တစ်နေ့မှာတော့ အိမ်တွင် ဖေဖေ မေမေတို့ မရှိ။ မိတ်ဆွေတစ်ယောက်၏ ဘုရားကိုးဆူ ပူဇော်ပွဲ သို့ သွား နေကြသည်။
အိမ်မှာ မြိုင်နှင့် ကိုကို နှစ်ယောက်တည်း။
ကိုကိုနှင့်ဆိုတော့ ဖေဖေ မေမေတို့က စိတ်ချသည်။ ကိုကိုသည် အိမ်သားတစ်ယောက်လို ဖြစ်နေ ခဲ့သည်။ မြိုင် နှင့် ကိုကို့ ကို မောင်နှမအရင်းအချာတွေလို သဘောထားဖို့ မှာကြားထားသည်။
သို့ပေမယ့် ... ကျားဘုရင်လက် မှာ သားသမင် ကို အပ်ခဲ့သည့်အဖြစ်ကိုတော့ တွေးမိဟန်မတူ။ မင်းဒဿ လက် မှာ မယ်သီတာ ကို အပ်ခဲ့သည့်အဖြစ်ကို သတိထားမိဟန် မရှိ။
ကိုကိုက လူလည်။
သိပ်ကိုလည်တဲ့ လူလည်။
အများရှေ့မှာတော့ မခုတ်တတ်သည့်ကြောင်ကလေးပေါ့။
ကိုကိုက မြိုင့် ကို လက္ခဏာ ကြည့်ပေးမည်ဆိုသည်။ မြိုင်က လက္ခဏာတွေ ဗေဒင်တွေကို အယုံ ကြည်သား။
"ကြည့်စမ်း ... ကိုကိုက ပညာတွေ ချိုထားတာပေါ့လေ၊ အစက လက္ခဏာဟောတတ်တယ်ဆိုတာ ဘာလို့ မပြောတာလဲ"
ကိုကို က တကယ့် ပရောဟိတ်ဟန်ဖြင့် မြိုင့် လက်ကလေးများကို ဆွဲယူသည်။ ကြာမြင့်စွာ ကိုင်တွယ် ပွတ်သပ် နေသည်။ အစဉ် လို အေးနေသည့် လက်ဖျားကလေး ပူနွေးလာသည်အထိ ဖြစ် သည်။
"ပထမဦးဆုံး ဟောရမှာကတော့ မြိုင့် လက်ဖ၀ါးကလေးတွေဟာ သိပ်နူးညံ့တယ် ဆိုတာပဲ၊ ကိုင်လို့ သိပ် ကောင်းတယ် ဆိုတာပဲ"
သည်တော့မှ မြိုင် သတိရပြီး မိမိလက်ကို ပြန်ရုပ်လိုက်သည်။
"ကိုကိုနော် ... သူ တော်တော် အကြံများတယ်"
ကိုကို က ရယ်နေသည်။
"တကယ်ပါ မြိုင်ရ၊ ကိုကို တကယ်ဟောတတ်တာပါ"
မြိုင့် လက် ကို ပြန်ဆွဲယူသည်။
"ဟောဒါက ဥာဏ လေခ လို့ ခေါ်တယ်။ ဥာဏ်လမ်းကြောင်းပေါ့၊ ဒါက အာယုလေခ လို့ ခေါ်တယ်။ အသက်လမ်းကြောင်း၊ ဒါက ပမာဒလေခ၊ ဒါတွေက ဂြိုလ်ခုံတွေ၊ ဟောဒီမှာ ကြည့်စမ်၊ ဒီလက္ခဏာ အရေးအကြောင်း အရ မြိုင့်မှာ ချစ်သူ ရှိနေပြီ"
"ဟုတ်လဲဟုတ်ဖဲနဲ့"
"ဟုတ် ကို ဟုတ်တယ်၊ မြိုင့်မှာ ချစ်သူ ရှိနေပြီ"
"ဒါဖြင့် ဘယ်သူလဲ"
"မြိုင့်ရှေ့မှာ ထိုင်နေတဲ့သူလေ"
"တော်ပါ၊ လိပ်ကြီး၊ ကိုယ့်ဘက်ကိုယ် ယက်တတ်တဲ့ ကမ္ဘာလိပ်ကြီး"
ကိုကို လက္ခဏာ မဟောတတ်သည်ကို မြိုင်သိပြီ။ လက်ကို ပြန်ဆွဲယူသည်။ ကိုကိုက လွှတ်မပေးခဲ့။ သူ့ဘက်သို့ ပိုမို ဆွဲယူလိုက်သည်။ မြိုင်သည် ကိုကို့ရင်ခွင်အတွင်း ရောက်ရှိသွားသည်။ မြိုင့်ကို နမ်းဖို့ ကြိုးစား သည်။
"ဟင့်အင်း ကိုကိုရယ်၊ လွှတ်ကွယ်"
"မြိုင့် ကို ကိုကို ချစ်နေပြီ၊ အခုမှ မဟုတ်ဘူး မြိုင်၊ ငယ်ငယ်ကတည်းက ချစ်ခဲ့ရတာ။ မြိုင်တို့ စစ်ပြေးလာရင်း ရွာမှာ တွေ့ကတည်းက ချစ်ခဲ့ရတာ။ ဒီတုန်းက မြိုင်ဟာ ဂါဝန်ဝတ်ကလေးနဲ့ပေါ့"
ကိုကို ၏ ပွေ့ဖက်မှုတွေ ကြမ်းတမ်းလာသည်။ အနမ်းတွေ ဆန်းကြယ် ထွေပြားသည်။
"ကိုကိုရယ် လွှတ်ကွယ်"
"ကိုကို့ကို ချစ်လား"
"မသိဘူး"
"မုန်းသလား"
"မသိဘူး"
"မြိုင် မသိပေမယ့် ကိုကို သိပါတယ်။ မြိုင် ကိုကို့ကို ချစ်နေတယ်၊ ချစ်သမှ သိပ်ကို ချစ်နေတယ်။ မြိုင့်ပါးစပ်က မပြောပေမယ့် နှလုံးခုန်သံက ချစ်တယ် ချစ်တယ်လို့ မြည်နေတယ်။ မျက်လုံးထဲမှာ ချစ်တယ်ဆိုတဲ့ စကားလုံး ကလေး တွေ ပေါ်နေတယ်"
မြိုင် မျက်နှာ အတည်ထားလိုက်သည်။
"ကိုကို"
"အင်း"
"မြိုင့် ကိုကို့ကို မချစ်ဘူး၊ လွှတ်နော် ကိုကို၊ မြိုင့်ကို လွှတ်နော်"
"မလွှတ်ခဲ့ရင်ရော်"
"အော်လိုက်မှာပေါ့"
"အော်လိုက်လေ၊ ဒါဆို သာကောင်းတယ်၊ နားဖောက်ပြီးသား ဖြစ်သွားတာပေါ့"
"ခက်ပါလား ကိုကိုရယ်၊ ဖေဖေ မေမေတို့ ပြန်လာလိမ့်မယ်၊ မြင်သွားရင် မြိုင် ဘာဖြစ်သွားမယ် ထင်သလဲ"
"မြိုင် နဲ့ ကိုကို့ ကို လက်ထပ်ပေးလိုက်မှာပေါ့"
"သူ့ဘက်ကတော့ သေချာနေလိုက်တာ၊ ဖေဖေ မေမေတို့က မြိုင့်ကို ကိုမင်းသောင် နဲ့ လက်ထပ် ပေးချင် ကြတာ"
"မြိုင် က ဒီအစီအမံကို နာခံမယ်လား၊ ဒီကျောက်ပေါက်မာ လက်တစ်နှိုက် နဲ့ ဖယောင်းရုပ် လို လူကြီး ကို ယူမယ်လား"
"ယူမှာပေါ့၊ သူက မြိုင့် ကို ချစ်တယ်၊ ရိုးသားတယ်၊ တည်ကြည်တယ်"
"မြိုင် ... သူ့ကို ဘယ်နည်းနဲ့မှ မယူရဘူး၊ မြိုင် ယူရမှာ၊ လက်ထပ်ရမှာ ဒီလောကမှာ တစ်ခြား ဘယ်သူမှ မရှိဘူး၊ ကိုကိုပဲ ရှိတယ်"
ကိုကို့ အဆင့်တွေက တက်လာသည်။
"ကိုကိုရယ် ... ကိုကိုရယ် ... " နှင့် မြိုင်ငြင်းသည်။ ရုန်းကန်သည်။
သို့ပေမယ့် ... အင်အား မပါလှသည်ကိုတော့ မြိုင် ကိုယ်တိုင် သိပါသည်။
"ကိုကိုရယ် ... မြိုင် ကြောက်တယ်"
"ဘာကိုလဲ"
"ဘာကိုလဲတော့ မသိဘူး၊ မြိုင် ကြောက်တာတော့ အမှန်ပဲ"
"ကိုကို့ ရင်ခွင့်ထဲမှာ မြိုင်ရှိနေသရွေ့ လောကမှာ ဘာကိုမှ မြိုင် ကြောက်စရာ မလိုဘူး။
"အို ... ကိုကိုရယ်"
"မြိုင့်ကို ကိုကို သေတပန်သက်တစ်ဆုံး ချစ်သွားမှာပါ၊ အသက်ထက်ဆုံး ပေါင်းသင်းသွားမှာပါ၊ ဒါကို စိတ်ချလက်ချက် ယုံထားလိုက်ပါတော့ကွယ်"
သြော် ... အပြောကောင်းလိုက်သည့် ကိုကို။
ကိုမင်းသောင်ကိုတော့ အားနာစရာ ကောင်းလှပါသည်။
သူ့ခမြာ မြိုင်နှင့် လက်ထပ်ဖို့ ကြိုတင်ငွေစုထားသည်။ အိမ်ထောင်ပစ္စည်းတွေ ကြိုတင် ၀ယ်ယူ ထားသည်။ အိပ်ရာ ခမ်းနား တွေ မှာထားပြီးပြီ။
သို့ပေမယ့် မြိုင်သည် မေမေ့ကို ကိုမင်းသောင်နှင့် လက်ထပ်တော့မည် မဟုတ်ကြောင်း ဖွင့်ပြော လိုက်သည်။ မေမေ က တစ်ဆင့် ဖေဖေ့ကို ပြောသည်။
ဖေဖေ က သဘောမတူချင်လှ။
"မောင်တင်မောင်သန့်ကို ကိုယ် မချစ်လို့ မဟုတ်ဘူး။ တူလို သားလို ချစ်ပါတယ်။ ဒါပေမယ့် သူက ကိုယ်တို့ အတွက် အားကိုးအားထား ရမယ့် လူတစ်ယောက်တော့ ဖြစ်လာမှာ မဟုတ်ဘူး။ သူ ဆန်စက်လုပ်ငန်းတွေ လုပ်ပြီး တို့များရဲ့ မြို့သိမ်မြို့ငယ်ကလေးမှာ အခြေချနိုင်မှာ မဟုတ်ဘူးကွဲ့။ တို့များကလည်း အသက်ရ လာပြီ။ လုပ်ငန်း နဲ့ ပတ်သက်ပြီး အားထားလောက်သူဆိုလို့ မျက်နှာလွှဲရ မယ့် သူဆိုလို့ မောင်မင်းသောင် ကိုပဲ မြင်ထားတာ"
ဖေဖေ့ ပြောစကားတွေကို ခန်းစည်းအကွယ်မှ ချောင်းနားထောင်ရင်း မြိုင် ရင်ထိတ်နေသည်။
မပေးစားနိုင်ဘူး ဆိုလျှင်တော့ ဒုက္ခပါပဲ။
ခိုးရာ လိုက်ရတာတွေ၊ အမွေဖြတ်ခံရတာတွေ ဖြစ်ကုန်တော့မှာပဲ။
မေမေ့ စကားကတော့ အားတက်စရာ ကောင်းပါသည်။
"ဒါတော့ရှင်၊ မောင်တင်မောင်သန့်ကလဲ လူညံ့မှ မဟုတ်တာ။ ဘွဲ့တွေဘာတွေလဲ ရပြီးသားပဲ မဟုတ်လား။ မြို့အုပ်ဝန်ထောက် ဖြစ်ဖို့လဲ မခဲယဉ်းဘူး။ ရန်ကုန်လို နေရာမျိုးမှာ သူ့ကြီးပွားရာ ကြီးပွားကြောင်း ရှာသွားရင် လဲ ပိုကောင်းတာပေါ့"
"ဒီလိုဆိုရင်လဲ မင့် သဘောပဲလေ"
သည်တော့မှ မြိုင် သက်ပြင်း ချနိုင်တော့သည်။
မြိုင်တို့ မင်္ဂလာပွဲသည် မြို့မှာတော့ ပြောစရာတွင်ရသော မင်္ဂလာပွဲ ဖြစ်သည်။ အခမ်းအနား အကြီး အကျယ်ဆုံး ဖြစ်သည်။
မြို့မျက်နှာဖုံး တွေမို့ ဘုရားဒကာ၊ ကျောင်းဒကာ၊ သိမ်ဒကာ၊ ဇရပ်ဒကာတွေမို့ မြို့ပေါ်က မျက်နှာကြီး မှန်သမျှ လာသည်။ လက်ဖွဲ့ သည်းခံပါဆိုသည့် အကြားက လက်ဖွဲ့ပစ္စည်းတွေ တောင်ပုံ ရာပုံ ရသည်။ မြိုင်တို့ ဘက် က ငွေဖလား လက်ဆောင် ပြန်ကမ်းသည်မှာ မြို့တွင် ပြောစရာ ဖြစ်၍ ကျန်ရစ်သည်။
သည်တုန်း က ကိုကို့မျက်နှာ ခုလို သုန်သုန်မှုန်မှုန် မဟုတ်ပါဘူး။
ပြုံးလို့ ပျော်လို ရွှင်လို့ မြူးလို့။
မယုံလျှင် လက်ထပ်စဉ်က ရိုက်ထားသည့် ဓာတ်ပုံတွေ ပြန်ကြည့်ပါလား။
ကိုကို့ မျက်နှာသည် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး ဆိုသည့် သူ၏ မျက်နှာအနေအထားမျိုး။
ဖေဖေ အတွက် မမှားပါ။
လက်ထပ်ပြီး များမကြာမီမှာပင် ကိုကိုက မြို့မှာ မပျော်ပိုက်သည့်အကြောင်း ပြောသည်။ ရန်ကုန်သို့ ပြေင်းရွှေ့ ချင်သည်။
မြိုင် ကိုယ်တိုင်ကလည်း မြို့ကို ငြီးငွေ့နေပြီ။
ထာဝစဉ် ဆူညံရှုပ်ထွေးနေသည့် ဆန်စက်လောက၊ မြင်နေကျ မိုးမခမြစ် ၀န်းကျင်ရှုခင်း၊ မီးခံ သေတ္တာလို လုံခြုံ လှသည့် တိုက်။
သည်လိုနှင့် ဖေဖေကိုယ်တိုင် ယခုနေသည့် တိုက်ကို လိုက်ဝယ်ပေးကာ မြိုင်တို့ကို ရန်ကုန်သို့ ပြောင်းရွှေ့ ပေးလိုက် သည်။
ဟိုတုန်းကတော့ ပုံစံရိုးရိုး တစ်ထပ်တိုက်ကလေးပေါ့။ ယခုတော့ ကိုကို့ အစီအမံဖြင့် ခမ်းနား ထည်ဝါသော၊ လှပ သော နှစ်ထပ်တိုက် ဖြစ်နေခဲ့ပြီ။
ကိုကို့ ကုသိုလ် ကောင်းပါသည်။
လိုင်စင် ခေတ်ကောင်းစဉ်က လိုင်စင်တွေ ၀ယ်သည်။ ကိုကို ၀ယ်သည့် လိုင်စင်က နိုင်ငံခြားက စာအုပ် ကုမ္ပဏီ များမှ စာအုပ် မှာယူခွင့် ဖြစ်သည်။ အောက်စဖို့နှင့် မက္ကမီလန်လို စာအုပ်တိုက်ကြီး များ မှ ကျောင်းသုံး စာအုပ် တွေလည်း ပါသည်။
ကျောင်းဖွင့်ချိန်တိုင်း မှာ ငွေသိန်းနှင့် ချီရမြဲ။ ကိုကို သည် ငယ်ငယ်ရွယ်ရွယ် နှင့် သူကြွယ် ဖြစ်လာ သည်။
ပြည်သူပိုင် အသိမ်းခံရတော့လည်း မှုစရာမရှိခဲ့။ ဖေဖေ မေမေ ဆုံးတော့ အမွေတွေ ရခဲ့သည်။ ကိုကို့ ကုသိုလ်ကံ က လူတစ်ကာ အားကျချင်စရာ ကောင်းလှသည့် ကုသိုလ်ကံမျိုး။
မြိုင် နှင့် က လွဲလျှင် ဆိုပါတော့။
မြိုင်နှင့်ကျကာ မှ ဘာလို့များ ကံက ဆိုးရတာပါလိမ့် ကိုကို ရယ်။
မြိုင် စိတ်မကောင်း လိုက်တာ။
ပထမ ကိုယ်ဝန်ရှိစဉ်က မြိုင်ရော ကိုကိုပါ ပျော်ခဲ့ကြသည်။ အစတွင် မြိုင်သည် ကိုကို့ အလုပ်တိုက် သို့ နေ့စဉ် လိုက်သွားသည်။ ဘာမျှ မလုပ်တတ်ပေမယ့် ကိုကို့ဘေးမှာ ရပ်နေခြင်းသည်ပင် ကိုကို့ကို ကူညီရာ ရောက်သည်ဟု အထင် ရှိသည်။ တစ်နေ့တွင်တော့ မြိုင်သည် အလုပ်တိုက် လှေခါး အတက် ၌ မိုက်ခနဲ မူးသွားသည်။ ကိုကိုက ဆွဲထားပေလို့ပေါ့။
အပြန်လမ်းတွင် ကားပေါ်မှာ ကိုကိုက ပြောသည်။
"မနက်ဖြန်ကစပြီး မြိုင် အလုပ်တိုက်ကို မလိုက်ခဲ့ရဘူး"
"ဘာဖြစ်လို့လဲ ကိုကို၊ မြိုင်ပါလာတဲ့အတွက် ကိုကို့မှာ အနှောင့်အယှက် ဖြစ်ရလို့လား"
"ဟင့်အင်း"
"ဒါဖြင့် ဘာကြောင့်လဲ ကိုကို"
"မြိုင် အနားယူဖို့ လိုနေပြီ။ မြိုင့်မှာ သားသမီး ရှိနေပြီ"
"ဟင် ... ကိုကို ဘယ်လိုလုပ် သိသလဲ"
"ဒီလိုပဲ သိတာပေါ့၊ မြိုင် သိပ်သန့်နေတာ ကြာပြီပဲ ဥစ္စာ"
နောက်နေ့မှစ၍ မြိုင် အလုပ်တိုက်သို့ လိုက်ပါ မလာခဲ့လေတော့။ အိမ်တွင်ပင် အေးဆေးစွာ အနားယူ နေသည်။ ကိုကို ၏ ဆက်ဆံမှုများသည် သိမ်မွေ့လာကာ ယုယုယယ ရှိသည်။
မြိုင်သည် ကလေးဖို့ ခြေအိတ်ကလေးတွေ၊ ဦးထုပ်ကလေးတွေ သိုးမွှေးဖြင့် ကြို၍ ထိုးထားသည်။ အင်္ကျီနောက်ကွဲ ကလေး တွေ ကြိုချုပ်ထားသည်။ ဒါကလေးတွေ ကြည့်ရင်း ပီတိ ဖြစ်ခဲ့ရသည်။

ဆက်ရန်
.
2 comments:
ဒါဆို ဦးတင်မောင်သန့် ချမ်းသာလာတာ သူ့မိန်းမမိဘတွေအမွေနဲ့ မိန်းမငွေတွေပဲ။ မိန်းမကလဲ နောက်လေးငါးနှစ်ဆို သေတော့မှာ ကာယကံရှင်တောင် သိနေပြီဆိုမှတော့ ကိုယ့်ကို ဒီစည်းစိမ်တွေ ပေးခဲ့တဲ့ ကျေးဇူးရှင် ရောဂါသည်ကို ပစ်ပြီး နောက်တစ်ယောက် ယူဖို့ဆိုတာ ကျေးဇူးမဲ့တယ်ထင်တယ်။
မသက်ဇင်က အပျော်ကြံရင် ခံမယ့်မိန်းမပဲ။ အအေးတစ်ခွက်အတွက်တောင် ဟော်တယ်လိုက်တယ်လို့ ရှေ့မှာ ပါတာပဲ။ လက်ရှိမိန်းမကို ကွာရှင်းဖို့ မလိုလောက်ပါဘူး။
ဆက်စောင့်ဖတ်ဦးမှ...
ပြီးမှ ပြောနိုင်မှာပဲ။
Post a Comment