အခန်း (၉)
ထိုညဆယ်နာရီတွင် နီကိုလတ်စ်သည် အိမ်ဝင်းအတွင်းမှ မောင်းထွက်သွားသော မော်တော်ကားသံကို အိပ်ရာထဲမှနေ၍ ကြားနေရသည်။ ကားရှေ့မီးအလင်းရောင်များမှတဆင့် ၀င် ရောက်လာသော ရောင်ပြန်များသည် သူ့အိပ်ခန်း ခေါင်မိုးထက်သို့ ပြိုးကနဲ ပြက်ကနဲ ကျရောက်လာပြီးသည့်နောက် တခဏ အတွင်းမှာပင် ပျောက်သွားသည်။ သူ့နားထဲမှ မော်တော် ကားသံဝေးသွားသည်နှင့်အမျှ သူ၏ နှလုံးခုန်သံ ကို သဲသဲကွဲကွဲ ကြားလာနေရ၏။
အမှန်တော့ နီကိုလတ်စ်သည် ဖခင်နှင့် ရက်ကြာကြာခွဲ၍ နေဖူးသူမဟုတ်။ အခုလို သုံးရက်ခန့် ခွဲနေ ရမည်ဟု သိလိုက်ရသောအခါ များစွာ စိတ်အားငယ်လျက်ရှိသည်။ သူ့ဖခင်အား မသွားစေ ချင်ကြောင်း ပြောလို သော်လည်း မဖြစ်နိုင်မှန်း သိသဖြင့် မပြောရဲ။ ဖခင်နှင့် ခွဲခွာနေရမည့် အရေးကို တွေး၍ စိတ်အားငယ် နေရသည့်အထဲတွင် ကြောက်စရာတခုကရှိနေသေးသည်။ သူသည် ဂရေစီ ယာကို ယုံကြည် စိတ်ချသူမဟုတ်။ စိတ်ထဲကလည်း ခင်မင် နှစ်မြို့ခြင်းမရှိ။ သူ့အဖေအဝေးသွားနေ ခိုက်တွင် သူ တယောက်တည်း ဂရေစီယာနှင့် မည်ကဲ့သို့ နေထိုင်ရပါမည်နည်း။
နီကိုလတ်စ်မှာ အိပ်၍မရ။ မျက်စိ ကြောင်ကာ အိပ်ရာပေါ်တွင် တလူးလူး တလိမ့်လိမ့်ဖြစ်လျက်ရှိ သည်။ တအိမ်လုံး တိတ်ဆိတ်ငြိမ်သက်လွန်းလှချေသည်။ သူသည် ပြူးကျယ်သော မျက်လုံးအစုံ ဖြင့် အမှောင်ထဲသို့ ငေးမောလျက်ရှိရာမှ ဂရေစီယာ၏ ကားသံကို နားစွင့်လျက် ရှိသည်။
သူ နေရာ ပြင်လိုက်တိုင်း ကျောအောက်မှ ခုတင်သည် အသံပြုတတ်၏။ ပြူတင်းပေါက်မှန်ချပ်များမှနေ၍ နွယ်တက်လျက်ရှိသော ထိကရုံး အကိုင်းအခက် ထိုးထိုးထောင်ထောင်များကို လှမ်းမြင်နေရသည်။ တချက်... တချက်...အပြင်ဘက်မှ အမျိုးအမည်ခွဲခြား၍ မရနိုင်သော အသံဗလံများသည် အခန်းထဲ သို့ ၀င်လာ တတ်သည်။ အောက်ထပ်ခန်းမအတွင်းရှိ တိုင်ကပ်နာရီမှ ဂရေစီယာ ပြန်ရောက်လာခဲ့ သည်ရှိသော်..။ အိမ်ထဲ၌ သူရှိနေလိမ့်မည်။ လှေကားမှ ခြေသံ မကြားအောင် ခြေကို ခပ်ဖွဖွနင်း၍ တက်လာခဲ့ပါမူ... ။ သူ့အတွေးက သူ့ကို ခြောက်လှန့်သဖြင့် တကိုယ်လုံး အေးစက်လာသည်။ သူ့ အဖေ၏ ဘဏ္ဍာစိုး အပေါ်တွင် မယုံကြည်သော စိတ်သည် သူ့အား ခြောက်လှန့်လျက်ရှိသည်။
နောက်ဆုံးတွင် သူအိပ်မောကျသွားဟန်တူ၏။ သူအိပ်ရာမှ နိုးတော့ မိုးစင်စင်လင်းနေပြီ။ သူ့အိပ် ရာဘေးမှ စားပွဲပေါ်တွင် နံနက်စာ လင်ဗန်း ရောက်နေပြီ။ မက်ဂ်ဒါလီးနားသည် ပြူတင်းပေါက် တရုတ်ကတ်များကိုပင် ဖွင့်နေပေပြီ။
' မင်းအတွက် မနက်စာ လာကျွေးတာ '
အခုတော့ဖြင့် သူသည် မက်ဂ်ဒါလီးနား၏ စကားကို ကောင်းစွာနားလည်နေပြီဖြစ်၏။ သူသည် အိပ် နေရာမှ ထထိုင်ပြီး ပြုံးပြလိုက်သည်။ မက်ဂ်ဒါလီးနားကိုတော့ သူခင်မင်သည်။ အောက်ထပ် မီးဖို ချောင်ထဲ၌ ဂရေစီယာနှင့် ရန်ဖြစ်ပြီး တက်လာသည့်အခါများတွင် မက်ဂ်ဒါလီးနား၏ မျက်နှာသည် သာယာမှု ကင်းမဲ့ နေတတ် သော်လည်း ကျန် အချိန်များတွင် သူသည် ခင်မင် နှစ်လိုစဖွယ် ကောင်း သော အပြုံး ပိုင်ရှင် ဖြစ်ပေသည်။
' ကျွန်တော့် အဖေ ရထားမီရဲ့လား' ဟု နီကိုလတ်စ်က လိမ္မော်ရည်ကို တကျိုက် နှစ်ကျိုက် သောက်နေရင်း က လှမ်းမေးသည်။
' မီတယ် ... မီတယ် ' မက်ဂ်ဒါလီးနားက ခေါင်း တဆတ်ဆတ်ညိတ်သည်။ ' မီမှာ သေချာပါတယ် ... မပူပါနဲ့ '
' မော်တော်ကား ပြန်လာသံ ကျွန်တော် မကြားဘူး '
မက်ဂ်ဒါလီးနားက ရုတ်တရက် စကားပြန်မပေး။ ကြမ်းပေါ်၌ ကျနေသည့် အရာတခုကို ကုန်း၍ ကောက် နေသည်။ သူ စကား စပြောသည့် အခါတွင်မူ တမျိုး ဖြစ်နေသည်။ စကားမမှားအောင် ချင့် ချိန်၍ ပြော နေသည့် ဟန်မျိုး ...။
' မနေ့ညက ဂရေစီယာ ပြန်မလာဘူး၊ အချိန်က သိပ်နောက်ကျနေပြီ၊ ရုံးပိတ်ရက် ဖြစ်နေလို့ ဘာစီ လိုးနားမှာပဲ ညအိပ်နေတယ် ထင်တာပဲ၊ ဟိုမှာက သူ့အပေါင်းဟောင်း အသင်းဟောင်းတွေလဲ ရှိ တယ်၊ လုပ်စရာ ကိစ္စလေးတွေလဲ ရှိနေတယ်ထင်ပါရဲ့ '
နီကိုလတ်စ်က မယုံနိုင်သော မျက်နှာထားဖြင့် မက်ဂ်ဒါလီးနားအား စူးစိုက်၍ ကြည့်နေရာမှ တဖြည်း ဖြည်း ချင်း စိတ်သက်သာရာရသလို ဖြစ်လာသည်။
' ငါ ပြောတာ နားလည်တယ် ... နော် ' မက်ဂ်ဒါလီးနားက နီကိုလတ်စ်၏ အရိပ်အခြည်ကို အကဲခတ်သည်။ ' စိတ်မပူ ပါနဲ့ ...၊ ငါတို့ နှစ်ယောက်တည်း နေရလဲ ကြောက်စရာမရှိပါဘူး '
' ဟုတ်ကဲ့ ... ' ဟု နီကိုလတ်စ်က ပြန်ပြောသည်။
' ကဲ ... နေ့လယ်စာ မင်း ဘာစားချင်သလဲ '
' အို ... ကိစ္စမရှိပါဘူး၊ ခင်ဗျား ကောင်းမယ် ထင်တာသာ ချက်ပေးပါ မက်ဂ်ဒါးလီးနား၊ ခင်ဗျားက သိပ်ကို သဘောကောင်းတာပဲ '
' ဒီလိုဆိုရင် မင်းစားလို့ ကောင်းအောင် ကျကျနန ချက်ပေးမယ် ' မက်ဂ်ဒါးလီးနားက ခေါင်း တဆတ်ဆတ် ညိတ်သည်။ နားကွင်း နှစ်ဘက်သည် ယိမ်း ကနေကြသည့် နှယ် လှုပ်ခါလျက်ရှိ၏။ သူသည် နီကိုလတ်စ် အား နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြပြီး အခန်းထဲမှ ပြန်ထွက်သွားသည်။
တယောက်တည်း ကျန်ရစ်ခဲ့သော နီကိုလတ်စ်သည် ၀မ်းသာအားရအသံထွက်၍ ရယ်လိုက်ကာ အိပ်ရာပေါ် လူးလှိမ့်လိုက်သည်။ သူ ဂျိုစီနှင့် အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် စကားပြော ခွင့်ရပေတော့မည်။ အနှောင့် အယှက် ပေးမည့်သူ။ သူတို့နှစ်ယောက် အကြောင်းကို ပြန်၍သတင်း ပို့မည့်သူ တဦးမှ ရှိမည် မဟုတ်။
' မနက်ဖြန်ခါလဲ ဒီအတိုင်းပဲ နေမှာပဲကွ ' ဟု သူ့ ခွေးရုပ်အား လှမ်းအော်ပြောသည်။ ' ကံကောင်းရင် ' တနင်္လာနေ့ အထိ ပေါ့ကွာ '
သူသည် အိပ်ရာမှ လူးလဲထတာ နံနက်စာကို တက်သုတ်ရိုက်၍ စားသည်။ စားသောက်ပြီး၍ အ၀တ်အစား လဲနေခိုက် တွင်လည်း သူ့မျက်လုံးများသည် ဂနာမငြိမ်။ ပြူတင်းပေါက်မှ နေ၍ ဂျိုစီ အလုပ်လုပ်နေသော ဥယျာဉ် ထဲသို့ လှမ်း၍ လှမ်း၍ ကြည့်သည်။ ထို့နောက် သူ့အတွက် သီးသန့် လုပ်ပေးထာစးသော စာရေး စားပွဲငယ် ကလေးတွင် ထိုင်ကာ စာတစောင် အမြန်ရေးသည်။
ဂျိုစီ ...
အဖေ မက်ဒရစ်မြို့ကို သွားတယ်။ သုံးရက်လောက်ကြာမယ်။ ဂရေစီယာလဲ အိမ်မှာမရှိဘူး။ ပျော်စရာ မကောင်းဘူးလား၊ ကျွန်တော့်အဖေစကားနားမထောင်နိုင်ဘူး။ ခင်ဗျားနဲ့အတူ အလုပ် မလုပ်ရတာ၊ စကားမပြောရတာကြာပြီ။ ကျွန်တော် ခင်ဗျားဆီလာခဲ့မယ် ...။
ခင်ဗျားရဲ့ အဖော်
နီကို
ခဏမျှအကြာတွင် နီကိုလတ်စ်သည် ဂျိုစီ၏ အနီး၌ ရောက်နေသည်။ တမနက်ခင်းလုံး နှစ်ယောက် သား တပူးတွဲတွဲ...။ ယခုအခါတွင် ကျောက် အားလုံးလိုပင် ရွှေ့ထားပြီး ဖြစ်၏။ ကျောက်တုံးများကို လှလှပပ ဖြစ်အောင် ချထားသည့် အလုပ်နှင့် မြေဖို့သည့်အလုပ်များမှာ သိပ်ပြီး မပင်ပန်းလှပေ။ နီကိုလတ်စ်သည် ဂျိုစီတွန်းလှည်းနှင့် မြေသယ်သည့်အခါတိုင်း ထိုင်နေခဲ့သည် မရှိ။ ဘေးမှကပ်၍ စကား တပြေပြောနင့် လိုက်နေတတ်သည်။ မြေကြီးများကို ကြဲဖြန့်၍ ခင်းနေသည့် အခါတွင်လည်း သူသည် ကျောက်တုံးတုံးပေါ် စိတ်အေးနားအေးထိုင်ကာ စိတ်ဝင်တစား ကြည့်နေတတ်သည်။
တခါတရံတွင် ဂျိုစီသည် သူ့အား စကားလှမ်းပြောတော့ မလိုလို နှုတ်ခမ်းများကို တရွရွ လှုပ်ပြီးခါမှ တလုံးမှမပြောပဲ ပါးနှစ်ဘက်ကို ဖောင်းကာ ဖူးကနဲ မှုတ်ပြတတ်သည်။ ထိုအခါမျိုးတွင် နီကိုလတ်စ် သည် အားရပါးရ ရယ်မောလေ့ရှိ၏။
အချိန်သည် ကုန်မှန်းမသိ ကုန်လာသည်။ ဂျိုစီသည် တစုံတရာကို အလေးအနက်ပြု၍ စဉ်းစားနေ ဟန်ရှိ သည်။ နောက်ဆုံးတွင် သူသည် လက်ထဲမှ ဂေါ်ပြားကို လွှတ်ချလိုက်ပြီး မြေကြီးပေါ်သို့ ခြေပစ် လက်ပစ် ထိုင်ချလိုက်သည်။ အိတ်ကပ်ထဲမှ ခဲတံကိုထုတ်၍ စာရေးသည်။ နီကိုလတ်စ်က သူ့နောက်မှရပ်၍ လိုက်ဖတ် သည်။
' မနက်ဖြန်မနက် ငါးမျှားသွားခဲ့ရင် လိုက်မလား၊ ငါ မက်ဂ်ဒါလီးနားနဲ့ နားလည်မှုယူပြီး စီစဉ်လိုက်မယ် '
နီကိုလတ်စ် အကြီးအကျယ်ဝမ်းသာ နေခိုက်မှာပင် ဂျိုစီသည် ထိုင်ရာမှထ၍ထွက်သွားသည်။ ချက်ချင်း လိုလိုပင် မက်ဂ်ဒါလီးနားနှင့် ဂျိုစီတို့ စကားပြောနေသံကို ကြားရသည်။ နှစ်ယောက်သား ပြိုင်တူ ရယ်လိုက်သံကိုလည်း ကြားရ၏။ ပြောနေကြပုံမှာ တရင်းတနှီး...။ ဂျိုစီသည် လူတိုင်းနှင့် အဆင်ပြေအောင် ပြောတတ်ဆိုတတ် နေထိုင်တတ်ပေသည်။ လူတိုင်းက ဂျိုစီကို သဘောကျမည့် လက္ခဏာရှိ၏။ ဂျိုစီကို သဘော မကျသူဟူ၍ သူ့အဖေနှင့် ဂရေစီယာတို့ နှစ်ဦးတည်းသာရှိမည် ထင်သည်။
ဂျိုစီသည် မက်ဂ်ဒါလီးနားနှင့် အလွန်တည့်သည်။ တခါတရံ အားလပ်သည့် အခါများတွင်ဂျိုစီသည် မက်ဂ်ဒါလီးနားအား မထောက်မအားကူညီ လုပ်ကိုင်ပေးတတ်သည်။ အထူးသဖြင့် စည်သွတ်ဗူး ဟောင်းများကို စွန့်ပစ်ပေးရသည်ကို ဂျိုစီက ဒိုင်ခံလုပ်ပေးသည်။ အမှန်တော့ ထို အလုပ်မှာ ဂရေစီ ယာသာ လုပ်ရမည့် အလုပ်...။ ဂရေစီယာက လုပ်မပေး၍ ဂျိုစီက ၀င်လုပ်ပေးနေခြင်းဖြစ်၏။ သူ့အား ကူညီသည့် အတွက် မက်ဂ်ဒါလီးနားကလည်း တခြားလူတွေ မမြင်အောင် အစားအသောက်များ ပေးတတ် ကျွေးတတ် သည်။ သို့သော်လည်း အခုကိစ္စကျတော့ ပြော၍မှ ရပါ မည်လော...။ နီကိုလတ်စ်သတိထား၍ နားထောင် သည်။ တံခါးပိတ်သံ ကြားလိုက်ရ၏။ ဂျိုစီပြန်လာ နေပြီ။ အဆင်ပြေ၏။ ဂျိုစီ ပါးစပ်မှ ပြောသံကို စောင့်နေရန် မလို။ သူ့မျက်နှာပေါ်မှ အရိပ်အရောင် ကို မြင်ရုံမျှဖြင့် သူသိပြီ။
ပျော်စရာကောင်းလိုက်ပါဘိခြင်း။ ယနေ့အဖို့လည်း ပျော်စရာ။ မနက်ဖြန်ကျတော့လည်း ပျော်ရဦး မည်။ နေရောင်သည် လှပသော ပန်းဥယျာဉ်ပေါ်သို့ ဖြာဆင်းလျက်ရှိ၏။ ပျားများသည် ဝေေ၀ဆာ ဆာပွင့်ဖူး နေကြသည့် ပန်းမျိုးစုံတို့ကြားတွင် ပျံလိုက် ... ၀ဲလိုက် ... နားလိုက်။ ဟိုတဘက်တွင် ပြာသော တောင်တန်း ကြီးများ။ ပျော်စရာတွေး၍ ပျော်မိပြီဆိုပြန်တော့လည်း ကလေးပီပီ စိတ်လွတ် ကိုယ်လွတ် အတိုင်း အဆ မသိ နိုင်လောက်အောင်ပင် ပျော်လျက်ရှိလေသည်။
နောက်တနေ့နံနက် ရှစ်နာရီတွင် ကျောက်စရစ်ခဲ လက်တဆုပ်ခန့် နီကိုလတ်စ်၏ အိပ်ခန်းတရုတ် ကတ်များကို လာရောက်ထိမှန်သည်။ ဂျိုစီ၏ အချက်ပေးသံပေတည်း။ မှေးမှေး ... မှေးမှေးနှင့် အိပ် တ၀က် နိုးတ၀က် ဖြစ်နေသော နီကိုလတ်စ်သည် အိပ်ရာပေါ်မှ ခုန်ထသည်။ ညဦးပိုင်းကတည်းက ကုလားထိုင် တလုံး ပေါ်၌ အသင့်တင်ထားသော အ၀တ်အစားများကိုလဲ၍ အောက်ထပ်သို့ ဆင်းသည်။ စားပွဲခင်း အဖြူ တထည် အုပ်ထားသော လက်ဆွဲခြင်းတလုံးသည် သူ့အား ဆီးကြိုလျက် ရှိ၏။ မနေ့ညကတည်းက မက်ဂ်ဒါလီးနား ပြင်ဆင်ထည့်ပေးထားသော အစားအစာများပေတည်း။ သူသည် လက်ဆွဲခြင်းကို အသာကောက်ဆွဲကာ ခြေကို ခပ်ဖွဖွနင်း၍ အပြင်သို့ထွက်သည်။ တံခါးဝ မှ ကပ်၍ရပ်နေသော ဂျိုစီ၏ လက်များ အတွင်း သို့ မှောက်လျက်လဲကျတော့မလို ဖြစ်သွားသည်။
ဂျိုစီသည် ငါးမျှားတံအရှည် နှစ်ချောင်းကို ထမ်းလျက်...။ လက်ဖြစ် ကျောပိုးအိတ်တလုံးကို လွယ် လျက်...။ ရေခံပတ္တူအင်္ကျီဟောင်းကြီးကို ၀တ်လျက်။ သူတို့သည် လမ်းမကြီးဘက်သို့ ထွက်ရာ လမ်းကျဉ်း ကလေး အတိုင်း လျှောက်သွားကြသည်။ ဂျိုစီက မြန်မြန်လျှောက်မှ ဖြစ်မည်ဟူသော အမူအရာကို ပြသည်။ နှစ်ယောက် သား အပြေးအလွှား လျှောက်ကြသည်။ လမ်းထိပ်အရောက်တွင် တဘက်မှလာနေသော တော်ရစ်ဒို ကျေးလက်သွား ဘတ်စ်ကားသည် သူတို့မြင်ကွင်းထဲသို့ ၀င်လာ လေသည်။
ဂျိုစီက လက်ပြ၍တားသည်။ ဘတ်စ်ကားပေါ်ဝယ် ခရီးသည်များဖြင့် ကျပ်တောင့်လျက်ရှိ၏။ သို့ သော်လည်း ကား၏ နောက်ဘက် ခပ်ကျကျတွင် သူတို့နှစ်ယောက် ကျပ်ကျပ်သပ်သပ်ကပ်၍ရနိုင် သော နေရာ တနေရာရသည်။ တနင်္ဂနွေထွက် အထူးယာဉ်ပေါ်တွင် သူတို့နှစ်ယောက်သည်လည်း အပျော်ရွှင်ဆုံး စုံတွဲ တတွဲပင် ဖြစ်သည်။ ကားပေါ်ရှိ ခရီးသည်အများစုမှာ တနင်္ဂနွေနေ့ အလည်အ ပတ်သွား ကြသူများ ဖြစ်သည်။ အားလုံးလိုလိုပင် ဆင်ယင်ထားသည့် အ၀တ်အစားများမှာ အရောင် မျိုးစုံ။ အမျိုးသမီးမှန်သမျှ ခေါင်းတွင် ရောင်စုံလက်ကိုင်ပ၀ါ စည်းထားကြသည်။ အစားအသောက် ခြင်းများ၊ တောင်းများနှင့် အိတ် များသည် သူတို့ဘေး၊ သူတို့ခြေရင်းတွင်နှင့် သူတို့ရင်ခွင်များပေါ် တွင် နေရာယူထားကြ၏။ အချင်းချင်း စကား ပြောသံနှင့် ရယ်မောသံများသည် တကားလုံးညံလျက် ရှိလေသည်။
ယောက်ျားမှန်သမျှ ဂျိုစီကဲ့သို့ပင် ငါးမျှားတံကိုယ်စီ၊ ငါးထည့်အိတ်ကိုယ်စီနှင့်ဖြစ်သည်။ လူပြတ်ရုပ် ပေါက်နေသော ပိန်ပိန်ရှည်ရှည် လူတယောက်သည် ၀က်ပေါင်ခြောက်တခုကို အငမ်းမရ ကိုက်ဝါး လျက် ရှိသည်။ သူကတော့ တခြားလူတွေနှင့်မတူ။ ခပ်တုတ်တုတ် ပြောင်းရှည်သေနက်ကြီးတလက် လွယ်ထား သည်။ ဆိတ်သားရေ ၀ိုင်အိတ်ကြီး လွယ်လာသော အဘိုးအိုတယောက်မှာမူ သူ တယောက် တည်း သောက်ပွဲ ကျင်းပလျက်ရှိလေပြီ။
ချက်ချင်းလိုလိုပင် ဂျိုစီကို မှတ်မိသူတွေ များသည်။ သူ့ကို ၀ိုင်းအုံ၍ နှုတ်ဆက်သူတွေ စကားပြော သူတွေ၊ များလာသည်။ နောက်တကြိမ် ပြုလုပ်တော့မည့် ပီလိုတာဘောလုံးပွဲ အခြေအနေနင့် အလားအလာကို မေးကြမြန်းကြ ဆွေးနွေးဝေဖန်ကြသည်။ တချို့က ဂျိုစီ၏ တွဲဖက်ဖြစ်သော ဂျေမီ ၏နေရာတွင် လူစားထိုး သင့်ကြောင်း အကြံပြုကြသည်။ ဂျိုစီက သူတို့စကားကို လက်မခံ။ သူ့တွဲ ဘက်ဂျေမီဘက်မှ ခုခံပြောသည်။
ထို့နောက် အဘိုးအို၏ လက်ထဲမှ ၀ိုင်အရက်အိတ်သည် တယောက်မှ တယောက်သို့ လက်ဆင့် ကမ်းကြသည်။ အရက်အိတ် လက်ထဲရောက်လာသည့်အခါ အိတ်နှုတ်ခမ်းကို ပါးစပ်တွင်တေ့၍ မော့ကြ သည်။ အိတ်ထဲမှ အနီရောင်ဝိုင်အရက်သည် လူတယောက်ချင်းစီ၏ လည်ချောင်းအတွင်းသို့ စီးဆင်း ၀င်ရောက် သည်။ ထိုအခါ ရယ်သံများသည် ပို၍ကျယ်လာသည်။ ရယ်စရာ ပြက်လုံးများကို ပို၍ ပြောလာ ကြသည်။ တဦးနှင့် တဦး ပြောင်ကြ လှောင်ကြသည်။ အထူး သဖြင့် သေနတ်ပြောင်းရှည်ကြီး လွယ်ထား သော နှာခေါင်းရှည်ရှည်နှင့်လူမှာ ကားပေါ်ရှိ လူအများ၏ အပြောင်အနောက်ကို အခံရဆုံး။ သို့သော်လည်း တယောက်နှင့်တယောက် စိတ်ဆိုး ခြင်းမရှိ။ ' လက်လုပ်လက်စား ဆင်းရဲသားများ ' နှင့် ဘယ်တုန်းကမှ ရောခွင့် မရခဲ့ရှာသော နီကို လတ်စ်မှာ အထင်နှင့်အမြင် များစွာ ကွာခြားနေသဖြင့် တအံ့တ သြ ဖြစ်လျက် ရှိ၏။ သူတို့လူစု၏ နေပုံ ထိုင်ပုံနှင့် ပြောဆိုဆက်ဆံပုံများမှာ ပျော်စရာကောင်းသည်။ လွတ်လပ်သည်။ ဤလူအုပ်ကြား သို့ သူ့အဖေ ရောက်လာပါက မည်ကဲ့သို့ ပြောလိမ့်မည်နည်း။ ဟန်ကြီး ပန်ကြီး မလုပ်ပဲ တရင်းတနှီး ပြောဆိုနေကြသည်များကို မြင်လျှင် အလန့်တကြား ဖြစ်နေလိမ့်မည်ဟု သူ ထင်မိ လေသည်။
ထိုအချိန်တွင် ဘတ်စ်ကားသည် သဲမြေထူထပ်သော စပျစ်ခြံများနှင့် သံလွင်ပင်များ အစုလိုက် အပြုံ လိုက်ပေါက်ရာ တောအုပ်ကလေးများကို ကျော်ဖြတ်လာသည်။ တောင်ကုန်းတောင်စွယ်များ ကြားသို့ မသိ မသာ ၀င်ရောက်စ ပြုလာသည်။ ထို့နောက် ဘတ်စ်ကားသည် မတ်စော်သော တောင်ပေါ်လမ်းများကို ကွေ့ပတ် ၍ တက်သည်။ တခါတရံတွင်ခြူသံတရွှင်ရွှင်ဖြင့် နှေးကွေးလေး လံစွာ သွားလျက် ရှိနေကြသော မြည်းများကို မြင်ရသည်။ ဒီဘက်ပိုင်းကျတော့ ဘတ်စ်ကားသည် ခရီးသည်များ ဆင်းရန်အတွက် လမ်းဘေး မှတ်တိုင် နှင့် လယ်တဲများရှေ့တွင် မကြာမကြာ ရပ်ပေး သည်။
နီကိုလတ်စ် အဖို့တော့ မြင်မြင်သမျှ အရာရာတိုင်းသည် အထူးအဆန်းချည်း ဖြစ်နေသည်။ တဖြည်း ဖြည်းနှင့် တောင်တန်းများ၏ အမြင့်ဆုံးအပိုင်းသို့ ရောက်လာသည်။ ဒီဘက်ကျလေ... နီကိုလတ်စ် အဖို့ ကြည့်စရာတွေက များလာလေ...။ သူသည် ဘတ်စ်ကား မှန်ပြတင်းမှနေ၍ အပြင် ရှုခင်းများ ကို တအံ့တသြ ငေးမော၍ လိုက်ပါလာသည်။ ကားထဲတွင် ခရီးသည် များများစားစားမရှိတော့။ သူတို့နှစ်ယောက်အပြင် ခရီးသည် ဒါဇင်ဝက်ခန့်သာ ကျန်တော့သည်။ နီကိုလတ်စ်၏ ရင်ထဲတွင် စိုးရိမ်စိတ်တခု ၀င်လာသည်။ ခရီးသည် အားလုံးလိုလိုပင် ငါးမျှားတံများ ပါလာကြ၏။ သို့ဆိုလျှင် သူတို့ နှစ်ယောက်အတွက် ငါးမျှားစရာ နေရာ ကောင်းကောင်းမှ ရပါဦးမည်လော...။
သူ့မျက်လုံးများသည် ဂျိုစီထံသို့ ရောက်သွားသည်။ သူ့အကြည့်ကို နားလည်လိုက်သော ဂျိုစီက စိတ်ပူစရာ မလိုဟူသော သဘောဖြင့် ခေါင်းယမ်းပြသည်။ နောက်တရွာအရောက်တွင် ဘတ်စ်ကား သည် လမ်းဘေး ထမင်းဆိုင် တဆိုင်၏ မျက်နှာချင်းဆိုင်ဘက်၌ရပ်သည်။ ကျန်နေသော ခရီးသည် အားလုံးသည် သူနှင့် ဂျိုစီအား ဖက်လှဲတကင်း နှုတ်ဆက်ကာ ဆင်းသွားကြသည်။ ကားပေါ်တွင် ခရီးသည်ဆို၍ သူတို့သာ ကျန်ခဲ့ လေ၏။
ဘတ်စ်ကား ဆက်ထွက်သောအခါ ဂျိုစီက သူ့အား လှမ်းကြည့်သည်။ ' ဟေ့ ... နီကို၊ ငါ မင်းကို စကား မပြောလို့ မဖြစ်တော့ဘူးကွ ' ဟု ဆိုသည်။ ' ငါတို့အခု မြစ်ရှိရာကို သွားကြမှာ၊ မင်း ဘယ်လို နေရ ထိုင်ရ၊ လုပ်ရ ကိုင်ရမယ် ဆိုတာကို ကြိုတင်ပြီး ပြောမထားလို့ မဖြစ်တော့ဘူး၊ ငါ မင်းကို မြစ်ထဲ လိမ့်ကျမှာ စိုးတယ်၊ အဲသလိုသာဖြစ်ရင် ငါ့အဖို့ မလွယ်ဘူး၊ အဲဒီတော့ ငါက မင်းကို စကား စပြောရတော့မှာပဲ၊ မင်းကတော့ မင်းအဖေကို ပေးထားရတဲ့ ကတိအတိုင်း ငါ့ကို စကားပြန်မပြော ချင်လဲ နေနိုင်ပါတယ် '
နီကိုလတ်စ်က ဂျိုစီအား မျက်လုံးပြူး၍ ကြည့်သည်။ ရုတ်တရက် ဖြစ်ပေါ်လာသည်။ ရယ်ချင်စိတ် ကို မတားနိုင်။
' ကျွန်တော်လဲ စကားပြောရမှာ ပေါ့ဗျ ဂျိုစီ...ရ၊ ခင်ဗျားက ပြောရင် ကျွန်တော်ကလည်း ပြန်ပြော ရမှာပေါ့ '
ဂျိုစီက ပြုံးသည်။ ' ဒါပေါ့ကွ...၊ ငါတို့ဟာ ယောက်ျားတွေပဲ၊ ယောက်ျားပီပီပဲ လုပ်ရမှာပေါ့၊ ရှက်တတ် ကြောက်တတ်တဲ့ ကလေးလေးတွေလို တွန့်ဆုတ်တွန့်ဆုတ် လုပ်နေလို့ ဘယ်ဖြစ်မလဲ၊ အခုလို ဒီဘက်ပိုင်း ရောက်တုန်းမှာ ပျော်ပျော်ပဲ နေကြရမှာပဲ၊ မဟုတ်ဘူးလား၊ ကဲ...လာ...၊ ငါတို့ ဆင်းရမယ့် မှတ်တိုင် ရောက်ပြီ '
ဂျိုစီက ပြောပြောဆိုဆို သူ့ ငါးမျှားတံ နှစ်ချောင်းကို ကောက်ထမ်းပြီး ကျောပိုးအိတ်ကို ပြန်လွယ် သည်။ နီကိုလတ်စ်ကို လဲကျမသွားအောင် လက်တဘက်နှင့် ထိန်းကာ ဘတ်စ်ကားရှေ့ပိုင်းသို့ ခေါ်လာသည်။ ကားရပ်သည်နှင့် တပြိုင်နက် သူ အလျင်ခုန်ဆင်းသည်။ ပြီးတော့ နီကိုလတ်စ်ကို ချ ပေးသည်။ ကားပြတင်း ပေါက်မှ ခေါင်းပြူ၍ ကြည့်နေသော ယာဉ်မောင်း အား လက်ပြ၍ နှုတ်ဆက် ကြသည်။ ' ကံကောင်း ကြပါစေကွာ ' ဟု ယာဉ်မောင်းက အော်ပြောသည်။ ဘတ်စ် ကားသည် ဖြည်းဖြည်းချင်း ထွက်သွားသည်။ ကားနောက် တွင် ဖုန်လုံးကြီးများသည် အလိပ်လိမ့်ထ၍ ကျန်ရစ် ခဲ့လေ၏။
နေသည် ကျဲကျဲတောက် ပူပြင်းလျက် ရှိသော်လည်း လေကတော့ အေးမြ လန်းဆတ်သည်။ သူတို့ ရှေ့တည့်တည့်တွင် တောင်ထွတ် တောင်စွန်းများ...။ စောစောကတော့ သူတို့ မော့်ကြည့်ခဲ့ရသည်။ အခုတော့ သူတို့နှင့် တပြေးတည်း ဖြစ်နေပြီ။
နေရောင်သည် မျက်စိများကို ကျိန်းစပ်သွားလောက်အောင်ပင် ပြိုးပြိုးပြက်ပြက် တောက်ပနေသည်။ နီကိုလတ်စ်သည် လာလမ်းဘက်သို့ ပြန်မျှော်ကြည့်သည်။ တောင်နှာမောင်း တခု၏ ဗယ်ဘက်တွင် ရွာလေး တရွာ။ ထိုရွာ၏ တဘက်ရှိ အောက်ခြေအနိမ့်ပိုင်းတွင်မူ လယ်ကွက် များနှင့် စပျစ်ခြံများ...။ ထိုခြံများ ၏ တဘက်တွင်မူ မှုန်မှုန်ရီဝေနေသော ပင်လယ်ပြင်။ အားလုံးသည် သူ့မျက်စိအောက်၌ ရောက်နေ သည်။ သူသည် ကမ္ဘာလောကကြီး၏ ထိပ် အမြင့်ဆုံးပိုင်း၌ ရပ်နေရသည့်နှယ် ခံစားနေရ၏။ သူသည် သန့်စင်လတ်ဆတ်သော လေကို အားရ ပါးရ ရှူရှိုက်လိုက်သည်။
ကျွန်တော့် အဖို့တော့ ကနေ့ဟာ အထူးခြားဆုံးနဲ့ အံ့သြစရာ အကောင်းဆုံးနေ့တနေ့ပဲ ဂျိုစီ '
' ဟုတ်တာပေါ့ကွာ ' ဟု ဂျိုစီက ပြန်ပြောသည်။ ' နေက သိပ်ပူတယ်ကွ '၊ ငါးမျှားလို့မှ ရပါ့မလား မသိဘူး၊ အေးလေ... ကြည့်သေးတာပေါ့ '
သူတို့နှစ်ယောက်သည် တောအုပ်တခုကြားမှဖြတ်၍ တောင်စောင်းဆင်ခြေလျှောအတိုင်း ဆင်းခဲ့ကြ သည်။ မြက်ခင်း ပြင်ပေါ်မှ ဆိတ်များသည် သူတို့အား အကြောက်အလန့်မရှိပဲ လှမ်းကြည့်နေကြ သည်။ ရုတ်တရက် စိမ်းလန်းစိုပြည်သော တောင်ကြားလွင်ပြင်တခုသည် သူတို့ရှေ့မှောက်တွင် ဘွားခနဲ ပေါ်လာသည်။ လွင်ပြင်ပေါ်ဝယ် ကွေ့ကာပတ်ကာ စီးဆင်းသောမြစ်။ မြစ်သည် ဤနေရာ တွင် ရေအားဖြင့် လည်သော ဂျုံစက်ဟောင်း တလုံးရှေ့မှ ဖြတ်ကာရေကာတာကို ကျော်ပြီးတဘက် သို့ ဆင်းသွား သဖြင့် ရေကန်ကြီး တခု ဖြစ်လျက်ရှိ၏ ။

အခန်း (၉) ဒု ပိုင်း ဆက်ရန်
.
No comments:
Post a Comment