အင်တာနက်မှာ ရှာမကြည့်ဘဲ တင်လိုက်မိပါတယ် အခု စကားဝါမြေ အွန်လိုင်း စာကြည့်တိုက်မှာ အစအဆုံးဖတ်ရှု့နိုင်ရန် လင့်ခ် ပေးလိုက်ပါတယ်
အားလုံးကျေးဇူးပါ
http://www.sagarwarmyae.org/?p=5057
http://www.sagarwarmyae.org/sagarwar/2009dec/mg%20paw%20tun%20-%20kan%20da%20ya.pdf
မိတ်ဆက်စကား
ဤ၀တ္ထုသည် မိဘမဲ့ကလေးငယ်တစ်ယောက်အကြောင်းဖြစ်သည်။ သူကလေးသည် နှစ်လသမီး အရွယ် ကပင် ''မိဘမဲ့ ကလေးဂေဟာ''ရှေ့၌ စွန့်ပစ်ထားခြင်း ခံခဲ့ရပြီး သူ့မိဘများ မည်သူမည်ဝါဖြစ်ကြောင်း ၁၁နှစ်သမီး အရွယ် အထိ လုံးဝမသိခဲ့ရချေ။
မိဘမဲ့ဂေဟာ ၌ ထိုကလေးငယ် တွေ့ကြုံခဲ့ရသော ကြေကွဲစရာဖြစ်ရပ်များနှင့် မိဘနှစ်ပါးအား နေ့စဉ်နှင့် အမျှ တမ်းတ၍ ရှာပုံတော်ဖွင့်ခန်းများကို ဖတ်ရသည်မှာ အသည်းတထိတ်ထိတ် ရင်တဖိုဖိုရှိလှပါသည်။
ဤ၀တ္ထု ကို အမေရိကန်တွင် ပြဇာတ်လည်း ကပြ၍ ရုပ်ရှင်လည်း ရိုက်ခဲ့ပြီးပြီဟု သိရပါသည်။ မိဘမဲ့က လေး ''အင်နီ'' အဖြစ် သရုပ်ဆောင်ခဲ့သူလေးပင် အော်စကာ ဆု ရရှိသွားခဲ့သည်ဟု ဆိုသည်။
စာဖတ်သူ အဖြစ် ဤ၀တ္ထုကို ဖတ်ရှုပြီးသောအခါ ကရုဏာရသနှင့် သန္တရသတည်းဟူသော ခံစားမှုနှစ် မျိုးကို ထူးထူးခြားခြား ခံစားရပါလိမ့်မည်။
မောင်ပေါ်ထွန်း
အခန်း(၁)
မိဘမဲ့ဂေဟာမှ နှစ်လသမီးငယ်
မိဘမဲ့ဂေဟာမှ နှစ်လသမီးငယ်
အချိန်ကာလအားဖြင့်တော့ အတော်ကြာညောင်းခဲ့ပါပြီ။
၁၉၃၃ ခုနှစ်၊ ဇန်န၀ါရီလ တစ်ရက်နေ့၏ တိတ်ဆိတ်ငြိမ်သက်ပြီး မှောင်မည်းနေသည့် အရုဏ် မတက်မီ အချိန်။
နယူးယောက်မြို့လယ် ရှိ လမ်းမကြီးများပေါ်တွင် ဆီးနှင်းတွေဝေပြီး လူသူကင်းရှင်းနေ၏။ အချိန်နာရီ တွေ တရွေ့ရွေ့ ကုန်လွန်သွားကြသည်။ ထို့နောက် ဘောဝါးရီးမြို့နယ်ရှိ ''စိန့်မတ်ခ်''ဘုရားရှိခိုးကျောင်း ၏ မျှော်စင်မြင့်ကြီး ပေါ်မှ ခေါင်းလောင်းထိုးသံ လေးချက်က ဆောင်းကာလ၏ ချမ်းအေးသော တိတ်ဆိတ် ငြိမ်သက်ခြင်း ကို ဖြိုခွင်းလိုက်၏။
ဘုရားရှိခိုးကျောင်းနှင့် နှစ်ပြအကွာ စိန့်မတ်ခ်ပလေ့စ်လမ်းရှိ နယူးယောက်မြို့တော် မြူနီစီပယ် မိဘမဲ့ ကလေး ဂေဟာ ဒုတိယထပ်၊ မိန်းကလေးဆောင် ပြတင်းပေါက်တွင် ၁၁ နှစ် သမီးအရွယ် မိန်းကလေး တစ်ယောက် ရပ်နေသည်။ သူကလေးသည် အဖြူရောင်ဖျင်ပါး ညအိပ်ဝတ်ရုံကို ၀တ်ထားသော်လည်း ချမ်းအေး လှသောကြောင့် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေရင်းမှ အပြင်ဘက်သို့ မျှော်ကြည့်ကာ ခေါင်း လောင်းထိုးသံ ကို နားစွင့်နေမိသည်။ အပြင်ဘက်တွင် လမ်းမီးရောင်ထဲ၌ ဆီးနှင်းများ တဖွားဖွားကျနေ၏။
မိန်းကလေးသည် မကြာခဏဆိုသလို လမ်းမကြီးကို အထက်အောင်အစုန်အဆန် လှမ်းမျှော်ကြည့်နေ သည်။ သူကလေး သည် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေခြင်းဖြစ်၏။ သူ့အား မိဘမဲ့ ကလေးဂေ ဟာမှ ပြန်ခေါ်သွားမည့် သူကို စောင့်မျှော် နေခြင်းဖြစ်၏။ သို့သော် အချိန်နာရီတွေသာ တတိတိ ကုန် လွန်သွားခဲ့ ကြသည်။ သူကလေး မျှော်လင့်နေသူကား လုံးဝပေါ်မလာပါချေ။
သူကလေးသည် အသက်နှင့်စာလျှင် အရပ်ကပုနေသည်။ ပိန်လည်း ပိန်သည်။ နှာခေါင်းက မသိမသာ ကလေး အပေါ် သို့ လန်သည်။ အနီရောင်ဆံပင်ဘုတ်သိုက်ကြီးကို တိုတိုညှပ်ထားသည်။ သူကလေး၏ အထူးခြားဆုံး ရုပ်လက္ခဏာကတော့ အရောင်တောက်နေသော ညိုပြာရောင်မျက်လုံးများပင်ဖြစ်၏။ သူ့ မျက်လုံး များသည် တစ်ချိန်တည်းတွင် ၀မ်းနည်းကြေကွဲခြင်း၊ ၀မ်းသာပျော်ရွှင်ခြင်းနှင့် အသိဥာဏ် ထက် မြက်ခြင်း တို့ကို ဖော်ပြနေကြသည်။ သူကလေး၏ နာမည်က ''အင်နီ''တဲ့။
လေတဟူးဟူး တိုက်နေပြီး ချမ်းအေးလှသော အဆောင်ထဲတွင် အင်နီနှင့် ဘ၀တူ အခြား မိန်းကလေး ၁၇ ယောက် တို့က အိပ်ပျော်သွားကြသည်မှာ အတော်တော်ကြာလေပြီ။ သူတို့သည် ငြိမ်ငြိမ်သက်သက် အိပ်ပျော် နေကြသည်တော့မဟုတ်။ အများစုသည် ခုတင်ကျဉ်းကျဉ်းကလေးတွေပေါ်တွင် စစ်စောင်အ စုတ်အပြဲ များကို ခြုံကာ ခြောက်အိပ်မက် မက်ရင်း ဘယ်လူးညာပြန် လှုပ်ရှားပြီး အော်ညည်းနေကြ၏။ သို့သော် အင်နီကလေး ကတော့ တစ်ညလုံး တမှေးကလေးမျှ အိပ်မပျော်သေး။ စောစောပိုင်းက အိပ် ပျော်အောင် ကြိုးစားခဲ့သော်လည်း နှစ်သစ်ကူးအကြိုညတွင် လမ်းတကာလျှောက်ပြီး အပျော်ကျူးနေသူ များ၏ အော်ဟစ်ဆူညံသံတွေကြောင့် ဘယ်လိုမှ အိပ်၍မရ။ ဟေးလားဝါးလား ဟစ်အော်သံတွေ၊ အ ရက်မူးမူး ဖြင့် သီချင်းအော်ဆိုသံတွေနှင့် ကားဟွန်းသံတွေက တစ်ရပ်ကွက်လုံး ကျွက်ကျွက်ညံနေ၏။
သန်းခေါင်ကျော်သွားသောအခါမှာတော့ စိန့်မတ်ခ်ပလေ့စ်လမ်းထဲတွင် ဆူညံသံများ လုံးဝတိတ်ဆိတ် သွားပြီး ဆီးနှင်းတွေ တဖွဲဖွဲနှင့်ပို၍ ကျလာသည်။
အင်နီကား အိပ်၍မပျော်သေး။ နောက်ဆုံးတော့ သူကလေးသည် ခုတင်ပေါ်မှဆင်းကာ ပြတင်းပေါက် နားသို့ လျှောက်လာ ခဲ့၏။ တကယ်တော့ အင်နီကလေးသည် ပြတင်းပေါက်နားတွင် ရပ်ကာ ဆီးနှင်းဖုံး ထားသော အမှောင်ထုထဲသို့ လှမ်းမျှော်ရင်း တစ်စုံတစ်ယောက်ကို ငြိမ်သက်စွာ စောင့်မျှော်နေခြင်း ဖြစ် သည်။
စင်စစ် နှစ်သစ်ကူး အကြိုညတွင် အင်နီကလေး လုံးဝအိပ်မပျော်ခဲ့ခြင်းမှာ အကြောင်းထူးရှိလေသည်။ ထိုအကြောင်း မှာ ယခုနှစ် နှစ်သစ်ကူး အကြိုညတွင် သူ့အသက် ၁၁ နှစ်ပြည့်သည့်ည ဖြစ်၏။ လွန်ခဲ့ သော ၁၁ နှစ်ကာလ နှစ်သစ်ကူးအကြိုညတွင် နှစ်လသမီးအရွယ် သူကလေးအား သံဇကာခြင်းကလေး နှင့် ထည့်ကာ မိဘမဲ့ ကလေးဂေဟာ လှေကားရင်းမှာ စွန့်ပစ်ထားခဲ့ကြသည်။ တစ်စုံတစ်ယောက် က တံခါး ကို ဖွင့်ပြီး အမှောင်ထု ထဲ သို့ ပြေးထွက်လာသည်။
ပန်းရောင် စောင်အနွမ်းကလေးဖြင့် ထွေးပတ်ထားသော အင်နီကလေးကို တွေ့ရ၏။ သူကလေး၏ လည်ပင်း တွင် တစ်ဝက်ပဲ့နေသော ငွေလော့ကက်ကြိုးကလေးကို ဆွဲထားသည်။ လက်မှတ်ရေးထိုးမ ထားသော စာတစ်စောင်ကိုလည်း စောင်တွင် ပင်အပ်နှင့်ထိုး၍ တွယ်ထားသည်။ ထိုစာမှာ-
''ကျွန်မတို့ ရဲ့သမီးလေးကို ကျေးဇူးပြုပြီး စောင့်ရှောက်ထားကြပါ၊ သူ့နာမည်က အင်နီဖြစ်ပါ တယ၊ သမီလေး ကို ကျွန်မတို့ အများကြီးချစ်ကြပါတယ်၊ သူ့ကို အောက်တိုဘာလ ၂၈ ရက်နေ့မှာ မွေးခဲ့ပါတယ်၊ ကျွန်မ တို့ မကြာခင်ပြန်လာခဲ့ကြပါမယ်၊ သူ့လည်ပင်းမှာ လော့ကတ်ကြိုးတစ်ဝက် ဆွဲထားခဲ့ပါတယ်။ ကျန် တစ်ဝက် ကိုတော့ ကျွန်မတို့ယူသွားကြပါတယ်။ ဒီလိုလုပ် တာက ကျွန်မတို့ပြန်လာတဲ့အခါ အင်နီလေးဟာ ကျွန်မ တို့ ရင်သွေးလေးအစစ်အမှန်ဖြစ်ကြောင်း သက်သေခံ အထောက်အထားပြနိုင်အောင်လို့ပါ''
သူ့အား သူ့မိဘများက နှစ်သစ်ကူးအကြိုညတွင် မိဘမဲ့ ဂေဟာရှေ့၌ စွန့်ပစ်ထားခဲ့ကြသောကြောင့် နှစ် သစ်ကူး အကြိုည တွင်ပင် သူ့မိဘများပြန်လာပြီး သူ့ကိုပြန်ခေါ်သွားကြလိမ့်မည်ဟု အင်နီကလေးက မျှော်လင့် ယုံကြည်နေခဲ့သည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း အခြားကလေးများက ခရစ္စမတ်နေ့ကို လက် ချိုး ရေတွက်နေကြသကဲ့သို့ပင် အင်နီကလေးလည်း နှစ်သစ်ကူးအကြိုညကို အမြဲတမ်းလက်ချိုးရေ တွက် နေခဲ့၏။
သို့သော် တစ်နှစ်ပြီးတစ်နှစ်သာ ကုန်သွားခဲ့သည်။ သူ့ဆန္ဒကား မပြည့်ခဲ့။ သူ့ဖေဖေနှင့် သူ့မေမေတို့ ရောက် မလာခဲ့။ ယခုနှစ်တွင်လည်း သူတို့ရောက်လာမည်မဟုတ်သည်မှာ သေချာသည်။
အပြင်ဘက် တွင် ဆီးနှင်းများ ပို၍ပို၍ သိပ်သည်းလာ၏။ အင်နီကလေးသည် သက်မတစ်ချက် ချလိုက် သည်။ သူသည် မငိုမိအောင် မျက်လုံးများကို လက်နှင့်ပွတ်၍ သူ့ကိုယ်သူ ထိန်းထားလိုက်၏။
''သူတို့က ငါ့ကို သိပ်ချစ်တယ်။ ငါ့ကို ပြန်လာပြီးခေါ်ကြမယ်လို့ စာထဲမှာ ရေးထားတယ်'' အင်နီက သူ့ ကိုယ်သူ တိုးတိုးပြောနေသည်။ ''ဘာများ ဖြစ်နေကြပါလိမ့်၊ သူတို့ဘယ်များရောက် နေကြပါလိမ့်၊ သူတို့ ငါ့ကို ဘာကြောင့် များ လာမခေါ်ကြတာပါလိမ့်''
အင်နီကလေးသည် သူ့လည်ပင်းမှ တစ်ခြမ်းပဲလော့ကက်ကြိုးကလေးကို လက်နှင့်ဆုပ်ပြီး ရင်ဘတ်တွင် တင်းတင်းကြီး ဖိကပ်ထားသည်။ သူကလေးသည် ဤအလုပ်ကို နေ့ရော ညပါ အမြဲတမ်း လုပ်လာခဲ့ သည်မှာ ကြာခဲ့ပြီ။
''မေမေ... မေမေ... မေ... မေ...''
မိဘမဲ့ကလေးဂေဟာတွင် အသက်အငယ်ဆုံး ခြောက်နှစ်သမီးအရွယ်မောလီကလေး၏ ယောင်ရမ်းပြီး လန့်အော်သံဖြစ်၏။ သူကလေးသည် ခြောက်အိပ်မက် မက်ပြီး သူ့မေမေကိုတမ်းတ အော်ခေါ်နေသည်။ သို့သော် မော်လီ၏မေမေက လွန်ခဲ့သော နှစ်နှစ်လောက်ကပင် ကားတိုက်ခံရ၍ သေဆုံးသွားရှာပြီဖြစ် ၏။ သူ့ဖေဖေ လည်း မေမေနှင့်အတူ မပြန်လမ်းသို့ လိုက်သွားခဲ့ရှာပြီ။ မော်လီကလေးက ထူးထူးခြားခြား ချောမော လှပသူဖြစ်၏။ မျက်ဝန်းနက်နက်၊ ဆံပင်နက်နက်ဖြင့် အလွန်ချစ်စရာကောင်းသည်။ သို့ပေ မယ့် သူ့ခမျာ ကံဆိုးရှာသည်။ သူ့ကို မွေးစားမည့်သူ တစ်ယောက်မျှမရှိ။ ထို့ကြောင့် သူလည်းပဲ မိဘမဲ့ ကလေးဂေဟာ ရှိ အခြားမိန်းကလေးတွေလိုပင် မိဘမဲ့ကလေးငယ်တစ်ဦးဖြစ်၏။
သို့သော် အင်နီကတော့ တခြားမိန်းကလေးတွေနှင့်မတူ။ တစ်မူထူးခြားသူဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် အင်နီ မှာက မိဘများရှိနေကြသေးသည်။ ဘယ်နေရာမှာ ရှိမှန်းမသိရပေမယ့် တစ်နေရာရာမှာ တော့ ဧကန်ရှိနေကြမှာ သေချာသည်။
''မေမေ... မေ... မေ...''
မော်လီကလေး ၏ အော်သံ ထွက်ပေါ်လာပြန်၏။ သူ့အော်သံကြောင့် သူ့ပတ်ပတ်လည် ခုတင်များမှ မိန်းကလေး တွေလည်း အကုန် လန့်နိုးလာကြ၏။
''ဒီကောင်မလေး ဘာတွေလျှောက်အော်နေတာလဲ၊ နင့် ပါးစပ်ပိတ်ထားစမ်း''
မော်လီ ခုတင်ဘေးမှ ပက်ပါး က လှမ်းပြောလိုက်ခြင်းဖြစ်သည်။
''ဟုတ်သားပဲ၊ သူ့ကြောင့် အားလုံးနိုးကုန်ပြီ။ ဘယ်သူမှ မအိပ်ရတော့ဘူး''ဟု ဒပ်ဖီက၀င်၍ ပြောလိုက် သည်။
''မေမေ... မေမေ... မေ... မေ...''
''ဟေ့... မော်လီ၊ ခွေးကောင်မလေး၊ ငါပြောနေတာ မကြားဘူးလား၊ နင့်ပါးစပ် ပိတ်ထားစမ်းပါဆို''
ပက်ပါးက စိတ်ပေါက်ပေါက်ဖြင့် ခုတင်ပေါ်မှခုန်ဆင်းပြီး မော်လီကလေးအား ကောက်ချီကာ ကြမ်းပြင် ပေါ် သို့ ပစ်ချလိုက်သည်။ ပက်ပါးက မိန်းကလေးတွေ အားလုံးအနက် အသက်အကြီးဆုံး၊ ၁၆ နှစ်ရှိပြီ။ သူ့နှာခေါင်း က ပြားပြားပိပိ၊ မျက်နှာတွင်လည်း မှဲ့ခြောက်တွေနှင့် ပြည့်နှက်နေ၏။ ပွရောင်းရောင်း သူ့ဆံပင် တွေ က အင်နီ့ဆံပင်ထက် ပို၍လည်း ရှည်သည်။ ပို၍လည်း နီသည်။
''ဟေ့... ကလေး ကို ဘာလို့တွန်းချတာလဲ၊ သူက နင့်ကို ဘာလုပ်လို့လဲ''
ဆယ့်နှစ်နှစ်သမီးအရွယ် ဂျူလိုင်ကလေးက ပက်ပါးကို လှမ်းပြောလိုက်၏။ ဂျူလိုင်ကလေးက ရုပ်ရည် သိပ်မချော လှပေမယ့် အလွန်စိတ်ကောင်းရှိသည်။ သူ့နာမည်ကို ''ဂျူလိုင်'' ဟူ၍ ခေါ်ခြင်းမှာ သူ့အား ဇူလိုင်လ ၄ ရက် နေ့တွင် မိဘမဲ့ကလေးဂေဟာ၌ လာရောက်စွန့်ပစ်ထားခဲ့သောကြောင့်ဖြစ်၏။
''နင် မမြင်ဘူးလား၊ သူ့ကြောင့် ငါအိပ်မရတော့ဘူး၊ သိပ်အနှောက်အယှက်ပေးတဲ့ ကောင်မလေး''
ပက်ပါး က ဂျူလိုင်အား ပြန်ပြောလိုက်သည်။
''မအိပ်ရတာ နင့်ကြောင့်၊ သူ့ကြောင့် မဟုတ်ဘူး''
''အံမယ်၊ နင်က သူ့ဘက်က ပါတယ်ပေါ့လေ၊ ကဲ... နင် ဘာလုပ်ချင်လို့လဲ ကောင်မ''
ပက်ပါး က ပြောရင်း ဂျူလိုင်၏ခုတင်ဆီသို့ လျှောက်လာသည်။
''သြော်... နက်က ဗိုလ်ကျချင်တယ်ပေါ့လေ၊ ကဲ... နင်ကရော ဘာလုပ်ချင်လဲ လုပ်စမ်းပါ''
ထို့နောက်တွင်တော့ ပက်ပါးနှင့် ဂျူလိုင်တို့နှစ်ဦးသာ ဖက်လုံးပြီး ကြမ်းပြင်ပေါ်တွင် အပြန်အလှန် သတ် ပုတ်နေကြတော့သည်။ တစ်ယောက်ကို တစ်ယောက် လက်နှင့် ကုတ်ဖဲ့ကြသည်။ ဆံပင်ကို ဆွဲဆောင့် ကြသည်။
သူတို့နှစ်ယောက်၏အော်သံကြောင့် အခန်းအစွန်မှ ရှစ်နှစ်သမီးအရွယ်တက်စီကလေး လန့်နိုးလာ သည်။
''အို... ဘုရား... ဘုရား... သတ်နေလိုက်ကြတာ''
အင်နီသည် တစ်ချိန်လုံးပြတင်းပေါက်နားတွင် ရပ်ကာ ရန်ပွဲကိုငြိမ်ကြည့်နေခဲ့သည်။ ယခုတော့ မနေ သာတော့ဘဲ ရှေ့သို့လျှောက်လာပြီး ပက်ပါးနှင့် ဂျူလိုက်တို့အား အတင်းဆွဲခွဲသည်။
''ဟေ့... တော်ကြပါတော့၊ တော်ကြပါတော့၊ တော်တော်ဆိုးတဲ့ကောင်မတွေ၊ ခုချက်ချင်း အိပ်ရာပေါ် ပြန်တက် ကြစမ်း''
အင်နီ က အမိန့်သံပါပါဖြင့် ပြောလိုက်သည်။
''အံမယ်၊ ကောင်မက ကြီးကျယ်လိုက်တာ''
ပက်ပါးက သူ့ခုတင်ဆီသို့ပြန်ရင်း မကြားတကြား ပြန်ပြောသွားသည်။ သို့သော် သူက အင်နီနှင့်သတ် ပုတ်ဖို့ကိုတော့ စိတ်ပင်မကူးရဲ။ အင်နီက ပက်ပါးထက် ကိုယ်လုံးကိုယ်ဖန်ရော၊ အသက်အရွယ်ရော ငယ် ပေမယ့် ဂေဟာတစ်ခုလုံးတွင် အသန်မာဆုံးမိန်းကလေးအဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်၏။ ထို့ကြောင့် ပက်ပါး က သူနှင့် မယှဉ်ဝံ့ခြင်းဖြစ်သည်။ အင်နီက အားလုံးအနက် အတော်ဆုံးလည်းဖြစ်၏။ ထို့ကြောင့် အားလုံး ကပင် အင်နီအား ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြသည်။ အထူးသဖြင့် ဂေဟာအုပ်ချုပ်ရေးမှုး မစ္စအာဂါသာ ဟန်နီဂန်နှင့်မိန်းကလေးများ၏ ဘယ်တော့မှ မပြီးဆုံးနိုင်သော ''တိုက်ပွဲ''တွင် အင်နီက ခေါင်းဆောင်ဖြစ်၏။
''ပက်ပါးက စတာ... အင်နီ။ သူက မော်လီ့ကို ခုတင်ပေါ်က ဆွဲချတာ၊ သိလား''ဟု ဂျူလိုင်က တိုင်သည်။
''ဟုတ်ပါတယ်၊ ငါလည်း မြင်ပါတယ်'' အင်နီက ဂျူလိုင်၏ပခုံးကို လက်တင်ပြီး ပြောသည်။ ''ကဲ... ကဲ... တော်ကြ ပါတော့၊ အိပ်ကြတော့၊ အားလုံးပြန်အိပ်ကြတော့''
''ဟုတ်ကဲ့၊ အိပ်ပါ့မယ် အင်နီ''ဟု ပြောပြီး ဂျူလိုင် အိပ်ရာပေါ်ပြန်တက်သွားသည်။
ထို့နောက် အင်နီသည် မော်လီကလေးထံသို့ လျှောက်လာခဲ့သည်။ မော်လီကလေးမှာ ကြမ်းပြင်ပေါ် တွင် မှောက်လျက်သား ရှိနေဆဲဖြစ်သည်။ အင်နီသည် ဒူးထောက်ထိုက်ချလိုက်ပြီး မော်လီကလေးကို ပွေ့ဖက် ထားလိုက်၏။
''ကဲ... ညီမလေးရယ်၊ ဘာမှမဖြစ်ပါဘူး၊ ကြောက်စရာလည်း မရှိဘူး၊ မမ ရှိနေတာပဲ၊ မဟုတ်ဘူးလား ဟင်''
ဆက်ရန်
.
1 comment:
ကျေးဇူးအစ်မရယ်
ဖတ်ပါဦးမယ် .. မောင်ပေါ်ထွန်းကိုလည်း ညီမကြိုက်တယ်..
သူ့စာအုပ်လေးတစ်အုပ်အကြောင်းတောင် ရေးဖို့ရှိတယ်.. မိုးစွန်တမွတ် လေ.
အရမ်းကောင်းလို့..
Post a Comment