Tuesday, October 30, 2012

စံ-ဇာဏီဘို ၏ အုတ်ရိုးနောက်ကွယ်မှ ဗေဒင်သိုင်းဂိုဏ်းသားများ

အုတ်ရိုးနောက်ကွယ်မှ ဗေဒင်သိုင်းဂိုဏ်းသားများ
စံ-ဇာဏီဘို


ဖြူဖွေးသော နှင်းမှုန်တို့သည် တိုက်ခတ်လာသော လေနှင့်အတူ သံတိုင်ကြားမှ အခန်းတွင်းသို့ ၀င်ရောက် သည်။ အခန်းသမ့တလင်းပေါ်တွင် ရေအသွင်သို့ကျဆင်းကာ သမ့တလင်းတို့သည် စိုစွတ်အေးစိမ့်နေသည်။ မိုးလင်းပြီး အချိန် အတော်ကြာသည့်တိုင် နေမင်းကို မမြင်ရ။ အလင်းပျပျကိုသာ မြင်နေရသည်။
ခေါင်းအုံး မရှိ။ ခြင်ထောင်မရှိဘဲ သမ့တလင်းပေါ်တွင် ခင်းထားသော ဖျာကြမ်းပေါ်တွင် ဖိနပ်ကို ကြွပ်ကြွပ် အိတ်နှင့်ထုပ် ခေါင်းအုံး လုပ်ကာ ပေးထားသော ချည်ကြမ်းထည်စောင်ကို လုံခြုံအောင် ခြုံကွေး၍ အိပ်စက် ရ သော သူတို့အတွက် ဆောင်းရာသီ၏ အအေးဒဏ်သည်ကား ဆိုးဝါးလှသည်။
နံနက် ၄ နာရီဝန်းကျင်မှ စ၍ အအေးဓာတ်သည် ပိုလာကာ အိပ်မရဘဲ စောင်ကိုခြုံ၍ ထိုင်နေရ သည်။ ထောင်ဖွင့်ချိန် မရောက်သေး၍ ၀ါဒါထောင်မှူးများလာက လှဲ၍ အိပ်ချင်ယောင်ဆောင်နေရသည်။ ထိုဒေသ တွင် ထောင့်ဖွင့်ချိန် မတိုင်မီ အိပ်ရာမှ ထခြင်းမပြုရ။ ဆေးလိပ်ပေးမသောက်။

မိုးလင်းခါနီး လိုက်လံကင်းစစ်သော ထောင်မှူးနှင့် ၀ါဒါတို့သည် နှင်းတောအတွင်း အနွေးထည်များ ထူအောင် ၀တ်ထား သည်။ အနွေးထည်တစ်ထပ် ဆွယ်တာတစ်ထပ်နှင့် လည်ပင်းပတ်၊ ခေါင်းဆောင်း၍ ကင်းလိုက်လံ စစ်ဆေး သည်။ " ဆရာ မီးတစ်တို့ " တစ်ဖက်ခန်းမှ ပြုံးချို၏ အသံကြားရသည်။ ၀ါဒါဖြစ်သူထံ လှမ်း၍ မီးတောင်းခြင်းဖြစ် သည်။ ခေါင်းရင်းတွင်ရှိသော နွားမကျင်လှဆေးပေါ့လိပ်ကို လှမ်းကြည့်လိုက်သော် အစီခံ အထက် လက်တစ်ဆစ်စာ ကျန်သေး၍ နှလုံးအေးသွားသည်။ " ထောင်မဖွင့်သေးဘူးလေ " ဟူ သော စကား ကို ရွှေသွားပေါ်အောင် ပြုံးရင်း ၀ါဒါကို စိုးမောင် က ပြော၍ ဆွယ်တာအထပ်တွင် ၀တ်ထားသော အင်္ကျီအောက် မှ မီးခြစ်ကို နှိုက်ကာပေးသည်။ " ဆရာစိုး ဒီဘက်လည်း မီးတစ်တို့" ဟုတ်တယ် ကိုဇာကြီးရာ၊ ချမ်းကလည်း ချမ်း။ ပိုးကောင်တွေလည်း ကျလို့ အိပ်လို့မရဘူး" ပြုံးချိုက လှမ်းပြောသည်။ လက်ကျန်နွား မကျင်လှဆေးပေါ့လိပ် ကို ဖွာရင်း မနက် ဘယ်အခန်းက စ ရေချိုးချမှာလဲ။ အခန်း ၁ ကိုအောင်ဒင်က စမှာ။ အလွန်အေး လှသော ဆောင်းတွင်းတွင် အလှည့်ကျချိုးရန်ဖြစ်သည်။

အကျဉ်းထောင်တစ်ခုလုံး သို့ ပေးပို့သော ရေစင်သည်ကွဲအက်ကာ သိုလှောင်ပေးပို့၍မရဘဲ စက်နှင့်မောင်း ကာ တိုက်ရိုက်ပေးနေရ သည်ဖြစ်ကာ ထောင်တစ်ခုလုံးသုံးရေ သောက်ရေ လွန်စွာရှားပါးနေ၏။ အလှည့်ကျ အချိန်နှင့် ရေပေးဝေမှုအပေး သုံးစွဲရမည်ဖြစ်ပေရာ တိုက်ခန်းများတွင် မနက်ပိုင်းစောစော ရေပေး ကာ ရေချိုးချစေ သည်။

" တောက် ... ရေချိုးရမှာလည်း အစောကြီး၊ သူများတွေ စောင်ခြုံမီးလှုံနေတဲ့အချိန်" ဟု ကိုအာင်ဒင်က ညည်းလေသော် " ချမ်းရင် ရေချိုး နှင်းတောတိုး " မွန်သံဝဲ၀ဲနှင့် မင်းဇေယျာက ထအော်၏။
" ဟုတ်တယ်ဗျာ၊ လူကြီးတွေ မဆိုနဲ့၊ ကျွန်တော်တို့လူငယ်တွေပါ ရေချိုးရမှာ လန့်နေတာ " အလွန်ညစ်ပတ်၍ ၄ ရက် ၅ ရက် မှတစ်ကြိမ် ရေချိုးသော ရန်မျိုးသိန်းက ဆိုသည်။
" အောင်မာ ... ရေမချိုးဘဲ ဒီလောက်နံဟောင်နေတာ မင်းဆရာဝန်ဖြစ်ရင် ငါတို့ လာကို မကုဘူး။ " မင်း သားကြီး ဦးအောင်လွင် က ထ၍ပြောသည်။ အသံတွင် မောဟိုက်သံများပါဝင်နေသည်။ ဘကြီးအောင် ဘာတွေမောနေ တာလဲ။ ဘာမဟုတ်တာ လုပ်နေတာလဲ " " အောင်မာ ... မင်းကများ ငါ့ကို ရေချိုးမလို့၊ Exercise လုပ်နေတာ "
မနက်လင်းလုလု တွင် နှင်းတို့သည် ပိုမိုကျဆင်းလာသည်ရှိ၏။ အချမ်းဓာတ်သည် ပိုမိုဆိုးဝါးလာပေရာ စကားသံ ပင် မကြားရဘဲ တစ်တိုက်လုံးငြိမ်သက်သွား၏။

" စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့။ တိန်း ဒေါင် ... တိန်းဒေါင် "
ထောင်ဝင်း အပြင်မှ လောစပီကာနှင့် ဖွင့်လိုက်သော အသံသည် ဆောင်းလေရူး၏ သယ်ဆောင်မှုနှင့်အတူ ကျယ်လောင်စွာ ၀င် လာသည်။ သြော် ... ဒီနေ့ တနင်္ဂနွေနေ့ ဒီဇင်ဘာလည်း ရောက်နေပြီကိုး။ အဘမန်းဒါဝိတ် ၏ မှတ်ချက်ချသံကို ကြားရ၏။
" ဟုတ်တယ် အဘမန်းရေ၊ ဒီအချိန်ဆိုရင် ကန်တော်ကြီးဘက် ပတ်လမ်းလျှောက် မှာ၊ နှင်းမှုန်ကြား က ပြေးလွှားနေတဲ့ ကောင်မလေးတွေကို ကြည့် ဟီ ... ဟိ ... " တင့်ဆန်းက ထပြီး မှတ်ချက်ပေး၏။ မှတ်ချက် ပေးပြီး အဆုံးတစ်တိုက်လုံး ဒီဇင်ဘာနှင်းများအကြောင်း တစီစီပြောကြကုန်သည်။
" တောက် ... လမ်းမလျှောက်ရင်တောင် အားကစားလုပ်မှ တန်ရုံကျမယ်၊ နို့မဟုတ်ရင် ရေမချိုးဘဲနေရင် ၀ဲပေါက်၊ ရေချိုး ရင်လည်း ဖျားဦးမှာ " ရန်မျိုးသိန်း၏ အပြောအပေါ် အားလုံးက သဘောကျသွားသည်။ အခန်း အတော်များများ တွင် မြွေ ၂ ကောင်ပွေး၊ ၀ဲ၊ နှင်းခူဆေး တရုတ်သံဘူးနှင့် ဆေးများကိုယ်စီနှင့် ပွေးကိုင်းရွက်နှင့် ပွတ်သူ ပွတ်၊ တမာဆပ်ပြာနှင့် ရေချိုးရသူ ချိုးနှင့် တိုက်တွင်း အကျဉ်းစံလူဝဲစားများ၊ မျက်နှာမမြင်ရ တစ်ဦးနှင့် တစ်ဦး အော်ဟစ် စုံညီညီလာခံကျင်းပကာ အားကစားလုပ်ကြရန် တညီတညွတ်တည်း ဆုံးဖြတ်ကြလေတော့ သည်။

တိုက်ဂုဏ်ဆောင်အားကစားသမားများမှ ဒီဇင်ဘာ ပထမပတ် တနင်္ဂနွေနေ့မှ စတင်လိုက်သော တိုက်တွင်း အားကစား စီမံချက်သည် လွန်စွာ အောင်မြင် သည်။ ရက်ပိုင်းအတွင်း ထွန်းထွန်းပေါက်ပေါက် အားကစား သမားများနှင့် နည်းပြများ ပေါ်ထွန်းလာ၏။ မူလအခြေခံအားကစားရင့်ကျက်သော သူတို့သည်ကား ကစားနည်းပြ များ ဆရာများဖြစ်လာကာ တောက်မည့် မီးခဲ အလျှံရဲရဲဆိုသော အာဃအားကစားသမားများသည် ဒီဇင်ဘာနှင်းပွင့်ကြား မှ ပေါ်ထွန်း လာလေသတည်း။

- သိုင်းဆရာကြီး မင်းသိင်္ခ
- ဂေါက်သီးနည်းပြ ဦးရဲထွန်း
- အလေးမနှင့် ကိုယ်ကာယအလှ နည်းပြချုပ် ဦးအောင်လွင် (ရုပ်ရှင်မင်းသားကြီး)
- အလေးမသူက ပိန်တာရိုး စံ-ဇာဏီဘို
- ဘောလုံး၊ ကက်ပီတန် ရန်မျိုးသိန်း
- ခြင်းလုံး မင်းဇေယျာ
- ဘော်လီဘော မောင်မောင်ဦး
- အေရိုးဗစ် တင့်ဆန်း
- ဗယ်လီ ပြုံးချို
- ဒိုက်ထိုး မြအေး
- ကင်းမြီးကောက် အောင်ဒင်
စသဖြင့် ထူးခြားသော အားကစားသမားများ ရက်ပိုင်းအတွင်း ပေါ်ထွန်း၏။

ကြွပ်ကြွပ်အိတ် များ လွန်စွာရှားသွားသည်။ ဤဒေသတွင် ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်တို့သည် စွန့်ပစ် ပစ္စည်း မဟုတ် တန်ဖိုးကြီးလှသည်။ ပလတ်စတစ်ပေါ်တွင် သံချွန်ဖြင့် စာရေးကာ မျတ်တမ်းမှတ်ရာ ထား သည်။ အပြန်အလှန် သင်ကြားသော စာတို့ကို ဖတ်ကြသည်။ ကြွပ်ကြွပ်အိတ်တို့သည်ကား မီးလုံးတွင် စွပ်၍ ပိုးကောင် အန္တရာယ်ကာကွယ်သည်။ ကြွပ်ကြွပ်အိတ်တို့ကို ကြိုးကျစ်၍ ကြိုးတို့ကို လွှဲပစ်ကာ တစ်ခန်းနှင့် တစ်ခန်း ဆေးလိပ်မီးယူ၊ ပစ္စည်းယူ ဆေးလိပ်မီးအဖြစ် သုံးသည်။ ကြွပ်ကြွပ်အိတ်တစ်လုံး မီးရှို့သုံးက ပုံစံခွက်ဖြင့် ဟင်းတစ်ခွက် ကျက်သည်။ ကြွပ်ကြွပ်အိတ်ကြိုး ပုတီးသည်ကား ပြင်ပဈေးကွက်တွင် အရောင်း တွင်ကျယ် ၏။ အိပ်ရာအောက်ခံအဖြစ်လည်းကောင်း၊ မိလ္လာအောက်ခံအဖြစ်လည်းကောင်း၊ အမျိုးမျိုး အသုံး ပြု၍ ရသော ကြွပ်ကြွပ်အိတ် တို့သည် ယခုအခါ ပို၍အသုံးဝင်လာသည်။ ကြွပ်ကြွပ်အိတ်ဘောလုံး၊ ကြွပ်ကြွပ် အိတ်ဂေါက်သီး၊ ကြွပ်ကြွပ်အိတ်ခြင်းလုံး၊ ကြွပ်ကြွပ်အိတ် ဘောလီဘောပိုက်၊ ကြွပ်ကြွပ်အိတ် အလေးမ စိတ်အိတ်၊ ကြွပ်ကြွပ်အိတ် သိုင်းကျမ်း အထိ ကြွပ်ကြွပ်အိတ်သည် လွန်စွာအသုံးဝင်၏။

စာပေရေးသားမှုအရာတွင်လည်းကောင်း၊ ဗေဒင်အတတ်တွင်လည်းကောင်း ကောင်းစွာ ကျွမ်းကျင်သည့် ဆရာကြီးမင်းသိင်္ခ သည် ထူးခြားသော သိုင်းပညာရပ်ကို တတ်မြောက်သည်။ အပြင်လောက ထိုခေတ် ကာလ ဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးတစ်ဝိုက်တွင် နေထွက်ရာဘက် မျက်နှာမူကာ လွန်စွာနှေးကွေးသော ကိုယ်လက် လှုပ်ရှားမှုကို သိုင်းကွက်ကသော တရုတ်လူမျိုးတို့၏ သိုင်းအတတ်နှင့် I Ching ရီချင်းလှုပ်ရှား မှု ၆၄ ကွက်ကို အခြေခံ ၍ ဖန်တီးထားသော ဗေဒင်သိုင်းအတတ်ပညာကို ကိုယ်တိုင်လည်း ကစားသည်။ သင်ကြား ပို့ချခြင်းလည်းပြုသည်။ ဖိုမ၊ အပျော့အမာ Yinယင်၊ Yangယန် စုံမကို အခြေခ့သော ထိုက်ကျိ Taiji သိုင်းကွက် မှသည် အလုံးစုံသော အကွက်တ့ကို အစဉ်အတိုင်းမဟုတ်ဘဲ အလျဉ်းသင့်သလို ပြောင်းလဲ၍ အပြောင်း အလဲပေါင်း ၄၀၉၆ ကွက် ၀ူကျိ Wu Chi သိုင်းကွက်တို့ကို သင်ကြားသည်။

နှာခေါင်းမွှေး၊ မုတ်ဆိတ်မွေး ဖားရားနှင့်ဆ့ပင်ကုပ်ဝဲနှင့် အပေါ်အင်္ကျီကိုချွတ်၊ ၀မ်းဗိုက်ပူပူနှင့် ဘောင်းဘီတို ခပ်ပွပွကို ၀တ်၍ ရှေ့မှ သိုင်းကွက်တို့ကို ဖော်ကျူးနေသော သိုင်းဆရာကြီးနောက်မှ အပေါက်အပြဲများကို သားရေကွင်းနှင့် စုကာ ချည်နှောင်ထားသည့် ဘောင်းဘီဖင်ပြဲ၊ နံရိုးအပြိုင်းပြိုင်းနှင့် ဆံပင် လိမ်ကောက် ကောက်နှင့် အချိုးမကျစွာ ဟိုရွှေ့သည်ရွှေ့ လှုပ်ရှားနေသည့်တည့် သိုင်းပညာသင် စံဇာဏီဘိုကို ကြည့် ကာ" ကိုဇာရေ၊ အကွက်ကတာ့ မိုက်နေပြီ၊ ဘော်ဒီဝိတ်ပဲလိုတာ " တစ်နေ့ တစ်နေ့ထောင်မှကျွေးသော ထမင့်း ကို တနင့်တပိုးစားကာ ၀ဖြိုးအ၇ွယ်ရောက်လာသော ရန်မျိုးသိန်း၏ နောက်ပြောင်မှုအား မခံချိ မခံသာဖြစ်နေ ဆဲ။ ရုပ်ရှင်မင်းသားဦးအောင်လွင် က " ကိုဇာနည် မပူနဲ့၊ ဘော်ဒီဘေ့ လုပ်ပေးမယ်။ ၀ိတ်မခိုင်း ရင် ကြွက်သားတွေ တက်လာမှာ " ဟု ဘကြီးအောင်က အားပါးတရပြောသည်။

မိမချက် ခေါင်းတစ်လုံးမက မြင့်သော ဦးအောင်လွင်ကို ကြည့်လေသော် အသက် ၅၀ ကျော်သည့်တိုင် အရပ်အမောင်းနှင့် ခန္ဓာကိုယ် အား အားကျကာ ...
" ဟာ ... ဘကြီးအောင်၊ ၀ိတ်မလို့ဖြစ်ပါ့မလား "
" ဟာ ... ဖြစ်ရမှာပေါ့ "
" ဟာ ... အိုကေပဲ၊ ဆရာချဆီက သိုင်းသင်၊ ဘကြီးအောင်ဆီက နည်းနဲ့ ပေါင်းလိုက်ရင် စပါယ်ရှယ် သိုင်း ဆရာကြီးဖြစ်မှာ၊ ဟီး ... ဟီး ... " ရန်မျိုးသိန်းနှင့် တင့်ဆန်းတို့က ရယ်ပွဲဖွဲက၍ ၀ိတ်မရန် တိုက်တွန်းသည်။
ကိုမြအေးက ကိုဇာကြီး ဒိုက်ထိုးရင် တကယ်တက်တာ၊ ဒိုက်ထိုးရန် မြှူဆွယ်၍ ဒိုက်ထိုးပြန်သည်။ ရေပြင်ညီ ဒိုက်ထိုးလိုက်၊ အမြင့်မှ အောက်သို့ စိုက်ကာ ဒိုက်ထိုးလိုက်၊ အောက်မှ အထက်သို့မြင့်ကာ ဒိုက်ထိုးလိုက် မြအေး စကားနားယောင်၍ လုပ်နေစဉ် ကိုဇာကြီး ဗယ်လီရိုက်မှ ဗိုက်က ကြွက်သားတက်မှာဟု ပြုံးချိုက ပြောလေရာ ပက်လက် တစ်မျိုး၊ ဒူးထောင်၍ တစ်ဖုံ၊ ဘေးတိုက် ဘယ်လှည့်တစ်နည်း ညာလှည့်တစ်နည်းနှင့် ဗယ်လီ ရိုက်ပြန်သည်။ သံတိုင် အလယ်တန်းပေါ် ခြေပစ်၍ ကြမ်းကို အောက် ပြုကာ မှောက်ခုံ ဒိုက်ထိုးရာမှ နဖူးထိပ်နာ၍ မွန်းကာ ထိပ်မှ ဆံပင်တို့ တစ်စစ ကျွတ် ၍ ပြောင်သွားသည်။

ကြွက်သားက တက်မလာ။ ပက်လက်လှန်၍ ဗယ်လီရိုက်ရာမှ နောက်စေ့မှ ဆံပင်တို့ဖျာတွင် ကျွတ် ကျန်ကာ နောက်မှ ဆံပင်များ ပြောင်းသွားသည်။ ကြွက်သားက တက်မလာ။ ရှေ့ ဆံပင် များ ပြောင်၍ နောက်ဆံပင်ပြောင်သော်လည်း ၀ိတ်က တက်မလာ။ " မြင်းတွေ၊ ခိုတွေ ကျွေးတဲ့ ကုလားပဲကို စားရင် ကြွက်သား တက်တာ၊ ကုလားပဲစေ့ အစိမ်းတွေကို ယူ၊ တစ်ညသိပ် ရေစိမ်ထား၊ မနက်ကျတော့ ပဲစိမ်ရည် ကိုသောက်၊ ပဲတွေကို ၀ါးစား၊ ဒါမှ ကြွက်သားတက်မှာ" ဤကား ဦးရဲထွန်း၏ အကြံဥာဏပေးမှု ဖြစ်ပေ ရာ ထောင်ဝင်စာတွ့တွင် အိမ်မှ ကုလားပဲ တို့ကို မှာ ယူကာ ကုလားပဲတို့အား တစ်ညတာ ရေစိမ်၊ စိမ်တဲ့ရေ ကို သောက်၊ ပဲစိမ်းကို စား၊ ၀မ်းသာသွားသည်။

ကြွက်သား က တက်မလာ။ ကြံရည်ဖန်ရည်ကောင်းလျသော ဘကြီးအောင်၏ အစီအမံ ဖြင့် ၀ိတ်မသော ၀ိတ်အိတ် ကို ရရှိသည်။ ပြင်ပလောကတွင် ၀ိတ်မသော အပြားရှိသည်။ ဤဒေသတွင်ကား ကြွပ်ကြွပ်အိတ် ၃ ထပ်ထပ်ကာ မြေကြီးများ။ ခဲလုံး၊ ကျောက်ခဲများ ဖြည့်ကာ စီစဉ်ထားသော အိတ်သည်ကား ၀ိတ်အိတ်ဖြစ်သည်။ လုံးပတ် လက်တစ်ဆုပ် တစ်တောင်ခန့်ရှိသော သရက်ပင်မှ အတိုင်း ကို ချိုး၍ ကြွပ်ကြွပ်အိတ် လက်ကိုင်ကွင်းအလယ်မှ ကြိုးနှင့်ချည်ကာ ၀တ်မစေသည်။ ဟုတ်ပါ့မလား ဘကြီး အောင်ရယ်၊ ဒီဝိတ်အိတ်ကြီး က။ ၀ိတ်မတာကို ရုပ်ရှင်ထဲမှာလည်း ကြည့်ဖူးတယ်။ အပြင်မှာလည်း မြင်ဖူး တယ်။ မြင်ဖူးတာက သံချောင်း အလယ် တစ်ဖက်စီမှာ ၀ိတ်ပြားတပ်၊ အလယ်က မ ရတာ။ အခုတော့ ၀ိတ်က အလယ်က ဟိုဘက်ထိပ် ဒီဘက်ထိပ် လှမ်းကိုင်ပြီး " မ " ရတာ။ အခုတော့ဝိတ်က အလယ်က ဟိုဘက်ထိပ် ဒီဘက်ထိပ် လှမ်းကိုင်ပြီး "မ" ရတာ။ တော်ကြာ ၀ိတ်မတက် ဘဲ မလိုတာတွေ ကြီးလာမှာ။

" ဟာ ... ဒီမှာ ကိုဇာ၊ စနစ်ကျဖို့ အရေးကြီးတာ၊ ကဲ ... ခြေထောက်ကို ကားပြီးရပ်၊ လက်နှစ်ဖက် ဘေးကပ် ထား။ ကားမသွားစေနဲ့။ ကဲ ... ဟိုဘက်ထိပ် ဒီဘက်ထိပ် လက်ကို ပက်လက်ထားပြီး မ၊ အထူး စီစဉ်ထား သောအချိန် ၁၀ ခန့်ရှိခဲ၊ အုတ်၊ သဲမြေ အရောရောသော အိတ်ကြီးကို မ စေသည်။ ရှေ့မှဆွဲယူ၍ တံတောင် ဆစ်အထိ ကိုယ်နှင့် ကပ်ကာ အောက်မှ အထက် လက်ကို ကွေးကာ မလိုက်ချလိုက်ပြုစေသည်။ တစ်ဖန် အိတ်ကို နောက်မှထား၍ အိတ်ကို မလိုက်ချလိုက် အကြိမ်များစွာ ပြုသည်။ နည်းပြ ဘကြီးအောင်နှင့် သင်တန်းသား စံ-ဇာဏီဘိုကို ကြည့်ကာ အားလုံးက ပျော်ရွှင်ရယ်မေကြလေသတည်း။

ဗေဒင်သိုင်းကျမ်းကျက်မှတ်ခြင်း

ဆရာကြီးမင်းသိင်္ခ၏ ဗေဒင်သိုင်းကျမ်း သည်ကား လွန်စွာနက်နဲလှ၏။ သိုင်းအတတ်ကို လွန်စွာစိတ်ဝင်စား သည့် P သုံးလုံးခေါင်းဆောင် ဦးလှရွှေမှပင် လွန်စွာချီးကျူး၏။ ပညာရှင် ဆရာကြီး မင်းသိင်္ခ ပြောသမျှကို ပလတ်စတစ် အိတ် အကြည်ပေါ်တွင် ကြိုးစားပမ်းစား ရေးမှတ်သော ကျမ်းကို လေ့လာကာ " တောက် ... ကျွန်တော် ဖတ်ဖူးသမျှ သိုင်းကျမ်းထဲမှာ ဒီပညာက အထူးဆန်းဆုံးပဲ" ဦးလှရွှေက မှတ်ချက်ချသည်။
ဦးလှရွှေ သည်ကား ၁၉၆၂ တွင် နောက်ဆုံး ကျောင်းသားသမဂ္ဂအဖြစ် တာဝန်ယူခဲ့သည်။ ကွန်မြူနစ်ဝါဒကို ကောင်းစွာနားလည်သူဖြစ်သည်။ သမဂ္ဂ ဖြိုဖျက်သည့်နောက်ပိုင်း တောခိုရာမှ ဖမ်းဆီး ခံထောင်ကျကာ ယခုတစ်ဖန် အတွင်းသို့ ပြန်လည်ဝင်ရောက်သူဖြစ်သည်။ လက်ဝဲ၀ါဒပိုင်းတွင် ကျွမ်းကျင် သူဖြစ်သည်။ ၀ါဒေ၇းရာ ဦးဆောင်သူဖြစ်သည်။ ဦးလှရွှေ၏ ထူးခြားသော ၀ါသနာသည်ကား သိုင်းကျမ်းလေ့လာခြင်းဖြစ် သည်။

မက္ခရာဓား၊ သိုင်းကာတွန်းမှသည် သိုင်းလောက၏ စိန်ခေါ်သံ၊ မောင်မျိုးချစ်၊ မောင်မျိုးသစ်၊ ချောကလျာ။ အရှေ့ကျွန်းထိပ်သီး၊ အနောက်ကျွန်း အဆိပ် ဦးလူကျော်၊ မြောက်ကျွန်း သူတောင်းစားကြီး၊ နဂါးနိုင်ဓား၊ ကျမ်းဟူကျင်း စသည့် စသည့် သိုင်းဇာတ်ကောင်အလုံးစုံတို့ကို အလွတ်နီးပါး ပြောနိုင်သူဖြစ် သည်။ ဖတ်ဖူး၊ မှတ်ဖူး၊ ကြားဖူးသော သိုင်းဝတ္ထု မှ သိုင်းကွက်အသီးသီးသည် ဆရာခ၏ သိုင်းဝတ္ထုသည် ၀ူတန်သိုင်းနှင့်လည်း တိုက်ဆိုင် ၏။ ခွန်လွန်ဂိုဏ်းနှင့်လည်း မကွာလှ။ ရှောင်လင်သိုင်းကွက်ကိုလည်း အခြေ ခံကြောင်းဆိုသည်။ သိုင်းကျမ်း ပါ အကွက်များကို လေ့လာသည်။ ဤသိုင်းကျမ်း၏ အကျိုးပေးလားမသိ။ ယခုထက်တိုင် သက်ရှည် ကျန်းမာနေကြောင်းသိရှိရသည်။ " အရှေ့နဂါးစိမ်း၊ အနောက်ကျားဖြူ၊ တောင်မှာ မီးငှက်၊ မြောက်မှာ လိပ်မည်း၊ စုံမ၊ မစုံ၊ ယင်၊ ယန် သစ်သားကို သတ္တုက နိုင်၊ သတ္တုကို မီးက နိုင်၊ မီးကို ရေကနိုင်၊ ရေကိုမြေကနိုင်။ မြေကို သစ်သားကနိုင်၊ သစ်သားက မီးဖြစ်၊ မိးကမြေဖြစ်၊ မြေက သတ္တုထွက်၊ သတ္တုက ရေထွက်၊ ရေက သစ်သားထွက်၊ သစ်သားက မီးထွက်၊ အော်ကြီးဟစ်ကျယ် ကပေါက်တိကပေါက်ချာ စာကျက်နေသော စံ-ဇာဏီဘို အသံကြားသော ဦးရဲထွန်းက " ဟေ့ကောင် ဇာဏီ၊ ဘာတွေ အော်နေတာလဲ "

" ဆရာခ ပေးထားတဲ့ ဗေဒင်သိုင်းကျမ်း ကျက်နေတာ "
" ဟား .. ဟား ... ဟား ... ဟား ... မောင်ခလုပ်တာနဲ့ မင်းရူးလိမ့်မယ် "
ဦးရဲထွန်း သည် ဆရာမင်းသိင်္ခနှင့် အလွန်ရင်းနှီးရာ မောင်ခဟူ၍ ကျီစယ်ခြင်းပြုကာ ရယ်ပွဲဖွဲ့လေတော့ သည်။
" သွားမလုပ် နဲ့ ဦးရဲထွန်း၊ ဒီသိုင်းကျမ်းက တကယ်မိုက်တာ "
ဦးလှရွှေ မှ ဦးရဲထွန်း၊ ဒီသိုင်းကျမ်းက တကယ်မိုက်တာ "
ဦးလှရွှေမှ သိုင်းကျမ်းအပေါ် ထောမနာပြုသည်။

" ကဲ ... ပြောစမ်းပါဦး၊ မင်း စာအုပ်က ဘာတွေလဲ" ဟုမေး၍ အကွက် ၆၄ ကွက်နှင့် အကွက်ပြောင်း များကို ရေးဆွဲဖော်ပြကာ ပြောဆိုလေသော် ဦးရဲထွန်းက " ဟာ ... ဒါတွေက ဒီလို၊ ၁၉၅၀ က အမေရိကမှာ အလွန် ခေတ်စားခဲ့တဲ့ စာအုပ်ထဲက အကွက်တွေပဲ၊ Princeton University က ထုတ်ပြီး ရေးတဲ့သူကတော့ Richard Wihelim (ရစ်ချက် ၀ယ်လ်ဟယ်လင်)ပေါ့။ စာအုပ်နာမည်က I Ching or Book of Changes။ ဒီရီချင်း လို့ ခေါ်တဲ့ အပြောင်းအလဲတွေအကြောင်း တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်က ချီးကျူး ထားတယ်။ မော်စီတုန်း ကလည်း အတော်သဘောကျတယ်ဆိုတာပဲ။ ၁၉၃၄ အောက်တိုဘာလ ၁၆ ရက်မှာ မော်စီတုန်းက Long March ဆိုတဲ့ ခရီးရှည် ကို လျှောက်ခဲ့တာ ဒီရီချင်းကွက်တွေနဲ့ လျှောက်ခဲ့တာ။ မင်းတို့ ဆရာခက တယ်သိပါလား " ဗဟုသုတ အလွန်ကြွယ်လှသော ဦးရဲထွန်းသည် ဆရာကြီးမင်းသိင်္ခကို မောင် ခ အစား မင်းတို့ဆရာခဟူ၍ အစား ထိုးကာ အခေါ်အဝေါ်များ ပြောင်းလာတော့သည်။
ထိုနေ့မှစ ၍ ဆရာခဗေဒင်ကျမ်း ကို လေ့လာကာ ဟိုလှုပ် သည်လှုပ်၊ ဟိုရွှေ့ သည်ရွှေ့နှင့် ယင်ဟု အော် လိုက်ယန် ဟု အော်လိုက်နှင့် ဦးရဲထွန်းပင်လျှင် ဗေဒင်သိုင်းဂိုဏ်းဝင်တစ်ဦးဖြစ်လေတော့သတည်း။

ချမ်းမြေ့မေတ္တာတုံ့ပြန်ပါသည်။

စံ-ဇာဏီဘို
ရယ်စရာ မဂ္ဂဇင်း ဒီဇင်ဘာ ၂ဝ၁၂
.

No comments: