Monday, May 30, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၇)

(၇)

နေ့လယ်စာ စားဖို့ စားသောက်ခန်းမထဲသို့ ကျွန်တော် မဆင်းဘဲ နေလိုက်သည်။ မနေ့ကတည်းက ကျွန်တော် စား လို့မရခဲ့ပါ။ ဇွန်းသံ၊ ပန်းကန်သံတွေ ဆူညံနေသည့် အခန်းထဲတွင် ကျွန်မ မစားတတ်ပါ။ ထို့ ကြောင့် အမေက ထမင်းချိုင့် ထည့်ပေးလိုက်ပါသည်။ အေးအေးဆေးဆေး စားဖို့ ဆရာများ အခန်းသို့ ကျွန်တော် လျှောက်လာခဲ့၏။
မထင်ဘဲ နှင့် နုံးချည့်ချည့် ဖြစ်နေသည်ကို တွေ့ရ၏။ ကျွန်တော် စိတ်ကူးယဉ်ထားသည်နှင့် တခြားစီ ဖြစ်နေ သည့် ကျောင်းဆရာ ဘ၀ပါတကား။ အခန်းထဲတွင် ကျွန်တော် ထိုင်မိသည်နှင့် မစ္စဘလင်းချဒ် ၀င်လာသည်။

" ဟင် ... ဆရာလည်း အောက်မှာ စားလို့ မရဘူးထင်တယ် "
ဆရာမက ပြောပြောဆိုဆို သူ့ချိုင့်ကို ဖွင့်သည်။
" ဟုတ်ကဲ့၊ အစားအသောက်ကတော့ မဆိုးပါဘူး၊ ဆူလွန်းလို့ ဆရာမရယ် "
" ကျွန်မလည်း အဲဒီလိုပဲ၊ အိမ်က ပါလာတာ မစားချင်တဲ့ နေ့ကျရင် လမ်းထိပ်က ဂျူးစားသောက်ဆိုင် ကလေး မှာ သွားစားတယ်၊ ဆိုင်ရဲ့ အပြင်အဆင်က မသားနားပေမယ့် အစားအသောက် ကတော့ ကောင်းသား "

မကြာခင် ကျွန်တော်တို့ တောအကြောင်း တောင်အကြောင်းများကို အေးအေးလူလူ ပြောဖြစ်သွားကြသည်။ ဂီတ၊ စာပေ နှင့် ပြဇာတ်၊ ရုပ်ရှင်က အစ အကြိုက်ချင်း တူနေကြ၏။
" ဆရာ ဒီနေ့မနက် တော်တော် အံ့သြသွားတယ် ထင်တယ် "
" ကျွန်တော် ... ဟုတ်လား၊ ဘာပြုလို့လဲ ဆရာမ "
" စုဝေး ခန်းမထဲမှာတုန်းက ပြောတာပါ၊ ကျွန်မလည်း ရောက်စက ဂန္တ၀င် သီချင်းကြီးတွေကို သူတို့ ငြိမ်ငြိမ် ဆိမ်ဆိမ် နားထောင်ကြမယ် မထင်ခဲ့ဘူး "
" ဂန္တ၀င်တေးတွေမှာ ထရမ်းပက်က တစ်မျိုးထိန်းတယ် ဆရာမ၊ သိပ်မြိုင်တာပဲနော် "

" ဆရာပြောတာ ဟုတ်ပါလိမ့်မယ်၊ သီချင်း တွေ မထပ်အောင် ဖွင့်ပေးတဲ့ အစီအစဉ်လည်း ကောင်းပါတယ်၊ ဒါထက် ဒီနေ့ အခြေအနေ ဘယ်လိုလဲ ဆရာ"
မနက်ပိုင်း အတွေ့အကြုံကို ကျွန်တော် ဖောက်သည်ချလိုက်သည်။
" ဒုက္ခပါပဲ ဆရာရယ်၊ ဆရာ ၀က်စတန် ပြောတာမှန်များ နေပြီလား မသိဘူး"
" ပြောဖို့တော့ စောပါသေးတယ်လေ၊ ဆရာမ ကလင်တီ ပြောသလို လုပ်ရမှာပဲ"
" သြော် ... ကလင်တီ က ဆရာ့ကိုလည်း စည်းရုံးထားပြီးပြီကိုး "

ကျွန်တော် ဆရာမ၏ မျက်နှာကို ငဲ့ကြည့်လိုက်သည်။ အပြုံးမျက်နှာတွင် မည်သည့် အဓိပ္ပာယ်မှ မတွေ့ရ။
" စည်းရုံးတယ် ရယ်လို့လည်း မဟုတ်ပါဘူးဗျာ။ ဒါပေမဲ့ အတန်းကို ထိန်းဖို့ သူပြောတဲ့အတိုင်း လုပ်သင့် လုပ် ရမှာပဲ "
နေ့လယ်စာ စားပြီးလို့ ဆရာ ဆရာမတွေ တစ်ယောက်ပြီး တစ်ယောက် ၀င်လာကြတယ်။ အားလုံးက ကျွန်တော့် မနက်ခင်း အတွေ့အကြုံအကြောင်း ၀ိုင်းမေးကြသည်။ မစ္စက်ဒရူးက -
" သူတို့ကို သိပ်လည်း ကြမ်းလို့မရဘူး ဆရာ။ ဘယ်သူ့ကိုမှ သူတို့ ထိခိုက်နစ်နာအောင် လုပ်တာ မဟုတ် ပါဘူး။ အဲဒါတော့ စိတ်ချပါ။ ဆရာသူတို့ကို နားလည်လာရင် သူတို့ သိပ်မဆိုးကြောင်း တွေ့ပါလိမ့်မယ်"

ဆရာမ ကလင်တီ ပြောထားသည့် ဆရာမကြီး အကြောင်းကို စဉ်းစားမိပြီး ကျွန်တော် ပြုံးနေလိုက်သည်။
" သူတို့ကိုတော့ နားလည်အောင် လေ့လာရမယ် "
မုတ်ဆိတ်မွေးများအောက်မှ ထွက်လာသည့် ဆရာဝက်စတန့်အသံ။ ပါးစပ် လှုပ်သည်ကို မမြင်ရ။
" ဆရာက သူတို့ကို နားလည်တယ်ပေါ့၊ ဟုတ်လား "

ဆရာမ ကလင်တီက ခပ်ရွှင်ရွှင် မေးလိုက်သည်။ ဆရာမသည် ဆရာ ၀က်စတန်ကို ချောင်ပိတ် ဖမ်းချင်နေပုံ ရသည်။
" အတန်းထဲမှာတော့ သူတို့ ကျွန်တော့်စကားကို နားထောင်ကြသားပဲ "
" ဒါထက်ပိုပြီး ဆရာ ဘာမှ မတတ်နိုင်ဘူး မဟုတ်လား "
" လူတွေက အဖြူကို အမည်းဆိုးနေကြတာပါ၊ တကယ်က ကလေးတွေဟာ ဒါလောက် မဆိုးကြပါဘူး"

မစ္စဒေါစ်က လှပသည့် သူ့နှုတ်ခမ်းကလေးများကို သေသေသပ်သပ် ဖွင့်ပိတ်ပြီး တလေးတစား ၀င်ပြော သည်။ သူက အခန်းထောင့်တွင် မစ္စဖီးလစ်နှင့် တွဲထိုင်ပြီး တွတ်တွတ်ထိုးနေရာမှ လှမ်း ပြောလိုက်ခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်တွင် ပြောစရာ ကုန်ပဲ မကုန်နိုင်သလို။
မစ္စဒေါစ်ကို ကျွန်တော် လှမ်းကြည့်မိသည်။ ရင်သားတွေက သူ့ခန္ဓာကိုယ်နှင့် မလိုက်အောင် မတန်တဆ ကြီးနေ၏။ လူမှားပြီး သူ့ကိုယ်ပေါ် ရောက်နေသည့်အလား။
" ဘယ်သူမှ သူတို့ကို အမည်း မဆိုးပါဘူး၊ သူတို့ဘာသာ သူတို့ မည်းနေတာပါ" ဆရာဝက်စတန်က အဓိပ္ပာယ် နှစ်ခွ စကားဖြင့် ထောက်ပြန်၏။

" အို ... ကျွန်မ ဆိုလိုတာ ဆရာ နားမလည်ပါဘူး "
" နားလည်ပါတယ်၊ ကျွန်တော် ပြောတာကို ဆရာမ နားမလည်တာပါ။ သူတို့အချင်းချင်း ပြောနေတာကို သွား နားထောင်ကြည့်ပါလား၊ ကြက်သီး ဖြန်းဖြန်း ထသွားမယ်၊ ဘာရောင်မှ ထပ်ဆိုးဖို့ မလိုဘူး၊ သူတို့ ဘာသာ မည်းနက်နေပြီသား၊ ဆရာ ဘရိတ်ဝိတ်က သူ့ရဲ့ အာဖရိက မှော် အတတ်နဲ့ ကလေးတွေကို ထိန်း ပါလိမ့်မယ်
ကျွန်တော် ဒီလူ့ကို ဘယ်လို နားလည်ရမှန်းမသိ ဖြစ်နေ၏။ တစ်ဖက်သားကို ကလိချင်ပုံရသည်။ သို့သော် မျက်နှာ ကတော့ ပြုံးလို့။ ကျွန်တော်သည်းခံဖို့ ဆုံးဖြတ်လိုက်သည်။ သည်ထက် ကဲလာလျှင်တော့ မလှုပ်နိုင် အောင် ပြန်တွယ်မည်ဟု ဆုံးဖြတ်လိုက်၏။ ခု လောလောဆယ်တော့ တိုရေရှားရေ ရထားသည့် အလုပ် ကလေး သူ့တို့ ကြောင့် အထိမခံနိုင်ပါ။

မစ္စက် ဒရူးက အေးစက်စက်အသံဖြင့် ၀င်မေးသည်။
" ဘာအဓိပ္ပယ်လဲ ဆရာ၊ ဘာ မှော်အတတ်လဲ ကလင်တီ ပြောတာ ဟုတ်လောက်သည်။ အဘွားကြီးသည် လူပုံ နုနယ်ပေမယ့် ကြမ်းစရာရှိလျှင် ကြမ်းမည့်ပုံ။ သည်တော့မှ ၀က်စတန် ငြိမ်ကျသွားသည်။ ဘာမှ မဟ တော့။

မစ္စဘလင်းချဒ် ကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ လျှို့ဝှက်နက်နဲစွာ ပြုံးနေ၏။ လုပ်ဖော် ကိုင်ဖက် အများစု အနေဖြင့် ကျွန်တော့် ဘက်က ရှိကြကြောင်း သဘောပေါက်လိုက်သည်။ ကျွန်တော့် ကို သူတို့ တန်းတူ ရည်တူ လက်ခံကြပါသည်။ ဤသည်မှာ ကျွန်တော့်အတွက် အရေးကြီးဆုံး မဟုတ်ပါလား။

နေ့လယ်ပိုင်းတွင် ဘာမှ အခက်အခဲမရှိဘဲ စာသင်ချိန်များ ကုန်လွန်သွားသည်။ သို့သော် ကျေနပ်ခြင်းတော့ မရှိလှ။ သူတု့တစ်တွေ ဆူဆူညံညံ မလုပ်ကြတော့ပါ။ မရယ်ကြတော့ပါ။ ကျွန်တော့်ကိုလည်း ကဏုကောစ မလုပ်ကြတော့ပါ။ သို့သော် စာကို စိတ်ပါလက်ပါ မသင်ကြ။

သင်ကြားပို့ချချက်ကို နားထောင်သည်။ ခိုင်းလျှင် လုပ်သည်။ စက်ရုပ်များနှင့် တူနေ၏။ မနက်ပိုင်းက အခြေအနေကို ပြောင်းပြန်ဖြစ်အောင် ကျွန်တော်က လိုက်လိုက်လျောလျော ဆက်ဆံသည်။ ရွှင်ရွှင်ပျပျ စာ သင်သည်။ သို့သော် သူတို့က အကွက်ချောင်းနေသလို၊ ကျွန်တော့်အမှားကို စောင့်နေသလို မှုန်တေတေ မျက်နှာပေး တွေနှင့်။
အားလုံးတော့ကား မဟ်ုတ်။ တစ်ဂျက်ဆင် ဆိုသည့် ချာတိတ်က ကျွန်တော်နှင့် ရင်းနှီးလိုဟန်။ ကျွန်တော့်ကို ဆန့်ကျင်မည့်ပုံ မပေါ်သည့် နောက်တစ်ယောက်က ပက်ထရစ်ဖာမင်။ မျက်နှာရှည်ရှည်နှင့် ညာဏ်ကောင်းပုံရသည်။ သူ့ဆံပင်တွေက မျက်စိရှေ့တွင် တိုးလိုးတွဲလောင်းနှင့်။

ကျွန်တော် စိတ်ဝင်စားသည့် နောက်တစ်ယောက် ရှိသေးသည်။ ဗလတောင့်တောင့်၊ အသားညိုညို၊ အဖြူ စစ်စစ် မဟုတ်ပါ။ ကပြားဖြစ်မည်။ နာမည်က လောရင့်စ်ဆီးလ်။ သူတို့ တိုက်ရိုက်မမေးလျှင် ဘယ်တော့မှ စကားမပြော။ ၀တ်စားဆင်ယင်မှုကတော့ အားလုံးကဲ့သို့ပင်။ တီရှပ်၊ ဂျင်း ဘောင်းဘီနှင့်။ သို့သော် သူက ပို ကြည့်ကောင်း သည်။ အများတကာထက် ထူးခြားနေ၏။ အနေတည်သည်။ သူများတွေနှင့် အတူလိုက်ပြီး ဗရုတ် မကျ။ တစ်ဂျက်ဆင် လို ကျွန်တော် နှင့် ရင်းနှီးလိုဟန်လည်း မပြ။ စာလည်း တော်၏။

ညနေပိုင်း အိမ်အပြန် ကျောင်းနှင့် မလှမ်းမကမ်း ဈေးဆိုင်ကလေးတစ်ခုတွင် ကြော်ငြာ ဆိုင်းဘုတ်တစ်ခု ချိတ် ထားသည်ကို တွေ့ရ၏။ ဆိုင်းဘုတ်တွင် ကတ်ပြားကလေးပေါင်းများစွာ ချိတ်ထားသည်။ အိမ်ခန်း၊ ဘော်ဒါဆောင် ငှားချင်သူများ၊ လိုချင်သူများ၏ ကြော်ငြာတွေ။
ဆိုင်းဘုတ်ကို ကျွန်တော် ရပ်ကြည့်နေမိ၏။ ဘရင့်ဝုဒ်မှာ ကျောင်းတက်ရသည်မှာ ဝေးလံလှသည်။ ရေရှည် တွင် ပင်ပန်းလာမည် ဖြစ်၏။ ဆောင်းတွင်း ဆိုလျှင် ပိုဆိုးတော့မည်။ အနီးအနား တစ်နေရာလောက် ရနိုင်ရင် တော့ မဆိုးဘူးဟု စိတ်ကူးနေတုန်း ...။

ဆိုင်ထဲမှ လူကြီးတစ်ယောက် ကိုယ်တစ်ပိုင်း ထွက်လာပြီး -
" ဘာအကူအညီ ပေးရမလဲ ဟင်" ဟု မေးလာသည်။
" ဘာမှ မလိုပါဘူးခင်ဗျာ၊ ကြော်ငြာတွေကို လိုက်ကြည့်နေတာပါ။ ဒီအနားတစ်ဝိုက်မှာများ ရနိုင်မလားလို့"
" သြော် ... ဒီ အနီးအနားမှာ အလုပ်လုပ်သလား "

" ဟုတ်ကဲ့၊ ကျွန်တော် ဒီကျောင်းက ဆရာပါ"
" ဆရာ ဟုတ်လား "
အဘိုးကြီးက ကျွန်တော့်ကို သေသေချာချာ ကြည့်ပြီး -
" နေရာတွေက မကောင်းပါဘူးကွယ်။ ကျောင်းဆရာနဲ့ မလျော်ပါဘူး၊ တစ်ခါတစ်လေ ကောင်းကောင်း မွန်မွန် အခန်းလေး တွေ ရတတ်ပါတယ်၊ ဒါတွေကတော့ မနိပ်ဘူး"
ကျွန်တော် သူ့ကို ငေးကြည့်နေမိသည်။ မမျှော်လင့်သည့် ပြန်ကြားချက်။

" နောက် လာကြည့်လေ၊ ဆရာနဲ့ လိုက်မယ့်အခန်းတွေ့ရင် ကျုပ်ပြောပါ့မယ် "
ကျွန်တော် တို့ နှစ်ယောက် အပြုံးဖြင့် ခွဲခွာခဲ့ကြသည်။ မမျှော်လင့်ဘဲ ကူညီတတ်သူ၊ စိတ်ကောင်းရှိသူများနှင့် တွေ့ရသဖြင့် ကျွန်တော် အံ့သြနေမိ၏။
အိမ်ပြန် ရောက်တော့ အဖေနှင့်အမေကို တစ်နေ့တာ အတွေ့အကြုံတွေ ပြန်ပြောပြသည်။ သူတို့ ရင်တမမ နားထောင်နေကြ၏။ ကျွန်တော့် အနေဖြင့် ကလေးများ၏ ယုံကြည်ကိုးစားမှုရဖို့ အရေးကြီးကြောင်း ကျွန်တော်တို့ အားလုံး အတည်ပြုကြသည်။
-----------------------
ဆက်ရန်
.

2 comments:

စံပယ်ချို said...

ဆက်လက်ဖတ်နေပါတယ်
စိတ်ဝင်စားဖို့လဲကောင်းလာပါတယ်.....
ရှားရှားပါးပါးဖော်ပြပေးလို့ကျေးဇူးတင်ပါတယ်ရှင်။

လရိပ်အိမ် said...

ဆက်ရန်ကိုမျှော်လင့်နေပါတယ်။