Sunday, January 30, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၈)

ရေချိုးခါနီး ဒါလေးလောက်မာလီ နဲ့ အတူအလုပ်လုပ်ရတာ ဘာများပင်ပမ်းလို့လဲ၊ ခုကြည့်စမ်း..... ကြက်သဟင်းပင် လဲ သေ၊ ဆူးပုတ်ပင်တွေလဲ အရွက်ပိုးကျပြီး နူကုန်ပြီ......ငွေပန်းပင် က အစ သူတို့ လောင်း ရတာလဲမဟုတ်၊ ရေချိုးပြီး ရေပိုက်လေး တတ်ထားရတာများ သူတို့ကိုင်ထားရတာ ကြနေ တာဘဲ၊ (xပျင်း) တွေ ဖေဖေနဲ့တော့ မဖြစ်ပါဘူး

ဖေဖေ ဒေါသဖြစ်မည်ဆိုလဲ ထိုသူတို့မှာ ဖြစ်စရာတွေပါပင်တည်း၊ ကျမမှာတော့ အိမ်ရှင်မ၊ အိမ်ရှင် မ ပြဿနာ မှာ ကျယ်ပြန့်လွန်းပါ၏။ ကိုယ်က လမ်းအတိုင်းပြောသည့်ထားဦး...... ကိုယ့်အိမ် မှာ မနေစေချင် ဟူ၍ အထင်မှားတတ်ကြ၍ ကျမဘာမှဝင်မပြောပါပေ။

စိတ်ဆိုးမိသည်
ဖေဖေ့ ကို ပြင်းပြင်းထန်ထန် စိတ်ဆိုးမိသည်မှာ နှစ်ကြိမ်ဖြစ်သည်။ ပထမအကြိမ်မှာ ၁၉၆၄ခုနှစ် လောက် က ထင်ပါသည်၊ ဖေဖေသည် အသားကို အလွန်းစား၏ အထူးသဖြင့် အမဲသားနှင့် ၀က်သား ကို အလွန် ကြိုက်၏၊ ကျမ တို့ အသား မစားတောင် ဖေဖေ့အတွက်တော့ တရက်ခြားလို ချက်၍ ကျွေး ပါသည်။

သူများအိမ်သို့ သွားရောက်စားခြင်းကိုမူ ကျမတစက်မှမကြိုက်ပေ၊ တနေ့တွင် နောက်ဖေးအိမ်လေး တွင် နေသော တူမလေးအိမ်တွင် ၀က်သားချက်သည်။ ကျမတို့လည်း မသိပါ။ ချက်သူက စားစေ လို၍ လာပို့ သည်မဟုတ်၊ သူ့ဖာသာသွား၍ စားသည်။ အစားကောင်းလိုက်သည်မှာ ထိုအိမ်လေး တွင် ချော်လဲ၍ ပေါင်အဆစ် ပြုတ်၍ ထွက်သွားပါတော့သည်၊ ထိုအနောက် အိမ်လေး နှင့် အစေခံ တန်းလျား ရေသွား မြောင်း များကို အသစ်စက်စက် ပြင်ပြီးစဖြစ်၍ မြောင်းထိပ်အစွန်းမှာ ကျောက် အစွန်းစလိုဖြစ်နေသည်၊ ထို့ကြောင့် ဒဏ်ရာ မှာ အလွန်ပြင်းထန်သည်။

ကျမစိတ်ထဲတွင် အမှန် အတိုင်းဖွင့်ဟ၀န်ခံရပါလျှင် သိပ်ဒေါသဖြစ်ပါသည်။ မချုပ်တည်းနိုင်လောက်အောင် စိတ်ဆိုးသည်၊ ဖေဖေ့ကိုတော့ ဘာမှမလုပ်ချင်ပါ၊ ကိုယ့်ကိုယ်ကိုသာ သက်သေလိုက်ချင်သည်။ (အပြင်မျက်စေ့ နှင့် ကြည့်လျှင် ဘာမှဖြစ်သင့်သော အကြောင်းမဟုတ်ဟူ၍ ထင်နိုင်ပေသည်၊ ဟုတ် ချင် လည်း ဟုတ် ပေမည်။)
ကျမရင်ထဲမှာတော့ ဒေါသ ဖြစ်လိုက်သည် ဖြစ်ခြင်းသွား၍ပင် မကြည့်ချင်တော့ပေ။ ကျမဒေါ သကိုသိသော အိမ်သား များက တခြားအကိုများ၊ ဆွေမျိုးများကိုခေါ်၍ ဖေဖေ့ကိုပြ၏ ကုသရန်ဖြစ် သည်၊ ကျမကိုလည်း အဒေါ် ဒေါ်အုံးရင် က ဖျောင်းဖြ ချော့မေ့ပါသည်။

"မယု ဖေဖေကိုကြည့်ရုံတင် လေးတင်ကြည့်၊ ကြည့်ပြီးရင် မယုအခြေအနေသိမယ်၊ နို့မို့ယင် မယု- နောင်တ ရစရာဖြစ်နေမယ်"
ကျမသည် မနေနိုင်ပြန်၊ သွားကြည့်ရပြန်သည်၊ ကြည့်သည်တပြိုင်နက် ကျမသိပါသည်။ ယနေ့ ဆေးရုံ ပို့လျှင်ပို့ အကု နောက်ကျလျှင် ဖေဖေ သေမည်၊ လူနာပေါင်း များစွာ နှင့် ဆက်ဆံနေရတော့ လည်း ကျမ သည် ဆရာဝန် တပိုင်း ဖြစ်နေတော့သည်၊ ရင်ထဲက ဒေါသအရှိန်ကတော့ မပြေပါ။

"ကဲလေ......... ဖေဖေ့ကို ဆေးရုံတင်မှဖြစ်မယ်.....ဘယ်သူ တင်မှာလဲ"
ကျမ သည် တမင်ပင် မေးခွန်းထုတ်ပါ၏။
ကားတွေလည်းရှိ၊ စိန်တွေလည်းရှိ၊ ငွေတွေလည်းရှိ၊ ယောက်ျားရင့်မကြီးတွေလည်းဖြစ် သွေးသား အရင်းနှီးဆုံး ဖြစ်သော ဤ(x  x  x) သူများက သူတို့သည် လူနာတယောက်ကို ဆေးရုံမတင်တတ် ဟူ၍ ဖြေဆိုကြပါသည်။

"ကဲလေ....ကျမတော့ နေမကောင်းလို့ ရင်ထဲမှာ မောနေဘီ လမ်းတော့ မရှောက်နိုင်ဘူး ဒီတော့ ကားတော့ တနာရီဘဲ သုံးခွင့်ပေး ဒီလူနာ ဆေးရုံပေါ်ရောက်ရစေမယ့်"
ကျမ သည် တနာရီအတွင်း ဒေါက်တာ ဒေါ်မြမြအေးနှင့် စီစဉ်ကာ ဖေဖေ့ကို မြရတနာ ဆေးတိုက်သို့ တင်လိုက် ပါသည်။ ဒေါ်မြမြအေးသည် ဒေါက်တာ ဘပု နှင့် စီစဉ် ပေး၏။ ယနေ့ညနေပင် ချက်ခြင်း ခွဲစိတ် ရမည်ဖြစ်၏။ ကျမ သည် ဒရီးဒရိုင် ပင် ပင်ကိုယ် က အားနည်း အစာ က မ၀င်ထည့်ကြားက ဒေါသ က အားလုံး ကို ခြုံ ၍ ဖြစ်နေသည်၊ ခွဲစိတ်သော ခန်းဝ တွင် ကျမစောင့်နေပါသည်။

ခွဲစိတ်ခြင်း မှာ မကြာလှ ဒေါ်မြမြအေးသည် ၂၅ကျပ်အခန်းကို ဖေဖေသီးသန့်နေရပါစေဟူသော စေတနာ နှင့် တဆယ်ပင် ယူကာ သီးသန့် ခန်းတွင် ထားပေးပါသည်၊ ဖေဖေထွက်လာသောအခါ သတိမရသော အိပ်ယာ ပေါ်တွင် အိပ်လျက်ပင်ဖြစ်၏။ မျက်နှာမှာ ဖြူဖတ် ဖြူရော်ပင်တည်း၊ ကျမ သည် ဖေဖေ့မျက်နှာ ကို စေ့စေ့ကြည့်ရင်း ဂရုဏာ ဒေါသဖြစ်ကာ မျက်ရည်ဒလဟော သွန်ကျပါသည်၊ ဖွင့်အံရေးချပြချင်၍ လည်း မကောင်း ရင်ထဲတွင်နာကျည်းခြင်း၊ ခံခက်ခြင်းတို့ကို ရောပြွှန်းကာ ရှိုက် ကြီးတငင် ငိုကျွေးမိပါသည်။

ဆရာမလေး တွေက မမယုရဲ့ဘဘကြီးရောဂါက အခုမစိုးရိမ်တော့ဘူး မငိုနဲ့လေ ဟု သူတို့က လည်း သူတို့ အဓိပ္ပါယ်နှင့် ပြောပါသည်။ ကျမလည်း ကျမအဓိပ္ပါယ်နှင့်ကျမငိုပါသည်၊ မျက်ရည်ဖြိုင် ဖြိုင်ကျရင်းမှ
"ရတနာ သုံးပါး အား အမှုထား၍ ကိုယ်စောင့်နတ်အား တိုင်တည်ပါ၏ ဘုရား..... တပည့်တော် မ သည် ယခု ကိစ္စ တွင်ဖေဖေ့ကို အလွန်စိတ်ဆိုးပါသည်၊ သို့သော်အစမှ အဆုံး တပည့်တော်မ ပင် တာဝန် ယူရမည် ဖြစ်ပါသည်။

တပည့်တော်မလက်ထဲတွင်လည်း ငွေကြေးတပြားမှ မရှိပါ၊ ဤမှန်သော သစ္စာစကာကြောင့် ယနေ့မှစ၍ နိဗ္ဗာန်မရမီစပ်ကြား မိဘနှင့်တကွ ကြီးသောသူကို လုပ်ကျွေးရသည် ဖြစ်စေ ငယ်သောသူကို လုပ်ကျွေး ရသည် ဖြစ်စေဆင်းရဲနှင့် ငရဲကင်းစွာ နှင့်လုပ်ကျွေး ရပါလို၏ဘုရား"ဟု ပါးစပ်မှပင် ရွတ်ဆိုခါ သစ္စာပြု ပါ၏ ပြီးတော့ ကျမဒေါသကို ဖြေ ကာဖေဖေ့နဖူးကို လက်နှင့်ထိ၍ "ဓါရဏ" ပရိတ် ကို ရွတ် ဖတ်သရဇ္ဈယ် ရ၏။ ရွတ်ရင်း ရွတ်ရင်း တရားနှင့် ဆင်ခြင်ကာ ကိုယ့်စိတ်ကို အေးအောင် လုပ်ရတော့သည်။

ပရိတ်ရွတ်ရင်းဆုံးခါနီးသောအခါ ဖေဖေသတိရလာသည်၊ သူ့မျက်နှာက အတော်ပင်ဖြူလျော် နေရုံမက အားငယ် နေပုံ ရသည်၊ ကျမသည်သူ့နဖူးကို ကိုင်ကာပရိတ်ရွတ်နေသည်ကို တွေ့မှ အားတက် သွားပုံ ရပါသည်။
"မယု သိပ်အားနဲနေပုံရတယ် ဘဘကြီးကိုတော့.....စောင့်မအိပ် နဲ့ (စပယ်ရှယ်နတ်စ်) တယောက် ထားဖို့ လိုတယ်၊ ခုတညထဲပါ မနက်မိုးလင်း လင်းခြင်းတော့ ဆံပြုတ် ပူပူဘခွက်လာတိုက်နော် ဒေါ်မြမြအေးက ညွှန်ကြား ကာ ထွက်သွားပါသည်"

"ကဲ..မနက်ဆံပြုတ်ပူပူဘယ်သူ လာပို့နိုင်လဲ"
ဖေဖေ ၏ သွေးအရင်းဆုံး ကားလည်းရှိသောယောက်ျားရင့်မာကြီးများက သူ့တို့တွင် အချိန်မရှိ၍ တာဝန် မယူနိုင်ဟု ဖြေပါသည်၊ ကျမသည် ဘာမှဆက်၍ မပြောတော့ဘဲ စပယ်ရှယ်နတ်စ်ကိုလည်း ကျမကိုယ်တိုင် စီစဉ် ၍ ထားခဲ့ပါတော့သည်၊ စပယ်ရှယ်နတ်စ်မှာ တညကို၂၉ကျပ်ပေး ရပါသည်။

နံနက်တွင် ဤဂွတ္တလစ်အိမ်မှ သည်ကျုံးကြီးလမ်းဆေးရုံထိ ဆန်ပြုတ်ပူပူကို ဖေဖေ့အတွက် ဘတ်စ် ကား နှင့် ပင် သွားပို့ရ၏ ထို့ကြောင့်ပင် ဖေဖေဖြစ်စက ရှိုက်ကြီးတငင် ငိုကျွေးမိခြင်းမှာ "ဖေဖေ"ဆို သော အကြောင်း တကြောင်းထဲကြောင့်မဟုတ် ငွေကြောင့်လည်းမဟုတ်ပါ၊ အကြောင်းကြောင့် တို့ပါတွေးမိကာ ငိုကျွေး မိခြင်းဖြစ်ပါသည်။ ကျန်ည များတွင်တော့ ကိုကို့သား မောင်ချို နှင့် မောင်ကံညွန့်တို့ တညစီ စောင့်အိပ်၏။

ဆေးရုံ တွင် တလနှင့်တရက်ကြာပါသည်၊ စုစုပေါင်းငွေ(တထောင့်နှင့်တရာ) ကုန်ပါသည်၊ ဒါတောင် ဒေါက်တာ ဒေါ်မြမြအေး က အခန်းခ လျော့ယူ၍ဖြစ်ပါသည်၊ အပြင်ကုန်ကျငွေများ မပါပါ၊ ထိုလတွင် ထုတ်ဝေသော "သပြေ"၀တ္ထုမှ ရသမျှငွေမှာ ဖေဖေ့အတွက် သုံးလိုက်ရတော့သည်။

တခါတခါ တွေးမိ၏ လောကတွင် စိန်ရွှေငွေနှင့်ကားတို့သည် လူနာတယောက်ကို ဆေးရုံပေါ် သို့ ရောက်အောင် တင်မပေးနိုင်ဆိုသည်မှာ စဉ်းစားစရာအကြောင်း ပင်တည်း၊ "တာဝန် မယူလို ခြင်း"ကို လိမ္မာ ပါးနပ်စွာ အဖြေပေးကြပေခြင်းပေလား။

ကျမခင်ပွန်းသည်ကတော့ "ဖေဖေစားသော ၀က်သားတုံးမှာ တထောင့်တရာတန်သော ၀က်သားတုံး" ဟူ၍ ဆိုပါသည်။

ဆက်ရန်
.

4 comments:

Anonymous said...

ဝက်သားဟင်း ကျွေးမိတဲ့ တူမလေးကို ကြားက ကျွန်မ သနားတယ်။ လူကြီးက သူ့အိမ် လာစားလို့ ကျွေးမိတာ သူ့အပြစ်လဲ မဟုတ်ဘူး။ သမီးလုပ်တဲ့သူက သူများအိမ် သွားစားတာမကြိုက်လဲ အဖေလုပ်တဲ့သူက အမျိုးဆိုတဲ့စိတ်နဲ့ လာစားဆိုတော့ သူ့ခမျာ ကြားက ဘယ်လိုနေရမလဲ။ အိမ်က အထွက်မှာ ပေါင်ကျိုးတာလဲ သူ့ကြောင့်မှ မဟုတ်တာ။
အဖေဆေးရုံတင်ဖို့ကို ဆရာမကြီးတစ်ယောက်ထဲ တာဝန်ယူရတယ်ဆိုတာလဲ ဆရာမကြီး မကျေနပ်ဖြစ်တဲ့ အမျိုးတွေမှာ အကြောင်းရှိချင် ရှိလိမ့်မယ်။ ဒေါသတွေထွက် မျက်နှာသုန်မှုန်နေလို့ပဲ လုပ်မပေးချင်တာလား။ တစ်ခုခုပေါ့နော်။

အဖေ ဒီလိုဖြစ်တဲ့အချိန်မှာ သွားတောင်မကြည့်နိုင်အောင် ဒေါသဖြစ်တယ်ဆိုတာကတော့ လမ်းမှားနေလားလို့။ ဘယ်သူ့ကို ဖြစ်မှာလဲ။ ချော်လဲမိတဲ့ အိုကြီးအိုမ အဖေကိုလား။ အဘိုးကြီး ကြိုက်တဲ့ ဝက်သားဟင်းကို အိမ်လာစားလို့ ရိုးရိုးသားသား ကျွေးမိတဲ့ တူမလေးကိုလား။ မဆီမဆိုင် ဒေါသတွေ ထွက်နေတဲ့ လူတစ်ယောက်ကို ဘေးလူတွေကရော ကူညီပေးချင်ပါ့မလား။ တော်ကြာ ဘာလုပ်လုပ် အကောင်းမမြင်တဲ့အချိန်ဆို မျက်နှာမရ ခြေထောက်ရ ဖြစ်နေမယ်လေ။

ဆရာမကြီး မိဘကို လုပ်ကျွေးတာ သာဓုခေါ်ပါတယ်။ လေးလဲ လေးစားတယ်။ ဒါပေမယ့် ကျွန်မအပါအဝင် လူအားလုံး သတိထားသင့်တာက အမျိုးတွေကိုပဲဖြစ်ဖြစ် မိတ်ဆွေတွေကိုပဲဖြစ်ဖြစ် ကိုယ့်အိမ်က အလုပ်သမားတွေကိုပဲဖြစ်ဖြစ် ကိုယ့်လက်ထဲ ကလောင်ရှိတိုင်း ကိုယ်မကျေနပ်တာတွေကို တစ်ဖက်သတ်အမြင်နဲ့ မရေးသင့်ဘူး ထင်ပါတယ်။ တစ်ဖက်လူတွေမှာက ကလောင်မရှိတော့ ပြန်ဖြေရှင်းနိုင်စွမ်း မရှိဘူးလေ။ ကိုယ်က မကျေမနပ် ဖြစ်နေသလို တစ်ဖက်လူတွေမှာလဲ ကိုယ့်ကို မကျေမနပ် ဖြစ်စရာအကြောင်းတွေ သူတို့ ဖြေရှင်းခွင့်ရှိရင် တစ်သီကြီး ထွက်လာမှာပေါ့။ ကိုယ်ရေးတော့ ကိုယ့်အကောင်း ဖြစ်နေပေမယ့် ကိုယ်မရေးမိဘဲ ချန်ထားမိတာတွေ ရှိနိုင်တယ်လေ။

ကျွန်မကို သင်ခန်းစာယူစရာ ပေးသွားလို့ ဆရာမကြီးကို ကျေးဇူးတင်ပါတယ်။ ဆရာမကြီး ဝတ္ထုတွေထဲမှာ မွှေးနဲ့ အတွတ်ကတော့ ပရိသတ်ရင်ထဲ စွဲကျန်ခဲ့တာပါပဲ။

ahphyulay said...

အင်း...
မမရွှေစင် ၊ အမိ နဲ့ အဖ မှာ အဖမရှိတော့ တဲ့ အတွက်
ကျွန်တော် စိတ်မကောင်းစွာနဲ့ ပဲ ဝင်ဖတ်မိခဲ့ တယ်၊ အခုတစ်လော
အလုပ်ပြန်နောက်ကျလို့  ရတဲ့ အချိန်လေး လု ရေး နေမိလို့ 
မရောက်ခဲ့ ပေမဲ့  အဖေ့ ကြောင့်  ဝင်ခဲ့ မိတယ်။
ကျွန်တော့် အဖေ စရိတ်မျှပေး ကို တက်နေတုံး ဆရာဝန်ကြီးက
လူနာရှင်များဟာ ငွေချမ်းသာသူလား၊ အသင့် အတင့် လား
ဆင်းရဲသူလား ဆိုတဲ့ မေးခွန်းသုံးခုကို နာ့ (စ)မှတဆင့် 
စုံစမ်းပြီးမှ သူ့ အဆင့် အတိုင်း တရုပ်ဆေး၊ ယိုးဒယား၊ အင်္ဂလန်
ဆေး ဆိုပြီး ဆေးစာခွဲရေးပေးတယ်လေ၊ တကယ်ပါဗျာ..
ကုတင် နဲ့  ဆိုင်းဘုတ်ပဲရှိတယ်။ ကုတင် လက်ရမ်းတန်းတွေ
က လဲ သံချေး တွေ တက်..လို့ ။ အဲ့ ဒီတုံးကငွေ စက္ကူများ
ကျွတ်ကျွတ်အိပ်နဲ့  ထုပ်ပြီး ခါးကြားမှာ ထိုးထားရတယ်။
အလာကျဲခဲ့ တာခွင့် လွှတ်ပါဗျာ..။
မိသားတစ်စုမှာ လူတစ်ယောက် စ နာပြီ ဆိုရင်တော့  အိမ်ရှိ
လူကုန် ဗျာ များနေရတာတော့ အမှန်ပါပဲ။ ပြေလည်ရင်
မထောင်းသာပေမဲ့  မပြေလည်ရင်.. သိတဲ့ အတိုင်း..၊
ကျန်တာတွေတော့  မပြောတော့ ပါဘူးဗျာ.။

Mya said...

ကျွန်မအမြင်တော့ ဒေါ်ခင်နှင်းယုမှာ ကျွန်မတို့မသိတဲ့ မိသားစုကိစ္စ၊ဆွေရေးမျိုးရေးတွေမှာ စိတ်နာစရာ တော်တော်ရှိခဲ့ပုံပေါ်ပါတယ်။ သူ့ စာတချို့ ကိုဖတ်ကြည့်ရင် သိသာပါတယ်။ စာရေးတဲ့သူဟာ ဘယ်လောက်ပဲ သမာသမတ်ကျ အောင်ရေး တယ်ပြောပေမယ့် ရင်ထဲရှိတဲ့ ခံစားချက်၊ နာကျည်းချက်တွေက သူရေးတဲ့စာတွေမှာ တွေ့နိုင်ပါတယ်။ ဒီအခန်းမှာလဲ ဖတ်မိတဲ့သူအဖို့တော့ သူရေးထားသလောက်ပဲသိတော့ ဒီလောက်ဖြစ်ရလား စိတ်ထဲထင်မိတယ်။ ဒါပေမယ့် ဒီထက်မကတဲ့ အကြောင်းရှိပါလိမ့်ဦးမယ်။ ကျွန်မကတော့ ခင်နှင်းယု လက်ရာတွေထဲ မှာ သခွပ်ပန်း ၊နဂါးငွေ့တန်း၊ ပန်းပန်လျက်ပါနဲ့ မြကြာဖြူလောက်ပဲကြိုက်တယ်။ တခြားစာအုပ်တွေမှာ (ဥပမာ-လမင်းကြီးသာစမ်းပါ့၊ ချစ်လှချည်ရဲ့၊မိုးကျော်သူ၊ဆောင်းတွင်းပန်း..စတဲ စတဲ့) စာရေးသူရဲ့ အတ္တ၊မာန တွေပါ နေသလိုပဲမြင်မိတယ်။ အမြင်မတူတဲ့သူများ လည်းရှိနိုင်ပါတယ်။

Anonymous said...

အဘိုးကြီး တူမအိမ်သွားလည်ရင်း အိမ်အထွက်မှာချော်လဲလို့ ပေါင်ကျိုးသွားတယ်ဆိုတာ အနီးပါးချင်းတွေ (အမျိုးတွေပဲဖြစ်မယ်ထင်တယ်)က အကြောင်းကြားတော့ သမီးအရင်းဟာ စိတ်ပူပြီး ပြေးလာမယ်လို့ ဘယ်သူမဆို ထင်ကြမှာပဲ။ မလာတဲ့အပြင် ဒေါသ အရမ်းထွက်နေတယ်လို့ ကြားရင်တော့ ဒေါသ သိပ်ကြီးနေပါလား၊ ငါတို့ ကြောက်မှပဲလို့ အထင်ကြီးသွားမယ့်အစား နားမလည်နိုင် ဖြစ်တဲ့သူဖြစ်၊ စိတ်တိုတဲ့သူတို ဖြစ်မှာပဲ။ ဒေါသဆိုတာ ကိုယ်ထွက်ရင် တစ်ဖက်လူကလဲ ကိုယ့်၁၀ ဆ ပြန်ထွက်နိုင်တာပဲလေ။ ကိုယ်ထိလက်ရောက် ပြန်ဒေါသထွက်မပြတာ အမျိုးတွေ တော်သေးလားလို့။ စိတ်ခပ်ဆတ်ဆတ်လူဆို မိန်းမတွေတောင် သူတို့ရှေ့ အဲဒီလို ဒေါသထွက်ပြရင် ပြန်နပန်းဖက်လုံးရလုံးရ ဖြစ်သေးတာ။ ကိုထိလက်ရောက် ပြန်လုပ်လိုက်ရင် ဒေါသသမားက ခံရတာများတယ်။
ဆရာမ အသက်ကြီးတဲ့အချိန်မှာ အရမ်းသိမ်မွေ့အေးချမ်းသွားပါတယ်။ ကြီးတဲ့အချိန် ရေးတဲ့စာတွေက ပိုဖတ်လို့ကောင်းတယ်။