Thursday, January 27, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၅)

မေမေ့အလှည့်ကြုံလေပြီ၊ မေမေပြောစကားကို ကြားယောင်လာပြန်ပါသည်။ ''ငါးမိနစ် သာ သမီးတို့ ဖေဖေ နားကြား လိုက်စေချင်ပါရဲ့...'' သူသည် မပြည့်သောဆန္ဒကို ပြုံး၍သာ ငြီးတွားခဲ့သည်၊ ၀ါးခယ်မ အိမ်အိုကြီး တွင် ကွတ်ပြစ်ကြီးတခုရှိသည်၊ လသာသော ညများတွင် မအိပ်ခင် မေမေသည် ဖေဖေနားမ ကြားသည် မှ စိတ်ဖောက်ပြန်သော ရောဂါ၊ လေငန်းရောဂါများ စွဲကပ်လာ၍ ဖြစ်ပေါ်လာသော အကြောင်း များကို ရယ်ရယ်မောမောပြောတတ်၏။ 

ကျမတို့ကလည်း ပုံပြင်များ နားထောင်နေရသလို ညီအမတတွေ ရယ်လိုက်ကြ အာရုံစိုက်လိုက်ကြနှင့် နားထောင်ကြ၏။ ယခုတော့ ကိုယ်တွေ့ဝင်၍ မေမေ့နေရာအစား ၀င်ယူရသောအခါ မေမေ့လို မရယ်နိုင် ရှိုက်ခါ ငင်ခါ ငိုကျွေးမိ၏။ ခုံမိပေါက်မိ၏ အိနြေ္ဒပျက်လောက်အောင်ပင် မချုတ်နိုင် မတီးနိုင်ဖြစ်ရ၏။ လောက ဇာတ်ခုံ တွင် မေမေ လို ကျမသည် ဘယ်သောအခါတွင် ခံနိုင်ရည်ရှိပါမည်နည်း။

မေမေသည် အဆုတ်နာဝေဒနာရောဂါကို နှစ်နှစ်ကြာခံစားရသည်။ ဆုံးခါနီးခြောက်လလောက်တွင် ဆေးရုံမှာ မနေလိုတော့၍ အိမ်မှာပင် ကုသခံသည်၊ သူ့ကိုယ်သည် အရိုးပေါ်အရေတင် အိပ်ယာပေါ် တွင်မြုတ်နေ၏။ သူ၏နောက်ဆုံးအချိန်ကို မဟာစည်ဆရာတော်ဘုရားရေးသော ၀ိပဿနာရှုနည်း ကျမ်းကို ဖတ်ခါ ကုန်လွန်ခဲ့သည်၊ စာအုပ်ပါနည်းအတိုင်း တရားမှတ်၏၊ သူ၌ ရိပ်သာသို့သွား၍ တရား အားထုတ်ချိန် မရခဲ့၊ တနေ့တွင် ကျမတို့ ညီအမတွေ မီးဖိုထဲဝင်၍ ထမင်းချက်နေဆဲ မေမေ့အနားတွင် တယောက်မှမရှိပေ။

''အမလေး... လာကြပါအုံး...'' မေမေ့အသံသဲ့သဲ့ကို ကျမတို့ကြားရ၍ အပြေးအလွှား မေမေ့အိပ်ခန်းသို့ ပြေးသွားကြ၏။ ဖေဖေသည် တုတ်တချောင်းကို လက်ကိုင်ပြုကာ ခေါင်းကလေးမော့၍ စိန်ပြေနပြေ မေမေ ၏ ခြေသလုံးကိုနင်း၍ နေတော့သည်။ မေမေမှာတော့ မျက်ရေများ ဖြိုင်ဖြိုင်ကြကာ ငိုနေတော့ သည်၊ ကျမ တို့သည် ဖေဖေကို အတင်းဆွဲချ၍ စာရေးရပြန်သည်။
''မေမေ က လှုပ်လှုပ်ကလေးရယ် ဖေဖေ့ကိုယ်ကြီးနဲ့တက်နင်းလို့ သေရောပေါ့ အခုငိုနေဘီ''

သူသည် စာရွက်ဖတ်ပြီး ''ဟေ... ငါကတော့ အိပ်ယာထဲ တခွေခွေနေရတာ ညောင်းရှာမှာဘဲလို့ သနား လို့ တက်နင်း ပေးတာ... မသိလို့ မသိလို့ နောက်မလုပ်ဘူး...''ဟု ခုနှစ်သံနှင့် အော်တော့၏။
ကဲ... မခက်ပေဘူးလား ကျမတို့အဖြစ်က ရီရအခက် ငိုရအခက် ခေါင်းမကောင်းဘူးဆို၍လည်း အေး အေးနေသူမဟုတ်၊ သူမပါလျှင် ဘယ်နေရာမှ မပြီးဟူ၍ ထင်နေတော့လည်း မခက်ပါလား...

ဆုတောင်း

ကျမ၏ခင်ပွန်းသည်သည် မြန်မာစာပေရော အင်္ဂလိပ်စာပေရော စစ်စာပေများပါ ၀ါသနာပါသူပီပီ တာ ၀န်မှ ခေတ္တ နားချိန်များ၌ စာကိုသူအလွန်ဖတ်သည်။ ဖတ်ပြီး သူအရသာတွေ့သော စာများကို အောက် မှ မျဉ်းသား ၍ ကျမ ကို ဖတ်ခိုင်းရုံတွင်မက ဟိမ၀န္တာချီးမွမ်းခန်း ဖွင့်တတ်ပါသည် ဝေဖန်တတ်ပါသည်။

နိုင်ငံရေးနှင့်ပါတ်သက်၍ ဦးသိန်းဖေမြင့် ကို တခြားလူတွေ ဘယ်လိုပင် ဝေဖန်၍ ဘယ်လိုပင် သဘော ကွဲလွဲ စေကာမူ ဦးသိန်းဖေမြင့် မြန်မာစာရေးဟန်ကိုမူ သူသည် သဘောကျစွာနှင့် ကျမအားဖတ်ပြကာ ဆွေးနွေး တတ်ပါသည်၊ ကျမ၏သဒ္ဒါအမှားနှင့် မြန်မာစာရေးပုံ တခါတရံ မချောသည်ကို အကိုကြီးက ကြေနပ်ပုံ မပေါ်ပါပေ။
ကျမက ရယ်စရာပင် သူ့ကိုပြောတတ်ပါသေးသည်။

''မဟုတ်ဘူး မိချိုရ တင်ပြပုံ (Presentation) ကိုက တမျိုးလေးဘဲလေ ရိုးရိုးလေးနဲ့ကြည့်ပါလား သူ့အဖေ ကြီး ရွှေတိဂုံ ဘုရားပေါ်မှာ သူ့သားအတွက် ဆုတောင်းပုံအခန်းများကိုဖြင့် တစိမ့်စိမ့်နဲ့တွေးပြီး ပြုံးပြုံး လာချင်တယ်၊ ဖတ်ကြည့်ပါအုံး ပြီးတော့လေ အဲဒီ တခေတ် ရဲ့ လူကြီးတွေစိတ်ထားဟာ ပေါ်လာတာ ပေါ့''
ကျမ သည် သူ့မျဉ်းသားထားသောစာကြောင်းများကို ဖတ်ကြည့်၏။

    ''ဤသို့လျှင် ကြုံရခဲကြုံရ၊ ဖူးရခဲဖူးရသော ရွှေတိဂုံစေတီတော် ဆင်းတုတော်တို့အား ဖူးမြှော် ကတော့ ရသော ပန်းလှူရသော၊ မီးပူဇော်ရသော၊ အကျိုးကျေးဇူးကြောင့်၊ နိဗ္ဗာန်မဂ်ဖိုလ်ကို ရ-ရ     ပါလို၏ဘုရား၊ နိဗ္ဗာန် သို့ မရောက်မီစပ်ကြား၊ လားလေရာဘ၀၌ ပညာကြီးခြင်း၊ ချမ်းသာခြင်း     ရာထူးကြီးခြင်း ဖြစ်ရပါလို၏ ဘုရား၊ ယခုဘ၀၌လည်း အကြံအစည်ဟူသမျှ အောင်မြင်ရပါလို၏     ဘုရား၊ တပည့်တော် ၏ သားသည်၊ သာမန်အစား မဟုတ်၊ အတိဇာတသား ဖြစ်ပါ၏။

ထိုသား သည် ပညာကြီးခြင်း၊ အကြံအစည်အောင်ခြင်း၊ ရာထူးဌာနန္ထရ၊ ကြီးစွာရခြင်း၊ ထိုသားအတွက်     ယနေ့ ထိုးသော သိန်းထီပေါက်ခြင်း၊ ဘိလပ်မှာ ပညာသင်ကြားနိုင်ခြင်း၊ ကြွယ်ဝချမ်းသာသော    ရုပ်အဆင်း လှ သော မိန်းမရတနာရခြင်းများ ဖြစ်ပါစေသနည်းဘုရား...''
သူထောက်ပြသော စာတမ်းကို ကျမယူဖတ်ကြည့်၏။ ဖတ်ပြီးသောအခါ ကျမရယ်ပါသည်။ သူသည် အဓိပ္ပါယ် နားမလည်သလို ကြောင်၍ကြည့်နေ၏။

''အချို ဘာလို့ရယ်လဲသိလား၊ ဦးသိန်းဖေမြင့်ကြီး လိုတော့ တစိမ့်စိမ့်ပြုံးလာအောင် သရုပ်မဖေါ်တတ်ဘူး အချို တို့ အဖေကြီး ဆုတောင်းက ဦးသိန်းဖေမြင့်ဆုတောင်းနဲ့ မတိမ်းမယိမ်းဘဲ၊ ဒါကြောင့် ရီဒါ''ဟုဆို ကာ ကျမက ဟက်ဟက်ပက်ပက် ဆက်ရယ်ပါသည်။ ကျမရယ်ရခြင်းကို သူ့အားပြောပြရ၏။

ကျမတို့ငယ်ငယ်က ကျမတို့အိမ်ကြီးသည် မိသားစုအစုံလိုက်တွဲ၍ တစုတဝေးကြီးနေခဲ့သော အိမ်ကြီး တခုဖြစ်ဟန်တူသည်၊ ကျမအရွယ်ရောက်သိတတ်၍ ကြည့်မိသောအချိန်တွင်တောင် မိကြီး မိဒွေး ဘကြီး ဘဒွေး၊ အဒေါ် ဦးလေး အမ၀မ်းကွဲအစုံပင် ပေါင်းစပ်၍ တခုတဝေးကြီးနေကြသည်ကိုတွေ့၏။ ဦးနု၏ဘခင် ဦးစံထွန်း ဒေါ်စောခင်တို့လည်း အတူပင်နေကြ၏။ (သူတို့ကို ကျမတို့က အမနှင့်အဘဟု ခေါ်သည်။) အဖေ့ဘက် ရော အမေ့ဘက်ရော ဆွေမျိုးများ အပြည့်အစုံပင်တည်း။

ညနေစောင်း လမ်းမကြီးသို့ သူငယ်ချင်းအဖေါ်များနှင့်ထွက်၍ မကစားခင် ဘုရားရှိခိုးရ၏။ ပရိတ်ရွတ်ရ ၏။ ဘုရားရှိခိုး အပြီးတွင် မေမေ၏မိခင် အဖွားဖြစ်သူကို အစချီကာ...။

    အမေကြီးအား ကံတော့ပါ၏။
    အဘကို ကံတော့ပါ၏။
    အမကို ကံတော့ပါ၏။
    ဖေဖေ့ ကံတော့ပါ၏။
    မေမေ့ ကံတော့ပါ၏။
    ဦးတင်ကို ကံတော့ပါ၏။
    ဒေါ်လေးလဲ ကံတော့ပါ၏။
    ဒေါ်ဒေါ်ရုံလဲ ကံတော့ပါ၏။ (ဦးတင်၏ဇနီး)
    သန်းသန်း ကံတော့ပါ၏။
    ယုံယုံ ကံတော့ပါ၏။ (မေမေ၏တူမ)

အစရှိသဖြင့် အဘဦးဘိုးလုံး ယုံယုံ၏အဖေရှိစဉ်ကလည်း အဘပါမကျန် အားလုံးရှိရှိသမျှ မိကြီးမိဒွေးကို ကံတော့ ရုံမက မောင်နှမချင်းလည်း အထက်အောက် အကြီးအငယ်အလိုက် ကတော့ပြီးမှ အပြင်ထွက် ပြီး ကစားကြရသည်။ လူကြီးများကလည်း ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ စသဖြင့် ဆုပေးကြသည်။ ကျမတို့ အရွယ် ရောက်လာသောအခါ ဖေဖေသည် ဆုပေးတမျိုးပြောင်းလာ၏။ ''ဘုန်းကြီးပါစေ သက် ရှည်ပါစေ'' ဆိုသော သာမာန်ဆုတောင်းအပြင် ''ငါ့သမီးများ လင်ကောင်းသားကောင်းရပါစေ''ဆို၍ အော်ကြီးဟစ်ကျယ် ဆုတောင်း တတ်၏။

ကျမတို့၏အဖွားမှာ စည်းကမ်းလည်းကြီးသည် အရှက်အကြောက်လည်းကြီးသည်။ အင်မတန်လည်း ပါးနပ် ပုံ ရသည်။ အသက်ကြီး၍ နားအနည်းငယ်လေးသော်လည်း တခြားလူ ပါးစပ်လှုပ်သည်ကို ကြည့် ရုံနှင့် သူသိသည်။ နောက်တခါ ဖေဖေဆုတောင်းအပြီးတွင်မူ မေမေ့ကိုပြော၏။
''မသိန်းတင် ရယ် သမီးလေးတွေ အပျိုဖြစ်လာတာနဲ့တော့ မောင်ဘ နေပုံထိုင်ပုံ နဲ့ ခက်ပါသေးကွယ်''
''ဘဲ့ နဲ့ ဆုပေးတာလဲ... ရှက်စရာကြီး၊ အပျိုအရွယ်လေးတွေကို လင်ကောင်းသားကောင်းရပါစေတဲ့''

အဖွားက နားရှက်ပုံရ၍ မေမေ့ကိုပြောပါသည်။ မေမေက စာတရွက်ပေါ်တွင် ''သမီးများကို ဆုပေးလျှင် လင်ကောင်း သားကောင်းရစေချင်သော စေတနာရှိရိုးမှန်ပါသော်လည်း ၀မ်းထဲမှသာပေးရန် ပါးစပ်က ကျယ်လောင်စွာ မရွတ်ဆိုဖို့'' စာရေးပြပါသည်။
စာရွက်ကြီး ကို ဖေဖေကကိုင်ကာ ခုနှစ်သံနှင့်အော်ပါတော့သည်။ ''မင်းတို့က ဘာသိလဲကွ သူတို့လင် ကောင်း သားကောင်းရမှ တို့ကြီးရင် စတိုင် နဲ့ နေရမှာ သားမက်တွေ မကောင်းရင် တို့အိုကြီးအိုမ ဒုက္ခ ရောက်မှာပေါ့''

အိမ်သားများမှာ အိနြေ္ဒမဆည်နိုင်ဘဲ အူတက်မတတ် ရယ်ပါတော့သည်။ ကျမတို့လည်း မနေနိုင်ပါ။ ရယ်မိ ပါသည်။ တကယ်တော့လည်း မှန်ပါသည်။ ဖေဖေ၏ဆုတောင်း ပြည့်သည် မှန်သည်ဟုဆိုရပါ မည်။ ဖေဖေ ခုလို ရောဂါထူပြောပုံ တဇွတ်ထိုးလုပ်ပုံနှင့်ဆိုလျှင် တော်ရုံတန်ရုံသားမက်များ သည်းခံနိုင် လိမ့်မည် မဟုတ်ပေ။
တခါက ဖေဖေဆေးရုံမှ အဆင်းတွင်လည်း ကျမ၏ညီမအလတ် အကြွယ်၏ယောက်ျား ကိုဘလုံလေး က သူ့ ကား နှင့် အိမ်အထိလိုက်ပို့သည်။

''အဘနော်... ကျနော်တို့ကို သားမက်တော်ရတာ အင်မတန်ကံကောင်းတယ် အောင်းမေ့ပါ၊ အရေးပိုင် ကြီး တွေ နယ်ပိုင်ကြီးတွေတောင် အဘအလိုလိုက်နိုင်မှာမဟုတ်ဘူး''ဟု ကြည်စားပြောမိသေးသည်။
''ကဲလေ... တို့များဖေဖေဆုတောင်းနဲ့ ဦးသိန်းဖေမြင့်အဖေဆုတောင်းနဲ့ နှိုင်းယှဉ်ဝေဖန်ပါအုံး''ဟူ၍ ကျမ ခင်ပွန်းသည် အား ပြန်လည်ပြောပြကာ ရယ်မောကြတော့သည်။

အမှန်တော့ ဖေဖေသည် ရှေးခေတ်ဗြူရိုကရက်ခေတ်ဆိုကြပါစို့၊ ကျွန်ခေတ်တွင် နားမကြားဘဲ စိတ်က လည်း ဖောက်ပြန်သွားသည်။ လေငန်းရောဂါကလည်း ၀င်ပါလိုက်သောအခါ သူ့စိတ်မှာ မူမမှန်ယုံမက ခေတ်နှင့်လည်း အဆက်ပြတ်သွားသည်။ သူသည် လူငယ်တို့၏ မျိုးချစ်စိတ်ဓါတ်နှင့် လှုပ်ရှားမှုများကို ၎င်း၊ ခေတ်အလျောက် အတွေးအခေါ် တီထွင်ကြလိုခြင်းကို၎င်း၊ ကုလားထိုင်အို များတွင် ထိုင်၍ ကြိုးနီစ များကို ဖြေကြယင်း အိုသေ ကြသော အဖြစ်များကို လူငယ်တို့မလိုလားကြပြီ၎င်း၊ သူ လုံးဝ သတိမထား တော့ပေ။

သူ့စိတ်ကူး ''ခေတ်''ကြီးတွင်တော့ ကုလားထိုင်အိုကြီးများ ကြိုးနီစများကို ရစ်ပတ်ရှုတ်ထွေးနေကြဆဲ ဖြစ်၏။ သား များက ပညာဆုံးခန်းတိုင်သင် ၀န်ထောက်စာမေးပွဲဝင်ဖြေကြ မဖြစ်တောင် ၀န်ထောက် စာ ရေးစာချီ စသော ကုလားထိုင်အိုကြီးများတွင် ထိုင်ကြ၊ ဒါသည် တဘ၀ဘဲဖြစ်၏။

သမီးတို့ကလည်း ပညာကို အထက်တန်းရောက်အောင်သင်၊ သင်ပြီးလျှင် သူကြိုက်သော ဘီ-စီ-အက် တယောက် ယောက် ကိုယူ၍ ဤငရုတ်သီး ဤကြက်သွန်တို့နှင့် စခန်းသွားပေတော့ ဤသည်မှာလည်း သူမှန်းသော ခေတ် သူမှန်းသော တဘ၀ဖြစ်၏။ သို့သော် အပြင်သည် ပြောင်းလဲလျက်ရှိ၏။ ကုလားထိုင် အိုကြီး များကို၎င်း၊ ကြိုးနီစများကို၎င်း ခုတ်ဖြတ် ရှင်းလင်းပစ်နေကြပြီကို သူမသိ။
သားများက သူကြိုက်သော စာရေး စာချီကုလားထိုင်ကို ၀င်မထိုင်၊ တို့ဗမာအစည်းအရုံးကို ၀င်လိုက်၏။ သူ၏တူ ဦးနု ပင် သူအလွန်နှစ်သက်သော ၀န်ထောက်စာမေးပွဲကို မ၀င်၊ ကျောင်းဆရာအေးအေးလုပ်၏။

ပထမပိုင်းတွင် ဖေဖေသည် အလွန်စိတ်အားငယ်၍ စိတ်ပြော့ကျသွားသည်ထင်သည်၊ သူရောဂါရပြီး နောက်ပိုင်း တွင် သူ့သားသမီးများသည် လူစဉ်မှီအောင် စာသင်တော့မည်မဟုတ်ဟူ၍ထင်သည်၊ မေမေ က တောဘက် တွင် သူ့စီးပွားနှင့်သူ စပါးများလုပ်သည်ဆိုပေမင့် ဦးဆောင်သည့်ဖေဖေက ရောဂါရ၊ မေမေ့ ကိုယ်စားလှယ်ကြီး ဦးလှဆိုသူကလည်း သေဆုံးသွားသည်ဟု ဆိုပါသည်။ ဖေဖေသည် ငွေရေး ကြေးရေးနှင့် သူ့ သားသမီး များ ပညာသင်ကြားရေးအတွက် ပထမပိုင်းတွင် စိတ်ဓာတ်သိတ်ကျ၍ အား ငယ်နေပုံ ရပေသည်။

နောက်ဆုံးမတော့ ဖခင်သည် ဖခင်ဘဲဖြစ်၏။ မည်သူက မိန်းမနှင့် ယောက်ျားတန်းတူဆိုစေကာမူ စင် စစ် ဖခင် သည် အိမ်၏ဦးဆောင်၊ အိမ်၏ကြက်သရေဆောင်ပါပင်တည်း။
ကျမမေမေကို အလွန်ချစ်၏။ မေမေ၏စိတ်ဓါတ်မြှင့်တင်ပေးမှုကြောင့် ဖေဖေယိုင်သွားသော်လည်း ကျမ တို့ မောင်နှမ တစု အခြေမပျက်ခဲ့၊ သို့သော် ဖခင်သည် ဖခင်ပါပင်တည်း။
ဖေဖေ တယောက် ကျောင်းဆရကြီးဘ၀မှ ရုတ်တရက်ဘ၀ပြောင်းသလိုဖြစ်ခါ စိတ်ဖေါက်ပြန်သွားသည် တပြိုင်နက် တစိမ်းမပြောနှင့် ဆွေမျိုးများပင် မထီမဲ့မြင်ပြုလာကြ၏။
ကျမ မှန်းဆကြည့်ရသည်မှာ ဖေဖေ့စိတ်ရင်းကတော့ သူသည် ကျောင်းဆရာကြီးဘ၀နှင့် ပညာနှင့် အသက်မွေး လာ၏။ ယခု နားမကြား၍ ပညာကလည်း သုံးမရ၊ လေငန်းရောဂါကလည်း ၀င်ရောက်လာ ချိန် တွင် သူ၌၀င်ငွေမရှိ၊ မေမေသည် ထိုစဉ်က ငွေကြေးတတ်နိုင်သေး၍ လန်ဒန်မှ နားကြပ်များပင် မှာ ယူကာ ဖေဖေ့ ကို ကုသပေး၏။ သို့သော် မရပါ။

ထိုကဲ့သို့ သူ့ပညာ သုံး၍မရလျှင် ဤအိမ်ကြီးအတွက် သူ့မိသားစုအတွက် သူ၏ခြေလက်အင်အား၊ ခန္ဓာ ကိုယ်အင်အား နှင့် ကူညီမည်၊ အလုပ်လုပ်ပေးမည်ဆိုသော အယူအဆရှိပုံရသည်။
ဘုရားကြီးဝ ရှိ ချောင်းမတွင် ရေတက်လာသည့်တပြိုင်နက် ရေသွားထမ်းခါ သောက်ရေအိုး၊ မီးဖိုချောင် သုံးအိုးများ ပါမကျန် ရေဖြည့်၏။ အိမ်ရှေ့ရှိ မြောင်းငယ်လေးထဲတွင် ရေတက်လာလျှင် တခြံလုံးရှိ သစ် ပင်များ ကို တပင်မကျန်အောင် ရေလောင်း မြေဆွနှင့် လုပ်ပေး၏။ အ၀တ်များကို ကိုယ်တိုင်လျှော်၏။ ညကိုးနာရီ ထိုး၍ သူ၏ အိပ်ချိန်သို့ရောက်လျှင်တောင် သူ့ဖာသာသွားမအိပ်၊ တအိမ်လုံးရှိ တံခါးများကို အပေါက် တပေါက်မကျန်အောင် ပိတ်ပြီးမှအိပ်၏။

ကျမတို့ တောမြို့များရှိ အိမ်ကြီးများတွင် များသောအားဖြင့် ထင်းစင်ကိုက တဲငယ်တလုံးစာလောက်ရှိ တတ်ကြသည်။ ထင်းများကို တမိုးစာဝယ်ယူသိုလှောင်၍ ကုလားကြီးများကို ထင်းခွဲခိုင်းပြီးလျှင် နေပူ ချောက်ချောက်လှမ်းခါ တခါတည်း၊ ထင်းစင်ထဲတွင် လှောင်ထားလေ့ရှိကြသည်။

ဖေဖေသည် ယခုသော် ဤထင်းများကို ထင်းခွဲကုလားမငှားရ၊ သူကိုယ်တိုင်ခွဲမည်ဟု ဆိုပါတော့သည်။ မေမေက စိတ်ညစ်လာသည်။ စာရေးပြ၏။
''ရှင့်ဖာသာ ကိုယ့်အိမ်အတွက် အလုပ်လုပ်ပေမင့် ဘေးလူအမြင်မှာ မကောင်းပါဘူး၊ သူတို့ကလဲ အထင်လွဲမယ်၊ ရှင့်မှာ ၀င်ငွေမရှိတော့လို့ ကျမတို့က မတော်တာတွေကို ခိုင်းရက်တယ်လို့ ထင်မှာ ပေါ့... ဒါတွေ တော့ မလုပ်ပါနဲ့၊ ကျမတို့ ဒါလောက်မဆင်းရဲသေးပါဘူး...''

''အောင်မလေး တင်တင် ရာ... ကိုယ့်အလုပ် ကိုယ်လုပ်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ...''
မေမေ့ကိုပြန်အော်၍ သူလုပ်မြဲ အလုပ်ကိုလုပ်၏။ အိုးထဲ ရေအပြည့်ရှိပြီးသားတောင် ချောင်းထဲတွင် ရေ တက်လာ လျှင် ရှိပြီးသားရေကို သွန်ပစ်ပြီး ခပ်မြဲခပ်၏။ အမှန်တော့ ဖေဖေ့စိတ်မှာ အလုပ်ကို မြတ်နိုး သော စိတ်ဓါတ် ဖြစ်၍ ဂုဏ်ယူဖွယ်ဖြစ်သော်လည်း ကျမတို့သားသမီးများအနေနှင့် မကြည့်ရက်ပေ။
သို့သော် တချို့ဆွေမျိုး များကား ဖေဖေ အလုပ်လုပ်ခြင်းကို အောက်တန်းကျသည့်အနေ၊ အထင်သေး သည့် အနေနှင့် ဆက်ဆံလာကြ၏။

ဆက်ရန်
.

1 comment:

သဒ္ဓါလှိုင်း said...

မမရွှေစင်.
ရောက်လာပါတယ်.။ စိတ်ဝင်စားစရာ စာအုပ်ကောင်းတွေကို နည်းနည်းချင်းစီဖတ်ရတယ်
မမရေ..။ ကျန်းမာအဆင်ပြေပါစေ။။
ချစ်တဲ့
ညီမသဒ္ဓါ