Friday, August 31, 2012

စံ- ဇာဏီဘို ၏ ငယ်ငယ်တုန်းက

စံ- ဇာဏီဘို ၏ ငယ်ငယ်တုန်းက

အပြစ်များစွာကို ကျူးလွန်လေ့ရှိသော လူ့ဘ၀သည် သွန်သင်ခံရခြင်း၊ ဆုံးမခံရခြင်း၊ ဆူပူမာန်မဲ ခံရခြင်း၊ ငေါက်ငမ်းခံရခြင်း ...၊ လက်ပိုက်၍ မတ်တတ်ရပ်ရခြင်း၊ နားရွက်ဆွဲ ထိုင်ထလုပ်ရခြင်း၊ လက်ခေါက်၊ လက်ဝါးမှ အစ ခြေသလုံး တင်ပါးအဆုံး ကြိမ်လုံးဖြင့် တဗုန်းဗုန်းရိုက်နှက်ခံရခြင်း၊ ဆံပင်ဆွဲ ခံရခြင်း၊ ခေါင်းခေါက် ခံရခြင်း၊ ဘုန်းကြီး ထံအပ်၍ ဆုံးမခံရခြင်း၊ အရိုက်ကြမ်းသော ဆရာတို့ထံတွင် အပ်နှံ၊ ပေတံနှင့် ခြေသလုံး၊ တင်ပါး၊ လက်ဝါး၊ လက်ခုပ်မကျန် ရိုက်နှက်စေခြင်း၊ မုန့်ဖိုးဖြတ်ခံရခြင်းစသည့် .... စသည့် အပြစ်ပေးသော ဒဏ်များ ကို ခံရစမြဲဖြစ်သည်။
အပြစ်မရှိသေး သည့် ကလေးဘ၀ဆိုသည်ကား ပုခက်အတွင်း နေခဲ့ရသော မွေးကင်းစ လအနည်းငယ် သာ ဖြစ်မည် ထင်၏။ ငယ်ဘ၀ဆိုသည်ကို တွေးမိတိုင်းစိတ်ဆိုး ဒေါသထွက်နေသော မျက်နှာများ၊ ယူကျုံး မရဖြစ်နေသော မျက်နှာများ၊ အားမလိုအားမရဖြစ်နေသော လက်ဦးဆရာများကိုသာ မြင်ယောင် မိတော့သည်။

နွေရာသီကျောင်းပိတ်ရက်သည်ကား ...အသက်(၇) နှစ် အရွယ်တစ်ဦးအတွက် လွန်စွာ စိတ်ညစ်ဖွယ် ကောင်းသော ကာလရှည်တစ်ခုဖြစ်၏။ ပိုလိုကတ်ရိုက်ဖက်၊ သားရေကွင်းပစ်ဖက်၊ ပေသီးပစ်ဖက်၊ သူငယ်ချင်းများနှင့် တရုန်းရုန်းနေခဲ့ရသော ကျောင်းတက်ရက်များကို လွမ်း၏။ အိမ်နီးချင်းများသည် မိန်းကလေးများလှ၏။ အပျိုမကြီး အစ်မ ခက်ချော မှ ဦးဆောင်၍ ထမင်းချက်တမ်းကစားခြင်း၊ ထုပ်ဆီး တိုးခြင်း၊ ဈေးရောင်းဈေးဝယ် ကစားခြင်း၊ အစ်မနှင့် သူငယ်ချင်းများက မွန်တို့ဌာနေ ရမညဟူသော သီချင်းများနှင့် မင်းသမီးလုပ်၍ ကခုန်သောခါ ကန့်လန့်ကာဆွဲရ၊ ခိုင်းတိုင်းလုပ်ရနှင့် မည်သို့မျှ မပျော်နိုင်။ အဆိုးဆုံးသည်ကား ကျောင်းတက်ရက်များတွင် ရနေကျမုန့်ဖိုး(၁၀) ပြားမရခြင်းတည်း။

လေးထောက့်ပုံ ၁၀ ပြားစေ့ ခြင်္သေ့ရုပ်တစ်ဖက်၊ ပန်းတစ်ဖက် ခပ်လေးလေး သတ္တုစေ့ကို လက်ဝါးစား တွင် ပတာနီ ၀ယ်စားလိုက်၊ ဆီးပေါင်းဝယ်စားလိုက်၊ ပဲကြော်ဝယ်စားလိုက်၊ ဗယာကြော်ဝယ်စားလိုက်၊ ခေါက်မုန့်ကို တကြွပ်ကြွပ်ဝါးစားလိုက်နှင့် မုန့်စားဆင်းချိန်မှ မုန့်ပဲသရေစာတို့၏ အရသာတို့ကိုလည်း စိတ်ကူးမှ ပုံဖော်ကာ တစိမ့်စိမ့်ထွက်လာသော သွားရေနှင့် တံတွေးပေါင်း၍ ဂလုခနဲမျိုချရသည်။
ကျောင်းတက်သော အချိန်၌သာ မုန့်ဖိုးပေး၍ ကျောင်းမတက်သော အချိန်၌ မုန့်ဖိုးမပေးသော မိဘတို့ အား မည်သို့ နားလည်ရမှန်းမသိ။ အိမ်မှချက်သော ထမင်း၊ ဟင်း၊ ကျွေးမွေးသော မုန့်မျိုးစုံတို့သည် ကား ကျောင်းရှိ ခါလာကြီးမုန့်ဆိုင်မှ ၅ ပြားတန်မုန့်၏ အရသာကိုပင်မမီ။ မိန်းကလေးများ ကစားသော နေရာတွင်လည်း ကြာကြာမကစားနိုင်။ တစ်ဦးတည်း ခွေလိမ့်ရန် လမ်းမပေါ်သို့ တက်ခဲ့သည်။ စမုတ်တံ များမပါတော့သည့် သံချေးအထပ်ထပ်နှင့် စက်ဘီးခွေ အဟောင်းအား တုတ်တိုနှင့် ရိုက်လိုက်။ အလယ်မြောင်းမှ တွန်းလိုက်နှင့် ကတ္တရာလမ်းမှ မော်တော်ကားများ၊ မြင်းလှည်းများ၊ စက်ဘီး၊ ဆိုင်ကယ်များနှင့် ယှဉ်၍ ပြေးလွှားရသည်ကား အရသာရှိ၏။

မောလျှင် တုတ်ကိုခါးထိုး၊ ခွေကို ဆွဲ၍ မြင်းရထား၏နောက် တွဲလဲခို၍ လိုက်သွားရသည်ကား ...တဂျီဂျီ သီချင်းဆိုလိုက်၊ ကလိုက်၊ ဖန်ခုန်တမ်းကစားလိုက်၊ ခဲလုံးများပစ်ကာ မှောက်ကာ ဇယ်ခုတ်နေသော မိန်းကလေးများနှင့် နေရခြင်းထက် ပို၍ ပျော်ရွှင်ဖွယ်ဖြစ်သည်။
မြင်းလှည်းခိုစီး၍ ဈေးကြီးဘက်သို့ ရောက်လေသော် ဖျတ်ခနဲ ခုန်ဆင်း၏။ ထို့နောက် မြ၀တီစတိုးရှိရာ သို့ သွား၏။ ကာတွန်းအရုပ်များကြည့်၏။ တစ်အုပ်လျှင်ပြား ၆၀ ပေးရသော မော်ဒန်ကာတွန်း၊ ကာတွန်းညွန့်ပေါင်း၊ ပေါ်ပြူလာကာတွန်း၊ ကာတွန်းစုံ၊ ကာတွန်းပဒေသာ စသည့် ကာတွန်းတို့အား ကြည့်၍ မောင်ကမ္ဘာ၊ ဗိုလ်ပုချို၊ မြားနတ်မောင်၊ ဘုတ်ဆုံ၊ ဗလကြီး၊ ဗလလေး၊ မောင်သတ္တိ၊ ဒီလုံး၊ ဦးစံရှား၊ ဦးဒိန်းဒေါင်၊ ဦးစိတ်တို၊ မျောက်ညို၊ တာဇံ၊ ဦးကပ်စေး စသည့် ရင်ထဲမှ ကာတွန်းဇာတ်လိုက် တို့ကိုကြည့်၏။ အဖုံးသာ ကြည့်ရသည်။ ကိုင်ခွင့်မရှိ။ ရုပ်ရှင်ရုံဘက်သို့ လမ်းလျှောက်၏။ ဘိုင်စကုပ် ပိုစတာများကြည့်၏။ ပိုစတာ ပန်းချီ ရေးခြင်းကိုလည်း ထိုင်ငေး၏။

ဓာတ်ပုံပေါ်၌လည်းကောင်း၊ ပိတ်ကားပေါ်၌လည်းကောင်း လေးထောင့်ကွက်များချ၍ ပုံကူးဆွဲခြင်းကိုကြည့်၏။ စိန်မေ၀င်း ရုပ်ရှင်ရုံ တွင် တင်ထားသော ပိုစတာထဲမှ ဘိုင်စကုပ်မင်းသား ၀င်းဦး သည် နှုတ်ခမ်းမွေးရှိ၏။ မေးစေ့တွင် မှဲ့ပါ၏။ အမွေးရှိ၏။ ဓာတ်ပုံအတိုင်း ကျကျနနပုံဆွဲခြင်းကို ကြည့်နေစဉ် ချာတိတ် မင်းဘီလမ်းက ဆန်နီ မဟုတ်လား။ ပခုံးပုတ်၍ မေးလာသဖြင့် လှည့်ကြည့်သော် ဘိုင်စကုပ်မင်းသား ကို တွေ့၏။ အမောက် ထောင်ထား၏။ နှုတ်ခမ်းမွေးရှိ၏။ မေးစေ့တွင် မှဲ့ရှိ၏။ သေချာကြည့်လေသော် မေးစေ့မှ မှဲ့ကို ဆေးအနက်ဆိုး၍ မှဲ့အတုလုပ်ထားခြင်းဖြစ်သည်။ ၀င်းဦးနှင့် မတူ တူအောင် နှုတ်ခမ်းမွေးထား၊ မှဲ့ထိုး ထားခြင်းဖြစ်သည်။ မည်သို့ဖြေရမှန်းမသိ၍ ခေါင်းညိတ်၍ ဟုတ်ကြောင်းတုံ့ပြန်လိုက်သည်။

ဝင်းဦးအတုက ပြုံးရယ်ကာ အိတ်ထဲမှ ချိုချဉ်ကို ထုတ်ကျွေး၏။ ရှုားမီးချိုချဉ်အုတ်ခဲပုံဖြစ်သည်။ အပေါ်မှ ပလတ်စတစ်ကိုခွဲ၍ ချိုချဉ်ပါးစောင်ထဲသွင်း၊ တပြွတ်ပြွတ်စုပ်၍ မော့ကြည့်သောအခါ ချာတိတ် မင်းတို့ အိမ်ခေါင်းရင်းက ခင်ချောနဲ့ မင်းနဲ့သိလား ''သိတယ်'' ချိုချဉ်အား တစ်ဖက်ပါးစောင်သို့ပြောင်း ..တပြွတ် ပြွတ်စုပ်ကာ ခေါင်းညိတ်၍ ပြန်ဖြေသည်။ ၀င်းဦးအတု ပြုံးသွားသည်။ ''သူနဲ့ငါက ချစ်သူတွေ ကွ ကျောင်းကပိတ်ထားတော့ ...လူချင်းကလည်း မတွေ့ရတော့''... ဆိုသော စကားမဆုံးမီ ''ဟုတ်တယ်... ကျောင်းပိတ်တာ လုံးဝမကောင်းဘူး.... မုန့်ဖိုးဆယ်ပြားမရဘူး၊ သူငယ်ချင်းတွေနဲ့လည်း မကစား ရဘူး'' ဟူ၍ ခံစာချက်အပြည့်နှင့် စကားပြန်ရင်း အပြန်အလှန် မိတ်ဖွဲ့လေသည်။ လှပသော အရုပ်များ ပါ၍ မွှေးရနံ့ရှိသော စာအိတ်ကို သယ်ဆောင်၍ ''ခင်ချော ထံ'' လူကြီးမသိအောင် ပေးရမည်ဖြစ်သည်။

''ပေးပြီးလျှင် သူပေးတဲ့စာ ပြန်ယူခဲ့..ဒီနေ့ညနေ ၃း၀၀ နာရီမှာ ပြည်တော်သာကွင်းရှေ့က ညောင်ပင် အောက်မှာ စောင့်နေမယ်'' ဟုပြောကာ .... ''မင်းက ကာတွန်းကြိုက်လို့လားဟူ၍ဆိုကာ ပေါ်ပြူလာ ကာတွန်းတစ်အုပ်အား ၀ယ်ပေး၏။ ပေးလာသော ကာတွန်းကြိုက်လို့လားဟူ၍ ပေးရမည့်စာအား ကာတွန်းစာအုပ်ကြားညှပ်၍ ခွေကိုလှိမ့်၍ ပြန်ရသည်မှာ မမောနိုင်တော့... ''အစ်မခင်ချော''ရော့ နှုတ်ခမ်းမွေးနဲ့ ၀င်းဦးပေးခိုင်းလိုက်တာ''ဟု ပြော၍ လူအလစ်ပေးလေသော်... မခင်ချော၏ မျက်နှာပြင် သည်ကား စတော်ဘယ်ရီသီးလိုလို၊ ချယ်ရီပန်းလိုလို၊ နီတစ်လှည့် ပန်းရောင် တစ်လှည့်နှင့်။ ''ဟဲ့ ကောင်လေးဆန်နီ နင်ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်'' ခါတိုင်း မာန်လိုက်မဲလိုက် အစ်မချောသည် ကား ဆိတ်နို့ဘီစကစ် တစ်ချပ်ကျွေး၍ ပြုံးပြုံးရယ်ရယ် ဆက်ဆံခြင်းက ဆန်းလှပေ၏။ ကာတွန်းဖက် လိုက်၊ ဘီစကစ်စားလိုက်နှင့် ဟန်ကျကာ မေမြို့နွေဦးလေပြည်အောက် တွင် မှေးငိုက်နေဆဲ ''ဟဲ့ ဆန်နီ ဆန်နီ'' အမည်ခေါ်၍ လှုပ်နှိုးသံကြား၍ မျက်လုံးဖွင့်ကြည့်သော်... အစ်မခင်ချော ကို တွေ့ရသည်။

''ရော့ သူ့ကို ဒီစာသွားပေး၊ ဘယ်သူမှ မသိစေနဲ့နော်'' အလွန်မွှေးလှသော ပန်းရောင်စာရွက်ကို ဘိုင်စကုပ် ကြော်ငြာများ ခေါက်သကဲ့သို့ လေးထောင့်ပုံ ခေါက်ချိုးထး၏။ စာကို အိတ်ထဲထည့် ....ခွေလှိမ့် ၍ ညောင်ပင်အောက်မှ ၀င်းဦးအတုကိုသွားပေး၏။ စာကိုဖတ်ကာ ၀င်းဦးအတု နှုတ်ခမ်းမွေးများ ကားသွား အောင်ပြုံး၏။ ''ချာတိတ် မင်းတော်တယ်'' ဟု ဆိုကာ အပြာရောင် စက္ကူတစ်ရွက်ပေး၏။ ပိုက်ဆံ (၁၀) ဖြစ်၏။ ကျောင်းတွင်သင်သော အလီတိုင်ကို ရွတ်၍ ငွေ ၁၀ အား ၁၀ ပြား ဖြင့်ဖွဲ့လေသော်၊ တစ်ကျပ် လျှင် ၁၀ ပြားစေ့ ၁၀ စေ့ဖြစ်ပေရာ ငွေတစ်ဆယ်က ဆယ်ပြားစေ့ အစေ့ (၁၀၀) နှင့် တူ၏။ ငါးပြားစေ့ ဆိုလျှင်ကား အကြွေစေ့ပေါင်း ၂၀၀။ ပျော်လိုက်သည့်ဖြစ်ခြင်း။ တစ်နေ့ ၁၀ ပြား မုန့်ဖိုးရသည့် ကျောင်းတက်ရက်ပေါင်း ၁၀၀ လျှင် ရသောငွေကြေးကို ရခြင်းတည်း။ ထိုပိုက်ဆံကို ကိုင်၍ အိပ်မပျော်၊ ခေါင်းအုံးအောက် ထည့်လိုက်၊ ဘောင်းဘီထဲထည့်လိုက်၊ အင်္ကျီအိတ်ထဲထည့်လိုက်၊ လွယ်အိတ်ထဲ ထည့်လိုက်၊ လွယ်အိတ်ထဲ ထည့်လိုက်နှင့် မိုးလင်းခါနီးမှ အိပ်ပျော်သွားသည်။ အိမ်အနီးအပါးမှ ဆူညံသံများကြား၍ အိပ်ရာ မှ နိုးလေသော်... နေအတော်မြင့်နေသည်။

''အမလေး သမီးမိုက် မိခင်ချောရဲ့... အခုတော့ လင်နောက်လိုက်ပါပေါ့လား'' ဟု အော်ကြီးဟစ်ကျယ် တစ်ရပ်လုံးကြားအောင် ငိုနေသော... အစ်မခင်ချော၏ အမေအသံကို နားထောင်လိုက်...၊ စာအုပ်ကြး မှ ပိုက်ဆံ ၁၀ ကို ကြည့်လိုက်နှင့်။

သုံးရခက်သော ပိုက်ဆံတစ်ဆယ်

ထိုခေတ်ကာလ ငွေ ၁၀ သည်ကား အလွန်သုံးရခက်၏။ လမ်းထိပ်ရှိ မာမူမုတ်ဆိတ်ကြီးဆိုင်၌ ပတာနီ ထုပ်ဝယ်၏။ တစ်ထုပ် ငါးပြားဖြစ်၏။ ပိုက်ဆံ ၁၀ တန်အား ထုတ်ပေးသော် ''အာ ရို့ ရို့... ချွတ်တား ဘာရာဆတ်'' (သူဌေးပေါက်စလေး...) ငါးပြားနှင့် ပိုက်ဆံ ၁၀ တန်ကို ဘယ်လိုအမ်းမလဲ။ အကြွေပါ လား။ ငါးပြား ပါလားပေး ဆိုးထားသော ဆံပင်နီရဲရဲ၊ အဖြူအမည်းရောင် ရောထွေးနေသော မုန်ဆိတ် နှင့် ကွမ်းချေး တက်ကာ မည်းနေသောသွား၊ နီရဲနေသော လျှာများ၊ တစ်ချိန်လုံးနီရဲနေသော မျက်လုံးနီ ကြီးများနှင့် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဆိုင်ရှင်ကုလားကြီး၏ လက်မှ ပိုက်ဆံ ၁၀ ကို ကြည့်ကာ အပိုင်စီးမည့် ပုံပေါက်နေသဖြင့် ဆိုင်ရှင်ကုလားကြီး၏ လက်မှ ပိုက်ဆံ ၁၀ ကို ဆတ်ခနဲ ပြန်လုကာ ပတာနီထုပ် ကိုလည်း ပြန်မထားဘဲ လှစ်ခနဲ ထွက်ပြေးလေသည်။ ''အာရေး ဘားဘား ကျိုးရ် ၀ါလား၊ ချွတ်တား ကျိုးရ်ဝါလား''...little thief... thief... ဒေါရဘော...တခိုး....တခိုး...စသည့် ဘာသာ စုံနှင့် အော်ဟစ်နေသော ကုလားကြီးအား ကျောခိုင်း၍ တချီတည်းပြေးလေတော့သည်။ မြို့လယ်ခေါင် လာရှိုးလမ်းနံဘေး တံတားဘောင် တွင် အကျအနထိုင်၏။ ပတာနီတစ်လုံးအား ပါးစပ်ထဲပစ်ထည့်လိုက် တံတားကြီးအောက်တွင် စီးဆင်းနေသော မေမြို့မြောင်းပုပ်ကြီးထဲ တစ်လုံးပစ်ချလိုက်နှင့် ပိုက်ဆံ ၁၀ မည်သို့ သုံးရမည်ကို အကြံထုတ်လေသည်။

''ဟေ့ကောင် ဆန်နီ'' ဘာလုပ်နေတာလဲ...ခေါ်သံကြား၍ လှည့်ကြည့်လိုက်ရာ လမ်းထိပ်မှ လူပျိုပေါက် ဂျွန်ကိုတွေ့ရ၏။ ''ဂျွန်''သည် ဂျူးကပြား ဖြစ်၏။ လူပျိုကြီးများနှင့် တွဲသည်။ ပေသီးပစ်ခြင်းတွင် ကျွမ်းကျင်၏။ ကျွဲချို၊ လောက်လေးခွကို ပိုင်၏။ စက်ဘီးကို လက်နှစ်ဖက်လွှတ်၍ စီးနိုင်၏။ သူ၏ ဖခင်၏ ဂစ်တာကိုလည်း ယူ၍ တဂျောင်ဂျောင်တီးနိုင်၏။ တာဇိံလိုလည်း ကြိုးခိုစီးနိုင်သည်။ သစ်ပင် တက်ကျွမ်ကျင်သည်။ ရှေ့ကျွမ်း၊ နောက်ကျွမ်း ထိုးတတ်သည်။ ကောင်းဘွိုင်ကဲ့သို့ ကြိုးကွင်းပစ်တတ် သည်။ ကလေးအားလုံး၏ Hero ''ဟီးရိုး'' တစ်ယောက် ဖြစ်သည်။ မိုးထိမြင့်အောင် ''လေတံခွန်'' (စွန်) လွှတ်တတ်သည်။ ''ဟာကိုဂျွန်ကြီး ဘယ်သွားမလို့်လဲ'' ... ''ပျင်းရင် လိုက်ခဲ့လေကွာ''ဟု ခေါင်းပုတ်၍ စိတ်လို လက်ရ ခေါ်၏။ ၁၃ နှစ်အရွယ်ရှိသော ဂျွန်ကခေါ်လျှင် ဘယ်နေရာရောက်ရောက်လိုက်ရပေ မည်။ ညံတောရှိ ဘိလိယက်ခုံသို့သွား၏။ အင်္ဂလိပ် ဘိုင်စကုပ်မင်းသားအလား ပိုလိုစီးကရက်ကိုခဲကာ ဘိလိယက်ထိုးခြင်းကို သဘောကျ၏။

 ''ဟိုဟာခိုင်းလိုပ်ပေး...ဒီဟာခိုင်းလုပ်ပေး ဖင်ပေါ့သော ဆန်နီကို ဂျွန်သဘောကျသွား၏။ ဘိလိယက်ထိုး၍ ပိုက်ဆံ အတော်အတန်နိုင်ပုံရ၏။ လက်ဖက်ရည်ဆိုင် ခေါ်သွား၏။ လက်ဖက်ရည်တိုက်၏။ မုန့်ကျွေး၏။ ထို့နောက် ညံတောကွင်းဘေးသို့ ခေါ်သွား၏။ လမ်းဘေး အရိပ်ကောင်းလှသော ညောင်ပင်ကြီးအောက်တွင် ပိုက်ဆံထောက်ပစ်သူပစ်၊ ကျားထိုးသူ ထိုး၊ ကြွေအံပစ်သူပစ်၊ မိုးကြိုး ပစ်ဘက်မှ ဂေါ်ရခါးတစ်ခုသည်လည်း ဖဲရိုက်နေကြ၏။ ကွင်းပြောင် ပြောင် တစ်နေရာ၌ ဂျွန်ကထိုင်၍ ရေး၏။ လက်ခုပ်တဖျောင်းဖျောင်းတီး၍ တင်ပျဉ်ခွေထိုင်ကာ ၅ မူးစေ့ ၂ စေ့ကို ထုပ်၍ တစ်ပြားပြီးတစ်ပြားလှည့်၏။ ဘယ်တစ်လှည့်၊ ညာတစ်လှည့် လှည့်ကာ လက်ဝါးဖြင့် အုပ်၏။ ခြင်္သေ့ ၂ ကောင်ပေါ်က ခေါင်းစုံ၊ ပန်း ၂ ဖက်ပေါ်က ပန်းစုံ၊ ခြင်္သေ့တစ်ဖက် ပန်းတစ်ဖက်ပေါ် ကဘက်ဟုယူဆ၏။ ပန်းတစ်ဖက်၊ ခေါင်းတစ်ဖက်ပေါ်က ဘက်စုံကို လျော်ရ၏။ လျော်လိုက်၊ စားလိုက် နှင့် အလွန်ပျော်စရာ ကောင်း၏။ ပိုက်ဆံဟူသည်မှာ အလွန်ပျော်စရာကောင်းသော ကစားစရာတစ်ခု ဖြစ်သည်ကို ထိုအချိန်မှစ၍ သဘောပေါက်လေတော့သည်။

ကလေးသူခိုး ငရဲရောက်ခြင်း

ဤသို့ဖြင့် နွေရာသီကျောင်းပိတ်ရက်ကြီး ကုန်လုပြီ။ ကျောင်းဖွင့်လျှင် ကျောင်းပြန်တက်ရမည်ကို စိုးရိမ် ၏။ ၂ တန်းသို့ တက်ရမည်။ ရွယ်တူ ၂ တန်းကျောင်းသားများနှင့် အတူတက်ရမည်ကို ၀န်လေး၏။ ညံတောကွင်းဘေး ကာလသား တစ်သိုက်နှင့် ဒေါ်အေးခ အကြော်ဆိုင်သွားစားလိုက်၊ ဦးမောင်အေး မုန့်တီစားလိုက်၊ စိန်ပေါက်ခေါက်ဆွဲကြော်ဆိုင်၌ ခေါက်ဆွဲကြော်စားလိုက်၊ လေငွန်တွင် ၀က်စတူးဟင်း စားလိုက်၊ ပင်းသာသို့သွား၍ မုန့်စားလိုက်၊ ချာတာကြီးဆိုင်မှ ချောကလက်ဝယ်စားလိုက်၊ ပင်းသာသို့ သွား၍ မုန့်စားလိုက်၊ ချာတာကြီးဆိုင်မှ ချောကလက်ဝယ်စားလိုက်၊ မြို့မရုပ်ရှင်ရုံရှေ့တွင် ဆိတ်သား ခါးပတ်စားလိုက်။ အသားတင်ကပ်လိုက်နှင့် ကာလသားတို့ထုံး နှလုံးမူရသည်မှာ ကျောင်းမုန့်ဆိုင်တန်း မှ ၅ ပြား တန် ပတာနီ၊ ဗယာကြော်၊ ဆီးပေါင်းတို့အား လားလားမှပင်ပြန်၍ မတွေးချင်။

ခါလာကြီးဆိုင်မှ ၅ပြားတန် ပီကေနှင့် ချာတာကြီးဆိုင်မှ ငါးမူးတန် ပီကေသည်ကား အရသာလည်းမတူ အနှစ်သာရ လည်း ကွာလှ၏။ တစ်စစ လူပျိုကြီးများသောက်သုံးသော ဘိလပ်ရည်ကိုပင် ၀ယ်ယူသောက်သုံးသော အဆင့် ကိုရောက်၏။ ပုလင်းဝအပေါက် အလယ်တွင် ပိတ် ထားသော ဂေါ်လီလုံးကိုဖယ်၍ အမြှုပ်များ ထွက်စေကာ ကျလာသော အမြှုပ်များကို လက်နှင့်တို့ လျှာဖြင့်လျက်လိုက၊ ပုလင်းကိုလှုပ်လိုက်၊အမြှုပ် များထွက် လာလိုက် အပေါင်းအသင်းများနှင့် ဆော့ကြ၏။ ဗင်တို၊ ဖလူတို၊ ကရင်ဆော်ဒါ၊ လိမ္မော်၊ ပင်မှည့်၊ ဂျင်ဂျာဘီယာ အစရှိသည်တို့ကို တစ်မျိုးပြီးတစ်မျိုး လှည့်ကာ သောက်သုံး၏။ ဆယ်ပြားဟူသော ပိုက်ဆံသည်ပင် အိတ်ထဲ၌လေးလှ၏။

ကျောင်းဖွင့်သောအခါ မုန့်ဖိုး ၁၅ ပြားရ၏။ နေ့စဉ် ကျောင်းတက်ရသော် ညောင်ပင်အောက်မှ ကာလသား များနှင့် ဝေး၏။ သားရေကွင်းလည်း မပစ်လို တော့။ ပတာနီထုပ်ကို ကိုင်၍လည်း မျိုမကျ။ ကျောင်းမှကြော်သည်လည်း အေးစက်နေ၏။ အတန်းကြီးမှ ကျောင်းသားများ သောက်နေသော ဘိလပ်ရည် အနံ့သည်လည်း အရသာသိနေသော သူ့အတွက် သွားရည်တများများ။ သုံး၍မ လောက်သော ပိုက်ဆံ ၁၅ ပြားအား ငုံ့ကြည့်ရင်း အိမ်မှ အစ်မ၏ စုဘူးအား စိတ်ထဲမှာ မြင်ယောင် လာ၏။
အစ်မ၏ စုဘူးသည် ကြောင်းအဖြူရုပ်လေးဖြစ်၏။ ရရှိသမျှမုန့်ဖိုးကို စု၏။ အစ်မသည် အလွန် ကပ်စေးနှဲ ၏။ ပေးသမျှသော ပိုက်ဆံများအား ၀ယ်မစားဘဲ ပိုက ပိုက်ဆံစုဘူးထဲထည့်ကာ စုထား၏။ လက်ဖြင့် ''မ '' ကြည့်သောအခါ အလွန်လေး၏။ ပိုက်ဆံ အတော်အတန် စုဆောင်းမိပြီဖြစ် မည်ဟုထင်၏။

ပိုက်ဆံဖောဖောသီသီ သုံးစွဲရန်အလို့ငှာ အစ်မ၏စုဘူးအား ဖောက်၍ ခိုးယူရန် ဆုံဖြတ်လိုက် တော့သည်။
စုဘူး ၏အောက်ခြေ ကြောင့်ခြေထောက်ဝန်းကျင်ကို စမ်းကြည့်သော် ပလတ် စတစ် ပျော့ပျော့ ရှိ၏။ ရေချိုးခန်းထဲရှိ ဖခင်၏ မုတ်ဆိတ်ရိတ်ဓားကို ယူကာ အောက်ခြေမှနေ၍ သပ်သပ်ရပ်ရပ်ဖောက်၏ ။ စုဘူး ၏အောက်ခြေ ဟသွား၏။ ပိုက်ဆံလို သလောက်ယူ၏။ အပေါက်များကို ပြန်စေ့ထား၏။ ၂ တန်း ကျောင်းသားပင်ဖြစ်လင့်ကစား တက္ကသိုလ်ဝင်ဖြေမည့် မက်ထရစ်ကျောင်း သား များနှင့် တွဲ၏။ ပိုက်ဆံ ကုန်သွားလိုက် စုဘူးနှိုက်လိုက်နှင့် တစ်နေ့သောအခါ လက်ပူးလက်ကြပ်မိလေတော့ သတည်း။ '' ကဲ ခိုးဦးဟဲ့ '' ဟုဆိုကာ တဖျန်းဖျန်း ရိုက်၏။ အဖေက တအုန်းအုန်း နှက်၏။

မာလာရုံ  ဘုန်းကြီးကျောင်းသို့ပို့ကာ ဆရာတော်ထံအပ်၏။ ဆရာတော်က ခိုး လျှင် ငရဲကြီးးမည်။ အကြော်ဒယ်အိုး ထဲထည့်၍ အကြော်ခံရမည်ဟုဆို၏။ ဒယ်အိုးထဲထည့်၍ ကြော်သော ဒေါ်အေးခ အကြော် ကို မြင်ယောင်ကာ ဗိုက်ပင် ဆာလာ၏။ ငရဲခွေးကြီး ကိုက်မည်ဆိုသော် ထန်းလျက်ကျွေးလျှင် အမြီးလှုပ် တတ်သော ဆရာတော်၏ ဂုတ်ကျားခွေးတို့အား သွား၍သတိရမိ၏။ ငရဲမင်း၊ ငရဲသားများက ရိုက်နှက်မည် ဟုပြောသောအခါ အဖေကိုမြင်၏။ အမေကိုမြင်၏။ ကျောင်းမှ အရိုက်ကြမ်းသော ဆရာ ဦးသန်းဖေအား မြင်၏။ ငရဲပြည် သည်ကား ဤမေမြို့ကဲ့သို့ပင် ဖြစ်မည်ဟု တွေးမိ၏။ မည်သို့ဆိုစေ တစ်လ နှစ်လခန့် မခိုးတော့။

သို့သော် တစ်နေ့တွင် ချိတ်ထားသော ဖခင်၏ အင်္ကျီအိတ်ထဲရှိ ငွေစက္ကူ ဖောင်းဖောင်းကိုတွေ့၏။ ဘေးဘီတွင် မည်သူမှမရှိ။ ဤအချိန်တွင် ညံတော ကွင်းဘေး ညောင်ပင်ကြီးအောက်တွင် ခေါင်ပန်း လှန် ပိုက်ဆံထောင် ပစ်သူနှင့် အတော်အတန် စည်ကားလှပေတော့မည်ထင့်။ ပျော်စရာ ထိုဝန်းကျင် သို့သွား လိုသောစိတ်များ တဖွားဖွားပေါ်လာကာ ဖခင်အိတ်ထဲမှ ပိုက်ဆံကိုနှိုက်၍ တစ် ဖန် သူခိုးဘ၀သို့ ရောက်ပြန်လေသည်။
လစ်လျှင် လစ်သလို ခိုး၏။ အမေ့ပိုက်ဆံအိတ်ထဲမှ နှိုက်၏။ အဖေ့သားရေအိတ် ထဲမှယူ၏။ ထမင်းချက်ကြီး ဦးမတ်နော်၏ ကုတ်အင်္ကျီထဲမှနှိုက်၏။ ကားဒရိုင်ဘာ ဦးစောတင်အောင် အိတ်ထဲမှ ယူ၏။ ကလေးထိန်းသည့် မအေး ၏ ထန်းခေါက်ဖာ ကိုပင် အလွတ်မပေးတော့... ခိုးသူတို့၏ လားရာလမ်းသည်ကား လက်ပူးလက် ကြပ် မိခြင်းပေ တည်း။ ပို၍ ရိုက်နှက်၏။ ကျောင်းသိုပင်လိုက်၍ ဆရာ၊ ဆရာ ကြီးများထံသို့ လိုက်၍တိုင်၏။

အရှက်ရသော သူခိုးလေး

အတန်း်ဘက်သို့လှည့် ခုံပေါ်တက် မတ်တတ်ရပ်ကာ ခေါင်ပေါ်တွင် I am a thief .ကျွန်တော် သူခိုးပါဟူသော လျှောက်လွှာစာရွက်ဖြင့် ခေါင်းတွင် ထောင်ထား၏။ အလွန်ရှက်လှ၏။ ခေါင်းသော် မဖော်ဝံ့။ ကျောင်းအုပ်ဆရာကြီးခေါ်ယူ၍ ဆုံးမ၏။ ကျောင်းအုပ် ဆရာကြီသည် ဘရာသာ ဂျူးလီးယက် အမည် ရှိ၏။ ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်၏။ သင်တိုင်း အဖြူကြီးကို ၀တ်၏။ ကျောင်းသားကြီးများက ကွယ်ရာတွင် ဒေါက်တိုဟူ၍ သူ့ကိုခေါ်၏။ ကျောင်းအုပ်ကြီးရှေ့သို့ မတ်တတ်ရပ်လေသော် တစ်ချက်ကြည့်၏။ little thief ဟူ၍ နှုတ်မှရွတ်ကာ ကြိမ်လုံးကိုကိုင် နားရွက်ကိုဆွဲခေါ်၍  LKG သူငယ်တန်းမှ ၁၀တန်းအထိ တစ်ခန်းဝင် တစ်ခန်းထွက်နှင့် သူခိုဖြစ်ကြောင်း လိုက်လံကြေညာကာ အတန်း တိုင်း၏ ရှေ့မှောက်တွင် ကြိမ်လုံးဖြင့် တဖျန်းဖျန်းရိုက်၏။

နာကျင်၍ ကျသောကမျက်ရည်များ၊ ရှက်၍ ကျသော မျက်ရည်များ၊ ချွေးများ၊ နှာခေါင်းမှ စီး ကျလာသော နှာရည်များ... အံကြိတ်ခံ၍ သွားဖုံးမှ ထွက်လာသော သွေးများကျ လာပြီ၊ ဆီကြော်သော ဒယ်အိုး မကြောက်၊ ငရဲခွေးမကြောက်သူသည်ကား... အရှက်ရဖွယ်ဖြစ်သော ဤအကြောင်းအရာကား ယနေ့ထက်တိုင် ရင်ထဲနှလုံးသား ထဲ စွဲနေ၏။ တစ်ပတ်တိတိ ကျောင်းမ တက်နိုင်။ ဖျားနေဆဲ အိမ်နံ ဘေ့း ရှိ ပြည်တော်သာ ကျောင်းသား ဘမောင်၏ စာကျက်သံသည် ကြိမ်ဒဏ်နှင့် အိပ်ရာပေါ် တွင် ဖျားနေသော ဆန်နီ၏ နားထဲသို့ ၀င်လာ၏။ ကိုယ်နှင့်မဆိုင်ခွင့်မပိုင် ဆွဲကိုင် မကြည့်ရ။ ကိုင်ကြည့်လိုငြား ပိုင်ရှင်အား ဦးစွာ ခွင့်တောင်းပါ ဆိုသည့် သံပေါက် သည်ကား ထိုခေတ် ထိုကာလ ကလေးများ နေ့စဉ်သုံးစွဲနေသော စကားတည်း။ ပစ္စည်း တစ်ခုအား ခိုးယူရန် မဆိုထားနှင့် ပိုင်ရှင်မသိလျှင် လက်နှင့်ပင်မကိုင်ရကြောင်း ကလေးတိုင်း သိလျက်နှင့် အဘယ့်ကြောင့် မိုက်တွင်းနက် မိသနည်း။

ညှိုးငယ်စွာဖြင့် ကျောင်းပြန်တက်၏။ မည်သည့်ပစ္စည်းကိုမှ မခိုးတော့။ သို့သော် ပစ္စည်း တစ်စုံတစ်ရာ ပျောက်တိုင်း မိမိလွယ်အိတ်အား ဦးစွာပထမ ရှာဖွေခံရသည်။ သူငယ်ချင်းနား ကပ်လျှင်ပင် ၄င်းတို့၏ ပစ္စည်းအား ဦးစွာပထမ သိမ်းကြသည်။ ဈေးဆိုင်နားသွားလျှင်ပင် မိမိအား မည်သည့် ပစ္စည်းအား ခိုးယူမည်နည်း ဟု ဂရုတစိုက်ကြည့်ခြင်းခံရသည့် ၁၉၆၃ ခုနှစ်သည်ကား ဘဝမုန်တိုင်းနှစ်ပေတည်း။ ဘဝသင်ခန်းစာ ကို ရရှိခဲ့သော နှစ်ဖြစ်ခဲ့သည်။ ယနေ့ယခုထိတိုင် အပ်တိုတစ်ချောင်းခိုးရန် မဆိုထားနှင့် တစ်ပါးသူ မသိအောင်ပင် ပစ္စည်းတစ်စုံတစ်ရာ ကိုင်မကြည့် တော့။ နာကျင်စွာ အရိုက်ခံရသော တင်ပါးမှ ကြိမ်ဒဏ် များ အထင်သေးစွာ အကြည့်ခံရခြင်းသည်ပင် ရင်ထဲမှာ ကျင်ခနဲခံစားရသည်။ ခိုးဝှက်ခြင်းသည် ရှက်စရာကောင်းလွန်းသော ပြစ်မှုတစ်ခုဖြစ်သည်။
ဆိုးရိုးရှိသည်မှာ ငယ်စဉ်ကာလ ရွှေထီးဆောင်းခဲ့ရသော ဘဝရှိကြကုန်သည်ဟုဆို၏။ ကျွန်ုပ်အတွက်တော့ ငယ်စဉ်ကာလ သူခိုးဦးထုပ်ဆောင်းခဲ့ရသော ဘဝကို ရင်တွင်တမြည့်မြည့် ခံစားနေရဆဲ။

စံဇာဏီဘို
ကောင်းသန့် စီစဉ်သော ငယ်ငယ်တုန်းကထဲမှ
.
>>>ဆက်ဖတ်ရန်>>> >>

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၉)

အားလုံးပင် လော်ရာ့ကိုသာ စိုက်ကြည့်နေကြသည်။ သူတို့အားလုံး လော်ရာ ပြောမည့်စကားကိုသာ နားစွင့်နေကြ သည်။
လော်ရာ့အနေဖြင့် အဖြစ်မှန်ကို ဖွင့်ပြောရမည့်အချိန်ရောက်ပြီ။ သူမသည် လက်ကိုင်အိတ်ကို ဖွင့်ကာ သားရေဖုံး စာအုပ်ပါးကလေး ကို ထုတ်ယူလိုက်သည်။ ပြီးတော့ စာအုပ်ကလေးကို ဖွင့်လိုက်သည်။ ခရစ္စ၏ ယခုလက်ရှိ အသက်အရွယ်နှင့် ရိုက်ထားသော ဓာတ်ပုံ။ သူမက စိုက်ကြည့်နေသော မျက်လုံးတွေကို မော်ကြည့်လိုက်သည်။ တကယ့်ကို ဖြူစင်ရိုးသားသော မျက်လုံး များ…။ သူမက ဘာစကားမှမပြောတော့ဘဲ ဓာတ်ပုံကို ဆွန်ယာ့ဆီသို့ ကမ်းပေးလိုက်သည်။
ကို ဆက်ဖတ်ရန်.........

ကလေးဘဝကလည်း စကားနည်းခဲ့သည်။
အရွယ်ရောက်လာပြန်တော့လည်း စကားနည်းသည်။
အိမ်ထောင်ရှင်ဘ၀ရောက်ပြန်တော့လည်း ထိုနည်းလည်းကောင်းပင်။
သူမသည် အချစ်ကို စကာဖြင့် မဖော်ပြတတ်။ ဟန်အမူအရာ။ အတွေ့အထိ လုပ်ရည်တို့ဖြင့် သာ ဖော်ပြတတ်သူဖြစ်သည်။
သို့သော် ယခုအချိန်တွင် မိမိ၏လင်တော်မောင် အဝေးကြီးတွင်ရှိနေသည်။ သူမအနီးတွင် မစ္စတာချိုမှ တစ်ပါး မည်သူမျှ မရှိ။ သည်ပုဂ္ဂိုလ်အား သည်နေ့ ကြုံတောင့်ကြုံခဲတွေ့ခဲ့ရသည်။ သူ၏ အင်္ဂလိပ် စကားပြောကောင်းခြင်းကြောင့် သိကျွမ်းရင်းနှီးခဲ့ရသည်။

“မစ္စက်ဝင်းတား ကြည်ရတာ တော်တော်နွမ်းပါးနေပုံရတယ်”
မစ္စတာချိုက စကားဆိုလာသည်။
“ကျွန်တော်တို့ တစ်နေရာသွားပြီး တစ်ခုခုစားလိုက်ကြရင် ကောင်းမယ်ထင်ပါတယ်။ လက်ဖက်ရည်ဖြစ်ဖြစ်သောက်လိုက် ကြ ရအောင်လား။ အခု ဆိုရင် (၁၂)နာရီတော်ကျော်သွား သွားပြီ”
သူက ခဏရပ်လိုက်ပြီးမှ မျက်ခုံးကို ပင့်ကာ....
“ကဲပါ.. ဖြစ်ပါတယ်။ မစ္စက်ဝင်းတားက အမေရိကန်လူမျိုးပါ။ ကျွန်တော်လည် အမေရိကန်အိမ် တွေကို အများကြီး သွာလည်ပြီး စားသောက်ဖူးပါတယ်။ အဲဒီတော့.. ကျွန်တော့်အိမ်လိုက်ပြီး တစ်ခုခုစာပါလး။ အဲဒီမှာ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ ဒါပေမဲ့ မစ္စက်ဝင်းတားကို မြင်ရင် သူဝမ်းသာမှာပါ။ ကျွန်တော် အမေရိကန်မှာ ပညာသင်တုန်းက အမေရိကန်တွေက ကျွန်တော့်ကို ကူညီလိုက်တဲ့ အတွက် မေမေ ကလည်း သိပ်ပြီး ကျေးဇူးတင်နေပါတယ်။ အခုလည်း ကျွန်တော့်သားကို ဆက်လက် ကူညီနေတဲ့ အတွက် မေမေက ကျေးဇူးတင်လို့မဆုံးပါဘူး”
“အခုလို ကျွန်မအပေါ်စေတနာထားတာ အများကြီးကျေးဇူးတင်ပါတယ် မစ္စတာချို”
လော်ရာက တိုးတိုးလေး ပြန်ပြောလိုက်သည်။

တက္ကစီကားကလေးသည် ရေလှိုင်းများအား သင်္ဘောဦးဖြင့် ခွဲသွားသလို ပြွတ်သိပ်နေသော လမ်းသွား လမ်းလာများအား ခွဲကာ ဟွန်းသံ အဆက်မပြတ်ပေးရင်း တစ်လမ်းပြီး တစ်လမ်းကျော် ဖြတ် ၍ မောင်းနှင်လာခဲ့သည်။
မစ္စတာချိုကား ဤမြို့တွင် လူသိများသူ တစ်ယောက်ဖြစ်သည်။ သူ့အာ လမ်းသွားလမ်းလာများက လှမ်း၍ နှုတ်ဆက်ကြသည်။ မစ္စတာချိုက သူတို့အား အပြုံးဖြင့် ပြန်လည်တုံ့ပြန်သည်။
မြို့ပြင်ရောက်လာသည်အထိ တစ်ယောက်မျှ စကားမပြောကြ။ ကာကလေးသည် လမ်းမကြီးပေါ်တွင် အရှိန်ကောင်းကောင်းဖြင့် ပြေးနေရာမှ အေးချမ်းသာယာသော လမ်းသွယ်တစ်ခုထဲသို့ ချိုးဝင်လိုက်သည်။ လမ်းသွယ်တစ်ဖက်တစ်ချက်တွင် ရွက်နုထွက်စ ပေါ်ပလာပင်များ စီတန်းနေကြသည်။
မီးခိုးရောင် အုတ်တံတိုင်းကာထားသော ခြံဝင်းကြီးတစ်ခု၏ တံခါးဝတွင် ကားရပ်သွားသည်။ သစ်သားဂိတ် တံခါးကျယ်ကြီး ကို အနီရောင်သုတ်ထားသည်။

ဒရိုင်ဘာက လှမ်းအော်လိုက်သည်။ ဂိတ်တံခါးဖြည်းဖြည်းပွင့်လာပြီး တံခါးစောင့်ကြီး ထွက်လာသည်။
“ဒါ ကျွန်တော်တို့ရဲ့ ဘိုးဘွားစသ်ဆက်အိမ်ကြီးပဲ မစ္စက်ဝင်းတား”
မစ္စတာချို က ယင်းသို့ပြောပြီး လော်ရာအားခြံဝင်းကျယ်ကြီးထဲသို့ ဦးဆောင်ခေါ်လာသည်။ ခြံဝင်းကြီးထဲမှ အိမ်ကြီးက တစ်ထပ်မျှသာဖြစ်သော်လည်း ဧရာမအိမ်ကျယ်ကြီး။ အိမ်တိုင်များကလည်း ဟင်္သပြဒါး သုတ် ထားသော ဧရာမတိုင်ကြီးတွေ။

“သိပ်ပြီး အေးချမ်းတဲ့ နေရာပဲနော်”
လော်ရာက မှတ်ချက်ချလိုက်သည်။
“အမြဲတမ်းတော့ မအေးချမ်းခဲ့ပါဘူး”
မစ္စတာချိုက ပြန်ပြောသည်။
“ဂျပန်ခေတ်တုန်းကဆိုလျှင် ဂျပန်စစ်ဗိုလ်ကြီး တစ်ယောက်က နှစ်ပေါင်းများစွာ အပိုင်စီးထားခဲ့တယ်။ အမေရိကန်တွေရောက်လာပြန်တော့လည်း အမေရန်ကန် စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်က သိမ်းပိုက်ခဲ့ပြန်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကမှ ကျွန်တော်တို့လက်ထဲ ပြန်ရောက်လာခဲ့တယ်”
အိမ်ရှေ့တံခါးဝတွင် အသင့်စောင့်နေသော အိမ်စေမိန်းကလေးက သူတို့၏ ဖိနပ်များကို အ၀တ်ညှပ် ဖိနပ်များ ကို ပြန်စွပ်ပေးသည်။
မစ္စတာချိုက အိမ်စေကလေးအား တစ်စုံတစ်ရာကို တိုးတိုးလေးပြောလိုက်သည်။ သူမက တလေး တစား ခေါင်းညိတ်ပြီးနောက် အိမ်ထဲသို့ပြန်ဝင်သွားသည်။
ထို့နောက် မစ္စတာချို က လော်ရာအား ဧည့်ခန်မကြီးထဲသို့ ခေါ်လာခဲ့သည်။

“မိန်းကလေးက မေမေ့ကိုသွားပြောပါလိမ့်မယ်။ ဒီအတောအတွင်း ကျွန်တော် တို့ အေးအေးဆေးဆေး အနားယူကြတာပေါ့။ သိပ်ပြီး အလျင်မလိုပါနဲ့ မစ္စက်ဝင်းတား၊ သက်သောင့်သက်သာ ထိုင်ပြီး အနားယူပါ။ ပန်းဥယျာဉ်နဲ့  ရေကန်ကိုလည်း မြင်နေရပါတယ်။ ဒီအချိန်ကဆောင်းရာသီကုန်ပြီးလို့ နွေဦးပေါက် ရာသီဝင်စ ဆိုတော့ တောတောင်သဘာဝကလည်း အလွန်သာယာကြည်နူးစရာကောင်းပါတယ်။ ဒါဟာ မစ္စက်ဝင်းတားအတွက် နိမိတ်ကောင်းလည်း ဖြစ်ပါလိမ်မယ်”
ဧည့်ခန်းက ကျယ်ဝန်းသလောက် ခမ်းလည်းခမ်းနားသည် စားပွဲကုလားထိုင်စသည့် ပရိဘောဂအားလုံးပင် အနောက်တိုင်း လက်ရာများ ဖြစ်ကြသည်။ တစ်ခန်းလုံးကို မြက်စိမ်းရောင်ကော်ဇောကြီး အပြည့်ခင်းထား သည်။ ပြတင်းပေါက်များတွင် ရွှေရောင်ဖဲလိုက်ကာများ တပ်ထားသည်။

အခန်းနံရံတစ်ဖက်ကို တွန်းဖွင့်၍ရသော ရှိုဂျီမှန်သားဖြင့် ကာထားသည်။ မှန်ချပ်ကိုပိတ်ထားသဖြင့် တစ်ဖက်တွင်ဘာတွေများ ရှိပါလိမ့်ဟု လော်ရာတွေးမိပြန်သည်။
လော်ရာ သည် ရွှေေ၇ာင်ဖဲသားထိုင့်တပ်ထားသော ကုလားထိုင်ပေးတါင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ အပြင်သို့ လှမ်းကြည့်လိုက်လျှင် ကျောက်လှေကားကိုဖြတ်ပြီး ပန်းဥယျာဉ်နှင့်ရေကန်ကို လှမ်းမြင်နေရ သည်။ ရေကန်အစွန်း တစ်နေရာမှ ရေကန်ထဲသို့ရေတွေ အဆက်မပြတ်ပေးသွင်းထားသည်။ မစ္စတာချို က လော်ရာဘေးမှ ကုလားထိုင်လွတ်တွင် ၀င်ထိုင်လိုက်သည်။ သူက ယွန်းစီးကရက်ဘူးကို ဖွင့်၍လော်ရာအား စီးကရက် တစ်လိပ် ကမ်းပေးသည်။ လော်ရာက ခေါင်းကိုမသိမသာယမ်းကာငြင်းသည်။
မစ္စာတာချို က စီးကရက်ကို မီးညှိသောက်နေသည်။

အိမ်စေကလေးတစ်ယောက်က လက်ဖက်ရည်အိုးနှင့်ပန်းကန်များ ယူကာအခန်းထဲသို့ ၀င်လာ သည်။ နောက်တစ်ယောက် က ကိတ်မုန့်နှင့် ချိုချဉ်ဗန်းကို ကိုင်၍၀င်လာသည်။
“ကဲ လန်းသွားအောင် သုံးဆောင်လိုက်ပါဦး မစ္စက်ဝင်းတား”
မစ္စတာချိုက ပြောသည်။
“စိတ် ချမ်းသာသလိုနေ၄ပါ။ ဘာမှ အားနာစရာမရှိပါဘူး။ မစ္စ၀င်းတားက အတော်ကလေး လူပန်းစိတ်ပန်း ဖြစ်နေတယ်”
နှစ်ယောက်သား စကားမပြောပဲ တိတ်ဆိတ်စွာဖြင့် သောက်ကြသည်။ တဖြည်းဖြည်းနှင့် လော်ရာနေသာ ထိုင်သာရှိလာသည်။ သူမက လက်ဖက်ရည်ပန်းကန်ကို စားပွဲပေါ်ပြန်ချလိုက်သည်။ မစ္စတာချိုက လက်ဖက်ရည် ထပ်ထည့်လိုက်သည်။ ထိုအခိုက် နှစ်ယောက်သား မျက်လုံးချင်း ဆုံသွားကြသည်။ လော်ရာ့ မျက်လုံးတွေက မေးခွန်းထုတ်နေသော မျက်လုံးများ၊...။ မစ္စတာချို၏ မျက်လုံးများကတော့ အားပေးနေသော မျက်လုံးများ၊ သို့ဖြင့် လော်ရာအားတက်လာပြီး ရုတ်တရက်မေးလိုက်သည်။

“မစ္စတာချိုက ဆွန်ယာ့ကို သိတယ်နော်”
“ဟုတ်ကဲ့..။ သူ့ကိုလူတိုင်းသိပါတယ်။ ဒါနဲက ဒီအချိုမုန့်ကလေး စားကြည့်ပါဦး မစ္စတာဝင်းတား၊ ဒီမုန့်က မေမေ့စပ်နည်းအတိုင်း လုပ်ထားတာ။ ကျွန်တော်တို့သိပ်ကြိုက်ကြတာပဲ”
လော်ရာက ဗန်းထဲမှ မုန့်သေးသေးလေးတစ်တုံးကို ယူကာမြည်းကြည့်သည်။
“သိပ်အရသာရှိတာပဲ မစ္စတာချို။ ဒါနဲ့ ဆွန်ယာ့ကို ဘာကြောင့် လူတိုင်းသိနေရတာလဲ..ဟင်”
“သူ့ကို လူနိုင်းသိနေတာက သူ့ကပွဲရုံကြောင့်ပါ။ သူ့ကပွဲရုံက သိပ်ပြီး နာမည်ကြီးတယ်။ ဒါပေမဲ့ သူက တခြား မိန်းကလေးတွေနဲ့တော့မတူဘူး၊ ရိုးရိုးကုပ်ကုပ်ပဲနေတယ်။ သူ့အိမ်ကို မစ္စက်ဝင်းတား မြင်ခဲ့သားပဲ။ သူ့အိမ်ကို ကျွန်တော် ဟိုတုန်းက တစ်ခါမှ မရောက်ခဲ့ဖူးပါဘူး သူဘယ်မှာနေတယ်ဆိုတာလည်း မသိဘူး။ သူ့နာမည် ကင်ဆွန်ယာ ဆိုတာတောင်မှ မသိပါဘူး။

သူကအလုပ်မှာ နာမည်တစ်မျိုးပေးထားတယ်။ သူ့ကပွဲရုံနာမည်က “ပန်းရိပ်သာ”တဲ့။ သိပ်ပြီး ခမ်းနယ်တယ်။ မိန်းကလေးတွေလည်း သိပ်ပြိးချောကြတယ်။ သူက အဲဒီမိန်းကလေးတွေကို အဆိုအကအားလုံးသင်ပေးတယ်။ သူ ကိုယ်တိုင် လည်းအဆိုအက အလွန်တော်တယ်။ ဒါပေမဲ့ အခုတော့ သူကိုယ်တိုင်လည်း မဆို၊ကလေည်းမကတော့ပါဘူး။ သူက စည်းကမ်းတစ်ခုထုတ်ထားတယ်။ သူ့ရိပ်သာကို ကိုရီးယား အမျိုးသား ကိုသာ လာခွင့်ပြုထားတယ်။ ရိပ်သာနှုန်းကလည်း သိပ်ပြီးကြီးတယ်။ ဒါကြောင့်မို့ သူ့ရိပ်သာကို သူဌေးတွေပဲ အများဆုံး သွားကြတယ်”
မစ္စတာချို က “ကျွန်တော်တို့လို သူဌေးတွေအများဆုံးသွားကြတယ်”ဟု မပြောသည် ကို လော်ရာ သတိပြု မိလိုက် သည်။
ယင်းသို့ မပြောခြင်း မှာ သူ့အနေဖြင့် ပန်းရိပ်သာသို့ မကြာခဏသွားလေ့မရှိဟု ဆိုလိုသောကြောင့်ပေလော။ ဘာပဲပြောပြော သူက ဆွန်ယာကိုတော့ ကောင်းကောင်းသိနေသည်။
အလို ဒီကိစ္စက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက ခရစ္စအတွက်ကြောင့် ဒီကိုရောက်လာရတဲ့သူပါ.
သူမသည် ခံစားချက် အမျိုးမျိုးဖြင့် ဝေခွဲမရဖြစ်နေရာမှ အတိတ်ဖြစ်ရပက်ကို စတင်ရင်ဖွင့်လေတော့သည်။

“လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ဒီကို ကျွန်မယောက်ျားရောက်ဖူးတယ်။ သူနဲ့ ဆွန်ယာတို့ တွေ့ကြတယ်။ အဲဒီတုန်းက ဆွန်ယာကအပျိုပေါက်အရွယ်ပဲရှိပါသေးတယ်။ နောက်တော့ သူတို့မှာ သာကလေး တစ်ယောက်ရလာတယ်။ ကျွန်မယောက်ျားက အဲးဒီအကြောင်း ကျွန်မကိုမပြောပဲ အကြာကြီးနေခဲ့ပါတယ်။ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် အလွန်ချစ် ကြတဲ့ လင်မယားပါ။ ကျွန်မတို့ နှစ်ယောက်အကြားမှာ လျှို့ဝှက်ချက်ဆိုတာ လုံးဝမရှိပါဘူး။ ဒါကြေင့်မို့ ဒီအကြောင်း သူကကျွန်မကို အစကတည်းက ဘာလို့ ဖွင့်မပြောခဲ့တာပါလိမ့်လို့ ကျွန်မ စဉ်းစားမိတယ်။ အခုတော့..ကလေးဟာ ကျောင်းမနေရပါဘူးလို့ သူ့ဆီစာရေးလိုက်တော့မှ သူကျွန်မကို အဖြစ်မှန် ပြောပြတယ်။ ဒါနဲ့ပဲ ကျွန်မဒီကို ရောက်လာခဲ့ရတာ
မစ္စတာချိုက ကိုယ်ကို ရှေ့သို့ကိုင်းလျက်...

"ဒီလိုဆိုရင် မစ္စ၀င်းတားရဲ့ ခင်ပွန်းက မစ္စက်ဝင်းတားကို ဒီလို တစ်ယောက်တည်း လွှတ်လိုက် တာ ပေါ့ဟုတ်လား"
"မဟုတ်ပါဘူး... ကျွန်မသဘောနဲ့ ကျွန်မ လာခဲ့တာပါ။ သူ့အနေနဲ့ အလုပ်များနေလို့လည်း မလာနိုင်ပါဘူး။ ပြီးတော့ ကလေးရဲ့ ပညာရေးအတွက် အဆင်ပြေအောင် စီစဉ်ဖို့ ကိစ္စမှာ ကျွန်မ အနေနဲ့လည်း သက်ဆိုင်နေပါတယ်။ ကျွန်မယောက်ျားရဲ့ သားကလေးတစ်ယောက် စာမတတ် ပေမတတ် ဘ၀မျိုး ရောက်သွားရမှာ ကို ကျွန်မ အနေနဲ့ လုံးဝ မရှုရက်ပါဘူး"
သူမက သူမ၏ စေတနာအမှန်ကို အမှန်အတိုင်းပင် ပြောလိုက်သည်။
"ကျွန်မ အခု လို လာခဲ့ရတာကတော့...ဒီလိုဖြစ်ရပ်မျိုး ဘာကြောင့်ဖြစ်ခဲ့ရတယ် ဆိုတာ ကိုယ်တိုင် ကိုယ်ကြပ် သိချင် လို့ လာခဲ့ရတာပါ"
"ဟုတ်ပါတယ် မစ္စက်ဝင်းတား...။ အခုလို မစ္စက်ဝင်းတား ကိုယ်တိုင် လာတာ အများကြီး သဘာဝကျပါတယ်"
မစ္စတာချို က လေသံအေးအေးဖြင့် ပြောလိုက်သည်။

"မစ္စက်ဝင်းတား ဟာ ကိုယ့်ရဲ့ လင်ယောက်ျားကို သိပ်ပြီး ချစ်တာကိုး။ ဘယ်နိုင်ငံမှာမဆို ကိုယ့်ယောက်ျားက တခြား မိန်းမ တစ်ယောက် ယူတယ်ဆိုရင် မယားကြီးအနေနဲ့ အသည်းကွဲစရာ ပါပဲ"
"အဲဒီတုန်းက ကျွန်မတို့ လက်ထပ်ပြီးခါစ ရှိပါသေးတယ်"
မစ္စတာချို၏ မျက်နှာတွင် ကြင်နာရိပ်တွေ ပေါ်လာသည်။ လောရာ၏ နှုတ်ခမ်းတွေ တရွရွ လှုပ်လာ သည်။ သူမက ကြိုးစားပြီး ပြုံးလိုက်သည်။
"ကျွန်မ တို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ သိပ်ပြီးအဆင်ပြေပါတယ် မစ္စတာချို။ အခုလို ပြဿနာ ပေါ်လာတောင် မှ ဘာမှမဖြစ်ပါဘူး။ ဘာမှလည်း မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ လင်မယားက တစ်ယောက် ကို တစ်ယောက် နားလည်ကြပါတယ်။ တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်ကြ တယ်။ အကျိုးတူ ပြဿနာတွေ ကို မျှဝေခံစားကြတယ်"
"ကျွန်တော် သဘောပေါက်ပါတယ်....မစ္စက်ဝင်းတား"
မစ္စတာချို က လေးလေးနက်နက် အမူအရာဖြင့် ပြောသည်။

"ဒါပေမဲ့ ဒီလို ပြဿနာမျိုး ပေါ်လာရင် အတ္တကိုတော့ ထိတာပါပဲ။ နောက်တော့လည်း သူ့အလို လိုပြေပျောက် သွားမှာပေါ့။ ဒီတော့...မစ္စက်ဝင်းတားက ဆွန်ယာနဲ့ ပထမဆုံး တွေ့မယ်။ ပြီးတော့ မှကလေးနဲ့တွေ့မယ် ဆိုပြီး လာခဲ့တယ် ပြောတယ်။ ဒါဆို ဆွန်ယာ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို စဉ်းစားထားပါသလဲ"
လော်ရာက စဉ်းစားနေသည်။ ခဏကြာတော့မှ....
"ဒါတော့ ကျွန်မ အတိအကျ မပြောနိုင်သေးပါဘူး။ သူနဲ့ပတ်သက်ပြီး ကျွန်မ မိန်းမသားချင်း ကိုယ်ချင်းစာ မိပါတယ်။ ခံလည်း ခံစားရပါတယ်။ ဒါပေမဲံ့....ဘာမှတော့ ပြတ်ပြတ်သားသား မစဉ်း စားရသေးပါဘူး။ သူက နူးညံ့သိမ်မွေ့ တဲ့ မိန်းကလေးတစ်ယောက် ဆိုတာတော့ သိရပါပြီ"

"အဲဒီလို မဟုတ်ဘူး။ သူက အလွန် စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးပါ"
"သူက ကျွန်မပါးကို လက်ဝါးနဲ့ ပွတ်တာ နူးညံ့တဲ့သဘောကို ပြတာပေါ့"
"သူ့မှာလည်း သနားကြင်နာမှု ရှိတယ်ဆိုတာကို ပြတာပါ"
"ကျွန်မကို သနားတာလား"
"တခြားဘ၀တူ မိန်းမသားတစ်ယောက်ကို သနားတာပါ။ ယောက်ျားတွေနဲ့ ပတ်သက်လို့တော့ သူက အမြင်ရှင်း နေပါပြီ။ သူက သူ့ရိပ်သာက မိန်းကလေးတွေကို ခဏ ခဏပြော တတ်တဲ့ စကားကို မစ္စက်ဝင်းတား ကြားစေချင်ပါတယ်"
သူက သဲ့သဲ့ ကလေး တစ်ချက် ရယ်လိုက်ပြီးတော့မှ..

"သူ့ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ဟာ သူ့ဖောက်သည် တစ်ယောက်ပါ။ သူကသိပ်ပြီး လူသိများတဲ့ အမျိုးသမီးပါ။ သူ့ရိပ်သာကို ကိုရီးယားအမျိုးသားတွေ ကလွဲပြီး ဘယ်သူမှ မလာရဘူး။ အနောက်တိုင်းသားတွေကို လုံးဝလာခွင့်မပြုဘူး။ အထူးသဖြင့် အမေရိကန်တွေကို လုံးဝခွင့်မပြုဘူး။ သူတို့က တတိယတန်း အဆင့်လောက်နဲ့ပဲ တန်တယ်။ အဲဒီကိုပဲ သွားကြပါစေဆိုပြီး သူက မကြာ ခဏ ပြောတတ်တယ်။ ဒါဟာ တစ်ယောက်ယောက်ကို ကလဲ့စားချေတာပါ။ သူတောင်းတဲ့ဈေး ပေးနိုင်တဲ့ ကိုရီးယား အမျိုးသားတွေ ဆိုရင် နိုင်ငံခြားသားတွေနဲ့ လုံးဝ မဆက်ဆံတဲ့ မိန်းကလေးတွေ ကို တွေ့ခွင့် ရတယ်။ အဲဒီ မိန်း ကလေးတွေက သန့်လည်း သန့်ကြတယ်။ ပညာလည်း တတ်ကြ တယ်"
သည်စကား ကြားရတော့ လော်ရာအဖို့ အောင့်သက်သက် ဖြစ်သွားမိသည်။ အံ့လည်း အံ့သြမိ သည်။ သြော်..... ခရစ္စခမျာ သနားစရာပါကလား....။
"ဆွန်ယာက အမြဲတမ်း ဒီအတိုင်းပဲလား"

"အမြဲတမ်း...ဟုတ်လား၊ မဟုတ်ပါဘူး၊ အမြဲတမ်း ဒီအတိုင်းပဲ မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို ပထမဆုံး အကြိမ်တွေ့တော့..."
မစ္စတာချို က ခဏရပ်ပြီး ချောင်းဆိုးနေသည်။
"ပြောသာပြောပါ...မစ္စတာချို၊ ဘာမှ ရှက်စရာမရှိပါဘူး၊ ကျွန်မတို့ရဲ့ ဆက်ဆံရေးက အဲဒီအဆင့် ထက်ကျော်သွားပါပြီ။ ကျွန်မတို့ တွေ့ကြရတာ အချိန်မကြာသေးပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် နားလည်သွားကြပြီပဲ။ မဟုတ်လား... ကျွန်မပြောတာ"
မစ္စတာချိုက ရယ်လိုက်ပြီး...
"အင်း...မစ္စက်ဝင်းတားကတော့ ချီးကျူးလောက်ပါပေတယ်ဗျာ။ အလွန်နားလည်မှုရှိတဲ့ အမျိုး သမီးတစ်ယောက် ပါပဲ။ ဒါနဲ့...ဆွန်ယာ့အကြောင်း ဆက်ပြောရဦးမယ်။ ကျွန်တော်နဲ့ စတွေ့တုန်း က သူ့မှာကိုယ်ပိုင် ရိပ်သာ မရှိသေးပါဘူး။ နာမည်ကြီး ကပွဲရုံ တစ်ခုမှာ သီချင်းဆိုတယ်။ ကတယ်။ ဖြေဖျော်တယ်။ မျက်နှာကလေး ညှိုးညှိုးငယ်ငယ် နဲ့ သူ့သီချင်းဆိုသံ ကြားရတော့ ကျွန်တော့် စိတ်ထဲမှာ သူ့ကို အလိုလို စိတ်ဝင်စား လာမိတယ်။

သူ့ မြူးမြူးရွှင်ရွှင် ပျော်စရာ သီချင်းကို ဆိုတာ တောင်မှ သူ့အသံဟာ ဆွေးမြည့်ကြေကွဲသံပါနေတယ်လို့ ကျွန်တော်ထင်မိတယ်။ ဒါနဲ့.... ကျွန်တော်က သူ့ကို ဖိတ်ခေါ်ပြီး ကျွေးတယ်။ စကားပြောတယ်။ မစ္စက်ဝင်းတားနဲ့ ကျွန်တော်နဲ့ ပြောကြသလိုပေါ့။ သူ့ဘ၀အခြေအနေကို ကျွန်တော့်ကို ပြောပြတယ်။ သူဟာ မိခင်အိုကြီး နဲ့ သားကလေး တစ်ယောက်ကို လုပ်ကျွေးနေရတယ်လို့ ပြောတယ်။ နောက်တော့ သူ့သားကလေး သတင်းတွေကို ကျွန်တော် ကြားလာရတယ်။ ကလေးအဖေဟာ အမေရိကန် လူမျိုး ဖြစ်ကြောင်း။ ဆွန်ယာက ကလေးအဖေနဲ့ ပြန်ပြီး ဆက်သွယ်ဖို့ကြိုးစားနေကြောင်း သိလာရတယ်။ ဒါနဲ့ သူက အဲဒီအမေရိကန်ဆီ စာတွေ တစ်စောင်ပြီး တစ်စောင်ရေးတယ်။ ဒါပေမဲ့ ပြန်စာတစ်စောင်မှ မရခဲ့ ဘူး။ နောက်တော့ ကျွန်တော်က ကိုယ်ပိုင် ကပွဲရုံထောင်ဖိုက သူ့ကိုတိုက်တွန်းတယ်။ ကျွန်တော် ကပဲ အရင်းငွေ ထုတ်ချေး တယ်။ နောက်ပိုင်း သူက အကျေအလည်ပြန်ဆပ်တယ်။ တကယ်တော့ ဆွန်ယာဟာ စီးပွားရေး အမြင်ရှိ တဲ့ မိန်းကလေးတစ်ယောက်ပါ။"
လော်ရာက စိတ်ဝင်စားစွာ နားထောင်နေသည်။ သည်ပုဂ္ဂိုလ်နှင့်မှ တိုက်တိုက်ဆိုင်ဆိုင်လာပြီး တွေ့ဆုံရခြင်းကို အံ့လည်းသြမိသည်။ ၀မ်းလည်း သာမိသည်။ ယခုတော့ ဆွန်ယာ့ကို အကြောင်း ပြုပြီး သည်ပုဂ္ဂိုလ်သည် သူမနှင့်ရော ခရစ္စနှင့်ပါ ပတ်သက်သော အရေးပါသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီ။

တံခါးဝသို့ အိမ်စေ မိန်းကလေးရောက်လာပြီး မစ္စတာချိုအား တစ်စုံတစ်ရာကို ပြောသည်။
"အား...ဟုတ်ပြီ။ မေမေနဲ့ သွားတွေ့လို့ ရပါပြီ...မစ္စက်ဝင်းတား" မစ္စတာချိုက ပြောသည်။
သို့ဖြင့် သူတို့နှစ်ယောက် အိမ်စေမကလေး နောက်မှ လိုက်လာခဲ့ ကြသည်။ ဧည့်ခန်းကျယ်ကြီး တစ်ုထဲ ၀င်လာကြသည်။ လေးဖက်လေးတန်မှန်ခန်းဆီးများကို ဖွင့်ထားသဖြင့် အခြား ဆက်တွဲ အခန်းများကို မြန်နေရသည်။ အခန်းကျယ်ကြီးထဲတွင် ကြက်သွေးရောင် ကော်ဇော်ကြီးကို ခန်းလုံးပြည့် ခင်းထားသည်။ အရောင် တလက်လက် တောက်နေသော ယွန်းသည် အနက်သုတ် စာအုပ်ဗီရို နိမ့်နိမ့်ကလေး များနှင့် ခေတ်မီ စားပွဲ ကုလားထိုင်များ ခင်းကျင်းထားသည်။ စားပွဲနိမ့်က လေးတစ်လုံးနှင့် ကိုယ်လုံး ကိုယ်ထည် သေးသေးညှက်ညှက်နှင့် တစ်ခေါင်းလုံး ဖြူဖွေးနေသော အဘွားအိုတစ်ယောက် ထိုင်နေသည်။ အဘွားအိုမှာ အသက်အရွယ် ကြီးရင့်ပြီ ဖြစ်သော်လည်း မျက်နှာက ထူးထူးခြားခြား ချောမောလှပသည်။ အနရက်ရောင် မျက်လုံးများမှာလည်း အရောင် တလက်လက် တောက်နေသည်။ ခပ်တင်းတင်းစေ့ထားသော ပါးစပ်ကတော့ တည်ငြိမ်ခြင်းနှင့် ဇာတိမာန်ကို ဖော်ပြနေသည်။

မစ္စတာချိုက မိခင်ကြီးအား ဦးညွှတ်၍ အရိုအသေပြုကာ ကိုရီးယားလို စကားပြောသည်။ မိခင်ကြီး ကခေါင်းညိတ်ကာ ဧည့်သည်ကို စိုက်ကြည့်နေသည်။ ပြီးတော့ အသံသေးသေးဖြင့် တစ်စုံတစ်ရာ ကို တိုးတိုးကလေး ပြန်ပြောသည်။ သားဖြစ်သူက လော်ရာအား ဘာသာပြန်ပြောသည်။
"မစ္စက်ဝင်းတားမှာ သားယောက်ျား ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ မေမေက သိချင်ပါတယ်"
"၀မ်းနည်းပါတယ်ရှင်၊ ကျွန်မမှာ သားသမီး တစ်ယောက်မှ မရှိပါဘူး"
မစ္စတာချိုက မိခင်ကြီးအား ပြန်လည်ပြောပြသည်။ အဘွားကြီးကမျက်လုံးဝိုင်းကြီးများဖြင့် လော်ရာ အားစိုက်ကြည့်နေ ဆဲပင်။ ထို့နောက် သူမက တစ်စုံတစ်ရာကို မေးမြန်းပြန်သည်။
"မေမေ က ပြောတယ်။ မစ္စက်ဝင်းတားက သိပ်ပြီး ချောတယ်တဲ့။ ဒါပေမဲ့ ဆံပင်နဲ့ မျက်လုံး အရောင်တွေ ကိုတော့ မေမေက မကြိုက်ဘူးတဲ့"

လော်ရာက ရယ်လိုက်ပြီး.
"ကျွန်မလည်း မကြိုက်ပါဘူး။ ကျွန်မက ဆံပင်နက်နက် မျက်လုံးနက်နက် သိပ်လိုချင်ပါတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင် ပါ့မလဲ။ ကျွန်မဘ၀က ဒီလိုပဲ ဖြစ်လာတာ။ ဖြစ်လာတဲ့အတိုင်းပဲ ကျေနပ် ရတော့မှာပေါ့"
မစ္စတာချို က မိခင်ကြီးအား ဘာသာပြန်ပြောပြလိုက်သည်။ အဘွားကြီး၏ ဆင်စွယ်ရောင် မျက်နှာ ပေါ်တွင် အပြုံးရိပ် သန်းသွားသည်။ ပြီးတော့ အသံတိုးတိုးဖြင့် တစ်စုံတစ်ရာကို ပြောသည်။
မစ္စတာချိုက ပြန်ပြုံးပြသည်။ အဘွားကြီးက ပြောပြန်သည်။ မစ္စတာချိုက ဦးညွှတ် လိုက်သည်။ ပြီး တော့လော်ရာ ဘက်သို့ လှည့်ကာ..
"ကျွန်တော်တို့ ပြန်နိုင်ပါပြီတဲ့။ မေမေက အသက် ၉၀ ပြည့်တော့မယ်။ သိပ်ပြီး စိတ်မရှည်တော့ ဘူး။ တစ်ယောက် တည်း နေတာ များတယ်။ မေမေအခုလို အသက်ရှည်တာ ကျွန်တော်တို့ သိပ်ပြီး ဂုဏ်ယူပါတယ်။ သူဟာ တစ်အိမ်လုံး မှာ လူတိုင်းရဲ့ အချစ်တော်ပဲ မစ္စက်ဝင်းတား"
လော်ရာက အဘွားကြီးအား ဦးညွှတ် ၍ အရိုအသေပြုသည်။

ထို့နောက်အသင့် ကားရပ်ထားသော အိမ်ရှေ့တံခါးဝသို့ ပြန်ထွက်လာခဲ့ကြသည်။
"မစ္စက်ဝင်းတားက ဒီနေ့မနက်ပိုင်းမှာ တော်တော် ပင်ပန်းသွားပြီ။ အဲဒီတော့.... ဟိုတယ် ပြန်ပြီး အနားယူ လိုက်ပါဦး။ မနက်ဖြန်ကျတော့မှ ပြန်တွေ့ကြတာပေါ့။ ကျွန်တော် အကူအညီ လိုရင်လည်း အားမနာ ပါနဲ့ ပြောသာပြောပါ"
လော်ရာက ကားပေါ်တွင် ၀င်ထိုင်လိုက်သည်။ မစ္စတာချိုကလည်း သူမဘေးတွင် ၀င်ထိုင်သည်။
ထို့နောက်...မြို့တွင်းသို့ ပြန်ဝင်လာခဲ့ကြသည်။
လော်ရာ သည် တကယ်လည်း ပင်ပန်း နွမ်းနယ်နေည်။ အချိန်တို ကလေးအတွင်း စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေကို အများကြီး မြင်တွေ့ခံစားခဲ့ရသည်။ တစ်လမ်းလုံးတွင် မစ္စတာချိုက စကားတစ်ခွန်း မှ မပြောဘဲ ငြိမ်၍လိုက်လာသည်ကို အထူး ကျေးဇူးတင်မိသည်။

ဟိုတယ် ရောက်တော့ မစ္စတာချိုက ဓာတ်လှေကားအထိ လိုက်ပို့ကာ ထုံစံအတိုင်း ဦးညွှန်၍ နှုတ်ဆက် သည်။
လော်ရာကအပေါ်ထပ်မှ သူမ၏ အခန်းသို့ တက်လာခဲ့သည်။ အခန်းမှာ ဘာမှ ခြေရာလက်ရာ မပျက်။ သူထားခဲ့သည့် အတိုင်းပင် အားလုံး နေသားတကျ ရှိနေကြသည်။ သို့သော် စားပွဲပေါ်မှာ အစိမ်းရောင် ပန်းအိုးကလေးထဲမှာတော့ တောင်အုန်းပင်ကလေး တစ်ပင် ရောက်နေသည်။ ပြတင်း ပေါက်မှ ၀င်လာသော ညနေစောင်း နေရောင်တွင် တောင်အုန်းပင် ကလေးမှာ စိမ်းစိုလန်းဆန်း လျက်ရှိသည်။
သူမက ပန်းအိုးတွင် ချိတ်ထားသော ကတ်ပြားကလေးကို ကြည့်လိုက်သည်။ မစ္စတာချိုထံမှ ပို့လိုက်ခြင်း ဖြစ်သည်။ ဧကန္တတော့ သူ့အိမ်မှာ ရှိစဉ်တုန်းက သူက အိမ်စေ တစ်ယောက်ယောက် ကိုစီစဉ်ခိုင်းလိုက် တာ ဖြစ်မည်။

တောင်အုန်းပင်သည် ကိုရီးယား လူမျိုးတို့အဖို့ အသက်ရှည်ခြင်း။ ဘ၀ခိုင်ကြည်ခြင်း အထိမ်းအ မှတ် အပင် တစ်မျိုး ဖြစ်သည်။ ဟိုတယ်တွင် လော်ရာ တစ်ယောက်တည်း စိတ်ဓာတ်ကျနေမည်ကို တွေးမိပြီး မစ္စတာချိုက ဤ တောင်အုန်းပင်ကလေးကို မှတ်မှတ်ရရ ပို့ခိုင်းလိုက်ခြင်းပင် ဖြစ်ပေလိမ့် မည်။
သို့်သော်... လောလောဆယ်တွင် လော်ရာကတော့ ကိုယ်ရောစိတ်ပါ နွမ်းနယ်လျက် ရှိသည်။ သူမ တော်တော်ပင် စိတ်ဓာတ်ကျနေသည်။ သည်အဖြစ်မှ လွတ်မြောက်ရာကို သူမ တမ်းတမိသည်။ ကိုယ့်အိမ် မှာ သာဆိုလျှင် စိတ်ပြေလက်ပျောက် ဖြစ်သွားအောင် ဓာတ်ခွဲခန်းထဲ ၀င်ကာ အလုပ် လုပ်နေမည် ဖြစ်သည်။ သို့မဟုတ် လျှင်လည်း အေးမြသော သမုဒ္ဒရာ ရေလွှာအောက်သို့ ငုပ်လျှိုး ကာစိတ်အာရုံကို လွှဲပြောင်း လိမ့်မည် ဖြစ်သည်။

သို့သော်.... သည်နေရာတွင်တော့ ယင်းအရာတွေကို ဘယ်လိုမှမရနိုင်။
ထို့ကြောင့်...အ၀တ်အစားလဲကာ အိပ်ရာပေါ်တွင်သာ ခြေပစ်လက်ပစ် လှဲချလိုက်မိတော့သည်။
သူမ မကြာမီ အိပ်ပျော်သွားလေသည်။
နောက်နေ့မနက် တွင် အိပ်ရာမှ နိုးလာသည်။
နှင်းဆီရောင် နေခြည်များ ပြတင်းပေါက်မှ ဖြတ်ဝင်လာကာ အခန်းထဲတွင် ထိန်လင်းနေသည်ကို မြင်လိုက်ရတော့ မနေ့ မနက် က ဆည်းဆာ အချိန်များလားဟုပင် ရုတ်တရက် ထင်လိုက်မိသေး သည်။
ညတုန်းက အိပ်မက်ရာမက် ကင်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သဖြင့် စိတ်ရောကိုယ်ပါ လန်းဆန်းနေသည်။ ပူပင်သောက စိတ်လည်း လုံးဝမရှိတော့။
အိပ်ရာမှ ထကာ ရေမိုးချိုးသည်။ အ၀တ်အစားလဲကာ ဖြီးလိမ်းပြင်ဆင်သည်။
အချိန်က အစောကြီးရှိသေးသည်။

သို့ပေမဲ့...သူမသည် အောက်ထပ်ရှိ စားသောက်ခန်းသို့ဆင်းလာခဲ့သည်။
အခန်းထဲတွင် ဧည့်သည် ဖြစ်ဟန်တူသော လူငယ်သုံးယောက်မှ တစ်ပါး မည်သူမှ မရောက်သေး။ မစ္စတာချိုလည်း သည်အချိန်တွင် အိပ်ရာမှပင် နိုးဦးမည် မဟုတ်။
သူမက မစ္စတာချို မရှိဘဲ ယခုလို တစ်ယောက်တည်း အေးအေး ဆေးဆေး လွတ်လွတ်လပ်လပ် တွေးနေရသည်ကိုပင် ၀မ်းသာနေမိသည်။
သူမသည် နံနက်စာ စားသောက်ပြီးလျှင် တစ်ယောက်တည်း လမ်းလျှောက်ထွက်နိုင်သည်။ ထို့ နောက် ပြန်လာပြီး ခရစ္စထံသို့ စာရေးမည်။ ထို့နောက်တွင်တော့ ပထမဆုံး လုပ်စရာ အလုပ်ကို စတင် ရမည်။
နံနက်စာ စားသောက်ပြီးသောအခါ အခန်းသို့ မပြန်ဘဲ လမ်းမပေါ်သို့ ထွက်လာခဲ့သည်။

လမ်းမပေါ်တွင် လူတွေ ဥဒဟို သွားလာနေကြသည်။ စာရေး စာချီတွေက ရုံးသို့ သွားကြသည်။ မိန်းမတွေ က ဈေးသို့ သွားကြသည်။ ကလေးတွေက ကျောင်းသို့ သွားကြသည်။ အဟောင်းနှင့် အသစ်။ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းသည် လမ်းပေါ်တွင် ရောထွေးနေကြသည်။ ဟိုတယ်နှင့် မျက်နှာချင်းဆိုတွင် ပန်းဥယျာဉ်တစ်ခု ရှိသည်။ ဥယျာဉ်ထဲ တွင် အဘိုးကြီး နှစ်ယောက် စကားများ နေကြသည်။ သူတို့နှစ်ယောက် ဘာဖြစ်နေကြောင်း သိချင်၍ ဥယျာဉ်ထဲသို့ ၀င်လာခဲ့သည်။ အဘိုးကြီး နှစ်ယောက်မှာ ဥယျာဉ်မှူးများ ဖြစ်ကြပြီး ပန်းပင်စိုက်ရန် နေရာ ရွေးရင်း အချင်းချင်း စကားများနေကြခြင်း ဖြစ်သည်။

အသက်ငယ်သော အဘိုးအိုက မြေပုံကားချပ် ထုတ်၍ ပန်းပင်စိုက်ရန်သူ ရွေးထားသော နေရာကို ပြသည်။ သို့သော် အသက်ကြီးသော အဘိုးအိုက သဘောမတူ။ စိုက်ပြီးသား အပင်များ ကို ပြန် နုတ်ပြီး နေရာသစ် တွင် ပြန်စိုက်သည်။
အဘိုးအို နှစ်ယောက်ကို ကြည့်၍ လော်ရာက ပြုံးမိသည်။ လူငယ်နှင့် လူကြီး ပြဿနာသည် နေရာ တိုင်း။ တိုင်းပြည်တိုင်းတွင် ရှိပါကလားဟုလည်း တွေးလိုက်မိသည်။
သူမ ဆက်လျှောက်လာခဲ့သည်။
နောက်မှ အပေါ်အင်္ကျီစွန်ကို ဆွဲထားသလို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။
အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်ဖြင့် ကလေး လေးငါးခြောက်ယောက်ကို တွေ့ရသည်။ လမ်းပေါ် မှ ခြေသလုံး အိမ်တိုင် သူတောင်းစားကလေးများ ဖြစ်သည်။
သူတို့က ညစ်ပတ်ပေရေနေသော လက်ဝါးကလေးတွေ ဖြန့်ကာလော်ရာ့ ထံတွင် ပိုက်ဆံ တောင်း ကြသည်။
"သူတောင်းစား တွေ့ရင် ပိုက်ဆံလုံးဝ မပေးနဲ့ " အိမ်မှ ထွက်ခွာနီးခရစ္စက မှာလိုက်သည်။ "အထူး သဖြင့် ကလေး သူတောင်းစားတွေ ကို လုံးဝမပေးပါနဲ့။ သူတို့ကိုမြင်ရင် ဝေးဝေးကသာ ရှောင်ပြေး။ နို့မဟုတ်ရင် မင်းစိတ်ညစ် ရလိမ့်မယ်။"

သူမက ရှောင်ပြေးမည်ဟု ခြေလှမ်းပြင်လိုက်စဉ်မှာပင် ထူးခြားသော ကလေးတစ်ယောက်ကို မြင်လိုက် မိ၍ ခြေလှမ်းရပ်လိုက်သည်။
ထိုကလေးမှာ မိန်းကလေးဖြစ်သည်။ သူကလေးသည် ဆူဆူညံညံ ပိုက်ဆံတောင်းနေသော တခြား ကလေးတွေနှင့် မရောဘဲ ခပ်လှမ်းလှမ်းတွင် မျက်နှာညှိုးကလေးဖြင့် ရပ်ကြည့်နေသည်။ ရုပ်ရည်က လည်း အရိုးပေါ် အရေတင် လို့…။ သူကလေး အသက်ဘယ်လောက်ရှိမည်ဆိုတာကို လော်ရာ မှန်း၍ မရ။
လော်ရာ က သူကလေး အနီးသို့ လျှောက်လာပြီး မေးစေ့ကို လက်နှင့်ကိုင်ကာ မျက်နှာကို သေသေချာ ချာ ကြည့်လိုက်သည်။

အလို… ကပြားမကလေးပါလား။
သို့သော်… မျက်နှာတွေကတော့ တခြားကလေးတွေအတိုင်းပင် ဖြစ်သည်။ အာရှတိုက်သား မျက်လုံး များပင် ဖြစ်သည်။ မျက်လုံးပြူးပြူးနှင့် ချစ်စရာ မျက်နှာကလေး။
"ကလေးက ဘယ်သူလဲ"
သူမ၏စကားကို ကလေးက နားလည်မည် မဟုတ် ဆိုသည်ကို သိသော် လည်း လော်ရာ က လေသံဖြင့် မေးလိုက်မိသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, August 30, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၈)

ကျောင်း ပိတ်တိုင်း ဆရာကြီးတို့ လင်မယားနဲ့အတူ အဲဒီအလွန်လှတဲ့ ရှေးဟောင်းအိမ်ကြီးမှာသွားပြီး အချိန်ဖြုန်း ပါတယ်။ အင်း… ဒါနဲ့ ဆရာကြီးကတော် အသက်မရှည်ခဲ့တာ စိတ်မကောင်းပါဘူးဗျာ။ ဆရာကြီး ကတော်က ကျွန်တော် တက္ကသိုလ် တက်နေတုန်းမှာ ဆုံးသွားရှာတယ် ခင်ဗျာ့" လော်ရာ့ အနေဖြင့် မစ္စတာချိုအပေါ်တွင် အကြွင်းမဲ့ ယုံကြည်သွားခဲ့ပြီ။ စိတ်ကိုလည်း တုံးတုံးချပြီး ဆုံး ဖြတ် လိုက်သည်။ သူမ ကံကောင်းပါသည်။
သို့ဖြင့် သူမ က တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်မနဲ့အတူ လိုက်ခဲ့ပါ… မစ္စတာချို"
"ကောင်းပါပြီ မစ္စက်ဝင်းတား၊ စားသောက်ပြီးတော့ သွားကြတာပေါ့"
ကို ဆက်ဖတ်ရန်.....................

လောရာသည် ဆိုးမြို့ထဲတွင် တစ်လမ်းဝင် တစ်လမ်းထွက် ကားစီးလာရင်း ဆုံးဖြတ်ချက်တစ်ခုကို အပြစ်ချမှတ် လိုက်သည်။ ဆုံးဖြစ်ချက်က အခြားမဟုတ်။ သူမအနေဖြင့် ဘယ်ကိစ္စကိုမှ ရှင်လင်း ပြော ပြခြင်း မပြုရန် ဖြစ်သည်။ သူမသည် ဤသင်ခန်းစာကို ကလေးဘ၀ကပင် ရလာခဲ့သည်။
အကြောင်း တစ်ခုခုကြောင့် မိခင်ကြီးက ဆူပူကြိမ်းမောင်းခြင်း၊ စွပ်စွဲပြောဆိုခြင်း ပြုလာလျှင် သူမက ဘာမှ ပြန်မပြော ဘဲ တုဏှိဘာဝေ ၀ါဒကို ကျင့်သုံးကာ ငြိမ်၍သာ နေလိုက်တော့သည်။
တစ်ပါးသူ ထံမှလည်း ရှင်းလင်းချက် မတောင်း။ မိမိကလည်း ရှင်းလင်းချက် မပေးခြင်းဖြင့် သူမအဖို့ ကလေးဘ၀၊ မိသားစုဘာဝနှင့် အိမ်ထောင်ရှင်မ ဘ၀များတွင် စိတ်ချမ်းသာမူကို ရရှိခဲ့သည်။
ယခုလည်း မစ္စတာချိုနှင့်အတူ လူစည်းကားသော လမ်များ၊ ပန်းခြံများကို ဖြတ်ကာ အငှားကားစီး လာစဉ် သူမ သည် စကားကို လိုအပ်သလောက်သာ ပြောလာခဲ့သည်။ မစ္စတာချိုက အလွန် ဖော်ရွေ သည်။ အလွန်ယဉ်ကျေး သည်။ စကားပြောလည်း လိမ္မာသည်။

သူက လမ်းတွင် ဖြတ်ကျော်လာသော အထိမ်းအမှတ် ရုပ်တုများ၊ ကျောက်တိုင်များနှင့် အဆောက် အအုံများ အကြောင်း ကို လော်ရာအား ရှင်းပြလာသည်။ လော်ရာအား အမေရိကသို့ မပြန်ခင် ရှေးဟောင်း နန်းတော် များနှင့် အသစ် တည်ဆောက်ထားသော အမျိုးသားပြတိုက်ကို သွားကြည့်ရန် လည်း တိုက်တွန်းသည်။
လော်ရာ က ဘာမှ ပြန်မပြောဘဲ အပြုံးဖြင့်သာ တုံပြန်သည်။ သို့သော် အချိန်ရလျှင် မစ္စတာချို ဖိတ် ခေါ် သည့် နေရးများသို့ သွားလည်မည်ဟုတော့ ရည်ရွယ်ထားသည်။
သူမက မစ္စတာချို ၏ ရုပ်ရည်နှင့် အပြောအဆိုကို နဂိုကတည်းက သဘောကျပြီးသား။

သူမသည် ယောကျာ်းတွေနှင့် ဆက်ဆံရာတွင် ကျင့်သားရနေပြီ။သပံ္ပပညာရှင် တစ်ယောက် အဖြစ် ယောကျာ်းတွေ အများကြီးနှင့်လက်တွဲပြီး သုတေသန လုပ်ငန်းတွေ အများကြီးလုပ်ဖူးခဲ့ပြီး။ ထိုကြောင့် သူမနေဖြင့် ဘယ်ယောက်ျားနှင့် မဆို ရှက်ရွံ့ တွန်ဆုတ်ခြင်း မရှိဘဲ တန်းတူ ဆက်ဆံရဲသည်။
သို့သော်…. ယခု မစ္စတာချိုကတော့ သူမအဖို့ လူသစ် ဖြစ်နေသည်။ အပြင်ပန်း အနေအထားထက် အတွင်း သဘော အနေအထား က ပို၍ စိမ်းနေသည်။
သူက သူမ မျှော်လင့်ထာထက် ပို၍ ယဉ်ကျေး ဖော်ရွော်လွန်းနေသည်။ သူမ မျှော်လင့်တာထက် ပို၍ လည်ပတ် လိမ္မာလွန်းနေသည်။ ထိုကြောင့် သူ့ကို အကြွင်းမဲ့ နားလည်ရန် မလွယ်။
ပထမ တွင် သူမ၏ ရုတ်တရက် ဖြစ်ပေါ်လာသော ဇောဆန္ဒကြောင့် မစ္စတာချို အပေါ်တွင် အချိန်တို အတွင်း ယုံကြည်မိခဲ့ခြင်းဖြစ်သည်။ ယခုတော့ သူမက သံသယ ၀င်လာမိပြီ။

သူမသည် ဓာတ်ခွဲခန်းထဲတွင် နာရီပေါင်းများစွာ သုတေသန လုပ်ခဲ့သော စိတ်ရှည်ခြင်း ပညာကို ရခဲ့ သည်။ ယခုလည်း ယင်းပညာဖြင့်ပင် မစ္စတာချို အား သူမ အကဲခတ် လေ့လာနေသည်။
သူက ယောကျာ်းပီသည်။ အသိဉာဏ်လည်း ရှိသည်။ သွက်လက်ချက်ချာသည်။ သို့သော် အသိခက်သော "မင်" တော့ရှိသည်။ သူက ပွင်းလင်းသည်။ ရှက်ရွံ့ခြင်း လုံးဝမရှိ။ သို့သော်... သူ စကားပြောသောအခါ မပြောဘဲ ချန်ထားတာတွေ အများကြီး ကျန်နေသေးသည်ဟု လော်ရာက ယူဆ သည်။ ထိုကြောင့်... လိမ္မာပါးနပ်သော မေးခွန်းများကို လော်ရာက သတိနှင့် ဖြေနေရသည်။  "မစ္စ၀င်းတားက အနုပညာရှင် တစ်ယောက် ထင်ပါတယ်။" "မဟုတ်ပါဘူး။ ရှင်က အဲဒီလို ဘာကြောင့်ထင်သလဲ" "မစ္စ၀င်းတားရဲ့ ပြောပုံဆိုပုံနဲ့ အမူအရာကိုကြည့်ပြီး ကျွန်တော်က ထင်မိတာပါ" "ကျွန်မက သပံ္ပပညာရှင်ပါ" သူ တော်တော့်ကို စိတ်ဝင်စား သွားသည်။

အမျိုးသမီးနဲ့ သိပံ္ပပညာရှင်။ ကျွန်တော့်အထင်တော့ ဆန့်ကျင်ဘက်ကြီးလိုပဲ ခင်ဗျာ့"
"ရှားတော့ ရှားပါတယ်။ ဒါပေမယ် မဆန့်ကျင်ပါဘူး။ အထူးသဖြင့် ကျွန်မတို့ နိုင်ငံမှာ မဆန့်ကျင်ပါဘူး။ ကျွန်မက အဏ္ဏ၀ါဗေဒသိပံ္ပပညာရှင်ပါ။ ရှင်လို့ပဲ အဏ္ဏ၀ါဗေဒ ဆေးသိပံ္ပပညာရှင် တစ်ယောက် ဆိုပါ တော့"
"ဒါဆို မစ္စက်ဝင်းတားက ဆေးဝါး ဖော်စပ်ဖို့အတွက် ရေအောက် သုတေသန လုပ်တာပေါ့နော်။ ကျွန်တော်တို့ ကိုးရီးယား လူမျိုးတွေလည်း၊ ပင်လည်ထွက်ပစ္စည်းတွေနဲ့ ဆေးဝါးကုသ နေကြပါတယ်"
"ဟုတ်ပါတယ်။ ကျွန်မ တစ်ခါတလေ ရေအောက် သုတေသန လုပ်ပါတယ်။ လက်ထပ်ပြီးတော့မှ သိပ်မလုပ်တော့ ပါဘူး" "ဘယ်လို သုတေသနမျိုး လုပ်ပါသလဲ" "ကျွန်မ နောက်ဆုံးလုပ်ခဲ့တဲ့ သုတေသန  လုပ်ငန်းကတော့ ပနားမာ၊ ကမ်းခြေ စူးစမ်းရေး လုပ်ငန်းပါ။ အဲဒီမှာ ကျွန်မ ရေပေါ်မျော ပိုးမွှား၊ သုတေသန လုပ်ခဲ့ပါတယ်" "မစ္စ၀င်းတား တစ်ယောက်တည်းပါလား"

"မဟုတ်ပါဘူး။ ကျွန်မနဲ့အတူ အခြား သိပံ္ပပညာရှင် သုံးယောက်လည်း ပါတယ်။ ကျွန်မတို့က သမုဒ္ဒရာ နဲ့ ပက်သက်ပြီး ရေအောက် ကြမ်းပြင် ပုံးပန်း သဏ္ဍာန်။ကွန်တို အနေအထား။ ရေအမျိုးအစား။ ရေစီး အကြောင်း။ ရေနေ သက်ရှိအပင်တွေ။ သတ္တ၀ါတွေအားလုံး လေ့လာတယ်။ သမုဒ္ဒရာရဲ့ ဓာတုဗေဒနဲ့ ရူပဗေဒ သဘာဝတွေ အားလုံးပါပဲ။ အဲဒီလို လေ့လာတဲ့အခါ တာဝန်ခွဲပြီး လေ့လာကြပါတယ်။ ကျွန်မ တာဝန် ကတော့ ရေနေအပင်တွေနဲ့ ရေနေ သတ္တ၀ါတွေရဲ့ ဆက်နွယ်မူပါပဲ"
"ဟုတ်ကဲ့။ သူတို့က တစ်မျိုးနဲ့ တစ်မျိုး ဆက်စပ်နေတဲ့ ရေသတ္တ၀ါတွေပဲ။ သိပ်ပြီး အရေးပါပါတယ်။ ကျွန်တော်တော့ မစ္စက်ဝင်းတား ရဲ့ လုပ်ငန်းအတွက် သိပ်ပြီးဂုဏ်ယူမိပါတယ်။ အံ့လည်း အံ့သြပါ တယ်၏"

လောရာက ဘာမှ ပြန်မပြော။ အဘယ်ကြောင့်ဆိုသော် သူတို့ စီးလာသော ကားလည်း အုတ်တိုက် ကြီး နှစ်ခုကြားတွင် ညပ်နေသော တိုက်ခံအိမ် ကလေး တစ်ခုရှေ့တွင် ရုတ်တရက် ထိုးရပ်လိုက်သော ကြောင့် ဖြစ် သည်။
မစ္စတာချိုက တက္ကစီ ဒရိုင်ဘာအား တစ်စုံတစ်ရာ ပြောသည်။ ဒရိုင်ဘာက ခေါင်းညိတ်ပြသည်။ ထို့နောက် မစ္စတာချိုက လော်ရာဘက်သို့ လှည့်ကာ...
"ကျွန်တော်တို့ ရောက်ပြီ မစ္စက်ဝင်းတား။ မစ္စက်ဝင်းတား ခွင့်ပြုမယ်ဆိုရင် ကျွန်တော်ကပဲ အရင် မိတ်ဆက်ပေး ပါရစေ။ ပြီးတော့... ကျွန်တော်က အပြင်ဘက်က စောင့်နေပါမယ်…"
နဖူးတွေ့ ဒူးတွေ့ တွေ့ကြရတော့မည်။ သူမ တစ်ယောက်တည်း မတွေ့ချင်။
"အပြင် က စောင့်မနေပါနဲ့ မစ္စတာချို။ ကျွန်မနဲ့ အတူတူပဲ လိုက်ခဲ့ပါ။ ကျွန်မက ကိုရီးယားစကား မတက်ပါဘူး။ မစ္စတာချို ကပဲ စကားပြန် လုပ်ပေးစေချင်ပါတယ်။ ကျွန်မ တစ်ခု ပြောဦးမယ်။ ကျွန်မက ကလေး တစ်ယောက်နဲ့ သူ့အမေ ကို တွေချင်လို့ လာခဲ့တာပါ"

"ဟုတ်ကဲ့...ရပါတယ်"
မစ္စတာချိုက တက္ကစီပေါ်မှ ဆင်းကာ ဒရိုင်ဘာအား လက်ကာပြပြီး ကားထဲတွင် စောင့်နေရန် အရိပ်ပြ လိုက်သည်။
"ကဲ... မစ္စက်ဝင်းတား။ ကျွန်တော် အရင်သွားစုံးစမ်း ကြည့်လိုက်ပါဦးမယ်။ ဒါနဲ့ သူ့နာမည် ဘယ်လို ခေါ်ပါသလဲ"
"မစ္စ... မစ္စက်... ကင်...။ ဟုတ်ပါတယ်...မစ္စက်ကင်ဆွန်ယာတဲ့"
မစ္စတာချို က အိမ်ရှေ့တံခါးသို့ လျှောက်လာသည်။
တစ်ဝက် ပွင့်နေသော သစ်သားတံခါးကို ခေါက်လိုက်ပြီး ခပ်ကျယ်ကျယ် ချောင်းသံ ပေးလိုက်သည်။
မကြာမီတွင် အဘွားကြီး တစ်ယောက် တံခါး လာဖွင့်ပေးသည်။ အဘွားကြီးသည် ဟောင်းနွမ်းသော အနက်ရောင် ချည်ဂါဝန် ကို ၀တ်ထားသည်။ အင်္ကျီက အစိမ်းရောင်။
မစ္စတာချို က တစ်စုံတစ်ရာကို ပြောလုက်သည်။ အဘွားကြီးက ခေါင်ညိတ်ပြသည်။ မစ္စတာချိုက ထပ် ပြောသည်။ အဘွားကြီးက ခေါင်းခါပြသည်။ မစ္စတာချို ကားဆီသို့ ပြန်လာသည်။

"မစ္စကင် အိပ်နေတယ်တဲ့ မစ္စက်ဝင်းတားကို အိမ်ပေါ်တက်ဖို့ ဖိတ်ပါတယ်။ သူ့သမီးကို အဘွားကြီး နိုးပေးလိမ့် မယ်" လော်ရာ ခဏ စဉ်းစားနေပြီးးတော့မှ... "ဒီအိမ်မှာ ကလေးတစ်ယောက်ကော ရှိသလား"
မစ္စတာချို ပြန်လာကာ လော်ရာအား ဘာသာပြန်ပြောသည်။ "ကလေးတစ်ယောက်လည်း ရှိတယ်တဲ့"
"ယောကျာ်းကလေးလား" "ဟုတ်ပါတယ်" "အခု သူ ရှိသလား"
မစ္စတာချိုမှာ အဘွားကြီးဆီ ပြေးမေးရပြန်သည်။ အဘွားကြီးက ခေါင်းခါပြသည်။ စိတ်ဆိုးမာန်ဆိုးဖြင့် စကားလည်း ကျယ်ကျယ်ပြောသည်။ မစ္စတာချိုက တိုးတိုးပြောရန် လက်ကာပြသည်။
ပြီးတော့ လော်ရာ့ဆီ လာပြီး ပြန်ပြောသည်။

"ကလေး လောလောဆယ် အိမ်မှာ မရှိဘူး။ အဘွားက ပြောတော့ ကလေးက သိပ်ပြီး ဆိုးတယ်တဲ့။ အမြဲတမ်း အိမ်က ထွက်ပြေးတတ်တယ်တဲ့။ ထမင်းမစားရတော့မှ အိမ်ပြန်လာတတ်တယ်တဲ့။ ဒီကလေးကြောင့် သူနဲ့ သူ့သမီး တို့မှာ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေကြရသည်။ သူ့အပြောအ ရဆိုရင် ကလေးက ပျက်စီးချင်တိုင်း ပျက်စီးပြီး အရိုင်းကလေး ဖြစ်နေတယ်။ အသက်က ၁၁ နှစ် ရှိပြီတဲ့ မစ္စက်ဝင်းတား"
"ဘာပဲဖြစ်ဖြစ် အဘွားကြီးနဲ့ သူ့သမီးကို ကျွန်မ တွေ့ချင်ပါတယ်။ သူခမျာ သိပ်ပင်ပန်းနေရှာတယ် ထင်ပါရဲ့။ သူ့ကို နှိုးရတာ အားနာစရာတောင် ဖြစ်နေပါပြီ။ ဒါပေမဲ့ ကျွန်မက သူနဲ့တွေ့ချင်လွန်းလို့ အဝေးကြီးက လာခဲ့ရတာပါ။ ကိစ္စပြီးရင်တော့ အမြန်ဆုံး ပြန်ချင်ပါတယ် မစ္စတာချို" "ဟုတ်ကဲ့...၊ ကျွန်တော် သဘောပေါက် ပါတယ် မစ္စက်ဝင်းတား"

သူတို့နှစ်ယောက် အခန်းကျဉ်းကလေးထဲသို့ ဝင်လာခဲ့ကြသည်။ အခန်းက ကျဉ်းသော်လည်း သန့်ရှင်း သည်။ အခန်းထဲတွင် စားပွဲနိမ့်ကလေး တစ်လုံး။ စားအုပ် သုံးလေးအုပ်နှင့် ကြမ်းခင်းထိုင်ဖုံများရှိ သည်။ အခန်းနံရံတွင် ရှုခင်းပန်းချီကား တစ်ချပ် ကပ်ထားသည်။ တခြား ဘာပစ္စည်းမှ မရှိ။ အဘွားကြီး က ထိုင်ဖုံတစ်ခုံကို လက်နှင့် ပုတ်ပြသည်။ သူက မစ္စက်ဝင်းတားကို ထိုင်ပါလို့ ဖိတ်တာ ဟု မစ္စတာချိုက ပြောပြသည်။

နှစ်ယောက်သား ထိုင်ကြသည်။ အဘွားကြီး အခန်းထဲ ပြန်ဝင်သွားသည်။ သူတို့ ထိုင်စောင့်နေကြ သည်။ မစ္စတာချိုက ဘာစကား မှ မပြောတော့။ လော်ရာက စဉ်းစားနေသည်။ သူမသည် ဘာကြောင့် ရောက်လာကြောင်း ကို မစ္စတာချိုအား အသေးစိတ် ပြောပြသင့် မသင့် ချိန်ဆနေ သည်။ နောက်ဆုံး တော့... အို... မလိုအပ်ပါဘူးလေ ဟု ဆုံဖြတ်လိုက်သည်။ သူမသည် သည်ပုဂ္ဂိလ်နှင့် သိကျွမ်းခဲ့သည် မှာ နာရီပိုင်းမျှသာ ရှိသေးသည်။ နောက် နာရီပိုင်း အတွင်းတွင်ပင် သူနှင့် ပြန်လည် ခွဲခွာရတော့မည်။ တစ်ယောက်နှင့် တစ်ယောက် ဘယ်တော့မှ ပြန်ဆုံစရာ အကြောင်းမရှိတော့။
သူမက သူ့မျက်နှာကို  ပြုံး၍ကြည့်သည်။ ကျေးဇူးတင် အပြုံး။ သူက အိမ်ရှင်ကိုယ်စား တောင်းပန် စကား ဆိုသည်။

"ကြည့်ရတာတော့ တော်တော် ဆင်းရဲပုံရတယ် မစ္စက်ဝင်းတား။ မစ္စကင်က ဘာအလုပ် လုပ်သလဲ မသိဘူး။ ယောက်ျားတော့ ရှိပုံရတယ်။ ရှိရင်လည်း သူ့ယောက်ျားက အလွန်ဆုံး စာရေးအဆင့် လောက်ပဲ ရှိမှာပဲ။ မစ္စကင်က အရက်ဆိုင် တစ်ခုခုမှာများ လုပ်သလား မသိဘူး။ အရက်ဆိုင်မှာလုပ်တဲ့ မိန်းကလေးတွေ များသောအားဖြင့် ညပိုင်းမှ လုပ်ကြရတယ်။ ယောက်ျားတွေက ညပိုင်း အိမ်မှာရှိ ကြတာကိုး။ အခြေအနေ ကြည့်ရတာတော့ မစ္စကင်ဟာ ယောကျာ်းရတဲ့ ပိုက်ဆံနဲ့ မစားလောက်လို့ ညပိုင်း အလုပ်လုပ်နေရတဲ့ပုံပဲ"
လော်ရာ က ပြန်မပြော။ ပြန်ပြောရန် အချိန်လည်း မရတော့။
အဘယ်ကြောင့်ဆိုသော်..... အိမ်ခန်းတွင်းတံခါး ဖြည်းဖြည်းပွင့်လာပြီး တံခါးဝတွင် ဆွန်ယာ ပေါ်လာ သောကြောင့် ပင် ဖြစ်သည်။

လော်ရာက ဆွန်ယာ့ကို ချက်ချင်း မှတ်မိလိုက်သည်။ အရွယ်က သိပ်ပြီး မငယ်တော့သော်လည်း ကိုယ်လုံး ကိုယ်ထည် ကတော့ ဖွံ့ထွားစွင့်ကားနေဆဲ။
သူက ကိုရီးယားဝတ်စုံ ကို ဝတ်ထားသည်။ အနက်ရောင် ဂါဝန်ရှည်နှင့် ရင်သားကို တင်းတင်းစည်း ထားသော အဖြူရောင် ဘော်ဒီအင်္ကျီ......။
နက်မှောင်သော ဆံပင်ကိုတော့ ခေါင်းနောက်တွင် ရစ်ပတ် ထုံးဖွဲ့ထားသည်။ မျက်နှာက ဖြူရော်ရော်။ မျက်လုံးက နက်နက်။ မျက်တောင်တွေက ကော့ပျံနေသည်။
အားလုံးခြုံကြည့်လိုက် လျှင် သူမ၏ မျက်နှာတွင် သိမ်မွေ့နူးညံ့သော အရိပ်လက္ခဏာတွေ ထင်ရှားစွာ ပေါ်လွင်နေသည်။ ကိုယ်ခန္ဓာ ဝဝဖိုင့်ဖိုင့်ကလေးဖြစ်ပေမဲ့ မိန်းမပီသသော ရုပ်သွင်ရှိသည်။ အရိုးအဆစ် ပျော့ပျောင်းပြေပြစ်သည်။ ရုပ်ရည် ချောမောလှပသည်။

လော်ရာက ကြည့်နေရင်းမှပင် မနာလိုချင်သလို ဖြစ်လာမိသည်။
အမေရိကားမှ ထွက်ခွာလာစဉ်က သူမ ဆုံးဖြတ်ချက် တစ်ခုချလာသည်။
ဆွန်ယာ့ကို ပထမဆုံးမြင်ရ၍ ဖြစ်ပေါ်လာသော သူမ၏ ခံစားချက်အပေါ် အခြေခံကာ အနာဂတ် စီမံ ကိန်းကို အကောင်အထည် ဖော်မည်ဟူသော ဆုံးဖြတ်ချက် ဖြစ်သည်။
ထိုစဉ် က သူမက ခရစ္စအား ပြောခဲ့သည်။

''မောင့်ကို ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျွန်မက အဲဒီမိန်းမနဲ့ ဘာမှ မပတ်သက်ဘူး။ သူနဲ့ ပတ်သက်လို့ ကျွန်မမှာ ဘာတာဝန်မှလည်း မရှိဘူး။ ဒါပေမဲ့... ကလေး အတွက်တော့ ကျွန်မမှာ တာဝန်ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကလေးဟာ မောင့်ရင်သွေး ဖြစ်နေတယ်။ ဟုတ်တယ်.... မောင့် ရင်သွေးမို့ ကျွန်မမှာလည်း တာဝန် ရှိတယ်။ ဒါကြောင့် ဟိုရောက်ရင် ကလေးကို ကျောင်းထားဖို့ ကိစ္စ ကျွန်မ အဆင်ပြေအောင် လုပ်ပေးခဲ့မယ်။ သူ့ကို ဒီကိုတော့ ခေါ်မလာနိုင်ဘူး။ သူ့နိုင်ငံမှာပဲ နေပါစေ''
ခရစ္စက သူမမျက်နှာကို စိုက်ကြည့်နေရာမှ...
''ဟုတ်ပါတယ်။ ကိုရီးယားနိုင်ငံဟာ သူ့နိုင်ငံပါ။ ဒါ အမှန်ပါပဲ''
ဆွန်ယာသည တံခါးဝတွင် ရပ်နေရာမှ အခန်းထဲ သို့ ဖြည်းဖြည်းကလေး လျှောက် ဝင်လာသည်။ ခြေ ထောက်တွင် ရာဘာညှပ်ဖိနပ် စီးထားသည်။ ခြေချောင်းကလေးတွေက မသိမသာ ထောင်နေ ကြ သည်။ သူမက မစ္စတာချိုရှေ့တွင် ဝင်ထိုင်ကာ စကားတွေ တရဟော ပြောတော့သည်။ သူမ အသံက ညင်သာသည်။ ကလေးငယ် တစ်ယောက်၏ အသံမျိုး။ သို့သော် ကြည်လင်စူးရှသည်။

မစ္စတာချိုက ပါးစပ်ဟောင်းလောင်းဖြင့် အံ့အားသင့်စွာ နားထောင်နေသည်။
''သူ.... ဘာပြောတာလဲ.... ဟင်''
လော်ရာက မစောင့်နိုင်တော့၍ မေးလိုက်သည်။
''သူ အရင်က ကျွန်တော့်ကို မြင်ဖူးသတဲ့''
သူက ဒါပဲ ပြောသည်။ ထပ်၍ ရှင်းမပြ။
လော်ရာက စိတ်ရှည်စွာ စောင့်နေသည်။ မစ္စတာချိုက ဘာမှဆက်မပြော၍ သူမက ထပ်မေးသည်။
''သူ့အကြောင်း ကျွန်မ ဒီထက်ပိုပြီး သိခွင့်ရှိပါသလား.... မစ္စတာချို''
''ဖြည်းဖြည်းပေါ့ မစ္စက်ဝင်းတား''
မစ္စတာချိုက ခပ်တည်တည်ဖြင့် ပြောသည်။

''သူ့ကို ကျွန်တော် အခုမှ မှတ်မိပြီ''
ထို့နောက် မစ္စတာချိုနှင့် ဆွန်ယာတို့ ဆက်လက်၍ စကားပြောကြသည်။ ဆွန်ယာ ပြောနေစဉ် မစ္စတာချိုက မကြာခဏ ဖြတ်၍မေးသည်။
ဆွန်ယာက အသံအေးအေးဖြင့် စိတ်ပါလက်ပါ မနားတမ်း ပြောနေသည်။
အဘွားကြီး ဝင်လာပြီး အိမ်တွင်းထရံကို ကျောမှီ၍ ထိုင်သည်။
အိမ်ရှေ့တံခါးဝတွင် ကလေးတွေ ဝိုင်းအုံလာကြသည်။ အိမ်ထဲတွင် ဘာတွေ ဖြစ်နေကြောင်း သိချင်၍ အချင်းချင်း တိုးဝှေ့ပြီး မျက်လုံးအဝိုင်းကလေးများဖြင့် လှမ်းကြည့်နေကြသည်။
မစ္စတာချိုက အိမ်ရှေ့သို့ လှည့်ကြည့်ပြီး ကလေးတွေကို မောင်းထုတ်လိုက်သည်။ ကလေးတွေ လူ အုပ်ကွဲပြီး လမ်းပေါ်သို့ ပြေးထွက်သွားကြသည်။ အတန်ကြာ၍ ဧည့်သည်တွေ စကားဆက်ပြောကြ ချိန်ကျတော့ သူတို့တစ်တွေ မသိမသာနှင့် တံခါးဝတွင် ပြန်စုကြပြန်သည်။

လော်ရာက စောင့်နေသည်။ နာရီပေါင်းများစွာ ကြာသွားပြီိဟု ထင်မိသည်။ တကယ်တော့ နာရီဝက်မျှ သာ ကြာသည်။ မစ္စတာချိုက တောင်းပန်သည်။
''နည်းနည်း ကြာသွားတာ ခွင့်လွှတ်ပါ.... မစ္စက်ဝင်းတား။ မစ္စကင်က အိမ်ခန်းကိစ္စနဲ့ ပတ်သက်ပြီး တော်တော် စိတ်ညစ်နေရရှာတယ်။ အိမ်ရှင်က အိမ်ပြောင်းဖို့ လာပြောနေတယ်။ ဒီကြားထဲ သားက လေးကလည်း ထိန်း မရအောင် ဆိုးသွမ်းနေတယ်။ ကလေးက အိမ်နီးချင်းတွေဆီက တစ်ခုမဟုတ် တစ်ခု ခဏ ခဏ ခိုးယူနေ တယ်။ သူ့မှာ ယောက်ျား လည်း မရှိဘူး။ ဒါကြောင့်မို့် တစ်အိမ်လုံး စားဝတ် နေရေးအတွက် သူ တစ်ယောက် တည်း ဒိုင်ခံ ရှာဖွေနေ ရရှာတယ်''
''သူက ဘယ်မှာ လုပ်သလဲ'' လော်ရာက ဖြတ်မေးသည်။

မစ္စတာချိုက မသိမသာ မျက်နှာပျက်သွားသည်။ သူက ပိုးလက်ကိုင်ပဝါကို ထုတ်ပြီး နဖူးကို ချွေးသုတ် သည်။ ထို့နောက် လက်ဖဝါးတွေကို သုတ်သည်။ ပြီးတော့မှ.....
''ကျွန်တော် နောက်တော့မှ ပြောပြပါ့မယ်။ သူက သူ့ရဲ့ အကြီးအကျယ်ဆုံး ပြဿနာကို ကျွန်တော့် ကို ပြောပြတယ်။ တခြား မဟုတ်ပါဘူး။ သားကလေး ပြဿနာပါပဲ။ ကလေးက တခြား ကလေးတွေလို မဟုတ်ဘူး။ အမေရိကန် တစ်ယောက်နဲ့ ရတဲ့ ကလေးပါ။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က သူနဲ့ အဲဒီလူနဲ့ ဆုံခဲ့ကြတယ်။ စစ်ပြီးစ ကာလက ဆိုပါတော့။ ဒီလိုနဲ့ သူတို့နှစ်ယောက် တစ်နှစ်ကျော်ကျော်လောက် အတူတူနေခဲ့ကြတယ်။ အမေရိကန်က သူ့ကို လက်ထပ် ယူလိမ့်မယ်လို့ ကတိပေးတယ်။ ကလေးတစ် လသား အရွယ်မှာ အဲဒီလိုဟာ အမေရိကားကို ပြန်သွားတယ်။ အဲဒီကတည်းက ဘာသတင်းမှ မကြားရတော့ ဘူး။ လောလောဆယ်မှာတော့ သူ့မှာ သားကလေးကိုပဲ တာဝန်ယူ စောင့်ရှောက်နေရ တာပေါ့။ တကယ်ဆိုရင် ဒီကိစ္စဟာ သူ့တာဝန် လုံးဝ မဟုတ်ပါဘူး မစ္စက်ဝင်းတား''
သည်စကား ကြားရတော့ လော်ရာ၏ ရင်တွေ တဖျပ်ဖျပ် ခုန်လာသည်။ သို့သော်... သူမအနေဖြင့် လင်တော်မောင်အား သိက္ခာချ၍ မဖြစ်။ သူမသည် ခရစ္စ၏ ဇနီးအဖြစ် လာရောက်ခြင်း မဟုတ်ဘဲ မိတ်ဆွေ တစ်ယောက် အဖြစ်သာ လာရောက်ခြင်း ဖြစ်ကြောင်းကို သူတို့အား ပြောပြရသည်။

''သူ့တာဝန် မဟုတ်ရင် ဘယ်သူ့ တာဝန် ဖြစ်ရမှာလဲ'' လော်ရာက တည်ငြိမ်စွာ ပြောသည်။ ''သူက ကလေးရဲ့ မိခင်အရင်းပဲ၊ သူပဲ တာဝန်ယူရမှာပေါ့'' ''ကျွန်တော်တို့် နိုင်ငံမှာက သားသမီးကိစ္စကို အဖေလုပ်သူကပဲ လုံးဝ တာဝန်ယူရ ပါတယ်.... မစ္စက် ဝင်းတား။ အဖေမရှိတဲ့ အိမ်ဟာ မိသားစု မရှိတဲ့အိမ်ပဲ။ ကလေးကိုလည်း ဘယ်သူ မှ အသိအမှတ် မပြု ဘူး။ သူ ကျောင်းနေလို့ မရဘူး။ အလုပ် လုပ်လို့လည်း မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဖေ လုပ်သူ က ကလေးကို တရားဝင် မွေးစာရင်း မသွင်းခဲ့လို့ပဲ။ အဲဒါဆိုရင် ကလေးကိုလည်း မွေးဖွားခဲ့တယ်လို့ကို အသိအမှတ် မပြု ဘူး။ သူ့မှာ မိသားစု မရှိဘူး။ သူ့ကို အကာအကွယ်ပေးမယ့်လူ တစ်ယောက်မှ မရှိ ဘူး။ ဒါကြောင့် မို့ သူလည်း ရှိကို မရှိဘူး။ အဲဒီလိုပဲ သဘောထားကြတယ်။ ဒါဟာ ဒီနိုင်ငံရဲ့ ရိုးရာ ထုံးစံပဲ''
လော်ရာ က ရုတ်တရက် ဒေါသထွက်ချင်သလိုပင် ဖြစ်လာမိသည်။

''ဘယ့်နှယ်.... ရယ်စရာကြီးပါလား။ ဒီကလေးဟာ တကယ်လည်း မွေးဖွားခဲ့တယ်။ တကယ်လည်း အသက် ထင်ရှား ရှိနေတယ်။ ဒါနဲ့များ သူ မရှိပါဘူး ဆိုတော့ တော်တော်ခက်တဲ့ ဓလေ့ ထုံးစံပါလား''
''ဟုတ်ပါတယ်။ တော်တော်လည်း ခက်ပါတယ်။ ဒီထုံးစံအရ အဖေမရှိတဲ့ ကလေးဟာ လုံးဝ တရား မဝင်ပါဘူး။ လူ့လောကမှာ လုံးဝ မရှိပါဘူး" လော်ရာ ဘာမှပြန်မပြောတော့။ သူမသည် ထူးဆန်းသော ကမ္ဘာသစ်တစ်ခု သို့ရောက်နေပါရော လား။ သူမ မကြားဖူး မကြုံဖူးသော ကမ္ဘာသစ်တစ်ခုသို့ ရောက်နေပါရောလား။ သူမ တစ်ခါမှ မမြင်မတွေ့ဖူး သော လူတွေကြားထဲ ရောက်နေပါရောလား။
သူမ က တောင်းပန်သည့်မျက်နှာဖြင့် ဆွန်ယာဘက်သို့ လှည့်ကြည့်လိုက်သည်။
 သူတို့နှစ်ယောက်အကြားတွင် မိန်းမသားချင်းအပြန်အလှန် စာနာစိတ်၊ နားလည်စိတ်များ ဖြစ်ပေါ် သွားကြ သည်။

ထို့ကြောင့်… ဆွန်ယာက လော်ရာ၏အကြည့်ကို တုံ့ပြန်သောအားဖြင့် ထိုင်ရာမှထကာ အခန်းအလယ် ရှိ စားပွဲအနိမ့်ကလေး ၏အံဆွဲကိုဖွင့်သည်။ အံဆွဲထဲမှ ပိုးထည်စဖြင့် ပတ်ထားသော စာအိတ်တစ်အိတ် ကို ဆွဲထုတ်လိုက်သည်။ စာအိတ်ထဲမှ ဓာတ်ပုံနှစ်ပုံ ထုတ်ယူကာ မစ္စတာချို ထံသို့ ကမ်းပေးသည်။ ပါးစပ်ကလည်း တစ်စုံတစ်ရာ ကို တိုးတိုးကလေး ပြောသည်။
မစ္စတာချိုက ဓာတ်ပုံများကို ခေတ္တကြည့်ပြီးနောက် လော်ရာဆီ လက်ဆင့်ကမ်းလိုက်သည်။
"ကလေးအဖေ ဓာတ်ပုံပေါ့" အမှန်အတိုင်းပြောရလျှင် လော်ရာသည် ယင်းဓာတ်ပုံတွေကို လုံးဝမကြည့်ချင်။ သို့ပေမဲ့… သူမက ဓာတ်ပုံများကို လှမ်းမိလျက်သားဖြစ်သွားသည်။

ဟုတ်ပါသည်။ ခရစ္စ၏ပုံ အစစ်ပါပဲ။ စစ်သားကလေး ခရစ္စက ဆွန်ယာ၏ပခုံးကို ဖက်ထားသောပုံ။ ဆွန် ယာ့ရုပ် က အလွန်ငယ်သေးသည်။ သူကလေးသည် ခရစ္စ၏မျက်နှာကို ရွှန်းရွှန်းစားစားကြည့်ရင်း အပြုံးတွေ ဝေနေ သည်။ နောက်တစ်ပုံတွင် ခရစ္စက သူ့သားကလေး ရင်ခွင်ပိုက် ပွေ့ချီထားသည်။ ဆွန်ယာက သူမ၏ဦးခေါင်း ကို ခရစ္စ၏ပခုံးပေါ်တွင် ရွရွကလေး မှီတင်ထားသည်။ ငါ့ဝမ်းကမွေးတဲ့ ငါ့ရင်သွေးကလေးကို သူ အခုလို ပွေ့ချီထားတာ ကို ဘယ်တော့မှ မြင်ခွင့်ရတော့မှာ မဟုတ်ပါဘူးလေ။
ယင်းသို့ တွေးရင်း လော်ရာ၏ရင်တွင် စူးရှသော ဝေဒနာတစ်ရပ်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရ သည်။ သူမသည် ရင်၌ဖြစ်သော ဝေဒနာကိုဟန်မပျက် ထိန်းချုပ်ထားရင်းမှ ဓာတ်ပုံများကို ဆွန်ယာ့ လက်ထဲ သို့ ပြန်ထည့်ပေးလိုက်သည်။ ယခု အချိန်မှစ၍ ဆွန်ယာ့နှင့် တိုက်ရိုက်စကားပြောချိန် တန်ပြီဟုလည်း တွေး လိုက်မိသည်။

"အင်္ဂလိပ်စကား ပြောတတ်သေးသလား" လော်ရာက မေးလိုက်သည်။ လော်ရာက မေးလိုက်သည်။
ဆွန်ယာက ခေါင်းခါပြရင်း… "သိပ် မတတ်တော့ဘူး။ နည်းနည်းလောက်ပဲ ပြောလို့ရပါတယ်"
"ပြောသာ ပြောစမ်းပါ။ ဘာမှရှက်နေစရာ မလိုပါဘူး။ သူ့ကို မင်းရဲ့မိတ်ဆွေတစ်ယောက်လို သဘော ထားပါ။ သူကလည်း မင်းနဲ့တွေ့ချင်လွန်းလို့ တကူးတကန့် လိုက်ရှာလာခဲ့ရတာ" ဟု မစ္စတာချိုက အားပေး စကား ပြောသည်။

ဆွန်ယာက သူမ၏လက်ဖဝါး နုနုကလေးကို ရင်ဘတ်ပေါ် ဖိကပ်လိုက်ပြီး…
"သြော်… မမက ကျွန်မကို တွေ့ချင်လို့… ဟုတ်လား"
"ဟုတ်ပါတယ်ကွယ်။ ညီမကို တွေ့ချင်လွန်းလို့ မမ အဝေးကြီးကတောင် လာခဲ့ရပါတယ်"
လော်ရာ ဘာဆက်ပြောရမှန်း မသိတော့။ အဖြစ်မှန်မှတစ်ပါး သူမ ဘာစကားပြောစရာ ရှိပါဦးမည် နည်း။
သူမသည် ဟိုမျက်နှာတစ်လှည့် သည်မျက်နှာတစ်လှည့် ကြည့်နေမိသည်။ အားလုံးပင် ပုံစံတူ အရှေ့ တိုင်း မျက်နှာ များချည်းဖြစ်ကြသည်။ မျက်နှာတိုင်းပင် ကြည်လင်ကြသည်။ ရိုးသားကြသည်။ စိတ်ရှည် ကြသည်။ သို့သော်…တစ်စုံတစ်ရာ ကို သိလိုပုံပေါ်လွင်နေသော သံသယ မျက်လုံးများ…။

ဆွန်ယာက ရေနွေးအိုးကိုလက်ဖြင့် အသာစမ်းကြည့်သည်။ ရေနွေးက ပူနေတုန်းရှိသေးသည်။ စားပွဲ နိမ့်ကလေးပေါ် မှ ရေနွေးပန်းကန်များထဲသို့ ငှဲ့ထည့်သည်။
မစ္စတာချိုက ရေနွေးပန်းကန်ကိုယူပြီး တစ်ကျိုက်ချင်း မှုတ်သောက်နေသည်။ ဆွန်ယာ က နေရာ တွင် နေသားတကျပြန်ထိုင်သည်။ လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် တစ်ဖက်စီ တင်ထားသည်။
အားလုံးပင် လော်ရာ့ကိုသာ စိုက်ကြည့်နေကြသည်။ သူတို့အားလုံး လော်ရာ ပြောမည့်စကားကိုသာ နားစွင့်နေကြ သည်။
လော်ရာ့အနေဖြင့် အဖြစ်မှန်ကို ဖွင့်ပြောရမည့်အချိန်ရောက်ပြီ။ သူမသည် လက်ကိုင်အိတ်ကို ဖွင့်ကာ သားရေဖုံး စာအုပ်ပါးကလေး ကို ထုတ်ယူလိုက်သည်။ ပြီးတော့ စာအုပ်ကလေးကို ဖွင့်လိုက်သည်။ ခရစ္စ၏ ယခုလက်ရှိ အသက်အရွယ်နှင့် ရိုက်ထားသော ဓာတ်ပုံ။

သူမက စိုက်ကြည့်နေသော မျက်လုံးတွေကို မော်ကြည့်လိုက်သည်။ တကယ့်ကို ဖြူစင်ရိုးသားသော မျက်လုံး များ…။ သူမက ဘာစကားမှမပြောတော့ဘဲ ဓာတ်ပုံကို ဆွန်ယာ့ဆီသို့ ကမ်းပေးလိုက်သည်။

Wednesday, August 29, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၇)

ယခုတော့ သူမ မာနချပါပြီ။ သူမတွင် သားသမီးမရှိ။ အကယ်၍ သားသမီးရှိခဲ့လျှင် သူမအတွက်ရော လင်တော်မောင် အတွက်ရော ပိုကောင်းလိမ့်မည်ဟု တွေးမိသည်။ သူတို့ဇနီးမောင်နှံ တွင် အနည်းဆုံး ကလေးတစ်ယောက်သာရှိခဲ့လျှင် သူမ၏အချစ်ကို ခရစ္စအား မျှဝေ ပေးနိုင် လိမ့်မည်။ ခရစ္စအနေဖြင့် ယခုအချိန်တွင် တစ်ယောက်တည်း အိမ်တွင် အောင်းကာ အထီးကျန် ဖြစ်နေစရာမရှိ။ ကလေးနှင့် ကစားရင်း ပျော်ရွှင်ချမ်းမြေ့နေမည်မှာ မလွဲ။ ကို ဆက်ဖတ်ရန်..........

တကယ်လို့များ ငါ့မှာ ကလေးမွေးလာခဲ့ရင် ဘယ်လိုများ နေလိမ့်မလဲ။ ကလေးမွေးလာရင် ငါ့အလုပ်ကို စွန့်လွှတ်ရတော့မယ်။ ဟင့်အင်း… အလုပ်ကိုတော့ ဘယ်နည်းနဲ့မှ မစွန့်လွှတ်နိုင်ဘူး။ ဒါဆိုရင် ငါ့အနေ နဲ့ ကလေးအကြောင်း စိတ်ကူးထဲ လုံးဝထည့်စရာမလိုတော့ပါဘူး။
သူမ၏စိတ်ကူးသည် ခရစ္စဆီသို့ ရောက်သွားပြန်သည်။
ခရစ္စသည် လွန်ခဲ့သော သုံးလေးရက်အတွင်းတွင် သူ့ကိုယ်သူ မူမပျက်အောင် အထူးကြိုးစားပြီး ဟန် ဆောင်နေခဲ့သည်။ သည်အချက်ကိုတော့ သူမ သိသာလှသည်။
ခရစ္စက သူမ၏ခါတိုင်းနှင့်မတူ တစ်မူထူးခြားသော အမူအရာကို အကဲခတ်မိသည်။ ထို့ကြောင့်လည်း သူ စိတ်မချမ်းသာဖြစ်နေရသည်။
သူနှင့် ခွဲခွာလာခါနီးတွင် သူက သူမကိုဖက်ပြီး ပြောခဲ့သေးသည်။

"လော်ရာ… ဒီကမ္ဘာမှာ မင်းတစ်ယောက်တည်းကိုသာ ငါ ချစ်ပါတယ်ကွယ်။ အခုလည်း ချစ်လျက်ပါ။ နောက်ကိုလည်း တစ်သက်လုံး ချစ်သွားမှာပါ။ ယုံပါ အချစ်ရယ်"
သူက ယင်းသို့ပြောပြီး သူမကို အားပါးတရ နမ်းလိုက်သည်။
သူ့အနမ်းသည် သူမ မျက်နှာပေါ်တွင် ယခုတိုင် နွေးထွေးလျက်ပင် ရှိသေးသည်။
သူမ၏ဦးနှောက်ထဲ အသိတစ်ခု ရုတ်ခြင်း ဝင်လာသည်။
တကယ်တော့… ခရစ္စသည် လုံးဝမပြောင်းလဲ။ ပြောင်းလဲတာက သူမသာဖြစ်သည်။
ခရစ္စအကြောင်းကို သူမ အကြွင်းမရှိ အလုံးစုံမသိတာကတော့ အမှန်။ ခရစ္စသည် သူမနှင့် ပေါင်းသင်း လာခဲ့သော ကာလတစ်လျှောက်လုံး လျှို့ဝှက်ချက်ကြီး တစ်ရပ်ကို သူ့ရင်ထဲ၌ မျိုသိပ်ထားခဲ့သည်။ ယင်းလျှို့ဝှက်ချက် ကို သူက သူမအား ထုတ်ဖော်မပြောဘဲ နေခဲ့သော်လည်း လျှို့ဝှက်ချက်ကတော့ အမြဲတမ်း ရှိနေခဲ့သည်ပင်။ သို့ပေမဲ့ သူမသည် သူ့အား တစ်လျှောက်လုံးချစ်လာခဲ့သည်။ သို့ဖြစ်လျှင် ယခုအချိန်တွင်ကော သူမက သူ့အား ဆက်လက်၍ ချစ်မြဲတိုင်း မချစ်နိုင်တော့ဘူးလား။

ဤမေးခွန်းကို သူမကိုယ်သူမ အရဲစွန့်၍ အတင်းမေးကြည့်သည်။ အဖြေက ထွက်မလာ။ သူမ အဖြေ ရှာမရ။
သူမသည် ၂၄ နာရီလုံးလုံး အာကာသထဲတွင် လွင့်မျောလျက်ရှိသည်။ သူမ စီးနင်းလိုက်ပါလာသော ဂျက်လေယာဉ်ကြီးသည် တစ်နည်းအားဖြင့် သူမနှင့် တူညီနေသည်။
ဖြူဖွေးနေသော တိမ်လွှာများအောက်မှ ပထဝီမြေပြင်ကို လုံးဝမမြင်ရ။ တစ်ခါတစ်ရံ သမုဒ္ဒရာရေပြင် ကျယ်ကြီးကို ဖျတ်ခနဲ ဖျတ်ခနဲ မြင်လိုက်ရသည်။ အောက်ဘက်မှ ရေပြာပြာသည် အထက်မှ ကောင်း ကင်ပြာပြာနှင့် လိုက်ဖက် ဟပ်မိနေသည်။
လေယာဉ်ပေါ်ရောက်နေသော သူမ၏အခြေအနေမှာ ဘာမှထူးခြားမှု မရှိ။ ပုံမှန်သံသရာထဲတွင် လည် နေသည်။

လေယာဉ်ခရီးသည်များအား အစားအစာမျိုးစုံကို အလျှံပယ်ကျွေးမွေးသော်လည်း သူမကတော့ စား သည်ဆိုရုံမျှ တို့ကနန်း ဆိတ်ကနန်းသာ စားသည်။ ကောက်တေးလ် အရက်တစ်ခွက် နှစ်ခွက် သောက် သည်။ ညစာ စားပြီးတော့ ကော်ဖီနှင့် အစာပိတ်အရက် အနည်းငယ် သောက်သည်။
ကောင်းကင်တစ်ခွင် တစ်ပြင်တွင် မှောင်ရိပ်သမ်းလာသောအခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပစ်လိုက်သည်။ နံနက် အရုဏ်တက် ရောင်နီလာသောအခါ အိပ်ရာမှ နိုးလာသည်။
ပြီးတော့… ရေမိုးချိုးသည်။ ဖြူရော်ဖျော့တော့နေသော မျက်နှာကို မိတ်ကပ်ခြယ်သည်။ ပွသရောင်းထ နေသော ဆံပင် ကို ဖြီးသင်သည်။
တစ်ချိန်လုံးတွင် သူမက တစ်ယောက်တည်းဖြစ်နေသည်။ တခြားခရီးဖော်များနှင့် ကင်းကွာနေသည်။ သူမ၏ လှုပ်ရှားမှုမှန်သမျှ သည်လည်း စက်ရုပ်တစ်ရုပ်၏လှုပ်ရှားမှုမျိုးသာ ဖြစ်နေသည်။
တခြားခရီးဖော် တစ်ဦးဦးက ပြုံးပြလျှင် သူမကလည်း ပြုံးပြသည်။ စကားစမြည် ပြော၍ မိတ်ဆက်လာ လျှင် လည်း တစ်ခွန်းစ နှစ်ခွန်းစ ပြန်ပြောသည်။
သူမသည် ဘယ်နေရာမှမှ မရှိ။ ဘယ်သူမှ မဟုတ်။ ဘာမှ မဟုတ်။

သူမအဖို့ အတိတ်လည်း မရှိ။ အနာဂတ်လည်း မရှိတော့။ အတိတ်ကာလမှာ စိတ်ကူးယဉ် ကမ္ဘာထဲ တွင် မျောပါသွားခဲ့ပြီ။ အနာဂတ်ကာလကိုလည်း ဘယ်လိုမှ ခန့်မှန်း၍မရ။
အိမ်ကို ပြန်မသွားတော့ဘဲ ဦးတည့်ရာကို ထွက်ပြေးသွားရ ကောင်းမလား။ သည်ဘဝသည်မျှနဲ့ပဲ ဇာတ် မြှုပ်လိုက်ရကောင်းမလား၊ ဟင့်အင်း… ဟင့်အင်း… ဒီလိုလုပ်လို့လည်း မဖြစ်သေးဘူး။ မဖြစ်သေးဘူး။ ငါ သွားရမယ့် လမ်းက စီမံကခန်းချပြီးသား။ စီမံကိန်းအတိုင်း အဆုံးရောက်အောင် ဆက်သွားရမှာက ငါ့တာဝန်…။

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ သူမ ရောက်ခဲ့ပြီ။ သူမ၏ပတ်ဝန်းကျင်တွင် ဆံပင်နက်နက်။ မျက်လုံးနက် နက်ဖြင့် အသားအရောင် တစ်မျိုးတည်းသာရှိသော လူတွေကိုသာ မြင်တွေ့နေရသည်။ သူမ မကြားဖူး သော ဘာသာစကားနှင့် မကြားဖူးသော အသံဗလံများကိုသာ ကြားနေရသည်။
သို့သော် သူမမှာ ခရီးလမ်းညွှန်ပါလာသည်။ ခရစ္စက အဆင်သင့်စီစဉ်ပေးလိုက်သည်။ တည်းခိုရမည့် ဟိုတယ် နာမည်နှင့် လမ်းနာမည်အပြင် အကောက်ခွန်ကိစ္စ ရှင်းလင်းပြီးနောက် ဟိုတယ်သို့ ဘယ်လို သွားရမည်ဆိုသော လမ်းညွှန်ချက်များ အပြည့်အစုံပါလာသည်။
လူငယ် အကောက်ခွန်အရာရှိ၏ အင်္ဂလိပ်စကားပြောသံ ကြားလိုက်ရတော့ သူမ အလွန်ဝမ်းသာ သွားမိ သည်။

"မဒမ်က ဒီမှာ ဘယ်လောက်ကြာကြာ နေမှာလဲ ခင်ဗျ" "အတိအကျတော့ မပြောတတ်သေးပါဘူး"
"အနည်းဆုံး နှစ်ပတ်လောက် ဆိုပါတော့" "ဟုတ်ကဲ့။ အဲဒီထက်တော့ မပိုနိုင်ပါဘူး" "နှစ်ပတ်ထက် ပိုနေမယ်ဆိုရင်တော့ သက်ဆိုင်ရာက ခွင့်တောင်းရလိမ့်မယ် ခင်ဗျာ့" "နှစ်ပတ်ထက်တော့ ပိုမယ် မထင်ပါဘူး"
အကောက်ခွန်အရာရှိက ပြုံးပြသည်။ သူ့သွားတွေက ညီညာဖြူဖွေးနေသည်။ "ဒီမှာက ကြည့်စရာ ရှုစရာ အလှအပတွေ အများကြီးရှိပါတယ် မဒမ်။ ရက်ကြာကြာ နေနိုင်လေ ကောင်း လေ ပါပဲ" သူမ မပြုံးခဲ့သည်မှာ ရက်အတန်ကြာခဲ့ပြီ။ သို့သော်… ယခုတော့ သူမ ပြုံးလိုက်ပါပြီ။ အကောက်ခွန် အရာရှိကလေး၏အပြုံးကလည်း  ရင်းနှီးလှိုက်လှဲသော အပြုံးမျိုး။ "ဟုတ်ကဲ့။ အများကြီး ကျေးဇူးတင် ပါတယ်ရှင်" သူမကလည်း တကယ်ပင် လှိုက်လှဲဝမ်းသာ တုံ့ပြန်လိုက်မိသည်။

ဘာပဲဖြစ်ဖြစ် သူမအနေဖြင့် စိတ်ကို ငြိမ်အောင်တော့ အစွမ်းကုန်ထိန်းထားရမည်။ စိတ်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက် လျှင် ဘယ်အခက်အခဲ မျိုးကို မဆို ကျော်လွှားနိုင်လိမ့်မည်။
ဟိုတယ်သို့ သွားရန် အငှားကားတစ်စီးခေါ်လိုက်သည်။ အငှားကားက ဂျစ်ကားဟောင်း။ ဘေးပတ် လည်နှင့် အမိုးများ ကို သံဖြူပြားကပ်ပြီး သံနှင့် ရိုက်ထားသည်။ သို့သော် ကားဖြစ်လျှင်တော်ပြီ။ စီးလို့ ဖြစ်လျှင် လုံလောက်ပြီ။
ဒရိုင်ဘာ က လူငယ်၊ ဖာထေးရာအပြည့်နှင့် မွဲခြောက်ခြောက် အရောင်ဖျင်ကြမ်း ဝတ်စုံဟောင်းကို ဝတ် ထားသည်။ အင်္ဂလိပ်စကား မပြောတတ်။ သို့ပေမဲ့ သွက်သွက်လက်လက်ရှိပြီး ဖော်ရွေရွှင်ပျသည်။
သူက ဟိုတယ်နာမည်ကိုလည်း ချက်ချင်း မှတ်မိသည်။ ကားမောင်းလာခဲ့သည်မှာ သိပ်မကြာသေး ဟု တွေးမိသည့် အချိန် မှာပင် တုံ့ခနဲ ကားရပ်သွားသည်။
ဒရိုင်ဘာလူငယ် က ကားပေါ်မှ ဖျတ်ခနဲ ခုန်ဆင်းပြီး အထုပ်နှစ်ထုပ်ကိုဆွဲချကာ ဟိုတယ်ဘက်သို့ လှမ်း အော် လိုက်သည်။

ဟိုတယ်ထဲမှ ပေါ်တာ အလုပ်သမားတစ်ယောက် ပြေးထွက်လာသည်။ သူက ဒရိုင်ဘာလက်မှ ပစ္စည်း များကို လှမ်းယူလိုက်သည်။ ပြီးနောက် လော်ရာက ဒရိုင်ဘာအား ကားခ ရှင်းပေးနေသည်ကို ရပ်စောင့် နေသည်။ ဒရိုင်ဘာ က သူ့လက်ညှိုးကောက်ကောက်ဖြင့် အကြွေတွေကို ကူညီရေတွက်ပေးသည်။
ဒရိုင်ဘာက သူ့သွားဖြူဖြူတွေကို ပြုံး၍ပြပြီး ကားပေါ်သို့ လွှားခနဲတစ်စောင်း ခုန်တက်ကာ လူတွေပြည့် ကျပ်နေသော လမ်း အတိုင်း ပြန်လည်မောင်းထွက်သွားသည်။ သည့်နောက်မှာ… လော်ရာက ဟိုတယ်ထဲသို့ ဝင်လာခဲ့သည်။

ခရစ္စက သူမထက် စော၍ရောက်နှင့်ပြီ။ ဧည့်ခန်းစားပွဲပေါ်တွင် သံကြိုးစာတစ်စောင် အဆင်သင့် ရောက်နေ သည်။ ဟိုတယ်စာရေးက သူမနာမည်ကို ကြိုသိထားပြီ။ "အခန်းထဲမှာ ပန်းတွေလည်း အဆင် သင့် ရောက်နေပါပြီ… မဒမ်" ဟိုတယ်စာရေးက သတင်းပေးသည်။

ပန်းဆိုသည်နှင့် ခရစ္စအား ချက်ချင်း သတိရလိုက်မိပြန်သည်။
သံကြိုးစာကို လက်ထဲတွင်ကိုင်ကာ ဟိုတယ်စာရေး နော်ကမှ သွက်လက် ရွှင်မြူးစွာဖြင့် လိုက်ခဲ့သည်။
တကယ်ပါပဲ။ အခန်းထဲတွင် ရောင်စုံပန်း တစ်စည်း အဆင်သင့်ရောက်နေသည်။

သူမက ဟိုတယ်လုလင်အား "လက်ဖက်ရည်ဖိုး" ပေးပြီးတော့ အခန်းတံခါးကို ပိတ်လိုက်သည်။ ပြီး တော့မှ သံကြိုးစာအိတ် ဖွင့်ဖောက်လိုက်သည်။

    ငါဟာ မင်းနဲ့အတူ ရှိနေပါတယ်… လော်ရာ။
    ငါဟာ မင်းနဲ့အတူ နေ့ရောညပါ ရှိနေပါတယ်။
မင်းကိုချစ်သော
ခရစ္စ

ရင်ထဲတွင် သိမ့်ခနဲ ခံစားလိုက်ရပြီး မျက်ရည်တွေ သွန်ကျလာကြသည်။ သူမ တသိမ့်သိမ့် ငိုနေမိပြီ။ ယခင်က ဘယ်တော့မ မငိုခဲ့ဖူးသော မိန်းမ… ယခု ငိုနေမိပါပြီ။
မျက်ရည်များနှင့်အတူ ရင်ထဲတွင် တင်းကျပ်နေသော နာကျင်မှုတွေ မျောပါသွားသလို ခံစားလိုက်ရ သည်။
ခရစ္စဟာ ငါ့ကို တကယ်ချစ်တာပါကလား။ သူဟာ တစ်ချိန်လုံး ငါ့ကိုပဲ သတိရနေပါကလား။ ငါဟာ တစ်နိုင်ငံတစ်ပြည်ခြားရောက်နေပေမဲ့ အားငယ်စရာ မရှိတော့ဘူး။ ငါနဲ့အတူ ခရစ္စလည်း ရှိနေပြီပဲ…။
သူမ ရပ်ဝေးမြေခြားသို့ရောက်ရှိနေသော်လည်း သူမ၏အိမ်ကို လှမ်းမြင်နေရသည်။ ခရစ္စ စားပွဲတွင် ထိုင်နေသည် ကိုမြင်ရသည်။ ခရစ္စတစ်ယောက်တည်း အဖော်မဲ့စွာ ထိုင်နေသည်။ သူမ မရှိ၍ သူ အောက်မေ့နေသည်။

သြော်… ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်ဂေဟာဆိုတာ သီရိဂေဟာပါကလား။ အဖိုးမဖြတ်နိုင်သော အိမ်ဂေ ဟာပါကလား။ အို… ထာဝရ ဘုရားသခင်… အဖိုးမဖြတ်နိုင်အောင် ကျက်သရေအပေါင်းနဲ့ ပြည့်စုံသော အိမ်ဂေဟာ ကို မှီတင်းနေထိုင်သူ လူသားတွေရဲ့အားနည်းမှု၊ မိုက်မဲမှုကြောင့် ဘယ်တော့မှ ဖျက်ဆီးလို့ မရနိုင်ပါစေနဲ့ … ဘုရားသခင်။
သူမ စိတ်ရှည်ရမည်။ သည်းခံရမယ်။ ခွင့်လွှတ်ရမည်။ ခွင့်မလွှတ်ခြင်းသည် သောကစိတ်ကို ပွားစေ သည်။ ထို့ကြောင့် သူမ ခွင့်လွှတ်ရမည်။ သူမ အိုးမကွာ အိမ်မကွာစေရန် ခွင့်လွှတ်ရမည်။ အိုးကွာအိမ် ကွာ ဖြစ်ခြင်း သည် အထီးကျန်ဘဝကို ရောက်ခြင်းပင်ဖြစ်သည်။ အထီးကျန် ဘဝရောက်လျှင် လူတစ် ယောက်အဖို့ ဘဝပျက်ခြင်း ပင်ဖြစ်သည်။

တောင်ထိပ်ပေါ်တွင် မေးတင်၍ ထွက်ပြူလာသော အရုဏ်ဦး အလင်းရောင်ကြောင့် သူမ အိပ်ရာ မှ နိုးလာခဲ့သည်။
မနေ့ညက မြို့တွင်း လမ်းများကိုသာ တွေ့မြင်ခဲ့ရသည်။ ယခုမူ အိပ်ရာမှထ၍ ပြတင်းပေါက်တွင် သွား ရပ်သော အခါ မြို့တော်တစ်ခွင် တစ်ပြင်လုံးကို မြင်ကွင်းကျယ် မြင်တွေ့ရသည်။
တောင်ကြားချိုင့်ဝှမ်းကြီးထဲတွင် ခေတ်မီအိုးအိမ်တိုက်တာများနှင့် အိမ်အိုအိမ်ဟောင်းများ ရောပြွမ်းပြွတ် သိပ် စုပြုံနေကြ သည်။ တောင်များပေါ်တွင် သစ်ကြီးဝါးကြီးတွေ မရှိ။ တောင်ရိုးကျောကုန်းကြီးတွေ ပြိုင်းပြိုင်းပေါ်နေသော ကျောက်တောင်ကြီး များ ဖြစ်သည်။ တောင်ခြေတွင် ခရမ်းရောင်အရိပ်များ ထိုး နေပြီး တောင်ထိပ် များပေါ်တွင်တော့ ရွှေရောင် ဝင်းလျက်ရှိသည်။ ရှုမော အံ့မခန်းစရာ အလှတစ်မျိုးပါ ပင်။

ဒါပေမဲ့ စစ်သားကလေး ခရစ္စအနေနဲ့ တက်ရောက်တိုက်ခိုက်ခဲ့ရသော ဒီကျောက်တောင် ကျောက်ကမ်း ပါးကြီးတွေ ပဲပေါ့။ သူ့ခမျာ ဘယ်လောက်များ ပင်ပန်းရှာလိမ့်မလဲ။ ဘယ်လောက်များ စိတ်ပျက်ရှာလိမ့် မလဲ။ ငါ ဘာကြောင့် စစ်တိုက် နေရပါလိမ့် ဆိုတာကိုလည်း မသိ။ အိမ်ကို အောက်မေ့စိတ်ကလည်း အမြဲတမ်းဖြစ်ပေါ်နေ တဲ့ စစ်သားကလေးတစ်ယောက်အနေနဲ့ ဒီကျောက်တောင်ကြီးတွေကို နေပူမိုးရွာ မရှောင်တက်ပြီး သေမင်းကို လိုက်ရှာနေကြရတာ ဘယ်လောက်များ စိတ်ဆင်းရဲရှာလိမ့်မလဲ…။ သူမ၏ရင်တွင် စာနာသနားခြင်း လှိုင်းတံပိုး သည် အရှိန်ပြင်းစွာ ရိုက်ခတ်လာသည်။

သူသည် သည်အကြောင်းတွေကို သူမအား ပုံပြင်ပမာ စီကာပတ်ကုံး ပြောပြခဲ့သည်။ သူမကလည်း ကိုယ်တိုင် ခံစားရ သလို ညီတူညီမျှ ခံစားခဲ့ရသည်။
သို့သော် သူက ဆွန်ယာအကြောင်းကိုတော့ တစ်ခွန်းတစ်ပါဒမျှ မပြောပြခဲ့။ ကိုရီးယားမှ မမျှော်လင့်ဘဲ စာတစ်စောင် ရောက် လာတော့မှပင် ဆွန်ယာ့အကြောင်းကို သူမ သိခဲ့ရတော့သည်။
သည်အကြောင်း ကို တွေးမိပြန်တော့လည်း သူမ၏ရင်သည် ဆို့ကျပ်လာသည်။ အသက်မရှူနိုင်အောင် ဖြစ် လာမိသည်။ နောက်တစ်နာရီခန့်အကြာတွင် သူမသည် ဟိုတယ်လှေကားကျယ်ကြီးအတိုင်း အောက်ထပ်သို့ ဆင်း လာခဲ့သည်။ ဆောင်ကူး ဝရန်တာခန်းကို ဖြတ်ကာ နံနက်စာစားရန် စားသောက်ခန်းမကြီးထဲသို့ဝင်လာ ခဲ့သည်။

တစ်ခန်းလုံး လူတွေနှင့် ပြည့်ကျပ်နေသည်။ အများစုမှာ အမေရိကန်လူမျိုးတွေ ဖြစ်နေသည်။ အနောက်တိုင်း ဝတ်စုံ ဝတ်ထားသော ကိုရီးယားတိုင်းရင်းသားများကမူ မဆိုစလောက်သာ တွေ့ရ သည်။
သူမသည် တံခါးဝတွင် ထိုင်ခုံလပ်ရှိမရှိ ဝေ့ကြည့်လိုက်သည်။ ပန်းဥယျာဉ်ဘက်သို့ ဖွင့်ထားသော တံခါး ပေါက် အနီးရှိ နှစ်ယောက်စားပွဲတွင် ထိုင်ခုံနေရာ လပ်နေသည်ကို တွေ့ရသည်။
စားပွဲတွင် ထိုင်နေသူက ကိုရီးယား အမျိုးသား။ အရပ်ရှည်ရှည်နှင့် လူလတ်ပိုင်း အရွယ်။ ဖြူရော်ရော် သူ့မျက်နှာ က ခံ့ညားတည်ကြည်သော အသွင်ရှိသည်။ လော်ရာအနီးသို့ စားပွဲထိုး ရောက်လာသည်။

"ဝမ်းနည်းပါတယ်… မဒမ်။ လောလောဆယ်တော့ နေရာလပ် မရှိသေးပါဘူး" စားပွဲထိုး က တောင်းပန်စကား ဆိုသည်။  လော်ရာက ထိုင်ခုံဆီသို့ မေးထိုးပြရင်း… "ကျွန်မ ဟိုနေရာမှာ ထိုင်လို့ရမလား"
စားပွဲထိုး က ချက်ချင်း ပြန်မဖြေဘဲ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ ပြီးတော့မှ… စားပွဲမှ ထိုင်နေသော အမျိုးသားထံ သို့ လျှောက်သွားပြီး စကားပြော သည်။ ထိုသူက အံ့သြသွားဟန်ဖြင့် မျက်နှာမော်ကြည့် သည်။ လော်ရာ့ ကို မြင်တော့ ထိုင်ရာ မှ ထရပ်လိုက်သည်။
"ထိုင်နိုင်ပါ တယ် ခင်ဗျား" သူက လော်ရာ့အား တလေးတစား ဖိတ်ခေါ်သည်။

"ကျေးဇူးတင်ပါတယ်ရှင်" ဟု လော်ရာက ပြောပြီး ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
ထိုနေ့ နံနက်စာ မှာလိုက်သည်။ ပြတင်းပေါက်ဘက်သို့ မျက်နှာလှည့်လိုက်တော့ ပန်းဥယျာဉ်ကို လှမ်း မြင်ရ သည်။ ဥယျာဉ်က ကျောက်တုံးဥယျာဉ်။ ကျောက်တုံးတွေ ကြားထဲတွင် သဲဖြူမြေလွှာတွေ ရှိ သည်။ မြေလွှာ များပေါ်တွင် ရောင်မျိုးစုံပန်းတွေ ဖူးပွင့်နေကြသည်။ ပန်းနွယ်များက ကျောက်တုံးတွေ ပေါ် တွားတက်နေကြ သည်။ ပင်စည်ကောက်နေသော သစ်ပင်ကြီး တစ်ပင်က ရေကန်ဘက်သို့ ကိုင်း ညွှတ်နေသည်။
သူမ သည် နံနက်ခင်း၏လှပသော မြင်ကွင်းကို ကြည့်နေသော်လည်း စိတ်ထဲကတော့ သူမနှင့် တစ်စား ပွဲတည်း ထိုင်နေ သည့် အရပ်ရှည်ရှည်နှင့် လူကို သတိရနေသည်။ သို့သော် သူမက စကားတော့မပြော။
ခဏအကြာ တွင် ထိုသူကပင် စတင်နှုတ်ဆက်သည်။ သူ့အင်္ဂလိပ်စကားက ကောင်းလွန်းလှသည်။

"ကျွန်တော် မိတ်ဆက်ပါရစေလား ခင်ဗျား" သူက မှတ်စုသားရေအိတ်ကလေးကို ထုတ်ကာ ကတ်ပြားကလေး တစ်ခု ဆွဲထုတ်လိုက်ပြီး လော်ရာရှေ့ မှ စားပွဲပေါ်တွင် တင်လိုက်သည်။ သူမက ကတ်ပေါ်မှနာမည်ကို အသံထွက် ၍ ဖတ်လိုက်သည်။
"မစ္စတာချိုယုရင်" "ဟုတ်ပါတယ် ခင်ဗျား" သူက ပြုံးပြီး ပြောသည်။
"ကုန်သည် တစ်ယောက်ပါ။ ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းပါ။ ကျွန်တော်ပိုင် ကုမ္ပဏီရှိပါတယ်"
လော်ရာက သူ့မျက်နှာ ကို စေ့စေ့ကြည့်လိုက်သည်။ အကြင်နာတရားရှိသော မျက်နှာရိပ် ပေါ်လွင်နေ သည်။

"မင်္ဂလာ နံနက်ခင်းပါ… မစ္စတာချို"
မစ္စတာချိုက ဦးညွှတ်လိုက်ပြီ…
"တစ်ယောက်တည်း ခရီးထွက်လာတာပါလား… မဒမ်"
"ဟုတ်ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပါ"
"တော်တော်ကြာမယ် ထင်ပါရဲ့"
"သိပ်ကြာမယ် မထင်ပါဘူး၊ ကျွန်မကို တလွဲမထင်ပါနဲ့ရှင်။ ကျွန်မဟာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ပဲ အိမ်ကို သိပ်ကိုပြန်ချင်နေလို့ပါ။ ဒါကြောင့်မို့ ကျွန်မအနေ နဲ့ ရှုခင်းသာတွေ လိုက်ကြည့်နေဖို့ အချိန်မရပါ ဘူး။ ဒီလိုပြော ရတာ ကျွန်မ တောင်းပန်ပါတယ်။ တကယ်တော့ ကျွန်မ ဒီမှာ သုံးလေးရက်လောက်ပဲ နေနိုင်မှာ မို့လို့ပါ"
မစ္စတာချိုနှင့် စကားပြောရသည် မှာ သက်တောင့်သက်သာရှိသည်။ စိတ်ချယုံကြည်ခြင်းလည်း ဖြစ်မိ သည်။

မစ္စတာချိုက လက်ထဲမှ ဇွန်းနှင့် ခက်ရင်းကို ပန်းကန်ပြားပေါ် ပြန်ချလိုက်သည်။ သူ စားနေတာက အမေရိကန် နံနက်စာ။ ဝက်ပေါင်ခြောက်၊ ကြက်ဥဟပ်ဘွိုင်၊ ပေါက်မုန့်မီးကင်၊ ကော်ဖီနှင့် သစ်သီးစုံ။
"ကျွန်တော့် စကားမှားရင် ခွင့်လွှတ်စေချင်ပါတယ် ခင်ဗျား။ ကျွန်တော်က မဆိုင်တာ စပ်စုတာတော့ မဟုတ်ပါ ဘူး။ ဒါပေမဲ့… ကျွန်တော့်တစ်သက် မမေ့နိုင်တဲ့ ကိစ္စမို့ ကြုံတုန်းရင်ဖွင့်ရတာပါ။ ကျွန်တော် ဟာ မဒမ်တို့နိုင်ငံ မှာ ကျောင်းသားဘဝနဲ့ တော်တော်ကြာကြာ နေခဲ့ဖူးပါတယ်။ ပျော်လည်း အလွန်ပျော် ခဲ့ရပါတယ်။ ၁၉၃၅ ခုနှစ်တုန်းက ယေးတက္ကသိုလ် ကျောင်းသားဘဝနဲ့ပါ။ အခုလည်း စီးပွားရေးကိစ္စနဲ့ ပတ်သက်လို့ တစ်နှစ်တစ်ခေါက် ဆိုသလို မပြတ်ရောက်ပါတယ်။ ကျွန်တော့်ကုမ္ပဏီက မဒမ်တို့နိုင်ငံက ထိပ်တန်းဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေ နဲ့ ဆက်သွယ်လုပ်ကိုင်နေပါတယ်။ အမေရိကားကို သွားလည်ရတာ ကျွန်တော် အလွန်ပျော် ပါတယ်။ မဒမ်တို့ လူမျိုးတွေကလည်း အလွန်ဧည့်ဝတ်ကျေပွန် ပါတယ်"
သူက စကားဖြတ်၍ ဆက်ပြောသည်။

"ဒါနဲ့… မဒမ် အခု ကိုရီးယားကို လာတာ ပထမအခေါက်ပဲလား ခင်ဗျား"
"ဟုတ်ပါတယ်။ ပထမအခေါက်ပါ" မစ္စတာချိုက စကားပြတ်သွားပြန်သည်။ လော်ရာက သူ့မျက်နှာ ကို စေ့စေ့ကြည့်နေသည်။ သူ့မျက်လုံး များက နက်မှောင်နေသည်။ မေးခွန်းထုတ်နေသော မျက်လုံးများ…။
သို့သော် လော်ရာက ဘာမှမပြောဘဲ ငြိမ်နေသည်။ စားပွဲထိုးက လိမ္မော်ရည်၊ ကော်ဖီ၊ ကြက်ဥနှင့် ပေါင် မုန့်မီးကင် များ လာချသည်။ စားပွဲထိုး ပြန်ထွက်သွားတော့မှ မစ္စတာချိုက ဆက်ပြောပြန်သည်။

"ကျွန်တော် တစ်ခုခု မှားသွားရင် ခွင့်လွှတ်ပါ မဒမ်။ အမေရိကန်နိုင်ငံက ကျွန်တော့်အပေါ် အများကြီး ဧည့်ဝတ်ကျေပွန် လိုက်ပေမဲ့ ကျွန်တော်ဘက်က ကျေးဇူးပြန်ဆပ်ဖို့ အခွင့်အရေး အလွန်ရခဲပါတယ်။ ဒါကြောင့် မို့လို့ မဒမ် အနေနဲ့ ဒီနိုင်ငံမှာ လိုအပ်တဲ့ အကူအညီရှိရင် အားမနာပါနဲ့။ ပြောသော ပြောပါ။ ကျွန်တော် တတ်နိုင်တဲ့ ဘက်က ကူညီပါရစေ။ မဒမ်ကို ကျွန်တော် ဇနီးနဲ့ မိတ်ဆက်ပေးခွင့်ရရင် သိပ် ကောင်းမှာပဲလို့ ကျွန်တော် တွေးမိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဇနီးက မနှစ်ကပဲ ဆုံးသွားရှာပါတယ်။ အခုဆိုရင် ကျွန်တော်ဟာ ဒီဟိုတယ်မှာပဲ တစ်ယောက်တည်း အခန်းငှားနေပါတယ်။ စနေ၊ တနင်္ဂနွေ ကျတော့မှ တောက အိမ်ကိုပြန် ပါတယ်။ အိမ်မှာ ကျွန်တော့်အမေ နေပါတယ်။ ကျွန်တော့်သားကတော့ ကျွန်တော် တက်ခဲ့ တဲ့ ယေးတက္ကသိုလ် မှာပဲ တက်နေပါတယ်။ ကျွန်တော့်မှာ အဲဒီသားတစ်ယောက်ပဲ ရှိပါတယ်"

လော်ရာက မစ္စတာချိုအား အကဲခတ်ရင်း စိတ်ဝင်စားစွာ နားထောင်သည်။ မစ္စတာချိုသည် ရုပ်ရည် ချောမော သလောက် လေးစားခင်မင်စရာ ကောင်းလှသော လူကြီးလူကောင်း တစ်ယောက်ဟု သဘော ပိုက်မိသည်။
သူက အရပ်လည်း ရှည်သည်။ ဝတ်ထားသော ဝတ်စုံကလည်း အင်္ဂလန်ချုပ် မီးခိုးရောင် အကောင်းစား ဝတ်စုံ။ ဆံပင်က နားသယ် နှစ်ဖက်တွင် နည်းနည်းပါးပါး အဖြူရောင်သမ်းစပြုနေသည်မှတစ်ပါး နက် မှောင်နေသည်။ မျက်လုံးကလည်း အနက်ရောင်။ မျက်လုံးအရောင်က လွဲလျှင် သူ့ကို အီတာလျံတစ် ယောက်။ သို့မဟုတ် စပိန်တစ်ယောက်ဟုထင်နိုင်စရာရှိသည်။ သို့သော် သူ့မျက်လုံးတွေက အာရှတိုက် သား မျက်လုံးများ။
ဘယ်လိုပင်ဖြစ်ဖြစ် သူ့ကြည့်ရသည်မှာ ပွင့်လင်းသည်။ သိက္ခာရှိသည်။ လေးစားစရာ ကောင်းသည်။

ထို့ကြောင့်… လော်ရာက သူမ၏လက်ကိုင်အိတ်ကို အလိုအလျောက် ဖွင့်မိလျက်သား ဖြစ်သွားသည်။
သူမက ကတ်ပြား ကလေး တစ်ခုကို ထုတ်ယူလိုက်သည်။ ကတ်ပြာလေးပေါ်တွင် ဆွန်ယာ၏နေရပ် လိပ်စာကို ခရစ္စက ရေးပေးလိုက် သည်။ "ဒီလိပ်စာ ဘယ်မှာရှိပါသလဲ။ ကျေးဇူးပြုပြီး ကြည့်ပေးပါရှင်"
မစ္စတာချိုက လိပ်စာကတ်ကို ကြည့်သည်။ သူ့မျက်နှာ တည်သွားသည်။ "ဒီလိပ်စာက တော်တော်ရှာရခက် တဲ့ နေရာပါကလား။ တောင်ဘက်မြို့ပြင်ကို တော်တော်လေး ဝေးပါ တယ်။ မဒမ် ဘယ်ကိုသွားမှာလဲ။ ကားနဲ့ပဲ သွားရမှာပေါ့" "ဟုတ်ပါတယ်။ တက္ကစီ ငှားသွားမယ်လို့ စိတ်ကူးထားပါတယ်"

"တစ်ယောက်တည်း သွားမှာလား" "ကျွန်မမှာ ဒီမှာ အသိတစ်ယောက်မှ မရှိပါဘူး" မစ္စတာချိုက စဉ်းစားနေ သည်။ ပြီးတော့မှ… "အမေရိကန် သံရုံးက တစ်ယောက်ယောက် ခေါ်သွားရင် ပိုကောင်းမယ် ခင်ဗျာ့"
"အို… အဲဒါတော့ မဖြစ်နိုင်ဘူးရှင့်" သူမက ခပ်မြန်မြန် ဖြတ်ပြောလိုက်သည်။
"ကျွန်မကိစ္စက ကိုယ်ရေးကိုယ်တာကိစ္စမို့လို့ပါ" သူက လိပ်စာကတ်ပြားကို ပြန်ပေးသည်။ လော်ရာ က ကတ်ကို လက်ကို လက်ကိုင်အိတ် ထဲက ပြန် ထည့်လိုက်သည်။

မစ္စတာချိုသည် ဘာမှပြန်မပြောဘဲ ကြက်ဥနှင့် ကော်ဖီကို လက်စသတ်ရင်း စဉ်းစားခန်းထုတ်နေသည်။ စားပြီးသွားသော အခါ ပန်းကန်များ ကို ဘေးသို့ ဖယ်လိုက်သည်။ "ကျွန်တော့်ကို လိုက်ခွင့်ပြုနိုင်ပါ့မလား"
သူက ဖြတ်ခနဲ မေးလိုက်သည်။ သူမ အံ့အားသင့်သွားသည်။ "အို… မဖြစ်နိုင်ဘူးထင်ပါတယ်။ ရှင်က အလုပ်လည်း အားမှာ မဟုတ်ပါဘူး" "ကျွန်တော့်အလုပ်မှာ ကျွန်တော် ဆရာပါ။ ကျွန်တော့်ရုံးခန်းကို တယ်လီဖုန်းဆက်လိုက်ရုံပါပဲ။ ကျွန် တော့်ကို စိတ်ချယုံကြည်စေချင်ပါတယ် မဒမ်။ အမေရိကန် အမျိုးသမီး တစ်ယောက်အနေနဲ့ ဒီလိုခေါင် တဲ့နေရာမျိုးကို တစ်ယောက်တည်း သွားလို့ မသင့်တော်ပါဘူး။ မဒမ် ဆန္ဒရှိရင် ကျွန်တော့် အတွင်းရေး မှူး စာရေးမကိုပါ ခေါ်သွားလို့ရပါတယ်။ အင်း… ကျွန်တော်နဲ့ မရင်းနှီးသေးတော့လည်း ဒီလိုပဲဖြစ်ရမှာ ပေါ့လေ" "အို… ဒီလို မဟုတ်ပါဘူးရှင်" သူမက နောက်ထပ် စကားဆက်မပြောနိုင် ဖြစ်နေမိသည်။

"မဒမ်က ကိုယ်ရေးကိုယ်တာကိစ္စလို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်က တက္ကစီကားထဲမှာ စောင့် ကျန်ရစ်ခဲ့ရင်တော့ မဖြစ် ဘူးလား ခင်ဗျာ့"
သူမ စိတ်လှုပ်ရှားလာသည်။ "တကယ်တော့ ကျွန်မ ကိစ္စလည်း မဟုတ်ပါဘူး။ ကျွန်မ ခင်ပွန်းနဲ့ ပတ်သက်တဲ့ ကိစ္စ တစ်ခုအတွက်ပါ" "သြော်… ဒီလိုဆို မဒမ်က အိမ်ထောင်နဲ့ကိုး" "ဟုတ်ပါတယ်။ ကျွန်မနာမည် မစ္စက် ဝင်းတား…။ မစ္စက် ခရစ္စတိုဖာဝင်းတားပါရှင်" "ဘယ်က လာတာပါလဲ"
"ဖီလာဒေးလ်ဖီးယားကပါ" သူက ပြုံုးလိုက်သည်။ စောစောက တည်နေသော သူ့မျက်နှာတွင် ထူးခြားသော အရောင်တစ်မျိုးဖြင့် ထိန်လင်းသွားသလို ထင်ရသည်။

"အား… လတ်စသတ်တော့ မစ္စက်ဝင်းတားက ဖီလာဒေးလ်ဖီးယားကကိုး။ မမျှော်လင့်ဘဲ အခုလို တွေ့ ရတာ ဝမ်းသာလိုက်တာဗျာ။ ဖီလာဒေးလ်ဖီးယားက သိပ်ပြီးလှတဲ့ မြို့တစ်မြို့ပဲ။ ကျွန်တော် အကြိုက် ဆုံး မြို့တစ်မြို့ပေါ့။ ကျွန်တော်က ခရစ္စခမတ် ကျောင်းပိတ်ရက်တိုင်း ဖီလာဒေးလ်ဖီးယားမြို့ကို သွား လည်တာပဲ ခင်ဗျာ့။ အဲဒီမှာ ဒေါက်တာ ဟမ်းစ်ဝပ်သ်တို့ ဇနီးမောင်နှံရှိတယ်။ မစ္စက်ဝင်းတား သိပါ သလား"
"ဟို… ကမ္ဘာကျော် အရှေ့တိုင်းယဉ်ကျေးမှု ပါရဂူကြီးကို ပြောတာလား"
"အား… ဟုတ်လိုက်လေ ခင်ဗျား။ သူ့ကို မစ္စက်ဝင်းတား သိသလား၊ ဟင်"
"ရင်းတော့ မရင်းနှီးပါဘူး။ ဆုံဖူးရုံပါ" "ဒါဆို ခင်ဗျား သူ့ကို ကောင်းကောင်းမှတ်မိတာပေါ့။ ဒီပုဂ္ဂိုလ်ကြီးက တစ်ကြိမ်မြင်ဖူးရင် တစ်သက် မမေ့ နိုင်တဲ့ ပုဂ္ဂိုလ်ကြီးပဲ။ ကျွန်တော်က သူ့ကို အမေရိကန် ဖေဖေလို့ခေါ်တယ်။ အခုဆိုရင် ဆရာကြီးတော် တော် အို လှရောပေါ့။ ကျွန်တော်တော့ အမေရိကန်ရောက်တိုင်း သူ့ကို အမြဲတမ်း သွားကန်တော့ ပါ တယ်။ သူကလည်း ကျွန်တော့်ကို ကိုရီးယားသားသားလို့ ခေါ်တယ်။ ပြီးတော့ ကျွန်တော့် သားလည်းပဲ အမေရိကမှာ ပညာသင်နေတုန်း ကျွန်တော့် အစဉ်အလာကို ဆက်လက်ကျင့်သုံးနေပါတယ်။

ကျောင်း ပိတ်တိုင်း ဆရာကြီးတို့ လင်မယားနဲ့အတူ အဲဒီအလွန်လှတဲ့ ရှေးဟောင်းအိမ်ကြီးမှာသွားပြီး အချိန်ဖြုန်း ပါတယ်။ အင်း… ဒါနဲ့ ဆရာကြီးကတော် အသက်မရှည်ခဲ့တာ စိတ်မကောင်းပါဘူးဗျာ။ ဆရာကြီး ကတော်က ကျွန်တော် တက္ကသိုလ် တက်နေတုန်းမှာ ဆုံးသွားရှာတယ် ခင်ဗျာ့" လော်ရာ့အနေဖြင့် မစ္စတာချိုအပေါ်တွင် အကြွင်းမဲ့ ယုံကြည်သွားခဲ့ပြီ။ စိတ်ကိုလည်း တုံးတုံးချပြီး ဆုံး ဖြတ်လိုက်သည်။ သူမ ကံကောင်းပါသည်။
သို့ဖြင့် သူမက တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်မနဲ့အတူ လိုက်ခဲ့ပါ… မစ္စတာချို"
"ကောင်းပါပြီ မစ္စက်ဝင်းတား၊ စားသောက်ပြီးတော့ သွားကြတာပေါ့"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, August 28, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၆)

''ဘာလဲ....မင်းက သူ့ဘက်က သူ့ကလေး ပိစိကွေးကလေး အရွယ်ကတည်းကထွက်လာခဲ့တယ်။ အဲဒီ ကတည်းက လုံးဝပစ်ထားလိုက်တယ်။ ခုတော့...ကလေးကို ကျောင်းအပ်ဖို့ ကိစ္စတောင် မောင်က ပြောနေပြီ။ တကယ် ဆိုရင်....မောင်က ဒီလောက်ထိ မစိုးရိမ်သင့်ဘူး။ ဒီကလေး မှာ သူ့အမေ ရှိပါသေး တယ်။ မောင်က မေ့ထားတဲ့ ကာလတွေ တစ်လျှောက်လုံး သူ့အမေက ပြုစုစောင့်ရှောက်လို့ပဲ ဒီအရွယ်တောင် ရောက် လာပြီပဲ'' ''အဲဒါတော့ သေချာပေါက် ပြော လို့ ဘယ်ရမှာလဲ'' ''မောင် ဘာကို ဆိုလိုတာလဲ'' ''ဟာ...လော်ရာ။ ဟိုမှာ....ဒီရေတွေ တက်လာပြီ။ တို့ဆီရောက်လာတော့မယ်'' သို့ဖြင့် နှစ်ယောက်သား ကုတ်အင်္ကျီတွေ ကမန်းကတန်း ကောက်ယူပြီး လက်ချင်းယှက်ကာ ထပြေးလာခဲ့ ကြသည်။ ဒီရေလွတ်သော အပေါ်ပိုင်း သောင်ပြင် တစ်နေရာတွင် ပြန်၍ လှဲအိပ်လိုက်ကြသည်။
ကို ဆက်ဖတ်ရန်...........................................

သို့ဖြင့် နှစ်ယောက်သား ကုတ်အင်္ကျီတွေ ကမန်းကတန်း ကောက်ယူပြီး လက်ချင်းယှက်ကာ ထပြေးလာခဲ့  ကြသည်။ ဒီရေလွတ်သော အပေါ်ပိုင်း သောင်ပြင် တစ်နေရာတွင် ပြန်၍ လှဲအိပ်လိုက်ကြသည်။
ခပ်လှမ်းလှမ်း တွင် လူခြေတစ်ယောက်စ နှစ်ယောက်စ ဟိုနေရာသည်နေရာ လမ်းလျှောက် နေကြသည် ကို မြင်ရသည်။ သောင်ပြင် ငှက်ကလေးများ ပင်လယ်ထဲ ပြေးဆင်းသွားကြသည်။ လှိုင်းလုံးတွေ လှိမ့်တက် လာတော့ ကုန်းပိုင်း သို့ ပြန်လေးတက် လာကြသည်။ ''ဒါနဲ့.....တို့ စကာပြောတာ ဘယ်အထိ ရောက်ခဲ့သလဲ''
ခရစ္စက ဆေးတံထုတ်ပြီး မီးညှိသည်။ ''ဒါဖြင့်...မင်းက ငါနဲ့အတူလိုက်ဖို့ ဆုံးဖြတ်ချက် ချထားပြီးပြီ ဆိုပါတော့.... '' လော်ရာက သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။

''အဲဒီိလု မဟုတ်ဘူး။ ကျွန်မက ကျွန်မ တစ်ယောက်တည်း သွားချင်တာ''
''ဘာကြောင့်လဲ'' ''ဘာကြောင့်လဲဆိုရင်....မောင်က ကျွန်မ မေးတဲ့ မေးခွန်း မဖြေတဲ့အချက်ကြောင့်ပဲ''
''ငါ ဘယ်လို ဖြေရမယ်ဆိုတာ မသိလို့ပါ။ ငါဟာ ကိုရီးယားမှာ အဖော်မဲ့ပြီး အထီးကျန် ဖြစ်နေတယ်။ စစ်ကာလ အတွင်းမှာ ငါ့အဖို့တော့ အရာရာဟာ စိတ်ပျက်စရာတွေချည်း ဖြစ်နေတယ်။ ဒါနဲ့...ထွက်ပေါက်ရှာ တဲ့သဘောနဲ့ ရနိုင်တဲ့ ပျော်ရွှင်မှုလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖြစ်သလိုဖြေဖျော်မိခဲ့တယ်။ ဒီလောက် ပြောပြလို့မှ မကျေနပ်နိုင်သေးရင်လည်း ငါနောက်ထပ် ဘယ်လိုမှ မပြောတတ်တော့ဘူး။ ဟုတ်ပါတယ်။ ငါဟာ လူပျို မဟုတ်ဘူး။ လက်ထပ်ပြီးစ မိန်းမရှိတဲ့ လူတစ်ယောက် ဆိုတာတော့ ငါသိပါတယ်။ ဒါပေမဲ့....ငါ့ အနေနဲ့ မင်းနဲ့ ပြန်တွေ့ခွင့် ရပါဦးမလား ဆိုတာတော့ ငါ လုံးဝ မသိတော့အောင် ဖြစ်ခဲ့မိတယ်။ ငါဟာ အချိန် မရွေး သေခြင်းတရားနဲ့ ရင်ဆိုင် တွေ့နိုင်တယ်ဆိုတဲ့ အသိကသာ ငါ့ကို လွှမ်းမိုးထားခဲ့တယ်။ အဲဒါကြောင့် မို့ လို့လည်း အချစ်ဆိုတာကိုတောင် ငါ မသိနိုင်ခဲ့ဘူး။ အဲဒီတုန်းက ငါ့အရွယ်နဲ့ အချစ်ဆိုတာကို ခွဲခြား နားလည်ဖို့ လည်း မလွယ်ဘူး''

''ဒါပေမဲ့...ကျွန်မကတော့ မောင်ဟာ သာမန် လူတိုင်းထဲက လူငယ်တစ်ယောက်လို့ မထင်ဘူး။ မောင် ကိုရီး ယားမှာ နေခဲ့တဲ့ တစ်ချိန်လုံး မောင့်အကြောင်းကိုပဲ ကျွန်မ တွေးနေခဲ့မိတယ်။ မောင်ဟာ ကျွန်မ မျှော်မှန်း ထားတဲ့ လူစားမျိုးအဖြစ်ပဲ ရှိနေလိမ့်မယ်လို့ အမြဲတမ်း ယုံကြည်နေခဲ့တယ်''
''ဒါပေမဲ့.... ကျွန်မကတော့ မောင်ဟာ သာမန် လူတိုင်းထဲက လူငယ်တစ်ယောက်လို့ မထင်ဘူး။ မောင် ကိုရီးယား မှာ နေခဲ့တဲ့ တစ်ချိန်လုံး မောင့်အကြောင်းပဲ ကျွန်မ တွေးနေခဲ့မိတယ်။ မောင်ဟာ ကျွန်မ မျှော်မှန်း ထားတဲ့ လူစားမျိုးအဖြစ်ပဲ ရှိနေလိမ့်မယ်လို့ အမြဲတမ်း ယုံကြည်နေခဲ့တယ်''
''ဒါပေမဲ့....ငါ့အပေါ် မင်းဘယ်လို မျှော်မှန်းချက် ရှိတယ်ဆိုတာ မင်းက ငါ့ကို တစ်ခါမှ မပြောခဲ့ပါဘူး''
''ဟုတ်ပါတယ်။ ကျွန်မ မပြောခဲ့ဖူးပါဘူး။ ကျွန်မကလည်း မျှော်မှန်းချက်ဟာ မျှော်မှန်းချက် အဆင့်ထက် ပိုလိမ့်မယ် လို့ မထင်ခဲ့ဘူး။ မောင်တိုက်ပွဲမှာ ကျသွားခဲ့ရင် ဘယ်လို လုပ်ပါ့မလဲ။ ဒါပေမဲ့.... ကျွန်မ ဆိုရင်တော့ မောင် လုပ်သလို လုပ်မှာ မဟုတ်ဘူး'' သူက သက်မတစ်ချက် ချလိုက်သည်။

''ကောင်းပြီလေ....ငါ့အနေနဲ့ ဒီဓာတ်ပြားဟောင်းကြီးကိုပဲ ထပ်တလဲလဲ ပြန်ပြီး မဖွင့်ချင်တော့ပါဘူး။ ဟိုက ယောက်ျား မိန်းမတွေ၊ လူငယ်တွေ၊ မိန်းကလေးတွေ ခေတ်ကာလ အခြေအနေအရ ဘာတွေ လုပ်နေကြ တယ် ဆိုတာ မင်းလည်း တွေးကြည့်ရင် သဘောပေါက်ပါ လိမ့်မယ်။ ဒါပေမဲ့ ငါဟာ သူတို့နဲ့ မတူဘူးဆိုတာ တော့ ငါ့မှာ ပြောစရာ အထောက်အထားတွေ အများကြီး ရှိပါတယ်။ ဘာပဲပြောပြော မင်းဟာ ငါ့ရဲ့ ခြောက်ပြစ်ကင်း သဲလဲစင် စံပြချစ်သူပါ...လော်ရာ'' ''ဆွန်ယာနဲ့ မတူဘူးလား'' ''လုံးဝ မတူဘူး'' ''ဘယ်လို မတူတာလဲ''
''အတိုင်းအဆ မရှိ ကွဲပြားတယ်။ အတိုင်းအဆ မရှိ ပိုတော်တယ်။ အတိုင်းအဆမရှိ ကျေနပ်စရာ ကောင်းတယ်''
''ဒါပေမဲ.....ဘယ်လို ကွဲပြားတယ်။ ဘယ်လို ပိုတော်တယ်။ ဘယ်လိုကျေနပ်စရာ ကောင်းတယ်ဆိုတာ ဖြေပါဦး''
သူက စိတ်ပျက်လက်ပျက်ဟန်ဖြင့် လက်နှစ်ဖက်ကို ဖြန့်တန်းလိုက်ပြီး....

''အို....လော်ရာ ရယ်။ မင်းဟာ အရင်က လော်ရာမျိုး မဟုတ်တော့ပါလား။ အရင်တုန်းက မင်းငါ့ကို အခုလို ဘယ်တော့မှ အကျပ်မကိုင်ခဲ့ပါဘူး'' ''ဟုတ်ပါတယ်။ ကျွန်မ တစ်ယောက်တည်း ကိုရီးယားကို သွားမယ်။ ကလေးကို ကျောင်းအပ်ဖို့ ကိစ္စ ကျွန်မ စီစဉ်ပေးမယ်။ သူဟာ မောင့်ရဲ့ရင်သွေး....မောင့်သားကလေး။ သူ့အတွက် လိုအပ်တာမှန်သမျှ အားလုံး ရစေရမယ်။ ဆွန်ယာ့ ကိစ္စတော့.... ကျွန်မ ဘာမှ မပြောနိုင်သေးဘူး။ ကျွန်မ သူနဲ့ သွားတွေ့မယ်။ အခြေအနေကို လေ့လာမယ်'' ''လော်ရာ...ဒါဟာ တို့လင်မယား ရန်ပွဲတော့ မဟုတ်ပါဘူးနော်'' သူက အမိန့်ပေးသံဖြင့် မေးလိုက်သည်။ လော်ရာက ဒေါသ ကင်းစင်သော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။ သူမ၏ မျက်နှာတွင် တစ်စုံတစ်ရာကို ယတိပြတ် ဆုံးဖြတ်ထားပြီးသည့် အရိပ်လက္ခဏာကို အတိုင်းသား မြင်နေရသည်။  ''ကျွန်မ သွားကို သွားမယ်'' သူမက အလေးအနက် ထပ်ပြောသည်။  ''ကျွန်မ... အမြန်ဆုံးသွားမယ်။ တစ်ယောက်တည်း သွားမယ်''

အပိုင်း(၂)

သူမက ဂျက်လေယာဉ်မှန်ပြတင်း အနီးသို့ကပ်ပြီး ခရစ္စအား နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်သည်။ သူသည် လေဆိပ်အဆောက်အအုံ အပေါ်ထပ် ၀ရန်တာတွင် ရပ်ရင်း အညိုရောင် လက်ကိုင်ပ၀ါ ကလေး ကို လေထဲတွင် ဝှေ့ယမ်းပြနေသည်။
သူသည် ဂျက်လေယာဉ် မြေပြင်မှ စတင်ထွက်ခွာချိန်ကို မီအောင် အပေါ်ထပ်သို့ လှေကားမှ ပြေးတက် လာခဲ့ရလိမ့်မည်။
သူမ တစ်သက်တာတွင် လွန်ခဲ့သောသုံးရက်ကာလသည် သူနှင့်ပူးပူးကပ်ကပ် နေခဲ့ ရဆုံးရက်များ လည်း ဖြစ်သည်။ တစ်ချိန်တည်းတွင် သူနှင့် အကင်းကွာဆုံး နေခဲ့ ရသော နေ့ရက်များ လည်း ဖြစ်သည်။
တစ်ယောက်၏ အချစ်ကို တစ်ယောက်ကလည်း အနည်းငယ်မျှ သံသယမ၀င်။ သူတို့နှစ်ယောက်စလုံး အသိ။ တစ်ယောက် အပေါ် တစ်ယောက် သစ္စာရှိတာကိုလည်း အကြွင်းမဲ့ ယုံကြည်ကြသည်။ သို့ပါ လျက်... သူတို့နှစ်ယောက် သည် လွန်ခဲ့သော သုံးရက်အတွင်းက တစ်ယောက်နှင့် တစ်ယောက် ဆက် သွယ်၍ မရအောင် ဖြစ်နေကြသည်။ နီးလျက်နှင့် ဝေးနေခဲ့ကြသည်။

လွန်ခဲ့သော ညတုန်းကဆိုလျှင် တစ်ကိုယ်တည်း အိပ်ရာပေါ်တွင် လှဲရင်း သူမကိုယ် သူမ မေးခွန်းတွေ အပြန်အလှန် ထုတ်နေခဲ့မိသည်။ သူငါ့အခန်းကို မလာရင် ငါက သူ့အခန်းကို သွားရမှာလား၊ မသွားဘဲ နေရမှာလား။ ငါ ကိုရီးယားမှာ ဘယ်နှရက်နေခဲ့ရမှာလဲ၊ ငါ ပြန်ရောက်လာရင်တော့ မနေ့ညကလိုပဲ တစ်ယောက် နဲ့ တစ်ယောက် သူစိမ်းဆန်ဆန် နေကြဦးမှာလား။
သူမ အဖြေ ရှာမရ။ သို့သော် ကိုရီးယားတွင် ရက်ပိုင်းလောက်ပဲနေမည်ဟုတော့ ဆုံးဖြတ်လာခဲ့သည်။
သူကတော့ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်း ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာရင်ပဲ ငါ ဝမ်းသာလှပါပြီ။ ငါ့ ခံစားချက်ကိုတော့ မမေ့ပါနဲ့။ မင်းတစ်ယောက်တည်း ထွက်သွားတာကို ငါ သဘောမတူချင်ဘဲနဲ့ သဘောတူလိုက်ရတယ်၊ ဒီမှာ ငါ တစ်ယောက် တည်း ကျန်နေခဲ့ရမယ့် အခြေအနေကို ခံစားကြည့်ပါ။ မင်း အိမ်ကို ပြန်မရောက် မချင်း ငါ စား လို့လည်း ဝင်မှာမဟုတ်ဘူး၊ အိပ်လို့လည်း ပျော်မှာမဟုတ်ဘူး။ မင်း ထွက်သွားတာဟာ ငါ့ကိုယ်တစ်ခြမ်း ကို ဖြတ်ယူသွားသလိုပဲ။ ဒီအချိန်မှာ ကိုရီးယားဆိုတာ ဘယ်လိုနိုင်ငံမျိုးဖြစ်နေမယ်ဆို တာ ငါတောင် စဉ်းစားလို့ မရတော့ဘူး" ကောင်းကင်ပေါ် တွင် မျောပါရင်း လွန်ခဲ့သော ရက်များက ဖြစ်ရပ်များ ကို ပြန်လည် သုံးသပ်နေ မိသည်။

ထိုရက်များအတွင်း သူမသည် ခံစားမှုမရှိသော စက်ရုပ်တစ်ခုလိုသာ လှုပ်ရှားနေမိခဲ့သည်။ အိမ်မှု တာဝန်အားလုံးကို ဂရီတာနှင့်လွှဲထားပြီး သူမက သူမ၏သိပ္ပံသုတေသန လုပ်ငန်းကိုသာ ဖိသွန်လုပ် ကိုင်နေခဲ့သည်။ အလုပ်သည် စိတ်သက်သာရာသက်သာကြောင်း ထွက်ပေါက်တစ်ခုဟု သူမ ယုံကြည် သောကြောင့် ဖြစ်သည်။ ယောက်ျားတွေလည်း ထိုနည်းလည်းကောင်းပင်…။ အလုပ်ကို ဖိလုပ်ခြင်းဖြင့် ထွက်ပေါက်ရှာကြသည်သာ ဖြစ်သည်။

လုပ်စရာအလုပ်တွေ တစ်ပုံကြီးရှိလျက်သားနှင့် မလုပ်ဘဲ ပစ်ထားခဲ့ခြင်းအတွက် ဘယ်လောက်ထိ ခံစားရမည် ဆိုသည်ကို စဉ်းစားကြည့်လျှင် လူတိုင်းသိနိုင်သည်။
သူမသည် ရေးလက်စ စာအုပ်အတွက် သမုဒ္ဒရာ ရေအောက်ရှိ ထူးဆန်းသောအပင်များနှင့် ထူးဆန်း သော သတ္တဝါငယ်များအကြောင်း စူးစမ်းတွေ့ရှိချက်များနှင့်ပတ်သက်၍ အခန်းတစ်ခန်းတော့ ရေးပြီးခဲ့ ပြီ။ ယင်းစာအုပ် ပြီးသွားလျှင် ဆေးသိပ္ပံပညာအတွက် ကြီးမားသော အထောက်အကူတစ်ရပ်ဖြစ်လိမ့် မည်ဟု မြေကြီး လက်ခတ် မလွဲ။ ဥပမာ… လျှပ်စစ်ငါးရှဥ့်မှ နာဗ်ကြောဓာတ်ငွေ့အဆိပ်ဖြေဆေးကို ထုပ် လုပ်နိုင်လျှင်။ ရောဂါကူးစက်ခြင်း တားဆေး ကို ပင်လယ်ဖြူမှ ထုတ်လုပ်နိုင်လျှင်။ ပင်လယ်ခူမှ ဆေးတောက်ခြင်း ကာကွယ်ဆေးကို ထုတ်လုပ်နိုင် လျှင် ခေတ်သစ်ဆေး သိပ္ပံပညာအတွက် အတိုင်း မသိ အကျိုးမျာေးပလိမ့်မည်။

သူမသည် သိပ္ပံပညာရှင်ပီပီ  စေ့စပ်သေချာသည်။ စည်းစနစ်ကြီးသည်။ အာရုံစူးစိုက်မှု ထက်သန် သည်။ ထို့ကြောင့်လည်း လုပ်လက်စနှင့် တန်းလန်းကြီးထားပစ်ခဲ့ရသော သူမ၏သုတေသန လုပ်ငန်း အတွက် အလွန် စိတ်စောနေမိခြင်းဖြစ်သည်။
ဂျက်လေယာဉ်ကြီး သည် ရုတ်တရက် တုန်ခါသွားပြီးနောက် တစ်ပြေးညီ အနေအထားမှ အာကာယံထဲ သို့ အရှိန်ပြင်းစွာဖြင့် ဦးထောင် ထိုးတက်သွားသည်။
သူမက ကုလားထိုင်တွင် ကျောမှီလှဲချလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။
သူမ သည် ကမ္ဘာသစ်တစ်ခုဆီသို့ အရှိန်ပြင်းစွာဖြင့် ရှေးရှုပျံသန်းလျက်ရှိသည်။ ဥရောပတိုက်သည် သူမ အဖို့ အိမ်ဦးနှင့် ကြမ်းပြင်ပမာ အကျွမ်းတဝင်ရှိသည်။ သို့သော်… အာရှတိုက်ကား သူမအဖို့ သူစိမ်းတရံ ဆံဖြစ်နေ သည်။ ခရစ္စ အိမ်ပြန်ရောက်လာတုန်းကတောင်မှ ကိုရီးယားနိုင်ငံကို သူမ လုံးဝ စိတ်ဝင်စား ခြင်း မဖြစ်မိခဲ့။ တို့ လင်မယား ပြန်ပေါင်းရပြီ ဟူသော အတွေးဖြင့် အတိုင်းမသိ ဝမ်းသာခြင်းသာ ဖြစ်မိခဲ့ သည်။

ဂျက်လေယာဉ်ကြီးသည် ဦးထောင်ပျံသန်းနေရာမှ တစ်ပြေးညီအနေအထားသို့ ပြန်ရောက်လာသည်။
သူမ မျက်လုံးများကို ပြန်ဖွင့်သည်။ သူမဘဝတွင် ယခုအကြိမ်လောက် အထီးကျန်ဝေဒနာကို ခံစားရခြင်းမျိုး တစ်ခါမှမဖြစ်ခဲ့စဖူး။ အတိတ်မှ အရိပ်ထိုးလာသော ပြဿနာကြီးတစ်ရပ်ကို သူမတစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရန် အကျောက်အကန် အငြင်းအခုံပြု၍ တာဝန်ယူလာခဲ့ခြင်းမှာ မှန်ကန်သော လုပ်ရပ်ဖြစ်ပါ သလား။ သူမ၏ လင်တော်မောင် ခရစ္စနှင့် ကိုရီးယားသူ ဆွန်ယာတို့၏ တဒင်္ဂ တွေ့ဆုံမှုကြောင့် ဖြစ်ပေါ် လာသော ပြဿ နာတစ်ရပ်ကို ဖြေရှင်းရန် တာဝန်ယူလာခဲ့ရာတွင် သူမအနေဖြင့် မနာလို ဝန်တိုစိတ်များ ကင်းရှင်းပါ ၏ လော။

ဘယ်လိုပင်ဖြစ်ဖြစ် ခရစ္စ၏ပုဆိုးတန်းတင် တရားဝင် ဇနီးမယားတစ်ယောက်အဖြစ် သည်ကိစ္စတွင် သူမ လည်း တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည် မဟုတ်ပါလော။ သို့ဆိုလျှင် ကိုရီးယားသူ ဆွန်ယာ့ အခြေအနေကို သူမ ကိုယ်တိုင် သွားရောက်အကဲခတ်ရင် မလိုအပ်ပါသလော။
ဆွန်ယာက ခရစ္စလို လူတစ်ယောက်အား ဘယ်အရည်အချင်းတွေနှင့် ပြုစားထားခဲ့သနည်း။ ဆွန်ယာ က ဘယ်လောက်များ လှနေလို့လဲ။ ဘယ်လောက်များ ဆွဲဆောင်အားကောင်းနေလို့လဲ။
သာမန် အပေါစား မိန်းကလေးတစ်ယောက်အနေဖြင့်တော့ ခရစ္စလို လူတစ်ယောက်ကို ဘယ်တော့မှ ဆွဲဆောင်ဖမ်းစားနိုင်မည်မဟုတ်။ သည်အချက်ကိုတော့ သူမအနေဖြင့် အကြွင်းမဲ့ ယုံကြည်သည်။
ခရစ္စ၏စရိုက်က နက်နဲသိမ်မွေ့သည်။ ဇီဇာကြောင်သည်။ ဆန်းကြယ်ထွေပြားသည်။ ယင်းသို့ ရှုကွက်စုံ သော စရိုက်သဘာဝကိုပင် သူမက အလွန်သဘောကျသည်။
ဒါနဲ့ သူ့သားကလေးက ဘယ်လိုစရိုက်လက္ခဏာတွေ ရှိပါလိမ့်။ ဟုတ်တယ်… ကလေးကို ကိုယ်တိုင် သွားတွေ့ပြီး အကဲခတ် ရမယ်။

ပြီးတော့… ဆွန်ယာ။ ဆွန်ယာက ပိုအရေးကြီးတယ်။ ဆွန်ယာနဲ့ အရင်ဆုံးသွားတွေ့ရမယ်။ သူ့ ကို သေ သေချာချာ လေ့လာ ရမယ်။ ပင်လယ်ရေအောက်က သက်ရှိမျိုးပွားတစ်ခုကို ဓာတ်ခွဲလေ့လာသလို ဆွန်ယာ့ကိုလည်း အသေးစိတ် လေ့လာကြည့်ရမယ်။ ခရစ္စလို လူတစ်ယောက်ကို ဒီလောက်အထိ ဆွဲ ဆောင်နိုင် ခဲ့တဲ့ လူသားမျိုးပွား မိန်းမတစ်ယောက်ဟာ ဘယ်လိုအမျိုးအစားများပါလိမ့်။
အတောမသတ် တွေးရင်းတွေးရင်းဖြင့် အတွေးနယ် ကျယ်၍ကျယ်၍ လာခဲ့သည်။ သူမ၏စိတ်အာရုံသည် ခရစ္စနှင့် သူမ တို့၏ မင်္ဂလာဦးညဆီသို့ ပျံသန်းသွားသည်။

သူမက ဖိုသတ္တဝါဆို ယင်ဖိုတောင် မနားဖူးသေးသော အပျိုစင်စစ်စစ်။ သို့သော် သူက လူပျိုစစ်သ လား… မစစ်ဘူးလား ဆိုတာကိုတော့ သူ မမေးမိ။ မေးကြည့်ချစ်စိတ်တော့ ဖြစ်မိခဲ့ပါ၏။ သို့သော် မေးရ မှာ ရှက်လည်း ရှက်မိသည်။ ဘာဆိုင်လို့ မေးရမှာလဲဟူသော မာနစိတ်ကလည်းဝင်နေသည်။ ပြီးတော့… သူမကိုယ်တိုင် က ဖြူစင်ရိုးအလွန်းသောကြောင့်လည်း မမေးမိခဲ့ခြင်းဖြစ်သည်။
သူ့ကို ကြည့်ရသည်မှာ ကိုရီးယားသို့ရောက်ခဲ့ဖူးသူ တစ်ယောက်ဟု လုံးဝမထင်ရ။ သူ့ကိုယ်သူကလည်း ကိုရီးယား သို့ ရောက်ခဲ့ဖူးသည်ဟု လုံးဝထင်ပုံမပေါ်။
တကယ်တော့… သူက သူမအပေါ်တွင် ဆွန်ယာထက် ပိုချစ်ကြောင်း သိသာလှသည်။ ဆွန်ယာက လည်း သူ့ အပေါ် တွင် သူမလောက် ချစ်လိမ့်မည်ဟု သူမ မထင်။ တကယ်တော့ ဆွန်ယာဆိုတာ ရိုးအ လှသော သာမန် ကိုရီးယား သူကလေး တစ်ယောက်မျှသာ…။ သူမနှင့် အဘက်ဘက်က ဘယ်လိုယှဉ် လို့ ရနိုင်ပါ့မလဲ။

"ဒါနဲ့ သူက ဘာလုပ်သလဲ" မနေ့ညက ခရစ္စအား သူမက မေးခဲ့မိသည်။
ထိုအချိန်က သူတို့လင်မယားသည် ဧည့်ခန်းတွင်ထိုင်ကာ "ကောက်တေးလ်" စပ်အရက် သောက်နေ ကြသည်။
သူ အစောကြီး အိမ်ပြန်ရောက်သည်။ ဆည်းဆာ နေရောင်သည် ပြတင်းပေါက် သံတိုင်များကို ဖြတ်ဝင် လာပြီး တစ်ခန်းလုံး ကို ရွှေရောင်ပက်ဖျန်းထားသည်။
သူမ၏မေးခွန်းကြောင့် သူ့မျက်နှာ နီရဲသွားသည်။ သူ့မျက်နှာ ယခုလို နီရဲသွားတာမျိုးကို သည်တစ်ခါ ပဲ မြင်ဖူးသေး သည်။ "မင်းက ဘာကိုဆိုလိုတာလဲ" သူက ပြန်လှန်မေးခွန်းထုတ်သည်။

"သြော်… ကျွန်မ မေးတာက ရှင်းရှင်လေးပါ။ သူ ဘာအလုပ်လုပ်သလဲ၊ ကျောင်းဆရာမလား၊ ဒါမှမ ဟုတ် သူနာပြု ဆရာမလား… လို့ မေးတာပါ"
"သြော်… အင်း… အဲဒါ မေးတာလား။ ငါ့အထင်တော့ သူ့မှာ ဘာအလုပ်မှ မည်မည်ရရ ရှိပုံမရပါဘူး။ ဒါပေမဲ့… သူ ကျောင်းပညာတော့ အထိုက်အလျောက် တတ်ခဲ့ပါတယ်။ အထူးခြားဆုံးကတော့ သူ့အသံ ပဲ။ သိပ်ပြီး အသံကောင်း တယ်။ သူ သီချင်းဆိုတယ်။ ငါ သိရသလောက်ဆိုရင် ကိုရီးယား လူမျိုးတိုင်း သီချင်း ဆိုတတ်ကြတာ ချည်းပဲ။ သူတို့ကို ဂီတာကိုချစ်တဲ့ လူမျိုးလို့တောင် ခေါ်နိုင်တယ်။ ဒါပေမဲ့… ငါက ဆွန်ယာ တစ်ယောက်နဲ့ပဲ သိကျွမ်းခဲ့ရတာပါ။ တခြား ဘယ်သူနဲ့မှ မရင်းနှီးခဲ့ပါဘူး"
သူ စကားပြောရပ်လိုက်သည်။ လော်ရာက ဘာမှပြန်မပြောဘဲ ငြိမ်၍သာထိုင်နေသည်။ တကယ်တော့ ဆွန်ယာ့ အကြောင်း ခရစ္စက ဆက်ပြောမည်ကိုပင် သူမ စိတ်ထဲက တွေးကြောက်နေမိသည်။
ထို့ကြောင့် မင်္ဂလာဦးညက အတွေ့အကြုံများကို စိတ်ကူးထဲမှ ကြိုးစား၍ မောင်းထုတ်သည်။ သို့သော် အတွေးက ထွက်မသွား။ သူမ၏စိတ်အာရုံထဲတွင် တရစ်ဝဲဝဲဖြင့် ရှိမြဲရှိနေသည်။

မင်္ဂလာအခမ်းအနားကလည်း အလွန်ပျော်စရာကောင်းသည်။ သူမ ကလေးဘဝတုန်းက နာမည်ပေး ကင်ပွန်း တပ်ခဲ့သော ပတ်ခ်အဲဗင်းနယူးလမ်းပေါ်မှ ရှေးဟောင်းဘုရားရှိခိုးကျောင်းကြီးထဲတွင် ရိုးရိုး ကလေး ပင် ပြုလုပ်ခဲ့ သည်။ သို့သော် သူမ၏မင်္ဂလာဝတ်စုံကတော့ သူမ ဘွားဘွားလက်ထက်ကတည်း က ပါရီမှ အထူးမှာယူခဲ့သော ဝတ်စုံဖြစ် သည်။ ဖဲသားတံဆိပ်ပေါ်တွင် "ဝေါ့သ်" ဖက်ရှင်တိုက်ဟူသော နာမည်မှာ ယခုတိုင် လက်ရာမပျက် ရှိနေသေး သည်။
သူမ သည် ဘွားဘွားခြုံလွှမ်းခဲ့သော ဇာသားခြုံလွှာကိုပင် ခေါင်းပေါ်တွင် ခြုံလွှမ်းထားသည်။
ထိုနေ့က သူမ အလွန်ပျော်နေသည်။ ခရစ္စကလည်း သူမလိုပင် ပျော်နေသည်။
မင်္ဂလာ အခမ်းအနားပြီးဆုံး၍ ဂီတသံများ ထွက်ပေါ်လာသောအခါ နှစ်ယောက်သား လက်ချင်းချိတ်၍ ကခုန် ပျော်မြူးကြ သည်။

အခန်းအနားမှာ တည်ငြိမ်သော အချစ်ကိုလည်း ဆောင်သည်။ တစ်ချိန်တည်းတွင် ပျော်ရွှင်ကြည်နူးမှု ကို လည်း ပေးသည်။
သူမတို့ အိမ်တွင် မင်္ဂလာဧည့်ခံပွဲ လုပ်တော့လည်း အလွန်ပျော်ရွှင်ချမ်းမြေ့ခြင်းဖြစ်ရသည်။ သူမ က ကြောင်အိမ်လှေကားထိပ်တွင် ရပ်ရင်း ဧည့်ပရိသတ်များအား နှင်းပန်းများ ဖြန့်ကြဲပေးရသည်မှာ ပျော် စရာကောင်း လှသည်။
ထို့နောက်တွင်တော့ ကြင်စဦး ဇနီးမောင်နှံတို့သည် နယူးအင်္ဂလန်နယ်သို့ ပျားရည်ဆမ်းခရီးထွက်ခဲ့ကြ သည်။ သူမ အိမ်ထောင်ပြုလျှင် နယူးအင်္ဂလန်နယ်သို့သာ ပျားရည်ဆမ်းခရီးထွက်မည်ဟု သူမ ၁၂ နှစ် သမီးကပင် ဆုံးဖြတ် ထားခဲ့သည်။ နယူးအင်္ဂလန်တွင် ဘိုးစဉ်ဘောင်ဆက်ပိုင် ရှေးဟောင်းအိမ်ကြီးရှိ သည်။ အသက်အရွယ် ကြီးရင့်ပြီဖြစ်သော ဦးလေးနှင့် အဒေါ်တို့ နေထိုင်ကြဆဲဖြစ်သည်။
ဦးလေးနှင့် အဒေါ်တို့က အလွန်သဘောကောင်းကြသည်။ တူမလေး ဇနီးမောင်နှံတို့ စိတ်ချမ်းသာ သလို နေထိုင် ရန် အစွမ်းကုန် စီစဉ်ပေးကြသည်။

သူတို့နှစ်ယောက်သည် ခြံကြီးထဲတွင် ပျော်ရွှင်စွာ လမ်းလျှောက်ရင်း ချစ်သစ္စာ နှံကြသည်။
အရာရာတိုင်းသည် နှစ်ယောက်စလုံးအတွက် အသစ်ဖြစ်နေသည်။ ပထမဆုံး အတွေ့အကြုံဖြစ်နေ သည်။ သူမက သည်လိုပဲ ထင်ခဲ့သည်။  သူကလည်း သူမ၏အချစ်ဦး။ သူမကလည်း သူ၏အချစ်ဦး၊ သူကလည်း သူမအတွက် သည်တစ်မိုး အောက် သည်တစ်ယောက်သာ။ သူမကလည်း သူ့အတွက် သည်တစ်မိုးအောက် သည်တစ်ယောက် သာ။ သို့သော် ယခုတော့မူ… သူမသည် သူ့အတွက် သည်တစ်မိုးအောက် သည်တစ်ယောက် တည်း မဟုတ် တော့…။ ဤသည်ပင်လျှင် ပြဿနာ…။

သို့ပေမဲ့… သူမက ပြဿနာကို ဆင့်ပွားအောင် မလုပ်ချင်တော့။ တကယ်ဆိုတော့… သူမအား သူ ပြော ပြခဲ့သမျှသည် အမှန်တွေပင် ဖြစ်ပါလိမ့်မည်။
မနေ့ည က သူတို့နှစ်ယောက် လူချင်းနီးသော်လည်း စိတ်ဓာတ်ချင်း ဂဟေပြုတ်နေချိန်တွင် သူမက အရဲစွန့် ၍ ပြောခဲ့သည်။ “မောင်… ဘာကြောင့်မှန်းမသိဘူး။ ကျွန်မ တစ်ကိုယ်လုံး အေးစက်နေသလိုပဲ ခံစားရတယ်။ တစ်ကိုယ် လုံး တုန်တက်လာတော့ မတတ်ပဲ” “ဒါဆို ငါဖက်ထားမယ်လေ”
သူမက ဖက်ခွင့်ပြုလိုက်သည်။ ခဏအကြာတွင် သူက ဖက်ထားသော လက်ကို ရုတ်တရက် ပြန်ခွာ လိုက်ပြီးနောက်.. “ဒါနဲ့… မင်းစိတ်ပြောင်းသွားပြီလား... ဟင်” သူက ဆိုင်းမဆင့် ဗုံမဆင့် ကောက်ကာ ငင်ကာ မေးသည်။

“ဟင့်အင်း... ကျွန်မ စိတ်မပြောင်းပါဘူး။ ကျွန်မ နေမကောင်းချင်သလို ခံစားရလို့ပါ။ အားနည်းသွားသ လိုပဲ။ ဘာကိုမှလည်း သိပ်ပြီး အရေးမထားချင်တော့သလိုပဲ။ တော်တော်ဆန်းနေတယ်။ ဒါပေမဲ့ မကြာပါဘူး။ ခဏနေ ပျောက်သွားမှာပါ။ ရုတ်တရက် လန့်သွားသလိုဖြစ်သွားလို့ပါ”
သူမက ရယ်ပြီး ဆက်ပြောသည်။ “အဖြစ်ကတော့... ပင်လယ်ရေအောက်က ရုတ်တရက် ပြန်တက်လာတဲ့ အခါ ခြေကုန်လက်ပန်းကျပြီး အသက်မရှူနိုင်အောင် ဖြစ်သွားသလိုပဲ..”
“ငါစိတ်မကောင်းပါဘူး... လောရာ”
သူ့အသံက တိုပြီး တုန်နေသည်။
နောက်ပိုင်း သူမတစ်ယောက်လည်း ရှိသောအခါ ပြန်ပြီး တွေးကြည့်သည်။ ယခုလည်း ပြန်တွေးကြည့်မိ သည်။

သူမ တကယ် စိတ်ပြောင်းသွားတာလား။
အမှန်ကတော့ အရာရာတိုင်း ပြောင်းလဲသွားခဲ့သည်သာ ဖြစ်သည်။
ခရစ္စဟာ ငါမျှော်လင့်ထားတဲ့အတိုင်း ပြောင်းလဲသွားခဲ့ရင် အရာရာတိုင်းလည်း ပြောင်းလဲသွားပြီပေါ့။ တကယ်တော့ ငါဟာ ငါမသိတဲ့ ကမ္ဘာသစ်တစ်ခုထဲ ရောက်နေပါရောလား။
အတိတ်မှ အရိပ်များသည် သူမ၏ စ်တ်အာရုံပိတ်ကားပေါ်တွင် တစ်ပိုင်းစီ တစ်စီဖြတ်သန်း လွင့်မျော သွားကြသည်။ မိခင်ကြီး ပြောခဲ့သော် စကားတစ်ခွန်းကို ကြားယောင်လာသည်။ သူမ မင်္ဂလာမဆောင်မီ တစ်ညတုန်း က ပြောခဲ့သော စကား…။ “သမီး… မေမေကတော့ သမီးဟာ ခရစ္စပေါ်မှာ အချစ်ကြီးလွန်းတယ်လို့ ထင်မိ တယ်” သူမက မိခင်မျက်နှာကို မျက်လုံးပြူး မျက်ဆံပြူးနှင့် ကြည့်လိုက်သည်။

“ဘယ်နှယ်ပြောပါလိမ့် မေမေ။ သမီးရဲ့ လင်ယောက်ျားဖြစ်မယ့်လူကို သမီးက အချစ်ကြီးတာ သဘာဝ မကျဘူးလို့ မေမေက ဆိုလိုတာလားဟင်” “မေမေက သမီးအတွက် ပြောတာပါ သမီး” “ဒါပေမဲ့ သူ့ကို သမီးချစ်နိုင်သမျှ ချစ်ရတာ သမီးစိတ်ချမ်းသာပါတယ် မေမေ” “အဲဒါ အန္တရာယ်ပဲပေါ့ သမီး”
မိခင်ကြီး က သက်မ တစ်ချက်ချလိုက်သည်။ ပြီးတော့မှ... “ဒီအတွက်ကြောင့် တစ်နေ့မှာ သမီး အသည်းကွဲရလိမ့်မယ် သမီး” ယခုတော့ မိခင်ကြီး၏ စကားကို သူမနားလည်ခဲ့ပါပြီ။ သဘောပေါက်ခဲ့ပါပြီ။

သူမသည် လင်တော်မောင်အား တစ်သမတ်တည်းသော စိတ်ဖြင့် ချစ်ခဲ့သည်။ အသည်းနှလုံး တစ်ခု တည်းဖြင့် ချစ်ခဲ့သည်။ သူမ၏ ဘဝ၊ သူမ၏ အလုပ်။ သူမ၏ သတ္တိကို ချစ်သလို လင်တော်မောင်ကို လည်း အလားတူ ချစ်မြတ်နိုးခဲ့သည်။ သူတို့လင်မယားသည် သာမန် သူလိုငါလို လင်မယား မဟုတ်ကြ။ တစ်ယောက်အပေါ် တစ်ယောက် ချစ်သလို မိမိတို့၏ အလုပ်ကိုလည်း အလွန်ချစ်သော လင်မယားဖြစ်သည်။
သူမတွင် သားသမီး မထွန်းကားသောကြောင့် သူမ၏ အတွေးနှင့် အချိန်အားလုံးကို လင်တော်မောင် နှင့် အလုပ်တွင်သာ မြှပ်နှံထားခဲ့သည်။ တခြား မိန်းမတွေက အားအားရှိလျှင် သားသမီးအကြောင်း။ အိမ်မှုကိစ္စ အကြောင်း။ လင်ယောက်ျား အကြောင်းကိုသာ ပြောလေ့ရှိကြသည်။ သူမက သူတို့နှင့်မတူ။ သူမကိုယ် သူမ သူတို့ထက် ကြီးကျယ်သူ တစ်ယောက် ဟု သဘောထားခဲ့သည်။

ယခုတော့ သူမ မာနချပါပြီ။ သူမတွင် သားသမီးမရှိ။ အကယ်၍ သားသမီးရှိခဲ့လျှင် သူမအတွက်ရော လင်တော်မောင် အတွက်ရော ပိုကောင်းလိမ့်မည်ဟု တွေးမိသည်။
သူတို့ဇနီးမောင်နှံ တွင် အနည်းဆုံး ကလေးတစ်ယောက်သာရှိခဲ့လျှင် သူမ၏အချစ်ကို ခရစ္စအား မျှဝေ ပေးနိုင် လိမ့်မည်။ ခရစ္စအနေဖြင့် ယခုအချိန်တွင် တစ်ယောက်တည်း အိမ်တွင် အောင်းကာ အထီးကျန် ဖြစ်နေစရာမရှိ။ ကလေးနှင့် ကစားရင်း ပျော်ရွှင်ချမ်းမြေ့နေမည်မှာ မလွဲ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>