Monday, May 31, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၂၈) ပ ပိုင်း

အခန်း (၂၈) ပ ပိုင်း
ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးသည့် နောက်ပိုင်းကာလများတွင် စက်မှုလုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာ သည်နှင့်အမျှ ဘဏ်လုပ်ငန်းလည်း အလွန်တိုးတက်လာခဲ့သည်။
ဘဏ်လုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ၀ီလျံမှာလည်း စားချိန် အိပ်ချိန်ပင် မမှန်နိုင်အောင် အလုပ်များ လျက်ရှိသည်။
သည်ကြားထဲ အေဘယ်ရို့ စနော့စကီး၏ ပြဿနာက တစ်မှောင့်ဖြစ်နေပြန်သည်။

ရှေ့နေ သာဒီယပ်ကိုဟင်ထံမှ မှန်မှန်ရောက်လာသော အစီရင်ခံစာများအရ ဆိုသော် ရို့စနော့စကီးသည် သူ၏ လျှို့ဝှက်စီမံကိန်းကို ရပ်တန်းက ရပ်ရန် လုံးဝမရည်ရွယ်ကြောင်း သိရှိရသည်။ သည်အတိုင်းဆိုလျှင် သူနှင့် ရို့စနော့စကီးတို့သည် မကြာမီကာလအတွင်း ထိပ်တိုက်တွေ့ကြရတော့မည်မှာ သေချာသည်ဟု ၀ီလျံက စဉ်းစားမိသည်။ သည်ကိစ္စကို ဘဏ်အုပ်ချုပ်ရေးဘုတ်အဖွဲ့သို့ သူက တင်ပြလိုက်လျှင် သူ့ အနေဖြင့် အလုပ်မှ နုက်ထွက်ရတော့မည်မှာ ကျိန်းသေနေသည်။ ယင်းသို့ဆိုပါက ရို့စနော့စကီးအနေ ဖြင့် မလွဲ မသွေ အောင်ပွဲ ခံပေတော့မည်။ သည်အကြောင်းကြောင့်လည်း ၀ီလျံက သည်ကိစ္စကို အရေးတကြီး ကိစ္စ အဖြစ် ထုတ်ဖော်တင်ပြခြင်းမရှိဘဲ အချိန်ဆွဲပြီး အကြံထုတ်နေခဲ့ခြင်းဖြစ်သည်။

သို့သော် နောက်ဆုံးတော့ ၀ီလျံအနေဖြင့် ပြဿနာကို ရှောင်လွှဲနေ၍ မရတော့ဘဲ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရန်အကြောင်း ပေါ်ပေါက်လာခဲ့တော့သည်။
၁၉၅၁ ခုနှစ်၊ နှစ်ဦးပိုင်းတွင် အသစ်တည်ထောင်သော ' အင်တာစတိတ်' လေကြောင်းကုမ္ပဏီက အစိုးရ ဥပဒေအရ လိုအပ်သော ဒေါ်လာသန်း ၃၀ ကို မတည်ပေးရန် လက်စတာဘက်သို့ အကူအညီတောင်းလာ သည်။

ဝီလျံက အခြေအနေကို လေ့လာသုံးသပ်ကြည့်ပြီးနောက် အင်တာစတိတ်လေကြောင်း ကုမ္ပဏီအား ကူညီ ရန် ဆုံးဖြတ်လိုက်သည်။ သို့ဖြင့် သူသည် လိုအပ်သော ငွေသန်း ၃၀ ရရှိရေးအတွက် ရှယ်ယာများ ခေါ်ယူ လိုက်သည်။
လက်စတာဘဏ်လည်း အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ပေးသူအဖြစ် ရှိသမျှ အရင်းအနှီးများကို ပုံအော၍ မြှုပ်နှံလိုက်သည်။ ဤစီမံကိန်းမှာ လက်စတာဘဏ်တိုက်သို့ ၀ီလျံပြန်လည်
ဝင်ရောက် လုပ်ကိုင်သည့် နောက်ပိုင်းတွင် အကြီးဆုံးစီမံကိန်းဖြစ်၍ စတော့ဈေးကွက် ဖွင့်လိုက်သောအခါ သူ့အနေဖြင့် အနိုင်နှင့်အရှုံး စွန့်စားမှုကြီးတစ်ရပ်ကို လုပ်လိုက်ခြင်းပင် ဖြစ်သည်။
သို့ဖြင့် ဇူလိုင်လထဲတွင် ရှယ်ယာဈေးကွက် ဖွင့်လိုက်သောအခါ နေ့ပိုင်းရက်ပိုင်းအတွင်း ရှယ်ယာတွေ စုပုံ လိမ့်ဝင်လာကြသည်။

ဝီလျံက မိမိ၏အောင်မြင်မှုအတွက် ၀မ်းသာမဆုံး ဖြစ်နေစဉ်တွင်ပင် အေဘယ်ရို့ စနော့စကီး၏ နာမည် မခံသော ကုမ္ပဏီတစ်ခုက လေကြောင်းကုမ္ပဏီ၌ ရှယ်ယာ ၁၀ ရာခိုင်နှုန်း ရရှိသွား ကြောင်း ရှေ့နေ သာဒီးယပ် ကိုဟင်ထံမှ အစီရင်ခံစာ ၀င်လာလေတော့သည်။
ဤတွင် ၀ီလျံ၏ မူလစိုးရိမ်မှုမှာ ပိုမိုကြီးထွားလာပြီး သည်ပြဿနာကို အက်ဒွပ်လိခ်ျနှင့် တိုနီဆိုင်မွန်တို့အား မပြော ပြလျှင် မဖြစ်တော့သည့် အခြေအနေသို့ ရောက်လာသဖြင့် အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးအား သူ့ရုံးခန်းသို့ ဖိတ်ခေါ် ပြီး အကြောင်းစုံ ရှင်းပြရတော့သည်။

' ဒီအကြောင်း မင်းက ငါ့ကို အစကတည်းက ဘာလို့မပြောခဲ့ရတာလဲ '
တိုနီက အပြစ်တင်သံနှင့် ပြောသည်။
' ကျွန်တော် ' ကိန်းနှင့်ကဘော့ ' ဘဏ်မှာ လုပ်ခဲ့တုန်းက ရစ်ခ်ျမွန့်ကုမ္ပဏီလိုပဲ တခြား ကုမ္ပဏီ တစ်ရာ လောက်နဲ့ ဆက်ခံခဲ့ပါတယ် အန်ကယ်၊ အဲဒီတုန်းက ဒီအထိ အန္တရာယ်များလိမ့်မယ်လို့ ကျွန်တော် မတွေး ခဲ့မိဘူး၊ အခု တင်စတာစတိတ်ကုမ္ပဏီမှာ ရှယ်ယာ ၁၀ ရာခိုင်နှုန်း ၀ယ်လိုက်တော့မှ သူက ကျွန်တော့်ကို အလဲ ထိုးဖို့ တမင်ကျိတ်ကြံနေမှန်း အတိအကျ သိရတော့ တယ် '
' မစ္စတာကိန်းက သိပ်ပြီး စိတ်စောနေတာလည်း ဖြစ်ချင် ဖြစ်နိုင်တယ် ' အက်ဒွပ်လိခ်ျကပြောသည်။ ' ဒါပေ မဲ့ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဘုတ်အဖွဲ့ အသိပေးလို့တော့ လုံးဝမဖြစ်ဘူး '
' အဲဒါ ဟုတ်ပါတယ် ' တိုနီဆိုင်မွန်က ထောက်ခံသည်။ ' မင်းက အစောကြီးကတည်းက ရို့စနော့စကီးနဲ့ ဆွေးနွေး ခဲ့ဖို့ကောင်းတယ် '

' ဟုတ်ပါတယ်၊ သူကလည်း ကျွန်တော့်ကို အဲဒီလိုပဲ မျှော်လင့်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်၊ အဲဒီလို လုပ်ရင် သူက ဘဏ်တိုက်တော့ အရူးမီးဝိုင်းဖြစ်နေပြီလို့ ထင်မှာသေချာတယ် '
' ရစ်ခ်ျမွန့်ကုမ္ပဏီကို ကူညီဖို့အတွက် မင်းက အများကြီး ကြိုးစားခဲ့ပေမယ့် ဘဏ်အုပ်ချုပ်ရေးအဖွဲ့က မဲ အများစု နဲ့ ပယ်ချခဲ့လို့ ဒီလိုဖြစ်ခဲ့ရကြောင်း သူ့ကို ပြောပြရင် သူ စိတ်ပြောင်းသွားလိမ့်မယ် ထင်တာပဲ '
' အဲဒီ အကြောင်း သူလည်း မသိဘဲနေမှာ မဟုတ်ပါဘူး၊ သူ အာလုံးသိမှာပါ၊ သူက ကျွန်တော့်အပေါ် တမင် ရန်ငြိုး ထားလို့ ဒီလိုလုပ်နေတာပဲ ဖြစ်လိမ့်မယ် '
' အဲဒီတော့ ကျွန်တော်တို့ ဘဏ်အနေနဲ့ သူ့ကို ဘယ်လိုလုပ်သင့်တယ် ထင်သလဲ '

အက်ဒွပ်လိခ်ျက မေးလိုက်သည်။ ' တကယ်တော့ ရောင်းတဲ့လူရှိလို့ ရှယ်ယာဝင်ယူတာကို ဘဏ်အနေနဲ့ သူ့ကို တားလို့မရဘူး၊ သူဝယ်ထားတဲ့ ရှယ်ယာကို ကျွန်တော်တို့က ပြန်ဝယ်မယ်ဆိုရင်လည်း မတန်တဆ ဈေးကြီး တောင်းပြီး အကျပ်ကိုင်မှာပဲ၊ အဲဒီလိုဆိုရင် ဘဏ်တိုက်အနေနဲ့ ဘဏ္ဍာရေးကို အများကြီး ထိခိုက် သွား နိုင်တယ်၊ သူက ကျွန်တော့်ကို အဲဒီလိုဖြစ်တာကို မြင်ချင်ပုံရတယ် '
' ကျွန်တော် စဉ်းစားမိသလောက်တော့ ကျွန်တော်တို့ဘက်က လုပ်နိုင်မယ့် အကွက်မမြင်သလောက်ပဲ ' ၀ီလျံက ပြောသည်။ ' သူက ဒီလောက်နဲ့ ကျေနပ်နေဦးမှာ မဟုတ်သေးဘူး၊ အကွက်သာရင် ကျွန်တော် တို့ကို အလဲထိုးလာလိမ့်ဦးမယ် '

' တစ်နည်းအားဖြင့် ငါ တွက်ကြည့်တာကတော့ ' မစ္စတာဆိုင်မွန်က ပြောသည်။ ' မင်းရဲ့ အစွမ်းအစကို ယုံကြည် လို့ သူက အခုလို ရင်းနှီးမြှုပ်နှံတာလည်း ဖြစ်နိုင်တယ် '
' ကျွန်တော့်ပထွေးကိုယ်တိုင် ပါဝင်နေတယ် အန်ကယ်၊ အဲဒီလိုတွက်လို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ၊ ရို့စနော့စကီးက ကျွန်တော် ဘဏ်လုပ်ငန်းအတွေ့အကြုံပိုရှိလာအောင်လို့ အော့စဘွန်းကို အလုပ် ပေးတယ် လို့ အန်ကယ်က ယူဆသလား၊ ရို့စနော့စကီးအကြောင်းကို အန်ကယ် ကျွန်တော့်လောက် မသိ သေးပါဘူး၊ သူ့ကို ကျွန်တော် စောင့်ကြည့်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပြီး၊ သူက ဘယ်တော့မှ အရှုံးဘက်က ကြည့်တဲ့ လူမဟုတ်ဘူး၊ မနိုင်မချင်းသွန်ထိုးတဲ့ လူစားမျိုး၊ သူဟာ ... '

' တစ်ဖက်သတ် စိုးရိမ်မှုနဲ့ ထင်ရာတွေ လျှောက်ပြောမနေပါနဲ့ ၀ီလျံ '
' ကျွန်တော် ထင်ရာတွေ လျှောက်ပြောနေတာ မဟုတ်ဘူး အန်ကယ်၊ တကယ်ဖြစ်နေတာတွေ ပြောနေတာပါ၊ ရှယ်ယာ ၁၀ ရာခိုင်နှုန်းပိုင်တဲ့ လူတစ်ယောက်ရဲ့ အခွင့်အာဏာနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံ ဥပဒေ မှာ ဘယ်လိုရေးထားသလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ၊ ရို့စနော့စကီးက အခုဆိုရင် ခြောက်ရာခိုင် နှုန်း ပိုင်ထားပြီ။ နောက်ပိုင်း အခြေအနေ ကောင်းလာမယ်ဆိုရင် သူက ရှယ်ယာတွေအားလုံး ဈေးကွက်ချ ရောင်း ပြီး ' အင်တာစတိတ် ' ကုမ္ပဏီကို နေ့တွင်းချင်း ဖျက်ဆီးပစ်လိမ့်မယ် '

' အဲဒီလိုလုပ်တော့ သူ့မှာကော ဘာအကျိုးရှိလဲ' မစ္စတာလိခ်ျက မေးလိုက်သည်။ ' သူ့ပိုက်ဆံတွေ သဲထဲ ရေသွန် ဖြစ်တာလဲ အဖတ်တင်တော့မှာပေါ့ '
' မစ္စတာလိခ်ျက ဒီလူ့အကြောင်း မသိသေးပါဘူး၊ သူက တော်တော် ဥာဏ်များတာ၊ ခြသေ့င်္လို သတ္တိရှိတဲ့လူ၊ အရှုံး ကို လုံးဝမကြောက်ဘူး၊ သူ့မှာ ကျောထောက်နောက်ခံ ဟိုတယ်တွေရှိတယ် '
ဒုတိယဥက္ကဋ္ဌနှစ်ယောက် ပြန်သွားကြပြီးနောက် ၀ီလျံသည် စားပွဲတွင် တစ်ယောက်တည်း ထိုင်ကျန်ရစ်ခဲ့ ပြီး သူ ဆောင်ရွက်ရန် ကတိပေးလိုက်သောလုပ်ငန်းကို ပြန်လည် စဉ်းစားနေမိသည်။
ဟင်နရီ အော့စဘွန်းပါ ပါဝင်ပတ်သက်နေသော လုပ်ငန်းတွင် အေဘယ်ရို့စနော့စကီးနှင့် ဆွေးနွေးလျှင် လည်း အောင်မြင်ရန်လမ်းက မရှိသလောက် ဖြစ်လိမ့်မည်ဟု သူက ယူဆမိသည်။

*
နောက်လေးရက်အကြာတွင် ၀ီလျံသည် သူ၏ရုံးခန်းတွင် တစ်ယောက်တည်း ထိုင်နေသည်။ မည်သည့် အကြောင်း ကြောင့်ဖြစ်စေ သူ့ရုံးခန်းထဲသို့ မည်သူမျှ မလာရန်လည်း အမှုထမ်းများအား ညွှန်ကြား ထားသည်။
အေဘယ်ရို့စနော့စကီးလည်း နယူးယောက်နယ်စားဟိုတယ်ရှိ သူ့ရုံးခန်းထဲတွင် ရောက်ရှိနေပြီဖြစ်လိမ့်မည် ဟု ၀ီလျံက ယူဆသည်။ သူသည် အမှုထမ်းတစ်ယောက်အား မနက်အစောကြီး ဟိုတယ်သို့ လွှတ်ထားခဲ့ သည်။ ယင်းအမှုထမ်း၏ တာဝန်မှာ အေဘယ်ရို့စနော့စကီး ဟိုတယ်ရောက်လျှင် ရောက်ချင်း ၀ီလျံထံ အကြောင်း ကြားရန်ဖြစ်သည်။
မကြာမီ တွင်ပင် ဟိုတယ်သို့ စေလွှတ်ထားသော အမှုထမ်းက တယ်လီဖုန်းဆက်သည်။

အေဘယ်ရို့စနော့စကီးသည် ရှစ်နာရီ ၂၇ မိနစ်တွင် ရောက်လာပြီး ၄၂ ထပ်ရှိ သူ့ရုံးခန်းသို့ တက်သွားရာ ထိုအချိန် မှ စ၍ သူ့ကို မတွေ့ရတော့ကြောင်း။
ဝီလျံက သူ့တယ်လီဖုန်းကို ကောက်ကိုင်ပြီး အော်ပရေတာအား နယ်စားဟိုတယ်သို့ ဆက်ပေးရန် ပြောလိုက်သည်။
' နယူးယောက်နယ်စား ဟိုတယ်ကပါရှင် '
' မစ္စတာရို့စနော့စကီးကို ကျေးဇူးပြုပါ ' ၀ီလျံက စိတ်လှုပ်ရှားနေသည်။ ' မစ္စတာရို့စနော့စကီးကို ကျေးဇူးပြုပါ ' သူက ထပ်ပြောလိုက်သည်။ သည်တစ်ကြိမ်တော့ သူ့အသံက နည်းနည်းငြိမ်နေသည်။
' ဘယ်သူ လို့ ပြောရပါ့မလဲရှင် '

' ကျွန်တော့်နာမည် ၀ီလျံကိန်းပါ '
တစ်ဖက်မှ အကြာကြီး အသံတိတ်နေသည်။ နောက်မှ အသံပြန်ပေါ်လာသည်။
' သူ ရှိသလား၊ မသိဘူး မစ္စတာကိန်း၊ ကျွန်မ ကြည့်လိုက်ပါဦးမယ် '
အကြာကြီး စောင့်နေရပြန်သည်။

' မစ္စတာကိန်းလား '
' မစ္စတာရို့စနော့စကီးပါလား '
' ကျွန်တော် ဘာလုပ်ပေးရမလဲ မစ္စတာကိန်း' သူ့အသံက တည်ငြိမ်လှသည်။
ဝီလျံက စပြောမည့် စကားကို ကြိုတင်စဉ်းစာထားသော်လည်း တကယ်ပြောသောအါ တုန်ချင်သလိုလို ဖြစ်နေ သည်။
' လက်စတာဘဏ်မှာ ခင်ဗျားဝယ်ယူထားတဲ့ ရှယ်ယာကိစ္စနဲ့ နည်းနည်းဆွေးနွေးချင်လို့ပါ မစ္စတာရို့စနော့ စကီး၊ ပြီးတော့ ကျွန်တော်တို့က ကျောထောက်နောက်ခံပေးထားတြ့ ကုမ္ပဏီတစ်ခုမှာ ခင်ဗျားက ရှယ်ယာ တော်တော် များများ ၀င်ထားတာကိုလည်း ဆွေးနွေးချင်လို့ပါ၊ ဒီအချိန်မှာ ခင်ဗျားရဲ့ သောထားအမှန်ကို သိသင့်ပြီ လို့ ကျွန်တော် ယူဆပါတယ်၊ နောက်ပြီး တခြားပုဂ္ဂိုလ်ရေး ကိစ္စကလေးတစ်ခုကိုလည်း ဆွေးနွေး ချင်ပါတယ် '

ဝီလျံက တစ်ဖက်မှ တုံ့ပြန်သံကို နားစွင့်နေသည်။ တယ်လီဖုန်းများ ပြန်ချသွားပြီလား။ နောက်တော့မှ အသံ ကြားရသည်။
' ခင်ဗျားနဲ့ ကျွန်တော်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဘယ်လိုအကြောင်းမှ မရှိပါဘူး မစ္စတာကိန်း၊ ခင်ဗျားအကြောင်း ကျွန်တော် တစ်ခုမကျန် သိထားပြီးပါပြီ၊ အဲဒီတော့ ပြီးခဲ့တဲ့ ကိစ္စအတွက်လည်း ခွင့်လွှတ်ဖို့ တောင်းပန် နေစရာ မလိုပါဘူး၊ ခင်ဗျားက အမြဲတမ်း မျက်လုံးဒေါက်ထောက်ပြီး ကျွန်တော့်ကို ကြည့်နေ တာပဲ ဥစ္စာ၊ ကျွန်တော် ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ မေးနေစရာ လိုသေးသလား၊ ကျွန်တော့် ရည်ရွယ် ချက်က ' ကမ္ဘာဦးကျမ်း ' မှာ ခင်ဗျားဖတ်ရမယ့် သဘောထားတွေနဲ့တော့ အကြီးအကျယ် စိတ်ညစ် ရလိမ့်ဦး မယ်၊ အဲဒီတော့မှ ကျွန်တော့် ဟိုတယ်တစ်ခုခုရဲ့ ၁၂ ထပ်ပေါ်က ခင်ဗျား ခုန်ချပြီး ကိုယ့်ကိုယ် ကိုယ် သတ်သေ ရလိမ့်မယ်။

ကျွန်တော်က ဘဏ်ဥပဒေပုဒ်မ ၇ နဲ့ အကျုံးဝင်ဖို့အတွက် ရှယ်ယာနှစ်ရာခိုင်နှုန်းပဲ လိုတော့တယ်၊ အဲဒါဆိုရင် ဘယ်လိုဖြစ်လာမယ်ဆိုတာ ခင်ဗျားရော ကျွန်တော်ကော သိပါတယ်၊ ကျွန်တော်ပြောတာ မဟုတ်ဘူးလား၊ အဲဒီတော့မှ ဒေးဗစ်လီရွိုင်းအနေနဲ့ ဘယ်လို ခံစားရလိမ့်မယ်ဆိုတာကို ခင်ဗျားလည်း ကိုယ်တွေ့ခံစားလာရပါလိမ့်မယ်၊ သူ့ခမျာမှာ ဘဏ်တိုက်က သူ့ဘ၀အတွက် ဘယ်လို စီရင်ချက် ချပါ့မလဲဆိုပြီး တမျှော်မျှော်နဲ့ လပေါင်းများစွာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရရှာတယ်၊ အဲဒီတော့ ခင်ဗျားလည်း နှစ်ပေါင်းများစွာ ထိုင်ပြီးသာ စောင့်နေ ပေတော့၊ ရှယ်ယာရှစ်ရာခိုင်နှုန်း ကျွန်တော် ပိုင်လာတဲ့ နေ့မှာ ကျွန်တော် ဘာလုပ်မယ်ဆိုတာ စောင့်သာ ကြည့်ပေတော့ '

အေဘယ်ရို့ စနော့စကီး၏ စကားကြောင့် ၀ီလျံကျောပင် စိမ့်သွားမိသည်။ သို့သော်လည်း သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး စားပွဲကို ထုလိုက်ရင်း တတ်နိုင်သမျှ စိတ်ကိုထိန်းပြီး ပြောလိုက် သည်။
' ခင်ဗျား ဘယ်လိုခံစားရမယ်ဆိုတာ ကျွန်တော် သဘောပေါက်ပါတယ် မစ္စတာ ရို့စနော့စကီး၊ ဒါကြောင့် မို့လည်း နှစ်ယာက်ချင်း တွေ့ဆုံပြီး ပြေပြေလည်လည် ဖြစ်အောင် ဆွေးနွေးဖို့ စိတ်ကူးမိတာပါ၊ ခင်ဗျား မသိရသေး တဲ့ အချက်တစ်ချက် နှစ်ချက် လောက်တော့ ရှိ ... '
' ဟင်နရီအော့စဘွန်းကို ဒေါ်လာ ငါးသိန်းကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားက ချောက်ချလိုက်တဲ့ နည်းမျိုးတွေလား၊ မစ္စတာကိန်း '
ဝီလျံက ရုတ်တရက် ပါးစပ်ပိတ်သွားသည်။ ဒေါသကလည်း ပေါက်ကွဲလုမတတ် ထွက်သွားသည်။ သို့သော် လည်း သူ့ကိုယ်သူ ပြန်ထိန်းလိုက်ပြန်သည်။

' အဲဒီလိုမဟုတ်ပါဘူး မစ္စတာရို့စနော့စကီး၊ ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးမယ့် ကိစ္စက မစ္စတာအော့စဘွန်းနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး၊ ခင်ဗျားနဲ့သာဆိုင်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စ သက်သက်ပါ၊ ဒါပေမဲ့ ဟင်နရီအော့စဘွန်းအပေါ်မှာ ကျွန်တော့်အနေနဲ့ တစ်ဒေါ်လာတောင်မှ ချောက်မချဖူး ဘူးဆိုတာ တော့ ကျွန်တော် အလေးအနက်ပြောချင်ပါတယ် '
' မစ္စတာ အော့စဘွန်းကတော့ အဲဒီလိုမပြောဘူး၊ ခင်ဗျားအမေ သေရတာခင်ဗျားမှာ တာဝန်ရှိတယ်လို့ သူက ပြောတယ်၊ ခင်ဗျားက သူ့အကြွေးကို ဆပ်မပေးတော့ ခင်ဗျားအမေက သူ့လင်အတွက် သောက ရောက်ပြီး သေရတယ်လို့ ဆိုတယ်၊ ဒေးဗစ်လီရွိုင်းအပေါ်မှာ ခင်ဗျား ဆက်ဆံခဲ့ပုံကြည့်လို့ ခင်ဗျား အဲဒီလို တကယ် လုပ်ခဲ့လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ် '

ဝီလျံသည် သူ့တစ်သက် ဒေါသစိတ်ကို သည်တစ်ကြိမ်လောက် ဘယ်တုန်းကမှ ချိုးနှိမ်ထားခဲ့ခြင်း မရှိခဲ့ဖူး။ သူသည် အချိန်တော်တော်ကြာမှ စကားပြန်ပြောနိုင်သည်။
' အဲဒီတော့ ... ကျွန်တော် တစ်ခုတောင်းပန်ပါရစေ မစ္စတာ ရို့စနော့စကီး၊ အခုလို ကျွန်တော်တို့ အချင်းချင်း အထင်လွဲ နေတာတွေကို ရှင်းသွားအောင် ကျွန်တော်တို့နှစ်ယောက် လူချင်းဆုံပြီး ဆွေးနွေးကြရအောင်၊ ခင်ဗျား ကြိုက်တဲ့နေရာ ရွေးပါ၊ ကျွန်တော်တို့ကို လူတွေ မမှတ်မိတဲ့ နေရာမျိုးပေါ့ '
' ခင်ဗျား ကို လူတွေ မမှတ်မိတဲ့နေရာက တစ်နေရာပဲ ရှိတယ် မစ္စတာကိန်း '
' ဘယ်နေရာလဲ '
' သင်္ချိုင်း .... '
အေဘယ်က တယ်လီဖုန်းကို ပြန်ချသွားသည်။

*
' မစ္စတာအော့စဘွန်းဆီ ချက်ချင်းဆက်ပေးစမ်း '
သူက ... သူ့ အတွင်းရေးမှူးစာရေးမကို ပြောလိုက်သည်။ စာရေးမက တယ်လီဖုန်း ဆက်နေစဉ် သူက သူ့စားပွဲကို လက်နှင့် တဖုတ်ဖုတ် အဆက်မပြတ် ဗုံတီးနေသည်။ မစ္စတာအော့စဘွန်းက သူ၏ မဲဆန္ဒရှင်များ အား ကက်ပီတယ်အဆောက်အအုံကို လိုက်လံပြသနေသဖြင့် ၁၅ မိနစ်ခန့်ကြာမှ ဆက်၍ရသည်။
' အေဘယ်လား ... '

'ဟုတ်ပါတယ်...မစ္စတာအော့စဘွန်း၊ ၀ီလျံကိန်းတော့ အားလုံးသိသွားပြီ၊ အဲဒါမစ္စတာအော့စဘွန်း ပထမဆုံး သိသင့်တယ်ထင်လို့ ကျွန်တော်လှမ်းဆက်တာ၊ တိုက်ပွဲတော့စပြီထင်တယ် မစ္စတာအော့စဘွန်း'
'ခင်ဗျားဘာကိုဆိုလိုတာလဲ၊ သူသိကုန်ပြီဟုတ်လား၊ ခင်ဗျားနဲ့ကျုပ်နဲ့ပေါင်းနေတယ်ဆိုတာ သူသိသွား ပြီလို့ ပြောတာလား'
အော့စဘွန်းက စိုးရိမ်သဖြင့် ကမန်းကတန်းမေးသည်။

"ဟုတ်ပါတယ်...သူသိသွားပြီ၊ မစ္စတာအော့စဘွန်းကို ကျွန်တော်အလုပ်တာဝန်ပေးတာရော၊ လက်စတာ ဘဏ်နဲ့ အင်တာစတိတ်ကုမ္ပဏီမှာ ကျွန်တော်ရှယ်ယာတွေရှိတာရော အကုန်သိသွားပြီ"
"ဟာ...ဒီလောက်အသေးစိတ်ကြီးတောင်မှ သူကဘယ်လိုလုပ်သိနိုင်ရတာလဲ၊ အထူးစာရင်းကိစ္စက ခင်ဗျားနဲ့ကျွန်တော်နဲ့နှစ်ယောက်ပဲ သိတာပဲဥစ္စာ"
"ကာတစ်ဖင်တန်က ပြောလိုက်လို့သိတာ"
"ဟုတ်ပါရဲ့လား၊ ဒီလုဒီလိုလုပ်မယ်မထင်ပါဘူး"

"မထင်ဘူးမလုပ်နဲ့၊ တကယ်လုပ်လိုက်ပြီ၊ သူကလွဲပြီးဘယ်သူမှမဖြစ်နိုင်ဘူး၊ ကျွန်တော်ကိန်းနှင့်ကတော့ ဒဏ်ကိုအကြွေးဆပ်ပြီး ရစ်ခ်ျမွန့်ကုမ္ပဏီကိုပြန်ယူတော့ ကိန်းကဖင်တန်နဲ့တိုက်ရိုက်ဆက်သွယ်ပြီး လုပ်ခဲ့ ကြတယ် မဟုတ်လား၊ အဲဒီကတည်းက သူတို့နှစ်ယောက် ကတိက၀တ် တစ်ခုခုရှိခဲ့ကြတာ ဖြစ်လိမ့်မယ်"
"ဘုရားရေ အဲဒါမှဒုက္ခပါပဲ"
"မစ္စတာအော့စဘွန်းက တော်တော်စိုးရိမ်မသလား"
"စိုးရိမ်တာပေါ့ အေဘယ်၊ ၀ီလျကိန်းက ဘယ်တော့မှအရှုံးပေးတဲ့လူ မဟုတ်ဘူးဗျ၊ အဲဒါတော့ သတိ ကြပ်ကြပ်ထားရလိမ့်မယ်"

"ကျွန်တော်လဲဘယ်တော့မှ အရှုံးပေးတဲ့လူမျိုးမဟုတ်ပါဘူး၊ သူ့ကိုကြောက်စရာမလိုပါဘူး၊ ဒါနဲ့ကျွန်တော် တို့ရဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုရှိသလဲ"
"ခင်ဗျားက လက်စတာဘဏ်မှာ ခြောက်ရာခိုင်နှုန်းရှယ်ယာပိုင်ထားတယ်၊ အင်တာစတိတ်ကုမ္ပဏီမှာက ၁၀ ရာခိုင်နှုန်း၊ ပြီးတော့သူတို့နဲ့ပတ်သက်နေတဲ့ တခြားကုမ္ပဏီတွေမှာလည်း အနည်းအကျဉ်းပိုင်ထားတာ တွေရှိ သေးတယ်။

စည်းမျဉ်းဥပဒေပုဒ်မ ၇နဲ့အကျုံးဝင်ဖို့က နှစ်ရာခိုင်နှုန်းပဲလိုတော့တယ်၊ ပီတာပါဖစ်ကလဲ ဈေးတည်းရင် ရောင်းဖို့ အဆင်သင့်ပဲ"
"ကောင်းပါတယ်၊ အခြေအနေကောင်းပါတယ်၊ အဲဒီတော့ပါဖစ်နဲ့ ဆက်ဆွေးနွေးပါဦး၊ ဒါပေမယ့်ကိန်းက သူ့ဆီမချဉ်းကပ်တောင်မှ ကျွန်တော်တို့ကသိပ်ပြီး အငမ်းမရဖြစ်နေပြီလို့ မထင်နိုင်အောင်တော့ သတိနဲ့ လုပ်ရလိမ့်မယ်၊ လောလောဆယ်တော့ ကိန်းကိုဒီအတိုင်းပဲ လွှတ်ထားလိုက်ဦးမယ်၊ ကျွန်တော်တို့ဘာတွေ များ လုပ်နေကြပါလိမ့်ဆိုပြီး သု့ဟာသူတွေးချင်သလို တွေးနေပါစေ၊ ဒါပေမယ့် ကျွန်တော်ဥပရောပက ပြန်မရောက် မချင်းတော့ သူဇောချွေးတွေ ပြန်နေလိမ့်မယ်ဆိုတာ ကျွန်တော် မှန်းကြည့်လို့ရပါတယ်၊ ကျွန်တော့် ဘက်က အဆင်သင့်မဖြစ်သေးခင်မှာတော့ သူ့အနေနဲ့အဲဒီလိုပဲ နေပါစေဦး"

"ကောင်းတယ်...အေဘယ်၊ ကျုပ်သတိနဲ့စောင့်ကြည့်ထားပါ့မယ်၊ အခြေအနေထူးခြင်းရင် ခင်ဗျားကို ချက်ချင်း အကြောင်းကြားပါ့မယ်"
"ဒါပေမယ့် ဘာမှတော့မစိုးရိမ်ပါနဲ့ မစ္စတာအော့စဘွန်း၊ ဒီလူကိုကျွန်တောက ချက်ချင်းမသတ်ဘဲ တဖြည်း ဖြည်းနဲ့မှ သေအောင်ညှဉ်းသတ်ပြပါ့မယ်"
"ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ကျုပ်စောင့်ကြည့်နေပါ့မယ်"
"မစ္စတာအော့စဘွန်းက ကိန်းကိုကျွန်တော်မုန်းတာထက် ပိုမုန်းတယ်မဟုတ်လား"
အော့စဘွန်း က ကမန်းကတန်းရယ်လိုက်သည်။

"ကဲဥရောပခရီး အောင်မြင်ပါစေ အေဘယ်"
အေဘယ်ကတယ်လီဖုန်းကို ပြန်ချလိုက်သည်။ နောက်လုပ်ရမည့်အလုပ်ကို စဉ်းစားရင်းစားပွဲကိုလက်နှင့် ခေါက်နေသည်။ သူ၏အတွင်းရေးမှူးစာရေးမ ၀င်လာသည်။
"ကွန်တီ နင်တယ်ဘဏ်က မစ္စတာကာတစ်ဖင်တန်ဆီ ဆက်စမ်းပါ"
သူက သူမအားမကြည့်ဘဲနှင့် ပြောလိုက်သည်။ စားပွဲကိုလက်နှင့်ဆက်ခေါက်နေသည်။ မျက်စိများကရှေ့ တည့်တည့်ကိုငေးကြည့်နေသည်။ ခဏကြာတော့ စားပွဲပေါ်မှ တယ်လီဖုန်းမြည်လာသည်။
"မစ္စတာ ဖင်တန်လား"

"ဂွတ်မောနင်းမစ္စတာရို့စနော့စကီး၊ နေကောင်းတယ်နော်"
"ခင်ဗျားဘဏ်မှာရှိတဲ့ ကျွန်တော့ပိုက်ဆံတွေ အားလုံးစာရင်းပိတ်လိုက်ပါတော့" တစ်ဖက်မှ တိတ်ဆိတ် နေသည်။

အခန်း (၂၈) ဒု ပိုင်း ဆက်ရန်
.

No comments: