Monday, March 29, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၀)

ကလိမ်ခြုံဇာတ်ကောင်များ

မနက်တော့လင်းလာပါပြီ၊ လူသံတွေကြား၍ ဆွမ်းကျွေးကြသလား၊ ဘာလားမသိ၊ ပြူတင်းတံခါး ကိုမှ ဖွင့်မကြည့်ဝံ့အောင် ရှိနေသည်။ အိမ်အောက်ထပ် မှာလည်း မိုးလင်းစထဲက ဧည့်တရုံးရုံး ရောက်နေပုံ ရသည်။ အိမ်သူအိမ်သားများ နှင့် နေ့စဉ်ဝင်ထွက် စားသောက်နေကြသူ ဆွေတစ၊ မျိုးတစ တို့မှာ သူ့ "ကလစ်" ကလေးတွေ နှင့် သူဆိုင်ရာ ဆိုင်ရာ ဖွဲ့စည်းပြီးသား ဖြစ်ပါသည်။ မာဂဏ္ဍီ စလေသူ နှင့် သူ့ဦးလေး ချင်း ကျောက်ပန်းတောင်း ဆွေမျိုးများကတဖွဲ့၊ ဂါဝန်ပြာနှင့် ဘာဂျော်ဂျီ ကုန်းရပ်ကွက်မှတဖွဲ့၊ ရွှေမန်း ကိုယ်ပျောက်မယ် နှင့် သူ့ ဆိုင်ရာ က တဖွဲ့၊ မန်နေဂျာ မောင်ဝမ်းကွဲ နှင့် လျှို့ဝှက်ပါတနာ စာချုပ်လိမ် မှာ ကြိတ်၍ အသိသက်သေ အဖြစ်လက်မှတ် ထိုးခဲ့ဘူးသော ကထိက (ယခုပါမောက္ခ)၏ မယားဖြစ်သူ မန်နေဂျာ ၏ အမတို့က တဖွဲ့၊ စသဖြင့် ကလစ်တွေ အဖွဲ့တွေ က မရေနိုင် မတွက်နိုင် အောင် ရှိနေရာ ကျမသာလျှင် ဘာမှမရိပ်မိ မသိခဲ့သူ ဖြစ်နေပါသည်။

သူတို့ ဆိုင်ရာ ဆိုင်ရာ အပေါင်းအသင်း နီးစပ်ရာတွေကို ဆွဲဆောင်လူစုပြီးသား အပြင် ဧည့်စိမ်းများ ကျမ အနားသို့ နီးနီးကပ်ကပ် မရောက်နိုင်အောင် အမြဲ ကာဆီး သွေးခွဲ ထားခဲ့ပြီးသား ဖြစ်ကြသည်။ ကျမ မကောင်းကြောင်း၊ စိတ်နေ စိတ်ထား ဆိုးဝါးကြောင်း၊ သူတို့အပေါ် ၌ အလွန်အနိုင်ကျင့် ကြောင်း၊ မကောင်းသတင်း ၀ါဒတွေ သွင်းထားကြသည်မှာလည်း အတော်ကြီး အချိန်အခါကြာညောင်း လာခဲ့ ပါသည်။ သူတို့တတွေက အပြင်အပတွင် ၀င်ငွေနှင့်ထွက် ငွေမမျှတအောင် သုံးကြ စွဲကြ၊ ၀တ်ဆင်ကြွားဝါ နေကြသည် ကို ကျမရိပ်မိလျှင် သင်္ကာမကင်း ဖြစ်လာမည် စိုးသောကြောင့် တကြောင်း၊ အခြားမသိရှိ စေချင် သောကြောင့် တကြောင်း၊ အခြားမသိရှိ စေချင်သော အကြောင်း အမျိုးမျိုး တို့ကြောင့်တကြောင်း၊ ကျမ၏ မိတ်ဆွေ အပေါင်းအသင်းများ အိမ်လာလျှင် သူတို့ကသာ အလျဉ်စလို ဧည့်ခံ လိုက်သည်။ ပလူးပလဲ လုပ်လိုက်သည်။ ကျမအနားသို့ အပြင်ဧည့်သည်များ နှင့် နှစ်ယောက်ချင်း ဘယ်တော့မှ မတွေ့ နိုင်အောင် ဖန်တီး ထားကြသည်။

နေထိုင်မကောင်းသောအခါများမှာ သတင်းမေးလာသူအပြင် ဧည့်သည်များအားလည်း အခန်းတည်း တယောက်ချင်း မ၀င်ရစေဘဲ အမြဲ တဦးဦးက ပူးကပါလာကြ သည်။ အချို့ကလည်း တကယ်ဘဲ ကျမဟာ ဆိုးဝါး ရုံ့ကြမ်းသော မိန်းမကြီးတယောက်ဟု အထင်ရှိ နေပြီး အ၀င်အထွက် နည်းလာကြပုံ ရပါသည်။ ဒါတွေလဲ နောက်မှ ကျမက သိရသူဖြစ်ပါသည်။ ယနေ့ ဆွမ်းကျွေးတရားနာပွဲ၌ ဆင်နွှဲရောက်လာကြ ကုန်သော "ကလစ်" အဖွဲ့အစည်းတွေမှာ သူ့ဆိုင်ရာ မိတ်ဆွေဝါဒတူများနှင့် ပျော်ပျော်ပါးပါး စားလား သောက်လား၊ အောက်ထပ်မှာ တရုံးရုံး တအုံးအုံး ဖြစ်နေပါသည်။

၁၁-နာရီ ခန့်ပင်ရှိအောင် နေမြင့်လာသည်။ ခါတိုင်း သည်အချိန် မှာ ကျမအောက်ထပ် ဆင်းလာပြီ၊ သည်နေ့ အခန်းထဲမှာဘဲ အောင်းကာ လက်နီးရာ တရားစာတအုပ်ကို ဆွဲဘတ်နေပါသည်။ ပထမ ပါမောက္ခ ၏ မိန်းမ မန်နေဂျာ၏ အမ အခန်းထဲဝင်လာသည်။ မမ နေမကောင်းဘူးလား၊ အောက်ဆင်းမလားလို့ လာကြည့်သည် ဟု ဆိုပါသည်။ ကျမက နောက်မှီ ပက်လက်ကုလားထိုင်မှာ စာဘတ်နေ၍ အောက်မှ ကြုံ့ကြုံ့ ရုံ့ရုံ့ ထိုင်ကာမျက်နှာချိုသွေးလာပါသည်။ အေး ခေါင်းနဲနဲ နောက်နေတယ် အောက်မှာ ဧည့်သည် တွေလဲ များလို့ ဒီနေ့အဘို့ မဆင်းတော့ဘူးဟု ဖြေလိုက်ပါသည်။ မရှေးမနှောင်းမှာဘဲ ၎င်း၏မောင် မန်နေဂျာ အခန်းထဲ ၀င်လာပြန်ပါသည်။

မမကို အကိုကြီးက အမေးခိုင်းပါသည်။ မန္တလေးကိုသွားဘို့စီစဉ်ထားဒါ ဘယ်နေ့ကိုသွားရန် သတ်မှတ် ရပါမည်လဲ၊ လူတော်တော်များများလိုက်မှာဖြစ်လို့ မီးရထားတွဲများကို ကြိုတင်ဘုတ် လုပ်ရပါမည်ဟူ၍ စကားစ လာပါသည်။ ကျမ ဘယ်လို ဖြေရမှန်းမသိသေးသဖြင့် သူ့ကို ခေတ္တ ငေးစိုက်ကြည့်နေမိပါသည်။ မျက်နှာထား မပျက်ရအောင်လည်း မနဲကြီးထိန်းချုပ် ထားရပါသည်။ နောက်ပြီး မန္တလေးမှာလဲ လူများများ တည်းခို နိုင်ဘို့ အိမ်တို့ ဘာတို့ စီစဉ်ဘို့  ကြိုတင် အကြောင်းကြား ရပါဦးမည်ဟု ဆိုပြန်ပါသည်။

သူတို့သည် အလုပ်တိုက်မှ ပါတနာကိစ္စ ငွေေးကြေးရေးကိစ္စများနှင့်တကွ ကာမ ကလိမ်ခြုံအတွင်းရေး ကိစ္စ တွေကိုပါ၊ ပါဝင် ကြိုးကိုင်လျက် လက်လှည့် မျက်လှည့် အမျိုးမျိုး ပြတတ်သော ဇာတ်ကောင် ဇာတ်လိုက် များတွင် အရေးပါ အရာရောက်သော အခန်းမှ ပါဝင်အမှုထမ်းလာကြသူများ ဖြစ်နေပြီကို ထိုအခါကမှ အစပြု၍ သိရပြီး နောက်ဆက်တွဲ တသီကြီး သိစရာတွေ ရှိနေသေးသည်။ ကျမ ခါတိုင်းဆိုလျှင် စိတ်တိုင်း မကျက အော်တန်အော် ငေါက်တန်ငေါက်ပြုမိသည်။ ကျမက စေတနာနှင့် ခေါ်ထားပြီး၊ သည်အခြေ အနေ အထိ ကျမပြု၍ နုနေကြသူများဖြစ်သည်။ ကျမ မျက်စိအောက်မှာ ကြီးပြင်းလာ ကြသူများဖြစ်၍ ဤမျှ ကျမ အပေါ် သစ္စာမဲ့ကြလိမ့်မည်ဟု ဘယ်အခါမှ မယူဆခဲ့ပါ။ ယခု သစ္စာမဲ့မှု၏ အစ ပေါ်လာပြီဖြစ်သော်လည်း မသိ ချင်ပြုနေပါသေးသည်။

သို့ကြောင့်လည်း ကျမ အဖြေမပေးမချင်းစောင့်နေသည်။ ကျမလဲ အဖြေမပေး၍ မဖြစ်တော့ပြီ၊ သည်တော့ သောင်မတင် ရေမကျသဘောနှင့် မန္တလေးသွားဘို့ အစီအစဉ်တော့ရှိတာ ဘဲ၊ ဒါပေမဲ့ ငါသွားချင်တဲ့ စိတ် မရှိသေးဘူး၊ အိမ်ထဲမှာ အေးအေး နေချင်သေးတယ်ဟုသာမည လောက် အဖြေကိုဘဲ ပေးလိုက်ပါသည်။ သူသည် ကျမဆီက အဖြေကို ယူကာ အခန်းထဲမှ ထွက်သွားပါသည်။

အံသြစရာမရှိတဲ့ ရေစုန်မျောဘဝ

ကျမသည် အဖြေ ကို ပေးလိုက်လျှင် ခပ်အေးအေးဘဲ အိမ်သစ်ကလေးတွင် နေလိမ့်ဦးမည် ဟု အထင် ရှိခဲ့ပါသည်။ သို့ရာတွင် မန်နေဂျာတခေါက် ပြန်တက်လာသည်။ အောက်မှာထိုင်သည့် သူ့အမလဲ ကြမ်းပေါ် မှာ ထိုင်နေဆဲဖြစ်သည်။ မမကို အကိုကြီးက အပြောခိုင်း လိုက်ပြန်ပါသည်။ မန္တလေး မသွားချင်တော့ လို့ရှိရင်လဲ မနက်ဖန် သင်္ကန်းချွတ် ၍,  လူဝတ် လဲလိုက် ပါရစေတော့ဟု ဆိုသည်။

နိဗ္ဗိန္ဒချောင်မှာ သင်္ကန်းဝတ်ရင်း တလလောက် တရားအားထုတ် မည်ဆိုသည်၊ ကျမက တလမျှမက နှစ်လ, သုံးလ ကုသိုလ် ရစေတော့ဟု ခရီးရှည် ၍ အချိန်ဆွဲ ပေးလိုက်သည်။ ယခုတော့ နိဗ္ဗိန္ဒချောင်မှ ၁၀-ရက် လောက်မျှ နှင့် ရန်ကုန် ပြန်လာသည်။ ယခု လက်ငင်း သင်္ကန်းချွတ်ပစ် တော့မည်ဟုဆိုသည်၊ အတွင်း ဇာတ်ရှုပ် တွေမသိရသေးလျှင်တော့ အံ့သြစရာပါဘဲ၊ သို့သော် အညှီအဟောက် နှင့် ကင်းပြတ် မနေနိုင်တော့ သော ရေစုန်မျောနေသည့် သူ့ဘ၀ကို ကွင်းကွင်းကွက်ကွက် သိနေရပြီ ဖြစ်သောကြောင့် မအံ့သြ တော့ပါ။

သို့ရာတွင် ရုတ်ကနဲ သင်္ကန်းချွတ် လိုက်လျှင် သံမဏိအကာအရံကြီး မရှိတော့ပြီဖြစ်၍ ထိုပေါက်ကွဲမှု၏ အစကို ကိုင်ရတော့မည်၊ တိုးတိုးတိတ်တိတ် ကြိတ်၍ ဖြေရှင်းရမည်လား၊ လူကြားသူကြား ဖြေရှင်း ရမည်လား ဟု ဗြုံးကနဲ စဉ်းစားရတော့သည်။ (၆၀) နခမ်းကပ်နေကြသူ သေခါနီး အရွယ်တွေဖြစ်၍ မည်မျှ ပုပ်ပွ လောက်ဖွါးဖွါး နေကြသည် ဖြစ်စေ၊ လူသိ, ရှင်ကြား မဖြေရှင်းလိုဘဲ တိုးတိုး တိတ်တိတ် ကြိတ်၍ ရှင်းတော့မည် ဟု ဆုံးဖြတ်လိုက်ပါသည်။ ကျမအဖြေကို စောင့်နားထောင်နေသော လူယုံတော်တပါး ကျွန် မန်နေဂျာ အား ပွင့်လင်းစွာ စကားဆိုရလေပြီ။

ဒီသင်္ကန်းကြီး ချွတ်ချလိုက်လျှင် အင်မတန် ပြင်းထန်သော ပေါက်ကွဲမှုကြီး ပေါ်လာလိမ့်မည်။ တတ်နိုင်လျှင် တရက်, နှစ်ရက် ဆက်နေပါစေ၊ ဒီအတွင်းမှာ ငါရှင်းချင်သော ပြဿနာတွေကို ရှင်းပြီး အေးအေး ဆေးဆေး ဖြစ်မည့် နည်းလမ်းကို ရှာလိုသည်ဟု ပြောလိုက်သောအခါ ဘာကို ဆိုလိုမှန်းမသိသော မန်နေဂျာက ငေး၍ နားထောင် နေပါသည်။ ကျမ ထပ်ပြောရပြန်သည်။ "ဇာတ်ရှုပ်" ပြဿနာတွေ ပေါ်လာပြီ ဒီပြဿနာတွေကို ရှင်းရာ ၌ လူဝတ်နှင့်သာဆိုလျှင် ငါ့စိတ်ကို ထိန်းနိုင်လိမ့်မည် မထင်သဖြင့် သင်္ကန်းကို ရုတ်တရက် မချွတ် စေချင်ခြင်း ဖြစ်သည်။ သင်္ကန်းကို ငဲ့ပြီး ရှင်းလင်းစီမံမှ သိမ်သိမ်မွေ့မွေ့ ဖြစ်ကြမည်။ ဒါကြောင့် သင်္ကန်းကို ချွတ်မပစ် ပါစေနဲ့ဟု ထပ်ခါ ဆိုရသည်၊ အနီးမှာ ထိုင်လျက်ရှိသော သူ့အမပါမောက္ခ ကတော် ကတော့ မျက်စိ မျက်နှာ ပျက်လျက် ချာကနဲ လှည့်ထွက်သွားသည်။

မန်နေဂျာကလဲ နဲနဲတော့ မျက်နှာပျက်လာပြီ၊ သို့ရာတွင် သူက ရုတ်ကနဲ ထသွား၍မရ၊ ကိစ္စနှင့် လာရသူ ဖြစ်သည်။ ၀ိုးတ၀ါး ဗူးလုံးနားမထွင်း သဏ္ဍာန်မျိုးနှင့် ကြောင်အန်းအန်း ကြည့်နေပါသည်။
ကျမသည် နောက်တခါထပ်မပြောတော့ဘဲ ဖေါက်ပြီးသား စာတစောင်ကို ဆွဲပြလိုက်သည် စာဖတ်ရင်း မျက်နှာ ညိုမည်းလာသည်။ ကြောက်ရွံ့ပုံနှင့် တုန်တုန်ရီရီတောင် မှဘဲ ဖြစ်ပြ လိုက်သေးသည်။ ဒီစာမှာ တစုံတဦး က အစဖေါ် လိုက်သော ယခင်ဖေါ်ပြဘူးသည့် စာဘဲဖြစ် ပါသည်။

ငိုတော့မလို ရီတော့မလိုနှင့် ကျွန်တော်ဒီကိစ္စတွေ ဘာမှ မသိရပါဘူးဟုလည်း ဆိုသည်။ ငေရေးကြေးရေး သူ ကိုင်ရသူ ဖြစ်သည်။ အလုပ်တိုက် နှင့် စပ်ဆိုင်သမျှ ဘဏ်တိုက်ကြီးများ နှင့် ဆက်သွယ် သမျှသော ငွေရေး ကြေးရေး များကိုလည်း သူ့လက်မှတ်နှင့် လွှဲထားသည်။ တအိမ်လုံးက အိမ်သုံးစရိတ်စခ ပါမကျန် သူ့ထံမှ ဆိုင်ရာစာရင်းနှင့် ထားကြသဖြင့် 5-ပြားက အစ သောင်းသိန်း အထိ သူ့လက်မှ သွားရသည်။ သည်ကာမဂုဏ် စရိတ် တွေလဲ သူ့လက်မှဘဲ သွားရသည်။ စာရင်းအင်း ဆိုဒါ လူကလုပ်တာဖြစ်ပါသည်။ ပရိုက်ဘိတ် ကတမျိုး၊ ပြုပြင်ထားသော အများသိဘို့ကတမျိုး၊ စာရင်းနှစ်မျိုး ထားသည်။

ဗမာ့ခေတ်တိုက် မှာ မန်နေဂျာအမှူး ရှိသော အုပ်ချုပ်ရေး အလုပ်ခန်းမှာလည်း 'ကလစ်' အသီး သီးရှိပါ သည်။ မန္တလေး ကိုယ်စားလည်ထံမှ ဘန်ကောက် လုံချည် အုပ်လိုက် မကြာခဏ လက်ဆောင်ရလေ့ရှိသော ကလစ် မှာ အရေးပါ၍ အရာ အရောက်ဆုံးသော ကလစ်ဖြစ်ပါသည်။

ကျမသည် ဘာမှမပြော၊ သူ့ အက်တင်ကိုသာ စိုက်ကြည့်မိ နေပါသေးသည်။ ကျမက မပြောတော့ ဒီစကား ကို တုန်တုန်ရီရီ ဆက်ပြောပြန်ပါသည်။ ကျွန်တော်ဒီကိစ္စတွေကို မသိရပါ၊ မမပေးချင်တဲ့ သစ္စာပေးပါ ကျွန်တော် ကြားဘူး ဒါကတော့ ပန်းချီဆရာ(…) ရဲ့ မယားနှင့်ဖြစ်ထာဘဲ သိပါတယ်၊ အခုမန္တလေးက ကိစ္စ ကို လုံးဝ မသိရပါကြောင်း အတွင်သား ခေါင်းခါ ငြင်းချက်ပေးနေပါသည်။ နောက်ဆုံးမှာ ငါက မင်းကို စစ်ချက် ထုတ် နေဒါမှ မဟုတ်ဘဲ၊ ရှေ့ဆက်လုပ်ရမည့် လမ်းစဉ်ကို စတင် ထုတ်ဖေါ်ရတော့မည်ဖြစ်၍ ဒီစာကို ပြခြင်းသာဖြစ်သည်။ မင်းဟာလွန်ခဲ့တဲ့ ၂-နှစ်ကျော်လောက်က စ၍ ငါ့ကို မျက်နှာ ရဲရဲမဆိုင်ဝံ့တဲ့ ဟန်အမူအရာ ပျက်မှုတွေကို ပြန်သတိရလာပြီ ဖြစ်ကြောင်း ထုတ်ပြောလိုက်ရသည်။

သေမည်ဟု တွက်ကိန်းချထားကြခြင်း ဆက်ရန်
.

1 comment:

Anonymous said...

မြန်မြန်သိမ်တာဖတ်ချင်လှပီ..

အမ..ကိုယ်ပိုင်လက်ရာတွေလဲ လုပ်ပါဦး

မြတ်နိုး