Friday, July 29, 2011

ခင်ခင်ထူး ၏ မင်္ဂလာလှည်း အပိုင်း (၄)

(၇)

လယ်ပြင်ကြီးထန်းတောထဲမှာ ရွာကာလသားလေးငါးယောက် ထန်းရည်သောက်နေကြတယ်။ တော် တော်လည်း မူးနေကြပါပြီ။ လယ်ပြင်ကြီးသားက သုံးယောက်၊ လယ်ပြင်ကြီး ရဲ့တောင်ဘက်ကပ်လျက် အုန်းပင်ကောက် က နှစ်ယောက် သောက်နေကြတာဆိုတော့ တစ်ဖက်ရွာသားနှစ်ယောက်ကို လိုက် ဧည့်ခံရင်း ရွာခံသုံးယောက်ကပါ သောက်နေကြတဲ့ သဘောပေါ့။ သည်လိုပါပဲ။ သူ့ရွာရောက်တော့ သူ ဧည့်ခံ၊ ကိုယ့်ရွာရောက်တော့ကိုယ်ဧည့်ခံကိုး။ အရက်ကြိုက်သူ အရက်၊ ထရေကြိုက်သူ ထရေပေါ့လေ။ သည်မနက် အုန်းပင်ကောက်က သူငယ်ချင်းနှစ်ယောက် ရောက်လာတာ သောင်းစိန်အတွက်တော့ အကွက် ရသွားတယ်။

ကနေ့မနက် ရွာက မစွန်မသမီး အေးသီကို မန္တလေးကစက်ဆရာက လာတောင်း မယ်၊ မြန်းမယ် ဆိုကတည်းက သောင်းစိန် ဖျပ်ဖျပ်လူးနေပြီ။ သောင်းစိန်က အေးသီကိုကြိုက်တာ တစ် ပိုင်းသေလို့၊ အေးသီ ကလည်း သောင်းစိန် ကို မကြိုက်လိုက်တာ တစ်ပိုင်းသေလို့ဆိုတော့ ဖျပ်ဖျပ်လူးကာ မှ လူးရော ဘာမှတော့ မဆက်စပ်ဘူးပေါ့လေ။ သောင်းစိန်က တစ်ဖက်သတ်ကြိုက်လိုက်တာ တစ်ပိုင်း သေလို့။

အေးသီတို့က ဆင်းရဲတယ် ဆိုပေမယ့် အကျင့်စာဂ ကောင်းတယ်ဆိုတာ ရွာကသိကြတယ်။ မုဆိုးမသား အမိ ဆိုပေမယ့် ဘယ်သူကမှ သရော်မော်ကား မလုပ်ဝံ့ကြဘူး။ ပရောပရီလုပ်ဖို့များတော့ ဝေးရော။ မစွန်မ ကလည်း နှုတ်ကကြမ်းကြမ်း မဟတ်ုလား။ လူက အရိုးပိန်ဆိုပေမယ့် ကျစ်လိုက်တာ သံချောင်း ကျလို့ ဆိုတော့ ခြေထောက်ချင်းဆိုင်ရိုက်ရင်တောင် တစ်ဖက်သားကျိုးကျသွားနိုင်တယ်ဆိုတာမျိုး။
သောင်းစိန် က အေးသီကို အပျို၊ လူပျိုစိတ်ကလေးတွေ ၀င်ကြပါပြီဆိုကတည်းက ကြိုက်တာပါ။ ရွာထဲ မှာ အေးသီ ထက် ချောတာ၊ လှတာ၊ ပိုက်ဆံရှာတာတွေ များပါရဲ့။ သောင်းစိန်ကတော့ အေးသီမှ အေးသီ တန်းတန်းစွဲ နေတာ။ ရွာကတော့ လူငယ်သဘာဝ သည်လိုပါပဲရယ်လို့ ဘာမှမပြောကြပါဘူး။ ဒါ ဖြင့် အေးသီ ကကော ဘယ်သူ့ကြိုက်သလဲမေး။ အဲသလိုလည်း မရှိပါဘူး။

အပျိုဖြစ်ပါပြီဆိုကတည်းက လူပျိုပေါက်တွေက သူငယ်ချင်းလို ခင်မင်ကြတာရှိသလို ပိုးချင်းပန်းချင်တာ များလည်း ရှိပါရဲ့။ အေးသီ က ဘယ့်နှယ်မှမနေဘူး။ လုပ်ကိုင်စားရတာ ပင်ပန်းရတဲ့ကြားထဲ မဆတ်ဆော့ အားပေါင်တော်ဆိုတဲ့ မိန်းကလေးမျိုးဆိုတော့ လန့်ကြတဲ့သူငယ်တွေ များကြတယ်။ သောင်းစိန်ကတော့ မလန့်ဘူး။ အေးသီ မှ အေးသီ။ သောင်းစိန်တို့မိဘများက နည်းနည်းပါးပါးတော့ သောင်သာကြတယ်။ အေးသီ တို့ထက် စီးပွားရေးကောင်းတယ်။ ငောင်းစိန်က မိုက်မိုက်ရမ်းရမ်း ဆိုမနိုင်ပြောမနိုင်ဆိုတာမျိုး မဟုတ် ပေမယ့် အိမ် က နွားတောင် တစ်တိုင်ကတစ်တိုင် ပြောင်းချည်ချင်တဲ့ကောင် မဟုတ်ဘူး။ ရေတစ်ထမ်း မထမ်းဘူး။ နွားစားကျင်းထဲ ပဲလေး၊ မှော်လေး နှံ့အောင်လှန်လိုက်စမ်းပါဆိုတာတောင် လှန် ချင်တာ မဟုတ်ဘူး။ အေးသီက ဒါကြောင့်ရယ်လို့တော့ မဟုတ်ပါဘူး။ မကြိုက်ချင်လို့ကို မကြိုက်တာပါ။

"အေးသီ နင် မာနကြီးလိုက်တာဟာ၊ ငါနဲ့များ စကားမပြောချင်သလိုပဲ"
"ဘာမာနမှ မရှိပါဘူးဟယ်၊ လူမှ ထမင်းအနိုင်နိုင် ရှာစားနေရတဲ့ဟာ၊ ဘယ်ကမာနကလာပြီး ရှိရမှာ တုန်း၊ နင် နဲ့ မှ မဟုတ်ပေါင်၊ ဘယ်သူနဲ့မှကို စကားပြောဖို့ အချိန်မရဘူး"
"နေဦး ငါ ပြောထားတာလေးတော့ အဖြေပေးခဲ့ပါဦး"
"ဘယ်ဟာများပါလိမ့်"
"ဟိုလေဟာ နင့်ကို ဘုရားပွဲရက်က ဒွေးစံမေတို့ ၀ိုင်းတိုက်မှာ ပြောခဲ့တာလေဟာ အေးသီကလဲ"
"နင် မူးမူးနဲ့ပြောတဲ့စကားတွေ အများကြီး၊ ငါက ဘယ့်နှယ့်လုပ် မှတ်မိမှာတုန်း"
"နင့်ကို ကြိုက်တယ်ဆိုတာလေ"
"အမယ်လေးလေး… မောင်းထောင်နဲ့ တောင်ငူ မအပ်မရာ"

အေးသီနဲ့ သောင်းစိန်က အဲသလိုဖြစ်နေကျ။ သောင်းစိန်က အလှူရှိလို့၊ ရွာဘုရားပွဲရှိလို့၊ ဆွမ်းတော် ကြီးတင်ရှိလို့၊ မင်္ဂလာဆောင်ရှိလို့၊ အပျိုလူပျိုစုကြတဲ့ပွဲမျိုးဆိုရင် အေးသီအနား မရရအောင် ကပ်ပြီး ပျားများ၊ ပိတုန်းများ "ရုန်း"ကြသလို တဒီဒီနဲ့၊ ပြောချင်ရာ ပြောနေတတ်တယ်။ အေးသီကလည်း ခေါင်း ထဲ မသွင်းပါဘူး။ ကိုယ့်ရွာက ရွာသားချင်း၊ ကာလသား ကာလသမီးချင်းပဲလေဆိုတာမျိုးနဲ့ သည်းခံ လိုက်တာ များပါတယ်။ သည်းမခံနိုင်တော့ဘူးဆိုရင်တော့ နီးရာထင်းချောင်းနဲ့ ကောက်ပေါက်ပစ်လိုက် တာပဲ။ သောင်းစိန် မိဘများ က သူတို့သားက အေးသီကြိုက်နေတာကို မကြည်သာချင်ဘူး။ အေးသီက မကြိုက်ဘူး ဆိုတာလည်း သိပါရဲ့။ မုဆိုးမသမီးက အခြေကြီးလို့ ငါတို့သားမှမကြိုက်ရအောင် ဘာမို့လို့ တုန်း ဆိုတာ ပါသလို ကြိုက်လိုက်မှာလည်း စိုးကြတယ်။

"သောင်းစိန်နော် စွန်မ သမီး လင်းယုန်မများ၊ မင်းက အကောင်းလုပ်လို့"
"ဘာတုန်းဗျ၊ အမေတို့ကလည်း တစ်မျိုး"
"ဘာတစ်မျိုးလဲ နင် စွန်မသမီး အေးသီကိုကြိုက်နေဆို၊ အေးသီ နောက်တကောက်ကောက်ဆို၊ ဘာမ မို့ တုန်းတော်… ဆန်အိုးထဲ ဆန်လက်နှစ်လုံး မပြည့်တဲ့ဟာတွေ"
"အမေတို့ စကားတွေ လွန်သနော"

"ဘာလွန်ရမှာတုန်း၊ ခုံဖိနပ်စာနော်၊ ကြိုက်သံများ ကြားလို့ကတော့ ခုံဖိနပ်ကြည့်"
"ခင်ဗျားတို့က သူများချစ်ခြင်းခွဲဖို့လောက် ချောင်းနေကြတာ၊ အေးသီက ဘာဖြစ်နေလို့လဲ"
"အောင်မာ ဘာဖြစ်နေနေ၊ နင် မကြိုက်ရဘူးဆို မကြိုက်ရဘူး"
"အချစ် ကို အဲသလို ပိတ်ပင်လို့ရမလားဗျ"

သောင်းစိန်နဲ့ မအေကလည်း အေးသီကိစ္စနဲ့ တကျက်ကျက်ပါ။ အေးသီကိုကြိုက်တာ သောင်းစိန်တစ် ယောက်တည်းတော့ မဟုတ်ပါဘူး။ ကြိုက်တဲ့လူရှိကြပါတယ်။ သောင်းစိန်က အေးသီကပဲ သူ့ရည်းစား လိုလို ပြောနေတော့ တစ်ခြားကာလသားတွေက လက်လျှော့ကုန်ကြတာလည်း ပါတယ်။ အေးသီကို ပိုးလေ မရလေ၊ မရလေ ပိုးလေနေလာခဲ့ကြတာ အရွယ်တွေတောင် ရကြလှပြီ။ အေးသီဆိုရင် ဆယ့် ရှစ်နှစ် ဆယ့်ကိုးနှစ် ရှိပြီး။ သောင်းစိန်ကလည်း နှစ်ဆယ်ကျော်ပါပြီ။ အေးသီကို ဆယ့်လေးငါးနှစ်က တည်းက ကြိုက်ခဲ့တာ အခုလိုအပျိုကြီးလုံးသန် တစ်သွေးတစ်မွေးဖြစ်လာတော့ သောင်းစိန်က ပိုတောင် ရူးလာ ကြတယ်။ အေးသီတို့သားအမိခမျာလည်း ၀င်ငွေရနိုင်သမျှ စုစုကျစ်ကျစ် ရှာကြရတာကတော့ မ ထူးပါဘူး။ လတ်လတ် လောလောကလေး ၀တ်နိုင်၊ စားနိုင်ဖို့ ထည့်မတွက်ပေမယ့် အမြင်ကလေး တင့် တယ်အောင် တော့ ဆင်ရတာကိုး။ သည်လိုဆိုတော့ အေးသီက ပိုတောင်လှလာတယ်လို့ သောင်းစိန် တွက်တယ်။

"အေးသီရယ် နင့်အတွက် ငါ့မှာစောင့်စားရတဲ့ရက်တွေလည်း ကြာပါပြီဟာ၊ တောင်ထိပ်ကြာပေါက် အ နောက်နေ၀င် ပင်လယ်ပြင်ပေါ် လမ်းလျှောက်နေကြတယ်ဆိုရင်တောင်…"
"သောင်းစိန် ရွာပြဇာတ်လာမလုပ်နဲ့၊ နင့်ကို တစ်ခါတည်းပြောမယ်၊ ငါ့အမေ မရှိတော့ရင် ငါ သီလရှင် ၀တ်ဖို့ စိတ်ကူးပြီးသား အမေရှိသေးလို့သာ"
"နင့်ဟာ မဟုတ်တာ၊ နင့်အမေသေဦးတော့ ငါ ရှိပါသေးတယ်"
"နင့်ကြောက်လို့ ၀တ်မှာဟေ့"

သောင်းစိန်နဲ့ အေးသီကတော့ အခြေအနေကတော့ မပြောင်းပါဘူး။ ဒါပေမယ့် မန္တလေးကို သနပ်ခါးပို့ရ တဲ့နောက်ပိုင်း အေးသီက ပြောင်းလာတယ်။ သနပ်ခါး လက်ခံရောင်းပေးတဲ့ မတင်ကြည်တို့ဆီ အ၀င် အထွက်ရှိရာက မောင်ကြိုင်နဲ့တွေ့ပြီး ဘယ်တုန်းကမှ စိတ်မလွင့်ဖူးတဲ့ အေးသီ စိတ်ကလေးဝေ့ချင်လာ ပါရော။ လယ်ပြင်ကြီးရွာစွန်မှာ အိမ်ကုပ်ကလေးနဲ့ သားအမိနှစ်ယောက် နေရတဲ့ဘ၀က မန္တလေးမှာ အ ခြေချခွင့်ရရင် ဘ၀တစ်ဆင့်တက်ရတာပဲလို့ တွက်တာပါပါတယ်။ မအေကြီးကိုလည်း အေးသီ သနားမိ ပါရဲ့၊ ချစ်သူ နဲ့ အိမ်ထောင်ပြုရင်တောင် မအေကိုပါ ထည့်စဉ်းစားပေးမယ့် လင်သားမျိုးမှဖြစ်မှာဆိုတော့ မောင်ကြိုင့် စိတ်နေစိတ်ထားကို အရင်အကဲခတ်ရတယ်။ မောင်ကြိုင်က ရိုးသားတယ်။ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ့် ရာသက်ပန်သမားဆိုတာလည်း အကဲခတ်မိတယ်။ သည်ကြားထဲ မတင် ကြည် ကပါ အာမခံလိုက်သေးတာကော။

သည်လိုနဲ့ အေးသီကို မန္တလေးသား စက်ဆရာက တောင်းရမ်းတော့မယ်ဆိုတာလည်း ကြားရော သောင်းစိန် က ရွာရှေ့တောင် ညောင်ပင်ကြီးမှာ မြင်းကိုယ်စီပြင်ပါရော။ သည်သတင်းဟုတ်မဟုတ် စုံ စမ်းတယ်။ စုံစမ်းဖို့က ခက်နေတော့ ဘယ်သူ့မေးရမှန်းလည်း မသိဘူး။ မစွန်မနဲ့ အေးသီတို့သတင်းကို သည်နှစ်ယောက် ဆီကလွဲရင် တစ်ခြားဘယ်ကမှ မရနိုင်လေတော့ သောင်းစိန်သူငယ်ချင်းတွေနဲ့ တိုင် ပင်တယ်။ သည်လိုနဲ့ ထန်းရည်ဝိုင်းမှာ မနက်ည အေးသီကိစ္စချည်းပေါ့။

"ငါတော့ အေးသီကို ခိုးတော့မကွာ၊ သည်လိုမလုပ်လို့ မရတော့ဘူး။ အဲတော့ အုန်းပင်ကောက် ကို ခိုး ပြေး လို့လဲ မဖြစ်ဘူး။ ရွာချင်းက ကပ်နေတာဆိုတော့ မစွန်မ လိုက်လာလိမ့်မယ်"
"ဟ… သောင်းစိန်ရ ခိုးတယ်ဆိုတာ နှစ်ယောက်သားကြိုက်မှ ခိုးရတာလေကွာ၊ အေးသီက မင်းများ ခွေးရူး လောက်အောက်မေ့တဲ့ဟာ၊ အကုန်အဖမ်းခံနေရပါ့မယ်ကွာ"
သူငယ်ချင်းတွေက အေးသီနဲ့ သောင်းစိန်ကို တစောင်းစေးနဲ့မျက်ချေးဆိုတာ သိကြတော့သည်စီမံကိန်း မှာ မပါဝံ့ကြဘူး။ ဒါပေမယ့် သောင်းစိန်တိုက်နေတဲ့ ထန်းရည်ကလည်း ဗိုက်ကားအောင် သောက်နေရ တာ ဆိုတော့ စိတ်ကုန်အောင်လည်း မပြောဝံ့ကြဘူး။

"နေဦး မင်းက ဘာကြားလို့လဲ သောင်းစိန်ရ"
"အေးသီက မန္တလေးမှာ ရည်းစားရှိနေပြီတဲ့ကွ၊ နားစွန်နားဖျား ကြားတာပါကွာ၊ စုံစမ်းလို့လည်းမရဘူး"
"မင်းက ဘယ်က ကြားတာလဲ"
"အေးသီက ပြောတာ၊ သူ့မှာရည်းစားရှိနေပြီတဲ့၊ လာတောင်းရမ်းတော့မှာတဲ့"
"ပြီးတာပါပဲကွာ၊ ခမျာများသားအမိ ဆင်းရဲကြပါတယ်။ အချစ်ဆိုတာ ခွင့်လွှတ်ခြင်းပါတဲ့၊ မင်း ရင်အနာ ခံလိုက်ပါ သောင်းစိန်ရယ်"
"ဘာရယ်ကွ၊ ရင်အနာခံရမယ် ဟုတ်လား၊ သောင်းစိန်က တစ်ရွာသားလက်တော့ အပါမခံဘူး၊ လယ်ပြင်ကြီး သား သွေးရဲတာ ပြရချေသေးပေါ့ကွာ"

ထန်းရည်အိုး ကလည်း ပိုးလိုးပက်လက်။ သောင်းစိန်တို့ကလည်း မှောက်ခုံပက်လက်။ အရင် သတိပြန် လည်လာသူက ပုဆိုးစဆွဲပြီး ထပြန်ရာကနေ လူစုကွဲသွားကြရော။ ညနေဘက် ပြန်စုမိကြပြန်ရော။ သောင်းစိန် လည်း ထန်းရည်ဖိုးဆပ်ရတာနဲ့ ကုန်လှပြီ။ အေးသီကိုမရလေ စိတ်ညစ်လေ၊ စိတ်ညစ်လေ သောက်လေဆိုတော့ လူမှန်းမသိအောင် ဖြစ်နေပြီ။ တစ်ရက်တော့ ထန်းရည်ဝိုင်းမှာ အုန်းပင်ကောက် သား ထွန်းရီ က စကားတစ်ခွန်း သတင်းပေးတယ်။ သည်သတင်းက သောင်းစိန်အတွက် အရေးကြီးတဲ့ သတင်း။
"သောင်းစိန် အေးသီ မင်းကိုအကြိုက်တာ ငါသိပြီ၊ နတ်က လုပ်ထားတာကွ"

"ဘယ်လိုကွ ထွန်းရီ၊ ဘယ်လို နတ်ကလုပ်ထားတာတုန်း၊ ကြားလာတာ ပြောစမ်းပါကွာ"
"မင်း ပြဿနာတော့ မရှာနဲ့၊ မင်းအမေက နတ်ကတော် ဒေါ်မူကြီးနဲ့ အတားအဆီးတွေ လုပ်နေတာတဲ့၊ တို့ရွာထဲက မခင်သောင်းက မင်းတို့ရွာက နတ်ကတော်ဒေါ်မူနဲ့ ခင်လို့ ပြောရာကနေ ငါကြားလာတာ"
"လူတစ်ယောက်နဲ့တစ်ယောက် နတ်က မချစ်အောင် လုပ်လို့ရသလားကွ၊ မဟုတ်တာ"

"ရတာပေါ့ကွာ၊ မင်းတို့အိမ်မှာ နတ်စင်ရှိတယ် မဟုတ်လား၊ နတ်စင်ပေါ်မှာ နတ်ရေအိုးအသစ်ကလေးရှိ လိမ့်မယ်၊ အုန်းသီးတစ်လုံးလည်း ရှိလိမ့်မယ်၊ မယုံရင် မင်းကြည့်လိုက်"
တစ်ရွာသားက အပ်ကျမပ်ကျကြီး ပြောနေပြီဆိုတော့မှ သောင်းစိန် သူအိမ်ကနတ်စင်ကို စိတ်ကူးကြည့် လိုက်တယ်။ ဟုတ်သားပါလား။ အိုးကလေးတစ်လုံးပေါ်မှာ အုန်းသီးခွံကွာတစ်လုံး မြင်နေတာကြာပြီပဲ။ လက်စသတ် တော့ သူ့အမေက အေးသီနဲ့သဘောမတူလို့ နတ်ကတော်ခေါ်ပြီး နတ်နဲ့ခွဲခိုင်းထားတာကိုး၊ ဒါကြောင့် အေးသီ က ခါးခါးသီးသီး ဖြစ်နေပါတယ် အောက်မေ့တာ၊ ခုမှ ဇာတ်ရည်လည်ရတော့တယ် ပေါ့၊ တွေးရင်းက ဒေါသတွေဖြစ်လာလို့ နတ်စင်ရော အုန်းသီးပါ သည်ကနေ့တော့ တွေ့ကြပြီပေါ့ကွာ လို့လည်း စိတ်ထဲ တေးထားလိုက်တယ်။
"နေပါဦး အုန်းသီ တင်တယ်ဆိုတာက ဘာသဘောလဲ"

"အုန်းသီးဆိုတာ အသ လေကွာ၊ အေးသီပေါ့၊ နတ် ကို အေးသီနဲ့ ပေးစားပါတယ်ဆိုတဲ့ သဘောပေါ့"
"နတ်နဲ့ ပေးစားတော့ နတ်က မင်းနဲ့မကြိုက်မိအောင် တန်ခိုးနဲ့ တားတာပေါ့ဟ"
"ကြည့်စမ်း အမေတို့များ ကိုယ့်သားသမီးဘက်မလိုက်၊ နတ်ဘက်များ လိုက်ရတယ်လို့ကွာ"
အဲသည်နေ့က အုန်းပင်ကောက်သား ထွန်းရီကို သောင်းစိတ်က ထရေမူးအောင် တိုက်တယ်။ ကျေးဇူး တွေတောင် တင်နေသေးတာပါ။ တစ်မြူပြီးတစ်မြူသောက်ကြတာ ဘယ်နှအိုးရှိမှန်းတောင် မသိကြ တော့ပါဘူး။ သောင်းစိန်က အိမ်ပြန်ပြီး နတ်စင်ဖျက်မယ်လုပ်တော့ သတင်းပေး ထွန်းရီလည်း မူးမူးနဲ့ ပြေးရော။ အဲသည်နေ့က သောင်းစိန်က အိုးကိုရိုက်ခွဲ၊ နတ်စင်ရိုက်ချိုးလုပ်နေတော့ ဖအေက ရေထမ်း ထမ်းပိုး နဲ့ လိုက်ရိုက်တော့မှ လုံးနေအောင် ပြေးတော့တာပါ။

သည်ကတည်းက နတ်ရေစင်အိုးလည်း မရှိတော့ပါဘူး။ ဒါပေမယ့် အေးသီကလည်း သောင်းစိန်ကို မကြိုက်ပါဘူး။ သောင်းစိန် က နတ်ကို အုန်းသီးဆက်လို့မကြိုက်ခဲ့တာလို့ယုံတော့ နတ်ကတော် ဒေါ်မူကြီး အိမ်ကိုသွားတယ်။ ရေစင်ဖိုး ကန်တော့ တယ်။ အကျိုးအကြောင်းပြောတော့ ဒေါ်မူကြီးက သောင်းစိန်ဖြစ်ချင်တာကို သဘောပေါက်လိုက်ပြီ။ မအေကခိုင်းလို့ အုန်းသီဆက်ခိုင်းသလိုပဲ သောင်းစိန်က ရေစင်ဖိုး ဆက်တော့လည်း အဆောင်ပေးပြန် ရော။ သော့အိမ်တစ်လုံး ဆောင်ရမတဲ့။ အေးသီက ပြန်မကြိုက်ရင် မင်း ကြိုက်သလိုပြောဆိုပြီး နတ်ကတော်က အာမခံလိုက်တော့ သောင်းစိန်ကလည်း ယုံတယ်။

"သော့အိမ်ဆိုတာ ဘာတုန်းဗျ"
"မောင်သောင်းစိန်ကလဲ အသကို… သအနဲ့ ပြန်တိုက်တာဟဲ့"
"နားမလည်ဘူးဗျ"
"အေးသီက အသ၊ သော့အိမ်က သအ၊ အုန်းသီး ကို သော့အိမ်နဲ့ ကက်ကင်းပြန်ရိုက်တယ်ခေါ်တယ်။ သော့အိမ် သေးသေးရှာပြီး မင်းလည်ပင်းဆွဲရမယ်။ သည်အတိုင်းတော့ မစွမ်းဘူးပေါ့။ ငါရွတ်ဖတ်ပြီး အသက်သွင်း ပေးမယ်။ သုံးဆယ်ခုနစ်မင်း အပ်ရမှာဆိုတော့ ငွေသုံးရာ့ခုနစ်ဆယ်တင်ရမယ်"
"တင်တာဟုတ်ပါပြီ။ ချက်ချင်း ထကြိုက်ပါ့မလား"

"ဟဲ့ နတ်ဆိုတာ မှိုင်းမှိုင်းပြီး မတာဟဲ့။ ဒါကြောင့် မှိုင်းမတယ်ပြောတာ။ အေးသီ မင်းဘက်မပါတော့ ငါ့ ပြောလှည့်… နတ်ဟဲ့၊ အာဂမှတ်နေသလား"
အဲသည်နေ့ကစပြီး သောင်းစိန်လည်ပင်းမှာ သော့တံနှစ်ချောင်းပူးနဲ့ သော့ခလောက် ကလေးတစ်လုံး ဆွဲထားလေရဲ့။ ဒါပေမယ့် သော့ခလောက်ကလည်း မစွမ်းတော့ပါဘူး။ အေးသီကို မနက်ဖြန်သန်ဘက် မန္တလေး က ကားနဲ့လာတောင်းတော့မယ်ဆိုတဲ့ သတင်းက ရွာထဲပြန့်နေပြီ။ ရွာမှာ ပျာနေကြတဲ့နှစ် ယောက်ကတော့ မစွန်မနဲ့ သောင်းစိန်ပါပဲ။ မစွန်မက မြို့လာကြမယ့် ဧည့်ကျွေးဖို့၊ မွေးဖို့ရှာရပြီ။ သောင်းစိန် ကတော့ သော့ခလောက်တောင် ဆွဲဖြုတ်ပြီး လွှင့်ပစ်ချင်ပြီ။ တစ်နေ့လုံး ထရေတဲက မထ တော့ဘူး။ ရင်တွေ လည်း ပူလှပြီမဟုတ်လား။ သည်ရက်ထဲ တစ်ခုခုတော့ လုပ်ကိုလုပ်ရတော့မှာကိုး။ အုန်းပင် ကောက်သားတွေက မူးလာတော့ သောင်းစိန်ကို မြှောက်ပေးကြရော။

"အဲသည်နေ့လာတဲ့ကားကို တို့လူစု ရွာထိပ်က ဆီးရိုက်ကြရုံပေါ့ကွာ၊ လွယ်လွယ်လေးပါ"
"မင်းတို့ပါရင် ချရုံပေါ့ကွာ၊ လယ်ပြင်ကြီးသား သွေးရဲတာ ပြလိုက်စမ်းမဟေ့"
အဲသည်နေ့က သောင်းစိန်တို့ ထရေမူးလိုက်ကြတာ လူမှန်းမသိကြဘူး။ ထန်းတဲထဲမှာတင် တုံးလုံးပက် လက် ဖြစ်ကုန်ကြပြန်ရော။

ဆက်ရန်
.

5 comments:

ပင်နီ said...

ကျေးဇူးပါ အစ်မရေ ... ဖတ်ရတာ စိတ်ကျေနပ်လိုက်တာ ... မောင်ကြိုင်တို့ အိမ်ရှာမတွေ့တာနဲ့ အေးသီ သောင်းစိန်နောက်ပါသွားရင် ဒွတ်ခ စိတ်ပူလိုက်တာ .

ညီလင်းသစ် said...

ဇတ်ရှိန်ကတော့ မြင့်သထက် မြင့်လာပြီဗျို့..၊ ဖြစ်ပျက် နေကြပုံတွေကို တွေးလေလေ ရယ်နေရလေလေ ပါပဲ၊ ကျေးဇူးပါ မရွှေဇင်ဦးရေ....။

Angelhlaing(May everybody be happy and healthy! said...

သိချင်လှပြီ မမရေ...:) ကျေးဇူးပါလို့...

Anonymous said...

အေးသီနဲ့ မောင်ကြိုင် မွဲ့ပါစေနဲ့

Anonymous said...

မကွဲ ကြပါစေနဲ့လို့