ဆလိုကမ်
ဝါရှင်တန်
(သုံးရက်မြောက်နေ့)
ကျုပ်နာမည် က ဆလိုကမ်၊ စစ်သက်နှစ်ဆယ့်ရှစ်နှစ်ရှိပြီ၊ ဒါမျိုး တစ်ခါမှမကြုံဖူးခဲ့ဖူးဘူး၊ ဘာနာကိုစတာ မှာ ကျုပ် ရောက်နေတာလေ။
မိုးတွေ သောက်ရမ်း ရွာချနေချိန်ပေါ့။ ရဟတ်ယာဉ်ပေါ်က ဆင်းမယ်လုပ်တော့၊ အလို… ထူးထူးဆန်း ဆန်း ပါလား၊ ဧရာမ လင်မိုဆင်းကားကြီး ရဟတ်ယာဉ်ခြေရင်းမှာ အသင့်စောင့်လို့ဗျား။ လေတပ်ဗိုလ် ကြီး တစ်ယောက် က ကျုပ်ကို ပုံစံကျကျ အလေးပြုပြီး ကားတံခါး ဖွင့်ပေးတယ်။
အလဲ့… တော်တော် အရေးပါနေပါလား။ ဘာမှနားမလည်နိုင်အောင် ဖြစ်သွားတယ်။ စောစော နာရီပိုင်း မှာတုန်း က ကျုပ်ကို သောက်ဂရုစိုက်မယ့်လူ တစ်ယောက်မှမရှိပါဘူးဗျာ။ ကားထဲကို ကျွန်တော် ငုံ့ဝင် လိုက်တယ်။ ချက်ချင်း တံခါးပိတ်သွားပြီး ငြိမ့်ခနဲ ထွက်လာခဲ့သည်။ ဘေးခုံမှာ လူတစ်ယောက် ပါလာ တယ်။ အနက်ရောင် ဝတ်စုံနဲ့။
သူက လက်ကမ်းပေးပြီး…
"ပြန်တွေ့ရတာ ဝမ်းသာတယ် ဗိုလ်မှူးကြီး"
မှောင်နေလို့ သူ့မျက်နှာကို ကျုပ် သဲသဲကွဲကွဲ မမြင်ရဘူး။ ဂိတ်ဝကိုဖြတ်တော့မှ မီးရောင်မှာ ကျုပ် သူ့ကို ငဲ့ကြည့်ခွင့် ရတယ်။ ကျုပ် လန့်သွားတယ်ဗျ။ မိုက်ကွမ်လိုစီပါလား။ သမ္မတရဲ့အမျိုးသား လုံခြုံရေး ကောင်စီဝင်လေ။
သူ ဘာဆိုလိုတာပါလိမ့်။ သူနဲ့ ကျုပ် တစ်ခါမှမဆုံဖူးပါဘူး။ မြစ်ကူးတံတားပေါ်ကို ကားကြီး ဖြတ်မောင်း နေတုန်း ကျုပ် စကားစ ရတော့တာပေါ့။
"ဒီမယ်… မစ္စတာ ကွမ်လိုစီ၊ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ ခဏခဏ မြင်နေရတော့ ခင်ဗျားကို ကျုပ် သိပါတယ်၊ ဒါပေမယ့် ကျုပ်တို့တစ်ခါမှ မဆုံဖူးဘူးလေ"
"ဆုံဖူးတာပေါ့ ဗျာ၊ ၁၉၈၀-ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့လေ၊ မြောက်ကာရိုလိုင်းနား အရက်ဆိုင်တစ်ဆိုင် မှာ၊ အတော် ညဥ့်နက်နေပြီလေ"
သူက ကျုပ်ကိုကြည့်ပြီး ဇဝေဇဝါဖြစ်နေတဲ့ပုံကို သဘောကျနေဟန် တူရဲ့။ တစ်ချက် ရယ်ပြီး စကား ဆက်သည်။
"အီရန် က သုံ့ပန်းတွေကို ကယ်ဆယ်ဖို့ စစ်ဆင်ရေးကျဆုံးတဲ့နေ့မှာလေဗျာ၊ ခင်ဗျား သောက်ရမ်းမူးနေ တယ်၊ စကားတွေလဲ အများကြီး ပြောတယ်၊ ကျွန်တော်က နားထောင်သလားလေ၊ ကျွန်တော်ကိုယ် တိုင် လဲ တော်တော်မူးနေပြီ"
ခုမှ ကျုပ် ရေးရေးပေါ်တယ်။ ဒေါပွပွနဲ့ သောက်ရမ်းမူးပစ်လိုက်တဲ့ ညပေါ့။ အဲဒီတုန်းက ကျုပ်အနားမှာ ထိုင်သောက်နေ တဲ့ ငနဲက မုတ်ဆိတ်မွေးနဲ့ပါ။
"ခင်ဗျား မုတ်ဆိတ်မွေး ထားသလား"
"ဟုတ်တယ်၊ အဲဒီတုန်းက မုတ်ဆိတ်မွေးနဲ့၊ ကျွန်တော်က ရွေးကောက်ပွဲမဲဆွယ်ဖို့ အဲဒီရောက်လာတာ၊ ခင်ဗျားက ဖို့ဘရက် က ထွက်လာပြီး တအားသောက်တဲ့ ညပေါ့"
"ကျုပ် တမင် အမူးသောက်ပစ်လိုက်တာလေ"
"ဟုတ်တယ်၊ ခင်ဗျား နှစ်နာရီလောက် စကားပြောတယ်၊ ဒေါသူပုန်ထတယ်၊ ဒီမယ်… ဗိုလ်မှူးကြီး၊ ခင်ဗျား ပြောတာတွေ ကျွန်တော် သဘောကျတယ်ဗျာ။ ဒါကြောင့် ခင်ဗျားနာမည်ကို ကျွန်တော် မှတ်မိ နေတာ၊ အဲဒါ နဲ့ မနှစ်က ကျွန်တော် ဒီရာထူးရလာတော့ ခင်ဗျားကို ကျွန်တော် ရှာခဲ့သေးတယ်၊ အဲဒီတုန်း က ဗိုလ်မှူးပဲ ရှိသေး တယ်နော်၊ ကျွန်တော် အရမ်းအံ့သြသွားတယ်၊ ဒါနဲ့ ခင်ဗျား ကိုယ်ရေးဖိုင်တွဲယူဖတ် ကြည့်တယ်၊ အဲဒီတော့ မှ နားလည်သွားတယ်၊ တပ်မတော် အရာရှိတစ်ယောက်အနေနဲ့ ခင်ဗျားက ပွင့် လင်းလွန်းအားကြီး တာကိုးဗျ"
"ဟုတ်တယ်၊ ကျုပ်က ဗိုလ်မှူးကနေ မတက်တော့ဘူးထင်နေတာ၊ ဒါမှမဟုတ် ဖ-ထ-ခ နဲ့ ထိမှာပဲလို့"
"ဘာလဲဗျ ဖ-ထ-ခ ဆိုတာ"
"ဖြုတ်ထုတ်ခံလေ၊ ခုလဲမထိဘူး မပြောနိုင်သေးဘူး"
သူက ခေါင်းတညိတ်ညိတ် နားထောင်ပြီး မဲ့ပြုံးပြုံးတယ်ဗျ၊ ပြီးတော့ မေးတယ်။
"ခင်ဗျား သူ့ကို ထိုး ဖို့ လိုလို့လား"
"လိုတာပေါ့၊ နောက်ထပ် ထိုးဖို့လဲ ကျုပ် ဝန်မလေးဘူး"
သူ ပခုံးတွန့်ပြီး လွတ်လပ်ရေးရိပ်သာလမ်းကို ချိုးအကွေ့မှာ စကားဆက်သည်။
"ထားပါတော့လေ၊ လွန်ခဲ့တဲ့ တစ်နှစ်ကတော့ ခင်ဗျားကို ချည်ဖို့ကြိုးတွေ ကျွန်တော် ရှင်းပစ်လိုက် တယ်၊ ဒါကြောင့် ခင်ဗျား ဒီရာထူး ရတာ"
"ကျေးဇူးတင်ပါတယ် ဗျာ၊ ဒါပေမယ့် အဲဒီတုန်းက သောက်ရမ်းအံ့သြရသလို စိတ်လဲ တော်တော်ညစ် သွားတယ်ဗျ၊ ဘာဖြစ်လို့လဲတော့ ကျုပ်လဲ မသိဘူး"
သူ ပြတင်းအပြင် ကို လိုက်လာတယ်၊ ကောင်မလေးတစ်ယောက် လူသွားလမ်းပေါ် လျှောက်သွားနေ တယ်၊ ထီးကို တစ်ဖက်၊ စကတ်အနားကိုတစ်ဖက်ကိုင်လို့ သလုံးသားအလှက အရေးထဲမှာပေါ်လွင်နေ သေး ဗျာ၊ ကောင်မလေး ကို လျှပ်တစ်ပြက်ဖြတ်ပြီး လမ်းတစ်လမ်းထဲ ချိုးကွေ့လိုက်မှ သူ စကားဆက် သည်။
"ကျွန်တော်ဟာ အားလုံးနဲ့ ရေစုန်ကို မျှောလိုက်ချင်တယ်၊ ဒါပေမယ့် မဖြစ်ဘူး၊ ခင်ဗျားပြောတာတွေကို သဘောကျ တယ်၊ ဒါထက် မြင့်တဲ့တစ်နေရာကနေ ပြောခွင့်ရရင် ပိုပြီးတန်ဖိုးရှိမယ်၊ ကျွန်တော့်ရာထူး အရှိန်အဝါကြောင့် ဒီ အတွေးမျိုး ဝင်လာသလားတော့ မသိဘူး။ အရမ်းတက်ကြွနေချိန်ကိုဗျ၊ ဒါပေမယ့် ခင်ဗျားကို ကျွန်တော် နောက်ပိုင်း မေ့ သွားတယ်၊ ပြီးခဲ့တဲ့ ညသန်းခေါင်ကမှ ပြန် သတိရတာ"
"ဘာလိုကြောင့် ပါလိမ့်"
"စန်ကာလို ကိစ္စကြောင့်ပေါ့"
"ဒင်း… ဒေါင်"
ကျုပ် ခေါင်းထဲမှာ ခေါင်းလောင်းထိုးသံ ပဲ့တင်သွားတယ်၊ သူ့ကို ထပ်မေးလိုက်တယ်။
"သူတို့ကိုကယ် ဖို့ ခင်ဗျားတို့ လုပ်ကြမလို့လား"
သူက သက်ပြင်းချပြီးတော့…
"လုပ်တော့ လုပ်ရမှာပဲ၊ ဒါပေမယ့် ပြဿနာတွေက အများကြီးရယ်၊ တွေးကြည့်ရင် နှလုံးသွေးတောင် ရပ်သွားနိုင် တယ်"
"ဒါပေါ့…ဒါပေါ့၊ အဲဒီ ချာတိတ်တွေက လူရိုင်းတွေ၊ သူတို့က ဝင်ပေါက်အားလုံးပိတ်ထားတယ်"
ပြောရင်း ကျုပ် စိတ်တွေလှုပ်ရှားလာတယ်၊ ခြောက်ရက်လုံးလုံး နေ့ရောညပါ ဖို့ဒ်ဘရက် စစ်တန်းလျား ထဲမှာ ဒီသတင်းကို နားစွင့်နေခဲ့တာလေ၊ ကျုပ်တို့ရဲ့ကြီးမားလှတဲ့ တပ်ကြီးတွေ ဘာလုပ်မလဲ၊ တပ်ရင်း က ဒီည ထွက်မလာခင် ကလေးမှာ ရေကြောင်း၊ လေကြောင်း ပိတ်ဆို့ပစ်လိုက်တယ်လို့ ကြားလိုက် တယ်၊ ကောင်း ပါတယ် မှန်ပါတယ်၊ ဒီလိုမြန်မှပေါ့၊ ကျုပ် စိတ်လှုပ်ရှားနေတာကို သူ မသိအောင် နေပြီး မေးလိုက်တယ်။
"အဲဒီအထဲမှာ ကျုပ် ပါရမယ်ပေါ့၊ ဟုတ်လား"
သူ ခေါင်းယမ်းတယ်။
"မဟုတ်ဘူး ဗိုလ်မှူးကြီး၊ တီဟီရန်ကိစ္စ ပြီးကတည်းက အထူးတပ်တွေ ဖွဲ့ထားတယ်၊ ခင်ဗျား သိမှာပါ"
"သိပါ တယ်၊ အထူးပူးတွဲ စစ်ဆင်ရေးမုန်တိုင်းတပ်တွေ မဟုတ်လား၊ အဲဒါဆို ကျွန်တော့်ကို ဘာလုပ် ဖို့ခေါ် တာလဲ"
သူအိတ်ထဲက စီးကရက်ဘူးကိုနှိုက်ပြီး တစ်လိပ်ကျုပ်ကိုကမ်းပေးတယ်။ ခေါင်းယမ်းပြလိုက်တော့ သူ့ဆေးလိပ် ကို သူမီးညှိတယ်။ နောက် သက်ပြင်းချပြီ...
"ညက ဒုဦးစီးချုပ်ရယ်၊ သမ္မတရယ်၊ ကျွန်တော်တို့ လုံခြုံရေးကောင်စီရယ်၊ ကယ်ဆယ်ရေး ကိစ္စ ဆွေးနွေးကြတယ်၊ ဗိုလ်မှုးကြီး၊ အစည်းအဝေးခန်းထဲမှာ သူတို့ပြောတာတွေ နားထောင်ရင်း ခင်ဗျား မူးမူးနဲ့ ပြောခဲ့ တာတွေကို ကျွန်တော်ပြန်သတိရနေတယ်၊ ကျွန်တော်ဟာ ရှေ့နေတစ် ယောက်မို့ စစ်ရေး ကိစ္စတွေ မသိ ပါဘူး၊ ဒီကိစ္စခင်ဗျားကလွဲပြီး ဘယ်သူ့မှ ကျွန်တော်မပြောသေး ဘူးနော်၊ သူတို့စီမံချက်က အတော်ကလေး နိပ်ပါတယ်၊ ဒါပေမယ့် များ လွန်းနေသလားလို့"
ကျုပ် ရယ်ချလိုက်မိတယ်။
"သိပ်သေချာတာပေါ့ဗျာ၊ သူတို့လုပ်လိုက်ရင် ဆင်ချည်တဲ့ကြိုးနဲ့ ကြက်ချည်တဲ့ပုံစံတွေချည်း မဟုတ်လား၊ နော်မန်ဒီ ကမ်းခြေတက်သလို သူတို့တက်မှာ မဟုတ်လား၊ ထားပါလေ၊ ကျွန်တော့် ကိုခေါ်တဲ့ ကိစ္စက...."
ကွမ်လိုစီက မီးခိုးတွေမှုတ်ထုတ်နေတယ်၊ ပြီးတော့စိတ်မရှည်သလို စီးကရက်ကို ထိုးခြေပြီး....
"ကျွန်တော် ခုသမ္မတ နဲ့ သိပ်တွဲနေရတယ် ဗိုလ်မှုးကြီး၊ စီမံချက်ကိုနားထောင်ပြီး သမ္မတက သူ့စစ်ဘက် အကြံပေးတွေကို မေးတယ်၊ ဘယ်လိုသဘောရသလဲတဲ့၊ သူတို့အားလုံးက ၀ိုင်း ထောက်ခံနေကြတယ်"
"ထောက်ခံ ရမှာပေါ့၊ ဒု-ဦးစီးချုပ်ကို သူတို့ဘယ်ဝေဖန်မလဲ"
"မှန်တယ်၊ ကျွန်တော်က သမ္မတ ကို အကြံပေးတယ်၊ ယှဉ်စဉ်းစားဖို့ တစ်မျိုးမျိုး ရှိသင့်တယ်လို့၊ အပြိုင်စီမံချက် တစ်ခုခုပေါ့"
"အိုး....ဒီလိုကိုး၊ ဒါကြောင့် ဆလိုကမ် ပါလာတာကိုး"
"ဟုတ်တယ်၊ ဗိုလ်ချုပ်ကြီး ဂရန်နဲ့ ထိပ်တိုက်တွေ့လို့ရှိရင်လဲ ခင်ဗျားရဲ့ လက်ရှိအခြေအနေ ဘာမှ မထိခိုက်စေ ရဘူး"
"ကျုပ်သမ္မတနဲ့ တွေ့ရမှာလား"
"အဲဒါတော့မထင်ဘူး၊ အစည်းအဝေးကို ဗွီဒီယိုရိုက်ထားတယ်၊ အဲဒါကြည့်ပြီး ခင်ဗျားဝေဖန်စရာရှိ တာဝေဖန် ရမယ်"
"ဒါဆိုရင်တော့ ကျုပ်ကိုပြန်ပို့၊ တပ်ထဲမှာ ထင်းခွဲနေတာကမှ အဓိပ္ပာယ်ရှိဦးမယ်"
"ဒါဆိုလဲ ကြည့်သေးတာပေါ့ဗျာ"
ဒီလိုနဲ့ ကျုပ် တို့ အိမ်ဖြူတော်ထဲဝင်လာခဲ့ကြတယ်၊ ကျုပ်စိတ်တွေလှုပ်ရှားနေတယ်၊ ဘယ်ဆိုးလို့ လဲ၊ စစ်သားအိုကြီး ဆလို ကမ်အိမ်ဖြူတော်အထိ ပေါက်ရောက်နေပါသလား။
အိမ်တော်အ၀င်ဝ မှာ လုံခြုံရေး အလုံအလောက်ချထားတာတွေ့ရတယ်၊ ရိုးရိုးရဲသားပုံစံတွေ၊ ဒါပေမယ့် သူတို့ဟာ ရဲအရေခြုံအက်ဖ်ဘီအိုင်တွေဖြစ်မှာ သေချာတယ်။
တစ်ယောက် က ကားထဲကိုငုံ့ကြည့်တယ်၊ ကွမ်လိုစီကိုမြင်တော့ အလေးပြုပြီး ၀င်ခွင့်ပေးတယ်။
အမိုးခုံးခုံးနဲ့ လှပခန့်ညားလှတဲ့ အတွင်းမုခ်ဝကြီးဆီကို ကျုပ်တို့ ဖြည်းဖြည်းဆင်းလျှောက်လာခဲ့ကြ တယ်၊ အတွင်းဘက် မှာ လုံခြုံရေးနဲ့ ထောက်လှမ်းရေးသမားတစ်ယောက်စားပွဲတစ်လုံးနဲ့ ထိုင်နေ တယ်။
"မင်္ဂလာညခင်ပါခင်ဗျာ"လို့ နှုတ်ဆက်ပြီး အလေးပြုတယ်၊ ကွမ်လိုစီက သဘောလောက်ခေါင်း ညိတ်ပြပြီး ဆက်လျှောက် သွားတယ်၊ ဒါလောက်ပဲလား၊ သမ္မတအိမ်တော် အ၀င်ဝမှာ ထားရှိတဲ့ လုံခြုံရေးစနစ်ကို အံ့သြနေမိ တယ်။
ယာဘက်ကို ချိုးကွေ့ပြီး လူသွားလမ်းတံခါးတစ်ချပ်မှာ သူရပ်တယ်၊ ဂဏန်းသော့ကို လှည့်ဖွင့် တယ်၊ ပွင့်သွားတော့ တွန်းဝင်သွားတယ်၊ သူ့နောက်ကို ကျုပ်လိုက်သွားတော့ ပထမဆုံး ကုမ္ပဏီ ရုံးခန်းနဲ့ တူတဲ့ ရုံးခန်းကလေးကို တွေ့ရတယ်။
အတွင်းရေးမှုး အမျိုးသမီးနှစ်ယောက် လက်နှိပ်စက်ကိုယ်စီနဲ့ အလုပ်လုပ်နေကြတယ်။ လူတစ် ယောက်က ပခုံးနဲ့ လည်ပင်းမှာတယ်လီဖုန်းညှပ်ပြီး စကားပြောနေတယ်။ ကျုပ်ကို စိတ်ဝင်စားမှု အလျဉ်းမရှိတဲ့ မျက်လုံးတွေ နဲ့ လှမ်းကြည့်တယ်။
တံခါးရွက်ကို တွန်းဖွင့်ပြီး တခြားရုံးခန်းတစ်ခုဆီကို ဆက်လျှောက်သွားကြတယ်၊ ကွန်ပျူတာ တစ်လုံးနဲ့ အမျိုးသမီး တစ်ယောက် အလုပ်လုပ်နေတယ်။
ကွမ်လိုစီက....
"ဟဲလို ဂေးလ်၊ ရော်ဂျာကို ဧည့်ခန်းထဲလာဖို့ပြောလိုက်ကွာ"လို့ ပြောခဲ့ပြီး နှစ်ယောက်သား အတွင်း ခန်းတစ်ခန်း ထဲကို ၀င်ခဲ့တယ်။ အခန်းထဲရောက်တော့ ကျုပ်စိတ်ပျက်သွားတယ်၊ အမေရိ ကန်နဲ့အထွတ်အထိပ် အိမ်ဖြူတော် ရဲ့ဧည့်ခန်းတဲ့။
အခန်းကခပ်သေးသေး၊ ဖောင်းကြွသစ်သားနံရံတွေနဲ့။ လူနှစ်ဒါဇင်လောက်ပဲ ဆံ့မယ်။ စားပွဲ ရှည်ကြီးမှာ ကုလားထိုင် က ဆယ်နှစ်လုံး ပဲ ရှိတယ်။ နံရံတစ်ဖက်မှာ ဧရာမတီဗွီဖန်သားပြင်ကြီး၊ အခြားတစ်ဖက်မှာ ကမ္ဘာ့မြေပုံကြီး၊ အတော်ဟောင်းနေပြီး။ နံရံတစ်လျှောက် မှာ ပုံစံကားချပ်တွေ တင်တဲ့သုံးချောင်းဒေါက်တွေနဲ့ တယ်လီဖုန်းတွေ အများကြီးတန်းစီနေတယ်။ တစ်ခန်းလုံး ရေမွှေး နံ့သင်းလို့။
"ဆံပင်ညှပ်ဆိုင်ထဲ ၀င်လာရသလိုပဲဗျ"လို့ ကျုပ်မှတ်ချက်ပေးတော့ ကွမ်လိုစီက... "အေးဗျ၊ အိမ် တော် စီမံခန့်ခွဲရေးမှုး က အခြောက်လားမသိဘူး"တဲ့။ တံခါးခေါက်သံနဲ့အတူ လူပုပုသေးသေးလေး တစ်ယောက် ၀င်လာ တယ်၊ သူ့ကြည့်ရတာ သိပ်ပင်ပန်းနေပုံပဲ၊ ဒါပေမယ့် လူ ကတော်တော်ထက် မယ့်ပုံ၊ ကွမ်လိုစီက လက်ဝေ့ပြပြီးတော့....
"ကင်ရော်ဂျာ တဲ့၊ ကျွန်တော့်ရုံးအဖွဲ့မှုး တစ်ယောက်ပဲ၊ သူဖွင့်ပြလိမ့်မယ်၊ ကင်ဒါဗိုလ်မှုးကြီး ဆလို ကမ်"
ကျုပ် တို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြတယ်၊ သူ့လက်ကနူးညံ့ပြီး ချွေးစို့နေသလိုပဲ။ ကျုပ်က သူ့လက်ကို ညှစ်ပြီး နှုတ်ဆက်တော့ သူ့မျက်နှာ နည်းနည်းရှုံ့သွားတယ်။
ကွမ်လိုစီ က လက်မှနာရီကို ငုံ့ကြည့်ပြီး...
"အားလုံး လေးဆယ့်ငါးမိနစ် ကြာတယ်၊ ပြီးရင် ကျွန်တော့်အခန်းမှာ ခင်ဗျားနဲ့ ပြန်ဆုံမယ်"
သူထွက်သွားတော့ ရော်ဂျာက ကုလားထိုင်တစ်လုံးမှာ ထိုင်ဖို့ ကျုပ်ကိုလက်ဝေ့ပြတယ်။ စားပွဲပေါ် ကမှတ်စု စာအုပ်တွေနဲ့ ဘောလ်ပင်တွေ ချထားတယ်။ ဓာတ်ဘူးတစ်လုံးနဲ့ ဖန်ခွက်တစ်ခွက်ရှိ တယ်။ ကျုပ်နေရာ ယူလိုက်တာနဲ့ ရော်ဂျာက အောက်စက်ခလုတ်တွေနဲ့ အလုပ်ရှုပ်နေပြီ။
ပထမဆုံး မြင်ကွင်း ထဲမှာ ဗိုလ်ချုပ်ကြီးမက်သယူးဂရန့်စ်ပေါ်လာတယ်။ သူ့နောက်ဘက် ဘယ်လက်မှ သံရုံးပ ရ၀ဏ် အသေးစိတ်မြေပုံကားချပ်ကြီး။ ညာဘက်မှာတော့ စန်ကာလိုမြေပုံ။ ဂရန့်စ်ဆိုတဲ့လူက ခပ်ချောချော။ မျက်နှာလေးထောင့် နဲ့ ဆံပင်တွေဖြူနေပေမယ့် ဂရုတစိုက် လှလှ ပပဖြီးထားတယ်။ ၀တ်ထားတဲ့ ယူနီဖောင်းက သူ့ခန္ဓာကိုယ် နဲ့ကွက်တိ။ အသံကပျားရည်နဲ့ ပုလင်းကွဲတွေ ရောမွှေထားတဲ့အသံမျိုး။ ဆယ်မိနစ်လောက် ကျုပ်ပါးစပ်အဟောင်းသား နဲ့ ကြက် သေသေနေမိတယ်။ စိတ်ညှို့ခံရတဲ့လူလို အကြောင်သားဖြစ်နေ တယ်။ ပြီးတော့မှ စကားလုံးတစ် လုံးချင်းကို ပြန်စဉ်းစားရတယ်။ ကျုပ်တစ်ကိုယ်လုံးကျဉ်တက်သွားတယ်။
ရော်ဂျာ က ကျုပ်နံဘေးမှာထိုင်ပြီးဖန်သားပြင်ကိုကြည့်နေတယ်။ မိနစ်သုံးဆယ်လောက် ကြည့်ပြီး၊ နားထောင်ပြီးတော့ ကျုပ်ဗိုက်ထဲမှာ အော်ဂလီဆန်လာတယ်။ မိနစ်လေးဆယ်လဲပြည့်ရော ခေါင်းတွေ ကိုက်လာတော့ တာပဲ။ ဂရန့်စ်ရဲ့တင်ပြချက်ပြီးသွားပြီ၊ ရော်ဂျာကိုအက်စ်ပရင်ခြောက် လုံးယူခဲ့ဖို့ ကျွန်တော်ပြောလိုက် တယ်။
ကျွန်တော်ပြောတဲ့အတိုင်း သူယူလာတယ်။ ရေနဲ့ကျွန်တော် မော့ချလိုက်တော့ သူက နားမလည် နိုင် သလိုလေသံနဲ့...
"ခြောက်လုံး စလုံး သောက်ပစ်တယ် ဟုတ်လား၊ မများလွန်းဘူးလား ဗိုလ်မှုးကြီး"
"ခင်ဗျား ဘယ်လောက်သောက်လဲ"
"အများဆုံး သုံးလုံး"
"ခင်ဗျား ကိုယ်အလေးချိန် ဘယ်လောက်လဲ"
"တစ်ရာငါးဆယ့်ငါး"
"ဆေးဆိုတာ ကိုယ်အလေးချိန်နဲ့တွက်ပေးတာ၊ ကျုပ်ကပေါင်သုံးရာနား ကပ်နေတာ၊ ကဲ...သွား တော့"
ယူ သွားတော့ မှတ်စုစာရွက်တွေကိုငုံ့ကြည့်နေမိတယ်၊ ဘာတစ်လုံးမှ မှတ်မထားလိုက်မိ။ အဖြူ ရောင် မှန်သားပြင် ကိုလှမ်းကြည့်လိုက်ပြန်တယ်။ ကျုပ်ခုကြားလိုက်ရတဲ့ စီမံချက်ကို သမ္မတနဲ့ သူ့အကြံပေး ပါရဂူတွေပါထိုင်ပြီး နားထောင်တာ တွေ့လိုက်သားပဲ။
ကျုပ်ရင်ထဲက ဝေဒနာက လျော့မသွားသေးဘူး၊ မတ်တတ်ထပြီး လမ်းလျှောက်နေ လိုက် တယ်၊ မြင်သမျှကြားသမျှတွေကို ခေါင်းထဲက ထုတ်ပစ်ဖို့ ကြိုးစားနေတယ်။ နံရံကမြေပုံကိုလဲ လှမ်းကြည့် မိရဲ့၊ စန်ကာလို ဆိုတဲ့ ကျွန်းနိုင်ငံလေးက သေးလွန်းတော့ မြေပုံထဲက စာလုံးတွေ အားလုံးလိုလို ကာရီဘီယံ ပင်လယ်ထဲ ရောက်နေ တယ်။
ကျုပ်ခေါင်းထဲမှာ ချက်ချင်းပေါ်လာပါရဲ့၊ ဒါပေမယ့်လမ်းမှန်ကမ်းမှန် ၀င်လာတာမျိုးတော့ မဟုတ် ဘူး၊ ဖျတ် ခနဲပေါ်လာပြီး နာကျင်မှုတွေကို သက်သာစေတဲ့ အလင်းတန်းတစ်မျိုး။
ဒါပေမယ့်ဘယ်သူက လက်ခံမှာလဲ၊ ဂရန့်စ်နဲ့ သူဗိုလ်ချုပ်တွေ ပယ်ချမှာတော့ သေချာတယ်၊ ကွမ်လိုစီကတော့ သဘောတူကောင်း တူမယ်၊ ဒါပေမယ့် သူကစစ်ဆင်ရေး အကြောင်းဘာမှမသိတဲ့ လူမဟုတ်ဘူး၊ သမ္မတကိုယ်တိုင် ကကော၊ သူလဲဗိုလ်ချုပ်တွေပြောတာပဲ လက်ခံမှာပေါ့၊ တစ်ခုတော့ ရှိတယ်။
ရော်ဂျာ က တံခါးဖွင့်ပြီး သူ့နာရီကို လက်နဲ့ထောက်ပြတယ်၊ သူနဲ့အတူ ကွမ်လိုစီအခန်းကို ကျုပ်လိုက် သွားတယ်။ သူကကုလားထိုင်နောက်ကိုမှီးပြီးတော့ ခြေထောက်နှစ်ဖက်ကို စားပွဲပေါ် ပစ်တင်ထားတယ်၊ လက်တစ်ဖက် မှာ တယ်လီဖုန်းနဲ့၊ နောက်တစ်ဖက်မှာ စီးကရက်နဲ့ ရှေ့က ကုလားထိုင်ကို သူလက်ညှိုးထိုးပြပြီး ဖုန်းဆက်ပြောနေတယ်။
"အဲ...ဟုတ်တယ်လေ ဟားလ်၊ ဒါပေမယ့် ဟိုခွေးသားတက်စလာ ကိစ္စကို မမေ့နဲ့ဦး၊ အဲဒီကိစ္စ ဘယ်တော့မှ သူ့ခေါင်းထဲ က မထွက်ဘူး၊ ဟုတ်ပြီ၊ ဒါပေမယ့်အဲဒီကိစ္စ ဦးစားပေးပြီး...."
တံခါးပိတ်သံနဲ့အတူ ကွမ်လိုစီက ခြေထောက်ကိုကြမ်းပေါ်ချလိုက်တယ်၊ ဖုန်းကို ခွက်ထဲပြန် ထည့် ပြီးစီးကရက်ကို ထိုးခြေရင်း မေးတယ်။
"ကော်ဖီလား"
"နေပါ့စေ၊ ကျုပ်မသောက်တော့ဘူး"
"ဘယ်လို သဘောရလဲ"
"လုံးဝ သောက်အဓိပ္ပာယ်မရှိတဲ့ လဒူစစ်ဆင်ရေးပဲ"
သူက ဆံပင်တွေ ကိုထိုးဖွပြီး သက်ပြင်ချတယ်၊ သိပ်ပင်ပန်းနေတဲ့ ပုံမျိုး။
"ဘာဖြစ်လို့လဲဗျ"
"မဖြစ်နိုင်တဲ့ ကိစ္စပဲ၊ လက်တွေ့လုပ်လို့ မရနိုင်တဲ့ စိတ်ကူးယဉ် သက်သက်ပဲ"
သူခေါင်းထောင်လာပြီး...
"ဘာဗျ"
"ကျုပ်ပြောတာ ခင်ဗျားကြားပါတယ်၊ ကဲ...စန်ကာလို သံရုံး အသိမ်းခံရပြီးကတည်းက ခင်ဗျား ကောင်းကောင်း မအိပ် ရဘူး မဟုတ်လား၊ ခင်ဗျားဟာ လူတော်တစ်ယောက်ပါ၊ အတွေးအခေါ်မြင် တဲ့လူတစ်ယောက်ပါ၊ ဘာမှအဓိပ္ပာယ်မရှိ တဲ့ စကားလုံးတွေ နားထောင်ပြီး ဘာလို့အချိန်ကုန်ခံမှာ လဲ၊ အိပ်ရေးဝအောင် အိပ်လိုက် ပါလား၊ အဲဒါမှ ပိုပြီးအကျိုးရှိတဲ့ အဖြေတစ်ခုခု ထွက်ချင်ထွက်လာ ဦးမယ်"
သူ့ကြည့်ရတာ မီးစာကုန်ဆီခန်းဖြစ်နေတဲ့ပုံ၊ ဆေးလိပ်တစ်လိပ် ထပ်ညှိသောက်တယ်၊ ပြီးတော့ အသံပြတ်နဲ့...
"ကဲ....ရှင်းစမ်းပါဦး"
"သူ့ဟာက အောင်မြင်ဖို့ ရာခိုင်နှုန်း သုံးဆယ်တောင်မရှိဘူး၊ အဲဒီအတွက် အကြောင်းပြစရာ အချက်အလက် တစ်ဒါဇင်မက ကျုပ်မှာရှိတယ်၊ အဲဒီအကြောင်းပြချက်တွေကို ခင်ဗျားနားလည်ရင်၊ ပြီးတော့ သမ္မတကိုပါ နားဝင်အောင် ပြန်ပြောနိုင်ရင် သူစိတ်ပြောင်းချင် ပြောင်သွားမလားပဲ၊ သူ့ဗိုလ်ချုပ်ကြီးတွေကို စီမံချက် အသစ် ထပ်လုပ်ခိုင်း၊ ကွန်ပျူတာတွေ နဲ့ ထပ်တွက်ရင်တော့ သောက်သုံးမကျတဲ့ အဖြေပဲထွက်မှာပဲ"
သူက အေးစက်စက်လေသံဖြင့် ကျုပ်ကိုသရော်တယ်။
"စောစောက အခွေကို ကြည့်ပြီးပြီးချင်းခင်ဗျားခေါင်းထဲ တစ်ခုခုဝင်လာတာ မဟုတ်လား"
"ခင်ဗျား သောက်ရမ်းလျင်တာပဲ"
"ဒီမယ် ဗိုလ်မှုးကြီး ခင်ဗျား၊ အသုံးအနှုန်းတွေကာလံဒေသံ ကိုက်ညီရဲ့လား"
ကျုပ် မတ်တတ်ထရပ်လိုက်တယ်။
"မစ္စတာကွမ်လိုစီခင်ဗျား၊ တပ်ကိုပြန်ရောက်တာနဲ့ရင်ဆိုင်ရမယ့် အခြေအနေတွေ ကျုပ်ကြိုမြင်ပြီး သားပါ၊ ကျုပ်ကခင်ဗျား ကို မျက်နှာချိုသွေးပြီး မင်းလိုလိုက် မင်းကြိုက် ဆောင်ရင် ကျုပ်ကိုထပ်ပြီး သူကောင်းပြုမယ်၊ ဒါပေမယ့် စကားလုံးတွေ ကို ပျားရည်ဆမ်းပြီး ပြောရတာကျုပ်အတွက် အဆိပ် မျိုရသလိုပဲ၊ ကျုပ်အကြောင်း ခင်ဗျားသိပါတယ်လေ၊ ညကခင်ဗျားနဲ့အတူ သမ္မတရယ်၊ ဗိုလ်ချုပ်တွေရယ် ဒီအခွေကိုကြည့်ပြီး အရမ်းသဘောကျ သွားတယ် မဟုတ်လား၊ အပေါ်ယံက အလှခြယ်ထားတာကိုး၊ အထူးသဖြင့် အရပ်သား တစ်ယောက်အတွက် အဟုတ်ကြီး ထင်မှာပဲ၊ ခင်ဗျားလို သမ္မတအနားမှာ နေရတဲ့လူတစ်ယောက်အနေဲ့ ဆူးပေါက်ချင် စရာတွေလေ"
ခင်ဗျားက လုံခြုံရေးကောင်စီက ဖြစ်ပေမယ့် စစ်ရေးဖြစ်နေလို့ ခင်ဗျားမှာ ဆွေးနွေးစရာ အချက် အလက်တွေ လိုနေတယ်၊ ဒါကြောင့် ကျုပ်ကိုလာခေါ်တယ်၊ ကျုပ်အမြင်တွေ ညှစ်ထုတ်ယူပြီး သမ္မတနဲ့ နောက်ဆွေးနွေးပွဲမှာ ခင်ဗျား ထပ်တင်မယ်၊ ထားပါလေ၊ ခင်ဗျားရဲ့ အနှစ်သာရကဘာလဲ၊ သုံ့ပန်းတွေကို အရှင်ပြန်ရချင်တာလား၊ သူတို့အလောင်းတွေ ကို ပြန်ယူချင်တာလား
သူက စီးကရက်မီးခိုးငွေ့တွေ ကျုပ်ဘက်မှုတ်ထုတ်ပြီး...
"ခင်ဗျားမေးခွန်းကြီး က ရွှံစရာ ကောင်းလိုက်တာဗျာ"
"ခင်ဗျားက နိုင်ငံရေးသမား မို့ ကျုပ်ကမေးရတာ"
"နိုင်ငံရေး ကို အသာဘေးဖယ်ထားစမ်းပါဗျာ"
"ဒါဆို သမ္မတနဲ့ ကျုပ်ကိုပေးတွေ့မလား"
သူရယ်ပစ်မလား၊ ဒါမှမဟုတ် ဒေါပွမလား၊ ပြောပြီးမှ ကျုပ်စိတ်ထဲ ထင့်သွားတယ်၊ ဒါပေမယ့် သူဘာမှ မဖြစ်ဘဲ အတွေးနက်နေပုံမျိုး နဲ့ ကျုပ်ကိုစိုက်ကြည့်ပြီး....
"တွေးပြီးတော့......"
"တွေးပြီးတော့ သူ့စစ်တပ်ထဲမှာ ဘာတွေမှားနေတယ်ဆိုတာ ကျုပ်ထောက်ပြမှာပေါ့၊ သူကကျုပ် ရဲ့စစ်ဦးစီးချုပ် ပဲ၊ နှစ်ပေါင်းသုံးဆယ်အတွင်း သူ့လက်ထက်မှာ တပ်အားအတောင့်တင်းဆုံးပဲ၊ ဘယ်သမ္မတကမှ သူ့လောက်စစ်တပ် ကို ဂရုမစိုက်ခဲ့ဘူး၊ သူကသူ့ဗိုလ်ချုပ်ကြီးတွေကို သောက်ရမ်း အထင်ကြီးတာ၊ အဲဒီအတိုင်း ဆက်သွားရင် အဲဒီသုံ့ပန်းလေးတွေသေ ဖို့ ခုနှစ်ဆယ် ရာခိုင်နှုန်းရှိတယ်၊ အဲဒါမျိုး ခင်ဗျားအနေနဲ့ သူ့ကိုပြော လို့မဖြစ်ဘူး၊ ဟုတ်တယ် မဟုတ်လား၊ ၀န်ခံစမ်းပါဗျာ"
ပြောရင်း ပြောရင်း ကျုပ်ဒေါပွလာတယ်၊ ဒေါသသံလဲ ပါသွားတယ်ထင်ရဲ့၊ ကျုပ်ဂရုမစိုက်ပါဘူး၊ သူတို့သောက်သုံး မကျလို့ သောက်တလွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ရတဲ့ အကြောင်း ကျုပ်နှစ်နဲ့ချီပြီး သိနေခဲ့ရတာ မဟုတ်လား၊ ကွမ်လိုစီ က ကျုပ်ကိုစောင့်ကြည့်နေတယ်။ ပေါ်လစ်ရောင်တဖိတ်ဖိတ် တောက်နေတဲ့ စားပွဲပေါ်ကို သူ့လက်ချောင်းကလေးတွေ နဲ့ ခေါက်နေတယ်၊ ပြီးမှသူက မေးတယ်။
"ခင်ဗျား အနေနဲ့ကတော့ ပြောလို့ဖြစ်တာပေါ့၊ ဟုတ်လား"
"သိပ်ဖြစ်တာပေါ့၊ ကျုပ်က စစ်သား၊ သူက ဦးစီးချုပ်၊ ပြောဖို့တာဝန်ကျုပ်မှာ ရှိကိုရှိနေတယ်၊ ဒီကို ခေါ်လာပြီးမှ သူနဲ့ ခဲတစ်ပစ်တောင် မဝေးတော့မှ သူ့ကိုမတွေ့ရဘူးလား၊ ခင်ဗျားမှာ ဘာဆုံးရှုံး သွားစရာရှိလို့လဲ၊ ခင်ဗျား တန်ခိုးအာဏာတွေ မှေးမှိန်သွားမှာမို့လား၊ ခင်ဗျားပဲပြောတာ၊ ကျုပ်မူးမူးနဲ့ ပြောတာတွေ သိပ်ကောင်းတယ်ဆို၊ အဲဒါကျုပ်ရင်ထဲ က စားလုံးတွေဗျ၊ ကဲ...ကျုပ်ရဲ့ သမ္မတနဲ့တွေ့ချင်တယ်ဗျာ"
သူက ကျုပ်ကိုကျော်ပြီး အဝေးကြီးကို ငေးကြည့်နေတယ်၊ အပြင်းအထန်စဉ်းစားနေပုံပဲ၊ သူ့အတွေး ကိုအနှောင့်အယှက် မပေးချင်တာနဲ့ ကျုပ်ဘာသာပြန်ထိုင်နေလိုက်တယ်၊ အလွန်အမင်းပင်ပန်းနေ လို့လား မသိဘူး။ သူဟာရှိရှိသမျှ မာနတွေကို အသာဘေးချထားပုံရတယ်။
သူ့အသက်က ငါးဆယ်ကျော်နေပြီ။ ဒါပေမယ့်လေးဆယ်ကျော်လောက်ပဲ ထင်ရတယ်။ မျက်နှာ က နုနုနယ်နယ်၊ ရွှေရောင်ဆံပင်နဲ့၊ သိပ်တက်ကြွနေတဲ့ အရွယ်၊ ရွှေလင်ပန်းနဲ့ အချင်းဆေးပြီး မွေး လာတဲ့လူစားမျိုး။ အထက်တန်းမှာရော ကောလိပ်မှာပါ ထိပ်ဆုံးကချည်းနေခဲ့တဲ့ ပုံစံမျိုး။ ဒီလိုလူမျိုးတွေအတွက် ဘယ်လမ်း သွားမလဲ။ အားလုံးက တံးခါးဖွင့် ကြိုဆိုနေမှာပဲ။ ကျုပ်တို့တပ် ထဲမှာလည်း သူလိုလူစား အများကြီးပေါ့ ဗျာ။ တော်တော်ကြိုးစားကြပါတယ်။ ဗိုလ်ချုပ်ကြီးတွေ ဖြစ်တာပေါ့လေ။ အတူတူပါပဲ။ တပ် မှာရော၊ နိုင်ငံရေးလောကမှာရော၊ အရပ်ဘက်မှာရော သူတို့ လူတွေထိပ်ဆုံးရောက်တာပါပဲ။ ဒါပေမယ့် ဒီတစ်ယောက်က မဆိုးဘူး။ ခေါင်းရှိတယ်။ သူများပြော တာနားထောင်ဖော်ရတယ်။ တစ်ခါတလေ စဉ်းစားဖော် တောင် ရသား။
စိတ်ထဲမှာတော့ သိပ်မမျှော်လင့်ပါဘူး။ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာပေါ့။ တွေ့ခွင့်ရရင် အမြတ်ပဲ။
နောက်တစ်လိပ် ထပ်ညှိပြီး သူမေးတယ်။
"ဗိုလ်မူးကြီး၊ ဒီစီမံချက် မှားတယ်ဆိုတဲ့ အကြောင်းရင်းက ခင်ဗျားကာရိုလိုင်းနားမှာ မူးမူးနဲ့ပြော တဲ့ ကိစ္စတွေကြောင့်လား"
"အဲဒါထက် ပိုတယ်"
"ကျွန်တော့်ကို အဲဒီအကြောင်းတွေ မပြောချင်ဘူးဆိုပါတော့"
"ဘာလို့ အချိန်ဖြုန်းမလဲဗျာ"
သူက ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြီး သက်ပြင်းချတယ်။
"ကဲ...ဗိုလ်မှုးကြီး၊ ကျွန်တော်ကြိုးစားကြည့်မယ်၊ သူ့ဗိုလ်ချုပ်ကြီးဂရန့်စ်နဲ့ အရင်တွေ့မလား မသိဘူး"
"အဲဒါဆိုရင်တော့ လုပ် မနေပါနဲ့ဗျာ"
သူထရပ်ပြီးအညှောင်းဆန့်တယ်။
"အင်း...ကျွန်တော် သဘောပေါက်ပါတယ်၊ ကဲ...ခဏစောင့်ဗျာ၊ သိပ်တော့လဲ မျှော်လင့်မထားနဲ့ ဦး"
သူတံခါးဝရောက် မှ ကျုပ်လှမ်းပြောလိုက်တယ်။
"ခုမှကော်ဖီသောက်ချင်လာတယ်ဗျ"
သူခေါင်းညိတ်ပြီး ထွက်သွားတော့ ကျုပ်လဲထပြီးဟိုလျှောက် သည်လျှောက် လုပ်နေမိတယ်။ အခန်းက အပျံစား ပါလား။ ကုလားထိုင်တွေက သားရေအစစ်တွေ။ အခန်းအောင့်က ကော်ဖီစားပွဲ က မှန်အခင်းနဲ့။ နံရံမှာ ပန်းချီကားတွေ ချိတ်ထားတယ်။ အဖိုးတန်ကားတွေ၊ မှန်ပေါင်သွင်း ဓာတ်ပုံတွေလဲ အများကြီး။ နိုင်ငံတကာခေါင်းဆောင်တွေ၊ ၀န်ကြီးတွေနဲ့ တွဲရိုက်ထားတဲ့ ပုံတွေ၊ ပုပ်ရဟန်းမင်းကြီးနဲ့ တွဲရိုက်ထားတဲ့ပုံ လဲ ပါရဲ့။
နံရံမှာ တံခါးနှစ်ချပ်ရှိတယ်။ တစ်ချပ်ကို တွန်းဖွင့်ကြည့်လိုက်တော့ အိပ်ခန်း ကလေး။ စောင်တွေ၊ ခေါင်းအုံးတွေ ကလည်း အားလုံးစစ်သုံးတွေ၊ နောက်တစ်ခန်းကို ဖွင့်ကြည့်တော့ ကြွေပြားခင်းကြွေ ပြားကာအိမ်သာခန်း။ ၀င်ပြီးကြွေခွက်ထဲ မှာ မျက်နှာသစ်ပစ်လိုက်တယ်။ မျက်နှာသုတ်ဝေါတွေက ဖြူဆွတ်ဖွေးနေလို့။ အားလုံး သမ္မတ အိမ်ဖြူတော် တံဆိပ်တွေနဲ့။ ရုံးခန်းထဲပြန်ထိုင်မှ သူ့စားပွဲပေါ် ကသားရေနားကွပ် ဓာတ်ပုံ ကို မြင်မိတယ်။ တော်တော်ချောတဲ့ အမျိုးသမီး။ သားလေးနဲ့ သမီးကလေးကိုဖက်ပြီး ရိုက်ထားတဲ့ပုံ။ မျက်နှာ ကပြုံးလို့။
သည်လိုသူကောင်းသားမျိုး က အိမ်မှာလည်း တာဝန်ကျေအိမ်ဦးနတ်ပဲ ဖြစ်မှာပါ။
တံခါးပွင့်လာပြီး ကော်ဖီဗန်းနဲ့ အမျိုးသမီးတစ်ယောက်ဝင်လာတယ်။ ယမင်းရုပ်ကလေးတွေရဲ့ နှုတ်ခမ်းက အပြုံးမျိုး နဲ့ ကျုပ်ကိုနှုတ်ဆက်တယ်။ ကော်ဖီစားပွဲဆီကို လျှောက်သွားပြီး ထိုင်ချလိုက် တယ်။ အမျိုးသမီးက ခပ်ဖြောင့်ဖြောင့်၊ ကုန်းပြီးကော်ဖီငှဲ့တယ်၊ ကော်ဖီမတ်ခွက်မှာလည်း အိမ်တော် တံဆိပ်နဲ့ဗျား....။
"နို့ထည့် မလား၊ သကြားနဲ့ချည်းလား ဗိုလ်မှုးကြီး"
"ကော်ဖီနက်စ် ပဲ လုပ်ပါ၊ ကိုယ့်လောက်မည်းပစေနော်"
အမျိုးသမီးက ရယ်တော့ ကျွန်တော် မော့ကြည့်ပြီးပြုံးပြလိုက်တယ်။
"ဟုတ်ကဲ့ပါ....ဗိုလ်မှုးကြီး၊ မစ္စတာကွမ်လိုစီတော့ သနားစရာပဲ၊ စန်ကာလိုကိစ္စဖြစ်ပြီးကတည်းက အိမ်ကို မပြန်ရရှာဘူး"
"ဟိုအခန်းထဲမှာတော့ အိပ်ရာတွေ့တယ်"
ကျုပ်က ဓာတ်ပုံကို လှမ်းကြည့်ပြီး....
"အင်း...အမျိုးသမီးကတော့ နားလည်ရမှာပေါ့လေ"
"အများအားဖြင့် သူတို့တွေနားလည်တတ်ကြပါတယ်"
"အများအားဖြင့် ဆိုရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်၊ ဒီမှာအားလုံး အလုပ်များကြမှာပဲ ထင်တယ်၊ မင်းတို့အတွက်လဲ အိပ်ရာ လုပ်ထားရမှာပေါ့၊ ဟုတ်လား"
သူက ခေါင်းယမ်းပြီးထွက်သွားတယ်၊ မျက်နှာကလေးရဲသွားသလားမသိ၊ သဘောပေါက်လိုက်ပါ တယ်။ မိန်းကလေး က အခန်းဝကနေပြီး လှမ်းပြောတယ်....
"လိုရင် ကျွန်မကို ခေါ်လိုက်ပါနော်"
"ကောင်းပါပြီဗျာ"
ကော်ဖီက ကောင်းမှကောင်း၊ တစ်ခွက်လုံးမော့ချလိုက်ပြီး နောက်တစ်ခွက်ထပ်ငှဲ့တယ်။ ပြီးတော့မှ ကျုပ်ဦးနှောက် ကို အလုပ်ပေးတယ်၊ ကံကောင်းလို့တွေ့ခွင့်ရရင်ကျုပ်ဘက်က အဆင်သင့်ဖြစ်နေရ မယ်လေ။
မိနစ်နှစ်ဆယ်ကြာမှ တံခါးပွင့်လာတယ်။ ရော်ဂျာကကျုပ်ကို လက်ညှိုးလေးကွေးပြီး ခေါ်တယ်လေ၊ သူလမ်းလျှောက်ပုံ က ဖိနပ်အောက်မှာ စပရိန်တပ်ထားသလား အောက်မေ့ရတယ်၊ သူ့ဦးခေါင်းက နိမ့်လိုက် မြင့်လိုက် နဲ့ လျှောက်သွားရတဲ့လမ်းနဲ့ ပတ်ဝန်းကျင်အခန်းတွေကိုတောင် ကျုပ်သတိမ ထားမိ လိုက်ဘူး။
ဝရန်တာနှစ်ခုလောက်ဖြတ်လျှောက်ရတယ်၊ လှေကားထစ်တွေကို တက်ချည်၊ သက်ချည်လုပ်ရ တယ်၊ နောက်ဆုံး ဧရာမ သစ်သားတံခါးရွက်ကြီးတစ်ခုဆီ ရောက်လာကြတယ်၊ ရော်ဂျာက တွန်း ဖွင့်ပေးပြီး တိုးတိုး ကပ်ပြောသည်။
"ခင်ဗျား ကံကောင်းပါစေ"တဲ့။ ပြီးတော့ ဘောက်ဆက် ဘောက်ဆက်နဲ့ လှည့်ထွက်သွားတယ်၊ အတွင်းခန်း တစ်ခန်းထဲ မှာ ကွမ်လိုစီ ကျုပ်ကိုစောင့်နေတယ်၊ တိတ်ဆိတ်နေတဲ့အခန်းထဲမှာ သူ့အသံက ပိုကျယ်နေသလိုပဲ။
"သမ္မတနဲ့ တွေ့ခွင့်တော့ ရတယ် ဗိုလ်မှုးကြီး၊ သိပ်ရှားရှား ပါးပါးရတဲ့အခွင့်အရေးပဲ၊ ဒီညသမ္မတ ကတော် နဲ့နှစ်ယောက်တည်း ညစာစားမယ်တဲ့၊ အဲဒါကြောင့် ခပ်တိုတို ပဲ ပြောဗျာ၊ ဟုတ်ပြီလား"
ကျုပ်ခေါင်းညိတ်ပြလိုက်တော့ သူကတံခါးကို တွန်းပြီး ရှေ့က၀င်သွားတယ်၊ တကယ့်ဘဲဥပုံ ရုံးခန်းကြီး၊ ဧရာမ အခန်းကြီး၊ ဒါပေမယ့် စိတ်ကျဉ်းကျပ်ခြင်းမျိုးမရှိဘူး၊ သက်သောင့်သက်သာရှိ တယ်၊ လွတ်လပ်မှုရှိတယ်လို့ ခံစား ရတယ်။
ဧရာမပြတင်းပေါက်ကြီးကို ကျောပေးပြီး အ လုပ်စာကြီးတစ်လုံးမှာ လူတစ်ယောက် ထိုင်နေ တယ်၊ နိုင်ငံတော်အလံက သူ့ပခုံးတစ်ဖက်နားမှာ၊ တစ်စုံတစ်ခုကို ငုံ့ဖမ်းနေတယ်၊ ယာဘက်လက် မှာ ဖောင်တိန်ကိုင် လို့၊ ကွမ်လိုစီ ချောင်းဟန့်သံပေးပြီး....
"ဗိုလ်မှုးကြီးဆလိုကမ် ရောက်ပါပြီ သမ္မတကြီးခင်ဗျား"
သူမော့ကြည့်တယ်၊ ဖျတ်ခနဲ ကျုပ်အလေးပြုလိုက်တယ်၊ သူမျက်နှာတစ်ချက် "ပျက်သွားတာကို ကျုပ်သတိထား မိလိုက်တယ်။ အဲဒီတဒင်္ဂမှာ ကျုပ်တွေခနဲ ဖြစ်သွားတယ် စိတ်လဲပူသွားတယ်၊ ဒါပေမယ့် ချက်ချင်း နားလည်လိုက်တယ်။ ကွမ်လိုစီက ကျုပ်လူမည်းတစ်ယောက်ဆိုတာ ထည့်ပြော မထားဘဲကိုး၊ ကျုပ်ကလည်း မည်းလိုက် သမှနက်ပြောင်နေတဲ့ကောင်။"
တစ်ဦးစီးချုပ် ဟာ သူ့တပ်မတော်ထဲက အမည်ဆုံး အကြီးဆုံး ကပ္ပလီကြီးကို ငေးကြည့်နေတယ်၊ လုံးဝမျှော်လင့်ထားတဲ့ ပုံ မရဘူး၊ ကွမ်လိုစီဘာလုပ်တာပါလိမ့်၊ ကျုပ်အသားရောင်ကို ကြိုပြောထား ဖို့မေ့နေ တာလား၊ တမင်မပြောဘဲ ထားတာလား။
သမ္မတကြီး က ချက်ချင်းဣနြေ္ဒဆည်တယ်၊ ကွမ်လိုစီကိုတစ်ချက် ငဲ့ကြည့်ပြီး စားပွဲကထလာတယ်။ သူပြုံးပုံ က ပြည့်ပြည့်၀၀ရှိတယ်၊ လက်ဆွဲနှုတ်ဆက်ပုံက တော်တော်သန်မာတယ်။ ဘယ်ဘက် လက်ကို ကျုပ်ပခုံးပေါ် တင်ပြီး ဆိုဖာခုံနိမ့်နိမ့်ကလေးတွေမှာ ထိုင်ဖို့ပြောတယ်။
သုံးယောက် ထိုင်ကြတယ်။ ကျုပ်စိတ်ထဲမှာ လှုပ်ရှားနေပေမယ့် ကြောက်စိတ်တော့ လုံးဝမရှိဘူး။ သမ္မတက ကျုပ်ရင်ဘတ်ပေါ် က တိုးလိုးတွဲလောင်း ပစ္စည်းတွေကို သေသေချာချာ ကြည့်တယ်။ ပြီးမှ......
"ဗိုလ်မှုးကြီးဆလိုကမ် ခင်ဗျား၊ ဗိုလ်မှုးကြီးရဲ့ ရင်ဘတ်တစ်ခုလုံးပြည့်နေတဲ့ တံဆိပ်တွေက တိုင်းပြည်အတွက် ဘယ်လောက် ရဲရင်ပြောင်မြောက်စွာ တိုက်ပွဲတွေဝင်ခဲ့တယ်ဆိုတာ ပြနေပါ တယ်၊ ဒါပေမယ့်မကြာခင် အချိန်မှာ စစ်ခုံရုံး တင်ခံရမယ့် စစ်သားတစ်ယောက်နဲ့ ကျုပ်တွေ့နေ တာများလားလို့လဲ တွေးမိတယ်"
သူက ခပ်ပြုံးပြုံးလေး ပြောနေတာပါ၊ ဒါပေမယ့် ကျုပ်ဘာပြန်ပြောရမှန်း မသိအောင်ဖြစ်သွားတယ်။
"သမ္မတကြီး...ခင်ဗျား၊ ကျွန်တော်တို့..."
"ဘာပဲဖြစ်ဖြစ် ကိုယ့်အထက် အရာရှိတစ်ယောက်ကို ထိုးတယ် ဆိုတာ နည်းတဲ့အပြစ် မဟုတ်ဘူး"
ခုမှ ကျုပ်ဒိုးဒိုးဒေါက်ဒေါက် တုံ့ပြန်နိုင်တော့တယ်။
"သမ္မတကြီး....ခင်ဗျား၊ အဲဒီကိစ္စအတွက် လုံးဝနောင်တမရပါဘူး၊ ကျွန်တော့်ရဲဘော် ရှစ်ယောက် လုံးလုံးမလို အပ် ဘဲ အသက်ဆုံးခဲ့ရပါတယ်၊ ကျွန်တော့်ရဲဘော် ရှစ်ယောက်..."
သူခေါင်းညိတ်တယ်။
"တော်တော့်ကို စိတ်မကောင်းစရာ အဖြစ်ပဲ၊ ဒါပေမယ့် ခင်ဗျားတို့ သိကြပါတယ်၊ ဒီလေ့ကျင့်ခန်း တွေဟာလဲ လုပ်လို့မဖြစ်တဲ့ ကိစ္စတွေလေ၊ ဒီလိုပဲ အထိအခိုက်အကျအဆုံး ရှိကြတာပါပဲ"
"မှန်ပါတယ်...ခင်ဗျာ၊ ဒါပေမယ့် ခုဟာက မလိုအပ်ဘဲ သက်သက်ဖြစ်ရတာပါ၊ တလွဲဆံပင်ကောင်း တာပါ။
တကယ့် တိုက်ပွဲတွေမှာ ရဲဘော်တွေကို ကျွန်တော်ကိုယ်တိုင်လေယာဉ်ပေါ်က ကန်ချပါ တယ်၊ ကျွန်တာ် ကိုယ်တိုင်သူတို့နဲ့ အတူ လိုက်ခုန်ချပါတယ်၊ ခုဟာကတစ်မျိုးခင်ဗျ၊ သူ့ကိုယ်သူ စိတ်ဓာတ်ဘယ်လောက် မာတယ် ဆိုတာ ပြချင်တာအဓိကပါ၊ သူကဘန်ကာကျင်းထဲမှာ ဇိမ်နဲ့ ထိုင်နေတယ်ခင်ဗျ၊ အဲဒီအဖြစ်အတွက် ကျွန်တော် စိတ်မကောင်းပါဘူး၊ ဒါပေမယ့်နောင်တတော့ မရဘူးခင်ဗျ၊ ကျွန်တော့်ကို စစ်ခုံရုံးတင်ရင်လဲ ရင်ဆိုင်ဖို့ အသင့် ပါပဲ"
"ဟုတ်ပြီလေ၊ ကဲ...ခု မိုက်က ကျုပ်ကိုရှင်းပြတယ်၊ ခင်ဗျားက စန်ကာလိုကယ်ဆယ်ရေးကိစ္စကို သဘောမတူဘူး ဆို၊ လင်းစမ်းပါဦး"
နေရထိုင်ရတာ အဆင်မပြေလှ။ ခုံတွေက ကျုပ်အတွက်နူးညံ့လွန်းနေတယ်၊ နိမ့်လွန်းနေတယ်၊ ဒူးခေါင်း နဲ့မေးစေ့နဲ့ ထိလုမတတ်ဘဲ။
"သမ္မတကြီး...ခင်ဗျား၊ ကျွန်တော့်ကို မတ်တတ်ရပ်ပြီး စကားပြောခွင့်ပြုပါခင်ဗျား"
သူက လက်ဝေ့ပြီး ခွင့်ပြုကြောင်း အမူအရာနဲ့ပြတယ်။ ကျွန်တော်ထရပ်လိုက်သည်။ ဒါပေမယ့် အဆင်မပြေ လှပါဘူး။ သမ္မတလုပ်တဲ့သူက ကျုပ်လိုပါမွှားကို မော်ကြည့်နေရပြန်တယ်။ သည်တော့ မှ သူကပြုံးပြီးထတယ်။ ပြီး...သူ့စားပွဲကို ပြန်လျှောက်သွားတယ်။
"ကဲ...ကျုပ်ဒီမှာထိုင်မယ်၊ ဗိုလ်မှုးကြီးက လမ်းလျှောက်ရင်း စကားပြောချင်ပြော၊ ရင်းရင်းနှီးနှီးသာ ပြောပါ၊ ထုံးတမ်းစဉ်လာတွေ လုပ်မနေပါနဲ့"
"ကျေးဇူးတင်ပါတယ်....ခင်ဗျာ"
ကွမ်လိုစီ ကပါ ထလာပြီးကျုပ် ဘယ်လက်ကုလားထိုင်တစ်လုံးမှာ ၀င်ထိုင်တယ်။ ကျုပ်လည်း ဆက် တွယ်တော့မယ် ဆိုပြီး သမ္မတရဲ့ မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်တယ်။
"ကျွန်တော့်ကို မစ္စတာကွမ်လိုစီက တိုတိုပြောဖိုက အမိန့်ရှိထားပါတယ်၊ သမ္မတကြီး မကြာခင် ညစာ စားမယ့် အကြောင်းလဲ ကျွန်တော်သိထားပါတယ်၊ ကျွန်တော့်နိဒါန်း ပျိုးတာနဲ့ပဲ ညစာတွေ အေးကုန်လောက်ပါတယ်"
ကွမ်လိုစီ ကို ကျုပ်ငဲ့ကြည့်လိုက်တယ်။ မျက်နှာ ပျက်နေတယ်လေ။ သမ္မတက နာရီကို ငုံ့ကြည့် တယ်။ နှုတ်ခမ်းကို တင်းတင်းစေ့တယ်။ ပြီးတော့ကျုပ်ကို အတန်ကြာငေးကြည့် နေပြန် ပါတယ်။ နောက်ဆုံး ကျမှ.....
"ကဲ...ခင်ဗျား ပြောမယ့်ကိစ္စ သိပ်အရေးပါတယ်လို့ ကျုပ်ယုံကြည်ရင် ညစာက ကိစ္စမရှိပါဘူး၊ စောင့်နိုင်ပါတယ်"
ပထမ တစ်ထစ် ကျော်နိုင်ခဲ့ပြီလို့ ကျုပ်သဘောပေါက်လိုက်တယ်။ သက်မတစ်ချက်ချပြီး အနိမ့် အမြင့်မရှိတဲ့ အမျိုး နဲ့ကျုပ်စကားဆက်တယ်။
"သမ္မတကြီး...ခင်ဗျား၊ ကျွန်တော့်အနေနဲ့ နှစ်ပေါင်းသုံးဆယ်လုံးလုံး အမေရိကန် စစ်တပ် မှာ ဖြစ်ချင်တိုင်း ဖြစ်နေတာ၊ အရည်အသွေးကျနေတာတွေကို ကျွန်တော့်စစ် ဦးစီးချုပ်ရှေ့မှာ ပြောဖို့ တာဝန် ရှိတယ်လို့ ခံယူပါတယ်။"
လောကကြီးတစ်ခုလုံး တိတ်ဆိတ်နေသလိုပဲ။ သမ္မတက ကွမ်လိုစီကို လှမ်းကြည့်တယ်။ ပုပ်နေ တဲ့ကြွက်သေ တစ်ကောင်ကို ချီလာတဲ့ ကြောင်တစ်ကောင်ကို ကြည့်သလို ကျုပ်ကိုတစ်လှည့် ပြန် ကြည့်တယ်။ ပြီးတော့လုံးဝ မျက်နပ်တဲ့ အသံမျိုးနဲ့....
ခင်ဗျားရင်ဘတ်ပေါ်ကတံဆိပ်တွေ နဲ့ တိုင်းပြည်အတွက်အသက်ပေးသွားတဲ့ ရဲဘော်လူပေါင်းများ စွာကိုအပုပ်ချ ဖို့ ခင်ျားမှာ တာဝန်မရှိပါဘူး
ကျုပ် ခေါင်းယမ်းလိုက်တယ်။
"အဲဒီလိုမဟုတ်ပါဘူးခင်ဗျာ၊ ကျဆုံးလေပြီးတဲ့ရဲဘော်များကို ကျွန်တော်အမြဲအလေးပြုပါတယ်၊ ကျွန်တော်ဟာ စစ်သက်နှစ်ဆယ့်ရှစ်နှစ် ရှိနေတဲ့ စစ်သားတစ်ယောက်ပါ၊ အမေရိကန်ကြည်း၊ ရေ၊ လေတပ်သားတွေက ကမ္ဘာမှာ အတော်ဆုံး တပ်သားတွေပါ၊ ကျွန်တော်ဝေဖန်တာက အထက်ပိုင်း ကိုပါ၊ သူတို့ရဲ့သဘောထား၊ သူတို့ ရဲ့တွေးခေါ်ပုံ၊ သူတို့ရဲ့ဖွဲ့စည်းပုံတွေကိုပါ၊ ကျွန်တော်တို့တိုင်း ပြည်ရဲ့လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သမ္မတကြီး ရဲ့ကမ္ဘာ့နိုင်ငံရေး ပေါ်လစီကို ဘယ်လိုမှ လိုက်မမီအောင် နောက်ကျန်နေပါတယ်"
ငြိမ်ချက်သားဆက်ကေင်းနေမြဲ။ သူ့မျက်နှာမှာ အစာမကြေသည့် အရိပ်အယောင်များ အထင်း သား။
"ရှင်းစမ်းပါဦး...ဗိုလ်မှုးကြီး"
"သမ္မတကြီး...ခင်ဗျား၊ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်ကစပြီး ကျွန်တော်တို့ တိုင်းပြည်ဟာ စစ်ရေး အောင်မြင်မှုနဲ့ ကင်းဝေးခဲ့ပါတယ်" သမ္မတသက်ပြင်းချတယ်။
"ဂရင်နာဒါ ကိစ္စကတော့"
"ဂရင်နာဒါ မှာ ကျွန်တော်တို့ အသေအလဲ ခံရတာပဲ၊ ကျွန်တော်ပါတယ်လေ၊ ဒီအကြောင်းနောက် မှ ကျွန်တော်ဆွေးနွေးပါ့မယ်၊ ပထမကိုရီးယား စစ်ပွဲအကြောင်းက စကြရအောင်၊ အင်းချွန်းဆိပ် ကမ်းကို ကျွန်တော် တို့ ကမ်းဟက်တပ်တွေ ၁၉၅၀-ခုနှစ်မှာ ဆင်းတယ်၊ ကိုဘဲ့လိ့စစ်ဆင်ရေးလို့ နာမည်တွင်ပါတယ်"
"အဲဒါလဲ ကျဆုံးခန်း ပဲလား"
"မဟုတ်ဘူးခင်ဗျာ၊ အရမ်းပိုင်တဲ့ ကမ္ဘာကျော်အောင်မြင်မှုပါ၊ အဲဒါဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံး အောင်ပွဲပဲ"
သူ့ စားပွဲရှေ့မှာ ကျုပ်လမ်းလျှောက်တယ်၊ ခြေသံလုံးဝမကြားရဘူး၊ ကော်ဇောကအထူကြီးလေ၊ လက်ညှိုး တစ်ချောင်း ထောင်လိုက်တယ်။
"အဲဒီအောင်ပွဲပြီးတော့ ကျွန်တော်တို့ဟာ လူးမြစ်သို့ချီတက်ကြပါတယ်၊ မက်အာသာဟာ တရုတ် ၀င်လာမယ် ဆိုတာ လုံးဝမရိပ်မိခဲ့ပါဘူး၊ သူကအခြေအနေကို ကျယ်ကျယ်ပြန့်ပြန့်မသုံးသပ်ဘဲ စစ်ကြောင်းတွေ အလောတကြီးရှေ့ကိုဖြန့်တယ်၊ အဲဒီမှာ တရုတ်က၀င်တွယ်တော့ ကျွန်တော်တို့ တစ်တွေ အမေရိကန် စစ်သမိုင်းမှာ၊ အဝေးဆုံးခရီးကို ခွေးပြေးဝက်ပြေး စစ်ဆုတ်ခဲ့ကြရတယ်၊ နောက်ဆုံး ထွက်ပေါက်ပါ အပိတ်ခံ လိုက်ရတယ်၊ အဖြေက ကိုရီးယားနှစ်ခြမ်းကွဲတယ်၊ ကျွန်တော် တို့ရဲ့သမိုင်းမှာ ပထမဆုံးအနေ နဲ့ ရေခြားမြေခြားမှာ စစ်ရှုံးခြင်းပဲ"
သူကဖြတ်ပြီး........
"လူတိုင်း အဲဒီလို မမြင်ကြပါဘူး"
ကျုပ် ချာခနဲ လှည့်ပြီး သူနဲ့မျက်နှာချင်းဆိုင်လိုက်တယ်...
"သမ္မတကြီး ခင်ဗျား၊ ကျွန်တော်တို့စစ်သားတွေကတော့ ဒီအတိုင်းပဲမြင်ပါတယ်၊ သမိုင်းဆရာတွေ က တစ်မျိုးရေးချင် ရေးကြပါလိမ့်မယ်"
ကျုပ်ကဒုတိယလက်ချောင်းထောင်လိုက်ပြီး...
"ခြောက်ဆယ့်တစ်ခုနှစ်မှာ ကျူးဘားဝတ်ပင်လယ်ကွေ့ အရေးအခင်းဖြစ်တယ်၊ စီအိုင်အေက လုပ်တဲ့ စစ်ဆင်ရေး ဖြန့်ပေးမယ်လို့ စီမံချက်ရေးဆွဲရာမှာ ကျွန်တော်တို့ စစ်တပ်က အများကြီးပါ ခဲ့တယ်၊ အကြီးအကျယ် ကျွန်တော်တို့ ကွဲခဲ့တယ်၊ ကမ်းတက်တပ်တွေရဲ့ စစ်ဆင်ရေးမှာ သမိုင်း အတင်ခံ ရဲလောက်အောင် မှားယွင်းခဲ့တယ်၊ လက်နက် ခဲယမ်း မီးကျောက်လဲ အပိုပါမသွားဘူး၊ လေကြောင်း အကာအကွယ် မယူဘဲ ပေါ်တင်ကြီးတက်တယ်၊ ထောက်လှမ်းရေးအတင်း ညံ့ဖျင်းလွန်းတာ ဘူးပေါ်သလိုပေါ် တဲ့ စစ်ပွဲပဲ"
တတိယလက်ချောင်း ထောင်လိုက်ပြန်တယ်...
"ဗီယက်နမ်၊ ကမ္ဘာမှာ မယှဉ်သာအောင် ကြီးမားတဲ့ စစ်အင်အားနဲ့ ယုံကြည်မှု၊ ကိုယ့်ကိုယ်ကို အထင်ကြီးမှု အပြည့် နဲ့ ကျွန်တော်တို့ တိုက်ခဲ့တယ်၊ ဘာကြောင့် ရုပ်ပျက်ဆင်းပျက် စစ်ရှုံးရသလဲ၊ ပင်တဂွန်က ကျွန်တော် တို့ ကောင်လေးတွေ ကို ခြောက်လတစ်ကြိမ် လူလဲရမယ်တဲ့၊ သမ္မတကြီး ခင်ဗျား၊ ကျွန်တော်ဗီယက်နမ် မှာ ခြောက်နှစ်ကြာခဲ့ပါတယ်၊ သူတို့တစ်တွေ ၀င်လာလိုက်၊ ပြန်သွားလိုက် လုပ်နေတာ ကို ပဲ စောင့်ကြည့်နေပါတယ်၊ ပထမသုံးလမှာ သူတို့ကို သင်ပေးရပါ တယ်၊ နောက်သုံးလမှာ သူတို့ မစွန့်စား ချင်ကြပါဘူး၊ တိုက်ခိုက်ရေး တပ်တွေမှာ စွမ်းရည် ကျလာတယ်၊ အချင်းချင်း စည်းလုံးမှုနည်းလာတယ်၊ ဒါ လူ့သဘာဝပဲ၊ ဟိုစောစောပိုင်းတုန်းက ဗြိတိသျှတပ်တွေ ဒီလိုစစ်ပွဲမျိုး အင်ဒိုနီးရှားမှာ တိုက်ခဲ့ဖူး တယ်၊ ဘော်နီယိုကျွန်းမှာပါ၊ စစ်ထွက်ကတည်းက မနိုင်မချင်းမပြန်ခဲ့နဲ့၊ အနိုင်တိုက်လို့ မှာလိုက်တယ်၊ သုံးနှစ်နဲ့ သူတို့ စစ်နိုင် သွားတယ်"
သမ္မတက ကွမ်လိုစီကို လှမ်းကြည့်တယ်၊ ကွမ်လိုစီက ခေါင်းညိတ်ပြတယ်၊ ကျုပ်က စတုတ္ထ လက် ချောင်းထောင်နေပြီ။
"နောက် တစ်ထောင့်ကိုးရာ ခြောက်ဆယ့်ရှစ်ခုနှစ်၊ ပွေဗလို အဏုမြူထောက်လှမ်းရေး သင်္ဘော ကိစ္စ၊ ရေတပ်က မဖြစ်စလောက် လက်နက်ကလေး တပ်ပေးပြီး မြောက်ကိုရီးယား ရေပိုင်နက်ထဲ လွှတ် လိုက်တယ်၊ ပေါက်ကွဲ ဖို့စောင့်နေတဲ့နေရာ၊ သိပ်ရန်လိုနေတဲ့နေရာ၊ ဘာပြောကောင်းမလဲ တန်းအဆော်ခံလိုက်ရတာပဲ၊ ပွေဗလိုက စစ်ကူ လှမ်းတောင်းတော့ ဘယ်ကမှ အကူအညီရောက် မလာဘူး၊ ပွေဗလိုရေယာဉ်မှုးဟာ သူ့တာဝန်အရ လွတ်အောင်မောင်းပြေး ရမယ်၊ ဒါပေမယ့် မပြေး နိုင်ခဲ့ဘူး၊ ကျွန်တော်တို့မျက်နှာဓား နဲ့လှီးပစ် ဖို့ ကောင်းလောက်အောင် အရှက်ကွဲခဲ့ကြတယ်"
သူကျုပ် ကို စိတ်ဝင်တစားကြည့်နေပြီ။ ဆက်မလျှောက်တော့ဘဲ သူနဲ့မျက်နှာချင်းဆိုင် မတ်တတ် ရပ်ပြီး ဘယ်ဘက်လက် က လက်ချောင်းစထောင်တယ်။
"ခုနစ်ဆယ် ခုနှစ်မှာ ဆွန်တေးစစ်ဆင်ရေး၊ မြောက်ဗီယက်နမ်က အမေရိကန် သုံ့ပန်းတွေကို ကယ်မယ့် စီမံချက်၊ ဆွဲထားတဲ့ပုံစံက သိပ်နိပ်တယ်၊ ဒါပေမယ့် ကွန်မန်ဒိုတပ်ဖွဲ့ ဆွန်တွေးကို ရောက်တော့ အမေရိကန် တစ်ယောက်မှ မရှိတော့ဘူး၊ လပေါင်းများစွာကတည်းက သူတို့ကို ရွေ့ ထားပြီးပြီ၊ ကဲ...ဒါလဲ စီအိုင်အေ အသုံးမကျတာ ဘဲ မဟုတ်လား"
လက်တစ်ချောင်းထပ်ထောင်ပြီး လမ်းပြန်လျှောက်တယ်။
"ခုနစ်ဆယ့်ငါးခုနှစ်ကျတော့ မာယာဂွက်ဇ် အမေရိကန်ကုန်တင်သင်္ဘော သင်္ဘောသားတွေကို ကမ္ဘောဒီးယားက ညှပ် ဖမ်းတယ်၊ တစ်ခါကယ်ကြပြန်ရော၊ ဒီတစ်ခါစီအိုင်အေ ချာတူးလန်ပုံက ပိုပြီး အော့နှလုံး နာစရာ ကောင်းတာပဲ၊ ကုန်းကလေးပေါ်ကို စစ်ကြောင်းတွေ ဖြန့်တက်တယ်၊ လဲသေဖို့ တောင် ကောင်းတဲ့ အဖြစ်ပဲ၊ သင်္ဘောသားတွေကို အဲဒီအချိန်မှာ လွှတ်ပေးပြီးနေပြီ၊ တစ်ကမ္ဘာလုံး ၀ိုင်းဟားကြတယ်၊ ဒါပေမယ့် ကျွန်တော် တို့ဘက်က လေးဆယ့်တစ်ယောက် ကျသွားတယ်"
ကျုပ်နောက်ထပ် လက်မထောင်တော့ဘဲ လက်နှစ်ဖက်ချပြီး ဆက်ပြောတယ်။
"ခုနှစ်ဆယ့်ကိုးခုနှစ်ကျတော့ အီရန်သံရုံးအသိမ်းခံလိုက်ရတဲ့ ကိစ္စ၊ ကယ်ဆယ်ရေး စစ်ဆင်မှုအ တွက် စီမံချက်တွေလုပ်ကြပြန်ရော၊ အဲဒါကတော့ ကျွန်တော်တို့သမိုင်းမှာ ရှက်စရာအကောင်းဆုံး အဖြစ်အပျက်ပဲ၊ ဗိုလ်မှုးကြီးဘက်ဝစ် နဲ့ သူ့လူတွေဟာ ကမ္ဘာပေါ်မှာ အတော်ဆုံး စစ်သားတွေပဲ၊ ငါးလတိတိ သူတို့လေ့ကျင့်တယ်၊ ဒါပေမယ့် စီမံချက်အဘက်ဘက်က ထောင့်မစေတဲ့အတွက် အရေးနိမ့်ခဲ့ရတယ်၊ အကြောင်းရင်း ကတော့ စစ်ဆင်ရေးဒေသနဲ့ အမေရိကန်နိုင်ငံ ဝေးလွန်းတာ ရယ်၊ လေ့ကျင့်ပုံလေ့ကျင့်နည်း ညံ့ဖျင်း တာရယ်ကြောင့်ပါပဲ၊ ဒါပေမယ့်ဘယ်သူမှ ဒါကိုထောက် မပြရဲကြဘူး၊ ကွန်ပျူတာ အဖြေလွှာတွေက အကောင်းဆုံးပါ၊ အမှန်ဆုံးပါလို့ ပြနေတာမဟုတ် လား"
"ကျွန်ပျူတာထဲကို သဲမုန်တိုင်းကျမယ့်ကိစ္စ ကြိုထည့်လို့ရသလား၊ လေသူရဲတစ်ယောက်ရဲ့ ချွတ် ယွင်းနိုင်မှုကို ကြိုတွက် ထားရဲ့လား၊ စစ်ဆင်ရေးဒေသကို မမျှော်လင့်ဘဲ အရပ်သားတွေ ရောက်လာနိုင်တဲ့ကိစ္စ ထည့်နိုင် သလား၊ ရဟတ်ယာဉ်ကို ကြံ့ခိုင်ရေးကောင်းကောင်း လုပ်မပေး လိုက်လို့ ဖြစ်လာမယ့် ပြဿနာတွေကို ထည့်တွက်ကြရဲ့လား၊ အဲဒါတွေ ထည့်မတွက်တဲ့ အခါကျ တော့ခုလို တစ်စစီဖြစ်ကုန်တာပေါ့"
သူ့ဘက်ကိုကျုပ်ချာခနဲ လှည့်လိုက်တယ်။ သူကစားပွဲကို မျက်မှောင်ကုတ်ပြီး ငုံ့ကြည့်နေတယ်၊ ကျုပ်ကကွမ်လိုစီ ကို လှမ်းကြည့်လိုက်တယ်။ သူကဟိုးအဝေးကြီးက နံရံကို ငွေးကြည့်နေတယ်၊ သည်တော့မှ ကျုပ်က အသံတိုးတိုးနဲ့...
"ရှစ်ဆယ့်သုံးခုနှစ်မှာ ဘီရွတ်အရေးအခင်းဖြစ်တယ်"လို့ စကားဆက်တော့ သမ္မတမော့ကြည့် တယ်။ သူ့အတွက်ကျုပ်စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ရပ်ထားလို့တော့ မရဘူးလေ။
"ဟုတ်ကဲ့၊ ဘီရွတ်ကိစ္စပါ၊ ထုံးစံအတိုင်း စစ်ဆင်ရေးစီမံချက်တွေ အသုံးမကျလို့ ကမ်းတက်တပ် သားပေါင်းနှစ်ရာ့လေးဆယ့် တစ်ယောက်ကျဆုံးခဲ့ရတယ်၊ နောက်နှစ်ရက်မှာ ကျွန်တော် စစ်ရုံး အတင်ခံရတော့မယ်၊ ကျွန်တော် စွဲချက်တင်ခံရတဲ့ ပြစ်မှုက ဗိုလ်ချုပ်တစ်ယောက်ကို ဆွဲထိုးလို့၊ သူ့မေးရိုးမ ကျိုးပါဘူး၊ ရောင်ရုံရောင်သွားတာပါ၊ ဒါပေမယ့်ဒီဘီရွတ်ကိစ္စနဲ့ ဗိုလ်ချုပ်ဘယ်နှစ် ယောက်စစ်ခုံရုံး အတင်ခံရသလဲ"
"သမ္မတသက်ပြင်းချတယ်၊ ကုလားထိုင်နောက်ကို ပစ်မှီလိုက်တယ်။ အခန်းထဲမှာ အကြာကြီး တိတ်ဆိတ် သွားပြန်တယ်၊ ကျွန်တော့်ခေါင်းထဲမှာ နောက်ကျသွားတယ်၊ ကျုပ်တောင်နိုင်ခြင်းလား ရှုံးနိမ့်ခြင်းလား မသေချာသေး။ သူကနာရီကိုကြည့်တယ်၊ ပြီးတော့ ကွမ်စီလိုကိုကြည့်တယ်၊ သူ့ရင် ထဲကလှိုင်းပုတ်သံတွေကို ကပ် နားထောင်ချင်နေတယ်၊ သူနောက်တစ်ကြိမ် သက်ပြင်းချပြန်တယ်၊ ပြီးတော့တယ်လီဖိုန်းကောက်ကိုင်ပြီး ခလုတ်တွေ ကို အမြန်နှုန်း နဲ့ နှိပ်တယ်။"
"ဂျူလီ လား၊ သမ္မတကတော်နဲ့ ငါစကားပြောမယ်"
ခဏငြိမ်သွားပြီး သမ္မတက စကားဆက်တယ်။
"မိန်းမရေ...ဒေါမပွနဲ့နော် ကိုယ်နည်းနည်းလေး နောက်ကျမယ်၊ ဟုတ်တာပေါ့မိန်းမရယ်၊ စန်ကာလိုကိစ္စကလွဲပြီး ဘာများ ရှိဦးမှာလဲ၊ ဟုတ်ပါတယ်၊ ကိုယ်သိပါတယ်၊ ခဏလေး"
သူ ကျွန်တော့်ကို လှမ်းကြည့်တယ်။
"ခင်ဗျား ဘယ်လောက်ကြာမလဲ ဗိုလ်မှုးကြီး"
"နာရီဝက်လောက် ပါပဲ သမ္မတကြီးခင်ဗျား"
သမ္မတကြီး က ဖုန်းခွက်ထဲကို ပါးစပ်တေ့ပြီး.........
"နာရီဝက်လောက်ပဲ ကြာမှာပါကွာ၊ ဟုတ်ပါတယ်၊ သိပ်သိတာပေါ့၊ အတူတူပါပဲ အချစ်ရယ်"
သူ ခပ်သွက်သွက် တယ်လီဖုန်းကို ချလိုက်တယ်။
"ကဲ...ဗိုလ်မှုးကြီး၊ ကျုပ်နားထောင်မယ်၊ ခင်ဗျားပြောသမျှ ကျုပ်သဘောတူတယ်တော့ မထင်နဲက၊ ဒီကိစ္စတွေမှာ ထည့် စဉ်းစားစရာ အချက်တွေ အများကြီးရှိတယ်၊ ကံကြမ္မာနဲ့လဲဆိုင်တယ်၊ ဒါထက် ဂရင်နာဒါကိစ္စမှာ ဘာမှား လို့လဲ"
"ဟုတ်ကဲ့၊ ကျွန်တော်တို့ အဲဒီပွဲမှာ နိုင်ပါတယ်၊ ဒါပေမယ့် သစ်ကြားသီးကို လမ်းကြိတ်စက်နဲ့ ခွဲသလိုဖြစ်သွား တယ်၊ အဲဒီမှာ လမ်းကြိတ်စက်က နည်းနည်း ပရမ်းပတာဖြစ်သွားတယ်"
"ဆိုပါဦး...."
"မလိုဘဲနဲ့ အင်အားတွေ လွှတ်ကန်သုံးတော့ အကျအဆုံးတွေအရမ်းမျာသွားတယ်၊ အမှန်က လေးထီးတပ်သား တစ်ထောင်လောက် နဲ့ လုံလောက်တယ်၊ စစ်အင်အား သိပ်များတော့ ရှုပ်ထွေး ကုန်ပြီ၊ အချင်းချင်း ထပ်တိုက် ပြန်တွေ့တော့ ရှုပ်ကုန်ရော၊ ဆေးကျောင်းသားတွေရဲ့ တပ်ခွဲကို ကယ်ဖို့ လေးဆယ့် ရှစ်နာရီကြာအောင် ကျွန်တော်တို့ အချိန်ပေးခဲ့ရတယ်၊ အမှန်ကနှစ်နာရီနဲ့ ပြီးရမယ့်ကိစ္စ၊ အဲဒါလဲ ကျွန်တော် တို့ရဲ့ထောက်လှမ်းရေး ချာထူးလန် တာပဲ၊ အဆိုးဆုံးအဖြစ် ကတော့ စိတ္တဇဆေးရုံ တစ်ခုလုံး ကျွန်တော်တို့ အမြောက်ဆန်တွေကြောင့် ပျက်စီးသွားရတဲ့ အဖြစ်ပဲ၊ ကျွန်တော်တို့ဘက်က ဗိုလ်ချုပ်ကြီးတွေတော်တာ တစ်ခုရှိတယ်၊ အဲဒီကိစ္စ သတင်းစာ တွေထဲမပါအောင် အချိန်မီ လိုက်ပိတ်နိုင်ခဲ့တယ်၊ အမှန်က သူတို့ကိုယ်သူ တို့ ကာကွယ်လိုက်တာ ပါ"
သမ္မတရဲ့နှုတ်ခမ်းပေါ်မှာ မဆိုစလောက်အပြုံးကလေးယဲ့ယဲ့ထင်သွားတယ်။ နံရံကပ်ဗီရိုတစ်လုံးဆီ ကိုထသွားပြီး တံခါး ဆွဲဖွင့် တယ်။ အထဲမှာ ပုလင်းတွေ၊ ဖန်ခွက်တွေ။ သူက ကျုပ်ဘက် သမင်လည်ပြန် ကြည့်ပြီး.....
"ကျုပ် ကတော့ ဒီလိုအချိန်မျိုးမှာ မာတီနီပဲ သောက်တယ်၊ မိုက်လဲ အတူတူပဲ၊ ခင်ဗျားကော မာတီ နီပဲ သောက်မယ် မဟုတ်လား"
"ကျေးဇူးတင်ပါတယ် ခင်ဗျာ"
ကျုပ်က ဘီယာပဲ သောက်ချင်ပါတယ်၊ ဒါပေမယ့် သမ္မတကို ဘယ်ပြောလို့ ကောင်းမလဲ။ သူက မာတီနီကို စိတ်ရှည် လက်ရှည် စပ်တယ်။ ကွမ်လိုစီက ထသွားပြီး သူ့ခွက်ကို သူယူတယ်။ သမ္မတက ကျုပ်ခွက်ကို ယူလာပေး တယ်။ ပြီးတော့ စားပွဲစွန်းမှာ တင်းပါးလွှဲထိုင်ပြီး သူ့ခွက်ကို မြှောက်ရင်းဆုတောင်းတယ်။ ကျုပ် တို့နှစ်ယောက် ဖန်ခွက်ကိုယ်စီမြှောက်ပြီး မော့လိုက်ကြတယ်။ တစ်သက်နဲ့တစ်ကိုယ် ဒါလောက်ကောင်းတဲ့ မာတီနီ မသောက်ဖူးဘူး။
"သိပ်ကောင်းတဲ့ မာတီနီပဲ ခင်ဗျာ"သူကပြုံးပြီး...
"ကျေးဇူးပါပဲဗျာ၊ ကဲ...ပြောပါဦး၊ အတိုချုပ်ပေါ့ဗျာ၊ ဘာလို့ဒီလိုဖြစ်ရတာလဲ၊ ဘာကြောင့် အရှုံးတွေ ဆက်တိုက်ပေါ်ခဲ့ရတာလဲ"
နောက်တစ်ကျိုက်မော့ပြီး ကျုပ်အာရုံတွေကို စုစည်းလိုက်တယ်။
"သမ္မတကြီး...ခင်ဗျား၊ စကားလုံးတစ်လုံးတည်းနဲ့ပြောရရင်တော့ ပညာရပ်ပိုင်းပါပဲ"
စားပွဲ ကို သူငုံ့ကြည့်နေတယ်။ ဖန်ခွက်ကို ဟိုဘက်သည်ဘက် လှည့်ရင်း စဉ်းစားနေတယ် ထင်ပါရဲ့။
"ကျွန်တော်တို့တွေဟာ အဲဒီအပိုင်းကို အားကိုးလွန်းနေတယ်၊ အထက်ပိုင်းကဆိုရင် သူ့ဦးနှောက် မသုံးတော့ဘဲ စက်ဦးနှောက် နဲ့ပဲ အဖြေထုတ်နေကြတယ်၊ ကမ္ဘာပေါ်မှာ အရိုးဆုံးနဲ့ အခြေခံအကျ ဆုံးအချက် ကို မေ့ထားကြတယ်၊ စစ်သားတွေ အောင်ပွဲခံတဲ့ တိုက်ပွဲတိုင်း မြေကြီးပေါ်မှာ ဖြစ်တဲ့ စစ်ပွဲတွေချည်းပါပဲ၊ ကျွန်တော် တို့ ဗီယက်နမ်မှာ စစ်ရှုံးခဲ့ရတယ်၊ တစ်ဖက်ရန်သူမှာ ကြည်းတပ်က လွဲပြီးဘာမှမရှိပါဘူး၊ ကျွန်တော် တို့ဘက်မှာက ကြည်း၊ ရေ၊ လေအပြည့် ကျွန်တော်တို့ဘက်က ကျည်ဆန်ဆယ်သန်းပစ်မှ ဗီယက်ကောင်း တစ်ယောက် ကို တစ်ချက်ပဲ မှန်တယ်၊ ကျွန်ပျူတာ တွေ၊ လျှပ်စစ် အာရုံခံပစ္စည်းတွေကြောင့် ကျွန်တော်တို့ တစ်တွေ မျက်စီကန်းနေကြတယ်၊ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းကတည်းက အဲဒီလို ဖြစ်လာတာပါ၊ ဟိုတုန်းကစစ်ပွဲတွေ ကို သူတို့အားလုံး မေ့ထားကြတယ်၊ တပ်မှုးတစ်ယောက်ရဲ့ ပထမဆုံးတာဝန်က တစ်ဖက်ရန်သူ ရဲ့ သတင်းကို အတတ်နိုင်ဆုံး စုဆောင်းဖို့ပါပဲ၊ နောက်ဆုံးတာဝန်ကလဲ ဒါပါပဲ၊ တစ်ဖက်က အင်အား အခြေအနေ နဲ့စစ်ဆင်မှု အခြေအနေမသိဘဲ ထွက်တိုက်လို့ကတော့ အဏုမြူဗုံးမသုံးရင် ရှုံးမှာချည်းပဲ"
သူ ခေါင်းညိတ်တယ်။
"အဲဒီအတိုင်း ဟုတ်တယ် ထားပါတော့၊ ခုကိစ္စမှာ ဘာအမှားအယွင်းရှိလို့လဲ"
ကျုပ် က လက်ကျန်ကို မော့လိုက်ပြီးတော့...
"ကျွန်တော့်စကားလုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ သမ္မတကြီးခင်ဗျား၊ မစ္စတာကွမ်လိုစီကို ပြောခဲ့သလိုပဲ နည်းနည်း မှ သောက်သုံး မကျပါဘူး"
ဆက်ရန်
.

1 comment:
စောင့်မျှော် အားပေးနေပါတယ်ဗျာ
Post a Comment