Tuesday, October 30, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၁ဝ)

လယ်တောထဲကအချစ်ပုံပြင်နှစ်ပုဒ်

အင်းတော်ကြီး ၏ မြောက်ဘက်တွင် ချောင်းဝဆိုသည့် ရွာကလေးတစ်ရွာရှိသည်။ ထိုရွာ၏ အရှေ့ဘက်တွင် ကိုင်းပင်တွေကြီးစိုးနေ သည့် လွင်ပြင်ကြီးတစ်ခုရှိသည်။ ထိုလွင်ပြင်သည် ယခုတော့ ကိုင်းတောတစ်ပိုင်း လယ်ကွင်း တစ်ပိုင်းဖြစ်နေပြီ။
လူ့ဘ၀ခရီးလျှောက်ရာမှာ မိမိ မူလလမ်းကြောင်းကို သေဖည်ပြီး လမ်းလွဲလျှောက်ရသည်လည်း ရှိတတ်သည်။ ဦးဂင်ရန်လီ ၏ အလုပ်သည် စားပွဲပေါ်ထိုင်ပြီး သူများခိုင်းတာလုပ်ရတဲ့အလုပ်ဖြစ်သည်။ သို့ သော် ယခုတော့ လယ်တောထဲ လယ်သမားဘ၀ခံယူပြီး ဘ၀ကို နှစ်မြုပ်ရုန်းကန်နေရသည်။ သို့သော် ဦးဂင်၇န်လီ တစ်ဦး တည်းတော့ မဟုတ်။ ဌာနအသီးသီးက ပုဂ္ဂိုလ်များဟာလည်း ထိုနည်းလည်းကောင်းပါပဲ။

မည်သို့ပင်ဖြစ်စေ ဦးဂင်ရန်လီသည် လက်နှင့်လုပ်ရသော စပါးထုတ်လုပ်ရေးလုပ်ငန်း ကို ကောင်းစွာ သဘော ပေါက်သွားသည်။ လုပ်ငန်းအဆင့်လည်း များလှပါဘိ။ ကြည့်ပါ - ဦးစွာ ထယ်တိုးရသည်။ ပြီးလျှင် ထွန်မွှေ ရသည်။ စပါးပျိုးထောင်ရသည်။ ပျိုးနှုတ်ရသည်။ ကောက်စိုက်ရသည်။ ရင့်မှည့်သည့်အခါ ရိတ်သိမ်းရ သည်။ ကောက်နှံများကို ဖြန့်ထားရသည်။ စပါးခြွေ၇န် တလင်းပြင်ရ သည်။ ကောက်နှံများ ကို ကောက်လှိုင်းစည်း ရ သည်။ ကောက်လှိုင်းများကို နှစ်ဘက်ချွန်ဝါးတုတ်နှင့် ထမ်းကာ တလင်းပေါ်ပုံရသည်။ တလင်းပေါ်က ကောက်လှိုင်းပုံ ကို တုတ်နှင့်ရိုက်၊ ကျွဲ၊ နွားဖြင့်နင်းပြီး စပါးစေ့ ခြွေရသည်။ ပြီးလျှင် စပါးပုံကို ခြေဖ၀ါးဖြင့်စု။ လက်ဖြင့် စကောကိုကိုင်ကာ ယပ်ခတ်ပေးရသည်။ သန့်စင်ရသည်။ မျှော်စင်လုပ်၍ စပါးကို အောက်ချကာ၊ စကောဖြင့် ယပ်၍ အမှုန်များလွင့်အောင်လုပ်ရသည်။

ပြီးလျှင် အိတ်ထဲသွတ်၊ သယ်၊ သိုလှောင်ရုံပို့သည်။ ဤအဆင့်များကို ဂင်ရန်လီတို့အဖွဲက တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်ခဲ့ ၍ ယခုတော့ '' လယ်ထွန်စားဖို့ မကြောက်ပေါင်'' ဖြစ်ခဲ့ပြီ။
လယ်တောထဲ တွင် အချစ်ပုံပြင်၊ အချစ်ဇာတ်လမ်းများစွာ မွေးဖွားပေလိမ့်မည်။ အထူးသဖြင့် ကောက်စိုက်ချိန်၊ ရိတ်သိမ်းချိန် များ၊ ယခု ပြောပြမည့် အချစ်ပုံပြင်မှာ ရိတ်သိမ်းချန်ကဖြစ်သည်။
ဂင်ရန်လီတို့ ဌာနသည် အခက်အခဲများစွာကြားက ဧက ၂၀ ကို ဖြစ်ထွန်းအာင် ဆောင်ရွက်နိုင်ခဲ့သည်။ ယခု တော့ စပါးမှည့်နေပြီ၊ ဦးစွာမှည့်သည့် နှစ်ဧကခန့်ကို မိမိအဖွဲ့သားများက ရိတ်သိမ်းပြီး တလင်းပေါ်ပုံထားခဲ့ ပြီ။ ယခုတော့ တစ်ကွင်းတစ်ပြင်လုံးတစ်ပြိုင်တည်းမှည့်တော့ စပါးရိတ်သိမ်းရေးပြဿနာပေါ်လာသည်။
စပါးစေ့ မကြွေကျမီ အချိန်မီ ရိတ်သိမ်းရမည်။ ရိတ်သိမ်းးစက်လည်းမရှိ၊ လူလည်း လုံလောက်စွာ မရနိုင်။ ခက်ပြီ။

ဒီတော့ ဂင်ရန်လီက ချောင်းဝရွာသူကြီးကို ပြေးကပ်ရသည်။ သူလည်း တစ်ယောက်နှစ်ယောက် သာခေါ်ပေး နိုင် သည်။ တခြားဌာနများကလည်း ချောင်းဝရွာသားတွေကိုပဲအားကိုးကြသည်။ အနီးအနားရွာဆို လို့ ချောင်းဝရွာ တစ်ရွာတည်း ရှိသည်။
တစ်နေ့ ဦးထူးဆိုသူနှင့် ဦးမြင့်ဆိုသူနှစ်ဦးစပါးရိတ်လိုကြောင်း၊ အလုပ်လာစပ်ကြသည်။ သူတို့ကို ကြည့်ရ သည်မှာ အားရစရာ မရှိ။ ကျားကျားယားယားမရှိ။ ထိုင်းမှိုင်းလေးကန်နေကြသည်။ အသောက်အစားစုံပုံရ သည်။
မည်သို့ပင်ရှိစေ ဂင်ရန်လီ သူတို့ကို လိုအပ်နေပြီ။ ဖြစ်နိုင်လျှင် လူ ၁၀၀ နှင့် တစ်ရက်တည်းရိတ်ပစ်ချင်သည်။ သို့သော် လူ မရှိ။ ဒီတော့ သူတို့ နိုင်သလောက် လုပ်စေ။ နေ့တွက်မဟုတ်ဘဲ ဧကဈေးညှိ၍ခိုင်းထားသည်။

တစ်ညနေခင်းတွင် အောက်အရပ်မှ စပါးရိတ် စပါယ်ရှယ်လစ်များရောက်နေကြောင်း သတင်းရ၍ အများတကာ ထက် ဦးအောင် ဆက်သွယ်ငှား၇မ်းလိုက်သည်။ သူတို့အဖွဲကသည် (၁၀)ဦးရှိသည်။ အားလုံး မိန်းမ များဖြစ်ကြသည် ဂင်ရန်လီအတော်ပျော်သွားသည်။
နောက်နေ့ နံနက်တွင် သူတို့အဖွဲက နံနက်စောစီးစွာ အလုပ်ဆင်းကြသည်။ ဦးဂင်ရန်လီသည် သူတို့ စပါးရိတ် သည့် လယ်ကွက်သို့ သွားကြည့်သည်။ နေ့လည်ထမင်းစားချိန် မတိုင်သေး။ ဧက၀က်ပင် ကျိုးပြီ။ ဦးထူးနှင့် ဦးမြင့်လယ်ကွက် တွင်ကား မနေ့ကအတိုင်းပင်ရှိသည်။ လူလည်းမတွေ့ရ။
သို့နှင့် သူတို့ ၏ တဲကလေးဆီ သွားကြည့်ရာ ဦးထူးသည် သူ့အိပ်ရာပေါ်တွင် ခွေခွေကလေးလဲနေသည်။ ဦးမြင့် ကတော့ ထမင်းစားနေသည်။

 ဦးဂင်ရန်လီက - '' ဦးထူး နေမကောင်းဘူးလား '' ဟု မေးရာ၌ ဦးထူးက ဘာမှမပြောဘဲ နှုတ်ဆိတ်နေသည်။ ဦးမြင့် က '' နေမကောင်းတာမဟုတ်ဘူး ဆရာ၊ စပါးရိတ်တဲ့အဖွဲ့ထဲက မိန်းမကြီးတစ်ယောက်က ရိုက်လွှတ် လိုက် တာ။ ကျွန်တော် အချိန်မီ ကယ်လို့သာပေါ့၊ သို့မဟုတ် မသာပေါ်ပြီ'' ဟု ဆိုလေ၏။
'' ဟာ ဘယ်လို၊ ဘယ်လို၊ ဦးထူးကို ရိုက်လိုက်တယ်ဟုတ်လား။ ဦးထူးက စော်ကားမော်ကားလုပ်လို့လား ''
'' မသိဘူးဆရာ၊ သူတို့နှစ်ဦး စပါးရိတ်အလာ တလင်းပုံမှာ တွေ့ကြတယ်။ အဲဒီမှာ စကားကတောက် ကဆဖြစ်ရာ က မိန်းမကြီးက အနားမှာရှိတဲ့ ၀ါးလုံးနဲ့ ရိုက်တော့တာဘဲ။ ကျွန်တော်နဲ့ သူတို့ထဲကတစ်ယောက် အချိန်မီ လိုက် ဆွဲရတယ်။ ဒါတောင် တစ်ချက်ထိသေးတယ်။ ဦးထူးက တလင်းပေါ်က ကောက်လှိုင်းပုံပေါ် လဲကျတော့ သေ သွားသလားအောက်မေ့ရတယ် '' ဟု ရှင်းပြလေသည်။

'' ဦးထူးခင်ဗျား ကို ရိုက်တာဘယ်သူလဲ၊ ဘာဖြစ်လို့ ရိုက်သလဲ'' ဟုမေးသော်လည်း ဦးထူးထံမှ ဘာသံမျှ မကြားရ။ ဦးမြင့်က -
'' ဆရာ ဟိုစပါးရိတ်တဲ့ အဖွဲ့ဆီ သွားမေးပါလား၊ ကျွန်တော်လဲဟု အကြံပေးရာ ဦးဂင်ရန်လီသည် စပါး ရိတ် နေသည့် (၁၀)ယောက်ဖွဲ့ဆီ ခြေဦးလှည့်လေသည်။ ဦးဂင်ရန်လီက -
'' ဒီမှာ ဆရာမကြီး များ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် ကျုပ်ရဲ့ ဦးထူးကို ရိုက်လိုက်တယ်ဆို။ အဲဒါ ဘယ်သူလဲ'' ဟုမေးရာ ဒေါင်ကောင်းကောင်း အသားညိုညိုမိန်းမကြီးတစ်ဦးက -
'' ကျွန်မ ရိုက်လိုက်တယ် ဆရာ၊ အသေသတ်မလို့ သူတို့ဖျန်ဖြေဘာဦးလို့သာပေါ့။ နေနှင့်ဦး ညကြတော့ သွား သတ်ဦးမယ် ''ဟု ဒေါသမပြေနိုင်သည့် မျက်နှာနှင့် ပြောပြလေသည်။
'' ဒါနဲ့ နေပါဦး၊ နေ့ခင်းကြောင်တောင်တောင် ဦးထူးက ခင်ဗျားကို ကိုယ်ထိလက်ရောက် စော်ကားလို့လား၊ သူ့ကြည့်ရာသူများ ကို စော်ကားဖို့နေသာသာ သူ့ကိုယ်သူတောင် အနိုင်နိုင်သယ်နေရတယ်'' ဟု မေးရာ မိန်းမကြီး က - '' ဆရာ၊ ကျွန်မ စပါးရိတ်ပါဦးမယ်၊ နေ့လည် ထမင်းစားချိန်ကျရင် ကျွန်မ ပြောပြပါ့မယ်'' ဟု တောင်းပန်စကား ဆိုလေ၏။ ဂင်ရန်လီကလည်း စပါးရိတ်အရှိန်ပျက်မည်စိုး၍ တိတ်ဆိတ်စွာနေလိုက်၏။ စိတ် ထဲတွင်တော့ '' ဘယ်သူက၊ အဘယ့်ကြောင့်'' ဟု တွေးကြည့်သော်လည်း အဖြေမပေါ်အချည်းနှီးပင်။

နေ့လည်ထမင်းစားချိန် ထိုမိန်းမကြီးပြောပြ၍ သိရသည်မှာ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ခန့်က မောင်ထူး သည် လူပျိုပေါက်။ မမြင့်ရွှေသည်လည်း အပျိုပေါက်အရွယ် ရှိကြသတဲ့။ တစ်ရွာတည်းနေကြသူများ မဟုတ်ကြပေမယ့် ရွာနီးချင်းတွေ မို့ မြင်ကြဆုံကြသတဲ့။ မြင်ရဖန်များတော့ မောင်ထူးက မမြင့်ရွှေကို အတင်းကြိုက်၊ အတင်းချစ်၊ အတင်းချစ်ရေးဆိုပါသတဲ့။ မမြင့်ရွှေက '' ဟုတ်ကဲ့ '' မပြောရသေး။ လူကြီးချင်း စကားပြောစေသတဲ့။ နောက်ပိုင်း လူကြီးတွေ၊ နားချ၊ မောင်ထူးကလည်း အတင်းပူးကပ်လာတော့ မမြင့်ရွှေက မည်သို့မျှ တောင့်မခံနိုင်တော့ဘဲ ''ဟုတ်ကဲ့'' လိုက်ရသတဲ့။
သို့နှင့် မမြင့်ရွှေ သည် မောင်ထူး၏ ဇနီးမယားဖြစ်သွားကာ မောင်ထူး၏ ကိုယ်ပွားလေးကိုပင် လွယ်ထားရပါ သတဲ့။ ရောင်နောက်ဆံထုံးပါဆိုသလို မမြင့်ရွှေဟာ မောင်ထူးအိမ်လိုက်နေသတဲ့။ ဒီလိုနေရင်းက မမြင့်ရွှေ မျက်နှာ မမြင်သေးသည့် တစ်နေ့တွင် မောင်ထူးသည် ထိုအိမ်၊ ထိုရွာ။ ထိုပတ်ဝန်းကျင် ကနေ ပျောက်ချင်း မလှ ပျောက်ကွယ်သွားပါသတဲ့။

မမြင့်ရွှေခမျာ မောင်ထူး တစ်နေ့ ပေါ်လာနိုးနိုးနဲ့ သားလေး (၃)နှစ် အရွယ်ရှိသည့် တိုင် စောင့်ဆိုင်းနေ ပါသော်လည်း စုန်းစုန်းမြုပ်ပဲတဲ့။ စာမလာသတင်းမကြားဆိုတာ မောင်ထူးကမှ အစစ်တဲ့။ မမြင့်ရွှေက လင်တော်မောင် တစ်နေ့ရွှေအိုးထမ်း၍ ပေါ်လာနိုးနိုးနှင့် မိဘအိမ်မပြန်ဘဲ ယောက္ခမတို့နဲ့ အတူနေလာသော် လည်း သူ့ကလေး က အဖေခေါ်မယ့်သူမရှိဖြစ်နေသတဲ့။
'' ဒီလိုနဲ့ မမြင့်ရွှေ ရဲ့ ငယ်ရွယ်ပျိုမြစ် တဲ့ အချိန်တွေဟာ သူများမယားလိုလို၊ အပျိုကြီးလိုလိုနဲ့ ကုန်ဆုံးသွား ပါ သတဲ့။ နောက်ဆုံးတွင် မမြင့်ရွှေသည် ကလေးတစ်ယောက် အမြတ်နဲ့ သူ့မိဘအိမ်ပြန်ပါသတဲ့။ ဒေါ်မြင့်ရွှေ ဆက်လက်ပြောပြ သည်မှာ -
'' အဖြစ်အပျက်ကတော့ ဒါပဲဆရာ၊ ကျွန်မ အနှစ်(၂၀)လုံးလုံး သူ့ကို စုံစမ်းတာ ဘာသတင်းအစအနမှ မရဘူး၊ ခုမနက် မှ ကြံကြံဖန်ဖန် ဒီချောင်းဝလယ်ထဲမှာ တွေ့ရတော့တယ်။ ကျွန်မ ပထမတော့ နှလုံးတုန် ရင်ခုန်ဖြစ်လိုက်သေး တယ်။ အေးအေးဆေးဆေး ပြောပါတယ်။

ဒါပေမဲ့ သူက အင်းမလုပ် အဲမလုပ်လို့ ကျွန်မ ဒေါသထွက်လာပြီး အသေသတ်ချင်စိတ်ပေါ်လာတယ်။ ဒါနဲ့ အနီးမှာတွေ့ တဲ့ ၀ါးတုတ်နဲ့ ရိုက်လိုက် တယ်။ ခေါင်းကိုချိန်တာ လွဲသွားတယ်။ သူ တို့က ကျွန်မကို ဆွဲထား လို့သာပေါ့။ ကျွန်မ မကျေနိုင်ဘူး။ ဒင်းကို အသေသတ်ဦးမယ်'' ဟု ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြလေသည်။
'' တော်ပါတော့၊ ဒေါ်မြင့်ရွှေရယ် ကြာပဲကြာလှပကော၊ သူ့ကြည့်ရတာ ခင်ဗျားမသတ်လည်း ကြာကြာ နေရမယ့် ပုံမပေါ်ဘူး၊ အလကားနေရင်း ရာဇ၀တ်ဒဏ်သင့်လိမ့်မယ်။ ခင်ဗျားဘက်ကကြည့်ရင် သတ်လောက်ပေတယ်။ ဒါပေမဲ့ မလုပ်ပါနဲ့တော့ ကျုပ်တောင်းပန်ပါတယ်။ မနက်ဖြန်ကစပြီး ဦးထူးနဲ့ မမြင့်ရွှေ မျက်နှာချင်းမဆိုင်စေရဘူး။ မမြင့်ရွှေ နဲ့ ဖြစ်အင်ကို ကျုပ်တကယ်ပဲ စိတ်မကောင်းပါဘူး'' ဟု ဦးဂင်ရန်လီက တရားချ တောင်းပန် စကားပြောဆို လိုက်လေသည်။

မမြင့်ရွှေသည် အသားညိုညို ဒေါင်ကောင်းကောင်း အားအင်အပြည့်နှင့် ဒေသခံများ ခိုင်းနှိုင်းပြောဆိုတတ် သည့် '' အမေရိကန်မြင်း'' ဟု ခေါ်လောက်သည့် အမျိုးသမီးကြီးဖြစ်သည်။
တော်ပါသေး ၏။ ဦးထူးသည် နောက်နေ့နံနက် ထိုလယ်ကွင်းမှ ပျောက်ကွယ်သွားပြန်သည်မှာ သူ၏ စပါးရိတ် သိမ်းခ ကိုပင် ထုတ်မယူတော့။ ဂင်ရန်လီ ဤအဖြစ်အပျက်နှင့် ပတ်သက်၍ ဆက်စပ်တွေးတော မိသည်မှာ -
'' အင်း ရုပ်ရှင် စာပေ၀တ္ထုတွေထဲမှာတော့ မိန်းမပျိုနဲ့ ယောက်ျားပျိုများဟာ ကောက်လှိုင်းပုံ၊ ကောက်ရိုးပုံကို မှီလို့။ တစ်ဦး ကိုတစ်ဦး အချစ်ရည်ဆမ်းထားသည့် မျက်လုံးတွေနဲ့ ကြည့်ကြလို့၊ အချစ်နဲ့ပတ်သက်တဲ့ အလှ ဆုံးစကားလုံးတွေကို ရွေးချယ်သုံးနှုန်းကြလို့။ ပွေ့ကြ၊ ဖက်ကြ။ နမ်းကြလို့၊ တယ်ပြီး စိတ်ကူး ယဉ်စရာ ကောင်းတဲ့နေရာပဲ၊ နယ့်နှယ် ခုတော့ မိန်းမနဲ့ ယောက်ျား ထသတ်ကြသတဲ့။ တော်ပေသေးရဲ့၊ ရာဇ၀တ်မှု ခင်း မဖြစ်လိုက်၇လို့၊ ဖြစ်လိုက်လို့ကတော့ ငါပါအချုပ်တို့ တရားရုံးတို့နဲ့ လိုက်ပတ်သက်နေရဦးမယ်'' ဟု မကျေမချမ်း အတွေးနယ်ချဲ့နေပါတော့သည်။ ဤတွင်ချောင်းဝလယ်တောမှ အချစ်ပုံပြင်တစ်ပုဒ်သည် အကျည်းတန် စွာ ပြီးဆုံးသွားလေတော့သတည်း။

ဦးဂင်ရန်လီသည် တယ်တောတစ်ခုနှင့် ပတ်သက်ရပြန်သည်။ ထိုလယ်တောသည် တောင်ပေါ်ဒေသ မလိခ မြစ်၏ အနောက်ဘက် ကမ်းနဖူးပေါ်တွ် တည်ရှိ၏။ သို့သော် လယ်စပါးစိုက်နိုင်သည့် ဧရိယာမှာ ဧက ၁၀၀ ပင်မပြည့် ချင်။ အနောက်တောင်မြောက်မှာ တောင်တန်းတွေကာဆီးနေသည်။
ဦးဂင်ရန်လီသည် တောင်ကုန်းတစ်ခု၏ အရှေ့ဘက်မျက်နှာမူရာ တောင်စောင်းကို ခုတ်ထစ်၍ လယ်တဲ ဆောက်ထား၏။ လယ်တဲအနီးတောင်ပေါ်မှ ထိုးဆင်းစီးကျနေသည့် ၀ါ့ဆန်းခချောင်းငယ် ကလေး မှ ရေကို ၀ါးလုံးထက်ခြမ်းခွဲကာ သွယ်ယပြီးလယ်တဲ၏ ဘေးတွင် ရေချိုးတဲလုပ်ပြီး ချိုးရေသောက်ရေ ဖန်တီးထား ၏။

ချောင်းရေသည် ၀ါးခြမ်းမှတစ်ဆင့် ရေချိုးတထဲို့ (၂၄)နာရီစီးဆင်းနေရာ ဂင်ရန်လီသည် တသွင်သွင် အဆက်မပြတ်စီးဆင်းနေသော ရေကို ရေချိုးအ၀တ်လျှော်ပြီးတိုင်း ခလုတ်ပိတ်ချင်သည့် စိတ်ပေါ်လာတတ်၏။ မြို့ပေါ်မှာ (၂၄) နာရီ ဒီလို စီးဆင်းနေသည့် ရေပိုက် ဘယ်မှာရှိလို့လဲ။
ဤလယ်တောသည် ဂင်ရန်လီတို့ရုံးမှ ၁၆ မိုင်ဝေး၏။ တစ်နေကုန်လမ်းလျှောက်မှ ရောက်သည်။ သို့သော် ဂင်ရန်လီမကြာခဏ သွားရသည်။ မြို့မှ လယ်တောအရောက်သွားရသည်မှာ မောပန်းပါသော်လည်း လယ်တဲ ထဲရောက်တော့ မမောတော့ါ။ တဲပတ်လည် တောင်ယာခင်းပုံစံ ဖန်တီးထားသည်။ ပြောင်း၊ သခွား။ ငရုတ်ခရမ်း အပြင် တဲ မှ လယ်တောအသွား လမ်းဝဲယာ သင်္ဘောပင်များ စိုက်ထားသည်။

လယ်တောရောက်ပြီ ဆိုလျှင် ဟင်းမငတ်တော့။ တံငါသည်တစ်ဦးအား မလိခမြစ်ထဲ ပိုက်မျှောခိုင်း လိုက် လျှင် နှုတ်ခမ်းထော်ထော် ကျောက်ငါးကြင်းကြီးများ ယူလာပြီ။ တချို့အကောင်များဆိုလျှင် ၄ ပိဿာနီးနီး ရှိကြ သည်။ ငါးကင်၊ ငါးအုန်း၊ ငါးချက်ဟင်းများ သူ့တပည့် ငါးစပါယ်ရှယ်လစ်များ က လုပ်ကျွေးကြသည်။ ကျောက် ငါးကြင်း နှုတ်ခမ်းထော်ထော်ကြီး ကို ကိုက်ဖဲ့ဝါးမျိုရသည်မှာ အရသာရှိလှသည်။

သူ၏ တပည့်များက ငါးကင်းနှုတ်ခမ်းကိုနီဂရိုးမနှုတ်ခမ်းဟု အမည်ပေးကြသည်။ ဤတွင် ဂင်ရန်လီသည် နီဂရုးမများ ၏ နှုတ်ခမ်းထူထူကြီးများကို ရုပ်ရှင်၊ ဗီယိုဇာတ်လမ်းများတွင် တွေ့ဘူးသည်ဖြစ်၍ ''အင်း နီဂရိုးမ တို့ ရဲ့ နှုတ်ခမ်း ဟာ ခု ငါစားနေတဲ့ ကျောက်ငါးကြင်းနှုတ်ခမ်းထော်ထော်ထက်ပိုပြီး ချိုလေမလားမသိဘူး ဟီဟိ'' ဟု တပည့်များ မရိပ်မိအောင် ခိုး၍ အသံတိတ် ရယ်လေသည်။
တဆက်တည်း တွင် ကမ္ဘာကျော် ငါးမန်းဆူးတောင် ဟင်းချိုက ငါးဟင်း စပါယ်ရှယ်လစ်ဇော်တူး ချက်တဲ့ နှုတ်ခမ်းထော် ငါးကျင်းခေါင်းပြုတ်လောက် အရသာရှိမယ်မထင်ဘူး '' ဟု တွေးပစ်လိုက်လေသည်။
ရှိသေးသည် ဦးအဖုန်ရဲ့ ငါးဝါးကျည်တောက်မီးဖုတ်။ ငါးအူ မီးအုန်း။ ဇော်တူး ၏ တောကြက်ကလီစာ နဲ့ တောချဉ်ပေါင် မီးအုန်း၊ ဤဟင်းလျာများကို ဘယ်ကမ္ဘာကျော်စားတော်ကဲများ ချက်တတ်ကြပါ့မလဲဟု အကဲဖြတ်လေ သည်။

ဂင်ရန်လီတို့ လယ်သည် ၃ ဧကခန့်ရှိသည်။ ဒီတော့ လယ်လုပ်သား လယ်တဲစောင့်လိုလာပြီ။ ဤလယ်တော တွင် လာေ၇ာက် လုပ်ကိုင်သူများ၊ မှီခိုနေသူများမှာ အများအားဖြင့် နောင်မွန်။ ခေါ်ဘူဒဲ (ခေါင်လန်ဖူး) ဒေသ မှ ဖြစ်ကြသည်။ ဘ၀ဖောင်ဖျက်၍ ရေကြည်ရာ မြက်နုရာအရပ်ဒေသကို ရှာဖွေ သူများဖြစ်ကြသည်။ တချို့ အခြေချနေသူများ၊ တချို့ရောက်ခါစများ၊ တချို့ အလုပ်ရှာဖွေကြသူများ။
ဒိတော့ ဘ၀ဖောင်ဖျက်၍ ဤဒေသသို့ ရောက်ရှိသူများကိုငှားရမည်။ သူတို့သည် မြေပြန့် လယ် မလုပ်ဘူး သော်ည်း လှေကားထစ်လယ်လုပ်ငန်းတော့ လုပ်ဖူးကြသည်။
ပထမဦးစွာ ဦးအဆီး တို့ မိသားစုကို မျက်စိကျ၍ ဦးဂင်ရန်လီက တပည့်များနှင့်တိုင်ပင်သည်။ သူတို့မိသားစု (၄)ယောက် ရှိသည်။ မိဘနှစ်ပါး၊ သားနှင့်ချွေးမ။ ဤဒေသသို့ေ၇ာက်လာသည်မှာ မကြာသေး၍ လယ်ပိုင် မရှိကြ။ ဂင်ရန်လီ တို့ တမနီးမဝေးတစ်နေရာတွင် တဲဆောက်၍ နေကြသည်။ သို့သော် တပည့်များက ဤ မိသားစုနှင့်တော့ မဖြစ်ပါဟုဆိုကြသည်။ အကြောင်းရင်းက အဘယ်အရာနည်း။ တပည့်တို့ပြောပြသည်မှာ။

ဦးအဆီးသည် ဇနိးသည် ဒေါ်အားခူနှင့်သမီးမအနားတို့နှင့် ခေါ်ဘူဒဲဒေသမျ တောင်ဘက်အရပ်သို့ တရွေ့ ရွေ့ ပြောင်းရွှေ့လာကြသည်။ နောင်မွန်၊ ပူအိုဒေသမှ ဤဆွမ်ပရာဘွမ်မြို့နယ် မလိယန်ဒေသ သို့ ရောက်ရှိ လာသြည်။ ကံမကောင်း၊ အကြောင်းမလှ၍ ဦးအဆိး၏ ဇနီးသည် လမ်းခရီးတွင် ဆုံးပါးသွားသည်။ ဒီတော့ ဦးအဆီးနှင့် သမီးအနားတို့သာ ဤဒေသသို့ရောက်ရှိလာသည်။ တဲတစ်လုံးဆောက်ကာ ငါးရှာ သည်။ ရွှေ ကျင်သည်။ လယ်လုပ်ကူသည်။

ထိုနည်းတူ ဒေါ်အားချာသည် လင်ယောက်ျားဦးအဒီးနှင့် သားအဖူးတို့သည် ခေါင်လန်ဖူး၊ ထဖုန်းဒေသမှ ဘ၀ဖောင်ဖျက် ၍ တောင်ဘက်အရပ်သို့ ပြောင်းရွှေ့လာကြသည်။ သို့သော် ဒေါ်အားချာ၏ ခင်ပွန်း ဦးအဒီး သည် လမ်းခုလတ်တွင် ဆုံးပါးသွားသည်။ ဤဒေသသို့ ဒေါ်အနားနှင့် သားအဖူးနှစ်ဦးသာ ရောက်ရှိလာ သည်။ သူတို့သည်လည်း မလိယန်လယ်တော၊ တောစပ်တစ်နေရာတွင် တဲထိုး၍ နေကြသည်။ နောက်ဆုံး တွင် ဤမစုံလင်သော မိသားစုနှစ်ခုသည် မလိယန်လယ်တောတွင် ဆုံမိကြတော့သည်။
မအနားသည် (၁၇)နှစ်အရွယ် အသားဖြူဖြူ အချိုးအစားပြေပြစ်၍ အလှသွေးကြွယ်နေသူဖြစ်သည်။ ထိုနည်းတူ မောင်အဖူး သည်လည်း (၁၈)နှစ်အရွယ် အားကောင်းမောင်းသန် ယောက်ျားပီသသူဖြစ်သည်။ သူတို့နှစ်ဦး သည် ကောက်စိုက်ရာတွင် ဆုံကြသည်။ ရေချိုးဆိပ်တွင် တွေ့ကြသည်။ လသာသောညများတွင် လယ်တော လမ်းလျှောက်၍ လမင်းကို အတူမော့ကြည့်ကြသည်။ ကောင်းကင်ပြင်မှ ကြယ်ပွင့်များ ကို ရေတွက်ကြ သည်။ တွေ့ဖန်များတော့ မေတ္တနှောင်ကြိုး ရစ်ပတ်မိကြပြီ။

ဤတွင် မောင်အဖူးသည် မအနားအား တောင်းပေးရန် မိခင် ဒေါ်အားချာကို ပူဆာတော့ သည်။ ဒေါ်အားချာ သည် သူတို့သားအမိ၏ အထီးကျန်နိုင်လှသော ဘ၀ထဲသို့ ချွေးမတစ်ယောက်တိုးလာပါက ပိုမို သာယာ စိုပြေသော ဘ၀တစ်ခုဖြစ်လာမည်ဟု တွေးမိသည်။
သို့နှင့် ဒေါ်အားချာ သည် လူကြီး တစ်ဦးအား အကူအညီတောင်း၍ မအနား၏ဖခင် ဦးအဆီးထံ လွှတ်လိုက် သည်။ သို့သော် မည်သည့် ကွမ်းဖိုးငွေကြေးမှ မပေးလိုက်။ ဤတောတောင်ဒေသ ဂျစ်ပစီဘ၀ွင် ရိုးရာထုံး ဓလေ့ ကို မေ့ထားရမည်။ သားနှင့်ချွေးမတို့၏ ချစ်ကမ္ဘာတစ်ခုတည်ဆောက်ပေးရန်သာလိုသည်။
ဦးအဆီး သည် မိမိသနီးအနားအား သူတစ်ပါးလယ်ထဲမထည့်ချင်။ ယခုပင် အထီးကျန်လှပြီ။ အနားသာ သူတစ်ပါး လယ်ထဲေ၇ာက်သွားလျှင် အထီးကျန်ဘ၀မှ တစ်ကောင်ကြွက်ဖြစ်တော့မည်။ သို့သော် သမီးအနားက အရွယ်ရောက်ပြီ။ သမီး စိတ်ဆင်းရဲအောင် မလုပ်လို။

အနားသည် သူ့ဘ၀ဖြစ်သည်။ ဤအသက်အရွယ်အထိ ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ အလကား ဗလာသက်သက်မပေးစားနိုင်။ တန်ရာတန်ကြေးတော့ ရချင်သည်။ သို့နှင့် ဓလေထုံးတမ်းအရ ကွမ်းဖိုး တင် တောင်းရန် ကိုယ်စားလှယ်တော်ကြီးအား မှာလိုက်သည်။
ဤတွင် မောင်အဖူး ၏ မိခင်သည် အကြီးအကျယ် စိတ်ညစ်သွားသည်။ စားဖို့သောက်ဖို့ပင် အနိုင်နိုင်။ ကွမ်းဖိုး ဆိုသည် မှာ အဝေးကြီး။ မိမိတွင် တဲအိမ်အောက်က ၀က်ကလေးတစ်ကောင်၊ ကြက်ဖကြက်မနှင့် သားအမိ တစ်စုသာရှိသည်။ ဤသည်မှာ မိမိပိုင်ဆိုင်သမျှ သစ္စာပစ္စည်းဖြစ်သည်။ မည်သို့ပင်ရှိစေ သား အတွက် ချွေးမတောင်းပေးရန် မှာ မိမိတာဝန်။ မည်သို့ ဆောင်ရွက်ရမည်နည်း။ ခေါင်းထဲထူပူပြီအကြံအိုက် လာသည်။ နောက်ဆုံး တွင်တော့ အဖြေတစ်ခုထုတ်နိုင်ခဲ့သည်။ သူသည် ကိုယ်စားလှယ်တော်ကြီးအား -
'' ဒီမှာရှင့်၊ ရှင်မြင်တဲ့ အတိုင်းပဲ ကျွန်မမှာ ဘာမှမရှိဘူး၊ ဒီရောက်တာလဲ ဘာမှမကြာသေးဘူး၊ ဘာကွမ်းဖိုး မှ လည်း မတတ်နိုင်ဘူး။ အဲ တစ်ခုတော့ ရှိတယ်၊ ကျွန်မကို ကျွန်မ ပိုင်တယ်။ ဦးအဆီးကို ပြောလိက်။ လူကွမ်းဖိုး ထည့်မယ်။ ကျွန်မကိုပဲ ယူလိုက်ပါတော့လို့'' ဟု နောက်သလို ပြောင်သလို ခပ်တည်တည် ပြောလွှတ် လိုက်လေ သည်။

ကိုယ်စားလှယ်ကြီးသည်လည်း ထိုစကားအတိုင်းပင် ဦးအဆီးအား သံတော်ဦးတင်လေရာ ဦးအဆီးက -
'' စိန်လိုက်လေ၊ ငါလည်း အထီးကျန်တာကြာပြီ။ မတွေ့သေးလို့သာပေါ့။ ဒေါ်အားချာကို ပြောလိုက် ငါ့သမီး သူ့သားနဲ့ ပေးစားမယ်။ အဲ-သူကတော့ ငါ့ကို တစ်သက်လုံးထမင်းချက်ကျွေးပါစေ'' ဟု စကားပြန် လေသည်။ ထို့နောက် သိပ်မကြာလိုက်ပါ။ ထိုမိသားစု တဲတစ်တဲတွင် အတူတစ်ကွပေါင်းစည်းနေထိုင် သည် ကို တွေ့ရတော့ သည်။
ဤတွင် မလှမပ အကျည်းတန်၊ ဘုရားစူးမိုးကြိုးပစ်အချစ်ဇာတ်လမ်းတစ်ပုဒ် ထိုလယ်တော တွင် မွေးဖွား လေ တော့ သည်။ လူ့အဖွဲ့အစည်း၏ အပြင် ဘက်ရောက်လုလု ဤတောတောင်ဒေသ ဂျစ်ပစီ တို့၏ ဘ၀တွင် လူ့စည်းကလနားတွေနှင့် ဆန့်ကျင်၍ မည်ကဲ့သို့သော ဘ၀အထွေထွေမဆို ဖြစ်ပေါ်တတ်ပေရာ ထုအဖြစ်မျိး ကို အချိန်ကုန်ခံ၊ လေကုန်ခံ၍ တွေးတောအကဲဖြတ်မည့်သူ နည်းပါးလှသည်။
မည်သို့ပင် ရှိစေ ဦးဂင်ရန်လီသည် ထိုမိသားစုနှင့် မပတ်သက်ခဲ့ရသည်ကိုတော့ သူ့တပည့်များ အားကြိတ် ၍ ကျေးဇူးတင်လျက်ရှိသတည်း။

တပုဒ်ပြီး၏
နောက်အသစ် တပုဒ် ဆက်ရန်
.

No comments: