ပင်ပန်းကြီးစွာစိတ်ကို ချူပ်တီးခဲ့ရခြင်း
သည်တော့ ရုတ်တရက်ကြီး အသိ လုပ်လိုက်လျှင် သင်္ကန်းကြီးနှင့်မို့ မျက်နှာပူစရာ ကောင်းလှပါသည်။ မသိချင်ပြု၍ဘဲ နေရဦးမလား- ကျမက ဟန်ဆောင်တတ်သူမဟုတ်၊ အတွင်းစိတ် ယုတ်မာသလို အပြင်က မျက်နှာထားချိုနေရန် အလွန်ဝန်လေး ပင်ပန်းသည်။ ကြောက်သလိုလို၊ သြဇာခံ သလိုလို အရေးယူ ဂရု အလွန်စိုက် သလိုလို ပရိယာယ်မာယာတွေ လုပ်ပြီး မျက်ကွယ်၌ ရှုပ်ချင်သမျှရှုပ်၍ ကောက်ကျစ် စဉ်းလဲ သော အလုပ်တွေ လုပ်နေသူတွေလို ရွှေမှုံ မကြဲတတ်သူလဲ ဖြစ်သဖြင့် အတော်တော့ ခက်လှသည်။
တညလုံး ဆုံးဖြတ် ၍ မပြီးဘဲ မိုးလင်းလာသည်။ မနက်၁၀-နာရီလောက်တွင် အိမ်အောက်ထပ် သို့ ဆင်းခဲ့ရာ အလုပ်တိုက်ဘက် မှ လူများ မျက်နှာ ရွှင်ရွှင်ပြပြနှင့် လှုပ်ရှားနေပုံကို မြင်ရပြန်သောအခါ သာ၍ စိတ်မကောင်း ဖြစ်လာပြန်ပါသည်။ ကျမစိတ်တွင်း မှ အယူအဆအတိုင်း ဖွင့်ချရလျှင် အလွန် မြင့်မြတ်သော ရဟန်းဘောင် ရောက်ရှိသွားသည့် အတွက် တိမ်ညွှန့်ကိုတက်၍ ပျံသန်းနေသော ငှက်ကဲ့သို့ ပျော်ပျော် ရွှင်ရွှင် နှင့် ဘ၀င်မြင့် အထင်ကြီးပြီး လေဟုန်စီးနေရာက ငှက်ပစ်မုဆိုး ၏ မြှားချက်စူး၍ တိမ်ညွှန့်တိမ်ဖူးမှ မြှေပြင်သို့ ဦးဆောက်ဂျွမ်းပြန် ကျလာရသလို အရုပ်ကျိုးပြတ် စိတ်ဓါတ် ကျဆင်းသွားရပြီ။ သည်ပျော်ရွှင် နေသော အလုပ်သမားတွေလည်း ဒီကိစ္စကြီးကို သိကြလျှင် ကျမကဲ့သို့ပင် စိတ်ဓါတ်ကျဆင်းလျက် အကြည်ညို ပေါ့ပျက် ကုန်ကြလေမည်လားဟု စိုးရိမ်သွားသည်။ ကျမစိတ်ဓါတ် ပျက်ချင်ပျက်ပေစေ။ သူတို့တတွေ ၏ စိတ်ဓါတ်ကို မပျက်စီးစေချင်သေးပေ။
ဒါလဲ ကျမ၏ အယူအဆ သာဖြစ်ပါသည်။ ဒီလူတွေမှာ ၉၉-ဦးသော သိပြီးသား ပရိတ်အထည်း၌ ပါဝင် ခဲ့သူများ ဖြစ်သည်။ ယနေ့ကျမအဘို့ သတင်းထူးသတင်းသစ် ဖြစ်နေစေကာမူ သူတို့မှာ ဆွေးမြေ့ နေသော သတင်းဟု နောက်ကာလများ မှ ပြန်လည် သတိရမိပါသည်။
သို့သော် ဘာဘဲဖြစ်ဖြစ် ဒီနေ့ညနေပိုင်းမှာတော့ ပြန်ရောက်တော့မှာ သေချာသည်။ ကြိုဘို့ဆို ဘို့ လူတွေက လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ ညဘက်လည်း ချက်ကြ, ပြုတ်ကြ ပြင်ဆင်ကြဦးမည်။ နောက်တနေ့ မနက် ဆွမ်းလုပ်ကျွေးကြမည်။ လှူစရာတန်းစရာတွေရှေ့မှာချပြီး တရားနာ, ကန်တော့ကြဦးမည်။ လာရောက်ကြ မည့် အပြင်ဧည့်သည်တွေကလည်း နည်းမည်မဟုတ်ပါ။ ဒီအချိန်မှာ ကျမက ရုတ်တရက်ထ၍ ရှုပ်ထားသမျှ တွေ အသိလုပ်ပစ်လိုက်ပြီး ဆူဆူပူပူကြီးဖြစ်လျှင် ကုသိုလ်ရေး၌ အင်မတန် စိတ်အားတက်ကြွပျော်ရွှင်နေကြသူတွေအား နှောင့်ယှက်ရာကျမည်။
ဆူပူပြစ်တင်ခံရမည့်သူကလည်း သင်္ကန်းကြီးနှင့်ပါတကား။ မြတ်စွာဘုရား အရေတော်ကို လွှမ်းခြုံထားသူ များ ကန့်လန့်ကာ ကြာခြည်၏ နောက်ကွယ်မှ မဖွယ်မရာ ယုတ်ညံ့သော စကား ပြဿနာတွေကို ဘယ်လိုနည်း နှင့်မျှ အစဖေါ်ကာ ပြောပြ ဖြေရှင်း၍ သင့်တင့်မည် မဟုတ်ပါ။ သင်္ကန်းဝတ်ကြီးနှင့် နေသမျှ အချိန် ကာလပတ် လုံး ဤပြဿနာကို အစမဖေါ်ဘဲ ကြိတ်ခဲ၍နေဦးမည်။ ယနေ့အလုပ်တိုက်သားတို့၏ ကြည်လင်မှု ကိုလည်း မွှေနှောက်ဖျက်ဆီးခြင်း မပြုရက်တော့သဖြင့် ပွင့်ထွက်တော့မည့် တကဲကဲနေသော စိတ်ကို သိုသိပ် နှိမ်နင်းထားလိုက်ရသည်။ ပေါက်ကွဲချင်ရက်မှ အတင်းအဓမ္မ တားဆီးရသောကြောင့်လည်း သဘာဝ စိတ်ဓါတ် ကိုက မရမက ထွက်လမ်းကို ရှာပါသည်။
ဒါကတော့ မိန်းမပြီပြီ ၀မ်းနည်းကြေကွဲမှုတွေကို မျက်ရည်မှုဖြင့်သာ ဖြေရသည်။ အလုပ်သမားအများ၏ ကြည်လင် ပျော်ရွှင်စွာ ကုသိုလ်ရေးကြိုးပမ်းနေကြသည်ကိုလည်း မနှောင့်ယှက် မဖျက်ဆီး လိုတော့ဘဲ နောက်ဆုံး မှာ ဤသို့ဘဲ မျက်ရည်နှင့်လဲ၍ ဒုက္ခံပြီး ပါရမီ ဖြည့်ပေးလိုက်ပါပြီ။ ဤမျက်ရည်သည် လင်မယား ငယ် တွေယူ၍ ကျသော အပေါစားမျက်ရည်မျိုးမဟုတ်ပါ။ ကျမသည် အသက်အရွယ်ကြီးရင့်နေသည်။ နဂို စိတ်ဓါတ် က တင်းမာကြံ့ခိုင်သူလဲဖြစ်သည်။ ဒီအသက်အရွယ် ဂုဏ်သိက္ခာတွေ နှင့် မအပ်စပ်လွန်းသော ဖြစ်ရပ်တွေ ကို ရုတ်ခနဲ ရင်ဆိုင်ရ၍ ယူကြုံးမရနှင့်ဘ၀ကို နှမြောလှသဖြင့် ကြေကွဲဝမ်းနည်းမှုမှ စိမ့်ယို လာသော မျက်ရည်မျိုး၊ ခေတ္တဖြစ်စေ၊ တိုက်သားလူအများ၏ ကြည်လင်မှုကို မနှောင့်ယှက်လိုသော စေတနာ မျက်ရည်မျိုး ဖြစ်ပါသည်။
သည်ချုပ်တီးမှု တွေကြောင့် မျက်နှာမပျက် တွေ့မြင်နေသူတွေက ကျမ၏စိတ်တွင်းမှာ ကမ္ဘာမီးလောင် နေသည်ကို လုံးဝ မရိပ်မိကြပါ။ မျက်နှာမပျက်, ဣနြေ္ဒမပျက် တွေ့မြင်နေကြရအောင် အစွမ်းကုန် ဟန်ဆောင်ပြ နေရပါသည်။ ၁၁ နာရီခန့်တွင်မှာထားသော ဘတ်စ်ကားကြီးတွေ ၀င်လာသည်။ အလုပ်တိုက်ကကားများလည်း အဆင်သင့် ၀တ်ကောင်းစားလှနှင့် လူငယ် အလုပ်သမား ကလေး များလည်း တကြွကြွ တရွရွ မြူးနေကြသည်။
ခဏကြာ သောအခါ လာမေးပါပြီ ကားနီကြီးနှင့် ကျမလိုက်ဘို့ ကိစ္စဖြစ်ပါသည်။ ခေါင်းထဲက သိပ်မကောင်း၍ မလိုက်တော့ကြောင်း ပြောလိုက်ပါသည်။ လိမ်၍ ပြောလိုက်ခြင်း မဟုတ်ပါ။ တကယ်ဘဲ ခေါင်းထဲမှာ ချာချာလယ် နေအောင် မကောင်းနေခြင်း မှန်ပါသည်။ 12-နာရီလောက် မှာ သူတို့တတွေ ကားကြီးကားငယ် အသွယ်သွယ် နှင့် တပျော်တပါး ထွက်သွားကြလေပြီ။ ၁-နာရီ ၂-နာရီ မကြာမီရောက်ပါတော့မည်။ ကျမ ဘယ်လို မျက်နှာနှင့် ဆီးကြည့်ရပါမည်နည်း။ မျက်နှာပူလှသည့် သူ့မျက်နှာကို ကြည့်ရမည့်သူ ကျမပြန်ပြီး မကြည့်ရဲအောင် ရှက်လှပါသည်။ ဒါ့ကြောင့် ၂-နာရီခွဲအချိန်မှာ ကပြာကရာမြို့ထဲ ထွက်လာခဲ့မိပါသည်။
ပြတ်သားစွာ ပြုတ်လုပ်ရန် ဆုံးဖြတ်ချက်
မြို့ထဲရောက်သောအခါ ဘာလုပ်ရမည်လဲဟု ဝေခွဲမရ၊ အစထည်းက ရည်ရွယ်ချက် မရှိဘဲ ထွက်လာခဲ့ရသူ ဖြစ်သည်။ ကျမဒရိုက်ဘာ ကိုယ့်လူသူ့ဘက်သား ခမြာမှာလည်း အကြိုတော်ထောက်ရာ လိုက်ပါမည် ခဲထားသူ ဖြစ်သောကြောင့် အ၀တ်သစ်တွေ လဲလျက်ရှိရာ ကျမမလိုက်ဘဲ မြို့ထဲ ထွက်လာတာကို မဝေခွဲနိုင် သလို ဖြစ်နေပုံရသည်။ ကျမ က အမှုမဲ့, အမှတ်မဲ့ နေသော်လည်း သူတို့သည် မလုံသူများ ပီပီ ကျမ၏ မျက်နှာရိပ်၊ မျက်နှာကဲကို အမြဲ သတိထားကြည့်နေကြ သူများဖြစ်သည်။ ထစ်ခနဲဆိုလျှင် အလျင်စလို ၀ါယာလက် သတင်းပို့မည့် သူသာဖြစ်ပါသည်။
နေ၀င်ရိုးရီ မီးထွန်းချိန် ဘယ်အနေရာသွား၍ ရှောင်ရှားနေရမည်မသိ၊ အသိအကျွမ်း မိတ်ဆွေများ အိမ်တွေ ရှောက်လယ် နေတတ်သော ၀ါသနာက အခံမရှိ၍ မည်သည့်အိမ်ကိုမှ သွားလယ် အချိန်ဖြုံးရန် အကြံမရပါ။ သို့ကြောင့် အကောင်းဆုံးမှာ ရုပ်ရှင်ရုံ တခုခုသို့ ၀င်ထိုင်ပြီး မီးထွန်းချိန်ကျမှ အိမ်ပြန်ဘို့ အတွေးရလျက် လက်မှတ်ဝယ်ခါ ရုံထည်း ၀င်လာခဲ့ပါသည်။ ရုံထည်း ရောက်သောအခါ စိတ်ဝင်စားမှု မရှိသော ကြောင့်လည်း ပိတ်ကားပေါ်မှာ လှုပ်ရှားနေသော အရုပ်တွေကိုသာမြင်ရပြီး ဘယ်ရုံထည်းဝင်၍ ဘယ်ကားကို ကြည့်ခဲ့သည်ဟု ယနေ့အထိ သတိမရ ပြောမပြနိုင်တော့ပါ။
အချိန်က ကုန်လွယ်လှသည်၊ မကြာမှီ ရုံပြင်ပြန်ထွက်လာရသည်။ လမ်းပေါ်က ဓါတ်မီးတွေ ၀င်းထိန်နေပါပြီ၊ အကြိုထောက် သူတွေ အိမ်ပြန်ရောက်ကြရမည်၊ နေသားတကျ အနယ်ထိုင် သွားတော့မည်ဟု မှန်းဆ မိပါသည်။ အိမ်ဝင်းထဲသို့ ကားဝင်မိပါပြီ။ ကားပေါ်မှ ရှေးဦးစွာ မြင်လိုက်ရသော ရှုမြင်ကွင်းမှာ ဓါတ်မီးရောင် ထိန်ထိန် နှင့် အိမ်သစ်ကလေးပေါ်မှာ ဆင်းသူဆင်း တက်သူတက် စကားလက်ဆုံ ကျသူကကျလျက် ရှုပ်ရှက်ခပ် နေကြသည်။ သူတို့ ပျော်ရွှင်နေကြသော်လည်း ကျမအမြင်မှာတော့ အမင်္ဂလာ- မသာအိမ်တခု ၌ လူတစု လှုပ်ရှားနေသည် နှင့် မခြားသာလျှင် မြင်ရပါတော့သည်။
အကြည့်ညိုခံသော ပုဂ္ဂိုလ်ကြီးအားလည်း ယခင်လို ဖြူစင်သန့်ရှင်းသော အခြေအနေနှင့် မမြင်နိုင်တော့ဘဲ သင်္ကန်းတော် ခြုံထားသော သောနုတ္ထိုရ် မုဆိုးကြီး၏ ပုံသဏ္ဍာန်မျိုးသာ ပေါ်လာတော့သည်။ ကိုယ်တိုင် ရဟန်းအမ အဖြစ်နှင့် အဖြစ်နှင့် စင်ကြယ်စွာ ကုသိုလ်ပြုလိုက်ရသူအား ဤအမြင်မျိုးမြင်သွားရ သည်ကိုလဲ ၀မ်းနည်း ကြေကွဲမိသည်။ ပြုမူခဲ့သော အပြုအမူ ဒုစရိုက် ဒုကိစ္စတွေကမလည်း ဤအချိန်အခါမှာမှ ကံဆိုး မိုးမှောင် ကျသလို ယှဉ်ပြီးပေါ်ပေါက်လာရသည်။
သို့သော် ယနေ့အဘို့ မှာ မျက်နှာရင်ဆိုင်မတွေ့ရန် ရှောင်လက်စ အတိုင်းသာ အိမ်ပေါ်ကို ကပြာကရာ တက်လာ ခဲ့သည်။ ခါတိုင်းလဲ ညနေ6-နာရီကျော်လျှင် အိမ်ပေါ်တက်ပြီး အိမ်ခန်းထည်းမှာ ပုတီးစိပ် နေကျဖြစ်သောကြောင့် မည်သူမှ ကျမကို အကဲမခတ်နိုင်ကြပါ။ ကျမ အခန်းထဲ ရောက်သောအခါ အိမ်သူအိမ်သား များနှင့် စကားမပြောလိုတော့သဖြင့် တံခါးကို ဂလန့်ချပစ်လိုက်ပါသည်။ ဓိဋ္ဌာန်ပုတီး စိပ်မြဲ အတိုင်း စိပ်ရင်း အခန်းတွင်းမှာ စင်္ကြန်လျှောက်လျက်ရှိသည်။ ပုတီးစိပ်နေစဉ် အတွင်း ရှုပ်ထွေး ညစ်ညမ်းသော ဒု-ကိစ္စတွေကို ခေါင်းထည်း ၀င်မလာနိုင်စေရန် တွန်းကန် နေရသည်မှာလည်း ပင်ပန်းကြီးစွာ ဖြစ်နေ ပါသည်။ ပေါက်ကွဲချင်သော စိတ်ကို မရမက ထိန်းချုပ်တားဆီးနေရသည်မှာလည်း ဒုက္ခကြီးတခု ဖြစ်နေပါသည်။ သင်္ကန်းကြီးနှင့် ရှိနေသမျှ အချိန်ကာလအတွင်းမှာ ဘယ်နည်းနှင့်မှ မပေါက်ကွဲစေရဟု အဓမ္မကိုယ့်စိတ်ကို ဆုံးမနေရသည်။
ပေါက်ကွဲချင်ခြင်း ဆိုသည် မှာ မလွတ်လပ်မရှင်းမလင်းသူ မယားအမျှောင်တွေ တိတ်တိတ်ထားသော ကိစ္စကို မူတည်ပြီး ပေါက်ကွဲလိုခြင်း မဟုတ်ပါ။ ကြိုက်ရာစခန်းကို လမ်းခွဲ၍ သွားကြဘို့ တခု နှင့် လာသူဖြစ်ကြောင်း၊ ယနေ့ဝန်ကြီးချုပ် ဦးနုနှင့် နဂါးနီတိုက်သားဟောင်းများ အသိဖြစ်ပါသည်။
ထိုစဉ် ကျမ၏ အရင်းအနှီးပေါ် တွင် အုတ်မြစ်အခြေံပြုကာ နှစ်ပေါင်း၂၀-တိုင်တိုင် တိုင်းပျက် ပြည်ပျက်-ဗုံးကြား အမြောက်ကြားတွင် လက်ညီ,လက်ညီ ရှာဖွေထားသော ပစ္စည်းများကို ရှေးဦးမဆွက မူလ ကျမ ခန့်မှန်း ရည်ရွယ်ထားခဲ့သည့် အတိုင်း ပြတ်ပြတ်သားသား လှူဒါန်းနိုင်ရန် စီမံချင်သော ဆန္ဒကို မူတည်ပြီး အဆောအလျင် ကိစ္စပြီးစေချင် ခြင်းသာ ဖြစ်ပါသည်။ ဤကိစ္စတွေကို ခွဲစိပ်ပိုင်းခြား မလုပ်ချင်ဘဲ နေ့ရွှေ့, ညရွှေ့, တရွေ့ရွေ့အချိန်ဆွဲ လာသည်ကို ရှေ့ဆက်လက်၍ မခံလိုတော့ပြီ။
သန့်ရှင်း စင်ကြယ်စွာ ကျမ ၀ယ်ယူထားခဲ့သော သည်အိမ်ကြီးကို ရဟန်းရှင်လူ ပြည်သူတို့အတွက် စာကြည့် ပိဋကတ်တိုက် သော်၎င်း၊ သာသနာ့ အဆောက်အဦး အဖြစ်သော်၎င်း၊ မလှူလိုက်ရဘဲ သည် အတိုင်း ကျမ သေသွားပါက ဒီအိမ်ကြီးပေါ်မှာ ကိုယ်တော်လုပ်တော်တွေ မောင်းမငယ်တွေ တဘက်ငါးရာ ခြံရံလျက် မင်းတုန်းမင်းကြီး သဏ္ဍာန် မှတ်ထင်ပြီး ကာမ စည်းစိမ်ခံရာ ဆောင်ကြာမြိုင် ဂေဟာကြီး အဖြစ်ရောက်ရှိ သွားတော့မည် ကို စိုးရိမ်မှုပြင်းထန် လာသောကြောင့်လည်း ဖြစ်ပါသည်။
ယခု အခြေအနေမှာ သာပြီး ပြတ်ပြတ်သားသားလုပ်ရတော့မည်၊ သည်ကိစ္စကို စတင် ဖွင့်ချရန်မှာ ဒု-ကိစ္စ တွေပါ ရောင်တော်ပြန် နှင့် ရောမပါဘဲ ပြီးကြတော့မည် မဟုတ်ပါ။ ဒါပေမဲ့ သင်္ကန်းကြီးကို ငဲ့, ငဲ့နေစရာ ဖြစ်လာပြီး ဒီသင်္ကန်းကြီးမှာ ကျမအဘို့ ရုတ်တရက် ပေါက်ကွဲလိုမှု ကို တားဆီးနေသည့် အကာအကွယ် သံမဏိ တံတိုင်းကြီးလည်း ဖြစ်နေပါသည်။
ကလိမ်ခြုံ ဇာတ်ကောင်များ ဆက်ရန်
.

1 comment:
စာတွေလာဖတ်ပါတယ် အမ၊ အပင်ပန်းခံပြီး ဖော်ပြ
ပေးတာ ကျေးဇူးပါ။
Post a Comment