ဆင်သေကို ဆိတ်ရေနှင့်ဖုံး၍မရ
ဤဖြစ်စဉ် ဖြစ်ရပ်တို့မှာ ပစ္စည်းမာနကလေး တက်လာပြီး ခြေဖျားထောက် အောက်ခြေလွတ် တတ် လာသော စိတ်ဓါတ်ကြံ့ခိုင်မှု မရှိသူများအဖို့ မရှောင်မလွှဲနိုင်သော ဓမ္မတာပင်ဖြစ်ပါသည်။ ပင်ကိုယ် ကလည်း အညှီအဟောက်ကြိုက်တက်သော စရိုက်ဝါသနာ လက်ငုတ်လက်ကျန် တို့ကအခံ ရှိပြန်ရာ ငွေကုန်ခံ နိုင်သော ဘ၀မှာလက်ညိုးထိုးညွှန်ရာ ကိစ္စပြီးစီးမြဲ ဖြစ်၍လည်း တားမနိုင်ဆီးမရ ရှိတတ် ကြ ပါသည်။
ဤမမြှော်လင့်သော ဂုဏ်သိက္ခာထိခိုက်ပျက် စီးစေမည့် သတင်းများကို လူမသိအောင် ဖုံးဖိဝှက် သိုထား လို၍လည်း မဖြစ်နိုင်တော့ပြီး ဇာတ်ရှုပ်ကိစ္စအ၀၀တွေကို ၃-၄နှစ် အတွင်းမှာ လူတရာလျှင် ၉၉- ဦးက သိပြီး ကြပြီး၊ ကျမက လူ၁၀၀- မြောက် နောက်ပိတ်ဆုံး ဆွေ့မြေ့နေသော သတင်းအကြွင်း အကျန်ကလေးမျှ ကိုသာ ယခုမှ အစပြု၍ သိရခြင်းဖြစ်ပ်သည်။ သေနေသောဆင်ကောင်ကြီးကို ကျမက တထွာတညှို မျှသော ဆိတ်သရေကလေး ဖြင့်ပြာပြာသလဲ ဖုံး၍ရတော့မည် မဟုတ်တော့ပါ။
ဤသို့အဖတ် ဆယ်မရအောင် ဖြစ်ရသည်မှာလည်း ကျမတို့၏လောင်းရိပ်ကို မှီခိုပြီးကြီးပွား နေကြသူတစု မှာ ဆရာသမား၏ ဂုဏ်သိက္ခာနှင့် အကျိုးပျက်စီးရာ ပျက်စီးကြောင်း ကိစ္စတွေ့လျှင် အမြော်အမြင် ရှေ့ထား၍ အချိန်ရှိသည့် အခိုက် က တားဆီးသတိပေးဖေါ် မရပဲ ဝေစားမျှစား ပြုနေကြ သော်လည်း ယခု ကျမ လက်သို့ ရေးဝံ့လာသော ရှေးဦးစွာ စာရေးသတိပေးသူမှာ ယနေ့အထိ ဘယ်သူဟူ၍ မသိရပါ။ ထိုသူသည် ကောင်းစေချင်သော စေတနာကို မူရင်းထားပြီး စာတိုက်ခေါင်း ဆယ့် ငါးပြားကို အကုန်ခံ၍ ပေးပို့လိုက်ခြင်း ဖြစ်ပါသည်။ ကျေးဇူးတင်စရာကောင်း ပါသည်၊ သူ၏ စာမူရင်း အတိုင်းမှာ- သိစေရန် အကြောင်း ကြားပါသည်။ ဒေါ်ခင်ခင်တို့၏ အကျိုးကိုရည်စူး၍ အေက်ပါ အဖြစ် အပျက်ကိုရေးသား ပေးပို့ခြင်း ဖြစ်ပါသည်။
လွန်ခဲ့သော ၁၉၅၈- ခု မတ်လ လောက်ကဖြစ်သည်။ ဂွတ်တလစ် ကွက်သစ်ပုလဲလမ်း ကျိုက္ကစံလမ်း အိမ်အမှတ် (..........)သို့ မန္တလေးမှ (.......)ဆိုသူ အမျိုးသ္မီးတဦး သူမ၏မိဘများပါ ပြောင်းရွေ့လာ ကြပါသည်။ သူမတို့အား ၎င်းနေရာဋ္ဌာနတွင် လာရောက် နေထိုင်ရန်အိမ်ဝယ်ယူ ဆောင်ရွက် ပေးသော သူမှာလဲ မန္တလေးမှ ဗမာ့ခေတ်သတင်းစာ ကိုယ်စားလည်တဦး ဖြစ်သည်ဟု သိရပါသည်။

၎င်းနောက် တွင်တော့ ဒေါ်ခင်ခင်လေးကို အလွန်ကြောက်ရသည်ဟု သတင်းပြေးနေသော ဒေါ်ခင်ခင်၏ ခင်ပွန်း ဦးအုန်းခင် သည် ၎င်းအိမ်သို့ထွက်ဝင်သွားလာ နေသည်ကိုတွေ့ရပါတော့ သည်။
ထိုအိမ်သို့ လာတတ် သောအချိန်များမှာလဲ ည၈-နာရီ လောက်တွင်လာ၍ ညသန်းခေါင်ကျော်မှ ပြန်, ပြန်သွား တက်ပါသည်။ ၎င်းအိမ်သို့ လာသည့် အခါတိုင်းလဲ အမြဲတမ်းလိုပင် မူး၍ မူး၍ လာတတ်ပါ သည်။ ထိုအခါ များတွင် ၎င်းအိမ်မှ (……) ဆိုသူ သူမကိုယ်တိုင် ထွက်၍ တွဲယူ၏ ဖေးမ၍ အိမ်ထဲကို ခေါ်သွင်း ရပါသည်။ နောက်ပြီး ထို(……..) သူမမှာလဲ ဒေါ်ခင်ခင်တို့နှင့် ရွှေမျိုးနီးစပ် တော်သည်ဟု ကြားရပါသည်။ ဟုတ်, မဟုတ်တော့ မပြောတတ်ပါ။
ဤကဲ့သို့ ဒေါ်ခင်ခင်တို့အား အကြောင်းကြား ရသည်မှာလဲ ဘယ်သူ့ကိုမှ မနာလိုဝန်တို၍ မဟုတ်ပါ။ ဗမာ့ခေတ် တိုက်ပိုင်ရှင် ဂုဏ်သရေရှိ တိုက်ပိုင်ရှင် လူကြီး တယောက်၏ သိက္ခာကို ထိန်းသိမ်း စေရန်သာ ရည်ညွှန်း ပါသည်။
ကျွန်တော့မှာ ဒေါ်ခင်ခင်လေးတို့၏ ကျေးဇူးအနည်းငယ် ရှိဘူးသဖြင့် ပြန်၍ ကျေးဇူးပြုရခြင်းသာ ဖြစ်ပါသည်။ အကယ်၍ ကျွန်တော် အကြောင်းကြားသည်ကို မယုံကြည်ပါက ဒေါ်ခင်ခင်လေး ကိုယ်တိုင် သွားရောက် ကြည့်ရှုစုံစမ်းပါက သိရပါလိမ့်မည်။ အခု အချိန်တွင်တော့ ဒီကိစ္စကို ကျွန်တော်တယောက်သာ သိသေးသည် ဟု ထင်ပါသည်။ နောင်တချိန်တွင်တော့- တစ,စ ဖြင့် အခြားသူများပါ သိကုန်ကြမည် ထင်ပါသည်။
ဒေါ်ခင်ခင်လေးတို့၏ အကျိုးကို
ရည်စုးလျက်
(…………………….)
ဟူ၍ ပါရှိပါသည်။ ဤစာသည် အရှုပ်တော်ပုံတွေ၏ အစပေါ်လာရသော သဲလွန်စ ပထမပိုင်း ကလေးတခုမျှ ဖြစ်ပါသည်။ ၉၉ဦး သော ပုဂ္ဂိုလ်တို့ ညက်ညက်ကြေအောင် သိနေသော ကိစ္စတွေ မပါဝင်သေးပါ၊ ကျမအဘို့ မှာလည်း သည်စာဖြင့်သာ ပထမဦးဆုံး သိရခြင်း၊ တသက်လုံး ဖုံးသမျှ ကုန်းတော့မှ ပေါ်ရခြင်း ဖြစ်ပါသည်။ အထက်ပါ စာမှ ရည်ညွှန်းဖေါ်ပြသူ သူမ မှာ ဘကြီးတော် ၀က်မစွတ်မောင်မောင်ကြီး ၏ သ္မီး ဆင်းရဲ ၍ ကျမထံခေါ်ယူ ကျွေးမွေးထားရာမှ ရွှေစက်တော် ဘုရားပွဲမှအပြန် ဂဏှာမငြိမ်ဆို၍ ပြန်လွှတ် ရသူ ဖြစ်ပါသည်။ မန်းမြို့တွင် ဖြစ်ချင်ရာ ဖြစ်ပြီး ဘယ်နည်းနှင့် ရတနာပုံဆိုက် လာသည်ကို မတွေးတတ်ပါ၊ သို့သာ် သူမ ကလည်း ရပ်စပြူတင်ကြီး၏ ကင်းခြေများ ထည်းမှ ခြေတချောင်း အပါအ၀င်မျှသာဖြစ်ပါသည်
စက်ဆုတ်ဖွယ်ရာကျူးလွန်မှုများ

တခုတော့ရှိပါသည်။ ကျမအားငယ်ရွယ်စဉ်အခါမှစ၍ မလိုမုန်းတီးပြီး ပျက်စီးရာ ပျက်စီးကြောင်းကို အမြဲတန်း တစိတစောင်း ချောင်းနေကြသော မန္တလေးက အမေ့သွေးသားများနှင့် စားဖါးကိုယ်စားလည်တို့ ချယ်လှယ်မှု ကလည်း တနည်းတလမ်း ပါရလိမ့်မည်ဟု ပုံသေကားချတွက်ဆမိပါသည်။ ယခင် ရေးသား ခဲ့ဘူးသည့် အတိုင်း မြှောက်-မြှူ-မြှိုက်-မ,သုံးလုံး ကြေသော ရပ်မြေဒေသကမို့ သည်နေရာမျိုးမှာ ပါးနပ် ကျွမ်းကျင် ကြသည်။
ချ၍ရမည့် လူတယောက်သည် ဘာကိုကြိုက်သနည်း၊ ဘာကို ၀ါသနာပါသနည်း။ အ၀တ်အစား၌ သာယာ သလော၊ အလောင်းအစား၌ ၀ါသနာထုံသလော၊ ချီးမွမ်း မြှောက်ပင့်ခြင်း၌ သာယာနှစ်သက်သောသူလော၊ အရက် သေစာ အသောက်ကြူး လိုက်စားသူလော စသော စရိုက်ဝါသနာ ကို ကြည့်ရှုလေ့လာသုံးသပ် ကြသည်။ ချီးမွမ်းချီးမွမ်း ၍ မြှောက်ပင့်ပေးခြင်းကိုလည်း သာယာတတ်သည်။ သေသောက်လည်း ကြူးသည်။ မိန်းမဆိုကောင်းဆိုးမရွေး လိုက်စားတတ်သည်။ ဤသုံးချက်လုံးက လက်ကြညီနေလျှင် ပို၍ အောင်မြင်မည်။ ထိုစရိုက်ဝါသနာ ပြော့ကွက်တွေကို သိရလျှင် ဖိ၍ကြံစီကြဘို့ကိစ္စက အလွန် လွယ်ကူ လှပါသည်။
ကျမသည် အစပေါ်သည်မှ ၂၄-နာရီအတွင်း အပိုသတင်းတွကို တသီကြီးရလေပြီ။ လွန်ခဲ့သော ဆယ့်လေး ငါးနှစ် ဂျပန်ခေတ်က အိမ်မှာ ခေါ်ယူကျွေးမွေးထားခဲ့သော ပန်းချီဆရာ မယားတယောက်၏ ဗုံးအမြှောက် နှင့် ကောင်းကင်ယံ တိုက်ပွဲအောက်၌ ဖေါက်ပြန်ယုတ်မာခဲ့ ဘူးသော ကိစ္စ အဆွေးအမြေ့ များကလည်း ဤ ဘူတာရုံကြီး မှာ လာဆိုက်လျက် ရွှေဂုန်တိုင်ဘက်လမ်း တကွေ့တွင် ပျဉ်ထောင်အိမ်နှင့် ဇိမ်ကျနေသည်။ အလားတူ ရုက္ခစိုး ပေးသော သားသမ္မီးများ နှင့် စားပေါက် အလွန် ကောင်းနေကြသူတွေ အား ရုတ်တရက် လက်လှမ်း မှီသမျှ သိလာရသည်။
သို့ရာတွင် ကျမနှင့်အိမ်ကြီးပေါ်မှာ အတူနေသော မာဂဏ္ဍီ လက်သစ် စလေသူမ နှင့် မကြာခဏ လာရောက် လာတတ်သူ နောက်မီးလင်း ဧည့်သည်တော်ကြီး ရွှေမန်းကိုယ်ပျောက်မယ် တို့ကိစ္စကို ထို အချိန်က လုံးဝ မသိရှိ၊ မရိပ်မိ ရသေးဘဲ ရှိနေပါသည်။ ၂၄နာရီအတွင်း ဒါလောက်သိရလျှင် အကောင် အထည် ပေါ်လာလျှင် လုံလောက်ပါပြီ။ အသက်အရွယ် လွန်ကြပြီ ဖြစ်၍ ကာမဂုဏ် ကိစ္စ၌ သ၀န်တိုမှု မရှိသော်လည်း နှစ်ပေါင်း ၂၀ မျှ စီးပွားဘက်အဖြစ် လက်ညီ, တက်ညီ ဘ၀ခရီးကို လှမ်းခဲ့ကြရာမှာ ကျမ ဘက်က သစ္စာ ရှိခဲ့သလောက် တဘက်မှ သစ္စဖေါက် လာခဲ့သည်ကို ပြုပြင်၍ မရနိုင်သောအချိန် ကျမှ သိရသည့် အတွက်သာ ၀မ်းနည်းခြင်း ဖြစ်မိပါသည်။
ဘယ်သူမပြု မိမိမှုသာဖြစ်၍ မကောင်းမှုကိုလည်း ကိုယ်တိုင်ပြုမှဖြစ်သည်။ ကောင်းမှု ကိုလည်း ကိုယ်တိုင် ပြုမှ ဖြစ်သည်။ တစုံတဦးက အဓမ္မလာရောက်ပေး၍ မရ။ ကောင်းသော အမှုနှင့် မကောင်းသော အမှုကို ကိုယ်တိုင် ပြုလုပ်မှသာ ရနိုင်ပါသည်။ မကောင်းသောအကုသိုလ် ၀င်လာသောအခါတွင် မကောင်းမှုမှန်း သိလျက်နှင့် ကျူးလွန်ချင်သော စိတ်ဓါတ်က တိုက်တွန်းလာသမျှ လှုပ်ရှားကြရခြင်း ဖြစ်ပါသည်။
ခရီးဆုံးအောင် လွန်နေပြီ ဖြစ်သော ဤကိစ္စ များကို ဘယ်သို့ပြုရမည် မသိရ။ တညဥ့်လုံး အကွက်ချ၍ တွေးတော စဉ်းစားလျက် ရှိသည်။ သေကြခါနီး အသက်အရွယ် ကြီးလာကြ သလောက် ဘ၀၏အမြင့်ဆုံး အချိန် အခါမှ သာယာစွာနှင့် လူ့ဘ၀ဇာတ်သိမ်း ကြရတော့မည်ဟု ရည်မှန်း စိတ်ချထားခဲ့သည်။ ယခုတော့ စက်ဆုတ် ဘွယ်ကောင်းသော နိဂုံးချုပ် ဇာတ်သိမ်းကြီးနှင့် ရင်ဆိုင်ရတော့မည် ကို ယူကြုံးမရကြီး ဖြစ်နေရ ပါသည်။
တညလုံး မိုးစင်စင်လင်းသည်အထိ ယူကြုံး မရသော စိတ်နှင့်ဘဲ ကြိတ်မနိုင်ခဲမရ၊ ပြုပြင် ထိန်းသိမ်း၍လည်း မရ ဤ သပွတ်အူ ချည်ခင်ထွေးကိစ္စကြီးကို ဘယ်အစက ဆွဲကိုင် ရှင်းလင်း ရမည်မသိပါ။ ကိုယ့်ရောဂါ ကြောင့်လည်း စိတ်ကို မထိခိုက်အောင် စိတ်လိုက်မာန်ပါ မဖြစ်မိအောင် ထိန်းသိမ်းထားရင်း တရားနှင့် ဖြေရသည်။ ဆူဝေပွင့်ထွက်ချင်သော စိတ်ဓါတ်ကို ကိုယ်ရှိန်သတ်နေရသည်မှာလည်း သိပ်လွယ်ကူလှသော ကိစ္စတော့ မဟုတ်ပါ ကျမ၏ ပင်ကိုယ်စိတ်မှာ ခက်ထန်သူ ဖြစ်ပါသည်။ သူတပါးကို သနားတတ် ကူညီ ပေးကမ်း တတ်သလောက် မဟုတ်လျှင် မခံတတ်သော စိတ်က မွေးကတည်းက ပါလာပါသည်။ ငယ်စဉ်က မိဘ၏ လျှမ်းလျှမ်းတောက် မြှောက်စားခဲ့သော စနေနေ့ နေတက် ရေတက် မွေးသူဖြစ်၍ မဟုတ်မခံ ခက်ထန် သော စိတ်ဓါတ်က ဘ၀နှင့် အတူပါလာခြင်းဖြစ်ပါသည်။ သို့ရာတွင် ယနေ့အသက်အရွယ် နှင့် ရောဂါ အခြေအနေပေါ်တွင် အခြေပြု သတိထားလျက် အသက်သာဆုံးသော နည်းနှင့် ဖြေရှင်း ရတော့ သည်။
ပင်ပန်းကြီးစွာ စိတ်ကို ချုပ်တီးခဲ့ရခြင်း ဆက်ရန်

.
No comments:
Post a Comment