Wednesday, March 31, 2010

ကျနော် သိသော လူအမျိုးမျိုး အပိုင်း (၅)

ဒီနေ့ မတ်လ (၃၁) ရက်၊ ချစ်ညီမ နှစ်တိုင်း ရိပ်သာဝင်တဲ့ နေ့ပါ..၊ မေလ (၁) ရက် မနက်ပိုင်း မှ သွားကြို ရပါတယ်၊ တလ တိတိကြာပါတယ်..၊ ချစ်ညီမ က မိုးထိအောင်စည် တရားရိပ်သာ မှာ ရိပ်သာ ဝင်တာ (၅) နှစ်လောက် ရှိပါပြီ..၊ အရင်နှစ် တွေက တော့ မိုးကုပ် မှာပါ..၊ အခုတော့ မဟာစည် ကျင့်စဉ် နဲ့ အဆင်ပြေနေတယ် ထင်ပါတယ်..၊ ကျနော် ကတော့ ဆရာတော်ကြီး ကို နောက်နှစ်....နောက်နှစ် နဲ့ ပြောထား ခဲ့တာဆိုတော့.. ဒီနှစ်တောင် ချစ်ညီမ ကို လိုက်ပို့ ရင်း နဲ့ ဆရာတော်ကြီး နဲ့ ဆရာလေး များကို ဘာဆင်ခြေ တွေများပေးရမယ် မသိဘူး..စိတ်များညစ်ပါရဲ့..။

အခု ချစ်ညီမ ဒီနေ့ ရိပ်သာဝင် မှာဖြစ်တဲ့ အတွက် ဆိုင်က သား၊ သမီး များ တပည့်များက ကန်တော့ ကြတဲ့ မုန့် များကို ကျနော် က သင်္ကြန်တွင်း ရိက္ခာ အဖြစ် သိမ်းပိုက်ပြီး ချစ်သော ဘလော့ဂါ မောင်နှမ များလည်း အခါကြီးရက်ကြီး မှာ ကန်တော့ ရမဲ့ မိဘ ဆွေမျိုးများ ဆရာသမားများကို သတိရ ကြဘို့ ရယ် ကိုယ် နဲ့ သင့်တော်ရာ ရိက္ခာ များကို စုဆောင်းထားဘို့ရယ်.. နိဗ္ဗ္ဗာန် ရောက်ကြောင်း ကျင့်စဉ် လေးတွေလည်း ကျင့်နိုင်ကြဘို့ သတိမေ့နေ မှာစိုးလို့.. နိဗ္ဗာန်ဆော် လုပ်ရင်း နဲ့ ချစ်ညီမ (seeseinshin@gmail.com) က ဒီတလ မှာ သူ ဘလောဂ် မလည် နိုင်တော့တဲ့ အကြောင်း ခွင့်ပန် အသိပေး ဘို့ အတွက် ဒီပို့စ်လေးကို ရေးလိုက်ပါတယ်ခင်ဗျာ...။

(အပေါ်က ရေခွက်ကလေး က သောက်ရေအိုး အစား ရေကန်တော့ တဲ့ ရိုးရာလေးပါ)

အားလုံးကျန်းမာ ချမ်းသာကြပါစေ...။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
နိဗ္ဗာန်ဆော်လုပ်သော အမကြီးကိုယ်တိုင် နိဗ္ဗာန်ရောက်တရားတော်များ ကျင့်နိုင်ပါစေ။ ဘလော့ဂါမောင်နှမများ အားလုံး ဘလော့ဂီးရင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။

စာကောင်း ပေကောင်းများရေးပေးကြသော ဘလော့ဂါများအားလုံးကို ကျေးဇူးတင်လျှက်

တလကြာပြီးမှ ပြန်လည်ဆုံတွေ့ကြပါမယ်........

အားလုံးကို ကျေးဇူးတင်..လေးစားစွာဖြင့်
seeseinshin
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၅)

စားစရာကိုမြင်သောအခါ ခလေးများသည် လှုပ်ရှားလည်ဆန့်၍ လာကြလေ၏၊ အဘိုးကြီး၏ မျက်လုံး များသည်လည်း ၀င်းဝင်းတောက် ၍ လာလေ၏၊ သို့သော် ၀မ်လန်းသည် ခလေးများကို ဖယ်ပစ်လျက် ပဲစေ့များကို ဇနီးသယ်၏ အိမ်ရာထဲသို့ယူသွားပြီး ဇနီးသယ် အားကျွေးလေ၏၊ အစာမရှိလျှင် မီးဖွားရခြင်း ကိစ္စ၌ အားပြတ်လျက် သေဘွယ်ရာသာ ရှိသောကြောင့် အိုလင်မှာ မစားချင်စားချင်နှင့်ပင် ပဲစေ့ကလေး များကို တစေ့စီယူ၍ စားလေ၏။

ဝမ်လန်းသည်ပဲစေ့  အနည်းငယ်ခန့်ကို လက်ထဲတွင်ဝှက်ထားလျက် သူ့ပါးစပ်ထဲသို့ သွင်းလိုက်ပြီး ၀ါးကာ သမီးငယ်ကလေး၏ နှုတ်ခမ်းကို သူ့နှုတ်ခမ်းနှင့် တေ့လျက် ၀ါးဖတ်ကို ကြွေးလေ၏၊သမီးငယ် ကလေး မြုံ နေသည်ကို မြင်ရသောအခါ သူကိုယ်တိုင်ပင် အလိုလိုဝ၍ သွားလေ၏။

ထိုည၌ ၀မ်လန်းသည် အခန်းထဲ၌ ထိုင်၍ နေလေ၏ သား၂-ယောက်ကား အဘိုးအေဖြစ်သူ၏ အိပ်ရာ ထဲတွင် ရှိကြလေ၏ တတိယ အခန်းထဲတွင် အိုလင်သည် တယောက်ထည်း မီးဖွားလျက် ရှိလေသည်။
ဝမ်လန်းသည် သားဦးကလေး မွေးစဉ်တုံးကလို အသံကိုသာနားစွင့်ရင်း ထိုင်စောင့်နေလေ၏၊ ယောကျာ်း ကလေး ဖြစ်ဖြစ် ယခုကမူသူ့အတွက် ဘာမျှမထူးတော့ မွေးလာမည့် ခလေးမှာကျွေးရမည့် ပါးစပ်ပေါက်တခု တိုးလာခြင်းသာ ဖြစ်ဘိ၏။

''အင်း- အသေကလေးများသာ မွေးလာရင် ဘယ်လောက်သနားစရာ ကောင်းလိုက်မလဲ'' ဟုတွေးခိုက် ဖြောင့်တော့သော ခလေးငိုသံကလေးတခုကို သဲ့သဲ့မျှ ကြားလိုက်ရလေ၏၊ ငိုသံမှာ ဆိတ်ငြိမ်ခြင်းကို ထွင်းဖေါက် သွားလေ၏''ဒါပေမဲ့ ဒီလိုအခါမျိုးတော့ သနားမနေနိုင်တော့ ပါဘူးလေ'' ဟုအတွေးကို ခါးခါး သီးသီး အဆုံးသတ်လိုက်ပြီး ဆက်၍ နားထောင်နေလေ၏။

ငိုသံမှာ နောက်ထပ်၍ မပေါ်လာ ဆိတ်ငြိမ်ခြင်း သည်သာ ထုထည်ကြီးမား၍ လာလေ၏ ဆိတ်ငြိမ်ခြင်းမှာ ယခုမှ မဟုတ် နေ့ပေါင်းများစွာကပင် အိမ်တို်င်းအိမ်တိုင်း၌ လွှမ်းမိုးလျက်ရှိ၏ လူများမှာ ထိုဆိတ်ငြိမ်ခြင်း၏ အောက်တွင် သေမင်း၏ဆွဲယူချိန်ကို စောင့်၍သာ နေခဲ့ကြရလေသည်၊ ၀မ်လန်းကား ယခု ဆိတ်ငြိမ်ခြင်း အတွက် ရပ်တည်ရာ မရအောင်ဖြစ်လာလျက် ကြေင့်လန့်၍ လာလေ၏ ထိုင်ရမှာထပြီး အခန်းသို့ လျှောက် သွားကာ တံခါးကြားမှ '' မင်းဘာမှ မဖြစ်ဘူးမဟုတ်လားဟေ့''  ဟုမေးကာနားထောင်နေလေ၏။

မိမိထိုင် ၍ နေတုံးက သေများပင် သေသွားလေသလောဟု စိတ်ချောက်ချားသွားလေ၏၊ သို့သော် အတွင်းမှ ဖြည်းညှင်းစွာ လှုပ်ရှားနေသံကို ကြားရလေ၏၊ အိုလင်ကား ဟိုမှာဒီမှ ရွေ့လျားသွားလာ နေလျက် အတော်ကြာ မှ ဟင်းကနဲ သက်ပြင်းကြီးချလိုက်ကာ ''၀င်ခဲ့တော့'' ဟုခေါ်လေ၏။
သို့ဖြင့် ၀မ်လန်းသည် အခန်းထဲသို့ ၀င်ခဲ့ရာ အိမ်ရာပေါ်တွင် တယောက်တည်း ပက်လက်ရှိသော အိုလင် အား တွေ့ရလေ၏။
''ခလေးကော ဘယ်မလဲ...''

အိုလင်က ညွန်ပြ၍ကြည့်လိုက်ရာ ကြမ်းပြင်ပေါ်၌ မွေးကာစ ခလေးကလေး ကို တွေ့ရသဖြင့်။
''ဟင်- အသေလေးလား'' ဟု အံ့အားကြီးသင့်လျက် မေးလိုက်လျှင် ''အသေလေး'' ဟုအိုလင်က တိုးတိုးပြန်၍ ဖြေဆိုလေ၏။
ငုံ့၍ ခလေးကိုကြည့်သေအခါ အရိုးနှင့်အရေကလေး တွဲရုံမျှ တွဲနေသော မိန်းမလေးကိုတွေ့ရလေ၏၊ '' အစက ငါငိုသံကြားလိုက်ရပါသေးတယ်'' ဟုပြောလိုက်မိတော့မည်အပြု ဇနီးသယ်၏မျက်နှာကို မြင်ရလေ ရာ၊ မေးမည့်စကားများပင် မမေးရက်အောင် ဖြစ်သွားလေ၏၊ အိုလင်၏ မျာက်လုံးများကား မှိတ်လျက်ရှိ၏၊ အသားရောင် မှာ သွေးဆုတ်လျက် ဖြူပတ်ဖြူလျော်ဖြစ်စေပြီး အရိုးတို့သည် သနားစဖွယ် မျက်နှာ ကလေး ကို မြင်နေရလေ၏၊ မိမိမှာ ကုန်လွန်ခဲ့သော လပေါင်းများစွာတွင် မိမိ တကိုယ်တည်း အတွက်သာ ငတ်လှ သော ရေကြောင်းတွင် ရေဆန်လေဆန် တိုက်ခဲ့ရ၏၊ ဇနီးသယ်ကား အငတ်ပင်လယ်တွင် ၀မ်းထဲက အငတ် ရင်သွေး ကလေးနှင့် အတူ ပင်ပန်းမောဟိုက် စွာဖြင့် လက်ပစ်ကူးခဲ့ရရှာပေတကား။

ဘာမျှ မပြော ခလေးအလောင်းကလေးကို ကောက်ယူလျက် အပြင်ခန်းသို့ ထုတ်ခဲ့ပြီး၊ ဖျားစုတ်ကလေး တခုကို ရှာကာ အလောင်းကိုဖျာနှင့်လိပ်လေ၏ သို့လိပ်ရာတွင် ၀ိုင်းစက်သော ခေါင်းကလေးမှာ ဖျာလိပ် ထဲမှ တွဲလောင်းကျလျက် ဟိုဘက်ရမ်းဒီဘက်ရမ်းနှင့် တရမ်းရမ်း တခါခါဖြစ်နေလေရာ ကြည့်လိုက်သော အခါ လည်ဂုတ်၌ ညိုမဲသွေးစို့နေသော ဒဏ်ရာ ၂-ချက်ကိုတွေ့လိုက်ရလေ၏။
သို့သော် အလောင်းကို ဆက်လက်၍ ဖျာနှင့်လိပ်ပြီး အိမ်မှဝေးနိုင်သမျှ ဝေးဝေး ယူသွားလျက် အနောက် ဘက် လယ်ကွင်းထောင့်ဘေးတွင် လူသေမြှုပ်နှံ့ပြီးသား အုဌ်ဂူလွတ်ကလေးတခု၏ နံဘေးတွင် တူးမြှုပ် နေလေ၏၊ သို့မြှုပ်နေခိုက် ငတ်မွတ်နေသောခွေးတကောင်မှာ ၀မ်လန်း၏နောက်မှ ထပ်ချပ် လိုက်လာ လျက် အမြီးတနှံ့နှံ့နှင့် ငန်းငန်းတက်စားမည်ဖြစ်နေလေရာ ၀မ်လန်းသည် ခဲကလေး တလုံးနှင့် ကောက်၍ ပေါက်လိုက် မိလေ၏။

ဘယ်နှစ်ရက် ဘယ်နှစ်လက ငတ်မွတ်နေခဲ့သည်မသိ ခွေးပိန်ညှော်မှာ နံဘေးကိုခဲမှန်လျက် အနည်းငယ် သာ ပြေးနိုင်ပြီးလဲကျ ဘ၀တုံးလေ၏။
မြှုပ်နှံ၍ ပြီးသောအခါ၌ကား ၀မ်လန်း၏ ခြေထောက်များမှာ မြေကြီးထဲသို့နစ်၍ ခွေဝင်သွားဘိသကဲ့သို့ ထင်မှတ် ရလေ၏၊ ၄င်းသည်မျက်နှာကို  လက်ဝါးနှင့်အုပ်ကာ ပြန်ခဲ့ရာမှ '' ဒီလိုဖြစ်တာဘဲကောင်းတယ်'' ဟုအရူး လိုပြောရင်း တသက်တွင်ပဋ္ဌမဆုံးအကြိမ် ၀မ်းနည်းစိတ်ငယ်ခြင်း ဖြစ်မိလေတော့သတည်း။

နောက်တနေ့ နံနက်ပြောင်းလဲခြင်းမရှိသော ကောင်းကင်ပြာ လဟာပြင်တွင် နေ၀န်းထွက်ပြူလာသော အခါ ၀မ်လန်း၏ စိတ်ထဲ တွင် မစွမ်းမသန်သော အဘေအိုကြီးနှင့် ချိနဲ့သောဇနီးသားသမီးနှင့် အိမ်မှထွက် ခွါကြ ရမည့် အရေးကို အိမ်မက်ပမာ ထင်နေလေ၏၊ ခရီးအားဖြင့် မိုင်ပေါင်းတရာကျော်ကို ဤလူစုသည် မည်ပုံ လှမ်းနိုင်ကြပါမည်နည်း၊ ထိုပြင်အောက်အရပ်ဒေသသို့ ရောက်ခဲ့ကြပြန်သော် အစာရေစာနှင့် တွေ့လိမ့် မည်ဟုလည်း၊ မည်သူက အတတ်ပြောနိုင်ကြပါမည်နည်း၊ အချို့ကလောကမှာ ကျယ်ပြန့်လှ ဘိဟု ပြောကြ ပေလိမ့်မည် သို့ပြောကြသူများမှာ မသေခင်အထိ ဇွဲကုပ်လျက် ရေကြည်ရာ မြက်နုရာရှာ ကြသည့်တိုင် ကိုယ့်ဒေသ ကိုယ့်ရပ်ဋ္ဌာန်တွင် သေကြရသည် ကသာကောင်းသေး၏၊ ဤသို့တွေးလျက် ၀မ်လန်းသည် စိတ်အားပျက်စွာနှင့် တံခါးဝတွင်ထိုင်ကာ စားကောင်းရာမှန်သမျှ ရိပ်ပြီးခူးပြီး နုတ်ပြီး ဖြစ်သည့် မြေကြီးလိုက် ကျန်တော့သောလယ်ကွက်တွေကို ငေးမော၍ ကြည့်နေလေ၏။

လယ်ထဲ တွင် ငွေလည်းမရှိတော့ ပိုက်ဆံပြတ်ခဲ့သည်မှာ အတော်ကြာခြဲ့ပီဖြစ်၏၊ ပိုက်ဆံပင်ရှိစေဦး ၀ယ်စားစရာ ဘာမျှမရှိတော့၍ အကြောင်းထူးမည် မဟုတ်ပေ၊ မြို့ပေါ်ရှိ လူချမ်းသာများမှာ စားနပ်ရိက္ခာ သိုလှောင် ထားလျက်၊ လူချမ်းသာချင်းကို ထုတ်၍ရောင်းကြသည်ဟု ကြားဘူး၏၊ မိမိအား ထိုသူများက အဘိုး အခ မယူဘဲ မေတ္တာဖြင့် ကျွေးမွေးမည်ဆိုသည့်တိုင် ယခုအချိန်မျိုးတွင် မြို့ပေါ်သို့ သွားရန် အားမရှိတော့ပေ အမှန်လည်းစားချင်စိတ် မရှိတော့ပေ။

ပဌမ အစ၌ ဆာလောင်မွတ်သိပ်လှခြင်းဖြင့် ၀မ်းထဲ၌ ထကြွသောင်းကျန်းခြင်း ရှိခဲ့သော်လည်း ယခုအခါ ကျင့်သား ရခဲ့ပြီ ဖြစ်၏။ ခလေးများအဘို့သာ တခုသော လယ်ကွက်ထဲမှ မြေကြီးအချို့ကို တူးဖေါ်၍ ချက်ပြီး ကျွေးသော် လည်း ကိုယ်တိုင်ကား စားချင်စိတ်လုံးဝ မရှိပေ။ ထို မြေကြီးကို ရေဖြင့် ရောချက် စားသောက် လာခဲ့ရသည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်၏။ အဟာရဓာတ် အနည်း ငယ်ပါရှိသော မြေကြီးတစ်မျိုး ဖြစ်သောကြောင့် "နတ်သမီးဂရုဏာမြေ"ဟု ခေါ်ဝေါ်ကြ၏။

ရေရှည် အားဖြင့် အသက်တချောင်း တည်တန့်ခိုင်မြဲနိုင်လောက်အောင် စွမ်းအားပဂါ မရှိငြားလည်း အရေ ကြိုလျက် ယက်မန်းရည် လုပ်ခါ ခလေးများကို တိုက်လိုက်လျှင် ခေတ္တခဏအားဖြင့် ဆာလောင်ခြင်း ကို ဖြေလျက် ဘာမျှမရှိသော ၀မ်းပိုက် ကလေးများကို ပြည့်တင်းသွားစေလေ၏။ မနေ့က "ချင်း" ထံ မှရခဲ့သော ပဲနီစေ့ ကလေးများကို မူကား ၀မ်လန်းသည် လက်ဖျားနှင့်မျှ မတို့ဘဲ အိုလင်အား ပေး ထားလေရာ လက်ထဲ တွင် ဆုပ်ပြီး တစေ့နှင့်တစေ့အကြား အချိန်အတန်ကြာပင် ခြားလျက် ၀ါးနေ သံကို ကြားရသောအခါ အလိုလို ပင် အားရ၍ နေလေ၏။

သို့ဖြင့် အိမ်ပေါက်ဝ ထိုင်မြဲထိုင်လျက် ကြံရေးစည်ဘွယ်ဟူသမျှ စိတ်ပျက် အားလျှော့လိုက်ကာ သေရ တော့မည် အရေးကိုသာ တစိမ့်စိမ့် တွေးနေခိုက် လယ်ကွင်းများကို ဖြတ်လျက် မိမိထံ လျှောက်လာနေသော လူတစု ကို တွေ့ရလေ၏။ ထိုလူတစု တဖြည်းဖြည်း နီးလာလျက် ၀မ်လန်း လည်း ထိုင်မြဲထိုင်လျက် လှမ်းကြည့် လေရာ တဦးမှာ ဦးလေးတော်ဖြစ်လျက် ကျန်၃-ဦးမှာ လူစိမ်း များ ဖြစ်ကြောင်း တွေ့ရလေ၏။

"မင့်မတွေ့ရတာ အတော်ကြာပဟေ့"ဟု ဦးလေးဖြစ်သူသည် ရွှင်ပြကျယ်လောင်သော အသံဖြင့် ပြောကာ ဆက်လက် လျှောက်လာလျက်" ဘယ်လိုစားသောက်နေသလဲဟေ့ ငါ့နောင်တော် မင့်- အဘေကော မာရဲ့လား"ဟု မေးလေ၏။
ဝမ်လန်းက မော်ကြည့်လေ၏။ ဦးလေးဖြစ်သူမှာ ပိန်၍ နေသည် မှန်သော်လည်း ငတ်ပြတ်နေပုံမရ ပေ၊ ၀မ်လန်း မှာ ကြည့်ရင်းကြည့်ရင်း ဦးလေးဖြစ်သူအား ရှိသမျှအားကလေးဖြင့် တဆတ်ဆတ်တုံ လာလျက် သတ်ချင် ဖြတ်ချင်စိတ် ပေါ်လာလေ၏။

"ခင်ဗျား ကော ဘာစားနေသလဲ ခင်ဗျားကော" ဟု ပြန်မေးလိုက်မိလေ၏။ သို့မေးရာတွင် အနီး၌ ရှိ ကြသော တစိမ်းများအား ဂရုမထားမိ သူ့မျက်စိထဲတွင် အသားအရေ မချောက်ခန်းသေးသော ဦးလေး ဖြစ်သူ ကိုသာ မြင်နေလေ၏။ ၎င်း၏ ဦးလေးသည် မျက်လုံးများကို ပြူးလျက် လက်နှစ်ဘက် ကို ကောင်းကင် သို့ မြှောက်လိုက်ပြီး။
"ဘာစား နေသလဲ ဟုတ်လား မင်းငါ့အိမ်ကို လာကြည့်စေချင်တယ်၊ စာတကောင် ကောက်စားဘို့ ထမင်းစေ့ တလုံး မရှိဘူး ငါ့မယားကော အစက ဘယ့်လောက် ၀တယ်ဆိုတာ မင်းသိမှာပေါ့ ဘယ့်လောက် အဆီရစ်ပြီး ၀ခဲ့သလဲ အခုတော့ ၀ါးလုံး တိုင်ပေါ် အ၀တ်ချိတ်ထားသလိုလဲ ဘာမှ မရှိတော့ဘူး၊ အရိုးချည့်ရှိတော့တယ် ခလေးတွေ မေးအုံးမလား အားလုံးလေးယောက်ထဲ ကျန် တော့တယ် အငယ်သုံးယောက်တော့ သေကုန်ပြီ မရှိ တော့ဘူး ငါ့ကော ကြည့်စမ်းပါအုံး မင်းမြင်တဲ့ အတိုင်းဘဲ။"

ထို့နောက် အင်္ကျီလက်ဖြင့် မျက်လုံးများကို ပွတ်လေ၏။
"ခင်ဗျား အစာစားနေရတာဘဲ"ဟု ၀မ်လန်းက ထပ်ပြောလေ၏။
"ငါတခြား ဘာမှ မတွေးမိဘူး မင်းနဲ့ မင်းအဖေ ငါ့အစ်ကိုအကြောင်းဘဲ" ဟု ဦးလေး ဖြစ်သူက သွက်လက်စွာ ပြန်ပြောလျက်။
"ကဲ ……. အခု ငါ့သဘော ဘယ်လိုဆိုတာ မင်းသိရမှာဘဲ ငါမြို့က ဟောဒီ ဆရာများဆီမှာ ဒီရွာတ၀ိုက်က လယ်တွေ ၀ယ်တဲ့ ကိစ္စမယ် ကူညီစွမ်းဆောင်ပေးပါမယ် ဆိုပြီး စားဘို့ သောက်ဘို့ နဲနဲပါးပါး ရသကွ ဒီဆရာ တွေဟာ မင့်လယ်တွေကို ၀ယ်မလို့လာတဲ့ လူတွေဘဲ မင့်ကို ငွေပေးရအောင် လာတာဘဲ"။

သို့ပြောပြီးနောက် ဦးလေးဖြစ်သူသည် နောက်သို့ ဆုပ်လိုက်ကာ ညစ်ထေးသော အ၀တ်အစားများ ဖြင့် လက်ပိုက် ကာ ရပ်နေလေ၏။
ဝမ်လန်းသည် မလှုပ်မရှားတော့ပေ။ မတ်ရပ်လည်းမထ လာသောသူများ မည်သူမည်ဝါတွေမှန်း လည်း မသိပေ၊ ခေါင်းကို မော်၍ ကြည့်လိုက်သောအခါ လူစိမ်း ၃-ယောက်မျာ ပိုင်းအင်္ကျီရှည်ကြီး များ ၀တ်လျက် တကယ်ပင် မြို့ကလူများဖြစ်ကြောင်း သိရလေ၏။

သူတို့၏ လက်များမှာ နူးညံ့ပျော့ ပြောင်းလှလျက် လက်သည်းများကို မဖြတ်မတောက်ဘဲ အလှ ထားကြ လေ၏။
ထိုခဏ၌ ၀မ်လန်းမှာ ထိုသူများအား ကြီးစွာ မုန်းတီးစက်ဆုပ်၍ သွားလေ၏။ "ဒီလူတွေဟာ စားနိုင် သောက်နိုင် တဲ့ သူဋ္ဌေး လူရည်တတ်တွေပါကလား ငါ့ခလေးတွေကတော့ အခုငတ်နေကြပြီ မြေကြီး တောင်စား နေကြရပြီ ဒင်းတို့တတွေဟာ မီးစာကုန် ဆီခန်းဖြစ်နေတဲ့ ငါ့ဆီက လယ်တွေကို အချောင်နိုက် ရအောင် လာတာဘဲဟု တွေးကာ ချိုင့်ဝင်နေသော မျက်လုံးကြီးများဖြင့် ယူကြုံးမရ ကြီး မော်ကြည့်လျက် "ကျုပ်လယ် တွေ မရောင်းဘူး"ဟု ပြောလိုက်လေ၏။

ထိုအခါ ဦးလေးဖြစ်သူက ရှေ့တိုးလာလေ၏ ၀မ်လန်း၏ သားကလေး ၂-ယောက်သည်လည်း အိမ်ပေါက်ဝ သို့ လေးဘက်တွား၍ ထွက်လာကြလေ၏။ ခလေးများမှာ မတ်တတ်ပြေးနိုင်ကြပြီးမှ ယခုအခါ အားပြတ်ကာ လေးဘက်တွား ဘ၀သို့ ပြန်ရောက်နေကြလေ၏။
"ဒါမင့်သားကလေးလား ငါတခါတုံးက ပိုက်ဆံတပြားပေးခဲ့ဘူးတဲ့ ၀တုပ်တုပ်ကလေးဟာလေ" ဟု ဦးလေး ဖြစ်သူက မေးလေ၏။
ထိုနောက် အားလုံးက ခလေးကို ၀ိုင်း၍ ကြည့်ကြလေ၏။ ထိုအခါ မျက်ရည်မကျခဲ့ဘူးသော ၀မ်လန်းမှာ ရင်ထဲတွင် ဆို့လျက် မျက်ရည်ပေါက်ကြီးများ တပေါက်ပြီးတပေါက် ပါးပေါ်တွင် လိမ့်၍ ဆင်းလာလေ၏။

မိမိတို့ လင်မယား ၂-ယောက် အတွက်ကား ကိုယ့်တွင်း ကိုယ်တူး ၍ ၀င်အိပ်လိုက်ကာ သေနိုင်ကြ၏။ သို့သော် ဤလူမမယ် ခလေးများနှင့် အဘေအိုကြီးအတွက်က ရှိသေး၏။ ဤသို့ တွေးကာ …..
"ခင်ဗျားတို့ ဘယ်လောက်ပေးမှာလဲ"
ထိုအခါ လူ ၃-ယောက်အနက် မျက်စိတဘက်လပ်နှင့် လူက "ကိုယ့်လူ ဟောဒီထမင်းမစားရတဲ့ မင့်သား ကလေး ကို သနားလို့ ဒီအချိန်ဒီအခါမျိုးမှာ မင်းဘယ်တော့မှ မရနိုင်တဲ့အဘိုးကို ဒို့ပေးမယ် ဒို့ (စကားကို ရပ်လိုက်ပြီးနောက် တင်စီးလှစွာသော  အသံဖြင့်) တဧကကို ပဲနီ ၁၀၀ပေးမယ်"ဟု ပြောဆိုလေ၏။ ၀မ်လန်း က ပြင်းထန်စွာ ရယ်လိုက်ပြီး ……….
"ဗျာ-ဒီလိုဆိုရင် ကျုပ်လယ်ကို အလကားယူသလို ဖြစ်နေတာပေါ့ ကျုပ်ဝယ်တုံးက ဒါထက် အဆ ၂၀-ပို ပေးပြီး ၀ယ်ခဲ့ရတာဗျာ"

"ဒါပေမဲ့ အငတ်ငတ်အမွတ်မွတ် ဖြစ်နေတဲ့ လူတွေဆီက ၀ယ်တော့ ဘယ်ဒီအဘိုးမျိုး ပေးနိုင်တော့ မလဲ မောင်"ဟု လူတယောက်က ပြန်ပြောလေ၏။ ထိုသူကား ကိုယ်လုံးကိုယ်ပေါက် သေးသွေး သွယ်သွယ နှာခေါင်း ချွန်ချွန်နှင့်ဖြစ်လျက် အသံမှာ လူနှင့်မလိုက်အောင် ကျယ်လောင် မာကျောခြင်း ရှိလှ၏။

ဝမ်လန်းသည် ထိုလူများကို ကြည့်ရင်း အဘေအိုကြီးနှင့် ကလေးများအတွက် အနစ်နာ အဆုံးရှုံးခံ ၍ လယ်များကို ရောင်းလိုက်တော့မည်ဟု စိတ်ကူးမိသမျှ လွင့်စင်ပျောက်ကွယ်ကုန်လျက် တသက် တွင် တခါဘူး မျှ မဖြစ်ဘူးသော ဒေါသမျိုး ဖြစ်လာလေသောကြောင့် ထိုင်နေရာမှ ခုန်၍ ထလိုက်ပြီး။

"ကျုပ်ဘယ်တော့မှ မရောင်းဘူး ကျုပ်လယ်တွေကို ကျုပ်တူးပြီး ခလေးတွေကို လယ်ထဲက မြေကြီး ကျွေးထားမယ် သူတို့တတွေ သေကုန်ရင် ဒီလယ်ထဲမှာ မြှုပ်မယ်၊ ကျုပ်အဘေရော ကျုပ်ရော ကျုပ်မယား ရော သေပြန်ရင်လဲ ကျုပ်တို့ကို မွေးကျွေးထားတဲ့ ဒီလယ်တွေပေါ်မှာဘဲ သေမယ်"ဟု အသံတုံလျှက် ပြောလိုက်လေ၏။ သို့ပြောရင်းပင် လှိုက်လှိုက်လဲလဲ ငိုကျွေးမိတော့ကာ မျိုသိပ်၍ ထားသော ဒေါသ သည်လည်း လေပင့်၍ ကလော်ထုတ်လိုက်ဘိသကဲ့သို့ ပွင့်ကန်ထွက်လာပြီး တကိုယ်လုံး တုန်လှုပ်စွာ ရပ်နေလေ၏။ ဦးလေးဖြစ်သူနှင့်  လယ်ဝယ်သူများကား အပြုံးမပျက် ရပ်မြဲရပ်နေကြလေ၏။ "စိတ်ရူးပေါက်ပြီး ပြောချင်ရာပြောနေတာဟ" ဟု ၀မ်လန်းစိတ်ပြေသွား သည်အထိ ရပ်၍ စောင့်နေ ကြလေ၏။

ထိုခဏ၌ အိုလင်ထွက်၍ လာလေ၏။
"လယ်ကိုတော့ မရောင်းနိုင်တာ အမှန်ဘဲ ကျုပ်တို့ ရောင်းလိုက်ရင် ကျုပ်တို့အောက်အရပ်က ပြန် လာတော့ ဘာလုပ် စားနေမလဲ ဒါပေမဲ့ အိမ်မှာ ရှိတဲ့ စားပွဲရယ် ကုတင်နှစ်လုံးရယ် အိပ်ရာခင်းတွေ ရယ် ထိုင်ခုံ လေးလုံးရယ်၊ မီးဖိုပေါ်က ဒယ်အိုးရယ်၊ ရောင်းလိုက်မယ် ပေါက်ပြားတို့ထွန်ခြစ်တို့နဲ့ လယ်တော့ ကျုပ်တို့မရောင်းနိုင်ဘူး"။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၂)

ပြုမှားမိခဲသမျှ ပုထုဇဉ် သဘာဝမို့ပါ

ဥပမာ (…..) မြို့မှ (မ…..)နှင့် ၎င်း၏ ခင်ပွန်း (မောင်-) တို့ ကွာရှင်းပြတ်စဲကြရာတွင် (မ…..) က (မောင်…..) အား ငွေတသိန်းပေးခြင်းဖြင့် လင်မယား ကွာရှင်းပြီးသားဖြစ်ပြီး ကျန်ပစ္စည်း ဥစ္စာများကို (မ……) က အားလုံး တရားဝင် ပိုင်ဆိုင်သွားပါသည်။ လင်မယားမကွာရှင်းဘဲ နှင့် လင်ကဖြစ်စေ၊ မယားက ဖြစ်စေ မိမိတစ်ဦးတစ်ယောက်တည်း သဘောဖြင့် နှစ်ဦးပိုင်ပစ္စည်းကို ဘာမျှ မလုပ်နိုင်ပါ။
ဤအတိုင်းပင် ကျွန်တော်တို့နှစ်ဦးပိုင် ပစ္စည်းဥစ္စာကို ဒေါ်ခင်ခင်လေးသဘောကျ အသုံးပြုလိုပါက (လှူဒါန်းရန် ဆိုလိုသည်) ကျွန်တော်တို့သည် (မ…..)နှင့် (မောင်…….)တို့ကဲ့သို့ ကွာရှင်းရန် လိုအပ် ပါသည်။

ကျွန်တော်တို့ နှစ်ဦး ကွာရှင်းသော စာချုပ်ကို ရေးရာတွင် ကျွန်တော့အား ဒေါ်ခင်ခင်လေးက ငွေတသိန်း ပေးရပါမည်။ ကျွန်တော်က ကျန်နှစ်ဦးပိုင် ပစ္စည်း ဥစ္စာမှန်သမျှကို ဒေါ်ခင်ခင်လေး တစ်ဦးတည်းသော ပိုင်ဆိုင်ကြောင်း သဘောတူ လက်မှတ်ရေးထိုး ပေးပါမည်။ ဤအတိုင်း စာချုပ် ပါက ကျွန်တော် တို့ နှစ်ဦးပိုင် ပစ္စည်းများအားလုံးသည် တရားဥပဒေအရ ဒေါ်ခင်ခင်လေး တစ်ဦး တည်းပိုင် ဖြစ်သွားပါလိမ့်မည်။

သို့ရာတွင် ကျွန်တော်နှင့် ဒေါ်ခင်ခင်လေးကိစ္စမှာ အပြစ်ရှိခဲ့လျှင် အပြစ်ရှိခဲ့သူမှာ ကျွန်တော်ပင် ဖြစ်သဖြင့် ကျွန်တော် အပြစ်ရှိသူမှာ အ၀တ်တထည် ကိုယ်တခုနှင့် အိမ်ပေါ်ကဆင်းထိုက်သူ ဖြစ်၍ ဆင်းပါမည်။

ဤနည်းထက် ကောင်းသောနည်း မရှိပါ။ ဤနည်းကို သဘောကျပါက ယခု တရက်နှစ်ရက် အတွင်း မှာပင် ထိုကိစ္စ ပြီးစီးအောင် ဆောင်ရွက်ပေးပါမည်။ သို့မဟုတ် အချိန်ယူ၍ စဉ်းစားလိုပါသေးက လည်း စဉ်းစား နိုင်ပါသည်။ အမှန်မှာ ဒေါ်ခင်ခင်လေး စိတ်ကြိုက်ဖြစ်သဖြင့် စဉ်းစားရန်ပင် လိုမည် မထင်ပါ။

ဤကိစ္စ ပြီးခဲ့လျှင် ကျွန်တော်သည် ကျွန်တော် တွင် ပုထုဇဉ်သဘာဝ ရှိနေသော စိတ်ရိုင်း စိတ်ယုတ်မာ များကို အကြွင်းမဲ့ သုတ်သင် ရှင်းလင်းရန် အကယ်၍ အကြွင်းမဲ့ သုတ်သင် ရှင်းလင်း၍ မရခဲ့လျှင်လည်း တတ်နိုင် သမျှ ထိန်းသိမ်းနိုင်ရန် သင်္ကန်းဝတ် နှင့်ပင် ၀ိပဿနာ တရားများကို မင်းကွန်းဋ္ဌာန တခုခုသို့ သွားရောက် ၍ အားထုတ်မည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါသည်။ ကျွန်တော်လာမည့် တနင်းလာ နေ့ လောက် တွင် ဗမာ့ခေတ် တိုက်ဝင်း အတွင်းမှ ထွက်သွားပါမည်။

ကျွန်တော်သည် ဤကဲ့သို့ တရားအားထုတ်သဖြင့် မိမိရရှိသော တရားပေါ်တွင် အခြေတည်၍ ရဟန်း ဘ၀နှင့် ဆက်လက်နေရန် သို့တည်း မဟုတ် လူဝတ်လဲ၍ အသက်မွေးဝမ်းကျောင်း တခုခုကို လုပ်ကိုင်ရန်ကို ထိုအချိန် ကျမှာပင် ဆုံးဖြတ်မည် ဖြစ်ပါသည်။

ကျွန်တော်တို့ နှစ်ဦးသည် လင်မယားအဖြစ်မှ ကွာရှင်းပြီးသော်လည်း တတ်နိုင်ပါက မိတ်ဆွေ ကောင်းကဲ့သို့ ကူညီ ရန်ရှိက ကူညီမည် ဟု ကျွန်တော် ကတိပြုပါသည်။
ဒေါ်ခင်ခင်လေး သဘော ဘယ်လိုဆိုတာ သိပါရစေခင်ဗျား။
                                           အုံးခင်
                                        ၁၂-၈- ၆၀

အထက်ပါ စာကို ရရှိပါသည်။ ဤစာသည် တကယ်ဘဲ သူ့အမှားအယွင်းများကို ရှက်ကြောက် ထိတ်လန့်၍ နောင်တ ရပြီး စေတနာ သန့်သန့်နှင့် ရေးသော စာဟူ၍ ထိုအချိန်က ကျမ ပစ်ခတ်ပြီး ယုံကြည်လိုက်သည်။ လီမိတက် တခုဖွင့်ရန် ငွေ၂-သိန်းကျော် ၃-သိန်းနီးပါး ကဲ့ ထုတ်ထားပြီး ရှိသည်ကို လုံးဝ မသိရသေးပေ။ သို့ရာတွင် မလွှဲမပြောင်းနိုင်သော အထင်ကရ ပစ္စည်းများက ကွာရှင်း၍ အလှူပစ္စည်းများ အဖြစ် သတ်မှတ် ဘို့က မလုပ်မဖြစ်သောကိစ္စ ဖြစ်ပါသည်။ ထိုကြောင့် ၎င်း ခင်းပြသော နည်းအတိုင်း ပြန်လိုက်ပါသည်။ ကျမစိတ် မှာ မျက်နှာချင်းလဲ မဆိုင်လို၊ စာနှင့်လဲ မရေးလို၍ မန်နေဂျာအားသာ စကားပြန်လိုက်ခြင်း ဖြစ်ပါသည်။

ပစ္စည်းရေးနှင့် ကွာရှင်းရေးကိစ္စ

မန်နေဂျာ ပြန်ဆင်းသွားသည်။ ညနေပိုင်းမှာတော့ ပါတနာ ဖျက်သိမ်းစာချုပ်ကြီး တခုကို လာပေး သည်။ လာပေးသူ ထဲမှာ မန်နေဂျာနှင့် စာချုပ်ပြုလုပ် ရေးသားစီစဉ်ပေးသူ ရှေ့နေကြီး မွန်စံလှိုင်ပါ ပါလာသည်။ အသိသက်သေ စုံညီစွာနှင့် တရားဝင်လက်မှတ် ထိုးထိုက်သူ ဆိုင်ရာ ၄-ဦးစလုံး၏ ခွဲဝေပြီးပြတ် ပြီး ဖြစ်ကြောင်း ၀န်ခံလက်မှတ် များ အသီးသီးထိုးထားကြသည်။ ဤကိစ္စပြီးစီး သည် အထိ ရွက်ဆောင်သူမှာ အဆိုပါ ရှေ့နေကြီး မွန်စံလှိုင်ပင်ဖြစ်၍ ကျမကိုလည်း စာချုပ်တနေရာ၌ သက်သေပါ လက်မှတ် ထိုးစေသည်။

ကျွန်တော်ဒီကိစ္စကို အမြန်ဆုံး ပြီးအောင် ဆောင်ရွက်ပေးပါသည်။ ရှေ့ကိုလဲ ဆက်လက် ဆောင်ရွက်စရာ ကိစ္စ များကို ကျွန်တော်ဘဲ ဆက်လက်ဆောင်ရွက်ပေးပါမည်ဟု ဆိုပါသေးသည်။ ဗမာ့ခေတ် သတင်းစာတိုက်မှ ရရှိမည့် အမြတ်ငွေများနှင့် ငွေပင်ငွေရင်းများကိုပါ၊ ထာဝရဒါနအဖြစ် နှင့် အလှူငွေများ နှစ်စဉ် ထုတ်နှုတ်လှူဒါန်းရန် တာဝန်ခံလူကြီးများ (ထရပ်စတီး) ဖွဲ့ထားရန် ကိစ္စ များကို အမြန်ဆုံးနည်းနှင့် ပြုလုပ်ပေးပါဟူ၍ ယုံကြည်စွာနှင့် ပြောလိုက်မိပါသေးသည်။

ရှေ့နေကြီးကလဲ ဆောင်ရွက် ပေးပါမည်ဟု ၀န်ခံသည်။ ၁၉၆၀-ခုနှစ် သြဂုတ်လ ၁၂-ရက်နေ့မှာ ၎င်းပါတနာစာချုပ် ဖျက်သိမ်းရန်ကိစ္စလက်မှတ်ထိုး၍ အဆုံးသပ်လိုက်ကြသည်။ ထိုမှတခါ ကွာရှင်း စာချုပ် အတွက် ကျန်နေသေး၍ အပြီးသတ်အောင် ပြုရပါဦးမည်၊ ဒါကိုလဲသည်ရှေ့နေကြီး မွန်စံလှိုင်ပင် ကိုင်ရပါမည်။

နောက်တနေ့၌ ရှေ့နေသည် ကျမအား ကွာရှင်းခြင်းကိစ္စ၌ ရွှေပြည်အေး တရားဟော၍ နားချ နေပြန်ပါသည်။ အသက်အရွယ်ကြီးကြမှ ဒီလို ဖြစ်ရတာ လူကြားလို့ မကောင်းပါဘူး၊ တော်ယုံ တန်ယုံ ကိစ္စ ကို သီးခံ၍ နေကြဘို့ အကြောင်းပြပါသည်။ ကျမက ယခုကိစ္စမှာ ဂုဏ်သိက္ခာကို မစောင့်ထိန်းဘဲ ကောင်း ဆိုး မရွေး တွေ့မရှောင် မိန်းမမျိုးစုံတွေအား တိတ်တဆိတ် အမျှောင်ထားမှု တခုကို မူတည်၍ ဖြစ်ရ သည်မဟုတ် လှူဒါန်းရေအတွက် ခွဲဝေဘို့ ရည်မှန်းခဲ့သည်မှာ ၃-၄နှစ်ကြာ ခဲ့ပြီဖြစ်၍ ပြတ်ပြတ် သားသား လုပ်ရန် အချိန်တန်သဖြင့် ပြုလုပ်ရခြင်းသာ ဖြစ်သည်။ သူ့ဗီဇ ၀ါသနာ အထုံပါရာကို လွတ်လပ် စွာ မျက်နှာမူ နေပါစေတော့။

ပစ္စည်းခွဲကြရာ၌ ကွာရှင်းခြင်း မပြုဘဲ ကိစ္စမပြီးသောကြောင့် ကွာရှင်းရမည်သာ ဖြစ်ပါသည်။ ကျမအဘို့ အသက် အရွယ်ကို ထောက်ပါ လျှင်၊ ကွာရှင်းခြင်း၊ မကွာရှင်းခြင်း ကိစ္စပေါ်မှာ ဘာမှစိတ်ဝင်စားဘွယ်ရာ ၀မ်းနည်း ဘွယ်ရာ မရှိ တော့ကြောင်း၊ ယခုတရားဝင် ကွာရှင်းပြီးမှသာ  အလှူအတွက် ပစ္စည်းခွဲဝေရေး၌ ပြတ်သား နိုင်ပါ မည်။ သူ့အကြံပေးချက်အတိုင်း ကျမက လက်ခံခြင်းသာ ဖြစ်ကြောင်း၊ ဖေါ်ပြပါ စာမျက်နှာ ၆- မျက်နှာ ရှိ ရှည်လျားစွာ ရေးထားသော စာကို ပြလိုက်ပါသည်။

သည်တော့မှ ကောင်းပါပြီ၊ ကျွန်တော်တရက်နှစ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးပါမည်။ တခြားရှေ့နေတွေ ခိုင်းနေလျှင် တယောက်စကား တစ်ယောက်နားနှင့် လူတွေ သိသွားမည်။ ကျွန်တော်ဘဲ သိလက်စနှင့် တိတ်တဆိတ် ကိစ္စပြီးအောင် အစအဆုံး ဆောင်ရွက်ပေးပါမည်ဟု ဆိုကာ ပြန်ဆင်း သွားပါသည်။ ထိုနေ့ တနေ့လုံးလည်း ရှေ့နေနှင့် သူတို့တတွေစုရုံး၊ စုရုံးလုပ်ခါ အိမ်သစ်ကလေးပေါ်မှာ အတော် ဗျာပါဒ များနေကြပါသည်။

ဦးပဉ္စင်းကြီးကို လာလာဖူးကြသူတွေ စားစရာသောက်စရာ လှူကြသူတွေ ဆွမ်းကပ်ကြသူတွေ အောက်ထပ် မှာ တရုံးရုံးဘဲ ဖြစ်နေသည်၊ လာနေကြ မိတ်ဆွေမိန်းမ "ကလစ်" အသီးသီးတို့ ကလည်း စားသောက်ပြီး ပိုကာ ၀ိုင်းကြီး ဖွဲ့လျက် ရှိသည်။ ဘိလိယ်ခုံက ယောက်ျားမိတ်ကလျာဏ များကလည်း၊ ထုံးစံအတိုင်း ပျော်ပျော် ပါးပါး ဘိလိယက် ကစားရင်း သောက်ကြ၊ စားကြလျက် ရှိ သည်။ ကျမ အောက်ဆင်း မလာ သည်ကိုတော့၊ ခါတိုင်းလိုနေထိုင်မကောင်းပြန်၍ ဆင်းမလာသည် ဟု အရေးကြီးသော "ကလစ်ဝင် တစ်ခု ကတော့ သိနေကြပြီ (ငေါင်းဆူလူမသိ) ဖြစ်နေသလို အပြင်ဘန်းကမျက်နှာမပျက် ဟန်ဆောင် နိုင်ကြသေးသော်လည်း သူတို့ရင်ထည်းမှာတော့ တလှပ်လှပ် ဖြစ်နေကြပုံရပါသည်။

ဒီအရေးထဲမှာ ၀န်ကြီးချုပ် ဦးနုက သူ့နေအိမ်သို့ ဦးပဉ္စင်းကြီး ကို နောက်တနေ့မနက် ဆွမ်းစားပင့် ထားကြောင်း။ ကျမအတွက်လည်း သီးသန့်ဘိတ်စာတစောင်နှင့် ဆွမ်းကျွေးသို့ လာဘို့ ဘိတ်လာ ပြန်ပါသည်။ ပုပ်ပွ လောက်တက် နေသော အတွင်းရေး ဇာတ်ရှုပ်များကို ခေတ္တပြည်ဖုံးကားချလျက် ဘယ်လို မျက်နှာထားနှင့် သွားရမည်ကို မဆုံးဖြတ် ရဲအောင် ရှိနေပြန်ပါသည်။

ဝန်ကြီးချုပ်ဦးနုဘိတ်ကြားစဉ်က ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, March 30, 2010

ကျနော်သိသော လူအမျိုးမျိုး အပိုင်း (၄)

ဒီနေ့ ဘာရေးရမလည်း စဉ်းစားနေတာ.. နောက်ဆုံးတော့ ဆိုင်က သားသမီး တွေအကြောင်း အလှည့် ကြတော့ တာဘဲ...၊ ကျနော် တို့ ဆိုင် မှာ ချက်စားတော့ .. ထမင်းကျွေးရတာ ၉ ယောက် လောက် ရှိတယ်.. နယ်က ကလေးတွေပေါ့...၊ မိန်းခလေး တွေက ဆိုင်မှာ မအိပ်ဘူး အဆောင်မှာနေကြတယ်..၊ အလုပ် များရင်တော့ ဆိုင်မှာ အိပ်ပေါ့ဗျာ...၊ ယောက်ကျား လေးတွေကတော့ ဆိုင်မှာ အိပ်၊ စား ၊ အစားလည်း မရွေး ပါဘူး..။

အဲဒီလို ထမင်းကျွေး တော့ သူတို့ မိန်းခလေး များဟာ ဟိုဟင်းမစား.. ဒီဟင်း မစား သိပ်လုပ်တယ်..၊ ၃ယောက် လောက်ပေါ့..၊ အများစု ကတော့ စားပါတယ်..၊ အဲဒီ မစားတဲ့ ၃ယောက် ကို ကြည့်လိုက် တော့ ရောဂါထူတယ်..၊ ခဏနေ ရင်တုံ ခဏနေ မူး.. အဲဒါနဲ့ ကျနော် လည်း ပြောလိုက်တယ်..၊ အဲဒါ သမီးတို့ အဟာရ ချို့တဲ့ လို့နေမှာလို့.. လူတွေဟာ.. ကျန်းမာအောင် နေထိုင် စားသောက်တတ်ရမယ်..၊ ကျန်းမာ မှ လူမှု့ရေး စီးပွားရေး အိမ်ထောင်ရေး အားလုံးအဆင်ပြေမယ်..၊ အဟာရ ပြည့်အောင်စားလို့ အမြဲတန်း ပြောနေရတယ်...။

ဒါပေမဲ့ မရပါဘူးဗျာ.. အဲဒါနဲ့ အားဆေးသောက်လို့ ပြောတော့လည်း ပြော.. ပြော ပါဘဲ.၊ သူတို့ ကတော့ နံလို့ .. ဆေး ကြီး မသောက်ချင်ပါဘူးနဲ့ ဂျီးများနေတာ..၊ ကျနော် လည်း စိတ်မရှည်ဘူး.. ဒါနဲ့ ဒီပိုစ့်လေး ရေးလိုက်တာ...။

ခုနက ကျနော် ပြောတဲ့ မိန်းခလေး ၃ ယောက် ရယ် ထမင်းထုပ် လာတဲ့ ၃ယောက် လောက်ရယ် ဟာ.. တော်တော် ကျန်းမာရေး မကောင်းကြဘူး.. အစားအသောက် လည်း သူတို့ စားတာတွေ ဟာ အဟာရ မပြည့် ဘူး...၊ တော်တော် ခက်တယ်ဗျာ.. အားလုံးဟာ ၁၀တန်းအောင် ဘွဲ့ရ မြန်မာစာ လည်း ဖတ်တတ် တယ်.. ဒါပေမဲ့ စာလည်း မဖတ်ကြဘူး..။

အိမ်က ထမင်းထုပ် လာတဲ့ ကလေး ၁ယောက်က နေသိပ်မကောင်းလို့ နားနေတာ ၃လ လောက်ရှိပြီ ကျနော် လည်း အလုပ် မအားတာ နဲ့ သွားမမေးရဘူး ဟိုနေ့ကတော့ အလုပ်လည်း ပါးတာနဲ့ သွားမေး လိုက်တယ်...၊ မေမြို့ မန္တလေး အထွက်နားက ဗိုလ်တပ်ကုန်း ဆိုတဲ့ ရွာလေးမှာ.. ၊ ကလေးက တခြားရွာ ရောက်နေတာနဲ့ မတွေ့ ခဲ့ပါဘူး..၊ သူ့မိဘ တွေကဘဲ ဧည့်ခံလိုက်တယ်.. နောက်နေ့ကျ နွားနို့ ၂ပုလင်း နဲ့ ရောက်လာတယ်..။

ကျန်းမာရေးက သိပ်မကောင်းသေးဘူးတဲ့..၊ မျက်ရိုးကိုက်တာ နဲ့ ဇက်ကြောထိုးတာနဲ့ မျက်လုံးပြာတာနဲ့ မောတာနဲ့...စုံနေတာဘဲ.. ၊ မျက်လုံး မကောင်းရင် မျက်မှန်တပ် မျက်လုံးအားကောင်းမဲ့ ဆေးတွေစားမယ် .. အခု ဆရာဝန် နဲ့ သွားစမ်းသပ်မယ် လုပ်တော့ ငိုမဲ့ငိုမဲ့ နဲ့ ဘုန်းကြီးပေးတဲ့ ဆေးတွေစားပါတယ်တဲ့ဗျာ...၊ အဲဒီ့ ကလေးက အစားအလွန်ဂျီးများတဲ့ ကလေး အသားမစားဘူး.. ငါးဆိုရင်လည်း အကျည်းခွံပါတဲ့ ငါးဘဲ နဲနဲ စားတယ်...၊ အသား၊ ငါး မစားတော့ ပဲ စားလားဆိုတော့ ပဲလည်း မစားဘူး..။

မိန်းခလေး ဆိုတော့ သွေးအားနည်း တော့မှာပေါ့ဗျာ...၊ အားဆေးတိုက်တော့ လည်း အားဆေးက နံလို့တဲ့..၊ ကျနော် ပြောလည်း ငပြောဘဲ ဖြစ်နေတယ်..၊ သူတို့ အသိဥာဏ်တွေက မြင့်မလာဘူး..၊ အဲဒါ ဘွဲ့ရပြီး စာမဖတ် ပေမဖတ် လေးဗျ...၊ တခြား.. ရွာက မိန်းခလေး တွေဆို ပြောမနေနဲ့....။

နောက်တခါ အထက်ဘက် (အင်းတော် ဘက်က) အဲဒီ ကလေးကလည်း..... ဒီလိုဘဲ.. တညမှာ သူတို့ သူငယ်ချင်း တွေ နဲ့ ဆိုင်မှာ စကားပြောနေရင်း နဲ့ တယောက်က ခြောက်လိုက်တော့ လန့်ပြီး ငိုလိုက်တာ တအား ရှိုက် လိုက်တော့ ...လက်တွေ.. ခြေတွေ ကွေးကောက် သွားပါရောလား.. အဲဒီမှာ လာကြပါ အုန်းပေါ့ လက်တွေ၊ ခြေတွေ က ဆန့် မရ တော့ဘူး ဆိုပြီး ဝိုင်းအော်ကြမှ.. ကျနော် လည်း သိတယ်..။

ကျနော် တို့ ရောက်သွားတော့ ဆေးခန်းသွားမယ် ဆိုတော့ အဲဒီ ကလေးက မသွားနဲ့ တဲ့ ဆရာမ သမီး ခေါင်းပေါ်က ကျော်လိုက်ပါတဲ့ အော်နေတယ် ၊ ကျနော် ကလည်း ဘာဆိုင်လည်းပေါ့.. ၊ ကျနော် လည်း သူများ ခေါင်းပေါ်က မကျော်ရဲပါဘူးဗျာ.. (ဘောင်းဘီ ကလည်း ပါတာမဟုတ်)... ။

ဘာလို့ ကျော်ခိုင်းတာလည်း ဆိုမှ  ရွာသူ နှောက်ယှက် တယ်ထင်လို့ ထမိန် နဲ့ ကျော်ခိုင်း တာတဲ့ဗျာ.. အဓိပ္ပါယ်မရှိ.. ဒါနဲ့.. ကျနော် လည်း ဆေးခန်း ခေါ်သွားတယ်... ဆရာဝန်မက စက္ကူ ကတော့ လေး လုပ်ပြီး နှာခေါင်းတပ် လေမှုတ်ပေးလိုက်တာ ကောင်းသွားရော... ကာဘွန်ဒိုင်အောက်ဆိုဒ် ဆိုလား များသွားလို့ လို့ ပြောတာဘဲ.. ကျနော့် တို့ ရွာသူ ဆရာမ ကုလိုက် မှ မျက်လှဲ့ ပြသလား ထင်ရတယ် ချက်ခြင်း ကောင်း သွားရော..။

အဲဒါလည်း အဝေးသင် တက်နေပြီး စာဖတ်ပေဖတ်.....သူ့ရွာမှာတော့ လူဇော် လေးပါဗျာ... ၊ ကဲ... မြန်မာ မိန်းခလေး များ နဲ့ ဗဟုသုတ နည်းပါးမှု့တွေ ... ရိုးရာ အစဉ်အလာတွေ.. ဘာလုပ်ရမှန်း တောင်မသိ ပါဘူးဗျာ... စိတ်ညစ်မိပါရဲ့...။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၁)

သေမည်ဟု တွက်ကိန်းချထားကြခြင်း

သည်တော့မှ နဲနဲငြိမ်ကျသွားသည်။ ဒီစာအရ အစပေါ်လာမှုကနေပြီး လက်လှမ်းမှီသမျှ တသီကြီး သိရပြီ ဖြစ်သောကြောင့် လက်လှမ်း မမှီမည့် အပိုနေရာတွေကိုလည်း ထပ်လိုက်စရာမလို တော့ဘဲ ဤမျှလောက် နှင့် လုံလောက်နေပြီ။ ဖေါက်မှုတွေ၊ ဖြုန်းတီးမှုတွေ၊ ဂုဏ်က္ခာ အသက်အရွယ် နှင့် မမျှသော မသန့်ရှင်းမှု ကိစ္စ တွေကို သာယာ ပြွမ်းတီးနေသူနှင့် ရှေ့ဆက်၍ အတူနေကြရန် မဖြစ်နိုင်၊ ပိုင်ဆိုင် ထိုက်သမျှ ပစ္စည်း အဝဝ ကို ခွဲဝေ သတ်မှတ် ပြောင်းလဲကြမှ ဖြစ်တော့မည်။ အလှူဒါန အတွက် ရည်မှန်းထားသော ပစ္စည်း များကိုလဲ ပြတ်ပြတ် သားသား ယခု မလုပ်ဘဲ ထား၍ မဖြစ်တော့ကြောင်း။ ဂုဏ်သိက္ခာ ကို ငဲ့ညှာ၍ တိုးတိုး တိတ်တိတ် ကြိတ်ပြီး ကိစ္စပြီးအောင် ၄-၅ ရက်အတွင်း ဆောင်ရွက်ဘို့ ပြတ်ပြတ်, သားသား သွားပြောချေ ဟု ပြောလွှတ် လိုက်ရပါတော့သည်။

မန်နေဂျာ သည် တုန်တုန်, ရီရီ မျက်စိ, မျက်နှာ ပျက်ပျက် နှင့် အခန်းထဲမှ ထွက်သွား ပါသည်။ အတန်ကြာ သည့် တိုင်အောင် ပြန်မပေါ် လာတော့ပါ။ အိမ်အသစ် ကလေး ပေါ်မှာတော့ အရေးပါ အရာရောက်သူ `ကလစ်`တစု တို့သည် ခေါင်းဆောင် ဥက္ကဋ္ဌကြီး ဦးစီးပြုလျက် အခက်အခဲကို ဘယ်လိုရင်ဆိုင်ရန် အကြံထုတ် နေကြ ပုံရသည်။ ကြာခြည် နောက်ကွယ် မှ အရှုပ်တော်ပုံများ ထင်ထင် ရှားရှား အကောင် အထည် နှင့် ပေါ်သွားပြီ ဖြစ်သော ကြောင့် ငြင်းကွယ် ၍လည်း မဖြစ်၊ ဖြီးဖြန်း ညာဝါးမှုနှင့် ကာကွယ်၍ လည်း မရ တော့သောအခြေအနေမျိုး ဆိုက်ရောက် လာသဖြင့် ပြာပြာ သလဲ ဖြစ်ကုန်သည်။

ကျမ၏ စိတ်ကိုလည်း သိကြသည်၊ ယခင်က ဆိုလျှင် အသေးအဖွဲ ကိစ္စကလေးများ၌   ပင် စိတ်နှင့် မတိုက်ဆိုင် ပါက ရှူးကနဲ ထတောက် တတ်သေးသည်။ ယခုလို ယုတ်မာကောက်ကျစ်မှု၊ သိက္ခာမဲ့မှု၊ လူ့စည်းဝိုင်း အပြင်ထွက်၍ ကျက်စားမှုများ ထင်ထင်, ရှားရှား မကွယ်သာအောင် ပေါ်လာသော အခါ မိုးမီး လောင် တော့မှဘဲ ဟု တွက်ဆထားပြီး စိုးရိမ် ပူပင်မှုကြီး တွေနှင့် ရင်ဆိုင်နေကြ ပြီဟု တွေးမိပါသည်။

သူတို့၏ အစီအစဉ်မှာ ကျမသည် မကြာမီ သေမည့်သူ-သေရမည်။  တနည်းနည်းနှင့် သေရမည်ဟု ပုံသေ တွက်ထားကြပြီ ဖြစ်သည်။ ယခု လက်ရှိ ကလိမ်ခြုံ သပွတ်အူကိစ္စ တွေကို သေသည်အထိ သိမြင်မသွားရန် ငွေကို ရေလိုသွန်၍ ဖုံးဖိ ထားခဲ့ကြသည်။ သို့ရာတွင် သူတို့ တွက်သားမကိုက် တော့ပါ။  ကျမ,  မသေခင်ဘဲ ဖုံးသမျှ ပေါ်လာရတော့သည်။  ကျမအဘို့ မှာလည်း မသေခင် ဒီအနိဋ္ဌာရုံကြီး တွေနှင့် လာပြီး ရင်ဆိုင် လိုက်ရ သည်ထက် ဘာမှ မသိရသေးမီ စိတ်ကြည်,  လက်ကြည် နှင့် သေခဲ့ရလျှင် ကောင်းမည် ဟု ထင်မြင် မိပါသည်။  တဘက် မှ လှည့်၍ တွေးရပြန်လျှင် ကျမ လှူချင်သေးသည့် ကိစ္စတွေ မပြီးပြတ်သေး၊ ရေစက် မချရ သေးသော ကောင်းမှု ကုသိုလ်တွေကလည်း တိုးလို တန်းလန်းကြီး ရှိနေသေးဟု ကုသိုလ်ဒါန ပါရမီ အဆက် က တားမြစ်ထား လေရော့သလား- ဟု စဉ်းစားဘွယ်ရာ ဖြစ် ပြန်ပါသည်။

တော်တော်နှင့် ပြန်ပေါ်မလာသော မန်နေဂျာသည် မျက်နှာညိုမဲ မရဲသော ဟန်နှင့် ပြန်လာရချေပြီ။  သူ့ လက်ထဲက စာရွက်ငယ် အခေါက်တခုကို ကျမ အား ကမ်းပေးရင်း အကိုကြီး က ဒီစာကို အရင် သွားပေးချည်ပါ ဆို၍ လာပေးရကြောင်း ပြောပါသည်။  ထိုစာသည် ရုတ်တရက်ဆူပူပေါက်ကွဲမှုကို အရေးပေါ် တားဆီးရန် ရေးလိုက်သော စာသာ ဖြစ်ပါသည်။  စာပါ အကြောင်း အရာမှ .... ကျမ သဘော ကျ သလို အားလုံးစီစဉ် ပေးပါမည်ဖြစ်ကြောင်း ကျမ၏ စိတ်အနှောက်အယှက်ဖြစ်အောင် ယခုလဲ မလုပ်၊ နောက်ကို လဲ ဘယ်တော့မှ မလုပ်ပါ၊ သင်္ကန်းလဲ မချွတ်ပါ၊ ယခု အချိန်မှာ ဧည့်သည်တွေ ကလဲ အလွန် လာ၍ အနေရအထိုင်ရ အလွန်ခက်သဖြင့် နိဗ္ဗိန္ဒချောင် သို့ ပြန်သွားပရစေ၊  စီစဉ်ရန် ကိစ္စ အလိုရှိ၍ ခေါ်သော အခါ လာပါမည် စ သဖြင့် ရေး ထားပါသည်။

မန်နေဂျာသည် စာဖတ်ပြီးသော ကျမ ထံမှစကားပြန်ရန် စောင့်နေသည်။  အထွေ အထူးပြောရန် မလိုပါ။  ရှင်းလင်းစရာ ကိစ္စ တွေကို ၃-၄ ရက်အတွင်း ပြီးစီးအောင် ပြုလုပ်ပြီးမှသွား လိုရာသွားရန်၊ ယခုကဲ့သို့ မပြတ်သားဘဲ ရှောင်တိမ်းနေသလို ပြုလျှင် အင်မတန် အရုပ်ဆိုးသောကိစ္စများ လူသိရှင်ကြား ဖြစ်ကုန်မည် ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ပြောလိုက်ပြီး လှူဘို့ရည်မှန်းပြီး ပစ္စည်းများအတွက် ကျမ သဘော အတိုင်းဖြစ်လာရန် ဤရက် အတွင်းမှာ ပြတ်ပြတ်, သားသား ခွဲခြားစီမံဘို့ နောက်တခါ ထပ်ပြော လိုက်ပါသည်။

 ပစ္စည်းများခွဲဝေရေးအတွက်အစီစဉ်


ကျမဝေစုကိုလှူပစ်ဘို့ခွဲခြမ်းသည့် စာချုပ် စာတမ်းများပြုလုပ်ရန်မှာ များများစားစား မဟုတ်ပါ။ ယခင် ရည်းစူးပြီသား ဖြစ်သော အိမ်ကြီးနှင့်သတင်းစာ ပုံနှိပ်တိုက်တို့မှ ငွေပင်, ငွေရင်း တန်ဘိုး ခွဲခြားရန် ဖြစ်ပါသည်။ လယ်လိုနည်းနာ နှင့် လွှဲပြောင်းရန် တာဝန်မကြီးလှစေကာမူ သတင်းစာနှင့်ပုံနှိပ်တိုက်က ဟန်ဆောင် ပါတနာ လုပ်ထားသောကြောင့် အစုခွဲဝေ ဖျက်သိမ်းပစ်ရပါဦး မည်။  ၎င်းပါတနာ ကိစ္စမှာ ကောင်ကလေး သုံးယောက် နာမည် ထည့်ထားသည်ဟု ပြောထား၍ သာမည လောက်ဘဲ ကျမ နားလည် ခဲ့ပါသည်။ ဘယ်သူက ဘယ်မျှ တန်ဘိုးပြထားသည် ဟု အတိအကျ မသိခဲ့ရပါ။ လင်မယား နှစ်ယောက် ပိုင်ထဲ မှာ ဒီကောင်ကလေး သုံးယောက် အတွက် အသင့်အတင့် မျှဘဲ ရှိလိမ့်ဟူ၍ သုံးယောက်အတွက် အသင့် အတင့်မျှဘဲ ရှိလိမ့်မည်ဟူ၍ လွန်ခဲ့သော ၇နှစ်ကျော်အချိန်ကပင် ယုံကြည် လာခဲ့ပါသည်။

ပါတနာ ဖျက်သိမ်း စာချုပ်များ ရေးဆွဲရန် ဗမာ့ခေတ်၏ အသုံးတော်ခံ အတိုင်ပင်ခံအဖြစ် သူတို့နှင့် နှစ် အတန်ကြာ က ပြွမ်းတီးဆက်သွယ်ခဲ့ပြီး ဖြစ်သော ရှေ့နေကြီး မွန်စံလှိုင်နှင့်တိုင်ပင် ဆွေးနွေးနေကြသည်ဟု သိရ ပါသည်။ ကျမသည် သူတို့လှုပ်ရှားသမျှကို အိမ်အပေါ်ထပ် အခန်းထဲမှ စောင့်ကြည့်နေပါသည်။ အလုပ်တိုက် အုပ်ချုပ်ရေးဋ္ဌာနမှ မန်နေဂျာ၊ စာရင်းနှင့် အထွေထွေဆိုင်ရာ သခင်ဗအေးတို့သည် မွန်စံလှိုင် ၏ ရှေ့နေရုံးခန်းသို့ ပြာလောင်ခတ်မျှ ၀င်ထွက်သွားလာနေကြဆဲဖြစ်ပါသည်။

နောက်တကြိမ် စာခေါက်ကြီး တခုကို မန်နေဂျာ လာပေးပြန်ပါသည်။ စာရွက်ရှည် နှင့်   ၆-မျက်နှာ အပြည့် ရေးထားသော စာများကို အတော်ကြာဘတ်ယူရပါသည်။ ထိုစာ၏ မူရင်းမှာ အောက်တွင် ဖေါ်ပြပါ အတိုင်း ဖြစ်ပါသည်။ ရှည်လျားသော အချက်အလက် အပိုအမို တွေနှင့် တန်ဆာဆင် ရေးထားသည်။ ဥပမာပြသော နှိုင်းယှဉ်ချက် မှ လူအမည် တို့ကို ချန်လှပ်ပြီး လိုရင်း အချုပ်ကိုသာ ထုတ်နှုတ် ဖေါ်ပြပါသည်။ ၄င်းစာ မူရင်း အတိုင်းမှာ-

ဒေါ်ခင်ခင်လေး။
ကျွန်တော်တို့နှစ်ဦးသည် ၁၉၄၀-ခုနှစ်ကစ၍ ယနေ့ ၁၉၆၀-ခုနှစ်အထိ အနှစ် ၂၀-ကြာမြင့်စွာ ဒိုးတူ ဘောင်ဘက် စီးပွားရှာခဲ့ကြသဖြင့်
၁။    စီးပွားရေးတွင် (ဒေါ်ခင်ခင်လေး၏ ခန့်မှန်းချက်အရ) ၁၅-သိန်းဘိုးတန်သည့် ပစ္စည်းဥစ္စာ များကို စုဆောင်း ရရှိခဲ့ကြပါသည်။
၂။    ဗမာ့ခေတ်သတင်းစာကို အကြောင်းပြု၍ ကျွန်တော်တို့ ၂ဦး မှာ ကျော်ဇော ထင်ရှားခြင်းကို ရခဲ့ကြ ပါသည်။
၃။    ယခုလက်ရှိဦးနုအစိုးရအာဏာရသည်မှာလည်း ဗမာ့ခေတ်သတင်းစာ၏ လုံ့လပယောဂ အများအပြား ပါဝင် သောကြောင့် ဖြစ်သည်ဟူ၍ ဗမာတပြည်လုံးက ယုံကြည်နေကြပါ သည်။
၎။    အလှူအတန်းကြီးများကိုလည်း ထင်ရှားစွာ ပြုလုပ်နိုင်ခဲ့ပါသည်။
၅။    မိမိတို့ စရိတ်ဖြင့်လည်း ကမ္ဘာကို နှစ်ပတ် လှည့်လည်နိုင်ခဲ့ပါသည်။

ဤသည်တို့ ကား ကျွန်တော်တို့ နှစ်ဦးစွမ်းဆောင်ခဲ့သော လုပ်ငန်းကြီးများ ဖြစ်ပါသည်။ ဤကဲ့သို့ အဆင်ပြေပြေ တင့်တင့်တယ်တယ်နေခဲ့ကြရာမှ ယနေ့ကြုံကြိုက်လာခဲ့ရသော အဆင်မပြေမှု ပြဿနာမှာ ကျွန်တော် ၏ တာဝန် လုံးဝဖြစ်သည်ဟူ၍ ကျွန်တော်ဝန်ခံပါသည်။

ထိုကဲ့သို့ (ယနေ့) ကြုံကြိုက်နေသော ပြဿနာကြောင့် ဒေါ်ခင်ခင်လေးမှာ ရောဂါရှိသူ- ထိုရောဂါကြောင့် မတော်တဆ ဆုံးပါးသွားလျှင် ကျွန်တော်တာဝန် ကင်းမည်မဟုတ် ဟု ယုံကြည်ပါသည်။
ထို့ကြောင့် (ယနေ့) ကြုံတွေ့နေသော ပြဿနာကို ဒေါ်ခင်ခင်လေး သဘောကျ၊ ဒေါ်ခင်ခင်လေး စိတ်ချမ်းသာ မှုကို ရှေ့ရှုလျက် ဖြေရှင်းလိုပါသည်။

ဤကိစ္စနှင့် ပတ်သက်၍ တရားဥပဒေကို လက်ကိုင်ပြု၍ ပြောရလျှင် ဗုဒ္ဓဘာသာ လူမျိုးတို့ ထုံးတမ်း အစဉ်အလာ အရ မှာ လင်နှင့်မယား သဘောချင်း မတိုက်ဆိုင် ၍ ကွာရှင်းလိုလျှင် နှစ်ဦးပိုင် သရက်စေ့ ထက်ခြမ်း ကွဲညီ တူညီ မျှ ခွဲစေယူရစမြဲဖြစ်ပါသည်။ သို့ရာတွင် နှစ်ဦးသဘောတူပါက အခြားသော နည်းများ လည်း ရှိပါသေးသည်။

ပြုမှားမိသမျှ ပုထုဇဉ် သဘာဝမို့ပါ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၄)

ကိုး

အိမ်ပေါက်ဝတွင် ထိုင်ရင်း ၀မ်လန်းမှာ အင်းတခုခုတော့ လုပ်မှဘဲ'' ဟုတကိုယ်တည်း ပြောဆိုလေ၏၊ ဘာမျှ မရှိတော့သော အိမ်တွင်ဆက်လက် နေထိုင်၍မဖြစ် နေလျှင် သေကြဘို့သာရှိတော့၏၊ မသေဘဲ နေနိုင် အောင် အကြံတခုကို ဆုံးဖြတ်ပြီးဖြစ်ရာ ထိုဆုံးဖြတ်ချက်မှာ တနေ့တခြား ပိန်လှီကျချုန်း လာသော ခန္ဓာကိုယ် အတွင်းတွင် စွဲမြဲလျက်ရှိလေ၏။

လူလားမြောက် လာပြီဖြစ်မှ ခံစားသင့် ခံစားထိုက်သော လူ့အခွင့်အရေး ကို ဆိုးသွမ်းသော ကြမ္မာ၏  လုယူ တိုက်ခိုက်ခြင်း ကို မခံလိုပေ၊ ဘယ်လိုဘယ်ပုံ ဟူ၍၄င်း၊ ကိုယ်တိုင်ပင် ဖေါ်မပြနိုင်သော ဒေါသမှာ စိတ်ထဲ တွင် ကိန်းအောင်းလျက် ရှိလေ၏၊ ထိုဒေါသမှာ တခါတရံ အမှိုက်ပုံအောက် မှ မြွေဟောက် ခေါင်းပြူ ၍ ထွက်သလို ထွက်လျက် ၀မ်လန်းကို အဆိပ်ဖြင့် မှုတ်လေရာ ထိုအခါမျိုးတွင် ၀မ်လန်းမှာ တလင်းပြောင် ထဲသို့ ပြေးထွက်မိကာ တိမ်တိုက်တိမ်ခိုးတွေ ကင်းစင်လျက် အပြောရောင် ပြေးနေသော ကောင်းကင်ကို လက်သီးနှစ်လုံး ဖြင့် ထောင်ပြ လှုပ်ရှား ချိန်ရွယ်ရင်း။
''အင်း...မင်းအင်မတန် ကောက်ကျစ်စဉ်းလဲ လှပါကလားကွ ဟင် ကောင်းကင်က အဘိုးကြီးရဲ့'' ဟု သွေးရူး သွေးတန်း ဟစ်အော် ရေရွတ်မိလေ၏၊ သို့သော် ဟစ်မိရင်းက ရုတ်တရက် ထိပ်လန့်ကြောက်ရွှံ့ သွားပြန် သကဲ့သို့ '' အင်းလေ ငါအခုခံနေရတဲ့ ဒုက္ခထက်တော့ ပိုဆိုးလာမှာမဟုတ်ပါဘူး''ဟု ပြောဆို ပြန်လေ၏။

တခါတွင်လည်း အင်အားခန်းခြောက်နေပြီဖြစ်သော ခန္ဓာကိုယ်ကြီးကို မသယ်ချင့် သယ်ချင် ခြေလှမ်းများ ဖြင့်ဒရွတ်တိုက် ရွေ့လှမ်းရင်း မြေ၀သုန် နတ်ကွန်းသို့ ရောက်သွားလေရာ ကြင်ယာတော် နတ်သ္မီးနှင့် ယှဉ်ထိုင် နေသော နတ်ရုပ်၏ မျက်နှာကို နတ်ဝတ်တန်ဆာ များ စုတ်ပြတ်လျက် ဖင်ပေါ်ပေါင်ပေါ် ဖြစ်နေကြ လေ၏၊ အမွှေးတိုင်များ အပူဇော်ကင်းမဲ့ နေသည်မှာလည်း လပေါင်း အတန်ကြာခဲ့ ပြီဖြစ်၏၊ ၀မ်လန်း သည် နတ်ရုပ်များကိုသွားဖြဲ၍ ပြပြီး အိမ်သို့ ပြန်လာခဲ့လေရာ အားအင် ကုန်ခန်းခြင်းဖြင့် ညည်းထွား ကာ အိမ်ရာပေါ်တွင် လဲလေ၏။

တအိမ်လုံး လဲ၍ နေကြလေ၏၊ အစာရေစာ မစားရသဖြင့် အိပ်စက် လဲလျောင်း၍ သာနေကြလေ၏၊ စပါးကောက်လှိုင်း အူတိုင်များ ကို အခြောက်လှမ်းလျက် စားသောက်ခဲ့ကြ၏၊ သစ်ခေါက် တွေကိုခွာလျက် စားကြရ၏၊ တရွာလုံးရှိ လူများမှာလည်း ဆီးနှင်းဖုံးသော တောင်တန်းများပေါ်တွင် တွေ့ရသမျှ မြက်ပင် များကို ရှာဖွေနှုတ်ယူ စားသောက်ခဲ့ကြရ၏၊ တိရိစ္ဆာန် ဆို၍လည်း တကောင်တမြည်း မျှမရှိ ကြတော့ပေ၊ လူတယောက် မှာ ရက်ပေါင်းများစွာ အနှံ့အပြားလျှောက်၍ ရှာဖွေသည့်တိုင်-နွားသော်၎င်း၊ မြင်းသော်၎င်း၊ ကြက်,ငှက်,များကို သော်၎င်း၊ မတွေ့ရှိ နိုင်ပေ။

ခလေးများ၏ ၀မ်းဗိုက် မှာ လေခိုလျက် အဟောင်းသားဖြစ်နေကြ၏၊ ထိုအခါများတွင် ရွာလမ်းများ ပေါ်၌ ကစား ခုန်ပေါက် နေသော ခလေး ဆို၍ တဦးတလေမျှ မမြင်တွေ့ရတော့ ၀မ်လန်း ၏ သားကလေး ၂-ယောက်ကား အိမ်ပေါက်ဝသို့ လေးဘက်ထောက်၍ တွားလာကြပြီး အညှာအတာ ကင်းကာ ပူပြင်း လှသည့် နေရှိန် အောက်တွင် ငြိမ်သက်စွာ ထိုင်နေကြလေ၏၊ ယခင်က အိအိစက်စက် ၀၀ဖိုင့်ဖိုင့် ရှိခဲ့သော ကိုယ်ကလေး များမှာ ယခုမှ အရိုးပြိုင်းပြိုင်း ပိန်ချပ်ချပ် နှင့် ဖြစ်နေ၏၊

အငယ်ဆုံး သမီး မိန်းကလေးမှာ တကိုယ်တည်း ထိုင်နိုင်လာသည့် အရွယ်သို့ရောက်လာပြီ ဖြစ်စေကာမူ ထိုင်နေသည် ဟူ၍ မရှိ စောင်ကလေး တထည်ပေါ်တွင် ပက်လက် ကလေးသာ ရှိနေလေ၏၊ ပဋ္ဌမ၌ ဆာလောင် ငတ်မွတ်လှသည် ဖြစ်၍ တအိမ်လုံးမှာ ၄င်း၏ စူးယှသော ငိုသံဖြင့် အော်ဟစ် ဆူညံ၍ နေခဲ့ သော်လည်း ယခုမူ ခလေးမကလေး မှာ  ၄င်း၏ ပါးစပ်ထဲသို့ ဘာကလေး တခုခု ပင် ထည့်လိုက် ထည့်လိုက် အသံမထွက်ဘဲ အငန်းမရတမ်း ကိုင်စုတ်၍ သာနေလေ၏၊ ၄င်း၏ မျက်နှာကလေးမှာ မျက်တွင်း ကလေး ဟောက်ဟောက် ပါးသွယ်နားသွယ် ကလေးကျကျ နှင့် နှုတ်ခမ်းကလေး များမှာလည်း သွားမရှိသော အမယ်အိုပါးစပ်လို ပိန်ခွက်၍၀င်ပြီး နက်လှောင်နိမ့်ဝင်နေသည့် မျက်လုံးကလေး နှစ်လုံးမှာ ကြောင် တောင်တောင် ကလေး ရှိနေလေသတည်း။

အသက် အရွယ်နှင့် မမျှ ခံစားနေရသော ခလေးမကလေး၏ ဒုက္ခမှာ ဘခင်၏စိတ်ကို သိမ်းကြုံး ဆွဲငင်ခြင်း ပြုလေ၏၊ ၀မ်လန်းမှာ တခါတခါ ဒုက္ခသယ် သမီးကလေးကို ကြည့်ရင်း ''အမိုက်မ ကလေး အမိုက်မ ကလေး'' ဟုတီးတိုး ရေရွတ်မိလေ၏၊ တခါတွင်လည်း သမီးကလေးက သွားမရှိသော ပိန်ခွက်နေသည့် ပါးစပ် ကလေးဖြင့် ၄င်းအား ပြုံးပြုံးကလေး ကြည့်နေလေရာ ၀မ်လန်းမှာ မျက်ရည်ရည် တွေစီးကျ လာလျက် သမီးကလေး ၏ အရိုးပြိုင်းပြိုင်း ထနေသော လက်ကလေးကို ၄င်း၏ အသားအရေ ခြေက်ခန်း နေသည့် လက်ဖြင့် ဘမ်းကိုင် ဆုတ်ဖျစ် ထားလေ၏၊ ထိုနောက် ကြုံလှီသော ကိုယ်ကလေးကို မ,ယူလိုက်ပြီး ဘခင်၏ ရင်ငွေ့ကို ပေးသောအားဖြင့် ရင်ခွင် ထဲသို့ ဆွဲသွင်းထားလေ၏။

အဘိုးကြီး အတွက်ကား ၀မ်လန်းသည် သူများတကာထက်ပို၍ အရေးယူ ဂရုစိုက်၏၊ စားစရာရှိလျှင် ရင်သွေး ကလေးမျုား ကိုပင် အငတ်ထားလျက် အဘိုးကြီးအား ကျွေး၏ သို့ဖြင့် ''သေရမဲ့ဆဲဆဲ တောင် အဖေကို မမေ့တဲ့သား'' ဟု လူအများ ချီးမွမ်းပြောဆိုကြမည်ကို ၀မ်လန်း ဂုဏ်ယူလေ၏၊ ၄င်းမှာဘခင် ဖြစ်သူက သူ့အသားကို စားချင်သည်ဟုပြောလျှင် လှီးဖြတ်၍ ကျွေးမည့်သူဖြစ်၏၊ အဘိုးကြီးကား  နေ့ရောညရော အိပ်လျက်၊ အစာ လာကျွေးလျှင် ထ၍စားခြင်းဖြင့် အားအင် မယုတ်လျော့ သေးဘဲရှိ၏ ၄င်းမှာ အခြားသူများထက် လန်းလန်း ဆန်းဆန်း ရှိနေကာ တနေ့တွင် ၀ါးရုံပင်မျုားကို ဖြတ်သန်းမြူးတူး လာသော လေ၏ တိုက်ခတ်သံဖြင့် တုန်တုန်ချိချိ ပြောဆိုသည်မှာ။

''ဒါထက်ဆိုးတဲ့ ခေတ် ရှိပါသေးတယ်ကွာ အခုထက် ဆိုးတဲ့ခေတ် ကြုံခဲ့ ရပါသေးတယ်၊ တခါတုန်း ကများ လူတွေဟာ သားသမီး တွေကိုတောင် သတ်စားခဲ့ရတယ်''။
''ကျုပ်အိမ်မှာ ဒါမျိုးဘယ်တော့မှ မဖြစ်ရဘူး'' ဟုဝမ်လန်းက ကြီးစွာသော ထိတ်လန့်ခြင်းဖြင့် ပြန်၍ ဟစ်အော် လေ၏။
တနေ့သ၌ ၀မ်လန်း၏ အိမ်နီးချင်း ''ချင်း'' သည် ၀မ်လန်းထံသို့ ရောက်လာလေ၏၊ ၄င်းမှာလူနှင့် မတူတော့ အောင်ပင် ပိန်ချုံးချိနဲ့ ၍ နေလေ၏၊ ၄င်းက ချောက်သွေ့လျက် မဲနက်နေပြီဖြစ်သော နှုတ်ခမ်း များကို လှုပ်ကာ လေသံဖြင့်။

''မြို့ထဲမှာ ခွေးတွေ သတ်စား နေရပီ ဒိပြင်နေရာတွေမှာလဲ မြင်းတွေကော အကောင်းမျိုးစုံ တွေကော သတ်စား နေကြသတဲ့ ကျုပ်တို့ဆီမှာတော့ ကျုပ်တို့နဲ့ ရွံ့ထဲဘက် ရုန်းခဲ့ရတဲ့ နွားတွေကို သတ်စားရပီ မြက်တို့ သစ်ခေါက်တို့ လဲ စားနေရပီ၊ အခု ဘာစားဘို့ရှိတော့လဲ'' ဟု ပြောလေ၏။
ဝမ်လန်းမှာ မျှော်လင့်ချက် လုံးဝကင်းမဲ့သော အမူအယာဖြင့်  ခေါင်းကို ခါလေ၏၊ ၄င်း၏ ရင်ခွင်ထဲ၌ ကမ္မဌာန်း ရုပ်ပေါက်ကာ အရိုးကောင် ကလေးလိုဖြစ်နေသော သမီးကလေး ကို ပိုက်လျက်သား ရှိလေသည်။ ၄င်းသည် သနားစဖွယ် မိမိအား စိုက်ကြည့်နေသော သမီးကလေး၏ မျက်နှာကို ငုံ့ ကြည့်လေ၏၊ ဤသို့ ငုံ့ကြည့် လိုက်သောအခါ ခလေး၏ မျက်နှာကလေးမှာ ပြုံးလာလေ၏၊ ၀မ်လန်းကား.. အသဲနှလုံး ပြတ်ကြွေ လုမတတ် ဖြစ်သွားလေ၏။

''ချင်း'' က ၄င်း၏ မျက်နှာကို ၀မ်လန်း အနီးသို့ကပ်လျက်။
အခုရွာထဲမှာ လူသားတွေစားနေကြပီဗျ၊ ကျုပ်ကြားတော့ မင့်ဦးလေးနဲ့ သူ့မိန်းမတဲ့ သူ့တို့ပေါ့ စားနေကြတယ် ဆိုတာ လူသားမစားရင် သူတို့ ဘာသား သွားစားနေမလဲ အခုထက်ထိ ဟိုဟိုဒီဒီ လမ်းလျှောက် နေနိုင်ကြတုန်း ဗျ၊ အစက စားစရာဆိုလို့ ဘာမှမရှိတဲ့ လူတွေဟာ'' ဟု တီးတိုး ပြောလေ၏။
ဝမ်လန်း ကား စကားပြောရင်း တဖြည်းဖြည်း နီးကပ်လာသော လူသေ မျက်နှာလို မျက်နှာကြီး မှ နောက်သို့ ဆုတ်ခွာ လိုက်မိ၏၊ နီးကပ်စွာရှိနေသော ချင်း ၏ မျက်လုံးကြီးများကို ၀မ်လန်းကြောက်၍ သွားလေ၏၊ စဉ်းစား တွေးခေါ်၍ မရသော အကြောင်းဖြင့် ကြီးစွာ တုန်လှုပ်ချောက်ချား နေလေ၏ ပေါ်ပေါက် နီးကပ် နေပြီ ဖြစ်သော အန္တရာယ် မှ ရှောင်ခွာ ဆုတ်ကန် ဘိသကဲ့သို့ ထိုင်ရာမှ ရုတ်တရက် လျင်မြန်စွာ ထလိုက် လေ၏။

''ဒီနေရာက သွားကြမှဘဲ အောက်ရပ် ကို သွားကြရအောင် လောကကြီး တခုလုံးမှာ လူတွေငတ်ကြ
မွတ်ကြ ဖြစ်ကြတာဘဲ၊ ဒါပေမဲ့ တပြိုင်နက် စုငတ်အောင်တော့ ဘုရားသခင် မလုပ်လေတန်ပါဘူး''   ဟု ပြောလေ၏။
''ချင်း'' ကား ၀မ်လန်း ကို သနားကရုနာ သက်စွာဖြင့် ကြည့်လျှက် ''အင်း-မင်းက အသက် အများကြီး ငယ်သေးတယ်၊ ကျုပ်တော့ကြီးပီ မင့်ထက်ကြီးပီ ကျူပ်မိန်းမလဲ ကြီးလှပီ၊ ကျုပ်တို့မှာ သမီးတယောက် ဘဲရှိတာ ကျုပ်တို့ သေပျော်ပါပီ'' ဟု ၀မ်နည်းပန်းနည်း ပြောလေ၏။

''ခင်ဗျားဟာ ကျုပ်ထက်ကံကောင်းတယ်၊ ကျုပ် မှာ အဘေကြီးနဲ့ ဟောဒီ ကလေးတွေရှိသေးတယ် နောက်လဲ တယောက် မွေးလိမ့်အုံးမယ်၊ ကျုပ်တို့ သွားမှဘဲ နို့မို့ရင် လူစိတ်တွေ ပျောက်ပီး ခွေးရိုင်းတွေလို တယာက် အသား တယောက် ပြန်စားမိကြလိမ့်မယ်'' ဟုဝမ်လန်းက ပြန်ပြောလေ၏။
သို့ ပြောလေရာက မိမိ ပြောမိသော စကားမှာ ဟုတ်မှန် လှသကဲ့သို့  အိပ်ရာထဲတွင် ရက်ပေါင်းများစွာ ခွေလဲ နေရှာသော ဇနီးသည် အိုလင်အား လှမ်းခေါ်လေ၏။
''လာဟေ့ မိန်းမရေ ဒို့ အောက်အရပ်ဒေသကို သွားကြစို့'' ဟု ပြောလိုက်သော အသံမှာ ရွှင်ပျလန်းဆန်း လျှက်ရှိပြီး ထိုအသံမျိုးကို မကြားရသည်မှာ လပေါင်း အတန်ပင် ကြာရှိပြီဖြစ်ရကား ခလေးများသည် ၄င်းအား ဆပ်ကနဲ မော်ကြည့်ကြလျက် အဘိုးကြီးလည်း အိမ်ရာထဲမှ ယိုင်တိ ယိုင်တိုင် နှင့် ထွက်လာကာ အိုလင် လည်း အားအင်ချိနဲ့ လှစွာဖြင့် အိမ်ရာမှထခဲ့၍ အခန်းဝသို့ လျှောက်လာပြီး တံခါးဘောင်ကို မှီလျက်။

''အဲဒါကောင်းတယ် လမ်းလျှောက်ရင်း၊ သေရတာက ပိုကောင်းတယ်'' ဟုပြောဆိုလေ၏။
''အိုလင်'' ဆောင်ထားရသော ပဋိသန္ဓေကား ကြုံလှီသေးသိမ်လှသော ကိုယ်တွင် သစ်သီးတလုံးကို ဆွဲ ချိတ် ထားသလို ဖြစ်လေ၏၊ မျက်နှာတွင် အသားတွေခြောက်ခန်း ပိန်ချုံး၍ ကျနေလေရာ အရိုးများမှာ အရေ အောက်တွင် ကျောက်ဆောင် ကျောက်တုံးကြီး တွေလို ငေါပြူထွက်နေလေ၏၊ ၄င်းက-
''မနက်ဖြန် အထိသာ စောင့်ပါ ဒီတော့ ကျုပ်လဲ မျက်နှာမြင်ပီးရောပေါ့ မြင်ကာလဲနီးပါပီ'' ဟုပြောဆို လေ၏။

''ဒါဖြင့် မနက်ဖြန်ပေါ့ကွယ်...''
ဝမ်လန်းသည် ဇနီးသယ်၏ မျင်နှာကို ကြည့်မိရာ တခါဘူး မှ မဖြစ်ပေါ်ဘူးသော သနားကရုနာ မေတ္တာဓာတ် သည် နှလုံးကို လာ၍ ခိုက်လေ၏၊ ''မင်းဘယ်လို လျှောက်နိုင်ပါ့မလဲ ဒုက္ခသယ်မရဲ့'' ဟု အပြင် မထွက်သော အသံဖြင့် ညည်းထွားမိရင်း တံခါးဘောင် ၌ မှီ၍ ရပ်လျက်ပင် ရှိနေသေးသော ''ချင်း'' အားမတောင်းချင်တောင်းချင်ဖြင့်-
''ဗျာ-ခင်ဗျားဆီမယ် စားစရာကလေး နဲနဲပါးပါးများကျန်ရင် ဟောဒီခလေးအမေရဲ့ အသက်ကို ကယ်ဆယ် တဲ့ သဘော နဲ့ လက်တဆုပ်လောက် မျှစမ်းပါဗျာ ဟိုတလောက ခင်ဗျား ကျုပ်အိမ်ကို ၀င်လုတဲ့ ကိစ္စ ကျုပ် မေ့ဖျောက် ပစ်ပါ့မယ်'' ဟုပြောလေ၏။

ချင်းမှာ ၀မ်လန်းအား ရှက်ကြောက်ခြင်း ကြီးစွာဖြင့် ကြည့်လျက် '' ကျုပ်လဲ အဲဒီနေ့က စပီး စိတ်ထဲမယ်နဲနဲ ကလေးမှ မချမ်းသာတော့ဘူး မောင့်အိမ်မှာ စားစရာ သောက်စရာတွေ လှောင်ထားတာ ရှိတယ်လို့ ကျုပ်တို့ကို လာတွန်းတဲ့ ခွေးကောင်ကြီးဟာ တခြားလူတော့မဟုတ်ဘူး မောင့်ဦးလေးဘဲ ရက်စက်လှတဲ့ ဟောဒီ လောကကြီးမှာ ကျူပ်ကျိန်ပြောလိုက်မယ် ကျူက်အိမ် ဘိနပ်ချွတ်အောက် မှာ ပဲနီစေ့ အနည်းငယ် လောက် မြှုပ်ထားတာတော့ ရှိတယ်။

အဲဒါဟာ ကျုပ်တို့ သားအမိ သားအဘ တတွေ သေရတော့မဲ့ နောက်ဆုံးအချိန် ကျတော့ ၀မ်းထဲမယ် အစာကလေး နဲနဲ သွတ်ရက် နဲ့ သေသွားကြရအောင် ကျုပ်တို့ လင်မယားမြှုပ်ထားတဲ့ ဟာဘဲ ဒါပေမဲ့ ဒီအထဲက နဲနဲတော့ ကျုပ်မောင့်ကို ပေးမယ် မနက်ဖြန် ကျတော့ကာ အောက်အရပ်ဒေသကို သွားနိုင်ကြရင် သွားကြ ပေတော့ ကျုပ်တော့ကျုပ်အိမ်နဲ့ ကျုပ် ဒီမှာဘဲ နေရစ်ခဲ့မယ် ကျူပ်က မောင့်ထက် အသက်ကြီးပီ သားလဲ မရှိဘူး ဒီတော့က သေသေရှင်ရှင် ဘာမှအရေး မဟုတ်ဘူး။
ထိုနောက် ၀မ်လန်းထံ မှ ထွက်သွားလေ၏၊ ခဏကြာ၍ ပြန်လာသောအခါ အ၀တ်ကလေး တခုနှင့် ထုပ်လျက်ဖုတ်တွေ နှင့် အလူးလူးရှိသော ပဲနီစေ့ ကလေး လက်နှစ်ဆုတ်ခန့် ပါလာလေ၏၊

ဆက်ရန်

.
>>>ဆက်ဖတ်ရန်>>> >>

Monday, March 29, 2010

ရွှေစင်ဦး စားခဲ့ ..သွားခဲ့ ..သတိရခဲ့... တာလေးတွေ

ဒီနေ့ အလှူဖိတ်လို့ သွားခဲ့တယ်..၊ မေမြို့သွားတဲ့ လမ်းပေါ်က ပြင်စာကျေးရွာလေးမှာ...၊ လမ်းပေါ်မှာ ဟိုငေး ဒီငေး လုပ်ရင်း နဲ့ ဖေဖေ မေမြို့မှာ အလုပ် လုပ်တုန်းက အဖြစ်အပျက် တချို့ ကို သွားသတိရ မိတယ်...၊ မေမေ က ဖေဖေ နဲ့ အတူလိုက်ရင် လိုင်းကားနဲ့ သွားမယ်ဆိုရင် မသွားချင်ဘူး .... ဖေဖေ မောင်းတဲ့ ကားနဲ့ဆိုရင် တော့ လိုက်တယ်...(အစိုးရ က ဖေဖေ အလုပ်လုပ်တုန်းက ကားပေးတယ်) ၊ ညီး ဖေဖေ နဲ့ လိုင်းကားနဲ့ သွားရင်..အကြောင်းသိတဲ့ ကားသမား တွေက သိပ် မတင် ချင်ဘူးတဲ့ ... ။

ကျနော် က မေမေ ပိုပြောတယ်ထင်တာ.. တခါကြ ဖေဖေ နဲ့ လိုင်းကားနဲ့ လိုက်ရတဲ့ အချိန် တချိန်ကြုံပါ လေရောဗျာ...၊ အဲဒီကြမှ ကိုယ့်အဖေအကြောင်း ကိုယ် သိတော့တယ်.. ကားသမား တွေက ဆီဆိုင် ဝင်ထည့် လည်း ကြာလို့တဲ့.... ခဏနေ ဟိုရပ် ဒီရပ်ပြီး ပါဆင်ဂျာတွေ တင်ရင်လည်း ဒီမှာ ကျပ်နေပြီ.. တို့..ဘာတို့ပေါ့ဗျာ.. စပါယ်ယာလေးတွေက ကွမ်းလေးဘာလေး ဆင်း ဝယ်ရင်လည်း ဝယ်ပြန်ပြီ ပေါ့... အမျိုးမျိုး ပါဘဲ.. စကားများ လိုက်တာဗျာ(ကန်တော့ ကန်တော့).. ကျနော်တောင် စိတ်ညစ် လာတယ်....၊ ကိုယ့်တိုင်းပြည် အခြေအနေ နဲ့ ဒီလိုဘဲ အဆင်ပြေသလို လုပ်နေကြတာ.. သူတို့မှာလည်း လမ်းမှာ ပေးရကမ်းရတာတွေက အများကြီး အဲဒီတော့ လူလည်း ရသလောက် တင်ရတော့တာပေါ့.. အားလုံးက တန်ရာ တန်ကြေးနဲ့ လုပ်နေကြတာမှ မဟုတ်တာ..၊ ဒါကို နားလည်မှု့ မပေးဘူး...။

အခုဆိုရင်လည်း အိမ်မှာ မေမေ ခမျာ သတင်းစာ ထဲက ကြော်ငြာ လေးတွေ ဖတ်ချင်တာတောင် မဖတ်ရ တော့ဘူး ဖေဖေ လုပ်လိုက်တာလေ...၊ ဖေဖေက သတင်းစာလာပို့ရင် ရပ်ပြီး သေချာပေးမှ ကြိုက်တယ်.. သတင်းစာဆရာတွေက လည်း အိမ်တအိမ်ထဲ ပို့ရတာမှ မဟုတ်တာ ဘယ်လိုလုပ်ပြီး တခမ်းတနား ပေးနေနိုင် မှာလည်း စက်ဘီးပေါ်ကနေ လှစ် ကနဲ နေအောင် ပစ်လိုက်တယ်.. ကျနော်တို့လည်း ကြုံကြိုက်နေရင် တတ်သမျှ သိုင်းပညာ သုံးပြီး ဖတ် ကနဲ ဆို ဖမ်း လိုက်ရတယ်.. အကျမတော်ရင် ဘွက်ထဲ မြှောင်းထဲ ပေါ့ .. အဲဒါကို ဖေဖေက အရမ်းမုန်းနေတာ..။

တနေ့ တော့ သတင်းစာသမားက ဖေဖေ ရှိနေတုန်း သတင်းစာပေးရင်း နဲ့ သတင်းစာဘိုးတောင်းတယ်..၊ တောင်းတဲ့ အချိန်မှာ စက်ဘီးရပ်ရတော့တာပေါ့ဗျာ..၊ အဲဒီမှာ ချစ်ဖေဖေ က သတင်းစာ သမားကို ခင်ဗျားတို့ သတင်းစာပေးရင် အခု ပိုက်ဆံတောင်းသလို စက်ဘီးကလေး ရပ်ပြီး ပေးရင် ကောင်းမယ် ဘာညာ နဲ့ သွားပြောလိုက်တာ.. အဟဲ.. သတင်းစာ ဆရာ ကသူ့ထက်တောင် စိတ်ကြီးသေး.. ခင်ဗျား ပိုက်ဆံလည်း မယူဘူး ခင်ဗျားတို့ အိမ်လည်း သတင်းစာမပို့တော့ဘူး ဆိုပြီး သတင်းစာ မပို့ တော့ ဘူးတဲ့ဗျာ...၊ အခုတော့ ဇာတ်လမ်းပြတ်ရောပေါ့...။

ဘာရယ် မဟုတ်ပါဘူး.... တွေးမိတာလေး ရေးလိုက်တာပါ..တခါတလေ ကြတော့လည်း ဘဝမှာ နေပျော် သွားအောင် ဖြစ်လာတဲ့ အခြေအနေ တွေနဲ့ လိုက်ရောညီထွေမှု့ရှိအောင် နေနိုင်ရမယ်လို့ ထင်တယ်..၊ ကျနော် တို့စီမှာ ဘယ်သူမှ တန်ရာတန်ကြေး ရလို့ လုပ်နေကြတာ မဟုတ်ဘူး.. ၊ အဲဒီတော့ သူတို့ကလည်း ထိုက်တန်တယ်လို့ သူတို့ ထင်တဲ့ ဝန်ဆောင်မှု့မျိုး ကိုဘဲ ပေးတော့မှာဘဲ...၊ လူတိုင်း လိုလိုဘဲ အလုပ်တခု လေး မှ ရှိစေတော့ ဆိုပြီး လုပ်နေကြရတာ...၊  အားလုံးကို နားလည်အောင် ကျိုးစားပေးရင်တော့ အင်း.. စိတ်လေးတော့ နဲနဲချမ်းသာသွားမယ်ထင်တယ်ဗျာ....။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၃)

မိဘတွေ ဖြစ်နေပုံမြင်ရသော သားများကလည်း ပခုန်းကိုတွန့်လျက် မိမိတို့ အဘို့လည်း တသက်စာ ဖြုန်းဘို့ သုံးဘို့ ရှိရဦးမည် ဟု ပြောဆိုလေ၏၊ ထိုနောက် ကိယ်စားလှယ်လုပ်သူအား အအုပ်အချုပ် အစီအမံညံ့ဖျင်း သည်ဟု ၀ိုင်း၍ တသံတည်း ဆဲဆိုမောင်းမဲကြလေရာ၊ အစက လပေါ် သရေ နှင့် ဧဧဆေးဆေး နေခဲ့သော ကိုယ်စားလှယ် မှာ ဖုတ်ပူမီးတိုက် ကြံရ-ဖန်ရ နှင့် အသားအရေများ ပင်ကျသွားလျက် ကိုယ်ရောစိတ်ပါ ဆင်းရဲ ပင်ပန်း လှခြင်းဖြင့် အရိုးပေါ်အရေတင် ကလေး ဖြစ်နေလေ၏။

တနယ်လုံးတွင် မိုးခေါင်သဖြင့် အသီးအနှံ သုဉ်းဘိသကဲ့သို့ ဟွယ်၏အိမ်ကြီးတွင်လည်း ပစ္စည်း အင်အား ခေါင်းပါး လျက်ရှိပြီးဖြစ်ရာ၊ ''ကျုပ်မှာ ငွေရှိတယ်လေ'' ဟု ၀မ်လန်းက ပြောလာခြင်း မှာ ငတ်မွတ်နေသူတဦး အား ''ကျုပ်မှာစားဘို့ရှိတယ်'' ဟု လာပြောဘိသကဲ့သို့ ဖြစ်လေ၏။

သူဋ္ဌေး ကိုယ်စားလှယ် က လက်လွတ်သွားမည် စိုးသည့်အလား ငွေပေးလာသူကို အမိဖမ်းလေ၏၊ နှစ်ယောက်သား ခေါင်းချင်း ရိုက်သွားလျက် ငွေလည်း တလက်မှ တလက်သို့ ကူးပြောင်းသွားကာ ဆိုင်ရာ စာရွက် စာတမ်းများ ကို လက်မှတ်ရေးထိုး တံဆိပ် ထုနှိပ် ကြခြင်းဖြင့် လယ်မှာ ၀မ်လန်းလက်သို့ ရောက်ခဲ့ ပေ သတည်း။

မိမိ၏ အသား မိမိ၏ အသွေး ဖြင့် အလွန် ခဲယဉ်း ပင်ပန်းလှစွာ ရှာကြံ ထားရသော ငွေပင် ဖြစ်စေကာမူ ယခု တကြိမ် ငွေထုတ်ပေးလိုက်ရခြင်း ၌ လည်း ၀မ်လန်းမှာ ဆိုင်းတွခြင်း တွန့််တိုခြင်း မဖြစ်မိပေ၊ အာသာ ရှိနေသည့် အတိုင်း ၀ယ်လိုက်ခြင်းပင်ဖြစ်၏၊ ၀ယ်လိုက်သော လယ်မှာလည်း ပဌမ ၀ယ်ခဲ့သော လယ်ထက် နှစ်ဆ မျှပို၍ကြီး၏၊ လက်ထဲတွင် လယ်ကောင်းများကို ရရှိထားပေပြီ အဆိုပါ လယ်သစ် မှာ မြေသြဇာ ကောင်းရုံ မျှမက တခါက မင်းသား တပါးပင် ပိုင်ဆိုင်ခဲ့ဘူးရကား ၀မ်လန်း မှာ ကြီးစွာ ဂုဏ်ရောက် နေလေ၏၊ သို့သော် လယ်ဝယ်လိုက်ခြင်းကို မည်သူ့ အားမျှ အသိမပေး ဇနီးသယ် အိုလင် ကိုပင် စကားရိပ် မသန်းခဲ့ပေ၊ လတွေ ညောင်းခဲ့သော်လည်း မိုးကား ခေါင်မြဲ ခေါင်၍နေလေ၏၊

နွေဘက် ကူးလာသောအခါ ပါးလွှာသော မိုဃ်းတိမ်ကလေးများ ကောင်းကင်၌ စိတ်မပါတပါ စုရုံး နေသည်ကို မြင်ရလေရာ၊ မိုးကလေးများ သယ်လာလေမည်လား ဟု ရွာလမ်းများပေါ်၌ လူတွေ ဟိုတစု ဒီတစု ကောင်းကင် ကို စိတ်ဝင်စားလျက် ကြည့်ကြ လေ၏၊ တိမ်လိပ် ကလေး များမှာ အားစု ၍ မှ မပြည့်သေးမီ အနောက်မြောက်ဘက် ဝေးလံသော ကန္တာရများဆီ ကဖြတ်သန်းလာသည့် လေပူပြင်း များ က တမြက်စီး လှဲ သလို မှုတ်ထုတ် ၍ ပစ်လိုက်သောကြောင့် ကောင်းကင်မှာ ရှင်းသွားလျက်၊ ပူပြင်းသော နေကြီးသာ ရဲရဲတောက် အပူဓာတ် လွှတ်လျက်ရှိ နေတော့၏၊ ထိုကြောင့် နေ့ရှိ သရွေ့မှာ နေက ပူလိုက်- နေရောင် ပျောက် လျှင် နေအငယ်စား လ၀န်းက အကြည်ဓာတ် ပေးလိုက် နှင့် ရှိနေလေ၏။

ဝမ်လန်းကား၊ ကိုင်းထဲမှ အလွန်ခံနိုင်ရည်ရှိလှသဖြင့် ကျန်ရစ်ခဲ့သော ပဲအနည်းငယ်ရလိုက်၏၊ လယ်ထဲ မှ လည်း ပျိုးမနှုတ်မီကပင် ၀ါ၍ သေကုန်ကြသည့် ပင်ပေါက် ကလေးများကို စိတ်ပျက်ပျက် နှင့် ပင် ရွှေ့ယူ စိုက်ထားရာမှ အသီးတွေ ကျွေကျနေသော ကောက်နှံပြတ် ကလေးများ ကိုရိတ်ယူရရှိလေ၏။
သို့ရရှိလေရာ ပဲပင်မှ ပဲသီး ကို ထုတ်ယူသည့်အခါတွင် တစေ့တလေ မျှမလေရအောင် ဂရုစိုက်၍ လှေ့လေ၏၊ မိမိတို့လင်ယားလှေ့ ပြီးသားတလင်းထဲမှ အဖျင်းအမှုံ များကိုပင် သားကလေး နှစ်ယောက် အား လက်ကလေးများ နှင့် ကြူံးယူစေလျက် လက်ကြားတင်ပဲစေ့ကို ရှာစေ၏၊ ကောက်လှိုင်းများကို နယ်သည့် အခါတွင်လည်း အိမ်ခန်းထဲသို့ ယူ၍နယ်လျက် နံဘေးသို့ စင်ထွက်သော စပါးစေ့ ကလေး များ ကိုပင် မျက်စေ့အပြတ်မခံ ဂရိုစိုက်လေ၏။

နယ်ပြီးသော ကောက်လှိုင်းပြတ်များကို ထင်းဆိုက်ပစ်ရန်သွားထားမည်ပြုသောအခါ အိုလင်က-
''အို… ထင်းဆိုက်မပစ်နဲ့ ကျုပ်ငယ်ငယ် တုံးက ခုလိုဘဲဖြစ်တော ရှံတောင်မှာ ဒီအူတိုင် ကလေးတွေကို ထောင်းစားခဲ့ရတာ မှတ်မိသေးတယ်၊ မြတ်စားရတာထက် ပိုကောင်းတာပေါ့'' ဟုပြောလေ၏။
ထိုအခါ အားလုံး ငြိမ်သက်သွားလေ၏၊ ခလေးများပင်ငြိမ်၍ သွားလေ၏၊ လယ်မှာ အကျိုးခံစားရဘို့ မရှိ တော့သော ထိုအချိန်တွင် အားလုံးပင် ရှေ့ရေးကို တင်ကူးသိမြင် နေကြလေ၏၊ နို့စို့သ္မီး ကလေး တဦးသာလျှင် ကြောက်ရမှန်း မသိရှာပေ၊ ၄င်းအတွက်ကား မိခင်၏ ၂-ခိုင်သော နို့ဘူး မှ နို့ရေများ ရနိုင် သေး၏ အိုလင်မှာ သ္မီးငယ် ကို နို့ချိုကျွေးရင်း….
''စို့..စို့.. အမိုက်မ ကလေး ရေ စို့စရာရှိတုန်း စို့သာစို့ကွဲ့'' ဟုပြောလေ၏။

အကုသိုလ် အကျိုးပေးမှာ မကုန်သေးသည့်အတိုင်း အိုလင်မှာ နောက်ထပ် ကိုယ်ဝန် ရှိလာပြန်လေ၏၊ သို့ ဖြစ်လေရာ အမိနို့ နှင့် အသက်မွေးရရှာသော သ္မီးငယ်ကလေးမှာ နို့မြက်ကလေး ဖြစ်သွားလျက် တုန်လှုပ် ချောက်ချား နေသော အိမ်တွင် နို့မစို့ရ၍ ငိုသောခလေးငိုသံဖြင့် တစာစာ ရှိနေလေသတည်း။

တစုံ တယောက် သောသူက ၀မ်လန်းအား ''ဒီနွေမှာ ခင်ဗျား ဘာစားနေသလဲ'' ဟုလာရောက် မေးမြန်းခဲ့ သည် ရှိသော် ၀မ်လန်း မှာ'' ဟာ မပြောတတ်တော့ပါဘူးဗျာ ဟိုကနဲနဲ သည်ကနဲနနဲနဲ့ဘဲ'' ဟု ဖြေဆိုရလိမ့် မည်ဖြစ်၏၊ သို့သော် ဤအမေးမျိုးကို မည်သူကမျှလည်း လာ၍ မမေးအားပေ၊ ရွာထဲတွင်လည်း ''ခင်ဗျား ဘယ့်နှယ့် လုပ်စား နေသလဲ'' ဟုတယောက် ကို တယောက် မမေးနိုင်ကြ  ''ငါ…ဒီကနေ့ ဘာစားရပါမလဲဒို့ ခလေးတွေ ဘာကျွေးရပါမလဲ'' ဟု ကိုယ်အရေးနှင့်ကိုယ် ဗျာများ၍ နေကြလေ၏။

ဝမ်လန်းကား မိမိ၏ နွားကို တတ်နိုင်သမျှ ကြိုးစား၍ မွေးမြူ ကျွေးမွေးနေလေ၏၊ ကောက်ရိုးနှင့် စပြစ်နွယ် များကို ရှိသမျှ ထုတ်ကျွေးပြီး ဆောင်းမကျခင် အထိ မြက်ခြောက်များ သစ်ရွက်များကို ရှာကြံ၍ ကျွေးခဲ့၏၊ ထွန်ယက် စရာ လယ် လည်းမရှိ စိုက်ပျိုး စရာ အစေ့ များလည်း စိုက်ပျိုးသည့်တိုင် ခြောက်၍ သေကုန် ကြပြီ ဖြစ်ရာ နွားကို စားကျက် သို့ လွှတ်ရလေတော့၏၊ သို့သော် ကြာသောအခါ သားကလေးကို နွားကျောကုန်း ပေါ်၌တင်၍ လွှတ်လေ၏၊ သို့သော်ကြာသောအခါ နွားကိုဘမ်း၍ သတ်စားကြမည်စိုး သောကြောင့် မလွှတ်ရဲတော့ပေ၊ သို့ဖြစ်လေရာ အိမ်ဝမှာပင် နွားကိုလွှတ်၍ ထားလေရာ အစာငတ်လျက် နွားကမ္မဋ္ဌာန်း ရုပ်ပေါက်လာလေ၏။

တနေ့သ၌ ဆန်လည်းကုန် ဂျုံလည်းပြောင် ပဲအနည်းငယ်လောက်သာကျန်လေ၏၊ နွားလည်းငတ်လွန်း သဖြင့် ရင်ခေါင်းသံ ဖြင့် အော်ရှာလေ၏၊ ထိုအခါ အဘိုးကြီးက ''ဒို့နွားတော့ စားပစ်မှဘဲ'' ဟုပြောလေ၏။
သို့ပြောလိုက်လျှင် ၀မ်လန်းမှာ ကြောက်လန့် တကြား အော်၏၊ အဘိုးကြီး ပြောလိုက်သောစကားမှာ သူ့အဘို့ '' ဒို့နောက်ကြရင် လူသားစားရမှာဘဲ'' ဟုပြောလိုက်သလိုဖြစ်သွား၏၊ နွားမှာ သူနှင့်အတူ လယ်ထဲတွင် ဘက်၍ ရုန်းခဲ့၏၊ ငယ်ငယ်ကလေး ထဲက ၀ယ်ယူမွေးကျွေးထားခဲ့ပြီး၊ လက်ရေတပြင်စီး လုပ်ကိုင် စားသောက် ခဲ့ ရသော အိမ်သားစုထဲ တွင် ပါဝင်သည့် ငယ်ပေါင်းကြီးဖေါ် တဦးဖြစ်နေ၏။

''ဒီနွားကို ဘယ်နှယ့် စားရက်ပမလဲ လယ်ထွန်တော့ ဘာနဲ့သွားထွန်မလဲ''
ထိုအခါ အဘိုးကြီးက ဧဆေးလှစွာဖြင့်….
''အေးလေ….မင့်အသက်နဲ့ နွားအသက်ဘဲ မင့်သားတွေ အသက်နဲ့ နွားအသက်ဘဲ၊ အသက်ကို ပိုက်ဆံ ပေးပီ နောက်ထပ် ယူုလို့ မရဘူး နွားက ပိုက်ဆံပေးဝယ်ရင် အလွယ်ကလေးနဲ့ ရတယ်'' ဟု ပြန်ပြောလေ၏။
သို့သော် ၀မ်လန်းကား ထိုနေ့၌ နွားကို မသတ်ရက်ပေ၊ တရက့်ပြီးတရက် လွန်ခဲ့လေရာ ခလေးတွေမှာ ဆာလွန်း ငတ်လွန်း သောကြောင့် ငိုကြွေး ကြလေ၏၊ ချော့၍ မရနိုင်အောင်ရှိ၏၊ အိုလင်က မျက်လုံးများဖြင့် လင်သယ် ကို အသနား ခံလေ၏၊ သို့ဖြစ်လေရာ မသတ်လျှင် မဖြစ်အောင် အကြောင်း ပေါ်လာလျက်။
''ကိုင်း… သတ်ချင်သတ်တော့ ဒါပေမဲ့ ငါတော့မသတ်ဘူး'' ဟုခွင့်ပြုရလေတော့၏။

 ထိုနောက် အခန်းထဲဝင်ခဲ့ပြီးလျှင် အိမ်ရာထဲ တွင် လှဲလျက် နွားအော်သံကို မကြားအောင် စောင်ဖြင့် ခေါင်းကို ပတ်ထားလေ၏။
အိုလင်ကား..... မီးဖိုထဲမှ ဒါးကြီးတချောင်းကိုယူပြီး နွားရှိရာသို့သွားကာ လယ်ပင်းကို ပိုင်းလျက် ခန္ဓာကိုယ် ချွေ လိုက်လေ၏၊ ထို့နောက် ဇလုံတလုံးဖြင့် ထွက်လာသော သွေးများကို အခဲ လုပ်၍ ချက်စားရန် ခံယူ ထားပြီး လျှင် အရေကိုဆုတ် အသားကို တစ်နေလေရာ ၀မ်လန်းကား ထမင်းစားပွဲပေါ်တွင် တုံးပြီး တစ်ပြီး ချက်ပြုတ် ထားပြီးသည့် အထိ အခန်းထဲမှ ထွက်မလာတော့ပေ။
ထမင်းပွဲ ထိုင်မိ၍ ချက်ထားသော အမဲဟင်း ကို စားရန် ကြိုးစားကြည့်သော အခါ၌ လည်ချောင်းဝ မှ ပျို့်တက် လာလျက် မျိုချ၍ မရနိုင်အောင် ရှိသောကြောင့် အရေကလေးကိုသာ နဲနဲပါးပါး သောက်လေ၏။
အိုလင် နွားဟာနွားဘဲတော် ပီး ဒီနွားဟာ အိုလဲအိုလှပါပီ စာသာစားစမ်းပါ၊ နောက်တနေ့ကျ ဒါထက် ကောင်းကောင်းစား ရအုံးမယ်။

ဝမ်လန်းမှာ စိတ်အနည်းငယ် သက်သာရာ ရလာလျက် တတုံးနှိုက် ၍ စားလိုက်လေ၏၊ ထို့နောက် ဆက်၍ နှိုက်ပြန်လေ၏၊ ထို့နောက် အားလုံးပင် ဝိုင်း၍ စားကြလေ၏၊ သို့ဖြစ်လေရာ၊ နှောက်ဆုံး တနေ့တွင် အမဲသား သည် ကုန်ခန်းခြင်းသို့ ရောက်ပြန်လေ၏၊ အရိုး ကား- အိုးလင် က ၀ါးချမ်း ဖြင့် ကွတ်လျက် နေအခြောက်ခံ လှမ်းထားလေ၏။ 
ပဋ္ဌမ၌ ၀မ်လန်းအား၊ တရွာလုံးက ငွေများစုဆောင်းမြုပ်ထားသည်၊ စားနပ်ရိက္ခာလည်း၊ သိုလှောင် ထားပြီး ရှိသည် ဟု အထင်ရောက်လျက်၊ ဖေါ်ရွေ ခင်မင် ကြ၏၊ ဦးလေးဖြစ်သူကား၊ မယားနှင့်ခလေး၇-ယောက် တကယ်ပင် ငတ်ကြသည့် အခါ ၀မ်လန်း က ပဲအနည်းငယ်နှင့် ပြောင်းဆန်အချို့ ကိုပေးလိုက်လေသည်။
''အဲဒါ ကျုပ်တတ်နိုင်သမျှဘဲ ကျူပ် မှာ သားသ္မီးမရှိတောင် ကျူပ်အဘေကြီး ကို ကျူပ် ပဋ္ဌမကြည့်ရ လိမ့်မယ်'' ဟုလည်း ပြောလိုက်လေသည်၊ နောက်တကြိမ် ဦးလေး ဖြစ်သူ ရောက်လာ ပြန်သောအခါ။
''ညာ တကာနဉ္စ-သင်္ဂဟော'' လုပ်နေရင် ကျုပ်တို့ ငတ်လိမ်မယ်'' ဟု အော်၍ လွှတ်ရာ ဦးလေးက အာဃာတ ပြုလျက်၊ ရန်သူကြီး ပမာ သဘောထားကာ ရွာစဉ်လျှောက်၍- ''သူတို့မှာ ပိုက်ဆံလဲရှိတယ်၊ စားဘို့ သောက်ဘို့ လဲ ရှိတယ်၊ ဒါနဲ့တောင် ကျုပ်တို့ကိုမမျှဘူး၊ ကျုပ်နဲ့ကျုပ်သ္မီး တွေကိုတောင် သူ့သွေး သူ့သား တွေဖြစ်ရက် နဲ့မမျှဘူး၊ ဒီတော့ ကျုပ်တို့ ငတ်ဘို့ဘဲ ရှိတော့တယ်... '' ဟုသတင်းလွှင့် လေ၏။ သို့ဖြင့် ရွာထဲ၌ တအိမ်ပြီး တအိမ် ချွတ်ခြုံ ကျလျက်၊ လုံးဝ စားစရာ မရှိဖြစ်လာ ကြပြီး၊ ဆောင်းကလည်း ပေါက်လာကာ၊ အဧဓါတ် က ဖိနှိုပ်ညှုဉ်းပန်း သည်က တမျိုး၊ ငတ်မွတ် ၍ စားစရာ မရှိသည်က တသွယ်၊ ခလေးတွေက ငို မယားတွေက လက်ကုပ်နှင့်၊ လူများမှာ လုချင် ယက်ချင် စိတ်တွေ ပေါ်နေကြသည့် အခိုက် ''ထမင်း စားနိုင်သေးတဲ့ သူ ဒီရွာမှာ ရှိသေးသားဘဲ ဒင့်ကလေး တွေဟာ အခုထက်ထိ အ၀တောင် မပျက် သေးဘူး''  ဟု ထမင်းမစားရသည့် ခွေးပိန်ညှော် လို ရွာစဉ်ရမ်းတန်း ရမ်တန်း နှင့် လှည့်ကာ သတင်းလွှင့် နေသော ၀မ်လန်းဦးလေး ၏ အသံ ကို ကြားရသည့် အခါ တညတွင် ရွာသားများသည် ဒုတ်တွေ ထမ်းလျက် ၀မ်လန်း အိမ် ကို ၀ိုင်းကာ တံခါးကို ရိုက်ဖွင့်ကြလေ၏။

ဝမ်လန်း က တံခါးကိုဖွင့်ပေးလိုက်သောအခါ သူရဲမင်းရဲ စီးနေသော ရွာသား များသည် ၀မ်လန်းကို ခုန်အုပ် လျက်၊ ဆွဲဖယ်ပစ်ပြီး ကြောက်လန့်နေသော ခလေးများကိုလည်း အိမ်ထဲမှ ဆွဲထုတ်ပစ်ကာ -အစာရေစာ ၀ှက်ထား လိမ့်မည် ထင်သော နေရာများကို ချောင်ကြိုချောင်ကြားမှ မကျန် မြေလှန်၍ ရှာကြ လေ၏။
သို့ရှာကြရာ ၌ နောက်ဆုံးတွင် ပဲအနည်းငယ်ခန့် နှင့် ပြောင်းဆန် တပုဂံလောက်ကိုသာ တွေ့ကြသော အခါ ကြီးစွာသော စိတ်ပျက်သံကြီးများ ကို ထုတ်၍ ညည်းကြပြီးလျှင် စာပွဲကုလားထိုင်များ နှင့် အဘိုးကြီး အိမ်နေသော အိမ်ရာ ကိုပါ လုယူကြလေ၏။

ထိုအခါ အိုလင်သည် လူထုကြီးရှေ့ သို့ ရောက်လာလျက် ပြေပြစ်ဖြေညှင်းစွာ ပြောဆိုသည်မှာ-
''ဒါတွေ မလုပ်ကြပါနဲ့ အခု ဒီပစ္စည်းတွေ မယူကြပါနဲ့အုံး၊ ကျူပ်တို့အိမ်က စာပွဲတွေ ကုလားထိုင်တွေ အိမ်ရာတွေကို လုယူကြဘို့အချိန်မဟုတ်သေးပါဘူး၊ တော်တို့ အိမ်မှာရှိတဲု့စားပွဲတွေ ကုလားထိုင်တွေကို တော်တို့ အခုထက်ထိ ထုတ်မရောင်း ကြသေးဘူး ကျုပ်တို့ ပစ္စည်းတွေလဲ ထားပါအုံး အတူတူပေါ့ ပီးကျုပ် တို့မှာ ရှင်တို့ထက် စားဘို့သောက်ဘို့ ဆိုလို့ ပဲစေ့တစေ့ ပြောင်းဆန်တဆန်ပို  ရှိတာမဟုတ်ဘူး မရှိတော့ဘူး၊ တော်တို့သာ အခုကျုပ်တို့ရှိသမျှအကုန်ယူသွားကြပီးကိုး၊ ဒါထက် ပိုယူချင်ကြသေးတယ် ဆိုရင် ဘုရားက တော်တို့ကို ကြည့်နေတော့မှာ မဟုတ်ဘူး၊ ဒီတော့ ကိုင်း...ကျုပ်တို့ အားလုံးစားကြဘို့ မြက်တွေ သစ်ဥသစ်ဖု သစ်ခေါက်တွေ ခွါရ ရှာရ အောင် တစုထဲတရုံးထဲ ထွက်ကြရအောင် တော်တို့က တော်တို့ ခလေးတွေဘို့ ကျုပ်တို့က ကျူပ်တို့ခလေးသုံးယောက်နဲ့ ဟောဒီမွေးတော့မဲ့ ဆဲဆဲခလေးဘို့ ဟု ဆိုကာ အိုလင်သည် လွယ်ထားရသော ကိုယ်ဝန်ကြီးကို လက်နှင့်ပုတ်၍ပြလေရာ ရွာသားများမှာ မိမိတို့ပြုမိသော အချင်းအရာအတွက် အရှက်ရကြပြီး ငတ်လွန်း၍သာ လုရယက်ရလျက် နဂိုဓာတ်ခံ အားဖြင့် လူကောင်းသူမွန် များပင် ဖြစ်ရကား၊ တဦးစီ တယောက်စီ ထွက်ခွါ ကွယ်ပျောက်သွားကြလေ၏။

တယောက်သော သူကား-သူများတွေလို ပြန်မသွားဘဲ ယောင်ပေယောင်ပေ နှင့် ကျန်ရစ်၏၊ ထိုသူကား ကိုယ်လုံး ကိုယ်ပေါက် သေးသေးသွယ်သွယ်နှင့် အသားဝါ၀ါဖြစ်ကာ စိတ်ထောင်းသဖြင့် ပါးချောင်းနား ချောင်း ကျသော ''ချင်း'' ဆိုသူ လူဧ တယောက်ဖြစ်ပေ၏၊ လူရိုးသူမွန် တယောက်ပင် ဖြစ်သော်လည်း အိမ်ကလေးငယ် ၏ ငိုသံကို နားထောင် မနေနိုင်တော့သဖြင့်  ဤအမှုကို ကျူးလွန်ရသူဖြစ်လေရာ ၀မ်လန်း အား မိမိအရှက် ရလောက်အောင် ကျူးလွန်မိခဲ့သော ပြစ်မှုအတွက် တောင်းပန်စကား ပြောကြားလို၏၊ သို့သော် သူ့အင်္ကျီရင်ဘတ် အောက်၌  အိမ်ထဲသို့ ၀င်ရောက် လုယက်စဉ်က ရရှိခဲ့သော ပဲစေ့များ လက်တဆုပ်စာ ခန့် ရှိနေလေရာ ၀မ်လန်းအား တောင်းပန်စကား ပြောနေမိလျှင် ထိုပဲစေ့များကို ပြန်ပေး နေရမည် စိုးသောကြောင့် မချည့်လှသော မျက်နှာဖြင့် ၀မ်လန်းအား လှည့်ကြည့်ပြီးလျှင် ထွက်ခွါ သွားလေ၏။

ဝမ်လန်းကား တလင်းထဲတွင် ရပ်လျက်ကျန်ရစ်ခဲ့၏၊ ထို တလင်းကား အထက်ဘက် က လယ်မှထွက် သမျှသော အသီးအနှံ တို့ကို စုပုံရာဖြစ်၏၊ ယခုမူ ထိုတလင်းမှာ ချောက်ကပ်ကပ် နှင့် အသုံးမကျ ဖြစ်လေပြီ အိမ်တွင်လည်း ဘခင်အိုကြီးအတွက် သော်၎င်း၊ သားသ္မီးအတွက် သော်၎င်း ကိုယ်ဝန်ဆောင် နှင့် ဇနီး အတွက် သော်၎င်း စားသောက်ရန် ဘာတခုမျှ မကျန်တော့ သို့ဖြစ်ရာလေရာ ကြီးစွာသော ထိတ်လန့်ခြင်း သည် နှစ်လုံး ကို ရုတ်တရက်ဆွဲကိုင်၍ လှုပ်လိုက် သကဲ့သို့ ရှိတော့၏။

ထိုနောက် အားအင်ကို လန်းဆတ် စေသည့် ၀ိုင်အရက် ကဲ့သို့သော စိတ်၏သက်သာရာ သက်သာမှု အကြောင်း ကလေးတခုသည် သွေးကြောထဲသို့ စီးဝင်လျက် လာလေ၏။
''ဒင်းတို့ တတွေ ငါ့လယ်ကိုတော့ မယူနိုင်ဘူး ငွေသာ လက်ထဲရှိရင် ဒင်းတို့ ယူမှာဘဲ အခုတော့ ငါ့မှာ လယ် ကျန်သေးသားဘဲ'' ဟု တကိုယ်တည်း ပြောလေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၀)

ကလိမ်ခြုံဇာတ်ကောင်များ

မနက်တော့လင်းလာပါပြီ၊ လူသံတွေကြား၍ ဆွမ်းကျွေးကြသလား၊ ဘာလားမသိ၊ ပြူတင်းတံခါး ကိုမှ ဖွင့်မကြည့်ဝံ့အောင် ရှိနေသည်။ အိမ်အောက်ထပ် မှာလည်း မိုးလင်းစထဲက ဧည့်တရုံးရုံး ရောက်နေပုံ ရသည်။ အိမ်သူအိမ်သားများ နှင့် နေ့စဉ်ဝင်ထွက် စားသောက်နေကြသူ ဆွေတစ၊ မျိုးတစ တို့မှာ သူ့ "ကလစ်" ကလေးတွေ နှင့် သူဆိုင်ရာ ဆိုင်ရာ ဖွဲ့စည်းပြီးသား ဖြစ်ပါသည်။ မာဂဏ္ဍီ စလေသူ နှင့် သူ့ဦးလေး ချင်း ကျောက်ပန်းတောင်း ဆွေမျိုးများကတဖွဲ့၊ ဂါဝန်ပြာနှင့် ဘာဂျော်ဂျီ ကုန်းရပ်ကွက်မှတဖွဲ့၊ ရွှေမန်း ကိုယ်ပျောက်မယ် နှင့် သူ့ ဆိုင်ရာ က တဖွဲ့၊ မန်နေဂျာ မောင်ဝမ်းကွဲ နှင့် လျှို့ဝှက်ပါတနာ စာချုပ်လိမ် မှာ ကြိတ်၍ အသိသက်သေ အဖြစ်လက်မှတ် ထိုးခဲ့ဘူးသော ကထိက (ယခုပါမောက္ခ)၏ မယားဖြစ်သူ မန်နေဂျာ ၏ အမတို့က တဖွဲ့၊ စသဖြင့် ကလစ်တွေ အဖွဲ့တွေ က မရေနိုင် မတွက်နိုင် အောင် ရှိနေရာ ကျမသာလျှင် ဘာမှမရိပ်မိ မသိခဲ့သူ ဖြစ်နေပါသည်။

သူတို့ ဆိုင်ရာ ဆိုင်ရာ အပေါင်းအသင်း နီးစပ်ရာတွေကို ဆွဲဆောင်လူစုပြီးသား အပြင် ဧည့်စိမ်းများ ကျမ အနားသို့ နီးနီးကပ်ကပ် မရောက်နိုင်အောင် အမြဲ ကာဆီး သွေးခွဲ ထားခဲ့ပြီးသား ဖြစ်ကြသည်။ ကျမ မကောင်းကြောင်း၊ စိတ်နေ စိတ်ထား ဆိုးဝါးကြောင်း၊ သူတို့အပေါ် ၌ အလွန်အနိုင်ကျင့် ကြောင်း၊ မကောင်းသတင်း ၀ါဒတွေ သွင်းထားကြသည်မှာလည်း အတော်ကြီး အချိန်အခါကြာညောင်း လာခဲ့ ပါသည်။ သူတို့တတွေက အပြင်အပတွင် ၀င်ငွေနှင့်ထွက် ငွေမမျှတအောင် သုံးကြ စွဲကြ၊ ၀တ်ဆင်ကြွားဝါ နေကြသည် ကို ကျမရိပ်မိလျှင် သင်္ကာမကင်း ဖြစ်လာမည် စိုးသောကြောင့် တကြောင်း၊ အခြားမသိရှိ စေချင် သောကြောင့် တကြောင်း၊ အခြားမသိရှိ စေချင်သော အကြောင်း အမျိုးမျိုး တို့ကြောင့်တကြောင်း၊ ကျမ၏ မိတ်ဆွေ အပေါင်းအသင်းများ အိမ်လာလျှင် သူတို့ကသာ အလျဉ်စလို ဧည့်ခံ လိုက်သည်။ ပလူးပလဲ လုပ်လိုက်သည်။ ကျမအနားသို့ အပြင်ဧည့်သည်များ နှင့် နှစ်ယောက်ချင်း ဘယ်တော့မှ မတွေ့ နိုင်အောင် ဖန်တီး ထားကြသည်။

နေထိုင်မကောင်းသောအခါများမှာ သတင်းမေးလာသူအပြင် ဧည့်သည်များအားလည်း အခန်းတည်း တယောက်ချင်း မ၀င်ရစေဘဲ အမြဲ တဦးဦးက ပူးကပါလာကြ သည်။ အချို့ကလည်း တကယ်ဘဲ ကျမဟာ ဆိုးဝါး ရုံ့ကြမ်းသော မိန်းမကြီးတယောက်ဟု အထင်ရှိ နေပြီး အ၀င်အထွက် နည်းလာကြပုံ ရပါသည်။ ဒါတွေလဲ နောက်မှ ကျမက သိရသူဖြစ်ပါသည်။ ယနေ့ ဆွမ်းကျွေးတရားနာပွဲ၌ ဆင်နွှဲရောက်လာကြ ကုန်သော "ကလစ်" အဖွဲ့အစည်းတွေမှာ သူ့ဆိုင်ရာ မိတ်ဆွေဝါဒတူများနှင့် ပျော်ပျော်ပါးပါး စားလား သောက်လား၊ အောက်ထပ်မှာ တရုံးရုံး တအုံးအုံး ဖြစ်နေပါသည်။

၁၁-နာရီ ခန့်ပင်ရှိအောင် နေမြင့်လာသည်။ ခါတိုင်း သည်အချိန် မှာ ကျမအောက်ထပ် ဆင်းလာပြီ၊ သည်နေ့ အခန်းထဲမှာဘဲ အောင်းကာ လက်နီးရာ တရားစာတအုပ်ကို ဆွဲဘတ်နေပါသည်။ ပထမ ပါမောက္ခ ၏ မိန်းမ မန်နေဂျာ၏ အမ အခန်းထဲဝင်လာသည်။ မမ နေမကောင်းဘူးလား၊ အောက်ဆင်းမလားလို့ လာကြည့်သည် ဟု ဆိုပါသည်။ ကျမက နောက်မှီ ပက်လက်ကုလားထိုင်မှာ စာဘတ်နေ၍ အောက်မှ ကြုံ့ကြုံ့ ရုံ့ရုံ့ ထိုင်ကာမျက်နှာချိုသွေးလာပါသည်။ အေး ခေါင်းနဲနဲ နောက်နေတယ် အောက်မှာ ဧည့်သည် တွေလဲ များလို့ ဒီနေ့အဘို့ မဆင်းတော့ဘူးဟု ဖြေလိုက်ပါသည်။ မရှေးမနှောင်းမှာဘဲ ၎င်း၏မောင် မန်နေဂျာ အခန်းထဲ ၀င်လာပြန်ပါသည်။

မမကို အကိုကြီးက အမေးခိုင်းပါသည်။ မန္တလေးကိုသွားဘို့စီစဉ်ထားဒါ ဘယ်နေ့ကိုသွားရန် သတ်မှတ် ရပါမည်လဲ၊ လူတော်တော်များများလိုက်မှာဖြစ်လို့ မီးရထားတွဲများကို ကြိုတင်ဘုတ် လုပ်ရပါမည်ဟူ၍ စကားစ လာပါသည်။ ကျမ ဘယ်လို ဖြေရမှန်းမသိသေးသဖြင့် သူ့ကို ခေတ္တ ငေးစိုက်ကြည့်နေမိပါသည်။ မျက်နှာထား မပျက်ရအောင်လည်း မနဲကြီးထိန်းချုပ် ထားရပါသည်။ နောက်ပြီး မန္တလေးမှာလဲ လူများများ တည်းခို နိုင်ဘို့ အိမ်တို့ ဘာတို့ စီစဉ်ဘို့  ကြိုတင် အကြောင်းကြား ရပါဦးမည်ဟု ဆိုပြန်ပါသည်။

သူတို့သည် အလုပ်တိုက်မှ ပါတနာကိစ္စ ငွေေးကြေးရေးကိစ္စများနှင့်တကွ ကာမ ကလိမ်ခြုံအတွင်းရေး ကိစ္စ တွေကိုပါ၊ ပါဝင် ကြိုးကိုင်လျက် လက်လှည့် မျက်လှည့် အမျိုးမျိုး ပြတတ်သော ဇာတ်ကောင် ဇာတ်လိုက် များတွင် အရေးပါ အရာရောက်သော အခန်းမှ ပါဝင်အမှုထမ်းလာကြသူများ ဖြစ်နေပြီကို ထိုအခါကမှ အစပြု၍ သိရပြီး နောက်ဆက်တွဲ တသီကြီး သိစရာတွေ ရှိနေသေးသည်။ ကျမ ခါတိုင်းဆိုလျှင် စိတ်တိုင်း မကျက အော်တန်အော် ငေါက်တန်ငေါက်ပြုမိသည်။ ကျမက စေတနာနှင့် ခေါ်ထားပြီး၊ သည်အခြေ အနေ အထိ ကျမပြု၍ နုနေကြသူများဖြစ်သည်။ ကျမ မျက်စိအောက်မှာ ကြီးပြင်းလာ ကြသူများဖြစ်၍ ဤမျှ ကျမ အပေါ် သစ္စာမဲ့ကြလိမ့်မည်ဟု ဘယ်အခါမှ မယူဆခဲ့ပါ။ ယခု သစ္စာမဲ့မှု၏ အစ ပေါ်လာပြီဖြစ်သော်လည်း မသိ ချင်ပြုနေပါသေးသည်။

သို့ကြောင့်လည်း ကျမ အဖြေမပေးမချင်းစောင့်နေသည်။ ကျမလဲ အဖြေမပေး၍ မဖြစ်တော့ပြီ၊ သည်တော့ သောင်မတင် ရေမကျသဘောနှင့် မန္တလေးသွားဘို့ အစီအစဉ်တော့ရှိတာ ဘဲ၊ ဒါပေမဲ့ ငါသွားချင်တဲ့ စိတ် မရှိသေးဘူး၊ အိမ်ထဲမှာ အေးအေး နေချင်သေးတယ်ဟုသာမည လောက် အဖြေကိုဘဲ ပေးလိုက်ပါသည်။ သူသည် ကျမဆီက အဖြေကို ယူကာ အခန်းထဲမှ ထွက်သွားပါသည်။

အံသြစရာမရှိတဲ့ ရေစုန်မျောဘဝ

ကျမသည် အဖြေ ကို ပေးလိုက်လျှင် ခပ်အေးအေးဘဲ အိမ်သစ်ကလေးတွင် နေလိမ့်ဦးမည် ဟု အထင် ရှိခဲ့ပါသည်။ သို့ရာတွင် မန်နေဂျာတခေါက် ပြန်တက်လာသည်။ အောက်မှာထိုင်သည့် သူ့အမလဲ ကြမ်းပေါ် မှာ ထိုင်နေဆဲဖြစ်သည်။ မမကို အကိုကြီးက အပြောခိုင်း လိုက်ပြန်ပါသည်။ မန္တလေး မသွားချင်တော့ လို့ရှိရင်လဲ မနက်ဖန် သင်္ကန်းချွတ် ၍,  လူဝတ် လဲလိုက် ပါရစေတော့ဟု ဆိုသည်။

နိဗ္ဗိန္ဒချောင်မှာ သင်္ကန်းဝတ်ရင်း တလလောက် တရားအားထုတ် မည်ဆိုသည်၊ ကျမက တလမျှမက နှစ်လ, သုံးလ ကုသိုလ် ရစေတော့ဟု ခရီးရှည် ၍ အချိန်ဆွဲ ပေးလိုက်သည်။ ယခုတော့ နိဗ္ဗိန္ဒချောင်မှ ၁၀-ရက် လောက်မျှ နှင့် ရန်ကုန် ပြန်လာသည်။ ယခု လက်ငင်း သင်္ကန်းချွတ်ပစ် တော့မည်ဟုဆိုသည်၊ အတွင်း ဇာတ်ရှုပ် တွေမသိရသေးလျှင်တော့ အံ့သြစရာပါဘဲ၊ သို့သော် အညှီအဟောက် နှင့် ကင်းပြတ် မနေနိုင်တော့ သော ရေစုန်မျောနေသည့် သူ့ဘ၀ကို ကွင်းကွင်းကွက်ကွက် သိနေရပြီ ဖြစ်သောကြောင့် မအံ့သြ တော့ပါ။

သို့ရာတွင် ရုတ်ကနဲ သင်္ကန်းချွတ် လိုက်လျှင် သံမဏိအကာအရံကြီး မရှိတော့ပြီဖြစ်၍ ထိုပေါက်ကွဲမှု၏ အစကို ကိုင်ရတော့မည်၊ တိုးတိုးတိတ်တိတ် ကြိတ်၍ ဖြေရှင်းရမည်လား၊ လူကြားသူကြား ဖြေရှင်း ရမည်လား ဟု ဗြုံးကနဲ စဉ်းစားရတော့သည်။ (၆၀) နခမ်းကပ်နေကြသူ သေခါနီး အရွယ်တွေဖြစ်၍ မည်မျှ ပုပ်ပွ လောက်ဖွါးဖွါး နေကြသည် ဖြစ်စေ၊ လူသိ, ရှင်ကြား မဖြေရှင်းလိုဘဲ တိုးတိုး တိတ်တိတ် ကြိတ်၍ ရှင်းတော့မည် ဟု ဆုံးဖြတ်လိုက်ပါသည်။ ကျမအဖြေကို စောင့်နားထောင်နေသော လူယုံတော်တပါး ကျွန် မန်နေဂျာ အား ပွင့်လင်းစွာ စကားဆိုရလေပြီ။

ဒီသင်္ကန်းကြီး ချွတ်ချလိုက်လျှင် အင်မတန် ပြင်းထန်သော ပေါက်ကွဲမှုကြီး ပေါ်လာလိမ့်မည်။ တတ်နိုင်လျှင် တရက်, နှစ်ရက် ဆက်နေပါစေ၊ ဒီအတွင်းမှာ ငါရှင်းချင်သော ပြဿနာတွေကို ရှင်းပြီး အေးအေး ဆေးဆေး ဖြစ်မည့် နည်းလမ်းကို ရှာလိုသည်ဟု ပြောလိုက်သောအခါ ဘာကို ဆိုလိုမှန်းမသိသော မန်နေဂျာက ငေး၍ နားထောင် နေပါသည်။ ကျမ ထပ်ပြောရပြန်သည်။ "ဇာတ်ရှုပ်" ပြဿနာတွေ ပေါ်လာပြီ ဒီပြဿနာတွေကို ရှင်းရာ ၌ လူဝတ်နှင့်သာဆိုလျှင် ငါ့စိတ်ကို ထိန်းနိုင်လိမ့်မည် မထင်သဖြင့် သင်္ကန်းကို ရုတ်တရက် မချွတ် စေချင်ခြင်း ဖြစ်သည်။ သင်္ကန်းကို ငဲ့ပြီး ရှင်းလင်းစီမံမှ သိမ်သိမ်မွေ့မွေ့ ဖြစ်ကြမည်။ ဒါကြောင့် သင်္ကန်းကို ချွတ်မပစ် ပါစေနဲ့ဟု ထပ်ခါ ဆိုရသည်၊ အနီးမှာ ထိုင်လျက်ရှိသော သူ့အမပါမောက္ခ ကတော် ကတော့ မျက်စိ မျက်နှာ ပျက်လျက် ချာကနဲ လှည့်ထွက်သွားသည်။

မန်နေဂျာကလဲ နဲနဲတော့ မျက်နှာပျက်လာပြီ၊ သို့ရာတွင် သူက ရုတ်ကနဲ ထသွား၍မရ၊ ကိစ္စနှင့် လာရသူ ဖြစ်သည်။ ၀ိုးတ၀ါး ဗူးလုံးနားမထွင်း သဏ္ဍာန်မျိုးနှင့် ကြောင်အန်းအန်း ကြည့်နေပါသည်။
ကျမသည် နောက်တခါထပ်မပြောတော့ဘဲ ဖေါက်ပြီးသား စာတစောင်ကို ဆွဲပြလိုက်သည် စာဖတ်ရင်း မျက်နှာ ညိုမည်းလာသည်။ ကြောက်ရွံ့ပုံနှင့် တုန်တုန်ရီရီတောင် မှဘဲ ဖြစ်ပြ လိုက်သေးသည်။ ဒီစာမှာ တစုံတဦး က အစဖေါ် လိုက်သော ယခင်ဖေါ်ပြဘူးသည့် စာဘဲဖြစ် ပါသည်။

ငိုတော့မလို ရီတော့မလိုနှင့် ကျွန်တော်ဒီကိစ္စတွေ ဘာမှ မသိရပါဘူးဟုလည်း ဆိုသည်။ ငေရေးကြေးရေး သူ ကိုင်ရသူ ဖြစ်သည်။ အလုပ်တိုက် နှင့် စပ်ဆိုင်သမျှ ဘဏ်တိုက်ကြီးများ နှင့် ဆက်သွယ် သမျှသော ငွေရေး ကြေးရေး များကိုလည်း သူ့လက်မှတ်နှင့် လွှဲထားသည်။ တအိမ်လုံးက အိမ်သုံးစရိတ်စခ ပါမကျန် သူ့ထံမှ ဆိုင်ရာစာရင်းနှင့် ထားကြသဖြင့် 5-ပြားက အစ သောင်းသိန်း အထိ သူ့လက်မှ သွားရသည်။ သည်ကာမဂုဏ် စရိတ် တွေလဲ သူ့လက်မှဘဲ သွားရသည်။ စာရင်းအင်း ဆိုဒါ လူကလုပ်တာဖြစ်ပါသည်။ ပရိုက်ဘိတ် ကတမျိုး၊ ပြုပြင်ထားသော အများသိဘို့ကတမျိုး၊ စာရင်းနှစ်မျိုး ထားသည်။

ဗမာ့ခေတ်တိုက် မှာ မန်နေဂျာအမှူး ရှိသော အုပ်ချုပ်ရေး အလုပ်ခန်းမှာလည်း 'ကလစ်' အသီး သီးရှိပါ သည်။ မန္တလေး ကိုယ်စားလည်ထံမှ ဘန်ကောက် လုံချည် အုပ်လိုက် မကြာခဏ လက်ဆောင်ရလေ့ရှိသော ကလစ် မှာ အရေးပါ၍ အရာ အရောက်ဆုံးသော ကလစ်ဖြစ်ပါသည်။

ကျမသည် ဘာမှမပြော၊ သူ့ အက်တင်ကိုသာ စိုက်ကြည့်မိ နေပါသေးသည်။ ကျမက မပြောတော့ ဒီစကား ကို တုန်တုန်ရီရီ ဆက်ပြောပြန်ပါသည်။ ကျွန်တော်ဒီကိစ္စတွေကို မသိရပါ၊ မမပေးချင်တဲ့ သစ္စာပေးပါ ကျွန်တော် ကြားဘူး ဒါကတော့ ပန်းချီဆရာ(…) ရဲ့ မယားနှင့်ဖြစ်ထာဘဲ သိပါတယ်၊ အခုမန္တလေးက ကိစ္စ ကို လုံးဝ မသိရပါကြောင်း အတွင်သား ခေါင်းခါ ငြင်းချက်ပေးနေပါသည်။ နောက်ဆုံးမှာ ငါက မင်းကို စစ်ချက် ထုတ် နေဒါမှ မဟုတ်ဘဲ၊ ရှေ့ဆက်လုပ်ရမည့် လမ်းစဉ်ကို စတင် ထုတ်ဖေါ်ရတော့မည်ဖြစ်၍ ဒီစာကို ပြခြင်းသာဖြစ်သည်။ မင်းဟာလွန်ခဲ့တဲ့ ၂-နှစ်ကျော်လောက်က စ၍ ငါ့ကို မျက်နှာ ရဲရဲမဆိုင်ဝံ့တဲ့ ဟန်အမူအရာ ပျက်မှုတွေကို ပြန်သတိရလာပြီ ဖြစ်ကြောင်း ထုတ်ပြောလိုက်ရသည်။

သေမည်ဟု တွက်ကိန်းချထားကြခြင်း ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, March 28, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၅၉)

ပင်ပန်းကြီးစွာစိတ်ကို ချူပ်တီးခဲ့ရခြင်း

သည်တော့ ရုတ်တရက်ကြီး အသိ လုပ်လိုက်လျှင် သင်္ကန်းကြီးနှင့်မို့ မျက်နှာပူစရာ ကောင်းလှပါသည်။ မသိချင်ပြု၍ဘဲ နေရဦးမလား- ကျမက ဟန်ဆောင်တတ်သူမဟုတ်၊ အတွင်းစိတ် ယုတ်မာသလို အပြင်က မျက်နှာထားချိုနေရန် အလွန်ဝန်လေး ပင်ပန်းသည်။ ကြောက်သလိုလို၊ သြဇာခံ သလိုလို အရေးယူ ဂရု အလွန်စိုက် သလိုလို ပရိယာယ်မာယာတွေ လုပ်ပြီး မျက်ကွယ်၌ ရှုပ်ချင်သမျှရှုပ်၍ ကောက်ကျစ် စဉ်းလဲ သော အလုပ်တွေ လုပ်နေသူတွေလို ရွှေမှုံ မကြဲတတ်သူလဲ ဖြစ်သဖြင့် အတော်တော့ ခက်လှသည်။

တညလုံး ဆုံးဖြတ် ၍ မပြီးဘဲ မိုးလင်းလာသည်။ မနက်၁၀-နာရီလောက်တွင် အိမ်အောက်ထပ် သို့ ဆင်းခဲ့ရာ အလုပ်တိုက်ဘက် မှ လူများ မျက်နှာ ရွှင်ရွှင်ပြပြနှင့် လှုပ်ရှားနေပုံကို မြင်ရပြန်သောအခါ သာ၍ စိတ်မကောင်း ဖြစ်လာပြန်ပါသည်။ ကျမစိတ်တွင်း မှ အယူအဆအတိုင်း ဖွင့်ချရလျှင် အလွန် မြင့်မြတ်သော ရဟန်းဘောင် ရောက်ရှိသွားသည့် အတွက် တိမ်ညွှန့်ကိုတက်၍ ပျံသန်းနေသော ငှက်ကဲ့သို့ ပျော်ပျော် ရွှင်ရွှင် နှင့် ဘ၀င်မြင့် အထင်ကြီးပြီး လေဟုန်စီးနေရာက ငှက်ပစ်မုဆိုး ၏ မြှားချက်စူး၍ တိမ်ညွှန့်တိမ်ဖူးမှ မြှေပြင်သို့ ဦးဆောက်ဂျွမ်းပြန် ကျလာရသလို အရုပ်ကျိုးပြတ် စိတ်ဓါတ် ကျဆင်းသွားရပြီ။ သည်ပျော်ရွှင် နေသော အလုပ်သမားတွေလည်း ဒီကိစ္စကြီးကို သိကြလျှင် ကျမကဲ့သို့ပင် စိတ်ဓါတ်ကျဆင်းလျက် အကြည်ညို ပေါ့ပျက် ကုန်ကြလေမည်လားဟု စိုးရိမ်သွားသည်။ ကျမစိတ်ဓါတ် ပျက်ချင်ပျက်ပေစေ။ သူတို့တတွေ ၏ စိတ်ဓါတ်ကို မပျက်စီးစေချင်သေးပေ။

ဒါလဲ ကျမ၏ အယူအဆ သာဖြစ်ပါသည်။ ဒီလူတွေမှာ ၉၉-ဦးသော သိပြီးသား ပရိတ်အထည်း၌ ပါဝင် ခဲ့သူများ ဖြစ်သည်။ ယနေ့ကျမအဘို့ သတင်းထူးသတင်းသစ် ဖြစ်နေစေကာမူ သူတို့မှာ ဆွေးမြေ့ နေသော သတင်းဟု နောက်ကာလများ မှ ပြန်လည် သတိရမိပါသည်။

သို့သော် ဘာဘဲဖြစ်ဖြစ် ဒီနေ့ညနေပိုင်းမှာတော့ ပြန်ရောက်တော့မှာ သေချာသည်။ ကြိုဘို့ဆို ဘို့ လူတွေက လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ ညဘက်လည်း ချက်ကြ, ပြုတ်ကြ ပြင်ဆင်ကြဦးမည်။ နောက်တနေ့ မနက် ဆွမ်းလုပ်ကျွေးကြမည်။ လှူစရာတန်းစရာတွေရှေ့မှာချပြီး တရားနာ, ကန်တော့ကြဦးမည်။ လာရောက်ကြ မည့် အပြင်ဧည့်သည်တွေကလည်း နည်းမည်မဟုတ်ပါ။ ဒီအချိန်မှာ ကျမက ရုတ်တရက်ထ၍ ရှုပ်ထားသမျှ တွေ အသိလုပ်ပစ်လိုက်ပြီး ဆူဆူပူပူကြီးဖြစ်လျှင် ကုသိုလ်ရေး၌ အင်မတန် စိတ်အားတက်ကြွပျော်ရွှင်နေကြသူတွေအား နှောင့်ယှက်ရာကျမည်။

ဆူပူပြစ်တင်ခံရမည့်သူကလည်း သင်္ကန်းကြီးနှင့်ပါတကား။ မြတ်စွာဘုရား အရေတော်ကို လွှမ်းခြုံထားသူ  များ ကန့်လန့်ကာ ကြာခြည်၏ နောက်ကွယ်မှ မဖွယ်မရာ ယုတ်ညံ့သော စကား ပြဿနာတွေကို ဘယ်လိုနည်း နှင့်မျှ အစဖေါ်ကာ ပြောပြ ဖြေရှင်း၍ သင့်တင့်မည် မဟုတ်ပါ။ သင်္ကန်းဝတ်ကြီးနှင့် နေသမျှ အချိန် ကာလပတ် လုံး ဤပြဿနာကို အစမဖေါ်ဘဲ ကြိတ်ခဲ၍နေဦးမည်။ ယနေ့အလုပ်တိုက်သားတို့၏ ကြည်လင်မှု ကိုလည်း မွှေနှောက်ဖျက်ဆီးခြင်း မပြုရက်တော့သဖြင့် ပွင့်ထွက်တော့မည့် တကဲကဲနေသော စိတ်ကို သိုသိပ် နှိမ်နင်းထားလိုက်ရသည်။ ပေါက်ကွဲချင်ရက်မှ အတင်းအဓမ္မ တားဆီးရသောကြောင့်လည်း သဘာဝ စိတ်ဓါတ် ကိုက မရမက ထွက်လမ်းကို ရှာပါသည်။

ဒါကတော့ မိန်းမပြီပြီ ၀မ်းနည်းကြေကွဲမှုတွေကို မျက်ရည်မှုဖြင့်သာ ဖြေရသည်။ အလုပ်သမားအများ၏ ကြည်လင် ပျော်ရွှင်စွာ ကုသိုလ်ရေးကြိုးပမ်းနေကြသည်ကိုလည်း မနှောင့်ယှက် မဖျက်ဆီး လိုတော့ဘဲ နောက်ဆုံး မှာ ဤသို့ဘဲ မျက်ရည်နှင့်လဲ၍ ဒုက္ခံပြီး ပါရမီ ဖြည့်ပေးလိုက်ပါပြီ။ ဤမျက်ရည်သည်  လင်မယား ငယ် တွေယူ၍ ကျသော အပေါစားမျက်ရည်မျိုးမဟုတ်ပါ။ ကျမသည် အသက်အရွယ်ကြီးရင့်နေသည်။ နဂို စိတ်ဓါတ် က တင်းမာကြံ့ခိုင်သူလဲဖြစ်သည်။ ဒီအသက်အရွယ် ဂုဏ်သိက္ခာတွေ နှင့် မအပ်စပ်လွန်းသော ဖြစ်ရပ်တွေ ကို ရုတ်ခနဲ ရင်ဆိုင်ရ၍ ယူကြုံးမရနှင့်ဘ၀ကို နှမြောလှသဖြင့် ကြေကွဲဝမ်းနည်းမှုမှ စိမ့်ယို လာသော မျက်ရည်မျိုး၊ ခေတ္တဖြစ်စေ၊ တိုက်သားလူအများ၏ ကြည်လင်မှုကို မနှောင့်ယှက်လိုသော စေတနာ မျက်ရည်မျိုး ဖြစ်ပါသည်။

သည်ချုပ်တီးမှု တွေကြောင့် မျက်နှာမပျက် တွေ့မြင်နေသူတွေက ကျမ၏စိတ်တွင်းမှာ ကမ္ဘာမီးလောင် နေသည်ကို လုံးဝ မရိပ်မိကြပါ။ မျက်နှာမပျက်, ဣနြေ္ဒမပျက် တွေ့မြင်နေကြရအောင် အစွမ်းကုန် ဟန်ဆောင်ပြ နေရပါသည်။ ၁၁ နာရီခန့်တွင်မှာထားသော ဘတ်စ်ကားကြီးတွေ ၀င်လာသည်။ အလုပ်တိုက်ကကားများလည်း အဆင်သင့် ၀တ်ကောင်းစားလှနှင့် လူငယ် အလုပ်သမား ကလေး များလည်း တကြွကြွ တရွရွ မြူးနေကြသည်။

ခဏကြာ သောအခါ လာမေးပါပြီ ကားနီကြီးနှင့် ကျမလိုက်ဘို့ ကိစ္စဖြစ်ပါသည်။ ခေါင်းထဲက သိပ်မကောင်း၍ မလိုက်တော့ကြောင်း ပြောလိုက်ပါသည်။ လိမ်၍ ပြောလိုက်ခြင်း မဟုတ်ပါ။ တကယ်ဘဲ ခေါင်းထဲမှာ ချာချာလယ် နေအောင် မကောင်းနေခြင်း မှန်ပါသည်။ 12-နာရီလောက် မှာ သူတို့တတွေ ကားကြီးကားငယ် အသွယ်သွယ် နှင့် တပျော်တပါး ထွက်သွားကြလေပြီ။ ၁-နာရီ ၂-နာရီ မကြာမီရောက်ပါတော့မည်။ ကျမ ဘယ်လို မျက်နှာနှင့် ဆီးကြည့်ရပါမည်နည်း။ မျက်နှာပူလှသည့် သူ့မျက်နှာကို ကြည့်ရမည့်သူ ကျမပြန်ပြီး မကြည့်ရဲအောင် ရှက်လှပါသည်။ ဒါ့ကြောင့် ၂-နာရီခွဲအချိန်မှာ ကပြာကရာမြို့ထဲ ထွက်လာခဲ့မိပါသည်။

ပြတ်သားစွာ ပြုတ်လုပ်ရန် ဆုံးဖြတ်ချက်

မြို့ထဲရောက်သောအခါ ဘာလုပ်ရမည်လဲဟု ဝေခွဲမရ၊ အစထည်းက ရည်ရွယ်ချက် မရှိဘဲ ထွက်လာခဲ့ရသူ ဖြစ်သည်။ ကျမဒရိုက်ဘာ ကိုယ့်လူသူ့ဘက်သား ခမြာမှာလည်း အကြိုတော်ထောက်ရာ လိုက်ပါမည် ခဲထားသူ ဖြစ်သောကြောင့် အ၀တ်သစ်တွေ လဲလျက်ရှိရာ ကျမမလိုက်ဘဲ မြို့ထဲ ထွက်လာတာကို မဝေခွဲနိုင် သလို ဖြစ်နေပုံရသည်။ ကျမ က အမှုမဲ့, အမှတ်မဲ့ နေသော်လည်း သူတို့သည် မလုံသူများ ပီပီ ကျမ၏ မျက်နှာရိပ်၊ မျက်နှာကဲကို အမြဲ သတိထားကြည့်နေကြ သူများဖြစ်သည်။ ထစ်ခနဲဆိုလျှင် အလျင်စလို ၀ါယာလက် သတင်းပို့မည့် သူသာဖြစ်ပါသည်။

နေ၀င်ရိုးရီ မီးထွန်းချိန် ဘယ်အနေရာသွား၍ ရှောင်ရှားနေရမည်မသိ၊ အသိအကျွမ်း မိတ်ဆွေများ အိမ်တွေ ရှောက်လယ် နေတတ်သော ၀ါသနာက အခံမရှိ၍ မည်သည့်အိမ်ကိုမှ သွားလယ် အချိန်ဖြုံးရန် အကြံမရပါ။ သို့ကြောင့် အကောင်းဆုံးမှာ ရုပ်ရှင်ရုံ တခုခုသို့ ၀င်ထိုင်ပြီး မီးထွန်းချိန်ကျမှ အိမ်ပြန်ဘို့ အတွေးရလျက် လက်မှတ်ဝယ်ခါ ရုံထည်း ၀င်လာခဲ့ပါသည်။ ရုံထည်း ရောက်သောအခါ စိတ်ဝင်စားမှု မရှိသော ကြောင့်လည်း ပိတ်ကားပေါ်မှာ လှုပ်ရှားနေသော အရုပ်တွေကိုသာမြင်ရပြီး ဘယ်ရုံထည်းဝင်၍ ဘယ်ကားကို ကြည့်ခဲ့သည်ဟု ယနေ့အထိ သတိမရ ပြောမပြနိုင်တော့ပါ။

အချိန်က ကုန်လွယ်လှသည်၊ မကြာမှီ ရုံပြင်ပြန်ထွက်လာရသည်။ လမ်းပေါ်က ဓါတ်မီးတွေ ၀င်းထိန်နေပါပြီ၊ အကြိုထောက် သူတွေ အိမ်ပြန်ရောက်ကြရမည်၊ နေသားတကျ အနယ်ထိုင် သွားတော့မည်ဟု မှန်းဆ မိပါသည်။ အိမ်ဝင်းထဲသို့ ကားဝင်မိပါပြီ။ ကားပေါ်မှ ရှေးဦးစွာ မြင်လိုက်ရသော ရှုမြင်ကွင်းမှာ ဓါတ်မီးရောင် ထိန်ထိန် နှင့် အိမ်သစ်ကလေးပေါ်မှာ ဆင်းသူဆင်း တက်သူတက် စကားလက်ဆုံ ကျသူကကျလျက် ရှုပ်ရှက်ခပ် နေကြသည်။ သူတို့ ပျော်ရွှင်နေကြသော်လည်း ကျမအမြင်မှာတော့ အမင်္ဂလာ- မသာအိမ်တခု ၌ လူတစု လှုပ်ရှားနေသည် နှင့် မခြားသာလျှင် မြင်ရပါတော့သည်။

အကြည့်ညိုခံသော ပုဂ္ဂိုလ်ကြီးအားလည်း ယခင်လို ဖြူစင်သန့်ရှင်းသော အခြေအနေနှင့် မမြင်နိုင်တော့ဘဲ သင်္ကန်းတော် ခြုံထားသော သောနုတ္ထိုရ် မုဆိုးကြီး၏ ပုံသဏ္ဍာန်မျိုးသာ ပေါ်လာတော့သည်။ ကိုယ်တိုင် ရဟန်းအမ အဖြစ်နှင့် အဖြစ်နှင့် စင်ကြယ်စွာ ကုသိုလ်ပြုလိုက်ရသူအား ဤအမြင်မျိုးမြင်သွားရ သည်ကိုလဲ ၀မ်းနည်း ကြေကွဲမိသည်။ ပြုမူခဲ့သော အပြုအမူ ဒုစရိုက် ဒုကိစ္စတွေကမလည်း ဤအချိန်အခါမှာမှ ကံဆိုး မိုးမှောင် ကျသလို ယှဉ်ပြီးပေါ်ပေါက်လာရသည်။

သို့သော် ယနေ့အဘို့ မှာ မျက်နှာရင်ဆိုင်မတွေ့ရန် ရှောင်လက်စ အတိုင်းသာ အိမ်ပေါ်ကို ကပြာကရာ တက်လာ ခဲ့သည်။ ခါတိုင်းလဲ ညနေ6-နာရီကျော်လျှင် အိမ်ပေါ်တက်ပြီး အိမ်ခန်းထည်းမှာ ပုတီးစိပ် နေကျဖြစ်သောကြောင့် မည်သူမှ ကျမကို အကဲမခတ်နိုင်ကြပါ။ ကျမ အခန်းထဲ ရောက်သောအခါ အိမ်သူအိမ်သား များနှင့် စကားမပြောလိုတော့သဖြင့် တံခါးကို ဂလန့်ချပစ်လိုက်ပါသည်။ ဓိဋ္ဌာန်ပုတီး စိပ်မြဲ အတိုင်း စိပ်ရင်း အခန်းတွင်းမှာ စင်္ကြန်လျှောက်လျက်ရှိသည်။ ပုတီးစိပ်နေစဉ် အတွင်း ရှုပ်ထွေး ညစ်ညမ်းသော ဒု-ကိစ္စတွေကို ခေါင်းထည်း ၀င်မလာနိုင်စေရန် တွန်းကန် နေရသည်မှာလည်း ပင်ပန်းကြီးစွာ ဖြစ်နေ ပါသည်။ ပေါက်ကွဲချင်သော စိတ်ကို မရမက ထိန်းချုပ်တားဆီးနေရသည်မှာလည်း ဒုက္ခကြီးတခု ဖြစ်နေပါသည်။ သင်္ကန်းကြီးနှင့် ရှိနေသမျှ အချိန်ကာလအတွင်းမှာ ဘယ်နည်းနှင့်မှ မပေါက်ကွဲစေရဟု အဓမ္မကိုယ့်စိတ်ကို ဆုံးမနေရသည်။

ပေါက်ကွဲချင်ခြင်း ဆိုသည် မှာ မလွတ်လပ်မရှင်းမလင်းသူ မယားအမျှောင်တွေ တိတ်တိတ်ထားသော ကိစ္စကို မူတည်ပြီး ပေါက်ကွဲလိုခြင်း မဟုတ်ပါ။ ကြိုက်ရာစခန်းကို လမ်းခွဲ၍ သွားကြဘို့ တခု နှင့် လာသူဖြစ်ကြောင်း၊ ယနေ့ဝန်ကြီးချုပ် ဦးနုနှင့် နဂါးနီတိုက်သားဟောင်းများ အသိဖြစ်ပါသည်။

ထိုစဉ် ကျမ၏ အရင်းအနှီးပေါ် တွင် အုတ်မြစ်အခြေံပြုကာ နှစ်ပေါင်း၂၀-တိုင်တိုင် တိုင်းပျက် ပြည်ပျက်-ဗုံးကြား အမြောက်ကြားတွင် လက်ညီ,လက်ညီ ရှာဖွေထားသော ပစ္စည်းများကို ရှေးဦးမဆွက မူလ ကျမ ခန့်မှန်း ရည်ရွယ်ထားခဲ့သည့် အတိုင်း ပြတ်ပြတ်သားသား လှူဒါန်းနိုင်ရန် စီမံချင်သော ဆန္ဒကို မူတည်ပြီး အဆောအလျင် ကိစ္စပြီးစေချင် ခြင်းသာ ဖြစ်ပါသည်။ ဤကိစ္စတွေကို ခွဲစိပ်ပိုင်းခြား မလုပ်ချင်ဘဲ နေ့ရွှေ့, ညရွှေ့, တရွေ့ရွေ့အချိန်ဆွဲ လာသည်ကို ရှေ့ဆက်လက်၍ မခံလိုတော့ပြီ။

သန့်ရှင်း စင်ကြယ်စွာ ကျမ ၀ယ်ယူထားခဲ့သော သည်အိမ်ကြီးကို ရဟန်းရှင်လူ ပြည်သူတို့အတွက် စာကြည့် ပိဋကတ်တိုက် သော်၎င်း၊ သာသနာ့ အဆောက်အဦး အဖြစ်သော်၎င်း၊ မလှူလိုက်ရဘဲ သည် အတိုင်း ကျမ သေသွားပါက ဒီအိမ်ကြီးပေါ်မှာ ကိုယ်တော်လုပ်တော်တွေ မောင်းမငယ်တွေ တဘက်ငါးရာ ခြံရံလျက် မင်းတုန်းမင်းကြီး သဏ္ဍာန် မှတ်ထင်ပြီး ကာမ စည်းစိမ်ခံရာ ဆောင်ကြာမြိုင် ဂေဟာကြီး အဖြစ်ရောက်ရှိ သွားတော့မည် ကို စိုးရိမ်မှုပြင်းထန် လာသောကြောင့်လည်း ဖြစ်ပါသည်။

ယခု အခြေအနေမှာ သာပြီး ပြတ်ပြတ်သားသားလုပ်ရတော့မည်၊ သည်ကိစ္စကို စတင် ဖွင့်ချရန်မှာ ဒု-ကိစ္စ တွေပါ ရောင်တော်ပြန် နှင့် ရောမပါဘဲ ပြီးကြတော့မည် မဟုတ်ပါ။ ဒါပေမဲ့ သင်္ကန်းကြီးကို ငဲ့, ငဲ့နေစရာ ဖြစ်လာပြီး ဒီသင်္ကန်းကြီးမှာ ကျမအဘို့ ရုတ်တရက် ပေါက်ကွဲလိုမှု ကို တားဆီးနေသည့် အကာအကွယ် သံမဏိ တံတိုင်းကြီးလည်း ဖြစ်နေပါသည်။

ကလိမ်ခြုံ ဇာတ်ကောင်များ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၂)

"ငါတော့ မင်းပြောတာတွေ တလုံး မကျန် ရွာထဲလျောက် ပြောရမှာပဲ"ဟု ဦးလေးဖြစ်သူမှာ ဒေါသခက်ထန် အက်ကွဲသံကြီးဖြင့် ကျယ်လောင်စွာ ဟစ်နေလေ၏၊ မနေ့ကလဲ မင်းအိမ်လာပြီး သောင်းကျန်းသွားတယ် တလမ်းလုံးကြားအောင် ငါ့သမီးအပျိုမဟုတ်တော့ဘူးလို့လဲ မောင်းခတ်တယ်၊ ဒီကနေ့လဲ ငါ့ကို စော်ကား ပြန်ပြီ၊ ငါဟာ မင်းအဖေသေရင် မင်းအဖေနေရာ နေရာမဲ့လူ အခုတော့ ငါ့သမီးတွေဟာ အားလုံးအပျိုမဟုတ် တော့ဘူး ထားအုံး၊ တခြားပါစပ်က ဒီစကားမျိုး ငါကြားရမှမဟုတ်ဘူး" ထိုနောက် ထပ်တလဲလဲ "ငါရွာကို တိုင်ရမှာပဲ၊ ရွာကိုတိုင်ရလိမ့် မယ်ဟေ့"ဟု မပြီးနိုင်အောင် ဆင့်ကဲနေလေရာ နောက်ဆုံးတွင် ၀မ်လန်း မှာ စိတ်ထဲကမပါလှပဲနှင့်။

"ကျုပ်ကို- ဘာလုပ်စေချင်သလဲ"ဟု မေးလိုက်ရလေတော့၏၊ ရွာကိုတိုင်ခဲ့ချေသာ် မိမိဂုဏ်ကို ထိခိုက် လေတော့ မည်ဟု တွေးမိလေ၏။ "အဆုံးမတော့ ကိုယ်သွေးကိုယ်သားပဲလေ"ဟု မိမိက အလျော့ ပေးလိုက် လေ၏။ ဦးလေးမှာလည်း ချက်ခြင်းပင် တမျိုးဖြစ်သွားလေ၏၊ ခက်ထန်နေသော ဒေါသသည် အရေ ပျော် ၍ သွားလေ၏။ ပြုံးလျက် ၀မ်းသန်းလက်မောင်းကို ကိုင်လိုက်ပြီး၊
"မင်းက လူကောင်းမှန်း- ငါသိပါတယ်ကွာ"ဟု ညင်ညင်သာသာ ပြောရာက "မင့်ဦးလေးကြီးက သိပြီးသား ပါကွ မင်းဟာငါ့သားလိုပါပဲ သားရာ ဟောဒီအဘိုးအို လူမွဲကြီးရဲ့ လက်ဝါးထဲ ငွေစကလေး ထည့်လိုက် စမ်းပါကွဲ့ တဆယ်လောက်ဖြစ်ဖြစ် ဒါမှမဟုတ်ကိုးကျပ်လောက် ဖြစ်ဖြစ် ဒါကလေးရမှ အိမ်က သတ္တ၀ါမ အတွက် မီးခြစ်လုပ်တဲ့အကောင်နဲ့ နေရာတကျဖြစ်သွားအောင် စီမံနိုင်မယ် အေး- မင်းပြောတာမှန်သကွ သီးချိန် ပွင့်ချိန် ရောက်နေပီ အချိန်အရွယ်ရောက် နေပီဟု သက်ပြင်းကြီး တချက်ချလိုက်ရင်း ခေါင်းကို ခါလျက် ကောင်းကင်ကို တကယ်ပင် ကြည်ညို လေးစားနေသလိုလို မော်ကြည့်နေပေ၏။"

ဝမ်လန်း သည် ပေါက်ပြားကို ကောက်ယူလိုက်ပြီး တဖန် ပစ်ချလိုက်လေ၏။
"အိမ်လိုက်ခဲ့ဗျာ ကျုပ်မင်းသားလို သွားလေရာ ငွေယူမလာဘူး"ဟု တိုတိုတုတ်တုတ် ပြောပြီး လှည့်ထွက် ခဲ့လေ၏။ စကားမပြောနိုင်လောက်အောင်ပင် ခါးခါးသီးသီး စိတ်ဆိုးဒေါသထွက်လျက် နေလေ၏။ အကြောင်း မှု လယ် ထပ်ဝယ်ရန် မိမိစုထားသော ငွေစကလေးများမှာ အဘိုးကြီးလက်ထဲ ရောက်ရတော့မည် ဖြစ်လျက် ထိုလက်ထဲ မှ တဖန် မိုးမချုပ်ခင်ပင် ကစားဝိုင်းသို့ ရောက်တော့မည် ကိုသိနေခြင်းကြောင့် ဖြစ်ပေ၏။

အိမ်တံခါးဝ နေပူထဲတွင် ကိုယ်တုံးတုံးကလေးများနှင့် ကစားနေကြသော သားကလေးနှစ်ယောက် ကိုဆွဲဖယ် ၍ ပစ်ပြီး အိမ်ထဲသို့ ၀င်ခဲ့လေ၏၊ သူ့ဦးလေးကား ကစားနေကြသော ခလေးများကို ခေါ်ယူလျက် ကပ်၍ ရှုံ့တွနေသော အကျီင်္အိတ်ထဲမှ ပိုက်ဆံတပြားစီ နှိုက်ပြီးပေးလေ၏။ ထိုနောက်ဝတုတ်တုတ် ကိုယ်ကလေး များ နှင့် ခလေးနှစ်ယောက်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး နူးညံ့ပြော့ပျောင်းသော လည်ဂုတ်ကလေးများကို နှာခေါင်း ဖြင့် ကပ်၍နမ်းရှုပ်နေလေ၏။

"အင်း- ယောကျာ်ကလေး၂ယောက်"ဟု ဆို၍ လက်တဘက်စီဖြင့် ပိုက်ပွေ့၍ ထားလေ၏။
ဝမ်လန်းကား ရပ်ဆိုင်းနေခြင်းမပြု အိပ်ခန်းထဲသို့ စွပ်ဝင်သွားလေ၏။ အလင်းရောင်ထဲမှ ၀င်လာခဲ့သူ ဖြစ်သည့် အတိုင်း ဘာမျှ မမြင်ရ- မှောင်နှင့်မဲမဲ ဖြစ်နေလေ၏။ အပေါက်ငယ်ကလေး တခုမှ ထိုးပြုဝင်ရောက် နေသည့် အလင်းရောင် အမျှင်ချောင်းကလေး ကိုသာ မြင်ရပေ၏။ သို့သော်- မိမိအထက်ထက်က ရှူရှိက်ခဲ့ ရဘူးသော ပူးနွေးသည့် သွေးစိမ်းနံ့ များမှာ နှာဝသို့လာ၍ ကလိကြ ပြန်လေရာ။
"ဘာလဲဟေ့ အခု မျက်နှာမြင်နေပလား"ဟု သဘောနားလယ်သွားရင်း မေးလိုက်မိလေး၏။ အိပ်ရာထဲဆီမှ ပြန်ထွက် လာသော မယားသယ်၏ အသံကားမိမိကြားနေကြ အသံထွက် ပို၍နွမ်းနယ် အားနည်း နေပုံ ရလေ၏။

"မွေးလို့တော့ပီးပြန်ပီဒီတခါတော့ ကျွန်မကလေးတော်ရှေ့ ပြောတောင် မပြောချင်တော့ဘူး"
ဝမ်းလန်းမှာ ငိုင်တိုင်တိုင်ကြီး ဖြစ်သွားလေ၏။ ကံဆိုးပြီဟု အောက်မေ့မိလေ၏။ မိန်းကလေးတဲ့- ဦးလေး၏အိမ်တွင် မိန်းခလေးတယောက်ထဲ ကြီးစွာသော ဒုက္ခကိုပေးလျက်ရှိ၏။ ယခုလည်း မိမိအိမ်တွင် မိန်းခလေး တယောက် မွေးလာပြန်ချေပြီ။

ဘာစကားမျှပြန်မပြော တော့ပဲ ထရံနားဆီသို့ လျှောက်သွားကာ မြေကြီးကိုလက်နှင့် စမ်းနေလေ၏ နဂိုရ်ထက် အနည်းငယ်မို့ နေသော နေရာကို စမ်းမိလျှင် မြေကြီးတုံးကို ဖယ်စမ်းပြီး တွင်းထဲမှ ငွေများကို နှိုက်ယူ ရေတွက် နေလေ၏။

"ဘာလို့ ပိုက်ဆံတွေ ထုတ်ယူနေတာလဲ"ဟု မှောင်ထဲမှမယားက ရုတ်တရက် လှမ်းမေးလိုက် လေ၏။
"ဦးလေး ကို ချေးမလို့"-
ပဋ္ဌမ ၌ မယားမှာ ဘာမျှမပြောပဲငြိမ်နေလေ၏ ထိုနောက်မှ သူပြောနေကြ လေးလေးတွဲ့တွဲ့ အသံဖြင့်။
"ချေးတယ်" ဆိုတဲ့ စကား မပြောရင် သာကောင်းမယ် ဒီအိမ်မှာ အချေးအငှားမရှိဘူး။ "ပေးတာသာ ဆိုတယ်"ဟု ပြောဆိုလေ၏။

"အေးပါဟယ်- ငါသိပါတယ် သွေးစပ်နေတာကလွှဲလို့ ဘာမှမဆိုင်ပဲနဲ့ သူ့ကိုပေးရတာဟာ ငါ့အသားလှီး ပေးရတာလိုပဲ"ဟု ၀မ်လန်းက ခံပြင်းစွာဖြင့် ပြန်ပြောလိုက်လေ၏။ ထိုနောက်အပြင် ထွက်လာခဲ့ပြီး ဦးလေးဖြစ်သူ ၏ လက်ထဲသို့ ငွေများကို ထိုးထည့်ပစ်ခဲ့ကာ၊ လယ်ထဲသို့ ပြန်ဆင်းခဲ့ပြီး မြေကိုအမြစ်မှ ထိုးလှန်ပစ်တော့မည့်ပမာ တူးဆွနေလေ၏။

စိတ်ထဲတွင် ငွေအကြောင်းကိုသာ တွေးနေလေ၏၊ မိမိကိုယ်တိုင် လယ်မှထွက်သော အသီးအနှံများ ကို ရောင်းချလျက် အဆင်းရဲ အပင်ပန်းကြီးခံကာ နောက်ထပ် လယ်တွေ ထပ်ဝယ်ဖို့စုဆောင်းထား သည့်ငွေ များ မှာ ကစားဝိုင်းစားပွဲပေါ်သို့ သွန်ချလိုက်သည့်ကို၎င်း တခုသော လက် က သိမ်းယူလိုက် သည်ကို ၎င်း မျက်စိ ထဲတွင် မြင်ယောင်နေလေ၏။

ညနေစောင်း လာသည့်တိုင် ဒေါသမှာ မပြေသေးပေ၊ ခါးကိုဆန့်လိုက်လေ၏။ အိမ်နှင့်ထမင်း ကို သတိရလာလေ၏။ ထိုနောက် အိမ်တွင် ယနေ့ပါးစပ်ပေါက်တပေါက် ထပ်တိုးလာသည့် အကြောင်း ကိုတွေးမိလေ၏။ သို့တွေးမိသောအခါ- သ္မီးမိန်းခလေးမွေးဖွား ပေးရခြင်းသည် မိဘများအဖို့ က ဆိုင်သာ ဆိုင်လျက် မပိုင်၊ မွေးရခြင်းမှာ မိမိတို့အဖို့မဟုတ် သူ့ကိုပိုင်မည့် လင်သားနှင့် အိမ်သူအိမ်သားများ အတွက် မွေးပေးပြီး ကျွေးမွေးထိန်းသိမ်း ထားရခြင်းသာ ဖြစ်၏။ ယခုမူ မိမိတို့ အိမ်တွင်သ္မီးကလေးကိုပင် သွား၍ မကြည့်မိခဲ့။

ပေါက်ပြား ကို မှီကာရပ်ရင်း ၀မ်းနည်းစိတ်မချမ်းသာ ကြီးဖြစ်နေလေ၏။ သူ့လယ်နှင့် ဆက်လျက်ရှိ သော လယ်ကို ၀ယ်ရန်မှာ နောက်တစ်ကြိမ် စပါးရိတ်ချိန်တိုင် စောင့်ရပေဦးမည် ယခုလည်းအိမ်တွင် လူတယောက် တိုး၍ လာပြန်ချေပြီ။
ကရုကမာရောင် ပြေးလျက်ဖြော့တော့ မှေးမှီန်နေသော ကောင်ကင်တွင်မဲမှောင်သော ကျီးကန်းတအုပ် ပျံလာလျက် ၀မ်းလန်းအပေါ်တွင် ၀ဲပျံကာကျယ်လောင်စွာ အာမြည်၍ နေကြလေ၏။ ထို့နောက် ကျီးကန်း များသည် ၎င်း၏အိမ်နားက သစ်ပင်များဆီသို့ တိမ်ခိုးတွေလွင့် သလိုပျံသန်းသွားကြကာ ပျောက်ကွယ်၍ သွားကြ လေ၏။

ဝမ်လန်း သည် ကျီးကန်းများ ပျံရာသို့ပြေးလိုက်သွားပြီး၊ လယ်ထဲ မှ ပေါက်ပြားကို ရမ်းလျက် ဟစ်အော် မောင်းနှင်ပစ်လေ၏။ ကျီးကန်းများသည် ဖြေးညှင်းလေးကန်စွာ လေဟုန် ကိုစီးလျက် အပေါ်သို့ ပျံသန်းကြပြီးနောက် တဖန်၎င်း၏ခေါင်းပေါ်၌ ၀ဲပျံပတ်ချာလှည့်ပြန်ကာ ပြောင်သလိုလို- သရော်သလိုလို အာကြ ပြန်လျက်၊ နောက်ဆုံးတွင် အမှောင်အုပ်စ ပြုသော ကောင်းကင်ယံသို့ ပျံသန်း သွားကြလေ၏။
ဝမ်းလန်း ကား ကျယ်လောင်စွာ ညည်းညူမိလေ၏။ မကောင်းသော နိမိတ် တခုပေတည်း။

ရှစ်

နတ်ဆိုးတို့ မည်သည် လူတဦးတယောက် အပေါ်၌ တကြိမ်တခါ မျက်မုန်းကျိုး မိခဲ့လျှင်၊ နောက်ထပ် ပြန်လည် စဉ်းစားခြင်း မပြုတော့သလိုလိုဖြစ်နေလေ၏။
မိုးဦးကျတွင် ရွာရမည့် မိုးမှာလည်း တစက်တလေမျှ ရွာမချပဲနေလေ၏။ ကောင်းကင်မှာ တနေ့ထက်တနေ့ မိုးသားတိမ်လိပ်တွေ ကင်းစင်လာလျက် ပြောင်ပြောင်ကြီး တောက်ပ၍ သာနေလေ၏။ ခြောက်သွေ့ ရေငတ်နေသော မြေကြီးကိုပင် ဂရုမစိုက်သနား ဂရုမစိုက် သနားဂရုနာ မသက်သလို မိုးရွာချရမည်ကို သ၀င်တို၍ နေလေ၏။ နေ့ရှိသ၍ မိုးသားတိမ်လိပ်များကို မမြင်မတွေ့ရ၍ မူ ညအခါများကို ရောက်လျှင်လည်း ကြယ်များမှာ ရက်စက်၍ အကြင်နာကင်းသော အလှကို ဆောင်ရွက် ရွှေရောင်တောက်ခါ သွန်းပြောင်း၍ နေကြကုန်၏။

ဝမ်းလန်း အပင်ပန်းအဆင်းရဲခံ ၍ စိုက်ပျိုးလုပ်ကိုင်ထားသော လယ်များမှာ မြေလွှာတို့သည်၊ ခြောက်သွေ့ အက်ကွဲ ကုန်ကြလေ၏။ မိုးကျခါနီး၍ အားတက်သရော ထွက်ပြူ လာကြလေသော ဂျုံပင်ပျိုတို့ မှာ အနှံ ထွက်ရန် ခြေလှမ်းပြင်နေသည့် အခါ ရောက်မှ၊ မြေမှသော်၎င်း ကောင်းကင်မှသော်၎င်း၊ မည်သည့် အကူအညီမျိုးမှမရတော့ သောအခါတွင်၊ ထွားကြိုင်းခြင်း မှ ရပ်လျက်၊ ရပ်ခြင်းမှာ နေရောင် ကို မခံနိုင်ပဲ ယိုင်လဲ၍ အမြုံဖြစ်ကြကုန်၏။ စပါးစိုက်ရန် ၀မ်လန်းပျိုးကြဲထားသော မြေကွက်များမှာ လည်း၊ ညိုမှောင်သော မြေရောင်တွင် မြစိမ်းကွက် ကလေးများလိုရှိလေ၏။ ၀မ်းလန်းသည် ဂျုံခင်းတွေကို လက်လျှော့ စွန့်လွတ်ခဲ့ပြီးနောက်။ စပါးပျိုးခင်းများကို နေ့ရှိသရွေ့- ရေထမ်းကာ လောင်းလေ၏။ ထမ်းရ လွန်းသဖြင့်၊ ပခုန်းသားများ ဖူးဖူးယောင်လျက် ပုဂံလုံးကြီးများ မှောက်ထား သလို၊  အသားမာကြီးများ ပေါ်လာ သည့်တိုင်-မိုးကား ခေါင်မြဲခေါင်၍ နေလေ၏။

သို့ဖြင့် ရေကန်ထဲတွင် ရှိသော ရေများလည်း ခန်းခြောက် လျက်၊ ရွံ့နွံခဲတွေသာ ကျန်တော့၏။ ရေတွင်းထဲမှ ရေလည်း အတော်နိမ့်၍ ကျသွားခဲ့လေ၏။ သို့ဖြစ်လေရာ အိုလင်က။
"ခလေးတွေ ကလဲ ရေငတ်မခံနိုင်- အဘိုးကြီးကလဲ ရေနွေးမသောက်ရပဲ မနေနိုင်ဘူးဆိုရင်- လယ်ထဲက ကောက်ပင်တွေ အသေခံရမှာပဲ........."ဟု ပြောဆိုရတော့၏ ထိုအခါဝမ်လန်းကလည်း
"အေး- ကောက်ပင်တွေ သေကုန်ရင်- သူတို့လဲငတ်ကုန်ကြတော့မှာပဲ- ဟုဒေါသထွက်ထွက်နှင့် ပြန်ပြောရာမှာ ရှိုက်ကြီး တငင်ငိုယိုမိလေတော့၏။"

ကျုံးနားက လယ်ကလေးတကွက်သာ ကောင်းကောင်းသီးလေ၏။ သို့သီးရခြင်းမှာလည်း၊မိုးတ စက်မျှ မရွာ မသွန်း ပဲနှင့် မိုးရာသီ ကုန်သွားလေလျှင်၊ ၀မ်းလန်းကိုယ်တိုင် အခြားလယ်များကို ပစ်ထားခဲ့ပြီး၊ ထို လယ်ကလေး ကိုသာ တနေကုန် တနေခန်းကျုံးထဲမှာရေဖြင့် ခတ်လောင်းခဲ့ခြင်း ကြောင့်ဖြစ်ပေ၏။ ထိုနှစ်၌၊ ၀မ်လန်း မှာ ပဋ္ဌမဆုံး အကြိမ်အဖြစ်ဖြင့်၊ စပါးရိတ်ပြီးပြီးချင်း၊ ရောင်းချပစ် ရလေ၏။ လက်ထဲသို့ ငွေရောက် လာသော အခါ။ ငွေများကို တင်းကျပ်စွာ ဆုပ်ကိုင် ထားလေ၏။ "မိုး ဘယ့်လောက်ဘဲ ခေါင်ခေါင်- နတ်က ဘယ့်လောက်ကဲ ညိုးညိုး ငါဆုံးဖြတ်ချက် အတိုင်းတော့ ဖြစ်အောင် လုပ်မှာပဲ-" ဟု တကိုယ်တည်း ကြုံးဝါးမိလေ၏။ ထိုငွေကလေး အတွက် သူ့ခန္ဓာကိုယ်သည်၊ ကျိုးပြတ်လုမတက် ပင်ပန်းခဲ့ရ၏။ ချွေးတို့သည်။ သူ့ကိုယ်မှ အပေါက် အပေါက် ကျခဲ့၏ ငွေရလာပြီဖြစ်ပြီတကား- လုပ်ချင်ရာလုပ်တော့အံ့။

ဟွမ်အိမ်ကြီးသို့ ခြေကုန်သုတ်ခဲ့ပြီး၊ သူဋ္ဌေးကိုယ်စားလှယ်နှင့် တွေ့လျှင်ပင် ဆိုင်းမဆင့် ဗုံမခေါက် ပဲ။
"ကျုံးနားက ကျုပ်လယ်နဲ့ ကပ်နေတဲ့လယ်ကို ၀ယ်ဖို့- ကျုပ်မှာငွေပါတယ်"ဟု ပြောလိုက်လေ၏။ ၀မ်လန်း ကား- ဟွမ်းတို့အိမ်သူအိမ်သားများ မှာဆင်းရဲတွင်းသို့ သက်ဆင်းလာခဲ့သည်မှာ တနှစ် လောက် ရှိနေပြီဖြစ်ကြောင်း ဟိုမှဒီမှကြားသိပြီး  ဖြစ်၏၊ အဖွားကြီးမှာလည်း၊ ဘိန်း၀၀ မရှူ ရသည်မှာ ရက်ပေါင်း အတန်ကြာခဲ့ ပြီဖြစ်၍ အစာငတ်နေသော ကျားမကြီးလိုဖြစ်နေပြီးလျှင်၊ နေ့စဉ်နှင့်အမျှ ကိုယ်စား လှယ် အား ခေါ်ယူလျက်။ ဆဲဆိုကြိမ်းမောင်ရုံမျှ မက- မျက်နှာကိုလည်း၎င်း၏ ယပ်တောင်ဖြင့် တဖုတ်ဖုတ် လှမ်းရိုက်ရင်း-

"လယ်တဧက မှ မကျန်တော့ဘူးလားဟင်"ဟူ၍ ဟစ်အော် မေးမြန်းလေ့ ရှိလေ၏။ ကိုယ်စားလှယ် လုပ်သူမှာလည်း၊ အိမ်ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ပေးရာတွင်၊ မိမိသုံးစွဲရန် အတွက်နုတ်ယူ ထားသော ငွေများကိုပင် အဖွားကြီးအား ထုတ်ပေးနေရသည့် အခြေရောက်နေလေ၏။ အဘိုးကြီးက လည်း ဇနီးငယ်တယောက် ထပ်၍ ယူနေပြန်ပြီဖြစ်၏။ ထိုမိန်းခလေး မှာလည်း အခြားမဟုတ် အရွယ်ကောင်းစဉ်က အဖိုးကြီး အပျော်ကြူး ခဲ့ဘူးသော ကျွန်မ တယောက်မှာ အပျော်မယား အဖြစ် သိမ်းပိုက် ခါရနီးမှ အဖိုးကြီး စိတ်ကုန်၍ စွန့်အပြစ် အစေခံ တယောက်နှင့် ငြားပြီး မွေးထုတ်ခဲ့သော ကလေးဖြစ်၏၊ ထိုခလေးမ ကလေး မှာ၊ ယခုအခါ အသက် ၁၆-နှစ်ခန့်ရှိပြီးဖြစ်ရာ၊ အဘိုးကြီး၏မျက်စိတွင် အသစ်ဖြစ်လျက်၊ အချစ်စစ် မဟုတ်သော ရာဂအခိုးဖြင့် အလံချိုးလိုက်ခြင်း ဖြစ်ပေ၏။

အဘိုးကြီးမှာသင်္ချိုင်းနား တဖြည်းဖြည်းနီးလာလျက်၊ ကိုယ်တွေလက်တွေ သန်သန်စွမ်းစွမ်းမရှိ တော့ပဲ၊ သားပြင်းတွေတွဲလောင်း ကျနေလျက် သေဘက် သို့ နီးလာလေလေ တဏှာရေလျှံ ပြင်းထန်လေ လေ ဖြစ်နေကာ၊ ခပ်စိမ်းစိမ်း ခလေး အရွယ်ကလေးများနှင့်သာ ရိက္ခာ ယူနေသူဖြစ်လေ၏။ အဖွားကြီးက ဘိန်းနှင့်မှိန်းနေလျှင်၊ သူကတဏှာဖြင့် မှိန်းနေလျက်၊ သူ့စိတ်ကြိုက်ကလေးများ အတွက်၊ မြနားပန် ရွှေလက်ကောက် များလုပ်ပေး လိုပြန်လျှင်၊ ပိုက်ဆံမရှိကြောင်း သူနားလည်အောင် ပြောမပြနိုင်ကြပေ။ တသက် လုံးတွင် ငွေလိုချင် ၍ လက်နှင့်စမ်းလိုက်လျှင် ငွေ ကို ကိုင်မိနေသူ ဖြစ်နေ ရကား၊ ယခုမှ "ပိုက်ဆံမရှိ" ဆိုသော စကားကို နားမလည် ဖြစ်နေလေ သတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, March 27, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၁)

ခွန်နှစ်

အစ ပထမ ကတည်းက ၀မ်လန်းကြိုတင်၍ ကွက်ကျော်မြင်ထားသည့်အတိုင်း ၎င်း၏ဦးလေး မှာ ဆင်းရဲ တွင်း သို့ သက်ဆင်းစပြုလာ၏။
ထို ဦးလေးမှာ ၀မ်လန်းဘခင်၏ ညီအရင်းတစ်ယောက်ဖြစ်ရကား အကယ်၍ စားရာမဲ့ သောက်ရာမဲ့ ဖြစ်ခဲ့ ချေသော် ဆွေမျိုးဘဲ ဟူသော သဘောဖြင့် တအိမ်သားလုံးဝိုင်း၍ ၀မ်လန်းကို မှီကြ ခိုကြ ကပ်ကြ မည်သာ ဖြစ်၏၊ ၀မ်လန်းနှင့် ၎င်း၏ အိမ်သူအိမ်သားများမှာ ဆင်းရဲမွဲပြာစွာနှင့် မလောက်မငစား မလောက်မင ၀တ်နေရစဉ် အခါ၌ကား ထိုဦးလေးမှာ သူ့လယ်သမားကို အားခဲ ကြိုးစားလုပ်လျက် သားသမီး ၇-ယောက် နှင့် မယား ကို ရှာဖွေကျွေးမွေး ဖော်ရပေသေး၏၊ သို့သော် အထောက်အပံ့ တခါသွားလျှင် အလုပ်ကို စွန့်ပစ် တတ်ကြ သူများသာ ဖြစ်ပေသည်။

မယားမှာလည်း အိမ်ကိုမှ သန့်ရှင်းအောင် လှဲဖယ်သုတ်သင် အပင်ပန်းခံဖေါ် မရတော့ ခလေးမှာလည်း စားပြီး ၍ ပေကျံနေသော ပါးစပ်များကိုပင် ဆေးကြောပစ် ဖေါ်မရကြတော့ ထိုမျှမကသေးမူ၍ သမီးမိန်းက လေးများ မှာ အရွယ် တဖြည်းဖြည်း ကြီးလာကြလျက် အိမ်ထောင်သားမွေး လင်ယူလျှင်ပင် ခလေးပင် မွေးနိုင်ကြသည့် အရွယ်တိုင် ရောက်နေကြပြီဖြစ်လျက်နှင့် နေစား၍ နီကြင်ကြင်ဖြစ်နေသောဆံပင် တွေကို ဘီးနှင့်မှ မတို့ ကိုယို့ကားယား ဖါးလျားကြီးထား ဖွာလံကြီးကြဲ ရွာထဲတွင် လွားကနဲပြေး ခလေးစိတ် က မပျောက် ဘရောက်ဘရက် နှင့် ရောက်ရက်ဆန်ကာ၊ ဤတွင်လည်း မတန် ကာလသားတွေနှင့် တွေ့ပြန်လျှင် ရပ်၍ စကားပြော သဘောမဟုတ်သည့် မချောတို့လုပ်ပုံ မှာ အားလုံးပင် မျက်နှာပျက်၍ ရှက်စရာ ဖက်လာအောင် ဖြစ်နေပြန်လေ၏။

တနေ့တွင်လည်း ၀မ်လန်းမှာ ၀မ်းကွဲနှစ်မ အကြီးဆုံး တစ်ယောက်နှင့် သွား၍ တွေ့နေပြန်လျက် တမျိုးလုံး မျက်နှာပျက် အရှက်ရအောင် လုပ်ရသလော ဟု ထောင်းထောင်းကြီး ဒေါသအမျက် ရှုးရူးကြီးထွက်လျက် သူ့အမေ ထံလိုက်သွားလိုက်ပြီး။
    "ကိုင်း.... လာသမျှမောင် ဇံမရွေးပေါင်" လုပ်နေတဲ့ ကျုပ်နှမလို မိန်းခလေးမျိုး ဘယ်အ ကောင်က လာ လက်ထပ် မလဲဟင် ဒီကောင်မကလေး ဟာ လင်ယူမယ်ဆိုရင် ဟို ၃-နှစ်လောက် ကတည်းက ယူနိုင်နေပီဗျ ဒါနဲ့လဲ ပြေးတုံးလွားတုံးဘဲ လုပ်နေတယ် ဒီကနေ့လဲ ရွာလမ်းထဲမှာ ကောင်တကောင်က သူ့လက်မောင်း ကိုကိုင်လို့ သူက မျက်နှာပြောင်ပြောင်နဲ့ မရှက်မကြောက် ရယ် လို့ တွေ့ရပြန်တယ်ဟု တိုင်တန်း ပြောဆို လေ၏၊ ထိုအခါ-ခန္ဓာကိုယ်ကြီး လေးလံထိုင်းမှိုင်း သလောက် နှုတ်သီးသွက်လှသော ဦးလေးမယားမှာ ၀မ်လန်း အပေါ်တွင် မျက်မုန်းကျိုးသွားလျက်။

"အေး.... အေး.... ဟုတ်ပါပီ ဒါနဲ့ လက်ထပ်တော့ ကုန်မဲ့ပိုက်ဆံတို့ တင်ရမဲ့ ခန်းဝင် ပစ္စည်းတို့ လက်ထပ် ပေးမဲ့ ဆရာငှားခ တို့တော့ ဘယ်သူက လာပေးမလဲကွဲ့ ဟေ... အကြောင်းဖြင့် ဘာမှနားမလယ်ဘဲနဲ့ လက်ထဲ လယ်ကလေး နဲနဲပါးပါး ပိုရှိလာတဲ့လူတို့ ငွေပိုငွေလျှံ ရှိလို့ သူဋ္ဌေးအိမ် တွေသွားပီး လယ်ထက်ဝယ်နိုင်တဲ့ လူတို့ကတော့ ပြောအားရှိမပေါ့ကွဲ့ နို့ပေမဲ့ မင်းဦးလေးခမြာ မတော့  စလာ ကတည်း ကိုက ကံဆိုးမိုးမှောင် ကျနေတယ် မောင်ရေ့ ကိုယ်မှာဘာအပြစ် မှ မရှိဘဲနဲ့ ကံဆိုးကြီး တိုက်နေတာဘုရား မတာပေါ့လေ သူများတကာ တွေမှာ လယ်က စပါး ကောင်းကောင်းရ ပေမဲ့ သူ့ကျတော့ ကြဲတဲ့ မျိုးစေ့ ကတောင် အညှောက် မပေါက် သေကုန်ကြပီး မြက်တွေသာပေါက်သ တော့ အဲဒီတော့ ခါးသာ ကျိုးလှုရော။

ဤတွင် အသံမှာ တဖြည်းဖြည်း ကျယ်လောင်လာလျက် မျက်ရည်ရွဲကာ ဒေါသပုန်ထလာ ၏၊ နောက်တွဲ ထုံးထားသော ဆံပင်ကိုဆွဲဆုပ်ပြီး နားသယ်မှာ ဆံပင်မွေးတွေကို ဆွဲဖြတ်ကာ အားရပါးရ ဟစ်အော် လေတော့၏။

"အား... ကံဆိုးမိုးမှောင်ကျတယ်ဆိုတာ နင်ကတော့ ဘာ နားလယ်မလဲ ဟင်... ဒိပြင် လူတွေ လယ်မှာ စပါးကောင်း ဂျုံကောင်း သီးရက်နဲ့ ဒို့ဟာကျတော့ ပေါင်းပင်သာ ပေါက်သတဲ့ ဒိပြင် လူတွေအိမ် နှစ်တရာခံပေမဲ့ ဒို့အိမ်ကျတော့ အောက်ကမြေကြီးကိုက လှုပ်ပီး ထရံတွေ အက်ကုန်သဟဲ့ တခြားလူတွေ ယောက်ျာကလေး မွေးပေမဲ့ ငါ့ကျတော့ ယောက်ျား ကလေး လိုချင်ပေမဲ့ မိန်းကလေးသာမွေးသတဲ့ အဲဒါကံဆိုးမိုးမှောင်ဘဲ ဟဲ့" ဟု အသံတွေ တုံလာအောင် အော်ဟစ်နေလေရာ အိမ်နီးပါးချင်း မိန်းမများပင် ကြည့်ရ နားထောင်ရ အောင် ထွက်လာကြလေ၏၊ ၀မ်လန်းကား စကားဆုံးအောင် ပြောမည်ဟု ရပ်မြဲရပ်နေကာ။

"ဘာဘဲဖြစ်ဖြစ်လေ ဦးလေးကိုတူက သင်ကြားနေဘို့ မဟုတ်ပေမဲ့ ဒါကလေးတော့ ပြောခဲ့ရအုံးမယ်၊ ကောင်မလေးကို အပျိုရည် မပျက်ခင် ယောက်ျားပေးစားလိုက်တာ ကောင်းတယ် လမ်းတကာ လျှောက် သွား နေတဲ့ ခွေးမ ဟာ ခလေးမမွေးဘူးလို့ ဘယ်သူကြားဘူးသလဲ။"

ဤသို့ ခတ်ရှင်းရှင်းပင် ပြောချခဲ့ပြီးနောက် အိမ်ပြန်လာခဲ့ရာ ဦးလေး၏မယားမှာ ဆွေ့ဆွေ့ခုန်အောင် အော်ဟစ် လျက် ကျန်ရစ်ခဲ့လေ၏၊ ၀မ်လန်းမှာ ယခုနှစ်တွင် ဟွမ် ထံမှနောက် ထပ်၍ ၀ယ်ရန် နှင့် နောင်နှစ် များ တွင်လည်း တတ်နိုင်လျှင် ထပ်၍ထပ်၍ ၀ယ်ယူရန် အပြင် အိမ်တွင်လည်း အခန်းကလေး တခန်း ထပ်ချဲ့ ၍ ဆောက်မည် ဟု စိတ်ကူးကြံဆနေသူဖြစ်လေရာ ဤသို့ မိမိတို့က မြေပိုင်ရှင် အခေါ်ခံရအောင် စီးပွား လာဘ်လာဘ တက်နေခိုက် မိမိနာမည်နှင့် တနာမည်တည်း ခံယူလျက် အကွပ်မရှိသည့် ကြမ်းပမာ လို ဘရမ်း ဘတာ ဖြစ်နေကြကုန်သည့် ကာယိနြေ္ဒ မဲ့လှသော နှစ်မ ၀မ်းကွဲများကို တွေ့ရသောအခါ ဒေါသ ထွက်မိလေ၏။

နောက်တနေ့တွင် ၎င်း အလုပ်လုပ်နေသော လယ်ထဲသို့ ဦးလေးဖြစ်သူ ပေါက်လာလေ၏၊ အိုလင်မူကား ဒုတိယ ခလေး မွေးဖွားသွားပြီးသည်မှာ ၁၀-လကျော် ကြာလာခဲ့ပြီဖြစ်၍ ယခုတဖန် ပဋ္ဋိသန္ဓေ အရင့်အမာ ကြီး နှင့် ဖြစ်နေပြန်ကာ မွေးဖွားချိန်မှာ နီးကပ်နေပြီဖြစ်သည် က တစ်ကြောင်း လူလည်း ကောင်းစွာ နေထိုင် မကောင်းသည် က တကြောင်းကြောင့် ရက်အနည်းငယ်ခန့် ကပင် အလုပ်ခွင် မဆင်းနိုင်ဘဲ ရှိလေရာ ၀မ်လန်းမှာ တယောက်တည်း လယ်ဆင်းနေရခြင်း ဖြစ်ပေ၏။

၎င်း၏ ဦးလေးကား ထယ်ကြောင်းတခု တလျောက် ငုံ့ကာ လျှိုးကာနှင့် လျှောက်လာလျက် ရှိလေ၏၊ အင်္ကျီမှာ ကြယ်သီး မတပ်ဘဲ ရင်ဘတ်ကို ဆွဲစေ့ ရုံစေ့ထားပြီး ခါးပတ် ဖြင့် တော်ရုံလျော်ရုံ ပတ်ထား ပေရကား လေပြင်းပြင်း တချက်တိုက်လိုက်လျှင် အင်္ကျီကျွတ် ပါသွားလျက်၊ ကိုယ်တုံးလုံး ဖြစ်သွား ဘွယ်ရာ ရှိလေ၏၊ ၎င်းသည် ပျိုးချထားသော ပဲပင်တွေ အနားကကပ်လျက် မြောင်းကလေး တခု တူးနေသော ၀မ်လန်း ၏ အနီး၌လာရပ်ကာ မလှုပ်မရှား စကားမပြောဘဲ နေလေ၏၊ ထိုအခါ ၀မ်လန်းက မော့်မကြည့်ဘဲ။

“အလုပ်ကို ရပ် စကားမပြောနိုင်တာ ခွင့်လွှတ်ပါဦးလေး ဒီပဲတွေဟာ တကယ်လို့သာ အောင်ရင် ဦးလေးလဲ အသိသားပဲ၊ ၂-ခါ ၃-ခါ ပြန်စိုက်ရမဲ့ပဲတွေဗျ၊ ဦးလေးပဲတော့စိုက်ပြီးရောပေါ့၊ ကျုပ်ကတော့ နှေးတယ်ဗျ၊ ဘယ်လောက် ဒုက္ခရောက်သလဲ ဘယ်တော့မှအချိန်နဲ့ မပြီးဘူး”ဟု စိတ်ထဲတွင် ကြိတ်မှိတ်ထားရသမျှကို ငေါ့တော့တော့နှင့် ထုတ်လိုက်လေ၏၊ ၎င်း၏ဦးလေးကား ၀မ်းလန်း ဘာကိုရည်ရွယ်၍ ပြောသည်ကိုရိမ်မိ၏။ သို့သော် ကောင်းကောင်းမွန်မွန် ပင် ပြန်၍………

“ငါကုသိုလ်က နိမ့်နေပါတယ်ကွာ ဒီနှစ်များမျိုးပဲစေ့၂၀ချတာ တပင်သာရှင်သကွာ ဒီတော့ဒါ လောက် တောင် ညံ့နေလို့ရှိမှ ပေါက်ပြားတောင် ကိုင်ဖို့ မကောင်းတော့ပါဘူးကွာ ဒီနှစ် ပဲကလေး များစားချင်ရင် ၀ယ်စား ရတော့မှာပဲ”ဟု သက်ပြင်းကြီး တချက်ချလျက် ပြောလေ၏။

ဝမ်းလန်းမှာ သူ့စိတ်ကို ချုပ်၍ ထားရလေ၏သူ့ဦးလေးသည် သူ့ထံမှ တခုခုတောင်း ရအောင် လာလေပြီ ဟု သိလေ၏၊ လက်ထဲ မှ ပေါက်ပြားကို မြေကြီးထဲသို့ ဖြည်းညှင်းစွာ ထိုးစိုက်လိုက် လေ၏။ ပျိုးချ ထားသော မြေပြော့ခဲကလေးတခု ပဲ့ကျ၍သွားလေ၏။ ပျိုးပင်ကလေးများမှာ သန်စွမ်းစွာ ပင် မိုးမိုးမတ်မတ် ပေါက်နေ ကြလျက် နေရောင်တွင် အရိပ်ကလေးများ ကိုယ်စီ ကျနေကြလေ၏၊
“အိမ်က ဟာမကပြောတယ်”ဟု ဦးလေးကစကားစလာပြန်လျက် “သောက်သုံးလုံးလုံး မကျတဲ့ ငါ….. ဟို သတ္တ၀ါမ အကြီးကောင်မ ကို မင်းဂရုတစိုက်ရှိတဲ့ အကြောင်း၊ မင်းပြောတာတွေဟာ အမှန်ချည့်ပဲ၊ မင်းကတော့ မင်းအရွယ်နဲ့ မင်းအမြှော်အမြင် ပြည့်စုံနေပြီ၊ ကောင်မလေးကို လက်ထပ်ပေးမှပဲ၊ အသက်က ၁၅-နှစ် ရှိနေပီကွ ခလေးမွေးမယ်ဆို ၃-၄နှစ် ကထဲက မွေးနိုင်နေပြီ ခွေးတကောင်ကောင် နဲ့ မတော် တရော် ဖြစ်ပြီး ငါအရှက်ရ နာမည်ပျက်မှာကို သိပ်ကြောက် သွားတာပဲ ဂုဏ်နဲ့ဒြပ်နဲ့ နေကြတဲ့ ဒို့ အမျိုး တွေထဲမှာ ဒီဟာမျိုး ဖြစ်သွားမိမှာကို တွေးကြည့်စမ်း၊ ငါဆိုရင် တခြားလူမဟုတ် မင့်အဖေရဲ့ ညီအရင်းကြီး တယောက် လုံးဖြစ်နေတာ…………”

ဝမ်းလန်း ကား ပေါက်ပြားကို မမြေကြီးထဲသို့ထပ်၍ စိုက်သွင်းနေလေ၏၊ စကားကိုဘွင်းဘွင်းကြီး သာ ပြောချ လိုက်ချင်၏၊ “ကောင်မလေးကို ခင်ဗျားကိုယ်တိုင် တော့ ဘာလို့ မထိန်းသလဲ အိမ်မှာ ကောင်းကောင်း မွန်မွန် စောင့်ကြပ် ထားပြီး ဘာပြုလို့ တံမြက်လှဲ ထမင်းချက် အ၀တ် ချုပ်ခိုင်း မထား သလဲ” ဟု မေးလိုက်ချင်၏၊ သို့သော် မိကျောင်းမင်း ရေကင်းပြ ဘုန်းကြီးစာချနေ၍ မဖြစ် ခတ် မဆိတ်ပင်နေလျက်ပေါက်ပြားကို ပဲပင်ကလေး တပင် အနီးတွင်ကပ်၍ စိုက်ရင်းဆက်လက်နား ထောင်မြဲ နားထောင်နေလေ၏။

ငါသာ ကုသိုလ် အကျိုးပေးကောင်း ခဲ့လို့ရှိရင် ဟု ဦးလေးဖြစ်သူက ငြီးငြီးငြူငြူ စကားဆက်ပြန်လေ၏၊ “မင်းအဖေမယား လိုဟာမျိုး ရမှပဲ ဃရာဝါသော ဗဟုကိစ္စော ဆိုတဲ့ များလှတဲ့အိမ်ထောင်မှုကိစ္စ တွေကို မချွတ် မတိမ်း အောင် လဲ ထိန်းသိမ်းနိုင်မယ်၊ မင့်မိန်းမလို သားယောကျာင်္း ကလေး တွေချည်း မွေးပေးမယ်၊ ငါ့မယားလို ဟာမျိုး ကတော့ မိန်းခလေးတွေးချည်း သားကလေး တယောက် ပါလာပြန် ယောကျာင်္း ကလေး မဟုတ် သလို ငဖျင်း, ငအ, ကလေးဖြစ်နေတယ်၊ နို့မဟုတ်လို့ ရှိရင်လား ငါလဲ မင့်လိုပဲ ချမ်းသာမှပေါ့ ငါသာ ချမ်းသာရင်လဲ တကဲ့စေတနာနဲ့ မင်းကို မျှမှာပဲ မင်းက မွေးလာ တဲ့ သ္မီးကလေးတွေလဲ လူကောင်း သူကောင်းနဲ့ ငါပေးစားမှာပဲ မင်းသား ကိုလဲကုန်ဆိုင်တဆိုင်မှာ ငါကအာမခံငွေစိုက်ထုတ်ပေးပြီး အကူ စာရေး အဖြစ်နဲ့သွင်းပေးမှာပဲ၊ မင့်အိမ်ဆိုရင်လဲ ပြင်ပေးဖို့ ငါဝန်လေး မှာ မဟုတ်ဘူး၊ မင်းဆိုပြန်ရင်လဲ ငါ့မှာ ရှိသမျှ အကောင်းဆုံး ထုတ်ကျွေးမှာပဲ မင်းသာမဟုတ် မင်းအဖေရော မင်းခလေးရော အကုန်ပါပဲ တစိမ်း တရံ စာတွေမှ မဟုတ်ပဲကွ တသွေးထဲ တွေပဲ”
ထိုအခါဝမ်လန်းက.........

"ကျုပ် ဒါလောက်တောင် မချမ်းသာဘူးဆိုဒါ ခင်ဗျား အသိသားပဲ ကျုပ်မှာ လုပ်ကျွေးနေရတဲ့ ပါးစပ် ပေါက်က လေးပေါက်တောင် ရှိတာ အဘကလဲ အသက်ကြီးလို့ အလုပ်မလုပ်နိုင်တော့ဘူး၊ နောက်ကျွေး ရမဲ့ ပါးစပ်ပေါက် တပေါက် က ဘယ်တော့တိုင်း လာမလဲသာမသိရတယ်၊ အခုမွေးခါ နီးလေဟု ပြတ်ပြတ် တောက်တောက် ပြောလိုက်လေ၏။ ထိုအခါဦးလေးဖြစ်သူမှာ အသံများပင်တုန်လျက် ။"
"မင်းချမ်းသာတယ်........ မင်းချမ်းသာတယ် မင်း ဟိုအိမ်က လယ်တွေကို ပေးဝယ်တာ ဘယ့်လောက်နဲ့ ပေးဝယ်ထားတာလဲ ဆိုတာ ဘုရားသိတယ်၊ ဒီရွာထဲမှာ မင့်လို ၀ယ်နိုင်တဲ့လူ ဘယ်နှစ်ယောက် များ ရှိသလဲ ဟု ပြန်ပြောလေ၏"

သို့ပြောလိုက်ခြင်းမှာ ၀မ်းလန်၏ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွား၏။ လက်ထဲမှပေါက်ပြားကို ပစ်ချ လိုက်ပြီး ဦးလေးဖြစ်သူ၏ မျက်နှာကိုစေ့စေ့ စိုက်ကြည့်လျက်။
"ကျုပ်မှာ ပိုက်ဆံရှိရင် ကျုပ်နဲ့ကျုပ်မယား အလုပ် လုပ်လို့ရတာပဲ ကျုပ်တို့က သူများလို စကားဝိုင်း မှာ ထိုင်ပြီး အချိန်ဖြုန်နေတာ မဟုတ်ဘူး ဘယ်တော့မှ တန်မြက်စီး မလှဲတဲ့ ဘိနပ်ချွတ် မှာ ထိုင်ပြီး သူများ လိုလဲ သောက်တင်း ထိုင်ပြော မနေဘူး လယ်တွေထဲမှာလဲ ပေါင်းပင်တွေ တောဖြစ်နေအောင် လုပ်မထား ဘူး ခလေးတွေကိုလဲ မ၀တာ ကျွေးမထားဘူး။"

ဦးလေး ဖြစ်သူ၏ မျက်နှာမှာ ရဲကနဲ ဖြစ်သွားလျက် တူဖြစ်သူ၏ ပါးနှစ်ဘက်ကို ဖြန်းကနဲ နေအောင် လွှားခုန်ကာ အုပ်လိုက်လေ၏ ထိုနောက်………
"အဲဒါပဲကွာ……………. မင်းအဖေလောက်ရှိတဲ့လူကို ပြန်ပက် တဲ့ အကျိုး၊ မင်းမှာ ဘုရားတရား မရှိ ဘူးလား၊ မင်းမှာ အလိမ္မာဥာဏ် မရှိဘူးလား- ဟင်……ဒါလောက်တောင် ဆွေဝတ္တရား မျိုးဝတ္တရား မဲ့ ရအောင်က ကျန်းဂန်တွေ ထဲမှာ ကိုယ်ထက်ကြီးသော သူကို ဆရာ မလုပ်ရဘူး ဆိုထားတာ မင်းမကြားဘူး ဘူးလား ဟု အော်ပစ်လေ၏။"

ဝမ်းလန်း ကား မိမိအဖြစ်ကို မိမိပြန်တွေးမိပြီး စိတ်မသက်မသာကြီးနှင့် မတုန်မလှုပ်မျက်မှောင် ကြီး ကုတ်ကာ ရပ်နေလေ၏၊ သို့သော်စိတ်ထဲ၌ကား ဦးလေးဖြစ်သူကို ဒေါသထွက်လျက်ရှိနေ လေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၅၈)

ဆင်သေကို ဆိတ်ရေနှင့်ဖုံး၍မရ

ဤဖြစ်စဉ် ဖြစ်ရပ်တို့မှာ ပစ္စည်းမာနကလေး တက်လာပြီး ခြေဖျားထောက် အောက်ခြေလွတ် တတ် လာသော စိတ်ဓါတ်ကြံ့ခိုင်မှု မရှိသူများအဖို့ မရှောင်မလွှဲနိုင်သော ဓမ္မတာပင်ဖြစ်ပါသည်။ ပင်ကိုယ် ကလည်း အညှီအဟောက်ကြိုက်တက်သော စရိုက်ဝါသနာ လက်ငုတ်လက်ကျန် တို့ကအခံ ရှိပြန်ရာ ငွေကုန်ခံ နိုင်သော ဘ၀မှာလက်ညိုးထိုးညွှန်ရာ ကိစ္စပြီးစီးမြဲ ဖြစ်၍လည်း တားမနိုင်ဆီးမရ ရှိတတ် ကြ ပါသည်။

ဤမမြှော်လင့်သော ဂုဏ်သိက္ခာထိခိုက်ပျက် စီးစေမည့် သတင်းများကို လူမသိအောင် ဖုံးဖိဝှက် သိုထား လို၍လည်း မဖြစ်နိုင်တော့ပြီး ဇာတ်ရှုပ်ကိစ္စအ၀၀တွေကို ၃-၄နှစ် အတွင်းမှာ လူတရာလျှင် ၉၉- ဦးက သိပြီး ကြပြီး၊ ကျမက လူ၁၀၀- မြောက် နောက်ပိတ်ဆုံး ဆွေ့မြေ့နေသော သတင်းအကြွင်း အကျန်ကလေးမျှ ကိုသာ ယခုမှ အစပြု၍ သိရခြင်းဖြစ်ပ်သည်။ သေနေသောဆင်ကောင်ကြီးကို ကျမက တထွာတညှို မျှသော ဆိတ်သရေကလေး ဖြင့်ပြာပြာသလဲ ဖုံး၍ရတော့မည် မဟုတ်တော့ပါ။

ဤသို့အဖတ် ဆယ်မရအောင် ဖြစ်ရသည်မှာလည်း ကျမတို့၏လောင်းရိပ်ကို မှီခိုပြီးကြီးပွား နေကြသူတစု မှာ ဆရာသမား၏ ဂုဏ်သိက္ခာနှင့် အကျိုးပျက်စီးရာ ပျက်စီးကြောင်း ကိစ္စတွေ့လျှင် အမြော်အမြင် ရှေ့ထား၍ အချိန်ရှိသည့် အခိုက် က တားဆီးသတိပေးဖေါ် မရပဲ ဝေစားမျှစား ပြုနေကြ သော်လည်း ယခု ကျမ လက်သို့ ရေးဝံ့လာသော ရှေးဦးစွာ စာရေးသတိပေးသူမှာ ယနေ့အထိ ဘယ်သူဟူ၍ မသိရပါ။ ထိုသူသည် ကောင်းစေချင်သော စေတနာကို မူရင်းထားပြီး စာတိုက်ခေါင်း ဆယ့် ငါးပြားကို အကုန်ခံ၍ ပေးပို့လိုက်ခြင်း ဖြစ်ပါသည်။ ကျေးဇူးတင်စရာကောင်း ပါသည်၊ သူ၏ စာမူရင်း အတိုင်းမှာ- သိစေရန် အကြောင်း ကြားပါသည်။ ဒေါ်ခင်ခင်တို့၏ အကျိုးကိုရည်စူး၍ အေက်ပါ အဖြစ်  အပျက်ကိုရေးသား ပေးပို့ခြင်း ဖြစ်ပါသည်။

လွန်ခဲ့သော ၁၉၅၈- ခု မတ်လ လောက်ကဖြစ်သည်။ ဂွတ်တလစ် ကွက်သစ်ပုလဲလမ်း ကျိုက္ကစံလမ်း အိမ်အမှတ် (..........)သို့ မန္တလေးမှ (.......)ဆိုသူ အမျိုးသ္မီးတဦး သူမ၏မိဘများပါ ပြောင်းရွေ့လာ ကြပါသည်။ သူမတို့အား ၎င်းနေရာဋ္ဌာနတွင် လာရောက် နေထိုင်ရန်အိမ်ဝယ်ယူ ဆောင်ရွက် ပေးသော သူမှာလဲ မန္တလေးမှ ဗမာ့ခေတ်သတင်းစာ ကိုယ်စားလည်တဦး ဖြစ်သည်ဟု သိရပါသည်။
 
၎င်းနောက် တွင်တော့ ဒေါ်ခင်ခင်လေးကို အလွန်ကြောက်ရသည်ဟု သတင်းပြေးနေသော ဒေါ်ခင်ခင်၏ ခင်ပွန်း ဦးအုန်းခင် သည် ၎င်းအိမ်သို့ထွက်ဝင်သွားလာ နေသည်ကိုတွေ့ရပါတော့ သည်။
ထိုအိမ်သို့ လာတတ် သောအချိန်များမှာလဲ ည၈-နာရီ လောက်တွင်လာ၍ ညသန်းခေါင်ကျော်မှ ပြန်, ပြန်သွား တက်ပါသည်။ ၎င်းအိမ်သို့ လာသည့် အခါတိုင်းလဲ အမြဲတမ်းလိုပင် မူး၍ မူး၍ လာတတ်ပါ သည်။ ထိုအခါ များတွင် ၎င်းအိမ်မှ (……) ဆိုသူ သူမကိုယ်တိုင် ထွက်၍ တွဲယူ၏ ဖေးမ၍ အိမ်ထဲကို ခေါ်သွင်း ရပါသည်။ နောက်ပြီး ထို(……..) သူမမှာလဲ ဒေါ်ခင်ခင်တို့နှင့်  ရွှေမျိုးနီးစပ် တော်သည်ဟု ကြားရပါသည်။ ဟုတ်, မဟုတ်တော့ မပြောတတ်ပါ။

ဤကဲ့သို့ ဒေါ်ခင်ခင်တို့အား အကြောင်းကြား ရသည်မှာလဲ ဘယ်သူ့ကိုမှ မနာလိုဝန်တို၍ မဟုတ်ပါ။ ဗမာ့ခေတ် တိုက်ပိုင်ရှင် ဂုဏ်သရေရှိ တိုက်ပိုင်ရှင် လူကြီး တယောက်၏ သိက္ခာကို ထိန်းသိမ်း စေရန်သာ ရည်ညွှန်း ပါသည်။

ကျွန်တော့မှာ ဒေါ်ခင်ခင်လေးတို့၏ ကျေးဇူးအနည်းငယ် ရှိဘူးသဖြင့် ပြန်၍ ကျေးဇူးပြုရခြင်းသာ ဖြစ်ပါသည်။ အကယ်၍ ကျွန်တော် အကြောင်းကြားသည်ကို မယုံကြည်ပါက ဒေါ်ခင်ခင်လေး ကိုယ်တိုင် သွားရောက် ကြည့်ရှုစုံစမ်းပါက သိရပါလိမ့်မည်။ အခု အချိန်တွင်တော့ ဒီကိစ္စကို ကျွန်တော်တယောက်သာ သိသေးသည် ဟု ထင်ပါသည်။ နောင်တချိန်တွင်တော့- တစ,စ ဖြင့် အခြားသူများပါ သိကုန်ကြမည် ထင်ပါသည်။
            ဒေါ်ခင်ခင်လေးတို့၏ အကျိုးကို
            ရည်စုးလျက်
                (…………………….)
ဟူ၍ ပါရှိပါသည်။ ဤစာသည် အရှုပ်တော်ပုံတွေ၏ အစပေါ်လာရသော သဲလွန်စ ပထမပိုင်း ကလေးတခုမျှ ဖြစ်ပါသည်။ ၉၉ဦး သော ပုဂ္ဂိုလ်တို့ ညက်ညက်ကြေအောင် သိနေသော ကိစ္စတွေ မပါဝင်သေးပါ၊ ကျမအဘို့ မှာလည်း သည်စာဖြင့်သာ ပထမဦးဆုံး သိရခြင်း၊ တသက်လုံး ဖုံးသမျှ ကုန်းတော့မှ ပေါ်ရခြင်း ဖြစ်ပါသည်။ အထက်ပါ စာမှ ရည်ညွှန်းဖေါ်ပြသူ သူမ မှာ ဘကြီးတော် ၀က်မစွတ်မောင်မောင်ကြီး ၏ သ္မီး ဆင်းရဲ ၍ ကျမထံခေါ်ယူ ကျွေးမွေးထားရာမှ ရွှေစက်တော် ဘုရားပွဲမှအပြန် ဂဏှာမငြိမ်ဆို၍ ပြန်လွှတ် ရသူ ဖြစ်ပါသည်။ မန်းမြို့တွင် ဖြစ်ချင်ရာ ဖြစ်ပြီး ဘယ်နည်းနှင့် ရတနာပုံဆိုက် လာသည်ကို မတွေးတတ်ပါ၊ သို့သာ် သူမ ကလည်း ရပ်စပြူတင်ကြီး၏ ကင်းခြေများ ထည်းမှ ခြေတချောင်း အပါအ၀င်မျှသာဖြစ်ပါသည်

စက်ဆုတ်ဖွယ်ရာကျူးလွန်မှုများ
 
တခုတော့ရှိပါသည်။ ကျမအားငယ်ရွယ်စဉ်အခါမှစ၍ မလိုမုန်းတီးပြီး ပျက်စီးရာ ပျက်စီးကြောင်းကို အမြဲတန်း တစိတစောင်း ချောင်းနေကြသော မန္တလေးက အမေ့သွေးသားများနှင့် စားဖါးကိုယ်စားလည်တို့ ချယ်လှယ်မှု ကလည်း တနည်းတလမ်း ပါရလိမ့်မည်ဟု ပုံသေကားချတွက်ဆမိပါသည်။ ယခင် ရေးသား ခဲ့ဘူးသည့် အတိုင်း မြှောက်-မြှူ-မြှိုက်-မ,သုံးလုံး ကြေသော ရပ်မြေဒေသကမို့ သည်နေရာမျိုးမှာ ပါးနပ် ကျွမ်းကျင် ကြသည်။

ချ၍ရမည့် လူတယောက်သည် ဘာကိုကြိုက်သနည်း၊ ဘာကို ၀ါသနာပါသနည်း။ အ၀တ်အစား၌ သာယာ သလော၊ အလောင်းအစား၌ ၀ါသနာထုံသလော၊ ချီးမွမ်း မြှောက်ပင့်ခြင်း၌ သာယာနှစ်သက်သောသူလော၊ အရက် သေစာ အသောက်ကြူး လိုက်စားသူလော စသော စရိုက်ဝါသနာ ကို ကြည့်ရှုလေ့လာသုံးသပ် ကြသည်။ ချီးမွမ်းချီးမွမ်း ၍ မြှောက်ပင့်ပေးခြင်းကိုလည်း သာယာတတ်သည်။ သေသောက်လည်း ကြူးသည်။ မိန်းမဆိုကောင်းဆိုးမရွေး လိုက်စားတတ်သည်။ ဤသုံးချက်လုံးက လက်ကြညီနေလျှင် ပို၍ အောင်မြင်မည်။ ထိုစရိုက်ဝါသနာ ပြော့ကွက်တွေကို သိရလျှင် ဖိ၍ကြံစီကြဘို့ကိစ္စက အလွန် လွယ်ကူ လှပါသည်။

ကျမသည် အစပေါ်သည်မှ ၂၄-နာရီအတွင်း အပိုသတင်းတွကို တသီကြီးရလေပြီ။ လွန်ခဲ့သော ဆယ့်လေး ငါးနှစ် ဂျပန်ခေတ်က အိမ်မှာ ခေါ်ယူကျွေးမွေးထားခဲ့သော ပန်းချီဆရာ မယားတယောက်၏ ဗုံးအမြှောက် နှင့် ကောင်းကင်ယံ တိုက်ပွဲအောက်၌ ဖေါက်ပြန်ယုတ်မာခဲ့ ဘူးသော ကိစ္စ အဆွေးအမြေ့ များကလည်း ဤ ဘူတာရုံကြီး မှာ လာဆိုက်လျက် ရွှေဂုန်တိုင်ဘက်လမ်း တကွေ့တွင် ပျဉ်ထောင်အိမ်နှင့် ဇိမ်ကျနေသည်။ အလားတူ ရုက္ခစိုး ပေးသော သားသမ္မီးများ နှင့် စားပေါက် အလွန် ကောင်းနေကြသူတွေ အား ရုတ်တရက် လက်လှမ်း မှီသမျှ သိလာရသည်။

သို့ရာတွင် ကျမနှင့်အိမ်ကြီးပေါ်မှာ အတူနေသော မာဂဏ္ဍီ လက်သစ် စလေသူမ နှင့် မကြာခဏ လာရောက် လာတတ်သူ နောက်မီးလင်း ဧည့်သည်တော်ကြီး ရွှေမန်းကိုယ်ပျောက်မယ် တို့ကိစ္စကို ထို အချိန်က လုံးဝ မသိရှိ၊ မရိပ်မိ ရသေးဘဲ ရှိနေပါသည်။ ၂၄နာရီအတွင်း ဒါလောက်သိရလျှင် အကောင် အထည် ပေါ်လာလျှင် လုံလောက်ပါပြီ။ အသက်အရွယ် လွန်ကြပြီ ဖြစ်၍ ကာမဂုဏ် ကိစ္စ၌ သ၀န်တိုမှု မရှိသော်လည်း နှစ်ပေါင်း ၂၀ မျှ စီးပွားဘက်အဖြစ် လက်ညီ, တက်ညီ ဘ၀ခရီးကို လှမ်းခဲ့ကြရာမှာ ကျမ ဘက်က သစ္စာ ရှိခဲ့သလောက် တဘက်မှ သစ္စဖေါက် လာခဲ့သည်ကို ပြုပြင်၍ မရနိုင်သောအချိန် ကျမှ သိရသည့် အတွက်သာ ၀မ်းနည်းခြင်း ဖြစ်မိပါသည်။

ဘယ်သူမပြု မိမိမှုသာဖြစ်၍ မကောင်းမှုကိုလည်း ကိုယ်တိုင်ပြုမှဖြစ်သည်။ ကောင်းမှု ကိုလည်း ကိုယ်တိုင် ပြုမှ ဖြစ်သည်။  တစုံတဦးက အဓမ္မလာရောက်ပေး၍ မရ။ ကောင်းသော အမှုနှင့် မကောင်းသော အမှုကို ကိုယ်တိုင် ပြုလုပ်မှသာ ရနိုင်ပါသည်။ မကောင်းသောအကုသိုလ် ၀င်လာသောအခါတွင် မကောင်းမှုမှန်း သိလျက်နှင့် ကျူးလွန်ချင်သော စိတ်ဓါတ်က တိုက်တွန်းလာသမျှ လှုပ်ရှားကြရခြင်း ဖြစ်ပါသည်။

ခရီးဆုံးအောင် လွန်နေပြီ ဖြစ်သော ဤကိစ္စ များကို ဘယ်သို့ပြုရမည် မသိရ။ တညဥ့်လုံး အကွက်ချ၍ တွေးတော စဉ်းစားလျက် ရှိသည်။ သေကြခါနီး အသက်အရွယ် ကြီးလာကြ သလောက် ဘ၀၏အမြင့်ဆုံး အချိန် အခါမှ သာယာစွာနှင့် လူ့ဘ၀ဇာတ်သိမ်း ကြရတော့မည်ဟု ရည်မှန်း စိတ်ချထားခဲ့သည်။ ယခုတော့ စက်ဆုတ် ဘွယ်ကောင်းသော နိဂုံးချုပ် ဇာတ်သိမ်းကြီးနှင့် ရင်ဆိုင်ရတော့မည် ကို ယူကြုံးမရကြီး ဖြစ်နေရ ပါသည်။

တညလုံး မိုးစင်စင်လင်းသည်အထိ ယူကြုံး မရသော စိတ်နှင့်ဘဲ ကြိတ်မနိုင်ခဲမရ၊ ပြုပြင် ထိန်းသိမ်း၍လည်း မရ ဤ သပွတ်အူ ချည်ခင်ထွေးကိစ္စကြီးကို ဘယ်အစက ဆွဲကိုင် ရှင်းလင်း ရမည်မသိပါ။ ကိုယ့်ရောဂါ ကြောင့်လည်း စိတ်ကို မထိခိုက်အောင် စိတ်လိုက်မာန်ပါ မဖြစ်မိအောင် ထိန်းသိမ်းထားရင်း တရားနှင့် ဖြေရသည်။ ဆူဝေပွင့်ထွက်ချင်သော စိတ်ဓါတ်ကို ကိုယ်ရှိန်သတ်နေရသည်မှာလည်း သိပ်လွယ်ကူလှသော ကိစ္စတော့ မဟုတ်ပါ ကျမ၏ ပင်ကိုယ်စိတ်မှာ ခက်ထန်သူ ဖြစ်ပါသည်။ သူတပါးကို သနားတတ် ကူညီ ပေးကမ်း တတ်သလောက် မဟုတ်လျှင် မခံတတ်သော စိတ်က မွေးကတည်းက ပါလာပါသည်။ ငယ်စဉ်က မိဘ၏ လျှမ်းလျှမ်းတောက် မြှောက်စားခဲ့သော စနေနေ့ နေတက် ရေတက် မွေးသူဖြစ်၍ မဟုတ်မခံ ခက်ထန် သော စိတ်ဓါတ်က ဘ၀နှင့် အတူပါလာခြင်းဖြစ်ပါသည်။ သို့ရာတွင် ယနေ့အသက်အရွယ် နှင့် ရောဂါ အခြေအနေပေါ်တွင် အခြေပြု သတိထားလျက် အသက်သာဆုံးသော နည်းနှင့် ဖြေရှင်း ရတော့ သည်။

ပင်ပန်းကြီးစွာ စိတ်ကို ချုပ်တီးခဲ့ရခြင်း ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>