Monday, May 31, 2010

ရွှေစင်ဦး လည်း ခေတ်မှီချင်တယ် (၂)

ဘာရယ် မဟုတ်ပါဘူး တိုက်ပွဲ ခေါ်သံက နဲနဲများ ပြင်းထန် လာလေ သလားလို့ပါ
 

ဒါကတော့ ထက်ထက် နဲ့ အင်တာဗျူး ထားတဲ့ လင့်ခ် လေးပါ

သတင်း တွေ ဖတ်ပြီး တင်ချင်လာတာ နဲ့ ပိုစ့် လေးတင်လိုက်ပါတယ်.. မူရင်း source များကိုလည်း ဖော်ပြထားပါတယ် ခွင့်ပေးလိမ့်မယ်လို့ ထင်ပါတယ်

လေးစားစွာဖြင့်
ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၁၀) ပ ပိုင်း

အခန်း (၁၀) ပ ပိုင်း

ကာဆာဘရီဇာ အိမ်ကြီးဆီသို့ နီကိုလတ်စ် ပြန်လျှောက်လာနေသည့်အခါတွင် အချိန် အတော်ကြီး နောက်ကျနေပေပြီ။ ည ကိုးနာရီပင် ထိုးလုနီးနေပြီဖြစ်၏။ သို့သော်လည်း တနေ့လုံးလွတ်လပ်စွာ ပျော်ခဲ့ ရသော နီကိုလတ်စ်မှာ အခုအချိန်ထိ သူ့ကိုယ်သူ အရှိန်မသတ်နိုင်သေး။ ပျော်တုန်း ပျော်ဆဲ ပင်ဖြစ်၏။ စိတ်ဓာတ် တက်ကြွနေသဖြင့် သူ့ပတ်ဝန်းကျင်ရှိ အမှောင်ထုကိုပင် ကြောက်ရ လန့်ရ မှန်းမသိ။

တကယ်တော့ သူ၏ အပြန်ခရီးမှာလည်း ပျော်စရာ အလွန်ကောင်းခဲ့၏။ ဘတ်စ်ကားတစီးလုံး ရယ်ကြ မောကြ သီချင်းသံပြိုင်ဆိုကြနှင့် သောသော အုတ်တုန်ရှိခဲ့သည်။ သီချင်းမှာ ကက်တလန် စပိန် သီချင်း ဖြစ်၏။ မြူးကြွ သွက်လက်သော သီချင်းမျိုးဖြစ်၍ ကြားရသူတိုင်း ၀င်၍မဆိုပဲ မနေနိုင်။ သူကိုယ်တိုင် ပင်လျှင် အများနှင့်ရော၍ သီဆိုမိခဲ့သေးသည်။ သူဖမ်းမိလာသော ငါးများကိုကြည့်၍  ခရီးသည် အများစုက သူ့အား ချီးကျူးကြသည်။

အထူးသဖြင့် သေနတ်ကြီး လွယ်ထားသော နှာခေါင်းရှည်ရှည်နှင့် လူကြီးက သူ့အား ပို၍ ချီးမွမ်း စကား ပြောခဲ့သည်။ ထိုလူကြီး ခမျာ သေနတ်ကြီး လွယ်လာရသော်လည်း ဘာသားကောင်မှ ပစ်မရခဲ့ပဲ လက်ချည်းသက်သက် ပြန်လာ ခဲ့ရ၏။ အများက ၀ိုင်း၍ ချီးမွမ်းစကား ပြောကြသည့်အခါ နီကိုလတ်စ် ရှက်သည်။ သို့သော်လည်း သူ့အောင်မြင်မှုအတွက် စိတ်ဓာတ်တော့ တက်ကြွလာခဲ့သည်။ ထို့ကြောင့်လည်း ဘတ်စ် ကားပေါ်မှ အဆင်းတွင် ဂျိုစီက သူ့အား အိမ်ဝင်းဝထိလိုက်ပို့မည်ဟု ပြောနေသည်ကို လက်မခံပဲ ဇွတ်ငြင်းခဲ့ ခြင်းဖြစ်လေသည်။

အခုဆိုလျှင် သူတယောက်တည်း မှောင်ထဲ၌ လျှောက်လာခဲ့ခြင်းဖြစ်သည်။ သူ့စိတ်ကူးမှာ အိမ် ရောက်လျှင် ရောက်ချင်း ပထမဆုံး မီးဖိုထဲသွား၍ သူမိလာသည့် ငါးများကို မက်ဂ်ဒါလီးနားအား ပြမည်။ မနက်ဖြန် မနက်စာ အတွက် သူ့အား ချက်ပေးပါဟုမှာမည်။

သူသည် အိမ်ရှေ့ တံခါးမကြီးကို အသာတွန်းဖွင့်ကာ အထဲသို့ဝင်သည်။ ခန်းမကြီးမှာ မှောင်မည်း လျက်ရှိသည်။ အလွန်ကြီးမားသော ကျောက်ဂူကြီး တခုနှင့် တူလှချေသည်။ မက်ဂ်ဒါလီးနားသည် ထွန်းနေကျ မှန်အိမ်ကို ထွန်းဖို့ မေ့နေဟန်တူ၏။ သူသည် တံခါးမကြီးကို ပြန်မပိတ်။ အပြင်မှ ၀င်လာ နေသည့် အလင်းရောင် ၀ိုးတ၀ါးကို အားပြုကာ စမ်းတ၀ါးဝါး လျှောက်၍ ၀င်လာခဲ့သည်။ ရုတ်တရက် သူ့တကိုယ်လုံး အေးစက်သွားသည်။ ခန်းမကြီး၏ ဗယ်ဘက်ရှိ ဗယ်ဘက်ရှိ စတိုခန်း အတွင်းမှ အငြင်းခုံ ဖြစ်နေ ကြသော အသံများ ထွက်လာနေသည်။ ယောက်ျားသံမှာ ဒေါသတကြီး။ မိန်းမ၏ အသံမှာ စူးစူးရှရှ။ ကြောက်ရွံ့ ထိတ်လန့်နေသည့် အငွေ့အသက်ပါသည်။ ဂရေစီယာနှင့် မက်ဂိဒါလီးနားတို့ လင်မယား ပေတည်း။

ဂရေစီယာ ပြန်ရောက်နေလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။ အခုတော့ဖြင့် ပြန်ရောက်နေလေပြီ။ သူ့ တကိုယ်လုံးတွင် လှုပ်ရှား သွားလာနေကြသော သွေးများသည် ရပ်သွားပြီဟု ထင်လိုက်မိ၏။ ရွှင်လန်း အားတက်မှုဟူသမျှ ပျောက်ပြယ်သွားကြလေပြီ။ သူသည် အသံမထွက်စေရန် ခြေဖျား ထောက်၍ အသား ကလေး လျှောက်သည်။ ထိုအခိုက်တွင် ပင်လယ်ဘက်မှ ဝှေ့ယမ်းတိုက်ခတ် လာသော လေပြင်း တချက် သည် သူ ဖွင့်ထားခဲ့မိသော တံခါး တချပ်ကို အရှိန်ပြင်းစွာ ၀င်ဆောင့် သည်။ ၀ုန်းကနဲ မြည်ဟည်းကာ ပိတ်သွား လေ၏။

အရှိန်က ပြင်းသဖြင့် ခန်းမကြီး တခုလုံး လှုပ်သွားသည။ တပြိုင်တည်း လိုလိုပင်စတိုခန်းဘက်မှ မီးရောင်သည် နီကိုလတ်စ်၏ မျက်လုံးများပေါ် ထိုးကျလာသည်။ အခန်းထဲမှ မှန်အိမ်ကိုမြှောက်ကိုင်၍ ထွက်လာ သော ဂရေစီယာ...။

ကလေး တယောက်မျှသာဖြစ်သော နီကိုလတ်စ်အဖို့ ဒယီးဒယိုင်နှင့် သိုင်းကွက်နင်း၍ လျှောက်လာ နေသော ဂရေစီယာသည် ယခင်အချိန်များကထက် ပို၍ ကြောက်စရာ ကောင်းနေသည်။ သူသည် ရုန်းကန် လှုပ်ရှား ဖို့ပင် အချိန်မရလိုက်။ ဂရေစီယာ၏ လက်တဘက်သည် သူ့ လက်မောင်းကို လာ၍ ဆုပ်ကိုင်ပြီး စတိုခန်းတွင်း သို့ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။ အထဲတွင် ကုလားထိုင် တလုံးနှင့် ထိုင်နေသော မက်ဂ်ဒါလီးနား...။

မက်ဂ်ဒါလီးနား၏ မျက်နှာသည် ရွှင်ရွှင်ပျပျမရှိ။ မျက်လုံးများမှာ နီရဲ ရောင်ကိုင်းနေသည်။ ငိုထားဟန်တူ၏။ သူရှေ့မှ စားပွဲပေါ်တွင် အစားအသောက် ပန်းကန်များနှင့် အရက်ပုလင်းတင်ထားသည်။ ပုလင်းထဲရှိ အရက် မှာ ကုန်လုနီးပါး ဖြစ်နေပြီ။

' ဟောဒီမှာ သခင်ပေါက်စကလေး ပြန်လာပြီ ' ဂရေဟီယာက သရော်လှောင်ပြောင်သံဖြင့် ပြော သည်။ သူ့ အသံတွေ စိုးရိမ်ကြောင့်ကြသံ မသိမသာ ရောယှက်နေသည်။ သူ့မျက်နှာမှာ ဖြူဖပ်ဖြူ ရော်..။ ' သခင်ကလေး ဘယ်ရောက်ခဲ့ပါသလဲ... ခင်ဗျာ '
နီကိုလတ်စ် အသံမထွက်နိုင်။ လှောင်ချင် ပြောင်ချင်သည့် မျက်နှာပေးဖြင့် ကြည့်နေသော ဂရေစီယာကို ကြောက်လန့်သော စိတ်ဖြင့် နှုတ်အသလို ဖြစ်နေသည်။ နောက်ဆုံးကျမှ စကားတခွန်းထွက်လာသည်။

' ငါးမျှားသွားတာ '
' သြော် ... ငါးမျှားသွားတာကိုး ' ဟု ဂရေစီယာက နှုတ်ခမ်းကို မဲ့၍ရေရွတ်သည်။ ' ဒီလိုဆို ငါးတွေ ဘယ်မှာလဲ...၊ ပြစမ်းပါဦး '
နီကိုလတ်စ်က နှုတ်မှမဖြေ။ ကြောက်စိတ်ဖြင့် တဆတ်ဆတ်တုန်နေသော လက်ထဲမှ ခြင်းကိုရှေ့သို့ ထိုးပြသည်။ ဂရေစီယာက ခြင်းကို အသာအယာဆွဲယူပြီး စားပွဲပေါ်သို့ သွန်ချလိုက်သည်။ အထဲမှ ငါးနှစ်ကောင် ထွက်ကျလာသော်လည်း အသေးဆုံးတကောင်မှာ လက်ဆွဲခြင်းဖင်တွင် ကပ်နေခဲ့သည်။

' ဟား... ' ဂရေစီယာက နှာခေါင်းကို ရှုံ့လိုက်သည်။ ' ငါးယူလာပုံ ယူလာနည်းက မမှန်ဘူး...၊ ရေလဲ ဆေးမလာဘူး၊ ကိုင်လဲ မကိုင်ရသေးဘူး '
နီကိုလတ်စ်ကတော့ မတုန်မလှုပ် ရပ်ကာ ကြည့်နေသည်။ ဂရေစီယာသည် ပေါင်မုန့်လှီးဓားကို လှမ်းယူပြီး ငါးတကောင်၏ ခေါင်းကို တချက်တည်းနှင့် ပြတ်သွားအောင် လှီးချလိုက်သည်။ ဖြူဖွေး သောစားပွဲပေါ်တွင် သွေးများ စီးဆင်းကျလာသည်။ စားပွဲတခုလုံး နီရဲသွားလေသည်။

' ငါ့ကို မီးဖိုချောင်ထဲက ထမင်းချက် အစေခံ တယောက်လို ဆက်ဆံတာ ငါ မကြိုက်ဘူးကွ သိလား' ဟု ထအော်ပြီး နီကိုလတ်စ်အား စူးစူးဝါးဝါးကြည့်သည်။ ' မင်း ငါ ပြောတာနားလည်ရဲ့လား'
' ဟုတ် ... ဟုတ် ... ဟုတ်ကဲ့ ' နီကိုလတ်စ်က အထစ်ထစ်အငေါ့အငေါ့ဖြင့် ပြောသည်။
ဂရေစီယာ ကပြုံးသည်။ သူ့အပြုံးမှာ အသက်ပါသော အပြုံးမျိုးမဟုတ်။

' သခင်ကလေး ဘာကြောင့် တကိုယ်လုံး တုန်နေတာပါလဲ ခင်ဗျာ၊ သြော် ... သိပြီ၊ ကျွန်တော် ပြန်ရောက် နေတာ တွေ့လို့ မဟုတ်လား၊ ဟေ့ ဒီမှာ ငါသွားချင်တဲ့ အချိန် သွားပြီး ပြန်ချင်တဲ့အချိန် ပြန်မယ် ဆိုတာ မင်း မသိဘူးလား...ဟင် '
' ကျွန်တော် ... သိ ... သိပါတယ် ' ဟု နီကိုလတ်စ်က တီးတိုးလေသံဖြင့် ဖြေသည်။

' အခု ... မင်း သဘောပေါက်ပြီ မဟုတ်လား ' ဂရေစီယာက ကိုယ်ကို မတ်လိုက်သည်။ ' ငါ့ကို ဆန့်ကျင်တဲ့ လူ မှန်သမျှ ငါက ပိုးကောင်လေးတကောင် နင်းချေပြီး ပစ်သလို နင်းချေပစ်မယ် သိလား'
ဂရေစီယာကို ကြည့်ပြီး ခေါင်းတယမ်းယမ်း လုပ်နေသော မက်ဂ်ဒါလီးနားက စိတ်ပျက် လက်ပျက် ဖြင့် ညည်းညူ စပြုသည်။
' ငြိမ်ငြိမ်နေစမ်း ... အမျိုးသမီး၊ ငြိမ်ငြိမ်ကလေးနေစမ်း၊ ကျေးဇူးပြုပြီး ငြိမ်ငြိမ်ဆိတ်ဆိတ်ကလေး နေလိုက် စမ်း '

ဂရေစီယာသည် မက်ဂ်ဒါလီးနားအား လုံးဝ ဂရုမစိုက်။ သူသည် အခုအချိန်အထိ ဓားကို လက်ထဲမှ မချသေး။ နီကိုလတ်စ်ခများ တုန်လှုပ်ချောက်ချားခြင်းဖြင့် မျက်စိပျက် မျက်နှာပျက် ဖြစ်လျက် ရှိ သည်။ အဆီပြန် နေသော ဂရေစီယာ၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရ။

' ပိုးကောင်လေးတကောင် နင်းချေပစ်သလို နင်းချေပစ်မယ်၊ တနေ့ကျမှ ငါလုပ်ခဲ့သမျှအကြောင်း တွေ မင်းကို ပြောပြဦးမယ်၊ ငါ အလျင်တခါတုန်းက မင်းကိုတောင် ပြောခဲ့ဖူးသေးတယ်လေကွာ၊ မင်း မှတ်မိဦး မှာပါ၊ မမှတ်မိလဲ အကြောင်းတော့ မဟုတ်ပါဘူး၊ ငါဟာ ပြောတဲ့အတိုင်း လုပ်တတ်တဲ့ အကောင်ဆိုတာ မင်း တနေ့ကျ သိလာရမှာပေါ့၊ မဆန့်ကျင်နဲ့၊ ငါ့အကြောင်းကို မစုံစမ်းနဲ့၊ ငါ့ကို စပိုင်မလုပ်နဲ့၊ ငါ ဘာလုပ် နေနေ မနှောင့်ယှက်နဲ့၊ ဒါပဲ၊ သိတယ်မဟုတ်လား၊ ငါဟာ ဘယ်တော့မှ အိပ်တဲ့ကောင် မဟုတ်ဘူး၊ ငါဟာ အမြဲတမ်း မင်းအခန်းကို စောင့်ကြည့်နေတာ...၊ နားလည်လား'
' မလုပ်ဘူး ... မလုပ်ဘူး၊ ကျွန်တော် ခင်ဗျားကိုဘာမှ မလုပ်ဘူး '

နီကိုလတ်စ်က ကြောက်လန့်တကြား အော်ပြောသည်။
ဂရေစီယာက ပြုံးပြန်သည်။ မုန်းစရာ ရွံ့စရာကောင်းသည့် အပြုံး။ သူသည် နီကိုလတ်စ်အနီးသို့ တိုးကပ်လာသည်။ ရူးကြောင်ကြောင်နှင့် အရက်ခိုးထနေသော နီရဲရဲ မျက်လုံးများ။ နီကိုလတ်စ်က တော့ ထိုမျက်လုံး များကို စက်ဆုပ်သည်။ ကြောက်လည်း ကြောက်သည်။ နောက်ဆုတ်ဖို့ ကြိုးစား သည်။ မရ။

' မင်းဟာ အလကား ကောင်လေးပါ။ ဘာမှ မသိတဲ့ ကောင်စားလေးပဲ၊ ဒါပေမယ့် မင်းကို ငါ သင် ပေးနိုင်တာ အများကြီး ရှိတယ်၊ အများကြီး ... အများကြီး '
' နင့်ပါးစပ်ကြီးကို ပိတ်ထားစမ်း ' ဟု မက်ဂ်ဒါလီးနားက ထအော်သည်။ ' ငမူးကောင်၊ ၀က်ကောင်၊ အရူး၊ နင်ဟာ ... '
ဂရေစီယာက နောက်ပြန်လှည့်ကြည့်သည်။ ထိုင်ရာမှထဟန် ဟန်ပြင်နေသော မက်ဂ်ဒါလီးနား၏ပါး ကို သူ့ဗယ်ဘက် လက်ဖြင့် ဖြတ်ရိုက်လိုက်သည်။

ရိုက်ချက်က ပြင်းထန်သည်မဟုတ်။ သို့သော်လည်း အကြောက်လွန်နေပြီဖြစ်သော နီကိုလတ်စ်သည် ကိုယ်ထိ လက်ရောက် ရိုက်လိုက်သည်ကို မြင်သောအခါ နောက်သို့လှည့်၍ တဟုန်ထိုး ထွက်ပြေးသည်။ မက်ဂ်ဒါလီးနား ၏ စူးစူးရှရှ အော်သံကို သူကြားသော်လည်း ပြန်မကြည့်ရဲ။ ရှေ့သို့ တအားစွပ်၍ပြေးသည်။ လှေကားထစ် များကို ကျော်လွှား၍ တက်သည်။ တကြိမ်နှစ်ကြိမ် ချော်လဲသေးသော်လည်း ချက်ချင်း ပြန်၍ ကျုံးထ သည်။ နာရ ကျင်ရမှန်းလည်းမသိ။ ခိုက်မိ တိုက်မိသည်ကိုလည်း မကြောက်။

ဂရေစီယ၏ လက်ထဲမှ လွတ် မြောက်ဖို့ တခုတည်းသာတွေးသည်။
နောက်ဆုံးကျတော့ သူ့အခန်းထဲ ရောက်လာသည်။ တံခါးကို တရကြမ်းပြန်ပိတ်ပြီး အတွင်းမှ သော့ခတ် လိုက်သည်။ သူ့အဖေ အိပ်ခန်းနှင့်ဆက်နေသော တံခါးပေါက်ကိုလည်း ပြေးပိတ်သည်။ အတွင်းမှ ဂျလက်ချ ထားလိုက်သည်။ တရုတ်ကတ်များကတော့ စောစောကတည်းက ပိတ်ထားပြီး ဖြစ်၏။ သူ့တကိုယ်လုံးမှာ ဆောက်တည်ရာ မရနိုင်လောက်အောင် ဆိုးဆိုးဆတ်ဆတ် တုန်လျက် ရှိသည်။ သူသည် အခန်း အလယ် အမှောင်ထု ထဲတွင် ကယောင်ကတမ်းနှင့် ရပ်နေမိသည်။

မှန်အိမ်ကို ထွန်းလိုသော်လည်း မထွန်းရဲ။ ဂရေစီယာ မတွေ့နိုင်သည့် နေရာတွင် ပုန်းနေချင် သည်။ သူသည် ခြေထောက်မှ ဖိနပ်များကို ကန်ကျောက်၍ ချွတ်ပစ်လိုက်ပြီး အိပ်ရာပေါ်သို့ အသာ ကလေး တက်ကာ စောင်ခြုံအောက်သို့ဝင်သည်။ စောင်ခြုံထဲရောက်သည်အထိ ဂရေစီယာ သည် သူ့အား လိုက်လံ ၍ ခြောက်လှန့်နေဆဲ။ မျက်လုံးပြူးပြူးနှင့် မူးရှူးနေသော ဂရေစီယာသည် သူ့ထံသို့ လာနေသည်။

ဂရေစီယာသည် သူ့ကိုယ်သူ ယုံကြည်စိတ်ချမှုကလေး ကိန်းအောင်းစပြုနေသော ကလေးသူငယ် တစ်ဦး၏ ဘ၀လုံခြုံမှုကလေးကို ဖျက်ဆီးပစ်ခဲ့လေပြီ။ ကြောက်ခြင်း၊ ရှက်ခြင်းနှင့် ၀မ်းနည်းခြင်းတို့ သည် နုနယ်သော နီကိုလတ်စ်၏ စိတ်ကို ချုပ်ကိုင်ထားသည်။ သူသည် အခုလို အားကိုးအားထား မဲ့ချိန်တွင် ဂျိုစီကို သတိရ သည်။ ဂျိုစီသာ အနားမှာရှိလျှင် သူ့အား အကာအကွယ်ပေးပေလိမ့်မည်။ သူသည် ဂျိုစီကို သတိရ မိသည်နှင့်တပြိုင်နက် ၀မ်းနည်းပက်လက်နှင့် ရှိုက်ကြီးတငင် ငိုကြွေးလေသည်။

သူ့ဘ၀တသက်တာတွင် ထိုညကိုတော့ဖြင့် မေ့နိုင်လိမ့်မည် မထင်။ ထိုညသည် အလွန်ရှည်လျား သောညတညဖြစ်၏။ မက်ဂ်ဒါလီးနား၏ ၀မ်းနည်းပက်လက် ငိုကြွေးသံများသည် အပေါ်ထပ် သူ့ အခန်း ဆီသို့ တောက်လျှောက် တက်လာနေသည်။ ပြီးတော့ ... အော်သံ၊ ရန်ဖြစ်သံ၊ ပုလင်းကွဲသံ၊ ကျယ်လောင် လွန်းလှသော အော်ဟစ်ရယ်မောသံ၊ ထိုးသံကြိတ်သံ၊ ရိုက်နှက်သံများ...။ ထို့နောက် အားလုံး ငြိမ်တိတ် သွားသည်။ ကြောက်မက်ဖွယ်ကောင်းသည့် ငြိမ်တိတ်ဆိတ်ခြင်း။

ဘာတွေများ ဆက်ဖြစ်ကြဦးမှာပါလိမ့်။ ဘာတွေများ ထပ်ဖြစ်ကြဦးမှာပါလိမ့်။ ရင်တထိတ်ထိတ်ဖြင့် စောင့်၍ နားထောင်ရသည်မှာ ရင်မောလှပါဘိ၏။ သူ အိပ်မက်မက်နေခြင်းလား။ သူ့တံခါးကို သေချာစွာ ပိတ်မိခဲ့ ပါ၏လော။ သို့သော်လည်း သူသည် စောင်ခြုံအောက်မှ မထွက်ဝံ့၊ ကြောက်စိတ်ဖြင့် တကိုယ်လုံး ချွေးပြန် လျက်ရှိ၏။ စောင်ခြုံအောက်မှနေ၍ လှုပ်လည်း မလှုပ်ဝံ့။ အိပ်၍လည်း မရ။ တခေါင်းလုံး မူးဝေ နောက်ကျိ လျက် ရှိရလေသည်။

နောက်ဆုံး မျှော်လင့်ချက်ဟူသမျှ ကုန်ဆုံးပြီဟူသော အသိဝင်လာသည့်အခါ တရုတ်ကတ်များကြား မှ အလင်းရောင် ခပ်ဖျော့်ဖျော့် တိုးဝင်လာသည်။ သူ ခဏတဖြုတ် ငိုက်မြည်း သွားသည်ထင်၏။ သူသည် ခေါင်းထောင် ပြီး နားစွင့်သည်။ ဘာသံမှ မကြားရ။ လူသွားလူလာ ရှိပုံ လည်းမပေါ်။ သူသည် အိပ်ရာပေါ်မှ အရဲစွန့် ၍ ထကာ တရုတ်ကတ်တခုကိုဖွင့်၍ အပြင်သို့ ချောင်း ကြည့်သည်။ ဥယျာဉ်ထဲတွင် ဂျိုစီ ရောက်နေ လေပြီ။ ဂျိုစီသည် သူ့လက်တွန်းလှည်း မစုတ်ကလေး နှင့် အလုပ်ခွင် ၀င်လျက်ရှိ၏။

အ၀တ်အစား လဲနေရန်မလို။ သူသည် တံခါးကို ဖွင့်၍ အောက်ထပ်သို့ ကသောကမျော ဆင်းပြေး သည်။ ခန်းမ ထဲကျတော့လည်း ရပ်နားခြင်းမရှိ။ ဂျိုစီထံ မရောက်မချင်း ကဆုန်စိုင်း၍ ပြေးသည်။
' ဂျိုစီ ... ဂျိုစီ ... '
ဂျိုစီ၏ နာမည်ကို အခုလို အငမ်းမရ မခေါ်ခဲ့ဖူး။ သူသည် အမောတကောနှင့် ဂျိုစီ အနီးတွင် ရပ် သည်။ ညကအဖြစ်ကို ပြန်ပြောင်းပြောပြသည်။

ဂျိုစီက သူ့လက်တွန်းလှည်းပေါ်မှ ထိုင်၍ နားထောင်သည်။ နီကိုလတ်စ်၏ မျက်နှာကိုလည်းမကြည့်။ စကား တခွန်း မျှလည်း ပြန်မပြော။ နီကိုလတ်စ်၏ စကားဆုံးသွားသည့်အခါ တစုံတခု အလေးအနက်ထား၍ စဉ်းစား နေဟန်ရှိသည်။ အတန်ကြာမျှ ငြိမ်ဆိတ်နေလေသည်။ ထို့နောက် မတ်တတ်ထရပ်ပြီး နီကိုလတ်စ် အား ပြုံးရွှင်သော မျက်နှာထား ဖြင့် လှမ်းကြည့်သည်။

အခန်း(၁၀) ဒု ပိုင်း ဆက်ရန်
>>>ဆက်ဖတ်ရန်>>> >>

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၂၈) ပ ပိုင်း

အခန်း (၂၈) ပ ပိုင်း
ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးသည့် နောက်ပိုင်းကာလများတွင် စက်မှုလုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာ သည်နှင့်အမျှ ဘဏ်လုပ်ငန်းလည်း အလွန်တိုးတက်လာခဲ့သည်။
ဘဏ်လုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ၀ီလျံမှာလည်း စားချိန် အိပ်ချိန်ပင် မမှန်နိုင်အောင် အလုပ်များ လျက်ရှိသည်။
သည်ကြားထဲ အေဘယ်ရို့ စနော့စကီး၏ ပြဿနာက တစ်မှောင့်ဖြစ်နေပြန်သည်။

ရှေ့နေ သာဒီယပ်ကိုဟင်ထံမှ မှန်မှန်ရောက်လာသော အစီရင်ခံစာများအရ ဆိုသော် ရို့စနော့စကီးသည် သူ၏ လျှို့ဝှက်စီမံကိန်းကို ရပ်တန်းက ရပ်ရန် လုံးဝမရည်ရွယ်ကြောင်း သိရှိရသည်။ သည်အတိုင်းဆိုလျှင် သူနှင့် ရို့စနော့စကီးတို့သည် မကြာမီကာလအတွင်း ထိပ်တိုက်တွေ့ကြရတော့မည်မှာ သေချာသည်ဟု ၀ီလျံက စဉ်းစားမိသည်။ သည်ကိစ္စကို ဘဏ်အုပ်ချုပ်ရေးဘုတ်အဖွဲ့သို့ သူက တင်ပြလိုက်လျှင် သူ့ အနေဖြင့် အလုပ်မှ နုက်ထွက်ရတော့မည်မှာ ကျိန်းသေနေသည်။ ယင်းသို့ဆိုပါက ရို့စနော့စကီးအနေ ဖြင့် မလွဲ မသွေ အောင်ပွဲ ခံပေတော့မည်။ သည်အကြောင်းကြောင့်လည်း ၀ီလျံက သည်ကိစ္စကို အရေးတကြီး ကိစ္စ အဖြစ် ထုတ်ဖော်တင်ပြခြင်းမရှိဘဲ အချိန်ဆွဲပြီး အကြံထုတ်နေခဲ့ခြင်းဖြစ်သည်။

သို့သော် နောက်ဆုံးတော့ ၀ီလျံအနေဖြင့် ပြဿနာကို ရှောင်လွှဲနေ၍ မရတော့ဘဲ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရန်အကြောင်း ပေါ်ပေါက်လာခဲ့တော့သည်။
၁၉၅၁ ခုနှစ်၊ နှစ်ဦးပိုင်းတွင် အသစ်တည်ထောင်သော ' အင်တာစတိတ်' လေကြောင်းကုမ္ပဏီက အစိုးရ ဥပဒေအရ လိုအပ်သော ဒေါ်လာသန်း ၃၀ ကို မတည်ပေးရန် လက်စတာဘက်သို့ အကူအညီတောင်းလာ သည်။

ဝီလျံက အခြေအနေကို လေ့လာသုံးသပ်ကြည့်ပြီးနောက် အင်တာစတိတ်လေကြောင်း ကုမ္ပဏီအား ကူညီ ရန် ဆုံးဖြတ်လိုက်သည်။ သို့ဖြင့် သူသည် လိုအပ်သော ငွေသန်း ၃၀ ရရှိရေးအတွက် ရှယ်ယာများ ခေါ်ယူ လိုက်သည်။
လက်စတာဘဏ်လည်း အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ပေးသူအဖြစ် ရှိသမျှ အရင်းအနှီးများကို ပုံအော၍ မြှုပ်နှံလိုက်သည်။ ဤစီမံကိန်းမှာ လက်စတာဘဏ်တိုက်သို့ ၀ီလျံပြန်လည်
ဝင်ရောက် လုပ်ကိုင်သည့် နောက်ပိုင်းတွင် အကြီးဆုံးစီမံကိန်းဖြစ်၍ စတော့ဈေးကွက် ဖွင့်လိုက်သောအခါ သူ့အနေဖြင့် အနိုင်နှင့်အရှုံး စွန့်စားမှုကြီးတစ်ရပ်ကို လုပ်လိုက်ခြင်းပင် ဖြစ်သည်။
သို့ဖြင့် ဇူလိုင်လထဲတွင် ရှယ်ယာဈေးကွက် ဖွင့်လိုက်သောအခါ နေ့ပိုင်းရက်ပိုင်းအတွင်း ရှယ်ယာတွေ စုပုံ လိမ့်ဝင်လာကြသည်။

ဝီလျံက မိမိ၏အောင်မြင်မှုအတွက် ၀မ်းသာမဆုံး ဖြစ်နေစဉ်တွင်ပင် အေဘယ်ရို့ စနော့စကီး၏ နာမည် မခံသော ကုမ္ပဏီတစ်ခုက လေကြောင်းကုမ္ပဏီ၌ ရှယ်ယာ ၁၀ ရာခိုင်နှုန်း ရရှိသွား ကြောင်း ရှေ့နေ သာဒီးယပ် ကိုဟင်ထံမှ အစီရင်ခံစာ ၀င်လာလေတော့သည်။
ဤတွင် ၀ီလျံ၏ မူလစိုးရိမ်မှုမှာ ပိုမိုကြီးထွားလာပြီး သည်ပြဿနာကို အက်ဒွပ်လိခ်ျနှင့် တိုနီဆိုင်မွန်တို့အား မပြော ပြလျှင် မဖြစ်တော့သည့် အခြေအနေသို့ ရောက်လာသဖြင့် အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးအား သူ့ရုံးခန်းသို့ ဖိတ်ခေါ် ပြီး အကြောင်းစုံ ရှင်းပြရတော့သည်။

' ဒီအကြောင်း မင်းက ငါ့ကို အစကတည်းက ဘာလို့မပြောခဲ့ရတာလဲ '
တိုနီက အပြစ်တင်သံနှင့် ပြောသည်။
' ကျွန်တော် ' ကိန်းနှင့်ကဘော့ ' ဘဏ်မှာ လုပ်ခဲ့တုန်းက ရစ်ခ်ျမွန့်ကုမ္ပဏီလိုပဲ တခြား ကုမ္ပဏီ တစ်ရာ လောက်နဲ့ ဆက်ခံခဲ့ပါတယ် အန်ကယ်၊ အဲဒီတုန်းက ဒီအထိ အန္တရာယ်များလိမ့်မယ်လို့ ကျွန်တော် မတွေး ခဲ့မိဘူး၊ အခု တင်စတာစတိတ်ကုမ္ပဏီမှာ ရှယ်ယာ ၁၀ ရာခိုင်နှုန်း ၀ယ်လိုက်တော့မှ သူက ကျွန်တော့်ကို အလဲ ထိုးဖို့ တမင်ကျိတ်ကြံနေမှန်း အတိအကျ သိရတော့ တယ် '
' မစ္စတာကိန်းက သိပ်ပြီး စိတ်စောနေတာလည်း ဖြစ်ချင် ဖြစ်နိုင်တယ် ' အက်ဒွပ်လိခ်ျကပြောသည်။ ' ဒါပေ မဲ့ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဘုတ်အဖွဲ့ အသိပေးလို့တော့ လုံးဝမဖြစ်ဘူး '
' အဲဒါ ဟုတ်ပါတယ် ' တိုနီဆိုင်မွန်က ထောက်ခံသည်။ ' မင်းက အစောကြီးကတည်းက ရို့စနော့စကီးနဲ့ ဆွေးနွေး ခဲ့ဖို့ကောင်းတယ် '

' ဟုတ်ပါတယ်၊ သူကလည်း ကျွန်တော့်ကို အဲဒီလိုပဲ မျှော်လင့်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်၊ အဲဒီလို လုပ်ရင် သူက ဘဏ်တိုက်တော့ အရူးမီးဝိုင်းဖြစ်နေပြီလို့ ထင်မှာသေချာတယ် '
' ရစ်ခ်ျမွန့်ကုမ္ပဏီကို ကူညီဖို့အတွက် မင်းက အများကြီး ကြိုးစားခဲ့ပေမယ့် ဘဏ်အုပ်ချုပ်ရေးအဖွဲ့က မဲ အများစု နဲ့ ပယ်ချခဲ့လို့ ဒီလိုဖြစ်ခဲ့ရကြောင်း သူ့ကို ပြောပြရင် သူ စိတ်ပြောင်းသွားလိမ့်မယ် ထင်တာပဲ '
' အဲဒီ အကြောင်း သူလည်း မသိဘဲနေမှာ မဟုတ်ပါဘူး၊ သူ အာလုံးသိမှာပါ၊ သူက ကျွန်တော့်အပေါ် တမင် ရန်ငြိုး ထားလို့ ဒီလိုလုပ်နေတာပဲ ဖြစ်လိမ့်မယ် '
' အဲဒီတော့ ကျွန်တော်တို့ ဘဏ်အနေနဲ့ သူ့ကို ဘယ်လိုလုပ်သင့်တယ် ထင်သလဲ '

အက်ဒွပ်လိခ်ျက မေးလိုက်သည်။ ' တကယ်တော့ ရောင်းတဲ့လူရှိလို့ ရှယ်ယာဝင်ယူတာကို ဘဏ်အနေနဲ့ သူ့ကို တားလို့မရဘူး၊ သူဝယ်ထားတဲ့ ရှယ်ယာကို ကျွန်တော်တို့က ပြန်ဝယ်မယ်ဆိုရင်လည်း မတန်တဆ ဈေးကြီး တောင်းပြီး အကျပ်ကိုင်မှာပဲ၊ အဲဒီလိုဆိုရင် ဘဏ်တိုက်အနေနဲ့ ဘဏ္ဍာရေးကို အများကြီး ထိခိုက် သွား နိုင်တယ်၊ သူက ကျွန်တော့်ကို အဲဒီလိုဖြစ်တာကို မြင်ချင်ပုံရတယ် '
' ကျွန်တော် စဉ်းစားမိသလောက်တော့ ကျွန်တော်တို့ဘက်က လုပ်နိုင်မယ့် အကွက်မမြင်သလောက်ပဲ ' ၀ီလျံက ပြောသည်။ ' သူက ဒီလောက်နဲ့ ကျေနပ်နေဦးမှာ မဟုတ်သေးဘူး၊ အကွက်သာရင် ကျွန်တော် တို့ကို အလဲထိုးလာလိမ့်ဦးမယ် '

' တစ်နည်းအားဖြင့် ငါ တွက်ကြည့်တာကတော့ ' မစ္စတာဆိုင်မွန်က ပြောသည်။ ' မင်းရဲ့ အစွမ်းအစကို ယုံကြည် လို့ သူက အခုလို ရင်းနှီးမြှုပ်နှံတာလည်း ဖြစ်နိုင်တယ် '
' ကျွန်တော့်ပထွေးကိုယ်တိုင် ပါဝင်နေတယ် အန်ကယ်၊ အဲဒီလိုတွက်လို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ၊ ရို့စနော့စကီးက ကျွန်တော် ဘဏ်လုပ်ငန်းအတွေ့အကြုံပိုရှိလာအောင်လို့ အော့စဘွန်းကို အလုပ် ပေးတယ် လို့ အန်ကယ်က ယူဆသလား၊ ရို့စနော့စကီးအကြောင်းကို အန်ကယ် ကျွန်တော့်လောက် မသိ သေးပါဘူး၊ သူ့ကို ကျွန်တော် စောင့်ကြည့်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပြီး၊ သူက ဘယ်တော့မှ အရှုံးဘက်က ကြည့်တဲ့ လူမဟုတ်ဘူး၊ မနိုင်မချင်းသွန်ထိုးတဲ့ လူစားမျိုး၊ သူဟာ ... '

' တစ်ဖက်သတ် စိုးရိမ်မှုနဲ့ ထင်ရာတွေ လျှောက်ပြောမနေပါနဲ့ ၀ီလျံ '
' ကျွန်တော် ထင်ရာတွေ လျှောက်ပြောနေတာ မဟုတ်ဘူး အန်ကယ်၊ တကယ်ဖြစ်နေတာတွေ ပြောနေတာပါ၊ ရှယ်ယာ ၁၀ ရာခိုင်နှုန်းပိုင်တဲ့ လူတစ်ယောက်ရဲ့ အခွင့်အာဏာနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံ ဥပဒေ မှာ ဘယ်လိုရေးထားသလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ၊ ရို့စနော့စကီးက အခုဆိုရင် ခြောက်ရာခိုင် နှုန်း ပိုင်ထားပြီ။ နောက်ပိုင်း အခြေအနေ ကောင်းလာမယ်ဆိုရင် သူက ရှယ်ယာတွေအားလုံး ဈေးကွက်ချ ရောင်း ပြီး ' အင်တာစတိတ် ' ကုမ္ပဏီကို နေ့တွင်းချင်း ဖျက်ဆီးပစ်လိမ့်မယ် '

' အဲဒီလိုလုပ်တော့ သူ့မှာကော ဘာအကျိုးရှိလဲ' မစ္စတာလိခ်ျက မေးလိုက်သည်။ ' သူ့ပိုက်ဆံတွေ သဲထဲ ရေသွန် ဖြစ်တာလဲ အဖတ်တင်တော့မှာပေါ့ '
' မစ္စတာလိခ်ျက ဒီလူ့အကြောင်း မသိသေးပါဘူး၊ သူက တော်တော် ဥာဏ်များတာ၊ ခြသေ့င်္လို သတ္တိရှိတဲ့လူ၊ အရှုံး ကို လုံးဝမကြောက်ဘူး၊ သူ့မှာ ကျောထောက်နောက်ခံ ဟိုတယ်တွေရှိတယ် '
ဒုတိယဥက္ကဋ္ဌနှစ်ယောက် ပြန်သွားကြပြီးနောက် ၀ီလျံသည် စားပွဲတွင် တစ်ယောက်တည်း ထိုင်ကျန်ရစ်ခဲ့ ပြီး သူ ဆောင်ရွက်ရန် ကတိပေးလိုက်သောလုပ်ငန်းကို ပြန်လည် စဉ်းစားနေမိသည်။
ဟင်နရီ အော့စဘွန်းပါ ပါဝင်ပတ်သက်နေသော လုပ်ငန်းတွင် အေဘယ်ရို့စနော့စကီးနှင့် ဆွေးနွေးလျှင် လည်း အောင်မြင်ရန်လမ်းက မရှိသလောက် ဖြစ်လိမ့်မည်ဟု သူက ယူဆမိသည်။

*
နောက်လေးရက်အကြာတွင် ၀ီလျံသည် သူ၏ရုံးခန်းတွင် တစ်ယောက်တည်း ထိုင်နေသည်။ မည်သည့် အကြောင်း ကြောင့်ဖြစ်စေ သူ့ရုံးခန်းထဲသို့ မည်သူမျှ မလာရန်လည်း အမှုထမ်းများအား ညွှန်ကြား ထားသည်။
အေဘယ်ရို့စနော့စကီးလည်း နယူးယောက်နယ်စားဟိုတယ်ရှိ သူ့ရုံးခန်းထဲတွင် ရောက်ရှိနေပြီဖြစ်လိမ့်မည် ဟု ၀ီလျံက ယူဆသည်။ သူသည် အမှုထမ်းတစ်ယောက်အား မနက်အစောကြီး ဟိုတယ်သို့ လွှတ်ထားခဲ့ သည်။ ယင်းအမှုထမ်း၏ တာဝန်မှာ အေဘယ်ရို့စနော့စကီး ဟိုတယ်ရောက်လျှင် ရောက်ချင်း ၀ီလျံထံ အကြောင်း ကြားရန်ဖြစ်သည်။
မကြာမီ တွင်ပင် ဟိုတယ်သို့ စေလွှတ်ထားသော အမှုထမ်းက တယ်လီဖုန်းဆက်သည်။

အေဘယ်ရို့စနော့စကီးသည် ရှစ်နာရီ ၂၇ မိနစ်တွင် ရောက်လာပြီး ၄၂ ထပ်ရှိ သူ့ရုံးခန်းသို့ တက်သွားရာ ထိုအချိန် မှ စ၍ သူ့ကို မတွေ့ရတော့ကြောင်း။
ဝီလျံက သူ့တယ်လီဖုန်းကို ကောက်ကိုင်ပြီး အော်ပရေတာအား နယ်စားဟိုတယ်သို့ ဆက်ပေးရန် ပြောလိုက်သည်။
' နယူးယောက်နယ်စား ဟိုတယ်ကပါရှင် '
' မစ္စတာရို့စနော့စကီးကို ကျေးဇူးပြုပါ ' ၀ီလျံက စိတ်လှုပ်ရှားနေသည်။ ' မစ္စတာရို့စနော့စကီးကို ကျေးဇူးပြုပါ ' သူက ထပ်ပြောလိုက်သည်။ သည်တစ်ကြိမ်တော့ သူ့အသံက နည်းနည်းငြိမ်နေသည်။
' ဘယ်သူ လို့ ပြောရပါ့မလဲရှင် '

' ကျွန်တော့်နာမည် ၀ီလျံကိန်းပါ '
တစ်ဖက်မှ အကြာကြီး အသံတိတ်နေသည်။ နောက်မှ အသံပြန်ပေါ်လာသည်။
' သူ ရှိသလား၊ မသိဘူး မစ္စတာကိန်း၊ ကျွန်မ ကြည့်လိုက်ပါဦးမယ် '
အကြာကြီး စောင့်နေရပြန်သည်။

' မစ္စတာကိန်းလား '
' မစ္စတာရို့စနော့စကီးပါလား '
' ကျွန်တော် ဘာလုပ်ပေးရမလဲ မစ္စတာကိန်း' သူ့အသံက တည်ငြိမ်လှသည်။
ဝီလျံက စပြောမည့် စကားကို ကြိုတင်စဉ်းစာထားသော်လည်း တကယ်ပြောသောအါ တုန်ချင်သလိုလို ဖြစ်နေ သည်။
' လက်စတာဘဏ်မှာ ခင်ဗျားဝယ်ယူထားတဲ့ ရှယ်ယာကိစ္စနဲ့ နည်းနည်းဆွေးနွေးချင်လို့ပါ မစ္စတာရို့စနော့ စကီး၊ ပြီးတော့ ကျွန်တော်တို့က ကျောထောက်နောက်ခံပေးထားတြ့ ကုမ္ပဏီတစ်ခုမှာ ခင်ဗျားက ရှယ်ယာ တော်တော် များများ ၀င်ထားတာကိုလည်း ဆွေးနွေးချင်လို့ပါ၊ ဒီအချိန်မှာ ခင်ဗျားရဲ့ သောထားအမှန်ကို သိသင့်ပြီ လို့ ကျွန်တော် ယူဆပါတယ်၊ နောက်ပြီး တခြားပုဂ္ဂိုလ်ရေး ကိစ္စကလေးတစ်ခုကိုလည်း ဆွေးနွေး ချင်ပါတယ် '

ဝီလျံက တစ်ဖက်မှ တုံ့ပြန်သံကို နားစွင့်နေသည်။ တယ်လီဖုန်းများ ပြန်ချသွားပြီလား။ နောက်တော့မှ အသံ ကြားရသည်။
' ခင်ဗျားနဲ့ ကျွန်တော်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဘယ်လိုအကြောင်းမှ မရှိပါဘူး မစ္စတာကိန်း၊ ခင်ဗျားအကြောင်း ကျွန်တော် တစ်ခုမကျန် သိထားပြီးပါပြီ၊ အဲဒီတော့ ပြီးခဲ့တဲ့ ကိစ္စအတွက်လည်း ခွင့်လွှတ်ဖို့ တောင်းပန် နေစရာ မလိုပါဘူး၊ ခင်ဗျားက အမြဲတမ်း မျက်လုံးဒေါက်ထောက်ပြီး ကျွန်တော့်ကို ကြည့်နေ တာပဲ ဥစ္စာ၊ ကျွန်တော် ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ မေးနေစရာ လိုသေးသလား၊ ကျွန်တော့် ရည်ရွယ် ချက်က ' ကမ္ဘာဦးကျမ်း ' မှာ ခင်ဗျားဖတ်ရမယ့် သဘောထားတွေနဲ့တော့ အကြီးအကျယ် စိတ်ညစ် ရလိမ့်ဦး မယ်၊ အဲဒီတော့မှ ကျွန်တော့် ဟိုတယ်တစ်ခုခုရဲ့ ၁၂ ထပ်ပေါ်က ခင်ဗျား ခုန်ချပြီး ကိုယ့်ကိုယ် ကိုယ် သတ်သေ ရလိမ့်မယ်။

ကျွန်တော်က ဘဏ်ဥပဒေပုဒ်မ ၇ နဲ့ အကျုံးဝင်ဖို့အတွက် ရှယ်ယာနှစ်ရာခိုင်နှုန်းပဲ လိုတော့တယ်၊ အဲဒါဆိုရင် ဘယ်လိုဖြစ်လာမယ်ဆိုတာ ခင်ဗျားရော ကျွန်တော်ကော သိပါတယ်၊ ကျွန်တော်ပြောတာ မဟုတ်ဘူးလား၊ အဲဒီတော့မှ ဒေးဗစ်လီရွိုင်းအနေနဲ့ ဘယ်လို ခံစားရလိမ့်မယ်ဆိုတာကို ခင်ဗျားလည်း ကိုယ်တွေ့ခံစားလာရပါလိမ့်မယ်၊ သူ့ခမျာမှာ ဘဏ်တိုက်က သူ့ဘ၀အတွက် ဘယ်လို စီရင်ချက် ချပါ့မလဲဆိုပြီး တမျှော်မျှော်နဲ့ လပေါင်းများစွာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရရှာတယ်၊ အဲဒီတော့ ခင်ဗျားလည်း နှစ်ပေါင်းများစွာ ထိုင်ပြီးသာ စောင့်နေ ပေတော့၊ ရှယ်ယာရှစ်ရာခိုင်နှုန်း ကျွန်တော် ပိုင်လာတဲ့ နေ့မှာ ကျွန်တော် ဘာလုပ်မယ်ဆိုတာ စောင့်သာ ကြည့်ပေတော့ '

အေဘယ်ရို့ စနော့စကီး၏ စကားကြောင့် ၀ီလျံကျောပင် စိမ့်သွားမိသည်။ သို့သော်လည်း သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး စားပွဲကို ထုလိုက်ရင်း တတ်နိုင်သမျှ စိတ်ကိုထိန်းပြီး ပြောလိုက် သည်။
' ခင်ဗျား ဘယ်လိုခံစားရမယ်ဆိုတာ ကျွန်တော် သဘောပေါက်ပါတယ် မစ္စတာ ရို့စနော့စကီး၊ ဒါကြောင့် မို့လည်း နှစ်ယာက်ချင်း တွေ့ဆုံပြီး ပြေပြေလည်လည် ဖြစ်အောင် ဆွေးနွေးဖို့ စိတ်ကူးမိတာပါ၊ ခင်ဗျား မသိရသေး တဲ့ အချက်တစ်ချက် နှစ်ချက် လောက်တော့ ရှိ ... '
' ဟင်နရီအော့စဘွန်းကို ဒေါ်လာ ငါးသိန်းကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားက ချောက်ချလိုက်တဲ့ နည်းမျိုးတွေလား၊ မစ္စတာကိန်း '
ဝီလျံက ရုတ်တရက် ပါးစပ်ပိတ်သွားသည်။ ဒေါသကလည်း ပေါက်ကွဲလုမတတ် ထွက်သွားသည်။ သို့သော် လည်း သူ့ကိုယ်သူ ပြန်ထိန်းလိုက်ပြန်သည်။

' အဲဒီလိုမဟုတ်ပါဘူး မစ္စတာရို့စနော့စကီး၊ ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးမယ့် ကိစ္စက မစ္စတာအော့စဘွန်းနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး၊ ခင်ဗျားနဲ့သာဆိုင်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စ သက်သက်ပါ၊ ဒါပေမဲ့ ဟင်နရီအော့စဘွန်းအပေါ်မှာ ကျွန်တော့်အနေနဲ့ တစ်ဒေါ်လာတောင်မှ ချောက်မချဖူး ဘူးဆိုတာ တော့ ကျွန်တော် အလေးအနက်ပြောချင်ပါတယ် '
' မစ္စတာ အော့စဘွန်းကတော့ အဲဒီလိုမပြောဘူး၊ ခင်ဗျားအမေ သေရတာခင်ဗျားမှာ တာဝန်ရှိတယ်လို့ သူက ပြောတယ်၊ ခင်ဗျားက သူ့အကြွေးကို ဆပ်မပေးတော့ ခင်ဗျားအမေက သူ့လင်အတွက် သောက ရောက်ပြီး သေရတယ်လို့ ဆိုတယ်၊ ဒေးဗစ်လီရွိုင်းအပေါ်မှာ ခင်ဗျား ဆက်ဆံခဲ့ပုံကြည့်လို့ ခင်ဗျား အဲဒီလို တကယ် လုပ်ခဲ့လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ် '

ဝီလျံသည် သူ့တစ်သက် ဒေါသစိတ်ကို သည်တစ်ကြိမ်လောက် ဘယ်တုန်းကမှ ချိုးနှိမ်ထားခဲ့ခြင်း မရှိခဲ့ဖူး။ သူသည် အချိန်တော်တော်ကြာမှ စကားပြန်ပြောနိုင်သည်။
' အဲဒီတော့ ... ကျွန်တော် တစ်ခုတောင်းပန်ပါရစေ မစ္စတာ ရို့စနော့စကီး၊ အခုလို ကျွန်တော်တို့ အချင်းချင်း အထင်လွဲ နေတာတွေကို ရှင်းသွားအောင် ကျွန်တော်တို့နှစ်ယောက် လူချင်းဆုံပြီး ဆွေးနွေးကြရအောင်၊ ခင်ဗျား ကြိုက်တဲ့နေရာ ရွေးပါ၊ ကျွန်တော်တို့ကို လူတွေ မမှတ်မိတဲ့ နေရာမျိုးပေါ့ '
' ခင်ဗျား ကို လူတွေ မမှတ်မိတဲ့နေရာက တစ်နေရာပဲ ရှိတယ် မစ္စတာကိန်း '
' ဘယ်နေရာလဲ '
' သင်္ချိုင်း .... '
အေဘယ်က တယ်လီဖုန်းကို ပြန်ချသွားသည်။

*
' မစ္စတာအော့စဘွန်းဆီ ချက်ချင်းဆက်ပေးစမ်း '
သူက ... သူ့ အတွင်းရေးမှူးစာရေးမကို ပြောလိုက်သည်။ စာရေးမက တယ်လီဖုန်း ဆက်နေစဉ် သူက သူ့စားပွဲကို လက်နှင့် တဖုတ်ဖုတ် အဆက်မပြတ် ဗုံတီးနေသည်။ မစ္စတာအော့စဘွန်းက သူ၏ မဲဆန္ဒရှင်များ အား ကက်ပီတယ်အဆောက်အအုံကို လိုက်လံပြသနေသဖြင့် ၁၅ မိနစ်ခန့်ကြာမှ ဆက်၍ရသည်။
' အေဘယ်လား ... '

'ဟုတ်ပါတယ်...မစ္စတာအော့စဘွန်း၊ ၀ီလျံကိန်းတော့ အားလုံးသိသွားပြီ၊ အဲဒါမစ္စတာအော့စဘွန်း ပထမဆုံး သိသင့်တယ်ထင်လို့ ကျွန်တော်လှမ်းဆက်တာ၊ တိုက်ပွဲတော့စပြီထင်တယ် မစ္စတာအော့စဘွန်း'
'ခင်ဗျားဘာကိုဆိုလိုတာလဲ၊ သူသိကုန်ပြီဟုတ်လား၊ ခင်ဗျားနဲ့ကျုပ်နဲ့ပေါင်းနေတယ်ဆိုတာ သူသိသွား ပြီလို့ ပြောတာလား'
အော့စဘွန်းက စိုးရိမ်သဖြင့် ကမန်းကတန်းမေးသည်။

"ဟုတ်ပါတယ်...သူသိသွားပြီ၊ မစ္စတာအော့စဘွန်းကို ကျွန်တော်အလုပ်တာဝန်ပေးတာရော၊ လက်စတာ ဘဏ်နဲ့ အင်တာစတိတ်ကုမ္ပဏီမှာ ကျွန်တော်ရှယ်ယာတွေရှိတာရော အကုန်သိသွားပြီ"
"ဟာ...ဒီလောက်အသေးစိတ်ကြီးတောင်မှ သူကဘယ်လိုလုပ်သိနိုင်ရတာလဲ၊ အထူးစာရင်းကိစ္စက ခင်ဗျားနဲ့ကျွန်တော်နဲ့နှစ်ယောက်ပဲ သိတာပဲဥစ္စာ"
"ကာတစ်ဖင်တန်က ပြောလိုက်လို့သိတာ"
"ဟုတ်ပါရဲ့လား၊ ဒီလုဒီလိုလုပ်မယ်မထင်ပါဘူး"

"မထင်ဘူးမလုပ်နဲ့၊ တကယ်လုပ်လိုက်ပြီ၊ သူကလွဲပြီးဘယ်သူမှမဖြစ်နိုင်ဘူး၊ ကျွန်တော်ကိန်းနှင့်ကတော့ ဒဏ်ကိုအကြွေးဆပ်ပြီး ရစ်ခ်ျမွန့်ကုမ္ပဏီကိုပြန်ယူတော့ ကိန်းကဖင်တန်နဲ့တိုက်ရိုက်ဆက်သွယ်ပြီး လုပ်ခဲ့ ကြတယ် မဟုတ်လား၊ အဲဒီကတည်းက သူတို့နှစ်ယောက် ကတိက၀တ် တစ်ခုခုရှိခဲ့ကြတာ ဖြစ်လိမ့်မယ်"
"ဘုရားရေ အဲဒါမှဒုက္ခပါပဲ"
"မစ္စတာအော့စဘွန်းက တော်တော်စိုးရိမ်မသလား"
"စိုးရိမ်တာပေါ့ အေဘယ်၊ ၀ီလျကိန်းက ဘယ်တော့မှအရှုံးပေးတဲ့လူ မဟုတ်ဘူးဗျ၊ အဲဒါတော့ သတိ ကြပ်ကြပ်ထားရလိမ့်မယ်"

"ကျွန်တော်လဲဘယ်တော့မှ အရှုံးပေးတဲ့လူမျိုးမဟုတ်ပါဘူး၊ သူ့ကိုကြောက်စရာမလိုပါဘူး၊ ဒါနဲ့ကျွန်တော် တို့ရဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုရှိသလဲ"
"ခင်ဗျားက လက်စတာဘဏ်မှာ ခြောက်ရာခိုင်နှုန်းရှယ်ယာပိုင်ထားတယ်၊ အင်တာစတိတ်ကုမ္ပဏီမှာက ၁၀ ရာခိုင်နှုန်း၊ ပြီးတော့သူတို့နဲ့ပတ်သက်နေတဲ့ တခြားကုမ္ပဏီတွေမှာလည်း အနည်းအကျဉ်းပိုင်ထားတာ တွေရှိ သေးတယ်။

စည်းမျဉ်းဥပဒေပုဒ်မ ၇နဲ့အကျုံးဝင်ဖို့က နှစ်ရာခိုင်နှုန်းပဲလိုတော့တယ်၊ ပီတာပါဖစ်ကလဲ ဈေးတည်းရင် ရောင်းဖို့ အဆင်သင့်ပဲ"
"ကောင်းပါတယ်၊ အခြေအနေကောင်းပါတယ်၊ အဲဒီတော့ပါဖစ်နဲ့ ဆက်ဆွေးနွေးပါဦး၊ ဒါပေမယ့်ကိန်းက သူ့ဆီမချဉ်းကပ်တောင်မှ ကျွန်တော်တို့ကသိပ်ပြီး အငမ်းမရဖြစ်နေပြီလို့ မထင်နိုင်အောင်တော့ သတိနဲ့ လုပ်ရလိမ့်မယ်၊ လောလောဆယ်တော့ ကိန်းကိုဒီအတိုင်းပဲ လွှတ်ထားလိုက်ဦးမယ်၊ ကျွန်တော်တို့ဘာတွေ များ လုပ်နေကြပါလိမ့်ဆိုပြီး သု့ဟာသူတွေးချင်သလို တွေးနေပါစေ၊ ဒါပေမယ့် ကျွန်တော်ဥပရောပက ပြန်မရောက် မချင်းတော့ သူဇောချွေးတွေ ပြန်နေလိမ့်မယ်ဆိုတာ ကျွန်တော် မှန်းကြည့်လို့ရပါတယ်၊ ကျွန်တော့် ဘက်က အဆင်သင့်မဖြစ်သေးခင်မှာတော့ သူ့အနေနဲ့အဲဒီလိုပဲ နေပါစေဦး"

"ကောင်းတယ်...အေဘယ်၊ ကျုပ်သတိနဲ့စောင့်ကြည့်ထားပါ့မယ်၊ အခြေအနေထူးခြင်းရင် ခင်ဗျားကို ချက်ချင်း အကြောင်းကြားပါ့မယ်"
"ဒါပေမယ့် ဘာမှတော့မစိုးရိမ်ပါနဲ့ မစ္စတာအော့စဘွန်း၊ ဒီလူကိုကျွန်တောက ချက်ချင်းမသတ်ဘဲ တဖြည်း ဖြည်းနဲ့မှ သေအောင်ညှဉ်းသတ်ပြပါ့မယ်"
"ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ကျုပ်စောင့်ကြည့်နေပါ့မယ်"
"မစ္စတာအော့စဘွန်းက ကိန်းကိုကျွန်တော်မုန်းတာထက် ပိုမုန်းတယ်မဟုတ်လား"
အော့စဘွန်း က ကမန်းကတန်းရယ်လိုက်သည်။

"ကဲဥရောပခရီး အောင်မြင်ပါစေ အေဘယ်"
အေဘယ်ကတယ်လီဖုန်းကို ပြန်ချလိုက်သည်။ နောက်လုပ်ရမည့်အလုပ်ကို စဉ်းစားရင်းစားပွဲကိုလက်နှင့် ခေါက်နေသည်။ သူ၏အတွင်းရေးမှူးစာရေးမ ၀င်လာသည်။
"ကွန်တီ နင်တယ်ဘဏ်က မစ္စတာကာတစ်ဖင်တန်ဆီ ဆက်စမ်းပါ"
သူက သူမအားမကြည့်ဘဲနှင့် ပြောလိုက်သည်။ စားပွဲကိုလက်နှင့်ဆက်ခေါက်နေသည်။ မျက်စိများကရှေ့ တည့်တည့်ကိုငေးကြည့်နေသည်။ ခဏကြာတော့ စားပွဲပေါ်မှ တယ်လီဖုန်းမြည်လာသည်။
"မစ္စတာ ဖင်တန်လား"

"ဂွတ်မောနင်းမစ္စတာရို့စနော့စကီး၊ နေကောင်းတယ်နော်"
"ခင်ဗျားဘဏ်မှာရှိတဲ့ ကျွန်တော့ပိုက်ဆံတွေ အားလုံးစာရင်းပိတ်လိုက်ပါတော့" တစ်ဖက်မှ တိတ်ဆိတ် နေသည်။

အခန်း (၂၈) ဒု ပိုင်း ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, May 30, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၂၇)

အခန်း (၂၇)

ဝီလျံ၏ စားပွဲပေါ်တွင် စာကို ဖြန့်တင်ထားသည်။ သူက ကောက်ယူပြီး တတိယအကြိမ် ထပ်ဖတ်သည်။
' အေဘယ်ရို့စနော့စကီးက လက်စတာဘဏ်မှာ ဘာကြောင့် ရှယ်ယာဝင်ချင်ရတာလဲ။ သူက အော့စဘွန်း ကို သူ့ကုမ္ပဏီမှာ ဘာဖြစ်လို့ ဒါရိုက်တာ ခန့်တာလဲ'
ဝီလျံ က အကြောင်းရင်းကို ဘယ်လိုတွေးလို့မှမရ။ ထို့ကြောင့် တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။

မစ္စတာ ကိုဟင်အသစ်မှာ သူ့ဖခင်နှင့် တစ်ပုံတည်းဖြစ်သည်။ ထို့ကြောင့် အရှေ့ ၆၈လမ်းမှ ၀ီလျံ၏ အိမ်သို့ ရောက်သော အခါ သူ့ကိုယ်သူ မိတ်ဆက်နေစရာမလိုတော့။ သူ့ခေါင်းတွင် ဆံပင်ပါးပါးနှင့် အနည်းငယ် ဖြူစ ပြုနေပြီ။
ဝီလျံက မစ္စတာဒီယပ်ကိုဟင်အား စိုက်ကြည့်နေသည်။
' ကျွန်တော့်ကို မှတ်မိဘူးလား မစ္စတာကိန်း' မစ္စတာကိုဟင်က မေးလိုက်သည်။

' ဟာ ... ဘယ့်နှယ် မမှတ်မိပဲနေပါ့မလဲ၊ ကျွန်တော်နဲ့ ခင်ဗျားတို့က ဟားဗက်တုန်းက စကားရည်လုပွဲကြီး တောင် အကြီး အကျယ် လုပ်ခဲ့ကြသေးတာပဲ၊ ၁၉၂၀ ခုနှစ်တုန်းကပေါ့ '
' ၁၉၂၈ ကပါ၊ အဲဒီတုန်းက ခင်ဗျားတို့ဘက်က နိုင်သွားတယ်လေ '
' ဟုတ်တာပေါ့၊ ကျွန်တော်တို့က အရင်းရှင်စနစ်ဘက်က၊ ခင်ဗျားတို့က ဆိုရှယ်လစ်စနစ်ဘက်က စကားရည် လုခဲ့ကြတာ၊ အခု ခင်ဗျားက အရင်းရှင်တစ်ယောက်အတွက် ရှေ့နေလိုက်ပေးရမယ်ဆိုတော့ ဖြစ်ပါ့မလား '

ဝီလျံက ပြောပြီး ရယ်လိုက်သည်။ ထို့နောက် ထိုင်ရာမှထပြီး မစ္စတာကိုဟင်နှင့် လက်ဆွဲနှုတ်ဆက်သည်။ သူတို့ နှစ်ယောက်သည် တစ်ခအတွင်းတွင် တက္ကသိုလ် ကျောင်းသားများ ပြန်ဖြစ်သွားကြသည်။
ဝီလျံက ပြောပြီး ရယ်လိုက်သည်။ ထို့နောက် ထိုင်ရာမှထပြီး မစ္စတာကိုဟင်နှင့် လက်ဆွဲနှုတ်ဆက်သည်။ သူတို့ နှစ်ယောက်သည် တစ်ခဏအတွင်းတွင် တက္ကသိုလ် ကျောင်းသားများ ပြန်ဖြစ်သွားကြသည်။
ဝီလျံက ပြုံးလိုက်ပြီး -
' ကျောင်းတုန်းက ခင်ဗျားက လုံးဝအရက်မသောက်ခဲ့ဘူးနော်၊ ခုကော ဘာသောက်မလဲ '

' ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အခုလည်း အရက်မသောက်ပါဘူး၊ ကျွန်တော်လည်း အရင်းရှင် ဖြစ်နေ ပြီဗျ '
ထို့နာက် သူက သူ့ဖခင်ထံမှ ပခုံးလွှဲယူထားလိုက်ရသော ' ရို့စနော့စကီးအော့စဘွန်း အမှုတွဲ ' ဖိုင်ကို လှန် ကာ စုံစမ်းသိရှိထားပြီးသမျှကို ရှင်းပြသည်။
ဝီလျံက သူ သိချင်သောအချက်များ ပြောပြသည်။

' အခု ဆက်လုပ်စေချင်တာက သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှု အသေးစိတ်ကို အမြန်ဆုံး အစီရင်ခံစာ တင်စေချင်တယ်၊ နောက်ကိုလည်း အလျင်ကလိုပဲ သုံးလတစ်ကြိမ် မှန်မှန် အစီရင်ခံစာတင်ပါ၊ အားလုံးကို အတတ်နိုင်ဆုံး လျှို့လျှို့ဝှက်ဝှက် လုပ်ဖို့ကိုတော့ အထူးသတိပြုပါ၊ ဒီကိစ္စကို ခင်ဗျားကပဲ အားလုံးတာဝန် ယူစေချင်တယ်၊ အေဘယ်ရို့စနော့စကီးက လက်စတာဘဏ်မှာ ဘာကြောင့် ရှယ်ယာဝင်ရတာလဲ၊ ဒေးဗစ် လီရွိုင်း သေဆုံးရတာ ကျွန်တော့်ကြောင့်လို့ သူက အခုအထိ ထင်နေတုန်းပဲလား၊ အော့စဘွန်းက ဒီကိစ္စ မှာ ဘယ်လိုပတ်သက်နေတာလဲ၊ ရို့စနော့စကီးနဲ့ ကျွန်တော်နဲ့ တွေ့ဆုံဆွေးနွေးရင် အကျိုးရှိ ပါ့မလား၊ အထူးသဖြင့် ထိုအချိန်က ရစ်ခ်ျမွန့်ကုမ္ပဏီကို ပိုက်ဆံထုတ်မချေးဖို့ ဆုံးဖြတ်တာ ကျွန်တော် မဟုတ် ပါဘူး၊ တခြားဘုတ်အဖွဲ့ဝင်တွေက ဆုံးဖြတ်တာပါလို့ ထုတ်ပြောလိုက်ရကောင်းမှာလား၊ ဒီမေးခွန်း အားလုံး ရဲ့ အဖြေကို ကျွန်တော် မြန်နိုင်သမျှ မြန်မြန် သိချင်တယ်၊ ဒါမှ ကျွန်တော့်ဘဏ် ဒါရိုက်တာအဖွဲ့ကို အမြန်ဆုံး တင်ပြပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်မယ် '

သာဒီယပ်ကိုဟင်က လက်စွဲသားရေအိတ်ကို ပြန်ပိတ်လိုက်ပြီး -
' အခုလို ခင်ဗျား နာလန်ထခါစရှိသေးတဲ့အချိန်မှာ ဒီလိုပြဿနာနဲ့လာပြီး ရင်ဆိုင်ရတာ ကျွန်တော် စိတ်မကောင်းပါဘူး၊ ကျွန်တော် အမြန်ဆုံး ဖြစ်နိုင်အောင် ကြိုးစားပြီး လုပ်လိုက်ပါ့မယ်၊ ပြီးတော့ ခင်ဗျားဆီ လာပြီး တင်ပြပါ့မယ် ' သူက တံခါးဝသို့ လျှောက်သွားရာမှ နောက်ပြန်လှည့်လျက် -
' ဒါနဲ့ ရီမာဂျင်တိုက်ပွဲမှာ ခင်ဗျား စွမ်းဆောင်ခဲ့တာတွေအတွက် ကျွန်တော် အများကြီး ဂုဏ်ယူပါတယ် မစ္စတာကိန်း '
*
ဝီလျံသည် နောက်တစ်လနှစ်လအတွင်းတွင် လုံးဝ ကျန်းမာလာခဲ့သည်။ မျက်နှာနှင့် ရင်ဘက်မှာ အမာရွတ် များမှာလည်း သာမန် ခြစ်ရာလေးလောက်သာ ထင်တော့သည်။
ရက်များ မကြာမီတွင် သူတို့မိသားစုသည် အနောက်အင်းဒီးစ်ကျွန်းစုသို့ အပန်းဖြေခရီးထွက်ကြသည်။ လန်ဒန် မြို့သို့လည်း နှစ်ပတ်တာမျှ ၀င်ရောက်၍ လည်ပတ်ခဲ့ကြသည်။
နယူးယောက် သို့ ပြန်ရောက်သောအခါ ကိတ်က လင်တော်မောင်အား အိမ်တွင် ဆက်လက် အနားယူ နေသေး ရန် တိုက်တွန်းသည်။ သို့သော် ၀ီလျံက အနားမယူတော့ဘဲ အလုပ်ခွင်သို့ တန်းဝင်လာသည်။
သို့ဖြင့် သူသည် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ၀င်တိုးမိလျက်သား ဖြစ်ရတော့သည်။

သူ ပြန်ဝင်လာသောအခါ စီးပွားရေးလောကသည် ယခင်ကနှင့် မတူတော့ဘဲ အတော်ကြီးကို ပြောင်းလဲနေ ပြီဖြစ်ကြောင်း တွေ့ရသည်။ အမေရိကန်ဘဏ်လုပ်ငန်းကို ဒုတိယကမ္ဘာစစ်ကြီးကြောင့် အတွေ့အကြုံ အများကြီး ရလိုက်သော လူငယ်မျိုးဆက်သစ်က ဦးဆောင်ကြိုးကိုင်လျက်ရှိနေပြီ။
ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရလိုက်သော ဟယ်ရီထရူးမင်းကလည်း စီးပွားရေးကို မူသစ်၊ ပေါ်လစီသစ်များဖြင့် အထူးထိန်းကြပ်ကွပ်ကဲလျက် ရှိသည်။
ရှေ့နေ သာဒီယပ်ကိုဟင် ထံမှ ပထမဆုံးအကြိမ် အစီရင်ခံစာ ရောက်လာသည်။

ဝီလျံက စိတ်ဝင်စားစွာဖြင့် ကမန်းကတန်း လှန်လှောဖတ်ရှုသည်။
အေဘယ်ရို့စ်နော့စကီးသည် လက်စတာဘဏ်တွင် နောက်ထပ် အစုရှယ်ယာများ ၀ယ်ယူရန် ဆက်လက် ကြိုးစား နေဆဲဖြစ်သည်။ သူသည် မစ္စတာလက်စတာ၏ သေတမ်းစာအရ အမွေရလိုက်သူ အားလုံး နီးပါး သို့ ချဉ်းကပ်ခဲ့သည်။ သို့သော် မစ္စတာဆူဆန်လက်စတာ တစ်ဦးတည်းထံမှသာ ရှယ်ယာများ ၀ယ်ယူ ရရှိခဲ့သည်။ သ ဆူဆန်က ၀ီလျံ၏ ရှေ့နေနှင့် လုံးဝအတွေ့မခံ။ သူမအနေဖြင့် ရှယ်ယာတွေ ရောင်းပစ် ရလောက် အောင် ငွေရေးကြေးရေး အခက်အခဲမရှိသေးကြောင်း ၀ီလျံသိသည်။

ဒါနဲ့များ ဒီလိုလူမျိုးကို ရောင်းပစ်လိုက်တာ မိုက်လိုက်လေခြင်း ဟူဆန်ရယ် ...။
ဝီလျံ တော်တော် စိတ်မကောင်း ဖြစ်သွားပါသည်။ သူက အစီရင်ခံစာကို ဆက်ဖတ်လိုက်သည်။
ဟင်နရီအော့စဘွန်းအား ၁၉၄၇ ခုနှစ် မေလထဲတွင် နယ်စားကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင် လူကြီးတစ်ဦးအဖြစ် ခန့်ထား ခဲ့သည်မှာ မှန်သည်။ သူ၏ အထူးတာဝန်က လက်စတာဘဏ်မှ ရှယ်ယာများကို ကြီးကြပ်ရန် ဖြစ်သည်။ အရေးကြီးသောအချက်မှာ အေဘယ်သည် ဆူဆန်၏ ရှယ်ယာများကို သူ့နာမည်ကိုသော်လည်း ကောင်း၊ အော့စဘွန်းနာမည်ကိုသော်လည်းကောင်း လုံးဝမသုံးဘဲ ၀ယ်ယူခြင်းပင်ဖြစ်သည်။

ဘယ်လိုပင်ဖြစ်ဖြစ်၊ ယခုအချိန်တွင် အေဘယ်သည် လက်စတာဘဏ်တွင် ရှယ်ယာ ခြောက်ရာခိုင်နှုန်း ပိုင်သွားပြီ။ ပီတာပါဖစ်၏ ရှယ်ယာနှစ်ရာခိုင်နှုန်းကိုလည်း ဒေါ်လာခုနစ်သိန်းခွဲဖြင့် ၀ယ်ယူရန် ကမ်းလှမ်း လျက် ရှိသည်။ သည်အတိုင်းဆိုလျှင် အေဘယ်သည် ၀ီလျံကဲ့သို့ပင် ရှယ်ယာ ရှစ်ရာခိုင်နှုန်းကို မကြာမီ ပိုင်ဆိုင် လာနိုင်စရာရှိသည်။
ဝီလျံက ပို၍ စိုးရိမ်သည်မှာ အေဘယ်၏ ဟိုတယ်လုပ်ငန်းသည် လက်စတာဘဏ်တိုက်ထက် နှစ်စဉ် အမြတ်ငွေ ပိုမိုရှိနေခြင်းပင်ဖြစ်သည်။ အေဘယ်၏ နယ်စားဟိုတယ်လုပ်ငန်းသည် နာမည်ကျော် ဟီလတန် နှင့် ရှယ်ရာတန် ဟိုတယ်လုပ်ငန်းကြီးများနှင့်အပြိုင် လိုက်လျက်ရှိနေပြီ။

ဝီလျံက အေဘယ်ရို့စနော့စကီးနှင့် ပထမဆုံး တွေ့ဆုံမဆွေးနွေးရသေးဘဲနှင့် သည်ကိစ္စကို ဘုတ်အဖွဲ့ကို တင်ပြသင့် မသင့် စဉ်းစားကြည့်သည်။ ဘာမှ ဆုံးဖြတ်ချက်မချဖြစ်။
သို့ဖြင့် အိပ်မပျော်သော ညပေါင်းများစွာကို ကုန်လွန်စေပြီးနောက်မှာ သူက ဇနီးသည် ကိတ်ကို ပြောပြပြီး ထင်မြင်ချက် တောင်းခံမိသည်။
' ဘာမှ မလုပ်ပါနဲ့ဦး ' ကိတ်က အကြံပေးသည်။ ' မောင် စိုးရိမ်သလို သူက အဖျက်သဘောနဲ့ ၀င်လာတာ လားဆိုတာ အတိအကျ သိရအောင် စောင့်ကြည့်နေပါဦး၊ အမှန်က ဒီကိစ္စဟာ မောင် ထင်သလောက် မကြီးကျယ်ဘဲ လက်ဖက်ရည်ခွက်ထဲ မုန်တိုင်းထတာ လောက်ပဲ ဖြစ်ချင်ဖြစ်မှာပါ '

' ဟင်နရီအော့စဘွန်းကို သူ့ရဲ့လက်ပါးစေအဖြစ် ခန့်ထားတာထောက်ရင် မုန်တိုင်းက လက်ဖက်ရည် ခွက်ထဲက လျှံတက်ပြီး အပြင်ကိုပါ တိုက်ခတ်နိုင်တယ်၊ ဒီကိစ္စ ပေါ့ပေါ့တွက်လို့ မဖြစ်ဘူး ကိတ်၊ ဒါကြောင့်မို့ သူ့ ရည်ရွယ်ချက် အမြန်ဆုံးသိအောင် လုပ်ရမယ်၊ လက်ပိုက်ပြီး ထိုင်ကြည့်နေလို့ မဖြစ်ဘူး '
' စောင့်ကြည့် ပါဦးလေ၊ သူ စိတ်ပြောင်းသွားပြီး ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်၊ ရှင်တို့နှစ်ယောက် အဆက် အသွယ် လုံးဝမရှိတာကလည်း နှစ်ပေါင်းနှစ်ဆယ်လောက်တောင် ရှိသွားပြီပဲ '
' အဲ ... လူဆိုးကြီး အယ်လ်ကပုန်းက ထောင်ကလွတ်တဲ့နေ့ကျမှ စိတ်ပြောင်းသွားချင် ပြောင်းသွားလိမ့်မယ်၊ တို့ က အတိအကျပြောလို့ ဘယ်လိုမှမရနိုင်ဘူးကိတ်၊ ဒါပေမဲ့ သတိ ရှိထားတာကတော့ မမှားနိုင်ဘူးပေါ့ '

ကိတ်က ဘာမှဆက်မပြော။ သို့သော် ၀ီလျံက ကိတ်၏ စကားကို နားထောင်ပြီး ခပ်အေးအေးပင် စောင့် ကြည့်နေသည်။ သည်ကြားထဲ ရှေ့နေ သာဒီယပ်ကိုဟင်၏ အစီရင်ခံစာကိုလည်း မှန်မှန်ဖတ်နေသည်။ ထွေထွေ ထူးထူး ထူးခြားချက်တော့ ဘာမှမရှိ။
ကိတ် ၏ ထင်မြင်ချက်အတိုင်းပဲ ဖြစ်ပါစေဟုသာ သူက ဆုတောင်းနေမိတော့သည်။
..........................................
အခန်း (၂၈)
.
>>>ဆက်ဖတ်ရန်>>> >>

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၉) ဒု ပိုင်း

အခန်း (၉) ဒုပိုင်း

'ဒီနေရာပဲကွ'ဟု ဂျိုစီကရေရွှတ်သည်။
'ဒီနေရာဟာ အကောင်းဆုံးနေရာပဲ၊ တခြားလူတွေ ဘာကြောင့်မလာကြတာလဲ …. ဂျိုစီ'
'ထမင်းဆိုင်နဲ့ဝေးလို့ကွ'ဟု ပြောကာ ဂျိုစီကရယ်သည်။

'သူတို့ကငါးလဲမျှားချင်တယ်၊ အရက်လဲသောက်ချင်တယ်၊ အလုပ်နှစ်ခုကို တပြိုင်တည်း လုပ်ချင်ကြ တာကိုး ကွ'
ဂျိုစီသည် စက်ရုံရှေ့သို့ရောက်လာသည့် လူသွားလမ်းအတိုင်းလိုက်သည်။ နီကိုလတ်စ်က ဘေးမှ ကပ်၍ ခြေဖျား ထောက်လျှောက်သည်။ တောင်ကြားတလျှောက်တွင် နွေးနွေးထွေးထွေး ရှိလှပေ သည်။ အပြာရောင် အိုင်းရစ်ပန်းများသည် ဖူးပွင့်ဝေဆာလျက် ရှိကြသည်။ စက်ရုံအဟောင်းအပျက် ကြီးဖြစ်သည်။ ခေါင်းမိုးပင် မရှိတော့။ ရေညှိများထူထပ်စွာ တက်နေသော ဘီးကြီးများမလည်မပတ် ရသည်မှာ နှစ်များမှာ ကြာခဲ့ပြီ ထင်၏ ။

စက်ရုံအ၀င်တွင် မြစ်ဘက်ကို မျက်နှာပြုလျက်ရှိသော ကျောက်လှေကားတခုရှိသည်။ ဂျိုစီသည် သူ့ပစ္စည်း ကိရိယာ တန်ဆာပလာများကို ထိုကျောက်လှေကား၌ချသည်။ သူသည်တလုံးစီ၏ ထိပ်ဘက် အပေါက်မှာ နေ၍ ငါးမျှားတံကို ထိုးသွင်းသည်။ ဈေးအပေါဆုံး ငါးမျှားတံများဖြစ်သော် လည်း ဂျိုစီသည် တယုတယနှင့် တရို တသေကိုင်သည်။
'ခင်ဗျားငါးမျှားရတာကို သိပ်သဘောကျသလား… ဂျိုစီ'ဟု နီကိုလတ်စ်က မေးသည်။

'ငါအကြိုက်ဆုံးအလုပ်တခုပဲကွ'ဟု ဂျိုစီကဖြေသည်။ 'မင်းကော ၀ါသနာမပါဘူးလား'
'ကျွန်တော်လဲဝါသနာပါပါတယ်၊ ဒါပေမဲ့ဗျာ၊ ငါးမျှားခွင့်တခါမှ မရခဲ့ဘူးဗျ'
'အခု မင်းမျှားရတော့မှာပဲကွ'ဂျိုစီကပြုံးသည်။ 'မင်းငါးမျှားယင်တော့ ငါးစာနဲ့ပဲ မျှားမှဖြစ်မယ်ကွ၊ မင်းက ငယ်သေးတော့ ကြိုးကိုအဝေးကြီးပစ်ပြီး မျှားလို့မဖြစ်သေးဘူး၊ ဟောဒီမှာလာကြည့်၊ ငါပြမယ်၊ မြစ်ငါးတွေ အရူး အမူး ဖြစ်အောင် ကြိုက်တဲ့အစာ'

ဂျိုစီသည် ကျောပိုးအိတ်အတွင်းမှ သံဗူးဝိုင်းလေးတလုံးကိုထုတ်၍ အဖုံးကိုဖွင့်ကာ သူ့လက်ဖ၀ါးပေါ် သို့ မှောက်ချ လိုက်၏ ပိုးတုံးလုံးအသေတကောင်…။ သူသည် ပိုးတုံးလုံးကောင်ကို ငါးမျှားချိတ်တွင် တပ်လိုက် ပြီး နီကိုလတ်စ်၏ လက်မောင်းကိုဆွဲကာ ကျောက်လုံးကြီးများဖြင့် ပြုလုပ်ထားကာ ရေကာတာ တနေရာ တွင် ခြေထောက်နှစ်ဖက်ကို တွဲလောင်းချ၍ ထိုင်ခိုင်းသည်။ ငါးမျှားတံကြီးကို ရေထဲသို့ပစ်ချလိုက်ပြီး ငါးမျှားတံ ကို နီကိုလတ်စ်၏လက်ထဲသို့ ထည့်ပေးလေသည်။

'အစာကို ငါးဟပ်ထင်တအားဆောင့်ဆွဲလိုက် ဟုတ်လား'
'ခင်ဗျားက ကျွန်တော်နဲ့ အဝေးကြီးသွားနေမှာလား'
'မသွားပါဘူးကွာ၊ စိတ်ချပါ'ဂျိုစီက ရေကာတာ၏အမြင့်ပိုင်းရှိ တနေရာကိုညွှန်ပြသည်။ 'အဲဒီနေရာမှာ ငါ နေမယ်'
ပထမတော့ နီကိုလတ်စ်သည် ကောင်းကောင်းမထိုင်တတ်။ ငါးမျှားတံကို လက်နှစ်ဘက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ပြီး တောင့်တောင့်မတ်မတ်ကြီးထိုင်နေမိသည်။ တဝေါဝေါကျဆင်းလျက်ရှိ သော ရေလုံးကြီး များ ကိုကြည့်ကာ ခေါင်းမူးချင်သလိုလိုပင်ဖြစ်သည်။ ရေကန်ထဲသို့ လိမ့်ကျသွား မည်ကို စိုးရိမ်သော စိတ်ကလည်း ဖိစီးနေသဖြင့် လိုအပ်သည်ထက်ပိုပြီး သတိထားနေမိသည်။ ကြာလာတော့လည်း တဖြည်း ဖြည်း နှင့် သူ့ကိုယ်သူယုံကြည်မှုဝင်လာကာ ကြောက်စိတ်ပျောက် သွားသည်။

ဂျိုစီဆက်ဆံပုံမှာ သူ့အားမကျန်းမမာဖြစ်နေသော ကလေးသူငယ်တယောက်ကို ဆက်ဆံပုံမျိုး မဟုတ်။ ကျန်းမာ သန်စွမ်းသော လူငယ်တယောက်ကို ဆက်ဆံသည့်အနေအထားဖြစ်သည်။ ဤဆက်ဆံမှု ကြောင့် သူ့မှာ များစွာဝမ်းသာအားတက်ရသည်။ ပီတိဖြစ်ရ၏ သူသည် အောက်သို့ ကျမသွားစေရန် သတိကြီးစွာ ထားပြီး ဂျိုစီဘက်လှည့်ကြည့်သည်။ ဂျိုစီသည် ရေစီးထဲတွင် ရပ်နေ သည်။ သူ့လက်ထဲမှ ငါးမျှားတံကြီးကို မြှောက်၍ ပစ်လိုက်၊ ပြန်သိမ်းလိုက်၊ ပြန်ပစ်လိုက်နှင့် အလုပ်ရှုပ်လျက်ရှိသည်။ တကြိမ်တွင် ရေစီးထဲမှ ငါးတကောင် ခုန်ထွက်လာသည်ကို သူမြင်လိုက်မိ သည်ထင်၏ ။ သို့သော်လည်း အထင်မျှသာဖြစ်၏ ။ အတိအကျ မပြောနိုင်။ သူ့ဖင်အောက် ကျောက်တုံးကြီးများသည် နွေးနွေးထွေးထွေးရှိလှပေသည်။

ရုတ်တရက် သူ့ငါးမျှားတံသည် အသက်ဝင်လာသည်။ ငါးမျှားတံ၏ ထိပ်ပိုင်းသည် ရှေ့သို့ ကွေးကျ သွားလိုက် ပြန်တက်လာလိုက်နှင့် တယိမ်းယိမ်းတနွဲ့နွဲ့ ဖြစ်လာနေသည်။ ရေပြင်အောက် တနေရာ မှ လှုပ်ရှားမှု တခုနှင့် အလေးအပင်တခု။

'ငါးဟပ်ပြီကွ'ဟု စိတ်ထဲက ကျိတ်၍အော်လိုက်မိသည်။ ကြောက်လန့်တကြားဖြစ်ကာ ဂျိုစီအား လှည့် ကြည့် မိသည်။ ဂျိုစီကတော့ သူ့ကိုမမြင်။ သူနှင့်ဂိုက်တရာခန့်အကွာတွင် သူ့အားကျောပေး ၍ ရပ်နေ သည်။ အော်ခေါ်ရန် စိတ်ကူးပေါ်လာသေးသည်။ သို့သော်လည်း တဝေါဝေါကျနေသော ရေသံများကြောင့် ကြားမည်မထင်။ သူ့ဘာသာသူ လုပ်ရမည့်အလုပ်…။ ဖြစ်အောင်လုပ်မည်ဟူ သော မာနစိတ် ကလေး ၀င်လာသည်။

သူသည် ငါးမျှားတံကြိုးရစ်ဘီးကို ကသောကမျောရစ်သည်။ ငါးမျှားတံအနှောင့်သည် သူ့ရင်ဘတ်ကို မကြာခဏ ထိုးမိသော်လည်း သူသတိမထားနိုင်။ ငါးမျှားချိတ်တွင် ချိန်မိနေပြီဖြစ် သော ငါးသည် အကြိတ် အနယ် ရုန်းကန်တိုက်ခိုက်လျက်ရှိသည်။ သူကလည်း ပြန်လွတ်သွားမည်ကို စိုးရိတ်သောစိတ်ဖြင့် ရစ်ဘီးကို တရကြမ်း ရစ်သည်။ ငါးသည် ရေထဲမှခုန်ပျံ၍ပါလာပြီး သူ့ရင်ဘတ်ကို လာရိုက်မိသည်။ ၀မ်းသာ လွန်းသော အရှိန်ဖြင့် နီကိုလတ်စ်၏ နှလုံးသားကို တဆတ်ဆတ်ခုန်လျက်ရှိလေသည်။

'အကြီး….အကြီးပဲ၊ အကြီး…ကြီးပဲ၊ လှလိုက်တဲ့ ငါး…ကြီး' သူသည် အမောတကောနှင့် အသက်ကို ပင် မှန်မှန် မရှုနိုင်။ 'ပြန်များလွတ်သွားမလား၊ ပြန်လွတ်သွားမှဖြင့်….'
နီကိုလတ်စ်သည် သတိကြီးစွာထား၍ ကြိုးကိုရစ်သည်။ အခုတော့လည်း ငါးသည် မောဟိုက်လျက် ရှိလေပြီ။ သူဆွဲရာနောက်သို့ တကောက်ကောက် လိုက်ပါလာသည်။ ရေစပ်နားရောက်လုလုတွင် သူသည် ငါးမျှားတံ ကို အသာချပစ်ခဲ့ပြီ ရေစပ်အထိဆင်း၍ ကြိုးကိုဆွဲတင်သည်။

သူ ငါးတကောင်ရပြီ။ မည်သူ့အကူအညီမှမပါဘဲ သူကိုယ်တိုင် ဖမ်းမိသောငါး။ ပထမတော့ ဂျိုစီထံ အပြေး အလွှား သွား၍ ပြလိုက်မည်ဟု ကြံမိသေးသည်။ ပြီးတော့မှ စိတ်တမျိုးပြောင်းသွားသည်။ အခုမပြသေး။ သူသည် ငါးကို ငါးမျှားချိတ်မှ ဖြုတ်ယူလိုက်ပြီး ကျောက်ခဲတလုံးကို ခေါင်းကိုတချက် ထုလိုက်သည်။ ထို့နောက် မလှမ်းမကမ်းရှိ ဒရင်ကောက်ပင်များကြားသို့ ထိုးသွင်းထားလိုက်သည်။ ခဏမျှအကြာတွင် နီကိုလတ်စ် သည် စောစောကနေရာတွင် အကျအနထိုင်ကာ နောက်တကြိမ် ငါးထပ်အဟပ်ကို မျှော်လင့် စောင့်စားလျက် ရှိလေ၏ ။
ဂျိုစီရောက်လာသောအခါ နေ့ခင်းတနာရီ ထိုးနေလေပြီ။ ထိုအချိန်တွင် နီကိုလတ်စ်မှာ ငါးနှစ်ကောင် ထပ်မိ ထားပြီ။ ပထမဆုံးရသည့် အကောင်လောက်တော့ မကြီး။ သို့သော်လည်း သုံးကောင်ဆို တော့ အားတက် စရာ ဖြစ်သည်။

'ကံကောင်းရဲ့လားကွ'ဟု ဂျိုစီကမေးသည်။
ရင်ထဲတွင် အောင့်အည်းမျိုသိပ်ထားရသမျှသည် အခုမှပင် ပွင့်ထွက်လာသည်။ နီကိုလတ်စ်သည် ဂျိုစီထံ အပြေး အလွှား သွားကာ လက်မောင်းကိုဖမ်းဆွဲပြီး သူ့ငါးများထားရာ နေရာသို့ခေါ်လာသည်။
'ဒီမှာဗျ၊ ဒီမှာကြည့်ပါဦး၊ အကြီးကြီးတွေပဲ၊ သိပ်လှတဲ့အကောင်ကြီးတွေဗျ၊ ပထမဆုံး မိတဲ့ကောင်က အကြီးဆုံး ပဲသိလား၊ ကျွန်တော် သူ့ကိုစပြီးမိတော့ အသက်တောင်မရှုနိုင်ဘူး၊ တကယ်ပဲ၊ ပျော်လိုက်တာလဲ အလွန်ပဲ၊ ဒါပေမယ့်ရအောင် ဆွဲယူပြီးဖြုတ်ယူနိုင်တယ်၊ ကျွန်တော်တခါမှ ငါးမမျှားဖူးဘူး…ဂျိုစီ၊ သိလား၊ သိပ်ပျော်စရာ ကောင်းတာပဲ၊ ပြီးတော့…၊ ဟာ…ကျွန်တော်မေ့သွား တယ်၊ ခင်ဗျားကော ရတယ် မဟုတ်လား၊ ဘယ်နှစ်ကောင်ရလဲဟင်'

ဂျိုစီ၏ ကျောပိုးအိတ်ထဲဝယ် ငါးလေးကောင်….၊ သို့သော်လည်း သူဖမ်းမိသည့် ငါးများအတွက် အရေး လုပ်၍ စကားမပြော။ နီကိုလတ်စ်ငါးသုံးကောင်အထိ ရသည့်အတွက် ကျေနပ်အားရလျက် ရှိသည်။ သူ၏ ဘောင်းဘီ အောက်ပိုင်းမှာ စိုရွဲလျက်ရှိ၏ နေပူကျဲတဲအောက်တွင် ရပ်နေခဲ့ရခြင်းဖြစ်၍ သူ့မျက်နှာမှာ ချွေးသီး ချွေးပေါက် များဖြင့် စိုရွဲလျက် ရှိလေသည်။
'ကဲငါတို့ နေ့လယ်စာစားကြမယ်၊ ငါတော့ ဆာလှပြီ၊ မင်းကောဆာရောပေါ့'

သူသည် လှေကားထစ်ပေါ်တွင် ထိုင်ချလိုက်ပြီး သတင်းစာစက္ကူတရွက်ဖြင့် ပတ်ထားသည့် ပေါင်မုန့်ကြမ်း တလုံး နှင့် ဒိန်ခဲတုံးကို ထုတ်သည်။ ကျောပိုးအိတ်ထဲမှ ကြက်သွန်နီတလုံးကိုပါ ထုတ်သည်။ ထို့နောက် ခါးကြားမှ ဓားဖြင့် ကြက်သွန်ကို အခွံနွာသည်။ ထိုအခါကျမှပင် နီကိုလတ်စ် သည် သူနံနက်စာ မစားခဲ့ရ သေးသည့် အဖြစ်ကို သတိရကာ အပြင်းအထန် ၀မ်းဟာလာလေသည်။ သူသည် ဂျိုစီ၏ဘေးတွင် ပယ်ပယ် နယ်နယ် ထိုင်ချလိုက်ကာ မက်ဂ်ဒါလီးနားထည့်ပေးလိုက်သော ခြင်းကိုဖွင့်သည်။

အထဲတွင် ကြက်ဥပြုတ်များ၊ ကြက်ကြော်တကောင်၊ ပေါင်မုန့်ချပ်များနှင့် ထောပတ်၊ သစ်သီး လတ်လတ် ဆတ်ဆတ် များ၊ စုံနေအောင် ထည့်ပေးထားသည်ကို တွေ့ရသည်။ သူတယောက်တည်း ကုန်အောင် စားနိုင်မည် မဟုတ်၊ သူ့မိတ်ဆွေ ဂျိုစီ ကိုပါ ခွဲဝေမျှတကျွေးနိုင်မည် ဖြစ်သည်။

ပထမတော့ ဂျိုစီကသူပေးသည်ကို မယူ။ သူကျွေးသည်ကိုမစား။ နူးညံ့သော အစားအစာများမှာ သူ စားနေကျ မဟုတ်၍ မစားချင်ဟုငြင်းသည်။ မျက်စိမျက်နှာပျက်က စိတ်မကောင်း ဖြစ်နေပုံရသော နီကိုလတ်စ် ၏ အဖြစ်ကိုမြင်သော အခါကျမှ ရယ်ရယ်မောမောနှင့် တယောက်တ၀က်စီ အညီအမျှ ခွဲစားမည် ဟု ဆိုသည်။

ပူနွေးသောနေရောင်ခြည်အောက်တွင် မြေကြီးပေါ်ထိုင်၍ မြစ်ရေစီးသံကို နားထောင်၍ စားရသည့် အစားအစာမှာ မြိန်လှပါဘိခြင်း…။ နီကိုလတ်စ်သည် ဂျိုစီခွဲဝေပေးသည့် ပေါင်မုန့်ကြမ်းနှင့်ကြက်သွန်ကို တကြိမ် တခါ မှ စားဖူးခဲ့သူမဟုတ်။ သူ့စိတ်က အရသာရှိလိမ့်မည် မဟုတ်ဘူး ထင်ခဲ့၏ အခု လက်တွေ့ စားကြည့် တော့ ထူးထူးခြားခြားအရသာရှိနေသည်ကို တွေ့ရ သည်။ ဂျိုစီကလည်း သူခွဲပေးသည့် ကြက်သား ကို ကြိုက်ပုံပေါ်၏။

 သူသည် အစား စားနေယင်းက ဒရင်ကောက်ပင်များကြားတွင် ချထားသည့် သူ့ငါးများကို စိတ်မချ သည့်နှယ် မကြာ…မကြာလှည့် ကြည့်သည်။ နှစ်ယောက်သား ငါးမျှားခြင်းအကြောင်းကို စိတ်ဝင်တစား ပြောမိကြသည်။ ဂျိုစီက ရာသီအလိုက် ရေချိုငါးများ နေရာပြောင်းရွေ့ ကျက်စားတတ်ပုံနှင့် အလျင့် အလျင် က ငါးမျှားယင်းကြုံ ခဲ့ရသည့် သူ့အတွေ့အကြုံများကို ပြောပြနေသည်။

နီကိုလတ်စ် အဖို့တော့ ဂျိုစီ ပြောသမျှသည် အထူးအဆန်း အံ့သြဖွယ်ရာတွေချည်းဖြစ်သည်။ ဘယ်လောက် ကြာကြာ ပြောပြော ငြီးငွေ့မသွား။ နားထောင်မည်သာဖြစ်၏ သို့သော်လည်း နီကိုလတ်စ် မျက်နှာ ပေါ်တွင်ပေါ်နေသည့် ပင်ပန်းနွမ်းနယ်မှုကို ဂျိုစီက သတိထားမိသဖြင့် စကားကို ဖြတ်ကာ ထိုင်ရာမှ ထရပ် လိုက်သည်။

'မင်း ကနေ့အိပ်ရာကအစောကြီး ထခဲ့ရတာကွ၊ မင်းတရေးတမော အိပ်ဦးမှဖြစ်မယ်'
ဂျိုစီသည် သူ့ဓားဖြင့် ကျောက်ခက်ပင်ကိုင်းများကို ခုတ်ကာ စက်ရုံ၏အရိပ်အောက်တွင် ဖြန့်ခင်းပြီး သူ့အကျီ င်္ဖြင့် အပေါ်မှအုပ်လိုက်သည်။
'ကဲ…အိပ်၇ာခင်းပြီးပြီ၊ မင်းခဏတဖြုတ်အိပ်လိုက်ဦး'

နီကိုလတ်စ်က ဂျိုစီ၏စကားကို နားထောင်သည်။ သူသည် ခြေပစ်လက်ပစ် လှဲချလိုက်၏ သူ့လက်နှစ်ဘက် ကို ခေါင်းအောက်သို့သွင်းလိုက်ပြီး မြစ်ဘက်သို့ ပြန်လျှောက်သွားသော ဂျိုစီကို လှမ်းကြည့်သည်။ ဂျိုစီ သည် ပန်းကန်များကို ဆေးကြောကာ မက်ဂ်ဒါလီးနား၏ လက်ဆွဲခြင်းထဲသို့ ပြန်ထည့်နေသည်။ ဖက်ရွက် များ ခူးကာ ငါးများကို ထုပ်နေသည်။ နေပူရှိန်သည် တက်လာလျက် ရှိ၏ ။ တိတ်ဆိတ် ငြိမ်သက်ခြင်း သည် တောင်ကြားလွင်ပြင်တခုလုံးကို လွမ်းခြုံထားသည်။ မြစ်ရေစီးဆင်းသံသဲ့သဲ့သည် တခါတရံ သူ့နားဆီသို့ ရောက်လာသည်။ ပျင်းရိငြီးငွေ့စွာ တွန်ကျုး လျက်ရှိသော ငှက်တကောင်၏အသံ…။ ငှက်သံရော ခြောက်ခြောက် သွေ့သွေ့ နိုင်လွန်းလှ ချေသည်။ ထို့နောက် မျက်စိများမှတ်သွားလေသည်။

ဂျိုစီပြန်လာသောအခါ နီကိုလတ်စ်တယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျက်ရှိလေပြီ။ ပထမ တော့ ဂျိုစီ သည် သူ့နေရာပြန်ပြီး ငါးထပ်မျှားရန် စိတ်ကူးသည် သို့သော်လည်း မောမောပန်းပန်းနှင့် ပိုးလိုး ပက်လက် လန် ၍ အိပ်နေရှာသော နီကိုလတ်စ်ကို ကြည့်လိုက်မိသောအခါ စိတ်ပြောင်းသွား သည်။ သူသည် နီကိုလတ်စ် ဘေးတွင် အသာဝင်၍လှဲလိုက်ကာ အပြစ်ကင်းစင်သော နီကိုလတ်စ်၏ မျက်နှာကို ငေးစိုက် ကြည့်နေမိ၏ ဘာကြောင့်ရယ်မသိ။ ဤသူငယ်အပေါ်တွင် ခင်မင်သော စိတ်နှင့် သနားကြင်နာသော စိတ် တို့သည် ဖြစ်ပေါ်လျက်ရှိသည်။ နူးညံ့သောပါးပြင်နှစ်ဘက်ပေါ်သို့ ရှည်လျားသော မျက်တောင်ကော့ များ၏ အရိပ်သည် ကျလျက်ရှိ၏ နို့နှစ်ရောင်ပေါက်နေသော သွားများသည် ညီညာလှပလှပေ၏။

ဂျိုစီ အနေဖြင့် နီကိုလတ်စ်နှင့်မတူသည့် သူ့အဖြစ်ကို ပြန်သတိရနေမိသည်။ ဂျိုစီမွေးဖွားကြီးပြင်း ခဲ့ရသည့် ဘ၀မှာ ခက်ခဲကြမ်းတမ်းလှချေသည်။ သူ့အဖေသေသောအခါ သူ့အသက်မှာ ဆယ့်နှစ်နှစ်မျှသာ ရှိသေးသည်။ နောက်လအနည်းငယ်မျှ ကြာသောအခါ သူ့အားကျောင်းမှ နုတ်ကာလယ်ထဲသို့လွှတ်၍ အလုပ် လုပ်ခိုင်းသည်။ သူသည် ဆင်းရဲခြင်းဒုက္ခကိုလည်းကောင်း၊ အလုပ်အပေါ် မှ ခေါင်းပုံဖြတ်ခြင်းနှင့် မိသားစု တစုကို ရှာဖွေကျွေးမွေးနေရသူတစ်ဦးအပေါ် အပြင်းအထန်ဖိစီးနှိပ်စက်နေတတ်သည့် သောက၏ အကြောင်း တို့ကိုလည်းကောင်း အရွယ် မရောက် လူလားမမြောက်မီကတည်းက နားလည် သဘောပေါက် ခဲ့ရသူ ဖြစ်၏ ။

သူသည်အကျိုးမရှိ အရာမထင်သော စိတ်ကူးယဉ်မှုများနှင့် ပေါ့တန်သော စိတ်သာယာမှုများကို အရသာ ခံနိုင်ခဲ့သူ တဦး မဟုတ်ပေ။ ဆင်းရဲခြင်းဒဏ်ကို ခါးစည်း၍ခံခဲ့ရသဖြင့် ကြံ့ခိုင်သော စိတ်မဆုတ်မနစ်သော ဇွဲ၊ မိမိကိုယ် ကိုသာ အားကိုးလိုသော သတ္တိများကို စောစောစီးစီးရရှိခဲ့သူဖြစ်သည်။

သူ၏၀ါသနာ၊ သူ၏စိတ်ပါဝင်စားမှုနှင့် ကျွမ်းကျင်မှုတို့ကြောင့် ပီလိုတာဘောလုံး အားကစားတွင် ထူးချွန် ထင်ရှားခဲ့၏ ။ ဤထူးချွန်မှုကြောင့် သူ့မှာခင်မင်ရင်းနှီးသူ အသိမိတ်ဆွေများ တိုးခဲ့ရ၏ ပြီးတော့ သူ့မှာအမေ၊ ညီမလေးငါးယောက်နှင့် အဘိုးပက်ဒရိုတို့ရှိသည်။ သူတို့အားလုံးသည် သူချစ်ရမည့် လူများ ဖြစ်သည်။ ထိုလူစုမှလွဲလျှင် သူ့မှာသံယောဇဉ်တွယ်စရာလူသည် ရှိနိုင်စရာ အကြောင်းမရှိ။
သို့သော်လည်း အခုသူ့မျက်စိရှေ့မှောက်၌ ဤသူငယ်သည် ဘယ်ကဘယ်လိုလုပ်ပြီး ပေါ်ပေါက် လာလေ သည်မသိ။

သံယောဇဉ်ဖြစ်စရာ၊ ချစ်ခင်တွယ်တာစရာ လူသားတဦးအဖြစ်နှင့် ရောက်လာခဲ့ ၏ ဤသူငယ်အား သနားသော စိတ်၊ အကာအကွယ်ပေးလိုသော စိတ်များသည် သူ့ရင်၌ ကိန်းအောင်းလာခဲ့ရ၏ ဘာကြောင့် ထိုကဲ့သို့ဖြစ်ရပါသနည်း။ ဒါကိုတော့ သူလုံးဝမသိ။ သူသိနေသည်မှာ တခုတည်းသာရှိ၏ ။ ဤသူငယ်နှင့် ခင်မင် ရင်းနှီးခွင့် ရသည့်အတွက် သူ့မှာ အတိုင်းအဆ မသိနိုင်လောက်အောင် ကြည်နူးဝမ်းမြောက် နေခြင်း ပေတည်း။

ဂျိုစီသည် သူ၏အသိဥာဏ်နှင့် အတွေ့အကြုံများကို ပေါင်းစပ်၍ ဥာဏ်မီသရွေ့ စဉ်းစားဆင်ခြင် ကြည့်မိ သည်။ သူတဦးတည်းသာ ချစ်ခင်လိုသော ကောင်စစ်ဝန်၏ မေတ္တာသည် နီကိုလတ်စ်အား သူ့ပတ်ဝန်းကျင် လောကနှင့် ကင်းကွာသွားစေမည့် တံတိုင်းကြီးဖြစ်စပြုနေလေပြီ။ မကြာခဏ ဖျားတတ်နာတတ်သော သူ၏ ကျန်းမာရေးချို့တဲ့ မှုသည် နီကိုလတ်စ်အာ ကာယမသန်စွမ်းမှုကို ဖြစ်ပေါ်လာအောင် ဖန်တီး ပေးလျက် ရှိ၏။ သူ့အဖေ၏ မနာလိုဝန်တိုစိတ်သည် နီကိုလတ်စ်၏ ငယ်ရွယ်နုနယ်၍ သစ်လွင် လန်းဆန်း သော စိတ်ကို ဖျက်ဆီးနင်းချေစ ပြုလျက်ရှိလေပြီ။

ကောင်စစ်ဝန်၏ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းလှသော အယူသည်းမှု၊ ပြင်းထန်လွန်းလှသော အတွေး အခေါ် အယူအဆနှင့် စိတ်နေစိတ်ထား၊ မိုက်မဲလွန်းလှသော မာန်မာန၊ ဤအရာ အားလုံး ကိုပေါင်းစပ် ကြည့်လိုက် သည့်အခါ ဂျိုစီ၏ ရင်သည် ပူလောင်လာသည်။ ဤအရာ အားလုံး၏ ဒဏ်ကို ခံရမည့် သားကောင် သည် နီကိုလတ်စ်ပင် ဖြစ်ပေတော့မည်။ နီကိုလတ်စ်အား ဤဘ၀မှ လွတ်မြောက် စေချင် လှပါ၏။ အပြင်းအထန် ဖိနှိပ်ချုပ်ချယ်၍ထားသော ပတ်ဝန်းကျင်မှ သူ့သဘာဝအတိုင်း ရိုးရိုး အေးအေး ကလေး နေရသော ဘ၀သို့ သူ ပို့ပေးချင်လှပါ၏။

နီကိုလတ်စ် နိုးလာချိန်တွင် နေစွယ်အတော်ကျိုးနေပေပြီ။ သူသည် မျက်လုံးများကိုဖွင့်ကာ ပတ်ဝန်းကျင် ကိုပြူးတူးပြဲတဲနှင့်ကြည့်သည်။ ‘ ကျွန်တော်တို့ ငါးထပ်မျှားဦးမှာလား ‘
ဂျိုစီက မိုးကောင်းကင် ထက်ရှိ နေကို မေးငေါ့ပြသည်။ ပတ်ဝန်းကျင်မှာ အအေးဓာတ် မသိမသာ ၀င်စ ပြုနေပြီ။
‘ ငါတို့  ပြန်ကြဖို့ အချိန်တော်ပြီထင်တယ်ကွ …’

‘ ဟာ…ဂျိုစီကလဲ ဗျာ…’
ဂျိုစီကပြုံး၍ ခေါင်းခါသည်။ သူ့လက်တဘက်ကို နီကိုလတ်စ်၏ ပခုံးပေါ် လှမ်းတင်လိုက်၏။
‘ တို့သွားမှဖြစ်မယ်ကွ၊ ဘတ်စ်ကားမမီပဲ နေလိမ့်မယ်…၊ ဒါပေမယ့် မပူပါနဲ့ကွာ၊ ငါတို့နှစ်ယောက် နောက်တခေါက် လာကြသေးတာပေါ့’

နောက်တခေါက် ဤနေရာသို့ ထပ်၍ လာကြဦးမည်။ နီကိုလတ်စ်သည် ဤစကားကိုကြားရသော အခါ ကျေနပ် သွားသည်။ သူသည် ခုန်ထလာပြီး ၀မ်းသာအားရ တချက်အော်လိုက်လေသည်။
နှစ်ယောက်သား ငါးမျှားတံများသိမ်းကြသည်။ အမှိုက်သရိုက်များကို စွန့်ပစ်ကြသည်။ အတိုအထွာ ပစ္စည်း များကို သိမ်းဆည်းပြီး ပြန်ထည့်ကြသည်။ အလာတုန်းကလိုမဟုတ်။ နီကိုလတ်စ်က သူ့ ပစ္စည်းများကို သူ့ဘာသာသူ သယ်မည်ဟု ဆိုသည်။ ထို့နောက် နှစ်ယောက်သားအတူတူတွဲ၍ တောင်ကုန်းပေါ်သို့ တက်လာ ခဲ့ကြလေ၏။

အခန်း (၁ဝ) ဆက်ရန်

>>>ဆက်ဖတ်ရန်>>> >>

Saturday, May 29, 2010

က.. ကဝက်ကင်း ငါးသလောက် င..ငပိရည် ဒ..ဒညင်းဝက်


ရွှေစင်ဦး လေး ခေတ်မှီသွားပြီ... မနေ့က ရေးလိုက်ရလို့.... ၊ အင်း နောက်ထပ် ကျန်သေးတယ် a to z တဲ့ က ကြီး ကနေ အ တဲ့...၊ a to z တုန်း ကတော့ ငါ့ ကို မတက်ဂ် ကြလို့ တော်သေးတယ်လို့.. နို့မို ဆိုရင် ခွေးအ ကြီး လှည်းနင်း သလို ထစ်အ ထစ်အ နဲ့ a ...ah...ah ဖြစ်နေမှ ခက်မယ်လို့ ... ။

ကဲ ဒါဆိုရင် ကိုယ့် မြန်မာစာဘဲ က ကြီး ကနေ အ ထိတော့ ရေးတတ်မှာ ပါလို့ ဆိုရင် .. ပိုဆိုး သွားမယ် ထင်တယ်.. မနေ့ကတောင် ချစ်ညီမ က ဋ ဘယ်လို ရေးရလည်း မေးတာ မသိလို့ ရန်ဖြစ်ရပြီ.. ခင်ဗျား ဒါလေး တောင် မသိဘူးလား တဲ့ စာတွေ ရေးနေပြီးတော့ တဲ့ .... အင်း ဟုတ်ပါတယ် ရေးတဲ့ စာတွေထဲ မှာလည်း ဋ တို့ ဘာတို့ တော့ ပါဘူး ဘူးထင်တာဘဲ လို့ .....မှားပါတယ်.. ရွှေစင်ဦး လေး အပြစ်ပါ.....။

ကဲ... ဘယ်သူ တက် တက် မ တက် တက် ရွှေစင်ဦး တို့ တော့ မတက် လိုက် ရတဲ့ တက်စာတွေ ရေးပြီ... 

က....ကဝက်ကင်း ငါးသလောက်
င..... ငပိရည်
ဒ.... ဒညင်းဝက် အတို့ နဲ့
ရ..... ရန်ကုန် မှာ 
စ...... စားခဲ့တယ် 
အ.....အရင် တုန်းကပါ..။

ရွှေစင်ဦး လေး ဘလော့ဂ် ထဲမှာ စာရေး နေတာ သိတဲ့ မိတ်ဆွေ များနဲ့ ဆွေတော် မျိုးတော် တွေကတော့ မျက်ခုံးတွေ လှုတ်နေကြမှာဘဲ... ဘယ်တော့ များ ငါ့ တို့ အကြောင်းရေးမလဲ ဆိုပြီး စိတ်တွေပူလို့ တွေ့ လိုက်ရင် ဟေ့ ငါတို့ အကြောင်းတွေ လျှောက်မရေးနဲ့ နော် တဲ့ ... နှုတ်ဆက် စကားလေး က သင်းတယ်... လျှောက် မရေးပါဘူး လို့ ထိုင်ဘဲ ရေးမှာပါလို့.... ။

အင်း တချို့ ကိုယ်ရေး ကိုယ်တာ တွေ တော့ လည်း မရေးသင့် တာတွေ ရှိတာပေါ့နော်.. ကိုယ့် အကြောင်း ကိုယ် က တော့ ကိုယ့်သဘောပေါ့... ရွှေစင်ဦး လေး ကြည့် ပါလား ... ရေးလိုက်တာ ရေးလိုက်တာ.. ရစရာ မရှိဘူး ... တော်သေး ချစ်ချစ်ကြီး က အရှက် မရှိလို့ .. အင်း ရွှေစင်ဦး ကတော့  အရှက်  ရှိမဲ့ပုံ.....။

ကဲ.. စလိုက်ကြရအောင် ကဝက်ကင်း ငါးသလောက်လေး အကြောင်း.... 

ဒီဖြစ်စဉ်လေး မှာတော့ အခြားသူများရဲ့ ကိုယ်ရေးကိုယ်တာ များဖြစ်နေတဲ့ အတွက် နံမည် များဖော်ထုတ် မရေးသား နိုင်ပါဘူး... ၊ နောက်ပြီး ရွှေစင်ဦး လေး ရေးတာလည်း ကိုယ်နဲ့ ဆိုင် တဲ့ အဖြစ်အပျက်လေး ဘဲ ရေးတာ ဆိုတော့ ခွင့်လွှတ်နိုင်လိမ့် မယ်ထင်ပါတယ်..၊ စာဖတ်သူ များလည်း ရွှေစင်ဦး လေး ကိုတော့ ယုံတယ် မဟုတ်လား.. ရွှေစင်ဦး လေး ဘယ်တော့ မှ ညာ မပြောတတ်ပါဘူး... လိမ် ယုံလေးပါ.... ချစ်ချစ်ကြီး ပါးလေး ချစ်စနိုး .... အညှိုး နဲ့.... ။

လွန်ခဲ့ တဲ့ နှစ်တော်တော်များများက ရွှေစင်ဦး တယောက်ထဲ ရန်ကုန် ကို သွားခဲ့ ရပါတယ်... ကိစ္စ ကတော့ လင်ကွာ မယားကွာ ကိစ္စပါ... ရွှေစင်ဦး က ဘာသိလို့လဲ.. ဘာတတ်လို့ လဲ ... ဘာမှ မသိသလို ဘာမှ လည်း မတတ်ပါဘူး... ဒါပေမဲ့ လင်မယား နှစ်ယောက် စလုံးက ရွှေစင်ဦး ကို ချစ်ကြလို့ .. လေးစား ကြလို့... ပါဘဲ... သူတို့ ညှိနှိုင်းမှု့ တွေမှာ ရွှေစင်ဦး လို အတွင်းသိ အစင်းသိ ပါနေရင် ၂ဘက်စလုံး အတွက် ပြောမနာ ဆိုမနာ ဆိုပြီး  စဉ်းစား ပြီး ခေါ်ကြတယ် လို့ ထင်ပါတယ်..။

သူတို့ ၂ယောက် မှာ သားသမီး မရှိသလို.. ၂ယောက် သိပ် မုန်းလို့ ကွဲကြတာ မဟုတ်ပါဘူး..၊ ဒါပေမဲ့ ၂ဘက် မိဘ တွေနဲ့ ပါတ်သက် လို့ တော့ တော်တော် ကြီး ကြီးမားမား ဖြစ်ပြီး ခဲ့ကြပြီ ဖြစ်တဲ့ အတွက် ဘယ်လို မှ ပေါင်းသင်း လို့ မဖြစ်ကြတော့ပါဘူး... အင်း သာမန်ပြသာနာ တွေ မဟုတ်ပါဘူး .. တယောက် နဲ့ တယောက် (ချွေးမ နဲ့ ယောက်ခမ) ဘယ်လို မှ မျက်နှာ ပြန်ကြည့် မရအောင် ဖြစ်ခဲ့ ကြတာတွေပါ...။

အဲဒီတော့ သူတို့ ဟာ ကွဲ ကို ကွဲ မှ ဖြစ်မယ်..ဆိုတော့ .. ငွေရေးကြေးရေး တွေပါလာပါပြီ... ယောက်ကျား လေး(ကက) ဘက်က အတော် ကိုချမ်းသာ ပါတယ်..... အဲဒီခေတ်က တန် ဘိုးနဲ့ တွက်ရင် အတွင်း ပစ္စည်း မပါ အပေါ် ရံ တန်ဘိုး ကို သိန်းတထောင်  သတ်မှတ်ပါတယ် တဲ့... အဲဒီမှာ .. သူ့ယောက်ကျား (ကက)ဝေစုက သိန်း ၃ဝဝ ကျော် ပေါ့ .. သူ့ အတွက် သိန်း ၁၅ဝ တဲ့ ..... (အမယ်လေး ပြောရတာ လျှာယား တာ .... ရွှေစင်ဦး လေး ဖြင့် အဲဒီတုန်းက ငွေ ၁ဝ သိန်းတောင် မမြင် ဘူးဘူး ...) အဲဒါ ရမှ ကွာရှင်း တဲ့ လက်မှတ်ထိုး ပေးမယ် တဲ့... အဲဒီလို မရရင် အားလုံး အတွင်းရေး တွေ ဖွင့်ချမယ်ပေါ့... ။

သူ မခံ ချင် လို့ပါ... နောက်ပြီး အညှိုး နဲ့ နစ်နာကြေး တောင်းတာပါ တဲ့...၊ ကျနော် လည်း အဲဒီကြမှ နံမည်ကြီး ရှေ့နေ တွေ စီ ရောက်ဘူးတော့တယ်.. ဟို ဒေါ်မြင့်မြင့်ခင် စီလား တောင် မသိဘူး ရောက်ခဲ့ သေးတယ်...၊ တချို့ ရှေ့နေ တွေ ကတော့ တိုင်ပင်ခ ကိုက သောင်းနဲ့ချီတောင်းပါတယ်...။

သူတို့ ပစ္စည်းခန်း တွေ အဲလို ရှင်းနေချိန်မှာ .. ရွှေစင်ဦး လေး ရောက်သွားတာပါ..... ရောက်ပြီး နောက်ရက် သိပ်မကြာပါဘူး (ညနေပိုင်း) မိန်းမ (မမ) လုပ်တဲ့ သူက ရွှေစင်ဦး ကို ဈေးထဲကို ခေါ်သွားပါတယ်.. ဘာ စားချင် လည်း ဘာချက်ကြွေးရမလည်း ဆိုပြီးပါ... (သူဟာ အလွန် ဟင်းချက်ကောင်းပြီး အကောင်း လည်း အင်မ တန်ကြိုက် သူပါ) ... ဟိုကြည့် ဒီကြည့် နဲ့ ငါးသလောက် အကြီးကြီး တွေ တွေ့ပါတယ်.. အဲဒါ ကဝက်ကင်း ငါးသလောက် တဲ့  ဆူ လိုက် လတ် လိုက်တာ တဲ့.. မမရွှေစင် ကြိုက်လားတဲ့... ။

ဒါမျိုးများ မေးစရာမလိုဘူး သိပ်ကြိုက် ဆိုတော့ .. အစိမ်းချက် မှ ကဝက်ကင်း က ကောင်းတယ်.. ရော်ဘာ သီး လေး တွေနဲ့ အုပ်ချက်ပေးမယ် ဆိုပြီး ကဝက်ကင်း ငါးသလောက်... ရော်ဘာသီး... ငပိရည်.. ဒညင်း ဝက် .... တို့စရာ ဝယ်လာ ပါတယ်.... အိမ်ရောက်တော့ လည်း သူကိုယ်တိုင် မီးဖို ထဲ ဝင်ပြီး ချက်ကြွေး ပါတယ်.. ရော်ဘာသီး ဆိုတာ ကျနော်လည်း အဲဒီတခါဘဲ စားဘူးတာပါ(ချဉ်တင်တင်လေး).. ကျနော်တို့ မရမ်းသီး ကို ငါးဟင်း ထဲ ထည့်ချက် သလို ပါးပါးလှီး ပြီး ငါးသလောက် ထဲ ထည့်ချက်တာပါ... ။ 

နောက်တခါ ငါးပိရည် ဖျော်တာလည်း ရှယ်ပါ... ငါးနဲ့ဖျော်ပြီး ငရုပ်သီးလှော် နဲ့ အမယ်လေး သားရေတောင် ကျလာပြီ.. ဒညင်းဝက် အကြီးကြီးတွေ ကိုလည်း  ဆီနဲ့ကြော်ပါတယ်.. တခြားဟင်း တွေတော့ မမှတ်မိ တော့ဘူး... အဲဒီ ၃ ခွက်နဲ့ တင် ရွှေစင်ဦး ဟာ ထမင်း စားကောင်း သလား မမေးပါနဲ့... ဆရာကြီး ရွှေဥဒေါင်း စကားနဲ့ ပြောရရင် တကယ့်ကို မမေ့နိုင်သော ထမင်းတနပ် ထဲမှာ ပါ ပါတယ်.....။

ပို မမေ့ နိုင်စရာက ..... စားပြီးလို့ ကိုယ့်အခန်းထဲ ကိုယ်ဝင် စာအုပ်လေး ဖတ်ပြီး တက် မယ် ကျန်ခါရှိသေး ခွမ်း ဆို တဲ့ ထုသံ နဲ့ အတူ မှန်ကွဲသံ တွေ ကြားလိုက်ရပါတယ်... ချပြီးဟေ့ ဆိုပြီး ဆွဲရ တွန်းရအောင် ထမိန်လေး ပြင်ဝတ်ပြီး အမြန် ပြေးထွက် ရပါတယ်... ၊ ချကုန်ကြပါပြီ.. အိမ်ရှေ့ ဆက်တီ မှာ ထိုင်နေတဲ့ ယောက်ကျားလုပ်သူ (ကက) ကို ဓါတ်ဘူး နဲ့ ကောက်ထု လိုက်တာပါ... အရှောင်ကောင်းလို့ လူမထိဘဲ မှန်ချပ်ကြီး ထိပြီး ကွဲသံ ရှသံ တွေ ပေါ်လာတာပါ......၊ အဲ.. ကျနော်လည်း မိန်းမ (မမ) လုပ်သူ ကို ပြေးဖက် ထားရပါတယ်.. ဆက်မလုပ် နိုင်အောင်ပါ....။

အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ဘဲ ယောက်ကျား (ကက) နဲ့ အမျိုး တော်သူ တယောက်  ရဲ့ မိန်းမ လည်း အဲဒီ အိမ် မှာ ရောက်နေ ပါတယ်... ကျနော် တို့ ဈေးသွားတော့ ချက်ကြ ပြုတ်ကြ စားကြတော့ လည်း အတူတူ ပါပါတယ်..၊ သူ့ ကို ကျနော် လည်း အဲဒီတခါ ပထမဆုံး တွေ့ဘူး တာပါ..၊  သူ က တစခန်း ထပါတယ်...၊ ဒီလို မတရား လုပ်တာမျိုး မခံဘူး ဆိုပြီး မိန်းမ (မမ) လုပ်တဲ့ သူကို သတ်မယ် ဖြတ်မယ် လုပ်ပါတယ်... အဲဒီမှာ သူ့အကြောင်း သိတဲ့ သူ့ယောက်ကျား က အမြန်ပြေးလာပြီး သူ့မိန်းမ ကိုထိန်းပါတယ်.. ။

အဲဒီမိန်းမ က စိတ်မမှန်ဘူး လို့ ကျနော် ထင်ပါတယ်.. တအား ဒေါသ ကြီးပြီး ဟိုမိန်းမ (မမ) လုပ်သူ ကို မလုပ်ရလို့ ဆိုပြီး သူယောက်ကျား နဲ့ ဖက်သတ်ကြပါတယ်...၊ သတ် တာမှ တကယ့် ကို အကြီးအကျယ်ပါ .. အဝတ် မကပ် ပါ.. အဲဒီမှာ သူယောက်ကျား က သူလည်း မထိမ်းနိုင်ဘူး တံခါးတွေ ပိတ်ထားပါ.. ဟိုမိန်းမ  (မမ) လည်း အပြင်ရှောင်နေပါ ဆိုလို့ ကျနော် လည်း တွေ့ သမျှ တံခါး တွေ ပိတ်ပြီး ကားတစီး နဲ့ မိန်းမ (မမ) လုပ်တဲ့ သူကို ခဏ အပြင် သွားခိုင်းလိုက်ရပါတယ်...။

အဲဒီ အချိန်က စပြီး မိန်းမ (မမ) ဟာ တခါ ထဲ အိမ်က ဆင်းသွား ပါတယ်....။ (အင်း ရေးလိုက် ရတော့ သာ ခဏ .. အဲဒီအချိန် တုန်းက ရွှေစင်ဦး လေး မှာ ဟိုပြေးရ ဒီပြေးရ နဲ့ စားထား တဲ့ ငါးသလောက် လေးတောင် ဘယ်ချောင် ရောက်သွားမှန်း မသိပါဘူးဗျာ..)

သြ.. ပြောဘို့ မေ့နေတယ်.. ယောက်ကျားလေး (ကက) က ကျနော့် နဲ့ ပိုရင်း နှီး တယ် ဆိုတာပါဘဲ..၊ အဲဒီ အချိန်က စပြီး တော့ မိန်းမ (မမ) လုပ်တဲ့ သူ က လိုချင်သမျှ တွေ အကုန် ဖုန်းဆက် တောင်း တော့ တာပါဘဲ... ရှေ့နေ နဲ့ ခွဲခြမ်း တဲ့ ပစ္စည်း တွေက သပ်သပ် ပါ... ငွေသား မြေကွက် ခြံကွက် ကားတစီး .. (သူလိုချင်သလောက် မရပေမဲ့  တော်တော်တော့ များပါတယ်) အဲဒါတွေက ကွာရှင်းစာချုပ် မှာ လက်မှတ်ထိုး တုန်းက ပေးလိုက် ရတာတွေပါ... နောက်  အိမ်မှာ ရှိတဲ့ ပစ္စည်း တွေ တောင်းတာ သတ်သတ် ပါ... (သူတို့ ၂ယောက် ပိုင် တာတွေ ထဲက ပါ) ဥပမာ... သူတို့ အိပ်တဲ့ ခုတင်ကြီး ... မွေ့ရာ .. မှန်တင်ခုံ.. ကျန်တဲ့ အသေး အမွှား တွေပါ....။

ကဲ... ကျနော်လည်း ပြန်ချင်ပြီ ခွဲခန်း လေး ပြီးရင် ရွှေစင်ဦး လေး လည်း ချစ်ချစ်ကြီး နဲ့ တွဲခန်း လေး လုပ်တော့ မယ် ပြန်ပါတော့ မယ်ဆိုတော့မှ .. ဟိုမွေ့ရာတွေ ကုတင် တွေ ဇာတ်လမ်းက စလာတာပါ.. အဲဒါနဲ့ ကျနော် ရှိတုန်းမှာ ဘဲ အပြတ်ဖြတ်မယ် ဆိုပြီး ... ကျနော့် ကို တောင်းအေစ် ထင်တယ် .. အဲဒီထဲ မှာ သူ့ အခန်း ထဲ က ပစ္စည်း တွေ စုပြီး ... ကျနော် ရယ် ဒရိုင်ဘာ ရယ် မိန်းမ (မမ) လုပ်တဲ့သူ နေတဲ့ အိမ်ကို ပြန်သွား ပို့ ရ ပါတယ်... ။

အိမ်လည်း ရောက်ရော ပစ္စည်းတွေ ချနေတုန်း ကျနော် ကိုလည်း အအေးနဲ့ ဧည်ခံပြီး.. သူနောက်ဆုံး နေ့ က အိမ်က ဆင်းသွားရတာဟာ လုပ်ကြံဇာတ် လို့ ထင်ကြောင်း.. သူ့ ကို သက်သက်မဲ့  အိမ်ကဆင်းအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတ်မယ် ဖြတ်မယ် လုပ်တာကို သူမခံနိုင်ကြောင်း ... ယောက်ကျား (ကက) ဖြစ်တဲ့ သူဟာ သိပ်ယုတ်မာ ကြောင်း ပြောရင်း ပြောရင်း နဲ့ ဖြတ်ဆို ထသွားပြီး ကားသော့ ကို ဖြုတ်လိုက်ပါတယ်... ၊ နောက်ပြီး မမရွှေစင် ကိုတော့ အားနာပါတယ်.. ဒီကား ကို ယူထားလိုက်ပြီ တဲ့ ... မမရွှေစင် ကို တက်စီ ငှားပေးလိုက်မယ်.. တက်စီ နဲ့ သာ ပြန်လိုက် ပါတော့ တဲ့.... အင်း ကျနော် လည်း ဒုက္ခတော့ ရောက်ပြီ ဆိုပြီး .. အသနား တော့ ခံလိုက် ပါသေး တယ် .. ။

မလုပ်ပါနဲ့လို့.. သေချာ တရားဝင်ခွဲပြီး ကြပြီ မဟုတ်လား ဆိုတော့ မဟုတ်ဘူး ... ဒါယုတ်မာတဲ့ သူတွေ အတွက် ယုတ်မာကြေး သတ်သတ် ဆိုပြီး ပြောပါတယ်...၊ ကျနော် လည်း  ယောက်ကျား (ကက) လုပ်တဲ့ သူစီ ဖုန်းဆက် ပြောရတော့တာပေါ့... အင်း ဟို ကလည်း အတော် စိတ်ကုန်နေတယ် ထင်တယ်... ပေးသာ ပေး ခဲ့လိုက်တော့တဲ့ .. နောက် ဘယ်တော့မှ မပတ်သက်တော့ နဲ့ လို့ ပြောခဲ့ ...  ကျနော့် လည်း မြန်မြန် ပြန်ခဲ့ ဆိုလို့ (အင်း ဟုတ်ပ တော်ကြာ ရွှေစင်ဦး လေးပါခေါ်ထားလိုက်ရင် ဒုက္ခ) ...အငှားကား လေး ပေါ်တက် ယောင်ချာ ယောင်ချာ.. နဲ့ ရွှေစင်ဦး လေး ပြန်လာခဲ့ ပါတယ် ဗျာ....။

အင်း ကားပေါ် မှာ လည်း စဉ်းစားခဲ့ သေးတယ် ရွှေစင်ဦး လေးလည်း ဒီလိုများ ရရင် နစ်နာချင်သလောက် နစ်နာ စမ်းပါစေ... အနစ်နာ များ ခံလိုက်ချင် စမ်းပါတယ်လို့... . ။

လေးစားစွာဖြင့်
ရွှေစင်ဦး

(ပုံများ ကို Google မှ ယူပါ၏။ တိုက်ဆိုင်မှု့ ရှိလျှင် မတော်တဆ ဟု မယူဆ ပါနှင့် တဲ့ ရေးပါသည်) 
.
>>>ဆက်ဖတ်ရန်>>> >>

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၉) ပ ပိုင်း

အခန်း (၉)

ထိုညဆယ်နာရီတွင် နီကိုလတ်စ်သည် အိမ်ဝင်းအတွင်းမှ မောင်းထွက်သွားသော မော်တော်ကားသံကို အိပ်ရာထဲမှနေ၍ ကြားနေရသည်။ ကားရှေ့မီးအလင်းရောင်များမှတဆင့် ၀င် ရောက်လာသော ရောင်ပြန်များသည် သူ့အိပ်ခန်း ခေါင်မိုးထက်သို့ ပြိုးကနဲ ပြက်ကနဲ ကျရောက်လာပြီးသည့်နောက် တခဏ အတွင်းမှာပင် ပျောက်သွားသည်။ သူ့နားထဲမှ မော်တော် ကားသံဝေးသွားသည်နှင့်အမျှ သူ၏ နှလုံးခုန်သံ ကို သဲသဲကွဲကွဲ ကြားလာနေရ၏။

အမှန်တော့ နီကိုလတ်စ်သည် ဖခင်နှင့် ရက်ကြာကြာခွဲ၍ နေဖူးသူမဟုတ်။ အခုလို သုံးရက်ခန့် ခွဲနေ ရမည်ဟု သိလိုက်ရသောအခါ များစွာ စိတ်အားငယ်လျက်ရှိသည်။ သူ့ဖခင်အား မသွားစေ ချင်ကြောင်း ပြောလို သော်လည်း မဖြစ်နိုင်မှန်း သိသဖြင့် မပြောရဲ။ ဖခင်နှင့် ခွဲခွာနေရမည့် အရေးကို တွေး၍ စိတ်အားငယ် နေရသည့်အထဲတွင် ကြောက်စရာတခုကရှိနေသေးသည်။ သူသည် ဂရေစီ ယာကို ယုံကြည် စိတ်ချသူမဟုတ်။ စိတ်ထဲကလည်း ခင်မင် နှစ်မြို့ခြင်းမရှိ။ သူ့အဖေအဝေးသွားနေ ခိုက်တွင် သူ တယောက်တည်း ဂရေစီယာနှင့် မည်ကဲ့သို့ နေထိုင်ရပါမည်နည်း။
နီကိုလတ်စ်မှာ အိပ်၍မရ။ မျက်စိ ကြောင်ကာ အိပ်ရာပေါ်တွင် တလူးလူး တလိမ့်လိမ့်ဖြစ်လျက်ရှိ သည်။ တအိမ်လုံး တိတ်ဆိတ်ငြိမ်သက်လွန်းလှချေသည်။ သူသည် ပြူးကျယ်သော မျက်လုံးအစုံ ဖြင့် အမှောင်ထဲသို့ ငေးမောလျက်ရှိရာမှ ဂရေစီယာ၏ ကားသံကို နားစွင့်လျက် ရှိသည်။

သူ နေရာ ပြင်လိုက်တိုင်း ကျောအောက်မှ ခုတင်သည် အသံပြုတတ်၏။ ပြူတင်းပေါက်မှန်ချပ်များမှနေ၍ နွယ်တက်လျက်ရှိသော ထိကရုံး အကိုင်းအခက် ထိုးထိုးထောင်ထောင်များကို လှမ်းမြင်နေရသည်။ တချက်... တချက်...အပြင်ဘက်မှ အမျိုးအမည်ခွဲခြား၍ မရနိုင်သော အသံဗလံများသည် အခန်းထဲ သို့ ၀င်လာ တတ်သည်။ အောက်ထပ်ခန်းမအတွင်းရှိ တိုင်ကပ်နာရီမှ ဂရေစီယာ ပြန်ရောက်လာခဲ့ သည်ရှိသော်..။ အိမ်ထဲ၌ သူရှိနေလိမ့်မည်။ လှေကားမှ ခြေသံ မကြားအောင် ခြေကို ခပ်ဖွဖွနင်း၍ တက်လာခဲ့ပါမူ... ။ သူ့အတွေးက သူ့ကို ခြောက်လှန့်သဖြင့် တကိုယ်လုံး အေးစက်လာသည်။ သူ့ အဖေ၏ ဘဏ္ဍာစိုး အပေါ်တွင် မယုံကြည်သော စိတ်သည် သူ့အား ခြောက်လှန့်လျက်ရှိသည်။

နောက်ဆုံးတွင် သူအိပ်မောကျသွားဟန်တူ၏။ သူအိပ်ရာမှ နိုးတော့ မိုးစင်စင်လင်းနေပြီ။ သူ့အိပ် ရာဘေးမှ စားပွဲပေါ်တွင် နံနက်စာ လင်ဗန်း ရောက်နေပြီ။ မက်ဂ်ဒါလီးနားသည် ပြူတင်းပေါက် တရုတ်ကတ်များကိုပင် ဖွင့်နေပေပြီ။
' မင်းအတွက် မနက်စာ လာကျွေးတာ '
အခုတော့ဖြင့် သူသည် မက်ဂ်ဒါလီးနား၏ စကားကို ကောင်းစွာနားလည်နေပြီဖြစ်၏။ သူသည် အိပ် နေရာမှ ထထိုင်ပြီး ပြုံးပြလိုက်သည်။ မက်ဂ်ဒါလီးနားကိုတော့ သူခင်မင်သည်။ အောက်ထပ် မီးဖို ချောင်ထဲ၌ ဂရေစီယာနှင့် ရန်ဖြစ်ပြီး တက်လာသည့်အခါများတွင် မက်ဂ်ဒါလီးနား၏ မျက်နှာသည် သာယာမှု ကင်းမဲ့ နေတတ် သော်လည်း ကျန် အချိန်များတွင် သူသည် ခင်မင် နှစ်လိုစဖွယ် ကောင်း သော အပြုံး ပိုင်ရှင် ဖြစ်ပေသည်။

' ကျွန်တော့် အဖေ ရထားမီရဲ့လား' ဟု နီကိုလတ်စ်က လိမ္မော်ရည်ကို တကျိုက် နှစ်ကျိုက် သောက်နေရင်း က လှမ်းမေးသည်။
' မီတယ် ... မီတယ် ' မက်ဂ်ဒါလီးနားက ခေါင်း တဆတ်ဆတ်ညိတ်သည်။ ' မီမှာ သေချာပါတယ် ... မပူပါနဲ့ '
' မော်တော်ကား ပြန်လာသံ ကျွန်တော် မကြားဘူး '
မက်ဂ်ဒါလီးနားက ရုတ်တရက် စကားပြန်မပေး။ ကြမ်းပေါ်၌ ကျနေသည့် အရာတခုကို ကုန်း၍ ကောက် နေသည်။ သူ စကား စပြောသည့် အခါတွင်မူ တမျိုး ဖြစ်နေသည်။ စကားမမှားအောင် ချင့် ချိန်၍ ပြော နေသည့် ဟန်မျိုး ...။

' မနေ့ညက ဂရေစီယာ ပြန်မလာဘူး၊ အချိန်က သိပ်နောက်ကျနေပြီ၊ ရုံးပိတ်ရက် ဖြစ်နေလို့ ဘာစီ လိုးနားမှာပဲ ညအိပ်နေတယ် ထင်တာပဲ၊ ဟိုမှာက သူ့အပေါင်းဟောင်း အသင်းဟောင်းတွေလဲ ရှိ တယ်၊ လုပ်စရာ ကိစ္စလေးတွေလဲ ရှိနေတယ်ထင်ပါရဲ့ '
နီကိုလတ်စ်က မယုံနိုင်သော မျက်နှာထားဖြင့် မက်ဂ်ဒါလီးနားအား စူးစိုက်၍ ကြည့်နေရာမှ တဖြည်း ဖြည်း ချင်း စိတ်သက်သာရာရသလို ဖြစ်လာသည်။
' ငါ ပြောတာ နားလည်တယ် ... နော် ' မက်ဂ်ဒါလီးနားက နီကိုလတ်စ်၏ အရိပ်အခြည်ကို အကဲခတ်သည်။ ' စိတ်မပူ ပါနဲ့ ...၊ ငါတို့ နှစ်ယောက်တည်း နေရလဲ ကြောက်စရာမရှိပါဘူး '
' ဟုတ်ကဲ့ ... ' ဟု နီကိုလတ်စ်က ပြန်ပြောသည်။

' ကဲ ... နေ့လယ်စာ မင်း ဘာစားချင်သလဲ '
' အို ... ကိစ္စမရှိပါဘူး၊ ခင်ဗျား ကောင်းမယ် ထင်တာသာ ချက်ပေးပါ မက်ဂ်ဒါးလီးနား၊ ခင်ဗျားက သိပ်ကို သဘောကောင်းတာပဲ '
' ဒီလိုဆိုရင် မင်းစားလို့ ကောင်းအောင် ကျကျနန ချက်ပေးမယ် ' မက်ဂ်ဒါးလီးနားက ခေါင်း တဆတ်ဆတ် ညိတ်သည်။ နားကွင်း နှစ်ဘက်သည် ယိမ်း ကနေကြသည့် နှယ် လှုပ်ခါလျက်ရှိ၏။ သူသည် နီကိုလတ်စ် အား နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြပြီး အခန်းထဲမှ ပြန်ထွက်သွားသည်။
တယောက်တည်း ကျန်ရစ်ခဲ့သော နီကိုလတ်စ်သည် ၀မ်းသာအားရအသံထွက်၍ ရယ်လိုက်ကာ အိပ်ရာပေါ် လူးလှိမ့်လိုက်သည်။ သူ ဂျိုစီနှင့် အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် စကားပြော ခွင့်ရပေတော့မည်။ အနှောင့် အယှက် ပေးမည့်သူ။ သူတို့နှစ်ယောက် အကြောင်းကို ပြန်၍သတင်း ပို့မည့်သူ တဦးမှ ရှိမည် မဟုတ်။

' မနက်ဖြန်ခါလဲ ဒီအတိုင်းပဲ နေမှာပဲကွ ' ဟု သူ့ ခွေးရုပ်အား လှမ်းအော်ပြောသည်။ ' ကံကောင်းရင် ' တနင်္လာနေ့ အထိ ပေါ့ကွာ '
သူသည် အိပ်ရာမှ လူးလဲထတာ နံနက်စာကို တက်သုတ်ရိုက်၍ စားသည်။ စားသောက်ပြီး၍ အ၀တ်အစား လဲနေခိုက် တွင်လည်း သူ့မျက်လုံးများသည် ဂနာမငြိမ်။ ပြူတင်းပေါက်မှ နေ၍ ဂျိုစီ အလုပ်လုပ်နေသော ဥယျာဉ် ထဲသို့ လှမ်း၍ လှမ်း၍ ကြည့်သည်။ ထို့နောက် သူ့အတွက် သီးသန့် လုပ်ပေးထာစးသော စာရေး စားပွဲငယ် ကလေးတွင် ထိုင်ကာ စာတစောင် အမြန်ရေးသည်။

ဂျိုစီ ...
အဖေ မက်ဒရစ်မြို့ကို သွားတယ်။ သုံးရက်လောက်ကြာမယ်။ ဂရေစီယာလဲ အိမ်မှာမရှိဘူး။ ပျော်စရာ မကောင်းဘူးလား၊ ကျွန်တော့်အဖေစကားနားမထောင်နိုင်ဘူး။ ခင်ဗျားနဲ့အတူ အလုပ် မလုပ်ရတာ၊ စကားမပြောရတာကြာပြီ။ ကျွန်တော် ခင်ဗျားဆီလာခဲ့မယ် ...။
                            ခင်ဗျားရဲ့ အဖော်
                                နီကို

ခဏမျှအကြာတွင် နီကိုလတ်စ်သည် ဂျိုစီ၏ အနီး၌ ရောက်နေသည်။ တမနက်ခင်းလုံး နှစ်ယောက် သား တပူးတွဲတွဲ...။ ယခုအခါတွင် ကျောက် အားလုံးလိုပင် ရွှေ့ထားပြီး ဖြစ်၏။ ကျောက်တုံးများကို လှလှပပ ဖြစ်အောင် ချထားသည့် အလုပ်နှင့် မြေဖို့သည့်အလုပ်များမှာ သိပ်ပြီး မပင်ပန်းလှပေ။ နီကိုလတ်စ်သည် ဂျိုစီတွန်းလှည်းနှင့် မြေသယ်သည့်အခါတိုင်း ထိုင်နေခဲ့သည် မရှိ။ ဘေးမှကပ်၍ စကား တပြေပြောနင့် လိုက်နေတတ်သည်။ မြေကြီးများကို ကြဲဖြန့်၍ ခင်းနေသည့် အခါတွင်လည်း သူသည် ကျောက်တုံးတုံးပေါ် စိတ်အေးနားအေးထိုင်ကာ စိတ်ဝင်တစား ကြည့်နေတတ်သည်။
တခါတရံတွင် ဂျိုစီသည် သူ့အား စကားလှမ်းပြောတော့ မလိုလို နှုတ်ခမ်းများကို တရွရွ လှုပ်ပြီးခါမှ တလုံးမှမပြောပဲ ပါးနှစ်ဘက်ကို ဖောင်းကာ ဖူးကနဲ မှုတ်ပြတတ်သည်။ ထိုအခါမျိုးတွင် နီကိုလတ်စ် သည် အားရပါးရ ရယ်မောလေ့ရှိ၏။

အချိန်သည် ကုန်မှန်းမသိ ကုန်လာသည်။ ဂျိုစီသည် တစုံတရာကို အလေးအနက်ပြု၍ စဉ်းစားနေ ဟန်ရှိ သည်။ နောက်ဆုံးတွင် သူသည် လက်ထဲမှ ဂေါ်ပြားကို လွှတ်ချလိုက်ပြီး မြေကြီးပေါ်သို့  ခြေပစ် လက်ပစ် ထိုင်ချလိုက်သည်။ အိတ်ကပ်ထဲမှ ခဲတံကိုထုတ်၍ စာရေးသည်။ နီကိုလတ်စ်က သူ့နောက်မှရပ်၍ လိုက်ဖတ် သည်။

' မနက်ဖြန်မနက် ငါးမျှားသွားခဲ့ရင် လိုက်မလား၊ ငါ မက်ဂ်ဒါလီးနားနဲ့ နားလည်မှုယူပြီး စီစဉ်လိုက်မယ် '
နီကိုလတ်စ် အကြီးအကျယ်ဝမ်းသာ နေခိုက်မှာပင် ဂျိုစီသည် ထိုင်ရာမှထ၍ထွက်သွားသည်။ ချက်ချင်း လိုလိုပင် မက်ဂ်ဒါလီးနားနှင့် ဂျိုစီတို့ စကားပြောနေသံကို ကြားရသည်။ နှစ်ယောက်သား ပြိုင်တူ ရယ်လိုက်သံကိုလည်း ကြားရ၏။ ပြောနေကြပုံမှာ တရင်းတနှီး...။ ဂျိုစီသည် လူတိုင်းနှင့် အဆင်ပြေအောင် ပြောတတ်ဆိုတတ် နေထိုင်တတ်ပေသည်။ လူတိုင်းက ဂျိုစီကို သဘောကျမည့် လက္ခဏာရှိ၏။ ဂျိုစီကို သဘော မကျသူဟူ၍ သူ့အဖေနှင့် ဂရေစီယာတို့ နှစ်ဦးတည်းသာရှိမည် ထင်သည်။

ဂျိုစီသည် မက်ဂ်ဒါလီးနားနှင့် အလွန်တည့်သည်။ တခါတရံ အားလပ်သည့် အခါများတွင်ဂျိုစီသည် မက်ဂ်ဒါလီးနားအား မထောက်မအားကူညီ လုပ်ကိုင်ပေးတတ်သည်။ အထူးသဖြင့် စည်သွတ်ဗူး ဟောင်းများကို စွန့်ပစ်ပေးရသည်ကို ဂျိုစီက ဒိုင်ခံလုပ်ပေးသည်။ အမှန်တော့ ထို အလုပ်မှာ ဂရေစီ ယာသာ လုပ်ရမည့် အလုပ်...။ ဂရေစီယာက လုပ်မပေး၍ ဂျိုစီက ၀င်လုပ်ပေးနေခြင်းဖြစ်၏။ သူ့အား ကူညီသည့် အတွက် မက်ဂ်ဒါလီးနားကလည်း တခြားလူတွေ မမြင်အောင် အစားအသောက်များ ပေးတတ် ကျွေးတတ် သည်။ သို့သော်လည်း အခုကိစ္စကျတော့ ပြော၍မှ ရပါ မည်လော...။ နီကိုလတ်စ်သတိထား၍ နားထောင် သည်။ တံခါးပိတ်သံ ကြားလိုက်ရ၏။ ဂျိုစီပြန်လာ နေပြီ။ အဆင်ပြေ၏။ ဂျိုစီ ပါးစပ်မှ ပြောသံကို စောင့်နေရန် မလို။ သူ့မျက်နှာပေါ်မှ အရိပ်အရောင် ကို မြင်ရုံမျှဖြင့် သူသိပြီ။

ပျော်စရာကောင်းလိုက်ပါဘိခြင်း။ ယနေ့အဖို့လည်း ပျော်စရာ။ မနက်ဖြန်ကျတော့လည်း ပျော်ရဦး မည်။ နေရောင်သည် လှပသော ပန်းဥယျာဉ်ပေါ်သို့ ဖြာဆင်းလျက်ရှိ၏။ ပျားများသည် ဝေေ၀ဆာ ဆာပွင့်ဖူး နေကြသည့် ပန်းမျိုးစုံတို့ကြားတွင် ပျံလိုက် ... ၀ဲလိုက် ... နားလိုက်။ ဟိုတဘက်တွင် ပြာသော တောင်တန်း ကြီးများ။ ပျော်စရာတွေး၍ ပျော်မိပြီဆိုပြန်တော့လည်း ကလေးပီပီ စိတ်လွတ် ကိုယ်လွတ် အတိုင်း အဆ မသိ နိုင်လောက်အောင်ပင် ပျော်လျက်ရှိလေသည်။

နောက်တနေ့နံနက် ရှစ်နာရီတွင် ကျောက်စရစ်ခဲ လက်တဆုပ်ခန့် နီကိုလတ်စ်၏ အိပ်ခန်းတရုတ် ကတ်များကို လာရောက်ထိမှန်သည်။ ဂျိုစီ၏ အချက်ပေးသံပေတည်း။ မှေးမှေး ... မှေးမှေးနှင့် အိပ် တ၀က် နိုးတ၀က် ဖြစ်နေသော နီကိုလတ်စ်သည် အိပ်ရာပေါ်မှ ခုန်ထသည်။ ညဦးပိုင်းကတည်းက ကုလားထိုင် တလုံး ပေါ်၌ အသင့်တင်ထားသော အ၀တ်အစားများကိုလဲ၍ အောက်ထပ်သို့ ဆင်းသည်။ စားပွဲခင်း အဖြူ တထည် အုပ်ထားသော လက်ဆွဲခြင်းတလုံးသည် သူ့အား ဆီးကြိုလျက် ရှိ၏။ မနေ့ညကတည်းက မက်ဂ်ဒါလီးနား ပြင်ဆင်ထည့်ပေးထားသော အစားအစာများပေတည်း။ သူသည် လက်ဆွဲခြင်းကို အသာကောက်ဆွဲကာ ခြေကို ခပ်ဖွဖွနင်း၍ အပြင်သို့ထွက်သည်။ တံခါးဝ မှ ကပ်၍ရပ်နေသော ဂျိုစီ၏ လက်များ အတွင်း သို့ မှောက်လျက်လဲကျတော့မလို ဖြစ်သွားသည်။

ဂျိုစီသည် ငါးမျှားတံအရှည် နှစ်ချောင်းကို ထမ်းလျက်...။ လက်ဖြစ် ကျောပိုးအိတ်တလုံးကို လွယ် လျက်...။ ရေခံပတ္တူအင်္ကျီဟောင်းကြီးကို ၀တ်လျက်။ သူတို့သည် လမ်းမကြီးဘက်သို့ ထွက်ရာ လမ်းကျဉ်း ကလေး အတိုင်း လျှောက်သွားကြသည်။ ဂျိုစီက မြန်မြန်လျှောက်မှ ဖြစ်မည်ဟူသော အမူအရာကို ပြသည်။ နှစ်ယောက် သား အပြေးအလွှား လျှောက်ကြသည်။ လမ်းထိပ်အရောက်တွင် တဘက်မှလာနေသော တော်ရစ်ဒို ကျေးလက်သွား ဘတ်စ်ကားသည် သူတို့မြင်ကွင်းထဲသို့ ၀င်လာ လေသည်။

ဂျိုစီက လက်ပြ၍တားသည်။ ဘတ်စ်ကားပေါ်ဝယ် ခရီးသည်များဖြင့် ကျပ်တောင့်လျက်ရှိ၏။ သို့ သော်လည်း ကား၏ နောက်ဘက် ခပ်ကျကျတွင် သူတို့နှစ်ယောက် ကျပ်ကျပ်သပ်သပ်ကပ်၍ရနိုင် သော နေရာ တနေရာရသည်။ တနင်္ဂနွေထွက် အထူးယာဉ်ပေါ်တွင် သူတို့နှစ်ယောက်သည်လည်း အပျော်ရွှင်ဆုံး စုံတွဲ တတွဲပင် ဖြစ်သည်။ ကားပေါ်ရှိ ခရီးသည်အများစုမှာ တနင်္ဂနွေနေ့ အလည်အ ပတ်သွား ကြသူများ ဖြစ်သည်။ အားလုံးလိုလိုပင် ဆင်ယင်ထားသည့် အ၀တ်အစားများမှာ အရောင် မျိုးစုံ။ အမျိုးသမီးမှန်သမျှ ခေါင်းတွင် ရောင်စုံလက်ကိုင်ပ၀ါ စည်းထားကြသည်။ အစားအသောက် ခြင်းများ၊ တောင်းများနှင့် အိတ် များသည် သူတို့ဘေး၊ သူတို့ခြေရင်းတွင်နှင့် သူတို့ရင်ခွင်များပေါ် တွင် နေရာယူထားကြ၏။ အချင်းချင်း စကား ပြောသံနှင့် ရယ်မောသံများသည် တကားလုံးညံလျက် ရှိလေသည်။

ယောက်ျားမှန်သမျှ ဂျိုစီကဲ့သို့ပင် ငါးမျှားတံကိုယ်စီ၊ ငါးထည့်အိတ်ကိုယ်စီနှင့်ဖြစ်သည်။ လူပြတ်ရုပ် ပေါက်နေသော ပိန်ပိန်ရှည်ရှည် လူတယောက်သည် ၀က်ပေါင်ခြောက်တခုကို အငမ်းမရ ကိုက်ဝါး လျက် ရှိသည်။ သူကတော့ တခြားလူတွေနှင့်မတူ။ ခပ်တုတ်တုတ် ပြောင်းရှည်သေနက်ကြီးတလက် လွယ်ထား သည်။ ဆိတ်သားရေ ၀ိုင်အိတ်ကြီး လွယ်လာသော အဘိုးအိုတယောက်မှာမူ သူ တယောက် တည်း သောက်ပွဲ ကျင်းပလျက်ရှိလေပြီ။

ချက်ချင်းလိုလိုပင် ဂျိုစီကို မှတ်မိသူတွေ များသည်။ သူ့ကို ၀ိုင်းအုံ၍ နှုတ်ဆက်သူတွေ စကားပြော သူတွေ၊ များလာသည်။ နောက်တကြိမ် ပြုလုပ်တော့မည့် ပီလိုတာဘောလုံးပွဲ အခြေအနေနင့် အလားအလာကို မေးကြမြန်းကြ ဆွေးနွေးဝေဖန်ကြသည်။ တချို့က ဂျိုစီ၏ တွဲဖက်ဖြစ်သော ဂျေမီ ၏နေရာတွင် လူစားထိုး သင့်ကြောင်း အကြံပြုကြသည်။ ဂျိုစီက သူတို့စကားကို လက်မခံ။ သူ့တွဲ ဘက်ဂျေမီဘက်မှ ခုခံပြောသည်။

ထို့နောက် အဘိုးအို၏ လက်ထဲမှ ၀ိုင်အရက်အိတ်သည် တယောက်မှ တယောက်သို့ လက်ဆင့် ကမ်းကြသည်။ အရက်အိတ် လက်ထဲရောက်လာသည့်အခါ အိတ်နှုတ်ခမ်းကို ပါးစပ်တွင်တေ့၍ မော့ကြ သည်။ အိတ်ထဲမှ အနီရောင်ဝိုင်အရက်သည် လူတယောက်ချင်းစီ၏ လည်ချောင်းအတွင်းသို့ စီးဆင်း ၀င်ရောက် သည်။ ထိုအခါ ရယ်သံများသည် ပို၍ကျယ်လာသည်။ ရယ်စရာ ပြက်လုံးများကို ပို၍ ပြောလာ ကြသည်။ တဦးနှင့် တဦး ပြောင်ကြ လှောင်ကြသည်။ အထူး သဖြင့် သေနတ်ပြောင်းရှည်ကြီး လွယ်ထား သော နှာခေါင်းရှည်ရှည်နှင့်လူမှာ ကားပေါ်ရှိ လူအများ၏ အပြောင်အနောက်ကို အခံရဆုံး။ သို့သော်လည်း တယောက်နှင့်တယောက် စိတ်ဆိုး ခြင်းမရှိ။ ' လက်လုပ်လက်စား ဆင်းရဲသားများ ' နှင့် ဘယ်တုန်းကမှ ရောခွင့် မရခဲ့ရှာသော နီကို လတ်စ်မှာ အထင်နှင့်အမြင် များစွာ ကွာခြားနေသဖြင့် တအံ့တ သြ ဖြစ်လျက် ရှိ၏။ သူတို့လူစု၏ နေပုံ ထိုင်ပုံနှင့် ပြောဆိုဆက်ဆံပုံများမှာ ပျော်စရာကောင်းသည်။ လွတ်လပ်သည်။ ဤလူအုပ်ကြား သို့ သူ့အဖေ ရောက်လာပါက မည်ကဲ့သို့ ပြောလိမ့်မည်နည်း။ ဟန်ကြီး ပန်ကြီး မလုပ်ပဲ တရင်းတနှီး ပြောဆိုနေကြသည်များကို မြင်လျှင် အလန့်တကြား ဖြစ်နေလိမ့်မည်ဟု သူ ထင်မိ လေသည်။

ထိုအချိန်တွင် ဘတ်စ်ကားသည် သဲမြေထူထပ်သော စပျစ်ခြံများနှင့် သံလွင်ပင်များ အစုလိုက် အပြုံ လိုက်ပေါက်ရာ တောအုပ်ကလေးများကို ကျော်ဖြတ်လာသည်။ တောင်ကုန်းတောင်စွယ်များ ကြားသို့ မသိ မသာ ၀င်ရောက်စ ပြုလာသည်။ ထို့နောက် ဘတ်စ်ကားသည် မတ်စော်သော တောင်ပေါ်လမ်းများကို ကွေ့ပတ် ၍ တက်သည်။ တခါတရံတွင်ခြူသံတရွှင်ရွှင်ဖြင့် နှေးကွေးလေး လံစွာ သွားလျက် ရှိနေကြသော မြည်းများကို မြင်ရသည်။ ဒီဘက်ပိုင်းကျတော့ ဘတ်စ်ကားသည် ခရီးသည်များ ဆင်းရန်အတွက် လမ်းဘေး မှတ်တိုင် နှင့် လယ်တဲများရှေ့တွင် မကြာမကြာ ရပ်ပေး သည်။

နီကိုလတ်စ် အဖို့တော့ မြင်မြင်သမျှ အရာရာတိုင်းသည် အထူးအဆန်းချည်း ဖြစ်နေသည်။ တဖြည်း ဖြည်းနှင့် တောင်တန်းများ၏ အမြင့်ဆုံးအပိုင်းသို့ ရောက်လာသည်။ ဒီဘက်ကျလေ... နီကိုလတ်စ် အဖို့ ကြည့်စရာတွေက များလာလေ...။ သူသည် ဘတ်စ်ကား မှန်ပြတင်းမှနေ၍ အပြင် ရှုခင်းများ ကို တအံ့တသြ ငေးမော၍ လိုက်ပါလာသည်။ ကားထဲတွင် ခရီးသည် များများစားစားမရှိတော့။ သူတို့နှစ်ယောက်အပြင် ခရီးသည် ဒါဇင်ဝက်ခန့်သာ ကျန်တော့သည်။ နီကိုလတ်စ်၏ ရင်ထဲတွင် စိုးရိမ်စိတ်တခု ၀င်လာသည်။ ခရီးသည် အားလုံးလိုလိုပင် ငါးမျှားတံများ ပါလာကြ၏။ သို့ဆိုလျှင် သူတို့ နှစ်ယောက်အတွက် ငါးမျှားစရာ နေရာ ကောင်းကောင်းမှ ရပါဦးမည်လော...။

သူ့မျက်လုံးများသည် ဂျိုစီထံသို့ ရောက်သွားသည်။ သူ့အကြည့်ကို နားလည်လိုက်သော ဂျိုစီက စိတ်ပူစရာ မလိုဟူသော သဘောဖြင့် ခေါင်းယမ်းပြသည်။ နောက်တရွာအရောက်တွင် ဘတ်စ်ကား သည် လမ်းဘေး ထမင်းဆိုင် တဆိုင်၏ မျက်နှာချင်းဆိုင်ဘက်၌ရပ်သည်။ ကျန်နေသော ခရီးသည် အားလုံးသည် သူနှင့် ဂျိုစီအား ဖက်လှဲတကင်း နှုတ်ဆက်ကာ ဆင်းသွားကြသည်။ ကားပေါ်တွင် ခရီးသည်ဆို၍ သူတို့သာ ကျန်ခဲ့ လေ၏။
ဘတ်စ်ကား ဆက်ထွက်သောအခါ ဂျိုစီက သူ့အား လှမ်းကြည့်သည်။ ' ဟေ့ ... နီကို၊ ငါ မင်းကို စကား မပြောလို့ မဖြစ်တော့ဘူးကွ ' ဟု ဆိုသည်။ ' ငါတို့အခု မြစ်ရှိရာကို သွားကြမှာ၊ မင်း ဘယ်လို နေရ ထိုင်ရ၊ လုပ်ရ ကိုင်ရမယ် ဆိုတာကို ကြိုတင်ပြီး ပြောမထားလို့ မဖြစ်တော့ဘူး၊ ငါ မင်းကို မြစ်ထဲ လိမ့်ကျမှာ စိုးတယ်၊ အဲသလိုသာဖြစ်ရင် ငါ့အဖို့ မလွယ်ဘူး၊ အဲဒီတော့ ငါက မင်းကို စကား စပြောရတော့မှာပဲ၊ မင်းကတော့ မင်းအဖေကို ပေးထားရတဲ့ ကတိအတိုင်း ငါ့ကို စကားပြန်မပြော ချင်လဲ နေနိုင်ပါတယ် '
နီကိုလတ်စ်က ဂျိုစီအား မျက်လုံးပြူး၍ ကြည့်သည်။ ရုတ်တရက် ဖြစ်ပေါ်လာသည်။ ရယ်ချင်စိတ် ကို မတားနိုင်။

' ကျွန်တော်လဲ စကားပြောရမှာ ပေါ့ဗျ ဂျိုစီ...ရ၊ ခင်ဗျားက ပြောရင် ကျွန်တော်ကလည်း ပြန်ပြော ရမှာပေါ့ '
ဂျိုစီက ပြုံးသည်။ ' ဒါပေါ့ကွ...၊ ငါတို့ဟာ ယောက်ျားတွေပဲ၊ ယောက်ျားပီပီပဲ လုပ်ရမှာပေါ့၊ ရှက်တတ် ကြောက်တတ်တဲ့ ကလေးလေးတွေလို တွန့်ဆုတ်တွန့်ဆုတ် လုပ်နေလို့ ဘယ်ဖြစ်မလဲ၊ အခုလို ဒီဘက်ပိုင်း ရောက်တုန်းမှာ ပျော်ပျော်ပဲ နေကြရမှာပဲ၊ မဟုတ်ဘူးလား၊ ကဲ...လာ...၊ ငါတို့ ဆင်းရမယ့် မှတ်တိုင် ရောက်ပြီ '
ဂျိုစီက ပြောပြောဆိုဆို သူ့ ငါးမျှားတံ နှစ်ချောင်းကို ကောက်ထမ်းပြီး ကျောပိုးအိတ်ကို ပြန်လွယ် သည်။ နီကိုလတ်စ်ကို လဲကျမသွားအောင် လက်တဘက်နှင့် ထိန်းကာ ဘတ်စ်ကားရှေ့ပိုင်းသို့ ခေါ်လာသည်။ ကားရပ်သည်နှင့် တပြိုင်နက် သူ အလျင်ခုန်ဆင်းသည်။ ပြီးတော့ နီကိုလတ်စ်ကို ချ ပေးသည်။ ကားပြတင်း ပေါက်မှ ခေါင်းပြူ၍ ကြည့်နေသော ယာဉ်မောင်း အား လက်ပြ၍ နှုတ်ဆက် ကြသည်။ ' ကံကောင်း ကြပါစေကွာ ' ဟု ယာဉ်မောင်းက အော်ပြောသည်။ ဘတ်စ် ကားသည် ဖြည်းဖြည်းချင်း ထွက်သွားသည်။ ကားနောက် တွင် ဖုန်လုံးကြီးများသည် အလိပ်လိမ့်ထ၍ ကျန်ရစ် ခဲ့လေ၏။
နေသည် ကျဲကျဲတောက် ပူပြင်းလျက် ရှိသော်လည်း လေကတော့ အေးမြ လန်းဆတ်သည်။ သူတို့ ရှေ့တည့်တည့်တွင် တောင်ထွတ် တောင်စွန်းများ...။ စောစောကတော့ သူတို့ မော့်ကြည့်ခဲ့ရသည်။ အခုတော့ သူတို့နှင့် တပြေးတည်း ဖြစ်နေပြီ။

နေရောင်သည် မျက်စိများကို ကျိန်းစပ်သွားလောက်အောင်ပင် ပြိုးပြိုးပြက်ပြက် တောက်ပနေသည်။ နီကိုလတ်စ်သည် လာလမ်းဘက်သို့ ပြန်မျှော်ကြည့်သည်။ တောင်နှာမောင်း တခု၏ ဗယ်ဘက်တွင် ရွာလေး တရွာ။ ထိုရွာ၏ တဘက်ရှိ အောက်ခြေအနိမ့်ပိုင်းတွင်မူ လယ်ကွက် များနှင့် စပျစ်ခြံများ...။ ထိုခြံများ ၏ တဘက်တွင်မူ မှုန်မှုန်ရီဝေနေသော ပင်လယ်ပြင်။ အားလုံးသည် သူ့မျက်စိအောက်၌ ရောက်နေ သည်။ သူသည် ကမ္ဘာလောကကြီး၏ ထိပ် အမြင့်ဆုံးပိုင်း၌ ရပ်နေရသည့်နှယ် ခံစားနေရ၏။ သူသည် သန့်စင်လတ်ဆတ်သော လေကို အားရ ပါးရ ရှူရှိုက်လိုက်သည်။
ကျွန်တော့် အဖို့တော့ ကနေ့ဟာ အထူးခြားဆုံးနဲ့ အံ့သြစရာ အကောင်းဆုံးနေ့တနေ့ပဲ ဂျိုစီ '

' ဟုတ်တာပေါ့ကွာ ' ဟု ဂျိုစီက ပြန်ပြောသည်။ ' နေက သိပ်ပူတယ်ကွ '၊ ငါးမျှားလို့မှ ရပါ့မလား မသိဘူး၊ အေးလေ... ကြည့်သေးတာပေါ့ '
သူတို့နှစ်ယောက်သည် တောအုပ်တခုကြားမှဖြတ်၍ တောင်စောင်းဆင်ခြေလျှောအတိုင်း ဆင်းခဲ့ကြ သည်။ မြက်ခင်း ပြင်ပေါ်မှ ဆိတ်များသည် သူတို့အား အကြောက်အလန့်မရှိပဲ လှမ်းကြည့်နေကြ သည်။ ရုတ်တရက် စိမ်းလန်းစိုပြည်သော တောင်ကြားလွင်ပြင်တခုသည် သူတို့ရှေ့မှောက်တွင် ဘွားခနဲ ပေါ်လာသည်။ လွင်ပြင်ပေါ်ဝယ် ကွေ့ကာပတ်ကာ စီးဆင်းသောမြစ်။ မြစ်သည် ဤနေရာ တွင် ရေအားဖြင့် လည်သော ဂျုံစက်ဟောင်း တလုံးရှေ့မှ ဖြတ်ကာရေကာတာကို ကျော်ပြီးတဘက် သို့ ဆင်းသွား သဖြင့် ရေကန်ကြီး တခု ဖြစ်လျက်ရှိ၏ ။

အခန်း (၉) ဒု ပိုင်း ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၂၆)

အခန်း (၂၆)

၁၉၄၅ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း ' ရိမ်းစ်' မြို့၌ ဂျာမန်ဗိုလ်ချုပ်ကြီး အက်လ်ဖရက်ဂျိုဒယ်က အကန့်အသတ်မရှိ လက်နက်ချစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးသည်။
စစ်အောင်ပွဲနှင့် စစ်ကြီးပြီးဆုံးသည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် အေဘယ်သည် နယူး ယောက် မြို့သို့ ပြန်ရောက်လာခဲ့သည်။ သည်လိုနှင့် နယူးယောက်မြို့တော် လမ်းမများပေါ်တွင် ယူနီဖောင်း ၀တ်လူငယ်တွေ ပျားပန်းခတ်မျှ ကြိတ်ကြိတ်တိုး စည်ကားလာပြန်သည်။ သို့သော် သည်အကြိမ် တွင်ကား သူတို့၏ မျက်နှာပေါ်တွင် စိုးရိမ်ကြောက်လန့်ခြင်း အရိပ်အရောင် လုံးမရှိတော့ဘဲ ပျော်ရွှင် ၀မ်းမြောက်ခြင်း အရိပအရောင်များသာ ဖုံးလွှမ်းလျက်ရှိကြသည်။

သူတို့တစ်တွေ ၀မ်းသာရွှင်မြူးနေကြသော်လည်း အေဘယ်ကတော့ ၀မ်းမသာနိုင်။ ခြေတစ်ဖက် လက်တစ်ဖက် ပြတ်နေသူများ၊ မျက်စိ စုံလုံးကန်းနေသူများနှင့် အမာရွတ်ကြီးတွေနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသူများကို မြင်ရသောအခါ အေဘယ်မှာ အထူးပင် မချိတင်ကဲ ၀မ်းနည်းခြင်း ဖြစ်မိလေသည်။ မိုင်ပေါင်း လေးထောင်ကျော်မျှ ဝေးလံသော တစ်နေရာတွင် စာရွက်ပေါ်၌ သက်ဆိုင်သူများက လက်မှတ် တစ်ချက် ထိုးလိုက်ခြင်းဖြင့် ဒုတိယအကြိမ် ကမ္ဘာ့လူသတ်ပွဲကြီး ပြီးဆုံးသွားခဲ့သော်လည်း အဆိုပါ လူငယ်များအဖို့ရာတွင်ကား စစ်ကြီးသည် ဘယ်နံရောအခါမျှ ပြီးဆုံးနိုင်စရာ မရှိတော့။ စစ်ကြီးက သူတို့ တစ်တွေ အား သေရာပါ တံဆိပ်အမှတ်အသားများကို ရာသက်ပန် ခတ်နှိပ်နှင်းအပ်လိုက်ပြီ မဟုတ်ပါလား။

အေဘယ်သည် ဗိုလ်မှူးကီးဝတ်စုံဖြင့် ' နယူးယောက်နယ်စား ' ဟိုတယ်ထဲသို့ ၀င်လာသောအခါ သူ့ကို တစ်ယောက်မျှ မမှတ်မိကြ။
သူတို့က ဘာကြောင့်များ သူ့ကို မမှတ်မိကြပါလိမ့်။
လွန်ခဲ့သော သုံးနှစ်တုန်းက သူတို့က သူ့ကို အရပ်ဝတ် အရပ်စားဖြင့် နောက်ဆုံးအကြိမ် မြင်လိုက်ကြ ရစဉ်က သူ့မျက်နှာတွင် ယခုလို ဇရာ၏ အရေးအကြောင်းများ လုံးဝမရှိသေး။ အားမာန်ပြည့်နှင့် နုပျို လန်းဆန်း နေဆဲပင် ရှိသေးသည်။

ယခုတော့ သူသည် အသက် ၃၉ နှစ်ထက် ရင့်ရော်အိုစာခဲ့ပြီ။ ကမ္ဘာ့စစ်ကီးက သူ့နဖူးတွင် ပေါ်လွင်သော အရေးအကြောင်းများကို မှတ်သားပေးလိုက်ပြီ။
သူသည် ဓာတ်လှေကားဖြင့် ၄၂ ထပ်ရှိ သူ့ရုံးခန်းသို့ တက်လာခဲ့သည်။ လုံခြုံရေး အစောင့်က သူ့အား အခန်းမှားလာပြီထင်တယ်ဟု ဆီးပြောသည်။
' ဂျော့နော်ဗက် ဘယ်မှာလဲ ' သူက ခပ်တည်တည်ဖြင့် ပြန်မေးလိုက်သည်။

' ဒါဖြင့် သူနဲ့ စကားပြောချင်တယ်၊ ခဏ ဖုန်းဆက်ပေးစမ်းပါ '
' ဘယ်သူ ဆက်တာလို့ ပြောလိုက်ရပါ့မလဲ '
ဤတွင် လုံခြုံရေးအစောင့်က လှည့်ပင် မကြည့်တော့ဘဲ တစ်ချိုးတည်း သုတ်ခြေတင် ထွက်ခွာသွား တော့ သည်။

*
ဂျော့၏ ကြားနေကျအသံ လိုင်းဝင်လာသည်။
အကြောင်းစုံ သိရ၍ အေဘယ်က တော်တော်ဝမ်းသာမိသည်။ ထို့ကြောင့် နယူးယောက်တွင် ညမအိပ်တော့ ဘဲ မိုင် ၈၀၀ ကျော်ဝေးသော ရှီကာဂိုသို့ လေယာဉ်ဖြင့် ညတွင်းချင်း လိုက်သွားရန် ဆုံးဖြတ် လိုက်သည်။
သူသည် ဂျော့၏ လုပ်ငန်းဆိုင်ရာ အစီရင်ခံစာများကို အပြည့်အစုံယူလာပြီး လေယာဉ်ပေါ်တွင် ဖတ်လာ ခဲ့သည်။

စစ်အတွင်း နယ်စားကုမ္ပဏီသည် စီးပွားရေးဖြစ်ထွန်းခဲ့ကြောင်း တွေ့ရသည်။ အေဘယ်မရှိတုန်းတွင် ဂျော့ က လုပ်ငန်းအ၀၀ကို နိုင်နိုင်နင်းနင်း စီမံအုပ်ချုပ်ထားနိုင်ခဲ့သည်။ ဟိုတယ်အမှုထမ်းတွေ တော်တော် များများ စစ်ထဲလိုက်ပါသွားကြရသည့် တိုင်အောင် လုပ်ငန်းကို လုံးဝမထိခိုက်။ နှစ်စဉ် အမြတ်ငွေတွေက မြင့်မြဲ မြင့်နေသည်။ သည်လိုဖြစ်ရသည်မှာလည်း အမေရိကန်တစ်ပြည်လုံးတွင် စစ်သားတွေနှင့် ပြည်သူ တွေ အပြောင်းအရွှေ့များပြီး ဟိုတယ်များတွင် လူတွေ ပြည့်နေခဲ့သောကြောင့်ပင် ဖြစ်သည်။ အေဘယ်က စစ်ပြန်ဟိုတယ်အမှုထမ်းများအနက်မှ အတော်ဆုံးလူများကို တခြားဟိုတယ်တွေထက် ဦးအောင် သူ့ဟိုတယ်များတွင် ပြန်လည်ခန့်ထားရန် ဆုံးဖြတ်လိုက်သည်။

မက်ဒ်ဝေး လေဆိပ်ရောက်သောအခါ ဂျော့က လေယာဉ်ကွင်းဂိတ်ဝတွင် အသင့်ကြိုနေသည်ကို တွေ့ရ သည်။ ဂျော့က ရုပ်ရည်များစွာ ပြောင်းလဲမသွား၊ နည်းနည်းဝပြီး ဆံပင်နည်းနည်း ပါးသွားတာပဲ ရှိသည်။
သူငယ်ချင်းနှစ်ယောက် မျက်နှာချင်းဆိုင်ရာ တစ်ယောက်အကြောင်း တစ်ယောက် တစ်နာရီခန့်မျှ အပြန် အလွန် ဖောက်သည်ချကြပြီးသောအခါ သုံးနှစ်တာမျှ ကွာဟနေခဲ့ကြသော ကြားကာလသည် တစ်စပ်တည်း ဖြစ်သွားသည်။ အေဘယ်သည် ဘယ်ကိုမျှ မသွားခဲ့ဘဲ အလုပ်ခွင်တွင်ပင် အမြဲတမ်း ရှိနေခဲ့ သလို ဖြစ်သွားသည်။ သစ္စာရှိ၍ တာဝန်ကျေပွန်သော သူငယ်ချင်းအတွက် အေဘယ်က ဂုဏ်ယူ ၀မ်းသာ မိသည်။ သူတို့ နှစ်ယောက်အား ဖူးစာဆုံအောင် ဖန်တီးပေးခဲ့သော ' မြှားနတ် ' သင်္ဘောကြီးကိုလည်း ကျေးဇူး တင် မိသည်။

အေဘယ်သည် အိမ်သို့ တန်းမပြန်သေးဘဲ ရှိကာဂိုနယ်စားဟိုတယ်ကို လှည့်လည် စစ်ဆေးကြည့်သည်။ စစ်အတွင်း အစစ အရာရာ ရှားပါးမှုကြောင့် အဆောက်အအုံ အတွင်းအပြင်နှင့် ပရိဘောဂများ၏ အရောင် အဆင်းများ တော်တော် ပျက်ပြယ် ယိုယွင်းနေသည်ကို တွေ့ရသည်။ ဒါတွေအားလုံး အမြန်ဆုံး ပြန်ပြီး ပြုပြင်မွမ်းမံရဦးမည်ဟု အေဘယ်က စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။
လောလောဆယ် ကိစ္စကတော့ ဇနီးနှင့် သမီးတို့အား သွားတွေ့ရန် ဖြစ်သည်။

သမီးဖြစ်သူ ဖလော်ရင်တီနာကို မြင်လိုက်ရသောအခါ အေဘယ်က ၀မ်းသာအံ့သြ ဖြစ်နေမိသည်။ ဖလော် ရင်တီနာက ၁၁ နှစ်တောင် ရှိသွားပြီ။ ချောကလည်း အလွန်ချောသည်။
သို့သော် ဇနီးသည် ဇာဖီယာနှင့် ပြန်တွေ့ရသောအခါတွင်ကား အေဘယ်မှာ ၀မ်းမသာရဘဲ စိတ်ဆင်းရဲမှု နှင့်သာ ကြုံရသည်။ လွန်ခဲ့သော သုံးနှစ်အတွင်း ဂျော့အနေဖြင့် ဘာမှ ပြောင်းလဲမှု မရှိသော်လည်း ဇာဖီယာ ကတော့ တော်တော်ကြီးကို ပြောင်းလဲနေသည်ကို တွေ့ရသည်။

ဇာဖီယာမှာ အသက် ၃၈ နှစ်သာ ရှိသေးသော်လည်း အရွယ်နှင့်မလိုက်အောင် အိုစာနေသည်။ ကိုယ်ခန္ဓာ ကလည်း ယခင်ကထက် နှစ်ဆလောက် ၀သွားသည်။
အဆိုးဆုံးကတော့ သူတို့လင်မယားနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အတွေးအမြင်ချင်း မတူ ကြခြင်း ပင်ဖြစ်သည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် ယခင်အတိုင်း ပြန်ဖြစ် မလာနိုင် တော့ကြောင်း မကြာခင်မှာပင် အေဘယ်က သဘောပေါက်မိတော့သည်။

ဇာဖီယာသည် လင်ဖြစ်သူအား ယုယမှုလည်း မရှိ၊ လင်ဖြစ်သူ၏ လုပ်ငန်းအောင်မြင်မှုအတွက် ဂုဏ်ယူရကောင်းမှန်းလည်း လုံးဝမသိ။
ဤသို့ဖြစ်ရသည့်အတွက် အေဘယ်အနေဖြင့် တော်တော်ပင် ၀မ်းနည်းမိသည်။ သို့သော် သူက တတ်နိုင် သမျှတော့ ကြိုးစားကြည့်သည်။ သူ့လုပ်ငန်း၊ သူ့ဘ၀တွင် ဇာဖီယာလည်း ထက်ကြပ်မကွာ ပါဝင်လာရန် စည်းရုံး တွဲခေါ်ကြည့်သည်။ သို့သော် ဇာဖီယာက ဘယ်လိုမှ တုံ့ပြန်မှုမပြ။

သည်အတိုင်းဆိုလျှင် သူတို့ အိမ်ထောင်ရေး အဆင်မှ ပြေပါတော့မလားဟု အေဘယ်က စိုးရိမ်မကင်း ဖြစ်မိ သည်။ သို့ဖြင့် လူတို့လင်မယားသည် တစ်နေ့ထက် တစ်နေ့ နီးလျက်နှင့်ဝေးဝေးလာသည်။ အေဘယ်သည် ဇာဖီယာ၏ ရုပ်ရည်ကိုလည်း စိတ်မ၀င်စားတော့။ စိတ်ဓာတ်ကိုလည်း မလေးစားတော့။
ကြာတော့ သူက အကြောင်းအမျိုးမျိုးပြကာ ရှီကာဂိုမှ ဝေးရာသို့သာ မကြာခဏ သွားနေတော့သည်။

သူသည် ကျောင်းပိတ်ရက်တွင် သမီးငယ် ဖလော်ရင်တီနာကိုခေါ်ပြီး တခြားမြို့များရှိ နယ်စား ဟိုတယ်များ သို့ ခရီးရှည် သွားရောက်လည်ပတ်သည်။ စစ်မြေပြင်မှ ပြန်လာပြီးနောက် ပထမခြောက်လအတွင်းတွင် ယင်းသို့ပင် အမြဲလိုလို ခရီးထွက်နေခဲ့သည်။
သို့ဖြင့် တစ်နှစ်အတွင်း သူ့ဟိုတယ်အားလုံးသည် သူမျှော်လင့်ထားသည့်အတိုင်းပင် ကျေနပ်လောက် အောင် စံချိန်မီလာခဲ့ကြသည်။ သည်ထက်သည် ပိုမိုတိုးချဲ့ရေးကိုသာ အမြဲတမ်း အကြံထုတ်လျက်ရှိသည်။

နောက်သုံးလပတ် ကုမ္ပဏီ အစည်းအဝေးတွင် အေဘယ်က မစ္စတာ ကာတစ်ဖင်တန်အား သူ့အကြံကို ထုတ်ဖော်ပြောပြလိုက်သည်။
' မက္ကစီကိုနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတွေမှာလည်း ဟိုတယ်သစ်ဖွင့်ဖို့ အချိန်တော်ပြီလို့ ဈေးကွက်သုတေသန အဖွဲ့က အကြံပေးပါတယ်။ သူတို့က တခြားသင့်တော်မည့် နေရာတွေကိုလည်း ဆက်လက် လေ့လာနေ ကြတယ်၊ အင်း ... ' မက္ကစီကိုစီးတီးနယ်စား ' ပြီးတော့ ' ရီယိုဒီဂျာရိုနယ်စား ' မဆိုးဘူး၊ အလုပ်ဖြစ်မှာပဲ '
အေဘယ်က သူ့စိတ်ကူးနှင့်သူ တော်တော် သဘောကျနေသည်။

' ကောင်းပါတယ် ' မစ္စတာဖင်တန်က ထောက်ခံသည်။ ' လုပ်ချင်ရင် လုပ်နိုင်ပါတယ်၊ အဆောက်အအုံ လုပ်ဖို့အတွက် သီးသန့်ရန်ပုံငွေကလည်း အလုံအလောက် ရှိတာပဲ၊ ခင်ဗျားမရှိတုန်း ပိုက်ဆံတွေ တော်တော် စုမိထားတယ်၊ ကြိုက်တဲ့နေရာမှာ ဆောက်လို့ရပါတယ်၊ ဒါနဲ့ ဒီအတိုင်းဆို ခင်ဗျားတော့ တစ်ကမ္ဘာလုံးအနှံ့ ဟိုတယ်တွေ လိုက်ဆောက်တော့မယ် ထင်တယ် မစ္စတာရို့စနော့စကီး၊ ဒီအလုပ်ကို ခင်ဗျား ဘယ်တော့မှ ရပ်မယ် ဆိုတာ ဘုရားသခင်မှပဲ သိတော့မယ် ထင်ပါရဲ့ '

' တစ်နေ့တော့ ပိုလန်နိုင်ငံ ၀ါဆောမြို့မှာလည်း နယ်စားဟိုတယ်တစ်ခု ဖွင့်ရဦးမယ် မစ္စတာ ဖင်တန်၊ အဲဒါပြီးမှပဲ ဘယ်တော့ရပ်မလဲဆိုတာ စဉ်းစားရမှာပဲ၊ ကျွန်တော်က ဂျာမန်တွေကိုတော့ အောင်ပွဲခံပြီးပြီ၊ ရုရှတွေကိုလည်း အောင်ပွဲခံရဦးမှာပဲ '
မစ္စတာဖင်တန်က ရယ်သည်။ (တကယ်ပင် ထိုနေ့ညနေပိုင်းတွင် သူ့မိန်းမနှင့် တွေ့တော့ ၀ါဆောတွင် နယ်စားဟိုတယ် ဆောက်ဖို့ ဆုံးဖြတ်ပြီးကြောင်း သူက ထုတ်ဖော်ပြောခဲ့သည်။ )
' ဒါနဲ့ လက်စတာဘဏ်ကိစ္စက ဘယ်လိုလဲ၊ ကျွန်တော် ဘယ်လို ၀င်လို့ရမှာလဲ '

အေဘယ်က ရုတ်တရက် ခေါင်းစဉ်ပြောင်းသွားသဖြင့် မစ္စတာဖင်တန်မှာ စိုးရိမ်မကင်း ဖြစ်သွားမိသည်။ အေဘယ်သည် မစ္စတာလီရွိုင်းသေဆုံးရခြင်းမှာ ၀ီလျံကိန်း၏ ပယောဂကြောင့် ဖြစ်သည်ဟု စွဲမြဲစွာ ခံယူထားပြီး ၀ီလျံကိန်းအပေါ်တွင် လက်စားချေရန် ကြံနေပြီဟု တွေးမိ၍ မစ္စတာဖင်တန်က စိုးရိမ်မိခြင်း ဖြစ်သည်။
သူက စပါယ်ရှယ်ဖိုင်တွဲကို ဖွင့်လိုက်ပြီး ဖတ်ပြသည်။

' လက်စတာ၊ ကိန်း အင် ကုမ္ပဏီရဲ့ ရှယ်ယာတွေကို လက်စတာမိသားစုဝင် ၁၄ ဦး၊ ယခင် အမှုထမ်းဟောင်း နှင့် လက်ရှိအမှုထမ်းခြောက်ဦး၊ ပြီးတော့ မစ္စတာကိန်းတို့က ပိုင်ကြတယ်၊ မစ္စတာကိန်းက ရှစ်ရာခိုင်နှုန်း ပါဝင်တယ် '
' အဲဒီတော့ လက်စတာ မိသားစုတစ်ယောက်ကများ ရှယ်ယာပြန်ရောင်းဖို့ အခြေအနေ မရှိဘူးလား '
' သင့်တော်တဲ့ ဈေးပေးရင်တော့ ရောင်းမှာပဲ၊ မစ္စတာ လက်စတာရဲ့ သမီးမစ္စ ဆူဆန်လက်စတာက သူ့ရှယ်ယာ ကို ပြန်ရောင်းချင်တယ်လို့ ပြောတယ်၊ ပြီးတော့ ဒုတိယဥက္ကဋ္ဌဟောင်း မစ္စတာ ပီတာပါဖစ် ကလည်း သူ့ရှယ်ယာကို ပြန်ရောင်းချင်နေတယ် '

' သူတို့နှစ်ယောက်က ဘယ်နှစ်ရာခိုင်နှုန်းစီ ပိုင်ကြသလဲ '
' ဆူဆန်က ခြောက်ရာခိုင်နငန်း၊ ပါဖစ်က နှစ်ရာခိုင်နှုန်း '
' သူတို့က ဘယ်လောက်ဈေးခေါ်သလဲ '
မစ္စတာဖင်တန်က ဖိုင်တွဲကို ပြန်လှန်နေသည်။ အေဘယ်က လက်စတာဘဏ်၏ နောက်ဆုံးနှစ်ပတ်လည် အစီရင်ခံစာ ကို လှန်ကြည့်လိုက်သည်။ သူ့မျက်လုံးများက အခန်း (၇)ခန်းကို အာရုံသွားစိုက်မိသည်။

မစ္စတာဖင်တန်က ပြောသည်။
' မစ္စဆူဆန်လက်စတာက သူပိုင်တဲ့ ခြောက်ရာခိုင်နှုန်း ရှယ်ယာအတွက် ဒေါ်လာ နှစ်သန်း တောင်းတယ်၊ မစ္စတာပါဖစ်ကတော့ နှစ်ရာခိုင်နှုန်းအတွက် ဒေါ်လာတစ်သန်းတောင်းတယ် '
' မစ္စတာပါဖစ်က တော်တော် လောဘကြီးတာပဲ၊ အဲဒီတော့ ကျွန်တော်တို့က သူ မရောင်းမဖြစ်တဲ့ အခြေအနေမျိုး ရောက်လာတဲ့အထိ စောင့်ကြည့်နေရမယ်၊ မစ္စဆူဆန် လက်စတာရဲ့ ရှယ်ယာကို အမြန်ဆုံး ၀ယ်ယူ လိုက်ပါ၊ ဒါပေမဲ့ ဘယ်သူဝယ်တယ်ဆိုတာ မသိပါစေနဲ့၊ မစ္စတာပါဖစ်ရဲ့ အခြေအနေကို စောင့်ကြည့် ပီး သူ စိတ်ပြောင်းလာတဲ့ခါ ကျွန်တော့်ကို ပြောပါ '
မစ္စတာဖင်တန်က တဟွတ်ဟွတ်နှင့် ချောင်းဆိုးနေသည်။

' ဘယ်လိုဖြစ်တာလဲ မစ္စတာဖင်တန်၊ တစ်ခုခုများ အနှောင့်အယှက် ဖြစ်သွားလို့လား '
မစ္စတာဖင်တန်က ခေတ္တတုံ့ဆိုင်းနေပြီးတော့ မှ -
' အို ... မဖြစ်ပါဘူး၊ ကျုပ် ဘာမှမဖြစ်ပါဘူး '
' အဲဒီတော့ အဲဒီစာရင်းကို ကြီးကြပ်ဖို့အတွက် ကျွန်တော် လူတစ်ယောက် တွေ့ထားတယ်။ သူ့ကို မစ္စတာဖင်တန်လည်း သိချင်သိမှာပါ၊ နာမည်က ဟင်နရီ အော့စဘွန်း ... တဲ့ '
' လွှတ်တော်အမတ် ဟင်နရီအော့စဘွန်းလား '

' ဟုတ်ပါတယ်၊ မစ္စတာဖင်တန်နဲ့ ရင်းနှီးလို့လား '
' မရင်းနှီးပါဘူး၊ နာမည်ကြီးလို့ သိနေတာပါ '
မစ္စတာဖင်တန်၏ စကားတွင် အော့စဘွန်းအား မလိုလားသည့် အရိပ်အရောင် ပါနေသည်။

သို့သော် အေဘယ်က ယင်းအချက်ကို မသိချင်ယောင်ဆောင်နေလိုက်သည်။ တကယ်တော့ ဟင်နရီ အော့စဘွန်းအကြောင်းကို သူလည်း ချေးခါးအူမသိထားပြီး ဖြစ်သည်။ သို့သော် အော့စဘွန်းတွင် အခြား ကောင်းသော အရည်အချင်းများလည်း ရှိသေးသဖြင့် အေဘယ်က သူ့ရည်ရွယ်ချက်နှင့်သူ အသုံးချလို၍ အလုပ်တာဝန်ပေးခြင်းဖြစ်သည်။ ပြီးတော့လည်း တစ်ယောက်နှင့်တစ်ယောက်သာ ဖော်၍ မပြောကြ သော်လည်း သူတို့နှစ်ယောက်စလုံးတွင် ၀ီလျံကိန်းနှင့်ပတ်သက်၍ တူညီသော ခံစားချက်များ ရှိထား ကြသည် မဟုတ်ပါလား။

' ကျွန်တော်က မစ္စတာ အော့စဘွန်းကို နယ်စားကုမ္ပဏီမှာ ဒါရိုက်တာလူကြီးတစ်ယောက်အဖြစ် ၀င်လုပ်ဖို့ ကမ်းလှမ်းထားတယ်၊ သူ့ကို လက်စတာဘဏ်စာရင်းအတွက် အထူးတာဝန်ပေးမယ်၊ ဒီကိစ္စကိုလည်း ဘယ်သူမှ မသိစေရဘူး၊ ထိပ်တန်း လျှို့ဝှက်ချက်တစ်ရပ်အဖြစ် လျှို့ဝှက်ထားရမယ် '
' ကောင်းပါတယ်၊ ခင်ဗျားကြိုက်လို လုပ်ပါ '

မစ္စတာဖင်တန်က စိတ်မချမ်းသာစွာဖြင့် ပြန်ပြောသည်။ သူ့စကားကြောင့် အေဘယ်က တစ်မျိုး တစ်မည် များ ထင်သွားလေမည်လားဟုလည်း တွေးလိုက်မိသည်။
' အဲဒီတော့ မစ္စဆူဆန်လက်စတာနဲ့ ကိစ္စပြတ်ပြီးတဲ့အခါ ကျွန်တော့်ကို ပြန်ပြောပါ '
' ကောင်းပါပြီ မစ္စတာရို့စနော့စကီး '
ဖင်တန်က ခေါင်းမဖော်ဘဲ ပြန်ပြောလိုက်သည်။

အေဘယ်သည် နေ့လယ်စာစားရန် နယ်စားဟိုတယ်သို့ ပြန်လာခဲ့သည်။ ဟင်နရီ အော့စဘွန်းက သူ့ကို အသင့်စောင့်နေသည်။
' ဟလို ... လွှတ်တော် အမတ်မင်း '
ဆင်ဝင်အောက်တွင် ရပ်နေသော အော့စဘွန်းအား အေဘယ်က နှုတ်ဆက်လိုက်သည်။
' ဟလို ... နယ်စားကြီး '
နှစ်ယောက်သား သဘောကျစွာ ရယ်လိုက်ကြသည်။ ထို့နောက် လက်ချင်းဆွဲကာ စားသောက်ခန်းထဲ ၀င်လာခဲ့ကြပြီး အခန်းထောင့်စားပွဲတွင် ထိုင်ကြသည်။
စားပွဲထိုးတစ်ယောက်အား ၀တ်စုံတွင် ကြယ်သီးတစ်လုံး ပြုတ်နေသဖြင့် အေဘယ်က အနားခေါ်ပြီး သတိ ပေး ဆုံးမလိုက်သည်။
' ခင်ဗျား မိန်းမ နေကောင်းရဲ့လား အေဘယ် '

' နေကောင်းလိုက်သမှ ၀ပြဲနေတာပဲ၊ မစ္စတာအော့စဘွန်းရဲ့ ဇနီးကကော ဘယ့်နှယ်လဲ '
' သူလည်း သိပ်ကောင်းပေါ့ '
' ဒါနဲ့ ဘာသတင်းထူးသလဲ '
' အတ္တလန္တာမြို့အတွက် ခွင့်ပြုချက်ကျတော့မယ်၊ နောက် ... သုံးလေးရက်ဆိုရင် လိုအပ်တဲ့ စာရွက် စာတမ်းတွေ ထုတ်ပေးတော့မယ်၊ လဆန်းရင် အတ္တလန္တာနယ်စား ဟိုတယ် ဆောက်လုပ်ရေး စနိုင်ပြီ'
' ဒါပေမဲ့ ကျွန်တော်တို့က တရားမ၀င်တဲ့သဘောနဲ့ ရတဲ့ခွင့်ပြုချက်မျိုးတော့ မလိုချင်ဘူး မစ္စတာ အော့စဘွန်း '
' ဟုတ်ပါတယ်၊ အဲဒီလို မဖြစ်စေရပါဘူး၊ ခင်ဗျားနဲ့ အပြိုင်တင်တဲ့ လူတွေက လန့်သွားကြပါပြီ '

အော့စဘွန်းက ရယ်လိုက်သည်။
' ဒီလိုကြားရတာ ၀မ်းသာပါတယ်၊ မစ္စအော့စဘွန်း၊ ကျွန်တော်က ဥပဒေနဲ့ ဆန့်ကျင်တာဆိုရင် လုံးဝမလုပ်ချင်လို့ပါ '
' ဘာမှမဖြစ်ပါဘူး၊ ဒီအတွက် လုံးဝမပူပါနဲ့၊ တကယ်တော့ အဖြစ်မှန်ကို ခင်ဗျားနဲ့ ကျွန်တော်တို့ပဲ သိတာပါ '
' ကောင်းပါတယ်ခင်ဗျား၊ ဒီတော့ မစ္စတာအော့စဘွန်းဟာ ကျွန်တော့်အတွက် အကျိုးဆောင်ပေးလာတာ တော်တော်ကြာပါပြီ၊ အဲဒီအတွက် ကျွန်တော်က လက်ဆောင်ကလေးတစ်ခု ပြန်ပေးချင်နေတယ်၊ နယ်စား ကုမ္ပဏီမှာ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ လူကြီးအဖြစ် လုပ်နိုင်ပါ့မလား '

' ဘယ့်နှယ်မေးပါလိမ့် အေဘယ်၊ တကယ်သာ မှန်ရင်တော့ ၀မ်းသာမဆုံး ဖြစ်စရာပေါ့ '
' မစ္စတာအော့စဘွန်းဟာ ဒီပြည်နယ်နဲ့ မြို့နယ်ပါမစ်တွေကို အမြန်ဆုံး ရရှိနိုင်အောင် အကူအညီပေးခဲ့တယ်၊ ကျွန်တော့်မှာက အဲဒီဗျူရိုကရက် အရာရှိတွေ၊ နိုင်ငံရေး သမားတွေနဲ့သွားပြီး ဆက်ဆံနေဖို့ အချိန်မရဘူး '
' ခင်ဗျားရဲ့ လက်ဆောင်က တော်တော် ရက်ရောတာပဲ အေဘယ် '

'မစ္စတာအော့စဘွန်း ရသင့်တာထက် နည်းတောင် နည်းနေပါသေးတယ်၊ အဲဒီတော့ မစ္စတာ အော့စဘွန်း အနေနဲ့ အရေးကြီးတဲ့ တာဝန်ကို ယူစေချင်တယ်။ ဒီကိစ္စကို ထိပ်တန်းလျှို့ဝှက်ထားဖို့တော့ လိုအပ်တယ်၊ မစ္စတာအော့စဘွန်းအနေနဲ့ အချိန်တော့ သိပ်မကုန်ပါဘူး၊ ကိစ္စကတော့ ဘော့စတွန်းက ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဘုံရန်သူဖြစ်တဲ့ မစ္စတာဝီလျံကိန်းကို နည်းနည်းပါးပါး လက်စားချေဖို့ ကိစ္စပါပဲ '
စားပွဲထိုးမှူးက အမဲကြော်နှင့် ယုန်သားကြော်များ လာချပေးပြီး ပြန်ထွက်သွားသည်။

ဝီလျံကိန်းအား လက်စားချေရေး စီမံကိန်းကို အေဘယ်က အသေးစိတ် ပြောပြရာ အော့စဘွန်းက အလွန်စိတ်ဝင်စားစွာဖြင့် နားထောင်နေသည်။

*
၁၉၄၆ ခုနှစ်၊ မေလ ၈ ရက်နေ့မှ နောက်ဆုံး လေးရက်အကြာတွင် အေဘယ်သည် ' ဥရောပ အောင်ပွဲ ' တစ်နှစ်မြောက် အထိမ်းအမှတ်ကို တက်ရောက်ရန် နယူးယောက်သို့ ပြန်လာခဲ့သည်။ သမီးငယ် ဖလော်ရင် တီနာကိုလည်း သူနှင့်အတူ ခေါ်လာခဲ့သည်။

အေဘယ်က ပိုလန်အမျိုးသား စစ်ပြန်စစ်မှုထမ်းဟောင်း တစ်ထောင်ကျော်တို့အား နယ်စားဟိုတယ်တွင် ညစာ စားပွဲဖြင့် ဂုဏ်ပြုဧည့်ခံသည်။
၁၉၄၃ ခုနှစ် နောက်ပိုင်း ပြင်သစ်နိုင်ငံရှိ ပိုလန်တပ်များ၏ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ကာဇင်မားစ် ဆိုစကော့စကီး လည်း အထူးဧည့်သည်တော်အဖြစ် တက်ရောက်သည်။
ဧည့်ခံပွဲညတွင် နယူးယောက်နယ်စား ဟိုတယ်စားသောက်ခန်းတစ်ခုလုံး ထိန်ထိန်လင်းလျက် ဧည့်ပရိသတ် တွေ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ စားပွဲအလုံးပေါင်း ၁၂၀ ပေါ်တွင် အမေရိကန် အလံနှင့် ပိုလန် အမျိုးသားအလံများကို ခင်းထားသည်။ ဒုတိယကမ္ဘာစစ်အတွင်းက အောင်ပွဲရ ဗိုလ်ချုပ်ကြီး များ ဖြစ်ခဲ့ကြသော အိုက်ဆင်ဟောင်းဝါး၊ ပေတန်၊ ဘရက်ဒလေ၊ ဟော့ဂျက်စ်၊ ပါဒါရူစကီးနှင့် ဆိုကော့စကီး စသော ဗိုလ်ချုပ်ကြီးများ၏ ဓာတ်ပုံကားချပ်ကြီးများကို နံရံပည့်ချိတ်ဆွဲထားသည်။

အေဘယ်က အလယ်စားပွဲတွင် ထိုင်သည်။ သူ့လက်ယာဘက်တွင် ဗိုလ်ချုပ်ကြီး ဆိုစကော့စကီးထိုင်ပြီး လက်ဝဲဘက်တွင် ဖလော်ရင်တီနာထိုင်သည်။
ဗိုလ်ချုပ်ကြီးက မိန့်ခွန်းပြောရန် ထိုင်ရာမှ ထရပ်လိုက်သည်။
' လေးစားအပ်သော ဧည့်သည်တော်များခင်ဗျား ... အားလုံးသိကြပြီးအတိုင်း ဒုတိယ ဗိုလ်မှူးကြီး အေဘယ်ရို့ စနော့စကီးဟာ ပိုလန်၊ အမေရိကန် ချစ်ကြည်ရေးအတွက် ကိုယ်ကျိုးကို အများကြီးစွန့်ခဲ့သူ ဖြစ် ပါတယ်၊ စစ်အတွင်းက ဒီဟိုတယ်ကြီးကို စစ်ဌာနချုပ်အဖြစ် ဖွင့်လှစ်ခွင့်ပြုခဲ့တာဟာ ထင်ရှားတဲ့ သာဓကပါပဲ၊ ဒါကြောင့်မို့ သူ့ကို ပိုလန်စစ်ပြန် စစ်မှုထမ်းဟောင်းများအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက် ဖို့ ကျုပ်က အလေးအနက် ထောက်ခံပါတယ်ခင်ဗျား '

လက်ခုပ်သံများ သဲသဲညံသွားသည်။
ထို့နောက် ဗိုလ်ချုပ်ကြီးက အေဘယ်၏ စစ်အတွင်း စွမ်းဆောင်မှုများကို ဆက်လက် ပြောကြားသည်။ အထူးသဖြင့် ရီမာဂျင်တိုက်ပွဲတွင် ကျဆုံးသူနှင့် ဒဏ်ရာရသူများအား သက်စွန့်ဆံဖျား သွားရောက်သယ်ယူ ခဲ့ပုံ ကို ချီးကျူးပြောကြားသည်။
ဗိုလ်ချုပ်ကြီးက နေရာတွင် ပြန်ထိုင်သောအခါ ပရိသတ်များက ထိုင်ရာမှထ၍ လက်ခုပ်တီးကြသည်။ အေဘယ် က ဒန်းဇစ်ဘော်ဒကာ အရက်ခွက်ကို မြှောက်လျက် တုံ့ပြန်လိုက်သည်။ ဖလော်ရင်တီနာမှာ သူမ ၏ ဖခင်အတွက် ဂုဏ်ယူမဆုံး ဖြစ်နေသည်။

နောက်တစ်နေ့တွင် သတင်းစာတွေက အေဘယ်အကြောင်းကို ဓာတ်ပုံများ ဝေေ၀ဆာဆာဖြင့် တခမ်း တနား ဖော်ပြကြသည်။ ထိုနေ့ တစ်မနက်လုံး အေဘယ်သည် ဓာတ်ပုံဆရာတွေ၊ သတင်းထောက် တွေ နှင့် အလုပ်ရှုပ် နေတော့သည်။
ညနေပိုင်းကျတော့ အေဘယ်မှာ တစ်ယောက်တည်း ဖြစ်ကျန်ရစ်တော့သည်။ ဗိုလ်ချုပ်ကြီးက တခြားပွဲ တစ်ပွဲသို့ တက်ရောက်ရန် လော့စ်အိန်ဂျယ်လိစ်မြို့သို့ ထွက်ခွာသွားသည်။ ဖလော်ရင်တီနာ က လိတ်ခ်ဖောရစ် သို့ ကျောင်းတက်ရန် ပြန်သွားသည်။ ဂျော့က ရှီကာဂိုသို့ ပြန်သွားသည်။ အော့စဘွန်းက ၀ါရှင်တန် သို့ပြန်သည်။

အေဘယ်မှာ ဟိုတယ်ကြီးတွင် တစ်ယောက်တည်းပင် ကျန်ရစ်တော့သည်။ သူက ရှီကာဂိုရှိ ဇနီးသည် ထံသို့ လည်း ပြန်ချင်စိတ် လုံးဝမရှိ။
သို့ဖြင့် သူသည် ညစာ စောစာစားပြီးနောက် ဟိုတယ်လုပ်ငန်း အပတ်စဉ် အစီရင်ခံစာများကို အေးအေး လူလူ လေ့လာဖတ်ရှုရန် ဆုံးဖြတ်လိုက်သည်။
သူသည် သူ၏ သီးသန့်ခန်းသို့ သွားရန် ဓာတ်လှေကားဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အောက်ထပ် သို့ ရောက်သောအခါ ဧည့်လက်ခံဌာနသို့သွားပြီး ထိုညနေတွင် ဧည့်သည် ဘယ်နှစ်ယောက် စာရင်း ၀င်ကြောင်း ကြည့်ရှုစစ်ဆေးသည်။

ဧည့်ခန်းတစ်နေရာတွင် ရုပ်ရည်ချောမောသော အမျိုးသမီးတစ်ယောက် တည်းခိုရေး ပုံစံ ဖြည့်နေသည်ကို ရုတ်တရက် မြင်လိုက်သည်။ သူက အမျိုးသမီးကို မှတ်မိသလိုလိုထင်မိသည်။ ဘေးတိုက်ဖြစ်နေ၍ မမှတ်မိ။ အမျိုးသမီး က အသက် ၃၀ ကျော် အရွယ်။
ထိုအမျိုးသမီးက ပုံစံဖြည့်ပြီးသောအခါ အေဘယ်ဘက်သို့ လှည့်ကြည့်ပြီး -
' ဟင် ... အေဘယ်၊ တွေ့ရတာ ၀မ်းသာလိုက်တာ '
' ဘုရားရေ .... မယ်လာနီ၊ မင်းကို ငါ မှတ်တောင် မမှတ်မိချင်သလိုပဲ '

' ရှင့်ကိုတော့ လူတိုင်းမှတ်မိပါတယ် အေဘယ် '
' တကယ်ပြောတာပါ၊ မင်း နယူးယောက်မှာ ရှိနော ငါ လုံးဝမသိဘူး '
' ကျွန်မ ဒီညပဲ ရောက်လာတာပါ၊ ကျွန်မတို့ မဂ္ဂဇင်းအတွက် အလုပ်ကိစ္စကလေး ရှိနေတာနဲ့ '
' ဒါဖြင့် မင်းက အခု သတင်းစာဆရာမကြီး လုပ်နေပြီပေါ့ ဟုတ်လား အေဘယ်က မယုံနိုင်သလိုဖြင့် မေးလိုက် သည်။

' မဟုတ်ပါဘူး၊ ကျွန်မ မဂ္ဂဇင်းထုတ်ဝေရေး ကုမ္ပဏီတစ်ခုမှာ စီးပွားရေးအတိုင်ပင်ခံ ၀င်လုပ်နေတာပါ၊ ကုမ္ပဏီက ဒါးလက်မြို့မှာ ဌာနချုပ်ဖွင့်ထားတယ်၊ အခု နယူးယောက်ကို ဈေးကွက်သုတေသနပြုဖို့ ရောက် လာတာ '
' သိပ် စိတ်ဝင်စားစရာ ကောင်းတာပဲ မယ်လာနီ '
' ထင်သလောက် မဟုတ်ပါဘူး အေဘယ်၊ ကျွန်မက အလကားနေ အလကားဆိုပြီး အပျင်းပြေ ၀င်လုပ်နေတာပါ '
' ဒါတွေ ထားပါဦးလေ၊ အေးအေးဆေးဆေး စကားပြောကြတာပေါ့၊ ဒီညနေ ငါနဲ့အတူ ညစာ စားပါလား '
' ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်မ ရေမိုးချိုးပြီး အ၀တ်အစား လဲချင်သေးတယ်၊ ရှင့် စောင့်နိုင်ပါ့မလား၊ အားနာ စရာကြီး '
' အိုး ... ဘာလို့ အားနာရမှာလဲ၊ တခြားလူတွေမှတ်လို့ ...၊ ရပါတယ်၊ ငါ စောင့်နေပါ့မယ်၊ အဲဒီတော့ မင်းကိစ္စပြီးရင်သာ စားသောက်ခန်း လျှောက်လာခဲ့ပါ၊ နောက်တစ်နာရီ လောက်အတွင်းပေါ့ '
သူမက ပြုံးပြပြီး ဓာတ်လှေကားဆီသို့ လျှောက်သွားသည်။ အေဘယ်၏ နှာခေါင်းတွင် ရေမွှေးနံ့လှိုင်သွား သည်။

အေဘယ်သည် စားသောက်ခန်းသွားပြီး သူ့စားပွဲတွင် ပန်းတွေ လတ်လတ် ဆတ်ဆတ်မရှိ ကြည့်သည်။ မီးဖိုခန်းသွားပြီး မယ်လာနီအတွက် အထူးဟင်းလျာတွေ ကိုယ်တိုင်မှာသည်။
ထို့နောက် ပြန်လာခဲ့ညပီး စားပွဲတွင် ထိုင်သည်။ သူက နာရီတကြည့်ကည့်နှင့် မယ်လာနီအလာကို မျှော်နေ သည်။ အခန်းတံခါးဆီသို့ ခဏခဏ လှမ်းကြည့်နေမိသည်။
မယ်လာနီက မိနစ်အနည်းငယ် နောက်ကျပြီးမှ ပေါ်လာသည်။ သို့သော် နောက်ကျရကျိုးနပ်သည်။

သူမသည် အကောင်းစားဝတ်စုံကို ကြော့နေအောင် ၀တ်လာခဲ့သည်။ တစ်ခန်းလုံး ပြိုးပြိုးပြက်ပြက် လင်းလက်သွားသလို ထင်ရသည်။
စားပွဲထိုးမှူးက သူမအား အေဘယ် ထိုင်နေသော စားပွဲသို့ ခေါ်လာခဲ့သည်။ အေဘယ်က ထိုင်ရာမှထ၍ ကြိုဆိုသည်။ စားပွဲထိုးတစ်ယောက်က အကောင်းစား ' ကရပ်ဝိုင် ' ပုလင်းကို ဖောက်ပြီး ဖန်ခွက်နှစ်ခွက်ထဲ လောင်းထည့် သည်။

' လှိုက်လှဲဝမ်းသာ ကြိုဆိုပါတယ် မယ်လာနီ ' အေဘယ်က ဖန်ခွက်ကို မြှောက်လိုက်သည်။ ' အခုလို မင်းကို နယ်စား ဟိုတယ်မှာ တွေ့ရတာ ဂုဏ်ယူပါတယ် '
' ကျွန်မလည်း ' နယ်စား ' နဲ့ တွေ့ရတာ ၀မ်းသာပါတယ်ရှင်၊ အထူးသဖြင့် သူ့ရဲ့ အောင်ပွဲနေ့မျိုးမှာ တွေ့ရ လို့ပေါ့ '
' ဘာပြောတာလဲ မယ်လာနီ '
' သြော် ... ကျွန်မက ရှင့်ရဲ့ ညစာ စားပွဲကြီးအကြောင်း ' နယူးယောက်ပို့စ်ထ်' သတင်းစာထဲမှာ ဖတ်ရလေတယ်၊ ရီမာဂျင်တိုက်ပွဲမှာ ရှင့်ရဲ့ စွန့်စားခန်းကတော့ အသည်းယားစရာကြီးပဲနော်၊ သူတို့က ရှင့်ကို သိပ်ပြီး အသားပေးရေးထားကြတာပဲနော် '

' အလကားပါ၊ ပုံကြီးချဲ့ ရေးထားကြတာ '
' ရှင်က နေရာတကာမှာ သိပ်ပြီး လူသိမှာကြောက်တာပဲ၊ ကျွန်မကတော့ သတင်းစာထဲ ရေးထားတာတွေ အားလုံး မှန်တယ်လို့ ယုံပါတယ် '
အေဘယ်က သူမ ဖန်ခွက်ထဲသို့ ၀ိုင်အရက်လောင်းထည့်ပေးလိုက်သည်။
' တကယ်တော့ မင်းနဲ့တွေ့ရတာ ငါ နည်းနည်းကြောက်နေသလိုပဲ ဆိုတာသာ အမှန်ပါ မယ်လာနီ '

' အို ... မဟုတ်တာပဲရှင်၊ နယ်စားကြီးက တခြားတစ်ယောက်ယောက်ကိုများ ကြောက်နေရသေးသတဲ့လား၊ ကျွန်မတော့ ယုံနိုင်ပေါင်တော် '
' ဟုတ်ပါတယ်၊ ငါက မင်းတစ်ခါကပောသလို တောင်ပိုင်းသား လူကြီး လူကောင်းတစ်ယောက်မှ မဟုတ်တာပဲ '
' အင်း ... ရှင်ကတော့ ကျွန်အပေါ် အမြဲတမ်း အငြိုးထားနေတာပဲနော် ' သူမက ရယ်လိုက်သည်။

' ဒါနဲ့ ... ရှင် ... ဟို ... ပိုလန်သူ ချောချောကလေးနဲ့ လက်ထပ်ဖြစ်သလား '
' ဟုတ်တယ် ဖြစ်တယ် '
' အဆင်ပြေရဲ့လား '
'  မပြေပါဘူး၊ အသက် ၄၀၊ လူပုံက ပုတ်လောက်၊ ငါတော့ ဘယ်လိုမှ ကြည့်လို့မရတော့ဘူး '
' ပြီးတော့ သူက ရှင့်ကို သဘောမပေါက်ဘူးလို့ ပြောဦးမယ် မဟုတ်လား '
' ဒါနဲ့ မင်းကော အိမ်ထောင်ရှင်တွေ့ပြီလား '

' သြော် ... ဟုတ်ကဲ့၊ ကျွန်မ ခုနက ရှင်ပြောတဲ့ တောင်ပိုင်းသား လူကြီးလူကောင်းန့ လက်ထပ်လိုက် တယ်လေ '
' ဂုဏ်ယူဝမ်းသာပါတယ် မယ်လာနီ '
' ဒါပေမဲ့ မနှစ်က သူ့ကို ကျွန်မ ကွာရှင်းလိုက်ပြီလေ၊ ရသင့်တာတွေလည်း တော်တော် ရလိုက်ပါတယ် '
' အို ... စိတ်မကောင်းပါဘူး မယ်လာနီ၊ ကဲ ... တစ်ခွက် လုပ်လိုက်ပါဦး '
' ရှင်က ကျွန်မကို စည်းရုံးနေတာလား အေဘယ် '

' ထမင်းစားပြီးမှပေါ့ မယ်လာနီ '
' ဒါဆို ရှင့်ကို သတိပေးရလိမ့်ယ်၊ ကျွန်မ ယောက်ျားနဲ့ ကွာရှင်းပြီးကတည်းက ဘယ်ယောက်ျားမှ အနားအကပ်မခံခဲ့ဘူး '
' သြော် ... ဟုတ်လား၊ ဟုတ်ကဲ့ ... ငါ သတိထားပါ့မယ်၊ ငါနဲ့ ငါ့အခန်းသွားပြီး အေးအေး ဆေးဆေး ကော်ဖီ သောက်ကြ ရအောင်လား '
' ကျွန်မ အဲဒီလို ဖိတ်ပါစေလို့ ကျိတ်ပြီး ဆုတောင်းနေတာရှင့် '
နှစ်ယောက်သား ရယ်လိုက်ကြသည်။

*
' ကျွန်မ တစ်ညလုံး မနေနိုင်ဘူး၊ အေဘယ်၊ မနက်အစောကြီး ချိန်းထားတာ ရှိနေတယ်၊ ကျွန်မ နည်းနည်း အိပ်လိုက်ပြီး မိုးမလင်းခင် ပြန်မှဖြစ်မယ် '
' တကယ်ပြောနေတာလား '
' တကယ်ပါ၊ ကျွန်မ ၀မ်းနည်းပါတယ် ဒါလင် '
သူမက အိပ်ရာထဲမှ လူးလဲထပြီး ရေချိုးခန်းထဲ ၀င်သွားသည်။ မကြာမီ ပြန်ဝင်သွားပြီး အ၀တ်အစား လဲနေ သည်။
' တို့နှစ်ယောက် ဒီလိုပဲ ခဏခဏ တွေ့ကြရအောင်နော် မယ်လာနီ ' အေဘယ်က အိပ်ရာထဲမှ လှမ်းပြော လိုက် သည်။

' တွေ့နိုင်ပါစေလို့ ကျွန်မလည်း ဆုတောင်းပါတယ် '
အေဘယ်က အိပ်ရာမှထပြီး မယ်လာနီအတွက် တံခါးဖွင့်ပေးသည်။ ပြီးတော့ တံခါး ပြန်ပိတ်လိုက်ပြီး ခုတင်ဘေးမှ တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။
' မစ္စမယ်လာနီလီရွိုင်းက ဘယ်အခန်း ယူထားသလဲ ' တစ်ဖက်မှ ခေတ္တငြိမ်နေသည်။ စာရွက်လွန်သံများ ကြားနေရသည်။ အေဘယ်က ဂနာမငြိမ်စွာဖြင့် စားပွဲကို လက်နှင့်ပုတ် ကစားနေသည်။
' အဲဒီနာမည်နဲ့ တစ်ယောက်မျမရှိပါဘူး ဆရာ' တစ်ဖက်မှ ပြန်ပြောသည်။ ' ဒီမှာ ကျွန်တော်တို့ လက်ခံထား တာက မစ္စမယ်လာနီဆီတန်၊ ဒါးလက်မြို့၊ တက်ဆက်ပြည်နယ်လို့လည်း တွေ့ရပါတယ်၊ မနက်ဖြန်မနက် ပြန်ထွက် ဖို့ ပြောထားပါတယ် ဆရာ '

' ဟုတ်ပါတယ်၊ အဲဒီအမျိုးသမီးပါပဲ၊ သူ့စာရင်းကို ငါ့စာရင်းထဲ လွှဲထည့်လိုက်ပါ '
' ကောင်းပါပြီ ဆရာ '
အေဘယ်က တယ်လီဖုန်းကို ပြန်ချလိုက်သည်။ ထို့နောက် ရေအေးနှင့် တစ်ဝချိုးပစ်လိုက်သည်။ ပြီးတော့ အ၀တ် အစား လဲသည်။ မီးဖိုမီး ပြန်ပိတ်လိုက်သည်။ အိပ်ရာပေါ် လှဲချလိုက်သည်။ အခန်းမီး လှမ်းပိတ်လိုက် သည်။ ပြီးတော့ အသံထွက်ပြီး ကျိန်ဆဲလိုက်သည်။

' ခွေးသူတောင်းစားမ '
ထိုမှ နောက်ပိုင်းတွင်တော့ အေဘယ်နှင့် ဇာဖီယာတို့၏ အိမ်ထောင်ရေးသည် တစ်နေ့ထက် တစ်နေ့ အခြေအနေ ဆိုးရွားလာခဲ့တော့သည်။
အေဘယ်သည် ဇာဖီယာဆီသို့ လုံးဝမသွားတော့ဘဲ စားပွဲထိုးမယ်ကလေးများ၊ တခြား ဧည့်သည် အမျိုးသမီး များနှင့်သာ ပျော်ပါးနေတော့သည်။
သည်လိုနှင့် ဇာဖီယာက အလွတ်စုံထောက်ငှားပြီး သူ၏ ခြေပုန်းခုတ်လုပ်ရပ်များကို ထောက်လှမ်းနေ ကြောင်း၊ သိရှိရသောအခါ အေဘယ်က လုံးဝအံ့သြခြင်း မဖြစ်မိ။
နောက်ဆုံး ဇာဖီယာက အေဘယ်နှင့် ကွာရှင်းပြတ်စဲရန် တရားရုံးတွင် လျှောက်ထားလိုက်သည်။

အေဘယ်က သမီးကလေး၏ မျက်နှာကို ထောက်ထားပြီး သည်လိုပဲ ပိုနေမြဲ၊ ကျားနေမဲ နေသွားကြရန် ဇာဖီယာအား အတန်တန် ဖျောင်းဖျပြောဆိုသည်။ သို့သော် ဇာဖီယာက လုံးဝလက်မခံ။ ငြင်းဆန်မြဲ ငြင်းဆန် နေသည်။

သို့ဖြင့် အေဘယ်က လက်လျှော့လိုက်ရပြီး သမီးကလေးအား သူနှင့်အတူ နေထိုင်ခွင့်ပြုရန် ပြန်လည် တောင်းဆိုသည်။ ပထမတွင် ဇာဖီယာ သဘောမတူ။ နောက်ဆုံး သူမအား ရှီကာဂိုမှ အိမ်အပြင်၊ ဒေါ်လာ ငါးသိန်းပေးမည်ဟု ပြောတော့မှ သမီးငယ်အား လစဉ် နောက်ဆုံးပတ် စနေ၊ တနင်္ဂနွေနေ့များတွင် သူမ ဆီသို့ ပို့ပေးရန် ခြွင်းချက်ဖြင့် သဘောတူလိုက်လေသည်။

သည်နောက်တော့ အေဘယ်သည် နယူးယောက်သို့ မမြဲတမ်း ပြောင်းလာခဲ့တော့သည်။ သို့သော် သူက တစ်နေရာတွင် အမြဲမနေ။ စိတ်ကူးပေါ်တိုင်း တောင်ပိုင်း၊ မြောက်ပိုင်း တစ်ခွင်သို့ ခရီးထွက်ကာ သူ၏ ဟိုတယ်များကိုသာ လှည့်လည် စစ်ဆေးရင်း အချိန်ကုန်လွန်စေသည်။ ထို့ကြောင့် ဂျော့က သူ့အား ပြည်ပြေး ' ရှီကာဂိုနယ်စားကြီး ' ဟူ၍ပင် နောက်ပြောင် ခေါ်ဝေါ်လေသည်။
...............................................
အခန်း (၂၇) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>