Saturday, July 30, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၃၂)

ပြင်ဦးလွင် စိန်ပန်းပင်ရိပ်အောက်က အေးသုခမှာ ဆရာဦးသုခ၊ ဆရာဇ၀န၊
လူထုဦးလှ၊ လူထုဒေါ်အမာတို့ လေးဦး
အောင်ချစ်(ပြင်ဦးလွင်)

လွန်ခဲ့တဲ့ (၂၇)နှစ်လောက်က ဦးလေး(လူထုဦးလှ)၊ ဒေါ်ဒေါ် (လူထုဒေါ်အမာ)၊ ဆရာဦးသုခ၊ ဆရာဇ၀န တို့ လေးဦး ပြင်ဦးလွင် မှာ (၁၀)ရက်ကျော်ခန့် အတူတကွ လာရောက် အနားယူခဲ့ဖူးကြပါတယ်။ ဒီလို ပုဂ္ဂိုလ်ကြီး လေးဦး အတူတကွ အနားယူ နေထိုင်သွားခဲ့တဲ့ အိမ်ကတော့ "အေးသုခ" လို့ အမည်ပေးထားတဲ့ တစ်ထပ်တိုက် အိမ်ကလေးပါ။ အဲဒီအိမ်ဟာ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃)၊ အောင်ဇေယျလမ်း၊ ဟော်ကုန်းရပ် မှာ ရှိပါတယ်။ အိမ်နံပါတ်ကတော့ (၄၄၀)၊ အိမ်ရှင်က မန္တလေးမြို့ ပဲလှော်ချောင်က ပွဲစားကြီး ဦးကွန်းစိန်ရဲ့ အိမ်ပါ။ သူအမြဲနေထိုင်ဖို့ ဆောက်ထားတဲ့အိမ် မဟုတ်ပါဘူး။ နွေရာသီအခါ မန္တလေး မှာ ပူပြင်းလာရင် ပြင်ဦးလွင်ရဲ့ အေးမြတဲ့အရိပ် အာဝါသအောက်မှာ လာအနားယူဖို့ မိတ်ဆွေ အပေါင်းအသင်း များ နေဖို့ ဆောက်ထားတဲ့အိမ်ပါ။

"အေးသုခ" အိမ်ရှေ့မှာ အောင်ဇေယျလမ်းကြီး ရှိပါတယ်။ လမ်းမကြီးရဲ့ ဘေးဝဲယာ တစ်ဖက်တစ်ချက်မှာ နှစ်ပေါင်းများစွာ ကတည်းက စိုက်ပျိုးထားတဲ့ စိန်ပန်းပင်ကြီးများ စီကာရီကာ ဖွံ့ဖြိုးနေတာကို တွေ့ရ ပါတယ်။ မေလမှာ နီရဲနေတဲ့ စိန်ပန်းတွေ ဝေေ၀ဆာဆာ ပွင့်ပါတယ်။ "အေးသုခ"ကို စိန်ပန်းပင်ရိပ်က လွှမ်းမိုးထား ပါတယ်။ စိန်ပန်းပွင့်တွေဟာ "အေးသုခ"ရဲ့ ခြံအ၀င်ပေါက်နဲ့ အိမ်ရှေ့လမ်းမပေါ်မှာ ရဲနေအောင် ကြွေကျ ပြန့်ကျဲနေတဲ့အတွက် စိန်ပန်းခင်းထားတဲ့လမ်းကို ဖြစ်နေတော့တာပါပဲ။

၁၉၈၂ခုနှစ်၊ မေလ(၁၇)ရက် တနင်္လာနေ့မှာ ဦးလေး၊ ဒေါ်ဒေါ်နဲ့ ဆရာဇ၀နတို့အပြင် ဦးလေးနဲ့ ဒေါ်ဒေါ် တို့ရဲ့ သား ကိုငြိမ်းချမ်းရဲ့ဇနီး မတင်တင်ဝင်းနဲ့ သမီးကလေး လင်းလင်းမွန် (ဒီအမည်ကို အဘိုးဖြစ်သူ ဦးလေး ကိုယ်တိုင် ပေးခဲ့တာပါ)တို့ ပြင်ဦးလွင်ကို ရောက်လာကြပါတယ်။
မေလ(၁၈)ရက် အင်္ဂါနေ့မှာတော့ ဆရာဦးသုခ ရောက်လာပါတယ်။ "အေးသုခ"မှာ သူတို့လေးဦးသား ဆုံမိ ကြပြီပေါ့။ ဧပြီလနဲ့ မေလဆိုရင် ပြင်ဦးလွင်မှာတော့ တစ်မြို့လုံးတစ်နယ်လုံးလိုလို ကောင်းကင်ပေါ်က လေးအေးစက်များ လွှတ်ပေးထားသလိုပါပဲ။ သူတို့တစ်တွေ "အေးသုခ" မှာ နေခဲ့တဲ့ ရက်တွေမှာ ကျွန်တော် ကတော့ သူတို့အတွက် ဝေယျဝစ္စတွေ လုပ်ပေးပါတယ်။ ဒေါ်ဒေါ်ကတော့ မီးဖိုချောင်ထဲကနေပြီး သူတို့ အတွက် ချက်ပြုတ်ကျွေးမွေးပါတယ်။

သူတို့ ပြင်ဦးလွင်မှာ နေခဲ့တဲ့ရက်တွေမှာ နေ့စဉ်နံနက်တိုင်း စောစောအိပ်ယာထပြီး လေကောင်းလေသန့် တွေ တစ်ဝကြီး ရှူကြရင်း လမ်းလျှောက်ကြပါတယ်။ နေ့လယ်နေ့ခင်း အိမ်မှာ စုပြီး ခေတ်အဆက်ဆက် သူတို့တစ်တွေ ဖြတ်သန်းလာခဲ့ရတဲ့ စာပေရေစီးကြောင်းတွေ အကြောင်း၊ မျက်မှောက်ခေတ် မြန်မာစာပေ၊ ကမ္ဘာ့စာပေ အကြောင်းတွကို ရှုထောင့်အမျိုးမျိုးကနေပြီး ဆွေးနွေးတတ်ကြပါတယ်။
မေလ(၂၀)ရက်နေ့ ထင်ပါတယ်။ ငါးမျှားပြီး ပြန်လာတဲ့ လူတစ်ယောက်ဆီက ငါးတစ်ကောင် ကို လမ်းက ဖြတ်ဝယ်ပြီး ဒေါ်ဒေါ့်ဆီ ယူလာခဲ့ပါတယ်။ ငါးကြင်းကတော့ တစ်ပိဿာကျော်ကျော်လောက် ရှိမယ် ထင်ပါ တယ်။

"ဒေါ်ဒေါ်ရေ၊ ဟောဒီမှာ ငါးကြင်းကြီးတစ်ကောင်ဗျာ၊ လမ်းမှာတွေ့လို့ ၀ယ်လာခဲ့တယ်။ ကျွန်တော်တို့ တောင်ပေါ်ဒေသ မှာ ငါးဆိုလို့ လတ်လတ်ဆတ်ဆတ် စားရခဲပါတယ်။ ဒီငါးကတော့ ကန်တော်ကြီးထဲက မျှားလို့ ရလာတဲ့ ငါးလို့ သိရပါတယ်"။
ကျွန်တော်က ပြောပြောဆိုဆို ငါးကြီးကို ဒေါ်ဒေါ့်လက်ထဲ ထိုးအပ်လိုက်ပါတယ်။
ဒေါ့်ဒေါ့်လက်ထဲ ငါးထိုးအပ်လိုက်တဲ့အချိန်မှာ အိမ်ရှေ့ဧည့်ခန်းမှာ ဆရာဦးသုခ၊ ဆရာဇ၀နနဲ့ ဦးလေးတို့ ရှိနေကြပါတယ်။
ကျေးဇူးတင်လိုက်တာ ကိုချစ်ဆွေ ရေ၊ ဒီကနေ့ အာမီရမ်နဲ့ ငါးကြင်းကြော် မြည်းရတော့မယ်၊ ဟန်ကျတာပဲ၊ ဒေါ်အမာရေ … ငါးကို ကြွပ်ကြွပ်ရွရွလေး ကြော်ပေးပါ"။
ဆရာဇ၀နက ဒေါ်ဒေါ်ကြားအောင် လှမ်းပြောလိုက်ပါတယ်။

"အရက်ကိုလဲ မသောက်တတ်၊ အရက်ရဲ့ အရသာကို တောင်မှန်းမြောက်မှန်း မသိတဲ့လူက အရက်သမား အမှားတစ်ထောင် လို့ ရေးတာကတော့ စဉ်းစားစရာပဲ ဒေါ်အမာရေ"
လို့ လှမ်းပြီး နောက်ပြောင်စကား ပြောလိုက်ပါသေးတယ်။
"ကောင်းပါပြီရှင်၊ ကောင်းပါပြီ … ရှင့်မလဲ အသက်က ရလာပြီ၊ ခုချိန်ထိ အရက်ကို ကြိုက်တုန်းပဲလား"
ဒေါ်ဒေါ်က ရယ်ရယ်မောမောနဲ့ ပြန်ပြောတဲ့အခါ ဦးလေးက ဘေးကနေပြီး တခစ်ခစ်နဲ့ ရယ်နေပါတယ်။

"စကားစပ်မိလို့ ပြောရဦးမယ်၊ လွန်ခဲ့တဲ့(၅)နှစ်လောက်က ထင်ပါတယ်။ မိတ်ဆွေ ဗေဒင်ဆရာတစ်ယောက် နဲ့ တွေ့လို့ ဗေဒင်ဆရာက ကျွန်တော့်မွေးနေ့ မွေးသက္ကရာဇ်ကို မေးပြီး တွက်ချက်ပေးပါတယ်။ ခင်ဗျားကြီး ဒီအတိုင်းသာ အရက်သောက်နေရင် နောက်နှစ်မကူးဘူး သေမှာပဲလို့ တဲ့တိုးကြီး ဟောချလိုက်တယ်။ နောက်တစ်နှစ်ကြာတော့ မိတ်ဆွေ ဗေဒင်ဆရာနဲ့ ပြန်တွေ့တော့ ဗေဒင်ဆရာက သူဟောတာ မမှန်တဲ့ အတွက် အေးဗျာ ဗေဒင်ဆိုတာ တိုက်ဆိုင်ရင် မှန်တာပါပဲ၊ မတိုက်ဆိုင်ရင် မမှန်ပါဘူးဆိုပြီး လျှောချလိုက် တယ်။ ကျုပ်ကလဲ ဗေဒင်ဆိုရင် မယုံ့တယုံပဲ၊ ဘယ်ရမလဲ၊ ကျုပ်က လူပါးပဲ၊ မိတ်ဆွေ ဗေဒင်ဆရာကြီး ဟောတဲ့နေ့ ကစပြီး အရက်သောက်တိုင်း ဇ၀န နာမည်နဲ့ပဲ သောက်တယ်။ ဦးသိန်းနာမည်နဲ့ ဘယ်တော့မှ မသောက်ဘူး၊ ဦးသိန်းဆိုတာ ဇာတာနာမည်လေ၊ ဦးသိန်းနာမည်နဲ့သာ အရက်သောက်ရင် ဗေဒင်ဟောက မှန်ချင်ရင် မှန်သွားပါတယ်" တဲ့။

သူတို့ ပြင်ဦးလွင်မှာ နေသွားတဲ့ရက်တွေမှာ စစ်တက္ကသိုလ်နဲ့ မီးရထား အပန်းဖြေရိပ်သာမှာ စာပေ ဟောပြောပွဲ တစ်ပွဲစီ လုပ်ပေးပါတယ်။ ၁၉၈၂ခုနှစ်၊ မေလ(၂၃)ရက်နဲ့ ညနေပိုင်းမှာ စစ်တက္ကသိုလ် အောင်ဆန်းခန်းမမှာ စာပေဟောပြောပွဲ လုပ်ပါတယ်။ စစ်တက္ကသိုလ် ဗိုလ်လောင်းတွေနဲ့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးသိန်းဆိုင်၊ စာပေ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီးအေးသိန်း၊ မြန်မာစာ ဌာန မှူး ဒုတိယ ဗိုလ်မှူးကြီးတင်ခ (တက္ကသိုလ်တင်ခ)တို့နဲပတကွ ဗိုလ်လောင်းများအပြင် စစ်တက္ကသိုလ် မိသားစု တွေ စည်စည်ကားကား တက်ရောက်တဲ့ ပွဲကြီးတစ်ပွဲပါ။
အဲဒီ ဟောပြောပွဲမှာ ဆရာကြီး ဦးသုခက "နာမည်နဲ့လူ"၊ ဆရာဇ၀နက "စစ်သွေးနဲ့ချစ်ရေး"၊ လူထုဦးလှက "ပုံပြင်နဲ့စစ်သား"၊ လူထုဒေါ်အမာက "မြန်မာ့ရိုးရာအသံများ" ခေါင်းစဉ်တွေနဲ့ အသီးသီး ဟောပြောသွားကြ ပါတယ်။

မေလ(၂၅)ရက်နေ့ညနေ "အေးသုခ" မှာ ပြင်ဦးလွင်မြို့နယ်စာပေနှင့် စာနယ်ဇင်း အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဒုတိယဗိုလ်မှူးကြီးတင်ခ (တက္ကသိုလ်တင်ခ)ငြိမ်း၊ ဦးချစ်ဆွေ (မေမြို့ချစ်ဆွေ)၊ ဦးမျိုးတင့်ဆွေ(တက္ကသိုလ် မျိုးတင့်ဆွေ)၊ အငြိမ်းစားကျောက်ဆည်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ဒေါ်ခင်လေးဆွေ (သထုံမလေးနွယ်) ကွယ်လွန်၊ ဒေါ်မေသန်းတင် (ပြင်ဦးလွင်သဇင်) ကွယ်လွန်၊ ဒေါ်ခင်လေးမာ (ရွှေဘိုတူးမာ)၊ မောင်မောင် မြင့်လွင် (ကွယ်လွန်)၊ ဦးခင်မောင်ညွန့် (မောင်သီလာ)၊ ဦးထွန်းရွှေ (ကြေးမုံသတင်းထောက်) ကွယ်လွန်၊ ဦးမြမောင် (မြမောင်ဦး) မြန်မာ့အလင်းသတင်းထောက်၊ ဦးရွှေမြင့်သိန်း (ရွှေမြင့်သိန်းပန်းချီ)တို့က သူတို့ လေးဦးကို ပူဇော်ကန်တော့ကြပါတယ်။ ကန်တော့အပြီးမှာတော့ ဆရာဇ၀နက တစ်ခန်းရပ်ပြဇာတ်နဲ့ ဟာသ ဇာတ်လမ်းတစ်ပုဒ်ကို ပြောသွားပါတယ်။
သူတို့ ပြင်ဦးလွင်က မထွက်ခွာမီ မေလ(၂၇)ရက်နေ့မှာ "အေးသုခ" အိမ်ရှေ့မျက်နှာစာမှာ သူတို့လေးဦး အမှတ်တရ ဓာတ်ပုံ ရိုက်ကြပါတယ်။

မေလ(၂၈)ရက်နေ့ နံနက်မှာတော့ သူတို့လေးဦးစလုံး ပြင်ဦးလွင်က ပြန်လည်ထွက်ခွာသွားကြပါတယ်။ သြဂုတ်လ(၆)ရက် သောကြာနေ့မှာ ဦးလေးတစ်ယောက် စာပေလောကနဲ့ လူ့ဘောင်လောကကြီးကို အပြီးအပိုင် စွန့်ခွာသွားပြီဆိုတဲ့ သတင်းဆိုးကြီး ကြားရပါတော့တယ်။
ဦးလေး ကွယ်လွန်ပြီးနောက် (၃)လလောက်အကြာမှာ ဆရာဇ၀နထံက စာတိုက်ကနေတဆင့် ကျွန်တော့် ဆီ စာတစ်စောင် ရောက်လာပါတယ်။
"ကျွန်တော်တို့ မေမြို့ မပြန်မီ ၂၇.၅.၁၉၈၃နေ့က တည်းခိုအိမ်ရှေ့တွင် စုပေါင်းရိုက်ကူးခဲ့သော အမှတ်တရ  ဓာတ်ပုံများထဲက အကောင်းဆုံးတစ်ပုံကို ရောင်စုံပုံကူး၍ ပို့လိုက်စေလိုပါသည်။
ဓာတ်ပုံဆရာကို ပြောပေးပါ။ လူကြုံ သို့မဟုတ် စာတိုက်မှာ ရီစစ္စတြီ မှတ်ပုံတင်လုပ်ပြီး ပို့လျှင်လည်း ပို့ပါ။ ငွေ တင်ကြိုပြီး ပို့ရန်လိုကလည်း ပို့လိုက်ပါမည်။
ဦးလှနှင့် ကျွန်တော်တို့ နောက်ဆုံးအမှတ်တရပုံ ဖြစ်၍ အထူးလိုချင်ပါသည်" ဟု ရေးထားပါသည်။

ဦးလေး ကွယ်လွန်ပြီး (၁)နှစ်ကျော်အကြာ ၁၉၈၃ခုနှစ်၊ မေလ(၈)ရက်နေ့မှာတော့ ဆရာဇ၀နတစ်ယောက် ဦးလေးလိုပဲ စာပေလောကနဲ့ လူ့ဘောင်လောကကြီးကို ကျောခိုင်းသွားပြီဆိုတဲ့ ၀မ်းနည်းဖွယ်ရာ သတင်းကို ကြားရပြန်ပါတယ်။
အခု ၂၀၀၉ခုနှစ်ဆိုရင် ဦးလေးမရှိတော့တာ (၂၇)နှစ် ဆရာဇ၀န မရှိတော့တာ (၂၆)နှစ် ပြည့်ခဲ့ပြီပေါ့။
ကျွန်တော် လွန်ခဲ့တဲ့ ၁၉၉၄ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့ ရန်ကုန်ရောက်တုန်း ဆရာကြီး ဦးသုခကို သွားကန်တော့ ခဲ့ပါသေးတယ်။
"ကိုချစ်ဆွေရေ၊ ခင်ဗျားကို တွေ့ရတာ ပြင်ဦးလွင်မှာ လူထုဦးလှရယ်၊ ဇ၀နရယ်၊ ဒေါ်အမာတို့ကို သွားပြီး သတိရ မိတယ်ဗျာ၊ ကျုပ်တို့ကလဲ ခေတ်ပြိုင်စာရေးဆရာတွေ ဖြစ်ခဲ့ပေမယ့် ဘယ်တုန်းကမှ လေးဦးသား ဆုံစည်းပြီး ရက်ရှည်ရှည်ကြီး အတူတကွ မနေခဲ့ဘူးဗျာ၊ အင်း … ခုတော့ ကျုပ်နဲ့ ဒေါ်အမာပဲ ကျန် တော့တာ ပေါ့" တဲ့။
၇.၂.၂၀၀၆ ရက် (ဗုဒ္ဓဟူးနေ့)မှာတော့ ဆရာကြီးဦးသုခတစ်ယောက် ကွယ်လွန်ခဲ့ရှာပါပြီ။ ဆရာကြီးဦးသုခ ကွယ်လွန်အပြီး ၂၀၀၈ခုနှစ်၊ ဧပြီ(၇)ရက်နေ့မှာ လူထုဒေါ်အမာ ကွယ်လွန်ခဲ့ပါတော့တယ်။

(ဘ၀သံသရာရှည်လျားထွေပြား၊
မနေမနား တသွားထဲသွားကြတာ)၂
ခရီးပန်းတိုင် မရောက်မချင်း၊
တယောက်ဆင်း တယောက်တက်၊
ဆက်လက် ထွက်ခွာလာ
[(လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်၊
အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာတဲ့)၂
ငိုလိုက်၊ ရီလိုက်၊ ပျော်ကာရွှင်ကာ၊
ဘယ်ဟာမတည်မြဲ၊ ဖောက်လွှဲ ဖောက်ပြန်၊
အကြောင်းခံ၊ ကမ္မသကာ]၂
တွေ့ကြုံဆုံကွဲ၊ ခရီးထဲ၊ ၀မ်းနည်း ၀မ်းသာ
ဝိပ္ပလ္လာ၊ ဖြစ်ချင်တာလဲ မဖြစ်ရပါ၊ မဖြစ်ချင်ပါလဲ
ဖြစ်ရမှာ၊ ၃၁ဘုံ ၀ဋ်အတွင်းရောက်လို့၊ ကရွတ်
ကင်းရှောက်တဲ့တေးဘုမ္မာ၊ (အဲဒါ)၃ ဘ၀သံသရာ။

ဘ၀သံသရာဇာတ်ကားမှာ ဆရာကြီးဦးသုခ သီဆိုခဲ့တဲ့ "ဘ၀သံသရာ" သီချင်းနဲ့ဘဲ ဆရာကြီး ဦးသုခကို ပူဇော် ကန်တော့လိုက်ပါတယ်။

အောင်ချစ်(ပြင်ဦးလွင်)
.

No comments: