Monday, April 26, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄ဝ)
အခန်း ၃၀
ဝမ်လန်းကား... ယခုအခါ ဘာမျှလိုချင်တပ်မက်ခြင်း မရှိတော့ဘဲ၊ လူကြီးပီပီစိတ်ဧ လက်ဧ နားချမ်းသာ စိတ်ချမ်းသာနှင့်သာ နေလိုသော ဆန္ဒရှိနေလေ၏ သို့သော် နန်းအင်ကား ဤသို့မဟုတ်ပေ။ ၀မ်လန်း အားမကြာခဏ နားပူနားဆာလုပ်သူမှာ နန်းအင်ပင်ဖြစ်လေ၏ "အိမ်တွင် ဘာလိုနေပြန်ပြီ.. ညာလို နေပြန်ပြီ.. ဒီလိုနေလို့မဖြစ်ဘူး၊ ဘာထပ်လုပ်ပါအုံး"ဟု အမြဲ သဖြင့် ၀မ်လန်းစိတ်ရှုပ်အောင် လုပ်လေ့ရှိ၏ တနေ့တွင် လည်း နန်းအင်သည် ၀မ်လန်းအနီးသို့ ကပ်လာပြီး။
"သူဌေးဆိုတာသူဌေးနဲ့ တူအောင်နေမှပေါ့အဘေ... အခုကြည့်စမ်း ကျွန်တော်တို့နေရတာဟွံ... အိမ်မှာ နေရတယ် ဆိုတယ်၊ တအိမ်လုံးနေရတာမဟုတ်ဘူး၊ ၀င်းဝနား က အဆောင်တွေမှာဆိုရင် အခုထက်ထိ လူဗျောက် သောက်တွေ ဌားနေကြတုံးဘဲ။ အခု- ညီလေးနန်းဝင် မင်္ဂလာဆောင်ဘို့ ကလဲ သိပ်လိုတော့ တာမဟုတ်ဘူး။ နောက်ထပ် ၆ လလောက်ဘဲ လိုတော့တယ်။ အခုအိမ်မှာ ဧည့်သည် တွေ လာလို့မှ ထိုင်စရာကုလားထိုင်က မလုံလောက် ပုဂံခွက်ရောက်က မပြည့်စုံ-အို... ဘာမှပြည့်စုံတာမရှိဘူး၊ လက်ထပ် တဲ့ နေ့ကျ.... ဒီ....လူဗျောက်သောက်တွေ ဌားနေတဲ့ဝင်းဝက အဆောင်တွေကို ဧည့်သည်တွေ ဖြတ်ဝင် လာရမှာ ကလား။ ဘယ့်လောက်ရှက်စရာကောင်းသလဲ လို့။ ညီလေးကလဲ လက်ထပ် လို့ လူကလဲ ပိုလာတော့ မယ်ဆိုတော့၊ အဲဒီအဆောင်တွေကိုပါ ထပ်ဌားမှ ကောင်းလိမ့်မယ်အဘေ။"
"ဘာကွ-ဘာလုပ်ရအုံးမယ်။"
"၀င်းဝ က အဆောင်တွေ ထပ်ဌားပါလို့ ကျွန်တော်ပြောတယ်။ သူဌေးနာမည်ယူပီး သူဌေးနဲ့တူ အောင်လို့ ပြောတာ၊ ပိုက်ဆံတွေ ဒါလောက်ရှိပီး လယ်တွေ ဒါလောက်ရှိနေမှဟာ" "လယ်တွေက-ငါ့လယ်၊ မင်းလက်ဖျား နဲ့ ၀င်တို့ဘူးသလား။"
"သြော်-ဒါတော့အဘ (အသံကျယ်ကျယ်ဟစ်လျက်) အဘေ ဘဲ ကျွန်တော့ကို ကျောင်းထားပစ်တာ ကိုး၊ ဂုဏ်နဲ့ လိုက်အောင် သားကကောင်းဘို့ ပြောပြန်တော့ စိတ်ဆိုးတယ် ပြန်အော်တယ် ဘာမှမလုပ်ဘူး၊ ဒါ-ကျွန်တော် တို့ လင်မယားနှစ်ယောက်ကို လူရာမသွင်းဘဲ အိမ်မှာခိုင်းထားတဲ့ လူနှစ်ယောက်လို သဘောထား လို့ဘဲ။"
နန်းအင်မှာ ဒေါသူပုန်ထလျက်၊ ပြန်လှည့်ထွက်ခွါသွားလေ၏ ဤတွင်ဝမ်လန်းမှာ သားဖြစ်သူ စိတ်ညစ်ညစ် နှင့် တစုံတရာ လုပ်လိုက်မည်ကို စိုးရိမ်ကာ။
"မင်းသဘော အတိုင်းလုပ်၊ မင်းသဘော အတိုင်းလုပ်၊ ငါ့သာလာပြီး ဒုက္ခမပေးနဲ့"ဟု လှမ်းပြော လိုက်ရ လေ၏ ထိုအခါ နန်းအင်မှာ စိတ်ပြေသွားလျက်၊ သူ့သဘော အတိုင်း သူဌေးအိမ်နှင့် တူအောင် အိမ်ကို အမျိုးမျိုး ပြင်ဆင် မွမ်းမံ၍ နေလေ၏ ဆူချောင်းသို့ ခန်းညားလှပသော စာပွဲကြီးများနှင့် ကုလားထိုင်များမှာ ယူလေ၏။ အနီရောင် ပိုးအခန်းဆီးကြီး များကို၎င်း၊ အလှထား ပန်းအိုးကြီးများကိုသော်၎င်း၊ အလှထား ကျောက်ဆောင် ကျောက်တုံးများကို သော်၎င်း၊ အောက် အရပ်၌ မြင်ခဲ့ဘူးသမျှ၊ စိတ်တိုင်းကျ ၀ယ်ယူ ပြင်ဆင် ခင်းကျင်း၍နေလေ၏။
ဝမ်လန်း၏ နာမည်တွင်လည်း "သူဌေးကြီး" ဆိုသောစကားတစ်လုံး ရှေ့မှတိုး၍လာခဲ့လေသတည်း။
သို့သော် ဤသို့အိမ်ကြီးကို တခမ်းတနားပြင်ဆင်မွှန်းမံ နေခြင်းအတွက် ငွေဒလဟော သွန်ထွက် ကုန်ကျ နေခြင်းကို သဘောမကျနိုင်သူကား နန်းအင်၏ညီ နန်းဝင်ပင် ဖြစ်လေသည်။
"အဘေ- ငွေတွေဒါလောက်တောင် အကုန်ခဲနေတာ ဘယ်တော့မှ အဆုံးသတ်မှာလဲ၊ ကျွန်တော် တို့ နန်းတော်ကြီး လို ဖြစ်နေတဲ့အိမ်မျိုးမှာ နေဘို့လိုသေးသလား။ အခု ကျန်တဲ့ငွေတွေကို ၂၀ရာခိုင်နှုန်း အတိုးနဲ့သာ ချေးထားလိုက်ရင် ဘယ့်လောက်အကျိုးရှိလိုက်မလဲ၊ ဒီရေကန်တွေက တစ်မျိုး၊ ပန်းပင်တွေက တဖုံ၊ ဘာအသီး မှ မသီးဘဲနဲ့ အလှစိုက်ထားတာတွေကော ဘာအသုံးကျ လို့လဲ..."ဟု ၀မ်လန်းအား လာ၍ပြောဆိုလေ၏ ဤတွင်ဝမ်လန်းမှာ ထိုကိစ္စအတွက် ညီအစ်ကို  ၂ယောက် ရန်ဖြစ်တော့မည်ကို သိသော ကြောင့်၊
"ကွာ-မင့်မင်္ဂလာဆောင် မှာ ဂုဏ်ရှိအောင်လုပ်တာပါ"ဟု ပြောဆိုရလေ၏ သို့နှင့်လည်း နန်းဝင်မှာ မကြေနပ်ပေ။
မဲ့လျက် " မင်္ဂလာဆောင်ကလဲ အဘေရာ၊ သတို့သ္မီးထက်တောင် ဆယ်ဆ ပိုအဘိုးတန်နေပီ၊ ဒီပစ္စည်းတွေ ဟာ အဘေ သေသွားရင် ကျွန်တော်တို့ အချင်းချင်းခွဲယူရမဲ့ အမွေတွေဗျ...၊ အခုလိုအစ်ကိုက သူ့ဘာသာ သူ ဂုဏ်လိုချင်လို့ အလဟဿဖြုန်းပစ်နေရင် ဘယ်ကောင်းမလဲ၊"
"အေးပါကွာ-  အေးပါ၊ ငါနောက်ထပ် ငွေမကုန်အောင် မင်းအစ်ကိုကို ပြောပါ့မယ်၊ ဟုတ်တယ် တော်လောက်ပီ၊ မင်းပြောတာမှန်တယ်။"
ထိုအခါ နန်းဝင်သည် စာရွက်တခုပေါ်တွင် ရေးမှတ်ထားသော အိမ်ပြင်ဆင်မွမ်းမံရာတွင် ကုန်ကျသည့် စားရိတ်စားရင်း ကို ထုတ်ပြလေ၏ ၀မ်လန်းမှာ စာမတတ်သော်လည်း ရှည်လျားသော စာရင်းကြီးကို ကြည့်ကာ လန့်ဖြန့်သွားလေ၏။
ဝမ်လန်း သည် ထိုနေ့မှာပင် သားအကြီးနန်းအင်ကိုခေါ်၍ ပြောလေ၏
"မင်းအိမ်ကို ပြင်ဆင်နေတာ တော်လောက်ပီကွာ၊ အဆုံးမတော့ တို့တတွေဟာ တောသားတွေ ပါပဲကွ။"
"ဘယ်ဟုတ် မလဲ အဘေ (နန်းအင်က ခတ်ကြွားကြွားပြန်၍) အခုလူတွေက သူဌေးကြီးဝမ်တို့ မိသား တစု ဆိုပြီး ကျွန်တော်တို့ကိုခေါ်နေကြပီ၊ အဲဒါလိုခေါ်နေကြတဲ့အတိုင်း၊ အခေါ်နဲ့လိုက်အောင် နေမှထိုင်မှပေါ့၊ အဘေရ၊ ကျွန်တော့်ညီက ငွေကုန်တာကလေးသာ မျက်မွှေးတဆုံးကြည့်တာ ကျွန်တော်တို့ လင်မယား တော့ အဘေ့ဂုဏ်နဲ့လိုက်အေင် အဘေဂုဏ်မနိမ့်အောင် နေသွားမှာဘဲ"
ဝမ်လန်း မှာ မိမိအားလူများက ဤသို့ခေါ်ဝေါ်နေကြသည့် အကြောင်းကို ယခုမှသိရလေရာ၊ ရင်ထဲတွင် ကြိတ်၍ သဘောကျသွားလျက် "ဒါပေမဲ့ကွာ-ချမ်းသာတဲ့လူတွေဟာ အများအားဖြင့် လယ်ထဲမှာ ထွက်လာကြာတာ များတာဘဲ၊ ပီးလယ်ထဲမှာဘဲ အမြစ်တွယ်အခြေတည်နေကြတာဘဲ"ဟု ပြောလိုက်ရာ နန်းအင်က သွက်သွက် လက်လက်နှင့်ပြန်၍။
"ဟုတ်တယ်ဒါပေမဲ့ သူတို့ဟာ လယ်ထဲမှာတခါထဲမနေကြဘူး အကိုင်းအခက်တွေ ထွက်ပီးသီးကြ ပွင့်ကြတာဘဲ" ဟု ပြန်၍ပြောလိုက်လေ၏ ၀မ်လန်းမှာ ဤသို့ပြန်ပြောခြင်းကို မနှစ်သက်နိုင်ပေ။
"ဟေ့-ငါပြောခင်တာဟာ ဒါဘဲ၊ နောက်ထပ်ငွေကိုမဖြုန်းပါနဲ့တော့၊ အသီးသီးမဲ့အပင်မျိုးဟာ မြေကောင်းကောင်း မှာ မစိုက်ရင်ဘယ်မှာသီးနိုင်ပွင့်နိုင်မလဲ"ဟု စကားကိုပိတ်လိုက်လေ၏
သို့ဖြင့် ဤကိစ္စမှာ ဤနေရာတွင်ပင် ပြီးသွားခဲ့သော်လည်း၊ ၀မ်လန်းမှာ နားအေးသက်သာရာမရ သေးပေ၊ ထိုင်ရာ မထ နန်းအင်ကဆက်လက်၍။
"ကိုင်း-ဒါဖြင့် တော်ပါပီ" နောက်ငွေထပ်မသုံးတော့ပါဘူး၊ ဒါပေမဲ့ဒိပြင်ကိစ္စတခု ရှိသေးတယ် ၀မ်လန်းမှာ စိတ်ညစ် သွားလျက် အသံကိုဟစ်ထုတ်ပြီး။
"ငါ့ကို ချမ်းသာ ပေးကြပါအုံး စိတ်ညစ်လှပါပြီ၊ ဘယ်တော့စိတ်ချမ်းသာရပါ့မလဲ။"
"အခုပြောမှာက ကျွန်တော့်အတွက်မဟုတ်ဘူး၊ ကျွန်တော့်သားကလေးအတွက်လဲ မဟုတ်ဘူး၊ အဘေ့ သားအငယ်ဆုံး အတွက်ပြောမလို့၊ သူ့ကို အခုလိုထားလို့ မတော်ဘူးထင်တယ်၊ ကျောင်းထားမှ ကောင်း လိမ့်မယ်"
"မလိုတော့ဘူးဟေ့၊ နှစ်ယောက်တတ်ရင် တော်ပီ သူဟာငါသေရင် ငါ့ခြေရာကိုနင်းပီး လယ်ထဲ ဆင်းရမယ်"
"အဲဒါကြောင့် အဘေ့သား တငိုထဲငိုနေတာဘဲ"
ဝမ်လန်း မှာ သားအငယ်ဆုံးကလေး၏သဘောကို တခါမျှ မမေးမြန်းမစုံစမ်းခဲ့ရ သေးပေ၊ ၎င်း၏ သဘော အလိုကား၊ ထိုသားကလေးကို လယ်အလုပ်သာလုပ်စေချင်၏ သို့သော် နန်းအင်၏ ပြောစကားကို ကြားရသော အခါ ငြိမ်သက်၍သွားလေ၏ သားငယ်ကလေးကား သူ့အစ်ကိုများလို မဟုတ်ပေ။
သူ့အမေနှင့် တူလျက်များစွာ နှုတ်နည်းလှ၏ ၀မ်လန်းသည်အတန်ကြာ စဉ်းစားနေပြီး နောက်၊ နန်းအင်အား။
"သူပြောတာ မင်းကြားလို့လား"ဟု မေးလိုက်ရာ၊ နန်းအင်က။
"ဒါပေမဲ့ ငါ့သားထဲက တယောက်ယောက်တော့ လယ်အလုပ်ကိုလုပ်မှဖြစ်မယ်။"
"ဘာပြုလို့လဲ အဘေ-အဘေ့လိုလူတယောက်ဟာ သားတွေလိုကျွန်လိုထားဘို့ မလိုပါဘူး၊ အခြားလူ တွေမြင်ရင်" ဟာ-အဘေကတော့ မင်းသားလိုနေပီး သားတွေကိုတော့ ကျွန်လိုခိုင်းထား တယ်လို့ ပြောကြ မှာပေါ့၊ ဆရာတယောက်ခေါ်ပြီး အိမ်မှာအသင်ခိုင်းပါ အဘေ။ ပြီးတော့ အောက်အရပ်က ကျောင်းတ ကျောင်း ကို ပို့လိုက်တာပေါ့၊ အိမ်မှာဆိုရင် ကျွန်တော်နဲ့ နန်းဝင် ၂ယောက်စလုံး ရှိပါသေးတယ်၊ ညီလေး တော့ သူသဘောကျရာလုပ်ပါစေ။
"ငါ့ဆီလွှတ်လိုက်ကွာ-"
ခဏကြာသောအခါ ၀မ်လန်း၏သားအငယ်ဆုံးသည် ၀မ်လန်းရှေ့သို့ရောက်လာလေ၏ အရပ် ရှည်ရှည် သေးသေး သွယ်သွယ် အဘေနှင့်မတူ အမေနှင့်လည်း မတူသောသားတယောက်ဖြစ်လေ ၏ သို့သော် မိခင် ကဲ့သို့ နှုတ်ဆိတ်စကားနည်းသူတယောက်ဖြစ်လေ၏ ထူးခြားချက်တခုကား၊ ထူထဲနက်မှောင်သော မျက်ခုံး မွေးကြီး များ အရွယ်နှင့်မလိုက်အောင် တန်းနေခြင်းဖြစ်ပေ၏
"မင်းစာသင် ချင်တယ်လို့ မင့်အစ်ကိုက ပြောပါကလား"
"ဟုတ်ကဲ့"
"ဒီလို ဆိုတော့ မင်းလယ်ထဲကိုမဆင်းချင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့၊ ငါ့မှာသားတွေအများကြီး ရှိရက်သားနဲ့ သားတယောက်မှ လယ်အလုပ်ကို လုပ်ချင်တဲ့လူမရှိဘူး။"
ဝမ်လန်း မှာစိတ်နာကျဉ်းလှဟန်ဖြင့် ပြော၍နေလေ၏ သားအငယ်ကမူ ဘာတခွန်းမျှပြန်မပြောဘဲ နှုတ်ပိတ်၍ ရပ်နေလေ၏ ဤတွင်ဝမ်လန်းမှာ ဒေါသပိုထွက်လာပြီး အော်ငေါက်လျက်။
"မင်းဘာပြု လို့စကားမပြောသလဲ။ ငါမေးနေတယ်။ မင်းလယ်ထဲကို မဆင်းချင်တော့ဘူးဆိုတာ အမှန် ဘဲလား"
"ဟုတ်ကဲ့"
ဝမ်လန်း မှာ သားဖြစ်သူကို ကြည့်ရင်း ကြည့်ရင်း ဒီအကောင်တွေ မွေးထားရတာ ငါ့မှာ အပိုဘဲ အခုလို ငါအသက်ကြီး လာတဲ့ အချိန်မှာ ၀န်ထုပ်ဝန်ပိုးကြီးတွေ ထမ်းထားရသလိုဘဲ ဒင်းတို့ကို ငါဘယ့်နှယ် လုပ်ရပါမလဲ ဟု စိတ်ထဲတွင် နောက်ကျိ၍ သွားလေ၏။ ထိုနောက် စိတ်ဆိုးသထက် ဆိုးလာပြီးလျှင် "သွား ငါ့နား က ထွက်သွားအခု" ဟု အော်ငေါက်၍ နှင်လွှတ်လိုက်လေ၏။
သို့သော် စိတ်ဆိုးခိုက်သာဖြစ်လျက် ဒေါသပြေသည်နှင့် တပြိုင်နက် သားများ၏ အလိုကို လိုက်ရသူ တဦး ဖြစ်သည့် အတိုင်း ထိုနေ့ည၌ သားအကြီးအား ခေါ်၍ ဆရာတယောက် ငှားပြီး သားအငယ်ဆုံး ကို စာသင်ပေး စေရန် ခိုင်းလိုက်လေ၏။ ထိုနောက် နန်းဝင်ကို ခေါ်ပြန်လျက် "မင်းက လယ်အလုပ်တွေကို ကြည့်ပါ လယ်ငှားခတို့ ဘာတို့ လယ်ကရတဲ့ငွေတွေကို မင်းက စာရင်းလုပ်ပါ မင်းဟာငါ့ကိုယ်စားလှယ်ဘဲ" ဟု တာဝန် လွှဲလိုက်လေ၏။
နန်းဝင်ကား ဤတာဝန်ကို ၀မ်းမြောက်ဝမ်းသာ လက်ခံ၏။ ၎င်းမှာ ထူးခြားသော သူငယ်တယောက် ဖြစ်လေ၏။ ငွေကြေး အသုံးအစွဲနှင့် ပတ်သက်၍ များစွာ စေ့စပ်သေချာသူ ဖြစ်လေ၏။ ငွေရေး ကြေးရေး ကိစ္စ မိမိအား တာဝန်ချထားခြင်းခံရသောအခါ အသုံးအစွဲတွင် များစွာ စီစစ်သူက တယောက် ဖြစ်သည့် အတိုင်း လိုသည်ထက်ပို၍ သုံးစွဲသည်ကိုတွေ့လျှင် တားမြစ်ပြောဆိုနိုင်သည့် အခွင့်အရေးကို ရရှိလာပြီ ဖြစ်၍ များစွာ ၀မ်းမြောက်နေလေ၏။
ဆက်ရန်
.
3 comments:
မေဓာဝီ said...
ဝမ်လန်းလဲ ဒုက္ခမသေးပါလား။
သားတွေမွေးထားတာလဲ အားမကိုးရဘူး။
နန်းဝင်ကတော့ မဆိုးလှဘူးထင်တာပဲ။ နန်းအင်ကတော့ အသုံးမကျဘူးနော်။
နေ့တိုင်း ဖတ်စရာ မပြတ်တင်ပေးတာ ကျေးဇူးပဲ မရွှေစင်ရေ ... ။
Anonymous said...
ညီကို စာသင်ပေးဖို့ ပြောဖော်ရတာ တစ်ခုတော့ နန်းအင် တော်ပါရဲ့။
နန်းအင်ငုတ်တုတ်ထိုင်ပြီး ပိုက်ဆံထိုင်ဖြုန်းချင်တဲ့ စရိုက်းကတော့ ဝမ်လန်းအပြစ်ပဲ။
မိန်းမကို ဖအေစိတ်ကြိုက် ရှာပေးစားတယ်။ အိမ်မှာ တင်ကျွေးထားတယ်။ မွေးလာတဲ့ ကလေးအတွက် နို့ထိန်း ငှားတာကအစ ဖအေကိုပဲ ပြောရတယ်ဆိုတော့ ဒီသားမျိုး ကလေးကြီးလို ဖြစ်နေတာ မဆန်းဘူး။
မိဘတွေက အိမ်မှာ ကိုယ်ချည်း ဦးစီးဦးဆောင် လုပ်ချင်တဲ့ မာနကို မလျှော့နိုင်ရင် သားသမီးတွေ ဒီလိုဖြစ်မှာပဲ။
Anonymous said...
Ma,
I am waiting for မြေပဒေသာ အပိုင်း (41) ;)
Thank you sis for ur everyday posts