Sunday, July 31, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၃၃)

မှတ်သားစရာ ရင်မျာအပြည့်
ဒေါက်တာမင်းလဲ့ရီ

ဆရာကြီး ဦးသုခရဲ့ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ပါရမီလမ်းမှာ ရှိတဲ့ "သုခရိပ်ငြိမ်" ကို ကျွန်မနဲ့ ခင်ပွန်း သည် တို့ ရောက်တာနဲ့ အိမ်ရှေ့ဧည့်ခန်းမှာ ဆရာကြီးကို အဆင်သင့် တွေ့ရပါတယ်။
ဆရာကြီး ဦးသုခရဲ့ မျက်နှာပေါ်မှာ လောဘ၊ ဒေါသ၊ မောဟအရိပ်တွေ ကင်းစင်ပြီး ပကတိတည်ငြိမ် အေးချမ်း နေတဲ့ပုံပါပဲ.
ဂုဏ၀ုဍ္ဎိ၊ ၀ယ၀ုဍ္ဎိဆိုတဲ့ အရှိန်က ကျွန်မကို မသိမသာ လွမ်းမိုးသွားတယ် ထင်ပါရဲ့။ လောကအကြောင်း၊ ဓမ္မ အကြောင်းနဲ့ အနုပညာအကြောင်းတွေမှာ နှစ်ောထင်း အားရစရာ ထူးချွန်တဲ့ ဆရာကြီးဦးသုခရဲ့ ရှေ့မှောက် မှာ တကယ်ရောက်တော့ ကျွန်မ ရုတ်တရက် ခြေလှမ်းတုံ့သွားပါတယ်။

ကျွန်မတစ်ယောက် ကျမ်းတတ် မထေရ်ကြီးတစ်ပါးရဲ့ မျက်စိအောက်ကို ရောက်နေတဲ့ ရှင်ငယ်လေးလို မိမိကိုယ်ကို သိမ်ငယ်သွားသလို ခံစားရပါတယ်။
"လာကြ၊ လာကြ ထိုင်ကြပါ"
ဆရာကြီးရဲ့ ပျူငှာတဲ့ ကြိုဆိုမှုအတွက် အားတက်သလို ရှိသော်လည်း ကျွန်မက ခင်ယို့ယို့နဲ့ …
"ကျွန်မ "တင်တင်" ပါ ဆရာကြီး၊ ကလောင်အမည်ကတော့ ဒေါက်တာမင်းလဲ့ရီပါ၊ ကျောက်ခဲ၊ သဇင်နဲ့ ဂျိန်းဖောပွဲတော် သီချင်းတို့ကို ရေးခဲ့တဲ့ မန္တလေးက စာပေနဲ့ဂီတစာဆို ဆရာမျိုးမြင့်ဆွေရဲ့ နှမအရင်း ပါရှင့်၊ ဆရာကြီး ကို တွေ့ချင်လွန်းလို့ လာပြီး ဂါရ၀ပြု ဖြစ်ပါတယ်"

ဒီအခါမှာ ဆရာကြီးက လိုလိုလားလား ရွှန်းရွှန်းစားစား အားပါးတရနဲ့ "သြော် ဟုတ်လား၊ ဆရာမျိုးမြင့်ဆွေ ရဲ့ နှမ လည်း စာရေးတယ်ဆိုတော့ မျိုးနဲ့ရိုးနဲ့ပေါ့။ ၀မ်းသာပါတယ်"
"ဟုတ်ကဲ့ရှင့်၊ အသက်မွေးဝမ်းကျောင်းကတော့ ဆရာဝန်ပါ။ တာဝန်က အငြိမ်းစားယူပြီး အသက်အရွယ် ကြီး မှ ငယ်က ၀ါသနာရှိရင်းဖြစ်တဲ့ ပန်းချီ၊ ဂီတ၊ စာပေနဲ့ အချုပ်အလုပ်၊ ဇာထိုးပန်းထိုးဆိုတဲ့ အလုပ်တွေကို ကောက်နိုင်၊ ကိုင်နိုင် အားထုတ်နိုင်ပါတယ်။ ဒါပေမယ့် အစ်ကိုလိုတော့ မစွမ်းပေါက်ပါဘူး။ သူ့လို အချိန် မယူနိုင် တာရယ်၊ သူ့လောက်လည်းပဲ ပါရမီမရင့်ဘူးလို့ ပြောရမှာပေါ့ …"
"အို … ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲ၊ ၀ါသနာဘာဂီဆက်တိုင်းမီလို့ ဆိုတယ် မဟုတ်လား၊ မျိုးရိုး နဲ့ ပါရမီနဲ့ လာရင် ဖြစ်ကို ဖြစ်ရမယ်ဗျ၊ အားမလျှော့ပါနဲ့။ ဒါတွေဟာ လူတိုင်းလုပ်လို့ မရတဲ့ အလုပ်တွေနော်။ မလွယ်ဘူး။

"ကြားရတာ ၀မ်းသာပါတယ် ဆရာကြီးရှင့်၊ ကျေးဇူးတင်ပါတယ်"
၁၉၉၇ခုနှစ်က၊ မြင်ကွင်းလေးကို ကျွန်မရဲ့ ဦးနှောက်ကွန်ပျူတာ က ဆွဲယူလိုက်ပါတယ်။ သြော် အတိတ်က ပုံရိပ်ဆိုတာ လွမ်းစရာတစ်မျိုးပါပဲ။
"အမှန်အတိုင်း ကျွန်တော် ဆိုပါမည်။ "စိတ်ဆိုသောစိတ်" တွင် ပါဝင်သော စိတ်အကြောင်းအရာများ၊ ၀တ္ထု ဇာတ်လမ်းများ အားလုံးလိုလို ကျွန်တော် တွေ့ဖူးပြီးသားများ ဖြစ်ပါသည်။ သို့သော် ဆရာဦးသုခ၏ အကိုင် အတွယ် နိုင်နင်းမှု၊ အရေးအသားအကွက်ကျမှုများကြောင့် ကျွန်တော် တွေ့ဖူးပြီးသားများသည် ဖတ်၍ မငြီး နိုင်သော အသစ်အဆန်းများ ဖြစ်နေကြပါသည်။
ဆရာဦးသုခကို အနုပညာရှင်ကြီး တစ်ယောက်အနေဖြင့် ကျွန်တော် လေးစားကြည်ညိုရင်းစွဲပါ။ သို့သော် ပိဋကတ် နယ်ပယ် ကျယ်လှစွာကြီးထဲတွင် ဤမျှကျေညက် နူးနပ်နေကြောင်း မသိခဲ့ရပါ"
ဆရာကြီး ဦးသုခဟာ သူ့ကို ကျွန်မ တို့ ဦးချကန်တော့ပြီး၊ ပြန်ကာနီးမှာ သူပြုစုရေးသားတဲ့ "စိတ်ဆိုသော စိတ်" နှင့် ၀ဉ္စနာဒီပနီ" အမည်ရှိ စာအုပ်ကို လက်ဆောင်အဖြစ် ချီးမြှင့်ပါတယ်။

ကျွန်မအိမ်ကိုရောက်တာနဲ့ ဆရာကြီးရဲ့စာအုပ်ကို ဖတ်တဲ့အခါမှာ ဆရာကြီး ဦးဆန်းထွန်း (မန်းတက္ကသိုလ်) ရဲ့ အမှာစာမှာ အထက်ပါအတိုင်း ရေးထားတာ တွေ့ရပါတယ်။
ဆရာကြီး ဦးဆန်းထွန်း (မန်းတက္ကသိုလ်)ဆိုတာလည်း တစ်ခြား ပုဂ္ဂိုလ်မဟုတ်ပါ။ ကျွန်မ မန္တလေး တက္ကသိုလ် ဥပစာတန်းကို တက်ရောက်ပြီး ပညာရင်နို့ သောက်စို့စဉ်က ကျွန်မရဲ့ မြန်မာစာပြ ဆရာ ဖြစ်ခဲ့ ပါတယ်။ ဒီအမှာစာကို ဖတ်ရင်း ကိုယ့်ဆရာ၊ ဆရာမများကို သတိရလွမ်းရပါသေးတယ်။
ပညာရှိကြီး တစ်င်္ဦးက ပညာရှိကြီးတစ်ဦးကို ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ချီးကျူးရေးသားထားတာ တွေ့ရတော့ ၀မ်းမြောက်ကြည်နူးမိရုံမကဘဲ ပညာရှိများရဲ့ ဣဿာ၊ မစ္ဆေရနဲ့ မာနတရားကို ကင်းရှင်း စင်ကြယ်မှု ကို ရှေ့ရှုပြီး မှတ်သားနာယူပါတယ်။

ဆရာကြီးဦသုခရဲ့ "စိတ်ဆိုသောစိတ်" စာအုပ်နဲ့ ပတ်သက်ကြီး ဆရာကြီး ဦးဆန်းထွန်း (မန်းတက္ကသိုလ်)က ခုလို ရေးသား ဖော်ပြခဲ့ပါတယ်။
"စိတ်ငယ်စရာ၊ ရှိမြဲသာတည့်၊ စိတ်မှာဆိုးကောင်း၊ နှစ်မျိုးပြောင်း၏ တိမ်းစောင်းတတ်လှ၊ စိတ်ကိုမ လော့၊ ဟန်ပြမာယာ၊ စိတ်မူရာသည်၊ လေးဖြာဓိပတိ၊ တန်ခိုးရှိသား၊ ဣဒ္ဓိပါဒ်မှာ၊ စိတ်လည်းပါ၏။ စိတ်သာ ရှင်စော၊ ဘုရားဟောနှင့်၊ လောက စကား၊ လူတို့နားဝယ်၊ ၀င်သွားစေလို၊ စိတ်ကိုခို၍၊ ထိုထိုသောစိတ်၊ ခွဲဝေစိတ် သည်၊ "စိတ်ဆိုသောစိတ်" ကျမ်းမွန်တည်း" လို့ ရေးသားထားပါတယ်။
ဆရာကြီး နှစ်ဦးလုံး လူ့လောကကို ကျောခိုင်းစွန့်ခွာလို့ သံသရာခရီးကို ထွက်ခွာသွားနှင့်ကြပြီ။ အဆင့်မြင့် ကျမ်းတတ်၊ လောကီ လောကုတ်ဖွင့်ထုတ်နှံ့စပ် ကျင့်အပ်တရားတို့ သိထားကြသူများပေမို့ မြင့်မြတ်တဲ့ ဘုံဘ၀ ဒါမှ မဟုတ် ထို့ထက်မြင့်မားတဲ့ နိဗ္ဗာန်တံခါးကို ရောက်သွားကြမည်လို့ ယုံကြည်မိပါတယ်။

ဆရာကြီး ဦးသုခ ကို အင်မတန်မှ မွှေးကြိုင်သန့်ရှင်း နီဝင်းစိုပြည်ပြီး အရည်ရွှန်းမြ သြဇာရသနဲ့ ပြည့်စုံတဲ့ "ဟန်မြင့်မိုရ်စိန်တစ်လုံးလ သရက်သီးကြီးဆယ်လုံး ကို ဗန်းနဲ့ထည့်ပြီး လက်အုပ်ချီမို ရှိခိုးကန်တော့ခဲ့တဲ့ နောက် များ မကြာမီ …
မန္တလေး အမေနေ့ကို တက်ရောက်ရင်း အမေနေ့ အဖွဲ့သားများ လိုက်ပို့လို့ ဆရာကြီးဦးသုခ ဟာ မန္တလေးမြို့၊ ၃၂လမ်း၊ ကဉ္စနမဟီမြေနီကျင်းရပ်မှာရှိတဲ့ "မျိုးမြင့်ဆွေ အနုပညာရိပ်ကွန်း (MYO MYINT SWE RECREATION CENTRE OF ARTS)ကို ရောက်ပါတယ်။

ဆရာကြီး ဦးသုခဟာ ဆရာမျိုးမြင့်ဆွေရဲ့ ပန်းချီ၊ ဂီတနဲ့ စာပေပစ္စည်းများကို အသေးစိတ် လေ့လာပါတယ်။ ပန်းချီပညာ နဲ့ ပတ်သက်ပြီး ဆရာမျိုးမြင့်ဆွေ ရေးဆွဲခဲ့တဲ့ ဆီဆေး၊ ရေဆေး၊ ပန်ချီကားတွေ၊ ရွှေချည်ထိုး ပန်းချီ ကားတွေ၊ သူရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ၊ စာပေနဲ့ ပတ်သက်ပြီး ဆရာမျိုးမြင့်ဆွေ၊ ထုတ်ဝေခဲ့တဲ့ စာအုပ် တွေ ကဗျာ တွေ မှတ်စုမှတ်ရာတွေ၊ ဂီတနဲ့ ပတ်သက်တဲ့ တေးသီချင်းတွေ၊ ဇာတ်ညွှန်းတွေ၊ ဂီတ ပစ္စည်း တွေ၊ ပန်းပုနဲ့ပတ်သက်ပြီး ဆရာမျိုးမြင့်ဆွေကိုယ်တိုင် ထုထားတဲ့ သစ်သားပန်းပုရုပ်ကလေးတွေကို အင်မတန် စိတ်ဝင်စားပါတယ်။
ဆရာကြီး ဦးသုခ အနေနဲ့ အနုပညာ ပန်းတောကြီးထဲကို တလွမ်းတမော ရောက်နေသလို ရှုမ၀ ကြည့်မဆုံး နဲ့ တပြုံးပြုံး ဖြစ်နေပါတော့တယ်။

နောက်ဆုံးတော့ ဆရာကြီးက ဆရာမျိုးမြင့်ဆွေရဲ့အစ်မ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှကို သူရဲ့ ထင်မြင်ချက်များနဲ့ ရှင်းပြပါတယ်။
"တကယ်တော့ ဆရာမျိုးမြင့်ဆွေဟာာ ဒီခေတ်မှာ ပြောဆိုသုံးနှုန်းနေကြတဲ့ "ဘက်စုံပညာရှင်" ဆိုတဲ့ အမည် နဲ့တင် မလုံလောက်ပါဘူး။ သူ့ရဲ့အနုပညာတွေဟာ ပန်းချီပညာမှာ နည်းစုံနဲ့ နယ်စုံကို ကျွမ်းကျင် သလို၊ စာပေမှာလည်း ရိုးရာ ဂန္တ၀င်စာပေရဲ့ ဥပဒေများသာမက၊ ကဗျာ၊ လင်္ကာအမျိုးမျိုး အမြင်ဆန်းသစ် တဲ့ ခေတ်စာပေ ကိုလည် နှံ့နှံ့စပ်စပ် တတ်မြောက်တာ တွေ့ရပါတယ်။ ဓာတ်ပုံပညာ၊ ပန်းပုပညာမှာလည်း အဆင့် မီပါတယ်"

ပန်းချီပညာကို ကျွမ်းကျင်သူမို့ ဓာတ်ပုံပညာနဲ့ ပန်းပုပညာမှာ ပန်းချီနဲ့ နှီးနွယ်ပေါင်းစပ်လိုက်တော့ ရိုက်ကွင်း ရိုက်ကွက်နဲ့ ရှုခင်းရှုခင်းလေးတွေဟာ သဘာဝအလှနဲ့ ပြည့်စုံသလို ပန်းပုရုပ်လေးတွေဟာလည်း လက်ရာ မြောက်င်္ပြီး ပြေပြစ်လှပလို့ အချိုးအဆစ် ကျပါတယ်။ သာမန် မဟုတ်ပါဘူး။ သိသိသာသာ မြင်မြင် ထင်ထင် ပေါ်လွင် ထင်ရှားပြီး ပညာသားပါပါ ထုထားတာပါပဲ။
ဂီတ ကတော့ အထူးပြောစရာမလိုဘဲ အားလုံး သိကြပြီးတဲ့အတိုင်းပဲ၊ ကျောက်ခဲတို့၊ ဂျိန်းဖောပွဲတော်တို့ကို အင်မတန် အောင်မြင်တဲ့ တေးသီချင်းတွေအပြင် ရုပ်ရှင်ဇာတ်ဝင်တေး၊ ဇာတ်ပို့တေး၊ ဇာတ်သိမ်းတေးတွေ ဟာလည်း ပေမီ ဒေါက်မီ ကျော်ကျော်ကြားကြားပါ။

ကက်ဆက်ခွေ ဇာတ်လမ်းသီချင်း၊ ဗုဒ္ဓ၀င်သီချင်းနဲ့ သမိုင်းတေးတွေ ပြောင်မြောက်သလို ကဗျာတွေ ကလည်း အဆင့်မြင့်ပါတယ်။ သူရဲ့နော်ကမှာ ကျန်ခဲ့တဲ့ အနုပညာပစ္စည်းတွေဟာ တစ်ယောက်စာ စွမ်းအား နဲ့ ကြည့်ရင် များလွန်းပါတယ်။
ဒါတွေအားလုံးကို ခြုံငုံပြောရလျှင် ဆရာမျိုးမြင့်ဆွေလို ခေါ်တဲ့ ပန်းချီးဦးမြသောင်း(မန္တလေး)ဟာ ဘက်စုံ ပညာရှင် သာမကဘဲ "နယ်စုံ ဒေါင့်စုံပညာရှင်" လို့ ကျွန်တော်အမည် ပေးချင်ပါတယ်" တဲ့။
ကျွန်မအနေနဲ့ သုခုမ အနုပညာရှင်၊ လောကီ လောကုတ္တရာ နှစ်ဖြာရဲ့ စာပေပညာရှင် ဆရာကြီး ဒေါက်တာ ဦးသုခ ကို အောက်ပါ မြန်မာကဗျာ (မဟာလေးချိုးကြီး)နဲ့ ဂုဏ်ပြုအမွှန်းတင်ပြီး ရာပြည့်စာသဘင်နဲ့ (၁၄)ကြိမ်မြောက် အမေနေ့ကို ကြိုဆိုလိုက်ပါရစေ။

-    အနုပညာကောင်းကင် မှာ ဓူဝံပမာအလား
    တင်စားလိုက်ရပါတော့
    ရှုချင်စရာ အကြောင်းထွင်ရာ တစ်မူချွန်တာများ
    ထင်ရှားခိုက်ဟာမို့
    တမင်ကြွားထိုက်လို့ ကြွားလိုက်ရပါပေါ့
    အချေအတင် နှုတ်ဖျားတွင်
    (ဘဘ ဆရာရယ် …)
    ဘ၀င် တအားလှိုက်ကာ အားကျစရာပေ
    ရွှေစင်ရုပ်များသခင်။
-    သြော် ရုပ်ရှင်ပညာမှာ သူမတူအောင်
    ပြောင်မြောက်လေတော့
    တမဟုတ်လျှင် မယှဉ်သာပါ တစ်မူဆောင်ကာ
    အရောင်တောက်ချေပေါ့
    လူတစ်ထောင်မှာ တစ်ယောက်မပါ
    ရှာမှ ရှားတာမို့
    အာဂ တစ်ပါးပေပ ငါးဆယ်ကျော်သန်းမှာပေါ်လွင်
    အိုကွယ် - တစ်ဂူ၊ တစ်ချောင် မရောက်ပေမယ့်
    အယူ၊ အနှောင်၊ အထောက်တွေနဲ့
    အားကြွယ်ပေမို့ ကျမ်းအဖြာဖြာဟာ တော်ဝင်။   ။
-    "မဃဒေ၀" ကဗျာစုအပြင် "ဓမ္မပဒ" စာဥယျဉ်မှာ
    စိတ်ကိုလေ့လာရာဝယ်
    "စိတ္တ၀တော ဘိက္ခဝေ ကိံနာမ ကမ္မံနသိဇ္ဈတိ" ရယ်
    အဆိုရှိတာမို့
    စိတ္တာဓိပတိ၊ စိတ္တိဒ္ဓိပါဒ်ကို ပြတ်သားစွာ ဖော်ဆောင်လို့
    တစ်တပ်တအားငှာ လျော်အောင်ပ၊ စံထားပါရ
    စာရတနာပလ္လင်
    မြန်မာရာဇ၀င် မဟာဝင်တွေနဲ့ တစ်သွင်ယူကိုးကား
    သြော် သာသနာတစ်ခွင်ကို တန်ဆာဆင်သမို့
    အစဉ်မူရိုးမသွား။    ။
-    ဆရာ မဟေလေလေ့၊ ဆရာ မဟေ
    ခန္ဓာထွေလျက်ပင် ၀ါစာခြွေလို့
    ဓမ္မာအသရေ မနွမ်းအောင် ရည်ကာထားတဲ့ပြင်
    ပြည်ရွာတစ်လွှားမှာ "အမေနေ့" ကို ရည်ဆောင်တာ
    ဆယ်သုံးကြိမ် ပိုင်ပြီပေါ့
    အသက်ဆုံးချိန်မတိုင်မီ "ဒေါက်တာဘွဲ့" ကို ချီးမြှင့်ခံလို့
    အသီးအပွင့်သဏ္ဍာန် ပဋိဘာန်စကားတွေနဲ့
    အသိဥာဏ် ဖွံ့ထွားအောငေ် နောင်မျိုးဆက်ကိုလ
    တိသရဏံ နဲ့ အမြင်အကြားနှောင်ကာ
    မရှောင်အကျိုးသက်စေဖို့
    ဆောင်ပိုးရွက်ရှာသော် သင်ဆရာ မြင်ဆရာ တစ်လီပ
    ရောင်ညှိုးမပျက်ပါ "၀ဉ္စနာဒီပနီ" အသိဝေလို့
    ပညာပါရမီ ပြည့်စေဖို့ ထပ်မနား နှင်ရှာရင်း
    မြတ်တရား ရင်မှာ သွင်းကာဖြင့် သဉ္စာလီမှာ
    မရွှင်သာရှာပြီ ရုပ်နာမ် ပျက်ချိန်မို့
    ချုပ်မြန်းလျက် ကြွေကာသက်သော်လည်း
    ကြေညာလျက်ပ "အမေနေ့" ဆွေသဟာတပည့်တို့က
    ဝေဖြာသတိနဲ့ မေတ္တာဘာဝနာပွားပြီး
    လှစ်ကာသဒ္ဓါတရားနဲ့ သမုတိနတ်ထံလိုပါးလိုက်ပါပေါ့
    အပြစ်အနာအမှားရှိလျှင် ဂရုအသိနဲ့ ဖတ်ပါရန် အဓိကမှန်း
    ရှူကာပ
    (ဘဘဆရာရယ် …)
    "သုခ အတ္တာနံ ပရိဟရန္တု" ရယ်လို့
   ခွန်းပြုညွှန်းဖော် သာဓုခေါ်နိုင်ပါစေသား။

ဒေါက်တာမင်းလဲ့ရီ
 ဆက်ရန်
.

No comments: