန်ပဲ။
ဒါလောက်တောင်ပဲ လားဗျာ။ ဒါထက် အများကြီးဆိုးဦးမှာကွ၊ ဒါပဲ မြလှိုင်၊ မင်းငါ့စကား နားမထောင် ရင်တော့၊ ငါမင်းနဲ့ ဆက်မပေါင်းနိုင်တော့ဘူး၊ မင်းကို ငါနောက်ထပ်လဲ လာမတွေ့တော့ဘူး။ ကိုအုန်းမောင် ၏ ပြောစကားများသည် မိုးကြိုးပစ်သကဲ့သို့ ကျွန်တော်ရင်တွင် တလှပ်လှပ် ခံစားလိုက်ရသည်။ ဝမ်းနည်းခြင်း၊ စိတ်ထိခိုက် လွယ်ခြင်းများဖြင့် ပြွမ်းတီးသော မျက်ရည်များသည် ကျွန်တော့်ပါးပြင်ပေါ်သို့ စီးဆင်းကျလာ ခဲ့ပါသည်။

သေနတ် ကို ကောင်းစွာ ကိုင်တွယ်တ်ပြီမို့ ရန်သူနှင့် ရင်ဆိုင်တိုက်ရမည့် တိုက်ပွဲများကို မျှော်လင့်တောင့်တလျက် ရှိနေပါသည်။ ကျွန်တော့် ဆုတောင်းချက်များ မကြာမီ ပြည့်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုမူ ကျွန်တော် တို့တပ်ခွဲအား မြစ်ဝကျွန်းပေါ် တစ်နေရာတွင် အခိုင်အမာ တပ်စွဲထား သော ရန်သူစခန်းသို့ တိုက်ခိုက်ခြေမှုန်းရန် အမိန့်ရောက်ရှိလာခြင်းကြောင့်ပင် ဖြစ်ပါသည်။
သို့သော် သန်းသန်း ကျွန်တော် ခိုးယူမည်ဟု ပြောထားပြီးသော ချစ်သူသန်းသန်း။ သန်းသန်းသည် ကျွန်တော်နှင့် အတူ ထွက်ပြေးရန် စောင့်မျှော်နေပေလိမ့်မည်။ ယခုမူ ကျွန်တော်သည် အထက်အမိန့် အရ စစ်ထွက် ရပေလိမ့်မည်။ သန်းသန်းကို မည်သို့ပြောရပါမည်နည်း။ ကျွန်တော့်ရင်ထဲတွင် ပူလောင်နေ သည်။ နောက်ဆုံးအရဲစွန့်၍ တပ်ခွဲမှူးဖြစ်သူ ဗိုလ်စက်ရောင်အား အိမ်သို့ ခေတ္တပြန်ရန် ခွင့်ပန်လိုက်ပါသည်။ သို့သော် စစ်ထွက်အံ့ ဆဲဆဲဖြစ်၍ ကျွန်တော်၏ ခွင့်ပန်ချက်သည် အချည်းနှီးဖြစ်ခဲ့ရ သည်။

ဗိုလ်စက်ရောင်သည် မည်သူ့ကိုမျှ အိမ်ပြန်ခွင့် အကျိုးအကြောင်း ပြောခွင့် မပြုခဲ့ပေ။
ခက်ပြီ ခုမှ လှလှကြီး အခက်တွေ့ချေပြီဟုသာ အဆက်မပြတ် တစ်ယောက်တည်း ညဉ်းတွားမိသည်။ ခုလို အချိန်မျိုး တွင် ချစ်သူသန်းသန်း၏ အထင်အမြင် လွဲမှားမှုမျိုးကို ကျွန်တော် မည်သည့်နည်းနှင့်မျှ မခံလိုပေ။ ဗိုလ်စက်ရောင် သည် ကျွန်တော်၏ လှုပ်ရှားအငြိမ်မနေမှုကို သတိထားမိဟန်ဖြင့် လက်ယက် ခေါ်လိုက်ပါသည်။
ရဲဘော် စစ်သား ဆိုတာ အမိန့်ကို တသွေမတိမ်း လိုက်နာတတ်ရတယ် ကျွန်... ကျွန်တော် အိမ်ကို ခဏ ဟိတ်... ဟိတ်၊ ဘယ်မှ မသွားရဘူး၊ ဒါအမိန့်ပဲ၊ သွားတော့ မကြာမီ ကျွန်တော်တို့ တပ်ခွဲ ဖျာပုံမြို့မှ ထွက်ခွာ လာခဲ့ကြရသည်။ ကျွန်တော် ဖျာပုံမြို့မှ ထွက်ခွာလာရသည်ကို ကျွန်တော့်မိခင်ကြီးလည်း မသိ။ အချစ်ဆုံး သူငယ်ချင်း ကိုအုန်းမောင်လည်း မသိ၊ အသက်တမျှ ချစ်ရသော ချစ်သူ သန်းသန်းလည်း မသိ၊ နောက်ဆုံး အောင်သွယ်တော်ကြီး အမေကြိုင်ပင် မသိ၊ မည်သူဆို မည်သူမျှ မသိကြဘဲ ထွက်လာခဲ့ရ သည်။

ဖျာပုံမြို့သည် ကျွန်တော့်မြင်ကွင်းထဲမှ ဝေး၍ဝေး၍ ကျန်ရစ်ခဲ့လေပြီ။ ထို့အတူ ကျွန်တော့် ချစ်သူနှင့် မိဘ ညီအစ်ကို မောင်နှမ သူငယ်ချင်း အပေါင်းအသင်းများ အားလုံးတို့သည်လည်း ဝေးကွာ ကျန်ရစ်နေခဲ့ကြပြီ တကား။
ကျွန်တော့် အတွေးမျှင်သည် နွေကာလ၏ တိမ်တိုက်သဖွယ် ပြေးလွှားလျက်ရှိနေပါသည်။ ထိုအတွေး မျှင်နှင့်ယှဉ်လျက် ကျွန်တော်၏ ရုပ်ခန္ဓာသည် လူသေတစ်ဦးကဲ့သို့ ငြိမ်သက်နေပါသည်။ စိတ်သည် အရှိန်အဟုန်ဖြင့် ပြေးလွှားနေချိန်တွင် ရုပ်က မလှုပ်မယှက် ဖြစ်နေသည်မှာ ဆန့်ကျင်ဘက် ကဲ့သို့ပင်။ လောလောဆယ် တွင်မူ ကျွန်တော်သည် စစ်ထဲဝင်ရခြင်းအတွက် ကြီးမားသော ဝေဒနာတစ်ရပ်ကို ခံစားနေရ ပါသည်။ အကြီးမားဆုံးသော ဝေဒနာကား ချစ်သူနှင့် ကွေကွင်းရခြင်းပင် ဖြစ်ပါသည်။
ဘဝ ဆိုသော လှိုင်းတံပိုး၏အစ ဖြစ်ပေလိမ့်မည်။ မိဘ၏ အရိပ်အာဝါသအောက်၌ မတောင့်မတ မကြောင့်ကြသော မိမိဘဝနှင့် မည်သူတစ်ဦး တစ်ယောက်ကမျှ တိုက်တွန်းနှိုးဆော်ခြင်း မရှိပါပဲလျက် မိမိဆန္ဒဖြင့် တိုင်းပြည် လွတ်လပ်ရေးအတွက် အသက်ပေးလှူရန် မိမိကိုယ်တိုင် ဆုံးဖြတ်ခဲ့သည် မဟုတ်ပါလား။

စစ်တပ်ထဲသို့ ဝင်စဉ်ကာလက ရဲဘော်တို့ ဘာအခွင့်အရေးမှ မပေးနိုင်ဘူး၊ ကျူပ်တို့ကိုယ်တိုင်လည်း တိုင်းပြည် အတွက် မိမိအသက်ကို ပေးလှူထားတာက လွဲရင် ဘာအခွင့်အ ရေးမ မရယူလိုဘူး ပြောကြားခဲ့သည့် ဂျပန်ပြန် ဗိုလ်မြင့်ဆွေ၏ စကားများကို ပြန်လည်ကြားယောင် မိသည်။ှ ယခုလက်တွေ့ကြုံလေပြီ။ လက်တွေ့ဆိုရာ၌ တပ်ထွက်ခါနီးဆဲဆဲ ချစ်သူသန်းသန်းအား ပြေး၍နှုတ်ဆက်ခဲ့ချင်သည်။ မိခင်ကြီးအား ကန်တော့ခဲ့ချင်သည်။ ဤအခွင့်အရေးကလေးမျှကိုပင် တပ်ခွဲမှူးလုပ်သူက ခွင့်မပြုသဖြင့် စိတ်ထဲတွင် ခံစားနေရသည်။ တပ်ထဲ ဝင်မိသည့်အတွက် မှားလေရော့ သလားဟု ဆိတ်ဒွိဟများ ဖြစ်ပေါ်လာခဲ့ရသည်။
ဟေ့ကောင် ဘာငိုင်နေတာလဲ၊ အိမ်ကို လွမ်းနေပြီလားကွ။ ကျွန်တော်သည် အဖြေပြန်မပေးဘဲ အသံလာရာ ဆီသို့ မော့ကြည့်လိုက်သည်။ စစ်တိုက်ရမည့်အတွက် ပျော်ရွှင်တက်ကြွနေသော ကိုသောင်းအိ၏ မျက်နှာသည် ကျွန်တော့် အား ပြောင်လှောင်နေသည့်ပမာ ထင်မှတ်မိသည်။ ကျွန်တော်၏အတွင်းသဏာန်၏ သတ္တိမဲမှုများ ပေါ်ပေါက်သိရှိသွားလေပြီလားဟု မလုံမလဲဖြစ်ကာ ဟန်ဆောင်သော အပြုံးကို ပြုံးလိုက်မိသည်။

ဒီမှာကွ မကြာခင် ငါတို့ ရန်သူတွေနဲ့ တိုက်ရတော့မယ်၊ ရန်သူတွေဟာ နယ်ချဲ့အင်္ဂလိပ်တွေက ထားခဲ့တဲ့ စစ်သားဟောင်းတွေ တဲ့ကွ။ စစ်တိုက်ရတာ မဆန်းပါဘူးဗျာ၊ ဒါပေမယ့် ခရီးထွက်ခါနီး အိမ်ခဏ သွားခွင့် မပေးတာတော့ စိတ်မကောင်းဘူးဗျာ၊ ခုဆို သန်းတစ်ယောက် ဘယ်လောက် စိတ်ပူနေမလဲ၊ ကျွန်တော့် အိမ်ကလည်း ဘယ်လောက် စိတ်ပူကြမလဲ။
ဟား...ဟား ခွေးကောင်၊ စစ်သားဆိုတာ ဒီလိုပဲပေါ့ကွ၊ အရပ်သားတစ်ယောက်လို ကိုယ့်စိတ်နဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ ဘယ်ရ ပါ့မလဲ၊ နောက်ပြီး မင်းက တို့ရန်သူနဲ့ စစ်တိုက်သွားရတော့မယ် ဆိုတာ ပြောဦးမှာမဟုတ်လား၊ ဒီတော့ စစ်ပြင်ဆင်မှု သတင်းတွေ ပေါက်ကြားပြီး ရန်သူ လက်ဦးသွားနိုင်တာပေါ့။

ရဲဘော် သောင်းအိ၏ စကားရပ်များသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ကျွန်တော်၏ မကျေနပ်မှု သည် ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။ အခြေအနေအရ စစ်တိုက်ရခြင်းအတွက် မိမိအသက်ကို ရင်းစား ထားရသော သူတစ်ယောက်အဖို့ ကိုယ့်ချစ်သူ သက်ထားနှင့် မိဘညီအစ်ကို မောင်နှမများကို တွေ့ဆုံခွင့် ရသင့်သည် ဟု ကျွန်တော်ကတော့ ယုံကြည်ဆဲပင်။
တဒုန်းဒုန်း မြည်နေသော မော်တော်စက်သံသည် လူမမာ တစ်ယောက်ညည်းညူနေသည့်နှယ် ရှိပါသည်။ ကျွန်တော် သည် ရဲဘော် သောင်းအိအား စကားပြန်မပြောတော့ဘဲ မော်တော်ဦးမှ ခွဲထွက်လျက် ရှိသော ရေပန်းများကို ကြည့်နေမိသည်။ မော်တော်ပေါ်တွင် ရေး၊ မြိတ်၊ ထားဝယ်မှ တိုက်ပွဲဝင် အလေ့အကျင်း အတွေ့အကြုံ ရှိပြီး ရဲဘော်များ ပါလာသလို၊ ကျွန်တော်တို့ကဲ့သို့ လေ့ကျင့်ခန်းပေး၍ ပါဝင်လာသော ရဲဘော် များလည်း အများအပြား ပါဝင်ကြပါသည်။

ရဲဘော်များ၏ တစ်ယောက်တစ်ပေါက် သီချင်းဆိုသံသည်။ နားငြီးဖွယ်ရာ သံသေးသံကြောင်များဖြင့် ဆူညံနေသည်။ တသောသော ပြည့်နေသော ရယ်သံများ၊ မြိတ်၊ ထားဝယ်၊ ရဲဘော်များပြောသည့် စကားသံ များသည် ကျွန်တော် အတွေးနယ်တွင်းသို့ တစ်ခါတစ်ခါ ဝင်ရောက်လာတတ်ပါသည်။ သင်တန်းကာလက သင်တန်းဆရာလုပ်သူ၏ (ဟိတ်-ဟိုခွီးမသား) ဆိုသည်ကိုတော့ ကျွန်တော်တို့တစ် တွေ အလွတ်ရနေကြလေပြီ။
ဟေ့ကောင်... မြလှိုင်၊ စိတ်ညစ်ညစ်နဲ့ ရေထဲ ခုန်ချပြီး မသေလိုက်နဲ့ဦးနော်။ တော်ကြာ မင်းကောင်မလေး ငါဆက်ယူနေရဦးမယ်၊ ဟဲ...ဟဲ...ဟဲ။ အလကားစတာပါ သူငယ်ချင်းရာ၊ မင်းစိတ်ညစ်နေလို့ရော ဘာထူး မှာလဲကွ၊ စစ်သားတစ်ယောက်အဖို့ ကိုယ့်ကိုယ်ကို မပိုင်ဘူးဆိုတာ သိထားစမ်းပါ ငါ့လူရယ်၊ တို့တစ်တွေဟာ မကြာခင် ရန်သူ နဲ့ တိုက်ကြပြီး အသက်ပေးကြ မှာမဟုတ် လား၊ ငါတော့ ပျော်ပျော်ပဲဟေ့။

မှန်ပေသည်။ ရဲဘော်သောင်းအိသည် လေကလေး တစ်ချွန်ချွန်၊ သီချင်းကလေး တညည်းညည်း၊ ဖျာပုံသား သူငယ်ချင်း များထံ သွားရောက်၍ နောက်ပြောင်ပျော်ရွှင်နေပါသည်။ ထိုအချိန်က ကျွန်တော်တို့ ဖျာပုံမှ ပညာတတ် မျိုးချစ်လူငယ်များ အားလုံးလိုလို ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ ဝင်ရောက်ကြပြီး တိုက်ပွဲဝင်ရန် အတူတကွ လိုက်ပါလာကြလေသည်။ သို့သော် ကျွန်တော်တို့တစ် တွေသည် ဖျာပုံမြို့သို့ သိမ်းပြီး စစ်သား စုဆောင်းသည့်အခါမှ စစ်သားအဖြစ် ရောက်ရှိလာကြသူများ ဖြစ်၍ တစ်လကျော်ကျော်မျှ ရှိကြကုန်သည်။ လက်နက်ဆိုသည်ကိုလည်း ထိုအခါကျမှ ကိုင်တွယ်လေ့ကျင့်ခဲ့ရသူများ ဖြစ်လေသည်။်

ကျွန်တော်တို့ကို သယ်ဆောင်လာသော မော်တော်ကြီးသည် လေးလေးမှန်မှန်ဖြင့် ခုတ်မောင်းနေ ဆဲ။ မြစ်ပြင်မှ ရေများသည် ရွှံ့နှစ်များဖြင့် နောက်ကျိလျက် ရှိနေပါသည်။ ကမ်းနဖူးမှ လမုပင် များသည် နေရောင်ကြောင့် ပို၍စိမ်းစိုနေသည်။ ကျွန်တော်တို့အားလုံး မည်သည့်အရပ်သို့ ဦးတည်ခုတ်မောင်းနေ သည်ကို လည်းကောင်း၊ မည်သည့်အချိန်တွင် ရပ်နားရမည်ကိုလည်းကောင်း၊ မည်သူတစ်ဦးတစ် ယောက်မျှ သိရှိခြင်း မရှိကြပေ။ ဆရာလုပ်သူများ၊ အုပ်ချူပ်သူ ဗိုလ်လုပ်သူများ၊ ဂျပန်အကြံပေး အရာရှိဆိုသူများသည် ကျွန်တော် တို့အား ယခုချီတက်နေသည့် အကြောင်းနှင့် ပတ်သက်၍ စိုးစဉ်းမျှ ဖွင့်ဟပြောဆိုခြင်း မပြုကြ။ နေလည်း နေနိုင်ကြပါပေသည်။
ဟေ့... တို့များ အခုဘယ်ကို သွားနေတာလဲကွဲ ရွှေအိဝင်းမောင်က ကျွန်တော်နားသို့ ကပ်၍ တိုးတိုး တိတ်တိတ် မေးလာသည်။ ရွှေအိဝင်းမောင်၏ အမေးကို ကြားလိုသော မောင်ရှိန် (လေယာဉ်ပျက်၍ ကွယ်လွန်သူ ဗိုလ်မှူးမောင်ရှိန်)သည် အိပ်နေရာမှ ထ၍ ကျွန်တော့်ဘေးတွင် တိုးကပ် ထိုင် လိုက်ပြီး မေးတစ်ချက်ငေါ့သည်။

 ဘယ်သိမလဲဗျ၊ ထိုင် ထ ထွက်ဆိုလို လိုက်လာတာပဲ သိတယ် ကျွန်တော့်အဖြေကို သဘောကျ သွားဟန် တူသော မောင်ရှိန်သည် တခွီးခွီးရယ်သည်။ သူရယ်သောအခါ သွားများအား လုံးပေါ် လာသည်။ မောင်ရှိန်ကိုကြည့်၍ ကျွန်တော်လည်း ရယ်မောလိုက်သည်။
ကျွန်တော်တို့ တစ်တွေ မော်တော်ပေါ်တွင် ၂ညမျှ အိပ်စက်ကြရသည်။ အပေါ့အပါးသွားရန်အတွက် တစ်နေ့ကို ၃ကြိမ် ကမ်းကပ်ရပ်နားပေးသည်။ ရပ်နားသည်ဆိုသော်လည်း ကြာမြင့်လှသည် မဟုတ်ရကား ၁၀မိနစ်ခန့် သာဖြစ်သည်။
အမေရေ ချေးတောင် ဝအောင်မယိုရပါကလားနော် ရဲဘော်သောင်းအိ၏ ရွှတ်နောက်နောက် ညည်းညူသံကို ကြားရသော အခါ ရဲဘော်များ တဝေါဝေါ ရယ်ကြသည်။ ရဲဘော်များ စုပေါင်းရယ် သံကြားရသောအခါ မြိတ် ထားဝယ်သား ဆရာများက မလုံမလဲ ဖြစ်ကာ ငေါက်ငန်းဆူပူကြိမ်းမောင်း ခံကြရလေသည်။

ကျွန်တော်သည် မအိပ်ချင်သော်လည်း စိတ်ညစ်ညူးမှုများ ပျောက်ရန်ခေါင်းမြီးခြုံ၍ ထားကာ မျက်စိနှစ်လုံးကို ပိတ်ထားလိုက်သည်။ ထိုအချိန်တွင် ကျွန်တော့်အတွေးများလည်း ချစ်သူသန်းသန်း ထံသို့ ရောက်ရှိနေသည်။ သန်းသန်းကို အသေအချာ ခိုးယူပါမည်ဟု ပြောဆိုထားသည့်ကြားမှ ယခုစစ်ထွက်လာသည်ကို သန်းသန်းသိပါလေစ။ အဖြစ်မှန်ကို ကိုအုန်းမောင်က ရှင်းပြတန်ကောင်းရဲ့။ သို့မဟုတ်လျှင်ကား ကျွန်တော်သည် ချစ်သူသန်းသန်း ကို သစ္စာမဲ့သည့် သဘောဖြင့် ရှောင်လွှဲခဲ့သည်ဟု အထင်အမြင်လွဲ ခံရတော့မည်။ အမှန်မှာ ကျွန်တော် သည် တိုက်ပွဲတစ်ရာမက တိုက်ရဲသလို အပြန်တစ်ရာမကလည်း သေရဲသူကား အမှန်ပင်ဖြစ် ပါသည်။ နုနယ်ငယ်ရွယ်သော မိမိအတွေးမျှင်တွင် ချစ်သူသည်သာ ခင်တွယ်ရာ၊ ချစ်သူသည်သာ လဲလျောင်းရာ၊ ချစ်သူ သည်သာ ကိုးကွယ်ရာဟု ထင်မှတ်ခဲ့လေသည်။

ဟိတ် ရဲဘော်ထ ကြားလိုက်ရသည့် အသံက အသံပြတ်။ အသံနှင့် မရှေးမနှောင်းပင် ကျွန်တော် ထထိုင် လျက် ဖြစ်နေသည်။ ကျွန်တော်ကဲ့သို့ပင် အခြားရဲဘော်များလည်းထား ရှိကြသည်။ ထိုအချိန် တွင်မှ မော်တော်ရပ်နားသည်ကို သတိရလိုက်မိသည်။
မိုးချူပ် ၍ နေပေပြီ။ အရှေ့ အနောက် တောင် မြောင် ဝဲယာတို့တွင် မည်းမှောင်နေသည်။ မည်သည့် အရပ်ဒေသ သို့ ရောက်ရှိနေသည်ကိုမူ မသိရပေ။ အဘယ်ကြောင့်ဆိုသော် ညည့်အမှောင်မှလွဲ၍ လွင်တီးခေါင် သက်သက် ဖြစ်နေခြင်းကြောင့်ပင်။ မော်တော်ထဲတွင်လည်း မီးရောင်ဟူ၍ မရှိ။ အခြားမဲ့၌လည်း မီးရောင်ဟူ၍ မတွေ့ရ။ အရာခပ်သိမ်းသည် တိတ်ဆိတ်ခြင်းက လွှမ်းမိုးစိုးပိုင်လျက် ရှိနေပါသည်။

ရဲဘော် တို့ ငါတို့ ဒီနေရာကနေ ၅ မိုင်လောက် ခရီးကို ချီတက်ကြမယ်၊ လမ်းမှာ စကားမပြော ရဘူး၊ ဆေးလိပ်မသောက်ရဘူး၊ အမိန့်မရဘဲ မရပ်နားကြဘူး။ ဒါပဲ  တပ်ခွဲမှူးလုပ်သူ၏ စကားသံသည် လှံသွားကဲ့ သို့ ချွန်မြနေသည်။ ကြားရသူ၏ နှလုံးသားထဲသို့ စိမ့်ဝင်စီးဆင်းသွားသည်။
ကျွန်တော်တို့ တစ်တွေတွင် စစ်ပစ္စည်းများဟူ၍ များများစားစား သယ်ယူရန်မရှိကြပေ။ တစ်ယောက် လျှင် စောင်တစ်ထည်မျှသာ ဖြစ်သည်။ ကျွန်တော်သည် စောင်ကိုပင် မယူတော့ဘဲ သေနတ်နှင့် ယမ်းကပ်များကို လွယ်၍ မော်တော်ပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် ရဲဘော်များ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းကြပြီး မိမိ တို့ တပ်စိတ်အလိုက် နေရာယူ တန်းစီးနေကြလေသည် တွင်းထဲမှ ပုစဉ်းရင်ကွဲများ၏ အသံ သည် ကျွန်တော်တို့ လှုပ်ရှားနေကြသည့် အသံများထက်ပင် ဆူညံနေသည်ဟု ကျွန်တော် ထင်မှတ်မိပါသည်။

ရေငတ်လိုက်သည့် ဖြစ်ခြင်း
လည်ချောင်းများ ကွဲအက်လာသည်ဟု ထင်မိသည်။ နေရာအရပ်ဒေသ စိမ်းဖြစ်သဖြင့် တစ်ကြောင်း၊ ညဉ့်အမှောင်ထုက လွှမ်းမိုးနေသည်က တစ်ကြောင်း၊ မကြာခဏ လဲပြိုကြကုန်သည်။ ကျွန်တော်တို့ အား ခေါင်းဆောင်ကြသည့် ဆရာများသည်ပင် ကန်သင်ရိုးကို ခလုတ်တိုက်၍ မကြခဏ လဲကြလေသည်။ ဤသို့ဖြင့် ကျွန်တော်တို့ တစ်နာရီခန့် အပြင်းချီတက်လာခဲ့ကြသည်။ ကျွန်တော်တို့ တစ်တွေ သည် မောပန်းခြင်းထက် ရေငတ်ခြင်းက ကြီးမားလှသည့် ဒုက္ခတစ်ရပ်ဖြစ်ပါသည်။ မကြာမီ ကျွန်တော်တို့ကို ရပ်နား ရန် အချက်ပေးလိုက်သည်။ ရပ်နားခွင့်ရလျှင်ရခြင်း ကျွန်တော်သည် မြေပေါ်တွင် ပက်လက်လှန်၍ မည်းနက်နေသော ကောင်းကင်ကြီးအား ငေးမောကြည့်နေလိုက်မိသည်။

ထိုအချိန်တွင် ကျွန်တော့်ကိုယ်မှ ချွေးများသည် ရေချိုးထားသည့်နှယ် နစ်မြှုပ်စိုရွှဲလျက် ရှိပါသည်။
ရေ၊ ရေ။ တစ်ဆင့်မှ တစ်ဆင့် လက်ဆင့်ကမ်းလာသော ရေဖြစ်သည်။ ရေပုလင်းထဲတွင် လက်သုံးလုံးမျှ ကျန်ရှိနေသောရေ။ ထိုအချိန်က အမှန်တကယ်သာ သောက်ရမည် ဆိုလျှင် ဤရေပုလင်းမျိုး သုံးလေးပုလင်း သည် အသာကလေး ကုန်းသွားမည် ဖြစ်ပါသည်။ သို့သော် ယခု ကျွန်တော့်ထံသို့ ရောက်ရှိလာသည့်ရောမှာမူ လက်သုံးလုံး စာမျှသာ။ ကျွန်တော်သည် အာစွတ်သည် ဆိုရုံမျှသာ တစ်ငုံငုံထားလိုက်ပြီး လက်ဆင့် ကမ်းလိုက် သည်။ ထို့နောက် ထို့နောက် တစ်ဆင့်ပြီးတစ် တဆင့်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>