Sunday, July 31, 2011

ခင်ခင်ထူး ၏ မင်္ဂလာလှည်း အပိုင်း (၆)

(၁ဝ)

ဘိုးထော်ဇရပ်က ဇရပ်ဆိုရုံ၊ အဆောင်ကလေးပါ။ သစ်ပျဉ်တွေတောင် ဟောင်းလှပါပြီ။ ပြုတ်တာက ပြုတ်၊ တွဲလောင်းကျတာကကျနဲ့ ပုံမတော်ရင် ပြိုကတော့ မလိုလိုကိုး။ အောက်ခံခုံကတော့ ထုံးအင်္ဂတေ လောင်း ထားတော့ မာပါရဲ့။ အနားမှာ သစ်ပင်ကြီးသုံးလေးပင် ရှိတယ်။ ညောင်ပိန္တွဲပင် နှစ်ပင် နဲ့ ကုက္ကိုပင်ကြီး တစ်ပင်ပါ။ ကုက္ကိုပင်ကတော့ အရွယ်ရယ်လို့တော့ မရှိတော့ပါဘူး။ ရွတ်တွ နေတဲ့ ကိုင်းဆုံကြီး တွေက လူ့လက်တွေ လို ဆန့်ထွက်နေကြတယ်။ 

ကိုချစ်တိုးက ဘိုးတော်ဇရပ်ရောက်တော့ လက်ခမောင်းထခက်ပြီး။ ဘယ်မှာမှန်းမသိတဲ့ လင်ပြင်ကြီး ဆိုတာ အတော်နီးနေပြီလို့ နားကြားနဲ့ သိထားပြီ ကိုး။ မောင်ကြိုင်ကတော့ ဇရပ်တွေ့တာကို အေးသီတွေ့တဲ့အတိုင်းပဲ။ မျက်နှားကြီး ကလည်း စူပွစူပွ နဲ့ ၀မ်းသခွပ်တွေထလို့။

"လာတော့လည်း ရောက်လာတာပဲဗျနောလေးချစ်တိုး"
"လာမှတော့ ရောက်တာပေါ့ကွာ၊ ဘယ်လိုလာရသလဲဆိုတာက ခက်တာ"
ဇရပ်နဲ့မနီးမဝေးမှာ ကားထိုးရပ်ပြီး အားလုံးဆင်းကြရပြီ။ ဒေါ်ငွေကလည်း ခုမှခါးဆန့်ရပုံနဲ့ ဆင်းလား ပြီးဇရပ်နောက်ဖက်ဆီ သွားထိုင်တယ်။ ယောကျာ်သားတွေကလည်း ခြေညောင်းလက်ဆန့်လုပ်ကြ၊ ခါးချိုးကြ၊ ပိုဆိုး အင်္ကျီဆန့်ကြပေါ့လေ။ ဇရပ်ထဲမှာ ခံတောင်းတစ်လုံးချထားတဲ့ အမေကြီး တစ်ယောက်ပဲ ရှိတယ်။ ဒန်အိုးလေးတွေလည်းပါတာ တွေ့ရတော့ ကြာဇံကြော်လား၊ မုန့်တီသုပ်လား ဟဆိုပြီး တစ်ယောက် နှစ်ပွဲစီလောက် အုပ်လိုက်ကြမဟဲ့လို့ အားခဲကြတယ်။ အေးလမှန့် နှစ်ခုစီ ကလည်း လမ်းက ကြိတ်လိုက် လို့အမှုန့်ဖြစ်ကြပြီကိုး။ ကိုချစ်တိုးက ခံတောင်းလိုက်သိမ်းမယ့်ပုံ နဲ့ သွား မေးတယ်။ ပါလာတဲ့ မု့န် တွေကလည်း လယ်ပြင်ကြီးပါအောင် ယူရဦးမှာ မဟုတ်လား

"ကြီးတော် ဘာတွေရောင်းနေတာလဲ၊ လုပ်ဗျာ ဆာလှပြီ"
"နို့ထမင်း၊ သာကူ၊ ငှက်ပျောပေါင်းပါတော်၊ တောစာပေါ့"
"တောစာ ကို ကြိုက်တာဗျ၊ ကိုင်းလုပ်စမ်းပါ မြန်မြန်လေး ရှိတာသာထည့်"
"ဘာမှမရှိတော့ဘူး။ ကုန်လို့ပြန်တော့မလို့ ခုပဲကုန်သွားတာ"
"ဟောဗျာ"

တစ်ကားလုံးက ဆာဆာနဲ့ တွယ်လိုက်ကြမဟဲ့လို့ အားခဲထားကြရာက ကုန်ပြီးလည်းဆိုရော ပိုတောင် ဆာလာကြပုံပေါ်တယ်။ ရွာထဲ ဘာရှိနိုင်တုန်းဆိုတော့ ဘာရှိမှာတုန်းတဲ့။ ညနေတောင်စောင်းနေမှ တော့ သရေစာ ဘယ်ကရမှာလဲဆိုတာတောင် ပါသေး။ ဇရပ်မှာ ရေအိုးစင်ကလေးရှိတော့ အားရပါး ရ ခပ်သောက်ကြတယ်။ ခပ်လှမ်းလှမ်းက မြေပေါ်မှာချထားတဲ့ စဥ့်အိုးတစ်ပိုင်း ပြတ်ထဲမှာလည်း ရေတွေ ရှိတော့ ဈေးသည်အမေကြီးကို မေးကြည့်တယ်။ အဝေးလှည်းတွေ နွားရေသောက်ဖို့ တည်ထားတာ ဆိုတော့ ကိုချစ်တိုး က မျက်နှာသွားသစ်တယ်။ 

တစ်ကိုယ်လုံး ရွှံ့တွေနဲ့ပေမယ့် မျက်နှာတစ်ကွက်စာ တော့သန့်သွားတာပေါ့။ ခေါင်းမှာတော့ ရွှံ့ခြောက် တွေခဲလို့။ ကိုချစ်တိုးမှ မဟုတ်ပါဘူး။ လူတိုင်းလိုလို ဗွက်ရေတွေ ပိန်းကြမ်းရိုက်လို့။ သတို့သားလောင်း မောင်ကြိုင်များသူများထက် ပိုဆိုးသေးတယ်။ မုန့်တစ်ပွဲမှမစားရပေမယ့် ကြီးတော်ကြီး ကို ခံတောင်း အဆစ် ပင့်ပေးလိုက်ရသေးတာပေါ။ အစားအသောက်ဖက် အာရုံကျနေလေတော့ လယ်ပြင်ကြီးရွာ ဘယ်ဖက် မှာလဲလို့ မမေးလိုက်ရဘူး။ စဥ့်အိုးကွဲ နားမှာ လူတစ်ယောက် ငုတ်တုတ်ထိုင်နေတာရှိလို့ တော်သေး တာပေါ့။ ကိုချစ်တိုးက မေးတယ်။

"ဆရာကြီး လမ်းကသုံးမြွှာကွဲသွားလေတော့ ကျုပ်တို့လာတဲ့လမ်းတော့ ထားလိုက်တော့ မြင်ရတဲ့ လမ်း နှစ်လမ်း မှာ လယ်ပြင်ကြီးက ဘယ်ဘက်လိုက်ရမှာလဲ"
"အမ်"
"လယ်ပြင်ကြီးရွာကိုပြောတာ"
"အမ်….အမ်"
"လယ်ပြင်ကြီးရွာလေ သိလား"
ထိုင်နေတဲ့လူက ရယ်တယ်။ ခေါင်းလည်းညိတ်ပြတယ်။ ဒါပေမယ့် ဘာမှဆက်မပြောတော့ ကိုကျော်သန်း က ၀င်မေးပြန်ရော။
"လယ်ပြင်ကြီးရွာ သွားချင်တာဗျ၊ ဘယ်လမ်းလိုက်ရမှာလဲ သိချင်လို့မေးတာ"
"အမ်"

မေးသမျှ အမ်လို့ချည်း ဖြေနေတော့ ကျောင်းအုပ်ဆရာကြီးက စိတ်မရှည်တော့ဘူး။ ထိုင်နေတဲ့လူကို ပခုံးတို့ တယ်။ လမ်းနှစ်လမ်းကွဲသွားတာကိုလက်ဟန်နဲ့ ပြတယ်။ ပြီးတော့မှ လယ်ပြင်ကြီးဘယ်ဘက် သွားရမှာ လဲလို့ လေးလေးကြီးမေးတယ်။ ထိုင်နေတဲ့လူက ပြတဲ့လမ်းကို လိုက်ကြည့်တယ်။ ဆရာကြီး ကို မော့ကြည့်တယ်။ ခေါင်းခါခါ လည်ခါခါနဲ့ ထရပ်တယ်။ မျက်နှာက ဒေါသဖြစ်နေတဲ့ မျက်နှာ။ ဆရာကြီးက လယ်ပြင်ကြီး လို့ ပြောတော့ သဘောမပေါက်သလို ပြန်အော်ပြန်ရော။
"အမ်….အမ်"

ခက်တော့ခက်နေပြီ။ တရုတ်ကြီးဦးဝိန် က သည်ကောင်တော့ တရုတ်လို မေးမှနဲ့တူတယ်တဲ့။ ခက်တာက သူပြောတဲ့ "အမ်…အမ်"ကို တို့က မသိတာတဲ့။ ကိုချစ်တိုးက အကြံရသွားတာနဲ့ မြေကြီး ပေါ်တုတ်နဲ့ ခြစ်ပြတယ်။ လယ်…..ပြင်…ကြီး။ လူကစာဖတ်တယ်။ ပြုံးပြတယ်။ ဟုတ်ပြီ။ ဒါဆိုသဘော ပေါက်သွားပြီ ဆိုပြီး ကိုချစ်တိုး က ဘယ်မှာလဲလို့ မေးလိုက်ုတယ်။
"အမ်…အမ်"
"ဟ…သောက်ခွေး…အ အနဲ့ လာတိုးတာ နှစ်ခါရှိပါကောလားကွာ"
ဒါနဲ့ဘယ်လမ်းလိုက်ရမှန်းမသိဘဲ စိတ်ပျက်လက်ပျက်နဲ့ ထိုင်လိုက်ကြတယ်။ ထိုင်နေတဲ့သူက ဒါပဲ ပြောပြီး စဥ့်ကိုးကွဲေ ကျာတောင် မှီလိုက်သေးတယ်။ တော်သေးတယ်။ သည်အချိန်မှာ အလုပ်သိမ်းပြန် လာကြတဲ့ လူနှစ်ယောက် ရောက်လာတယ်။ ပခုံးပေါ်ငန်းပြားတွေ မုဆိုးထမ်း ထမ်းကြလို့။ သည်နားရွာ တွေကနဲ့ တူပါရဲ့။ ကိုချစ်တိုးက အကျိုးအကြောင်း ပြောပြတယ်။

"သည်လူက စကားမပြောတတ်လူးဗျ၊ ဦးနှောက်ကလည်း မမှန်ချင်ဘူး သူ့သွားမေးလို့ ဘာရမှာ တုန်း။ လယ်ပြင်ကြီးက ဘယ်လက်လမ်းကိုလိုက်၊ လမ်းမှာဘယ်ဘယ်က သဖန်းတော ညာဘက်က ညောင် ခြောက် ဆိုတဲ့ ရွာနှစ်ရွာ တွေ့လိမ့်မယ်။ သည်ရွာတွေကျော်ရင် ရောက်ပြီ"
"ကျေးဇူးတင်လိုက်တာဗျာ၊ ဒါဆိုရင် လမ်းမမှားတော့ပါဘူး"
"နေဦးခင်ဗျား တို့က ဘယ်လမ်းကလာတာလဲ"
"ဟိုလမ်းကလေ"

ကိုချစ်တိုးက လာခဲ့တဲ့လမ်းကို လှမ်းပြတော့ လယ်သမားနှစ်ယောက်က လှမ်းကြည့်တယ်။ အံ့လည်း အံ့သြ နေကြပုံပေါ်တယ်။
"ခင်ဗျားတို့ရောက်လာတာ ကံကောင်းတာပဲ။ တလောက လမ်းမှားလာတဲ့ ကားတစ်စီး ခါးကျိုးပါ ရောလား၊ လမ်းကမပြီးသေးဘူးဗျ၊ လမ်းကြောင်းဖော်ထားရုံ ရှိသေးတာ"
"အေးဗျာ မသိတော့ လူတွေရော ကားပါ ကိုင်ရိုက်ထားတဲ့အတိုင်းပါပဲဗျာ"
"နေဦး ခင်ဗျားတို့ အခုသွားရမယ့်လမ်းက ခင်ဗျားတို့လာခဲ့တဲ့လမ်းထက် ဆိုးသေးသဗျ"

ကိုချစ်တိုးတို့အဖွဲ့တွေလည်း ကားပေါ်တက်ကြမယ်လုပ်ပြီးမှ ရပ်ကုန်ကြပြန်ရော။ သွားရမယ်လမ်းက ပိုဆိုးသေး ဆိုမှတော့ ကားနဲ့တော့ မဖြစ်တော့ဘူး မဟုတ်လား။ သည်တော့ ကုန်းကြောင်းလျှောက် ကြရုံရှိတာပေါ့။ ကားထားခဲ့ရအောင်ကလည်း ဘယ်သူ့မှ စောင့်ထားမဖြစ်ဘူး။ မောင်ကြိုင်က အငယ် ဆုံး၊ ဒါပေမယ့် သူကသတို့သားဆိုတော့ ထားခဲ့လို့ ဘယ်ဖြစ်မှာတုန်း။ ရွာဆက်ကလည်းဝေးတော့ သည် အတိုင်း ထားခဲ့လို့ကလည်း မဖြစ်ဘူး။

"သည်လိုလုပ်ဗျာ၊ ရှေ့ရွာ သဖန်းတောကျတော့ လှည်းငှားပြီးသွားကြ သဖန်းတောမှာ ကားအပ်ခဲ့ပေါ့ ဗျ။ သဖန်းတော အထိလောက်တော့ ကဆုန်ပေါက် ပေါက်သွားရင် ရကောင်ပါရဲ့"
သည်လောက်ပြောပြီး လယ်သမားနှစ်ယောက် ဇရပ်ထဲ ၀င်နားကြတယ်။ သူတို့ပေးတဲ့အကြံက ဖြစ်နိုင် ချေရှိတဲ့အကြံဆိုဆော့ သည်အတိုင်းပဲ ဆုံးဖြတ်လိုက်ကြရတယ်။ ကိုယ့်နေရာကိုယ်ယူပြီး ကားဆက် ထွက်လာပြန်ရော။ ဘယ်ဘက်လမ်းကိုပဲ လိုက်ခဲ့ကြတယ်။ လမ်းကတော့ ဆိုးမှဆိုး။ သဖန်းတောရွာ ထပ် ရောက်တော့ ကိုချစ်တိုးက ရွာလယ်လောက် ဆက်မောင်းခိုင်းတယ်။ ရွာကလမ်းမေးတင် ရွာရှည် ရှည် ဆိုတော့ ကားပေါ်ကဆင်းတာနဲ့ အိမ် တွေကို တွေ့ရပြီ။ သိပ်ရှည်ရှည်ဝေးဝေး ပြောမနေကြတော့ ပါဘူး။ လှည်း ငှားကြတော့ နှစ်ထောင်တဲ့။ ကားအပ်တာတော့ မယူကြပါဘူး။

ကျုပ်တို့တော ဒါမျိုးတွေ မရှိဘူး စိတ်သာချ ခင်ဗျားတို့ဟာ အပ်တိုတစ်ချောင်း မပျောက်စေရဘူး ဆိုတာ တောင် ပါသေး။ ဒါပေမယ့် ကားထားခဲ့တဲ့အိမ်က မိသားစုကို ငွေနှစ်ထောင်ပေးပြီး အပ်ခဲ့တယ်။ လှည်းသမား က လှည်းကောက်ပြီး ကိုချစ်တိုးတို့ ရှေ့ကိုလာရပ်တာနဲ့ ဘီးဝန်ရိုးပေါ်က တက်သူတက်၊ လှည်းနောက် ပြန်တက်သူတက်နဲ့ လှည်းပေါ်ရောက်ကြရော။ လှည်းဆရာက လူဝကြီး ကိုမှတ်တင် ကို နောက်ဆုတ် ဦးတဲ့။
"လှည်းဦးလေး နေသယ်ဗျို့၊ ဆရာ၀၀ကြီး နောက်ဆုတ်ဦး"
"ရပြီလား"
"ဆုတ်လိုက်ဦး"
လူဝကြီးဦးမှတ်တင် က သူ့ခန္ဓာကိုယ်ကြီးနဲ့ ဖင်ဒရွတ်ရွှေ့ပြန်ရော။

"ရပြီလား"
"ဆုတ်လိုက်ဦးဗျ"
"မင်းနှမလင် လှည်းပေါ်က ပြုတ်ကျတော့မယ်ကွ"
"ရှေ့ပြန်တိုးလိုက်၊ ဘေးကလူတွေက မျှထိုင်ကြချေ"
လှည်းက အိခနဲက ထွက်လာပြီး နွားတွေခမျာ တော်တော ရုန်းရရှာတာပေါ့။ နွားတွေက နွားပိန်တွေ။ လှည်းသမား ကလည်း ပိန်လိုက်တာမပြောနဲ့တော့။ သူတို့လမ်းနဲ့ သူတို့လှည်းတော့ ဟန်ကျလို့။ တအိအိ နဲ့ ပေမယ့် ရောင်သင့်သလောက် ရောက်ခဲ့တယ်။ နာရီဝက်လောက်ကြာတော့မှ သဖန်းတော ရွာက ကျွတ်တော့တယ်။ သဖန်းတောက ကျွတ်တော့ ညာဘက်မှာ ရွာတစ်ရွာ။
"အဲဒါ ညောင်ခြောက်လား"
"ဟုတ်ပါ့"
"လယ်ပြင်ကြီးကရော"
"ရှေ့ကညို့ညို့ဟာ"

လှည်းသမားက နကန်(နွားကန်)နဲ့ လှမ်းပြတယ်။ သည်တစ်ခါတော့ လယ်ပြင်ကြီး တွေ့နေရပါပြီ ကော။ မနက်ခုနစ်နာရီက ထွက်လာခဲ့ကြတဲ့ လယ်ပြင်ကြီး ညနေမမှောင့်တစ်မှောင်မှာ ရွာရိပ်ကို တွေ့ကြရပြီ။ အုန်းသီကြွက်ပြီးကျိုးနဲ့ ငှက်ပျော်သီးကြွေတွေက ဇလုံတစ်လုံးနဲ့ လှည်းဆောင်ပန်းကြား မှာ။ မန္တလေးမြို့ ကနေ ကားတစ်စီးပေါ်မှာ ပေပေပွပွထိုင်လိုက်ကြရတဲ့ အဖြစ်ဟာ ပြောရင်မယုံနိုင်စရာ မရှိဘူး။ ကောက်စိုက်သမ တွေ ပျိုးနှုတ်သမားကြီးတွေ လှည်းပေါ်တင်လာသလို လူသုံးသူလုံးမပေါ်ကြ တော့တဲ့ မိန်းမမြန်းအဖွဲ့ဟာ ဘာမှမစားကြရသေးတာထား။

လယ်ပြင်ကြီးရောက်ရင် ထမင်းစားရဖို့ မသေချာသေးဘူး။ သတို့သားလောင်း မောင်ကြိုင့်ခမျာ ရွာနီးပြီတော့ ၀မ်းသာတာလည်း သာပါရဲ့။ ရွာက တုန့်ပြန်မယ့် အခြေအနေကိုလည်း မသိရသေးဘူးကို စိတ် တွေတော့ လေးနေမိတယ်။ ရွာကို လှမ်းမြင်နေရပြီလေ။ လှည်းကတော့ ထင်သလောက် သွား မဖြစ်တော့ တအိအိပါပဲ။ လမ်းတစ်နေရာ ရောက်တော့ လှည်းသမားက နကန်နဲ့ လှမ်းပြပြန်ရော
"ရွာက လှည်းလမ်းကနေ ပန်းသွားရလို့ဗျ၊ ဟောသည် လယ်ကွက်ထဲက ဖြတ်သွားရင် နီးနီးကလေး ရယ်။ ကျုပ်တို့ရွာသား တွေကတော့ လှည်းလမ်းမလိုက်ကြတော့ဘူး၊ ဖြတ်လမ်းက၀င်ကြသာရယ်၊ လမ်းကလည်း သာတော့ တော်ရုံလူ အလွန်ဆုံနာရီဝက်လောက် နဲ့ ရောက်ကရောဗျို့"

သည်စကားကြားတော့ မောင်ကြိုင့်ခေါင်းထဲ အတွေးတွေဝင်လာတယ်။ သူက ကာယကံရှင်ဆိုတော့ သည်လို လူကြီးလူကောင်းတွေနဲ့ အတူဝင်ရင် ကြိုတင်စီစဥ့်ရမယ့်ကိစ္စတွေမှာ နောက်ကျနိုင်တယ်။ သည်တော့ လူကြီးတွေလည်း ပင်ပန်းလာတာဆိုတော့ လှည်းနဲ့ အေးအေးဆေးဆေး လာကြပစေ။ သူ့တော့ လူငယ်လည်း လူငယ်၊ ကာယကံရှင်လည်း ကာယကံရှင်ဆိုတော့ ဖြတ်လမ်းက သူသွားလိုက် ရင်လယ်ပြင်ကြီး မှာ ကြိုတင်စီစဉ်စရာရှိတာ စီစဉ်လို့ရမယ်လို့တွေးတယ်။ သည်တော့ လှည်းသမားကို ခဏ ရပ်ခိုင်းလိုက်တယ်။
"ဘာတုန်းက ငကြိုင်ရ"

မောင်ကြိုင်က သူ့သဘောပြောပြတော့ အားလုံးလည်း သဘောတူကြတယ်။ ဟုတ်သားပဲ။ မောင်ကြိုင် ပြောတာပိုအဆင်ပြေတယ်။ စားဖို့သောက်ဖို့ ရေမိုးသန့်စင်ဖို့ကအစ ပြင်ဖို့ဆင်ဖို့ကလည်း ရှိသေး တာ မဟုတ်လား။ ပြီးတော့ သူတို့လူကြီးတွေက ညအိပ်လို့မဖြစ်ဘူး။ အိမ်က ထွက်လာကြကတည်း က မနက်ဆယ်နာရီ တောင်မြန်းပြီးတာနဲ့ ပြန်လာမှာ၊ မွန်းမတည့်ခင် ပြန်ရောက်မယ် မှာခဲ့ကြတယ် မဟုတ်လား။ 

သည်တော့ ရောက်တာနဲ့ တောင်းမြန်း၊ မင်္ဂလာစကားပြောပြီးတာနဲ့ ချက်ချင်း ပြန်ကြရ မှာ ဆိုတော့ မောင်ကြိုင်သွားနှင့်တာကောင်းတယ်ပေါ့လေ။ မောင်ကြိုင်ကလည်း ဆုံးဖြတ်ချက် စောင့် မနေပါဘူး။ လှည်းပေါ်ကခုန်ချပြီး လွှားလွှား လွှားလွှားနဲ့ သွားလိုက်တာ တော်တော်တောင် ရောက်နေပြီ။ လှည်း ကတော့ လမ်းအတိုင်းလာရတာပါပဲ။
"ဟ…သည်နွားဟာ ရုန်းပါဟ၊ အပြန်မိုးချုပ်နေမနော၊ ရော်သည်နွား"
(၁၁)

ဘုန်းကြီးကျောင်းက ညနေလေးနာရီမောင်းတီးတဲ့အထိ ရောက်မလာကြဘူးဆိုတော့ သေချာပြီ။ အေးသီ လည်း လမ်းဘက်မျှော်ရတာနဲ့ ဇက်တစ်ဖက်စောင်း နေပြီလေ။ ဒင်းမလာလည်း ရှိပစေတော့။ စိတ်ကို ဒုံးဒုံးကြီး ချလိုက်ပြီး။ အိပ်ရာထဲ ၀င်ခွေနေလိုက်တော့တယ်။
မစွန်မ တော့ ရွာလူမိုက် ဘထွန်းတို့အဖွဲ့ အရက်ဖိုး လေး ငါးခါပေးပြီးရပြီး။ ချေးထားတဲ့ ပိုက်ဆံလေး တောင် ချွေးခံအင်္ကျီအိတ်ထဲ မရှိတော့ပါဘူး။ အေးသီက သူ့ဘ၀သူလည်း ရင်နာတယ်။ မအေကြီးကို လည်း သနားလှပြီ။ မနက်ပိုင်း၊ နေ့လယ်ပိုင်းက မအေဆူတာငေါက်တာ ခံပြောနေခဲ့ပေမယ့် မွန်းကလေး တိမ်း လာတော့ မအေတစ်ယောက်အနေနဲ့ ပူရှာမှာပေါ့လို့ တွေးမိလာခဲ့တယ်။ ပူတာထက် ဆိုး ရှာတာပါ။

လူကတော့ မျက်နှာပြနိုင်စရာတောင် မရှိတော့တဲ့ သူ့အဖြစ်ကို ရင်နာလို့မဆုံး ဘူး။ အေးသီက ဘာ စကားမှ မပြောဘဲ တောင့်တောင့်ကြီး လုပ်နေလိုကတာ တမေ့တမောကြီး။ သူငယ်ချင်းမတွေက ဖျောင်းဖျကြ၊ နားချကြ၊ အားပေးကြပေမယ့် အေးသီ နားထဲမ၀င်ဘူး။ သူဘာလုပ် ရမလဲပဲ တွေးတော့ တယ်။ ပြောရရင် သူလည်း အပျိုပဲ။ မအေရှက်တာက တစ်မျိုး၊ သူရှက်တာက တစ်မျိုး၊ တစ်သက်လုံး သည် စကားကြီးက ရှေ့ကဆီးနေတော့မယ်။ ရွာမှာ ပုံခိုင်းစရာဖြစ်ရတော့မယ်။ အိမ်ထောင်ရက်သား ပြုချင် ဦးတော့ ယူမယ့်ယောက်ျား က သည်ကိစ္စ အနာရှာပြောတော့မယ်။ တစ်သက် လုံးနိုင်စားတော့မယ်။ သူ့ ကိုယ်ကျင့်တရား ကောင်းခဲ့တယ် ထားပါဦး၊ နင်နဲ့မြို့သားက ဘာတွေဖြစ်ခဲ့မှန်းမှ မသိတာဆိုတာတွေနဲ့ စကားနာ ထိုးတော့မယ်။ သည်အချိန်မှာပဲ လူမိုက်ဘထွန်း တို့က တုတ်တွေနဲ့ ရောလာကြပြန်ရော။

"ဘယ့်နှယ်တုန်း ဒုက္ခိတပျားတုပ်သားအမိ၊ ကျုပ်တို့မှအခက် လူရိုက်ဖို့လာပါတယ် ရိုက်ရမယ့်လူက မရှိ ဘူး။ ကျုပ်တို့က ရိုက်ချင်လှပြီဗျ၊ ခင်းဗျားတို့ စဉ်းစားကြည့်လေ၊ ခင်းဗျားတို့က မြို့သားယုံတာ အကြောင်း မဟုတ်ဘူး၊ ကျုပ်တို့ ရွာကမျက်နှာငယ်ရပြီ။ ဟိုဘက်ရွာတွေက ပြောတော့မယ်၊ ကဲ့ရဲ့ကြ တော့မယ် လယ်ပြင်ကြီးသားတွေ လည်း လှလည်းလှနဲ့ ဒါမျိုးကတော့ ဘယ်သူမှ မထွက်ကြဘူး ဖြစ်က ရော့မယ်၊ ဟင်း…ကောင်းသေးလား၊ ခင်ဗျားတို့သားအမိပါ ရိုက်မှ ဖြစ်တော့မှာ
အရက်လေးကျော့လောက် သောက်ထားတော့ လူမိုက်ဘထွန်းနဲ့အဖွဲ့က အေးသီတို့သားအမိကို ပြဿနာ ရှာလာကြပြီ။ ရွာသူရွာသား တွေကလည်း တုတ်တွေကိုင်ထားတဲ့ လူမိုက်တွေကို တုပြောဖို့ မ၀ံ့ကြဘူး။ သားအမိ ခမျာ အရှက်ရကြတဲ့ ကြားထဲ ကိုယ့်ရွာသားက ကြိမ်းမောင်းနေတာကို စိတ်မချမ်း သာကြပေမယ့် မပြောဝံ့ကြဘူး ပေါ့လေ။ သြဇာရှိတဲ့လူကြီးတွေလည်း ရှိကြတာပါပဲ။ ရွာလူကြီး ကိုလှမောင်က ဘထွန်း တို့အုပ်စု ပါးစပ်ရမ်းရမ်းနေတာ လွန်ကဲလာကြတာ မဟုတ်သေးတော့လည်း ပြောချင် ရာပြောကြပစေ ဆိုပြီး လွှတ်ထားတယ်။ သည့်ထက်ပိုပြီး ရန်လုပ်လာရင်တော့ တားမယ်ပေါ့။ မစွန်မ လည်း ထဘီစွန်တောင် ထဆွဲတော့တာပါပဲ။

"သည်မယ် မောင်ဘထွန်း၊ နင်တို့လည်း အရက်ဖိုးပေးစရာ မရှိတော့ဘူး နင်းတို့လည်း သဒ္ဓါလွန်းလို့ တိုက်နေတာ မဟုတ်ဘူး။ နားငြီးသက်သာအောင် လို့ဟေ့၊ တော်ရာသွားတော့ ဘထွန်း မကလို့ ဘထွန် ဖြစ်ဖြစ် စွန်မ က လူချင်းလဲရမှာလည်း မကြောက်ဘူး။ သွား…သွား
ကျေးဇူး မတင်တဲ့အပြင် မောင်းထုတ်ရပါ့မလားဆိုပြီး ဘထွန်းက အိမ်တိုင်းတွေ တုတ်နဲ့ရိုက်ကရော။ သူ့နောက်လိုက်တွေ ကလည်း ဘထွန်းစလိုက်တော့ အနားရှိတဲ့ ရေအိုးရိုက်ခွဲတယ်။ သည်မှာတင် ရွာလူ ကြီး ကိုလှမောင် က ပုဆိုးတိုတိုဝတ်ပြီး အနားက ထင်းချောင်း ထဆွဲရော။ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း အော်သံကြီး ပေါ်လာတာပါပဲ။

"အေးသီ ဒီဇယ် တွေ သောက်လို့ပါတော် လာကြပါ….လာကြပါ"
ဘထွန်း တို့ရော၊ ကိုလှမောင်ရော လူကြီးတွေပါ ကြောင်သွားကြတယ်၊ အေးသီသူငယ်ချင်း မြစိန်တို့ က အော်ကြတာပါ။ အေးသီ က မီးဖိုထဲဆင်းပြီး ရေနံဆီမီးခွက်ထွန်းဖို့ထားတဲ့ ဒီဇယ်ပုလင်းထ ဆွဲပြီး ကောက်သောက် လိုက်တာ ၀ိုင်းဆွဲကြတာနဲ့ ပါးစပ်ထဲမရောက်ဘဲ ရင်ပတ်ပေါ် စီးကျကုန်တယ်။

"ငါသေမှ ဖြစ်မှာပါအေ၊ ဘာလို့ဆွဲကြတာလဲ ဖယ်ကြ"
အာရုံ တွေက အေးသီဆီ ရောက်ကုန်ကြတော့ ဘထွန်းတို့ပါ ငြိမ်ကုန်ကြတယ်။ မူးတာတွေပါ ပျောက် ပြီး သူတို့အမှား သူတို့သိလိုက်ကြသလို  အသာထိုင်ကုန်ကြပြီ။ ကိုလှုမောင် က အေးသီ ကို ရှေ့ ထုတ်လာပြီး လူပုံ အလယ် ထိုင်ခိုင်းထားရော။ မစွန်မကလည်း သမီးသည်လိုလုပ်လိုက်တော့ ပျာသွား ပုံရပါရဲ့။ သမီး ရှေ့ထိုင်ပြီး ပြန်ချော့နေလေရဲ့။ သည်သတင်းကြောင့်  လယ်ပြင်ကြီး ရွာသူရွာသားတွေ မစွန်မ တို့အိမ်ဘက် ပြေးလာလိုက်ကြတာ ရွာထဲ မျက်လှည့်အဖွဲ့ ရောက်လာသလိုပဲ။ မစွန်မတို့ အိမ် ကုပ်ကလေး ကို ၀ိုင်းထားလိုက်ကြတာ လူတွေမနည်းဘူး။

ဆက်ရန်
.

2 comments:

Anonymous said...

ဆရာမခင်ခင်ထူးစာတွေဖတ်ခဲ့တာ မအိမ်ကံဟိုဘက် ဆွေမျိုးများမတိုင်ခင်ကတည်းက အတိုလေးတွေကတည်းကပဲ။ စွဲစွဲလမ်းလမ်းလည်းကြိုက်ခဲ့ပါတယ်...အခုလည်း ကြိုက်တုန်းပါပဲ။ အခု အေးသီကို ဒီဇယ်သောက်သေကြောင်းကြံတယ်ရေးထားတာ ဖတ်ရတော့ နည်းနည်းတော့ပြောချင်တယ်။ မှတ်မှတ်ရရ ဆရာမ ဒီလိုရေးတာ ဖတ်မိတာ နှစ်ခါရှိပြီ။ တခါက မအိမ်ကံမှာ။ မအိမ်ကံ သေကြောင်းကြံတာတော့ ဘာမှပြောစရာမရှိဘူး။ သူ့ ဘ၀ကို ခင်းပြထားပြီးသားဆိုတော့ ဇာတ်လမ်းအလိုအရ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် အေးသီတို့ ဇတ်လမ်းမှာကတော့ နည်းနည်းလွန်တယ်ထင်ပါတယ်။ သူ့ မှာ ဘာမှလည်း ကျူးကျူးလွန်လွန်ရှိသေးတာမဟုတ်၊ သေသေချာချာလည်း လူလွှတ်စုံစမ်းတာမဟုတ်သေးပဲနဲ့  ဒီလိုရေးတာတော့ ဆရာမအနေနဲ့ နည်းနည်းစဉ်းစားသင့်တယ် ထင်ပါတယ်။ ဘာလို့ လဲ ဆိုတော့ ဆရာမအနေနဲ့ ရေးလိုက်တာက ဇာတ်ရှိန်မြှင့်ချင်လို့ ပေမယ့် ဖတ်မိတဲ့အထဲက စဉ်းစားဆင်ခြင်နိုင်စွမ်းနည်းသေးတဲ့သူတွေ၊ အထူးသဖြင့် မိန်းမငယ်လေးတွေ သူတို့ အတွက် ရုတ်တရက်ဖြေရှင်းလို့ မရမယ့် ဒီလိုအရှက်တကွဲအကျိုးနည်း ဖြစ်ရပ်တွေကြုံလာရင် အတုယူမှားတာမျိုးတွေ ကြုံမှာစိုးပါတယ်။ ဒါမျိုးလေး ဖတ်ကောင်းအောင် ရေးလိုက်တာနဲ့ များ အပြင်မှာ လိုက်လုပ်ပါ့မလားလို့ မေးလာရင် စဉ်းစားနိုင်စွမ်းမရှိတဲ့ အခါမျိုးမှာ ဖိအားတွေသိပ်များလာရင် ထွက်ပေါက်ရှာသွားတာမျိုး မျက်စိနဲ့ မြင်ဖူးလို့ ပါ။ ဆရာမမှ မဟုတ်ပါဘူး စာရေးတာနဲ့ အသက်မွေးနေတဲ့သူ ဖြစ်ဖြစ်၊ ၀ါသနာပါလို့  ရေးနေသူတွေဖြစ်ဖြစ် ကိုယ့်ကလောင်သွားက စိန်သွားထက် တချို့ အချိန်တွေမှာ ပိုပြီးထက်နေတတ်တာ သတိလေးချပ်ကြရင် ပိုကောင်းမယ်လို့ ထင်မိပါတယ်။

Angelhlaing(May everybody be happy and healthy! said...

ကိုယ်ကိုယ်တိုင် မစွန်မတို့ အိမ်ကိုဝိုင်းတဲ့ သူထဲပါသွားတယ် စပ်စုချင်လို့....မမ :):)