Monday, March 29, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၃)

မိဘတွေ ဖြစ်နေပုံမြင်ရသော သားများကလည်း ပခုန်းကိုတွန့်လျက် မိမိတို့ အဘို့လည်း တသက်စာ ဖြုန်းဘို့ သုံးဘို့ ရှိရဦးမည် ဟု ပြောဆိုလေ၏၊ ထိုနောက် ကိယ်စားလှယ်လုပ်သူအား အအုပ်အချုပ် အစီအမံညံ့ဖျင်း သည်ဟု ၀ိုင်း၍ တသံတည်း ဆဲဆိုမောင်းမဲကြလေရာ၊ အစက လပေါ် သရေ နှင့် ဧဧဆေးဆေး နေခဲ့သော ကိုယ်စားလှယ် မှာ ဖုတ်ပူမီးတိုက် ကြံရ-ဖန်ရ နှင့် အသားအရေများ ပင်ကျသွားလျက် ကိုယ်ရောစိတ်ပါ ဆင်းရဲ ပင်ပန်း လှခြင်းဖြင့် အရိုးပေါ်အရေတင် ကလေး ဖြစ်နေလေ၏။

တနယ်လုံးတွင် မိုးခေါင်သဖြင့် အသီးအနှံ သုဉ်းဘိသကဲ့သို့ ဟွယ်၏အိမ်ကြီးတွင်လည်း ပစ္စည်း အင်အား ခေါင်းပါး လျက်ရှိပြီးဖြစ်ရာ၊ ''ကျုပ်မှာ ငွေရှိတယ်လေ'' ဟု ၀မ်လန်းက ပြောလာခြင်း မှာ ငတ်မွတ်နေသူတဦး အား ''ကျုပ်မှာစားဘို့ရှိတယ်'' ဟု လာပြောဘိသကဲ့သို့ ဖြစ်လေ၏။

သူဋ္ဌေး ကိုယ်စားလှယ် က လက်လွတ်သွားမည် စိုးသည့်အလား ငွေပေးလာသူကို အမိဖမ်းလေ၏၊ နှစ်ယောက်သား ခေါင်းချင်း ရိုက်သွားလျက် ငွေလည်း တလက်မှ တလက်သို့ ကူးပြောင်းသွားကာ ဆိုင်ရာ စာရွက် စာတမ်းများ ကို လက်မှတ်ရေးထိုး တံဆိပ် ထုနှိပ် ကြခြင်းဖြင့် လယ်မှာ ၀မ်လန်းလက်သို့ ရောက်ခဲ့ ပေ သတည်း။

မိမိ၏ အသား မိမိ၏ အသွေး ဖြင့် အလွန် ခဲယဉ်း ပင်ပန်းလှစွာ ရှာကြံ ထားရသော ငွေပင် ဖြစ်စေကာမူ ယခု တကြိမ် ငွေထုတ်ပေးလိုက်ရခြင်း ၌ လည်း ၀မ်လန်းမှာ ဆိုင်းတွခြင်း တွန့််တိုခြင်း မဖြစ်မိပေ၊ အာသာ ရှိနေသည့် အတိုင်း ၀ယ်လိုက်ခြင်းပင်ဖြစ်၏၊ ၀ယ်လိုက်သော လယ်မှာလည်း ပဌမ ၀ယ်ခဲ့သော လယ်ထက် နှစ်ဆ မျှပို၍ကြီး၏၊ လက်ထဲတွင် လယ်ကောင်းများကို ရရှိထားပေပြီ အဆိုပါ လယ်သစ် မှာ မြေသြဇာ ကောင်းရုံ မျှမက တခါက မင်းသား တပါးပင် ပိုင်ဆိုင်ခဲ့ဘူးရကား ၀မ်လန်း မှာ ကြီးစွာ ဂုဏ်ရောက် နေလေ၏၊ သို့သော် လယ်ဝယ်လိုက်ခြင်းကို မည်သူ့ အားမျှ အသိမပေး ဇနီးသယ် အိုလင် ကိုပင် စကားရိပ် မသန်းခဲ့ပေ၊ လတွေ ညောင်းခဲ့သော်လည်း မိုးကား ခေါင်မြဲ ခေါင်၍နေလေ၏၊

နွေဘက် ကူးလာသောအခါ ပါးလွှာသော မိုဃ်းတိမ်ကလေးများ ကောင်းကင်၌ စိတ်မပါတပါ စုရုံး နေသည်ကို မြင်ရလေရာ၊ မိုးကလေးများ သယ်လာလေမည်လား ဟု ရွာလမ်းများပေါ်၌ လူတွေ ဟိုတစု ဒီတစု ကောင်းကင် ကို စိတ်ဝင်စားလျက် ကြည့်ကြ လေ၏၊ တိမ်လိပ် ကလေး များမှာ အားစု ၍ မှ မပြည့်သေးမီ အနောက်မြောက်ဘက် ဝေးလံသော ကန္တာရများဆီ ကဖြတ်သန်းလာသည့် လေပူပြင်း များ က တမြက်စီး လှဲ သလို မှုတ်ထုတ် ၍ ပစ်လိုက်သောကြောင့် ကောင်းကင်မှာ ရှင်းသွားလျက်၊ ပူပြင်းသော နေကြီးသာ ရဲရဲတောက် အပူဓာတ် လွှတ်လျက်ရှိ နေတော့၏၊ ထိုကြောင့် နေ့ရှိ သရွေ့မှာ နေက ပူလိုက်- နေရောင် ပျောက် လျှင် နေအငယ်စား လ၀န်းက အကြည်ဓာတ် ပေးလိုက် နှင့် ရှိနေလေ၏။

ဝမ်လန်းကား၊ ကိုင်းထဲမှ အလွန်ခံနိုင်ရည်ရှိလှသဖြင့် ကျန်ရစ်ခဲ့သော ပဲအနည်းငယ်ရလိုက်၏၊ လယ်ထဲ မှ လည်း ပျိုးမနှုတ်မီကပင် ၀ါ၍ သေကုန်ကြသည့် ပင်ပေါက် ကလေးများကို စိတ်ပျက်ပျက် နှင့် ပင် ရွှေ့ယူ စိုက်ထားရာမှ အသီးတွေ ကျွေကျနေသော ကောက်နှံပြတ် ကလေးများ ကိုရိတ်ယူရရှိလေ၏။
သို့ရရှိလေရာ ပဲပင်မှ ပဲသီး ကို ထုတ်ယူသည့်အခါတွင် တစေ့တလေ မျှမလေရအောင် ဂရုစိုက်၍ လှေ့လေ၏၊ မိမိတို့လင်ယားလှေ့ ပြီးသားတလင်းထဲမှ အဖျင်းအမှုံ များကိုပင် သားကလေး နှစ်ယောက် အား လက်ကလေးများ နှင့် ကြူံးယူစေလျက် လက်ကြားတင်ပဲစေ့ကို ရှာစေ၏၊ ကောက်လှိုင်းများကို နယ်သည့် အခါတွင်လည်း အိမ်ခန်းထဲသို့ ယူ၍နယ်လျက် နံဘေးသို့ စင်ထွက်သော စပါးစေ့ ကလေး များ ကိုပင် မျက်စေ့အပြတ်မခံ ဂရိုစိုက်လေ၏။

နယ်ပြီးသော ကောက်လှိုင်းပြတ်များကို ထင်းဆိုက်ပစ်ရန်သွားထားမည်ပြုသောအခါ အိုလင်က-
''အို… ထင်းဆိုက်မပစ်နဲ့ ကျုပ်ငယ်ငယ် တုံးက ခုလိုဘဲဖြစ်တော ရှံတောင်မှာ ဒီအူတိုင် ကလေးတွေကို ထောင်းစားခဲ့ရတာ မှတ်မိသေးတယ်၊ မြတ်စားရတာထက် ပိုကောင်းတာပေါ့'' ဟုပြောလေ၏။
ထိုအခါ အားလုံး ငြိမ်သက်သွားလေ၏၊ ခလေးများပင်ငြိမ်၍ သွားလေ၏၊ လယ်မှာ အကျိုးခံစားရဘို့ မရှိ တော့သော ထိုအချိန်တွင် အားလုံးပင် ရှေ့ရေးကို တင်ကူးသိမြင် နေကြလေ၏၊ နို့စို့သ္မီး ကလေး တဦးသာလျှင် ကြောက်ရမှန်း မသိရှာပေ၊ ၄င်းအတွက်ကား မိခင်၏ ၂-ခိုင်သော နို့ဘူး မှ နို့ရေများ ရနိုင် သေး၏ အိုလင်မှာ သ္မီးငယ် ကို နို့ချိုကျွေးရင်း….
''စို့..စို့.. အမိုက်မ ကလေး ရေ စို့စရာရှိတုန်း စို့သာစို့ကွဲ့'' ဟုပြောလေ၏။

အကုသိုလ် အကျိုးပေးမှာ မကုန်သေးသည့်အတိုင်း အိုလင်မှာ နောက်ထပ် ကိုယ်ဝန် ရှိလာပြန်လေ၏၊ သို့ ဖြစ်လေရာ အမိနို့ နှင့် အသက်မွေးရရှာသော သ္မီးငယ်ကလေးမှာ နို့မြက်ကလေး ဖြစ်သွားလျက် တုန်လှုပ် ချောက်ချား နေသော အိမ်တွင် နို့မစို့ရ၍ ငိုသောခလေးငိုသံဖြင့် တစာစာ ရှိနေလေသတည်း။

တစုံ တယောက် သောသူက ၀မ်လန်းအား ''ဒီနွေမှာ ခင်ဗျား ဘာစားနေသလဲ'' ဟုလာရောက် မေးမြန်းခဲ့ သည် ရှိသော် ၀မ်လန်း မှာ'' ဟာ မပြောတတ်တော့ပါဘူးဗျာ ဟိုကနဲနဲ သည်ကနဲနနဲနဲ့ဘဲ'' ဟု ဖြေဆိုရလိမ့် မည်ဖြစ်၏၊ သို့သော် ဤအမေးမျိုးကို မည်သူကမျှလည်း လာ၍ မမေးအားပေ၊ ရွာထဲတွင်လည်း ''ခင်ဗျား ဘယ့်နှယ့် လုပ်စား နေသလဲ'' ဟုတယောက် ကို တယောက် မမေးနိုင်ကြ  ''ငါ…ဒီကနေ့ ဘာစားရပါမလဲဒို့ ခလေးတွေ ဘာကျွေးရပါမလဲ'' ဟု ကိုယ်အရေးနှင့်ကိုယ် ဗျာများ၍ နေကြလေ၏။

ဝမ်လန်းကား မိမိ၏ နွားကို တတ်နိုင်သမျှ ကြိုးစား၍ မွေးမြူ ကျွေးမွေးနေလေ၏၊ ကောက်ရိုးနှင့် စပြစ်နွယ် များကို ရှိသမျှ ထုတ်ကျွေးပြီး ဆောင်းမကျခင် အထိ မြက်ခြောက်များ သစ်ရွက်များကို ရှာကြံ၍ ကျွေးခဲ့၏၊ ထွန်ယက် စရာ လယ် လည်းမရှိ စိုက်ပျိုး စရာ အစေ့ များလည်း စိုက်ပျိုးသည့်တိုင် ခြောက်၍ သေကုန် ကြပြီ ဖြစ်ရာ နွားကို စားကျက် သို့ လွှတ်ရလေတော့၏၊ သို့သော် ကြာသောအခါ သားကလေးကို နွားကျောကုန်း ပေါ်၌တင်၍ လွှတ်လေ၏၊ သို့သော်ကြာသောအခါ နွားကိုဘမ်း၍ သတ်စားကြမည်စိုး သောကြောင့် မလွှတ်ရဲတော့ပေ၊ သို့ဖြစ်လေရာ အိမ်ဝမှာပင် နွားကိုလွှတ်၍ ထားလေရာ အစာငတ်လျက် နွားကမ္မဋ္ဌာန်း ရုပ်ပေါက်လာလေ၏။

တနေ့သ၌ ဆန်လည်းကုန် ဂျုံလည်းပြောင် ပဲအနည်းငယ်လောက်သာကျန်လေ၏၊ နွားလည်းငတ်လွန်း သဖြင့် ရင်ခေါင်းသံ ဖြင့် အော်ရှာလေ၏၊ ထိုအခါ အဘိုးကြီးက ''ဒို့နွားတော့ စားပစ်မှဘဲ'' ဟုပြောလေ၏။
သို့ပြောလိုက်လျှင် ၀မ်လန်းမှာ ကြောက်လန့် တကြား အော်၏၊ အဘိုးကြီး ပြောလိုက်သောစကားမှာ သူ့အဘို့ '' ဒို့နောက်ကြရင် လူသားစားရမှာဘဲ'' ဟုပြောလိုက်သလိုဖြစ်သွား၏၊ နွားမှာ သူနှင့်အတူ လယ်ထဲတွင် ဘက်၍ ရုန်းခဲ့၏၊ ငယ်ငယ်ကလေး ထဲက ၀ယ်ယူမွေးကျွေးထားခဲ့ပြီး၊ လက်ရေတပြင်စီး လုပ်ကိုင် စားသောက် ခဲ့ ရသော အိမ်သားစုထဲ တွင် ပါဝင်သည့် ငယ်ပေါင်းကြီးဖေါ် တဦးဖြစ်နေ၏။

''ဒီနွားကို ဘယ်နှယ့် စားရက်ပမလဲ လယ်ထွန်တော့ ဘာနဲ့သွားထွန်မလဲ''
ထိုအခါ အဘိုးကြီးက ဧဆေးလှစွာဖြင့်….
''အေးလေ….မင့်အသက်နဲ့ နွားအသက်ဘဲ မင့်သားတွေ အသက်နဲ့ နွားအသက်ဘဲ၊ အသက်ကို ပိုက်ဆံ ပေးပီ နောက်ထပ် ယူုလို့ မရဘူး နွားက ပိုက်ဆံပေးဝယ်ရင် အလွယ်ကလေးနဲ့ ရတယ်'' ဟု ပြန်ပြောလေ၏။
သို့သော် ၀မ်လန်းကား ထိုနေ့၌ နွားကို မသတ်ရက်ပေ၊ တရက့်ပြီးတရက် လွန်ခဲ့လေရာ ခလေးတွေမှာ ဆာလွန်း ငတ်လွန်း သောကြောင့် ငိုကြွေး ကြလေ၏၊ ချော့၍ မရနိုင်အောင်ရှိ၏၊ အိုလင်က မျက်လုံးများဖြင့် လင်သယ် ကို အသနား ခံလေ၏၊ သို့ဖြစ်လေရာ မသတ်လျှင် မဖြစ်အောင် အကြောင်း ပေါ်လာလျက်။
''ကိုင်း… သတ်ချင်သတ်တော့ ဒါပေမဲ့ ငါတော့မသတ်ဘူး'' ဟုခွင့်ပြုရလေတော့၏။

 ထိုနောက် အခန်းထဲဝင်ခဲ့ပြီးလျှင် အိမ်ရာထဲ တွင် လှဲလျက် နွားအော်သံကို မကြားအောင် စောင်ဖြင့် ခေါင်းကို ပတ်ထားလေ၏။
အိုလင်ကား..... မီးဖိုထဲမှ ဒါးကြီးတချောင်းကိုယူပြီး နွားရှိရာသို့သွားကာ လယ်ပင်းကို ပိုင်းလျက် ခန္ဓာကိုယ် ချွေ လိုက်လေ၏၊ ထို့နောက် ဇလုံတလုံးဖြင့် ထွက်လာသော သွေးများကို အခဲ လုပ်၍ ချက်စားရန် ခံယူ ထားပြီး လျှင် အရေကိုဆုတ် အသားကို တစ်နေလေရာ ၀မ်လန်းကား ထမင်းစားပွဲပေါ်တွင် တုံးပြီး တစ်ပြီး ချက်ပြုတ် ထားပြီးသည့် အထိ အခန်းထဲမှ ထွက်မလာတော့ပေ။
ထမင်းပွဲ ထိုင်မိ၍ ချက်ထားသော အမဲဟင်း ကို စားရန် ကြိုးစားကြည့်သော အခါ၌ လည်ချောင်းဝ မှ ပျို့်တက် လာလျက် မျိုချ၍ မရနိုင်အောင် ရှိသောကြောင့် အရေကလေးကိုသာ နဲနဲပါးပါး သောက်လေ၏။
အိုလင် နွားဟာနွားဘဲတော် ပီး ဒီနွားဟာ အိုလဲအိုလှပါပီ စာသာစားစမ်းပါ၊ နောက်တနေ့ကျ ဒါထက် ကောင်းကောင်းစား ရအုံးမယ်။

ဝမ်လန်းမှာ စိတ်အနည်းငယ် သက်သာရာ ရလာလျက် တတုံးနှိုက် ၍ စားလိုက်လေ၏၊ ထို့နောက် ဆက်၍ နှိုက်ပြန်လေ၏၊ ထို့နောက် အားလုံးပင် ဝိုင်း၍ စားကြလေ၏၊ သို့ဖြစ်လေရာ၊ နှောက်ဆုံး တနေ့တွင် အမဲသား သည် ကုန်ခန်းခြင်းသို့ ရောက်ပြန်လေ၏၊ အရိုး ကား- အိုးလင် က ၀ါးချမ်း ဖြင့် ကွတ်လျက် နေအခြောက်ခံ လှမ်းထားလေ၏။ 
ပဋ္ဌမ၌ ၀မ်လန်းအား၊ တရွာလုံးက ငွေများစုဆောင်းမြုပ်ထားသည်၊ စားနပ်ရိက္ခာလည်း၊ သိုလှောင် ထားပြီး ရှိသည် ဟု အထင်ရောက်လျက်၊ ဖေါ်ရွေ ခင်မင် ကြ၏၊ ဦးလေးဖြစ်သူကား၊ မယားနှင့်ခလေး၇-ယောက် တကယ်ပင် ငတ်ကြသည့် အခါ ၀မ်လန်း က ပဲအနည်းငယ်နှင့် ပြောင်းဆန်အချို့ ကိုပေးလိုက်လေသည်။
''အဲဒါ ကျုပ်တတ်နိုင်သမျှဘဲ ကျူပ် မှာ သားသ္မီးမရှိတောင် ကျူပ်အဘေကြီး ကို ကျူပ် ပဋ္ဌမကြည့်ရ လိမ့်မယ်'' ဟုလည်း ပြောလိုက်လေသည်၊ နောက်တကြိမ် ဦးလေး ဖြစ်သူ ရောက်လာ ပြန်သောအခါ။
''ညာ တကာနဉ္စ-သင်္ဂဟော'' လုပ်နေရင် ကျုပ်တို့ ငတ်လိမ်မယ်'' ဟု အော်၍ လွှတ်ရာ ဦးလေးက အာဃာတ ပြုလျက်၊ ရန်သူကြီး ပမာ သဘောထားကာ ရွာစဉ်လျှောက်၍- ''သူတို့မှာ ပိုက်ဆံလဲရှိတယ်၊ စားဘို့ သောက်ဘို့ လဲ ရှိတယ်၊ ဒါနဲ့တောင် ကျုပ်တို့ကိုမမျှဘူး၊ ကျုပ်နဲ့ကျုပ်သ္မီး တွေကိုတောင် သူ့သွေး သူ့သား တွေဖြစ်ရက် နဲ့မမျှဘူး၊ ဒီတော့ ကျုပ်တို့ ငတ်ဘို့ဘဲ ရှိတော့တယ်... '' ဟုသတင်းလွှင့် လေ၏။ သို့ဖြင့် ရွာထဲ၌ တအိမ်ပြီး တအိမ် ချွတ်ခြုံ ကျလျက်၊ လုံးဝ စားစရာ မရှိဖြစ်လာ ကြပြီး၊ ဆောင်းကလည်း ပေါက်လာကာ၊ အဧဓါတ် က ဖိနှိုပ်ညှုဉ်းပန်း သည်က တမျိုး၊ ငတ်မွတ် ၍ စားစရာ မရှိသည်က တသွယ်၊ ခလေးတွေက ငို မယားတွေက လက်ကုပ်နှင့်၊ လူများမှာ လုချင် ယက်ချင် စိတ်တွေ ပေါ်နေကြသည့် အခိုက် ''ထမင်း စားနိုင်သေးတဲ့ သူ ဒီရွာမှာ ရှိသေးသားဘဲ ဒင့်ကလေး တွေဟာ အခုထက်ထိ အ၀တောင် မပျက် သေးဘူး''  ဟု ထမင်းမစားရသည့် ခွေးပိန်ညှော် လို ရွာစဉ်ရမ်းတန်း ရမ်တန်း နှင့် လှည့်ကာ သတင်းလွှင့် နေသော ၀မ်လန်းဦးလေး ၏ အသံ ကို ကြားရသည့် အခါ တညတွင် ရွာသားများသည် ဒုတ်တွေ ထမ်းလျက် ၀မ်လန်း အိမ် ကို ၀ိုင်းကာ တံခါးကို ရိုက်ဖွင့်ကြလေ၏။

ဝမ်လန်း က တံခါးကိုဖွင့်ပေးလိုက်သောအခါ သူရဲမင်းရဲ စီးနေသော ရွာသား များသည် ၀မ်လန်းကို ခုန်အုပ် လျက်၊ ဆွဲဖယ်ပစ်ပြီး ကြောက်လန့်နေသော ခလေးများကိုလည်း အိမ်ထဲမှ ဆွဲထုတ်ပစ်ကာ -အစာရေစာ ၀ှက်ထား လိမ့်မည် ထင်သော နေရာများကို ချောင်ကြိုချောင်ကြားမှ မကျန် မြေလှန်၍ ရှာကြ လေ၏။
သို့ရှာကြရာ ၌ နောက်ဆုံးတွင် ပဲအနည်းငယ်ခန့် နှင့် ပြောင်းဆန် တပုဂံလောက်ကိုသာ တွေ့ကြသော အခါ ကြီးစွာသော စိတ်ပျက်သံကြီးများ ကို ထုတ်၍ ညည်းကြပြီးလျှင် စာပွဲကုလားထိုင်များ နှင့် အဘိုးကြီး အိမ်နေသော အိမ်ရာ ကိုပါ လုယူကြလေ၏။

ထိုအခါ အိုလင်သည် လူထုကြီးရှေ့ သို့ ရောက်လာလျက် ပြေပြစ်ဖြေညှင်းစွာ ပြောဆိုသည်မှာ-
''ဒါတွေ မလုပ်ကြပါနဲ့ အခု ဒီပစ္စည်းတွေ မယူကြပါနဲ့အုံး၊ ကျူပ်တို့အိမ်က စာပွဲတွေ ကုလားထိုင်တွေ အိမ်ရာတွေကို လုယူကြဘို့အချိန်မဟုတ်သေးပါဘူး၊ တော်တို့ အိမ်မှာရှိတဲု့စားပွဲတွေ ကုလားထိုင်တွေကို တော်တို့ အခုထက်ထိ ထုတ်မရောင်း ကြသေးဘူး ကျုပ်တို့ ပစ္စည်းတွေလဲ ထားပါအုံး အတူတူပေါ့ ပီးကျုပ် တို့မှာ ရှင်တို့ထက် စားဘို့သောက်ဘို့ ဆိုလို့ ပဲစေ့တစေ့ ပြောင်းဆန်တဆန်ပို  ရှိတာမဟုတ်ဘူး မရှိတော့ဘူး၊ တော်တို့သာ အခုကျုပ်တို့ရှိသမျှအကုန်ယူသွားကြပီးကိုး၊ ဒါထက် ပိုယူချင်ကြသေးတယ် ဆိုရင် ဘုရားက တော်တို့ကို ကြည့်နေတော့မှာ မဟုတ်ဘူး၊ ဒီတော့ ကိုင်း...ကျုပ်တို့ အားလုံးစားကြဘို့ မြက်တွေ သစ်ဥသစ်ဖု သစ်ခေါက်တွေ ခွါရ ရှာရ အောင် တစုထဲတရုံးထဲ ထွက်ကြရအောင် တော်တို့က တော်တို့ ခလေးတွေဘို့ ကျုပ်တို့က ကျူပ်တို့ခလေးသုံးယောက်နဲ့ ဟောဒီမွေးတော့မဲ့ ဆဲဆဲခလေးဘို့ ဟု ဆိုကာ အိုလင်သည် လွယ်ထားရသော ကိုယ်ဝန်ကြီးကို လက်နှင့်ပုတ်၍ပြလေရာ ရွာသားများမှာ မိမိတို့ပြုမိသော အချင်းအရာအတွက် အရှက်ရကြပြီး ငတ်လွန်း၍သာ လုရယက်ရလျက် နဂိုဓာတ်ခံ အားဖြင့် လူကောင်းသူမွန် များပင် ဖြစ်ရကား၊ တဦးစီ တယောက်စီ ထွက်ခွါ ကွယ်ပျောက်သွားကြလေ၏။

တယောက်သော သူကား-သူများတွေလို ပြန်မသွားဘဲ ယောင်ပေယောင်ပေ နှင့် ကျန်ရစ်၏၊ ထိုသူကား ကိုယ်လုံး ကိုယ်ပေါက် သေးသေးသွယ်သွယ်နှင့် အသားဝါ၀ါဖြစ်ကာ စိတ်ထောင်းသဖြင့် ပါးချောင်းနား ချောင်း ကျသော ''ချင်း'' ဆိုသူ လူဧ တယောက်ဖြစ်ပေ၏၊ လူရိုးသူမွန် တယောက်ပင် ဖြစ်သော်လည်း အိမ်ကလေးငယ် ၏ ငိုသံကို နားထောင် မနေနိုင်တော့သဖြင့်  ဤအမှုကို ကျူးလွန်ရသူဖြစ်လေရာ ၀မ်လန်း အား မိမိအရှက် ရလောက်အောင် ကျူးလွန်မိခဲ့သော ပြစ်မှုအတွက် တောင်းပန်စကား ပြောကြားလို၏၊ သို့သော် သူ့အင်္ကျီရင်ဘတ် အောက်၌  အိမ်ထဲသို့ ၀င်ရောက် လုယက်စဉ်က ရရှိခဲ့သော ပဲစေ့များ လက်တဆုပ်စာ ခန့် ရှိနေလေရာ ၀မ်လန်းအား တောင်းပန်စကား ပြောနေမိလျှင် ထိုပဲစေ့များကို ပြန်ပေး နေရမည် စိုးသောကြောင့် မချည့်လှသော မျက်နှာဖြင့် ၀မ်လန်းအား လှည့်ကြည့်ပြီးလျှင် ထွက်ခွါ သွားလေ၏။

ဝမ်လန်းကား တလင်းထဲတွင် ရပ်လျက်ကျန်ရစ်ခဲ့၏၊ ထို တလင်းကား အထက်ဘက် က လယ်မှထွက် သမျှသော အသီးအနှံ တို့ကို စုပုံရာဖြစ်၏၊ ယခုမူ ထိုတလင်းမှာ ချောက်ကပ်ကပ် နှင့် အသုံးမကျ ဖြစ်လေပြီ အိမ်တွင်လည်း ဘခင်အိုကြီးအတွက် သော်၎င်း၊ သားသ္မီးအတွက် သော်၎င်း ကိုယ်ဝန်ဆောင် နှင့် ဇနီး အတွက် သော်၎င်း စားသောက်ရန် ဘာတခုမျှ မကျန်တော့ သို့ဖြစ်ရာလေရာ ကြီးစွာသော ထိတ်လန့်ခြင်း သည် နှစ်လုံး ကို ရုတ်တရက်ဆွဲကိုင်၍ လှုပ်လိုက် သကဲ့သို့ ရှိတော့၏။

ထိုနောက် အားအင်ကို လန်းဆတ် စေသည့် ၀ိုင်အရက် ကဲ့သို့သော စိတ်၏သက်သာရာ သက်သာမှု အကြောင်း ကလေးတခုသည် သွေးကြောထဲသို့ စီးဝင်လျက် လာလေ၏။
''ဒင်းတို့ တတွေ ငါ့လယ်ကိုတော့ မယူနိုင်ဘူး ငွေသာ လက်ထဲရှိရင် ဒင်းတို့ ယူမှာဘဲ အခုတော့ ငါ့မှာ လယ် ကျန်သေးသားဘဲ'' ဟု တကိုယ်တည်း ပြောလေ၏။

ဆက်ရန်
.

1 comment:

Anonymous said...

ဟူး..မောလိုက်တာ..

သနားပါတယ်..


မြတ်နိုး