ပီယာဘိုဒီ
စန်ကာလို
(ငါးရက်မြောက်နေ့)
လက်ထဲကို မတ်ခွက် ရောက်ရောက်ချင်း ကိုင်မြှောက်လိုက်မိသည်။ ဣနြေ္ဒမဆောင်နိုင်တော့။ ကမ္ဘာကျော်ကော်ဖီနံ့ က နှာခေါင်းထဲ တန်းဝင်သွားသည်။ သွားရည်ယိုချင်စရာ။ တင်းထားသမျှ ခွန်အားတွေ ကော်ဖီငွေ့ များနှင့်အတူ လွင့်မျောသွားလေပြီလားမသိ။ ငါးရက်သာ ရှိသေး သည်။ ကော်ဖီခွက် ကိုင်ထားသည့် ကျွန်တော့်လက်တွေ တုန်နေပြီ။ မသောက်ဘဲ ခွက်ကို လွှင့်ပစ်လိုက်ဖို့ စိတ်ကူးသေး၏။ သို့သော် လက်နှင့်ပါးစပ် က စိတ်ကူးကို လက်မခံကြတော့။
သူ စောင့်ကြည့်နေသည်။ မျက်တောင်ကို မှေးစင်းလျက်၊ သည်မျက်လုံးများက အရာရာကို ထိုးဖောက်မြင်နိုင်စွမ်း ရှိနေသည့်အလား၊ ကျွန်တော်၏ အာရုံ လုံရုံကလေး ၀တ်ထားသည့် ခန္ဓာကိုယ်ကို အနူအရွဲ တစ်ယောက်လို စိတ်မှာ ထင်လာ၏။
ကော်ဖီ နှစ်ကျိုက်မော့ပြီး ခွက်ကို ပြန်ချထားလိုက်သည်။ သန့်ရှင်းရေး လုပ်သွားသည့်အခန်းကို စစ်ဆေး သလို သေသေချာချာ သူလိုက်ကြည့်သည်။ ကျွန်တော်က ထိုင်မြဲဆက်ထိုင်နေ၏။ ကျွန်တော်က ထပ်ပြီး တောင်းဆို သည်။ ကျွန်တော့်ကို သုံ့ပန်းတစ်ယောက်လို ချုပ်နှောင်ထားခြင်း နှင့် အမေရိကန် ပြည်ထောင်စု ပိုင် ပိုင်နက်အတွင်း အတင်းဝင်ရောက် ကျူးကျော်နေခြင်းကို အပြင်းအထန် ကန့်ကွက်ပြော ဆိုသည်။
သူက လေအေးကလေးဖြင့် အခြား သံရုံးသူ သံရုံးသားများနှင့် မိသားစုများအား ကောင်းကောင်း မွန်မွန် ထားကြောင်း ပြော သည်။ ကျွန်တော်က ပြင်ပအခြေအနေကို မေးတော့ ...
"မထူးပါဘူး၊ ခါတိုင်းလိုပါပဲ၊ ခင်ဗျားတို့ အစိုးရက ချိန်ထားတယ်၊ ပစ်မယ်၊ ဘာညာ ဘညာနဲ့ ခြိမ်းခြောက်နေ တာပေါ့၊ သူ့နောက်လိုက် နိုင်ငံတွေကလဲ သံပြိုင်အော်ပြီး ၀ိုင်းကန့်ကွက်နေတာပေါ့"
သူပြောသည့် အတိုင်း မဖြစ်နိုင်ပါ။ တစ်ခုသော အတိုင်းအတာထိတော့ ခရီးရောက်နေလောက်ပါပြီ။ တစ်နေ့ တစ်နေ့ မရေမတွက်နိုင်အောင် ဂျက်လေယာဉ်သံတွေ ကျွန်တော် ကြားနေရသည်။ နစ်မစ်ဇ်မှ တက်လာသည့် တိုက်လေယာဉ်သံတွေ၊ သူတို့ ကျဉ်းထကျပ်ထဲ ရောက်နေလောက်ပြီ။ တစ်ဖက်က ဖိအားကို သူတို့ အသေအလဲ ခံနေရလောက်ပြီ။ ကျွန်တော့်ကို သူတစ်ခွန်းတစ်ပါဒမှ ပြောမည် မဟုတ်။ အစားအစာ လာကျွေးသည့် ချာတိတ် များကိုပင် စကားတစ်ခွန်းမှ မပြောရ အမိန့်ထုတ်ထားသည်။
သူတို့ တိုက်ကွက် အောင်မြင်ပါသည်။ တစ်ကိုယ်တည်း အထီးကျန်ဘ၀ကို တောင့်တသည့် အချိန် များ ကျွန်တော့်ဘ၀ တွင် ကြိမ်ဖန်များစွာ ရှိခဲ့ပါ၏။ သို့သော် သည်ဘ၀မျိုးကို အတင်းအကျပ် ဓားမိုး ပြီး အပို့ခံရသော အခါ လူ့စိတ်ဓာတ် ပြောင်းသွားလိမ့်မည်ဟု ကျွန်တော် တစ်ခါမှ မစဉ်းစားမိခဲ့။ သုံးရက်မြောက်နေ့တွင် အကျဉ်းသား ဘ၀ အနိဋ္ဌာရုံများကို တွေးပြီး ကြောက်စပြုလာသည်။
သြော် ... အင်ပါရို၊ အင်ပါရို၊ သူ့ကြောင့်လည်း ကျွန်တော် ခံနိုင်ရည်တွေ လျော့ကျလာခြင်း ဖြစ်နိုင် ၏။ စိတ်ဓာတ်တွေ ပျက်ပြားလာခြင်း ဖြစ်နိုင်၏။ သူ့နှုတ်မှ သည်နာမည် ထွက်လာခြင်း၊ စပိန်သံ ပါပါနှင့် ပြုံးရွှင်စွာ ထွက်ခြင်း မျိုး။ ရူးသွပ်သွားမတတ် ခံစားလိုက်ရ၏။
ပြီးတော့ အခန်းထဲကကြွက်။ ပြီးတော့ သူကိုယ်တိုင် ကြွက်ကြောက်သည့် ဇာတ်လမ်း။ ကျွန်တော် ယုံလိုက် မိသည်။ ဘာကြောင့် ယုံလိုက်မည်လဲ။ သည်မကောင်းဆိုးဝါးသည် အရာရာကို တီထွင် နိုင်သူပဲ။ သို့သော် ကျွန်တော် သူ့ကိုယုံသည်။ အန္တရာယ်ကို ခုမှ ပိုသဘောပေါက်လာ၏။ ကျွန်တော့် ရှေ့မှသည် သူငယ်သည် ပါးနပ်လိမ္မာ ရုံမက အလွန့်အလွန် ထက်မြက်သူလည်း ဖြစ်သည်။ သူ့တွင် ခွန်အားတစ်မျိုး ရှိသည်ဟု ကျွန်တော် ခံစားရ၏။ လွန်ခဲ့သည့် နာရီပိုင်းလောက်က သည်ချာတိတ် ကျွန်တော့်လိုကောင်ထံမှ သတင်း နှိုက်ယူနိုင် လိမ့်မည်ဟု တစ်ယောက်ယောက်က ပြောလျှင် ကျွန်တော် ရယ်ပစ်မိမည်။ ယခုမှ ကျွန်တော် သဘောပေါက် လာခြင်း ဖြစ်၏။ တစ်ပြိုင်တည်းတွင် အန္တရာယ်ကို စိတ်ထဲက သိလာ၏။ ကျွန်တော့်ခန္ဓာကိုယ်ကိုသာ အစောင့်ချ ထားခြင်း မဟုတ်ဘဲ စိတ်ကိုပါ တစ်ရံမလပ် အကဲခတ်နေခြင်းပါတကား။ ကော်ဖီကို ထပ်မော့လိုက်သည်။ သူ ခပ်ဖြည်းဖြည်း ဆက်ပြောသည်။
"ခင်ဗျားဟာ အလုပ်တာဝန်အပေါ်မှာ သိပ်သစ္စာရှိတဲ့ လူပဲ၊ ခင်ဗျားဘ၀ တစ်လျှောက် လုံး တောင်အမေရိကန် တိုက် ကွန်မြူနစ်ဆန့်ကျင်ရေးကို စိုက်လိုက်မတ်တတ် လုပ်ခဲ့တယ်။ အထူးသဖြင့် ကတော့ ကျူးဘားပေါ့လေ၊ အဲဒီလို လုပ်ရင် လုပ်ရင်း အလုပ်ကလွဲပြီး ဘာမှ စိတ်ဝင်စားစရာ မရှိ သလို ဖြစ်လာတယ်၊ အပေါင်းအသင်း မရှိဘူး၊ ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရေး ကို အပြင်းအထန် လေ့လာတယ်၊ စာအုပ်တွေ ရေးတယ်၊ အရင်းရှင်ဝါဒ အသိုင်းအ၀ိုင်းက ခင်ဗျား စာအုပ်တွေကို သောင်းသောင်းဖျဖျ ကြိုကြတယ်၊ သံတမန်လောကမှ ခင်ဗျားရဲ့ အရည်အသွေးလဲ တက်လာတယ်၊ ကျွန်တော့်ကို တစ်ခု ပြောပြပါလား၊ ခင်ဗျား မိန်းမတစ်ယောက်နဲ့ နောက်ဆုံး အိပ်ခဲ့တာ ဘယ်လောက် ကြာပြီလဲ"
"မင်း ဘာဖြစ်လို့ ဆံပင်မဆိုးသလဲ၊ မင်းနောက်ဆုံး မှန်ကြည့်တာ ဘယ်တုန်းကလဲ၊ မင်း အမြဲတမ်း မှန်ဆောင် ထား သလား"
သူ ခပ်ရွှင်ရွှင် ပြုံးသည်။ သူ့အကြောင်းသာ သိမထားလျှင် သူ့ကို လူချောတစ်ယောက်ဟု မြင်မိမှာ မုချ။
"ကျွန်တော် ဆံပင်ဆိုးလေ့ မရှိပါဘူး၊ သံပရာသီး ညှစ်ပြီး နေလှန်းတာတော့ လုပ်တယ်"
"ဘာဖြစ်လို့လဲ"
"မသိဘူးဗျ ... ကောင်းတော့ ကောင်းတယ်၊ ဆံပင် သိပ်သန်တာပဲလ
"ငါပြောတာ မင်းနားလည်ပါတယ်၊ ဘာဖြစ်လို့ မင်း ဒီဆံပင်ကြီးကို ထားတာလဲ"
"ကျွန်တော်နဲ့ လိုက်တယ် ထင်လို့ပေါ့ဗျာ"
"မလိုက်ဘူးကွ၊ မိန်းမနဲ့ တူနေတာပေါ့"
သူက ပခုံးတွန့်ပြီး ပြန်မေးသည်။ နှုတ်ခမ်းက ပြုံးလျက်ပင်။
"ကျွန်တော့် ကို စွဲမက်စရာ မကောင်းဘူး ထင်လို့လားဗျာ"
ကျွန်တော့် ကျောထဲ စိမ့်သွားသည်။ ကျွန်တော့်ကို မေးထားသည့် မေးခွန်းနှင့် ဆက်စပ်ပြီး ကျွန်တော် အတွေးခေါင် သွားပြီး ဖြစ်ပါ၏။
"မင်းဟာ သိပ်ရွံ့စရာကောင်းတဲ့ ကောင်းမျိုးပဲ၊ ကဲပါ အိပ်ချင်ပြီ၊ ညဥ့်နက်ပြီ"
သူက နာရီ ကို ငုံ့ကြည့်ပြီး အံ့သြသည့် အမူအရာဖြင့် ခေါင်းညိတ်သည်။
"ကောင်းပါပြီ၊ ဒါပေမယ့် မေးခွန်းကလေးတစ်ခု ထပ်မေးပါရစေဦး၊ လွန်ခဲ့တဲ့ သုံးလေးနှစ် ကာလတစ်လျှောက်မှာ ခင်ဗျား ၀ါရှင်တန် ကို ပြန်တိုင်း ဒါးလက်စ် လေဆိပ်ကို ခဏခဏ သွားတယ်၊ တစ်ပတ်တစ်ခါလောက် သွားတယ်၊ ကွင်းထဲရောက်တော့ ဘယ်ခရီးမှ မသွားဘဲ ဘယ်သူနဲ့မှလဲ စကားမပြောဘဲ အ၀င်ခန်းမကြီးထဲမှာ တစ်ယောက် တည်း ထိုင်တယ်၊ တစ်ခါတလေ ကော်ဖီသောက်တယ်၊ တစ်ခါတစ်ခါလဲ ဘီယာသောက်တယ်၊ ပြီးတော့ အိမ်ကို တန်းပြန် တယ်၊ ကျွန်တော်တို့ သုတေသီတွေ အဲဒါကို အဖြေမထုတ်တတ် ဖြစ်နေတယ်၊ အဲဒါ ဘာလုပ်တာ လဲဟင်" သည်နေ့ အဖို့ နောက်ဆုံး ချောက်ချားစရာ မေးခွန်းတစ်ခု ယိုင်မသွားအောင် မနည်း ကြိုးစား ထိန်းထား လိုက်ရ၏။ အတွင်းခန်းဆီ လျှောက်သွားရင် ပြန်ပြောလိုက်သည်။
"မင်းမေးခွန်းတွေက ပျင်းစရာကြီးတွေကွာ၊ တစ်ယောက်တည်း နေရတာကမှ ပျော်စရာ ကောင်းသေးတယ်"
အခန်းတံခါးဝမှ သူ့ကို ပြန်ကြည့်လိုက်သ်ည။ စားပွဲပေါ်လက်ထောက်ပြီး မေးစေ့ကို လက်ဝါးနှစ်ဖက် ပေါ်တင် ထားသည်။ မျက်လုံးအစုံကို မှေးစင်းပြီး ကျွန်တော့်ကို စိုက်ကြည့်နေ၏။
အခန်းထဲ သို့ ကျွန်တော် ၀င်လာခဲ့သည်။ ထုံးနံ့ကို ရှူရှိုက်မိလိုက်၏။ သူရိပ်မိသွားပြီလား၊ မဖြစ်နိုင် ပါဘူးလေ။ ငါ့ခေါင်းထဲ ကို သူဝင်ကြည့်နိုင်လို့လား။ သူကုလားထိုင်မှ အသံ ကြားရ၏။ ၀င်မလာပါစေ နဲ့ဟု ကျိတ်ပြီး ဆုတောင်းလိုက်မိသည်။ ခုလို အခြေအနေမျိုးနှင့် သူ့ကို ရင်မဆိုင်ချင်ပါ။
တံခါးမောင်းချပြီး သော့ခတ်သံ ကြားမှ ကျွန်တော် ဟင်းချနိုင်တော့၏။ ပြီးတော့ သူ့အသံ ကြားရသည်။
"မနက်ဖြန်မှ တွေ့ကြသေးတာပေါ့ဗျာ၊ ဒါမှမဟုတ်လဲ သန်ဘက်ခါ၊ ဖိန်းနွှဲခါပေါ့"
ကောက်ရိုး မွေ့ရာပေါ်သို့ ပစ်လှဲချလိုက်သည်။ ကျွန်တော့် ခြေထောက်တွေ မလှုပ်ချင်တော့။ အခန်းကျဉ်း ကလေးထဲတွင် ပူအိုက်လှသည်။ သို့သော် ဒူးဒေါင်းကို စမ်းကြည့်တော့ အေးစက်နေ သည်။ နှစ်ပေါင်းများစွာ ကျွန်တော့် ကို ပစ်မှတ်ထားပြီး သူတို့ စောင့်ကြည့်နေခြင်းပါတကား။ ဖြစ်နိုင် ပါလိမ့်မည်။ ကျွန်တော်က အမေရိကန်၏ သံမဏိအရှည်ဆုံး ကျူးဘားရေးရာ လေ့လာသူ မဟုတ်ပါလား။ စီအိုင်အေကို အကြံပေးရသည့် ကျူးဘား ဆိုင်ရာ နိုင်ငံရေး အကြံပေး အရာရှိလေ။
ရုရှားတွေ ကလည်း ကျွန်တော်နှင့် ပတ်သက်၍ ရသည့်သတင်းကို သူတို့ဆီ ပို့ပေးမည်မုချ။ ပူစရာ မရှိပါ။ ကျွန်တော့် ဘက်က အရှင်းကြီးပဲ။ ကျွန်တော် ဘယ်လောက်အထိ သန့်ရှင်းတယ်ဆိုတာ ဘုရားသခင်သခင် အသိဆုံး ဖြစ်ပါသည်။ သို့သော် သူတို့ ကျွန်တော့်ကို စောင့်ကြည့်နေသည့် ကာလ ကြာရှည်နေပြီ။ ဤသည် ကို တွေးမိပြန်တော့လည်း စိတ်ထဲ မသိုးမသန့်ဖြစ်လာပြန်၏။ ပိန်ချည့်ချည့် ကျွန်တော့်ခြေထောက်တွေကို ငုံ့ကြည့် လိုက်သည်။ သန့်ရှင်းမှု အလျဉ်းမရှိတော့။ သည်အခန်းတွင် မည်မျှကြာကြာ ကျွန်တော် နေရဦးမှာလဲ။ တိရစ္ဆာန်အစာ ကို စားနေရ၏။ မျက်နှာသစ်ရေကလွဲပြီး သုံးရေမရ ပုံးတစ်ပုံးထဲတွင် ကျင်ကြီးကျင်ငယ် စွန့်ရသည်။ သည်ပုံးဖြင့် သူ့မျက်နှာကို ပက်လိုက်သည့် မြင်ကွင်းကို ပြန်မြင်လိုက်၏။
သို့သော် သူက မဖြုံသလို နေသည်။ ဖမ်ဘိုနာ ဆိုလျှင် ကျွန်တော့်ကို သတ်မည် မုချ။ ဤအချိန်က ကျွန်တော့်ကို သတ်လျှင်လည်း ကျွန်တော် မှုမည်မဟုတ်။ ကြွက်တစ်ကောင်နှင့် တစ်ခန်းတည်း နေရ ခြင်း ထက် သေရသည် ကမှ ကျွန်တော့်အဖို့ခံသာဦးမည်။
သည်နေ့အတွေ့အကြုံများမှ လူရောစိတ်ပါ ထိခိုက်သည်။ နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း အပြင်းထန် ဆုံး ခံစားချက် များ၊ ရှိသမျှ အင်အားတွေ ကုန်ခန်းသွားသလို ခံစားရ၏။ စိတ်ကို တည်ငြိမ်အောင် မနည်းကြိုးစား ထိန်းနေရ၏။
လွန်ခဲ့သည့်နှစ် က ကားပေါ့ဗ်နှင့် ကက်စပါရောဗ် စစ်တုရင်ပွဲ အရှည်ကြီးအကြောင်းစာအုပ်ကို ကျွန်တော် ဖတ်သည်။ သုံးဆယ့်ငါးကြိမ်မြောက်ပွဲကို စိတ်ရှုပ်ထွေးစွာ ကျွန်တော် ဖတ်သည်။ ကက်စပါ ရော့ဗ်က ခံစစ်ကို ကြိုးကြိုး စားစား ကစားနေ၏။ ကားပေါ့ဗ် က ပုံသေနည်းများဖြင့် အေးစက်စွာ ကစား နေသည်။ ကျားကွက်ရွှေ့ပုံ အသေးစိတ် ကို ကျွန်တော် ပြန်စဉ်းစားသည်။ သို့သော် ခေါင်းထဲတွင် မပေါ် တော့။
အင်ပါရိုသည် စစ်တုရင်ကစားခြင်း၌ ဝါသနာထုံသူ မိန်းကလေးဖြစ်သည်။ သို့သော် သူက စွန့်စားလွန်း သည်။ ကားပေါ့ဗ် ရုပ်ပုံလွှာ ကျွန်တော့်အာရုံမှ ပျောက်ကွယ်သွားပြီး သူ့နေရာတွင် အင်ပါရိုအစား ဝင် လာသည်။ စစ်တုရင် ခုံတွင်ထိုင်၍ နှာခေါင်းကလေးရှုံ့ကာရှုံ့ကာ အလေးအနက် စဉ်းစားနေပုံ၊ သူ ကျွန်တော့် ကို ခေါင်းထောင်ကြည့်ပုံ။
သံလွင်ဆီရောင် အသားညက်ညက်နှင့် သူ့မျက်နှာ လှလှလေးကို ကျွန်တော် ငေးကြည့်နေမိသည်။ ပိုး သား လို နုညက်သည့် သည်မျက်နှာကလေးသည် ကျွန်တော့် အာရုံတွင် တစ်ရံတစ်ဆစ် မျှ မှေးမှိန် ပျောက်ကွယ် သွားခြင်း မရှိခဲ့။ ကယ်လ်ဒီရွန်ဆိုသည့် သတ္တဝါ မည်သို့ နားလည်နိုင်ပါမည်လဲ။ ကျူးဘား ကို ထွက်မလာမီအထိ ကျွန်တော် သည် မည်သည့် မိန်းကလေးနှင့်မျှ မချစ်ဖူးခဲ့။ မလွန်ကျူးခဲ့။
ကျွန်တော်နှင့် အင်ပါရိုတို့၏အချစ်ဇာတ်လမ်းသည် အပေါစား အချစ်ဇာတ်လမ်းမျိုး မဟုတ်ခဲ့ပါ။ ထို့ ကြောင့် အပေါစား စကားလုံး များဖြင့် သိမ်ဖျင်းစွာ မဆွေးနွေးနိုင်ပါ။ လွမ်းမောအောက်မေ့ဖွယ် အဖြစ်ဖြင့်သာ ရင်ထဲမှာ သိမ်းဆည်း ထားပြီး ဖြစ်ပါသည်။ သည်မျှပူလောင် အိုက်စပ်လှသည့် အခန်း ကျဉ်းကလေး ထဲ တွင် စောစောပိုင်းက စိတ်လှုပ်ရှားမှုများ၏အရှိန်မသေသေးသဖြင့် တစ်ကိုယ်လုံး အေးစက်နေဆဲ။ ဒါးလက်စ် လေယာဉ်ကွင်း အကြောင်း ကယ်လ်ဒီရွန် အစဖော်တော့ မနည်းဣနြေ္ဒ ဆည်ထားလိုက်ရ သည်။
သူက သည်ကိစ္စ ကို သာမန်ကိစ္စဖြင့် အမှတ်မထင် မေးသော်လည်း သူ့မျက်လုံးတွေက ကျွန်တော့် ကို စူးစူးရှရှ စိုက်ကြည့်နေခဲ့သည်။ ရုံးတင် စစ်ဆေးခံရသည့် ကလေးသူငယ်တစ်ယောက်လို အရှက်ကြီး ရှက်သွားသည်။ သည် သတ္တဝါတစ်ဦးသာ ကျွန်တော်၏ စိတ်တံခါးဝသို့ တွားသွား သတ္တ၀ါတစ်ကောင်လို ရောက်လာပြီး သည်မေးခွန်းကို မေးခြင်း ဖြစ်သည်။ အင်ပါရိုသေဆုံးပြီးချိန် မှစ၍ ပထမဆုံးအကြိမ်အဖြစ် ရန်သူကို မြင်ရခြင်း၊ အတိတ်ကို တူးဖော်ခံခဲ့ရခြင်း၊ ယင်းအတွက် တစ်ဖက်က အောင်ပွဲတစ်ခလို ခံယူနေခြင်း။
စိတ်လှုပ်ရှားမှုက ပြင်းထန်လွန်း၏။ ဘယ်သူမှ ဖေးကူလို့ ရသည့်ကိစ္စမျိုး မဟုတ်၊ ဘယ်သူမှ နှစ်သိမ့်၍ ရသည့် ကိစ္စမျိုး မဟုတ်။ ဘယ်လိုအချစ်မျိုးနှင့်မျှ အစားထိုး၍ ရမည် မဟုတ်။
သို့သော် ကျွန်တော့် ဦးနှောက်က သည်ကိစ္စနှင့် ပတ်သက်၍ ခြိမ်းခြောက်ခံနေရသည်ဆိုသည့် အချက်ကို လက်မခံ၊ ခေါင်းမာစွာ ငြင်းပယ်နေ၏။
သည်ငြင်းပယ်မှု က ဒါးလက်စ်လေဆိပ်သို့ တွန်းပို့ခဲ့ခြင်း ဖြစ်လေသည်။ အချိန်များစွာ ကြာပြီး နောက်ပိုင်းမှ ကျွန်တော့် အားနည်းချက်ကို ပြန်မြင်လာခြင်း ဖြစ်သည်။ ကျော်လွှားဖို့ အမျိုးမျိုး ကြိုးစားသော်လည်း သည်ကိစ္စ တွင်တော့ မအောင်မြင်ခဲ့ပါ။ ခုတော့ ခေါင်းထဲတွင် သံသယတွေဝင် လာပြီ။ ကျွန်တော်သည် ပန်းတိုင်မရှိဘဲ တစ်ယောက်တည်း ပြေးနေသည့် တာဝေးအပြေးသမားလို ဖြစ်နေပြီလား။
သည်အခန်းကျဉ်းကလေးထဲမှ ငါးရက် ရှိခဲ့ပြီ။ ကြိုးတိုက်ဟု ခေါ်နိုင်သည့် အခန်းမျိုး၊ ကျောထဲ စိမ့်သွားသည်။ ငရဲ ဆိုတာ ဒါမျိုးပဲ ဖြစ်မည်။ ခြေထောက်တွေကို ငုံ့ကြည့်လိုက်၏။ ကြေး(ဂျီး)တွေ ထူတက်နေပြီ။ ကိုယ်ပေါ် တွင်လည်း နေရာ အနှံ့ ရောက်နေပြီ။
သည်ကြေးညှော်တွေ ကို စင်အောင် ရေမချိုးရလျှင် ဘာလုပ်ရမည်လဲ။ အမှန်က မေ့ထားနိုင်ရမည်။ ကျွန်တော် က မေ့မထားနိုင်။ ဒါကပင်လျှင် အားနည်းချက်တစ်မျိုး ဖြစ်နေသည်။ သည်အကျင့်ကို ရော ကယ်လ်ဒီရွန် ဘယ်လောက် သိနေပြီလဲ။
တစ်ကိုယ်ရေသန့်ရှင်းမှု မလုပ်နိုင်၍ ကျွန်တော့်ခန္ဓာကိုယ် ပေရေ ညစ်ပတ်လာလေလေ ရှက်စိတ်၊ သိမ်ငယ်စိတ် က လွှမ်းမိုး လာလေလေ၊ ငါးရက်ရှိခဲ့ပြီ။ နောက်ဘယ်နှစ်ရက် နေရဦးမည်လဲ။
သုံးဆယ့်ငါးကြိမ်မြောက် စစ်တုရင်ပွဲကို ပြန်ပြီး အာရုံပြုသည်။ သို့သော် ပြန်ဖော်မရတော့။ ကယ်လ်ဒီရွန်ဆိုသည့် ငနဲကော စစ်တုရင်ကစားသလား မသိ။ သူပြောသည့်အတိုင်း တစ်ရက် နှစ်ရက် အတွင်း ရောက်လာပါ့မလား။
ဆက်ရန်
.