Saturday, March 27, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၁)

ခွန်နှစ်

အစ ပထမ ကတည်းက ၀မ်လန်းကြိုတင်၍ ကွက်ကျော်မြင်ထားသည့်အတိုင်း ၎င်း၏ဦးလေး မှာ ဆင်းရဲ တွင်း သို့ သက်ဆင်းစပြုလာ၏။
ထို ဦးလေးမှာ ၀မ်လန်းဘခင်၏ ညီအရင်းတစ်ယောက်ဖြစ်ရကား အကယ်၍ စားရာမဲ့ သောက်ရာမဲ့ ဖြစ်ခဲ့ ချေသော် ဆွေမျိုးဘဲ ဟူသော သဘောဖြင့် တအိမ်သားလုံးဝိုင်း၍ ၀မ်လန်းကို မှီကြ ခိုကြ ကပ်ကြ မည်သာ ဖြစ်၏၊ ၀မ်လန်းနှင့် ၎င်း၏ အိမ်သူအိမ်သားများမှာ ဆင်းရဲမွဲပြာစွာနှင့် မလောက်မငစား မလောက်မင ၀တ်နေရစဉ် အခါ၌ကား ထိုဦးလေးမှာ သူ့လယ်သမားကို အားခဲ ကြိုးစားလုပ်လျက် သားသမီး ၇-ယောက် နှင့် မယား ကို ရှာဖွေကျွေးမွေး ဖော်ရပေသေး၏၊ သို့သော် အထောက်အပံ့ တခါသွားလျှင် အလုပ်ကို စွန့်ပစ် တတ်ကြ သူများသာ ဖြစ်ပေသည်။

မယားမှာလည်း အိမ်ကိုမှ သန့်ရှင်းအောင် လှဲဖယ်သုတ်သင် အပင်ပန်းခံဖေါ် မရတော့ ခလေးမှာလည်း စားပြီး ၍ ပေကျံနေသော ပါးစပ်များကိုပင် ဆေးကြောပစ် ဖေါ်မရကြတော့ ထိုမျှမကသေးမူ၍ သမီးမိန်းက လေးများ မှာ အရွယ် တဖြည်းဖြည်း ကြီးလာကြလျက် အိမ်ထောင်သားမွေး လင်ယူလျှင်ပင် ခလေးပင် မွေးနိုင်ကြသည့် အရွယ်တိုင် ရောက်နေကြပြီဖြစ်လျက်နှင့် နေစား၍ နီကြင်ကြင်ဖြစ်နေသောဆံပင် တွေကို ဘီးနှင့်မှ မတို့ ကိုယို့ကားယား ဖါးလျားကြီးထား ဖွာလံကြီးကြဲ ရွာထဲတွင် လွားကနဲပြေး ခလေးစိတ် က မပျောက် ဘရောက်ဘရက် နှင့် ရောက်ရက်ဆန်ကာ၊ ဤတွင်လည်း မတန် ကာလသားတွေနှင့် တွေ့ပြန်လျှင် ရပ်၍ စကားပြော သဘောမဟုတ်သည့် မချောတို့လုပ်ပုံ မှာ အားလုံးပင် မျက်နှာပျက်၍ ရှက်စရာ ဖက်လာအောင် ဖြစ်နေပြန်လေ၏။

တနေ့တွင်လည်း ၀မ်လန်းမှာ ၀မ်းကွဲနှစ်မ အကြီးဆုံး တစ်ယောက်နှင့် သွား၍ တွေ့နေပြန်လျက် တမျိုးလုံး မျက်နှာပျက် အရှက်ရအောင် လုပ်ရသလော ဟု ထောင်းထောင်းကြီး ဒေါသအမျက် ရှုးရူးကြီးထွက်လျက် သူ့အမေ ထံလိုက်သွားလိုက်ပြီး။
    "ကိုင်း.... လာသမျှမောင် ဇံမရွေးပေါင်" လုပ်နေတဲ့ ကျုပ်နှမလို မိန်းခလေးမျိုး ဘယ်အ ကောင်က လာ လက်ထပ် မလဲဟင် ဒီကောင်မကလေး ဟာ လင်ယူမယ်ဆိုရင် ဟို ၃-နှစ်လောက် ကတည်းက ယူနိုင်နေပီဗျ ဒါနဲ့လဲ ပြေးတုံးလွားတုံးဘဲ လုပ်နေတယ် ဒီကနေ့လဲ ရွာလမ်းထဲမှာ ကောင်တကောင်က သူ့လက်မောင်း ကိုကိုင်လို့ သူက မျက်နှာပြောင်ပြောင်နဲ့ မရှက်မကြောက် ရယ် လို့ တွေ့ရပြန်တယ်ဟု တိုင်တန်း ပြောဆို လေ၏၊ ထိုအခါ-ခန္ဓာကိုယ်ကြီး လေးလံထိုင်းမှိုင်း သလောက် နှုတ်သီးသွက်လှသော ဦးလေးမယားမှာ ၀မ်လန်း အပေါ်တွင် မျက်မုန်းကျိုးသွားလျက်။

"အေး.... အေး.... ဟုတ်ပါပီ ဒါနဲ့ လက်ထပ်တော့ ကုန်မဲ့ပိုက်ဆံတို့ တင်ရမဲ့ ခန်းဝင် ပစ္စည်းတို့ လက်ထပ် ပေးမဲ့ ဆရာငှားခ တို့တော့ ဘယ်သူက လာပေးမလဲကွဲ့ ဟေ... အကြောင်းဖြင့် ဘာမှနားမလယ်ဘဲနဲ့ လက်ထဲ လယ်ကလေး နဲနဲပါးပါး ပိုရှိလာတဲ့လူတို့ ငွေပိုငွေလျှံ ရှိလို့ သူဋ္ဌေးအိမ် တွေသွားပီး လယ်ထက်ဝယ်နိုင်တဲ့ လူတို့ကတော့ ပြောအားရှိမပေါ့ကွဲ့ နို့ပေမဲ့ မင်းဦးလေးခမြာ မတော့  စလာ ကတည်း ကိုက ကံဆိုးမိုးမှောင် ကျနေတယ် မောင်ရေ့ ကိုယ်မှာဘာအပြစ် မှ မရှိဘဲနဲ့ ကံဆိုးကြီး တိုက်နေတာဘုရား မတာပေါ့လေ သူများတကာ တွေမှာ လယ်က စပါး ကောင်းကောင်းရ ပေမဲ့ သူ့ကျတော့ ကြဲတဲ့ မျိုးစေ့ ကတောင် အညှောက် မပေါက် သေကုန်ကြပီး မြက်တွေသာပေါက်သ တော့ အဲဒီတော့ ခါးသာ ကျိုးလှုရော။

ဤတွင် အသံမှာ တဖြည်းဖြည်း ကျယ်လောင်လာလျက် မျက်ရည်ရွဲကာ ဒေါသပုန်ထလာ ၏၊ နောက်တွဲ ထုံးထားသော ဆံပင်ကိုဆွဲဆုပ်ပြီး နားသယ်မှာ ဆံပင်မွေးတွေကို ဆွဲဖြတ်ကာ အားရပါးရ ဟစ်အော် လေတော့၏။

"အား... ကံဆိုးမိုးမှောင်ကျတယ်ဆိုတာ နင်ကတော့ ဘာ နားလယ်မလဲ ဟင်... ဒိပြင် လူတွေ လယ်မှာ စပါးကောင်း ဂျုံကောင်း သီးရက်နဲ့ ဒို့ဟာကျတော့ ပေါင်းပင်သာ ပေါက်သတဲ့ ဒိပြင် လူတွေအိမ် နှစ်တရာခံပေမဲ့ ဒို့အိမ်ကျတော့ အောက်ကမြေကြီးကိုက လှုပ်ပီး ထရံတွေ အက်ကုန်သဟဲ့ တခြားလူတွေ ယောက်ျာကလေး မွေးပေမဲ့ ငါ့ကျတော့ ယောက်ျား ကလေး လိုချင်ပေမဲ့ မိန်းကလေးသာမွေးသတဲ့ အဲဒါကံဆိုးမိုးမှောင်ဘဲ ဟဲ့" ဟု အသံတွေ တုံလာအောင် အော်ဟစ်နေလေရာ အိမ်နီးပါးချင်း မိန်းမများပင် ကြည့်ရ နားထောင်ရ အောင် ထွက်လာကြလေ၏၊ ၀မ်လန်းကား စကားဆုံးအောင် ပြောမည်ဟု ရပ်မြဲရပ်နေကာ။

"ဘာဘဲဖြစ်ဖြစ်လေ ဦးလေးကိုတူက သင်ကြားနေဘို့ မဟုတ်ပေမဲ့ ဒါကလေးတော့ ပြောခဲ့ရအုံးမယ်၊ ကောင်မလေးကို အပျိုရည် မပျက်ခင် ယောက်ျားပေးစားလိုက်တာ ကောင်းတယ် လမ်းတကာ လျှောက် သွား နေတဲ့ ခွေးမ ဟာ ခလေးမမွေးဘူးလို့ ဘယ်သူကြားဘူးသလဲ။"

ဤသို့ ခတ်ရှင်းရှင်းပင် ပြောချခဲ့ပြီးနောက် အိမ်ပြန်လာခဲ့ရာ ဦးလေး၏မယားမှာ ဆွေ့ဆွေ့ခုန်အောင် အော်ဟစ် လျက် ကျန်ရစ်ခဲ့လေ၏၊ ၀မ်လန်းမှာ ယခုနှစ်တွင် ဟွမ် ထံမှနောက် ထပ်၍ ၀ယ်ရန် နှင့် နောင်နှစ် များ တွင်လည်း တတ်နိုင်လျှင် ထပ်၍ထပ်၍ ၀ယ်ယူရန် အပြင် အိမ်တွင်လည်း အခန်းကလေး တခန်း ထပ်ချဲ့ ၍ ဆောက်မည် ဟု စိတ်ကူးကြံဆနေသူဖြစ်လေရာ ဤသို့ မိမိတို့က မြေပိုင်ရှင် အခေါ်ခံရအောင် စီးပွား လာဘ်လာဘ တက်နေခိုက် မိမိနာမည်နှင့် တနာမည်တည်း ခံယူလျက် အကွပ်မရှိသည့် ကြမ်းပမာ လို ဘရမ်း ဘတာ ဖြစ်နေကြကုန်သည့် ကာယိနြေ္ဒ မဲ့လှသော နှစ်မ ၀မ်းကွဲများကို တွေ့ရသောအခါ ဒေါသ ထွက်မိလေ၏။

နောက်တနေ့တွင် ၎င်း အလုပ်လုပ်နေသော လယ်ထဲသို့ ဦးလေးဖြစ်သူ ပေါက်လာလေ၏၊ အိုလင်မူကား ဒုတိယ ခလေး မွေးဖွားသွားပြီးသည်မှာ ၁၀-လကျော် ကြာလာခဲ့ပြီဖြစ်၍ ယခုတဖန် ပဋ္ဋိသန္ဓေ အရင့်အမာ ကြီး နှင့် ဖြစ်နေပြန်ကာ မွေးဖွားချိန်မှာ နီးကပ်နေပြီဖြစ်သည် က တစ်ကြောင်း လူလည်း ကောင်းစွာ နေထိုင် မကောင်းသည် က တကြောင်းကြောင့် ရက်အနည်းငယ်ခန့် ကပင် အလုပ်ခွင် မဆင်းနိုင်ဘဲ ရှိလေရာ ၀မ်လန်းမှာ တယောက်တည်း လယ်ဆင်းနေရခြင်း ဖြစ်ပေ၏။

၎င်း၏ ဦးလေးကား ထယ်ကြောင်းတခု တလျောက် ငုံ့ကာ လျှိုးကာနှင့် လျှောက်လာလျက် ရှိလေ၏၊ အင်္ကျီမှာ ကြယ်သီး မတပ်ဘဲ ရင်ဘတ်ကို ဆွဲစေ့ ရုံစေ့ထားပြီး ခါးပတ် ဖြင့် တော်ရုံလျော်ရုံ ပတ်ထား ပေရကား လေပြင်းပြင်း တချက်တိုက်လိုက်လျှင် အင်္ကျီကျွတ် ပါသွားလျက်၊ ကိုယ်တုံးလုံး ဖြစ်သွား ဘွယ်ရာ ရှိလေ၏၊ ၎င်းသည် ပျိုးချထားသော ပဲပင်တွေ အနားကကပ်လျက် မြောင်းကလေး တခု တူးနေသော ၀မ်လန်း ၏ အနီး၌လာရပ်ကာ မလှုပ်မရှား စကားမပြောဘဲ နေလေ၏၊ ထိုအခါ ၀မ်လန်းက မော့်မကြည့်ဘဲ။

“အလုပ်ကို ရပ် စကားမပြောနိုင်တာ ခွင့်လွှတ်ပါဦးလေး ဒီပဲတွေဟာ တကယ်လို့သာ အောင်ရင် ဦးလေးလဲ အသိသားပဲ၊ ၂-ခါ ၃-ခါ ပြန်စိုက်ရမဲ့ပဲတွေဗျ၊ ဦးလေးပဲတော့စိုက်ပြီးရောပေါ့၊ ကျုပ်ကတော့ နှေးတယ်ဗျ၊ ဘယ်လောက် ဒုက္ခရောက်သလဲ ဘယ်တော့မှအချိန်နဲ့ မပြီးဘူး”ဟု စိတ်ထဲတွင် ကြိတ်မှိတ်ထားရသမျှကို ငေါ့တော့တော့နှင့် ထုတ်လိုက်လေ၏၊ ၎င်း၏ဦးလေးကား ၀မ်းလန်း ဘာကိုရည်ရွယ်၍ ပြောသည်ကိုရိမ်မိ၏။ သို့သော် ကောင်းကောင်းမွန်မွန် ပင် ပြန်၍………

“ငါကုသိုလ်က နိမ့်နေပါတယ်ကွာ ဒီနှစ်များမျိုးပဲစေ့၂၀ချတာ တပင်သာရှင်သကွာ ဒီတော့ဒါ လောက် တောင် ညံ့နေလို့ရှိမှ ပေါက်ပြားတောင် ကိုင်ဖို့ မကောင်းတော့ပါဘူးကွာ ဒီနှစ် ပဲကလေး များစားချင်ရင် ၀ယ်စား ရတော့မှာပဲ”ဟု သက်ပြင်းကြီး တချက်ချလျက် ပြောလေ၏။

ဝမ်းလန်းမှာ သူ့စိတ်ကို ချုပ်၍ ထားရလေ၏သူ့ဦးလေးသည် သူ့ထံမှ တခုခုတောင်း ရအောင် လာလေပြီ ဟု သိလေ၏၊ လက်ထဲ မှ ပေါက်ပြားကို မြေကြီးထဲသို့ ဖြည်းညှင်းစွာ ထိုးစိုက်လိုက် လေ၏။ ပျိုးချ ထားသော မြေပြော့ခဲကလေးတခု ပဲ့ကျ၍သွားလေ၏။ ပျိုးပင်ကလေးများမှာ သန်စွမ်းစွာ ပင် မိုးမိုးမတ်မတ် ပေါက်နေ ကြလျက် နေရောင်တွင် အရိပ်ကလေးများ ကိုယ်စီ ကျနေကြလေ၏၊
“အိမ်က ဟာမကပြောတယ်”ဟု ဦးလေးကစကားစလာပြန်လျက် “သောက်သုံးလုံးလုံး မကျတဲ့ ငါ….. ဟို သတ္တ၀ါမ အကြီးကောင်မ ကို မင်းဂရုတစိုက်ရှိတဲ့ အကြောင်း၊ မင်းပြောတာတွေဟာ အမှန်ချည့်ပဲ၊ မင်းကတော့ မင်းအရွယ်နဲ့ မင်းအမြှော်အမြင် ပြည့်စုံနေပြီ၊ ကောင်မလေးကို လက်ထပ်ပေးမှပဲ၊ အသက်က ၁၅-နှစ် ရှိနေပီကွ ခလေးမွေးမယ်ဆို ၃-၄နှစ် ကထဲက မွေးနိုင်နေပြီ ခွေးတကောင်ကောင် နဲ့ မတော် တရော် ဖြစ်ပြီး ငါအရှက်ရ နာမည်ပျက်မှာကို သိပ်ကြောက် သွားတာပဲ ဂုဏ်နဲ့ဒြပ်နဲ့ နေကြတဲ့ ဒို့ အမျိုး တွေထဲမှာ ဒီဟာမျိုး ဖြစ်သွားမိမှာကို တွေးကြည့်စမ်း၊ ငါဆိုရင် တခြားလူမဟုတ် မင့်အဖေရဲ့ ညီအရင်းကြီး တယောက် လုံးဖြစ်နေတာ…………”

ဝမ်းလန်း ကား ပေါက်ပြားကို မမြေကြီးထဲသို့ထပ်၍ စိုက်သွင်းနေလေ၏၊ စကားကိုဘွင်းဘွင်းကြီး သာ ပြောချ လိုက်ချင်၏၊ “ကောင်မလေးကို ခင်ဗျားကိုယ်တိုင် တော့ ဘာလို့ မထိန်းသလဲ အိမ်မှာ ကောင်းကောင်း မွန်မွန် စောင့်ကြပ် ထားပြီး ဘာပြုလို့ တံမြက်လှဲ ထမင်းချက် အ၀တ် ချုပ်ခိုင်း မထား သလဲ” ဟု မေးလိုက်ချင်၏၊ သို့သော် မိကျောင်းမင်း ရေကင်းပြ ဘုန်းကြီးစာချနေ၍ မဖြစ် ခတ် မဆိတ်ပင်နေလျက်ပေါက်ပြားကို ပဲပင်ကလေး တပင် အနီးတွင်ကပ်၍ စိုက်ရင်းဆက်လက်နား ထောင်မြဲ နားထောင်နေလေ၏။

ငါသာ ကုသိုလ် အကျိုးပေးကောင်း ခဲ့လို့ရှိရင် ဟု ဦးလေးဖြစ်သူက ငြီးငြီးငြူငြူ စကားဆက်ပြန်လေ၏၊ “မင်းအဖေမယား လိုဟာမျိုး ရမှပဲ ဃရာဝါသော ဗဟုကိစ္စော ဆိုတဲ့ များလှတဲ့အိမ်ထောင်မှုကိစ္စ တွေကို မချွတ် မတိမ်း အောင် လဲ ထိန်းသိမ်းနိုင်မယ်၊ မင့်မိန်းမလို သားယောကျာင်္း ကလေး တွေချည်း မွေးပေးမယ်၊ ငါ့မယားလို ဟာမျိုး ကတော့ မိန်းခလေးတွေးချည်း သားကလေး တယောက် ပါလာပြန် ယောကျာင်္း ကလေး မဟုတ် သလို ငဖျင်း, ငအ, ကလေးဖြစ်နေတယ်၊ နို့မဟုတ်လို့ ရှိရင်လား ငါလဲ မင့်လိုပဲ ချမ်းသာမှပေါ့ ငါသာ ချမ်းသာရင်လဲ တကဲ့စေတနာနဲ့ မင်းကို မျှမှာပဲ မင်းက မွေးလာ တဲ့ သ္မီးကလေးတွေလဲ လူကောင်း သူကောင်းနဲ့ ငါပေးစားမှာပဲ မင်းသား ကိုလဲကုန်ဆိုင်တဆိုင်မှာ ငါကအာမခံငွေစိုက်ထုတ်ပေးပြီး အကူ စာရေး အဖြစ်နဲ့သွင်းပေးမှာပဲ၊ မင့်အိမ်ဆိုရင်လဲ ပြင်ပေးဖို့ ငါဝန်လေး မှာ မဟုတ်ဘူး၊ မင်းဆိုပြန်ရင်လဲ ငါ့မှာ ရှိသမျှ အကောင်းဆုံး ထုတ်ကျွေးမှာပဲ မင်းသာမဟုတ် မင်းအဖေရော မင်းခလေးရော အကုန်ပါပဲ တစိမ်း တရံ စာတွေမှ မဟုတ်ပဲကွ တသွေးထဲ တွေပဲ”
ထိုအခါဝမ်လန်းက.........

"ကျုပ် ဒါလောက်တောင် မချမ်းသာဘူးဆိုဒါ ခင်ဗျား အသိသားပဲ ကျုပ်မှာ လုပ်ကျွေးနေရတဲ့ ပါးစပ် ပေါက်က လေးပေါက်တောင် ရှိတာ အဘကလဲ အသက်ကြီးလို့ အလုပ်မလုပ်နိုင်တော့ဘူး၊ နောက်ကျွေး ရမဲ့ ပါးစပ်ပေါက် တပေါက် က ဘယ်တော့တိုင်း လာမလဲသာမသိရတယ်၊ အခုမွေးခါ နီးလေဟု ပြတ်ပြတ် တောက်တောက် ပြောလိုက်လေ၏။ ထိုအခါဦးလေးဖြစ်သူမှာ အသံများပင်တုန်လျက် ။"
"မင်းချမ်းသာတယ်........ မင်းချမ်းသာတယ် မင်း ဟိုအိမ်က လယ်တွေကို ပေးဝယ်တာ ဘယ့်လောက်နဲ့ ပေးဝယ်ထားတာလဲ ဆိုတာ ဘုရားသိတယ်၊ ဒီရွာထဲမှာ မင့်လို ၀ယ်နိုင်တဲ့လူ ဘယ်နှစ်ယောက် များ ရှိသလဲ ဟု ပြန်ပြောလေ၏"

သို့ပြောလိုက်ခြင်းမှာ ၀မ်းလန်၏ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွား၏။ လက်ထဲမှပေါက်ပြားကို ပစ်ချ လိုက်ပြီး ဦးလေးဖြစ်သူ၏ မျက်နှာကိုစေ့စေ့ စိုက်ကြည့်လျက်။
"ကျုပ်မှာ ပိုက်ဆံရှိရင် ကျုပ်နဲ့ကျုပ်မယား အလုပ် လုပ်လို့ရတာပဲ ကျုပ်တို့က သူများလို စကားဝိုင်း မှာ ထိုင်ပြီး အချိန်ဖြုန်နေတာ မဟုတ်ဘူး ဘယ်တော့မှ တန်မြက်စီး မလှဲတဲ့ ဘိနပ်ချွတ် မှာ ထိုင်ပြီး သူများ လိုလဲ သောက်တင်း ထိုင်ပြော မနေဘူး လယ်တွေထဲမှာလဲ ပေါင်းပင်တွေ တောဖြစ်နေအောင် လုပ်မထား ဘူး ခလေးတွေကိုလဲ မ၀တာ ကျွေးမထားဘူး။"

ဦးလေး ဖြစ်သူ၏ မျက်နှာမှာ ရဲကနဲ ဖြစ်သွားလျက် တူဖြစ်သူ၏ ပါးနှစ်ဘက်ကို ဖြန်းကနဲ နေအောင် လွှားခုန်ကာ အုပ်လိုက်လေ၏ ထိုနောက်………
"အဲဒါပဲကွာ……………. မင်းအဖေလောက်ရှိတဲ့လူကို ပြန်ပက် တဲ့ အကျိုး၊ မင်းမှာ ဘုရားတရား မရှိ ဘူးလား၊ မင်းမှာ အလိမ္မာဥာဏ် မရှိဘူးလား- ဟင်……ဒါလောက်တောင် ဆွေဝတ္တရား မျိုးဝတ္တရား မဲ့ ရအောင်က ကျန်းဂန်တွေ ထဲမှာ ကိုယ်ထက်ကြီးသော သူကို ဆရာ မလုပ်ရဘူး ဆိုထားတာ မင်းမကြားဘူး ဘူးလား ဟု အော်ပစ်လေ၏။"

ဝမ်းလန်း ကား မိမိအဖြစ်ကို မိမိပြန်တွေးမိပြီး စိတ်မသက်မသာကြီးနှင့် မတုန်မလှုပ်မျက်မှောင် ကြီး ကုတ်ကာ ရပ်နေလေ၏၊ သို့သော်စိတ်ထဲ၌ကား ဦးလေးဖြစ်သူကို ဒေါသထွက်လျက်ရှိနေ လေ၏။

ဆက်ရန်
.

1 comment:

Anonymous said...

အမရောက်၏ ဖတ်၏
ကြိုက်၏ သို့သော်.. ဟယ်လင်လောက် တော့တိုးချန်လောက် မကြိုက်။ စာအုပ်ကောင်းများမို့ တန်ဖိုးထားပါ၏။ ကျေးဇူးလည်းတင်ပါ၏။


မြတ်နိုး