Sunday, March 28, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၂)

"ငါတော့ မင်းပြောတာတွေ တလုံး မကျန် ရွာထဲလျောက် ပြောရမှာပဲ"ဟု ဦးလေးဖြစ်သူမှာ ဒေါသခက်ထန် အက်ကွဲသံကြီးဖြင့် ကျယ်လောင်စွာ ဟစ်နေလေ၏၊ မနေ့ကလဲ မင်းအိမ်လာပြီး သောင်းကျန်းသွားတယ် တလမ်းလုံးကြားအောင် ငါ့သမီးအပျိုမဟုတ်တော့ဘူးလို့လဲ မောင်းခတ်တယ်၊ ဒီကနေ့လဲ ငါ့ကို စော်ကား ပြန်ပြီ၊ ငါဟာ မင်းအဖေသေရင် မင်းအဖေနေရာ နေရာမဲ့လူ အခုတော့ ငါ့သမီးတွေဟာ အားလုံးအပျိုမဟုတ် တော့ဘူး ထားအုံး၊ တခြားပါစပ်က ဒီစကားမျိုး ငါကြားရမှမဟုတ်ဘူး" ထိုနောက် ထပ်တလဲလဲ "ငါရွာကို တိုင်ရမှာပဲ၊ ရွာကိုတိုင်ရလိမ့် မယ်ဟေ့"ဟု မပြီးနိုင်အောင် ဆင့်ကဲနေလေရာ နောက်ဆုံးတွင် ၀မ်လန်း မှာ စိတ်ထဲကမပါလှပဲနှင့်။

"ကျုပ်ကို- ဘာလုပ်စေချင်သလဲ"ဟု မေးလိုက်ရလေတော့၏၊ ရွာကိုတိုင်ခဲ့ချေသာ် မိမိဂုဏ်ကို ထိခိုက် လေတော့ မည်ဟု တွေးမိလေ၏။ "အဆုံးမတော့ ကိုယ်သွေးကိုယ်သားပဲလေ"ဟု မိမိက အလျော့ ပေးလိုက် လေ၏။ ဦးလေးမှာလည်း ချက်ခြင်းပင် တမျိုးဖြစ်သွားလေ၏၊ ခက်ထန်နေသော ဒေါသသည် အရေ ပျော် ၍ သွားလေ၏။ ပြုံးလျက် ၀မ်းသန်းလက်မောင်းကို ကိုင်လိုက်ပြီး၊
"မင်းက လူကောင်းမှန်း- ငါသိပါတယ်ကွာ"ဟု ညင်ညင်သာသာ ပြောရာက "မင့်ဦးလေးကြီးက သိပြီးသား ပါကွ မင်းဟာငါ့သားလိုပါပဲ သားရာ ဟောဒီအဘိုးအို လူမွဲကြီးရဲ့ လက်ဝါးထဲ ငွေစကလေး ထည့်လိုက် စမ်းပါကွဲ့ တဆယ်လောက်ဖြစ်ဖြစ် ဒါမှမဟုတ်ကိုးကျပ်လောက် ဖြစ်ဖြစ် ဒါကလေးရမှ အိမ်က သတ္တ၀ါမ အတွက် မီးခြစ်လုပ်တဲ့အကောင်နဲ့ နေရာတကျဖြစ်သွားအောင် စီမံနိုင်မယ် အေး- မင်းပြောတာမှန်သကွ သီးချိန် ပွင့်ချိန် ရောက်နေပီ အချိန်အရွယ်ရောက် နေပီဟု သက်ပြင်းကြီး တချက်ချလိုက်ရင်း ခေါင်းကို ခါလျက် ကောင်းကင်ကို တကယ်ပင် ကြည်ညို လေးစားနေသလိုလို မော်ကြည့်နေပေ၏။"

ဝမ်လန်း သည် ပေါက်ပြားကို ကောက်ယူလိုက်ပြီး တဖန် ပစ်ချလိုက်လေ၏။
"အိမ်လိုက်ခဲ့ဗျာ ကျုပ်မင်းသားလို သွားလေရာ ငွေယူမလာဘူး"ဟု တိုတိုတုတ်တုတ် ပြောပြီး လှည့်ထွက် ခဲ့လေ၏။ စကားမပြောနိုင်လောက်အောင်ပင် ခါးခါးသီးသီး စိတ်ဆိုးဒေါသထွက်လျက် နေလေ၏။ အကြောင်း မှု လယ် ထပ်ဝယ်ရန် မိမိစုထားသော ငွေစကလေးများမှာ အဘိုးကြီးလက်ထဲ ရောက်ရတော့မည် ဖြစ်လျက် ထိုလက်ထဲ မှ တဖန် မိုးမချုပ်ခင်ပင် ကစားဝိုင်းသို့ ရောက်တော့မည် ကိုသိနေခြင်းကြောင့် ဖြစ်ပေ၏။

အိမ်တံခါးဝ နေပူထဲတွင် ကိုယ်တုံးတုံးကလေးများနှင့် ကစားနေကြသော သားကလေးနှစ်ယောက် ကိုဆွဲဖယ် ၍ ပစ်ပြီး အိမ်ထဲသို့ ၀င်ခဲ့လေ၏၊ သူ့ဦးလေးကား ကစားနေကြသော ခလေးများကို ခေါ်ယူလျက် ကပ်၍ ရှုံ့တွနေသော အကျီင်္အိတ်ထဲမှ ပိုက်ဆံတပြားစီ နှိုက်ပြီးပေးလေ၏။ ထိုနောက်ဝတုတ်တုတ် ကိုယ်ကလေး များ နှင့် ခလေးနှစ်ယောက်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး နူးညံ့ပြော့ပျောင်းသော လည်ဂုတ်ကလေးများကို နှာခေါင်း ဖြင့် ကပ်၍နမ်းရှုပ်နေလေ၏။

"အင်း- ယောကျာ်ကလေး၂ယောက်"ဟု ဆို၍ လက်တဘက်စီဖြင့် ပိုက်ပွေ့၍ ထားလေ၏။
ဝမ်လန်းကား ရပ်ဆိုင်းနေခြင်းမပြု အိပ်ခန်းထဲသို့ စွပ်ဝင်သွားလေ၏။ အလင်းရောင်ထဲမှ ၀င်လာခဲ့သူ ဖြစ်သည့် အတိုင်း ဘာမျှ မမြင်ရ- မှောင်နှင့်မဲမဲ ဖြစ်နေလေ၏။ အပေါက်ငယ်ကလေး တခုမှ ထိုးပြုဝင်ရောက် နေသည့် အလင်းရောင် အမျှင်ချောင်းကလေး ကိုသာ မြင်ရပေ၏။ သို့သော်- မိမိအထက်ထက်က ရှူရှိက်ခဲ့ ရဘူးသော ပူးနွေးသည့် သွေးစိမ်းနံ့ များမှာ နှာဝသို့လာ၍ ကလိကြ ပြန်လေရာ။
"ဘာလဲဟေ့ အခု မျက်နှာမြင်နေပလား"ဟု သဘောနားလယ်သွားရင်း မေးလိုက်မိလေး၏။ အိပ်ရာထဲဆီမှ ပြန်ထွက် လာသော မယားသယ်၏ အသံကားမိမိကြားနေကြ အသံထွက် ပို၍နွမ်းနယ် အားနည်း နေပုံ ရလေ၏။

"မွေးလို့တော့ပီးပြန်ပီဒီတခါတော့ ကျွန်မကလေးတော်ရှေ့ ပြောတောင် မပြောချင်တော့ဘူး"
ဝမ်းလန်းမှာ ငိုင်တိုင်တိုင်ကြီး ဖြစ်သွားလေ၏။ ကံဆိုးပြီဟု အောက်မေ့မိလေ၏။ မိန်းကလေးတဲ့- ဦးလေး၏အိမ်တွင် မိန်းခလေးတယောက်ထဲ ကြီးစွာသော ဒုက္ခကိုပေးလျက်ရှိ၏။ ယခုလည်း မိမိအိမ်တွင် မိန်းခလေး တယောက် မွေးလာပြန်ချေပြီ။

ဘာစကားမျှပြန်မပြော တော့ပဲ ထရံနားဆီသို့ လျှောက်သွားကာ မြေကြီးကိုလက်နှင့် စမ်းနေလေ၏ နဂိုရ်ထက် အနည်းငယ်မို့ နေသော နေရာကို စမ်းမိလျှင် မြေကြီးတုံးကို ဖယ်စမ်းပြီး တွင်းထဲမှ ငွေများကို နှိုက်ယူ ရေတွက် နေလေ၏။

"ဘာလို့ ပိုက်ဆံတွေ ထုတ်ယူနေတာလဲ"ဟု မှောင်ထဲမှမယားက ရုတ်တရက် လှမ်းမေးလိုက် လေ၏။
"ဦးလေး ကို ချေးမလို့"-
ပဋ္ဌမ ၌ မယားမှာ ဘာမျှမပြောပဲငြိမ်နေလေ၏ ထိုနောက်မှ သူပြောနေကြ လေးလေးတွဲ့တွဲ့ အသံဖြင့်။
"ချေးတယ်" ဆိုတဲ့ စကား မပြောရင် သာကောင်းမယ် ဒီအိမ်မှာ အချေးအငှားမရှိဘူး။ "ပေးတာသာ ဆိုတယ်"ဟု ပြောဆိုလေ၏။

"အေးပါဟယ်- ငါသိပါတယ် သွေးစပ်နေတာကလွှဲလို့ ဘာမှမဆိုင်ပဲနဲ့ သူ့ကိုပေးရတာဟာ ငါ့အသားလှီး ပေးရတာလိုပဲ"ဟု ၀မ်လန်းက ခံပြင်းစွာဖြင့် ပြန်ပြောလိုက်လေ၏။ ထိုနောက်အပြင် ထွက်လာခဲ့ပြီး ဦးလေးဖြစ်သူ ၏ လက်ထဲသို့ ငွေများကို ထိုးထည့်ပစ်ခဲ့ကာ၊ လယ်ထဲသို့ ပြန်ဆင်းခဲ့ပြီး မြေကိုအမြစ်မှ ထိုးလှန်ပစ်တော့မည့်ပမာ တူးဆွနေလေ၏။

စိတ်ထဲတွင် ငွေအကြောင်းကိုသာ တွေးနေလေ၏၊ မိမိကိုယ်တိုင် လယ်မှထွက်သော အသီးအနှံများ ကို ရောင်းချလျက် အဆင်းရဲ အပင်ပန်းကြီးခံကာ နောက်ထပ် လယ်တွေ ထပ်ဝယ်ဖို့စုဆောင်းထား သည့်ငွေ များ မှာ ကစားဝိုင်းစားပွဲပေါ်သို့ သွန်ချလိုက်သည့်ကို၎င်း တခုသော လက် က သိမ်းယူလိုက် သည်ကို ၎င်း မျက်စိ ထဲတွင် မြင်ယောင်နေလေ၏။

ညနေစောင်း လာသည့်တိုင် ဒေါသမှာ မပြေသေးပေ၊ ခါးကိုဆန့်လိုက်လေ၏။ အိမ်နှင့်ထမင်း ကို သတိရလာလေ၏။ ထိုနောက် အိမ်တွင် ယနေ့ပါးစပ်ပေါက်တပေါက် ထပ်တိုးလာသည့် အကြောင်း ကိုတွေးမိလေ၏။ သို့တွေးမိသောအခါ- သ္မီးမိန်းခလေးမွေးဖွား ပေးရခြင်းသည် မိဘများအဖို့ က ဆိုင်သာ ဆိုင်လျက် မပိုင်၊ မွေးရခြင်းမှာ မိမိတို့အဖို့မဟုတ် သူ့ကိုပိုင်မည့် လင်သားနှင့် အိမ်သူအိမ်သားများ အတွက် မွေးပေးပြီး ကျွေးမွေးထိန်းသိမ်း ထားရခြင်းသာ ဖြစ်၏။ ယခုမူ မိမိတို့ အိမ်တွင်သ္မီးကလေးကိုပင် သွား၍ မကြည့်မိခဲ့။

ပေါက်ပြား ကို မှီကာရပ်ရင်း ၀မ်းနည်းစိတ်မချမ်းသာ ကြီးဖြစ်နေလေ၏။ သူ့လယ်နှင့် ဆက်လျက်ရှိ သော လယ်ကို ၀ယ်ရန်မှာ နောက်တစ်ကြိမ် စပါးရိတ်ချိန်တိုင် စောင့်ရပေဦးမည် ယခုလည်းအိမ်တွင် လူတယောက် တိုး၍ လာပြန်ချေပြီ။
ကရုကမာရောင် ပြေးလျက်ဖြော့တော့ မှေးမှီန်နေသော ကောင်ကင်တွင်မဲမှောင်သော ကျီးကန်းတအုပ် ပျံလာလျက် ၀မ်းလန်းအပေါ်တွင် ၀ဲပျံကာကျယ်လောင်စွာ အာမြည်၍ နေကြလေ၏။ ထို့နောက် ကျီးကန်း များသည် ၎င်း၏အိမ်နားက သစ်ပင်များဆီသို့ တိမ်ခိုးတွေလွင့် သလိုပျံသန်းသွားကြကာ ပျောက်ကွယ်၍ သွားကြ လေ၏။

ဝမ်လန်း သည် ကျီးကန်းများ ပျံရာသို့ပြေးလိုက်သွားပြီး၊ လယ်ထဲ မှ ပေါက်ပြားကို ရမ်းလျက် ဟစ်အော် မောင်းနှင်ပစ်လေ၏။ ကျီးကန်းများသည် ဖြေးညှင်းလေးကန်စွာ လေဟုန် ကိုစီးလျက် အပေါ်သို့ ပျံသန်းကြပြီးနောက် တဖန်၎င်း၏ခေါင်းပေါ်၌ ၀ဲပျံပတ်ချာလှည့်ပြန်ကာ ပြောင်သလိုလို- သရော်သလိုလို အာကြ ပြန်လျက်၊ နောက်ဆုံးတွင် အမှောင်အုပ်စ ပြုသော ကောင်းကင်ယံသို့ ပျံသန်း သွားကြလေ၏။
ဝမ်းလန်း ကား ကျယ်လောင်စွာ ညည်းညူမိလေ၏။ မကောင်းသော နိမိတ် တခုပေတည်း။

ရှစ်

နတ်ဆိုးတို့ မည်သည် လူတဦးတယောက် အပေါ်၌ တကြိမ်တခါ မျက်မုန်းကျိုး မိခဲ့လျှင်၊ နောက်ထပ် ပြန်လည် စဉ်းစားခြင်း မပြုတော့သလိုလိုဖြစ်နေလေ၏။
မိုးဦးကျတွင် ရွာရမည့် မိုးမှာလည်း တစက်တလေမျှ ရွာမချပဲနေလေ၏။ ကောင်းကင်မှာ တနေ့ထက်တနေ့ မိုးသားတိမ်လိပ်တွေ ကင်းစင်လာလျက် ပြောင်ပြောင်ကြီး တောက်ပ၍ သာနေလေ၏။ ခြောက်သွေ့ ရေငတ်နေသော မြေကြီးကိုပင် ဂရုမစိုက်သနား ဂရုမစိုက် သနားဂရုနာ မသက်သလို မိုးရွာချရမည်ကို သ၀င်တို၍ နေလေ၏။ နေ့ရှိသ၍ မိုးသားတိမ်လိပ်များကို မမြင်မတွေ့ရ၍ မူ ညအခါများကို ရောက်လျှင်လည်း ကြယ်များမှာ ရက်စက်၍ အကြင်နာကင်းသော အလှကို ဆောင်ရွက် ရွှေရောင်တောက်ခါ သွန်းပြောင်း၍ နေကြကုန်၏။

ဝမ်းလန်း အပင်ပန်းအဆင်းရဲခံ ၍ စိုက်ပျိုးလုပ်ကိုင်ထားသော လယ်များမှာ မြေလွှာတို့သည်၊ ခြောက်သွေ့ အက်ကွဲ ကုန်ကြလေ၏။ မိုးကျခါနီး၍ အားတက်သရော ထွက်ပြူ လာကြလေသော ဂျုံပင်ပျိုတို့ မှာ အနှံ ထွက်ရန် ခြေလှမ်းပြင်နေသည့် အခါ ရောက်မှ၊ မြေမှသော်၎င်း ကောင်းကင်မှသော်၎င်း၊ မည်သည့် အကူအညီမျိုးမှမရတော့ သောအခါတွင်၊ ထွားကြိုင်းခြင်း မှ ရပ်လျက်၊ ရပ်ခြင်းမှာ နေရောင် ကို မခံနိုင်ပဲ ယိုင်လဲ၍ အမြုံဖြစ်ကြကုန်၏။ စပါးစိုက်ရန် ၀မ်လန်းပျိုးကြဲထားသော မြေကွက်များမှာ လည်း၊ ညိုမှောင်သော မြေရောင်တွင် မြစိမ်းကွက် ကလေးများလိုရှိလေ၏။ ၀မ်းလန်းသည် ဂျုံခင်းတွေကို လက်လျှော့ စွန့်လွတ်ခဲ့ပြီးနောက်။ စပါးပျိုးခင်းများကို နေ့ရှိသရွေ့- ရေထမ်းကာ လောင်းလေ၏။ ထမ်းရ လွန်းသဖြင့်၊ ပခုန်းသားများ ဖူးဖူးယောင်လျက် ပုဂံလုံးကြီးများ မှောက်ထား သလို၊  အသားမာကြီးများ ပေါ်လာ သည့်တိုင်-မိုးကား ခေါင်မြဲခေါင်၍ နေလေ၏။

သို့ဖြင့် ရေကန်ထဲတွင် ရှိသော ရေများလည်း ခန်းခြောက် လျက်၊ ရွံ့နွံခဲတွေသာ ကျန်တော့၏။ ရေတွင်းထဲမှ ရေလည်း အတော်နိမ့်၍ ကျသွားခဲ့လေ၏။ သို့ဖြစ်လေရာ အိုလင်က။
"ခလေးတွေ ကလဲ ရေငတ်မခံနိုင်- အဘိုးကြီးကလဲ ရေနွေးမသောက်ရပဲ မနေနိုင်ဘူးဆိုရင်- လယ်ထဲက ကောက်ပင်တွေ အသေခံရမှာပဲ........."ဟု ပြောဆိုရတော့၏ ထိုအခါဝမ်လန်းကလည်း
"အေး- ကောက်ပင်တွေ သေကုန်ရင်- သူတို့လဲငတ်ကုန်ကြတော့မှာပဲ- ဟုဒေါသထွက်ထွက်နှင့် ပြန်ပြောရာမှာ ရှိုက်ကြီး တငင်ငိုယိုမိလေတော့၏။"

ကျုံးနားက လယ်ကလေးတကွက်သာ ကောင်းကောင်းသီးလေ၏။ သို့သီးရခြင်းမှာလည်း၊မိုးတ စက်မျှ မရွာ မသွန်း ပဲနှင့် မိုးရာသီ ကုန်သွားလေလျှင်၊ ၀မ်းလန်းကိုယ်တိုင် အခြားလယ်များကို ပစ်ထားခဲ့ပြီး၊ ထို လယ်ကလေး ကိုသာ တနေကုန် တနေခန်းကျုံးထဲမှာရေဖြင့် ခတ်လောင်းခဲ့ခြင်း ကြောင့်ဖြစ်ပေ၏။ ထိုနှစ်၌၊ ၀မ်လန်း မှာ ပဋ္ဌမဆုံး အကြိမ်အဖြစ်ဖြင့်၊ စပါးရိတ်ပြီးပြီးချင်း၊ ရောင်းချပစ် ရလေ၏။ လက်ထဲသို့ ငွေရောက် လာသော အခါ။ ငွေများကို တင်းကျပ်စွာ ဆုပ်ကိုင် ထားလေ၏။ "မိုး ဘယ့်လောက်ဘဲ ခေါင်ခေါင်- နတ်က ဘယ့်လောက်ကဲ ညိုးညိုး ငါဆုံးဖြတ်ချက် အတိုင်းတော့ ဖြစ်အောင် လုပ်မှာပဲ-" ဟု တကိုယ်တည်း ကြုံးဝါးမိလေ၏။ ထိုငွေကလေး အတွက် သူ့ခန္ဓာကိုယ်သည်၊ ကျိုးပြတ်လုမတက် ပင်ပန်းခဲ့ရ၏။ ချွေးတို့သည်။ သူ့ကိုယ်မှ အပေါက် အပေါက် ကျခဲ့၏ ငွေရလာပြီဖြစ်ပြီတကား- လုပ်ချင်ရာလုပ်တော့အံ့။

ဟွမ်အိမ်ကြီးသို့ ခြေကုန်သုတ်ခဲ့ပြီး၊ သူဋ္ဌေးကိုယ်စားလှယ်နှင့် တွေ့လျှင်ပင် ဆိုင်းမဆင့် ဗုံမခေါက် ပဲ။
"ကျုံးနားက ကျုပ်လယ်နဲ့ ကပ်နေတဲ့လယ်ကို ၀ယ်ဖို့- ကျုပ်မှာငွေပါတယ်"ဟု ပြောလိုက်လေ၏။ ၀မ်လန်း ကား- ဟွမ်းတို့အိမ်သူအိမ်သားများ မှာဆင်းရဲတွင်းသို့ သက်ဆင်းလာခဲ့သည်မှာ တနှစ် လောက် ရှိနေပြီဖြစ်ကြောင်း ဟိုမှဒီမှကြားသိပြီး  ဖြစ်၏၊ အဖွားကြီးမှာလည်း၊ ဘိန်း၀၀ မရှူ ရသည်မှာ ရက်ပေါင်း အတန်ကြာခဲ့ ပြီဖြစ်၍ အစာငတ်နေသော ကျားမကြီးလိုဖြစ်နေပြီးလျှင်၊ နေ့စဉ်နှင့်အမျှ ကိုယ်စား လှယ် အား ခေါ်ယူလျက်။ ဆဲဆိုကြိမ်းမောင်ရုံမျှ မက- မျက်နှာကိုလည်း၎င်း၏ ယပ်တောင်ဖြင့် တဖုတ်ဖုတ် လှမ်းရိုက်ရင်း-

"လယ်တဧက မှ မကျန်တော့ဘူးလားဟင်"ဟူ၍ ဟစ်အော် မေးမြန်းလေ့ ရှိလေ၏။ ကိုယ်စားလှယ် လုပ်သူမှာလည်း၊ အိမ်ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ပေးရာတွင်၊ မိမိသုံးစွဲရန် အတွက်နုတ်ယူ ထားသော ငွေများကိုပင် အဖွားကြီးအား ထုတ်ပေးနေရသည့် အခြေရောက်နေလေ၏။ အဘိုးကြီးက လည်း ဇနီးငယ်တယောက် ထပ်၍ ယူနေပြန်ပြီဖြစ်၏။ ထိုမိန်းခလေး မှာလည်း အခြားမဟုတ် အရွယ်ကောင်းစဉ်က အဖိုးကြီး အပျော်ကြူး ခဲ့ဘူးသော ကျွန်မ တယောက်မှာ အပျော်မယား အဖြစ် သိမ်းပိုက် ခါရနီးမှ အဖိုးကြီး စိတ်ကုန်၍ စွန့်အပြစ် အစေခံ တယောက်နှင့် ငြားပြီး မွေးထုတ်ခဲ့သော ကလေးဖြစ်၏၊ ထိုခလေးမ ကလေး မှာ၊ ယခုအခါ အသက် ၁၆-နှစ်ခန့်ရှိပြီးဖြစ်ရာ၊ အဘိုးကြီး၏မျက်စိတွင် အသစ်ဖြစ်လျက်၊ အချစ်စစ် မဟုတ်သော ရာဂအခိုးဖြင့် အလံချိုးလိုက်ခြင်း ဖြစ်ပေ၏။

အဘိုးကြီးမှာသင်္ချိုင်းနား တဖြည်းဖြည်းနီးလာလျက်၊ ကိုယ်တွေလက်တွေ သန်သန်စွမ်းစွမ်းမရှိ တော့ပဲ၊ သားပြင်းတွေတွဲလောင်း ကျနေလျက် သေဘက် သို့ နီးလာလေလေ တဏှာရေလျှံ ပြင်းထန်လေ လေ ဖြစ်နေကာ၊ ခပ်စိမ်းစိမ်း ခလေး အရွယ်ကလေးများနှင့်သာ ရိက္ခာ ယူနေသူဖြစ်လေ၏။ အဖွားကြီးက ဘိန်းနှင့်မှိန်းနေလျှင်၊ သူကတဏှာဖြင့် မှိန်းနေလျက်၊ သူ့စိတ်ကြိုက်ကလေးများ အတွက်၊ မြနားပန် ရွှေလက်ကောက် များလုပ်ပေး လိုပြန်လျှင်၊ ပိုက်ဆံမရှိကြောင်း သူနားလည်အောင် ပြောမပြနိုင်ကြပေ။ တသက် လုံးတွင် ငွေလိုချင် ၍ လက်နှင့်စမ်းလိုက်လျှင် ငွေ ကို ကိုင်မိနေသူ ဖြစ်နေ ရကား၊ ယခုမှ "ပိုက်ဆံမရှိ" ဆိုသော စကားကို နားမလည် ဖြစ်နေလေ သတည်း။

ဆက်ရန်
.

No comments: