Sunday, July 31, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၂၂)

အခန်း (၂၄)

အခြေအနေတွေအားလုံး အရမ်းဆိုးရွားကုန်သည်။ သူ မျှော်လင့်ထားခဲ့သလို ဘာတစ်ခုမှ ဖြစ်မလာ။
အိမ်ပွဲစားမကြီး သောက်ရူးထပြီး ရောက်လာသည်ကစ,သည်။ အားလုံးအိုးနင်းခွက်နင်းတွေ ဖြစ်ကုန်ရ တော့သည်။
နောက်ပြီးတော့ ကောင်မလေးကလည်း တစ်လျှောက်လုံးအိပ်ပျော်နေသည်။ သူ အိပ်ရာမှ မနိုးမချင်း စောင့်ရ တော့သည်။
ကောင်လေး က သူ့လက်ထဲမှ ထွက်ပြေးသွားသည်။ တစ်နေရာရာမှာ ဝင်ပုန်းနေသည်။ ကောင်လေးကို တွေ့အောင် ရှာရဦးမည်။
အရာရာ တို့သည် မိမိလက်ထဲမှ လွတ်ထွက်သွားကုန်ကြပြီဟု ကုတ္တနေပါးရစ်၏ စိတ်ထဲမှာ ခံစားနေ ရသည်။

သူ၏ ကြည်နူးမှုနှင့် မျှော်လင့်ချက်တို့သည် မကျေနပ်မှုနှင့် ဒေါသအဖြစ်သို့ ပြောင်းလဲသွား လေသည်။
သူ ဇောချွေး မပြန်တော့ပါ။ သို့သော်လည်း စောစောကထွက်ခဲ့သည့် ချွေးများကြောင့် အဝတ်အစားများက အသား နှင့် ကပ်ပြီး စေထန်းထန်းဖြစ်နေသည်။
ကောင်လေးသည် အန္တရာယ်ကောင်လေးဖြစ်သည်။သူ လွတ်မြောက်သွားလျှင် ဇာတ်လမ်းဆုံးသွား ပြီ။
ယခုလည်း အန္တရာယ် ဖြစ်လာပြီ။ ခြိမ်းခြောက်လာသော အန္တရာယ်ကို ရျင်းပစ်ရမည်။ မျက်နှာကို ပလတ်စတစ် အိတ်ဖြင့် လေလုံအောင်စွပ်လိုက်ရမည်။

နောက်နာရီအနည်းငယ်ကြာလျှင် ဒီရေတက်လာတော့မည်။ ဒီရေအမြင့်ဆုံး အချိန်တွင် သူတို့ အလောင်း နှစ်လောင်း ကို ပင်လယ်ထဲသို့ ပစ်ချလိုက်ရမည်။ မည်သူမှ သိနိုင်ကြတော့မည် မဟုတ်။
ထို့နောက် တွင် သူ့ကို မည့်သည့် အန္တရာယ်ကမှခြိမ်းခြောက်နိုင်တော့မည်မဟုတ်ဘဲ အစစအရာရာ လုံခြုံ သွားတော့မည်။
နန်စီ ဒုက္ခရောက်ပုံကိုကြည့်ပြီး အရသာခံရပေဦးတော့မည်။
မနက်ဖြန်ည လောက်ဆိုလျှင် အန္တရာယ်အားလုံး ကင်းဝေးသွားတော့မည်ဖြစ်ရာ ကုန်းတွင်းပိုင်သို့ သူ ကားမောင်း သွားရမည်။ ညနေ နေဝင်ရီတရောတွင် ကားမောင်းသွားရမည်။
ထိုသို့ ကားမောင်းသွားရင်း လမ်းတစ်နေရာရာ မှာ ကောင်မလေး ငယ်ငယ်တစ်ယောက်ယောက်နှင့် တွေ့နိုင် သည်။ ထိုသို့ တွေ့လျှင် "ငါဟာ မင်းတို့ အတန်းကို ကိုင်ဖို့ ပြောင်းလာတဲ့ ဆရာသစ်ပဲ" ဟု ပြောရ မည်။

ထိုသို့ ပြောတိုင်း သူ အမြဲတမ်း အလုပ်ဖြစ်သည်။
သူ ဆုံးဖြတ်ချက် ချလိုက်သည်။ စိတ်သက်သာရာ ရသွားသည်။
လောလောဆယ် တွင် သူ အလုပ်ချင်ဆုံး အလုပ်သည် လက်ရှိ ခြိမ်းခြောက်မှုကို အပြတ်ရှင်းပစ်ဖို့ ဖြစ် သည်။
ဒီကောင်လေး…..
နန်စီ ကဲ့သို့ပင် စည်းကမ်းမရှိသော ကောင်လေး။ ဒုက္ခပေးတတ်သောကောင်လေး။ ကျေးဇူးကန်းချင် သော ကောင်လေး။ သည်ကောင်လေးက ထွက်ပြေးချင်နေသည်။ သူ့ကို တွေ့အောင် ရှာရမည်။
တွေ့လျှင် ပလတ်စတစ်အိတ် ပါးပါးထဲ ထည့်ရမည်။ နန်စီသုံးလေ့ ရှိသော လိုဝါရီဆိုင်မှ ပလတ် စတစ်အိတ် ကိုလည်း သူ အသင့်ဝယ်ယူထားပြီး ဖြစ်သည်။
ကောင်လေး ကို အလျင် ရှင်းရမည်။ ဘာကြောင့်လဲဆိုတော့ သူက ပြဿနာကောင်လေး ဖြစ်သော ကြောင့် ပင်။

ပြီးတော့ ကောင်မလေး။
ကောင်မလေးကိုလည်း တစ်ခါတည်း ရှင်းပစ်လိုက်ရမည်။ လက်ဝယ်ထားခြင်းအားဖြင့် အန္တရာယ် များကို ဖိတ်ခေါ် နေသည် နှင့် တူလိမ့်မည်။
အန္တရာယ် ရှိလာပြီဟု စိတ်ထဲက အလိုလိုသိရှိလာတိုင်း သူ၏ ဆုံးဖြတ်ချက်တို့သည်လည်း ပိုမိုခိုင်မြဲ လာမြဲ ဖြစ်သည်။ ယခင်တစ်ခါတုန်းက အတိုင်း ဖြစ်သည်။
ယခင်တစ်ခါတုန်း က တက္ကသိုလ်ပရဝုဏ်ကိုဖြတ်ပြီး ဈေးဆီသို့ သွားနေသည့် အချိန်အထိ သူ ဘာလုပ် ရမည် ကို ဂဃနဏမသိသေး။ လီဇာ အား ဆရာဝန်ကြီးဆီပို့ပြီး ဆေးစစ်မခံနိုင်သည့် အချက်တစ်ခု ကိုသာ သူ သိသည်။  နန်စီ ထိုအလုပ် မလုပ်နိုင်အောင် တားရမည်။

ဈေးသို့ နန်စီမရောက်မီ သူက ကြိုတင်ရောက်နှင့် နေသည်။ ဈေးနှင့် မလှမ်းမကမ်းမှာ သူ့ကားကို ရပ်ထား သည်။
နန်စီ ကားမောင်း ဝင်လာသည်ကို လည်းကောင်း၊ ကလေးများအား တစ်စုံ တစ်ရာ ပြောနေသည်ကို လည်း ကောင်း၊ နောက်ပြီးတော့ စတိုးဆိုင်ထဲသို့ ဝင်သွားသည်ကိုလည်းကောင်း လှမ်းမြင် နေရသည်။
အနီတစ်ဝိုက် တွင် ဘာကားမှ မရှိပါ။ လူလည်း တစ်ယောက်မှ မရျိပါ။ ထိုအချိန်ကလေးမှာပင် သူ ဘာလုပ် ရမည်ဖြစ်ကြောင်း သိလိုက်လေသည်။
ကလေး နှစ်ယောက် အရမ်း ကျိုးနွံသည်။

ကားတံခါးကို သူ ဖွင့်လိုက်စဉ် စစချင်းတော့ သူတို့ကြောက်နေကြသည်။ သို့သော်လည်း….
"လာ….. မြန်မြန်ထွက်ကြ၊ ဒီနေ့ မာမီ့ မွေးနေ့မှာ ပျော်စရာ ကစားပွဲလေးတစ်ခုခု လုပ်လိုက်ကြရ အောင်"
ကလေးနှစ်ယောက် ကို သူ ပြောခဲ့သည်။
ကလေးများက သူ့နောက် လိုက်လာသည်။ ခေါင်းများကို ပလတ်စတစ်အိတ်များနှင့် စွပ်သည်။ သူ့ မော်တော်ကား ပစ္စည်းများထည့်သည့် အကန့် ထဲမှာ ထည့်ထားသည်။ ကျောင်းသို့ ပြန်လာသည်။
သူခဏ ပျောက်သွားသည်ကို ဓာတ်ခွဲခန်းထဲမှ လက်တွေ့လေ့ကျင့်နေကြသူ မည်သူကမှ မသိလိုက် ချေ။ ရုံးတော် မှာ သက်သေပြရမည်ဆိုလျှင် သူ အချိန်ပြည့်ရှိနေကြောင်း တစ်ခန်းလုံးက တစ်ညီတ ညွတ်တည်း ထွက် ဆိုကြမည် ဖြစ်လေသည်။

နောက်ပိုင်း အလုပ်များမှာ ရိုးရိုးကလေးပင်။
ပင်လယ်ကမ်းခြေဆီသို့ မော်တော်ကား မောင်းသွားသည်။ ကလေးအလောင်းများကို ပင်လယ်ထဲ သို့ ပစ်ချ ခဲ့သည်။ ပြီးတော့ ကားပြန်မောင်းလာသည်။
အခွင့်အရေးများက သူ့ဘက်မှာ ရှိနေသည်။
သူ့ကို အန္တရာယ်ပြုမည့် အရာများကို လွန်ခဲ့သည့် ခုနစ်နှစ်တုန်းကလိုပင် လွယ်လွယ်ကူကူနှင့် ဖယ်ရှား ပစ်နိုင် ရပေမည်။
"မိုက်ကယ်၊ ထွက်ခဲ့၊ မိုက်ကယ်၊ ထွက်ခဲ့၊ မင်းအမေရှိတဲ့ မင်းအိမ်ကို ငါပြန်ပို့ပေးမယ်"
သူ မီးဖိုချောင်ထဲမှာပင် ရှိနေသေးသည်။ ဟာရီကိန်း မှန်အိမ်ကို မြှောက်ကိုင်ရင်း အခန်းထဲမှာ လှည့်ပတ် ရှာ နေသည်။

မီးဖိုချောင်ထဲတွင် ပုန်းဖို့နေရာ လုံးဝမရှိ။ ဗီရိုတွေကမြင့်လွန်းသည်။ ကလေးအရပ် နှင့် မမီနိုင်။
သို့သော်လည်း သည်လောက် မှောင်နေသည်က တစ်ကြောင်း၊ အိမ်ကြီးကလည်း အဆောင် ဆောင် အခန်းခန်း နှင့် ရှုပ်ထွေးသည်က တစ်ကြောင်း၊ သူ့လက်ထဲမှာ အားနည်းသည့် အလင်းရောင်သာပေးသော ဟာရီကိန်း မီးအိမ်ကလေး တစ်လုံးသာ ရှိနေသည်ကတစ်ကြောင်း တို့ကြောင့် ကလေးကို တွေ့အောင် ရှာဖို့ ဆိုသည်မှာ အတော်ခက်မည် ဖြစ်ကြောင်း သူ သဘောပေါက်လာသည်။

နာရီပေါင်းများစွာ ကြာအောင် ရှာရပေလိမ့်မည်။ နောက်ပြီးတော့ ဘယ်နေရာက စရှာရမည်နည်း။
"မိုက်ကယ်၊ မင်းအမေဆီကို မပြန်ချင်ဘူးလား"
သူထပ်ခေါ်ပြန်သည်။
"မင်း အမေ ဘုရားသခင်ဆီကို သွားတယ်ဆိုတာ မဟုတ်ပါဘူးကွ၊ သူနေကောင်ပါတယ်၊ မင်းအမေက တွေ့ချင် လို့တဲ့"
တတိယထပ်ရှိ အိပ်ခန်းများကို စရှာလျှင်ကောင်းမည်လား။ သူ စဉ်းစားကြည့်သည်။
သို့သော်လည်း ကောင်လေးသည် အပြင် တံခါးဆီသို့ ရောက်သွားကောင်း ရောက်သွားပေလိမ့် မည်။ ကောင်လေး က ဥာဏ်ကောင်းသည်။ အပေါ်ထပ်တွေမှာတော့ ဘယ်နည်းနှင့်မှ နေမည် မဟုတ်။
အိမ်ရှေ့ဘက် သို့ သွားနေပြီလား။

ထိုနေရာကို အရင်ကြည့်ခြင်းက အကောင်ဆုံး ဖြစ်ပေမည်။
ခန်းမ အငယ်စားလေးထဲမှာ ရှာကြည့်ဖို့ စိတ်ကူးသည်။ ပြီးတော့ ထိုစိတ်ကူးကို ဖျက်ပြီး မီးဖိုချောင် နောက်ဘက် ခန်း ကလေးထဲမှာ ရှာဖို့ ဆုံးဖြတ်လိုက်သည်။
မီးဖိုချောင် ထဲ မှာ ပုန်းဖို့ကြိုးစားရင်း သူဝင်လာနေသည်ကို ကြားလျှင် ထိုဧည့်ခန်းကလေးထဲမှာ ဝင်ပုန်းခြင်း သည် အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံးနေရာဖြစ်သည်။
မီးဖိုချောင် တံခါးမကြီး ဆီသို့ သူ လျှောက်သွားသည်။
အသက်ရူသံ ကို သူ ကြားနေသလား။
သို့တည်းမဟုတ် အိမ်ကြီး ကို လေတိုးနေသည့်အသံလား။

နားစွင့်ပြီး ထောင်ကြည့်သည်။
ဧည့်ခန်းကလေးထဲ သို့ သုံးလေးလှမ်း လျှောက်ဝင်သွားသည်။ ဟာရီကိန်း မီးအိမ်ကို ခေါင်းပေါ်မှာ မြှောက်ကိုင် ထားလိုက်သည်။
မျက်လုံးများ ကို အစွမ်းကုန်ပြူးထားသည်။ တွေ့သမျှကို အာရုံစိုက်ကြည့်သည်။ တစ်ဘက်သို့ လှည့်မည် အပြု တွင် တစ်စုံတစ်ရာကို သူ မြင်လိုက်သည်။
မြင်လိုက်ရသည့်အရာကို စိုက်ကြည့်သည်။ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ပြီးတော့ အရူးတစ်ယောက်လို ရယ်သည်။ ကွပ်ပျစ်နှင့် နံရံကြားတွင် အရိပ်ကလေးကို ကြည့်သည်။
"မိုက်ကယ်၊ မင်းကို ငါတွေ့ပြီ၊ ဒီတစ်ခါတော့ မင်း ဘယ်နည်းနှင့်မှ မလွတ်နိုင်တော့ဘူး။ ဟီး …….ဟီး…"
သူ အကျယ်ကြီး အော်ပြောလိုက်သည်။
အခန်း (၂၅)

ရှုခင်းသာအိမ်ကြီးကို သွားသည့်လမ်းပေါ်သို့ ဂျွန်ကရက်ဂိုပေါလော့စ် ကားမောင်းတက်လိုက်သည့် အချိန်မှာ ပင် တစ်မြို့လုံး လျှပ်စစ်မီးများ ငြိမ်းသွားလေတော့သည်။ ထို့ကြောင့် ရှေ့မီးကြီးမျာကို ဖွင့်လိုက်ပြီး သူ သတိထားမောင်းသည်။
မြင်ကွင်းက အရမ်းမှုန်ဝါးနေသည်။ လမ်းကလည်းအရမ်းချောနေသည်။ ကားကို လမ်းကြောင်း အတိုင်း မောင်း နေသည့် ကြားကပင် ဘီးချော်ချင်နေသည်။
အလွန်တရာ သေးငယ်သည့် မီးခြစ်ကလေးကို အလွန်တရာကြီးမားကျယ်ပြောသည့် အိမ်ကြီးထဲ၌ ရှာဖို့ ယုတ္တိ တန်အောင် ဘယ်လိုပြောရပါမည်နည်း ဟု တစ်လမ်းလုံး သူ စဉ်းစားလာသည်။

မနက်ဖြန်မှ ပြန်လာဖို့ မစ္စတာပါးရစ်က ပြောကောင်းပြောပေလိမ့်မည်။ သို့တည်းမဟုတ် သူ ကိုယ်တိုင် ရှာထားပြီး တွေ့လျှင် ဒေါ်ရော်သီကို ပေးထာမည်ဟုလည်း ပြောကောင်း ပြောပေလိမ့်မည်။
သို့သော်လည်း ဂျွန်ကတော့ မိမိမှာ ပါလာသည့် လက်နှိပ်ဓာတ်မီးကလေးဖြင့် ရှာကြည့်ပါရစေဟု ဇွတ် မေတ္တာ ရပ်ခံရတော့မည်။
နောက်ပြီတော့ အပေါ်ထပ်တွင် မှန်ပြောင်းကို ကြည့်ရန် ငုံ့လိုက်စဉ် တစ်စုံတစ်ရာကျသွားသည့် အသံကို မိမိ ကြားခဲ့ကြောင်း မီးခြစ်ကျသံပင် ဖြစ်ကြောင်း ထိုနေရာမှာ တစ်ချက်လောက်ရှာကြည့် လိုကြောင်း ပြောရမည်။ အလွန်ယုတ္တတန်သော ပြောဆိုချက်ဖြစ်ပါသည်။

သူတကယ်ကြည့်ချင်နေသည် မှာလည်း မစ္စတာပါးရစ်နေသည့် စတုတ္ထထပ်ပင် ဖြစ်လေသည်။
ရှုခင်းသာအိမ်ကြီးဆီသို့ သွားသည့်လမ်းပေါ်တွင် ယခုလို ရာသီမျိုး၌ ကားမောင်းရသည်မှာ အလွန် အန္တရာယ်ကြီး လှလေသည်။ လမ်းမှာ သူ့ မော်တော်ကားဘီး တစ်ခါချော်သေးသည်။ကံကောင်း ထောက်မ သောကြောင့် လမ်းဘေးသို့ ရောက်မသွားခြင်းဖြစ်သည်။

ရှုခင်းသာသို့ ရောက်လျှင့်ကားကို အိမ်ရှေ့ရပ်ရမည်။ ဒေါ်ရော်သီ လို ဂိုဒေါင်ထဲမှာ သွားမရပ်ဖို့စိတ် ကူးသည်။ သို့မှသာ ပုံမှန် ရိုးရိုးသားသား ပြန်လာသည့်နှင့်တူမည်။
မစ္စတာပါရစ် တံခါးလာဖွင့်ပေးလျှင် မီးခြစ်ပျောက်သည်ကို ညစာ စားပြီးမှ သိကြောင်း၊ မိမိလည်း ကိပ်ကော့မြို့ ထဲမှာပင် ရှိနေသေးသဖြင့် ဖုန်းမဆက်တော့ဘဲ ပြန်လာခြင်း ဖြစ်ကြောင်း ပြောပြ ရမည်ဟု စိတ်ကူး စ ထားလိုက်သည်။
ရှုခင်းသာအိမ် သို့ ရောက်၍ ကားပေါ်မှ ဆင်းလိုက်သော အခါ မှောင်မည်းနေသည့် အိမ်ကြီးက သူ့ စိတ်အာရုံ များကို သိမ်းကျုံး ဆွဲငင်ထားလိုက်တော့သည်။
မစ္စတာပါးရစ် နေသည့် အပေါ်ဆုံး ထပ်သည် ပင်လျှင် ပိန်းပိတ်အောင် မှောင်နေလေသည်။

ထိုအထပ်မှာ နေနေသည့် မစ္စတာပါးရစ်တွင် ဟာရီကိန်းမီးအိမ်ရှိရမည်မှာ သေချာသည်။ ကိပ်ကော့ မြို့ တွင် လျှပ်စစ်မီးပျက်ခြင်းသည် ထူးဆန်းသော ကိစ္စမဟုတ်။ မုန်တိုင်းကျတိုင်းပျက်မြဲ ထုံးစံဖြစ် သည်။
သို့တည်းမဟုတ် မစ္စတာပါးရစ်သည် အိပ်မောကျနေသောကြောင့် မီးပျက်သွာသည်ကို သတိမထား မိတာ လည်း ဖြစ်နိုင်သည်။
သို့တည်းမဟုတ်၊ သူ့ဆီသို့ အမျိုးသမီးတစ်ယောက်အလည်လာနေပြီး ထိုအမျိုးသမီးက လူသူလေးပါး အမြင်မခံလိုသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဖြစ်နိုင်စရာ ရှိသည့် အကြောင်းများကို သူ တစ်သီကြီး လျှောက်စဉ်းစားကြည့်နေသည်။

ချက်ချင်း သူ့စိတ်တစ်မျိုးပြောင်းသွားသည်။ ကားပေါ်ပြန်တက်ရလျှင်ကောင်းမည်လားဟု ချီတုံ ချတုံ ဖြစ်နေသည်။
မျက်နှာ ကို မိုးသီးများ လာမှန်သည်။ လေးအေးက ကုတ်အင်္ကျီအတွင်းသို့ အတင်းတိုးဝင်နေသည်။ နွေးနွေး ထွေးထွေး စားခဲ့ရသည့် ညစာ၏ အရသာကလေးသည် ပျက်စီးပြယ်လွင့်သွားလေတော့ သည်။
သူ အရမ်းချမ်းနေကြောင်းနှင့် အရမ်းလည်းပင်ပန်းနွမ်းနယ်နေ ပြီဖြစ်ကြောင်း ထိုခဏလေးမှာပင် သတိထား လိုက်မိသည်။ သည်လို အခြေအနေမျိုးတွင် ငါးနာရီကြာ ခရီးရှည်ကြီးကို ဘာကြောင့် ဖုတ်ပူ မီးတိုက် ပြန်ထွက်သွားရမည်နည်း။

အမျိုးသမီးတစ်ယောက်ယောက် မစ္စတာပါးရစ် ဆီသို့ အလည်ရောက်နေသည် ဆိုခြင်းမှာလည်း သူ၏ တွေး ထင်ချက်သာ ဖြစ်သည်။ ခိုင်လုံသည့် အထောက်အထား ဘာမှမရှိ။လခ
မည်သို့ဆိုစေ ဘာတစ်ခုမှ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မစ္စတာပါးရစ်ကို မနှောက်ယှက် သင့်။
စောစောတုန်း ကလည်း ဒေါ်ရော်သီနှင့် သူ တစ်ခေါက်ရောက်လာကာ နှောက်ယှက်ပြီးပြီ။ ကြိုတင် ချိန်းဆိုခြင်း မရှိဘဲ တယ်လီဖုန်းကလေးကြိုးဖြင့် လူတစ်ဘက်သား၏ လွတ်လပ်ခွင့်ကို သူတို့ နှောက်ယှက် ခဲ့ပြီးပြီ။

လက်ကိုင်နောက်တွင် ဝင်ထိုင်မည် အပြု နောက်ဖေးမီးဖိုချောင် လက်ယာဘက်အစွန်းမှ မီးရောင် ကို လက်ခနဲ မြင်လိုက်ရသည်။ မီးရောင်က လျင်မြန်စွာ ရွေ့လျားနေသည်။
စက္ကန့်အနည်းငယ်ကြာသောအခါ ထိုမီးရောင်သည် ညာဘက်ရှိ ပြတင်းပေါက်ဆီသို့ ရောက်သွား သည်။ တစ်စုံ တစ်ယောက် သည် မီးအိမ်ကိုကိုင်ပြီး မီးဖိုချောင်ထဲမှာ လျင်မြန်စွာ လှည့်ပတ်သွားလာ နေသည့် ပုံမျိုးဖြစ်သည်။

ဂျွန်က ကားတံခါးကို အသံမမြည်အောင် အသာကလေး ဖိပိတ်သည်။ လက်နှိပ်ဓာတ်မီးကို တင်းတင်း ဆုပ်ပြီး ကားလမ်းအတိုင်း နောက်ဘက်ရှိ မီးဖိုချောင်ဆီသို့ ခပ်သုတ်သုတ် ပြေးသည်။
ပြတင်းပေါက် မှ နေ၍ အတွင်းသို့ ချောင်းကြည့်သည်။
အခုအခါတွင် မီးရောင်သည် ခန်းမဆီမှာ ရွှေ့လျားလာနေသည်။ စိတ်ကူးထဲမှာအိမ်ကြီး၏ ပုံသဏ္ဍန် ကို ဖော် ကြည့်သည်။
မီးဖိုချောင် ၏ တစ်ဘက်ခြမ်းမှာ ရှိသော ဧည့်ခန်းကျဥ်းကလေးထဲမှ မီးရောင်ဖြစ်ကြောင်း ပုံပေါ်လာသည်။
မိုးသီးများ လွတ်အောင် တံစက်မြိတ်အောက်သို့ တိုးကပ်သည်။ ဧည့်ခန်းကျဉ်းကလေး ရှိသည့်ဘက်သို့ ခပ် သုတ်သုတ် ပတ်ပြေးသည်။

ပြတင်းပေါက် မှန်မှ တစ်ဆင့် အထဲသို့ ချောင်းကြည့်သည်။ မီးရောင်က မှိန်သွားသည်။ သို့သော် လည်း သူ ကြည့်နေဆဲ မှာပင် မီးရောင် ပိုလင်းလာသည်။ ဟာရီကိန်း မီးအိမ်ကိုပင် မြင်လိုက်ရသော ကြောင့် ရုတ်တရက် လန့်ပြီး  နောက်သို့ တွန့်လိုက်မိတော့သည်။
မီးအိမ် ကို မြှောက်ကိုင်ထားသည့် လက်တစ်ဘက် ကိုပင် မြင်ရသည်။
ပြီးတော့ လူကိုပါ မြင်ရပြီ။

မစ္စတာပါးရစ်
တစ်စုံတစ်ရာကို သူ ရေးကြီးသုတ်ပျာ လိုက်ရှာနေကြောင်း သိသာ ထင်ရှားသည်။
ဘာကို ရှာနေတာလဲ။
နောက်ပြီးတော့ တစ်စုံတစ်ယောက်ကို အော်ခေါ်နေသည်။
မည်သူ့ ကို အော်ခေါ်နေသနည်း။

ဂျွန်က အော်ခေါ်သည့် အသံကို ကြိုးစားပြီး အာရုံစိုက်နားထောင်သည်။ လေတိုက်သည့် အသံက အော်ခေါ်သံ ကို ဝါးသွားစေပြန်သည်။
သို့သော် နာမည်တစ်လုံးတော့ ကြာလိုက်ရသည်။
"မိုက်ကယ်….."
မစ္စတာပါးရစ်သည် "မိုက်ကယ်" ကို အော်ခေါ်နေခြင်း ဖြစ်သည်။
ကြက်သီးဖြန်းဖြန်း ထသွားသည်။ ကြောက်စိတ်သည် တ်စကိုယ်လုံးသို့ ပြန့်နှံ့သွားသည်။ ကျောရိုး များပါ စိမ့် သွားသည်။
သူ တွေးထင်ခဲ့သည်မှာ မှန်ပါသည်။

ပါးရစ် သည် ရူးနေသော အရူးတစ်ယောက်……
သည်အတိုင်းဆိုလျှင် ပျောက်ဆုံးနေသည့် ကလေးနှစ်ယောက်သည် သည်အိမ်ကြီးထဲရှိ တစ်နေရာ ရာမှာ ရှိနေ ကြရမည်။
မီးရောင်တွင် ပါးရစ်၏ ခန္ဓာကိုယ်ကြီးကို တွေ့ရသည်။ အလွန်တုပ်ခိုင်သည်။ မိမိ၏ဗလနှင့် ဘက်မ ညီကြောင်း ကိုလည်း စိတ်ထဲမှာ ချက်ချင်း ချိန်းထိုးကြည့်လိုက်သည်။
သည်လို ဆိုလျှင် လက်နက်ဘာရှိသလဲ။

လက်ထဲမှာ ကိုင်ထားသည့် လက်နှိပ်ဓာတ်မီးလေး တစ်ချောင်းသာ ရျိသည်။
သည်လက်နက်အားကိုးဖြင့် မိုက်ကယ်ကို ဝင်ကယ်ရမည်လော။
မိုက်ကယ်သည် ပါးရစ်၏ လက်ထဲမှ လွဲပြီး ပြန်မဖမ်းမိအောင် ပြေးနိုင်ပါမည်လော။
ဘာပဲဖြစ်ဖြစ် မိမိ ကို ပါးရစ် မြင်လိုက်လျှင် တစ်စုံတစ်ရာတော့ ပြောင်းလဲသွားနိုင်သည်ဟု ဂျွန်တွေး သည်။ ထိုအပြောင်းအလဲ သည် မိုက်ကယ်အတွက် ကေင်းဖို့ပင် ဖြစ်ရပေမည်။
ထိတ်ထိတ်လန့်လန့် ဖြင့် သူကြည့်နေဆဲမှာပင် ပါးရစ်သည် မီးကို ပို၍ မြင့်အောင် မြှောက်လိုက်ကာ ကွပ်ပျစ်နှင့် အုတ်နံရံကြားသို့ လက်လျှိုပြီး တစ်စုံတစ်ခုကို နှိုက်ယူသည်။

သူ့လက်ထဲမှာ ကိုယ်လုံးသေးသေးလေး ရုန်းရင်းကန်ရင်း ပါလာသည်။
ပါးရစ် က မီးအိမ်ကို ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။
ဂျွန်ကြည့်နေဆဲမှာပင် ပါးရစ် ၏ လက်နှစ်ဖက်သည် မိုက်ကယ်၏ လည်ပင်းကို ညှစ်ဖို့ ဆုတ်ကိုင် လိုက်ပြီး ဖြစ်သွားသည်။
ဂျွန်သည် ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုနှင့် စစ်မြေပြင်တွင် တိုက်ပွဲများ ဆင်နွှဲခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်လုံးက အလိုလိုလှုပ်ရှားပြီးသား ဖြစ်သွားသည်။
ပြတင်းပေါက်မှန် ကို လက်နှပ်ဓာတ်မီးဖြင့် တအားလွှဲရိုက်ချလိုက်သည်။ မှန်ကွဲသွားသည့် အသံ ကြောင့် ပါးရစ် လှည့်ကြည့် လိုက်သည့် အချိန်မှာပင် ဂျွန်က ပြတင်းပေါက် တံခါးမင်းတုပ်ကို လက်လျှိုပြီး ဖြုတ် လိုက်သည်။

တံခါးရွက်ကိုဖွင့်ပြီး ရှိသမျှခွန်အားများကို စုစည်းအသုံးပြုကာ ပြတင်းပေါက်ပေါင်ပေါ်သို့ ကိုယ်ကို မြှောက် တင်လိုက်သည်။ ပြတင်းပေါက်ပေါင်ပေါ်သို့ အရောက်တွင် အခန်းထဲသို့ ခုန်ဆင်းသည်။
ကြမ်းပြင် နှင့် ခြေထောက်ထိလိုက်ချိန်တွင် လက်ထဲက လက်နှိပ်ဓာတ်မီး လွတ်ကျသွာသည်။ ပါးရစ် က ထို လက်နှိပ်ဓာတ်မီးကို ဖျတ်ခနဲကောက်ယူလိုက်သည်။
ဘယ်ဘက်လက်တွင် ဟာရီကိန်း မီးအိမ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ဂျွန်၏ လက်နှိပ်ဓာတ်မီးကိုလည်း လက်နက်သဖွယ် သူ့ခေါင်းပေါ်သို့ မြှောက်ကိုင်ကာ ဂျွန်ကို ချိန် ရွယ် ထားသည်။

သူ့ကို ပါးရစ် က သေချာပေါက်ရိုက်ချလိုက်ပေတော့မည်။ လွတ်အောင် ရှောင်ဖို့ကလည်း မဖြစ်နိုင် တော့။
သို့သော်လည်း ဂျွန်က ရသမျှတိုတောင်းသည့် အချိန်ကလေးအတွင်း နံရံဘက်သို့ ခုန်ဆုတ်ရင်း အသံကုန် အော်လိုက်သည်။
"ပြေး၊ မိုက်ကယ် ပြေး၊ လွတ်အောင်ပြေး ကယ်ကြပါ ကယ်ကြပါလို့အော်"
သူ့ ခေါင်းပေါ် သို့ လက်နှိပ်ဓာတ်မီး အရှိန်ဖြင့် ကျရောက်မလာမီကလေးမှာပင် ပါးရစ်၏ လက်ထဲမှ ဟာရီကိန်း မီးအိမ် ကို တော့ ခြေထောက်ဖြင့် ကန်ချမိအောင် ကန်ချဖြစ်လေသည်။

ဆက်ရန်
.

2 comments:

Anonymous said...

မြန်မြန်ဆက်ပါနော် အမ

Anonymous said...

အရမ်းကျေးဇူးတင်ပါတယ် အမ
စောင့်ရကြိုးနပ်လောက်အောင် စိတ်ဝင်စားဖို့ကောင်းတယ်
နောက်တပိုင်းမျှော်လင့်လျှက်