Sunday, July 31, 2011

ခင်ခင်ထူး ၏ မင်္ဂလာလှည်း အပိုင်း (၆)

(၁ဝ)

ဘိုးထော်ဇရပ်က ဇရပ်ဆိုရုံ၊ အဆောင်ကလေးပါ။ သစ်ပျဉ်တွေတောင် ဟောင်းလှပါပြီ။ ပြုတ်တာက ပြုတ်၊ တွဲလောင်းကျတာကကျနဲ့ ပုံမတော်ရင် ပြိုကတော့ မလိုလိုကိုး။ အောက်ခံခုံကတော့ ထုံးအင်္ဂတေ လောင်း ထားတော့ မာပါရဲ့။ အနားမှာ သစ်ပင်ကြီးသုံးလေးပင် ရှိတယ်။ ညောင်ပိန္တွဲပင် နှစ်ပင် နဲ့ ကုက္ကိုပင်ကြီး တစ်ပင်ပါ။ ကုက္ကိုပင်ကတော့ အရွယ်ရယ်လို့တော့ မရှိတော့ပါဘူး။ ရွတ်တွ နေတဲ့ ကိုင်းဆုံကြီး တွေက လူ့လက်တွေ လို ဆန့်ထွက်နေကြတယ်။ 

ကိုချစ်တိုးက ဘိုးတော်ဇရပ်ရောက်တော့ လက်ခမောင်းထခက်ပြီး။ ဘယ်မှာမှန်းမသိတဲ့ လင်ပြင်ကြီး ဆိုတာ အတော်နီးနေပြီလို့ နားကြားနဲ့ သိထားပြီ ကိုး။ မောင်ကြိုင်ကတော့ ဇရပ်တွေ့တာကို အေးသီတွေ့တဲ့အတိုင်းပဲ။ မျက်နှားကြီး ကလည်း စူပွစူပွ နဲ့ ၀မ်းသခွပ်တွေထလို့။

"လာတော့လည်း ရောက်လာတာပဲဗျနောလေးချစ်တိုး"
"လာမှတော့ ရောက်တာပေါ့ကွာ၊ ဘယ်လိုလာရသလဲဆိုတာက ခက်တာ"
ဇရပ်နဲ့မနီးမဝေးမှာ ကားထိုးရပ်ပြီး အားလုံးဆင်းကြရပြီ။ ဒေါ်ငွေကလည်း ခုမှခါးဆန့်ရပုံနဲ့ ဆင်းလား ပြီးဇရပ်နောက်ဖက်ဆီ သွားထိုင်တယ်။ ယောကျာ်သားတွေကလည်း ခြေညောင်းလက်ဆန့်လုပ်ကြ၊ ခါးချိုးကြ၊ ပိုဆိုး အင်္ကျီဆန့်ကြပေါ့လေ။ ဇရပ်ထဲမှာ ခံတောင်းတစ်လုံးချထားတဲ့ အမေကြီး တစ်ယောက်ပဲ ရှိတယ်။ ဒန်အိုးလေးတွေလည်းပါတာ တွေ့ရတော့ ကြာဇံကြော်လား၊ မုန့်တီသုပ်လား ဟဆိုပြီး တစ်ယောက် နှစ်ပွဲစီလောက် အုပ်လိုက်ကြမဟဲ့လို့ အားခဲကြတယ်။ အေးလမှန့် နှစ်ခုစီ ကလည်း လမ်းက ကြိတ်လိုက် လို့အမှုန့်ဖြစ်ကြပြီကိုး။ ကိုချစ်တိုးက ခံတောင်းလိုက်သိမ်းမယ့်ပုံ နဲ့ သွား မေးတယ်။ ပါလာတဲ့ မု့န် တွေကလည်း လယ်ပြင်ကြီးပါအောင် ယူရဦးမှာ မဟုတ်လား

"ကြီးတော် ဘာတွေရောင်းနေတာလဲ၊ လုပ်ဗျာ ဆာလှပြီ"
"နို့ထမင်း၊ သာကူ၊ ငှက်ပျောပေါင်းပါတော်၊ တောစာပေါ့"
"တောစာ ကို ကြိုက်တာဗျ၊ ကိုင်းလုပ်စမ်းပါ မြန်မြန်လေး ရှိတာသာထည့်"
"ဘာမှမရှိတော့ဘူး။ ကုန်လို့ပြန်တော့မလို့ ခုပဲကုန်သွားတာ"
"ဟောဗျာ"

တစ်ကားလုံးက ဆာဆာနဲ့ တွယ်လိုက်ကြမဟဲ့လို့ အားခဲထားကြရာက ကုန်ပြီးလည်းဆိုရော ပိုတောင် ဆာလာကြပုံပေါ်တယ်။ ရွာထဲ ဘာရှိနိုင်တုန်းဆိုတော့ ဘာရှိမှာတုန်းတဲ့။ ညနေတောင်စောင်းနေမှ တော့ သရေစာ ဘယ်ကရမှာလဲဆိုတာတောင် ပါသေး။ ဇရပ်မှာ ရေအိုးစင်ကလေးရှိတော့ အားရပါး ရ ခပ်သောက်ကြတယ်။ ခပ်လှမ်းလှမ်းက မြေပေါ်မှာချထားတဲ့ စဥ့်အိုးတစ်ပိုင်း ပြတ်ထဲမှာလည်း ရေတွေ ရှိတော့ ဈေးသည်အမေကြီးကို မေးကြည့်တယ်။ အဝေးလှည်းတွေ နွားရေသောက်ဖို့ တည်ထားတာ ဆိုတော့ ကိုချစ်တိုး က မျက်နှာသွားသစ်တယ်။ 

တစ်ကိုယ်လုံး ရွှံ့တွေနဲ့ပေမယ့် မျက်နှာတစ်ကွက်စာ တော့သန့်သွားတာပေါ့။ ခေါင်းမှာတော့ ရွှံ့ခြောက် တွေခဲလို့။ ကိုချစ်တိုးမှ မဟုတ်ပါဘူး။ လူတိုင်းလိုလို ဗွက်ရေတွေ ပိန်းကြမ်းရိုက်လို့။ သတို့သားလောင်း မောင်ကြိုင်များသူများထက် ပိုဆိုးသေးတယ်။ မုန့်တစ်ပွဲမှမစားရပေမယ့် ကြီးတော်ကြီး ကို ခံတောင်း အဆစ် ပင့်ပေးလိုက်ရသေးတာပေါ။ အစားအသောက်ဖက် အာရုံကျနေလေတော့ လယ်ပြင်ကြီးရွာ ဘယ်ဖက် မှာလဲလို့ မမေးလိုက်ရဘူး။ စဥ့်အိုးကွဲ နားမှာ လူတစ်ယောက် ငုတ်တုတ်ထိုင်နေတာရှိလို့ တော်သေး တာပေါ့။ ကိုချစ်တိုးက မေးတယ်။

"ဆရာကြီး လမ်းကသုံးမြွှာကွဲသွားလေတော့ ကျုပ်တို့လာတဲ့လမ်းတော့ ထားလိုက်တော့ မြင်ရတဲ့ လမ်း နှစ်လမ်း မှာ လယ်ပြင်ကြီးက ဘယ်ဘက်လိုက်ရမှာလဲ"
"အမ်"
"လယ်ပြင်ကြီးရွာကိုပြောတာ"
"အမ်….အမ်"
"လယ်ပြင်ကြီးရွာလေ သိလား"
ထိုင်နေတဲ့လူက ရယ်တယ်။ ခေါင်းလည်းညိတ်ပြတယ်။ ဒါပေမယ့် ဘာမှဆက်မပြောတော့ ကိုကျော်သန်း က ၀င်မေးပြန်ရော။
"လယ်ပြင်ကြီးရွာ သွားချင်တာဗျ၊ ဘယ်လမ်းလိုက်ရမှာလဲ သိချင်လို့မေးတာ"
"အမ်"

မေးသမျှ အမ်လို့ချည်း ဖြေနေတော့ ကျောင်းအုပ်ဆရာကြီးက စိတ်မရှည်တော့ဘူး။ ထိုင်နေတဲ့လူကို ပခုံးတို့ တယ်။ လမ်းနှစ်လမ်းကွဲသွားတာကိုလက်ဟန်နဲ့ ပြတယ်။ ပြီးတော့မှ လယ်ပြင်ကြီးဘယ်ဘက် သွားရမှာ လဲလို့ လေးလေးကြီးမေးတယ်။ ထိုင်နေတဲ့လူက ပြတဲ့လမ်းကို လိုက်ကြည့်တယ်။ ဆရာကြီး ကို မော့ကြည့်တယ်။ ခေါင်းခါခါ လည်ခါခါနဲ့ ထရပ်တယ်။ မျက်နှာက ဒေါသဖြစ်နေတဲ့ မျက်နှာ။ ဆရာကြီးက လယ်ပြင်ကြီး လို့ ပြောတော့ သဘောမပေါက်သလို ပြန်အော်ပြန်ရော။
"အမ်….အမ်"

ခက်တော့ခက်နေပြီ။ တရုတ်ကြီးဦးဝိန် က သည်ကောင်တော့ တရုတ်လို မေးမှနဲ့တူတယ်တဲ့။ ခက်တာက သူပြောတဲ့ "အမ်…အမ်"ကို တို့က မသိတာတဲ့။ ကိုချစ်တိုးက အကြံရသွားတာနဲ့ မြေကြီး ပေါ်တုတ်နဲ့ ခြစ်ပြတယ်။ လယ်…..ပြင်…ကြီး။ လူကစာဖတ်တယ်။ ပြုံးပြတယ်။ ဟုတ်ပြီ။ ဒါဆိုသဘော ပေါက်သွားပြီ ဆိုပြီး ကိုချစ်တိုး က ဘယ်မှာလဲလို့ မေးလိုက်ုတယ်။
"အမ်…အမ်"
"ဟ…သောက်ခွေး…အ အနဲ့ လာတိုးတာ နှစ်ခါရှိပါကောလားကွာ"
ဒါနဲ့ဘယ်လမ်းလိုက်ရမှန်းမသိဘဲ စိတ်ပျက်လက်ပျက်နဲ့ ထိုင်လိုက်ကြတယ်။ ထိုင်နေတဲ့သူက ဒါပဲ ပြောပြီး စဥ့်ကိုးကွဲေ ကျာတောင် မှီလိုက်သေးတယ်။ တော်သေးတယ်။ သည်အချိန်မှာ အလုပ်သိမ်းပြန် လာကြတဲ့ လူနှစ်ယောက် ရောက်လာတယ်။ ပခုံးပေါ်ငန်းပြားတွေ မုဆိုးထမ်း ထမ်းကြလို့။ သည်နားရွာ တွေကနဲ့ တူပါရဲ့။ ကိုချစ်တိုးက အကျိုးအကြောင်း ပြောပြတယ်။

"သည်လူက စကားမပြောတတ်လူးဗျ၊ ဦးနှောက်ကလည်း မမှန်ချင်ဘူး သူ့သွားမေးလို့ ဘာရမှာ တုန်း။ လယ်ပြင်ကြီးက ဘယ်လက်လမ်းကိုလိုက်၊ လမ်းမှာဘယ်ဘယ်က သဖန်းတော ညာဘက်က ညောင် ခြောက် ဆိုတဲ့ ရွာနှစ်ရွာ တွေ့လိမ့်မယ်။ သည်ရွာတွေကျော်ရင် ရောက်ပြီ"
"ကျေးဇူးတင်လိုက်တာဗျာ၊ ဒါဆိုရင် လမ်းမမှားတော့ပါဘူး"
"နေဦးခင်ဗျား တို့က ဘယ်လမ်းကလာတာလဲ"
"ဟိုလမ်းကလေ"

ကိုချစ်တိုးက လာခဲ့တဲ့လမ်းကို လှမ်းပြတော့ လယ်သမားနှစ်ယောက်က လှမ်းကြည့်တယ်။ အံ့လည်း အံ့သြ နေကြပုံပေါ်တယ်။
"ခင်ဗျားတို့ရောက်လာတာ ကံကောင်းတာပဲ။ တလောက လမ်းမှားလာတဲ့ ကားတစ်စီး ခါးကျိုးပါ ရောလား၊ လမ်းကမပြီးသေးဘူးဗျ၊ လမ်းကြောင်းဖော်ထားရုံ ရှိသေးတာ"
"အေးဗျာ မသိတော့ လူတွေရော ကားပါ ကိုင်ရိုက်ထားတဲ့အတိုင်းပါပဲဗျာ"
"နေဦး ခင်ဗျားတို့ အခုသွားရမယ့်လမ်းက ခင်ဗျားတို့လာခဲ့တဲ့လမ်းထက် ဆိုးသေးသဗျ"

ကိုချစ်တိုးတို့အဖွဲ့တွေလည်း ကားပေါ်တက်ကြမယ်လုပ်ပြီးမှ ရပ်ကုန်ကြပြန်ရော။ သွားရမယ်လမ်းက ပိုဆိုးသေး ဆိုမှတော့ ကားနဲ့တော့ မဖြစ်တော့ဘူး မဟုတ်လား။ သည်တော့ ကုန်းကြောင်းလျှောက် ကြရုံရှိတာပေါ့။ ကားထားခဲ့ရအောင်ကလည်း ဘယ်သူ့မှ စောင့်ထားမဖြစ်ဘူး။ မောင်ကြိုင်က အငယ် ဆုံး၊ ဒါပေမယ့် သူကသတို့သားဆိုတော့ ထားခဲ့လို့ ဘယ်ဖြစ်မှာတုန်း။ ရွာဆက်ကလည်းဝေးတော့ သည် အတိုင်း ထားခဲ့လို့ကလည်း မဖြစ်ဘူး။

"သည်လိုလုပ်ဗျာ၊ ရှေ့ရွာ သဖန်းတောကျတော့ လှည်းငှားပြီးသွားကြ သဖန်းတောမှာ ကားအပ်ခဲ့ပေါ့ ဗျ။ သဖန်းတော အထိလောက်တော့ ကဆုန်ပေါက် ပေါက်သွားရင် ရကောင်ပါရဲ့"
သည်လောက်ပြောပြီး လယ်သမားနှစ်ယောက် ဇရပ်ထဲ ၀င်နားကြတယ်။ သူတို့ပေးတဲ့အကြံက ဖြစ်နိုင် ချေရှိတဲ့အကြံဆိုဆော့ သည်အတိုင်းပဲ ဆုံးဖြတ်လိုက်ကြရတယ်။ ကိုယ့်နေရာကိုယ်ယူပြီး ကားဆက် ထွက်လာပြန်ရော။ ဘယ်ဘက်လမ်းကိုပဲ လိုက်ခဲ့ကြတယ်။ လမ်းကတော့ ဆိုးမှဆိုး။ သဖန်းတောရွာ ထပ် ရောက်တော့ ကိုချစ်တိုးက ရွာလယ်လောက် ဆက်မောင်းခိုင်းတယ်။ ရွာကလမ်းမေးတင် ရွာရှည် ရှည် ဆိုတော့ ကားပေါ်ကဆင်းတာနဲ့ အိမ် တွေကို တွေ့ရပြီ။ သိပ်ရှည်ရှည်ဝေးဝေး ပြောမနေကြတော့ ပါဘူး။ လှည်း ငှားကြတော့ နှစ်ထောင်တဲ့။ ကားအပ်တာတော့ မယူကြပါဘူး။

ကျုပ်တို့တော ဒါမျိုးတွေ မရှိဘူး စိတ်သာချ ခင်ဗျားတို့ဟာ အပ်တိုတစ်ချောင်း မပျောက်စေရဘူး ဆိုတာ တောင် ပါသေး။ ဒါပေမယ့် ကားထားခဲ့တဲ့အိမ်က မိသားစုကို ငွေနှစ်ထောင်ပေးပြီး အပ်ခဲ့တယ်။ လှည်းသမား က လှည်းကောက်ပြီး ကိုချစ်တိုးတို့ ရှေ့ကိုလာရပ်တာနဲ့ ဘီးဝန်ရိုးပေါ်က တက်သူတက်၊ လှည်းနောက် ပြန်တက်သူတက်နဲ့ လှည်းပေါ်ရောက်ကြရော။ လှည်းဆရာက လူဝကြီး ကိုမှတ်တင် ကို နောက်ဆုတ် ဦးတဲ့။
"လှည်းဦးလေး နေသယ်ဗျို့၊ ဆရာ၀၀ကြီး နောက်ဆုတ်ဦး"
"ရပြီလား"
"ဆုတ်လိုက်ဦး"
လူဝကြီးဦးမှတ်တင် က သူ့ခန္ဓာကိုယ်ကြီးနဲ့ ဖင်ဒရွတ်ရွှေ့ပြန်ရော။

"ရပြီလား"
"ဆုတ်လိုက်ဦးဗျ"
"မင်းနှမလင် လှည်းပေါ်က ပြုတ်ကျတော့မယ်ကွ"
"ရှေ့ပြန်တိုးလိုက်၊ ဘေးကလူတွေက မျှထိုင်ကြချေ"
လှည်းက အိခနဲက ထွက်လာပြီး နွားတွေခမျာ တော်တော ရုန်းရရှာတာပေါ့။ နွားတွေက နွားပိန်တွေ။ လှည်းသမား ကလည်း ပိန်လိုက်တာမပြောနဲ့တော့။ သူတို့လမ်းနဲ့ သူတို့လှည်းတော့ ဟန်ကျလို့။ တအိအိ နဲ့ ပေမယ့် ရောင်သင့်သလောက် ရောက်ခဲ့တယ်။ နာရီဝက်လောက်ကြာတော့မှ သဖန်းတော ရွာက ကျွတ်တော့တယ်။ သဖန်းတောက ကျွတ်တော့ ညာဘက်မှာ ရွာတစ်ရွာ။
"အဲဒါ ညောင်ခြောက်လား"
"ဟုတ်ပါ့"
"လယ်ပြင်ကြီးကရော"
"ရှေ့ကညို့ညို့ဟာ"

လှည်းသမားက နကန်(နွားကန်)နဲ့ လှမ်းပြတယ်။ သည်တစ်ခါတော့ လယ်ပြင်ကြီး တွေ့နေရပါပြီ ကော။ မနက်ခုနစ်နာရီက ထွက်လာခဲ့ကြတဲ့ လယ်ပြင်ကြီး ညနေမမှောင့်တစ်မှောင်မှာ ရွာရိပ်ကို တွေ့ကြရပြီ။ အုန်းသီကြွက်ပြီးကျိုးနဲ့ ငှက်ပျော်သီးကြွေတွေက ဇလုံတစ်လုံးနဲ့ လှည်းဆောင်ပန်းကြား မှာ။ မန္တလေးမြို့ ကနေ ကားတစ်စီးပေါ်မှာ ပေပေပွပွထိုင်လိုက်ကြရတဲ့ အဖြစ်ဟာ ပြောရင်မယုံနိုင်စရာ မရှိဘူး။ ကောက်စိုက်သမ တွေ ပျိုးနှုတ်သမားကြီးတွေ လှည်းပေါ်တင်လာသလို လူသုံးသူလုံးမပေါ်ကြ တော့တဲ့ မိန်းမမြန်းအဖွဲ့ဟာ ဘာမှမစားကြရသေးတာထား။

လယ်ပြင်ကြီးရောက်ရင် ထမင်းစားရဖို့ မသေချာသေးဘူး။ သတို့သားလောင်း မောင်ကြိုင့်ခမျာ ရွာနီးပြီတော့ ၀မ်းသာတာလည်း သာပါရဲ့။ ရွာက တုန့်ပြန်မယ့် အခြေအနေကိုလည်း မသိရသေးဘူးကို စိတ် တွေတော့ လေးနေမိတယ်။ ရွာကို လှမ်းမြင်နေရပြီလေ။ လှည်းကတော့ ထင်သလောက် သွား မဖြစ်တော့ တအိအိပါပဲ။ လမ်းတစ်နေရာ ရောက်တော့ လှည်းသမားက နကန်နဲ့ လှမ်းပြပြန်ရော
"ရွာက လှည်းလမ်းကနေ ပန်းသွားရလို့ဗျ၊ ဟောသည် လယ်ကွက်ထဲက ဖြတ်သွားရင် နီးနီးကလေး ရယ်။ ကျုပ်တို့ရွာသား တွေကတော့ လှည်းလမ်းမလိုက်ကြတော့ဘူး၊ ဖြတ်လမ်းက၀င်ကြသာရယ်၊ လမ်းကလည်း သာတော့ တော်ရုံလူ အလွန်ဆုံနာရီဝက်လောက် နဲ့ ရောက်ကရောဗျို့"

သည်စကားကြားတော့ မောင်ကြိုင့်ခေါင်းထဲ အတွေးတွေဝင်လာတယ်။ သူက ကာယကံရှင်ဆိုတော့ သည်လို လူကြီးလူကောင်းတွေနဲ့ အတူဝင်ရင် ကြိုတင်စီစဥ့်ရမယ့်ကိစ္စတွေမှာ နောက်ကျနိုင်တယ်။ သည်တော့ လူကြီးတွေလည်း ပင်ပန်းလာတာဆိုတော့ လှည်းနဲ့ အေးအေးဆေးဆေး လာကြပစေ။ သူ့တော့ လူငယ်လည်း လူငယ်၊ ကာယကံရှင်လည်း ကာယကံရှင်ဆိုတော့ ဖြတ်လမ်းက သူသွားလိုက် ရင်လယ်ပြင်ကြီး မှာ ကြိုတင်စီစဉ်စရာရှိတာ စီစဉ်လို့ရမယ်လို့တွေးတယ်။ သည်တော့ လှည်းသမားကို ခဏ ရပ်ခိုင်းလိုက်တယ်။
"ဘာတုန်းက ငကြိုင်ရ"

မောင်ကြိုင်က သူ့သဘောပြောပြတော့ အားလုံးလည်း သဘောတူကြတယ်။ ဟုတ်သားပဲ။ မောင်ကြိုင် ပြောတာပိုအဆင်ပြေတယ်။ စားဖို့သောက်ဖို့ ရေမိုးသန့်စင်ဖို့ကအစ ပြင်ဖို့ဆင်ဖို့ကလည်း ရှိသေး တာ မဟုတ်လား။ ပြီးတော့ သူတို့လူကြီးတွေက ညအိပ်လို့မဖြစ်ဘူး။ အိမ်က ထွက်လာကြကတည်း က မနက်ဆယ်နာရီ တောင်မြန်းပြီးတာနဲ့ ပြန်လာမှာ၊ မွန်းမတည့်ခင် ပြန်ရောက်မယ် မှာခဲ့ကြတယ် မဟုတ်လား။ 

သည်တော့ ရောက်တာနဲ့ တောင်းမြန်း၊ မင်္ဂလာစကားပြောပြီးတာနဲ့ ချက်ချင်း ပြန်ကြရ မှာ ဆိုတော့ မောင်ကြိုင်သွားနှင့်တာကောင်းတယ်ပေါ့လေ။ မောင်ကြိုင်ကလည်း ဆုံးဖြတ်ချက် စောင့် မနေပါဘူး။ လှည်းပေါ်ကခုန်ချပြီး လွှားလွှား လွှားလွှားနဲ့ သွားလိုက်တာ တော်တော်တောင် ရောက်နေပြီ။ လှည်း ကတော့ လမ်းအတိုင်းလာရတာပါပဲ။
"ဟ…သည်နွားဟာ ရုန်းပါဟ၊ အပြန်မိုးချုပ်နေမနော၊ ရော်သည်နွား"
(၁၁)

ဘုန်းကြီးကျောင်းက ညနေလေးနာရီမောင်းတီးတဲ့အထိ ရောက်မလာကြဘူးဆိုတော့ သေချာပြီ။ အေးသီ လည်း လမ်းဘက်မျှော်ရတာနဲ့ ဇက်တစ်ဖက်စောင်း နေပြီလေ။ ဒင်းမလာလည်း ရှိပစေတော့။ စိတ်ကို ဒုံးဒုံးကြီး ချလိုက်ပြီး။ အိပ်ရာထဲ ၀င်ခွေနေလိုက်တော့တယ်။
မစွန်မ တော့ ရွာလူမိုက် ဘထွန်းတို့အဖွဲ့ အရက်ဖိုး လေး ငါးခါပေးပြီးရပြီး။ ချေးထားတဲ့ ပိုက်ဆံလေး တောင် ချွေးခံအင်္ကျီအိတ်ထဲ မရှိတော့ပါဘူး။ အေးသီက သူ့ဘ၀သူလည်း ရင်နာတယ်။ မအေကြီးကို လည်း သနားလှပြီ။ မနက်ပိုင်း၊ နေ့လယ်ပိုင်းက မအေဆူတာငေါက်တာ ခံပြောနေခဲ့ပေမယ့် မွန်းကလေး တိမ်း လာတော့ မအေတစ်ယောက်အနေနဲ့ ပူရှာမှာပေါ့လို့ တွေးမိလာခဲ့တယ်။ ပူတာထက် ဆိုး ရှာတာပါ။

လူကတော့ မျက်နှာပြနိုင်စရာတောင် မရှိတော့တဲ့ သူ့အဖြစ်ကို ရင်နာလို့မဆုံး ဘူး။ အေးသီက ဘာ စကားမှ မပြောဘဲ တောင့်တောင့်ကြီး လုပ်နေလိုကတာ တမေ့တမောကြီး။ သူငယ်ချင်းမတွေက ဖျောင်းဖျကြ၊ နားချကြ၊ အားပေးကြပေမယ့် အေးသီ နားထဲမ၀င်ဘူး။ သူဘာလုပ် ရမလဲပဲ တွေးတော့ တယ်။ ပြောရရင် သူလည်း အပျိုပဲ။ မအေရှက်တာက တစ်မျိုး၊ သူရှက်တာက တစ်မျိုး၊ တစ်သက်လုံး သည် စကားကြီးက ရှေ့ကဆီးနေတော့မယ်။ ရွာမှာ ပုံခိုင်းစရာဖြစ်ရတော့မယ်။ အိမ်ထောင်ရက်သား ပြုချင် ဦးတော့ ယူမယ့်ယောက်ျား က သည်ကိစ္စ အနာရှာပြောတော့မယ်။ တစ်သက် လုံးနိုင်စားတော့မယ်။ သူ့ ကိုယ်ကျင့်တရား ကောင်းခဲ့တယ် ထားပါဦး၊ နင်နဲ့မြို့သားက ဘာတွေဖြစ်ခဲ့မှန်းမှ မသိတာဆိုတာတွေနဲ့ စကားနာ ထိုးတော့မယ်။ သည်အချိန်မှာပဲ လူမိုက်ဘထွန်း တို့က တုတ်တွေနဲ့ ရောလာကြပြန်ရော။

"ဘယ့်နှယ်တုန်း ဒုက္ခိတပျားတုပ်သားအမိ၊ ကျုပ်တို့မှအခက် လူရိုက်ဖို့လာပါတယ် ရိုက်ရမယ့်လူက မရှိ ဘူး။ ကျုပ်တို့က ရိုက်ချင်လှပြီဗျ၊ ခင်းဗျားတို့ စဉ်းစားကြည့်လေ၊ ခင်းဗျားတို့က မြို့သားယုံတာ အကြောင်း မဟုတ်ဘူး၊ ကျုပ်တို့ ရွာကမျက်နှာငယ်ရပြီ။ ဟိုဘက်ရွာတွေက ပြောတော့မယ်၊ ကဲ့ရဲ့ကြ တော့မယ် လယ်ပြင်ကြီးသားတွေ လည်း လှလည်းလှနဲ့ ဒါမျိုးကတော့ ဘယ်သူမှ မထွက်ကြဘူး ဖြစ်က ရော့မယ်၊ ဟင်း…ကောင်းသေးလား၊ ခင်ဗျားတို့သားအမိပါ ရိုက်မှ ဖြစ်တော့မှာ
အရက်လေးကျော့လောက် သောက်ထားတော့ လူမိုက်ဘထွန်းနဲ့အဖွဲ့က အေးသီတို့သားအမိကို ပြဿနာ ရှာလာကြပြီ။ ရွာသူရွာသား တွေကလည်း တုတ်တွေကိုင်ထားတဲ့ လူမိုက်တွေကို တုပြောဖို့ မ၀ံ့ကြဘူး။ သားအမိ ခမျာ အရှက်ရကြတဲ့ ကြားထဲ ကိုယ့်ရွာသားက ကြိမ်းမောင်းနေတာကို စိတ်မချမ်း သာကြပေမယ့် မပြောဝံ့ကြဘူး ပေါ့လေ။ သြဇာရှိတဲ့လူကြီးတွေလည်း ရှိကြတာပါပဲ။ ရွာလူကြီး ကိုလှမောင်က ဘထွန်း တို့အုပ်စု ပါးစပ်ရမ်းရမ်းနေတာ လွန်ကဲလာကြတာ မဟုတ်သေးတော့လည်း ပြောချင် ရာပြောကြပစေ ဆိုပြီး လွှတ်ထားတယ်။ သည့်ထက်ပိုပြီး ရန်လုပ်လာရင်တော့ တားမယ်ပေါ့။ မစွန်မ လည်း ထဘီစွန်တောင် ထဆွဲတော့တာပါပဲ။

"သည်မယ် မောင်ဘထွန်း၊ နင်တို့လည်း အရက်ဖိုးပေးစရာ မရှိတော့ဘူး နင်းတို့လည်း သဒ္ဓါလွန်းလို့ တိုက်နေတာ မဟုတ်ဘူး။ နားငြီးသက်သာအောင် လို့ဟေ့၊ တော်ရာသွားတော့ ဘထွန်း မကလို့ ဘထွန် ဖြစ်ဖြစ် စွန်မ က လူချင်းလဲရမှာလည်း မကြောက်ဘူး။ သွား…သွား
ကျေးဇူး မတင်တဲ့အပြင် မောင်းထုတ်ရပါ့မလားဆိုပြီး ဘထွန်းက အိမ်တိုင်းတွေ တုတ်နဲ့ရိုက်ကရော။ သူ့နောက်လိုက်တွေ ကလည်း ဘထွန်းစလိုက်တော့ အနားရှိတဲ့ ရေအိုးရိုက်ခွဲတယ်။ သည်မှာတင် ရွာလူ ကြီး ကိုလှမောင် က ပုဆိုးတိုတိုဝတ်ပြီး အနားက ထင်းချောင်း ထဆွဲရော။ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း အော်သံကြီး ပေါ်လာတာပါပဲ။

"အေးသီ ဒီဇယ် တွေ သောက်လို့ပါတော် လာကြပါ….လာကြပါ"
ဘထွန်း တို့ရော၊ ကိုလှမောင်ရော လူကြီးတွေပါ ကြောင်သွားကြတယ်၊ အေးသီသူငယ်ချင်း မြစိန်တို့ က အော်ကြတာပါ။ အေးသီ က မီးဖိုထဲဆင်းပြီး ရေနံဆီမီးခွက်ထွန်းဖို့ထားတဲ့ ဒီဇယ်ပုလင်းထ ဆွဲပြီး ကောက်သောက် လိုက်တာ ၀ိုင်းဆွဲကြတာနဲ့ ပါးစပ်ထဲမရောက်ဘဲ ရင်ပတ်ပေါ် စီးကျကုန်တယ်။

"ငါသေမှ ဖြစ်မှာပါအေ၊ ဘာလို့ဆွဲကြတာလဲ ဖယ်ကြ"
အာရုံ တွေက အေးသီဆီ ရောက်ကုန်ကြတော့ ဘထွန်းတို့ပါ ငြိမ်ကုန်ကြတယ်။ မူးတာတွေပါ ပျောက် ပြီး သူတို့အမှား သူတို့သိလိုက်ကြသလို  အသာထိုင်ကုန်ကြပြီ။ ကိုလှုမောင် က အေးသီ ကို ရှေ့ ထုတ်လာပြီး လူပုံ အလယ် ထိုင်ခိုင်းထားရော။ မစွန်မကလည်း သမီးသည်လိုလုပ်လိုက်တော့ ပျာသွား ပုံရပါရဲ့။ သမီး ရှေ့ထိုင်ပြီး ပြန်ချော့နေလေရဲ့။ သည်သတင်းကြောင့်  လယ်ပြင်ကြီး ရွာသူရွာသားတွေ မစွန်မ တို့အိမ်ဘက် ပြေးလာလိုက်ကြတာ ရွာထဲ မျက်လှည့်အဖွဲ့ ရောက်လာသလိုပဲ။ မစွန်မတို့ အိမ် ကုပ်ကလေး ကို ၀ိုင်းထားလိုက်ကြတာ လူတွေမနည်းဘူး။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၂၂)

အခန်း (၂၄)

အခြေအနေတွေအားလုံး အရမ်းဆိုးရွားကုန်သည်။ သူ မျှော်လင့်ထားခဲ့သလို ဘာတစ်ခုမှ ဖြစ်မလာ။
အိမ်ပွဲစားမကြီး သောက်ရူးထပြီး ရောက်လာသည်ကစ,သည်။ အားလုံးအိုးနင်းခွက်နင်းတွေ ဖြစ်ကုန်ရ တော့သည်။
နောက်ပြီးတော့ ကောင်မလေးကလည်း တစ်လျှောက်လုံးအိပ်ပျော်နေသည်။ သူ အိပ်ရာမှ မနိုးမချင်း စောင့်ရ တော့သည်။
ကောင်လေး က သူ့လက်ထဲမှ ထွက်ပြေးသွားသည်။ တစ်နေရာရာမှာ ဝင်ပုန်းနေသည်။ ကောင်လေးကို တွေ့အောင် ရှာရဦးမည်။
အရာရာ တို့သည် မိမိလက်ထဲမှ လွတ်ထွက်သွားကုန်ကြပြီဟု ကုတ္တနေပါးရစ်၏ စိတ်ထဲမှာ ခံစားနေ ရသည်။

သူ၏ ကြည်နူးမှုနှင့် မျှော်လင့်ချက်တို့သည် မကျေနပ်မှုနှင့် ဒေါသအဖြစ်သို့ ပြောင်းလဲသွား လေသည်။
သူ ဇောချွေး မပြန်တော့ပါ။ သို့သော်လည်း စောစောကထွက်ခဲ့သည့် ချွေးများကြောင့် အဝတ်အစားများက အသား နှင့် ကပ်ပြီး စေထန်းထန်းဖြစ်နေသည်။
ကောင်လေးသည် အန္တရာယ်ကောင်လေးဖြစ်သည်။သူ လွတ်မြောက်သွားလျှင် ဇာတ်လမ်းဆုံးသွား ပြီ။
ယခုလည်း အန္တရာယ် ဖြစ်လာပြီ။ ခြိမ်းခြောက်လာသော အန္တရာယ်ကို ရျင်းပစ်ရမည်။ မျက်နှာကို ပလတ်စတစ် အိတ်ဖြင့် လေလုံအောင်စွပ်လိုက်ရမည်။

နောက်နာရီအနည်းငယ်ကြာလျှင် ဒီရေတက်လာတော့မည်။ ဒီရေအမြင့်ဆုံး အချိန်တွင် သူတို့ အလောင်း နှစ်လောင်း ကို ပင်လယ်ထဲသို့ ပစ်ချလိုက်ရမည်။ မည်သူမှ သိနိုင်ကြတော့မည် မဟုတ်။
ထို့နောက် တွင် သူ့ကို မည့်သည့် အန္တရာယ်ကမှခြိမ်းခြောက်နိုင်တော့မည်မဟုတ်ဘဲ အစစအရာရာ လုံခြုံ သွားတော့မည်။
နန်စီ ဒုက္ခရောက်ပုံကိုကြည့်ပြီး အရသာခံရပေဦးတော့မည်။
မနက်ဖြန်ည လောက်ဆိုလျှင် အန္တရာယ်အားလုံး ကင်းဝေးသွားတော့မည်ဖြစ်ရာ ကုန်းတွင်းပိုင်သို့ သူ ကားမောင်း သွားရမည်။ ညနေ နေဝင်ရီတရောတွင် ကားမောင်းသွားရမည်။
ထိုသို့ ကားမောင်းသွားရင်း လမ်းတစ်နေရာရာ မှာ ကောင်မလေး ငယ်ငယ်တစ်ယောက်ယောက်နှင့် တွေ့နိုင် သည်။ ထိုသို့ တွေ့လျှင် "ငါဟာ မင်းတို့ အတန်းကို ကိုင်ဖို့ ပြောင်းလာတဲ့ ဆရာသစ်ပဲ" ဟု ပြောရ မည်။

ထိုသို့ ပြောတိုင်း သူ အမြဲတမ်း အလုပ်ဖြစ်သည်။
သူ ဆုံးဖြတ်ချက် ချလိုက်သည်။ စိတ်သက်သာရာ ရသွားသည်။
လောလောဆယ် တွင် သူ အလုပ်ချင်ဆုံး အလုပ်သည် လက်ရှိ ခြိမ်းခြောက်မှုကို အပြတ်ရှင်းပစ်ဖို့ ဖြစ် သည်။
ဒီကောင်လေး…..
နန်စီ ကဲ့သို့ပင် စည်းကမ်းမရှိသော ကောင်လေး။ ဒုက္ခပေးတတ်သောကောင်လေး။ ကျေးဇူးကန်းချင် သော ကောင်လေး။ သည်ကောင်လေးက ထွက်ပြေးချင်နေသည်။ သူ့ကို တွေ့အောင် ရှာရမည်။
တွေ့လျှင် ပလတ်စတစ်အိတ် ပါးပါးထဲ ထည့်ရမည်။ နန်စီသုံးလေ့ ရှိသော လိုဝါရီဆိုင်မှ ပလတ် စတစ်အိတ် ကိုလည်း သူ အသင့်ဝယ်ယူထားပြီး ဖြစ်သည်။
ကောင်လေး ကို အလျင် ရှင်းရမည်။ ဘာကြောင့်လဲဆိုတော့ သူက ပြဿနာကောင်လေး ဖြစ်သော ကြောင့် ပင်။

ပြီးတော့ ကောင်မလေး။
ကောင်မလေးကိုလည်း တစ်ခါတည်း ရှင်းပစ်လိုက်ရမည်။ လက်ဝယ်ထားခြင်းအားဖြင့် အန္တရာယ် များကို ဖိတ်ခေါ် နေသည် နှင့် တူလိမ့်မည်။
အန္တရာယ် ရှိလာပြီဟု စိတ်ထဲက အလိုလိုသိရှိလာတိုင်း သူ၏ ဆုံးဖြတ်ချက်တို့သည်လည်း ပိုမိုခိုင်မြဲ လာမြဲ ဖြစ်သည်။ ယခင်တစ်ခါတုန်းက အတိုင်း ဖြစ်သည်။
ယခင်တစ်ခါတုန်း က တက္ကသိုလ်ပရဝုဏ်ကိုဖြတ်ပြီး ဈေးဆီသို့ သွားနေသည့် အချိန်အထိ သူ ဘာလုပ် ရမည် ကို ဂဃနဏမသိသေး။ လီဇာ အား ဆရာဝန်ကြီးဆီပို့ပြီး ဆေးစစ်မခံနိုင်သည့် အချက်တစ်ခု ကိုသာ သူ သိသည်။  နန်စီ ထိုအလုပ် မလုပ်နိုင်အောင် တားရမည်။

ဈေးသို့ နန်စီမရောက်မီ သူက ကြိုတင်ရောက်နှင့် နေသည်။ ဈေးနှင့် မလှမ်းမကမ်းမှာ သူ့ကားကို ရပ်ထား သည်။
နန်စီ ကားမောင်း ဝင်လာသည်ကို လည်းကောင်း၊ ကလေးများအား တစ်စုံ တစ်ရာ ပြောနေသည်ကို လည်း ကောင်း၊ နောက်ပြီးတော့ စတိုးဆိုင်ထဲသို့ ဝင်သွားသည်ကိုလည်းကောင်း လှမ်းမြင် နေရသည်။
အနီတစ်ဝိုက် တွင် ဘာကားမှ မရှိပါ။ လူလည်း တစ်ယောက်မှ မရျိပါ။ ထိုအချိန်ကလေးမှာပင် သူ ဘာလုပ် ရမည်ဖြစ်ကြောင်း သိလိုက်လေသည်။
ကလေး နှစ်ယောက် အရမ်း ကျိုးနွံသည်။

ကားတံခါးကို သူ ဖွင့်လိုက်စဉ် စစချင်းတော့ သူတို့ကြောက်နေကြသည်။ သို့သော်လည်း….
"လာ….. မြန်မြန်ထွက်ကြ၊ ဒီနေ့ မာမီ့ မွေးနေ့မှာ ပျော်စရာ ကစားပွဲလေးတစ်ခုခု လုပ်လိုက်ကြရ အောင်"
ကလေးနှစ်ယောက် ကို သူ ပြောခဲ့သည်။
ကလေးများက သူ့နောက် လိုက်လာသည်။ ခေါင်းများကို ပလတ်စတစ်အိတ်များနှင့် စွပ်သည်။ သူ့ မော်တော်ကား ပစ္စည်းများထည့်သည့် အကန့် ထဲမှာ ထည့်ထားသည်။ ကျောင်းသို့ ပြန်လာသည်။
သူခဏ ပျောက်သွားသည်ကို ဓာတ်ခွဲခန်းထဲမှ လက်တွေ့လေ့ကျင့်နေကြသူ မည်သူကမှ မသိလိုက် ချေ။ ရုံးတော် မှာ သက်သေပြရမည်ဆိုလျှင် သူ အချိန်ပြည့်ရှိနေကြောင်း တစ်ခန်းလုံးက တစ်ညီတ ညွတ်တည်း ထွက် ဆိုကြမည် ဖြစ်လေသည်။

နောက်ပိုင်း အလုပ်များမှာ ရိုးရိုးကလေးပင်။
ပင်လယ်ကမ်းခြေဆီသို့ မော်တော်ကား မောင်းသွားသည်။ ကလေးအလောင်းများကို ပင်လယ်ထဲ သို့ ပစ်ချ ခဲ့သည်။ ပြီးတော့ ကားပြန်မောင်းလာသည်။
အခွင့်အရေးများက သူ့ဘက်မှာ ရှိနေသည်။
သူ့ကို အန္တရာယ်ပြုမည့် အရာများကို လွန်ခဲ့သည့် ခုနစ်နှစ်တုန်းကလိုပင် လွယ်လွယ်ကူကူနှင့် ဖယ်ရှား ပစ်နိုင် ရပေမည်။
"မိုက်ကယ်၊ ထွက်ခဲ့၊ မိုက်ကယ်၊ ထွက်ခဲ့၊ မင်းအမေရှိတဲ့ မင်းအိမ်ကို ငါပြန်ပို့ပေးမယ်"
သူ မီးဖိုချောင်ထဲမှာပင် ရှိနေသေးသည်။ ဟာရီကိန်း မှန်အိမ်ကို မြှောက်ကိုင်ရင်း အခန်းထဲမှာ လှည့်ပတ် ရှာ နေသည်။

မီးဖိုချောင်ထဲတွင် ပုန်းဖို့နေရာ လုံးဝမရှိ။ ဗီရိုတွေကမြင့်လွန်းသည်။ ကလေးအရပ် နှင့် မမီနိုင်။
သို့သော်လည်း သည်လောက် မှောင်နေသည်က တစ်ကြောင်း၊ အိမ်ကြီးကလည်း အဆောင် ဆောင် အခန်းခန်း နှင့် ရှုပ်ထွေးသည်က တစ်ကြောင်း၊ သူ့လက်ထဲမှာ အားနည်းသည့် အလင်းရောင်သာပေးသော ဟာရီကိန်း မီးအိမ်ကလေး တစ်လုံးသာ ရှိနေသည်ကတစ်ကြောင်း တို့ကြောင့် ကလေးကို တွေ့အောင် ရှာဖို့ ဆိုသည်မှာ အတော်ခက်မည် ဖြစ်ကြောင်း သူ သဘောပေါက်လာသည်။

နာရီပေါင်းများစွာ ကြာအောင် ရှာရပေလိမ့်မည်။ နောက်ပြီးတော့ ဘယ်နေရာက စရှာရမည်နည်း။
"မိုက်ကယ်၊ မင်းအမေဆီကို မပြန်ချင်ဘူးလား"
သူထပ်ခေါ်ပြန်သည်။
"မင်း အမေ ဘုရားသခင်ဆီကို သွားတယ်ဆိုတာ မဟုတ်ပါဘူးကွ၊ သူနေကောင်ပါတယ်၊ မင်းအမေက တွေ့ချင် လို့တဲ့"
တတိယထပ်ရှိ အိပ်ခန်းများကို စရှာလျှင်ကောင်းမည်လား။ သူ စဉ်းစားကြည့်သည်။
သို့သော်လည်း ကောင်လေးသည် အပြင် တံခါးဆီသို့ ရောက်သွားကောင်း ရောက်သွားပေလိမ့် မည်။ ကောင်လေး က ဥာဏ်ကောင်းသည်။ အပေါ်ထပ်တွေမှာတော့ ဘယ်နည်းနှင့်မှ နေမည် မဟုတ်။
အိမ်ရှေ့ဘက် သို့ သွားနေပြီလား။

ထိုနေရာကို အရင်ကြည့်ခြင်းက အကောင်ဆုံး ဖြစ်ပေမည်။
ခန်းမ အငယ်စားလေးထဲမှာ ရှာကြည့်ဖို့ စိတ်ကူးသည်။ ပြီးတော့ ထိုစိတ်ကူးကို ဖျက်ပြီး မီးဖိုချောင် နောက်ဘက် ခန်း ကလေးထဲမှာ ရှာဖို့ ဆုံးဖြတ်လိုက်သည်။
မီးဖိုချောင် ထဲ မှာ ပုန်းဖို့ကြိုးစားရင်း သူဝင်လာနေသည်ကို ကြားလျှင် ထိုဧည့်ခန်းကလေးထဲမှာ ဝင်ပုန်းခြင်း သည် အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံးနေရာဖြစ်သည်။
မီးဖိုချောင် တံခါးမကြီး ဆီသို့ သူ လျှောက်သွားသည်။
အသက်ရူသံ ကို သူ ကြားနေသလား။
သို့တည်းမဟုတ် အိမ်ကြီး ကို လေတိုးနေသည့်အသံလား။

နားစွင့်ပြီး ထောင်ကြည့်သည်။
ဧည့်ခန်းကလေးထဲ သို့ သုံးလေးလှမ်း လျှောက်ဝင်သွားသည်။ ဟာရီကိန်း မီးအိမ်ကို ခေါင်းပေါ်မှာ မြှောက်ကိုင် ထားလိုက်သည်။
မျက်လုံးများ ကို အစွမ်းကုန်ပြူးထားသည်။ တွေ့သမျှကို အာရုံစိုက်ကြည့်သည်။ တစ်ဘက်သို့ လှည့်မည် အပြု တွင် တစ်စုံတစ်ရာကို သူ မြင်လိုက်သည်။
မြင်လိုက်ရသည့်အရာကို စိုက်ကြည့်သည်။ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ပြီးတော့ အရူးတစ်ယောက်လို ရယ်သည်။ ကွပ်ပျစ်နှင့် နံရံကြားတွင် အရိပ်ကလေးကို ကြည့်သည်။
"မိုက်ကယ်၊ မင်းကို ငါတွေ့ပြီ၊ ဒီတစ်ခါတော့ မင်း ဘယ်နည်းနှင့်မှ မလွတ်နိုင်တော့ဘူး။ ဟီး …….ဟီး…"
သူ အကျယ်ကြီး အော်ပြောလိုက်သည်။
အခန်း (၂၅)

ရှုခင်းသာအိမ်ကြီးကို သွားသည့်လမ်းပေါ်သို့ ဂျွန်ကရက်ဂိုပေါလော့စ် ကားမောင်းတက်လိုက်သည့် အချိန်မှာ ပင် တစ်မြို့လုံး လျှပ်စစ်မီးများ ငြိမ်းသွားလေတော့သည်။ ထို့ကြောင့် ရှေ့မီးကြီးမျာကို ဖွင့်လိုက်ပြီး သူ သတိထားမောင်းသည်။
မြင်ကွင်းက အရမ်းမှုန်ဝါးနေသည်။ လမ်းကလည်းအရမ်းချောနေသည်။ ကားကို လမ်းကြောင်း အတိုင်း မောင်း နေသည့် ကြားကပင် ဘီးချော်ချင်နေသည်။
အလွန်တရာ သေးငယ်သည့် မီးခြစ်ကလေးကို အလွန်တရာကြီးမားကျယ်ပြောသည့် အိမ်ကြီးထဲ၌ ရှာဖို့ ယုတ္တိ တန်အောင် ဘယ်လိုပြောရပါမည်နည်း ဟု တစ်လမ်းလုံး သူ စဉ်းစားလာသည်။

မနက်ဖြန်မှ ပြန်လာဖို့ မစ္စတာပါးရစ်က ပြောကောင်းပြောပေလိမ့်မည်။ သို့တည်းမဟုတ် သူ ကိုယ်တိုင် ရှာထားပြီး တွေ့လျှင် ဒေါ်ရော်သီကို ပေးထာမည်ဟုလည်း ပြောကောင်း ပြောပေလိမ့်မည်။
သို့သော်လည်း ဂျွန်ကတော့ မိမိမှာ ပါလာသည့် လက်နှိပ်ဓာတ်မီးကလေးဖြင့် ရှာကြည့်ပါရစေဟု ဇွတ် မေတ္တာ ရပ်ခံရတော့မည်။
နောက်ပြီတော့ အပေါ်ထပ်တွင် မှန်ပြောင်းကို ကြည့်ရန် ငုံ့လိုက်စဉ် တစ်စုံတစ်ရာကျသွားသည့် အသံကို မိမိ ကြားခဲ့ကြောင်း မီးခြစ်ကျသံပင် ဖြစ်ကြောင်း ထိုနေရာမှာ တစ်ချက်လောက်ရှာကြည့် လိုကြောင်း ပြောရမည်။ အလွန်ယုတ္တတန်သော ပြောဆိုချက်ဖြစ်ပါသည်။

သူတကယ်ကြည့်ချင်နေသည် မှာလည်း မစ္စတာပါးရစ်နေသည့် စတုတ္ထထပ်ပင် ဖြစ်လေသည်။
ရှုခင်းသာအိမ်ကြီးဆီသို့ သွားသည့်လမ်းပေါ်တွင် ယခုလို ရာသီမျိုး၌ ကားမောင်းရသည်မှာ အလွန် အန္တရာယ်ကြီး လှလေသည်။ လမ်းမှာ သူ့ မော်တော်ကားဘီး တစ်ခါချော်သေးသည်။ကံကောင်း ထောက်မ သောကြောင့် လမ်းဘေးသို့ ရောက်မသွားခြင်းဖြစ်သည်။

ရှုခင်းသာသို့ ရောက်လျှင့်ကားကို အိမ်ရှေ့ရပ်ရမည်။ ဒေါ်ရော်သီ လို ဂိုဒေါင်ထဲမှာ သွားမရပ်ဖို့စိတ် ကူးသည်။ သို့မှသာ ပုံမှန် ရိုးရိုးသားသား ပြန်လာသည့်နှင့်တူမည်။
မစ္စတာပါရစ် တံခါးလာဖွင့်ပေးလျှင် မီးခြစ်ပျောက်သည်ကို ညစာ စားပြီးမှ သိကြောင်း၊ မိမိလည်း ကိပ်ကော့မြို့ ထဲမှာပင် ရှိနေသေးသဖြင့် ဖုန်းမဆက်တော့ဘဲ ပြန်လာခြင်း ဖြစ်ကြောင်း ပြောပြ ရမည်ဟု စိတ်ကူး စ ထားလိုက်သည်။
ရှုခင်းသာအိမ် သို့ ရောက်၍ ကားပေါ်မှ ဆင်းလိုက်သော အခါ မှောင်မည်းနေသည့် အိမ်ကြီးက သူ့ စိတ်အာရုံ များကို သိမ်းကျုံး ဆွဲငင်ထားလိုက်တော့သည်။
မစ္စတာပါးရစ် နေသည့် အပေါ်ဆုံး ထပ်သည် ပင်လျှင် ပိန်းပိတ်အောင် မှောင်နေလေသည်။

ထိုအထပ်မှာ နေနေသည့် မစ္စတာပါးရစ်တွင် ဟာရီကိန်းမီးအိမ်ရှိရမည်မှာ သေချာသည်။ ကိပ်ကော့ မြို့ တွင် လျှပ်စစ်မီးပျက်ခြင်းသည် ထူးဆန်းသော ကိစ္စမဟုတ်။ မုန်တိုင်းကျတိုင်းပျက်မြဲ ထုံးစံဖြစ် သည်။
သို့တည်းမဟုတ် မစ္စတာပါးရစ်သည် အိပ်မောကျနေသောကြောင့် မီးပျက်သွာသည်ကို သတိမထား မိတာ လည်း ဖြစ်နိုင်သည်။
သို့တည်းမဟုတ်၊ သူ့ဆီသို့ အမျိုးသမီးတစ်ယောက်အလည်လာနေပြီး ထိုအမျိုးသမီးက လူသူလေးပါး အမြင်မခံလိုသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဖြစ်နိုင်စရာ ရှိသည့် အကြောင်းများကို သူ တစ်သီကြီး လျှောက်စဉ်းစားကြည့်နေသည်။

ချက်ချင်း သူ့စိတ်တစ်မျိုးပြောင်းသွားသည်။ ကားပေါ်ပြန်တက်ရလျှင်ကောင်းမည်လားဟု ချီတုံ ချတုံ ဖြစ်နေသည်။
မျက်နှာ ကို မိုးသီးများ လာမှန်သည်။ လေးအေးက ကုတ်အင်္ကျီအတွင်းသို့ အတင်းတိုးဝင်နေသည်။ နွေးနွေး ထွေးထွေး စားခဲ့ရသည့် ညစာ၏ အရသာကလေးသည် ပျက်စီးပြယ်လွင့်သွားလေတော့ သည်။
သူ အရမ်းချမ်းနေကြောင်းနှင့် အရမ်းလည်းပင်ပန်းနွမ်းနယ်နေ ပြီဖြစ်ကြောင်း ထိုခဏလေးမှာပင် သတိထား လိုက်မိသည်။ သည်လို အခြေအနေမျိုးတွင် ငါးနာရီကြာ ခရီးရှည်ကြီးကို ဘာကြောင့် ဖုတ်ပူ မီးတိုက် ပြန်ထွက်သွားရမည်နည်း။

အမျိုးသမီးတစ်ယောက်ယောက် မစ္စတာပါးရစ် ဆီသို့ အလည်ရောက်နေသည် ဆိုခြင်းမှာလည်း သူ၏ တွေး ထင်ချက်သာ ဖြစ်သည်။ ခိုင်လုံသည့် အထောက်အထား ဘာမှမရှိ။လခ
မည်သို့ဆိုစေ ဘာတစ်ခုမှ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မစ္စတာပါးရစ်ကို မနှောက်ယှက် သင့်။
စောစောတုန်း ကလည်း ဒေါ်ရော်သီနှင့် သူ တစ်ခေါက်ရောက်လာကာ နှောက်ယှက်ပြီးပြီ။ ကြိုတင် ချိန်းဆိုခြင်း မရှိဘဲ တယ်လီဖုန်းကလေးကြိုးဖြင့် လူတစ်ဘက်သား၏ လွတ်လပ်ခွင့်ကို သူတို့ နှောက်ယှက် ခဲ့ပြီးပြီ။

လက်ကိုင်နောက်တွင် ဝင်ထိုင်မည် အပြု နောက်ဖေးမီးဖိုချောင် လက်ယာဘက်အစွန်းမှ မီးရောင် ကို လက်ခနဲ မြင်လိုက်ရသည်။ မီးရောင်က လျင်မြန်စွာ ရွေ့လျားနေသည်။
စက္ကန့်အနည်းငယ်ကြာသောအခါ ထိုမီးရောင်သည် ညာဘက်ရှိ ပြတင်းပေါက်ဆီသို့ ရောက်သွား သည်။ တစ်စုံ တစ်ယောက် သည် မီးအိမ်ကိုကိုင်ပြီး မီးဖိုချောင်ထဲမှာ လျင်မြန်စွာ လှည့်ပတ်သွားလာ နေသည့် ပုံမျိုးဖြစ်သည်။

ဂျွန်က ကားတံခါးကို အသံမမြည်အောင် အသာကလေး ဖိပိတ်သည်။ လက်နှိပ်ဓာတ်မီးကို တင်းတင်း ဆုပ်ပြီး ကားလမ်းအတိုင်း နောက်ဘက်ရှိ မီးဖိုချောင်ဆီသို့ ခပ်သုတ်သုတ် ပြေးသည်။
ပြတင်းပေါက် မှ နေ၍ အတွင်းသို့ ချောင်းကြည့်သည်။
အခုအခါတွင် မီးရောင်သည် ခန်းမဆီမှာ ရွှေ့လျားလာနေသည်။ စိတ်ကူးထဲမှာအိမ်ကြီး၏ ပုံသဏ္ဍန် ကို ဖော် ကြည့်သည်။
မီးဖိုချောင် ၏ တစ်ဘက်ခြမ်းမှာ ရှိသော ဧည့်ခန်းကျဥ်းကလေးထဲမှ မီးရောင်ဖြစ်ကြောင်း ပုံပေါ်လာသည်။
မိုးသီးများ လွတ်အောင် တံစက်မြိတ်အောက်သို့ တိုးကပ်သည်။ ဧည့်ခန်းကျဉ်းကလေး ရှိသည့်ဘက်သို့ ခပ် သုတ်သုတ် ပတ်ပြေးသည်။

ပြတင်းပေါက် မှန်မှ တစ်ဆင့် အထဲသို့ ချောင်းကြည့်သည်။ မီးရောင်က မှိန်သွားသည်။ သို့သော် လည်း သူ ကြည့်နေဆဲ မှာပင် မီးရောင် ပိုလင်းလာသည်။ ဟာရီကိန်း မီးအိမ်ကိုပင် မြင်လိုက်ရသော ကြောင့် ရုတ်တရက် လန့်ပြီး  နောက်သို့ တွန့်လိုက်မိတော့သည်။
မီးအိမ် ကို မြှောက်ကိုင်ထားသည့် လက်တစ်ဘက် ကိုပင် မြင်ရသည်။
ပြီးတော့ လူကိုပါ မြင်ရပြီ။

မစ္စတာပါးရစ်
တစ်စုံတစ်ရာကို သူ ရေးကြီးသုတ်ပျာ လိုက်ရှာနေကြောင်း သိသာ ထင်ရှားသည်။
ဘာကို ရှာနေတာလဲ။
နောက်ပြီးတော့ တစ်စုံတစ်ယောက်ကို အော်ခေါ်နေသည်။
မည်သူ့ ကို အော်ခေါ်နေသနည်း။

ဂျွန်က အော်ခေါ်သည့် အသံကို ကြိုးစားပြီး အာရုံစိုက်နားထောင်သည်။ လေတိုက်သည့် အသံက အော်ခေါ်သံ ကို ဝါးသွားစေပြန်သည်။
သို့သော် နာမည်တစ်လုံးတော့ ကြာလိုက်ရသည်။
"မိုက်ကယ်….."
မစ္စတာပါးရစ်သည် "မိုက်ကယ်" ကို အော်ခေါ်နေခြင်း ဖြစ်သည်။
ကြက်သီးဖြန်းဖြန်း ထသွားသည်။ ကြောက်စိတ်သည် တ်စကိုယ်လုံးသို့ ပြန့်နှံ့သွားသည်။ ကျောရိုး များပါ စိမ့် သွားသည်။
သူ တွေးထင်ခဲ့သည်မှာ မှန်ပါသည်။

ပါးရစ် သည် ရူးနေသော အရူးတစ်ယောက်……
သည်အတိုင်းဆိုလျှင် ပျောက်ဆုံးနေသည့် ကလေးနှစ်ယောက်သည် သည်အိမ်ကြီးထဲရှိ တစ်နေရာ ရာမှာ ရှိနေ ကြရမည်။
မီးရောင်တွင် ပါးရစ်၏ ခန္ဓာကိုယ်ကြီးကို တွေ့ရသည်။ အလွန်တုပ်ခိုင်သည်။ မိမိ၏ဗလနှင့် ဘက်မ ညီကြောင်း ကိုလည်း စိတ်ထဲမှာ ချက်ချင်း ချိန်းထိုးကြည့်လိုက်သည်။
သည်လို ဆိုလျှင် လက်နက်ဘာရှိသလဲ။

လက်ထဲမှာ ကိုင်ထားသည့် လက်နှိပ်ဓာတ်မီးလေး တစ်ချောင်းသာ ရျိသည်။
သည်လက်နက်အားကိုးဖြင့် မိုက်ကယ်ကို ဝင်ကယ်ရမည်လော။
မိုက်ကယ်သည် ပါးရစ်၏ လက်ထဲမှ လွဲပြီး ပြန်မဖမ်းမိအောင် ပြေးနိုင်ပါမည်လော။
ဘာပဲဖြစ်ဖြစ် မိမိ ကို ပါးရစ် မြင်လိုက်လျှင် တစ်စုံတစ်ရာတော့ ပြောင်းလဲသွားနိုင်သည်ဟု ဂျွန်တွေး သည်။ ထိုအပြောင်းအလဲ သည် မိုက်ကယ်အတွက် ကေင်းဖို့ပင် ဖြစ်ရပေမည်။
ထိတ်ထိတ်လန့်လန့် ဖြင့် သူကြည့်နေဆဲမှာပင် ပါးရစ်သည် မီးကို ပို၍ မြင့်အောင် မြှောက်လိုက်ကာ ကွပ်ပျစ်နှင့် အုတ်နံရံကြားသို့ လက်လျှိုပြီး တစ်စုံတစ်ခုကို နှိုက်ယူသည်။

သူ့လက်ထဲမှာ ကိုယ်လုံးသေးသေးလေး ရုန်းရင်းကန်ရင်း ပါလာသည်။
ပါးရစ် က မီးအိမ်ကို ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။
ဂျွန်ကြည့်နေဆဲမှာပင် ပါးရစ် ၏ လက်နှစ်ဖက်သည် မိုက်ကယ်၏ လည်ပင်းကို ညှစ်ဖို့ ဆုတ်ကိုင် လိုက်ပြီး ဖြစ်သွားသည်။
ဂျွန်သည် ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုနှင့် စစ်မြေပြင်တွင် တိုက်ပွဲများ ဆင်နွှဲခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်လုံးက အလိုလိုလှုပ်ရှားပြီးသား ဖြစ်သွားသည်။
ပြတင်းပေါက်မှန် ကို လက်နှပ်ဓာတ်မီးဖြင့် တအားလွှဲရိုက်ချလိုက်သည်။ မှန်ကွဲသွားသည့် အသံ ကြောင့် ပါးရစ် လှည့်ကြည့် လိုက်သည့် အချိန်မှာပင် ဂျွန်က ပြတင်းပေါက် တံခါးမင်းတုပ်ကို လက်လျှိုပြီး ဖြုတ် လိုက်သည်။

တံခါးရွက်ကိုဖွင့်ပြီး ရှိသမျှခွန်အားများကို စုစည်းအသုံးပြုကာ ပြတင်းပေါက်ပေါင်ပေါ်သို့ ကိုယ်ကို မြှောက် တင်လိုက်သည်။ ပြတင်းပေါက်ပေါင်ပေါ်သို့ အရောက်တွင် အခန်းထဲသို့ ခုန်ဆင်းသည်။
ကြမ်းပြင် နှင့် ခြေထောက်ထိလိုက်ချိန်တွင် လက်ထဲက လက်နှိပ်ဓာတ်မီး လွတ်ကျသွာသည်။ ပါးရစ် က ထို လက်နှိပ်ဓာတ်မီးကို ဖျတ်ခနဲကောက်ယူလိုက်သည်။
ဘယ်ဘက်လက်တွင် ဟာရီကိန်း မီးအိမ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ဂျွန်၏ လက်နှိပ်ဓာတ်မီးကိုလည်း လက်နက်သဖွယ် သူ့ခေါင်းပေါ်သို့ မြှောက်ကိုင်ကာ ဂျွန်ကို ချိန် ရွယ် ထားသည်။

သူ့ကို ပါးရစ် က သေချာပေါက်ရိုက်ချလိုက်ပေတော့မည်။ လွတ်အောင် ရှောင်ဖို့ကလည်း မဖြစ်နိုင် တော့။
သို့သော်လည်း ဂျွန်က ရသမျှတိုတောင်းသည့် အချိန်ကလေးအတွင်း နံရံဘက်သို့ ခုန်ဆုတ်ရင်း အသံကုန် အော်လိုက်သည်။
"ပြေး၊ မိုက်ကယ် ပြေး၊ လွတ်အောင်ပြေး ကယ်ကြပါ ကယ်ကြပါလို့အော်"
သူ့ ခေါင်းပေါ် သို့ လက်နှိပ်ဓာတ်မီး အရှိန်ဖြင့် ကျရောက်မလာမီကလေးမှာပင် ပါးရစ်၏ လက်ထဲမှ ဟာရီကိန်း မီးအိမ် ကို တော့ ခြေထောက်ဖြင့် ကန်ချမိအောင် ကန်ချဖြစ်လေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

လယ်တွင်းသား စောချစ် ၏ ငယ်ဘဝ (၂၅)

လူရည်ချွန် ဂုဏ်ပြုပွဲ

မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ လူရည်ချွန်အရွေးခံရသူများကို အားကစားရုံတွင် ဂုဏ်ပြုပွဲကျင်းပ၏။ ပါမောက္ခချုပ် မှစ၍ ပါမောက္ခများ ဆရာဆရာမများ လူရည်ချွန်များနှင့် လူရည်ချွန်တို့၏ မိဘများ တက်ရောက်ကြသည်။ မောင်ငြိမ်းချမ်းမှာ မိဘအစားအဖေကြီးကလည်း ကွယ်လွန်သွားပြီ ဦးလေးကိုပင် မိဘ အဖြစ်ဖိတ်ကြားရ၏။ ဦးလေးရောက်လာပြီး ဂုဏ်ပြုပွဲ တက်ပါသည်။

အိမ်ထောင်မပြုဘဲ မောင်ငြိမ်းချမ်းတို့ မောင်နှမသုံးယောက်ကို လယ်ယာလုပ်ငန်းလုပ်ကိုင် ကျွေးမွေးသော ဦးလေး သည် ကျေးဇူးရှင် အဖေပင်ဖြစ်ပါ၏။ ဦးလေးကို ဘခင်နေရာ မှ တက်ရောက်ခွင့်ရသည့် အတွက် မောင်ငြိမ်းချမ်း ၀မ်းသာပါသည်။

ထိုနေ့က ဂုဏ်ပြုခံလူရည်ချွန်များကိုယ်စား မောင်ငြိမ်းချမ်းက ကျေးဇူးတင်စကား ပြောရသည်။
ဂုဏ်ပြုပွဲပြီးသည် နှင့် ကိုထူး နှင့် မမသိန်းတို့က မောင်ငြိမ်းချမ်းကို ညစာစားပွဲဖြင့် ဂုဏ်ပြု၏။ မန္တလေးမြို့ ထဲ မှာ နာမည်ကြီးဖြစ်သော ပါကားဆိုင်မှာ ကျွေးခြင်းဖြစ်သည်။ ဦးလေးပါ တက်ရောက် ရသည်။
ကိုထူး နှင့် မမသိန်း တို့ကို ကျေးဇူးတင်မိပါသည်။ သူတို့ကလည်း မောင်ငြိမ်းချမ်း နှင့် အတူဂုဏ်ယူ ပျော်ရွှင် နေကြ ပါသည်။
ညစာ စားပြီး၍ ကုန်ကျစရိတ်ရှင်းသောအခါ တစ်ရာကျော်ဖြစ်ပါသည်။

မောင်ငြိမ်းချမ်း တစ်လစာ သုံးနိုင်သော ငွေမှာ ညစာတစ်ပွဲနှင့် ကုန်သွား၍ မောင်ငြိမ်းချမ်း နှမျောနေ မိသည်။
ထိုနေ့ က မောင်ငြိမ်းချမ်း အဖေကြီးကို အမှတ်တရဖြစ်၍ လွမ်းလွမ်းဆွေးဆွေး ခံစားရသည်။ အဖေကြီး ခမျာ မောင်ငြိမ်းချမ်း ဆယ်တန်းအောင်သည်ပင် သိမသွားခဲ့ရပါ။

ပညာသင်ထောက်ပံ့ကြေး

လူရည်ချွန်အရွေးခံရပြီး တစ်ပတ်ခန့်အကြာမှာ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားသူများ လူတွေ့ စစ်ဆေးခံ ရန် တက္ကသိုလ်ကြော်ငြာဘုတ်မှာ ကပ်ထားသည်။ မောင်ငြိမ်းချမ်း သွားကြည့်သည်။ လူရည်ချွန် အရွေး ခံရသော စာရင်းကိုသွားကြည့်ရသည်ထက် ပို၍စိတ်လှုပ်ရှားမိ ၏။ ဤကိစ္စမှာမိမိ၏ ပညာ သင်ကြားရေး အတွက် အရေးကြီးသော အဆုံးအဖြတ် ဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးရမှ (၄)နှစ်လုံးကျောင်းပြီးအောင် တက်နိုင်ရေးအတွက် စိတ်အေးရမည်။ သူငယ်ချင်းတစ်လတစ်ရာ ထောက်နေရသည်မှာ များသည်။ ရေရှည်ဆိုလျှင် အခက်အခဲဖြစ်မှာ စိုးရသည်။ ယခု အချိန်အထိ သူငယ်ချင်းက လူပျိုလူလွတ်ဖြစ်သည်။ အိမ်ထောင်ကျလျှင် ဇနီးသည်၏ သဘောထား ပါလာ တော့မည်။ သားသမီးလည်းမဟုတ် ဆွေးမျိုးရင်းချာလည်း မဟုတ်။ တာဝန်ယူရသည်က ကြီးလေး သည်။ မောင်ငြိမ်းချမ်းအားနာသည်။ ပညာသင်ထောက်ပံ့ကြေး သာရလျှင် သူငယ်ချင်းသက်သာမည် မောင်ငြိမ်းချမ်း စိတ်အေးချမ်းသာ ပညာသင်ကြားရမည်။

ကြော်ငြာသင်ပုန်းမှာ ကပ်ထားသောလူစာရင်းမှာ ကိုယ့်နာမည်ကိုရှာ ရသည်။ ကျောက်ဆည်ခရိုင် ပညာရေး ကြီးကြပ်မှု့ ကော်မတီ၏ မှုအရမထောက် ခံပါဆိုသော မိမိ၏ ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာ သည် အပယ်ခံရဖို့ များသည်။ အမည်စာရင်းမပါလျှင် ဖြေခွင့်မရ။ အရွေးခံရစရာလည်း အကြောင်း မရှိတော့ပါ။
အမည်စာရင်းများကို ဖတ်ရသည်မှာ စိတ်လှုပ်ရှားစရာ တစ်ရွက်ပြီးတစ်ရွက်သာ ကူးသွားသည် ကိုယ့် နာမည် မပါ။ စာရွက်တွေကုန်တော့မည်။ ကိုယ့်နာမည်ကမတွေ့သေး နောက်ဆုံးတစ်ရွက်သာ ကျန်တော့ သည်။

“ဘုရား...ဘုရား.....”
စိုးရိမ်စိတ်ကြီးမားလာသည်။
“ဟော....တွေ့ပြီ.....”
နောက်ဆုံးစာရွက် မှာ မောင်ငြိမ်းချမ်း၏ အမည်ကိုတွေ့ရ၏။ မောင်ငြိမ်းချမ်း ၀မ်းသာသွားသည်။ အမည် ပါလျှင် ဖြေခွင့်ရမည်။ ဖြေခွင့်ရလျှင် မျှော်လင့်ချက် ရှိသည်။ နောက်ဆုံးမှ ဖြေရမည်ဖြစ်သည်။ ဖြေရမည်ကို မောင်ငြိမ်းချမ်း မှတ်ထားလိုက်သည်။

သတ်မှတ်ရက် တွင် မောင်ငြိမ်းချမ်းသွားဖြေသည်။ စိတ်လှုပ်ရှားစရာ လူရည်ချွန်လူတွေ့ စစ်မေးသော ပါမောက္ခချုပ် ၏ ရုံးခန်းပင်ဖြစ်သည်။ လူရည်ချွန်ဖြေစဉ်က တွေ့ရသော ပါမောက္ခများ ပါဝင်သည်။

ပါမောက္ခချုပ်၏ ရှေ့တွင် စာရွက်တစ်ရွက်ရှိ၏။ မောင်ငြိမ်းချမ်း တက္ကသိုလ်များ အုပ်ချုပ်ရေးရုံးသို့ ရေးသော စာဖြစ်သည်။ တက္ကသိုလ်များအုပ်ချုပ်ရေး ရုံးကမောင်ငြိမ်းချမ်း၏ ပညာသင် ထောက်ပံ့ကြေး လျှောက်လွှာနှင့် အတူမောင်ငြိမ်းချမ်းစာကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ထံ ပေးပို့ခြင်းဖြစ်သည်။ ပါမောက္ခချုပ် က ထိုစာကိုဖတ်ကြည့်နေသည်။
“ဒီစာထဲမှာ မင်းရေးထားတဲ့အတိုင်းအမှန်ပဲလား.....” ပါမောက္ခချုပ်က မောင်ငြိမ်းချမ်းကိုမေးသည်။

“အမှန်ပါပဲ ဆရာကြီး....”
“မင်းမိဘ က လယ်သမားဆိုတော့ လယ်လုပ်ငန်း လုပ်တတ်သလား...”
“လုပ်တတ်ပါတယ် ဆရာကြီး....”
“ထွန်နဲ့ထည် ဘယ်လိုကွာခြားလဲ.....”
“ထွန်က ကန့်လန့်တုံး မှာ ထွန်သွားအချောင်းတွေတပ်ပြီး ထွန်ရပါတယ်။ ထွန်ပေါ်လူကတက်စီးပြီး နွားနှစ်ကောင် ကိုမောင်းနှင်ရပါတယ်။ ထည်ကတော့ သစ်သားကောက် ထည်တုံးမှာ ထည်သွားတပ်ပြီး မြေကြီး ကို နှစ်ခြမ်းကွဲအောင် နွားနဲ့ဆွဲပြီး ထည်ထိုးရပါတယ်”
“ဒီစာထဲ မှာ ကျောက်ဆည်ခရိုင်ပညာရေးကြီးကြပ်မူ ကော်မတီရဲ့မူဆိုတာက မင်းပြောသလို အမှန် ပဲလား....”

“အမှန်ပါပဲခင်ဗျား ကျောက်ဆည်ခရိုင် ပညာဝန်ရုံးကိုမေးကြည့်လို့ရပါတယ်။ ဒီကျောင်းမှာ ညကျောင်း လာတက်နေတဲ့ ခရိုင်ပညာဝန်ရုံး စာရေးကြီး ဦးကံဆိုတာရှိပါတယ်။ သူ့ကိုခေါ်မေးရင် လဲရပါတယ်”
မောင်ငြိမ်းချမ်း အခိုင်အမာပြောသည်ကို ပါမောက္ခချုပ်ကျေနပ်သွားဟန် တူပါ၏။
“ကောင်းပြီ.....မင်းလူရည်ချွန်လဲရထား တဲ့ ကျောင်းသားပဲ ပညာကိုသာကြိုးစားပါ။ မင်းရဲ့ပညာ သင်ကြားရေး အတွက် နိုင်ငံတော်က ကူညီထောက်ပံ့မှာပါ....”
ကျန်ဆရာများက အနည်းအပါးသာမေးပြီး မောင်ငြိမ်းချမ်းကို ပြန်လွှတ်လိုက်ပါသည်။ အဖြေကို သိခဲ့ရ သလိုပင် မောင်ငြိမ်းချမ်း ၀မ်းသာနေမိသည်။

တက္ကသိုလ်များအုပ်ချုပ်ရေးရုံးမှ အဆင့်ဆင့်တာဝန်ရှိသူများ အနေဖြင့် မောင်ငြိမ်းချမ်း ရေးလိုက်သော စာကို အလေးအနက်ထားပြီး ပါမောက္ခချုပ်ထံသို့ ပို့ပေးလိုက်သည်ကို လေးစားမဆုံး ဖြစ်မိသည်။
လူတစ်ယောက်သည် မိမိလုပ်ချင်သည့် ရည်ရွယ်ချက်ကိုအကောင် အထည်ဖော်ရာတွင် အဟန့်အတား အနှောင့် အယှက်များရှိလျှင် လွယ်လွယ်နှင့် စိတ်ပျက်လက်လျော့မပြုသင့် မိမိလုပ်နိုင်သမျှ အစွမ်းကုန် ကြိုးစား သင့်သည်။ ကြိုးစားလျှင် ကောင်းကျိုးရသည်ဟုလည်း သင်္ခန်းစာယူလိုက်မိပါသည်။

ပညာသင်ထောက်ပံ့ကြေး ရသူများစာရင်း ကျေညာသောအခါ မောင်ငြိမ်းချမ်း ပါဝင်သည်။ မောင်ငြိမ်းချမ်း ပညာသင် ထောက်ပံ့ကြေး အဖြစ်လစဉ်(၇၅) ကျပ်ရပါသည်။
သူငယ်ချင်း ဖြစ်သူ တက်ထွန်းကို ၀မ်းသာအားရ ပြောပြသောအခါ ကောင်းပါတယ် ဒါပေမယ့် ကျောင်းလခ ကုန်ကျတာကို ငါးဆယ်ပေးမယ် ပြီးတော့မင်းအသက်ကြီးမှ သင်ရတာ ထူးထူးချွန်ချွန် အောင်ရမယ်။ သူများ လို သာမန်လောက်အောင်တာဆိုရင် အလကားပဲ။ စာအုပ်တွေဘာတွေ လိုတာဝယ်ဖက်ရမယ်. စာအုပ်ဖိုး လိုတာတို့ အခြားသုံးဖို့ လိုတာတို့ရှိရင်လဲ ထပ်မှာ ဘာမှအားမနာ နဲ့ဟုပြောပါသည်။
ကျေးဇူးတင်စရာ ကောင်းသော သူငယ်ချင်းဖြစ်ပါ၏။

နွေရာသီနှင့် လူရည်ချွန်စခန်း

စာမေးပွဲပြီးသည်နောက် ကျောင်းပတ်၍ အမေကြီးနှင့် ဦးလေးရှိရာ ရွာသို့ပြန်ခဲ့၏။ အိမ်ရှေ့မှာ ညောင်ပင်ကြီး ရွက်နုတွေ ဝေပြီး။ ရွာရှုခင်းက စိမ်းစိမ်းစိုစို သာယာနေ၏။ နွေဆိုသော်လည်းရွာမှမ ပူ။ သစ်ပင်အရိပ် ကောင်း၍ လေးကလေးကအေးနေ၏။ နွေသဘာဝနှင့် ရွာအလှကိုသဘောကျ သည် အမေကြီး နှင့် ဦးလေးတို့၏ မေတ္တာရိပ်ကလည်း အေးချမ်းသည်။ ရွာမှနေရသည်ကို မောင်ငြိမ်းချမ်း သဘောကျ မိသည်။
“အင်း....ငါ့မြေးလဲ...ပညာတွေသင်ရင်းနဲ့ရွာမှာ နေဖို့ဝေးပြီထင်ပါရဲ့”

စာတစ်လုံးမှမတက်သော အမေကြီးက မောင်ငြိမ်းချမ်းရွာနှင့် ဝေးမှာစိုးနေသည်။ ဤအသက်အ ရွယ်အထိ မပြီးနိုင် မစီးနိုင် ပညာသင်နေရသည်ကို နားမလည်နိုင်။ သို့သော် သူ့ဘ၀တိုးတက်ဖို့ လုပ်နေတာ ဖြစ်မှာပေါ့ဟု နားလည်လိုက်သည်။ မောင်ငြိမ်းချမ်းလုပ်သမျှ ဟန့်တားခြင်းမရှိ။
မောင်ငြိမ်းချမ်း က ရွာမှာနေရင်း လူရည်ချွန်စခန်းသို့ သွား၍ ပြင်ဆင်ရသည်။ ဂီတ၀ါသနာပါသူမို့ လူရည်ချွန် စခန်း မှာ သီဆိုရမည့် လူရည်ချွန်သီချင်းများကိုလည်း ကြို၍လေ့ကျင့်ထားသည်။ မယ်ဒလင်နှင့် တီး တတ်အောင် နုတ်စ်နှင့်သီချင်းများကိုလည်း ကြို၍လေ့ကျင့်ထားသည်။

မရသော သီးချင်းများကို ကျောက်ဆည်သို့သွား၍ တယောကိုဟန်ထွန်းထံမှ နုတ်စ်ပြပြီးလေ့ကျင့်သည်။
သတ်မှတ်ရက် တွင်လူရည်ချွန် ကျောင်းသူ ကျောင်းသားများ မန္တလေးဘူတာကြီးမှ တဆင့်မီးရထား ဖြင့် ရန်ကုန် သို့သွားရသည်။ ရန်ကုန်လူရည်ချွန် စခန်းတွင် တက္ကသိုလ်လူရည်ချွန်များနှင့် အထက် တန်း အလယ်တန်း အဆင့် လူရည်ချွန်များစုပေါင်းနေကြရ၏။ လူရည်ချွန်စခန်းမှာ ထူးခြားလှပစွာ ငုရွှေဝါပန်း များပွင့်လန်းနေကြသည်။ တစ်ဝင်းလုံးရွှေဝါရောင် တောက်နေ၏။
စခန်းဖွင့်ပွဲနေတွင် လူရည်ချွန်လက်ကမ်းစာစောင် ထုတ်၍ဧည့်သည်တော်လူကြီးများနှင့် လူရည်ချွန်များ အားလုံး ကို ဝေသည်။ ထိုအစောင်၏အဖွင့်စာမျက်နှာမှာ မောင်ငြိမ်းချမ်း၏ ကဗျာလေးပါသည်။

ငုရွှေဝါရေ ပေးတော့ အရှုံး
လူရည်ချွန် တို့စခန်းမှာလေ၊ ငုပန်းကအလှချယ်
ထပ်ပါပေါ့ သူအပြုံး
သို့ပေမင့်မြတ်အမွန်၊ လူရည်ချွန်ဆိုသည့်ပန်းရယ်က
လှဆန်းရုံ ဂုဏ်သာ မကပါဘူး ချိုမြစွာယနံပါမွှေးသည်မို့
ငုရွှေဝါရေ... ပေးတော့အရှုံး
    မောင်ငြိမ်းချမ်း(မန်းတက္ကသိုလ်)

ထိုဖွင့်ပွဲသို့ မန္တလေးတက္ကသိုလ်မှမြန်မာစာပါမောက္ခဦးချမ်းမြ (မြကေတု) တက်ရောက်သည်။ လက်ကမ်း စာစောင် ရ၍ ကဗျာလေးဖတ်ရသောအခါ သဘောကျစွာ ဂုဏ်ယူ၍ ရေးသူမှာ မန္တလေး တက္ကသိုလ်မှ မြန်မာစာ ကျောင်းသားဖြစ်ကြောင်း မိတ်ဆွေများကို ပြေားကြားနေပါသည်။
ရန်ကုန်မြို့ မှာ လူရည်ချွန်ကျောင်းသားများ လေ့လာရေးသွားသည်။ ဟောပြောပွဲများနား ထောင် ရသည်။ ညစာ စားပွဲများတက်ရသည်။ မြန်မာ့အသံဖျော်ဖြေပွဲ ယဉ်ကျေးမှုကဇာတ်ဖျော်ဖြေပွဲ အဆိုတောများ၏ ဖျော်ဖြေပွဲ များကို တက်ရောက်ရသည်။

ရန်ကုန်လူရည်ချွန်စခန်း ပြီးသောအခါအလယ်တန်း အထက်တန်းလူရည်ချွန်များက ငပလီရွှေဝါ ချိုင် လူရည်ချွန် စခန်း သို့ သွားကြသည်။ အင်းလေးရေပြင်ကျယ်ကိုမျက်နာမှု လျက်နောက်ဘက်မှာ တောင်တန်းကြီး များ ကိုနောက်ခံထားပြီး ဆောက်ထားသည့်တိုက်ကလေးများမှာ လူရည်ချွန်များ နေကြ ရသည်။ ရေကြက် ငှက်သံ၊ ရေပြင်အလှ၊ တောတောင်အလှတို့နှင့် သာယာသော စခန်း ဖြစ်သည်။
ထမင်းစားသော ဟောပြောခန်းမဆောင်နှင့် ကစားကွင်းကျယ်ကြီးများလည်း ရှိသည်။ ရာသီဥတုက လည်းနွေရာသီမှာပင်အေးချမ်းစွာနေ၍ ကောင်းပါ၏။

အင်းလေးခေါင်တိုင်မှတဆင့် ကယားပြည် ငွေတောင်ဆည်လောပိတရေ တံခွန်ရေအားလျှပ်စစ်။ တောင်ကြီး ဗထူးမြို့ စသည့်ဒေသများသို့လေ့လာရေးခရီးသွားရသည်။ အင်းလေးခေါင်းတိုင် ပြန် ရောက် သော် ဟောပြောပွဲများ တက်ရသည် ဖောင်တော်ဦးဘုရားသို့ သွား၍ ဘုရာဖူးရသည်။ အင်းထဲမှ ရွာများ သို့ သွား၍ ကျွန်းမျောစိုက်ပျိုးရေးနှင့် ယက္ကန်းလုပ်ငန်းများကို လေ့လာကြရသည်။
သင်တန်း ဆင်းပွဲ ကျင်းပသောအခါ လူရည်ချွန်ဆုပေးပွဲ၊ ကခုန်သီဆိုဖျော်ဖြေပွဲ နှုတ်ဆက်ပွဲများ ပြုလုပ် ကြသည်။ မနက်ဖြန်ဆိုခွဲခါကြရတော့မည် ပျော်စရာနှင့် လွမ်းစရာ။
နောက် တစ်နေ့ မှာ တောင်ကြီးလွိုင်ကော်စသည့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်မှ လူရည်ချွန်များ ခွဲခွါ သွားကြသည်။ ကျန်လူရည်ချွန်များ ရထားကြီးနှင့် ခရီးဆက်ကြ၏။ လမ်းဘူတာများမှာ ကျန်ခဲ့သူ များကို လက်ပြ နှုတ်ဆက်ရသည်။

သို့ ပြန်မည့်သူများ ရထားနှစ်စီးကွဲသွားသည်။ လွမ်းစရာနှုတ်ဆက်ခွဲခွါကြရ၏။
မောင်ငြိမ်းချမ်းတို့အဖွဲ့ မန္တလေးဘက်သို့ ပြန်ခဲ့ကြသည်။ လမ်းဘူတာမှဆင်းသူတို့က မျက်ရည်ရစ်ဝဲနှင့် လက်ပြနှုတ်ဆက်ကျန်ရစ်၏။ မန္တလေးဘူတာကြီးရောက်သောအခါ နောက်ဆုံး အဆင့်လူစုခွဲကြသည်။
စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ်လူနည်းစုက ရထားတစ်စင်းနှင့် ခရီးဆက်သွားသည်။
လက်ပြ နှုတ်ဆက် ကျန်ရစ်သူက မောင်ငြိမ်းချမ်းတို့ဖြစ်သွားကြ၏။ ပျော်စရာကြည်နူးစရာ နွေရာသီ မှလူရည်ချွန် ခရီးဖြစ်ပါ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၃၃)

မှတ်သားစရာ ရင်မျာအပြည့်
ဒေါက်တာမင်းလဲ့ရီ

ဆရာကြီး ဦးသုခရဲ့ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ပါရမီလမ်းမှာ ရှိတဲ့ "သုခရိပ်ငြိမ်" ကို ကျွန်မနဲ့ ခင်ပွန်း သည် တို့ ရောက်တာနဲ့ အိမ်ရှေ့ဧည့်ခန်းမှာ ဆရာကြီးကို အဆင်သင့် တွေ့ရပါတယ်။
ဆရာကြီး ဦးသုခရဲ့ မျက်နှာပေါ်မှာ လောဘ၊ ဒေါသ၊ မောဟအရိပ်တွေ ကင်းစင်ပြီး ပကတိတည်ငြိမ် အေးချမ်း နေတဲ့ပုံပါပဲ.
ဂုဏ၀ုဍ္ဎိ၊ ၀ယ၀ုဍ္ဎိဆိုတဲ့ အရှိန်က ကျွန်မကို မသိမသာ လွမ်းမိုးသွားတယ် ထင်ပါရဲ့။ လောကအကြောင်း၊ ဓမ္မ အကြောင်းနဲ့ အနုပညာအကြောင်းတွေမှာ နှစ်ောထင်း အားရစရာ ထူးချွန်တဲ့ ဆရာကြီးဦးသုခရဲ့ ရှေ့မှောက် မှာ တကယ်ရောက်တော့ ကျွန်မ ရုတ်တရက် ခြေလှမ်းတုံ့သွားပါတယ်။

ကျွန်မတစ်ယောက် ကျမ်းတတ် မထေရ်ကြီးတစ်ပါးရဲ့ မျက်စိအောက်ကို ရောက်နေတဲ့ ရှင်ငယ်လေးလို မိမိကိုယ်ကို သိမ်ငယ်သွားသလို ခံစားရပါတယ်။
"လာကြ၊ လာကြ ထိုင်ကြပါ"
ဆရာကြီးရဲ့ ပျူငှာတဲ့ ကြိုဆိုမှုအတွက် အားတက်သလို ရှိသော်လည်း ကျွန်မက ခင်ယို့ယို့နဲ့ …
"ကျွန်မ "တင်တင်" ပါ ဆရာကြီး၊ ကလောင်အမည်ကတော့ ဒေါက်တာမင်းလဲ့ရီပါ၊ ကျောက်ခဲ၊ သဇင်နဲ့ ဂျိန်းဖောပွဲတော် သီချင်းတို့ကို ရေးခဲ့တဲ့ မန္တလေးက စာပေနဲ့ဂီတစာဆို ဆရာမျိုးမြင့်ဆွေရဲ့ နှမအရင်း ပါရှင့်၊ ဆရာကြီး ကို တွေ့ချင်လွန်းလို့ လာပြီး ဂါရ၀ပြု ဖြစ်ပါတယ်"

ဒီအခါမှာ ဆရာကြီးက လိုလိုလားလား ရွှန်းရွှန်းစားစား အားပါးတရနဲ့ "သြော် ဟုတ်လား၊ ဆရာမျိုးမြင့်ဆွေ ရဲ့ နှမ လည်း စာရေးတယ်ဆိုတော့ မျိုးနဲ့ရိုးနဲ့ပေါ့။ ၀မ်းသာပါတယ်"
"ဟုတ်ကဲ့ရှင့်၊ အသက်မွေးဝမ်းကျောင်းကတော့ ဆရာဝန်ပါ။ တာဝန်က အငြိမ်းစားယူပြီး အသက်အရွယ် ကြီး မှ ငယ်က ၀ါသနာရှိရင်းဖြစ်တဲ့ ပန်းချီ၊ ဂီတ၊ စာပေနဲ့ အချုပ်အလုပ်၊ ဇာထိုးပန်းထိုးဆိုတဲ့ အလုပ်တွေကို ကောက်နိုင်၊ ကိုင်နိုင် အားထုတ်နိုင်ပါတယ်။ ဒါပေမယ့် အစ်ကိုလိုတော့ မစွမ်းပေါက်ပါဘူး။ သူ့လို အချိန် မယူနိုင် တာရယ်၊ သူ့လောက်လည်းပဲ ပါရမီမရင့်ဘူးလို့ ပြောရမှာပေါ့ …"
"အို … ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲ၊ ၀ါသနာဘာဂီဆက်တိုင်းမီလို့ ဆိုတယ် မဟုတ်လား၊ မျိုးရိုး နဲ့ ပါရမီနဲ့ လာရင် ဖြစ်ကို ဖြစ်ရမယ်ဗျ၊ အားမလျှော့ပါနဲ့။ ဒါတွေဟာ လူတိုင်းလုပ်လို့ မရတဲ့ အလုပ်တွေနော်။ မလွယ်ဘူး။

"ကြားရတာ ၀မ်းသာပါတယ် ဆရာကြီးရှင့်၊ ကျေးဇူးတင်ပါတယ်"
၁၉၉၇ခုနှစ်က၊ မြင်ကွင်းလေးကို ကျွန်မရဲ့ ဦးနှောက်ကွန်ပျူတာ က ဆွဲယူလိုက်ပါတယ်။ သြော် အတိတ်က ပုံရိပ်ဆိုတာ လွမ်းစရာတစ်မျိုးပါပဲ။
"အမှန်အတိုင်း ကျွန်တော် ဆိုပါမည်။ "စိတ်ဆိုသောစိတ်" တွင် ပါဝင်သော စိတ်အကြောင်းအရာများ၊ ၀တ္ထု ဇာတ်လမ်းများ အားလုံးလိုလို ကျွန်တော် တွေ့ဖူးပြီးသားများ ဖြစ်ပါသည်။ သို့သော် ဆရာဦးသုခ၏ အကိုင် အတွယ် နိုင်နင်းမှု၊ အရေးအသားအကွက်ကျမှုများကြောင့် ကျွန်တော် တွေ့ဖူးပြီးသားများသည် ဖတ်၍ မငြီး နိုင်သော အသစ်အဆန်းများ ဖြစ်နေကြပါသည်။
ဆရာဦးသုခကို အနုပညာရှင်ကြီး တစ်ယောက်အနေဖြင့် ကျွန်တော် လေးစားကြည်ညိုရင်းစွဲပါ။ သို့သော် ပိဋကတ် နယ်ပယ် ကျယ်လှစွာကြီးထဲတွင် ဤမျှကျေညက် နူးနပ်နေကြောင်း မသိခဲ့ရပါ"
ဆရာကြီး ဦးသုခဟာ သူ့ကို ကျွန်မ တို့ ဦးချကန်တော့ပြီး၊ ပြန်ကာနီးမှာ သူပြုစုရေးသားတဲ့ "စိတ်ဆိုသော စိတ်" နှင့် ၀ဉ္စနာဒီပနီ" အမည်ရှိ စာအုပ်ကို လက်ဆောင်အဖြစ် ချီးမြှင့်ပါတယ်။

ကျွန်မအိမ်ကိုရောက်တာနဲ့ ဆရာကြီးရဲ့စာအုပ်ကို ဖတ်တဲ့အခါမှာ ဆရာကြီး ဦးဆန်းထွန်း (မန်းတက္ကသိုလ်) ရဲ့ အမှာစာမှာ အထက်ပါအတိုင်း ရေးထားတာ တွေ့ရပါတယ်။
ဆရာကြီး ဦးဆန်းထွန်း (မန်းတက္ကသိုလ်)ဆိုတာလည်း တစ်ခြား ပုဂ္ဂိုလ်မဟုတ်ပါ။ ကျွန်မ မန္တလေး တက္ကသိုလ် ဥပစာတန်းကို တက်ရောက်ပြီး ပညာရင်နို့ သောက်စို့စဉ်က ကျွန်မရဲ့ မြန်မာစာပြ ဆရာ ဖြစ်ခဲ့ ပါတယ်။ ဒီအမှာစာကို ဖတ်ရင်း ကိုယ့်ဆရာ၊ ဆရာမများကို သတိရလွမ်းရပါသေးတယ်။
ပညာရှိကြီး တစ်င်္ဦးက ပညာရှိကြီးတစ်ဦးကို ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ချီးကျူးရေးသားထားတာ တွေ့ရတော့ ၀မ်းမြောက်ကြည်နူးမိရုံမကဘဲ ပညာရှိများရဲ့ ဣဿာ၊ မစ္ဆေရနဲ့ မာနတရားကို ကင်းရှင်း စင်ကြယ်မှု ကို ရှေ့ရှုပြီး မှတ်သားနာယူပါတယ်။

ဆရာကြီးဦသုခရဲ့ "စိတ်ဆိုသောစိတ်" စာအုပ်နဲ့ ပတ်သက်ကြီး ဆရာကြီး ဦးဆန်းထွန်း (မန်းတက္ကသိုလ်)က ခုလို ရေးသား ဖော်ပြခဲ့ပါတယ်။
"စိတ်ငယ်စရာ၊ ရှိမြဲသာတည့်၊ စိတ်မှာဆိုးကောင်း၊ နှစ်မျိုးပြောင်း၏ တိမ်းစောင်းတတ်လှ၊ စိတ်ကိုမ လော့၊ ဟန်ပြမာယာ၊ စိတ်မူရာသည်၊ လေးဖြာဓိပတိ၊ တန်ခိုးရှိသား၊ ဣဒ္ဓိပါဒ်မှာ၊ စိတ်လည်းပါ၏။ စိတ်သာ ရှင်စော၊ ဘုရားဟောနှင့်၊ လောက စကား၊ လူတို့နားဝယ်၊ ၀င်သွားစေလို၊ စိတ်ကိုခို၍၊ ထိုထိုသောစိတ်၊ ခွဲဝေစိတ် သည်၊ "စိတ်ဆိုသောစိတ်" ကျမ်းမွန်တည်း" လို့ ရေးသားထားပါတယ်။
ဆရာကြီး နှစ်ဦးလုံး လူ့လောကကို ကျောခိုင်းစွန့်ခွာလို့ သံသရာခရီးကို ထွက်ခွာသွားနှင့်ကြပြီ။ အဆင့်မြင့် ကျမ်းတတ်၊ လောကီ လောကုတ်ဖွင့်ထုတ်နှံ့စပ် ကျင့်အပ်တရားတို့ သိထားကြသူများပေမို့ မြင့်မြတ်တဲ့ ဘုံဘ၀ ဒါမှ မဟုတ် ထို့ထက်မြင့်မားတဲ့ နိဗ္ဗာန်တံခါးကို ရောက်သွားကြမည်လို့ ယုံကြည်မိပါတယ်။

ဆရာကြီး ဦးသုခ ကို အင်မတန်မှ မွှေးကြိုင်သန့်ရှင်း နီဝင်းစိုပြည်ပြီး အရည်ရွှန်းမြ သြဇာရသနဲ့ ပြည့်စုံတဲ့ "ဟန်မြင့်မိုရ်စိန်တစ်လုံးလ သရက်သီးကြီးဆယ်လုံး ကို ဗန်းနဲ့ထည့်ပြီး လက်အုပ်ချီမို ရှိခိုးကန်တော့ခဲ့တဲ့ နောက် များ မကြာမီ …
မန္တလေး အမေနေ့ကို တက်ရောက်ရင်း အမေနေ့ အဖွဲ့သားများ လိုက်ပို့လို့ ဆရာကြီးဦးသုခ ဟာ မန္တလေးမြို့၊ ၃၂လမ်း၊ ကဉ္စနမဟီမြေနီကျင်းရပ်မှာရှိတဲ့ "မျိုးမြင့်ဆွေ အနုပညာရိပ်ကွန်း (MYO MYINT SWE RECREATION CENTRE OF ARTS)ကို ရောက်ပါတယ်။

ဆရာကြီး ဦးသုခဟာ ဆရာမျိုးမြင့်ဆွေရဲ့ ပန်းချီ၊ ဂီတနဲ့ စာပေပစ္စည်းများကို အသေးစိတ် လေ့လာပါတယ်။ ပန်းချီပညာ နဲ့ ပတ်သက်ပြီး ဆရာမျိုးမြင့်ဆွေ ရေးဆွဲခဲ့တဲ့ ဆီဆေး၊ ရေဆေး၊ ပန်ချီကားတွေ၊ ရွှေချည်ထိုး ပန်းချီ ကားတွေ၊ သူရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ၊ စာပေနဲ့ ပတ်သက်ပြီး ဆရာမျိုးမြင့်ဆွေ၊ ထုတ်ဝေခဲ့တဲ့ စာအုပ် တွေ ကဗျာ တွေ မှတ်စုမှတ်ရာတွေ၊ ဂီတနဲ့ ပတ်သက်တဲ့ တေးသီချင်းတွေ၊ ဇာတ်ညွှန်းတွေ၊ ဂီတ ပစ္စည်း တွေ၊ ပန်းပုနဲ့ပတ်သက်ပြီး ဆရာမျိုးမြင့်ဆွေကိုယ်တိုင် ထုထားတဲ့ သစ်သားပန်းပုရုပ်ကလေးတွေကို အင်မတန် စိတ်ဝင်စားပါတယ်။
ဆရာကြီး ဦးသုခ အနေနဲ့ အနုပညာ ပန်းတောကြီးထဲကို တလွမ်းတမော ရောက်နေသလို ရှုမ၀ ကြည့်မဆုံး နဲ့ တပြုံးပြုံး ဖြစ်နေပါတော့တယ်။

နောက်ဆုံးတော့ ဆရာကြီးက ဆရာမျိုးမြင့်ဆွေရဲ့အစ်မ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှကို သူရဲ့ ထင်မြင်ချက်များနဲ့ ရှင်းပြပါတယ်။
"တကယ်တော့ ဆရာမျိုးမြင့်ဆွေဟာာ ဒီခေတ်မှာ ပြောဆိုသုံးနှုန်းနေကြတဲ့ "ဘက်စုံပညာရှင်" ဆိုတဲ့ အမည် နဲ့တင် မလုံလောက်ပါဘူး။ သူ့ရဲ့အနုပညာတွေဟာ ပန်းချီပညာမှာ နည်းစုံနဲ့ နယ်စုံကို ကျွမ်းကျင် သလို၊ စာပေမှာလည်း ရိုးရာ ဂန္တ၀င်စာပေရဲ့ ဥပဒေများသာမက၊ ကဗျာ၊ လင်္ကာအမျိုးမျိုး အမြင်ဆန်းသစ် တဲ့ ခေတ်စာပေ ကိုလည် နှံ့နှံ့စပ်စပ် တတ်မြောက်တာ တွေ့ရပါတယ်။ ဓာတ်ပုံပညာ၊ ပန်းပုပညာမှာလည်း အဆင့် မီပါတယ်"

ပန်းချီပညာကို ကျွမ်းကျင်သူမို့ ဓာတ်ပုံပညာနဲ့ ပန်းပုပညာမှာ ပန်းချီနဲ့ နှီးနွယ်ပေါင်းစပ်လိုက်တော့ ရိုက်ကွင်း ရိုက်ကွက်နဲ့ ရှုခင်းရှုခင်းလေးတွေဟာ သဘာဝအလှနဲ့ ပြည့်စုံသလို ပန်းပုရုပ်လေးတွေဟာလည်း လက်ရာ မြောက်င်္ပြီး ပြေပြစ်လှပလို့ အချိုးအဆစ် ကျပါတယ်။ သာမန် မဟုတ်ပါဘူး။ သိသိသာသာ မြင်မြင် ထင်ထင် ပေါ်လွင် ထင်ရှားပြီး ပညာသားပါပါ ထုထားတာပါပဲ။
ဂီတ ကတော့ အထူးပြောစရာမလိုဘဲ အားလုံး သိကြပြီးတဲ့အတိုင်းပဲ၊ ကျောက်ခဲတို့၊ ဂျိန်းဖောပွဲတော်တို့ကို အင်မတန် အောင်မြင်တဲ့ တေးသီချင်းတွေအပြင် ရုပ်ရှင်ဇာတ်ဝင်တေး၊ ဇာတ်ပို့တေး၊ ဇာတ်သိမ်းတေးတွေ ဟာလည်း ပေမီ ဒေါက်မီ ကျော်ကျော်ကြားကြားပါ။

ကက်ဆက်ခွေ ဇာတ်လမ်းသီချင်း၊ ဗုဒ္ဓ၀င်သီချင်းနဲ့ သမိုင်းတေးတွေ ပြောင်မြောက်သလို ကဗျာတွေ ကလည်း အဆင့်မြင့်ပါတယ်။ သူရဲ့နော်ကမှာ ကျန်ခဲ့တဲ့ အနုပညာပစ္စည်းတွေဟာ တစ်ယောက်စာ စွမ်းအား နဲ့ ကြည့်ရင် များလွန်းပါတယ်။
ဒါတွေအားလုံးကို ခြုံငုံပြောရလျှင် ဆရာမျိုးမြင့်ဆွေလို ခေါ်တဲ့ ပန်းချီးဦးမြသောင်း(မန္တလေး)ဟာ ဘက်စုံ ပညာရှင် သာမကဘဲ "နယ်စုံ ဒေါင့်စုံပညာရှင်" လို့ ကျွန်တော်အမည် ပေးချင်ပါတယ်" တဲ့။
ကျွန်မအနေနဲ့ သုခုမ အနုပညာရှင်၊ လောကီ လောကုတ္တရာ နှစ်ဖြာရဲ့ စာပေပညာရှင် ဆရာကြီး ဒေါက်တာ ဦးသုခ ကို အောက်ပါ မြန်မာကဗျာ (မဟာလေးချိုးကြီး)နဲ့ ဂုဏ်ပြုအမွှန်းတင်ပြီး ရာပြည့်စာသဘင်နဲ့ (၁၄)ကြိမ်မြောက် အမေနေ့ကို ကြိုဆိုလိုက်ပါရစေ။

-    အနုပညာကောင်းကင် မှာ ဓူဝံပမာအလား
    တင်စားလိုက်ရပါတော့
    ရှုချင်စရာ အကြောင်းထွင်ရာ တစ်မူချွန်တာများ
    ထင်ရှားခိုက်ဟာမို့
    တမင်ကြွားထိုက်လို့ ကြွားလိုက်ရပါပေါ့
    အချေအတင် နှုတ်ဖျားတွင်
    (ဘဘ ဆရာရယ် …)
    ဘ၀င် တအားလှိုက်ကာ အားကျစရာပေ
    ရွှေစင်ရုပ်များသခင်။
-    သြော် ရုပ်ရှင်ပညာမှာ သူမတူအောင်
    ပြောင်မြောက်လေတော့
    တမဟုတ်လျှင် မယှဉ်သာပါ တစ်မူဆောင်ကာ
    အရောင်တောက်ချေပေါ့
    လူတစ်ထောင်မှာ တစ်ယောက်မပါ
    ရှာမှ ရှားတာမို့
    အာဂ တစ်ပါးပေပ ငါးဆယ်ကျော်သန်းမှာပေါ်လွင်
    အိုကွယ် - တစ်ဂူ၊ တစ်ချောင် မရောက်ပေမယ့်
    အယူ၊ အနှောင်၊ အထောက်တွေနဲ့
    အားကြွယ်ပေမို့ ကျမ်းအဖြာဖြာဟာ တော်ဝင်။   ။
-    "မဃဒေ၀" ကဗျာစုအပြင် "ဓမ္မပဒ" စာဥယျဉ်မှာ
    စိတ်ကိုလေ့လာရာဝယ်
    "စိတ္တ၀တော ဘိက္ခဝေ ကိံနာမ ကမ္မံနသိဇ္ဈတိ" ရယ်
    အဆိုရှိတာမို့
    စိတ္တာဓိပတိ၊ စိတ္တိဒ္ဓိပါဒ်ကို ပြတ်သားစွာ ဖော်ဆောင်လို့
    တစ်တပ်တအားငှာ လျော်အောင်ပ၊ စံထားပါရ
    စာရတနာပလ္လင်
    မြန်မာရာဇ၀င် မဟာဝင်တွေနဲ့ တစ်သွင်ယူကိုးကား
    သြော် သာသနာတစ်ခွင်ကို တန်ဆာဆင်သမို့
    အစဉ်မူရိုးမသွား။    ။
-    ဆရာ မဟေလေလေ့၊ ဆရာ မဟေ
    ခန္ဓာထွေလျက်ပင် ၀ါစာခြွေလို့
    ဓမ္မာအသရေ မနွမ်းအောင် ရည်ကာထားတဲ့ပြင်
    ပြည်ရွာတစ်လွှားမှာ "အမေနေ့" ကို ရည်ဆောင်တာ
    ဆယ်သုံးကြိမ် ပိုင်ပြီပေါ့
    အသက်ဆုံးချိန်မတိုင်မီ "ဒေါက်တာဘွဲ့" ကို ချီးမြှင့်ခံလို့
    အသီးအပွင့်သဏ္ဍာန် ပဋိဘာန်စကားတွေနဲ့
    အသိဥာဏ် ဖွံ့ထွားအောငေ် နောင်မျိုးဆက်ကိုလ
    တိသရဏံ နဲ့ အမြင်အကြားနှောင်ကာ
    မရှောင်အကျိုးသက်စေဖို့
    ဆောင်ပိုးရွက်ရှာသော် သင်ဆရာ မြင်ဆရာ တစ်လီပ
    ရောင်ညှိုးမပျက်ပါ "၀ဉ္စနာဒီပနီ" အသိဝေလို့
    ပညာပါရမီ ပြည့်စေဖို့ ထပ်မနား နှင်ရှာရင်း
    မြတ်တရား ရင်မှာ သွင်းကာဖြင့် သဉ္စာလီမှာ
    မရွှင်သာရှာပြီ ရုပ်နာမ် ပျက်ချိန်မို့
    ချုပ်မြန်းလျက် ကြွေကာသက်သော်လည်း
    ကြေညာလျက်ပ "အမေနေ့" ဆွေသဟာတပည့်တို့က
    ဝေဖြာသတိနဲ့ မေတ္တာဘာဝနာပွားပြီး
    လှစ်ကာသဒ္ဓါတရားနဲ့ သမုတိနတ်ထံလိုပါးလိုက်ပါပေါ့
    အပြစ်အနာအမှားရှိလျှင် ဂရုအသိနဲ့ ဖတ်ပါရန် အဓိကမှန်း
    ရှူကာပ
    (ဘဘဆရာရယ် …)
    "သုခ အတ္တာနံ ပရိဟရန္တု" ရယ်လို့
   ခွန်းပြုညွှန်းဖော် သာဓုခေါ်နိုင်ပါစေသား။

ဒေါက်တာမင်းလဲ့ရီ
 ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, July 30, 2011

ခင်ခင်ထူး ၏ မင်္ဂလာလှည်း အပိုင်း (၅)

(၈)

ကိုချစ်တိုးတို့ သည်တစ်ခါတွေ့ရတဲ့ချောက်က တော်တော်ကြီးတယ်။ တော်သေးတာပေါ့။ နွားသမား တွေနဲ့ တိုက်တိုက် ဆိုင်ဆိုင်တွေ့လို့။ သည်ချောက်ကြီးက တာလမ်းကျိုးရာကနေ အဟကျယ်သွားပုံပေါ် ရဲ့။ ဖို့မြေ ဆိုတော့ အိအိကျရာက ဗွက်ကြီးကျယ်ပြီးအထဲမှာ ဗွက်လည်နေတာမျိုးပါ။ တစ်ဖက်ကိုရောက် ဖို့က လွယ်လွယ် နဲ့ မဖြစ်လောက်ဘူးဆိုတာတော့ သေချာနေပြီ။ လူတွေက ထမင်းမစားကြရသေးဘူး။ ရေ၀အောင် မသောက်ကြရသေးဘူး။ တော်သေးတယ်ခေါ်ရမယ်။ ကားလမ်းတစ်ဖက်မှာ အိုင်ဖြစ်နေရာ က ရေတွေ ၀ပ်နေတာ ရေပုံးကြီးနဲ့ နှစ်ထမ်းသုံးထမ်းလောက် ရှိလိမ့်မယ်။ ရေကလည်း ကြည်ပြီး စိမ်းနေ လို့ သောက်မယ် ဆိုရင်တောင် သောက်ချင်စရာကိုး။ ကိုကျော်သန်းရော၊ ကိုချစ်တိုးရော၊ လူဝကြီး ဦး မှတ်တင် ရော၊ တရုတ်ကြီး ဦးဝိန်ရော၊ ကျောင်းဆရာကြီး ဦးကျော်ဒွန်းရော လက်ခုပ် နဲ့ ခပ်ခပ်သောက်ကြ ဇက်ပိုး ရေဆွတ်ကြ၊ ရေဘူး တွေထဲ ဖြည့်ကြ လုပ်ကြတယ်။

တစ်လျှောက်လုံး စကားတစ်ခွန်းမှမပြောဘဲ ပေါင်ပေါ်ကန်တော့ပွဲကြီးတင်ပြီး တင်ပြင်ခွေထိုင်လိုက်လာ တဲ့ ကိုကျော်ဝင်းတောင် ကန်တော့ပွဲကြီး ကားခေါင်းအမိုးပေါ်တင်ပြီး ဆင်းလာတယ်။ မျက်နှာသစ်၊ ရေ သောက်၊ နွားသမားတွေက မဆိုးကြပါဘူး။ လမ်းကျိုးထိပ်ထိုင် ဆေးလိပ်ဖွာကြရင်း သူတို့အချင်းချင်း တိုင်ပင်နေကြတယ်။ ကားက သည်နေရာကဆင်း၊ ဟိုနေရာကို မော့တက်ရမယ်။ ကားဆင်းမယ့်နေရာ နဲ့ မော့ တက်ရမယ့်နေရာမှာ မြေခဲမာမာကြီးတွေချရမယ်။ မောင်ကြိုင်ကတော့ သူ့တိုက်ပုံနဲ့ လည်ကတုံး အင်္ကျီ မှာ ရွံ့တွေပေလှပြီဆိုတော့ ချွတ်မနေတော့ဘဲ လက်တွေပင့်တင်တယ်။ ပုဆိုးကိုတိုတိုဝတ်တယ်။ ဗွက်ထဲဆင်း၊ ခြေထောက်နဲ့ စမ်းစမ်းပြီး မြေမာရှာတယ်။ ဗွက်က ခြေကျင်းဝတ်မြုပ်တယ်ဆိုတော့ မြေ မာခဲ တော်တော် ထည့်ရမယ်ဆိုတာ သေချာသွားပြီ။ နွားဆရာက တွက်ချက်ပြီးသွားပုံနဲ့ သူ့စိတ်ကူးကို ပြောတယ်။

"ကိုင်း ကားဆရာ၊ လူအားနဲ့ လမ်းဘေးက မြေစိုင်ခဲတွေ ကားဘီးရာ အတိုင်းချရမယ်။ ခင်ဗျားတို့ကြည့် ရတာ လူနုတွေနဲ့ တူပါတယ်ဗျာ၊ ကျုပ်တို့ပဲ လုပ်ပါ့မယ်"
"ဟာ… မဟုတ်တာဗျာ၊ ကျုပ်တို့ရော လုပ်မှာပေါ့"
"ဗြုန်း"
ဧရာမမြေစိုင်ခဲကြီးတစ်လုံး ဗွက်ထဲကျသွားသံပါ။ နွားသမားတစ်ယောက်က မပြောမဆိုနဲ့ မြေစိုင်ခဲကြီး ပွေ့ တဲ့ပြီး ပစ်ချလိုက်တာ ဗုံးများကျသလို ကျသွားရာက ဗွက်တွေနဲ့ ရွှံ့ရည်တွေ လူ့တစ်ရပ်ကျော်ကျော် လောက် ထခုန်ပါလေရော။ အနားရှိသမျှလူတွေလည်း ရစရာမလိုတော့ပါဘူး။ မျက်နှာ၊ နဖူးကအစ ၀တ်ထားတဲ့ အင်္ကျီ၊ ပုဆိုးတွေုပါ ချက်ချင်းပေပွကုန်တော့တာပါ။ ကိုချစ်တိုးက နွားသမားကို ဒေါသနဲ့ထိုး မယ် ကြိတ်မယ်လုပ်ပြီးမှ စိတ်ကိုဘရိတ်အုပ်ရတယ်။ ဒင်းတို့မရှိလို့မဖြစ်သေးဘူးလို့ တွက်မိလို့သာပေါ့။ အဆိုးဆုံး ကတော့ သတို့သားမောင်ကြိုင်နဲ့ လူဝကြီး ဦးမှတ်တင်ပါ။ တာလမ်းကျိုးထဲက ထခုန်လိုက်တဲ့ ဗွက်ရည်တွေဆိုတာရစရာမရှိဘူး။ အားလုံးစောစောက အိုင်ကလေးမှာ မျက်နှာသစ်ကြရတော့တာပေါ့။

"နင့်မေကလွှား သောက်ရမ်းလုပ်ရသလားဟ၊ မင်းကွာ"
နွားဆရာ ကတော့ ငေါက်ပါရဲ့၊ မြေစိုင်ခဲပစ်ချတဲ့ နွားသမားက အရေးတောင်မလုပ်ဘူး။ နောက်ထပ်မြေ စိုင်ခဲတစ်ခဲ ပွေ့လာပြီး စောစောကလိုပဲပစ်ချပြန်ရော။ ဗြုန်းခနဲ ကျသွားတဲ့အရှိန်နဲ့ ဗွက်ရည်တွေ ထခုန် ပြနရော။ သည်တစ်ခါတော့ ဒေါ်ငွေနဲ့ ကိုကျော်ဝင်းတို့နှစ်ယောက်စလုံး ယွန်းခွက်များ သစ်စေးသုတ် လိုက် သလို မည်းခနဲ ညစ်ပတ်ကုန်တော့တာပဲ။
"ဟယ်… သေနာကျ၊ ဘယ့်နှယ် မပြောမဆို တွန်းလုပ်နေတာတုန်း၊ တော်ကလဲ တပည့်လက်သားကို ဆုံးမ ဦးမှပေါ့၊ ကောင်းသေးလား ပေပွကုန်ပြီ"
ဒေါ်ငွေ က နွားသမားခေါင်းဆောင်ကိုငေါက်တော့ နွားသမားခေါင်းဆောင်က သူ့လူကိုခါးလိုက်ဆွဲတယ်။ ဒါတောင် နောက်ထပ် မြေစိုင်ခဲတစ်ခဲ ပွေ့ထားပြီးနေပြီ။ အသာအယာချဖို့ လက်ဟန်၊ ခြေဟန်နဲ့ လုပ်ပြ တယ်။ ကိုကျော်သန်း တို့ကိုလည်း တောင်းပန်ရတာပေါ့။

"ဒီကောင်က နားလည်းမကြားဘူး။ စကားလည်း မပြောတတ်ဘူး။ လူကလည်း ကြောင်တောင်တောင် ရယ်၊ တစ်ခါ သူများနွားဖြုတ်ဆွဲလာလို့ ကံကောင်းလို့ ကျုပ်တို့ အရိုက်မခံရတာဗျို့၊ တောင်းပန်ပါတယ် ဗျာ၊ နေပါဦး ခင်ဗျားတို့က ဘယ်သွားကြမှာတုန်း"
"မင်္ဂလာဆောင် အမြန်းသွားကြမှာပါဗျာ၊ ဒုက္ခရောက်ချင်တော့"
"ကိုင်း… ကိုင်း ဒါဆိုလည်း သွက်သွက်လုပ်လိုက်ကြရအောင်"

တစ်ယောက်မြေစိုင်ခဲတစ်တုံးနဲ့ အတုံးပေါင်း တော်တော်သယ်ချလိုက်တော့ ပင်လယ်ထဲကျောက်တန်း ပေါ်သလို ကားဘီးနှစ်နေရာစာ မြေစိုင်ခဲအတန်းနှစ်တန်းပေါ်လာတယ်။ ကားတက်နင်းရင် ပြားသွားမှာ သေချာနေတော့ နောက်ထပ်နှစ်တုံးစီ လိုက်ဖြည့်ကြရတယ်။ ကျောင်းတုန်းက ကျောင်းတက်ခေါင်း လောင်းတောင် ထမထိုးတဲ့ ကျောင်းအုပ်ဆရာကြီးကလည်း နိုင်သလောက်သယ်ရရှာတယ်။ ကိုချစ်တိုး နဲ့ ကိုကျော်သန်း ကတော့ မြေစိုင်ခဲတွေ ပွေ့ပွေ့ချရတာနဲ့ ရင်ဘတ်နဲ့ပုဆိုးမှာ မြေနီစေးတွေ အင်္ဂတေသ ရွက်ကိုင် ထားသလို ဖြစ်နေတယ်။ မောင်ကြိုင်ကတော့ အပင်ပန်းဆုံးပေါ့။ ခေါင်းတွေရော၊ မျက်နှာတွေ ရော၊ အင်္ကျီတွေရော၊ ပုဆိုးတွေရော၊ လူရုပ်တောင် မပေါ်တော့ဘူး၊ အဲသလိုနဲ့ ကားနင်းကြည့်လိုက် မြေစိုင်ခဲတွေ အိသွားလိုက်၊ ကားကို နောက်ဆုတ်လိုက်တော့ ကားခေါင်းပေါ်တင်ထားခဲ့တဲ့ ကန်တော့ပွဲ က ပြုတ်ကျ ပါလေရော။

"ဟာကွာ ကန်တော့ပွဲတင်ထားခဲ့တာ ခေါင်းထဲမေ့သွားသကွာ၊ သွားရောဟ"
တစ်လမ်းလုံး စကားမပြောခဲ့တဲ့ ကိုကျော်ဝင်း။ ကန်တော့ပွဲကို ကားကြမ်းပေါ်တောင်မချဘဲ တင်ပျဉ်ခွေ ထိုင်ပြီး ပေါင်ပေါ်တောက်လျှောက်တင်လာတဲ့ ကိုကျော်ဝင်း။ ကားပေါ်ကဆင်းတော့ ကားခေါင်းခန်းအ မိုးပေါ် အသာတင်ထားခဲ့တာမှာ ကားက ရှေ့တိုးနောက်ဆုတ်လုပ်တော့ ကားပက်လက်ထဲ ပြုတ်ကျက ရော။ အုန်းသီးတခြား၊ ကြွက်မြီးတခြား၊ ငှက်ပျောသီးတွေကလည်း သုံးဖီးသုံးနေရာ။ အလုံးပြုတ်တာက ပြုတ် ကုန်ကြပြီ။

"ပြုတ်ပေစေဗျာ ကိုကျော်ဝင်း နေပစေတော့၊ ရှိတာနဲ့ တောင်းမြန်းရုံပေါ့။ ရွာက အုန်းငှက်ပျော လွယ်မှာ ပါ"
"မလွယ် တော့လည်း ကြွေဇလုံးကြီးချ တောင်းမြန်းရုံပေါ့"
ကိုချစ်တိုး က ကိုကျော်ဝင်း စိတ်မကောင်းဖြစ်သွားမှန်းသိလို့ ဖြေပြောပြောတာကို ဦးမှတ်တင်က ၀င် ဖြည့် လိုက်တာပါ။ နွားသမားသုံးယောက်က တောသူတောင်သား လူကြမ်းတွေဆိုတော့ သန်လိုက်တာ ကလည်း မပြောပါ နဲ့တော့။ တွန်းလိုက်၊ ဆုတ်လိုက်၊ မြေစိုင်ခဲတွေဖို့လိုက်၊ ကားနစ်သွားတော့ လမ်းဖော် လိုက်၊ တွန်းလိုက် နဲ့ တစ်ဖက်ထိပ်ကိုရောက်ကာနီး ဘယ်လိုမှတက်မရတော့ဘူး။

နွားးသမားတွေလည်း ချောက်ထိပ်ထိုင်ပြီး ဆေးလိပ်ဖွာကြပြန်သည်။ မြေထပ်ဖို့သူဖို့ပြီး ကားကလည်းညှစ်၊ လူတွေ ကလည်း ပြိုင်တူညှစ်ကြတော့မှ ကားကမတက်ချင်တက်ချင် တက်သွားရော။ ကားပေါ်က ငှက်ပျောသီး၊ အုန်းသီး တွေလည်း ဆန်ကောထဲက ဆီးဖြူသီးတွေလို ကားရှေ့နဲ့နောက် ခလောက်ဆန်လို့။ သည်ချောက် ကို ကားတက်လိုက်နိုင်တာ လယ်ပြင်ကြီးရောက်သွားသလို ခံစားကြပုံပေါ်ပါရဲ့။ ဝေးခနဲ အော် လိုက်ကြတာ။ သည်တော့မှ ရယ်နိုင်မောနိုင်ကြတော့တယ်။ နွားဆရာက ပြန်ချင်ပြီ။ သူတို့ခမျာလည်း ချလိုက် ချလက် များကျလို့။ လူတွေလည်း ရွှံ့လူးထားတဲ့အတိုင်းပဲ။ နဂိုညှိထားတဲ့ဈေးမဟုတ်တော့ပါဘူး။ ကိုကျော်သန်း က ရှစ်ထောင်ဖြည့်ြ့ပီး နှစ်သောင်းပေးလိုက်တယ်။

"ကျေးဇူးတင်ပါတယ်ဗျာ၊ ခင်ဗျားတို့နဲ့သာမတွေ့ရင် ကျုပ်တို့တော့ ရွာလည်ပြီ"
"ရွာလည်ရုံဘယ်ကမှာတုန်း… ရွာထဲ ညအိပ်ရမှာ"
နွားသမား တွေက တစ်ယောက်ငါးထောင်စီရသွားကြတော့ နှုတ်ဆက်ပြီးပြန်ကြရော။ မထူးပါဘူး။ ကား ကလည်း ရစရာမရှိတော့ပါဘူး။ ညှစ်ညှစ်ရုန်းရလို့ အင်ဂျင်တွေလည်း နာလှရော့မယ်။ လူတွေကတော့ လမ်းဘေးက မြေခြောက်ခြောက်မာမာမှာ ပိုးလိုးပက်လက်လန်နေကြပြီ။ ရေအိုင် ထဲက ရေကြည်ခပ် ထားတာ ရှိတော့ ရေကတော့ သောက်ကြရပါတယ်။ ကိုချစ်တိုးက ကားထောင့်မှာ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထား တဲ့ အထုပ်ကြီးကိုဖြည်တယ်။ မင်္ဂလာဆောင်မှာ ရဟန်းသံဃာကပ်ဖို့ရော၊ ရွာလူကြီးတွေ ဧည့်ခံဖို့ရော ထည့်ပေးလိုက်တဲ့ မုန့်တွေထဲက အေးလမုန့် တစ်တွဲဆွဲထုတ်ပြီး တစ်ယောက်တစ်ခုဝေ တယ်။ သူလည်း တစ်ခု ကို နှစ်လုတ်နဲ့ ကုန်အောင်စားပြီး နောက်တစ်ထုပ်ဆွဲထုတ်ပြန်ရော။

"ချစ်တိုးရ… ဘုန်းကြီးကပ်ဖို့ဆို… ငရဲများကြီးနေပါ့မကွာ…"
"ဦးဦးဖျားဖျား ဖယ်ထားပါတယ်၊ ဒါကတော့မထူးဘူးဗျို့၊ ငရဲပြည်ကျတော့မှ ကြည့်ရှင်းရမှာပဲ၊ တွယ်သာ တွယ် ဆာလိုက်တာဗျာ"
ဘာမှ မစားရတုန်းက သည်လောက်ဆာတယ် မထင်မိဘူး။ စားတော့မှ တစ်ခုလည်း အာသာမပြေ၊ နှစ်ခုလည်း မ၀။ ကျောင်းဆရာကြီးက မုန့်ကလေးတစ်ဖဲ့စားရင်း သူ့တိုက်ပုံနဲ့အင်္ကျီကို ငုံ့ကြသည့်တယ်။ ဗွက်ရေ တွေ ပေကျံနေလိုက်တာ ၀ပ်ရှော့ဆရာရဲ့စက်ခုံကမှ သန့်သေးတယ် ပြောမရမလောက် ဖြစ်နေ ပြီ။ နှမြော ပုံလည်း ရပါရဲ့။
"ကျော်သန်း… တိုက်ပုံနဲ့အင်္ကျီတစ်ထည်တော့ မန္တလေးရောက်ရင် ၀ယ်ကန်တော့ဦးကွာ၊ ငါ့မှာကောင်း တာ ဆိုလို့ သည်တစ်စုံရှိတာ၊ လျှော်လို့လဲ မကောင်းနိုင်တော့ဘူး"
"စိတ်ချပါ ဆရာကြီး ရာ အားလုံးအတွက်ကို စဉ်းစားထားပါတယ်"

မုန့်လေးနှစ်ခုစီနဲ့ ရေနှစ်ကျိုက်စီလောက် သောက်လိုက်တော့ ၀မ်းကလေးတောင့်သွားရော။ ကိုကျော် သန်း လည်း ကားပေါ်တက်ပြီ။ စက်နှိုးတော့ မရတော့ဘူး။ တော်ပါသေးရဲ့ ၀ိုင်းတွန်းလိုက်တော့ ၀ူးဆို နိုး သွားတယ်။ ကားပေါ်ရောက်တော့ အုန်းသီးကြွတ်မီးကျွတ်နဲ့ ငှက်ပျောသီးကြွေတွေ ဇလုံထဲစုကျုံး ထည့်ပြီး ထောင့်ကပ်ထားလိုက်ကြတယ်။ ရပြီဆိုတော့ ကားလည်းထွက်ရော။ ဘယ်ကသွားသွား လမ်း သုံးမွှာဘိုးထော် ဇရပ်ရောက်တယ်ဆိုတဲ့စကား ကြားထားတော့ ရှေ့မှာတော့ ဘိုးထော်ဇရပ်တွေ့ ကောင်းရဲ့ ဆိုပြီး ဆက်မောင်းလာကြတာပါ။ ရှေ့ကိုလှမ်းကြည့်တော့ ဇရပ်ဆိုလို့ ရိုးရိုးရိပ်ရိပ်တောင် မတွေ့ရဘူး။ ညနေနှစ်ချက်ထိုးပြီးစ နေက ကျောကွဲအောင် ပူနေတာတောင် ဂရုမစိုက်နိုင်ကြဘူး။ ဘိုး ထော်ဇရပ် ဆိုတာကို မျှော်မျှော်ကြည့်ကြတယ်။ နေပူကြောင့် ပေနေတဲ့ရွှံ့ရည်တွေက ခြောက်ခြောက် လိုက် လာတော့ သနပ်ခါးလိမ်းထားသလို ကွက်ကျားတွေ ရိုက်ကြလို့။ ကားပေါ်ကလူတွေကြည့်ပြီး ကိုချစ်တိုး က ငိုချင်းချတယ်။

"ပွေချက်ကယ်ဖန်၊ ရွှေသက်ပြန်မရှိုက်နိုင်ဘု၊ ဆူလှိုင်ကြုံနွမ်း… စွေ့စွေ့ရယ်ခုန်၊ မြေ့မြေ့လေး မသေရုံ ပ၊ ရဝေလှိုင် ခိုင်ပုလဲမှာရှင်… အမယ်လေး ချွဲဆိုက်ခမန်း"
သည်တစ်ခါ ကားထွက်လာတော့ မွန်းလွဲတဲ့ဘက်ရောက်ပြီဆိုတော့ ရောက်ချင်တဲ့အချိန်မှရောက်ဟာ ဆိုတဲ့ စိတ်ကလေးတွေ ၀င်နေပြီ၊ သေချာပြီလေ၊ ခရီးပေါ်မူတည်ပြီး သန်းခေါင်ထက်တော့ ညဥ့်မနက် နိုင်တော့ဘူးကိုး။ ဗိုက်ကလေးကလည်း အဆာခံပြီ။ ရေကလည်း လမ်းဘေးအိုင်ထဲကရေဆိုပေမယ့် ချို လို့၊ အေးလို့ ဆိုတာ လို ၀မ်းထဲအာသာပြေကြပြီ။ သည်တော့ အသံပြန်ထွက်လာကြသည်။ အသံတောင် မက ပါဘူး။

ငိုချင်းတွေ ဘာတွေပါ ချသူကချပြီဆိုတော့ အားကျမခံ ပြန်ဆိုသူလည်း ဆိုကြတယ်။ မောင်ကြိုင်လည်း စိတ်ကလေး ပေါ့သွားရတယ်။ မင်္ဂလာကိစ္စနှောင့်နှေးခဲ့ရပေမယ့် အခြေအနေအဖြစ် အပျက်ကိုပြောပြရင် ကျေနပ် ကြလိမ့်မယ်လို့ ထင်ပါရဲ့။ ပေကျံနေတာတွေလည်း ဖျက်မနေတော့ဘူး။ အေးသီတို့ လယ်ပြင်ကြီး ကိုလည်း ရောက်ချင်လှပြီ။ ချစ်သူ ဘယ်လောက် ၀မ်းနည်းပက်လက်ဖြစ်နေရှာ ပါလိမ့်။ ဘယ်လောက် တောင် ရွာထဲ၊ ရပ်ထွဲ၊ မျက်နှာပျက်နေရှာမှာပါလိမ့်။ ရပ်ရွာကနောက်ထား၊ သူ့အမေ မစွန်မ ကိုယ်တိုင်က ဘယ်လောက် ထိုးလိုက်၊ သုတ်လိုက် လုပ်နေမှာပါလိမ့်စသည်ဖြင့် တွေးနေမိ သည်။ ကိုချစ်တိုးက ခုမှတော့ မထူးပါဘူး ဆိုတဲ့စိတ် နဲ့ မောင်ကြိုင်ကို ပြန်ချော့တယ်။

"မောင်ကြိုင် ဘာတွေတွေးနေတာတုန်း ငါ့ကောင်ရ"
"အေးသီ ဆီ စိတ်ရောက်နေတာပါ လေးချစ်တိုးရ… ကျုပ်တော့ ရွာဝင်ရင် ပြဿနာတက်တော့မယ် ထင်ပါရဲ့"
မောင်ကြိုင် စိတ်ဆင်းရဲနေမှန်းသိတော့ လူဝကြီးဦးမှတ်တင်က ၀င်နောက်ရော။
"ရွာဝင် ဘယ်ကမလဲ ရွာထိပ်ကတည်းက မင်းကိုရုက္ခစိုးဖမ်းစားတော့မှာ၊ သည်ရွာတွေများ မင်းက ပေါ့ ပေါ့ မှတ် လို့၊ လူတွေရိုးသားကြသလောက် အစော်ကားမခံကြဘူးကွ၊ ရိုက်လွှတ်တဲ့ ရွာတွေ"
လူဝကြီး ဦးမှတ်တင်စကားကြားတော့ မောင်ကြိုင့်မျက်နှာ ဇီးရွက်လောက်ရှိတော့တယ်။ သူတွေးနေ တာနဲ့ တစ်ထပ်တည်း ကျနေတာကိုး။ အားကိုးအားထားသဘောနဲ့ ကိုချစ်တိုးကို လှမ်းကြည့်တယ်။ ကို ချစ်တိုး ကလည်း မျက်နှာမကောင်းတဲ့ပုံ လုပ်ပြရင်း သက်ပြင်းချတယ်။

"ငါတို့ကတော့ မင်းကို ရွာထိပ်ချခဲ့ပြီး ပြန်ကြမှာမောင်၊ ရောယောင် အရိုက်မခံနိုင်ဘူး။ ဒါမျိုးက ရွာကို စော်ကားရာ ကျတာကိုးကွ"
မောင်ကြိုင် က မြေကျင်းဖို့တုန်းက ချွေးသီးချွေးပေါက်မျိုး ပြန်စို့လာတယ်။ တရုတ်ကြီးဦးဝိန်ကို အကဲ ခတ်ပြန်ရော။
"မင်းက မိန်းမယူမယ့်ကိစ္စ မေးမေးမြန်းမြန်းမရှိဘူး။ ကိုယ်ယူမယ့် မိန်းမရွာ ဘယ်မှန်းမသိပဲနဲ့များ မိန်းမ တောင်း ပေးဖို့ ခေါ်တာများကွာ၊ မနက်ဆယ်နာရီလား ညဆယ်နာရီလား၊ မင်းသေချာအောင် မမေးဘူး နဲ့ တူတယ်"
"မနက် ဆယ်နာရီပါ လေးဝိန်ရဲ့"
သည်စကားကြားတော့ လူဝကြီး ဦးမှတ်တင်က မောင်ကြိုင့် ဇက်ပိုးကို လှမ်းအုပ်တယ်။

"ဒါလား မနက်ဆယ်နာရီ၊ ဟင် ခွေးကောင် မင်းပြဿနာ မင်းရှင်းနော်၊ ငါ့ကိုယ်ကြီးနဲ့ မပြေးနိုင်ဘူးနော် မောင်…"
တစ်ယောက်တစ်မျိုး ပါပဲ။ မောင်ကြိုင့်ကို စရင်း လိုက်လာကြတယ်။ ကားက အနိမ့်ထဲကိုဆင်းသွားတယ်။ လမ်းက လမ်းကြမ်းပေမယ့် သွားလို့တော့ဖြစ်တယ်။ ချောက်ကြီး၊ ချိုင့်ကြီး၊ ကျင်းကြီး၊ နက်ကြီးမရှိတော့ ဘူး။ ရှေ့မှာ သစ်ပင်စုစုကလေးတွေ တွေ့ရပြီ။ ဝေးသေးတယ်ဆိုပေမယ့် သည်လမ်းအတိုင်းဆိုရင် တော့ သစ်ပင်စုစု ကိုရောက်ဖို့ သိပ်မလိုတော့ဘူး။ သစ်ပင်စုစုကလေးနဲ့အတူ အဆောက်အဦးကလေး လိုလို လည်း တွေ့ရလို့ ဘိုးထော်ဇရပ်ဆိုတာများလားလို့ ကိုကျော်သန်းက တွေးတယ်။ နောက်က ကို ချစ်တိုး ကို လှမ်းအော် တော့ အားလုံးက လှမ်းကြည့်ကြရော။
"ဘိုးထော်ဇရပ်နေမှာ ကိုကျော်သန်း၊ ဒါဆိုရင်တော့ အဆင်ပြေပြီ မဝေးလောက်တော့ဘူး"

မောင်ကြိုင်လည်း ခုမှပြုံးနိုင်တော့တယ်။ ပက်လက်ကား ဆိုတော့ ကားပေါ်မတ်တတ်ကြီးရပ်ပြီး သစ်ပင် စုစုကို လှမ်းကြည့်သည်။ အနောက်နေကလည်း ထိုးနေတော့ နေရောင်ကို လက်နဲ့ကာကြည့်ရတာပါ။ သူတို့ လမ်းမှားလာတာထားတော့။ အခုက ဘိုးထော်ဇရပ်ကိုတွေ့ရပြီဆိုတော့ လယ်ပြင်ကြီးကိုမေးလို့ရ ပြီပေါ့။ ဒါဆိုရင် အေးသီတို့ရွာကို နေ၀င်ချိန်လောက် ရောက်နိုင်ပြီပေါ့။ မောင်ကြိုင့်မှာ အူတွေပါမြူးလာ ရာက ဟီးခနဲ ရယ်ပြီး ပြန်ထိုင်ချတယ်။

"လေးချစ်တိုး ရောက်တော့မှာဗျ။ ဟီး… ဟီး…"
"နေ၀င်ချိန်နဲ့တာ အတော်ပါပဲကွာ၊ မင်းကို တောင်စွယ်နေကွယ်ချိန် ပါးကွက်အာဏာသားတွေက လက်ပြန်ကြိုး တုပ်မှာနဲ့"
"လေးချစ်တိုးကလည်းဗျာ လူမှကြောက်ရတဲ့ကြားထဲ မဦးမချွတ်"
"မကြောက်နဲ့ငကြိုင် မထူးဘူး။ ငါတို့လည်း နွားခိုးတွေ အတွဲလိုက်ဖမ်းသလို တစ်ကြိုးတည်းစု အတုပ်ခံ ရမှာပဲ၊ ပျော်ပျော်ပါးပါးပေါ့ကွာ"
မောင်ကြိုင်က မကျေနပ်သေးပုံနဲ့ ကားပေါ်က မတ်တတ်ထရပ်ပြန်ရော။ သေချာပါပြီ။ သစ်ပင်တွေကြား က အဆောက်အဦးလေး ကို သဲသဲကွဲကွဲတွေ့ရပြီလေ။ ဘိုးထော်ဇရပ်ဆိုတာ နေမှာ။
(၉)

လယ်ပြင်ကြီးက မစွန်မတို့အိမ်ရှေ့မှာ ခုံဝိုင်းကြီးနှစ်လုံးချပြီး ချက်ထားပြုတ်ထားတွေကို ဖိတ်ထားတဲ့ လူကြီး တွေ ချကျွေးပြီးလို့ မီးခိုးတိတ် သိမ်းဆည်းပြီးသွားတာတောင် မိန်းမမြန်းလာမယ့်ကားဆိုတာကို အမြီး တောင် မမြင်ရသေးဘူး။ မစွန်မက မျှော်လည်း မမျှော်တော့ပါဘူး။ တစ်သက်လုံး သည်မအေ သည် သမီး ရင်အုပ်မကွာနေလာခဲ့ကြတဲ့ကြားက သမီးဖြစ်သူအတွက် မျက်နှာပျက်စရာဖြစ်လာတာကို တော့ မစွန်မ စိတ်မကောင်းဖြစ်ရတယ်။ မရှိတာကို မရှိသလို နေနိုင်ခဲ့ပါရဲ့။

စားတာ လူမမြင်ဘူး။ ၀တ် တာ လူမြင်ပါတယ်လေဆိုပြီး သမီးပျိုကို ရသလောက်နဲ့ ဆင်ခဲ့တယ်။ နေပူစပ်ခါး ဒီးတိုက်ပြီး လုပ်ကိုင် စားသောက်ခဲ့ရတယ်။ အေးသီက ဖအေကံဆိုးရှာသလို မစွန်မကလည်း လင်ကံဆိုး ခဲ့ရှာတာပါပဲ။ ဖအေ ဆုံးတော့ အေးသီကလေး ပထွေးနဲ့နေရချေရဲ့ ငါ့သမီးလေး စိတ်ဆင်းရဲ ချေရဲ့ဆိုတဲ့စိတ်နဲ့ တစ်ပင်မထူ ခဲ့ဘူး။ သမီးကလည်း လိမ္မာပါတယ်။ ရွာထဲရပ်ထဲ ကိုယ့်ရွာ၊ သူ့ရွာကလည်း မုဆိုးမ သမီးရယ်လို့ ခြေတင် လက်တင်လုပ်ချင်ကြတာလည်း သိသားပဲ။ မစွန်မက အထိမခံသလို အေးသီ ကလည်း လေချွန်မခံ ပါဘူ။ မအေဆိုတော့ နာမည်နဲ့လိုက်အောင် စွန်မကြီးလိုအုပ်ခဲ့တာကလား။ ဆင်းရဲ ပေမယ့် စာဂကောင်း ကြတာရော၊ ရပ်ရွာက စောင့်ရှောက်ကြတာရောဆိုတော့ လူရောဝမ်းပါ လုံခြုံခဲ့တယ်။

အခုအဖြစ်ကတော့ မစွန်မခမျာ မိုးကြိုးပစ်ခံရသလို ဖြစ်ခဲ့ရတယ်။ သမီးပျိုကို လာရောက်တောင်းမြန်းပါ့ မယ် ဆိုပြီး မလာတဲ့အဖြစ်ကတော့ ရှက်စရာကောင်းသလို စိတ်မကောင်းစရာလည်း ဖြစ်ရတယ်။ မိန်းမပျို တစ်ယောက် အနေ နဲ့ ခေါင်ညွှန့်အဆိတ်ခံရသလို ဖြစ်ရပြီ။ ရပ်ရွာကလည်း အခြေအနေကို အကဲခတ် နေဟန် တူပါရဲ့။ တစ်မိသားနဲ့ တစ်မိသား ကိုယ်ရေးကိုယ်တာကိစ္စဆိုပေမယ့် သည်လိုပျက်ကွက်တာမျိုး ကို ရပ်ရွာ ကလည်း မခံချင်ကြတာတွေ တွေ့ကြုံဖူးလှပေါ့။ လယ်ပြင်ကြီးက မိန်းကလေးများယူမယ်ပြော ပြီး မယူလည်း ရပါတယ်ကွာ ဆိုတာမျိုးကျတော့ ရပ်ရွာက ဘယ်ခံချင်ပါ့မလဲ။ လူ့သိက္ခာရှိသိလို ရွာ့ သိက္ခာလည်းရှိသေးတာကိုး။ မစွန်မက သမီးခေါင်ညွှန့်အဆိတ်ခံရတာထက် ရပ်ရွာကို ခေါင်ညွှတ်အ ဆိတ်ခံရတာ ကို စိတ်မချမ်းသာဘူး။ မခံချင်ဘူး။
"အေးသီရယ် ညည်းနှယ် ငရုတ်သီးနဲ့ပေါင်းမှ ကြက်သွန်ပါရောအထောင်းခံရ၊ ညည်းကြောင့် ရွာကော ရပ်ကော ကောင်းသေးရဲ့လား၊ ဘယ့်နှယ် လမ်းဘေးက ကလေကချေများ တွေ့လာပါလိမ့်တော်။ မိနဲ့ ဖနဲ့ကြီးရတဲ့ ကောင် ဟုတ်မထင်ပါဘူးအေ၊ ဇရပ်ကြိုဇရပ်ကြားမွေးပြီး ပစ်ထားတဲ့ကောင်နေမှာပဲ… မိအုပ် ဖအုပ် ကြီးရတဲ့ကောင်က ဒါမျိုးမလုပ်ဘူး။ ညည်းမရှက်ပေမယ့် ငါရှက်တယ်။ ညည်းကိုသာ ဖိနပ်နဲ့ ပါးချ ချင်တယ်အေ…တကယ်"

မစွန်မက ဗျစ်တောက် ဗျစ်တောက်လုပ်လေ အေးသီကလည်း ၀မ်းနည်းလာလေပါပဲ။ အမေပြောတာ လည်း ဟုတ်တာပဲ။ ကောင်းချီကောင်းလျက် သည်နေ့သည်ရက် လာခဲ့ပါ့မယ်ပြောပြီး သည်နားနဲ့သည် နား သည်လောက်တောင် ဖြစ်ရသားရယ်လို့ နားမလည်နိုင်ခဲ့ဘူး။ သည်လိုလုပ်လိမ့်မယ်လို့လည်း မထင် ဘူး။ ဘာပဲဖြစ်ဖြစ် ကိုကြိုင်က သည်လိုတော့မလုပ်လောက်ဘူးဆိုတာတော့ အေးသီ ယုံပါရဲ့။ ဒါပေ မယ့် အမေ ပြောသလို လမ်းဘေးတွေ့ခဲ့ရသူဆိုတာလည်း မှန်နေလေတောာ့ လူ့စိတ်ပြောဖြစ်တာ မဟုတ်ဘူးကိုး။ ရည်းစား ဖြစ်ရတဲ့ ရက်တွေထဲမှာ ကိုကြိုင်က နှမလိုစောင့်ရှောက်ခဲ့သူပါ။ ပခုံးတင်၊ ပါးတင်လည်း မရှိ ခဲ့ပါဘူး။

တစ်ရက် ဥပုသ်ရက်နဲ့ဆုံလို့ ရက်အားကလေးရတုန်း မန္တလေးမြို့ထဲကို လိုက်ပြ ပါ အစ်ကိုဆိုတော့ သူလည်း ဂေါဝိန်ဆိပ် က ကျော်လို့ တစ်ယောက်တည်း ဘယ်ကိုမှမသွားဖူးဘူးတဲ့၊ ဒါနဲ့ ဥပုသ်တော်ကုန်းထိပ်ထွက်ပြီး ဘုရားကြီးလို့ အော်တဲ့ကား တက်စီးလို့ ဘုရားကြီးရောက်ခဲ့ရတယ်။ မန္တလေးတောင်လို့အော်တဲ့ကား တက်စီးလို့ မန္တလေးတောင် ရောက်ခဲ့ဖူးတယ်။ ဒါပဲ။ လိုင်းကားပေါ်မှာ တောင် တစ်နေရာစီထိုင်တာ။ အသား ယူဖို့တော့ ဝေးရော။ အေးသီက ဘုရားမှာ "အစ်ကို ဘာဆု တောင်းခဲ့သလဲ"မေးတော့ "ဘ၀တစ်ပါး ပြောင်းသွားကြတဲ့ အဖေနဲ့ အမေ ကျန်းမာပါစေပေါ့။ ဆရာကိုကျော်သန်း လင်မယားလည်း ထည့် ဆုတောင်းသတဲ့" ကျွန်မကော မပါဘူးလားဆိုတော့ အေးသီ ကို မေ့ နေလို့်တဲ့။ အေးသီက စိတ်မဆိုးပါဘူး။ သူ ရိုးရိုး သားသား ပြောတတ်ဆိုတာ သိသားပဲ။ အေးသီက စိတ် ဆိုးချင်ယောင်ဆောင်ပြီး ချစ်သူ နှစ်ယောက် ပေါင်းဖော်ရပါစေဆိတာလေးတောင် မေ့နေတယ်ဆို အစ်ကိုယ့်ဟာက တကယ် မချစ်လို့ပေါ့ လို့ အငေါ်တူးလိုက်တော့လည်း သူ့ခမျာ မျက်စေ့မျက်နှာများ ပျက်လို့။ ပြောတာလည်း ကြည့်ဦး။

 "အေးသီ ရယ် သည်တစ်ခါတော့ ထားလိုက်ပါတော့၊ နောက်တစ်ခါ ဥပုသ်ရက်နဲ့ အေးသီလာတဲ့ရက် တိုက်ဆိုင် တဲ့ အခါ အဲသလိုဆုတောင်းလိုက်ပါ့မယ်ဟာ"
နောက်တစ်ခါ အေးသီလာတဲ့ရက်နဲ့ ကိုကြိုင်အားတဲ့ ဥပုသ်ရက်ကလည်း မတိုက်ဆိုင်တော့ပါဘူး။ ကိုကြိုင် က ထန်းလျက်ကြိုက်တယ်ဆိုလို့ လယ်ပြင်ကြီးထန်းလျက် အစိတ်သား ၀ယ်ခဲ့တဲ့နေ့ကများ ၀မ်းတွေ သာလို့။ လောက မယ် ထန်းလျက်ရှိလို့ကတော့ နေဖြစ်ပါ့ဗျာတဲ့။ ဒါနဲ့ အေးသီက "ကျုပ်မရှိ လည်း ရတဲ့ သဘောပေါ့"လို့ မျက်နှာခံနဲ့ မေးလိုက်တော့ ထမင်းနဲ့ဖက်စားရတာကို ပြောတာပါတဲ့။ ထန်းလျက် နဲ့ ထမင်းကြမ်းခဲ ဘယ်လိုက်လိုက်မှန်း မသိဘူးတဲ့။ ဒါနဲ့အေးသီက ထန်းလျက်နဲ့ ကျုပ်နဲ့ ဘယ်ဟာက ပိုချို သလဲမေးပြန်တော့ အေးသီတော့ ကျုပ်က တစ်ကိုက်ကိုက်ကြည့်ရမှာပေါ့တဲ့လေ။ သူ့ဟာသူလည်း ရယ်နေ လိုက် တာများ။

အေးသီ က ဒါတွေမြင်ယောင်လေ ကိုကြိုင့်ကို ဒေါသထွက်လေ ဖြစ်လာတယ်။ သည်လောက်ရိုးတဲ့ အတဲ့ လူဆိုတော့ စကားတည်မယ် ထင်ခဲ့တာကိုး၊ နှမချင်း စာနာလိမ့်မယ် ထင်ခဲ့တာကိုး။ ခုတော့ အမေမစွန်မ ပြောသလို မိအုပ် ဖအုပ် မကြီးရတဲ့လူ ဖြစ်နေပါပကောလား။ အေးသီရဲက ရွာခံသူငယ်ချင်း မတွေကတော့ စိတ်လည်း မကောင်းကြသလို ကိုယ်ချင်းလည်းစာကြပါတယ်။ အားလည်းပေးကြတယ်။ မြို့သားဆိုတာ ကတော့ တောသူများတွေ့ရင် ရွှေနားထောင်း ဗုံခေါင်းလောက် ၀တ်စေ့မယ်တွေပါအေ၊ တို့တောသူ များ ကတော့ ဗုံကြီးသည်လူလည်လှည့်တာနဲ့ နားချဲ့မိရတာကိုးတဲ့။ စိတ်မကောင်းမဖြစ်နဲ့ ကိုယ်မှန်နေသရွှေ့ အပျိုတန်ဖိုးမကျပေါင်အေလို့ အားပေးကြတယ်။ အားပေးကြလေ အေးသီ က ငိုလေ။ မအေ ကလည်း မွန်းတိမ်းပြီ ဆိုကတည်းက ဒေါသတွေ ပိုထွက်လာပုံရတယ်။ ငိုလည်း ငိုပေါ့လေ။

"ငါ့သမီးလေး တော်လှတော်လှ မြို့သားကြိုက်ခဲ့လို့ ယောင်းမ မြင်းစီထွက်ရတာများ အရပ်ရပ်နေပြည် တော် ကြားလို့မှ မတော်ပါလား အေးသီရဲ့၊ ညည်းအဖေ ငါ့ပိုးတုန်းကများ မိန်းမသားရယ်လို့ စကား တစ်ချက် တင်စီးခံခဲ့ရတာ မဟုတ်ဘူး။ ကိုယ့်ရွာသူ ကိုယ့်ရွာသား မိုးလင်းတာနဲ့ မျက်နှာမြင်ရတဲ့ကောင် မကြိုက်ပဲ နဲ့ စာမလာသတင်းမကြားရတဲ့ အရပ်ကကောင် ကြိုက်မိတော့ ခွေးလုံးလုံးဖြစ်ကရော"
"အမေ ကလည်း လာမှာပါ အမေရဲ့၊ တစ်ခုခုဖြစ်လို့နေမှာပါ၊ အမေလုပ်တာနဲ့ တစ်ရှက်ကနှစ်ရှက် ဖြစ်ရပြီ။ တောပါတော့ အမေရယ်"
"တော်နိုင်ပေါင်တော် ဒင်းကငါ့သမီးကို ၀ါဖက်ကလေး ဒေါင်ဒေါင်ဒင်ဒင် ရွှေလက်ထောင့်နဲ့ ငယ်မယ် မှတ်တာ အခုတော့ သန်းကောင်ချိုန်သော် ရွှေဗဟိုနှစ်ကြိမ်ဆော်တာတောင် ပေါ်လာပေါင်ရွှေရိုး ဒူးပေါင် ကကျိုး သေချင်းဆို ကာလနာ လာစမ်းပလေ့စီ"

သည်အချိန်မှာပဲ ရွာထဲက လူမိုက်ဘထွန်းတို့ သူသိုက်က အရက်တမြမြနဲ့ ၀ိုင်းထဲဝင်လာကြတယ်။ လက်ထဲ မှာလဲ တုတ်တိုတွေ၊ ၀ါးဆစ်ပိုင်းတွေနဲ့။ အေးသီတို့သားအမိကို ရန်လုပ်ဖို့ မဟုတ်ပါဘူး။ သည် သားအမိ ကိုရော ရွာကိုပါ စော်ကားရပါ့မလားဆိုပြီး လူလာရှာကြတာ။ တွေ့လို့ကတော့ ၀င်အရိုက် ပဲဆိုတဲ့ ပုံတွေနဲ့ ဒါကိုတွေ့တော့ အေးသီရင်တွေပူရပြီ။ မတော်တဆ ရောက်လာကြလို့ ကတော့ သွေးချောင်းစီး ကြတော့မှာကို မြင်ယောင်ရင်း ကြောက်လည်း ကြောက်နေမိတယ်။ ကိုဘထွန်း ကြီးက တုတ်ကြီး ထောင်ထောင်ပြီး ဒင်းတို့လာစမ်းပစေဆိုလေ အေးသီ ရင်မ ရလေ။ အမေမစွန်မက အရက်ဖိုး ထုတ်ပေးလိုက်တော့ တစ်ချီထပြန်ကြပြန်ရော။ နောက်ပါရွာသား လေးငါးယောက်က အရက်ခိုးတွေလည်း ဝေကြလို့။

"မစွန်မ သည်ကိစ္စကျုပ်တို့ရှင်းသွားမယ်၊ ခင်ဗျားတို့သားအမိ အသာနေလယ်ပြင်ကြီးသားတွေ ပါပ မှတ် လို့ဗျာ၊ ဘယ့်နှယ်ရွာနဲ့ရပ်နဲ့ မိကောင်းဖခင်သားသမီး လာစော်ကားတာ ခံရင်တစ်သက်လုံး ရွာက အပျိုတွေ လူရင်းခံရတော့မှာပေါ့ဗျ၊ ယူပြီးမှပစ်ထားတာ ကျုပ်တို့နဲ့မဆိုင်ဘူး။ မယူဘဲ သည်လို သောက်ချိုး ချိုးတာတော့ ဘထွန်းတို့က အသက်ချင်းလဲသွားမယ်။ ကိုင်း…ကျုပ်တို့သွားသောက် လိုက်ဦးမယ် ဗျနော ပြန်လာခဲ့မယ်"
"အေးပါ ငါ့မောင်ရယ်၊ ငါ့မောင်တို့နာကြသာ အစ်မသိပါတယ်။ တို့ကြောင့်မင်းတို့ မထိခိုက်စေချင် ပါဘူး။ ငါ့ကိစ္စ ငါရှင်းပါမယ်။ စွန်မဘာဆိုတာ ပြလိုက်ရဦးမယ်၊ နာမည်ကိုယ်က စွန်မပါဟယ်။ ကြွက် စုတ် လောက်တော့ ခြေသည်းတစ်ကုပ်စာ ရှိပါတယ် သွားရော့ သွားရော့ သောက်ချေကြ။"

ပြောသာပြောရတာ မစွန်မကလည်း ဘထွန်းတို့လူစုကို ကြောက်တယ်ရယ်။ မူးမူးနဲ့ အတင်းဝင်ရိုက်ရင် ဂတ်ရောက်၊ အချုပ်ရောက်ကြမှာဆိုတော့ ပြဿနာက တသီကြီးတက်တော့မယ်။ သည်လိုဆိုတော့လည်း အကျည်းတန်ဖို့ ရှိတော့မှာကိုး။ ဘထွန်းတို့ကိုလည်း တစ်ဖက်ကထိန်း၊ အေးသီကိုလည်း တစ်ဖက်က ငေါက်၊ ရွာလည်းကျေနပ်အောင်ချော့ လုပ်နေရရှာတယ်။ ရွာထဲမှာ စကားတွေ ကကားနေလောက်ပြီ။ မြို့ကောင် နဲ့ကြိုက်တာ….. ဟိုဒင်းဟိုဟာတောင်ဖြစ်နေပြီလားမှ မသိတာမို့၊ ရွာလွန် ရွက်တိုက် လုပ်မှတော့ သည်ဟာမ ခံရတာတောင် နည်းသေးတို့၊ မြို့သားမက် တော့ ရက်စက် လို့ ကောင်းတာ ကိုးအေ့တို့ ဖြစ်နေလောက်ပြီဆိုတာလည်း မစွန်မသိတယ်။ ကောင်းသူတွေရှိသလို မကောင်းပြောချင်တဲ့ လူတွေလည်း ရှိမှာပေါ့။ ခုနစ်အိမ် စုန်တစ်ယောက်ဆိုတာလို လူ့စိတ်ပြောဖြစ်တာ မှတ်လို့။ အေးသီ ကလည်း ဒါတွေတွေးမိပါတယ်။ သူ့အပေါ် တလွဲ တွေးနေကြပြီလားလို့ တွေမိလေ စိတ်မကောင်း ဖြစ်ရလေ။

"ငါ့ကို ရွာက တလွဲထင်နေကြပြီနဲ့ တူပါရဲ့ မြစိန်ရယ်….ငါတော့ဖြင့် ယင်းချေးတစ်ပြောက် မစွန်းခဲ့ရ ပါဘူး။ ကိုကြိုင် က လူရိုးလူအေးပါ။ တစ်ခုခု ဖြစ်နေလို့သာ…."
"ကားများ မှောက်ရော့လားအေ"
"ဖွဟဲ့ တောစကားတောပျောက် ညည်းပြောမှ ပိုဆိုးတော့…"
"သြော်…ငါက သဘောပြောတာပါ ဗွေးတုတ်ရယ်"
အေးသီ ကို အားပေးနေကြတဲ့ သူငယ်ချင်းမတွေကလည်း ကပေါက်တိ ကပေါက်ချာ။

"အဲသလိုတော့ ဟုတ်ဟန်မတူပါဘူး။ ကားဘီတွေ ဘာတွေ လမ်းခုလတ်ပေါက်ပြုနေတာ ဖြစ်မှာပါ။ ငါကတော့ အေ မျက်စိ ထဲ လာလိမ့်မယ်ချည်း မြင်နေတာပဲါ"
မျက်စိထဲမြင်တယ်လို့သာ ပြောရတာ။ ကားမပြောနဲ့ ဖုန်ထတာတောင် မတွေ့ရဘူး၊ ကိုကြိုင်ရယ် လာပါတော့ လို့ ဆုတောင်းရုံကလွဲလို့ တခြားလည်း ဘာမှမတက်နိုင်ဘူး။ အေးသီ သူငယ်ချင်း မြစိန် က လမ်းတစ်ဝက်လောက် လိုက်ကြည့်မလား မေးပါသေးတယ်။ ထ လိုက်သွားလို့မတွေ့မှ အမေပိုဆဲ စရာ ဖြစ်တော့မယ်။ လာရင် ရောက်ကြမယ့်အတူတူတော့ အိမ်ကပဲ စောင့်ရုံရှိတာပဲ မဟုတ်လား။ မလာချင် တော့လည်း နေပေါ့။ သည်ဘ၀ သည်မှသာပေါ့။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၂၁)

(၂၂)

ညနေငါးနာရီ ရုပ်မြင်သံကြားသတင်းတွေ အရှေ့အလယ်ပိုင်းပြဿနာ၊ မော်တော်ကားစက်ရုံ အလုပ် သမား များက သပိတ်သံ ပေးနေသည့် သတင်းနှင့် ငွေဖောင်းကြွမှု သတင်းများကို သဘောလောက်သာ ပြောသွားသည်။
သတင်းကြေညာချိန် နာရီဝက်နီးပါးကို အဲလ်ဒရက်ခ်ျ၏ ကလေးနှစ်ယောက် ပျောက်ဆုံးမှုသတင်း ကချည်း နေရာယူ သွားလေသည်။
နန်စီနှင့် ကားလ်ဟာမွန်တို့၏ ကလေးနှစ်ယောက် ပျောက်ဆုံးသွားပြီး အလောင်းပြန်တွေ့သည့် အကြောင်း၊ ထိုအမှုကို စစ်ဆေးခဲ့သည့် အကြောင်းများကို နောက်ခံသတင်းအဖြစ်ပြန်လည် ဖော်ပြ သည်။ ထိုစဉ်က သတင်းစာများတွင် ပါရှိခဲ့သောဓာတ်ပုံများကိုပါ ပြန်လည်ထုတ်လွင့်ပေးလေသည်။

ထိုနေ့မနက် ထုတ် ကိပ်ကော့ ကွန်မြူနီတီ သတင်းစာပါဆောင်းပါးနှင့် ဓာတ်ပုံသုံးပုံကိုလည်း ပြန်လည် ထုတ်လွင့် ပေးသည်။
အထူးသဖြင့် ရော့လဂ္ဂလာနှင့် ပါမောက္ခ ကားလ်ဟာမွန် တို့၏ ဓာတ်ပုံကိုအသားပေး ဖော်ပြပေး သည်။
နန်စီဟာမွန်သည်သူ၏ သားနှင့်သမီးကို သေစေလိုသော စိတ်ဆန္ဒဖြင့် သတ်ပစ်ခြင်း ဖြစ်ကြောင်း ထင်ရှား ပေါ်ပေါက်သည် ဟု စီရင်ချက်ချအပြီး စန်ဖရန်စစ္စကို တရားရုံးထဲမှာ ရော့လဂ္ဂဘာနှင့် ကားလ်ဟာမွန် တို့ ထွက် လာကြသည့်ပုံ ဖြစ်လေသည်။

ထိုဓာတ်ပုံကို ဖော်ပြနေဆဲအချိန်တွင် သတင်းကြေညာသူက အရေးတကြီး တက်သုတ်နှင်ြ်ပီး ပြောနေ သည်။
ရော့လဂ္ဂလာ ကို ဒီနေ့မနက်က အဲလ်ဒရက်ခ်ျ အိမ်အနီးတစ်ဝိုက်မှာ တွေ့လိုက်ရတာ သေချာပါ တယ်၊ ဒါကြောင့် အခု ဓာတ်ပုံထဲ မှာ ဖော်ပြထားတဲ့လူကို တွေ့ရင်ဖုန်းနံပါတ် ကေအယ်လ်-ငါးသုံး သုညသုညကို ချက်ချင်း ဆက်ပြီး အကြောင်းကြားဖို့ မေတ္တာရပ်ခံပါတယ်၊ အဲလ်ဒရက်ခ်ျရဲ့ သားနဲ့ သမီးတို့ရဲ့ ကံကြမ္မာ ဟာ ဘယ်လိုမှ မတွေးတတ်အောင် ဖြစ်နေပါတယ်၊ ကလေးတွေ ပျောက်ဆုံးသွား ရာမှ ပါဝင် ပတ်သက်နိုင် တယ် လို့ တစ်စုံတစ်ယေက်ကို မသင်္ကာရင်လဲ အရေးကြီးသည် ဖြစ်စေ၊ မကြီးသည်ဖြစ်စေ ဖုန်းနံပါတ် ကေအယ်လ်-ငါးသုံးသုညသုည ကို ချက်ချင်းဆက်ပြီး အကြောင်း ကြားစေလိုပါတယ်၊ ကလေးနှစ်ယောက် ရဲ့ အသက်ကို ကယ်ဆယ်လို့ လူတိုင်းမှာ တာဝန်ရှိပါ တယ်၊ သတင်းပို့ရမယ့် တယ်လီဖုန်း နံပါတ်ကို ထပ်ပြီး ကြေညာပါဦးမယ်၊ ကေအယ်လ်-ငါးသုံးသုည သုည….
မုန်တိုင်း ကြောင့် မီးများ ပြတ်သွားသဖြင့် ၀စ်ဂင် တို့ လင်မယားသည် ဆိုင်စောစောပိတ်ပြီး အိမ် ပြန်လာ ကြသည်။ အိမ်အရောက် ဘက်ထရီ နှင့် ဖွင့်သည့်ရုပ်မြင်သံကြား ကို ဖွင့်လိုက်သောအခါ ရော့လဂ္ဂလာ အကြောင်း သတင်းကြေညာနေသည် နှင့် အလောတော်ဖြစ်ကာ အစအဆုံးကြား လိုက်ရသည်။

"အဲဒီလူကို မြင်ဖူးသလိုလိုပဲ"
မစ္စက်ဝစ်ဂင်က ရုပ်မြင်သံကြားကို ကြည့်နေရာမှ ပြောသည်။
"မင်း မမြင်ဖူးတာ ဘာရှိသလဲ"
သူ့ယောက်ျား က လှမ်းနောက်သည်။
"မနောက်ပါနဲ့၊ ကျွန်မတကယ်ပြောနေတာ၊ သူ့ရှေ့ကိုကိုင်းနေပုံမျိုး မြင်ဖူးတယ်၊ တစ်ခြားဘာကို မှ မကြည့်ဘူးလေ၊ အဲဒီလိုပုံမျိုး ကို ကျွန်မမြင်ဖူးသလိုထင်နေတယ်"
ဂျက်ဝစ်ဂင် က သူ့မိန်းမကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။

"ဒီကောင်လေးဟာ ကောင်မလေးတွေ သမင်လည်ပြန်ကြည့်ရတဲ့ ကောင်လေးလို့ ငါကအခုပဲ စဉ်းစား ကြည့် နေတာ"
"ကောင်လေးလား အို….ရှင်က ကောင်လေးကိုပြောနေတာလလား ကျွန်မက တခြားတစ်ယောက် အကြောင်း ပြောနေတာ၊ ပါမောက္ခ ဆိုတဲ့ လူအကြောင်း ပြောနေတာ"
ဝစ်ဂင် က သူ့မိန်းမကို အကဲခတ်ကြည့်သည်။
"ဒါကြောင့်မို့လို့ မိန်းမတွေဟာ ဘယ်တော့မှ သက်သေကောင်းမဖြစ်နိုင်ဘူး၊ တရားရုံးမှာ ဂျူရီ အဖွဲ့ဝင် အဖြစ်နဲ့ လဲ မခန့်သင့်ဘူးလို့ ငါအမြဲတမ်း ပြောပြောနေတာပေါ့၊ ဘာကြောင့်လဲ ဆိုတော့ မိန်းမတွေဟာ မှန်မှန် ကန်ကန် စဉ်းစားနိုင်တဲ့ ဦးနှောက်မှမရှိဘဲ၊ ပါမောက္ခ ကားလ်ဟာမွန် အကြောင်း ဘယ်သူမှ ပြောနေကြတာ မဟုတ်ဘူး၊ သူ့ကိုယ်သူသတ်သေသွားပြီးပြီ အခုလူတွေ ပြောနေကြတာက ရော့လဂ္ဂလာ အကြောင်း" မစ္စက်ဝစ်ဂင် က နှုတ်ခမ်းကိုက်သည်။

"သြ..ဒီင်္လိုလား၊ ဟုတ်ပါတယ်တော်၊ ဟုတ်ပါတယ်၊ ရှင်ပဲမှန်ပါတယ်၊ ဟုတ်တယ်၊ ရှင်ပဲအတွေး အခေါ် ကောင်း ပါတယ်"
သူ့ယောက်ျားက ထိုရာမှ လေးလေးပင်ပင်ကြီးထသည်။
ညစာဘယ်အချိန် စားရမလဲ
သူ့မိန်းမကိုလှမ်းမကြည့်ဘဲ မေးသည်။
"မကြာပါဘူး၊ ကျက်တော့မှာပါ၊ မိုက်ကယ်နဲ့ မစ်စီအကြောင်းကြားနေရတာ စိတ်မချမ်းသာတာနဲ့ ထမင်း တောင် စားချင်စိတ် မရှိတော့ဘူးဆို၊ ကလေးတွေကို ရှင်က ကယ်ချင်တယ်ဆို၊ ဒီကြားထဲမှာ ရှင်က ထမင်းဆာ နေသေးသလား၊ စားချင်စိတ် သောက်ချင်စိတ် ရှိနေသေးသလား"
သူ့မိန်းမ က သူ့ကိုငေါ့တော့တော့ ပြန်ပြောသည်။

သူက ဘာမှမပြောဘဲ ရေငုံနေလိုက်သည်။
"နန်စီအဲလ်ဒရက်ခ်ျ အကြောင်းဘယ်သူတွေ ဘာပြောပြော ကျွန်မတော့ ဂရုမစိုက်ပါဘူး၊ ကျွန်မ ဆိုင်ကို သူအမြဲ လာနေကျတော့ မဟုတ်ပါဘူး၊ တစ်ခါတလေမှ လာတာပါ၊ ဒါပေမယ့် သူ့ကို ကျွန်မ သဘောကျ တယ်၊ သူလာတိုင်း ကလေးတွေပါလာတယ်၊ သူနဲ့ကလေးတွေကို ကြည့်နေ ရတာကျွန်မဖြင့် အရမ်း စိတ်ချမ်းသာ တာပဲ၊ ကလေးတွေကို သူဆက်ဆံတာ သိပ်ကြင်နာတာပဲ၊ အဲဒါကိုကြည့်ပြီး အရမ်းလေးစား စရာ ကောင်းတယ်၊ ကလေးတွေအတွက် စိတ်အနှောက်အယှက် ဖြစ်တယ်ဆိုတာမျိုး ဘယ်တော့မှ မတွေ့ ရဘူး၊ သူတို့လိုငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးရတဲ့ အခြားမိန်းကလေးတွေဆိုရင် သားသမီးအပေါ်မှာ စိတ်မရှည် တာနဲ့၊ လူကြားထဲမှာ မနေတတ်သ လို ရှက်ကိုးရှက်ကန်းဖြစ်နေရတာနဲ့၊ ကျွန်မဖြင့် ကြည့်လို့ကို မရဘူး၊ နန်စီအဲလ်ဒရက်ခ်ျတို့ သားအမိ တစ်တွေကို မြင်လိုက်ရရင် တစ်ခြား အနှောင့် အယှက် ကလေး တွေကိုတောင် ကျွန်မဖြင့် မေ့သွားတော့တာပဲ"
"ဘယ်လို အနှောင်အယှက် တွေများ မင်းမှာရှိနေလို့လဲကွ" ၀စ်ဂစ်က မသင်္ကာသလို မေးသည်။

"အရေးမကြီးပါဘူးလေ"
မစ္စက်ဝစ်ဂင်က နှုတ်ခမ်းကို ကိုက်ထားလိုက်လေသည်။
ယခုနှစ် နွေရာသီတွင် အလစ်သုတ် သမားများ၏ ဒဏ်ကိုသူတို့ဆိုင် အတော်လေးခံခဲ့ရသည်။ ထိုအကြောင်း ကို ၀စ်ဂစ်က မကြားချင်၊ မပြောချင်။
မနက်တုန်းက သူတို့ဆိုင်သို့ မစ္စတာပါးရစ် ဈေးလာဝယ်သည်။ ဘေဘီပေါင်ဒါဘူးကြီး တစ်ဘူးကို အလစ်သုတ် သွားသည်။ မစ္စက်ဝစ်ဂင် မြင်လိုက်သည်။ သို့သော်လည်း အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ် လိုသောကြောင့် ဘာမှမပြောဘဲ အောင့်ခံလိုက်သည်။
ထိုအကြောင်း သူ့ယောက်ျားကို ပြန်ပြောပြနေလို့ရော ဘာအကြောင်းထူေးတာ့မှာလဲဟု စဉ်းစား နေမိ လေသည်။
(၂၃)

ညနေငါးနာရီ ရုပ်မြင်သံကြား သတင်းလာတော့ ပက်ထရစ်ကီနေတို့ မိသားစု ညစာစားဖို့ စားဖွဲ မှာ ထိုင်ခါစ ဖြစ်သည်။
မိသားစု အားလုံး၏ မျက်လုံးများသည် အခန်းထောင့်ရှိ ရုပ်မြင်သံကြား စက်ပေါ်သို့ ရောက်နေကြ သည်။
တီဗွီဖန်သားပြင်ပေါ် တွင် မိုက်ကယ်နှင့်မစ်စီ တို့၏ ပုံကြီးပြည့်သွားသောအခါ အယ်လင်ကီနေက စိတ်ထိခိုက် စွာဖြင့် ခေါင်းကို ခါယမ်းပစ်လိုက်သည်။ ပြီးတော့ သူ့သမီးကလေးများကို အလိုအလျောက် လှမ်းကြည့် မိလေသည်။

နေးလ်နှင့်ဂျင်မီ….
ဒီယာနှင့်ကစ်….
တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊လေးယောက် သူ့သားသမီးများကို ရေတွက်ကြည့် လိုက်မိသည်။
ပင်လယ်ကမ်းခြေ သို့ သူ့သားသမီးများကို ခေါ်သွားတိုင်း ထိုကဲ့သို့ မကြာခဏ ရေကြည့်လေ့ရှိ သည်။ သူ့ကလေး များကို ဘယ်တော့မှ သူစိတ်မချ။
ဘုရားသခင်၊ အဲလ်ဒရက်ခ်ျရဲ့ကလေး လေးတွေ ဘေးမသီရန်မခ ရှိကြပါစေ။ ဘာမှမဖြစ်ကြပါစေ နဲ့။ ကျေးဇူး ပြုပြီး ဘာမှမဖြစ်ကြပါစေနဲ့။
အယ်လင် က ကျိတ်ပြီးဆုတောင်းလိုက်မိသည်။

အယ်လင် ဘုရားတရားအလွန် ကြည်ညိုသူဖြစ်သည်။ နောက်ပြီးတော့ သားသမီးများနှင့် ပတ်သက်၍ လည်း အပူအပင် သောကကြီးသူ ဖြစ်သည်။
ယခု နန်စီအဲလ်ဒရက်ခ်ျ၏ ကလေးနှစ်ယောက် ပျောက်နေသည်။
နန်စီဘယ်လိုခံစားနေမည်လဲဟု ကိုယ်ချင်းစာပြီး သူတွေကြည့်နေမိသည်။
နောက်ပြီးတော့ မိမိသာ ထိုအဖြစ်မျိုးနှင့် ကြုံတွေ့ရမည်ဆိုပါက ဘယ်လိုဖြစ်သွားမည်နည်း ဟုလည်း စဉ်းစား ကြည့် နေမိပြန်သည်။

သတင်းကြောညာသူက ကိပ်ကော့ကွန်မြူနီတီ သတင်းစာထဲမှာပါသည့် ဆောင်းပါးအကြောင်းကို ပြောပြ နေသည်။ ရဲတပ်ဖွဲ့ဝင်များက ဆောင်းပါးရှင်ကို ဖော်ထုတ်နိုင်ဖို့ အပူတပြင်းကြိုးစား နေကြ ကောင်းလည်း ပြော သွားသည်။
သူ့အသံကို ကြားနေရသော်လည်း အယ်လင်အဖိုက နားထဲမ၀င်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဟာမွန်၏ ကလေး နှစ်ယောက် သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ နန်စီတွင် လုံးဝ အပြစ်မရှိဟု သူ့ဘာသာသူ စိတ်ထဲက ကျိတ်ပြီး အဆုံးအဖြတ် ပေးနေမိသည်။
ဘယ်လို နည်းနှင့်မှ မဖြစ်နိုင် ဆိုသည်ကို ရိုးရိုးကလေး စဉ်းစားကြည့်လျှင်ပင် သိသာနိုင်ပါသည်။

မိမိဝမ်း နှင့် လွယ်ပြီး မွေးထုတ်လိုက်သည့် သားသမီးအရင်းကို မည်သို့သော မိခင်မျိုးကမှ သတ်ရက် နိုင်မည် မဟုတ်ပါ။
ပက်က သူ့ကို ကြည့်နေကြောင်း သတိထားမိသည်။ ပြီးတော့ မိမိဘာစဉ်းစားနေသည်ကို သူသိ ကြောင်း ဖော်ပြ သည့် အနေဖြင့် ပြုံးသည်။ အယ်လင်ကလည်း အားနည်းစွာပြန်ပြုံးပြမိသည်။
တို့အများကြီး ကံကောင်းပါတယ်ကွယ်၊ အများကြီးကံကောင်းပါတယ်ဟု စိတ်ထဲမှ သူတို့ သံပြိုင် ပြောဆို နေကြသည်။
"ဒီလူကြီး တအားဝတာပဲ"
နေးလ် က ရုပ်မြင်သံကြား ကြည့်နေရာမှ မှတ်ချက်ချသည်။

အယ်လင် လန့်သွားသည်။ သားအကြီးဆုံး နေးလ်ကိုလှမ်းကြည့်မိသည်။ နေးလ် ၏ အမူအရာကို အကဲခတ် နေမိသည်။
နေးလ်မှာ အသက်ခုနှစ်ရှိပြီ။ အမေကို အမြဲတမ်း သောကပိုစေသည့်သားဖြစ်သည်။
နေးလ် မှာ အရမ်းအတင့်ရဲသည်။ ထင်ရာလုပ်တတ်သည် လူကောင်ညှက်လွန်းသည်။
"ဒက်ဒီ လဲ အရပ်ရှည်တယ်၊ သားရဲ့ဦးလေးဂျွန်လဲ အရပ်ရှည်သည်၊ ဒါကြောင့် သားကြီးလာရင်လဲ အရပ်ရှည် မှာပါကွယ်"ဟု အားမငယ်အောင် အမြဲတမ်းအားပေးစား ပြောရသည်။
"ဘယ်သူ ၀တာလဲသား"
အယ်လင်က အမှတ်တမဲ့ လှမ်းမေးသည်။ ပြီးတော့ ရုပ်မြင်သံကြားဘက်သို့ ပြန်လှည့်ကြည့် နေလိုက် သည်။

"အဲဒီလူကြီးလေ ရှေ့ဆုံးက လူကြီး၊ အရင်လတုန်းက ကျွန်တော့ကို ပိုက်ဆံ တစ်ဒေါ်လာပေးပြီး စာတိုက် မှာ စာတစ်စောင် သွားယူခိုင်းတာသူပေါ့၊ သူရေးပေးလိုက်တဲ့ စာတိုလေးကို ကျွန်တောပြ တော့ မေမေ တို့က မယုံဘူးလေ၊ မှတ်မိသေးတယ်မဟုတ်လား၊ အဲဒီလူကြီးက ကျွန်တော့်ကို ပိုက်ဆံ ပေးပြီး စာ တစ်စောင် သွားယူခိုင်းလိုက်တာ"
အယ်လင် နှင့် ပက်က ရုပ်မြင်သံကြားကို ပြန်စိုက်ကြည့်သည်။ မှန်သားပြင်ပေါ်တွင် ရော့လဂ္ဂလာနှင့် ကားလ်ဟာမွန် တို့ ပုံကိုပြနေသည်။ သူတို့နှစ်ယောက် ရုံးခန်းထဲမှ ထွက်လာကြခြင်း ဖြစ်ရာ ကားလ်ဟာမွန် က ရှေ့မှဖြစ်ပြီး ရော့လဂ္ဂလာက နောက်မှဖြစ်သည်။

"နေးလ် သားမျက်စိမှားနေလို့ ဖြစ်ပါလိမ့်မယ်၊ အဲဒီလူကြီး သေသွားတာကြာလှပြီ"
နေးလ် ၏ အမူအရာမှ စိတ်ထိခိုက်သွားသည်။
"ဟောကြည့်ပါလား၊ မေမေတို့က ကျွန်တော်တို့ဘယ်တော့မှ မယုံဘူး ပိုက်ဆံတစ်ဒေါ်လာဘယ် က ရလာလဲလို့ မေမေတို့မေးတုန်းကလဲ ကျွန်တော်အမှန်အတိုင်း ပြောခဲ့တယ်၊ ဒါပေမယ့် မေမေ တို့မယုံဘူး၊ အပြင်မှာ ကျွန်တော်မြင်ရတဲ့သူ ကိုယ်လုံးကြီးက အခုထက်ပိုဝသေးတယ်၊ ဆံပင်တွေ လဲပိုပြောင်နေတယ်၊ ဒါပေမယ့် သူ့စတေရင်ဝက်ဂွန်း ကားထဲကနေပြီး အပြင်ကို ခေါင်းပြူထွက် လိုက်တာ ဟောဒီဓာတ်ပုံထဲက လူကြီး အတိုင်းပဲ၊ ကျွန်တော့ကိုပိုက်ဆံပေးခဲ့သူပဲ၊ ကျွန်တော် ဘယ်မေ့ပါ့မလဲ မေမေရ၊ သေသေချာချာ မှတ်မိတာပေါ့"
"သတင်းကြေညာသူက ဆက်ပြောနေသည်။"

"………….ကလေးတွေ ပျောက်ဆုံး သွားရာမှ ပါဝင်ပတ်သတ်နိုင်တယ်လို့၊ တစ်စုံတစ်ယောက်ကို မသင်္ကာ ရင်လဲဖုန်းနံပါတ် ကေအယ် ငါးသုံး သုံညသုံညကို ချက်ချင်း ဆက်ပြီး အကြောင်းကြားစေ လို ပါတယ်…."
ပက် မျက်မှောင်ကုပ်သွားသည်။
"ဒက်ဒီ ဘာဖြစ်လို့ အရူးကြီးလို ဖြစ်သွားတာလဲဟင်"
ငါးနှစ်သား ဒီယာဒါ က မေးသည်။
ပက် က အမူအရာကိုပြင်လိုက်သည်။
"ရုပ်မြင်သံကြားထဲက လူကြီးလိုပေါ့"ဟု နေးလ်က ပြောသည်။

"ဒီကောင်မလွယ်ဘူး"ဟု ပက်က ပြောသည်။
အယ်လင် ကတော့ နေးလ်၏ဆံပင်များကို ဖွပြီး ကိုင်နေသည်။ သားသမီးတွေ မိမိအနားမှာ လုံလုံ ခြုံခြုံ ရှိနေကြသဖြင့် တော်သေးသည်ဟုတွေကာ စိတ်သက်သာရာရမိသည်။
"တီဗွီ ပိတ်လိုက်တော့ နေးလ်"
ပက် က သားအကြီးကို အမိန့်လှမ်းပေးသည်။
"ကလေးတွေ နားထောင် ညစာမစားခင် အဲလ်ဒရက်ခ်ျရဲ့ သားနဲ့သမီး ဘေးမသီရန်မခဘဲ အိမ်ကို ချောချော မောမော ပြန်ရောက်ကြပါစေလို့ ဆုတောင်းကြ"
ထမင်းစားပွဲ မှာ သူတို့မိသားစု ဆုထောင်းကြသည်။

သို့သော် အယ်လင်၏အတွေးကတော့ တစ်နေရာသို့ လွင့်နေသည်။
ပျောက်ဆုံးနေသော ကလေးများနှင့်ပတ်သက်၍ အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ ရရှိ သည့် သတင်း ကို အကြောင်းကြားဖို့ ပြည်သူအမျုားအား မေတ္တာရပ်ခံနေသည်။
စာတိုက် မှ စာတစ်စောင် ရွေးပေးဖို့ နေးလ်ကို ပိုက်ဆံ တစ်ဒေါ်လာပေးပြီး အခိုင်းခံရသည်။
ထိုနေ့ကို အယ်လင် ကောင်းကောင်းမှတ်မိနေသည်။

ဗုဒ္ဓဟူးနေ့-
လွန်ခဲ့သည့် လေးပတ်တိတိက ဗုဒ္ဓဟူးနေ့။
ထိုနေ့က ကျောင်းတွင် မိဘဆရာအသင်း အစည်းအဝေးရှိနေသည်ကတစ်ကြောင်း၊ နေးလ် အိမ်ပြန် နောက်ကျသဖြင့် စိတ်ပူခဲ့ရသည် က တစ်ကြောင်း  ထို့ကြောင့် ထိုနေ့ကို သေသေ ချာချာ မှတ်မိနေခြင်း ဖြစ်သည်။
ရုတ်ရက် တစ်စုံတစ်ခုကို သူသတိရလိုက်သည်။

"နေးလ် စာတိုက်ကိုပြဖို့ အဲဒီလူကြီးက ရေးပေးတဲ့စာတိုလေး သားဆီမှာ ရှိသေးသလားဟင်၊ စာအုပ်ကြား ထဲ ကို ညှပ်လိုက်တာ မေမေတွေ့လိုက်မိတယ် ထင်တယ်"
"ရှိတယ် မေမေ ကျွန်တော်သိမ်းထားတယ်"
အဲဒီစာရွက်လေး သွားယူပေးစမ်းသား၊ သူရေးထားတဲ့ နာမည်ကြည့်ချင်လို့
အယ်လင် က သူ့သားကြီးကို ခိုင်းလိုက်သည်။

ပက်က အယ်လင်ကို အကဲခတ်ကြည့်နေသည်။ နေးလ်ထွက်သွားတော့ အခြားကလေးများ ခေါင်းပေါ် ကျော်ပြီး သူလှမ်းပြောသည်။
"မင်းလုပ်ငန်းကြီးတစ်ခု ကို လုပ်ဦးတော့မယ် ပေါ့လေ"
ထိုစကားကြောင့် အယ်လင်မှာ ရယ်ချင်သွားသည်။ ကလေးများဘက်လှည့်ပြီး၊ "ကေင်းကောင်း စားကြစမ်း မေမေ့ စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားလို့၊ ရဲကိုအကြောင်းကြားရရင် ကောင်းမယ် ထင်ပြီး ပြောတာ၊ စားကြစားကြ" ဟု ရှက်ကိုး ရှက်ကန်း ပြောလိုက်ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

လယ်တွင်းသား စောချစ် ၏ ငယ်ဘဝ (၂၄)

တက္ကသိုလ်မှာ ပညာသင်ရပြီ

မောင်ငြိမ်းချမ်း အလွန်ရောက်ဖူးချင်သော ဆက္ကသိုလ်၊ အလွန်ပညာသင်ချင်သော တက္ကသိုလ်ကို မောင်ငြိမ်းချမ်း ရောက်ရပြီ ပညာသင်ရပြီ။ သူငယ်ချင်းတက်ထွန်းကို ကျေးဇူးတင်မိပါသည်။ သူ့ကြောင့် တက္ကသိုလ် နယ်မြေသို့ ၀ံ့ဝံ့စားစား သွားနိုင်ခဲ့ခြင်းဖြစ်သည်။
တက္ကသိုလ် သွားသောအခါ အားနာ၍ ငွေမတောင်းခဲ့။ ကိုယ်မှာရှိသော ငွေကလေးနှင့်သာ ထွင်လာခဲ့သည်။ သို့သော် သူကမနေ။ မန္တလေးက တက္ကသိုလ်သို့ ဆိုင်ကယ်ဖြင့် လိုက်လာသည်။ မောင်ငြိမ်းချမ်းကို တွေ့သည် နှင့် သူ့ထုံးစံအတိုင် ပြောပုံကကြမ်းသည်။ “ဟေ့ကောင်... သောက်သုံးမကျတဲ့ကောင်... ’’ ကျောင်းသွားတာ ပိုက်ဆံလဲ မယူဘူး။  ဘာနဲ့စားမှာလဲ မင်းကဘယ်လောက် ချမ်းသာလို့လဲ”

ငွေတစ်ရာထုပ်ပေးသွားသည်။ တစ်လစာပြည့်စုံသွားပါပြီ။ သူငယ်ချင်း၏ ကျေးဇူးကြောင့်မပူမပင် ပညာသင် ရသည်။
ကျောင်းဖွင့်သည် နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ဘာသာရပ်အလိုက် ကြိုဆိုမိတ်ဆက်ပွဲများ တက်ရ သည်။ ဖြူနီညိုပြာရောင်စုံ ဖြာသော အလှပန်းတို့ ပွင့်လန်းရာ တက္ကသိုလ်မှာ မြင်မြင်သမျှ အကုန် လှနေသည်။ မိန်းကလေး ယောက်ျားလေး အားလုံးမှာ သွားကြလာကြလှုပ်ရှားကြ ပျော်ရွှင် လန်းဆန်း နေကြသည်။

တက္ကသိုလ်ကျောင်းသူ နုပျိုစိုလန်းသော ရောင်စုံပန်းများကို ကြည့်ပြီး မပန်ရသော်လည်း အလှသည် မြိုင်ယံ က၊ ခိုင်ညှာတံငုံ အဖူးတွေနဲ့  ကြည့်၏ ကဗျာကို မောင်ငြိမ်းချမ်းသတိရမိသည်။
ခမ်းနားထည်ဝါသော တိုင်လုံးကြီးများနှင့် အဓိပတိ အဆောင်အအုံကြီးမှာ ငေးမောအံ့သြစရာ။ ထို အဆောက် အဦးကြီးပေါ်သို့ လှေကားကျယ်ကြီး ၀င်ပေါက်တဲခါးကြီး အတွင်းသို့ ၀င်ရောင် ပျောက်ကွယ် သွားကြသည်း။

ကိုယ်အဓိကယူသော မြန်မာစာဌာနသည် ရောဇတ်ခန်းမအပေါ်ထပ်မှရှိ၏။ ပြူ၊ မွန်၊ မြန်မာ၊ ပါဋိ ဘာသာ သည်လေးမျိုး ပါသော မြစေတီ ကျောက်စာတိုင်နှင့် တကွ ရှေးဟောင်းပစ္စည်း များစွာလှပစွာပြထားသော ပြတိုက်ကြီး ရှိသည်။ ခမ်းခမ်းနားနားရှိလှသေည ကိုယ်ဌာနကိုယ် သဘောကျမိသည်။
စာသင်ချိန် တွင် ဘာသာရပ် အလိုက် တစ်တန်းပြီးတစ်တန်း အပြေးအလွှား ပြောင်းကြရသည် က ပျော်စရာ။ ပညာသင်ရသည်ကလည်း စိတ်ဝင်စားစရာ။ မောင်ငြိမ်းချမ်း အသက်ကြီး မှ ကျောင်းပြန် တက် ရခြင်းဖြစသည်။ ကျောင်းကျက်မခံနိုင်။ နေ့စဥ့်ကျောင်းမှန်မှန်တက်သည်။ “ကျောင်းမှန်မှန်တင်စာမခက်’’ ဆိုသည်မှာ တက္ကသိုလ် အထိ မှန်ပါသည်။

ကျောင်းတက်စဉ် ဆရာဆရာမများရှင်း လင်းသင်ကြားသည်ကို နားထောင်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းသည်။ မှတ်စုလိုင်၍ ရေးမှတ်ခြင်းဖြင့် နားလည်ရုံမက မှန်မိရသည်။ ညမှာ တစ်ခေါက် ပြန်ကြည့်သည် လိုအပမသည်ထင်လျှင် အချောမှတ်စုပြန်ရေးသည်။ တစ်နေ့စာ တစ်နေ့ပြီးသည်။ ဘာမျှ ကြာသည် မဟုတ် ခဏသာဖြစ်သည်။
တစ်လခန့် ကြားသောအခါ သူငယ်ချင်းအပေါင်းအသင်းတွေရလာသည်။ အဓိက မြန်မာစာ ဘာသာ အလိုက် ဘော်လီဘောပြိုင်ပွဲများ ကျင်းပသောအခါ မြန်မာစာ အသင်းမှ မောင်ငြိမ်းချမ်းပါရသည်။ မြန်မာစာ အဓိက အမျိုးသား အသင်း ပထမဒိုင်းဆုရ၍ အမျိုးသမီးအသင်း ဒုတိယဆုရသည်။ မောင်ငြိမ်းချမ်း တက္ကသိုလ် ဘောလီဘောလက်ရွေးစင် အရွေးခံရသည်။

 သိမ်ငယ်စိတ်အားငယ်စိတ်များနှင့် တလွမ်းလွမ်းဆွေးဆွေး ငေးငေးငိုင်ငိုင်ရှိနေခဲ့သော မောင်ငြိမ်းချမ်းဘ၀ နေ့ချင်း ညချင်းပြောင်းလဲသွားခဲ့လေပြီ။ တက္ကသိုလ်ကျောင်းသားဘ၀ရောက် သည်နှင့် အဖုံူးအကွယ်။ အနှောင်အဖွဲ့ တို့ဖွင့်ပေးခံရသလို ပွင့်လင်းလာခဲ့သည်။ အောင်မြင်တင့်တယ် ဖြစ်လာခဲ့ရသည်။
ပညာရေးစနစ်အသစ်အရ တစ်နှစ်မှာ စာမေးပွဲလေးဖြေရမည်။ ကောင်းပါသည်။ တစ်နှစ်သင်သော စာများကို တစ်ခါတည်း ပေါင်း၍ ဖြေရခြင်းမဟုတ်။ အပိုင်းလိုက်ပြီးသမျှ ဖြေသွားရမည်ဖြစ်သည်။ စိတ်လေ နေစရာ အကြောင်းမရှိ။

သင်သောဆရာများကလည်း နာမည်ကြီးပုဂ္ဂိုလ်များဖြစ်၏။ မြန်မာစာပါမောက္ခဆရာကြီး ဦးချမ်းမြ (မြကေတု) ဆရာကြီးဦးဆန်းထွန်း (ဆန်းထွန်း မန်းတက္ကသိုလ်) ဆရာမကြီး ဒေါ်သန်းဆွေ၊ ဆရာအကြီး ဒေါ်ခင်စော ဦးတင်မောင်ဌေး၊ ဒေါ်စီစီဝင်း ဦးဘိုသင်း၊ ဆရာမကြီး ဒေါ်မိမိလေး၊ ဒေါ်လှမြတ်၊ ဆရာဦးထွန်းတင့် တို့ဖြစ်သည်။ ပါဠိဘာသာကို ဆရာမကြီး ဒေါ်အုန်း(အိမ်အေမအုန်း) ကိုယ်တိုင် သင်သည်။ ဆရာကြီး ဦးမြင့်ဆွေ(အမ်အေလန်ဒန်) ဆရာကြီးဦးကို ဆရာမ ဒေါ်ခင်ဝင်းကြည်တို့ သင်ကြ သည်။
နေ့ခင်းမှာ အတန်းပြောင်းလိုက် ကျောင်းတက်လိုက် ညနေခင်းမှာ ဘော်လီဘောရိုက်လိုက် ဘော့လုံး ကန်လိုက်။ ညပိုင်းမှာ စာကြည့်လိုက် အပေါင်းအသင်းမိတ်ဆွေများနှင့် တွေ့ဆုံလိုက် စကားပြောလိုက်။ မောင်ငြိမ်းချမ်း ၏ တက္ကသိုလ်ကျောင်းသားဘ၀မှာ ကြည်နူးစရာ ပျော်စရာ။

နမူနာစံပြအချစ်အိမ်
သူငယ်ချင်း တက်ထွန်း၏ကျေးဇူးကြောင့် တက္ကသိုလ်ပညာသင်ခွင့် ရသကဲ့သို့ အစ်မနှင့် ယောက်ဖဖြစ်သူ မမသိန်း ကိုခင်မောင်ထူး တို့၏ ကျေးဇူးကြောင့်လည်း တက္ကသိုလ်နယ်မြေမှာ အခြေတကျ အေးချမ်းစွာ နေခွင့် ရပါသည်။
ကိုခင်မောင်ထူးကို မောင်ငြိမ်းချမ်းက ချစ်ခင်လေးစားစွာ ကိုထူးဟုခေါ်သည်။ ကိုထူးနှင့် မမသိန်း တို့ ကလည်း အရပ်ခြောက်ပေ ရှိသောမောင်ငြိမ်းချမ်းကို ချစ်ခင်စွာ လူလေးဟုခေါ်ကြသည်။ အသက်အရွယ် ကလည်း လေးနှစ်ငါးနှစ်သာကွာပါသည်။

သူတို့အိမ်နောက်ဘက်မှာ နှစ်ခန်းတွဲတန်းလျားလေးမှာ အုတ်ကျွတ်မိုးအုတ်ကာ အုတ်ခုံအမြင့် ၀ရံတာနှင့်မို့ လုံလုံခြုံခြုံ ရှိသည်။ ပြတင်းပေါက်ပါသည်။ အလင်းရောင်ရသည်။ မောင်ငြိမ်းချမ်း ကုတင်နှင့်စာပွဲ ကုလားထိုင် နှင့် ကျယ်ပြန့်စွာနေနိုင်သည်။ လျှပ်စစ်မီး (၂၄)နာရီရသည်။ ရှေ့မှာ ရေချိုးရန် ရေတိုင်ရှိသည်။ ရေပေါသည်။ နေရသည်မှာ အဆင်ပြေလှ၏။

ကိုထူးနှင့် မမသိန်းတို့နေသည်က အရာရှိနေအိမ် တစ်ထပ်တိုက်ကလေးဖြစ်သည်။ အိပ်ခန်း(၃) ခန်း ဧည့်ခန်း၊ ထမင်းစားခန်းနှင့် ရေချိုးခန်း ပါသည်။ အိမ့်ရှေ့မှာ မြေကွက်ကျယ်ရှိသည်။ (၄)ပေခန့်မြင့်သော မန်ကျဉ်းပင် တန်းလေးရှိသည်။ မန်ကျဉ်းပင်ပေါက်များစုပြုံစိုက်ထား၍ ထိတ်ဖျားကိုထိဖြတ်ထားသည်။ နှစ်ပေခန့် ကျယ်ပြန့်သည်။ မျက်နှာပြင်ညီ မန်းကျဉ်းပင်တန်းလေး က လှပသည်။
မမသိန်း က နှင်းဆီပန်းရောင်စုံ စိုက်ထားသည်။ လှပသောနှင်းဆီပန်းခင်းကြီးဖြစ်သည်။ နေ့စဉ် နှင်းဆီပန်း ရောင်းရသော ငွေကပင် အတော်ကောင်းသည်။ သူတို့နေထိုင်ပုံက အဆင့်မြင့်သည်။ ဧည့်ခန်း အပြင်အဆင် မှာပင် ဧည့်သည် (၁၅)ယောက် ခန့်ဧည့်ခံထားနိုင်သည်။

သူတို့မှာ ဂျစ်ကားလေးလည်းရှိသည်။ လင်မယားနှစ်ယောက် သွားလိုက်လာလိုက်ကြ စားလိုက်ကြ ချစ်ကြခင်ကြ မြင်သူတိုင်း အားကျစရာစံပြ အချစ်အိမ်ကလေးဖြစ်သည်။
ကိုထူး က အရပ် ၅ပေ ၁၁လက်မခန့်ရှိ၍ မျက်လုံးမျက်ခုံးနှာတန် နှုန်ခမ်းအလွန်လှသူဖြစ်သည်။ အရပ်မြင့်မြင့် နှင့် ကိုယ်လုံးကိုယ်ထည်လှသည်။ အလွန်ကြည့်ကောင်းသူ တစ်ယောက်ဖြစ်သည်။ စိတ်ရင်း သဘောထား ကောင်းသူဖြစ်၍ မျက်နှာကအမြဲတစေ ကြည်လင်ရွှင်လန်း နေသည်။ ဥပဓိရုပ်ကို ပို၍ တင့်စေသည်။

မမသိန်း ကလည်း ကိုထူးနှင့် လိုက်ဖက်စွာ ချောမောလှပသူဖြစ်၏။ ကိုထူးနှင့်စာလျှင် အရပ်နိမ့်သည်။ ၅ပေ ၂လက်မသာရှိသည်။ သို့သော်အရပ်နှင့် သူကိုယ်လုံးအချိုးအဆစ်ကျ၏။ အသားအရေက ဖြူစင်ရှင်းသန့် သည်။ မျက်နှာက လှသည်။
သူတို့မှာ သားသမီးမရှိ။ ညားခါစလိုပင် အမြဲတမ်းချစ်ခင်ပျော်ရွှင်နေကြသည်။
ကိုထူးက သိန်းသိန်းရေ သိန်းလေးရေ မိန်းမရေ ချစ်စနိုး အမျိုးမျိုး ခေါ်သလို မမသိန်းကလည်း ကိုထူးရေ ကိုလေးရေ အကိုရ ယောက်ျားရေ အမျိုးမျိုးခေါ်သည်။
သူ့ယောက်ျား ရုံးသွားခါနီးမှာ ခြေထောက်တွင်စီးထားသော ဘိနပ်ကိုဘရပ်ရ်ုနှင့် ပွတ်တိုက် ပေးသည်။

ရပါပြီ....သိန်းလေးရာ
ခဏလေးပါ ကိုလေးရာ
မြင်ရကြားရသည်မှာ ကြည်နူးစရာ
မမသိန်း ရေချိုးနေစဉ် ရေချိုးခန်းအပေါက်မှာ ဘိနပ်ကလေး ကိုင်လျက်ရပ်နေသော ကိုထူးက....
သိန်းလေး ရေ...ရေချိုးတာ ဘိနပ်မေ့သွားတာလား.....ရေချိုးခန်းအပေါက်နားမှာ ချထားခဲ့မယ်နော်.
“သြော် ဟုတ်ကဲ့ ကိုထူး ကန်တော့နော်...”
ရေချိုးခန်းထဲ မှ  ပြန်ပြောသံ။

ရုံးပိတ်ရက်နေ့မှ ဧည့်ခန်းတွင်လင်မယားနှစ်ယောက် ခေတ္တခဏ တမှေးတမှိတ်အိပ်နေပုံကို မောင်ငြိမ်းချမ်း မြင်ရသည် က အားကျစရာ။
မမသိန်းက ဧည့်ခန်းထဲရှိ ဆိုဖာဆက်တီနှစ်ယောက်ထိုင်ခုံပေါ်မှာ အိပ်နေသည်။ ကိုထူးက မမသိန်း အိပ်နေသည့် ဆိုဖာအနီး၊ အောက်မှာခင်းထားသော ကော်ဇောပေါ်မှာအိပ်နေသည်။ မိန်းမက အထက်က ဆိုဖာ ပေါ်မှာ။ သို့သော်ကိုထူး၏ ခြေထောက်တစ်ဖက်က မမသိန်း၏ ပေါင်ပေါ်မှာလှမ်းတင်ထားသည်။ မမသိန်း က ထိုခြေထောက်ကို အမြတ်တနိုး ဆုပ်ကိုင်လျက်။
ညနေစာ ကို အိမ်မှာစားတာနည်းသည်။ ရုံးပြန်ရေမိုးချိုးလှပစွာပြင်ဆင်ပြီး ကားလေးနှင့် ထွက်သွား ကြသည်။ မိတ်ဆွေသူငယ်ချင်း များနှင့်စားသောက်ဆိုင်မှာစားသည်။ သို့သော် ကိုထူးက ဘီယာမသောက်၊ အရက် မသောက် သူတို့လင်မယား ကိုယ်ခန္ဓာများမှာလည်း ၀ဖြိုးသည်မရှိ။ ကျစ်လျစ်တင့်တယ်စွာ လှပ်လျက်။

ည (၈)နာရီလောက်ဆို ပြန်လာကြပြီ။
ရုံးပိတ်ရက်များတွင် မိဘများရှိရာ စဥ့်ကိုင်သို့သွားသည်။ မိတ်ဆွေများရှိရာ ကျောက်မီးရွာ ပြင်ဦးလွင်မြို့ စသည် တို့ကို သွားသည်။
မြင်သမျှ လူတိုင်း သဘောကျသည် စံပြဇနီးမောင်နှံဖြစ်ပါ၏။

တက္ကသိုလ် လူရည်ချွန်

နွေဦးပေါက်လာပြီ။ လေပွေလေရူးမှာ ရွက်ဝါလေးတွေကြွေကျပြီ။ သစ္စာလမ်းမှာ ငုစပ်ပန်းတွေပွင့် ကြပြီ။
မန္တတက္ကသိုလ်မှာ ဆိုရိုးစကားတစ်ခုရှိ၏။ “ရှမ်းရိုးမ က မီးတွေလောင် အမောင်စာကျက်တော့” ၍ဖြစ်သည်။
ညမှောင် လျှင် အရှေ့ဘက်မှ ရှမ်းတောင်တန်းမှာ မီးစောင်းတန်းများကို တွေ့နေရပြီ။ မှန်ပါသည်။  နှစ်ဝက် စာမေးပွဲကြီးနီးလာပြီ။ မေမာင်ငြိမ်းချမ်း ကျောင်းမှန်မှန်တက်၍ စာမှန်မှန်ကျက်ခဲ့သူ ဖြစ်သည်။ သို့သော် မေးနိုင် သည့် မေးခွန်းများထုတ်ပြီး အဖြေများ အဆင်သင့်ရေးထားချင်သည်။ ကိုယ့်အဖြေ ကိုယ် ကျက်ထားလျှင် အကောင်းဆုံးဖြစ်မည်။ မောင်ငြိမ်းချမ်း အမေးအဖြေများ ရေးပါသည်။

“ဟေး.....လူရည်ချွန်ကြီး”
“လူရည်ချွန်ကြီးနေပါအုံး...”
“ခင်ဗျာ.....လူရည်ချွန်မဏာမ စာရင်း မှာ ပါတယ်.... မသိဘူးလား...”
“မသိဘူး.....”
ကိုမောင်မောင် နှင့် ကိုခင်အောင်က အဓိပတိဆောင်မှာ ကပ်ထားကြောင်း ပြော၍သွားကြည့်သည်။ ဟုတ်ပါသည်။ ၀ိဇ္ဇာဘာသာတွဲမှ ခုံအမှတ် (၁) များကိုလူရည်ချွန်ပဏာမရွေးထားခြင်းဖြစ်သည်။ (၇)ဦး ဖြစ်သည်။ ပြင်ဆင်ချိန် (၃)ရက်သာရသည်။
မောင်ငြိမ်းချမ်း စာကြည့်တိုက်သို့ပြေးရပြီ။ လူရည်ချွန်နှင့် ဆိုင်ရာသိသင့်သည်တို့ကို ကြည့်ရသည်။ စာမေးပွဲ အတွက်လည်း စာကြည့်ရသည်။ စာမေးပွဲကလည်း နီးနေပြီ။

လူရည်ချွန်အင်တာဗျူးကို တက္ကသိုလ်ပါမောက္ခချုပ် ရုံးခန်းမှာသွားဖြေ ရသည်။ ပါမောက္ခချုပ် ပါမောက္ခများ၊ အဆောင်မှူးးများနှင့် အာကစားမှူးများ ပါဝင်သည်။
မောင်ငြိမ်းချမ်း ကောင်းစွာဖြေနိုင်ပါသည်။ တက္ကသိုလ်ဘော်လီဘော လက်ရွေးစင်ဖြစ်၍ အားကစား အမှတ် ကလည်း (၁၀)မှတ်အပြည့်ရသည်။ နောက်(၂)ရက်တွင် ပဓိပတိအဆောင်မှာ အရွေးခံရသူ များ၏ အမည်စာရင်း ကပ်ထားသည်။ ပထမနှစ်မှ စတုတ္ထနှစ်အထိ တစ်တန်းလျှင် တစ်ဦးဝိဇ္ဇာ ဘာသာတွဲမှ (၄)ဦး သိပ္ပံဘာသာတွဲ မှ (၄)ဦး (၈)ဦးအရွေးခံရသည်။ သည့်အထဲမှာ မောင်ငြိမ်းချမ်း ပါဝင်ပါသည်။ တက္ကသိုလ် လူရည်ချွန် အရွေးခံရပြီဖြစ်ပါသည်။

“သြော်.....”
မောင်ငြိမ်းချမ်း စဉ်းစားမိပါသည်။
ပဉ္စမတန်းမှစ၍ လပတ်အစမ်းစာမေးပွဲများ ဖြေခဲ့ရာ တစ်ခါမျှမအောင်ခဲ့။ လူ(၆၀)ရှိသော အတန်းတွင် အဆင့် (၄၀)နောက်မှာရှိခဲ့သည်။ သိပ်ငယ်စိတ်အားငယ်စိတ်များနှင့် မိမိကိုယ်ကို ညံ့သည်ထင်ပြီး ညံ့ နေခဲ့ပါ၏။ ပထမ ဒုတိယဆိုသည်ကို စိတ်ပင်မကူးခဲ့။ မရသည်မှာ ဘာမျှအံသြ စရာမရှိ။ သူငယ်ချင်း ကိုသောင်းတင် ပေးသော ပီမိုးနင်း၏ စာအုပ်တစ်ထပ်ကို ဖတ်ပြီးသောအခါ သိမ်ငယ်စိတ်များကို အောင်စိတ် ဖြင့်အစားထိုးခဲ့သည်။ တံခါးတို့ကိုခေါက်ပါ။ ခေါက်သောသူ တို့အတွက် တံခါးတို့သည် ပွင့်လိမ့် မည် ဟုဆို၏။ မောင်ငြိမ်းချမ်း ပို၍ခိုင်မာစွာ ယုံကြည်မိပါ၏။
အောင်မြင်ခြင်း တံခါးများကို ရိုးရိုးသားသား ကြိုးကြိုးစားစား ဆက်၍ ခေါ်နေရမည်ဟု နားလည် လိုက်ပါသည်။

တိုက်တိုက်ဆိုင်ဆိုင်ဆုံဆည်းခြင်း

လူရည်ချွန်အရွေးခံရသူများ နောက်တစ်နေ့မနက် (၉)နာရီမှာ မော်ကွန်းထိန်းရုံးခန်းသို့ ဓာတ်ပုံ(၆)ပုံ ပေးပို့ ရမည် မို့ ညနေတွင် မောင်ငြိမ်းချမ်း အမြန်ဓာတ်ပုံဆိုင်သို့ သွားသည်။
မန္တလေးသက္ကသိုလ် အဓိပတိဆောင်ကြီး၏ အလယ်ဝင်းပေါက်မှ ဖြတ်၍ အဓိပတိလမ်းကြီးဆီသို့ လျှောက် လာခဲ့သည်။
လမ်းမကြီးပေါ်သို့ ရောက်သည်နှင့် ရွှေမန်းဆောင်ရှေ့ တမာတန်းလမ်းလေးအတိုင်း လျှောက်လာနေသော သူငယ်ချင်း ကိုသောင်းတင် ကို တွေ့ရသည်။
“သူငယ်ချင်း ဘယ်သွားမလို့လဲ..”
မောင်ငြိမ်းချမ်း ကမေးလိုက်သည်။

“မင်းကရော ဘယ်သွားမလို့လဲ...”
သူကမဖြေဘဲ တူညီစွာပြန်မေးသည်။
“ရှေ့နားတင်ပါ”
နှစ်ယောက်အတူလျှောက်လာခဲ့ကြသည်။ စကားမပြောဖြစ်ကြ။ အတော်လေးလျှောက်မိတော့ ရေနီမြောင်း ကို ရောက်လာသည်။
“မင်းဘယ်အထိသွားမှာလဲ”
ကိုသောင်းတင် ကမေးသည်။

“ရှေ့နားက ဓာတ်ပုံဆိုင် ....”မင်းရောဘယ်အထိသွားမှာလဲ.... ။
ငါလဲရှေ့နားက ဓာတ်ပုံဆိုင်...
မောင်ငြိမ်းချမ်း က ထပ်မေးသည်။
မင်းရောဘာလုပ်မလို့လဲ....။
“ငါလူရည်ချွန် အရွေးခံရလို့ ဓာတ်ပုံရိုက်မှာ မင်းရော ဘာလုပ်မလို့ဓာတ်ပုံရိုက်မှာလဲ....”
“ငါလဲ အတူတူပဲ လူရည်ချွန်အရွေးခံရလို့ ဓာတ်ပုံရိုက်မှာ......”
“ဟာကွာ......”
နှစ်ယောက်သား ၀မ်းသာပျော်ရွှင်ဖြစ်သွားကြသည်။

သူမရ ဘဲ ကိုယ်ရလျှင် ကြွားမိသလိုဖြစ်မှာစိုး၍ ထိန်းသိမ်းပြောရင်း အပြန်အလှန်မေးနေကြခြင်း ဖြစ်၏။ ကိုသောင်းတင် စိုက်ပျိုးရေး တက္ကသိုလ်မှာ အရွေးခံရခြင်းဖြစ်သည်။ ထိုအချိန်က စိုက်ပျိုးရေး တက္ကသိုလ် သည် မန္တလးတက္ကသိုလ် နှင့် နီးကပ်စွာ အတူတကွ ယှဉ်တွဲလျက်ရှိနေ၏။ နှစ်ယောက်စလုံး လူရည်ချွန် အရွေးခံရကြောင်း သိမှ ဓာတ်ပုံအတူ ရိုက်ပြီးပြန်လာခဲ့ကြသည်။
အံသြစရာ ပုံပြင်ဆန်စွာ ဆုံမိကြသော သူငယ်ချင်းနှစ်ယောက်အဖြစ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၃၂)

ပြင်ဦးလွင် စိန်ပန်းပင်ရိပ်အောက်က အေးသုခမှာ ဆရာဦးသုခ၊ ဆရာဇ၀န၊
လူထုဦးလှ၊ လူထုဒေါ်အမာတို့ လေးဦး
အောင်ချစ်(ပြင်ဦးလွင်)

လွန်ခဲ့တဲ့ (၂၇)နှစ်လောက်က ဦးလေး(လူထုဦးလှ)၊ ဒေါ်ဒေါ် (လူထုဒေါ်အမာ)၊ ဆရာဦးသုခ၊ ဆရာဇ၀န တို့ လေးဦး ပြင်ဦးလွင် မှာ (၁၀)ရက်ကျော်ခန့် အတူတကွ လာရောက် အနားယူခဲ့ဖူးကြပါတယ်။ ဒီလို ပုဂ္ဂိုလ်ကြီး လေးဦး အတူတကွ အနားယူ နေထိုင်သွားခဲ့တဲ့ အိမ်ကတော့ "အေးသုခ" လို့ အမည်ပေးထားတဲ့ တစ်ထပ်တိုက် အိမ်ကလေးပါ။ အဲဒီအိမ်ဟာ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃)၊ အောင်ဇေယျလမ်း၊ ဟော်ကုန်းရပ် မှာ ရှိပါတယ်။ အိမ်နံပါတ်ကတော့ (၄၄၀)၊ အိမ်ရှင်က မန္တလေးမြို့ ပဲလှော်ချောင်က ပွဲစားကြီး ဦးကွန်းစိန်ရဲ့ အိမ်ပါ။ သူအမြဲနေထိုင်ဖို့ ဆောက်ထားတဲ့အိမ် မဟုတ်ပါဘူး။ နွေရာသီအခါ မန္တလေး မှာ ပူပြင်းလာရင် ပြင်ဦးလွင်ရဲ့ အေးမြတဲ့အရိပ် အာဝါသအောက်မှာ လာအနားယူဖို့ မိတ်ဆွေ အပေါင်းအသင်း များ နေဖို့ ဆောက်ထားတဲ့အိမ်ပါ။

"အေးသုခ" အိမ်ရှေ့မှာ အောင်ဇေယျလမ်းကြီး ရှိပါတယ်။ လမ်းမကြီးရဲ့ ဘေးဝဲယာ တစ်ဖက်တစ်ချက်မှာ နှစ်ပေါင်းများစွာ ကတည်းက စိုက်ပျိုးထားတဲ့ စိန်ပန်းပင်ကြီးများ စီကာရီကာ ဖွံ့ဖြိုးနေတာကို တွေ့ရ ပါတယ်။ မေလမှာ နီရဲနေတဲ့ စိန်ပန်းတွေ ဝေေ၀ဆာဆာ ပွင့်ပါတယ်။ "အေးသုခ"ကို စိန်ပန်းပင်ရိပ်က လွှမ်းမိုးထား ပါတယ်။ စိန်ပန်းပွင့်တွေဟာ "အေးသုခ"ရဲ့ ခြံအ၀င်ပေါက်နဲ့ အိမ်ရှေ့လမ်းမပေါ်မှာ ရဲနေအောင် ကြွေကျ ပြန့်ကျဲနေတဲ့အတွက် စိန်ပန်းခင်းထားတဲ့လမ်းကို ဖြစ်နေတော့တာပါပဲ။

၁၉၈၂ခုနှစ်၊ မေလ(၁၇)ရက် တနင်္လာနေ့မှာ ဦးလေး၊ ဒေါ်ဒေါ်နဲ့ ဆရာဇ၀နတို့အပြင် ဦးလေးနဲ့ ဒေါ်ဒေါ် တို့ရဲ့ သား ကိုငြိမ်းချမ်းရဲ့ဇနီး မတင်တင်ဝင်းနဲ့ သမီးကလေး လင်းလင်းမွန် (ဒီအမည်ကို အဘိုးဖြစ်သူ ဦးလေး ကိုယ်တိုင် ပေးခဲ့တာပါ)တို့ ပြင်ဦးလွင်ကို ရောက်လာကြပါတယ်။
မေလ(၁၈)ရက် အင်္ဂါနေ့မှာတော့ ဆရာဦးသုခ ရောက်လာပါတယ်။ "အေးသုခ"မှာ သူတို့လေးဦးသား ဆုံမိ ကြပြီပေါ့။ ဧပြီလနဲ့ မေလဆိုရင် ပြင်ဦးလွင်မှာတော့ တစ်မြို့လုံးတစ်နယ်လုံးလိုလို ကောင်းကင်ပေါ်က လေးအေးစက်များ လွှတ်ပေးထားသလိုပါပဲ။ သူတို့တစ်တွေ "အေးသုခ" မှာ နေခဲ့တဲ့ ရက်တွေမှာ ကျွန်တော် ကတော့ သူတို့အတွက် ဝေယျဝစ္စတွေ လုပ်ပေးပါတယ်။ ဒေါ်ဒေါ်ကတော့ မီးဖိုချောင်ထဲကနေပြီး သူတို့ အတွက် ချက်ပြုတ်ကျွေးမွေးပါတယ်။

သူတို့ ပြင်ဦးလွင်မှာ နေခဲ့တဲ့ရက်တွေမှာ နေ့စဉ်နံနက်တိုင်း စောစောအိပ်ယာထပြီး လေကောင်းလေသန့် တွေ တစ်ဝကြီး ရှူကြရင်း လမ်းလျှောက်ကြပါတယ်။ နေ့လယ်နေ့ခင်း အိမ်မှာ စုပြီး ခေတ်အဆက်ဆက် သူတို့တစ်တွေ ဖြတ်သန်းလာခဲ့ရတဲ့ စာပေရေစီးကြောင်းတွေ အကြောင်း၊ မျက်မှောက်ခေတ် မြန်မာစာပေ၊ ကမ္ဘာ့စာပေ အကြောင်းတွကို ရှုထောင့်အမျိုးမျိုးကနေပြီး ဆွေးနွေးတတ်ကြပါတယ်။
မေလ(၂၀)ရက်နေ့ ထင်ပါတယ်။ ငါးမျှားပြီး ပြန်လာတဲ့ လူတစ်ယောက်ဆီက ငါးတစ်ကောင် ကို လမ်းက ဖြတ်ဝယ်ပြီး ဒေါ်ဒေါ့်ဆီ ယူလာခဲ့ပါတယ်။ ငါးကြင်းကတော့ တစ်ပိဿာကျော်ကျော်လောက် ရှိမယ် ထင်ပါ တယ်။

"ဒေါ်ဒေါ်ရေ၊ ဟောဒီမှာ ငါးကြင်းကြီးတစ်ကောင်ဗျာ၊ လမ်းမှာတွေ့လို့ ၀ယ်လာခဲ့တယ်။ ကျွန်တော်တို့ တောင်ပေါ်ဒေသ မှာ ငါးဆိုလို့ လတ်လတ်ဆတ်ဆတ် စားရခဲပါတယ်။ ဒီငါးကတော့ ကန်တော်ကြီးထဲက မျှားလို့ ရလာတဲ့ ငါးလို့ သိရပါတယ်"။
ကျွန်တော်က ပြောပြောဆိုဆို ငါးကြီးကို ဒေါ်ဒေါ့်လက်ထဲ ထိုးအပ်လိုက်ပါတယ်။
ဒေါ့်ဒေါ့်လက်ထဲ ငါးထိုးအပ်လိုက်တဲ့အချိန်မှာ အိမ်ရှေ့ဧည့်ခန်းမှာ ဆရာဦးသုခ၊ ဆရာဇ၀နနဲ့ ဦးလေးတို့ ရှိနေကြပါတယ်။
ကျေးဇူးတင်လိုက်တာ ကိုချစ်ဆွေ ရေ၊ ဒီကနေ့ အာမီရမ်နဲ့ ငါးကြင်းကြော် မြည်းရတော့မယ်၊ ဟန်ကျတာပဲ၊ ဒေါ်အမာရေ … ငါးကို ကြွပ်ကြွပ်ရွရွလေး ကြော်ပေးပါ"။
ဆရာဇ၀နက ဒေါ်ဒေါ်ကြားအောင် လှမ်းပြောလိုက်ပါတယ်။

"အရက်ကိုလဲ မသောက်တတ်၊ အရက်ရဲ့ အရသာကို တောင်မှန်းမြောက်မှန်း မသိတဲ့လူက အရက်သမား အမှားတစ်ထောင် လို့ ရေးတာကတော့ စဉ်းစားစရာပဲ ဒေါ်အမာရေ"
လို့ လှမ်းပြီး နောက်ပြောင်စကား ပြောလိုက်ပါသေးတယ်။
"ကောင်းပါပြီရှင်၊ ကောင်းပါပြီ … ရှင့်မလဲ အသက်က ရလာပြီ၊ ခုချိန်ထိ အရက်ကို ကြိုက်တုန်းပဲလား"
ဒေါ်ဒေါ်က ရယ်ရယ်မောမောနဲ့ ပြန်ပြောတဲ့အခါ ဦးလေးက ဘေးကနေပြီး တခစ်ခစ်နဲ့ ရယ်နေပါတယ်။

"စကားစပ်မိလို့ ပြောရဦးမယ်၊ လွန်ခဲ့တဲ့(၅)နှစ်လောက်က ထင်ပါတယ်။ မိတ်ဆွေ ဗေဒင်ဆရာတစ်ယောက် နဲ့ တွေ့လို့ ဗေဒင်ဆရာက ကျွန်တော့်မွေးနေ့ မွေးသက္ကရာဇ်ကို မေးပြီး တွက်ချက်ပေးပါတယ်။ ခင်ဗျားကြီး ဒီအတိုင်းသာ အရက်သောက်နေရင် နောက်နှစ်မကူးဘူး သေမှာပဲလို့ တဲ့တိုးကြီး ဟောချလိုက်တယ်။ နောက်တစ်နှစ်ကြာတော့ မိတ်ဆွေ ဗေဒင်ဆရာနဲ့ ပြန်တွေ့တော့ ဗေဒင်ဆရာက သူဟောတာ မမှန်တဲ့ အတွက် အေးဗျာ ဗေဒင်ဆိုတာ တိုက်ဆိုင်ရင် မှန်တာပါပဲ၊ မတိုက်ဆိုင်ရင် မမှန်ပါဘူးဆိုပြီး လျှောချလိုက် တယ်။ ကျုပ်ကလဲ ဗေဒင်ဆိုရင် မယုံ့တယုံပဲ၊ ဘယ်ရမလဲ၊ ကျုပ်က လူပါးပဲ၊ မိတ်ဆွေ ဗေဒင်ဆရာကြီး ဟောတဲ့နေ့ ကစပြီး အရက်သောက်တိုင်း ဇ၀န နာမည်နဲ့ပဲ သောက်တယ်။ ဦးသိန်းနာမည်နဲ့ ဘယ်တော့မှ မသောက်ဘူး၊ ဦးသိန်းဆိုတာ ဇာတာနာမည်လေ၊ ဦးသိန်းနာမည်နဲ့သာ အရက်သောက်ရင် ဗေဒင်ဟောက မှန်ချင်ရင် မှန်သွားပါတယ်" တဲ့။

သူတို့ ပြင်ဦးလွင်မှာ နေသွားတဲ့ရက်တွေမှာ စစ်တက္ကသိုလ်နဲ့ မီးရထား အပန်းဖြေရိပ်သာမှာ စာပေ ဟောပြောပွဲ တစ်ပွဲစီ လုပ်ပေးပါတယ်။ ၁၉၈၂ခုနှစ်၊ မေလ(၂၃)ရက်နဲ့ ညနေပိုင်းမှာ စစ်တက္ကသိုလ် အောင်ဆန်းခန်းမမှာ စာပေဟောပြောပွဲ လုပ်ပါတယ်။ စစ်တက္ကသိုလ် ဗိုလ်လောင်းတွေနဲ့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးသိန်းဆိုင်၊ စာပေ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီးအေးသိန်း၊ မြန်မာစာ ဌာန မှူး ဒုတိယ ဗိုလ်မှူးကြီးတင်ခ (တက္ကသိုလ်တင်ခ)တို့နဲပတကွ ဗိုလ်လောင်းများအပြင် စစ်တက္ကသိုလ် မိသားစု တွေ စည်စည်ကားကား တက်ရောက်တဲ့ ပွဲကြီးတစ်ပွဲပါ။
အဲဒီ ဟောပြောပွဲမှာ ဆရာကြီး ဦးသုခက "နာမည်နဲ့လူ"၊ ဆရာဇ၀နက "စစ်သွေးနဲ့ချစ်ရေး"၊ လူထုဦးလှက "ပုံပြင်နဲ့စစ်သား"၊ လူထုဒေါ်အမာက "မြန်မာ့ရိုးရာအသံများ" ခေါင်းစဉ်တွေနဲ့ အသီးသီး ဟောပြောသွားကြ ပါတယ်။

မေလ(၂၅)ရက်နေ့ညနေ "အေးသုခ" မှာ ပြင်ဦးလွင်မြို့နယ်စာပေနှင့် စာနယ်ဇင်း အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဒုတိယဗိုလ်မှူးကြီးတင်ခ (တက္ကသိုလ်တင်ခ)ငြိမ်း၊ ဦးချစ်ဆွေ (မေမြို့ချစ်ဆွေ)၊ ဦးမျိုးတင့်ဆွေ(တက္ကသိုလ် မျိုးတင့်ဆွေ)၊ အငြိမ်းစားကျောက်ဆည်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ဒေါ်ခင်လေးဆွေ (သထုံမလေးနွယ်) ကွယ်လွန်၊ ဒေါ်မေသန်းတင် (ပြင်ဦးလွင်သဇင်) ကွယ်လွန်၊ ဒေါ်ခင်လေးမာ (ရွှေဘိုတူးမာ)၊ မောင်မောင် မြင့်လွင် (ကွယ်လွန်)၊ ဦးခင်မောင်ညွန့် (မောင်သီလာ)၊ ဦးထွန်းရွှေ (ကြေးမုံသတင်းထောက်) ကွယ်လွန်၊ ဦးမြမောင် (မြမောင်ဦး) မြန်မာ့အလင်းသတင်းထောက်၊ ဦးရွှေမြင့်သိန်း (ရွှေမြင့်သိန်းပန်းချီ)တို့က သူတို့ လေးဦးကို ပူဇော်ကန်တော့ကြပါတယ်။ ကန်တော့အပြီးမှာတော့ ဆရာဇ၀နက တစ်ခန်းရပ်ပြဇာတ်နဲ့ ဟာသ ဇာတ်လမ်းတစ်ပုဒ်ကို ပြောသွားပါတယ်။
သူတို့ ပြင်ဦးလွင်က မထွက်ခွာမီ မေလ(၂၇)ရက်နေ့မှာ "အေးသုခ" အိမ်ရှေ့မျက်နှာစာမှာ သူတို့လေးဦး အမှတ်တရ ဓာတ်ပုံ ရိုက်ကြပါတယ်။

မေလ(၂၈)ရက်နေ့ နံနက်မှာတော့ သူတို့လေးဦးစလုံး ပြင်ဦးလွင်က ပြန်လည်ထွက်ခွာသွားကြပါတယ်။ သြဂုတ်လ(၆)ရက် သောကြာနေ့မှာ ဦးလေးတစ်ယောက် စာပေလောကနဲ့ လူ့ဘောင်လောကကြီးကို အပြီးအပိုင် စွန့်ခွာသွားပြီဆိုတဲ့ သတင်းဆိုးကြီး ကြားရပါတော့တယ်။
ဦးလေး ကွယ်လွန်ပြီးနောက် (၃)လလောက်အကြာမှာ ဆရာဇ၀နထံက စာတိုက်ကနေတဆင့် ကျွန်တော့် ဆီ စာတစ်စောင် ရောက်လာပါတယ်။
"ကျွန်တော်တို့ မေမြို့ မပြန်မီ ၂၇.၅.၁၉၈၃နေ့က တည်းခိုအိမ်ရှေ့တွင် စုပေါင်းရိုက်ကူးခဲ့သော အမှတ်တရ  ဓာတ်ပုံများထဲက အကောင်းဆုံးတစ်ပုံကို ရောင်စုံပုံကူး၍ ပို့လိုက်စေလိုပါသည်။
ဓာတ်ပုံဆရာကို ပြောပေးပါ။ လူကြုံ သို့မဟုတ် စာတိုက်မှာ ရီစစ္စတြီ မှတ်ပုံတင်လုပ်ပြီး ပို့လျှင်လည်း ပို့ပါ။ ငွေ တင်ကြိုပြီး ပို့ရန်လိုကလည်း ပို့လိုက်ပါမည်။
ဦးလှနှင့် ကျွန်တော်တို့ နောက်ဆုံးအမှတ်တရပုံ ဖြစ်၍ အထူးလိုချင်ပါသည်" ဟု ရေးထားပါသည်။

ဦးလေး ကွယ်လွန်ပြီး (၁)နှစ်ကျော်အကြာ ၁၉၈၃ခုနှစ်၊ မေလ(၈)ရက်နေ့မှာတော့ ဆရာဇ၀နတစ်ယောက် ဦးလေးလိုပဲ စာပေလောကနဲ့ လူ့ဘောင်လောကကြီးကို ကျောခိုင်းသွားပြီဆိုတဲ့ ၀မ်းနည်းဖွယ်ရာ သတင်းကို ကြားရပြန်ပါတယ်။
အခု ၂၀၀၉ခုနှစ်ဆိုရင် ဦးလေးမရှိတော့တာ (၂၇)နှစ် ဆရာဇ၀န မရှိတော့တာ (၂၆)နှစ် ပြည့်ခဲ့ပြီပေါ့။
ကျွန်တော် လွန်ခဲ့တဲ့ ၁၉၉၄ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့ ရန်ကုန်ရောက်တုန်း ဆရာကြီး ဦးသုခကို သွားကန်တော့ ခဲ့ပါသေးတယ်။
"ကိုချစ်ဆွေရေ၊ ခင်ဗျားကို တွေ့ရတာ ပြင်ဦးလွင်မှာ လူထုဦးလှရယ်၊ ဇ၀နရယ်၊ ဒေါ်အမာတို့ကို သွားပြီး သတိရ မိတယ်ဗျာ၊ ကျုပ်တို့ကလဲ ခေတ်ပြိုင်စာရေးဆရာတွေ ဖြစ်ခဲ့ပေမယ့် ဘယ်တုန်းကမှ လေးဦးသား ဆုံစည်းပြီး ရက်ရှည်ရှည်ကြီး အတူတကွ မနေခဲ့ဘူးဗျာ၊ အင်း … ခုတော့ ကျုပ်နဲ့ ဒေါ်အမာပဲ ကျန် တော့တာ ပေါ့" တဲ့။
၇.၂.၂၀၀၆ ရက် (ဗုဒ္ဓဟူးနေ့)မှာတော့ ဆရာကြီးဦးသုခတစ်ယောက် ကွယ်လွန်ခဲ့ရှာပါပြီ။ ဆရာကြီးဦးသုခ ကွယ်လွန်အပြီး ၂၀၀၈ခုနှစ်၊ ဧပြီ(၇)ရက်နေ့မှာ လူထုဒေါ်အမာ ကွယ်လွန်ခဲ့ပါတော့တယ်။

(ဘ၀သံသရာရှည်လျားထွေပြား၊
မနေမနား တသွားထဲသွားကြတာ)၂
ခရီးပန်းတိုင် မရောက်မချင်း၊
တယောက်ဆင်း တယောက်တက်၊
ဆက်လက် ထွက်ခွာလာ
[(လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်၊
အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာတဲ့)၂
ငိုလိုက်၊ ရီလိုက်၊ ပျော်ကာရွှင်ကာ၊
ဘယ်ဟာမတည်မြဲ၊ ဖောက်လွှဲ ဖောက်ပြန်၊
အကြောင်းခံ၊ ကမ္မသကာ]၂
တွေ့ကြုံဆုံကွဲ၊ ခရီးထဲ၊ ၀မ်းနည်း ၀မ်းသာ
ဝိပ္ပလ္လာ၊ ဖြစ်ချင်တာလဲ မဖြစ်ရပါ၊ မဖြစ်ချင်ပါလဲ
ဖြစ်ရမှာ၊ ၃၁ဘုံ ၀ဋ်အတွင်းရောက်လို့၊ ကရွတ်
ကင်းရှောက်တဲ့တေးဘုမ္မာ၊ (အဲဒါ)၃ ဘ၀သံသရာ။

ဘ၀သံသရာဇာတ်ကားမှာ ဆရာကြီးဦးသုခ သီဆိုခဲ့တဲ့ "ဘ၀သံသရာ" သီချင်းနဲ့ဘဲ ဆရာကြီး ဦးသုခကို ပူဇော် ကန်တော့လိုက်ပါတယ်။

အောင်ချစ်(ပြင်ဦးလွင်)
.
>>>ဆက်ဖတ်ရန်>>> >>

Friday, July 29, 2011

ခင်ခင်ထူး ၏ မင်္ဂလာလှည်း အပိုင်း (၄)

(၇)

လယ်ပြင်ကြီးထန်းတောထဲမှာ ရွာကာလသားလေးငါးယောက် ထန်းရည်သောက်နေကြတယ်။ တော် တော်လည်း မူးနေကြပါပြီ။ လယ်ပြင်ကြီးသားက သုံးယောက်၊ လယ်ပြင်ကြီး ရဲ့တောင်ဘက်ကပ်လျက် အုန်းပင်ကောက် က နှစ်ယောက် သောက်နေကြတာဆိုတော့ တစ်ဖက်ရွာသားနှစ်ယောက်ကို လိုက် ဧည့်ခံရင်း ရွာခံသုံးယောက်ကပါ သောက်နေကြတဲ့ သဘောပေါ့။ သည်လိုပါပဲ။ သူ့ရွာရောက်တော့ သူ ဧည့်ခံ၊ ကိုယ့်ရွာရောက်တော့ကိုယ်ဧည့်ခံကိုး။ အရက်ကြိုက်သူ အရက်၊ ထရေကြိုက်သူ ထရေပေါ့လေ။ သည်မနက် အုန်းပင်ကောက်က သူငယ်ချင်းနှစ်ယောက် ရောက်လာတာ သောင်းစိန်အတွက်တော့ အကွက် ရသွားတယ်။

ကနေ့မနက် ရွာက မစွန်မသမီး အေးသီကို မန္တလေးကစက်ဆရာက လာတောင်း မယ်၊ မြန်းမယ် ဆိုကတည်းက သောင်းစိန် ဖျပ်ဖျပ်လူးနေပြီ။ သောင်းစိန်က အေးသီကိုကြိုက်တာ တစ် ပိုင်းသေလို့၊ အေးသီ ကလည်း သောင်းစိန် ကို မကြိုက်လိုက်တာ တစ်ပိုင်းသေလို့ဆိုတော့ ဖျပ်ဖျပ်လူးကာ မှ လူးရော ဘာမှတော့ မဆက်စပ်ဘူးပေါ့လေ။ သောင်းစိန်က တစ်ဖက်သတ်ကြိုက်လိုက်တာ တစ်ပိုင်း သေလို့။

အေးသီတို့က ဆင်းရဲတယ် ဆိုပေမယ့် အကျင့်စာဂ ကောင်းတယ်ဆိုတာ ရွာကသိကြတယ်။ မုဆိုးမသား အမိ ဆိုပေမယ့် ဘယ်သူကမှ သရော်မော်ကား မလုပ်ဝံ့ကြဘူး။ ပရောပရီလုပ်ဖို့များတော့ ဝေးရော။ မစွန်မ ကလည်း နှုတ်ကကြမ်းကြမ်း မဟတ်ုလား။ လူက အရိုးပိန်ဆိုပေမယ့် ကျစ်လိုက်တာ သံချောင်း ကျလို့ ဆိုတော့ ခြေထောက်ချင်းဆိုင်ရိုက်ရင်တောင် တစ်ဖက်သားကျိုးကျသွားနိုင်တယ်ဆိုတာမျိုး။
သောင်းစိန် က အေးသီကို အပျို၊ လူပျိုစိတ်ကလေးတွေ ၀င်ကြပါပြီဆိုကတည်းက ကြိုက်တာပါ။ ရွာထဲ မှာ အေးသီ ထက် ချောတာ၊ လှတာ၊ ပိုက်ဆံရှာတာတွေ များပါရဲ့။ သောင်းစိန်ကတော့ အေးသီမှ အေးသီ တန်းတန်းစွဲ နေတာ။ ရွာကတော့ လူငယ်သဘာဝ သည်လိုပါပဲရယ်လို့ ဘာမှမပြောကြပါဘူး။ ဒါ ဖြင့် အေးသီ ကကော ဘယ်သူ့ကြိုက်သလဲမေး။ အဲသလိုလည်း မရှိပါဘူး။

အပျိုဖြစ်ပါပြီဆိုကတည်းက လူပျိုပေါက်တွေက သူငယ်ချင်းလို ခင်မင်ကြတာရှိသလို ပိုးချင်းပန်းချင်တာ များလည်း ရှိပါရဲ့။ အေးသီ က ဘယ့်နှယ်မှမနေဘူး။ လုပ်ကိုင်စားရတာ ပင်ပန်းရတဲ့ကြားထဲ မဆတ်ဆော့ အားပေါင်တော်ဆိုတဲ့ မိန်းကလေးမျိုးဆိုတော့ လန့်ကြတဲ့သူငယ်တွေ များကြတယ်။ သောင်းစိန်ကတော့ မလန့်ဘူး။ အေးသီ မှ အေးသီ။ သောင်းစိန်တို့မိဘများက နည်းနည်းပါးပါးတော့ သောင်သာကြတယ်။ အေးသီ တို့ထက် စီးပွားရေးကောင်းတယ်။ ငောင်းစိန်က မိုက်မိုက်ရမ်းရမ်း ဆိုမနိုင်ပြောမနိုင်ဆိုတာမျိုး မဟုတ် ပေမယ့် အိမ် က နွားတောင် တစ်တိုင်ကတစ်တိုင် ပြောင်းချည်ချင်တဲ့ကောင် မဟုတ်ဘူး။ ရေတစ်ထမ်း မထမ်းဘူး။ နွားစားကျင်းထဲ ပဲလေး၊ မှော်လေး နှံ့အောင်လှန်လိုက်စမ်းပါဆိုတာတောင် လှန် ချင်တာ မဟုတ်ဘူး။ အေးသီက ဒါကြောင့်ရယ်လို့တော့ မဟုတ်ပါဘူး။ မကြိုက်ချင်လို့ကို မကြိုက်တာပါ။

"အေးသီ နင် မာနကြီးလိုက်တာဟာ၊ ငါနဲ့များ စကားမပြောချင်သလိုပဲ"
"ဘာမာနမှ မရှိပါဘူးဟယ်၊ လူမှ ထမင်းအနိုင်နိုင် ရှာစားနေရတဲ့ဟာ၊ ဘယ်ကမာနကလာပြီး ရှိရမှာ တုန်း၊ နင် နဲ့ မှ မဟုတ်ပေါင်၊ ဘယ်သူနဲ့မှကို စကားပြောဖို့ အချိန်မရဘူး"
"နေဦး ငါ ပြောထားတာလေးတော့ အဖြေပေးခဲ့ပါဦး"
"ဘယ်ဟာများပါလိမ့်"
"ဟိုလေဟာ နင့်ကို ဘုရားပွဲရက်က ဒွေးစံမေတို့ ၀ိုင်းတိုက်မှာ ပြောခဲ့တာလေဟာ အေးသီကလဲ"
"နင် မူးမူးနဲ့ပြောတဲ့စကားတွေ အများကြီး၊ ငါက ဘယ့်နှယ့်လုပ် မှတ်မိမှာတုန်း"
"နင့်ကို ကြိုက်တယ်ဆိုတာလေ"
"အမယ်လေးလေး… မောင်းထောင်နဲ့ တောင်ငူ မအပ်မရာ"

အေးသီနဲ့ သောင်းစိန်က အဲသလိုဖြစ်နေကျ။ သောင်းစိန်က အလှူရှိလို့၊ ရွာဘုရားပွဲရှိလို့၊ ဆွမ်းတော် ကြီးတင်ရှိလို့၊ မင်္ဂလာဆောင်ရှိလို့၊ အပျိုလူပျိုစုကြတဲ့ပွဲမျိုးဆိုရင် အေးသီအနား မရရအောင် ကပ်ပြီး ပျားများ၊ ပိတုန်းများ "ရုန်း"ကြသလို တဒီဒီနဲ့၊ ပြောချင်ရာ ပြောနေတတ်တယ်။ အေးသီကလည်း ခေါင်း ထဲ မသွင်းပါဘူး။ ကိုယ့်ရွာက ရွာသားချင်း၊ ကာလသား ကာလသမီးချင်းပဲလေဆိုတာမျိုးနဲ့ သည်းခံ လိုက်တာ များပါတယ်။ သည်းမခံနိုင်တော့ဘူးဆိုရင်တော့ နီးရာထင်းချောင်းနဲ့ ကောက်ပေါက်ပစ်လိုက် တာပဲ။ သောင်းစိန် မိဘများ က သူတို့သားက အေးသီကြိုက်နေတာကို မကြည်သာချင်ဘူး။ အေးသီက မကြိုက်ဘူး ဆိုတာလည်း သိပါရဲ့။ မုဆိုးမသမီးက အခြေကြီးလို့ ငါတို့သားမှမကြိုက်ရအောင် ဘာမို့လို့ တုန်း ဆိုတာ ပါသလို ကြိုက်လိုက်မှာလည်း စိုးကြတယ်။

"သောင်းစိန်နော် စွန်မ သမီး လင်းယုန်မများ၊ မင်းက အကောင်းလုပ်လို့"
"ဘာတုန်းဗျ၊ အမေတို့ကလည်း တစ်မျိုး"
"ဘာတစ်မျိုးလဲ နင် စွန်မသမီး အေးသီကိုကြိုက်နေဆို၊ အေးသီ နောက်တကောက်ကောက်ဆို၊ ဘာမ မို့ တုန်းတော်… ဆန်အိုးထဲ ဆန်လက်နှစ်လုံး မပြည့်တဲ့ဟာတွေ"
"အမေတို့ စကားတွေ လွန်သနော"

"ဘာလွန်ရမှာတုန်း၊ ခုံဖိနပ်စာနော်၊ ကြိုက်သံများ ကြားလို့ကတော့ ခုံဖိနပ်ကြည့်"
"ခင်ဗျားတို့က သူများချစ်ခြင်းခွဲဖို့လောက် ချောင်းနေကြတာ၊ အေးသီက ဘာဖြစ်နေလို့လဲ"
"အောင်မာ ဘာဖြစ်နေနေ၊ နင် မကြိုက်ရဘူးဆို မကြိုက်ရဘူး"
"အချစ် ကို အဲသလို ပိတ်ပင်လို့ရမလားဗျ"

သောင်းစိန်နဲ့ မအေကလည်း အေးသီကိစ္စနဲ့ တကျက်ကျက်ပါ။ အေးသီကိုကြိုက်တာ သောင်းစိန်တစ် ယောက်တည်းတော့ မဟုတ်ပါဘူး။ ကြိုက်တဲ့လူရှိကြပါတယ်။ သောင်းစိန်က အေးသီကပဲ သူ့ရည်းစား လိုလို ပြောနေတော့ တစ်ခြားကာလသားတွေက လက်လျှော့ကုန်ကြတာလည်း ပါတယ်။ အေးသီကို ပိုးလေ မရလေ၊ မရလေ ပိုးလေနေလာခဲ့ကြတာ အရွယ်တွေတောင် ရကြလှပြီ။ အေးသီဆိုရင် ဆယ့် ရှစ်နှစ် ဆယ့်ကိုးနှစ် ရှိပြီး။ သောင်းစိန်ကလည်း နှစ်ဆယ်ကျော်ပါပြီ။ အေးသီကို ဆယ့်လေးငါးနှစ်က တည်းက ကြိုက်ခဲ့တာ အခုလိုအပျိုကြီးလုံးသန် တစ်သွေးတစ်မွေးဖြစ်လာတော့ သောင်းစိန်က ပိုတောင် ရူးလာ ကြတယ်။ အေးသီတို့သားအမိခမျာလည်း ၀င်ငွေရနိုင်သမျှ စုစုကျစ်ကျစ် ရှာကြရတာကတော့ မ ထူးပါဘူး။ လတ်လတ် လောလောကလေး ၀တ်နိုင်၊ စားနိုင်ဖို့ ထည့်မတွက်ပေမယ့် အမြင်ကလေး တင့် တယ်အောင် တော့ ဆင်ရတာကိုး။ သည်လိုဆိုတော့ အေးသီက ပိုတောင်လှလာတယ်လို့ သောင်းစိန် တွက်တယ်။

"အေးသီရယ် နင့်အတွက် ငါ့မှာစောင့်စားရတဲ့ရက်တွေလည်း ကြာပါပြီဟာ၊ တောင်ထိပ်ကြာပေါက် အ နောက်နေ၀င် ပင်လယ်ပြင်ပေါ် လမ်းလျှောက်နေကြတယ်ဆိုရင်တောင်…"
"သောင်းစိန် ရွာပြဇာတ်လာမလုပ်နဲ့၊ နင့်ကို တစ်ခါတည်းပြောမယ်၊ ငါ့အမေ မရှိတော့ရင် ငါ သီလရှင် ၀တ်ဖို့ စိတ်ကူးပြီးသား အမေရှိသေးလို့သာ"
"နင့်ဟာ မဟုတ်တာ၊ နင့်အမေသေဦးတော့ ငါ ရှိပါသေးတယ်"
"နင့်ကြောက်လို့ ၀တ်မှာဟေ့"

သောင်းစိန်နဲ့ အေးသီကတော့ အခြေအနေကတော့ မပြောင်းပါဘူး။ ဒါပေမယ့် မန္တလေးကို သနပ်ခါးပို့ရ တဲ့နောက်ပိုင်း အေးသီက ပြောင်းလာတယ်။ သနပ်ခါး လက်ခံရောင်းပေးတဲ့ မတင်ကြည်တို့ဆီ အ၀င် အထွက်ရှိရာက မောင်ကြိုင်နဲ့တွေ့ပြီး ဘယ်တုန်းကမှ စိတ်မလွင့်ဖူးတဲ့ အေးသီ စိတ်ကလေးဝေ့ချင်လာ ပါရော။ လယ်ပြင်ကြီးရွာစွန်မှာ အိမ်ကုပ်ကလေးနဲ့ သားအမိနှစ်ယောက် နေရတဲ့ဘ၀က မန္တလေးမှာ အ ခြေချခွင့်ရရင် ဘ၀တစ်ဆင့်တက်ရတာပဲလို့ တွက်တာပါပါတယ်။ မအေကြီးကိုလည်း အေးသီ သနားမိ ပါရဲ့၊ ချစ်သူ နဲ့ အိမ်ထောင်ပြုရင်တောင် မအေကိုပါ ထည့်စဉ်းစားပေးမယ့် လင်သားမျိုးမှဖြစ်မှာဆိုတော့ မောင်ကြိုင့် စိတ်နေစိတ်ထားကို အရင်အကဲခတ်ရတယ်။ မောင်ကြိုင်က ရိုးသားတယ်။ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ့် ရာသက်ပန်သမားဆိုတာလည်း အကဲခတ်မိတယ်။ သည်ကြားထဲ မတင် ကြည် ကပါ အာမခံလိုက်သေးတာကော။

သည်လိုနဲ့ အေးသီကို မန္တလေးသား စက်ဆရာက တောင်းရမ်းတော့မယ်ဆိုတာလည်း ကြားရော သောင်းစိန် က ရွာရှေ့တောင် ညောင်ပင်ကြီးမှာ မြင်းကိုယ်စီပြင်ပါရော။ သည်သတင်းဟုတ်မဟုတ် စုံ စမ်းတယ်။ စုံစမ်းဖို့က ခက်နေတော့ ဘယ်သူ့မေးရမှန်းလည်း မသိဘူး။ မစွန်မနဲ့ အေးသီတို့သတင်းကို သည်နှစ်ယောက် ဆီကလွဲရင် တစ်ခြားဘယ်ကမှ မရနိုင်လေတော့ သောင်းစိန်သူငယ်ချင်းတွေနဲ့ တိုင် ပင်တယ်။ သည်လိုနဲ့ ထန်းရည်ဝိုင်းမှာ မနက်ည အေးသီကိစ္စချည်းပေါ့။

"ငါတော့ အေးသီကို ခိုးတော့မကွာ၊ သည်လိုမလုပ်လို့ မရတော့ဘူး။ အဲတော့ အုန်းပင်ကောက် ကို ခိုး ပြေး လို့လဲ မဖြစ်ဘူး။ ရွာချင်းက ကပ်နေတာဆိုတော့ မစွန်မ လိုက်လာလိမ့်မယ်"
"ဟ… သောင်းစိန်ရ ခိုးတယ်ဆိုတာ နှစ်ယောက်သားကြိုက်မှ ခိုးရတာလေကွာ၊ အေးသီက မင်းများ ခွေးရူး လောက်အောက်မေ့တဲ့ဟာ၊ အကုန်အဖမ်းခံနေရပါ့မယ်ကွာ"
သူငယ်ချင်းတွေက အေးသီနဲ့ သောင်းစိန်ကို တစောင်းစေးနဲ့မျက်ချေးဆိုတာ သိကြတော့သည်စီမံကိန်း မှာ မပါဝံ့ကြဘူး။ ဒါပေမယ့် သောင်းစိန်တိုက်နေတဲ့ ထန်းရည်ကလည်း ဗိုက်ကားအောင် သောက်နေရ တာ ဆိုတော့ စိတ်ကုန်အောင်လည်း မပြောဝံ့ကြဘူး။

"နေဦး မင်းက ဘာကြားလို့လဲ သောင်းစိန်ရ"
"အေးသီက မန္တလေးမှာ ရည်းစားရှိနေပြီတဲ့ကွ၊ နားစွန်နားဖျား ကြားတာပါကွာ၊ စုံစမ်းလို့လည်းမရဘူး"
"မင်းက ဘယ်က ကြားတာလဲ"
"အေးသီက ပြောတာ၊ သူ့မှာရည်းစားရှိနေပြီတဲ့၊ လာတောင်းရမ်းတော့မှာတဲ့"
"ပြီးတာပါပဲကွာ၊ ခမျာများသားအမိ ဆင်းရဲကြပါတယ်။ အချစ်ဆိုတာ ခွင့်လွှတ်ခြင်းပါတဲ့၊ မင်း ရင်အနာ ခံလိုက်ပါ သောင်းစိန်ရယ်"
"ဘာရယ်ကွ၊ ရင်အနာခံရမယ် ဟုတ်လား၊ သောင်းစိန်က တစ်ရွာသားလက်တော့ အပါမခံဘူး၊ လယ်ပြင်ကြီး သား သွေးရဲတာ ပြရချေသေးပေါ့ကွာ"

ထန်းရည်အိုး ကလည်း ပိုးလိုးပက်လက်။ သောင်းစိန်တို့ကလည်း မှောက်ခုံပက်လက်။ အရင် သတိပြန် လည်လာသူက ပုဆိုးစဆွဲပြီး ထပြန်ရာကနေ လူစုကွဲသွားကြရော။ ညနေဘက် ပြန်စုမိကြပြန်ရော။ သောင်းစိန် လည်း ထန်းရည်ဖိုးဆပ်ရတာနဲ့ ကုန်လှပြီ။ အေးသီကိုမရလေ စိတ်ညစ်လေ၊ စိတ်ညစ်လေ သောက်လေဆိုတော့ လူမှန်းမသိအောင် ဖြစ်နေပြီ။ တစ်ရက်တော့ ထန်းရည်ဝိုင်းမှာ အုန်းပင်ကောက် သား ထွန်းရီ က စကားတစ်ခွန်း သတင်းပေးတယ်။ သည်သတင်းက သောင်းစိန်အတွက် အရေးကြီးတဲ့ သတင်း။
"သောင်းစိန် အေးသီ မင်းကိုအကြိုက်တာ ငါသိပြီ၊ နတ်က လုပ်ထားတာကွ"

"ဘယ်လိုကွ ထွန်းရီ၊ ဘယ်လို နတ်ကလုပ်ထားတာတုန်း၊ ကြားလာတာ ပြောစမ်းပါကွာ"
"မင်း ပြဿနာတော့ မရှာနဲ့၊ မင်းအမေက နတ်ကတော် ဒေါ်မူကြီးနဲ့ အတားအဆီးတွေ လုပ်နေတာတဲ့၊ တို့ရွာထဲက မခင်သောင်းက မင်းတို့ရွာက နတ်ကတော်ဒေါ်မူနဲ့ ခင်လို့ ပြောရာကနေ ငါကြားလာတာ"
"လူတစ်ယောက်နဲ့တစ်ယောက် နတ်က မချစ်အောင် လုပ်လို့ရသလားကွ၊ မဟုတ်တာ"

"ရတာပေါ့ကွာ၊ မင်းတို့အိမ်မှာ နတ်စင်ရှိတယ် မဟုတ်လား၊ နတ်စင်ပေါ်မှာ နတ်ရေအိုးအသစ်ကလေးရှိ လိမ့်မယ်၊ အုန်းသီးတစ်လုံးလည်း ရှိလိမ့်မယ်၊ မယုံရင် မင်းကြည့်လိုက်"
တစ်ရွာသားက အပ်ကျမပ်ကျကြီး ပြောနေပြီဆိုတော့မှ သောင်းစိန် သူအိမ်ကနတ်စင်ကို စိတ်ကူးကြည့် လိုက်တယ်။ ဟုတ်သားပါလား။ အိုးကလေးတစ်လုံးပေါ်မှာ အုန်းသီးခွံကွာတစ်လုံး မြင်နေတာကြာပြီပဲ။ လက်စသတ် တော့ သူ့အမေက အေးသီနဲ့သဘောမတူလို့ နတ်ကတော်ခေါ်ပြီး နတ်နဲ့ခွဲခိုင်းထားတာကိုး၊ ဒါကြောင့် အေးသီ က ခါးခါးသီးသီး ဖြစ်နေပါတယ် အောက်မေ့တာ၊ ခုမှ ဇာတ်ရည်လည်ရတော့တယ် ပေါ့၊ တွေးရင်းက ဒေါသတွေဖြစ်လာလို့ နတ်စင်ရော အုန်းသီးပါ သည်ကနေ့တော့ တွေ့ကြပြီပေါ့ကွာ လို့လည်း စိတ်ထဲ တေးထားလိုက်တယ်။
"နေပါဦး အုန်းသီ တင်တယ်ဆိုတာက ဘာသဘောလဲ"

"အုန်းသီးဆိုတာ အသ လေကွာ၊ အေးသီပေါ့၊ နတ် ကို အေးသီနဲ့ ပေးစားပါတယ်ဆိုတဲ့ သဘောပေါ့"
"နတ်နဲ့ ပေးစားတော့ နတ်က မင်းနဲ့မကြိုက်မိအောင် တန်ခိုးနဲ့ တားတာပေါ့ဟ"
"ကြည့်စမ်း အမေတို့များ ကိုယ့်သားသမီးဘက်မလိုက်၊ နတ်ဘက်များ လိုက်ရတယ်လို့ကွာ"
အဲသည်နေ့က အုန်းပင်ကောက်သား ထွန်းရီကို သောင်းစိတ်က ထရေမူးအောင် တိုက်တယ်။ ကျေးဇူး တွေတောင် တင်နေသေးတာပါ။ တစ်မြူပြီးတစ်မြူသောက်ကြတာ ဘယ်နှအိုးရှိမှန်းတောင် မသိကြ တော့ပါဘူး။ သောင်းစိန်က အိမ်ပြန်ပြီး နတ်စင်ဖျက်မယ်လုပ်တော့ သတင်းပေး ထွန်းရီလည်း မူးမူးနဲ့ ပြေးရော။ အဲသည်နေ့က သောင်းစိန်က အိုးကိုရိုက်ခွဲ၊ နတ်စင်ရိုက်ချိုးလုပ်နေတော့ ဖအေက ရေထမ်း ထမ်းပိုး နဲ့ လိုက်ရိုက်တော့မှ လုံးနေအောင် ပြေးတော့တာပါ။

သည်ကတည်းက နတ်ရေစင်အိုးလည်း မရှိတော့ပါဘူး။ ဒါပေမယ့် အေးသီကလည်း သောင်းစိန်ကို မကြိုက်ပါဘူး။ သောင်းစိန် က နတ်ကို အုန်းသီးဆက်လို့မကြိုက်ခဲ့တာလို့ယုံတော့ နတ်ကတော် ဒေါ်မူကြီး အိမ်ကိုသွားတယ်။ ရေစင်ဖိုး ကန်တော့ တယ်။ အကျိုးအကြောင်းပြောတော့ ဒေါ်မူကြီးက သောင်းစိန်ဖြစ်ချင်တာကို သဘောပေါက်လိုက်ပြီ။ မအေကခိုင်းလို့ အုန်းသီဆက်ခိုင်းသလိုပဲ သောင်းစိန်က ရေစင်ဖိုး ဆက်တော့လည်း အဆောင်ပေးပြန် ရော။ သော့အိမ်တစ်လုံး ဆောင်ရမတဲ့။ အေးသီက ပြန်မကြိုက်ရင် မင်း ကြိုက်သလိုပြောဆိုပြီး နတ်ကတော်က အာမခံလိုက်တော့ သောင်းစိန်ကလည်း ယုံတယ်။

"သော့အိမ်ဆိုတာ ဘာတုန်းဗျ"
"မောင်သောင်းစိန်ကလဲ အသကို… သအနဲ့ ပြန်တိုက်တာဟဲ့"
"နားမလည်ဘူးဗျ"
"အေးသီက အသ၊ သော့အိမ်က သအ၊ အုန်းသီး ကို သော့အိမ်နဲ့ ကက်ကင်းပြန်ရိုက်တယ်ခေါ်တယ်။ သော့အိမ် သေးသေးရှာပြီး မင်းလည်ပင်းဆွဲရမယ်။ သည်အတိုင်းတော့ မစွမ်းဘူးပေါ့။ ငါရွတ်ဖတ်ပြီး အသက်သွင်း ပေးမယ်။ သုံးဆယ်ခုနစ်မင်း အပ်ရမှာဆိုတော့ ငွေသုံးရာ့ခုနစ်ဆယ်တင်ရမယ်"
"တင်တာဟုတ်ပါပြီ။ ချက်ချင်း ထကြိုက်ပါ့မလား"

"ဟဲ့ နတ်ဆိုတာ မှိုင်းမှိုင်းပြီး မတာဟဲ့။ ဒါကြောင့် မှိုင်းမတယ်ပြောတာ။ အေးသီ မင်းဘက်မပါတော့ ငါ့ ပြောလှည့်… နတ်ဟဲ့၊ အာဂမှတ်နေသလား"
အဲသည်နေ့ကစပြီး သောင်းစိန်လည်ပင်းမှာ သော့တံနှစ်ချောင်းပူးနဲ့ သော့ခလောက် ကလေးတစ်လုံး ဆွဲထားလေရဲ့။ ဒါပေမယ့် သော့ခလောက်ကလည်း မစွမ်းတော့ပါဘူး။ အေးသီကို မနက်ဖြန်သန်ဘက် မန္တလေး က ကားနဲ့လာတောင်းတော့မယ်ဆိုတဲ့ သတင်းက ရွာထဲပြန့်နေပြီ။ ရွာမှာ ပျာနေကြတဲ့နှစ် ယောက်ကတော့ မစွန်မနဲ့ သောင်းစိန်ပါပဲ။ မစွန်မက မြို့လာကြမယ့် ဧည့်ကျွေးဖို့၊ မွေးဖို့ရှာရပြီ။ သောင်းစိန် ကတော့ သော့ခလောက်တောင် ဆွဲဖြုတ်ပြီး လွှင့်ပစ်ချင်ပြီ။ တစ်နေ့လုံး ထရေတဲက မထ တော့ဘူး။ ရင်တွေ လည်း ပူလှပြီမဟုတ်လား။ သည်ရက်ထဲ တစ်ခုခုတော့ လုပ်ကိုလုပ်ရတော့မှာကိုး။ အုန်းပင် ကောက်သားတွေက မူးလာတော့ သောင်းစိန်ကို မြှောက်ပေးကြရော။

"အဲသည်နေ့လာတဲ့ကားကို တို့လူစု ရွာထိပ်က ဆီးရိုက်ကြရုံပေါ့ကွာ၊ လွယ်လွယ်လေးပါ"
"မင်းတို့ပါရင် ချရုံပေါ့ကွာ၊ လယ်ပြင်ကြီးသား သွေးရဲတာ ပြလိုက်စမ်းမဟေ့"
အဲသည်နေ့က သောင်းစိန်တို့ ထရေမူးလိုက်ကြတာ လူမှန်းမသိကြဘူး။ ထန်းတဲထဲမှာတင် တုံးလုံးပက် လက် ဖြစ်ကုန်ကြပြန်ရော။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>