Tuesday, October 30, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၁ဝ)

ပီယာဘိုဒီ
စန်ကာလို
(သုံးရက်မြောက်နေ့)

အခန်းထဲ မှာ ပွတ်တိုက်လှုပ်ရှားသံလိုလို ကြားလိုက်သဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ အခန်းထဲ တွင် မီးလုံးတစ်လုံး သာရှိ၏။ အခန်းအလယ်တည့်တည့်တွင် မျက်နှာကြက်မှ တွဲလောင်းဆွဲချထား သည်။ အုပ်ဆောင်း မပါ။ ဘာသံမှဆက်မကြားတော့။ သို့သော် တစ်စုံတစ်ခု ရွေ့လျားနေသလိုလို၊ အသက်ရှူ ခဏရပ် ထားပြီး နားဆက်စွင့်သည်။ ဟော...တစ်ခုခုရွေ့လျားသံ ကြားရပြန်ပြီ၊ အသံလာရာဆီသို့ ကျွန်တော် စိုက်ကြည့်နေ မိ၏။ တွေ့ပြီ၊ ပုံးပေါ်မှာ တွဲလဲခိုလို့၊ မည်းမည်းကြုတ် ကြုတ်အကောင်တစ်ကောင်၊ အရောင် တလက်လက်နှင့်၊ ကျွန်တော့်နှလုံးခုန်သံကို ကျွန်တော် ပြန်ကြားနေရ၏။
ကျွန်တော့် ပါးစပ်ထဲတွင် ချွဲချွဲတဲတဲ ဖြစ်လာ၏။ မြွေတစ်ကောင်များလား၊ ဖြည်းဖြည်းချင်း လက်ထောက်ပြီး ထထိုင် ဖို့ ကြိုးစားသည်။ ကောက်ရိုးမွေ့ရာကအသံမြည်သွား၏။ မည်းကြုတ် ကြုတ်အရာသည် ပုံးထဲ သို့ လျှောဆင်း သွားသည်။

နံရံကို ကျော်မှီပြီး ကျွန်တော်စဉ်းစားဖို့ကြိုးစားသည်။ စားကြွင်းစားကျန်တွေထည့်ထားသည့် ပုံးထဲက သတ္တ၀ါ သည် ဘာကောင်ဖြစ်နိုင်မည်လဲ။ အခန်းထဲတွင်ပစ္စည်းဆို၍ ကျင်ကြီးနှင့် ကျင်ငယ် တွေမသွန်သေးဘဲ ထည့်ထား သည့် ပုံးတစ်လုံး သာ ရှိ၏။ ပုံးတစ်ဝက်လောက် ရှိနေပြီ။
ကျွန်တော့် မျက်လုံးအစုံက သတ္တ၀ါကောင်ဝင်သွားသည့် ပုံးဆီ သို့ ပြန်ရောက် သွား သည်။ ဟော... ဖြည်းဖြည်းချင်းစောင်းသွားပြီး ပုံးလဲကျသွားသည်။ ပြူတစ်ပြူတစ်လုပ်နေရာမှ သတ္တ၀ါ ထွက်လာပြီ။ နံရံကျော ကို တအားကပ်ထားလိုက်၏။
မျက်လုံးနှစ်လုံး ကို အရင်မြင်ရ၏။ ကြွက်တစ်ကောင်ပါလာ်း။ ဆက်လက်မလောက် ရှည်မည်။ တစ်ဖက်သို့ လှည့်ထွက် သွားပြီး လဲကျနေသောပုံးနှင့် ကွယ်သွားသည်။ ရင်ထဲတွင် ရွံ့ရှာမုန်းတီး စိတ်ဖြင့် အော်ဂလီ ဆန်သွား၏။ ကျွန်တော် အရွံ့ဆုံး၊ အမုန်းဆုံး၊ အကြောက်ဆုံးသတ္တ၀ါ။

လက်သီး ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ လက်သည်းတွေ လက်ဖနောင့်ထဲ နစ်ဝင်သွား ၏။ နာကျင်မှုကြောင့် ကြောက်ရွံ့ ထိတ်လန့်ခြင်း အနည်းငယ်သက်သာသွားသည် ထင်၏။ မျက်လုံး ကပုံးဆီမှ မခွာဘဲ တအားကုန်အော်လိုက်သည်။
"ဟေ့...အစောင့်တွေ၊ ရဲဘော်တွေ လာကြစမ်း၊ မြန်မြန်လာကြစမ်း"
ပုံးနောက် တွင် လှုပ်လှုပ်ရှားရှား အရာဝတ္ထုကို တစ်ပိုင်းတစ်စမြင်နေရ၏။ အခန်းထောင့်ဘက်ကို ရွှေ့သွားပြီး အစောင့်တွေ ကို အော်ခေါ်ပြန်သည်။
"ဟေ့ကောင်တွေ၊ ငါခေါ်နေတာ မကြားဘူးလားကွ" ခြေသံတွေကြားရပြီ။ စိတ်ထဲမှာ အကြာကြီး စောင့်နေရ သည် ထင်၏။ သေ့ဖွင့်သံနှင့်အတူ တံခါးပွင့်သွားသည်။ ၀င်လာသည့်အစောင့် က ခွေးပစ် သည့် တုတ်သာသာ ချာတိတ်တစ်ယောက်၊ စက်သေနတ်ကို အသင့်အနေအထားဖြင့် ကိုင်လျက်။ အခန်းထောင့်တွင် ကပ်နေသည့် ကျွန်တော့် ကို ကြည့်ပြီး အံ့သြနေပုံ၊ ကျွန်တော်က ပုံးဆီကို လက်ညှိုးထိုးပြတော့ သူကသေနတ်ဖြင့် ထိုးချိန် လိုက်သည်။

"ကြွက်ကြီး....ကြွက်ကြီး"
ကျွန်တော် အော်ပြောတော့ သူပို၍ အံ့သြသွားဟန်ဖြင့်....
"ဗျာ...ကြွက် ဟုတ်လား"
သတ္တ၀ါ က ပုံးနံဘေးမှ ထွက်လာပြီး ကျွန်တော့်ဆီသို့ တန်းတန်းမတ်မတ် ပြေးချလာသည်။ တစ်ဖက်ကို ကျွန်တော် လှဲချလိုက်၏။ နားရမှန်းလည်း မသိတော့၊ လက်နှစ်ဖက်နှင့် မျက်နှာကို ပိတ်ထားလိုက်သည်။ သို့သော် မကြည့်ဘဲလည်း မနေနိုင်၊ လက်ချောင်းကြားမှ ခိုးကြည့်မိ၏။ ကြွက်သတ္တ၀ါသည် အခန်းထောင့် အပေါက်ထဲ သို့ ပြေးဝင်သွား၏။
တစ်ကိုယ်လုံးပစ်လှဲချလိုက်ခြင်းဖြစ်၍ ပခုံးစွန်းမှ နာကျင်မှုကို ခုမှခံစားရသည်။ အစောင့်ချာတိတ် က ဟက်ဟက် ပက်ပက်အော်ရယ်နေ သည်။ မနည်းကြိုးစားပြီး ကျွန်တော်ကရပ်လိုက်သည်။ လူ တစ်ကိုယ်လုံး ချွေးတွေ စက်စက် နစ်နေပြီ။

ကြေက်ရွံ့ထိတ်လန့်ခြင်းနေရာသို့ ဒေါသစိတ်တို့အစား ၀င်ရောက် လာချေပြီ။ အော်ဟစ် ရယ်နေ သော သူတောင်းစားကလေး ကို ကျွန်တော်အော်ဟစ်ဆဲဆိုပြီး...
"မင်း ပါးစပ်ပိတ်ထားစမ်း"
သူက ကျွန်တော့်ကို ရယ်စရာတစ်ကောင်လို ကြည့်ပြီး....
"ကြွက်ကလေး တစ်ကောင်ကိုများ ခင်ဗျားကြောက်နေတယ်၊ ဟုတ်လား သံအမတ်ကြီး၊ မကြောက်ပါနဲ့ဗျ၊ ခင်ဗျား ဒါလောက်ပိန်တော့ ခင်ဗျားအသားကို စားမှာမဟုတ်ဘူး"
ကျွန်တော့်ပါးစပ် က တစ်စုံတစ်ခု ထွက်မသွားခင် ဖမ်းဘိုနာ ဘွားခနဲပေါ်လာသည်။ အစောင့်ချာတိတ်က သူ့ကို အကြောင်းစုံ ပြောပြနေ၏။ ဖမ်ဘိုနာက အလွန်အမင်းသဘောကျနေ ဟန်ဖြင့် ကျွန်တော့်ကို ဦးညွှတ်ကာ စက်သေနတ် ကမ်းပေးသည်။

"ရော့...ဒီမှာ ကမ္ဘာဖျက်သတ္တ၀ါကြီးကို ခင်ဗျားနှိမ်နင်းဖို့လေ"
သေနတ် ကိုဆွဲယူဖို့ စိတ်ကူးလိုက်သေးသည်။ သူကအကဲခတ်သလို စိုက်ကြည့်နေ၏။ ကျွန်တော် စိတ် ထိန်းလိုက်ပြီး....
"ငါ ဒီကိစ္စကို ကန့်ကွက်ပါတယ်၊ ဒီကိစ္စမင်းတို့ရှင်းပေးပါ၊ ဟိုးဟပ်တွေလဲရှိတယ်"
တစ်ဒါဇင်လောက် ရှိမည့် ပိုးဟပ် အသေကောင်တွေကို လက်ညှိုးထိုးပြလိုက်သည်။ ကျွန်တော် သတ်ထားသည့် အကောင်တွေ။
"သံရုံးစတိုခန်းထဲ မှာ ပိုးသတ်ဆေးရှိတယ်၊ မင်းတို့ယူပြီး ရောင်းမစားရင်ပေါ့ကွာ"
သူကခေါင်းကို၊ ဟန်ပါပါယမ်းပြီး...
"လုံးဝ မဖြစ်နိုင်ပါဘူး၊ အမိန့်ဟာ အမိန့်ပဲ၊ ခင်ဗျားနေရေးထိုင်ရေးကို ကျူးဘားဆရာကလွဲပြီး ဘယ်သူမှ လုပ် မပေးနိုင်ဘူး"
"ဒါဆို ငါသူ့ကို အခုချက်ချင်း တွေ့ချင်တယ်"

သူက ပခုံးတွန့်ပြီး...
"သူက ဒီမှာမရှိဘူးလေ"
"ဘယ်တော့လာမှာလဲ"
"ဘယ်သိမလဲဗျ၊ ဘယ်သူက သောက်ဂရုစိုက်ပြီး သူလာမယ့်အချိန်ကို လိုက်မှတ်နေနိုင်မလဲ၊ သူလာချင်တဲ့ အချိန်လာမှာပေါ့" "ဒါဆို သူ့ဆီသတင်းပို့ပေး" သူက ကျွန်တော့်ကို မလိုတမာကြည့်ပြီး....
"ဒီမယ်...ယန်းကီး၊ ကျုပ်က ခင်ဗျားရဲ့မင်းစေမဟုတ်ဘူး" စိတ်ကိုအနိုင်နိုင်ထိန်းပြီး အစားအသောက်ပုံးကို လက်ညှိုးထိုးပြ လိုက်သည်။ "ပိုးသတ်ဆေးဖြန်းပေးပါ"
သူကရယ်ပြီး အစောင့်ချာတိတ်ကို လှမ်းပြောသည်။

"သူကရောဂါရမှာ ကို ကြောက်နေတာကွ၊ ကြွက်ကလေးကလဲ သူ့ဆီက ရောဂါရမှာ ကြောက်နေမှာ ပေါ့နော်"
သူတို့နှစ်ယောက် တဟားဟားအော်ရယ်ပြီး ထွက်သွားကြသည်။ အခန်းသော့ ဆောင့်ပိတ်သံ ကြားလိုက်ရ၏။ အခန်းထဲ တွင် တစ်ယောက်တည်း ကျန်ရစ်၏။ နာကျင်စရာ ကောင်းလွန်းသည့် အထီးကျန်ဘ၀မျိုး၊ ဖမ်ဘိုနာ လို ကောင်နှင့်ဆက်စကားပြောနေရသည်ကမှ ခံသာဦးမည်။ အပြင်ရုံးခန်းတွင် သူတို့ထိုင်နေကြမည်လား၊ နားစွင့်ကြည့် သည်။ မထိုင်ဘဲ ဆက်လျှောက်သွား သည့် ခြေသံများကြားနေရ၏။ အခန်းထောင့်မှ အပေါက်ဆီ သို့ အလန့်တကြား လှမ်ူးကြည့်လိုက် သည်။ မျက်လုံးနှစ်လုံးက ကျွန်တော့် ကို စောင့်ကြည့်နေ သလိုလို၊ သေသေချာချာကြည့်တော့ မဟုတ်ပါ။ စိတ်ကထင်နေခြင်းဖြစ်ပါ၏။ ကြမ်းပြင် ကို သေသေချာချာလျှောက်ကြည့်သည်။ နောက်ထပ် အပေါက်သေးသေး နှစ်ပေါက်တွေ့သည်။ ဘာနှင့်ပိတ်ရ ပါမည်လဲ။
ပစ္စည်းရဖို့ စဉ်းစားရပြန်၏။ ခါးမှ ဘာင်းဘီတိုက လွဲ၍ဘာမျှမရှိ။ အရှက်နှင့်သိက္ခာကို နောက်ဆုံး အကာ အကွယ်ပေးထားသည့် ပစ္စည်း။ ကောက်ရိုးမွေ့ရာကို သွားသတိရသည်။

ထိုင်ချလိုက်ပြီး ဆွဲဖြဲသည်။ လက်မောင်းရိုးက ခုမှအောင့်လာသည်။ ဘယ်လိုပဲ အိပ်ရအိပ်ရ အကြောင်း မဟုတ်တော့။ သည်အပေါက်တွေကို မပိတ်ဘဲလည်း ဘယ်လိုမှ အိပ်လို့ရတော့မည် မဟုတ်။ ကောက်ရိုးတွေ ဆွဲထုတ်ပြီး အလုံးဖြစ်အောင် ကျစ်သည်။ အပေါက်နှင့်မတော်ဘဲ ကြီးနေ သဖြင့်ပြန်လုပ်ရပြန်၏။ နာရီ ၀က်လောက် အကြိမ်ကြိမ်ပြန်လုပ်မှ ပေါက်တွေပိတ်လို့ရသွားသည်။ တစ်ကိုယ်လုံးလည်းချွေးတွေ စက်စက် နစ်နေပြီ။ သို့သော်စိတ်ထဲပေါ့သွားသလို ခံစားရ၏။
နံဘေးတွင် ကျနေသည့်ကောက်ရိုးမျှင်တွေကို ခြေထောက်နှင့် ကန်ထုတ်ပစ်ပြီး ထိုင်ချလိုက်သည်။ နာနေသည့်ပခုံး ကို လက်နှင့်ဆုပ်ရင်း စဉ်းစားသည်။ သည်ကောက်ရိုးကဆို့တွေကို ကြွက်က ဖောက်ထွက်မည် မှာ သေချာသည်။ ဘယ်နှစ်ရက်လောက်များ ခံရမှာပါလိမ့်။ တစ်ရက်လား၊ တစ်ပတ်လား၊ တစ်နာရီလား၊ ကယ်လ်ဒီရွှန် ဘယ်တော့ ဘာမှာပါလိမ့်။

ဂျော်ဂျီ
စန်ကာလို
(လေးရက်မြောက်နေ့)

ရိက္ခာကားထဲမှ ကျွန်တော် ထွက်လိုက်သည်။ ဖမ်ဘိုနာနှင့် အစောင့်ရောက်လာပြီး ပီယာဘိုဒီ အကြောင်း ပြောပြကြသည်။ ဖမ်ဘိုနာ၏ မျက်လုံးများမှာ ပျော်ရွှင်မှုဖြင့် အရောင်တောက်နေကြ၏။
"သူတအား ကြောက်နေတာဗျ၊ မီးပိတ်ပြီး ကြွက်အကောင်ကြီးကြီး တစ်ဒါဇင်လောက် သူ့အခန်းထဲ လွှတ်ပေးလိုက် ရမယ်၊ ချက်ချင်း ကိစ္စချောမှာ"
ကျွန်တော့် အတွက် စိတ်ဝင်စားဖို့ကောင်းသည့် တိုးတက်မှု ဖြစ်ပါ၏။ သေသေချာချာ စဉ်းစား ရမည်။ နောက် တစ်ဆင့် တက်ဖို့ အတွက် သိပ်အရေးကြီးသည့်အချက် ဖြစ်၏။
ဖမ်ဘိုနာ ကို လုပ်ရမည့်ကိစ္စတွေ ကျွန်တော် အမိန့်ပေးလိုက်သည်။ သူက ကျွန်တော့်ကို နားမလည် သလို ကြည့်ပြီး မကျေမချမ်း ပုံစံဖြင့် မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်သည်။
"ခင်ဗျား သက်သက်မဲ့ အချိန်ဖြုန်းနေတာပဲ၊ ကျုပ်တစ်နာရီတည်း စစ်ပြမယ်"
"ပြောတဲ့ အတိုင်းလုပ်လေ၊ မောင်ရင့် အထက်က အမိန့်ကို မမေ့နဲ့"
သူခဏ ချီတုံချတုံ လုပ်နေသေးသည်။ သည်တစ်ယောက်ကလည်း မလွယ်၊ သူလည်း လှောင်အိမ်ထဲက သားရဲ တစ်ကောင်ပဲ၊ သူ့မျက်လုံးတွေကို ကျွန်တော် စိုက်ကြည့်လိုက်သည်။ အတန်ကြာမှ မျက်လွှာချပြီး လှည့်ထွက် သွားသည်။

သံရုံးဝင်းထဲကို ကျွန်တော် ဝေ့ကြည့်လိုက်သည်။ တော်လှန်ရေးလူငယ်တွေ သွေးအေးစပြုလာပြီ၊ သရုံးဝန်ထမ်း အိမ်ရာများ၏ ပတ်ပတ်လည်မှ ၀င်းထရံ အုတ်ရိုးများကို ကျောမှီပြီး အေးအေးလူလူ အပြင်းထူနေသူတွေက တစ်ဖွဲ့၊ သေနတ်တွေ ခြေရင်းမှာ ချပြီး ဆေးလိပ်ကိုယ်စီခဲရင်း မှိန်းလျက် က တစ်ချို့၊ ဂိတ်မှတာဝန်ကျ လုံခြုံရေးတပ်ဖွဲ့ က ဖဲထိုင်ရိုက်နေကြ၏။ ဖမ်ဘိုနာ က သူ့ကိုယ်သူ ယုံကြည်မှုများလွန်းသည်။ ဘာမျူဒက်ဇ် ကို ပြောထားရဦးမည်။
လုံခြုံရေး ရုံးခန်းဆီ သို့ ခပ်ဖြည်းဖြည်း ဆက်လျှောက်သွားသည်။ သုံ့ပန်းတချို့ ၀င်းထဲတွင် လမ်းလျှောက်ဖို့ ထွက် လာကြသည်။ အသေခံလူငယ်ရဲဘော်များ ခြံရံလျက် အမျိုးသမီးကြီးတစ်ဦး က ကျွန်တော့်ကို ရွံရှာ စက်ဆုပ် သည့် မျက်လုံးများဖြင့် လှမ်းကြည့်သည်။ မမြင်ချင်ယောင်ဆောင်ပြီး ကျွန်တော် ဆက်လျှောက် သွားသည်။
အခန်းတံခါး ကို မပိတ်ဘဲ စားပွဲတွင် ထိုင်ပြီး ဒီနေ့ ဆင်နွှဲရမည့် တိုက်ပွဲအကြောင်း တွေးနေသည်။ ငါးမိနစ်ကြာတော့ ရဲဘော် သုံးယောက် ရောက်လာသည်။ ရေပုံးတွေ၊ တံမြက်စည်းတွေ၊ ဂေါ်ပြား တွေကို ကိုင် လျက် သူ တို့ကို ကြည့်ရသည်မှာ ပျော်ရွှင်နေကြပုံ။ ကျွန်တော် ထပြီး အတွင်းတံခါး ဖွင့်ပေးလိုက်သည်။

စက္ကန့်ပိုင်း အတွင်း ကျွန်တော့် တစ်ကိုယ်လုံး မစင်တွေ သေးတွေဖြင့် အပက်ခံလိုက်ရသည်။ ကျွန်တော် နှင့်   နှစ်မီတာ အကွာတွင် ပီယာဘိုဒီက အညစ်အကြေးပုံ ကိုင်လျက် ရပ်နေသည်။ ပုံးထဲ တွင် ဘာမှ မကျန်တော့။ သူ့မျက်နှာ တွင် အောင်နိုင်ခြင်းနှင့် မုန်းတီးခြင်း ရောထွေးနေ၏။
လျှပ်တစ်ပြက်လောက် ကာလ အတွင်း ကျွန်တော် သူ့ကို သတ်ဖို့ အဆင်သင့် ဖြစ်သွားသည်။ သို့သော် ချက်ချင်း သတိပြန် ၀င်လာသည်။ ရှပ်အင်္ကျီလက်ဖြင့် မျက်နှာကို သုတ်လိုက်ပြီး ...
"ကြွက် ကိစ္စ သူတို့ ကျွန်တော့်ကို ပြောပြတယ်၊ တွင်းတွေထဲကို ကြွက်သတ်ဆေး ထည့်ပေးမယ်၊ ပြီးရင် ဘိလပ်မြေ နဲ့ ပိတ်ပေးမယ်"
ကျွန်တော် က တံခါးပေါက်ကို လက်ညှိုးထိုးပြီး ...
"အဲဒီ လွတ်နေတဲ့ နေရာကိုလဲ သစ်သားနဲ့ ထပ်ရိုက်ပေးလိမ့်မယ်၊ ပြီးတော့ တစ်ခန်းလုံးကို ပိုးသတ်ဆေး ဖျန်း ခိုင်းထားတယ်"
စုတ်နေသည့် မွေ့ရာကို ကျွန်တော် ငုံ့ကြည့်ပြီး ...
"မွေ့ရာ ကို အသစ်လဲပေးပါလိမ့်မယ်" သူ့ကို အကဲခတ်လိုက်သည်။ အမူအရာ လုံးဝ မပြောင်းပါ။

"တံခါးလာဖွင့်တဲ့လူ ဟာ ဖမ်ဘိုနာဆိုရင် ခင်ဗျား ခုချိန် သေနေလောက်ပြီ"
သူက ပုံး ကို အခန်းထောင့်သို့ လွှင့်ပစ်လိုက်ပြီး ...
"ငါ ရာဇ၀တ်သား မဟုတ်ဘူး၊ မင်းတို့ တရားခံ မဟုတ်ဘူး၊ အဲဒါ မင်းတို့ မေ့နေကြသလား"
"ကျွန်တော် မမေ့ပါဘူး၊ ဖမ်ဘိုနာ မေ့နေတာ ဖြစ်ချင်ဖြစ်မယ်၊ ကျွန်တော် ပြန်လာခဲ့မယ်"
ကျွန်တော် လှည့်ထွက်လာခဲ့သည်။ ရဲဘော်တွေက ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရဟန် တူ၏။ ကျွန်တော် က ခပ်တည်တည်နှင့် လုပ်စရာတွေကို အမိန့်ပေလိးုက်သည်။
ဘယ်သူမှ မရယ်ရဲကြ။

လူနေအိမ် များဘက်သို့ ကျွန်တော် ထွက်လာခဲ့၏။ အမျိုးသမီး သုံ့ပန်းတွေ လမ်းလျှောက်နေကြဆဲ။ သူတို့နှင့် အတူ နံဘေးမှ လိုက်လျှောက်နေသည့် စနက်တံကိုင် အသေခံကျောင်းသူ ရဲမေတွေ။ တကယ် သူတို့ အသေခံကြပါမည် လားဟု ကျွန်တော် တွေးနေသည်။
သူတို့ တစ်တွေ ကျွန်တော့်ကို အထူးအဆန်းသဖွယ် ၀ိုင်းကြည့်နေကြ၏။ ကျွန်တော့် ဒေါသစိတ်တွေ အုံကြွ လာပြန်သည်။ ကျွန်တော့် ကို သူမစင်နှင့် ပက်သည်။ သူ့ကိုယ်ပိုင်မစင်၊ သည့်ထက် အစော်ကားခံရခြင်းမျိုးသည် ကမ္ဘာ တွင် ရှိအံ့မထင်။ မျက်နှာနှင့် နှာခေါင်းပေါ်မှ မစင်တို့၏ အနံ့ သည် ဦးနှောက် ထဲတိုင် ရောက်သွားသည်ဟု ထင်ရ၏။ သည့်အတွက် သည်လူကြီးကို လက်စား ခြေရမည်။ လက်စားချေခြင်း၊ ဒေါသဖြစ်ရခြင်းထက် အဓိပ္ပာယ် ရှိ သည်၊ တာရှည်သည် ၀န်ထမ်း အိမ်ရာ အပေါက်ဝတွင် အစောင့်တစ်ယောက် ချထားသည်။ ကျွန်တော့် ကို မြင်တော့ နှာခေါင်းရှုံ့ နောက်ဆုတ်သွားသည်။

ငါ့ကို သံအမတ်ကြီးအိမ် လိုက်ပို့စမ်း"
သူ့နောက် ကို ကျွန်တော် လိုက်သွားသည်။ ဧည့်ခန်းကြီးမှာ ရှင်းသန့်တောက်ပြောင်နေဆဲ။ ဘာမျူဒက်ဇ်က သူ့လူတွေ ကို ရှာခွင့်သာပေးပြီး ပစ္စည်းများ မပျောက်မပျက် ထိန်းရသည်ဟု အမိန့် ပေးထားသည်။
အိမ်ကြီး ကို အသေးစိတ် အကဲခတ်ချိန်မရ၊ အမြန်ဆုံး ရေချိုးပစ်ဖို့က အရေးကြီးသည်။
"ရေချိုးခန်း ဘယ်မှာလဲ"
"အိပ်ခန်း နဲ့ တစ်ဆက်တည်းပဲ ခင်ဗျ"
သူ အိပ်ခန်းကို လက်ညှိုးထိုးပြပြီး ပြောသည်။
"မင်း လိုက်ခဲ့"
ရေချိုးခန်း က ဟိုတယ် ရေချိုးခန်းပုံစံအတိုင်း ဖြစ်သည်။ သို့သော် ပိုကျယ်သည်။ နံရံလေးဘက် စလုံးနှင့် အခင်း မှာ ကြွေပြားတလက်လက် တောက်ပလျက်။ ဂျင်းဘောင်းဘီနှင့် ရှပ်အင်္ကျီကို ချွတ်ပြီး ရဲဘော်ကို လှမ်းပေးလိုက်သည်။ သူက ရှုံ့မဲ့ပြီး အ၀တ်နှစ်ထည်ကို လက်ညှိုးနှင့် လက်မကြားတွင် ညှပ်ပြီး လှမ်းယူသည်။

"အဲဒါတွေ လျှော်ပြီး လှန်းထားလိုက်၊ ပြီး ... ငါဝတ်ဖို့ အ၀တ်တစ်စုံ ရှာခဲ့"
သူ ခပ်သုတ်သုတ် ထွက်သွားသည်။ ကျွန်တော် ရေချိုး ကန် ခလုတ်ကို အပြေးအလွှား ဖွင့်လိုက်၏။ ဘုရားမခြင်း ရေ က ရေနွေး။ ရေနွေးခလုတ် ကို သူတို့ မပိတ်တတ် သည်အတိုင်းထားခြင်း ဖြစ်မည်။
ရေနွေးပူပူနှင့် စိမ်ရသဖြင့် စိတ်ထဲ ပိုသန့်သွားသည် ထင်ရ၏။ ရေမွှေးပုလင်းပေါင်းများစွာနှင့် ဆပ်ပြာ မျိုးစုံ သေသေသပ်သပ် တန်းစီးထားသည်။ ရှမ်ပူဖြင့် သုံးကြိမ်ခေါင်းလျှော်ပစ်လိုက်သည်။ ကိုယ်ကို ဆပ်ပြာအကြိမ်ကြိမ် တိုက်ပြီး ရေစိမ် ချိုးသည်။ ရေကို အကြိမ်ကြိမ် လဲသည်။ လန်းဆန်း ရှင်းသန့်သွား၏။
ရေချိုးကန်နံဘေး တွင် သူ့နာမည်ထိုးထားသည့် ဘီးတစ်ချောင်း။ ငွေလက်ကိုင်နှင့် ခေါင်းဖြီးရသည် ကိုက ပို၍ အရသာရှိနေ၏။ ဘာပစ္စည်းမှ မယူရ ဟူသည့် ဘာမျူဒက်ဇ်၏ အမိန့်ကြောင့်သာ သူ့အိမ်ထဲက ပစ္စည်းတွေ သည် အတိုင်း ရှိနေခြင်း ဖြစ်မည်။ မျက်နှာသုတ်ပ၀ါ တစ်ထည်ဖြင့် ကိုယ်ကိုပတ်ပြီး အိပ်ခန်းဆီသို့ ကူးခဲ့သည်။ အိပ်ခန်း က ဘာမှ ထူးထူးခြားခြား မရှိ။

ဧရာမ ခုတင်ကြီးအောက်တွင် အိစက်ညက်ညောသည့် အပြာရောင်ကော်ဇောကြီး ခန်းလုံးပြည့် ခင်းထား ၏။ ပရိဘောဂတွေ က နို့နှစ်ရောင် ခေတ်မီပစ္စည်းတွေ။ သို့သော် အိပ်ခန်းပိုင်ရှင်သည် သူ့အခန်းကို သိပ်သံယောဇဉ် ရှိပုံ မရ။
အိပ်ခန်းကို ကြည့်ပြီး အိပ်ခန်းပိုင်ရှင်ကို အကဲခတ်လို့ ရနိုင်ပါသည်။ အလွန် အသန့်အရှင်း ကြိုက်ပြီး သံယောဇဉ် အနှောင်အဖွဲ့ကင်းသူ ဖြစ်ရမည်။ ဓာတ်ပုံဆို၍ တစ်ပုံ မှ မရှိ။ အမြတ်တနိုး ထားရှိသည့် ပစ္စည်းဟူ၍ တစ်ခုတလေမှ မရှိ။ အိပ်စရာနေရာ တစ်ခုမျှသာ။
အစောင့်ရဲဘော် ပြန်လာသည်။ ယူလာသည့် ဂျင်းဘောင်းဘီက သစ်သစ်လွင်လွင် ရှိသော်လည်း တီရှပ်က ညစ်ပတ်ပေရေနေ ၏။ ဘောင်းဘီကောက်ဝတ်ပြီး တီရှပ်ကို ပြန်ပစ်ပေးလိုက်သည်။ အ၀တ်ဗီရိုကို ဖွင့်လိုက်သည်။ ရှပ်အင်္ကျီနှစ်ထည် တွေ့သည်။ တစ်ထည်က အဖြူတစ်ထည်၊ တစ်ထည်က အပြာ။
အပြာရောင် ရှပ်တစ်ထည် ယူဝတ်လိုက်သည်။ ကျွန်တ်ေနှင့် အံကိုက် ဖြစ်နေ၏။ လက်ကိုခေါက်ပြီး မှန် ကြည့်လိုက်သည်။ ဂျင်းဘောင်းဘီနှင့် အင်္ကျီပြာမှာ လိုက်ဖက်လှသည်။ အတော် ကြည့်ပျော် ရှုပျော် ဖြစ် သွားသည်။ ဆံပင်ကို အသာ သပ်လိုက်သည်။ အစောင့်ကို တစ်ချက် စွေကြည့်လိုက် တော့ သူ ပြုံးနေသည် ကို တွေ့ရ၏။

"ဟေ့ ... ငါ ဒီမှာ အိပ်မယ် ကြားလား"
"ဟုတ်ကဲ့ ... ခင်ဗျ၊ ကျွန်တော်တို့ရဲ့ အထက်အမိန့်က ..."
"အဲဒါ မင်းတို့ကို ပေးတဲ့အမိန့်၊ ငါမပါဘူး၊ င့ါအ၀တ်တွေ ခြောက်ရင် ဒီအခန်းထဲမှာ လာထည့်ထား"
အိမ်ထဲမှ ကျွန်တော် ထွက်လာတော့ မျက်နှာမသာမယာနှင့် သူ ကျန်ခဲ့သည်။

x x x

လုံခြုံရေးရုံးခန်းထဲတွင် ပီယာဘိုဒီနှင့် ကျွန်တော် မျက်နှာချင်းဆိုင် ထိုင်နေကြ၏။ အတန်ကြာမှ ကျွန်တော် ၀တ်ထား သည့် ရှပ်အင်္ကျီကို သူ သတိထားမိပုံ ရသည်။ ကျွန်တော် စကားစ လိုက်သည်။
"တိုင်းချုပ်ထား တဲ့ အတိုင်းပဲဗျာ၊ ခင်ဗျားရဲ့ အပ်ချုပ်ဆရာကို ကျေးဇူးတင်လိုက်တာ"
သူ ဘာမှမပြော။ မျက်နှာတွင် မည်သည့်ခံစားမှုမှ မရ။ သူ့အခန်းကို ကျွန်တော်ကြည့်တော့ သန့်ရှင်း ရေး လုပ် ထားပြီးပြီ။ ကြွက်တွင်းများကို ဘိလပ်မြေ မဆလာနှင့် ပိတ်ပြီးပြီ။ နံရံတွေကိုတောင် ထုံးသုတ်ထားပြီးပြီ။
ကျွန်တော် သူ့ကို မော့ကြည့်လိုက်သည်။ သူက ထီမထင်သည့် အပြုံးမျိုးဖြင့် ကျွန်တော့်ကို ကြည့်နေပြီး ...
"ငါက နှိပ်စက်တဲ့နည်းကို မင်း မသုံးဘူး ထင်နေတာ"

"မသုံးပါဘူး၊ ဘယ်တုန်းကမှလဲ မသုံးခဲ့ဖူးဘူး၊ တ်စခါတုန်းက တရုတ်တစ်ယောက်က ပြောတာ သွားသတိ ရမိတယ်၊ တစ်ခါ စော်ကားခံရရင် စော်ကားတဲ့သူရဲ့ အပြစ်၊ နှစ်ခါ စော်ကားခံရရင် စော်ကားခံရသူရဲ့ အပြစ်တဲ့"
သူက ကျွန်တော့် အခန်းဘက်သို့ လက်ဝှေ့ပြပြီး ...
"ဘာကို နားလည်တာလဲ"
"ဒဏ်ရာမပေါ်အောင် စစ်မယ်ပေါ့၊ မရဘူး ... စိတ်ချ၊ မင်းကိုယ်မင်း သိပ်တော်တယ် ထင်နေတယ်၊ ခွကျတာပဲ၊ ငါကလဲ ငတုံးမဟုတ်ဘူး၊ မင်းရင်ထဲမှာ ဘာရှိတယ်ဆိုတာ ငါအတိုငးသား မြင်နေရ တယ်"
"ဟုတ်လား"
"ပထမ ငါပျော့လာအောင် မင်း မာပြတယ်၊ ပြီးတော့ ချိုသာပြတယ်၊ လိုက်လျောပြတယ်၊ ဒီလိုပဲ ချော့လိုက်ခြောက်လိုက် မင်းလုပ်မယ်၊ ဒါ မင်းတို့ရဲက အတတ်ပညာပဲ၊ ငါ့အခန်းထဲမှာ ကြွက်တွေ တပ်ဖွဲ့ပြီး ရောက်နေရင်လဲ မင်းသောက်ဂရုစိုက်မှာ မဟုတ်ဘူး၊ ကြမ်းပိုးတွေ သေအောင်ကိုက်လဲ မင်း လှည့်ကြည့် မှာ မဟုတ်ဘူး၊ ခု မင်းလုပ်နေတဲ့ပုံက ငါ့ဆီက တစ်ခုခုများ ရမလားဆိုပြီး သူတော်ကောင်းဂိုက် ဖမ်းပြနေတာ မဟုတ်လား"

"ခင်ဗျား ပြောတာ လုံးဝ မဟုတ်ဘူး"
"လုံးဝ ဟုတ်ပါတယ်"
ဤတွင် မမျှော်လင့်ဘဲ သူ့ကို ကျွန်တော့်ဘ၀အကြောင်း ပြောပြနေမိ၏။
"ကျွန်တော် ငယ်ငယ်က ကျူးဘားမှာ ကြံခုတ်ရတယ်၊ ကြံခုတ်ချိန်ဆိုရင် ကျောင်းသားအားလုံး ကြံခုတ်ရတာ ချည်းပဲ၊ ကျွန်တော် ကြံသမား မိသားစုတစ်စုအိမ်မှာ ခဏနေရတယ်၊ သူတို့အိမ်မှာ လူတိုင်း အလုပ်လုပ်ကြရတယ်၊ အသက်ကိုးဆယ်ကျော် အဘိုးကြီးအို တစ်ယောက်သာ ကွင်းထဲ မဆင်းနိုင်တာ၊ ဟိုဘက်ရွာက အလှူပွဲတစ်ခုကို မိသားစုတစ်စုလုံး သွားကြတဲ့ တစ်နေ့မှာ အဘိုးအို နဲ့ ကျွန်တော် နဲ့ နှစ်ယောက်တည်း ကျန်ခဲ့တယ်၊ အလုပ်ကြမ်း လုပ်နေမကျတော့ ညနေစောင်းတာနဲ့ ခြေကုန်လက်ပန်းကျပြီး မလှုပ်ချင်မရှား ချင်တော့ဘူး၊ ညကျတော့ အပေါ့သွားဖို့ ကျွန်တော်တဲ အပြင်ကို ထွက်တယ်၊ ၀ရန်တာမှာ အုန်းဆံမွေ့ရာ နဲ့ အိပ်တဲ့ အဘိုးကြီး သေနေတာကို တွေ့ရ တယ်။

 ကြွက်တစ်ဒါဇင်လောက် သူ့ကို ကိုက်ဖဲ့ စားသောက်နေကြတယ်၊ တုတ်တစ်ချောင်းနဲ့ အတင်းလိုက်ရိုက်မှ သူတို့ ထွက်ပြေးကြတယ်၊ အဲဒီညကစပြီး ကြွက်ကို ရွံကြောက် ကြောက်ခဲ့တယ်၊ အဲဒီညအကြောင်းကို ခဏခဏ အိပ်မက်ဆိုးတွေ ပြန်မက်တယ်၊ ကျွန်တော့်ကို ကြွက်ရှိတဲ့အခန်း တစ်ခန်းမှာ ထည့်ပြီးတော့ သော့ခတ် ထားမယ်ဆိုရင် အကောင်းဆုံး နှိပ်စက်နည်း ပဲ"
"အဲဒီတော့ ခင်ဗျား ကို အဲဒီနည်းနဲ့ ကျွန်တော် ဘယ်တော့မှ မနှိပ်စက်ဘူး၊ စိတ်ချ၊ ကျွန်တော် သူတို့ ကို ခိုင်းမှာက ဒဏ်ရာ မပေါ်အောင် နှိပ်စက်တဲ့ နည်းလဲ မဟုတ်ဘူး"
သူ့မျက်နှာ ကို ကျွန်တော် အကဲခတ်လိုက်သည်။ ကျွန်တော် ပြောတာတွေ သူယုံရဲ့လား၊ သူယုံဖို့ အလွန် အရေးကြီးပါသည်။ သို့သော် ဘာမှ အကဲခတ်လို့မရ။
"ဒါဖြင့် မင်းတို့က ဘာနည်းသုံးမှာလဲ"
"ဘာနည်းရယ်လို့ တိတိကျကျ မရှိပါဘူး၊ ကျွန်တော်က ဆွေးနွေးတယ်၊ စည်းရုံးတယ်၊ မျှတအောင် လုပ်တယ်၊ အမြင်ကြည်လင်လာအောင် လုပ်တယ်" သူ ချက်ချင်း တုံ့ပြန်သည်။

"သြော် ... မင်းက ငါ့ကို အမြင် ကြည်လင်လာအောင် လုပ်မယ်ပေါ့"
ကျွန်တော် ဖိုင်တွဲကို ဖွင့်ပြီး လိုချင်သည့် စာမျက်နှာကို ရှာသည်။ တွေ့သည်နှင့် ဖတ်သည်။
"ကျွန်တော်သည် တိုင်းပြည်၏ အင်အားအတောင့်ဆုံး၊ အလျင်မြန်ဆုံး ကမ်းတက် တပ်မဟာတွင် သုံးဆယ်သုံးနှစ်နှင့်လေးလ အမှုထမ်းခဲ့ပြီး ဖြစ်ပါသည်။ ကာလတစ်လျှောက်လုံး ကျွန်တော် အခွန် အများဆုံး ရှာပေးခဲ့ရသည့် ကဏ္ဍမှာ စီးပွားရေးကဏ္ဍ ဖြစ်ပါသည်။ ဝေါစထိနှင့် ဘဏ်လုပ်ငန်းရှင် ကြီးများ အကြား တွင် အောင်သွယ်တော် လုပ်ပေးခဲ့ရသည့် ကိစ္စမျိုးများ ဖြစ်သည်။ စင်စစ် ကျွန်တော့်ကို အရင်းရှင်လောက မှောင်ခိုသမား တစ်ယောက်ဟု ခေါ်ဆိုနိုင်လိမ့်မည်။ ၁၉၁၄ခုနှစ် တွင် အမေရိကန် အတွက် ရေနံရဖို့ မက္ကဆီကိုနိုင်ငံတွင် သွားရောက်ညှိနှိုင်းပေးခဲ့သည်။ 

ကျူးဘား နှင့် ဟေတီနိုင်ငံတို့တွင် ဘရောင်း ဘရားသား၏ အပြည်ပြည်ဆိုင်ရာဘဏ် ဖွင့်နိုင်ဖို့ ကျွန်တော် ၁၉၀၈ခုနှစ်မှ ၁၉၁၂ခုနှစ်အထိ လုပ်ပေးခဲ့ရသည်။ ၁၉၁၆ခုနှစ်တွင် ဒိုမီနီကန် သကြားလုပ်ငန်း တိုးချဲ့ရေးအတွက် အမေရိကန် ပါဝင်နိုင်ရန် ကျွန်တော် ညှိပေးခဲ့သ်ည"
ကျွန်တော် က သူ့ကို မော်ကြည့်ပြီး ...
"သံအမတ်ကြီး ခင်ဗျား၊ အဲဒါ ဘယ်သူ့စာသားတွေလဲ ဆိုတာ သိပါသလား"
"သိတာပေါ့ကွ၊ ဗိုလ်ချုပ် စမက်ဒ်လေ၊ ဒီဘတ္တလာပေါ့"
"ပြီးတော့"
"ပြီးတော့ ဘာဖြစ်သလဲ"
"ဘာများ ဝေဖန်ချက် ပေးချင်သလဲလို့ပါ"
သူက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပခုံးတွန့်လိုက်ပြီး ...
သူရတဲ့ ပင်စင်လစာလေးနဲ့ဆိုရင် သူ ပျော်မယ်မထင်ဘူး"
ဒေါသစိတ်ကို မျိုသိပ်လိုက်ရပြန်၏။

"ဒါကို ခင်ဗျားတို့က စီးပွားရေး နယ်ချဲ့မှုလို့ မမြင်ဘူးလား"
"မမြင်ပါဘူး၊ တို့တိုင်းပြည်က အရင်းရှင်နိုင်ငံပဲ၊ အရင်းရှင်ဝါဒ ရှင်သန်အောင် လုပ်မှာပဲ၊ တို့နိုင်ငံ ရဲ့ နိုင်ငံခြားရေးဝါဒကိုက အပြည်ပြည်ဆိုင်ရာ စီးပွား ကုန်သွယ်ရေး လုပ်ငန်းရှင်ကြီးတွေကို ကူညီ ပံ့ပိုးဖို့ပဲ၊ အဲ ... အတိတ်တုန်းက လွန်ကဲသွားတာတွေ ရှိတယ်၊ ဒါက သမိုင်းပဲ၊ ကျန်ခဲ့ပြီ၊ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ အရင်းရှင်စနစ်ဟာ ပိုပြီး ထွန်းတောက်လာခဲ့တယ်"
သူက ရှေ့ကို တိုးလာပြီး ...
"အဲဒီ ဆယ်စုနှစ်မှာပဲ ကွန်မြူနစ် ၀ါဒဟာ ယိမ်းယိုင် ပြိုကျခဲ့တယ်"
ကျွန်တော် ဘာမှ မတုံ့ပြန်ဘဲ ဖိုင်တွဲကို ဆက်လှန်ပြီး ဖတ်သည်။
"ကြယ်များနှင့် အစင်းများသည် အကွာအဝေးတူ တစ်နေရာတည်းတွင် ပြည်နယ်များအဖြစ် ရပ်တည်မည့် အချိန် သည် မဝေးတော့ပေ။ တစ်နေရာက မြောက်ဝင်ရိုးစွန်း၊ တစ်နေရာက ပနားမား တူးမြောင်း၊ နောက်ဆုံး တစ်နေရာက တောင်ဝင်ရိုးစွန်း၊ တောင်အမေရိကတိုက် တစ်တိုက်လုံးသည် ကြီးမားမြင့်မြတ်သည်။ ကျွန်ုပ်တို့ ၏ ပြည်နယ်များ ဖြစ်လာရမည်။ စိတ်ဓာတ်ရေးရာအရမူ သူတို့သည် ကျွန်တော်တို့ လူများ ဖြစ်နေချေပြီ"
သူ့ကို မော့ကြည့်ပြီး ကျွန်တော် ဆက်ပြောသည်။

"ဒီစကားလုံးတွေဟာ သာမန်လူတစ်ယောက် ပြောတာ မဟုတ်ဘူး၊ အမေရိကန် သမ္မတ တစ်ယောက် ကိုယ်တိုင် ပြောသွားတာ" သူ ခေါင်းညိတ်သည်။ နှုတ်ခမ်းထောင့်တွင် အပြုံးငယ်ကလေးတစ်ခု လှစ်ခနဲ ပေါ် လာသည်။
"ဟုတ်တယ်၊ တပ်ဖ် ပြောထားတာ၊ အဲဒါက ၁၉၁၂ခုနှစ် အခြေအနေ၊ ကနေဒါကို နုပ်နုပ်စဉ်းရမယ့် အချိန်၊ အခြေအနေတွေ က ခု အကုန် ပြောင်းလဲနေပြီပဲ"
ကျွန်တော်က သူ့ကို စကားဖြတ်ပြောဖို့ ကြိုးစားသည်။
သူက အဖြတ်မခံ။

"ဒီမယ် နားထောင်၊ ဒီကိစ္စ ငါတို့ငြင်းရတာ အကြိမ်တစ်ထောင် မကတော့ဘူး၊ မင်း မမွေးခင် ကတည်းက ငြင်းလာတာ၊ တိုင်းပြည်တွေကို အကဲဖြတ်တဲ့ နေရာမှာ မင်းတို့ သမိုင်းက ရာဇ၀တ်မှု တွေကို အခြေခံမှာလား၊ အဲဒါဆို သမိုင်းကို ဘယ်ခေတ်အထိ ပြန်ဆုတ်မလဲ၊ နှစ်ငါးဆယ်လား၊ တစ်ထောင်လား၊ ဟိုခေတ်က စပိန်နိုင်ငံရဲ့ ဘာသာရေးစည်းရုံးမူမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိခဲ့တာ ကြောင့် ဒီခေတ်စပိန်ကို မင်းအပြစ်ပြောမှာလား၊ အမေရိကန်မှာ လူမည်းတွေကို အရောင်းအ၀ယ် လုပ်တဲ့ ကျွန်စနစ် ရှိခဲ့ဖူးတယ်၊ အဲဒီအတွက် မင်း ငါ့ကို အပြစ်တင်မှာလား"
သူက ကျွန်တော့်ကို လက်ညှိုးထိုးပြီး ...
"မင်းအဘိုးတွေ အဘွားတွေ ဘာလုပ်နေကြသလဲ အဲဒီတုန်းက ..."
ကျွန်တော် စကားဖြတ်ပြောဖို့ ကြိုးစားပြန်သည်။ သူက လက်ညှိုးငေါက်ငေါက် ထိုးကာ ...
"ဒီမယ် ... နားထောင်၊ လွန်ခဲ့တဲ့ သုံးလေးနှစ်က တီဗွီမှာ လာသွားတဲ့ ဇာစ်မြစ်ဆိုတဲ့ ဇာတ်လမ်းနဲ့ ပတ်သက်လို့ လူမည်းနှစ်ယောက် ငြ်းနေတာ ငါကြားဖူးတယ်၊ တစ်ယောက်က ငွေဝယ်ကျွန်စနစ်ကို မတရား တိုက်ခိုက် ပြောဆိုနေတုန်း နောက်တစ်ယောက်က ပြန်ပြောတယ်၊ သွားစမ်းပါကွာ ... ဒါတို့ အဘိုးအဘွားတွေကို ပိုက်တွေနဲ့ ပစ်ဖမ်းပြီး သင်္ဘောတွေနဲ့ ခိုးထုတ်မလာရင် တို့တစ်တွေ ခုထိ အာဖရိက တောနက်ထဲမှာ တိရစ္ဆာန် သာသာဘ၀ နေနေရမှာပေါ့၊ အဲဒါကြောင့် ငါ့အနေနဲ့ ငွေဝယ်ကျွန်စနစ်ကို ဘာမှပြောစရာ မရှိဘူးတဲ့"

"အဲဒါ ပြောတာပေါ့ဗျာ၊ သမိုင်းက ရှုတ်ချစရာရှိရင် မျက်နှာမထောက်ဘူး"
"သမိုင်းက ရှုတ်ချတာ မဟုတ်ဘူး၊ ထောက်ပြတာ၊ ရှင်းပြတာ၊ ကွန်မြူနစ်ကောင်း တစ်ယောက် အနေနဲ့ မင်း ဒါကို နားလည်သင့်တယ်"
ဒါတော့ သူ ကျွန်တော့်ကို သက်သက် စော်ကားခြင်းပဲ။ ဒေါသစိတ်ကို ကျွန်တော် မထိန်းနိုင်တော့။
"ကွန်မြူနစ်ဝါဒဟာ ကျွန်စနစ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တယ်"
"ဟုတ်လား၊ အဲဒါတွေ ရုရှားမှာသွားပြီး မင်းတရားဟောချေ"
ကျွန်တော် ခင်းပေးသော လမ်းမှာ လမ်းမှား ဖြစ်နေသည်။ သည်ပုဂ္ဂိုလ်သည် တက္ကဗေဒနှင့် ဖောက်ထွင်း၍ မရသော ပုဂ္ဂိုလ်မှန်း ကျွန်တော် သိလိုက်သည်။ သူက အသက်ခြောက်ဆယ့်သုံး နှစ်ရှိပြီ။ သူနှင့်ပြိုင်ငြင်းဖို့ ဘာသာရပ်ကို ကျွန်တော် ရွေးရတော့မည်။ သူ့အသိဥာဏ် အဆင့်မြင့်ပုံ ကိုတော့ သံသယဖြစ်စရာ မရှိတော့။ ညောင်မြစ်တူးပြီး ဘ၀အစက ပြန်ဖော်ရတော့မည်။ ကျွန်တော့်အတွေး မမှားပါ။ သူ ဆက်ပြောပုံကို ကြည့်လေ။

"ဒီမယ် ... ကယ်လ်ဒီရွန်၊ မင်း သောက်ရူးပဲ၊ မင်းကငါ့ကို ထိုင်ပြိး တရားဟောလို့ရမယ် ထင်နေတယ်၊ ကွန်မြူနစ် ၀ါဒ တရား ပို့ချပြီး ငါ့ကို သိမ်းသွင်းနိုင်မယ်လို့ မင်းထင်နေတယ်၊ အဲဒီ နောက်ပိုင်းမှာ ငါမသိတဲ့ နာမည်တစ်ခုနှစ်ခု ကို မင်းရအောင် မေးမယ်ပေါ့၊ တကယ်တော့ မင်းဟာ ရူးတာ မဟုတ်ဘူး တုံးတာ၊ မင်းဟာ ငတုံးပဲ"
ကျွန်တော် သက်ပြင်းတစ်ချက် ချလိုက်သည်။ အောက်ကဖိုင်တွဲတစ်ခုကို အပေါ်တင်လိုက်သည်။ အမှန်က သည်ဖိုင်တွဲက ကျွန်တော်၏ လက်နက်ပုန်း။ ထုတ်သုံးဖို့ စောလွန်းသေးမှန်း ကျွန်တော် သိသည်။ သို့သော် လက်ကဖိုင်ကို ဖွင့်ပြီး နှုတ်မှ နာမည်တစ်ခု အလိုအလျေက် ထွက်သွားသည်။
"အင်ပါရိုဖလိုးရက်စ်" သူ ချက်ချင်း ဆောက်တည်ရာမရ။ တုန်လှုပ်ချောက်ချားသွားမည့် အမူအရာကို ကျွန်တော် စောင့်ကြည့်နေ၏။ သို့သော် သူက မတုန်မလှုပ်။

"ဘာကွ"
အေးစက်စက်အသံဖြင့် ပြန်မေးသည်။
"အင်ပါရိုဖလိုးရက်စ်လေ၊ ဒီမိန်းကလေးအတွက်ကြောင့် ခင်ဗျား ကွန်မြူနစ်ဝါဒကို တူးတူးခါးခါး မုန်းတီးတာလေ၊ အထူးသဖြင့် ကျူးဘား ကွန်မြူနစ်တွေကိုပေါ့ဗျာ"
သူ ငြိမ်ကျသွားသည်။ ရေကာတာ ပြိုကျမည့်အချိန်ကို ကျွန်တော် စောင့်ကြည့်နေ၏။ သူက ဆိတ်ငြိမ်မြဲ ဆိတ်ငြိမ်လျက်၊ တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက်၊ တကယ့်ကျောက်ဆစ်ရုပ်တု တစ်ခု ပမာ။ မျက်နှာ အမူအရာ တွင်တော့ စဉ်းငယ်မျှသော ပြောင်းလဲမှု အရိပ်အယောင် ယှက်သန်းလာ သလို။ ဒီလိုပြောင်းလဲမှု ကျွန်တော် အရင် က တွေ့ဖူးရဲ့လား မသိ။ အရုပ်ကြိုးပြတ် အမူအရာ။ ငါးရက်သားအဖြူရောင် မုတ်ဆိတ်မွေးတေက စကောစက ရှည်လျားနေ သည်။ ဆံပင်တွေက ဖွာလန်ကြဲနေ၏။ နဂိုက ပိန်ရှည်ရှည် ကိုယ်နေဟန်သည် ပို၍ ပိန်လီနေ သည် ထင်ရ၏။ ပါးရေ နားရေတွေ ပို၍ ချောင်နေသည် ထင်ရ၏။

နာမည်တစ်လုံး သူ့နှုတ်က ထွက်သွားရုံမျှဖြင့် ကိစ္စအားလုံး ပြီးစီး ပြေလည်သွားစေမည် မုချ။ နာမည် တစ်လုံးရလျှင် ကျန်သည့်ကိစ္စ ကျွန်တော်တို့ တာဝန်လေ။ ထိုတဒင်္ဂတွင် သူ့ကို ကြည့်ပြီး ကျွန်တော် စိတ်မကောင်း ဖြစ်မိ၏။ ကျွန်တော့် ခေါင်းထဲမှာတော့ ရှေ့လုပ်စရာတွေ ကြည်ကြည် လင်လင် မြင်နေပြီ။ ထိုတစ်ဆင့်ပြီး လျှင် သူနှင့် ကျွန်တော် ရင်းနှီးသွားစရာပင် အကြောင်း ရှိပါ သေး၏။ ဖိုင်တွဲကို ကျွန်တော် နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်၏။
"၁၉၅၈-ခု၊ မေလကနေပြီး ၁၉၅၉-ခု၊ မတ်လအထိ နန်နီဖလောရက်စ်တို့၏ သမီးအင်ပါရိုနှင့် သူအတူနေခဲ့သည်။ မတ်လ ပထမပတ်တွင် လက်ထပ်ဖို့ ပြင်ဆင်ကြသည်။ ၁၉၅၈-ခု၊ မတ်လ ၂၈ရက်နေ့ တွင် နိုင်ငံတော် တော်လှန်ရေး သစ္စာဖောက်မှုဖြင့် အင်ပါရို အဖမ်းခံလိုက်ရသည်၊ ၁၉၅၉-ခု၊ မေလ ၄ရက်နေ့တွင် သူ့ကို ၀ါရှင်တန် မှ ပြန်ခေါ်သည်။ အင်ပါရိုဖလိုးရက်စ်သည် ၁၉၅၉ခု၊ မေလ ၁၁ရက်နေ့တွင် ဦးနှောက်သွေးကြောပြတ် သည့် ရောဂါဖြင့် ကွယ်လွန်သည်"

"အဲဒါ လုံးဝ သောက်အဓိပ္ပာယ် မရှိဘူး"
ဝုန်းခနဲ ထရပ်ပြီး စားပွဲတွင် လက်ထောက်ကာ ကျွန်တော့် မျက်နှာနားထိ ငုံ့ပြီး အော်ပြောခြင်း ဖြစ်၏။ မိနစ်ပေါင်း များစွာ သူနှင့်ကျွန်တော် ငြင်းခုံကြသည်။ အမုန်းခွန်အားတို့ ကျွန်တော်တို့ နှစ်ယောက်ကြားတွင် များသည်ထက် များလာသည်။ ကျွန်တော့်မျက်နှာကို ထိုးဖောက်သွားလု မတတ် လက်ညှိုးငေါက်ငေါက်ထိုးရင်း ...
"မင်းတို့ သတ်တာ၊ သူ့ကို မင်းတို့သတ်တာ၊ မင်းတို့ ကျူးဘားကွန်မြူနစ်တွေ သတ်ပစ်တာ"
သူ့ တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေသည်။ ချာခနဲ လှည့်ထွက်သွားပြီး ပြတင်းပေါက်ဆီသို့ သွားရပ်သည်။ ကျွန်တော့်ဘက် ကို ကျောပေးလျက် အကြာကြီး ရပ်နေသည်။
ကျွန်တော် မျှော်လင့်နေသည့် တုံ့ပြန်မှုမျိုး ပေါ်မလာသည့်အတွက် အံ့သြနေမိသည်။ ကျွန်တော် ခပ်တိုးတိုး ပြောလိုက်သည်။

"အဲဒီတုန်းက ကျွန်တော် နို့စို့အရွယ်ပဲ ရှိပါသေးတယ်ဗျာ"
သူ အသက်ပြင်းရှူနေသည် ကို ကျွန်တော် နောက်မှ မြင်နေရ၏။ အံကြိတ်ပြီး ပြောသည့် အသံဖြင့် ...
"အတူတူပဲ၊ မင်းတို့အားလုံး အတူတူပဲ၊ မင်းကို သူတို့ အဆိပ်နို့တွေ တိုက်လိုက်လို့ မင်းအခု ဒီဘ၀ ရောက်နေ တာပေါ့"
အချိန်ကျပြီ ထင်သည်။ မဖြစ်သေးဘူး၊ စောလွန်းနေတယ်။ ရေကာတာ မကျိုးပေါက်သေး။ ကျွန်တော်က စိတ်ရှည် လက်ရှည် ဆွေးနွေးသည့် လေသံဖြင့် ...
"အင်း ... အဲဒီအချိန်ကတော့ တော်တော် စိတ်မကောင်းစရာ အချိန်ပေါ့ဗျာ၊ အချစ်တွေ၊ ရမ္မက်တွေ၊ လက်စားချေမှုတွေ နဲ့ ရောနေတဲ့ အချိန်ပေါ့၊ သူ့ကို စပိုင်ဆိုပြီး ခုံရုံးတင်လိုက်ကြတယ်လေ"
သူ ချာခနဲ လှည့်လာသည်။ သူ့အသက်မှန်ကို ယခုမှ သူ့ရုပ်သွင်တွင် မြင်ရ၏။ မဟုတ်သေး ... ပို၍ အိုစာနေ၏။ စားပွဲဆီ သို့ ပြန်လျှောက်လာပြီး ထိုင်သည်။ သူ့အသံ တည်ငြိမ်သွားပြီ။
"ဘာ တစ်စတာ နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး သူ့အဖေကို သူတို့ သတ်ပစ်လိုက်ကြတယ်၊ တစ်ခါ သူနဲ့ကိုယ်နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး သူ့ကိုပါ သတ်လိုက်ကြတယ်၊ အဲဒီတုန်းက သူ ဆယ့်ကိုးနှစ်သမီးပဲ ရှိသေးတယ်"

ရှေ့တစ်လှမ်းတိုးဖို့ အချိန်၊ အကြောင်းအရာကို နည်းနည်းပေါ့အောင် လုပ်ပေးရမည်။
"သူ့နာမည်ကြားရုံနဲ့ ခင်ဗျား ဖြစ်သွားပုံကို ကြည့်ပြီး သူ့ကို ခင်ဗျား ဘယ်လောက် ချစ်တယ်ဆိုတာ ကျွန်တော် နားလည် ပါတယ်ဗျာ"
သူ့မျက်နှာ အမူအရာ အပြောင်းအလဲကို ကျွန်တော် ဂရုစိုက်နေသည်။ ကျွန်တော့်ကို ကျော်ပြီး အဝေးကို ကြည့်နေမိ၏။
"သူ့ကို ကျွန်တော် တို့ မိသားစုက သိတယ်တဲ့၊ သိပ်လှတယ်လို့ ကျွန်တော် ကြားဖူးတယ်"
ခုထိ ဘာ မှ မလှုပ်မရှား။ ရှေ့ဆက်တိုးရမည်။

"မစ္စတာ ပီယာဘိုဒီ၊ ဘာတစ်စတာမှ သိပ် ကျယ်ပြန့်တဲ့ လျှို့ဝှက်ရဲအဖွဲ့ ရှိတယ်။ သူတို့ဆီက ဖိုင်တွဲတွေအားလုံး ကျွန်တော်တို့ ရလိုက်တယ်၊ တချို့ အမှုတွဲတွေက သိပ်စုံတယ်၊ အိမ်ဖော်တွေ၊ ဒရိုင်ဘာတွေ၊ အပျော်ခန်းတွေ၊ အရက်ဆိုင်တွေ နဲ့ သူတို့ မိန်းကလေးတွေ ဆီက ရတဲ့ သတင်းတွေ လေ၊ ခင်ဗျားတို့ သံအမတ်တစ်ယောက်ဟာ ရည်စားလေးယောက်တောင် ထားတယ်ဗျား"
သူက သူနှင့်မဆိုင်သလို ပခုံးတွန့်ပြသည်။
ကျွန်တော် ဆက်ပြောသည် ...
"လေးယောက်စလုံးကို သူ ကျေနပ်အောင် ထားတယ်ဗျာ၊ သူ့အကြောင်း အစီရင်ခံစာရေးတဲ့ အရာရှိက ၀တ္ထုတစ်ပုဒ် လို လှလှပပရေးသွားတယ်ဗျား၊ ခင်ဗျားအကြောင်းလဲ ဖိုင်တွဲတစ်တွဲ တွေ့တယ်၊ ကျွန်တော် ဖတ်ပြမယ် သိလား"
ဖိုင်တွဲ ကို ဖွင့်ပြီး စာမျက်နှာတွေ လှန်သည်။ ဖျတ်ခနဲ မော်ကြည့်တော့ စိတ်ဝင်တစား စောင့်နေ သည့် သူ့မျက်လုံးများကို တွေ့ရ၏။ ဒါက လူ့သဘာဝ ဖြစ်ပါသည်။ ကျွန်တော် စဖတ်သည်။
"၁၉၅၈ခုနှစ်၊ နိုဝင်ဘာလ ဆယ်ရက်၊ ဂျာဆင်ပီယာဘိုဒီ၊ နိုင်ငံရေးသံမှူး၊ အမေရိကန်သံရုံး၊ သည် အချက်အလက် များကို သတင်းပေးသူများထံမှ ရရှိသည်။ (နောက်ဆက်တွဲကို ကြည့်ပါ)။ သူသည် ကက်စထရို သူပုန်များကို အထင်ကြီးသူ ဖြစ်သည်။ သံအမတ်ကြီး စမစ်ကို ပြောင်းပြန် အဖြေများ ထွက်မည့် အကြံများ ပေး သည်။ သို့သော် သံအမတ်ကြီးက သူ့အယူအဆများကို သိပ်လက်မခံဟု သိရသည်"

ဖိုင်တွဲကို ပိတ်ပြီး သူ့ကို ကျွန်တော် မော့ကြည့်သည်။ သူ ခေါင်းယမ်းပြီး ...
"ဘာတစ်စတာဟာ သောက်ရူးပဲ၊ သူ့လျှို့ဝှက်ရဲအဖွဲ့ကကောင်တွေလဲ အတူတူပဲ"
ကျွန်တော်ကလည်း ခေါင်းယမ်းပြီး ...
"မဟုတ်ဘူးဗျ၊ တချို့ဟာတွေ တော်တော် နိမ့်တယ်၊ အဲဒီတုန်းကတည်းက သူတို့တွေ ဖီဒယ်လ် အတွက် အလုပ်လုပ်ပေးနေကြပြီ၊ တခြားကရတဲ့ သတင်းတွေလဲ ပါသေးတယ်ဗျ၊ စိတ်ဝင်စားစရာ တော့ ကောင်းတယ်၊ ၁၉၅၆ခုနှစ်မှာ ခင်ဗျား ကျူးဘားကို ရောက်လာတော့ အရွယ်အားဖြင့် တော်တော်ငယ်သေးတယ်၊ သိပ်တော်တဲ့ နိုင်ငံခြားရေးရုံးဝန်ထမ်းတစ်ယောက်၊ ငယ်ပေမယ့် စပိန်လို မွှတ်နေအောင် ပြောတတ်နေပြီ၊ ခင်ဗျားကို လက်ဝဲယိမ်းတဲ့ လူတစ်ယောက်လို့ ကျွန်တော် မမြင်ပါဘူး၊ ခင်ဗျားဟာ မဇ္ဈမပဋိပဋာသမားဖြစ်ဖို့ များပါတယ်၊ ကျူးဘားသူအချောအလှလေးနဲ့ ခင်ဗျား ချစ်ကြိုးသွယ်မိတယ်၊ လက်ထပ်ဖို့အထိ ရည်ရွယ် တယ်၊ တော်လှန်ရေးကြီး ဖြစ်လာတယ်၊ ခင်ဗျားရဲ့ အချစ်ကလေး အဖမ်းခံရတယ်၊ အဲဒီအချိန်မှာ ခင်ဗျားတို့ အစိုးရက ကက်စထရိုကို စည်းရုံးပြီး ကျူးဘားကို သူ့သြဇာအာဏာအောက်မှာ ထားဖို့ ကြိုးစားတယ်၊ ချစ်သူ အဖမ်းခံရ တဲ့ အတွက် ခင်ဗျား ဒေါသူပုန်ထတယ်၊ ခင်ဗျား သံရုံးကို ခင်ဗျား အစာမကြေ ဖြစ်တယ်၊ ခင်ဗျား သံရုံး ကို ခင်ဗျား အကြောက်အကန်ငြင်းတဲ့အထဲက ခင်ဗျားကို သူတို့ ပြန်ခေါ်လိုက်ကြတယ် ...

"အဲဒီမှာ ခင်ဗျားရဲ့ ရှေ့တက်လမ်းဟာ ဆုံးသွားပြီလို့ ကျွန်တော် ထင်ခဲ့တယ်၊ နောက်ပိုင်းမှာ ခင်ဗျားရဲ့ ချစ်သူ မိန်းကလေး အသတ်ခံရတယ်၊ ကျူးဘား အမေရိကန် ဆက်ဆံရေး ပျက်ပြား လာတယ်၊ အဲဒီမှာ ကျူးဘားက ရုရှား နဲ့ ရွှေလမ်းငွေလမ်းဖောက်ပြီး သမိုင်းဝင် ပြောင်းလဲမှုကြီး လုပ်ပစ် လိုက်တယ်၊ အဲဒါကတော့ မတ်စ်ဝါဒကို လက်ခံ လိုက်တာပဲ၊ အဲဒီအချိန်မှာ ခင်ဗျားဇာတာ စန်းလဂ် ပြန်တက်လာတယ်၊ ဒါပေမယ့် အခုအချိန်မှာ အခြေအနေက တစ်မျိုး ဖြစ်သွားပြီ၊ ခင်ဗျားရဲ့ ရပ်တည်ချက်တစ်ခုလုံးဟာ ကျူးဘားအတွက်ရော ကက်စထရို အတွက် ပါ နိမိတ်ဆိုး တစ်ခု ဖြစ်နေတယ်၊ ကွန်မြူနစ်ဝါဒ တစ်ခုလုံးအတွက် အန္တရာယ် ဖြစ်နေတယ်"

သူ့ကြည့်ရတာ စိတ်ပျက်ငြီးငွေ့ခြင်းလည်း မရှိ။ အာရုံစူးစိုက်ခြင်းလည်း မရှိ။ ကျွန်တော် တစ်ဆင့် တက်ဖို့ ဆုံးဖြတ် လိုက်သည်။
"ကော်ဖီ သောက်ကြရင် ကောင်းမယ် ထင်တယ်"
သူ့ အပေါ်နှုတ်ခမ်း မသိမသာ ကွေးညွှတ်သွားသည်။ ကျွန်တော်က သူ့ကို ပြုံးပြပြီး အစောင့်ကို လှမ်းခေါ်လိုက် သည်။

ဆက်ရန်
.

No comments: